10 hours ago
10 hours ago
1 day ago
1 day ago
1 day ago
2 days ago
2 days ago
2 days ago
2 days ago
2 days ago
2 days ago
၁—နဠဝဂ်
သံယုတ္တနိကာယ်သည် ပိဋကတ်တိုက်အတွင်းရှိ သုတ္တန်ပိဋက၏ တတိယနိကာယ်ဖြစ်ပြီး တရားများကို အကြောင်းအရာအလိုက် ဆက်စပ်ဖွဲ့စည်းထားသည်။ “သံယုတ္တ” ဟူသည် ဆက်စပ်မှု သို့မဟုတ် တွဲဖက်မှုဟူ၍ အဓိပ္ပါယ်ရသည်။ ဤနိကာယ်သည် တရားတို့ကို အကြောင်းအမျိုးမျိုးဖြင့် အုပ်စုဖွဲ့ထားပြီး၊ နဠဝဂ်သည် သံယုတ္တနိကာယ်ရှိ ပထမဝဂ်ဖြစ်သည်။ ဤဝဂ်သည် သံသရာမှ လွတ်မြောက်ခြင်း၊ ကိလေသာကင်းစင်ခြင်းနှင့် နိဗ္ဗာန်သို့ ဦးတည်ရန် လိုအပ်သော တရားများကို အဓိကထား ဟောကြားထားသည်။
ဤဝဂ်တွင် သုတ် ၁၀ ခုပါဝင်ပြီး မြတ်စွာဘုရားနှင့် နတ်သားတစ်ဦး၏ တရားဆွေးနွေးမှုများကို ဖော်ပြထားသည်။ သုတ်များသည် သံသရာမှ ကူးမြောက်ရန်၊ ကိလေသာများကို ဖြတ်တောက်ရန်နှင့် ဉာဏ်ပညာဖြင့် နိုးကြားရန် လမ်းညွှန်ပေးသည်။ ဤသုတ်များသည် လူသားများအား သံသရာ၏ ဆင်းရဲဒုက္ခမှ လွတ်မြောက်ရန် လမ်းစဉ်ကို ပြသထားသည်။
သံယုတ္တနိကာယ်သည် ပိဋကတ်တိုက်အတွင်း သုတ္တန်ပိဋက၏ တတိယနိကာယ်အဖြစ် တည်ရှိသည်။ ၎င်းသည် ဒီဃနိကာယ်၊ မဇ္ဈိမနိကာယ်တို့နောက်တွင် ရှိပြီး အင်္ဂုတ္တရနိကာယ်နှင့် ခုဒ္ဒကနိကာယ်တို့ မတိုင်မီ တည်ရှိသည်။ နဠဝဂ်သည် သံယုတ္တနိကာယ်ရှိ ပထမဝဂ်ဖြစ်ပြီး၊ ဤဝဂ်တွင် သုတ် ၁၀ ခုပါဝင်သည်။ သုတ်အားလုံးသည် သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်တွင် မြတ်စွာဘုရား နှင့် နတ်သားတစ်ဦး၏ ဆွေးနွေးမှုများအဖြစ် ဖြစ်ပေါ်ခဲ့သည်။
နဠဝဂ်တွင် သုတ် ၁၀ ခုပါဝင်ပြီး၊ တစ်ခုချင်းစီသည် မြတ်စွာဘုရားနှင့် နတ်သားတစ်ဦး၏ ဆွေးနွေးမှုပုံစံဖြင့် ဖွဲ့စည်းထားသည်။ သုတ်များသည် အောက်ပါတည်ဆောက်ပုံဖြင့် ဖွဲ့စည်းထားသည်။
၁။ သာဝတ္ထိနိဒါန်း: သုတ်တိုင်းသည် သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်တွင် ဖြစ်ပေါ်ကြောင်း ဖော်ပြထားသည်။
၂။ နတ်သား၏ ချဉ်းကပ်မှု: နတ်သားတစ်ဦးသည် ညဉ့်ဦးယံတွင် မြတ်စွာဘုရားထံ ချဉ်းကပ်လာပြီး ရှိခိုးကာ တရားမေးမြန်းသည်။
၃။ ဂါထာဖြင့် မေးမြန်းမှုနှင့် ဖြေကြားမှု: နတ်သားက ဂါထာဖြင့် မေးမြန်းပြီး၊ မြတ်စွာဘုရားက ဂါထာဖြင့်ပင် ဖြေကြားသည်။
၄။ တရားအနှစ်သာရ: သုတ်တစ်ခုချင်းစီသည် သံသရာမှ လွတ်မြောက်ရန်၊ ကိလေသာကင်းစင်ရန်နှင့် ဉာဏ်ပညာဖြင့် နိုးကြားရန် လမ်းညွှန်ပေးသည်။
သုတ်များသည် တိုတောင်းပြီး ဂါထာပုံစံဖြင့် ရေးသားထားသောကြောင့် မှတ်သားရလွယ်ကူပြီး တရားအနှစ်သာရများကို ထိရောက်စွာ ဖော်ပြထားသည်။
နဠဝဂ်တွင် အောက်ပါ သုတ် ၁၀ ခုပါဝင်ပြီး၊ တစ်ခုချင်းစီသည် သံသရာမှ လွတ်မြောက်ရန်နှင့် နိဗ္ဗာန်သို့ ဦးတည်ရန် အဓိကအကြောင်းအရာများကို ဖော်ပြထားသည်။
၁—သြဃတရဏသုတ် (သံသရာရေအလျဉ်ကို ကူးမြောက်ပုံ)
၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်းတော်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ နတ်သားတစ်ယောက်သည် ညဉ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည် ဖြစ်၍ ဇေတဝန်တစ်ကျောင်းလုံးကို (ကိုယ်ရောင်ကိုယ်ဝါဖြင့်) ထွန်းလင်းစေလျက် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ရပ်တည်ကာ မြတ်စွာဘုရားအား “အသျှင်— အသျှင်ဘုရားသည် အဘယ်သို့သော အကြောင်းအားဖြင့် သံသရာအယဉ် ‘သြဃ’ကို ကူးမြောက်တော်မူခဲ့ပါသနည်း”ဟု လျှောက်၏၊ ဒါယကာနတ်သား ငါသည် ရပ်တည်မနေဘဲ အားမထုတ်ဘဲ သံသရာအယဉ် ‘သြဃ’ကို ကူးမြောက်ခဲ့၏ဟု (မိန့်တော်မူ၏)။ “အသျှင်— အသျှင်ဘုရားသည် အဘယ်သို့လျှင် ရပ်တည်မနေဘဲ အားမထုတ်ဘဲ သံသရာအယဉ် ‘သြဃ’ကို ကူးမြောက်တော်မူခဲ့ပါသနည်း”ဟု (လျှောက်၏)၊ ဒါယကာနတ်သား ငါသည် အကြင်အခါ၌ ရပ်တည်နေ၏၊ ထိုအခါ နစ်မြုပ်ရ၏၊ အကြင်အခါ၌ အားထုတ်၏၊ ထိုအခါ မျောပါး ရ၏၊ ဒါယကာနတ်သား ဤသို့လျှင် ငါသည် ရပ်တည်မနေဘဲ အားမထုတ်ဘဲ သံသရာအယဉ် ‘သြဃ’ကို ကူးမြောက်ခဲ့၏ဟု (ဟောတော်မူ၏)။
“သတ္တလောက၌ ရပ်တည် မနေဘဲ အားမထုတ်ဘဲ တဏှာကို ကူးမြောက်တော်မူပြီးသော မကောင်းမှုမှ အပပြုပြီးသော (ကိလေသာ) ငြိမ်းအေးတော်မူပြီးသော မြတ်စွာဘုရားကို ကြာမြင့်မှပင် ဖူးမြင်ရလေစွတကား”။
ထိုနတ်သားသည် ဤစကားကို လျှောက်ထား၏၊ မြတ်စွာဘုရားသည် နှစ်သက် (လက်ခံ) တော်မူ၏၊ ထိုအခါ ထိုနတ်သားသည် “ငါ့အား မြတ်စွာဘုရားသည် နှစ်သက် (လက်ခံ) တော်မူ၏”ဟု သိ၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရိုအသေပြုကာ ထိုအရပ်၌ပင် ကွယ်ပျောက်လေ၏။
၂—နိမောက္ခသုတ် (ကိလေသာမှ လွတ်မြောက်ပုံ)
၂။ သာဝတ္ထိနိဒါန်း။ ထိုအခါ နတ်သားတစ်ယောက်သည် ညဉ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ ဇေတဝန်တစ်ကျောင်းလုံးကို (ကိုယ်ရောင်ကိုယ်ဝါဖြင့်) ထွန်းလင်းစေလျက် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ရပ်တည်ကာ မြတ်စွာဘုရားအား “အသျှင် အသျှင်ဘုရားသည် သတ္တဝါတို့၏ (ကိလေသာမှ) အကြွင်းမဲ့လွတ်မြောက်ခြင်း လုံးဝလွတ်မြောက်ခြင်း ကင်းဆိတ်ခြင်းကို သိပါ၏လော”ဟု ဤစကားကို လျှောက်၏၊ ဒါယကာနတ်သား ငါသည် သတ္တဝါတို့၏ (ကိလေသာမှ) အကြွင်းမဲ့လွတ်မြောက်ခြင်း လုံးဝလွတ်မြောက်ခြင်း ကင်းဆိတ်ခြင်းကို သိသည်သာတည်းဟု (မိန့်တော်မူ၏)၊ “အသျှင် အသျှင်ဘုရားသည် အဘယ်အကြောင်းကြောင့်လျှင် သတ္တဝါတို့၏ (ကိလေသာမှ) အကြွင်းမဲ့လွတ်မြောက်ခြင်း လုံးဝလွတ်မြောက်ခြင်း ကင်းဆိတ်ခြင်းကို သိပါသနည်း”ဟု လျှောက်၏။
နှစ်သက်မှု (တဏှာ) လျှင် အရင်းရှိသည့် ကမ္မဘဝ ကုန်ခြင်းကြောင့် , မှတ်သားမှု ‘သညာ’ အထူးသိမှု ‘ဝိညာဏ်’တို့၏ ကုန်ခြင်းကြောင့် , ခံစားမှု ‘ဝေဒနာ’တို့၏ ချုပ်ခြင်း ငြိမ်းခြင်းကြောင့် သိ၏၊ ဒါယကာနတ်သား ဤသို့လျှင် ငါသည် သတ္တဝါတို့၏ (ကိလေသာမှ) အကြွင်းမဲ့လွတ်မြောက်ခြင်း လုံးဝလွတ်မြောက်ခြင်း ကင်းဆိတ်ခြင်းကို သိ၏ဟု (မိန့်တော်မူ၏)။
၃—ဥပနီယသုတ် (သေခြင်းသို့ ဆွဲဆောင်ခြင်းခံရပုံ)
၃။ သာဝတ္ထိနိဒါန်း။ ထိုနတ်သားသည် တစ်ခုသော နေရာ၌ ရပ်တည်ကာ မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏—
“(အိုခြင်းတရားသည်) အသက်ကို (သေခြင်း၏) အနီးသို့ ဆောင်အပ်၏၊ (သတ္တဝါတို့၏) အသက်သည် အနည်းငယ် တိုတောင်းလှ၏၊ အိုခြင်းတရားသည် (သေခြင်း၏) အနီးသို့ ဆောင်အပ်သော သူအား ကိုးကွယ်ရာတို့သည် မရှိကုန်၊ (ပညာရှိသည်) သေခြင်းတရားတို့၌ ထိုကြောက်ဖွယ် ဘေးသုံးမျိုးကို ရှုသည် ဖြစ်၍ ချမ်းသာကို ဆောင်တတ်သော ကောင်းမှုတို့ကို ပြုရာ၏”ဟု (လျှောက်၏)။
(အိုခြင်းတရားသည်) အသက်ကို (သေခြင်း၏) အနီးသို့ ဆောင်အပ်၏၊ (သတ္တဝါတို့၏) အသက်သည် အနည်းငယ် တိုတောင်းလှ၏၊ အိုခြင်းတရားသည် (သေခြင်း၏) အနီးသို့ ဆောင်အပ်သော သူအား ကိုးကွယ်ရာတို့သည် မရှိကုန်၊ ငြိမ်းချမ်းရာ (နိဗ္ဗာန်) ကို အလိုရှိသူသည် သေခြင်း၌ ထိုကြောက်ဖွယ် ဘေးသုံးမျိုးကို ရှုသည် ဖြစ်၍ လောကာမိသ (တေဘူမကဝဋ်) ကို စွန့်ရာ၏ဟု (ဟောတော်မူ၏)။
၄—အစ္စေန္တိသုတ် (အချိန်က လူကို လွန်သွားတတ်ပုံ)
၄။ သာဝတ္ထိနိဒါန်း။ ထိုနတ်သားသည် တစ်ခုသော နေရာ၌ ရပ်တည်ကာ မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏—
“အချိန်အခါတို့သည် (ပုဂ္ဂိုလ်ကို) လွန်ကုန်၏၊ ညဉ့်တို့သည် (ပုဂ္ဂိုလ်ကို) လွန်ကုန်၏၊ (ပဌမ မဇ္ဈိမ ပစ္ဆိမ) အရွယ်အစုတို့သည် (ပုဂ္ဂိုလ်ကို) အစဉ်အတိုင်း စွန့်ကုန်၏၊ (ပညာရှိသည်) သေခြင်း၌ ထိုကြောက်ဖွယ် ဘေးသုံးမျိုးကို ရှုသည်ဖြစ်၍ ချမ်းသာကို ဆောင်တတ်သော ကောင်းမှုတို့ကို ပြုရာ၏”ဟု (လျှောက်၏)။
အချိန်အခါတို့သည် (ပုဂ္ဂိုလ်ကို) လွန်ကုန်၏၊ ညဉ့်တို့သည် (ပုဂ္ဂိုလ်ကို) လွန် ကုန်၏၊ (ပဌမ မဇ္ဈိမ ပစ္ဆိမ) အရွယ်အစုတို့သည် (ပုဂ္ဂိုလ်ကို) အစဉ်အတိုင်း စွန့်ကုန်၏၊ ငြိမ်းချမ်းရာ (နိဗ္ဗာန်) ကို အလိုရှိသူသည် သေခြင်း၌ ထိုကြောက်ဖွယ် ဘေး သုံးမျိုးကို ရှုသည်ဖြစ်၍ လောကာမိသ (တေဘူမကဝဋ်) ကို စွန့်ရာ၏ဟု (ဟောတော်မူ၏)။
၅—ကတိဆိန္ဒသုတ် (ဖြတ်တောက်ရမည့် တရားများ)
၅။ သာဝတ္ထိနိဒါန်း။ ထိုနတ်သားသည် တစ်ခုသော နေရာ၌ ရပ်တည်ကာ မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏—
“အဘယ်မျှသော တရားတို့ကို ဖြတ်ရာပါသနည်း၊ အဘယ်မျှသော တရားတို့ကို စွန့်ရာပါသနည်း၊ အဘယ်မျှသော တရားတို့ကို ထို့ထက်အလွန် ပွါးများရာပါသ နည်း၊ အဘယ်မျှသော ငြိကပ်မှုကို လွန်မြောက်နိုင်သည့် ရဟန်းကို ‘သံသရာအယဉ် မှ ကူးမြောက်သော ရဟန်း’ဟူ၍ ဆိုအပ်ပါသနည်း”ဟု (လျှောက်၏)။
အောက်ပိုင်းသံယောဇဉ်ငါးမျိုးတို့ကို ဖြတ်ရာ၏၊ အထက်ပိုင်းသံယောဇဉ်ငါးမျိုးတို့ကို စွန့်ရာ၏၊ (သဒ္ဓါစသော ဣန္ဒြေ) ငါးမျိုးတို့ကို ထို့ထက်အလွန် ပွားများရာ၏၊ (လောဘ ဒေါသ မောဟ မာန ဒိဋ္ဌိဟူကုန်သော) ကပ်ငြိမှုငါးမျိုးတို့ကို လွန်မြောက်နိုင်သည့် ရဟန်းကို “သံသရာအယဉ်မှ ကူးမြောက်သော ရဟန်း”ဟူ၍ ဆိုအပ်၏ဟု (ဟောတော်မူ၏)။
၆—ဇာဂရသုတ် (နိုးကြားသောတရားများ)
၆။ သာဝတ္ထိနိဒါန်း။ ထိုနတ်သားသည် တစ်ခုသော နေရာ၌ ရပ်တည်ကာ မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏—
“နိုးကြားသည့် တရားတို့၌ အဘယ်မျှသော တရားတို့သည် အိပ်ပျော်သည်တို့ မည်ပါကုန်သနည်း၊ အိပ်ပျော်သည့် တရားတို့၌ အဘယ်မျှသော တရားတို့သည် နိုးကြားသည်တို့ မည်ပါကုန်သနည်း၊ အဘယ်မျှသော တရားတို့ဖြင့် (ကိလေသာ) မြူကို ဆွဲယူ သုံးသပ်ပါသနည်း၊ အဘယ်မျှသော တရားတို့ဖြင့် စင်ကြယ်နိုင်ပါသ နည်း”ဟု (လျှောက်၏)။
နိုးကြားသည့် တရားတို့၌ နီဝရဏငါးမျိုးတို့သည် အိပ်ပျော်သည်တို့ မည်ကုန်၏၊ အိပ်ပျော်သည့် တရားတို့၌ (ဣန္ဒြေ) ငါးမျိုးတို့သည် နိုးကြားသည်တို့ မည်ကုန်၏၊ နီဝရဏငါးမျိုးတို့ဖြင့် (ကိလေသာ) မြူကို ဆွဲယူသုံးသပ်၏၊ (ဣန္ဒြေ) ငါးမျိုးတို့ဖြင့် စင်ကြယ်နိုင်၏ဟု (ဟောတော်မူ၏)။
၇—အပ္ပဋိဝိဒိတသုတ် (တရားကို မသိသူများ)
၇။ သာဝတ္ထိနိဒါန်း။ ထိုနတ်သားသည် တစ်ခုသော နေရာ၌ ရပ်တည်ကာ မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏—
“အကြင်သူတို့သည် (သစ္စာလေးပါး) တရားတို့ကို (ဉာဏ်ဖြင့်) ထိုးထွင်း၍ မသိနိုင်ကုန်၊ မိစ္ဆာအယူတို့သို့လည်း ကပ်ရောက်ကုန်၏၊ ထိုသူတို့သည် အိပ်ပျော်သည်တို့ မည်ကုန်၏၊ မနိုးကြားကုန်။ ထိုသူတို့အား နိုးကြားရန် အခါတန်ပါပြီ”ဟု (လျှောက်၏)။
အကြင်သူတို့သည် (သစ္စာလေးပါး) တရားတို့ကို ကောင်းစွာ ထိုးထွင်း၍ သိနိုင်ကြကုန်၏၊ မိစ္ဆာအယူတို့သို့လည်း မကပ်ရောက်ကုန်၊ ထိုသူတို့သည် ကောင်းစွာ နိုးကြားကုန်လျက် သင့်သောအကြောင်းအားဖြင့် သိကြ၍ မညီမညွတ်သော လောက၌ အညီအညွတ် ကျင့်ကုန်၏ဟု (ဟောတော်မူ၏)။
၈—သုသမ္မုဋ္ဌသုတ် (လွန်စွာ မေ့ပျောက်နေသူများ)
၈။ သာဝတ္ထိနိဒါန်း။ ထိုနတ်သားသည် တစ်ခုသော နေရာ၌ ရပ်တည်ကာ မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏—
“အကြင်သူတို့အား (သစ္စာလေးပါး) တရားတို့သည် ပျောက်ပျက်ကုန်၏၊ မိစ္ဆာ အယူတို့သို့လည်း ကပ်ရောက်ကုန်၏၊ ထိုသူတို့သည် အိပ်ပျော်သည်တို့ မည်ကုန်၏၊ မနိုးကြားကုန်။ ထိုသူတို့အား နိုးကြားရန် အခါတန်ပါပြီ”ဟု (လျှောက်၏)။
အကြင်သူတို့အား (သစ္စာလေးပါး) တရားတို့သည် မပျောက်ပျက်ကုန်၊ မိစ္ဆာအယူတို့သို့လည်း မကပ်ရောက်ကုန်၊ ထိုသူတို့သည် ကောင်းစွာ နိုးကြားကုန်လျက် သင့်သော အကြောင်းအားဖြင့် သိကြ၍ မညီမညွတ်သော လောက၌ အညီအညွတ် ကျင့်ကုန်၏ဟု (ဟောတော်မူ၏)။
၉—မာနကာမသုတ်(ထောင်လွှားမှုကို လိုလားသူ)
၉။ သာဝတ္ထိနိဒါန်း။ ထိုနတ်သားသည် တစ်ခုသော နေရာ၌ ရပ်တည်ကာ မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏—
“ဤလောက၌ ထောင်လွှားမှု ‘မာန’ကို လိုလားသူအား တည်ကြည်မှုနှင့် စပ်သော ဆုံးမကြောင်းတရားသည် မရှိနိုင်၊ တည်ကြည်မှု မရှိသူအား (သစ္စာလေးပါးကို) သိ သော မဂ်ဉာဏ်သည် မရှိနိုင်၊ တော၌ တစ်ယောက်တည်း နေလျက် မေ့လျော့သော သူသည် သေခြင်း၏ တည်ရာ (တေဘူမကဝဋ်)၏ တစ်ဖက်ကမ်း (နိဗ္ဗာန်) သို့ မကူးမြောက်နိုင်ရာ” ဟု (လျှောက်၏) ။
ထောင်လွှားမှု ‘မာန’ကို ပယ်၍ ကောင်းစွာ တည်ကြည်သော စိတ်ရှိသော ကောင်း သော စိတ်ရှိသော မမေ့မလျော့သော ထိုသူသည် အလုံးစုံသော ခန္ဓာစသည်တို့၌ (တပ်မက်မှုမှ) ကင်းလွတ်သည်ဖြစ်၍ တော၌ တစ်ယောက်တည်း နေလျက် သေခြင်း၏ တည်ရာ (တေဘူမကဝဋ်)၏ တစ်ဖက်ကမ်း (နိဗ္ဗာန်) သို့ ကူးမြောက်နိုင်ရာ၏ဟု (ဟောတော်မူ၏)။
၁ဝ—အရညသုတ် (တော၌နေလျက် အရေအဆင်း ကြည်လင်ခြင်းအကြောင်း)
၁ဝ။ သာဝတ္ထိနိဒါန်း။ ထိုနတ်သားသည် တစ်ခုသော နေရာ၌ ရပ်တည်ကာ မြတ်စွာဘုရားကို ဂါထာဖြင့် လျှောက်၏—
“တော၌နေကုန်သော (ကိလေသာ) ငြိမ်းအေး၍ အကျင့်မြတ်ကို ကျင့်ကုန်သော အသျှင်တို့အား ဆွမ်းတစ်ထပ်သာ သုံးဆောင်ကြပါကုန်လျက် အဘယ်အကြောင်းကြောင့် ကိုယ်အရေအဆင်းသည် ကြည်လင်ပါသနည်း”ဟု (လျှောက်၏)။
(အကြင်အသျှင်တို့သည်) လွန်ပြီး (လာဘ်) ကို မစိုးရိမ်ကုန်၊ မရောက် သေးသော (လာဘ်) ကို မတောင့်တကုန်၊ ဖြစ်ဆဲ (လာဘ်)တို့ဖြင့်သာ မျှတကုန်၏၊ ထိုအကြောင်းကြောင့် (ထိုအသျှင်တို့အား) ကိုယ်အရေ အဆင်းသည် ကြည်လင်၏။
မရောက်သေးသော (လာဘ်) ကို တောင့်တခြင်းကြောင့်လည်းကောင်း၊ လွန်ပြီး (လာဘ်) ကို စိုးရိမ်ခြင်းကြောင့်လည်းကောင်း ထိုအကြောင်းနှစ်မျိုးကြောင့် သူမိုက်တို့ သည် ‘ရိတ်ဖြတ်အပ်ပြီးသော စိမ်းစိုသော ကျူပင်ကဲ့သို့’ ခြောက်ကပ်ကုန်၏ဟု (ဟောတော်မူ၏)။
ရှေးဦးစွာသော နဠဝဂ် ပြီး၏။
နဠဝဂ်၏ အနှစ်သာရသည် သံသရာမှ လွတ်မြောက်ရန်နှင့် နိဗ္ဗာန်သို့ ဦးတည်ရန် လိုအပ်သော တရားများကို သင်ကြားပေးရန် ဖြစ်သည်။ ဤဝဂ်သည် အောက်ပါ အဓိကအနှစ်သာရများကို ဖော်ပြသည်။
- သံသရာမှ လွတ်မြောက်ရေး: သံသရာအယဉ်ကို ကူးမြောက်ရန် တဏှာ၊ ကိလေသာ၊ သံယောဇဉ်များကို ဖြတ်တောက်ရန် လိုအပ်သည်။
- ဉာဏ်ပညာဖြင့် နိုးကြားမှု: သစ္စာလေးပါးကို သိမြင်ခြင်းဖြင့် မိစ္ဆာအယူမှ ကင်းဝေးပြီး နိုးကြားရန် လိုအပ်သည်။
- စိတ်ထိန်းချုပ်မှု: မာန၊ တဏှာ၊ နီဝရဏများကို ပယ်စွန့်ပြီး ဣန္ဒြေငါးပါးကို ပွားများခြင်းဖြင့် စိတ်ကို စင်ကြယ်စေနိုင်သည်။
- အချိန်၏ တန်ဖိုး: အချိန်နှင့် အရွယ်များသည် လွန်သွားတတ်သောကြောင့် သေခြင်း၏ ဘေးသုံးမျိုးကို ရှုမြင်၍ ကောင်းမှုပြုရန် လိုအပ်သည်။
- မျှတသောဘဝ: လာဘ်ကို မတောင့်တဘဲ မျှတစွာ နေထိုင်ခြင်းဖြင့် စိတ်၏ ကြည်လင်မှုကို ရရှိသည်။
နိဂုံး
နဠဝဂ်သည် သံသရာမှ လွတ်မြောက်ရန်နှင့် နိဗ္ဗာန်သို့ ဦးတည်ရန် လမ်းညွှန်ပေးသော တရားများကို ဖော်ပြထားသည်။ ဤဝဂ်သည် တဏှာ၊ မာန၊ ကိလေသာများကို ပယ်စွန့်ရန်၊ သစ္စာလေးပါးကို သိမြင်ရန်နှင့် ဣန္ဒြေငါးပါးကို ပွားများရန် လမ်းညွှန်ပေးသည်။ ဤသုတ်များသည် လူသားများအား သံသရာ၏ ဆင်းရဲဒုက္ခမှ လွတ်မြောက်ရန် လက်တွေ့ကျသော လမ်းစဉ်ကို ပြသထားသည်။
ဤသုတ်များသည် ဗုဒ္ဓဘာသာ၏ အဓိကသင်ကြားချက်များဖြစ်သည့် သစ္စာလေးပါး၊ သံယောဇဉ်ဖြတ်တောက်မှု၊ ဣန္ဒြေပွားများမှုနှင့် နိဗ္ဗာန်သို့ ဦးတည်မှုကို အလေးပေးထားသည်။ လူသားများအား အချိန်မဖြုန်းဘဲ ကောင်းမှုပြုရန်နှင့် ဉာဏ်ပညာဖြင့် နိုးကြားရန် တိုက်တွန်းထားသည်။
Ashin Sundara(3.8.2025)
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
သံယုတ္တနိကာယ်—၁၊ ၁။ ဒေဝတာသံယုတ်
၂—နန္ဒနဝဂ်ကိုလေ့လာခြင်း
နန္ဒနဝဂ်သည် သံယုတ္တနိကာယ်၏ ဒုတိယဝဂ်ဖြစ်ပြီး၊ နတ်သားများ၊ ရဟန်းများနှင့် မြတ်စွာဘုရားတို့၏ တရားပြိုင်ဆိုင်မှုများကို ဂါထာပုံစံဖြင့် ဖွင့်ဆိုထားသည်။ ဤဝဂ်သည် ကာမဂုဏ်များ၏ သဘောသဘာဝ၊ အနိစ္စတရား၊ နိဗ္ဗာန်၏ ချမ်းသာမှုနှင့် အရိယာမဂ်၏ အရေးပါမှုကို အဓိကထားဖွင့်ဆိုထားသည်။
ဤဝဂ်၏ အဓိပ္ပါယ်သည် လောကီစည်းစိမ်များ၏ ယာယီသဘောကို နားလည်ရန်နှင့် နိဗ္ဗာန်သို့ ဦးတည်သော အရိယာမဂ်၏ တန်ဖိုးကို သိရှိရန် လမ်းညွှန်ပေးရာ၌ တည်ရှိသည်။ နတ်သားများ၏ လောကီချမ်းသာကို မြတ်နိုးမှုနှင့် မြတ်စွာဘုရား၏ လောကုတ္တရာ တရားကို ဟောကြားမှုများကို နှိုင်းယှဉ်ဖွင့်ဆိုထားသည်။
နန္ဒနဝဂ်ရှိ သုတ်များသည် အဓိကအားဖြင့် သာဝတ္ထိပြည်နှင့် ရာဇဂြိုဟ်ပြည်တွင် တည်ရှိသည်။ သာဝတ္ထိပြည်ရှိ ဇေတဝန်ကျောင်း (အနာထပိဏ်သူဌေး၏ အရံ) နှင့် ရာဇဂြိုဟ်ပြည်ရှိ တပေါဒါရုံကျောင်းတို့သည် ဤသုတ်များ ဟောကြားရာ အဓိက နေရာများဖြစ်သည်။
- ဇေတဝန်ကျောင်း၊ သာဝတ္ထိပြည်: နန္ဒနသုတ်၊ နန္ဒတိသုတ်၊ နတ္ထိပုတ္တသမသုတ်၊ ခတ္ထိယသုတ်၊ သဏမာနသုတ်၊ နိဒ္ဒါတန္ဓီသုတ်၊ ဒုက္ကရသုတ်၊ ဟိရီသုတ်၊ ကုဋိကာသုတ်တို့သည် ဤနေရာ၌ ဟောကြားခဲ့သည်။
- တပေါဒါရုံကျောင်း၊ ရာဇဂြိုဟ်ပြည်: သမိဒ္ဓိသုတ်သည် ဤနေရာ၌ ဟောကြားခဲ့ပြီး၊ အသျှင်သမိဒ္ဓိနှင့် နတ်သမီးတစ်ဦး၏ ဆွေးနွေးမှုကို အဓိကထားဖွင့်ဆိုထားသည်။
ဤနေရာများသည် မြတ်စွာဘုရားနှင့် ရဟန်းများ သီတင်းသုံးရာ အဓိကဗုဒ္ဓဘာသာဗိမာန် များဖြစ်ပြီး၊ တရားဟောကြားမှုများအတွက် သမိုင်းဝင်အရေးပါသော နေရာများဖြစ်သည်။
နန္ဒနဝဂ်သည် သုတ်ဆယ်ပုဒ်ပါဝင်ပြီး၊ ဂါထာပုံစံဖြင့် ရေးဖွဲ့ထားသည်။ သုတ်တစ်ခုစီသည် နတ်သားများ၊ ရဟန်းများ၊ သို့မဟုတ် မြတ်စွာဘုရားတို့၏ ဆွေးနွေးမှုများကို အခြေခံထားသည်။ တည်ဆောက်ပုံသည် အောက်ပါအချက်များဖြင့် ဖွဲ့စည်းထားသည်။
၁။ နိဒါန်း (မိတ်ဆက်): သုတ်တစ်ခုစီသည် မြတ်စွာဘုရားနှင့် ရဟန်းများ သို့မဟုတ် နတ်သားများ၏ တွေ့ဆုံမှုကို မိတ်ဆက်ဖော်ပြသည်။
၂။ ဂါထာဖြင့် ဆွေးနွေးမှု: နတ်သားတစ်ဦး၏ လောကီစည်းစိမ်ကို မြတ်နိုးသော ဂါထာနှင့် မြတ်စွာဘုရား၏ လောကုတ္တရာတရားကို ဖွင့်ဆိုသော ဂါထာများဖြင့် ဖွဲ့စည်းထားသည်။
၃။ မြတ်စွာဘုရား၏ ဟောကြားချက်များသည် လောကီစည်းစိမ်၏ အနိစ္စသဘောနှင့် နိဗ္ဗာန်၏ ချမ်းသာမှုကို ဖွင့်ဆိုသည်။
သုတ်များသည် တိုတောင်းပြီး အနှစ်သာရပြည့်စုံသည့် ပုံစံဖြင့် ရေးဖွဲ့ထားပြီး၊ ဂါထာများသည် ကဗျာဆန်သော ပုံစံဖြင့် တရားအချက်များကို ပြတ်သားစွာ ဖွင့်ဆိုထားသည်။
နန္ဒနဝဂ်ရှိ သုတ်ဆယ်ပုဒ်သည် အောက်ပါ အကြောင်းအရာများကို ဖွင့်ဆိုထားသည်။
၁—နန္ဒနသုတ် (နန္ဒနဥယျာဉ်၌ ပျော်မွေ့သူ)
၁၁။ ရဟန်းတို့ ရှေး၌ ဖြစ်ဖူးသည်ကား တာဝတိံသာနတ်ပြည်၌ ဖြစ်သော နတ်သားတစ်ယောက် သည် နန္ဒဝန်ဥယျာဉ်၌ နတ်သမီးအပေါင်း ခြံရံလျက် နတ်၌ဖြစ်ကုန်သော ကာမဂုဏ်ငါးမျိုးတို့ဖြင့် ကုံလုံပြည့်စုံစွာ ပျော်မြူးစံပယ်နေစဉ် ထိုအချိန်၌ ဤဂါထာကို ရွတ်ဆို၏—
“အကြင်သူတို့သည် များသော အခြံအရံရှိကုန်သော သုံးကျိပ်ကုန်သော နတ်သားတို့၏ နေရာ နန္ဒဝန်ဥယျာဉ်ကို မမြင်ဖူးကုန်၊ ထိုသူတို့သည် ချမ်းသာကို မသိကုန်”ဟု (ရွတ်ဆို၏)။
ရဟန်းတို့ ဤသို့ ဆိုသည်ရှိသော် နတ်သားတစ်ယောက်သည် ထိုနတ်သားကို ဂါထာဖြင့် ပြန်၍ ရွတ် ဆို၏—
“နတ် မိုက် ရဟန္တာတို့၏ စကား ကို (ဆိုလိုသော) အခြင်း အရာဖြင့် သင် မသိ၊ ပြုပြင် စီရင်အပ်သော ‘သင်္ခါရ’တရားအားလုံးတို့သည် အမြဲ မရှိကုန်၊ ဖြစ်တတ် ပျက်တတ်သော သဘောရှိကုန်၏၊ ဖြစ်ပြီးလျှင် ချုပ်ကုန်၏၊ ထိုသင်္ခါရတရားတို့၏ ငြိမ်းရာ (နိဗ္ဗာန်) သည်သာ ချမ်းသာ၏”ဟု (ပြန်၍ ရွတ်ဆို၏)။
၂—နန္ဒတိသုတ် (နှစ်သက်ခြင်းနှင့် စိုးရိမ်ခြင်း)
၁၂။ “သားသမီး များစွာရှိသူသည် သားသမီးတို့ဖြင့် နှစ်သက်ရ၏၊ ထို့အတူသာလျှင် နွား များစွာရှိသူသည် နွားတို့ဖြင့် နှစ်သက်ရ၏၊ လူအပေါင်းအား ကာမချမ်းသာ၏ တည်ရာ (ဥပဓိ)တို့ဖြင့် နှစ်သက်ရ၏။ အကြင်သူသည် ကာမချမ်းသာ၏ တည်ရာ (ဥပဓိ) မရှိ၊ ထိုသူသည် မနှစ်သက်ရသည်သာတည်း”ဟု (လျှောက်၏)။
သားသမီး များစွာရှိသူသည် သားသမီးတို့ဖြင့် စိုးရိမ်ရ၏၊ ထို့အတူသာလျှင် နွား များစွာရှိသူသည် နွားတို့ဖြင့် စိုးရိမ်ရ၏၊ လူအပေါင်းအား ကာမချမ်းသာ၏ တည်ရာ (ဥပဓိ)တို့ဖြင့် စိုးရိမ်ရ၏။ အကြင်သူသည် ကာမချမ်းသာ၏ တည်ရာ (ဥပဓိ) မရှိ၊ ထိုသူသည် မစိုးရိမ်ရသည်သာတည်းဟု (ဟောတော်မူ၏)။
၃—နတ္ထိပုတ္တသမသုတ် (မိမိနှင့်တူသော ချစ်ခင်သူမရှိ)
၁၃။ “သားသမီး (ကို ချစ်ခင်မှု) နှင့် တူသော ချစ်ခင်မှုမျိုးသည် မရှိ၊ နွား (ဟူသော ဥစ္စာ) နှင့် တူသော ဥစ္စာမျိုးသည် မရှိ၊ နေ (၏ အရောင်) နှင့် တူသော အရောင်မျိုး သည် မရှိ၊ သမုဒ္ဒရာထက် လွန်ကဲသော အိုင်မည်သည် မရှိ”ဟု (လျှောက်၏)။
မိမိကိုယ် (ကို ချစ်ခင်မှု) နှင့် တူသော ချစ်ခင်မှုမျိုးသည် မရှိ၊ စပါး (ဟူသောဥစ္စာ) နှင့် တူသော ဥစ္စာမျိုးသည် မရှိ၊ ပညာ (၏ အရောင်) နှင့် တူသော အရောင်မျိုး သည် မရှိ၊ မိုးရေထက် လွန်ကဲသော အိုင်မည်သည် မရှိသည်သာတည်းဟု (ဟော တော်မူ၏)။
၄—ခတ္ထိယသုတ် (အမြတ်ဆုံးဟုဆိုပုံ)
၁၄။ “အခြေနှစ်ချောင်းရှိသူတို့တွင် မင်းသည် လွန်မြတ်၏၊ အခြေလေးချောင်းရှိ သတ္တဝါတို့တွင် နွားလားဥသဘသည် လွန်မြတ်၏၊ မယားတို့တွင် ပျိုမျစ်နုနယ် သော သတို့သမီးသည် လွန်မြတ်၏၊ သားတို့တွင် ရှေးဦးစွာ မွေးဖွားသော သား သည် လွန်မြတ်၏”ဟု (လျှောက်၏)။
အခြေနှစ်ချောင်းရှိသူတို့တွင် မြတ်စွာဘုရားသည် လွန်မြတ်၏၊ အခြေလေးချောင်းရှိ သတ္တဝါတို့တွင် (ဆင်စသော) အာဇာနည်သည် လွန်မြတ်၏၊ မယားတို့တွင် လင်ကို နှစ်သိမ့်စေသော မယားသည် လွန်မြတ်၏၊ သားသမီးတို့တွင် မိဘတို့၏ စကားကို နားထောင်သော သားသမီးသည် လွန်မြတ်၏ဟု (ဟောတော်မူ၏)။
၅—သဏမာနသုတ် (တောအုပ်က အသံမည်ပုံ)
၁၅။ “မွန်းတည့်အချိန်အခါ၌ ငှက်အပေါင်းတို့သည် အပန်းဖြေ နားနေကုန်သည် ရှိသော် တောအုပ်ကြီးသည် ပြင်းထန်သော အသံကို ပြုသကဲ့သို့ ဖြစ်၏၊ ထိုအသံသည် ကြောက်မက်ဖွယ်ဟု အကျွန်ုပ်အား ရှေးရှုထင်လာ၏”ဟု (လျှောက်၏)။
မွန်းတည့်အချိန်အခါ၌ ငှက်အပေါင်းတို့သည် အပန်းဖြေ နားနေကုန်သည်ရှိသော် တောအုပ်ကြီးသည် ပြင်းထန်သော အသံကို ပြုသကဲ့သို့ ဖြစ်၏၊ ထိုအသံသည် မွေ့လျော်ဖွယ်ဟု ငါ့အား ရှေးရှုထင်လာ၏ဟု (ဟောတော်မူ၏)။
၆—နိဒ္ဒါတန္ဓီသုတ် (အိပ်ငိုက်ခြင်းနှင့် ပျင်းရိခြင်း)
၁၆။ “အိပ်ငိုက်ခြင်းသည်လည်းကောင်း၊ ပျင်းရိခြင်းသည်လည်းကောင်း၊ ကိုယ် လက် ဆန့်ငင်ခြင်းသည်လည်းကောင်း၊ မမွေ့လျော်ခြင်းသည်လည်းကောင်း၊ ထမင်း ဆီ ယစ်ခြင်းသည်လည်းကောင်း ရှိ၏။ ထိုအိပ်ငိုက်ခြင်းစသော ညစ်ညူးခြင်းဖြင့် ဤ လောက၌ သတ္တဝါတို့အား အရိယာမဂ်သည် ထင်ရှားမဖြစ်နိုင်”ဟု (လျှောက်၏)။
အိပ်ငိုက်ခြင်းသည်လည်းကောင်း၊ ပျင်းရိခြင်းသည်လည်းကောင်း၊ ကိုယ်လက် ဆန့် ငင်ခြင်းသည်လည်းကောင်း၊ မမွေ့လျော်ခြင်းသည်လည်းကောင်း၊ ထမင်းဆီ ယစ်ခြင်း သည်လည်းကောင်း ရှိ၏။ ထိုအိပ်ငိုက်ခြင်းစသော ညစ်ညူးခြင်းကို လုံ့လဖြင့် ပယ် ထုတ်နိုင်ခဲ့သော် အရိယာမဂ်သည် စင်ကြယ်၏ဟု (ဟောတော်မူ၏)။
၇—ဒုက္ကရသုတ် (ရဟန်းအကျင့်ခက်ခဲပုံ)
၁၇။ “မလိမ္မာသူသည် ရဟန်းတရားကို ပြုလည်း ပြုနိုင်ခဲ၏၊ သည်းခံလည်း သည်းခံနိုင်ခဲ၏။ သူမိုက်သည် အကြင်ရဟန်းတရား၌ ဆုတ်နစ်၏၊ ထိုရဟန်းတရား၌ (မဂ်ရရန်) များစွာ ကျဉ်းမြောင်းကုန်၏”ဟု (လျှောက်၏)။
ကြံစည်မှုတို့၏ အလိုသို့လိုက်သူသည် အာရုံတိုင်း အာရုံတိုင်း၌ အကယ်၍ ဆုတ်နစ်ခဲ့မူ (မသင့်သောအားဖြင့် ဖြစ်သော) စိတ်ကို အကယ်၍ မတားမြစ်နိုင်ခဲ့မူ ရဟန်းတရားကို အဘယ်မျှသော ရက်တို့ပတ်လုံး ကျင့်နိုင်ရာအံ့နည်း။
လိပ်သည် အင်္ဂါကြီးငယ်တို့ကို မိမိအခွံ၌ ကောင်းစွာ သိမ်းဆည်းထားသကဲ့သို့ ထို့အတူ ရဟန်းသည် စိတ်၌ ဖြစ်သော ကြံစည်မှု (ဝိတက်)တို့ကို ကောင်းစွာ သိမ်း ဆည်းလျက် (တဏှာဒိဋ္ဌိတို့ကို) မမှီမူ၍ သူတစ်ပါးကို မညှဉ်းဆဲဘဲ ငြိမ်းအေးသည် ဖြစ်၍ တစ်စုံတစ်ယောက်ကိုမျှ အပြစ် မဆိုရာဟု (ဟောတော်မူ၏)။
၈—ဟိရီသုတ် (အရှက်ဖြင့် အကုသိုလ်ကို တားဆီးနိုင်သူ)
၁၈။ “အာဇာနည်မြင်းကောင်းသည် ကြိမ်ဝင့်ရုံမျှဖြင့် သိသကဲ့သို့ ထို့အတူ အကြင်ယောကျာ်းသည် အကဲ့ရဲ့ မခံရမီ သိ၏၊ အရှက်ဖြင့် (အကုသိုလ်တို့ကို) တား မြစ်နိုင်သော (ထိုသို့သဘောရှိသည့်) တစ်စုံတစ်ယောက်သော ယောကျာ်းသည် လောက၌ ရှိပါသလော”ဟု (လျှောက်၏)။
အနည်းငယ်မျှကုန်သော အကြင်ပုဂ္ဂိုလ်တို့သည် အခါခပ်သိမ်း အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ အရှက်ဖြင့် (အကုသိုလ်တရားတို့ကို) တားမြစ်ကုန်လျက် သွားကုန်၏၊ ထိုပုဂ္ဂိုလ်တို့သည် ဆင်းရဲ၏ အဆုံး (နိဗ္ဗာန်) သို့ ရောက်၍ မညီညွတ် သော လောက၌ အညီအမျှ ကျင့်ကုန်၏ဟု (ဟောတော်မူ၏)။
၉—ကုဋိကာသုတ် (အိမ်မရှိသူ)
၁၉။ “အသျှင် အသို့ပါနည်း အသျှင့်အား နေရာအိမ်သည် မရှိပါသလော၊ အသို့ပါနည်း အသျှင့်အား အသိုက်အအုံသည် မရှိပါသလော၊ အသို့ပါနည်း အသျှင့်အား အမြှေးအယှက်သည် မရှိပါသလော၊ အသို့ပါနည်း အသျှင်သည် အနှောင် အဖွဲ့မှ လွတ်သူ ဖြစ်ပါ၏လော”ဟု (လျှောက်၏)။
စင်စစ် ငါ့အား နေရာအိမ်သည် မရှိ၊ စင်စစ် ငါ့အား အသိုက်အအုံသည် မရှိ၊ စင်စစ် ငါ့အား အမြှေးအယှက်သည် မရှိ၊ စင်စစ် ငါသည် အနှောင်အဖွဲ့မှ လွတ်သူ ဖြစ်၏ဟု (မိန့်တော်မူ၏)။
“အသျှင် အဘယ်ကို နေရာအိမ်ဟု အသျှင့်အား အကျွန်ုပ် ဆိုပါသနည်း၊ အဘယ်ကို အသိုက်အအုံဟု အသျှင့်အား အကျွန်ုပ် ဆိုပါသနည်း၊ အဘယ်ကို အမြှေးအယှက်ဟု အသျှင့်အား အကျွန်ုပ် ဆိုပါသနည်း၊ အဘယ်ကို အနှောင် အဖွဲ့ဟု အသျှင်အား အကျွန်ုပ် ဆိုပါသနည်း”ဟု (လျှောက်၏)။
“အမိကို နေရာအိမ်ဟု သင် ဆို၏၊ မယားကို အသိုက်အအုံဟု သင် ဆို၏၊ သားသမီးတို့ကို အမြှေးအယှက်တို့ဟု သင် ဆို၏၊ တဏှာကို အနှောင်အဖွဲ့ဟု ငါ့အား သင် ဆို၏”ဟု (ဖြေတော်မူ၏)။
အသျှင့်အား နေရာအိမ် မရှိခြင်းသည် ကောင်းပါပေ၏၊ အသျှင့်အား အသိုက် အအုံ မရှိခြင်းသည် ကောင်းပါပေ၏၊ အသျှင့်အား အမြှေးအယှက် မရှိခြင်းသည် ကောင်းပါပေ၏၊ အသျှင်သည် ကောင်းစွာ အနှောင်အဖွဲ့မှ လွတ်မြောက်ပါပေ၏ဟု (လျှောက်၏)။
၁ဝ—သမိဒ္ဓိသုတ် (နတ်သမီးဖြားယောင်းပုံ)
၂ဝ။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် တပေါဒါရုံကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသျှင်သမိဒ္ဓိသည် ညဉ့်၏ မိုးသောက်ချိန်၌ စော စောထကာ တပေါဒါမြစ်သို့ ကိုယ်လက်တို့ကို ရေချိုးသုတ်သင်ရန် ချဉ်းကပ်တော်မူ၏၊ တပေါဒါမြစ်၌ ကိုယ် လက်တို့ကို ရေချိုးသုတ်သင်ပြီးနောက် ပြန်တက်၍ ကိုယ်လက်တို့ကို ခြောက်သွေ့စေလျက် သင်္ကန်းတစ်ထည်တည်းဖြင့် ရပ်နေတော်မူ၏၊ ထိုအခါ နတ်သမီး တစ်ယောက်သည် ပစ္ဆိမယမ်လွန်ပြီးသော (မိုးသောက်) အချိန်၌ အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ တပေါဒါမြစ်အားလုံးကို ထွန်းလင်းစေလျက် အရှင် သမိဒ္ဓိအထံသို့ ချဉ်းကပ်ပြီးလျှင် ကောင်းကင်၌ ရပ်တည်ကာ အရှင်သမိဒ္ဓိကို ဂါထာဖြင့် လျှောက်၏—
“ရဟန်း အသျှင်သည် (ကာမဂုဏ်ငါးပါးတို့ကို) မခံစားမူ၍ ဆွမ်းခံဘိ၏၊ (ကာမဂုဏ်ငါးပါးတို့ကို) မခံစားမူ၍ ဆွမ်းမခံပါလင့်၊ ရဟန်း (ကာမဂုဏ်ငါးပါးတို့ကို) ခံစားပြီးမှသာ ဆွမ်းခံပါလော့၊ (ကာမဂုဏ်ခံစားရာ) အချိန်သည် သင့်ကို လွန်၍ မသွားပါစေလင့်”ဟု (လျှောက်၏)။
(နတ်သမီး) ငါသည် (သေရမည့်) အခါကို မသိ၊ (သေရမည့်) အခါသည် ဖုံးလွှမ်းအပ်သည် ဖြစ်၍ ငါ့အား မထင်၊ ထို့ကြောင့် ငါသည် (ကာမဂုဏ်ငါးပါးတို့ကို) မခံစားမူ၍ ဆွမ်းခံအံ့၊ (တရားအားထုတ်ရာ) အချိန်သည် ငါ့ကို လွန်၍ မသွားပါစေလင့်ဟု (မိန့်တော်မူ၏)။
ထိုအခါ ထိုနတ်သမီးသည် မြေ၌ ရပ်တည်၍ အရှင်သမိဒ္ဓိအား ဤစကားကို ဆို၏— “ရဟန်း သင်သည် ရဟန်းပြုသည်ကား ငယ်လှသေး၏၊ ပျိုနုလှသေး၏၊ မည်းနက်သော ဆံပင်ရှိ၏၊ ပဌမအရွယ် ဖြစ်၍ အရွယ်ကောင်းနှင့် ပြည့်စုံသည် ဖြစ်ပါလျက် ကာမဂုဏ်တို့၌ ခံစားပျော်ပါးလေ့ မရှိခဲ့၊ ရဟန်း လူ၌ ဖြစ်သော ကာမဂုဏ်တို့ကို ခံစားပါဦးလော့၊ မျက်မှောက်ဖြစ်သည့် ခံစားမှုကို စွန့်၍ နောက်ကာလ၌ ဖြစ် မည့် နတ်ကာမဂုဏ်ကို မတောင့်တလင့်”ဟု (ဆို၏)။
နတ်သမီး ငါသည် မျက်မှောက်ဖြစ်သည့် ခံစားမှုကို စွန့်၍ နောက်ကာလ၌ ဖြစ်မည့် နတ်ကာမဂုဏ် ကို မတောင့်တ၊ နတ်သမီး စင်စစ် ငါသည် နောက်ကာလ၌ ဖြစ်မည့် နတ်ကာမကိုလည်း စွန့်၍ ကိုယ်တိုင် သိမြင်နိုင်သော (လောကုတ္တရာ) အကျိုးကို တောင့်တ၏။ နတ်သမီး မှန်၏၊ နောက်ကာလ၌ ဖြစ်မည့် ကာမဂုဏ်တို့ကို များသောဆင်းရဲခြင်း ရှိကုန်၏၊ များသောပင်ပန်းခြင်း ရှိကုန်၏ဟု မြတ်စွာဘုရား ဟော တော်မူအပ်ကုန်၏၊ ဤကာမဂုဏ်တို့၌ အပြစ်သည် များလှ၏၊ ဤ (လောကုတ္တရာ) တရားတော်သည် ကိုယ် တိုင် သိမြင်နိုင်သော တရားဖြစ်၏၊ အခါမလင့် အကျိုးပေး၏၊ လာလှည့် ရှုလှည့်ဟု ဆောင်ပြထိုက်၏၊ မိမိ ကိုယ်ထဲစိတ်ထဲ၌ ဆောင်ထားထိုက်၏၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိထိုက်၏ဟု (မိန့်၏)။
“ရဟန်း အဘယ်သို့လျှင် နောက်ကာလ၌ ဖြစ်မည့် ကာမဂုဏ်တို့ကို များသော ဆင်းရဲခြင်း ရှိကုန်၏၊ များသော ပင်ပန်းခြင်း ရှိကုန်၏ဟု မြတ်စွာဘုရား ဟောတော်မူပါသနည်း၊ ဤကာမဂုဏ်ငါးပါးတို့၌ အဘယ်သို့လျှင် အပြစ်များပါသနည်း၊ ဤ (လောကုတ္တရာ) တရားသည် အဘယ်သို့လျှင် ကိုယ်တိုင် သိမြင် နိုင်ပါသနည်း၊ အခါမလင့် အကျိုးပေးနိုင်ပါသနည်း၊ လာလှည့် ရှုလှည့်ဟု ဆောင်ပြထိုက်ပါသနည်း၊ မိမိ ကိုယ်ထဲစိတ်ထဲ၌ ဆောင်ထားထိုက်ပါသနည်း၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင်ပါသနည်း”ဟု (လျှောက်၏)။
နတ်သမီး ငါသည် သီတင်းငယ်သာ ဖြစ်၏၊ ရဟန်းပြုသည်ကား မကြာသေး၊ ယခုမှ ဤဓမ္မဝိနယ (သာသနာ) သို့ ရောက်လာ၏၊ ငါသည် ထိုဓမ္မဝိနယကို အကျယ်တဝင့် မဟောနိုင်၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူပြီးသော ဤမြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် တပေါဒါရုံကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုမြတ်စွာဘုရားသို့ ချဉ်းကပ်၍ ထို အကြောင်းကို မေးလျှောက်လေလော့၊ မြတ်စွာဘုရားသည် သင့်အား ဖြေကြားသော အခြင်းအရာဖြင့် ထို အနက်ကို သင် မှတ်လေလော့ဟု (မိန့်၏)။
ရဟန်း တစ်ပါးကုန်သော တန်ခိုးကြီးကုန်သော နတ်တို့သည် ခြံရံအပ်သည်ဖြစ်၍ အကျွန်ုပ်တို့သည် ထိုမြတ်စွာဘုရားသို့ ချဉ်းကပ်ရန် မလွယ်ပါ၊ ရဟန်း သင်သည် ထိုမြတ်စွာဘုရားသို့ ချဉ်းကပ်၍ ထို အကြောင်းကို အကယ်၍ မေးလျှောက်ပါမူကား အကျွန်ုပ်တို့သည်လည်း တရားနာအံ့သောငှါ လာပါကုန်အံ့ဟု (လျှောက်၏)။ နတ်သမီး “ကောင်းပြီ”ဟု အသျှင်သမိဒ္ဓိသည် နတ်သမီးအား ပြန်ကြား၍ မြတ်စွာဘုရားအထံသို့ ချဉ်းကပ်လျက် ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေကာ မြတ်စွာဘုရားအား ဤစကား ကို လျှောက်၏—
အသျှင်ဘုရား အကျွန်ုပ်သည် ဤရာဇဂြိုဟ်ပြည်ဝယ် ညဉ့်၏ မိုးသောက်ချိန်၌ စောစောထကာ တပေါဒါမြစ်သို့ ကိုယ်လက်တို့ကို ရေချိုးသုတ်သင်ရန် ချဉ်းကပ်ပါ၏၊ တပေါဒါမြစ်၌ ကိုယ်လက်တို့ကို ရေချိုးသုတ်သင်ပြီးနောက် ပြန်တက်၍ ကိုယ်လက်တို့ကို ခြောက်သွေ့စေလျက် သင်္ကန်းတစ်ထည်တည်းဖြင့် ရပ်နေပါ၏၊ အသျှင်ဘုရား ထိုအခါ နတ်သမီးတစ်ယောက်သည် ပစ္ဆိမယမ်လွန်ပြီးသော (မိုးသောက်) အချိန်၌ အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ တပေါဒါမြစ်အားလုံးကို ထွန်းလင်း စေလျက် အကျွန်ုပ်ထံ သို့ ချဉ်းကပ်ပြီးလျှင် ကောင်းကင်၌ ရပ်တည်ကာ ဤဂါထာဖြင့် လျှောက်ပါ၏—
“ရဟန်း အသျှင်သည် (ကာမဂုဏ်ငါးပါးတို့ကို) မခံစားမူ၍ ဆွမ်းခံဘိ၏၊ (ကာမဂုဏ်ငါးပါးတို့ကို) မခံစားမူ၍ ဆွမ်းမခံပါလင့်၊ ရဟန်း (ကာမဂုဏ်ငါးပါးတို့ကို) ခံစားပြီးမှသာ ဆွမ်းခံပါလော့၊ (ကာမဂုဏ်ခံစားရာ) အချိန်သည် သင့်ကို လွန်၍ မသွားပါစေလင့်”ဟု (လျှောက်၏)။
အသျှင်ဘုရား ဤသို့ လျှောက်လတ်သော် အကျွန်ုပ်သည် ထိုနတ်သမီးကို ဂါထာဖြင့် ပြန်၍ ဆို ပါ၏—
(နတ်သမီး) ငါသည် (သေရမည့်) အခါကို မသိ၊ (သေရမည့်) အခါသည် ဖုံး လွှမ်းအပ်သည်ဖြစ်၍ ငါ့အား မထင်၊ ထို့ကြောင့် ငါသည် (ကာမဂုဏ်ငါးပါးတို့ကို) မခံစားမူ၍ ဆွမ်းခံအံ့၊ (တရားအားထုတ်ရာ) အချိန်သည် ငါ့ကို လွန်၍ မသွားပါ စေလင့်ဟု (ဆိုပါ၏)။
အသျှင်ဘုရား ထိုအခါ ထိုနတ်သမီးသည် မြေ၌ ရပ်တည်၍ အကျွန်ုပ်အား ဤစကားကို ဆိုပါ၏— “ရဟန်း သင်သည် ရဟန်းပြုသည်ကား ငယ်လှသေး၏၊ ပျိုနုလှသေး၏၊ မည်းနက်သော ဆံပင်ရှိ၏၊ ပဌမအရွယ် ဖြစ်၍ အရွယ်ကောင်းနှင့် ပြည့်စုံသည် ဖြစ်ပါလျက် ကာမဂုဏ်တို့၌ ခံစားပျော်ပါးလေ့ မရှိခဲ့၊ ရဟန်း လူ၌ ဖြစ်သော ကာမဂုဏ်တို့ကို ခံစားပါဦးလော့၊ မျက်မှောက်ဖြစ်သည့် ခံစားမှုကို စွန့်၍ နောက် ကာလ၌ ဖြစ်မည့် နတ်ကာမဂုဏ်ကို မတောင့်တလင့်”ဟု ဆိုပါ၏။
အသျှင်ဘုရား ဤသို့ ဆိုသည်ရှိသော် အကျွန်ုပ်သည် ထိုနတ်သမီးအား ဤစကားကို ဆိုပါ၏— “နတ်သမီး ငါသည် မျက်မှောက်ဖြစ်သည့် ခံစားမှုကို စွန့်၍ နောက်ကာလ၌ ဖြစ်မည့် နတ်ကာမဂုဏ်ကို မတောင့်တ၊ နတ်သမီး စင်စစ် ငါသည် နောင်ကာလ၌ ဖြစ်မည့် နတ်ကာမဂုဏ်ကိုလည်း စွန့်၍ ကိုယ်တိုင့်သိမြင်နိုင်သော (လောကုတ္တရာ) အကျိုးကို တောင့်တ၏။ နတ်သမီး မှန်၏၊ နောက်ကာလ၌ ဖြစ်မည့် ကာမဂုဏ်တို့ကို များသောဆင်းရဲခြင်း ရှိကုန်၏၊ များသောပင်ပန်းခြင်း ရှိကုန်၏ဟု မြတ်စွာဘုရား ဟော တော်မူအပ်ကုန်၏၊ ဤကာမဂုဏ်တို့၌ အပြစ်သည် များလှ၏၊ ဤ (လောကုတ္တရာ) တရားတော်သည် ကိုယ် တိုင် သိမြင်နိုင်သော တရားဖြစ်၏၊ အခါမလင့် အကျိုးပေး၏၊ လာလှည့် ရှုလှည့်ဟု ဆောင်ပြထိုက်၏၊ မိမိ ကိုယ်ထဲစိတ်ထဲ၌ ဆောင်ထားထိုက်၏၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိထိုက်၏”ဟု (ဆိုပါ၏)။
အသျှင်ဘုရား ဤသို့ ဆိုသည်ရှိသော် ထိုနတ်သမီးသည် အကျွန်ုပ်အား ဤစကားကို ဆိုပါ၏— “ရဟန်း အဘယ်သို့လျှင် နောက်ကာလ၌ ဖြစ်မည့် ကာမဂုဏ်တို့ကို များသော ဆင်းရဲခြင်း ရှိကုန်၏၊ များသော ပင်ပန်းခြင်း ရှိကုန်၏ဟု မြတ်စွာဘုရား ဟောတော်မူပါသနည်း၊ ဤကာမဂုဏ်ငါးပါးတို့၌ အဘယ်သို့လျှင် အပြစ်များပါသနည်း၊ ဤ (လောကုတ္တရာ) တရားသည် အဘယ်သို့လျှင် ကိုယ်တိုင် သိမြင် နိုင်ပါသနည်း၊ အခါမလင့် အကျိုးပေးနိုင်ပါသနည်း၊ လာလှည့် ရှုလှည့်ဟု ဆောင်ပြထိုက်ပါသနည်း၊ မိမိ ကိုယ်ထဲစိတ်ထဲ၌ ဆောင်ထားထိုက်ပါသနည်း၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင်ပါသနည်း”ဟု (လျှောက်ပါ၏)။
အသျှင်ဘုရား ဤသို့ လျှောက်သည်ရှိသော် အကျွန်ုပ်သည် ထိုနတ်သမီးအား ဤစကားကို ဆိုပါ၏— “နတ်သမီး ငါသည် သီတင်းငယ်သာ ဖြစ်၏၊ ရဟန်းပြုသည်ကား မကြာသေး၊ ယခုမှ ဤဓမ္မဝိနယ (သာသနာ) သို့ ရောက်လာ၏၊ ငါသည် ထိုဓမ္မဝိနယကို အကျယ်တဝင့် မဟောနိုင်၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူပြီးသော ဤမြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် တပေါဒါရုံကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုမြတ်စွာဘုရားသို့ ချဉ်းကပ်၍ ထို အကြောင်းကို မေးလျှောက်လေလော့၊ မြတ်စွာဘုရားသည် သင့်အား ဖြေကြားသော အခြင်းအရာဖြင့် ထို အနက်ကို သင် မှတ်လေလော့”ဟု (ဆိုခဲ့ပါ၏)။
အသျှင်ဘုရား ဤသို့ ဆိုသည်ရှိသော် ထိုနတ်သမီးသည် အကျွန်ုပ်အား “ရဟန်း တစ်ပါးကုန်သော တန်ခိုး ကြီးသော နတ်တို့သည် ခြံရံအပ်သည်ဖြစ်၍ အကျွန်ုပ်တို့သည် ထိုမြတ်စွာဘုရားသို့ ချဉ်းကပ်ရန် မလွယ်ပါ၊ ရဟန်း သင်သည် ထိုမြတ်စွာဘုရားကို ချဉ်းကပ်၍ ထိုအကြောင်းကို အကယ်၍ မေးပါမူကား အကျွန်ုပ်တို့သည်လည်း တရားနာအံ့သောငှါ လာပါကုန်အံ့”ဟု ဤစကားကို လျှောက်ပါ၏၊ အသျှင်ဘုရား ထိုနတ်သမီး၏ စကားသည် အကယ်၍ မှန်သည် ဖြစ်အံ့၊ ထိုနတ်သမီးသည် မနီးမဝေးသော ဤအရပ်၌ ပင်လျှင် ရှိပါလိမ့်မည်ဟု လျှောက်၏၊ ဤသို့ လျှောက်သည်ရှိသော် ထိုနတ်သမီးသည် အသျှင်သမိဒ္ဓိကို “ရဟန်း မေးမြန်းပါလော့၊ ရဟန်း မေးမြန်းပါလော့၊ အကျွန်ုပ် ရောက်ပါပြီ”ဟု ဤစကားကို လျှောက်၏၊ ထိုအခါ မြတ်စွာဘုရားသည် ထိုနတ်သမီးကို ဂါထာတို့ဖြင့် ဟောတော်မူ၏—
“ခန္ဓာငါးပါးတို့၌ (ပုဂ္ဂိုလ်သတ္တဝါစသည်) အမှတ်ရှိကုန်သည်ဖြစ်၍ ခန္ဓာငါးပါး၌ တည်ကုန်သောသတ္တဝါတို့သည် ခန္ဓာငါးပါးကို ပိုင်းခြား၍ မသိသောကြောင့် သေမင်း၏ အားထုတ်မှုသို့ လိုက်ရကုန်၏။
(ရဟန္တာပုဂ္ဂိုလ်သည်) ခန္ဓာငါးပါးကို ပိုင်းခြား၍ သိသောကြောင့် (ပုဂ္ဂိုလ်သတ္တဝါဟု) ပြောကြားဖွယ်ကို မမှတ်ထင်၊ အကြင် (ရာဂစသော) အကြောင်းဖြင့် ထိုသူကို ဆိုငြားအံ့၊ ထိုရဟန္တာပုဂ္ဂိုလ်အား (ထိုအကြောင်းသည်) မရှိ။ မှန်၏၊ ထို (ရာဂ စသော) အကြောင်းသည် ထိုရဟန္တာပုဂ္ဂိုလ်အား မဖြစ်။
နတ်သမီး အကယ်၍ သိသည် ဖြစ်အံ့၊ ဆိုလော့”ဟု (မိန့်တော်မူ၏)။
အသျှင်ဘုရား မြတ်စွာဘုရားသည် အကျဉ်းအားဖြင့် ဟောတော်မူအပ်သော ဤတရားတော်၏ အနက်ကို အကျယ်အားဖြင့် အကျွန်ုပ် မသိနိုင်ပါ၊ အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် အကျဉ်းအားဖြင့် ဟောတော်မူအပ်သော ဤတရားတော်၏ အနက်ကို အကျယ်အားဖြင့် အကျွန်ုပ့်သိနိုင်ရာ သော အခြင်းအရာအားဖြင့် အကျွန်ုပ်အား ဟောတော်မူပါဟု (လျှောက်၏)။
“အကြင်ပုဂ္ဂိုလ်သည် (မိမိကိုယ်ကို) တူသူဟူ၍လည်းကောင်း၊ ထူးကဲသူဟူ၍ လည်းကောင်း သို့မဟုတ် ယုတ်သူဟူ၍လည်းကောင်း အောက်မေ့၏။ ထိုပုဂ္ဂိုလ်သည် ထို မာန်ဖြင့် (အမျိုးအနွယ်ဂုဏ်ကို) ငြင်းခုံရာ၏။ အကြင်ပုဂ္ဂိုလ်သည် သုံးပါးကုန်သော မာန်တို့၌ တုန်လှုပ်ခြင်း မရှိ၊ ထိုပုဂ္ဂိုလ်အား တူသူဟူ၍လည်းကောင်း၊ ထူးကဲသူ ဟူ၍လည်းကောင်း၊ (ယုတ်သူဟူ၍လည်းကောင်း) မဖြစ်။
နတ်သမီး အကယ်၍ သိသည်ဖြစ်အံ့၊ ဆိုလော့”ဟု (မိန့်တော်မူ၏)။
အသျှင်ဘုရား မြတ်စွာဘုရားသည် အကျဉ်းအားဖြင့် ဟောတော်မူအပ်သော ဤတရားတော်၏ အနက်ကို အကျယ်အားဖြင့် အကျွန်ုပ် မသိနိုင်ပါ၊ အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် အကျဉ်းအားဖြင့် ဟောတော်မူအပ်သော ဤတရားတော်၏ အနက်ကို အကျယ်အားဖြင့် အကျွန်ုပ် သိနိုင်ရာ သော အခြင်းအရာအားဖြင့် အကျွန်ုပ်အား ဟောတော်မူပါလော့ဟု (လျှောက်၏)။
အကြင်ပုဂ္ဂိုလ်သည် (တပ်မက်သူ, ပြစ်မှားသူ, တွေဝေသူ) ဟူသော ပညတ်ကို ပယ်ပြီးပြီ၊ ကိုးပါးသော ထောင်လွှားမှု ‘မာန်’သို့ မကပ်ရောက်၊ ဤနာမ်ရုပ်၌ တပ် မက်မှု ‘တဏှာ’ကို ဖြတ်ပြီးပြီ။ ထုံးဖွဲ့မှု ‘ဂန္ထ’လေးပါးကို ဖြတ်ပြီးသော ဆင်းရဲ မရှိ သော တပ်မက်ခြင်းကင်းသော ထိုပုဂ္ဂိုလ်ကို ရှာဖွေကြည့်ရှုကြကုန်သော နတ်တို့ သည်လည်းကောင်း၊ လူတို့သည်လည်းကောင်း၊ ဤလောက၌လည်းကောင်း၊ အခြား လောက၌လည်းကောင်း၊ နတ်ပြည်တို့၌လည်းကောင်း၊ အလုံးစုံသော နေရာတို့၌ လည်းကောင်း မတွေ့မမြင်ရကုန်။
နတ်သမီး အကယ်၍ သိသည် ဖြစ်အံ့၊ ဆိုလော့ဟု (မိန့်တော်မူ၏)။
အသျှင်ဘုရား မြတ်စွာဘုရားသည် အကျဉ်းအားဖြင့် ဟောတော်မူအပ်သော ဤတရားတော်၏ အနက်ကို အကျယ်အားဖြင့် အကျွန်ုပ်သည် ဤသို့ သိပါ၏—
အလုံးစုံသော လောက၌ ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း မကောင်းမှုကို စိုးစဉ်းမျှ မပြုရာ။ အောက်မေ့မှု ‘သတိ’ ဆင်ခြင် ဉာဏ် ‘သမ္ပဇဉ်’နှင့် ပြည့်စုံသည်ဖြစ်၍ ကာမဂုဏ်တို့ကို ပယ်ပြီးလျှင် အကျိုးစီးပွား နှင့် မစပ်သော ဆင်းရဲကို မမှီဝဲရာဟု (လျှောက်၏)။
နှစ်ခုမြောက် နန္ဒနဝဂ် ပြီး၏။
နန္ဒနဝဂ်၏ အနှစ်သာရသည် လောကီစည်းစိမ်များ၏ အနိစ္စသဘောနှင့် နိဗ္ဗာန်၏ ချမ်းသာမှုကို နှိုင်းယှဉ်ဖွင့်ဆိုရာ၌ တည်ရှိသည်။ ဤဝဂ်သည် ကာမဂုဏ်များကို မြတ်နိုးမှုသည် စိုးရိမ်မှုနှင့် ဆင်းရဲခြင်းသို့ ဦးတည်ကြောင်း သင်ကြားပေးသည်။ မြတ်စွာဘုရား၏ ဟောကြားချက်များသည် သင်္ခါရတရားများ၏ ဖြစ်ပျက်သဘောနှင့် အရိယာမဂ်ဖြင့် တဏှာကင်းမှုကို အလေးပေးဖွင့်ဆိုသည်။
ဤဝဂ်သည် အောက်ပါအချက်များကို အဓိကထားဖွင့်ဆိုသည်။
- အနိစ္စသဘော: ကာမဂုဏ်များနှင့် လောကီစည်းစိမ်များသည် ဖြစ်ပြီးပျက်သည့်သဘောရှိပြီး၊ ရာဂ၊ ဒေါသ၊ မောဟတို့ကို ဖြစ်ပေါ်စေသည်။
- နိဗ္ဗာန်၏ ချမ်းသာမှု: သင်္ခါရတရားများမှ လွတ်မြောက်ခြင်းသည် စစ်မှန်သော ချမ်းသာဖြစ်သည်။
- အရိယာမဂ်၏ အရေးပါမှု: သတိ၊ သမ္ပဇဉ်နှင့် လုံ့လဖြင့် အကုသိုလ်ကို ပယ်ထုတ်နိုင်မှုသည် နိဗ္ဗာန်သို့ ဦးတည်စေသည်။
- တဏှာကင်းမှု: မိသားစု၊ ဥစ္စာ၊ အဆင့်အတန်းစသည့် လောကီအနှောင်အဖွဲ့များမှ လွတ်မြောက်မှုကို အလေးပေးဖွင့်ဆိုသည်။
နန္ဒနဝဂ်သည် လောကီစည်းစိမ်များ၏ မမြဲသောသဘောနှင့် နိဗ္ဗာန်၏ စစ်မှန်သော ချမ်းသာမှုကို နှိုင်းယှဉ်ဖွင့်ဆိုသည့် တရားတော်များဖြစ်သည်။ ဤဝဂ်သည် ဗုဒ္ဓဘာသာဝင်များအား ကာမဂုဏ်များမှ လွတ်မြောက်ရန်နှင့် အရိယာမဂ်ဖြင့် နိဗ္ဗာန်သို့ ဦးတည်ရန် လမ်းညွှန်ပေးသည်။ ဂါထာပုံစံဖြင့် ရေးဖွဲ့ထားသော ဤသုတ်များသည် ကဗျာဆန်ပြီး နက်နဲသော အဓိပ္ပါယ်များကို ရိုးရှင်းစွာ ဖွင့်ဆိုထားသည်။ ဤဝဂ်သည် လောကီအလိုရမ္မက်များကို စွန့်လွှတ်ပြီး စိတ်ကို ထိန်းသိမ်းကာ သတိဖြင့် နေထိုင်ရန် တိုက်တွန်းထားသည်။
Ashin Sundara(6.8.2025)
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
သံယုတ္တနိကာယ်—၁၊ ၁။ ဒေဝတာသံယုတ်
၃—သတ္တိဝဂ်ကို လေ့လာခြင်း
သတ္တိဝဂ်ရှိ သုတ်အများစုသည် သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်းတိုက်တွင် ဟောကြားခဲ့ခြင်းဖြစ်သည်။ သာဝတ္ထိသည် မြတ်စွာဘုရား၏ တရားဟောကြားရာ အဓိကတည်နေရာတစ်ခုဖြစ်ပြီး၊ အဓိကအားဖြင့် အနာထပိဏ္ဍိကသူဌေးကြီးက လှူဒါန်းထားသော ဇေတဝန်ကျောင်းတိုက်တွင် တရားဟောကြားခဲ့သည်။ ဤနေရာသည် ရဟန်းများ၊ သာဝကများ၊ နှင့် နတ်သားများ စုဝေးရာ ဗဟိုချက်ဖြစ်သည်။ ဥပမာ၊ သတ္တိသုတ်တွင် “သာဝတ္ထိနိဒါန်း” ဟု ဖော်ပြထားပြီး၊ နတ်သားတစ်ပါးက မြတ်စွာဘုရားထံ လာရောက်မေးမြန်းပြီး တရားနာကြားသည်ကို တွေ့ရသည်။
သတ္တိဝဂ်သည် သုတ်ဆယ်ပုဒ်ပါဝင်ပြီး၊ တစ်ခုစီသည် မြတ်စွာဘုရား၏ တရားဟောကြားမှုများကို ဂါထာပုံစံဖြင့် ဖွဲ့စည်းထားသည်။
သတ္တိဝဂ်သည် ဗုဒ္ဓဘာသာကျင့်စဉ်၏ အဓိကအချက်များဖြစ်သော သတိ၊ ကိလေသာပယ်ဖျက်မှု၊ နှင့် နိဗ္ဗာန်သို့ ဦးတည်မှုကို ပြသသည့် အရေးပါသော သုတ်စုစည်းမှုတစ်ခုဖြစ်သည်။ ဤဝဂ်ရှိ သုတ်ဆယ်ပုဒ်သည် မြတ်စွာဘုရား၏ တရားဟောကြားမှုများမှတစ်ဆင့်၊ လောကီဆင်းရဲမှ လွတ်မြောက်ရန် လမ်းညွှန်ပြီး၊ ရဟန္တာဖြစ်မှုနှင့် နိဗ္ဗာန်သို့ ရောက်ရှိရန် ကျင့်စဉ်များကို ဖော်ပြသည်။ ဤဝဂ်သည် ဗုဒ္ဓဘာသာဝင်များအတွက် ဝိညာဉ်ရေးဆိုင်ရာ လမ်းညွှန်တစ်ခုအဖြစ် ဆောင်ရွက်ပြီး၊ သတိပြည့်ဝမှုနှင့် ကိလေသာကင်းရှင်းမှု၏ အရေးပါမှုကို သင်ကြားပေးသည်။
ဤဝဂ်သည် ဗုဒ္ဓဘာသာ၏ အဓိကအဆုံးအမများဖြစ်သော သတိပဋ္ဌာန်နှင့် အရိယမဂ်ကို အလေးပေးထားပြီး၊ လောကီဆင်းရဲမှ လွတ်မြောက်ရန် လမ်းညွှန်ပေးသည်။ ဥပမာ၊ သတ္တိသုတ်တွင် သတိဖြင့် ရာဂနှင့် သက္ကာယဒိဋ္ဌိကို ပယ်ဖျက်ရန် ဖော်ပြထားပြီး၊ ဇဋာသုတ်တွင် တဏှာကို ဖြေရှင်းရန် ပညာရှိဖြစ်ရန် တိုက်တွန်းသည်။
၁—သတ္တိသုတ် (လှံထိုးခံရသူကဲ့သို့ သတိရှိသင့်ပုံ)
၂၁။ သာဝတ္ထိနိဒါန်း။ ထိုနတ်သားသည် တစ်ခုသော နေရာ၌ ရပ်တည်ကာ မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏—
“လှံဖြင့် အထိုးခံရသော သူကဲ့သို့လည်းကောင်း၊ ဦးခေါင်း၌ မီးလောင်ခံရသော သူကဲ့သို့လည်းကောင်း ရဟန်းသည် ကာမဂုဏ်၌ တပ်စွန်းမှု ‘ရာဂ’ကို ပယ်ရန် သတိနှင့် ပြည့်စုံသည် ဖြစ်၍ နေရာ၏”ဟု (လျှောက်၏)။
လှံဖြင့် အထိုးခံရသော သူကဲ့သို့လည်းကောင်း၊ ဦးခေါင်း၌ မီးလောင်ခံရသော သူကဲ့သို့လည်းကောင်း ရဟန်းသည် ပရမတ္ထအားဖြင့် ထင်ရှားရှိသော ခန္ဓာငါးပါး၌ အမြင်မှားမှု ‘သက္ကာယဒိဋ္ဌိ’ကို ပယ်ရန် သတိနှင့် ပြည့်စုံသည် ဖြစ်၍ နေရာ၏ဟု (မိန့်တော်မူ၏)။
၂—ဖုသတိသုတ် (ကံသည် တွေ့ထိအပ်သူ)
၂၂။ “(ကံသည်) မတွေ့ထိသော ပုဂ္ဂိုလ်ကို (ကံ၏ အကျိုးဖြစ်သော ဝိပါက် သည်) မတွေ့ထိ၊ ထိုမှတစ်ပါး (ကံသည်) တွေ့ထိသော ပုဂ္ဂိုလ်ကိုမူကား (ကံ၏ အကျိုးဖြစ်သော ဝိပါက်သည်) တွေ့ထိ၏၊ ထို့ကြောင့် မပြစ်မှားထိုက်သည့် ပုဂ္ဂိုလ် ကို ပြစ်မှားမိ၍ (ကံ) တွေ့ထိသူကို (ကံ၏ အကျိုးဖြစ်သော ဝိပါက်သည်) တွေ့ထိ၏”ဟု (လျှောက်၏)။
အကြင်သူသည် မပြစ်မှားထိုက်သော စင်ကြယ်၍ (ကိလေသာ) အညစ်အကြေး မရှိသော ရဟန္တာဖြစ်သော ပုဂ္ဂိုလ်အား ပြစ်မှား၏၊ လေညာသို့ ပစ်လွှင့်အပ်သော သိမ်မွေ့သော မြူသည် ပစ်လွှင့်သူထံသို့သာ ပြန်ရောက်သကဲ့သို့ ထို့အတူ ထို သူမိုက်၏ မကောင်းမှု အကုသိုလ်ကံသည် ထိုသူမိုက်သို့သာ ပြန်ရောက်၏ဟု (ဟော တော်မူ၏)။
၃—ဇဋာသုတ် (အရှုပ်အထွေး ဖြေရှင်းနိုင်သူ)
၂၃။ “(အသျှင်ဘုရား) အကြင်တဏှာကို ကိုယ်တွင်းသန္တာန်၌ ဖွဲ့ယှက်တတ် သော တဏှာ, ကိုယ်ပသန္တာန်၌ ဖွဲ့ယှက်တတ်သော တဏှာဟု ဆိုအပ်ပါ၏၊ ထို (ကိုယ်တွင်း, ကိုယ်ပ၌ဖြစ်သော) ဖွဲ့ယှက်တတ်သော တဏှာသည် သတ္တဝါအပေါင်းကို ဖွဲ့ယှက်အပ်ပါ၏။ ဂေါတမမြတ်စွာဘုရား အသျှင်ဘုရားအား ထိုအကြောင်းကို မေး လျှောက်ပါ၏၊ ဤဖွဲ့ယှက်တတ်သော တဏှာကို အဘယ်ပုဂ္ဂိုလ်သည် ဖြေရှင်းနိုင်ပါ သနည်း”ဟု (လျှောက်၏)။
ပဋိသန္ဓေပညာရှိ၍ ပြင်းစွာ အားထုတ်မှုရှိသော ရင့်ကျက်သည့် ပညာရှိသော (သံသရာဘေးကို) ရှုလေ့ရှိသော ပုဂ္ဂိုလ်သည် သီလ၌ တည်၍ (သမာဓိ) စိတ်ကိုလည်းကောင်း၊ (ဝိပဿနာ) ပညာကိုလည်းကောင်း ပွားစေလျက် ဤဖွဲ့ယှက်တတ် သော တဏှာကို ဖြေရှင်းနိုင်ရာ၏။
အကြင်ပုဂ္ဂိုလ်တို့အား တပ်စွန်းမှု ‘ရာဂ’ အမျက်ထွက်မှု ‘ဒေါသ’ မသိမှု ‘အဝိဇ္ဇာ’တို့ ကင်းပြတ်ကုန်၏၊ အာသဝကုန်ပြီးဖြစ်၍ ရဟန္တာဖြစ်ကုန်၏၊ ထိုပုဂ္ဂိုလ်တို့သည် ဖွဲ့ယှက်တတ်သော တဏှာကို ဖြေရှင်းအပ်ပြီ။
အကြင်နိဗ္ဗာန်၌ နာမ်သည်လည်းကောင်း၊ ရုပ်သည်လည်းကောင်း၊ ထိပါးမှုဟူသော အမှတ် ‘ပဋိဃသညာ’သည်လည်းကောင်း၊ ရုပ်၌ဖြစ်သော အမှတ် ‘ရူပသညာ’သည်လည်းကောင်း အကြွင်းမဲ့ ချုပ်၏။ ဤနိဗ္ဗာန်၌ ဤဖွဲ့ယှက်တတ်သော တဏှာသည် ကင်းပြတ်၏ဟု (မိန့်တော်မူ၏)။
၄—မနောနိဝါရဏသုတ် (စိတ်ကို တားမြစ်သင့်သောအရာ)
၂၄။ “အကြင်အကြင် ကောင်းမှု မကောင်းမှုမှ စိတ်ကို တားမြစ်ရာ၏၊ ထိုထို ကောင်းမှု မကောင်းမှုကြောင့် ဆင်းရဲသည် ထိုပုဂ္ဂိုလ်သို့ မရောက်၊ ထိုပုဂ္ဂိုလ်သည် အလုံးစုံသော ကောင်းမှု မကောင်းမှုမှ စိတ်ကို တားမြစ်ရာ၏၊ ထိုပုဂ္ဂိုလ်သည် အလုံးစုံသော ဆင်းရဲမှ လွတ်၏”ဟု (လျှောက်၏)။
အလုံးစုံ ကောင်းမှု မကောင်းမှုမှ စိတ်ကို မတားမြစ်ရာ၊ စောင့်စည်းခြင်းသို့ ရောက်သော စိတ်ကို မတားမြစ်ရာ။ အကြင်အကြင်သဘောမှ မကောင်းမှု ‘စိတ်’ ဖြစ်၏၊ ထိုထိုသဘောမှ (မကောင်းမှု) စိတ်ကို တားမြစ်ရာ၏ဟု (မိန့်တော်မူ၏)။
၅—အရဟန္တသုတ် (ရဟန္တာ၏ ပြောဆိုပုံ)
၂၅။ “အကြင်ရဟန်းသည် ပူဇော်အထူးကို ခံထိုက်၏၊ (မဂ်) ကိစ္စကို ပြုပြီး ဖြစ်၏၊ အာသဝကုန်ပြီး ဖြစ်၏၊ အဆုံးစွန်သော ကိုယ်ကို ဆောင်ပြီး ဖြစ်၏။ ထို ရဟန်းသည် ငါ ပြောဆို၏ဟူ၍လည်း ဆိုရာပါသလော၊ ထိုရဟန်းသည် ငါ့ကို (တစ်ပါးသူတို့က) ပြောဆိုကုန်၏ဟူ၍လည်း ဆိုရာပါသလော”ဟု (လျှောက်၏)။
အကြင်ရဟန်းသည် ပူဇော်အထူးကို ခံထိုက်၏၊ (မဂ်) ကိစ္စကို ပြုပြီး ဖြစ်၏၊ အာသဝ ကုန်ပြီး ဖြစ်၏၊ အဆုံးစွန်သော ကိုယ်ကို ဆောင်ပြီး ဖြစ်၏။ ထိုရဟန်း သည် ငါ ပြောဆို၏ဟူ၍လည်း ဆိုရာ၏၊ ထိုရဟန်းသည် ငါ့ကို (တစ်ပါးသူတို့က) ပြောဆိုကုန်၏ဟူ၍လည်း ဆိုရာ၏၊ လောကဝယ် (ခန္ဓာစသည်တို့၌) လိမ္မာသော ထိုရဟန်းသည် ခေါ်ဝေါ်အပ်သော အမည်ကို သိ၍ ခေါ်ဝေါ်မှုမျှဖြင့်ခေါ်ဝေါ်ရာ၏ဟု (ဖြေတော်မူ၏)။
အကြင်ရဟန်းသည် ပူဇော်အထူးကို ခံထိုက်၏၊ (မဂ်) ကိစ္စကို ပြုပြီး ဖြစ်၏၊ အာသဝ ကုန်ပြီး ဖြစ်၏၊ အဆုံးစွန်သော ကိုယ်ကို ဆောင်ပြီး ဖြစ်၏။ ထိုရဟန်း သည် (ကိုးပါးအပြားရှိသော) ထောင်လွှားမှု ‘မာန’သို့ ကပ်ရောက်၍ ငါ ပြောဆို၏ ဟူ၍လည်း ဆိုရာပါသလော၊ ထိုရဟန်းသည် ငါ့ကို (တစ်ပါးသူတို့က) ပြောဆိုကုန်၏ဟူ၍လည်း ဆိုရာပါသလောဟု (လျှောက်၏)။
ထောင်လွှားမှု ‘မာန’ကို ပယ်ပြီးသော ရဟန်းအား ထုံးဖွဲ့မှု ‘ဂန္ထ’တရားတို့သည် မရှိကုန်၊ ထိုရဟန်းသည် အလုံးစုံသော ထောင်လွှားမှု ‘မာန’ , ထုံးဖွဲ့မှု ‘ဂန္ထ’တို့ကို ဖျက်ဆီးအပ်ကုန်၏၊ ကောင်းသော ပညာရှိသော ထိုရဟန်းသည် (တဏှာ, မာန, ဒိဋ္ဌိတို့ဖြင့်) မှတ်ထင်မှုကို လွန်မြောက်၏၊ ထိုရဟန်းသည် ငါ ပြောဆို၏ဟူ၍လည်း ဆိုရာ၏၊ ထိုရဟန်းသည် ငါ့ကို (တစ်ပါးသူတို့က) ပြောဆိုကုန်၏ဟူ၍လည်း ဆိုရာ၏၊ လောကဝယ် (ခန္ဓာစသည်တို့၌) လိမ္မာသော ထိုရဟန်းသည် ခေါ်ဝေါ်အပ်သော အမည်ကို သိ၍ ခေါ်ဝေါ်မှုမျှဖြင့် ခေါ်ဝေါ် ရာ၏ဟု (ဖြေတော်မူ၏)။
၆—ပဇ္ဇောတသုတ် (အလင်းရောင်လေးမျိုး)
၂၆။ “အကြင်အရောင်တို့ဖြင့် လောကသည် ထွန်းလင်းတောက်ပ၏၊ လောက၌ ထွန်းလင်းတောက်ပသော ထိုအရောင်တို့သည် အဘယ်မျှ ရှိကုန်သနည်း၊ မြတ်စွာဘုရားကို မေးခြင်းငှါ ရောက်လာပါကုန်၏၊ ထိုအကြောင်းကို အကျွန်ုပ်တို့သည် အဘယ်သို့ သိရပါအံ့နည်း”ဟု (လျှောက်၏)။
လောက၌ အရောင်တို့သည် လေးမျိုးရှိကုန်၏၊ ဤလောက၌ ငါးခုမြောက် အရောင်သည် မရှိ။ နေသည် နေ့အခါ၌ ထွန်းလင်းတောက်ပ၏၊ လသည် ညအခါ၌ ထွန်းလင်းတောက်ပ၏၊ ထိုမှတစ်ပါး မီးသည် နေ့ရောညပါ ထိုထိုအရပ်၌ ထွန်းလင်း တောက်ပ၏၊ မြတ်စွာဘုရားအရောင်တော်သည် အရောင်တကာတို့ထက် မြတ်၏၊ ထိုမြတ်စွာဘုရားအရောင်တော်သည် အတုမရှိဟု (မိန့်တော်မူ၏)။
၇—သရသုတ် (သံသရာရေအိုင် ဆုတ်ရာအရပ်)
၂၇။ “သံသရာအိုင်တို့သည် အဘယ်အရပ်မှ ဆုတ်နစ်ကုန်သနည်း၊ ဝဋ်ဆင်းရဲ သည် အဘယ်အရပ်၌ မဖြစ်သနည်း၊ နာမ်သည်လည်းကောင်း၊ ရုပ်သည်လည်းကောင်း အဘယ်အရပ်၌ အကြွင်းမဲ့ ချုပ်သနည်း”ဟု (လျှောက်၏)။
အကြင် (နိဗ္ဗာန်) အရပ်၌ ဖွဲ့စည်းမှု ‘အာပေါ’ဓာတ်သည်လည်းကောင်း၊ ခက်မာမှု ‘ပထဝီ’ဓာတ်သည်လည်းကောင်း၊ ရင့်ကျက်မှု ‘တေဇော’ဓာတ်သည်လည်းကောင်း၊ ထောက်ကန်မှု ‘ဝါယော’ဓာတ်သည်လည်းကောင်း မတည်နိုင်။ ထို (နိဗ္ဗာန်) အရပ်မှ သံသရာအိုင်တို့သည် ဆုတ်နစ်ကုန်၏၊ ဤနိဗ္ဗာန်အရပ်၌ ဝဋ်ဆင်းရဲသည် မဖြစ်၊ ဤ (နိဗ္ဗာန်) အရပ်၌ နာမ်သည်လည်းကောင်း၊ ရုပ်သည်လည်းကောင်း အကြွင်းမဲ့ ချုပ်၏ဟု (ဖြေတော်မူ၏)။
၈—မဟဒ္ဓနသုတ် (ပစ္စည်းများစွာရှိသူ)
၂၈။ “များသော ဥစ္စာရှိကုန်သော များသော အသုံးအဆောင်ရှိကုန်သော နိုင်ငံ ပိုင်ရှင် ဘုရင်မင်းမြတ်တို့သော်လည်း ကာမဂုဏ်တို့၌ မရောင့်ရဲနိုင်ကုန်သည် ဖြစ်၍ အချင်းချင်း အလွန် တောင့်တမက်မောကုန်၏။
ဤလောက၌ ကြောင့်ကြမှု ရှိကုန်သော ဘဝရေအယဉ်သို့ အစဉ်လိုက်ကုန်သော ထိုသူတို့တွင် အဘယ်ပုဂ္ဂိုလ်တို့သည် တပ်မက်မှု ‘တဏှာ’ ကို ပယ်စွန့်ကုန်သနည်း၊ အဘယ်ပုဂ္ဂိုလ်တို့သည် လောက၌ ကြောင့်ကြမှု မရှိကြကုန်သနည်း”ဟု (လျှောက်၏)။
(အကြင်ပုဂ္ဂိုလ်တို့သည်) အိမ်ရာထောင်သော ဘဝကို ပယ်စွန့်၍ ချစ်အပ်သော သားသမီးကိုလည်းကောင်း၊ (နွားစသော) သတ္တဝါကိုလည်းကောင်း ပယ်စွန့်၍ တပ် စွန်းမှု ‘ရာဂ’ကိုလည်းကောင်း၊ အမျက်ထွက်မှု ‘ဒေါသ’ကိုလည်းကောင်း ပယ်စွန့်၍ မသိမှု ‘အဝိဇ္ဇာ’ကိုလည်း ကင်းပြတ်စေ၍ ရှင်ရဟန်းပြုကြကုန်၏။ အာသဝေါကုန်ပြီး သော ထိုရဟန္တာပုဂ္ဂိုလ်တို့သည် လောက၌ ကြောင့်ကြ မရှိကုန်ဟု (ဖြေတော်မူ၏)။
၉—စတုစက္ကသုတ် (စက်လေးပါးရှိသော ခန္ဓာကိုယ်)
၂၉။ “ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရား (ဣရိယာပုတ်ဟူသော) စက်လေးပါးလည်းရှိသော၊ ကိုးပါးသော အပေါက် ‘ဒွါရ’လည်းရှိသော၊ (မစင်တို့ဖြင့်) ပြည့်သော လိုချင်မှု ‘လောဘ’နှင့် စပ်ယှဉ်သော၊ (အမိဝမ်းတိုက်ဟူသော) ညွန်၌ ဖြစ်သော ကိုယ်သည် အဘယ်သို့ ထွက်မြောက်မှု ဖြစ်နိုင်လိမ့်မည်နည်း”ဟု (လျှောက်၏)။
ရန်ငြိုးဖွဲ့မှုကိုလည်းကောင်း၊ (ကိလေသာဟူသော) လွန်ကြိုးကိုလည်းကောင်း၊ လိုလားမှု ‘ဣစ္ဆာ’ကိုလည်းကောင်း၊ ယုတ်ညံ့သော လိုချင်မှု ‘လောဘ’ ကိုလည်းကောင်း ဖြတ်၍ တပ်မက်မှု ‘တဏှာ’ကို အမြစ်နှင့်တကွ နုတ်ပယ်နိုင်သည် ရှိသော် ဤသို့ ထွက်မြောက်မှု ဖြစ်နိုင်လတ္တံ့ဟု (ဖြေတော်မူ၏)။
၁ဝ—ဧဏိဇင်္ဂသုတ် (ဧဏီသားကောင်၏ မြင်းခေါင်းရှိသူ)
၃ဝ။ “ဧဏီမည်သော သား၏ မြင်းခေါင်းနှင့်တူသော မြင်းခေါင်းရှိသော , ကြုံ သော ကိုယ်ရှိသော , လုံ့လရှိသော , နည်းသော အာဟာရရှိသော , လျှပ်ပေါ်မှု ကင်းသော , တစ်ကောင်တည်း ကျက်စားသော ခြင်္သေ့ကဲ့သို့လည်းကောင်း၊ တစ်စီး တည်း လှည့်လည်သော ဆင်ကဲ့သို့လည်းကောင်း တစ်ပါးတည်း ကျင့်တော်မူသော ကာမဂုဏ်တို့၌ ငဲ့ကွက်မှု ကင်းသော မြတ်စွာဘုရားသို့ ချဉ်းကပ်၍ မေးပါကုန်၏၊ အဘယ်သို့သော အကြောင်းဖြင့် ဆင်းရဲမှ လွတ်နိုင်ပါအံ့နည်း”ဟု (လျှောက်၏)။
လောက၌ စိတ်လျှင် ခြောက်ခုမြောက်ရှိကုန်သော ကာမဂုဏ်ငါးပါးတို့ကို ဟော ကြားအပ်ကုန်၏၊ ဤနာမ်ရုပ်တရား၌ လိုချင်မှု ‘ဆန္ဒရာဂ’ကို ကင်းပြတ်စေ၍ ဤသို့ သော အကြောင်းဖြင့် ဆင်းရဲမှ လွတ်နိုင်၏ဟု (ဖြေတော်မူ၏)။
သုံးခုမြောက် သတ္တိဝဂ် ပြီး၏။
Ashin Sundara(8.8.2025)
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
သံယုတ္တနိကာယ်—၁ ၊ ဒေဝတာသံယုတ်
၄—သတုလ္လပကာယိကဝဂ် (အပိုင်း ၁)
၁—သဗ္ဘိသုတ် (သူတော်ကောင်းတို့နှင့်ပေါင်းသင့်)
၃၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်းတော်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ သူတော် ကောင်းတရားကို ဟောပြော၍ နတ်ပြည်၌ ဖြစ်ကုန်သော များစွာကုန်သော နတ်သားတို့သည် အလွန် နှစ်သက်ဖွယ်သော အဆင်းရှိသည် ဖြစ်၍ ညဉ့်ဦးယမ်လွန်ပြီးသော (သန်းခေါင်းယမ်) အချိန်၌ ဇေတဝန် တစ်ကျောင်းလုံးကို (ကိုယ်ရောင် ကိုယ်ဝါဖြင့်) ထွန်းလင်းစေလျက် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ကုန်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော အရပ်၌ ရပ်တည်ကြကုန်၏၊ တစ်ခုသော အရပ်၌ ရပ်တည်ပြီး သော နတ်သားတစ်ဦးသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏—
“သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏၊ သူတော်ကောင်းတို့နှင့် ပေါင်း ဖော်ခြင်းကို ပြုရာ၏၊ သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် မြတ်၏၊ မယုတ်မာ”ဟု (လျှောက်၏)။
ထိုအခါ တစ်ပါးသော နတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏—
“သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏၊ သူတော်ကောင်းတို့နှင့် ပေါင်း ဖော်ခြင်းကို ပြုရာ၏၊ သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် ပညာကို ရနိုင်၏၊ အခြား (သူမိုက်) ထံမှ ပညာကို မရနိုင်”ဟု (လျှောက်၏)။
ထိုအခါ တစ်ပါးသော နတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏—
“သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏၊ သူတော်ကောင်းတို့နှင့် ပေါင်း ဖော်ခြင်းကို ပြုရာ၏၊ သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် ပူဆွေးသူတို့၏ အလယ်၌ မပူဆွေးရ”ဟု (လျှောက်၏)။
ထိုအခါ တစ်ပါးသော နတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏—
“သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏၊ သူတော်ကောင်းတို့နှင့် ပေါင်း ဖော်ခြင်းကို ပြုရာ၏၊ သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် ဆွေမျိုးတို့၏ အလယ်၌ တင့်တယ်၏”ဟု (လျှောက်၏)။
ထိုအခါ တစ်ပါးသော နတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏—
“သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏၊ သူတော်ကောင်းတို့နှင့် ပေါင်း ဖော်ခြင်းကို ပြုရာ၏၊ သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် သတ္တဝါတို့ သည် ကောင်းသော လားရာ (သုဂတိ) ဘဝသို့ ရောက်ရကုန်၏”ဟု (လျှောက်၏)။
ထိုအခါ တစ်ပါးသော နတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏—
“သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏၊ သူတော်ကောင်းတို့နှင့် ပေါင်း ဖော်ခြင်းကို ပြုရာ၏၊ သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် သတ္တဝါတို့ သည် အမြဲမပြတ် ချမ်းသာစွာ တည်နေရကုန်၏”ဟု (လျှောက်၏)။
ထိုအခါ တစ်ပါးသော နတ်သားသည် “မြတ်စွာဘုရား အဘယ်သူ၏ စကားသည် ကောင်းစွာ ဆို အပ်သည် မည်ပါသနည်း”ဟု မြတ်စွာဘုရားအား ဤစကားကို လျှောက်၏၊ သင် နတ်သားအားလုံးတို့၏ စကားသည် အကြောင်းပရိယာယ်အားဖြင့် ကောင်းစွာ ဆိုအပ်၏၊ ထို့ပြင် ငါ၏ (စကားကို)လည်း နာကြ ကုန်လော့ —
“သူတော် ကောင်းတို့ နှင့် သာလျှင် ပေါင်း ဖော် ရာ၏၊ သူတော် ကောင်းတို့ နှင့် ပေါင်း ဖော်ခြင်း ကို ပြုရာ၏၊ သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် အလုံးစုံ သော ဆင်းရဲအပေါင်းမှ လွတ်မြောက်နိုင်၏”ဟု (မိန့်တော်မူ၏)။
မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏၊ ထိုနတ်တို့သည် နှစ်သက်ကုန်သည် ဖြစ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရိုအသေ ပြုကာ ထိုအရပ်၌ပင် ကွယ်ပျောက်လေကုန်သတည်း။
၂—မစ္ဆရိသုတ် (ဝန်တိုခြင်းကြောင့် မပေးလှူသူ)
၃၂။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ သူတော်ကောင်းတရားကို ပြောဟော၍ နတ်ပြည်၌ ဖြစ်ကုန်သော များစွာကုန်သောနတ်သားတို့သည် အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ ညဉ့်ဦးယံ လွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ ဇေတဝန်တစ်ကျောင်းလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားအထံ သို့ ချဉ်းကပ်ကုန်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ရပ်တည်ကုန်၏၊ တစ်ခုသောနေရာ ၌ ရပ်တည်ပြီးသော် နတ်သားတစ်ယောက်သည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏—
“ဝန်တိုမှု ‘မစ္ဆေရ’ကြောင့်လည်းကောင်း၊ မေ့လျော့မှု ‘ပမာဒ’ကြောင့်လည်းကောင်း ဤသို့သော အကြောင်းကြောင့် အလှူကို မပေးလှူ။ ကောင်းမှုကို အလိုရှိသော (ကောင်းမှု၏ အကျိုးကို) သိသော ပညာရှိသည် ပေးလှူသင့်လှပေ၏”ဟု (လျှောက်၏)။
ထိုအခါ တစ်ပါးသော နတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာတို့ကို လျှောက်၏—
“ဝန်တိုမှု ‘မစ္ဆေရ’ ရှိသူသည် အကြင် (ဆင်းရဲငတ်ပြတ်မွဲတေမည့်) ဘေးမှ ကြောက် သည်ဖြစ်၍ မပေးလှူ၊ မပေးလှူသောကြောင့် ထို (ဆင်းရဲငတ်ပြတ်မွဲတေသည့်) ဘေး သည် ထိုသူမိုက်ကို တွေ့ထိ၏၊ ဝန်တိုမှု ရှိသူသည် အကြင်ဆာလောင်မွတ်သိပ်မှုမှ ကြောက်၏၊ ထိုမိမိကြောက်သော ဆာလောင်မွတ်သိပ်မှုသည် ဤပစ္စုပ္ပန်လောက၌လည်းကောင်း၊ တမလွန်လောက၌လည်းကောင်း ထိုသူမိုက်ကိုပင် တွေ့ထိ၏။
ထို့ကြောင့် ဝန်တိုမှု ‘မစ္ဆေရ’ကို ပယ်ဖျောက်လျက် (ဝန်တိုမှု) အညစ်အကြေးကို နှိမ်နင်းသည်ဖြစ်၍ အလှူကို ပေးလှူရာ၏။ (မှန်၏)၊ ကောင်းမှုတို့သည် တမလွန် လောက၌ သတ္တဝါတို့၏ တည်ရာ ဖြစ်ကုန်၏”ဟု (လျှောက်၏)။
ထိုအခါ တစ်ပါးသော နတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာတို့ကို လျှောက်၏—
“ခရီးသွားကုန်သော သူတို့သည် ခရီးသွားဖော်ချင်းတို့အား အနည်းငယ်မျှ (ရိက္ခာ) ၌သော်လည်း ခွဲခြမ်းဝေဖန်၍ ပေးကုန်သကဲ့သို့ ထို့အတူ အကြင်သံသရာ ခရီးသွားတို့သည် သံသရာခရီးသွားဖော်ချင်းတို့အား အနည်းငယ်မျှသော ပေးလှူ ဖွယ်၌ ခွဲခြမ်းဝေဖန်၍ ပေးလှူကုန်၏၊ ထိုသူတို့သည် သေသူတို့တွင် မသေသူတို့ မည်ကုန်၏၊ ဤသဘောတရားသည် ရှေးထုံးစဉ်လာ ဖြစ်၏။
အချို့သူတို့သည် အနည်းငယ်မျှသော ပေးလှူဖွယ်၌သော်လည်း ခွဲခြမ်းဝေဖန်၍ ပေးလှူကုန်၏၊ ဥစ္စာများစွာနှင့် ပြည့်စုံသူ အချို့တို့သည် ခွဲခြမ်းဝေဖန်၍ မပေးလှူ ကုန်၊ အနည်းငယ်မျှသော ပေးလှူဖွယ်၌ ခွဲခြမ်းဝေဖန်၍ လှူအပ်သော အလှူကို အလှူတစ်ထောင်နှင့် အညီအမျှ နှိုင်းယှဉ်အပ်၏”ဟု (လျှောက်၏)။
ထိုအခါ တစ်ပါးသော နတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာတို့ကို လျှောက်၏—
“ပေးလှူနိုင်ခဲသည်ကို ပေးလှူသူတို့၏ ပေးလှူမှုမျိုးကိုလည်းကောင်း၊ ပြုလုပ် နိုင်ခဲသော ကောင်းမှုကံကို ပြုလုပ်သူတို့၏ ပြုလုပ်မှုမျိုးကိုလည်းကောင်း သူတော် မဟုတ် သူယုတ်တို့သည် အတုလိုက်၍ မပြုလုပ်နိုင်ကြကုန်။ (မှန်၏)၊ သူတော် ကောင်းတို့၏ တရားသည် အတုလိုက်ရန် ခဲယဉ်း၏။
ထို့ကြောင့် သူတော်ကောင်းတို့၏လည်းကောင်း၊ သူယုတ်မာတို့၏လည်းကောင်း ဤလူ့ပြည်မှ လားရာ (ဂတိ) သည် ကွဲပြား၏၊ သူတော်မဟုတ် သူယုတ်မာတို့သည် ငရဲသို့ ရောက်ကုန်၏၊ သူတော်ကောင်းတို့သည် နတ်ပြည်သို့ လားရကုန်၏”ဟု (လျှောက်၏)။
ထိုအခါ တစ်ပါးသော နတ်သားသည် “မြတ်စွာဘုရား အဘယ်သူ၏ စကားသည် ကောင်းစွာ ဆိုအပ်သည် မည်ပါသနည်း”ဟု မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤစကားကို လျှောက်၏၊ သင် နတ်သား အားလုံးတို့၏ စကားသည် အကြောင်း (ပရိယာယ်) အားဖြင့် ကောင်းစွာ ဆိုအပ်၏၊ ထို့ပြင် ငါ၏ စကား ကိုလည်း နာကြကုန်လော့—
အကြင်သူသည် သားမယားကိုလည်း လုပ်ကျွေးမွေးမြူ၍ အနည်းငယ်မျှသော ပေးလှူဖွယ်၌သော်လည်း (ခွဲခြမ်းဝေဖန်ကာ) ပေးလှူလျက် (ကုသိုလ်ကမ္မပထ) တရားကို ကျင့်၏၊ တံမြက်လှည်း ပစ္စည်းဖြင့် ပေးလှူမှု (သမုဉ္ဇကအလှူ)၁ ကိုလည်း ပြုကျင့်ပေးလှူ၏၊ အသပြာတစ်ထောင်တန် ပူဇော်မှု ရှိကုန်သည်ဖြစ်၍ ယောကျာ်း တစ်သိန်းတို့၏ ဆယ်ကုဋေသော အလှူတို့သည် ထိုသို့ သဘောရှိသော သမုဉ္ဇက (အလှူ)၏ အစိတ်တစ်ရာ စိတ်၍ တစ်စိတ်သော အဖို့မျှကိုလည်း မမီနိုင်ကုန်ဟု (မိန့်တော်မူ၏)။
ထိုအခါ တစ်ပါးသော နတ်သားသည် မြတ်စွာဘုရားကို ဂါထာဖြင့် လျှောက်၏—
“မြတ်သည်၏ အဖြစ်သို့ ရောက်သော ပြန့်ပြောသော ဤပူဇော်မှု (အလှူ) သည် အဘယ့်ကြောင့် သင့်သောအားဖြင့် လှူအပ်သော အလှူ၏ တန်ဖိုးကို မမီသနည်း၊ အသပြာတစ်ထောင်တန် ပူဇော်မှု ရှိကုန်သည်ဖြစ်၍ ယောကျာ်းတစ်သိန်းတို့၏ ဆယ် ကုဋေသော အလှူတို့သည် ထိုသို့သဘောရှိသော သမုဉ္ဇက (အလှူ)၏ အစိတ်တစ်ရာ စိတ်၍ တစ်စိတ်သော အဖို့မျှကိုလည်း အဘယ့်ကြောင့် မမီနိုင်ကုန်သနည်း”ဟု (လျှောက်၏)။
အချို့သော သူတို့သည် မသင့်သော ကံသုံးပါး၌ တည်ကုန်လျက် ထောင်းထု ပုတ်ခတ် သတ်ဖြတ်၍လည်းကောင်း၊ ပူဆွေးစေ၍လည်းကောင်း ပေးလှူကုန်၏။ ထို အလှူသည် မျက်ရည်ပြည့်သော မျက်နှာရှိသည်ဖြစ်၍ ဒဏ်နှင့် တကွဖြစ်သောကြောင့် သင့်သော အကြောင်းအားဖြင့် ပေးလှူအပ်သော အလှူ၏ တန်ဖိုးကို မမီနိုင်၊ ဤသို့ အသပြာတစ်ထောင်တန် ပူဇော်မှုရှိကုန်သည်ဖြစ်၍ ယောကျာ်းတစ်သိန်းတို့၏ ဆယ်ကုဋေသော အလှူတို့သည် ထိုသို့သဘောရှိသော သမုဉ္ဇက (အလှူ)၏ အစိတ် တစ်ရာ စိတ်၍ တစ်စိတ်သော အဖို့မျှကိုလည်း မမီနိုင်ကုန်”ဟု (မိန့်တော်မူ၏)။
၁။ ကောက်နယ်တလင်းစသည်ကို သုတ်သင်မှု ကောက်ရိုးကို ထုရိုက်နင်းနယ်မှု စသည်ဖြင့် ရသောပစ္စည်းကို ပေးလှူမှုမျိုးသည် သမုဉ္ဇကအလှူ မည်၏။ (အဋ္ဌကထာ)
၃—သာဓုသုတ် (တရားကိုသိခြင်းသည် အမြတ်ဆုံး)
၃၃။ သာဝတ္ထိနိဒါန်း။ ထိုအခါ သူတော်ကောင်းတို့၏ တရားကို ပြောဟော၍ နတ်ပြည်၌ ဖြစ်ကုန်သော များစွာကုန်သော နတ်သားတို့သည် အလွန်နှစ်သက်ဖွယ်သော အဆင်းရှိကုန်သည်ဖြစ်၍ ညဉ့်ဦးယံ လွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ ဇေတဝန်တစ်ကျောင်းလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရား အထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးကုန်ပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် နတ်သားတစ်ယောက်သည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဥဒါန်းစကားကို မြွက်ဆို (ကျူးရင့်)၏—
“အသျှင် ပေးလှူခြင်းသည် စင်စစ် ကောင်းပေ၏၊ ဝန်တိုမှု ‘မစ္ဆေရ’ ကြောင့်လည်းကောင်း၊ မေ့လျော့မှု ‘ပမာဒ’ ကြောင့်လည်းကောင်း ဤသို့သော အကြောင်း ကြောင့် အလှူ ‘ဒါန’ ကို မပေးလှူနိုင်။ ကောင်းမှုကို အလိုရှိသော (ကောင်းမှု၏ အကျိုးကို) သိသော ပညာရှိသာ ပေးလှူနိုင်၏”ဟု (ဥဒါန်းကျူးရင့်၏)။
ထိုအခါ တစ်ပါးသော နတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဥဒါန်းစကားကို မြွက်ဆို (ကျူးရင့်)၏—
“အသျှင် ပေးလှူခြင်းသည် စင်စစ် ကောင်းပေ၏၊ စင်စစ်သော်ကား အနည်း ငယ်မျှသော်လည်း ပေးလှူခြင်းသည် ကောင်း၏၊ အချို့သူတို့သည် အနည်းငယ်မျှ သော လှူဖွယ်၌သော်လည်း ခွဲခြမ်းဝေဖန်၍ ပေးလှူကုန်၏၊ ဥစ္စာများစွာနှင့် ပြည့်စုံ သူ အချို့တို့သည် ခွဲခြမ်းဝေဖန်၍ မပေးလှူကုန်၊ အနည်းငယ်မျှသော ပေးလှူဖွယ် ၌ ခွဲခြမ်းဝေဖန်၍ ပေးလှူအပ်သော အလှူကို အလှူတစ်ထောင်နှင့် အမျှ နှိုင်းယှဉ် အပ်၏”ဟု (ဥဒါန်းကျူးရင့််)၏—
ထိုအခါ တစ်ပါးသော နတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဥဒါန်းစကားကို မြွက်ဆို (ကျူးရင့်)၏—
“အသျှင် ပေးလှူခြင်းသည် စင်စစ် ကောင်းပေ၏၊ အနည်းငယ်မျှသော ပေးလှူ ဖွယ်၌သော်လည်း ခွဲခြမ်းဝေဖန်၍ ပေးလှူခြင်းသည် ကောင်း၏၊ စင်စစ်သော်ကား ယုံကြည်မှုဖြင့်လည်း ပေးလှူခြင်းသည် ကောင်း၏။
ပေးလှူခြင်းသည်လည်းကောင်း၊ စစ်ထိုးခြင်းသည်လည်းကောင်း တူမျှ၏ဟု ဆို ကုန်၏။ သူတော်ကောင်းတို့သည် အနည်းငယ်မျှ ဖြစ်ကုန်သော်လည်း များစွာသော သူတို့ကို အောင်မြင်ကုန်၏၊ (အကြင်သူသည်) ယုံကြည်သည် ဖြစ်၍ အနည်းငယ်မျှ ကိုသော်လည်း အကယ်၍ ပေးလှူအံ့၊ ထို့ကြောင့်သာလျှင် ထိုသူသည် တမလွန် ဘဝ၌ ချမ်းသာခြင်းရှိ၏”ဟု (ဥဒါန်းကျူးရင့်၏)။
ထိုအခါ တစ်ပါးသော နတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဥဒါန်းစကားကို မြွက်ဆို (ကျူးရင့်)၏—
“အသျှင် ပေးလှူခြင်းသည် စင်စစ် ကောင်းပေ၏၊ အနည်းငယ်မျှသော ပေးလှူ ဖွယ်၌သော်လည်း ခွဲခြမ်းဝေဖန်၍ ပေးလှူခြင်းသည် ကောင်း၏၊ ယုံကြည်မှုဖြင့်လည်း ပေးလှူခြင်းသည် ကောင်း၏၊ စင်စစ်သော်ကား တရားသဖြင့် ရအပ်သော စည်းစိမ်ရှိသူ၏ (ရအပ်ပြီးသော လောကုတ္တရာတရားရှိသူအား) ပေးလှူခြင်းသည်လည်းကောင်း၏။
အကြင်ပုဂ္ဂိုလ်သည် ထကြွလုံ့လဝီရိယဖြင့် ရအပ်သော ပစ္စည်းဥစ္စာဖြင့်, ရအပ်ပြီး သော လောကုတ္တရာတရားရှိသူအား အလှူဒါနကို ပေးလှူ၏၊ ထိုသတ္တဝါသည် ယမ မင်း၏ ကြိမ်ပိုက်ချောင်းငရဲကို လွန်မြောက်၍ နတ်၌ဖြစ်သော ဘုံတို့သို့ ကပ်ရောက် ရ၏”ဟု (ဥဒါန်းကျူးရင့်၏)။
ထိုအခါ တစ်ပါးသော နတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဥဒါန်းစကားကို မြွက်ဆို (ကျူးရင့်)၏—
“အသျှင် ပေးလှူခြင်းသည် စင်စစ် ကောင်းပေ၏၊ အနည်းငယ်မျှသော ပေးလှူ ဖွယ်၌သော်လည်း (ခွဲခြမ်းဝေဖန်၍) ပေးလှူခြင်းသည် ကောင်း၏၊ ယုံကြည်မှုဖြင့် ပေးလှူခြင်းသည်လည်းကောင်း၏၊ တရားသဖြင့် ရအပ်သော စည်းစိမ်ရှိသူ၏ (ရအပ်ပြီးသော လောကုတ္တရာတရားရှိသူအား) ပေးလှူခြင်းသည်လည်းကောင်း၏၊ စင်စစ်သော်ကား ရွေးချယ်စိစစ်၍ ပေးလှူအပ်သော အလှူသည်လည်းကောင်း၏။
ရွေးချယ် စိစစ်၍ ပေးလှူခြင်းကို မြတ်စွာဘုရားသည် ချီးမွမ်းတော်မူအပ်၏၊ ကောင်းသော လယ်မြေ၌ စိုက်ပျိုးအပ်သော မျိုးစေ့တို့ကဲ့သို့ ထို့အတူ ဤသတ္တလောက၌ မြတ်သော အလှူကို ခံထိုက်ကုန်သော ပုဂ္ဂိုလ်တို့အား ပေးလှူ အပ်ကုန်သော အလှူတို့သည် များသော အကျိုးရှိကုန်၏”ဟု (ဥဒါန်းကျူးရင့်၏)။
ထိုအခါ တစ်ပါးသော နတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဥဒါန်းစကားကို မြွက်ဆို (ကျူးရင့်)၏—
“အသျှင် ပေးလှူခြင်းသည် စင်စစ် ကောင်းပေ၏၊ အနည်းငယ်မျှသော ပေးလှူ ဖွယ်၌သော်လည်း (ခွဲခြမ်းဝေဖန်၍) ပေးလှူခြင်းသည် ကောင်း၏၊ ယုံကြည်မှုဖြင့် ပေးလှူခြင်းသည်လည်းကောင်း၏၊ တရားသဖြင့် ရအပ်သော စည်းစိမ်ရှိသူ၏ (ရအပ်ပြီးသော လောကုတ္တရာတရားရှိသူအား) ပေးလှူခြင်းသည်လည်းကောင်း၏၊ ရွေးချယ်စိစစ်၍ ပေးလှူအပ်သော အလှူသည်လည်းကောင်း၏။
အကြင်သူသည် သတ္တဝါတို့ကို မညှဉ်းဆဲမူ၍ ကျင့်၏၊ စင်စစ်သော်ကား ထိုသူ၏ သတ္တဝါတို့၌ မညှဉ်းဆဲမှု ‘သံယမ’သည် ကောင်းသည်သာတည်း၊ သတ္တဝါတို့သည် သူတစ်ပါး ကဲ့ရဲ့စွပ်စွဲမှုမှ ကြောက်သောကြောင့် မကောင်းမှုကို မပြုကြကုန်၊ (မကောင်းမှုမှ) ကြောက်တတ်သူကို (သူတော်ကောင်းတို့) ချီးမွမ်းကုန်၏၊ ထို မကောင်းမှု၌ ရဲရင့်သူကို မချီးမွမ်းကြကုန်။ မှန်၏၊ သူတော်ကောင်းတို့သည် (သူတစ်ပါးတို့ ကဲ့ရဲ့စွပ်စွဲမှုမှ) ကြောက်သောကြောင့် မကောင်းမှုကို မပြုကုန်”ဟု (ဥဒါန်းကျူးရင့်၏)။
ထိုအခါ တစ်ပါးသော နတ်သားသည် “မြတ်စွာဘုရား အဘယ်သူ၏ စကားသည် ကောင်းစွာ ဆို့အပ်သည် မည်ပါသနည်း”ဟု မြတ်စွာဘုရားအား ဤစကားကို လျှောက်၏၊ သင် နတ်သားအားလုံးတို့၏ စကားသည် အကြောင်းပရိယာယ်အားဖြင့် ကောင်းစွာ ဆိုအပ်၏၊ ထို့ပြင် ငါ၏ (စကားကိုလည်း) နာကြ ကုန်လော့—
“ယုံကြည်မှုဖြင့် ပေးလှူခြင်းကို များသောအပြားဖြင့် ချီးမွမ်းအပ်၏၊ စင်စစ် သော်ကား ပေးလှူခြင်းထက် (နိဗ္ဗာန်) တရားအစုသည်သာလျှင် အထူးသဖြင့် ချီးမွမ်း အပ်မြတ်၏။ မှန်၏၊ ရှေး၌လည်းကောင်း၊ ထို့ထက်အလွန် ရှေး၌လည်းကောင်း ပညာရှိ သူတော်ကောင်းတို့သည် နိဗ္ဗာန်သို့သာလျှင် ကပ်ရောက်ကုန်၏”ဟု (မိန့်တော်မူ၏)။
၄—န သန္တိသုတ် (တည်မြဲသော ကာမဂုဏ်မရှိ)
၃၄။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ သူတော်ကောင်းတရားကို ပြောဟော၍ နတ်ပြည်၌ ဖြစ်ကုန်သော များစွာကုန်သော နတ်သားတို့သည် အလွန်နှစ်သက်ဖွယ်သော အဆင်းရှိကုန်သည်ဖြစ်၍ ညဉ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ ဇေတဝန်တစ်ကျောင်းလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ကုန်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် နတ်သားတစ်ယောက်သည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏—
“လူတို့၌ မြဲကုန်သော ကာမဂုဏ်တို့သည် မရှိကုန်၊ ဤလောက၌ နှစ်သက်ဖွယ် ကာမဂုဏ်တို့သည် ရှိကုန်၏၊ ယင်းကာမဂုဏ်တို့၌ နှောင်ဖွဲ့အပ်သော ယင်းကာမ ဂုဏ်တို့၌ အပြားအားဖြင့် ယစ်မူးသော ယောကျာ်းသည် သေခြင်း၏ တည်ရာ (တေဘူမိကဝဋ်) မှ တစ်ဖန်မလာရာ (နိဗ္ဗာန်) သို့ မရောက်နိုင်”ဟု (လျှောက်၏)။
ခန္ဓာငါးပါးသည် အလိုရှိမှု ‘တဏှာဆန္ဒ’ကြောင့် ဖြစ်၏၊ ဆင်းရဲမှုသည် အလိုရှိမှု ‘တဏှာဆန္ဒ’ကြောင့် ဖြစ်၏၊ အလိုရှိမှု ‘တဏှာဆန္ဒ’ကို ပယ်ဖျောက်သဖြင့် ခန္ဓာ ငါးပါးကို ပယ်ဖျောက်နိုင်၏၊ ခန္ဓာငါးပါး ကင်းပျောက်သဖြင့် ဆင်းရဲ ကင်းပျောက် ရ၏။
လောက၌ အကြင်အာရုံတို့သည် ဆန်းကြယ်ကုန်၏၊ ထိုအာရုံတို့သည် ကာမဂုဏ် မမည်ကုန်။ ကြံစည်တပ်မက်မှု (သင်္ကပ္ပရာဂ) သည် ယောကျာ်း၏ ကာမဂုဏ် မည်၏၊ လောက၌ ဆန်းကြယ်ကုန်သော အာရုံတို့သည် တည်မြဲတိုင်း တည်ကုန်၏၊ ပညာရှိတို့သည် ထိုအာရုံတို့၌ အလိုရှိမှု ‘တဏှာဆန္ဒ’ ကို ပယ်ဖျောက်ကုန်၏။
အမျက်ထွက်မှု ‘ကောဓ’ကို ပယ်စွန့်ရာ၏၊ ထောင်လွှားမှု ‘မာန’ကို ပယ်စွန့်ရာ၏၊ အလုံးစုံသော သံယောဇဉ်ကို လွန်မြောက်ရာ၏၊ နာမ်ရုပ်၌ ကပ်ငြိမှု မရှိသော ကြောင့်ကြခြင်း မရှိသော ထိုသူသို့ ဆင်းရဲတို့သည် မကျရောက်ကုန်။
(အကြင်ရဟန္တာပုဂ္ဂိုလ်သည်) (တပ်မက်သူ,ပြစ်မှားသူ,တွေဝေသူဟူသော) အမည် ပညတ်ကို ပယ်ပြီးပြီ၊ ကိုးပါးသော ထောင်လွှားမှု ‘မာန’သို့လည်း မကပ်ရောက်၊ ဤနာမ်ရုပ်၌ တပ်မက်မှု ‘တဏှာ’ကို ဖြတ်ပြီးပြီ။ ထုံးဖွဲ့မှု ‘ဂန္ထ’ကို ဖြတ်ပြီးသော ဆင်းရဲမရှိသော တပ်မက်ခြင်း ကင်းသော ထိုရဟန္တာပုဂ္ဂိုလ်ကို ရှာဖွေကြည့်ရှုကုန် သော နတ်တို့သည်လည်းကောင်း၊ လူတို့သည်လည်းကောင်း ဤလောက၌ဖြစ်စေ၊ အခြားလောက၌ဖြစ်စေ၊ နတ်ပြည်တို့၌ဖြစ်စေ အလုံးစုံသော နေရာတို့၌ မတွေ့ မမြင်ရကုန်ဟု (မိန့်တော်မူ၏)။
ထိုထို (ကိလေသာ) မှ လွတ်သော ထိုပုဂ္ဂိုလ်ကို နတ်တို့သည်လည်းကောင်း၊ လူတို့သည်လည်းကောင်း ဤလောက၌ဖြစ်စေ၊ တမလွန်လောက၌ဖြစ်စေ အကယ်၍ မတွေ့မြင်နိုင်ကြကုန်မူ လူတို့ထက်မြတ်သော လူတို့၏ အကျိုးစီးပွားကို ကျင့်တော်မူတတ်သော ထိ်ုရဟန္တာပုဂ္ဂိုလ်ကို အကြင်နတ်လူတို့သည် ရှိခိုးကြကုန်၏။ ထို နတ်လူတို့ကို ချီးမွမ်းအပ်ကုန်သလောဟု အသျှင်မောဃရာဇသည် မေးလျှောက်၏။
မောဃရာဇမည်သော ရဟန်း အကြင်နတ်လူတို့သည် ထိုထို (ကိလေသာမှ) လွတ် မြောက်တော်မူသော ထိုရဟန္တာပုဂ္ဂိုလ်ကို ရှိခိုးကုန်၏၊ ထိုနတ်လူတို့ကိုလည်း ချီးမွမ်း အပ်ကုန်၏၊ ရဟန်း ထိုရှိခိုးကုန်သော နတ်လူတို့သည်လည်း သစ္စာလေးပါး တရားကို သိကုန်၍ မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ကို ပယ်စွန့်လျက် ငြိကပ်မှု ‘တဏှာ’ကို လွန်မြောက်သူတို့ ဖြစ်ကုန်၏ဟု မြတ်စွာဘုရား ဟောတော်မူ၏။
၅—ဥဇ္ဈာနသညိသုတ် (ဗုဒ္ဓအား ကဲ့ရဲ့သောနတ်များ)
၃၅။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ကဲ့ရဲ့ရှုတ်ချတတ်သောကြောင့် ဥဇ္ဈာနအမည်ရှိကုန် သော များစွာကုန်သော နတ်သားတို့သည် အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ ညဉ့်ဦးယံ လွန် ပြီးသော (သန်းခေါင်ယံ) အချိန်၌ ဇေတဝန်တစ်ကျောင်းလုံးကို ထွန်းလင်းစေ၍ မြတ်စွာဘုရားအထံသို့ ချဉ်း ကပ်ပြီးလျှင် ကောင်းကင်၌ ရပ်တည်ကုန်၏၊ ကောင်းကင်၌ ရပ်တည်ပြီးသော် နတ်သားတစ်ယောက်သည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏—
“အကြင် (သီလမရှိသော) ရဟန်းသည် တစ်ပါးသော (မစင်ကြယ်သော) အခြင်း အရာအားဖြင့် ဖြစ်သော မိမိကိုယ်ကို တစ်ပါးသော (စင်ကြယ်သော) အခြင်းအရာ အားဖြင့် ပြောကြား၏၊ ‘လှည့်ပတ်၍ စားတတ်သော ငှက်မုဆိုးကဲ့သို့’ ထိုရဟန်း၏ ထို (တိုင်းသားပြည်သူ ကြည်ဖြူစွာ လှူအပ်သော ဆွမ်းကို) သုံးဆောင်ခြင်းသည် ခိုးဝှက်သဖြင့်သုံး ဆောင်အပ်သည် မည်၏။
အကြင်အမှုကို ပြုလုပ်၏၊ ထိုပြုလုပ်သော အမှုကိုသာ ပြောဆိုရာ၏။ အကြင် အမှုကို မပြုလုပ်၊ ထိုမပြုလုပ်သော အမှုကို မပြောဆိုရာ။ မပြုလုပ်ဘဲလျက် ပြော ဆိုသော သူကို ပညာရှိတို့သည် သိကုန်၏”ဟု (လျှောက်၏)။
“အကြင်အကျင့်သည် မြဲမြံသော သဘောရှိ၏၊ အကြင်အကျင့်ဖြင့် ပညာရှိတို့ သည် မကောင်းမှုကို ရှို့မြှိုက်ကုန်သည်ဖြစ်၍ မာရ်တည်းဟူသော အနှောင်အဖွဲ့မှ လွတ်ကုန်၏။ ဤအကျင့်ကို ပြောဆိုကာမျှဖြင့်လည်းကောင်း၊ စင်စစ် ကြားကာမျှဖြင့်လည်းကောင်း အစဉ်အတိုင်း သက်ဝင်ရန် မစွမ်းနိုင်ကုန်။
ပညာရှိတို့သည် လောက၏ အကြောင်းကို သိကုန်၍ ဤသို့ မပြုကုန်၊ (သစ္စာ လေးပါးတရားကို) သိ၍ လောက၌ ကပ်ငြိမှု (တဏှာ) ကို လွန်မြောက်ကုန်ပြီးသော ပညာရှိတို့သည် ကိလေသာမှ ငြိမ်းကုန်၏”ဟု (မိန့်တော်မူ၏)။
ထိုအခါ ထိုနတ်သားတို့သည် မြေ၌ တည်ကုန်၍ မြတ်စွာဘုရား၏ ခြေတော်၌ ဦးခိုက်ကုန်လျက် မြတ်စွာဘုရားအား ဤစကားကို လျှောက်ကုန်၏— “အသျှင်ဘုရား မိုက်သည့်အလျောက် တွေဝေသည့် အလျောက် မလိမ္မာသည့်အလျောက် အပြစ်သည် အကျွန်ုပ်တို့ကို လွှမ်းမိုး၍ နေပါ၏၊ အကျွန်ုပ်တို့သည် မြတ်စွာဘုရားကို ထိပါးအပ်၏ဟု အောက်မေ့မိပါကုန်၏၊ အသျှင်ဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်တို့၏ အပြစ်ကို အပြစ်အားဖြင့် နောင်အခါ စောင့်စည်းပါရခြင်းငှါ သည်းခံတော်မူပါ”ဟု (လျှောက်ကြကုန်၏)၊ ထိုအခါ မြတ်စွာဘုရားသည် ပြုံးတော်မူ၏၊ ထိုအခါ နတ်သားတို့သည် အတိုင်းထက်အလွန် ကဲ့ရဲ့လိုကုန် သည်ဖြစ်၍ ကောင်းကင်သို့ ပျံတက်ကုန်ပြီးလျှင် တစ်ယောက်သော နတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏—
“အကြင်သူသည် (ဝန်ခံ) ပြောကြားကုန်သော သူတို့၏ အပြစ်ကို အကယ်၍ လက်မခံသည် ဖြစ်အံ့၊ အတွင်း၌ ဖြစ်သော အမျက်ဒေါသ ရှိသည်ဖြစ်၍ အပြစ်ကို အလေးပြု၍ နေသော ထိုသူသည် ရန်ကို့ (မိမိ၌) စွပ်ထားသည် မည်၏”ဟု (လျှောက်၏)။
ပြစ်မှုသည် အကယ်၍ မရှိသည် ဖြစ်အံ့၊ ဤလောက၌ အပြစ်သည် မဖြစ်ရာ၊ ရန်တို့သည်လည်း မငြိမ်းကုန်ရာ၊ ဤလောက၌ အဘယ့်ကြောင့် လိမ်မာသူ ဖြစ်ရ အံ့နည်းဟု (မိန့်တော်မူ၏)။
အဘယ်သူအား ပြစ်မှုတို့သည် မရှိကုန်သနည်း၊ အဘယ်သူအား ပြစ်မှားခြင်း သည် မရှိသနည်း၊ အဘယ်သူသည် တွေဝေခြင်းသို့ မရောက်သနည်း၊ အဘယ်သူ သည် အခါခပ်သိမ်း သတိနှင့် ပြည့်စုံသော ပညာရှိ မည်သနည်းဟု (လျှောက်၏)။
သတ္တဝါအားလုံးတို့ကို အစဉ်သနားတော်မူတတ်သော ‘ရှေးဘုရားတို့ကဲ့သို့’ လာခြင်းကောင်းတော်မူသော ထိုမြတ်စွာဘုရားအား ပြစ်မှုတို့သည် မရှိကုန်၊ ထိုမြတ်စွာဘုရားအား ပြစ်မှားခြင်းသည် မရှိ၊ ထိုမြတ်စွာဘုရားသည် ပြင်းစွာ တွေဝေခြင်းသို့ မရောက်၊ ထိုမြတ်စွာဘုရားသည်သာလျှင် အခါခပ်သိမ်း သတိနှင့် ပြည့်စုံသော ပညာရှိ မည်၏။
အကြင်သူသည် (ဝန်ခံ) ပြောကြားကုန်သော သူတို့၏ အပြစ်ကို အကယ်၍ လက်မခံသည် ဖြစ်အံ့၊ အတွင်း၌ ဖြစ်သော အမျက်ဒေါသ ရှိသည်ဖြစ်၍ အပြစ်ကို အလေးပြု၍ နေသော ထိုသူသည် ရန်ကို (မိမိ၌) စွပ်ထားသည် မည်၏၊ ထိုရန်ကို (ငါ) မနှစ်သက် (မတောင့်တ)၊ သင်တို့၏ အပြစ်ကို (ငါ) လက်ခံ၏ဟု (မိန့်တော်မူ၏)။
သတုလ္လပကာယိကဝဂ်သည် ဗုဒ္ဓဘာသာ၏ သုတ္တန်ပိဋကရှိ သံယုတ္တနိကာယ်၏ အရေးပါသော အခန်းတစ်ခုဖြစ်ပြီး၊ သူတော်ကောင်းများနှင့် ပေါင်းဖော်ခြင်း၊ အလှူဒါန၊ သီလစောင့်ထိန်းခြင်း၊ ကာမဂုဏ်များမှ လွတ်မြောက်ခြင်း၊ နှင့် နိဗ္ဗာန်သို့ ဦးတည်ရန် လမ်းညွှန်သော တရားများကို နတ်သားများနှင့် နတ်သမီးများ၏ ဂါထာများနှင့် မြတ်စွာဘုရား၏ ဟောကြားချက်များမှတစ်ဆင့် ရှင်းလင်းစွာ ဖော်ပြထားသည်။ ဤဝဂ်တွင် ပါဝင်သော သုတ် ၁၀ ခုသည် လူသားများအား ကောင်းမွန်သော အကျင့်များကို ကျင့်သုံးရန် အားပေးပြီး၊ လောကီဘဝတွင် ချမ်းသာမှုနှင့် လောကုတ္တရာဘဝတွင် နိဗ္ဗာန်သို့ ရောက်ရှိရန် လမ်းဖွင့်ပေးသည်။
သဗ္ဘိသုတ်တွင် သူတော်ကောင်းများနှင့် ပေါင်းဖော်ခြင်း၏ အကျိုးကျေးဇူးများဖြစ်သည့် ပညာရရှိမှု၊ ပူဆွေးမှု ကင်းမှု၊ ဆွေမျိုးအလယ်တွင် တင့်တယ်မှု၊ သုဂတိဘဝသို့ ရောက်ရှိမှု၊ ချမ်းသာမှု၊ နှင့် ဆင်းရဲဒုက္ခမှ လွတ်မြောက်မှုတို့ကို အလေးပေးဖော်ပြထားသည်။ မစ္ဆရိသုတ်နှင့် သာဓုသုတ်တို့သည် ဝန်တိုမှုနှင့် မေ့လျော့မှုကို ပယ်ဖျောက်ပြီး ယုံကြည်မှုဖြင့် အလှူဒါနပြုခြင်း၏ တန်ဖိုးကို မီးမောင်းထိုးပြသည်။ န သန္တိသုတ်နှင့် ဥဇ္ဈာနသညိသုတ်တို့သည် ကာမဂုဏ်များ၏ အနိစ္စသဘော၊ တဏှာ၊ ကောဓ၊ မာနများမှ လွတ်မြောက်ရန် လမ်းညွှန်ပြီး၊ ရဟန္တာများ၏ လက္ခဏာများကို ထင်ရှားစေသည်။
အထူးသဖြင့် ဥဇ္ဈာနသညိသုတ်တွင် မြတ်စွာဘုရားကို ကဲ့ရဲ့သော နတ်သားများ၏ အမှားဝန်ခံမှုနှင့် ဘုရားရှင်၏ ကရုဏာဖြင့် သည်းခံတော်မူမှုသည် အပြစ်ဝန်ခံခြင်းနှင့် ခွင့်လွှတ်ခြင်း၏ တန်ဖိုးကို ပြသသည်။ သမယသုတ်သည် တရားကျင့်ရန် အချိန်သင့်မှုနှင့် သတိသမ္ပဇဉ်ဖြင့် နေထိုင်ခြင်း၏ အရေးပါမှုကို အလေးပေးသည်။ နန္ဒနသုတ်တွင် မြတ်စွာဘုရား၏ ဝေဒနာ (ဆင်းရဲဒုက္ခ) ကို သတိသမ္ပဇဉ်ဖြင့် သည်းခံတော်မူမှုသည် တည်ကြည်မှုနှင့် ကိလေသာမှ လွတ်မြောက်ခြင်း၏ စံနမူနာဖြစ်သည်။ ပဌမ နှင့် ဒုတိယ ပဇ္ဇုန္နဓီတုသုတ်တို့သည် သစ္စာလေးပါး တရားကို နှစ်သက်ခြင်း၊ ကိလေသာ ငြိမ်းအေးခြင်း၊ နှင့် နိဗ္ဗာန်သို့ ဦးတည်ရန် လမ်းညွှန်ပေးသည်။
ဤဝဂ်သည် လူသားများအား သူတော်ကောင်းများနှင့် ပေါင်းဖော်ရန်၊ အလှူဒါနပြုရန်၊ သီလစောင့်ထိန်းရန်၊ ကိလေသာများမှ လွတ်မြောက်ရန်၊ နှင့် သတိသမ္ပဇဉ်ဖြင့် နေထိုင်ရန် အားပေးသည်။ ၎င်းသည် လောကီဘဝတွင် ကောင်းမွန်သော အကျင့်များဖြင့် ချမ်းသာမှုရရှိရန်နှင့် လောကုတ္တရာဘဝတွင် နိဗ္ဗာန်သို့ ဦးတည်ရန် လမ်းညွှန်ပေးသည့် လမ်းပြမြေပုံတစ်ခုဖြစ်သည်။ ဤသွန်သင်ချက်များသည် ယနေ့ခေတ်တွင်လည်း လူမှုဆက်ဆံရေး နှင့် ကိုယ်ကျင့်တရား တိုးတက်မှုအတွက် သက်ဆိုင်နေဆဲဖြစ်ပြီး၊ ဗုဒ္ဓဘာသာ၏ အဆုံးစွန်ရည်မှန်းချက်ဖြစ်သော နိဗ္ဗာန်သို့ ရောက်ရှိရန် လမ်းဖွင့်ပေးသည်။
Ashin Sundara(13.8.2025)
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
သံယုတ္တနိကာယ်—၁၊ ဒေဝတာသံယုတ်
၄—သတုလ္လပကာယိကဝဂ် (အပိုင်း ၂)
၆—သဒ္ဓါသုတ် (ယုံကြည်ခြင်းသည် လူ၏အဖော်)
၃၆။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ သူတော်ကောင်းတရားကို ပြောဟော၍ နတ်ပြည်၌ ဖြစ်ကုန်သော များစွာကုန်သော နတ်သားတို့သည် အလွန်နှစ်သက်ဖွယ်သော အဆင်းရှိကုန်သည် ဖြစ်၍ ညဉ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ ဇေတဝန်တစ်ကျောင်းလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်ကုန်၏၊ တစ်ခု သော နေရာ၌ ရပ်တည်ပြီးသော် နတ်သားတစ်ယောက်သည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏—
“ယုံကြည်မှု ‘သဒ္ဓါ’ သည် ယောကျာ်း၏ အပေါင်းအဖော် ဖြစ်၏၊ မယုံ ကြည်မှုသည် အကယ်၍ မတည်သည် ဖြစ်အံ့၊ ထိုသို့ မတည်သောကြောင့် အခြံအရံသည်လည်းကောင်း၊ အကျော်အစောသည်လည်းကောင်း ထိုသူ့အား ဖြစ်၏။ ထိုသူသည် ခန္ဓာကိုယ်ကို စွန့်ရသော် နတ်ပြည်သို့လည်း လားရ၏”ဟု လျှောက်၏။
ထိုအခါ တစ်ပါးသော နတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏—
“အမျက်ထွက်မှု ‘ကောဓ’ကို ပယ်စွန့်ရာ၏၊ ထောင်လွှားမှု ‘မာန’ကို ပယ်စွန့်ရာ၏၊ အလုံးစုံသော သံယောဇဉ်ကို လွန်မြောက်ရာ၏၊ နာမ်ရုပ်၌ ကပ်ငြိမှု မရှိသော ကြောင့်ကြမှု မရှိသော ထိုသူသို့ (ငါးပါးသော) ကပ်ငြိခြင်းတို့သည် မကျရောက် ကုန်”ဟု (လျှောက်၏)။
မိုက်ကုန်သော ပညာနည်းကုန်သော သူတို့သည် မေ့လျော့မှု ‘ပမာဒ’ကို အား ထုတ်ကုန်၏၊ ပညာရှိသည် ‘မြတ်သောဥစ္စာကို စောင့်ရှောက်သကဲ့သို့’ မမေ့မလျော့မှု ‘အပ္ပမာဒ’ကိုလည်း စောင့်ရှောက်၏။
မေ့လျော့မှု ‘ပမာဒ’ကို အားမထုတ်ရာ၊ ကာမဂုဏ်၌ မွေ့လျော်မှု ပေါင်းဖော်မှုကို အားမထုတ်ရာ။ မှန်၏၊ မမေ့လျော့သည် ဖြစ်၍ မကောင်းမှုကို ရှို့မြှိုက်သော သူသည် အလွန်မြတ်သော (အရဟတ္တဖိုလ်) ချမ်းသာသို့ ရောက်ရ၏ဟု (မိန့်တော်မူ၏)။
၇—သမယသုတ် (နတ်ဗြဟ္မာတို့ အစည်းအဝေး၌ လျှောက်ထားချက်များ)
၃၇။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် မဟာဝုန်တော၌ ငါးရာမျှသော အလုံးစုံ ရဟန္တာချည်းဖြစ်သော ရဟန်းသံဃာ များစွာနှင့် အတူ (သီတင်းသုံး) နေတော်မူ၏၊ စကြဝဠာတစ်ထောင်စီရှိသော လောကဓာတ်တိုက်ဆယ်ခုတို့မှ နတ်ဗြဟ္မာတို့သည်လည်း မြတ်စွာဘုရားကိုလည်းကောင်း၊ ရဟန်းသံဃာကိုလည်းကောင်း ဖူးမြော်ခြင်းငှါ အများ အားဖြင့် စည်းဝေးလာရောက်ကုန်၏။ ထိုအခါ သုဒ္ဓါဝါသဘုံ၌ နေကုန်သော ဗြဟ္မာလေးဦးတို့အား ဤ အကြံသည် ဖြစ်၏— “ဤမြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် မဟာဝုန်တော၌ ငါးရာမျှသော အလုံးစုံ ရဟန္တာချည်းဖြစ်ကုန်သော ရဟန်းသံဃာ များစွာနှင့်အတူ (သီတင်းသုံး) နေတော်မူ၏၊ စကြဝဠာ တစ်ထောင်စီရှိသော လောကဓာတ်တိုက်ဆယ်ခုတို့မှ နတ်ဗြဟ္မာတို့သည်လည်း မြတ်စွာဘုရားကိုလည်းကောင်း၊ ရဟန်းသံဃာကိုလည်းကောင်း ဖူးမြော်ခြင်းငှါ အများအားဖြင့် စည်းဝေးလာရောက်ကုန်၏။ ငါတို့ သည်လည်း မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရား၏ ထံတော်ပါး၌ အသီးသီး ဂါထာတစ်ပုဒ်စီ ရွတ်ဆိုရမူ ကောင်းလေစွ”ဟု (အကြံ ဖြစ်၏)။
ထိုအခါ ထိုဗြဟ္မာ (လေးဦး)တို့သည် ဥပမာအားဖြင့် ခွန်အားရှိသော ယောကျာ်းသည် ကွေးသော လက်ကို ဆန့်သကဲ့သို့လည်းကောင်း၊ ဆန့်သော လက်ကို ကွေးသကဲ့သို့လည်းကောင်း ဤအတူ သုဒ္ဓါဝါသ ဗြဟ္မာဘုံမှ ကွယ်ခဲ့ကုန်၍ မြတ်စွာဘုရား၏ ရှေ့၌ ထင်ရှားဖြစ်ပေါ်လာကုန်၏၊ ထို့နောက် ထိုဗြဟ္မာတို့သည် မြတ်စွာဘုရားကို အလွန်ရိုသေစွာ ရှိခိုးပြီး၍ တစ်ခုသော အရပ်၌ ရပ်ပြီးလျှင် တစ်ဦးသော ဗြဟ္မာသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို ရွတ်ဆို၏—
“(အသျှင်ဘုရား) မဟာဝုန်တော၌ နတ်ဗြဟ္မာအပေါင်းတို့သည် စုရုံးလာရောက် ကြသဖြင့် အစည်းအဝေးကြီး ဖြစ်လျက် ရှိနေပါ၏၊ အကျွန်ုပ်တို့သည်လည်း (ကိလေသာရန်သူတို့) မအောင်နိုင်သော သံဃာတော်ကို ဖူးမြော်ခြင်းငှါ ဤတရား သဘင် အစည်းအဝေးသို့ လာရောက်ပါကုန်၏”ဟု (ရွတ်ဆို၏)။
ထို့နောက် တစ်ဦးသော ဗြဟ္မာသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို ရွတ်ဆို၏—
“(အသျှင်ဘုရား) ထိုအစည်းအဝေး၌ ရဟန်းတို့သည် မိမိစိတ်ကို တည်ကြည်စေ လျက် ဖြောင့်မတ်စွာ ပြုထားကုန်၏၊ ‘ရထားထိန်းသည် (မြင်းဇက်) ကြိုးတို့ကို ကိုင်၍ ထိန်းသကဲ့သို့’ ပညာရှိ (ရဟန်း)တို့သည် ဣန္ဒြေတို့ကို ထိန်းသိမ်းတော်မူကြပါကုန်၏”ဟု (ရွတ်ဆို၏)။
ထို့နောက် တစ်ဦးသော ဗြဟ္မာသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို ရွတ်ဆို၏—
“(အသျှင်ဘုရား) မြတ်စွာဘုရားသည် ကောင်းစွာ ဆုံးမထားအပ်ပြီး ဖြစ်၍ တဏှာကင်းလျက် သန့်ရှင်းစင်ကြယ်သော ထိုရဟန္တာငယ်တို့သည် (ရာဂ ဒေါသ မောဟတည်းဟူသော) ခလုတ်, ငြောင့်တံသင်းနှင့် တံခါးကျည်, မင်းတုပ်ကို ဖြတ်ပြီး လျှင် (ရာဂ ဒေါသ မောဟတည်းဟူသော) တံခါးတိုင်ကို နုတ်၍ လှည့်လည်သွား လာနေကြကုန်၏”ဟု ရွတ်ဆို၏။
ထို့နောက် တစ်ဦးသော ဗြဟ္မာသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို ရွတ်ဆို၏—
“(အသျှင်ဘုရား) မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်သူ အားလုံးတို့ သည် အပါယ်ဘုံသို့ မရောက်ရကုန်လတ္တံ့၊ လူ့ခန္ဓာကိုယ်ကို စွန့်ပယ်၍ နတ်ပြည်၌ ဖြစ်ကုန်လတ္တံ့”ဟု (လျှောက်၏)။
၈—သကလိကသုတ် (ဗုဒ္ဓခြေတော်ကို ကျောက်ချပ်နှင့် ထိခိုက်ခြင်း)
၃၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ် ်ပြည်ဝယ် သားတို့ကို ဘေးမဲ့ပေးရာ မဒ္ဒကုစ္ဆိတော၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရား၏ ခြေတော်သည် ကျောက်ချပ်ဖြင့် ထိခိုက်မိသည်ဖြစ်၍ မြတ်စွာဘုရားအား ပြင်းပြသော ဝေဒနာတို့သည် ဖြစ်ကုန်၏၊ ဆင်းရဲကုန် ပြင်းထန်ကုန် ကြမ်းတမ်းကုန် ထက်ကုန်၍ မသာယာအပ်ကုန် မနှစ်လိုအပ်ကုန် သော ကိုယ်၌ တည်သည့် ဝေဒနာတို့သည် ဖြစ်ကုန်၏၊ မြတ်စွာဘုရားသည် ထိုဝေဒနာတို့ကို့မညည်းညူဘဲ သတိသမ္ပဇဉ်နှင့် ပြည့်စုံသည် ဖြစ်၍ သည်းခံတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် လေးထပ်ခေါက်ထား သော ဒုကုဋ်တော်ကို ခင်း၍ ခြေတစ်ဖက်၌ ခြေတစ်ဖက်ကို စဉ်းငယ်လွန်ကာ တင်ထားလျက် သတိသမ္ပဇဉ် နှင့် ပြည့်စုံသည် ဖြစ်၍ လက်ယာနံတောင်းဖြင့် မြတ်သော အိပ်စက်ခြင်းကို ပြုတော်မူ၏။
ထိုအခါ သူတော်ကောင်းတရားကို ပြောဟော၍ နတ်ပြည်၌ ဖြစ်ကုန်သော နတ်သားခုနစ်ရာတို့သည် အလွန်နှစ်သက်ဖွယ်သော အဆင်းရှိကုန်သည်ဖြစ်၍ ညဉ့်ဦးယံ လွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ သားတို့ကို ဘေးမဲ့ပေးရာ မဒ္ဒကုစ္ဆိတော အလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ကုန်၍ မြတ်စွာဘုရားကို ရှိခိုးကုန်ပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်ကုန်၏၊ တစ်ခုသော နေရာ၌ ရပ်တည် ကုန်ပြီးသော် နတ်သားတစ်ဦးသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဥဒါန်းစကားကို မြွက်ဆို (ကျူးရင့်)၏— “အချင်းတို့ ရဟန်းဂေါတမသည် ဆင်ပြောင်နှင့် တူစွတကား၊ ဆင်ပြောင်နှင့် တူသည်၏အဖြစ်ကြောင့် သာလျှင် ဆင်းရဲကုန် ပြင်းထန်ကုန် ကြမ်းတမ်းကုန် ထက်ကုန်၍ မသာယာအပ်ကုန် မနှစ်လိုအပ်ကုန်သော ကိုယ်၌ တည်သည့် ဖြစ်ပေါ်လာကုန်သော ဝေဒနာတို့ကို မညည်းညူဘဲ သတိသမ္ပဇဉ်နှင့် ပြည့်စုံသည်ဖြစ်၍ သည်းခံတော်မူ၏”ဟု (ကျူးရင့်၏)။
ထို့နောက် တစ်ပါးသော နတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဥဒါန်းစကားကို မြွက်ဆို (ကျူးရင့်)၏— “အချင်းတို့ ရဟန်းဂေါတမသည် ခြင်္သေ့မင်းနှင့် တူစွတကား၊ ခြင်္သေ့မင်းနှင့် တူ သည်၏အဖြစ်ကြောင့်သာလျှင် ဆင်းရဲကုန် ပြင်းထန်ကုန် ကြမ်းတမ်းကုန် ထက်ကုန်၍ မသာယာအပ်ကုန် မနှစ်လိုအပ်ကုန်သော ကိုယ်၌တည်သည့် ဖြစ်ပေါ်လာကုန်သော ဝေဒနာတို့ကို မညည်းညူဘဲ သတိသမ္ပဇဉ် နှင့် ပြည့်စုံသည်ဖြစ်၍ သည်းခံတော်မူ၏”ဟု (ကျူးရင့်၏)။
ထို့နောက် တစ်ပါးသော နတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဥဒါန်းစကားကို မြွက်ဆို (ကျူးရင့်)၏— “အချင်းတို့ ရဟန်းဂေါတမသည် အာဇာနည်ဖြစ်စွတကား၊ အာဇာနည်ဖြစ်သည်၏ အဖြစ်ကြောင့်သာလျှင် ဆင်းရဲကုန် ပြင်းထန်ကုန် ကြမ်းတမ်းကုန် ထက်ကုန်၍ မသာယာအပ်ကုန် မနှစ်လို အပ်ကုန်သော ကိုယ်၌ တည်သည့် ဖြစ်ပေါ်လာကုန်သော ဝေဒနာတို့ကို မညည်းညူဘဲ သတိသမ္ပဇဉ်နှင့် ပြည့်စုံသည်ဖြစ်၍ သည်းခံတော်မူ၏”ဟု (ကျူးရင့်၏)။
ထို့နောက် တစ်ပါးသော နတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဥဒါန်းစကားကို မြွက်ဆို (ကျူးရင့်)၏— “အချင်းတို့ ရဟန်းဂေါတမသည် ရှေ့ဆောင်နွားလားဥသဘနှင့် တူစွတကား၊ ရှေ့ဆောင်နွားလားဥသဘနှင့် တူသည်၏အဖြစ်ကြောင့်သာလျှင် ဆင်းရဲကုန် ပြင်းထန်ကုန် ကြမ်းတမ်းကုန် ထက်ကုန်၍ မသာယာအပ်ကုန် မနှစ်လိုအပ်ကုန်သော ကိုယ်၌ တည်သည့် ဖြစ်ပေါ်လာကုန်သော ဝေဒနာတို့ကို မညည်းညူဘဲ သတိသမ္ပဇဉ်နှင့် ပြည့်စုံသည်ဖြစ်၍ သည်းခံတော်မူ၏”ဟု (ကျူးရင့်၏)။
ထို့နောက် တစ်ပါးသော နတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဥဒါန်းစကားကို မြွက်ဆို (ကျူးရင့်)၏— “အချင်းတို့ ရဟန်းဂေါတမသည် ဝန်ဆောင်နွားလားနှင့် တူစွတကား၊ ဝန်ဆောင် နွားလားနှင့် တူသည်၏အဖြစ်ကြောင့်သာလျှင် ဆင်းရဲကုန် ပြင်းထန်ကုန် ကြမ်းတမ်းကုန် ထက်ကုန်၍ မသာယာအပ်ကုန် မနှစ်လိုအပ်ကုန်သော ကိုယ်၌တည်သည့် ဖြစ်ပေါ်လာကုန်သော ဝေဒနာတို့ကို မညည်း ညူဘဲ သတိသမ္ပဇဉ်နှင့် ပြည့်စုံသည် ဖြစ်၍ သည်းခံတော်မူ၏”ဟု (ကျူးရင့်၏)။
ထို့နောက် တစ်ပါးသော နတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဥဒါန်းစကားကို မြွက်ဆို (ကျူးရင့်)၏— “အချင်းတို့ ရဟန်းဂေါတမသည် ယဉ်ကျေးစွတကား၊ ယဉ်ကျေးသည်၏အဖြစ် ကြောင့်သာလျှင် ဆင်းရဲကုန် ပြင်းထန်ကုန် ကြမ်းတမ်းကုန် ထက်ကုန်၍ မသာယာအပ်ကုန် မနှစ်လိုအပ် ကုန်သော ကိုယ်၌ တည်သည့် ဖြစ်ပေါ်လာကုန်သော ဝေဒနာတို့ကို မညည်းညူဘဲ သတိသမ္ပဇဉ်နှင့် ပြည့်စုံ သည်ဖြစ်၍ သည်းခံတော်မူ၏”ဟု (ကျူးရင့်၏)။
ထို့နောက် တစ်ပါးသော နတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဥဒါန်းစကားကို မြွက်ဆို (ကျူးရင့်)၏— “ကောင်းစွာ ပွားများအပ်သော တည်ကြည်မှုကိုလည်းကောင်း၊ (ကိလေသာမှ) ကောင်းစွာ လွတ်သော စိတ်ကိုလည်းကောင်း ရှုလော့။ (ရာဂကြောင့်လည်း) မညွတ်၊ (ဒေါသကြောင့်လည်း) ဖဲမသွား၊ အားထုတ်မှုဖြင့် (ကိလေသာတို့ကို) နှိပ်၍ တားမြစ်မှုသို့လည်း မရောက်၊ အကြင်သူသည် ဤသို့သဘောရှိသော ဆင်ပြောင်ကြီးနှင့် တူသော ယောကျာ်း၊ ခြင်္သေ့နှင့်တူသော ယောကျာ်း၊ အာဇာနည် ဖြစ်သော ယောကျာ်း၊ ရှေ့ဆောင်နွားလားဥသဘနှင့် တူသော ယောကျာ်း၊ ဝန်ဆောင်နွားလားနှင့် တူသော ယောကျာ်း၊ ယဉ်ကျေးသော ယောကျာ်းကို လွန်ကျူးအပ်၏ဟု မှတ်ထင်ရာ၏၊ (ထိုသူ့အား) မသိမြင်ခြင်းမှ တစ်ပါး အဘယ်အကြောင်း ရှိအံ့နည်း”ဟု (ကျူးရင့်၏)။
ဣတိဟာသကျမ်းလျှင် ငါးခုမြောက်သော ဗေဒင်ကျမ်းကို တတ်ကုန်သော ပုဏ္ဏားတို့သည် အနှစ်တစ်ရာပတ်လုံး အကျင့်ကို မှီ၍ ကျင့်ကုန်သော်လည်း ထိုပုဏ္ဏားတို့၏ စိတ်သည် (ကိလေသာမှ) ကောင်းစွာ မလွတ်၊ ယုတ်သော သဘောရှိကုန် သော ထိုပုဏ္ဏားတို့သည် (နိဗ္ဗာန်တည်းဟူသော) တစ်ဖက်ကမ်းသို့ မရောက်ကုန်။
တဏှာဖြင့် လွှမ်းမိုးကုန်သော (ခွေးနွားတို့၏) အလေ့အကျင့်တို့ဖြင့် နှောင်ဖွဲ့ခြင်းရှိကုန်သော သူတို့သည် ခေါင်းပါးသော အကျင့်ကို အနှစ်တစ်ရာပတ်လုံး ကျင့် ကုန်သော်လည်း ထိုသူတို့၏ စိတ်သည် (ကိလေသာမှ) ကောင်းစွာ မလွတ်၊ ယုတ် သော သဘောရှိကုန်သော ထိုသူတို့သည် (နိဗ္ဗာန်တည်းဟူသော) တစ်ဖက်ကမ်းသို့ မရောက်ကုန်။
ဤလောက၌ ထောင်လွှားလိုသောသူအား ယဉ်ကျေးမှုသည် မရှိ၊ တည်ကြည်ခြင်း မရှိသောသူအား (သစ္စာလေးပါးတရားကို) သိခြင်းသည် မရှိ၊ တော၌ တစ်ယောက် တည်း နေသော်လည်း မေ့လျော့သူသည် သေမင်း၏ တည်ရာ တေဘူမကဝဋ်၏ တစ်ဖက်ကမ်း နိဗ္ဗာန်သို့ မရောက်နိုင်။
ထောင်လွှားခြင်းကို ပယ်၍ ကောင်းစွာ တည်ကြည်သော စိတ်ရှိသော ကောင်း သော စိတ်ရှိသော ခန္ဓာစသည့် အလုံးစုံတို့မှ လွတ်သော တော၌ တစ်ယောက်တည်း နေ၍ မမေ့လျော့သော ထိုသူသည် သေမင်း၏ တည်ရာ တေဘူမကဝဋ်၏ တစ်ဖက် ကမ်း နိဗ္ဗာန်သို့ ရောက်နိုင်ရာ၏ဟု (မိန့်တော်မူ၏)။
၉—ပဌမ ပဇ္ဇုန္နဓီတုသုတ် (နတ်သမီး၏လျှောက်ထားချက်)
၃၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ပဇ္ဇုန္နနတ်၏ သမီးဖြစ်သော ကောကနဒါနတ်သမီးသည် အလွန်နှစ်သက်ဖွယ်သော အဆင်းရှိ်သည်ဖြစ်၍ ညဉ့်ဦးယံ လွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ မဟာဝုန်တောအလုံးကို ထွန်းလင်းစေ၍ မြတ်စွာဘုရားအထံသို့ ချဉ်းကပ် ပြီးလျှင် ရိုသေစွာ ရှိခိုးလျက် တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာတို့ကို လျှောက်၏—
“အကျွန်ုပ်သည် ပဇ္ဇုန္နနတ်၏ သမီး ကောကနဒါမည်သော နတ်သမီး ဖြစ်ပါ၏၊ ကောကနဒါမည်သော အကျွန်ုပ်သည် ဝေသာလီပြည် မဟာဝုန်တော၌ နေတော်မူ သော သတ္တဝါအပေါင်းထက် မြတ်တော်မူသော မြတ်စွာဘုရားကို ရှိခိုးပါ၏။
မြတ်စွာဘုရား သိတော်မူသော သစ္စာလေးပါးတရားကို ရှေးက ကြားဖူးရုံမျှသာ ဖြစ်ပါ၏၊ ယခုအခါ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား ဟောကြား တော်မူအပ်သော သစ္စာလေးပါးတရားကို ထိုအကျွန်ုပ်သည် ကိုယ်တိုင် သိရပါ၏။
ပညာမဲ့သူ ဟူသမျှတို့သည် အရိယာသစ္စာလေးပါးတရားကို ကဲ့ရဲ့ရှုတ်ချကြကုန် သည်ဖြစ်၍ လှည့်လည်ကြကုန်၏၊ ထိုသူတို့သည် ကြမ်းကြုတ်လှစွာသော ရောရုဝ ငရဲသို့ ကပ်ရောက်ကုန်၍့ကြာမြင့်စွာသော ညဉ့်တို့ပတ်လုံး ဆင်းရဲကို ခံစားကြရ ကုန်၏။
အကြင်သူတို့သည်ကား အရိယာသစ္စာတရားတော်၌ နှစ်သက်ခြင်း, (ကိလေသာ အပူ ခပ်သိမ်း) ငြိမ်းအေးခြင်းနှင့် ပြည့်စုံကုန်၏၊ ထိုသူတို့သည် လူ့ခန္ဓာကိုယ်ကို စွန့်၍ နတ်ပြည်၌ ဖြစ်ရကုန်လတ္တံ့”ဟု (လျှောက်၏)။
၁ဝ—ဒုတိယ ပဇ္ဇုန္နဓီတုသုတ် (နတ်သမီး၏လျှောက်ထားချက်)
၄ဝ။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော၌ ပြာသာဒ်ဆောင်ပေါက်သော ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ပဇ္ဇုန္နနတ်၏ သမီးဖြစ်သော စူဠကောကနဒါနတ်သမီးသည် အလွန်နှစ်သက်ဖွယ်သော အဆင်းရှိ်သည်ဖြစ်၍ ညဉ့်ဦးယံ လွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ မဟာဝုန်တောအလုံးကို ထွန်းလင်းစေ၍ မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ပြီးလျှင် ရိုသေစွာ ရှိခိုးလျက် တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် မြတ်စွာဘုရား၏ ထံတော် ပါး၌ ဤဂါထာတို့ကို လျှောက်၏—
“လျှပ်စစ်ရောင် အဆင်းရှိသော ပဇ္ဇုန္နနတ်၏ သမီး ကောကနဒါမည်သော နတ် သမီးသည် မြတ်စွာဘုရားကိုလည်းကောင်း၊ တရားကိုလည်းကောင်း ရှိခိုးလိုသည် ဖြစ်၍ ဤမဟာဝုန်တောသို့ လာပါ၏။ အနက်နှင့် ပြည့်စုံသော ဤဂါထာတို့ကို ရွတ်ဆိုပါ၏။
များစွာသော အကြောင်းဖြင့် (အကျွန်ုပ်သည်) ထိုတရားတော်ကို ဝေဖန်လိုပါ၏၊ တရားတော်သည် ထိုသို့ဝေဖန်အပ်သော သဘောရှိပါ၏၊ အကြင်မျှလောက် အကျွန်ုပ် သည် စိတ်ဖြင့် သင်အပ်၏၊ ထိုမျှလောက် အကျဉ်းဖြစ်သော အနက်ကို ဆိုပါအံ့။
အလုံးစုံသော လောက၌ ကိုယ်နှုတ်စိတ်ဖြင့် တစ်ရံတစ်ဆစ်မျှ မကောင်းမှုကို မပြုရာ၊ သတိသမ္ပဇဉ်နှင့် ပြည့်စုံသော သူသည် ကာမဂုဏ်တို့ကို စွန့်၍ အကျိုး စီးပွားနှင့် မစပ်သော ဆင်းရဲကို မမှီဝဲရာ”ဟု (လျှောက်၏)။
လေးခုမြောက် သတုလ္လပကာယိကဝဂ် ပြီး၏။
ဤ “သတုလ္လပကာယိကဝဂ် (အပိုင်း ၂)” တွင်ပါဝင်သော သဒ္ဓါသုတ်၊ သမယသုတ်၊ သကလိကသုတ်၊ ပဌမ ပဇ္ဇုန္နဓီတုသုတ်နှင့် ဒုတိယ ပဇ္ဇုန္နဓီတုသုတ်တို့သည် မြတ်စွာဘုရား၏ တရားဒေသနာများနှင့် နတ်ဗြဟ္မာတို့၏ ရိုသေလျှောက်ထားမှုများကို ဖော်ပြထားသည့် သံယုတ္တနိကာယ်၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။
သဒ္ဓါသုတ်တွင် ယုံကြည်မှု (သဒ္ဓါ) ၏ အရေးပါမှုကို မီးမောင်းထိုးပြပြီး၊ သဒ္ဓါသည် လူ၏အဖော်ကောင်းဖြစ်ကာ ကိလေသာများကို လွန်မြောက်ရာတွင် အထောက်အကူပြုကြောင်း နတ်သားတို့၏ ဂါထာများဖြင့် ဖော်ပြထားသည်။ သမယသုတ်တွင် နတ်ဗြဟ္မာတို့၏ စည်းဝေးရောက်ရှိလာပြီး မြတ်စွာဘုရားနှင့် ရဟန္တာသံဃာတို့၏ ဂုဏ်ကျေးဇူးများကို ချီးမွမ်းထားသည်။ သကလိကသုတ်တွင် မြတ်စွာဘုရား၏ ခြေတော်ထိခိုက်မှုကြောင့် ဖြစ်ပေါ်လာသော ဝေဒနာကို သတိသမ္ပဇဉ်ဖြင့် သည်းခံတော်မူပုံကို နတ်သားတို့က ဥပမာများဖြင့် ကျူးရင့်ချီးမွမ်းထားသည်။ ပဌမနှင့် ဒုတိယ ပဇ္ဇုန္နဓီတုသုတ်တို့တွင် ကောကနဒါနတ်သမီးနှင့် စူဠကောကနဒါနတ်သမီးတို့က သစ္စာလေးပါးတရားနှင့် ကိလေသာမှ လွတ်မြောက်ရာလမ်းကို ချီးမွမ်းလျှောက်ထားသည်။
ဤသုတ်များသည် သဒ္ဓါ၊ သတိသမ္ပဇဉ်၊ ကိလေသာမှ လွတ်မြောက်မှုနှင့် သစ္စာလေးပါးတရားကို သိရှိနားလည်ရန် အရေးကြီးကြောင်း အလေးပေးဖော်ပြထားသည်။ မြတ်စွာဘုရား၏ တရားဒေသနာသည် လူသား၊ နတ်နှင့် ဗြဟ္မာများအတွက် လမ်းပြမီးရှူးတန်ဆောင်အဖြစ် ထင်ရှားပြီး၊ နိဗ္ဗာန်သို့ ရောက်ရာလမ်းကို ညွှန်ပြပေးသည်။ ဤသုတ်များသည် ဗုဒ္ဓဘာသာ၏ အဓိကအဆုံးအမများဖြစ်သည့် သတိ၊ ပညာ၊ သဒ္ဓါနှင့် ကိလေသာပယ်ရှားမှု၏ အရေးပါမှုကို ထပ်လောင်းအတည်ပြုပေးသည်။
Ashin Sundara(15.8.2025)
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
သံယုတ္တနိကာယ်—၁၊ ဒေဝတာသံယုတ်
၅—အာဒိတ္တဝဂ်
“အာဒိတ္တဝဂ်” သည် သံယုတ္တနိကာယ်၏ ဒေဝတာသံယုတ်၏ ငါးခုမြောက်အပိုင်းဖြစ်သည်။ ဤဝဂ်သည် လောကီဘဝ၏ အိုခြင်း၊ သေခြင်းနှင့် ကိလေသာများဖြင့် မီးလောင်နေပုံကို ဥပမာပြုကာ ဒါန၊ သီလ၊ သတိသမ္ပဇဉ်နှင့် နိဗ္ဗာန်သို့ ရောက်ရာလမ်းကို လမ်းညွှန်ပြသည်။ ဤဝဂ်တွင် မြတ်စွာဘုရား၏ တရားဒေသနာများနှင့် နတ်သားများ၏ ရိုသေလျှောက်ထားမှုများကို ဂါထာများဖြင့် ဖော်ပြထားသည်။ နတ်သားများသည် မြတ်စွာဘုရား၏ အဆုံးအမများကို ချီးမွမ်းပြီး သတ္တဝါများ၏ ကောင်းမှုနှင့် ကုသိုလ်အကျိုးကို အလေးပေးဖော်ပြသည်။
အာဒိတ္တဝဂ်ရှိ သုတ်များသည် အဓိကအားဖြင့် သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်တွင် မြတ်စွာဘုရား သီတင်းသုံးတော်မူစဉ် ဟောကြားခဲ့ခြင်းဖြစ်သည်။ အာဒိတ္တဝဂ်သည် ဗုဒ္ဓဘာသာ၏ အဓိကအဆုံးအမများဖြစ်သည့် ဒါန၊ သီလ၊ သတိသမ္ပဇဉ်နှင့် နိဗ္ဗာန်သို့ ရောက်ရာလမ်းကို အလေးပေးဖော်ပြသည်။
ဤဝဂ်တွင် လောကသည် အိုခြင်း၊ သေခြင်းနှင့် ကိလေသာများဖြင့် မီးလောင်နေပြီး၊ ဒါနပေးကမ်းခြင်း၊ သီလစောင့်ထိန်းခြင်းနှင့် တရားကျင့်ကြံခြင်းဖြင့် သံသရာမှ လွတ်မြောက်နိုင်ကြောင်း နတ်သားများက ဂါထာများဖြင့် ချီးမွမ်းထားသည်။ အထူးသဖြင့် ဒါန၏ အကျိုးကို အလေးပေးဖော်ပြပြီး၊ ဆွမ်း၊ အဝတ်သင်္ကန်း၊ ယာဉ်၊ ဆီမီးနှင့် နေရာကျောင်းလှူဒါန်းခြင်းဖြင့် ခွန်အား၊ အဆင်း၊ ချမ်းသာနှင့် နိဗ္ဗာန်ဆီသို့ ရောက်ရှိနိုင်ကြောင်း ဆိုသည်။ ဝန်တိုခြင်း၊ စဉ်းလဲခြင်းတို့၏ ဆိုးကျိုးကိုလည်း သတိပေးထားပြီး၊ ကြည်ညိုခြင်းနှင့် ကုသိုလ်ကောင်းမှုများဖြင့် နတ်ပြည်သို့ ရောက်ရှိနိုင်ကြောင်း ညွှန်ပြသည်။
အာဒိတ္တဝဂ်သည် ဗုဒ္ဓဘာသာ၏ အဓိကတရားများဖြစ်သည့် ဒါန၊ သီလ၊ သမထနှင့် ပညာကို အလေးပေးဖော်ပြထားသည့် အရေးကြီးသော သုတ်စုဖြစ်သည်။ ဤဝဂ်တွင် မြတ်စွာဘုရား၏ တရားဒေသနာများသည် လူသား၊ နတ်နှင့် ဗြဟ္မာများအတွက် လမ်းပြမီးရှူးတန်ဆောင်အဖြစ် ထင်ရှားပြီး၊ သံသရာမှ လွတ်မြောက်ရာ နိဗ္ဗာန်သို့ ရောက်ရာလမ်းကို ညွှန်ပြပေးသည်။
၁—အာဒိတ္တသုတ်
၄၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ နတ်သား တစ်ယောက်သည် အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ ညဉ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ ဇေတဝန်တစ်ကျောင်းလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော အရပ်၌ ရပ်တည်ပြီးသော် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာတို့ကို လျှောက်၏—
“မီးလောင်သော အိမ်၌ အကြင်အိုးခွက်ကို ထုတ်ဆောင်၏၊ ထိုအိုးခွက်သည် ထိုထုတ်ဆောင်သော သူ၏ အကျိုးငှါ ဖြစ်သကဲ့သို့ ထိုမီးလောင်သော အိမ်၌ အကြင် အိုးခွက်ကို မထုတ်ဆောင်၊ (ထိုအိုးခွက်သည်) မီးလောင်ခံရသကဲ့သို့—
ထို့အတူ လောကသည် အိုခြင်းဖြင့်လည်းကောင်း၊ သေခြင်းဖြင့်လည်းကောင်း တပြောင်ပြောင် တောက်လောင်နေ၏၊ ထိုတောက်လောင်နေသော လောကထဲမှ ပေးလှူခြင်းဖြင့် ထုတ်ဆောင်ရ၏၊ ပေးလှူအပ်သော ဒါနသည် ကောင်းစွာ ထုတ် ဆောင်ထားပြီး (ဥစ္စာ) မည်၏။
ပေးလှူမှုသည် ချမ်းသာသော အကျိုးရှိ၏၊ မပေးလှူမှုသည် ချမ်းသာသော အကျိုးမရှိ။ ထိုမပေးလှူဘဲ ထားသော ဥစ္စာကို ခိုးသူတို့သည်လည်းကောင်း၊ မင်းတို့သည်လည်းကောင်း ဆောင်ယူနိုင် ကုန်၏၊ မီးလောင်တတ်၏၊ ပျက်စီးတတ်၏။
ထို့နောက် သေဆုံးသဖြင့် မိမိ သိမ်းဆည်းသော ဥစ္စာနှင့်တကွ မိမိကိုယ်ကို စွန့်ရ၏၊ ပညာရှိသည် ဤသဘောကို သိ၍ သုံးလည်း သုံးဆောင်ရာ၏၊ ပေးလှူလည်း ပေးလှူရာ၏။ ပေးလှူပြီး၍လည်းကောင်း၊ သုံးဆောင်ပြီး၍လည်းကောင်း အလှူ၏ အာနုဘော်အလျောက် အကဲ့ရဲ့ မခံရဘဲ နတ်ပြည်သို့ ရောက်ရ၏”ဟု (လျှောက်၏)။
၂—ကိံဒဒသုတ်
၄၂။ အဘယ်အရာကို ပေးလှူသူသည် ခွန်အားကို ပေးလှူသည် မည်ပါသနည်း၊ အဘယ်အရာကို ပေးလှူသူသည် အဆင်းကို ပေးလှူသည် မည်ပါသနည်း၊ အဘယ် အရာကို ပေးလှူသူသည် ချမ်းသာကို ပေးလှူသည် မည်ပါသနည်း၊ အဘယ်အရာ ကို ပေးလှူသူသည် မျက်စိကို ပေးလှူသည် မည်ပါသနည်း၊ အဘယ်သူသည် အလုံးစုံသော အရာကို ပေးလှူသည် မည်ပါသနည်း၊ ဤသို့မေးအပ်သော အကျွန်ုပ် အား ထိုအကြောင်းကို ဟောကြားတော်မူပါလော့ဟု (လျှောက်၏)။
ဆွမ်းကို ပေးလှူသူသည် ခွန်အားကို ပေးလှူသည် မည်၏၊ အဝတ်သင်္ကန်းကို ပေးလှူသူသည် အဆင်းကို ပေးလှူသည် မည်၏၊ ယာဉ်ကို ပေးလှူသူသည် ချမ်းသာကို ပေးလှူသည် မည်၏၊ ဆီမီးကို ပေးလှူသူသည် မျက်စိကို ပေးလှူ သည် မည်၏၊ နေရာ (ကျောင်းစသည်) ကို ပေးလှူသူသည်ကား အလုံးစုံကို ပေးလှူ သည် မည်၏၊ တရားကို ပြသပြောဟောသူသည် အမြိုက် (နိဗ္ဗာန်) ကို ပေးလှူသည် မည်၏ဟု (မိန့်တော်မူ၏)။
၃—အန္နသုတ်
၄၃။ နတ်လူ နှစ်မျိုးတို့သည် ထမင်းကိုသာလျှင် တောင့်တကုန်၏၊ ထိုသို့ တောင့်တစမြဲ ဖြစ်ပါလျက် ထမင်းကို မတောင့်တသော နတ်မည်သည် အဘယ်မှာ ရှိပါအံ့နည်း။
အကြင်သူတို့သည် ယုံကြည်၍ ကြည်လင်သော စိတ်ဖြင့် နတ်လူတို့ တောင့်တ သည့် ထမင်းကို ပေးလှူကုန်၏၊ ထိုပေးလှူအပ်သော ထမင်းသည်သာလျှင် ဤ လောက၌လည်းကောင်း၊ တမလွန်လောက၌လည်းကောင်း ထိုသူတို့သို့ အစဉ်လိုက်၏။
ထို့ကြောင့် ဝန်တိုခြင်းကို ပယ်ဖျောက်၍ (ဝန်တိုခြင်း) အညစ်အကြေးကို နှိမ်နင်း လျက် အလှူကို ပေးလှူရာ၏၊ ကောင်းမှုတို့သည် တမလွန်လောက၌ သတ္တဝါတို့၏ တည်ရာ ဖြစ်ကုန်၏ဟု (လျှောက်၏)။
၄—ဧကမူလသုတ်
၄၄။ (တဏှာဟု ဆိုအပ်သော) အမြစ်အရင်း တစ်ခုရှိသော , (သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိဟု ဆိုအပ်သော) လည်ခြင်း နှစ်ခုရှိသော , (ရာဂ ဒေါသ မောဟဟု ဆို အပ်သော) အညစ်အကြေး သုံးခုရှိသော , (ကာမဂုဏ်ငါးပါးဟူသော) အပြန့် ငါးခု ရှိသော , (အာယတနဟူသော) ဝဲဇလုပ် တစ်ဆယ့်နှစ်ခုရှိသော , မထောက်မီနိုင်သော (သံသရာတည်းဟူသော) သမုဒ္ဒရာကို ရဟန္တာသည် ကူးမြောက်၏ဟု (လျှောက်၏)။
၅—အနောမသုတ်
၄၅။ ပြည့်စုံသော အမည်တော်ရှိသော၊ သိမ်မွေ့နက်နဲသော အနက်သဘောကို မြင်လေ့ရှိသော၊ ပညာကိုလည်း ပေးတော်မူတတ်သော၊ ကပ်ငြိဖွယ် ကာမဂုဏ်၌ ကပ်ငြိခြင်းရှိတော် မမူသော၊ အလုံးစုံသော တရားကို သိလေ့ရှိတော်မူသော၊ ကောင်းသော ပညာရှိတော်မူသော၊ အရိယာလမ်းခရီး၌ ကြွသွားတော်မူသော ထို မြတ်စွာဘုရားကို ဖူးမြော်ကြကုန်လော့ဟု (လျှောက်၏)။
၆—အစ္ဆရာသုတ်
၄၆။ နတ်သမီးအပေါင်းတို့ သီချင်း ကျူးရင့်ရာ ဖြစ်သော မြေဘုတ်ဘီလူး အပေါင်းတို့ မှီဝဲရာဖြစ်သော မောဟနမည်သော ထိုနန္ဒဝန်ဥယျာဉ်ကို အဘယ်သို့ သော အကြောင်းဖြင့် လွန်မြောက်ရပါအံ့နည်းဟု (လျှောက်၏)။
(အရိယာမဂ်တည်းဟူသော) လမ်းသည် လမ်းဖြောင့် မည်၏၊ ထို (နိဗ္ဗာန်) အရပ် သည် ဘေးမရှိရာ အရပ်မည်၏၊ တရားတည်းဟူသော စက်နှင့် ယှဉ်သော အရိယာ မဂ်သည် အသံ မမြည်သော ရထား မည်၏။
ရှက်ခြင်း ‘ဟိရီ’ ကြောက်ခြင်း ‘သြတ္တပ္ပ’သည် အရိယာမဂ်ဟူသော ရထား၏ အမှီ တံကဲမည်၏၊ အောက်မေ့ခြင်း ‘သတိ’သည် အရိယာမဂ်ဟူသော ရထား၏ အကာအရံ မည်၏၊ ကောင်းသောအမြင် ‘သမ္မာဒိဋ္ဌိ’လျှင် ရှေ့သွားရှိသော တရားကို ရထားမှူးဟူ၍ ဆို၏။
အကြင်မိန်းမအားဖြစ်စေ၊ အကြင်ယောကျာ်းအားဖြစ်စေ ထိုသို့သဘောရှိသော ယာဉ်သည် ရှိ၏။ ထိုသူသည် စင်စစ် ထိုယာဉ်ဖြင့် နိဗ္ဗာန်သို့ ရောက်နိုင်၏ဟု (မိန့်တော်မူ၏)။
၇—ဝနရောပသုတ်
၄၇။ အဘယ်သူတို့အား နေ့၌လည်းကောင်း၊ ညဉ့်၌လည်းကောင်း အခါခပ်သိမ်း ကောင်းမှုသည် တိုးပွားပါသနည်း။ အဘယ်သူတို့သည် တရား၌ တည်ကုန်ရာ သနည်း၊ အဘယ်သူတို့သည် သီလနှင့် ပြည့်စုံကုန်သနည်း၊ အဘယ်သူတို့သည် နတ်ပြည်သို့ သွားကုန်သနည်းဟု (လျှောက်၏)။
အကြင်သူတို့သည် သစ်သီးဥယျာဉ် ပန်းဥယျာဉ် စိုက်ပျိုးကုန်၏၊ တောသစ်ပင် ကို စိုက်ပျိုးကုန်၏၊ တံတားခင်းကုန်၏။ အကြင်သူတို့သည် ရေအိုးစင်ကိုလည်းကောင်း၊ ရေတွင်းကိုလည်းကောင်း၊ နေရာကျောင်းကိုလည်းကောင်း လှူဒါန်းကုန်၏။
ထိုသူတို့အား နေ့၌လည်းကောင်း၊ ညဉ့်၌လည်းကောင်း အခါခပ်သိမ်း ကောင်းမှု သည် တိုးပွား၏၊ ထိုသူတို့သည် တရား၌ တည်ကုန်၏၊ ထိုသူတို့သည် ကောင်း သော အလေ့အထ စာရိတ္တသီလနှင့် ပြည့်စုံကုန်၏၊ ထိုသူတို့သည် နတ်ပြည်သို့ သွားရ၏ဟု (မိန့်တော်မူ၏)။
၈—ဇေတဝနသုတ်
၄၈။ ဤဇေတဝန်ကျောင်းတော်သည် ရဟန်းအပေါင်းတို့၏ အမြဲနေရာလည်း ဖြစ်၏၊ တရားမင်း ဖြစ်တော်မူသော မြတ်စွာဘုရား သီတင်းသုံးရာလည်း ဖြစ်၏၊ ထို့ကြောင့် ငါ့အား နှစ်သိမ့်ခြင်း ‘ပီတိ’ကို ဖြစ်စေ၏။
အလုပ်ကိစ္စ၊ အသိဉာဏ်၊ တည်ကြည်မှု၊ ကိုယ်ကျင့်သီလ၊ မြတ်သော အသက် မွေးမှုဟူသော ဤတရားအပေါင်းကြောင့် သတ္တဝါတို့သည် စင်ကြယ်ကုန်၏။ အမျိုး အနွယ်ကြောင့်လည်းကောင်း၊ ဥစ္စာကြောင့်လည်းကောင်း စင်ကြယ်သည် မဟုတ် ကုန်။
ထို့ကြောင့်သာလျှင် ပညာရှိသော ပုဂ္ဂိုလ်သည် မိမိ၏ အကျိုးစီးပွားကို ရှုမျှော်၍ သင့်လျော်သော အကြောင်းအားဖြင့် တရားကို စူးစမ်းဆင်ခြင်ရာ၏၊ ဤသို့ ဆင်ခြင် သော် ထိုအရိယာမဂ်တရားတို့၌ စင်ကြယ်၏။
အကြင်ရဟန်းသည် တစ်ဖက်ကမ်း (နိဗ္ဗာန်) သို့ ရောက်၏၊ ထိုရဟန်းသည် ဤ တစ်ဖက်ကမ်း နိဗ္ဗာန်သို့ ရောက်ရုံမျှသာလျှင် ရောက်၏။ သာရိပုတ္တရာသာလျှင် ပညာဖြင့်လည်းကောင်း၊ သီလဖြင့်လည်းကောင်း၊ ငြိမ်သက်ခြင်းဖြင့်လည်းကောင်း (ထိုနိဗ္ဗာန်သို့ ရောက်သော ရဟန်းဟူသမျှထက်) မြတ်၏။
၉—မစ္ဆရိသုတ်
၄၉။ ဤလောက၌ အကြင်လူတို့သည် ဝန်တိုကုန်၏၊ စဉ်းလဲကုန်၏၊ ခြိမ်းခြောက် တတ်ကုန်၏၊ ပေးလှူကုန်သော တစ်ပါးသော သူတို့အား အန္တရာယ်ကို ပြုတတ် ကုန်၏။
ထိုသူတို့၏ အကျိုးသည် အဘယ်သို့ သဘောရှိပါသနည်း၊ တမလွန်ဘဝသည်လည်း အဘယ်သို့ သဘောရှိပါသနည်း၊ အသျှင်ဘုရားကို မေးလျှောက်ခြင်းငှါ လာ ပါကုန်၏၊ အကျွန်ုပ်တို့သည် ထိုအကြောင်းကို အဘယ်သို့ သိရကုန်အံ့နည်းဟု (မေးလျှောက်၏)။
ဤလောက၌ အကြင်လူတို့သည် ဝန်တိုကုန်၏၊ စဉ်းလဲကုန်၏၊ ခြိမ်းခြောက်တတ် ကုန်၏၊ ပေးလှူကုန်သော တစ်ပါးသော သူတို့အား အန္တရာယ်ကို ပြုတတ်ကုန်၏။
ထိုလူတို့သည် ငရဲသို့လည်းကောင်း၊ တိရစ္ဆာန်မျိုးသို့လည်းကောင်း၊ ယမမင်း၏ နိုင်ငံသို့လည်းကောင်း ရောက်ရကုန်၏။ အကယ်၍ လူ၏အဖြစ်သို့ ရောက်ကုန်သည် ဖြစ်အံ့၊ ဆင်းရဲသော အမျိုး၌ ဖြစ်ရကုန်၏။
ယင်းအမျိုး၌ အဝတ်ကိုလည်းကောင်း၊ ထမင်းကိုလည်းကောင်း၊ မွေ့လျော်ခြင်းကိုလည်းကောင်း၊ ရွှင်မြူးခြင်းကိုလည်းကောင်း ငြိုငြင်သဖြင့် ရအပ်၏။ သူမိုက်တို့ သည် သူတစ်ပါးထံမှ (ဥစ္စာကို) တောင့်တကုန်၏၊ ထိုသူတို့အား ထိုဥစ္စာကိုလည်း မရအပ်၊ ထိုအကျိုးသည် မျက်မှောက်ဘဝအကျိုးတည်း၊ တမလွန်ဘဝ၌ကား မကောင်းသော လားရာ ဒုဂ္ဂတိဘဝသို့ ရောက်ရ၏ဟု (မိန့်တော်မူ၏)။
ဤသို့ ထိုအနက်သဘောကို အကျွန်ုပ်တို့သည် သိပါကုန်၏၊ အသျှင်ဂေါတမ (အသျှင့်အား) တစ်ပါးသော ပြဿနာကို မေးပါကုန်၏၊ အကြင်သူတို့သည်လည်း လူ၏အဖြစ်ကို ရကုန်၍ (အလှူခံပုဂ္ဂိုလ်ကို) သိတတ်ကုန်၏၊ ဝန်တိုခြင်း ကင်းကုန်၏။
ဘုရား၌လည်းကောင်း၊ တရား၌လည်းကောင်း၊ သံဃာ၌လည်းကောင်း ကြည်ညို ကုန်၏၊ အလွန်အကဲ ရိုသေခြင်း ရှိကုန်၏။ ထိုသူတို့၏ အကျိုးသည် အဘယ်သို့ သဘောရှိပါသနည်း၊ တမလွန်ဘဝသည်လည်း အဘယ်သို့ သဘောရှိပါသနည်း၊ အသျှင်ဘုရားကို မေးခြင်းငှါ ရောက်လာပါကုန်၏၊ အကျွန်ုပ်တို့သည် ထိုအကြောင်း ကို အဘယ်သို့ သိရအံ့နည်းဟု (မေးလျှောက်၏)။
အကြင်သူတို့သည်လည်း လူ၏အဖြစ်ကို ရကုန်သည်ဖြစ်၍ (အလှူခံပုဂ္ဂိုလ်ကို) သိတတ်ကုန်၏၊ ဝန်တိုခြင်း ကင်းကုန်၏။ ဘုရား၌လည်းကောင်း၊ တရား၌လည်းကောင်း၊ သံဃာ၌လည်းကောင်း ကြည်ညိုကုန်၏၊ အလွန်အကဲ ရိုသေခြင်း ရှိကုန်၏။ ထိုသူတို့သည် နတ်ပြည်၌ ဖြစ်ကုန်သော် ဗိမာန်ရောင်ဖြင့် ထွန်းတောက်ပကုန်၏။
လူ၏အဖြစ်သို့ အကယ်၍ ရောက်ကုန်သော် ကြွယ်ဝသော အမျိုး၌ ဖြစ်ရကုန်၏။ ယင်းအမျိုးတို့၌ အဝတ်ကိုလည်းကောင်း၊ ထမင်းကိုလည်းကောင်း၊ မွေ့လျော်ခြင်းကိုလည်းကောင်း၊ ရွှင်မြူးခြင်းကိုလည်းကောင်း မပင်ပန်းဘဲ ရကုန်၏။
သူတစ်ပါးတို့သည် စုဆောင်းအပ်ကုန်သော ဥစ္စာတို့၌ မိမိအလိုသို့ ပါသည်ဖြစ်၍ သာလျှင် ဝမ်းမြောက်ရကုန်၏၊ ထိုအကျိုးသည် မျက်မှောက်ဘဝ အကျိုးတည်း၊ တမလွန်ဘဝ၌လည်း နတ်ပြည်သို့ ရောက်ရ၏ဟု (မိန့်တော်မူ၏)။
၁ဝ—ဃဋိကာရသုတ်
၅ဝ။ အဝိဟာဘုံသို့ ရောက်ကုန်သော (ကိလေသာတို့မှ) လွတ်ကုန်သော စွဲမက်ခြင်း ‘ရာဂ’၊ အမျက်ထွက်ခြင်း ‘ဒေါသ’ ကုန်ပြီးကုန်သော လောက၌ ကပ်ငြိမှု ‘တဏှာ’ကို ကူးမြောက်ကုန်ပြီးသော ရဟန်းခုနစ်ယောက်တို့သည် အဘယ်သူတို့ နည်း။
အဘယ်ရဟန်းတို့သည် သေမင်း၏ တည်ရာဖြစ်သော ကူးမြောက်နိုင်ခဲသော (ကိလေသာ) ညွန်ပျောင်းကို့ကူးမြောက်ကုန်သနည်း၊ အဘယ်ရဟန်းတို့သည် လူ၌ ဖြစ်သော ကိုယ်ကို စွန့်ကုန်၍ နတ်ပြည်၌ ဖြစ်ကြောင်း (သံယောဇဉ်) ကို လွန် မြောက်ကုန်သနည်းဟု (လျှောက်၏)။
ဥပက, ပလဂဏ္ဍ, ပုက္ကုသာတိဟူသော ထိုသုံးယောက်တို့သည်လည်းကောင်း၊ ဘဒ္ဒိယ, ခဏ္ဍဒေဝ, ဗာဟုရဂ္ဂိ, သိင်္ဂိယတို့လည်းကောင်း ထိုခုနစ်ယောက်တို့သည် လူ့ခန္ဓာကိုယ်ကို စွန့်ကုန်၍ နတ်ပြည်၌ ဖြစ်ကြောင်း (သံယောဇဉ်) ကို လွန်မြောက်ကုန်၏ဟု (မိန့်တော်မူ၏)။
မာရ်မင်း၏ ကျော့ကွင်းကို ပယ်တတ်ကုန်သော ထိုရဟန်းတို့၏ အပြစ်မရှိခြင်းကို ပြောဆို၏၊ ထိုသူတို့သည် အဘယ်သူ၏ တရားကို သိကုန်၍ ဘဝအနှောင်အဖွဲ့ကို ဖြတ်ကုန်သနည်း။
ထိုသူတို့သည် အကြင်မြတ်စွာဘုရား၏ တရားကို သိ၍ ဘဝအနှောင်အဖွဲ့ကို ဖြတ်ကုန်ပြီ၊ ထိုမြတ်စွာဘုရားကို ကြဉ်ထား၍ ဘဝအနှောင်အဖွဲ့ကို မဖြတ်နိုင်ကုန်၊ အသျှင်ဘုရား၏ အဆုံးအမတော်ကို ကြဉ်ထား၍ ဘဝအနှောင်အဖွဲ့ကို မဖြတ်နိုင်ကုန်။
အကြင်နိဗ္ဗာန်၌ နာမ်သည်လည်းကောင်း၊ ရုပ်သည်လည်းကောင်း အကြွင်းမဲ့ ချုပ်၏။ ဤသာသနာတော်၌ ထိုသူတို့သည် ထို (နိဗ္ဗာန်) တရားကို သိကုန်၍ ဘဝအနှောင်အဖွဲ့ကို ဖြတ်ကုန်၏ဟု (လျှောက်၏)။
နက်နဲသော သိနိုင်ခဲသော လွန်စွာ သိနိုင်ခဲသော စကားကို ဆိုဘိ၏၊ သင်သည် အဘယ်သူ၏ တရားကို သိ၍ ဤသို့ သဘောရှိသော စကားကို ဆိုဘိသနည်းဟု (မေးတော်မူ၏)။
အကျွန်ုပ်သည် ရှေးအခါက ဝေကဠိင်္ဂရွာ၌ ဃဋီကာရ အိုးထိန်းသည် ဖြစ်ခဲ့ဖူးပါ၏၊ အမိအဖကို လုပ်ကျွေးခဲ့၏၊ ကဿပမြတ်စွာဘုရား၏ ဥပါသကာ ဖြစ်ခဲ့၏။
မေထုန်အကျင့်မှ ရှောင်ကြဉ်ပါ၏၊ အာမိသကင်းသည် ဖြစ်၍ အကျင့်မြတ်ကို ကျင့်လေ့ရှိခဲ့ပါ၏၊ အသျှင်ဘုရားနှင့် တစ်ရွာတည်းနေ ဖြစ်ခဲ့ဖူးပါ၏၊ ရှေးအခါက အသျှင်ဘုရားနှင့် အဆွေခင်ပွန်း ဖြစ်ခဲ့ဖူးပါ၏။
ထိုအကျွန်ုပ်သည် (ကိလေသာတို့မှ) လွတ်ကုန်ပြီးသော , တပ်မက်မှု ‘ရာဂ’၊ အမျက်ထွက်မှု ‘ဒေါသ’ ကုန်ပြီးသော , လောက၌ ကပ်ငြိမှုတဏှာကို ကူးမြောက်ကုန် ပြီးသော ထိုခုနစ်ယောက်သော ရဟန်းတို့ကို သိပါ၏ဟု (လျှောက်၏)။
ဘဂ္ဂဝ အကြင်သို့သော အခြင်းအရာဖြင့် ထိုအကြောင်းကို ဆို၏၊ ထိုအခါက ဤအတိုင်း ဖြစ်ခဲ့ဖူးပြီ၊ ရှေးအခါက ဝေကဠိင်္ဂရွာ၌ ဃဋီကာရအမည်ရှိသော အိုးထိန်း သည် ဖြစ်ခဲ့ဖူး၏၊ အမိအဖကို လုပ်ကျွေးခဲ့၏၊ ကဿပမြတ်စွာဘုရား၏ ဥပါသကာ ဖြစ်ခဲ့၏။
မေထုန်အကျင့်မှ ရှောင်ကြဉ်ခဲ့၏၊ အာမိသ ကင်းသည်ဖြစ်၍ အကျင့်မြတ်ကို ကျင့် လေ့ရှိခဲ့၏၊ တစ်ရွာတည်းနေ ဖြစ်ခဲ့ဖူး၏။ ရှေးအခါက ငါ၏အဆွေခင်ပွန်း ဖြစ်ခဲ့ဖူး၏။
ရှေး၌ ဖြစ်ကုန်သော , အပေါင်းအဖော် ဖြစ်ခဲ့ဖူးကုန်သော , ပွားများအပ်သော စိတ်ရှိကုန်သော , အဆုံးစွန်သော ကိုယ်ကို ဆောင်ကုန်သော နှစ်ယောက်ကုန်သော သူတို့၏ ဤသို့သော ပေါင်းဆုံမိခြင်းသည် ဖြစ်သတည်းဟု (မိန့်တော်မူ၏)။
ငါးခုမြောက် အာဒိတ္တဝဂ် ပြီး၏။
အာဒိတ္တဝဂ်သည် ဗုဒ္ဓဘာသာ၏ နက်နဲသော အဆုံးအမများကို နတ်သားများ၏ လျှောက်ထားချက်များနှင့် မြတ်စွာဘုရား၏ ဖြေကြားချက်များမှတစ်ဆင့် ထင်ရှားစွာ ဖော်ပြထားသော အရေးပါသည့် သုတ်စုတစ်ခု ဖြစ်သည်။ ဤဝဂ်တွင် လောက၏ အိုခြင်း၊ သေခြင်း၊ ကိလေသာ စသည်တို့ဖြင့် မီးလောင်နေပုံကို ဥပမာပြု၍ ဆွေးနွေးထားပြီး၊ ထိုမီးလျှံမှ လွတ်မြောက်ရန် ဒါနပေးလှူခြင်း၊ သီလစောင့်ထိန်းခြင်း၊ သတိသမ္ပဇဉ် နှင့် ပညာ ကျင့်ကြံခြင်း စသည်တို့ကို လမ်းညွှန်ပြသည်။ အထူးသဖြင့် ဒါန၏ အကျိုးကို အလေးပေးဖော်ပြထားပြီး၊ ဆွမ်း၊ အဝတ်သင်္ကန်း၊ ယာဉ်၊ ဆီမီး၊ နေရာကျောင်း စသည်တို့ လှူဒါန်းခြင်းဖြင့် ခွန်အား၊ အဆင်း၊ ချမ်းသာ၊ မျက်စိ နှင့် အလုံးစုံ အကျိုးရရှိနိုင်ကြောင်း ရှင်းပြထားသည်။ တရားဟောခြင်းမှာ နိဗ္ဗာန်ကို ပေးလှူရာ ဖြစ်သည်ဟု ဆိုထားသည်။
ဤဝဂ်သည် ဝန်တိုမှု၊ စဉ်းလဲမှု စသည်တို့၏ ဆိုးကျိုးကို သတိပေးပြီး၊ ကြည်ညိုခြင်း၊ ကုသိုလ်ကောင်းမှု ပွားများခြင်းဖြင့် နတ်ပြည်ရောက်ရန် နှင့် သံသရာမှ လွတ်မြောက်ရန် လှုံ့ဆော်ထားသည်။ ဥပမာများဖြင့် ရှင်းပြထားသော သံသရာ သမုဒ္ဒရာ၊ နန္ဒနဝန်ဥယျာဉ်၊ အရိယာမဂ်ရထား စသည်တို့သည် တရားကျင့်သူများအတွက် ဉာဏ်အလင်းရရှိရန် အထောက်အကူ ဖြစ်စေသည်။ ဇေတဝန်ကျောင်းကို ချီးမွမ်းခြင်း နှင့် ရဟန်းများ၏ လွတ်မြောက်မှုကို ဖော်ပြခြင်းဖြင့် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး၌ ကြည်ညိုမှု၏ အရေးပါမှုကို ထင်ရှားစေသည်။ ဃဋိကာရ ဗြဟ္မာ၏ ရှေးဘဝ ကုသိုလ်ကို ဥပမာပြု၍ ရှေးကုသိုလ်သည် လက်ရှိ နှင့် တမလွန်တွင် အကျိုးပေးကြောင်း ဆိုထားသည်။
နိဂုံးချုပ်အနေဖြင့်၊ အာဒိတ္တဝဂ်သည် ဗုဒ္ဓဝါဒ၏ အဓိက အဆုံးအမများဖြစ်သော ဒါန၊ သီလ၊ သမထ၊ ပညာ စသည်တို့ကို နတ်ဒေဝတာများ၏ အမေးအဖြေ ဂါထာများမှတစ်ဆင့် ရိုးရှင်းစွာ ဖော်ပြထားပြီး၊ လောက၏ သဘောသဘာဝကို နားလည်၍ ကုသိုလ်ကောင်းမှု ပွားများရန် လှုံ့ဆော်ပေးသည်။ ဤဝဂ်သည် တရားကျင့်သူများအတွက် လမ်းပြမီးရှူးတန်ဆောင်အဖြစ် တန်ဖိုးရှိပြီး၊ သံသရာမှ လွတ်မြောက်ရန် နိဗ္ဗာန်လမ်းကို ညွှန်ပြပေးသည့် အဖိုးတန်သော တရားစုစည်းမှု တစ်ခုဖြစ်သည်။ ဗုဒ္ဓဘာသာဝင်များအနေဖြင့် ဤဝဂ်ကို လေ့လာ၍ နေ့စဉ်ဘဝတွင် ကျင့်သုံးပါက လောကီ ချမ်းသာ နှင့် လောကုတ္တရာ ငြိမ်းချမ်းမှုကို ရရှိနိုင်မည်ဖြစ်သည်။
Ashin Sundara(18.8.2025)
+++++++++++++++++++++++++++++++++++++++++++++++++++++++++++
သံယုတ္တနိကာယ်—၁၊ ဒေဝတာသံယုတ်
၆—ဇရာဝဂ် ကိုလေ့လာခြင်း
ဇရာသုတ်သည် သံယုတ္တနိကာယ်၊ ဇရာဝဂ်အတွင်းရှိ ပထမသုတ်ဖြစ်ပြီး၊ လူသားတို့၏ ဘဝတွင် တန်ဖိုးရှိသော တရားများကို မေးမြန်းခြင်းနှင့် ထိုမေးခွန်းများကို မြတ်စွာဘုရားက ဖြေကြားပေးသော တရားတော်ဖြစ်သည်။ ဤသုတ်တွင် အကျင့်သီလ၊ ယုံကြည်မှု (သဒ္ဓါ)၊ ပညာနှင့် ကောင်းမှုတို့၏ အရေးပါမှုကို အလေးပေးဖော်ပြထားသည်။
ဇရာသုတ်သည် သံယုတ္တနိကာယ်၊ ဇရာဝဂ်အတွင်းတွင် ပထမသုတ်အဖြစ် တည်ရှိသည်။ သံယုတ္တနိကာယ်သည် ပါဠိစာပေထဲတွင် နိကာယ်ငါးခုအနက် ဒုတိယမြောက်နိကာယ်ဖြစ်ပြီး၊ သုတ္တန်ပိဋကအတွင်းတွင် တရားတော်များကို အကြောင်းအရာအလိုက် စုစည်းထားသည်။ ဇရာဝဂ်သည် အိုမင်းခြင်းနှင့် ဆက်စပ်သော သုတ်များကို စုစည်းထားသည့် အပိုင်းဖြစ်ပြီး၊ ဤသုတ်သည် ထိုဝဂ်၏ ပထမဆုံးသုတ်ဖြစ်သည်။
ဤသုတ်သည် မြတ်စွာဘုရား၏ တရားဒေသနာများထဲတွင် အကျင့်သီလ၊ ယုံကြည်မှု၊ ပညာနှင့် ကောင်းမှု၏ အရေးပါမှုကို အလေးပေးဖော်ပြထားသည့် အရေးပါသော တရားတော်တစ်ခုဖြစ်သည်။ သံယုတ္တနိကာယ်၏ ဖွဲ့စည်းပုံအရ၊ ဤသုတ်သည် လူသားတို့၏ ဘဝတွင် မွန်မြတ်သော တရားများကို နားလည်ရန်နှင့် ကျင့်ကြံရန် လမ်းညွှန်ပေးသည့် အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။
ဇရာသုတ်၏ တည်ဆောက်ပုံသည် မြတ်စွာဘုရားထံသို့ မေးခွန်းလျှောက်ထားခြင်းနှင့် ထိုမေးခွန်းများကို ဖြေကြားပေးခြင်းဟူသော ရိုးရှင်းသော ပုံစံဖြင့် ဖွဲ့စည်းထားသည်။ သုတ်တွင် မေးခွန်းလေးခုနှင့် ဖြေကြားချက်လေးခု ပါဝင်သည်။ မေးခွန်းများသည် အောက်ပါအတိုင်းဖြစ်သည်။
အဘယ်တရားသည် အိုသည်တိုင်အောင် ကောင်းပါသနည်း။
အဘယ်တရားသည် တည်ရှိသော် ကောင်းပါသနည်း။
အဘယ်တရားသည် လူတို့၏ ရတနာမည်ပါသနည်း။
အဘယ်တရားကို ခိုးသူတို့သည် ခိုးယူနိုင်ခဲပါသနည်း။
ဤမေးခွန်းများကို မြတ်စွာဘုရားက အောက်ပါအတိုင်း ဖြေကြားတော်မူသည်။
အကျင့်သီလသည် အိုသည်တိုင်အောင် ကောင်း၏။
ယုံကြည်မှု ‘သဒ္ဓါ’တရား တည်သည်ရှိသော့်ကောင်း၏။
ပညာသည် လူတို့၏ ရတနာမည်၏။
ကောင်းမှုကို ခိုးသူတို့သည် ခိုးယူနိုင်ခဲ၏။
ဤတည်ဆောက်ပုံသည် ဗုဒ္ဓဘာသာ၏ သုတ္တန်များတွင် ထုံးစံအတိုင်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်းဖြင့် တရားတော်ကို ဖော်ပြထားသည်။ သုတ်သည် တိုတောင်းပြီး ရှင်းလင်းသော ပုံစံဖြင့် ဖွဲ့စည်းထားပြီး၊ နားလည်လွယ်ကူစေရန် ရိုးရှင်းသော မေးခွန်းနှင့် ဖြေကြားချက်များကို အသုံးပြုထားသည်။
+++
၁—ဇရာသုတ်
၅၁။ အဘယ်တရားသည် အိုသည်တိုင်အောင် ကောင်းပါသနည်း၊ အဘယ်တရား သည် တည်ရှိသော် ကောင်းပါသနည်း၊ အဘယ်တရားသည် လူတို့၏ ရတနာမည် ပါသနည်း၊ အဘယ်တရားကို ခိုးသူတို့သည် ခိုးယူနိုင်ခဲပါသနည်းဟု (လျှောက်၏)။
အကျင့်သီလသည် အိုသည်တိုင်အောင် ကောင်း၏၊ ယုံကြည်မှု ‘သဒ္ဓါ’တရား တည်သည်ရှိသော် ကောင်း၏၊ ပညာသည် လူတို့၏ ရတနာမည်၏၊ ကောင်းမှုကို ခိုးသူတို့သည် ခိုးယူနိုင်ခဲ၏ဟု (မိန့်တော်မူ၏)။
၂—အဇရသာသုတ်
၅၂။ အဘယ်တရားသည် မအိုမဆွေးမြေ့သဖြင့် ကောင်းပါသနည်း၊ အဘယ် တရား စွဲမြဲစွာ တည်သည်ရှိသော် ကောင်းပါသနည်း၊ အဘယ်တရားသည် လူတို့၏ ရတနာမည်ပါသနည်း၊ အဘယ်တရားကို ခိုးသူတို့သည် မယူဆောင်နိုင်ပါသနည်းဟု (လျှောက်၏)။
အကျင့်သီလသည် မဆွေးမြေ့သဖြင့် ကောင်း၏၊ ယုံကြည်မှု ‘သဒ္ဓါ’တရား စွဲမြဲစွာ တည်သည်ရှိသော် ကောင်း၏၊ ပညာသည် လူတို့၏ ရတနာမည်၏၊ ကောင်းမှုကို ခိုးသူတို့သည် မယူဆောင်ကုန်ဟု (မိန့်တော်မူ၏)။
၃—မိတ္တသုတ်
၅၃။ ခရီးသွားသော သူ၏ အဆွေခင်ပွန်းသည် အဘယ်နည်း၊ မိမိအိမ်၌ အဆွေ ခင်ပွန်းသည် အဘယ်နည်း၊ ပြုဖွယ်ကိစ္စရှိသော သူ၏ အဆွေခင်ပွန်းသည် အဘယ် နည်း၊ တမလွန်၌ ဖြစ်သော အဆွေခင်ပွန်းသည် အဘယ်နည်းဟု (လျှောက်၏)။
ခရီးသွားသော သူ၏ အဆွေခင်ပွန်းသည် အတူသွားဖော်တည်း၊ မိမိ၏ အိမ်၌ အဆွေခင်ပွန်းသည် အမိတည်း၊ ပြုဖွယ်ကိစ္စရှိသော သူ၏ အဆွေခင်ပွန်းသည် သူငယ်ချင်းတည်း၊ အဖန်ဖန် ကိုယ်တိုင် ပြုအပ်သော ကောင်းမှုတို့သည် တမလွန်၌ ဖြစ်သော အဆွေခင်ပွန်းမည်၏ဟု (မိန့်တော်မူ၏)။
၄—ဝတ္ထုသုတ်
၅၄။ လူတို့၏ မှီရာတည်ရာသည် အဘယ်မှာနည်း၊ ဤလောက၌ လွန်မြောက် သော အဆွေခင်ပွန်းသည် အဘယ်ပါနည်း၊ အကြင် သတ္တဝါတို့သည် မြေ၌ မှီကုန်၏၊ ထိုသတ္တဝါတို့သည် အဘယ်ကို မှီ၍ အသက်မွေးပါကုန်သနည်းဟု (လျှောက်၏)။
လူတို့၏ မှီရာတည်ရာသည် သားသမီးတို့တည်း၊ ဤလောက၌ လွန်မြောက် သော အဆွေခင်ပွန်းသည် မယားတည်း၊ အကြင်သတ္တဝါတို့သည် မြေ၌ မှီကုန်၏၊ ထိုသတ္တဝါတို့သည် ရွာချသော မိုးကို မှီ၍ အသက်မွေးကုန်၏ဟု (မိန့်တော်မူ၏)။
၅—ပဌမ ဇနသုတ်
၅၅။ အဘယ်အရာသည် ပုဂ္ဂိုလ်သတ္တဝါကို ဖြစ်စေပါသနည်း၊ ထိုပုဂ္ဂိုလ်သတ္တဝါ၏ အဘယ်အရာသည် ပြေးသွားသနည်း၊ အဘယ်အရာသည် သံသရာသို့ ရောက်ပါ သနည်း၊ အဘယ်အရာသည် ထိုပုဂ္ဂိုလ်သတ္တဝါ၏ ကြီးစွာသော ဘေးဖြစ်သနည်းဟု (လျှောက်၏)။
တပ်မက်မှု ‘တဏှာ’ သည် ပုဂ္ဂိုလ်သတ္တဝါကို ဖြစ်စေ၏၊ ထိုပုဂ္ဂိုလ်သတ္တဝါ၏ စိတ် သည် ပြေးသွား၏၊ ပုဂ္ဂိုလ်သတ္တဝါသည် သံသရာသို့ ရောက်၏၊ ဆင်းရဲသည် ထို ပုဂ္ဂိုလ်သတ္တဝါ၏ ကြီးစွာသော ဘေးတည်းဟု (မိန့်တော်မူ၏)။
၆—ဒုတိယ ဇနသုတ်
၅၆။ အဘယ်အရာသည် ပုဂ္ဂိုလ်သတ္တဝါကို ဖြစ်စေပါသနည်း၊ ထိုပုဂ္ဂိုလ်သတ္တဝါ၏ အဘယ်အရာသည် ပြေးသွားသနည်း၊ အဘယ်အရာသည် သံသရာသို့ ရောက်သနည်း၊ (ပုဂ္ဂိုလ်သတ္တဝါသည်) အဘယ်အရာမှ့မလွတ်ပါသနည်းဟု (လျှောက်၏)။
တဏှာသည် ပုဂ္ဂိုလ်သတ္တဝါကို ဖြစ်စေ၏၊ ထိုပုဂ္ဂိုလ်သတ္တဝါ၏ စိတ်သည် ပြေး သွား၏၊ ပုဂ္ဂိုလ်သတ္တဝါသည် သံသရာသို့ ရောက်၏၊ (ပုဂ္ဂိုလ်သတ္တဝါသည်) ဝဋ် ဆင်းရဲမှ မလွတ်ဟု (မိန့်တော်မူ၏)။
၇—တတိယ ဇနသုတ်
၅၇။ အဘယ်အရာသည် ပုဂ္ဂိုလ်သတ္တဝါကို ဖြစ်စေပါသနည်း၊ ထိုပုဂ္ဂိုလ်သတ္တဝါ၏ အဘယ်အရာသည် ပြေးသွားသနည်း၊ အဘယ်အရာသည် သံသရာသို့ ရောက်ပါသ နည်း၊ အဘယ်အရာသည် ထိုပုဂ္ဂိုလ်သတ္တဝါ၏ မှီခိုရာဖြစ်ပါသနည်းဟု (လျှောက်၏)။
တဏှာသည် ပုဂ္ဂိုလ်သတ္တဝါကို ဖြစ်စေ၏၊ ထိုပုဂ္ဂိုလ်သတ္တဝါ၏ စိတ်သည် ပြေး သွား၏၊ ပုဂ္ဂိုလ်သတ္တဝါသည် သံသရာသို့ ရောက်၏၊ ကံတရားသည် ထိုပုဂ္ဂိုလ်၏ မှီခိုရာဖြစ်၏ဟု (မိန့်တော်မူ၏)။
၈—ဥပ္ပထသုတ်
၅၈။ အဘယ်အရာကို ခရီးမဟုတ်ဟု ဆိုအပ်သနည်း၊ အဘယ်အရာသည် ညဉ့် နေ့တို့၌ ကုန်သနည်း၊ အကျင့်မြတ်၏ အညစ်အကြေးသည် အဘယ်နည်း၊ ရေ မဟုတ်သော ဆေးကြောဖွယ်သည် အဘယ်နည်းဟု (လျှောက်၏)။
တပ်မက်မှု ‘ရာဂ’ကို (နိဗ္ဗာန်သို့ သွားသော သူ၏) ခရီးမဟုတ်ဟု ဆိုအပ်၏၊ အရွယ်သည် ညဉ့်နေ့တို့၌ ကုန်၏၊ အကျင့်မြတ်၏ အညစ်အကြေးသည် မိန်းမ တည်း၊ ဤမိန်းမ၌ ဤသတ္တဝါအပေါင်းသည် ကပ်ငြိ၏၊ ကိလေသာကို ပူပန်စေတတ် သော အကျင့်နှင့် မေထုန်မှ ရှောင်ကြဉ်မှု အကျင့်မြတ်သည် ရေမဟုတ်သော ဆေး ကြောဖွယ် မည်၏ဟု (မိန့်တော်မူ၏)။
၉—ဒုတိယသုတ်
၅၉။ အဘယ်အရာသည် ပုဂ္ဂိုလ်သတ္တဝါ၏ အဖော်ဖြစ်ပါသနည်း၊ အဘယ်အရာ သည် ထိုပုဂ္ဂိုလ်သတ္တဝါကို ဆုံးမပါသနည်း၊ ပုဂ္ဂိုလ်သတ္တဝါသည် အဘယ်အရာ၌ မွေ့လျော်သည် ဖြစ်၍ အလုံးစုံသော ဆင်းရဲမှ လွတ်မြောက်ပါသနည်းဟု (လျှောက်၏)။
ယုံကြည်မှု ‘သဒ္ဓါ’တရားသည် ပုဂ္ဂိုလ်သတ္တဝါ၏ အဖော်ဖြစ်၏၊ ပညာသည် ထို ပုဂ္ဂိုလ်သတ္တဝါကို ဆုံးမ၏၊ ပုဂ္ဂိုလ်သတ္တဝါသည် နိဗ္ဗာန်၌ မွေ့လျော်သည် ဖြစ်၍ အလုံးစုံသော ဆင်းရဲမှ လွတ်မြောက်၏ဟု (မိန့်တော်မူ၏)။
၁ဝ—ကဝိသုတ်
၆ဝ။ ဂါထာတို့၏ ဖြစ်ကြောင်းကား အဘယ်နည်း၊ ထိုဂါထာတို့ကို ထင်စွာ ပြ ကြောင်းကား အဘယ်နည်း၊ ဂါထာတို့သည် အဘယ်ကို မှီကုန်ပါသနည်း၊ ဂါထာတို့၏ တည်ရာသည် အဘယ်ပါနည်းဟု (လျှောက်၏)။
ဂါထာတို့၏ ဖြစ်ကြောင်းကား (ဂါယတ္တိစသော) ဆန်းတည်း၊ ထိုဂါထာတို့ကို ထင်စွာ ပြကြောင်းကား အက္ခရာတည်း၊ ဂါထာတို့သည် အမည် (နာမပညတ်) ကို မှီကုန်၏၊ ဂါထာတို့၏ တည်ရာသည် ပညာရှိတည်းဟု (မိန့်တော်မူ၏)။
ခြောက်ခုမြောက် ဇရာဝဂ်ပြီး၏။
ဇရာသုတ်၏ အနှစ်သာရသည် အကျင့်သီလ၊ ယုံကြည်မှု၊ ပညာနှင့် ကောင်းမှုတို့၏ အရေးပါမှုကို အလေးပေးဖော်ပြထားခြင်းဖြစ်သည်။ ဤသုတ်သည် လူသားတို့၏ ဘဝတွင် မွန်မြတ်သော တရားများကို ကျင့်ကြံရန် လမ်းညွှန်ပေးထားသည်။ အကျင့်သီလသည် အိုမင်းခြင်းနှင့် မဆိုင်ဘဲ အမြဲတန်ဖိုးရှိပြီး၊ ယုံကြည်မှုသည် စိတ်တည်ငြိမ်မှုကို ပေးကာ၊ ပညာသည် လူသားတို့၏ အကြီးမြတ်ဆုံး ရတနာဖြစ်ပြီး၊ ကောင်းမှုသည် မည်သည့်အရာကမှ လုယူ၍မရသော အရာဖြစ်သည်။
ဤသုတ်သည် ဗုဒ္ဓဘာသာ၏ အဓိကအဆိုအမိန့်များဖြစ်သော သီလ၊ သဒ္ဓါ၊ ပညာနှင့် ကုသိုလ်ကံတို့၏ အရေးပါမှုကို ဖော်ပြထားပြီး၊ လူသားတို့၏ ဘဝကို တည်ငြိမ်စေရန်နှင့် သံသရာမှ လွတ်မြောက်ရန် လမ်းညွှန်ပေးသည်။
ဇရာသုတ်သည် ဗုဒ္ဓဘာသာ၏ အဓိကအဆိုအမိန့်များကို ရိုးရှင်းသော မေးခွန်းနှင့် ဖြေကြားချက်များဖြင့် ဖော်ပြထားသည့် တရားတော်တစ်ခုဖြစ်သည်။ ဤသုတ်သည် အကျင့်သီလ၊ ယုံကြည်မှု၊ ပညာနှင့် ကောင်းမှုတို့၏ အရေးပါမှုကို အလေးပေးဖော်ပြထားပြီး၊ လူသားတို့၏ ဘဝတွင် မွန်မြတ်သော တရားများကို ကျင့်ကြံရန် လမ်းညွှန်ပေးသည်။ ဤသုတ်သည် ဗုဒ္ဓဘာသာဝင်များအတွက် လူ့ဘဝ၏ တန်ဖိုးရှိသော တရားများကို နားလည်ရန်နှင့် ကျင့်ကြံရန် အရေးကြီးသော လမ်းညွှန်တစ်ခုဖြစ်သည်။
ဤသုတ်တွင် အကျင့်သီလသည် အိုမင်းခြင်းနှင့် မဆိုင်ဘဲ အမြဲတန်ဖိုးရှိသည်ဟူသော အဆိုသည် လူ့ဘဝ၏ ကိုယ်ကျင့်တရားကို ထိန်းသိမ်းရန် အရေးကြီးကြောင်း သင်ကြားပေးသည်။ ယုံကြည်မှု (သဒ္ဓါ) သည် စိတ်တည်ငြိမ်မှုကို ဖြစ်စေပြီး၊ တရားကျင့်ရာတွင် အခြေခံအုတ်မြစ်အဖြစ် လုပ်ဆောင်သည်။ ပညာသည် လူသားတို့၏ အကြီးမြတ်ဆုံး ရတနာအဖြစ် သတ်မှတ်ခံရပြီး၊ သံသရာမှ လွတ်မြောက်ရန် ဉာဏ်အလင်းကို ပေးစွမ်းသည်။ ကောင်းမှုသည် ခိုးယူ၍မရသော အရာဖြစ်ပြီး၊ လူသားတို့၏ ကံကောင်းမှုနှင့် တမလွန်ဘဝတွင် အကျိုးပေးမှုကို ဖြစ်စေသည်။
ဇရာသုတ်သည် အကျင့်သီလ၊ သဒ္ဓါ၊ ပညာနှင့် ကောင်းမှုတို့၏ အရေးပါမှုကို အလေးပေးဖော်ပြထားပြီး၊ လူသားတို့၏ ဘဝတွင် မွန်မြတ်သော တရားများကို ကျင့်ကြံရန် တိုက်တွန်းထားသည်။ ၎င်းသည် ဗုဒ္ဓဘာသာဝင်များသာမက မည်သူမဆို ဘဝတွင် တန်ဖိုးရှိသော တရားများကို နားလည်ရန်နှင့် ကျင့်ကြံရန် အထောက်အကူဖြစ်စေမည့် တရားတော်တစ်ခုဖြစ်သည်။ ဤသုတ်သည် လူသားတို့၏ ဘဝတွင် ကိုယ်ကျင့်တရားနှင့် ဉာဏ်ပညာကို မြှင့်တင်ရန် အရေးကြီးသော လမ်းညွှန်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်သည်။
Ashin Sundara(22.8.2025)
+++++++++++++++++++++++++++++++++++++++++++++++++++
Comments