top of page
Search

ဝိပဿနာတရားတော်များ_Page 8

  • Writer: Thein Naing Ohn
    Thein Naing Ohn
  • Sep 20, 2021
  • 18 min read

ဉာဏ်ဖြင့်ပိုင်းခြား၍ သိထိုက်သော ပရမတ္တတရားဆိုသည်မှာ -

အာရုံပြုဆဲ၊ ရှုကြည့်ဆဲ၊ တွေ့ထိဆဲ၊ ဆင်ခြင်ဆဲ အခိုက်အတန့်၌ ရုပ်တရားသော်၎င်း၊ နာမ်တရားသော်၎င်း၊ အကြင်သဘောတရား တခုခုသည် ထင်ရှားရှိ၏။ ထိုထင်ရှားရှိဆဲဖြစ်သော သဘောတရားသည် ပရမတ္တမည်၏။

ထိုအရှုခံ သဘောတရားသည် ရှုကြည့်ဆဲခဏ၌ အဟုတ်ရှိ၏။ အမှန်ရှိ၏။ ထင်ရှားရှိ၏။ ထို့ကြောင့် နိဒါနဝဂ္ဂသံယုတ်ပါဠိတော် မြန်မာပြန် ဘူတသုတ်၌ ဤသည်ကားခန္ဓာငါးပါးတည်းဟု ဟုတ်မှန်သောအတိုင်း ကောင်းသောပညာဖြင့်ရှု၏ ဟူ၍ လာရှိပါသည်။

ဤကဲ့သို့ ဟုတ်မှန်သော ထင်ရှားရှိသော သဘောတရားကို ထင်ရှားရှိသည့်အတိုင်း ဉာဏ်ပညာဖြင့် ထိုးထွင်း၍ သိမြင်ခြင်းသည် ပရမတ္တသဘောတရားကို သိမြင်သည်မည်ပါတယ်။ တနည်းအားဖြင့် အာရုံပြုဆဲ အခိုက်အတန့်၌ အဟုတ်ရှိ၊ အမှန်ရှိ၊ ထင်ရှားရှိသော သဘောတရားကို ထင်ရှားရှိသည့်အတိုင်း ထိုးထွင်း၍ သိမြင်နေခြင်သည်ပင် ပရမတ္တသဘာဝကို ထိုးထွင်း သိမြင်သည်မည်ပါတယ်။

ယင်းသို့ ထင်ရှားရှိသော သဘောတရားကိုပင်လျှင်၊ ထိုသဘောတရားအပေါ်၌ အမည်နာမ ပုံဟန်အမူအရာ အမျိုးမျိုးတို့ဖြင့် တင်စား၍ ခေါ်ဝေါ်သမုတ်ထားခြင်းသည် ပညတ်များသာလျှင် ဖြစ်ပါကြပါတယ်။

ခန္ဓာဝဂ္ဂ သံယုတ် ပါဠိတော် မြန်မာပြန် အဘိဇာနသုတ်၌ ရဟန်းတို့ ရုပ်ကို အထူးသိသည်ရှိသော်၊ ပိုင်းခြားသိသည်ရှိသော်၊ စွဲမက်မှုကင်းသည်ရှိသော်၊ ပယ်စွန့်သည်ရှိသော်၊ ဆင်းရဲကုန်ခြင်းငှာထိုက်၏ဟု မိန့်တော်မူပါတယ်။

အထူးသိခြင်း၊ ပိုင်းခြားသိခြင်း ဟူသည်မှ သာမာန်အနေအားဖြင့် နာမ်ရုပ်တို့ကို သိသော အသိအမြင်မျိုး မဟုတ်ကြောင်းမှာ ထင်ရှားလှပါတယ်။

အထက်၌ ဖော်ပြခဲ့ပြီးဖြစ်သော ပညတ်သိ နာမ်ရုပ်အပေါ်တွင် ဝိဇ္ဇာမာနပညတ်ဟု ခေါ်ဆိုအပ်သော အပေါ်ယံ ပညတ်အလွှာကို ခွာလှန်ဖယ်ရှား၍ အာရုံပြုဆဲခဏတွင် ထင်ရှားရှိသောသဘောကို ထင်ရှားရှိသည့်အတိုင်း ထိုးထွင်း သိမြင်ခြင်းသည် ပရမတ္တကို သိမြင်သည်မည်ပါတယ်။

ထင်ရှားရှိသော သဘောတရားတို့အပေါ်၌ ထိုသဘောတရားတို့ကိုပင် (ရုပ် နာမ် စိတ် စေတသိက် စသည် တို့ဖြင့်၎င်း၊ ပုဂ္ဂိုလ် သတ္တဝါ စသည်တို့ဖြင့်၎င်း) ဒြပ်သဏ္ဍာန်၊ ပုံဟန်အမူအရာအားဖြင့်၎င်း၊ မည်ကဲ့သို့သော အခေါ်အဝေါ် အမျိုးမျိုး၊ အမည်နာမ အမျိုးမျိုးတို့ဖြင့် တင်စား၍ ခေါ်ဝေါ် ပြောဆိုထင်မှတ်စေကာမူ ထိုခေါ်ဝေါ် သမုတ်မှု မှန်သမျှသည် သမုတိသစ္စာများသာလျှင် ဖြစ်ကြပါတယ်။

ထိုထင်ရှားရှိသော သဘောတရားအပေါ်၌ ထိုသဘောတရားတို့ကိုပင် အမည်နာမအမျိုးမျိုး ပုံပန်းသဏ္ဍာန် အမူအရာအမျိုးမျိုးတို့ဖြင့် တင်စား၍ မည်ကဲ့သို့ပင် ပညတ်စေကာမူ ထို ပညတ်မှု မှန်သမျှအားလုံးတို့သည် ပညတ်များသာလျှင် ဖြစ်ကြပါတယ်။

အာရုံပြုဆဲ ရှုကြည့်ဆဲ ခဏ၌ ထင်ရှားရှိသော၊ ထိုးထွင်း သိမြင်ရသော သဘောတရားသည်သာလျှင် ပရမတ်ဖြစ်ပါသည်။ ပရမတ္တ ဟူ၍လည်း ခေါ်ဆိုပါတယ်။

ထို့ကြောင့် ပရမတ်ဆတ်ဆတ်ကို ပြောပြပါဆိုလျှင် ဘာမှ မပြောဘဲ နှုတ်ပိတ်နေရုံသာ ရှိတော့သည်ဟု ရှေးဆရာတော်ကြီးများက မိန့်တော်မူခဲ့ပါတယ်။

အဘယ်ကြောင့်နည်း ဟူမူကား အာရုံပြုဆဲအခိုက်အတန့်၌ ထိုအရှုခံတရားသည် ထင်ရှား ရှိပါသည်။ ဤသို့ ထင်ရှားရှိပင် ရှိငြားသော်လည်း ထိုထင်ရှားရှိသော သဘောတရားအပေါ်၌ တင်စား၍ ခေါ်ဝေါ် ပြောဆိုလိုက်လျှင် သမုတိ+ပညတ် ဖြစ်၍ သွားပါတယ်။

ပညတ်နှင့်ပရမတ်တို့ကို၎င်း၊ သမုတိသစ္စာနှင့် ပရမတ္တသစ္စာ တို့ကို၎င်း၊ ပညာဖြင့် ပိုင်းခြား၍ သိအပ်ပါတယ်။

ဝိပဿနာလုပ်ငန်းတွင် အရှုခံဖြစ်သော ရုပ်နာမ် ခန္ဓာငါးပါး သဘောတရားတို့အပေါ်တွင် ထိုသဘောတရားတို့ အပေါ်၌ စွဲယူမှု ဝိဇ္ဇာမာနပညတ်၊ အဝိဇ္ဇာမာနပညတ်၊ သဏ္ဍာနပညတ် စသော အလုံးစုံသော ပညတ်တို့မှ ကင်းစင်သန့်ရှင်းစေရန် အလွန်အရေးကြီးလှပါတယ်။

အရှုခံသဘောတရားသည် ပညတ်မစင်ကြယ်ခဲ့ပါလျှင် လိုရာမပြီး ခရီးမရောက် ဖြစ်တတ်ပါတယ်။

ဆားအိုးထဲမှ ဆား နှင့် စာအုပ်ထဲတွင် ရေးသားထားသော ဆား ထိုဆားသည် ငံသောအရသာရှိ၏ဟု သိထားသော လူတစ်ယောက် နှင့် ဆားကို ကိုယ်တိုင် လျှက်ကြည့်သဖြင့် ငံသောအရသာကို ကိုယ်တွေ့လက်တွေ့ သိရသောလူတစ်ယောက်၊ ထိုနှစ်ယောက်တို့တွင် ဆား၏ ငံသောအရသာကို သိမြင်ရာ၌ အသိခြင်းမတူနိုင်သကဲ့သို့ စာပေဗဟုသုတကို သင်အံ လေ့လာ ကျက်မှတ်၍ ထားသော ပညတ်အာရုံ မကင်းစင်သည် သမုတိသစ္စာအသိနှင့် ကိုယ်တိုင်ပွားများ အားထုတ်၍ သိရသော ပရမတ္တသစ္စာအသိ၊ ထိုအသိနှစ်မျိုးသည်မတူညီနိုင်ပေ။

အသိမတူခြင်းကြောင့် အကျိုးသက်ရောက်မှုလည်းမတူနိုင်၊ ထို့ကြောင့် သင်အံကျက်မှတ်၍ ထားခြင်းကြောင့် သိမြင်သောအသိအမြင်တွင် ရပ်တန့်၍မနေဘဲ ဆက်လက်၍ ဝိပဿနာတရားကို အားထုတ်သင့်ပေသည်။

ရှုခြင်း ရှိုက်ခြင်း သွားခြင်း ရပ်ခြင်း ထိုင်ခြင်း လျောင်းခြင်း စသော အလုံးစုံသော အမူအရာကြိယာတို့ အပေါ်၌ နက်နက်နဲနဲ စူးစမ်း ဆင်ခြင်သည်ရှိသော် -

(၁) ဤအမူအရာကို ဤလိုပြုလိုသော ပြုချင်သော ပြုလိုမှုစိတ်သဘာဝ နှင့်

(၂) ယင်း ပြုချင်သော စိတ်ကြောင့်ဖြစ်သော စိတ္တဇဝါယောဓာတ်တည်းဟူသော လေသဘာဝ

ထိုသဘောတရားနှစ်ပါးတို့ကို ထိုးထွင်း သိမြင်၍လာပေမည်။

ယင်း စိတ် နှင့် လေ သဘာဝနှစ်ပါးတို့သည် ဖြစ်ခြင်းကြောင့်သာလျှင် သွားခြင်း ရပ်ခြင်း စသော အမူအရာကြိယာများ ဖြစ်ပေါ်၍လာပေသည်။ ထို့ကြောင့် သွားခြင်း ရပ်ခြင်း စသည့် အမူအရာကြိယာတို့ကို ဖြစ်ပေါ်စေနိုင်သော အကြောင်းတရားများမှာ “စိတ်ဓာတ် နှင့် လေဓာတ်” များပင် ဖြစ်ကြပါသည်။

ဥပမာ - မင်းသားရုပ်၊ မင်းသမီးရုပ် စသော သစ်သားရုပ်တို့သည် အလိုအလျောက် ခြေလှုပ်ခြင်း၊ လက်လှုပ်ခြင်း၊ ကခြင်း စသည်တို့ကို မပြုလုပ်နိုင်ကြပါ။ ကြိုးဆွဲဆရာက ကြိုးများကို ဆွဲသောအခါ၌ ခြေကကြိုးကိုဆွဲလျှင် ခြေလှုပ်ခြင်း၊ လက်ကကြိုးကိုဆွဲလျှင် လက်လှုပ်ခြင်း စသည့်အမူအရာတို့သည် ဖြစ်ပေါ်၍ လာကြရပေသည်။

ထိုနည်းတူစွာ သမုတိရုပ်ဖြစ်သော ခန္ဓာအတ္တဘောသည် သူ့ဟာသူ အလိုအလျောက် သွားခြင်း၊ ရပ်ခြင်း၊ ထိုင်ခြင်း၊ လျောင်းခြင်း၊ စသည်တို့ကို မပြုလုပ်နိုင်။ ကြိုးဆွဲဆရာနှင့်တူသော “သွားချင်သောစိတ်” ကလည်း ဖြစ်ရပေမည်။ ထိုစိတ်ကြောင့် ကြိုးနှင့်တူသော “လေ” သည်လည်း ဖြစ်ရပေဦးမည်။

ထိုသို့ “စိတ်နှင့်လေ” နှစ်ပါးစုံဖြစ်မှသာလျှင် သွားသောအမူအရာသည် ဖြစ်ပေါ်၍ လာရပေသည်။ ထို “သွားသော” အမူအရာသည် အကျိုးတရား သမုတိသစ္စာပညတ်ဖြစ်၍ ဝိပဿနာဉာဏ်၏ အရာမဟုတ်သဖြင့် ဖြစ် ပျက် ဟူ၍ မရှုအပ်ပါ။

ထို “သွားတယ်” ဟူသော အမူအရာကို ဖြစ်ပေါ်စေသော အကြောင်းတရား ဖြစ်သော “စိတ်နှင့်လေ” တို့ကိုသာလျှင် ဝိပဿနာ ရှုရပေမည်။ သွားဆဲခဏ၌ ထင်ရှားရှိသော ပရမတ္တသဘောတရားမှာ ဖြစ်ဆဲ “စိတ်နှင့်လေ” ပင် ဖြစ်ပါသည်။

ပြုလိုမှုစိတ် သဘောတရားသည်၎င်း၊ လေ သဘောတရားတရားသည်၎င်း၊ ယင်းသဘောတရား နှစ်ပါးတို့တွင် တပါးပါးသော သဘောတရားသည် အာရုံပြုဆဲဖြစ်သော ပစ္စုပ္ပန်အခိုက်အတန့်၌ အမှန်ရှိသော သဘောတရားပင် ဖြစ်ပါတယ်။

ထိုသဘောတရားသည် အမှန်ရှိသော သဘောဖြစ်ခြင်းကြောင့် ပရမတ္တသစ္စာ ဟူ၍ ခေါ်ဆိုရပါတယ်။

ထိုထင်ရှား ရှိဆဲဖြစ်သော သဘောတရားအပေါ်၌ ထိုသဘောတရားကိုပင် ထင်ရှားရှိသည့်အတိုင် ဉာဏ်ဖြင့် ထိုးထွင်း သိမြင်၍နေခြင်းသည် ပရမတ္တသစ္စာ ကို သိမြင်နေခြင်းပင် ဖြစ်ပါတယ်။

ထိုသို့ ပရမတ္တသစ္စာ ကို ထိုးထွင်း၍ သိမြင်သောဉာဏ်သည်သာလျှင် ဝိပဿနာဉာဏ်အရာ၌ လိုရင်းအကျဆုံးသော ဉာဏ်ပင် ဖြစ်ပါတယ်။ အထက်ဉာဏ်စဉ်များကိုုလည်း ဖြစ်ပေါ်၍ လာစေနိုင်ပါတယ်။

ထိုသို့ဆိုလျှင် ခန္ဓာပဉ္စက ရုပ်နာမ်မှုကို ပုဂ္ဂလ သတ္တ ဣတ္ထိ ပုရိသ ဟူသော လောကဝေါဟာရပင် မဆိုအပ်၊ မဆိုထိုက်ဟု ဆိုငြားသော ထိုသူကို သာသနာတော်၌ ဧကန္တ ဗာလမတ္တကဟုတ်မှတ်ရပေမည်။

ပရမတ္တသစ္စာနယ်ပယ်သို့ ရောက်လျှင် (ဝါ) တရားအားထုတ်လျှင် ပညတ်အာရုံများကို အာရုံမပြုရ၊ ပညတ်အာရုံများ လုံးဝ မဝင်စေရ။

ထိုအတူ လောကသမုတိ သစ္စာနယ်ပယ်သို့ ရောက်လျှင် သမုတိသစ္စာနယ်ပယ်အလိုက် နေတတ်၊ ထိုင်တတ်၊ ပြောဆိုတတ်ရပေမည်။

ဘုရား၊ ရဟန္တာ အသျှင်မြတ်တို့သည် သမုတိသစ္စာကို ပယ်တော်မမူကြပါ။ ညီတော် အာနန္ဒာဟူ၍၎င်း၊ သားတော် ရာဟုလာ ဟူ၍၎င်း၊ ခေါ်ဝေါ်ကာမျှသာလျှင် ခေါ်ဝေါ်သုံးစွဲတော် မူကြပါသည်။ ခေါ်ဝေါ်သုံးစွဲသည့်အတိုင်း ပုဂ္ဂိုလ်၊ သတ္တဝါ ဟူသော စွဲယူမှုဒိဋ္ဌိသည် အကြွင်းအကျန်မရှိတော့ပါ။ မဂ်ဉာဏ်ဖြင့် လုံးဝပယ်သတ်ပြီးဖြစ်ပါသည်။

ပုထုဇဉ်ပုဂ္ဂိုလ်တို့သည် ခေါ်ဝေါ်သုံးစွဲမှု သမုတိသစ္စာ ဖြစ်သော ပညတ်ကိုလွန်မြောက်၍ သက္ကာယတည်းဟူသော ပရမတ္တသစ္စာဖြစ်သော နာမ်တရား၊ ရုပ်တရားတို့ကို ထိုးထွင်း၍ မသိမမြင်နိုင်ကြပါ။ ခေါ်ဝေါ်သုံးစွဲသည့်အတိုင်းပင် စွဲယူမှု ဒိဋ္ဌိသည် ထိုပုဂ္ဂိုလ်တို့၏ စိတ်သန္တာန်၌ အလွန်ပြင်းထန်လှပါသည်။

ကလျာဏ ပုထုဇဉ် ပုဂ္ဂိုလ်တို့မှာမူကား သွားဆဲ၊ ရပ်ဆဲ၊ ထိုင်ဆဲ၊ လျောင်းဆဲ၊ ဣရိယာပုတ်လေးပါးတို့၌၎င်း၊ ရှုဆဲ၊ ရှိုက်ဆဲ၊ ကွေးဆဲ၊ ဆန့်ဆဲ၊ ရှေ့သို့တက်ဆဲ၊ နောက်သို့ဆုတ်ဆဲ၊ မျက်တောင်ခတ်ဆဲ စသည်တို့၌၎င်း၊ ထိုသို့ ကိုယ်အင်္ဂါကြီးငယ်တို့ကို လှုပ်ရှားခြင်းစသည့် အလုံးစုံသော အမူအရာတို့အပေါ်၌ ထိုအမူအရာအားလုံးတို့သည် ပညတ်အာရုံများသာလျှင် ဖြစ်ကြပါသည်။

ယင်းအမူအရာအားလုံးတို့သည် ပြုလိုမှုစိတ်သဘာဝနှင့် ထိုပြုလိုမှုစိတ်သဘာဝကြောင့်ဖြစ်သော စိတ္တဇ ဝါယောဓာတ်တည်း ဟူသော “လေသဘာဝ” တို့ဖြစ်ခြင်းကြောင့်သာလျှင် ဖြစ်ပါတယ်။ သွားသည်၊ ရပ်သည်မဟုတ်၊ ငါမဟုတ်၊ အမှန်စင်စစ်အားဖြင့် ထင်ရှားရှိသော သဘောမှာ အာရုံပြုဆဲဖြစ်သော၊ ပစ္စုပ္ပန်ခဏ၌ ဖြစ်ဆဲဖြစ်သော၊ ပြုလိုမှု စိတ်သဘာဝနှင့် လေသဘာဝတို့သည်သာလျှင် ဖြစ်ပါတယ်။

ထိုသို့ ထိုးထွင်းသိမြင်မှသာလျှင် နာမ်၏ပရမတ္တ၊ ရုပ်၏ပရမတ္တကို သိမြင်ခြင်း ဖြစ်ပါတယ်။

ပရမတ္တသစ္စာကိုသိမြင်ရန် သမုတိသစ္စာ၏ အမြစ်မူလ အကြောင်းရင်းဖြစ်သော ပရမတ္တကို ဝိပဿနာရှုရမည်ဖြစ်ပါတယ်။

ပရမတ္တသစ္စာသည် ထင်ရှားရှိသော တရားဖြစ်၏။ ထင်ရှားရှိခြင်းကြောင့် ဝိပဿနာ ရှုအပ်ပေသည်။ သမုတိသစ္စာသည် ထင်ရှားမရှိ၊ ပရမတ္တသစ္စာထဲ၌ ရှာဖွေ၍ မတွေ့မမြင်ရသော တရားဖြစ်ပါတယ်။ ထင်ရှား မရှိသောကြောင့် ဝိပဿနာမရှုအပ်ပါဘူး။

ပရမတ္တသစ္စာသည် ထင်ရှားရှိသော ရုပ်ဓာတ်၊ နာမ်ဓာတ် ခန္ဓာငါးပါး ဓာတ်သဘာဝဖြစ်ပါတယ်။ ထိုခန္ဓာငါးပါး ဓာတ်သဘာဝတို့ကို ဟုတ်မှန်သောအတိုင်း ထိုးထွင်း သိမြင်လျှင်၊ လောဘငြိမ်းပါတယ်။ ဒေါသငြိမ်းပါတယ်။ မောဟငြိမ်းပါတယ်။ လောဘ၊ ဒေါသ၊ မောဟငြိမ်းခြင်းကြောင့် ငြိမ်းအေးမှုကို ရရှိပါတယ်။

သမုတိသစ္စာ ပညတ်များကို စွဲယူလျှင် ထိုသို့ စွဲယူထားခြင်းကြောင့် လောဘ၊ ဒေါသ၊ မောဟဖြစ်ရပါတယ်။

ပရမတ္တသစ္စာသည် ဉာဏ်လမ်းဖြစ်ပါတယ်။ ထင်ရှားရှိသော ရုပ်ဓာတ်၊ နာမ်ဓာတ်တို့အပေါ် ထိုသဘောတရားတို့သည်မမြဲ၊ ဆင်းရဲ၊ အစိုးမရဟု ဝိပဿနာရှုပွားလျှင် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်တို့ကို ရရှိစေနိုင်ပါတယ်။ သံသရာမှ လွတ်မြောက်လမ်းကိုရပါမယ်။

သမုတိသစ္စာသည် ကံလမ်းဖြစ်ပါတယ်။ ထိုရုပ်ဓာတ်၊ နာမ်ဓာတ် တို့အပေါ် ထိုသဘောတရားတို့ကို အတ္တ အားဖြင့် စွဲယူမှုဖြစ်ပေါ်ခဲ့သည်ရှိသော် ဤကဲ့သို့သော အတ္တ စွဲဖြင့် ကုသိုလ်ကောင်းမှု (သို့မဟုတ်) အကုသိုလ်အမှု အသီးသီးကိုပြုကျင့်သည်ရှိသော် ထို ကုသိုလ်ကံ အကုသိုလ်ကံကြောင့် သံသရာ၌ ကြင်လည်ကြရပါတယ်။ သံသရာမှ ထွက်မြောက်မှုကိုမရနိုင်ပါဘူး။

ယင်းပရမတ္တသစ္စာနှင့် သမုတိသစ္စာတို့သည် ပြဒါးတလမ်း၊ သံတလမ်းဖြစ်သော်လည်း ဉာဏ်လမ်းသို့ လိုက်သော ပုဂ္ဂိုလ်တို့သည် ကံလမ်းကိုလည်း မပယ်စွန့်ရပါ။ ပယ်စွန့်၍လည်းမဖြစ်ပါ။ ကံလမ်းနှင့်ဉာဏ်လမ်း တို့ကို ပိုင်းခြား၍ သိမြင်ပြီးသည့်နောက်တွင် ကောင်းမှုကုသိုလ် “ကံ” ကိုလည်း ပွားများ အားထုတ်ရပါတယ်။ ဉာဏ်လည်းဖြစ်သော ဝိပဿနာ ဘာဝနာဉာဏ်ကိုလည်း ပွားများရပါတယ်။

ပရမတ္တသစ္စာ နှင့် သမုတိသစ္စာ တို့ကို မရောယှက်မူ၍ ပိုင်းခြားစွာသိမြင်သော ဉာဏ်သည်သာလျှင် အမှန်တရားကို သိမြင်သော ဉာဏ်ဖြစ်ပါတယ်။

၎င်း သမုတိသစ္စာ နှင့် ပရမတ္တသစ္စာတရား နှစ်ပါးတို့တွင် တပါးပါးသည် ထင်ရှားစွာ ဖြစ်ပေါ်၍ လာခဲ့သည်ရှိသော် ကျန်တပါးမှာ ကင်းစင်လွင့်ပျောက်၍ သွားရပါတယ်။

ဆိုလိုရင်းမှာ ဝိပဿနာတရားကို ပွားများ အားထုတ်နေဆဲ အခိုက်အတန့်၌ ဝိပဿနာဉာဏ် ဖြစ်ပေါ်၍လာလျှှင် သမုတိသစ္စာဖြစ်သော ပညတ်များကို အာရုံပြုသော စိတ်သည် ကင်းစင်လွင့်ပျောက်၍ သွားပေမည်။ ဝိပဿနာအာရုံကို လွှတ်လိုက်သည်နှင့်တစ်ပြိုင်တည်း ပညတ်အာရုံများဖြစ်သော သမုတိသစ္စာကို အာရုံပြုသောစိတ်သည် ဖုံးလွှမ်းမြဲဖုံးလွှမ်း၍ သွားပေသည်။

ဥပမာအားဖြင့် မှောင်နေသော တိုက်ခန်းအတွင်း၌ မီးထွန်းလိုက်သည်ရှိသော်၊ အမှောင်ခွင်း၍ အလင်းရောင်ဖြစ်ပေါ်လာဘိသကဲ့သို့ ဖြစ်ပါသည်။ မီးပိတ်လိုက်လျှင် အမှောင်ထုသည် ပြန်၍ ဖုံးလွှမ်းမြဲဖုံးလွှမ်းရပေသည်။

မီးထွန်းခြင်းနှင့်တူသော ဝိပဿနာအာရုံကို ဝင်စားလိုက်သည်ရှိသော် အမှောင်နှင့်တူသော သမုတိသစ္စာ ပညတ်များကို အာရုံပြုသော စိတ်သည် ကင်းစင်လွင့်ပျောက်၍ ပရမတ္တသဘာဝကို အာရုံပြုခြင်းအားဖြင့် ဖြစ်ပေါ်လာသော ဝိပဿနာဉာဏ်အလင်းရောင်သည် ပေါ်ထွန်း၍လာရပေသည်။

ဤကဲ့သို့ သမုတိသစ္စာ ပညတ်များကို ဖယ်ရှားနိုင်၍ အာရုံပြုဆဲဖြစ်သော ပစ္စုပ္ပန်ခဏ၌ ထင်ရှားရှိဆဲဖြစ်သော ပြုလိုမှုသဘောတရားနှင့် လေသဘောတရား နှစ်ပါးတို့ကို ထင်ရှားရှိသည့်အတိုင်း ဉာဏ်ဖြင့် ပိုင်းခြားစွာ သိမြင်ခြင်းသည် နာမ်၏ ပရမတ္တ ရုပ်၏ ပရမတ္တကို ထိုးထွင်း သိမြင်ခြင်း ဖြစ်ပါသဖြင့် နာမရူပပရိစ္ဆေဒဉာဏ်ဟု ခေါ်ပါသည်။

ထိုထင်ရှားရှိဆဲဖြစ်သော ရုပ်တရား၊ နာမ်တရားနှစ်ပါးတို့ကို ထင်ရှားရှိသည့်အတိုင်း ဉာဏ်ဖြင့် ပိုင်းခြားစွာ သိမြင်ခြင်းသည် အမှန်တရားကို သိမြင်ခြင်း ဖြစ်ပါသဖြင့် အမြင်အထူး စင်ကြယ်ခြင်း ဒိဌိဝိသုဒ္ဓိဖြစ်ပါသည်။

ဆက်လက်ဖော်ပြပါမည်။

မှတ်ချက်။ ။ မိုးကုတ်မြို့ သတိပဋ္ဌာန်ကျောင်းဆရာတော်ဦးပဏ္ဍဝ၏တပည့် မိုးကုတ်မြို့၊ မြို့မရပ် ဦးကောင်း ရေးသားသော အာနာပါ ဝိပဿ ဘာဝနာ နှင့် သက္ကာယဒိဋ္ဌိရှုဘွယ် ကျမ်းမှ မှီငြမ်း မှတ်စုထုတ်ပါသည်။


ဉာဏ်ဖြင့်ပိုင်းခြား၍ သိထိုက်သော ပရမတ္တတရားဆိုသည်မှာ - (အပိုင်း ၂)

ပစ္စယ ပရိဂ္ဂဟ ဉာဏ် ဆိုသည်မှာ ရုပ်၊ နာမ်တို့၏ ဖြစ်ခြင်း အကြောင်းတရားတို့ကို သိမ်းဆည်း သိမြင်သော ဉာဏ်ဖြစ်ပါသည်။

ယင်းဉာဏ်သည်ပင်လျှင် အကြောင်းတရားနှင့် အကျိုးတရား တို့ကို သိမြင်နိုင်ခြင်းကြောင့် ပဋိစ္စသမုပ္ပါဒ်ဉာဏ်ဟူ၍ ခေါ်ဝေါ်ပါသည်။

ပဋိစ္စသမုပ္ပါဒ်ဉာဏ်၏ အဓိပ္ပါယ်မှာ အကြောင်းတရားတို့၏ ညီညွှတ်ခြင်းကိုစွဲ၍ အကျိုးတရား ဖြစ်ပေါ်မှုကို သုံးသပ် သိမြင်နိုင်သောဉာဏ်ဖြစ်ပါသည်။

ယင်းအကြောင်းတရားနှင့် အကျိုးတရားတို့ကို ထိုးထွင်း သိမြင်နိုင်ကြစေရန် -

၁။ ပစ္စုပ္ပန်ဖြစ်ဆဲ လေသဘောတရားသည် အခုစိတ်ကြောင့် ဖြစ်တဲ့လေ ဟူ၍ ဆင်ခြင်ပါ။

၂။ ပစ္စုပ္ပန်ခဏ၌ ဖြစ်ဆဲဖြစ်သော ပြုလိုမှုစိတ်သဘောတရားသည် ရှေးအတိတ်က ဆည်းပူးခဲ့ပြီးဖြစ်သော အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ ကံတို့ကြောင့် ဖြစ်တဲ့ စိတ်ဟူ၍ ဆင်ခြင်ပါ။

လေသဘောတရား ဖြစ်ပေါ်လာရခြင်း၏ အကြောင်းတရားများမှာ ယင်းလေသဘောတရားသည် ကံ စိတ် ဥတု အဟာရ တည်းဟူသော အကြောင်းတရား လေးပါးတို့ပင် ဖြစ်ပါသည်။ ၎င်းအကြောင်းတရားလေးပါးတို့၏ ထောက်ပံ့ပုံ၊ ထောက်ပံ့နည်းမှာ -

အတိတ်ဘဝ အတိတ်ကာလ၌ ဆည်းပူးပြုလုပ်ခဲ့ပြီး ဖြစ်သော ကုသိုလ်ကံ၊ အကုသိုလ်ကံ တည်းဟူသော ဇနက အကြောင်းကံ သည် ယခု ပစ္စုပ္ပန်ဘဝ၌ စိတ်အသစ်အသစ် အစဉ်မပြတ် ဖြစ်ပေါ်မှုကို ရရှိစေနိုင်ပါသည်။

ယင်း ကံနှင့်စိတ် တည်းဟူသော အကြောင်းတရား နှစ်ပါးတို့၏ ထောက်ပံ့မှုကို ဆက်လက်၍ ရရှိတိုင်း ရရှိတိုင်းသော ခဏ၌ စိတ္တဇဝါယောဓာတ် တည်းဟူသော လေသဘောတရား သည် ဖြစ်ပေါ်လာရပါသည်။

ဤသို့ ကံနှင့်စိတ် ကြောင့် ဖြစ်ပေါ်လျက်ရှိသော လေသဘောတရား သည်ပင်လျှင် ဥတုနှင့်အာဟာရ တို့၏ ပြုပြင် ပြောင်းလဲမှုကြောင့် ယင်း လေသဘောတရား သည်လည်း ပြောင်းလဲ၍နေရပါသည်။

ဤနေရာ၌ ဥတုနှင့်အာဟာရ တို့သည် ဥပထမ္ဘက အထောက်အပံ့ အကြောင်းတရားများပင် ဖြစ်ကြပါသည်။

ထို့ကြောင့် ယင် လေသဘောတရား သည် ကံ၊ စိတ်၊ ဥတု၊ အာဟာရ တည်းဟူသော ဇနက အကြောင်း ဥပထမ္ဘကအကြောင်း တရားတို့၏ ပြုပြင် စီရင်မှုကြောင့် ဖြစ်ပေါ်၍နေသော သဘာဝဓမ္မမျိုးပင် ဖြစ်ပါသည်။

ဇနက အကြောင်း ဆိုသည်မှာ ဖြစ်စေခြင်း အကြောင်းဖြစ်၍ ဥပထမ္ဘက အကြောင်း ဆိုသည်မှာ အထောက်အပံ့ အကြောင်းပင် ဖြစ်ပါသည်။

ထင်ရှားအောင်ဆိုရလျှင် -

မိခင်ဖြစ်သော ဆင်မကြီးသည် ဆင်ငယ်ကလေးကို မွေးဖွားရာတွင်

ထိုဆင်ငယ်ကလေးကို မွေးဖွားပေးသော မိခင်ဆင်မကြီးသည် ဇနကအကြောင်းနှင့် တူပါသည်။

ထိုဆင်ငယ်ကလေးကို ဆက်လက်၍ ဂရုတစိုက် ပြုစု စောင့်ရှောက်သော ဆင်ထိန်းမကြီးသည် ဥပထမ္ဘက အကြောင်းနှင့် တူပါသည်။

ဆင်ငယ်ကလေးသည် ဤနေရာ၌ လေသဘောတရားနှင့် တူပါသည်။

သို့ဖြစ်၍ လေသဘောတရား အပေါ်၌ ထိုလေသဘောတရားကို ဝိပဿနာရှုပွားရာတွင် ထင်မြင်လွယ်စေခြင်းငှာ အနီးဆုံးအကြောင်းတရား ဖြစ်သော စိတ်တစ်ခုကိုသာ ယူ၍ ယင်း လေသဘောတရား သည် ပြုလိုမှု စိတ်သဘောတရား ကြောင့်ဖြစ်တဲ့ လေ ဟူ၍ အထက်၌ ဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။

ပြုလိုမှု စိတ်သဘောတရားသည်ကား အတိတ်ကာလမှ ဆည်းပူးခဲ့ပြီး ဖြစ်သော အဝိဇ္ဇာ တဏှာ ဥပါဒါန် ကံ တို့ကြောင့်ပင် ဖြစ်ပါသည်။

အဝိဇ္ဇာ သည် သစ္စာလေးပါး အမှန်တရားကို မသိမမြင်နိုင်အောင် ဖုံးလွှမ်းတတ်သောတရား ဖြစ်ပါသည်။

အမှန်တရားကို မသိမှုအဝိဇ္ဇာ အကြောင်းရင်းခံကြောင့် လိုချင်တပ်မက်မှုတဏှာ စွဲလမ်းမှု ဥပါဒါန် တို့သည် ဖြစ်ပေါ်၍ လာကြရပါသည်။

ထို လိုချင်မှု စွဲလမ်းမှုကြောင့် ပုညာဘိသင်္ခါရ အပုညာဘိသင်္ခါရ အနေဉ္ဇာဘိသင်္ခါရ တည်းဟူသော ကာမရူပကုသိုလ်ကံ အကုသိုလ်ကံ အရူပါဝစရကုသိုလ်စေတနာကံ တို့ကို ပြုလုပ် ဆည်းပူးခဲ့သည်။ ထိုသို့ ဆည်းပူးခဲ့ပြီးဖြစ်သော အကြောင်းတရား တို့ကြောင့် ဤ “ဤပြုလိုမှုစိတ်သဘောတရား” သည် ဖြစ်ပေါ်၍ လာရပါသည်။

၎င်း အဝိဇ္ဇာ တဏှာ ဥပါဒါန် ကံ တည်းဟူသော အကြောင်းတရား လေးပါးတို့သည် ချုပ်ဆုံးပြီး ဖြစ်သော်လည်း ပစ္စုပ္ပန် စိတ်၏ ဖြစ်ပေါ်ခြင်းမှာ ၎င်းအကြောင်းတရားနှင့် မကင်းပေ။

ဥပမာအားဖြင့် အလင်းရောင်ရရှိစေရန် ထွန်းညှိထားသော ဖယောင်းတိုင်သည် ကုန်ဆုံးခါနီးကာလသို့ ရောက်ရာ၊ ထိုခဏ၌ ၎င်းဖယောင်းတိုင်မှ တောက်လောင်နေသော မီးတောက်ဖြင့် ဒုတိယအသစ်ဖြစ်သော ဖယောင်းတိုင်သို့ ကူးယူ ထွန်းညှိရာ၊ ထွန်းညှိမှုကိစ္စပြီးဆုံးလျှင် ကုန်ခါနီးဖြစ်သော ပဋ္ဌမ ဖယောင်းတိုင်မှ မီးတောက်သည်လည်း ချုပ်ငြိမ်းလေတော့သည်။

ဤကိစ္စကို ဆင်ခြင်ရာတွင် -

ဒုတိယ ဖယောင်းတိုင်မှ ရှိဆဲဖြစ်သော မီးတောက်သည် ချုပ်ငြိမ်းလေပြီးဖြစ်သော ပဋ္ဌမဖယောင်းတိုင်၏ မီးတောက်မဟုတ်ပေ။ သို့ပင် မဟုတ်ငြားသော်လည်း ပဋ္ဌမ ဖယောင်းတိုင်မှ မီးတောက်နှင့် အကြောင်းတရားခြင်း မကင်းပေ။ ပဋ္ဌမ ဖယောင်းတိုင်မှ မီးတောက်သည် ဒုတိယဖယောင်းတိုင်မှ မီးတောက်အား စ၍ ဖြစ်ပေါ်စေခြင်း ဇနကအကြောင်း ပင် ဖြစ်ပါသည်။

ယင်းသို့ ဖြစ်ပေါ်၍လာရသော ဒုတိယ ဖယောင်းတိုင်မှ မီးတောက်အား အသစ်အသစ် ဆက်လက်၍ ထွန်းလင်းတောက်ပနိုင်စေရန် လက်ရှိဖယောင်းတိုင်မှ ဖယောင်းဆီနှင့် မီးဇာသည် ဥပထမ္ဘက အထောက်အပံ့ အကြောင်းပင် ဖြစ်ပါသည်။

ဤဥပမာနည်းတူစွာပင် - ပစ္စုပ္ပန်ခဏ၌ ဖြစ်ဆဲ ဖြစ်သော ပြုလိုမှုစိတ်သဘောတရား သည် အတိတ်ကာလ၌ ပြုလုပ်ဆည်းပူးခဲ့ပြီးဖြစ်သော အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ ကံ တည်းဟူသော လေးပါးသော အကြောင်းတရား တို့နှင့် မကင်းပေ။

ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်အရ -

အဝိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ တို့၏ အကြောင်းရင်းခံကြောင့် ဝိညာဏ် နာမ်ရုပ်တို့၏ ဖြစ်ပေါ်မှု ဇာတိကို ရရှိစေနိုင်ပါသည်။

သင်္ခါရနှင့်ကမ္မဘဝ တို့သည် တရားကိုယ်အားဖြင့် ကံ တစ်ခုတည်းကိုသာလျှင် ကောက်ယူနိုင်ပါသည်။

ထို့ကြောင့် အဝိဇ္ဇာ တဏှာ ဥပါဒါန် ကံ တည်းဟူသော အတိတ်ကံ အကြောင်းတရာသည် ပြုလိုမှု စိတ်သဘောတရား ၏ ဖြစ်ပေါ်စေမှု ဇနကအကြောင်း ပင် ဖြစ်ပါသည်။

ယင်းဇနကကံသည် ပဋိသန္ဓေအကျိုး ပဝတ္တိအကျိုးကို ပေးစေနိုင်ပါသည်။

ယင်းအတိတ်ကံကြောင့် ဖြစ်ပေါ်၍လာရသော စိတ်သဘောတရားသည် ပစ္စုပ္ပန်အကြောင်း အထောက်အပံ့ ဖြစ်သော ဥပထမ္ဘကကံ ၏ ပြုပြင် စီရင်မှုကြောင့် အစဉ်မပြတ် ပြောင်းလဲနေရပါသည်။

ဥပမာ - လောကဝေါဟာရအလိုအားဖြင့် အသက်ရှည်သည် ဆိုသည်မှာ -

လူတို့၏ သက်တမ်း ကုန်ဆုံးသည်အထိ တည်နေသမျှ ကာလပတ်လုံး ထိုသို့ တည်နေနိုင်စေရန် စိတ်အစဉ်သည် အစဉ်မပြတ် ဒလစပ် မရပ်မနား အသစ်အသစ် ဖြစ်ပေါ်၍ နေကြရပါသည်။ ထိုသို့အစဉ်မပြတ် ဒလစပ် ဖြစ်ပေါ်နေရခြင်းကိုပင်လျှင် အသက်ရှည်သည် ဟု ခေါ်ဆိုကြရပါသည်။

ယင်းသို့ စိတ်အစဉ်သည် အစဉ်မပြတ် ဒလစပ် အသစ်အသစ် ဖြစ်ပေါ်၍ နေနိုင်စေရန် ရှောင်ကြဉ်သင့်သော အစာအဟာရတို့ကို ရှောင်ကြဉ်ခြင်း၊ မှီဝဲသင့်သော ဆေးဝါးနှင့်အဟာရတို့ကို မှီဝဲခြင်း၊ ဥတုနှင့် သင့်တင့် လျှောက်ပတ်အောင် အနေအထိုင် ဆင်ခြင်ခြင်း၊ ကျမ္မာရေးကို ဂရုစိုက်ခြင်း စသည်တို့သည် ပစ္စုပ္ပန် ဘဝ၌ ပြုလုပ်မှုအကြောင်းကံများပင် ဖြစ်ပါသည်။

ထိုကံသည်ပင်လျှင် စိတ်၏အသစ်အသစ် အစဉ်မပြတ် ဖြစ်ပေါ်စေခြင်းငှာ (ဝါ) အသက်ရှည်စေခြင်းငှာ ဥပထမ္ဘက အကြောင်းကံများပင်ဖြစ်ပါသည်။

ကံဆိုသည်မှာ ပါဠိပျက် စကားဖြစ်၍ ကမ္မမှလာသောကြောင့် ထိုကမ္မဟူသော ပါဠိ၏အဓိပ္ပါယ်မှာ ပြုလုပ်မှု ပင် ဖြစ်ပါသည်။

ထို့ကြောင့်

အတိတ်ဘဝမှ ပြုလုပ် ဆည်းပူးခဲ့ပြီးဖြစ်သော အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ ကံသည် ယခုလက်ရှိ ဘဝတွင် ဝိညာဏ်၊ နာမ်၊ ရုပ်တိုကို ဖြစ်စေခြင်း (ဝါ) ပဋိသန္ဓေ အကျိုး + ပဝတ္တိ အကျိုးတို့ကို ဖြစ်ပေါ်စေနိုင်ခြင်း ဇနက အကြောင်းဖြစ်၍၊

ယခုဘဝ၌ သင့်လျော်သော အမှုတို့ကို ပြုလုပ်ခြင်း၊ မသင့်လျော် မလျောက်ပတ်သော အမှုတို့ကို ရှောင်ကြဉ်ခြင်း စသည့် ပစ္စုပ္ပန်ကံသည် ဥပထမ္ဘက အထောက်အပံ့ အကြောင်းများပင်ဖြစ်ပါသည်။

ထို့ကြောင့် -

ပြုလိုမှု စိတ်သဘောတရား သည် ဆက်လက်၍ အသစ်အသစ် ဖြစ်ပေါ်စေမှု၏ ပဓါန လိုရင်း အကြောင်းတရားများမှာ

(၁) ဇနက အကြောင်းတည်းဟူသော အတိတ်ကံ နှင့်

(၂) ဥပထမ္ဘက အကြောင်းတည်းဟူသော ပစ္စုပ္ပန်ကံ

ယင်း အကြောင်းကံ နှစ်ပါးတို့ကြောင့်ပင် ဖြစ်ပါသည်။

ဤသို့လျှင် -

(က) လေသဘောတရား သည် ပြုလိုမှု စိတ်သဘောတရားကြောင့်ပင် ဖြစ်သည်ဟူ၍၎င်း၊

(ခ) ပြုလိုမှုစိတ်သဘောတရား သည် အတိတ်ကံ + ပစ္စုပ္ပန်ကံ စသည်တို့ကြောင့် ဖြစ်သည်ဟူ၍၎င်း

ဤသို့သော သဘောတရားတို့၏ ဖြစ်ခြင်းအကြောင်းတရား တို့ကို ထိုးထွင်း၍ သိမြင်သော ဉာဏ်သည် ပစ္စယ ပရိဂ္ဂဟဉာဏ်ပင်ဖြစ်ပါသည်။

ယင်း ပစ္စယပရိဂ္ဂဟဉာဏ်သည် အကြောင်းတရားတို့၏ ထောက်ပံ့မှုကြောင့် အကျိုးတရားဖြစ်ပေါ်မှုကို ထိုးထွင်း သိမြင်သောဉာဏ် ဖြစ်ပါသဖြင့် ထိုဉာဏ်ကိုပင်လျှင် ပဋိစ္စသမုပ္ပါဒ်ကို သုံးသပ် သိမြင်သောဉာဏ်ဟူ၍ ခေါ်ဆိုနိုင်ပါသည်။

ပဋိစ္စသမုပ္ပါဒ်ကို သိမြင်သောဉာဏ် ဆိုသည်မှာ

(က) ပြုလိုမှု စိတ်သဘောတရား သည် ကံ တည်းဟူသော အကြောင်းတရားတို့ကို စွဲ၍ ဖြစ်ပေါ်နေသော အကျိုးတရား သက်သက်မျှသာ တည်းဟု သိမြင်သောဉာဏ်ကို ခေါ်ပါသည်။

(ခ) ထိုကံကြောင့်ဖြစ်သော အကျိုးတရားဟု သမုတ်အပ်သော ပြုလိုမှု စိတ်သဘောတရား သည်ပင်လျှင် အကြောင်းတရား ပြန်၍ ဖြစ်ရပြန်ပါသည်။ ယင်းအကြောင်းတရားကြောင့် နှာသီးဖျား၌ တိုးခတ်မှု လေသဘောတရား တည်းဟူသော အကျိုးတရားသည် ဖြစ်ပေါ်၍ လာရပြန်ပါသည်။

(ဂ) တဖန်ထို သဘောတရား တည်းဟူသော အကျိုးတရားသည်ပင်လျှင် အကြောင်းတရား ပြန်ဖြစ်၍ ယင်း အကြောင်းတရား ဖြစ်သော ထိုတိုးခတ်မှု လေသဘောတရားကို တိုးခတ်တိုင်း တိုးခတ်တိုင်း သိ၍ သိ၍ နေသော စိတ် တည်းဟူသော အကျိုးတရားသည် ဖြစ်ပေါ်၍ လာရပြန်ပါသည်။

ဥပမာအားဖြင့် -

မြေ၊ ရေ၊ ဥတုတို့၏ အထောက်အပံ့ကို ကောင်းမွန် ညီညွတ်စွာ ရရှိသောနေရာ၌ စိုက်ပျိုးထားအပ်သော မျိုးစေ့သည် ထိုမျိုးစေ့မှပင်စည်၊ ပင်စည်မှအကိုင်း၊ အကိုင်းမှအလက်၊ အရွက်၊ အသီး၊ အပွင့်တို့ ဖြစ်ပေါ်လာဘိသကဲ့သို့၊ အကြောင်းတရားတို့၏ ညီညွတ်စွာ ထောက်ပံ့မှုကြောင့် အကျိုးတရား ဖြစ်ပေါ်မှုကို၎င်း၊ ထိုအကျိုးတရားသည်ပင်လျှင် အကြောင်းတရားပြန်ဖြစ်၍ အကျိုးတရား အဖန်ထပ်၍ ဖြစ်ပေါ်မှုကို၎င်း သိသောဉာဏ်သည် ပဋိစ္စသမုပ္ပါဒ်ကို သိမြင်သောဉာဏ် ဖြစ်ပါသည်။

(မှတ်ချက်။ ။ ပဋိစ္စသမုပ္ပါဒ်ကို နည်းလေးပါးဖြင့် ဝေဘန်သုံးသပ်ခြင်း ကိုတော့ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ မြန်မာပြန် တတိယတွဲမှာ အကျယ်ဖတ်ရှုနိုင်ပါတယ်။)

အကြောင်းတရားနှင့် အကျိုးတရားတို့ အပေါ်တွင် နည်းလေးပါးတို့ဖြင့် ဆင်ခြင်ရာ၌ အမှောက်မှောက် အမှားမှား သုံးသပ်ဆင်ခြင်မိခြင်းကြောင့် သဿတဒိဋ္ဌိ ဥစ္ဆေဒဒဋ္ဌိ အတ္တဒိဋ္ဌိ အကရိကဒိဋ္ဌိ အဟေတုကဒိဋ္ဌိ နိယတဝါဒ အစရှိသော ဒိဋ္ဌိ တို့သည် ဖြစ်ပေါ်၍လာတတ်ကြောင်း တွေ့ရှိရပါသည်။ ယင်း ဒိဋ္ဌိတို့၏ ဖြစ်ပေါ်၍ လာရခြင်းအကြောင်းရင်းအမြစ် မူလကို စူးစမ်းရှာဖွေသည်ရှိသော် ဟုတ်မှန်သော “စိတ်ဓာတ်” နှင့် “လေဓာတ်” တို့ကို ဟုတ်မှန်သည့်အတိုင်း မသိမမြင်ခြင်းကြောင့် သာလျှင် ဖြစ်ရပေသည်။

စိတ်သဘောတရားနှင့် လေသဘောတရားတို့အပေါ်၌ ထိုသဘောတရားတို့သည် ငါ၏ ဥစ္စာမဟုတ်၊ ငါမဟုတ်၊ ငါ၏ ကိုယ်အတ္တမဟုတ် ပုဂ္ဂိုလ် သတ္တဝါ မဟုတ်၊ နာမ်ဓာတ်၊ ရုပ်ဓာတ် အကြောင်းတရားနှင့် အကျိုးတရားမျှသာ ဖြစ်ကြကုန်၏။ အကြောင်းတရား တို့၏ ပြုပြင်စီရင်မှုကြောင့် ဖြစ်ပေါ်၍နေသော အကျိုးတရား သက်သက်မျှသာတည်းဟု အကြောင်းနှင့်အကျိုးကို ထိုးထွင်း သိမြင်၍နေလျှင် ထိုသို့ ထိုးထွင်း သိမြင်၍ နေခြင်းအားခြင့် (၆၂) ပါးသော ဒိဋ္ဌိတို့သည် ပယ်ခွာ၍ သွားရပေသည်။

ဤသို့ အကြောင်းတရားနှင့် အကျိုးတရားတို့ကို ထိုးထွင်းသိမြင်သောဉာဏ်သည် ပစ္စယပရိဂ္ဂဟဉာဏ်မည်ပါတယ်။

ယင်ပစ္စယပရိဂ္ဂဟဉာဏ်သည် ရုပ်နာမ်တို့၏ အပေါ်၌ ယုံမှား သံသယကို ပယ်ဖျောက်နိုင်ခြင်းကြောင့် ယုံမှားခြင်းကို လွန်မြောက်သောဉာဏ် အထူးစင်ကြယ်ခြင်း ကင်္ခါဝိတရဏဝိသုဒ္ဓိမည်ပါတယ်။

နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်၊ ဤဉာဏ်နှစ်ပါးသည် ပရိညာသုံးပါးတွင် အမှတ်စဉ် (၁) ဖြစ်သော ဉာတပရိညာမည်ပါတယ်။

ပရိညာဆိုသည်မှာ ဉာဏ်၏ ပိုင်နိုင်ခြင်းပင်ဖြစ်ပါတယ်။

ဆက်လက်ဖော်ပြပါမည်။

မှတ်ချက်။ ။ မိုးကုတ်မြို့ သတိပဋ္ဌာန်ကျောင်းဆရာတော်ဦးပဏ္ဍဝ၏တပည့် မိုးကုတ်မြို့၊ မြို့မရပ် ဦးကောင်း ရေးသားသော အာနာပါ ဝိပဿ ဘာဝနာ နှင့် သက္ကာယဒိဋ္ဌိရှုဘွယ် ကျမ်းမှ မှီငြမ်း မှတ်စုထုတ်ပါသည်။


ဉာဏ်ဖြင့်ပိုင်းခြား၍ သိထိုက်သော ပရမတ္တတရားဆိုသည်မှာ - (အပိုင်း ၃)

သမ္မသနဉာဏ်ဆိုသည်မှာ ကာလသုံးပါးတို့၌ အကြိမ်ကြိမ်အဖန်ဖန် သုံးသပ်သောဉာဏ်ဖြစ်ပါသည်။

(က) အကြင်ရုပ်တရား နာမ်တရားတို့သည် အာရုံပြုဆဲဖြစ်သော ပစ္စုပ္ပန်ခဏ၌ ထင်ရှားရှိ၏။ ထိုသို့ ထင်ရှားရှိဆဲသဘောတရားကို ထင်ရှားရှိသည့်အတိုင် ဉာဏ်ပညာဖြင့် ပထမဦးစွာ ထိုးထွင်း သိမြင်ရပေမည်။

(ခ) ဒုတိယအဆင့် အနေအားဖြင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာအရ “ပစ္စုပ္ပန်ခဏ၌ ရှိဆဲ ရုပ်သည်ဖြစ်ဆဲ” ဟူသော သဘာဝဓမ္မ၏ မူသေ တွက်ကိန်းကို သိထားရပေမည်။

ပစ္စုပ္ပန်ဖြစ်သော ရုပ်သည် ဖြစ်ဆဲ ဖြစ်၍ ခဏငယ် သုံးပါး၌ အတွင်းဝင်သော ရုပ်ဖြစ်ပါသည်။

ထိုပစ္စုပ္ပန်ဖြစ်သော ရုပ်၏စ၍ ဖြစ်ခြင်းဟူ၍ မှတ်အပ်သော သင်္ခါတ၏လက္ခဏာသည် ဖြစ်ခြင်း ဥဒယမည်ပါသည်။

ဖောက်ပြန်ခြင်းဟူ၍ မှတ်အပ်သော သင်္ခါတ၏လက္ခဏာသည် ပျက်ခြင်း ဝယ မည်ပါသည်။

အကြင်ဖြစ်ခြင်း ပျက်ခြင်း (ဥဒယဝ) ကို အဖန်တလဲလဲ ရှုသောပညာသည်ရှိ၏။ ထိုဥဒယဝယကို အဖန်တလဲလဲ ရှုသော ပညာသည် ဉာဏ်မည်ပါသည်။

ဤ အဋ္ဌကထာအရ အလုံးစုံသော ရုပ် နာမ်ဓမ္မ သင်္ခါရ သဘောတရားတို့ကို ဆင်ခြင်ကြည့်လျှင် မည်ကဲ့သို့သော သဘောတရားများပင် ဖြစ်စေကာမူ၊

က။ အာရုံပြုဆဲဖြစ်သော ပစ္စုပ္ပန်ခဏ၌ အကြင် သဘောတရားတခုခုသည် ထင်ရှားရှိ၏။

ခ။ ထိုထင်ရှားရှိဆဲ သဘောတရားသည် ဖြစ်ဆဲပင် ဖြစ်ပါသည်။

ထိုသဘောတရား၏ ထင်ရှား ရှိ၍ရှိ၍ နေခြင်းသည် အသစ်တဖန်ဖြစ်ခြင်းကြောင့်သာလျှင် ဖြစ်ပါသည်။

အကယ်၍ အကြင်သဘောတရားသည် အသစ်တဖန် ဖြစ်ပေါ်မှု မရှိခဲ့ပါလျှင် ထိုသဘောတရားသည် လုံးဝမရှိနိုင်တော့ပါ။

ထိုသဘောတရားတို့သည် အသစ်အသစ် ဖြစ်၍ဖြစ်၍ နေခြင်းကြောင့်သာလျှင် ထင်ရှားရှိ၍ ရှိ၍ နေရပါသည်။

ထို့ကြောင့် ဝိပဿနာဉာဏ်အရာနှင့်ပတ်သက်၍ အာရုံပြုဆဲဖြစ်သော ပစ္စုပ္ပန်ခဏ၌၊

“ရှိဆဲသဘောတရားသည် ဖြစ်ဆဲ”

ဟူသော သဘာဝဓမ္မ၏ မူရင်းကို ပိုင်နိုင်စွာသိထားရန် အရေးကြီးပါသည်။

၎င်းသဘာဝဓမ္မ၏မူကို ဆန်းစစ်ဝေဖန်၍ ကြည့်လျှင် တခုခုသော သဘောတရားသည် အာရုံပြုဆဲခဏ၌ ထင်ရှားရှိ၏။ ထိုသဘောတရား၏ ထင်ရှားရှိ၍ရှိ၍နေရခြင်းသည် အသစ်အသစ် အစဉ်မပြတ် ဆက်စပ်၍ ဖြစ်ပေါ်နေမှုကြောင့်ပင် ဖြစ်ပါသည်။

ဤသို့ အသစ်အသစ် ဖြစ်ပေါ်၍ နေရခြင်းမှာလည်း အကြောင်းတရားတို့၏ အသစ်တဖန် ထပ်မံ၍ ထောက်ပံ့နေမှုကြောင့်ပင် ဖြစ်ပါသည်။

အကယ်၍ အကြောင်းတရားတို့သည် အသစ်တဖန် ထောက်ပံ့မှုမရှိဘဲ ချုပ်ငြိမ်း၍ သွားသည်ရှိသော အကျိုးတရားဖြစ်သော သဘောတရားသည်လည်း လုံးဝ မရှိနိုင်တော့ပါ။ ချုပ်ငြိမ်း၍ သွားရပေမည်။

အကြောင်းတရားသည် အသစ်အသစ် ထောက်ပံ့နေမှုကြောင့်သာလျှင် အကျိုးတရားဖြစ်သော သဘောတရားသည် အသစ်အသစ်ဖြစ်ပေါ်၍ နေရပါသည်။

ထိုသို့ အသစ်အသစ် ဖြစ်ပေါ်နေသော သဘောတရားသည်ပင်လျှင် ထင်ရှားရှိဆဲဖြစ်ခြင်းကြောင့် ထို “ရှိဆဲသဘောတရားသည်ဖြစ်ဆဲ” ဟုမှတ်ရပေမည်။

နှာသီးဖျားတွင် အာရုံစူးစိုက်၍ ရှုကြည့်သောခဏ၌၊

က။ နှာသီးဖျားကို တိုးခတ်၍တိုးခတ်၍ သွားသော လေသဘောတရားသည် ထင်ရှားရှိပါသည်။

ခ။ ထိုထင်ရှားရှိဆဲဖြစ်သော လေသဘောတရားသည် ဖြစ်ဆဲသဘောတရားပင် ဖြစ်ပါသည်။

အကယ်၍ ဤလေသဘောတရားသည် ဖြစ်ဆဲ အခိုက်အတန့် မဟုတ်ခဲ့ပါလျှင် (ဝါ) အသစ်အသစ် ဖြစ်ပေါ်မှု မရှိခဲ့ပါလျှင် နှာသီးဖျား၌ တိုးခတ်မှု လေသဘောတရားသည်လည်း ရှိနိုင်တော့မည် မဟုတ်တော့ပါ။ ထိုလေသဘောတရားသည် အသစ်အသစ်ဖြစ်နေခြင်းကြောင့်သာလျှင် ထင်ရှားရှိ၍ရှိ၍ နေခြင်း ဖြစ်ပါသည်။

ထို့ကြောင့် လေသဘောတရား၏ အသစ်အသစ် ဖြစ်ပေါ်နေမှုအဖြစ်စွန်းကို ဉာဏ်ပညာဖြင့် ထိုးထွင်း၍ ကြည့်မှသာလျှင် ကောင်းစွာ သိမြင်နိုင်ပေသည်။

ဤသို့ ထိုးထွင်း၍ သိမြင်လာသည်ရှိသော အာရုံပြုဆဲဖြစ်သော ပစ္စုပ္ပန်ခဏ၌၊

“ရှိဆဲလေသဘောတရားသည် ဖြစ်ဆဲ” ဟူသော သဘာဝဓမ္မ၏မူကို ကောင်းစွာ ယုံကြည်၍ လာရပေသည်။

ထိုကြောင့် ယင်း လေသဘောတရား၏ အသစ်အသစ် ဖြစ်ပေါ်နေသော အဖြစ်သဘောကို ဉာဏ်၌ ပိုင်းခြားစွာ ထင်မြင်၍ လာနိုင်စေရန် အရှုခံဖြစ်သော လေသဘောတရားအပေါ်၌ ထင်သောသတိ တည်ကြည်သောသမာဓိ တို့ကို ဖြစ်စေလျက်။

ဤလေ -

အခုဖြစ်တဲ့လေ၊ အခုဖြစ်တဲ့လေ ဟု ပွားများအားထုတ်ပါ။

ထိုနည်းတူစွာပင်

အာရုံစူးစိုက်၍ ရှုကြည့်သော အခိုက်အတန့်၌

က။ ပြုလိုမှုစိတ်သဘောတရားသည် ထင်ရှားရှိပါသည်။

ခ။ ထိုထင်ရှားရှိဆဲစိတ်သည် ဖြစ်ဆဲစိတ်ပင် ဖြစ်ပါသည်။

အကယ်၍ ထိုစိတ်သည် ဖြစ်ဆဲအခိုက်အတန့်မဟုတ်ခဲ့ပါလျှင် (ဝါ) အသစ်အသစ် ဖြစ်ပေါ်မှုမရှိခဲ့ပါလျှင် ထိုစိတ်သည် ချုပ်ငြိမ်း၍ သွားရပေမည်။ အသစ်တဖန် ဖြစ်ပေါ်၍နေခြင်းကြောင့်သာလျှင် ထိုစိတ်သည် ထင်ရှား ရှိ၍ရှိ၍ နေရပါသည်။

ထို့ကြောင့် ပြုလိုမှုစိတ်သဘောတရား၏ အသစ်အသစ် ဖြစ်ပေါ်နေမှု အဖြစ်စွန်းသည် ဉာဏ်ပညာဖြင့် ဆင်ခြင်၍ ကြည့်မှသာလျှင် ထင်ထင်ရှားရှား သိမြင်နိုင်ပေသည်။

ဤသို့ အဖြစ်စွန်းကို ဉာဏ်ပညာဖြင့် ထိုးထွင်း သိမြင်၍ လာမှသာလျှင် အာရုံပြုဆဲဖြစ်သော ပစ္စုပ္ပန်ခဏ၌၊ “ရှိဆဲစိတ်သဘောတရားသည်ဖြစ်ဆဲ” ဟူသော အဖြစ်စွန်းအပေါ်၌ စွဲမြဲစွာ ယုံကြည်၍ လာပေလိမ့်မည်။

ဤသို့လျှင်

၁။ ဖြစ်ဆဲဖြစ်သော သဘောတရားကို၎င်း၊

၂။ ထိုသဘောတရား၏ ဖြစ်ခြင်းအကြောင်းတရားကို၎င်း၊

ယင်းအင်္ဂါနှစ်ပါးတို့ကို ပိုင်နိုင်စွာ သိရှိနားလည်ထားရပေမည်။ သို့မှသာလျှင် သဘောတရားတို့၏ ဖြစ်ပျက်ကို ပွားများအားထုတ်ရာတွင် ယုံမှားသံသယကင်းရှင်းစွာဖြင့် ဉာဏ်က လက်ခံနိုင်ပါလိမ့်မည်။

မျက်စိအမြင် ဆိုသည်ကား ဌီခဏ ဌီခဏ ရောက်ဆဲကိုသာ မြင်ပါသည်။ ပျက်မှုအစွန်း ဖြစ်မှုအစွန်းတို့ကို မြင်ရိုးမရှိပါ။ အစွန်းနှစ်ခုတို့၏ အကြား အာကာသပရိစ္ဆေဒကိုလည်း မြင်ရိုးမဟုတ်ပေ၊ အဟောင်းအသစ် ဌီအချင်းချင်းဖြင့်သာ စပ်ဆက်၍မြင်ပါသည်။

သဘောတရားတို့၏ ဖြစ်မှု ပျက်မှုတို့ကို ဉာဏ်ပညာဖြင့် ထိုးထွင်း သိမြင်၍နေခြင်းသည်သာလျှင် အနိစ္စလက္ခဏာကို သိမြင်ခြင်းဖြစ်သဖြင့် ဉာဏ်တွေ့ ဉာဏ်မြင် ဖြစ်ပါသည်။

ယင်းဉာဏ်သည်ပင် အားကြီးသော ထူးသောဉာဏ်ဖြင့် သိမြင်သော ဗလဝဝိပဿနာဉာဏ်ကိုလည်း ဖြစ်ပေါ်စေနိုင်ပါသည်။

ဤဗလဝဝိပဿနာဉာဏ်သည် မဂ်ဉာဏ် ဖိုလ်ဉာဏ်များကို ရရှိစေနိုင်ပါသည်။

ရုပ်နာမ် ခန္ဓာတို့၏ ဖြစ်မှု ပျက်မှု သဘောတို့ကို ထင်ထင်ရှားရှား သိမြင်နိုင်သော သမုတိအနိစ္စ ဆိုသည်မှာ -

ရှုဆဲခဏ၌ ထွက်လေ ဖြစ်ပြီးလျှင်၊ ရှုမှုပြီးဆုံးသောအခါ၌ ထွက်လေမရှိတော့သဖြင့် အနိစ္စ ဟူ၍၎င်း။

ရှိုက်ဆဲခဏ၌ ဝင်လေဖြစ်ပြီးလျှင်၊ ရှိုက်မှုပြီးဆုံးသောအခါ၌ ဝင်လေမရှိတော့သဖြင့် ပျက်ပြီ ဟူ၍၎င်း။

ရှုဆဲခဏ၌ ရှုမှုကိုသိသော စိတ်ဖြစ်၍၊ ရှုမှုပြီးဆုံးသောအခါ၌ ထိုသိစိတ်သည်လည်း မရှိတော့သဖြင့် အနိစ္စ ဟူ၍၎င်း။

ရှိုက်ဆဲခဏ၌ ရှိုက်မှုကိုသိသော စိတ်ဖြစ်ပေါ်၍၊ ရှိုက်မှုပြီးဆုံးသောအခါ၌ ထိုသိစိတ်သည်လည်း မရှိတော့သဖြင့် ထိုစိတ်သည် မမြဲပါတကား ဟူ၍၎င်း။

မြင်သိစိတ်သည် (ကြားသိစိတ် ဖြစ်သော အခိုက်အတန့်၌) ထိုမြင်သိစိတ်မရှိတော့သဖြင့် အနိစ္စ ဟူ၍၎င်း။

ဒုက္ခဝေဒနာဖြစ်ဆဲ၌ ဒုက္ခဝေဒနာဖြစ်သည်ကို သိ၍၊ ထိုဒုက္ခဝေဒနာ ချုပ်ငြိမ်းသောအခါ၌ ထို ဒုက္ခဝေဒနာ မရှိတော့သဖြင့် ထိုဝေဒနာသည် မမြဲဟုသိသော အသိအမြင်မျိုးသည် ထင်ထင်ရှားရှား ကိုယ်တွေ့ လက်တွေ့ သိမြင်ရသော အသိအမြင်မျိုးပင် ဖြစ်ပါသည်။

ဤအသိအမြင်မျိုးသည် ထင်ရှားလွန်းအားကြီးသောကြောင့် ဉာဏ်ပညာနှင့် ယှဉ်၍ သိနေစရာမလိုပါ။

ရုပ်နာမ် ခန္ဓာက ဖြစ်ပြ၍ ဖြစ်မှန်းသိ။ ခန္ဓာက ပျက်ပြ၍ ပျက်မှန်းသိသော လူတိုင်း လူတိုင်း ထင်လွယ် မြင်လွယ်သော အသိအမြင်မျိုးပင် ဖြစ်ပါသည်။ ၎င်းကို သမုတိအနိစ္စ ဟူ၍ခေါ်ဆိုပါသည်။

ယင်း သမုတိအနိစ္စ ကို သိမြင်သော ဉာဏ်မှ လွန်မြောက်စေ၍ ပစ္စုပ္ပန်ခဏ၌ ထင်ရှားရှိဆဲ ဖြစ်သော သဘောတရား၏ မမြဲသော အနိစ္စသဘောကို မမြဲသည့်အတိုင်း ဉာဏ်၌ သိကြောင်း မှတ်ကြောင်း လက္ခဏာ အားဖြင့် ထင်မြင်လာအောင် ပွားများ အားထုတ်ရပေမည်။

ပွားများအားထုတ်ရန်နည်းမှာ -

ဝင်လေ ထွက်လေ တည်းဟူသော အမှတ်သညာ ပညတ်များကို ဖယ်ရှား၍ အာရုံပြုဆဲဖြစ်သော ပစ္စုပ္ပန်ခဏ၌ ထင်ရှား ရှိဆဲ ဖြစ်သော လေသဘောတရား အပေါ်တွင် ထိုလေဓာတ် သဘောတရား သက်သက်ကို သာလျှင် အာရုံပြု၍ ဝိပဿနာ ပွားများ အားထုတ်ရပေမည်။

စိတ်သဘောတရား အပေါ်၌လည်း မြင်သိစိတ်၊ ကြားသိစိတ်၊ နံသိစိတ်၊ ပြုလိုသောစိတ် တည်းဟူသော အမည်နာမ ပညတ်တို့ကို ဖယ်ရှား၍ အာရုံပြုဆဲ ဖြစ်သော ပစ္စုပ္ပန်ခဏ၌ အကြင်အကြင် စိတ်သဘောတရားသည် ထင်ရှား ရှိဆဲ ဖြစ်ပါသည်။

ထိုထင်ရှားရှိဆဲ ဖြစ်သော စိတ်ဓာတ်အပေါ်၌၊ ထိုစိတ်ဓာတ်သဘာဝသက်သက်ကို သာလျှင် အာရုံပြု၍ အနိစ္စလက္ခဏာကို ဉာဏ်၌ ထင်မြင်လာအောင် ဝိပဿနာ ရှုပွားရပေမည်။

အနိစ္စလက္ခဏာကို ထင်မြင်လာအောင် ရှုပွားရာတွင် လိုအပ်သော အဓိက အချက်ကြီး နှစ်ချက်အပေါ် မူတည်၍ အကျဉ်းချုပ်အားဖြင့် ဖော်ပြလိုပါသည်။

(က) လေသဘောတရားသည်၎င်း၊ စိတ်သဘောတရားသည်၎င်း၊ အရှုခံဖြစ်သော တခုခုသော သဘောတရားသည် အာရုံပြုဆဲ ခဏ၌ ထင်ရှားရှိ၏။ ထို ထင်ရှားရှိဆဲဖြစ်သော အရှုခံသဘောတရားကို ထင်ရှားရှိသည့်အတိုင်း ပထမဦးစွာ ဉာဏ်ပညာဖြင့် သိမြင်ရပေမည်။

(ခ) ၎င်းနောက် ဒုတိယအဆင့်အနေအားဖြင့် ထိုထင်ရှားရှိဆဲသဘောတရားသည် ဖြစ်ဆဲ ဟူသော အချက်ကို ဉာဏ်ပညာဖြင့် ထိုးထွင်း သိမြင်ရပေမည်။

ဤနေရာ၌ ထို ထင်ရှားရှိသောသဘောတရားသည် ဖြစ်ဆဲ ဟူသော သဘာဝဓမ္မ၏ မူသေတွက်ကိန်းကို မိမိတို့၏ ဉာဏ်၌ ယုံယုံကြည်ကြည် စွဲစွဲမြဲမြဲ ထင်မြင်လာနိုင်ကြစေရန် ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်း၌ ပြဆိုခဲ့ပြီးဖြစ်သော သဘောတရားတို့၏ ဖြစ်ခြင်း အကြောင်းတရား တို့ကို ပိုင်ပိုင်နိုင်နိုင် သိမြင်ထားရပေမည်။

ဤသို့ သိမြင်ထားပြီးမှသာလျှင် ရှိဆဲသဘောတရားသည်ဖြစ်ဆဲ ဟူသော သဘာဝဓမ္မ၏ မူကို မိမိတို့၏ ဉာဏ်က လက်ခံပေလိမ့်မည်။

ထို့ကြောင့် အဖြစ်သဘောကို ပိုင်ပိုင်နိုင်နိုင် ထင်မြင်နိုင်ကြစေရန် အထက်၌ ပြဆိုခဲ့ပြီးသည့်အတိုင်း ပွားများအားထုတ် ရပေမည်။

ဤသို့ အဖြစ်သဘောကို ပိုင်နိုင်စွာ ထင်မြင်လာသည့်နောက်တွင် အပျက်စွန်းသည် ဉာဏ်၌ ထင်မြင်၍ လာရပေသည်။

ထို့ကြောင့်

ထင်ရှားရှိဆဲ လေဓာတ်အပေါ်၍ ဤလေဓာတ်သည် အခု ဖြစ်တဲ့လေ ဟု မှတ်ယူ ပွားများ အားထုတ်ရပေမည်။

ထိုနည်းတူစွာပင်

ထင်ရှားရှိသော စိတ်ဓာတ် အပေါ်၌ ဤစိတ်ဓာတ်သည် အခုဖြစ်တဲ့စိတ် ဟု မိမိတို့၏ ဉာဏ်၌ အဖြစ်သဘောကို ပိုင်နိုင်စွာ ထင်မြင်လာသည့်တိုက်အောင် အကြိမ်ကြိမ် အဖန်ဖန် ပွားများအားထုတ်ဖို့လိုပေသည်။

ဤသို့ ပစ္စုပ္ပန်တည့်တည့် ထင်ရှားရှိဆဲ အခိုက်အတန့်၌ ထင်ရှားရှိသော သဘာဝဓမ္မ၏ ဖြစ်မှု+ပျက်မှု တို့ကို ထင်မြင်၍ လာသည်ရှိသော် အတိတ်နှင့် အနာဂတ်ကာလတွင်ရှိသော သဘောတရားတို့ အပေါ်၌ အနုမာနအားဖြင့် မှန်းဆ၍ သိမြင်လာရပေသည်။

ဝိပဿနာရှုပွားရာတွင် ပညတ်အာရုံများ ရောယှက်နေခဲ့လျှင် မဂ်ဉာဏ် ဖိုလ်ဉာဏ်များကို မရရှိနိုင်ပါ၊ ရုပ်ဓာတ် နာမ်ဓာတ်တို့ အပေါ်၌ အမှုံအမွှား စသည်ဖြင့် ထင်မြင်နေမှုသည်၎င်း၊ တရိပ်ရိပ်တငွေ့ငွေ့ တလှုပ်လှုပ်တရွရွ တဖွဲဖွဲ တဖွားဖွား အားဖြင့် ရုပ်ဓာတ် နာမ်ဓာတ် တို့၏ ဖြစ်ပျက်ကို ထင်မြင်နေမှုသည်၎င်း၊ ဤကဲ့သို့သော ထင်မြင်၍ နေမှုအားလုံးတို့သည် ပညတ်အာရုံများသာလျှင် ဖြစ်ကြပါသည်။

ရုပ်ဓာတ် နာမ်ဓာတ် သဘောတရားတို့သည် တရိပ်ရိပ် တငွေ့ငွေ့ တဖွဲဖွဲ တဖွားဖွား စသည်ဖြင့် ချုပ်ဆုံးကွယ်ပျောက်၍ နေခြင်းမဟုတ်ပါ။ ဖြစ်ပြီးလျှင် ချုပ်ဆုံး ကွယ်ပျောက်၍ သွားခြင်းသာ ဖြစ်ပါသည်။

အသံကို ကြားဆဲ အခိုက်အတန့်တွင် နားအကြည်ဓာတ်၌ ပေါ်လာသမျှကုန်သော စည်သံ သီချင်းသံ အစရှိသော အလုံးစုံကုန်သော အသံဓာတ်သည် ဖြစ်ပြီးလျှင် ခဏခြင်း ချုပ်ဆုံးကွယ်ပျောက်၍ သွားခြင်းပင် ဖြစ်ပါသည်။

အသံဓာတ်၏ ချုပ်ဆုံး ကွယ်ပျောက်မှု၌ ပညတ်အာရုံများ ကင်းစင်သော ဉာဏ်အမြင်ဖြင့် မြင်ဘိသကဲ့သို့ အလုံးစုံသော သဘောတရား တို့၏ ချုပ်ဆုံးကွယ်ပျောက်မှု အပေါ်၌လည်း ဉာဏ်အမြင် စင်ကြယ်စေရန် အရေးကြီးဆုံးပင် ဖြစ်ပါသည်။

ဤအချက်အလက်နှင့် ပတ်သက်၍ လယ်တီဆရာတော်ဘုရား၏ ဒီပနီများမှ ကောက်နှုတ်ချက်များကို ဖော်ပြပါမည်။

ဝိဇ္ဇာ မဂ္ဂဒီပနီ စာမျက်နှာ (၃၈) -

အဟောင်း ကွယ်ပျောက်မှု အသစ်ပေါ်မှု အတွက် တသသ တသိမ့်သိမ့် ထင်ရလေသည်။ ပရမတ္တဓမ္မ တို့၏ မျက်စိဖြင့် မြင်ကောင်းလောက်အောင် လှုပ်ရှားသော တရားဟူ၍ တခုမျှမရှိ၊ တသိမ့်သိမ့် တအိမ့်အိမ့် တလှုပ်လှုပ် တယှက်ယှက် ထင်သမျှ၌ ပညတ်မှု ထွေးယှက်ကို ပြဆိုသောစကားစုတည်း။

ဘာဝနာဒီပနီ စာမျက်နှာ (၃၇) -

ဘဏ္ဍာနနိမိတ်မည်သည် အဏုမြူမှုအထည် ဝတ္ထုဒြပ်သဏ္ဍာန် ထင်မြင်လာလျှင် သဏ္ဍာန်နိမိတ်ကြီးပင်တည်း။

သန္တတိနိမိတ်မည်သည်ကား = ဤဝတ္ထုသည် တမိနစ် တည်နေ၏။ တနာရီတည်နေ၏။ ဟုထင်မြင်လာလျှင် သန္တတိနိမိတ်ကြီးပင်တည်း။

ဘာဝနာဒီပနီ စာမျက်နှာ (၅၀) –

သဏ္ဍာနနိမိတ် သန္တတိနိမိတ်တို့ကို ဉာဏ်နှင့်ဖယ်ရှား၍ ခက်မာမှု ဟူသော ပထဝီကာယကြီးကို ဉာဏ်စိုက်မိအောင်စိုက်လေ။

အဟာရဒီပနီ စာမျက်နှာ (၁၅) –

ပရမတ္တဓမ္မမည်သည် ဆံခြည်ကို အစိတ်တရာစိတ်၍ တစိတ်စာမျှ လှုပ်သည်။ ကြွသည်။ ရွသည် ဟူ၍ မရှိ။

လက္ခဏဒီပနီ စာမျက်နှာ (၇၅) –

ဤမဟာဘုတ်တို့သည် အထည်ဒြပ်ဟူ၍ အဏုမြူမျှမရှိကြကုန်ဟူသောအချက်၊ အနှစ်သာရ မရှိကြကုန်၍ တခဏခြင်း ယိုယွင်း ပျက်ပြားနိုင်ကြကုန်၏ဟူသောအချက်၊ ဤအချက်များသည် နက်နဲလှ၏။ အတတ်ဒိဌမြင်ခဲလှ၏။ ဤနှစ်ချက်ကို အတတ်ဒိဌ သိမြင်နိုင်မှလည်း နက်နဲသော အနိစ္စသဘော၊ နက်နဲသော ဒုက္ခသဘော၊ နက်နဲသော အနတ္တသဘောများကို မြင်နိုင်မည်ဖြစ်ပေသည်။

ဤနှစ်ချက်ကို အတတ်ဒိဌမမြင်နိုင်ခဲ့လျှင် အတုအပအနိစ္စ အတုအပဒုက္ခ အတုအပအနတ္တနှင့် တဘဝပြီးရကုန်ပေမည်။

သို့ဖြစ်၍ ဝိပဿနာ ရှုပွားရာ၌ အောက်တွင် ဖော်ပြထားသောပညတ်များကို အာရုံမပြုမိစေရန် အရေးကြီးလှပေသည်။

(၁) ဘုရား၊ ရဟန္တာ၊ အရိယာ အရှင်သူမြတ်တို့သည် တရားဟောပြောမှု၌ လွယ်ကူစွာ နားလည် သဘောပေါက်စေရန် သဘောတရားအပေါ်၌ သဘောတရားဟူ၍ ခန္ဓာအာယတန ဓာတ် ပဋိစ္စသမုပ္ပါဒ် နာမ် ရုပ် ပရမတ္တ ပရမတ္တသစ္စာ ဟူ၍ စသည်ဖြင့် ခေါ်ဝေါ် သုံးစွဲတော်မူကြသော ဝိဇ္ဇာမနပညတ်သည်၎င်း။

(၂) ၎င်းသဘောတရား အပေါ်၌ ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ ဟူ၍ ခေါ်ဝေါ်သုံးစွဲမှု အဝိဇ္ဇာမာနပညတ်သည်၎င်း။

(၃) ၎င်းသဘောတရား အပေါ်၌ ပုဂ္ဂိုလ်ဟူ၍ စွဲယူမှု ပုဂ္ဂလပညတ်သည်၎င်း။

(၄) ၎င်းသဘောတရား အပေါ်၌ အစိုင်အခဲ ထင်မှတ်မှု ဃနပညတ်သည်၎င်း။

(၅) ၎င်းသဘောတရား အပေါ်၌ အမှုံအမွှား အလုံးအဝန်း လေးဒေါင့် ရှစ်မြှောင့်ဟု မှတ်ထင်မှု သဏ္ဍာနပညတ် သည်၎င်း။

(၆) ၎င်းသဘောတရားအပေါ်၌ အပေါင်းအစုဟု ထင်မြင်မှု အစုအဝေးဟု ထင်မြင်မှု သမူဟပညတ်သည်၎င်း။

(၇) ၎င်းသဘောတရား အပေါ်၌ ယောက်ျား မိန်းမ လူ နတ် ဗြဟ္မာ ဟူ၍ အမည်နာမတပ်၍ ခေါ်ဝေါ်မှု၊ နာမပညတ်သည်၎င်း။ ဝေါဟာရပညတ်သည်၎င်း။

(၈) ၎င်းသဘောတရား အပေါ်၌ တစ်ပါးနှစ်ပါး စသည်ဖြင့် ရေတွက်မှု အရေအတွက် သင်္ချာပညတ်သည်၎င်း။

(၉) ၎င်းသဘောတရားသည် တမိနစ်တည်နေ၏။ တနာရီတည်နေ၏။ ဟုထင်မှတ်မှု သန္တတိပညတ်သည်၎င်း။

(၁၀) ၎င်းသဘောတရားကိုပင်လျှင် အသက်လိပ်ပြာ ဇီဝ ဟု မှတ်ထင်မှု ဇီဝပညတ်သည်၎င်း။

အထက်ပါ အားလုံးတို့သည် ပညတ်များသာလျှင် ဖြစ်ကြပါသည်။ ၎င်း ပညတ်များမှ ကင်းစင်စေရန် အားထုတ်နည်းမှာ -

(၁) အတိတ်ကာလ၌ ဖြစ်ပြီးခဲ့သော (လေ) သဘောတရားသည် အတိတ်ကာလ၌ပင်လျှင် ဖြစ်ပြီး ပျက်ခဲ့၏။

အတိတ်ကာလ၌ ဖြစ်ခဲ့ပြီး ဖြစ်သော (စိတ်) သဘောတရားသည် အတိတ်ကာလ၌ပင်လျှင် ဖြစ်ပြီး ပျက်ခဲ့ပြီ။

(၂) အနာဂါတ်ကာလ၌ ဖြစ်လတ္တံ့သော (လေ) သဘောတရားသည် အနာဂါတ်ကာလ၌ပင်လျှင် ဖြစ်လတ္တံ့ ပျက်လတ္တံ့။

အနာဂါတ်ကာလ၌ ဖြစ်လတ္တံ့သော (စိတ်) သဘောတရားသည် အနာဂါတ်ကာလ၌ပင်လျှင် ဖြစ်လတ္တံ့ ပျက်လတ္တံ့။

(၃) ပစ္စုပ္ပန်ဖြစ်ဆဲ (လေ) သဘောတရားသည် အခုဖြစ်၍ အခုပျက်၏။

ပစ္စုပ္ပန်ဖြစ်ဆဲ (စိတ်) သဘောတရားသည် အခုဖြစ်၍ အခုပျက်၏။ ဟူ၍ ဆင်ခြင်ပါ။

ဤသို့ သဘောတရားတို့၏ ဖြစ်မှု ပျက်မှုတို့ကို အတိတ် အနာဂါတ် ပစ္စုပ္ပန် ကာလသုံးပါးတို့၌ အကြိမ်ကြိမ် အဖန်ဖန် ဆင်ခြင်သုံးသပ်သော ဉာဏ်သည် သမ္မသနဉာဏ်မည်ပါသည်။

ယင်းဉာဏ်သည်ပင်လျှင် မဂ်ဟုတ်သည် မဟုတ်သည်၌ ဉာဏ်အမြင် အထူးစင်ကြယ်ခြင်း မဂ္ဂါ မဂ္ဂ ဉာဏဒဿန ဝိသုဒ္ဓိမည်ပါသည်။

ဆက်လက်ဖော်ပြပါမည်။

မှတ်ချက်။ ။ မိုးကုတ်မြို့ သတိပဋ္ဌာန်ကျောင်းဆရာတော်ဦးပဏ္ဍဝ၏တပည့် မိုးကုတ်မြို့၊ မြို့မရပ် ဦးကောင်း ရေးသားသော အာနာပါ ဝိပဿ ဘာဝနာ နှင့် သက္ကာယဒိဋ္ဌိရှုဘွယ် ကျမ်းမှ မှီငြမ်း မှတ်စုထုတ်ပါသည်။


ဉာဏ်ဖြင့်ပိုင်းခြား၍ သိထိုက်သော ပရမတ္တတရားဆိုသည်မှာ - (အပိုင်း ၄)

ဖြစ်မှု ပျက်မှုကို ထင်သောဉာဏ်ဆိုသည်မှာ ဥဒယဗ္ဗယဉာဏ်ကိုခေါ်ပါသည်။ ဥဒယဗ္ဗယဉာဏ်စခန်းတွင် အာရုံပြုဆဲဖြစ်သော ပစ္စုပ္ပန်ခဏ၌ ထင်ရှားရှိဆဲ ဖြစ်သော သဘောတရားကိုသာလျှင် ဝိပဿနာ ရှုပွားရပါတယ်။ ဤသို့ရှုပွားရာတွင် အရှုခံဖြစ်သော လေသဘောတရား (သို့မဟုတ်) စိတ်သဘောတရား တပါးပါးကိုသာလျှင် ဝိပဿနာရှုမည်ဖြစ်ပါသည်။

အရှုခံဖြစ်သော သဘောတရားကို လွှတ်၍ (ဝါ) ထိုသဘောတရားတို့ကို ဉာဏ်၌ မထင်မမြင်နိုင်ပါဘဲလျက်၊ ဖြစ်ပျက် ဖြစ်ပျက် ဟု ရှုနေ၍မရပါ။

အရှုခံဖြစ်သော စိတ်ကို အစဉ်မပြတ် အောက်မေ့မှု သတိ တည်ကြည်သော သမာဓိတို့ဖြင့် ပြည့်စုံသော ဝိပဿနာစိတ်ဖြင့် မမြဲ ဆင်းရဲ အစိုးမရသော သဘောလက္ခဏာများကို အကြိမ်ကြိမ် အဖန်ဖန်အားဖြင့် ကောင်းစွာ ပွားများအားထုတ်အပ်ပါသည်။

အရှုခံဖြစ်သော သဘောတရားအပေါ်၌ ဖြစ်မှု ပျက်မှုကို ဆင်ခြင်ရာတွင် -

(၁) ထိုသဘောတရား၏ ဖြစ်ခြင်း အကြောင်းတရားကို သိရပါမည်။

(၂) ထိုသဘောတရား၏ ဖြစ်တာကို သိရမည်။

(၃) ထိုသဘောတရား၏ ပျက်တာကို သိရမည် ဖြစ်ပါသည်။

ဖြစ်ခြင်းအကြောင်းတရားတို့ကို မသိမမြင်ခဲ့ပါလျှင် ဉာဏ်၌ ယုံမှားကင်းရှင်းစွာဖြင့် အသစ်အသစ် ဖြစ်ပေါ်မှုကို စွဲမြဲစွာ လက်ခံနိုင်လိမ့်မည်မဟုတ်ပါ။

အသစ်အသစ် ဖြစ်ပေါ်မှုကို မထင် မမြင်နိုင်ခဲ့ပါလျှင် ထိုသဘောတရား၏ ချုပ်ဆုံး ကွယ်ပျောက်မှုကိုလည်း မထင်မမြင်နိုင်တော့ပါ။

အကြောင်းတရား၏ အသစ်အသစ် ထောက်ပံ့မှုကြောင့် အကျိုးတရား အသစ်အသစ် ဖြစ်ပေါ်နေခြင်းကို ဉာဏ်ဖြင့် မသိ မမြင်နိုင်ပါဘဲလျက် ဖြစ်ပျက် ဖြစ်ပျက် ဟု ရှုနေခြင်းသည် စိတ်ပညာသဘောတရားအရ မိမိ၏စိတ်ကို မိမိကိုယ်တိုင် ပြန်၍ ညှို့နေခြင်းပင် ဖြစ်ပါသည်။ အကြောင်းမှာမူ ပညာဉာဏ်နှင့် ကင်းခြင်းကြောင့်ပင် ဖြစ်ပါသည်။

ရုပ်ဓာတ် နာမ်ဓာတ် သဘောတရားတို့သည် ယောဂီပုဂ္ဂိုလ်က ဖြစ်ပျက် ဖြစ်ပျက် ဟူ၍ ရှုပွားနေဆဲ အခိုက်အတန့်၌သာလျှင် ဖြစ်ပြီးလျှင် ပျက်၍ ပျက်၍ နေသော သဘောတရားများ မဟုတ်ကြပါ၊ အစဉ်မပြတ် စီးဆင်းနေသော မြစ်ရေအယဉ် ဥပမာကဲ့သို့ ထိုသဘောတရားတို့သည် အကြောင်းတရားတို့၏ အစဉ်မပြတ် ထောက်ပံ့မှုကြောင့် အသစ်အသစ် ဖြစ်ပေါ်၍ နေကြရပါသည်။

ထို ဖြစ်တိုင်း ဖြစ်တိုင်းသော သဘောတရားတို့သည်လည်း ဖြစ်ပြီးလျှင် ခဏခြင်း ခဏခြင်း ချုပ်ဆုံးကွယ်ပျောက်၍ နေကြကုန်သော သဘာဝဓမ္မတို့ပင် ဖြစ်ပါသည်။

အစဉ်မပြတ် ဖြစ်ပျက်နေသော ထိုသဘာဝဓမ္မတို့ အပေါ်၌ သတိ သမာဓိ တို့ကို ဖြစ်စေလျက် ထိုသဘောတရား၏ ဖြစ်မှု ပျက်မှု တို့ကို ဖြစ်တိုင်း ဖြစ်တိုင်း ဉာဏ်၌ သိ၍ သိ၍ နေမှသာလျှင် ဝိပဿနာဉာဏ် ဖြစ်ပေါ်နိုင်ပါသည်။

ထိုသဘောတရားတို့ကို မထင်မြင်နိုင်ပါဘဲလျက် ဖြစ်ပျက် ဖြစ်ပျက် ဟူ၍ ပါးစပ်ကသော်၎င်း၊ စိတ်ထဲမှသော်၎င်း ရွတ်ဆိုနေခြင်းအားဖြင့် ရသင့် ရထိုက်သော အကျိုးကျေးဇူးများကို မရနိုင်ပါ။

နှာသီးဖျား၌ တိုးခတ်မှု လေသဘောတရားသည် အာရုံပြုဆဲဖြစ်သော ပစ္စုပ္ပန်ခဏ၌ ထင်ရှားရှိ၏။ ထို ရှိဆဲ လေသဘောတရားသည် ဖြစ်ဆဲ ပင်တည်း။

ဖြစ်ဆဲဖြစ်သော ထိုလေသဘောတရားသည် ထိုခဏ၌ ထောက်ပံ့ဆဲဖြစ်သော ပြုလိုမှု စိတ်သဘောတရား ကြောင့်သာလျှင် အသစ် အသစ် ဖြစ်နေ၏။

ထောက်ပံ့ဆဲဖြစ်သေ ပြုလိုမှု စိတ်သဘောတရား၏ အသစ်တဖန် ဖြစ်ပေါ်ခြင်း မရှိခဲ့ပါလျှင် ထို တိုးခတ်မှု လေသဘောတရားသည်လည်း မရှိနိုင်တော့ပါ။

စိတ်သဘောတရားသည် အသစ်အသစ် ထောက်ပံ့၍ ထောက်ပံ့၍ နေ့တိုင်း နေ့တိုင်းသော ခဏတို့၌ လေသဘောတရားသည်လည်း အသစ်အသစ် ဖြစ်ပေါ်၍ နေရပါသည်။ ထိုအသစ်အသစ် ဖြစ်တိုင်း ဖြစ်တိုင်းသော လေသဘောတရားသည်လည်း ဖြစ်ပြီးလျှင် ခဏခြင်း ခဏခြင်း ကွယ်ပျောက်၍ ကွယ်ပျောက်၍ နေ၏။

ထို့အတူ အာရုံပြုဆဲဖြစ်သော ပစ္စုပ္ပန်ခဏ၌ ရှုလို ရှိုက်လိုသော (သို့မဟုတ်) ဤအမှုကို ဤလို ပြုလိုသော ပြုလိုမှု စိတ်သဘာဝသည် ထင်ရှားရှိ၏။ ထိုထင်ရှားရှိဆဲ စိတ်သဘောတရားသည်ဖြစ်ဆဲပင်တည်း။

ထိုဖြစ်ဆဲဖြစ်သော စိတ်သဘောတရားသည် ကံကြောင့်သာလျှင် အသစ်အသစ် ဖြစ်နေ၏။ ကံ၏ ထောက်ပံ့မှုကို အသစ်တဖန် မရရှိခဲ့ပါလျှင် ထိုစိတ်သဘာဝသည် ချုပ်ငြိမ်း၍ သွားရပေမည်။

သို့ဖြစ်၍ ပြုလိုမှုစိတ်သဘောတရား၏ အသစ်အသစ်ဖြစ်၍ ဖြစ်၍ နေရခြင်းသည် ကံတည်းဟူသော အကြောင်းတရား ထောက်ပံ့မှုကြောင့်သာလျှင်ဖြစ်ပါသည်။

ထို အသစ်အသစ် ဖြစ်တိုင်း ဖြစ်တိုင်းသော ပြုလိုမှု စိတ်သဘောတရား တို့သည်လည်း ဖြစ်ပြီးလျှင် ခဏခြင်း ခဏခြင်း ချုပ်ပျက်လေသည်။

သို့ဖြစ်၍ ဤ ဥဒယဗ္ဗယဉာဏ်ကို ထင်မြင်လာစေရန် ပွားများအားထုတ်ရမည့်နည်းမှာ အရှုခံတရားများ ဖြစ်ကြကုန်သော -

(၁) လေသဘောတရား အပေါ်၌၎င်း၊

(၂) ပြုလိုမှု စိတ်သဘောတရား အပေါ်၌၎င်း၊

ဝိပဿနာအာရုံယူ၍ ရှုပွားရာတွင် လွယ်ကူမည်ဟု ထင်ရသော သဘောတရား တစ်ခုခုကို အာရုံပြု၍ ထို အရှုခံ သဘောတရား အပေါ်၌၎င်း သဘောတရားကို အစဉ်မပြတ်ထင်သော သတိ၊ ၎င်းသဘောတရား အပေါ်၌ စိတ်ကို တည်ငြိမ်စွာ ထားနိုင်မှု သမာဓိ တို့ကို ဖြစ်စေလျက် -

ထိုသဘောတရား၏ အစဉ်မပြတ် ဖြစ်ပျက်နေသော သဘာဝကို ဉာဏ်ပညာဖြင့် ထိုးထွင်း၍ သိမြင်လာစေရန် -

ဤလေ အခုဖြစ်တဲ့လေ၊ အခုဖြစ်တဲ့လေ၊ ဤစိတ် အခုဖြစ်တဲ့စိတ်၊ အခုဖြစ်တဲ့စိတ် ဟု အသစ်အသစ် ဖြစ်နေသော သဘောတရား၏ ဖြစ်တိုင်း ဖြစ်တိုင်းသော အဖြစ်စွန်းကို ဉာဏ်၌ ထင်မြင်လာအောင် ပွားများအားထုတ်ရပါသည်။

ဤသို့ ပစ္စုပ္ပန်ဖြစ်ဆဲ သဘောတရား၏ အသစ်အသစ် ဖြစ်ပေါ်နေမှုကို အားထုတ်ဖန်များလတ်သော် ဉာဏ်အား ပြည့်ပြီ ဖြစ်သည့်အလျောက် အပျက်စွန်းကို အာရုံပြုလာခြင်းအားဖြင့် ဖြစ်မှုပျက်မှုကို ဉာဏ်၌ ထင်မြင်၍ လာပါသည်။

ထိုခဏ၌ ၎င်းသဘောတရား၏ အသစ်အသစ် ဖြစ်ပေါ်နေမှုကို ဉာဏ်ဖြင့် ထင်ရှားစွာ တွေ့ထိ သိမြင် ရသကဲ့သို့ပင်၊ ၎င်း သဘောတရား၏ ပျက်၍ ပျက်၍ သွားမှုကိုလည်း သတိသမ္ပဇဉ် ဉာဏ်ပညာဖြင့် ထိုးထွင်း၍ ရှုကြည့်ခြင်းအားဖြင့် ထင်ရှားစွာ တွေ့ထိ သိမြင်နိုင်ပေသည်။

သို့ဖြစ်၍ ဤလေ ဖြစ်ပျက်၊ ဖြစ်ပျက်၊ ဖြစ်ပျက်၊ ဤစိတ် ဖြစ်ပျက်၊ ဖြစ်ပျက်၊ ဖြစ်ပျက် ဟု ပွားများအားထုတ်ပါ။

ဤသို့ သဘောတရား၏ ဖြစ်ပျက်ကို ပွားများ အားထုတ်ရာတွင် အပျက်စွန်းကို မထင်မမြင် နိုင်သေးသည်ရှိသော် သဘောတရား၏ ဖြစ်ခြင်းအကြောင်းတရားကို ပြန်၍ ဆင်ခြင်ရပါသည်။

ဤသို့ ဆင်ခြင်ခြင်းအားဖြင့် အကြောင်းတရား ထောက်ပံ့မှုကြောင့် အသစ်အသစ် ဖြစ်ပေါ်နေမှုကို ဉာဏ်၌ ထင်မြင်၍ လာပေလိမ့်မည်။

အသစ်အသစ်ပေါ်နေမှုကို ထင်မြင်၍လာသည်ရှိသော ထို ဖြစ်တိုင်း ဖြစ်တိုင်းသော သဘောတရား၏ ပျက်၍ ပျက်၍ နေမှုကို ဉာဏ်ဖြင့် ထိုးထွင်း၍ သိမြင်လာပါလိမ့်မည်။

ဤကဲ့သို့ သဘောတရားတို့အပေါ်၌ ထိုသဘောတရားတို့၏ ပျက်မှု ပျက်မှုကို ဉာဏ်၌ သိကြောင်း မှတ်ကြောင်း လက္ခဏာအားဖြင့် သိမြင်ရှုပွား၍နေခြင်းသည် အနိစ္စလက္ခဏာကို ပွားများသည်မည်ပါသည်။

၎င်းသဘောတရားတို့၏ အဖြစ်စွန်+အပျက်စွန်းကို ကောင်းစွာ ထင်မြင်လာသော ဉာဏ်သည် ဥဒယဗ္ဗယဉာဏ် မည်ပါသည်။

၎င်း ဥဒယဗ္ဗယဉာဏ်စခန်း၌ ဝိပဿနာ အန္တရယ်ဆယ်ပါးတွင် တပါးပါးသည် အားထုတ်၍နေသော ယောဂီပုဂ္ဂိုလ်၏သန္တာန်၌ ဖြစ်ပေါ်လာတတ်ပါသည်။

ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာ (မြန်မာပြန်) တတိယတွဲ၌ လာရှိသော ဆယ်ပါးသော ဝိပဿနာ အန္တရာယ်တို့မှာ -

(၁) ဩဘာသ ဟူသည်ကား ဝိပဿနာစိတ်ကြောင့်ဖြစ်သော မိမိသန္တာန်၌ကျသော စိတ္တသမုဋ္ဌာန်ဖြစ်သော ပြိုးပြိုးပျက်ပျက်ထွက်သော အရောင်တည်း။

(၂) ဉာဏ်ဟူသည်ကား၊ ဝိပဿနာဉာဏ်တည်း။

(၃) ပီတိ ဟူသည်ကား၊ ဝိပဿနာစိတ်နှင့် ယှဉ်သော ပီတိတည်း။

(၄) ပဿဒ္ဓိဟူသည်ကား၊ ထိုယောဂီ၏ ကိုယ်စိတ်တို့သည် ငြိမ်းကုန်၏၊ ပေါ့ကုန်၏၊ နူးညံ့ကုန်၏၊ အမှု၌ ခန့်ကုန်၏၊ အလွန် သန့်ရှင်းစင်ကြယ်ကုန်၏။

လူတို့ ခံစားခြင်းငှာ လျောက်ပတ်သော ကာမသုခရတိကို လွန်သည်ဖြစ်၍ အမာနုသီမည်သော မွေ့လျော်ခြင်းကို ခံစားရ၏။

(၅) သုခ ဟူသည်ကား၊ ဝိပဿနာစိတ်နှင့်ယှဉ်သော စေတသိက သုခတည်း။

(၆) အဒိမောက္ခဟူသည်ကား၊ အလွန်သန့်ရှင်းကြည်လင်သော သဒ္ဓါတရားတည်း။

(၇) ပဂ္ဂဟ ဟူသည်ကား၊ ဝီရိယတည်း။

(၈) ဥပဌာန ဟူသည်ကား၊ သတိတည်း။

(၉) ဥပက္ခောဟူသည်ကား၊ သင်္ခါရတို့ကို စီစစ်ခြင်း၌ လျစ်လျူရှုသည်၏ အဖြစ်ဖြင့် တည်သော ဝိပဿနုပေက္ခာ သည်၎င်း၊ မနောဒွါရဝဇ္ဇာန်းနှင့် သမ္ပယုတ်ဖြစ်သော စေတနာဟူသော အာဝဇ္ဇနုပေက္ခာသည်၎င်းတည်း။

(၁၀) နိကန္တိဟူသည်ကား၊ ဝိပဿနာ၌ရှိသော ငဲ့ကွက် တပ်မက်သော နိကန္တိတည်း။

၎င်းဝိပဿနာအန္တရာယ်ဆယ်ပါးတို့တွင် ဩဘာသ (သို့မဟုတ်) ဉာဏ် အစရှိကုန်သော သဘောတရားတို့သည် ပွားများ အားထုတ်နေသော ယောဂီပုဂ္ဂိုလ်တို့၏ စိတ်သန္တာန်၌ ဖြစ်ပေါ်လတ်သော ထိုပုဂ္ဂိုလ်သည် ငါ့အား ဤအခါမှ ရှေး၌ ဤသို့သော ထူးသော သဘောတရားတို့သည် မဖြစ်စဘူး လေစွတကား ဟု အောက်မေ့၍ မိမိကိုယ်၌ အထင်ကြီး မိတတ်ပေသည်။ ဤမျှထူးကဲသော သဘောတရား တို့ကိုလည်း ငါရရှိပေပြီ ဟု တဏှာ မာန ဒိဌိအားဖြင့် စွဲလမ်းတတ်ပေသေးသည်။ ဤသို့ စွဲလမ်းမှု ဖြစ်ပေါ်လာသည်ရှိသော် တရားအားထုတ်မှု ဘာဝနာ ကံ၌ ပေါ့လျော့၍ သွားတတ်ပေသည်။

သို့ဖြစ်၍ ဤ ဉာဏ် စသည်တို့သည် ဝိပဿနာ အာရုံ ဟူသော သင်္ခါရကို အာရုံပြုလျက် ရှိသောကြောင့် မဂ်ဖိုလ်မဟုတ်သေး။ မဂ်ဖိုလ်သည်ကား နိဗ္ဗာန်ကို အာရုံပြုသည်။ ထိုမဂ်ဖိုလ်သို့ ရောက်၍ နိဗ္ဗာန်ကိုရရန် သဘောတရား၏ ဖြစ်မှု ပျက်မှုကို ရှုမြင်သော ဥဒယဗ္ဗယဉာဏ်သည်သာလျှင် နိဗ္ဗာန်ခရီးဖြစ်၏ဟု သိမြင် ယုံကြည်ပြီးလျှင် ထိုဉာဏ် စသည်တို့ကို ထိုဝိပဿနာ ရှုရပေမည်။

ဤသို့ဖြစ်ပေါ်လာသော ထို ဉာဏ် အစရှိကုန်သော သဘောတရားတို့သည် အကြောင်းတရားကို စွဲ၍ ဖြစ်၏၊ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာတည်း ဟူသော အကြောင်းတရား ငါးပါးတို့၏ ညီညွတ်စွာ ထောက်ပံ့နေမှုကြောင့်သာလျှင် ထိုသဘောတရားသည် အသစ်အသစ် ဖြစ်ပေါ်ရ၏။ ဖြစ်ပြီးလျှင်လည်း ခဏခြင်း ခဏခြင်း ချုပ်ပျက်ရလေတော့၏။

ထိုသဘောတရားတို့သည် ငါ၏ဥစ္စာမဟုတ်၊ ငါမဟုတ်၊ ငါ၏ကိုယ်မဟုတ်၊ အကြောင်းတရားကို စွဲ၍ ဖြစ်ပေါ်လာသော အကျိုးတရားမျှပါတကား၊ မမြဲသော သဘောတရားမျှပါတကားဟု ဆင်ခြင်ခြင်းအားဖြင့် ပယ်ရပေမည်။

တနည်းအားဖြင့် -

ဖြစ်ပေါ်လာသော ဝိပဿနာအန္တရာယ် သဘောတရားအပေါ်၌ ပုံပမာ လျစ်လျူရှုမှု ဥပေက္ခာ အပေါ်၌ ယင်း ဥပက္ခော သဘောတရားသည် သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ တည်းဟူသော အကြောင်းတရားတို့၏ အသစ် အသစ် ထောက်ပံ့မှုကြောင့်သာလျှင်ဖြစ်၏။

ထိုအကြောင်းတရားတို့၏ အသစ်အသစ် ထောက်ပံ့တိုင်း ထောက်ပံ့တိုင်းသော ခဏတို့၌ အကျိုးတရားဖြစ်သော ဤ ဥပေက္ခာ သဘောတရားသည် အသစ်အသစ် ဖြစ်ပေါ်နေ၏ဟု အကြောင်းတရားနှင့် အကျိုးတရားတို့ကို ရှေးဦးစွာ သိမြင်လာအောင် ဆင်ခြင်ရပေမည်။

ဤသို့ သိမြင်ပြီးလျှင် ထို အသစ်အသစ် ဖြစ်ပေါ်နေသော ဥပေက္ခာ သဘောတရား အပေါ်၌ သတိ၊ သမာဓိတို့ဖြင့် စူးစိုက်၍ ၎င်း သဘောတရား၏ အသစ်အသစ် ဖြစ်ပေါ်မှု=ဥပါဒ်စွန်းကို ဉာဏ်၌ ထင်မြင်လာသည့်တိုင်အောင် ပွားများ အားထုတ်ရပါမည်။ အဖြစ်စွန်းကို ကောင်းစွာ ထင်မြင်လာသောအခါ၌ ဖြစ်ပြီးလျှင် ခဏခြင်းခဏခြင်း ပျက်၍ပျက်၍ သွားသော အပျက်=ဘင်စွန်းကို ထင်ရှားစွာ သိမြင်လာပါလိမ့်မည်။

ဤကဲ့သို့ ပွားများ အားထုတ်ခြင်းအားဖြင့် ဉာဏ်၌ ထင်ရှားစွာ အဖြစ်စွန်း၊ အပျက်စွန်းကို သိမြင်၍နေလျှင် ၎င်း ဥပေက္ခာ သဘောတရား အပေါ်၌ တဏှာ၊ မာန၊ ဒိဌိအားဖြင့် စွဲလမ်းမှုသည် ကင်းပြတ်၍နေပေလိမ့်မည်။

ဤကဲ့သို့ ထို သဘောတရား အပေါ်၌ သာယာမှု၊ နှစ်သက်မှု၊ စွဲလမ်းမှု ဥပါဒါန်တို့မှ ကင်းပြတ်၍ နေခြင်းသည်ပင်လျှင် ဝိပဿနာအန္တရာယ်ကို ပယ်သည်မည်ပါသည်။

ဖော်ပြခဲ့ပြီးသော သမ္မသနဉာဏ်သည်၎င်း၊ ဤဥဒယဗ္ဗယဉာဏ်သည်၎င်း၊ ယင်းဉာဏ် နှစ်ပါးသည် ပရိညာသုံးပါးတွင် ဒုတိယဖြစ်သော တီရဏပရိညာမည်ပါသည်။

ဆက်လက်ဖော်ပြပါမည်။

မှတ်ချက်။ ။ မိုးကုတ်မြို့ သတိပဋ္ဌာန်ကျောင်းဆရာတော်ဦးပဏ္ဍဝ၏တပည့် မိုးကုတ်မြို့၊ မြို့မရပ် ဦးကောင်း ရေးသားသော အာနာပါ ဝိပဿ ဘာဝနာ နှင့် သက္ကာယဒိဋ္ဌိရှုဘွယ် ကျမ်းမှ မှီငြမ်း မှတ်စုထုတ် ပါသည်။


ဉာဏ်ဖြင့်ပိုင်းခြား၍ သိထိုက်သော ပရမတ္တတရားဆိုသည်မှာ - (အပိုင်း ၅)

ဥဒယဗ္ဗယဉာဏ်စခန်းမှစ၍ ဖြစ်သော ဝိပဿနာ ဉာဏ်စဉ်တို့သည် ဉာဏ်စခန်းတစ်ခုတွင် ဝိပဿနာဉာဏ်၏ ထင်မြင်မှု ပိုင်နိုင်မှု အင်အားသည် မပြည့်ဝသေးသည်ရှိသော် တခြားတပါးဖြစ်သော အထက်ဉာဏ်သို့ ကူးပြောင်း၍ သွားရမြဲဓမ္မတာ မဟုတ်ပါ။

ဥဒယဗ္ဗယဉာဏ်ကို မပိုင်သေးသော ပုဂ္ဂိုလ်သည် ဘင်္ဂဉာဏ် ဘယဉာဏ်တို့ကို ရှုပွား၍ မရပါ၊ အကယ်၍ ရှုပွားနေခဲ့ပါလျှင် ထိုပုဂ္ဂိုလ်သည် မိမိ၏စိတ်ကို မိမိကိုယ်တိုင် ပြန်၍ ညို့နေခြင်းပင် ဖြစ်ပါသည်။ ဤကဲ့သို့ မဖြစ်စေရန် သတိထားအပ်လှပါသည်။

ဥဒယဗ္ဗယဉာဏ်တွင် ဉာဏ်အမြင် စင်ကြယ်ပြီးသော လမ်းမှန်သို့ ရောက်ပြီးသော ပုဂ္ဂိုလ်အား လေ့လာပွားများ အားထုတ်သည်နှင့်အမျှပင် အထက်ဉာဏ်စဉ်တို့သည် အစဉ်အတိုင်း သဘာဝဓမ္မနှင့်လျော်ညီစွာ ဖြစ်ပေါ်၍ လာရပါသည်။

ဘက်ထရီအိုးကို လျှပ်စစ်ဓာတ်အားဖြည့်တင်းနေစဉ် လျှပ်စစ်ဓာတ်အားဝင်၍ အားပြည့်လာသည်နှင့်အမျှပင် ဒိုင်ခွက်တွင်ရှိသော လက်တန်သည် ဂဏန်းကွက် တစ်ခုမှတစ်ခုသို့ ကူးပြောင်း၍ လာရသကဲ့သို့ပင် သဘောတရား၏ ဖြစ်မှု ပျက်မှုကို ကောင်းစွာ လေ့လာပွားများ အားထုတ်ခြင်းအားဖြင့် ဥဒယဗ္ဗယဉာဏ်ကို ပိုင်ပြီးသောပုဂ္ဂိုလ်သည် ထိုသဘောတရား၏ အဖြစ်စွန်းကိုလွှတ်၍ အပျက်စွန်း သက်သက်ကိုသာလျှင် ဉာဏ်၌ ထင်မြင်၍ လာရပါသည်။

အစဉ်မပြတ် ပျက်၍ပျက်၍ နေသော သဘောတရား၏ ပျက်နေမှုတို့ကိုလည်း ပျက်တိုင်း ပျက်တိုင်းသော ခဏတို့၌ ဉာဏ်ဖြင့် သိ၍သိ၍ နေပေလိမ့်မည်။

ပျက်တိုင် ပျက်တိုင်း ဉာဏ်ဖြင့် သိ၍သိ၍နေခြင်း ဆိုသည်မှာ ရုပ် နာမ် သင်္ခါရတရား တို့၏ ဖြစ်မှု ပျက်မှုသည် အလွန် လျှင်မြန်လှပါသည်။ ထိုလျှင်မြန်စွာ ဖြစ်ပျက်နေသော ရုပ် နာမ် တို့၏ ဖြစ်မှု ပျက်မှုတို့ကို ဖြစ်တိုင်း ပျက်တိုင်း ဉာဏ်ဖြင့် မှီအောင် လိုက်၍ မသိမမြင်နိုင်ပါ။

အားထုတ်စပုဂ္ဂိုလ်တိုက်၏ အဖို့မှာမူ ပညတ်အာရုံဖြင့် တင်စား၍ ပြောဆိုရမည်ဆိုလျှင် ရှုစ မှ ရှုဆုံး အထိ ၎င်းအချိန်ကာလအတွင်း၌ ပျက်၍ ပျက်၍ သွားနေမှုတို့ကို အနည်းဆုံး သုံးကြိမ်လောက် ထင်မြင်လာအောင် အားထုတ်ရန် လိုအပ်ပါသည်။

ဉာဏ်အမြင် ရင့်သန်လာလျှင် ရင့်သန်လာသည်နှင့် အမျှပင် ပညတ်အာရုံများ ကင်းစင်လွင့်ပျောက်၍ ဖြစ်မှု ပျက်မှု တို့ကို အနုစိတ်ပြီး ထင်မြင်လာပါလိမ့်မည်။

သို့ဖြစ်၍ ဤဘင်္ဂဉာဏ်ကို ထင်မြင်လာအောင် အားထုတ်ရမည့်နည်းမှာ -

ပစ္စုပ္ပန် ခဏ၌ ဖြစ်ဆဲ ဖြစ်သော လေသဘောတရား (သို့မဟုတ်) ပြုလိုမှု စိတ်သဘောတရား အပေါ်၌ အစဉ်မပြတ် ထင်သော သတိ၊ စိတ်၏တည်ငြိမ်မှု သမာဓိ တို့ကို ဖြစ်စေလျက် -

ထိုသဘောတရားတို့ကို -

ဤလေသဘော ပျက်ပြီ၊ ပျက်ပြီ၊ ပျက်ပြီ။

ဤစိတ်သဘော ပျက်ပြီ၊ ပျက်ပြီ၊ ပျက်ပြီ ဟု ပွားများအားထုတ်ပါ။

သဘောတရား၏ အစဉ်မပြတ် ပျက်၍ ပျက်၍ နေသည်ကို ဉာဏ်ဖြင့် မထင်မမြင်နိုင်ပါဘဲလျက် စိတ်ထဲမှသော်၎င်း၊ ပါးစပ်မှသော်၎င်း၊ ပျက်ပြီ ပျက်ပြီ ဟု ရွတ်ဆိုနေခြင်းအားဖြင့် ဝိပဿနာဉာဏ်အဖြစ်ပေါ်နိုင်ပါ။

ဤကဲ့သို ဘင်္ဂါနုပဿနာကို ပွားများအားထုတ်နေဆဲ အခိုက်အတန့်တွင် အရှုခံဖြစ်သော သဘောတရား အပေါ်၌ အပျက် ဘင်္ဂစွန်းကိုသာလျှင် သိ၍သိ၍ နေသော ဉာဏ်သည် ထင်ရှားရှိပါသည်။ ထိုဉာဏ်သည် မောဟ ကင်းစင်သော အမောဟ တရားပင်ဖြစ်ပါသည်။

၎င်းအမောဟတရားကိုလည်း ဝိပဿနာရှုပွားရပေမည်။ သတိ သမာဓိ တို့သည် ကောင်းစွာ ဖြစ်ပေါ်နေသော အခိုက်အတန့်တွင် ထို အမောဟ တည်းဟူသော ဝိပဿနာဉာဏ်၏ ပျက်၍ ပျက်၍ နေမှု တို့ကို ရှုပွားနေခြင်းအားဖြင့် ထိုဉာဏ်၏ အပျက်သဘောသည် ထင်မြင်၍ လာပေလိမ့်မည်။

သို့မှသာလျှင် -

သဗ္ဗေ သင်္ခါရာ အနိစ္စာ။

သဗ္ဗေ၊ အလုံးစုံသော၊ သင်္ခါရာ၊ အကြောင်းတရား တို့၏ ပြုပြင်စီရင်မှုကြောင့်ဖြစ်သော သင်္ခါရတရားတို့သည်၊ အနိစ္စာ၊ မြဲခြင်းသဘောမရှိကုန် ဟူသော ပါဠိတော်နှင့် ကိုက်ညီပေမည်။

ဝိပဿနာဉာဏ်ဖြစ်သော ထို အမောဟ သဘောတရား ၏ ဖြစ်မှု ပျက်မှုကို ထပ်လောင်း၍ ဝိပဿနာဉာဏ်ဖြင့် မရှုပွားမိခြင်းကြောင့်ပင် ထိုပုဂ္ဂိုလ်၏ဉာဏ်၌၊ ၎င်း အမောဟ သဘောတရား ၏ ဖြစ်မှု ပျက်မှုကို မမြင်နိုင်ဘဲရှိ၍ နေတတ်ပါသည်။

၎င်း အမောဟတည်း ဟူသော သဘောတရားကိုပင် ထပ်လောင်း၍ ဝိပဿနာရှုရန် မလိုဟူ၍လည်း ထင်မြင်တတ်ပါသည်။

ဤကဲ့သို့မဖြစ်စေရန် -

(၁) အရှုခံဖြစ်သော ရုပ်ဓာတ် (သို့မဟုတ်) နာမ်ဓာတ် သဘောတရား ကို၎င်း၊

(၂) ၎င်း အရှုခံသဘောတရားအပေါ်၌ ဖြစ်မှု ပျက်မှုကို ထိုးထွင်း၍ သိမြင်နေသော မေဟကင်းစင်သည့် အမောဟ ဖြစ်သော ဝိပဿနာဉာဏ်ကို၎င်း။

ထိုသဘောတရား နှစ်ပါးတို့၏ မမြဲသောသဘောကို ဉာဏ်၌ ကောင်းစွာ ထင်မြင်လာစေရန် အကြိမ်ကြိမ် အဖန်ဖန် ပွားများ အားထုတ်ရပေမည်။

ထို့ကြောင့် မြန်မာဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာ၌ -

(၁) ရုပ်လျှင် အာရုံရှိသော စိတ်သည် ဖြစ်ပြီး၍ ပျက်၏။

ဟူသည်ကား ရုပ်လျှင် အာရုံရှိသောစိတ်သည် ဖြစ်ပြီး၍ ပျက်၏။ တနည်းကား ရုပ်လျှင် အာရုံရှိသည်၏ အဖြစ်၌ (ဝါ) အဖြစ်ကြောင့် စိတ်သည်ဖြစ်ပြီး၍ ပျက်၏ ဟုဆိုလိုပါသည်။

ထိုအာရုံကို ဆင်ခြင်၍ ဟူသည်ကား ထိုရုပ်ဟူသော အာရုံကိုသိ၍ ကုန်ခြင်းအားဖြင့် ပျက်ခြင်းအားဖြင့် မြင်၏ဟု ဆိုလိုပါသည်။

(၂) ထိုစိတ်၏ ဘင်ကို အဖန်တလဲလဲ ရှု၏ ဟူသည်ကား အကြင်စိတ်ဖြင့် ထိုရုပ်ဟူသော အာရုံကို ကုန်ခြင်းအားဖြင့် ပျက်ခြင်းအားဖြင့် ရှုအပ်၏။

ထိုရုပ်ဟူသော အာရုံကို ခယ+ဝယ အားဖြင့် ရှုသော စိတ်၏ ဘင်ကို အခြားတပါးသော ဝိပဿနာစိတ်ဖြင့် အဖန်တလဲလဲရှု၏ဟု ဆိုလိုပါသည်။

ထို့ကြောင့် ရှေးဆရားတို့သည် -

ဉာတဉ္စ ဉာဏဉ္စ ဥဘောပိ ဝိပဿတိ။

(၁) အနုပဿနာ ဉာဏ်ဖြင့် သိအပ်သော ရုပ်ဝေဒနာ စသော အာရုံကို၎င်း

(၂) ရုပ်ဝေဒနာ စသော အာရုံကို အဖန်တလဲလဲရှုသော အနုပဿနာဉာဏ်ကို၎င်း။

ဉာတ နှင့် ဉာဏ နှစ်ဝကိုလည်း ခယဝယ အားဖြင့် အဖန်တလဲလဲရှု၏ ဟူ၍ ဆိုကြပါသည်။

ဤကဲ့သို့ အရှုခံဖြစ်သော ဉာတ သဘောတရားနှင့်၊ ၎င်းဉာတသဘောတရားအပေါ်၌ ဝိပဿနာရှုပွား၍ နေခြင်းကြောင့် ဖြစ်ပေါ်လာသော ဝိပဿနာ ဉာဏ်တည်းဟူသော ဉာဏ သဘောတရားတို့အပေါ်၌ ထိုသဘောတရား နှစ်ပါးတို့၏ မမြဲသော သဘောကို ဉာဏ်၌ ထင်ရှားစွာ သိမြင်သော ဉာဏ်သည် ဘင်္ဂဉာဏ်မည်ပါသည်။

ယင်းဉာဏ်သည်ပင်လျှင် ပရိညာသုံးပါးတွင် တတိယ ဖြစ်သော ပဟာနပရိညာ ဖြစ်ပါသည်။

ပဟာနပရိညာဆိုသည်မှာ သဘောတရားတို့၏ ပျက်၍ ပျက်၍ နေသည်ကို ဉာဏ်ဖြင့် ထိုးထွင်း၍ သိမြင်နေဆဲ ခဏ၌ -

ချမ်းသာ၏ဟု မှတ်မှားသော သုခသညာ။

ငါ သူတပါး ယောက်ျား မိန်းမ ဟု မှတ်မှားသော အတ္တသညာများကို ပယ်နေခြင်းပင်ဖြစ်ပါသည်။

ဆက်လက်ဖော်ပြပါမည်။

မှတ်ချက်။ ။ မိုးကုတ်မြို့ သတိပဋ္ဌာန်ကျောင်းဆရာတော်ဦးပဏ္ဍဝ၏တပည့် မိုးကုတ်မြို့၊ မြို့မရပ် ဦးကောင်း ရေးသားသော အာနာပါ ဝိပဿ ဘာဝနာ နှင့် သက္ကာယဒိဋ္ဌိရှုဘွယ် ကျမ်းမှ မှီငြမ်း မှတ်စုထုတ် ပါသည်။


ဉာဏ်ဖြင့်ပိုင်းခြား၍ သိထိုက်သော ပရမတ္တတရားဆိုသည်မှာ - (အပိုင်း ၆)

ဘင်္ဂဉာဏ်ကို ကောင်းစွာ ပွားများ အားထုတ်ခြင်း အားဖြင့်၊ ပြီးမြောက်ပြီးဖြစ်သော ဝိပဿနာဉာဏ်သည် သဘောတရားတို့၏ အပေါ်၌ ဘေးအားဖြင့် ထင်မြင်သော ဘယဉာဏ်သို့ ကူးပြောင်း၍ လာလေတော့၏။ ထိုဉာဏ်နှင့် ပတ်သက်၍ -

ပဋိသမိ႓ဒါမဂ် ပါဠိတော် မြန်မာပြန် ဉာဏကထာ၌ -

ဖြစ်ပေါ်ခြင်းသည် ဘေးမည်၏။

ဖြစ်ပွားခြင်းသည် ဘေးမည်၏။

သင်္ခါရနိမိတ်သည် ဘေးမည်၏။

ဖြစ်ပေါ်ခြင်းသည် ဘေးမည်၏။ မဖြစ်ပေါ်ခြင်းသည် ဘေးကင်းရာမည်၏ဟု (ဖြစ်သော) ပညာသည် ငြိမ်းအေးသော သန္တိပဒဉာဏ် မည်၏ဟု လာရှိသည်နှင့်အညီ ရုပ်ဓာတ် နာမ်ဓာတ် သဘောတရားတို့၏ အသစ်အသစ် ဖြစ်ပေါ်မှုတို့သည် အသစ်အသစ်ဖြစ်ခြင်းအားဖြင့် ကပ်၍ ကပ်၍ နှိပ်စက်တတ်သော သဘောရှိခြင်းကြောင်း ဘေးရန်ဖြစ်၏။

အသစ်အသစ် ဖြစ်သော နာမ်ရုပ်တို့သည်သာလျှင် နှိပ်စက်နိုင်၏။ ပျက်၍ ပျက်၍ သွားပြီးဖြစ်သော ရုပ်နာမ်တို့သည် ချုပ်ဆုံး ကွယ်ပျောက်ပြီး ဖြစ်ပါသဖြင့် မနှိပ်စက်နိုင်တော့ပါ။ သို့ဖြစ်၍ ရုပ် နာမ် သင်္ခါရတို့၏ ဖြစ်ခြင်းသဘောသည် ဘေးရန်ပင်ဖြစ်ပါသည်။

အကြောင်းတရားတို့ မကုန်မခြင်း ထိုအကြောင်းတရားတို့၏ ထောက်ပံ့နေမှုကြောင့် ဖြစ်ပေါ်နေသော အကျိုးတရား ဖြစ်သော ရုပ် နာမ် သင်္ခါရတရား တို့သည်လည်း အစဉ်မပြတ် အသစ်အသစ် ဖြစ်ပေါ်နေရ၏။

ထိုဖြစ်တိုင်းဖြစ်တိုင်းသော သင်္ခါရတရားတို့သည်လည်း သံသရာ ဝဋ်ဆင်းရဲထဲသို့သာလျှင် အသစ်အသစ် ဖြစ်ခြင်းအားဖြင့် ထွန်း၍ တွန်း၍ ပို့နေ၏။

သံသရာတည်းဟူသော ဝဋ်ဆင်းရဲတို့၏ အပြစ်တို့ကို ဉာဏ်အမြင်ကျယ်ပြန့်လျှင် ကျယ်ပြန့်သည့်အလျှောက်၊ ထိုဒုက္ခတွင်းသို့ တွန်း၍ တွန်း၍ ပို့နေသော ဖြစ်ဆဲရုပ်နာမ် တို့၏ အပြစ်သည် ဉာဏ်၌ ထူးကဲစွာ ထင်မြင်၍လာ၏။

တနည်းအားဖြင့် -

(၁) အသစ်အသစ်ဖြစ်ပေါ်နေသော သင်္ခါရသဘောတရားတို့သည် ဖြစ်ပြီးလျှင် ခဏခြင်း ခဏခြင်း ချုပ်ဆုံး ကွယ်ပျောက်၍နေသော သဘော ရှိခြင်းကြောင့် အချည်းနှီးသော သဘောတရားတို့သာတည်း။ ထိုသဘောတရားတို့ကို အားကိုး၍မရ၊ အားထား၍မရသော အသုံးမကျသော သဘောတရားတို့သာတည်း။

(၂) အသစ်အသစ်ဖြစ်ခြင်းအားဖြင့် ကပ်၍ကပ်၍ နှိပ်စက်နေသော သဘောတရားတို့သာတည်း။

ဟု ဝိပဿနာဉာဏ်ဖြင့် သိမြင်လာခဲ့သည်ရှိသော် ထိုရုပ်နာမ်တို့အပေါ်၌ သာယာမှု၊ နှစ်သက်မှု၊ စွဲလမ်းမှုတို့သည် ကင်းပြတ်၍ နေပေလိမ့်မည်။ ထိုခဏ၌ ထိုရုပ်နာမ်သဘောတရားတို့အပေါ်တွင် ငြီးငွေမှု၊ ထိုရုပ်နာမ်တို့မှ လွတ်မြောက်လိုမှု၊ စသော စိတ်တို့သည် ဖြစ်ပေါ်၍ လာပေလိမ့်မည်။

ထိုကဲ့သို့ အားထုတ်ဆဲ အခိုက်အတန့်တွင် ထိုယောဂီပုဂ္ဂိုလ်၏ ဉာဏ်၌ -

(က) အကြောင်းတရားတို့၏ ထောက်ပံ့မှုကြောင့် အကျိုးတရားဖြစ်သော ရုပ်ဓာတ်+နာမ်ဓာတ်တို့၏ အသစ်အသစ် ဖြစ်ပေါ်နေမှုကို သိမြင်ရသဖြင့် -

(ခ) အကြောင်းတရားတို့၏ ချုပ်ငြိမ်းခြင်းကြောင့် အကျိုးတရားဖြစ်သော ရုပ်+နာမ်တို့၏ အသစ်တဖန် မဖြစ်ပေါ်ခြင်းသဘောတရားသည် အမှန်ဧကန်ပင် ရှိရမည်။

သဘာဝဓမ္မတို့၌ ဆန့်ကျင်ဘက်သဘောတရားတို့သည် ရှိရမြဲဓမ္မတာပင်ဖြစ်၏။ အမှောင်ရှိလျှင် အလင်းရှိ၏။ အပူရှိလျှင် အအေးသည်ရှိ၏။ ထို့အတူ ရုပ် နာမ်တို့၏ ဖြစ်ပေါ်မှု သဘောရှိလျှင် ထိုရုပ်နာမ်တို့၏ မဖြစ်ပေါ်ခြင်း သဘောသည်ရှိ၏။ ထိုရုပ်နာမ်တို့၏ မဖြစ်ပေါ်ခြင်းသဘောတရားသည် ငြိမ်းအေးရာနိဗ္ဗာန်ပင်တည်းဟုသိ၏။

ဤသို့သိသောဉာဏ်သည် သန္တိပဒဉာဏ်မည်ပေ၏။

ထိုယောဂီပုဂ္ဂိုလ်၏ဉာဏ်၌ -

(က) ရုပ်+နာမ်တို့၏ အသစ်အသစ် ဖြစ်ပေါ်နေခြင်းသည် သံသရာဝဋ်ဆင်းရဲဖြစ်၏။

(ခ) ထိုရုပ်+နာမ်တို့၏ မဖြစ်ပေါ်ခြင်းသည် ငြိမ်းအေးရာ နိဗ္ဗာန်ပင်တည်း။

ဟူ၍ သံသရာနှင့်နိဗ္ဗာန်ကို ဝိပဿနာ ဘာဝနာမယဉာဏ်ဖြင့် ပိုင်းခြား၍ သိ၏။ နိဗ္ဗာန်တရားအပေါ်၌ ယုံကြည်မှုသဒ္ဓါသည် လွန်ကဲစွာ ဖြစ်ပေါ်၍လာ၏။ မတုန်မလှုပ် သက်ဝင် ယုံကြည်၍လာ၏။ ထိုပုဂ္ဂိုလ်သည် သောတာပတ္တိဖိုလ်ကို မျက်မှောက်မပြုဘဲ သေခြင်းငှာမထိုက်သူဟူ၍ ခန္ဓာဝဂ္ဂသံယုတ်ပါဠိတော် မြန်မာပြန် စက္ခုသုတ်၌ ဟောတော်မူပါသည်။

ဤဘယဉာဏ်၌ ကြောက်မက်ဘွယ်ရာ ဘေးဟု ထင်သော ဉာဏ်သည် ပညတ်အာရုံတို့ကြောင့် ဖြစ်ပေါ်၍ လာတတ်သော ကြောက်ခြင်းမျိုးကဲ့သို့ ကြောက်လန့်ခြင်းမဟုတ်ပေ။

ပဋိသမ႓ိဒါမဂ် ပါဠိတော် မြန်မာပြန် ဝိမောက္ခကထာ၌ -

မမြဲသောအားဖြင့် နှလုံးသွင်းသောပုဂ္ဂိုလ်အား သင်္ခါရနိမိတ်သည် ဘေးအားဖြင့်ထင်၏။

ဆင်းရဲသောအားဖြင့် နှလုံးသွင်းသော ပုဂ္ဂိုလ်အား ဝိပါတ်ဖြစ်ပေါ်မှုသည် ဘေးအားဖြင့်ထင်၏။

အနှစ်မရှိ အလိုသို့ မလို်က်သောအားဖြင့် နှလုံးသွင်းသော ပုဂ္ဂိုလ်အား သင်္ခါရနိမိတ်သည်၎င်း၊ ဖြစ်ပေါ်မှုသည်၎င်း၊ ဘေးအားဖြင့် ထင်၏။

သို့ဖြစ်၍ ကြောက်မက်ဖွယ်ရာ ဘေးတည်းဟူ၍ ဉာဏ်၌ ထင်မြင်မှုသည် အသစ်အသစ်ဖြစ်ပေါ်မှု သင်္ခါရ သဘောတရားအပေါ်၌သာလျှင် ထင်၏။

ဘေးအားဖြင့်ထင်သော ဘယဉာဏ်သည်၎င်း၊ အပြစ်အားဖြင့်ထင်သော အာဒီနဝဉာဏ်သည်၎င်း၊ ငြီးငွေ့ခြင်းသို့ရောက်သော နိဗ္ဗိဒါဉာဏ်သည်၎င်း၊ ထိုဉာဏ်သုံးပါးတို့သည် ဒုက္ခလက္ခဏာကို ကောင်းစွာသိမြင်သော ဉာဏ်ဖြစ်၏။ ဉာဏ်အမြင်ဖြစ်စေခြင်း၌ အနု၊ အလတ်၊ အရင့်အားဖြင့်သာလျှင် ကွဲပြားခြားနားမှုရှိ၏။

ဤကဲ့သို့ ပွားများ အားထုတ်ဆဲ ဖြစ်သော ပစ္စုပ္ပန်ခဏ၌ သဘောတရားတို့၏ အသစ်အသစ်ဖြစ်ခြင်းအားဖြင့် ကပ်၍ကပ်၍ နှိပ်စက်နေသော အခြင်းအရာကို ဘယဉာဏ်ဖြင့် ထင်မြင်ဆဲဖြစ်သော ယောဂီပုဂ္ဂိုလ်သည် လောကီဉာဏ်ဖြင့် သစ္စာလေးပါး လုံးကိုပင် ထိုခဏ၌ တစ်ပြိုင်နက်တည်း ထိုးထွင်းသိမြင်၍ နေခြင်းပင် ဖြစ်လေတော့သည်။

(၁) ထိုခဏ၌ ထိုသဘောတရားတို့၏ နှိပ်စက်နေမှုကို ဉာဏ်ဖြင့် ထိုးထွင်း၍ သိမြင်နေသောဉာဏ်သည် ဒုက္ခသစ္စာကို ပိုင်းခြားသိသော ဉာဏ်မည်၏။

(၂) ထိုကဲ့သို့ သိမြင်၍ နေဆဲခဏမှာပင် ထိုသဘောတရား အပေါ်၌ သာယာမှု၊ နှစ်သက်မှု၊ စွဲလမ်းမှု ကင်းပြတ်၍ နေခြင်းသည် သမုဒယသစ္စာကို ပယ်သည်မည်၏။

(၃) ထိုကဲ့သို့ ထိုးထွင်း၍ သိမြင်နေဆဲခဏမှာပင် လောဘကိလေသာ၊ ဒေါသကိလေသာ၊ မောဟကိလေသာ တည်းဟူသော ကိလေသာတို့ မဖြစ်ပေါ်ဘဲ ချုပ်ငြိမ်း နေခြင်းသည်ပင်လျှင် နိရောဓသစ္စာကို မျက်မှောက်ပြုသည်မည်၏။

(၄) ထိုကဲ့သို့ ထိုးထွင်း၍ သိမြင်နေဆဲ အခိုက်အတန့်သည်ပင်လျှင် (နိဗ္ဗာန်သို့သွားရာ လမ်းကြောင်း လမ်းကောင်းလမ်းမြတ်ဖြစ်သော) ခရီးကို သွားနေသည် မည်ခြင်းကြောင့် အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော မဂ္ဂသစ္စာမည်၏။

ဤကဲ့သို့ လောကီဉာဏ်ဖြင့် သစ္စာလေးပါးတရားတို့ကို ထိုးထွင်းသိမြင်နေသော ယောဂီပုဂ္ဂိုလ်သည် ပရမတ္တသဘောတရားတို့အပေါ်၌ ထိုသဘောတရားတို့ကိုပင် အနိစ္စနုပဿနာအားဖြင့်၎င်း၊ ဒုက္ခနုပဿနာအားဖြင့်၎င်း၊ အနတ္တနုပဿနာအားဖြင့်၎င်း၊ ထိုအနုပဿနာဉာဏ်သုံးပါးလုံးကိုပင် တစ်ပေါင်းတည်းသော အခြင်းအရာအားဖြင့် ဉာဏ်၌ ထင်မြင်လေတော့၏။

(ဉာဏ်ဖြင့်ပိုင်းခြား၍ သိထိုက်သော ပရမတ္တတရားဆိုသည်မှာ တရားတော်ဤတွင်ပြီးပါပြီ။)

မှတ်ချက်။ ။ မိုးကုတ်မြို့ သတိပဋ္ဌာန်ကျောင်းဆရာတော်ဦးပဏ္ဍဝ၏တပည့် မိုးကုတ်မြို့၊ မြို့မရပ် ဦးကောင်း ရေးသားသော အာနာပါ ဝိပဿ ဘာဝနာ နှင့် သက္ကာယဒိဋ္ဌိရှုဘွယ် ကျမ်းမှ မှီငြမ်း မှတ်စုထုတ် ပါသည်။


မဂ်ဉာဏ်, ဖိုလ်ဉာဏ်ရဖို့ရန် အခြေခံအကြောင်း, အကျိုး (အပိုင်း ၁)

အခု .. အကြောင်း, အကျိုးလေးတွေကို ပြောချင်တယ်။

၁။ ဖြစ်ခိုက်ရှုမှ၊ သဘာဝ၊ မုချသိနိုင်သည်။

၂။ သဘောသိမှ၊ ဥဒယ၊ ဝယမြင်နိုင်သည်။

၃။ ဖြစ်ပျက်မြင်မှ၊ နိဗ္ဗိန္ဒ၊ မုချဖြစ်နိုင်သည်။

၄။ ငြီးငွေ့ပါမှ၊ ဝိရာဂ၊ မုချရနိုင်သည်။

၅။ မဂ်, ဖိုလ်ရမှ၊ ပါယ်လေးဝ၊ မုချလွတ်မြောက်မည်တဲ့။

------------------------------------------

၁။ ဖြစ်ခိုက်ရှုမှ၊ သဘာဝ၊ မုချသိနိုင်သည်။

ဖြစ်ခိုက် ရှုမှ ဆိုတာ - ပစ္စုပ္ပန်တည့်တည့် ရှုမှတ်ရမယ်လို့ဆိုလိုတာပါ။

ပစ္စုပ္ပန်တည့်တည့်ကို မှတ်တဲ့အခါမှာ -

ဖောင်းတုန်း, ဖောင်းဆဲ, ဖောင်းခိုက်မှာ ‘ဖောင်းတယ်’ လို့ မှတ်တာလေးနဲ့ ‘ဖောင်းတာ’ လေးနဲ့ အံကိုက်ကျသွားအောင်။

ပိန်တုန်း, ပိန်ဆဲ, ပိုက်ခိုက်မှာ ‘ပိန်တယ်’ လို့ မှတ်တာနဲ့ ‘ပိန်တာ’ လေးနဲ့ အံကိုက်ကျသွားအောင်။

ထို့အတူပဲ - ကြွတုန်း, ကြွဆဲ, ကြွခိုက်မှာ ‘ကြွတယ်’ ။ လှမ်းတုန်း, လှမ်းဆဲ, လှမ်းခိုက်မှာ ‘လှမ်းတယ်’ ။ ချတုန်း, ချဆဲ, ချခိုက်မှာ ‘ချတယ်’ ။ ထိတုန်း, ထိဆဲ, ထိခိုက်မှာ ‘ထိတယ်’ ပေါ့။

ဖြစ်ဆဲ ပစ္စုပ္ပန်အခိုက်ကို မိအောင်မှတ်ရပါမယ်။

ဖြစ်ဆဲပစ္စုပ္ပန်အခိုက်ကို မိဖို့ဆိုရင် မြန်မြန်လုပ်လို့ မရဘူး။ အဲဒါကြောင့် ယောဂီများဟာ သွားလာလုပ်ကိုင်ရာမှာ ခပ်မှန်မှန်, ခပ်အေးအေး သွားလာလုပ်ကိုင်ရမယ်။ သူများမြင်ကောင်းအောင် သက်သက်ထွင်ထားတာ မဟုတ်ဘူး။ ပစ္စုပ္ပန်မိအောင်လို့ ဒီလို ဖြည်းဖြည်းသွားရတာ။

တချို့က စိတ်ထဲသိရင် ပြီးတာပဲ၊ သိဖို့အရေးကြီးတာပဲလို့ ဟောပြောတာတွေရှိတယ်။ ပုံမှတ်သွားလာလုပ်ကိုင်ရင်း သိတယ် ဆိုတာ သမာဓိအားကောင်းရင် သိနိုင်တယ်။

အာနာပါနနဲ့ဖြစ်ဖြစ်၊ စင်္ကြံကမ္မဋ္ဌာန်းနဲ့ဖြစ်ဖြစ် လေး, ငါးရက်လောက် သမာဓိ ထူထောင်ထားတယ်ဆိုရင် .. သမာဓိအားကောင်းနေတယ်။ သမာဓိဆိုတာ စိတ်တည်ကြည်တာကို ပြောတာ၊ ကိုယ်ထားတဲ့နေရာမှာ စိတ်က နေတယ်။

တစ်နေရာတည်းမှာ စိတ်တည်နေတာ ဈာန်သမာဓိ။ ဝိပဿနာသမာဓိကကျတော့ .. တစ်နေရာတည်းမှာ စိတ်ကို ထားတာ မဟုတ်ဘူး။

* ပညတ်အာရုံ၊ မြဲတည်ပုံ၊ ရှုတုံသမထမည်တဲ့။

သမထက ပညတ်အာရုံကို ကြည့်တယ်၊ မြဲပြီးတည်နေတဲ့ သဘောကို ကြည့်တယ်။ ဟိုပြောင်းသည်ပြောင်း မပြောင်းဘူး။ ဒါကြောင့် သမထဟာ တည်ဖို့အဓိကပဲ။

ဝိပဿနာက တည်အောင်လုပ်တာမဟုတ်တဲ့အတွက် တစ်ခုတည်းကို စိုက်ပြီး မကြည့်ရဘူး။ ပေါ်ရာ ပေါ်ရာ ကို လိုက်ပြီး ကြည့်ရတယ်။ ထင်ရှားရာတစ်ခုတည်းကို ကပ်မနေရဘူး။

ဖောင်းတယ်, ပိန်တယ်လို့ .. ရှုမှတ်နေတဲ့ ယောဂီဟာ ဖောင်းတယ်, ပိန်တယ် တစ်ခုတည်းမှာပဲ ကပ်မနေရဘူး။ ထိုင်တယ်, ထိတယ်မှတ်တဲ့ ယောဂီဟာလည်း ထိုင်တယ်, ထိတယ် တစ်ခုတည်းမှာ ကပ်မနေရဘူး။ အဲဒီလို တွယ်ကပ်နေလို့ရှိရင် သမထ ဖြစ်သွားတတ်တယ်။

* ပရမတ်အာရုံ၊ မမြဲပုံ၊ ရှုတုံဝိပဿမည်။

ပရမတ်အာရုံဆိုတာ ရုပ်တွေ နာမ်တွေကို ပြောတာ။ ရုပ်တွေ နာမ်တွေဆိုတာက စာလိုပြောတာ .. တကယ်ရှုတော့ သဘောတွေကို ရှုရတာ။

ခန္ဓာကိုယ်ကြီးက သူ့ဘာသာသူ ရုပ်လို့ခေါ်တာမဟုတ်ဘူး၊ ကိုယ်က ခန္ဓာကိုယ်ကြီးကို ရုပ်လို့ခေါ်တာ။ အဲဒီရုပ်တွေကလည်း နာလာလိုက် ကိုက်လာလိုက်နဲ့ ဖြစ်နေတာ မဟုတ်လား။ အဲဒါတွေဟာ ကိုယ့်ရဲ့ဝေါဟာရ အဆိုတွေပဲ။

နာရင် နာတယ်၊ ကိုက်ရင် ကိုက်တယ်၊ ဖောင်းတက်လာတာကို ဖောင်းတယ်၊ လျော့ကျသွားတာကို ပိန်တယ်။

နှာသီးဖျားမှာကျတော့လည်း ဝင်တယ်၊ ထွက်တယ်။ အဲဒီလို အခေါ်အဝေါ်အတိုင်း သိကြရတယ်။

အခေါ်အဝေါ် ဒြပ်ပေါ် မရောက်ဘဲ သဘော သက်သက်အပေါ်ကို ရောက်အောင်ရှုရမယ်။ ချက်ချင်းကြီးတော့ မရောက်ဘူးပေါ့၊ သဘောရောက်အောင် ရှုမယ်လို့ နှလုံးသွင်းထားရမယ်။

ဥပမာ - ဖောင်းတယ် ပိန်တယ်လို့ ရှုမှတ်ရင် လှုပ်ရှားတဲ့ သဘောလေးအပေါ်ကို ဉာဏ်ရောက်ရမယ်။ ဝမ်းဗိုက်ပုံသဏ္ဍာန် ဖြစ်တဲ့ ဒြပ်ကို မကြည့်ရဘူး။

* လှုပ်ရှားတဲ့သဘောလေးရယ်၊ သိတဲ့သဘောလေးရယ်။

ရှေ့ကိုကြွတက်လာရင်လည်း လှုပ်တာပဲ၊ နောက်ကို ပြန်ကျ သွားရင်လည်း လှုပ်တာပဲ။ ဒါပေမယ့် ဝေါဟာရမှာတော့ - ရှေ့တက်လာရင် ဖောင်းတယ်။ နောက်ပြန်ကျသွားရင် ပိန်တယ်။

မှတ်တဲ့အခါကျတော့ ဖောင်းတယ်၊ ပိန်တယ်လို့ မှတ်ရတယ်။

ဖောင်းတယ်၊ ပိန်တယ်၊ ထိုင်တယ်၊ ထိတယ်ဆိုတဲ့ ဝေါဟာရတွေဟာ ပညတ်တွေပဲ။ အဲဒီပညတ်နဲ့ သတ်မှတ်ထားတဲ့ သဘောလေးတွေပေါ် ရောက်အောင် ကြည့်ရမယ်။

ထိုင်တယ်ဆိုရင် တောင့်တင်းနေတဲ့သဘော လေးအပေါ် ဉာဏ်ရောက်ရမယ်။

ဥပမာ - ထိုင်တဲ့အခါ ခါးကလေးကို အာရုံစိုက်ကြည့်၊ ခါးကလေးမှာ တောင့်တင်းနေတဲ့ သဘောလေးက အဲဒါထိုင်နေတဲ့ သဘောလေးပဲ။ ပုံသဏ္ဍာန်ကိုမြင်သွားစိုးလို့ ပြောတာနော် .. ။

တောင့်တင်းနေတာလေးဟာ ထိုင်နေတဲ့သဘောပဲ။ ထောက်ကန် ဝါယော ဆိုတဲ့ လေက ထိန်းထားလို့ ထိုင်နိုင်တာ။

ထိုင်တယ်၊ ထိတယ်လို့ မှတ်တဲ့နေရာမှာ နှစ်ခုစလုံးတော့ မိချင်မှမိမယ်။ တစ်ခါတလေ ထိုင်တာကို မမိဘဲ ထိတာလေးကို သွားမိတာလည်းရှိတယ်၊ ထိတာကိုမိရင် ထိတာကို မြင်အောင်ကြည့်ပါ။

မာတာလေးနဲ့ ထိတာလဲ ရှိတယ်၊ ပျော့တာလေးနဲ့ ထိတာလဲ ရှိတယ်။ အဲဒီသဘောလေးတွေဟာ ရုပ်ပရမတ်ပဲ။

စိတ်ပရမတ်က သိတာ။

ကြားသိစိတ်က - ကြားတယ်၊ မြင်သိစိတ်က - မြင်တယ်။

သိတဲ့စိတ်ကလေးက နာမ်ပရမတ် သဘော။

မာတာတွေ၊ ပျော့တာတွေ၊ ပူတာတွေ၊ အေးတာတွေ၊ တောင့်တင်းလှုပ်ရှားတာတွေက ရုပ်ပရမတ် သဘော။

အဲဒီ သဘောတွေရဲ့ မမြဲပုံကို အဆင့်ဆင့်သွားရမယ်။

မမြဲဘူး၊ မမြဲဘူး၊ အနိစ္စ၊ အနိစ္စလို့ ပုတီးစိပ်နေတာဟာ သမထပဲရှိတယ်။

အနိစ္စ၊ အနိစ္စလို့ ဆင်ခြင်နေတာဟာ ဝိပဿနာမဖြစ်ဘူး။

သမထကို ပယ်တာမဟုတ်ဘူး၊ ဝိပဿနာမဖြစ်သေးဘူးဆိုတာကို ပြောတာ။

လူတွေ သေသွားတာ၊ သစ်ပင်တွေ လဲသွားတာ၊ တိုက်တွေ ပြိုသွားတာ၊ ရေတွေကြီးလို့ ပျက်စီးသွားတာ .. အဲဒါတွေကို မမြဲဘူး .. လို့ ဆင်ခြင်တာ သံဝေဂဉာဏ် ပဲဖြစ်မယ်၊ ဝိပဿနာဉာဏ် မဖြစ်ဘူး။

ဝိပဿနာဉာဏ်က သဘောလေးတွေကို သိတာ။

ရုပ်သဘော၊ နာမ်သဘောလေးတွေ ပြောင်း ပြောင်း သွားတာကို သိတာ။ အဲဒါဟာ ပရမတ်အာရုံ မမြဲပုံ။

မမြဲတဲ့သဘောလေးကို သိဖို့အတွက် ပထမ - ပြောင်း ပြောင်း၊ ပြောင်း ပြောင်း သွားတဲ့ သဘောလေးတွေကို အာရုံသွင်းရမယ်။

ဘယ်ဘာမှမမြဲဘူးလို့ နှလုံးသွင်းရမယ်၊ အနိစ္စကို နှလုံးသွင်းရမယ်။ နှလုံးမသွင်းလို့ ရှိရင်လည်း မိမိတို့ ပညတ်အာရုံပေါ်ရောက်သွားရော၊ နိမိတ်တွေပေါ် ရောက်သွားတတ်တယ်။

အနိစ္စလက္ခဏာကို သန္တတိ အစဉ်က ဖုံးကွယ်ထားတယ်။

* ဖြစ်ဆဲ ရုပ်နာမ်၊ ချုပ်ပျက်ဟန်၊ ဧကန်ရှုရမည်တဲ့။

ကုန်ပျောက် သွားတာလေးတွေကို စိတ်ထဲက ညွှတ်ထားပါ။ ဘယ်ဟာမှ မမြဲဘူးလို့ နှလုံးသွင်းထားရမယ်။ ဒါပေမယ့် မမြဲတာကို ပိုင်ပိုင်နိုင်နိုင်မြင်ဖို့အတွက်ကျတော့ သူ့လုပ်ငန်းစဉ်နဲ့သူ အလုပ်လုပ်ရတယ်။

မမြဲတာ၊ ပျောက်သွားတာ၊ ပျက်သွားတာကို မြင်ဖို့ဆိုရင် -

** ပထမ ပေါ်တာကို သိအောင် အရင်လုပ်ရမယ်။

ဟောစဉ်မှာကတော့ မမြဲတာကို မြင်အောင်ကြည့်ဟေ့လို့ ဟောမှာပဲ။ အနိစ္စကို မြင်အောင်ကြည့်၊ ဒုက္ခကို မြင်အောင်ကြည့်၊ အနတ္တကို မြင်အောင်ကြည့်။ ဒါ မှန်တာပဲ။

တကယ့်အနိစ္စဖြစ်တဲ့ - တကယ်ပျောက်သွားတာကို သိဖို့ ဆိုရင် ပေါ်လာတာကို အရင်သိအောင် ကြိုးစားရမယ်။

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးက - ပေါ်ရာ ပေါ်ရာမှတ် လို့ ပြောထားတယ်မဟုတ်လား။ အဲဒါလုပ်ငန်းစဉ်ပဲ။

လုပ်ငန်းစဉ်နဲ့ တရားစဉ်က ကပ်နေတာပဲ၊ မခွဲတတ်လို့ရှိရင် ရောသွားတယ်။ ရောသွားတဲ့အခါကျတော့ - ဖြစ် ပျက် မြင်အောင်ကြည့်၊ မမြဲတာ မြင်အောင်ကြည့်ဆိုတော့ - ဖြစ်ပျက်တွေ၊ အနိစ္စတွေ လိုက်ရှာပြီးကြည့်နေတော့ တကယ့်အပျက် ကို မရောက်တော့ဘူး။

သဒ္ဓါတရားနဲ့ ကြိုးစားနေတာပဲ။ တကယ်လည်း တရားတွေကို ယုံကြည်လို့ ကြိုးစားနေကြတာပဲ။ လုပ်ငန်းစဉ်မှာ ကွက်ကျော်သွားရင် မရဘူး။

ဥပမာ - ဝိပဿနာမှာ တရားအားမထုတ်ခင် ဒိဋ္ဌိ အရင်ခွါ ရတယ် မဟုတ်လား။ ရုပ်တွေ နာမ်တွေပဲ၊ အနိစ္စ ဒုက္ခ အနတ္တ တရားတွေပဲလို့ သိအောင် အထိုက်အလျောက် ကြိုတင်ပြီး တရားနာထားရမယ်။ ဘာမှ တရားနာမထားဘဲ စွတ်လုပ်လို့ရပါ့မလား၊ မရဘူးနော်။

အဲဒီလို စွတ်လုပ်တာဟာ လုပ်ငန်းစဉ် ကျော်သွားတာ။ ဝိပဿနာဆိုတာဟာ အနိစ္စ ဒုက္ခ အနတ္တ သိရင် ပြီးတာပဲ ဆိုရင်တော့ .. အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုပြီး ပုတီးစိပ်နေရုံပဲ။

မကူးတတ်လို့ရှိရင် ရကိုမရဘူး။

ရှေ့ပိုင်းမှာ ဒိဋ္ဌိခွါတဲ့တရားတွေကို များများနာထားရမယ်။ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားမှာလည်း - ဒီခန္ဓာကိုယ်ကြီးက ရုပ်တရားပဲ၊ သိနေတာက နာမ်တရားပဲ။ ဒီ စိတ်ကလေးကို ငါလို့ ထင်နေကြတယ်၊ တကယ့်တကယ်တော့ ဒီစိတ်ကလေးဟာ ငါမဟုတ်ပါဘူး။ ဒီရုပ်တွေ နာမ်တွေဟာ တစ်ခုပြီးမှ တစ်ခု ပေါ်လိုက် ပျောက်လိုက် ဖြစ်နေတာ။ အဲဒီလို ရုပ်တွေ နာမ်တွေအကြောင်း ဟောပေးနေတာဟာ ဒိဋ္ဌိခွါပေးနေတာပဲ။

ဆရာတော် တစ်ပါးနဲ့ တစ်ပါးတော့ မတူဘူးပေါ့ဗျာ။ ဒိဋ္ဌိခွါတာကို အကြီးအကျယ်ဟောတာလည်း ရှိတယ်၊ ဒိဋ္ဌိခွါတာကို အနည်းအကျဉ်းဟောပြီးတော့ ဉာဏ်နဲ့ခွါခိုင်းတာလည်း ရှိတယ်။ မိမိက မျှမျှတတ ယူတတ်ရတယ်။

မဟာစည်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားထဲမှာ ဒိဋ္ဌိခွါတာပါတယ်။ ဒါပေမယ့် လုပ်ငန်းစဉ်ကို အဓိက ဟောတယ်။ ခွါလည်းခွါတတ်ရမယ်၊ လုပ်ငန်းစဉ်လည်း မှန်ရမယ်။ အဲဒီလိုဆိုရင် မိမိအတွက် မြန်မြန်ဆန်ဆန် မဂ်ဉာဏ် ဖိုလ်ဉာဏ် ရနိုင်တယ်။

မပြတ်မလပ် ရှုမှတ်နေတဲ့ ယောဂီတွေမှာ ဝေဒနာတွေ ထက်နေတယ်ဆိုရင် အဲဒီ ဒုက္ခဝေဒနာတွေ၊ သုခဝေဒနာတွေကို ရှုမှတ်ဖို့ ပြောပြီးပြီ။ မပြတ်မလပ် ရှုမှတ်ခြင်းရဲ့ အကျိုးတရားတွေကို သိမှလည်း မပြတ်မလပ် ရှုမှတ်ချင်မယ်။

ထိုင်ရင်းလည်း ရှုမှတ်ရ၊ ထရင်းလည်း ရှုမှတ်ရ၊ သွားရင်းလည်း ရှုမှတ်ရ၊ ဆွမ်းစားရင်းလည်း ရှုမှတ်ရ၊ ရေသောက်ရင်းလည်း ရှုမှတ်ရနဲ့ဆိုတော့ .. ဒီလို အကျိုးတရားတွေကို သိမထားရင် လုပ်ရတာတွေက ရှုပ်လိုက်တာလို့ ထင်သွားနိုင်တယ်။ ရှုမှတ်ခြင်းရဲ့အကျိုးကို မသိရင် လုပ်ချင်မှာ မဟုတ်ဘူး။

ရှုမှတ်ခြင်းရဲ့ အကျိုးတရားကို သိလို့ရှိရင် ဘယ်သူခိုင်းခိုင်း, မခိုင်းခိုင်း၊ ဘယ်သူသိသိ မသိ၊ တောကြီးထဲမှာ တစ်ယောက်တည်းနေရင်လည်း မပြတ်မလပ်ရှုမှတ်တယ်။ တစ်ယောက်တည်း ကို မမှတ်ဘဲ မနေနိုင်ဘူး။

မြတ်စွာဘုရားရဲ့ တရားတော်တွေကို အထိုက်အလျောက် တရားနာလို့ သိလေ .. အားထုတ်ချင်လေပဲ။ အားထုတ်လို့ကို အားမရအောင် ဖြစ်နေတယ်။ တရားကို အရမ်းရချင်စိတ် ဖြစ်နေတယ်။ တရားက အရမ်းရချင်ရင်လည်း မရဘူးနော်။

မြတ်စွာဘုရားရဲ့ တရားတော်ဟာ အင်မတန် စင်ကြယ်သိမ်မွေ့တယ်။ အာရုံငါးပါး ကာမဂုဏ်တရားတွေကို လိုချင်တာ မဟုတ်ဘူး၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်တရားကို လိုလားတာ။ မဂ်ဉာဏ် ဖိုလ်ဉာဏ် မြန်မြန်လိုချင်တဲ့ တချို့ပုဂ္ဂိုလ်များဆိုရင် ဘုရားတောင်မရှိခိုးတော့ဘူး၊ ဦးသုံးကြိမ်လောက် ချလိုက်တာပဲ။ မေတ္တာတွေ ဘာတွေပို့နေရမှာ အချိန်ကြာလို့ မေတ္တာမပို့တော့ဘူး။ ဝိပဿနာချည်း တန်းမှတ်နေတော့တာပဲ။

အဲဒီလို တန်းမှတ်နေတော့ ဘုရားလက်ထက်က ရဟန်း ငါးရာကို ရုက္ခစိုးနတ်တွေရဲ့ ခြောက်လှန်တာခံရတယ်။ ဒါကြောင့် ယောဂီတို့လည်း နည်းနည်းပါးပါးမေတ္တာပို့ကြဦး။ ဝေယျာဝစ္စလုပ်ပေးနေတဲ့ ပုဂ္ဂိုလ်တွေကိုလည်း မေတ္တာပို့ပေးပေါ့ဗျာ။

အများကို ခြုံပြီးတော့ မေတ္တာပို့ကြပေါ့။ အများကို ခြုံပြီး မေတ္တာပို့တာ အကောင်းဆုံးပဲ။ လူတွေရော နတ်တွေရော သက်ရှိသတ္တဝါတွေ အားလုံးကို မေတ္တာပို့ပါ။ ၁ဝ မိနစ်၊ ၁၅ မိနစ်လောက် မေတ္တာပွားကြ။

တချို့ဆိုရင် မေတ္တာတောင် မပွားနိုင်တော့ဘူး။ မဂ်ဉာဏ် ဖိုလ်ဉာဏ် မြန်မြန်ရမှ အပါယ်ကလွတ်မယ် ဆိုပြီး ဝိပဿနာပဲ တွန်းလုပ်တယ်။ အဲဒီလို အရမ်းလိုချင်နေရင်လည်း မရပြန်ဘူး၊ မေတ္တာခေါင်းပါးသွားတယ် မဟုတ်လား။ မေတ္တာ ခေါင်းပါးသွားတော့ ဒေါသဘက် ပါသွားတတ်တယ်။

ယောဂီဆိုတာ ဖြောင့်မတ်ရမယ်၊ ကိုယ့်ကိုယ်ကိုတောင် မလိမ်ရဘူး။ ရရင်ရတယ်၊ မရရင်မရဘူးလို့ ကိုယ့်ကိုယ်ကို သိရမယ်။ မရလို့ရှိရင် ရတဲ့နည်းနဲ့ ရှုမှတ်ရမယ်။ အခု ခပ်နှေးနှေးသွားတော့ ပစ္စုပ္ပန်တည့်တည့်မိအောင် မှတ်လို့မရဘူးလား ..။

ကြွတာနဲ့ ကြွတယ်လို့ မှတ်လိုက်တာနဲ့၊ လှမ်းတာနဲ့ လှမ်းတယ်လို့ မှတ်လိုက်တာနဲ့၊ ချတာနဲ့ ချတယ်လို့ မှတ်လိုက်တာနဲ့၊ သွားနေကျထက် နည်းနည်းလေး နှေးလိုက်တာနဲက ပစ္စုပ္ပန်မိတယ်။

ပစ္စုပ္ပန်တည့်တည့်မှတ်နိုင်ရင် သဘော သိတယ်။

ဝိပဿနာဆိုတာ - ရုပ်တွေ နာမ်တွေ၊ သဘော တွေရဲ့ အပျက် ကိုမြင်မှ ဝိပဿနာဖြစ်တာ။

ဝေဒနာကိုမမြင်စေနဲ့၊ ဝေဒနာရဲ့အပျက်ကိုမြင်။ အဲဒီလိုဟောထားတာတွေ ရှိတယ်မဟုတ်လား။

ဝေဒနာကို မမြင်စေနဲ့၊ ဝေဒနာရဲ့ အပျက်ကိုမြင်လို့ ဆိုပေမယ့် ဝေဒနာရဲ့ သဘော ကို သေသေချာချာမှတ်လို့ မြင်ပြီးမှ ဝေဒနာရဲ့ အပျက် ကိုမြင်တာ။

ပညတ်ပျက်ကို သိရုံနဲ့တော့ .. ဝိပဿနာဉာဏ်မဖြစ်ဘူး၊ သံဝေဂပဲဖြစ်တယ်။

ဝိပဿနာဉာဏ်ဆိုတာ ပရမတ်သဘောတွေရဲ့ မမြဲပုံကို သိမှ။

ပရမတ်တွေရဲ့မမြဲပုံကို သိဖို့ဆိုရင် - အရင်ဆုံး သဘော တွေကို သိရမယ်။

ပရမတ်သဘောတွေကိုသိအောင် - ပစ္စုပ္ပန်တည့်တည့် ကို မှတ်နိုင်ရမယ်။

အကြောင်း အကျိုးတွေနော်။

ပစ္စုပ္ပန်တည့်တည့် မှတ်နိုင်တာက အကြောင်းဆိုရင်၊ ရုပ် နာမ်သဘော သိတာက အကျိုး။

ဒါကြောင့် ပစ္စုပ္ပန်တည့်တည့်မိမှ သဘောသိမယ်ဆိုတာ နားလည်ထားဖို့လိုတယ်။ ပစ္စုပ္ပန်တည့်တည့်မိအောင် မမှတ်နိုင်ဘူးဆိုရင် သဘောသိပါ့မလား။ အကြောင်းကိုဖြည့်မှ အကျိုးရမယ်။ ဒါကြောင့် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးက လူမမာနှင့် တူစွာကျင့်တဲ့။

ဖြစ်ခိုက်ကို ရှုနိုင်အောင် လူမမာ ကဲ့သို့ ကျင့်ရမယ်။ လူမမာလို ဖြည်းဖြည်းလေးလုပ်ကိုင်မှ ပစ္စုပ္ပန်တည့်တည့် ရှုနိုင်တယ်။ ပစ္စုပ္ပန်တည့်တည့်ရှုနိုင်တာက အကြောင်းဆိုရင်၊ သဘောသိတာက အကျိုး .. နော်။

ဆက်လက်ဖော်ပြပါမည်။


မဂ်ဉာဏ်, ဖိုလ်ဉာဏ်ရဖို့ရန် အခြေခံအကြောင်း, အကျိုး (အပိုင်း ၂)

သဘောသိမှ၊ ဥဒယ၊ ဝယမြင်နိုင်သည်တဲ့။ သဘောကို သိပြီးတော့မှ ဖြစ်ပျက်ကို မြင်နိုင်ပါတယ်။ ပစ္စုပ္ပန်တည့်တည့် မှတ်နိုင်တာက အကြောင်း၊ သဘောသိတာက အကျိုး။

သဘောဆိုတာ ရုပ်သဘော၊ နာမ်သဘော၊ လှုပ်ရှားတဲ့သဘော၊ ခံစားတဲ့သဘော၊ မှတ်သားတဲ့သဘော၊ စေ့ဆော်တဲ့သဘော၊ သိတဲ့သဘော။

အဲဒီသဘောလေးတွေကို သိမှ ဖြစ်ပျက်ကို မြင်ပါတယ်။ ဖြစ်ပျက်ကို မြင်တယ်ဆိုတဲ့ ကြားထဲမှာ ကျန်တာလေးတွေ ထည့်ပြောဖို့လိုပါသေးတယ်။ သဘောလေးတွေကိုသိတဲ့နေရာမှာ အဲဒီ သဘောလေးတွေကို သိသည်ထက် သိအောင် လုပ်ရပါမယ်။ အဲဒီသဘောလေးတွေကို ပိုင်ပိုင်နိုင်နိုင်သိအောင် ပေါ်ရာပေါ်ရာကို လိုက်မှတ်ပါ။

ဥပမာ - ဖောင်းတယ် ပိန်တယ်မှတ်နေရာက ဒုန်းဆိုတဲ့ အသံကြားလိုက်ရင် ကြားတယ်လို့ မှတ်ပြီးတော့ ဖောင်းတယ် ပိန်တယ် ပြန်မှတ်ရပါတယ်။ ဖောင်းတယ် ပိန်တယ် မှတ်ရာက စိတ်က အိမ်ရောက်သွားတော့ စိတ်ကူးတယ် စဉ်းစားတယ် အဲဒီလို မှတ်ပေးရပြန်တယ်။ စိတ်ကူးရင် စိတ်ကူးတယ်၊ စဉ်းစားရင် စဉ်းစားတယ်၊ တွေးရင် တွေးတယ်၊ ကြံရင် ကြံတယ်၊ စိတ်ထွက်ရင် စိတ်ထွက်တယ်၊ ကိုယ်ကြိုက်သလို ပေါ်ရင် ပေါ်တဲ့ အတိုင်း မှတ်ပါ။ မှတ်စရာတွေပြီးသွားရင်တော့ မူလ ဖောင်းတယ် ပိန်တယ်ကို ပြန်မှတ်ပါ။

မျက်စိထဲ တစ်ခုခု မြင်လာရင် မြင်တယ် မြင်တယ် ပြီးရင် ဖောင်းတယ် ပိန်တယ် ပြန်မှတ်ပေါ့။ အမှတ်ကျွမ်းကျင်ဖို့ပါတယ်။ အဲဒီလို ပေါ်ရာ ပေါ်ရာလေးတွေကို လိုက်မှတ်တော့ သဘော အပေါ် ဉာဏ် ရောက်လာတယ်။

နာကျင်နေတာကို မှတ်နေရာကနေ ကြားတာပေါ်လာရင် ကြားတာ သွားမှတ်လိုက်။ တော်တော်ကြာတော့ နာတာ ပြန်မှတ်လိုက်။ တော်တော်ကြာ စိတ်ကူးတာမှတ်လိုက်။ တော်တော်ကြာ စဉ်းစားတာမှတ်လိုက်။ တစ်ခုတည်းအပေါ်မှာ စွဲစွဲမြဲမြဲ စိုက်မထားရဘူး။ ပေါ်ရာ ပေါ်ရာ လိုက်ပြီးမှတ်ပေးရပါတယ်။

ပေါ်ရာ ပေါ်ရာ လိုက်မှတ်တော့ သဘောတွေကိုးလို့ သိလာတယ်။ ကြားတာက ထင်ရှားလိုက်၊ မြင်တာက ထင်ရှားလိုက်၊ လှုပ်တာက ထင်ရှားလိုက်၊ စိတ်ကူးတာက ထင်ရှားလိုက်နဲ့ ပြောင်း ပြောင်းနေတယ် မဟုတ်လား၊ ပြောင်းနေတယ်နော်။ အဲဒီ ပြောင်း နေတယ်ဆိုတာ မမြဲ တာပဲ။

ပေါ်ရာ ပေါ်ရာ လိုက်မှတ်ရတယ်။ သမထထူထောင်သလို တစ်နေရာတည်း စိုက်ပြီး မမှတ်ရဘူး။ ပေါ်ရာ ပေါ်ရာ လိုက်မမှတ်တဲ့ ပုဂ္ဂိုလ်ဟာ နိမိတ်ပေါ် ထင်သွားတတ်တယ်။ သမာဓိ လွန်ကဲလာတော့ နိမိတ်တွေ မြင်လာရော၊ နိမိတ်တွေမြင်တာကို ငါမြင်တယ် ဖြစ်သွားရော။

ပေါ်ရာ ပေါ်ရာ လိုက်မှတ်တော့မှ ဘယ်ဟာမှ မမြဲဘူး ဆိုတာ ရင်ထဲမှာ သဘောပေါက်လာတယ်။ ပေါ်ရာ ပေါ်ရာတွေကို လိုက်မှတ်နေရင်း မမြဲတဲ့သဘောကို နှလုံးသွင်းပြီးသားဖြစ်သွားတယ်။

ထိုင်တယ် ထိတယ် မှတ်နေရင်း မှတ်လို့ကောင်းနေပြီး ဘယ်ဟာမှမပေါ်ဘဲ ငြိမ့် ငြိမ့် ငြိမ့် ငြိမ့်နဲ့ဖြစ်နေရင် အဲဒီ ငြိမ့် ငြိမ့် ငြိမ့်ဖြစ်နေတာကို လိုက်မှတ်ရပါတယ်။ ထိုင်လို့ကောင်းနေရင် ထိုင်တယ် ထိတယ် ကောင်းတယ်လို့ မှတ်ပါ။ သဘောကျနေရင်လဲ ထိုင်တယ် ထိတယ် သဘောကျတယ်ပေါ့။ ဖြစ်နေတဲ့အတိုင်း လိုက်မှတ်ပေးရတယ်။ ကောင်းနေတာကနေ တော်တော်ကြာမကောင်းပြန်ဘူး၊ ပြောင်းသွားပြန်ပြီ၊ မှတ်နေရင်းနဲ့ကို အမျိုးမျိုးပြောင်းနေတယ်။

မှတ်လို့ကောင်းနေရင်းနဲ့ တစ်ခါတလေ ဒေါသ ဝင်လာပြန်တယ်။ ဒီဝင်လာတဲ့ လောဘ ဒေါသကို မမှတ်မိဘူး။ ထိုင်တယ် ထိတယ်ပဲ မှတ်နေမိတယ်။ အဲဒီလို မလုပ်ရပါဘူး။ ပေါ်လာတာကို မှတ်ရမယ်။ ထင်ရှားတာကို မှတ်ရမယ်။ ဘေးပတ်ဝန်းကျင် မြင်တာ ကြားတာတွေ အကုန်မှတ်၊ ပေါ်သမျှ အကုန်မှတ်တာဟာ နိဗ္ဗာန်ရောက်ကြောင်းတရားပါပဲ။

ထိတဲ့နေရာလေးကို စိုက်ကြည့်ရင်း မာတာလေးတွေ ပျော့တာလေးတွေ တွေ့လာမယ်။ တခြားထူးခြားတာ မပေါ်ဘူး ဆိုလို့ရှိရင် ထိတဲ့နေရာလေးကို နည်းနည်းလေးချဲ့ပြီး ကြည့်လိုက်။ စိတ်နဲ့ အဲဒီထိတဲ့နေရာကိုချဲ့ပြီး တစ်ပြင်လုံးကို ကြည့်လိုက်လို့ရှိရင် ရွ ရွ မွ မွ လေးတွေ ရှိနေတာကို တွေ့လာရလိမ့်မယ်။ အဲဒါလေးတွေကို မြင်သလောက်ကြည့်ပေးပါ။ မှတ်တာကတော့ ထိုင်တယ် ထိတယ်လို့ပဲ မှတ်ပါ၊ မှတ်တာကို ပြောင်းစရာမလိုပါဘူး။

သမာဓိရလာတဲ့ပုဂ္ဂိုလ်အတွက် စိတ်နဲ့နည်းနည်းချဲ့ပြီးကြည့်ရတယ်။ သမာဓိမရေးသေးတဲ့ပုဂ္ဂိုလ်နဲ့ သမာဓိရတဲ့ ပုဂ္ဂိုလ် မတူဘူး။ စိတ်တည်ကြည်မှု သမာဓိမရသေးတဲ့ ပုဂ္ဂိုလ်က ကိုယ်မှတ်နေတဲ့ အာရုံလောက်ပဲ ကြည့်၊ ချဲ့ပြီး မကြည့်နဲ့ဦး။ ကိုယ်က သမာဓိမရသေးတဲ့အတွက် လျှောက်ပြီးချဲ့ကြည့်တာဟာ ကိုယ်နဲ့မဆိုင်သေးဘူး။ သမာဓိရတဲ့ပုဂ္ဂိုလ်အတွက်သာချဲ့ကြည့်ဖို့ပြောတာ။

ကိုယ်က သမာဓိအရမ်းကောင်းနေတယ်၊ မှတ်လို့အရမ်းမိနေတယ်။ တရားအရသာတွေတွေ့ပြီး ငြိမ့်ခနဲ့ ငြိမ့်ခနဲ့ ဖြစ်နေတယ်။ တစ်ခါတလေ ခန္ဓာကိုယ်ကြီးပျောက်ပြီး မှတ်ကောင်းနေပြီဆိုရင် အဲဒီထိတဲ့နေရာ နာတဲ့နေရာလေးကို ချဲ့ပြီးကြည့်ပေါ့။ အဲဒီ ပတ်ဝန်းကျင်မှာရှိနေတဲ့ ရွ ရွ မွ မွ ပူ ပူ ရှိန်း ရှိန်း ကလေးတွေကို မြင်အောင် ကြည့်ပေးရတယ်။ တတ်နိုင်ရင် တစ်ကိုယ်လုံးကို ကြည့်ပေါ့။

တချို့က မှတ်တာကိုပဲ တွယ်ကပ်ထားတတ်တယ်။ ထိုင်တယ် ထိတယ်ဆိုပြီး မှတ်တဲ့ ဝေါဟာရပေါ်ပဲ ရောက်နေတတ်တယ်။ အဲဒါဆိုရင် သမထလို ဖြစ်ပြီး ငြိမ့် ငြိမ့် ငြိမ့် ငြိမ့်နဲ့ ပီတိ ပဿဒ္ဓိတော့ ဖြစ်ချင်ဖြစ်မယ်၊ တစ်ကိုယ်လုံးကို မသိတော့ဘူး။

ဒါကြောင့် မှတ်လည်းမှတ်ပါ၊ ကြည့်လည်းကြည့်ပါ။ ခန္ဓာကိုယ် တစ်ကိုယ်လုံးကိုကြည့်ပါ။ တစ်ကိုယ်လုံး မကြည့်နိုင်ရင် ကိုယ်မှတ်နေတဲ့ နေရာကနေ နည်းနည်းချဲ့ကြည့်လိုက်။ မွ မွ ရွ ရွတွေ ပူ ပူ ရှိန်း ရှိန်းတွေ၊ ခန္ဓာကိုယ်မှာ ပေါ်လိုက်၊ ပျောက်လိုက်နဲ့ဖြစ်နေတာတွေ၊ အဲဒါကို စာလိုပြောတော့ ဖြစ်ပျက်လို့ ပြောတာပေါ့။

မိမိသိတာလေးကို ရိုးရိုးပဲသိလိုက်၊ ဖြစ်တာတွေ ပျက်တာတွေ အနိစ္စတွေ မမြဲတာတွေ ထည့်မပြောနဲ့ဦး။ ခန္ဓာကိုယ်မှာ ပေါ်နေတာတွေကိုပဲ သိ နေလိုက်ဦး။ ဖိန်း ဖိန်း ရှိန်း ရှိန်းတွေ၊ ရွ ရွ မွ မွတွေ မြင်လိမ့်မယ်၊ ကိုယ်တွေ့တဲ့ ဟာတွေကိုသာ ပုံမှန်ကလေး မှတ်ပေး၊ ဒီအပိုင်းတွေက လွယ်သလိုနဲ့ ခက်တယ်။

ဒါတွေကို သိလို့ရှိရင် ယောဂီတို့ရဲ့ဉာဏ်ဟာ မဂ်ဉာဏ် ဖိုလ်ဉာဏ် ရနိုင်ပါတယ်။

ဆက်လက်ဖော်ပြပါမည်။

မြစိမ်းတောင်ဆရာတော် အရှင်ဇာနေယျ ဟောကြားအပ်သော ကြောင်းကျိုးသိက ကျိုးများလှ နှင့် စ သုံးလုံး ရှုမှတ်နည်းမှ ထုတ်နှုတ်ဖော်ပြပါသည်။





Comments


Post
Facebook-Logo-Square-768x768.png
Facebook-Logo-Square-768x768.png
Facebook-Logo-Square-768x768.png
google logo_edited.png

©2021 by Dhamma Notes by Thein Naing Ohn. Proudly created with Wix.com

bottom of page