အဘိဓမ္မာနှင့်သုတ္တန်တရားတော်များ_Page 5
- Thein Naing Ohn
- Dec 15, 2021
- 2 min read
ဆွမ်းခံဝတ်နှင့်ပတ်သက်၍...
ခုတစ်လော ရဟန်းဖြစ်ပြီးနောက် မပျက်မကွက် ဖြည့်ကျင့်လာခဲ့တဲ့ ဆွမ်းခံဝတ်အကြောင်းလေး ရေးချင်နေခဲ့တယ်။
ညဉ့်ရော နံနက်၊ ဝတ်တက် ဝတ်ကပ်၊ ရွတ်ဖတ် ပွားများ၊ တရား ဘာ၀နာ၊ စဉ်လာ ပိဏ္ဍပါတ်၊ ဆွမ်းခံဝတ်နှင့်၊ ပရိယတ် ဓမ္မ၊ ပို့ချ သင် အံ၊ တဖန် အာစရိယ၊ စသည်ဝတ်တို့၊ မချွတ်စေရ၊ ဇွဲလုံ့လဖြင့်၊ သီလလည်း ဖြူ၊ ဓုတင်လည်း ဖြည့်၊ တရားပြည့်၊ မြတ်သည့် ရှင် ရဟန်း။
လို့
ဘဒ္ဒန္တမာနိတသိရီဘိဝံသ၊သူဋ္ဌေးတန်းကျောင်း၊မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ မန္တလေး ဆရာတော် ရေးဖွဲ့ထားတာလေး ရှိပါတယ်။
အဲဒီဆုံးမစာလေးနဲ့ညီအောင် ကြိးစားအားထုတ်နေပါတယ်။
တကယ်တော့ ဆွမ်းလောင်းတဲ့အခါ ဒီရဟန်းကို ရည်စူးလှူတာထက် သံဃာကို ရည်စူးလှူတတ်ဖို့လိုပါတယ်။
“သံဃာ”ကို”လှူဒါန်း”တာဟာ “အကျိုးကျေးဇူးများတယ်” ဆိုတာ အားလုံးအသိပင်ဖြစ်ပါတယ်။ နေ့စဉ် လှူဒါန်းနေသော “ပိဏ္ဍပါတ- ပိဏ်တပါတ်ဆွမ်း (နိစ္စဘတ်)”ဟာ “သာသနာအတွက် အကျိုးကျေးဇူးများတဲ့ ဆွမ်း” ဖြစ်သောကြောင့် “ဆွမ်းလောင်းလှူတဲ့ ဒကာ-ဒကာများ”လည်း “ဆွမ်း-အကျိုး ငါးပါး”-အပါအဝင် “ထူးမြတ်သော အကျိုးကျေးဇူးများ” ကို ရရှိပါတယ်။
ဆွမ်းလှူဒါန်းရကျိုး
အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားဗလကြီးမားခြင်း၊ ဉာဏ်ပညာကြီးမားခြင်း။
(အင်္ဂုတ္တရ်နိကာယ်၊ ပဥ္စကနိပါတ်၊ ဘောဇနသုတ်)
နေ့စဉ် အာစိဏ္ဏကံ အမြဲမပြတ် လှူဒါန်းနေတဲ့ ဆွမ်းဟာလည်း အမြတ်ဆုံးဖြစ်ပါတယ်။ ဒါကို ပိဏ္ဍပါတ (ပိဏ်တပါတ်) (သို့) နိစ္စဘတ် လို့ခေါ်ပါတယ်။ မြန်မာလိုပြန်ရင် “သပိတ်၌ခံရ၍ ရသောဆွမ်း” A Collection of alms. Food received in the alms-bowl of a Buddhist monk လို့ ဖွင့်ပါတယ်။ နေ့စဉ် နေ့တိုင်း လောင်းလှူတဲ့ အလှူကိုတော့ ပိဏ္ဍပါတ-ဒါန (သပိတ်ထဲသို့ ထည့်၍ ဆွမ်းလှူခြင်း) လို့ဆိုပါတယ်။
သာသနာတော်ကြီး အရှည်တည်တံ့အောင် ထမ်းဆောင်နေကြတဲ့ သံဃာတော်တွေ ဆိုတာ “အနုတ္တရံ ပုညခေတ္တံလောကဿ” လို့ဆိုတဲ့ သံဃာဂုဏ်နဲ့အညီ ပစ္စည်းလေးပါးရှင် ဒကာ,ဒကာမ အပေါင်းတို့၏ ကုသိုလ်ကောင်းမှုမျိုးစေ့တွေ စိုက်ပျိုး ကျဲချရာ လယ်ယာမြေကောင်းသဖွယ်လည်းဖြစ်လို့
ဒကာ၊ဒကာမတွေအတွက် လက်ရှိဘဝကောင်းကျိုး ၊သံသရာဘဝတွေ ကောင်းကျိုးအတွက်ပါ အကျိုးများ စေပါတယ်။ ဒါ့အပြင် ဒီလိုအလှူဒါနမျိုးဆိုတာ ပုဂ္ဂိုလ်စွဲ လည်းကင်းလို့ သံဃိကအလှူ ဖြစ်ပြန်တယ်။
ဒက္ခိဏ ဝိဘင်္ဂသုတ်တော်လာ ဖွင့်ဆိုချက်အရ သံဃိကအလှူ သည် ပုဂ္ဂလိကအလှူထက် မြတ်သည်။သံဃိကလှူ-လျှင် အလှူခံပုဂ္ဂိုလ်၏ သီလ,သမာဓိ,ပညာကို စိစစ်စရာမလိုချေ။ ”သံဃောဟိ ဒုဿီလော နာမနတ္ထိ”ဟုအဆိုရှိသည့်အတိုင်း သံဃာဆိုလျှင် ဒုဿီလမရှိ၊အမြတ်ဆုံး အလှူခံပုဂ္ဂိုလ်သာ ဖြစ်ပါတယ်။
အလှူရှင်ဘက်ကလည်းစေတနာသုံးတန်ပြည့်စုံ၍ လှူဖွယ်ပစ္စည်းတို့သည်လည်း ဓမ္မိယလဒ္ဓ စင်ကြယ်သောပစ္စည်းများ ဖြစ်မယ်၊နိဗ္ဗာန်ကို ရည်မှန်း၍ လှူဒါန်းခဲဲ့မယ် ဆိုပါကလည်း ဒါနပါရမီ အလှူမြောက်မှာ ဖြစ်လို့ ပြီးပြည့်စုံသော အလှူဒါနတစ်ခုလည်း ဖြစ်သွားနိုင်ပါ တယ်။
ပုဂ္ဂိုလ်တပါးချင်းကို ရဟန်း ဟုခေါ်၍ လေးပါးနှင့် လေးပါးမှ အထက်ကို သံဃာ-ဟု ခေါ်ပါသည်။ သံဃာဟူရာ၌ မှတ်သားရန်မှာ သံဃာဟုဆိုလျှင် ရဟန်းတော်တို့၏ အစုအဖွဲ့ အပေါင်းအစည်းဟု မှတ်သား၍ မြတ်စွာဘုရားလက်ထက်က အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်၊ အရှင်မဟာကဿပမှစ၍ သာသနာ တလျှောက်လုံးနှင့် ယခုမျက်မြင်ထင်ရှားရှိသော ရဟန်းသာမဏေများအထိ မြင်ရန်လိုအပ်ပါသည်။
ထိုသို့မြင်ထားမှသာလျှင် သံဃာတော်ဟုဆို၍ လှူဒါန်းရာ၌ ရဟန်းသာမဏေတပါးကို ဆွမ်းလောင်းရာ၌ဖြစ်စေ၊ သံဃဿ ဒေမ-ဟု ဆို၍ လှူလျှင် သံဃာတော်အားလုံးကို လှူရာရောက်ပါသည်။ ယင်းသို့ သံဃာတော် အားလုံးကို အာရုံပြု၍ လှူရာ၌ ဒုဿီလ၊ အလဇ္ဇီ-ဟူ၍ မရှိတော့ပါ၊ ထို့ကြောင့် ဗုဒ္ဓဘာသာတိုင်း သံဃာတော်အား လှူဒါန်းပူဇော်တတ်ရန်နှင့် ရဟန်းနှင့်သံဃာကို ကွဲပြားရန် အထူးပင် အရေးကြီးပေသည်။
"သံဃာတော်"တို့အနေဖြင့်လည်း
"အလှူရှင် ဆွမ်းဒကာ, ဆွမ်းဒကာမများ" ထဲမှ တတ်စွမ်းသမျှ လှူဒါန်း-တဲ့ "ဆွမ်း၊ ဆွမ်းဟင်း" ကိုသာ အလှူခံကြပြီး၊ ဆွမ်း ကောင်းတာ, မကောင်းတာ၊ ဆွမ်းဟင်း ကောင်းတာ, မကောင်းတာဟု တစ်ခွန်းမှ မပြောကြ။ လောင်းသမျှနှင့်သာ တင်းတိမ် ရောင့်ရဲ ကြတာပါ။ "တင်းတိမ် ရောင့်ရဲ တဲ့တရား" ကိန်းနေပြီဆိုရင် "လိုချင်တပ်မက်မှု "လောဘ"အား "တဒင်္ဂ"အနေဖြင့် ကင်း နေပါတော့တယ်။
ဆွမ်းခံခြင်း အမှုပြုတော့မည့် အချိန်၊
- ပြုနေဆဲအချိန်၊
-ပြု ပြီးသည့်အချိန် -များမှာ
"ဆွမ်းအလှူရှင်များ"အား "မေတ္တာပို့သ"ကြရပါတယ်။
"မေတ္တာဓာတ်ကိန်းနေမည်"-ဆိုပါရင် "မေတ္တာ"နှင့်ဆန့်ကျင်ဘက် "ဒေါသ ကိလေသာ"လည်း "တဒင်္ဂ"မှာ ကင်း နေမှာဖြစ်ပါတယ်။
"ဆွမ်းခံကြွသူ အရှင်မြတ်များ"မှာ - "သတိ"ဖြင့် သွားလာနေကြရတာဖြစ်လို့ "သတိ"၏ ဆန့်ကျင်ဘက် "မောဟ တရား"လည်း "တဒင်္ဂ"ကင်း နေမည်သာ။
"ဆွမ်းခံခြင်း ကျင့်ဝတ်"ဟာ, "မာန်မာနတရားများ"ကို ချိုးနှိမ်ပြီးမှ ကြွရသဖြင့် "မာန တရား" လည်း "တဒင်္ဂ"ကင်း နေမည်သာ၊ "ဆွမ်းခံကျင့်ဝတ်"ဖြင့် ကျင့်သုံးပြီး "ဆွမ်းခံထွက်တော်မူကြသော သံဃာတော် အရှင် အမြတ်များ"အား--ဖူးတွေ့ရခြင်း၊ -လှူဒါန်းရခြင်းများ ဟာ "ဒကာ, ဒကာမများ"အဖို့ -ကြည်နူးစရာ -ဝမ်းမြောက်စရာ၊ -ကုသိုလ်ဖြစ်စရာ-လို့ "အမြင်မှန်" သောကြောင့် "မိစ္ဆာဒိဋ္ဌိ" (မှားယွင်းသော အမြင်) လည်း "တဒင်္ဂ"ကင်း နေမည်သာ...
နောက်တစ်ချက်,
"ဆွမ်းခံခြင်း"အမှုဟာ "တစ်ပါးသူ" ထံမှာ -ခိုးယူ -လုယက် -ခြိမ်းခြောက်ပြီး ရယူခြင်းမျိုး"-မဟုတ်ပဲ,
-"မေတ္တာတရား ပြည့်ဝသည့် စိတ်"၊ -"မာန ကင်းရှင်းနေတဲ့ စိတ်"၊ -"လောဘ ကင်းရှင်းနေတဲ့ စိတ်ထား"နဲ့ "အလှူခံခြင်း" ဖြစ်လို့"ရရှိလာတဲ့ ဆွမ်း" ဟာလည်း "ဖြူစင်သော အသက်မွေးမှု" ဖြစ်သဖြင့်
"မဖြူမစင် နှင့်ရအပ်သော ဆွမ်းမဟုတ်"-ဟု "နှလုံးသွင်း"လိုက်သည်နှင့် "သံသယ ဝိစိကိစ္ဆာ"၊ -"ကုသိုလ်အမှု"ဖြစ်တာကြောင့် "ရှက်စရာ၊ ကြောက်စရာ"လည်းမလိုသည့် အတွက် "အဟိရိက၊ အနောတ္တပ္ပ"-စသည့် "ကိလေသာတရား"-များ"တဒင်္ဂ"တော့ ကင်းရှင်း နေမည်သာ၊
ထို့ကြောင့်,
"ပိဏ်တပါတ်ဆွမ်း"ဟာ "လောင်းလှူနေသူ" ဒကာ/ဒကာမများ အဖို့ အကျိုးကျေးဇူးများတယ်"-လို့ ဆိုရမည်ဖြစ်ပါတယ်။
အဲဒီ ဆွမ်းခံဝတ်နဲ့ပတ်သက်ပြီး မြတ်စွာဘုရားရှင်က ခမည်းတော် သုဒ္ဓေါဒနမင်းကြီးအားဟောကြားတော် မူခဲ့ပုံလေးကိုလည်း ဖော်ပြပေးလိုပါသေးတယ်။
မြတ်စွာဘုရားသည် နံနက်မိုးသောက်ကာလ၌ နှစ်သောင်းသော ရဟန္တာကို ခြံရံလျက် ကပိလဝတ်ပြည်သို့ ဆွမ်းခံသော ဝင်တော်မူလေသည်.. တစ်စုံတယောက်သမျှ ဖိတ်သည်မရှိ သပိတ်လှမ်းယူသူလည်းမရှိ။
မြတ်စွာဘုရားသည် တံခါးခုံတွင် ရပ်တော်မူ၍ ရှေးရှေးသော ဘုရားရှင်တို့သည် ချက်ကြွေရာဌာနဖြစ်သော ပြည်တော်ဘောင်ဆွမ်းခံကြွကုန်သလော။ ရွှေနန်းတော်သို့ ဆွမ်းဘုန်းပေးကြကုန်သလော။ ထိုသို့ မဟုတ် အိမ်စဉ်အတိုင်း ဆွမ်းခံတော်မူကြကုန်သလော။ ကြည့်ရှုသောအခါ နောင်တော် ရှေးဘုရားရှင်တို့သည် တစ်ဆူဆူမျှ အစဉ်မဟုတ်ဘဲ ရွှေနန်းတော်ကြွသည်ကို မမြင်၍ ငါသည်လည်း ယခု နောင်တော်ဘုရားတို့၏ အနွယ်အစဉ်ကို ချီးမြှင့်အပ်ပေအံ့။
နောင်အခါ ငါ၏ တပည့်သားတော်ရဟန်းတို့သည်လည်း ငါသို့သာလျှင် လိုက်၍ ကျင့်လျက် အစွန်းအိမ်မှစ၍ အစဉ်အတိုင်း ဆွမ်းခံတော်မူလေ၏။
ခမည်းတော် သုဒ္ဓေါဒနမင်းကြီး သိလေသောအခါ -
သုဒ္ဓေါဒနမင်းကြီးသည်လည်း ထိတ်လန့်သောနှလုံးရှိသည်ဖြစ်၍ ပုဆိုးစကို လက်ဖြင့်မကိုင် အဆောတလျင် နန်းတော်ကထွက်၍ လျင်စွာသွားလေသည်။
မြတ်စွာဘုရားသည် ခရီးလမ်းမ၏ အလယ်၌ ရပ်တော်မူလျက် ခမည်းတော်သုဒ္ဓေါဒနမင်းကြီး တရားဟောလေသည်။
ဥတ္တိဌေ နပ္ပမဇ္ဇေယျ၊ ဓမ္မံ သုစရိတံ စရေ။
ဓမ္မစာရီ သုခံ သေတိ၊ အသ္မိံ လောကေ ပရမှိ စ။
မြတ်သောမင်းကြီး ဆွမ်းခံဝတ်၌ မမေ့မလျော့ရာ
ကောင်းစွာကျင့်အပ်သော တရားနှင့်လျော်သော ဆွမ်းခံသွားရာ၏။
တရားနှင့်လျော်စွာ ဆွမ်းခံသွားလေ့ရှိသောသူသည်
ဤပစ္စုပ္ပန်လောက၌၎င်း တမလွန်လောက၌၎င်း ချမ်းသာစွာနေရ၏။
ဂါထာ၏ အနက်ဆုံး သုဒ္ဓေါဒနမင်းကြီးသည် သောတာပန် အဖြစ်သို့ရောက်လေ၏။
ထိုမှတဖန် နန်းတော်သို့ရောက်သောအခါ
ဓမ္မံ့ စရေ သုစရိတံ၊ န နံ ဒုစ္စရိတံ စရေ။
ဓမ္မစာရီ သုခံ သေတိ၊ အသသ္မိံလောကေ ပရမှိစ။
ခမည်းတော်မင်းကြီး ကောင်းစွာသွားအပ်သော တရားနှင့်လျော်သော ဆွမ်းခံခြင်းကို သွားရာ၏။
မကောင်းသောဆွမ်းခံသွားခြင်းရှိသော ထိုတရားနှင့်လျော်သော ဆွမ်းခံသွားခြင်းကို မသွားရာ။
တရားသဖြင့် ဆွမ်းခံသွားသောသူသည် ဤပစ္စုပ္ပန်လောက၌၎င်း။ တမလွန်လောက၌၎င်း ချမ်းသာစွာ နေရ၏။
ဒုတိယ ဂါထာ၏ အနက်ဆုံးမှာ သုဒ္ဓေါဒနမင်းကြီးသည် သကဒါဂါမ် အဖြစ်သို့ရောက်လေသည်။။။။
အားလုံး ကျန်းမာ ချမ်းသာ ဘေးရန်ကွာ၍ ကောင်းကျိုး လိုရာဆန္ဒများ ပြည့်စုံကြပါစေ သံသရာ ဝဋ်ဆင်းရဲမှ လွတ်မြောက်ကြပါစေ။
Ashin Sundara(11.12.2021)

Comments