4 hours ago
4 hours ago
20 hours ago
21 hours ago
21 hours ago
2 days ago
2 days ago
2 days ago
2 days ago
2 days ago
2 days ago
၇—အန္ဓဝဂ်ကိုလေ့လာခြင်း
အန္ဓဝဂ်သည် သံယုတ္တနိကာယ်၏ ခုနစ်ခုမြောက် အပိုင်းဖြစ်ပြီး၊ လောကတွင် သတ္တဝါများကို နှောင်ဖွဲ့ထားသော၊ ဆွဲဆောင်ထားသော၊ နှိပ်စက်ထားသော တရားများနှင့် ၎င်းတို့မှ လွတ်မြောက်ရန် နည်းလမ်းများကို ဆွေးနွေးထားသည့် သုတ်ဆယ်ခုပါဝင်သည်။ ဤဝဂ်သည် လောက၏ သဘောသဘာဝ၊ သတ္တဝါများကို သံသရာတွင် ချုပ်နှောင်ထားသော အကြောင်းတရားများနှင့် နိဗ္ဗာန်သို့ ဦးတည်ရန် လမ်းညွှန်မှုများကို ဖော်ပြထားသည်။
အန္ဓဝဂ်တွင် ပါဝင်သော သုတ်များသည် အမည်ပညတ်၊ စိတ်၊ တဏှာ၊ နန္ဒီ၊ ဝိတက်၊ သေမင်း၊ အိုခြင်း၊ ဆင်းရဲနှင့် အဇ္ဈတ္တိကာယတနခြောက်ပါးတို့၏ အခန်းကဏ္ဍကို ဆွေးနွေးထားသည်။ ဤသုတ်များသည် လောက၏ ဖြစ်ပေါ်မှု၊ တည်ရှိမှုနှင့် ပျက်စီးမှုကို နားလည်ရန် အရေးကြီးသော အဆိုအမိန့်များကို ပေးထားသည်။ အန္ဓဝဂ်၏ အဓိပ္ပါယ်သည် လောက၏ သဘောသဘာဝကို ထိုးထွင်းသိမြင်ရန်နှင့် သံသရာမှ လွတ်မြောက်ရန် လမ်းညွှန်ပေးရာတွင် တည်ရှိသည်။
အန္ဓဝဂ်သည် သံယုတ္တနိကာယ်၏ ခုနစ်ခုမြောက် အပိုင်းဖြစ်ပြီး၊ သံယုတ္တနိကာယ်သည် ပါဠိစာပေထဲတွင် သုတ္တန်ပိဋကအတွင်း ဒုတိယမြောက်နိကာယ်ဖြစ်သည်။ ဤဝဂ်သည် သုတ်ဆယ်ခုပါဝင်ပြီး၊ လောက၏ သဘောသဘာဝနှင့် သံသရာတွင် သတ္တဝါများကို ချုပ်နှောင်ထားသော အကြောင်းတရားများကို ဆွေးနွေးထားသည်။
အန္ဓဝဂ်သည် သံယုတ္တနိကာယ်၏ အခြားဝဂ်များနှင့် ဆက်စပ်နေပြီး၊ အထူးသဖြင့် ဇရာဝဂ်နှင့် အိုမင်းခြင်း၊ သေမင်းနှင့် ဆင်းရဲခြင်းတို့၏ အပြန်အလှန်ဆက်စပ်မှုကို ဖော်ပြထားသည်။ ဤဝဂ်သည် ဗုဒ္ဓဘာသာ၏ အဓိကအဆိုအမိန့်များဖြစ်သော သံသရာ၊ တဏှာ၊ နိဗ္ဗာန်နှင့် အဇ္ဈတ္တိကာယတနများကို နားလည်ရန် အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။
၁—နာမသုတ်
၆၁။ အဘယ်အရာသည် အလုံးစုံသော အရာသို့ လျော်စွာ ကျပါသနည်း၊ အဘယ်အရာထက် လွန်သော သဘောသည် မရှိပါသနည်း၊ အလုံးစုံသော တရားတို့သည်သာလျှင် အဘယ်မည်သော တစ်ခုသော တရား၏ အလိုသို့ အစဉ်လိုက် ရပါကုန်သနည်းဟု (လျှောက်၏)။
အမည်ပညတ်သည် အလုံးစုံသော အရာဝတ္ထုသို့ လျော်စွာ ကျ၏၊ အမည် ပညတ်ထက် လွန်သော သဘောသည် မရှိ၊ အလုံးစုံသော တရားတို့သည်သာလျှင် အမည်ပညတ်ဟု ဆိုအပ်သော တစ်ခုသော တရား၏ အလိုသို့ အစဉ်လိုက်ရကုန်၏ဟု (မိန့်တော်မူ၏)။
၂—စိတ္တသုတ်
၆၂။ အဘယ်အရာသည် လောကကို ဆောင်အပ်ပါသနည်း၊ အဘယ်အရာသည် (လောကကို) ဆွဲငင်အပ်ပါသနည်း၊ အလုံးစုံသော တရားတို့သည်သာလျှင် အဘယ် မည်သော တစ်ခုသော တရား၏ အလိုသို့ အစဉ်လိုက်ရပါကုန်သနည်းဟု (လျှောက်၏)။
စိတ်သည် လောကကို ဆောင်အပ်၏၊ စိတ်သည် (လောကကို) ဆွဲငင်အပ်၏၊ အလုံးစုံသော တရားတို့သည်သာလျှင် စိတ်ဟု ဆိုအပ်သော တစ်ခုသော တရား၏ အလိုသို့ အစဉ်လိုက်ရကုန်၏ဟု (မိန့်တော်မူ၏)။
၃—တဏှာသုတ်
၆၃။ အဘယ်အရာသည် လောကကို ဆောင်အပ်ပါသနည်း၊ အဘယ်အရာသည် (လောကကို) ဆွဲငင်အပ်ပါသနည်း၊ အလုံးစုံသော တရားတို့သည်သာလျှင် အဘယ် မည်သော တစ်ခုသော တရား၏ အလိုသို့ အစဉ်လိုက်ရပါကုန်သနည်းဟု (လျှောက်၏)။
တပ်မက်မှု ‘တဏှာ’သည် လောကကို ဆောင်အပ်၏၊ တဏှာသည် (လောကကို) ဆွဲငင်အပ်၏၊ အလုံးစုံသော တရားတို့သည်သာလျှင် တဏှာဟု ဆိုအပ်သော တစ်ခု သော တရား၏ အလိုသို့ အစဉ်လိုက်ရကုန်၏ဟု (မိန့်တော်မူ၏)။
၄—သံယောဇနသုတ်
၆၄။ အဘယ်အရာသည် လောကကို နှောင်ဖွဲ့အပ်ပါသနည်း၊ ထိုလောက၏ ခြေတို့သည် အဘယ်တို့ပါနည်း၊ အဘယ်တရားမှ ကင်းခြင်းကြောင့် နိဗ္ဗာန်ဟူ၍ ဆိုအပ်ပါသနည်းဟု (လျှောက်၏)။
တပ်နှစ်သက်မှု ‘နန္ဒီ’သည် လောကကို နှောင်ဖွဲ့အပ်၏၊ ထိုလောက၏ ခြေတို့သည် ကြံစည်မှု ‘ဝိတက်’တည်း၊ တပ်မက်မှု ‘တဏှာ’မှ ကင်းခြင်းကြောင့် နိဗ္ဗာန်ဟူ၍ ဆိုအပ်၏ဟု (မိန့်တော်မူ၏)။
၅—ဗန္ဓနသုတ်
၆၅။ အဘယ်အရာသည် လောကကို ဆက်စပ်အပ်ပါသနည်း၊ ထိုလောက၏ ခြေတို့သည် အဘယ်သည်တို့နည်း၊ အဘယ်အရာကို ပယ်ခြင်းကြောင့် အလုံးစုံသော အဆက်အစပ် ပြတ်ပါသနည်းဟု (လျှောက်၏)။
တပ်နှစ်သက်မှု ‘နန္ဒီ’သည် လောကကို ဆက်စပ်အပ်၏၊ ထိုလောက၏ ခြေတို့ သည် ကြံစည်မှု ‘ဝိတက်’တည်း၊ တပ်မက်မှု ‘တဏှာ’ကို ပယ်ခြင်းကြောင့် အလုံးစုံ သော အဆက်အစပ် ပြတ်၏ဟု (မိန့်တော်မူ၏)။
၆—အတ္တဟတသုတ်
၆၆။ အဘယ်အရာသည် လောကကို လွှမ်းမိုးနှိပ်စက်အပ်ပါသနည်း၊ အဘယ် အရာသည် (လောကကို) ခြံရံအပ်ပါသနည်း၊ အဘယ်မည်သော မြားသည် စူးဝင်ပါသနည်း၊ အဘယ်အရာသည် အခါခပ်သိမ်း တောက်လောင်ပါသနည်းဟု (လျှောက်၏)။
သေခြင်းသည် လောကကို လွှမ်းမိုးနှိပ်စက်အပ်၏၊ အိုခြင်းတရားသည် (လောက ကို)။ခံရံအပ်၏၊ တပ်မက်မှု ‘တဏှာ’ မြားသည် စူးဝင်၏၊ အလိုရမ္မက်သည် အခါ ခပ်သိမ်း တောက်လောင်၏ဟု (မိန့်တော်မူ၏)။
၇—ဥဍ္ဍိတသုတ်
၆၇။ အဘယ်အရာသည် လောကကို ဆွဲချိတ်အပ်ပါသနည်း၊ အဘယ်အရာသည် (လောကကို) ခြံရံအပ်ပါသနည်း၊ အဘယ်အရာသည် လောကကို ပိတ်ဆို့အပ်ပါသနည်း၊ လောကသည် အဘယ်အရာ၌ တည်ပါသနည်းဟု (လျှောက်၏)။
တပ်မက်မှု ‘တဏှာ’သည် လောကကို ဆွဲချိတ်အပ်၏၊ အိုခြင်းသည် (လောကကို)။ခံရံအပ်၏၊ သေမင်းသည် လောကကို ပိတ်ဆို့အပ်၏၊ လောကသည် ဆင်းရဲ၌ တည်၏ဟု (မိန့်တော်မူ၏)။
၈—ပိဟိတသုတ်
၆၈။ အဘယ်အရာသည် လောကကို ပိတ်ဆို့အပ်ပါသနည်း၊ လောကသည် အဘယ်အရာ၌ တည်ပါသနည်း၊ အဘယ်အရာသည် လောကကို ဆွဲချိတ်အပ်ပါသနည်း၊ အဘယ်အရာသည် (လောကကို)။ခံရံအပ်ပါသနည်းဟု (လျှောက်၏)။
သေမင်းသည် လောကကို ပိတ်ဆို့အပ်၏၊ လောကသည် ဆင်းရဲ၌ တည်၏၊ တပ်မက်မှု ‘တဏှာ’သည် လောကကို ဆွဲချိတ်အပ်၏၊ အိုခြင်းတရားသည် (လောက ကို)။ခံရံအပ်၏ဟု (မိန့်တော်မူ၏)။
၉—ဣစ္ဆာသုတ်
၆၉။ အဘယ်အရာသည် လောကကို ဖွဲ့စပ်အပ်ပါသနည်း၊ အဘယ်ကို ဆုံးမခြင်း ကြောင့် (လောကမှ) လွတ်မြောက်ပါသနည်း၊ အဘယ်ကို ပယ်ခြင်းကြောင့် အလုံးစုံ သော အဖွဲ့အစပ် ပြတ်ပါသနည်းဟု (လျှောက်၏)။
အလိုရမ္မက် ‘ဣစ္ဆာ’သည် လောကကို ဖွဲ့စပ်အပ်၏၊ အလိုရမ္မက်ကို ဆုံးမခြင်း ကြောင့် (လောကမှ) လွတ်မြောက်၏၊ အလိုရမ္မက်ကို ပယ်ခြင်းကြောင့် အလုံးစုံသော အဖွဲ့အစပ် ပြတ်၏ဟု (မိန့်တော်မူ၏)။
၁ဝ—လောကသုတ်
၇ဝ။ အဘယ်အရာသည် ဖြစ်လတ်သော် လောကသည် ဖြစ်ပါသနည်း၊ လောက သည် အဘယ်အရာ၌ ပေါင်းဖော်ခြင်းကို ပြုပါသနည်း၊ လောကသည် အဘယ်အရာ ကို စွဲ၍ ဖြစ်ပါသနည်း၊ အဘယ်အရာသည် လောကကို နှိပ်စက်ပါသနည်းဟု (လျှောက်၏)။
အဇ္ဈတ္တိကာယတနခြောက်ပါးတို့ ဖြစ်လတ်သော် လောကသည် ဖြစ်၏၊ လောက သည် (အဇ္ဈတ္တိကာယတနခြောက်ပါး)တို့၌ ပေါင်းဖော်ခြင်းကို ပြု၏၊ လောကသည် (အဇ္ဈတ္တိကာယတနခြောက်ပါး) တို့ကိုသာလျှင် စွဲ၍ ဖြစ်၏၊ (အဇ္ဈတ္တိကာယတနခြောက်ပါး)တို့သည် လောကကို နှိပ်စက်အပ်၏ဟု (မိန့်တော်မူ၏)။
ခုနစ်ခုမြောက် အဒ္ဓဝဂ် ပြီး၏။
အန္ဓဝဂ်အနှစ်သာရသည် လောက၏ သဘောသဘာဝကို နားလည်ရန်နှင့် သံသရာမှ လွတ်မြောက်ရန် လမ်းညွှန်ပေးရာတွင် တည်ရှိသည်။ ဤဝဂ်သည် အမည်ပညတ်၊ စိတ်၊ တဏှာ၊ နန္ဒီ၊ ဝိတက်၊ သေမင်း၊ အိုခြင်း၊ ဆင်းရဲနှင့် အဇ္ဈတ္တိကာယတနခြောက်ပါးတို့၏ အခန်းကဏ္ဍကို ဖော်ပြထားပြီး၊ ဤအရာများသည် လောကကို ဖြစ်ပေါ်စေပြီး၊ ချုပ်နှောင်ထားသည်။
ဤဝဂ်သည် ဗုဒ္ဓဘာသာ၏ အဓိကအဆိုအမိန့်များဖြစ်သော သံသရာ၊ တဏှာ၊ နိဗ္ဗာန်နှင့် အဇ္ဈတ္တိကာယတနများကို နားလည်ရန် အရေးကြီးသော လမ်းညွှန်တစ်ခုဖြစ်သည်။ တဏှာနှင့် အလိုရမ္မက်ကို ပယ်ရှင်းခြင်းဖြင့် နိဗ္ဗာန်သို့ ရောက်ရှိနိုင်သည်ဟု ဖော်ပြထားသည်။
အန္ဓဝဂ်သည် သံယုတ္တနိကာယ်၏ အရေးကြီးသော အပိုင်းတစ်ခုဖြစ်ပြီး၊ လောက၏ သဘောသဘာဝနှင့် သံသရာမှ လွတ်မြောက်ရန် လမ်းညွှန်မှုများကို ရိုးရှင်းပြီး နက်နဲသော မေးခွန်းနှင့် ဖြေကြားချက်များဖြင့် ဖော်ပြထားသည်။ ဤဝဂ်သည် အမည်ပညတ်၊ စိတ်၊ တဏှာ၊ နန္ဒီ၊ ဝိတက်၊ သေမင်း၊ အိုခြင်း၊ ဆင်းရဲနှင့် အဇ္ဈတ္တိကာယတနခြောက်ပါးတို့၏ အခန်းကဏ္ဍကို အလေးပေးဖော်ပြထားပြီး၊ ဤအရာများသည် လောကကို ဖြစ်ပေါ်စေပြီး၊ ချုပ်နှောင်ထားသည်။
ဤဝဂ်သည် ဗုဒ္ဓဘာသာဝင်များအတွက် လောက၏ သဘောသဘာဝကို နားလည်ရန်နှင့် နိဗ္ဗာန်သို့ ဦးတည်ရန် အရေးကြီးသော လမ်းညွှန်တစ်ခုဖြစ်သည်။ ၎င်းသည် တဏှာနှင့် အလိုရမ္မက်ကို ပယ်ရှင်းခြင်းဖြင့် လွတ်မြောက်မှုကို ရရှိနိုင်သည်ဟု သင်ကြားပေးထားသည်။ ဤဝဂ်သည် ဗုဒ္ဓဘာသာဝင်များသာမက၊ မည်သူမဆို ဘဝ၏ သဘောသဘာဝကို နားလည်ရန်နှင့် ကိုယ်ကျင့်တရားနှင့် ဉာဏ်ပညာကို မြှင့်တင်ရန် အထောက်အကူဖြစ်စေမည့် တရားတော်တစ်ခု ဖြစ်သည်။
Ashin Sundara(24.8.2025)
++++++++++++++++++++++++++++++++++++++++++++++++++++++++++
သံယုတ္တနိကာယ်—၁၊ ဒေဝတာသံယုတ်
၈—ဆေတွာဝဂ်
ဆေတွာဝဂ်သည် လောကီဘဝတွင် လူသားများရင်ဆိုင်ရသည့် စိန်ခေါ်မှုများနှင့် တရားဓမ္မကို ကျင့်သုံးရန် လိုအပ်သည့် အရည်အသွေးများကို ပြသသည်။ ဥပမာအားဖြင့်၊ ဆေတွာသုတ်တွင် အမျက်ဒေါသကို ဖြတ်တောက်ခြင်းဖြင့် စိတ်ချမ်းသာမှုရရှိနိုင်ကြောင်း မြတ်စွာဘုရားက ဖွင့်ဆိုထားသည်။ ဤဝဂ်သည် နတ်သားများ၏ မေးမြန်းမှုများမှတစ်ဆင့် တရားဓမ္မ၏ လက်တွေ့ကျသော အသုံးချနည်းများကို ရှင်းပြသည်။
၁—ဆေတွာသုတ် (ဘာကိုဖြတ်လျှင် ချမ်းသာမည်နည်း)
၇၁။ သာဝတ္ထိနိဒါန်း။ တစ်ခုသော အရပ်၌ ရပ်တည်ပြီးသော် ထိုနတ်သားသည် မြတ်စွာဘုရားကို ဂါထာဖြင့် လျှောက်၏—
ဂေါတမမြတ်စွာဘုရား အဘယ်အရာကို ဖြတ်တောက်သော် ချမ်းသာစွာ နေရပါ သနည်း၊ အဘယ်အရာကို ဖြတ်တောက်သော် မစိုးရိမ်ရပါသနည်း၊ အဘယ်မည် သော တစ်ခုသော တရားအား ဖြတ်တောက်ခြင်းကို နှစ်သက်တော်မူပါသနည်းဟု (လျှောက်၏)။
နတ်သား အမျက်ဒေါသကို ဖြတ်တောက်သော် ချမ်းသာစွာ နေရ၏၊ အမျက် ဒေါသကို ဖြတ်တောက်သော် မစိုးရိမ်ရ၊ အဆိပ်လျှင် အရင်းအမြစ်ရှိသော ချိုမြိန်ခြင်းလျှင် အဖျားရှိသော အမျက်ဒေါသအား ဖြတ်တောက်ခြင်းကို အရိယာတို့သည် ချီးမွမ်းကုန်၏၊ ထိုအမျက်ဒေါသကိုပင်လျှင် ဖြတ်တောက်သည် ရှိသော် မစိုးရိမ်ရဟု (မိန့်တော်မူ၏)။
၂—ရထသုတ် (ရထား၏ အမှတ်လက္ခဏာ)
၇၂။ ရထား၏ ထင်ရှားကြောင်း အမှတ်လက္ခဏာ သည် အဘယ်ပါနည်း၊ မီး၏ ထင်ရှားကြောင်း အမှတ်လက္ခဏာ သည် အဘယ်ပါနည်း၊ တိုင်းနိုင်ငံ၏ ထင်ရှားကြောင်း အမှတ်လက္ခဏာ သည် အဘယ်ပါနည်း၊ မိန်းမ၏ ထင်ရှားကြောင်း အမှတ်လက္ခဏာ သည် အဘယ်ပါနည်းဟု (လျှောက်၏)။
ရထား၏ ထင်ရှားကြောင်း အမှတ်လက္ခဏာ သည် တံခွန်တည်း၊ မီး၏ ထင်ရှားကြောင်း အမှတ်လက္ခဏာ သည် အခိုးတည်း၊ တိုင်းနိုင်ငံ၏ ထင်ရှားကြောင်း အမှတ်လက္ခဏာ သည် မင်းတည်း၊ မိန်းမ၏ ထင်ရှား ကြောင်း အမှတ်လက္ခဏာ သည် လင်ယောကျာ်းတည်းဟု (မိန့်တော်မူ၏)။
၃—ဝိတ္တသုတ် (မြတ်သောဥစ္စာ)
၇၃။ ဤလောက၌ ပုဂ္ဂိုလ်သတ္တဝါ၏ မြတ်သောဥစ္စာကား အဘယ်နည်း၊ အဘယ် အရာကို လေ့ကျက်အပ်သော် ချမ်းသာကို ရွက်ဆောင်တတ်ပါသနည်း၊ အရသာတို့တွင် စင်စစ် အကောင်းမြတ်ဆုံး အရသာသည် အဘယ်ပါနည်း၊ အဘယ်သို့ အသက်မွေးသော သူကို မြတ်သော အသက်မွေးခြင်းရှိသောသူဟူ၍ ဆိုပါကုန်သနည်းဟု (လျှောက်၏)။
ဤလောက၌ ပုဂ္ဂိုလ်သတ္တဝါ၏ မြတ်သော ဥစ္စာကား ယုံကြည်မှု “သဒ္ဓါတရား” တည်း၊ ဆယ်ပါးသော ကုသိုလ်ကမ္မပထတရားကို ကောင်းစွာ လေ့ကျက်အပ်သော် ချမ်းသာကို ရွက်ဆောင်တတ်၏၊ အရသာတို့တွင် စင်စစ် အကောင်းမြတ်ဆုံးသော အရသာသည် သစ္စာတရားတည်း၊ ပညာဖြင့် အသက်မွေးသောသူကို မြတ်သော အသက်မွေးခြင်းရှိသော သူဟူ၍ ဆိုကုန်၏ဟု (မိန့်တော်မူ၏)။
၄—ဝုဋ္ဌိသုတ် (မိုးရေနှင့်အဝိဇ္ဇာ)
၇၄။ တက်ကုန်သော ဝတ္ထုတို့တွင် အဘယ်ဝတ္ထုသည် မြတ်ပါသနည်း၊ ကျကုန် သော ဝတ္ထုတို့တွင် အဘယ်ဝတ္ထုသည် မြတ်ပါသနည်း၊ ခြေဖြင့် သွားတတ်ကုန်သော သူတို့တွင် အဘယ်သူသည် မြတ်ပါသနည်း၊ ပြောကြားတတ်ကုန်သော သူတို့တွင် အဘယ်သူသည် မြတ်ပါသနည်းဟု (လျှောက်၏)။
တက်ကုန်သော ဝတ္ထုတို့တွင် မျိုးစေ့သည် မြတ်၏၊ ကျကုန်သော ဝတ္ထုတို့တွင် မိုးရေမိုးပေါက်သည် မြတ်၏၊ ခြေဖြင့် သွားတတ်ကုန်သော သူတို့တွင် နွားသည် မြတ်၏၊ ပြောကြားတတ်ကုန်သော သူတို့တွင် သားသည် မြတ်၏ဟု (နတ်သား တစ်ယောက်က ဖြေဆို၏)။
တက်ကုန်သော ဝတ္ထုတို့တွင် အသိဉာဏ်ဝိဇ္ဇာ (မဂ်ပညာ) သည် မြတ်၏၊ ကျကုန် သော ဝတ္ထုတို့တွင် မသိမှု ‘အဝိဇ္ဇာ’သည် မြတ်၏၊ ခြေဖြင့် သွားတတ်ကုန်သော သူတို့တွင် သံဃာသည် မြတ်၏၊ ပြောကြားတတ်ကုန်သော သူတို့တွင် မြတ်စွာဘုရား သည် မြတ်၏ဟု (မိန့်တော်မူ၏)။
၅—ဘီတာသုတ် (ကြောက်ရွံ့ခြင်း၏အကြောင်း)
၇၅။ နိဗ္ဗာန်လမ်းကို များစွာသော အကြောင်းတို့ဖြင့် ဆိုအပ်၏၊ (ထိုသို့ ဆိုအပ် လျက်) ဤလောက၌ များစွာသော လူအပေါင်းသည် အဘယ့်ကြောင့် ကြောက်ပါသနည်း၊ မြေကြီးအထုနှင့် တူသော ပညာရှိတော်မူသော ဂေါတမနွယ်ဖွား မြတ်စွာဘုရား အသျှင်ဘုရားကို မေးလျှောက်ပါ၏၊ အဘယ်အရာ၌ တည်သော သူသည် တမလွန်လောကကို မကြောက်သနည်းဟု (လျှောက်၏)။
နှုတ်ကိုလည်းကောင်း၊ စိတ်ကိုလည်းကောင်း ကောင်းစွာ ဆောက်တည်၍ ကိုယ်ဖြင့် မကောင်းမှုတို့ကို မပြုဘဲ များသော ထမင်းအဖျော်ရှိသော အိမ်၌ အုပ်စိုးလျက်နေသော သဒ္ဓါတရား၊ နူးညံ့ခြင်း၊ ခွဲခြမ်းဝေဖန်လေ့ရှိခြင်း၊ ပြောဆိုမှု၌ လိမ္မာခြင်းဟု ဆိုအပ်သော ထိုလေးပါးသော တရားတို့၌ တည်သော သူသည် တရား၌ တည်သည် ဖြစ်၍ တမလွန် လောကကို မကြောက်ဟု (မိန့်တော်မူ၏)။
၆—န ဇီရတိသုတ် (မဆွေးမြေ့သောအရာ)
၇၆။ အဘယ်အရာသည် ဆွေးမြေ့ပါသနည်း၊ အဘယ်အရာသည် မဆွေးမြေ့ပါ သနည်း၊ အဘယ်အရာကို လမ်းမှားဟု ဆိုအပ်ပါသနည်း၊ အဘယ်အရာသည် တရားတို့၏ ဘေးရန် မည်ပါသနည်း၊ အဘယ်အရာသည် ညဉ့်နေ့တို့၌ ကုန်ပါသ နည်း၊ အဘယ်အရာသည် မြတ်သော အကျင့်၏ အညစ်အကြေးပါနည်း၊ ရေမဟုတ် သော ဆေးကြောဖွယ်သည် အဘယ်နည်း၊ အကြင်အပေါက်၌ စီးပွားဥစ္စာသည် မတည်၊ လောက၌ ထိုအပေါက်တို့သည် အဘယ်မျှတို့ပါနည်း၊ မြတ်စွာဘုရားကို မေးလျှောက်ခြင်းငှါ လာပါကုန်၏၊ ထိုအကြောင်းကို အဘယ်သို့လျှင် အကျွန်ုပ်တို့ သည် သိရပါကုန်အံ့နည်းဟု (လျှောက်၏)။
သတ္တဝါတို့၏ ရုပ်သည် ဆွေးမြေ့တတ်၏၊ အမည်အနွယ်သည် မဆွေးမြေ့တတ်၊ စွဲမက်မှု ‘ရာဂ’ကို လမ်းမှားဟု ဆိုအပ်၏၊ လိုချင်မှု ‘လောဘ’သည် တရားတို့၏ ဘေးရန် မည်၏၊ အရွယ်သည် ညဉ့်နေ့တို့၌ ကုန်၏၊ မိန်းမသည် မြတ်သော အကျင့်၏ အညစ်အကြေးတည်း၊ ဤမိန်းမ၌ သတ္တဝါအပေါင်းသည် ကပ်ငြိ၏၊ ကိလေသာကို ပူပန် (နှိပ်စက်) တတ်သော အကျင့်သည်လည်းကောင်း၊ မြတ်သော အကျင့် (မေထုန်မှ ရှောင်ကြဉ်ခြင်း) သည်လည်းကောင်း ရေမဟုတ်သော ဆေးကြော ဖွယ် ဝတ္ထုမည်၏။
လောက၌ စီးပွားဥစ္စာ မတည်ကြောင်း အပေါက်တို့သည် ခြောက်ပါးတို့တည်း။ ပျင်းရိခြင်းလည်းကောင်း၊ မေ့လျော့ခြင်းလည်းကောင်း၊ ထကြွလုံ့လ မရှိခြင်းလည်းကောင်း၊ မစောင့်စည်းခြင်းလည်းကောင်း၊ အအိပ်ကြူးခြင်းလည်းကောင်း၊ (အလုပ်၌) မပျော်မွေ့ခြင်းလည်းကောင်း၊ ဤသို့ ထိုခြောက်ပါးသော အပေါက်တို့ကို အချင်း ခပ်သိမ်း ပိတ်ဆို့ရာ၏ဟု (မိန့်တော်မူ၏)။
၇—ဣဿရိယသုတ် (အစိုးရခြင်းဟူသည်)
၇၇။ လောက၌ အစိုးရသည်၏ အဖြစ်သည် အဘယ်ပါနည်း၊ ဘဏ္ဍာတို့တွင် မြတ်သော ဘဏ္ဍာသည် အဘယ်ပါနည်း၊ လောက၌ ပညာလက်နက်၏ အညစ် အကြေးသည် အဘယ်ပါနည်း၊ လောက၌ ဘေးရန်သည် အဘယ်ပါနည်း။
အဘယ်ကို ယူဆောင်သော သူကို တားမြစ်ပါကုန်သနည်း၊ ယူဆောင်သော အဘယ်သူကို ချစ်အပ်ပါသနည်း၊ အဖန်တစ်လဲလဲ လာသော အဘယ်သူကို ပညာရှိတို့သည် နှစ်သက်ကုန်သနည်းဟု (လျှောက်၏)။
လောက၌ အစိုးရသည်၏ အဖြစ်သည် အာဏာတည်ခြင်းတည်း၊ ဘဏ္ဍာတို့တွင် မြတ်သော ဘဏ္ဍာသည် မိန်းမတည်း၊ လောက၌ ပညာလက်နက်၏ အညစ်အကြေး သည် အမျက် ‘ဒေါသ’တည်း၊ လောက၌ ဘေးရန်တို့သည် ခိုးသူတို့တည်း။
ဥစ္စာကို ယူဆောင်သော ခိုးသူကို တားမြစ်ကုန်၏၊ (စာရေးတံဆွမ်းစသည်တို့ကို) ယူဆောင်သော ရဟန်းကို ချစ်အပ်၏၊ အဖန်တစ်လဲလဲ လာသော ရဟန်းကို ပညာရှိတို့သည် နှစ်သက်ကုန်၏ဟု (မိန့်တော်မူ၏)။
၈—ကာမသုတ် (အကျိုးစီးပွားကိုလိုလားသူ)
၇၈။ အကျိုးစီးပွားကို အလိုရှိသော သူသည် အဘယ်ကို မပေးရာသနည်း၊ သတ္တဝါသည် အဘယ်ကို မစွန့်ရာသနည်း၊ ကောင်းသော အဘယ်အရာကို မြွက်ဆို ရာသနည်း၊ ကြမ်းကြုတ်ယုတ်မာသော အဘယ်အရာကို မမြွက်ဆိုရာသနည်းဟု (လျှောက်၏)။
ပုဂ္ဂိုလ်သတ္တဝါသည် မိမိကိုယ်ကို (ကျွန်အလို့ငှါ) မပေးရာ၊ ပုဂ္ဂိုလ်သတ္တဝါသည် မိမိကိုယ်ကို (ကျားစသည်တို့အား စားရန်အလို့ငှါ) မစွန့်ရာ၊ ကောင်းသော စကား ကို မြွက်ဆိုရာ၏၊ ကြမ်းကြုတ်ယုတ်မာသော စကားကို မမြွက်ဆိုရာဟု (မိန့်တော်မူ၏)။
၉—ပါထေယျသုတ် (ရိက္ခာထုပ်နှင့်တူသောတရား)
၇၉။ အဘယ်အရာဖြင့် လမ်းရိက္ခာကို ထုပ်ဖွဲ့ပါသနည်း၊ စည်းစိမ်တို့၏ တည်ရာ သည် အဘယ်ပါနည်း၊ အဘယ်အရာသည် ပုဂ္ဂိုလ်သတ္တဝါကို ဆွဲငင်ပါသနည်း၊ လောက၌ အဘယ်အရာကို စွန့်နိုင်ခဲပါသနည်း၊ ‘ကျော့ကွင်းဖြင့် ငှက်ကို ဖွဲ့သကဲ့သို့’ အဘယ်အရာသည် များစွာသော သတ္တဝါတို့ကို ဖွဲ့ပါကုန်သနည်းဟု (လျှောက်၏)။
လမ်းရိက္ခာကို သဒ္ဓါတရားဖြင့် ထုပ်ဖွဲ့၏၊ စည်းစိမ်ဥစ္စာတို့၏ တည်ရာသည် အစိုးရခြင်းတည်း၊ အလိုရမ္မက်သည် ပုဂ္ဂိုလ်သတ္တဝါကို ဆွဲငင်၏၊ လောက၌ အလို ရမ္မက်ကို စွန့်နိုင်ခဲ၏၊ ‘ကျော့ကွင်းဖြင့် ငှက်ကို ဖွဲ့သကဲ့သို့’ အလိုရမ္မက်သည် များစွာသော သတ္တဝါတို့ကို ဖွဲ့၏ဟု (မိန့်တော်မူ၏)။
၁ဝ—ပဇ္ဇောတသုတ် (အရောင်အလင်းဟူသည်)
၈ဝ။ လောက၌ အရောင်အလင်းသည် အဘယ်ပါနည်း၊ လောက၌ အဘယ်အရာ သည် နိုးကြားခြင်း မည်သနည်း၊ အသက်မွေးကုန်သော သူတို့တွင် အလုပ်ကိစ္စ၌ (အဖော်သည်) အဘယ်ပါနည်း၊ ထိုသတ္တဝါအပေါင်း၏ အသက်မွေးကြောင်းသည် အဘယ်ပါနည်း။
ပျင်းသော သူကိုလည်းကောင်း၊ မပျင်းသော သူကိုလည်းကောင်း “အမိသည် သားကို မွေးသကဲ့သို့” အဘယ်အရာသည် မွေးမြူပါသနည်း၊ မြေ၌ မှီကုန်သော သတ္တဝါတို့သည် အဘယ်ကို မှီ၍ အသက်မွေးကုန်သနည်းဟု (လျှောက်၏)။
လောက၌ ပညာသည် အရောင်အလင်း မည်၏၊ လောက၌ သတိသည် နိုးကြားခြင်း မည်၏၊ အသက်မွေးကုန်သော သူတို့တွင် နွားတို့သည် အလုပ်ကိစ္စ၌ အဖော် မည်၏၊ ထိုသတ္တဝါအပေါင်း၏ အသက်မွေးကြောင်းသည် ထွန်တုံးတည်း။
ပျင်းသော သူကိုလည်းကောင်း၊ မပျင်းသော သူကိုလည်းကောင်း “အမိသည် သားကို မွေးမြူသကဲ့သို့”့မိုးသည် မွေးမြူ၏၊ မြေ၌ မှီကုန်သော သတ္တဝါတို့သည် မိုးရွာခြင်းကို မှီ၍ အသက်မွေးကုန်၏ဟု (မိန့်တော်မူ၏)။
၁၁—အရဏသုတ် (အညစ်အကြေးကင်းသူ)
၈၁။ ဤလောက၌ ကိလေသာကင်းသော သူတို့သည် အဘယ်သူတို့ပါနည်း၊ အဘယ်သူတို့၏ ကျင့်သုံးသော သီတင်းသီလသည် မပျက်စီးပါသနည်း၊ အဘယ်သူတို့သည် အလိုရမ္မက်ကို ပိုင်းခြား၍ သိကုန်သနည်း၊ အဘယ်သူတို့အား အခါ ခပ်သိမ်း တဏှာကျွန်အဖြစ်မှ လွတ်မြောက်ကုန်သနည်း။
သီလ၌ တည်သော အဘယ်သူကို အမိ , အဖ , အစ်ကိုတို့သည် ရှိခိုးကြကုန် သနည်း၊ ဤလောက၌ ဇာတ်အားဖြင့် ယုတ်သော အဘယ်သူကို မင်းမျိုးတို့သည် ရှိခိုးကုန်သနည်းဟု (လျှောက်၏)။
ဤလောက၌ ကိလေသာကင်းသော သူတို့သည် (ကိလေသာငြိမ်းပြီး) ရဟန်းတို့ တည်း၊ ကိလေသာငြိမ်းပြီး ရဟန်းတို့၏ ကျင့်သုံးသော သီတင်းသီလ (မဂ်) သည် မပျက်စီးနိုင်၊ ကိလေသာငြိမ်းပြီး ရဟန်းတို့သည် အလိုရမ္မက်ကို ပိုင်းခြား၍ သိကုန်၏၊ ကိလေသာငြိမ်းပြီး ရဟန်းတို့သည် အခါခပ်သိမ်း တဏှာကျွန်အဖြစ်မှ လွတ် မြောက်ကုန်၏။
သီလ၌ တည်သော ရဟန်းကို အမိ , အဖ , အစ်ကိုတို့သည် ရှိခိုးကုန်၏၊ ဤ လောက၌ ဇာတ်အားဖြင့် ယုတ်သော ရဟန်းကို မင်းမျိုးတို့သည် ရှိခိုးကုန်၏ဟု (မိန့်တော်မူ၏)။
ရှစ်ခုမြောက် ဆေတွာဝဂ် ပြီး၏။
ဒေဝတာသံယုတ်ပြီး၏။
Ashin Sundara(26.8.2025)
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
Comments