7 days ago
7 days ago
Sep 8
Sep 8
Sep 7
ဗုဒ္ဓဝစနဟူသည်…..
၁။ ဗုဒ္ဓဝစနသည် ဝိမုတ္တိရသအားဖြင့် တပါးသာရှိ၍ ဓမ္မဝိနယအားဖြင့် နှစ်ပါး၊ ဝစနအားဖြင့် သုံးပါး၊ ပိဋကအားဖြင့် သုံးပုံ၊ နိကာယ်အားဖြင့် ငါးရပ်၊ အင်္ဂါအားဖြင့် ကိုးတန်၊ ဓမ္မက္ခခန္ဓာအားဖြင့် ရှစ်သောင်း လေးထောင် ရှိပါသည်။
ဝိနယပိဋက၊ သုတ္တန်ပိဋက၊ အဘိဓမ္မာပိဋက ဟူ၍ ပိဋကအားဖြင့် သုံးပုံရှိ၏။ ထိုတွင် သုတ္တန်ပိဋက၌ သုတ္တသဒ္ဒါသည် အကျိုးစီးပွားကို ပြခြင်း၊ ကောင်းစွာ ဟောကြားထားခြင်း၊ အကျိုးစီးပွားကို ဖြစ်ထွန်း စေခြင်း၊ အကျိုးကျေးဇူးအထူးကို ပေးတတ်ခြင်း၊ စောင့်ရှောက်တတ်ခြင်း၊ လက်သမားတို့၏ တမျဉ်းကြိုး၊ ပန်းသည်တို့၏ ပန်းသီကြိုးနှင့် တူခြင်းဟူသော အနက် အဓိပ္ပါယ်ရှိ၏။ သုတ္တ နှင့် သုတ္တန္တဟူ၍ နှစ်မျိုးရှိရာတွင် အနက်အထူးမရှိ။
ဒီဃနိကာယ်၊ မဇ္ဈိမနိကာယ်၊ သံယုတ္တနိကာယ်၊ အင်္ဂုတ္တရနိကာယ်၊ ခုဒ္ဒကနိကာယ်ဟူ၍ နိကာယ်ငါးရပ် ရှိ၏။
ထိုတွင် ရှည်လျားသောသုတ်တို့၏ အစုအဝေးသည် ဒီဃနိကာယ်မည်၏။ သီလက္ခန္ဓာဝဂ်၊ မဟာဝဂ်၊ ပါထိကဝဂ်ဟူ၍ သုံးဝဂ်ရှိ၏။ ထိုသုံးဝဂ်ကိုပင် သုတ်သုံးကျမ်းဟုလည်း ခေါ်၏။ သီလက္ခန္ဓာဝဂ်၌ ၁၃ သုတ်၊ မဟာဝဂ်၌ ၁၀ သုတ်, ပါထိက ဝဂ်၌ ၁၁ သုတ်အားဖြင့် ဒီဃနိကာယ၌ သုတ်ပေါင်း ၃၄ သုတ် ရှိ၏။
မတိုမရှည် အလယ်အလတ်ဖြစ်သော သုတ်တို့၏ အစုအဝေးသည် မဇ္ဈိမနိကာယ်မည်၏။ မဇ္ဈိမနိကာယ်၌ မူလပဏ္ဏာသ၊ ဥပရိပဏ္ဏာသ ဟူ၍ ပဏ္ဏာသသုံးကျမ်းရှိ၏။ ပဏ္ဏာသတစ်ခုစီ၌ သုတ်ငါးဆယ်စီရှိ၍ ဥပရိပဏ္ဏာသ၌မူ ၅၂ သုတ်ရှိသောကြောင့် မဇ္ဈိမနိကာယ်၌ သုတ်ပေါင်း ၁၅၂ သုတ်ရှိ၏။
အကြောင်းအရာအားဖြင့်ဖြစ်စေ၊ တရားဟောပုဂ္ဂိုလ်အားဖြင့်ဖြစ်စေ၊ တရားနာပုဂ္ဂိုလ်အားဖြင့်ဖြစ်စေ တူညီသောသုတ်တို့၏ အစုအဝေးသည် သံယုတ္တနိကာယ်မည်၏။ သံယုတ္တနိကာယ်၌ သဂါထာဝဂ်၊ နိဒါနဝဂ်၊ ခန္ဓဝဂ်၊ သဠာယတနဝဂ်၊ မဟာဝဂ်ဟူ၍ ငါးဝဂ်ရှိ၏။ ထိုငါးဝဂ်ကိုပင် သံယုတ်ငါးကျမ်းဟု ခေါ်၏။ သဂါထာဝဂ်၌ သံယုတ် ၁၁ ခု၊ နိဒါနဝဂ်၌ သံယုတ် ၁၀ ခု၊ ခန္ဓဝဂ်၌ သံယုတ် ၁၃ ခု၊ သဠာယတနဝဂ်၌ ၁၀ ခု၊ မဟာဝဂ်၌ သံယုတ် ၁၂ ခု ရှိသောကြောင့် သံယုတ်ပေါင်း ၅၆ ရှိ၏။ သုတ်ပေါင်း ၂၈၅၄ သုတ် ရှိ၏။
အရေအတွက်အားဖြင့် တူညီသောသုတ်တို့၏ အစုအဝေးသည် အင်္ဂုတ္တရနိကာယ်မည်၏။ အင်္ဂုတ္တရနိကာယ်၌ ဧကကနိပါတ်၊ ဒုကနိပါတ်၊ တိကနိပါတ်၊ စတုက္ကနိပါတ်၊ ပဉ္စကနိပါတ်၊ ဆက္ကနိပါတ်၊ သတ္တကနိပါတ်၊ အဋ္ဌကနိပါတ်၊ နဝကနိပါတ်၊ ဒသကနိပါတ်၊ ဧကာဒသကနိပါတ်ဟူ၍ နိပါတ် ၁၁ ခု ရှိ၏။ ထိုနိပါတ် ၁၁ ခုကိုပင် အင်္ဂုတ္တိုရ်ဆယ့်တကျမ်းဟု ခေါ်၏။ သုတ်ပေါင်း ၇၂၃၁ သုတ်ရှိ၏။
သေးငယ်သောကျမ်းတို့၏ အစုအဝေးသည် ခုဒ္ဒကနိကာယ်မည်၏။ သုတ္တန်ပိဋကခုဒ္ဒကနိကာယ်၌ ခုဒ္ဒကပါဌ၊ ဓမ္မပဒ၊ ဥဒါန၊ ဣတိဝုတ္တက၊ သုတ္တနိပါတ်၊ ဝိမာနဝတ္ထု၊ ပေတဝတ္ထု၊ ထေရဂါထာ၊ ထေရီဂါထာ၊ အပဒါန၊ ဗုဒ္ဓဝံသစရိယာပိဋက၊ ဇာတက၊ နိဒ္ဒေသ ဟူ၍ ၁၅ ကျမ်းရှိ၏။
ဝိနည်းငါးကျမ်းနှင့်အဘိဓမ္မာခုနှစ်ကျမ်းတို့သည်လည်း ခုဒ္ဒကနိကာယ်၌ အကျုံးဝင်၏။
ဆက်ရန်
Ashin Sundara (26.12.2024)
++++++++++++++
သုတ္တန္တပိဋက ဟူသည် ….
ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့သော ဗုဒ္ဓဝစနတို့ကို ဗုဒ္ဓစာပေတို့၌ ဓမ္မဝိနယဟူ၍ မကြာခဏ သုံးလေ့ ရှိသည်။ ဝိနယဟူသော ဝိနည်း သိက္ခာပုဒ်တို့မှာ သံဃဥပဒေများဖြစ်၍ ဝိနယပိဋကအတွင်း တစုတရုံးတည်း ပါဝင်သည်။ ထို့ကြောင့် ဝိနယမှတစ်ပါးသော ဗုဒ္ဓဝစနတို့ကို ဓမ္မဟူ၍ မှတ်ယူဖွယ် ရှိသည်။
ဤသို့ ဓမ္မသဘောသက်ဝင်သော အဆုံးအမ အဆိုအမိန့်တို့ကို စုစည်းလျက် သီးခြားစာပေ တစ်ရပ် အနေဖြင့် ဖွဲ့ထားသောအစုကို သုတ္တန္တပိဋကဟု အမည်ပေးထားသည်။ ဤသို့ဖြင့် ဝိနယပိဋကသည် သံဃဥပဒေအပေါင်း၏ လက်စွဲကျမ်းဖြစ်သကဲ့သို့ သုတ္တန္တပိဋကသည် ဗုဒ္ဓမြတ်စွာ၏ ဓမ္မတို့ကို သိုမှီးရာ ဘဏ္ဍာတိုက်သဖွယ် ဖြစ်နေပေသည်။
သုတ္တ=သုတ္တန္တဟူသော ပါဠိဝေါဟာရသည် ဤနေရာ၌ ဟောကြားချက်ဟူသော အနက်အဓိပ္ပါယ်ကို ဆောင်သည်။
ဗာရာဏသီပြည် မိဂဒါဝုန်တော၌ ရှေးဦးစွာ ဟောကြားအပ်သော ဓမ္မစကြာတရားတော်မှစ၍ ပရိနိဗ္ဗာန်စံခါနီး နောက်ဆုံးမိန့်ကြားချက်များအထိ ဗုဒ္ဓမြတ်စွာ၏ ၄၅ နှစ်တာ သာသနာပြုသက်တမ်း အတွင်း အခါအားလျှော်စွာ ဟောကြားဆုံးမခဲ့သည့် ဒေသနာအစားစားတို့ကိုပင် သုတ္တသုတ် တရားစုဟု တင်စားခေါ်ထားသည်။
ဗုဒ္ဓမြတ်စွာသည် ဘုရားဖြစ်တော်မူပြီးနောက် သတ္တဝါအပေါင်း၏ မျက်မှောက်ဆင်းရဲကိုလည်း မြင်သည်။ သံသရာဆင်းရဲကိုလည်း မြင်သည်။ ထိုဆင်းရဲတို့မှ လွတ်မြောက်နိုင်သော အကျင့်ကိုလည်း မြင်သည်။ မိမိနည်းတူ သတ္တဝါအားလုံးတို့ကိုလည်း မြင်စေချင်သည်။
ထို့ကြောင့် မိမိကိုယ်တိုင် ထိုးထွင်းသိအပ်ပြီးသော ဓမ္မတို့ကို သတ္တဝါအများတို့ အဓွန့်ရှည်စွာ ချမ်းသာခြင်းအလို့ငှာ ကောင်းမြတ်သော အကျိုးရခြင်းအလို့ငှာ စီးပွားရခြင်းအလို့ငှာ ၄၅ နှစ်ပတ်လုံး ကြိုးပမ်းလမ်းပြခဲ့သည်။
ဤသို့ဖြင့် သုတ်တရားအစု၏ ရည်ရွယ်ချက်မှာ သတ္တဝါအပေါင်းတို့ နိဗ္ဗာန်ချမ်းသာ မျက်မှောက်ပြုရေးကို ဦးတည်သည်။
ထိုသို့ဟောကြားရာ၌ တရားနာပုဂ္ဂိုလ် အမျိုးအစားကို လိုက်၍လည်းကောင်း၊ အသိဉာဏ် အနုအရင့် ကို လိုက်၍လည်းကောင်း ဓမ္မတစ်မျိုးတစားကိုပင် ချဲ့၍ ဟောကြားသည်လည်း ရှိသည်။ ချုံ့၍ ဟောကြားသည်လည်းရှိသည်။ သရုပ်အတိုင်း ဟောကြားသည်လည်းရှိသည်။ အသိုင်းအဝိုင်း ဖွဲ့၍ ဟောကြားသည်လည်း ရှိသည်။
ထို့ကြောင့် သုတ္တန္တပိဋကသည် ဝိနယပိဋကထက် အကြောင်းအရာအားဖြင့်လည်း ပိုမိုကျယ်ဝန်းသည်။ အတိုင်းအတာအားဖြင့်လည်း ပိုမို များပြားသည်။ အဖွဲ့အနွဲ့အားဖြင့်လည်း ပိုမို ဆန်းပြားသည်။
သုတ္တပိဋကကို ထေရဝါဒစာပေတို့၌ နိကာယ=နိကာယ်အားဖြင့် ငါးစုဖွဲ့၍ ဖော်ပြထားသည်။ နိကာယ=နိကာယ်ဟူသည် အစုအပေါင်းဟူသော အဓိပ္ပါယ်ရှိသည်။ ယင်းတို့မှာ ….
၁။ ဒီဃနိကာယ်
၂။ မဇ္ဈိမနိကာယ်
၃။ သံယုတ္တနိကာယ်
၄။ အင်္ဂုတ္တရနိကာယ်
၅။ ခုဒ္ဒကနိကာယ်တို့ ဖြစ်သည်။
Ashin Sundara (27.12.2024)
+++++++++++++++++++++++
ဒီဃနိကာယ်
ဒီဃဟူသောဝေါဟာရသည် ရှည်လျားသောဟု အဓိပ္ပါယ်ရသည်။ သုတ္တန္တပိဋက၌ ပါဝင်သည့် ရှည်လျားသောသုတ်တို့ကို ပေါင်းစည်းထားသည့်အစုကို ဒီဃနိကာယ်ဟု အမည်တပ်၍ သုတ္တန္တပိဋက၏ ပထမဦးဆုံးအစုအဖြစ် ဖော်ပြထားသည်။
ဤနိကာယ်၌ ဒီဃဟူသော ဝိသေသနနှင့် လိုက်လျောသော သုတ်ရှည်ပေါင်း ၃၄ သုတ် ပါဝင်သည်။ ဤသုတ်တို့ကိုပင် အကြောင်းအရာကိုလိုက်၍လည်းကောင်း အရွယ်အစားကိုလိုက်၍လည်းကောင်း အောက်ပါအတိုင်း ဝဂ်ခေါ်အစုငယ်သုံးခု ထပ်မံခွဲထားပြန်သည်။
၁။ သီလက္ခန္ဓဝဂ္ဂ
၂။ မဟာဝဂ္ဂ
၃။ ပါထိကဝဂ္ဂ တို့ဖြစ်သည်။
၁။ သီလက္ခန္ဓဝဂ္ဂ
သီလက္ခန္ဓဝဂ္ဂကို သီလက္ခန္ဓဝဂ် သို့မဟုတ် သီလက္ခန်ဟု ခေါ်လေ့ရှိသည်။ သုတ်အရေအတွက် ၁၃ သုတ်ပါဝင်၍ သုတ္တန္တပိဋကတ်၏ အစဦးဖြစ်သည်။ ပါဝင်သောသုတ်တို့၏ ပဓာနအကြောင်းအရာမှာ သီလပင်ဖြစ်၍ ဤဝဂ်တစ်ခုလုံးကို သီလက္ခန္ဓဝဂ်ဟု ခေါ်တွင်သည်။
သီလ, သမာဓိ, ပညာဟူသည့် သိက္ခာသုံးပါးတို့အကြောင်းကို အခြင်းအရာနှင့်တကွ ပြည့်စုံစွာ ဟောကြားသည်။ မိမိဆုံးမအပ်သော သီလတို့ကို အခြားသော ဘာသာရေးဂိုဏ်းတို့၏ သီလတို့နှင့် နှိုင်းယှဉ် စံထိုးပြသည်။
ဤသို့ဖြင့် သီလတရားနှင့် ဆက်စပ်နေသော အခြားဓမ္မ သဘောတရား အသီးသီးတို့သည်လည်း ရောယှက်ပါဝင်လာသည်။ ခေတ်အလိုက် ထင်ရှားသော လူမှုရေးအတွေးအခေါ်များ၊ ဘာသာရေး ကျင့်စဉ်များ၊ ယဉ်ကျေးမှုဆိုင်ရာ အချက်အလက်များလည်း ပါဝင်လာသည်။ ဗုဒ္ဓဝါဒကိုသာမက ခေတ်ပြိုင်ဝါဒ အသီးသီးကိုလည်း ထွန်းပြထားသည်။ တိတ္ထိယခေါ်သော အခြားဂိုဏ်းသားတို့၏ အယူဝါဒ ၆၂ ပါးကိုလည်း တွေ့ရသည်။
ဗုဒ္ဓခေတ်တွင် ဂင်္ဂါမြစ်ဝှမ်းတစ်ဝိုက်၌ ထွန်းကားခဲ့သော ဘာသာရေး အယူအဆများ ပါဝင်သည်။ ဗုဒ္ဓနှင့်ခေတ်ပြိုင် ဂိုဏ်းဆရာကြီးခြောက်ဦးတို့၏ အမည်နာမများ အယူဝါဒများကိုလည်း တွေ့ရသည်။ လူတန်းစားအသီးသီး၏ အသက်မွေးဝမ်းကျောင်း အမျိုးမျိုးကိုလည်း တွေ့ရသည်။ ယဉ်ကျေးမှုဆိုင်ရာ လူမှုရေးဆိုင်ရာ ဘာသာရေးဆိုင်ရာ ခံယူချက် အသီးသီးကိုလည်း တွေ့ရသည်။
ဗုဒ္ဓဝါဒ၏ အခြေခံကျင့်စဉ်များဖြစ်သော သီလ, သမာဓိ, ပညာ သိက္ခာသုံးပါးတို့ကို ရှုထောင့် အထွေထွေမှ ဝေဖန်ဆန်းစစ်ထားသည်။
လူတန်းစားခွဲခြားရေးဝါဒ၏ ယုတ္တိကင်းမဲ့ပုံနှင့် အနှစ်သာရကင်းမဲ့ပုံကိုလည်း ဖော်ပြထားသည်။ ယဇ်ပူဇော်ပွဲများ ကျင်းပခြင်း၏ အနှစ်မဲ့သော သဘောကိုလည်း ဆန်းစစ်ပြထားသသည်။ ယဇ်ပူဇော်ရန် သတ်ဖြတ်ရသော အကုသိုလ်အမှု၏ ကြီးလေးမှုကို ပြထားသည်။ ကိုယ်ခန္ဓာကို ညှည်းပန်းနှိပ်စက်၍ ကျင့်နိုင်မှ သံသရာမှ လွတ်မြောက်နိုင်သည်ဟူသော အယူကိုလည်း ရှုတ်ချ ထားသည်။ အာဇီဝက ပရိဗ္ဗာဇကစသော ဂိုဏ်းကွဲသမားတို့၏ မှားယွင်းသော အလေ့အထများကို ဝေဖန်ထားသည်။
ထို့အပြင် ဗုဒ္ဓဝါဒ၏ ပဓာနကျသော ဝိဇ္ဇာသုံးပါး၊ သစ္စာလေးပါး၊ နိဗ္ဗာန်အမြင်တည်းဟူသော သဘာဝဓမ္မတို့နှင့် ကိုယ်အကျင့်၊ နှုတ်အကျင့် စိတ်အကျင့်တို့ကိုလည်း စုံစေ့အောင် ဖော်ပြထားသည်။
သီလက္ခန္ဓဝဂ်၌ ပါဝင်သောသုတ်တို့မှာ - ၁။ ဗြဟ္မဇာလသုတ် ၂။ သာမညဖလသုတ်
၃။ အမ္ဗဋ္ဌသုတ် ၄။ သောဏဒန္တသုတ် ၅။ ကူဋဒန္တသုတ် ၆။ မဟာလိသုတ် ၇။ ဇာလိယသုတ်
၈။ မဟာသီဟနာဒသုတ် ၉။ ပေါဋ္ဌပါဒသုတ် ၁၀။ သုဘသုတ် ၁၁။ ကေဝဋ္ဋသုတ်
၁၂။ လောဟိစ္စသုတ် ၁၃။ တေဝိဇ္ဇာသုတ် - တို့ဖြစ်သည်။
သီလက္ခန္ဓဝဂ်၏ ပထမဆုံးသုတ်မှာ #ဗြဟ္မဇာလသုတ်ဖြစ်ပြီး မိစ္ဆာဒိဋ္ဌိ ၆၂ ပါးကို ဖြန့်ကျက်ဟောကြားထားသော သုတ်ဖြစ်သည်။ စူဠသီလ၊ မဇ္ဈိမသီလ၊ မဟာသီလဟူ၍ သီလသုံးမျိုးကို ခွဲခြားပြသည်။
ဒုတိယမြောက်ဖြစ်သော #သာမညဖလသုတ်သည် ရဟန်းပြုရခြင်း၏ မျက်မှောက်အကျိုးတရား များကို ဟောကြားခြင်းဖြစ်သည်။ ဗုဒ္ဓမြတ်စွာနှင့် ခေတ်ပြိုင်တိတ္ထိဆရာကြီးခြောက်ဦး၏ အယူဝါဒများကိုလည်း သိရမည်။
တတိယမြောက်ဖြစ်သော #အမ္ဗဋ္ဌသုတ်သည် အမျိုးမာန်ကြီးသော အမ္ဗဋ္ဌလုလင်အား ပုဏ္ဏားမျိုးထက် မင်းမျိုးက မြတ်ကြောင်း ဟောကြားသောသုတ်ဖြစ်သည်။
စတုတ္ထဖြစ်သော #သောဏဒန္တသုတ်သည် သီလနှင့်ပညာသည်သာ အမြတ်ဆုံးဖြစ်၍ သီလနှင့်ပညာ သည် အပြန်အလှန် ကျေးဇူးပြုနေကြောင်း ဟောကြားသောသုတ်ဖြစ်သည်။
ပဉ္စမဖြစ်သော #ကူဋဒန္တသုတ်သည် ကူဋဒန္တပုဏ္ဏားအား အမြတ်ဆုံးသော ယဇ်ပူဇော်ခြင်းကို ဟောကြားသော သုတ်ဖြစ်သည်။ အားထုတ် လုပ်ဆောင်ဖွယ်နည်းသော်လည်း အကျိုးများသည့် ကုသိုလ်လုပ်ငန်းများကို တွေ့ရမည်။
ဆဋ္ဌမဖြစ်သော #မဟာလိသုတ်သည် လိစ္ဆဝီမင်းသား မဟာလိအား သမာဓိထက် သာလွန်သော တရားများ ရှိသေးကြောင်း ဟောကြားသော သုတ် ဖြစ်သည်။
သတ္တမဖြစ်သော #ဇာလိယသုတ်သည် အသက်ဇီဝဟူသော အတ္တနှင့်သရီရခန္ဓာကိုယ်တို့ အတူပင်လော တခြားစီလောဟူသော ပြဿနာကို ဖြေကြားခြင်း ဖြစ်သည်။
အဋ္ဌမဖြစ်သော #မဟာသီဟနာဒသုတ်သည် ခြိုးခြံခေါင်းပါးသော အကျင့်နှင့်ပတ်သက်၍ ခြင်္သေ့မင်းကဲ့သို့ ရဲရင်သောစကားကို မြွက်ကြားတော်မူသော သုတ်ဖြစ်သည်။
နဝမဖြစ်သော #ပေါဋ္ဌပါဒသုတ်သည် ပေါဋ္ဌပါဒပရိဗိုဇ်၏ မေးလျှောက်ချက်အရ သညာနှင့် ပတ်သက်သော ပြဿနာကို ဖြေကြားခြင်းဖြစ်သည်။
ဒသမဖြစ်သော #သုဘသုတ်သည် သုဘလုလင်၏ မေးလျှောက်ချက်အရ သီလ၊ သမာဓိ၊ ပညာဟူသော ခန္ဓာသုံးပါးကို အရှင်အာနန္ဒာက ဟောကြားသော သုတ်ဖြစ်သည်။
ဧကာဒသမဖြစ်သော #ကေဝဋသုတ်သည် တန်ခိုးပြရန် လျှောက်ထားသော ကေဝဋပုဏ္ဏားကို အကြောင်းပြု၍ ပြာဋိဟာသုံးမျိုးကို ခွဲခြမ်းစိတ်ဖြာ၍ ဟောကြားသောသုတ် ဖြစ်သည်။
ဒွါဒသမဖြစ်သော #လောဟိစ္စသုတ်သည် လောဟိစ္စပုဏ္ဏား၏ မိစ္ဆာအယူကို ဥပမာများဖြင့် ဖြေရှင်းခြင်းဖြစ်သည်။ လောဟိစ္စ၏ အယူဝါဒမှာ ကုသိုလ်ကို ကိုယ်တိုင်သာြပုသင့်၏၊ သူတစ်ပါးတို့အား ဟောပြောခြင်းသည် အနှောင်အဖွဲ့ဟောင်းကိုဖြတ်၍ အနှောင်အဖွဲ့သစ်ကို ပြုသည်နှင့် တူ၏ဟူ၍ ဖြစ်သည်။
တေရသမဖြစ်သော #တေဝိဇ္ဇာသုတ်သည် ပုဏ္ဏားတို့၏ ဗြဟ္မာပြည်ရောက်ကြောင်းများကို ဝေဘန်စိစစ်၍ ဗုဒ္ဓမြတ်စွာက ဗြဟ္မာ့ပြည်ရောက်ကြောင်း နည်းလမ်းကောင်းကို ညွှန်ပြသောသုတ်ဖြစ်သည်။
သီလက္ခန္ဓဝဂ္ဂသည် သိက္ခာသုံးပါးအကြောင်းကို ပြည့်စုံစွာ ဟောကြားသည်။ အခြားသော ဘာသာရေးဂိုဏ်းတို့၏ သီလနှင့် ဗုဒ္ဓသာဝကတို့၏ သီလကို နှိုင်းယှဉ်ပြသည်။ သီလနှင့် ဆက်စပ်သော အခြားသော ဓမ္မသဘောတရားများပါဝင်သည်။ ထိုခေတ်က လူမှုရေး အတွေးအခေါ်များ ဘာသာရေးကျင့်စဉ်များ ယဉ်းကျေးမှုထုံးတမ်းစဉ်လာများလည်း ပါဝင်သည်။ ခေတ်ပြိုင်ဂိုဏ်းဆရာကြီးတို့၏ အမည်နာမများ အယူဝါဒများကိုလည်း တွေ့ရမည်။ လူတန်းစား အသီးသီး၏ အသက်မွေးတမ်းကြောင်း အမျိုးမျိုးကို သိရမည်။
ဗုဒ္ဓဝါဒ၏ အခြေခံကျင့်စဉ်ဖြစ်သော သိက္ခာသုံးရပ်ကို ရှုထောင့် အထွေထွေမှ ဝေဖန်ဆန်းစစ်ထားသည်။ ဗုဒ္ဓဝါဒတွင် ပဓာနကျသော ဝိဇ္ဇာသုံးပါး၊ သစ္စာလေးပါး၊ နိဗ္ဗာန်ဟူသော သဘာဝဓမ္မများနှင့် ကိုယ် နှုတ် စိတ် ကျင့်စဉ်များကိုလည်း စုံစေ့အောင် ဖော်ပြထားသည်။ လူတန်းစားခွဲခြားရေးဝါဒ၊ ယဇ်မူဇော်မှုနှင့် အတ္တကိလမထနုယောဂတို့ကို ရှုတ်ချထားသည်။ အာဇီဝက၊ ပရိဗ္ဗာဇကစသော ဂိုဏ်းကွဲတို့၏ မှားယွင်းသော အလေ့အထများကို ဝေဖန်ထားသည်။
ခြုံ၍ဆိုရလျှင် သီလက္ခန္ဓဝဂ္ဂသည် ဗုဒ္ဓဝါဒ အခြေခံသဘောတရားများနှင့် ဗုဒ္ဓခေတ် အိန္ဒိယနိုင်ငံ၏ ဘာသာရေး ယဉ်ကျေးမှုအခြေအနေ အရပ်ရပ်တို့ကို သိရှိခွင့်ရမည်ဖြစ်သည်။
++++++++++++++++++++++++++++++++++++++++++++++++++++++++
၂။ မဟာဝဂ္ဂ
မဟာဝဂ်သည် ဒီဃနိကာယ်၏ ဒုတိယမြောက်ကျမ်းဖြစ်သည်။ မဟာဝဂ္ဂသည် ဒီဃနိကာယ်ဝင်သုတ်တို့၏ ဒုတိယအစုဖြစ်၍ ၁၀ သုတ် ပါဝင်သည်။ ဤဝဂ်၌ ပါဝင်သော သုတ်တို့သည် ပမာဏအားဖြင့် လွန်စွာရှည်လျားလှ၍ သုတ်အများစု၏ အမည်ရှေ့၌လည်း မဟာဟူသော ဝိသေသနပုဒ်ပါသည်။ ထို့ကြောင့် ဤဝဂ်တစ်ခုလုံးကို မဟာဝဂ်ဟု အမည်ခေါ်ခြင်း ဖြစ်ဟန်ရှိသည်။ မဟာဝဂ္ဂကို သုတ်မဟာဝါဟု ခေါ်လေ့ရှိသည်။ ဝိနည်းငါးကျမ်းမှ မဟာဝါကျမ်းနှင့် မရောစေရန်ဖြစ်သည်။
မဟာဝဂ်၌ ပါဝင်သောသုတ်တို့မှာ - ၁။ မဟာပဒါနသုတ် ၂။ မဟာနိဒါနသုတ်
၃။ မဟာပရိနဗ္ဗာနသုတ် ၄။ မဟာသုဒဿနသုတ် ၅။ ဇနဝသဘသုတ် ၆။ မဟာဂေါဝိန္ဒသုတ်
၇။ မဟာသမယသုတ် ၈။ သက္ကပဉှာသုတ် ၉။ မဟာသတိပဋ္ဌာနသုတ် ၁၀။ ပါယာသိသုတ် - တို့ဖြစ်သည်။
၁။ #မဟာပဒါနသုတ်သည် ပုဗ္ဗေနိဝါသဉာဏ်နှင့် ဆက်စပ်၍ ဟောကြားခြင်းဖြစ်သည်။ ဝိပဿီ၊ သိခီ၊ ဝေဿဘူ၊ ကကုသန်၊ ကောဏာဏုံ၊ ကဿပ၊ ဂေါတမ ဟူသော ရှေးဘုရားခုနှစ်ဆူတို့၏ ဗုဒ္ဓဝင်အကျဉ်း ပါရှိသည်။ ကိုယ်တိုင်ထိုးထွင်းသိခြင်းနှင့် နတ်ဗြဟ္မာတို့က လျှောက်ထားခြင်းတို့ကြောင့် ရှေးဘုရားခုနှစ်ဆူအကြောင်းကို သိခြင်းဖြစ်သည်။ ဝိပဿီဗုဒ္ဓဝင်အကျယ် ဟောသည်။ ဂေါတမဗုဒ္ဓဝင်နှင့် နာမည်သာကွဲသည်။ ဗုဒ္ဓဝင်စာပေ၏ ရှေးဦးဖြစ်ဖွယ်ရှိသည်။
၂။ #မဟာနိဒါနသုတ်သည် ကြောင်းကျိုးဆက် ဖြစ်စဉ်များကို ဟောသည့် ပဋိစ္စသမုပ္ပါဒ်တရားတော် ဖြစ်သည်။ နာမ်ရုပ်ကစထား၍ ပဋိစ္စသမုပ္ပါဒ် အင်္ဂါ ၁၂ ပါး မပြည့်စုံပေ။
၃။ #မဟာပရိနိဗ္ဗာနသုတ်သည် ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံတော်မမူမီ ဆယ်လအလိုမှစ၍ ပရိနိဗ္ဗာန် စံတော်မူပုံ တေဇောဓာတ်လောင်ကြွမ်းပုံ ဓာတ်တော် ဝေသည်အထိ ဖြစ်စဉ်တစ်ခုလုံးကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ အပရိဟာနိယတရားခုနှစ်ပါး စသည်ဖြင့် မှတ်သားဖွယ်ရာ ဒေသနာများလည်း ပါဝင်သည်။
၄။ #မဟာသုဒဿနသုတ်သည် မဟာသုဒဿနစကြဝတေးမင်း၏အကြောင်းဖြစ်သည်။ ကုသိနာရုံ မြို့လေး၌ ပရိနိဗ္ဗာန် မပြုသင့်ကြောင်း အရှင်အာနန္ဒာ၏ လျှောက်ထားချက်အရ ကုသိနာရုံမြို့လေးသည် ရှေးအခါက မဟာသုဒဿနစကြဝတေးမင်း၏ မြို့တော်ဖြစ်ခဲ့ကြောင်း ဟောခြင်းဖြစ်၍ မဟာပရိနိဗ္ဗာနသုတ်၏ နောက်ဆက်တွဲဟုပင် ဆိုနိုင်သည်။
၅။ #ဇနဝသဘသုတ်သည် မဂဓတိုင်းသား ဥပါသကာတို့၏ ဖြစ်ရာဘဝနှင့် ဇနဝသဘနတ်သား၏ လျှောက်ထားချက်ကို ပြန်လည်ဟောကြားခြင်းဖြစ်သည်။
၆။ #မဟာဂေါဝိန္ဓသုတ်သည် တာဝတိံသာနတ်သဘင်၌ သိကြားမင်းနှင့် သသနင်္ကုမာရနတ်သားတို့၏ ဟောပြောချက်များကို ပဉ္စသီခနတ်သားက ဗုဒ္ဓမြတ်စွာထံ လျှောက်ထားခြင်းဖြစ်သည်။
၇။ #မဟာသမယသုတ်သည် ဗုဒ္ဓမြတ်စွာနှင့် ရဟန္တာငါးရာတို့ကို ဖူးမြော်ရန် များစွာသော နတ်ဗြဟ္မာ နဂါးဂဠုန်တို့ မဟာဝုန်တောကြီး၌ စုဝေးမိကြရာ ဗုဒ္ဓမြတ်စွာက တစ်ဦးချင်း၏ အမည်နာမဂုဏ်ပုဒ် တို့ကို ဖော်ထုတ်၍ နှုတ်ဆက်စကားဆိုခြင်း ဖြစ်သည်။
ဗုဒ္ဓဂေါတမအပါအဝင် ဘုရားခုနှစ်ဆူတို့၏ အဖြစ်တို့ကို ဖော်ပြထားသည်။ ဗုဒ္ဓဂေါတမ၏ နောက်ဆုံး ပရိနိဗ္ဗာန် စံဝင်ခန်းကို အကျယ်တဝင့် မှတ်တမ်းတင်ထားသည်။ ပရိနိဗ္ဗာန် စံဝင်ခြင်းအကြောင်းကို ရည်ရွယ်ဖော်ပြထားသော်လည်း ပရိနိဗ္ဗာန်မပြုမီ ရှေ့လေးလခန့်အတွင်း ဗုဒ္ဓ၏ လှုပ်ရှားမှုတို့နှင့်အတူ ပရိနိဗ္ဗာန်စံပြီးနောက် ဆက်လက် ဖြစ်ပျက်ခဲ့သော ဗုဒ္ဓရေးရာ သံဃရေးရာ သာသနာရေးရာတို့ကိုပါ တဆက်တည်း မှတ်တမ်း တင်ထားသောကြောင့် ဗုဒ္ဓဝင် သမိုင်းတန်ဖိုးများစွာ ရှိသည်။
ဗုဒ္ဓဘာသာ၌ အခြေခံကျသော အကျင့်သိက္ခာနှင့် တရားသဘောတို့ကို ဆွေးနွေးထားသည်။ အကြောင်းတရားနှင့် အကျိုးတရားအပြန်အလှန် ဆက်စပ်နေမှုသဘောဖြစ်သော ပဋိစ္စသမုပ္ပါဒ် တရားကိုလည်း ရှင်းပြထားသည်။ တရားကျင့်လိုသူတို့အတွက် သတိပဋ္ဌာန်လေးပါးကိုလည်း တင်ပြထားသည်။
ဗုဒ္ဓဘာသာဝင်တို့၏ နောက်ဆုံးပန်းတိုင်ဖြစ်သော နိဗ္ဗာန်ချမ်းသာ၏ သဘောသဘာဝနှင့် မည်သို့ အားထုတ် ရယူနိုင်ပုံကိုလည်း ညွှန်းပြထားသည်။
ဗုဒ္ဓခေတ်တိုင်းရင်းသားတို့ လက်ခံကိုးကွယ်ထားကြသော ဗြဟ္မာ, နတ်, သိကြားမင်း စသူတို့၏ အမည်နာမများလည်း ဖော်ပြထားသည်။ ဇာတကစာပေဆန်သော သုတ်အနည်းငယ်လည်း ပါဝင်သည်။
၃။ ပါထိကဝဂ္ဂ
ဒီဃနိကာယ်၏ တတိယမြောက်အစုငယ် ဖြစ်သည်။ ပါထိကသုတ်ဖြင့် အစပျိုးထားသောကြောင့် ပါထိကဝဂ်ဟုခေါ်၍ သုတ်ပေါင်း ၁၁ သုတ် ပါဝင်သည်။
ဗုဒ္ဓအယူဝါဒတို့နှင့် ကျန်ဘာသာရေး အယူအဆတို့ကို နှိုင်းယှဉ်ချက်အနေဖြင့် ရောနှောတွေ့ရသည်။ ဇာတ်စနစ်၌ မိဖမျိုးရိုးကိုသာ ဆန်းစစ်လေ့ရှိသူတို့၏ အားနည်းချက်ကို ထောက်ပြထားသည်။ ဗြဟ္မဏဆိုသည်ကို မျိုးရိုးအခြေခံကာ ဆုံးဖြတ်မှုထက် အမူအကျင့်အလိုက်သာ ဆုံးဖြတ်သင့်ကြောင်း ဝေဖန်ထားသည်။ သတိပဋ္ဌာန်လေးပါးတို့၏ သဘောတရားနှင့် လက်တွေ့ကျင့်ထုံးများ ပါဝင်သည်။
ဘုရား သို့မဟုတ် စကြဝတေးမင်း ဖြစ်ထိုက်သူတို့၏ မဟာပုရိသလက္ခဏာနှင့် ပတ်သက်သော ဗဟုသုတကို ပေးထားသည်။ သာသနာတော်မှ အပဖြစ်သော ဘီလူးစသူတို့အား တားဆီးကာကွယ်ရန် မည်သို့ စီမံသင့်သည်ကိုလည်း နည်းညွှန်ထားသည်။ ဗုဒ္ဓခေတ် မဇ္ဈိမတိုင်းသာ တို့၏ လူနေမှုနစ်နှင့် လူမှုရေးအတွေးအခေါ်တို့ကိုလည်း လေ့လာနိုင်သည်။
ဤသို့ဖြင့် သုတ္တန္တပိဋက၏ ပထမအစုဖြစ်သော ဒီဃနိကာယ်၌ သီလက္ခန္ဓဝဂ် ၁၃ သုတ်၊ မဟာဝဂ် ၁၀ သုတ်၊ ပါထိကဝဂ် ၁၁ သုတ်ဟူ၍ သုတ်ပေါင်း ၃၄ သုတ်ပါဝင်နေပေသည်။
ဆက်ရန်
Ashin Sundara (27.12.2024)
+++++++++++++++++++
မဇ္ဈိမနိကာယ်မိတ်ဆက်
မဇ္ဈိမနိကာယ်သည် သုတ္တန်ပိဋက၏ ဒုတိယအစုဖြစ်သည်။ မရှည်လွန်းမတိုလွန်း အလယ်အလတ်မျှ ဖြစ်သည်။ မရှည်လွန်းမတိုလွန်း အလယ်အလတ်မျှဖြစ်သည့် သုတ်တို့ကို စုပေါင်းထားခြင်းကြောင့် မဇ္ဈိမနိကာယ်ဟု ခေါ်သည်။ ၁၅၂ သုတ်ပါဝင်သည်။ မဇ္ဈိမနိကာယ်ကို ပဏ္ဏာသသုံးခုဖြင့် ဖွဲ့စည်းထားသည်။ မူလပဏ္ဏာသ၊ မဇ္ဈိမပဏ္ဏာသ၊ ဥပရိပဏ္ဏာသတို့ဖြစ်သည်။ ပဏ္ဏာသဟူသည် ငါးဆယ်ဟု အဓိပ္ပါယ်ရ၏။ ပဏ္ဏာသတစ်ခုလျှင် သုတ်ငါးဆယ်စီရှိသည်။ နောက်ဆုံးဖြစ်သော ဥပရိပဏ္ဏာသ၌ ၅၂ သုတ် ဖြစ်နေသည်။ ပဏ္ဏာသ သုံးကျမ်းဟုလည်း ခေါ်ကြသည်။
မဇ္ဈိမနိကာယ် ပဏ္ဏာသသုံးကျမ်းသည် ဆဋ္ဌမူ ပါဠိတော်၌ စာမျက်နှာ အားဖြင့် ၁၂၀၆ မျက်နှာရှိသည်။ ဘာဏဝါရ ၈၀ ရှိသည်ဟု အဋ္ဌကထာဆရာက မိန့်သည်။ သို့ဖြစ်၍ အကြမ်းဖျဉ်းမျှအားဖြင့် တစ်ဘာဏဝါရသည် ၁၅ မျက်နှာ ဝန်းကျင်ဖြစ်သည်။ တစ်ဘာဏဝါရဟူသည် အာဂုံပြန်သည့်အခါ တစ်ကြိမ်ရွတ်စာဖြစ်သည်။ မဇ္ဈိနိကာယ်အဖွင့် အဋ္ဌကထာမှာ ပပဉ္စသူဒီနီ ဖြစ်သည်။ သာသနာနှစ် ၁၃၀၀ တွင် အရှင်ဓမ္မပါလပြုစုခဲ့သည်။
မဇ္ဈိမနိကာယ်၌ ပါဝင်သော သုတ်တို့သည် အများအားဖြင့် ပါဝင်သော အကြောင်းအရာကို အကျဉ်းခေါင်းစဉ်မျှ ဖော်ပြခြင်းမဟုတ်ဘဲ အဓိပ္ပါယ် ရှင်းလင်းချက် အပြည့်အစုံဖြင့် ဟောကြားထားသည်။
အချို့သုတ်များ၌ ဗုဒ္ဓမြတ်စွာက အကျဉ်းမျှသာ ဟောသည်ကို အရှင်မဟာကစ္စည်းစသော မထေရ်ကြီးတစ်ပါးပါးက အကျယ်ဝေဖန် ဟောကြားထားသည်။ သို့ဖြစ်၍ မဇ္ဈိမနိကာယ်လာသုတ်တို့သည် ဝေယျာကရဏဒေသနာများ ဖြစ်သည်။ ဗုဒ္ဓမြတ်စွာသည် သုတ်အသီးသီးကို ဟောကြားရာ၌ အကြောင်းလေးမျိုးကို အခြေခံ၍ ဟောကြားလေ့ရှိကြောင်း အဋ္ဌကထာ၌ ဖွင့်ပြသည်။ သုတ္တနိက္ခေပဟုခေါ်သည်။
အချို့သုတ်များကို တစ်စုံတစ်ယောက်၏ တိုက်တွန်းတောင်းပန်ခြင်းမရှိဘဲ ဗုဒ္ဓမြတ်စွာက မိမိအလိုဆန္ဒဖြင့် ဟောကြားခဲ့သည်။ အချို့သုတ်များကို နာကြားမည့်သူ၏ အလိုအဇ္ဈာသယ အားလျော်စွာ ဟောကြားခဲ့ခြင်းဖြစ်သည်။ အချို့သုတ်များကို တစ်စုံတစ်ယောက်၏ မေးလျှောက်ချက်အရ ဟောကြားခဲ့ခြင်းဖြစ်သည်။ အချို့သုတ်များကို အကြောင်းထူးကိစ္စတစ်ရပ် ဖြစ်ပေါ်လာခြင်းကြောင့် ဟောကြားခဲ့ခြင်း ဖြစ်သည်။
မဇ္ဈိမနိကာယ်လာသုတ်များသည် ယေဘုယျအားဖြင့် ဗုဒ္ဓမြတ်စွာ ကိုယ်တော်တိုင် ဟောကြားချက်များဖြစ်သည်။ သာဝကကြီးများ ဟောကြားသည့် သုတ်အချို့လည်း ပါဝင်သည်။ ထိုသုတ်များကို ဗုဒ္ဓမြတ်စွာက ထပ်ဆင့် အတည်ပြုထားသည်။ မဓုရသုတ်၊ ဃောဋမုခသုတ်၊ ဂေါပက မောဂ္ဂလာနသုတ်တို့သည် ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံပြီးနောက်မှ သာဝကများ ဟောကြားခဲ့သည့် သုတ်များဖြစ်သည်။
၁။ မူလပဏ္ဏာသ
မဇ္ဈိမနိကာယ်တွင် သုတ်ငါးဆယ်ပါဝင်သည့် ပထမအစုကို မူလပဏ္ဏာသဟုခေါ်သည်။ ပထမဦးဆုံးဖြစ်သည့် မူလပရိယာယသုတ်ကို အစွဲပြု၍ မူလပဏ္ဏာသဟု ခေါ်ဟန်တူသည်။ မူလပဏ္ဏာသတွင် သုတ်တို့၏ အရေအတွက် များပြားသည်နှင့်အမျှ အကြောင်းအရာလည်း ကျယ်ဝန်းသည်။
ဤသုတ်များ၌ ဗုဒ္ဓမြတ်စွာသည် အတ္တဝါဒကို ဗဟိုပြုသော အိန္ဒိယနိုင်ငံဒဿနပညာရပ် အသီးသီးတို့၏ ဘာသာရေး အတွေးအခေါ် အများအပြားကို တင်ပြဝေဖန်ထားသည်။ ထိုအယူအဆ မှားများနောက်သို့ လိုက်နေသော အာဇီဝက၊ ပရိဗ္ဗာဇကတို့၏ အကျင့်မှားများကိုလည်း ထောက်ပြထားသည်။ ဂျိန်းဘာသာရေးခေါင်းဆောင် မဟာဝီရ၏ ဘဝဖြစ်စဉ် တစိတ်တဒေသနှင့် ဂျိန်းဘာသာ၏ အယူဝါဒများနှင့် သမိုင်းစဉ်ကိုလည်း အနည်းအကျဉ်းတွေ့ရသည်။
သစ္စာလေးပါ၊ ဓာတ်ကြီးလေးပါး၊ သတိပဋ္ဌာန်လေးပါး၊ ဗောဇ္ဈင်ခုနှစ်ပါး၊ မဂ္ဂင်ရှစ်ပါးကဲ့သို့ ဗုဒ္ဓဝါဒများ၏ သရုပ်ကိုလည်း ဖော်ပြထားသည်။ ကမ္မဋ္ဌာန်းအားထုတ်မှု၏ အကျိုးကျေးဇူးများကိုလည်း ပြထားသည်။ ဗုဒ္ဓမြတ်စွာ၏ ဂုဏ်ပုဒ်များကိုလည်း တခမ်းတနား တွေ့ရသည်။ ဝိနည်းစာပေဆန်သော သုတ်တချို့ကိုလည်း တွေ့ရသည်။
ဤသို့ ဓမ္မသဘာဝများ၏ ရှင်းလင်းချက် ဆွေးနွေးချက်တို့ ကြားမှာပင် တခါတရံ ခေတ်ကို ထင်ဟပ်သော အကြောင်းအရာများ ပါလာတတ်သေးသည်။
ဗုဒ္ဓမြတ်စွာနှင့် ခေတ်ပြိုင်ဘာသာရေးဂိုဏ်များ၊ လူတန်းစား အခြေအနေ၊ အသက်မွေးဝမ်းကျောင်း ပညာ အသီးသီးတို့ကို ဖော်ပြထားသည်။ လောကဆင်းရဲကို ဖော်ပြသော သုတ်တစ်ခု၌ ရှေးခေတ် အိန္ဒိယဥပဒေတို့ရှိ သူခိုးဓားပြတို့အား အပြစ်ပေးပုံစနစ်များ ပါဝင်နေသည်။ သာလွန်မင်းအမိန့်တော် ပြန်တမ်းလာ အပြစ်ဒဏ်ပေးပုံများသည် ဤသုတ်မှ လက်ခံယူထားခြင်း ဖြစ်ဟန်တူသည်။
မူလပဏ္ဏာသရှိ သုတ်တို့အနက် အထင်ရှားဆုံးမှာ အရိယပရိယေသနသုတ် (ပါသရာသိသုတ်) ဖြစ်သည်။ ဗုဒ္ဓမြတ်စွာက အရိယပရိယေသန မြတ်သောရှာဖွေခြင်းအကြောင်းကို ဟောကြားရာ၌ အသိုင်းအဝိုင်း အနေဖြင့် ဗုဒ္ဓမြတ်စွာ၏ ဘဝဖြစ်တော်စဉ် တပိုင်းတစ ပါဝင်နေသည်။ မြတ်သောရှာဖွေခြင်းနှင့် စပ်လျဉ်း၍ တောထွက်ခန်း ရဟန်းပြုခန်း ဒုက္ကရစရိယာကျင့်ခန်း ဘုရားဖြစ်ခန်း စသည်တို့ကို အစီအစဉ်တကျ အသေးစိတ် ဖော်ပြထားသည်။
၂။ မဇ္ဈိမပဏ္ဏာသ
ကန္ဒရကသုတ်မှ သင်္ဂါရဝသုတ်အထိ ငါးဆယ်မျှသောသုတ်တို့၏ အစုငယ်ကို မဇ္ဈိမပဏ္ဏာသဟု ခေါ်သည်။ အစုငယ် သုံးခုရှိသည့်အနက် အလယ်အလတ်အစုဖြစ်၍ မဇ္ဈိမဟူသော ဝိသေသနထားဟန်တူသည်။ မဇ္ဈိမပဏ္ဏာသ၌ သုတ်ငါးဆယ်ရှိ၍ ဆယ်သုတ်လျှင် တဝဂ်နှုန်းဖြင့် ငါးဝဂ်ရှိသည်။ ထိုငါးဝဂ်တို့မှာ - ၁။ ဂဟပတိဝဂ် ၂။ ဘိက္ခုဝဂ် ၃။ ပရိဗ္ဗာဇကဝဂ် ၄။ ရာဇဝဂ်
၅။ ဗြဟ္မဏဝဂ်တို့ ဖြစ်သည်။
မဇ္ဈိမပဏ္ဏာသ၌ ပါဝင်သော သုတ်ငါးဆယ်တို့၌လည်း ဓမ္မနှင့်ပတ်သက်သော ရှင်းလင်းချက်များ ဖြေကြားချက်များ ဆွေးနွေးချက်များကိုပင် အကျယ်တဝင့် ထပ်မံတွေ့ရသည်။
အသေက္ခ(ရဟန္တာ)ပုဂ္ဂိုလ်တို့၏ ဂုဏ်ကျေးဇူးများကို ဖော်ပြထားသည်။ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုခြင်း၏ အကျိုးကျေးဇူးနှင့် နိဗ္ဗာန်၏ အနှစ်သာရတို့ကိုလည်း ပေါ်လွင်စွာ ရှင်းပြသည်။ သီတင်းသည်များ စောင့်ထိန်းအပ်သော သီလအမျိုးအစားများ ယင်းသီလတို့၏ အကျိုးကျေးဇူး ကုသိုလ်နှင့် အကုသိုလ်မည်သောအမှုများ စသည့် ကျင့်ဝတ်ပိုင်းဆိုင်ရာ အဆုံးအမများလည်း ပါဝင်သည်။ မဟုတ်မတရားပြောဆိုမှု မုသာဝါဒနှင့် ယင်း၏အပြစ်များကိုလည်း ဆွေးနွေးထားသည်။
မိမိကိုယ်ကို ညှဉ်းပန်းတတ်သောအကျင့် အတ္တန္တပနှင့် တိတ္ထိဆရာကြီး ခြောက်ဦးတို့အကြောင်း ကိုလည်း အနည်းအကျဉ်း ဖော်ပြသည်။ နိဂဏ္ဌဘာသာရေးဂိုဏ်များနှင့် ယင်းတို့၏ အမူအကျင့်များ ကိုလည်း လေ့လာရမည်။ ဗုဒ္ဓမြတ်စွာ ဖြေဆိုရန် ငြင်းဆန်ခဲ့သော အဗျာကတ ဆယ်ပါးဟူသော မေးခွန်းဆယ်မျိုးနှင့် ထိုမေးခွန်းတို့၏ လောကုတ္တရာအနှစ်သာရ ချို့တဲ့ပုံကိုလည်း တွေ့ရမည်။ မဇ္ဈိမပဏ္ဏာသ၌ သုတ်ငါးဆယ်ကို ဝဂ်ငါးဝဂ်ဖြင့် ခွဲခြားထားခြင်းသည် တူရာစုထားခြင်း ဖြစ်သည်။
လူပုဂ္ဂိုလ်များနှင့် ပတ်သက်၍ ဖြေဆိုဟောကြားခဲ့သည့် သုတ်များကို ဂဟပတိဝဂ်၌ စုစည်းထားသည်။
ဗုဒ္ဓမြတ်စွာ၏ သာဝကရဟန်းတော်များနှင့် ပတ်သက်၍ ဖြေဆိုဟောကြားခဲ့သည့် သုတ်များကို ဘိက္ခုဝဂ်အဖြစ် စုစည်းထားသည်။ အခြားသော ဘာသာရေးဂိုဏ်းဝင်များနှင့် ပတ်သက်၍ ဖြေဆို ဟောကြားထားသည့် သုတ်များကို ပရိဗ္ဗာဇကဝဂ်အဖြစ် စုစည်းထားသည်။ မင်းစိုးရာဇာတို့နှင့် ပတ်သက်၍ ဖြေဆိုဟောကြားခဲ့သည့်သုတ်များကို ရာဇဝဂ်အဖြစ် စုစည်းထားသည်။ ဗြဟ္မဏတို့နှင့် ပတ်သက်၍ ဖြေဆိုဟောကြားသည့် သုတ်များကို ဗြဟ္မဏဝဂ်အဖြစ် စုစည်းထားသည်။
သို့ဖြစ်၍ မဇ္ဈိမပဏ္ဏာသ၌ လူတန်းစား အလွှာအသီးသီးတို့၏ မေးခွန်းများ၊ ပြဿနာများကို ဖြေဆိုချက်များ ဟောကြားဆုံးမသည့် တရားဓမ္မများကို နာကြားခွင့်ရမည်။ ထို့ပြင် ဗုဒ္ဓမြတ်စွာနှင့် ထိုလူတန်းစား အလွှာအသီးသီးတို့၏ ဆက်ဆံရေး ဗုဒ္ဓသာဝကများနှင့် အခြားဘာသာဝင်တို့ ဆက်ဆံရေးကို သိနိုင်မည်။ ဗုဒ္ဓခေတ် အိန္ဒိယလူ့အဖွဲ့အစည်း၏ အုပ်ချုပ်ရေး ဘာသာရေး ယဉ်ကျေးမှု ပညာရေး အတွေးအခေါ်အယူအဆတို့ပါ သိနိုင်မည် ဖြစ်သည်။
၃။ ဥပရိပဏ္ဏာသ
ဒေဝဒဟသုတ်မှ ဣန္ဒြိယဘာဝနာသုတ်အထိ ငါးဆယ်နှစ်ခုသော သုတ်တို့၏အစုကို ဥပရိပဏ္ဏာသဟု အမည်ပေးထားသည်။ မူလပဏ္ဏာသနှင့် မဇ္ဈိမပဏ္ဏာသတို့၏ အထက်၌ဖြစ်သော သုတ် ၅၀ စုဟု ဆိုလိုသည်။ ဥပရိပဏ္ဏာသတွင် သုတပေါင်း ၅၂ သုတ် ရှိသောကြောင့် ငါးဆယ်ထက် ပိုလွန်ခြင်း ဟုလည်း ဆိုလိုသည်။
ဤသုတ်တို့၌ ဆွေးနွေးတင်ပြထားသော အချက်အလက် အကြောင်းအရာတို့သည် ဗုဒ္ဓဓမ္မနှင့် တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍သော်လည်းကောင်း ဆက်စပ်နေကြသည်။ အဘိဓမ္မာကြောင်းဆန်သော ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာ၊ သင်္ခါရ၊ သဠာယတနစသော ရုပ်ဝတ္ထု နာမ်ဝတ္ထုတို့အကြောင်း ဆွေးနွေးထားချက်များလည်း ပါသည်။
သက္ကာယဒိဋ္ဌိ၊ သံယောဇဉ်၊ ကိလေသာ၊ တဏှာအစရှိသော ယောဂီပုဂ္ဂိုလ်တို့၏ အသိစိတ်ကို ပိတ်ဆို့ ဖျက်ဆီးတတ်သည့် အညစ်အကြေးများကို ဖော်ထုတ်တင်ပြထားသည်။ ထိုအညစ်အကြေးတို့ကို ရှင်းလင်းသုတ်သင်ရာရ လိုအပ်သော သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး၊ အာနာပါနကမ္မဋ္ဌာန်း စီးဖြန်းခြင်း စသည့် ဗုဒ္ဓမြတ်စွာ၏ ဆေးနည်းကောင်းများကိုလည်း ညွှန်ပြထားသည်။
အတွေးအခေါ်ပိုင်းနှင့် ပတ်သက်၍လည်း အတိတ်၊ အနာဂတ်တို့ကို စွန့်ပယ်လျက် ပစ္စုပ္ပန်၌သာ တည့်တည့်ရှုအပ်၏ဟူသော ဗုဒ္ဓမြတ်စွာ၏ဩဝါဒမျိုးကိုလည်း တွေ့ရသည်။ သတ္တဝါတို့၏ လားရာဂတိ အမျိုးမျိုးနှင့် တကွ မိမိပြုသမျှသော ကုသိုလ်အကုသိုလ် အမှုတို့ကြောင့် ဖြစ်ပေါ်လာကြသည့် အကျိုးကျေးဇူးများကိုလည်း ပြည့်ပြည့်စုံစုံ တင်ပြထားသည်။
မှတ်ချက်။ ။ SAMBODHI INSTITUTE မှ ဒေါက်တာအရှင်သူရိယ၏ ပိဋကတ်မိတ်ဆက် နှင့် မဇ္ဈိမနိကာယ်အနှစ်ချုပ် မှ ကောက်နှုတ်ဖော်ပြပါသည်။
Ashin Sundara (29.12.2024)
++++++++++++++++++++++++++++++++++++++++++++
သံယုတ္တနိကာယ်မိတ်ဆက်
သံယုတ္တနိကာယ်သည် သုတ္တန္တပိဋကတွင်ပါဝင်သော တတိယမြောက်နိကာယ်ဖြစ်သည်။ ပထမသံဂါယနာတွင် ဝိနည်းငါးကျမ်း၊ ဒီဃနိကာယ်၊ မဇ္ဈိမနိကာယ်တို့၏ အခြားမဲ့၌ သံယုတ္တနိကာယ်ကို သံဂါယနာတင်ခဲ့ကြသည်။ ထိုပြင် သံဂါယနာတင်ပြီး နောက်ပိုင်းတွင် ထိုနိကာယ်ကျမ်းကြီးများအား အရှည်သဖြင့် မပျောက်မပျက်အောင် ထိန်းသိမ်းဆောင်ရွက် သွားရန်အတွက် အသီးသီး တာဝန်ပေးအပ်ခဲ့ရာ သံယုတ္တနိကာယ်ကို အရှင်မဟာကဿပနှင့် တပည့်များအား တာဝန်ပေးအပ်ခဲ့သည်။
သံယုတ္တနိကာယ်သည် အချင်းချင်း ဆက်စပ်မှုရှိသော ဟောကြားချက်များကို စုပေါင်းထားသော နိကာယ်ဖြစ်သည်။ သံယုတ္တနိကာယ်ကို သဂါထာဝဂ်၊ နိဒါနဝဂ်၊ ခန္ဓဝဂ်၊ သဠာယတနဝဂ်နှင့် မဟာဝဂ် ဟူ၍ ဝဂ်အားဖြင့် ငါးဝဂ် ခွဲခြားထားသည်။
သဂါထာဝဂ္ဂမိတ်ဆက်
ထိုငါးဝဂ်တွင် ပထမဦးဆုံးဖြစ်သော သဂါထာဝဂ်၌ သုတ်ပေါင်း ၂၇၂ - သုတ်ပါရှိသည်။ သံယုတ်ခေါ် အခန်း ၁၁ ခန်း ခွဲခြားထားသည်။ ဒေဝတာသံယုတ်၊ ဒေဝပုတ္တသံယုတ်၊ ကောသလသံယုတ်၊ မာရသံယုတ်၊ ဘိက္ခုနီသံယုတ်၊ ဗြဟ္မာသံယုတ်၊ ဗြဟ္မဏသံယုတ်၊ ဝင်္ဂီသံယုတ်၊ ဝနသံယုတ်၊ ယက္ခသံယုတ်၊ သက္ကသံယုတ်တို့ဖြစ်၏။
သဂါထာဝဂ်၌ နတ်၊ မာရ်နတ်၊ ဗြဟ္မာ၊ သိကြား၊ မင်း၊ နတ်ဘီလူး၊ ကောသလမင်း၊ ရှင်ဝင်္ဂီသထေရ်၊ ပုဏ္ဏား၊ ဘိက္ခုနီ၊ တောနေရဟန်းတို့နှင့် သက်ဆိုင်သော ဟောကြားချက်များဖြစ်သည်။
သဂါထာဝဂ်သည် သံယုတ္တနိကာယ်၏ ဝဂ်ငါးဝဂ်တွင် ပထမဆုံးဝဂ်ဖြစ်သည်။ သဂါထာဝဂ်ဟူသည် ယင်း၌ ပါဝင်သောသံယုတ်တို့၏ အဖွဲ့အနွဲ့ စာဟန်ကိုကြည့်၍ ပေးထားသော အမည် ဖြစ်တန်ရာ၏။ ပါဠိကဗျာ ဂါထာအဖွဲ့အနွဲ့များ ပါဝင်သောအစုဟု အဓိပ္ပါယ်ရ၏။ အမည်နှင့်လျော်ညီစွာ သုတ်တိုင်း၌ ဂါထာများ ပါရှိနေသည်။ အကြောင်းအရာ စာသားမှာမူ ဓမ္မကြောင်းနွယ်သော အချက်အလက်အချို့ ကို ရှင်းပြခြင်းနှင့် ဗုဒ္ဓမြတ်စွာ၏ ကိုယ်ကျင့်တရား ဆိုင်ရာ ဆုံးမချက်များ ဖြစ်၏။
တရားနာပုဂ္ဂိုလ်တို့မှာလည်း ရဟန်း၊ ဗြဟ္မာ၊ သိကြား၊ နတ်၊ မာရ်နတ်၊ ပုဏ္ဏား၊ ဘီလူး၊ ပသေနဒီကောသလမင်းစသည့်ဖြင့် အမျိုးအစား စုံလင်သည်။ သံယုတ်ပေါင်း ၁၁ ခု ပါဝင်၍ ကောသလမင်းကြီးနှင့် တွေ့ဆုံဆွေးနွေးခန်းတို့မှာ အကြောင်းအရာတို့ ထူးခြားခြင်းကြောင့် လည်းကောင်း၊ ဥပမာပေးပုံ ထိမိလှပခြင်းကြောင့်လည်းကောင်း များစွာ စိတ်ဝင်စားဖွယ် ဖြစ်သည်။
နိဒါနဝဂ္ဂမိတ်ဆက်
ဒုတိယမြောက်ဖြစ်သော နိဒါနဝဂ်၌ သုတ်ပေါင်း ၄၁၉ - သုတ် ပါရှိပြီး သံယုတ်ခေါ် အခန်း ၁၀ ခန်း ခွဲခြားထားသည်။ နိဒါနသံယုတ်၊ အဘိသမယသံယုတ်၊ ဓာတုသံယုတ်၊ အနမတဂ္ဂသံယုတ်၊ ကဿပသံယုတ်၊ လာဘသက္ကာရသံယုတ်၊ ရာဟုလာသံယုတ်၊ လက္ခဏသံယုတ်၊ ဩပမ္မသံယုတ်၊ ဘိက္ခုသံယုတ်တို့ဖြစ်၏။
နိဒါနဝဂ်၌ ပဋိစ္စသမုပ္ပါဒ်၊ သစ္စာလေးပါးကို သိမြင်ခြင်း၊ ဓာတ်သဘော၊ အစမရှိသောသံသရာ၊ လာဘသက္ကာရ၊ အရှင်မဟာ ကဿပ၊ အရှင်ရာဟုလာ၊ အရှင်လက္ခဏတို့နှင့် သက်ဆိုင်သော ဟောကြားချက်များ အဝိဇ္ဇာစသော တရားသဘောများကို ဥပမာဆောင်၍ ဟောကြားချက်များ ပါဝင်သည်။
နိဒါနဝဂ်သည် သံယုတ္တနိကာယ်၏ ဒုတိယအစု ဖြစ်သည်။ နိဒါနဟူသည် အကြောင်းအရာဟု ဆိုလို၏။ နိဒါနဝဂ်၏ ပထမဆုံးသံယုတ်သည် အကြောင်းအကျိုးတို့ ဆက်စပ်ဖြစ်ပျက်နေပုံကို ဖော်ပြသော ပဋိစ္စသမုပ္ပါဒ (နိဒါန)နှင့် စပ်လျဉ်းသည့် ဒေသနာ ဖြစ်သည်။ ဤသို့ ဝဂ်အစ၌ နိဒါနသံယုတ် ရှိနေသည်ကို အကြောင်းပြု၍ ဝဂ်တခုလုံးကို နိဒါနဝဂ်ဟုခေါ်ခြင်းဖြစ်မည်။
ဤဝဂ်၌ အရှင်မဟာကဿပ၊ အရှင်မောဂ္ဂလာန်၊ အရှင်ရာဟုလာကဲ့သို့သော သာဝကကြီးများကိုလည်း တွေ့ရသည်။ ဗုဒ္ဓမြတ်စွာ၏ ဘဝအမြင် ဖြစ်သော ခန္ဓာ၊ ဓာတ်၊ အာယတန၊ သစ္စာစသည်တို့၏ အသေးစိတ် ပုံသဏ္ဍာန်ကိုလည်း မြင်ရသည်။ အဝိဇ္ဇာ,တဏှာစသည့် သံသရာရှည်ကြောင်း တရားတို့၏ ရစ်ပတ်နှောင်ဖွဲ့တတ်ပုံကိုလည်း နားလည်ရသည်။ ပြိတ္တာဟူသော သတ္တဝါ အမျိုးအစားတို့၏ အကြောင်းကိုလည်း လေ့လာခွင့်ရသည်။
ခန္ဓဝဂ္ဂမိတ်ဆက်
တတိယမြောက်ဖြစ်သော ခန္ဓဝဂ်၌ သုတ်ပေါင်း ၇၁၆ - သုတ် ပါရှိပြီး သံယုတ် ၁၀ ခု ခွဲခြားထားသည်။ ခန္ဓသံယုတ်၊ ရာဓသံယုတ်၊ ဒိဋ္ဌိသံယုတ်၊ ဩက္ကန္တသံယုတ်၊ ဥပ္ပါဒသံယုတ်၊ ကိလေသသံယုတ်၊ သာရိပုတ္တသံယုတ်၊ နာဂသံယုတ်၊ သုပဏ္ဏသံယုတ်၊ ဂန္ဓဗ္ဗကာယသံယုတ်၊ ဝလာဟကသံယုတ်၊ ဝစ္ဆဂေါတ္တသံယုတ်၊ ဈာနသံယုတ်တို့ဖြစ်၏။
ခန္ဓဝဂ်၌ ခန္ဓာငါးပါး၊ အယူမှားဖြစ်ပေါ်ခြင်း၊ မြဲသောသဘောသို့ သက်ရောက်ခြင်း၊ ဒုက္ခဖြစ်ပေါ်ခြင်း၊ ကိလေသာဆယ်ပါး၊ ဈာန်ဝင်စားခြင်း၊ အရှင်ရာဓ၊ အရှင်သာရိပုတ္တရာ၊ ဝစ္ဆဂေါတ္တပရိဗိုဇ်၊ နဂါး၊ ဂဠုန်၊ ဂန္ဓဗ္ဗနတ်၊ ဝလာဟကနတ်တို့နှင့် ဆက်စပ်သော ဟောကြားချက်များ ပါဝင်သည်။
ခန္ဓဝဂ်သည် သံယုတ္တနိကာယ်၏ တတိယအစု ဖြစ်သည်။ သက်ရှိသတ္တဝါ တဦးနှင့်ပတ်သက်၍ ဗုဒ္ဓဝါဒ၌ ပဓာနအကျဆုံးဖြစ်သော ခန္ဓာငါးပါးတို့၏ သဘောသဘာဝတို့ကို ဖော်ပြထားသည့် ခန္ဓသံယုတ်နှင့် အစပျိုးထားသောကြောင့် ခန္ဓဝဂ်ဟု အမည်ပေးထား၏။
ခန္ဓဝဂ်ဟူသော အမည်အားလျော်စွာပင် ပါဝင်ဖွဲ့စည်းထားသော သံယုတ်အများစုတို့သည် ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏဟူသော ခန္ဓာငါးပါးတို့၏ သဘောသဘာဝ အသီးသီးတို့နှင့်တကွ ယင်းတို့ကို မည်သို့ ရှုသင့်ပုံ မည်သို့ပယ်သင့်ပုံ ယင်းတို့ကို ပယ်သတ်ခြင်းကြောင့် မည်သည့် အကျိုးများ သက်ရောက်နိုင်ပုံ စသည်တို့ကို အကျယ်တဝင့် ဖော်ပြထားသည်။
ထို့ပြင် ဗုဒ္ဓဓမ္မနှင့် မပတ်သက်သော နဂါး၊ ဂဠုန်၊ ဂန္တဗ္ဗစသည့် အံ့ဩဖွယ်ရာ သတ္တဝါတို့နှင့် စပ်လျဉ်းသည့် ဗဟုသုတများလည်း ခန္ဓဝဂ်၌ ပါဝင်နေသည်။ သမထစီးဖြန်းခြင်းကြောင့် ရရှိနိုင်သော ဈာန်တရား အမျိုးအစားများနှင့် မည်သို့ ကြုံတွေ့ရနိုင်ကြောင်း ညွှန်ကြားချက်များကိုလည်း တွေ့ရသေးသည်။
သဠာယတနဝဂ္ဂမိတ်ဆက်
စတုတ္ထမြောက်ဖြစ်သော သဠာယတနဝဂ်၌ သုတ်ပေါင်း ၄၃၃ - သုတ် ပါရှိပြီး သံယုတ် ၁၀ ခု ခွဲခြားထားသည်။ သဠာယတနသံယုတ်၊ ဝေဒနာသံယုတ်၊ မာတုဂါမသံယုတ်၊ ဇမ္ဗုခါဒကသံယုတ်၊ သာမဏ္ဍကသံယုတ်၊ မောဂ္ဂလာနသံယုတ်၊ စိတ္တသံယုတ်၊ ဂါမဏိသံယုတ်၊ အသင်္ခတသံယုတ်၊ မောဂ္ဂလာနသံယုတ်၊ စိတ္တသံယုတ်၊ ဂါမဏိသံယုတ်၊ အသင်္ခတသံယုတ်၊ အဗျာကတသံယုတ် တို့ဖြစ်၏။
သဠာယတနဝဂ်၌ အာယတနခြောက်ပါး၊ ဝေဒနာသုံးပါး၊ အသင်္ခတတရား၊ ဗုဒ္ဓဖြေကြားခြင်း မပြုသော အဗျာကတပုစ္ဆာများ၊ မာတုဂါမ၊ အရှင်မောဂ္ဂလာန်၊ ဇမ္ဗုခါဒကပရိဗိုဇ်၊ သာမဏ္ဍကပရိဗိုဇ်၊ စိတ္တသူကြွယ်၊ စဏ္ဍရွာသူကြီးများနှင့် စပ်သော ဟောကြားချက်များ ပါဝင်သည်။
သဠာယတနဝဂ်သည် သံယုတ္တနိကာယ်၏ စတုတ္ထမြောက်အစု ဖြစ်သည်။ အာယတနဟုခေါ်ဆိုသော မျက်စိ၊ နား၊ နှာ၊ လျာ၊ ကိုယ်၊ စိတ်ဟူသော အတွင်းအင်္ဂါတို့နှင့် ရုပ်၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ၊ အတွေးအကြံဟူသော အပြင်အာရုံတို့၏ သဘောြခင်းရာကို ဖော်ပြသော သဠာယတနသံယုတ်ဖြင့် စထားသည်။ ထို့ကြောင့် ဤအစုတခုလုံးကို သဠာယတနဝဂ်ဟု အမည်ပေးထား၏။
အာယတနတဆယ့်နှစ်ပါးနှင့် ပတ်သက်သော ရှင်းလင်းချက်များအပြင် ဝေဒနာ၊ သင်္ခါရစသော စေတသိက်တရားတို့ကိုလည်း စေ့ငုစွာ ဆန်းစစ်ထား၏။ ဗုဒ္ဓဘာသာဝင်တို့၏ နောက်ဆုံး မျှော်မှန်းရာ ဖြစ်သော နိဗ္ဗာန်သဘောတရားကိုလည်း ပြည့်ပြည့်စုံစုံ တင်ပြထားသည်။ နိဗ္ဗာန်ကို ရနိုင်ကြောင်းဖြစ်သော သမထ၊ ဝိပဿနာ၊ သမာဓိစသော အကျင့်များနှင့်အတူ သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါးကဲ့သို့သော ဗုဒ္ဓအလိုကျ မဇ္ဈိမပဋိပဒါ အကျင့်ကိုလည်း ဖော်ပြထားသည်။ ထို့ပြင် ဓမ္မနှင့် မဆက်စပ်သော အမျိုးသမီးတို့၏ အကျင့်ကောင်း အကျင့်ယုတ် စသည့် လူမှုရေး ဗဟုသုတအချို့ကိုလည်း တင်ပြဆွေးနွေးထားသေးသည်။
မဟာဝဂ္ဂမိတ်ဆက်
ပဉ္စမမြောက်နှင့် နောက်ဆုံးဖြစ်သော မဟာဝဂ်၌ သုတ်ပေါင်း ၁၂၀၁ - သုတ်ပါရှိပြီး သံယုတ် ၁၂ ခု ခွဲခြားထားသည်။ မဂ္ဂသံယုတ်၊ ဗောဇ္ဈင်္ဂသံယုတ်၊ သတိပဋ္ဌာနသံယုတ်၊ ဣန္ဒြိယသံယုတ်၊ သမ္မပ္ပဓာနသံယုတ်၊ ဗလသံယုတ်၊ ဣဒ္ဓိပါဒသံယုတ်၊ အနုရုဒ္ဓသံယုတ်၊ ဈာနသံယုတ်၊ အာနာပါနသံယုတ်၊ သောတာပတ္တိသံယုတ်၊ သစ္စသံယုတ်တို့ဖြစ်၏။ သုတ်အရေအတွက် အများဆုံးလည်း ဖြစ်၏။ ပမာဏလည်း အကြီးဆုံးဖြစ်၏။
မဟာဝဂ်၌ မဂ္ဂင်ရှစ်ပါး၊ ဗောဇ္ဈင်ခုနှစစ်ပါး၊ သတိပဋ္ဌာန်လေးပါး၊ ဣန္ဒြေငါးပါး၊ သမ္မပ္ပဓာန်လေးပါး၊ ဗိုလ်ငါးပါး၊ ဣဒ္ဓိပါဒ်လေးပါး၊ ဈာန်လေးပါး၊ အာနာပါနဿတိ၊ သောတာပန်အင်္ဂါ၊ သစ္စာလေးပါး၊ အရှင်အနုရုဒ္ဓါတို့နှင့်စပ်သော ဟောကြားချက်များ ပါဝင်သည်။
မဟာဝဂ်သည် သံယုတ္တနိကာယ်၏ ပဉ္စမမြောက်နှင့်နောက်ဆုံးအစု ဖြစ်၏။ ဤ၌ မဟာဟူသော ဝိသေသနပုဒ်သည် သံယုတ်တို့၏ ပမာဏကို အထူးမပြုဘဲ အကြောင်းအရာကိုသာ ရည်ညွှန်းသည်ဟု ထင်ရ၏။ အကြောင်းမှာ ဤဝဂ်ရှိ သံယုတ် ၁၂ ခုတို့သည် အခြားသံယုတ်တို့နှင့် ပမာဏ မတိမ်းမယိမ်းပင် ရှိနေကြသော်လည်း အကြောင်းအရာမှာမူ ဓမ္မကြောင်းဆန်သော ဒေသနာများချည်း ဖြစ်ကြသောကြောင့် ဖြစ်၏။
ဗုဒ္ဓဘာသာဝင်တို့၏ မဂ်ဖိုလ်ရကြောင်း အားထုတ်မှု၌ အရေးပါလှသော မဂ္ဂင်ရှစ်ပါး၊ သတိပဋ္ဌာန်လေးပါး၊ ဗောဇ္ဈင်ခုနှစ်ပါး၊ ဣန္ဒြေငါးပါး၊ ဗိုလ်ငါးပါးစသည့် ကျင့်ရိုးလမ်းကြောင်းများနှင့်အတူ မဂ်ပုဂ္ဂိုလ်၊ ဖိုလ်ပုဂ္ဂိုလ်စသည့် ဉာဏ်စဉ်ရပုဂ္ဂိုလ်များ အကြောင်းကို အထူးဆွေးနွေးထား၏။ သစ္စာလေးပါးတရားကို ရှေးဦးစွာ ဟောကြားချက်ဖြစ်သော ဓမ္မစကြာတရားတော်၌ မဟာဝဂ်ရှိ သစ္စသံယုတ်အတွင်း၌ တွေ့ရသည်။
နိဂုံး
သံယုတ္တနိကာယ်သည် ဒီဃနိကာယ်နှင့် မဇ္ဈိမနိကာယ်တို့ထက် သုတ်အရေအတွက်အားဖြင့် မနှိုင်းယှဉ်သာအောင် များပြား၏။ သို့သော် ဤသံယုတ္တနိကာယ်လာသုတ်များသည် ယခင်နိကာယ် နှစ်ရပ်မှ သုတ်များလောက် အတိုင်းအတာအားဖြင့် ရှည်လျားခြင်းမရှိဘဲ အများအားဖြင့် သုတ်တိုလေးများသာ ဖြစ်၏။ အတော်အတန် ရှည်လျားသော သုတ်များကား အနည်းငယ်မျှသာ ပါရှိ၏။
သံယုတ္တနိကာယ်သည် ဝဂ်အားဖြင့် ငါးဝဂ်၊ သံယုတ်အားဖြင့် ၅၆ သံယုတ်၊ သုတ်အားဖြင့် ၃၀၄၂ သုတ် ပါဝင်ပြီး ဆဋ္ဌမူစာမျက်နှာ ၁၄၅၄ မျက်နှာ ရှိသည်။ ဘာဏဝါရ ၁၀၀ တိတိ ရှိသည်။
သံယုတ္တနိကာယ်တွင် ပါဝင်သော သုတ်များအနက် အများစုမှာ ဗုဒ္ဓမြတ်စွာ ကိုယ်တိုင် ဟောကြားသော ဗုဒ္ဓဘာသိတသုတ်များဖြစ်၏။ သို့သော် အရှင်သာရိပုတ္တရာ အရှင်မောဂ္ဂလာန်စသော တပည့်သာဝကကြီးများ ဟောကြားသည် သာဝကဘာသိတသုတ်များလည်း အနည်းငယ် ပါဝင်သည်။ တပည့်သာဝကကြီးများ၏ ဟောကြားချက်များမှာ ဗုဒ္ဓမြတ်စွာ၏ ဟောကြားချက်ကိုပင် တဆင့်ပြန်၍ ဟောကြားခြင်း သို့မဟုတ် ဗုဒ္ဓမြတ်စွာ၏ အလိုတော်နှင့်အညီ ဟောကြားခြင်းဖြစ်၍ ဗုဒ္ဓဘာသိတနှင့် ထပ်တူ ယုံကြည်လေးစား အပ်သော ဟောကြားချက်များဖြစ်၏။
ဗုဒ္ဓမြတ်စွာသည် သုတ္တန်ဒေသနာများကို ဟောကြားရာ၌ နာခံသူ၏ အသိဉာဏ် အနုအရင့်နှင့် အနုသယခေါ် အလိုအကြိုက် စရိုက်ဓာတ်ခံ စသော အကြောင်းများအားလျော်စွာ အကြောင်းအရာ တစ်ခုကိုပင် အချို့သုတ်၌ အကျဉ်းအားဖြင့်သာ ဟောကြားပြီး အချို့သုတ်၌ အကျယ်နည်းဖြင့် ဖြစ်စေ၊ မကျဉ်းမကျယ်နည်းဖြင့်ဖြစ်စေ ဟောကြားခြင်းပြလေသည်။ ပုဂ္ဂိုလ်တစ်ဦးအား ဟောကြားခဲ့သော အကြောင်းအရာကိုပင် အခြားပုဂ္ဂိုလ်တစ်ဦးအား ထပ်တူထပ်မျှ ပြန်၍ ဟောကြားခြင်း ပုဂ္ဂိုလ်တစ်ဦးတည်းကိုပင် အချိန်ကာလအမျိုးမျိုး၌ အကြောင်းအရာ အမျိုးမျိုး ပြောင်းလဲဟောကြားခြင်းများလည်း ရှိသည်။
ထို့ကြောင့် ဤသံယုတ္တနိကာယ်၌ ထပ်တူထပ်မျှဖြစ်သော သုတ်များ၊ အကြောင်းအရာတူပြီး ဟောပုံဟောနည်းသာ ကွဲပြားသောသုတ်များနှင့်အမည်တူသုတ်များကို တွေ့ရမည်ဖြစ်သည်။
မှတ်ချက်။ ။ SAMBODHI INSTITUTE မှ ဒေါက်တာအရှင်သူရိယ၏ ပိဋကတ်မိတ်ဆက် နှင့် သံယုတ္တနိကာယ်မိတ်ဆက် မှ ကောက်နှုတ်ဖော်ပြပါသည်။
Ashin Sundara (30.12.2024)
++++++++++++++++++++++++++++++++++++++++++++++++++++++++++
အင်္ဂုတ္တရနိကာယ်မိတ်ဆက်
အင်္ဂုတ္တရနိကာယ်သည် ပိဋကအားဖြင့် သုတ္တန်ပိဋကတွင် ပါဝင်သည်။ နိကာယ်အားဖြင့် စတုတ္ထမြောက် နိကာယ်ဖြစ်သည်။ ပထမသံဂါယနာတင်ပွဲတွင် သံယုတ္တနိကာယ်ကို သံဂါယနာတင်ပြီးနောက် အင်္ဂုတ္တရနိကာယ်ကို ဆက်လက်၍ သံဂါယနာတင်တော်မူခဲ့ ကြသည်။
ထိုအင်္ဂုတ္တရနိကာယ်ကို မပျောက်ပျက်ရအောင် ဆောင်ရွက်ထိန်းသိမ်းသွားကြရန် အရှင်အနုရုဒ္ဓါနှင့် တပည့်တို့အား သံဂါယနာတင် မထေရ်မြတ်တို့က တာဝန်ပေးအပ်ခဲ့ကြသည်။
အင်္ဂုတ္တရနိကာယ်သည် ကျမ်းအားဖြင့် ၁၁ ကျမ်း၊ ဆဋ္ဌမူ စာမျက်နှာအားဖြင့် ၁၆၅၀ ရှိ၏။ ဒီဃနိကာယ်စသော နိကာယ်ကြီးလေးရပ်အနက် အကျယ်ဝန်းဆုံး နိကာယ်ကြီးဖြစ်သည်။
အင်္ဂုတ္တရနိကာယ်ဟူသည် တစ်ခုတစ်ခုသော အင်္ဂါအားဖြင့် လွန်၍ လွန်၍သွားသော သုတ်တို့၏ အစုအပေါင်းဟူ၍ အဓိပ္ပါယ်ရပါသည်။
ဗုဒ္ဓမြတ်စွာ၏ ဟောကြားချက်များ၌ အကြောင်းအရာတစ်ခု အခြေခံ၍ ဟောကြားသော ဒေသနာလည်း ပါရှိ၏။
ပထမသံဂါယနာတင် မထေရ်မြတ်တို့သည် ဒီဃ၊ မဇ္ဈိမ၊ သံယုတ္တ ဟူသော နိကာယ်ကြီးသုံးရပ်ကို သံဂါယနာတင်ပြီးနောက် ကျန်ရှိနေသေးသော ဗုဒ္ဓစကားတော်များကို သံဂါယနာတင်ရာ၌ အရေအတွက်ကို အခြေခံသော အစီအစဉ်ဖြင့် သံဂါယနာတင်ရန် ဆုံးဖြတ်တော်မူခဲ့ကြသည်။
အကြောင်းအရာတစ်ခုကို အခြေခံသော ဟောကြားချက်များကို ဧကကနိပါတ်၊ အကြောင်းအရာနှစ်ခုကို အခြေခံသော ဟောကြားချက်များကို ဒုကနိပါတ်၊ အကြောင်းအရာ ဆယ့်တစ်ခုကို အခြေခံသော ဟောကြားချက်များကို ဧကာဒသကနိပါတ်ဟူ၍ ပိုင်းခြား သတ်မှတ်တော်မူခဲ့ကြပါသည်။ ထိုအပိုင်း ဆယ့်တစ်ပိုင်းကိုပင် “အင်္ဂုတ္တိုရ်ဆယ့်တစ်ကျမ်း”ဟု ခေါ်ခဲ့ကြပါသည်။
အင်္ဂုတ္တရနိကာယ်သည် နိပါတ်ခေါ် အပိုင်းအခန်း ၁၁ ခန်းရှိ၏။ သုတ်အရေအတွက်အားဖြင့်မူ အဋ္ဌကထာဆရာ၏ မိန့်ဆိုချက်အရ ၉၅၅၇ သုတ်ရှိကြောင်း သိရပါသည်။ နှုတ်ငုံဆောင်ခေတ်က ပုဂ္ဂိုလ်များ အမှတ်အသားပြုခဲ့သည့် ဘာဏဝါရ ခေါ် တစ်ကြိမ်ရွတ်စာ တစ်ရွတ်စာ အတိုင်းအတာ အားဖြင့် ဘာဏဝါရ ၁၂၀ ရှိသည်ဟု ဆိုပါသည်။
ဆဋ္ဌသံဂါယနာမူအားဖြင့် စာမျက်နှာ ၁၆၅၁ မျက်နှာ ရှိပါသည်။ ယင်းကို ဧကကနိပါတ်မှ စတုက္ကနိပါတ်ထိ ပထမအုပ်၊ ပဉ္စကနိပါတ်မှ သတ္တကနိပါတ်ထိ ဒုတိယအုပ်၊ အဋ္ဌကနိပါတ်မှ ဧကာဒသကနိပါတ်ထိ တတိယအုပ်ဟူ၍ စာအုပ်ကြီးသုံးအုပ်ခွဲ၍ ရိုက်နှိပ်ထားပါသည်။ ဆဋ္ဌမူပါဠိတော်၌ မြုပ်ထားသော ပေယျာလများကိုပါဖော်၍ သုတ်များကို ရနိုင်သမျှ ရေတွက် ကြည့်ရာ ၇၄၄၄ သုတ်သာ ရရှိပါသည်။
ပထမဦးဆုံးဖြစ်သော ဧကကနိပါတ်၌ အကြောင်းအရာ တစ်ခုစီနှင့်ဆိုင်သော သုတ်ပေါင်း ၆၂၇ သုတ် ပါဝင်ပါသည်။ ထိုသုတ်တို့ကို ဝဂ် ၂၀ တို့ဖြင့် ပိုင်းခြားထားပါသည်။
ဒုကနိပါတ်၌ အကြောင်းအချက် နှစ်ခုကို အခြေခံ၍ ဟောကြားသော သုတ်ပေါင်း ၇၀၀ ပါရှိ၏။ ထိုသုတ်တို့ကို ၁၅ ဝဂ်ဖြင့် ပိုင်းခြားထားသည်။
သုံးပါးသောအင်္ဂါသုံးပါးသောတရားသုံးပါးသောပုဂ္ဂိုလ် စသည်တို့ကို ဟောကြားသော တိကနိပါတ်၌ သုတ်ပေါင်း ၃၅၃ သုတ်ပါဝင်ပါသည်။ ဝဂ် ၁၈ ဝဂ်ခွဲထားသည်။
လေးပါးစုတရားများ အပိုင်းဖြစ်သော စတုက္ကနိပါတ်၌ သုတ်ပေါင်း ၅၁၀ ပါရှိပြီး၊ ဝဂ် ၂၈ ဝဂ် ခွဲထားပါသည်။
အင်္ဂုတ္တရနိကာယ် စတုက္ကနိပါတ်၌ သုတ်ပေါင်း ၅၁၀ ပါရှိပြီး ဝဂ် (၂၈) ဝဂ် ခွဲထားပါသည်။ ဤနိပါတ်၌ ဟောကြားသော တရားလေးမျိုးများတွင် …
ကြီးပွားကြောင်း သမ္ပတ္တိစက်လေးပါး၊ သင်္ဂဟဝတ္ထု ခေါ် စည်ရုံးရေး တရားလေးပါး၊ ပြဿနာဖြေရှင်းနည်းလေးပါး၊ ဘဝဆက်တိုင်း ပေါင်းဖက်လိုသော လင်နှင့်မယားတို့ ဖြည့်ကျင့်ရမည့် တရားလေးပါး၊ ရရန်မလွယ်သည့် နှစ်သက်ဖွယ်လေးပါးကို ရလိုသူတိုင်း ဖြည့်ကျင့်ရမည့်လေးပါး၊ ချမ်းသာြခင်းလေးမျိုး စသည်တို့ ပါဝင်ပါသည်။
ပုဂ္ဂိုလ်လေးမျိုးတွင်လည်း ….
မိုးလေးမျိုးနှင့်တူသော ပုဂ္ဂိုလ်လေးမျိုး၊ အိုးလေးမျိုးနှင့်တူသော ပုဂ္ဂိုလ်လေးမျိုး၊ ရေအိုင်လေးမျိုးနှင့် တူသော ပုဂ္ဂိုလ်လေးမျိုး၊ သရက်သီး လေးမျိုးနှင့်တူသော ပုဂ္ဂိုလ်လေးမျိုး၊ ကြွက်လေးမျိုးနှင့် တူသော ပုဂ္ဂိုလ်လေးမျိုး၊ မြွေလေးမျိုးနှင့်တူသော ပုဂ္ဂိုလ်လေးမျိုးစသည်တို့ပါဝင်သည်။
အထက်ပါ တရားလေးမျိုးတွဲ ပုဂ္ဂိုလ်လေးမျိုးတွဲများအပြင် စေတီထိုက်သောပုဂ္ဂိုလ်လေးပါး၊ သံဝေဂရစေနိုင်သည့် အရပ်လေးပါး၊ အမြတ်ဆုံးကြည့်ညိုမှုလေးပါး၊ မလားရောက်အပ်သည် အဂတိလေးပါး, သမုဒ္ဒရာ၏ဘေးလေးမျိုး၊ အဝေးဆုံးအရာလေးမျိုး၊ မြတ်စွာဘုရား၏ အံ့ဖွယ်လေးမျိုး၊ အသင်္ချေယျကပ်လေးမျိုး၊ မကြံစည်အပ်သော အရာလေးမျိုး စသည်ဖြင့် စိတ်ဝင်စားစရာများစွာတို့လည်း ပါရှိပါသည်။
ငါးပါးစုတရားများ အပိုင်းဖြစ်သော ပဉ္စကနိပါတ်၌ သုတ်ပေါင်း ၁၁၅၁ သုတ်ပါရှိ၍ ဝဂ်ပေါင်း ၂၉ ဝဂ် ခွဲထားပါသည်။ ဤနိပါတ်သည် သုတ်အရေအတွက်များသည်နှင့်အမျှ မှတ်သားဖွယ်လည်း ပို၍ များသည်။
ပထမဦးစွာ တွေ့ရသောသုတ်တို့၌ သဒ္ဓါ ဟိရိစသော အားငါးပါး၏ အရေးကြီးပုံကိုဟောထားသည်။ ထို့နောက် နီဝရဏတရားငါးပါးကို ရွှေ၏အညစ်ကြေးငါးပါးနှင့် ဥပမာပြုပြီး မိမိစိတ်ကို နီဝရဏငါးပါးမှ ကင်းကွာစေနိုင်သူသည် ဈာန်အဘိညာဉ်တန်ခိုးများကို ရနိုင်ကြောင်း ဟောထားသည်။
ဒါနနှင့် ပတ်သက်သော ဟောကြားချက်များများစွာ ပါရှိသည်။ သီဟသေနာပတိသုတ်၌ ဒါန၏ အကျိုးငါးပါး၊ ဘောဇနသုတ်၌ ဆွမ်းလှူခြင်း၏ အကျိုးငါးပါး၊ ကာလဒါနသုတ်၌ အချိန်အခါ အားလျော်စွာ ပေးလှူအပ်သော ဒါနငါးမျိုး၊ သပ္ပုရိသဒါနသုတ်နှင့် အသပ္ပုုရိသဒါနသုတ်တို့၌ သူတော်ကောင်းတို့၏ ဒါနနှင့် သူယုတ်မာတို့၏ ဒါနငါးမျိုးစသည်တို့ကို ဟောကြားသည်။
သီလစောင့်ထိန်းမှုနှင့် သီလ၏ အကျိုးကိုလည်း အလေးအနက် ထား၍ ဟောကြားခဲ့သည်။ သီလသည် အချုပ်အားဖြင့် လူ့သီလနှင့် ရဟန်းသီလဟူ၍ နှစ်မျိုးရှိပါသည်။
လူတို့၌ ငါးပါးသီလသည် အရေးအကြီးဆုံးဖြစ်သကဲ့သို့ ရဟန်းတို့၌လည်း ပါတိမောက္ခသံဝရသီလသည် အရေးကြီးဆုံးဖြစ်၏။
လူဖြစ်စေ ရဟန်းဖြစ်စေ ပြည့်စုံရမည့်သမ္ပဒါငါးပါးတို့တွင် သီလပြည့်စုံမှုကို သမ္ပဒါတစ်ပါးအဖြစ်ဖြင့် ဟောကြားခဲ့သည်။ လူဖြစ်စေ ရဟန်းဖြစ်စေ ပိုင်ဆိုင်ရမည့် ဓနဥစ္စာငါးပါးတို့၌လည်း သီလဓန သီလဥစ္စာဟူ၍ ဟောကြားခဲ့သည်။
ငါးပါးသီလကို အရိယတို့ နှစ်သက်အပ်သော အရိယာကန္တသီလ ဟူ၍ ချီးကျူးဟောကြား၏။ ပါတိမောက္ခသံဝရသီလကိုလည်း ရဟန်းကောင်းရဟန်းမြတ်တို့ မလွဲမသွေရှိရမည့် အင်္ဂါတစ်ရပ်အဖြစ်ဖြင့် အကြိမ်များစွာ ဟောကြားခဲ့၏။ သီလပျက်ခြင်း၏ အပြစ်ငါးပါးနှင့် သီလနှင့် ပြည့်စုံခြင်း၏ အကျိုးငါးပါးတို့ကို ဟောကြားသော သုတ်များလည်းပါရှိသည်။
ဘာဝနာနှင့်ပတ်သက်သော ဟောကြားချက်များလည်း အမြောက်အများ ပါရှိ၏။ စင်္ကြံလျှောက်ခြင်း၏ အကျိုးငါးပါး, ယာဂုသောက်ခြင်း၏ အကျိုးငါးပါး, သွားတိုက်ခြင်း၏ အကျိုးငါးပါး စသော ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များလည်း ပါရှိသည်။
သားသမီးဝတ်ငါးပါး မယားဝတ်ငါးပါး အိမ်ထောင်ရှင်ယောကျာ်းတို့ ဆောင်ရွက်ရမည့် တာဝန်ငါးရပ် စသည့် လူမှုရေးဆိုင်ရာ လမ်းညွှန်ချက်များကိုလည်း တွေ့ရမည်။
ခြောက်ပါးစုတရားများ အပိုင်းဖြစ်သော ဆက္ကနိပါတ်၌ သုတ်အရေအတွက် ၆၄၉ သုတ် ပါရှိပါသည်။ ဝဂ်အားဖြင့် ၁၃ ဝဂ် ခွဲထားပါသည်။
ခုနှစ်ပါးစုတရားများ အပိုင်းဖြစ်သော သတ္တကနိပါတ်၌ သုတ်ပေါင်း ၁၁၃၂ သုတ် ပါရှိသည်။ ဝဂ်အားဖြင့် ၁၁ ဝဂ် ခွဲထားပါသည်။
အဋ္ဌကနိပါတ်၌ သုတ်အရေအတွက် ၆၂၆ သုတ် ပါရှိ၏။ ဝဂ်အားဖြင့် ၁၁ ဝဂ် ခွဲထားပါသည်။ နဝကနိပါတ်၌ သုတ်ပေါင်း ၄၂၃ သုတ် ပါဝင်သည်။ ဝဂ်အားဖြင့် ၁၀ ဝဂ် ခွဲထားပါသည်။
ဒသကနိပါတ်၌ သုတ်ပေါင်း ၇၄၆ သုတ် ပါရှိသည်။ ဝဂ်အားဖြင့် ၂၃ ဝဂ် ခွဲထားပါသည်။
အင်္ဂုတ္တရနိကာယ် ဆယ်တစ်ကျမ်း၏ နောက်ဆုံးဖြစ်သော ဧကာဒသကနိပါတ်၌ သုတ်ပေါင်း ၆၁၇ သုတ် ရှိသော်လည်း စာသွားတူ၍ ပေယျာလဖြင့် ချုံးပြထားသော သုတ်တို့သာ များပါသည်။ ဝဂ်အားဖြင့် ၄ ဝဂ် ခွဲထားပါသည်။
အင်္ဂုတ္တရနိကာယ်သည် တစ်ပါး၊ နှစ်ပါး၊ သုံးပါး၊ လေးပါးစသော တရားတို့ကို သင်္ချာအရေအတွက် အားလျော်စွာ စနစ်တကျ စီစဉ်ဖော်ပြထားသောကြောင့် သရုပ်ပြအဘိဓာန် ကျမ်းကြီးသဖွယ် ဖြစ်ပါသည်။
မှတ်ချက်။ ။ SAMBODHI INSTITUTE မှ ဒေါက်တာအရှင်သူရိယ၏ ပိဋကတ်မိတ်ဆက်၊ အင်္ဂုတ္တရနိကာယ်အနှစ်ချုပ်၊ အင်္ဂုတ္တရနိကာယ်မိတ်ဆက်တို့မှ ကောက်နှုတ်ဖော်ပြပါသည်။
Ashin Sundara (31.12.2024)
++++++++++++++++++++++++++++++++++++++++++++
ခုဒ္ဒကနိကာယ်မိတ်ဆက်
ခုဒ္ဒကနိကာယ်သည် သုတ္တန်ပိဋက၏ ပဉ္စမနှင့် နောက်ဆုံးအစုကြီး ဖြစ်ပေသည်။ ခုဒ္ဒကဟူသော ဝိသေသနပုဒ်နှင့် ပတ်သက်၍ နှစ်မျိုး ယူဆနိုင်ဖွယ်ရှိ၏။
ခုဒ္ဒကဟူသောပုဒ်သည် နောက်ကျသော၊ နှောင်းသောဟူသည့် အဓိပ္ပာယ်ကို ဆောင်နိုင်သည်ဖြစ်ရာ ရှေးနိကာယ်ကြီးလေးရပ်တို့နောက်မှ ထပ်မံဖွဲ့စည်းသော အစုဖြစ်သောကြောင့် ခုဒ္ဒကနိကာယ် (နှောင်းသောအစုကြီး)ဟူ၍ မှည့်ခေါ်ထားသည်ဟု ယူဆနိုင်သည်။
တဖန် ဤနိကာယ်တွင် ပါဝင်သည့် ကျမ်းတို့တွင် အမွန်အစဖြစ်သော ကျမ်းငယ်သည် ခုဒ္ဒကပါဌ ဖြစ်ပေသည်။ ရှေးနိကာယ်ကြီးများတွင် ဝဂ်အစု၊ သံယုတ် အစပြုခဲ့ရာ သုတ် (သို့မဟုတ်) သံယုတ် တခုခုကိုစွဲ၍ အမည်မှည့်တတ်သော ဓလေ့ကို တွေ့ရ၏။
ထို့ကြောင့် ဤနိကာယ်ကို အမည်တပ်ရာ၌လည်း ထိုစနစ်အရ ရှေးဦးစွာသော ခုဒ္ဒကပါဌကျမ်းကို စွဲ၍ ခုဒ္ဒကနိကာယ်ဟု ခေါ်တွင်စေခဲ့လေသလောဟု တွေးတောဖွယ်ရှိသည်။
အနောက်တိုင်းပညာရှင်တို့ မကြာခဏ တင်ပြလေ့ရှိသည့် “ကျမ်းငယ်များနှင့် စုပေါင်းဖွဲ့စည်းထားသောကြောင့်” ဟူသောအဆိုနှင့် “အကြောင်းအရာနှင့်ဖွဲ့နွဲ့ပုံချင်း မတူညီသော ကျမ်းတို့ဖြင့် ဖွဲ့စည်းထားသောကြောင့်” ဟူသော အဆိုမှာ အတွေးခေါင်လွန်းသည်ဟု ထင်မှတ်ရပေသည်။
ဤနိကာယ်၏ ဖွဲ့စည်းပုံစနစ်နှင့် ပါဝင်သော အစိတ်အပိုင်းတို့သည် ရှေးနိကာယ်တို့မှ လုံးဝခြားနားသည်။ ပါဝင်သော စာစုတို့သည် သုတ်များ၊ သံယုတ်များ၊ နိပါတ်များ ဖြစ်မည့်အစား ကျမ်းများ ဖြစ်နေကြသည်။
ကျမ်းအသီးသီး ဖြစ်နေခြင်းကြောင့်လည်း စာဟန်နှင့် စာသားတို့သည် တကျမ်းနှင့်တကျမ်း များစွာ ခြားနားသည်။ ပမာဏအားဖြင့်လည်း ကွာခြားသည်။ ပေါ်ပေါက်လာသော ခေတ်ချင်းလည်း ကွာခြားသည်။
ခုဒ္ဒကနိကာယ်၌ ပါဠိစာပေ ရေးထုံးပုံသဏ္ဍာန် အမျိုးမျိုးကိုတွေ့နိုင်သည်။ အကြောင်းအရာ အဖုံဖုံကိုလည်း လေ့လာနိုင်သည်။ အတိုင်းအတာ မညီညွတ်သော ကျမ်းအရွယ်အစား အသီးသီးကိုလည်း မြင်နိုင်သည်။ မတူသောစာပေ ခေတ်အဆက်ဆက်နှင့်ခည်း တွေ့ထိနိုင်သည်။
ထို့ကြောင့် ဤနိကာယ်သည် ရှုထောင့်အသီးသီးမှ ကြည့်မြင်တတ်သော ပါဠိစာပေ သုတေသီတို့အဖို့ စိတ်ဝင်စားဖွယ် အချက်အလက်တို့ဖြင့် ပြိုးပြွမ်းပြည့်စုံနေပေတောသည်။ ဤနိကာယ်တွင် ပါဝင်ပေါင်းစည်းနေသော ကျမ်းတို့ကို ရေတွက်ရာ၌ သီဟိုဠ်မူအရ တဆယ့်ငါးကျမ်းမျှရှိ၍ မြန်မာမူအရ တဆယ့်ရှစ်ကျမ်းအထိ ရှိနေသည်။
သီဟိုဠ်မူသည် အဋ္ဌကထာဆရာ ရှင်မဟာဗုဒ္ဓဃောသ၏ အလိုအတိုင်း ပင်ဖြစ်၍ မျက်မှောက်ခေတ် သုတေသီတို့ကလည်း ဤမူအတိုင်းပင် လက်ခံဖော်ပြလေ့ရှိကြသည်။
နိကာယ်ငါးခုလုံးတွင် ဤနိကာယ်သည် ကျမ်းအရေအတွက် အများဆုံးဖြစ်ပြီး ဝိနယပိဋကနှင့် အဘိဓမ္မာပိဋကတို့ကိုလည်း ထည့်သွင်းရေတွက်ထားသည်။
မြန်မာဆဋ္ဌမူတွင် သုတ္တန်ဆိုင်ရာ ကျမ်းပေါင်း ၁၉ ကျမ်း ပါဝင်သည်။ အဋ္ဌကထာဆရာ အရှင်မဟာဗုဒ္ဓဃောသ၏ အဋ္ဌကထာများတွင် မိလိန္ဒပဉှာ၊ နေတ္ထိ၊ ပေဋကေပဒေသတို့ကို ကိုးကားဖော်ပြလေ့ရှိသော်လည်း သုတ္တန်ဆိုင်ရာကျမ်းများကို ရေတွက်ပြရာတွင် အထက်ပါ သုံးကျမ်းကို ထည့်သွင်း ရေတွက်သည်ကိုမူ မတွေ့ရပေ။
ခုဒ္ဒကနိကာယ် သုတ္တန်ဆိုင်ရာ ၁၉ ကျမ်းမှာ -
၁။ ခုဒ္ဒကပါဌ ၂။ ဓမ္မပဒ ၃။ ဥဒါန ၄။ ဣတိဝုတ္တက ၅။ သုတ္တနိပါတ
၆။ ဝိမာနဝတ္ထု ၇။ ပေတဝတ္ထု ၈။ ထေရဂါထာ ၉။ ထေရီဂါထာ ၁၀။ အပဒါန
၁၁။ ဗုဒ္ဓဝံသ ၁၂။ စရိယာပိဋက ၁၃။ ဇာတက ၁၄။ မဟာနိဒ္ဒေသ
၁၅။ စူဠနိဒ္ဒေသ ၁၆။ ပဋိသမ္ဘိဒါမဂ္ဂ ၁၇။ နေတ္တိပကရဏ
၁၈။ ပေဋကောပဒေသ ၁၉။ မိလိန္ဒပဉှာ တို့ဖြစ်ကြသည်။
၁။ ခုဒ္ဒကပါဌ
ခုဒ္ဒကပါဌကျမ်းသည် ခုဒ္ဒကနိကာယ်၏ အစဦးဆုံးကျမ်း ဖြစ်သည်။ ဤကျမ်း၏ ဖွဲ့စည်းပုံမှာ တမူထူးခြားနေသည်။ ပါဠိတော်ကျမ်းများအားလုံးတွင် အသေးငယ်ဆုံးကျမ်းဖြစ်သည်။
၁။ သရဏဂုံသုံးပါး
၂။ ဆယ်ပါးသီလ
၃။ သုံးဆယ့်နှစ်ကောဋ္ဌာသ
၄။ ကုမာရပဉှာ (သာမဏေတို့အတွက်မေးခွန်းဆယ်မျိုး)
၅။ မင်္ဂလသုတ်
၆။ ရတနာသုတ်
၇။ တိရောကုဋ္ဋသုတ်
၈။ နိဓိကဏ္ဍသုတ် နှင့်
၉။ ကရဏီယမေတ္တသုတ် အားဖြင့် တိုတောင်းသည့် စာစုကိုးမျိုး ပါဝင်သည်။
ယင်းတို့အနက် မင်္ဂလသုတ်သည် လောကီနှင့်လောကုတ္တုရာ တိုးတက်ရေးနှစ်မျိုးလုံးကို ဦးတည် ဖော်ပြထားသည်ဖြစ်၍ ဗုဒ္ဓစာပေတွင် ထင်ရှားသည်။ မေတ္တသုတ် ရတနာသုတ် တိရောကုဋသုတ် များမှာလည်း ဘာသာရေးအခမ်းအနားများတွင် ရွတ်ဖတ်မြဲသုတ်များဖြစ်၍ ထင်ရှားသည်။
သီရိလင်္ကာနိုင်ငံရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဤကျမ်းကို သာမဏေဘဝကပင် တတ်မြောက်ပြီးဖြစ်အောင် သင်ယူရလေ့ရှိသည်။
ဤကျမ်း၌ပါဝင်သော မင်္ဂလသုတ် မေတ္တသုတ် နှင့် ရတနသုတ်တို့ကို သုတ္တနိပါတ်ကျမ်း၌လည်း ထပ်မံတွေ့ရမည်။
ဤကျမ်းသည် ငယ်ပင်ငယ်သော်လည်း ပါဝင်သောအကြောင်းအရာ အများစုသည် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု ဘာသာရေးထုံးစံများအတွက် အသုံးချအစီအစဉ်များလည်း ပါဝင်နေသည်။
ဤကျမ်းသည် ဆဋ္ဌမူပါဠိတော်၏ ဖွဲ့စည်းပုံတွင် ခုဒ္ဒကပါဌငါးကျမ်းတွဲ၌ ဓမ္မပဒ၊ ဥဒါန၊ ဣတိဝုတ္တက၊ သုတ္တနိပါတတို့နှင့်အတူ ပါဝင်သည်။ ပုံနှိပ်မူအဖြစ် ငါးကျမ်းတွဲ ရိုက်နှိပ်ထားသောကြောင့် လူသိနည်းသည်။
၃။ ဥဒါန
ဥဒါနသည် ခုဒ္ဒကနိကာယ်၏ တတိယမြောက်ကျမ်းဖြစ်သည်။ ဥဒါနဟူသောပုဒ်သည် နှုတ်မှ ထုတ်ဖော်ကျူးရင့်သော စကားဟု အဓိပ္ပါယ်ရသည်။ ဤကျမ်းတစ်စောင်လုံးရှိ အဆိုအမိန့်များမှာ အကြောင်းအားလျော်စွာ ကျူးရင့်အပ်သော ဗုဒ္ဓမြတ်စွာ၏ နှုတ်ထွက်စကားများဖြစ်သည်။
ဥဒါနကျမ်း၌ ဝဂ်အားဖြင့် ၈ ပိုင်းခွဲလျက် ဖော်ပြထားသော ဥဒါန်းစကားပေါင်း ၈၂ ပုဒ် ပါဝင်သည်။ ဗောဓိဝဂ်, မုစလိန္ဒဝဂ်, နန္ဒဝဂ်, မေဃိယဝဂ်, သောဏထေရဝဂ်, ဇစ္စန္ဓဝဂ်, စူဠဝဂ်, ပါဋလိဂါမိယဝဂ် တိုဖြစ်သည်။
ဥဒါန်းစကားများမှာ ဂါထာအဖွဲ့မျိုးဖြစ်၏။ ဥဒါန်းစကားတစ်ပုဒ်ကို ဗုဒ္ဓကျူးရင့်တော်မူခဲ့သည့် ဒေသကာလ အစရှိသည့် နောက်ခံဇာတ်ကြောင်းကိုမူ စကားပြေဖြင့်ပင် နိဒါန်း ပြုဖော်ပြထားသည်။ ဤနည်းဖြင့် ဥဒါန်းကျမ်း၏ အရေးအသားသည် ချောမွေ့ပြေပြစ်သော စကားပြေနှင့်ကဗျာ ရောလျက် ရှိသည်။
ဥဒါန်းဂါထာတို့ တင်ပြသော အကြောင်းအရာတို့သည် နိဗ္ဗာန်၏သဘော ရဟန္တာအရှင်မြတ်တို့၏ အေးငြိမ်းမှု ကံ၏ အကျိုးသက်ရောက်မှု တမလွန်ဘဝနှင့်ပတ်သက်သော အယူအဆများ နတ်ရွာ သုဂတိအကြောင်း ဒုဂ္ဂတိဘုံဌာနအကြောင်း မဂ်ဖိုလ်ချမ်းသာအကြောင်း ဗုဒ္ဓမြတ်စွာ၏ လောကအမြင် စသည်တို့ ဖြစ်ကြသည်။
ဤကျမ်းလာ အချို့သောအကြောင်းအရာများနှင့် အချို့သော ဥပမာ စကားတို့သည် အခြားသော ပါဠိစာပေတို့၌လည်း ပျံ့နှံ့နေကြသည်။ အထူးအားဖြင့် ဗုဒ္ဓမြတ်စွာ၏ ဘဝဖြစ်စဉ်နှင့် ပတ်သက်သော အချက်အလက်အချို့မှာ ဝိနယပိဋကနှင့် မဟာပရိနိဗ္ဗာနသုတ်လာ အကြောင်းအရာများနှင့် နီးစပ်မှုရှိသည်။
ဥဒါနစာပေစုသည် အင်္ဂအားဖြင့် ခွဲခြားသော ဗုဒ္ဓစာပေစာရင်း၌လည်း ပါဝင်နေခြင်းကြောင့် ဗုဒ္ဓစာပေခေတ်ဦးပိုင်းကပင် ပေါ်ပေါက်ခဲ့ပြီး ဖြစ်ရာ၏။
၄။ ဣတိဝုတ္တက
ဣတိဝုတ္တကသည် ခုဒ္ဒကနိကာယ်၏ စတုတ္ထမြောက်ကျမ်းငယ်ဖြစ်သည်။ မြတ်စွာဘုရားသည် ဤအရာကို မိန့်တော်မူခဲ့သည်ဟု အဓိပ္ပါယ်ရသော ဝုတ္တံ၊ ဟေတံ ဘဂဝတောဟူသည့် စကားဦးများ သုတ် အစတိုင်း၌ ပါရှိနေသည်ဖြစ်၍ ဤကျမ်းတစ်စောင်လုံးကို ဣတိဝုတ္တကဟု အမည်ပေးခဲ့ခြင်း ဖြစ်မည်။
ဣတိဝုတ္တကျမ်းသည် စကားပြေနှင့်ဂါထာ နှစ်မျိုး ပေါင်းစပ်၍ ရေးထားသောကျမ်း ဖြစ်သည်။ ဤကျမ်းတွင် အခန်းတိုပေါင်း ၁၁၂ခန်း ပါရှိ၏။ စာသွား စာလာမှာ ဥဒါန်းကျမ်းနှင့် မတူချေ။
စကားပြေသည် ဇာတ်ကြောင်းကို ပြန်လည် ဖော်ပြခြင်း မပြုဘဲ ဂါထာတွင် ပါဝင်သော သဘောတရားကိုသာ ဖော်ပြသည်။ ဆိုလိုရင်းအယူအဆ သို့မဟုတ် သဘောတရားတစ်ခုကို စကားပြေတွင် ရှေးဦးစစွာ အကျဉ်းချုပ်ဖော်ပြ၍ ဂါထာတွင် ထပ်၍ပြဆိုပြန်သည်။
ရံဖန်ရံခါ ဂါထာနှင့် စကားပြေတို့သည် အချင်းချင်းဖြည့်စွက်ရှင်းလင်းကြသည်ကို တွေ့ရသည်။ ဂါထာ၌ ဖော်ပြမည့် ဆိုလိုရင်းသဘောတစ်ခုကို စကားပြေက နိဒါန်းအနေဖြင့် ပလ္လင်ခံ၍သော် လည်းကောင်း၊ တခါတရံ ဆိုလိုရင်းသဘောတခုကို စကားပြေဖြင့် တစိတ်တဒေသ တင်ပြ၍ ဂါထာဖြင့် တစိတ်တဒေသ ညွှန်ပြထားသည်။
ဤကျမ်းငယ်၏ အစီအစဉ်သည် အင်္ဂုတ္တရနိကာယ်နှင့် နီးစပ်မှုများသည်။ နိပါတ်အားဖြင့် လေးခု ဝဂ်အားဖြင့် ၁၁ သုတ်အားဖြင့် ၁၁၂ ရှိသည်။
ဤကျမ်းငယ်၏ အကြောင်းအရာပိုင်းသည် ရည်ညွှန်းခံအဖြစ်အပျက်နှင့် ပုဂ္ဂိုလ်ကိုလိုက်၍ များစွာ ကျယ်ပြန့်သည်။ ဗုဒ္ဓမြတ်စွာ သိစေလိုသော ကိုယ်ကျင့်အဘိဓမ္မာနှင့် ဒေသနာအဘိဓမ္မာတို့ကို သုတ်တိုင်း၌ တွေ့ရသည်။
ကုသိုလ် အကုသိုလ်တို့၏ ကောင်းကျိုးဆိုးပြစ်များ ကုသိုလ်ပြုသူနှင့် အကုသိုလ်ပြုသူတို့၏ တန်ပြန်ခံစားရပုံများ တဏှာလောဘသည် သံသရာလည်ခြင်း၏ အကြောင်းရင်းခံဖြစ်ပုံ နိဗ္ဗာန်သည်သာလျှင် သံသရာ၏အဆုံးမည်ပုံ ယင်းနိဗ္ဗာန်ကို ဉာဏ်တွင် ထင်လာအောင် အားထုတ်ရာ၌ မဂ္ဂင်ရှစ်ပါး၏ အရေးပါပုံ ဒုက္ခနှင့်ဒုက္ခ၏ရင်းမြစ်ကို သိမြင် ပယ်ရှားနိုင်ပါမှ သံသရာမှ လွတ်နိုင်ပုံ စသည်တို့ကို လှပသော ဥပမာစကားများဖြင့် ရှင်းပြထားသည်။
ဤကျမ်းလာ အထင်ရှားဆုံး ဆုံးမစကားမှာ ဝက္ကလိမထေရ်အား ဗုဒ္ဓမြတ်စွာ၏ သွန်သင်ချက်ဖြစ်သည်။ “အကြင်ရဟန်းသည် ငါ၏သင်္ကန်းစကို ဆွဲကိုင်၍ ငါ့အပါးမှ မခွာစေကာမူ လောဘ ဒေါသ မာနတို့မှ မလွတ်မြောက်နိုင်သေးပါက ငါနှင့်နီးသည်မမည်။ အကြင်ရဟန်းသည် ငါနှင့် ယူဇနာတရာခြား၌ပင် ရှိသော်လည်း လောဘ, ဒေါသ, မာန, အနှောင်အဖွဲ့တို့မှ ကင်းရှင်းနေပါက ငါနှင့်မကွဲမကွာ ရှိသည်မည်၏”ဟူသော ဆုံးမသွန်သင်ချက်ပင် ဖြစ်၏။
၅။ သုတ္တနိပါတ
သုတ္တနိပါတကျမ်းသည် ခုဒ္ဒကနိကာယ်၏ ပဉ္စမမြောက်ကျမ်းဖြစ်၏။ သုတ်ငယ်များကို စုပေါင်း ထားခြင်းကြောင့် သုတ္တနိပါတဟု အမည်ပေးထားဟန်ရှိသည်။
သုတ္တနိပါတကျမ်းကို ဥရဂဝဂ္ဂ, စူဠဝဂ္ဂ, မဟာဝဂ္ဂ, အဋ္ဌကဝဂ္ဂ, ပရာယဏဝဂ် ဟူသော ဝဂ်ငါးခု တို့ဖြင့် ပိုင်းခြားထားသည်။ ယင်းတို့အနက် ပထမဝဂ်လေးခုတို့တွင် သုတ်ဟု ခေါင်းစဉ်တပ်ထားသော ဒေသနာပေါင်း ၅၄ခု ပါရှိသည်။ နောက်ဆုံး ပရာယဏဝဂ်၌မူ ပုစ္ဆာဟုအမည် ပေးထားသော ဆွေးနွေးခန်း ၁၆ ခု ပါရှိသည်။
သုတ္တနိပါတသည် ပမာဏပင်ငယ်သော်လည်း အကြောင်းအရာအားဖြင့် ထူးခြားလေးနက်သည့် ကျမ်းတစ်စောင် ဖြစ်သည်။ သုတ်အများစုတို့၌ တင်ပြဆွေးနွေးထားသော ဒေသနာရပ်တို့သည် ဗုဒ္ဓဝါဒ၊ ဗုဒ္ဓအဘိဓမ္မာကို အခြေခံသော ဆွေးနွေးချက်, ရှင်းလင်းချက်, တင်ပြချက်များ ဖြစ်ကြ၍ ရှေးနိကာယ်ကြီးများနှင့် တသဘောတည်း ဖြစ်၏။
သံသရာဆင်းရဲကြီးမားပုံ, သံသရာဆင်းရဲကုန်ခန်းခြင်းသည် နိဗ္ဗာန်မည်ပုံ, ထိုနိဗ္ဗာန်သို့သွားရာ တခုတည်းသောလမ်းသည် မဂ္ဂင်ရှစ်ပါးအကျင့်ဖြစ်ပုံ စသည်တို့ကို သင့်လျော်ရာပုဂ္ဂိုလ်အား အကြောင်းပြု ဟောကြားနေပုံများ ပါဝင်သည်။ ဤသို့ ဓမ္မကြောင်းနွယ်သော ဒေသနာများအပြင် အကြောင်းအရာအရ စိတ်ဝင်စားဖွယ်ကောင်းသော သုတ်များကိုလည်း တွေ့ရသည်။
ဤသုတ်တို့၏ အရေးအသားဟန်မှာ ဂါထာ + စကားပြေရောစာဟန်ဖြစ်၏။ ဂါထာသက်သက်ဖြစ်သော သုတ်များလည်း ကြိုးကြားပါဝင်သည်။ သုံးနှုန်းထားသော ဂါထာဖွဲ့ထုံးစနစ်သည် အလွန်ရှေးကျသောစနစ်ဖြစ်သည်။
ပေါ်ပေါက်ရာခေတ်အရသော် ဤကျမ်းသည် ဗုဒ္ဓစာပေခေတ်ဦးပိုင်းနှင့် ပိုမိုနီးစပ်သည်။ဝေါဟာရ အသုံးအနှုန်း ဂါထာဖွဲ့ထုံး အချို့သောအကြောင်းအရာများနှင့် ဆွေးနွေးပုံစာဟန်ကို လေ့လာခြင်းဖြင့် ဤကျမ်းလာသုတ်အများစုသည် အစောဆုံးဗုဒ္ဓစာပေစုများတွင် ပါဝင်နေသည်။
ဤကျမ်းသည် အခြားကျမ်းများနှင့်ယှဉ်လျှင် လူသိနည်းသော်လည်း ခက်ခဲနက်နဲသော တရားများနှင့် ပြည့်နေသဖြင့် များစွာစိတ်ဝင်စားဖွယ်ကောင်းသည်။
မှတ်ချက်။ ။ SAMBODHI INSTITUTE မှ ဒေါက်တာအရှင်သူရိယ၏ ပိဋကတ်မိတ်ဆက် နှင့် ခုဒ္ဒကနိကာယ်အနှစ်ချုပ် မှ ကောက်နှုတ်ဖော်ပြပါသည်။
Ashin Sundara (1.1.2025)
++++++++++++++++++++++++++++++++++++++++
အဘိဓမ္မပိဋကတ်မိတ်ဆက်
အဘိဓမ္မာပိဋကသည် ပါဠိပိဋကတ်စာပေ၏ တတိယမြောက်နှင့် နောက်ဆုံးဖြစ်သော အစုဖြစ်သည်။
ဤအစုတွင် ပါရှိသော ဓမ္မတို့သည် သုတ္တပိဋကတွင် တွေ့ရှိခဲ့ပြီးဖြစ်သော ဓမ္မတို့ထက် အကြောင်းအရာ၊ အနက်အဓိပ္ပါယ် အယူအဆနှင့် ဖွင့်ဆိုရှင်းလင်းချက်များ၌ သာလွန်နက်နဲ့သောကြောင့် အဘိဓမ္မာဟု မှည့်ခေါ်ထားခြင်း ဖြစ်သည်။
ရှေ့တွင်ဖော်ပြခဲ့ပြီးသော ဝိနယပိဋကနှင့် သုတ္တပိဋကများအတွင်းရှိ ရဟန်းကျင့်ဝတ်များနှင့် ဒေသနာစကားတို့သည် ဗုဒ္ဓမြတ်စွာ သက်တော်ထင်ရှားရှိစဉ်က ရဟန်းရှင်လူတို့အား အခါအားလျော်စွာ ဟောကြားခဲ့သော ဒေသနာများဖြစ်သည်။
ဝိနည်းသိက္ခာပုဒ် တစ်ခုစီတွင်လည်းကောင်း၊ သုတ္တန်ဒေသနာ တခုစီတွင်လည်းကောင်း ဖြစ်ပျက်ရာဒေသ၊ အကြောင်းခံပုဂ္ဂိုလ်၊ ဖြစ်ပေါ်ရသော အကြောင်းရင်း ရည်ညွှန်းချက်၊ အကျိုးသက်ရောက်မှု ဟူသော စာအင်္ဂါများ အသီးသီးရှိကြသည်။
သို့ရာတွင် အဘိဓမ္မာပိဋက၏ နိဒါန်းမှာကား တမူထူးခြားပေ၏။ ဟောကြားရာဒေသ၊ အကြောင်းခံပုဂ္ဂိုလ်တို့နှင့် ပတ်သက်၍ နောက်ပိုင်းပါဠိစာပေ၌ ဤသို့တွေ့ရသည်။
အခါတစ်ပါး ဗုဒ္ဓမြတ်စွာသည် သာဝတ္ထိပြည်၌ တန်ခိုးပြာဋိဟာ ပြတော်မူပြီးနောက် တာဝတိံသာနတ်ပြည်သို့ တက်ကြွတော်မူ၍ ပင်လယ်ကသစ်ပင်ရင်း၌ သတ္တမမြောက် ဝါကပ်တော်မူသည်။ ဗုဒ္ဓမြတ်စွာ အထံသို့ မယ်တော် ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သား အမှူးပြုသော နတ်ဗြဟ္မာများ လာရောက်ခစားကြသည်။ ထိုနတ်ပရိသတ်တို့အား ဗုဒ္ဓမြတ်စွာသည် အဘိဓမ္မဒေသနာတော်တို့ကို ဝါတွင်းသုံးလပတ်လုံး ဟောကြားတော်မူခဲ့သည်။
ထိုသုံးလအတွင်း ဗုဒ္ဓမြတ်စွာသည် နေ့စဉ် အနောဒတ်ရေအိုင်သို့ ဆင်းသက်၍ နေ့သန့်စင်ခြင်း ပြုတော်မူခိုက် နတ်တို့အား ဟောကြားခဲ့သော အဘိဓမ္မာတရားတော်တို့ကို အရှင်သာရိပုတ္တရာအားလည်း ဟောကြားနည်းပေးတော်မူခဲ့သည်။
အရှင်သာရိပုတ္တရာက မိမိ၏ တပည့်ရဟန်းငါးရာတို့အား တဖန်ပြန်လည် ဟောကြားတော်မူပြန်သည်။ ဤသို့ဖြင့် နတ်ပြည်၌ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့သော အဘိဓမ္မာဒေသနာများသည် လူ့ပြည်တွင်လည်း အရှင်သာရိပုတ္တရာနှင့် တပည့်ရဟန်းငါးရာကို အကြောင်းပြု၍ စည်ပင်ပြန့်ပွားလာလေသည်။
အဘိဓမ္မပိဋကကို ကျမ်းအရေအတွက်အားဖြင့် ခုနှစ်ကျမ်းခွဲထားသည်။ ယင်းတို့မှာ -
၁။ ဓမ္မသင်္ဂဏီကျမ်း
၂။ ဝိဘင်းကျမ်း
၃။ ဓာတုကထာကျမ်း
၄။ ပုဂ္ဂလပညတ်ကျမ်း
၅။ ကထာဝတ္ထုကျမ်း
၆။ ယမိုက်ကျမ်း
၇။ ပဋ္ဌာန်းကျမ်းတို့ဖြစ်ကြသည်။
၁။ ဓမ္မသင်္ဂဏီ
ဓမ္မသင်္ဂဏီသည် အဘိဓမ္မာပိဋက၏ ပထမဦးဆုံးကျမ်းဖြစ်သည်။ သဘာဝဓမ္မတို့ကို ပြည့်စုံစွာ ရေတွက်ပြသောကျမ်းဖြစ်သည်။ ကျမ်းဦးမာတိကာ၏ နောက်၌ စိတ္တုပါဒကဏ္ဍ၊ ရူပကဏ္ဍ၊ နိက္ခေပကဏ္ဍ၊ အဋ္ဌကထာကဏ္ဍဟူသော အပိုင်းလေးပိုင်း ခွဲခြားလျက် ဓမ္မဟု အမည်တပ်စကောင်းသော သက်ရှိ၊ သက်မဲ့ဝတ္ထုအားလုံးတို့၏ နာမ်သဘာဝ၊ ရုပ်သဘာဝတို့ကို အကြွင်းအကျန်မရှိ ရေတွက်ပြထားသည်။
စိတ္တုပ္ပါဒကဏ္ဍ၌ ကုသလာဓမ္မာ အစရှိသော ကုသလတိက် မာတိကာအရ စိတ်၊ စေတသိက်တည်းဟူသော ပရမတ္ထတရား နှစ်ပါးတို့၏ အရေအတွက် အမျိုးအစား သဘာဝလက္ခဏာ စသည်တို့ကို ရှင်းပြသည်။
ရူပကဏ္ဍ၌မူ အဗျာကတဓမ္မဖြစ်ကုန်သော ရုပ်တရားတို့သဘောကို ဆန်းစစ်ပြသည်။
နက္ခေပကဏ္ဍသို့ ရောက်သောအခါ၌ကား ကျမ်းဦးမာတိကာ၌ ဖော်ပြခဲ့ပြီးသော တိကတရားစု၊ ဒုကတရားစုတို့ကိုပင် ခြုံးရုံးစုစည်း၍ မကျဉ်းမကျယ် ပြန်လည်သုံးသပ်ထားသည်။
တိက၊ ဒုကတရားစုအလိုက် ဖွဲ့စည်းထားသော သရုပ်စုတို့ကို နောက်ဆုံး အဋ္ဌကထာကဏ္ဍ၌ တွေ့ရပြန်သည်။ အဋ္ဌကထာကဏ္ဍသည် အရှင်သာရိပုတ္တရာ၏ ဟောကြားချက်ဖြစ်သည်ဟူ၍ ဤကျမ်း၏ အဋ္ဌကထာဖြစ်သော အဋ္ဌသာလိနီကျမ်းပြုဆရာ အရှင်မဟာဗုဒ္ဓဃောသက မိန့်ဆိုထားသည်။
ဤသို့ဖြင့် ဓမ္မသင်္ဂဏီကျမ်းသည် ဗုဒ္ဓအဘိဓမ္မာ၌ ပရမတ္ထဟူ၍ ထင်ရှားရှိနေသော စိတ်၊ စေတသိက်၊ ရုပ်နိဗ္ဗာန် တရားတို့၏ သဘောသဘာဝတို့ကို စစ်တမ်းထုတ် ရေတွက်ပြထားသောကျမ်း ဖြစ်သည်။
ဓမ္မသင်္ဂဏီကျမ်း၏ မူလရည်ရွယ်ချက်သည် ပရမတ္ထဓမ္မတို့ကို အသေးစိတ် ခွဲခြားပြရန် ဖြစ်သည်။ သို့သော် စိတ်သဘာဝ၊ စေတသိက် သဘာဝ စသည်တို့ကို တိက်အရ ခွဲခြားပြရာ၌မူ သုံးသပ်ပုံစနစ်သည် စိတ္တဗေဒသဘောတရားထက် ကိုယ်ကျင့်အဘိဓမ္မာသဘောသို့ ပိုမိုသက်ဝင် နေ၏။ စိတ္တဗေဒနှင့် ကိုယ်ကျင့်အဘိဓမ္မာ နှစ်ရပ်တို့သည်လည်း ဒဿနိကဗေဒနှင့် ကိုးကွယ်မှုကဲ့သို့ ခွဲခြား၍ မရစကောင်းသော ပညာရပ်များ ဖြစ်ကြသည်။ ထို့ကြောင့် ဤကျမ်း၏ ကိုယ်ကျင့်အဘိဓမ္မာဆန်သော သုံးသပ်ပုံစနစ်သည် သဘာဝကျသည်ဟုဆိုရပေမည်။
၂။ ဝိဘင်္ဂ
ဝိဘင်္ဂသည် အဘိဓမ္မာပိဋက၏ ဒုတိယမြောက်ကျမ်းဖြစ်၍ ဓမ္မတို့၏သဘောအဓိပ္ပါယ်ကို ခွဲခြမ်းထားသောကြောင့် ဝိဘင်္ဂဟု အမည်ရသည်။ ဝိဘင်းကျမ်းဟု အလွယ်ခေါ်ကြသည်။
ဤကျမ်း၌ ဝိဘင်္ဂခေါ် အဖွင့်ပေါင်း ၁၈ ခု ပါဝင်၏။
ဝိဘင်းကျမ်းသည် ခန္ဓစသောဓမ္မတို့ကို (တနည်း) ကုသလဓမ္မ၊ အကုသလဓမ္မ၊ အဗျာကတဓမ္မ စသော ဓမ္မတို့ကို သုတ္တန်နည်း၊ အဘိဓမ္မာနည်း အမေးအဖြေ ပဉှာပုစ္ဆကနည်းတို့ဖြင့် အကျယ်တဝင့် ဟောကြားတော်မူရာဖြစ်သော ကျမ်းဖြစ်သည်။
ဤစကားအတိုင်းဆိုပါက ဓမ္မသင်္ဂဏီကျမ်းကိုလည်း ဝိဘင်းကျမ်းဟူ၍ ခေါ်နိုင်စရာ မရှိပါလားဟု မေးဖွယ်ရှိလာပြန်သည်။ အဘယ့်ကြောင့်ဆိုသော် ဓမ္မသင်္ဂဏီကျမ်း၌လည်း တသ္မိံ ခေါ ပန သမယေ စတ္တာရော ခန္ဓာ ဟောန္တိ စသည်ဖြင့် ခန္ဓာစသည်တို့ကို ဝေဖန်ဟောကြားတော်မူပါသည်ဟု အကြောင်းပြစရာ ရှိနေသောကြောင့် ဖြစ်၏။
ဓမ္မသင်္ဂဏီ၌ ထိုသို့ဟောကြားချက်များ ပါရှိနေသော်လည်း ဝိဘင်းပါဠိတော်မှာကဲ့သို့ အကျယ်တဝင့် နည်းမျိုးစုံဖြင့် ဝေဖန် ဟောကြားတော်မူချက်များ မဟုတ်သောကြောင့် ဓမ္မသင်္ဂဏီကျမ်းသည် ဝိဘင်းမမည်ထိုက်ပါဟု ဖြေရာ၏။ ဝိဘင်းကျမ်းက အလွန်အကဲနှင့်တကွ ပြရာဖြစ်သည့် သာတိသယနည်းအားဖြင့် ဟောခြင်းဖြစ်သည်။
ဗုဒ္ဓအဘိဓမ္မာစာပေနယ်၌ တွင်ကျယ်ထင်ရှားသော ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာ၊ ပဋိစ္စသမုပ္ပါဒ၊ ဗောဇ္ဈင်အစရှိသည့် တရားအစုတို့နှင့် အခေါ်အဝေါ်တို့ကို သက်ဆိုင်ရာဝင်ဘင်းတို့၌ အနုစိတ် ရှင်းပြသည်။
အကြောင်းအရာအရသော် ဝိဘင်းကျမ်းသည် ဓမ္မသင်္ဂဏီကျမ်း၏ အဆက်ဖြစ်သင့်သည်။ ဓမ္မသင်္ဂဏီကျမ်း၌ ဖော်ပြပြီးသော အရေအတွက်တို့ကိုပင် ဆက်လက်တင်ပြထားသောကြောင့် ဖြစ်၏။ သို့သော် တင်ပြပုံစနစ်ချင်းကား ခြားနားသည်။
ဓမ္မသင်္ဂဏီကျမ်းတွင် စိတ်၊ စေတသိက်၊ ရုပ်တို့ကို ကုသလ၊ အကုသလ၊ အဗျာကတတည်းဟူသော မာတိကာအရ ခွဲခြမ်းရေတွက်ပြသည်။ ဝိဘင်းကျမ်း၌ကား ယင်းဝေါဟာရတို့ကိုပင် သုတ္တန်ရှုထောင့်၊ အဘိဓမ္မာရှုထောင့် အမေးအဖြေနည်းစသည်တို့မှ လေ့လာတင်ပြထားသည်။
တဖန် ဤကျမ်းကို ဓာတုကထာကျမ်း၏ အစဟုလည်းဆိုနိုင်ပြန်သည်။ အကြောင်းမှာ ဤကျမ်းလာ ခန္ဓာ၊ အာယတန၊ ဓာတ်စသော သဘောတရားတို့နှင့် ခွဲခြမ်းပုံစနစ်ကိုပင် ဓာတုကထာကျမ်းကလည်း ဆက်လက်သုံးစွဲထားသောကြောင့် ဖြစ်သည်။
ဝိဘင်းကျမ်း၏ ခန္ဓာအဖွင့်၊ အာယတနအဖွင့်၊ ဓာတ်အဖွင့်၊ ကဏ္ဍသုံးခုတို့ကို ပုဂ္ဂလပညတ်နှင့် ယမိုက်ဟူသော အဘိဓမ္မာကျမ်းတို့လည်း ပါဝင်နေကြောင်းတွေ့ရသည်။ သုတ္တန်ပိဋက ခုဒ္ဒကနိကာယ် ပဋိသမ္ဘိဒါမဂ်၌လည်း ပါဝင်နေကြောင်းတွေ့ရသေးသည်။ အရှင်မဟာ ဗုဒ္ဓဃောသ၏ ဝိသုဒ္ဓိမဂ်ကျမ်း၌လည်း မှီးယူထားကြောင်းတွေ့ရသေး၏။
၃။ ဓာတုကထာ
ဓာတုကထာသည် အဘိဓမ္မာပိဋက၏ တတိယမြောက်ကျမ်းဖြစ်သည်။ ပမာဏအားဖြင့် တိုတောင်းသည့်အပြင် တင်ပြပုံစနစ်မှာလည်း အမေးအဖြေပုံစံနှင့် ဖြစ်သည်။
ဓာတုကထာဟူသောအမည်အရ ဓာတ်သဘာဝတို့ကို ဆွေးနွေးထားသောကျမ်းဟု မှတ်ယူနိုင်သည်။ သို့သော် ဆွေးနွေးထားသည့် အကြောင်းအရာတို့၌ကား ဓာတ်များသာမက ခန္ဓာ၊ အာယတန၊ သစ္စာ စသော ကျန်အဘိဓမ္မာသရုပ်အစုများ ပါဝင်နေကြ၏။
ဗုဒ္ဓအဘိဓမ္မာ၌ ပရမတ္ထမည်ကုန်သော ခန္ဓာငါးပါး၊ အာယတနဆယ့်နှစ်ပါး၊ ဓာတ်ဆယ့်ရှစ်ပါး၊ သစ္စာလေးပါး၊ ဣန္ဒြေနှစ်ဆယ့်နှစ်ပါး စသည်တို့ကို ကဏ္ဍဆယ့်လေးခု ခွဲခြားလျက် သင်္ဂဟ၊ အသင်္ဂဟ၊ သမ္ပယောဂ၊ ဝိပ္ပယောဂနည်းလေးပါးတို့ဖြင့် တူ၊မတူ ယှဉ်၊ မယှဉ် စသည်ဖြင့် အကျယ်တဝင့် နှိုင်းယှဉ်ပြထားသည်။ ဓမ္မအစုတို့ကို ခန္ဓာ၊ အာယတန၊ ဓာတ် သုံးစုတို့၌ နည်းပေါင်းစုံဖြင့် သွတ်သွင်း ရှင်းပြထားသည်။
အကြောင်းအရာဆိုသော် ဤကျမ်းသည်လည်း မာတိကာစဉ် ဓမ္မသင်္ဂဏီ၌ ပါဝင်ပြီးသော အဘိဓမ္မာဝေါဟာရတို့၏ သရုပ်အချို့ကိုပင် ထပ်မံ၍ တနည်းတဖုံ လေ့လာတင်ပြထားခြင်း ဖြစ်သည်။ ထို့ကြောင့် ဤကျမ်းသည် ဓမ္မသင်္ဂဏီကျမ်း၏ အဆက်ဖြစ်သည်။
ကက္ခဠ၊ ဖုသနစသော မိမိသဘောကို မိမိဆောင်တတ်သောကြောင့် ဓာတု ဓာတ်မည်ကုန်၏။ ခန္ဓာအစ အရဏအဆုံးရှိသော ဓာတ်တရားတို့ကို ပိုင်းခြား၍ ဟောရာဟောကြောင်းဖြစ်သော ကျမ်းသည် ဓာတုကထာမည်၏။ ဤစကားအရ ဓမ္မသင်္ဂဏီစသော ကျမ်းများကိုလည်း ဓာတုကထာ ဟုပင် ခေါ်ရတော့မည်လောဟု မေးဖွယ်ရှိလာသည်။
ဤကျမ်းတွင် ၁၄ နယရှိသည့်အနက် နယတခု၌ပင် အလုံးစုံသော တရားတို့ကို ဟောထားသောကြောင့် သာတိသယနည်းအားဖြင့် ဤကျမ်းသည်သာလျှင် ဓာတုကထာ မည်ထည်ပါသည်။ တပါးသော ကျမ်းများသည် ဓာတုကထာ မမည်ထိုက်ပါဟု ဖြေရပေမည်။
တနည်းအားဖြင့် ဓာတ် ၁၈ ပါးတို့ဖြင့် ဟောရာဟောကြောင်းဖြစ်သောကျမ်းသည် ဓာတုကထာမည်၏။ ဤစကားအရ ဤကျမ်း၌ ခန္ဓာ၊ အာယတန၊ ဓာတ်ဟူသော သုံးမျိုးတို့ဖြင့် ဟောငြားသော်လည်း ဓာတ်သည် များသောအပြားရှိသောကြောင့် အရာကျယ်လေရကားဤကျမ်းကို ဓာတ်ဖြင့်သာ မှတ်သားပိုင်းခြား၍ တစ်ကျမ်းလုံးကိုပင် ဓာတုကထာဟု ပေါင်းရုံးကာ ခေါ်ခြင်းဖြစ်သည်ဟု ဖြေရပေမည်။
တနည်းအားဖြင့် ဓာတ်သဘောဖြင့် ဟောရာဟောကြောင်း ဖြစ်သော ကျမ်းသည် ဓာတုကထာမည်၏။ ဤစကားအတိုင်းဆိုပါက အဘိဓမ္မာခုနှစ်ကျမ်းလုံးပင် ဓာတုကထာဟူသော အမည်ဖြင့် ခေါ်ရတောမည်မဟုတ်လောဟု မေးဖွယ်ရှိလာပြန်သည်။ ဤကျမ်း၌ ၁၄ နယလုံးမှာပင် ဓာတ်သဘောတို့ကို လွန်စွာဟောတော်မူအပ်သောကြောင့် သာတိသယနည်းအားဖြင့် ဤကျမ်းသည်သာလျှင် ဓာတုကထာ မည်ပါသည်ဟု ဖြေရပေမည်။
၄။ ပုဂ္ဂလပညတ္တိ
ပုဂ္ဂလပညတ္တိသည် အဘိဓမ္မာပိဋက၏ စတုတ္ထမြောက်ကျမ်းဖြစ်သည်။ ပုဂ္ဂိုလ်အသီးသီးတို့၏ အမျိုးအစား၊ အရေအတွက်ကို ပဓာနပြု ဖော်ပြထားသောကျမ်းဖြစ်၍ ပုဂ္ဂလပညတ္တိကျမ်း မည်၏။ ပုဂ္ဂလပညတ်ကျမ်းဟု အလွယ်ခေါ်ကြသည်။
ပုဂ္ဂလပညတ်ကျမ်းသည် အဘိဓမ္မာခုနှစ်ကျမ်းတို့အနက် ပမာဏအားဖြင့် အသေးဆုံး၊ အတိုတောင်းဆုံးဖြစ်သည့်ပြင် အဖွဲ့အနွဲ့ ချောမွေ့မှုနှင့် အဘိဓမ္မာစာပေတွင် တွေ့ရခဲသော ဥပမာစကားများ ပါရှိနေခြင်းကလည်း ဤကျမ်း၏ ထူးခြားချက်တရပ် ဖြစ်ပေသည်။
၅။ ကထာဝတ္ထု
ကထာဝတ္ထုသည် အဘိဓမ္မာပိဋက၏ ပဉ္စမမြောက် ကျမ်းဖြစ်သည်။ အချေအတင်စကားဆိုခန်းဟု အဓိပ္ပါယ်ရသည်။ ပါဝင်သော စကားဆိုခန်း အများ၌ ကထာဟူသော ဝိသေသအသုံးပါရှိသောကြောင့် ကထာဝတ္ထုအမည်တွင်သည်။
အကြောင်းအရာအားဖြင့် ကထာဝတ္ထုကျမ်းသည် အသောက ခေတ်ဦးပိုင်းနှင့် အသောကခေတ်ပိုင်း ဘီစီ ၃ ရာစုတလျောက် မဇ္ဈိမဒေသ၌ ပေါ်ပေါက်ထွန်းကားခဲ့သော ဘာသာရေးအယူအဆများ၊ အထူးအားဖြင့် ဗုဒ္ဓဘာသာဂိုဏ်းကွဲများ၏ အယူဝါဒကွဲများကို စုပေါင်းတင်ပြထားသော ကျမ်းတစ်စောင်ဖြစ်သည်။
၆။ ယမက
ယမကကျမ်းသည် အဘိဓမ္မာပိဋက၏ ဆဋ္ဌမမြောက်ကျမ်းဖြစ်သည်။ အဘိဓမ္မသဘောတရားတို့ကို အပြန်အလှန် အမေးအဖြေ ပြုဟန်ဖြင့် အကြောင်းအရာတရပ်စီကို သုံးသပ်ချက်နှစ်ရပ်စီဖြင့် ယှဉ်တွဲ ဖော်ပြထားသည်ကို ယမကအစုံများဟုအမည်ရသည်။ ယမကကို ယမိုက်ဟု မြန်မာမှုပြု၍ ခေါ်ကြသည်။
ဤကျမ်း၌ အဘိဓမ္မာသဘောတရားများ ဖြစ်ပေါ်ပုံကို မူလ၊ ခန္ဓာ၊ အာယတန၊ ဓာတု၊ သစ္စာ၊ သင်္ခါရ၊ အနုသယ၊ စိတ္တ၊ ဓမ္မ၊ ဣန္ဒြိယဟူသော ယမိုက်ဆယ်ခန်းတို့ဖြင့် တင်ပြထားသည်။ ဓမ္မတခုစီ၏ သဘာဝဂုဏ်သတ္တိကို အနုလုံ၊ ပဋိလုံ ဆန်းစစ်ခြင်း အမေးအဖြေပြုခြင်း အဆိုပြုပြီးနောက် ဝေဖန် စစ်ထုတ်ပြခြင်းတို့ဖြင့် ရှုထောင့်နှစ်ရပ်ထား၍ သုံးသပ်ဝေဖန်ပြထားသည်။
ယမိုက်ဟူသော စကားသည် ယမကဟူသော ပါဠိစကားလုံးမှ ဆင်းသက်လာသော စကားဖြစ်သည်။ ယမကသဒ္ဒါသည် အစုံဟူသော အနက်ကိုဟောသည်။
(က) အနုလောမ ပဋိလောမတစုံ
(ခ) ပုစ္ဆာဝိသဇ္ဇနာတစုံ
(ဂ) သန္နိဋ္ဌာန် သံသယတစုံ
ဤသို့ အစုံအစုံ ဟောတော်မူသောကျမ်းကို ယမကကျမ်းဟုခေါ်သည်။ ဥပမာအားဖြင့် မူလယမိုက်၌ ကုသိုလ်စိတ် ၂၁ နှင့် ယှဉ်ဘက်စေတသိက် ၃၈ ခုတို့တွင် အလောဘ၊ အဒေါသ၊ အမောဟဟူသော ကုသိုလ်မူလတရားသုံးပါးပါသည်။
ယင်းကုသိုလ်မူလတရားသုံးပါးသည် ကုသိုလ်လည်းမည်၏။ ကုသိုလ်မူလလည်း မည်၏။ ယင်းတရားသုံးပါးမှကြွင်းသော ကုသိုလ်စိတ် ၂၁ပါးနှင့် စေတသိက် ၃၅ ပါးသည် ကုသိုလ်သာမည်၍ ကုသိုလ်မူလ မမည်ချေ။ ယင်းသရုပ်ခွဲနည်းမျိုးကို အစုအစုံ ယမိုက်နည်းအားဖြင့် သိစေတော်မူသဖြင့် မြတ်စွာဘုရားသည် ---
(က) ကုသိုလ်မည်သောတရားအားလုံးသည် ကုသိုလ်မူလ မည်သလောဟု အနုလောမအားဖြင့် မေးတော်မူ၍ အမေးအားလျော်စွာ ဖြေတော်မူသည်။ ထို့နောက် အပြန်အားဖြင့် -
(ခ) ကုသိုလ်မူလမည်သော တရားတို့သည် ကုသိုလ်မည်ကုန်သလောဟု ပဋိလောမအားဖြင့် မေးတော်မူ၍ အမေးအားလျော်စွာ ဖြေတော်မူသည်။
ဤသို့အမေးအဖြေပြုလုပ်ရာ၌ အနုလုံ ပဋိလုံ နှစ်ခုကို အနုလောမ တစ်စုံဟုခေါ်သည်။ အမေးအဖြေနှစ်ခုကိုကား ပုစ္ဆာ ဝိသဇ္ဇနာ တစ်စုံဟုခေါ်သည်။ ဤသို့ အစုံအစုံ ဟောတော်မူသော ကျမ်းကို ယမကဟုခေါ်သည်။
သန္နိဋ္ဌာန် သံသယဟူသည်ကား အနုလောမအမေး၌လည်း တစုံပါသည်။ ပဋိလောမအမေး၌ တစုံပါသည်။ အနုလောမအမေး၌ဖြစ်စေ ပဋိလောမအမေး၌ဖြစ်စေ ရှေ့ပုဒ်သည် ယုံမှားဖွယ်မရှိသောကြောင့် သန္နိဋ္ဌာန်မည်၏။ နောက်ပုဒ်သည် ယုံမှားဖွယ်ရှိသောကြောင့် သံသယမည်၏။
ဥပမာအားဖြင့် ကုသိုလ်သည် မူလမည်သလောဟူသော အနုလောမအမေး၌ ကုသိုလ်သည်ဟူသော ရှေ့ပုဒ်သည် ယုံမှားဖွယ်မရှိချေ။ မူလမည်မမည်ဟူသော နောက်ပုဒ်၌သာ ယုံမှားဖွယ်ရှိသည်။ မူလသည် ကုသိုလ်မည်သလောဟူသော ပဋိလောမအမေး၌ မူလဟူသောရှေ့ပုဒ်၌ ယုံမှားဖွယ် မရှိချေ။ ကုသိုလ်မည် မမည်ဟူသော နောက်ပုဒ်၌သာ ယုံမှားဖွယ်ရှိသည်။
အနုလောမ၌ သန္နိဋ္ဌာန် နှင့် သံသယတစုံ၊ ပဋိလောမ၌ သန္နိဋ္ဌာန်နှင့် သံသယတစုံ ဤသို့အစုံအားဖြင့် ဟောတော်မူသောကြောင့်လည်း ယမက ယမိုက်ကျမ်းဟုခေါ်သည်။
ယမက ယမိုက်ကျမ်း၌ -- ၁။ မူလယမိုက် ၂။ ခန္ဓယမိုက် ၃။ အာယတနယမိုက်
၄။ ဓာတုယမိုက် ၅။ သစ္စယမိုက် ၆။ သင်္ခါရယမိုက် ၇။ အနုသယယမိုက်
၈။ စိတ္တယမိုက် ၉။ ဓမ္မယမိုက် ၁၀။ ဣန္ဒြိယယမိုက် ဟူ၍ ဆယ်ပါးသော ယမိုက်တို့ကို ခွဲခြမ်းစိတ်ဖြာ၍ ဟောတော်မူသည်။
၇။ ပဋ္ဌာန
ပဋ္ဌာနသည် အဘိဓမ္မာပိဋက၏ သတ္တမမြောက်နှင့် နောက်ဆုံးကျမ်းဖြစ်သည်။ ပဋ္ဌာန်းကျမ်းဟု မြန်မာမှုပြု၍ ခေါ်ကြသည်။ ပဋ္ဌာန်းကျမ်းကို - (၁) ပစ္စယုဒ္ဒေသ (၂) ပစ္စယနိဒ္ဒေသ နှင့် (၃) ပဋ္ဌာန ဟူ၍ သုံးပိုင်း ပိုင်းခြားထားသည်။
ယင်းသုံးပိုင်းအနက် ပစ္စယုဒ္ဒေသပိုင်းတွင် ဟေတုစသော ပစ္စည်း ၂၄ ပါးတို့၏ သရုပ်ကို ဖော်ပြထားသည်။ ပစ္စယနိဒ္ဒေသပိုင်းတွင် ထို ၂၄ ပါးသော ပစ္စည်းတို့၏ သရုပ်အဓိပ္ပါယ်နှင့် ထိုပစ္စည်းတို့က ကျေးဇူးပြုတတ်သောတရား ပစ္စယုပ္ပန်တို့ကို ယှဉ်တွဲဖော်ပြထားသည်။
ပဋ္ဌာနပိုင်းတွင်မူ ပုစ္ဆာဝါရနှင့် ဝိသဇ္ဇနာဝါရဟူ၍ နှစ်ပိုင်းခွဲခြားလျက် ဝါရတစ်ရပ်စီကိုလည်း -
(၁) ဓမ္မာနုလောမ ၊ (၂) ဓမ္မပစ္စနီယ ၊ (၃) ဓမ္မအနုလောမပစ္စနီယ ၊ (၄) ဓမ္မပစ္စနီယာနုလောမ ဟူ၍ လေးမျိုး ခွဲခြားထားသည်။
တဖန် ထိုနည်းလေးပါးတို့အနက် တစ်ခုစီကို - (၁) တိကပဋ္ဌာန၊ (၂) ဒုကပဋ္ဌာန ၊ (၃) ဒုကတိကပဋ္ဌာန
(၄) တိကဒုကပဋ္ဌာန ၊ (၅) တိကတိကပဋ္ဌာန ၊ (၆) ဒုကဒုကပဋ္ဌာန - အားဖြင့် ပဋ္ဌာန်းခြောက်ခန်းစီ ထပ်ခွဲခြားပြန်သည်။ ဤသို့ဖြင့် ဓမ္မာနုလောမစသည်၌ ပဋ္ဌာန်းခြောက်ပါးတို့ဖြင့် ပွားအပ်သည်ဖြစ်၍ ၂၄ ပါးသော ပဋ္ဌာန်းတစ်ပါးစီ၌ ပဋိစ္စဝါရ၊ သဟဇာတဝါရ၊ ပစ္စယဝါရ၊ နိဿယဝါရ၊ သံသဋ္ဌဝါရ၊ သမ္ပယုတ္တဝါရ၊ ပဉှာဝါရ ဟူသည့် ဝါရခုနှစ်ပါးတို့ဖြင့် တန်ဆာဆင်ထားပြန်သည်။ ထိုဝါရခုနှစ်ပါးတို့အနက် ရှေးခြောက်ပါးတို့သည် အနှစ်သာရအားဖြင့် ထပ်တူနီးပါးမျှ ဖြစ်ကြသည်။
ဤသို့ဖြင့် ပဋ္ဌာန်းကျမ်း၌ ဟောကြားပုံစနစ်သည် ဟေတုအစရှိသော ၂၄ ပစ္စည်းတို့ကို မူတည်၍ ထိုပစ္စည်းတရားတို့ကြောင့် အကျိုးပစ္စယုပ္ပန်တရားတို့ မည်သို့ မည်ပုံ ဖြစ်ပေါ်နိုင်သည်ဆိုသည်ကို နည်းအသွယ်သွယ်ဖြင့် ရှင်းလင်းဖော်ပြခြင်း ဖြစ်သည်။
Ashin Sundara (2.1.2025)
+++++++++++++++++++++++++++++++
Comments