စာတန်းတင်သွင်းရန် စာတမ်းများ (၂)
- Thein Naing Ohn
- Apr 30, 2022
- 12 min read
The concept of Mind and its Different Usages
ဗုဒ္ဓဘာသာသည် ကိုးကွယ်ရာဘာသာတရား လည်းကောင်း၊ သင်ယူလိုက်နာကျင့်ကြံရာ 'ဓမ္မ' လည်းကောင်း ဖြစ်သည်။ ဗုဒ္ဓဟောကြားခဲ့သော အယူဝါဒများ ဖြစ်၍ 'ဗုဒ္ဓဝါဒ' ဟူ၍လည်းကောင်း၊ ဗုဒ္ဓ၏သင်ကြားမှုများဟု အဓိပ္ပာယ်ရသော 'ဗုဒ္ဓသာသနာ' ဟူ၍လည်းကောင်း ခေါ်ဆိုကြသည်။ ဗုဒ္ဓဘာသာတွင် ဂေါတမ ဗုဒ္ဓ၏ သင်ကြားဆုံးမမှုများကို အခြေခံသည့် များစွာသော ရိုးရာဓလေ့ထုံးတမ်းများ၊ ယုံကြည်မှုများနှင့် ကိုးကွယ်မှုဆိုင်ရာများ ခြုံငုံပါဝင်သည်။ 'ဂေါတမ ဗုဒ္ဓ' အမည်တွင် 'ဂေါတမ' သည်မျိုးရိုးအမည် ဖြစ်၍ 'ဗုဒ္ဓ'သည် 'ဉာဏ်အလင်းပွင့်သူ (သစ္စာ လေးပါးကို သိမြင်သူ)' ဟု အဓိပ္ပာယ်ရသည်။ ဗုဒ္ဓဘာသာ ထုံးတမ်းယုံကြည်မှုအရ ဗုဒ္ဓသည် ဘီစီ ၆ ရာစုမှ ဘီစီ ၄ ရာစုအတွင်း အိန္ဒိယ တိုက်ငယ်၏ မြောက်ပိုင်းရှိ မာဂဓတိုင်းပြည်တွင် နေထိုင်သွားသည်ဟု သိရသည်။ ဗုဒ္ဓဘာသာဝင်များသည် ဗုဒ္ဓအား သစ္စာ လေးပါးကို ကိုယ်တိုင်ထိုးထွင်းသိမြင်သူ အဖြစ်လည်းကောင်း တန်ခိုးရှင်ဘုရား အဖြစ်လည်းကောင်း အဝိဇ္ဇာနှင့် တဏှာကို ပယ်သတ်ပြီး သံသရာဒုက္ခမှ လွတ်မြောက်ဖို့အတွက် လမ်းညွှန်ပြသပေးသည့် ဉာဏ်အလင်းပွင့်သူ ဆရာသခင် အဖြစ်လည်းကောင်း မှတ်ယူကြသည်။ ဗုဒ္ဓဘာသာဝင်များသည် သစ္စာ လေးပါးနှင့် ပဋိစ္စသမုပ္ပါဒ်ကို သိမြင်နားလည်ခြင်းအားဖြင့် ဤသို့ ဉာဏ်အလင်းပွင့်မှုကို ရရှိနိုင်သည်ဟု ယုံကြည်ကြသည်။
ဗုဒ္ဓဘာသာတွင်အကြောင်းအရာတစ်ခုကိုလေ့လာကျင့်ကြံရာ၌ နည်းစံနစ်ကျသည်။ သိပ္ပံနည်းကျသည်။ ဗုဒ္ဓ၏အဆုံးအမများနှင့် ဗုဒ္ဓဘာသာသည် သိပ္ပံနည်းကျ ဘာသာ အမှန်တရားနှင့် လက်တွေ့သဘာဝကျ သည့် ဘာသာလည်း ဖြစ်သည်။ ဗုဒ္ဓဘာသာတွင် လူ့ကျင့် ဝတ်တရားနှင့် တိုင်းပြည်အုပ်ချုပ်မှု သဘောတရားများ၊ တပည့်တို့၏ဝတ္တရား၊ ဆရာတို့၏ဝတ္တရား၊ သားသမီးတို့၏ဝတ္တရား၊ မိဘတို့၏ဝတ္တရား၊ စသည်တို့ရှိရာ ဆရာဝတ်တွင် အတတ်လည်းသင် ပဲ့ပြင်ဆုံးမ သိပ္ပမချန် ဘေးရန်ဆီးကာ သင့်ရာအပ်ပို့ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ ဟုပါရှိသည်။ ၃၈ဖြာသော မင်္ဂလာတရားတော်တွင်လည်း အပြစ်ကင်းသော သိပ္ပ အတတ်ပညာတို့ကို တတ်မြောက်ခြင်း သည်လည်း မင်္ဂလာ တစ်ပါးဟု အဆိုရှိသည်။
ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သဗ္ဗညုတ ညဏ်တော်၊ အာသဝက္ခယညဏ်တော်တို့ဖြင့် သိတော်မူသော သဘာဝအမှန်တရားများကို လူသားတို့ နားလည်နိုင်သော နယ်အတွင်းမှ ဟောကြားတော်မူခဲ့ပါတယ်။ ဒါကြောင့်မို့ ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ဒေသနာတော်များသည် သဘာဝဓမ္မ ပညာပင် ဖြစ်ပါသည်။ ယင်းသဘာဝဓမ္မဒေသနာတော်ကို ဟောကြားရာတွင် အကြောင်းယုတ္တိ ခိုင်လုံသည် သက်သေ သာဓက ပြည့်စုံသည်။ မည်သည့်နည်းနှင့်မဆို စမ်းသပ်ခံနိုင်သည်။ ထို့ကြောင့် ယခု သိပ္ပံပညာ၏ ဘဘာဝတရား ဖြစ်ပေါ်ပြောင်းလဲမူ့ တွေ့ရှိချက်များသည် ဗုဒ္ဓဟောကြားခဲ့သော ဒေသနာတော်များနှင့် တစ်ထပ်တည်းကျ လာကြောင်းကို တွေ့ရှိနေရပါသည်။
ဗုဒ္ဓမြတ်စွာဘုရားက ညဏ်မျက်စိဖွင့်ပေးသဖြင့် အမှန်တကယ် မရှိသော်လည်း ထပ်တလဲလဲ စွဲခဲ့ကြသော ငါ၊ သူတစ်ပါး ဟူ၍ ယုံကြည်စွဲမြဲနေသော သမုတ္တိနယ်မှ ခံယူထားသော သဘာဝတရားထက် ကျော်လွန်ကာ ပရမတ္တနယ်မှ သဘာဝအမှန်တရားများ ရှိကြောင်း သိခဲ့ရပါသည်။ ပရမတ္တနယ်မှ အမှန်တရားသည် လူတွင် ရုပ်တရားနှင့် နာမ်တရား ဟူ၍ နှစ်မျိုးသာရှိကြောင်း ရှင်းပြခဲ့ပါသည်။
ရုပ်တရား(ရူပက္ခန္ဓာ)နှင့် နာမ်တရား( နာမက္ခန္ဓာ) တို့ပူးပေါင်း၍ စဉ်ဆက်မပြက် လုပ်ငန်း လုပ်နေသော သဘာဝအမှန်တရား(သစ္စာတရား)ကို စိတ်(နာမ်တရား)က တိုက်ရိုက်သိအောင် ဝိပဿနာဖြင့် လေ့ကျင့်ရပါတယ်။
ရှေးဦးစွာ ရုပ်တရားကို ပိုင်ခြားကြည့်ခြင်းကို ရူပက္ခန္ဓပရိစ္ဆေဒပညာ ဟုခေါ်ပါသည် ယနေ့ခေတ် ဆေးပညာက ခန္ဓဗေဒပညာ (Anatomy) ဟုခေါ်ပါသည်။ ရုပ်တရားတွင် အရိုး၊ အသွေး၊ အသား၊ စသည်တို့ကို ဖုံးအုပ်ထားသော အရေပြား ရှိပါသည်။ ယင်းမှတစ်ဆင့်တက်၍ ရူပက္ခန္ဓပစ္စယပရိဂ္ဂဟပညာဖြင့် ဖော်ပြပါ အစိတ်အပိုင်းတို့သည် အချင်းချင်း ရိုင်းပင်း၍ လုပ်ငန်းလုပ်နေကြပုံများကို လေ့လာရသည် ယင်းကို ယနေ့ဆေးပညာက ဇီဝကမ္မဗေဒပညာ ဟုခေါ်ပါသည်။
ဗုဒ္ဓမြတ်စွာဘုရားရှင်သည် ရုပ်တရားတွင် ရုပ်ခန္ဓာကို ဖွဲစည်းထားသော အစိတ်အပိုင်းများ အချင်းချင်း ရိုင်းပင်း၍ ရှင်သန်ရေးလုပ်ငန်း လုပ်ကိုင်နေပုံကို ဆင်ခြင်ပြီး ရုပ်ခန္ဓာကို ဖွဲစည်းတည်ဆောက်ထားသည့် အခဲသဘောရှိသော အစိတ်အပိုင်း (၂၀)မျိုး၊ အရည်သဘောရှိသော အစိတ်အပိုင်း (၁၂)မျိုး၊ လေသဘောရှိသော အစိတ်အပိုင်း (၆)မျိုး၊ အပူသဘောရှိသော အစိတ်အပိုင်း(၄)မျိုး၊ ဟူ၍ ကောဋ္ဌာသ အစိတ်အပိုင်းများကို (၄၂)မျိုး ခွဲ၍ လေ့လာနည်းကို ပေးထားသည်။ ရုပ်ခန္ဓာကို ဖွဲ့စည်းထားသော ပထဝီ၊ အာပေါ၊ ဝါယော၊ တေဇော၊ ဆိုတဲ့ ဓာတ်ကြီးလေးပါးကို သိရန်ဖြစ်ပါတယ်။ ထိုဓာတ်လေးပါးကို ပိုင်းခြား၍ ဆင်ခြင်သော ကမ္မဋ္ဌာန်းကို စတုဓာတုဝဝတ္တာန် ကမ္မဋ္ဌာန်းဟု ခေါ်ဆိုပါသည်။
ဗုဒ္ဓသဘာဝဓမ္မသည် ပရမတ္ထတရား (၄)ပါးရှိကြောင်းဟေားကြားခဲ့ပါသည် သိပ္ပံပညာသည် ရုပ်တရား ရုပ်တရားတပါးကိုသာ သိနိုင်သည် ကျန်တရား သုံးပါးကို မသိနိုင်ပါ။ နောက်ပြီး ဒီပရမတ္ထတရား အပေါင်းတို့ရဲ့ ဖြစ်ပျက် ဆက်နွယ်ပုံကို ရှင်းပြဖို့ နိယာမတရား ငါးပါး ရှိပါတယ်။
၁။ ဥတုနိယာမ။ ။ ရုပ်ပိုင်းဆိုင်ရာနိယာမများ၊
၂။ ဗီဇနိယာမ။ ။ ဇီဝဆိုင်ရာ နိယာမများ၊
၃။ စိတ္တနိယာမ။ ။ စိတ်တို့၏ ဖြစ်မြဲသဘော၊
၄။ ကမ္မနိယာမ။ ။ ကံတရားတို၏ ဖြစ်မြဲသဘော၊
၅။ ဓမ္မနိယာမ။ ။ သဘာဝဓမ္မတို့၏ ဖြစ်မြဲသဘော၊
ဤသို့ လောကကြီးတွင် အမှန်တကယ်ရှိသော နိယာမငါးပါးတွင် သိပ္ပံပညာသည် (၁) နှင့် (၂) ကိုသာ သိနားလည်နိုင်ပြီး ကျန်နိယာမ တရားကို မသိနားမလည်ပါ။
အတွင်းစိတ်(မနောဝိညာဏ်)
အပြင်စိတ်ငါးမျိုးသည် သိ သဘောသက်သက်သာပါသည့် စိတ်များဖြစ်ပါသည်။ အပြင်စိတ်များ ဖြစ်ပြီးတိုင်း နောက်မှ ကပ်၍လိုက်ပြီး အဓိပ္ပါယ်ဖော်သော အလုပ်လုပ်သည့် စိတ်များသည် အတွင်းစိတ်(မနောဝိညာဏ်)များ ဖြစ်ကြသည်။ အတွင်းစိတ်၏ တည်ရာသည် အတွင်းဒွါရ ဖြစ်ပြီး မှီရာအာရုံသည် အတွင်းအာရုံ(ဓမ္မာရုံ) ဖြစ်သည်။ အပြင်စိတ်များအာရုံကို အတွင်းစိတ်က ခံယူ၍ အတွင်းစိတ်၏ ဖြစ်လာသော အာရုံကို ဓမ္မာရုံ ဟုခေါ်သည်။ ထို့ကြောင့် အပြင်နှင့်အတွင်း ပေါင်းလျှင် အာရုံခြောက်မျိုး ဒွါရခြောက်ပေါက်နှင့် စိတ်(ဝိညာဏ်) ခြောက်မျိုးရှိသည်။ အပြင်စိတ်တွင် သုခဝေဒနာနှင့် တွဲ၍ဖြစ်လျှင် အတွင်းစိတ်သည် သောမနဿဝေဒနာနှင့် တွဲ၍ဖြစ်သည်။ အပြင်စိတ်သည် ဒုက္ခဝေဒနာနှင့် တွဲ၍ဖြစ်လျှင် အတွင်းစိတ်သည် ဒေါမနဿဝေဒနာနှင့် တွဲ၍ဖြစ်သည်။ အပြင်စိတ်သည် အဒုက္ခမသုခ ဝေဒနာနှင့် တွဲ၍ဖြစ်လျှင် အတွင်းစိတ်သည် ဥပေက္ခာဝေဒနာနှင့် တွဲ၍ ဖြစ်သည်။ အပြင်စိတ်များ ဖြစ်ပြီးတိုင်း အတွင်းစိတ်သည် နောက်မှလိုက်၍ မြင်စိတ်၊ ကြားစိတ် စသည်တို့ အပြင် ၎င်းတစ်မျိုးတည်းလည်း အလုပ်လုပ်ပါသည်။ စိတ်ထဲတွင် တွေးတောကြံစည်ခြင်း၊ ဆုံးဖြတ်ချက်ချခြင်းတို့သည် အတွင်းစိတ်လုပ်ငန်း ဖြစ်သည်။
ဗုဒ္ဒ၏ လူ့သဘာဝဓမ္မပညာက မျက်စိတစ်မှိတ်တွင် စိတ်ပေါင်း ကုဋေတစ်သိန်းဖြစ်သည်ဟု ဖော်ပြသည်။ မျက်စိတစ်မှိတ် ဟူသော အချိန်နှင့် ပတ်သက်၍ မြန်မာတို့ တွက်ချက်ပုံကို သိရန်လိုသည်။
မျက်စိ ၁၀ မှိတ် = တစ်ခဏ
၁၀ ခဏ = တစ္ခရာ
၁၀ခရာ = တစ်ပြန်
၆ပြန် = တစ်ဗီဇနာ
၁၅ ဗီဇနာ = တစ်ပါဒ်
၄ ပါဒ် = တစ်နာရီ
၆၀ နာရီ = တစ်ရက်
အထက်ပါနည်းနှင့် တွက်လျှင် တစ်စက္ကန့်တွင် မျက်စိ ၂၅၀မှိတ်ရှိကြောင်း တွက်၍ရသည်။ သို့ဖြစ်ပါ၍ ဗုဒ္ဓ၏ လူ့သဘာဝဓမ္မပညာက ဖော်ပြသော စိတ်၏ဖြစ်နှုန်းသည် တစ်စက္ကန့်တွင် ကုဋေ (၂ဒသမ၅)ကုဋေ ဖြစ်သည်ဟု တွက်၍ရသည်။ ထို့ကြောင့် လူ့သဘာဝဓမ္မပညာက ဖော်ပြသော စိတ်၏ဖြစ်နှုန်းကို သိပ္ပံက တွက်ပြသော တစ်စက္ကန့်တွင် အလင်းလှိုင်းများ မျက်စိအကြည်ရုပ်ကို ရိုက်ခတ်သည့်နှုန်း ကုဋေ (၃) ကုဋေနှင့် နှိုင်းယှဉ်နိုင်သည်။ ထိုသို့ အလွန်လျင်မြန်စွာ ဖြစ်၍ ပျက်နေကြသော မြင်သိစိတ်လေးများ၏ ဖြစ်တည်ပျက် အစဉ်အတန်းက မြင်မှုကို တစ်ဆက်တည်းဟု ထင်ရအောင် လုပ်ပေးသည်။
ဖြစ်တည်ပျက် အစဉ်တန်းဖြင့် တစ်ဆက်တည်း မြင်နိုင်ရန် လုပ်ပေးသည့် လုပ်ငန်းကို သန္တတိပညတ်ဟု ခေါ်သည်။ ဖြစ်တည်ပျက်အစဉ်အတန်းလေးများစုဝေး၍ အစုအဝေးအဖြစ် မြင်နိုင်ရန် လုပ်ပေးသည့် လုပ်ငန်းကို သမှုဟပညတ်ဟု ခေါ်သည်။ အစုအဝေးနှင့် ဖြစ်မှသာ ပုံပန်းသဏ္ဌာန် ပေါ်သည်။ အစုအဝေးဖြင့် ပုံပန်းသဏ္ဌာန် မြင်နိုင်ရန်လုပ်ပေးသည့် လုပ်ငန်းကို သဏ္ဌာနပညတ်ဟု ခေါ်သည်။ ပုံပန်းသဏ္ဌာန်ပေါ်မှ ထုထည်ကို မြင်ရသည်။ ထုထည်အဖြစ် မြင်နိုင်ရန် လုပ်ပေးသည့် လုပ်ငန်းကို ဃနပညတ်ဟုခေါ်သည်။ ထုထည်အဖြစ် မြင်မှသာ လူ၊ ယောကျ်ား မိန်းမ၊ တိုက်၊ ကား စသည့် အမည်နာမကို ဖော်ပြသည့် နာမပညတ် ဖြစ်သည်။
❝ စိတ်(Mind)ဆိုတာ ❞
"အနောက်တိုင်းဆေးပညာ"အရ-
"သိစိတ်"(conscious mind)နဲ့ "မသိစိတ်" (unconscious mind) ဆိုပြီးနှစ်မျိုးရှိတယ်။ "စိတ်တွေဟာ "ဦးဏှောက်"ထဲမှာ ဖြစ်တယ်လို့ ယူဆတာပဲရှိပါတယ်။ ဒါပေမဲ့ ဦးဏှောက်ကို ခွဲစိပ်တာတောင် မသိပါဘူး။
ကျေးဇူးတော်ရှင်မြတ် "ဘုရားရှင်ရဲ့တရားတော် အရတော့ - သိစိတ် အမျိုးပေါင်း(၁၂၁ မျိုး)ရှိတာ၊
- ဘယ်လိုအကြောင်းတွေကြောင့် စိတ်တွေ ဖြစ်တာ၊
- ဘယ်မှာဖြစ်တာ၊
- စိတ် မှာ စိတ်အပြင် စိတ်ကိုပြုပြင်တဲ့ "စေတသိက်"တွေ ပူးပေါင်းပါဝင်တာကအစ, အတော် စုံစုံလင်လင် သိရပါတယ်။
"စိတ် (Mind)"ဆိုတာ "ဒွါရ (၆)ပါး"နဲ့ "အာရုံ"တိုက်လို့ ပေါ်လာတဲ့ အာရုံကိုသိတဲ့ စိတ်အစဉ်ကို - သိစိတ်(ဝါ) ဝီထိစိတ်(ဝါ) နိုးကြားစိတ်(conscious mind) လို့ ခေါ်ပါတယ်။
အာရုံ (၆)ပါး"နှင့် သက်ဆိုင်ရာ အကြည်ဓာတ်တို့ တိုက်ဆိုင်ပြီး၊ လိုအပ်သော အကြောင်းတရားများ ပြည့်စုံသည့်အခါ သက်ဆိုင်ရာ"ဝီထိစိတ်များ"ဖြစ်ပါတယ်။ အာရုံ (၅)ပါးကြောင့်ဖြစ်သော "ဝီထိစိတ်များ" ဖြစ်ပေါ်ပုံတူညီကြလို့ "ပဉ္စဒွါရဝီထိ"ဟု ခေါ်ပါတယ်။
ဓမ္မာရုံနှင့် "မနောဒွါရ"ကြောင့်ဖြစ်သော "ဝီထိစိတ်"ကိုတော့ "မနောဝီထိ"ဟု ခေါ်ပါတယ်။
"ဝီထိစိတ်"မဖြစ်တဲ့အချိန်မှာ ဖြစ်တဲ့စိတ်ကို မသိစိတ်(ဝါ) ဝီထိမုတ်စိတ် (ဝါ) ဘဝင်စိတ် (unconscious mind) လို့ ခေါ်ပါတယ်။
"ဘဝင်စိတ်"ဆိုတာ - အိပ်မောကျစဉ် ပြင်ပအာရုံတွေနဲ့ ကင်းလွတ်တဲ့အချိန်မှာဖြစ်တဲ့ စိတ် ဖြစ်ပါတယ်။
"ဘဝင်စိတ်"က သတ္တဝါ ဆက်လက် အသက်ရှင် ဖို့လိုအပ်ပါတယ်။ "စိတ်"မရှိတော့ရင် "လူသေ"ဖြစ်သွားပါပြီ။ "လူရှင်"နဲ့ "လူသေအလောင်း"ဟာ "စိတ်"ရှိတာ"နဲ့ "မရှိတာ"ပဲ ကွာပါတယ်။
"ပဋိသန္ဓေစိတ်"ဟာလဲ "ဘဝင်စိတ်"ပဲဖြစ်ပါတယ်။ "စိတ်"ဆိုတာ "အာရုံ"မရှိဘဲ မဖြစ်နိုင်ပါဘူး။ "ပဋိသန္ဓေစိတ်"နဲ့ "ဘဝင်စိတ်"ဟာ ယခင် ဘဝက "စုတိစိတ်"ယူခဲ့တဲ့"အာရုံ"များဖြစ်တဲ့ ကံနိမိတ်(ဝါ) ကမ္မနိမိတ် (ဝါ) ဂတိနိမိတ် တစ်ခုခုကို အာရုံပြုပါတယ်။
အဲဒီ"စိတ်သုံးမျိုး"လုံးဟာ အာရုံလဲတူ၊ အမျိုးဇာတ်လည်းတူ၊ ယှဉ်ဘက်စေတသိတ်တွေလဲ တူတဲ့ "စိတ်" တွေဖြစ်ကြပါတယ်။ ဖြစ်ပေါ်ရာ အချိန်ကို လိုက်ပြီးတော့သာ စုတိစိတ်၊ ပဋိသန္ဓေ စိတ်၊ ဘဝင်စိတ်လို့ ခေါ်ကြခြင်း ဖြစ်ပါတယ်။
"သံသရာ"စကတည်းက "နိဗ္ဗာန်"မဝင်မချင်း "ဘဝင်စိတ်"နဲ့ "ဝီထိစိတ်"တွေဟာ တပြန်စီ ဖြစ်နေကြပါတယ်။ "ဘဝင်စိတ်"ဖြစ်စေ၊ "ဝီထိစိတ်"ဖြစ်စေ၊ "စိတ်တိုင်းရဲ့သက်တမ်း"ဟာ "ဥပါဒ်၊ ဌီ၊ ဘင်"ဆိုပြီး "ခဏငယ်သုံးချက်"ပဲ ရှိပါတယ်။ "မြန်မာ"လို "ဖြစ်၊ တည်၊ ပျက်"လို့ ခေါ်ပါတယ်။
"ခဏငယ်"ဆိုတာ "အလွန်တိုတောင်းသောအချိန်လေး"ကို ဆိုလိုပါတယ်။
"ဥပါဒ်၊ ဌီ၊ ဘင်" (ခဏငယ်သုံးချက်ပေါင်း)ကို "စိတ္တက္ခဏ တစ်ချက်"လို့ ခေါ်ပါတယ်။
"စိတ်"တွေဟာ "တစ်စက္ကန့်"မှာ "ကုဋေတစ်သိန်း" ဖြစ် ပျက် နေပါတယ်။
ဒါကြောင့် - "စိတ်တစ်ခုရဲ့ သက်တမ်း" (စိတ်သက်)ဟာ "တစ်စက္ကန့်"ရဲ့ "ကုဋေတစ်သိန်းပုံ-တစ်ပုံ"ခန့်သာရှိပါတယ်။
"ရုပ်"ဟာ လည်း "စိတ်"ကဲ့သို့ "ဖြစ်၊ တည်၊ ပျက်"ဟူသော အစဉ်နဲ့ ဖြစ် ပျက် နေပါတယ်။
ဒါပေမဲ့- "ရုပ်ရဲ့ သက်တမ်း"(ရုပ်သက်)က "စိတ်သက်"ထက် (၁၇) ဆ"ပိုကြာပါတယ်။
တနည်းအားဖြင့် - "ရုပ်သက်"ဟာ "စိတ္တက္ခဏ (၁၇) ချက်"နဲ့ ညီမျှပါတယ်။
"ခဏငယ်"အားဖြင့် (၁၇x ၃ = ၅၁ခဏ) ဖြစ်ပါတယ်။
"ရုပ်ရဲ့ ဥပါဒ်ခဏ"နဲ့ "ဘင် ခဏ"တို့ဟာ "စိတ်ရဲ့ ခဏငယ်တစ်ချက်စီ"သာ ကြာပါတယ်။
ဒါကြောင့်- "ရုပ်ရဲ့ ဌီ ခဏ"ဟာ "စိတ္တက္ခဏ (၄၉) ချက်" ကြာပါတယ်။
"အိပ်မောကျနေချိန်"မှာ "ဘဝင်စိတ်"တွေ တစ်ခုပြီး တစ်ခု ဖြစ်လိုက်၊ ပျက်သွားလိုက်၊ ဖြစ်လိုက်၊ ပျက်သွားလိုက်နဲ့ "ဘဝင်စိတ် အစဉ်အတန်း"တွေ ဖြစ် ပျက် နေကြပါတယ်။
အဲဒီလို - "ဘဝင်စိတ်အစဉ်အတန်း"တွေ ဖြစ် ပျက်နေစဉ် (ဝါ) အိပ်ပျော်နေစဉ် ကျယ်လောင်သော အသံတစ်ခု ပေါ်လာခဲ့ရင်, အဲဒီအသံက အိပ်မောကျနေတဲ့ သူရဲ့နားဆီ "အသံလှိုင်း"အဖြစ် ရောက်လာပြီး "နား"ထဲမှာရှိတဲ့ "ကမ္မဇအကြည်ရုပ်"(နားအမှေးပါး)ကို တိုက်လိုက်တာနဲ့ အိပ်ရာက နိုးလာပြီး "ဘယ်နေရာက ဘာသံလဲ?"ဆိုတာ သိလိုက်ပါတယ်။
ဒါက သာမာန် အပေါ်ယံ သိကြတာပါ။
တကယ့်ဖြစ်စဉ်မှာ အသံကြားဖို့ "စိတ်ပေါင်း (၁၇) ခု ဖြစ်ပျက် သွားကြပါတယ်။
အခုခေတ်မှာ လူတိုင်းစိတ်ဝင်စားနေတဲ့ ကျင့်ဝတ်ဆိုင်ရာ စိတ်ပညာ (Moral Psychology) က ဗုဒ္ဓဘာသာရဲ့ ကိုယ်ကျင့်တရားတွေကို အဓိကထားတာကို တွေ့ရပါတယ်။
ဗုဒ္ဓစာပေများကို လေ့လာကြည့်သည့်အခါ “စိတ်”ဟူသော စကားလုံးကို သုံးမျိုးဖြင့် အသုံးပြုထားသည်ကို တွေ့ရသည်။ “စိတ္တ” “မန” “ဝိညာဏ” ဟူ၍ သုံးမျိုး အသုံးပြုထားသည်။ မြန်မာလိုကတော့ “စိတ်၊ မနော၊ ဝိညာဏ်” ဟူ၍ အသုံးပြုကြသည်။
ဗုဒ္ဓစာပေများကို လေ့လာသည့်အခါ စိတ်၏ သဘောသဘာဝနှင့် အကျိုးအကြောင်းတို့ကို အကျယ်တဝင့် ဖော်ပြလေ့ရှိသည်ကို တွေ့ရသည်။ မြန်မာလို စိတ်ဟုပြောနေကြသည် မှန်သော်လည်း စင်စစ် “စိတ်နှင့်စေတသိက်” နှစ်ရပ်ပေါင်းသော နာမ်တရားအစုတို့ကို ဆိုလိုခြင်း ဖြစ်သည်။
စိတ်နှင့်ပတ်သက်သော အကျိုးအကြောင်းတို့ကို ပိဋကစာပေကျမ်းဂန်များတွင် အမြဲဆိုသလို တွေ့ရသည်။ “အဘိဓမ္မာ”ကို လေ့လာသောအခါအခါမှာလည်း “စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်” ဟူ၍ ခွဲခြားပြီး ရှင်းလင်းထားသည်။ “နိကာယ်ငါးရပ်”ကို လေ့လာသောအခါမှာလည်း စိတ်အကြောင်းများကို အမျိုးစုံလင်စွာ တွေ့ရသည်။
“ဓမ္မပဒ”ဟုခေါ်ဆိုသော လောကီ၊ လောကုတ္တရာ နှစ်ဖြာသော ကောင်းကျိုးတို့ကို ဖွံ့ဖြိုးစေသော ကောင်းမြတ်သောတရားတို့ကို သိရာသိကြောင်း စုပေါင်းဖော်ပြထားသည့် ကျမ်းတွင်လည်း စိတ်အကြောင်းကို ကျယ်ပြန့်စွာ တွေ့ရသည်။ ယင်း ဓမ္မပဒကျမ်းတွင် ပါဠိဂါထာပေါင်း ၄၂၃ ပိုဒ် ပါဝင်ပြီး စိတ်နှင့်သက်ဆိုင်သော ဂါထာပေါင်း ၄၃ ပုဒ်ပါရှိသည်ကို တွေ့ရသည်။
ပါဠိနိကာယ်ကျမ်းများကို လေ့လာသည့်အခါတွင် “စိတ္တ” ဟူသည့်စကားလုံးကို ဓမ္မပဒတွင် ၂၇ ကြိမ် သုံးထားပြီး သုတ္တနိပါတ်ဟုခေါ်ဆိုသည့် ကျမ်းတွင်တော့ ၃၃ ကြိမ်သုံးထားသည်ကို တွေ့ရသည်။ အင်္ဂုတ္တရနိကာယ်ဟု ခေါ်ဆိုအပ်သော တရားတော်များကို အစဉ်လိုက် ပြုစု ထားသည့် ပိဋကကျမ်းစာတွင်မူ ပထမဆုံးသော သုတ်တွင်ပင်လျှင် “စိတ္တ” ဟူသော စကားလုံးကို အလုံး ၂၀ အထိသုံးထားသည်ကို တွေ့ရပါသည်။
“မန”(မနော) ဟူသော စကားလုံးကိုလည်း ဓမ္မပဒရှိ ဂါထာ ၂၂ ပိုဒ်တွင် ၃၂ ကြိမ်အထိ အသုံးပြု ထားသည်။ သုတ္တနိပါတ်တွင် ၄၁ ကြိမ်အထိ အသုံးပြုထားသည်ကို တွေ့ရသည်။
အခြား ပိဋကကျမ်းစာများတွင်လည်း “စိတ္တ၊ မန၊ ဝိညာဏ်” ဟူသည့် စကားလုံးများကို သက်ဆိုင်ရာ အကြောင်းအရာများအလိုက်၊ သဒ္ဒါအရေးအသားများအလိုက် ခြယ်လှယ် စုံလင်စွာ အသုံးပြုထားသည်ကို တွေ့ရသည်။
ဗုဒ္ဓအဘိဓမ္မာတွင် စိတ်ကို နည်းမျိုးစုံဖြင့် ခွဲပြထားသည်။
အကုသိုလ်စိတ် ၁၂ ပါး
ကုသိုလ်စိတ် ၂၁ ပါး
ဝိပါက်စိတ် ၃၆ ပါး
ကြိယာစိတ် ၂၀ ပါး
စုစုပေါင်း ၈၉ ပါး ဟူ၍ လည်းကောင်း၊
ကာမာဝစရစိတ် ၅၄ ပါး
ရူပါဝစရစိတ် ၁၅ ပါး
အရူပါဝစရစိတ် ၁၂ ပါး
လောကုတ္တရာစိတ် ၈ ပါး
စုစုပေါင်း ၈၉ ပါး ဟူ၍ တစ်နည်းအားဖြင့် လည်းကောင်း။
ထပ်ပြီး ယင်း ၈၉ ပါးမှ လောကုတ္တရာစိတ် ၈ ပါးကို အကျယ်အားဖြင့် ၄၀ ပါးအထိ ထပ်မံချဲ့ပြပြီးလျှင် စိတ်အကျယ် ၁၂၁ ပါး ဟူ၍လည်းကောင်း ခွဲခြမ်းစိတ်ဖြာပြထားပါသည်။
မြန်မာဘာသာမှာတော့ စိတ်ဟုဆိုလျှင် စိတ်သာမက စေတသိက်ကိုပါ ရောပြီးသုံးလေ့ရှိသည်။ ဗုဒ္ဓစိတ်ပညာမှာတော့ စိတ်၊ စိတ်၏ယှဉ်ဖက် စေတသိက်ဟူ၍ ခွဲခြားအသုံးပြုသည်။
စိတ်နှင့် အတူတကွ ဖြစ်ပေါ်သော စိတ်၏ ယှဉ်ဘက်ဖြစ်သော “စေတသိက်” တို့ကိုလည်း စေတသိက်ပေါင်း ၅၂ မျိုးရှိသည်ဟု အဘိဓမ္မာတွင်ဖော်ပြထားပါသည်။
“ဗုဒ္ဓ၏ တရားတော်များသည် ဒဿနဆိုင်ရာ အတွေးအခေါ်ပညာရပ်တို့နှင့် များစွာ ဆက်စပ်သည်” ဟု ဒဿနပညာရှင်များကဆိုကြသလို စိတ်ပညာရှင်များကလည်း “ဗုဒ္ဓသည် စိတ်တို့၏ အခြေအနေများနှင့် လူတို့၏ စိတ်ရောဂါများကို အထူးပြုကုသသော စိတ်ပညာရှင်ဖြစ်ပြီး များစွာသော တရားတော်တို့သည်လည်း စိတ်အကြောင်းကိုသာ အခြေခံထားသည်” ဟု ဆိုကြပါသည်။
စိတ်ဟူသော စကားလုံးကို မြန်မာစကားတွင် မကြာခဏ အသုံးပြုလေ့ရှိတယ်။ “စိတ်မကောင်းဘူး၊ စိတ်ညစ်တယ်၊ စိတ်ချမ်းသာတယ်၊ စိတ်ရွှင်လန်းတယ်၊ စိတ်နာတယ်” စသည်ဖြင့် စိတ်ဟူသော စကားလုံးကို နေရာများစွာတွင် ပြောဆိုလေ့ရှိကြသည်။
မြန်မာစာအဘိဓာန်တွင် စိတ်ဆိုသည်ကို “အာရုံကို သိတတ်သော သဘောတရား”ဟု ဖွင့်ဆိုထားသည်။ စိတ်ဟူသောစကားလုံးသည် ပါဠိစကား “စိတ္တ”မှ ဆင်းသက်လာသော ပါဠိသက်ဝေါဟာရဖြစ်သည်။
ဗုဒ္ဓစာပေတွင် “စိတ်”ဟူသောစကားလုံးကို “စိတ္တ”၊ “မန”၊ “ဝိညာဏ” ဟု သုံးမျိုး အသုံးပြုထားသည်ကို တွေ့ရသည်။
“စိတ်နှင့်မနော”ကိုတော့ ကြောင်းတူသံကွဲစာလုံးတွေ အဖြစ်အသုံးပြုသည်က များသည်။ ဥပမာ - စိတ်ထားဖြူတဲ့သူ၊ မနောဖြူတဲ့သူ .. စသည် ..
ဝိညာဏ်ကိုကား မြန်မာစကားတွင် စိတ်အနေဖြင့် အသုံးပြုခြင်းနည်းသည်ဟု ဆိုရပေမည်။ “စိတ်ဝိညာဉ်” ဟူ၍ အသုံးပြုသည်မျိုးတော့ရှိသည်။
စိတ်ကိုပိုင်းခြားလေ့လာသောပညာရပ်သည် အနောက်တိုင်းမှာထွန်းကားသည်မှာ ရာစုနှစ် တစ်ခုလောက်သာ ရှိသေးသော်လည်း ဗုဒ္ဓစိတ်ပညာကတော့ လွန်ခဲ့သော ထောင်စုနှစ် များကတည်းက ထွန်းကား တွေ့ရှိခဲ့ပြီး ဖြစ်ပါသည်။
ဗုဒ္ဓစာပေများကို လေ့လာသည့်အခါ စိတ်၏ သဘောသဘာဝနှင့် အကျိုးအကြောင်းတို့ကို အကျယ်တဝင့် ဖော်ပြလေ့ရှိသည်ကို တွေ့ရသည်။ မြန်မာလို စိတ်ဟုပြောနေကြသည် မှန်သော်လည်း စင်စင် “စိတ်နှင့်စေတသိက်” နှစ်ရပ်ပေါင်းသော နာမ်တရားအစုတို့ကို ဆိုလိုခြင်းဖြစ်သည်။
အဘိဓမ္မာကိုလေ့လာသည့်အခါတွင် စိတ်များကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းပြထားသည်ကို တွေ့ရမှာဖြစ်သည်။ ယင်းကျမ်းစာကို လေ့လာသည့်အခါ စိတ်ကို အကျဉ်းအားဖြင့် ၈၉ မျိုး၊ အကျယ်အားဖြင့် ၁၂၁ မျိုးရှိသည်ဟု ဖော်ပြထားသည်ကို တွေ့ရပါလိမ့်မည်။
စိတ် ၈၉ မျိုးကိုလည်း လောကီစိတ် ၈၁ မျိုးနှင့် လောကုတ္တရာ စိတ် ၈ မျိုးဟူ၍ ပြန်လည်ခွဲပြထားသည်ကို တွေ့ရသည်။
၈၉ ပါးသော စိတ်အားလုံးတို့နှင့် တွဲလေ့၊ ယှဉ်လေ့ရှိသော စေတသိက်အမျိုးအစား ၇ မျိုးရှိသည်။ “ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ဧကဂ္ဂတာ၊ ဇီဝိတိန္ဒြေ၊ မနသိကာရ” ယင်း ၇ မျိုးကို သဗ္ဗစိတ္တ သာဓာရဏ စေတသိက ဟုခေါ်သည်။ ထို့နောက်
ပကိဏ်းစေတသိက် ၆ ပါး
အကုသလ စေတသိက် ၁၄ ပါး
သောဘန စေတသိက် ၂၅ ပါး ဟူ၍
စုစုပေါင်း စေတသိက် ၅၂ ပါး ခွဲခြားပြထားသည်။
စေတသိက်ထဲမှ ပါဠိဝေါဟာရများကို မြန်မာအများစု နားရည်ဝပြီးဖြစ်သည်။
ဝေဒနာ၊ ပီတိ၊ ဝီရိယ၊ ဆန္ဒ၊ လောဘ၊ မာန၊ သတိ၊ ကရုဏာ စသော စေတသိက်များသည် မြန်မာ့လူမှုဝန်းကျင်မှာ နေ့စဉ်အသုံးပြုနေပြီးဖြစ်သည်။
မြန်မာစကားမှာ နေ့စဉ်အသုံးပြုနေသော ဝေါဟာရများဖြစ်သဖြင့် မြန်မာတို့နှင့်မစိမ်းသော စိတ်ပညာဖြစ်သည်ဟု ဆိုရပေမည်။
သို့သော် စိတ်ပညာဟူသည်ကား စိတ်တို့၏ ဖြစ်ပုံ၊ ဖွံ့ဖြိုးပုံ၊ စိတ်နှင့်သက်ဆိုင်သည့် အပြုအမူများ၊ အပြုအမူများမှ တစ်ဆင့် ဖြစ်ပေါ်လာသော စိတ်များကို စနစ်တကျလေ့လာသော ဘာသာရပ် ဖြစ်သည်။
ဤသည်ကို မြတ်ဗုဒ္ဓက လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ မတိုင်ခင်ကတည်းက လေ့လာတင်ပြခဲ့ဖြစ်သည်ကို ဗုဒ္ဓစာပေကျမ်းဂန်များမှာ တွေ့ရှိနိုင်ပါသည်။
နာမ်တရားတို့တွင် စိတ်သည် ရှေ့ဆောင်ဖန်တီးသူဖြစ်သည်။ မကောင်းသောစိတ်၊ ကောင်းသောစိတ် မည်သို့သော စိတ်ပင် ဖြစ်စေကာမူ ပြုသူ၏နောက်သို့ အမြဲအစဉ်လိုက်သည်ဟု ဓမ္မပဒတွင်ဆိုသည်။
ထို့ကြောင့် နေ့စဉ်ပြုနေသည့် ကောင်းသောအရာ၊ မကောင်းသောအရာအားလုံးကို စိတ်ကသာ ဦးစီးဦးဆောင် ပြုပြီ လုပ်နေသည်ဟု သိထားရမည် ဖြစ်ပေသည်။ သို့သော် စိတ်တစ်ခုတည်းဟူ၍ မှတ်ယူ၍ မရပေ။ လူသားများ၏ ဖြစ်တည်မှုသည် ရုပ်နှင့်နာမ် ပေါင်းစပ်ထားခြင်းဟု ဗုဒ္ဓက ဆိုထားသည်။ ဤသည်ကိုပင် အကျယ်အားဖြင့် ငါးမျိုးပြန်ခွဲပြီး ခန္ဓာငါးပါးဟူ၍ အကျယ်ချဲ့ပြထားသည်။
“ရုပ်” ဆိုသည်ကို “ရူပက္ခန္ဓာ” ဟူ၍ပြပြီး၊ “နာမ်” ကိုတော့ “ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ” ဟူသည့် လေးပါးသော ခန္ဓာအပေါင်းအဖြစ် ပြထားသည်။
စိတ်သည် လောကကို ဦးစီးဦးဆောင်ပြုသည့်အကြောင်းကို မြတ်စွာဘုရားက “စိတ္တသုတ်” မှာ ထည့်ဟောကြားထားသည်။ စိတ်သည် လောကကိုဦးစီဦးဆောင်ပြုသည်ဆိုသော်လည်း စိတ်သည် အလွန်ပင် အပြောင်းအလဲမြန်လွန်းသည်ကို တွေ့နိုင်သည်။ စိတ်သည် မည်မျှအထိ အပြောင်းအလဲ မြန်သနည်းဆိုသည်ကို ဥပမာပေးရန်ပင် မလွယ်ကူဟူ၍ အင်္ဂုတ္တရနိကာယ်မှာ ဆိုပါသည်။
စိတ်၏ သဘောသဘာဝသည် လွန်စွာမှ ဆန်းကြယ်ပါသည်။
“စိတ်သည် တုန်လှုပ်ခြင်းသဘောရှိသည်။ စိတ်သည် မတည်မငြိမ် လျှပ်ပေါ်ခြင်းသဘော ရှိသည်။ အာရုံရှိသည့်နေရာကို သွားရောက် ကျက်စားလေ့ရှိသည်။ ထိန်းချုပ်ရန် ခက်ခဲသည်” ဟု စိတ်၏ သဘောသဘာဝကို ဓမ္မပဒစိတ္တဝဂ်တွင် ဖော်ပြထားပါသည်။
“နှိမ်နင်းရန် ခက်ခဲသည့်သဘာဝရှိသောစိတ်၊ လျှင်မြန်သည့် သဘောရှိသောစိတ်၊ အလိုရှိရာ အာရုံတို့မှာ ကျက်စားလေ့ရှိသောစိတ်” ထိုသို့သော သဘောသဘာဝကို ရှိနေသောစိတ်ကို နှိမ်နင်းနိုင်သူကား မြတ်၏။ ယင်းနှိမ်နင်းထားသောစိတ်သည် ချမ်းသာကို ဆောင်တတ်သည်ဟု ဓမ္မပဒဂါထာပိုဒ်ရေ ၃၅ က ဆိုထားပါသည်။
ထို့ကြောင့် ထိန်းချုပ်ရန် ခက်ခဲသော စိတ်၊ လျင်မြန်သော စိတ်၊ ကျရာအာရုံမှာ ကျက်စားတတ်သော စိတ်ကို အထိန်းတပ်ပြီး လိုသလို ခရီးနှင်ရန် ဗုဒ္ဓ၏ နည်းလမ်းများကို လေ့လာပြီး ကျင့်ကြံအားထုတ်ရမည် ဖြစ်သည်။
မဟုတ်လျှင် စိတ်ရောဂါများ ဖြစ်ပွားမှုနှင့်တွေ့ကြုံလာရမည်ဖြစ်ပေသည်။ ရောဂါဆိုရာဝယ် ကိုယ်တွင်ဖြစ်သည့် ရောဂါနှင့် စိတ်တွင် ဖြစ်သည့်ရောဂါဟူ၍ နှစ်မျိုးနှစ်စားရှိသည်။
ကိုယ်မှာဖြစ်သော ရောဂါတွေကတော့ အချို့သော အလွန်နည်းပါးသော အရေတွက်ကလွဲလျှင် လူတိုင်းကြုံဖူးကြပါလိမ့်မည်။ သို့သော် စိတ်မှာ ဖြစ်သည့်ရောဂါကတော့ လူတိုင်း မလွဲမသွေ ကြုံတွေ့ကြရသည်။
စိတ်ရောဂါဟုပြောသည့်အခါမှာ ဗုဒ္ဓကတော့ ရဟန္တာများမှလွဲ၍ အားလုံးမှာ ရှိသည်ဟု ဆိုပါသည်။ ဗုဒ္ဓ၏ အယူအဆအရတော့ ဤရောဂါသည်များကို ရုပ်နှင့်နာမ် ပေါင်းထားသော သူများဟု သတ်မှတ်ပါသည်။
ထို့အပြင် ဗုဒ္ဓအယူအဆသည် စိတ်သက်သက်၊ ရုပ်သက်သက် အယူအဆ Dualism မဟုတ်ပါ။ စိတ်သည် ရုပ်မှ တစ်ဆင့်ဖြစ်လာသော သဘောတရား ဟူ၍လည်း မယူဆပေ။ စိတ်နှင့်ရုပ် အပြန်အလှန် မှီတည်နေသည်ဟု လက်ခံသော ဝါဒ ဖြစ်သည်။ ထို့ကြောင့် ဘယ်လိုရောဂါမျိုးဖြစ်ဖြစ် တစ်ခုနှင့်တစ်ခု မှီတည်ပြီး ဖြစ်နေသည်ဟု မှတ်ယူရပေမည်။
စိတ်ရောဂါတို့၏ သဘောသဘာဝများနှင့် လက္ခဏာများကို အနောက်တိုင်း စိတ်ရောဂါစိစစ်ရေးကျမ်း နောက်ဆုံးပေါ်ကျမ်းတစ်ခုဖြစ်သည့် DSM-5 (Diagnostic and Statistical Manual of Mental Disorders; Fifth Edition) တွင် ရောဂါ ၂၉၇ မျိုးလောက် ဖော်ပြသော်လည်း ဗုဒ္ဓကတော့ အကျဉ်းဆုံးချုပ်ပြီး “လောဘ၊ ဒေါသ၊ မောဟ” ဟူ၍ သုံးမျိုးဖော်ပြသည်။
၅၅၀ နိပါတ်တော်များထဲတွင်လည်း လူတို့၏ စိတ်ရောဂါများနှင့် ယင်းစိတ်ရောဂါများ၏ သဘောသဘာဝကို ကျကျနန ဖော်ပြထားသည်။
စိတ်ရောဂါများ၏ အရင်းအမြစ်ကို အင်္ဂလိပ်လို ဆိုက်ကိုပက်ထလိုဂျီ (Psychopathology) ဟုခေါ်သည်။ Psychopathology ဆိုသည်မှာ စိတ်ရောဂါများကို သိပ္ပံနည်းကျ လေ့လာခြင်း ဖြစ်သည်။ ရောဂါဗေဒဟု ဆိုရပေမည်။
စိတ်ရောဂါဖြစ်ကြောင်းကို ဗုဒ္ဓကတော့ အဝိဇ္ဇာ နှင့် တဏှာ ကြောင့်ဟု ဆိုပါသည်။
လူတစ်ဦးသည် ဘဝတစ်ခုကို တပ်မက်နေသောအခါ ယင်းဘဝရေရှည်တည်တံ့ရန်အတွက် ထိန်းသိမ်းစောင့်ရှောက်နေရင်း စိတ်တွင် ရောဂါများ ဖြစ်လေ့ရှိသည်။ မိမိအသက်ရှင် ရပ်တည်ရန်အတွက် ဒေါသဖြင့် ရင်ဆိုင်ဖြေရှင်းတတ်ကြသည်။ လောဘဖြင့် ရင်ဆိုင်ဖြေရှင်းတတ်ကြသည်။ ဤစိတ်အခြေအနေ အပြုအမူတို့ကို Fight or Flight Response ဟု ခေါ်သည်။ ဥပမာ တစ်ခုကို ပြရလျှင် ကိုရိုနာ ကပ်ရောဂါဖြစ်ခါစ ကာလများက ဈေးဝယ်စင်တာများတွင် လူအများ အလုအယက် ဈေးဝယ် ကြသည်ကိုကြည့်ပါ။
လူတို့သည် မိမိတို့ဘဝ အသက်ရှင်ရပ်တည်ရေးအတွက် အလုအယက် အစားအသောက် အသုံးအဆောင်များကို ဝယ်ယူကြသည်။ ယင်းသို့ ဝယ်ယူနေရင်း အချို့အရေအတွက် နည်းပါးနေသော ကုန်ပစ္စည်းများအတွက် ရန်လို တိုက်ခိုက်ကာ ဝယ်ယူကြသည်။ ယင်းကာလများတုန်းက အနောက်နိုင်ငံများတွင် တစ်ရှူးပေပါကို ခိုက်ရန် ဖြစ်ပွားသည်အထိ လုယက်ဝယ်ကြသည်ကိုတွေ့နိုင်သည်။ ဤသည်ကို ဘေးအန္တရာယ်မှ လွတ်မြောက်ရေး၊ အသက်ရှင်ရပ်တည်ရေး ကြိုးပမ်းမှု (Survival Tendency) ဟု ခေါ်သည်။
ယင်းအသက်ရှင်ရပ်တည်လိုမှုသည် ဘဝတဏှာကို အခြေခံပြီး ဖြစ်လာခြင်းဖြစ်သည်။ ထိုဘဝတဏှာကြောင့် စိတ်တွင် မကြာခဏဆိုသလို ရောဂါများ ဖြစ်လေ့ရှိသည်ကို သတိပြုရမည်ဖြစ်သည်။
ဝိဘဝတဏှာသည်ကား ဘဝတစ်ခုရပ်စဲသွားရင် အဆုံးသတ်ပြီ၊ နောင်ဘဝဆိုတာလည်း မရှိဟု လွဲမှားစွာ မြင်သော ဥစ္ဆေဒဒိဋ္ဌိကို အခြေခံ၍ ဖြစ်လာသည်။ ထို့ကြောင့် ဤအယူမှား အစွဲမှားကြောင့် မိမိကိုယ်ကို သေကြောင်းကြံစည်ခြင်းများ ဖြစ်လာရသည်။
စိတ်တွင် ငုပ်လျှိုးနေသော၊ မသိစိတ်ထဲမှာ ကိန်းအောင်းနေသော စိတ်များကြောင့်လည်း စိတ်ရောဂါများဖြစ်သည်။ ယင်း ကိန်းနေသောစိတ်ကို “အနုသယ”ဟု ပါဠိအားဖြင့် ခေါ်ဆိုသည်။ အနုသယ (၇) မျိုးရှိသည်။
မိမိတို့နေထိုင်ရာ လူမှုပတ်ဝန်းကျင်ကြောင့်လည်း စိတ်ရောဂါ ဖြစ်စေပါသည်။
စိတ်ရောဂါတို့၏ အရင်းအမြစ်ကို အချုပ်အားဖြင့် လောဘ၊ ဒေါသ၊ မောဟ ဟူ၍ ချုပ်ထားသည်။ သို့သော်လည်း ယင်း လောဘ၊ ဒေါသ၊ မောဟတို့၏ ဖြစ်ကြောင်းတရားတို့သည် ဆိုင်ရာအခြေအနေများအပေါ်လိုက်၍ ပြောင်းလဲသည်ဟု မှတ်ယူရမည် ဖြစ်ပေသည်။
ရုပ်၊ စိတ်၊ ပတ်ဝန်းကျင်၊ အာဟာရ၊ ရာသီဥတု၊ ကံ နှင့် ပြင်ပမှလာသော အကြောင်းအချက်များကြောင့် စိတ်တွင် ရောဂါများဖြစ်သည်ဟု အကျဉ်းအားဖြင့် မှတ်ရမည် ဖြစ်ပေသည်။
စိတ်ရောဂါများကို ဗုဒ္ဓနည်းအရ ကုသနည်းကား အချက် သုံးချက် မူသေထား၍ ကုသသည်။ ယင်းသုံးချက်ကား
၁။ အပြောအဆို၊ အပြုအမူများကို ပြောင်းလဲခြင်းအားဖြင့်လည်းကောင်း၊
၂။ စိတ်ခံစားမှု အမူအကျင့်များကို ပြောင်းလဲခြင်းအားဖြင့် လည်းကောင်း၊
၃၊ သိမှုဉာဏ်ရည်တို့ကို ပြောင်းလဲခြင်းအားဖြင့်လည်းကောင်း အချက်သုံးချက်ကို ကိုင်တွယ်၍ ကုသသည်။
ဤသုံးချက်ကို သီလ၊ သမာဓိ၊ ပညာ ဟူ၍ ခေါ်သည်။
သီလကား အပြုအမူ၊ အပြောအဆိုတို့ကို ထိန်းညှိပေးသည်။ သမာဓိကား စိတ်၏အရည်အသွေး၊ ခံစားမှုတို့ကို ထိန်းချုပ်နိုင်မှု၊ ကိုင်တွယ်နိုင်မှုနှင့် စိတ်အမူအကျင့်တို့ကို ထိန်းပေးသည်။ ပညာသည်ကား သိမှူစွမ်းရည်ဆိုင်ရာ ကိစ္စများ၊ သိမှု နားလည်မှုဆိုင်ရာကိစ္စများကို ဆောင်ရွက်ပေးသည်။
ဤသုံးချက်ကို အင်္ဂလိပ်လို Behavioral Transformation Technique ၊ Emotional Transformation Technique နှင့် Cognitive Transformation Technique ဟူ၍ နည်းဗျူဟာ သုံးခုဟု ခေါ်ဆိုသည်။
ဤသုံးချက်သည် အပြန်အလှန် ကျေးဇူးပြုသည်။
တဏှာသုံးတန် ရှောင်ရှားရန်
သက်ရှိသတ္တဝါတွေဟာ စွဲလမ်းမှုတဏှာမရှိရင် မနေတတ်ကြပါဘူး။ လောကလွတ်ကြောင်း တရားကို မျှော်မှန်းရင်း သံသရာလည်ကြောင်းကို တမ်းတနေတတ်တာဟာ ပုထုဇဉ်တို့ရဲ့ သဘာဝလေလားမသိ။ ဒုက္ခနဲ့တွေ့ကြုံရတဲ့အခိုက် ဘဝကိုမုန်းလို့ နိဗ္ဗာန်ရအောင် တရားအားထုတ်မဲ့ယောင်ယောင် ဟန်ပြင်တတ်ကြတာလေ။ သူတော်ကောင်းများ ဆုံးမသံကို ကြားမိရဲ့။ အသားမရှိ အရိုးသက်သက်သာရှိတဲ့ အမဲရိုးကို လက်ပေါ်တင်ပြီး ကိုက်နေတဲ့ ခွေးအိုဟာ အသားမရှိတဲ့အရိုးကို ထွက်လာတဲ့သရေနဲ့ကိုက်မိလို့ အရသာရှိသယောင် ထင်မိတာမို့ မလွှတ်ရဲ့ မစွန့်ရဲဖြစ်တတ်ပါသတဲ့။ လူတွေဟာလဲ လောကီအာရုံ ကာမဂုဏ်နောက် ကောက်ကောက်ပါအောင် နေ့မနား ညမအား လိုက်နေတဲ့အခိုက် အဆင်မပြေမှု ဒုက္ခနဲ့ ကြုံရတဲ့အခါ တောထွက်ကာ တရားအားထုတ်တော့မယ့် ရသေ့ယောင်ယောင် ဖြစ်တတ်တာ။ လောကီအာရုံ ကာမဂုဏ်နဲ့တွေ့လဲတွေ့ရော ထွက်တဲ့သရေနဲ့ အရိုးကိုက် နေတဲ့ ခွေးအိုလို အရိုးကို တမ်းတမ်းစွဲဖက်တွယ်ထားပြန်ရော။ ဒီအကြောင်းတရားတွေကြောင့်ပဲထင် သူတော်ကောင်းများ က စွဲလမ်းစရာတဏှာအားလုံးကို စွန့်လွှတ်ကြဖို့ ဟောပြ၊ ပြောပြနေကြတာ။ တဏှာကလဲ သုံးမျိုးတောင် ရှိလေတော့ လွှတ်ရခက်တာက ပုထုဇဉ်သတ္တဝါတွေပါပဲ။
ကာမတဏှာ
မြင်ရတဲ့ အဆင်းအာရုံ၊ ကြားရတဲ့ အသံ၊ ရှုရှိုက်ရတဲ့ အနံ့၊ စားရတဲ့ အရသာ၊ ထိတွေ့ရတဲ့ အတွေ့အထိများဟာ သတ္တဝါတွေအတွက် သွားကြားက ထွက်လာတဲ့ သရေနဲ့တူတာကြောင့် ကာမတဏှာလို့ခေါ်ပါတယ်။ မှန်ပါတယ် သရေမရှိရင် အရိုးကိုက်တဲ့အခါ အရသာ ဘယ်ပေါ်လိမ့်မလဲ။ အရိုးနဲ့ သရေ ပေါင်းမိမှသာ ခွေးအိုက တဏှာနဲ့ အရိုးကို မလွှတ်တမ်း စွဲလမ်းစွာ ကိုက်နေမှာမဟုတ်လား။ ကာမတဏှာနဲ့ပတ်သက်ပြီး လယ်တီဆရာတော် ဆုံးမတာလေးကို မှတ်မိနေရဲ့။ ပကတိ ပြောင်းထမင်း၊ လူးထမင်း၊ ဆတ်ထမင်းများဟာ ကြမ်းတမ်းလွန်းတဲ့အတွက် အရသာကင်းတယ်။ မျိုချဖို့ ခက်ခဲတယ်။ ဆီဦး၊ ထောပတ်၊ ဝက်သား၊ ကြက်သား၊ ငါးရည်၊ အမဲရည် သွန်းလောင်းပြီးစားမှသာ မြိန်မြိန်ယှက်ယှက် စားနိုင်တယ်။ ဒီလိုပါပဲ ကာမဘုံသားများရဲ့ စိတ်ဟာ ကာမရာဂ- အာရုံကို စွမ်းလမ်းမှု၊ ဗျာပါဒ- စိုးရိမ်မှု၊ ဗျာများမှု စတဲ့ တရားပူ၊ တရားလောင်တို့နဲ့ အမြဲပေါင်းဖက်မှုကြောင့် ခြောက်သွေ့ခေါင်းပါးတယ်။ အဆင်းစတဲ့ ပြင်ပအာရုံနဲ့ကင်းရင် ငြီးငွေ့တယ်၊ ပြင်းရိတယ်၊ ခွေးနာ လောက်ကိုက်သလို မနေနိုင်၊ မထိုင်နိုင်ဖြစ်တဲ့အတွက် အပေါင်းအဖေါ်ရှိရာ ချက်ချင်းပြေးရတယ်။ ကိုယ်နှစ်သက်တဲ့ ပြင်ပအာရုံ တစ်ပါးပါးနဲ့ ပေါင်းဖေါ်ဖက်တွဲနေရမှ စိတ်အရသာပေါ်နိုင်တယ်။ ပြင်ပအာရုံ ကောင်းလေလေ အရသာပေါ်လေလေပါပဲတဲ့။ ဒါကြောင့် ကာမဘုံမှာ နတ်မင်းစည်းစိမ်၊ သိကြားမင်းစည်းစိမ်၊ လူမင်းစည်းစိမ်၊ သူဋ္ဌေး သူကြွယ်စည်းစိမ် စတဲ့ နတ်မိန်းမ၊ လူမိန်းမ၊ စားသုံးစရာပြည့်စုံမှု ဘောဂသမ္ပတ္တိ၊ စည်းစိမ်ကြွယ်ဝမှု ဓနသမ္ပတ္တိတို့ကို များသထက်များအောင်၊ ကောင်းသထက်ကောင်းအောင် စုဆောင်းသိမ်းပိုက်ပြီး ထိုအာရုံနဲ့တွဲဖက်ကာ စိတ်အရသာကို ခံစားကြတယ်။ ဒီအာရုံတွေနဲ့ကင်းတာနဲ့ စိတ်ဟာ ခြောက်သွေ့ပြီး ဒုက္ခရောက်ကုန်ရော။ ပြင်ပအာရုံ တမ်းတတဲ့ တဏှာ မီးတောက်လောင်လာတိုင်း မီးစာကျွေးကြရတယ်။ တဏှာမီးစာ စွဲလမ်းစရာတွေကို ရှာကြရတယ်။ ဒါကို ကာမ တဏှာလို့ခေါ်ပါသတဲ့။
ဒီကာမတဏှာဟာ ကာမဘုံသားတွေကို သား၊ မယားအာရုံ၊ စည်းစိမ် ဥစ္စာ ရှာကြံ သိမ်းပိုက်မှုဆိုတဲ့ အဆုံးမရှိတဲ့ ဒုက္ခပယ်လယ်ထဲမှာ အမြဲနှစ်သတ်နေတယ်။ တောင်ကျရေဟာ ကမ်းတစ်လျှောက်ရှိနေတဲ့ သစ်ကိုင်းခြောက်၊ သစ်ခက်၊ သစ်ရွက်၊ မြက်ခြောက်တွေကို တစ်ဟုန်ထိုး မျှောယူပြီး သမုဒ္ဒရာထဲ ဆွဲယူသွားသလို ဆာလောင် မွတ် သိပ်တဲ့ တဏှာကလည်း သူတော်ကောင်းတရားနဲ့ ကင်းကွာနေတဲ့ တဏှာ ကာမဘုံသား နတ်၊ လူ သတ္တဝါတွေကို အပါယ်လေးပါးသို့ရောက်အောင် ဆွဲယူနှစ်သတ်တတ်လေတယ်လို့ ကာမတဏှာနဲ့ပတ်သက်ပြီး ဆုံးမခဲ့လေရဲ့။
ဘဝတဏှာ
လောကီအာရုံ ကာမဂုဏ် ဆိုတဲ့ ကာမတဏှာကို စက်ဆုပ်မိလို့ တောထွက်ကာ တရားအားထုတ်ကြပါရော။ မြဲ မြံမှုသတိ၊ ကြိုးစားမှု ဝီရိယ၊ တည်ကြည်မှု သမာဓိများနဲ့ အသက်စတေး အားထုတ်ခဲ့ကြတဲ့အတွက် စိတ်တည် ကြည်ပြီးနောက် ဈာန်၊ အဘိညာဉ်ရကာ အတိတ်က နေခဲ့ဖူးတဲ့ တစ်ဘဝမှ ဘဝတစ်သိန်းထိ မြင်မိပြီး အတ္တပဲ ဖြစ်ဖြစ်၊ လောကပဲဖြစ်ဖြစ် မြဲတာချည်းပဲ။ သတ္တဝါတွေဟာ တစ်ဘဝပြီး တစ်ဘဝပြေးသွားကြရင်း ကျင်လည်ကြရတယ်၊ သေကုန်တယ် နောက်ပြီး ပြန်ဖြစ်ကြတယ်။ ဒါကြောင့် အတ္တရော လောကပါမြဲတယ်။ ဘာကြောင့် ဒီလို မျိုး တပ်အပ် ငါပြောနိုင်တာလဲဆိုတော့ ငါဟာ ပြင်းစွာ အားထုတ်ခဲ့တဲ့အတွက် ဝီရိယ၊ သတိ၊ သမာဓိကြောင့် စိတ်တည်ကြည်ပြီးနောက် ဘဝပေါင်းများစွာကို ငါပြန်မြင်ရလို့ပဲလို့ ဈာန်ရ၊ အဘိညာဉ်ရ ပုဂ္ဂိုလ်က ပြောဆိုပြသနေပြန်တယ်ပေါ့။
သူ့ရဲ့အတွေ့အကြုံဟာ အဝိဇ္ဇာ= မောဟ ဖုံးလွှမ်းမိလို့ လောကီဈာန်ကိုရပြီး ဉာဏ်မီသလောက်ပဲ မြင်တယ်ဆိုတာကို မသိပြန်ဘူး။ ဒီလို အားထုတ်မှုဈာန်၊ ရလာတဲ့ အတွေ့အကြုံကို မှီပြီး အတ္တရော၊ လောကပါ မြဲကြောင်း တွင်တွင်ဟောပြောတယ်။ ဒါကိုတော့ ဘဝတဏှာလို့ ခေါ်ပါတယ်။ ရလာတဲ့ ဈာန်အပေါ်တပ်မက်မှု၊ ဈာန် အဘိညာဉ်ကို အခြေခံပြီး ရလာတဲ့အတွေ့အကြုံပေါ်မှာ မြဲတယ်လို့ ယူမှုတွေဟာ ဘဝတဏှာဖြစ်ကြောင်းတွေပေါ့။ မှားတတ်တဲ့အဖြစ်လေးတွေကို လယ်တီဆရာတော်က သတိပေးအနေနဲ့ ရေးပြခဲ့ပါတယ်။
မြောက်ကျွန်းသူတို့ရဲ့ ဇောတိပါသာဏ ကျောက်ပေါ်မှာတင်ပြီး ချက်ထားတဲ့ ထမင်းဟာ ကောင်းမြတ်တဲ့ အရသာနဲ့ပြည့်စုံနေလို့ တောင်ကျွန်းမှာရှိတဲ့ ထောပတ်၊ ဆီဦး၊ ဝက်သား၊ ကြက်သားစတဲ့အရာများနဲ့ တွဲဖက်စားစရာမလိုဘူး၊ တွဲစား မယ်ဆိုရင်လဲ အရသာပျက်မှာ။ တွဲစားမိမှာကို ကြောက်စရာ။ ဒီလိုပါပဲ ကာမစ္ဆန္ဒ= လောကီအာရုံ ကာမဂုဏ်၊ ဗျာပါဒ= စိုးရိမ်ပူပန်မှုစတဲ့ နီဝရဏ အပူတို့မှ ကင်းရှင်းတဲ့ ဈာန်၊ သမာပတ်စိတ်ကို ရကြတယ်။ ဒီစိတ်ဟာ ပကတိအားဖြင့် တကယ့်ကို ကောင်းမြတ်တဲ့ အရသာ၊ ပီတိ၊ သုခနဲ့ပြည့်စုံတယ်။ ဈာန်ရပုဂ္ဂိုလ်ဟာ ဈာန်ဝင်စားပြီး ချမ်းသာကို ခံစား၊ စံစားတယ်။ ပြင်ပအာရုံတွေဟာ ကြီးမားတဲ့ အန္တရာယ်ဖြစ်လာတယ်။ ထိုဈာန်စိတ်၊ ဈာန်ဇော၊ အကျိုးဖြစ်တဲ့ ဗြဟ္မာဘဝများဟာ ဘဝတဏှာပါတဲ့။
ဝိဘဝတဏှာ
လောကမှာ ငြိမ်းချမ်းမှုအတွက် ရှာဖွေနေကြတဲ့ သူတွေ အမြောက်၊ အမြားရှိကြတယ်။ သူတို့ရဲ့အယူ သူတို့ရဲ့ အတွေးအခေါ်တွေက ဖြစ်ပြီးနောက် နောက်ထပ်ဘယ်တော့မှ ပြန်မဖြစ်တော့ဘူးလို့ ယူဆကြတယ်။ အဲဒီလို ယူဆသူတွေရဲ့ စွဲလမ်းမှု အတွေးအခေါ်ကို ဝိဘဝတဏှာ= သေပြီးနောက် နောက်ထပ်ဖြစ်ခွင့်မရှိ၊ သေပြီး ဘဝပြတ်တယ်လို့ ခေါ်ပါတယ်။
သူတို့ဘာကြောင့် ဒီလိုမျိုးယူကြတယ်ဆိုတာကို ဘုရားရှင်က ဟောပြခဲ့ပါတယ်။ ပြတ်စဲတယ် (ဝိဘဝတဏှာ) လို့ ယူဆတဲ့ အချို့ ငြိမ်းချမ်းမှုရှာဖွေသူနဲ့ အချို့ပုဏ္ဏားတွေဟာ အကြောင်းတရား (၇) မျိုးကြောင့် ဒီလိုယူဆကြောင်း ဗြဟ္မဇာလသုတ်မှာ ဟောခဲ့ကြားတော်မူခဲ့ပါတယ်။
ရဟန်းတို့ အချို့သော သမဏ၊ ဗြဟ္မတွေဟာ ဒီလိုပြောဆိုကြတယ်။ မိတ်ဆွေတို့ ဒီအတ္တဟာ ရုပ်ရှိတယ်။ မဟာဘုတ်လေးပါးအစုအဝေးဖြစ်တယ်။ မိဘကနေပေါက်ဖွားတယ်။ ကိုယ်ကောင်ပျက်စီးရင် ပြတ်စဲတော့တယ်။ သေ ပြီးနောက် မရှိ လို့ပြောဆိုကြတယ်။ ဒီလိုပဲ နတ်တွေ၊ ဗြဟ္မာတွေ၊ အရူပလေးဘုံသားတွေ ( လူ၊ နတ်၊ ဗြဟ္မာ၊ အရူပ လေးဘုံ ပေါင်း ၇ မျိုး) ဟာလဲ အတ္တရှိတာပဲ၊ မရှိဘူးလို့ ငါမပြောဘူး။ နတ်၊ ဗြဟ္မာ၊ အာကာသာနဉ္စာယတန၊ ဝိညာဏဉ္စာယတန၊ အာကိဉ္စညာယတနဘုံနဲ့ နေဝသညာနာသညာယတနဘုံရောက်တဲ့ အခြားအတ္တဆိုတာ ရှိသေးတယ်။ အဲဒီအတ္တကို မင်းတို့ မသိ၊မမြင်ဘူး။ ဒါပေမယ့် ငါသိ၊ ငါမြင်တယ်။ အဲဒီအတ္တဟာ ကိုယ်ကောင် ပျက်စီးတာနဲ့ ပြတ်စဲတယ်၊ ပျက်စီးတယ်။ သေပြီးသည့်နောက် ဘာဆိုဘာမှမဖြစ်တော့။ လုံးဝပြတ်စဲတယ်လို့ ယူဆကြကြောင်း - ဒီလိုမျိုး သေပြီးနောက် ဘဝပြတ်တယ်လို့ ယူဆတဲ့ ဥစ္ဆေဒ အယူကို ဝိဘဝတဏှာလို့ ခေါ်ပါတယ်။
တကယ်တော့ လောကမှာ သတ္တဝါရယ်လို့ ဖြစ်လာတော့ မြင်၊ကြားစတဲ့ အာရုံကို တွယ်တာမိကြတာပေါ့။ ကာမတဏှာက အပူတွေထုတ်ပေးတယ်ဆိုတာ သိလို့ လွတ်ရာလွတ်ကြောင်း ရှာဖွေရင်း အမှန်လို့ထင်တဲ့ကြားထဲက အမှားကိုယူမိတတ်တာလား။ အသိမှားမှု အဝိဇ္ဇာက အကုသိုလ်အလုပ်၊ ကုသိုလ်အလုပ်အပြင်၊ ဈာန်ရစေမှု သင်္ခါရတွေကိုပါ အမှန်လို့ထင်အောင် တိုက်တွန်းနေတတ်တာပါလား။ မပြည့်စုံတဲ့အသိနဲ့ ဆရာကိုချဉ်းကပ်မိတဲ့ အဖြစ်ဟာ အသိမပြည့်တဲ့ဆရာကို ချဉ်းကပ်မိတဲ့ ရှင်သာရိပုတ္တရာအလောင်း ဥပတိဿနဲ့ ရှင်မောဂ္ဂလာန်အလောင်း ကောလိတတို့လိုအဖြစ်မျိုးနဲ့ ကြုံရတတ်ပြန်ပါတယ်။ သူတို့က အဂ္ဂသာဝက အလောင်းတော်တွေဖြစ်တာကြောင့် အမှားကို အမှန်နဲ့ အလွယ်တကူ အစားထိုးနိုင်ပေမယ့် အသိမပြည့်သူ သာမန်လူသားတစ်ယောက် အတွက် အမှားမှန်းသိဖို့ရယ် အမှားကို အမှန်နဲ့ အစားထိုးနိုင်ဖို့ရယ်က လွယ်ကူတဲ့ကိစ္စမဟုတ်ပြန်ဘူး။ ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ အသိမပြည့်သူ လူသားများအတွက် အမှန်တရားပြရာ ဘုရားသာသနာနဲ့ ကြုံခွင့်ရပြန်တယ်။ သာသနာကပေးတဲ့ အသိများကို လေ့လာကြည့်တော့ ပရိယတ်= လေ့လာ၊ သင်ကြား၊ နာယူပါတဲ့။ ပဋိပတ်= လေ့လာ၊ သင်ကြား၊ နာယူ ထားတာများကို နေ့စဉ်လေ့ကျင့်ပါတဲ့။ ညအိပ်ယာဝင်ခါနီး၊ မနက်အိပ်ယာထ မှ လေ့ကျင့်တာမျိုးမဖြစ်စေဘဲ သိထားတဲ့အသိကို အရှိလောကထဲရှင်သန်နေရင်း တတ်နိုင်သမျှ သိနေပါတဲ့။ ရလာမယ့် ရလာဒ်ကတော့ လောကကြီးရဲ့ မမြဲမှု= အနိစ္စ၊ ဆင်းရဲ့ ပူပန်မှု= ဒုက္ခနဲ့ ကိုယ့်သဘောအတိုင်း မဖြစ်နိုင်မှု အနတ္တ သဘောတရားများကို ဖြည်းဖြည်းချင်းချင်း နားလည်လာပါလိမ့်မယ်တဲ့။ နားလည်လာပြီးဆိုရင် ဝိပဿနာဉာဏ် ရင့်ကျက် လာတာမို့ ဒါကိုတော့ လေ့ကျင့်လို့ရလာတဲ့အတွက် ပဋိဝေဓလို့ ခေါ်ပါတယ်။ တဏှာကင်းရာ နိဗ္ဗာန်ကို မှန်ကန်တဲ့အသိနဲ့ တကယ်အားထုတ်ပြီး ရချင်တယ်၊ ရောက်ချင်တယ်ဆိုရင်ဖြင့် တဏှာသုံးတန်ကို ရှောင်ရှားပြီး သာသနာကိုးကွယ်သူအစစ် ဖြစ်ဖို့သာလိုတာပါ။
ပတ္တကမ္မသုတ်မှာ ရခဲသော တရား ၄ မျိုးကို ရည်ညွှန်းထားပါတယ်။ အဲဒါတွေကတော့ -
ရခဲသော တရား (၄) မျိုး
၁။ သဒ္ဓါတရားနှင့် ပြည့်စုံခြင်းသည် ရခဲ၏။
၂။ အကျင့်သီလနှင့် ပြည့်စုံခြင်းသည် ရခဲ၏။
၃။ စွန့်ကြဲမှုနှင့် ပြည့်စုံခြင်းသည် ရခဲ၏။
၄။ ပညာနှင့် ပြည့်စုံခြင်းသည် ရခဲ၏။
(စတုက္က အင်္ဂုတ္တိုရ်၊ ဒုတိယပဏ္ဏာသကနှင့် ပတ္တကမ္မဝဂ်၊ ၁- ပတ္တကမ္မသုတ်) တို့ဖြစ်ပါတယ်။
ကုသိုလ်ဖြစ်ကြောင်းတရား ၄ပါး
အဌသာလိနီအဌကထာမှာ ကုသိုလ်ဖြစ်ဖို့အတွက် အကြောင်း၄ချက်ပေးထားပါတယ် ။ လူတိုင်း လူတိုင်းဟာ အလွယ်တကူနဲ့ ကုသိုလ်ဖြစ်တာမဟုတ်ဘူးတဲ့ ကုသိုလ်ဖြစ်ဖို့ ဘာတွေလိုအပ်သလဲ။
(၁) နိယမိတ
စိတ်ထဲမှာ determination ရှိရမယ် ` ငါ့စိတ်ထဲမှာ ကုသိုလ်ပဲဖြစ်စေရမယ် ၊ အကုသိုလ် မဖြစ်စေရဘူး ‘ ဆိုတဲ့ ဆုံးဖြတ်ချက်ချထားဖို့လိုတယ်တဲ့။ ဒါက ကုသိုလ်ဖြစ်ဖို့ အကြောင်းတရားတစ်ခုပဲ။ အဲ့ဒီလိုမှမဟုတ်ဘူဆိုရင် အကုသိုလ်တွေက လွှမ်းထားမှာ ၊ ဆုံးဖြတ်ချက်ချထားတာတောင်မှပဲ သတိမေ့နေရင် အကုသိုလ်က ဝင်လာအုံး မှာပဲ။
(၂) ပရိဏာမိတ
ကိုယ့်စိတ်ကလေးကို ကုသိုလ်ဘက်ညွှတ်ကိုင်းထားရမယ် ၊ inclination ပေါ့။ ကုသိုလ်ဘက်ကို စိတ်ညွှတ်မထားရင် ဘယ်စိတ်ပေါ်လာလာ အကုသိုလ်ဘက်သွားတာပဲ။ သံသရာက ချဉ်ဖတ်အိုးကြီးကိုး ၊ အထဲဝင်လာသမျှ အကုန်အချဉ်ချည်းပဲဖြစ်ရမယ် ၊ ဒီတော့ အဲ့လို မဖြစ်အောင်လုပ်ဖို့ဆိုရင် ဆန့်ကျင်ဘက်စိတ်ကလေးတွေ မွေးမြူဖို့လိုတယ်။
(၃) အာဘုဇိတ
နှလုံးသွင်းမှုတဲ့။ကုသိုလ်ကိုသာ အမြဲ attention လုပ်နေတယ်။ နှလုံးသွင်းရှိနေတယ်။
(၄) သမုဒါစာရ
အလေ့အကျင့် practice ရှိရမယ်။ ကုသိုလ်ဖြစ်ဖို့ practice ရှိရမယ်။ အခုပြောတဲ့ အချက်၄ချက်ကြောင့်သာ ကုသိုလ်ဆိုတာဖြစ်နိုင်တာတဲ့။ နို့မို့ဆိုရင် ဖြစ်ဖို့မရှိဘူးတဲ့။ ဥပမာ - အင်မတန်လှတဲ့ ပန်းလေးတစ်ပွင့်ကို လူ ၂-ယောက်မြင်တယ်။ အဲ့ဒီမြင်တဲ့သူထဲက တစ်ယောက်က ပန်းကလေးလှလို့ဆိုပြီး အမျိုးသမီးဆိုရင် ခေါင်းမှာပန်ဖို့စဉ်းစားမိမှာပေါ့နော် `လှလိုက်တာ ‘ဆိုရင် အာရုံခံစားဖို့သွားပြီ စဉ်းစားပြီ။ ဘုရားကို ပန်းလှူနေကျပုဂ္ဂိုလ်ကတော့`လှလိုက်တာ ၊ ဒါလေးဘုရားပန်းအိုးထိုးအုံးမှပဲ ‘ ဆို တစ်ယာက်နဲ့တစ်ယောက်စိတ်ကူးမတူဘူး။ ဒါဘာဖြစ်တာလဲဆိုတော့ သမုဒါစာရ practice အလေ့အကျင့်ရနေတာ။
ဒီလိုပဲ -ဘာအာရုံနဲ့တွေ့တွေ့ ကုသိုလ်လုပ်ဖို့သတိရတယ်။ အဲ့လိုမှအလေ့အကျင့်မရှိခဲ့ဘူး ၊ determination မရှိခဲ့ဘူး၊inclination မရှိဘူးဆိုအကုသိုလ်တွေချည်းပဲ ဖြစ်ဖို့များနေအုံးမှာပါပဲ။
ကုသိုလ် ဆိုတာ ကာယကံ ၊ ဝစီကံ ၊ မနောကံ စတဲ့ ကံ ၃ ပါး နှင့် ပြု ကျင့် သမျှ အလုပ်အားလုံးမှာ လောဘ ၊ ဒေါသ ၊ မောဟ မပါ ခြင်း အလုပ် ကို ကုသိုလ် လို့ ဆိုလိုပါတယ်။
လောဘ-ဒေါသ-မောဟ မှာ အကုသိုလ်တရား ၃ ပါးဖြစ်သည်။
လူအများ သက်မှတ်ထား သည့် ကောင်းသော အရာများ အား ပြုလုပ်ရာတွင် ဖြစ်စေ၊ တွေးတောရာတွင်ဖြစ်စေ ဤ ကံ ၃ ပါးမှ လွတ်ကင်အောင် ပြုကျင့်ကြံ စောင် နိုင် ကြစေရန်
လောဘ=တပ်မက်ခြင်း၊ကာမဂုဏ်အာရုံကို ငြိကပ်တပ်မက်ခြင်းသဘော။
လောဘသည် ကာမဂုဏ် အာရုံ ကိုတမ်းတမ်းစွဲ၊ ငမ်းငမ်းတက်၊တပ်မက်တွယ်တာ လိုချင်သည့် သဘောဖြစ်သည်။ သတ္တဝါတို့အား မည်သည့် အခါမျှ မရောင့်ရဲ မတင်းတိမ်စေဘဲ အာရုံသစ်များကို အမြဲ ရှာဖွေနေစေသည်။ လောဘနှင့်သေသူ၏လားရာဂတိမှာ ပြိတ္တာပြည်ဖြစ်သည်။
ဒေါသ=ပြစ်မှားခြင်း၊ခက်ထန်ကြမ်းတမ်းခြင်းသဘော။
ဒေါသနှင့်တူသော အပြစ်သည် မရှိဟူ၍ ဘုရားဟောထားသည်နှင့်အညီ ဒေါသသည် အဖျက်ဆီးတတ်ဆုံးသောတရားဖြစ်၏။ မြွေပွေးမြွေဟောက်နှင့်တူ၏။ တက်ကြွသော ဒေါသကသာဖျက်ဆီးတတ်သည်မဟုတ်။ ဆုတ်နစ်သော ဒေါသကြောင့်ဖြစ်သည့် စိတ်ပျက်ခြင်း၊ ကြောက်လန့်ခြင်း၊ ဝမ်းနည်းပူဆွေးခြင်း၊ ငိုကြွေးခြင်း၊ စိတ်နှလုံးမသာယာခြင်း၊ လွန်ကဲစွာ ပူဆွေးခြင်း တို့ကလည်း ကိုယ်စိတ်နှစ်ပါးကို ပျက်စီးစေသည်။ ဒေါသနှင့်သေသူ၏ လားရာဂတိ မှာ ငရဲပြည်ဖြစ်သည်။
မောဟ=တွေဝေခြင်း(မသိတတ်ခြင်း)၊အာရုံ၏သဘောမှန်ကို မသိခြင်း၊ဖုံးကွယ်ခြင်းသဘော။
မောဟသည် ရုပ်နာမ်သဘော၊ကံသဘော၊သစ္စာသဘော စသည်တို့ကို ဖုံးကွယ်ထားပြီး သတ္တဝါတို့အား အမှောင်တိုက်၌ ကျင်လည်စေသည်..။ မောဟနှင့်သေသူ၏လားရာဂတိမှာ တိရိစ္ဆာန်ပြည်ဖြစ်သည်။
ဘယ်လိုကုစားမလည်း ဆိုရင်တော့ ဖြစ်လာတဲ့ အခါတိုင်း ဖြစ်တဲ့စိတ်လေးကို သတိထားလိုက်ပါ။ သတိနဲ့ ကြည့်လိုက်ပါ။ ဘာမှ ဆုံးဖြတ်ချက်မပေးပါနဲ့။ကြောက်စရာလည်း မလိုသလို၊ ငါတော့ အကုသိုလ်တွေများတော့မှာပဲ ငရဲရောက်တော့မှာပဲဆိုပြီးလည်း စိုးရိမ်မနေပါနဲ့။ ဖြစ်လာတဲ့အခါ အဲ့ဒီစိတ်လေးကို သတိလေးနဲ့သာ ကြည့်လိုက်ပါ။ ကုသိုလ်တောင် ဖြစ်ပါသေးတယ်။ကိုယ့်ရဲ့ စိတ်ကို ကိုယ်သတိနဲ့ ကြည့်တာကို တရားအားထုတ်တယ်လို့ ခေါ်တာပါပဲ။ အနောက်တိုင်း စိတ်ပညာကုထုံးတွေကလည်း ဒီစိတ် အခြေနေအတွက် Mindfulness လို meditation နည်းတွေ ညွန်းပါတယ်။
မခံချင်တဲ့စိတ်ဆိုရင် ဒေါသပဲ၊ အားငယ်တဲ့စိတ်လည်း ဒေါသပဲ။ သိမ်ငယ်တဲ့စိတ်လည်း ဒေါသပဲ။ အကုန်လုံးက ကြောက်စိတ်ကနေလာတာ။ နောက် သုတ္တံတစ်ခုရှိသေးတယ် မဇ္စျိမနိကယ်ထဲကပဲ “ဘယဘေရဝ” သုတ်ဆိုတာ ကြောက်စိတ်အကြောင်းကို fear အကြောင်းပေါ့နော် fear တို့ insecure feeling တို့အဲဒီအကြောင်းတွေ မြတ်စွာဘုရား ကိုယ်တော်တိုင် analyze လုပ်ထားတဲ့ဟာ ဆန်းစစ်ထားတဲ့ဟာ။
ဘယဘေရဝသုတ်ထဲမှာ ဘုရားအလောင်းကတော့ စင်္ကြန်လျှောက်နေရင်းနဲ့ လမ်းလျှောက်နေရင်းနဲ့ ကြောက်စိတ်ဖြစ်တယ်ဆိုရင် အဲဒီလမ်းလျှောက်နေတဲ့ ဣရိယာပုတ်ထဲမှာပဲ အဲဒီကြောက်စိတ်ကို အနိုင်ယူတယ်၊ ပျောက်သွားအောင်လုပ်တယ်။ မထိုင်သေးဘူး။
ထိုင်နေရင်းနဲ့ ကြောက်စိတ်ဖြစ်တယ်ဆိုရင် ထိုင်နေရင်းနဲ့ အဲဒီကြောက်စိတ်ကို manage လုပ်တယ်။ မရပ်သေးဘူး၊ ဣရိယာပုတ်မပြောင်းသေးဘူး။ ဆိုလိုတာက on the spot ပဲ အဲဒီနေရာမှာပဲ ကြောက်စိတ်တို့ အညစ်အကြေးဖြစ်တဲ့စိတ်တို့ အဲဒီစိတ်တွေကိုချက်ချင်း manage - စီမံတယ်ပေါ့။
အဲဒီတော့ နှလုံးသွင်းတတ်တယ် စိတ်ထားတတ်တယ်ဆိုတာ ဘယ်လိုစိတ်ထားတတ်တာ ပြောတာတုန်း။ “သြော် သူများတွေလည်း ဒီလိုပဲ စိတ်ထဲမှာ မလုံမခြုံဖြစ်တတ်တယ်။ ငါတို့လည်း ဒီလိုဖြစ်နေတုန်းပဲ။” အဲဒီလို ကိုယ်တစ်ယောက်တည်း မဟုတ်ဘဲနဲ့ တခြားလူတွေလည်း ရှိတယ်ဆိုတာကိုမြင်တာ ဒါကို စိတ်ထားတတ်တယ်လို့ ခေါ်တယ်။ ဒီဟာကို ချဲ့တယ်ဆိုရင်တော့ အနတ္တထိရောက်သွားတယ်။
အဲဒီကြောက်စိတ် ဒါမှမဟုတ် insecure feeling ကိုကြည့်တဲ့အခါမှာ သူရယ်ငါရယ် ဒါက အဲဒီထဲမှာ နာမည်တပ်လို့မရလောက်အောင် သဘာဝတရားကဖြစ်နေတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ အနာဂါမ်နဲ့ ရဟန္တာ အဲဒီပုဂ္ဂိုလ်တွေကလွဲလို့ ဒီကြောက်စိတ် ရှိနေတာကိုး။
ဒါကြောင့် ကြောက်စိတ်ကို မဖယ်ရှားနိုင်သေးတဲ့ အချိန်မှာ သိမ်ငယ်တဲ့စိတ် မဖယ်ရှားနိုင်သေးတဲ့အချိန် အဲဒီအချိန်မှာ ကြောက်စိတ်ကိုပဲ ပြန်ပြီးတော့ နှလုံးသွင်း တတ်အောင် ကိုယ်ချင်းစာတဲ့ စိတ်လေးဖြစ်အောင်ကြည့်တဲ့အခါမှာ ကိုယ်ချင်းစာ စိတ်လေး ဖြစ်သွားတယ်။ ဒါ နှလုံးသွင်းတတ်တယ်။
ဒါကြောင့် ကိုယ့်ဟာကိုယ် စိတ်ထဲမှာ insecure ဖြစ်တယ်ဆိုရင် မလုံမခြုံဖြစ်လာတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ကိုယ်ပြန်ပြီးတော့ အပြစ်တင်ဖို့ ဒဏ်ပေးဖို့ blame လုပ်ဖို့အတွက် မရှိဘူး။ ဘာဖြစ်လို့တုန်းဆို ကိုယ်တစ်ယောက်တည်းမှ မဟုတ်တာ။
တခြားလူတွေ သူတို့ရဲ့အပြုအမူတွေက သြော် ဒါ attention seeking ဆိုတာမျိုး သူများအသိအမှတ် ပြုအောင် အတင်းလိုက်ပြီးတော့လုပ်နေတဲ့ပုဂ္ဂိုလ်မျိုးတွေ တွေ့တဲ့အခါမှာလည်း သူတို့ကို ကိုယ်က ကိုယ်ချင်းစာတဲ့အခါကျတော့ သူတို့ရဲ့အပြုအမူက ကိုယ့်ရဲ့စိတ်ထဲမှာ negative အတွေးတွေ negative emotion တွေ မကျန်ရစ်တော့ဘူးပေါ့။
ဗုဒ္ဓစိတ်ကုထုံးတွင် လူသိများထင်ရှားသော ကုထုံးတစ်ခုမှာ သတိပဋ္ဌာန်ကုထုံး ဖြစ်သည်။
စိတ်အညစ်အကြေးများကို ကင်းစေသောနည်းလမ်း၊ စိတ်သောကများကို ပယ်ဖျောက်စေသော နည်းလမ်းအဖြစ် ကျင့်သုံးကြသည်။
သတိပဋ္ဌာန်ကား လေးပါး ရှိသည်။
၁။ ကာယာနုပဿနာ သတိပဋ္ဌာန်
၂။ ဝေဒနာနုပဿနာ သတိပဋ္ဌာန်
၃။ စိတ္တာနုပဿနာ သတိပဋ္ဌာန်
၄။ ဓမ္မာနုပဿနာ သတိပဋ္ဌာန် ဟူ၍ ဖြစ်သည်။
သတိပဋ္ဌာန်တရားတို့ကို လေ့ကျင့်သည့်အခါ လက်ရှိပစ္စုပ္ပန်တွင်ဖြစ်နေသော အခြေအနေ အပေါ်မှာ မည်သို့သော ဆုံးဖြတ်ချက်မျှ မပေးဘဲ သတိတစ်ခုတည်းဖြင့် ထား၍နေသည်။ ကောင်း၏ ဆိုး၏ ဝေဖန်ခြင်း မပြုလုပ်ဘဲ သဘာဝတရားအတိုင်းကိုသာလျှင် သတိဖြင့် ကြည့်နေခြင်းဖြစ်သည်။
ဤသတိပဋ္ဌာန်အကျင့်ကို အနောက်တိုင်းတွင် Mindfulness ဟူ၍ အမည်နာမသတ်မှတ်ပြီး စိတ်ကုထုံး နည်းလမ်းများတွင် အသုံးပြုသည်။ Mindfulness သည် အနောက်နိုင်ငံများတွင် အလွန်ခေတ်စားသည်ကို တွေ့ရသည်။
Mindfulness ဆိုသည့်စကားလုံးသည် ပါဠိဝေါဟာရ “သတိ” ဆိုသည့်စကားလုံးမှ ဆင်းသက်လာခြင်းဖြစ်ပြီး ၂၀ ရာစုဦးပိုင်းမှာ ဗုဒ္ဓစာပေပညာရှင်တစ်ဦးဖြစ်သည့် T.W. Rhy Davids က စတင်အသုံးပြုခဲ့ကာ အစောပိုင်းမှာတော့ သူ့ရဲ့ ဘာသာပြန်စာတွေမှာ Mental activity ဟူ၍သာ အသုံးပြုခဲ့သည်။
နောက်ပိုင်းမှာတော့ ဒေါက်တာ Jon Kabat-Zinn က Mindfulness ဆိုသည့်စကားလုံးကို စိတ်ဖိစီးမှု လျှော့ချရေး ကုထုံးများတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့သည်။
Mindfulness လိုပင် အခြားဗုဒ္ဓဘာသာမှ ဆင်းသက်လာသည့်တီထွင်မှု (Buddhist Derived Inventions) အသုံးနှုန်းများလည်း နောက်ပိုင်းမှာ ကျယ်ပြန်လာခဲ့သည်။
Mindfulness ကုထုံးများကို ကြည့်သောအခါ သီလဆိုသည်မှာ မပါသလောက်များသည်။ မြတ်စွာဘုရား၏ စိတ်ကုသနည်းကတော့ လူတစ်ယောက် စိတ်ကျန်းမာရန်အတွက် သီလဆိုသည့် မြေမှာ ခိုင်ခိုင်ရပ်ထားရမည် ဖြစ်သည်။ သီလဆိုသည့် အပြုအမူကို ပြောင်းလဲစေသည့် ကုထုံးမပါဘဲ ကျန်းမာသောစိတ်ကို မပိုင်ဆိုင်နိုင်ဘူးဟု ယူဆရပါမည်။
စိတ်တွင်ဖြစ်နေသော ရောဂါ၊ စိတ်အညစ်အကြေားတို့ကို ပယ်ဖျောက်ရန် သီလသည် အခြေခံအုတ်မြစ်ဖြစ်သည်။ သီလ၏ အရေးပါပုံကို သုတ္တန်ဒေသနာပေါင်းများစွာတွင် တွေ့မြင်နိုင်သည်။
သီလရှိမှ စိတ်၏အညစ်အကြေးများ စင်ကြယ်ပါမည့်အကြောင်း၊ သီလသည် အခြေခံဖြစ်သည့်အကြောင်းတို့ကို များစွာသော သုတ္တန်ဒေသနာတော်တို့တွင် တွေ့နိုင်သည်။
“လက်မှ အညစ်အကြေးတို့ကို စင်ကြယ်အောင်ဆေးကြောချင်သူသည် လက်တစ်ဖက်တည်း ဖြင့် ဆေးကြော၍မရ၊ လက်နှစ်ဖက်ကို ပွတ်၍ ဆေးကြောမှသာလျှင် ပြောင်စင်နိုင်သည်။ ထို့အပြင် လက်နှစ်ဖက်တည်း ပွတ်ဆေးနေ၍လည်း မဖြစ်၊ ရေဖြင့်ဆေးမှရမည် ဖြစ်သည်။ ထို့အတူပင် သီလ နှင့် ပညာ သည်ကား လက်နှစ်ဖက်နှင့်တူသည်။ ရေကား သမာဓိနှင့်တူ၏။ စိတ်အညစ်အကြေးများကို ထိုသုံးမျိုးဖြင့် ဆေးကြောမှသာလျှင် ပြောင်စင်နိုင်မည်ဖြစ်သည်။”
ဗုဒ္ဓစိတ်ကုထုံးအရ စရိုက်တို့အပေါ် မူတည်ပြီး စိတ်ရောဂါများဖြစ်တတ်သောကြောင့် စရိုက်နှင့်လိုက်ဖက်သော ကုသနည်းများကိုလည်း ပေးလေ့ရှိသည်။
စရိုက်သည် ရာဂ၊ ဒေါသ၊ မောဟ၊ ဝိတက်၊ သဒ္ဓါ၊ ဗုဒ္ဓိ ဟူ၍ ခြောက်ပါးရှိသည်။
ကာမဂုဏ်တရားတို့ကို စွဲလမ်းလေ့ရှိသော ရာဂစရိုက်ရှိသူတို့အတွက် အသုဘကမ္မဋ္ဌာန်းနှင့် ကာယဂတာသတိကို ကျင့်ကြံစေ၍ စိတ်ကို ကုသသည်။
ဒေါသကြီးသူ ကြမ်းတမ်းသောသဘောရှိသူ၊ ဒေါသစရိုက်ရှိသူတို့အတွက်ကား အပ္ပမညာ (၄)ပါး နှင့် နီလ၊ ပီတ၊ လောဟိတ၊ ဩဒါတဟူသော ကသိုဏ်း (၄) မျိုးကို ကျင့်ကြံစေသည်။
မောဟနှင့် ဝိတက်စရိုက်ရှိသူတို့အတွက်ကား အာနာပါနဿတိ ကမ္မဋ္ဌာန်းကို ကျင့်ကြံစေ၍ စိတ်ကို ကုသသည်။
သဒ္ဓါစရိုက်ရှိသူတို့အတွက်ကား ဗုဒ္ဓါနုဿတိ၊ ဓမ္မ, သံဃာ, သီလာ, စာဂါ, ဒေဝတာ ဟူသော အနုဿတိ (၆)ပါးကို ပွားများ အားထုတ်စေသည်။
ဗုဒ္ဓိစရိုက်ဟူသော ဉာဏ်ပညာကြီးရင့်သူတို့အတွက်ကား မရဏဿတိ၊ ဥပသမာနုဿတိ၊ အာဟာရေပဋိကူလသညာ၊ စတုဓာတုဝ ဝတ္ထာန်ဟူသော အကျင့် (၄) ခုကို ကျင့်ကြံစေသည်။
စရိုက် (၆) ပါး အားလုံးအတွက်ကား ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော၊ အာကာသ၊ အာလောကဟူသော ကသိုဏ်း (၆) မျိုးနှင့် အာရုပ္ပ (၄) ပါး စုစုပေါင်း (၁၀)ပါးဖြင့် ကုသသည်။
သို့သော် စရိုက်များကိုကား သာမန်စိတ်ကုပညာရှင်တို့အနေဖြင့် ခွဲခြားရန် မလွယ်ကူဘဲ ခဲယဉ်းလှသည်။
ကိလေသာ (၁၀) ပါး
ပုထုဇဉ်တိုင်းမှာ ကိလေသာ ၁၀ ပါးရှိကြပါတယ်။ အမျိုးအစားအားဖြင့် (၃)မျိုးပေါ့။
(၁) ဝိတိက္ကမ ကိလေသာ
အာရုံ (၅)ပါး ကို နှစ်သက်တွယ်တာ၍ ကာယကံ၊ ဝစီကံ၊ မနောကံတို့ဖြင့် လောဘ၊ ဒေါသ အလျောက်ဖောက်ပြန်ကျူးလွန်စေတတ်မှု။ ဒီကိလေသာကိုတော့ သီလစောင့်ထိန်းပြီး တားဆီးရပါတယ်။
(၂) ပရိယုဋ္ဌာန ကိလေသာ
မနော ဒွါရ၌ ထကြွသောင်းကျန်းတတ်သည့် ကိလေသာပေါ့။ ဒီကိလေသာကိုတော့ သမထ ဘာဝနာ ကျင့်ကြံပြီး တားဆီးရတယ်။
(၃) အနုသယ ကိလေသာ
သံသရာတလျှောက် အစဉ်ကိန်းအောင်းနေခဲ့ပြီး အခါအခွင့်သင့်သောအခါ ပေါ်ထွက်လာပြီး ဖောက်ပြန်ကျုးလွန်တတ်သော ကိလေသာပေါ့။ ဒီကိလေသာကိုတော့ ဝိပဿနာဘာဝနာ အားထုတ်မှ အမြစ်ကနေပယ်သတ်ရှင်းလင်းနိုင်မယ်။ အနုသယကိလေသာတွေက ခန္ဓာထဲမှာ ရှိပြီးသား။ ဒါတွေက သီလသမာဓိနဲ့ အုပ်ထားတော့မပေါ်ဘူးပေါ့။
ယင်း ကိန်းနေသောစိတ်ကို “အနုသယ” ဟု ပါဠိအားဖြင့် ခေါ်ဆိုသည်။
အနုသယ (၇) မျိုး
ကာမရာဂါနုသယ
သတ္တဝါတို့သန္တာန်တွင် ကိန်းဝပ်တည်နေတတ်၊ အဖန်ဖန် ဖြစ်တတ်သော ကာမဂုဏ်တရားတို့ကို လိုချင်စွဲလမ်းမှု။
ပဋိဃာနုသယ
သတ္တဝါတို့သန္တာန်တွင် ကိန်းဝပ်တည်နေတတ်သောဒေါသ
ဒိဋ္ဌာနုသယ
သတ္တဝါတို့သန္တာန်တွင် ကိန်းဝပ်တည်နေတတ်သော ယုံမှားသံသယ။
ဘဝရာဂါနုသယ
သတ္တဝါတို့သန္တာန်တွင် ကိန်းဝပ်တည်နေတတ်သော ဘဝတွင် တပ်မက်မှု
မာနာနုသယ
သတ္တဝါတို့သန္တာန်တွင် ကိန်းဝပ်တည်နေတတ်သော မာန
အဝိဇ္ဇာနုသယ
သတ္တဝါတို့သန္တာန်တွင်ကိန်းဝပ်တည်နေတတ်သော မသိမှု မောဟ ဟူ၍ အနုသယ (၇) မျိုး ရှိသည်။
စိတ်ပညာရှင် Freud ၏ စိတ်စိစစ်မှု သီအိုရီ
အနောက်တိုင်းစိတ်ရောဂါကုသမှု အစဉ်အလာကို စတင်ခဲ့သူကတော့ ဆစ်ဂမန်ဖရွိုက် (Sigmund Freud : 1856 – 1939) ပဲ ဖြစ်ပါတယ်။ Freud က လူတွေရဲ့ ကိုယ်ရည်ကိုယ်သွေးကို လေ့လာတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ကိုယ်ရည်ကိုယ်သွေး (၃) မျိုးရှိတယ်လို့ ဆိုပါတယ်။ အဲဒါကတော့ မသိစိတ် (Id) ၊ သိစိတ် (Ego) နဲ့ မြင့်မြတ်လိုတဲ့စိတ် (Super-ego) တို့ဖြစ်ပါတယ်။
ဖရွိုက်ဟာ စိတ်ကြောင့် ဖြစ်ရတဲ့ စိတ်ရောဂါ အမျိုးမျိုးရဲ့ ရောဂါလက္ခဏာအမျိုးမျိုးကို လေ့လာရင်း -
(က) သိုမှီးစိတ် (Pre-conscious)
(ခ) အသိစိတ် (The conscious)
(ဂ) မသိစိတ် (The unconscious)
ဆိုပြီး စိတ်အလွှာသုံးမျိုးရှိကြောင်း ဖော်ထုတ်ခဲ့တယ်။
ဖရွိုက်ဟာ လူနာတွေရဲ့မသိစိတ်ကို
- နောက်ကြောင်းပြန်လှန်ခြင်း (age regression)
- အိပ်မက်တွေကို အဓိပ္ပာယ်ကောက်ယူခြင်း (interpretation of dreams)
- ထပ်တလဲလဲ မှားယွင်းပြုမူပြောဆိုခြင်း (repetitive errors)
- တကယ်မဟုတ်သည်တို့ကိုထင်မြင်ကြားယောင်ခြင်း (halucinations)
- သတိလွတ်သွားတတ်ခြင်း (lapses)
- စွဲစွဲမြဲမြဲပြုတတ်သောအပြုအမူများ (compulsive behavior) စတဲ့ နည်းလမ်းတွေ အမူအကျင့်တွေကနေ သိရှိအောင် ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဗုဒ္ဓစိတ်ပညာကုထုံးရဲ့ အပြီးသတ် ရည်မှန်းချက်ကတော့ စိတ်ရောဂါသည်တစ်ယောက်ကို အမျက်ဒေါသ၊ သံသယ၊ အလိုလောဘ၊ ယုတ်မာလိုမှု၊ မနာလိုသဝန်တိုမှု စတဲ့ သူရဲ့ ကိလေသာ တရားဆိုးတွေကို ထိန်းထိန်းသိမ်းသိမ်း စီမံခန့်ခွဲနိုင်တဲ့ ပုံမှန်လူသားတစ်ယောက်ဖြစ်အောင် ဆောင်ရွက်ပေးဖို့ပါပဲ။
စိတ်ရောဂါဟုပြောသည့်အခါမှာ ဗုဒ္ဓကတော့ ရဟန္တာများမှလွဲ၍ အားလုံးမှာ ရှိသည်ဟု ဆိုပါသည်။ ဗုဒ္ဓ၏ အယူအဆအရတော့ ဤရောဂါသည်များကို ရုပ်နှင့်နာမ် ပေါင်းထားသော သူများဟု သတ်မှတ်ပါသည်။
လိုရင်းပြောရရင် ဗုဒ္ဓစိတ်ပညာကုထုံးဆိုတာ လူနာနဲ့ဆက်ဆံတဲ့အခါ ဗုဒ္ဓတရားတော်နဲ့အညီ ဆက်ဆံတာ၊ လူနာကို တရားအားထုတ်ခိုင်းတာပါပဲ။ စိတ်ရောဂါသည်တွေနဲ့ ကိုက်ညီအောင် ပြုပြင်ထားတဲ့ သမထ၊ ဝိပဿနာကျင့်စဉ်တွေကို အားထုတ်ခိုင်းတာပေါ့။
နိဂုံး
နိဂုံးချုပ်အနေနဲ့ .. မြတ်စွာဘုရားရှင်က ဟောထားတယ်။
သဗ္ဗပါပဿ အကရဏံ၊ ကုသလဿ ဥပသမ္ပဒါ
သစိတ္တပရိယောဒပနံ၊ ဧတံ ဗုဒ္ဓါန သာသနံ။
သဗ္ဗပါပဿ = အပြစ်ရှိသည့် ခပ်သိမ်းသော မကောင်းမှု ဟူသမျှကို၊ အကရဏံ = မပြုခြင်းသည်လည်းကောင်း၊ ကုသလဿ = ကုသိုလ်ကောင်းမှုဟူသမျှတို့နှင့် ၊ ဥပသမ္ပဒါ = ပြည့်စုံစေခြင်းသည်လည်းကောင်း၊ သစိတ္တပရိယောဒပနံ = မိမိစိတ်ကို ဖြူစင်စေခြင်းသည်လည်းကောင်း၊ ဧတံ = ဤသုံးပါးသည်၊ ဗုဒ္ဓါနံ = အဆူဆူသော ဘုရားရှင်တို့၏။ သာသနံ = အဆုံးအမတော်တည်း။
မြန်မာလို နားလည်လွယ်အောင် ပြန်ဆိုရလျှင် “မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား” ဟူ၍ ဖြစ်ပေသည်။
ဤသို့ မကောင်းမှုကို ရှောင်ရန်၊ ကောင်းမှုတို့ကို ပြုနိုင်ရန် အတွက်ကား စိတ်သည် စင်ကြယ်နေမှဖြစ်မည်။ ဖြူစင်နေမှဖြစ်မည်။
စိတ်မစင်ကြယ်ပါက မကောင်းမှုဟူသမျှတို့ကိုလည်း ပြုတတ်ကြသလို၊ ကောင်းမှုတို့ကိုလည်း မပြုဘဲ၊ မသိဘဲ ဖြစ်နေတတ်သည်။
ထို့ကြောင့် "စိတ်သာရှင်စောဘုရားဟော”ဟု ရှေးပညာရှိများက မိန့်ဆိုခဲ့ကြခြင်းပင် ဖြစ်ပေသည်။
မကောင်းသောစိတ်ဖြင့်ပြုသော အကုသိုလ်တရားတို့သည် နေ့နေ့ညည အခါကာလမခြားဘဲ နောက်မှလိုက်ပါ အကျိုးပေးလေ့ ရှိသည်။ ကောင်းသောအပြုအမူ၊ အပြောအဆို၊ ကုသိုလ်တရားတို့သည်လည်း အရိပ်ပမာ ထပ်ကြပ်မကွာ လိုက်လံနေလေ့ရှိသည်။ ဤသည်ကား လောက၏ အမှန်တရားဖြစ်သည်။
မည်မျှပင် ထူးချွန်ပြောင်မြောက်လှပါသော သမားတော်၏ ဆေးစာများကို လက်ဝယ်ထားနေရုံဖြင့် ရောဂါမသက်သာ။ ဆေးကျမ်းပေါင်းများစွာ အိမ်တွင်ဆောင်ထား ပါစေဦး၊ ဆေးမသောက်ပါက ရောဂါမပျောက်။
ဆေးကိုလည်း အရန်သင်ဆောင်ထားပြီးပြီ။ ရောဂါလည်း ရှိနေပြီဆိုလျှင်ဖြင့် ဆေးသောက်မှ ပျောက်ပါလိမ့်မည်။ ဗုဒ္ဓစိတ်ကုထုံးသည်လည်း ထို့အတူပင် ဖြစ်သည်။
နေ့စဉ် စိတ်ဓာတ်သန်စွမ်းစေရန် ဘာဝနာအားဆေးများ ပုံမှန်သောက်ရမည်။ သီလအားဆေးများဖြင့် အားဖြည့်နေရမည်။ သို့မှသာလျှင် ရောဂါဖြစ်လာသည့်အခါ ပညာဆေးဖြင့် အလွယ်တကူ ကုသနိုင်မည် ဖြစ်သည်။
ရောဂါဖြစ်မှ ဆေးထွက်ရှာသည်ထက် ရောဂါမဖြစ်ခင် ကာကွယ်မှုပြုထားမှသာလျှင် တော်ရုံကျမည် ဖြစ်ပေသည်။
နေ့စဉ်ဘဝတွင် ကြုံတွေ့ရမည့် စိတ်ပင်ပန်းမှုများကို ကာကွယ်နိုင်ရန် အကောင်းမြင်စိတ်များဖြင့် ပြည့်နေစေရမည်။
မေတ္တာ၊ ကရုဏာ၊ မုဒိတာ စိတ်များဖြင့် ရှင်သန်နေရမည်။
သတိတရားဖြင့် ဘဝခရီးကို လျှောက်လှမ်းရမည်။
သီလစောင့်ထိန်းခြင်းအားဖြင့် ခွန်အားပြည့်နေရမည်။
စိတ်ခံစားမှုများကို တည်တည်ကြည်ကြည်ဖြင့် ကိုင်တွယ်နိုင်မည့် သမာဓိများ ရှိနေစေရမည်။
အကောင်းအဆိုး၊ အကြောင်းအကျိုး၊ အမှန်တရား၊ အရှိတရား၊ သဘာဝတရားတို့ကို နားလည်နိုင်မည့် ပညာဖြင့် ရှင်သန်နေရမည်။
သို့မှသာလျှင် မဖြစ်သေးသော စိတ်ရောဂါများကို တားဆီးနိုင်သလို ဖြစ်လာသည့် စိတ်ရောဂါများကိုလည်း ယင်းစိတ်စွမ်းအားဖြင့် ကိုယ်တိုင်ကုစားနိုင်မည်ဖြစ်ပေသည်။
စိတ်၏ စွမ်းအားဖြင့်သာလျှင် အရာရာကို ကျော်ဖြတ်နိုင်မည်ဖြစ်သဖြင့် စိတ်စွမ်းအား နေ့စဉ်ဖြည့်ကာ ရှင်သန်နေထိုင်ပြီး လက်ရှိဘဝနှင့် သံသရာဘဝတို့၏ ချမ်းသာရေးအတွက် ကျင့်ကြံကျိုးကုတ် အားထုတ်နေထိုင်ကြပါစေဟု ဆန္ဒပြုလိုက်ရပါသည်။
ကျမ်းကိုး
၁။ ဗုဒ္ဓစိတ်ပညာ နှင့် ဆွေးနွေးမှုအနုပညာ ၊ မြမြဆွေ (စိတ်ပညာ)
၂။ လူတိုင်းအတွက် ဗုဒ္ဓ စိတ်ပညာ၊ ဒေါက်တာအရှင်ဝိသာရဒ (ရမ္မာဝတီ)
၃။ အခြေခံ ဗုဒ္ဓစိတ်ကုထုံးများ ၊ နန္ဒာစာရ
Internet:
၄။ Others

Comments