top of page
Search

ဝိပဿနာတရားတော်များ_Page 9

  • Writer: Thein Naing Ohn
    Thein Naing Ohn
  • Sep 20, 2021
  • 20 min read

မဂ်ဉာဏ်, ဖိုလ်ဉာဏ်ရဖို့ရန် အခြေခံအကြောင်း, အကျိုး (အပိုင်း ၃)

အခု တရားအားထုတ်နေတဲ့လူတွေဟာ များသောအားဖြင့် တိဟိတ် ပုဂ္ဂိုလ်တွေဖြစ်ပြီး၊ ပါရမီတွေ ပါကြတယ်၊ ကြိုးစားလိုက်ရင် မဂ်ဉာဏ် ဖိုလ်ဉာဏ် ရနိုင်တယ်၊ ရနိုင်လျက်သားနဲ့ နည်းလမ်းကျတော့ တရားစဉ်နဲ့ လုပ်ငန်းစဉ် ရောနေတယ်။

ဟောတရားကို အလုပ်တရားအောင့်မေ့နေတယ်။ ဖြစ်ပျက် မြင်အောင်ကြည့်ဆိုတော့ ရှုမှတ်တဲ့အခါမှာ ဖြစ်ပျက် မြင်အောင်ကြည့်နေတော့ ကိုယ်က ဘာမှမမြင်တော့ဘူး၊ ရောပြီး လုံးထွေးကုန်ရော။

အစပထမမှာ အဖြစ် ကိုမြင်အောင် ပေါ်ရာ ပေါ်ရာ လိုက်မှတ်ရတယ်။

ဖြစ်ပျက်ကိုမြင်အောင်ကြည့်လို့ ဟောတာက အမှန်။ တရားစဉ်။ မြတ်စွာဘုရားက ဖြစ်ပျက်မြင် မှ ဖြစ်ပျက်မုန်း ပြီး ဖြစ်ပျက်ဆုံး မယ်လို့ ဟောတာပဲ။ ဟောတာက ပါဠိတော်မှာ ဘုရားဟောထားတဲ့အတိုင်း ဟောတာ၊ ဟောတာ အမှန်။ ဒါပေမယ့် အဲဒါကို ဟောစဉ်လို့ခေါ်တယ်။

လုပ်ငန်းစဉ်ကျတော့ -

- ပေါ်ရာ ပေါ်ရာ ကို လိုက်မှတ်နိုင်မှ ပထမ ဖြစ်တာ ကိုမြင်မယ်။

- ဖြစ်တာ ကိုမြင်ပြီး နောက်မှ ပျက်တာ ကိုမြင်မယ်။

- ဖြစ်တာ ပျက်တာ ကိုမြင်ပြီးနောက်မှ ပျက်တာချည်း ပဲမြင်မယ်၊ ဖြစ်တာကို မမြင်တော့ဘူး။

ဒါကြောင့်မို့လို့ - ဥဒယဗ္ဗယ ဘင်္ဂ ဘယ အာဒီနဝ နိဗိ္ဗန္ဒဆိုပြီး ဉာဏ်စဉ်တွေက သွားတာ။

အမြဲတမ်းကြီး ဖြစ်ပျက်မြင်နေတာ မဟုတ်ဘူး။ ဖြစ်ပျက် မြင်ပြီးနောက် ဉာဏ်အားတွေကောင်းလာရင် - အဖြစ်ကို မြင်ကိုမမြင်တော့ဘူး။

မှတ်လိုက်တာနဲ့ - ပျက် ၊ မှတ်လိုက်တာနဲ့ - ပျက် ။

မှတ်မယ်ကြံရုံရှိသေးတယ် - တရစပ်ကြီးကို ပျက် နေတာတွေပဲ မြင်တယ်။

အဲဒီအပျက်တွေကနေ သမာဓိအား အရမ်းကောင်းတော့ ခန္ဓာကိုယ်ကြီးပါပြိုပျက်ကျပြီး အရိုးတွေပါပြုတ်ကျပြီး သမာဓိနိမိတ် တွေ ဖြစ်လာတတ်တယ်။

သစ်ပင်တွေကြည့်လည်း ယိမ်းယိုင်ပြီး ပျက်၊ တိုက်တွေကြည့်လည်း ယိမ်းယိုင်ပြီး ပျက်၊ ဟိုက လှုပ် လှုပ် ၊ ဒီက လှုပ် လှုပ်။ အောက်ကို ပြိုကျသွားသလို၊ အပေါ်ကို လွင့်တက်သွားသလို၊ အပျက်တွေချည်းပဲ တွေ့နေတာ။ တချို့အပျက်တွေက အမှုန်အမွှားတွေလို၊ တချို့အပျက်တွေက မွ မွ ၊ ရွ ရွ တွေလို ဖြစ်နေတတ်တယ်။

အဲဒီဉာဏ်တွေကို ရဖို့မခဲယဉ်းဘူး။ အရေးကြီးတာက တရားစဉ်နဲ့ လုပ်ငန်းစဉ် မရောဖို့ပဲ။ ယောဂီတွေမှာ တရားစဉ်နဲ့ လုပ်ငန်းစဉ် ရောနေတဲ့အခါကျတော့ အခုမှစမှတ်ခါရှိသေးတယ် တန်းပျက်ပစ်လိုက်ရော။

အခုမှ မှတ်ခါစဆိုတော့ သမာဓိ တောင် ကျကျနန မဖြစ်သေးဘူး၊ မှတ်တာကို အပျက် တွေ ထည့်လုပ်ပစ်လိုက်ရော။ အပျက်တွေကို ရှုမှတ်ရမှာ မဟုတ်ဘူး၊ နှလုံးသွင်းပေးရမှာ။

သင်္ခါရတရားတွေဟာ အကုန်ပျက်တာပဲလို့ စိတ်ထဲမှာ နှလုံးသွင်းရမှာ။ ဘယ်ဟာမှ မမြဲဘူး၊ အကုန်ပျက်မှာပဲ။ နှလုံးသွင်းတာက နှလုံးသွင်းတဲ့အပိုင်းပဲ ရှိသေးတယ်၊ အပျက်ကို တကယ် မြင်သေးတာ မဟုတ်ဘူး။

နှလုံးသွင်းတဲ့အခါ အိုရအုံးမယ် နာရအုံးမယ် သေရအုံးမယ် အားလုံး မမြဲဘူး၊ ပျက်ကုန်တာပဲလို့ နှလုံးသွင်းတယ်။ ရှုမှတ်တဲ့အခါကျတော့ သူ့လုပ်ငန်းစဉ်အတိုင်း ပေါ်ရာ ပေါ်ရာ ကို မှတ်ရတယ်။

နှလုံးသွင်းတာနဲ့ ရှုမှတ်တာနဲ့ကို ကွဲဖို့လိုတယ်နော်။

အကုန်လုံးပျက်နေတာပဲလို့ နှလုံးလည်းသွင်းရမယ်၊ နှလုံးသွင်းတာကိုလည်း ပယ်လို့မရဘူးနော်။ နှလုံးလည်းသွင်းရမယ်၊ အလုပ် လုပ်တဲ့အခါကျတော့ လုပ်ငန်းစဉ်အတိုင်း လုပ်ရမယ်။

လုပ်ငန်းစဉ်အတိုင်း ပေါ်ရာ ပေါ်ရာ ကို မှတ်ရတယ်။ ပေါ်တာကို မှတ်လိုက်တိုင်း အဖြစ် ကိုမြင်ရာရောက်တယ်။

ပေါ်ရာ ပေါ်ရာ မှတ်တဲ့နေရာမှာ မှတ်တိုင်း မှတ်တိုင်းဟာ အဖြစ် ကိုမြင်ရာရောက်တယ်။

ဖောင်းတဲ့အခါ - လှုပ်ရှားတဲ့သဘော ကလေးပေါ်လာတယ်။ ပိန်သွားတာလည်း လှုပ်ရှားတဲ့သဘောကလေး ပေါ်တာပဲ။ လှုပ်ရှားတဲ့သဘောကလေး ပေါ်လာတာတွေကို မှတ်ပါများလို့ရှိရင် နောက်ကျတော့.. ပေါ်တာ လည်းသိတယ်၊ ပျောက်တာ လည်းသိတယ်။ ပေါ်တာ ကိုသိပါများမှ ပျောက်တာ သိတာ။ ပေါ်တာ ပျောက်တာကို မြင်ပါများလာရင် သူ့မှာ မှတ်ကျောက်တွေရှိတယ်။

ဖြစ်ပျက်မြင်တဲ့ဉာဏ်ဆိုတာ - ကြားပြီးဖြစ်ပျက်သွားတာပဲ။ အဲဒါ တကယ့်ဉာဏ်အစစ် မဟုတ်ဘူး။ ဖြစ်ပျက်မြင်လို့ရှိရင် ပီတိ ပဿဒ္ဓိတွေဖြစ်တယ်၊ အလင်းတို့ ဘာတို့ဖြစ်တယ်။ သူ့ဉာဏ်နဲ့သူ မှတ်ကျောက်တွေရှိတယ်။

ခန္ဓာကိုယ်မှာ ပီတိ ပဿဒ္ဓိတွေ ဖြစ်လာမှ ဖြစ်ပျက် အစစ်ကို တကယ်မြင်တာ။

သမထလုပ်ရင်းနဲ့လည်း ပီတိ ပဿဒ္ဓိတွေ ဖြစ်တတ်တယ်နော်။ ဂုဏ်တော်ပွားရင်းနဲ့ဖြစ်စေ၊ ကသိုဏ်းရှုရင်းနဲ့ ဖြစ်စေ၊ အာနာပါနကမ္မဋ္ဌာန်းသက်သက် လုပ်ရင်းနဲ့ဖြစ်စေ ဖြစ်ပေါ်လာတဲ့ ပီတိတွေကို ဥဒယဗ္ဗယဉာဏ် ရပြီလို့ သွားလုပ်လို့ မရဘူး။

ပီတိ ပဿဒ္ဓိဖြစ်တိုင်း ဥဒယဗ္ဗယဉာဏ် ရတာမဟုတ်ဘူး။ ခပ်ဆင်ဆင်နဲ့ လွဲတတ်တယ်။

ပေါ်ရာ ပေါ်ရာ ကို ဝိပဿနာရှုနည်းနဲ့ ရှုနေရင်းက ပီတိ ပဿဒ္ဓိ တွေဖြစ်လာမှ ဥဒယဗ္ဗယဉာဏ် ရတာ၊ ဖြစ်ပျက် ကိုမြင်တဲ့ဉာဏ် ရတာ။

အထိုက်အလျောက် ခန့်မှန်းပြီးသိတာတွေလည်း ရှိတယ်။ ကြားလိုက် ပျက်လိုက် ကြားလိုက် ပျက်လိုက် နဲ့ ဒီလိုမျိုးကို သိတာ .. အဲဒါ ခန့်မှန်းခြေအသိ၊ နှလုံးသွင်းလို့သိတဲ့ အသိ၊ ပြန်တွေးတောပြီးသိတဲ့ အသိ။ ဒါဟာ ဘာဝနာမယဉာဏ် မဟုတ်သေးဘူး။

ဘာဝနာမယဉာဏ်ဆိုတာ ပွားများရင်းနဲ့သိရမှာ။

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးရဲ့ လင်္ကာတွေထဲမှာ ပါတယ် -

- ဖြစ်ပျက်နေတဲ့ ရုပ် နာမ်ခန္ဓာက အနိစ္စတရား။

- ဖြစ်ပေါ်ပြီးနောက် ကွယ်ပျောက်သွားတာက အနိစ္စလက္ခဏာ။

- ရှုမှတ်ဆဲ မှာကွယ်ပျောက်သွားတာကို တွေ့၍ မမြဲဟု သိတာက အနိစ္စာနုပဿနာဉာဏ်တဲ့။

အဲဒါ ဥဒယဗ္ဗယဉာဏ် သဘောမျိုးဖြစ်တာ။

ဘယ်ဟာမှ မမြဲဘူးဆိုတာကို ပိုင်ပိုင်နိုင်နိုင် သိသွားတာ။ အဲဒီလို ဝိပဿနာရှုရင်းနဲ့သိတဲ့ဉာဏ်ဖြစ်တာ။ အဲဒီလို ဖြစ်တဲ့အခါ ပီတိတွေ ပဿဒ္ဓိတွေ အလင်းတွေ တွေ့တယ်။ တစ်ယောက်နဲ့တစ်ယောက်တော့ မတူးဘူးပေါ့။ တရားအလုပ် မှန်မှန်ကန်ကန်နဲ့ တကယ်ထိထိရောက်ရောက်လုပ်တဲ့အခါ အဲဒီလို မှတ်ကျောက်တွေ ရှိတယ်။

တချို့မှာ ထက်သန်တဲ့ သဒ္ဓါတရားတွေ ရှိတယ်၊ အာရုံငါးပါး ကာမဂုဏ်တရားတွေ စွန့်ပြီး တရားအလုပ်ကြိုးစား တယ်။ တချို့ဆိုရင် အလုပ်တွေစွန့်ပြီး ကြိုးစားနေကြတာပဲ။ ဒါပေမယ့် တရားစဉ်နဲ့ လုပ်ငန်းစဉ် ရောနေတဲ့အခါကျတော့ ရသင့်ရထိုက်ပါလျက်သားနဲ့ တရားမရတာတွေ ရှိတယ်။

ဟောစဉ်ကိုလည်း ပယ်လို့မရဘူးနော်။ အဲဒါကြီးက အမှားပဲလို့သွားမပယ်နဲ့၊ ဘုရားဟောကိုပယ်ရာ ရောက်တယ်။ ဘုရားက - ဖြစ်ပျက် မြင်အောင်ရှု၊ ဖြစ်ပျက် မုန်းအောင်ရှု၊ ဖြစ်ပျက် ဆုံးအောင်ရှု၊ ဒါဟာ ပါဠိတော်တွေ။ သူ့ဟောစဉ်ကတော့ - ဒီအတိုင်းဟောရမှာပဲ။

လုပ်ငန်းစဉ်အရ ရှုတဲ့အခါကျတော့ - ကကြီး ခခွေး ကစသင်သလို ဆရာတော်ဘုရားကြီးတွေက ရှုခိုင်းတဲ့အတိုင်း ရှုရတယ်။

ဒိဋ္ဌိဖြုတ်တရားတွေလည်း နာရတယ်။ ငါတို့က မဟာစည်ဆရာတော်ဘုရားကြီးရဲ့တပည့်ပဲ၊ ဒိဋ္ဌိဖြုတ်တရား နာစရာမလိုဘူး၊ အဲဒီလို မလုပ်ရဘူး။ ဘယ်ဆရာတော်ဟောဟော ဒိဋ္ဌိဖြုတ်တရားလည်းနာရမှာပဲ။ တရားများများနာပြီးလည်း ဒိဋ္ဌိဖြုတ်ရမယ်။

ရှုနည်းမှတ်နည်းကျတော့ - မဟာစည်ဆရာတော်ဘုရားကြီးနည်းအတိုင်းရှုယင် ဆရာတော်ဘုရားကြီး ပေးတဲ့နည်းအတိုင်း ပေါ်ရာ ပေါ်ရာ မှတ်။

ဒိဋ္ဌိလည်း ဖြုတ်ထားတယ်၊ ရှုနည်းမှတ်နည်းလည်း မှန်ကန်တယ်ဆိုတော့ မိမိတို့အတွက် ဝိပဿနာဉာဏ်တွေ မြန်မြန်ဆန်ဆန် ရနိုင်မယ်ပေါ့။

ဝိပဿနာဉာဏ်တွေရဖို့ အဓိကပဲ။ ဂိုဏ်းစွဲ ဆရာစွဲတွေ လုပ်စရာ မလိုဘူးနော်။ ဆရာတော်ဘုရားကြီးတွေ အကုန်လုံးကို ပူဇော်ရမယ်၊ ကိုယ့်ထက်သာတဲ့သူတွေချည်းပဲ၊ သူ့ဆရာ၊ ငါ့ဆရာ လုပ်နေရင် ဒိဋ္ဌိဖြစ်နေတာပေါ့။ ဝိပဿနာယောဂီက ဒိဋ္ဌိဖြစ်နေရင် ကောင်းပါ့မလား။ အဲဒီလို ဆရာစွဲဖြစ်နေရင် သက္ကာယဒိဋ္ဌိပေါ့၊ မှန်ကန်တဲ့နည်းလမ်းဆိုရင် အကုန်ပူဇော်ရမှာပဲ။

ရှုမှတ်တာကို တချို့ကပယ်တယ်၊ ရှုမှတ်စရာမလိုဘူးတဲ့။

မရှုမှတ်လို့မရဘူး၊ ရှုမှတ်မှ ရမယ်။

တစ်ခုတော့ရှိတယ် … အနာဂါမ်ဆရာသက်ကြီးနည်းလို သမထ အရင်ထူထောင်ပြီးမှ ခေါင်းကနေ တစ်ကိုယ်လုံးကို ကြည့်တယ်။ အဲဒါ မှန်တယ်။ အဲဒါက မဂ်ဉာဏ် ဖိုလ်ဉာဏ် ရနိုင်တယ်။

ဘာဖြစ်လို့လည်းဆိုတော့ ပရမတ်သားတွေရဲ့ ပျက်တာ ကိုမြင်တာကိုး။ ဘာဖြစ်လို့မြင်သလဲဆိုတော့ သမာဓိရှိလို့။

မျှမျှတတယူတတ်အောင်နော်။ သမာဓိနဲ့ကြည့်ရင် တကယ်မြင်တယ်။ ခန္ဓာကိုယ်မှာ ပျက်နေတာတွေကို မြင်တယ်။

တချို့က မမြင်ဘဲနဲ့ ကိုယ့်ဟာကိုယ်မြင်တယ် ထင်နေတယ်၊ ဒါမှ ငါတို့ဆရာနည်းပဲဆိုပြီး အသေကိုင်ထားတယ်။

သမာဓိမရှိရင် သမာဓိအရင်လုပ်ရတယ်၊ သမာဓိရှိရင် နည်းတွေအားလုံးကို လေ့လာပြီး အထိုက်အလျောက် တွဲလုပ်လိုရတယ်၊ သမာဓိထူထောင်ပြီး ရှုမှတ်ရတယ်။ ရှုမှတ်နေရင်းက သမာဓိကျဲသွားပေမယ့် တင်းတင်းရင်းရင်း ဆက်ပြီးရှုမှတ်လိုက်လို့ရှိရင် သမာဓိချက်ချင်းပြန်ရတယ်။ နောက်တော့ ဉာဏ်ဖြစ်သွားရော။

သိအောင်ဆိုပြီး ဒီအတိုင်း စိတ်ကူးနဲ့ လျှောက်ကြည့်နေစရာမလိုဘူး၊ မှတ်ရင်းနဲ့ ကြည့်သွားလို့ရတယ်။ ဒီနည်းက အကုန်လုံးမှာ သုံးလို့ရတယ်။ ဥပမာ - ခေါင်းကနေ စကြည့်တယ်တဲ့၊ အဲဒီလို ကြည့်လို့ရသလို မှတ်လို့ရော မရဘူးလား။ မှတ်လို့လည်းရတာပဲ။ မှတ်လို့ ဘာမှအနှောင့်အယှက်မဖြစ်ဘူး၊ သမာဓိတောင် ရသေးတယ်။ မှတ်လဲမှတ် ကြည့်လဲကြည့် ဆိုတော့ နှစ်မျိုးစလုံး ပါမသွားဘူးလား။

မဟာစည်ဆရာတော်ဘုရားကြီးနည်းနဲ့ အားထုတ်တဲ့ တချို့ ယောဂီတွေမှာ ဉာဏ်က တက်လာပြီး၊ ကြည့်တာ နဲတယ်၊ မကြည့်ဘဲနဲ့ မှတ်ရုံတင်မှတ်နေကြတယ်။ အဲဒီတော့ဉာဏ်က တော်တော်နဲ့ အဆုံးကို မရောက်နိုင်ဘူး ဖြစ်နေတယ်။ တစ်လခွဲလည်း ပြည့်ရော၊ ပြန်ရရော။ အဲဒါမျိုးကျတော့ ရခါနီးကျမှ နာတာပဲ။

တရားအားထုတ်တဲ့ နေရာမှာ ဉာဏ်နု တဲ့ အချိန်နဲ့ ဉာဏ်ရင့် တဲ့အချိန် မတူဘူး။

ဉာဏ်နု တဲ့အချိန်မှာ သဒ္ဓါ နဲ့တွန်းမှတ်ရတယ်။ မှတ်တာကို ဦးစားပေး။ ဖြစ်တာတွေ ပျက်တာတွေ ခေါင်းထဲ ထည့်ပြီး ဘာမှရှုပ်အောင် လုပ်မနေနဲ့အုံး။

သတိ ပညာ အားကောင်းလာပြီဆိုရင်တော့ မှတ်ရုံတင် မှတ်မနေနဲ့တော့၊ မှတ်လည်းမှတ်၊ ကြည့်လည်း ကြည့်။

ဉာဏ်က တော်တော်ရင့်ကျက်လာပြီ၊ သမာဓိကလည်း တော်တော်ကြီးကို အားတွေကောင်းလာပြီဆိုရင် မှတ်တာနဲ့ ကြည့်တာ နှစ်မျိုးထဲက ကြည့်တာ ကို ဦးစားပေးပြီး တစ်ကိုယ်လုံး ဖြန့်ကြည့်နိုင်အောင် ကြိုးစားရတယ်။

မှတ်အားမကောင်းသေးတဲ့ အချိန်မှာတော့ ထိုင်တယ် ထိတယ်တောင် မနည်းမှတ်နေရတယ်။ ထိုင်တယ် ထိတယ် နှစ်ချက် သုံးချက်လောက်မှတ်လိုက်၊ စိတ်က ထွက်သွားလိုက်၊ ထိုင်တယ် ထိတယ် နှစ်ချက် သုံးချက်လောက် ပြန်မှတ်လိုက်၊ စိတ်က ထွက်သွားလိုက်နဲ့။

တကယ်သမာဓိရလာတော့ အံ့ဩဖို့ကောင်းတယ်။ မိမိစိတ် ခဏ ခဏ ရောက်တတ်တဲ့နေရာကို စိတ်ကို လွှတ်ကြည့်လိုက်၊ အဲဒီအခါမှာ စိတ်ကမသွားဘူး၊ ခန္ဓာမှာပဲ ပြန်ရောက်လာတယ်။

သင်္ခါရုပေက္ခာဉာဏ် လောက် ရောက်လို့ ရင့်ကျက်သွားတဲ့အခါ စိတ်ကိုလွှတ်ကြည့်၊ စိတ်က အပြင်ကို ထွက်ပြီး မသွားတော့ဘူး။ သားရေကွင်းကို ဆွဲလိုက်သလိုပဲ ဆွဲပြီး လွှတ်လိုက်တာနဲ့ ဖျတ်ခနဲ သူ့နေရာပြန်ရောက်လာတယ်။

စိတ်က ဒီခန္ဓာကိုယ်ပေါ်မှာ မှတ်တာများနေတာကိုး၊ ဒီမှတ်ပါများတဲ့ ခန္ဓာကိုယ်ပေါ်ကိုပဲ စိတ်ကပြန်ရောက် လာတယ်။

ဒါကြောင့် မြတ်စွာဘုရားရဲ့တရားတော်တွေဟာ တကယ် မဂ်ဉာဏ် ဖိုလ်ဉာဏ်ရတယ်၊ တကယ်ရဟန္တာ ဖြစ်နိုင်တယ်ဆိုတာ အမှန်တွေပဲလို့ ယုံယုံကြည်ကြည်နဲ့ ကြိုးစားကြ။

တရားနာတာကျတော့ မြတ်စွာဘုရားဟောခဲ့တဲ့ တရားတွေကို ဆရာတော်တွေက ပြန်ဟောနေတာတွေကို အကုန်နာပါ။ ရှုမှတ်တာကျတော့ ဒီမဟာစည်နည်းနဲ့အခြေခံပြီး ရှုမှတ်ကြ။

နောက်မို့လို့ရှိရင် လုပ်ငန်းစဉ်နဲ့ တရားစဉ် ရောသွားတတ်တယ်။

ဆက်လက်ဖော်ပြပါမည်။

မြစိမ်းတောင်ဆရာတော် အရှင်ဇာနေယျ ဟောကြားအပ်သော ကြောင်းကျိုးသိက ကျိုးများလှ နှင့် စ သုံးလုံး ရှုမှတ်နည်းမှ ထုတ်နှုတ်ဖော်ပြပါသည်။


မဂ်ဉာဏ်, ဖိုလ်ဉာဏ်ရဖို့ရန် အခြေခံအကြောင်း, အကျိုး (အပိုင်း ၄)

ဝိပဿနာက ဉာဏ်ပညာပြဋ္ဌာန်းတယ်။ စာအနေနဲ့တော့ ရုပ်တွေ နာမ်တွေ။ မိမိတို့ရှုမှတ်တဲ့အခါကျတော့ သဘော လေးတွေကို တွေ့တယ်။ ရုပ်တွေ နာမ်တွေဆိုတာ သူများက စာရေးထားလို့ ရုပ် နာမ် လို့ပြောတာ။

ပထဝီ ကို ရုပ်လို့ခေါ်တယ်၊ အာပေါ ကို ရုပ်လို့ခေါ်တယ်၊ တေဇော ကို ရုပ်လို့ခေါ်တယ်၊ ဝါယော ကို ရုပ်လို့ ခေါ်တယ်၊ ဝေဒနာ သညာ သင်္ခါရ ဝိညာဏ် ကို နာမ်လို့ ခေါ်တယ်။ ဒါတွေဟာ ဘုရားဟောထားလို့ သံဃာတော်တွေကဟောထားလို့ စာအုပ်ထဲမှာ ရေးထားလို့ ပြောရတာ။ စာတတ်တဲ့ ပုဂ္ဂိုလ်တွေက နာမည်တပ်ပေးထားတာ။

ယောဂီတို့အနေနဲ့ မျက်စိမှိတ်ပြီး ရှုမှတ်တဲ့အခါကျတော့ ဒီတစ်ကိုယ်လုံးဟာ ရုပ်တွေ နာမ်တွေ ၊ ရုပ်တွေ နာမ်တွေလို့ ရွတ်ပြီး အော်နေရဲ့လား။ မအော်ဘူးနော်။

ဘယ်လိုရှုမှတ်ရသလဲ။ ဖောင်းတယ် ပိန်တယ် နာတယ် ကိုက်တယ်လို့ ရွတ်မှတ်ရတယ် မဟုတ်လား။

ဝိပဿာနက ဉာဏ် ပညာ ပြဋ္ဌာန်းတယ်။ တကယ်အလုပ်လုပ်တော့ သတိ ပြဋ္ဌာန်းတယ်။ တကယ် အလုပ်လုပ်တော့ သတိ နဲ့ ရှုမှတ်ရတယ်။ လျှောက်ဝေဖန်နေလို့ရှိရင် တရားစဉ်ဖြစ်သွားလိမ့်မယ်။

လုပ်ငန်းစဉ်မှာ တရားစဉ်ဝင်ရှုပ်လို့ရှိရင် ဉာဏ် မတက်တော့ဘူး။

တကယ်အလုပ်လုပ်တဲ့အခါ သတိ ပြဋ္ဌာန်းတယ်။ ဒါကြောင့် သတိပဋ္ဌာန် လို့ ဘုရားဟောထားတာ၊ ပညာပဋ္ဌာန်လို့ မဟောဘူး။

သတိ က အရေးကြီးလို့ သတိပဋ္ဌာန်လို့ဟောတာ၊ နောက်မှ ပညာ က လိုက်တာ။

ဒီသတိပဋ္ဌာန်အားလုံးကို ခြုံမိဖို့အတွက် -

အားမထုတ်ခင်ကတည်းက ဒိဋ္ဌိပယ်ဖို့၊ အားထုတ်တဲ့အခါ စူးစူးစိုက်စိုက်ရှုဖို့၊ ပျက်တာကို ညွှတ်ကြည့်ဖို့။ အဲဒါ ပညာ ပါတယ်။

ဒါကြောင့် အားလုံးကိုခြုံလိုက်တော့ ပညာ ပြဋ္ဌာန်းတယ်။

အဲဒီတော့ ပညာပြဋ္ဌာန်းတဲ့ဝိပဿနာတရားကို နာတဲ့အခါမှာ ပညာဉာဏ်နဲ့ နာပါ။

ရုပ်တွေ နာမ်တွေလို့တော့ ခန္ဓာကြီးက ဘယ်ပြောမလဲ။

ပူတယ် အေးတယ် တင်းတယ် လျော့တယ် နာတယ် ကိုက်တယ် ယားတယ် ဒါတွေဟာ အကုန်လုံး ရုပ်တရား တွေပဲ။

ဖောက်ပြန်နေတာက ရုပ်တရား။ သွားသိနေတာက နာမ်တရား။

ပြောတော့သာ ရုပ်တွေ နာမ်တွေလို့ပြောရတာ၊ တကယ်တွေ့တာက သဘော တွေကို တွေ့တာ။

ပူတဲ့သဘောလေးတွေ လှုပ်တဲ့သဘောလေးတွေ မာတဲ့သဘောလေးတွေ တောင့်တင်းတဲ့သဘောလေးတွေ နာတဲ့သဘောလေးတွေ ကိုက်တဲ့သဘောလေးတွေ ရွတဲ့သဘောလေးတွေ မွတဲ့သဘောလေးတွေ။

အဲဒီ သဘော လေးတွေကို တွေ့နေတာဟာ - ရုပ်တရား နာမ်တရားတွေကို တွေ့နေတာပဲ။

အဲဒီလှုပ်ရှားတာလေးတွေ ၊ မာတာ ပျော့တာတွေဟာ - ရုပ်တရားတွေပေါ့။ သွားတွေ့တာက - နာမ်တရား။

ရုပ်တွေ နာမ်တွေ တွေ့နေတာ တရားတွေ့တာပဲ။

တရားတက်တာ မရောက်သေးဘူးနော်။

တရားတွေ့၊ တရားတက်၊ တရားဆုံး - ဒီလိုသွားရတာ။

ပထမ ရုပ်တွေ နာမ်တွေရဲ့ - သဘော ကို တွေ့မယ်။

တွေ့ပြီးတော့မှ တရားသဘောအရ - ဉာဏ်စဉ်တက် သွားရမှာ။

ပြီးတဲ့အခါကျမှ ရုပ်တွေ နာမ်တွေရဲ့ - ချုပ်ဆုံးတဲ့နေရာ ရောက်ရမှာ။

တွေ့ မှ တက် လို့ရတာ။

ဘာမှမတွေ့ဘဲနဲ့ တက်သွားတော့ စိတ်ကူးယဉ်အတက်ကြီးဖြစ်နေတာ။

သဘော တွေကို မတွေ့သေးဘဲနဲ့ - ပျက်ကုန်ပြီ၊ အကုန်လုံး အနိစ္စ ဒုက္ခ အနတ္တ တွေပဲ ဆိုတော့ - အဲဒါ စိတ်ကူးယဉ်ပြီး တက်သွားတာ။

ဒီလိုတရားတွေကိုတွေးတာ .. ကုသိုလ်တော့ ရပါတယ်။ တကယ်ဝိပဿနာဉာဏ်မဖြစ်ဘူး။

ဥပမာ - မြတ်စွာဘုရားကဟောထားတယ်၊ လက်ဖျစ်တတွက်အတွင်းမှာ ရုပ်က ကုဋေငါးထောင်ချုပ်တယ်၊ နာမ်က ကုဋေတစ်သိန်း ချုပ်တယ် - ဆိုတာ မမှန်ဘူးလား .. မှန်ပေမယ့် ယောဂီတို့အနေနဲ့ တကယ်တွေ့ရဲ့လား။ မတွေ့ဘူး။ ဘယ်တွေ့မလဲ၊ ဒါဟာ ဘုရားတွေ့တဲ့ဟာပဲ။

မိမိတို့က အဲဒီသဘောတရားတွေ ပျက်နေတာကို ငါးထောင်တွေ တစ်သိန်းတွေ မတွေ့ရင်တောင်မှ - တရစပ်ကြီး မြန်မြန်ဆန်ဆန် ပျက်နေတာကို သိနိင်အောင် သဘောတရားတွေကို စ ရှုရတယ်။

ရုပ်ဓာတ် နာမ်ဓာတ် ပရမတ် သဘောတွေကို သိတော့မှ တဖြည်းဖြည်း တက်သွားလို့ရတာ။

ဖြစ်ခိုက်ရှုမှ၊ သဘာဝ၊ မုချသိနိုင်သည်။

သဘောသိမှ၊ ဥဒယ၊ ဝယမြင်နိုင်သည်။

ဖြစ်ပျက်မြင်မှ၊ နိဗိန္ဒ၊ မုချဖြစ်နိုင်သည်။

ငြီးငွေ့ပါမှ၊ ဝိရာဂ၊ မုချရနိုင်သည်။

မဂ်ဖိုလ်ရမှ၊ ပါယ်လေးဝ၊ မုချလွတ်မြောက်မည်။

ဒါဟာ တရားစဉ်လေးပဲ၊ အဲဒါလေးကို မှတ်ထားရမယ်။

ဖြစ်ခိုက်ရှုမှဆိုတာ - ပစ္စုပ္ပန်တည့်တည့် ကို မှတ်တာ ဖြစ်ခိုက် ပဲ။

မြင်ခိုက် ကြားခိုက် နံခိုက် စားခိုက် ဖောင်းခိုက် ပိန်ခိုက် ကြွခိုက် လှမ်းခိုက် ချခိုက် ယားခိုက် နာခိုက် စိတ်ကူးခိုက် စဉ်းစားခိုက် ကြံစည်ခိုက် ထခိုက် ထိုင်ခိုက် လှည့်ခိုက်။ ဖြစ်ခိုက် ဆိုတာ ပစ္စုပ္ပန် ကိုပြောတာ။

အာရုံ နဲ့ မှတ်စိတ် အံကိုက်ကျရင် အဲဒါ ပစ္စုပ္ပန်တည့်တာပဲ။

မြင်တာနဲ့ မြင်တယ်လို့မှတ်တာနဲ့၊ ကြားတာနဲက ကြားတယ်လို့မှတ်တာနဲ့၊ ဖောင်းတာနဲ့ ဖောင်းတယ်လို့ မှတ်တာနဲ့၊ ပိန်တာနဲ့ ပိန်တယ်လို့မှတ်တာနဲ့၊ ကြွတာနဲ့ ကြွတယ်လို့ မှတ်တာနဲ့၊ လှမ်းတာနဲ့ လှမ်းတယ်လို့ မှတ်တာနဲ့၊ ချတာနဲ့ ချတယ်လို့ မှတ်တာနဲ့ တစ်ခါတည်း အံကိုက်ကျနေရမယ်။ ပထမတော့ ပစ္စုပ္ပန်မတည့်ဘူး ပေါ့၊ နောက်တော့ တည့်သွားတယ်။

ပစ္စုပ္ပန်တည့်တည့် မှတ်နိုင်တာက အကြောင်း၊ သဘော လေးတွေသိတာက အကျိုး။

သဘော လေးတွေဆိုတာ ရုပ်တွေ နာမ်တွေ ကိုပြောတာ၊ ရုပ်သဘော နာမ်သဘောလေ။ ဖောက်ပြန်တဲ့ သဘောက ရုပ်တရား၊ ခံစားတာတို့ .. မှတ်သားတာတို့ .. တိုက်တွန်းတာတို့ .. သိတာတို့က နာမ်တရား။

အဲဒီ သဘော လေးတွေကို သိတာက အကျိုး၊ ပစ္စုပ္ပန်တည့်တည့် မှတ်နိုင်တာက အကြောင်း၊ အကြောင်းရယ် အကျိုးရယ်၊ ကြောင်းကျိုးသိက ကျိုးများလှတဲ့။

အဲဒီအကြောင်းတွေ အကျိုးတွေ သိထားပြီး ၊ ရုပ်တွေ နာမ်တွေကို မြင်အောင် ဘယ်လိုမှတ်မလဲဆိုတော့ -

ပစ္စုပ္ပန်တည့်တည့် မှတ်နိုင်မှ မြင်မယ်။

ရုပ်တွေ နာမ်တွေ ကို မမြင်သေးဘဲနဲ့ ဖြစ်ပျက် တို့၊ အနိစ္စ ဒုက္ခ အနတ္တ တို့ ကျော်လုပ်လိုက်ရင် သေသေချာချာ မြင်နိုင်ပါ့မလား။ မမြင်နိုင်ဘူးနော်။ တရားနာထားလို့ သိတာပဲ ရှိတယ်။ ကိုယ်တိုင် မသိဘူး။

ဖြစ်ခိုက် ဆိုတဲ့ ပစ္စုပ္ပန်တည့်တည့် ကို ရှုနိုင်မှ - သဘော ကို သိမယ်။

အဲဒီ သဘော သိပြီးမှ ဆက်သွားရဦးမယ်။

ဝိပဿနာမှာ အဆင့်သုံးဆင့်ရှိတယ်။

၁။ ပေါ်တာ ကို အရင်သိရမယ်။

၂။ ပေါ်တာ သိမှ ပျောက်တာ သိမယ်။

၃။ ပေါ်တာ - ပျောက်တာ သိပြီးမှ ပျက်တာ သိမယ်။

သဘော သိဖို့အတွက် ပစ္စုပ္ပန်တည့်တည့် မှတ်ရမယ်၊ ပစ္စုပ္ပန်တည့်တည့် ကို မှတ်နိုင်ဖို့အတွက် ဖြည်းဖြည်းနှေးနှေး လှုပ်ရှားရမယ်။

လှုပ်ရှားမူရာ၊ လူမမာ၊ တူစွာကျင့်ရမည်တဲ့။

ဝိပဿနာ ရှုမယ်ဆိုရင်တော့ ဖြည်းဖြည်းနှေးနှေး ပြုလုပ်မှ အမှတ်က လိုက်နိုင်တယ်။ ဘာဖြစ်လို့ နှေးရလည်း ပစ္စုပ္ပန်တည့်အောင်လို့နော်။

နှေးနှေး ပြုလုပ်တာက အကြောင်းဆိုရင် ပစ္စုပ္ပန်တည့်တည့် ရှုမှတ်နိုင်တာက အကျိုး။

ပစ္စုပ္ပန်တည့်တည့် ရှုမှတ်နိုင်တာက အကြောင်းဆိုရင် ရုပ်တွေ နာမ်တွေရဲ့ သဘော သိတာက အကျိုး။

ရုပ်တွေ နာမ်တွေရဲ့ သဘော သိသွားပြီဆိုရင် ဝိပဿနာနယ်ကို ရောက်ပြီ။ ဝိပဿနာဆိုတာ ရုပ်တွေ နာမ်တွေကို ရှုတာ။

စာလိုပြောတော့ ရုပ်တွေ နာမ်တွေကိုရှုတာ၊ လက်တွေ့ကျတော့ သဘော တွေကို ရှုတာ။

ဖောင်းတယ် ပိန်တယ် ကြွတယ် လှမ်းတယ် ချတယ် ဆိုတာ နာမည်တပ်ထားတာ။ အကုန်လုံး လှုပ်ရှားတဲ့ သဘောတွေပဲ။

ရင်ထဲမှာ ကောင်းတာတွေ မကောင်းတာတွေကို ခံစားတာ .. ခံစားတဲ့သဘောပဲ။

လှုပ်ရှားတာက ရုပ်သဘော။ ကောင်း မကောင်း ခံစားတာတွေက နာမ်သဘော ပေါ့။

မှတ်တာတွေလဲ မရှိဘူးလား၊ အဲဒါလဲ မှတ်သားတဲ့ သဘော ပဲ။ သညာက မှတ်ာ၊ မှတ်သားတယ် - ဆိုတာ နာမ်သဘော ပေါ့။

ဒီလို ရုပ်တွေ နာမ်တွေ သဘောသိတော့ ဘာပြုတ်မလဲ .. ဒိဋ္ဌိပြုတယ် .. သက္ကာယဒိဋ္ဌိပြုတ်တယ်။ ဒါဟာ ဉာတပရိညာ နဲ့ ဖြုတ်နေတာ။

ရှုမှတ်ပွားများပြီးတော့ သဘော လေးတွေကို သေသေချာချာ သိပြီး ပြုတ်သွားတာက တီရဏပရိညာ။

ဖောင်းတာက ရုပ်တရား၊ မှတ်တာက နာမ်တရား။

ရုပ်နဲ့နာမ်ပဲရှိပါလားလို့ သိပြီးပြုတ်သွားတာက တီရဏပရိညာ။

အခုလိုဟောရင်း နာရင်းနဲ့ ပြုတာကျတော့ ဉာတပရိညာ။

ယောဂီတို့ ဒိဋ္ဌိဖြုတ်တယ်ဆိုတာက - တီရဏပရိညာ နဲ့ ဖြုတ်ထားတာ။ ဒိဋ္ဌိကို ခဏ ခဏဖြုတ်နေတာပဲ။ ဒါကိုလည်း သိထားရမယ်။

ငါမှတ်နေတာ ငါ့ဝမ်းဗိုက်ကြီးမှာ မှတ်နေတာဆိုရင်တော့ ဒိဋ္ဌိမပြုတ်ဘူး။

တရားထိုင်တဲ့အခါမှာ ဝမ်းဗိုက်မှာ ဖောင်းတယ် ပိန်တယ်လို့ မှတ်တယ်ဆိုတာ - ပြောတာကတော့သည်အတိုင်း ပြောရပါတယ်။ ရင်ထဲမှာ သိတာကတော့ အဲဒီလိုမဟုတ်ဘူး။

ရှုမှတ်နေတာကလည်း - သတိ ပညာ နဲ့ ရှုမှတ်နေပါတယ်။

အရှုခံကလည်း - ရုပ်တွေ နာမ်တွေ ဖြစ်ပါတယ်။

လှုပ်ရှားတဲ့ သဘော လေးရယ်၊ မှတ်တဲ့သဘော လေးရယ် - တွေကို သိနေပါတယ်။

လှုပ်ရှားတဲ့သဘော ကလေးက ရုပ်တရား၊ မှတ်တဲ့သဘော ကလေးက နာမ်တရား။

ရှုရင်းမှတ်ရင်းနဲ့ ရုပ်တွေ နာမ်တွေကို သိပါတယ်။ ဒီလို ကျကျနနပြောပြနိုင်ရမယ်။

ဖြစ်ခိုက် ရှုတာက အကြောင်းဆိုရင် သဘော သိတာက အကျိုး။ ဒီသဘောလေးတွေကို မြင်အောင် တစ်နေရာတည်း စိုက်မမှတ်နဲ့၊ ဝိပဿနာဆိုတာ - ပေါ်ရာ ပေါ်ရာ မှတ်ရတယ်။

ပညတ် တွေကို ခွါပြီးတော့ အနိစ္စ အစရှိသော အခြင်းအရာအားဖြင့် - အထူးထူးအပြားပြား ရှုတတ်၏ ၊ မြင်တတ်၏ ။ ထို့ကြောင့် ဝိပဿနာ မည်၏ ။

ဒါက စာသဘောနဲ့ပြောတာ။

အဓိက က အလုပ်နဲ့သိဖို့ အရေးကြီးတယ်။ ဒါကြောင့် တစ်နေရာတည်း စိုက်ပြီး မှတ်ရမှာလား၊ ပေါ်ရာ ပေါ်ရာ မှတ်ရမှာလား။

ပေါ်ရာ ပေါ်ရာ မှတ်ပါ .. ဖောင်းတယ် ပိန်တယ်ချည်း စွဲမထားနဲ့။ ဖောင်းတယ် ပိန်တယ် မှတ်ရင်း - ကြားတာတွေ မြင်တာတွေ ပေါ်လာရင် … အဲဒီ ထင်ရှားပေါ်လာတာတွေကို လိုက်မှတ်ပါ။

အဲဒီလို ထင်ရှားပေါ်ရာလေးတွေကို ဘာကြောင့် လိုက်ပြီး မှတ်ရသလဲဆိုတော့ - သဘော လေးတွေ အပေါ်လည်း ရောက်အောင်၊ အဲဒီ သဘော လေးတွေ ပြောင်း ပြောင်း သွားတာလဲ သိအောင် ..

ဝိပဿနာဆိုတာ - ရုပ်တွေ နာမ်တွေရဲ့ အပျက် ကို မြင်မှ ဝိပဿနာဖြစ်တာ။

အဲဒီ အပျက် ကို မြင်အောင်လို့ - အဖြစ် ကို လိုက်မှတ်ရတယ်။

အဲဒီလို သဘော လေးတွေ ဖြစ်လာတာကို စ မြင်မှ ရုပ်တွေ နာမ်တွေရဲ့ အပျက် ကို မြင်မှာ။

သဘော မဟုတ်ဘဲနဲ့ ဗိုက်ကြီးပဲ ခါးကြီးပဲ ငါ့ခြေထောက်ကြီးက နာတယ် ငါ့ပေါင်ကြီးက နာတယ် ငါလာတယ် ငါသွားတယ် ငါစားတယ် ဆိုပြီး ယောက်ျား မိန်းမတွေရဲ့ အကောင်အထည်လိုက်ကြီး မြင်နေရင် ပျက်တာမြင်တယ်ပဲပြောအုံး၊ အဲဒီအကောင်လိုက် အထည်လိုက်ကြီးတွေရဲ့ ပျက်တာတွေ ပြောင်းတာတွေဆိုတော့ ပရမတ်ပေါ် ဉာဏ်ရောက်ပါဦးမလား။

ပရမတ် ပေါ် မရောက်ရင် ဝိပဿနာဉာဏ် မဖြစ်ဘူး။ အဲဒါ သံဝေဂဉာဏ် အဆင့်ပဲ ရှိတယ်။

သံဝေဂဉာဏ်လည်း အရေးကြီးတယ်၊ သံဝေဂဉာဏ်ကို ပယ်ဖို့ ပြောတာမဟုတ်ဘူး။ ဒါပေမယ့် ဝိပဿနာဉာဏ် ဖြစ်အောင်လို့ သေသေချာချာ ခွဲပြီးပြောတာ။

သဘော ပေါ် ဉာဏ်ရောက်ဖို့ အရေးကြီးတယ်။

ခန္ဓာကိုယ်တစ်ကိုယ်လုံးကို စူးစူးစိုက်စိုက်နဲ့ စိတ်ဝင်တစား ဉာဏ်နဲ့မြင်အောင် ကြည့်ပါ။

ခန္ဓာကိုယ်ကို ဉာဏ်နဲ့ စိုက်ကြည့်တဲ့အခါ - ခန္ဓာကိုယ်ထဲမှာ .. နွေးနွေး ထွေးထွေးလေးတွေ ၊ တင်းတင်း ရင်းရင်းလေးတွေ၊ မာနေတာလေးတွေ၊ ပျော့နေတာလေးတွေ၊ တွေ့လာရတယ်။

အဲဒီလို ခန္ဓာ့သဘော တွေကိုသိတာ နိဗ္ဗာန်ရောက်ကြောင်းပဲ။

အဲဒီ သဘော လေးတွေမြင်လာပြီဆိုရင် -

ပထမ သဘော လေးတွေ ပေါ်တာ ကိုသိမယ်။

ပေါ်လာတာ ကို သိပါများလို့ရှိရင် ပျောက်တာ ကိုပါ သိလာလိမ့်မယ်။

အစတုန်းက ပေါ်တာ လေးတွေကို သိနေရာကနေပြီးနောက် ပျောက်တာ ကိုပါ သိလာတော့ - ပေါ်တာ ပျောက်တာ ကို မြင်လာမယ်။

ပေါ်တာ သိလိုက်၊ ပျောက်တာ သိလိုက်ဆိုတော့ - ပေါ်တာနဲ့ ပျောက်တာ တွဲပြီးသိလာတယ်။

အဲဒါကို ဖြစ်ပျက် မြင်တယ်လို့ခေါ်တာ။

နောက်ပိုင်း ဖြစ်ပျက်မြင်တဲ့ ဉာဏ်တွေရင့်သွားတော့ အပျက် ချည်းပဲ မြင်မယ်။

နောက်ကျတော့ - ဖြစ်ပျက်မုန်း ပြီး၊ ဖြစ်ပျက်ဆုံး သွားတယ်။

ပြောတာကတော့ ခဏလေးပဲ၊ လုပ်တာကျတော့ လနဲ့ နှစ်နဲ့ ချီလုပ်ရတာ။

အခြေခံအနေနဲ့ ပထမဆုံးမှာ သဘော သိဖို့လိုတယ်။

သဘော သိဖို့အတွက် ပစ္စုပ္ပန်တည့်တည့် လည်း မှတ်ရတယ်။ နောက်ပြီးတော့ ခန္ဓာကိုယ်ကို စိတ်ဝင်စားရတယ်။

ကိုယ့်ခန္ဓာကိုယ်မှာ သဘော လေးတွေပဲ ရှိတယ်ဆိုတာ ရှုမှတ်လို့ သေသေချာချာ သိပြီးပြီဆိုလို့ရှိရင် သွားတာ လာတာက အစ ခန္ဓာကိုယ်ကို စိတ်ဝင်တစားနဲ့ဉာဏ်စိုက်ထား၊ ခန္ဓာကိုယ်ကို ဉာဏ်နဲ့ကြည့်နေတာပဲဆိုပြီး အမှတ်လည်း ဖြုတ်မပစ်နဲ့အုံး၊ မဇ္ဈိမပဋိပဒါ အရေးကြီးတယ်

အမှတ်ဖြုတ်ပစ်ရင်လည်း မှားရော၊ စိတ်ကူးယဉ်တွေ ဖြစ်လာပြီး စိတ်တွေ လွင့်သွားလိမ့်မယ်။

အမှတ်လည်း မဖြုတ်နဲ့၊ အမှတ်သက်သက်ကြီးလည်း မှတ်မနေနဲ့။

မှတ်လည်း မှတ်ပါ၊ ကြည့်လည်း ကြည့်ပါ။

ကြည့်ပါ - ဆိုတာ ခန္ဓာကိုယ်မှာ စိတ်ဝင်တစားနဲ့ သဘော လေးတွေကို သိအောင်ကြည့်ဖို့ပြောတာ။

ဖောင်းတယ် ပိန်တယ် မှတ်နေရင်းနဲ့ ခန္ဓာကိုယ်ကို ကြည့်ပေး။

မှတ်လည်းမှတ်၊ ကြည့်လည်းကြည့်။

တချို့ယောဂီတွေဟာ များသောအားဖြင့် - မှတ်တော့ မှတ်တယ်၊ မကြည့်ဘူး။

ကြည့်တဲ့ပုဂ္ဂိုလ်တွေကျတော့လည်း - သမာဓိမရှိဘဲကြည့်တော့ စိတ်တွေ လွင့်ကုန်ပြန်ရော။ စိတ်တွေလွင့်နေတော့ ဘာမှ မတွေ့ဘူး။

ဖောင်းတယ် ပိန်တယ် ထိုင်တယ် ထိတယ်က အခြေခံအနေနဲ့မှတ်တာ။ ဖောင်းတယ် ပိန်တယ် ထိုင်တယ် ထိတယ် မှတ်ရင်းနဲ့ ပေါ်ရာ ပေါ်ရာ မှတ်ရမှာ။

ပေါ်ရာ ပေါ်ရာ ကို မှတ်ရုံတင်မဟုတ်ဘူး။ ပေါ်ရာ ပေါ်ရာ လည်းမှတ်၊ ခန္ဓာတစ်ကိုယ်လုံးကိုလည်း ဖြန့်ပြီးကြည့်။ ကိုယ့်စိတ်အင်အားနိုင်ရင် နိုင်သလောက် လှည့်ပတ်ကြည့်ပါ။

စိတ်မတည်ငြိမ်သေးဘူးဆိုရင် .. ခပ်သွက်သွက်လေး မှတ်ရုံတင်မှတ်။ ထိတဲ့နေရာကလေးကို စိုက်ပြီးမှတ်ပေး။ စိတ်ထွက်ရင်လည်း စိတ်ထွက်တာတွေကို လိုက်မှတ်။ စိတ်က နဲနဲတည်ငြိမ်လာပြီး သတိ သမာဓိ တွေကောင်းပြီး မှတ်အားတွေ ကောင်းလာပြီဆိုရင် - အဲဒီထိတဲ့နေရာကလေးရဲ့ ပတ်ဝန်းကျင်ကို ချဲ့ကြည့်၊ နောက်ထပ် တစ်ကိုယ်လုံးကို တတ်နိုင်သလောက် ချဲ့ ချဲ့ပြီး ကြည့်ရတယ်။

မှတ်တာလည်း မှတ်နေ၊ မှတ်တာကို မပျက်စေနဲ့။ မှတ်တာပျက်သွားရင် စိတ်ကူးယဉ်သွားလိမ့်မယ်။

သမာဓိကောင်းနေတဲ့ ပုဂ္ဂိုလ်ဆိုရင် .. ခန္ဓာကိုယ်ကို ကြည့်ပေး။

သမာဓိ အားကောင်းနေလျက်သားနဲ့ ခန္ဓာကိုယ်မှာ ကြည့်မပေးတဲ့ အခါကျတော့ နိမိတ်တွေပေါ်လာ တတ်တယ်။ အဲဒီအခါမှာ ခန္ဓာကိုယ်ရဲ့ သဘော တွေကို မတွေ့တော့ဘဲ ပေါ်လာတဲ့ နိမိတ်တွေကို သာယာသွားရော။ အဲဒီနိမိတ်တွေ အပေါ်မှာ သာယာသွားတဲ့အခါကျတော့ တော်ရုံနဲ့ ဉာဏ်မတက်တော့ဘူး။

မှတ်တာလည်းမှတ်။ နိမိတ်ပေါ်ပေါ် ဘာပေါ်ပေါ်၊ ပေါ်လာတာမှန်သမျှကိုလည်း ကြည့်ပေး။ စိတ်အလုပ်ဟာ အင်မတန် မြန်တယ်။

အခု တရားနာနေရင်းနဲ့ တစ်ကိုယ်လုံးကိုကြည့်ရင် မရဘူးလား။ ရတယ်နော်။ စိတ်က အရမ်းမြန်တော့ ကြည့်လို့ရတာပေါ့။

စိတ်မငြိမ်သေးရင် မှတ်တာကိုပဲဦးစားပေးအုံး။ ကြည့်မယ်ဆိုရင်လည်း အဲဒီမှတ်တဲ့နေရာလောက်ပဲကြည့်ရင် တော်ပြီ။ သူ့အဆင့်နဲ့သူပေါ့။

ကိုယ် သမာဓိနည်းရင်နည်းသလိုကြည့်၊ သမာဓိအားကောင်းလာရင် တစ်ကိုယ်လုံး ဖြန့်ကြည့်။

ဖြန့်ကြည့်တော့ သမာဓိကနေ ပညာ ကို မြန်မြန် ရောက်တာပေါ့။

ဆက်လက်ဖော်ပြပါမည်။

မြစိမ်းတောင်ဆရာတော် အရှင်ဇာနေယျ ဟောကြားအပ်သော ကြောင်းကျိုးသိက ကျိုးများလှ နှင့် စ သုံးလုံး ရှုမှတ်နည်းမှ ထုတ်နှုတ်ဖော်ပြပါသည်။


မဂ်ဉာဏ်, ဖိုလ်ဉာဏ်ရဖို့ရန် အခြေခံအကြောင်း, အကျိုး (အပိုင်း ၅)

ဆင်းရဲတာကိုအစွမ်းကုန်သိမှ နိဗ္ဗာန်ကိုမြင်ပါမယ်။ ပေါ်တာ ကို မှတ်ပါများရင် ပျောက်တာ ကို သိမယ်။

အဲဒီတော့မှ ပေါ်တာ-ပျောက်တာ ကို သိတယ်။

ပေါ်တာ ပျောက်တာတွေကို မှတ်ပါများလို့ နိုင်နင်းလာပြီဆိုရင် - ပေါ်တာ ကလည်း နှိပ်စက်သလိုဖြစ်တယ်၊ ပျောက်တာ ကလည်း နှိပ်စက်သလိုဖြစ်တယ်။

သုခဝေဒနာ မှာ ပေါ်တာ-ပျောက်တာ တွေရဲ့ နှိပ်စက်တဲ့သဘော မြင်အောင် ခပ်တင်းတင်းရှုရတယ်၊ ခပ်စိပ်စိပ် ရှုရတယ်။

ဒုက္ခဝေဒနာ ကျတော့ လေးလေးမှန်မှန်နဲ့ သည်းညည်းခံပြီး ရှုရတယ်။

ဒုက္ခဝေဒနာ ကို - မှတ်စိတ်က လွှမ်းမိုးနိုင်အောင်၊ ဆူးထွင်ပစ်သလို ရှုရတယ်။

သုခဝေဒနာ ကျတော့ လေးလေးမှန်မှန် မှတ်လို့မရဘူး၊ ပုံမှန်ရိုးရိုးမှတ်ရင် မျောပါသွားလိမ့်မယ်။ သုခက အရမ်းကောင်းနေတာကိုး။ ဂွမ်းပုံပေါ် တက်ထိုင်နေရသလို ငြိမ့် ငြိမ့် ငြိမ့်နဲ့ ခံစားနေရတာဆိုတော့ - အဲဒါကို တင်းတင်း ရင်းရင်းနဲ့ ခပ်သွက်သွက် ဆက်တိုက်မှတ်ပေးရတယ်။

ဒါမှ ဝေဒနာရဲ့ အပျက် တွေ မြင်မယ်။

သုခဝေဒနာကို မှတ်တဲ့နေရာမှာ အမှတ်ကျဲနေတယ်ဆိုရင် မှိန်းပြီးပါသွားရော။ မှိန်းပြီးပါသွားတော့ သာယာတာက များများ၊ မှတ်တာကနဲနဲ ဖြစ်နေတတ်တယ်။

အဲဒီလို ဖြစ်နေရင် သုခဝေဒနာ ကို မကျော်တော့ဘူး။

သုခဝေဒနာကို မှတ်မှတ် မမှတ်မှတ် သူပျောက်ချိန်တန်ရင် ပျောက်မှာပဲ။ ဒါပေမယ့် မမှတ်တဲ့အခါကျတော့ သုခဝေဒနာကို ဒုက္ခ လို့ မမြင်တော့ဘူး။

တင်းတင်းရင်းရင်းနဲ့ ခပ်သွက်သွက်ကလေးမှတ်တဲ့အခါကျမှ - ချမ်းသာတာတွေဟာလဲ နှိပ်စက်နေတာပဲ လို့ မြင်လာတယ်။

ချမ်းသာ တာလည်း နှိပ်စက်တာပဲ .. ပျက်သွား တာလည်း နှိပ်စက်တာပဲ။

ချမ်းသာရင် - ချမ်းသာတယ် ချမ်းသာတယ်၊ ကောင်းရင် - ကောင်းတယ် ကောင်းတယ် ကောင်းတယ်။ မှတ်စိတ်က မပျင်းမရိ တောက်လျှောက် လိုက်ပေးရတယ်။

အဲဒီလို သုခဝေဒနာ ပေါ်နေတဲ့အချိန်မှာ ခန္ဓာကိုယ်ကြီး ညောင်းတာ နာတာတွေ မရှိဘူး။ ပေါ်သမျှကို ခပ်သွက်သွက် လိုက်မှတ်ပေးတဲ့အခါကျမှ တရစပ်ကြီး နှိပ်စက်နေတာပဲလို့ သိလာတယ်။

မှတ်ရတာကို ဆင်းရဲ လာတယ်။

မှတ်ရတာကို ဆင်းရဲလာတဲ့အခါကျတော့ ပေါ်တာ လည်း နှိပ်စက်တာပဲ၊ ပျောက်တာ လည်း နှိပ်စက်တာပဲလို့ သိလာပြီး - သုခဝေဒနာကို ဒုက္ခ လို့ ထင်လာတယ်။

ဥပေက္ခာဝေဒနာ ကို ရှုတုန်းက ဘယ်လိုမြင်အောင်ရှုရသလဲ မှတ်မိသေးလား မသိဘူး။ ဥပေက္ခာဝေဒနာကို အနိစ္စ လို့ မြင်အောင် ရှုရတယ်နော်။

ဥပေက္ခာဝေဒနာ ဆိုတာက ခန္ဓာကိုယ်ကြီးမှာ - ချမ်းသာတာလည်း မဟုတ်ဘူး၊ ဆင်းရဲတာလည်း မဟုတ်ဘူး။ ဒီအတိုင်းကြီး ထိုင်နေရတာ။ အဲဒီအခါကျတော့ - မှတ်စိတ်ရဲ့ အပျက် ကို မြင်အောင် ရှုရတယ်။

ဖောင်းတယ် ပိန်တယ် ထိုင်တယ် ထိတယ်ဆိုတဲ့ ပင်တိုင်ကမ္မဋ္ဌာန်း ကို လက်မလွှတ်နဲ့။ အဲဒီ ဥပေက္ခာဝေဒနာ ပေါ်နေတဲ့အချိန်မှာ - ထိုင်တာလည်းမထင်ရှားဘူး၊ ထိတာလည်းမထင်ရှားဘူး၊ မှတ်လည်းမမှတ်ချင်ဘူး။ ရီဝေပြီး နေတတ်တယ်။

ဘယ်လိုပဲနေနေ - ထိုင်တယ် ထိတယ်၊ ထိုင်တယ် ထိတယ်၊ ထိုင်တယ် ထိတယ်လို့ ပုံမှန်မှတ်နေကျအတိုင်း မှတ်ပါ။

အဲဒီလိုမှတ်ရင်းနဲ့ - ရှေ့မှတ်စိတ်ကို နောက်စိတ်နဲ့ကြည့်။

မှတ်စိတ်ကလေးတွေ ပျောက် ပျောက်၊ ပျက် ပျက် သွားတာကို တွေ့လိမ့်မယ်။

ဥပေက္ခာဝေဒနာကျတော့ အရှုခံက မထင်ရှားဘူး။ အရှုခံ မထင်ရှားပေမယ့် ရှုတဲ့စိတ် က ထင်ရှားတယ်။

ထိုင်တယ် ထိတယ်လို့မှတ်တဲ့နေရာမှာ ထိုင်တာ ထိတာက မထင်ရှားပေမယ့် ထိုင်တယ် ထိတယ်လို့ဆိုနေတဲ့ အဆိုကလေးက ထင်ရှားတယ်။

ဥပေက္ခာဝေဒနာကို အနိစ္စ မြင်အောင် ပြောနေတာနော်။ ပြောရတာလွယ်ပေမယ့် လုပ်ရတာချက်တယ်။

မှတ်စိတ်ကလေးတွေ ပျောက် ပျောက် ၊ ပျက် ပျက် သွားတာကို စိတ်က ညွှတ်ကြည့်ရမယ်။ တရစပ်ကြီး ပျောက်နေပါလား၊ ပျက်နေပါလားလို့ သိအောင်ကြည့်ပေးပါ။

မှတ်စိတ်ကို အဆက်ပြတ်မခံရဘူး၊ တောက်လျှောက် မှတ်ပေးရမယ်။ ပျင်းလို့မရဘူး၊ တွေဝေလို့မရဘူး။ ဆက်တိုက်မှတ်ပါ။

မှတ်ရင်း မှတ်ရင်းနဲ့ မှတ်အားတွေ ကောင်းလာတဲ့အခါ အဲဒီ ဆင်းရဲတာလည်း မဟုတ် ၊ ချမ်းသာတာလည်း မဟုတ်တဲ့ - တွေဝေတဲ့သဘောကြီးက မှတ်နေရင်းကနေ အခြေအနေပြောင်းလာတယ်။

ပူတာလေးတွေ နာတာလေးတွေ ပေါ်ချင်ပေါ်လာမယ်၊ စိတ်ထဲ ဝမ်းသာတာလေးတွေ ဝမ်းနည်းတာလေးတွေ ပေါ်ချင် ပေါ်လာမယ်။

အဲဒီအခါ တရစပ်ကြီးပြောင်းနေပါလားဆိုပြီး မှတ်စိတ်ကလေးတွေ ပြောင်းနေတာကို မမြဲဘူး လို့ သိလာလိမ့်မယ်။

ဒီဉာဏ်ကတော့ တော်တော်အဆင့်အတန်းမြင့်သွားပြီ။ သင်္ခါရုပေက္ခာဉာဏ် လောက် ရောက်သွားပြီ။

အဲဒီဉာဏ်လောက် မရောက်သေးလည်း ငူငူကြီးထိုင်နေရသလိုမျိုး ဖြစ်တတ်တယ်။ အဲဒါမျိုးကျတော့ ပင်တိုင်ကမ္မဋ္ဌာန်း ကို တင်းတင်းရင်းရင်း မှတ်ရတယ်။ ဖောင်းတယ် ပိန်တယ် မထင်ရှားရင် ဘာမှတ်ရမလဲ။

ထိုင်တယ် ထိတယ်မှတ်ရင်း အဲဒီမှတ်စိတ်တွေ ပျောက် ပျောက် သွားတာကိုကြည့်ပါ။ ပျောက်တာ ပျက်တာ တွေမြင်လာရင် ဘယ်ဟာမှ မမြဲပါလားဆိုတဲ့ အနိစ္စ ကို မြင်လာလိမ့်မယ်။

ဒုက္ခဝေဒနာကို - ဆူးထွင်ပစ်သလို လွှမ်းမိုးအောင်။

သုခဝေဒနာကို ဒုက္ခ လို့ မြင်အောင်။

ဥပေက္ခာဝေဒနာကို အနိစ္စ လို့ မြင်အောင်။

ငြီးငွေ့မှုဖြစ်ဖို့အတွက် ကြားထဲမှာ အဲဒါတွေရှိတယ်။

ငြီးငွေ့ဖို့ဆိုတာ အဲဒီအမှတ်တွေ ကျွမ်းကျင်မှ ငြီးငွေ့တာ။

အဲဒီအမှတ်တွေ မကျွမ်းကျင်လို့ရှိရင် -

ဒုက္ခဝေဒနာကျတော့ ဒေါသ ဖြစ်ရော၊ မငြီးငွေ့ဘူး။

သုခဝေဒနာကျတော့ သာယာ နေရော၊ မငြီးငွေ့ဘူး။

ဥပေက္ခာဝေဒနာကျတော့ တွေဝေ နေပြန်ရော၊ မငြီးငွေ့ဘူး။

ပေးထားတဲ့နည်းအတိုင်း ကြိုးစား ပွားများ အားထုတ်မယ်ဆိုရင် - ဒုက္ခဝေဒနာ လည်း ဆင်းရဲတာပဲ၊ သုခဝေဒနာ လည်း ဆင်းရဲတာပဲ၊ ဥပေက္ခာဝေဒနာ လည်း အနိစ္စဆိုတော့ နောက်ဆုံးဆင်းရဲတာပဲ။

အဲဒီလို ခန္ဓာရဲ့ဆင်းရဲတာတွေကို မြင်လာမှ နောက်ခန္ဓာ မလိုချင်တော့ဘူး။

ခန္ဓာကိုငြီးငွေ့တာဟာ သံသရာကို ငြီးငွေ့တာပဲ။

၃၁ - ဘုံဆိုတာ ခန္ဓာတွေပဲမဟုတ်လား။ ဘယ်ဘုံဘဝရောက်ရောက် သူ့ခန္ဓာနဲ့သူ ရကြတာပဲ။ အဲဒီ ခန္ဓာတွေဟာ အကုန်လုံး ဒုက္ခတွေချည်းပဲလို့ မြင်လာတော့ ငြီးငွေ့လာတယ်။ ခန္ဓာကို မလိုချင်တော့ဘူး။

ငြီးငွေ့ လာတာက အကြောင်း၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် ရတာက အကျိုး။

ငြီးငွေ့ပါမှလည်း ဝိရာဂ ကိုမုချရနိုင်ပါမယ်။ ဝိရာဂ ဆိုတာ - မဂ်ဉာဏ် ကို ပြောတာ။

ငြီးငွေ့မှုတွေလည်းဖြစ်လာပြီ၊ ဣန္ဒြေတွေလည်း ထက်သန်လာပြီဆိုရင် နိဗ္ဗာန်နဲ့နီးပြီ၊ ဣန္ဒြေတွေက ထက်သန်ရုံနဲ့ မရသေးဘူး၊ ဣန္ဒြေတွေ ညီမျှရအုံးမယ်။

သဒ္ဓါရယ် ဝီရိယရယ် သတိရယ် သမာဓိရယ် ပညာရယ်။

ဣန္ဒြေတွေထက်လည်းထက်သန်တယ်၊ ညီလည်းညီမျှတယ်ဆိုရင် - ရှုရင်းမှတ်ရင်းနဲ့ အရှုခံရော ရှုဉာဏ်ရော ချုပ်ဆုံး တဲ့နေရာ ရောက်သွားလိမ့်မယ်။ အဲဒါ မဂ်ဉာဏ် ကိုပြောတာ။

မဂ်ဉာဏ် ဖိုလ်ဉာဏ် ရရင် အပါယ်လေးပါး က ကျိန်းသေ လွတ်မြောက်ပြီ။ ကျန်တဲ့ ဒါန သီလ သမာထ တွေက အပါယ်က လွတ်မြောက်နိုင်ပေမယ့် စိတ်မချရသေးဘူး၊ နှလုံးသွင်းမှားလို့ရှိရင် အပါယ်ကျနိုင်သေးတယ်။ ကုသိုလ်အရှိန်တွေ ကုန်သွားရင်လည်း အပါယ်ကျနိုင်သေးတယ်။

အဲဒါတွေဟာ အကြောင်း အကျိုးတွေပဲ။ အဲဒီ အကြောင်း အကျိုး တွေ အားလုံးကို သိထားရင် အကျိုးမများပေဘူးလား။

* ရုပ်တွေ နာမ်တွေ မြင်အောင် ပစ္စုပ္ပန်တည့်တည့် မှတ်နိုင်မှ - ပစ္စုပ္ပန်တည့်တည့် မှတ်နိုင်တာက အကြောင်း၊ ရုပ် နာမ် မြင်တာက အကျိုး။

* အဲဒီ ရုပ် နာမ် တွေရဲ့ သဘော တွေကို - ပေါ်ရာ ပေါ်ရာ လိုက်မှတ်နိုင်မှ ဖြစ် ပျက် ကို မြင်မယ်။

* ဖြစ် ပျက် များများမြင်တော့မှ - သံသရာကြီးကို ငြီးငွေ့ မယ်။

သံသရာကြီးကို ငြီးငွေ့ပြီး ဆက်ကြိုးစားတော့မှ …

* ဣန္ဒြေ တွေညီမျှပြီး - မဂ်ဉာဏ် ဖိုလ်ဉာဏ် ရမယ်။

* မဂ်ဉာဏ် ဖိုလ်ဉာဏ် ရမှ - အပါယ်လေးပါး က လွတ်မြောက်မယ်။

မဂ်ဉာဏ် ဖိုလ်ဉာဏ် လိုလားပြီး … အပါယ်လေးပါးက လွတ်မြောက်ချင်တယ်ဆိုရင် ဘယ်ကနေစ ရမလဲ ဆိုတော့ -

ပစ္စုပ္ပန်တည့်တည့် ရှုမှတ်နိုင်တာက စ ရမယ်။

ပစ္စုပ္ပန်တည့်တည့် ရှုမှတ်နိုင်ဖို့တွက် - လူမမာလိုကျင့်ရမယ်။

ရှုမှတ်မှုကို အဲဒီလို ပစ္စုပ္ပန်တည့်တည့် မှတ်နိုင်တာက စပြီး၊ အသေးစိတ်အမူအရာ တွေ အကုန်မှတ်လို့ရှိရင်

- ရုပ် နာမ် တွေ မြင်မယ်။

- ရုပ် နာမ်တွေမြင်ပြီး နောက်ကျတော့ ပေါ်တာ တွေ ကို သေသေချာချာ မြင်မယ်။

- နောက်ကျတော့ ပေါ်တာ - ပျောက်တာ မြင်မယ်။

- နောက်ကျတော့ ပျက်တာ တွေချည်း မြင်မယ်။

- ပျက်တာတွေမြင်တဲ့အခါကျတော့ ငြီးငွေ့ မယ်။

- ငြီးငွေ့တော့ ခန္ဓာကိုယ်ကြီးကို မလိုချင်တော့တဲ့အဆုံးမှာ မဂ်ဉာဏ် ဖိုလ်ဉာဏ် ရမယ်။

ဒါက တရားစဉ်အနေအားဖြင့် ခဏကလေးနဲ့ ဟောသွားတာနဲ့ မဂ်ဉာဏ် ဖိုလ်ဉာဏ်ရတာ။ တကယ်လုပ်တဲ့အခါကျတော့ အဲဒီလို ခဏကလေးနဲ့ မရဘူး၊ စိတ်ပျက်ဘဲ ကြိုးစားရင် ရနိုင်တယ်။

မြစိမ်းတောင်ဆရာတော် အရှင်ဇာနေယျ၏ ကြောင်းကျိုးသိကကျိုးများလှတရားတော်အား (မဂ်ဉာဏ်, ဖိုလ်ဉာဏ်ရဖို့ရန် အခြေခံအကြောင်း, အကျိုး) အမည်ဖြင့် ပြန်လည်ရေးသားပူဇော်သော တရားတော်ပြီးပါပြီ။

မြစိမ်းတောင်ဆရာတော် အရှင်ဇာနေယျ ဟောကြားအပ်သော ကြောင်းကျိုးသိက ကျိုးများလှ နှင့် စ သုံးလုံး ရှုမှတ်နည်းမှ ထုတ်နှုတ်ဖော်ပြပါသည်။


ပထဝီဓာတ် နှင့် ဉာဏ် (၉) လွှာ (အပိုင်း ၁)

ဝိပဿနာဉာဏ် ၉ ပါးတို့၏ လုပ်ငန်းစဉ်ကိုရှင်းမပြသေးမီ အခြေခံဖြစ်သော သဘောတရားတို့ကို သိရှိနားလည်ရန် လိုအပ်ပါသည်။ သိသင့်သိထိုက်သော သဘာဝ အချက်တို့ကိုလည်း ကြိုတင်သိရှိထားရမည် ဖြစ်၍ အဘိဓမ္မာသဘောနှင့် ဝိပဿနာသဘောတရား ၂ ပါးတို့၏ ခြားနားပုံကို ရှေးဦးစွာ အကျဉ်းမျှ ရှင်းပြလိုပါသည်။

ဝိပဿနာလုပ်ငန်းစဉ်ကို သဘာဝနည်းဖြင့် ဝေဘန် သိမ်းဆည်းကြရာတွင် အဘိဓမ္မာသဘောတရားသို့ သက်ရောက်တတ်လေရာ ထိုသို့မသက်ရောက် မကျရောက်အောင် အထူး သတိပြုစေလိုပါသည်။

အဘိဓမ္မာနည်းဆိုသည်မှာ ရှင်တော်မြတ်ဘုရားသည် ရုပ်လောက နာမ်လောက ခေါ် စိတ် စေတသိက် ရုပ်တရားတို့ကို သဘောတူရာ ပေါင်းစပ် ယှဉ်တွဲ၍ ဖြစ်ရှိပုံနှင့်တကွ ထုတ်ဖော်လျက် အမည်အမျိုးမျိုး သမုတ်သတ်မှတ် ပညတ်တင်ပြီးလျှင် တန်ဆာဆင်ယင်၍ ဖွင့်ပြထားသော လောကကို အဘိဓမ္မာလောက ဟု ခေါ်ဆိုလေသည်။

အဘိဓမ္မာလောက၌ ခန္ဓာငါးပါး အာယတန ၁၂ ပါး ဓာတ် ၁၈ ပါး ပဋိစ္စသမုပ္ပါဒ်တရား စသည်ဖြင့် အမည် အမျိုးမျိုး မှည့်ခေါ်၍ သမုတ်ထားသော်လည်း လိုရင်းအရ ဝေဘန်လိုက်သော် ရုပ်လောက နာမ်လောက ၂ ပါးတို့သာ ဖြစ်ချေသည်။

အဘိဓမ္မာ ရ ကျမ်း ဆိုသည်မှာလည်း ရုပ်နာမ်တရား ၂ ပါးတို့ပင်လျှင် ကုသိုလ် အကုသိုလ် အဗျာကတ စသည်ဖြင့် ဝေဘန်ပြခြင်း၊ ခန္ဓာစသည်ဖြင့် ဝေဘန်ပြခြင်း၊ ဓာတ်စသည်ဖြင့် ဝေဘန်ပြခြင်း၊ ပဋိစ္စသမုပ္ပါဒ် ပဋ္ဌာန်းစသည်ဖြင့် အမည်အမျိုးမျိုး နည်းစုံ ဖွင့်၍ ဆန်းကြယ် ခမ်းနားစွာ ဝေဘန်၍ ဖွင့်ပြခြင်းတို့ပင် ဖြစ်ပေသည်။

ဆိုလိုရင်း အဓိပ္ပါယ်မှာ အဘိဓမ္မာနည်းသည် သဘာဝဓမ္မတို့၏ ဖြစ်ပေါ်မှု ခေါ် သင်္ခတဓမ္မ လောကကြီးကို ဉာဏ်အစုံနှိုက်၍ ဘယ်ပုံဘယ်နည်းဖြင့် ဖြစ်ပေါ်သည်ဟု ခွဲခြမ်း စိတ်ဖြာ ဝေဘန်ပိုင်းခြား ထုတ်ဖော် ထားသောကြောင့် အဘိဓမ္မာ ဒေသနာတော်သည် အလွန်နက်နဲ ဆန်းကြယ်တော်မူလေရကား ရှင်တော်မြတ်ဘုရားတို့၏ ကျက်စားရာ သဘောတရားကြီးပင် ဖြစ်ပေသည်။

မဂ်ဖိုလ်အတွက် ရရာ ရကြောင်း အချက်ကောင်းကြီးသည်ကား ထိုအဘိဓမ္မာနည်းနှင့် မသက်ဆိုင်ပေ။ အဘယ်ကြောင့်ဆိုသော မဂ်ဖိုလ်တရားသည် အသင်္ခတဓမ္မ သဘောတရားသက်သက်ဖြစ်၍ ထိုသဘောတရားသို့ ဆိုက်ရောက်လိုသော ပုဂ္ဂိုလ်သည် သင်္ခတဓမ္မကို ဆိပ်သုဉ်းအောင် ဝေဘန် သိမ်းဆည်း အားထုတ်လုပ်ဆောင်ခြင်းဖြစ်၍ အဘိဓမ္မာနည်းနှင့် မည်သို့မျှ မသက်ဆိုင်ပေ။

ရှင်တော်မြတ်ဘုရားသည် အဘိဓမ္မာနည်း၌ ရုပ်လောကကို ဝေဖန်ပြသောအခါတွင် အဝိနိဗ္ဘောဂ ခေါ် ရုပ် ၈ ခုမှာပင် ခွဲစိတ်၍ မရနိုင်ဟု သဘာဝဥက္ခောင်းချ၍ သင်္ခတဓမ္မလောကကြီးကို အမျိုးမျိုးတွဲစပ် ပေါင်းယှဉ်လျက် တည်ထောင်ပြတော်မူပေသည်။

ထိုမှတပါး ဓာတ်တပါး တပါးကို ထုတ်ဖော်၍ ဟောကြားတော်မူရာ၌လည်း မာမှု ပျော့မှု ပူမှု ဧမှု ဖွဲ့စည်းမှု ယိုစီးမှု ဟူသော သဘာဝလက္ခဏာကိုသာ ထုတ်ဖော်၍ အဘိဓမ္မာနည်းကို ဟောကြားတော်မူခဲ့ပေသည်။

ဤဟောကြားတော်မူခြင်းသည်ကား သင်္ခတဓမ္မ၏ ဖြစ်ပေါ်နေပုံကို ဖွင့်ပြလိုသောကြောင့် သဘာဝလက္ခဏာ မျှသာလျှင် ထုတ်ဖော်၍ ဟောကြားခြင်း ဖြစ်ပေသည်။ ဤဟောကြားခြင်းဖြင့်လည်း အန္ဓပုထုဇဉ်ပုဂ္ဂိုလ်တို့၏ အဖို့မှာကား အလွန်ကြမ်းတမ်းရုန့်ရင်းသော အတ္တဒိဋ္ဌိ ခေါ် ငါ သူတပါး ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ ဟူသော အစွဲမှားကြီးသာ ပြုတ်နိုင်ရာသည်။ မိန်မ ပုဂ္ဂိုလ် သတ္တဝ ဟူသော အစွဲမှားကြီးသာ ပြုတ်နိုင်ရာပေသည်။ ဝိပဿနာဉာဏ်စဉ်တွင်သွင်း၍ ဝေဘန်လျှင် မာမှု ပျော့မှု ခေါ် သညာသိ ဝိညာဏ်သိ သဘောမျိုးသည် မည်သည့် ဝိပဿနာဉာဏ်စဉ်မှ သွင်း၍ မရနိုင်သေးပေ။ သို့ရာတွင် နာမရူပ ပရိစ္ဆေဒဉာဏ်၏ အခြေခံသဘောလောက်သာ သွင်း၍ ရနိုင်ပါသေးသည်။

နာမ်လောကကို ဝေဘန်သော အခါမှာလည်း တခုသော နာမ်တရား ခေါ် သိမှု၌ စေတသိက်ပေါင်း မြောက်မြားစွာတို့နှင့် ပေါင်းယှဉ်တွဲစပ်ပြီးမှ ဝိညာဏ်သိလောကကို ဖွင့်ပြတော်မူနိုင်လေသည်။ ဤ၌ အဘိဓမ္မာ ဒေသနာတော်ကို ဝိညာဏ်သိလောကဟု ဆိုလိုက်ခြင်း မဟုတ်ပေ။ အန္ဓပုထုဇဉ်ပုဂ္ဂိုလ်တို့၏ အသိဉာဏ်နှင့် ဝေဘန်ခြင်းကိုသာ ဝိညာဏ်သိလောကဟု ဆိုလိုသည်။

ဘုရား ရဟန္တာ အရိယာ အရှင်မြတ်တို့၏ အသိဉာဏ်နှင့် ဝေဘန်လျှင် အဘိဓမ္မာဒေသနာတော်သည် ပညာသိလောက၏ ကျက်စားရာ အစစ်အမှန်ကြီး ဖြစ်သောကြောင့် ( အဘိ အတိ ရေကော ဓမ္မော အဘိဓမ္မော၊ အဘိဝိသိဋ္ဌာ ဓမ္မာ ဧတ္ထာတိ အဘိဓမ္မာ) စသည်ဖြင့် အဋ္ဌကထာဆရာမြတ်တို့ မိန့်ဆိုတော်မူကြလေသည်။

ဝိပဿနာနည်းဆိုသည်မှာ ရှင်တော်မြတ်ဘုရားသည် ရုပ်တပါး တပါးကို၎င်း ၊ နာမ်တရား တပါးတပါးကို၎င်း ဝိပဿနာဉာဏ် (၁၀) ပါးနှင့် ခွဲစိတ်၍ အနိစ္စအစစ် ဒုက္ခအစစ် အနတ္တအစစ်တို့ကို ဖွင့်လှစ်ရှာဖွေသောနည်းကို ဆိုလိုသည်။ ဥပမာ - ပထဝီဓာတ်တပါးကိုပင်လျှင် ဝိပဿနာဉာဏ် ၉ ပါးနှင့် ၉ လွှာရအောင် ခွဲစိတ် ဝေဘန်ခြင်း သည် ဝိပဿနာ၏ အရာဌာနဖြစ်ပေသည်။

အဘိဓမ္မာနည်းကား (၉) လွှာရအောင် ခွဲစိတ်ဝေဘန်ခြင်း မရှိပေ။

ဝိပဿနာတရားဆိုသည်မှာ မိမိ၏ ကိုယ်ပိုင်ဉာဏ်ကို အလွန်စေစားရသော ဉာဏ်အလုပ်ဖြစ်ပေသည်။ တခုသော သဘာဝ၏ အစကိုတွေ့လျှင် အဆုံးတိုင်အောင် ဝေဘန်ပိုင်းခြားနိုင်ရလေသည်။ ဤသို့ ဝေဘန်နိုင်သော ဉာဏ်မျိုးကို တိဟိတ်ဉာဏ်ဟု ခေါ်နိုင်လေသည်။

ဒွိဟိတ်ဉာဏ်ဆိုသည်မှာကား တခုသော အစကို တွေ့လျှင် အဆုံးတိုင်အောင် မဝေဘန်နိုင်ပဲ တွေ့သလောက်နှင့်ဘဲ ရောင့်ရဲတင်းတိမ်၍ နေသော အသိဉာဏ်မျိုးကို ဒွိဟိတ်ဉာဏ်ဟု ဆိုလိုပေသည်။

လောက၌ ဒွိဟိတ် တိဟိတ် ခေါ်ကြရာတွင် ပုဂ္ဂိုလ်၏အပေါ်၌ အချောအလှနှင့် အပြောအဟော အကျင့်တရား ကောင်း မကောင်းအပေါ်မှာသာလျှင် မူတည်၍ ခေါ်ကြခြင်း မဟုတ်ပါ၊ အသိဉာဏ် အပေါ်မှာသာလျှင် မူတည်၍ ခေါ်ဝေါ်ကြခြင်း ဖြစ်ပေသည်။

ဝိပဿနာ၏ လုပ်ငန်းစဉ်မှာ တစ်ခုသော သဘာဝတရား၏အစကိုတွေ့သော် အဆုံးသို့ရောက်အောင် ဝေဘန် ပိုင်းခြား သုံးသပ် ဆင်ခြင်ရသော လုပ်ငန်းစဉ်ကြီးဖြစ်၍ တိဟိတ်ဉာဏ်ရှိသော ပုဂ္ဂိုလ်မှသာလျှင် ပေါက်မြောက်အောင် မွှေနှောက်လုပ်ဆောင်နိုင်ရာပေသည်။

ဤကဲ့သို့ ပေါက်မြောက်အောင် လုပ်ဆောင်နိုင်သော ပုဂ္ဂိုလ်မှသာလျှင် တိဟိတ်ဉာဏ်နှင့် ပြည့်စုံသောကြောင့် ပါရမီရှင် ပုဂ္ဂိုလ်ဟု ခေါ်နိုင်လေသည်။ ထိုပါရမီသည်ကား ဘဝအဆက်ဆက် သံသရာအဆက်ဆက် အသိဉာဏ်ကို မွေးမြူလာခြင်းတို့ကြောင့်သာ ဖြစ်ပေသည်။ ဒါန သီလ သမထ ဘာဝနာ တို့ဖြင့် အသိဉာဏ်ကို မွေးမြူငြားသော်လည်း အခြေခံ စရဏတရား လောက်သာ ရနိုင်ရာသည်။

ဝိပဿနာတရားနှင့် အသိဉာဏ်ကို မွေးမြူနိုင်မှ သာလျှင် ပါရမီအစစ်အမှန်ကို ရရှိတော်မူနိုင်ပေသည်။ သာသနာတော် နောက်ပိုင်း၌ တရားအားထုတ်ကြသော ပုဂ္ဂိုလ်တို့တွင် အချို့ကား ဝိဇ္ဇာဉာဏ် ခေါ် အသိတရားကို အထက်စခန်းသို့ရောက်အောင် ပါရမီမျိုးပါလာကြသောကြောင့် စရဏခေါ် အာနာပါန အလုပ်တရားကို အားထုတ်သော်လည်း ပညတ်အရိပ်နိမိတ် မထင်နိုင်ဘဲရှိနေလေရာ ထိုပုဂ္ဂိုလ်မျိုးကို ပါရမီအရိပ် နည်းပါးသည်ဟု မဆိုနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် အသိဉာဏ်ပညာပြဋ္ဌာန်းနေမှုကြောင့် စရဏခေါ် အကျင့်တရား နုံနှေးသည်ဟု ဝေဘန်နိုင်လေသည်။

အချို့ တနာရီထိုင်၍ အာနာပါနလုပ်ခါမျှနှင့် ပညတ်အရိပ်နိမိတ် ထွက်ပေါ် ကွန့်မြူးပြီးလျှင် စိတ်ဝိညာဏ်ကို တစ်ခုသော အာရုံတွင် ထားနိုင်လေရာ ဤသို့ ထားနိုင်မှုကလေးနှင့် ပါရမီ ပြည့်စုံသည်ဟု မဆိုနိုင်ရာ၊ စရဏ တရားသာပြည့်စုံ၍ ဝိဇ္ဇာဉာဏ်တရားတွင်ကား ထိုပုဂ္ဂိုလ်မျိုးသည် ပေါက်မြောက်အောင်မြင်အောင် နှစ်ရှည်လများ အားထုတ်ရတတ်ချေသည်။

ထို့ကြောင့် လက်တွေ့လုပ်ငန်းစဉ်အရ အားထုတ်လိုပါလျှင် အစကိုတွေ့သော် အဆုံးတိုင်အောင် ဝေဘန်သုံးသပ်နိုင်ရန် မိမိတို့၏ ကိုယ်ပိုင် ဉာဏ်ဖြင့် အစွမ်းကုန် အကြိမ်ကြိမ် အဖန်ဖန် ပိုင်းခြားရလေသည်။

သို့မှသာလျှင် (လမ်းဆုံးလျှင် ရွာကို တွေ့ရမည်) ဟူသော စကားပုံအတိုင်း တစ်ခုသော ဓမ္မ၏ အဆုံးသို့ ရောက်သော် မဂ်တရား ဖိုလ်တရားကိုတွေ့ရပေမည်။ လမ်းဆုံးလို့မှ ရွာကို မတွေ့ခဲ့သော် ဤလမ်းသည် ရှင်တော်မြတ်ဘုရား ဟောကြားတော်မူသော မဇ္ဈိမပဋိပဒါ ခေါ် အလယ်လမ်း မဟုတ်သောကြောင့် ဟုဆိုရပေမည်။

တရားဆွေးနွေးကြရာတွင် (ဧကောဓမ္မော) ဟူသော စကားကို အလွန်ပင် အပြောများကြလေရာ ဧကောဓမ္မော၏ သဘာဝကို ဝေဖန်သုံးသပ်ရလျှင် တခုသောဓမ္မ၏ အစကိုတွေ့သော် အဆုံးသို့ ရောက်အောင် ဝေဘန် ပိုင်းခြားသဖြင့် သဘာဝအတိ အသိဉာဏ် ဆိုက်ရောက်ခြင်းကို ဧကောဓမ္မောဟု ဆိုလိုရင်းဖြစ်ပေသည်။

ရှင်တော်မြတ်ဘုရား၏ သာသနာတော်တွင် ဝိပဿနာလုပ်ငန်းစဉ်ကို အလိုရှိကြကုန်သော သူတော်ကောင်းတို့သည် ဧကောဓမ္မော ဆိုက်၍ လမ်းဆုံးသို့ရောက်အောင် (ဝါ) မဂ်ဖိုလ်သို့ ဝင်နိုင်အောင် ပထဝီဓာတ်တပါးကိုပင်လျှင် ပျော့ မာမှု သဘောလောက်နှင့် အသိဉာဏ်ရပ်ဆိုင်းမနေကြပဲ (၉) လွှာအထိ ခွဲစိတ်နိုင်ကြပါလျှင် လမ်းဆုံးသို့ ရောက်၍ မဂ်ဖိုလ်ကို အမှန်တွေ့နိုင်ပါလိမ့်မည်။

မန္တလေးမြို့ ဓမ္မစကြာပဋိပတ်သာသနာပြုအဖွဲ့ချုပ်မှဖြန့်ဝေသော ပထဝီဓာတ်နှင့်ဉာဏ်(၉)လွှာ ဝိပဿနာလုပ်ထုုံးကျမ်းမှ ထုတ်နှုတ်ဖော်ပြပါသည်။


ပထဝီဓာတ် နှင့် ဉာဏ် (၉) လွှာ (အပိုင်း ၂)

ဝိပဿနာတရားကို အားထုတ်ကြသော ပုဂ္ဂိုလ်တို့သည် အခြေခံသဘောကို မူလထား၍ ရှာဖွေရမည်ဖြစ်သည်။ ပညတ်နှင့် ပရမတ်တရား ၂ ပါးကို ခွဲခြား၍ ဝေဘန်သိရမည်ဖြစ်ပေသည်။

ပညတ်တရားဆိုသည်မှာ အကြောင်းမဲ့သက်သက် ပေါ်ထွက်လာခြင်းမဟုတ်ပေ။ တစ်စုံတစ်ခုသော ပရမတ်တရား ရှိမှသာလျှင် ပရမတ်ကို အခြေခံထား၍ ပေါ်ထွက်နိုင်လေသည်။

ထို့ကြောင့် တိကျမှန်ကန်သော လုပ်ငန်းစဉ်ကို အလိုရှိသော ပုဂ္ဂိုလ်သည် ပရမတ်သဘောကို လက်တွေ့နည်းဖြင့် တွေ့အောင် ရှာဖွေလိုသော် ပညတ်သဘောကို ရှေ့ဦးစွာ ဝေဘန် စစ်ဆေးရမည်၊ ပညတ်ကို ဝေဘန်စစ်ဆေးမှ လိုရင်းဖြစ်သော ပရမတ်သဘောကို တွေ့နိုင်မည်ဖြစ်သည်။

အချို့သော ဝိပဿနာ အားထုတ်သူတို့က ပညတ်တရားကို တဘက်သတ် စီရင်ချက်ချ၍ မရှိဟုပယ်ထုတ်ထားကြလေသည်။ ဤပယ်ထုတ်ချက်မျိုးသည် မဂ်စခန်း ဖိုလ်စခန်းတွင် စီရင်ချက်ချမှတ်သော သဘောမျိုး ဖြစ်ချေသည်။ ယခုအခါမှာကား မဂ်ဖိုလ်သို့ တက်နိုင်ရန် အခြေခံ သဘောတရားကို ရှာဖွေသော အခါကာလဖြစ်၍ ပညတ်တရားကို မရှိသဘောဟု စီရင်ချက် တစ်ဖက်သတ်မချပါနှင့် ပညတ်တရားကို ရန်သူအနေထား၍လည်း မပယ်ထုတ်သင့်ပေ။

လက်တွေ့နည်းအရ ဝေဖန်သိမ်းဆည်းပါလျှင် ၎င်းပညတ်တရားနှင့်ပင် ပရမတ်သဘောကို တွေ့အောင် ရှာဖွေရမည် ဖြစ်သောကြောင့် ၎င်းပညတ်သဘောကို အသုံးပြုလောက်ရုံ လက်ခံ သိမ်းပိုက်ထားစေရမည်၊ ပရမတ်သဘောကို တွေ့သော် ၎င်းပညတ်တရားသည် အသုံးပြုရန် ကိစ္စကုန်သဖြင့် လျစ်လျူပြုရန်သာ ဖြစ်ပေသည်။

ပညတ်တရားကို ရန်သူကြီးအနေသဘောထား၍ မုန်းတီး စက်ဆုပ်စရာလည်း မဟုတ်ပေ၊ ခင်တွယ် နှစ်သက်စရာလည်း မဟုတ်ပေ၊ တစ်ခုသောဓမ္မကို တစ်ခုသောဓမ္မနှင့် ရှာဖွေရန်အတွက် အသုံးပြုခြင်းသာ ဖြစ်သည်ဟု မှတ်ရာပေသည်။

ထို့ကြောင့်ရှေးဦးစွာ ပညတ်တရားကို ဝေဘန်သော် ဝိဉာဏ်သိလောကတွင် ပညတ်တရားသည် ၅ မျိုး ထွက်ပေါ်လာသည်။

(၁) နာမပညတ် - အမည် အမျိုးမျိုးဖြင့် ခေါ်ဝေါ်ခြင်း။

(၂) သဏ္ဍာနပညတ် - ပုံဟန် သဏ္ဍာန် အမျိုးမျိုးဖြင့် သိစေခြင်း။

(၃) ဃနပညတ် - အစိုင်အခဲ အစုအတုံးကို ခေါ်သည်။

(၄) သမူဟပညတ် - အပေါင်းအစု သဘောကို ခေါ်သည်။

(၅) သဘာဝပညတ် - သဘောလက္ခဏာတို့ဖြင့် သိစေခြင်းကိုခေါ်သည်။

ထိုပညတ် ၅ မျိုးတို့တွင် ရှေ့ဦးစွာ နာမပညတ်ကို စစ်တမ်းထုတ်၍ကြည့်ရမည်၊ အဘယ်ကြောင့်ဆိုသော နာမပညတ်သည် အရေးအကြီးဆုံးသော တရားခံကောင်ဖြစ်နေပေသည်။ သက္ကာယဒိဋ္ဌိခေါ် အစွဲတရားကြီးပေါ်ထွက်လာရခြင်းမှာလည်း နာမပညတ်ကြောင့်ပင်ဖြစ်ပေသည်။

လောကတွင် ယောက်ျားဟူ၍၎င်း၊ မိန်းမဟူ၍၎င်း၊ ပုဂ္ဂိုလ်သတ္တဝါဟူ၍၎င်း ခေါ်ဝေါ်ကြခြင်းသည် နာမပညတ်ကြောင့်ပင်ဖြစ်ပေသည်။ ထိုနာမပညတ်ရှိသောကြောင့်သာလျှင် သက္ကာယဒိဋ္ဌိခေါ် အစွဲတရား ပေါ်ထွက်နိုင်လေသည်။ နာမပညတ်မရှိပါသော် ဘာကိုစွဲကိုင်၍ သက္ကာယဒိဋ္ဌိ ပေါ်ထွက်မည်နည်း။

ထို့ကြောင့် သက္ကာယဒိဋ္ဌိဆိုသည်မှာ အကျိုးတရား အရာ၌တည်၏၊ နာမပညတ်သည်ကား အကြောင်းတရား အရာ၌ တည်၏။ အကြောင်းတရားရှိခဲ့သော် အကျိုးတရားလည်း အမှန်ရှိပေမည်၊ ဝိပဿနာအလုပ်ကို အားထုတ်သော ပုဂ္ဂိုလ်တို့က မစွဲနှင့်ဟု ပြောဆို ဆုံးမပိတ်ပင်နေကြသော်လည်း အကြောင်းတရားရှိက အပြောသာ ဖြစ်နေပေလိမ့်မည်။ မစွဲဘဲနေကြမည်မဟုတ်ပေ။ အပြောနှင့်လုပ်ငန်းကြီး မအောင်မြင် မပြီးစီးနိုင်ရာ၊ အကြောင်းတရားကို အမှန်တကယ် ချုပ်ငြိမ်းနိုင်မှသာ အကျိုးတရားလည်း ပြီးငြိမ်းဘွယ် အဖြစ်သို့ ရောက်ပေမည်။

သက္ကာယဒိဋ္ဌိခေါ်တဲ့ အစွဲကြီးကို ဖြုတ်လိုပါလျှင် အစွဲသဘော၏ ထွက်ပေါ်ရာ အခြေခံအုဌ်မြစ်ဖြစ်သည့် နာမပညတ်ကို အသိဉာဏ်နှင့် ဝေဘန်၍ မပေါ်နိုင်အောင် ခြေမှုန်းသုတ်သင် ရှင်းလင်းနိုင်စေရမည်ဖြစ်သည်။

နာမပညတ်ကို တရားခံထား၍ ရှာဖွေသလို နာမပညတ်၏ ပေါ်ထွက်ရာ တရားခံကိုလည်း ရှာဖွေဖို့လိုပေသည်။ ဝိပဿနာတရား၏ လုပ်ငန်းစဉ်ဆိုသည်မှာ တရားခံကို အပျောက်ခံရသော လုပ်ငန်းစဉ်မျိုးမဟုတ်ပေ။ အခြေခံ အရင်းအမြစ်ကို တွေ့အောင် ရှာဖွေရသော လုပ်ငန်းစဉ်မျိုး ဖြစ်သည်။

နာမပညတ်ခေါ် အမည်အမျိုးမျိုး မှည့်ခေါ်ထားနိုင်ခြင်းသည် သဏ္ဍာနပညတ်ပေါ်တွင် အခြေခံအုဌ်မြစ်ရှိသောကြောင့်သာ နာမပညတ်ဖြစ်ပေါ်နိုင်လေသည်။ တစ်စုံတစ်ခုသော အားကိုးမှီခိုရာ မရှိပါလျှင် နာမပညတ်ခေါ် အမည်အမျိုးမျိုးတို့သည် အဘယ်မှာလျှင် ထွက်ပေါ်နိုင်ပါမည်နည်း။

ထို့ကြောင့် နာမပညတ်၏ အခြေခံဖြစ်သော ဒုတိယတရားခံကို တွေ့အောင် ရှာဖွေပြန်သော သဏ္ဍာနပညတ်ပင် ဖြစ်ပေသည်။ သဏ္ဍာနပညတ်ဆိုသည်မှာလည်း ပုံဟန်သဏ္ဍာန် အမျိုးမျိုးနှင့် အတိုအရှည် အပုအဝိုင်း အလုံးအခုံး အတည့်အရွဲ့ အစောင်းစသော ပုံသဏ္ဍာန်အမျိုးမျိုးကို ခေါ်သည်။

ထိုသဏ္ဍာနပညတ် ရှိသောကြောင့်သာလျှင် နာမပညတ်ခေါ် အမည်အမျိုးမျိုး ထွက်ပေါ်လာခြင်း ဖြစ်ပေသည်။

သို့ဖြစ်၍ သက္ကာယဒိဋ္ဌိခေါ် အစွဲလောကကြီးပေါ်ထွက်နေခြင်းသည် နာမပညတ်ဟူသော အမည်အမျိုးမျိုးတို့ကြောင့် ဖြစ်သည်ဟု မှတ်ယူကြစေလိုသည်။ နာမပညတ်သည်လည်း သဏ္ဍာနပညတ်ခေါ် အတို အရှည် အပု အဝိုင်း အလုံး အပြား စသော ပုံဟန်သဏ္ဍာန်အမျိုးမျိုးတို့ကြောင့် ထွက်ပေါ်လာရလေသည်။

ထိုသဏ္ဍာနပညတ်မရှိခဲ့သော် နာမပညတ်သည်လည်း မရှိနိုင်ပြီ၊ နာမပညတ် မရှိပါကလည်း သက္ကာယဒိဋ္ဌိခေါ် အစွဲလောကကြီးသည် အဘယ်မှာ ထွက်ပေါ်နိုင်မည်နည်း။

သဏ္ဍာနပညတ်ကို အဆင့်ဆင့်ဝေဖန်လိုက်လျှင် သက္ကာယဒိဋ္ဌိနှင့် နာမပညတ်တို့၏ ပေါ်ထွက် အကြောင်းတရား အခြေခံအုဋ္ဌ်မြစ်ဖြစ်ရသလို ထိုသဏ္ဍာနပညတ်သည်လည်း အကြောင်းကင်း၍ သူ့အလိုလို အလေ့ပေါက်ပေါ်ထွက်လာနိုင်သော သဘောတရားမျိုးမဟုတ်ပေ။

ထိုသဏ္ဍာနပညတ်၏ အကြောင်းတရားကို စူးစမ်းရှာဖွေပြန်သော် ဃနပညတ်ကြောင့် ပေါ်ထွက်လာခြင်းဖြစ်သည်ဟု အဖြေထွက်ပြန်သည်။ ဃနပညတ်ဆိုသည်မှာ အစိုင်အခဲ အစုအပုံ အတုံးကို ခေါ်ဆိုလေသည်။ သဏ္ဍာန်အရိပ်နိမိတ်လက္ခဏာ ပုံဟန်အမျိုးမျိုး မထွက်ပေါ်သေးသော အစိုင်အခဲ တစ်ခုခုကို ဃနပညတ်ဟုခေါ်ဆိုလေသည်။

ရွှံ့တုံးကြီးတစ်ခုကို နွားရုပ်သဏ္ဍာန် ဆင်ရုပ်သဏ္ဍာန် ကျွဲရုပ်သဏ္ဍာန် ပြုလုပ်ခဲ့သော် နွားရုပ် ဆင်ရုပ် ကျွဲရုပ် ဖြစ်ပေါ်လာသကဲ့သို့ ဃနဟူသော အစိုင်အခဲ ပညတ် ရှိသော် သဏ္ဍာနပညတ်ခေါ် ပုံဟန်သဏ္ဍာန် အမျိုးမျိုး ပေါ်ထွက်လာမည်ကား မလွဲနိုင်ပေ။

ဃနပညတ်သည်လည်း တစ်စုံတစ်ခုသော အကြောင်းကြောင့် ဖြစ်ရလိမ့်ဦးမည်။ အစိုင်အခဲ ဆိုသည်မှာလည်း သူ့အလိုလို အစိုင်အခဲကြီး ဖြစ်လာမည် မဟုတ်နိုင်ရာ၊ သမူဟခေါ် ပေါင်းစည်း ဖွဲ့စည်းမှု ရှိသောကြောင့်သာလျှင် အစိုင်အခဲ တစ်ခုခု ဖြစ်လာရသည်။

သမူဟပညတ်ဆိုသည်မှာ ပရမတ္ထ သဘာဝဖြစ်သော ရုပ်ကလာပ် ရုပ်မှုန့်ကလေးတွေကို စုပေါင်းခြင်း သဘောကို ဆိုလိုသည်။ ထိုရုပ်မှုန့်ကလေးတွေကို စုပေါင်းခြင်းကြောင့်သာ အစိုင်အခဲ ဖြစ်ပေါ်လာရလေသည်။

ရွှံ့တုံးကြီးတစ်ခု ဖြစ်ပေါ်လာရခြင်းမှာ ရှေးဦးစွာ မြူမှုန်ကလေးများကို စုပေါင်း၍ ရေနှင့်သမအောင် အညီအညွတ်ပြုလုပ်ပါမှ ရွှံ့တုံးကြီး ဖြစ်ပေါ်လာရသလိုပင်၊ ရွှံ့တုံးကြီးနှင့် ဃနပညတ်နှင့်တူ၏။ မြူမှုန်ကလေးများကို ပေါင်းစုခြင်းနှင့်ကား သမူဟပညတ်နှင့်တူသည်၊ သမူဟပညတ် အကြောင်းခံရှိခဲ့သော် ဃနပညတ်သည် ပေါ်ထွက်မည်ဖြစ်ပေသည်။

ဤသို့အားဖြင့် အသိဉာဏ်နှင့်ဝေဘန်သုံးသပ်သော် သက္ကာယဒိဋ္ဌိ၏ တရားခံကား နာမပညတ်ပင် ဖြစ်ပေသည်။ နာမပညတ်၏ တရားခံကား သဏ္ဍာနပညတ်ဖြစ်၏။ သဏ္ဍာနပညတ်၏ တရားခံကား ဃနပညတ်ဖြစ်သည်။

ဃနပညတ်၏ တရားခံကား သမူဟပညတ်ဟူ၍ တရားခံ အဆင့်ဆင့်များကို သဘာဝဉာဏ်နှင့် ဝေဘန်သိမ်းဆည်းအပ်ပေသည်။

ထိုမှတပါး သမူဟပညတ်၏ တရားခံကိုလည်း ရှာဖွေသိမ်းဆည်းရဦးမည်။ သမူဟပညတ်မှာကား သဘာဝခေါ် သဘောတရား ရှိမှသာလျှင် ဖြစ်ပေါ်နိုင်လေသည်။

သဘာဝခေါ် သဘောတရားတို့ကား ရုပ်တရားတို့ပင်တည်း။

ရုပ်တရားဆိုသည်မှာလည်း ပရမတ္ထသဘာဝ ဖြစ်သော ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်ဟူသော ဘူတရုပ် ဥပါဒါရုပ်တို့ကို ဆိုလိုသည်။ ထိုရုပ်တို့ကို သဘာဝပညတ်ဟုခေါ်သည်။ ထိုသဘာဝဖြစ်သော ရုပ်တို့ကို ပေါင်းစုလိုက်သော် သမူဟပညတ် ဖြစ်ပေါ်လာပေသည်။

၎င်းသမူဟပညတ်၏ တရားခံကား သဘာဝပညတ်ပင် ဖြစ်ပေသည်။ ထိုသဘာဝပညတ်သည်ကား အလုံးစုံသောပညတ်တို့၏ ရေသောက်မြစ်ကြီးတစ်ခု ဖြစ်ပေသည်။ ထိုရေသောက်မြစ်ပြတ်မှသာလျှင် အလုံးစုံသော ပညတ်တရားတို့သည် ပျောက်သုဉ်း၍ သက္ကာယဒိဋ္ဌိခေါ် အစွဲသဘောလည်း မစွဲနိုင်ပဲရှိချေမည်။

သဘာဝကို ပျောက်သုဉ်းအောင် ဝိပဿနာဉာဏ် အနတ္တစခန်းနှင့် မွှေနှောက် ပိုင်းခြား ဝေဘန် သုံးသပ် ဆင်ခြင်ရပေမည်။

(ပျောက်) ဆိုသော စကားသည် မရှိဘဲ လုံးဝ ပျောက်ကွယ်သွားခြင်းကို မယူပါနှင့်၊ အနတ္တဉာဏ် ပိုင်၍ သညာလှည့် ဝိညာဏ်စွဲဆိတ်သုဉ်းသွားခြင်းကို ပျောက်သွားခြင်းဟုခေါ်လွင်အောင် ခေါ်ဝေါ်သုံးစွဲလိုက်ခြင်း သာ ဖြစ်ပေသည်။

သဘာဝတရားကို ပညတ်ဟု ဆိုလိုက်ခြင်းသည် ပညတ်၏ သဘောကို မြင်စေလိုသောကြောင့်၎င်း၊ လုပ်ငန်းစဉ်နှင့် လျော်အောင် ပေါ်လွင်စေလိုသောကြောင့်၎င်း ခေါ်ဝေါ်ခြင်းဖြစ်ပါသည်။ စင်စစ်အမှန်မှာ သဘာဝတရားသည် ပရမတ်တရားသာလျှင်ဖြစ်ပေသည်။

ထိုသဘာဝတရားသည် ပရမတ္ထသစ္စာနယ်၌၎င်း၊ သမုတိသစ္စာနယ်၌၎င်း အလွန်အသုံးဝင်လေသည်။ သမုတိသစ္စာနယ်၌ အသုံးဝင်ပုံမှာ ယခင်ပြဆိုခဲ့ပြီးသော ပညတ်အဆင့်ဆင့်တို့သည် ပေါ်ထွက်၍ သက္ကာယဒိဋ္ဌိ အစွဲတရားကြီး စွဲဆိုနိုင်ခြင်းသည် သဘာဝခေါ် သဘောတရားကြောင့်ပင် ဖြစ်ပေသည်။

ထိုသဘာဝကို အခြေခံထားကြီးပြီးလျှင် ဝိညာဏ်သိလောကနယ်တွင် ဝိညာဏ်စွဲအမျိုးမျိုးတို့ဖြင့် စွဲယူနိုင်၍ လုပ်ငန်းစဉ်တွင် ထင်မြင် လွယ်ကူစေရန် သဘာဝပညတ်ဟု ထုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။

ပရမတ္ထသစ္စာနယ်၌ကား သဘာဝခေါ် ပရမတ်တရားတို့သည် အလွန် အသုံးဝင်ပြန်လေသည်။ ဝိပဿနာဉာဏ်စဉ်လုပ်ငန်းဆိုင်ရာတို့တွင် ဝေဘန် သိမ်းဆည်းသော အခါ ထိုသဘာဝတရားကို တရားခံထား၍ ခွဲစိတ် ဝေဘန်ရသောကြောင့် ထိုသဘာဝတရားသည် ပညာသိလောကနယ်ကို ဖွင့်ပြသော တရားတို့လည်း ဖြစ်ပေသည်။

ထို့ကြောင့် ဝိပဿနာအလုပ်ကို အားထုတ်လိုသော ပုဂ္ဂိုလ်တို့သည် ရှေးဦးစွာ ဝိညာဏ်သိလောကနှင့် ပညာသိလောက ၂ ပါးကို ခွဲခြား၍ မှတ်ရပေမည်။

ဝိညာဏ်သိလောကဆိုသည်မှာလည်း ထင်ရှားရှိသော သဘာဝခေါ် ပရမတ်တရားမှ ထွက်ပေါ်လာသော လောကကြီး ဖြစ်ပေသည်။ ပညာသိလောကဆိုသည်မှာလည်း ထင်ရှားရှိသော သဘာဝခေါ် ပရမတ်တရားမှ ထင်ထင်ရှားရှားထွက်ပေါ်လာကြရသောကြောင့် သဘာဝပညတ်သည် ပညာနှင့်ဝိညာဏ် ၂ ခုတို့၏ ပေါ်ထွက်ရာ လမ်းဆုံကြီးဖြစ်လေသည်။

တစ်ဘက်လမ်းကာ သမုတိသစ္စာခေါ်ဝိညာဏ်သိလောက သို့ သွားရာလမ်း နှင့် တစ်ဘက်လမ်းကား ပရမတ္ထသစ္စာနယ်ခေါ် ပညာသိလောက သို့ သွားရာလမ်းဟူ၍ ၂ လမ်း ၂ သွယ် တည်ရှိနေပုံကို သဘာဝဉာဏ်ဖြင့် မြင်တွေ့အေင် ဝေဘန် သိမ်းဆည်းနိုင်စေရမည်ဖြစ်ပေသည်။

ပညတ်သဘောနှင့် အစွဲကို ဝေဘန်သောအခါ သမုတိသစ္စာခေါ် ဝိညာဏ်သိလောကကို မူထား၍ ဝေဘန်ရသောကြောင့် သဘာဝတရားကို သဘာဝပညတ်အရာဌာနတွင်ထား၍ လျော်အောင် သုံးစွဲထားလေသည်။

ဤသို့အားဖြင့် သဘာဝပညတ်ရှိသောကြောင့်သာ အဆင့်ဆင့် ပညတ်တို့ ထွက်ပေါ်ပြီးလျှင် သက္ကာယဒိဋ္ဌိခေါ် အစွဲ ထွက်ပေါ်လာရလေရာ ထိုအစွဲကိုပျောက်စေလိုလျှင် သဘာဝပညတ်ကို ပျောက်အောင် ဖျောက်နိုင်စေရမည်ဖြစ်သည်။ သဘာဝပညတ် မပျောက်သုဉ်းလျှင် သက္ကာယဒိဋ္ဌိလည်း မကွာနိုင်ပေ။

ထို့ကြောင့် မာမှု ပျော့မှုသာ ရှိ၏ဟု ဝန်ခံနေကြသော သူ ငါကအစ အကျွန်ုပ်တို့သည် အဘယ်မှာလျှင် သက္ကာယဒိဋ္ဌိကွာကြမည်နည်း။ ဤ မာမှု ပျော့မှုကို တွေ့အောင် ယခုပြဆိုသည့်နည်းဖြင့် ပညတ်နှင့်တင်၍ စစ်ဆေးကြည့်ရမည်၊ ပညတ်ကို စစ်ဆေးသော် ရှေးဦးစွာ မာမှု ပျော့မှု ဟူသော သဘာဝလက္ခဏာကို ဉာဏ်မှာတွေ့ပေမည်။

ဤမာမှု ပျော့မှုကိုလည်း (၉) လွှာ ရအောင် ခွဲစိတ်နည်းတို့တွင် တကဏ္ဍအဖြစ် (ဝါ) တလွှာအဖြစ် ပါဝင်သည်ဟု မှတ်ယူကြပါကုန်။

ပထဝီဓာတ်ဆိုသည်မှာ မာမှုသဘော ပျော့မှုသဘောကို ခေါ်သည်။ ဝိပဿနာကို အားထုတ်ကြသော ပုဂ္ဂိုလ်တိုင်း ပထဝီဓာတ်၏ သဘာကို သိကြပေလိမ့်မည်။ သို့ရာတွင် မာမှု ပျော့မှုဟူသော ဆိုင်းဘုတ် ပညတ်လောက်ကိုသာ ဉာဏ်မှာ တွေ့ကြပါလျှင် သက္ကာယဒိဋ္ဌိ အတ္တဒိဋ္ဌိ အတ္တာနုဒိဋ္ဌိဟူသော အစွဲတရားတို့သည် အဘယ်မှာလျှင် ကွာနိုင်ပါမည်နည်း။

ပထဝီဓာတ်တပါးတည်းကိုပင် အတ္တ အနတ္တ ကွဲပြားအောင် ဉာဏ်မှာ မသိမ်းဆည်းနိုင်ဘဲနှင့် ရုပ် ၂၈ ပါး၊ နာမ် ၅၃ ပါး ခန္ဓာ အာယတန ဓာတ်သစ္စာ ပဋိစ္စသမုပ္ပါဒ်နည်း ပဋ္ဌာန်းနည်းတို့ကို ဒေသနာဉာဏ်လိုက်၍ လေ့လာ ဆည်းပူးနေသော်လည်း အတ္တ အနတ္တ ကွဲပြားနိုင်မည်မဟုတ်ပေ။

ဒေသနာနည်း ဆိုင်းဘုတ်စာ မှတ်တမ်းလောက်နှင့်သာ အထင်ကြီးထင် အဟုတ်ကြီး ဟုတ်နေသော် ဝိပဿနာ လမိုင်းဓာတ် ငြိကပ်ရုံမျှသာ ဖြစ်နေကြမည်ကို အထူး သတိပြုသင့်လှပေသည်။

ဤသတိပေးမှုသည် ပရဝမ္ဘန ခေါ် သဘောမျိုးနှင့် ဝိပဿနာ အားထုတ်သူတို့ကို ရှုတ်ချလိုသော စေတနာထား၍ သတိပေးခြင်းမဟုတ်ပါ။ ပထဝီဓာတ်တပါးကိုပင်လျှင် အတ္တ အနတ္တ ကွဲပြားအောင် ဝရဇိန်မိုးကြိုးစက်ကဲ့သို့ ထက်မြက်စူးယှသောဉာဏ်ဖြင့် အကြိမ်ကြိမ် ပွားများ ဝေဘန်တော်မူစေလိုသော ဆန္ဒအာသီသသာလျှင်ဖြစ်ပါပေသည်။

မန္တလေးမြို့ ဓမ္မစကြာပဋိပတ်သာသနာပြုအဖွဲ့ချုပ်မှဖြန့်ဝေသော ပထဝီဓာတ်နှင့်ဉာဏ်(၉)လွှာ ဝိပဿနာလုပ်ထုုံးကျမ်းမှ ထုတ်နှုတ်ဖော်ပြပါသည်။


ပထဝီဓာတ် နှင့် ဉာဏ် (၉) လွှာ (အပိုင်း ၃)

ပညတ်ဟူသည် သညာဝိညာဏ်ခေါ် နာမ်တရားတို့၏ လုပ်ကြံမှုပင်ဖြစ်သည်။

လုပ်ကြံပုံမှာ - သိမှုဟုခေါ်ဆိုသော နာမ်တရားက အမည်အမျိုးမျိုးမှည့်ခေါ်၍ထားသောကြောင့် နာမပညတ် ဖြစ်ပေါ်လာရပေသည်။ ထို့အတူ သဏ္ဍာနပညတ်မှာလည်း နာမ်တရားကပင် ပုံဟန်သဏ္ဍာန် အမျိုးမျိုးကို လုပ်ကြံ၍ သညာ ဝိညာဏ်တို့က စွဲမှတ်ထားသဖြင့် ဖြစ်ပေါ်နိုင်သောကြောင့် ပညတ်ဟူသည် နာမ်တရားတို့၏ စီမံလုပ်ကြံမှုပင်ဖြစ်၍ အဘယ်မှာလျှင် သဘာဝခေါ် ပရမတ်အားဖြင့် ထင်ရှားရှိနိုင်ပါမည်နည်း။

ပရမတ်ဆိုသည်မှာကား နာမ်တရားတို့၏ ကြံဖန် စီမံလုပ်ကိုင်၍ ဖြစ်ရှိနိုင်သော သဘောမျိုးမဟုတ်ပေ။ သဘာဝအားဖြင့် ဘယ်သူမပြုပဲ ဖြစ်ရှိနေသောတရားပင်ဖြစ်သည်။ ထိုပရမတ်ကို သညာဝိညာဏ် နှစ်ပါးနှင့်ကြည့်ရှု၍ သိနိုင်မည်မဟုတ်ရာ ပညာနှင့် ကြည့်ရှုနိုင်မှသာလျှင် သိသောတရားမျိုးဟူ၍မှတ်ပါ။

ထို့ကြောင့် ပရမတ်အစစ်ကိုသိလျှင် အတ္တစွဲပြုတ်၍ အနတ္တဉာဏ်ဆိုက်တော့သည်။ အနတ္တဉာဏ်ဆိုက်လျှင် သောတာပန်ဟူ၍ ခေါ်နိုင်သည်။

ဝိပဿနာဉာဏ်စဉ်ကို ၉ ပါး၊ ၁ဝ ပါး ထားခြင်းမှာလည်း ဉာဏ်အဆင့်ဆင့်တို့၏ ဖြစ်ပေါ်ပုံကို သိစေလို၍သာ ၉ ပါး၊ ၁ဝ ပါး ထားလေသည်။ လုပ်ငန်းစဉ်နှင့် ဝေဘန်လျှင် သမထတရားများလို လုပ်ငန်းစဉ်အဆင့်ဆင့် ပြောင်းကူး၍ လုပ်ရသည်မဟုတ် တစ်ခုသော သဘာဝဓမ္မကိုပင် ဉာဏ်မှာ သိမ်းပိုက်၍ အနတ္တဉာဏ် အစစ်သို့ ဆိုက်အောင် အစွမ်းကုန် ဆင်ခြင် မွှေနှောက်ခြင်း ဖြစ်၍ လုပ်ငန်းစဉ်အရ ဝေဘန်ကြည့်လျှင် ဒိဋ္ဌိဝိသုဒ္ဓိခေါ် လုပ်ငန်းစဉ်တစ်ခုသာဖြစ်ပေသည်။

ဒိဋ္ဌိဝိသုဒ္ဓိဆိုသည်မှာ အသိဉာဏ်၏ စင်ကြယ်မှုကိုဆိုလိုသည်။ အသိဉာဏ်စင်ကြယ်ခြင်းဆိုသည်မှာလည်း သညာသိ ဝိညာဏ်သိ နှစ်ပါးမှ လွတ်မြောက်၍ ပညာသိသဘောသို့ ဆိုက်ရောက်ခြင်းကို အသိဉာဏ်၏ စင်ကြယ်ခြင်းဟုခေါ်သည်။

ထိုစကားကို ထင်ရှားပြရလျှင် ကြမ်းတမ်း ခက်မာခြင်းသဘောကို ပထဝီဟုခေါ်ရာ၌ ကြမ်းတမ်း ခက်မာကြောင်းကို တာဝန်ခံနိုင်သော တရားခံကို ရှာဖွေရမည်၊ ရှာဖွေရန်နည်းမှာ ရှေးဦးစွာ ကာယဝိညာဏ်ခေါ် လက်ညှိုး လက်မ တစ်ခုခုက စမ်းသပ်၍ စူးစမ်းသောကြောင့်သာလျှင် ခက်မာကြောင်းကို သိနိုင်လေသည်၊ သို့ရာတွင် လက်ညှိုး၌ရှိသော ကာယပသာဒ ကာယဝိညာဏ်တစ်ခုတို့နှင့်လည်း ကြမ်းတမ်းခက်မာမှုသဘောကို မသိနိုင်ရာ။ မနောဝိညာဏ်ခေါ် သိမှုလည်း ပါဝင် ထောက်ခံရဦးမည်၊ သို့မှသာ ခက်မာမှုသဘောကို သိနိုင်ပေမည်။ ဤသို့အားဖြင့် မာမှု၏သဘောဖြစ်ပုံကို ဝေဘန်သောအခါ ကာယပသာဒ ကာယဝိညာဏ် မနောဝိညာဏ်တို့၏ ထောက်ခံ ပြောဆိုမှုသဘောကိုသာလျှင် ပထဝီဟု ခေါ်ဆိုကြောင်း သိရသောကြောင့် ဤအသိမျိုးသည် သညာသိ ဝိညာဏ်သိဖြစ်၍ အဘယ်မှာလျှင် အစွဲလွတ်နိုင်ပါမည်နည်း။

(မာယူပမဉ္ဇ ဝိညာဏံ) ဟူသော ဒေသနာတော်အရ ဝိညာဏ်ဟူသည် လှည့်ပတ်ဖျားယောင်းတတ်သော မျက်လှည့်သမားမျိုးဖြစ်၍ အစွဲလွတ်ပြီဟု မယူဆနိုင်ပေ။

ထိုဝိညာဏ်သိကိုပင် ဝိပဿနာတရား အားထုတ်သူတို့က အဟုတ်ကြီး ထင်ပြီးကာ မာမှုသာရှိ၏၊ ပျော့မှုသာရှိ၏၊ ယောက်ျား မိန်းမ မရှိဟု ယူဆကြပြီးလျှင် သက္ကာယဒိဋ္ဌိကွာပြီဟု ထင်မှတ်နေကြလျှင် ဝိပဿနာ လမိုင်းဓာတ်ကပ်ရုံသာ အရသာတွေ့နေပေလိမ့်မည်။ မဂ် ဖိုလ်လမ်းဆိုသည်မှာ သညာသိ ဝိညာဏ်သိနှင့် မမိနိုင်သေး။ ပညာသိနှင့်မှ မိနိုင်သည်ဟု မှတ်ကြစေလိုသည်။

မာမှု ပျော့မှုဟူသော ပထဝီဓာတ်အသိကို ပညာသိအနေဖြင့် သိနိုင်အောင် ဝိညာဏ်သိကို ခွဲစိတ် ဝေဘန်ရဦးမည်၊ ခွဲစိတ် ဝေဘန်သဖြင့် သဘောတရား အမှန်ကို သိလျှင် (ယထာဘူတ) အသိဟူ၍ ဝိပဿနာဉာဏ်အရာမှာ ခေါ်ဆိုနိုင်လေသည်။

ပညာသိဆိုက်အောင် ပထဝီဓာတ် တစ်ပါး၏ ဒုက္ခသစ္စာကိုသိရမည်။ ပထဝီဓာတ် တစ်ပါး၏ သမုဒယသစ္စာကို ပယ်ရမည် ဖြစ်ပေသည်။

သမုဒယသစ္စာ၏ သဘောကို လက်တွေ့နည်းနှင့် ရှာဖွေသော် အတ္တခေါ် အစွဲတရားတို့ပင် ဖြစ်ပေသည်၊ အစွဲဆိုသည်မှာလည်း ဒိဋ္ဌိပင်ဖြစ်သည်၊ ဒိဋ္ဌိအရ တဖန် ဝေဘန်ပြန်သော် လောဘ၏ တဘက်သော ရေသောက်မြစ်ဖြစ်၍ သမုဒယသစ္စာ၌ အကျုံးဝင်သည်ဟုတ်မှတ်ပါ၊ ထို့ကြောင့် သောတာပန်ပုဂ္ဂိုလ်တို့၏ ပဌမ ပယ်စဉ်သည် ဒိဋ္ဌိတည်းဟူသော သမုဒယသစ္စာ၏ရေသောက်မြစ်ကြီးကို ပယ်ရသည်။ အနာဂါမ်ပုဂ္ဂိုလ်မှသာ ကာမရာဂ ပြဌာန်းသော လောဘခေါ် သမုဒယသစ္စာ ရေသောက်မြစ်ကို ပယ်နိုင်၏။ ရဟန္တာပုဂ္ဂိုလ်မှာကား (မာန) တည်းဟူသော သမုဒယသစ္စာရေသောက်မြစ်ကိုပယ်သတ်ကြလေသည်။

ယခု ပြဆိုအပ်သော ဝိပဿနာ အရာမှာကား ဒိဋ္ဌိတည်းဟူသော သမုဒယ ရေသောက်မြစ်ကို ပယ်ဖြတ်သော လုပ်ငန်းစဉ် ဖြစ်၍ အစွဲတရား အတ္တဒိဋ္ဌိကို သမုဒယသစ္စာဟု လုပ်ထုံးနည်း အစွဲ ၄ ချက်ဖြင့် ပြဆိုထားသည်။ အစွဲ ၄ ချက်ကို ပြဆိုထားရာ၌ ထိုအစွဲတို့ကား သူ့အလိုလို ဓမ္မာတာ အလေ့ပေါက် ပေါ်ထွက်လာကြခြင်း မဟုတ်ပေ၊ မာမှု ပျော့မှုဟူသော သညာသိ ဝိညာဏ်သိ ပရမတ္ထသဘာဝ ရှိသောကြောင့်သာလျှင် စွဲယူကြသော အစွဲသမုဒယများ ဖြစ်ချေသည်။

ထို့ကြောင့် ပထဝီခေါ် မာမှု ပျော့မှုကို ချည်တိုင်ထား၍ ၄ ချက်သေ တုပ်နှောင်ထားသည်။ လေးချက်သေ တုပ်နှောင်ခြင်း ဆိုသည်မှာ ခိုင်မြဲသည်ထက် ခိုင်မြဲပြီး မလွတ်နိုင်ဘဲ အသွားအပြန် တုပ်နှောင်ခြင်းကို ဆိုလိုသည်။ တုပ်နှောင်ပုံကို ဝေဘန်ပြပါဦးမည်။

(၁) ရုပ်သည်ငါဖြစ်၏၊ (၂) ငါသည် ရုပ်ဖြစ်၏၊ (၃) ရုပ်၌ငါရှိ၏၊ (၃) ငါ၌ရုပ်ရှိ၏။ ဤလေးပါးသည် ပထဝီခေါ် မာမှု ပျော့မှု၌ တုပ်နှောင်ထားသော အစွဲလေးချက်ပင်တည်း။

ဤအသွားအပြန် တုပ်နှောင်ခြင်း ဆိုသည်မှာ ရှေးဦးစွာ ရုပ်သည် ငါဖြစ်၏ဟု စွဲယူခြင်းကား “အသွားတုပ်နှောင်ခြင်း” မည်၏။ ၎င်းအသွား တုပ်နှောင်ခြင်းကို စိတ်မချသေး၍ အပြန် တုပ်နှောင်သည်မှာ ငါသည် ရုပ်ဖြစ်၏၊ ဤကား “အပြန်တုပ်နှောင်ခြင်း” တည်း။

ထို့ပြင် အတွင်းတုပ်နှောင်ခြင်း၊ အပြင်တုပ်နှောင်ခြင်းဟူ၍လည်း ရှိသေး၏။ ရုပ်၌ ငါရှိ၏ ဟူသော တုပ်နှောင်ခြင်းသည် “အတွင်းတုပ်နှောင်ခြင်း” မည်၏။ ငါ၌ရုပ်ရှိ၏ဟု တစ်ဖန် တုပ်နှောင်ခြင်းကား “အပြင်တုပ်နှောင်ခြင်း” မည်၏။

ဤသို့အားဖြင့် အစွဲခေါ် အတ္တဒိဋ္ဌိသည် သာမန်အားဖြင့် မစွဲယူဘဲ အလွန်ခိုင်မြဲအောင် (၄) ချက်သော တုပ်နှောင်ခြင်းတို့ဖြင့် တုပ်နှောင်လျှက် အသွားအပြန် အတွင်းအပြင် မလိုရအောင် ပြင်းစွာ ချည်နှောင် ထားသောကြောင့် အန္ဓပုထုဇဉ်ခေါ် ဓာတ်မျက်စိမရှိကြကုန်သော ပုဂ္ဂိုလ်တို့သည် အဘယ်မှာလျှင် လွတ်မြောက်အောင် ဖြတ်ထွက်နိုင်ပါမည်နည်း။

အတ္တဒိဋ္ဌိခေါ် အစွဲ ၄ ချက် ဖြစ်ပေါ်နေပုံကို သဘောပါလောက်ပေပြီ၊ ၎င်းအစွဲ ၄ ချက်ကို အတ္တဒိဋ္ဌိဟု ခေါ်သည်။ ဓမ္မသင်္ဂဏီပါဠိတော်နှင့် အဋ္ဌကထာကြီးများတွင် အတ္တဒိဋ္ဌိ ၂ဝ ကို ထုတ်ဘော်ပြချက်အရ အတ္တဒိဋ္ဌိ ၂ဝ ဆိုသည်မှာ ယခုဖော်ပြခဲ့သော အစွဲ ၄ ချက်ကို ပထဝီဟူသော ရုပ်ခန္ဓာ၌ ၄ ပါး ခွဲစိတ်ဝေဘန်သလို နာမ်ခန္ဓာ ၄ ပါးကိုလည်း တစ်ပါးပါး၌ အစွဲ ၄ ချက်ကို ဝေဘန်ရမည်၊ ခန္ဓာ ၅ ပါးကို ထည့်၍ ၄ နှင့်မြှောက် ၂ဝ ဖြစ်၏၊ ၎င်း ၂ဝ ကို အတ္တဒိဋ္ဌိ ၂ဝ ဟုခေါ်သည်။

၎င်းအတ္တဒိဋ္ဌိ ၂ဝ တို့သည် ခန္ဓာ ၅ ပါးပေါ်တွင် စွဲယူနေကြသော အစွဲများဖြစ်၍ “ခန္ဓာ ၅ ပါးသာရှိ၏၊ ယောက်ျား မိန်းမ မရှိ” ဟုယူဆသိရုံနှင့် ၎င်းအစွဲတို့သည် ပြုတ်ကြမည် မဟုတ်ရာ၊ ခန္ဓာ ၅ ပါးဟူသော သဘာဝရှိလျှင် ၎င်းအစွဲတို့လည်း ရှိမည်ဟုမှတ်ပါ။

ထို့အတူ ပထဝီဟူသော မာမှုသဘောရှိလျှင် ထိုမာမှုသဘောကို စွဲယူသော အစွဲသည်လည်း ရှိမည်မှာ အမှန်ဖြစ်ချေသည်။ ဆိုလိုရင်းသဘောမှာ စွဲစရာရှိလျှင် အစွဲတရားသည် ရှိနေမည်ဖြစ်ပေသည်၊ စွဲစရာဖြစ်သော ပထဝီဓာတ်ကိုဒုက္ခသစ္စာဟုခေါ်သည်၊ အစွဲကိုကား သမုဒယသစ္စာဟူ၍မှတ်ယူရပေမည်။

မီးနှင့် မီးရောင်၏သဘောကို နားလည်ရမည်၊ မီးရှိသော် မီးရောင်သည်ရှိဘိသကဲ့သို့ ပထဝီဓာတ်ဟူသော ဒုက္ခသစ္စာရှိလျှင် မီးရောင်ဟူသော သမုဒယသစ္စာရှိပေမည်၊ မီးရောင်ကိုအလို မရှိလျှင် မီးကိုသာငြိမ်းရမည်၊ မီးငြိမ်းလျှင် မီးရောင်လည်း ငြိမ်းတော့သည်။ မီးကိုမငြိမ်းပါဘဲနှင့် မီးရောင်ကိုသာ ငြိမ်းနေပါလျှင် အဘယ်မှာ ငြိမ်း၍ရပါမည်နည်း။

ထို့ကြောင့် ပထဝီဓာတ် တစ်ပါးကိုပင် အစွဲ ၄ ချက်ပြုတ်အောင် အနတ္တဓာတ်ကို ဝေဘန်ရမည်၊ ဝေဘန်ပုံကို လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန် ဟူသော သဘောလေးချက်နှင့် ပထဝီပျောက်သုဉ်းအောင် မွှေနှောက် ပိုင်းခြား တတ်ရမည်ဖြစ်သည်။ ပထဝီပျောက်သုဉ်းလျှင် ၎င်းပထဝီကို စွဲကပ်နေသော အစွဲ ၄ ချက်လည်း အဘယ်မှာလျှင် ရှိတော့မည်နည်း။

ပထဝီကို ပျောက်အောင် ဖျောက်ရမည် ဆိုခြင်းမှာလည်း အနတ္တဉာဏ်ဆိုက်အောင် ဝေဘန်ခြင်းပင် ဖြစ်သည်၊ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကား ပထဝီဓာတ်ကို အနတ္တဉာဏ် ပေါက်အောင် ဝေဘန်ခြင်းတို့ဖြစ်ပေသည်။

ပရမတ္ထသဘာဝတို့၏ အနတ္တ လက္ခဏာကို ဝေဘန်ပြသောအခါ အဋ္ဌကထာဆရာမြတ်တို့သည် ဤလက္ခဏာ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်ခေါ် သဘောကြီး ၄ ချက်တို့ဖြင့် ဝေဘန်၍ အနတ္တဓာတ်ကို ပြတော်မူကြလေသည်။

သို့ရာတွင် လက်တွေ့နည်းနှင့် ဝေဘန်နိုင်မှသာလျှင် အနတ္တဓာတ်ကို တွေ့နိုင်လေသည်။

ဒေသနာနည်းကို အားကိုး၍ သာမန်အားဖြင့် ဝေဘန်လျှင် ဝိညာဏ်စွဲ အနတ္တလောက်သာ ဉာဏ်မှာ တွေ့ကြပေလိမ့်မည်၊ ပညာစစ်အနတ္တတွေ့လျှင် အစွဲပြုတ်နိုင်လေသည်။ ထို့ကြောင့် ပထဝီဓာတ်တစ်ပါး၏ အနတ္တဓာတ်အစစ်ကိုတွေ့မှုသည် လွယ်ကူလှသည်မဟုတ်ပေ။

သဘောကြီး ၄ ချက်နှင့် ဝေဘန်လျှင် အနတ္တကို ဝေဘန်နိုင်သည်ဟု ညွှန်ကြားသော်လည်း လက်တွေ့နည်းနှင့် ဝေဘန်နိုင်မှသာလျှင် တွေ့နိုင်လေသည်။

သဘောကြီး ၄ ချက်နှင့် ဝေဘန်၍ ပေါက်ရောက်ကြသော အနတ္တဉာဏ်မျိုးကား (ယထာဘူတ) အသိခေါ် အနတ္တဉာဏ်သာ ဖြစ်သေး၏၊ ဉာဏ်စဉ်နှင့် ဝေဘန်လျှင် ဝိပဿနာ၏ အခြေခံအုဌ်မြစ်လောက်ဖြစ်သော အနတ္တဉာဏ်ဖြစ်ပေသေးသည်။

ထိုဉာဏ်ကို မိမိတို့၏ ကိုယ်ပိုင်ဉာဏ်နှင့်မှီအောင် လိုက်နိုင်မှသာလျှင် အထက်ဖြစ်သော ဥဒယဗ္ဗယဝိပဿနာနည်းကို လှမ်းကိုနိုင်မည်ဖြစ်ပေသည်။

ရှင်တော်မြတ်ဘုရားသည် ဝိပဿနာအရာ၌ ဉာဏ်စဉ်များကို ဖော်ထုတ်သောအခါတွင် သုံးချက်သေစရွေးကိုက်ထား၍ ဖွင့်ပြတော်မူသည်။

ဖွင့်ပြတော်မူပုံမှာ (၁) ဒေသနာနည်း၊ (၂) လက်တွေ့နည်း၊ (၃) သဘာဝနည်းအားဖြင့် သုံးချက်သော နည်းကို ရှေးဦးစွာ ဝေဘန်သိရမည်။

ဒေသနာနည်းဆိုသည်မှာ ပထဝီဓာတ်တပါးကို သဘောကြီး (၄) ချက်တို့ဖြင့် ဝေဘန်၍ ပြခြင်းသည် ဒေသနာနည်းမည်၏။ ထိုဒေသနာနည်းကို သာသနာတော် ၃ ရပ်နှင့် ဝေဘန်လျှင် ပရိယတ္တသာသနာမည်၏၊ ကောင်းခြင်း ၃ ပါးနှင့် ဝေဘန်လျှင် အစ၏ကောင်းခြင်း မည်၏။

လက်တွေ့နည်းဆိုသည်မှာ သဘောကြီး ၄ ချက်နှင့်ဝေဘန်ရန်ကို ဒေသနာနည်းက ပြဆိုသည့်အတိုင်း ပထဝီဓာတ်ကို သဘောကြီး ၄ ချက်နှင့် ဝေဘန်သဖြင့် ယောဂီပုဂ္ဂိုလ်တို့၏ အသိဉာဏ်၌ ထင်မြင်လာသော အနတ္တဓာတ်သည် လက်တွေ့နည်းမည်၏၊ ထိုလက်တွေ့နည်းသည် ပရိယတ္တိသာသနာ မည်၏

သဘာဝနည်းဆိုသည်မှာ သဘောကြီး ၄ ပါးတို့၏ လုပ်ငန်းစဉ်ပြီးဆုံး၍ တရားဥက္ခောင်း ကျရောက်သဖြင့် ထိုဉာဏ်၏ ဧကောဓမ္မော ဆိုက်ရောက်ခြင်းသည် သဘာဝနည်းမည်၏။

ထိုသဘာဝနည်းသည် သာသနာတော် ၃ ရပ်တို့တွင် ပဋိဝေဓ သာသနာတော်မည်၏။ ကောင်းခြင်း ၃ ပါးတို့တွင် အဆုံး၏ ကောင်းခြင်းမည်၏၊ ဤသို့အားဖြင့် တလွှာတလွှာ၌ ၃ ချက်သေ စရွေးကိုက်ညီအောင် အားထုတ်ရမည်၊ ၃ ချက်သေ စရွေးမကိုက်လျှင် လုပ်ငန်းစဉ်သည် ယထာဘူတမဆိုက်သေးဟု မှတ်ရမည်။ ထို့ကြောင့် ပထဝီဓာတ်တပါးကို ဌာန် ၄ ချက်ခေါ် သဘောကြီး ၄ ပါးနှင့် ဝေဘန်သောအခါ ၃ ချက်သေ စရွေးကိုက်အောင် ပိုင်းခြားဝေဘန် ဆင်ခြင်တော်မူကြပါကုန်။

ဆက်လက်ဖော်ပြပါမည်။

မန္တလေးမြို့ ဓမ္မစကြာပဋိပတ်သာသနာပြုအဖွဲ့ချုပ်မှဖြန့်ဝေသော ပထဝီဓာတ်နှင့်ဉာဏ်(၉)လွှာ ဝိပဿနာလုပ်ထုုံးကျမ်းမှ ထုတ်နှုတ်ဖော်ပြပါသည်။


ပထဝီဓာတ် နှင့် ဉာဏ် (၉) လွှာ (အပိုင်း ၄)

ပထဝီဓာတ် တစ်ပါးသေလျှင်လည်း ကြွင်းသော ရုပ်နာမ် အလုံးစုံတို့သည် သေသည်မည်ကုန်၏၊ သေ ဆိုသည်မှလည်း သညာသိ ဝိညာဏ်သိ ပြတ်ခြင်းကို ဆိုလို၏။ ပထဝီဓာတ်ကို လုပ်ငန်းစဉ်နှင့်လျော်အောင် ၂ မျိုး ခွဲခြား၍ ယူနိုင်စေရမည်။

(၁) ဝိညာဏ်ပထဝီ၊ (၂) ပညာပထဝီ ဤသို့အားဖြင့် ၂ မျိုးရှိရာ ကာယဝိညာဏ် မနောဝိညာဏ် ၂ ပါးတို့၏ ထောက်ခံ အားပေးမှုကြောင့် ဖြစ်ပေါ်နေသော ပထဝီကို ဝိညာဏ်ပထဝီဟုခေါ်သည်။

ပညာ ပထဝီ ဆိုသည်မှာကား ထိုကာယဝိညာဏ် မနော ဝိညာဏ် နှစ်ပါးတို့က ထောက်ခံအားပေးသဖြင့် မာသည်ဟု သိရှိကြရသော ဝိညာဏ်တွေ့ ပထဝီကိုပင် သဘောကြီး ၄ ပါးနှင့် ဝေဘန်ပိုင်းခြား ခွဲခြမ်း စိတ်ဖြာ သဖြင့် အသိဉာဏ် ပေါ်ထွက်လာသော ပရမတ္တ သဘာဝ ဆတ်ဆတ် ခေါ် တစ်ခုသော သဘောတရားသည် ပညာသိ ပထဝီ မည်၏။

ထိုပညာသိ ပထဝီကို တွေ့အောင် လက်တွေ့နည်းခေါ် သဘောကြီး ၄ ပါးဖြင့် ပိုင်းခြား ဝေဘန်ရမည်၊ ပိုင်းခြား ဝေဘန်နိုင်သော အသိဉာဏ်ကို နာမရူပပရိစ္ဆေဒဉာဏ်ဟု ခေါ်၏၊ ထိုဉာဏ်သည် မဂ် ဖိုလ်သို့ ဝင်ရာ အခြေခံ တံခါးဝသဖွယ် ဉာဏ်ဖြစ်၍ ယောဂီပုဂ္ဂိုလ်တို့၌ အလွန် အရေးကြီးလေသည်။

ပျော့ - မာ - ဟူသော ပထဝီဓာတ်ကို လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်ခေါ် ဌာန်လေးပါးတို့နှင့် ပိုင်းခြား ဝေဘန် သိမ်းဆည်းရလေသည်။ ပိုင်းခြားဝေဘန်သဖြင့် စင်ကြယ်သော အသိဉာဏ် ထွက်ပေါ်လာခြင်းကို ဒိဋ္ဌိဝိသုဒ္ဓိဟု ခေါ်သည်။

ဒိဋ္ဌိဝိသုဒ္ဓိကား ဝိပဿနာဉာဏ်၏ ကဏ္ဍ - မဟုတ်သေး၊ ဝိပဿနာ၏ အခြေခံ အဆင့်အတန်းမျှသာ ဖြစ်သေး၏။

လက္ခဏဆိုသည်မှာ (သာမညံဝါ သဘာဝေါဝါ) ဟူ၍ အဋ္ဌကထာဆရာများ ဖွင့်ဆိုထားသောကြောင့် “မိမိ၏သဘောတရားသည်” လက္ခဏမည်၏၊ (ဥပမာ) မာမှု သဘော ပျော့မှုသဘော ပူမှု-အေးမှု ဖွဲ့စည်း တွန်းကန်မှု သဘောတရား တို့ကို “လက္ခဏ” ဟု ခေါ်သည်။

“လက္ခဏ” ဟူသော မှတ်ကြောင်းသဘောတရားက အမျိုးမျိုး ဝေဘန်ထားသောကြောင့် သဘောတရား အမျိုးမျိုးတို့ ထွက်ပေါ်နေနိုင်လေသည်။ “လက္ခဏ” မရှိခဲ့သော် အဘယ်မှာလျှင် မာမှု-ပျော့မှု-ပူမှု-အေးမှု သဘောတရားတို့သည် ရှိနိုင်ပါမည်နည်း၊ “လက္ခဏ” ကိုသာလျှင် အားကိုး၍ ဖြစ်ပေါ်နေကြသော သဘောတရားများသာ ဖြစ်ချေ၏၊ ဤကား အကျဉ်း ဝေဘန်ပြချက် ဖြစ်ပေသည်။

“ရသ” ဆိုသည်မှာ (ကိစ္စသမ္ပတ္တိံ ဝါရသောနာမ) ဟူ၍ အဋ္ဌကထာဆရာ ဖွင့်ပြသောကြောင့် “အမှုကိစ္စ ပြည့်စုံအောင် ဆောင်ရွက်စီမံအားထုတ်သော သဘောကို ‘ရသ’ ဟု ခေါ်သည်၊ ဆိုလိုရင်းမှာ အလုပ်သမားကို ‘ရသ’ ဟုမှတ်၊ အလုပ်သမားဟု ခေါ်ရခြင်းမှာလည်း မာမှုသဘော-ပျော့မှုသဘော-ပူမှု-အေးမှု သဘောတရားတို့ အစဉ်ဖြစ်ပေါ်လာနိုင်အောင် ဆောင်ရွက် လုပ်ကိုင်ပေးခြင်းပင် ဖြစ်သည်၊ ထို ‘ရသ’ ဟူသော အလုပ်သမားက ပြည့်စုံညီညွတ်အောင် ဆောင်ရွက်ပေးနိုင်မှသာလျှင် မာမှု-ပျော့မှု ဟူသော သဘောတရားကို လက္ခဏက ဖန်ဆင်းနိုင်လေသည်၊ ရသမရှိခဲ့သော် အဘယ်မှာလျှင် လက္ခဏသဘော ရှိနိုင်မည်နည်း။

ဝိညာဏ်နယ် လောကကြီးတွင် မာမှု-ပျော့မှု-ပူမှု-အေးမှု စသည်ဖြင့် လက်မထောင်၍ အသားယူနေခြင်းသည် လက္ခဏ စသည်ဖြင့် လက်မထောင်၍ အသားယူနေခြင်း လက္ခဏ ရသ နှစ်ပါး တို့ကြောင့်ပင်ဖြစ်ပေသည်။ လက္ခဏ - ရသ သဘောတရား ၂ ခုကိုပင် ဝေဘန်ကြည့်ရုံနှင့် မာမှု ပျော့မှု ဟူသော ပထဝီသည် မိမိ၏ သဘောတရား သက်သက်ဖြင့် ပျော့ - မာနေခြင်း မဟုတ်ကြောင်းကို ယောဂီပုဂ္ဂိုလ်တို့၏ အသိဉာဏ်၌ ဝေဖန်နိုင်လေသည်၊ လက္ခဏ ရသ တို့၏ သဘောကို မသိသော ပုဂ္ဂိုလ်တို့သာလျှင် မာခြင်း ပျော့ခြင်းတို့ကို တကယ့်သဘောကြီး ထင်မှတ်နေပေလိမ့်မည်။ တကယ့်သဘောကြီး ထင်မှတ်နေမှုကို အတ္တဒိဋ္ဌိ အသိမှားဟု ခေါ်သည်၊ ယောက်ျား မိန်းမဘဲဟု စွဲယူမှ အတ္တဒိဋ္ဌိဖြစ်သည် မဟုတ်ရာ၊ မာမှု ပျော့မှု သဘောကို သူ့အလိုလို အနှစ်အသား အနေနှင့်ရှိ၏ဟု ယူဆလျှင်လည်း (ဝါ) ဆွဲကိုင်ထားလျှင်လည်း အတ္တဒိဋ္ဌိဟု မှတ်ရာ၏။

အနှစ်အသား ဆိုသည်မှာ (သယံ နိဝါသိ ဝေဒကော ကာရကော) ဟု ဝိသုဒ္ဓိမဂ် အဋ္ဌကထာဆရာ ဖွင့်ပြထားသောကြောင့် ငါ့သဘောနှင့် ငါမာနိုင်သည်၊ ငါပျော့နိုင်သည်၊ ငါလုပ်နိုင်သည်၊ ငါခံစားနိုင်သည်ဟု ယူဆခြင်းကို ဆိုလိုသည်။

လက္ခဏရသ နှစ်ပါးနှင့် ဝေဘန်ကြည့်သောအခါ ၎င်းတို့၏ သဘောနှင့် အဘယ်မှာလျှင် မာနိုင်ပျော့နိုင် ကြမည်နည်း၊ လက္ခဏနှင့် ရသကို အစဉ်အားကိုးနေသော မာမှု ပျော့မှု တို့သာ ဖြစ်ချေသည်၊ ထို့ကြောင့် မာမှု ပျော့မှုကို အနှစ်အသားအနေနှင့် (ဝါ) မိမိ၏သဘောတစ်ခုတည်းဖြင့် ပျော့ မာ နိုင်ကြောင်းအနေနှင့် မသိမ်းပိုက်ထိုက်ပေ၊ မသိမ်းပိုက်နိုင်ပေ၊ ဤသို့ မသိမ်းပိုက်နိုင်ခြင်းသည် အနတ္တမည်၏။

ပစ္စုပဋ္ဌာန်ဆိုသည်မှာ (ဥပဋ္ဌာနကာရောဝါ ဖလံဝါ) ဟူ၍ အဋ္ဌကထာအရှင်မြတ်တို့ မိ်န့်ဆိုတော်မူသောကြောင့် အားထုတ်သော ယောဂီပုဂ္ဂိုလ်တို့၏ အသိဉာဏ်အား ရှေးရှုထင်သော အခြင်းအရာ သဘောတရားကို ဆိုလိုသည်၊ အခြင်းအရာသဘောတရားဟူသည် အသိဉာဏ်၌ ထင်မြင်သော အကျိုးတရားပင် ဖြစ်သည်။

မာမှု ပျော့မှု ဟူသော သဘောတရားသည် အကြောင်းမဲ့သက်သက် ပေါ်ထွက်လာသော သဘောတရားမျိုးမဟုတ်ပေ၊ တစ်စုံတစ်ခုသော အကြောင်းတရားကို အစွဲပြုရမှသာလျှင် ပျော့နိုင် မာနိုင်သော သဘောတရားဖြစ်၍ အကျိုးတရားဟု ဆိုလိုသည်၊ အကျိုးတရားကို တွေ့ရှိခဲ့သော် အကြောင်းတရားကို ရှာဖွေရဦးမည်။ တေဇော ဝါယော အာပေါ ဟူသော ၃ ပါးသော သဘောတရားတို့က အကြောင်းတရားမည်၏၊ မာမှု ပျော့မှု ဟူသော ပထဝီကား အကျိုးတရားမည်၏။

ဤသို့အားဖြင့် ပထဝီဟူသော သဘောတရားကို ပစ္စုပဋ္ဌာန်နှင့် ဝေဘန် သုံးသပ်သော် ယောဂီပုဂ္ဂိုလ်တို့၏ ဉာဏ်အား ရှေ့ရှုထင်သော အကျိုးတရားကိုသာ တွေ့ရှိရလေသည်၊ မာသည် ပျော့သည် ဟူသော သဘောတရားကို မတွေ့ရပေ၊ သို့ရာတွင် ဝိညာဏ်နယ်ခေါ် အစွဲလောကကြီးတွင် ခေါ်ဝေါ်အသုံးပြုလို၍သာ မာသဘော ပျော့သဘောဟု ဝိညာဏ်က မှတ်တမ်းတင်ထားလေသည်၊ ထိုဝိညာဏ်၏ မှတ်တမ်းတင်ထားခြင်းကို လက္ခဏ သမားများကသာ ထောက်ခံ၍ အမျိုးမျိုး ဝါဒဖြန့်နေကြသောကြောင့် မောင်မာနှင့် မောင်ပျော့ကို အဟုတ်ရှိ အမှန်ရှိ တကယ်ရှိထင်မှတ်နေကြလေသည်။

ပညာနှင့် သဘောတရားကို ခွဲခြမ်း စိတ်ဖြာ ကြည့်ရှုသောအခါ မာမှု ပျော့မှု ပျောက်သုဉ်း၍ နောက်ဆုံးတွင် ယောဂီပုဂ္ဂိုလ်တို့၏ ဉာဏ်ဝ၌ ရှေ့ရှုထင်သော သဘောတရား အခြင်းအရာမျှသာ ဖြစ်လေသည်၊ တစ်စုံတစ်ခု အမည်နာမ အားဖြင့် ပြောပြစရာ ဘာပဲဟူ၍ မခေါ်ဝေါ်နိုင်ပေ။

ပဒဋ္ဌာန် ဆိုသည်မှာကား (အာသန္နကာရဏံ ပဒဋ္ဌာနံနာမ) ဟူ၍ အဋ္ဌကထာ အရှင်မြတ်တို့ မိန့်ဆိုတော်မူသောကြောင့် နီးစွာသော အကြောင်းတရားသည် ပဒဋ္ဌာန်မည်၏၊ နီးစွာသော အကြောင်းတရား ဆိုသည်မှာလည်း ဓာတ်ကြီး ၄ ပါးတို့သည် အချင်းချင်း တစ်ဦးနှင့်တစ်ဦး ကျေးဇူးအထူပြုနေကြသော သဘောတရားများဖြစ်၍ မာမှု ပျော့မှုသည် တေဇော ဝါယော အာပေါဟူသော ၃ ပါးသော ဓာတ်ကြီးတို့၏ ထောက်ပံ့မှုကြောင့် ဖြစ်ပေါ်လာသော သဘောတရားဖြစ်၍ ဓာတ် ၃ ပါးသည် နီးစွာသော အကြောင်းတရားဟု ခေါ်သည်။

ဤသို့အားဖြင့် မာမှု ပျော့မှု ပထဝီသည် ဝိညာဏ်သိလောကတွင် ပျော့ မာ သည်ဟု ဆိုနိုင်သော်လည်း ၃ ပါးသော ဓာတ်ကြီးတို့၏ ထောက်ပံ့မှု အရှိန်အစော်ပင်ဖြစ်သည်၊ ၃ ပါး သော ဓာတ်ကြီးတို့ မထောက်ခံသော် အဘယ်မှာလျှင် ပျော့ မာ နိုင်ပါမည်နည်း၊ ဋ္ဌာန် ၄ ချက်နှင့် ဝေဘန်မကြည့်သော ပုဂ္ဂိုလ်တို့သည်သာလျှင် သူ့ကိုယ်တိုင်လက်မထောင်၍ မာနိုင် ပျော့နိုင်သည်ဟု မှတ်ထင်ကြပေလိမ့်မည်၊ ဌာန် ၄ ပါးနှင့် ဝေဖန်ကြည့်သောအခါ ၃ ပါးသော ဓာတ်ကြီးတို့၏ အရှိန်အစော်ကိုသာ တွေ့ရသဖြင့် အဘယ်မှာလျှင် အနှစ်အသား အနေနှင့် သိမ်းပိုက်နိုင်ပါမည်နည်း၊ ဓာတ်ကြီး ၃ ပါးတို့ကို အစဉ်အားကိုး နေရသောကြောင့် အနှစ်အသားမရှိ၊ မာခြင်း ပျော့ခြင်းမျိုး ဟူ၍မှတ်၊ ၎င်းမာခြင်း ပျော့ခြင်းမျိုးကို အနတ္တဟု မှည့်ခေါ်နိုင်လေသည်။

ဝိပဿနာတရားလုပ်ငန်းဆိုသည်မှာ ဒေသနာနည်းကို အားကိုးတစ်ခုပြုလုပ်နေ၍ ဖြစ်နိုင်သော လုပ်ငန်းမျိုးမဟုတ်ချေ၊ တစ်ခုသော သဘာဝဓမ္မကိုပင် (ဧကောဓမ္မော) ဆိုက်အောင် ကိုယ်ပိုင်ဉာဏ်စွမ်း ရှိသလောက် အစွမ်းကုန် အားကုန်ု မွှေနှောက် ဆင်ခြင် အားထုတ်ရသော လုပ်ငန်းမျိုး ဖြစ်ချေသည်။

ဥပမာ - ပထဝီဓာတ်တစ်ပါးကိုပင် အဖန်ဖန် အထပ်ထပ် ဉာဏ်ကုန်နှိုက်၍ အနတ္တဓာတ်ကို တွေ့အောင် ဆင်ခြင် အားထုတ်ခြင်းပင်ဖြစ်သည်၊ အကာထူထပ်သော သစ်တုံးကြီး တစ်ခုကို ဓါးမကြီးတစ်ခုဖြင့် အဘန်ဘန် ရွေသည်ရှိသော် အကာကုန်၍ အနှစ်ကိုတွေ့ဘိသကဲ့သို့ ပထဝီဓာတ်တစ်ပါးကိုလည်း ဝိပဿနာဉာဏ်ဓါးနှင့် လွှာသည်ရှိသော် အတ္တကွာ၍ အနတ္တကိုဆိုက်တွေ့ပေလိမ့်မည်။

၎င်းအနတ္တဉာဏ် အစစ်အမှန်သို့ ဆိုက်ရောက်ခြင်းကိုပင် သောတာပတ္တိမဂ်ဟု ခေါ်သည်၊ သောတာပတ္တိမဂ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်အား သောတာပန်ဟူ၍ ခေါ်ကြလေသည်။

ထို့ကြောင့် သောတာပန်ပုဂ္ဂိုလ်ဟု ခေါ်ဆိုနေကြသော ဒီဂရီသည် ဒိဋ္ဌိအစွဲပြုတ်သော (ဝါ) အနတ္တဉာဏ် ဆိုက်သော သဘောတရားကို အစွဲပြု၍ သောတာပန်ဟု ခေါ်ဆိုရင်းဖြစ်သည်။

အတ္တ အနတ္တ လုပ်ငန်းစဉ် စခန်းမှာလည်း ဤယခုဖော်ပြသော စခန်းကစ၍ ပြုလုပ်ရသော အလုပ်စခန်း ဖြစ်ပေသည်၊ ဤစခန်းကို ကျေပွန် နားလည်မှသာလျှင် အထက်စခန်းမှာ အလွယ်တကူ လှမ်းကိုင်နိုင်ပေမည်။

အတ္တဆိုသည်မှာ ပါဠိအခေါ်ဖြစ်သည်၊ မြန်မာလိုပြန်လျှင် အစွဲဟု ပြန်ရမည်၊ အနတ္တ ဆိုသည်မှာကား အစွဲမရှိခြင်းကို ဆိုလိုသည်၊ အစွဲမရှိရန်မှာလည်း စွဲစရာမရှိမှသာ ဖြစ်နိုင်လေသည်၊ ပထဝီဓာတ်ရှိလျှင် ၎င်းကိုစွဲသော အစွဲလည်းရှိပေလိမ့်မည်။

ထို့ကြောင့် အစွဲမရှိဟု သာမန်မဝေဘန်ကြပဲ စွဲစရာဖြစ်သော ပထဝီကိုသာ အတ္တပျောက်သုဉ်းအောင် အကြိမ်ကြိမ် မွှေနှောက် ဆင်ခြင်ရမည်၊ ဆင်ခြင်သည့်အတိုင်း ပထဝီအတ္တပျောက်သုဉ်းပါလျှင် အနတ္တဉာဏ်ပေါက်ပြီဟု ဆိုနိုင်လေသည်။

လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် တို့ကား ပထဝီဓာတ်တစ်ပါး၌ အတ္တပျောက်သုဉ်းအောင် ခွဲစိတ်ဝေဘန်သော လုပ်ထုံးနည်း သဘောတရား ၄ ချက်တို့ ဖြစ်ပေသည်။

သဘောကြီး ၄ ချက်နှင့် ဝေဘန်နည်းကို မပြသေးမီ အနတ္တသဘောကို အသိဉာဏ်ပေါ်အောင် ရှင်းလင်း ထုတ်ဖော်၍ ပြပါဦးမည်၊ အနတ္တ ဆိုသည်မှာကား အစွဲမရှိခြင်း သဘောကိုဆိုသည်၊ အစွဲမရှိ ဆိုသည်မှာလည်း စွဲစရာ ထိုထို ဤဤ ဘာတစ်ခုမျှ ပြစရာမရှိသောကြောင့် အစွဲမရှိဟု ဆိုရခြင်း ဖြစ်သည်။

စွဲစရာမရှိ့ပုံမှာ .. သဘာဝ အနတ္တဖြင့် ဖြစ်ရှိနေသော သဘောတရားတခုခုကို မမြင်ပဲ ပင်ကိုယ်သဘောတရား သတ္တိဖြင့် ဖြစ်နိုင်သည် လုပ်နိုင်သည်ဟု ထင်မြင်ယူဆနေခြင်းကို အစွဲဟု ခေါ်သည်။

စင်စစ်မှာကား .. ပရမတ္ထသဘောတရားတို့ မည်သည်မှာ မိမိသဘောတရား တစ်ခုတည်းအလိုဖြင့် ဖြစ်နိုင်လုပ်နိုင်ခြင်း မရှိပေ၊ ပထဝီဆိုသည်မှာ ပျော့ မာခြင်း သဘောရှိသည်ဟုဆို၏၊ ထို ပျော့ မာခြင်း သဘောကား မိမိတစ်ဦးတည်းအလိုဖြင့် ပျော့ မာနိုင်ခဲ့သော် ၎င်းကို အနတ္တ မခေါ်နိုင်၊ အတ္တဟု ခေါ်ဆိုရပေမည်။

ပထဝီဓာတ်၏ သဘောကို ပျော့ မာသည်ဟုဆိုရာ ထို ပျော့ မာမှုကို တစ်ဖန် စစ်ဆေးရမည်၊ ပထဝီ၏ ပျော့ မာမှုကို ဝေဘန်ကြည့်သောအခါ ၎င်းဓာတ်တပါးတည်းဖြင့် ပျော့ မာ နေသည်မဟုတ်ပေ၊ အာပေါ တေဇော ဝါယော ဟူသော ၃ ပါးသော ဓာတ်တို့၏ ပေါင်းဆုံထောက်ပံ့မှုသဘောကြောင့် ပျော့ မာကြောင်း သိရလေသည်။

၎င်းဓာတ် ၃ ပါး မရှိခဲ့သော်၊ (ဝါ) မထောက်ပံ့ခဲ့သော် အဘယ်မှာလျှင် ပျော့ မာနိုင်ပါမည်နည်း၊ ဓာတ် ၃ ပါးတို့၏ အရှိန်စော်ကြောင့် ပျော့ မာသည်ဟု လက်မထောင်နေခြင်းသည် ဓာတ် ၃ ပါးတို့တွင် တစ်ပါးပါးကို နှုတ်ထားလိုက်ပါက အဘယ်မှာ ပျော့ မာ နိုင်တော့မည်နည်း။

ထို့ကြောင့် ပထဝီကို ပျော့မာသည်ဟု ဆိုသော်လည်း မိမိ၏ ပင်ကိုယ်သဘော သက်သက် တစ်ခုတည်းဖြင့် မပျော့နိုင် မမာနိုင်သောကြောင့် ၎င်းပထဝီကို အနတ္တ ဓာတ်ကောင်ဟုခေါ်ရမည်၊ ၎င်းအနတ္တဓာတ်ကောင်ကို အထင်ကြီး ထင်မှတ်၍ စွဲယူစရာ မလိုတော့ပြီ၊ စွဲယူနေပါလျှင် အချည်းနှီးသော စွဲယူနေခြင်းဟု ခေါ်ဆိုရပေမည်၊ ဤသို့အားဖြင့် စွဲယူစရာမရှိခြင်းသည် စွဲစရာကိုပင် မရှိသောသဘောကြောင့်သာ ဖြစ်ပေသည်။

ဤသို့ ဉာဏ်အမြင် စင်ကြယ်၍ ယူနိုင်ခြင်းကို ဒိဋ္ဌိဝိသုဒ္ဓိဟု ခေါ်သည်၊ ဉာဏ်အမြင် မရှိလျှင်ကား ပထဝီကို တကယ့်သဘောကြီး ထင်မှတ်၍ နေကြပေလိမ့်မည်။

ထို့ကြောင့် အစွဲမရှိ ဆိုသော စကားသည် စွဲစရာမရှိသောကြောင့်သာ ဆိုသော စကားဖြစ်၏၊ စွဲစရာမရှိပုံကို ပင်ကိုယ်သဘော တစ်ဦးတည်းသဘော မရှိခြင်းကို နားလည်ရန် အထပ်ထပ် ဝေဘန်ဆင်ခြင်ရမည်၊ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် တို့အား ဆင်ခြင်ရန်ကိုပြသော လုပ်ထုံးနည်းတို့ မည်ကုန်၏။

ဤသို့ အထပ်ထပ် ဝေဘန်သည်ရှိသော် ယောဂီပုဂ္ဂိုလ်တို့၏ အသိဉာဏ်၌ အစွဲဖြစ်သော သဘောတရားနှင့် အစွဲလွတ်သော သဘောတရား ၂ ခုတို့ ထွက်ပေါ်ကွန့်မြူးလာလိမ့်မည်။

ထွက်ပေါ်ကွန့်မြူးပုံမှာ အစွဲလောကခေါ် သင်္ခတနယ်ကြီးနှင့် အစွဲလွတ်သော အသင်္ခတနယ်ကြီးကို ဉာဏ်ဝမှာ ထင်မြင်လာလိမ့်မည်၊ မြတ်စွာဘုရားသည် ဝိပဿနာတရား လုပ်ငန်းစဉ်ကို ဖွင့်ပြရာ အောက်ပါအတိုင်း ဖွင့်ပြတော်မူသည်။

(၁) ဝိညာဏ်နယ်ခေါ် သင်္ခတဓမ္မ၊

(၂) ပညာနယ်ခေါ် အသင်္ခတဓမ္မ ဟူ၍ ဤသို့အားဖြင့် ၂ မျိုးရှိရာ ဝိညာဏ် ၆ ပါးတို့ဖြင့် စွဲယူ သိမှတ်နေကြသော အသိမျိုးဟူသမျှသည် ဝိညာဏ်နယ်ခေါ် သင်္ခတဓမ္မတို့ မည်ကုန်ု၏။

မည်ပုံမှာ .. ပထဝီဓာတ်သည် ပျော့၏ မာ၏ ဟူ၍၎င်း၊ အာပေါဓာတ်သည် ဖွဲ့စည်း၏ ယိုစီး၏ဟူ၍၎င်း၊ တေဇောဓာတ်သည် ပူ၏ အေး၏ ဟူ၍၎င်း သိမှတ်နေကြသော အသိမျိုးတို့သည် သညာသိ၊ ဝိညာဏ်သိ နှစ်ပါးတို့ မည်ကုန်၏။

ထိုအသိနှစ်ပါးတို့သည် ဝိညာဏ်သိ လောကကြီးကို အစဉ် ထောက်ခံနေကြသော အသိမျိုးတို့ဖြစ်၍ အစွဲလောကခေါ် သင်္ခတဓမ္မကြီး ထွက်ပေါ်လာနိုင်လေသည်။

ထိုလောကကြီး ထွက်ပေါ်နေကြသော ယောဂီပုဂ္ဂိုလ်တို့အား အဘယ်မှာလျှင် အစွဲချုပ်ငြိမ်းပါမည်နည်း။ အစွဲ အမျိုးမျိုးတို့သာ ပေါက်ဖွားလျက် ဝိညာဏ်တရား လှည့်ပတ်ချင်သလို လှည့်ပတ်၍ ဒုက္ခသစ္စာနယ်ကြီး ကျယ်ပြန့်မည်မှာ အမှန်ဖြစ်သည်၊ ကျယ်ပြန့်ခြင်းဆိုသည်မှာလည်း ပထဝီဓာတ်ခေါ် ဒုက္ခသစ္စာကို ဝိညာဏ်တရားက အမျိုးမျိုး ဆွဲဆောင်နိုင်သောကြောင့် ကျယ့်ပြန့်ရခြင်း ဖြစ်ပေသည်။

ပညာနယ်ခေါ် အသင်္ခတဓာတ်ဆိုသည်မှာ ဝိညာဏ်အသိဖြင့် ဝေဘန်ထားသော မာမှု ပျော့မှု သဘောတရားတို့ကိုပင် အနတ္တဉာဏ်ဆိုက်အောင် လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ဖြင့် ပိုင်းခြား ဝေဘန်သည်ရှိသော် ယောဂီပုဂ္ဂိုလ်တို့၏ အသိဉာဏ်၌ ထင်မြင်ပေါ်လာအောင် ပညာသိ အနတ္တဓမ္မခေါ် မာမှု ပျော့မှု သဘောတရားသက်သက်ကို ဆိုလိုသည်။

ထို သဘောတရားမျိုးသည်ကား ဝိညာဏ်သိ လောကမှ လွတ်မြောက်၍ ထွက်ပေါ်လာသော ပရမတ်ဆတ်ဆတ် သဘောတရားဖြစ်သောကြောင့် အားထုတ်သော ယောဂီပုဂ္ဂိုလ်တို့သည်သာလျှင် လက်တွေ့သိနိုင်လေသည်၊ ဒေသနာနည်းအနေနှင့် ဝေဘန်လျှင် ပညာသိခေါ် ပထဝီကိုသာ တွေ့ရပေလိမ့်မည်။

ထို့ကြောင့် လုပ်ထုံးနည်းနှင့် လျော်ညီအောင် ၂ မျိုး ခွဲခြားမှတ်ရမည်၊ (၁) ဝိညာဏ်သိပထဝီ၊ (၂) ပညာသိပထဝီ၊ ဤသို့အားဖြင့်လည်း ၂ မျိုး ခွဲခြားနိုင်လေသည်။

ဝိညာဏ်သိ ပထဝီ ဆိုသည်မှာ ကာယဝိညာဏ်၊ မနောဝိညာဏ် ၂ ပါးတို့က ထောက်ခံကြသဖြင့် မာ၏ ပျော့၏ဟု သိကြသော ပထဝီမျိုးကို ဆိုလိုသည်။

ထိုပထဝီမျိုးကား သညာစွဲ ဝိညာဏ်စွဲ ၂ ပါးမှ မလွတ်မြောက်သောကြောင့် အတ္တဒိဋ္ဌိခေါ် အစွဲ ပထဝီ ဖြစ်ချေ၏၊ ထိုအစွဲပထဝီကို သိရုံနှင့် ဝိပဿနာလုပ်ငန်းစဉ် ဆိုက်ပြီဟု ယူဆနေလျှင် တရားအရသာကို တွေ့နိုင်မည်မဟုတ်ပေ၊ တရားအရသာဆိုသည်မှာလည်း ထိုအစွဲ ပထဝီကို လွန်မြောက်၍ ပညာပထဝီစခန်းသို့ ဆိုက်ရောက်အောင် ဉာဏ်ကုန် နှိုက်နိုင်မှသာလျှင် တရားစစ် တရားမှန်ကို တွေ့မည်ဖြစ်ပေသည်။

ပညာသိ ပထဝီဆိုသည်မှာ ဝိညာဏ်နယ်လောကကြီးတွင် ပေါ်ထွက်နေကြသော မာမှု ပျော့မှု ပူပှု အေးမှု စသော သဘောတရားကြီးတို့ကို လက်တွေ့ဉာဏ်တွေ့ သဘောတွေ့ခေါ် ဌာန် ၄ ပါးနှင့် ပိုင်းခြား ဝေဘန် ခွဲစိတ်သဖြင့် ယောဂီပုဂ္ဂိုလ်တို့၏ အသိဉာဏ်၌ ပေါ်ထွက်လာသော ပညာသိ အနတ္တဓမ္မခေါ် သဘောတရား သက်သက်ကို ပညာသိ ပထဝီဟု ခေါ်သည်၊ ထိုပထဝီမျိုးကား အလိုလို ပေါ်ထွက်လာသည် မဟုတ်ပေ၊ ဝိညာဏ်သိ ပထဝီမှ အသီးထုတ်၍ ရအပ်သော ပထဝီမျိုး ဖြစ်ချေသည်၊ ထိုပထဝီမျိုးမှသာလျှင် အတ္တဒိဋ္ဌိ ကွာ၍ အနတ္တဉာဏ် ဆိုက်နိုင်ပေမည်။

ထို့ကြောင့် ဝိပဿနာတရားပြ ပုဂ္ဂိုလ်ကြီးများက ဝိပဿနာယောဂီပုဂ္ဂိုလ်တို့အား “သဘာဝကို မိအောင်ကြံ - သဘာဝကို ပြာချ” ဟူ၍ မိန့်တော်မူလေသည်။

“သဘာဝကိုပြာချ” ဆိုသည်မှာ ထိုလက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် ခေါ် ဌာန်လေးပါးတို့ဖြင့် ပိုင်းခြားဝေဘန်၍ ယောဂီပုဂ္ဂိုလ်တို့၏ အသိဉာဏ်၌ ပေါ်ထွက်လာသော အနတ္တဓာတ် ဆတ်ဆတ်သော သဘောတရားကိုပင် အနိစ္စ ဒုက္ခ အနတ္တ အသုဘစသည်ဖြင့် ဆင်ခြင် ပွားများခြင်းကို ပြာချသည်ဟုဆိုလိုခြင်းဖြစ်သည်၊ ဤ၌လည်း အနိစ္စအစစ် ဒုက္ခအစစ် အနတ္တအစစ်သို့တိုင် ရောက်မှသာလျှင် ပြာကျနိုင်လေသည်၊ ပြာကျမှသာလျှင် သုညတဓာတ်ဆိုက်ရောက်၍ မဂ်ဉာဏ်ကို တွေ့ရမည်ဖြစ်ပေသည်။

မန္တလေးမြို့ ဓမ္မစကြာပဋိပတ်သာသနာပြုအဖွဲ့ချုပ်မှဖြန့်ဝေသော ပထဝီဓာတ်နှင့်ဉာဏ်(၉)လွှာ ဝိပဿနာလုပ်ထုုံးကျမ်းမှ ထုတ်နှုတ်ဖော်ပြပါသည်။


ပထဝီဓာတ် နှင့် ဉာဏ် (၉) လွှာ (အပိုင်း ၅)

နာမရူပပရိစ္ဆေဒဉာဏ်ဖြင့် ရုပ်နာမ်တရားတို့ကို လက်တွေ့ သိမ်းဆည်းနိုင်သော ယောဂီပုဂ္ဂိုလ်တို့၏ နှလုံးအိမ်၌ ပရမတ်ရုပ်စစ်နာမ်စစ် သဘောတရားအစစ်အမှန်တို့ ထွက်ပေါ်ကွန့်မြူးနေပုံမှာ ရုပ်တရား နာမ်တရား ၂ ပါးတို့ကို ဌာန် ၄ ချက်နှင့် အကြိမ်ကြိမ် ဝေဘန်သိမ်းဆည်း ဆင်ခြင်သည်ရှိသော် ယောဂီပုဂ္ဂိုလ်တို့၏ နှလုံးအိမ်၌ ပညတ်စွဲ ရုပ်နာမ်နှင့် ပရမတ်သဘော ရုပ်နာမ် ၂ ပါးတို့ ကွဲပြား ခြားနားလျက် အသိဉာဏ် အပိုင်ရနိုင်လေသည်။

ရနိုင်ပုံမှာ မသိလျှင်ရုပ် - သိလျှင်နာမ် ဟူသော ရုပ်သဘော နာမ်သဘောတို့သည်၎င်း၊ မာမှု ပျော့မှု ပူမှု အေးမှု စသော ရုပ်သဘောတို့သည်၎င်း၊ အာရုံအမျိုးမျိုးသို့ သိခြင်းသဘောတရားတို့သည်၎င်း ပညတ်စွဲ ရုပ်နာမ်မည်ပါသည်။

ပညတ်စွဲ ရုပ်နာမ်နှင့် ပရမတ်သဘော ရုပ်နာမ်နေပုံတို့ကို ၄ မျိုး ခွဲခြားရမည်ဖြစ်သည်။

(၁) လက္ခဏ - ရုပ်နာမ်၊

(၂) ရသ - ရုပ်နာမ်၊

(၃) ပစ္စုပဋ္ဌာန် - ရုပ်နာမ်၊

(၄) ပဒဋ္ဌာန် - ရုပ်နာမ် ဟူ၍ ၄ မျိုး ခွဲခြားနိုင်စေရပေမည်။

လက္ခဏ ရုပ်နာမ် ဆိုသည်မှာ သညာစွဲ ရုပ်နာမ်ကို ဆိုလိုသည်၊ သညာစွဲ ရုပ်နာမ်၏ သဘောကို ဝေဖန်လျှင် ယခုအခါ အများသူငါကစ ဟောပြောယူဆနေကြသော မသိလျှင်ရုပ် - သိလျှင်နာမ် ဟူသော ပညတ်စွဲ ရုပ်သဘော နာမ်သဘောတို့နှင့် ပူမှု အေးမှု မာမှု ပျော့မှု ဟူသော လက္ခဏစွဲ ရုပ်သဘော နာမ်သဘောတို့သည် သညာရှေ့သွားဖြစ်၍ စွဲယူသော ရုပ်နာမ်တို့ ဖြစ်သောကြောင့် ပညတ် ရုပ်နာမ်တို့မည်ပါသည်။

ရသရုပ်နာမ်ဆိုသည်မှာ ဝိညာဏ်စွဲ ရုပ်နာမ်ကိုဆိုလိုပါသည်။ ဝိညာဏ်စွဲအရ ဝေဖန်ပြန်လျှင် (၁) ပဉ္စဝိညာဏ် ခေါ် စက္ခုဝိညာဏ်၊ သောတဝိညာဏ်၊ ဃာနဝိညာဏ်၊ ဇိဝှါဝိညာဏ်၊ ကာယဝိညာဏ် ၅ ပါးတို့၏ စွဲယူခြင်း၊ (၂) မနောဝိညာဏ်၏ စွဲယူခြင်းအားဖြင့် ၂ ပါးရှိရာ ရသ ရုပ်နာမ်အရ ပဉ္စဝိညာဏ်တို့၏ စွဲယူသော ရုပ်သဘော နာမ်သဘောကို ကောက်ယူရပေမည်။

ထို ရသ ရုပ်နာမ်သည်လည်း ပရမတ်ဆတ်ဆတ် ရုပ်နာမ်မဟုတ်သေးပေ၊ ပညတ်စွဲ ရုပ်နာမ်ပင်ဖြစ်သေး၏၊ သို့ရာတွင် သညာစွဲခေါ် လက္ခဏ ရုပ်နာမ်လောက်ကား မကြမ်းတမ်းလှပေ၊ သိမ်မွေ့သော ပညတ်ရုပ်နာမ်တို့ပင်ဖြစ်ပေသည်။

ထင်ရှားစွာ စွဲချက်တင်လိုလျှင် ပညတ်ရုပ်သဘောကို သညာစွဲလက္ခဏဟူ၍ ဝေဖန်နိုင်ပြီး၊ ပညတ်နာမ်သဘောကို ဝိညာဏ်စွဲ ရသဟူ၍ ဝေဖန်နိုင်ပေမည်။ လက္ခဏ ရသ ၂ ပါးကို ကြောင်းကျိုး ဝေဖန်ရာ၌ လက္ခဏကား ပညတ်ရုပ် သဘောဖြစ်၍ အကျိုးတရားအရာ၌သိမ်းဆည်းနိုင်ပြီး၊ ရသကား ပညတ်နာမ်သဘောဖြစ်၍ အကြောင်းတရားအရာ၌ သိမ်းဆည်းနိုင်လေသည်၊ လိုရင်းအချုပ်မှာ အဝိဇ္ဇာ နှင့် တဏှာသဘောတရား ၂ ပါးတို့ပင်ဖြစ်၏။

ပစ္စုပဋ္ဌာန်ဆိုသည်မှာ မနောဝိညာဏ်စွဲ ရုပ်နာမ်တို့ကို ဆိုလိုသည်။ မနောဝိညာဏ်စွဲအရ ဝေဖန်ပြန်လျှင် ဒိဋ္ဌိစွဲကြီးပင်ဖြစ်ပေသည်။ ထို ဒိဋ္ဌိစွဲခေါ် ပစ္စုပဋ္ဌာန် ရုပ်နာမ်ကိုမြင်မှသာလျှင် ပရမတ်ဆတ်ဆတ် ရုပ်နာမ်သဘောကို တွေ့နိုင်ပေမည်။

ဤ၌ ပရမတ်ဆတ်ဆတ်ဟု ဆိုသော်လည်း ပညတ်စွဲသဘောမှ လွတ်မြောက်သော ဆတ်ဆတ်မျိုးသာ ဖြစ်ပါသေးသည်။ မနောဝိညာဏ်စွဲမှ မလွတ်သေးသောကြောင့် တကယ့် ပရမတ်ဆတ်ဆတ်ဟု မခေါ်ဆိုနိုင်သေးပေ။ မနောဝိညာဏ်ခေါ် ဒိဋ္ဌိစွဲ ချုပ်ငြိမ်း၍ မဂ်ဝင် ဖိုလ်ဝင်နိုင်သော အနတ္တပရမတ်မျိုးမှ သာလျှင် တကယ့်ပရမတ်ဆတ်ဆတ်ဟူ၍ မှတ်ပါလေ။

ပစ္စုပဋ္ဌာန် ရုပ်နာမ်မှာကား ဝိပဿနာအစဖြစ်သော သမ္မသနဉာဏ်သို့ တင်၍ ဆင်ခြင် သုံးသပ်ခြင်းငှါ ထိုက်သော ပရမတ်ဆတ်ဆတ်မျိုးဖြစ်ချေသည်။

ပဒဋ္ဌာန် ရုပ်နာမ်ဆိုသည်မှာ နာမရူပပရိစ္ဆေဒဉာဏ်၌ လိုရင်းဖြစ်သော ပရမတ် ရုပ်သဘော နာမ်သဘောမှာကား မာသဘော ပူသဘောတို့သည် ပရမတ် ရုပ်နာမ်မဟုတ် ပညတ်သိရုပ်သဘောတို့သာ ဖြစ်သည်။ ထိုမာသဘော ပူသဘောကို ဖြစ်စေတတ်သော အမူအရာခေါ် ယောဂီပုဂ္ဂိုလ်တို့၏ ဉာဏ်အား ရှေ့ရှုထင်သည့် အခြင်းအရာမျှသာဖြစ်သော သဘောတရားကို ကောက်ယူနိုင်လေသည်။

ထိုအခြင်းအရာကို ထင်ရှားအောင် စွဲချက်တင်လိုလျှင် အကျိုးတရားအရာ၌ တင်နိုင်လေသည်၊ အကျိုးတရားသည်ကား ပရမတ်ရုပ်သဘောမည်၍ အကြောင်းတရားကာ ပရမတ်နာမ်သဘောမည်၏။

ထိုပရမတ်နာမ်သဘောကို ပဒဋ္ဌာန်ရုပ်နာမ်ဟုခေါ်လေသည်။ ပဒဋ္ဌာန် ရုပ်နာမ်၌ တဏှာနှင့် အဝိဇ္ဇာ ၂ ပါးတို့ အခြေခံအုဌ်မြစ်ဖြစ်လေသည်။ ထိုအခြေခံအုဌ်မြစ်ကို ဥဒယဗ္ဗယ ဝိပဿနာဉာဏ်၌ နှုတ်သိမ်းတော်မူပေ လိမ့်မည်။

ဆက်လက်ဖော်ပြပါမည်။

မန္တလေးမြို့ ဓမ္မစကြာပဋိပတ်သာသနာပြုအဖွဲ့ချုပ်မှဖြန့်ဝေသော ပထဝီဓာတ်နှင့်ဉာဏ်(၉)လွှာ ဝိပဿနာလုပ်ထုုံးကျမ်းမှ ထုတ်နှုတ်ဖော်ပြပါသည်။





Comments


Post
Facebook-Logo-Square-768x768.png
Facebook-Logo-Square-768x768.png
Facebook-Logo-Square-768x768.png
google logo_edited.png

©2021 by Dhamma Notes by Thein Naing Ohn. Proudly created with Wix.com

bottom of page