ပါဠိစာပေအားလေ့လာခြင်း (၂)
- Thein Naing Ohn
- Feb 28, 2022
- 6 min read
ပါဠိဘာသာ (အပိုင်း ၁)
လောက၌ ကိုးကွယ်ရာ သာသနာ အမျိုးမျိုး ပေါ်ထွန်းခဲ့ကြသည်နှင့်အမျှ ထို ဆိုင်ရာ သာသနာတရား (သို့မဟုတ်) ထိုသာသနာကို တည်ထောင်သူ သာသနာ့ အမွန်အစ ဖြစ်သော ပုဂ္ဂိုလ်၏ ဟောညွှန်ဆုံးမ သွန်သင်ချက်အဝဝတို့ကို မှတ်တမ်းတင်ရာဖြစ်သော ဘာသာစကားများလည်း ရှိခဲ့လေသည်။ ဗြဟ္မဏ(ဟိန္ဒူ) သာသနာဝင်တို့အဖို့ သက္ကတဘာသာသည် ထူးမြတ်သော ဘာသာ, ၎င်းတို့ သာသနာဆိုင်ရာ မိန့်ဆိုသင်ကြားချက်များကို မှတ်တမ်းတင်ရာ ဘာသာ ဖြစ်သကဲ့သို့ ပါဠိဘာသာသည်လည်း ထေရဝါဒဗုဒ္ဓဘာသာဝင်တို့အဖို့ အထူးမြတ်ဆုံးသော ဘာသာ, ဗုဒ္ဓရှင်တော်၏ ဟောကြားချက် တရားတော်တို့ကို မှတ်တမ်းတင်ရာ ဘာသာ ဖြစ်ပေသည်။ ဘုရားရှင်၏ တရားတော်များသာ မဟုတ်ပဲ ထိုတရားတော်များကို နောက်သားနောင်လာတို့ အလွယ်တကူ သိမြင်နားလည်ကြစေရန် ရည်သန်၍ ဖွင့်ဆိုခဲ့ကြသော အဋ္ဌကထာ, ဋီကာ စသော အဖွင့်ကျမ်းတို့တွင်လည်း ထိုထိုကျမ်းဆရာ မဟာထေရ်မြတ်တို့သည် ပါဠိဘာသာကိုသာ ပဓာနဘာသာ အဖြစ်ဖြင့် သုံးစွဲတော်မူခဲ့ကြလေသည်။
ယင်းသို့ မြတ်စွာဘုရား၏ တရားတော်နှင့် ၎င်းဆိုင်ရာ အဖွင့်ကျမ်းများစွာတို့ ပါဠိဘာသာဖြင့် ရှိနေကြသည်ဖြစ်၍ ထေရဝါဒဗုဒ္ဓသာသနာကို ပြည့်ဝမှန်ကန်စွာ နားလည်နိုင်နိုင်ရေး၌ ပါဠိဘာသာကို တတ်မြောက်ကျွမ်းကျင်မှုသည် မည်မျှအရေးကြီးသည်ကို သိနိုင်ပေသည်။
ထိုသို့ အရေးတကြီး တတ်မြောက်ရန် လိုအပ်သော ထေရဝါဒ ဗုဒ္ဓသာသနာ၏ သာသနာစောင့်ဖြစ်သည့် ပါဠိဘာသာဟူသည် မည်သည့်ဘာသာဖြစ်သည်ကို သိရှိရန် လိုအပ်ပေသည်။
ရှေးဦးစွာ ပါဠိတော်တို့တွင် ဤပါဠိဘာသာကို မည်သို့သောအမည်ဖြင့် ဟောတော်မူအပ်သည်ကို ရှာဖွေလေ့လာသောအခါ ပါရာဇိကဏ်ပါဠိတော် ပဌမပါရာဇိက ပဒဘာဇနီ၌ “အရိယ-ဘာသာဖြင့် မိလက္ခ၏ အထံ၌ သိက္ခာချရာတွင် ၎င်းမိလက္ခပုဂ္ဂိုလ် နားမလည်လျှင် သိက္ခာမကျ”ဟု ဟောတော်မူသည်ကို တွေ့ရသည်။ ၎င်းပါဠိတော်၌ အရိယဘာသာဟူသည် အခြားမဟုတ်, အရိယာပုဂ္ဂိုလ်တို့ သုံးစွဲရိုးဖြစ်သော မာဂဓဘာသာပင်ဖြစ်ကြောင်း အဋ္ဌကထာဆရာက ဖွင့်ပြထားပေသည်၊ သို့ဖြစ်၍ ပါဠိတော်တို့၌ ယခုအခါ ပါဠိဘာသာဟု ပုဂ္ဂိုလ်အများ နားလည်နေသော ဘာသာကိုပင် အရိယက=အရိယဘာသာ ဟု ခေါ်ဝေါ်သုံးစွဲကြောင်း မှတ်သားအပ်ပေသည်။
ပဋိသမ္ဘိဒါဝိဘင်းပါဠိတော်နှင့် သမ္မောအဋ္ဌကထာ, မူလဋီကာတို့၌ မူကား ဓမ္မနိရုတ္တိ ဟု၎င်း, သဘာဝနိရုတ္တိ ဟု၎င်း ခေါ်ဝေါ် သုံးစွဲသည်ကို တွေ့နိုင်ပေသည်။
အဋ္ဌကထာ, ဋီကာကျမ်းတို့၌ကား ပါဠိဘာသာကို မာဂဓဘာသာဟု၎င်း, တန္တိဘာသာဟု၎င်း, မူလဘာသာဟု၎င်း, ပကတိဘာသာဟု၎င်း ခေါ်ဝေါ်သုံးစွဲသည်ကို တွေ့ရှိရပြန်ပေသည်။ ထိုတွင် မာဂဓဘာသာဟု သုံးစွဲသောနေရာ အတော်များများတွေ့ရ၍ အခြား အမည်များကိုကား အနည်းအကျဉ်းသာ တွေ့ရသည်။ ၎င်းတို့တွင် တန္တိဘာသာဟူသော အမည်ကို ဓမ္မပဒအဋ္ဌကထာတွင်၎င်း, မူလဘာသာဟူသော အမည်ကို ပဋိသမ္ဘိဒါမဂ်အဋ္ဌကထာတွင်၎င်း, ပကတိဘာသာဟူသော အမည်ကို ဝဇိရဗုဒ္ဓိဋီကာတွင်၎င်း တွေ့ရှိရလေသည်။၊ သို့ဖြစ်လေရာ တွေ့ရှိချက်အားလုံးကို ပေါင်းလိုက်လျှင် “ပါဠိဘာသာကို အရိယဘာသာ, ဓမ္မနိရုတ္တိ, သဘာဝနိရုတ္တိ, မာဂဓဘာသာ, တန္တိဘာသာ, မူလဘာသာ, ပကတိဘာသာ ဟူသော အမည်တို့ဖြင့်သာ ပါဠိ, အဋ္ဌကထာ, ဋီကာ တို့၌ သုံးနှုန်းသည်ကို တွေ့ရ၍ ပါဠိဘာသာဟူသော အမည်ဖြင့် သုံးနှုန်းသည်ကို မတွေ့ရ”ဟူသော အချက်မှာ ပေါ်လွင်လျက် ရှိပေသည်။
အဋ္ဌကထာ, ဋီကာ တို့တွင် “ပါဠိ” ဟူသော အသုံးအနှုန်းကို အတော်များများ တွေ့ရ၏။ သို့သော် ၎င်း “ပါဠိ” ဟူသော အသုံးမှာ ပါဠိဘာသာကို ဆိုလိုသည် မဟုတ်ပဲ ပါဠိတော် ဟု ခေါ်သော ဗုဒ္ဓသာသနာဆိုင်ရာ စာပေအားလုံး၏ အမည်သာ ဖြစ်ပေသည်။
တနည်းအားဖြင့် ဆိုရသော် “ပကဋ္ဌာနံ ဥက္ကဋ္ဌာနံ သီလာဒိအတ္ထာနံ ဗောဓနတော, သဘာဝ နိရုတ္တိဝသေန ဗုဒ္ဓါဒီဟိ ဘာသိတတ္တာ စ ပကဋ္ဌာနံ ဝစနပ္ပဗန္ဓာနံ အာဠီတိ ပါဠိ၊ ပရိယတ္တိဓမ္မော” ဟူသော စကားနှင့်အညီ ပရိယတ္တိဓမ္မဟု ခေါ်ဆိုရသော ဘုရားဟောနှင့် သာဝကစသည်ဟောဖြစ်သော တရားများကိုပင် ပါဠိဟု ခေါ်လေသည်။
ယင်းသို့ ရှေးကျသော ကျမ်းစာများ၌ သုံးစွဲခဲ့သည်ကို မတွေ့ရ၍ “ပါဠိဘာသာ” ဟူသော အမည်သည် အလွန် နောက်ကျသော ခေတ်သို့ရောက်မှ ပေါ်ပေါက်လာသော အမည်ဖြစ်ကြောင်း ထင်ရှားနေပေသည်။
ဤတွင် “ပါဠိ” ဟူသော ပုဒ်၏အနက်ကို စိစစ်ဖွယ် ရှိပြန်လေသည်။ “ပါဠိ” ဟူသော စကားလုံး၏ အနက်ကို ရှာကြံကြရာ၌ ပညာရှိအများပင် သူတမျိုး ငါတဖုံ ကြံဆ ပြောဆိုလျက် ရှိကြသည်ကို တွေ့ရပေသည်။ အချို့သော ပညာရှင်တို့က ပါဠိဘာသာသည် ပါဋလိပုတ်ပြည်သုံး ဘာသာ ဖြစ်သည်။ သို့ဖြစ်၍ ယင်းကို ပါဋလိဘာသာဟု ခေါ်ရာမှ တဖြည်းဖြည်း ရွေ့လျော၍ ပါလိ (ပါဠိ) ဘာသာ ဖြစ်လာသည်ဟု ကြံဆကြ၏။ အချို့ကလည်း “ပါဠိ” ဟူသော ပုဒ်သည် ဘုရားရှင်၏ စကားတော် အစဉ်အတန်းဟု အဓိပ္ပါယ်ရသော “ပင်္က္တိ” ဟူသော ပုဒ်မှ ဖြစ်လာသည်၊ ပင်္က္တိမှ တဖြည်းဖြည်း ရွေ့လျော၍ ပါဠိ ဖြစ်လာသည်ဟု ကြံကြပြန်သည်။ အချို့ ပဏ္ဍိတ်တို့ကမူ ဘုရားရှင် ဟောအပ်သော သုတ္တန်ဟု အဓိပ္ပါယ်ရသော “ဓမ္မပရိယာယ” ဟူသော ပုဒ်နှင့် အသောကမင်းကြီး၏ ကျောက်စာတို့၌ ပါသော “ဓံမပလိယာယ” ဟူသော ပုဒ်တို့ကို အထောက်အထားပြု၍ ပရိယာယမှ ပလိယာယ, ၎င်းမှ ပါလိယာယ ဖြစ်လာပြီး အတိုကြိုက် လူ့သဘာဝအတိုင်း နောက်အက္ခရာ နှစ်လုံးကို ဖြုတ်၍ ပါလိ(ပါဠိ)ဟု ခေါ်ဝေါ်ကြောင်း ကြံဆကြလေသည်။ ပုဒ်တို့ကို ဓာတ်ပစ္စည်းဖြင့် ပြီးစေခြင်းအတတ်၌ ပါရဂူဟု ဆိုထိုက်သော ဏွာဒိမောဂ္ဂလ္လာန်ဆရာကမူကား “အတ္ထံ ပါတိ ရက္ခတီတိ ပါဠိ၊ တန္တိ” ဟု ပါဠိကို ပါ-ဓာတ်, ဠိ-ပစ္စည်း ဖြင့် ပြီးစေလျက် အနက်ကို စောင့်ရှောက်တတ်သောကြောင့် ပါဠိ မည်သည်ဟု မိန့်ဆိုလေသည်။
ယင်းသို့ အနည်းနည်း အဖုံဖုံ ကွဲပြားလျက်ရှိကြရာ စိစစ်လေ့ရှိသော သာသနိကပုဂ္ဂိုလ် ပညာရှင်အားလုံးတို့ သဘောတူမျှနိုင်မည့် အနက်မှာကား အထက်၌ ပြခဲ့သော မူလပဏ္ဏာသ-ဋီကာ, အင်္ဂုတ္တိုရ်ဋီကာလာ ဝိဂြိုဟ်နှင့်အညီ “မြင့်မြတ်သော စကားတော်တို့၏ အစဉ်” ဟူသော အနက်ပင် ဖြစ်ပေမည်။ ဤ အယူအဆသည် ဒုတိယပြခဲ့သည့် အယူအဆနှင့် တူသယောင်ရှိသော်လည်း ထိုအယူ၌ ပင်္က္တိမှ ပါဠိ ဖြစ်လာသည်ဟု ကြံ၍ ဤနောက်ဆုံးဝါဒ၌ “ပါဠိ” ဟူသော သဒ္ဒါသည်ပင် “အစဉ်” ဟူသော အနက်ကို ဟောသည်ဟု ယူလိုပေသည်။ မှန်ပေသည်။ ပါဠိကာရက ရဟန်း ဟူသော စကား၌ကဲ့သို့ “ပါဠိ” ဟူသော စကားလုံးသည် ပင်ကိုယ်အတိုင်းပင် “အစဉ်” ဟူသော အနက်ကို ဟောစွမ်းနိုင်ပေသည်။
ထိုသို့ “ပါဠိ” ဟူသော စကားလုံးသည် ပြောဆိုသောဘာသာကို မဟောပဲ ဘုရား၏ စကားတော် ဟူသော အနက်ကိုသာ ဟောခဲ့သော် ပါဠိဘာသာ ဟူသော အသုံးအနှုန်း မည်သို့ ပေါ်ပေါက်လာသနည်းဟု မေးမြန်းဖွယ် ရှိပြန်သည်။ အဖြေကား - ပါဠိဟု ခေါ်သော ဘုရားစကားတော်တို့ကို မှတ်တမ်းတင်ရာဖြစ်၍ ယင်းတို့ကို ထိန်းသိမ်းစောင့်ရှောက်ထားသော မာဂဓဘာသာ ကိုပင် “ပါဠိ၏(ဝါ-ပါဠိနှင့်စပ်သော)ဘာသာ=ပါဠိဘာသာ” ဟု ခေါ်ရပေသည်။ အဋ္ဌကထာ, ဋီကာတို့၌ တွေ့ရသော ဘာသာကိုလည်း တွင်ပြီး အခေါ်အဝေါ်သို့ လိုက်၍ ပါဠိဘာသာဟုပင် ခေါ်ဆိုအပ်လေသည်။
ပါဠိဘာသာသည် ပြာကြိုဋ်ဘာသာတို့နှင့် တစိတ်တဒေသ တူညီမှုရှိသကဲ့သို့ သက္ကတဘာသာနှင့်လည်း တူညီမှုများ ရှိလေသည်။ သက္ကတဘာသာသည် ဝေဒိကသက္ကတ, နဝီန(နိမ္မိတ)-သက္ကတ ဟု ၂ မျိုး ရှိရာ ဝေဒိကသက္ကတဟူသည် ဣရု, ယဇု, သာမ, အထဗ္ဗဏ ဟူသော ဝေဒ ၄ ကျမ်းနှင့် ၎င်းတို့၏ အခြံအရံကျမ်းများ၌ အသုံးပြုသည့် ရှေးဟောင်းသက္ကတဘာသာ ဖြစ်သည်။ နဝီနသက္ကတဟူသည် ဣတိဟာသကျမ်း, ပုရာဏ်ကျမ်း, ကာဗျကျမ်း, နာဋကကျမ်း စသည်တို့၌ တွေ့ရသော နောက်ပေါ် သက္ကတဘာသာ ဖြစ်သည်။ ယင်း နောက်ပေါ်ဖြစ်သော ဘာသာကိုပင် မြန်မာပြန်၌ သက္ကတဘာသာဟု ခေါ်ဝေါ်ကြသည်။
၎င်းသက္ကတဘာသာ ၂ မျိုးတို့တွင် ဝေဒိကသက္ကတသည် မူလ အရင်းအမြစ် ဖြစ်ပြီး နဝီနသက္ကတမှာ ၎င်းဝေဒိကသက္ကတမှ ဆင်းသက်ရွေ့လျား ပေါက်ပွားလာသော ဘာသာဖြစ်ပေသည်။ ယင်း ဘာသာ ၂မျိုးလုံးသည်ပင် ဗြဟ္မဏ(ဟိန္ဒူ) သာသနာဝင်တို့အဖို့ ထူးမြတ်သော ဘာသာဖြစ်ပေသည်။ သို့သော် ရှေးဟောင်းဖြစ်သော ဝေဒိကသက္ကတကိုကား နဝီနသက္ကတထက် ပိုမို၍ အလေးပြုကြလေသည်။
၎င်းပြင် ဝေဒိကသက္ကတဘာသာတွင် နဝီနသက္ကတနှင့်မတူပဲ ပါဠိဘာသာနှင့် တူညီနေသည့် အချက်များစွာ ရှိသည်ကိုလည်း လေ့လာတွေ့ရှိရပေသည်။ ယင်း တူညီချက်တို့တွင် အနည်းငယ်ကို ထုတ်ပြရသော် -
ဝေဒိကသက္ကတတွင် သတ္တမီ(နာမ်)ဝိဘတ်ဖြင့် သုံးစွဲရမည့် နေရာ၌ ဆဋ္ဌီဝိဘတ်ဖြင့် သုံးစွဲခြင်း စသော ဝိဘတ္တိဝိပလ္လာသများ, ဧကဝုစ်ကြိယာဖြင့် သုံးစွဲရမည့်နေရာ၌ ဗဟုဝုစ်ကြိယာဖြင့် သုံးစွဲခြင်း စသော ဝစနဝိပလ္လာသများ, အတိတ်ကာလဖြင့် သုံးစွဲရမည့် နေရာ၌ ပစ္စုပ္ပန်ကာလဖြင့် သုံးစွဲခြင်း စသော ကာလဝိပလ္လာသများနှင့် ဝဏ္ဏတပါးကို အခြားဝဏ္ဏတပါး ပြုခြင်းစသော ဝဏ္ဏဝိပလ္လာသများနှင့် တကွ လိင်္ဂဝိပလ္လာသ စသည့် ဗျတ္တယတို့ကို တွေ့ရှိရသည်။ ပါဠိဘာသာ၌လည်း ထိုနည်းအတူပင် ဤ ဝိပလ္လာသများကို တွေ့ရှိရပေသည်။ နဝီနသက္ကတ ဘာသာ၌ကား ဤ ဝိပလ္လာသမျိုးကို တားမြစ်လို၍ပင် သက္ကတသဒ္ဒါကျမ်းများ ပေါ်ထွက်လာသည် ဖြစ်ရကား ဤသို့သော ဝိပလ္လာသမျိုးကို မတွေ့ရပေ။
နာမ်ပုဒ်တို့၏ အဆုံး၌ ‘ဂတာ သေ, ဓမ္မာ သေ’ စသည်တို့ကဲ့သို့ သေ-အက္ခရာ ဆုံးသော ပုံစံများ, ‘ဒေဝေဘိ’ စသော တတိယာဗဟုဝုစ်ပုံစံများ, ‘ပတိနာ’ စသော တတိယာဧကဝုစ်ပုံစံများကိုလည်း ဝေဒိကသက္ကတနှင့် ပါဠိဘာသာတို့၌ တူညီစွာ တွေ့ရ၍ နဝီနသက္ကတ၌ကား ယင်းပုံစံမျိုးကို မတွေ့ရပေ။
၎င်းပြင် ပါဠိဘာသာ၌ စတုတ္ထီဝိဘတ်နှင့် ဆဋ္ဌီဝိဘတ်တို့ဝယ် ရုပ် အတူတူရှိသကဲ့သို့ ဝေဒိကသက္ကတ၌လည်း စတုတ္ထီအရာ၌ ဆဋ္ဌီ, ဆဋ္ဌီအရာ၌ စတုတ္ထီဝိဘတ်ကို သုံးသော အရာများရှိရကား စတုတ္ထီရုပ်နှင့် ဆဋ္ဌီရုပ်တို့ တခုနှင့်တခု တူညီကြသည်ကိုလည်း အတော်များများ တွေ့ရပေသည်။ နဝီနသက္ကတ၌ကား စတုတ္ထီရုပ်နှင့် ဆဋ္ဌီရုပ်တို့မှာ တခုနှင့်တခု အလွန်ပင် ကွာခြားကြလေသည်။
အာချာတ်ပုဒ်တို့၌လည်း ဣစ္ဆတေ, ဒဒါတိ, မရတိ, ဟနတိ စသော ရုပ်တို့ကို ဝေဒိကသက္ကတနှင့် ပါဠိဘာသာတို့မှာသာ တွေ့ရပြီး နဝီနသက္ကသ၌ကား ၎င်းရုပ်မျိုးကို လုံးဝ မတွေ့ရပေ။
ဤသို့ စသည်ဖြင့် နဝီနသက္ကတနှင့် မတူပဲ ဝေဒိကသက္ကတနှင့်သာ ရုပ် အစီအရင် တူသော အချက်များစွာတို့ ပါဠိဘာသာမှာ ရှိလေသည်။ ဤအချက်ကပင်လျှင် ပါဠိဘာသာသည် နဝီနသက္ကတဘာသာထက် ရှေးကျကြောင်းကို ထင်ရှားစွာ ညွှန်ပြလျက် ရှိလေသည်။
ပြဆိုအပ်ခဲ့ပြီးသည့်အတိုင်း ဝေဒိကသက္ကတ၌ ပါဠိဘာသာနှင့် တူညီသောအချက် များစွာပင် ရှိသော်လည်း ဘုရားရှင်သည် မိမိ၏ စကားတော်ကို ဝေဒိကသက္ကတဘာသာသို့ ပြန်ဆို တင်ထားရန်ကိုကား ခွင့်ပြုတော် မမူခဲ့ပေ။
“ဘုရားစကားတော်ကို ဝေဒိကသက္ကတဘာသာသို့ မတင်အပ်၊ တင်သော သူအား ဒုက္ကဋ်အာပတ်သင့်စေ” ဟု ပယ်မြစ်တော်မူပြီးလျှင် “ဘုရားစကားတော်ကို မိမိဥစ္စာ မာဂဓဘာသာဖြင့် သင်ကြားကြစေ” ဟု ခွင့်ပြုတော်မူခဲ့လေသည်။ (မှတ်ချက်။ ။ ဘာကြောင့် ပညတ်တယ်ဆိုတဲ့အကြောင်းကို ချန်ထားခဲ့ပါတယ်)
ပြဆိုခဲ့ပြီးသည့်အတိုင်း ဝေဒိကသက္ကတဘာသာ၌ ပါဠိဘာသာနှင့် တူညီသော အချက်များ ရှိသော်လည်း ဝေဒိကသက္ကတသည် ဥဒါတ္တအသံ, အနုဒါတ္တအသံ, သွရိတအသံ, ဇိဝါမူလီယအသံ, ဥပဓ္မာနီယအသံ-စသော ရှည် တို နိမ့် မြင့် အသံတို့ဖြင့် ခက်ခဲစွာ ရွတ်ဖတ်ရလျက် အနက်အဓိပ္ပါယ်လည်း ကွယ်ဝှက်သဖြင့် ပါဠိဘာသာကဲ့သို့ လွယ်ကူခြင်းမရှိ။ ထိုခေတ်က အားလပ်ချိန်များစွာရှိ၍ အထက်တန်းစားဖြစ်သည့် ဗြဟ္မဏဇာတ်ဝင်တို့သာ သင်ယူလေ့လာတတ်မြောက်နိုင်သော ဘာသာမျိုးဖြစ်၏။ ဘုရားရှင်၏ ရည်ရွယ်တော်မူချက်မှာလည်း မဇ္ဈိမပဋိပဒါဟူသော သာသနာ့လမ်းစဉ်ကို လူတိုင်းနားလည်၍ တရားတော်အရသာကို စားသုံးစေလိုသည်ဖြစ်ရကား ဗြဟ္မဏဇာတ်ဝင်တို့သာ သင်ကြားတတ်မြောက်နိုင်သည့် ဝေဒိကသက္ကတဘာသာသို့ ပြန်ဆိုတင်ထားခြင်းကို တားမြစ်တော်မူရလေသည်။ မှန်ပေ၏။ ဘုရားရှင်၏ တရားတော်သည် အထက်တန်းစား လူတစ်စုအတွက်သာ မဟုတ်ပဲ, အထက်တန်း အောက်တန်းမရွေး သတ္တဝါအားလုံးအတွက် ဖြစ်ရကား လူတစုအတွက်သာ ရည်ရွယ်၍ တောင်းဆိုအပ်သော “ဘုရားစကားတော်ကို ဝေဒိကသက္ကတသို့ တင်ရန်” ဟူသော အဆိုကို ပယ်ချတော်မူခဲ့ခြင်း ဖြစ်ပေသည်။
ဆက်ရန်
Ashin Sundara(19.2.2022)
ကျမ်းကိုး။ ။ တိပိဋက ပါဠိ-မြန်မာအဘိဓာန်မှ ထုတ်နှုတ်ဖော်ပြသည်။
ပါဠိစာပေ
ပါဠိစာပေသည် အလွန်ကျယ်ဝန်းသော စာပေကြီးတရပ် ဖြစ်ရကား ၎င်း၏ သမိုင်းကို ဤနိဒါန်း၌ အကျယ်ရေးသားရန် မဖြစ်နိုင်ပေ၊ အရေးကြီးသည့် အစိတ်အပိုင်းလောက်ကိုသာ ကျဉ်းချုံးမျှ ရေးသား ဖော်ပြလိုပေသည်။
“ပါဠိစာပေ” ဟူသေသာ စကားဖြင့် ပါဠိဘာသာ ဝါ-မာဂဓဘာသာဖြင့် ရေးသားထားသမျှသော စာပေအားလုံးကိုပင် ဆိုလိုပေသည်၊ သို့ရာတွင် ပါဠိနှင့် တိုင်းရင်းဘာသာ ရောစပ်၍ ရေးသားအပ်သည့် နိသျကဲ့သို့သော ကျမ်းစာမျိုးနှင့် ပါဠိပိဋကကို အမှီပြု၍ တိုင်းရင်းဘာသာဖြင့် ရေးသားအပ်သည့် ကျမ်းဂန်မျိုးတို့ကိုလည်း ပါဠိစာပေ၌ပင် ထည့်သွင်းရေတွက် အပ်ပေသည်။
ပါဠိစာပေ၌ အကျုံးဝင်သော ကျမ်းဂန်မျာကို အမျိုးအစားအားဖြင့် ခွဲဝေလျှင် ပါဠိတော်, အဋ္ဌကထာ, ဋီကာ, အနု, မဓု, လက်သန်း, ဂဏ္ဌိ, ယောဇနာ, ဒီပနီ, နိသျ, အရကောက် စသည်ဖြင့် များစွာရှိ၏။
ထိုတွင် ပါဠိတော် ဟူသည်မှာ မြတ်စွာဘုရားရှင် သာမုက္ကံသိကဒေသနာ အဖြစ်ဖြင့် ဟောတော်မူအပ်သော တရားတော်များနှင့် သာဝက စသည်တို့ ဟောသော တရားတော်များကို ပြသော စကားရပ်တို့ကို ဆိုလိုပေသည်။
အဋ္ဌကထာ ဟူသည်မှာ ပါဠိတော်၏ အနက် အဓိပ္ပါယ်ကို ဖွင့်ပြသောကျမ်း ဖြစ်လေသည်။ ဤကျမ်းမျိုးတွင် ပါဠိတော်၏ ပုဒ်နက်ကိုသာ မကပဲ ပါဠိတော်နှင့် စပ်သွယ်၍ သိသင့်သိထိုက်သော ခက်ခဲနက်နဲသည့် အဆုံးအဖြတ်များ, ဥဒါဟရုဏ် ပုံပြင်သက်သေများကိုပါ ထည့်သွင်း၍ ဖွင့်ပသည်ကို တွေ့ရှိရပေသည်။ များသောအားဖြင့် ဤကျမ်းတို့သည် ကျမ်းဦးအစ၌ အကျယ်တဝင့် ဖွင့်ဆိုပြီး နောက်အပိုင်းတို့၌မူကား ဂန္ထဂရုဒေါသကို ပယ်ရှားလျက် အသိခက်သော အရာများကိုသာ် ဖွင့်ဆိုကြလေသည်။
ဋီကာ ဟူသည်မှာ အဋ္ဌကထာကိုပင် ဖွင့်ပြသောကျမ်း ဖြစ်လေသည်။ ယင်းကား အဋ္ဌကထာဖွင့်နည်းမျိုးကိုပင် အတုယူ၍ ဖွင့်ပြသောကျမ်း ဖြစ်လေရာ ၎င်းတွင် အဋ္ဌကထာ၌ အသိခက်သော အရာများကို ဖွင့်ပြခြင်း, တိမ်မြုပ်သော အဓိပ္ပါယ်တို့ကို ပေါ်လွင်စေခြင်း, အချို့အရာတို့၌ အဋ္ဌကထာလာ အယူအဆတို့ကို ဝေဖန်ိစစစ်ခြင်း စသည်များကိုပါ တွေ့ရှိနိုင်ပါသည်။
အနုဋီကာ ဟူသည်မှာကား ဋီကာကိုပင် ထပ်ဆင့်၍ ဖွင့်ပြသောကျမ်း ဖြစ်ပေသည်။ ပါဠိစာပေတွင် ကျမ်းအမျိုးအစား တခုအနေဖြင့် အသိများသော်လည်း အမှန်မှာ အဘိဓမ္မာ မူလဋီကာ၏ အဖွင့်တကျမ်းကိုသာ အနုဋီကာဟု ခေါ်အပ်လေသည်။
မဓု ဟူသည်မှာ ဋီကာရင်းဖြင့် အနက်အဓိပ္ပါယ်မကုန်၍ ကြွင်းကျန်သည်ကို၎င်း, မသိသာသည်ကို၎င်း ကုန်စင်သိသာအောင် ဋီကာရင်းနှင့် ပေါင်း၍ပြသော ကျမ်းမျိုး ဖြစ်လေသည်။ ယင်းသို့ ပြသည်ဖြစ်၍ သိသာမြန်မြတ်လှသောကြောင့် ၎င်းကျမ်းမျိုးကို မဓုဒီပနီဟု ခေါ်လေသည်။
လက်သန်း ဆိုသည်မှာကား ပါဠိတော်, အဋ္ဌကထာ စသည်တို့၌လာသော အနက်အဓိပ္ပါယ်တို့ကို မှတ်သား ဆောင်လွယ်စေရန် အကျဉ်းအားဖြင့် ရေးသားအပ်သည့် ကျမ်းငယ်မျိုး ဖြစ်ပေသည်။ လက်သန်းသည် လက်ချောင်းတို့တွင် အငယ်ဆုံးဖြစ်သကဲ့သို့ လက်ညှိုးလက်မအလား ကြီးမားသော အဋ္ဌကထာ, ဋီကာကျမ်းများကို ထောက်ဆ၍ လက်သန်းကျမ်းဟု ခေါ်ဆိုရခြင်းဖြစ်ပေသည်။ အချို့ကလည်း အကျဉ်းချုပ် အမြွက်မျှသာ မှတ်၍ပြသော ကျမ်းဖြစ်၍ လက္ခဏကျမ်း, ယင်းမှ လက္ချဏ်း, ယင်းမှတဖန် လက်သန်း ဖြစ်လာသည်ဟုလည်း ဆိုကြသည်။ ၎င်းလက်သန်းကျမ်းသည်လည်း လက်သန်းအဋ္ဌကထာ, လက်သန်းဋီကာဟု ရှိပြန်သည်။
ဂဏ္ဌိ ဟူသည်မှာ အဋ္ဌကထာစသည်တို့ကဲ့သို့ ပုဒ်စဉ်ပါဌ်လျှောက်မဖွင့်ဆိုပဲ တိမ်မြုပ်ခဲကပ် အသိကြပ်၍ အဆစ်အဖုသဖွယ်ဖြစ်သည့် ခဲရာခဲဆစ် ပုဒ်, ပါဌ်, အဓိပ္ပါယ်လောက်ကိုသာ ဖွင့်ပြသည့် နက်နဲသောဉာဏ်၏ ကျက်စားရာကျမ်းမျိုး ဖြစ်ပေသည်။
ယောဇနာ ဟူသည်မှာ အဋ္ဌကထာ စသည်တို့၏ အနက်ကို လွယ်ကူသောနည်းဖြင့် ဖွင့်ပြသော ကျမ်းမျိုး ဖြစ်သည်။ ဤကျမ်းမျိုးတို့တွင် အကျယ်တဝင့် ဖွင့်ဆိုချက်များကို များစွာမတွေ့ရပဲ အဋ္ဌကထာစသည်၏ ပုဒ်နက်, ဝါကျနက် စသည်ကိုသာ ဖွင့်ပြသည်များကို တွေ့ရှိရပေသည်။
ဒီပနီ ဟူသည်မှာလည်း အနက်အဓိပ္ပါယ်ကို ထင်ရှားစွာ ဖွင့်ပြသောကျမ်းမျိုး ဖြစ်ပေသည်။ ဤကျမ်းမျိုးမှာ အချို့အရာ၌ အကြောင်းအရာ တခုတည်းကိုပင် အကျယ်တဝင့် ဖွင့်ဆိုရေးသားသောကျမ်းဖြစ်၍ အချို့အရာ၌ကား ဋီကာတို့ကဲ့သို့ ဖွင့်ပြသောကျမ်း ဖြစ်ပေသည်။
နိသျ (နိဿယ) ဟူသည်မှာကား ပါဠိတော် စသည်တို့ကို ပါဠိတပုဒ်, မြန်မာတပုဒ် ပြန်နည်းအားဖြင့် အနက်မြန်မာပြန်သော ကျမ်းမျိုးဖြစ်ပေသည်။ ဤကျမ်းမျိုးတို့တွင် အနက်မြန်မာပြန်သာမကပဲ ဆိုင်ရာဆိုင်ရာ အမှာအထား အဆုံးအဖြတ်များကိုပါ တွေ့ရှိနိုင်သည်ဖြစ်၍ ပါဠိကျမ်းဂန်တို့ကို လေ့လာရာတွင် အားကိုးအားထား အပြုရဆုံးကျမ်းမျိုး ဖြစ်လေသည်။ ထို့ကြောင့်လည်း ဤကျမ်းမျိုးကို "နိသျ (နိဿယ) = မှီရာ, အားကိုးရာ ကျမ်း” ဟု ခေါ်ဆိုရခြင်း ဖြစ်ပေသည်။
အရကောက် ဟူသည်မှာ ပါဠိတော်စသည်တို့တွင် ပါရှိသည့် တပုဒ်တပုဒ်စီဖြစ်စေ, စာပိုဒ်တပိုဒ်တပိုဒ်စီဖြစ်စေ ရသင့်ရထိုက်သော တရားများကို ကောက်၍ ပြသော ကျမ်းမျိုး ဖြစ်ပေသည်။ အထူးသဖြင့် အဘိဓမ္မာဆိုင်ရာတွင် ဤကျမ်းတို့သည် ကျေးဇူးအများဆုံးပြုသောကျမ်းတို့ ဖြစ်ပေသည်။ ဤအရကောက်ကျမ်းများမရှိလျှင် အဘိဓမ္မာပါဠိတော်တို့သို့ သက်ဝင်ခြင်းငှါပင် မလွယ်ကူပေ။
အထက်ပါတို့တွင် ပါဠိတော်စာပေသည် ပါဠိဘာသာ ဝါ-မာဂဓဘာသာကို သာမုက္ကံသိကဒေသနာတော်အဖြစ် ဘုရားရှင် အသုံးပြု ဟောကြားသည့် အချိန်ကစ၍ ဖြစ်ပေါ်ခဲ့ပြီး အခါသင့် အခွင့်သာတိုင်း ဟောကြားခြင်းအားဖြင့် တစတစ အဆင့်ဆင့် တိုးပွားပြန့်ကျယ်လာခဲ့ပေသည်။ ယင်း သာမုက္ကံသိက ဒေသနာတော်အားလုံးကို ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အခါက အရှင်အာနန္ဒာ တပါးတည်းသာ အနက်အဓိပ္ပါယ်နှင့်တကွ ကြွင်းမဲ့ဥဿုံ အာဂုံဆောင်ခဲ့ပေသည်။ အခြားသော မထေရ်တို့တွင်ကား အချို့က ပိဋကတပုံကိုသော်၎င်း, အချို့က နိကာယ်တရပ်ကိုသော်၎င်း မိမိတို့ စွမ်းအားရှိသမျှ အနက်အဓိပ္ပါယ်နှင့်တကွ အာဂုံဆောင်ခဲ့ကြသည်။
သို့ရာတွင် ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူပြီးနောက် ၃ လခန့်အကြာတွင် အရှင်မဟာကဿပ အမှူးရှိသော ရဟန္တာမထေရ် ၅၀၀ တို့ ပဌမသင်္ဂါယနာတင်ပွဲကို ဆင်နွဲခဲ့ကြလေရာ ၎င်းပဌမသင်္ဂါယနာတင်ပွဲအပြီးတွင် မြတ်စွာဘုရား၏ သာမုက္ကံသိက ဒေသနာတော်များ မပျက်မစီး အရှည်တည်တံ့စိမ့်သောငှါ ရဟန္တာမထေရ်တို့သည် အစုလိုက်ခွဲဝေ၍ တာဝန်ယူပြီးလျှင် တရားတော်များကို နှုတ်တက်အာဂုံ ဆောင်တော်မူခဲ့ကြပေသည်။
ထိုသို့ တာဝန်ယူကြရာတွင် အရှင်ဥပါလိနှင့် တပည့်တို့အား ဝိနည်းပိဋကကို၎င်း, အရှင်အာနန္ဒာနှင့် တပည့်တို့အား ဒိဃနိကာယ်ကို၎င်း, အရှင်သာရိပုတြာ၏တပည့်တို့အား မဇ္ဈိမနိကာယ်ကို၎င်း, အရှင်မဟာကဿပနှင့် တပည့်တို့အား သံယုတ္တနိကာယ်ကို၎င်း, အရှင်အနုရုဒ္ဓါနှင့် တပည့်တို့အား အင်္ဂုတ္တရနိကာယ်ကို၎င်း အသီးအသီး တာဝန်ခွဲဝေပေးကြောင်းကို သီလက္ခန်အဋ္ဌကထာတွင် မိန့်ဆိုလျက်ရှိလေသည်။
ယင်းသို့ မထေရ်တို့ အဆက်ဆက်ဆောင်ယူခဲ့ကြရာ ပါဠိတော်၏ အနက်အဓိပ္ပါယ်ကို ဖွင်ပြသော ကျမ်းများ လိုအပ်လာ၍ ပါဠိတော်၏ အဖွင့်ဖြစ်သည့် အဋ္ဌကထာ ခေါ် ကျမ်းများ, တဖန် အဋ္ဌကထာ၏ အဖွင့်ဖြစ်သည့် ဋီကာ ခေါ် ကျမ်းများပါ ပေါ်ပေါက်လာခဲ့ပြန်သည်။
ထိုတွင် ဘုရားရှင်ကိုယ်တော်တိုင် ဟောတော်မူခဲ့သော တရားတော်များကို၎င်း, ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်နှင့် ဘုရားရှင်ပရိနိဗ္ဗာန်စံတော်မူပြီးမှ ထိုထိုသာဝကတို့ဟောသည့် တရားများကို၎င်း ပါဠိတော်ဟူ၍ ခေါ်ရပေသည်။ ၎င်းပါဠိတော်များကား ဆဋ္ဌသင်္ဂါယနာတင်မူအရ စာအုပ်ရေ ၄၀ ရှိလေသည်။
ထိုအုပ်ရေ ၄၀ ရှိသော ပါဠိတော်သည် -
ရသ အားဖြင့် - ၁ မျိုး
ဓမ္မဝိနယ အားဖြင့် - ၂ မျိုး
ဝစန အားဖြင့် - ၃ မျိုး
ထို့အတူ
ပိဋကအားဖြင့် - ၃ မျိုး
နိကာယ်အားဖြင့် - ၅ မျိုး
ဓမ္မက္ခန္ဓာအားဖြင့် ၈၄၀၀၀ ရှိလေသည်။
၎င်းတို့တွင် ရသ အားဖြင့် ၁ မျိုးဟူသည်မှာ ဗောဓိပင်နှင့် ရွှေပလ္လင်ကို အောင်မြင်တော်မူ၍ သမ္မာသမ္ဗုဒ္ဓဘုရားအဖြစ်သို့ ရောက်တော်မူသည်မှ အစပြုလျက် ပရိနိဗ္ဗာန်စံဝင်တော်မူသည့်တိုင်အောင် ၄၅ ဝါပတ်လုံး နတ်လူဗြဟ္မာ သတ္တဝါတို့အား ဟောညွှန်ပြသ ဆုံးမတော်မူသော တရားတော် ဟူသမျှသည် ဝိမုတ္တိရသ တမျိုးတည်းသာ ဖြစ်ပေသည်။ ဆိုလိုသည်မှာ ဘုရားရှင်ဟောတော်မူခဲ့သမျှ တရားတော်တို့သည် ကိလေသာတို့မှလွတ်သော အရဟတ္တဖိုလ်ချမ်းသာကို ရွက်ဆောင်ခြင်းအားဖြင့်, သို့မဟုတ် ကိလေသာတို့မှ လွတ်သော မဂ်ဖိုလ်ကို ဖြစ်စေ ပြီးစေခြင်းကိစ္စအားဖြင့် ရေတွက်လျှင် ဝိမုတ္တိရသ တမျိုးတည်းသာ ဖြစ်သည်ဟု ဆိုလိုပေသည်။
ယင်းတမျိုးတည်းကိုပင် ဓမ္မ, ဝိနယ အားဖြင့် တဖန်ခွဲသော် ၂ မျိုး ဖြစ်ပြန်သည်။ ဘုရားရှင်၏ စကားတော်အားလုံးသည်ပင် ကိလေသာတိုကို ပယ်ဖျောက်တတ်သောကြောင့် ဝိနယလည်း မည်သည်၊ ဆုံးမသည့်အတိုင်း ကျင့်ကြံလိုက်နာသူတို့ကို အပါယ်စသော ဘေးဒုက္ခတို့သို့ မကျအောင် ဆောင်ထားတတ်သောကြောင့် ဓမ္မလည်း မည်တော့သည်။ သို့ မည်သော်လည်း ဤဓမ္မဝိနယအခွဲ၌ကား ဝတ္တိစ္ဆာအားဖြင့် ဝိနည်းပိဋကကို ဝိနယဟုခေါ်၍ ဝိနည်းမှကြွင်းသမျှ ဘုရားစကားတော်တို့ကို ဓမ္မဟုခေါ်ရပေသည်။ တနည်းလည်း ဝိနည်းသည် ပရိယတ်ပင်ဖြစ်၍ ဓမ္မမည်သည်ပင်ဖြစ်၏။ သို့သော်လည်း ဓမ္မဝိနယဟု ယှဉ်တွဲ၍ သုံးစွဲသောအခါ “ယှဉ်ဖက်၏အနက်ကို ချန်၍ယူရသောနည်း”ဖြင့် ဓမ္မအရ ဝိနည်းမဟုတ်သော ဘုရားစကားတော်ကိုသာ ယူ၍ ဝိနယအရ ဝိနည်းတရားတော်ကို ယူရပေသည်။
တဖန် ဝစနအားဖြင့် ခွဲဝေသော် ပဌမဗုဒ္ဓဝစန, မဇ္ဈိမဗုဒ္ဓဝစန, ပစ္ဆိမဗုဒ္ဓဝစန ဟူ၍ ၃ မျိုးဖြစ်ပြီးလျှင် ပိဋကအားဖြင့် ခွဲဝေသော် ဝိနည်းပိဋက, သုတ္တန်ပိဋက, အဘိဓမ္မာပိဋက ဟု ၃ မျိုး ဖြစ်ပြန်သည်။
ထို ၃ မျိုးတို့တွင် ဝိနည်းပိဋက၌ -
(၁) မဟာဝိဘင်္ဂ
(၂) ဘိက္ခုနီဝိဘင်္ဂ
(၃) ခန္ဓက
(၄) ပရိဝါရ ဟုအပိုင်း ၄ ပိုင်းရှိသည်။
ထိုတွင် မဟာဝိဘင်္ဂနှင့် ဘိက္ခုနီဝိဘင်္ဂတို့သည် (ပုံနှိပ်ပြီး ဆဋ္ဌသင်္ဂါယနာမူ၌) ပါရာဇိကပါဠိတော်နှင့် ပါစိတ္တိယပါဠိတော်တို့ ဖြစ်၍ ခန္ဓကသည် မဟာဝဂ္ဂပါဠိတော်နှင့် စူဠဝဂ္ဂပါဠိတော်တို့ပင် ဖြစ်ပေသည်။
သို့ဖြစ်လေရာ ဝိနည်းပိဋက၌ -
(၁) ပါရာဇိကပါဠိ
(၂) ပါစိတ္တိယပါဠိ
(၃) မဟာဝဂ္ဂပါဠိ
(၄) စူဠဝဂ္ဂပါဠိ
(၅) ပရိဝါရပါဠိ ဟု ကျမ်းအားဖြင့် ၅ ကျမ်း ဖြစ်လေသည်။
ဤ ၅ ကျမ်းကိုပင် ဝိနည်း ၅ ကျမ်းဟု ခေါ်လေသည်။
သုတ္တန်ပိဋကသည်ကား -
(၁) ဒီဃနိကာယ်
(၂) မဇ္ဈိမနိကာယ်
(၃) သံယုတ္တနိကာယ်
(၄) အင်္ဂုတ္တရနိကာယ်
(၅) ခုဒ္ဒကနိကာယ် ဟု ၅ မျိုးရှိလေသည်။
ထိုတွင် ဒီဃနိကာယ်၌ -
(၁) သီလက္ခန္ဓဝဂ္ဂ
(၂) မဟာဝဂ္ဂ
(၃) ပါထိကဝဂ္ဂ ဟု ၃ ကျမ်း
မဇ္ဈိမနိကာယ်၌ -
(၁) မူလ ပဏ္ဏာသ
(၂) မဇ္ဈိမပဏ္ဏာသ
(၃) ဥပရိပဏ္ဏာသ ဟု ၃ ကျမ်း
သံယုတ္တနိကာယ်၌ --
(၁) သဂါထာဝဂ္ဂသံယုတ်
(၂) နိဒါနဝဂ္ဂသံယုတ်
(၃) ခန္ဓဝဂ္ဂသံယုတ်
(၄) သဠာယတနဝဂ္ဂသံယုတ်
(၅) မဟာဝဂ္ဂသံယုတ် ဟု ၅ ကျမ်း
အင်္ဂုတ္တရနိကာယ်၌ --
(၁) ဧကကနိပါတ
(၂) ဒုကနိပါတ
(၃) တိကနိပါတ
(၄) စတုက္ကနိပါတ
(၅) ပဉ္စကနိပါတ
(၆) ဆက္ကနိပါတ
(၇) သတ္တကနိပါတ
(၈) အဋ္ဌကနိပါတ
(၉) နဝကနိပါတ
(၁၀) ဧကာဒသကနိပါတ ဟု ၁၁ ကျမ်း
ခုဒ္ဒကနိကာယ်၌ --
(၁) ခုဒ္ဒကပါဌ
(၂) ဓမ္မပဒ
(၃) ဥဒါန်း
(၄) ဣတိဝုတ်
(၅) သုတ္တနိပါတ်
(၆) ဝိမာနဝတ္ထု
(၇) ပေတဝတ္ထု
(၈) ထေရဂါထာ
(၉) ထေရီဂါထာ
(၁၀) ဇာတ်
(၁၁) နိဒ္ဒေသ
(၁၂) ပဋိသမ္ဘိဒါ
(၁၃) အပဒါန်
(၁၄) ဗုဒ္ဓဝံသ
(၁၅) စရိယာပိဋက ဟု ၁၅ ကျမ်း အသီးသီးရှိလေသည်။
အဘိဓမ္မာပိဋက၌ကား --
(၁) ဓမ္မသင်္ဂဏီ
(၂) ဝိဘင်း
(၃) ဓာတုကထာ
(၄) ပုဂ္ဂလပညတ်
(၅) ကထာဝတ္ထု
(၆) ယမိုက်
(၇) ပဋ္ဌာန်း ဟု ၇ ကျမ်း ရှိလေသည်။
ယင်း ပိဋကတ် ၃ ပုံကိုပင် နိကာယ်အားဖြင့် ရေတွက်သောအခါ သုတ္တန်ပိဋကသည် ဆိုခဲ့ပြီး နိကာယ် ၅ ရပ်၌ အကျုံးဝင်၍ ဝိနည်းပိဋနှင့် အဘိဓမ္မာပိဋကတို့သည် ခုဒ္ဒကနိကာယ်၌ အကျုံးဝင်ကြသည်။
နိကာယ် ၅ ရပ်, ပိဋကတ် ၃ ပုံ ဟူသော ပါဠိတော်ကိုပင် အင်္ဂါအားဖြင့် ရေတွက်သော် --
(၁) သုတ်
(၂) ဂေယျ
(၃) ဝေယျာကရိုဏ်း
(၄) ဂါထာ
(၅) ဥဒါန်း
(၆) ဣတိဝုတ်
(၇) ဇာတ်
(၈) အဗ္ဘုတဓမ္မ
(၉) ဝေဒလ္လ ဟု ၉ တန် ဖြစ်ပြန်သည်။
ဓမ္မက္ခန္ဓာအားဖြင့်သော်ကား --
ဒွါသီတိံ ဗုဒ္ဓတော ဂဏှိံ၊ ဒွေ သဟဿာနိ ဘိက္ခုတော။
စတုရာသီတိ သဟဿာနိ၊ ယေ မေ ဓမ္မာ ပဝတ္တိနော ---
ဟူသော အာနန္ဒထေရဂါထာနှင့်အညီ ရှစ်သောင်းလေးထောင် မြားမြောင်ကျယ်ဝန်းလှပေသည်။
ဤသို့လျှင် သာမုက္ကံသိက ဟူသော ဗုဒ္ဓဝစနကိုပင် ရသအားဖြင့် ၁ မျိုး, ဓမ္မဝိနယအားဖြင့် ၂ မျိုး, ဝစနအားဖြင့် ၃ မျိုး, ထို့အတူ ပိဋကအားဖြင့် ၃ မျိုး, နိကာယ်အားဖြင့် ၅ မျိုး, ဓမ္မက္ခန္ဓာအားဖြင့် ၈၄၀၀၀ ဟူ၍ ပဌမသင်္ဂါယနာတင်ပွဲ၌ အရှင်မဟာကဿပ အမှူးရှိသော ငါးရာသော ရဟန္တာထေရ်အရှင်တို့ အသီးအသီး ပိုင်းခြား သတ်မှတ်၍ သင်္ဂါယနာတင်တော်မူခဲ့ကြခြင်း ဖြစ်ပေသည်။
ဆက်ရန်
Ashin Sundara(27.2.2022)
ကျမ်းကိုး။ ။ တိပိဋက ပါဠိ-မြန်မာအဘိဓာန်မှ ထုတ်နှုတ်ဖော်ပြသည်။
++++++++
ဓမ္မက္ခန္ဓာ ရေတွက်နည်းကို ဒိ၊ဋ္ဌ၊၁။၂၅ နှင့် ၎င်းဋီတို့မှာ ကြည့်။ ဝိနည်းပိဋက၌ ဓမ္မက္ခန္ဓာ ၂၁၀၀၀, သုတ္တန်ပိဋက၌ ဓမ္မက္ခန္ဓာ ၂၁၀၀၀, အဘိဓမ္မာပိဋက၌ ဓမ္မက္ခန္ဓာ ၄၂၀၀၀ ရှိကြောင်းကိုလည်း ထိုထိုကျမ်းငယ်တို့၌ ဆိုကြသည်။ ပိဋကတ်တော်သမိုင်း (နှာ ၂၀၈-၉)ကြည့်၊ ဤဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင် ဟူသော စကားလည်း အထက်ပါ ဒွါသီတိံ - စသော ဂါထာ အရသာ ပြဆိုခြင်း ဖြစ်သည်၊ ကထာ - ဝတ္ထု, မဓုရသုတ် စသော နောက်ပေါ်ကျမ်းများကိုပါ ထည့်သွင်း ရေတွက်လျှင် ရှစ်သောင်းလေးထောင်ထက်ပင် ပိုသေးသည်။ (ဧဝံ ပရိဒီပိတဓမ္မက္ခန္ဓဝသေနာတိ) ဣမိနာ ဧဝံ တေန အပရိဒီပိတာပိ ဓမ္မက္ခန္ဓာ သန္တီတိ ပကာသေတိ၊ တသ္မာ ကထာဝတ္ထုပကရဏမာဓုရိယသုတ္တာဒီနံ ဝိမာနဝတ္ထာဒီသု ကေသဉ္စိ ဂါထာနဉ္ဇ ဝသေန စတုရာသီတိသဟဿတောပိ ဓမ္မက္ခန္ဓာနံ အဓိကတာ ဝေဒိတဗ္ဗာ။ (သီ၊ ဋီ၊ သစ်၊၁။၁၃၃။)
++++++++++++
Comentários