top of page
Search

မဇ္ဈိမနိကာယ်၊ မူလပဏ္ဏာသ အဆက်

  • Writer: Thein Naing Ohn
    Thein Naing Ohn
  • 3 days ago
  • 8 min read

မန ၄၄: စူဠဝေဒလ္လသုတ် – The Shorter Set of Questions-and-Answers [Thanissaro]

 

ဝိသာခ နှင့် ဓမ္မဒိန္နာ ဘိက္ခုနီမတို့ တရားဆွေးနွေးသောသုတ်ဖြစ်ပါသည်။ အကြောင်းအရာတို့မှာ သက္ကာယ၊ ဥပါဒါနက္ခန္ဓာ (စွဲလမ်းဖွယ်ခန္ဓာ)၊ အင်္ဂါရှစ်ပါး ရှိသော မဂ်၊ နိရောဓ သမာပတ် စသည်ဖြင့် အကြောင်းအရာစုံ ပါဝင်ပါသည်။ “တရားဟောတတ်ကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် ဓမ္မဒိန္နာသည် အမြတ်ဆုံး (ဧတဒဂ္ဂ) ပေတည်း”ဟု မြတ်စွာဘုရား ချီးမြောက်တော်မူသော ရဟန်းမဖြစ်သည်။ ဓမ္မဒိန္နာ ဘိက္ခုနီမသည် ဝိသာခသူဌေး၏ ဇနီးဟောင်းဖြစ်၍ ဝိသာခသည် အနာဂါမ်ဖြစ်သည်ဟု ဆိုပါသည်။

 

(၁) သက္ကာယဒိဋ္ဌိဟူသည်

 

စွဲလမ်းအပ်သည့် ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်ဟူသော ခန္ဓာငါးပါးသည် သက္ကာယမည်၏။ တစ်ဖန်ဘဝသစ်ကို ဖြစ်ပေါ်စေတတ်၍ နှစ်သက်စွဲငြိခြင်းနှင့်တကွဖြစ်ပြီး ထိုထိုအာရုံ၌ လွန်စွာ နှစ်သက်တတ်သော ဆာလောင်မှုသည် သက္ကာယဖြစ်ကြောင်းမည်၏။

 

ထိုဆာလောင်မှုသည် ကာမဂုဏ်၌ ဆာလောင်မှု၊ ဘဝ၌ ဆာလောင်မှု၊ ဘဝပြတ်ခြင်း၌ ဆာလောင်မှု ဟူ၍ သုံးမျိုးရှိ၏။ ထိုဆာလောင်မှုတဏှာသုံးမျိုး၏ ပျက်ပြယ်ချုပ်ငြိမ်းခြင်း၊ ထိုတဏှာကို စွန့်ခွာခြင်း၊ ထိုတဏှာမှ လွတ်မြောက်ခြင်း တွယ်တာမှုမရှိတော့ခြင်းသည် သက္ကာယချုပ်ငြိမ်းခြင်းမည်၏။

 

အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသည့် အရိယမဂ်သည် သက္ကာယ ချုပ်ငြိမ်းရေး အကျင့်မည်၏။ ဥပါဒါန်ဟူသည် ဥပါဒါနက္ခန္ဓာငါးပါးမဟုတ်။ ဥပါဒါနက္ခန္ဓာ ငါးပါးမှ တစ်ပါးတခြားလည်း မဟုတ်။ စင်စစ်ကား ဥပါဒါနက္ခန္ဓာ ငါးပါးတို့၌ လိုချင်တပ်မက်မှုသည် ထိုခန္ဓာငါးပါးတို့၌ စွဲလမ်းမှု ဥပါဒါန်ပင်ဖြစ်၏။

 

သူတော်မြတ်တို့ကို မတွေ့မမြင်ရသည်ဖြစ်၍ ထိုသူတို့၏ တရား၌ လိမ္မာယဉ်ကျေးခြင်းမရှိဘဲ အကြားအမြင် နည်းသော ပုထုဇဉ်သည် ရုပ်ကို အတ္တဟုရှု၏။ အတ္တသည် ရုပ်ရှိသောတရားဖြစ်၏ ဟူ၍သော်လည်း ရှု၏။ အတ္တ၌ရုပ်သည် တည်၏ဟူ၍လည်း ရှု၏။ ရုပ်၌ အတ္တသည်တည်၏ဟူ၍ သော်လည်း ရှု၏။ ဝေဒနာစသည်တို့၌ ထိုနည်းတူရှု၏။ ဤသို့လျှင် ထင်ရှားရှိသော ရုပ်နာမ်အပေါင်းကို အတ္တဟု ထင်မှားသော အတ္တဒိဋ္ဌိသည် ဖြစ်ပေါ်၏။

 

သူတော်မြတ်တို့ကို တွေ့မြင်ရသည်ဖြစ်၍ ထိုသူတို့၏ တရား၌ လိမ္မာယဉ်ကျေးပြီး အကြားအမြင် များသော ပုထုဇဉ်သည် ရုပ်ကို အတ္တဟု မရှု။ အတ္တသည် ရုပ်ရှိသောတရား ဖြစ်၏ဟူ၍သော်လည်း မရှု။ အတ္တ၌ ရုပ်သည် တည်၏ ဟူလည်း မရှု။ ရုပ်၌ အတ္တသည်တည်၏ ဟူ၍သော်လည်း မရှု။ ဝေဒနာစသည်တို့၌ ထိုနည်းတူပင်ဖြစ်၏။ ဤသို့လျှင် သက္ကာယဒိဋ္ဌိမဖြစ်ဘဲ ကင်းကွာသွားလေ၏။

 

(၂) အရိယမဂ်ဟူသည်

အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော အရိယာမဂ်ဟူသည် မှန်စွာမြင်ခြင်း၊ မှန်စွာကြံခြင်း၊ မှန်စွာပြောဆိုခြင်း၊ မှန်စွာပြုလုပ်ခြင်း၊ မှန်စွာအသက်မွေးခြင်း၊ မှန်စွာအားထုတ်ခြင်း၊ မှန်စွာအောက်မေ့ခြင်း၊ မှန်စွာစူးစိုက်ခြင်း ဟူသော ဤတရားရှစ်ပါးပင်ဖြစ်၏။ ထိုအရိယမဂ်သည် အကြောင်းတရားများ ပြုပြင်ဖန်တီးအပ်သော သင်္ခတတရားဖြစ်၏။ အကြောင်းတရားများ ပြုပြင် ဖန်တီးခြင်း မပြုအပ်သော အသင်္ခတတရားမဟုတ်.

 

အရိယာမဂ်ဖြင့် တရားအစု သုံးပါးကို သွင်း၍ မယူနိုင်။ တရားအစု သုံးပါးဖြင့်သာ အရိယာမဂ်ကို သွင်းယူအပ်၏။ မှန်စွာပြောဆိုခြင်း၊ မှန်စွာပြုလုပ်ခြင်း၊ မှန်စွာအသက်မွေးခြင်းဟူသော ဤတရားသုံးပါးကို သီလအစုဖြင့် သွင်းယူအပ်၏။

 

မှန်စွာအားထုတ်ခြင်း၊ မှန်စွာအောက်မေ့ခြင်း မှန်စွာစူးစိုက်ခြင်း ဟူသော ဤတရားသုံးပါးကို သမာဓိအစုဖြင့် သွင်းယူအပ်၏။

 

မှန်စွာကြံခြင်း၊ မှန်စွာမြင်ခြင်း ဟူသော တရားနှစ်ပါးကို ပညာအစုဖြင့် သွင်းယူအပ်၏။

 

(၃) သမာဓိနှင့် သမာဓိနိမိတ်

 

တစ်ဖို့တစ်စုတည်းဖြစ်ခြင်း အာရုံတစ်ခုတည်းရှိခြင်းသည် သမာဓိမည်၏။ သတိပဋ္ဌာန်လေးပါး တို့သည် သမာဓိဖြစ်ကြောင်း နိမိတ်မည်၏။ သမ္မပ္ပဓာန်လေးပါးတို့သည် သမာဓိ၏ အခြံအရံများ ဖြစ်၏။ ထိုဝီရိယ, သတိ, သမာဓိတို့ကို မှီဝဲခြင်း၊ ဖြစ်ပွားစေခြင်း၊ ကြိမ်ဖန်များစွာ အလေ့အလာ ပြုခြင်းသည် သမာဓိကို ဖြစ်ပွားစေခြင်းမည်၏။

 

(၄) သင်္ခါရသုံးပါး

 

သင်္ခါရတို့သည် ကာယသင်္ခါရ၊ ဝစီသင်္ခါရ၊ စိတ္တသင်္ခါရဟူ၍ သုံးပါးရှိ၏။ ဝင်သက်လေ ထွက်သက်လေ တို့သည် ကာယသင်္ခါရမည်၏။ ဝိတက် ဝိစာရသည် ဝစီသင်္ခါရမည်၏။ သညာ ဝေဒနာသည် စိတ္တသင်္ခါရမည်၏။ ဝင်သက်ထွက်သက်လေတို့သည် ကိုယ်၌ဖြစ်၍ ကိုယ်နှင့်ဆက်စပ်နေသော ကြောင့် ကာယသင်္ခါရမည်၏။ ရှေးဦးစွာ ကြံစည်သုံးသပ်ပြီး နောက်မှသာ နှုတ်ဖြင့်စကားကို ပြောဆိုရခြင်းကြောင့် ဝိတက်နှင့် ဝိစာရတို့သည် ဝစီသင်္ခါရမည်၏။ သညာနှင့် ဝေဒနာကား စိတ်၌ မည်၍ စိတ်နှင့်ဆက်စပ်နေသောကြောင့် စိတ္တသင်္ခါရမည်၏။

 

(၅) နိရောဓသမာပတ်

 

နိရောဓသမာပတ်ကို ဝင်စားသောရဟန်းအား ငါသည် နိရောဓသမာပတ်ကို ဝင်စားအံ့ဟူ၍ လည်းကောင်း၊ ငါသည် နိရောဓသမာပတ်ကို ဝင်စားနေသည်ဟူ၍လည်းကောင်း၊ ငါသည် နိရောဓသမာပတ်ကို ဝင်စားခဲ့ပြီးပြီဟူ၍လည်းကောင်း စိတ်အကြံမဖြစ်။ စင်စစ်ကား ထိုရဟန်းသည် မဝင်စားမီ ရှေ့အဖို့၌ သညာဝေဒနာတို့၏ ချုပ်ငြိမ်းမှုသို့ ပို့ဆောင်ပေးနိုင်သော စိတ်ကို ပွားများခဲ့လေပြီ။

 

နိရောဓသမာပတ်ကို ဝင်စားသော ရဟန်းအား သင်္ခါရသုံးပါးတို့တွင် ဝစီသင်္ခါရသည် ရှေးဦးစွာ ချုပ်၏။ ထို့နောက် ကာယသင်္ခါရ၊ ထို့နောက် စိတ္တသင်္ခါရသည် ချုပ်၏။၊ နိရောဓသမာပတ်မှ ထသော ရဟန်းအား ငါသည် နိရောဓသမာပတ်မှ ထအံ့ဟူ၍လည်းကောင်း၊ ငါသည် နိရောဓသမာပတ်မှ ထနေသည်ဟူ၍လည်းကောင်း၊ ငါသည် နိရောဓ သမာပတ်မှ ထခဲ့ပြီးပြီဟူ၍လည်းကောင်း စိတ်အကြံမဖြစ်။ စင်စစ်ကား ထိုရဟန်းသည် မဝင်စားမီရှေ့အဖို့ကပင်လျှင် ရည်ရွယ်မှန်းထားသည့် အတိုင်း သမာပတ်မှ ထနိုင်ရန်စိတ်ကို ပွားများခဲ့လေသည်။

 

နိရောဓသမာပတ်မှ ထသောရဟန်းအား သင်္ခါရသုံးပါးတို့တွင် စိတ္တသင်္ခါရသည် ရှေးဦးစွာ ဖြစ်၏။ ထို့နောက် ကာယသင်္ခါရ၊ ထို့နောက် ဝစီသင်္ခါရသည် ဖြစ်၏။ နိရောဓသမာပတ်မှထသော ရဟန်းကို ကိလေသာဆိတ်သုဉ်းသော သုညတဖဿ ကိလေသာနိမိတ်ပုံမရှိသော အနိမိတ္တဖဿ ကိလေသာ တောင့်တမှု မရှိသော အပ္ပဏိဟိတဖဿအားဖြင့် သုံးပါးသော ဖဿတို့သည် တွေ့ထိကုန်၏။ နိရောဓသမာပတ်မှ ထသောရဟန်း၏ စိတ်သည် ကိလေသာ ဆိတ်သုဉ်းရာနိဗ္ဗာန်သို့ ညွတ်ယိမ်း ကိုင်းရှိုင်း၏။

 

(၆) ဝေဒနာသုံးပါး

သုခဝေဒနာ, ဒုက္ခဝေဒနာ အဒုက္ခမသုခဝေဒနာဟူ၍ ဝေဒနာ သုံးပါးရှိ၏။ ကိုယ်စိတ်ထဲ၌ဖြစ်သော သာယာဖွယ်ခံစားမှုသည် သုခဝေဒနာမည်၏။ ကိုယ်စိတ်ထဲ၌ဖြစ်သော မသာယာဖွယ်ခံစားမှုသည် ဒုက္ခဝေဒနာမည်၏။ ကိုယ်စိတ်ထဲ၌ဖြစ်သော သာယာဖွယ်လည်းမဟုတ် မသာယာဖွယ်လည်း မဟုတ်သော ခံစားမှုသည် အဒုက္ခမသုခဝေဒနာမည်၏။ သုခဝေဒနာ၌ တည်ရှိနေခြင်းဟူသော ချမ်းသာမှုရှိ၏။ ဖောက်ပြန်ပြောင်းလဲသွားခြင်းဟူသော ဆင်းရဲမှုရှိ၏။ ဒုက္ခဝေဒနာ၌ တည်ရှိနေခြင်း ဟူသော ဆင်းရဲမှုရှိ၏။ ဖောက်ပြန်ပြောင်းလဲသွားခြင်းဟူသော ချမ်းသာမှုရှိ၏။ အဒုက္ခမသုခဝေဒနာ၌ သိခြင်းဟူသော ချမ်းသာမှုရှိ၏။ မသိခြင်းဟူသော ဆင်းရဲမှုရှိ၏။

 

(၇) ဝေဒနာသုံးပါး၌ အနုသယကိန်းပုံ

သုခဝေဒနာ၌ ရာဂါနုသယကိန်း၏။ ဒုက္ခဝေဒနာ၌ ပဋိဃာနုသယကိန်း၏။ အဒုက္ခမသုခဝေဒနာ၌ အဝိဇ္ဇာနုသယကိန်း၏။ အလုံးစုံသော သုခဝေဒနာ၌ ရာဂါနုသယ ကိန်းသည်မဟုတ်။ အလုံးစုံသော ဒုက္ခဝေဒနာ၌ ပဋိဃာနုသယကိန်းသည် မဟုတ်။ အလုံးစုံသော အဒုက္ခမသုခဝေဒနာ၌ အဝိဇ္ဇာနုသယ ကိန်းသည်မဟုတ်။

 

(၈) ဝေဒနာသုံးပါး၌ အနုသယပယ်ပုံ

သုခဝေဒနာ၌ ရာဂါနုသယကိုပယ်၏။ ဒုက္ခဝေဒနာ၌ ပဋိဃာနုသယကို ပယ်၏။ အဒုက္ခမသုခဝေဒနာ၌ အဝိဇ္ဇာနုသယကို ပယ်၏။ အလုံးစုံသော သုခဝေဒနာ၌ ရာဂါနုသယကို ပယ်သည်မဟုတ်။ အလုံးစုံသော ဒုက္ခဝေဒနာ၌ ရာဂါနုသယကို ပယ်သည်မဟုတ်။ အလုံးစုံသော ဒုက္ခဝေဒနာ၌ ပဋိဃာနုသယကို ပယ်သည် မဟုတ်။ အလုံးစုံသော အဒုက္ခမသုခဝေဒနာ၌ အဝိဇ္ဇာနုသယကို ပယ်သည်မဟုတ်။

 

ပထမဈာန်ကို ဝင်စား၍နေသော ရဟန်းသည် ထိုပထမဈာန်ဖြင့် ရာဂါနုသယကို စွန့်ပယ်၏။ ထိုပထမဈာန်၌ ရာဂါနုသယသည် မကိန်းပေ။ မြတ်သော လွတ်မြောက်ရေးတရားတို့၌ တောင့်တမှုကို ဖြစ်စေသော ရဟန်းအား ထိုတောင့်တမှုဟူသော အကြောင်းကြောင့် နှလုံးမသာယာခြင်း ဒေါမနဿသည်ဖြစ်၏။ ထိုဒေါမနဿဖြင့် ပဋိဃာနုသယကို စွန့်ပယ်၏။ ထိုဒေါမနဿ၌ ပဋိဃာနုသယသည် မကိန်းပေ။ စတုတ္ထဈာန်ကို ဝင်စား၍နေသော ရဟန်းသည် ထိုစတုတ္ထဈာန်ဖြင့် အဝိဇ္ဇာနုသယကို ပယ်၏။ ထိုစတုတ္ထဈာန်၌ အဝိဇ္ဇာနုသယသည် မကိန်းပေ။

 

(၉) ပုံတူတရား

သုခဝေဒနာ၏ ပုံတူတရားကား ဒုက္ခဝေဒနာဖြစ်၏။

ဒုက္ခဝေဒနာ၏ ပုံတူတရားကား သုခဝေဒနာဖြစ်၏။

အဒုက္ခမသုခဝေဒနာ၏ ပုံတူတရားကား အဝိဇ္ဇာဖြစ်၏။

အဝိဇ္ဇာ၏ ပုံတူတရားကား ဝိဇ္ဇာဉာဏ်ဖြစ်၏။

ဝိဇ္ဇာဉာဏ်၏ ပုံတူတရားကား ဝိမုတ္တိဖြစ်၏။

ဝိမုတ္တိ၏ ပုံတူတရားကား နိဗ္ဗာန်ဖြစ်၏။

နိဗ္ဗာန်၏ ပုံတူတရားကား အဘယ်ပါနည်း။

မေးသင့်မေးထိုက်သော ပြဿနာကို ကျော်လွန်ခဲ့ပြီ။ ပြဿနာကို အဆုံးမသတ်နိုင်ဘဲ ရှိချေပြီ။ အဘယ်ကြောင့်ဆိုသော အကျင့်မြတ်သည် နိဗ္ဗာန်သို့သာ သက်ဝင်၍ နိဗ္ဗာန်သည်သာလျှင် အဆုံးသတ် ရှိသောကြောင့်ဖြစ်ပေ၏။

 

(၁၀) ဗုဒ္ဓမြတ်စွာက ထောက်ခံခြင်း

 

ဓမ္မဒိန္နာဘိက္ခုနီသည် ဝိသာခဥပါသကာ၏ မေးခွန်းများကို အထက်ပါအတိုင်း ဖြေကြားပြီး ဗုဒ္ဓမြတ်စွာအားလည်း ထပ်မံမေးလျှောက်လိုက မေးလျှောက်ရန် ညွှန်ကြား၏။ ဝိသာခသည် ဗုဒ္ဓထံချဉ်းကပ်ပြီး ဓမ္မဒိန္နာဖြေကြားလိုက်ပုံကို အစအဆုံး လျှောက်တင်လေသည်။ ထိုအခါ ဗုဒ္ဓမြတ်စွာက ဓမ္မဒိန္နာသည် ပညာရှိ၏။ ထိုပြဿနာများကို ငါဘုရားအား မေးလျှောက်လျှင်လည်း ထိုနည်းအတိုင်းပင် ဖြေကြားပေရာ၏ ဟူ၍ ထောက်ခံမိန့်ကြား၏။ ဝိသာခလည်း လွန်စွာကျေနပ် နှစ်သက်သွားလေတော့၏။

 

 

 

မန ၄၅: စူဠဓမ္မသမာဒါနသုတ်

 

တရားကျင့်သုံးခြင်း လေးမျိုးကို အကျဉ်းဟောခြင်း ဖြစ်သည်။ ဗုဒ္ဓမြတ်စွာ သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးနေစဉ် ရဟန်းတို့အား ဟောတော်မူသည်။

 

တရားကျင့်သုံးခြင်း လေးမျိုုးရှိ၏။ ၎င်းတို့မှာ …

၁။ ပစ္စုပ္ပန်၌ ချမ်းသာ၍ တမလွန်၌ ဆင်းရဲကျိုးခံစားရသော တရားကျင့်သုံးခြင်း။

၂။ ပစ္စုပ္ပန်၌ ဆင်းရဲ၍ တမလွန်၌လည်း ဆင်းရဲကျိုးခံစားရသော တရားကျင့်သုံးခြင်း။

၃။ ပစ္စုပ္ပန်၌ ဆင်းရဲ၍ တမလွန်၌ ချမ်းသာကျိုးခံစားရသော တရားကျင့်သုံးခြင်း။

၄။ ပစ္စုပ္ပန်၌ ချမ်းသာ၍ တမလွန်၌လည်း ချမ်းသာကျိုးခံစားရသော တရားကျင့်သုံးခြင်း တို့ဖြစ်၏။

 

ကာမဂုဏ်ခံစားခြင်းသည် အပြစ်မရှိဟု ယူဆသော ရဟန်းပုဏ္ဏားတို့သည် ကာမဂုဏ်ကို ခံစားနေ၏။ သေလွန်သောအခါ အပါယ်ငရဲသို့ ကျရောက်၍ ခါးသီးသော ဆင်းရဲကို ခံစားရ၏။ ယင်းကို ပစ္စုပ္ပန်၌ ချမ်းသာ၌ တမလွန်၌ ဆင်းရဲကျိုးခံစားရသော တရားကျင့်သုံးခြင်းဟု ခေါ်၏။

 

အချို့သော ရဟန်းပုဏ္ဏားတို့သည် အကျိုးမဲ့ ကိုယ်ပင်ပန်း ဆင်းရဲကြောင်း အကျင့်တို့ကို ကျင့်၏။ သေလွန်သောအခါ အပါယ်ငရဲသို့ ကျရောက်၍ ခါးသီးသောဆင်းရဲကို ခံစားရ၏။ ယင်းကို ပစ္စုပ္ပန်၌ ဆင်းရဲ၍ တမလွန်၌လည်း ဆင်းရဲကျိုးခံစားရသော တရားကျင့်သုံးခြင်းဟုခေါ်၏။

 

အချို့သော ရဟန်းပုဏ္ဏားတို့သည် ပင်ကိုယ်အားဖြင့် ရာဂ ဒေါသ မောဟအားကြီးလျက် ယင်းတို့ကြောင့်ဖြစ်သော ကိုယ်စိတ်ဆင်းရဲခြင်းကို အမြဲမပြတ်ခံစားကာ ငိုကြွေးရသော်လည်း မြတ်သောအကျင့်ကိုမူ ပြည့်စုံစင်ကြယ်အောင် ကျင့်၏။ သေလွန်သောအခါ သုဂတိနတ်ပြည်သို့ ရောက်၏။ ယင်းကို ပစ္စုပ္ပန်၌ ဆင်းရဲ၍ တမလွန်၌ ချမ်းသာကျိုး ခံစားရသော တရားကျင့်သုံးခြင်းဟု ခေါ်၏။

 

အချို့သော ရဟန်းပုဏ္ဏားတို့သည် ပင်ကိုယ်အားဖြင့် ရာဂ ဒေါသ မောဟအားကြီးသူမဟုတ်၍ ယင်းတို့ကြောင့်ဖြစ်သော ကိုယ်စိတ်ဆင်းရဲခြင်းကို အမြဲမပြတ် ခံစားခြင်းမရှိ။ ကာမဂုဏ် အကုသိုလ်တို့မှ ကင်းဆိတ်မှုကြောင့်ဖြစ်သည့် ပထမဈာန် ဒုတိယဈာန် တတိယဈာန် စတုတ္ထဈာန် တို့ကို ရနေကြ၏။ သေလွန်သောအခါ သုဂတိနတ်ပြည်သို့ ရောက်၏။ ယင်းကို ပစ္စုပ္ပန်၌လည်း ချမ်းသာ၌ တမလွန်၌လည်း ချမ်းသာကျိုးခံစားရသော တရားကျင့်သုံးခြင်းဟု ခေါ်၏ဟုဟောတော်မူ ပါသည်။

ဤသုတ်၌ အင်ကြင်းပင်ရင်း၌ကျသော မာလေနွယ်သီး ဥပမာသည် စိတ်ဝင်စားဖွယ်ကောင်းသည်။

အောက်ပါလင့်ခ်မှာ ဖတ်ရှုနိုင်ပါသည်။

 

 

မန ၄၆: မဟာဓမ္မသမာဒါနသုတ်

တရားကျင့်သုံးခြင်းလေးမျိုးကို အကျယ်ဟောကြားခြင်း ဖြစ်သည်။ ဗုဒ္ဓမြတ်စွာ သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးနေစဉ် ရဟန်းတို့အား ဟောကြားတော်မူ၏။

 

သတ္တဝါတို့သည် မနှစ်သက်ဖွယ်တရားများ လျော့ပါး၍ နှစ်သက်ဖွယ်တရားများ တိုးပွားရန်သာ လိုလားတောင့်တကြ၏။ သို့သော်လည်း လိုလားတောင့်တသည့်အတိုင်း မပြည့်စုံဘဲ မနှစ်သက်ဖွယ် တရားများ တိုးပွား၍ နှစ်သက်ဖွယ်တရားများကား လျော့ပါး၍သာ သွားကြပါ၏။

 

သူတော်သူမြတ်တို့ကို မဖူးမြင်ရ၍ သူတော်ကောင်းတရား၌ လိမ္မာယဉ်ကျေးခြင်းမရှိသည့် အကြားအမြင်နည်းသော ပုထုဇဉ်သည် မှီဝဲသင့်သောတရား၊ မမှီဝဲသင့်သောတရား၊ ဆည်းပူးသင့်သောတရား၊ မဆည်းပူးသင့်သောတရားတို့ကို ခွဲခြား၍ မသိ။ ထိုသို့ ခွဲခြား၍ မသိသဖြင့် မှီဝဲသင့် ဆည်းပူးသင့်သောတရားများကို မှီဝဲဆည်းပူးခြင်းမပြု။ မမှီဝဲသင့် မဆည်းပူးသင့်သော တရားများကို မှီဝဲဆည်းပူး၏။ ထို့ကြောင့် ထိုသူအား မနှစ်သက်ဖွယ်တရားများ တိုးပွား၍ နှစ်သက်ဖွယ်တရားများ လျော့ပါး ဆုတ်ယုတ်သွား၏။ ဤသို့ ဖြစ်ခြင်းမှာ အသိဉာဏ်ခေါင်းပါးသော လူမိုက်တို့အား ဖြစ်မြဲဓမ္မတာပင်ဖြစ်၏။

 

တရားကျင့်သုံးခြင်း လေးမျိုးရှိ၏။ ပညာဉာဏ်နည်းပါး၍ မိုက်မဲတွေဝေသူသည် ထိုတရားဆောက်တည်ခြင်းလေးမျိုးကို အမှန်အတိုင်း ခွဲခြား၍မသိ။ ထိုသို့ခွဲခြား၍ မသိသဖြင့် ပညာဉာဏ်နည်းပါး၍ မိုက်မဲ တွေဝေသူသည် ထိုတရားဆောက်တည်ခြင်းလေးမျိုးကို အမှန်အတိုင်း ခွဲခြား၍မသိ။ ထိုသို့ခွဲခြား၍ မသိသဖြင့် မှီဝဲသင့်သော တရားကျင့်ခြင်းကို ရှောင်ကြဉ်၍ မမှီဝဲသင့်သော တရားကျင့်ခြင်းကို မှီဝဲ၏။ ထို့ကြောင့် ထိုသူအား မနှစ်သက်ဖွယ်တရားများ တိုးပွား၍ နှစ်သက်ဖွယ်တရားများ လျော့ပါးဆုတ်ယုတ်သွား၏။ အချို့သည် ကိုယ်စိတ်ဆင်းရဲခြင်းရှိပါလျက် ဒုစရိုက်ဆယ်ပါးကို ပြု၏။ ယင်းသို့ပြုခြင်းကြောင့် ကိုယ်စိတ်ဆင်းရဲ၏။ သေသောအခါ အပါယ်ငရဲကျ၏။ ယင်းသည် ပစ္စုပ္ပန်လည်း ဆင်းရဲ၍ တမလွန်၌လည်း ဆင်းရဲကျိုးခံစားရသော တရားကျင့်သုံးခြင်း ဖြစ်၏။

 

အချို့သည် ကိုယ်စိတ်ချမ်းသာခြင်းရှိပါလျက် ဒုစရိုက်ဆယ်ပါးကို ပြု၏။ ယင်းသို့ပြုခြင်းကြောင့် ကိုယ်စိတ်ဆင်းရဲ၏။ သေသောအခါ အပါယ်ငရဲကျ၏။ ယင်းသည် ပစ္စုပ္ပန်၌ချမ်းသာ၍ တမလွန်၌ ဆင်းရဲကျိုးခံစားရသော တရားကျင့်သုံးခြင်း ဖြစ်၏။

 

အချို့သည် ကိုယ်စိတ်ဆင်းရဲခြင်းရှိပါလျက် ဒုစရိုက်ဆယ်ပါးတို့မှ ရှောင်ကြဉ်၏။ ယင်းသို့ ရှောင်ကြဉ်ခြင်းကြောင့် ကိုယ်စိတ်ဆင်းရဲ၏။ သေသောအခါ၌ကား သုဂတိဘုံသို့ ရောက်၏။ ယင်းသည် ပစ္စုပ္ပန်၌ ဆင်းရဲ၍ တမလွန်၌ ချမ်းသာကျိုးခံစားရသော တရားကျင့်သုံးခြင်းဖြစ်၏။

 

အချို့သည် ကိုယ်စိတ်ချမ်းသာခြင်းရှိပါလျက် ဒုစရိုက်ဆယ်ပါးတို့မှ ရှောင်ကြဉ်၏။ ယင်းသို့ ရှောင်ကြဉ်ခြင်းကြောင့် ကိုယ်စိတ်ချမ်းသာ၏။ သေသောအခါ၌လည်း သုဂတိဘုံသို့ရောက်၏။ ယင်းသည်ပစ္စုပ္ပန်၌လည်း ချမ်းသာ၍ တမလွန်၌လည်း ချမ်းသာကျိုးခံစားရသော တရားကျင့်သုံးခြင်း ဖြစ်၏။

 

အချုပ်အားဖြင့် နှစ်သက်စရာများတိုးပွား၍ မနှစ်သက်စရာများ နည်းပါးစေလိုကြ၏။ တောင့်တတိုင်းကား မပြည့်။ လုပ်သင့်သည်မလုပ်သင့်သည်ကို မသိသောကြောင့် ဖြစ်၏။

 

ကျင့်သုံးခြင်းလေးမျိုးရှိ၏။ ပစ္စုပ္ပန်တမလွန်ဆင်းရဲ, ပစ္စုပ္ပန်ချမ်းသာ တမလွန်ဆင်းရဲ, ပစ္စုပ္ပန်ဆင်းရဲ တမလွန်ချမ်းသာ, ပစ္စုပ္ပန် တမလွန် ချမ်းသာတို့ ဖြစ်၏။ ကျင့်သုံးခြင်းလေးမျိုးကို အဆိပ်ခပ်ထားသောဘူးခါးရည်, အဆိပ်ခပ်ထားသောဖျော်ရည်, ဆေးစိမ်ထားသော နွားကျင့်ငယ်ရည်, စတုမဓူ ဥပမာလေးမျိုးဖြင့် ဟောတော်မူပါသည်။

 

 

++++++++++

မန ၄၇: ဝီမံသကသုတ်

 

ဘုရားဟုတ်မဟုတ် စုံစမ်းလေ့လာနိုင်သော နည်းလမ်းများ ကို ဟောကြားခြင်း ဖြစ်သည်။

ဗုဒ္ဓမြတ်စွာ သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံး နေစဉ် ရဟန်းတို့အား ဟောတော်မူသည်။

 

သူတစ်ပါး၏ စိတ်ဖြစ်ပုံကိုမသိ၍ စူးစမ်းလေ့လာလိုသော ရဟန်းသည် မြတ်စွာဘုရားအား မျက်စိဖြင့်မြင်ရ နားဖြင့် ကြားရသည့် ညစ်နွမ်းသော အကျင့်များရှိမရှိ စူးစမ်းလေ့လာရမည်။

 

ထိုအကျင့်များ မတွေ့ခဲ့သော် မျက်စိဖြင့်မြင်ရ နားဖြင့်ကြားရသည့် အကောင်းအဆိုး ရောထွေးသော အကျင့်ရှိမရှိ စူး စမ်းလေ့လာရမည်။

 

ထိုအကျင့်များကိုလည်း မတွေ့ခဲ့သော် မျက်စိဖြင့်မြင်ရ နားဖြင့်ကြားရသည့် ဖြူစင်သောအကျင့်များ ရှိမရှိ စူးစမ်း လေ့လာရမည်။

 

ထိုအကျင့်များရှိကြောင်း သိမြင်ခဲ့သော် ဤအရှင်သည် ဤကုသိုလ်တရားများဖြင့် ကြာမြင့်စွာကပင် ပြည့်စုံခဲ့သလော။သို့မဟုတ် ခဏတဖြုတ်မျှသာ ပြည့်စုံ၍နေသလောဟု စူးစမ်းလေ့လာရမည်။

 

ကြာမြင့်စွာကပင် ပြည့်စုံခဲ့သူဖြစ်ကြောင်း သိမြင်ခဲ့သော် ဤအရှင်သည် ထင်ရှားကျော်စောခြင်း အခြံအရံများခြင်းသို့ ရောက်ပြီလော။တစ်စုံတစ်ခုသော အပြစ်အနာအဆာ များ ရှိသလောဟု ထပ်မံစူးစမ်းရမည်။

 

ထင်ရှားကျော်ကြားခြင်း အခြံအရံများခြင်းသို့ ရောက်သော်လည်း တစ်စုံတစ်ခုသော အပြစ်အနာအဆာမရှိဟု သိမြင် ခဲ့သော် ဤအရှင်သည် ဘေးရန်မရှိဘဲလျက် မကောင်းမှုမှ ရှောင်ကြဉ်သူ ဟုတ်ပါသလော။တပ်မက်ခြင်းကင်းသဖြင့် ကာမဂုဏ်တို့ကို မှီဝဲသူဟုတ်ပါ၏လောဟု စူးစမ်းရမည်။

 

ဤအရှင်သည် သံဃာ့အလယ်၌ နေစဉ်လည်းကောင်း တစ်ပါးတည်းနေစဉ်လည်းကောင်း အခြားတစ်ပါးသော ရဟန်းတို့ကိုအကျင့်ဂုဏ်ဖြင့် မထီမဲ့မြင်မပြု။

 

ထို့ပြင် မြတ်စွာဘုရား ကိုယ်တော်တိုင်ကလည်း ဘေးရန်မ ရှိဘဲ မကောင်းမှုမှ ရှောင်ကြဉ်သူ တပ်မက်ခြင်းကင်းသဖြင့် ကာမဂုဏ်တို့ကို မမှီဝဲသူဖြစ်ကြောင်း ဖွင့်ဟမိန့်ကြားပါ သည်။

 

မြတ်စွာဘုရားသည် ကိုယ်တိုင်မှန်ကန်စွာသိမြင်သော ဘု ရားစင်စစ်ဖြစ်၏။တရားသည် မြတ်စွာဘုရားကိုယ်တိုင် ကောင်းစွာဟောကြားအပ်သော တရားဖြစ်၏။မြတ်စွာဘုရား၏ တပည့်သံဃာသည်လည်း ကောင်းစွာကျင့်အပ်ေ သာ သံဃာဖြစ်၏ဟူ၍ ယုံကြည်၏။

 

ဤသို့ ကိုယ်တိုင်စူးစမ်းဆုံးဖြတ်နိုင်ခြင်းကြောင့် ယုံကြည်မှုသည် အကြောင်းအချက်နှင့် ပြည့်စုံ၍ ဉာဏ်အမြင်အရင်း ခံသော ယုံကြည်မှုဖြစ်၏။မည်သည့်လူနတ်ဗြဟ္မာကမျှ မ ရွေ့ရှားစေနိုင်သော ခိုင်မြဲသည့်ယုံကြည်မှုဖြစ်၏။

 

ဤသုတ်လာ အချက်အလက်များကို အခြေခံ၍ ဘာသာ ရေးနယ်ပယ်တွင် မိမိကိုးကွယ်ယုံကြည်မည့် ဘာသာတ ရားနှင့် ဘာသာရေးခေါင်းဆောင်ကို စူးစမ်းလေ့လာနိုင်သည်။လူမူရေးနယ်ပယ်တွင်လည်း ထ်ု့အတူပင်ဖြစ်၏။ သို့ဖြစ်၍ ဤသုတ်သည်  လက်တွေ့အသုံးချ ရှုထောင့်မှ ကြည့်လျှင် အကျိုးများကြောင်းတွေ့ရမည်ဖြစ်သည်။

 

 

+++++++++++++

 

Ashin Sundara (16.1.2025)


+++++++++++++++++++++++++++++++++++++++++++


မဇ္ဈိမနိကာယ၊ မူလပဏ္ဏာသ

 

၅။ စူဠယမကဝဂ်

 

မန ၄၈: ကောသမ္ဗီသုတ်

သာရဏီယတရားခြောက်ပါးနှင့် အရိယဉာဏ်ခုနစ်ပါးကို ဟောကြားခြင်း ဖြစ်သည်။

 

ဗုဒ္ဓမြတ်စွာသည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ သီတင်းသုံးနေစဉ် အယူဝါဒကွဲပြား၍ ခိုက်ရန်ဖြစ်နေကြသ ည့် ရဟန်းတို့အား ဟောတော်မူသည်။

 

သာရဏီယတရားခြောက်ပါးသည် ချစ်ခင်လေးစားခြင်း ကိုပြုတတ်၏။ အမြဲမပြတ် အောက်မေ့ထိုက်၏။ အယူဝါဒ မကွဲပြားဘဲ ညီညွတ်စုစည်း တပေါင်းတည်း ဖြစ်စေ၏။

 

(၁) သီတင်းသုံးဖော်တို့အပေါ် မျက်မှောက်၌ဖြစ်စေ မျက်ကွယ်၌ဖြစ်စေ ကာယကံမေတ္တာကို ရှေးရှု ထားခြင်း။

 

(၂) သီတင်းသုံးဖော်တို့အပေါ် မျက်မှောက်၌ဖြစ်စေ မျက်ကွယ်၌ဖြစ်စေ ဝစီကံမေတ္တာကို ရှေးရှု ထားခြင်း။

 

(၃) သီတင်းသုံးဖော်တို့အပေါ် မျက်မှောက်၌ဖြစ်စေ မျက်ကွယ်၌ဖြစ်စေ မနောကံမေတ္တာကို ရှေးရှုထားခြင်း။

 

(၄) တရားသဖြင့်ရသော လာဘ်လာဘကို သီတင်းသုံးဖော် တို့နှင့် ခွဲဝေသုံးဆောင်ခြင်း။

 

(၅) သမာဓိကို ဖြစ်စေနိုင်သော အကျင့်သီလတို့၌ သီတင်း သုံးဖော်တို့နှင့် တူမျှစွာ ကျင့်သုံးနေထိုင်ခြင်း။

 

(၆) ဝဋ်ဆင်းရဲလွတ်မြောက်ကြောင်း မြတ်သောအယူအား ဖြင့် သီတင်းသုံးဖော်တို့နှင့် တူညီခြင်းတို့ ဖြစ်၏။

 

သာရဏီယခြောက်ပါးတွင် မြတ်သောအယူသည် အချုပ် အချာဖြစ်၏။

မြတ်သောအယူသည် ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း ဖြစ်၏။ခုနစ်ပါးရှိ၏။

 

(၁) မိမိသန္တာန်၌ အဘိဇ္ဈာ ဗျာပါဒ ထိန မိဒ္ဓ ဝိစိကိစ္ဆာ ဥဒ္ဓစ္စ  စိတ်ထကြွခြင်းများရှိမရှိ ဆင်ခြင်၍ မရှိကြောင်းသိမြင်ခဲ့ သော် ပထမအရိယဉာဏ်ရ၏။

 

(၂) ဤအယူဝါဒကို လက်ခံကျင့်သုံး၍ မျက်မှောက်ငြိမ်း ချမ်းမှုကို ရမရဆင်ခြင်၍ ရကြောင်း သိမြင်ခဲ့သော် ဒုတိယအရိယဉာဏ်ရ၏။

 

(၃) ငါ၏အယူနှင့်တူသော ရဟန်းပုဏ္ဏားတို့သည် ဤသာသ နာမှပြင်ပ၌ ရှိပါ၏ဟောဟု ဆင်ခြင်၍ မရှိကြောင်းသိမြင် ခဲ့သော် တတိယအရိယဉာဏ်ရ၏။

 

(၄) ငါသည် အာပတ်တစ်ခုခု သင့်ရောက်ခဲ့သော် လျင်မြန် စွာကုစား၍ နောင်မလွန်ကျူးအောင် စောင့်စည်းခြင်းဟူ သော ဓမ္မတာသဘောနှင့် ပြည့်စုံမှုရှိမရှိ ဆင်ခြင်၍ ပြည့်စုံ ကြောင်းသိမြင်ခဲ့သော် စတုတ္ထအရိယဉာဏ်ကို ရ၏။

 

(၅) သီတင်းသုံးဖော်တို့၏ ကိစ္စကြီးငယ်၌ ကြောင့်ကြစိုက် ရသည့်တိုင် သီလသမာဓိပညာ အကျင့်တရား၌ မလစ်ဟင်းသော ဓမ္မတာသဘောနှင့် ပြည့်စုံမှုရှိမရှိဆင်ခြင်၍ ပြည့်စုံကြောင်း သိမြင်ခဲ့သော် ပဥ္စမအရိယဉာဏ်ကို ရ၏။

 

(၆) ဘုရားရှင်ဟောကြားသောအခါ လိုလိုလားလား နား ထောင်သူတို့၏ အင်အားနှင့်ပြည့်စုံမှုရှိမရှိ ဆင် ခြင်၍ ပြည့်စုံကြောင်း သိမြင်ခဲ့သော် ဆဋ္ဌမအရိယဉာဏ် ကိုရ၏။

 

(၇) မြတ်စွာဘုရား ဟောကြားသည့် တရား၏ အနက်အဓိ ပ္ပါယ်ကို သိမြင်၍ ဝမ်းမြောက်သူတို့၏ အင်အားနှင့် ပြည့်စုံမှုရှိမရှိ ဆင်ခြင်၍ ရှိကြောင်းသိမြင်ခဲ့သော် သတ္တမအရိယဉာဏ်ကို ရ၏။

ဤအင်္ဂါခုနစ်ပါးနှင့် ပြည့်စုံသူသည် သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုပြီးဖြစ်၏။

 

 

 

 

မန ၄၉: ဗြဟ္မနိမန္တနိကသုတ်

ဗကဗြဟ္မာအား ဟောကြားသောတရားဖြစ်သည်။ ဗုဒ္ဓမြတ်စွာသည် ဥက္ကဋ္ဌမြို့အနီးရှိ သုဘဂတောအုပ် အတွင်းရှိ အင်ကြင်းပင်ရင်း၌ သီတင်းသုံးနေစဉ် ဗြဟ္မာ့ပြည်သို့ ကြွတော်မူသည်။

 

ဗကဗြဟ္မာသည် ဗုဒ္ဓမြတ်စွာကို ကြိုဆိုနှုတ်ဆက်ပြီးလျှင် ဤဗြဟ္မာ၏ အဖြစ်ကား ခိုင်မြဲတည်တံ့ပါ၏ ရွေ့လျောခြင်း သဘောမရှိပါ။ မွေးဖွားခြင်း အိုခြင်း သေခြင်းတို့မှလည်း ကင်းပါ၏။ ဤဗြဟ္မာအဖြစ် ထက် သာလွန်သော လွတ်မြောက်ရာဟူ၍ မရှိတော့ပါဟု လျှောက်၏။

 

ထိုအခါ ဗုဒ္ဓမြတ်စွာက ဗြဟ္မာတို့အား ဤသို့မိန့်ကြား၏။ ဗကဗြဟ္မာကား မိုက်မဲလေစွ။ ဗြဟ္မာ၏ အဖြစ်သည် ခိုင်မြဲတည်တံ့ခြင်း မရှိပါဘဲလျက် ခိုင်မြဲတည်တန့်၏ဟု ဆို၏။ ရွေ့လျောခြင်း ရှိပါလျက် ရွေ့လျောခြင်းမရှိဟု ဆို၏။ မွေးဖွားခြင်း အိုခြင်း သေဆုံးခြင်း မကင်းပါဘဲလျက် ကင်းပါ၏ဟု ဆိုဘိ၏။ ဗြဟ္မာအဖြစ်ထက် သာလွန်သော လွတ်မြောက်ရာရှိပါလျက် မရှိဟုဆို၏။

 

ထိုအချိန်တွင် မာရ်နတ်ယုတ်သည် အလုပ်အကျွေးဖြစ်သော ဗြဟ္မာတစ်ဦးကို ဝင်ပူးပြီး ဗုဒ္ဓမြတ်စွာကို ဟန့်တား ပြောဆိုခဲ့၏။ ဗုဒ္ဓမြတ်စွာက မာရ်နတ်အား သင့်ကိုပါသိ၏။ ဗကဗြဟ္မာနှင့် အလုပ်အကျွေး တိုသည် သင့်လက်တွင်းသို့ရောက်၍ သင့်အလိုသို့ လိုက်ပါနေသော်လည်း ငါကား သင့်လက်တွင်းသို့ ရောက်နေသူမဟုတ်။ သင့်အလိုသို့ လိုက်ပါနေသူမဟုတ်ဟုမိန့်၏။

 

ဤသို့ ဗုဒ္ဓမြတ်စွာက မိန့်ကြားသောအခါ ဗကဗြဟ္မာကလည်း ဗုဒ္ဓမြတ်စွာကို သင့်ထက်ရှေးကျသော ရဟန်းပုဏ္ဏားတို့ ရှိခဲ့၏။ သူတို့၏ ကျင့်ကြံအားထုတ်မှုသည် သင့်အသက်နှင့်အမျှပင် ဖြစ်၏။ သူတို့သည် ဗြဟ္မာ၏အဖြစ်ထက် သာလွန်သော လွတ်မြောက်ရာ ရှိမရှိကို သိမြင်ခဲ့ကြ၏။ ထို့ကြောင့် သင်သည် ဤဗြဟ္မာ၏အဖြစ်ထက် သာလွန်သော လွတ်မြောက်ရာကို တွေ့မြင်နိုင်လိမ့်မည်ဟု တုန့်ပြန်ပြောဆို၏။

 

ဗုဒ္ဓမြတ်စွာက ဗကဗြဟ္မာအား ငါသည် သင်၏အလားအလာကိုလည်း သိ၏။ သင်၏ စွမ်းပကားကို လည်း သိ၏။ ငါသည် အလုံးစုံကို ခွဲခြားသိမြင်၍ ငါဟု မထင်မှတ်။ ငါ့ဟာ ဟု မစွဲ။ ဤသို့လည်း ငါသည် အသိဉာဏ်အားဖြင့် သင့်ထက်သာလွန်၏ဟု မိန့်၏။

 

ဗကဗြဟ္မာက ဗုဒ္ဓမြတ်စွာအား အိုရဟန်းကြည့်ပါလော့။ ယခု ငါသည် သင်၏ မျက်မှောက်မှ ကွယ်ပျောက်တော့အံ့ဟု ပြောဆိုပြီး ကွယ်ပျောက်ရန် အားထုတ်၏။ သို့သော်လည်း မစွမ်းနိုင်ချေ။

 

ထိုအခါ ဗုဒ္ဓမြတ်စွာက ဗကဗြဟ္မာနှင့်အခြွေအရံ ပရိသတ်များ ကိုယ်တော်ကို မမြင်ရဘဲ အသံကိုသာ ကြားရစေရန် တန်ခိုးဖန်ဆင်းပြီး ဤဂါထာကို မြွက်ဆို၏။

 

“ငါသည် ဘဝ၌ ကြောက်မက်ဖွယ်ဘေးကိုလည်းကောင်း၊ ဘဝကင်းရာကို ရှာသူတို့၏ အဖြစ်ကို လည်းကောင်း သိမြင်၍ တစ်စုံတစ်ခုသော ဘဝကိုမျှ မစွဲလမ်းတော့ပေ။ ဘဝ၌ နှစ်သက်ဖွယ်ဟု လည်း မစွဲယူတော့ပေ”။ ဗကဗြဟ္မာနှင့် ခြွေရံပရိသတ်တို့သည် လွန်စွာအံဩလျက် ဗုဒ္ဓမြတ်စွာ၏ တန်ခိုးစွမ်းပကားကြီးမားပုံဘဝ၌ မွေ့လျော်ပျော်ပိုက်သော သတ္တဝါအပေါင်း၏ အမြစ်အရင်းနှင့် တကွသော ဘဝအစွဲကို နှုတ်ပယ်နိုင်ပုံကို ချီးကျူးမပြောဆိုကြလေ၏။

 

ထိုအခါ မာရ်နတ်ယုတ်သည် ဗြဟ္မပါရိသဇ္ဇ ဗြဟ္မာတစ်ဦးကို ပူးဝင်ပြီး ဗုဒ္ဓမြတ်စွာကို တရားမဟောရန် တားမြစ်ပြောဆို၏။ ဗုဒ္ဓမြတ်စွာသည် မာရ်နတ်အား ချေပပြောဆို၏။

 

ဤသို့လျှင် မာရ်နတ်အား တုံ့ပြန်ပြောဆိုခြင်း မပြုနိုင်စေရန်လည်း ဗြဟ္မာအား အထူးသိစေရန် လည်းကောင်း ဟောကြားခြင်းဖြစ်သောကြောင့် ဤသုတ်ကို ဗြဟ္မနိမန္တနိကသုတ်ဟူ၍ ခေါ်တွင်လေ၏။

 

(မာရ်နတ်သည် ဗြဟ္မာအောက် နိမ့်သူဖြစ်၍ ပူးဝင်ရန် မဆိုထားဘိ ပကတိအသွင်ကိုပင် မမြင်နိုင်။ ထို့ကြောင့် တကယ့်မာရ်နတ်က ပူးဝင်ခြင်းမဟုတ်။ ကိလေသာတည်းဟူသော မာရ်နတ်က ပူးဝင်ခြင်း သာဖြစ်သည်ဟု ယူသင့်ကြောင်း မဟာစည်ဆရာတော်က အနတ္တလက္ခဏသုတ်တရားတော်ကြီး၌ ဆုံးဖြတ်ထားပါသည်။)

 

 

မန ၅၀: မာရတဇ္ဇနီယသုတ်

ရှင်မောဂ္ဂလာန်သည် မာရ်နတ်ကို ဆွေမျိုးစပ်၍ ဆုံးမခြင်းဖြစ်သည်။ ရှင်မောဂ္ဂလာန်သည် ဘဂ္ဂတိုင်း သံသုမာရဂိရိမြို့အနီး ပဲစဉ်းငုံတော၌ သီတင်းသုံးနေစဉ် မာရ်နတ်သည် စင်္ကြန်လျှောက်နေသော ရှင်မောဂ္ဂလာန်၏ ဝမ်းဗိုက်ထဲသို့ ဝင်ရောက်လေသည်။

 

ရှင်မောဂ္ဂလာန်သည် ဆင်ခြင်၍ မာရ်နတ်ဝင်ရောက်နေသည်ကို သိမြင်သော် ထွက်သွားရန် မိန့်ကြား၏။ မာရ်နတ်သည် ရှင်မောဂ္ဂလာန်၏ ပါးစပ်မှထွက်၍ ကျောင်းတံခါး အပြင်ထက်တွင် ရပ်နေလေ၏။

 

ရှင်မောဂ္ဂလာန်သည် မာရ်နတ်ကို ဤသို့ ဆုံးမ၏။ ငါသည် ရှေးအခါက ဒုသီမည်သော မာရ်နတ် ဖြစ်ခဲ့ဖူး၏။ ကာဠီမည်သော နှမတစ်ယောက်ရှိ၏။ သင်သည် ထိုကာဠီ၏ သားဖြစ်၍ ငါ့တူပင်ဖြစ်၏။ ထိုအချိန်တွင် ကကုသန်မြတ်စွာဘုရား ပွင့်တော်မူ၏။ ဝိဓုရနှင့် ဘဉီဝမည်သော တပည့်နှစ်ပါး ထင်ရှား၏။

 

မာရ်နတ်သည် အကျင့်သီလနှင့်ပြည့်စုံသော ရဟန်းတို့အား အနှောင့်အယှက်ပေးလိုသဖြင့် ရဟန်းများကို ဆဲဆိုကြိမ်းမောင်းရန် လူတို့ကို သွေးဆောင်၏။ မာရ်နတ်၏ သွေးဆောင်မှုကို ခံရသော လူတို့သည် ရဟန်းများအား ဆဲဆိုကြိမ်းမောင်းကြရာ သေလွန်သောအခါ အပါယ်ငရဲသို့ ကျရောက်လေ၏။

 

ကကုသန်မြတ်စွာဘုရားသည် မာရ်နတ်လှည့်စားပုံကို ရဟန်းတို့အား မိန့်ကြားတော်မူပြီး သတ္တဝါအားလုံးအပေါ်ဝယ် ဗြဟ္မစိုရ်တရား ပွားများကြရန် တိုက်တွန်းတော်မူ၏။ ရဟန်းတို့ကလည်း တိုက်တွန်းချက်နှင့်အညီ ပွားများကြသဖြင့် မာရ်နတ်နှောင့်ယှက်ခွင့် မရတော့ချေ။

 

ဆဲဆိုကြိမ်းမောင်းခြင်းဖြင့် ရဟန်းတို့ စိတ်ဖောက်ပြန်ပြောင်းလဲအောင်ပြုရန် မစွမ်းနိုင်သောအခါ မာရ်နတ်သည် ပရိယာယ်တစ်မျိုးဖြင့် ရဟန်းတို့အား အလွန်အကဲ ရိုသေလေးစားကြရန် လူတို့ကို လှည့်စားသွေးဆောင်ပြန်၏။ မာရ်နတ်၏ သွေးဆောင်မှုဖြင့် ရဟန်းတို့အား အလွန်အကဲ ရိုသေလေးစားမှုပြုကြသော လူတို့သည် သေလွန်သောအခါ နတ်ပြည်သို့ ရောက်ကြလေ၏။

 

ကကုသန်မြတ်စွာဘုရားသည် ထိုအကြောင်းကို သိမြင်တော်မူလျှင် လူတို့၏ ရိုသေလေးစားမှု၌ သာယာနှစ်သက်၍ မနေကြဘဲ ခန္ဓာကိုယ်၏ အသုဘသဘော သင်္ခါရတရားတို့၏ အနိစ္စသဘောကို ဆင်ခြင်ပွားများကြရန် ရဟန်းတို့အား သတိပေးဆုံးမတော်မူ၏။ ရဟန်းတို့လည်း ထိုအဆုံးအမအတိုင်း ဆင်ခြင်ပွားများ၍ နေကြသဖြင့် မာရ်နတ်မှာ နှောင့်ယှက်ခွင့်မရဘဲ ရှိပြန်၏။

 

ထိုအခါ မာရ်နတ်သည် ကလေးငယ်တစ်ယောက်ကို ဝင်ပူးပြီး ကကုသန်မြတ်စွာဘုရားနှင့်အတူ ဆွမ်းခံကြွလာသော ဝိဓုရမထေရ်ကို ကျောက်ခဲဖြင့် ပစ်ပေါက်လေ၏။ ဝိဓုရမထေရ်သည် ခေါင်းကွဲ၍ သွေးတစ်စက်စက်ကျလျက်ဖြင့်ပင် မြတ်စွာဘုရားနောက်တော်မှ ထပ်ကြပ်မကွာ လိုက်ပါသွားလေ၏။

 

ကကုသန်မြတ်စွာဘုရားသည် ဝိဓုရမထေရ်ကို လှည့်ကြည့်ပြီး မာရ်နတ်ကား အတိုင်းအတာကို မသိလေစွဟု မိန့်ကြားလေ၏ တပြိုင်နက်မှာပင် မာရ်နတ်သည် နတ်ပြည်မှ စုတေ၍ ငရဲကြီးသို့ ကျရောက်သွားလေသည်။ ထိုမာရ်နတ်သည် ငရဲ၌ထောင်ပေါင်းများစွာသော နှစ်ပတ်လုံး ခံရလေ၏။ သူ၏ကိုယ်သည် လူ၏ကိုယ်အတိုင်းပင် ဖြစ်သော်လည်း ဦးခေါင်းကား ငါး၏ ဦးခေါင်းကဲ့သို့ ရှိလေ၏။

 

ဤသို့လျှင် ရှင်မောဂ္ဂလာန်သည် မိမိကိုယ်တိုင် ဒူသီမည်သော မာရ်နတ်ဖြစ်၍ ကကုသန်မြတ်စွာဘုရားနှင့် တပည့်များအား နှောင့်ယှက်ခဲ့သောကြောင့် ငရဲ၌ခံစားခဲ့ရပုံကို ပြန်ပြောင်းပြောပြ၏။ မာရ်နတ်အားလည်း မြတ်စွာဘုရားနှင့် တပည့်များကို ထိပါးနှောင့်ယှက်ခြင်း မပြုရန် ဆုံးမလေ၏။ မာရ်နတ်သည် စိတ်နှလုံးမသာမယာဖြင့် ထွက်ခွာသွားလေ၏။

 

 

 

မဇ္ဈိမနိကာယ၊ မူလပဏ္ဏာသ ဝဂ် ၅ ဝဂ်၊ သုတ် ၅၀ ၏တွင်ပြီးပါပြီ။

 

+++++++++++++++++++

 

စူဠယမကဝဂ် ၄၁ – ၅၀

မန ၄၁: သာလေယျကသုတ် – The Brahmans of Sala/(Brahmans) of Sala [Ñanamoli | Thanissaro] [Bodhi]

သာလာရွာသား ပုဏ္ဏားသူကြွယ်တို့အား တရား မျှတမှု နှင့် တရား မမျှတမှုကို ပြုလုပ်ခြင်း အကြောင်းကြောင့် နောင်ဘဝတွင် နတ်ပြည် နှင့် ငရဲ ရောက်ရပုံကို ဟောထားသော သုတ်ဖြစ်ပါသည်။

++++++++++

 

မန ၄၂: ဝေရဉ္ဇကသုတ်

ဝေရဉ္ဇကသုတ်သည် ဝေရဉ္ဇရွာသားများ၏ မေးလျှောက်ချက်အရ ဗုဒ္ဓမြတ်စွာက ဖြေကြားခြင်း ဖြစ်သည်။ သာလေယျကသုတ်နှင့်တူ၏။

 

++++++++++++++

 

မန ၄၃: မဟာဝေဒလ္လသုတ် – The Greater Set of Questions-and-Answers [Thanissaro]

အရှင်သာရိပုတြာ နှင့် အရှင်မဟာကောဋ္ဌိကတို့ တရားဆွေးနွေးသော သုတ်ဖြစ်ပါသည်။ အကြောင်းအရာတို့မှာ သိမှု ‘ပညာ’ နှင့် အထူးသိမှု ‘ဝိညာဏ်’ ဆက်စပ်ခြင်း၊ စျာန်၊ မှန်သော အယူ ‘သမ္မာဒိဋ္ဌိ’ ဖြစ်ရန် အကြောင်းအရင်း စသည်တို့ပါဝင်ပါသည်။

 

++++++++++++++++

 

မန ၄၄: စူဠဝေဒလ္လသုတ် – The Shorter Set of Questions-and-Answers [Thanissaro]

ဝိသာခ နှင့် ဓမ္မဒိန္နာ ဘိက္ခုနီမတို့ တရားဆွေးနွေးသောသုတ်ဖြစ်ပါသည်။ အကြောင်းအရာတို့မှာ သက္ကာယ၊ ဥပါဒါနက္ခန္ဓာ (စွဲလမ်းဖွယ်ခန္ဓာ)၊ အင်္ဂါရှစ်ပါး ရှိသော မဂ်၊ နိရောဓ သမာပတ် စသည်ဖြင့် အကြောင်းအရာစုံ ပါဝင်ပါသည်။ “တရားဟောတတ်ကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် ဓမ္မဒိန္နာသည် အမြတ်ဆုံး (ဧတဒဂ္ဂ) ပေတည်း”ဟု မြတ်စွာဘုရား ချီးမြောက်တော်မူသော ရဟန်းမဖြစ်သည်။ ဓမ္မဒိန္နာ ဘိက္ခုနီမသည် ဝိသာခသူဌေး၏ ဇနီးဟောင်းဖြစ်၍ ဝိသာခသည် အနာဂါမ်ဖြစ်သည်ဟု ဆိုပါသည်။

 

++++++++++++

 

မန ၄၅: စူဠဓမ္မသမာဒါနသုတ် – The Shorter Discourse on Taking on Practices [Thanissaro]

တရားကျင့်တိုင်း နာကျင်သော ဝေဒနာများဖြင့်သာ အမြဲခံစားရန် မလိုပါ။ ယခုပင် ချမ်းသာ၍ နောက်လည်း ချမ်းသာသော တရားကျင့်နည်းကို ဟောကြားထားပါသည်။

 

+++++++++++++

 

မန ၄၆: မဟာဓမ္မသမာဒါနသုတ်

စူဠသမာဒါနသုတ်သည် တရားဆောက်တည်ခြင်းလေးမျိုးကို အကျဉ်းဟောသည်။

မဟာသမာဒါနသုတ်သည် တရားဆောက်တည်ခြင်းလေးမျိုးကို အကျယ်ဟောသည်။

 

+++++++++++++

 

မန ၄၇: ဝီမံသကသုတ်

ဝီမံသကသုတ်သည် ဘုရားဟုတ်မဟုတ် စူးစမ်းလေ့လာအပ်သော အကြောင်းကို ဟောသည်။

 

+++++++++++++

 

မန ၄၈: ကောသမ္ဗီယသုတ် –

ငြင်းခုန်ရန်ဖြစ်၍ ဝါဒကွဲနေကြသော ရဟန်းအုပ်စု နှစ်စုတို့ကို တစ်ဦးကိုတစ်ဦး ချစ်ခင်မှု လေးစားမှုတိုးစေရန် လိုအပ်သော တရား ၆ မျိုး(သာရဏီယတရားခြောက်ပါး)အကြောင်း ဆုံးမသော သုတ်ဖြစ်သည်။ ထို့အပြင် သောတာပန်တို့ ပိုင်ဆိုင်သော ဉာဏ် ၇ မျိုး(အရိယဉာဏ်ခုနှစ်ပါး)ကို ဟောကြားထားပါသည်။

 

++++++++++++++

 

မန ၄၉: ဗြဟ္မနိမန္တနိကသုတ် – The Brahma Invitation [Thanissaro]

ဗြဟ္မာလောကသည် မြဲ၏ခိုင်ခန့်၏ဟု အထင်မှားနေသော ဗကဗြဟ္မာကို ဆုံးမသော သုတ်ဖြစ်ပါသည်။

++++++++++++++

 

မန ၅၀: မာရတဇ္ဇနီယသုတ်

မာရတဇ္ဇနီယသုတ်သည် ဝမ်းထဲသို့ဝင်နေသည့် မာရ်နတ်ကို အရှင်မောဂ္ဂလာန်က ကြိမ်းမောင်းကာ ထွက်ခိုင်းခြင်း ဖြစ်သည်။ ကဿပမြတ်စွာဘုရားလက်ထက်က ဒူသီမာရ်နတ်ဖြစ်စဉ် တူအရီး တော်စပ်ခဲ့ဖူးကြောင်း ဆွေမျိုးစပ်ကာ ဆုံးမမှ မာရ်နတ် ထွက်ခွာသည်။

 

 

++++++++++++

 

Ashin Sundara (17.1.2025)


+++++++++++++++++++++++++++++++++++++++++++



 

 

 
 
 

Comments


Post
Facebook-Logo-Square-768x768.png
Facebook-Logo-Square-768x768.png
Facebook-Logo-Square-768x768.png
google logo_edited.png

©2021 by Dhamma Notes by Thein Naing Ohn. Proudly created with Wix.com

bottom of page