အဘိဓမ္မာနှင့်သုတ္တန်တရားတော်များ_Page I
- Thein Naing Ohn
- Sep 20, 2021
- 20 min read
ဓမ္မသင်္ဂဏီကျမ်းဆိုသည်မှာ (နိဒါန်း)
ဓမ္မသင်္ဂဏီကျမ်းဆိုသည်မှာ (နိဒါန်း)
ဓမ္မသင်္ဂဏီကျမ်း၏ ကျမ်းဦးမှတ်ဖွယ်ကို အဓိကရည်ရွယ်ချက်သုံးခုဖြင့် အောက်ပါအတိုင်း ရေးသား ဖော်ပြထားပါသည်။
ရည်ရွယ်များမှာ ---
(၁) ဓမ္မသင်္ဂဏီကျမ်း၏ ဆိုလိုရင်း အချက်များကို ဖတ်ရှုသူတို့အား ရှေးဦးစွာ သိစေလိုခြင်း။
(၂) အဘိဓမ္မာဒေသနာနှင့် စပ်လျဉ်း၍ သိအပ်သော ဗဟုသုတ အကြောင်းအရာတို့ကို သိစေလိုခြင်း။
(၃) အဘိဓမ္မာဒေသနာသမိုင်းနှင့် မြန်မာပြည်၌ ဆရာအစဉ်အဆက် ရေးသားပြုစုခဲ့သည့် အဘိဓမ္မာသမိုင်း တို့ကို သိစေလိုခြင်းတို့ပင် ဖြစ်ပါသည်။
ဓမ္မသင်္ဂဏီကျမ်း၏ ကျမ်းဦးမှတ်ဖွယ်၏ အစီအစဉ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
၁။ ဓမ္မသင်္ဂဏီကျမ်းဟု ခေါ်တွင်ပုံနှင့် ‘ဓမ္မသင်္ဂဏီ’ ပုဒ်၏ အနက်အဓိပ္ပါယ်။
၂။ ဓမ္မသင်္ဂဏီကျမ်း၌ ဟောကြားပုံ အစီအစဉ်များနှင့် ပါ၀င်သော အကြောင်းအရာ အချက်အလက်များ။
၃။ ဓမ္မသင်္ဂဏီကျမ်း၏ မှတ်သားဖွယ်ရာ အနှစ်သာရ။
၄။ အဘိဓမ္မာပိဋကအကြောင်း။
၅။ အဘိဓမ္မာ၏ ထူးခြားချက်များ။
၆။ အဘိဓမ္မာ၏ နိဒါန်းများ။
၇။ အဘိဓမ္မာပိဋကသည် ဘုရားဟောဒေသနာ အစစ်ဖြစ်ကြောင်း။
၈။ အဘိဓမ္မာ ၇ ကျမ်း အကျဉ်းချုပ်။
၉။ အဘိဓမ္မာ၏ နက်နဲပုံများ။
၁၀။ အဘိဓမ္မာပိဋကသမိုင်း။
၁၂။ မြန်မာပြည် အဘိဓမ္မာသမိုင်းနှင့် အဘိဓမ္မာအရကောက်ကျမ်းများ၏ ကျေးဇူး။
၁၃။ အဘိဓမ္မတ္ထသင်္ဂဟ(သင်္ဂြိုဟ်)ကျမ်းနှင့် မြန်မာပြည်ဖြစ် အဘိဓမ္မာကျမ်းများ။
ဓမ္မသင်္ဂဏီကျမ်း ခေါ်တွင်ခြင်း
လောကသုံးရပ် ဘုံသုံးထပ်အတွင်း၌ ရှိကြကုန်သော လူ နတ် ဗြဟ္မာသတ္တဝါတို့အား ဆင်းရဲ ဒုက္ခအပေါင်းမှ လွတ်မြောက်၍ နိဗ္ဗာန်ဟူသော ဝိမုတ္တိသုခကို ရရှိခံစားနိုင်ကြရန် ရည်သန်တော်မူလျက် ဗုဒ္ဓရှင်တော်မြတ် ဟောကြားတော်မူခဲ့သော တရားဒေသနာတော် အစဉ်သည် ပိဋကအားဖြင့် ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာဟူ၍ သုံးမျိုးသုံးစားသုံးပါးရှိပါသည်။ ထိုသုံးပါးတို့တွင် ဓမ္မသင်္ဂဏီပါဠိတော်သည် တတိယမြောက်ဖြစ်သည့် အဘိဓမ္မာပိဋက၏ ပထမဦးဆုံးကျမ်းဖြစ်သည်။
အဘိဓမ္မာဟု ဆိုရုံမျှဖြင့်ပင် သုတ္တန်ဒေသနာတော်များထက် ထူးခြားသာလွန်သည့် တရားတော်ဖြစ်ကြောင်း အများအားဖြင့် နားလည်ကြပြီးဖြစ်သည်။ သို့ဖြစ်သည့်အတိုင်း ထိုအဘိဓမ္မာပိဋိက၀င်ကျမ်း ခုနှစ်ဆူတို့အနက် လက်ဦးဆုံးဖြစ်သော ဓမ္မသင်္ဂဏီကျမ်းသည်လည်း အဘိဓမ္မာဒေသနာ၌ ပင်ရင် အကျဆုံး အရေးအကြီးဆုံး ကျမ်းကြီးဖြစ်သည်ဟူသော အချက်မှာ ထင်ရှားပေါ်လွင်လျက်နေပေသည်။ သို့ဖြစ်ရကား ထိုအချက်ကိုပင် ပို၍ ထင်ရှားစေရန် “ဓမ္မသင်္ဂဏီ” ဟူသော ဝေါဟာရစကားလုံး၏ ဆိုလိုရင်း အနက်အဓိပ္ပါယ်ကို တိတိကျကျ ကြံဆရှာဖွေ၍ ပြရသော် ---
“ဓမ္မသင်္ဂဏီ” ဟူသောစကားလုံး၌ ‘ဓမ္မ’ နှင့် ‘သင်္ဂဏီ’ ဟူသောပုဒ်နှစ်ခုကို သမာသ်တွဲစပ်ထားခြင်းဖြစ်၏။ အလွယ်ဆုံးအားဖြင့် ဖွင့်ဆိုရှင်းလင်းပြရပါမူ ---
ဓမ္မ = သဘာ၀တရားများ
သင်္ဂဏီ = သိမ်းကျုံးစုပေါင်း၍ယူခြင်း (ပြခြင်း)။
= ကောင်းစွာ (ပြည့်စုံစွာ) ရေတွက်ခြင်း ဟူ၍ အဓိပ္ပါယ်ရလေသည်။
ထို့ကြောင့် ဓမ္မသင်္ဂဏီကျမ်းသည် --
(၁) သဘာ၀တရား (ပရမတ္ထတရား) အားလုံးကို သိမ်းကျုံးစုပေါင်း၍ ပြသောကျမ်း။
(၂) ကောင်းမွန်ပြည့်စုံစွာ သဘာ၀တရား (ပရမတ္ထတရား) တို့ကို ရေတွက်၍ ပြသောကျမ်းဟု ဆိုလိုသည်။
ဆက်ရန်
Thein Naing Ohn
(17.1.2020) 11:20 P.M

ဓမ္မသင်္ဂဏီကျမ်း ဆိုသည်မှာ (၂)
ဓမ္မသင်္ဂဏီကျမ်း ဆိုသည်မှာ (၂)
ဓမ္မသင်္ဂဏီဟူသော အမည်သည် စင်စစ်အားဖြင့် ဤကျမ်း၏ အနက်သဘောကို ပေါ်လွင်စွာ ဖော်ပြလျက် ရှိသည်။
တနည်းအားဖြင့်ဆိုလျှင် ထိုစကားလုံး၏ ဆိုလိုရင်း အဓိပ္ပါယ်ကို ကျယ်ကျယ်ပြန့်ပြန့် နားလည်ပါက ဤကျမ်း၌ (၁) မည်သည့်အကြောင်းအရာများကို (၂) မည်သို့သော အစီအစဉ်ဖြင့် ဟောကြားထားကြောင်းကို သဘောပေါက်ရန် ခက်ခဲမည် မဟုတ်ပေ။
ထို့ကြောင့် ဓမ္မသင်္ဂဏီကျမ်းအမည်နှင့် စပ်လျဉ်း၍ သိသင့်သိထိုက်သော အချက်များကို ဆက်လက်ဖော်ပြပါမည်။
ပါဠိစာပေ၌ ဓမ္မသဒ္ဒ၏ အဓိပ္ပါယ်များမှာ ကျယ်၀န်းများပြားလှသည်။ ထိုထိုသုတ္တန်ဒေသနာ တို့၌ ဓမ္မသဒ္ဒါကို -
(၁) သင်ယူပို့ချအပ်သောတရားစကား အစဉ် (ပရိယတ္တိ)
(၂) ဖြစ်ရိုးဖြစ်စဉ်သဘော၊ အစဉ်အလာ (ပကတိ)
(၃) အကြောင်းတရား (ဟေတု)
(၄) အမှန်တရား (သစ္စာ)
(၅) ဂုဏ်ကျေးဇူး (ဂုဏ)
(၆) ဉာဏ်ဖြင့် သိမြင်ကောင်းသည့်တရား အားလုံး (ဉေ ယျ)
(၇) အမှန်အားဖြင့် ထင်ရှားရှိသောတရား (သဘာ၀) စသော အနက် အဓိပ္ပါယ်အမျိုးမျိုးတို့ဖြင့် ဟောကြားထားသည်ကို တွေ့ရ၏။ ထိုအနက်တို့တွင် ဤ “ဓမ္မသင်္ဂဏီ”၌ ပါ၀င်သော “ဓမ္မ” ကား အစစ်အမှန်အားဖြင့် ထင်ရှားရှိသော သဘာ၀တရား (ပရမတ္ထတရား) များကို ဆိုလိုပေသည်။
ဗုဒ္ဓရှင်တော်မြတ်သည် သုတ္တန်ဒေသနာတို့၌ သဘာ၀တရားသက်သက်ကို ဟောတော်မမူဘဲ အများ သိမြင် နားလည်လွယ်သည့် ဝေါဟာရပညတ်များနှင့် ယှဉ်တွဲ၍သာ ဟောတော်မူခဲ့ပေသည်။
အဘိဓမ္မာပိဋကကား အပေါ်ယံ ပညတ်ကို မူတည်ဟောကြားသည် ဝေါဟာရဒေသနာ မဟုတ်ချေ။
တကယ် အစစ်အမှန်အားဖြင့် ထင်ရှားရှိသော သဘာဝတရားများကို ဖော်ထုတ် ဟောကြားသည့် “ပရမတ္ထ ဒေသနာ” ဖြစ်ပေသည်။
ပုဂ္ဂိုလ် သတ္တဝါတို့၏ အလိုစရိုက်ကို မငဲ့ညှာဘဲ တရားသဘောရှိသလောက် ပြည့်စုံကုန်စင် အောင် ဟောကြားသည့် “ယထာဓမ္မဒေသနာ” လည်း ဖြစ်၏။
ထို့ကြောင့် ရှိရှိသမျှ သဘာဝတရား (ဓမ္မ) အားလုံးကို ရနိုင်သမျှသော နည်းအမျိုးမျိုးဖြင့် သိမ်းကျုံးစုပေါင်း၍ ပြခြင်းငှါ ဤဓမ္မသင်္ဂဏီကျမ်းကို ရှေးဦးစွာ ဟောတော်မူရပေသည်။
ဤ ဓမ္မသင်္ဂဏီကျမ်း၌ မြတ်စွာဘုရားသည် ---
(၁) အပြစ်ကင်း၍ ကောင်းကျိုးကိုပေးတတ်သော “ကုသိုလ်” တရား။
(၂) အပြစ်ရှိ၍ မကောင်းကျိုးကိုပေးတတ်သော “အကုသိုလ်” တရား။
(၃) ကုသိုလ်လည်း မဟုတ်၊ အကုသိုလ်လည်းမဟုတ်သော “အဗျာကတ” တရား။
စသောနည်းဖြင့် သုံးပါးစုပြုကာ သဘာဝတရားအားလုံးကို သိမ်းကျုံးစုပေါင်း၍ ဟောကြားတော်မူ၏။
ထို့အတူ ---
(၁) အကြောင်းရင်း ‘ဟိတ်’ ဖြစ်သောတရား၊
(၂) အကြောင်းရင်း ‘ဟိတ်’ မဟုတ်သောတရား၊
စသောအားဖြင့် နှစ်ပါးစုပြု၍လည်း ဟောကြားတော်မူ၏။
ဤသို့ သုံးပါးစုနည်း၊ နှစ်ပါးစုနည်းအားဖြင့် သဘာဝတရားအားလုံးကို သိမ်းကျုံးစုပေါင်း၍ ဟောကြားရာ ဖြစ်ခြင်းကြောင့် ဤကျမ်းကို ဓမ္မသင်္ဂဏီ ဟု အမည်ပေးခဲ့ခြင်း ဖြစ်ပေသည်။
ထို့ပြင် ဤဓမ္မသင်္ဂဏီပါဠိတော်၌ အထက်ပါနည်းများအတိုင်း ကုသိုလ်၊ အကုသိုလ် စသော အားဖြင့် အစုပြု၍ ဟောကြားအပ်သော တရားတို့၏ သရုပ်တရားကိုယ်များကို အသေးစိတ် ကောက်ယူရေတွက်၍လည်း ပြထား ပေသည်။ ဥပမာအားဖြင့် ကုသိုလ်တရားများ (ကုသလာဓမ္မာ) ကို အကျယ်ပြရာ၌ --
(၁) ကာမာဝစရကုသိုလ်စိတ်၊ ရူပါဝစရကုသိုလ်စိတ် စသည့် ဘူမိဘေဒကုသိုလ် လေးမျိုးကို၄င်း၊
(၂) ထိုလေးမျိုးတို့၌ အသီးအသီး ကွဲပြားသည့် ရှစ်ပါး၊ ငါးပါးစသော စိတ်သရုပ်ကို၄င်း၊
(၃) ထို စိတ်အသီးအသီးတို့နှင့်ယှဉ်၍ ဖြစ်ပေါ်သည့် ဖဿ ၊ ဝေဒနာ စသော စေတသိက်တို့၏ သရုပ်သဘောကို၄င်း၊
အသေးစိတ် ဟောကြားဖော်ပြထားပေသည်။
ထို့အတူ ရူပကဏ္ဍ၌လည်း တပါးစုနည်း ‘ဧကက’ ၊ နှစ်ပါးစုနည်း ‘ဒုက’ စသည်တို့ဖြင့် ရုပ်တရားတို့၏ သရုပ်များကို ရေတွက်၍ ပြထားပေသည်။
ဤသို့လျှင် ကုသိုလ်၊ အကုသိုလ်အစရှိသော သဘာဝတရားတို့၏ သရုပ်တရားကိုယ်များကို ကောင်းမွန်ပြည့်စုံ စွာ ရေတွက် ကောက်ပြသောကျမ်း ဖြစ်ခြင်းကြောင့်လည်း ဤကျမ်းကို “ဓမ္မသင်္ဂဏီ” ဟု အမည်တပ်ခဲ့ခြင်း ဖြစ်ပေသည်။
ဆက်ရန်
Thein Naing Ohn
(18.1.2020) 7:20 P.M
ဓမ္မသင်္ဂဏီကျမ်း၌ ဟောကြားပုံ အစီအစဉ်
ဓမ္မသင်္ဂဏီကျမ်း၌ ဟောကြားပုံ အစီအစဉ်
မာတိကာ အစီအစဉ် ဓမ္မသင်္ဂဏီကျမ်း၌ ခေါင်းစဉ် “မာတိကာ” ကို ရှေးဦးစွာ ဟောတော်မူသည်။
ယင်းခေါင်းစဉ် “မာတိကာ”ကို
(၁) ပရမတ္တတရားတို့ကို သုံးစုပြု၍ ဟောတော်မူသော ခေါင်းစဉ် “ကိကမာတိကာ”၊
(၂) ပရမတ္ထတရားတို့ကို နှစ်စုပြု၍ ဟောတော်မူသော ခေါင်းစဉ် “ဒုက မာတိကာ'ဟူ၍ နှစ်မျိုးခွဲ၍ ဟောတော်မူသည်။
ယင်း ၂-မျိုးအနက် ဒုကမာတိကာကိုလည်း (၁) အဘိဓမ္မာနည်း ဒုကမာတိကာ၊ (၂) သုတ္တန်နည်း ဒုကမာတိကာဟူ၍ နှစ်မျိုးခွဲ၍ ဟောတော်မူသည်။
တိကမာတိကာ။ ။ယင်းမာတိကာ သုံးမျိုးတို့တွင် “တိကမာတိကာကို ကုသလတိက် စသောအားဖြင့် ၂၂-တက်ခဲ့၍ ဟောတော်မူသည်။
ဒုကမာတိကာ။ ။အဘိဓမ္မာနည်း ဒုကမာတိကာကို ဟေတုဒုက် စသောအားဖြင့် ဒုက်ပေါင်း ၁၀၀-ခဲ့၍ ဟောတော်မူသည်။
သုတ္တန္တိက ဒုကမာတိကာ။ ။သုတ္တန်နည်း ဒုကမာတိကာကို ဝိဇ္ဇာဘာဂီဒုက် စသောအားဖြင့် ဒုက်ပေါင်း ၄၂-ဒုက် ခွဲ၍ ဟောတော်မူသည်။
ဒုကမာတိကာ - ပရမတ္ထတရား(၄)ပါးကို နှစ်စုပြု၍ ဟောအပ်သောကြောင့် “ဒုကမာတိကာ” ဟုခေါ်သည်။ ဒုက် - သဒ္ဒါ၊ အနက်အားဖြင့် အချင်းချင်း မစပ်ကြ၍ “ဒုက်” မည်၏။
-------------------------
ဝိဇ္ဇာဘာဂီဒုက်မှာ ဝိဇ္ဇာဘာဂီတရားနဲ့ အဝိဇ္ဇာဘာဂီတရားဆိုပြီး နှစ်ဖို့ နှစ်စု ခွဲ၍ ဟောထားပါသည်။
ဝိဇ္ဇာဘာဂီတရား - ဝိဇ္ဇာ (၈)ပါး သို့ ဆည်းကပ်တတ်သောတရား။
ဝိဇ္ဇာ (၈)ပါးဆိုတာ ..
(၁) ဝိပဿနာဉာဏ်
(၂) မနောမယိဒ္ဓိဉာဏ်
(၃) ဣဒ္ဓိဝိဓဉာဏ်
(၄) ပရစိတ္တဝိဇာနနဉာဏ်
(၅) ပုဗ္ဗေနိဝါသာနုဿတိဉာဏ်
(၆) ဒိဗ္ဗစက္ခုဉာဏ်
(၇) ဒိဗ္ဗသောတဉာဏ်
(၈) အာသဝက္ခယဉာဏ် တို့ပဲဖြစ်ပါသည်။
------------------------------------------------
ဝိဇ္ဇာဘာဂီတရားများကို အရကောက်သော် ဝိဇ္ဇာ(၈)ပါးနှင့်ယှဉ်သော ---
မဟာကုသိုလ်ဉာဏသမ္ပယုတ်စိတ် (၄)ပါး၊
မဟာကြိယာ ဉာသံ (၄) ၊
အဘိံညာဉ် (၂) ၊
အရဟတ္တမဂ် (၁) + အမောဟကြဉ် စေတသိက် ၃၇ ပါး ---
တို့ပဲ ဖြစ်ပါတယ်။
ဒီနေရာမှာ အမောဟကို ဘာကြောင့် ကြဉ်ရသလဲဆိုတော့ ဝိဇ္ဇာရဲ့ အရတရားက ပညာ။ တနည်း အမောဟစေတသိက် ဖြစ်ပါတယ်။ ထိုပညာနှင့် ယှဉ်သော စိတ်စေတသိက်တွေကို ကောက်တဲ့အခါ ထိုပညာကို ကြဉ်ကောက်ရခြင်း ဖြစ်ပါတယ်။ သူ့ကိုယ်သူ ပြန်မယှဉ်တာမို့ပါ။
-----------------------------------
အဝိဇ္ဇာဘာဂီတရား - သိအပ်သည်ကို မသိမှု ၊ သစ္စာလေးကို မသိမှု အဝိဇ္ဇာသို့ ဆည်းကပ်တတ်သောတရား။
သူ့ကို အရကောက်သော် -- အကုသိုလ်စိတ် (၁၂) + မောဟကြဉ် စေတသိက် (၂၆)ပါး ရပါမယ်။
ဒီနေရာမှာ ဘာကြောင့် မောဟကို ကြဉ်ရပါသလဲ ?
အဝိဇ္ဇာသည် မောဟတရားကိုယ်ရတာမို့ ထို အဝိဇ္ဇာနှင့်ယှဉ်ဖက် စိတ်စေတသိက်တရားတို့ကို ကောက်ရာမှာ မောဟကို ကြဉ်ရခြင်း ဖြစ်ပါသည်။ သူ့ကိုယ်သူ ပြန်မယှဉ်နိုင်တာမို့ပါ။
ကဏ္ဍ အစီအစဉ်
ယင်း မာတိကာ တိက် ဒုက်တို့ကို မူထား၍ ဓမ္မသင်္ဂဏီကျမ်းကို
(၁) စိတ္တုပ္ပါဒကဏ္ဍ
(၂) ရူပကဏ္ဍ
(၃) နိက္ခေပကဏ္ဍ
(၄) အဋ္ဌကထာကဏ္ဍဟူ၍ အပိုင်းကြီး လေးပိုင်းတို့ဖြင့် တန်ဆာဆင်၍ ဟောတော်မူသည်။
ယင်းအပိုင်းကြီးလေးပိုင်းတို့တွင် စိတ္တုပ္ပါဒကဏ္ဍနှင့် ရူပကဏ္ဍကို ကုသလာ ဓမ္မာ အကုသလာ ဓမ္မာ, အဗျာကတာ ဓမ္မာ ဟူသော ကုသလတိက်မာတိကာအရ အကျယ်ဝေဖန်၍ ဟောတော် မူသည်။
၁။ မိတ္တုပ္ပါဒကဏ္ဍ ဟူသည် စိတ်, စေတသိက်တိုကို ပြဆိုသောဒခပိုင်းဖြစ်သည်။
၂။ ရူပကဏ္ဍဟူသည် ရုပ်တို့ကို ပြဆိုသောအပိုင်း ဖြစ်သည်။
ယခုစာအုပ်မှုတို့၌ တွေ့ရှိနေရသော စိတ္တုပ္ပါဒကဏ္ဍနှင့် ရူပကဏ္ဍတို့သည် ကုသလတက် တခုမျှ ကိုသာ ဝေဖန်၍ဟောတော်မူသော အပိုင်းများ ဖြစ်ကြသည်၊ အမှန်အားဖြင့် ဤကုသလတိုက်ကို နည်းယူ၍ ကြွင်းသော ဟိုက် ဒုက်တို့ကိုလည်း ဤကဲ့သို့ ဝေဖန်ရမည်ပင် ဖြစ်သည်။
၃။ နိက္ခေပကဏ္ဍသည် တိက် ဒုက်အားလုံးတို့ကို သိမ်းကျုံး၍ မကျဉ်းမကျယ်ပြဆိုထားသည့် အပိုင်းဖြစ်သည်၊ စင်စစ်အားဖြင့် “နိက္ခေပကဏ္ဍ”ဟူသောစကား၌ “နိုက္ခပ”၏ အဓိပ္ပါယ်မှာ ပယ်စွန့်ခြင်းဟူ၍ ဖြစ်သည်၊ “ကဏ္ဍ”ဟူသည် အပိုင်းကို ဆိုလိုသည်။ စကားနှစ်ရပ် ပေါင်းလိုက်သော် “နိက္ခေပကဏ္ဍ”ဟူသည် “ပယ်စွန့်ထားသောအပိုင်း”ဟု အဓိပ္ပါယ်ရသည်၊ ပယ်စွန့်ထားပုံကို ရှင်းလင်းဖော်ပြပါအံ့၊ မြတ်စွာဘုရားသခင်သည် ကုသလတိုက်၌ စိတ္တုပ္ပါဒကဏ္ဍနှင့် ရူပကဏ္ဍတိုကို အကျယ်ဆုံးနည်းဖြင့် ဝေဖန်ဟောကြားတော်မူခဲ့သည်။
ဤနည်းအတိုင်း အခြား ကြွင်းကျန်သော တိက်, ဒုက်များကို ဝေဖန်ဟောကြားတော်မူပါက ဓမ္မသင်္ဂဏီကျမ်းကြီးမှာ ဆုံးနိုင်မည် မဟုတ်ချေ၊ သို့ဖြစ်သောကြောင့် နိက္ခေပကဏ္ဍကို ဟောတော်မူသောအခါ စိတ္တုပ္ပါဒကဏ္ဍနှင့် ရူပကဏ္ဍတို့၌ ဟောတော်မူသည့် အကျယ်ဝေဖန်သည့်နည်းကို ပယ်စွန့်ပြီးလျှင် မကျဉ်းမကျယ် သောနည်းဖြင့်သာ ဟောတော်မူခြင်းဖြစ်သည်။
ဤသို့ အကျယ်ဆုံးနည်းကို ပယ်စွန့်၍ မကျဉ်းမကျယ်နည်းကို ပြဆိုသော အပိုင်းဖြစ်သော ကြောင့် “နိက္ခေပကဏ္ဍ” ဟု ခေါ်ပေသည်။
၄။ အဋ္ဌကထာကဏ္ဍ၌ “အဋ္ဌ” နှင့် ““အတ္တ” အတူတူပင်ဖြစ်သည်၊ “အတ္တ”ဟူသည် ဤနေရာ၌ တရားကိုယ်သဘာဝကို ဆိုလိုသည်။ “က”ဟူသည် ဤနေရာ၌ ဟောကြားခြင်းကိုဆိုသည်၊ “ကဏ္ဍ”ဟူသည် အပိုင်းကို ဆိုသည်၊ စကားသုံးလုံး ပေါင်းလိုက်သော် သဘာဝတရားကိုယ် များကို ဟောကြားပြဆိုရာ အပိုင်းဟု ဆိုလိုသည်၊ ဤအဋ္ဌကထာကဏ္ဍသည် သုတ္တန္တိကဒုက်တို့မှ တပါး ကြွင်းသော တိက် ဒုက် အားလုံးတိုင် အရကောက်ကို ပြဆိုသောအပိုင်း ဖြစ်သည်။
_______________
၁-စိတ္တုပ္ပါဒ ကဏ္ဍ
ယင်းအပိုင်းကြီး လေးပိုင်းတို့တွင် စိတ် စေတသိက်တို့ကို ပြဆိုသော စိတ္တုပ္ပါဒကဏ္ဍကို ကုသလ တိက်၏ ခေါင်းစဉ်မာတိကာနှင့်အညီ”
(က) ကုသိုလ်စိတ် စေတသိက် (ကုသလာ ဓမ္မာ) (ခ) အကုသိုလ်စိတ် စေတသိက် (အကုသလာ ဓမ္မာ) (၈) အဗျာကတစိတ် စေတသိက် (အဗျာကတာ ဓမ္မာ) ဟူ၍ သုံးမျိုးခွဲ၍ ဟောတော်မူသည်။
ယင်းသုံးမျိုးတို့တွင် ကုသိုလ်စိတ် စေတသိက်တို့ကို ဘူမိဘေဒနည်းအားဖြင့်
(က) ကာမဘုံသို့ ရောက်စေတတ်သော ကုသိုလ်
(ခ) ရူပဘုံသို့ ရောက်စေတတ်သော ကုသိုလ်
(ဂ) အရူပဘုံသို့ ရောက်စေတတ်သော ကုသိုလ်
(ဃ) ဘုံသုံးပါး၌ ဖြစ်စေတတ်သော ကုသိုလ်
(c) ဘုံသုံးပါးမှ ထွက်မြောက်စေတတ်သော ကုသိုလ် ဟူ၍ ငါးပိုင်းခွဲ၍ ဟောတော်မူသည်။
ယင်းငါးပိုင်းတို့တွင် - ကာမဘုံသို့ ရောက်စေတတ်သော ကုသိုလ်ကို ပဌမစိတ် ဒုတိယစိတ် ။ပ။ အဋ္ဌမစိတ်ဟူ၍ ရှစ်ပါးခွဲ၍ ဟောတော်မူ၏။ ယင်းရှစ်ပါးတို့ကိုလည်း အောက်ပါအစီအစဉ်အတိုင်း ၃-ပိုင်းအားဖြင့် ဟောတော်မူသည်။
(က) ပဌမ ကာမာဝစရ မကကုသိုလ်စိုက်နှင့် ယှဉ်ဘက် စေကသိက်တို့ကို ပိုင်းခြား၍ပြော “ဓမ္မ ဝဝတ္ထာန ဝါရ” (ဓမ္မ-တရား။ ဝဝတ္ထာန-ခွဲခြားခြင်း။ ဝါရ-အလှည့်)
(ခ) ယင်းဝါရ၌ ဟောကြားခဲ့သောစိတ် စေတသိက်ကို စုပေါင်း၍ တဖန် ခန္ဓာအားဖြင့်မည်မျှ အာယတနားဖြင့် မည်မျှ စာအားဖြင့် ၂၃-ပါးသော အစုတို့ဖြင့်ရေတွက်၍ ပြသော “ဧကာသ ဝါရ”(ကောဋ္ဌာသ စုပေါင်းခြင်း။ ဝါရ-အလှည့်)။
(ဂ) ယင်းဓမ္မဝဝတ္ထာနဝါရ၌ ဟောကြားခဲ့သော ပဌမမာကုသိုလ်စိတ်နှင့် ယှဉ်ဘက်စေတသိက်တရားတို့သည် အကြောင်းအကျိုး တိုက်ဆိုင်၍ ဖြစ်ပေါ်လာသော သဘောတရားသက်သက်မျှသာ ဖြစ်ကုန်၏၊ ဤတရားတို့၌ “အတ္တ”ဟု စွဲယူစရာ အနှစ်သာရ ဘာမျှမရှိကုန်၊ ဖြစ်ပြီးလျှင် ပျက်မြဲသဘောသာ ရှိကုန်၏ဟု “အတ္တမှ ဆိတ်သုဉ်းသည့်အဖြစ်ကို သိစေရန် ကောဋ္ဌာသဝါရ၌ ဟောကြားခဲ့သော ၂၃-ပါးသော အစေ့တို့တွင်“ဓမ္မ အစုတခုတိုး၍ ၂၄-ပါးသော အစုတိုဖြင့် တဖန် ပြဆိုသော “သုညတဝါရ” (သုညတ-အတ္တမှ ဆိတ်သုဉ်းခြင်း။ ဝါရ-အလှည့်) အားဖြင့် အပိုင်းသုံးပိုင်းခွဲ၍ ဟောတော်မူသည်။
ယင်း ဓမ္မဝဝနဝါရကိုလည်း ---
(က) အကျဉ်းအားဖြင့် ပြဆိုသော ဥဒ္ဒသဝါရ
(ခ) အကျယ်အားဖြင့် ပြဆိုသော နိဒ္ဒေသဝါရဟူ၍ (၂)ပိုင်းခွဲ၍ ဟောတော်မူသည်။
ယင်းဥဒ္ဒသဝါရကိုလည်း “ဖဿပဉ္စမကဘေဒ ́စသောအားဖြင့် ၁၇-ပိုင်းခွဲခြား၍ ဟောတော် မူသည်၊ ထို ၁၇-ပိုင်းတို့တွင်—
(က) ဖဿပဉ္စမက။ ။အကျိုး ဖြစ်သော စိတ်တခု ဖြစ်ပေါ်လာရန် အဘိဓမ္မာနည်း အရအကြောင်းအမျိုးမျိုး ရှိ၏၊ ယင်းအကြောင်းအမျိုးမျိုးတို့တွင် ဖဿ စသော ငါးပါးသောတရားတို့သည် အနီးကပ်ဆုံး အကြောင်း ဖြစ်၏၊ ဝါ အဦးအစ ပဌမ အကြောင်း ဖြစ်၏၊
(ဆိုလိုရင်းအဓိပ္ပါယ်မှာ ပဌမ မဟာကုသိုလ်စိတ်ဖြစ်လိုသော် အာရုံတခုခုနှင့် တိုက်ဆိုင်တွေထိမှု ဖဿ စသော တရားကို ရှေးဦးစွာဖြစ်ပေါ်ရသည်၊ တိုက်ဆိုင်တွေထိမှု ဖဿ စသည် မရှိပါက မည်သည့်တရားမှ မဖြစ်ပေါ်နိုင်ပါ)၊
ထိုကြောင့် ပဌမ မဟာကုသိုလ်စိတ်နှင့် ယှဉ်နိုင်သော စေတသိက်တို့ကိုပြဆိုရာ၌ “ဖဿပဉ္စမကဘေဒ ́နည်းကို ရှေးဦးစွာဟောတော်မူသည်။
( ခ) စျာနင်တရား ၅-ပါး။ ။ယင်း “ဖဿပဉ္စမက” တရားတို့ ဖြစ်ပေါ်လာရန် အ ကြောင်းအမျိုးမျိုးရှိရာတွင် အနီးကပ်ဆုံးသော အကြောင်းကိုရှာသော် ဝိတက်စသော ဈာနင်တရား ငါးပါးသည် အနီးကပ်ဆုံး အကြောင်း ဖြစ်၏၊
(ဆိုလိုရင်း အဓိပ္ပါယ်မှာ ဝိတက်က ကောင်းသောအာရုံသို့တင်ပေးမှသာ ပဌမ မဟာကုသိုလ်စိတ်သည် ဖဿ စသော စေတသိက်ငါးပါးနှင့်တကွ ဘွားကနဲပေါ်လာရသည်)၊
ထိုကြောင့် “ဖဿပဉ္စမက”ကို ဟောကြား ပြီးနောက် ဝိတက်စ ဈာနဘေဒ ́နည်းကို ဟောကြားတော်မူသည်။
(ဂ) ဣန္ဓေ ၈-ပါး။ ။ယင်း ကောင်းသောအာရုံကို ကြံစည် သုံးသပ်မှုစသော “စျာနဘေဒ”တရားကို ဖြစ်ပေါ်ရန် အကြောင်း အမျိုးမျိုးရှိရာတွင် အနီးကပ်ဆုံး အကြောင်းကိုရှာသော် သဒ္ဓါစသော ဣဋေ ရှစ်ပါးသည် အနီးကပ်ဆုံး အကြောင်းဖြစ်၏၊
ထိုကြောင့် “ဈာနဘေဒ ́နည်းကို ဟောကြားပြီးနောက် “ဣန္ဒိယဘေဒ ́နည်းကိုဟောကြားတော်မူသည်။
(ဃ) မဂ္ဂင် ၅-ပါးအစု။ ။ကောင်းသောအာရုံကို ကြံစည်လျှင် ကုသိုလ်ဖြစ်သည်ဟု အစိုးတရယုံကြည်မှု သဒ္ဓါ စသော တရားတို့ ဖြစ်ပေါ်လာရန် အကြောင်း အမျိုးမျိုးကိုရှာသော် ဟုတ်တိုင်းမှန်စွာ သိမှု “သမ္မာဒိဋ္ဌိစသော “မဂ္ဂဘေဒ တရားတို့သည် အနီး ကပ်ဆုံး အကြောင်း ဖြစ်ကုန်၏၊
(ဆိုလိုရင်းအဓိပ္ပါယ်မှာ အစိုးတရယုံကြည်မှု သဒ္ဓါတရားဟူသည် ဤလမ်းသည် ဧကန်မုချ ကောင်းကျိုးပေးမည့် လမ်းဟု အမြင်မှန်-အသိမှန် “သမ္မာဒိဋ္ဌိ ရှိသော သူတို့၌သာ ဖြစ်နိုင်သည်။ အမြင်မှန် အသိမှန် သမ္မာဒိဋ္ဌိမရှိပါက ယုံကြည်မှု “သဒ္ဓါ” မဖြစ်နိုင်ပါ။)
ထိုကြောင့် ဣန္ဒိယဘေဒနည်းကို ဟောကြားပြီးနောက် သမ္မာဒိဋ္ဌိ စသော “မဂ္ဂဘေဒ ́ နည်းကို
ဟောကြားတော်မူသည်။
(င) ဗိုလ်ငါးပါးအစု။ ။အမြင်မှန် အသိမှန် “သမ္မာဒိဋ္ဌိ စသော “မဂ္ဂဘေဒ”တရားတို့ ဖြစ်ပေါ်ရန် အကြောင်း အမျိုးမျိုးရှိရာတွင် အနီးကပ်ဆုံး အကြောင်းကို ရှာသော် မတုန်မလှုပ် ခိုင်မြဲစွာ ယုံကြည်မှု သဒ္ဓါ”စသော “ဗလဘေဒ ́တရားတို့သည် အနီးကပ်ဆုံး အကြောင်းဖြစ်ကုန်၏၊
ထိုကြောင့် သဒ္ဓါအားစသော “ဗလဘော နည်းကို “မဂ္ဂဘေဒနည်း၏ အခြားမဲ့၌ ဟောကြားတော်မူသည်။
(ဤနေရာ၌ ဣန္ဒနှင့် ဗိုလ်အထူးကို စဉ်းစားသင့်၏၊ အစိုးရမှုတရားတို့သည် အမြင်မှန်ရပြီးမှ ဖြစ်ကုန်၏၊ ဗိုလ်တရားတို့သည် အမြင်မှန် ရမှု၏ အထောက်အပံ့ အကြောင်းတရားတို့ ဖြစ်ကုန်၏)။
(စ) မူလ ၃-ပါး။ ။သဒ္ဓါစသောအား ငါးပါး ဖြစ်ပေါ်ရန် အကြောင်းအမျိုးမျိုးရှိရာတွင်အနီးကပ်ဆုံး အကြောင်းကိုရှာသော် မတွယ်တာမှု “အလောဘ” နှင့် အဒေါသ၊ အမောဟတည်းဟူသော အမြစ်သုံးခု “မူလ” တရားတို့သည် အနီးကပ်ဆုံး အကြောင်း ဖြစ်ကုန်၏၊
ထိုကြောင့် “ဗလဘေဒ”နည်း၏ အခြားမဲ့၌ မျိုးစေ့အမြစ် ‘မူလဘေဒ ́နည်းကို ဟောကြားတော်မူရသည်။
(ဆ) ကမ္မပထတရား ၃-ပါး။ ။ကုသိုလ်အမြစ် ကုသိုလ်မျိုးတရားတို့ဖြစ်ပေါ်ရန်အကြောင်းအမျိုးမျိုးရှိရာတွင် အနီးကပ်ဆုံး အကြောင်းကို ရှာသော် မမက်မောမှု “အနဘိ” စသောတရားတို့သည် အနီးကပ်ဆုံး အကြောင်းတို့ဖြစ်ကုန်၏။
(ဆိုလို ရင်းအဓိပ္ပါယ်မှာ ကုသိုလ်အမြစ် ကုသိုလ်မျိုးစေ့တရားတို့သည် မမက်မောမှု “အနဘိဇ္ဈာ” စသော တရားတို့ဖြင့် ဒါန သီလ ဘာဝနာကံကို ပြုခဲ့သောသူတို့၌သာ ဖြစ်နိုင်သည်၊ ဒါန သီလ ဘာဝနာ မပြုသောသူတို့၌ မျိုးစေ့မတည်နိုင်ချေ)၊
ထိုကြောင့် မျိုး ‘မူလဘေဒ ́နည်း၏ အခြားမဲ့၌ ကုသိုလ်ကံကို ပြုသော “ကမ္မပထဘေဒ ́ နည်းကို ဟောကြားတော်မူရသည်။
(ဇ) လောကပါလတရား ၂-ပါး။ ။ဒါန သီလစသောကုသိုလ်ကံတရားတို့ပြုလုပ်ရန်အကြောင်းအမျိုးမျိုးရှိရာတွင် အနီးကပ်ဆုံး အကြောင်းကိုရှာသော် ရှက်ကြောက်မှု “ဟိရီဩတ္တပ္ပ”တည်းဟူသော “လောကပါလ ́တရား ၂-ပါးတို့သည် အနီးကပ်ဆုံး အကြောင်းဖြစ်ကုန်၏၊
(ဆိုလိုရင်းအဓိပ္ပါယ်မှာ အရှက်အကြောက်ရှိသောသူတို့၌ ဒါနသီလ စသော တရားတိုဖြစ်နိုင်ကုန်၏၊ အရှက်အကြောက်မရှိသောသူသည် အဘယ်မှာလျင် ကုသိုလ် ပြုကြမည်နည်း၊ အကုသိုလ်ကို ပြုကြမည်သာဖြစ်၏)၊
ထို့ကြောင့် ကုသိုလ်ကံကိုပြုသော “ကမ္မပထဘေဒ ́နည်း၏အခြားမဲ့၌ ရှက်ကြောက်မှု “လောကပါလဘေဒနည်းကို ဟောကြားတော်မူရသည်။
(ဈ) ကိုယ်စိတ်ငြိမ်းချမ်းမှုတရား ၆-စုံ။ ။လောက၌ အရှက်အကြောက်တရားတို့ ဖြစ်ပေါ်ရန်
အ ကြောင်းအမျိုးမျိုးရှိရာတွင် အနီးကပ်ဆုံး အကြောင်းကိုရှာသော် ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းမှု `ပဿဒ္ဓိစသောတရားတို့သည် အနီးကပ်ဆုံး အကြောင်းတို့ဖြစ်ကုန်၏၊
“(ဆိုလိုရင်းအဓိပ္ပါယ်မှာ ကိုယ်စိတ်နှစ်ပါး ပူလောင်၍နေသောသူတို့၌ ရှက်ကြောက်မှု `ဟီရိ သြတ္တပ္ပတရားကို မတည်နိုင်ချေ၊ ငြိမ်းချမ်းမှုရှိသောသူတို့၌သာ ဖြစ်ပေါ်လာ နိုင်သည်၊
ထိုကြောင့် “လောကပါလဘေဒ ́နည်း၏ အခြားမဲ့၌ “ပဿဒ္ဓိ ယုဂဠစာအစုံ (၆) စုံ (ည--ဌ-၃-၀) ကို ဟောကြားတော်မူရသည်။
(ဏ) သတိ သမ္ပဇညတရား ၂-ပါး။ ။ကိုယ်စိတ်နှစ်ဖြာ ငြိမ်းချမ်းမှု “ပဿဒ္ဓိ” စသော တရားတို့
ဖြစ်ပေါ်ရန် အကြောင်းအမျိုးမျိုးရှိရာတွင် အနီးကပ်ဆုံး အကြောင်းကိုရှာသော် သတိ သမ္ပဇဉ်တရားတို့သည် အနီးကပ်ဆုံး အကြောင်းဖြစ်ကုန်၏၊
ထို့ကြောင့် “ပဿဒ္ဓိယုဂဠ ၆-ခုတို့၏ အခြားမဲ့၌ “သတိ သမ္ပဇည” အစုံကို ဟောကြားတော်မူရသည်။
(တ) သမထ ဝိပဿနာ။ ။စိတ်ဆင်းရဲမှုတရားများကို ဖယ်ရှားနိုင်သော သတိ ပညာ တရားတိုဖြစ်ပေါ်ရန် အကြောင်းအမျိုးမျိုးရှိရာတွင် အနီးကပ်ဆုံး အကြောင်းကိုရှာသော် သမထ ဝိပဿနာတရားတို့သည် အနီးကပ်ဆုံး အကြောင်းဖြစ်ကုန်၏။
ထို့ကြောင့် “သတိ သမ္ပဇည အစုံ၏ အခြားမဲ့၌ “သမထ ဝိပဿနာ အစုံကို ဟောကြားတော်မူရသည်။
(ထ) ဝီရိယ သမာဓိ။ ။ကိုယ်စိတ်နှစ်ဖြာ ငြိမ်းချမ်းမှုစသော အကျိုးတရားများကို ဒိဋ္ဌဓမ္မ
ပေးစွမ်း နိုင်သော သမထ ဝိပဿ နာ လုပ်ငန်း ဖြစ် မြောက်ရန် အကြောင်းအမျိုးမျိုးရှိရာတွင် အနီးကပ်ဆုံး အကြောင်းကိုရှာသော် ကြိုးစားမှုပါယာ မပျံ့လွင့်မှု “အဝိက္ခေပ ́တို့သည် အနီးကပ်ဆုံး အကြောင်းဖြစ်ကုန်၏၊
(ဆိုလိုရင်းအဓိပ္ပါယ်မှာ သမထ ဝိပဿနာ လုပ်ငန်းဟူသည် ကြိုးစားမှု ဝီရိယလွန်က ဥဒ္ဓစ္စဖြစ်နေတတ်သည်၊ တည်ကြည်မှု “သမာဓိလွန်က ထိနမိဒ္ဓဖြစ်နေတတ်သည်၊ ဝီရိယတည်းဟူသော ပါဟု သမာဓိတည်းဟူသော အဝိက္ခေပနှစ်ပါးကို ညီမျှခွာထားနိုင်မှသာ သမထ ဝိပဿနာလမ်း အမှန်သို့ ရောက်နိုင်သည်၊ တခုခုလွန်နေက လမ်းမှား သို့ ရောက်သွားနိုင်သည်)၊
ထိုကြောင့် “သမထ ဝိပဿနာ”အစုံ၏ အခြားမဲ့၌ “ပါဟု အဝိက္ခေပါ” အစုံကို ဟောကြားတော်မူရသည်။
စင်စစ်အားဖြင့် ဆိုခဲ့ပြီးသော ဖဿဘေဒစသော ၅၆-ပါးသောတရားတို့သည် ပဌမ မဟာ ကုသိုလ်စိတ်နှင့် တပြိုင်နက်ပင် ဖြစ်ကြသည်၊ ထိုသို့ခွဲခြားခြင်းငှါ နက်နဲလှသော အဘိဓမ္မာဒေသနာတော်မြတ်ကို ဤသို့ အကြောင်းအကျိုး ဆက်သွယ်၍ ပြနေရခြင်းဖြစ်သည်။
ထိုပြင် အဋ္ဌကထာ ဆရာ၏ဉာဏ်ကို နည်းမှီး၍ အဘိဓမ္မာဉာဏ် ရင့်သန်ကြီးထွားရန် စူးစမ်းရှာဖွေ လေ့လာနည်းကို ပြခြင်းမျှသာ ဖြစ်ပါသည်။
ဤသို့အားဖြင့် မြတ်စွာဘုရားသည် မဟာကုသိုလ်ပဌမစိတ်၌ နည်းအားဖြင့် ၁၇နည်း၊ အပြားအားဖြင့် ၅၆-ပါးသော တရားတို့ကို ဝေဖန်၍ပြတော်မူသည်။
ယင်းသို့ ပြဆိုထား သော်လည်း ဤမဟာကုသိုလ် ပဌမစိတ်၌ ယှဉ်နိုင်သော ကြွင်းကျန်သောတရားများလည်း ရှိကြ၊ ယင်းကြွင်းကျန်သောတရားများကိုလည်း ယှဉ်သင့်သည်အားလျော်စွာ ယှဉ်ယူကြ ပါဟု “ယေဝါပန သဒ္ဒါဖြင့် မိန့်မှာတော်မူသည်၊ “ယေဝါပန” သဒ္ဒါကား အကျဉ်းချုပ်ဖြစ်သည်၊ “ယေဝါပန သဒ္ဒါဖြင့် မှာထားသော စေတသိက်များကို အဋ္ဌကထာ ဆရာကြီးတို့က “ယေဝါပနကစေတသိက်များဟု ခေါ်ကြသည်။
ဤမဟာကုသိုလ် ပဌမစိတ်၌ အကျုံးဝင်သည့် ယေဝါပနက စေတသိက်များကား—
၁။ ဆန္ဒ
၂။ အဓိမောက္ခ
၃။ မနသိကာရ
၄။ တတြမဇ္ဈတ္တတာ
၅။ ကရုဏာ
၆။ မုဒိတာ
၇။ သမ္မာဝါစာ
ဂ။ သမ္မာကမ္မန္တ
၉။ သမ္မာအာဇီဝ-ပေါင်း ၉-ပါးဖြစ်သည်။
ယင်း ယေဝါပနက စေတသိက် ၉-ပါးတို့တွင် ဝိရတီစေတသိက်သုံးပါးနှင့် အပ္ပမညာစေတသိက် နှစ်ပါးတို့သည် အမြဲမယှဉ်သော “အနိယတ” စေတသိက်များ ဖြစ်ကြသည်။ ယင်းစေတသိက် တို့ကို ယေဝါပနက စေတသိက်တို့၌ ထည့်သွင်းခြင်းမှာ ဉာဏ်ပညာနုသူတို့ပင် သိသာနိုင်ပေသည်။
ဆန္ဒစသော ကြွင်းသော စေတသိက်လေးပါးတို့သည် အမြဲယှဉ်သော “နိယတ စေတသိက်များ ဖြစ်ကြသည်။
သို့ပါလျက် ယေဝါပနက စေတသိက်၌ ယင်းတို့ကို ထည့်သွင်းထားခြင်းအကြောင်း တို့ကို ပြည့်စုံစွာ လေ့လာသင့်လှသည်။ ။
ယင်းစေတသိက်လေးပါးတို့တွင် ဆန္ဒစေတသိက်ကို ပို၍ပင် စဉ်းစားသင့်ပေသည်။
အဘယ် ကြောင့်ဆိုသော် ထိုထိုပါဠိတော်တို့၌ အကုသိုလ်ဆန္ဒကို “ကာမစ္ဆန္ဒ-ဆန္ဒရာဂ” စသောအားဖြင့်၎င်း ကုသိုလ်ဆန္ဒကို ဆန္ဒာဓိပတိ ဆမ္ဘိဒ္ဓိပါဒ်စသောအားဖြင့်၎င်း နေရာများစွာတို့၌ ဟောကြားတော် မူသည်၊ အထူးအားဖြင့် တေဘုမ္မကကုသိုလ်ပြရာအပိုင်း ကာမာဝစရကုသိုလ်အခန်း လောကုတ္တရာကုသိုလ်အခန်းတို့၌ပင် “ဆန္ဒာဓိပတေယျ ́ဟု အမည်အားဖြင့် ထင်ရှားစွာ ဖော်ပြထားသည်ကို သတိပြုအပ်လှသည်။
ယင်းတို့ကို သေချာစွာ စိစစ်ပြနေပါက အဘိဓမ္မာကျမ်းကြီး တကျမ်းမျှ ကျယ်ဝန်းသွားပေမည်၊ ဤနိဒါန်း၌ကား ဓမ္မသင်္ဂဏီကျမ်းကို လေးလေးနက်နက် လေ့လာသင် ကြားလိုသူတို့အတွက် လေ့လာပုံ လေ့လာနည်း အရိပ်အမြွက်မျှကိုသာ ဖော်ထုတ်ပြလိုက်ရခြင်း ဖြစ်ပါသည်။
မေတ္တာဖြင့်
Thein Naing Ohn
(19.1.2020) Sunday
မာတိကာကျမ်း ရှင်းလင်းချက် အကျဉ်းချုပ်
မာတိကာကျမ်း ရှင်းလင်းချက် အကျဉ်းချုပ်
မာတိကာသည် အဘိဓမ္မာတရားတော်၏ ပထမဆုံးကျမ်းဖြစ်သည့် ဓမ္မသင်္ဂဏီကျမ်း၏ မာတိကာဖြစ်ရုံမက အဘိဓမ္မ ရ ကျမ်းလုံး၏ မာတိကာလည်းဖြစ်ပါသည်။
အဘိဓမ္မာဟုဆိုရာတွင် -- ဓမ္မအရ သုတ္တန်၊ အဘိဓမ္မာ နှစ်မျိုးနှင့်ဆက်ဆံခဲ့ရာ၊ “အဘိ” သဒ္ဒါမှာ လွန်ကဲမှု၊ ထူးဆန်းမှုကို ဟောသဖြင့်၊ သုတ္တန်ထက် လွန်ကဲ ထူးဆန်းစွာ ဟောထားသော အဘိဓမ္မာ (၇) ကျမ်းသည် အဘိဓမ္မာမည်ပါသည်။
အဘိဓမ္မာ (၇) ကျမ်း ရှိပါသည်။
(၁) ဓမ္မသင်္ဂဏီကျမ်း။ ။ ဓမ္မအားလုံးကို မာတိကာသဖွယ်စုပေါင်း၍ ဟောထားသောကျမ်း။
(၂) ဝိဘင်္ဂကျမ်း။ ။ ဓမ္မအပေါင်းကို ခွဲခြားစိတ်ဖြာဝေဖန်သုံးသပ်၍ ဟောထားသောကျမ်း။
(၃) ဓာတုကထာကျမ်း။ ။ ဓမ္မအပေါင်းကို ဓာတ်ခွဲပြ၍ ဟောထားသောကျမ်း။
(၄) ပုဂ္ဂလပညတ္တိကျမ်း။ ။ ခွဲခြားစိတ်ဖြာထားသော ဓမ္မနှင့်ဓာတ်ကို ပုဂ္ဂိုလ်ပေါ်တင်ပြီး ပြသဟောထားသောကျမ်း။
(၅) ကထာဝတ္ထုကျမ်း။ ။ ဓမ္မ၊ ဓာတု၊ ပုဂ္ဂလတို့၌ ယုံမှား သံသယများကို ဖြေရှင်းဟောထားသောကျမ်း။
(၆) ယမကကျမ်း။ ။ ဓမ္မတို့ကို ပုဂ္ဂိုလ် စသည်ဖြင့် …၊ အစုံအစုံ တွဲ၍ ဟောထားသောကျမ်း။
(၇) ပဋ္ဌာန်းကျမ်း။ ။ ပရမတ္ထ နှင့် သစ္စာတရားတို့၏ အခြေခံအကြောင်း၊ အကျိုး၊ ဆက်စပ်ကျေးဇူးထောက်ပံ့ပုံ တို့ကို ဟောကြားသောကျမ်း တို့ဖြစ်ပါသည်။
အတုမရှိသော သဗ္ဗညုအဖြစ်သို့ရောက်တော်မူသော မြတ်စွာဘုရားသည် လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ အကျိုးစီးပွားကိုသာဆောင်တော်မူလျက်၊ ဘုရားဖြစ်တော်မူ၍ ခုနှစ်ဝါမြောက်ရောက်သောကာလ၊ သာဝတ္ထိပြည်၏အနီး၊ ကဏ္ဍအမည်ရှိသော ဥယျာဉ်စောင့်သည် စိုက်အပ်သော သရက်ပင်အရင်း၌၊ တိတ္ထိတို့ကို နှိမ်နင်းခြင်းငှါ၊ ရေမီးအစုံအစုံ အစရှိသော တန်ခိုးပြာဋိဟာကိုပြတော်မူသောအဆုံး၌၊ သုံးဖဝါးသာနင်းသဖြင့် တာဝတိံသာနတ်ပြည်သို့ ကြွတော်မူ၍၊ ပင်လယ်ကသစ်ပင်၏ အရင်းခင်းထားအပ်သော၊ ပဏ္ဍုကမ္ဗလာကျောက်နေရာ ထက်၌၊ နေမင်းကဲ့သို့ တင့်တယ်စွာနေတော်မူလျက်၊ မယ်တော်ဖြစ်ခဲ့ဘူးသော “သန္တုသိတနတ်သား” ကို အကြီးအမှူးပြု၍၊ တစ်သောင်းသော စကြာဝဠာတိုက်မှ တစ်ညီတစ်ညွတ်တည်း စည်းဝေးလာကြကုန်သော နတ် ဗြဟ္မာအပေါင်းတို့အား၊ အစွမ်းသုံးပါးနှင့်ပြည့်စုံသော သဗ္ဗညုတဉာဏ်တော်ဖြင့် လူ နတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာကို၊ ပေးတတ်စွာသော အဘိဓမ္မာဒေသနာတော်မြတ်ကို ဝါတွင်းသုံးလပတ်လုံး ဟောတော်မူခဲ့ပါသည်။
သဗ္ဗညုတဉာဏ်စွမ်းသုံးပါး
(၁) သိသင့်သိထိုက်သော “ေဥယျဓမ်” တရားအလုံးစုံကို အကုန်အစင် အကြွင်းအကျန်မရှိ မှန်သော အတိုင်း သိမြင်တော်မူခြင်း။
(၂) “ဉေယျဓမ်” တရားတို့ကို ဖွင့်ဆိုဟောကြားတော်မူရာတွင် ဒေသနာနည်းအမျိုးမျိုးတို့ကို ဟုတ်မှန်သောအတိုင်း အကြွင်းမဲ့သိတော်မူနိုင်ခြင်း။
(၃) ဆုံးမထိုက်သောသတ္တဝါ၊ ကျွတ်ထိုက်သောသတ္တဝါတို့၏ အာသယ၊ အဇ္ဈာသယ၊ အနုသယ၊ အဓိမုတ္တိ၊ ဝါသနာ၊ စရိုက်၊ ရှေးကံ ရှေးပါရမီတို့ကို ဟုတ်မှန်သောအတိုင်း အကြွင်းအကျန်မရှိ သိတော်မူနိုင်ခြင်း။
ဤတွင် နိဒါန်းဆိုသည်မှာဘာလည်း သိစေရန် နိဒါန်းမိတ်ဆက်ကိုထည့်သွင်းပြောကြားလိုပါသည်။
နိဒါန်း
ဒေသ၊ ကာလ၊ ပရိသတ် စသည်တို့ဖြင့် မထင်ရှားသည်ကို ထင်ရှားအောင်ပြတတ်၍ နိဒါန်း မည်ပါသည်။
နတ်ပြည်ဟူသော ဒေသ၊ ဝါတွင်းသုံးလပတ်လုံးဟူသော ကာလ၊ နတ် ဗြဟ္မာဟူသော တရားနာပရိသတ် တို့မှာ လွန်စွာ ထင်ရှားသဖြင့် အဘိဓမ္မာမှာ နိဒါန်းပြုလုပ်ဖွယ်ကိစ္စမရှိပါ။ အလိုရှိမူကား ခန္ဓာ၊ အာယတန၊ ဓာတ် စသည်တို့ကို အကြွင်းမဲ့သိရာဖြစ်သော မဟာဗောဓိသည်ပင် အဘိဓမ္မာနိဒါန်း မည်လေသည်။
နိဒါန်း ၂ ပါး
အဓိဂမနိဒါန်း။ ။ အဘိဓမ္မာကို သိကြောင်း သဗ္ဗညုတဉာဏ်သည် အဓိဂမမည်၏။ သဗ္ဗညုတဉာဏ်ကိုရကြောင်း ပါရမီဆယ်ပါး စသည်သည် အဓိဂမနိဒါန်းမည်ပါသည်။
ဒေသနာနိဒါန်း။ ။ အဘိဓမ္မာကိုဟောစဉ် ဒေသနာဉာဏ်ဟုဆိုအပ်သော၊ သဗ္ဗညုတဉာဏ်သည် ဒေသနာမည်၏။ ထိုသဗ္ဗညုတဉာဏ်ကို ရကြောင်း ပါရမီဆယ်ပါး စသည်သည် ဒေသနာနိဒါန်းမည်ပါသည်။
(တစ်နည်း)
အဓိဂမနိဒါန်း။ ။ နိယတ ဗျာဒိတ်ခံသည်မှ စ၍ ဗောဓိပင်နှင့်ရွှေပလ္လင်ကို ရသည်တိုင်အောင်သော ကာလသည်၊ အဓိဂမနိဒါန်းမည်၏။
ဒေသနာနိဒါန်း။ ။ ဗောဓိပင်နှင့်ရွှေပလ္လင်ကိုရသည်မှစ၍ ဓမ္မစကြာဟောကြားသည့်တိုင်အောင်သော ကာလသည်၊ ဒေသနာနိဒါန်းမည်ပါသည်။
(တစ်နည်း)
အဘိဓမ္မာကို သိကြောင်း သဗ္ဗညုတဉာဏ်တော်သည် အဓိဂမနိဒါန်း၊ ဒေသ၊ ကာလ စသည်သည် ဒေသနာနိဒါန်း မည်၏။
နိဒါန်း ၃ ပါး
ဒူရေနိဒါန်း။ ။ ဒီပင်္ကရာဘုရား၏ ခြေတော်ရင်းမှ တုသိသာနတ်ပြည်တိုင်အောင်သော ကာလသည် အဘိဓမ္မာ၏ ဝေးသောအကြောင်းဖြစ်၍ “ဒူရေနိဒါန်း” မည်၏။
အဝိဒူရေနိဒါန်း။ ။ တုသိတာ နတ်ပြည်မှ ဗောဓိမဏ္ဍိုင်တိုင်အောင်သော ကာလသည်၊ အဘိဓမ္မာ၏ မဝေးလွန်းသော အကြောင်းဖြစ်၍ “အဝိဒူရေနိဒါန်း” မည်၏။
သန္တိကေနိဒါန်း။ ။ “ကုသလာဓမ္မာ” စသည်ကို မဟောမီ “ဧကံ သမယံ ဘဂဝါ” စသော စကားရပ်သည်၊ အဘိဓမ္မာ၏ နီးသော အကြောင်းဖြစ်၍ “သန္တိကေ” နိဒါန်း မည်ပါသည်။
(မာတိကာဒေသနာတော်ဖြစ်ထွန်းစေသည့် အကြောင်းရင်းအား ရှေးဆရာတော်မြတ်ကြီးများက၊ အဓိဂမနိဒါန်း၊ ဒေသနာနိဒါန်းတို့ဖြစ်၏ဟု မိန့်တော်မူခဲ့ပါသည်။)
ကဏ္ဍ
မာတိကာကျမ်းသည် (အဘိဓမ္မာ ရ ကျမ်းမှ) ဓမ္မသင်္ဂဏီကျမ်း၏ ကဏ္ဍလေးပါး ဖြစ်သည့် စိတ္တုပ္ပါဒ ကဏ္ဍ၊ ရူပ ကဏ္ဍ၊ နိက္ခေပကဏ္ဍ၊ အဋ္ဌကထာ ကဏ္ဍ တို့အနက် စိတ္တုပ္ပါဒ ကဏ္ဍ မှ ဖြစ်ပါသည်။
စိတ္တုပ္ပါဒကဏ္ဍဆိုသည်မှာ -- စိတ်၊ စေတသိက် စသည်တို့ကို ဝေဖန်ပြရာပါဠိရပ်သည် စိတ္တုပ္ပါဒကဏ္ဍ မည်ပါသည်။
စိတ္တုပ္ပါဒကဏ္ဍ တွင်လည်း ၂ ပါးရှိပါသည်။ မာတိကာ နှင့် ပဒဘာဇနီ တို့ဖြစ်ပါသည်။
ထို မာတိကာကျမ်းမှ တိကမာတိကာ နှင့် ဒုကမာတိကာ + သုတ္တန္တဒုက (ဒုက် ၄၂) ဟု နှစ်မျိုးကွဲပြားသွားပြီး၊ တိကမာတိကာတွင် ကုသလတိက် စသည် (၂၂) တိက်၊ ဒုကမာတိကာတွင် ဟေတု .. စသည် (ဒုက် ၁၀၀) ရှိပါသည်။
ဒုကမာတိကာတွင် သုတ္တန္တဒုက (ဒုက် ၄၂) ကို အရှင်သာရိပုတ္တရာမှဟော၍ အဘိဓမ္မာ၏ မာတိကာမမည်ပါ။
မာတိကာ ၃ မျိုး ရှိပါသည်။ (၁) တိကမာတိကာ (တိက်)၊ ဒုကမာတိကာ (ဒုက်)၊ သုတ္တန္တမာတိကာ တို့ဖြစ်ပါသည်။
အဘိဓမ္မာမာတိကာမှ တိက်၊ ဒုက်များမှာ ဘုရားဟောဖြစ်၍ အဘိဓမ္မာ မာတိကာဖြစ်ပြီး၊ အင်္ဂုတ္တိုရ် သုတ် ပါထေယျ များမှ ယူ၍ ဟောထားသော သုတ္တန္တမာတိကာများမှာ အရှင်သာရိပုတ္တရာဟော၍ အဘိဓမ္မာမာတိကာမမည်ဟူဆိုပါ သည်။
တိကမာတိကာ (တိက်) ။ ။ ပရမတ္ထတရားတို့ကို သုံးဖို့သုံးစုပြု၍ (သုံးပဒ)ဖြင့် ဟောရာ ဟောကြောင်းဖြစ်သော သဒ္ဒါအစဉ်ကို “တိက်” ဟုခေါ်ပါသည်။ ထိုသို့ ပရမတ္ထတရားတို့ကို သုံးပုံ သုံးစု ပြု၍ သုံးပုဒ် (သုံးပဒ) ဖြင့် ဟောထားသော မာတိကာသည် “တိကမာတိကာ” မည်၏။
ဒုကမာတိက (ဒုက်) ။ ။ ပရမတ္ထတရားတို့ကို နှစ်ဖို့ နှစ်စုပြု၍ (နှစ်ပဒ)ဖြင့် ဟောရာ ဟောကြောင်းဖြစ်သော သဒ္ဒါအစဉ်ကို “ဒုက်” ဟုခေါ်ပါသည်။ ထိုသို့ ပရမတ္ထတရားတို့ကို နှစ်ပုံနှစ်စုပြု၍ နှစ်ပုဒ် (နှစ်ပဒ) ဖြင့် ဟောထားသော မာတိကာသည် “ဒုကမာတိကာ” မည်ပါသည်။
တိကမာတိကာ၊ ဒုကမာတိကာ နှစ်ပါးတို့တွင် -- (၁) မှတ်ယူလွယ်သောကြောင့်လည်းကောင်း၊ (၂) နည်းသောအပြား ရှိသောကြောင့်လည်းကောင်း၊ တိကမာတိကာကို ရှေးဦးစွာ ဟောတော်မူပါသည်။
မြတ်စွာဘုရားသည် တိကမာတိကာ နှင့် ဒုကမာတိကာကျမ်းများတွင် ပါဝင်သောဓမ္မများကို အောက်အချက်ဖြင့် ပိုင်းခြားဝေဖန်ထားသည်ကို တွေ့ရပါသည်။
(၁) ခန္ဓာ ၅ ပါး၊ (၂) အာယတန ၁၂ ပါး၊ (၃) ဓာတ် ၁၈ ပါး၊ (၄) သစ္စာ ၄ ပါး တို့ ဖြစ်ပါသည်။
ထို့ကြောင့် ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာဖွဲ့ပုံကို ဦးစွာလေ့လာရန် လိုအပ်ပါသည်။
ယခု ကျွန်တော်တို့ တိကမာတိကာမှ ဝိတက္ကတိက်အကြောင်းကို လေ့လာကြည့်ပါမည်။
ဝိတက္ကတိက်သည် ဈာန်စိတ် (၅) ပါး ခွဲခြားသတ်မှတ်ပုံ နှင့် ၎င်းတို့နှင့် ယှဉ်သော စေတသိက်၊ မယှဉ်နိုင်သောစေတသိက်များကို သိရှိစေရန်၊ အဆင့်မြင့်သော ဈာန်စိတ်များကို ကျင့်ကြံပွားများသည့်အခါ ဝိတက်၊ ဝိစာရစသည့် အကြမ်းစားစေတသိက်များကို မည်သို့ပယ်ဖျောက်သွားပုံကို သိရှိစေရန် ဟောကြားခြင်းဖြစ်ပါသည်။
ထို ဝိတက္ကတိက်တွင် ပထမပဒ၊ ဒုတိယပဒ၊ တတိယပဒ ဟူ၍ ပဒ (၃) ခု ရှိပါသည်။ ထိုသုံးပါးတို့တွင် ပထမပဒ ဖြစ်သော “သဝိတက္ကသဝိစာရာဓမ္မာ” (ဝိတက်နှင့်လည်းတကွ ဝိစာရနှင့်လည်း တကွဖြစ်ကုန်သောတရား) ၊ ဒုတိယပဒ “အဝိတက္ကဝိစာရမတ္တာဓမ္မာ” ( ဝိတက်ကားမရှိ ဝိစာရမျှသာ ရှိကုန်သောတရား) ၊ တတိယပဒ “အဝိတက္က အဝိစာရာဓမ္မာ” ( ဝိတက်လည်းမရှိ၊ ဝိစာရလည်းမရှိကုန်သောတရား) ဟူ၍ဖြစ်ပါသည်။
ဝိတက္ကတိက်၌ ဝိတက် ဝိစာရ ၂ ပါး နှင့် ယှဉ်သောတရားကို ပဌမပုဒ်ဝယ် ဟောတော်မူသည်။ ထို့ကြောင့် ဝိတက်သည် ဝိစာရနှင့်ကား ယှဉ်၏။ တစ်ခုတည်းသာ ဖြစ်၍ ဝိတက်နှင့်မယှဉ်နိုင်၊ ဝိစာရလည်း ဝိတက်နှင့်ကား ယှဉ်၏၊ တစ်ခုတည်းသာဖြစ်၍ ဝိစာရနှင့် မယှဉ်နိုင်၊ ထိုသို့ သမ္ပယုတ် တပါးမူကားရ၍၊ ၂ ပါး မရလေသောကြောင့် ဝိတက် ဝိစာရ ကြဉ်သော စေတသိက် ပညာသ(ဝိတက်ဝိစာရကြဉ်သောစေတသိက် ၅၀) သာ ကောက်ရပါသည်။
ဒုတိယပုဒ်၌ကား ဝိစာရ တစ်ပါးနှင့် ယှဉ်သည်ကိုသာ ဟောတော်မူပါသည်။ ဝိတက်လည်း ပဌမပုဒ်၏အရ ဝိစာရ ပဉ္စပညာသ နှင့် ယှဉ်သည့်ကာလ ဝိစာရ နှင့် သမ္ပယုတ် ဖြစ်ကောင်းသောကြောင့် ပဌမပုဒ်၏အရနှင့် သမ္ပယုတ် ဖြစ်သော ဝိတက် ပဉ္စပညာသ (သဝိတက္ကသဝိစာရစိတ် ၅၅ ပါး၌ ရှိသော ဝိတက်စေတသိက် ၅၅ ပါး) ရ၏။
တတိယပုဒ်၌ကား ဝိတက် ဝိစာရ ၂ ပါးနှင့်မယှဉ်သည်ကို ဟောတော်မူသောကြောင့် ဒုတိယပုဒ်၏ အရနှင့် သမ္ပယုတ်ဖြစ်သော ဝိစာရလည်း ၂ ပါးနှင့်ပင် မယှဉ်လေရကား ဝိစာရ ဧကာဒသ(ဒုတိယဈာန်စိတ် ၁၁ ပါး၌ရှိသော ဝိစာရစေတသိက် ၁၁ ပါး) ကို ပြန်၍ ကောက်ရပြန်သည်။
(ဤကား စိတ္တေန သမမုဒ္ဒိသေ သင်္ဂြိုဟ်၌ ဆိုသည်နှင့်အညီ ဝိတက် ဝိစာရကို ပဉ္စပညာသ၊ ဧကာဒသ ဆိုပါသည်။)
(ဝိတက္ကတိက်နှင့်ပတ်သက်၍ အရှင်ဝရတေဇော အရှင်မြတ်စီရင်တော်မူအပ်သော တိကမာတိကာ အရကောက်ကျမ်းမှ မှတ်ချက်ကို ထုတ်နှုတ်ဖော်ပြလိုပါသည်။)
(ဝိတက္ကတိက်၌ ဝိတက်သည် ဝိတက်နှင့်တကွဖြစ်သည် မဆိုကောင်း၊ ဝိတက်၌ ဝိတက်ရှိသည် မဆိုကောင်း။ ဝိစာရသည် ဝိစာရနှင့်တကွဖြစ်သည် မဆိုကောင်း၊ ဝိစာရ၌ ဝိစာရရှိသည် မဆိုကောင်း။ ဝိတက်သည် ဝိစာရနှင့်တကွ ဖြစ်၏၊ ဝိစာရသည် ဝိတက်နှင့်တကွဖြစ်၏။ ဝိတက်ဟူသမျှသည် သဝိစာရချည်း၊ ဝိစာရမှာ အချို့ ဝိတက်ရှိ၏၊ အချို့မရှိ ၂ ပါးတည်း။) ဟူ၍ဖြစ်ပါသည်။
အဘယ်၌ ရှိ၍ အဘယ်၌ မရှိသနည်း။ ဒွေပဉ္စဝိညာဉ် ၁ဝ ကြဉ်သော ကာမစိတ် ၄၄ ခု၊ ပဌမဇ္ဈာန် ၁၁ ခု၌ ဝိစာရဖြစ်သောအခါ ဝိတက်ရှိ၏။ ဒုတိယဇ္ဈာန် ၁၁ ခု၌ ဝိစာရဖြစ်သောအခါ ဝိတက်မရှိ။
ပဌမပုဒ်က ကြဉ်သော ဝိတက် စေတသိက် ၅၅ ခုသည် အဝိတက္က သဝိစာရ ဖြစ်သောကြောင့် ဒုတိယပုဒ်သို့ သွင်းပါသည်။
ဒုတိယပုဒ်က ဝိစာရစေတသိက် ၁၁ ခုသည် အဝိတက္က အဝိစာရ ဖြစ်သောကြောင့် တတိယပုဒ်သို့ သွင်းပါသည်။
ပဌမပုဒ်က ကြဉ်သော ဝိစာရစေတသိက် ၅၅ ခုသည် သဝိတက္က အဝိစာရ ဖြစ်သောကြောင့် တိက်မုတ်ထုတ်ရပါမည်။
ဝိတက် စေတသိက် ၅၅ ခုတွင် လောကီ၌ ယှဉ်သော ဝိတက် ၄ရ ခုသည် ဒုက္ခသစ္စာ၊ မဂ်၌ ယှဉ်သော ဝိတက် ၄ ခုသည် မဂ္ဂသစ္စာ၊ ဖိုလ်၌ရှိသော ဝိတက် ၄ ခုသည် သစ္စဝိမုတ်။ ဝိစာရ ၁၁ ခုမှာလည်း ၎င်းနည်း ၃ ချက်အတိုင်းပင် ခွဲရလေသည်။
စေတသိက်ယှဉ်ပုံကိုပြောပါမည်။
သောဘနစေတသိက် ၂၅ + အညသမန်း စေတသိက် ၁၃ = စေတသိက် ၃၈ အများဆုံးယှဉ်နိုင်ပါသည်။
ဝိရတီ၊ အပ္ပမညာတို့ယှဉ်ရာစိတ်၌ ပါ မပါ သတိပြု၍ ၃၈ မှ နှုတ်ယူရပါသည်။
အဟိတ်စိတ်တို့တွင် ဆန္ဒကြဉ်အညသမန်းစေတသိက် ၁၂ သာ အများဆုံးယှဉ်နိုင်ပါသည်။
အကုသိုလ်ဆိုင်ရာတွင် -- အကုသိုလ်စေတသိက် ၁၄ + အညသမန်း စေတသိက် ၁၃ = စေတသိက် ၂ရ အများဆုံးယှဉ်နိုင်ပါသည်။
ဝိတက္ကတိက်သည် စေတသိက်သက်သက်၊ နာမ်တရားကိုသာ တိက်မုတ်ထုတ်သော တိက်ဖြစ်ပါသည်။
မဂ္ဂင်တရားကိုယ် ၈ပါး/ ရပါး
မဂ်ပထမဈာန်၌ -- သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ ဟုဆိုအပ်သော မဂ္ဂင်တရားကိုယ် (၈) ပါး ယှဉ်ပါသည်။
မဂ်ဒုတိယဈာန်စသည်၌ -- သမ္မာသင်္ကပ္ပမဂ္ဂင် (ဝိတက်) မယှဉ်သောကြောင့်၊ သမ္မာသင်္ကပ္ပကြဉ် (၇)ပါး ယှဉ်ပါသည်။
မဂ္ဂင်တရားကိုယ် ၈ပါး၊ ရပါး အရမှာ -- မဂ္ဂင် ၈ပါး နှင့် ယှဉ်သော မဂ်မထမဈာန်ကိုရည်၍ (၈)ပါး။
ဝိတက်တည်းဟူသော သမ္မာသင်္ကပ္ပ နှင့် မယှဉ်သော မဂ်ဒုတိယဈာန် စသည်ကို ရည်၍ (၇) ပါး ဖြစ်ပါသည်။
မဂ်စိတ္တုပ္ပါဒ် ၂၉
မဂ်စိတ် (မဂ်ပထမဈာန်စိတ်)၌ အပ္ပမညာကြဉ်စေတသိက် ၃၆ ပါး ယှဉ်၏။ ယင်း စေတသိက် ၃၆ ပါးတို့တွင် သမ္မာဒိဋ္ဌိစသော မဂ္ဂင်တရားကိုယ် စေတသိက် ၈ပါးသည် မဂ္ဂသစ္စာဖွဲ့ပြီး ဖြစ်သောကြောင့် ၃၆ ပါး မှ ၈ပါး နှုတ်သော် (အပ္ပမညာကြဉ်စေတသိက် ၃၆ - မဂ္ဂင်တရားကိုယ် စေတသိက် ၈ပါး = စေတသိက် ၂၈ပါး) စေတသိက် ၂၈ ပါး ကျန်ပါသည်။
မဂ်စိတ် ၄ခုတို့မှာ အာရမ္မဏဝိဇာနနလက္ခဏာအားဖြင့် တူကြ၍၊ မဂ်စိတ်တို့ကို တစ်ခုပြုပြီး ယှဉ်ဘက်စေတသိက် ၂၈ နှင့် ပေါင်းသော် (မဂ်စိတ္တုပ္ပါဒ် ၂၉) ဖြစ်လေသည်။
(ယင်းမဂ်စိတ္တုပ္ပါဒ် ၂၉ သည် လောကုတ္တရာကုသိုလ်ဖြစ်၏။ လောကီတရားများမဟုတ်ကြ၍ ဒုက္ခသစ္စာ၊ သမုဒယသစ္စာမထိုက်။ မဂ်စိတ် ၄ ခု၌ ရှိသော မဂ္ဂင်တရားကိုယ် ၈ပါးကသာ မဂ္ဂသစ္စာ ထိုက်သောကြောင့်၊ မဂ္ဂသစ္စာလည်း မထိုက်။ နိဗ္ဗာန်လည်း မဟုတ်၍ နိရောဓသစ္စာလည်းမထိုက်။ သို့ဖြစ်၍ သစ္စာဝိမုတ်ထုတ်ပါသည်။)
ဖိုလ်စိတ္တုပ္ပါဒ် ၃၇
ဖိုလ်ပထမဈာန်စိတ်၌ အပ္ပမညာကြဉ်စေတသိက် ၃၆ပါး ယှဉ်၏။ ၎င်းဖိုလ်စိတ်၌ ယှဉ်သော မဂ္ဂင်တရားကိုယ် ၈ပါး မှာ မဂ္ဂသစ္စာ ဖွဲ့မရပါ။ ဖိုလ်စိတ်တို့မှာ အာရမ္မဏဝိဇာနနလက္ခဏာအားဖြင့်တူကြ၍ ဖိုလ်စိတ် ၄ခုကို တစ်ခုပြုပြီး၊ ယှဉ်ဘက် စေတသိက် ၃၆ နှင့် ပေါင်းလျှင် ဖိုလ်စိတ္တုပ္ပါဒ် ၃ရ ဖြစ်လေသည်။
ယင်းဖိုလ်စိတ္တုပ္ပါဒ် ၃ရ သည် လောကုတ္တရာဝိပါက်ဖြစ်၏။ လောကီမဟုတ်၍ ဒုက္ခသစ္စာမထိုက်၊ သမုဒယသစ္စာလည်းမထိုက်ပါ။ မဂ်စိတ် ၄ခု၌ ရှိသော မဂ္ဂင်တရားကိုယ် ၈ပါးသည်သာ မဂ္ဂသစ္စာထိုက်၏။ ထို့ကြောင့် မဂ္ဂသစ္စာလည်းမထိုက်။ နိဗ္ဗာန်လည်းမဟုတ်၍ နိရောဓသစ္စာလည်း မထိုက်။ ထို့ကြောင့် သစ္စာဝိမုတ်ဖြစ်ပါသည်။
သစ္စာဝိမုတ်
မဂ်စိတ္တုပ္ပါဒ် ၂၉၊ ဖိုလ်စိတ္တုပ္ပါဒ် ၃ရ တို့သည် လောကုတ္တရာကုသိုလ်နှင့် လောကုတ္တရာဝိပါက်တရားများဖြစ်ကြရာ၊ လောကီတရားများမဟုတ်သောကြောင့် ဒုက္ခသစ္စာ၊ သမုဒယသစ္စာမထိုက်။ မဂ္ဂသစ္စာထိုက်ရန်မှာ မဂ်စိတ် ၄ပါး၌ ရှိသော မဂ္ဂင်တရားကိုယ် ၈ပါးကသာ ထိုက်သဖြင့် မဂ္ဂသစ္စာလည်းမထိုက်ပါ။ နိဗ္ဗာန်လည်း မဟုတ်၍ နိရောဓသစ္စာလည်း မထိုက်ပါ။
ဤကဲ့သို့ သစ္စာလေးပါးလုံးမထိုက်သောကြောင့် သစ္စာဟူသောအရေအတွက်မှ လွတ်၍ သစ္စာဝိမုတ်သာ ဖြစ်ရပါသည်။
(မှတ်ချက်။ ။ ကျန်သည့် ခန္ဓာ အာယတန ဓာတ် သစ္စာဖွဲ့ပုံများကို ဇယားတွင်ကြည့့်ပါ။)
ကျမ်းကိုး။ ။ University of Abhidhamma ၊ ဆရာမကြီး Dr. ဒေါ်ဝင်းမြင့်သိန်း၏ တိကမာတိကာ ပို့ချစဉ် မှတ်စု၊ ရွှေညဝါဦးသုန်၏ ပထမငယ်တန်းဆိုင်ရာ မာတိကာဓာတုကထာ အမှတ် ၂၊ အရှင်ဝရတေဇော အရှင်မြတ် စီရင်တော်မူအပ်သော တိကမာတိကာ အရကောက်ကျမ်း တို့မှ ထုတ်နှုတ်ဖော်ပြပါသည်။
ဟေတုဒုက
ဟေတုဒုက
ဟေတုဂေါစ္ဆကတွင် (၁) ဟေတုဒုက် (၂) သဟေတုကဒုက် (၃) ဟေတုသမ္ပယုတ္တဒုက် (၄) ဟေတု သဟေတုကဒုက် (၅) ဟေတု ဟေတုသမ္ပယုတ္တဒုက် (၆) န ဟေတု သဟေတုကဒုက်အားဖြင့် ၆ ပါး အပြားရှိပါသည်။ ထို ၆ ပါးတို့တွင် ဟေတုဒုက်ကို ရှေးဦးစွာဟောတော်မူပါသည်။
ပါဠိတော်နှင့် အနက်
၁။ (ပ) ဟေတူ - ဟိတ်မည်ကုန်သော၊ ဓမ္မာ၊ (သံဝိဇ္ဇန္တိ)။
(ဒု) န ဟေတူ - ဟိတ်မမည်ကုန်သော (ဝါ) ဟိတ်မှ တပါးကုန်သော
၂။ (ပ) သဟေတုကာ - သမ္ပယုတ်စိတ် ရှိကုန်သော၊
(ဒု) အဟေတုကာ - သမ္ပယုတ်ဟိတ် မရှိကုန်သော၊
၃။ (ပ) ဟေတုသမ္ပယုတ္တာ - ဟိတ်နှင့် ယှဉ်သော၊
(ဒု) ဟေတုဝိပ္ပယုတ္တာ - ဟိတ်နှင့် မယှဉ်ကုန်သော၊
၄။ (ပ) ဟေတူ စေ၀ - ဟိတ်လည်း မည်ကုန်သော၊ သဟေတုကာ စ - သမ္ပယုတ်ဟိတ်လည်း ရှိကုန်သော၊
(ဒု) သဟေတုကာ စေ၀ - သမ္ပယုတ်ဟိတ်လည်း ရှိကုန်သော၊ န စ ဟေတူ - ဟိတ်လည်း မမည်ကုန်သော၊
၅။ (ပ) ဟေတူ စေ၀ - ဟိတ်လည်း မည်ကုန်သော၊ ဟေတုသမ္ပယုတ္တာ စ - စိတ်နှင့်လည်း ယှဉ်ကုန်သော၊
(ဒု) ဟေတုသမ္ပယုတ္တာ စေ၀ - ဟိတ်နှင့်လည်း ယှဉ်ကုန်သော၊ န စ ဟေတူ - ဟိတ်လည်း မမည်ကုန်သော၊
၆။ (ပ) န ဟေတူ ခေါ ပန - ဟိတ်မမည်ကုန်သော၊ သဟေတူကာပိ - သမ္ပယုတ်ဟိတ်လည်း ရှိကုန်သော၊
(ဒု) န ဟေတူ ခေါ ပန - ဟိတ်မမည်ကုန်သော၊ အဟေတုကာပိ - သမ္ပယုတ်ဟိတ်လည်း မရှိကုန်သော၊
တို့ဖြစ်ပါသည်။
ယခု ဖော်ပြပေးလိုသော တရားမှာ ---
၁။ (ပ) ဟေတူ - ဟိတ်မည်ကုန်သော။
(ဒု) နဟေတူ - ဟိတ်မမည်ကုန်သော (ဝါ) ဟိတ်မှတစ်ပါးကုန်သော။
၂။ (ပ) သဟေတုကာ - သမ္ပယုတ်ဟိတ် ရှိကုန်သော။
(ဒု) အဟေတုကာ - သမ္ပယုတ်ဟိတ်မရှိကုန်သော။
တို့ဖြစ်ပါသည်။
ဟေတူဓမ္မာ (ဟိတ်မည်ကုန်သောတရား) ၏ အရကား --
ဟေတု - ဟိတ်မည်သောတရားများမှာ လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟအားဖြင့် ဟိတ် ၆ ပါးတို့ ဖြစ်ကြသည်။ (ကြွင်းသော ပရမတ္တတရားများကား နဟေတူ - ဟိတ်မမည်သောတရားများ ဖြစ်ကြသည်။) (ဇယားတွင်ယှဉ်ကြည့်နိုင်ပါသည်။)
နဟေတူဓမ္မာ (ဟိတ်မမည်ကုန်သောတရား) ၏ အရကား --
စိတ် ၈၉ ပါး၊ ဟိတ် ၆ ပါးကြဉ် စေတသိက် ၄၆ ပါး၊ ရုပ် ၂၈ ပါး၊ နိဗ္ဗာန် တို့ဖြစ်သည်။
သဟေတုကာဓမ္မာ (သမ္ပယုတ်ဟိတ်ရှိကုန်သောတရား)
သဟေတုက(ဟေတုသမ္ပယုတ္တ) ဟိတ်နှင့်ယှဉ်သောတရားများကား သဟိတ်စိတ် ၇၁ ပါး၊ မောဟမူဒွေ၌ မောဟကြဉ်သော စေတသိက် ၅၂ ပါးတို့တည်း ။ (ကြွင်းသော ပရမတ္တတရားများသည် အဟေတုက - ဟေတုဝိပ္ပယုတ္တ ဟိတ်နှင့် မယှဉ်သောတရားတို့မည်၏။) (ဇယားတွင်ယှဉ်ကြည့်နိုင်ပါသည်)
မောဟမူဒွေ၌ မောဟမှာ အခြားယှဉ်ဖက်သမ္ပယုတ်ဟိတ် မရှိ၍ သဟေတုက ဟေတုသမ္ပယုတ္တ မမည်နိုင်ချေ။ အဟေတုက ဟေတုဝိပ္ပယုတ္တမျှသာ ဖြစ်ပေသည်။
ထို့ကြောင့် ၄င်းကို သဟေတုကအရ ဟေတုသမ္ပယုတ္တအရတို့၌ ကြဉ်၍၊ အဟေတုက အရ ဟေတုဝိပ္ပယုတ္တအရတို့၌ ထည့်သွင်းကောက်ရသည်။
ထိုမောဟမူဒွေ၌ မောဟကိုကြဉ်သော်လည်း လောဘမူ၊ ဒေါသမူတို့၌ ယှဉ်သော မောဟ ကျန်နေသေးသောကြောင့် စေတသိက်အရေအတွက် မလျော့တော့ချေ။
၅၂ ပါးပင် ကျန်ရှိနေပေသည်။
အဟေတုကာဓမ္မာ (သမ္ပယုတ်ဟိတ်မရှိကုန်သောတရား)
ဒုတိယပုဒ်၏အရကား အဟိတ်စိတ် ၁၈ ပါး၊ ဆန္ဒကြဉ်သော အညသမာန်းစေတသိက် ၁၂ ပါး၊ မောဟမူဒွေ၌မောဟ၊ ရုပ် ၂၈ ပါး၊ နိဗ္ဗာန်ရ၏။
မာတိကာနှင့်ပတ်သက်၍ နောက်ထပ် အခြေခံ သိမှတ်ဖွယ် တစ်ချို့ထပ်ဖော်ပြပေးလိုပါသည်။
နိဗ္ဗာန်ကို ခန္ဓဝိမုတ် ထုတ်ခြင်းအကြောင်း
ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်၊ အဇ္စျတ္တ၊ ဗဟိဒ္ဓ၊ ဒူရ၊ အာသန္န၊ ဟီန၊ ပဏီတ၊ သြဠာရိက၊ သုခုမ ဟူသော ၁၁ ပါးသော အပြားတို့ မရှိသောကြောင့် (ဝါ) ၁၁ ပါးသော အပြားတို့ မရှိသည်ဖြစ်၍ ပေါင်း၍ မရသောကြောင့် နိဗ္ဗာန်သည် ခန္ဓာဟူသော အရေအတွက်မှ လွတ်ပါသည်။
သစ္စာဝိမုတ်ဖြစ်သော မဂ်စိတ္တုပ္ပါဒ်၊ ဖိုလ်စိတ္တုပ္ပါဒ် ယူနည်း
စိတ်၊ စေတသိက် နှစ်ပါးလုံးကိုပင် ဤနေရာ၌ စိတ္တပ္ပါဒ်ဟု ခေါ်ပါသည်။
မဂ်စိတ်လေးခု၌ စေတသိက် ၃၆ ပါး ယှဉ်သည်။ ယင်း ၃၆ ပါးတို့တွင် သမ္မာဒိဋ္ဌိ စသော စေတသိက် ၈ ပါးကို မဂ္ဂသစ္စာ ဖွဲ့ပြီး ဖြစ်သောကြောင့် စေ ၃၆ ပါးထဲမှ ထိုစေတသိက် ၈ ပါးကို နှုတ်ရပါသည်။ ၂၈ ပါး ကျန်၏။ ထိုစေတသိက် ၂၈ ပါးထဲသို့ မဂ်စိတ်လေးခုကို အာရုံကို သိခြင်း (အာရမ္မဏဝိဇာနန) လက္ခဏာအားဖြင့် တူသောကြောင့် တစ်ခုတည်း ပြု၍ ထည့်သောကြောင့် မဂ်စိတ္တုပ္ပါဒ် ၂၉ ခု ဖြစ်သည်။
ဖိုလ်စိတ်လေးခု၌လည်း စေတသိက် ၃၆ ပါး ယှဉ်၏။ ယင်း ၃၆ ပါး၌ ရှိသော သမ္မာဒိဋ္ဌိ စသော မဂ္ဂင်တရားကိုယ် စေတသိက် ၈ ပါးကို မဂ္ဂသစ္စာ မဖွဲ့ထားသောကြောင့် မနှုတ်ရပါ။ ထိုစေတသိက် ၃၆ ပါးထဲသို့ ဖိုလ်စိတ်လေးခုကို အာရုံကို သိခြင်း (အာရမ္မဏဝိဇာနန) လက္ခဏာအားဖြင့် တူသောကြောင့် တစ်ခုတည်း ပြု၍ ထည့်သောအခါ ဖိုလ်စိတ္တုပ္ပါဒ် ၃၇ ခု ဖြစ်လေသည်။
(ဤတွက်နည်းကို ဇယားထဲတွင်လည်း ထည့်ပေးထားပါသည်။)
မဂ္ဂင် ရှစ်ပါး/ခုနှစ်ပါး
ပထမစျာန်၌ ဝိတက် ဟူသော သမ္မာသင်္ကပ္ပမဂ္ဂင် ယှဉ်၏။ ဒုတိယစျာန် စသည်တို့၌ ဝိတက် မယှဉ်။ ထို့ကြောင့် ပထမစျာန်ကို ရည်၍ “ရှစ်ပါး” ၊ ဒုတိယစျာန် စသည်ကို ရည်၍ “ခုနှစ်ပါး” ဟု ဆိုပါသည်။
ခန္ဓဝိမုတ် တရားကို သစ္စာဖွဲ့လျှင် --
ခန္ဓဝိမုတ် ဖြစ်သော နိဗ္ဗာန်သည် နိရောဓသစ္စာမည်ပါသည်။
သစ္စာဝိမုတ် တရားကို ခန္ဓာဖွဲ့လျှင် --
မဂ်စိတ္တုပ္ပါဒ် ၂၉ ခု၊ ဖိုလ်စိတ္တုပ္ပါဒ် ၃၇ ခု တို့တွင် = ဝေဒနာစေတသိက်သည ဝေဒနာက္ခန္ဓာ၊ သညာစေတသိက်သည် သညာက္ခန္ဓာ။ ဝေဒနာ သညာမှ ကြွင်းသော မဂ်စိတ္တုပ္ပါဒ် ၂၆ ခု၊ ဖိုလ်စိတ္တုပ္ပါဒ် ၃၄ ခုသည် သင်္ခါရက္ခန္ဓာ မည်ပါသည်။
မဂ်စိတ် ၄ ခု၊ ဖိုလ်စိတ် ၄ ခုသည် ဝိညာဏက္ခန္ဓာ မည်၏။
ဤသို့လျှင် ခန္ဓာအားဖြင့် လေးပါး ရလေသည်။
(မှတ်ချက်။ ။ဤသည်မှာ လေ့လာမိသမျှချရေးထားရုံမျှသာဖြစ်သဖြင့် ဆရာများသင်သကဲ့သို့ ပြည့်စုံမှု ရှိချင်မှရှိပါမည်။ သို့ရာတွင် ---
ဟေတုဒုကကိုလေ့လာခြင်းအားဖြင့် ပရမတ္ထတရားလေးပါးတို့တွင် ဟိတ် ၆ ပါးနှင့် ယှဉ်ကုန်သောတရား၊ မယှဉ်သောတရားတို့ကို သိရှိနိုင်ရန်ရည်သန်၍ ဖော်ပြပေးလိုက်ခြင်းဖြစ်ပါသည်။
ဟေတူဓမ္မာ (ဟိတ်မည်ကုန်သောတရား)
နဟေတူဓမ္မာ (ဟိတ်မမည်ကုန်သောတရား)
သဟေတုကာဓမ္မာ (သမ္ပယုတ်ဟိတ်ရှိကုန်သောတရား)
အဟေတုကာဓမ္မာ (သမ္ပယုတ်ဟိတ်မရှိကုန်သောတရား) တို့ကို လွယ်ကူစွာယှဉ်ကြည်နိုင်ရန် ဇယားတွင် ဖော်ပြပေးလိုက်ပါသည်။)
မေတ္တာဖြင့်
TNO (20.5.2018)
၀ီထိရှင်းတမ်း
၀ီထိရှင်းတမ်း
ကျနော်ပဋ္ဌာန်းတရားတော်ကိုတင်လာတာ နိဿယပစ္စည်းနဲ့ပုရေဇာတပစ္စည်းတွေမှာ မဇ္စျိမာယုက ဆိုတဲ့ စကားလုံးကို ရှင်းပေးပေမယ့် ဝီထိပိုင်းမသင်ဖူးသူတွေအနေနဲ့ သေချာ မရှင်းသေးတာတွေ့ရတယ်။ ဒါနဲ့ကျနော်လည်း အဲဒါလေးနည်းနည်းထပ်ရှင်းပေးချင်တာနဲ့ ဒီပို့စ်ကို ဝီထိရှင်းတမ်းလို့ နာမည်ပေးလိုက်တယ်။ ဒါပေမယ့် အားလုံးစုံအောင်တော့ ရှင်းပြနိုင်မှာမဟုတ်သေးဘူး။ တစ်နေ့က မန္ဒာယုက၊ အမန္ဒာယုက၊ မဇ္စျိမာယုက အကြောင်းကို ပို့စ်တင်လိုက်ပေမယ့် စိတ်သက် ရုပ်သက် ဖြစ်တဲ့ စိတ္တက္ခဏ ၁၇ ချက်နဲ့ ခဏငယ် ၅၁ ချက် နဲ့ ရုပ်သက်ကို ကောင်းကောင်းနားမလည်သေးတာတွေ့ရတယ်။ ဒါကြောင့် ဒီနေ့ဝီထိကို နည်းနည်း ထပ်ပြည့်စုံသွားအောင် ရှင်းပေးချင်ပါတယ်။ ဒါပေမယ့် အကုန်လုံးတော့ မသွားနိုင်ဘူးပေါ့။ ပဉ္စဒွါရဝီထိချပုံလေးကိုပဲ သိသာရုံ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
အဲဒီတော့ ပထမဆုံး ဝီထိဆိုတဲ့ စကားလုံး အဓိပ္ပါယ်ကို နားလည်ရမယ်၊ စိတ်အစဉ်အတန်းကို ဝီထိလို့ ခေါ်တယ်၊ ဝီထိဆိုတာ အစဉ်အတန်းလည်းဟုတ်တယ်၊ လမ်းကိုလည်း ဝီထိလို့ ခေါ်တယ်နော်၊ အဲဒီလို အစဉ်အတန်းကို ဝီထိ၊ အဲဒီတော့ စိတ်အစဉ်အတန်းကို စိတ် ဝီထိလို့ ဒီလိုခေါ်မယ်။
အဲဒီတော့ အခု တစ်ခု သတိထားဖို့က စိတ်အစဉ်အတန်းလို့ ပြောပေမယ်လို့ တကယ်ကတော့ သူ့ခဏ၊ ခဏမှာ အစဉ်အတန်းရယ်လို့ရှိတာ မဟုတ်ဘူး၊ တစ်ခုပြီးရင် ပျောက်သွား၊ နောက်တစ်ခုက သူ့နေရာ၀င်ဖြစ်၊ နောက်တစ်ခုက သူ့နေရာမှာ၀င်ဖြစ်၊ အဲဒီလို သွားတယ်ပေါ့။
ဒါပေမယ့် သူတို့က one unit, one group လိုနေတဲ့အတွက်ကြောင့်မို့ သူတို့ကို တစ်စုသဘောထားပြီး လေ့လာရတယ်၊ ဒါကြောင့်မို့ စိတ်ဝီထိလို့ ခေါ်တာ၊ ဝီထိဆိုတော့ တစ်ခါတည်း မျက်စိထဲမှာ အတန်းကြီး မြင်ပြီးတော့ အတန်းကြီးအတိုင်း ဖြစ်နေတယ်လို့ ဒီလိုတော့ မယူဆရဘူးနော်။
ဥပါဒ်ခဏဆိုတာ ဖြစ်ဆဲအခိုက်အတန့် တစ်စုံတစ်ခု ဖြစ်ပေါ်လာရင် ဖြစ်ပေါ်လာတဲ့ အခိုက်အတန့်လေးကို ဥပါဒ်လို့ ခေါ်တယ်၊ ဒါကို မြန်မာလိုတိုတိုခေါ်ချင်ရင် ဖြစ်ခဏလို့ ခေါ်တယ်၊ ဥပါဒ်ခဏဟူ၍ဖြစ်စေ၊ ဖြစ်ခဏဟူ၍ဖြစ်စေ ခေါ်ကြမယ်။
ဌီခဏတဲ့၊ ဌီဆိုတာက တန့်ရပ်နေတာလို့ ဆိုလိုတယ်၊ တည်နေတဲ့ခဏ တန့်နေတဲ့ခဏကို ဌီ၊ ဖြစ်ပြီးတော့ နည်းနည်းလေး တန့်နေတယ်၊ ပြီးရင် သူပျက်မယ်၊ အဲဒီအလယ်ခဏကို တည်ဆဲခဏနော်၊ ဒါကို တည်ခဏလို့ ခေါ်ချင်လဲ ခေါ်ပေါ့လေ၊ တည်နဲ့ဌီနှင့်လည်းနီးနီးပါပဲ။
နောက်တစ်ခုကတော့ ဘင်ခဏတဲ့၊ ဘင်္ဂဆိုတာ ပျက်စီးတယ်ဆိုတဲ့ အဓိပ္ပါယ် ရှိတယ်၊ ပါဠိစကားမှာ၊ ဒါကြောင့်မို့ ချုပ်ဆဲခဏ ပျက်စီးတဲ့ ခဏကို ဘင်ခဏလို့ ခေါ်တယ်။
အဲဒီတော့ ဒီ ဆရာအများရဲ့ အယူအဆက အခုအတိုင်းပဲ ဖြစ်တယ်ဆိုတဲ့ အဓိပ္ပါယ်ထဲမှာ ဖြစ် တည် ချုပ် ဒီ ၃ မျိုး ပါတယ်လို့ ဒီလို ယူဆကြတယ်၊
အဲဒီတော့ ဝီထိပိုင်းကို လေ့လာတဲ့အခါကျတော့ အာရုံတွေ ဘာတွေကလည်း ပါလာလိမ့်မယ်၊ ဒီဝီထိက ဘယ်ကို အာရုံပြုတယ်တို့ ဘာတို့ပါလာတဲ့အခါကျတော့ ရုပ်သဘောနည်းနည်းပါတယ်၊ ဒါကြောင့်မို့ ရုပ်အသက်ဆိုတာကိုလည်း ဒီမှာ နားလည်ရမယ်၊့ ဝီထိလုပ်တဲ့အခါကျတော့ ဒီရုပ်သက်နှင့် တစ်ခါ ညှိရလိမ့်ဦးမယ်။
ရုပ်ကျတော့ ဘယ်လောက် အသက်ရှည်သတဲ့တုန်းဆိုတော့ စိတ္တက္ခဏ ၁၇ ချက် အသက်ရှည်တယ်တဲ့၊ ဒါဖြင့် ရုပ်က စိတ်ထက် အသက် ၁၇ ချက် ပိုပြီးတော့ အသက်ရှည်တယ်၊ သို့မဟုတ် အချုပ်နှေးတယ်လို့ ဆိုနိုင်တာပေါ့၊ စိတ်ကဖြစ်ပြီးချုပ်၊ ရုပ်ကဖြစ်ပြီး သူကနေလိုက်သေးတယ်။
အဲဒီတော့ စိတ္တက္ခဏ ၁၇ ချက်ဆိုရင် ခဏငယ် ဘယ်လောက်လဲ ၁၇×၃ = ၅၁ နော်၊ ခဏငယ် ၅၁ ချက်ပေါ့၊ ရုပ်က ခဏငယ် ၅၁ ချက် ရှည်တယ်၊ စိတ်က ခဏငယ် ၃ ချက်ပဲ ရှည်တယ်။
ဒါ စိတ်သက်နှင့် ရုပ်သက် ဒါမှတ်ထားရမယ်၊ စိတ်သက်နှင့် ရုပ်သက် သိပြီးတဲ့ နောက် ဝီထိ ၂ မျိုးကို တစ်ခါ သိရမယ်။
ပထမ တစ်ခုက ပဉ္စဒွါရဝီထိတဲ့၊ ဒုတိယတစ်ခုက မနောဒွါရဝီထိ။
အဲဒါကြောင့်မို့ ဝီထိပိုင်းမှာ သိသင့်သိထိုက်တဲ့ အချက်အလက်ကလေးတွေကို ပထမသိထားရမယ်။
အဘိဓမ္မာနဲ့ဝေးနေသူများအတွက် လိမ့်ပတ်လည်အောင် ဝီထိနဲ့ပတ်သက်လို့ အခေါ်အဝေါ်လေးတွေ က အစ သူတို့အမည်ခေါ်ပုံလေးတွေကနေ စပြန်သွားကြရင်ကောင်းမယ်ထင်တယ်နော်။
စိတ်အစဉ် ဝီထိစဉ်လေးကို ချရေးလိုက်မယ်ဆိုယင်တော့
“တီ၊ န၊ ဒ၊ ( ပ၊ စ၊ သံ၊ ဏ၊ ဝု၊ ဇ၊ ဇ၊ ဇ၊ ဇ၊ ဇ၊ ဇ၊ ဇ၊ ရုံ၊ ရုံ၊) ” ဆိုပြီး ဒီလိုလာပါတယ်။
ဒါက စက္ခုဒွါရ မြင်သိစိတ်ကလေးရဲ့ အစဉ်လေးပေါ့။
အတီတဘ၀င်၊ ဘ၀င်္ဂစလန၊ ဘ၀င်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရာ၀ဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော ရ ကြိမ်၊ တဒါရုံ ၂ ကြိမ်၊ ထို့နောင် ဘ၀င် .. ။
အခု . . တီ ဆိုတဲ့ အတီတဘ၀င်ကနေ စာလုံးတစ်လုံးချင်းစီရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်လေး တွေကို တစ်ခုစီ သွားရအောင် . . . ။
တီ = အတီတဘ၀င် = ပဉ္စာရုံများ ပဉ္စပသာဒ(ပဉ္စဒွါရ)မှာ မထင်မီ ရှေ့အဖို့၌ ဘ၀င်စိတ်များ ကြိုတင်ဖြစ်နေရာ ယင်း ပဉ္စာရုံများ ပဉ္စဒွါရ၌ အကြောင်းအားလျော်စွာ ထင်လာတတ်ပါတယ်။ ထိုသို့ ထင်လာရာ၌ အနည်းဆုံး စိတ္တက္ခဏ တစ်ချက်ခန့် ကာလကို လွန်ပြီးမှ ထင်လာနိုင်ပါတယ်။ ထို လွန်ခဲ့သော ဘ၀င်စိတ်ကို “အတီတ ဘ၀င်” လို့ခေါ်ပါတယ်။
(အာရုံနှင့် ပသာဒတို့ ကောင်းစွာမထိခိုက်၊ မတိုက်ဆိုင် မထင်မြင်မီ ချုပ်ပျောက်သွားတဲ့ ဘ၀င်ပေါ့။)
ဘ = ဘ၀င်္ဂစလန = ထိုသို့ ပဉ္စာရုံများထင်လာမှုကြောင့် ဘ၀င် ၂ ကြိမ် လှုပ်ပါတယ်။ ထိုတွင် ဘ၀င်အစဉ်ကို လှုပ်စေသကဲ့သို့ (အာရုံနှင့် ပသာဒတို့ ထိခိုက်တိုက်ဆိုင် ထင်မြင်လာသဖြင့် မူလဘ၀င်စိတ်ကလေး လှုပ်ရှားခြင်း) ကြောင့် ပထမ ဘ၀င်ကို ဘ၀င်္ဂစလန လို့ခေါ်ပါတယ်။
ဒ = ဘ၀င်္ဂုပစ္ဆေဒ = ထို ဖြစ်ပေါ်နေသော ဘ၀င်စိတ်အစဉ် ပြတ်စဲခြင်း (အာရုံနှင့် ပသာဒတို့ ထိခိုက်၊ တိုက်ဆိုင်ထင်မြင်မှု အားကောင်းလာသဖြင့် မူလဘ၀င်စိတ်ကလေး ပြတ်သွားခြင်း၊ ပျောက်သွားခြင်း) ကြောင့် ဒုတိယဘ၀င်စိတ်ကို ဘ၀င်္ဂုပစ္ဆေဒ ခေါ်ပါတယ်။
ပ = ပဉ္စဒွါရာ၀ဇ္ဇန်း = ထင်လာသော အာရုံ အသစ်ကို ဆင်ခြင်သော စိတ်။ (မူလဘ၀င်ပြတ်သွားသောအခါ အာရုံသစ်ကို ကောင်းစွာ ယူနိုင်ပြီဖြစ်၍ ဆင်ခြင်မှု ဆက်ဖြစ်လာခြင်း)
စ = စက္ခုဝိညာဏ် = စက္ခုဒွါရ၌ ထင်လာသော ရူပါရုံကို မြင်တတ်သော စိတ်။
(အာရုံသစ်ကို ကောင်းစွာယူနိုင်ပြီဖြစ်၍ ထင်မြင်လာနိုင် ဆင်ခြင်နိုင်သဖြင့် မြင်သိစိတ် ဖြစ်လာခြင်း)
သံ = သမ္ပဋိစ္ဆိုင်းစိတ် = ထင်လာသော အာရုံကို ခံယူသော စိတ်။ (ထိုမြင်သိသည့် အာရုံကို လက်ခံသိမ်းပိုက်ခြင်း)
ဏ = သန္တီရဏ = ထင်လာသော အာရုံကို စုံစမ်းသော စိတ်။ (လက်ခံပြီး၊ စူးစမ်းစိတ် ဆက်ဖြစ်လာခြင်း)
၀ု = ဝုဋ္ဌော = ထင်လာသော ရူပါရုံကို ရူပါရုံပဲဟု ဆုံးဖြတ်သော စိတ်။ (စူးစမ်းပြီး ကောင်း/မကောင်း ဆုံးဖြတ်ခြင်း)
ဇ = ဇော = ထင်လာသော အာရုံ၏ အရသာကို ခံစားသော စိတ်။
(ဆုံးဖြတ်သည့်အတိုင်း အာရုံကို လျှင်မြန်စွာ အရှိန်အဟုန်ကောင်းကောင်းဖြင့် ခံစားသည့် ကုသိုလ်ဇော၊ အကုသိုလ်ဇော (ရဟန္တာပုဂ္ဂိုလ်တို့အတွက် ကြိယာဇော) တို့ ၇ ကြိမ် ဖြစ်လေသည်။
ရုံ = တဒါရုံ = ဇောနောက်သို့လိုက်၍ ဇော၏ အာရုံကိုသာ အာရုံပြုသော စိတ်။
(အရှိန်ကောင်းကောင်းဖြင့် ၇-ကြိမ် ဖြစ်ပြီးသော ဇောနောက်တွင် (ခုတ်မောင်းသွားသော သင်္ဘောသို့ ရေသည် အနည်းငယ် အစဉ်လိုက်သကဲ့သို့) အမြှင်မပြတ် ဆက်လက်ဖြစ်သည့်၊ တဒါရုံ စိတ် ၂ ကြိမ် ခန့်ဖြစ်လာခြင်း)
စတဲ့ ဝီထိပုံစံမှာပါတဲ့ အကျဉ်းသင်္ကေတလေးတွေ အတိုကောက်အမှတ်အသားနဲ့ အဓိပ္ပါယ်လေးတွေ တော့သိရပြီပေါ့။
ပထမဆုံး ဝီထိတစ်ခုကို စုံအောင်လေ့လာမယ်၊ နောက်ဟာတွေတော့ အကုန် မလုပ်နိုင်ဘူးပေါ့၊ တစ်ခုချင်း တစ်ခုချင်းဆိုရင် အကြာကြီးလုပ်ရမှာ၊ ပထမ တစ်ခုကိုတော့ စုံအောင်လေ့လာကြမယ်၊ အဲသလို လေ့လာမှ ဝီထိတစ်ခုမှာအဓိပ္ပါယ်တွေ ဘယ်လောက်ပါတယ်၊ မြင်တယ်လို့ ပြောလိုက်တာဘယ်လောက် နက်နဲတာတွေပါတယ်ဆိုတာသိမယ်၊ နေ့တိုင်းကြုံတွေ့နေတာဆိုတော့ ဘယ်သူမှသိပ်ပြီး ဂရုမစိုက်ဘူး၊ အဲဒီတော့ ပေါ့ပေါ့ဆဆလေးပဲ၊ မလေးနက်ဘူးလို့ ထင်တာပဲ များလိမ့်မယ်၊ တကယ် အခုလို သိလာတဲ့အခါကျတော့မှ မြင်တာလေးတစ်ခုတည်းကလည်း အများကြီးပါလား၊ မြင်တာနဲ့ပတ်သက်ပြီးတော့ကို အဘိဓမ္မာအနေနဲ့ သိစရာတွေကမနည်းပါဘူးလားဆိုတာ တစ်ခါပေါ်လာလိမ့်မယ်နော်။
အဲဒီတော့ ခုနပြောတဲ့အတိုင်း ပထမအစ ဝီထိဘယ်နှစ်မျိုးရှိသလဲ၊ ပဉ္စဒွါရဝီထိ၊ မနောဒွါရဝီထိ။
အဲဒီ ပဉ္စဒွါရဝီထိမှာ ဝီထိကလည်း ၅ မျိုး ရှိတယ်၊ ဒွါရနဲ့ပဲ ပြောကြစို့နော်၊ စက္ခုဒွါရဝီထိ၊ သောတဒွါရဝီထိ၊ ဃာနဒွါရဝီထိ၊ ဇိဝှါဒွါရဝီထိ၊ ကာယဒွါရဝီထိ။
အာရုံတစ်ခုခုက ဒွါရတစ်ခုခုကို တွေ့လိုက်တဲ့အခါမှာ ရိုက်လိုက်တဲ့အခါမှာ အဲဒီဘ၀င်ဟာ ဘာဖြစ်သွားသလဲဆိုတော့ ပထမ တစ်ချက် လွန်သွားတယ်တဲ့နော်၊ တစ်ချက်လွန်သွားပြီးမှ သူ့မှာ ထူးခြားမှုတွေဖြစ်မယ်၊ ပထမ တစ်ချက်လွန်သွားတယ်။
အဲဒီတော့ အာရုံက ဒီဒွါရကို တွေ့တွေ့ချင်း ဘ၀င်က မထူးခြားသေးဘူး၊ တစ်ချက်လွန်သွားတယ်၊ ဒါက ဘယ်လိုလဲဆိုတော့ ဟို တအားပြေးလာတဲ့လူဟာ ချက်ချင်းမရပ်နိုင်သလို၊ နည်းနည်းနှစ်လှမ်း၊ သုံးလှမ်း၊ လေးလှမ်းစသည်တော့ လွန်သွားသေးတာပဲ၊ အဲသလို လျှင်မြန်စွာပြေးလာတဲ့ လူဟာ ချက်ချင်း မရပ်နိုင်သလိုပဲ ဘ၀င်ကလည်း အရှိန်နဲ့လာနေတာဆိုတော့ အာရုံနဲ့တွေ့လိုက်သည်နဲ့ တစ်ပြိုင်နက် ချက်ချင်းမရပ်နိုင်ဘူး၊ တစ်ချက် လွန်သွားတယ်၊ အဲဒီလို တစ်ချက်လွန်သွားပြီးတဲ့ နောက်ကျတော့ ခုနက အာရုံရဲ့ ရိုက်ခတ်မှုကြောင့် သူက ဘ၀င်က လှုပ်သွားတယ်၊ လှုပ်ရာကနေ အာရုံက အားကောင်းတယ်၊ ပြင်းထန်တယ်ဆိုတော့ နောက်တစ်ကြိမ်ကျတော့ ပြတ်သွားတယ်။
အဲဒါကြောင့်မို့ ဘ၀င်အကြိမ် ဘယ်နှစ်ကြိမ်လာလဲ၊ ၃ ကြိမ်လာတယ်နော်၊ ပထမ လွန်သွားတဲ့ ဘ၀င်တစ်ကြိမ်၊ နောက်လှုပ်တဲ့ ဘ၀င်တစ်ကြိမ်၊ ပြတ်သွားတဲ့ ဘ၀င်တစ်ကြိမ်၊ ၃ ကြိမ်နော်။
ပထမလွန်သွားတဲ့ဘ၀င်ကို အတီတဘ၀င်ခေါ်တယ်၊ နောက်ပြီးတော့ လှုပ်တဲ့ဘ၀င်ကို ဘ၀င်္ဂစလန၊ ပြတ်သွားတဲ့ဘ၀င်ကို ဘ၀င်္ဂုပစ္ဆေဒ၊ ဒီနာမည်လေးတွေ မှတ်ဖြစ်အောင် မှတ်ရလိမ့်မယ်နော်၊ အတီတဘ၀င်၊ ဘ၀င်္ဂစလန၊ ဘ၀င်္ဂုပစ္ဆေဒ။
ဒါကြောင့်မို့ အာရုံတစ်ခုက ဒွါရတစ်ခုကိုလာပြီးတော့ တွေ့လိုက်တဲ့အခါမှာ ဘ၀င်က ချက်ချင်း ပြတ်သွားတာ မဟုတ်ဘူးနော်၊ ပထမ စိတ္တက္ခဏတစ်ချက် လွန်သွားတယ်၊ လွန်သွားပြီးတဲ့နောက် လှုပ်ရှားသွားတယ်၊ လှုပ်ရှားသွားပြီးနောက် တတိယခဏကျမှ သူကပြတ်သွားတယ်၊ ဒါဟာ အားကောင်းတဲ့အာရုံကို ဆိုလိုတာ၊ အတိမဟန္တအာရုံမျိုးကို ဆိုလိုတာ။
အတိမဟန္တာရုံ၀ီထိဆိုတာ ခုပြတဲ့အစဉ်လေးပါပဲ။ တဒါရမ္မဏဝါရ စက္ခုဒွါရ အတိမဟန္တာရုံ၀ီထိ လို့ ခေါ်ပါတယ်။
“တီ၊ န၊ ဒ၊ ( ပ၊ စ၊ သံ၊ ဏ၊ ဝု၊ ဇ၊ ဇ၊ ဇ၊ ဇ၊ ဇ၊ ဇ၊ ဇ၊ ရုံ၊ ရုံ၊)” ဒါလေးပါပဲ။
ဒါကြောင့်မို့ မြင်တဲ့ဝီထိအနေနဲ့ပြောမယ်ဆိုယင် အဲဒီဝီထိလေးချကြည့်လိုက်ပါ၊ အတီတဘ၀င်၊ ဘ၀င်္ဂစလန၊ ဘ၀င်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရာ၀ဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော ရ ကြိမ်၊ တဒါရုံ ၂ ကြိမ်၊ ထို့နောင် ဘ၀င် နော်။
ထို့နောင်ဘ၀င်ဆိုတာက ဒီနောင်ဘ၀င်တွေ အများကြီးရှိလိမ့်ဦးမယ်လို့ ဆိုလိုတယ်၊ ဒါကို ဘာလို့ ခေါ်လည်းဆိုတော့ စက္ခုဒွါရဝီထိ .. တဲ့။
စက္ခုဒွါရဝီထိနဲ့ မြင်တာဟာ ပစ္စုပ္ပန်ရူပါရုံကိုမြင်တာ၊ ရှိနေတုန်း မြင်တာနော်၊ အတိတ်ရူပါရုံကို မြင်တဲ့အခါကျတော့ စက္ခုဒွါရဝီထိနဲ့ မြင်တာမဟုတ်ဘူး၊ မနောဒွါရဝီထိနှင့် မြင်လိမ့်မယ်။ အနာဂတ်လှမ်းပြီးတော့ စဉ်းစားတာမျိုး ဘာမျိုးဟာ စက္ခုဒွါရဝီထိမဟုတ်ဘူး၊ အခု တိုက်ရိုက်ရှိနေတဲ့ ရူပါရုံကိုမြင်တာ၊ တိုက်ရိုက်ရှိနေတဲ့ သဒ္ဒါရုံ အသံကို ကြားနေတာ၊ အဲဒီလို ဝီထိ၊ ပဉ္စဒွါရဝီထိဆိုတာ။
စိတ္တက္ခဏဆိုတာ စိတ်တစ်ခု အသက်ရှည်ရာကာလ၊ မျက်စိတစ်မှိတ်၌ စိတ္တက္ခဏပေါင်း ကုဋေများစွာ ဖြစ်နိုင်ချုပ်နိုင်ပါတယ်။
ခဏငယ်ဆိုတာကတော့ စိတ္တက္ခဏတစ်ခုမှာ ခဏငယ် ၃ ခုရှိပါတယ်။ အဲဒါတွေက ဥပါဒ်ခဏ - ဖြစ်ဆဲခဏ အခိုက်အတန့် ဖြစ်ခဏ၊ ဌီခဏ - တည်ဆဲခဏ တည်ခဏ၊ ဘင်ခဏ - ချုပ်ဆဲခဏ ပျက်ခဏ ပါ။
စိတ်အသက်က စိတ္တက္ခဏတစ်ချက်ရှည်ပါတယ်။
ရုပ်အသက်က စိတ္တက္ခဏ ၁၇ ချက်ရှည်ပါတယ်။
စိတ်တစ်ခု၏ ဖြစ်, တည်, ပျက် ဟူသော ဥပါဒ် ဌီ ဘင် တို့၏အစွမ်းဖြင့် ခဏငယ် ၃ ခုတို့၏ အပေါင်းသည် စိတ္တက္ခဏတစ်ခု မည်၏။ စိတ်၏အသက်ဖြစ်၏။ … လို့ ဆိုပါတယ်။
ဥပါဒ် - ပရမတ္တသဘောတရားတို့၏ ဖြစ်ခြင်းသဘောသည် ဥပါဒ် မည်ပါတယ်။
ဌီ - ဥပါဒ် ဘင် နှစ်ပါးတို့၏အလယ်၌ ဘင်သို့ ရှေ့ရှုဖြစ်ခြင်းသဘောသည် ဌီ မည်ပါတယ်။
ဘင် - ပရမတ္တသဘောတရားတို့၏ ပျက်ခြင်းသဘောသည် ဘင် မည်ပါတယ်။
ရုပ်သက်တွက်ပုံကတော့ စိတ္တက္ခဏ ၁၇ ချက် အသက်ရှိပါသည်တဲ့။ (ခဏငယ်ပေါင်း ၁၇×၃= ၅၁ ချက်)
===============================================
နာမ်သက် = ဥပါဒ် ဌီ ဘင် = ခဏငယ်သုံးချက် = စိတ္တက္ခဏ(ခဏကြီး)တစ်ချက်
(စိတ်၊စေတသိက်) ၀ ၀ ၀
ရုပ်သက် = ၀၀၀ ၀၀၀ ၀၀၀ ၀၀၀ ၀၀၀ ၀၀၀ ၀၀၀ ၀၀၀ ၀၀၀ ၀၀၀ ၀၀၀ ၀၀၀ ၀၀၀ ၀၀၀ ၀၀၀ ၀၀၀ ၀၀၀
၀၀၀ = (၁၇)
၀၀၀ -------------------------------------------------------------- ၀၀၀
ဥပါဒ် ------------------------- ဌီ (ခဏငယ် ၄၉ ချက်) ---------------------- ဘင် = (၅၁)
ရုပ်သက် = ရုပ်တစ်ခု၏အသက်သည် စိတ္တက္ခဏ ၁၇ ချက် = ခဏငယ် ၅၁ ချက်ရှိ၏။
===================================
ရုပ်၏ ဥပါဒ်ခဏနှင့် ဘင်ခဏသည် စိတ်၏ ဥပါဒ်ခဏနှင့် ဘင်ခဏကဲ့သို့ ခဏငယ် ၁ ချက်စီသာ ရှိပါတယ်တဲ့။ ရုပ်၏ ဌီခဏ၌ကား ခဏငယ်ပေါင်း ၄၉ ချက် အသက်ရှိပါတယ်တဲ့။
ထို့ကြောင့် ရုပ်၏အသက် စိတ္တက္ခဏ ၁၇ ချက်တွင် အစဆုံးခဏသည် ဥပါဒ်အခိုက်ဖြစ်၍ အဆုံးခဏသည် ဘင်အခိုက် ဖြစ်၏။ အလယ်ခဏ ၄၉ ချက်သည် ဌီအခိုက် ဖြစ်ပါတယ်တဲ့။
စိတ်သက်ထက် ရုပ်သက်ပိုရှည်ရခြင်းအကြောင်းကတော့ … စိတ် စေတသိက်တရားတို့သည် အကောင်အထည် အတုံးအခဲသဘောမှ ကင်းဆိတ်သောကြောင့် လျင်မြန်စွာ ဖြစ်တတ်၊ ပျက်စီးတတ်ကုန်၏။
ရုပ်တရားတို့သည်ကား အကောင်အထည် အတုံးအခဲသဘော ရှိသောကြောင့် နှေးလေးစွာ ဖြစ်တတ်၊ ပျက်စီးတတ်ပါတယ်။
ဒါကြောင့်မို့ စိတ်သက်သည် စိတ္တက္ခဏ ၁ ချက် (ခဏငယ် ၃ ချက်) သာရှိ၍ ရုပ်သက်သည်ကား စိတ္တက္ခဏ ၁၇ ချက် (ခဏငယ် ၅၁ ချက်) အသက်ရှည်ရခြင်း ဖြစ်ပါတယ်တဲ့။
ဒီနေရာမှာ ဗဟုသုတရရှိစေရန် ကျနော် စက္ခုဒွါရ ၁၅ ဝီထိ ဖြစ်ပုံဇယားလေးနှင့်အတူ စက္ခုဒွါရဝီထိ တစ်မျိုးစီဆိုရိုးကို ဖော်ပြပေးပါမယ်။ ကျန်တဲ့ သောတဒွါရဝီထိ၊ ဃာနဒွါရဝီထိ၊ ဇိဝှါဒွါရဝီထိ၊ ကာယဒွါရဝီထိ တွေကိုတော့ စက္ခုဝိညာဏ်နေရာမှာ သောတဝိညာဏ်စသည် အစားထိုးလဲလှယ် ပေးလိုက်ယင် (စက္ခုဒွါရဝီထိ ၁၅ + သောတဒွါရဝီထိ ၁၅ + ဃာနဒွါရဝီထိ ၁၅ + ဇိဝှါဒွါရဝီထိ ၁၅ + ကာယဒွါရဝီထိ ၁၅ = ပေါင်း ၇၅ ဝီထိ ) ပဉ္စဒွါရဝီထိ ၇၅ ဝီထိ ရရှိပါလိမ့်မယ်။
ဒီမှာတော့ ဆိုရိုးကို ပထမဝီထိ၏ ဆိုရိုး တစ်ခုစီကိုသာ သိသာရုံသာ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ကျန်တဲ့ ဝီထိတွေကို ယခုပေးထားတဲ့ဆိုရိုးအတိုင်း အစားသွင်းသွားရုံပါပဲ။
စက္ခုဒွါရ ၁၅ ဝီထိ ဖြစ်ပုံဇယား
===============
အတိမဟန္တာရုံ ၁ ဝီထိ
တီ၊ န၊ ဒ(ပ၊ စ၊ သံ၊ ဏ၊ ဝု၊ ဇ၊ ဇ၊ ဇ၊ ဇ၊ ဇ၊ ဇ၊ ဇ၊ ရုံ၊ ရုံ) (တဒါရမ္မဏဝါရ)
တဒါရမ္မဏဝါရ စက္ခုဒွါရ အတိမဟန္တာရုံ၀ီထိဖြစ်ဟန်ကား -
ရူပါရုံနှင့် စက္ခုပသာဒတို့ ရှေ့ရှုအတူ ဥပါဒ်ကြသည်မှ အတီတဘ၀င် တစ်ချက်အလွန်တွင် စက္ခုပသာဒ၌ ရူပါရုံထင်ခြင်းသို့ ရောက်သဖြင့် ဘ၀င်္ဂစလန၊ ဘ၀င်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရာ၀ဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော ၇ ကြိမ်၊ တဒါရုံ ၂ ကြိမ် ဖြစ်ပြီးလျှင် ရူပါရုံ စက္ခုပသာဒတို့ ၁၇ ချက် ရုပ်သက်စေ့ရကား၊ ဒုတိယတဒါရုံ၏ ဘင်နှင့်ပြိုင်၍ ချုပ်ခြင်းရှိသော ဝီထိသည် တဒါရမ္မဏဝါရ စက္ခုဒွါရ အတိမဟန္တာရုံ၀ီထိမည်၏။ ထို့နောက် ဘ၀င်ဖြစ်ထိုက်သမျှ ဖြစ်၍ ချုပ်၏။
----------------------------------------------------------
မဟန္တာရုံ ၂ ဝီထိ
၂ တီ၊ န၊ ဒ(ပ၊ စ၊ သံ၊ ဏ၊ ဝု၊ ဇ၊ ဇ၊ ဇ၊ ဇ၊ ဇ၊ ဇ၊ ဇ၊) င်
၃ တီ၊ န၊ ဒ(ပ၊ စ၊ သံ၊ ဏ၊ ဝု၊ ဇ၊ ဇ၊ ဇ၊ ဇ၊ ဇ၊ ဇ၊ ဇ၊) (ဇ၀နဝါရ)
ဇ၀နဝါရ စက္ခုဒွါရ ပထမမဟန္တာရုံ၀ီထိဖြစ်ဟန်ကား -
ရူပါရုံနှင့် စက္ခုပသာဒတို့ ရှေ့ရှုအတူ ဥပါဒ်ကြသည်မှ အတီတဘ၀င် ၂ချက် အလွန်တွင် စက္ခုပသာဒ၌ ရူပါရုံထင်ခြင်းသို့ ရောက်သဖြင့် ဘ၀င်္ဂစလန၊ ဘ၀င်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရာ၀ဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော ၇ ကြိမ်၊ ဘ၀င်တစ်ကြိမ် ဖြစ်ပြီးလျှင် ရူပါရုံ စက္ခုပသာဒတို့ ၁၇ ချက် ရုပ်သက်စေ့ရကား၊ ဘ၀င်၏ ဘင်နှင့်ပြိုင်၍ ချုပ်ခြင်းရှိသော ဝီထိသည် ဇ၀နဝါရ စက္ခုဒွါရ ပထမ မဟန္တာရုံ၀ီထိမည်၏။ ထို့နောက် ဘ၀င်ဖြစ်ထိုက်သမျှ ဖြစ်၍ ချုပ်၏။
-----------------------------------------------------------
ဝေါဋ္ဌဗ္ဗဏဝါရ ပရိတ္တာရုံ ၆ ဝီထိ
၄ တီ၊ န၊ ဒ(ပ၊ စ၊ သံ၊ ဏ၊ ဝု၊ ဝု၊) င်၊ င်၊ င်၊ င်၊ င်၊
၅ တီ၊ န၊ ဒ(ပ၊ စ၊ သံ၊ ဏ၊ ဝု၊ ဝု၊) င်၊ င်၊ င်၊ င်၊
၆ တီ၊ န၊ ဒ(ပ၊ စ၊ သံ၊ ဏ၊ ဝု၊ ဝု၊) င်၊ င်၊ င်၊
၇ တီ၊ န၊ ဒ(ပ၊ စ၊ သံ၊ ဏ၊ ဝု၊ ဝု၊) င်၊ င်၊
၈ တီ၊ န၊ ဒ(ပ၊ စ၊ သံ၊ ဏ၊ ဝု၊ ဝု၊) င်၊
၉ တီ၊ န၊ ဒ(ပ၊ စ၊ သံ၊ ဏ၊ ဝု၊ ဝု၊)
ဝေါဋ္ဌဗ္ဗဏဝါရ စက္ခုဒွါရ ပရိတ္တာရုံ၀ီထိဖြစ်ဟန်ကား -
ရူပါရုံနှင့် စက္ခုပသာဒတို့ ရှေ့ရှုအတူ ဥပါဒ်ကြသည်မှ အတီတဘ၀င် ၄ချက် အလွန်တွင် စက္ခုပသာဒ၌ ရူပါရုံထင်ခြင်းသို့ ရောက်သဖြင့် ဘ၀င်္ဂစလန၊ ဘ၀င်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရာ၀ဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော ၂ကြိမ်၊ ဘ၀င် ၅ကြိမ် ဖြစ်ပြီးလျှင် ရူပါရုံ စက္ခုပသာဒတို့ ၁၇ ချက် ရုပ်သက်စေ့ရကား၊ ပဉ္စမဘ၀င်၏ ဘင်နှင့်ပြိုင်၍ ချုပ်ခြင်းရှိသော ဝီထိသည် ဝေါဋ္ဌဗ္ဗဏဝါရ စက္ခုဒွါရ ပရိတ္တာရုံ၀ီထိမည်၏။ ထို့နောက် ဘ၀င်ဖြစ်ထိုက်သမျှ ဖြစ်၍ ချုပ်၏။
--------------------------------------------------------
မောဃဝါရ အတိပရိတ္တာရုံ ၆ ဝီထိ
၁၀ တီ၊ န၊ န၊ - င်၊ င်၊ င်၊ င်၊ င်
၁၁ တီ၊ န၊ န၊ - င်၊ င်၊ င်၊ င်
၁၂ တီ၊ န၊ န၊ - င်၊ င်၊ င်
၁၃ တီ၊ န၊ န၊ - င်၊ င်
၁၄ တီ၊ န၊ န၊ - င်
၁၅ တီ၊ န၊ န
မောဃဝါရ စက္ခုဒွါရ အတိပရိတ္တာရုံ၀ီထိဖြစ်ဟန်ကား -
ရူပါရုံနှင့် စက္ခုပသာဒတို့ ရှေ့ရှုအတူ ဥပါဒ်ကြသည်မှ အတီတဘ၀င် ၁၀ချက် အလွန်တွင် စက္ခုပသာဒ၌ ရူပါရုံထင်ခြင်းသို့ ရောက်သဖြင့် ဘ၀င်္ဂစလန ၂ကြိမ်၊ ဘ၀င် ၅ကြိမ် ဖြစ်ပြီးလျှင် ရူပါရုံ စက္ခုပသာဒတို့ ၁၇ ချက် ရုပ်သက်စေ့ရကား၊ ဘ၀င်္ဂစလနနောင် ပဉ္စမဘ၀င်၏ ဘင်နှင့်ပြိုင်၍ ချုပ်ခြင်းရှိသော ဝီထိသည် မောဃဝါရ စက္ခုဒွါရ အတိပရိတ္တာရုံ၀ီထိမည်၏။ ထို့နောက် ဘ၀င်ဖြစ်ထိုက်သမျှ ဖြစ်၍ ချုပ်၏။
---------------------------------------------------
အခု အထက်မှာ စက္ခုဒွါရ ၁၅ ဝီထိ ဖြစ်ပုံဇယား နဲ့ အတိမဟန္တာရုံ၀ီထိ၊ မဟန္တာရုံ၀ီထိ၊ ပရိတ္တာရုံ၀ီထိ၊ အတိပရိတ္တာရုံ၀ီထိ တို့ရဲ့ ပထမဆုံး ဝီထိတစ်ခုစီ၏ ဆိုရိုးတစ်ခုစီကို ဖော်ပြပေးထားခြင်းဖြစ်ပါတယ်။ ဆိုရိုးတစ်ခုထဲနဲ့ စက္ခုဒွါရ ၁၅ ဝီထိ ရနိုင်သလို ပဉ္စဒွါရဝီထိ ၇၅ ဝီထိကိုလည်း ဒီအတိုင်း ချသွားနိုင်ပါတယ်။ နည်းသိသွားယင် အရမ်းလွယ်တယ်နော်။
သောတဒွါရဝီထိ စသည်တို့ကို ချတဲ့အခါမှာတော့ စက္ခုဝိညာဏ်နေရာမှာ သောတဝိညာဏ် စသည်တို့ကို အစားထိုး လဲလှယ်ရုံသာ ထူးပါတယ်။ ဒါကြောင့် သဘောသွားသိပြီမို့ ကျန်တာတွေ မဖော်ပြတော့ပါ။
မှတ်ချက်
- စက္ခုဒွါရဝီထိ၌ ၁၅ ဝီထိရသကဲ့သို့ - သော၊ ဃာ၊ ဇီ၊ ကာ - တို့၌လည်း ၁၅ ဝီထိစီရသဖြင့် ပဉ္စဒွါရဝီထိပေါင်း ၇၅ ဝီထိ ရပါတယ်။
- တဒါရုံ၀ီထိစိတ် အဆုံးရှိသော စိတ်အကြိမ်ကို တဒါရမ္မဏဝါရလို့ခေါ်ပါတယ်။ (အတိမဟန္တာရုံ)
- ဇောဝီထိစိတ် အဆုံးရှိသော စိတ်အကြိမ်ကို ဇ၀နဝါရဟု ခေါ်ပါတယ်။ (မဟန္တာရုံ)
- ဝုဋ္ဌောဝီထိစိတ် အဆုံးရှိသော စိတ်အကြိမ်ကို ဝေါဋ္ဌဗ္ဗနဝါရ ဟုခေါ်ပါတယ်။ (ပရိတ္တာရုံ)
- ဝုဋ္ဌောဝီထိစိတ် ဖြစ်ခြင်းမရှိဘဲ ဘ၀င်စိတ်များသာဖြစ်၍ ဝီထိစိတ်မှ အချည်းနှီးဖြစ်သော အတိပရိတ္တာရုံ၀ီထိကို မောဃဝါရ ဟုခေါ်ပါသည်။
အာရုံ ၅ပါးတို့သည် စိတ္တက္ခဏတစ်ချက်လွန်သည်ဖြစ်စေ - များစွာလွန်သည်ဖြစ်စေ၊ ဌီခဏသို့ ရောက်သည်ဖြစ်၍သာလျှင် ဒွါရငါးပါးတို့၌ ရှေ့ရှုထင်ခြင်းသို့ ရောက်ကုန်၏တဲ့။ ဒီလောက်ဆိုယင်တော့ ရုပ်ရဲ့သက်တမ်းက ယေဘုယျအားဖြင့် စိတ္တက္ခဏ ၁၇ ချက်၊ ခဏငယ် ၅၁ ချက် အသက်ရှည်ပါတယ်။ စိတ်+စေတသိက် ၁၇ ဆသည် ရုပ်သက်တစ်ခုဖြစ်ပါတယ်ဆိုတာ နည်းနည်းတော့ ပိုရှင်းသွားမယ်ထင်ပါတယ်။
ကိုယ်စိတ်ချမ်းမြေ့တရားတွေ့ကြပါစေ။
မေတ္တာဖြင့်
TNO(2.9.2019)
Thein Naing Ohn
မန္ဒာယုက၊ အမန္ဒာယုက၊ မဇ္စျိမာယုက
မန္ဒာယုက၊ အမန္ဒာယုက၊ မဇ္စျိမာယုက
မနေ့က နိဿယပစ္စည်းတင်တော့ ပဋ္ဌာန်းပါဠိတော်နဲ့မြန်မာပြန်မှာ မဇ္စျိမာယုကဆိုတဲ့ စကားလုံးတစ်လုံး ပါသွားတယ်။ မနေ့ကတော့ မသိချင်ယောင်ဆောင်ပြီးမရှင်းတော့ပဲ ထားပစ်ခဲ့တယ်။ ရှေ့ကဆရာတွေကလည်း ရှင်းထားတာ မတွေ့ဘူးလေ။ ဒါက အဘိဓမ္မာဝီထိပိုင်းကို လေ့လာမယ် ဆိုယင်တော့ တွေ့ရပါလိမ့်မယ်။ ပဋ္ဌာန်းမှာတော့ အဲဒီအပိုင်းကို ထည့်ရှင်းယင် သူ့ကသပ်သပ် တစ်ဘာသာဖြစ်နေတော့ ပို့စ်သိပ်ရှည်သွားမှာစိုးလို့ ထည့်မပေးဖြစ်လိုက်ဘူး။
အခု အဲဒါလေးကို ရှင်းပြပေးပါမယ်။ ဒါလေးကို သိသူနည်းလို့ သူ့ကို မှတ်သားစရာအဖြစ် ပို့စ်သပ်သပ် တင်ပေးခြင်းဖြစ်ပါတယ်။
မန္ဒာယုကဆိုတာ ပဉ္စာရုံလောက် အသက်မရှည်သော စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ လို့ ဆိုအပ်တဲ့ ပဉ္စ၀တ္ထုရုပ်ကို မန္ဒာယုကလို့ခေါ်ပါတယ်။
ပဉ္စာရုံနဲ့ အသက်တမ်းညီမျှသော ပဉ္စ၀တ္ထုရုပ်ကို မဇ္စျိမာယုက လို့ခေါ်ပါတယ်။
ပဉ္စာရုံထက် အသက်ရှည်သော ပဉ္စ၀တ္ထုရုပ်ကို အမန္ဒာယုကလို့ခေါ်ပါတယ်။
အဲတော့ ဒါလေးကိုမှတ်ပြီးတဲ့နောက်မှာ ဝီထိပိုင်းကိုရှင်းမှာဖြစ်တဲ့အတွက် မန္ဒာယုက၊ အမန္ဒာယုက၊ မဇ္စျိမာယုက ဆိုတာ မရှင်းခင် အဘိဓမ္မာဝီထိပိုင်းကို နည်းနည်းထပ်ပြောကြရအောင် ... အခြေခံလေးနည်းနည်းရှင်းပါမယ်။
၀ီထိဆိုတာ ဘာပါလည်း?
၀ီထိဆိုတာ ခရီးသွားလာရာ၌ ရွာစဉ်ကို မကျော်ဘဲ အစဉ်အတိုင်းသွားရသကဲ့သို့၊
ထို့အတူ စိတ္တနိယာမ = စိတ်တို့၏ ဖြစ်စဉ်အတိုင်း စိတ်တစ်ခုနှင့်တစ်ခု မကျော်လွန်ဘဲ အစဉ်အတိုင်း ဖြစ်ခြင်းကို ဝီထိ လို့ခေါ်ပါတယ်တဲ့။
နောက် ဝိသယပ္ပ၀တ္တိဆိုတာရှိသေးတယ်။ ဝိသယ = အာရုံ၊ ပ၀တ္တိ = ဖြစ်ခြင်း။
အာရုံဖြစ်ခြင်းဆိုတာ အာရုံအသီးသီးတို့၏ ဒွါရအသီးသီးတို့၌ လာ၍ ဖြစ်ခြင်းကိုပြောတာပါတဲ့။
၀ိသယပ္ပ၀တ္တိ ၆ ပါး ရှိပါတယ်။
အတိမဟန္တာရုံ၊ မဟန္တာရုံ၊ ပရိတ္တာရုံ၊ အတိပရိတ္တာရုံအားဖြင့် ပဉ္စဒွါရ(ပဉ္စပသာဒ) နှင့် ဆိုင်သော ဝိသယပ္ပ၀တ္တိ က ၄ ပါး။
၀ိဘူတာရုံ၊ အဝိဘူတာရုံအားဖြင့် မနောဒွါရနှင့်ဆိုင်သော မနောဒွါရဝိသယပ္ပ၀တ္တိက ၂ ပါး ရှိတယ်တဲ့။
အင်း .. ဒီမှာလည်း မသိတဲ့ ပါဠိစကားလုံးတွေပါလာပြန်ပြီနော် .. အသေးစိတ်လိုက်ရှင်းယင် ပြီးမှာမဟုတ်ဘူး။ ဒါပေမယ့်လည်း ဒါလေးကို သိစေချင်လို့ နည်းနည်းလောက်ရှင်းပြချင်လို့ကို မနေ့က မဇ္စျိမာယုက ဆိုတဲ့ စကားလုံးကို မရှင်းပဲထားပစ်ခဲ့တာပါ။ ခုလို ရှင်းရင်း ရှင်းရင်းနဲ့ မသိတဲ့ စကားလုံးတွေက များလာတော့ အကျယ်ချဲ့ ရှင်းရမှာမို့ သူ့ကို ပို့စ်တစ်ခုအနေနဲ့တင်ပေးဖို့ ချန်ထားခဲ့တာပါ။ ဒါပေမယ့် သူတို့ရဲ့ဝီထိချပုံထိတော့ မသွားတော့ဘူးနော် .. သူတို့ရဲ့ဝီထိချပုံကိုသိဖို့ကတော့ ဝီထိပိုင်းကို ဆက်လေ့လာဖို့လိုပါမယ်။ ခုကတော့ အမည်လေးတွေရှင်းရင်း ရှေ့ဆက်သွားရကြအောင်နော် .. ဝိယပ္ပ၀တ္တိ ၆ ပါးရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက် လိုရင်းအတိုကောက်လေးတွေ ထည့်ပေးပါမယ်။
၁။ အတိမဟန္တာရုံ = ထင်ထင်ရှား အားကြီးသော အာရုံငါးပါး။
၂။ မဟန္တာရုံ = သင့်ရုံ အားကြီးထင်ရှားသော အာရုံငါးပါး။
၃။ ပရိတ္တာရုံ = မထင်မရှား၊ မသိမသာ အားနည်းသော အာရုံငါးပါး။
၄။ အတိပရိတ္တာရုံ = အလွန်တရာ မသိမသာ မထင်မရှား အားနည်းလှသော
မြင်သလို ကြားသလို စသော အာရုံငါးပါး။
၅။ ဝိဘူတာရုံ = ထင်ထင်ရှားရှား တွေးကြံသိရှိသည့် အာရုံမျိုး။
၆။ အဝိဘူတာရုံ = မထင်မရှား ခပ်ရေးရေးသာ တွေးကြံသိရှိရသည့် အာရုံမျိုး
ဆိုပြီး ဝိသယပ္ပ၀တ္တိ ၆ မျိုးရှိပါတယ်။ အဲတော့ အပေါ်ပိုင်း ၄ ခုဖြစ်တဲ့ အတိပရိတ္တာရုံ ထိ ၄ ခုဖြစ်တဲ့ ပဉ္စဒွါရမှာဖြစ်တဲ့ စိတ်တွေပေါ့ .. (ပဉ္စဒွါရသည် ပစ္စုပ္ပန်အာရုံနှင့်သာ ဆိုင်ပါတယ်။)
၀ိဘူတာရုံ၊ အဝိဘူတာရုံဖြစ်သည့် မနောဒွါရမှာဖြစ်တဲ့ စိတ်တွေ .. က (မနောဒွါရသည် ကာလသုံးပါးနှင့် ဆိုင်ပါတယ်တဲ့။)
• အာရုံတို့၏ ဒွါရတို့၌ ဖြစ်ခြင်းသည် ဝီထိစိတ်တို့၏ ဝိသယပ္ပ၀တ္တိ မည်ပါတယ်။
• အာရုံတို့၌ စိတ်တို့၏ ဖြစ်ခြင်းသည် ဝီထိမုတ်စိတ်တို့၏ ဝိသယပ္ပ၀တ္တိ မည်ပါတယ်။
၀ီထိမုတ်စိတ်တို့သည် ဝိသယပ္ပ၀တ္တိသုံးမျိုးမှာ (၁) ကံ (၂) ကမ္မနိမိတ် (၃) ဂတိနိမိတ် တို့ဖြစ်ပါတယ်။
၀ီထိပိုင်းမှာ ဝီထိစိတ် နှင့် ဝီထိမုတ်စိတ်တို့ကို ကွဲပြားစွာ သိထားဖို့လိုပါတယ်။
၀ီထိစိတ်မှာ လှုပ်ရှားနိုးကြားစိတ်များ ဖြစ်ပြီး ဝီထိမုတ်စိတ်မှာ ငြိမ်သက်အိပ်စက်သော စိတ်များ ဖြစ်ပါတယ်။ (တနည်း - ဘ၀င်စိတ်လို့လည်း သိကြပါတယ်။) သတ္တဝါတို့သန္တာန်၌ အထက်ပါနှစ်မျိုးတို့သာ ဖြစ်လျက် ရှိပါတယ်။
၀ီထိမုတ်စိတ်၊ ဒွါရဝိမုတ်စိတ်၊ ပဋိသန္ဓေစိတ်၊ ဘ၀င်စိတ်၊ စုတိစိတ် .. ဤငါးမျိုးတို့မှာ အမည်သာ ကွဲ၍ စိတ်အရမှာ အတူတူပင် ဖြစ်ပါတယ်။ ထို့ကြောင့် ဤအပိုင်းတွင် ဝီထိမုတ်စိတ်အမည်ကို မသုံးဘဲ၊ ဝီထိမုတ်စိတ်အမည်အစား ဘ၀င်စိတ်အမည်ကိုသာ အသုံးပြုပါမယ်။
၀ီထိစိတ်များကို ရေတွက်ရာတွင် ရုပ်+ရုပ်ချင်း ထိခိုက်၍လည်းကောင်း၊ ရုပ်+နာမ် အာရုံတို့၏ မနောဒွါရ နာမ်တရား၌ လာရောက်ထိခိုက်၍လည်းကောင်း ဝီထိစိတ်များ ဖြစ်လာခြင်းဖြစ်၍၊ ရုပ်+နာမ်တို့၏ အသက်တမ်းများကို သိထားဖို့လိုပါတယ်။
စိတ္တက္ခဏတစ်ခုတွင် ဥပါဒ်+ဌီ+ဘင် (ဖြစ်+တည်+ချုပ်)ဟု အခိုက် အတန့်သုံးပါး ပါ၀င်ပါတယ်။ အခိုက်အတန့် တစ်ခုစီကိုကား ခဏအငယ်လေးများဟုခေါ်ပါသည်။ ထို့ကြောင့် ခဏအငယ်လေး သုံးချက်ကို စိတ္တက္ခဏတစ်ခုဟု ခေါ်ပါသည်။ (ဤ ပို့စ်ပါ ပုံမှာကြည့်ပေးပါ။)
ရုပ်၏ သက်တန်းမှာ ယေဘုယျအားဖြင့် စိတ္တက္ခဏ ၁၇ ချက်၊ ခဏငယ် ၅၁ ချက် အသက်ရှည်ပါသည်။
ထို့ကြောင့် စိတ်+စေတသိက်(နာမ်)သက် ၁၇ ဆသည် ရုပ်သက်တစ်ခုဖြစ်ပါသည်။
ခဏ(၃)ချက်နှင့် စိတ်သက် ရုပ်သက်
ဥပါဒ်ခဏ၊ ဌီခဏ၊ ဘင်ခဏ ဟူသော ဤသုံးပါးတို့ကို ခဏငယ်(၃)ခုဟု ခေါ်ပါသည်။
စိတ္တက္ခဏတစ်ခုတွင် ဥပါဒ်+ဌီ+ဘင် (ဖြစ်+တည်+ချုပ်) ဟု အခိုက်အတန့် ၃ပါး ပါ၀င်ပါသည်။ အခိုက်အတန့် တစ်ခုစီကိုကား ခဏအငယ်လေးများဟုခေါ်ပါသည်။ ထို့ကြောင့် ခဏအငယ်လေး သုံးချက်ကို စိတ္တက္ခဏ တစ်ခုဟု ခေါ်ပါတယ်။
ရုပ် ၂၈ ပါးတွင် --- ဝိညတ်ဒွေဟုခေါ်သော = ကာယဝိညတ်+၀စီဝိညတ် ဟူသော ဝိညတ်ရုပ်နှစ်ပါးသည် စိတ်သို့ အစဉ်လိုက်သောတရား ဖြစ်၍ စိတ်စေတသိက်(နာမ်)သက်နှင့် တူပါတယ်။ အစဉ်လိုက်၍ တူပုံမှာ -- ကားမောင်းသမားတစ်ဦးသည် ကားမောင်းနေစဉ် ကားရှေ့မှ လူတစ်ယောက် အမှတ်မထင် ဖြတ်၀င်လာသောအခါ စိတ်က လူကိုတိုက်တော့မည်ဟု သိလိုက်သည်နှင့် တစ်ပြိုင်နက်ပင် ခြေထောက်ကလည်း ဘရိတ်ကို နင်းပြီးသား လက်ကလည်း စီယာတိုင်ကို ကွေ့ပြီးသား၊ ပါးစပ်ကလည်း အော်ပြီးသား ဖြစ်တော့သည်။ ထို့ကြောင့် ကာယဝိညတ်နှင့် ၀စီဝိညတ် ရုပ်နှစ်ပါးသည် စိတ်နှင့်ပြိုင်တူလောက် အဖြစ်မြန်သဖြင့် စိတ်+စေတသိက်(နာမ်)သက်နှင့် အတူပင် ဖြစ်သည်။
၀ိညတ်ဒွေသည် -- လက္ခဏရုပ် ၄ မှကြွင်းသော ရုပ် ၂၂ ပါးတို့၏ အသက်ကား စိတ္တက္ခဏအားဖြင့် ၁၇ ချက်၊ ခဏငယ် အားဖြင့် ၅၁ ချက် အသက်ရှည်ပါသည်။
ဥပစယ+သန္တတိ၊ ရုပ်နှစ်ပါးသည် ရုပ်တို့၏ ဖြစ်စ၊ တည်စ အခါကာလ ဖြစ်၍ စိတ်+စေတသိက်(နာမ်)သက်၏ ဥပါဒ်ခဏမျှသာ အသက်ရှည်ပါသည်။ နာမ်တရားထက်ပင် အသက်တိုသော ရုပ်ဖြစ်ပါသည်။
အနိစ္စတာလည်း စိတ်၏ ဘင်ခဏမျှသာ အသက်ရှိသည် ဖြစ်၍ နာမ်တရားအောက် အသက်တိုသော ရုပ်ဖြစ်ပါသည်။
ဇရတာသည် ရုပ်၏ ဌီခဏ = ခဏငယ် ၄၉ ချက်မျှ အသက်ရှည်ပါသည်။
ရုပ်သက်+နာမ်သက်များ သိပြီးလျှင် ရုပ်+ရုပ်ချင်း ထိခိုက်၍ စိတ်များ ဖြစ်ပေါ်သောအခါ ရုပ်သက်တစ်ခု ပြီးစီးဖို့အတွက် စိတ်ပေါင်း ၁၇ ချက်အထိ ပြည့်အောင် ရေတွက်ရမည်ကို သဘောပေါက်နိုင်မည် ဖြစ်ပါသည်။
ဒါဆို ကျနော်တို့ မန္ဒာယု၊ အမန္ဒာယု၊ မဇ္စျိမာယု တို့ကို ဆက်ရှင်းလို့ရပြီနော် ..
၀တ္ထုရုပ်များဟာ စိတ္တက္ခဏ ၁၇ ချက် အသက်တမ်း ညီမျှသောကြောင့် မန္ဒာယု၊ အမန္ဒာယု၊ မဇ္စျိမာယု လို့ မကွဲပြားသော်လည်း ထိုထို၀ီထိ၏ အာရုံအသက်နှင့် နှိုင်းစာလျက် မန္ဒာယု၊ အမန္ဒာယု၊ မဇ္စျိမာယုက လို့ အမည်သုံးမျိုး ခွဲခြားရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
ပဉ္စ၀တ္ထုရုပ်များဟာ စိတ္တက္ခဏ ၁၇ ချက်၊ ခဏငယ် ၅၁ ချက် အသက်ရှည်ကြပါတယ်တဲ့။ ထို၀တ္ထုရုပ်များသည် ကမ္မဇရုပ်များ ဖြစ်ခြင်းကြောင့် “ပဋိသန္ဓိမုပါဒါယ ခဏေ ခဏေ သမုဋ္ဌာပေတိ” ဟူသော ပါဠိကို ထောက်၍ စိတ်၏ ဥပါဒ်ခဏ၊ ဌီခဏ၊ ဘင်ခဏဟု ဆိုအပ်သော ခဏတိုင်းမှာ ဖြစ်ပေါ်လာကြပါတယ်လို့ဆိုပါတယ်။
စိတ်၏ ဥပါဒ်ခဏနှင့် ရုပ်၏ ဥပါဒ်ခဏသည်လည်းကောင်း၊ စိတ်၏ ဘင်ခဏနှင့် ရုပ်၏ ဘင်ခဏသည် လည်းကောင်း ညီမျှကြပါတယ်။
ရုပ်သည် ဌီခဏ၌သာ အသက်ပိုရှည်ပါတယ်တဲ့။ ခဏငယ် ၄၉ ချက် အသက်ရှည်တယ်ဆိုပါတယ်။ ထို့ကြောင့် ပဉ္စဝိညာဏ်စိတ် ဖြစ်သည့်အခါ ဌီခဏ၌ တည်သော ပဉ္စ၀တ္ထုရုပ်ပေါင်း ၄၉ ခုရှိနေပါတယ်တဲ့။ ထို ၄၉ ခုကို အောက်ပါအတိုင်း မန္ဒာယုက၊ အမန္ဒာယုက၊ မဇ္စျိမာယုက လို့ ၃ မျိုးခွဲနိုင်ပါတယ်တဲ့။
အဲလို ၃ မျိုး မန္ဒာယုက၊ အမန္ဒာယုက၊ မဇ္စျိမာယုက ၃ မျိုးခွဲပုံကို အောက်ပါအတိုင်း ရှင်းပြထားပါတယ်။
၁။ အတီတဘ၀င်မှ နောက်ပြန်ရေတွက်လျှင် တေရသမဘ၀င်၏ ဘင်ခဏမှစ၍ အတီတဘ၀င်၏ရှေ့ အနန္တရဖြစ်သော ဘ၀င်၏ ဘင်ခဏတိုင်အောင် စိတ်တို့၏ ခဏတိုင်း၌ ဖြစ်ခဲ့သော ၀တ္ထုရုပ် ၃၇ ခုသည် မန္ဒာယုက မည်ပါတယ်တဲ့။
(အဲဒီမှာလည်း ရှင်းရမယ့်စာလုံးတစ်လုံးက၀င်လာပြန်ပြီ။ (တေရသမ)ဆိုတာလေး .. တေရသ ဆိုတာ ပါဠိသချာင်္စာလုံးလေး (၁၃) ကို ရည်ညွှန်းပါတယ်။ ၁၃ ခုမြောက်ဘ၀င်၏ ဘင်ခဏမှစ၍လို့ ပြောချင်တာဖြစ်ပါတယ်။)
၂။ အတီတဘ၀င်နှင့် ဥပါဒ်ပြိုင်သော (အတီတဘ၀င်၏ ဥပါဒ်ခဏ၌ ဥပါဒ်သော) ၀တ္ထုရုပ်သည် မဇ္စျိမာယုက မည်ပါတယ်တဲ့။
၃။ အတီတဘ၀င်၏ ဌီခဏမှစ၍ ပဉ္စဒွါရာ၀ဇ္ဇန်း၏ ဘင်ခဏတိုင်အောင် စိတ်၏ ဘင်ခဏတိုင်း၌ ဖြစ်ခဲ့သော ၀တ္ထုရုပ် ၁၁ ခုသည် အမန္ဒာယုက မည်ပါတယ်။ ထို မန္ဒာယုက၊ အမန္ဒာယုက၊ မဇ္စျိမာယုက ၃ မျိုးတွင် မဇ္စျိမာယုကဖြစ်၍ အတီတဘ၀င်နှင့် ဥပါဒ်ပြိုင်သော ပဉ္စ၀တ္ထုကို ပဉ္စဝိညာဏ်များ မှီကြပါတယ်။ ထို ပဉ္စ၀တ္ထု၌ပင် ပဉ္စာရုံများ ထင်လာကြပါတယ်။ ထို ပဉ္စ၀တ္ထုသည်ပင် ပဉ္စဒွါရိကဝီထိ၏ ဒွါရကိစ္စကို ပြီးစေပါတယ်တဲ့။
ထို့ကြောင့် ပုရေဇာတ နိဿယ ပစ္စည်းတို့၌ မဇ္စျိမာယုက ဖြစ်၍ အတီတဘ၀င်နှင့် ဥပါဒ်ပြိုင်သော ပဉ္စ၀တ္ထုကိုသာ ရှေးဆရာများအရကောက်လေ့ရှိကြပါတယ်တဲ့။
မှတ်ချက်။ ။ အတီတဘ၀င်မှ နောက်ပြန်ရေတွက်လျှင် တေရသမဘ၀င်၏ ဘင်ခဏမှ စ၍ ဟူသော သတ်မှတ်ချက်သည် အတီတဘ၀င် တစ်ကြိမ်လွန်သော အတိမဟန္တာရုံ ဝီထိနှင့်သာ သက်ဆိုင်ပါသည်။
အတီတဘ၀င် ၂ ချက် ၃ ချက် စသည် လွန်သော မဟန္တာရုံ ဝီထိ၊ ပရိတ္တာရုံ၀ီထိတို့၌ အတီတဘ၀င် တစ်ချက်တိုးလျှင် မန္ဒာယုကဘက်၌ ၀တ္ထုရုပ် ၃ ချက် လျော့ပြီး အမန္ဒာယုက ဘက်၌ ၃ ချက်တိုးပါသည်။ ဤသို့ စသည်ဖြင့် အတီတဘ၀င် တိုးသလောက် မန္ဒာယုကဘက်က လျော့ပြီး အမန္ဒာယုကဘက်က တိုး၍ ရေတွက်ရပါတယ်။
မဇ္စျိမာယုက ပဉ္စ၀တ္ထုရုပ်သည် ပထမဆုံး အတီတဘ၀င်နှင့် အတူဥပါဒ်သော ၀တ္ထုရုပ်ချည်းသာ ဖြစ်ပါသည်။
ဤအယူအဆအပေါ်၌ ဘာသာဋီကာကျမ်းပြု တောင်မြို့ မဟာဂန္ဓာရုံဆရာတော်၏ ထင်မြင်ချက်ကို ဝီထိနှင့် သုံးချက်စု၊ ပုရေဇာတနိဿယ ပစ္စည်း၌ လေ့လာနိုင်ကြပါတယ်။
မန္ဒာယုက၊ အမန္ဒာယုက၊ မဇ္စျိမာယုက နဲ့ပတ်သက်တဲ့ ရှင်းလင်းချက်ကို ဒီလောက်နဲ့ပဲ ကျေနပ်ပါကြပါခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
ကိုယ်စိတ်ချမ်းမြေ့ကြပါစေ ..
မေတ္တာဖြင့်
TNO(29.8.2019)
Thein Naing Ohn
ဆောင်ပုဒ်။ ။ အတီတရှေး၊ တေရသမ၊ ဘင်ကစ၍၊ ပထမဘ၀င်၊ ဘင်တွင်တိုင်အောင်၊ ရုပ်များမြောင်ကို၊ ခေါ်ဆောင်မန္ဒ၊ အာယု ကတဲ့၊ အတီတဟူ၊ ဌီစယူလစ်၊ အာ၀ဇ္ဇန၊ ဘင်သို့ကျအောင်၊ ဖြစ်သမျှရုပ်၊ အမန္ဒုက်တည်း၊
တီတုပ္ပါဒ၊ တစ်ခုမျှဟု၊ အပြိုင်ဥသည့်၊ ၀တ္ထုရုပ်သာ၊ မဇ္စျိမာမို့၊ ငါးဖြာဝိညာဉ်။ ယင်းတွင် မှီတုံ၊ အာရုံထင်လာ ယင်း၌သာတည်း၊ ဒွါရာကိစ္စ၊ ယင်းကပြီးစေ၊ မိန့်ကြလေသည်၊ ခုနေခေတ်သုံး၊ အယူတည်း။
ကျမ်းကိုး
၁။ အရှင်ဇနကာဘိဝံသ၏ ဝီထိနှင့် သုံးချက်စု ဘာသာဋီကာ
၂။ ဘဒ္ဒန္တဝါယာမသာရ ကမ္ဘာအေးအဘိဓမ္မာသင်တန်း (သင်တန်းမှူးဆရာတော်) အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ သာသနဓဇ ဓမ္မာစရိယ၊ M.A (Q) . ဥဘတော ဝိဘင်္ဂဓရ ၏ အဘိဓမ္မာသင်တန်း ပိုချချက်
၃။ ပုသိမ်မြို့ ပစ္ဆိမာရုံကျောင်းတိုက် အရှင်ခေမိန္ဒ (သာသနဓဇ သိရီပ၀ရ ဓမ္မာစရိယ ဝိနယပါဠိပါရဂူ အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ) ၏ သင်္ဂြိုဟ် သရုပ်ခွဲသင်ကြားနည်း
မဂ္ဂင် ၁၂ ပါး၊ မဂ္ဂင်တရားကိုယ် ၉ ပါး
မဂ္ဂင် ၁၂ ပါး၊ မဂ္ဂင်တရားကိုယ် ၉ ပါး
အယင်ဆုံး မနေ့ကတင်ပေးတဲ့ မဂ္ဂပစ္စည်း ပါဠိတော်အနက်မြန်မာပြန်လေးကို ပြန်ပူဇော်ကြပါမယ်။
မဂ္ဂပစ္စယောတိ - မဂ္ဂပစ္စည်းဟူသည်ကား၊ ခရီးလမ်းသဖွယ်၊ ယာဉ်ရထားသဖွယ်ဖြစ်၍ ကျေးဇူးပြုတတ်သော
သတ္တိတရား၊
မဂ္ဂင်္ဂါနိ - မဂ္ဂင်တရားကိုယ်(၉)ပါး {ပညာ၊ ဝိတက်၊ ဝိရတိ(၃)ပါး၊ ဝီရိယ၊ သတိ၊ ဧကဂ္ဂတာ၊ ဒိဋ္ဌိ၊} ပစ္စည်းတရားတို့သည် ၊ မဂ္ဂသမ္ပယုတ္တကာနံ - မဂ်နှင့် ယှဉ်ကုန်သော ၊ ဓမ္မာနဉ္စ - သဟိတ်စိတ်(၇၁)ပါး၊ စေတသိက်(၅၂)ပါး၊ နာမက္ခန္ဓာပစ္စယုပ္ပန်တရားတို့အားလည်းကောင်း၊ တံသမုဋ္ဌာနာနံ - ထိုမဂ်၊ မဂ်နှင့်ယှဉ်သော စိတ်၊ စေတသိက်လျှင်ဖြစ်ကြောင်းရှိကုန်သော (ထိုမဂ်ကြောင့်ဖြစ်ကုန်သော ရုပ်) တို့အား လည်းကောင်း ၊ ရူပါနဉ္စ - သဟိတ်စိတ္တဇရုပ်၊ သဟိတ်ပဋိသန္ဓေကမ္မဇရုပ်၊ ပစ္စယုပ္ပန်တရားတို့အား လည်းကောင်း၊ မဂ္ဂပစ္စယေန - လမ်းခရီးသဖွယ် ဆောင်ပို့ခြင်း မဂ္ဂပစ္စယသတ္တိဖြင့် ၊ ပစ္စယော - ဥပကာရကော - ကျေးဇူးပြုသည် ၊ ဟောတိ - ဖြစ်၏။
(ပဋ္ဌာန်းတရားတော်ပါဠိအနက်မြန်မာပြန်အား ဘဒ္ဒန္တဝါယာမသာရ ကမ္ဘာအေးအဘိဓမ္မာသင်တန်း (သင်တန်းမှူးဆရာတော်) အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ သာသနဓဇ ဓမ္မာစရိယ၊ M.A (Q) . ဥဘတော ဝိဘင်္ဂဓရ ၏ ပဋ္ဌာန်းတရားတော်မှ ထုတ်နှုတ်ဖော်ပြပါသည်။)
မဂ္ဂ ၊ မဂ္ဂင်ဆိုတာ သုဂတိ ဒုဂတိသို့လည်းကောင်း နိဗ္ဗာန်သို့လည်းကောင်း ရှေးရှုရောက်စေတတ်သောကြောင့် သမ္မာဒိဋ္ဌိစသောတရားတို့သည် မဂ္ဂ မည်ပါတယ်တဲ့။
ထို သုဂတိ၊ ဒုဂ္ဂတိသို့လည်းကောင်း နိဗ္ဗာန်သို့လည်းကောင်း ရှေ့ရှုရောက်စေတတ်သောကြောင့် မဂ္ဂ - အမည်ရသော အစိတ်အင်္ဂါတို့ဖြစ်သောကြောင့် မဂ္ဂင် မည်၏။ [မိစ္ဆာဒိဋ္ဌိစသော တရားများကား ဒုဂ္ဂတိဘုံသို့ ရောက်ကြောင်း မဂ္ဂင် မည်၏။]
မဂ္ဂ၊ မဂ္ဂင်ဆိုယင် ၈ ပါးပဲရှိတယ်လို့ ထင်နေကြတာများပါတယ်။ တကယ်တော့ သမ္မာမဂ္ဂင် (၈)ပါး၊ မိစ္ဆာမဂ္ဂင် (၄)ပါး၊ ပေါင်း (၁၂) ပါး ရှိပါတယ်။ မှတ်သားဖွယ်အနေနဲ့ အဲဒီ မဂ္ဂင် ၁၂ ပါးတို့ရဲ့ တရားကိုယ်အရကောက်များ ကို အယင် ဖော်ပြပေးပါမယ်။
သမ္မာဒိဋ္ဌိမဂ္ဂင် = တိဟိတ်စိတ် ၄၇ ခု၌ရှိသော ပညာစေတသိက်သည် သမ္မာဒိဋ္ဌိမဂ္ဂင် မည်ပါသည်။
သမ္မာသင်္ကပ္ပမဂ္ဂင် = ကာမာ၀စရသောဘဏစိတ် ၂၄ ပါး၊ ပထမစျာန်စိတ် ၁၁ ပါး၌ရှိသော ဝိတက်စေတသိက် သည် သမ္မာသင်္ကပ္ပမဂ္ဂင် မည်ပါသည်။
သမ္မာဝါစာမဂ္ဂင် = လောကုတ္တရာစိတ် ၈ ပါး၊ မဟာကုသိုလ်စိတ် ၈ပါး၌ရှိသော သမ္မာဝါစာစေတသိက်သည် သမ္မာဝါစာမဂ္ဂင် မည်ပါသည်။
သမ္မာကမ္မန္တမဂ္ဂင် = မဟာကုသိုလ်စိတ် ၈ ပါး၊ လောကုတ္တရာစိတ် ၈ ပါး၌ရှိသော သမ္မာကမ္မန္တစေတသိက်သည် သမ္မာကမ္မန္တမဂ္ဂင် မည်ပါသည်။
သမ္မာအာဇီ၀မဂ္ဂင် = မဟာကုသိုလ်စိတ် ၈ ပါး၊ လောကုတ္တရာစိတ် ၈ ပါး၌ရှိသော သမ္မာအာဇီဝစေတသိက်သည် သမ္မာအာဇီ၀မဂ္ဂင် မည်ပါသည်။
သမ္မာဝါယာမမဂ္ဂင် = သောဘဏစိတ် တစ်ခုယုတ်ခြောက်ဆယ် ၌ရှိသော ဝီရိယစေတသိက်သည် သမ္မာဝါယာမမဂ္ဂင် မည်ပါသည်။
သမ္မာသတိမဂ္ဂင် = သောဘဏစိတ် တစ်ခုယုတ်ခြောက်ဆယ် ၌ရှိသော သတိစေတသိက်သည် သမ္မာသတိမဂ္ဂင် မည်ပါသည်။
သမ္မာသမာဓိမဂ္ဂင် = သောဘဏစိတ်တစ်ခုယုတ်ခြောက်ဆယ်၌ရှိသော ဧကဂ္ဂတာစေတသိက်သည် သမ္မာသမာဓိမဂ္ဂင် မည်ပါသည်။
မိစ္ဆာဒိဋ္ဌိမဂ္ဂင် = ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄ ပါး၌ရှိသော ဒိဋ္ဌိစေတသိက်သည် မိစ္ဆာဒိဋ္ဌိမဂ္ဂင် မည်ပါသည်။
မိစ္ဆာသင်္ကပ္ပမဂ္ဂင် = အကုသိုလ်စိတ် ၁၂ ပါး၌ရှိသော ဝိတက်စေတသိက်သည် မိစ္ဆာသင်္ကပ္ပမဂ္ဂင် မည်ပါသည်။
မိစ္ဆာဝါယာမမဂ္ဂင် = အကုသိုလ်စိတ် ၁၂ ပါး၌ရှိသော ဝီရိယစေတသိက်သည် မိစ္ဆာဝါယာမမဂ္ဂင် မည်ပါသည်။
မိစ္ဆာသမာဓိမဂ္ဂင် = ဝိစိကိစ္ဆာသဟဂုတ်ကြဉ်သော အကုသိုလ်စိတ် ၁၁ ပါး၌ရှိသော ဧကဂ္ဂတာစေတသိက်သည် မိစ္ဆာသမာဓိမဂ္ဂင် မည်ပါသည်။
ဤသို့လျှင် မဂ္ဂင်တို့သည် သရုပ်အားဖြင့် ၁၂ ပါး၊ တရားကိုယ်အားဖြင့် ပညာ၊ ဝိတက်၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မအာဇီ၀၊ ဝီရိယ၊ သတိ၊ ဧကဂ္ဂတာ၊ ဒိဋ္ဌိ .. အားဖြင့် ၉ ပါး ရှိပါသည်။
အဲဒါကိုပဲ မဂ္ဂင်တရားကိုယ် ၉ပါးလို့ အထက်က ပဋ္ဌာန်းတရားတော်မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။
သမ္မာဒိဋ္ဌိစသော မဂ္ဂင် ၈ ပါးတရားတို့သည် သုဂတိဘုံနှင့်နိဗ္ဗာန်သို့ ရှေ့ရှုရောက်စေတတ်သောကြောင့် သုဂတိနိဗ္ဗာနမဂ္ဂင် မည်ပါတယ်။ သမ္မာမဂ္ဂင် လည်း မည်ပါတယ်။
- လောကီမဂ္ဂင် သမ္မာဒိဋ္ဌိစသော ၈ ပါးတို့သည် သုဂတိဘုံသို့ ရောက်စေ၍၊
- လောကုတ္တရာမဂ္ဂင် သမ္မာဒိဋ္ဌိစသော ၈ ပါးတို့သည် နိဗ္ဗာန်သို့ ရောက်စေပါတယ်။
[ဝိ၀ဋ္ဋူပနိဿယ လောကီသမ္မာဒိဋ္ဌိစသော မဂ္ဂင်တို့သည်လည်း နိဗ္ဗာန်သို့ရောက်စေပါတယ်။]
မိစ္ဆာဒိဋ္ဌိစသော မဂ္ဂင် ၄ ပါးတရားများကား ဒုဂ္ဂတိဘုံသို့ရောက်စေတတ်သောကြောင့် ဒုဂ္ဂတိမဂ္ဂင် မည်ပါတယ်။ အကုသိုလ်မဂ္ဂင်လည်း မည်ပါတယ်။
သမ္မာဒိဋ္ဌိသည် .. မဖောက်မပြန်သောအားဖြင့် မှန်ကန်စွာ နိဗ္ဗာန်ကို သစ္စာလေးပါးတရားတို့ကို၊ တေဘူမကသင်္ခါရတရားတို့ကို မြင်တတ်သောကြောင့် ပညာ - စေတသိက်သည် သမ္မာဒိဋ္ဌိ မည်ပါတယ်။ ထိုသမ္မာဒိဋ္ဌိသည်ကား အတ္ထိ ဒိန္နံ - အလှူအကျိုးသည် ဧကန်ရှိ၏။ .. စသည်အစွမ်းအားဖြင့် ၁၀ ပါးအပြား ရှိ၏။ တစ်နည်းအားဖြင့် ပရိညာ၊ ပဟာန၊ သစ္ဆိကိရိယာ၊ ဘာ၀နာ ဟူသော ကိစ္စတို့၏ အစွမ်းအားဖြင့် ၄ပါး အပြားရှိ၏။
[လောကုတ္တရာအဖို့ကို ရည်၍ နိဗ္ဗာန်ကို သစ္စာလေးပါးတရားတို့ကို မြင် ဟုဆို၍၊ လောကီအဖို့ကိုရည်၍ တေဘူမကသင်္ခါရတရားတို့ကို မြင် ဟု ဆိုပါသည်။]
ဂေါတြဘူဉာဏ် ဖြစ်ပုံ
ပုထုဇဉ်အနွယ်ကို လွှမ်းမိုးနှိပ်စက်၍ အရိယာအနွယ်ကို ဖြစ်ပွားစေတတ်သောကြောင့် ဂေါတြဘူ ဟုခေါ်ပါသည်။။ [ဂေါတြ - အနွယ် + ဘူ - လွှမ်းမိုးတတ်၊ ဖြစ်စေတတ်]
မဂ္ဂဝီထိ၌ပါ၀င်သော ပရိကံ၊ ဥပစာ၊ အနုလုံစိတ်တို့သည် အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟူသော လက္ခဏာ ၃ ပါးကို အာရုံပြုပါသည်။ ဂေါတြဘူစိတ်သည်ကား ရုပ်နာမ်သင်္ခါရတို့ကို အာရုံမပြုဘဲ နိဗ္ဗာန်ကို အာရုံပြုပါသည်။
ဤဉာဏ်တို့သည် မဂ္ဂဝီထိတစ်ခုအတွင်းရှိ မဂ်၏ ရှေးအဖို့၌ ဖြစ်ကြသော ဥပစာရသမာဓိဇော ချင်းတူကြသော်လည်း အနုလောမဉာဏ်သည် မောဟအမှောင်ကို ပယ်နိုင်၏။ နိဗ္ဗာန်ကို မမြင်နိုင်။ ဂေါတြဘူဉာဏ်ကား နိဗ္ဗာန်ကို မြင်နိုင်၏။ မောဟကိုကား မပယ်နိုင်။ ဤသို့အားဖြင့် ထူးပါသည်။
ဂေါတြဘူသည် မဂ်ရှေ့မှ နိဗ္ဗာန်ကို ညွှန်ပြတတ်သောကြောင့် မဂ်ဇော ဖိုလ်ဇောတို့၏ ရှေ့သွားဖြစ်သည့် အာ၀ဇ္ဇန်းနှင့်တူ၏။ သို့အတွက် ဂေါတြဘူသည် ပုထုဇဉ်အနွယ်ကု လွှမ်းမိုးကျော်ဖြတ်တတ်သောတရား၊ အရိယာအနွယ်သို့ ရောက်မည့်တရား မည်ပါသည်။
ဂေါတြဘူဉာဏ်သည် မဂ်ဉာဏ်၏ အာ၀ဇ္ဇန်းအရာတည်သဖြင့် ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ၌လည်း မ၀င်၊ အထက်၌ဖြစ်သော ဉာဏဒဿနဝိသုဒ္ဓိ၌လည်း မပါ၀င်ပေ။
၀ိပဿနာဉာဏ်၏ အလျင်၌ကျသဖြင့် ဝိပဿနာဉာဏ်ကား ဖြစ်ပြီး၊ သီးခြား ဂေါတြဘူဉာဏ် မည်၏။
မဂ်စိတ်ဖြစ်ပုံ - မဂ်ကိစ္စ ၁၆ ချက်
ဂေါတြဘူစိတ်၏ အခြားမဲ့၌ ဒုက္ခသစ္စာကား - လောကီစိတ် ၈၁ ပါး၊ လောဘကြဉ်သော စေတသိက် ၅၁ ပါး၊ ရုပ် ၂၈ ပါးသာတည်း။ ထိုထက် အယုတ်အလွန်မရှိ - ဟု ပိုင်းခြား၍ သိလျက်၊ သမုဒယသစ္စာကို ပယ်လျက်၊ နိဗ္ဗာန်ကို အာရုံပြုသည်မစွမ်းဖြင့် မျက်မှောက်ပြုလျက်၊ သမ္မာဒိဋ္ဌိပညာဉာဏ်သည် မိမိနှင့်ယှဉ်ဖက်ဖြစ်သော သမ္မာသင်္ကပ္ပစသော ၇ ပါးသော မဂ္ဂသစ္စာတို့နှင့် သဟဇာတစသော ပစ္စည်းအဖြစ် အတူတကွဖြစ်၍ ၄င်းမဂ္ဂသစ္စာတို့ကို ပွားစေသည် အစွမ်းဖြင့် သောတာပတ္တိမဂ်ဟူသော အပ္ပနာသည် ဖြစ်ပေါ်လာ၏။
ဂေါတြဘူစိတ်၏ အခြားမဲ့၌ မဂ်စိတ်သည် ကိစ္စ ၄ ချက်ကို တစ်ပြိုင်နက် ပြီးစေလျက်၊ နိဗ္ဗာန်ကို အာရုံပြုပြီး၊ တစ်ကြိမ်ဖြစ်ရုံမျှနှင့်ပင် ဆိုင်ရာကိလေသာကို ပယ်သတ်မှုကိစ္စ ပြီးပြည့်စုံသောကြောင့် တစ်ကြိမ်သာ ဖြစ်ရိုးထုံးစံရှိသော မဂ်ဉာဏ်သည်ပင် ဉာဏဒဿနဝိသုဒ္ဓိ မည်၏။
ဆီမီးသည် (၁) မီးစာကိုလောင်ခြင်း၊ (၂) အမှောင်ကိုပယ်ခြင်း (၃) အလင်းကိုဖြစ်စေခြင်း (၄) ဆီကို ကုန်စေခြင်း - ဟူသော ကိစ္စ ၄ ချက်ကို တစ်ပြိုင်နက်ပြုသကဲ့သို့ မဂ်စိတ်သည်လည်း -
၁။ ဒုက္ခသစ္စာကို ပိုင်းခြား၍ သိခြင်း။ (သိ) (ပရိညာကိစ္စ)
၂။ သမုဒယသစ္စာကို ပယ်ခြင်း။ (ပယ်) (ပဟာနကိစ္စ)
၃။ နိရောဓသစ္စာ(နိဗ္ဗာန်)ကိုမျက်မှောက်ပြုခြင်း။ (ဆိုက်) (သစ္ဆိကရဏကိစ္စ)
၄။ မဂ္ဂသစ္စာကို ပွားများခြင်း။ (ပွား) (ဘာ၀နာကိစ္စ)
ဟူသော ကိစ္စ ၄ ချက်ကို တစ်ပြိုင်နက် ပြီးစေ၏။ မဂ်စိတ်တိုင်း ဤကိစ္စ ၄ ချက်ကို ပြုကြသဖြင့် မဂ် ၄ ပါး အတွက် ကိစ္စ ၁၆ ချက် ဖြစ်ရပါသည်။
မဂ္ဂသမ္ပယုတ္တကာနံ - မဂ်နှင့် ယှဉ်ကုန်သော ၊ ဓမ္မာနဉ္စ - သဟိတ်စိတ်(၇၁)ပါး၊ စေတသိက်(၅၂)ပါး၊ နာမက္ခန္ဓာပစ္စယုပ္ပန်တရားတို့အားလည်းကောင်း .. လို့ဆိုထားတာရှိပါတယ်။ သဟိတ်စိတ်(၇၁)ပါး ဆိုတော့ အဟိတ်စိတ်တွေကြဉ်ထားပါတယ်။ ဘာကြောင့်လည်းဆိုတော့ .. အဟိတ်စိတ်တို့၌ယှဉ်သော ဝိတက် ဝီရိယ ဧကဂ္ဂတာတို့သည် ယှဉ်ဖက်သမ္ပယုတ်ဟိတ်ကင်းရကား အာနည်းကြသောကြောင့် မဂ်ကိစ္စမတပ်နိုင်ကြ၍ ဖြစ်ပေသည်။ (မဂ္ဂင်ဟူသည် ဟိတ်တရားလျှင် နောက်ပိတ်အကွပ် အကြီးအကြပ်ရှိ၏။)
ကိုယ်စိတ်ချမ်းမြေ့တရားတွေ့ကြပါစေ။
မေတ္တာဖြင့်
TNO(18.9.2019)
Thein Naing Ohn
Comments