အဘိဓမ္မာနှင့်သုတ္တန်တရားတော်များ_Page 2
- Thein Naing Ohn
- Sep 20, 2021
- 21 min read
Updated: Sep 24, 2021
ဓာတုကထာ တတိယနယ နိဒ္ဒေသ “အသင်္ဂဟိတေနသင်္ဂဟိတံ” (ခန္ဓာမတူ - အာတယတန၊ ဓာတ်တူ)
ဓာတုကထာ တတိယနယ နိဒ္ဒေသ “အသင်္ဂဟိတေနသင်္ဂဟိတံ” (ခန္ဓာမတူ - အာတယတန၊ ဓာတ်တူ)
******************************************
တတိယနယနိဒ္ဒေသ (အသင်္ဂဟိတေန သင်္ဂဟိတံ) သည် ခန္ဓာဖြင့် မရေတွက်ဘဲ အာယတန၊ ဓာတ်တို့ဖြင့် ရေတွက်အပ်သော တရားတို့ကို ခန္ဓာ၊ အာယတန၊ ဓာတ်အားဖြင့် ရေတွက်သော တရားဖြစ်ပါသည်။
တတိယနယ၌ ကတ္တားနှင့်ကံပုဒ်တို့သည် ခန္ဓာမတူ-အာယတန၊ ဓာတ်တို့တူကြရမည်ဖြစ်၍ ဓမ္မာယတန တစိတ်ဖြစ်သော သုခုမရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ နိဗ္ဗာန် ဤ ၅မျိုး ကိုသာ မူတည်ပြီး ဟောပါသည်။
၀ိညာဏ၊ သြဠာရိကရုပ်နှင့် ရောနေသော တရားများမှာ အာယတန၊ ဓာတ်တူမရနိုင်၍ မဟောပါ။
ပါဠိတော်၌ အဖြေတူများကိုပေါင်း၍ ပဥှာ (၁၂) ပါးကိုဟောထားပါသည်။ အရကောက်၌ကား ယေစွဲတူရာ ကိုပြပါသည်။
၁။ ဝေဒနာက္ခန္ဓာနှင့် အဖြေတူသောပုဒ်ပေါင်း - ၅
၂။ နိရောဓသစ္စာ ---------။------------------ - ၁
၃။ ဇီဝိတိနြေ္ဒ ---------------။---------------- - ၁
၄။ ဣတ္ထိနြေ္ဓ --------------။---------------- - ၂၂
၅။ ဇာတိ ------------------။---------------- - ၄
၆။ သောက ----------------။--------------- - ၂၀
၇။ အပ္ပစ္စယ ----------------။---------------- - ၂
၈။ အာသ၀ ----------------။---------------- - ၃
၉။ သံယောဇဉ် ------------။---------------- - ၁၇
၁၀။ စေတသိက ----------။---------------- - ၆
၁၁။ စိတ္တသဟဘူ ----------။-------------- - ၂
၁၂။ ဥပါဒါန -----------------။-------------- - ၇
ဤပါဠိတော်ပြအဖြေတူများကို တဖန်အကျဉ်းချုပ်လျှင် ဝေဒနက္ခန္ဓာ ၁၁ + သညာက္ခန္ဓာ ၂ + သင်္ခါရက္ခန္ဓာ ၅၉ + ဣတ္ထိနြေ္ဒ ၂ = ၇၄ ပုဒ်ဖြစ်၏။
နိရောဓသစ္စာမှာ ၃ ပုဒ်သာရသည်။
ဇီဝိတိနြေ္ဓ ၄ + စျာန ၁ ဟု ၅ ပုဒ်ဖြစ်၏။
စေတသိကမှာ ၆ပုဒ်ဖြစ်၏။
စိတ္တသဟဘူ ၂ ပုဒ်ဖြစ်၍ အားလုံးပေါင်းလျှင် ပါဠိတော်ပြ အဖြေတူများမှာ ၇၄+၃+၅+၆+၂ = ၉၀ ဟု ငါးမျိုးသာရပေသည်။
အကျဉ်းချုပ်အားဖြင့်ပြောရလျှင် အဗ္ဘန္တရမာတိကာဟောပုဒ်အနေဖြင့် ဟောပုဒ် ၅၀၊ ဗာဟိရမာတိကာ ဟောပုဒ်အနေဖြင့် ဟောပုဒ် ၄၀ ပါ၀င်ပါသည်။
အဗ္ဘန္တရမာတိကာ၊ ဗာဟိရမာတိကာ နှစ်ရပ်ပေါင်း ဟောပုဒ် ၉၀ ဖြစ်ပါသည်။
ဤတတိယနယနိဒ္ဒေသ၌ ဟောပုဒ် ၉၀ တို့ကို သဘောတူရာ ဟောပုဒ်အလိုက် စုစည်း၍ ၉ အုပ်စု ခွဲခြားထားပါသည်။ လွယ်ကူစွာမှတ်မိစေရန် ရှေးပညာရှင်ဆရာတော်များက ( ဝေ ၊ သဉ် ၊ သင် ၊ နိ ၊ ဣ ၊ ဇီ ၊ စျာ ၊ စေ ၊ စိ ) ဟူ၍ အကျဉ်းချုပ် ဆောင်ပုဒ်ကို စပ်ဆိုတော်မူခဲ့ကြပါသည်။ ထိုအက္ခရာများသည် ဦးဆောင်ဟောပုဒ်များ၏ အစအက္ခရာများ ဖြစ်ပါသည်။
ဤဆောင်ပုဒ်အလိုက် ဟောပုဒ် ၉၀ ရပုံကို ပုံတွင် ကြည့်ရှုနိုင်ပါသည်။
၁။ ဝေ = ဝေဒနာက္ခန္ဓာန
၂။ သဉ် = သညာက္ခန္ဓေန
၃။ သင် = သင်္ခါရက္ခန္ဓေန
၄။ နိ = နိရောဓသစ္စေန
၅။ ဣ = ဣတ္ထိနြ္ဒိယေန
၆။ ဇီ = ဇီဝိတိနြ္ဒိယေန
၇။ စျာ = စျာနေန
၈။ စေ = စေတသိကဟိ ဓမ္မေဟိ
၉။ စိ = စိတ္တသဟဘူဟိ ဓမ္မေဟိ
(အထက်ပါ ၉ ပုဒ်နှင့် အလားတူဟောပုဒ်များကို အလားတူပုဒ်ပေါင်းဇယား တွင် ကြည့်ရှုပါရန်။)
ယေ ဓမ္မာ - တရားများကောက်ပုံစည်းမျဉ်း (ယေစွဲနည်းဥပေဒေသ)
ဤတတိယနယနိဒ္ဒေသ၌ ဟောပုဒ်နှင့် ယေ ဓမ္မာ-အရ ခန္ဓာကွဲ၍ ဓမ္မာယတန၊ ဓမ္မဓာတ်အားဖြင့် တူသော တရားမျိုးကို ဟောရာ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ သုခုမရုပ်နှင့် နိဗ္ဗာန်ဟူသော တရား ၅မျိုး အနက် ---
၁။ ဟောပုဒ်မှာ တရား ၁-မျိုးဖြစ်ခဲ့လျှင် ကျန်လေးပါးကို ယေ ဓမ္မာ - အရကောက်ပါ။
ဥပမာ။ ။
ဟောပုဒ်သည် ဝေဒနာဖြစ်ခဲ့လျှင် ယေ ဓမ္မာ - အရ ကြွင်းသော သညာ၊ သင်္ခါရ၊ သုခုမရုပ်နှင့် နိဗ္ဗာန်ကို ကောက်ပါ။ အုပ်စု (၁) မှ (၅) အထိ ဟောပုဒ်တို့သည် တရား ၁-မျိုးစီဖြစ်သောကြောင့် ကျန် ၄ မျိုးကို ယေ ဓမ္မာ - အရကောက်ပါသည်။
၂။ ဟောပုဒ်သည် တရားနှစ်မျိုးဖြစ်ခဲ့လျှင် ကျန် ၃-မျိုးကို ယေ ဓမ္မာ - အရကောက်ပါ။
ဥပမာ။ ။
အုပ်စု (၆) တွင်ဟောသော ဇီဝိတိနြေ္ဒသည် ရုပ်ဇီဝိတ(သုခုမရုပ်)နှင့် နာမ်ဇီဝိတ (ဇီဝိတိနြေ္ဒစေတသိက်=သင်္ခါရ) တရား ၂ မျိုးဖြစ်သောကြောင့် ကျန်သော ဝေဒနာ၊ သညာ၊ နိဗ္ဗာန် ၃ မျိုးကို ယေ ဓမ္မာ အရကောက်ပါသည်။
ထို့အတူ အုပ်စု (၇) တွင် ဟောသော စျာန်သည်လည်း (ဝေဒနာ၊ သင်္ခါရ) တရား ၂ မျိုးဖြစ်သောကြောင့် ကျန်သော သညာ၊ သုခုမရုပ်နှင့် နိဗ္ဗာန် ၃ မျိုးကို ယေ ဓမ္မာ - အရကောက်သည်။
၃။ ဟောပုဒ်မှာ တရားသုံးမျိုးဖြစ်ခဲ့လျှင် ကျန် ၂-မျိုးကို ယေ ဓမ္မာ အရကောက်ပါ။
ဥပမာ။ ။
အုပ်စု (၈) တွင် ဟောသော စေတသိကဓမ္မတို့သည် (ဝေဒနာ၊ သညာ၊ သင်္ခါရ) တရား ၃ မျိုးဖြစ်သောကြောင့် ကျန်သော သုခုမရုပ်နှင့် နိဗ္ဗာန် ၂ မျိုးကို ယေ ဓမ္မာ - အရကောက်ပါသည်။
၄။ ဟောပုဒ်သည် တရားလေးမျိုးဖြစ်ခဲ့လျှင် ကျန်တစ်ပါးကိုသာ ယေ ဓမ္မာ - အရကောက်ပါသည်။
ဥပမာ။ ။
အုပ်စု (၉) တွင် ဟောသော စိတ္တသဟဘူဓမ္မတို့သည် (ဝေဒနာ၊ သညာ၊ သင်္ခါရ၊ သုခုမရုပ်) တရား ၄မျိုး ဖြစ်သောကြောင့် ကျန်သော နိဗ္ဗာန်ကိုသာ ယေ ဓမ္မာ - အရကောက်ပါသည်။
************************************
ခင်ဦးတောရမူလပဋ္ဌာန်းဆရာတော်စီစဉ်ရေးသားသည့် ဓာတုကထာပါရဂူကျမ်းတွင်လာရှိသည့် စွဲပုံကိုပြပါမည်။
ယေစွဲရန်ဥပဒေသများ
ဓမ္မာယတနထိုက်သော သုခုမရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ နိဗ္ဗာန်ဟု ဇယားပြအတိုင်း တရားငါးပါးကို မှတ်ထားပါ။
ဟောပုဒ်မှာ တရားတခုသာဖြစ်လျှင် ကျန်လေးပါးကို “ယေ” စွဲပါ။
ဟောပုဒ်မှာ နှစ်ခုဖြစ်လျှင် သုံးပါး၊ ဟောပုဒ်မှာ သုံးခုဖြစ်လျှင် နှစ်ပါး၊ ဟောပုဒ်မှာ လေးခုဖြစ်လျှင် တစ်ပါးကို စွဲရသဖြင့် ဤနယမှာ လွယ်ကူပါပေသည်။ စွဲပုံကိုပြဦးအံ့။
၁။ ဝေဒနာက္ခန္ဓာကို ဟောလျှင် ကြွင်းကျန်သော သုခမရုပ်၊ သညာ၊ သင်္ခါရ၊ နိဗ္ဗာန်ကို “ယေ” စွဲပါ။ ထိုအခါ ဝေဒနာက္ခန္ဓာက ဝေဒနာက္ခန္ဓာဖြစ်၍ ကြွင်းကျန်သော သုခုမရုပ် စသည်တို့တွင် နိဗ္ဗာန်ကို ခန္ဓာ အရေအတွက်မှ လွှတ်၍ သုခုမရုပ်က ရူပက္ခန္ဓာ၊ သညာက သညာက္ခန္ဓာ၊ သင်္ခါရက သင်္ခါရက္ခန္ဓာ ဖြစ်ကြ၍ ခန္ဓာအားဖြင့် အရ မတူကြပေ။ သို့သော်လည်း ဝေဒနာက္ခန္ဓာမှာလည်း ဓမ္မာယတန၊ ဓမ္မဓာတ်၊ ကြွင်း သုခုမရုပ်စသည်မှာလည်း ဓမ္မာယတန၊ ဓမ္မဓာတ်ဖြစ်၍ အာယတန၊ ဓာတ်အရချင်းကား တူကြပေသည်။
တေစွဲရန်
တေစွဲရာတွင် “ယေ” စွဲခဲ့သောတရားများကိုပင် “တေ” စွဲရန် “တေဓမ္မာ=ယေဓမ္မာ” ဟုဆိုထားသဖြင့် တေဓမ္မာ၊ ထိုသုခုမရုပ်၊ သညာ၊ သင်္ခါရ၊ နိဗ္ဗာန်တို့ကိုဟု အနက်ပေးရသည်။
သင်္ဂဟိတ
ထိုတေစွဲအပ်သောတရားတို့ကို ခန္ဓာ၊ အာယတန၊ ဓာတ်ဖွဲ့လျှင် နိဗ္ဗာန်မှာ ခန္ဓာဝိမုတ်ဖြစ်၍ ခန္ဓာမဖွဲ့ရကား “နိဗ္ဗာန်ကို ခန္ဓာဟူသော အရေအတွက်မှ ထား၍” ဟု ဆိုရပါမည်။
ထိုအခါ သုခုမရုပ်မှာ ရူပက္ခန္ဓာ၊ သညာမှာ သညာက္ခန္ဓာ၊ သင်္ခါရမှာ သင်္ခါရက္ခန္ဓာရ၍ ခန္ဓာအားဖြင့် သုံးပါးရ၏။ အာယတန ဓာတ်များမှာကား ဓမ္မာယတနတစိတ်ကို ဟောသောတရားဖြစ်၍ အမြဲကိန်းသေ ဓမ္မာယတန၊ ဓမ္မဓာတ်များသာ ဖြစ်ကြပေသည်။
၂။ ၃။ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာတို့ကို ဟောလျှင် ဝေဒနာက္ခန္ဓာသဘောအတိုင်း ဟောပုဒ်တရားကို ချန်၍ ကျန်သော လေးချက်ကို အသီးသီး “ယေ” စွဲရယုံသာထူးပါသည်။ (အဖြေတူတွင် ၄င်းတို့သည် ဝေဒနာက္ခန္ဓာ၌အတွင်း၀င်ကြ၏။)
၄။ နိရောဓသစ္စာကို ဟောလျှင် ကျန်လေးပါးကို “ယေ” စွဲပါ။ ဤနိရောဓသစ္စာမှာ ခန္ဓာဝိမုတ်ဖြစ်၍ အသင်္ဂဟိတ၌ “ခန္ဓာဟူသော ရေတွက်ခြင်းဖြင့် မရေတွက်အပ်ကုန်” ဟု သာမည ဆိုရသည်ဖြစ်၍ (×) အမှတ်ပြထားပါသည်။
၅။ ဣတ္ထိနြေ္ဒမှာ သုခုမရုပ်ဖြစ်၍ ကျန်လေးချက်ကို “ယေ” စွဲ၍ ရှေးနည်းအတိုင်းဆိုပါ။
၆။ ဇီဝိတတိနြေ္ဒမှာ ရုပ်ဇီဝိတ၊ နာမ်ဇီဝိတဟုနှစ်မျိုးရှိရာတွင် ရုပ်ဇီဝိတမှာ သုခုမရုပ်တစ်စိတ်၊ နာမ်ဇီဝိတမှာ သင်္ခါရက္ခန္ဓာဖြစ်၍ တရားနှစ်မျိုးရ ရကား ကျန်သော တရားသုံးပါးကိုသာ “ယေ” စွဲရတော့မည်။ ထိုဇီဝိတနှစ်ပါးမှာ ရူပက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာဖြစ်၍ ရူပက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာတို့ဖြင့် မရေတွက်အပ်ကုန်ဟုဆိုမှုသာထူးပါသည်။
၇။ စျာနင်ငါးပါးတွင် ဝေဒနာမှာ ဝေဒနာက္ခန္ဓာ၊ ကြွင်း စျာနင်လေးပါးမှာ သင်္ခါရက္ခန္ဓာဖြစ်၍ ရှေးနည်းတူ ကျန်သောတရား သုံးပါးကို “ယေ” စွဲပါ။
၈။ စေတသိက်တရားမှာ စေတသိက်ခန္ဓာသုံးပါးဖြစ်၍ ကျန်နေသော သုခုမရုပ်နှင့် နိဗ္ဗာန်ကိုသာ “ယေ” စွဲရတော့မည်။ မရေတွက်အပ်သော ခန္ဓာများမှာလည်း ဟောပုဒ်တရားအရ ခန္ဓာများသာ ဖြစ်ပေသည်။
၉။ စိတ္တသဟဘူတရားမှာ ဒုကမာတိကာကပြခဲ့သော စေတသိက် ၅၂ နှင့် ဝိညတ်ဒွေဖြစ်၍ ခန္ဓာဖွဲ့လျှင် ဝိညတ်ဒွေက ရူပက္ခန္ဓာ၊ စေတသိက် ၅၂ က စေတသိက် ခန္ဓာသုံးပါးဖြစ်၍ တရားလေးမျိုး ရပေသည်။
“ယေ” စွဲရန်အတွက် နိဗ္ဗာန်တရားတစ်ပါးသာကျန်တော့၍ ၄င်း နိဗ္ဗာန်ကိုပင် “ယေ” စွဲပါ။ (ဤသို့ဆိုလျှင် အသင်္ဂဟိတ၊ သင်္ဂဟိတ များမှာလည်း ထင်ရှားပေပြီ။)
ကျမ်းကိုး။ ။ ခင်ဦးတောရမူလပဋ္ဌာန်းဆရာတော်စီစဉ်ရေးသားသည့် ဓာတုကထာပါရဂူကျမ်း နှင့် UNIVERSITY OF ABHIDHAMMA တို့မှ ကောက်နှုတ်ဖော်ပြပါသည်။

၀ိပါက်ကဘာကြောင့် အာသေ၀နမတပ်သနည်း?
၀ိပါက်ကဘာကြောင့် အာသေ၀နမတပ်သနည်း?
အာသေ၀နပစ္စည်းမှာ ဝိပါက်က ဘာကြောင့် အာသေ၀နမတပ်သလည်းဆိုတဲ့ မေးခွန်းလေးကို အကျဉ်း ရှင်းပေးချင်ပါတယ်။ အကျဉ်းနော် အပြည့်အစုံမဟုတ်သေးပါဘူး။ အဋ္ဌကထာဖွင့်ဆိုချက်က သိသင့်တဲ့ အချက်တစ်ချို့ကိုသာထုတ်နှုတ်ဖော်ပြပေးခြင်းဖြစ်ပါသည်။
အဋ္ဌကထာဖွင့်ဆိုချက်များ
အာသေ၀နပစ္စည်း ကျေးဇူးပြုပုံ
အဖန်တလဲလဲ မှီဝဲခြင်း၊ ထုံစေခြင်းသဘောဖြင့် ကျေးဇူးပြုတတ်သောတရား -
ရှေးရှေးသော ကျမ်းဂန်သင်ယူမှုသည် နောက်နောက်သော ကျမ်းဂန်သင်ယူမှုအား အထုံရစေ၍ အားကောင်းစေရန် ကျေးဇူးပြုသကဲ့သို့ မိမိ၏အခြားမဲ့၌ဖြစ်သော ဇောတို့အား မိမိနှင့်တူသည်၏အဖြစ်သို့ ရောက်စေခြင်း၊ ထုံစေခြင်း၊ အားကောင်းစေခြင်းဖြင့် ကျေးဇူးပြုသော ရှေးရှေးသော လောကီဇောတို့သည် အာသေ၀နပစ္စည်း မည်ပါသည်။
(က) ကုသိုလ်က မိမိကြောင့်ဖြစ်သောဝိပါက်ကို . . . ကုသိုလ်က ဝိပါက်ကို ဇာတ်မတူသည့်အတွက် အဖန်တလဲလဲ မှီဝဲထုံမှု၊ လေ့လာမှု အားရှိအောင် မိမိကုသိုလ်၏သဘောကို ယူစေမှုပြုခြင်းငှာ မစွမ်းနိုင်၊ လွန်စွာအားကြီးစေမှု မပြုနိုင်သည့်အတွက် အာသေ၀နပစ္စည်းဖြင့် ကျေးဇူးမပြုနိုင်ပါ။
(ခ) ကုသိုလ်က အခြားမဲ့ဖြစ်သောဝိပါက်ကို . . . ကုသိုလ်၏ အခြားမဲ့ဖြစ်သောဝိပါက်သည် ထိုရှေ့အခြားမဲ့ဖြစ်သော ကုသိုလ်နှင့် မစပ်။ ရှေးကံနှင့်သာစပ်၍ အဖန်ဖန်ထုံစေမှု မပြုနိုင်ပါ။ ထိုကြောင့် အာသေ၀နပစ္စည်း မတပ်ပါ။
(ဂ) ဝိပါက်က အခြားမဲ့ဖြစ်သောဝိပါက်ကို . . . ဝိပါက်က အခြားမဲ့ဖြစ်သော ဝိပါက်တို့သည် ရှေးကံ၏ အကျိုးပေးမျှသာဖြစ်၍ အားထုတ်မှုမရှိ။ ဒုဗ္ဗလ(အားနည်း)သာ ဖြစ်၏။ ကံအဟုန်ပစ်ချမှုသာဖြစ်၍ နောက်ဝိပါက်ကို ထုံစေမှု၊ အားကြီးစေမှု မပြုနိုင်ပါ။ ထို့ကြောင့် အာသေ၀နပစ္စည်း မတပ်ပါ။
ဘုံ၊ အာရုံပြားသော်လည်း ဇာတ်ခြားမှုမရှိပါက အာသေ၀နပစ္စည်း တပ်နိုင်ပါသည်။
• ကာမကုသိုလ်၊ ကြိယာက ဘုံမတူသော မဟဂ္ဂုတ်ကုသိုလ်၊ ကြိယာကို၊
• သင်္ခါရကိုအာရုံပြုသော အနုလုံကာမကုသိုလ်က နိဗ္ဗာန်ကို အာရုံပြုသော ဂေါတြဘု၊ ဝေါဒန် ကာမကုသိုလ်ကို၊
• နိဗ္ဗာန်ကို အာရုံပြုသော ဂေါတြဘု၊ ဝေါဒါန် ကာမကုသိုလ်က လောကုတ္တရာကုသိုလ်မဂ်ကို အာသေ၀နပစ္စည်း တပ်ပါသည်။
ပဥှာဝါရ၌ “အနုလောမံ ဂေါတြဘုဿ ၊ အနုလောမံ ဝေါဒါနဿ ၊ ဂေါတြဘုမဂ္ဂဿ အာသေ၀နပစ္စယေန ပစ္စယော” ဟု ဟောသောပါဠိတော်ကို ညွန်းပြပါသည်။
အာသေ၀နပစ္စည်းသည် ပစ္စယုပ္ပန်တရားတို့အား အဖန်တလဲလဲ မှီဝဲထုံမှုဖြင့် အားကြီခြင်းသို့ ရောက်စေသည့် သတ္တိဖြင့် ကျေးဇူးပြုခြင်း ဖြစ်ပါသည်။ ဝိပါက်တို့သည် ရှေးကံကြောင့် ဖြစ်လာရသဖြင့် ရှေးရှေးဝိပါက်က နောက်နောက်ဝိပါက်ကိ အားအစွမ်းထက်လာအောင် မှီဝဲထုံမှု မပြုနိုင်ပါ။
အနန္တရနှင့်အာသေ၀န အထူး
• အနန္တရသည် ပဋိသန္ဓေမှ စုတိအထိ ရှေ့စိတ်က နောက်စိတ်ကို ဇာတ်ချင်းမတူသော်လည်း ကျေးဇူးပြုပါတယ်။
• အာသေ၀နသည် အဖန်ဖန်တလဲလဲမှီဝဲထုံသည့်သဘောဖြစ်၍ ဇောအခိုက် ဇာတ်ချင်းတူမှသာ ကျေးဇူးပြုပါ သည်။
(က) ကုသိုလ်က ဝိပါက်ကို ဇာတ်မတူသည့်အတွက် အဖန်တလဲလဲမှီဝဲထုံမှု၊ လေ့လာမှု အားရှိအောင် မိမိကုသိုလ်၏ သဘောကို ယူစေမှုပြုခြင်းငှာ မစွမ်းနိုင်။ လွန်စွာအားကြီးစေမှု မပြုနိုင်သည့်အတွက် အာသေ၀နပစ္စည်းဖြင့် ကျေးဇူးမပြုနိုင်ပါ။ ကုသိုလ်၏ အခြားမဲ့ဖြစ်သော ဝိပါက်သည် ထိုရှေ့အခြားမဲ့ ဖြစ်သော ကုသိုလ်နှင့်မစပ်။ ရှေးကံနှင့်သာ စပ်၍ အဖန်ဖန်တလဲလဲထုံစေမှု မပြုနိုင်ပါ။ ထိုကြောင့် အာသေ၀နပစ္စည်း မတပ်ပါ။
(ခ) အခြားမဲ့ဖြစ်သော ဝိပါက်တို့သည် ရှေးကံ၏ အကျိုးပေးမျှသာဖြစ်၍ အားထုတ်မှု မရှိ။ ဒုဗ္ဗလ(အားနည်း) သာဖြစ်၏။ ထိုကံအဟုန်ပစ်ချမှုသာဖြစ်၍ နောက်ဝိပါက်ကို ထုံစေမှု၊ အားကြီးစေမှု မပြုနိုင်ပါ။ ထို့ကြောင့် အာသေ၀နပစ္စည်း မတပ်ပါ။
အဲတော့ ဝိပါက်က အာသေ၀နပစ္စည်းဘာကြောင့်မတပ်လည်းသိပြီဆိုတော့ ဝိပါက်နဲ့ပတ်သက်လို့ ကျနော်တို့ ကြားဖူးနေတဲ့စကားလေးတစ်လုံးရှိပါတယ်။ အဲဒါက “ဝိပါက် အမှန် ဇောအပြန်” တဲ့ ...
ဒါကကောဘာကိုဆိုလိုချင်တာလည်း?
၀ိပါက် အမှန်ဖြစ်ပုံ ဇော အပြန်
၀ိပါက်စိတ်တို့မည်သည် ကံကြောင့်ဖြစ်သော အကျိုးတရားမျိုးဖြစ်၍ ကြေးမုံပြင်မှန်အတွင်း၌ ထင်လာသော မျက်နှာရိပ်ကဲ့သို့ သက်သက်သော ကံ၏တန်ခိုးသတ္တိ အားလျော်စွာ ဖြစ်ရသောကြောင့် ကုသိုလ်, အကုသိုလ်ဇောများကဲ့သို့ ဣဋ္ဌကို အနိဋ္ဌဟုလည်းကောင်း အနိဋ္ဌကို ဣဋ္ဌဟုလည်းကောင်း၊ ဖောက်ပြန်ကာ ကြံဆ၍ မယူနိုင်။ ထင်လာသော အာရုံအတိုင်းသာ ဝေဒနာနှင့်ယှဉ်ကာ ဖြစ်ရပါသည်။
• အနိဋ္ဌာရုံ၌ အကုသလဝိပါက် ဥပေက္ခာ၊
• ဣဋ္ဌမဇ္စျတ္တာရုံ၌ ကုသလဝိပါက် ဥပေက္ခာ၊
• ဣဋ္ဌာရုံ၌ ကုသလဝိပါက် သောမနဿ ဖြစ်ရလေ၏။
ဤသို့ ကံတရား၏ ပြုပြင်သည့်အားလျော်စွာ အာရုံအလိုက် အကျိုးဝိပါက် စိတ် ဝေဒနာတို့သည် အမှန်အတိုင်း ဖြစ်ကုန်သောကြောင့် ဝိပါက်အမှန် ဟု ဆိုရပါသည်။
ကုသိုလ်, အကုသိုလ်ဇောတို့သည် သညာဝိပ္ပလ္လာသစသော ဝိပ္ပလ္လာသ စသော (ထင်မှတ်မှုဖောက်ပြန်ခြင်း) မကင်းသော ပုထုဇဉ် သေက္ခပုဂ္ဂိုလ်တို့၏ သန္တာန်၌ ဖြစ်သောကြောင့် အတိဣဋ္ဌာရုံကိုသော်လည်း ဣဋ္ဌမဇ္စျတ္တာရုံ အနိဋ္ဌာရုံအဖြစ်ဖြင့် ယူတတ် ထင်တတ်ကြ၏။ အနိဋ္ဌာရုံစင်စစ်ဖြစ်ပါလျက် ဣဋ္ဌာရုံ ဣဋ္ဌာမဇ္စျတ္တာရုံ အနေအားဖြင့် ယူတတ်ထင်တတ်ကုန်၏။
ဥပမာ - ရတနာသုံးပါးကို မကြည်ညိုကုန်သော တိတ္ထိစသောသူတို့အား ဘုရား အစရှိသော အတိဣဋ္ဌာရုံအစစ်ကို တွေ့မြင်ရပါသော်လည်း အနိဋ္ဌအဖြစ်ဖြင့် ဒေါသဇော စောကုန်၏။ သဒ္ဓါတရား ခေါင်းပါးသောသူတို့အား ဘုရားအစရှိသော အတိဣဋ္ဌာရုံကို ဖူးမြင်ရသော်လည်း လျစ်လျူရှုသော အားဖြင့် ဥပေက္ခာဇော စောကုန်၏။
နက်နဲသောဉာဏ်သဘောရှိသောသူတို့သည် စက်ဆုပ်အပ်သော မစင်၊ ခွေးသေကောင်ပုပ် စသော အနိဋ္ဌာရုံကို မြင်ရသော်လည်း လျစ်လျူရှုသောအားဖြင့် ဥပေက္ခာဇော စောကုန်၏။ ခွေး၊ ၀က်၊ ကြက်၊ ငှက် တို့သည် စက်ဆုပ်ဖွယ်ဖြစ်သော အနိဋ္ဌာရုံကို နှစ်သက်သောအားဖြင့် သောမနဿဇော စောကုန်၏။
ဤသို့လျှင် ဝိပ္ပလ္လာသ (ဖောက်ပြန်မှု) မပယ်ရသေးသော သူတို့အား ဝိပ္ပလ္လာသအဟုန်အစွမ်းအားဖြင့် ဖောက်ဖောက်ပြန်ပြန် ဖြစ်မှုကြောင့် အာရုံပင်မှန်သော်လည်း ကုသိုလ် အကုသိုလ်ဇောတို့သည် ဝေဒနာအမှန်နှင့် မယှဉ်နိုင်ဘဲ ဖောက်ပြန်ကုန်သောကြောင့် ဇောအပြန် ဟုခေါ်ပါသည်။
၀ိပါက်မှာမူကား ဆိုအပ်ပြီးသောအတိုင်း ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးတရားမျိုးဖြစ်၍ ထိုကံတရားအတိုင်း (ထိုကံတရား၏ ပြုပြင်သည်အားလျော်စွာ) မှန်ကြည့်သူကဲ့သို့ အကျိုးဝိပါက် စိတ် ဝေဒနာတို့သည်လည်း အမှန်အတိုင်း ဖြစ်ရကုန်သောကြောင့် ဝိပါက်အမှန်ဟု ခေါ်ရခြင်းဖြစ်ပါသည်။
ထို့အပြင် အာရုံမကောင်းသော်ငြားလည်း နှလုံးသွင်းမှု အကြောင်းကောင်းလျှင် ကုသိုလ်ဇော၊ အာရုံကောင်းနေသော်လည်း နှလုံးသွင်းမှု အကြောင်းမကောင်းလျှင် အကုသိုလ်ဇော စောနိုင်ပြန်လေ၏။ ဤသို့ ဇောအခိုက်၌ ဖောက်ပြန်၍ ဖြစ်တတ်သောသဘောကို “ဇောအပြန်” ဟု ဆိုအပ်ပါသည်။
ဇောစိတ်များမှာ နှလုံးသွင်းမှုပေါ်မူတည်၍ ဝေဒနာယှဉ်ပုံ မမှန်ကန်သောကြောင့် “ဇောအပြန်” ဟု ဆိုပါသည်။ ထိုစကားကိုရည်၍ “ဝိပါက်အမှန် ဇောအပြန်” ဟု မိန့်ဆိုကြခြင်းဖြစ်ပါသည်။
ကြိယာဇောများသည် ဝိပ္ပလ္လာသတရား လုံး၀ကင်းစင်ပြီးသော ဘုရား၊ ရဟန္တာ အရှင်မြတ်များ၏ သန္တာန်တော်၌သာ ဖြစ်သောကြောင့် ၄င်းအရိယာအရှင်တို့သည် အနိဋ္ဌာရုံကို တွေ့မြင်ပါက အနိဋ္ဌာရုံ ဟုသာ ထင်မြင်တော်မူကြကုန်၏။ ဖောက်ပြန်၍ ဣဋ္ဌာဟု မထင်ကြကုန်။
ဣဋ္ဌာရုံကိုတွေ့ရှိပါကလည်း ဣဋ္ဌာရုံဟုသာ မြင်ကြကုန်၏။ ဖောက်ပြန်သောအားဖြင့် အနိဋ္ဌာရုံဟု မမြင်ကြကုန်။ တပ်နှစ်သက်ခြင်း မရှိကြကုန်။ ဤသို့ အထင်အမြင် ဖောက်ပြန်သော (သညာဝိပ္ပလ္လာသမရှိသော) ကြောင့် ဝိပါက်လည်းအမှန်ဖြစ်ပြီး ဇောလည်းအမှန် ဖြစ်ရလေသည်။
အတိဣဋ္ဌာရုံဖြစ်အံ့ - ဟသိတုပ္ပါဒ် ၁ ပါး၊ မဟာကြိယာသောမနဿ ၄ ပါး အားဖြင့် သောမနဿ ကြိယာဇော ၅ ပါး စော၏။ ဣဋ္ဌမဇ္စျတ္တာရုံ အနိဋ္ဌာရုံဖြစ်အံ့ - မဟာကြိယာ ဥပေက္ခာဇော ၄ ပါး စော၏။
သို့ဖြစ်၍ ဘုရား၊ ရဟန္တာတို့၌ အာရုံအားလျော်စွာ ဝိပါက်စိတ်များသည် ဝေဒနာယှဉ်ပုံ မှန်ကန်သကဲ့သို့ ဇောစိတ်များသည်လည်း ဝေဒနာယှဉ်ပုံ မှန်ကန်ပါသဖြင့် “ဝိပါက်လည်း အမှန်၊ ဇောလည်း အမှန်” ဟု မိန့်ဆိုကြပါသည်။
အခုက ရှင်းယင်းနဲ့ဇောနောင်တဒါရုံထိရောက်လာပါပြီ။ ဒီပို့စ်မှာ ရှင်းပေးချင်တာက ဝိပါက်က ဘာကြောင့် အာသေ၀နပစ္စည်းမတပ်သလည်းဆိုတာကိုရှင်းပေးချင်တာဖြစ်တာမို့ ဒီမှာပဲနားပါဦးမယ်။
ကိုယ်စိတ်ချမ်းမြေ့ကြပါစေ။
မေတ္တာဖြင့်
tno(6.9.2019)
Thein Naing Ohn
ကျမ်းကိုး
၁။ ဘဒ္ဒန္တဝါယာမသာရ (သင်တန်းမှူး) ဆရာတော်၊ သာသနဓဇ ဓမ္မာစရိယ၊ M.A (Q) ဥဘတောဝိဘင်္ဂဓရ စီစဉ်သည် အဘိဓမ္မာတ္ထဝိဘာဝိနီဋီကာ ခေါ် အဘိဓမ္မာအဖွင့် (အဘိဓမ္မာဂုဏ်ထူးဆောင်) ဋီကာကျော်ပို့ချစဉ်
၂။ ဆရာဦးတင်၀င်း(ဒိုက်ဦး-သုံးခွ)၏ ပဥှာဝါရ + ပစ္စယနိဒ္ဒေသ မှတ်စု
၀ိပါကပစ္စည်း၌ ပါရှိသော ဝိပါက်(၃၆)ပါး၊ စေတသိက်(၃၈)ပါး၊ ပ၀တ္တိပဋိသန္ဓေနာမက္ခန္ဓာ(၄)ပါး ရှင်းလင်းချက်
၀ိပါကပစ္စည်း၌ ပါရှိသော ဝိပါက်(၃၆)ပါး၊ စေတသိက်(၃၈)ပါး၊ ပ၀တ္တိပဋိသန္ဓေနာမက္ခန္ဓာ(၄)ပါး ရှင်းလင်းချက်
၀ိပါကပစ္စယ (ဝိပါကပစ္စည်း) မှာ အလုံးစုံသော ဝိပါက်(၃၆)ပါး၊ စေတသိက်(၃၈)ပါး၊ ပ၀တ္တိပဋိသန္ဓေနာမက္ခန္ဓာ(၄)ပါး ပစ္စည်းတရားတို့သည် လို့ပါတယ်။ ပြန်မှတ်မိအောင် ဝိပါကပစ္စည်းရဲ့ ပါဠိမြန်မာပြန်အနက် အဓိပ္ပါယ်ဖွင့်ဆိုချက်လေး ပြန်ထည့်ပေးလိုက်ပါတယ်။
[ဝိပါက ပစ္စယောတိ - ဝိပါကပစ္စည်းဟူသည်ကား၊ အကျိုးတရားဖြစ်၍ ကျေးဇူးပြုတတ်သော သတ္တိတရား၊
၀ိပါကာ - အကျိုးဝိပါက်မည်ကုန်သော ၊ စတ္တာရော - လေးပါးကုန်သော၊ အရူပိနော - နာမ်ဖြစ်ကုန်သော၊ ခန္ဓာ - အလုံးစုံသော ဝိပါက်(၃၆)ပါး၊ စေတသိက်(၃၈)ပါး၊ ပ၀တ္တိပဋိသန္ဓေနာမက္ခန္ဓာ(၄)ပါး ပစ္စည်းတရားတို့သည်၊ အညမညံ - အညမညဿ - အချင်းချင်းအားလည်းကောင်း ၊ (တနည်း) အညောအညဿ - တစ်ပါးသည် တစ်ပါးအားလည်းကောင်း၊ (အချင်းချင်း နာမက္ခန္ဓာပစ္စယုပ္ပန်တရားတို့အား)၊ ဝိပါက ပစ္စယေန - အကျိုးဝိပါကပစ္စယသတ္တိဖြင့် ၊ ပစ္စယော - ဥပကာရကော - ကျေးဇူးပြုသည် ၊ ဟောတိ - ဖြစ်၏ ။]
{များသောအားဖြင့်တော့ ပစ္စယနိဒ္ဒေသပဋ္ဌာန်းတရားစာအုပ်တွေမှာ အဘိဓမ္မာ term တွေမပါပဲ .. အနက်ပေးထားတဲ့စာအုပ်တွေကတော့ အတော်များများတွေ့ရပါတယ်။ ဥပမာ -
“ဝိပါကာ စတ္တာရော ခန္ဓာ အရူပိနော အညမညံ ဝိပါကပစ္စယေန ပစ္စယော”။
၀ိပါကာ - ဝိပါကလို့ဆိုတဲ့၊ စတ္တာရော ခန္ဓာ အရူပိနော - နာမ်ခန္ဓာလေးပါးတို့ဟာ၊ အညမညံ - အပြန်အလှန်၊
၀ိပါကပစ္စယေန - ဝိပါကပစ္စယသတ္တိဖြင့်၊ ပစ္စယော ဥပကာရကော - ကျေးဇူးပြုတတ်ပါပေတော့၏။… စသည် သာမာန်အားဖြင့်ပဲအနက်ပေးလေ့ရှိကြပါတယ်။}
ဒီမှာတော့ ဆရာတော် ဘဒ္ဒန္တဝါယာမသာရ ကမ္ဘာအေးအဘိဓမ္မာသင်တန်း (သင်တန်းမှူးဆရာတော်) အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ သာသနဓဇ ဓမ္မာစရိယ၊ M.A (Q) . ဥဘတော ဝိဘင်္ဂဓရ ၏ ပဋ္ဌာန်းတရားတော် စာအုပ်မှာတော့ အဘိဓမ္မာ term တွေပါထည့်ပြန်ပေးထားတာတွေ့ရပါတယ်။ အဲလို ထည့်ပေးထားတော့ ပဋ္ဌာန်းတရားတော်လေ့လာသူများအတွက် အတော်ပဲအကျိုးများလှပါတယ်။ ဒါပေမယ့် အဘိဓမ္မာ မသင်ဖူးသေး သူတွေကြတော့ နည်းနည်းအခက်တွေ့နိုင်မယ်ထင်ပါတယ်။ အဲဒါကြောင့် မနေ့က တင်လိုက်တဲ့ ဝိပါကပစ္စည်းမှာ ပါသွားတဲ့ .. (အလုံးစုံသော ဝိပါက်(၃၆)ပါး၊ စေတသိက်(၃၈)ပါး၊ ပ၀တ္တိပဋိသန္ဓေ နာမက္ခန္ဓာ(၄)ပါး ပစ္စည်းတရားတို့သည်) ဆိုတဲ့ စာပုဒ်မှာ နာမက္ခန္ဓာ(၄)ပါးကိုတော့ မနေ့ကပို့စ်မှာ ထည့်ရှင်းထားတာ တွေ့ရပါတယ်။
ဝိပါက်(၃၆)ပါး နဲ့ စေတသိက်(၃၈)ပါး ဆိုတာတော့ ဘာတွေလည်းဆိုတာ ထပ်ရှင်းပေးပါမယ်။ ကျနော်တို့ အဘိဓမ္မာအခြေခံအဆင့်ကိုပြန်လေ့လာကြတာပေါ့ ..
အမှန်ကတော့ အဘိဓမ္မာအခြေခံရှိသူများအနေနဲ့တော့ စိတ် ၈၉ ပါးကို ဇာတိဘေဒအားဖြင့်ခွဲမယ်ဆိုယင် .. အကု ၁၂ ၊ ကုသိုလ် ၂၁၊ ဝိပါက် ၃၆၊ ကြိယာ ၂၀ ။
စိတ် ၈၁ ပါးမှာဆိုယင် အကု ၁၂ ၊ ကုသိုလ် ၁၇ ၊ ဝိပါက် ၃၂ ၊ ကြိယာ ၂၀ ဆိုတာ သိကြပါတယ်။
ပထမဆုံး အခုဒီမှာတော့ ပဋ္ဌာန်းဝိပါကပစ္စည်းတရားမှာပါတဲ့ ဝိပါက်(၃၆)ပါး ရပုံလေးပေါ့။ အဲဒါလေး အယင်တွက်ပြပါမယ်။
ပထမဆုံးတော့ အခြေခံဖြစ်တဲ့ လောကီစိတ် ၈၁ပါး နဲ့ ၈၉ပါး ကွာခြားပုံလေးအယင်ပြောရမယ်ထင်တယ်။
လောကီစိတ် ၈၁ ပါးဆိုတာ ..
လောကီစိတ် ၈၁ ပါးကို ဇာတိဘေဒနည်းအားဖြင့် --
၁။ အကုသိုလ်စိတ်= ၁၂ ပါး (လောဘမူစိတ် ၈ ပါး၊ ဒေါသမူစိတ် ၂ ပါး၊ မောဟမူစိတ် ၂ ပါး ပေါင်း = ၁၂ ပါး)
၂။ ကုသိုလ်စိတ် = ၁၇ ပါး (ကာမသောဘနစိတ် ၂၄ မှ မဟာကု ၈ ၊ ရူပါ၀စရ ၁၅ မှ ရူကု ၅ ၊ အရူပါ၀စရ ၁၂ မှ
အရူကု ၄ ပေါင်း = ၁၇ ပါး)
၃။ ဝိပါက်စိတ် = ၃၂ ပါး (အဟိတ်စိတ် ၁၈ပါးမှ အကုဝိ ၇ ၊ ကုဝိ ၈ ၊ ကာမသောဘနစိတ် ၂၄ မှ မဟာဝိ ၈ ၊
ရူပါ၀စရ ၁၅ မှ ရူဝိ ၅ ၊ အရူပါ၀စရ ၁၂ မှ အရူဝိ ၄ ပေါင်း = ၃၂ ပါး)
၄။ ကြိယာစိတ် = ၂၀ ပါး (အဟိတ်စိတ် ၁၈ ပါးမှ ကြိယာ ၃ ၊ ကာမသောဘနစိတ် ၂၄ မှ မဟာကြိ ၈ ၊
ရူပါ၀စရ ၁၅ မှ ရူကြိ ၅ ၊ အရူပါ၀စရ ၁၂ မှ အရူကြိ ၄ ပေါင်း = ၂၀ ပါး)
ပေါင်း = ၈၁ ပါး ဖြစ်ပါတယ်။
အဲဒီ လောကီိစိတ် ၈၁ ပါးမှာ လောကုတ္တရာစိတ် ၈ ပါး ထည့်ပေါင်းလိုက်တော့ စိတ် ၈၉ ပါး ရပါမယ်။ လောကုတ္တရာစိတ်က ၈ ပါးပေါင်းထည့်မယ်ဆိုတော့ မဂ် ၄ ၊ ဖိုလ် ၄ ပေါင်း ၈ ပါးပါ။ အဲဒီမဂ် ၄ ဖိုလ် ၄ ဆိုရာမှာ မဂ် ၄ သည် ကုသိုလ်စိတ် ပေါင်းပါမယ်။ ဖိုလ် ၄ သည် ဝိပါက်စိတ် မှာ ပေါင်းပါမယ်။ အဲဒါဆိုယင် အထက်မှာ ဖော်ပြခဲ့သလို .. စိတ် ၈၁ ပါးမှာဆိုယင် အကု ၁၂ ၊ ကုသိုလ် ၁၇ ၊ ဝိပါက် ၃၂ ၊ ကြိယာ ၂၀ ဖြစ်တဲ့အတွက် ကုသိုလ်စိတ် ၁၇ မှာ မဂ်ကုသိုလ်စိတ် ၄ ပါးပေါင်းထည့်ပါမယ်။ ဝိပါက်စိတ် ၃၂ မှာ ဖိုလ်ဝိပါက်စိတ် ၄ ပါးပေါင်း ထည့်ပါမယ်။ အဲဒါဆိုယင် .. အကု ၁၂ ၊ ကုသိုလ် ၂၁၊ ဝိပါက် ၃၆၊ ကြိယာ ၂၀ ဖြစ်သွားမယ်ပေါ့။
ဒီအပေါ်မူတည်ပြီးတော့ အကုသိုလ်စိတ်ဆိုတာ ဘာတွေလည်း ၊ ကုသိုလ်စိတ်ဆိုတာ ဘာတွေလည်း ၊ ဝိပါက်ဆိုတာ ဘာတွေလည်း ရှင်းပေးဖို့လိုမယ်ပေါ့။ အဲတော့ အထက်မှာတော့ အတိုကောက် အနည်းငယ် ဖော်ပြပေးခဲ့ပြီးပြီ ဒီပို့စ်တစ်ခုထဲမှာ အကုန်လုံးတော့ ရှင်းပေးဖို့မလွယ်ဘူး။ ဒါကြောင့် စိတ်ပိုင်းမှာ ဝိပါက်စိတ် ၃၂ ပါးဆိုတာ ဘာတွေလည်း ဆိုတာ တစ်ခုပဲရှင်းပြပါမယ်။
၀ိပါက်စိတ် ၃၂ ပါးဆိုတာ ...
လောကီစိတ် ၈၁ ပါး၌ ဝိပါက်စိတ် ၃၂ ပါး ရှိပါတယ်။ အဲဒီ ၃၂ ပါး ဆိုတာ --
၁။ အဟိတ်စိတ် ၁၈ ပါး၌ အကုသလဝိပါက်စိတ် = ၇ ပါး
၂။ အဟိတ်စိတ် ၁၈ ပါး၌ အဟိတ်ကုသလဝိပါက်စိတ် = ၈ ပါး
၃။ ကာမသောဘနစိတ် ၂၄ ပါး၌ မဟာဝိပါက်စိတ် = ၈ ပါး
၄။ ရူပါ၀စရစိတ် ၁၅ ပါး၌ ရူပါ၀စရဝိပါက်စိတ် = ၅ ပါး
၅။ အရူပါ၀စရစိတ် ၁၂ ပါး၌ အရူပါ၀စရဝိပါက်စိတ် = ၄ ပါး ------ ဟူ၍ ပေါင်း = ၃၂ ပါး ရှိပါမယ်။
အဲဒီမှာ လောကုတ္တရာဝိပါက်စိတ် ၄ပါးထည့်ပေါင်း ပေးလိုက်ယင် ပဋ္ဌာန်းတရားတော် ဝိပါကပစ္စည်းမှာပါတဲ့ ဝိပါက် ၃၆ ပါးရပါပြီ။ (လောကုတ္တရာဝိပါက်စိတ်ဆိုတာ ဖိုလ်စိတ် ၄ ပါးကို ပြောတာဖြစ်တယ်ဆိုတာလေးလည်း ထည့်မှတ်ထားပေးပါ။) တကယ်တော့ လောကုတ္တရာစိတ် ၈ ပါးရှိတာပေါ့နော်။ လောကုတ္တရာကုသိုလ်စိတ်တွေ ဖြစ်တဲ့ မဂ်စိတ် ၄ ပါးရယ်၊ လောကုတ္တရာဝိပါက်စိတ်လို့ခေါ်တဲ့ ဖိုလ်စိတ် ၄ ပါးရယ်ပေါ့။ ဖိုလ်စိတ်သည် လောကုတ္တရာကုသိုလ်မဂ်၏ အကျိုးဖြစ်သောကြောင့် အကြောင်းတရား မဂ်ကုသိုလ်အားလျော်စွာ ၄ပါးပင် ပြားရပါတယ်တဲ့။
အမှန်က အတိုချုံးပြောမယ်ဆိုယင် ဝိပါက်စိတ် ၃၆ ပါးရှိမယ်။ ၃၆ ပါးဆိုတာ ..
အကုသလဝိပါက် = ၇ပါး
အဟိတ်ကုသလဝိပါက် = ၈ပါး
ကာမာ၀စရဝိပါက် = ၈ပါး
ရူပါ၀စရဝိပါက် = ၅ပါး
အရူပါ၀စရဝိပါက် = ၄ပါး
လောကုတ္တရာဝိပါက် = ၄ပါး အားဖြင့် ပေါင်း ဝိပါက်စိတ် ၃၆ပါး ဖြစ်တယ်လို့ ဒီလိုပဲ အတိုချုံးပြောလိုက်ယင် ရပါတယ်။
ဒါပေမယ့် အဲဒီစိတ်တွေ ဘယ်ကလာတယ်ဆိုတာ သိရအောင် .. အဟိတ်စိတ် ၁၈ပါး၌ .. ကာမသောဘနစိတ် ၂၄ ပါး၌ … လို့ စသည်ဖြင့် ရှေ့ကနေဖော်ပြပေးထားတာဖြစ်ပါတယ်။ ဒါက လုံး၀ အဘိဓမ္မာနဲ့စိမ်းနေသူတွေ အတွက်ရည်ရွယ်ပြီးတော့ ရှင်းပေးတာမို့ သိပြီးသားသူတွေအနေနဲ့နည်းနည်းသည်းခံဖတ်ပေးစေလိုပါတယ်။
အဟိတ်စိတ် ၁၈ပါးဆိုတာ ဘာတွေလည်း .. ကာမသောဘနစိတ် ၂၄ပါး ဆိုတာ ဘာတွေလည်းဆိုတာတော့ self-study လုပ်ရပါမယ်။ ကျနော်ထည့်မရေးတော့ပါဘူး။ လောလောဆယ် ကျနော်ရှင်းနေတာက ပဋ္ဌာန်းတရားတော် ဝိပါကပစ္စည်းမှာပါနေတဲ့ ဝိပါက်စိတ် ၃၆ ပါး၊ စေတသိက် ၃၈ ပါးဆိုတာလေးနဲ့ အဲဒီစိတ်တွေနဲ့ ဆက်စပ်နေတဲ့ သိသင့်တဲ့တရားအချို့ကိုပဲ သဘောပါရုံလေး ရှင်းပြပေးနေတာဖြစ်ပါတယ်။
နောက်မှတ်သားစရာတစ်ခုက .. လောကုတ္တရာစိတ်မှာ ကြိယာစိတ်မရှိပါဘူး။ မဂ်စိတ်သည် စိတ္တက္ခဏ တစ်ချက်မျှသာရှိသောကြောင့် (မဂ်စိတ် တစ်ကြိမ်သာ ဖြစ်ရိုးထုံးစံရှိသဖြင့်) လောကုတ္တရာစိတ်၌ ကြိယာစိတ် မဖြစ်သင့်ခြင်း ဖြစ်တယ်လို့ ရှင်းထားပါတယ်။
မဂ်နဲ့ဖိုလ် အခြားမရှိကြောင်း မှတ်သားစရာဆောင်ပုဒ်လေးရှိပါတယ်။ အဲဒါက “မဂ်ဆိုဖိုလ် ဗျက်ဆိုငို” တဲ့။ “ဗျက်ဆိုငို” ဆိုတာ မွေးကင်းစ ကလေးငယ်လေး တင်ပါးကို ဗျက်ကနဲဆိုရိုက်လိုက်ယင် ရိုက်လိုက်တာနဲ့ တစ်ပြိုင်နက် ကလေးကငိုသကဲ့သို့ပင် မဂ်စိတ်ကျပြီးတာနဲ့အခြားမရှိ ဖိုလ်စိတ်တန်းဖြစ်ခြင်းကြောင့် “မဂ်ဆိုဖိုလ် ဗျက်ဆိုငို” ဆိုတဲ့ ဆောင်ပုဒ်လေးထွက်ပေါ်လာရခြင်းဖြစ်ပါတယ်တဲ့။
ဖိုလ်စိတ် ၄ မျိုးဆိုတာ ဘာတွေလည်းဆိုတာလည်း ကျနော်မရှင်းတော့ပါဘူး။ သိမယ်ထင်ပါတယ်။ သောတာပတ္တိမဂ်၊ သောတာပတ္တိဖိုလ်။ သကဒါဂါမိမဂ်၊ သကဒါဂါမိဖိုလ်။ အနာဂါမိမဂ်၊ အနာဂါမိဖိုလ်။ အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ဆိုပြီး ၄ မဂ်၊ ၄ ဖိုလ် ရှိတာ အားလုံးသိပြီးဖြစ်ပါတယ်။
မဂ်စိတ်သည် ကိလေသာကို ပယ်သတ်၍ နိဗ္ဗာန်သို အာရုံပြုသောအားဖြင့် ရောက်တတ်သောကြောင့် မဂ်စိတ် မည်ပါတယ်။ ကိလေသာကို ပယ်သတ်၍ နိဗ္ဗာန်သို့ သွားတတ်သော သမ္မာမဂ္ဂင် ၈ပါးနှင့်ယှဉ်သော လောကုတ္တရာစိတ်သည် မဂ်စိတ် ဖြစ်ပါတယ်။
ဖိုလ်စိတ် ဆိုတာကတော့ မဂ်(လောကုတ္တရာကုသိုလ်စိတ်)၏ အကျိုးဖြစ်သော ဝိပါက်စိတ်သည် ဖိုလ်စိတ် မည်ပါတယ်။ (တစ်နည်း) မဂ်ဖြင့်ပယ်သတ်ပြီးသော ကိလေသာတို့ကို တစ်ဖန်ငြိမ်းအေးစေသော သဘောသည် ဖိုလ်(ဖလ)စိတ် မည်ပါတယ်။ မဂ်စိတ်နှင့်လျှော်ညီစွာ ဖိုလ်စိတ်သည်လည်း ၄ မျိုးပြားရပါတယ်။
မဂ်စိတ်၊ ဖိုလ်စိတ်ကို မရှင်းတော့ဘူးဆိုပေမယ့် ထပ်ရှင်းလိုက်ပါဦးမယ်။ သိသလိုလိုနဲ့မသိတဲ့အပိုင်းလေးတွေ လည်းပါနိုင်သလို .. ဒီမဂ်စိတ် ၄ ပါး၊ ဖိုလ်စိတ် ၄ ပါးဆိုတာကိုလည်း သေချာထပ်မံပူဇော်ပေးချင်လို့ပါ။
သောတာပတ္တိမဂ်စိတ်ဆိုတာ အမြင်မှားမှု ဒိဋ္ဌိ နှင့် ယုံမှားမှု ဝိစိကိစ္ဆာကို အကြွင်းမဲ့ပယ်ပြီး၊ ကြွင်းကိလေသာတို့၏ အပါယ်လားကြောင်းသတ္တိကို ပယ်သတ်သည့် သောတာပတ္တိမဂ် လောကုတ္တရာ ကုသိုလ်စိတ် သည် သောတာပတ္တိမဂ်စိတ်မည်ပါတယ်တဲ့။ (အရိယာနယ်သို့ရှေးဦးစွာရောက်သူ) (ရှေးဦးစွာ ကိလေသာကို ပယ်သတ်သောမဂ်) ဖြစ်ပါတယ်။
သကဒါဂါမိမဂ်စိတ်ကတော့ အကြမ်းစား လောဘ၊ ဒေါသ၊ မောဟစသည့် ကိလေသာတို့ကို ခေါင်းပါးအောင်ပြုသည့် သကဒါဂါမိမဂ် လောကုတ္တရာ ကုသိုလ်စိတ် ဖြစ်ပါတယ်။ (ကာမဘုံသို့ တစ်ကြိမ်သာ ပြန်လာသူ) သကဒါဂါမ်ပုဂ္ဂိုလ်ခေါ်တယ်ပေါ့။
အနာဂါမိမဂ်စိတ်ကတော့ ကာမရာဂနှင့် ဗျာပါဒ(ဒေါသ)ကို အကြွင်းမဲ့ပယ်ပြီး၊ ကြွင်းကိလေသာတို့ကို ခေါင်းပါးအောင်ပြုသည့် အနာဂါမိမဂ် လောကုတ္တရာ ကုသိုလ်စိတ် ဖြစ်ပြီး။ (ကာမဘုံသို့ ပြန်မလာသောသူ) ဖြစ်ပါတယ်တဲ့။
အရဟတ္တမဂ်စိတ် ဆိုတာကတော့ ကြွင်းကိလေသာအားလုံးကို အကြွင်းမဲ့ပယ်သတ်သည့် အရဟတ္တမဂ် လောကုတ္တရာ ကုသိုလ်စိတ် ဖြစ်ပါတယ်။ (ကိလေသာအားလုံးပယ်သတ်၍ ဘဝြငိမ်းသူ) ပါပဲ။
အဲလို လောကုတ္တရာမဂ်စိတ် ၄ ပါးနည်းတူ လောကုတ္တရာဝိပါက်စိတ် ဖိုလ်စိတ် ၄ ပါး တွေကတော့ ..
သောတာပတ္တိဖိုလ်စိတ်ဆိုတာကတော့ - သောတာပတ္တိမဂ်စိတ်၏ အကျိုးဖြစ်သောစိတ်သည် သောတာပတ္တိဖိုလ် လောကုတ္တရာ ဝိပါက်စိတ် ဖြစ်ပါတယ်။
သကဒါဂါမိဖိုလ်စိတ်ဆိုတာသည် - သကဒါဂါမိစိတ်၏ အကျိုးဖြစ်သောစိတ်သည် သကဒါဂါမိဖိုလ် လောကုတ္တရာ ဝိပါက်စိတ်ဖြစ်ပါတယ်။
အနာဂါမိဖိုလ်စိတ်ဆိုတာသည် - အနာဂါမိမဂ်စိတ်၏ အကျိုးဖြစ်သော စိတ်သည် အနာဂါမိဖိုလ် လောကုတ္တရာ ဝိပါက်စိတ် ဖြစ်ပါတယ်။
အရဟတ္တဖိုလ်စိတ်ဆိုတာသည် - အရဟတ္တမဂ်စိတ်၏ အကျိုးဖြစ်သောစိတ်သည် အရဟတ္တဖိုလ် လောကုတ္တရာ ဝိပါက်စိတ် ဖြစ်ပါတယ်။
ဒီလောက်ဆိုယင် ဝိပါက်စိတ် ၃၆ ပါးနဲ့ဝိပါက်စိတ်ထဲမှာပါတဲ့ လောကုတ္တရာဝိပါက်စိတ် ၄ ပါးဆိုတာကို ရှင်းတာ လုံလောက်ပါပြီ။ စေတသိက် ၃၈ ပါးဆိုတာကို ဆက်သွားကြပါမယ်။
စေတသိက်က ၅၂ ပါး ရှိတာ အားလုံးသိပြီးဖြစ်ပါတယ်။ အဲဒီ ၅၂ ပါးက ဘာတွေလည်းဆိုတော့ ..
(၁) အညသမာန်စေတသိက် = ၁၃ ပါး
(၂) အကုသိုလ်စေတသိက် = ၁၄ ပါး
(၃) သောဘနစေတသိက် = ၂၅ ပါး ဆိုပြီး စေတသိက် ၅၂ ပါး ရှိပါတယ်။
အညသမာန်စေတသိက်တွေက (ကုသိုလ်စိတ်၊ အကုသိုလ်နှစ်မျိုးလုံးနဲ့ယှဉ်ပါတယ်)။ အကုသိုလ်စေတသိက် ၁၄ ပါးကတော့ (အကုသိုလ်စိတ်များနဲ့သာယှဉ်ပါတယ်။ သောဘနစေတသိက် ၂၅ ပါးကတော့ (သောဘနစိတ်များနဲ့သာယှဉ်ပါတယ်) သောဘနစိတ်ဆိုတာကတော့ ကောင်းသောစိတ်တွေကိုခေါ်တယ်ပေါ့။
စေတသိက်ပိုင်းကတော့ သိပ်အများကြီးရှင်းစရာမလိုတဲ့အတွက် နည်းနည်းအသေးစိတ်ပြီး ရှင်းပေးပါမယ်။
ပထမဆုံး အညသမာန်စေတသိက် ၁၃ ပါးဆိုတာ (သဗ္ဗစိတ္တသာဓာရဏ ၇ပါး + ပကိဏ် ၆ ပါး) ပေါင်းထားတာ ဖြစ်ပါတယ်။
သဗ္ဗစိတ္တသာဓာရဏစေတသိက်တွေကတော့ (ဖဿ ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ဧကဂ္ဂတာ၊ ဇီဝိတိနြေ္ဒ၊ မနသိကာရ) တို့ဖြစ်ပါတယ်။
ပကိဏ်း စေတသိက် ၆ ပါးဆိုတာကတော့ (ဝိတက်၊ ဝိစာရ၊ အဓိမောက္ခ၊ ဝီရိယ၊ ပီတိ၊ ဆန္ဒ) တို့ဖြစ်ပါတယ်။
အကုသိုလ်စေတသိက် ၁၄ ပါးဆိုတာကတော့ မောစတုက် ၄ ပါး ဖြစ်တဲ့ (မောဟ၊ အဟိရိက၊ အနောတ္တပ္ပ၊ ဥဒ္ဓစ္စ)၊ လောတြိ ၃ ပါး ဖြစ်တဲ့ (လောဘ၊ ဒိဋ္ဌိ၊ မာန)၊ ဒေါစတုက် ၄ ပါး ဖြစ်တဲ့ (ဒေါသ၊ ဣဿာ ၊ မစ္ဆရိယ၊ ကုက္ကစ္စ)၊ အဆုံးတြိ ၃ ပါး ဖြစ်တဲ့ (ထိန၊ မိဒ္ဓ၊ ဝိစိကိစ္ဆာ) တို့ဖြစ်ပါတယ်။
သောဘဏစေတသိက် ၂၅ ပါး ကိုတော့ တစ်ခုစီမရှင်းတော့ပဲ နည်းနည်းအတိုချုံးပြီးတော့ပြောပါမယ်။
(က) သောဘနသာဓာရဏစေတသိက် = ၁၉ ပါး (သောဘဏစိတ်တို့နှင့် ဆက်ဆံသောစေတသိက်)
(ခ) ဝိရတီစေတသိက် = ၃ ပါး ( ဒုစရိုက်၊ ဒုရာဇီ၀တို့ကို မပြုဘဲ ရှောင်ခြင်း)
(ဂ) အပ္ပမညာစေတသိက် = ၂ ပါး (အနန္တသတ္တဝါပညတ်ကို အာရုံပြုခြင်း)
(ဃ) ပညာစေတသိက် = ၁ပါး (အမောဟ၊ ဝီမံသ၊ ဉာဏ်၊ ဝိဇ္ဇာ၊ သမ္မာဒိဋ္ဌိ) ပေါင်း
သောဘဏစေတသိက် ၂၅ ပါးလို့ ခေါ်ပါတယ်။ သောဘနသာဓာရဏ စေတသိက်တွေဆိုတာ (သောဘဏစိတ်တို့နှင့် ဆက်ဆံသောစေတသိက်)တဲ့ သောဘနစိတ်ဆိုတာ ကောင်းမြတ်တင့်တယ်သော စိတ် ကိုခေါ်ပါတယ်။
စေတသိက် ၃၈ ပါးဆိုတာ .. အဲဒီ စေတသိက် ၅၂ ပါးထဲက .. အကုသိုလ်စေတသိက်တွေမထည့်တော့ဘူး။ အညသမာန်စေတသိက် ၁၃ ပါး နဲ့ ကောင်းမြတ်တင့်တယ်တဲ့ သောဘနစေတသိက် ၂၅ ပါး ပေါင်း စေတသိက် ၃၈ ပါးလို့ ဒီလိုပြောလိုက်တာဖြစ်ပါတယ်။
အဲဒီမှာ ဝိရတီ၊ အပ္ပမညာတို့ ပါ/မပါကြည့်ပြီး ကြဉ်ရတဲ့အခါ စေတသိက် ၃၆ ပါး ပါတဲ့အခါရှိမယ်။ စေတသိက် ၃၅ ပါးဖြစ်တဲ့အခါဖြစ်မယ်ပေါ့။ အဲတော့ .. ဒီ သောဘဏစိတ်တစ်ခုယုတ် ၆၀ (သို့မဟုတ်) သောဘဏ ၅၉ ဆိုင်ရာ၌ သောဘနစေတသိက် ၂၅ + အညသမာန်း ၁၃ = စေ ၃၈ သည် အများဆုံးယှဉ်နိုင်မယ်။ ဝိရတီ၊ အပ္ပမညာတို့ ယှဉ်ရာစိတ်၌ ပါ/မပါ သတိပြု၍ ၃၈ မှ နှုတ်ယူရပါမယ်။
အခု ဝိပါကပစ္စည်းမှာတော့ ဆရာတော်က ဝိပါက်စိတ် ၃၆၊ စေတသိက် ၃၈ လို့ကောက်ပြထားတဲ့အတွက် စေတသိက် ၃၈ နဲ့ယှဉ်တယ်ပေါ့။
ဒါဆိုယင်တော့ .. [ဝိပါကပစ္စယ (ဝိပါကပစ္စည်း) မှာ အလုံးစုံသော ဝိပါက်(၃၆)ပါး၊ စေတသိက်(၃၈)ပါး၊ ပ၀တ္တိပဋိသန္ဓေနာမက္ခန္ဓာ(၄)ပါး ပစ္စည်းတရားတို့သည်] ဆိုတာလေး ရှင်းသွားလောက်ပါပြီ။
ရှင်းသွားပြီဆိုပေမယ့် ဒီနေ့ ထည့်မရှင်းတဲ့ [ပ၀တ္တိပဋိသန္ဓေနာမက္ခန္ဓာ(၄)ပါး] ဆိုတာလေး ပြန်မှတ်မိသွားအောင် မနေ့ကပို့စ်ကနေ ပြန်ကူးထည့်ပေးပါမယ်။
{ဝိပါက်ဖြစ်တဲ့ နာမ်ခန္ဓာလေးပါး၊ ဝိပါကဆိုတာ နာမ်နဲ့ပဲ သက်ဆိုင်တယ်၊ ဝိပါက်ဖြစ်တဲ့ နာမ်ခန္ဓာလေးပါး ဝိညာဏက္ခန္ဓာဆိုတာ ဝိပါက်စိတ် ၃၆ ခုကို ပြောတာ၊ ဝေဒနာက္ခန္ဓာက ဝိပါက်စိတ်မှာယှဉ်တဲ့ ဝေဒနာ၊ သညာက္ခန္ဓာက ပိပါက်စိတ်မှာယှဉ်တဲ့ သညာ၊ ကျန်တဲ့ သင်္ခါရက္ခန္ဓာလို့ဆိုတဲ့ ဝိပါက်စိတ်မှာယှဉ်နိုင်တဲ့ စေတသိက်တွေ၊ ပေါင်းလိုက်တဲ့အခါ နာမ်ခန္ဓာလေးပါး။
ဆိုပါစို့ - မိမိတို့သန္တာန်မှာ စက္ခုဝိညာဏ်ဆိုတဲ့ ဝိပါက်စိတ် ဖြစ်လာတယ်၊ အဲဒီစက္ခုဝိညာဏ်စိတ်နဲ့ယှဉ်တွဲပြီး ဖြစ်လာတဲ့စေတသိက်မှာ ဝေဒနာက ဝေဒနာက္ခန္ဓာ၊ သညာစေတသိက်က သညာက္ခန္ဓာ၊ ပေါင်းလိုက်ရင် နာမ်ခန္ဓာလေးပါးပဲ၊ အဲဒီဝိပါက်ဖြစ်တဲ့ နာမ်ခန္ဓာလေးပါးသည်၊ အညမညံ - အပြန်အလှန်၊ ဝိပါကပစ္စယေန - ဝိပါကပစ္စယသတ္တိဖြင့်၊ ပစ္စယော ဥပကာရကော - ကျေးဇူးပြုနေ၏။ တဲ့ ဒါကို ပြောတာဖြစ်ပါတယ်။}
နောက်တစ်ခါ .. အပြန်အလှန် .. တဲ့။ အဲဒါက ဘာကိုပြောတာလည်းဆိုယင် ..
[အပြန်အလှန်ဆိုတဲ့စကားက ဘာပြောတာတုန်း၊ စက္ခုဝိညာဏ်စိတ်တစ်ခုကို နားလည်ရင် ကျန်တာတွေ အကုန်နားလည်မယ်၊ စက္ခုဝိညာဏ်စိတ်က ဝိပါကပစ္စယဆိုလို့ရှိရင် ဖဿ၊ ဝေဒနာ၊ သညာ စေတနာ ဧကဂ္ဂတာ ဇီဝိတိနြေ္ဒ မနသိကာရလို့ ဆိုတဲ့ သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇ခု၊ တစ်နည်းအားဖြင့် စေတသိက်နာမ်ခန္ဓာ ၃ပါး၊ ဝိပါက်စိတ်က ဝိညာဏက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာကိုပစ္စည်းယူရင် ကျန်တဲ့ နာမ်ခန္ဓာ ၃ပါးက ပစ္စယုပ္ပန်၊ ငြိမ်သက်အောင်လုပ်တာ၊ ကျန်တဲ့နာမ်ခန္ဓာ ၃ပါးကို ပစ္စည်းယူရင် ဝိပါကစိတ် စက္ခုဝိညာဏ် စိတ်က အကျိုးတရားဖြစ်တယ်၊ ဒါကို .. အပြန်အလှန်။] ဒါကိုပြောတာဖြစ်ပါတယ်။
ကိုယ်စိတ်ချမ်းမြေ့တရားတွေ့ကြပါစေ။
မေတ္တာဖြင့်
tno(10.9.2019)
Thein Naing Ohn
ကမ္မဋ္ဌာန်း နှင့် စျာန် တွဲစပ်ပုံ သိသင့်သမျှ ..
ကမ္မဋ္ဌာန်း နှင့် စျာန် တွဲစပ်ပုံ သိသင့်သမျှ ..
မနေ့က စျာနပစ္စယောနဲ့ပတ်သက်လို့ ...
မှတ်ရမှာကတော့ စျာနပစ္စယောဆိုတာ သမထကျင့်စဉ်ဖြင့်ရလာတဲ့ စျာန်တရားကိုသာ ဟောတာ မဟုတ်ဘူး၊ စျာနပစ္စယောဆိုတာ အကုသိုလ် စိတ်နဲ့ယှဉ်တဲ့ ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ တို့ကိုပါ စျာနပစ္စယောလို့ ဟောလိုပါတယ်တဲ့၊ ခုနက ပြောတာတွေက သမထကျင့်စဉ်တစ်ခုကနေ ရလာတဲ့ စျာန်ကို ပြောပြတာ၊ သာမန်ကျတော့ ကျင့်စရာမလိုဘဲနဲ့ အာရုံတစ်ခုပေါ်မှာ စူးစိုက်ပြီးတော့ ကြံတွေးနေတာတွေ စိတ်ကူးနေတာတွေ နှစ်ခြိုက်နေတာတွေ သဘောကျနေတာတွေ တည်ငြိမ်နေတာတွေ၊ ဒါတွေလည်း ဖြစ်တာပဲ၊ အဲဒါတွေဟာလည်း အာရုံကိုရှုနေတာ ဖြစ်သောကြောင့် သူတို့ကိုလည်း စျာနလို့ ခေါ်တယ်တဲ့။
အဲဒီတော့ စျာနပစ္စယောဆိုတာ ဒီသဘာ၀တရား ၅ ခုသည် ပေါင်းမိသွားလို့ရှိရင် သူတို့နဲ့ ယှဉ်ဖော်ယှဉ်ဖက် တွေကို အာရုံကို စူးစိုက်စေတတ်တဲ့ စျာနဆိုတဲ့ သတ္တိကို ပေးနိုင်တယ်ဆိုတာကို အကြောင်းပြုပြီးတော့ မြတ်စွာဘုရားက စျာနပစ္စယောလို့ ဟောတာပါ၊ အာရုံကို စူးစိုက်ပြီး ရှုစေပြီးတော့ ကျေးဇူးပြုတတ်တဲ့ အကြောင်းတရားရဲ့ စွမ်းရည်သတ္တိဖြစ်လို့ စျာနပစ္စည်းရဲ့သတ္တိထူးအဖြစ် မြတ်စွာဘုရားက ဟောလိုရင်း ဖြစ်ပါတယ် .. ဆိုပြီး အဆုံးသတ်ပေးခဲ့ပါတယ်။
ဒီနေ့တော့ စျာန်နဲ့ပတ်သက်လို့ သမထဘာ၀နာကျင့်စဉ်က စျာန်အကြောင်းကို နည်းနည်း ပြောကြရအောင် ..
စျာနပစ္စယောမှာ .. စျာနပစ္စယောဆိုတာ ..
စျာနပစ္စယောတိ - စျာနပစ္စည်းဟူသည်ကား၊ စိုက်စိုက်စူးစူး အထူးရှုတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော
သတ္တိတရား၊
စျာနင်္ဂါနိ - စျာန်အင်္ဂါ(ငါးပါး) (ဝါ) စျာနင်တရားကိုယ်(၅)ပါး (ဝိတက်၊ ဝိစာရ၊ ပီတိ၊ ဝေဒနာ၊ ဧကဂ္ဂတာ) ပစ္စည်းတရားတို့သည် ၊ စျာန သမ္ပယုတ္တကာနံ - စျာန်နှင့်ယှဉ်ကုန်သော၊ ဓမ္မာနံ - {ဒွေပဉ္စဝိညာဏ်(၁၀)ကြဉ်} စိတ်(၇၉)ပါး စေတသိက်(၅၂)ပါး နာမက္ခန္ဓာတို့အားလည်းကောင်း ၊ တံသမုဋ္ဌာနာနံ - ထိုစျာနင်၊ စျာနင်နှင့်ယှဉ်ကုန်သော စိတ်၊ စေတသိက်လျှင် ဖြစ်ကြောင်း ရှိကုန်သော ၊ ရူပါနဉ္စ - စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ် ပစ္စယုပ္ပန်တရား (ထိုစျာန်ကြောင့် ဖြစ်ကုန်သော ရုပ်) တို့အားလည်းကောင်း ၊ စျာန ပစ္စယေန - အာရုံကိုကပ်၍ရှုတတ်မှု စျာနပစ္စယသတ္တိဖြင့် ၊ ပစ္စယော - ဥပကာရကော - ကျေးဇူးပြုသည် ၊ ဟောတိ - ဖြစ်၏ .. တဲ့။
(ပဋ္ဌာန်းတရားပါဠိတော်နှင့်အနက်မြန်မာပြန်ကို ဘဒ္ဒန္တဝါယာမသာရ ကမ္ဘာအေးအဘိဓမ္မာသင်တန်း (သင်တန်းမှူးဆရာတော်) အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ သာသနဓဇ ဓမ္မာစရိယ၊ M.A (Q) . ဥဘတော ဝိဘင်္ဂဓရ ၏ ပဋ္ဌာန်းတရားတော်မှ ထုတ်နှုတ်ဖော်ပြပါသည်။)
ဒါလေးကို ပါဠိတော်မြန်မာပြန်အနက် အယင် ပူဇော်ကြပါမယ်။ ပူဇော်ပြီးတဲ့အခါ အဲဒီထဲမှာပါတဲ့ စျာနင်တရားကိုယ်(၅)ပါး (ဝိတက်၊ ဝိစာရ၊ ပီတိ၊ ဝေဒနာ၊ ဧကဂ္ဂတာ) ဒါလေး ဖြန့်ရှင်းကြမယ်။
စျာန်အင်္ဂါအစိတ်အပိုင်းက (၇)ပါး ရှိပါတယ်။ အဲဒါတွေကတော့ .. ဝိတက်စျာနင်၊ ဝိစာရစျာနင်၊ ပီတိစျာနင်၊ ဧကဂ္ဂတာစျာနင် ၊ သောမနဿ စျာနင် ၊ ဒေါမနဿ စျာနင် ၊ ဥပေက္ခာစျာနင် .. လို့ (၇)ပါး ရှိတယ်ပေါ့။
၀ိတက်စျာနင်က ဝိတက်ယှဉ်သောစိတ် ၅၅ ခု၌ရှိသော ဝိတက်စေတသိက်ကိုခေါ်ပါတယ်။
၀ိစာရစျာနင်ဆိုတာက ဝိစာရယှဉ်သောစိတ် ၆၆ ခု၌ရှိသော ဝိစာရစေတသိက်ကို ခေါ်ပါတယ်။
ပီတိစျာနင်ဆိုတာက ပီတိယှဉ်သောစိတ် ၅၁ ပါး၌ရှိသော ပီတိစေတသိက်သည် ပီတိစျာနင် မည်ပါတယ်။
ဧကဂ္ဂတာစျာနင်ကတော့ ဒွေပဉ္စဝိညာဏ် ၁၀ကြဉ်သော စိတ် ၇၉ ပါး၌ရှိသော ဧကဂ္ဂတာစေတသိက်သည် ဧကဂ္ဂတာစျာနင်မည်ပါတယ်တဲ့။
နောက် ..
သောမနဿစျာနင်က .. သောမနဿသဟဂုတ်စိတ် ၆၂ ပါး၌ရှိသော ဝေဒနာစေတသိက်
ဒေါမနဿစျာနင်က .. ဒေါသမူဒွေ၌ရှိသော ဝေဒနာစေတသိက်
ဥပေက္ခာစျာနင်က .. ဒွေပဉ္စဝိညာဏ် ၁၀ကြဉ်သော ဥပေက္ခာသဟဂုတ်စိတ် ၄၇ပါး၌ရှိသော ဝေဒနာစေတသိက် .. သည် ဥပေက္ခာစျာနင် မည်ပါတယ်တဲ့။
ဤသို့လျှင် စျာနင်တို့သည် သရုပ်အားဖြင့် ၇ ပါး၊ တရားကိုယ်အားဖြင့် ၅ ပါး အပြားရှိတယ်ပေါ့။
အဲတော့ .. စျာန်ဆိုတာ ဘာလည်းဆိုယင် .. ကောင်းသော ကုသိုလ်အာရုံ၌ဖြစ်စေ၊ မကောင်းသော အကုသိုလ် အာရုံ၌ဖြစ်စေ စူးစူးစိုက်စိုက် စွဲစွဲမြဲမြဲ ကပ်၍ကြံတတ်၊ ရှုတတ်သောကြောင့် “စျာန်” မည်ပါသည်တဲ့။
- ကုသိုလ်စျာန် အကုသိုလ်စျာန် နှစ်မျိုးအရ စျာန် ၇ ပါး ဖြစ်ပါတယ်။
- ဒေါမနဿ ကား အကုသိုလ်သက်သက် စျာန်ဖြစ်၏။
- ကြွင်း ၆ ပါးတို့ကား ကုသိုလ် အကုသိုလ် အဗျာကတ ၃ မျိုးတို့နှင့်ဆိုင်ပါသည်။
ဒွေပဉ္စဝိညာဏ်ဆယ်ပါးတို့သည် စျာနင်မထိုက်၊ ယင်းစိတ်ဆယ်ပါးသည် ဝိတက်နှင့်ကင်းပြီး အာရုံသို့ ရှေးရှုကျကာမျှဖြစ်၏၊ ယင်းစိတ်တို့၌ရှိသော ဥပေက္ခာ သုခ ဒုက္ခဝေဒနာတို့သည်လည်း အာရုံ၌ ကပ်၍ ရှုခြင်း မရှိသောကြောင့် စျာနင်မထိုက်ပေ။ (စျာနင်ဟူသည် ဝိတက်လျှင် နောက်ပိတ် အကွပ် အကြီးအကြပ် ရှိ၏။.. တဲ့)
၀ိတက်အစရှိကုန်သော အစိတ်စျာန်အင်္ဂါတို့သည် တစ်ပေါင်းတည်းဖြစ်ကုန်၍ ကသိုဏ်းအစရှိသော အာရုံကို စူးစူးစိုက်စိုက် စွဲစွဲမြဲမြဲ ကပ်၍ကြံတတ်၊ ရှုတတ်၊ ဆန့်ကျင့်ဘက် နီ၀ရဏတရားတို့ကို လောင်ကျွမ်းစေတတ် သောကြောင့် ၄င်းတို့ကို “စျာန်” အဖြစ်ဖြင့် ဆိုရခြင်း ဖြစ်ပါသည်တဲ့။
အဲဒီလိုကွဲပြားစွာသိပြီးတဲ့နောက် .. စျာန်နဲ့ပတ်သက်တဲ့ ဘာ၀နာပိုင်းကို တက်ကြပါမယ်။
စျာန်တရားရဖို့ ကမ္မဋ္ဌာန်းတရားအားထုတ်တဲ့အခါမှာ .. ဦးစွာ ဘာ၀နာဘေဒ ၃ ပါးကို သိရပါမယ်။ အဲဒါတွေကတော့ .. (၁) ပရိကမ္မဘာ၀နာ (၂) ဥပစာရဘာ၀နာ (၃) အပ္ပနာဘာ၀နာ .. တို့ပဲဖြစ်ပါတယ်။
ရှေးဦးစွာ အခြေခံပွားများမှုသည် ပရိကမ္မဘာ၀နာ မည်ပါတယ်။ (အပ္ပနာ ဖြစ်အောင် ပြုပေးတတ်သောကြောင့် ပရိကမ္မ(ပရိကံ) မည်ပါတယ်။) ပရိကမ္မနိမိတ် + ဥဂ္ဂဟနိမိတ် အာရုံထင်လာအောင် ပွားများမှုဘာ၀နာကိုပင် ပရိကမ္မဘာ၀နာလို့ ခေါ်ပါတယ်။
(တစ်နည်း) စျာန်ဟူသော အပ္ပနာကို ပြုပြင်တတ်၊ ဖြစ်ပေါ်စေတတ်သော အပ္ပနာ၏ အစ ရှေးဦးမဆွဖြစ်သော ဘာ၀နာကမ္မဋ္ဌာန်း စတင်စီးဖြန်းသည်မှစ၍ နီ၀ရဏမငြိမ်းမီအတွင်း ပွားများ အားထုတ်အပ်သမျှသော ကာမာ၀စရဘာ၀နာသည် ပရိကမ္မဘာ၀နာ မည်ပါသည်။
ဥပစာရဘာ၀နာဆိုတာကတော့ .. ပဋိဘာဂနိမိတ် အာရုံထင်လာအောင် ပွားများမှု ဘာ၀နာကိုပင် ဥပစာရဘာ၀နာဟု ခေါ်ပါတယ်။ စျာန် မဂ် ဖိုလ် တည်းဟူသော အပ္ပနာ (အထွတ်အထိပ်)၏ အနီးအနားသို့ ရောက်နေသော ဘာ၀နာဖြစ်မှုသည် ဥပစာရဘာ၀နာ မည်ပါတယ်။ (တဒင်္ဂပဟာန်အားဖြင့် နီ၀ရဏတို့ကို ခွာသည်မှစ၍၊ ဂေါတြဘူ အဆုံးရှိသော -- ကာမာ၀စရ ဥပစာရ သမာဓိဘာ၀နာ အဆင့်ပင် ရှိပါသေးတယ်။)
(တစ်နည်း) နီ၀ရဏတရားငြိမ်းသည်မှစ၍ ဂေါတြဘူတိုင်အောင် ဤအတွင်း၌ ပွားများအပ်သမျှသော ကာမာ၀စရဘာ၀နာသည် အပ္ပနာ၏အနီးဖြစ်သောကြောင့် ဥပစာရဘာ၀နာ မည်ပါတယ်။
အပ္ပနာဘာ၀နာဆိုတာကတော့ .. ထိုပဋိဘာဂနိမိတ်အာရုံကိုပင် အထပ်ထပ်ပွားများသည်ရှိသော ပွားများသူ ယောဂီသန္တာန်၌ အထပ်ထပ် ပွားများမှု ဘာ၀နာတန်ခိုးကြောင့် (အပ္ပနာစျာန်) ရူပါ၀စရ ပထမစျာန် အစဆုံးဖြစ်လာ၏။ ထိုသို့ ရူပါ၀စရပထမစျာန်စသော (အပ္ပနာစျာန်)ရအောင် အားထုတ်မှုကိုပင် အပ္ပနာဘာ၀နာဟု ခေါ်ပါသည်။ အပ္ပနာဟု ဆိုအပ်သော ဝိတက်လျှင် အမှူးရှိသည်၏အဖြစ်ကြောင့် အပ္ပနာဘာ၀နာ မည်ပါတယ်။
(အပ္ပနာ - အာရုံ၌ စိတ်ကိုထားခြင်း၊ ကမ္မဋ္ဌာန်း၌ စိတ်ကိုသွတ်သွင်းခြင်း၊ ကမ္မဋ္ဌာန်းကို ရခြင်း၊ ဗျပ္ပနာ (ဝိ+အပ္ပနာ) အလွန်အာရုံ၌ စိတ်ကိုဖြစ်စေခြင်း၊ အထူးသဖြင့် အာရုံ၌ ကြံခြင်း၊)
သမ္ပယုတ်တရားတို့ကို အာရုံ၌ ကျစေသကဲ့သို့ ဖြစ်တတ်သောကြောင့် ဝိတက်သည် အပ္ပနာမည်ပါတယ်တဲ့။ ထိုဝိတက်ကို “အပ္ပနာ ဗျပ္ပနာ” ဟု မြတ်စွာဘုရား ညွန်ပြတော်မူသည်။ ထိုဝိတက်လျှင် အမှူးရှိသည်၏ အစွမ်းကြောင့် အလုံးစုံကုန်သော မဟဂ္ဂုတ် လောကုတ္တရာစျာန်တရားတို့ကို အပ္ပနာဟု ဆိုအပ်ပါသည်။
အဲတော့ .. ပရိကမ္မဘာ၀နာ၊ ဥပစာရဘာ၀နာ နှစ်ပါးကို ကမ္မဋ္ဌာန်း ၄၀ ပါးလုံး၌ ရနိုင်ပါသည်။
ဗုဒ္ဓါနုဿတိစသော ရှေး အနုဿတိ ၈ ပါး သညာ ၀၀တ္ထာန်အားဖြင့် ကမ္မဋ္ဌာန်း ၁၀ ပါး တို့သည် ပရိကမ္မဘာ၀နာ၊ ဥပစာရဘာ၀နာ နှစ်ပါးကိုသာ ရပါသည်။ အပ္ပနာဘာ၀နာ မရနိုင်ပါ။ (ပရမတ္ထလည်းဖြစ်၊ များသောအပြားလည်းရှိ နက်နဲလည်း နက်နဲသောကြောင့် အပ္ပနာကို မရနိုင်ဘူးလို့ဆိုပါတယ်။) (ပရမတ်ဖြစ်သော အာရုပ္ပ ၂ ပါး) ဝိညာ၊ နေ၀ မှာ ဘာ၀နာအစွမ်းကြောင့် အပ္ပနာသို့ ရောက်နိုင်တယ် ဆိုပါတယ်။)
ကြွင်းသော ကမ္မဋ္ဌာန်း ၃၀ ပါးတို့သည်သာ အပ္ပနာဘာ၀နာ ရနိုင်ပါတယ်။
အပ္ပနာဘာ၀နာ ရနိုင်သော ကမ္မဋ္ဌာန်း ၃၀ တို့တွင် ..
(က) ကသိုဏ်း ၁၀ပါး၊ အာနာပါန အားဖြင့် ကမ္မဋ္ဌာန်း ၁၁ ပါးသည် စျာန် ၅ ပါးလုံး ရနိုင်ပါတယ်။
(ခ) အသုဘ ၁၀ ပါး၊ ကာယဂတာသတိအားဖြင့် ကမ္မဋ္ဌာန်း ၁၁ ပါးသည် ပထမစျာန် ၁ ပါးသာ ရနိုင်ပါသည်။ (အသုဘသည် စက်ဆုပ်ဖွယ်အာရုံရှိသည်ဖြစ်၍ ဝိတက်နှင့်ကင်း၍ မတည်တံ့နိုင်သောကြောင့် ဝိတက်ယှဉ်သော ပထမစျာန်သာ ရနိုင်ပါသည်။)
(ဂ) မေတ္တာ၊ ကရုဏာ၊ မုဒိတာ အားဖြင့် ကမ္မဋ္ဌာန်း ၃ ပါးသည် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထစျာန်အားဖြင့် (သောမနဿဖြစ်သော) အောက်စျာန် ၄ပါးသာ ရနိုင်ပါသည်။
(ဃ) ဥပေက္ခာကမ္မဋ္ဌာန်းသည် (ဥပေက္ခာဖြစ်သော) ပဉ္စမစျာန် ၁ ပါးသာ ရနိုင်ပါသည်။
(င) အာရုပ္ပကမ္မဋ္ဌာန်း ၄ပါးသည် သက်ဆိုင်ရာ အရူပစျာန် အသီးသီးကိုသာ ရနိုင်ပါသည်။
- ပထမစျာန်ကို ရစေနိုင်သော ကမ္မဋ္ဌာန်း ၂၅ပါး၊ ဒုတိယစျာန်၊ တတိယစျာန်၊ စတုတ္ထစျာန်တို့ကို ရစေနိုင်သော ကမ္မဋ္ဌာန်း ၁၄ ပါးစီ၊ ပဉ္စမစျာန်ကို ရစေနိုင်သောကမ္မဋ္ဌာန်း ၁၂ ပါး ရှိပါသည်။ (ရူပစျာန်ကို ရစေနိုင်သော (ရူပစျာန်အာရုံ) ကမ္မဋ္ဌာန်း ၂၆ ပါး ဖြစ်ပါသည်။)
- အရူပစျာန်ကို ရစေနိုင်သော ကမ္မဋ္ဌာန်းသည် အာရုပ္ပကမ္မဋ္ဌာန်း ၄ ပါးသာ ဖြစ်ပါသည်။
ကမ္မဋ္ဌာန်းနဲ့စျာန်တွဲစပ်ပုံသိပြီးတဲ့နောက် ဂေါစရဘေဒဆိုတဲ့ (နိမိတ် ၃ ပါး) လည်းသိရပါမယ်။ အာရမ္မဏိကတရားတို့ဖြင့် သိအပ်သော အာရုံတရားသည် နိမိတ် မည်ပါတယ်။ နိမိတ်သုံးပါး ရှိပါတယ်။ ၄င်းတို့မှာ -
(၁) ပရိကမ္မဘာ၀နာ၏ အာရုံဖြစ်သော ကသိုဏ်း၀န်းအစရှိသော နိမိတ်သည် ပရိကမ္မနိမိတ်မည်ပါတယ်။ (ပကတိမျက်စိဖြင့် ကြည့်၍ အထပ်ထပ်ပွားရပါသည်။)
(၂) ပရိကမ္မဘာ၀နာ ရင့်သန်လာသောအခါ ပကတိမျက်စိဖြင့် မြင်ရသကဲ့သို့ စိတ်ထဲ(မနောဒွါရ၌) စွဲမြဲထင်ရှားစနေသော ဉာဏ်မျက်စိဖြင့် ယူထားသော နိမိတ်သည် (ဝါ) စက္ခုဝိညာဏ်ဖြင့် ယူအပ်၊ မြင်အပ်သကဲ့သို့ မနောဒွါရိကကုသိုလ်ဇောသည် ယူအပ်သောကြောင့် ကသိုဏ်း၀န်းစသော အာရုံသည် ဥဂ္ဂဟနိမိတ်မည်ပါတယ်။
(၃) ကသိုဏ်း၀န်းအစရှိသည်တို့၏ အတုထင်သော အဆင်းအစရှိကုန်သော ကသိုဏ်းအပြစ်မှကင်းသော ဥပစာရဘာ၀နာ၊ အပ္ပနာဘာ၀နာတို့၏ အာရုံဖြစ်သော ကသိုဏ်း၀န်းစသော အာရုံသည် ထိုဥဂ္ဂဟနိမိတ်နှင့် တူသောကြောင့် ပဋိဘာဂနိမိတ် မည်ပါသည်။ ဥဂ္ဂဟနိမိတ်ထက် အဆပေါင်းရာထောင် ကြည်လင် အပြစ်ကင်း သန့်ရှင်းပါတယ်။
ကမ္မဋ္ဌာန်းနည်း ၄၀ ပါးရှိသည့်အနက် ကသိုဏ်း ၁၀ပါး၊ အသုဘ ၁၀ပါး၊ ကာယဂတာသတိ၊ အာနာပါနဿတိ အားဖြင့် ကမ္မဋ္ဌာန်း ၂၂ ပါးသည် နိမိတ်သုံးပါးလုံး ထင်ပါတယ်။ ကြွင်းကမ္မဋ္ဌာန်း ၁၈ ပါးသည် ပထမနိမိတ်နှစ်မျိုးသာ ထင်ပါတယ်။ (ပဋိဘာဂနိမိတ် မထင်နိုင်ပါတဲ့။)
ကမ္မဋ္ဌာန်း ၄၀ ပါး နဲ့ ဘာ၀နာ ၃ ပါး၊ နိမိတ် ၃ ပါး တွဲစပ်ပုံတို့ကို ဖော်ပြပြီးတဲ့နောက် စျာန်အဆင့်ဆင့် ဖြစ်ပေါ်ပုံကို ကြည့်ကြရအောင် ..
ဥပစာရဘာ၀နာ ဖြစ်ပြီးနောက် ပဋိဘာဂနိမိတ်ကိုပင် အာရုံပြု၍ ဥပစာရသမာဓိဖြင့် ကောင်းစွာ မှီဝဲအားထုတ်သည်ရှိသော် “ရူပါ၀စရပထမစျာန်” ဟုဆိုအပ်သော အပ္ပနာဘာ၀နာ ဖြစ်ပါသည်။ ဒုတိယစျာန်ကို ရလိုသော် ကမ္မဋ္ဌာန်းပွားများသူသည် မိမိရအပ်ပြီးသော ပထမစျာန်ကို ၅ တန်သော ၀သီဘော်တို့ဖြင့် အတော်အစွမ်းသတ္တိရှိဖို့ရန် အဖန်ဖန်အထပ်ထပ် ၀င်စားရပါသည်။
၀သီဘော်ငါးပါး
ပထမစျာန်ကို ရပြီးသော ပုဂ္ဂိုလ်သည် ရရှိထားသောစျာန်ကို စွမ်းရည်ထက်မြက်အောင် (ကျက်၍ရပြီးသော စာကို မမေ့အောင်၊ အမြန်ဆိုနိုင် ရွတ်နိုင်အောင် အမြန်ရေးနိုင်အောင် အမျိုးမျိုး ပြန်လှန် လေ့ကျင့်ခန်းများ လုပ်ရသကဲ့သို့) ရပြီးစျာန်ကို အစိတ်စိတ်အားဖြင့် လည်းကောင်း၊ အပေါင်းအားဖြင့်လည်းကောင်း၊ အထပ်ထပ် ၀င်စားရ၏။ ထိုသို့ အထပ်ထပ်လေ့ကျင့်ထားမှသာ လိုအပ်သလို စျာန်ကို ချက်ချင်း ၀င်စားနိုင်၏။ လိုအပ်သည့် အချိန်အတိုင်းအတာအထိ စျာန်စိတ်ဖြစ်နေအောင် ထားနိုင်၏။ လိုအပ်သလို စျာန်မှထနိုင်၏။ (စျာန်ကို ရုပ်နိုင်၏၊) ထိုသို့ လိုအပ်သလို ရနိုင်အောင် ၀သီဘော် ၅ မျိုးဖြင့် လေ့ကျင့်ထားရ၏။
(၁) အာ၀ဇ္ဇန၀သီဘော် = ပထမစျာန်ကို ရပြီးသော ပုဂ္ဂိုလ်သည် ပထမစျာန်တွင်ပါ၀င်သော ဝိတက်စသော စျာန်အင်္ဂါ တစ်ခုချင်းကို ဆင်ခြင်သော ပစ္စဝေက္ခဏာဝီထိများ (တစ်ဝီထိနှင့်တစ်ဝီထိအကြား - ဘ၀င်မခြားဘဲ (ဘ၀င်္ဂစလန၊ ဘ၀င်္ဂုပစ္ဆေဒ၊ မနောဒွါရာ၀ဇ္ဇန်း လောက်သာဖြစ်ပြီး) ပစ္စဝေက္ခဏာဇောဝီထိများ အဆက်မပြတ် ဆက်ကာဆက်ကာ ဖြစ်နေအောင် ဆင်ခြင်နိုင်သော အစွမ်းသတ္တိသည် စျာန်အင်္ဂါကို လျှင်မြန်စွာ ဆင်ခြင်နိုင်သော မနောဒွါရာ၀ဇ္ဇန်း၏ အစွမ်းကြောင့် ဖြစ်ရသည်။
(၂) သမာပဇ္ဇန၀သီဘော် = စျာန်အင်္ဂါအပေါင်းကို နိုင်နင်းအောင် မမေ့အောင်(နဂိုအတိုင်း)ပြန်၍ အလေ့အလာ ပြုခြင်း၊ ထိုသို့ အလေ့အလာပြုသဖြင့် စျာနသမာပဇ္ဇနဝီထိများ၊ မိမိသန္တာန်၌ တစ်ကြိမ်ထက်တစ်ကြိမ် လျှင်သည်ထက် လျှင်မြန်စွာ ဖြစ်ပေါ်လာအောင် ဘ၀င်မခြားဘဲ ထပ်ကာ ထပ်ကာ ၀င်စားနိုင်နင်းသော စွမ်းရည်သတ္တိဖြစ်သည်။
(၃) အဓိဋ္ဌာန၀သီဘော် = စျာန်စိတ်ကို မိမိထားလိုသမျှ အချိန်နာရီအထိကြာအောင် (ထားနိုင်အောင်) အလေ့အလာပြုခြင်း။ တံတားသည် (လျင်သော) ရေစီးမြန်သော မြစ်၏ ရေအယဉ်ကို ဖြတ်သွားသကဲ့သို့ ဘ၀င်အယဉ်အဟုန်ကို ဖြတ်၍ ပိုင်းခြားသမျှသော ကာလပတ်လုံး စျာန်ကို မိမိသန္တာန်၌ တည်စေခြင်းငှာ စွမ်းနိုင်သော အဖြစ်ဟု ဆိုအပ်သော ဘ၀င်ကျခြင်းမှ စျာန်ကို စောင့်ခြင်းငှာ လျော်သည်၏အဖြစ်သည် အဓိဋ္ဌာန၀သီဘော် မည်၏။ (ဘ၀င်ဖြစ်ခွင့်မပေး၊ စျာန်စိတ်ပဲ ဆက်ဖြစ်စေခြင်းတည်း။)
(၄) ဝုဋ္ဌာန၀သီဘော် = စျာန်အင်္ဂါတစ်ခုချင်း မိမိ ထချင်သည့်အချိန် ထနိုင်အောင် (မိမိရုပ်သိမ်းချင်သည့် အချိန်မှာ ရုပ်သိမ်းနိုင်အောင်) အလေ့အကျင့်ပြုခြင်း။ ပိုင်းခြားသောကာလကို မလွန်စေဘဲ စျာန်မှ ထနိုင်စွမ်းသော အဖြစ်သည် ဝုဋ္ဌာန၀သီဘော်မည်၏။ (တစ်နည်း) - ပိုင်းခြားသောကာလအတွင်း မထဘဲ ပိုင်းခြားသော ကာလသော ကာလရောက်မှသာ ထခြင်းငှာ စွမ်းနိုင်သော အဖြစ်သည် ဝုဋ္ဌာန၀သီဘော် မည်၏။
(၅) ပစ္စဝေက္ခဏာ၀သီဘော် = စျာန်အင်္ဂါတစ်ခုချင်း ဘ၀င်မခြားဘဲ ဆင်ခြင်နိုင်သော ပစ္စဝေက္ခဏာဇော၏ အစွမ်းသတ္တိဖြစ်သည်။ အာ၀ဇ္ဇန၀သီဘော်နှင့် တူ၏။ မနောဒွါရ၀ဇ္ဇန်း၏အခြားမဲ့၌ဖြစ်သော ဇောတို့သည်သာလျှင် ပစ္စဝေက္ခဏဇောမည်သောကြောင့် အာ၀ဇ္ဇန၀သီဘော်သည်ပင် ပစ္စဝေက္ခဏာ၀သီဘော် မည်၏။ (အထူးမှာ - အာ၀ဇ္ဇန၀သီဘော်၌ ဘ၀င်မခြားအောင် ပြုသည်မှာ မနောဒွါရာ၀ဇ္ဇန်း၏ အစွမ်းသတ္တိဖြစ်ပြီး၊ ပစ္စဝေက္ခဏာ၀သီဘော်၌ ဘ၀င်မခြားအောင် ပြုသည်မှာ ပစ္စဝေက္ခဏာဇော၏ သတ္တိဖြစ်သည်။)
ဤသို့လျှင် (ပထဝီကသိုဏ်းကို) နိမိတ်သုံးမျိုး၊ ဘာ၀နာသုံးမျိုးတို့ဖြင့် အဆင့်ဆင့် ပွားများ၍ ပထမစျာန်ကို ရပြီးသော ပုဂ္ဂိုလ်သည်၊ ဆက်လက်၍ ၀သီဘော် ၅ မျိုးတို့ဖြင့် အလေ့အကျင့်ရအောင် များများလုပ်ထားလျှင် နိုင်နင်းအောင်ပြုထားလျှင် ပထမစျာန်နှင့် ပတ်သက်သမျှ အစွမ်းကုန် နိုင်နင်းလေတော့သည်။
ဒုတိယစျာန် စသည်ဖြစ်ပေါ်ပုံ
ရအပ်ပြီးသော ပထမစျာန်ကို ၀သီဘော် ၅ ပါးဖြင့် အစွမ်းသတ္တိရှိအောင်ပြုပြီး၊ (ပထမစျာန်၏ အပြစ်ကိုမြင်ပြီး) ဝိတက်စသော ရုန်းရင်းသော စျာန်အင်္ဂါတို့ကို ပယ်ခြင်းငှာလည်းကောင်း၊ (ဒုတိယစျာန်ကို နှလုံးသွင်း ချီးမွမ်းပြီးလျှင်) ဝိစာရစသော စျာန်အင်္ဂါတို့ကို ဖြစ်ခြင်းငှာလည်းကောင်း၊ အဖန်တလဲလဲ ဆက်လက် အားထုတ်သော် ဒုတိယစျာန်၊ တတိယစျာန်၊ စတုတ္ထစျာန်၊ ပဉ္စမစျာန်တို့သည် အစဉ်အတိုင်း ထိုက်သည့်အားလျော်စွာ ဖြစ်ကုန်၏။
အရူပစျာန်များ ဖြစ်ပေါ်ပုံ
၁။ ရူပါ၀စရ ပဉ္စမစျာန်ကို အခြေခံ၍ အရူပစျာန်သို့ တက်လှမ်းရပါသည်။ ရူပါ၀စရ ပဉ္စမစျာန်ကို ၀သီဘော် ၅ တန်ဖြင့် အဖန်ဖန် လေ့ကျင့်ပြီးသောအခါ၊ ရုပ်တရား၌ စက်ဆုပ်သဖြင့် အာကာသကြဉ် ကသိုဏ်း ၉ ပါးတို့တွင် တစ်ပါးပါးကို ပယ်ခွာသဖြင့် ရလာသော ကောင်းကင်ပညတ်ကို “အာကာသော အနန္တော” (ကောင်းကင်ပညတ်သည် အဆုံးအပိုင်းအခြားမရှိ)ဟု အဖန်တလဲလဲ ပွားများလျှင် “အာကာသာနဉ္ဇာယတနစျာန်” ဟူသော ပထမ အရူပစိတ်သည် အပ္ပနာ၏အစွမ်းဖြင့် ဖြစ်ပေါ်လာပါသည်။
၂။ ဒုတိယ အရူပစျာန်သို့ တက်ရာ၌ ပထမာရုပ္ပဝိညာဏ်ကိုပင် “ဝိညာဏံ အနန္တံ” (ပထမာရုပ္ပဝိညာဏ်သည် အဆုံးအပိုင်းအခြားမရှိ)ဟု အဖန်တလဲလဲပွားများလျှင် “ဝိညာဏဉ္ဇာယတနစျာန်” ဟူသော ဒုတိယအရူပစိတ်သည် အပ္ပနာ၏အစွမ်းဖြင့် ဖြစ်ပေါ်လာပါသည်။
၃။ တတိယ အရူပစျာန်သို့တက်ရာ၌ ပထမာရုပ္ပဝိညာဏ်၏ မရှိခြင်းတည်းဟူသော နတ္ထိဘောပညတ်ကို အာရုံပြု၍ “နတ္ထိ ကိဉ္စိ၊ နတ္ထိ ကိဉ္စိ” (စိုးစဉ်း အနည်းအငယ်မျှ မရှိ)ဟု အဖန်တလဲလဲပွားများလျှင် အာကိဉ္စညာယတနစျာန်ဟူသော တတိယ အရူပစိတ်သည် အပ္ပနာ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာပါသည်။
၄။ စတုတ္ထ အရူပစျာန်သို့တက်ရာ၌ တတိယာရုပ္ပဝိညာဏ်ကို အာရုံပြု၍ “သန္တံ ဧတံ၊ ပဏိတံ ဧတံ” (ဤတတိယာရုပ္ပဝိညာဏ်သည် ငြိမ်သက်၏၊ မွန်မြတ်၏)ဟု အဖန်တလဲလဲ ပွားများလျှင် နေ၀သညာ နာသညာယတနစျာန်ဟူသော စတုတ္ထအရူပစိတ်သည် အပ္ပနာ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာပါသည်။
အဘိညာဉ်ဟူသည်ကား .. ရိုးရိုးစျာန်များမှ ထူးကဲလွန်မြတ်သောဉာဏ်၊ အလိုရှိသလို ဖန်ဆင်းနိုင်၊ မြင်နိုင်၊ ကြားနိုင် ရှေ့နောက် ဘ၀ကိုသိနိုင်သော တန်ခိုးအဘိဉာဏ်များ ဖြစ်ပါသည်။ ပါရမီထူးရှိသူတို့ကား မဂ် ရရုံမျှ ရူပပဉ္စမစျာန်ကို ရရုံမျှဖြင့် အဘိညာဉ်ကို ရနိုင်ပါသည်။ ပါရမီထူးမရှိသူတို့ကား အဘိညာဉ် တန်ခိုးရအောင် စျာန် ၉ပါး (၈ပါး)လုံးကို၊ ကသိုဏ်း ၁၀ပါးလုံး၌ ပိုင်နိုင်စွာလေ့လာပြီး အနုလုံ ပဋိလုံစသော ၁၄ မျိုးသော အခြင်းအရာတို့ဖြင့် အသားကျစွာ လေ့ကျင့်အားထုတ်သောအခါ ယင်းပဉ္စမစျာန်စိတ်သည် နူးညံ့ ပျော့ပျောင်း စင်ကြယ်ကောင်းမွန်လာပြီး၊ ရူပပဉ္စမစျာန်ကို အခြေခံ၍ အဓိဋ္ဌာန်ကာ အပြန်ပြန်အလှန်လှန် ဆက်လက် ပွားများ အားထုတ်သောအခါ သက်ဆိုင်သည့် စျာနသိဒ္ဓိ တစ်မျိုးဖြစ်လာပြီး အဘိညာဉ်များ ဖြစ်ပေါ်လာပါသည်။ အဘိညာဉ် ၇ ပါး ရှိပါသည်။ (အကျဉ်းမျှသာဖော်ပြပါမည်။)
(၁) ဣဒ္ဓိဝိဓ အဘိညာဉ် (၂) ဒိဗ္ဗစက္ခုအဘိညာဉ် (၃) ဒိဗ္ဗသောတအဘိညာဉ်
(၄) စေတောပရိယအဘိညာဉ် (၅) ပုဗ္ဗေနိဝါသာနုဿတိအဘိညာဉ်
(၆) ယထာကမ္မူပဂဉာဏအဘိညာဉ် (၇) အနာဂတံသဉာဏအဘိညာဉ် .. တို့ဖြစ်ပါသည်။
အဘိညာဉ် ၅ ပါးဟု ရေတွက်လျှင် ယထာကမ္မူပဂအဘိညာဉ်နှင့် အနာဂတံသအဘိညာဉ်တို့သည် ဒိဗ္ဗစက္ခုအဘိညာဉ်၏ အကျိုးဆက်များဖြစ်၍ ယင်းနှစ်ပါးကို ဒိဗ္ဗစက္ခုအဘိညာဉ်၌သွင်းလျှင် အဘိညာဉ် ၅ ပါး ဖြစ်ပါသည်။ ဤအဘိညာဉ်များသည် လောကီ အဘိညာဉ်များ ဖြစ်ကြပါသည်။
အဘိညာဉ် ၆ ပါး ဟု ရေတွက်လျှင် အထက်ပါ လောကီအဘိညာဉ် ၅ ပါးတွင် လောကုတ္တရာ အဘိညာဉ်ဖြစ်သော အာသ၀က္ခယအဘိညာဉ်ကို ထည့်ပေါင်းရပါသည်။
အာသ၀က္ခယအဘိညာဉ်(လောကုတ္တရာအဘိညာဉ်)
အာသဝေါတရားတို့ကို ကုန်ခန်းစေနိုင်သော အရဟတ္တမဂ်ဉာဏ်သည် လောကုတ္တရာလည်းဖြစ်သော၊ အာသ၀က္ခယအဘိညာဉ် မည်ပါသည်။
အဘိညာဉ်စျာန်စိတ် တန်ခိုးများရရှိအောင် ပွားများလိုသောယောဂီပုဂ္ဂိုလ်သည် ထို အဘိညာဉ်များကို ရရှိရန် ရူပါ၀စရပဉ္စမစျာန်ကို အခြေခံယူကာ အလိုရှိသလို ဖန်ဆင်းနိုင်အောင် အဓိဋ္ဌာန်ပြု၍ အထပ်ထပ်ပွားများပြီး အဘိညာဉ်များရအောင် ပြုကြရပါသည်။
ကိုယ်စိတ်ချမ်းမြေ့ကြပါစေ။
မေတ္တာဖြင့်
tno(16.9.2019)
Thein Naing Ohn
===================================
ကျမ်းကိုး
၁။ ဘဒ္ဒန္တဝါယာမသာရ (သင်တန်းမှူး) ဆရာတော်၊ သာသနဓဇ ဓမ္မာစရိယ၊ M.A (Q) ဥဘတောဝိဘင်္ဂဓရ စီစဉ်သည် အဘိဓမ္မာပို့ချစဉ် နှင့် အဘိဓမ္မတ္ထဝိဘာဝိနီဋီကာ ခေါ် အဘိဓမ္မာအဖွင့် (အဘိဓမ္မာဂုဏ်ထူးဆောင်) ဋီကာကျော်ပို့ချစဉ်
၂။ ဆရာဦးတင်၀င်း(ဒိုက်ဦး-သုံးခွ)၏ အဘိဓမ္မာမှတ်စု နှင့် ဋီကာကျော်မှတ်စု အဘိဓမ္မတ္ထဝိဘာဝိနီကိုရှင်းလင်းတင်ပြခြင်း
=================================
အဘိဓမ္မာ (၇) ကျမ်းလာ ကိုယ်ကျင့်တရားများ
အဘိဓမ္မာ (၇) ကျမ်းလာ ကိုယ်ကျင့်တရားများ
ဒီနေ့ယမကဘာသာရပ်ရှင်းလင်းချက်တွေကို သင်ကြားပို့ချချက်ပုံစံတွေ လေ့လာချင်တာကြောင့် Website မှာ စာအုပ်တွေလိုက်ရှာယင်း ဒီစာအုပ်လေးကိုတွေ့တော့ အတော်သဘောကျမိတယ်။ ဒီစာအုပ်လေးလို့ပြောပေမယ့် စာမျက်နှာပေါင်း တစ်ထောင်ကျော်ပါပါတယ်။ ရှင်းလင်းချက်က မဟာကုသိုလ်စိတ်တစ်ခုတည်းကို အဘိဓမ္မာ ၇ ကျမ်းနဲ့သုံးသပ်ပြထားတာပါ။ အဲဒီထဲကမှာ ကျနော်က ယမကဘာသာရပ်ကိုလေ့လာချင်နေတာဆိုတော့ ယမိုက်မှာလာရှိတဲ့ မဟာကုသိုလ်စိတ် အကြောင်းဖော်ပြချက်လေးကို ထုတ်နှုတ်ဖော်ပြပေးချင်ပါတယ်။
ပထမဦးဆုံး မဟာ ကုသိုလ်စိတ်ဆိုတာကို မိတ်ဆက်ရအောင် မြတ်စွာဘုရားရှင်က တရားဂါထာတစ်ပုဒ်နဲ့ တရားအားလုံးကို သိမ်းကျုံး၀င်အောင် ဟောတဲ့နည်းကိုလည်း သုံးပြီးတော့ ဟောပြောတတ်ပါတယ်။ အဲဒါဟာ မြတ်စွာဘုရားရှင်ရဲ့ပါတိမောက်စကားတော်ပါပဲ။
အဲဒီထဲက ဘုရားရှင်ရဲ့အဆုံးအမတော်ဖြစ်တဲ့ စကားရပ်တစ်ခုကတော့
မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား။
ဆိုသောစကား သုံးခွန်းပါပဲ။ အဲဒီစကား ၃ ခွန်းဟာ ယခု ဂေါတမမြတ်စွာဘုရားရှင်လက်ထက်မှ ဟောကြားတဲ့ တရားမဟုတ်ပါဘူး။ ဘုရားရှင်တိုင်းရဲ့ အဆုံးအမတော်တစ်ရပ်ဖြစ်ပါတယ်။
ဤတွင် ကောင်းမှုကိုသာ အမြဲဆောင်ထားနိုင်လျှင် မကောင်းမှုကိုလည်း ရှောင်ပြီးသားဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် စိတ်သည် တစ်ချိန်တည်းတွင် ၂ ခု ပြိုင် ဖြစ်ရိုးမရှိဘဲ ၁ ခုသာလျှင် ဖြစ်နိုင်သော်ကြောင့် ကုသိုလ်စိတ် ဖြစ်နေလျှင် အကုသိုလ်စိတ် ဖြစ်ခွင့်မရပေ။ ထို့ပြင် ကုသိုလ်စိတ်သည် ဖြူစင်သောသဘောရှိသောတရား = သုက္ကာဓမ္မာ ဖြစ်သောကြောင့် စိတ်ထားလည်း ဖြူစင်ပြီးသား ဖြစ်လေသည်။
ဒါဖြင့် မကောင်းမှု အကုသိုလ်ဟူသည် အဘယ်နည်း?
တစ်စုံတစ်ခုကို တောင့်တမျှော်လင့် ရလိုခြင်း လောဘ၊
မိမိသူတစ်ပါး နှစ်ဦးသားကို ပျက်စီးစေသော ဒေါသ၊
အကြောင်းအကျိုး အကောင်းအဆိုးကို မဝေဖန်နိုင်ခြင်း မောဟ၊
… မာန၊ ဣဿ ာ၊ မစ္ဆရိယ စသည်တို့နှင့် ယှဉ်၍ဖြစ်သော၊
ပစ္စုပ္ပန် သံသရာ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း အကျိုးကို ရစေသော အမှုများသည် မကောင်းမှု အကုသိုလ်များ ဖြစ်လေသည်။
ဒါဖြင့် ကောင်းမှု ကုသိုလ်ဟူသည်ကကော ဘာတွေပါလဲ?
စွန့်လွှတ်နိုင်မှု အလောဘ၊
ကောင်းကျိုးလိုလားမှု မေတ္တာ၊
အကြောင်းအကျိုး၊ အကောင်းအဆိုးကို ဝေဖန်နိုင်မှု ပညာ၊
… သဒ္ဓါ၊ ကရုဏာ၊ မုဒိတာ စသည်တို့နှင့် ယှဉ်၍ ဖြစ်သော၊
ပစ္စုပ္ပန် သံသရာ ကိုယ်ချမ်းသားခြင်း၊ စိတ်ချမ်းသာခြင်း အကျိုးကို ရစေသော အမှုများသည် ကောင်းမှု ကုသိုလ်များ ဖြစ်လေသည်။
နေရာဒေသမရွေး၊ အချိန်အခါမရွေး မိမိသန္တာန်၌ ကုသိုလ်စိတ်များ ဖြစ်ပွားနေအောင် ကြိုးစားနေရမည် ဖြစ်ပေသည်။
ဒါန၊ သီလ၊ ဘာ၀နာတို့ကို စား၀တ်နေရေးအလုပ်များကို ရပ်တန့်၍ အချိန်သီးသန့်ပေးကာ ပြုလုပ်နိုင်မှ ကုသိုလ်ရသည် မဟုတ်ပေ။ ပုံမှန် ပြောဆို နေထိုင် လုပ်ကိုင်စားသောက်ရင်း နေ့စဉ်ဘ၀အတွင်းမှာပင် ကုသိုလ်ဖြစ်အောင် လုပ်လျှင် ကုသိုလ်ဖြစ်မည်သာ ဖြစ်သည်။
ရိုသေလေးစားသင့်သူကို ရိုသေလေးစားစွာဆက်ဆံခြင်း၊ ဆိုင်ရာ၀တ္တရားများကို ကျေပြွန်ခြင်း၊ စည်းကမ်းလိုက်နာခြင်း၊ ပြောဆို ဆုံးမစကားကို နာခံလွယ်ခြင်း၊ မိတ်ကောင်းဆွေကောင်းရှိခြင်း၊ လောက၀တ် ပျူပျူငှါငှါ ရှိခြင်း၊ နူးညံ့ချိုသာသော စကားရှိခြင်း၊ အစားအသောက်၌ အတိုင်းအရှည် ပမာဏ သင့်၊ မသင့်ကို သိမြင်ခြင်း၊ ကာမဂုဏ်အာရုံများ၌ စိတ်ကို အလိုမလိုက်ခြင်း စသည်တို့သည်လည်း ကုသိုလ်ရစေသော အမှုများပင် ဖြစ်သည်။
ကိုယ်၊ နှုတ်တို့ဖြင့် အလုပ်လုပ်နေချိန်တွင်ပင် ထိုအလုပ်နှင့်ပတ်သက်၍ အကောင်းဆုံး စေတနာထားခြင်း၊ မေတ္တာထားခြင်း၊ စသည်တို့ကို သတိထားပြုလုပ်လျှင် ကုသိုလ်စိတ် အလေ့အကျင့် ဖြစ်လာမည်ဖြစ်ပေသည်။
မိမိတို့ ပြုလုပ်နေသော ဒါန၊ သီလ၊ ဘာ၀နာ စသော မည်သည့် ကုသိုလ်ပင်ဖြစ်စေ ထိုကုသိုလ်သည် ကာမကုသိုလ်သာ ဖြစ်လေသည်။
ကာမကုသိုလ်သည် ကာမသုဂတိ (၇) ဘုံ၌ ပဋိသန္ဓေအကျိုးကို ပေးနိုင်လေသည်။ ထိုပဋိသန္ဓေသည်လည်း တိဟိတ်၊ ဒွိဟိတ်၊ သုဂတိအဟိတ် ဟူ၍ ၃ မျိုး ကွဲပြားလေသည်။
ထိုတွင် တိဟိတ်ဖြစ်ဖို့ အရေးကြီးလေသည်။ တိဟိတ်ပဋိသန္ဓေနေလာခဲ့သော တိဟိတ်ပုဂ္ဂိုလ်ဖြစ်မှ သာလျှင် စျာန်၊ မဂ်၊ ဖိုလ်ဟူသော တရားထူး တရားမြတ်တို့ကို ရနိုင်လေသည်။
တိဟိတ်ပုဂ္ဂိုလ်မဖြစ်လျှင် မည်မျှပင် အားထုတ်ပါစေ။ စျာန်၊ မဂ်၊ ဖိုလ်ကို မရနိုင်ပေ။
မဂ်၊ ဖိုလ်မရလျှင် နိဗ္ဗာန်မရနိုင်၍ ဗုဒ္ဓသာသနာနှင့် ကြုံတွေ့ရကျိုး မနပ်ပေ။
ဗုဒ္ဓရှင်တော် ပွင့်ပေါ်လာခြင်းသည် သတ္တဝါအများ အပါယ်ဆင်းရဲ၊ သံသရာ၀ဋ်ဆင်းရဲမှ လွတ်မြောက်စေလို၍ ဖြစ်သည်။
သောတာပတ္တိမဂ်ရလျှင် အပါယ်ဆင်းရဲမှ အပြီးတိုင် လွတ်မြောက်မည်ဖြစ်ပြီး နိဗ္ဗာန်ရလျှင် သံသရာ၀ဋ် ဆင်းရဲမှ အပြီးတိုင် လွတ်မြောက်မည် ဖြစ်ပေသည်။
ထိုသို့ဆိုလျှင် တိဟိတ်ပုဂ္ဂိုလ်ဖြစ်ရန် မည်သို့ပြုရမည်နည်း။
ကာမကုသိုလ်သည် (၈) ပါး ရှိလေသည်။ ထိုတွင် --
အလောဘ၊ အဒေါသ၊ အမောဟ ဟိတ် (၃) ပါး ပါသော တိဟိတ်ကုသိုလ် ၄ ပါး (ကြောင်းကျိုးသိမြင် ဉာဏ်ယှဉ်၍ပြုသော ကုသိုလ်) နှင့်
အလောဘ၊ အဒေါသ ဟိတ် (၂) ပါး ပါသော ဒွိဟိတ်ကုသိုလ် ၄ ပါး (ကြောင်းကျိုးမသိမြင် ဉာဏ်မယှဉ်သောကုသိုလ် -- ဥပမာ - ဂုဏ်လိုချင်၍ ကုသိုလ်လုပ်ခြင်း၊ ကောင်းဆိုးမသိ သူများလုပ်လို့ လိုက်လုပ်ခြင်း၊ ဗေဒင်ယတြာအရ ပြုလုပ်ခြင်း) ဟူ၍ ၂ မျိုး ကွဲပြားလေသည်။
ထိုတိဟိတ်၊ ဒွိဟိတ်တို့သည်လည်း ---
လောဘ၊ ဒေါသ၊ မောဟ၊ မာန စသော အကုသိုလ်တရားတို့ ရှေ့နောက် ခြံရံမိလျှင် သြမက (အညံံ့စား) ကုသိုလ်ဖြစ်ပြီး၊ ထိုအကုသိုလ်တရားတို့ ရှေ့နောက် ခြံရံခြင်း မရှိလျှင် ဥက္ကဋ္ဌ (အမြတ်စား) ကုသိုလ်ဖြစ်လေသည်။
ထိုတွင် --
(က) တိဟိတ် ဥက္ကဋ္ဌကုသိုလ်သည် - တိဟိတ် ပဋိသန္ဓေအကျိုးကို ပေး၏။
(ခ) တိဟိတ် သြမကကုသိုလ်သည် - ဒွိဟိတ် ပဋိသန္ဓေအကျိုးကို ပေးလေသည်။
(မှတ်ချက်။ ။ ကုသိုလ်ပြုစဉ်က ဉာဏ်ယှဉ်သော်လည်း အကုသိုလ် ခြံရံမိသောကြောင့် ပဋိသန္ဓေ အကျိုးပေးသောအခါ ဉာဏ်မပါလာ၍ အရင်းရှုံးလေ၏။ အတောအတန် ဗဟုသုတရှိသော အချို့သူများသည် ကုသိုလ်ပြုစဉ် ဉာဏ်ယှဉ်တတ်ကြသော်လည်း၊ ကုသိုလ်ပြုရာတွင် အဆင်မပြေမှုများကို တွေ့ကြုံရသောအခါ အကုသိုလ်စိတ်များ၊ ဖြစ်ပေါ်ခြံရံမိပြီး၊ တိဟိတ် သြမက ဖြစ်တတ်သည်ကို သတိပြုသင့်လေသည်။)
အထက်ပါ အကြောင်းအကျိုး ဆက်စပ်မှုကို သိပြီဆိုလျှင် တိဟိတ် ဥက္ကဋ္ဌ ကုသိုလ်ပြုမှ တိဟိတ်ပုဂ္ဂိုလ် ဖြစ်နိုင်သည်ဖြစ်၍ တိဟိတ် ဥက္ကဋ္ဌ ကုသိုလ်ဖြစ်ရန် ဉာဏ်ယှဉ်ရမည်။ ကုသိုလ်ခြံရံရမည် ဖြစ်သည်။ တိဟိတ် ဥက္ကဋ္ဌ ကုသိုလ် ၄ ပါး ရှိသော်လည်း၊ ၀မ်းမြောက်၀မ်းသာ ဉာဏ်ယှဉ်၍ တက်တက်ကြွကြွ ပြုခြင်း ဟူသော -- သောမနဿသ ဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက မဟာကုသိုလ် ပဌမစိတ်သည် အကောင်းဆုံး ဖြစ်လေသည်။
အထက်ပါ အသိတရားများကို အဘိဓမ္မာတရားက ပေးစွမ်းနိုင်သောကြောင့့် အဘိဓမ္မာတရားတို့ကို လက်လှမ်းမီသရွေ့ လေ့လာ၍ ဘာကုသိုလ်ပဲလုပ်လုပ် မဟာကုသိုလ် ပဌမစိတ်ဖြစ်အောင် ကြိုးစားလုပ်ဆောင်အပ်ကြပေသည်။
အဘိဓမ္မာတရားကို လေ့လာမည်ဆိုလျှင် စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန် ဟူသော ပရမတ္ထတရားလေးပါး ရှိသည်ကို သိရမည် ဖြစ်၏။ အဘိဓမ္မာ ၇ ကျမ်းဟူသည် ယင်းစိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်တရားများကို ဟောကြားတော်မူထားအပ်သောကြောင့် ဖြစ်၏။ ယင်း ပရမတ္ထတရား လေးပါးတို့တွင် စိတ် (၈၉) ပါး ရှိ၏။ စေတသိက် (၅၂) ပါး ရှိ၏။ ရုပ် (၂၈) ပါး ရှိ၏။ နိဗ္ဗာန်ကား တစ်မျိုးသာတည်း။
ဘုရားရှင်ဟောတော်မူအပ်သည့်အတိုင်း ယင်းတရားတို့ကို အကုန်နားလည်အောင် လေ့လာရန်မူကား အတော်ပင် မလွယ်မကူ ဖြစ်ပေ၏။
အဘိဓမ္မာ ၇ ကျမ်း၌ ရှေးဦးစွာ ဟောတော်မူအပ်သော ဓမ္မသင်္ဂဏီကျမ်း တစ်ကျမ်းသည်ပင်လျှင် အလွန်များလှပေ၏။ အဘိဓမ္မာ ၇ ကျမ်းလုံးဆိုလျှင်လည်း အဘိဓမ္မာကျမ်းတွေကလည်း ကျယ်လှပေသည်။ ဓမ္မသင်္ဂဏီကျမ်းကိုပင် ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာတို့၌ လာရှိသည့်အတိုင်း ရေးမည်ဆိုလျှင် အလွန်ကြီးလေးသော ကျမ်းစာအုပ်ကြီး ဖြစ်မည့်အပြင် ရေးလို့လည်း ပြီးဆုံးရန် မလွယ်ကူနိုင်ပေ။
သို့ဖြစ်၍ အမျိုးမျိုး အဖုံဖုံ ဝေဖန်ပိုင်းခြားကြည့်သောအခါ၌ မဟာကုသိုလ်စိတ် ရှစ်ပါးရှိသည့်အနက် ပဌမမဟာကုသိုလ်စိတ်သည် ပုထုဇဉ်လူသားတို့အတွက် အရေးအကြီးဆုံး ဖြစ်သည်ကို ဆင်ခြင်မိလေသည်။
ယင်းပဌမမဟာကုသိုလ်စိတ်ကိုပင် မဏ္ဍိုင်ထား၍ ဘုရားရှင် ဟောကြားတော်မူထားအပ်သော အဘိဓမ္မာ ၇ ကျမ်းဖြင့် ဝေဖန်ထားခြင်း ဖြစ်၏။
မြတ်စွာဘုရားရှင် ဟောကြားတော်မူအပ်သော အဘိဓမ္မာ ၇ ကျမ်း၌ ရှေးဦးဟောသော ဓမ္မသင်္ဂဏီကျမ်း၌ ယင်းစိတ် ၈၉ပါး၊ စေတသိက် ၅၂ပါး၊ ရုပ် ၂၈ပါး၊ နိဗ္ဗာန်တို့ကို တိက်ပုဒ် ၂၂ ပုဒ် တို့ဖြင့်လည်းကောင်း၊ အဘိဓမ္မာ ဒုက် ၁၀၀ ဖြင့်လည်းကောင်း၊ သုတ္တန္တိက ဒုက် ၄၂ ဒုက်ဖြင့် လည်းကောင်း ဝေဖန်ပိုင်းခြား ဟောကြားတော်မူထားလေသည်။
ဤကျမ်း၌ကား မဟာကုသိုလ် ပဌမစိတ်ကို ယင်းတိတ် ၂၂ ပါး၊ ဒုက် ၁၄၂ ဒုက်ဖြင့် ဝေဖန်ပိုင်းခြား၍ ပြထားခြင်း ဖြစ်၏။
ရှေးဦးစွာ မဟာကုသိုလ် ပဌမစိတ်သဘောကို ပြဆိုထားခြင်း ဖြစ်၏။ ထို့နောက် မဟာကုသိုလ် ပဌမစိတ်၌ ယှဉ်ကုန်သော စေတသိက် ၃၈ ပါး တို့၏ အဓိပ္ပါယ်များ၊ သာဓက၀တ္ထုများကို ဖော်ပြပေးထား၏။ ထို့နောက် ယင်းကုသိုလ်တရားများကို တိက် ၂၂ တိက်၊ ဒုက်အားဖြင့် ၁၄၂ ဒုက် ဖြင့် ဝေဖန်ပြထား၏။
ဒုတိယမြောက်ကျမ်းဖြစ်သော ဝိဘင်းကျမ်း၌မူကား မြတ်စွာဘုရားသည် မူတည် ဝိဘင်း ၁၈မျိုး ကို ယင်း တိက်၊ ဒုက်တို့ဖြင့် ဓမ္မသင်္ဂဏီကျမ်းက အကျယ်ဝေဖန်ပြပြီးဖြစ် တိက်၊ ဒုက်တို့ဖြင့် ဝေဖန်ခြင်းကို မပြတော့ဘဲ ခန္ဓဝိဘင်း၊ အာယတနဝိဘင်း စသော မူတည်ဝိဘင်တို့ကိုသာ သဘောအဓိပ္ပါယ်သိရုံမျှ ပြဆိုထားပေသည်။
တတိယမြောက် ဓာတုကထာကျမ်း၌ကား ရေတွက်၍ ရနိုင်သော ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာ၊ ရေတွက်၍ မရသော ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာတရားတို့ကို ဝေဖန်ပိုင်းခြား ဟောကြားတော်မူထားပါသည်။
စတုတ္ထမြောက် ပုဂ္ဂလပညတ္တိကျမ်းကိုကား ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာတရားတို့တည်ရာ ပုဂ္ဂိုလ်အမျိုးမျိုးကို မြတ်စွာဘုရားသည် ဝေဖန်ပိုင်းခြား၍ ဟောကြားတော်မူထား၏။
ပဉ္စမမြောက် ကထာ၀တ္ထုကျမ်းကိုကား မြတ်စွာဘုရားရှင်း နည်းပေးထားချက်အရ တတိယသင်္ဂါယနာတင်ရာကာလ၌ အရှင်မောဂ္ဂလိပုတ္တတိဿထေရ်သည် အယူမှားတို့အား ဖြေရှင်းဟောကြားထားထားသည်ကို သဘောမျှ သိသာယုံဖော်ပြထားပါသည်။
ဆဋ္ဌမကျမ်း ယမိုက်ကျမ်းကိုလည်းကောင်း၊ သတ္တမကျမ်း ပဋ္ဌာန်းကျမ်းကိုလည်းကောင်း ဤကျမ်း၌ ယမိုက်သဘော၊ ပဋ္ဌာန်းသဘောမျှ သိသာရုံလောက်ကိုပင် ပဌမမဟာကုသိုလ်စိတ်ကို မူတည်ထား၍ ပြဆိုထား၏
ဤသို့ အကျဉ်းနည်းအားဖြင့် ဖော်ပြခြင်းသည်ပင် စာမျက်နှာတစ်ထောင်ကျော်ရှိလေရာ စိတ် ၈၉ပါး၊ စေတသိက် ၅၂ ပါး၊ ရုပ် ၂၈ ပါးလုံး ရေးလျှင်ကား ရေး၍ ပြီးနိုင်လိမ့်မည် မဟုတ်ပေ။
ထိုကြောင့် လောလောဆယ် ကျတော့်အနေဖြင့်လည်း ယမိုက်ကျမ်းကို စလေ့လာလိုသည်ဖြစ်၍ ယမိုက်ကျမ်းလာ မဟာကုသိုလ်ပဌမစိတ်အကြောင်းကို စတင်ရေးသားဖော်ပြလိုပါသည်။ ယမိုက်မှာသည်ပင်လျှင် ဒီကနေ့တော့ နိဒါန်းပိုင်းများသွားပြီဖြစ်၍ (ပကုစိတ်ကို မူလယမိုက် ကုသလပဒဖြင့် ဝေဖန်ပြဆိုခြင်း) အပိုင်း (၁) ပိုင်း ကိုသာ စတင်ဖော်ပြပေးသွားမည် ဖြစ်ပါသည်။
ကုသလပဒဆိုတာဘာလည်းအယင် စလေ့လာရကြရအောင် --
၁။ ကုသလပဒ။ ။ ဤကုသလပဒ၌ ဟောအပ်သော တရားကို သိသင့်သေး၏။
၁။ ယေကေစိ ကုသလာ ဓမ္မာ = အလုံးစုံသော ကုသိုလ်မည်ကုန်သော တရားတို့သည် ရှိကုန်၏။ ဤအရ အလုံးစုံသော ကုသိုလ်တရားဟူသည် ကုသိုလ်စိတ် ၂၁ ပါး၊ စေတသိက် ၃၈ ပါး ဖြစ်လေ၏။
၂။ သဗ္ဗေ တေ ကုသလမူလာတိ = ထိုအလုံးစုံသော ကုသိုလ်တရားတို့သည် ကုသိုလ်မူလ မည်ကုန်သလော။ ကုသိုလ်မူလဟူသည် အလောဘ၊ အဒေါသ၊ အမောဟတည်း။
ဆိုလိုသည်ကား အပေါ်က နံပါတ် ၁ အရ ဖြစ်သော ကုသိုလ်စိတ် ၂၁ ပါး၊ စေတသိက် ၃၈ ပါးသည် ကုသိုလ်မူလ မည်သလား ဟူ၍ ပုစ္ဆာပြခြင်း ဖြစ်၏။ အပေါ်က နံပါတ် ၁ ကို အနုလောမ သန္နိဋ္ဌာန် ခေါ်၏။ အောက်က နံပါတ် ၂ ကို အနုလောမ သံသယ ဟူ၍ ခေါ်၏။
အပေါ်က နံပါတ် ၁ အရ၌ ကုသိုလ်စိတ် ၂၁ ပါး၊ စေတသိက် ၃၈ ပါး ရှိရာတွင် စေတသိက် ၃၈ ပါး၌ အလောဘ၊ အဒေါသ၊ အမောဟ ဟူသော ကုသိုလ်မူလတရား ၃ ပါး ပါဝါ၏။ ပုစ္ဆာအရ ယင်းကုသိုလ် မူလ ၃ ပါးသည်သာ ကုသိုလ်မူလ မည်၏။ ကျန်သော ကုသိုလ်စိတ် ၂၁ ပါးနှင့် စေတသိက် ၃၅ ပါးမှာ ကုသိုလ်သာ မည်၏။ ကုသိုလ်မူလ မမည်ပေ။
အလောဘ၊ အဒေါသ၊ အမောဟ ဟူသော ကုသိုလ်မူလ ၃ ပါးသည် ကုသိုလ်လည်း မည်၏။ ကုသိုလ် မူလလည်း မည်၏ ဟု အဖြေပြုရလေသည်။
ယင်းအဖြေ ဝိဿ ဇ္ဇနာ ပါဠိမှာ ဤသို့ ဖြစ်လေသည်။
တိဏေ၀ ကုသလမူလာနိ = အလောဘ၊ အဒေါသ၊ အမောဟ ဟု ဆိုအပ်သော ကုသိုလ် မူလ သုံးခုတို့သည်သာလျှင် ကုသိုလ်မူလ မည်ကုန်၏။
အဝသေသာ ကုသလာဓမ္မာ နကုသလမူလာ = ကုသလမူ ၃ ခုတို့မှ ကြွင်းကုန်သော ကုသိုလ်စိတ် ၂၁ပါး၊ စေတသိက် ၃၅ ပါးတို့သည် ကုသိုလ်မူလ မမည်ကုန်။
ဤကား အနုလောမ သန္နိဋ္ဌာန်၊ သံသယ၊ ပုစ္ဆာ၊ ဝိဿဇ္ဇနာ အစုံတည်း။
၃။ ယေဝါ ပန ကုသလ မူလာ = အကြင်သို့ သဘောရှိသော အလောဘ၊ အဒေါသ၊ အမောဟ ဟူသော ကုသိုလ်မူ ၃ ခုတို့သည် ရှိကုန်၏။ (ပဋိလောမ သန္နိဋ္ဌာန်)
၄။ သဗ္ဗေ တေ ဓမ္မာ ကုသလာတိ = ထိုအလုံးစုံသော ကုသိုလ်မူ ၃ ခုတို့သည် ကုသိုလ် မည်၏လော။ (ပဋိလောမ သံသယ ပုစ္ဆာ)
ဆိုလိုသည်ကား အလောဘ၊ အဒေါသ၊ အမောဟ ဟုဆိုအပ်သော ကုသိုလ်မူလ ၃ ခုတို့သည် ကုသိုလ်မည်၏လောဟု အမေးပုစ္ဆာပြုခြင်းဖြစ်သည်။
အဖြေ ဝိဿ ဇ္ဇနာ = အာမန္တာ = ကုသိုလ် မည်ပါသည်။
ဘုရားရှင်ဟောကြားတော်မူအပ်သော အစုံအစုံသော ယမိုက်သဘောကို ဤသို့ နားလည်းအောင် လေ့လာပါက ဉာဏ်ရွှင်ကာ နားလည်လာပါလိမ့်မည်။
ထိုသဘောအရ မဟာကုသိုလ် ပဌမစိတ်ကို မူလယမိုက် မူလဝါရ ကုသလပဒ မူလနယ မူလယမက ဖြင့် ဝေဖန်မှုပြုလျှင် ဤသို့ ဖြစ်ပေသည်။
မဟာကုသိုလ် ပဌမစိတ်၌ စေတသိက် ၃၈ ပါး ယှဉ်လေသည်။ ယင်းမဟာကုသိုလ် ပဌမစိတ်နှင့် စေတသိက် ၃၈ ပါးကို “ယေကေစိ ကုသလာ ဓမ္မာ” အရ ကုသိုလ်တရားဟူ၍ ခေါ်သည်။ ယင်းကုသိုလ်တရားသည် “သဗ္ဗေ တေ ကုသလမူလာ” အရ ကုသိုလ်မူလ မည်၏လော - ဟု အမေးပုစ္ဆာပြုသော် စေတသိက် ၃၈ ပါး၌ ပါ၀င်သော အလောဘ၊ အဒေါသ၊ အမောဟသည် ကုသိုလ်မည်သလို ကုသိုလ်မူလလည်း မည်သည်။ မဟာကုသိုလ် ပဌမစိတ်နှင့် ယင်းကုသိုလ်မူလ ၃ခု မှ တစ်ပါး ကျန်စေတသိက် ၃၅ ပါးတို့သည် ကုသိုလ်သာ မည်၏။ ကုသိုလ်မူလ မမည်ပေ -- ဟူ၍ သိမြင်နိုင်ကြပေသည်။
ထိုသဘောအရ ဒါန အစရှိသော ကုသိုလ်ကောင်းမှုကို ပြုလုပ်ရာ၌ ဉာဏ်ယှဉ်၍ ပြုလုပ်လျှင် ယမိုက် သဘောအရ ထိုအချိန် ထိုကာလ၌ ထိုပုဂ္ဂိုလ်၏ သန္တာန်၌ ကုသိုလ်လည်ဖြစ်၊ ကုသိုလ်မူလလည်း ဖြစ်နေသဖြင့် အလွန်ကောင်းမြတ်သသော အချိန်ကာလဖြစ်သည်ကို သိမြင်နိုင်ကြပေသည်။
ဆက်ရန်
ပိဋကတ်သုံးပုံဆိုသည်မှာ ..
ပိဋကတ်သုံးပုံဆိုသည်မှာ ..
**************************
တစ်နေ့က မက်ဆင်ဂျာမှာ ဓမ္မမိတ်ဆွေတစ်ဦးကမေးလာတဲ့ အမေးလေး တစ်ခုပါ။ သူမေးထားတာက --
မင်္ဂလာပါအကို မြတ်စွာဘုရားရဲ့တရားတော်တွေကို စီစဉ်ထာပုံလေး သိချင်လို့ပါ။
ဓမ္မက္ခန္ဓာ ၈၄၀၀၀
နိကာယ် ၅ ရပ်
ပိဋကတ် ၃ ပုံ
အဲလိုသိထားပါတယ်။ အဓိပ္ပါယ်နှင့်တကွ အချိန်ရတဲ့အခါ ဖြေကြားပေးပါလို့ တောင်းဆိုပါရစေရှင် .. တဲ့။
********************************************
အဲဒီမှာ မေးခွန်းရှင်က နိကာယ် ၅ ရပ်က သပ်သပ် ၊ ပိဋကတ် ၃ ပုံ က သပ်သပ်လို့များ ယူဆထားသလား မသိဘူးလို့တွေးမိလို့ အဲဒါလေး နည်းနည်းရှင်းပြချင်ပါတယ်။ ပိဋကတ် ၃ ပုံကလွတ်သော တရား မရှိပါဘူး။ နိကာယ် ၅ ရပ်ဆိုတာ ပိဋကတ် ၃ ပုံထဲက သုတ္တန္တပိဋိကတ် ရည်ညွှန်းတာပါ။ အဲဒါလေးကို အစီအစဉ်တကျ ဖြစ်အောင် ရှင်းပြပါမယ်။
ထေရဝါဒ ဗုဒ္ဓဘာသာဝင်တို့ ထိန်းသိမ်းသယ်ဆောင်လာခဲ့သော ပိဋကများမှာ-
(က) ဝိနယ ပိဋက
(ခ) သုတ္တန္တ ပိဋက
(ဂ) အဘိဓမ္မ ပိဋက ဟူ၍ သုံးမျိုးရှိပါသည်။
နိကာယ် ၅ ရပ် ဆိုတာက သုတ္တန္တ ပိဋကတ်ထဲမှာပါပါတယ်။
( ၁ )ဒီဃနိကာယ် ၊
( ၂ ) မဇ္ဈိမနိကာယ် ၊
(၃)သံယုတ္တနိကာယ် ၊
( ၄ )အင်္ဂုတ္တရနိကာယ် ၊
( ၅ )ခုဒ္ဒကနိကာယ် လို့ ဖြစ်ပါတယ်။
အဘိဓမ္မာပိဋကမှာတော့ --
(၁) ဓမ္မသင်္ဂဏီ ၊
(၂) ဝိဘင်္ဂ ၊
(၃) ဓာတုကထာ ၊
(၄) ပုဂ္ဂလပညတ္တိ ၊
(၅) ကထာဝတ္ထု ၊
(၆) ယမက လို့ရှိပါတယ်။
အဲဒီမှာ --
(၁) ဝိနယ ပိဋကတော်က ၂၁၀၀၀၊
(၂) သုတ္တန္တ ပိဋကတော်က ၂၁၀၀၀၊
(၃) အဘိဓမ္မ ပိဋကတော်က ၄၂၀၀၀၊
ရှိတယ်လိုအရေအတွက်အားဖြင့်သိရပါတယ်။
ဒီလောက်ဆိုယင် အမေးရှင်ရဲ့အဖြေကို ဖြေပေးဖို့ အတော်အတန် လုံလောက်ပါပြီ။ ဒါပေမယ့် ဖြေလက်စနဲ့ မသိသေးသူတွေလည်း သိစေချင်တာကြောင့် နည်းနည်းလောက်ထပ်ပြီး အသေးစိတ် ရှင်းလင်းဖော်ပြပေးချင်ပါတယ်။
***********************
ပထမဦးဆုံး ဝိနယပိဋက ဆိုတာ သာသနာ့ဝန်ထမ်း ရှင်ရဟန်းများနှင့် ရဟန်းမိန်းမများ အတွက် သတ်မှတ် ပညတ်ထားသော ကျင့်ဝတ်စည်းကမ်း၊ ဥပဒေများ ဖြစ်ပါတယ်။
ထို ဝိနယပိဋကကို (၅)ကျမ်းခွဲထားသည်။
(၁) ပါရာရာဇိကဏ် ပါဠိတော် = ရဟန်းတော်များအတွက် ရည်ညွှန်းထားသော သိက္ခာပုဒ်
(၂) ပါစိတ် ပါဠိတော် = ရဟန်းတော်များအတွက် သိက္ခာပုဒ် (၁၇၈)ပါး၊
(၃) မဟာဝါပါဠိတော် = သံဃာတော်များ လိုက်နာရမည့် ကျင့်ဝတ်များ၊ လုပ်နည်း လုပ်ဟန်များကို အခန်း(၁၀၃) တို့ဖြင့် ဖော်ပြထားသည်။
(၄) စူဠဝါ ပါဠိတော် = သံဃာအဖွဲ့စည်းနှင့် ပတ်သက်သော စည်းမျဉ်း ဥပဒေတို့ကို အခန်းပေါင်း (၁၂)ခုတို့ဖြင့် ဖော်ပြထားသည်။
(၅) ပရိဝါ ပါဠိတော် = ဝိနည်း သိက္ခာပုဒ်တို့ကို ကျက်မှတ်လိုသူတို့အတွက် အကျဉ်း ချုပ်ပြူ စုထားသော ကျမ်းဖြစ်၏။
********************************************
သုတ္တန္တ ပိဋက ဆိုတာကတော့ မြတ်ဗုဒ္ဓ ရှေးဦးစွာ ဟောကြားတော်မူအပ်သော ဓမ္မစင်္ကြာတရားတော်မှ စ၍ နောက်ဆုံး ပရိနိဗ္ဗာန်ပြုုတော်မူခါနီး ဟောကြားတော်မူအပ်သော ဩဝါဒဒေသနာတော် အထိ (၄၅) နှစ်တို့ ပတ်လုံး ဟောကြားတော်မူခဲ့သည့် ဒေသနာတော် အမျိုးအစားများ ဖြစ်ပါတယ်။
ဤသုတ္တန္တ ပိဋကကို နိကာယ် ၅-ရပ်ဖြင့် ဖွှဲ့စည်းထားပါတယ်။
( ၁ )ဒီဃနိကာယ် = ရှည်လျားသော သုတ်တို့ကိုပေါင်းစည်းထားသောကြောင့်''ဒီဃနိကာယ်'' ဟုခေါ်၏။
ဒီဃနိကာယ် တွင်-
(၁) သီလက္ခန္ဓဝဂ္ဂ - ၁၃ သုတ်၊ (၂) မဟာဝဂ္ဂ - ၁ဝ သုတ်၊ (၃) ပါထိကဝဂ္ဂ - ၁၁ သုတ် တို့ပါဝင်ပြီး။
**************
( ၂ ) မဇ္ဈိမနိကာယ် = အလယ်အလတ်ဖြစ်သော သုတ်တို့ကို ပေါင်းစည်းထားသောကြောင့် ''မဇ္ဈိနိကာယ်'' ဟုခေါ်၏။
ထိုမဇ္ဈိမနိကာယ်တွင် -
(၁) မူလပဏ္ဏာသ ၅၀-သုတ် ၊ (၂) မဇိ္ဈမပဏ္ဏာယ ၅၀-သုတ် ၊ (၃) ဥပရိပဏ္ဏာသ ၅၂-သုတ် ပါဝင်သည်။
*************
(၃)သံယုတ္တနိကယ် =ဒေသနာတော်နှင့်တူညီသောအချက်တစ်ခုကို မူထားစုစည်း ပေါင်းစပ် ထားသော သုတ်များ ကို ''သံယုတ္တနိကာယ်'' ဟုခေါ်ပါတယ်။
ထို သံယုတ္တနိကာယ်၌-
(၁) သဂါထာဝဂ် သံယုတ်ပေါင်း ၁၁ ၊ (၂) နိဒါနဝဂ် သံယုတ်ပေါင်း ၁ဝ ၊ (၃) ခန္ဓဝဂ် သံယုတ်ပေါင်း ၁၃ ၊
(၄) သဠာယတနဝဂ် သံယုတ်ပေါင်း ၁၂ ၊ (၅) မဟာဝဂ် သံယုတ်ပေါင်း ၁၂- ပါဝင်ပါသည်။
**************
( ၄ )အင်္ဂုတ္တရနိကာယ် =ဧကနိပါတ်မှ ဧကဒသကနိပါတ်တိုင်အောင်သော အပိုင်းငယ်နိပါတ် (၁၁)ခု၊
သုတ်ပေါင်း (၉၅၇)သုတ် ပါဝင်ပါတယ်။
**************
( ၅ )ခုဒ္ဒကနိကာယ် =ရှေးနိကာယ်လေးရပ်တို့မှ နောက်ထပ်ဖြစ်သော ခုဒ္ဒကပါဌစသည် ကျမ်းအစု ကို ခုဒ္ဒကနိကာယ် ဟုခေါ်ပါတယ်။
ထို ခုဒ္ဒကနိကာယ်၌
(၁) ခုဒ္ဒကပါဌ - တိုတောင်းသည့် အစု ၉-မျိုး၊
(၂) ဓမ္မပဒ - ဝဂ်ပေါင်း ၂၆၊ ဂါထာပေါင်း ၄၂၃၊
(၃) ဥဒါန - ဗုဒ္ဓဘုရားရှင် ကူျးရင့်သော စကားများ ဖြစ်သည်။ ဝဂ်ပေါင်း ၈-ခုနှင့်ဥဒါန်းပေါင်း ၈၂-ပုဒ် ပါဝင်သည်။
(၄) ဣတိဝုတ္တက - နိပါတ် ၄-ခု၊ သုတ်ပေါင်း ၁၂၀၊
(၅) သုတ္တနိပါတ - သုတ်ငယ်များ စုပေါင်းထားတာပါ။ ဝဂ် ၅-ခု၊ သုတ် ၅၄-နှင့် ပုစ္ဆာ ၆၁-ခုပါဝင်ပါသည်။
(၆) ဝိမာနဝတ္ထု - ဘုံနန်းဗိမာန်ဆိုင်ရာ အဖြစ်အပျက်တို့ကို ဖော်ပြထား၏။ ဝဂ် ၇- ခု၊ ဇာတ် ၈၃-ပုဒ် ပါဝင်သည်။
(၇) ပေတဝတ္ထု - ငရဲလောက၏ ဆင်းရဲတို့ကို ဖော်ပြထား၏။ ဝဂ်၄-ခု၊ ဝတ္ထုပုဒ်ပေါင်း ၅၀- ပါဝင်ပါသည်။
(၈) ထေရဂါထာ - မထေရ်ကြီး ၁၀၇-ပါး၏ အဆိုအမိန့်များကို နိပါတ် ၂၁-ခုဖြင့် ခွဲခြားဖော်ပြထားပါသည်။
(၉) ထေရီဂါထာ - ထေရီမယ် ၇၃-ပါးတို့၏ တင်ပြချက်များကို နိပါတ် ၁၆-ခု ဖြင့်ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။
(၁၀) ဇာတက - ဗုဒ္ဓဘုရားရှင်၏ ရှေးဖြစ်စဉ်တို့ကို ဖော်ပြထား၏။ အပိုင်းငယ် နိပါတ် ၂၂-ခု၊ဇာတ်ဝတ္ထုပေါင်း ၅၄၇-ဇာတ် ပါဝင်သည်။
(၁၁) မဟာနိဒ္ဒေသ - သုတ္တနိပါတ်ကျမ်းလာ အဋ္ဌကဝဂ်၏ ဝေါဟာရအဓိပ္ပာယ်တို့ကို ထပ်မံဖွင့်ဆိုထားသည်။
(၁၂) စူဠနိဒ္ဒေသ - သုတ္တနိပါတ်ကျမ်းလာ နောက်ဝဂ် ၃-ခုကို ထပ်မံ ချဲ့ဖွင့်ထားသည်။
(၁၃) ပဋိသမ္ဘိဒါမဂ္ဂ - ဓမ္မ၏ အခြေခံ အချက်တို့ကို သရုပ်ခွဲ၍ ဝေဖန်ပြသည်။ ကဏ္ဍကြီး ၃-ခုနှင့် ကဏ္ဍငယ် များစွာ ပါဝင်သည်။
(၁၄) အပဒါန -မွန်မြတ်သော ကျင့်ထုံးတို့ကို ကျင့်သုံးခဲ့သော ပုဂိ္ဂုလ်တို့ အကြောင်းကို ဖော်ပြထားသည်။ ကဏ္ဍ ၅၅-ခုဖြင့် မထေရ် ၅၅၀-တို့ ဘဝကို ဖော်ပြထား၏။
ထို့ပြင် ကဏ္ဍ ၄-ခုတို့ဖြင့် ထေရီ ၄၀-တို့၏ ဘဝကိုလည်းကောင်း၊ နောက်ဆက်တွဲအဖြစ်ဗုဒ္ဓပဒါနနှင့် ပစ္စေကဗုဒ္ဓပဒါနတို့ကိုဆက်လက် ဖော်ပြထားပါသည်။
(၁၅) ဗုဒ္ဓဝံသ -ဘုရားရှင်တို့၏ ဘဝဖြစ်စဉ်ကို အစီအစဉ်ဖြင့် ဖော်ပြထား၏။ ထို့ပြင် ဗုဒ္ဓပကိဏ္ဏက ကဏ္ဍနှင့် ဓာတုဘာဇနိယ ကထာတို့ကိုလည်း ထည့်သွင်း ဖော်ပြထားသည်။
(၁၆) စရိယာပိဋက - ဘုရားအလောင်းတော် ပါရမီ ဖြည့်ဆည်းခဲ့သည့် ဘဝတို့ကိုဖော်ပြသည်။ ဗုဒ္ဓ၏ ရှေးဘဝပေါင်း ၃၅-ခုသာ ပါဝင်ပါတယ်။
**************
အဘိဓမ္မာ ပိဋက ကတော့ ဝိနည်း၊ သုတ္တန်တို့ထက် လွန်ကဲ့သော သဘောတရားများ နက်နဲ သော သဘာဝဓမ္မများကို စုစည်းဖော်ပြထားသောကြောင့် ''အဘိဓမ္မာ ပိဋက''ဟု ခေါ်ခြင်းဖြစ်ပါတယ်။
အဘိဓမ္မာပိဋကသည် ကျမ်းအားဖြင့် (ရ)ကျမ်းရှိပါတယ်။
(၁) ဓမ္မသင်္ဂဏီ = အပိုင်းကြီးလေးပိုင်းခွဲလျက် သက်ရှိသက်မဲ့ အားလုံးတို့၏ ရုပ်နာမ် ဓမ္မတို့ကို ရေတွက်ပြသောကျမ်း၊
(၂) ဝိဘင်္ဂ=ဓမ္မတို့၏သဘောကို အဓိပ္ပါယ်ခွဲခြမ်းစိတ်ဖြာပြသောကျမ်းဖြစ်ပါတယ်။
(၃) ဓာတုကထာ= ပရမတ္ထတရား ဓာတ်သဘာဝတို့ကို ရှင်းလင်းဖော်ပြထားသောကျမ်းဖြစ်ပါတယ်။
(၄) ပုဂ္ဂလပညတ္တိ = ပုဂ္ဂိုလ်အမျိုးအစားအရေအတွက်ကို ပဓာနပြုဖော်ပြထားသောကျမ်းဖြစ်ပါတယ်။
(၅) ကထာဝတ္ထု =ဗုဒ္ဓဝါဒဂိုဏ်းကွဲများ၏ အယူဝါဒများကို စုပေါင်းတင်ပြထားသော အချေအတင် စကားဆိုခန်းများပါဝင်သောကျမ်းကိုခေါ်ပါတယ်။
ဝဂ်ပေါင်း (၂၃)ခုဖြင့် ထေရဝါဒမှသုုတ်ပေါင်း (၅၀၀)နှင့်ပရဝါဒမှသုတ်ပေါင်း(၅၀၀) တို့ကို နိုင်းယှဉ်ပြထားသည်။
(၆) ယမက =အဘိဓမ္မာတရားသဘောများ ဖြစ်တည်နေပုံကို မူလ, ခန္ဓ,အာယတန,ဓာတု ,သစ္စ , သင်္ခါရ, အနုသယ, စိတ္တ, ဓမ္မ, ဣန္ဒြိယ ဟူသော ယမက ၁၀-ပါး တို့ဖြင့် ဓမ္မတို့ကို အမေးအဖြေဝေဖန်ဆန်းစစ်၍ အစုံယှဉ်တွဲ ဖော်ပြထားသောကျမ်းဖြစ်ပါတယ်။
(ရ) ပဋ္ဌာန =ဓမ္မအနုလောမစသည်တို့၌ တိကပဋ္ဌာနစသော ပဋ္ဌာန်း၆-ပါးတို့ ဖြင့်ပွား အပ်သည် ဖြစ်၍ ၂၄ ပါးသော ပဋ္ဌာန်းတရားတို့၏ သဘာဝဓမ္မတို့၏ကြောင်းကျိုးဆက်နွယ်ပုံပြများကိုပြသောကျမ်းဖြစ်ပါသည်။
အကျယ်ဝန်းဆုံးတရားတော်ဖြစ်ပါတယ်။
စတုတ္ထ၊ ပဉ္စမ၊ ဆဋ္ဌ သင်္ဂါယနာတင်ပွဲတို့၌ ေပစာ၊ ေကျာက်စာ၊ စက္ကူစာတို့ဖြင့် ေရးထိုးမှတ် တမ်း တင်ခဲ့ကြရာတွင် --
စတုတ္ထ သင်္ဂါယနာ ပေရွက်ရေ = ၆၃၄၅ - ရွက်
ပဉ္စ သင်္ဂါယနာ ကျောက်စာရေ = ၇၂၉ - ချပ်
ဆဋ္ဌ သင်္ဂါယနာ စာအုပ်ရေ = ၄ဝ - အုပ်
စာရွက်ရေ = ၆၅၄ရ - ရွက်
စာမျက်နှာ = ၁၃၀၉၄ - မျက်နှာ
စာကြောင်းရေ = ၄၀၄၀၇ဝ - ကြောင်း ရှိတယ်လို့ဆိုပါတယ်။
ထိုတွင် ဆဋ္ဌသင်္ဂါယနာမှ မှတ်တမ်းပြုရာ၌ ''ဆဋ္ဌမူ'' ခေါ်စာအုပ်များဖြင့် အောက်ပါအတိုင်း ခွဲခြား၍
ရိုက်နှိပ်ထားသည်ကို တွေ့ရသည်။
ကျမ်းအမည် - ကျမ်းရေ စာအုပ်ရေ
ဝိနည်း - ၅၅ ၊ ဒီဃနိကာယ် - ၃၃ ၊ မဇ္ဈိမနိကာယ် - ၃၃ ၊ သံယုတ္တနိကာယ် - ၅၃ ၊ အင်္ဂုတ္တရနိကာယ် - ၁၁၃ ၊
ခုဒ္ဒကနိကာယ် - ၁၉၁၁ ၊ အဘိဓမ္မာ - ၇၁၂ … စုစုပေါင်း ၅၃၄၀ ဖြစ်ပြီး။
ပိဋကသုံးပုံလုံး၌ ပါဝင်သော အက္ခရာလုံးရေးမှာ - ၁၁၀၂၁၇၅၀(တစ်ကုဋေ တစ်သန်း နှစ်သောင်း တစ်ထောင် ခုနစ်ရာ ငါးဆယ်) ရှိတယ်လို့ဆိုပါတယ်။ ဒါက မှတ်တမ်းတင်ထားမှုကို ဗဟုသုတအနေဖြင့် သိသာယုံ တင်ပြပေးခြင်းသာဖြစ်ပါတယ်။
တကယ်တော့ ဘာလို့ ဓမ္မက္ခန္ဓာလို့ခေါ်တာလဲဆိုရင် ဥပမာ ခန္ဓာငါးပါးဆိုတာ အစုငါးပါးပါ။ ရူပက္ခန္ဓာ၊ ေဝဒနက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာ-ရုပ်အစု ေဝဒနာအစု သညာအစု သင်္ခါရအစု ဝိညာဏအစုဆိုပြီး သူ့အစုလိုက်အစုလိုက်ရှိသလို တရားအစုတစ်ခုကို ဓမ္မက္ခန္ဓာတစ်ခု ြဖစ်တယ်လို့ ဆိုရခြင်းဖြစ်ပါတယ်။
မေတ္တာဖြင့်
TNO (27.8.2018)
သမာဓိအဖွင့်
ကမ္မဋ္ဌာန်း ၂ မျိုး
ဗုဒ္ဓရှင်တော်မြတ်ကြီး၏ ဒေသနာတော်၌ သမထကမ္မဋ္ဌာန်း၊ ဝိပဿနာကမ္မဋ္ဌာန်း ဟူ၍ နှစ်မျိုးရှိသည်။ ဤကျမ်း၌ သမထကမ္မဋ္ဌာန်းတရားကိုသာလျှင် ဖွင့်ပြပါမည်။
ကမ္မဋ္ဌာန်းဟူသောအဓိပ္ပါယ်
ကမ္မဋ္ဌာန်းဟူသည်မှ အလုပ်သာလျှင် တည်ရာဖြစ်၏။ ထို့ကြောင့် (ကမ္မဋ္ဌာန) ကမ္မဌာန်းမည်၏။ တနည်းအားဖြင့် ဘာ၀နာလုပ်ငန်း၏ တည်ရာဖြစ်၏။ ထို့ကြောင့် ကမ္မဋ္ဌာန်းမည်၏။ ထို့ကြောင့် ကမ္မဋ္ဌာန်းဟုခေါ်သည်။
သမထဟူသောအဓိပ္ပါယ်
ကာမစ္ဆန္ဒ၊ ဗျာပါဒ၊ ထိနမိဒ္ဓ၊ ဥဒ္ဓစ္စ၊ ကုက္ကုစ္စ၊ ၀ိစိကိစ္ဆာတည်းဟူသော (စျာန်၏) ဆန့်ကျင်ဘက်နိ၀ရဏတရားတို့ကို ငြိမ်းအေးစေတတ်၏။ ထို့ကြောင့် သမထမည်၏။
သမာဓိဟူသောအဓိပ္ပါယ်
စိတ်နှင့်ယှဥ်တတ် စေတသိက်တရားတို့ကို ကသိုဏ်းစသည့် တစ်ခုတည်းသော အာရုံ၌ မဖောက်မပြန် အညီအညွတ်ထားခြင်းသည် သမာဓိမည်၏။ တနည်းအားဖြင့် ကသိုဏ်းစသည့် အာရုံတခုခု၌ စိတ်ကို တပြိုင်နက် စုစည်း၍ ထားသောကြောင့် တည်ငြိမ်သော စိတ်ဖြစ်ပေါ်လာသည်။ယင်းတည်ငြိမ်မှုကို သမာဓိဟုခေါ်သည်။
မည်သည့်အာရုံ၌မဆို စိတ်အစဉ် စူးစိုက်နေသောကြောင့် ဖြစ်ပေါ်လာသော စိတ်တည်ငြိမ်မှုကို သမာဓိဟုခေါ်သည်။ သို့သော် ကောင်းသောအာရုံ၊ မကောင်းသော အာရုံဟူ၍ ရှိရာ ကောင်းသော အာရုံ၌ စူးစိုက်၍ ဖြစ်ပေါ်လာသော တည်ငြိမ်မှုကိုသာလျှင် (မှန်ကန်သော တည်ငြိမ်မှုဖြစ်၍) အလိုရှိအပ်သည်။
သမာဓိသည် သမ္ပယုတ်(စေတသိက်)တို့ကို အာရုံအမျိုးမျိုးသို့ မပျံ့လွင့်စေခြင်း လက္ခဏာရှိသည်။ အာရုံအမျိုးမျိုးတို့ ပျံ့လွင့်စေတတ်သော ဥဒ္ဓစ္စကို ဖျက်ဆီးခြင်းကိစ္စ (ရသ) ရှိသည်။ ဥဒ္ဓစ္စကို ဖျက်ဆီးနိုင်စွမ်းသော အစွမ်းသတ္တိနှင့်ပြည့်စုံသော ဂုဏ်ရှိသည်။ မတုန်မလှုပ်သောအားဖြင့် ဉာဏ်၌ရှေ့ရှုထင်ခြင်းရှိသည်။ သုခသည် သမာဓိ၏ နီးစွာသော အကြောင်းရှိသည်။
သမာဓိအပြားကို အဘိဓမ္မာ အဋ္ဌကထာတို့၌ များစွာဖြင့် ပြထားသည်။ သို့သော် သမာဓိသည် “အ၀ိက္ခေပလက္ခဏာ” သာမညအားဖြင့် တပါးတည်းသာဖြစ်သည်။
(အ၀ိက္ခေပလက္ခဏာဟူသည်မှာ မပျံ့လွင့်ခြင်း။ သမ္ပယုတ်တရားတို့ကို မပျံ့လွင့်စေခြင်း သဘောဖြစ်သည်။)
ဝိသေသလက္ခဏာကို လိုက်၍ခွဲလျှင် ဥပစာသမာဓိ၊ အပ္ပနာသမာဓိ၊ လောကီသမာဓိ၊ လောကုတ္တရာသမာဓိ၊ ပရိတ္တသမာဓိ၊ မဟဂ္ဂသမာဓိ၊ အပ္ပမာဏသမာဓိဟူ၍ များစွာရှိသည်။ လိုရင်းအားဖြင့် လောကီသမာဓိ၊ လောကုတ္တရာသမာဓိဟူ၍ နှစ်ပါးသာတည်း။
ဤသမထကမ္မဋ္ဌာန်း၌ လောကီသမာဓိသာ လိုရင်းဖြစ်သည်။ သမထဘာဝနာ ဝိပဿနာ ဘာဝနာဟူ၍ နှစ်ပါး၊ သမထယာနိက၊ ဝိပဿနာယာနိကဟူ၍ နှစ်ပါးရှိရာတွင် ဤကျမ်း၌ သမထဘာဝနာ၊ သမထယာနိကသာလိုရင်းဖြစ်သည်။
သမထကမ္မဋ္ဌာန်းသည် သမာဓိတည်ဆောက်ရေးလုပ်ငန်းစဉ်ကြီးသက်သက် ဖြစ်သည်။ ဤနေရာ၌ လောကီနှင့် လောကုတ္တရာသမာဓိတည်ဆောက်ပုံချင်း ကွဲထွက်သွားပုံကို နှလုံးသွင်းထားရန်လိုသည်။
သမထဘာဝနာဟူသည်မှာ သမာဓိအလုပ်သက်သက် ဖြစ်သည်။ ဝိပဿနာ ဘာဝနာသည် သတိအလုပ်သက်သက် ဖြစ်သည်။
လောကီသမာဓိ တည်ဆောက်ရေးလုပ်ငန်း၌ သမထကမ္မဋ္ဌာန်းကြီးလေးဆယ်လုံး ပဓာနအရင်းခံဖြစ်သည်။
လောကုတ္တရာ သမာဓိတည်ဆောက်ရေး၌ သတိပဌာန်တရားလေးပါးသည် ပဓာနအရင်းခံ ဖြစ်သည်။ တရားကိုယ်အားဖြင့် လောကုတ္တရာစိတ်ရှစ်ခု၌ရှိသော သတိစေတသိက်တစ်ခုသာတည်း။
ထို့ကြောင့် သမထကမ္မဋ္ဌာန်းသည် သမာဓိတည်ဆောက်ရေး လုပ်ငန်းသက်သက်၊ ဝိပဿနာကမ္မဋ္ဌာန်းသည် သတိတည်ဆောက်ရေး လုပ်ငန်းသက်သက်ဖြစ်သည်။ သို့သော် သတိသည် လုပ်ငန်း နှစ်ရပ်စလုံး၌ ယှဉ်သည်။
ထို့ကြောင့် သမထနှင့် ဝိပဿနာတို့ကို ဤနေရာ၌ကွဲပြားအောင် ခွဲခြားနှလုံးသွင်းထားရန်လိုသည်။ သို့မှသာ ကမ္မဋ္ဌာန်း နှစ်ရပ်တို့ ထွေးရောယှက်တင် မရှိဘဲ လက်တွေ့လုပ်ဆောင်ရာ၌ လွယ်ကူစေနိုင်သည်။
သမထကမ္မဋ္ဌာန်း၊ ဝိပဿနာကမ္မဋ္ဌာန်းတို့သည် ဘုရားရဟန္တာစသည့် အရိယာအရှင်မြတ်တို့ အစဉ်မှီဝဲအပ်သော ဥစ္စာရတနာဖြစ်၍ ပေါ့ပေါ့တန်တန် သဘောထားခြင်း၊ စားသောက်ကောင်းရုံ၊ သံသရာခရီးသွားကောင်းရုံ အားထုတ်ခြင်းမျိုး မဖြစ်သင့်။
ဘာဝနာဟူသည်မှာ ပွားခြင်း၊ ပွားများခြင်းပင်ဖြစ်၏။ သမထကိုပွားလျှင် သမထဘာဝနာမည်၏။ ဝိပဿနာကိုပွားလျှင် ဝိပဿနာဘာဝနာမည်၏။
အခြေခံသဘောအားဖြင့် ကမ္မဋ္ဌာန်းလေးဆယ်၊ ဝိပဿနာဆယ်ပါး၊ မည်သည့်အရာကို ပွားပွား ဘာဝနာဖြစ်သည်။ ဆိုလိုသည်မှာ ပွားများအောင် အားထုတ်မှသာ ဘာဝနာဟုခေါ်နိုင်သည်။ ပွားများလာအောင် အားထုတ်ခြင်း မရှိလျှင် ဘာဝနာဟု မခေါ်ဆိုနိုင်။
ဗုဒ္ဓရှင်တော်မြတ်ကြီး၏ ဘာဝနာ အလုပ်စခန်းတို့သည် အလွန် သိမ်မွေ့ခက်ခဲနက်နဲသောကြောင့် သာမာန်ပုဂ္ဂိုလ်တို့အတွက် ရည်ရွယ်၍ ဟောတော်မူခဲ့ခြင်းမဟုတ်။ တနည်းအားဖြင့် ခပ်သိမ်းသော သတ္တဝါတို့အတွက် ဟောတော်မူခဲ့ခြင်းမဟုတ်။ အမှန်စင်စစ်ကျွတ်ထိုက်သော ဝေနေယျသတ္တဝါ တိဟိတ်ကလျာဏပုထုဇဉ်မဟာအာဇာနည် တို့အတွက် ရည်ညွှန်ထားခဲ့ခြင်းသာလျှင်ဖြစ်သည်။
ပကတိအားဖြင့် တိဟိတ်ပဋိသန္ဓေဖြစ်၍ သီလ၊ သမာဓိ၊ ပညာတည်းဟူသော သိက္ခာသုံးပါး၌ ညွှတ်နူးသော စိတ်ရှိသော ပုဂ္ဂိုလ်၊ သီလစင်ကြယ်၍ ခိုင်မြဲသော ပုဂ္ဂိုလ်တို့မှသာလျှင် ဘာဝနာအလုပ်စခန်း၌ အဟုတ်ပေါက်ရောက်နိုင်မည်ဖြစ်ပေသည်။
ဗုဒ္ဓရှင်တော်မြတ်ကြီး၏ ဘာဝနာအလုပ်စခန်းကို အားထုတ်လိုသော ယောဂီတို့သည် စင်ကြယ်သော သီလ၊ ခိုင်မြဲသော သီလ ရှိရမည်။ သီလဟူသည်၌ ယုတ်စွအဆုံး ငါးပါးသီလကို အသက်ထက်ဆုံး ဆောက်တည်ထားသူဖြစ်ရမည်။ ယင်းသို့သော သီလရှိသူတို့မှသာလျှင် ဤကမ္မဋ္ဌာန်းအလုပ်စခန်းကြီးကို အားထုတ်သင့်ပေသည်။
Thein Naing Ohn (10.9.2021)
ဖြစ်ဆဲမသိ ကိလေသာငြိ
ပရမတ်ရုပ်နာမ်ရဲ့ သဘာဝလက္ခဏာကို မမြင်ရင် ပညတ်အနေနဲ့ ပြောင်းပြီး မြင်ပါတယ်။ ဥပမာ - အဆင်းနဲ့ စက္ခုပသာဒနဲ့ တိုက်ဆုံတဲ့အခါ မြင်သိစိတ် ဖြစ်လာတယ်။ မြင်သိစိတ် ဖြစ်လာတာကို မသိလိုက်ရင် သူမြင်တယ်၊ ငါမြင်တယ်ဆိုတဲ့ ဥပါဒါန်တွေဖြစ်လာတယ်။ အဲဒီလို ပညတ်အဖြစ် ပြောင်းမမြင်မီ၊ ဥပါဒါန်နဲ့ မစွဲလမ်းမီ ဖြစ်ဆဲဖြစ်ခိုက် သိအောင် လုပ်ရတာ။
++++++
တရားအားထုတ်နေတဲ့ယောဂီဟာ သဘောထားမှန်ဖို့လိုပါတယ်။ အာရုံပေါ်မှာ ကျေနပ်တဲ့သဘောလည်း မထားမိဖို့ အရေးကြီးတယ်။ အဲဒီလို ထားနိုင်ရင် ဒေါသစွန်းလည်းမငြိဘူး၊ လောဘစွန်းလည်း မငြိဘူး။ သမမျှတတဲ့ စိတ်ကလေးနဲ့ အေးအေးချမ်းချမ်း ရှုမှတ်နိုင်ပါတယ်။ အဲဒီလို လောဘစွန်း၊ ဒေါသစွန်းက လွတ်နေတာကိုပဲ မဇ္စျိမပဋိပဒါလို့ ခေါ်ပါတယ်။ မာလုကျပုတ္တကို ဘုရားရှင်ဟောသလိုပေါ့။
ယောဂီဟာ ဘယ်အချိန်မှာ အဲဒီအစွန်းနှစ်ပါးနဲ့ တွေ့ရတတ်လည်းဆိုယင် “သတိလွတ်သွားတိုင်း ဖြစ်တတ်ပါတယ်။ သတိလွတ်သွားတဲ့အခါ ပညတ်ကိုနှလုံးသွင်းမိပြီး ဒီအစွန်းတွေပေါ်လာတာပါ။ ပရမတ်ရဲ့ သဘာဝက အကောင်းလည်းမဟုတ်ဘူး၊ အဆိုးလည်းမဟုတ်ဘူး။ နှစ်သက်စရာလည်းမဟုတ်ဘူး၊ မနှစ်သက်စရာလည်း မဟုတ်ဘူး။ သူ့သဘာဝအတိုင်း ဖြစ်ပျက်နေတာပဲ။
ကိလေသာဟာ ဘယ်လောက်ထိသိမ်မွေ့လည်းဆိုရင် ငါတရားအားထုတ်လို့ကောင်းလိုက်တာလို့ စိတ်ကလေးဖြစ်သွားရင်တောင် လောဘကိလေသာဖြစ်သွားပါပြီ။ သဠာယတနသံယုတ်၊ ပဟာနသုတ်မှာ “ဖြစ်ပျက်ကိုရှုသော ဥပေက္ခာရှုချက်ကိုသော်လည်း ရှုကောင်းချက်ဖြင့် နှစ်သက်တတ်သေး၏။ ထိုဖြစ်ပျက်ကို နှစ်သက်စွာ ရှုသောယောဂီသည် ဆင်းရဲသံသရာမှ မလွတ်” လို့ ဟောထားပါတယ်။
အာရုံနဲ့ပတ်သက်လို့ တစ်ချို့ကျတော့ တရားထိုင်ရင်း တစ်ခါတစ်ရံမှာ ဗုဒ္ဓရုပ်ပွားတော်တွေ၊ စေတီတော်တွေ ဖူးတွေ့ရတတ်ပါတယ်။ အဲဒီအခါလည်း ကျေနပ်နှစ်သက်မှုတွေ၊ ဝမ်းမြောက်မှုတွေ ဖြစ်တတ်ပါတယ်။
အဲဒါကိုတော့ “ရတနာမြတ်သုံးပါးစတဲ့ ကောင်းမြတ်တဲ့အာရုံကြောင့် ကြည်ညိုခြင်း၊ ဝမ်းမြောက်ခြင်းစတဲ့ သဒ္ဓါပီတိတို့ဖြစ်နေတဲ့အချိန်မှာ တဏှာလောဘ မယှဥ်ပါဘူး။ ဒါကြောင့် သူ့ကိုတော့ ကာမသုခလ္လိကာအစွန်းလို့ မခေါ်နိုင်ပါဘူး။
ဒါပေမယ့် အာရုံအားဖြင့် ပုံသဏ္ဍာန် အထည်ဒြပ်ဖြစ်နေတဲ့အတွက် ပညတ်နိမိတ်အာရုံသာ ဖြစ်ပါတယ်။ ပညတ်မှန်ရင် ဘယ်ပညတ်အာရုံပဲဖြစ်ဖြစ် ဝိပဿနာဉာဏ်ရဲ့ အတားအဆီးဖြစ်ပါတယ်။ ဒါကြောင့် ပေါ်လာရင် ပေါ်လာတယ်လို့ သိပြီးတဲ့နောက် ဆက်ပြီး နှလုံးမသွင်းပါနဲ့။ ဆက်ပြီးနှလုံးသွင်းရင် ဝိပဿနာမဟုတ်တော့ဘဲ သမထဘက်ကို ရောက်သွားပါလိမ့်မယ်။
“ဗုဒ္ဓါနုဿတိကို ပွားချင်ရင် ဝိပဿနာအားမထုတ်ခင် သီးသန့်ပွားပေးပါ။ စိတ်ကြည်လင်ပြီးး ဝိပဿနာအတွက် သတိ၊ သမာဓိ မြန်မြန်ရလွယ်ပါမယ်။ နောက် ဝိပဿနာအားထုတ်လို့ စိတ်တွေပင်ပန်းနွမ်းနယ်လာတဲ့ အခါမှာလည်း ဗုဒ္ဓါနုဿတိကို သီးသန့်ပွားပေးပါ။ နွမ်းနယ်နေတဲ့စိတ်တွေ ပြန်ပြီး ကြည်လင်လန်းဆန်းပြီး အင်သစ်အားသစ်တွေ ဖြစ်လာပါလိမ့်မယ်”
++++++++++
တရားထိုင်ရင်း နာကျင်ကိုက်ခဲမှုတွေပေါ်လာရင်တော့ နာကျင်ကိုက်ခဲမှုတွေကို ရှုနည်း နှစ်မျိုးရှိပါတယ်။ ပထမတစ်နည်းက ဘာဝနာကို မထိခိုက်စေဘဲ သည်းခံနိုင်ခဲ့ရင် အဲဒီနာကျင်ကိုက်ခဲမှုကို တိုက်ရိုက်ရှုပါ။ နာတယ်ဆိုတာဘာလဲ၊ နာမှုသဘောကို မြင်အောင်ကြည့်ပါ။
“နာကျင်မှုကြောင့် ခန္ဓာမှာ ပြောင်းလဲချက်တွေကို လေ့လာကြည့်ပါ။ ဘာကြောင့်ဖြစ်သလဲ၊ ဘယ်လိုဖြစ်သလဲ တိုးလာရင်ဘယ်လို၊ လျော့သွားရင် ဘယ်လို ဒီသဘောတွေကို မြင်အောင် ကြည့်ရပါတယ်။
“ကျမ်းဂန်တွေမှာတော့ အဲဒီနာကျင်ကိုက်ခဲမှုဆိုတဲ့ ရုပ်သဘာဝဖောက်ပြန်ပုံကို ရှုတဲ့အခါ သူစိမ်းလူမမာတစ်ယောက်လို သဘောထားပြီး ကြည့်ပါလို့ ညွှန်ပြထားပါတယ်။ ကိုယ်နဲ့မသက်ဆိုင်သလို သဘောထားဖို့ ပြောတာပါ။
ကိုယ်က ပြင်ပလူတစ်ယောက်အနေနဲ့ကြည့်ပါ။ ဆွေမျိုးမတော်တဲ့ သူစိမ်းလူမမာကို ဆရာဝန်က စစ်ဆေးနေတဲ့သဘောမျိုးနဲ့ နာကျင်မှုရဲ့ ဖြစ်ပုံပျက်ပုံ အကြောင်းအကျိုးကို သိမြင်အောင် ကြည့်ရမှာ ဖြစ်ပါတယ်။
“ဒုတိယနည်းကတော့ ခွာရှုတဲ့နည်းပါပဲ။ နာကျင်ကိုက်ခဲမှုဒဏ်ကို မခံသာဘူးဆိုရင် အဲဒီနာကျင်မှုကို နှလုံးမသွင်းဘဲ ကိုယ်ရှုနေကျအာရုံကိုပဲ ရှုမှတ်နေရပါတယ်။ နှလုံးမသွင်းဘဲ ကိုယ်ရှုနေကျအာရုံကိုပဲ ရှုမှတ်နေရပါတယ်။ နှလုံးမသွင်းဘဲနေတာကိုပဲ ခွာရှုတယ်လို့ခေါ်ပါတယ်။ အဲဒီလိုခွာရှုလို့မှ မခံသာအောင် ဖြစ်လာပြီး ဘာဝနာအလုပ်ကို အနှောင့်အယှက်ဖြစ်လာရင်တော့ နေရာပြင်လိုက်ပါ”
“တစ်ချို့က နေရာပြင်လိုက်ရင် သမာဓိ မရနိုင်ဘူးလို့ ယူဆတာတွေရှိသလို နေရာမပြင်ဘဲ ပေပြီးရှုရင် အတ္တကိလမထ ဖြစ်တယ်လို့ ယူဆတာတွေလည်း ရှိပါတယ်။”
“နေရာပြင်ရင် သမာဓိမရဘူးဆိုတဲ့ အယူအဆက သမထအားထုတ်တဲ့ ယောဂီအတွက်တော့ မှန်ပါလိမ့်မယ်။ ဝိပဿနာယောဂီအတွက်တော့ မမှန်ပါဘူး။ ဝိပဿနာယောဂီဟာ သတိမလွတ်စေဘဲ နေရာပြင်လို့ရပါတယ်။ ဝိပဿနာယောဂီအတွက် အဓိကအချက်က ကိလေသာဖြစ်-မဖြစ်ကိုကြည့်ပြီး ဆုံးဖြတ်ရပါတယ်။”
“အဘိဓမ္မာ ဝိဘင်းအဋ္ဌကထာ၊ သီလက္ခန္ဓဝဂ္ဂဋ္ဌကထာ၊ မူလပဏ္ဏာသဋ္ဌကထာ၊ မဟာဝဂ္ဂသံယုတ္တဋ္ဌကထာ စတဲ့ အဋ္ဌကထာများက တစ်ညီတစ်ညွတ်ထဲ မိန့်ဆိုထားတာကတော့ -
“ခြေလက်တို့ကို ကြာမြင့်စွာ ကွေးထားလျှင်သော်လည်းကောင်း၊ ဆန့်ထားလျှင်သော်လည်းကောင်း -
“ခဏတိုင်းခဏတိုင်း တစ်ချိန်ထက်တစ်ချိန် ဒုက္ခဝေဒနာတွေ ဖြစ်လာမယ်။
“တည်ကြည်မှုသမာဓိကို မရနိုင်၊
“မူလကမ္မဋ္ဌာန်းမှ လျှောကျမည်၊
“တရားထူးကို မရနိုင်” လို အပြစ်လေးချက် ပြထားပါတယ်။
“မခံသာလောက်အောင် နာကျင်မှုဖြစ်နေပါလျက် နေရာမပြင်ဘဲထားရင် ဒေါမနဿဖြစ်ပြီး အတ္တကိလမထနုရောဂအစွန်းကို ရောက်သွားမှာ သေချာပါတယ်။
“ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ လက်တွေ့လုပ်ငန်းပိုင်းနဲ့ပတ်သက်ပြီး ဟောတဲ့ဒေသနာတိုင်းမှာ ဒီလောဘစွန်း၊ ဒေါသစွန်းကို ပယ်ဖို့၊ မဖြစ်အောင် နှလုံးသွင်းဖို့ ထည့်သွင်းဟောကြားလေ့ရှိတာ တွေ့ရတယ်။
“ဓမ္မစကြာသုတ်မှာ အစွန်းနှစ်ပါးကို တိုက်ရိုက်ပြပြီး ဟောတယ်။ မာလုကျပုတ္တ၊ ဒါရုစီရိယတို့ကို ဟောတော့ နှလုံးမသွင်းမိအောင် ဟောတယ်။ မဟာသတိပဋ္ဌာနသုတ္တန်မှာတော့ “ဝိနေယျလောကေ အဘိဇ္ဈဒေါမနဿံ” လို့ အစွန်းလွတ်အောင်ရှောင်ဖို့၊ ပယ်ဖို့ညွှန်ပြပြီး ဟောပါတယ်။
“ဘာကြောင့် အဲဒီလို ဟောရသလဲဆိုတော့ ဝိပဿနာလုပ်ငန်း သဘာဝအရ ကိလေသာလုံးဝပါလို့ မရလို့ပါပဲ။”
ပျံ့လွင့်မှုဆိုတဲ့ ဥဒ္ဓစ္စ၊ ထိုင်းမှိုင်းခြင်းဆိုတဲ့ ထိနမိဒ္ဓကို အရဟတ္တမဂ်ဉာဏ်နဲ့ ပယ်သတ်နိုင်ပါတယ်။ ဒါကြောင့် ရဟန္တာမဖြစ်သေးတဲ့ ပုဂ္ဂိုလ်မှန်သမျှ တရားအားထုတ်ရင်း ထိုင်းမှိုင်းတာ၊ ပျံ့လွင့်တာတွေ ရှိတတ်ပါတယ်။ အဲဒီတရားတွေကို ရန်သူပဲ၊ အနှောက်အယှက်ပဲလို့ သဘောမထားဘဲနဲ့ ရှုစရာအာရုံတွေလို့ သဘောထားဖို့ လိုပါတယ်။ ရန်သူလို့သဘောထားရင်၊ အနှောက်အယှက်ပဲလို့ သဘောထားလိုက်ရင် တကယ်ပဲ နှောက်ယှက်ပါလိမ့်မယ်။ တကယ်လည်း ရန်ပြုပါလိမ့်မယ်။
“ဘာဖြစ်လို့လည်းဆိုတော့ နဂိုကထဲက မလိုလားတဲ့ သဘောထားကြီးက ကိုယ့်မှာ ရှိနှင့်နေလို့ပါပဲ။ ရှုစရာအာရုံတွေလို့ သဘောထားမယ်ဆိုရင်တော့ သူတို့ဖြစ်လာမှာလည်း မစိုးရိမ်ဘူး၊ ဖြစ်လာရင်လည်း ကြည်ကြည်သာသာ အလိုက်သင့်ကလေး သိနေလိုက်တာနဲ့ ငြိမ်းချမ်းတဲ့ စိတ်ကလေးက အနေအထားမပျက် ဆက်ပြီး ရှိနေပါလိမ့်မယ်။
မေတ္တာဖြင့်
Thein Naing Ohn (14.9.2021)
မှတ်ချက်။ ။ တစ်နေ့က Online ဝိပဿနာဆွေးနွေးပွဲတရားဝိုင်းလေးမှ ဓမ္မမိတ်ဆွေများ ကြုံတွေ့နေရသော အတွေ့အကြုံများကို ဆွေးနွေးဖလှယ်ကြရာမှာ တွေ့ကြုံနေရတဲ့ အခြေအနေလေးများကို သတိပြုမိပြီး အကြံပြုရေးသားအပ်ပါသည်။
Comentários