top of page
Search

စာတန်းတင်သွင်းရန် စာတန်းများ

  • Writer: Thein Naing Ohn
    Thein Naing Ohn
  • Apr 6, 2022
  • 26 min read

Updated: Apr 30, 2022

အဘိဓမ္မာပိဋကလာ ပဋ္ဌာန်းကျမ်း၏ အဓိပ္ပါယ်ကို အကျဉ်းမျှဖော်ပြ၍ လူသားတို့ နေ့စဉ်ပြုလုပ် ပြောဆို ကြံစည် နေမှုများသည် တစ်စုံတစ်ဦး၏ ဖန်ဆင်းမှုကြေ

ာင့်မဟုတ်ဘဲ သတ္တဝါတို့သန္တန်၌ တည်ရှိနေသည့် လောဘ ဒေါသ မောဟ အလောဘ အဒေါသ အမောဟ ဟူသော ရေသောက်မြစ်များကြောင့် ဖြစ်သည်ကို အကြောင်းယုတ္တိ ခိုင်လုံစွာဖြင့် ရေးသားတင်ပြပါ။


မြတ်ဗုဒ္ဓဟာ ပဋ္ဌာန်းဒေသနာတော်မြတ်ကြီးကို စတင် ဆင်ခြင်သုံးသပ်တော်မူတဲ့အခါမှာ ဟေတုပစ္စည်းကို စတင်ပြီး ဆင်ခြင်သုံးသပ်တော်မူပါတယ်။ ဟေတုပစ္စည်းဟာ သတ္တဝါတိုင်းနဲ့ဆိုင်တဲ့ တရားဖြစ်ပါတယ်။ အထူးသဖြင့် လူတိုင်းနဲ့ဆိုင်တဲ့တရား ဖြစ်ပါတယ်။ ဘယ်လူမျိုးအတွက်နဲ့သာဆိုင်တယ်။ ဘယ်ဘာသာ အယူဝါဒနဲ့သာဆိုင်တယ်ဆိုတဲ့ ကျဉ်းမြောင်းတဲ့ အယူစွဲတွေ ဆန္ဒစွဲတွေနဲ့ ဘောင်မခတ်ထားပါဘူး။ အဲဒီလို ဘောင် ခတ်ထားရင်လည်း ထိုဘာသာ၊ ထိုအယူဝါဒဟာ လွတ်လပ်မှုကို အားပေးတဲ့ လွတ်လွတ်လပ်လပ် တွေးခေါ်နိုင်တဲ့၊ လွတ်လပ်မှုကို တန်ဖိုးထားတဲ့ လွတ်လပ်စွာ ကိုးကွယ်နိုင်တဲ့ ဘာသာအယူဝါဒ ဖြစ်လာမှာ မဟုတ်ပါဘူး။


အခု ဒီပဋ္ဌာန်းဒေသနာတော်မြတ်ကြီးဟာ လူမျိုးတိုင်း၊ သတ္တဝါတိုင်းရဲ သန္တာန်မှာ အစဉ်အမြဲဖြစ်ပေါ်နေကြတဲ့ ရုပ်နာမ်ခန္ဓာတွေကို မြတ်ဗုဒ္ဓက သဗ္ဗညုတရွှေဉာဏ်တော်နဲ့ဆင်ခြင် သုံးသပ်ထားတာဖြစ်တယ်။ ရုပ်တရား၊ နာမ်တရားများရဲ ဖြစ်ပုံ ပျက်ပုံကို သာမန်လူပုဂ္ဂိုလ်များ နားလည်ဖို့ဆိုတာ အလွန်ခက်ခဲတဲ့ကိစ္စပါ။ ဒီလို ခက်ခဲလွန်းလို့ပဲ မြတ်ဗုဒ္ဓဟာ ပဋ္ဌာန်းဒေသနာတော်မြတ်ကြီးကို သက်တော်ထင်ရှား ရှိစဉ်တစ်လျှောက်မှာ နှစ်ကြိမ်သာ ဟောခဲ့တာပါ။ ပထမတစ်ကြိမ်က မယ်တော်ကို ကျေးဇူးဆပ်ဖို့ တာဝတိံသာနတ်ပြည်မှာ ဟောခဲ့တာ ဖြစ်ပြီး နောက်တစ်ကြိမ်ကတော့ စန္ဒကူးတောမှာ အရှင်သာရိပုတ္တရာကို ဟောခဲ့တာဖြစ်ပါတယ်။


ပဋ္ဌာန်းဟူသည် ဟေတုအစရှိသော အထူးထူ အပြားပြားကုန်သော ပစ္စည်းတို့၏ အစွမ်းအားဖြင့် ဟောတော်မူသောကြောင့်လည်း ပဋ္ဌာန်း မည်ပါသည်။


တနည်း- ကုသိုလ်အစရှိကုန်သော တရားတို့ကို ဟေတုအစရှိသော ပစ္စည်းတို့ဖြင့် ဝေဖန်ခွဲခြား၍ ဟောတော်မူသောကြေင့်လည်း ပဋ္ဌာန်းမည်သည်။


တနည်း - ဓမ္မသင်္ဂဏီအစ, ယမကအဆုံးရှိသော ခြောက်ကျမ်းသော အဘိဓမ္မာတို့ကို ဆင်ခြင်တော်မူသော ကာလ၌ သဗ္ဗညုတဉာဏ်တော်တည်းဟူသော ခြေတော် လက်တော်သည် မဆန့်သာသကဲ့သို့ ဉာဏ်တော် ကွန့်မြူးခြင်းသို့ မရောက်နိုင်ခဲ့မူ၍ ပဋ္ဌာန်းအဘိဓမ္မာ ဒေသနာတော်ကို ဆင်ခြင်သုံးသပ်တော်မူသော အခါကာလမှ သဗ္ဗညုတဉာဏ်တော် ကွန့်မြူးခြင်းသို့ ရောက်သည်ဖြစ်သောကြောင်လည်း ပဋ္ဌာန်းမည်သည်ဟု အဋ္ဌကထာဆရာမိန့်ဆိုလေသည်။


ယင်းသို့သော ပဋ္ဌာန်းဒေသနာတော်သည် ကျယ်ဝန်းသည်၊ နက်ဝှမ်းသည် ဟူ၍ ယေဘုယျအားဖြင့် သိရှိ ပြောဆိုကြသည်။ သမုဒ္ဒရာသည် ကျယ်ဝန်းပါ၏။ အပိုင်းအခြားတည်းဟူသော တဘက်ကမ်းမူကား ရှိသေး၏။ ပဋ္ဌာန်းကျမ်းသည်ကား တဘက်ကမ်း လမ်းဆုံး အပိုင်းအခြား မထင်အောင် ကျယ်ဝန်ပေသည်။ သမုဒ္ဒရာသည် နက်ဝှမ်းပါ၏။ အောက်ခံမြေ အပိုင်းအခြားမူကား ရှိသေး၏။ ပဋ္ဌာန်းကျမ်းသည်ကား မည်မျှတိုင်အောင် နက်ဝှမ်း သည်ဟူ၍ မထင်နိုင်အောင် နက်ဝှမ်းပေသည်။


အကျဉ်းအားဖြင့် ပဋ္ဌာန်းကျမ်းသည် ၂၄ ကျမ်း ရှိ၏။ ၂၄ ကျမ်းဟူသည်မှာ -


၁။ အနုလောမဌာန၌ - တိက် (၂၂) တိက်တို့ကို အမှီပြု၍ တိကပဋ္ဌာန်းကို မြတ်စွာဘုရား ဟောကြား ညွှန်ပြတော် မူသည်။


၂။ တရာသော ဒုက်တို့ကို အမှီပြု၍ ဒုကပဋ္ဌာန်းကို ဟောကြားညွှန်ပြတော်မူသည်။


၃။ တိက် (၂၂) တိက်တို့ကို တရာသော ဒုက်တို့၌ ထည့်သွင်း၍ ဒုကတိကပဋ္ဌာန်းကို ဟောကြား ညွှန်ပြ တော်မူသည်။


၄။ တရာသောဒုက်တို့ကို တိက် (၂၂) တိက်တို့၌ ထည့်သွင်း၍ တိကဒုက ပဋ္ဌာန်းကို ဟောကြား ညွှန်ပြတော်မူသည်။


၅။ တိက်တို့ကို တိက်တို့၌ပင် ထည့်သွင်း၍ တိကတိကပဋ္ဌာန်းကို ဟောကြား ညွှန်ပြတော်မူသည်။


၆။ ဒုက်တို့ကို ဒုက်တို့၌ပင် ထည့်သွင်း၍ ဒုကဒုကပဋ္ဌာန်းကို ဟောကြား ညွှန်ပြတော်မူသည်။


ရှင်းလင်းပြရမူ -


၁။ တိကပဋ္ဌာန်း

၂။ ဒုကပဋ္ဌာန်း

၃။ ဒုကတိကပဋ္ဌာန်း

၄။ တိကဒုကပဋ္ဌာန်း

၅။ တိကတိကပဋ္ဌာန်း

၆။ ဒုကဒုကပဋ္ဌာန်း အားဖြင့် အနုလောမဌာန၌ ပဋ္ဌာန်း (၆) ကျမ်းဖြစ်သည်။


- အနုလောမဌာန၌ ပဋ္ဌာန်းကျမ်း (၆) ကျမ်းဖြစ်သကဲ့သို့၊


- ထို့အတူ ပစ္စနီယဌာန၌လည်း ပဋ္ဌာန်းကျမ်း (၆) ကျမ်း ဖြစ်သည်။


- ထို့အတူပင် အနုလောမပစ္စနီယဌာန၌ (၆) ကျမ်း၊


- ပစ္စနီယာနုလောမဌာန၌ (၆) ကျမ်း ဖြစ်သည်။


ဤသို့အားဖြင့် ပဋ္ဌာန်းကျမ်းသည် (၂၄) ကျမ်းဖြစ်သည်။


အထက်အဆိုပါ (၂၄) ကျမ်းသော ပဋ္ဌာန်းတို့ကို အစိတ်အစိတ် ကုသလတိက် စသည်တို့ဖြင့် မြှောက်ပွားပါမူကား ကုဋေကုဋာတိုင်အောင် ပဋ္ဌာန်းကျမ်းများ ထင်ရှားရှိသည်ဖြစ်၍ ပဋ္ဌာန်းကျမ်းသည် ကျယ်ဝန်းသည်၊ တရားသဘောအားဖြင့် နက်ဝှမ်းသည်ဟူ၍ ဆိုရပေသည်။


ယခုခေတ် သင်ကြားပို့ချနေကြသော ပဋ္ဌာန်းကျမ်းသည်ကား (၂၄) ကျမ်းသော ပဋ္ဌာန်းကျမ်းတို့တွင် ကုသလတိက် တစိတ်တဒေသမျှသာ ဖြစ်ပေသည်။ ဤတစိတ်တဒေသသည်ပင်လျှင် ကျယ်ဝန်းလှပေပြီ။

ပဋ္ဌာန်းကျမ်းသည် ခက်ခဲ နက်နဲရုံသာ မဟုတ်သေးပေ၊ တရားမှန်သိမြင်ရန်အတွက် အရေးကြီးသော ကျမ်းလည်း ဖြစ်ပါ၏။ ဗုဒ္ဓတရားတော်လာ အချို့သော အရာတို့၌ ပဋ္ဌာန်းနည်းဖြင့် ဖြေရှင်းမပြလျှင် အဓိပ္ပါယ်သဘာဝမှန်ကို မသိနိုင်လောက်အောင်ပင် ဖြစ်ရသည်။ ထိုနေရာမျိုး၌ ပဋ္ဌာန်းဗဟုသုတသည် မရှိလျှင် မဖြစ်သောအချက် လိုအပ်ချက် ဖြစ်ပါသည်။ ဤမျှတိုင် ပဋ္ဌာန်းကျမ်းသည် အချို့သော တရားတော်တို့ကို အမှန်အတိုင်း သိမြင်ရေး၌ အရေးကြီးလှပေသည်။


ပဋ္ဌာန်းကျမ်းတော်ကြီးကို -


(၁) အနန္တနယ - အဆုံးမရှိသော နည်းရှိသောကျမ်း၊


(၂) သမန္တ - ထက်ဝန်းကျင် အထူးထူးသော ပစ္စည်းရှိသောကျမ်း၊


(၃) ပါသာဒိက - ကြည်ညိုဖွယ်ရာကျမ်း၊


(၄) မဟာပကရဏ - ကြီးကျယ်သာလွန်သောကျမ်း၊


(၅) ပဋ္ဌာန - ပစ္စည်းအမျိုးမျိုး ရှိသောကျမ်း ဟူ၍ ခေါ်လေ့ရှိပါသည်။


အထက်ပါ အမည်များသည် ပဋ္ဌာန်းကျမ်းကြီး၏ ဂုဏ်ထူးဝိသေသ အမည်ထူးများ ဖြစ်ပါသည်။ အနန္တနယရယ်လို့ ဘာကြောင့် ခေါ်ဆိုရပါသလဲဆိုယင် အဆုံးအပိုင်းအခြား မရှိတဲ့နည်းတွေနဲ့ ပြည့်စုံတဲ့အတွက် “အနန္တနယ”လို့ ခေါဆိုရခြင်းဖြစ်ပါသည်။ ဒီကျမ်းမှာ နည်းတွေ အလွန်များပြားလှ၍ အဆုံးမရှိ အပိုင်းအခြားမရှိပါ။ ထို့ကြောင့် ဒီပဋ္ဌာန်းကျမ်းတော်ကြီးကို အနန္တနယလို့ ခေါ်ရတယ်လို့ ဆိုလိုပါသည်။


သမန္တဆိုတာက ထက်ဝန်းကျင်လို့ အဓိပ္ပါယ်ရပါတယ်။ ဘယ်နေရာမှာမဆို ပဋ္ဌာန်းကျမ်းတော်ကြီးကို ဟောတော်မူရာမှာ ဓမ္မအနုလုံအစရှိသောအပြား၊ တိကပဋ္ဌာန်းအစရှိသောအပြား၊ ပဋိစ္စဝါရ အစရှိသောအပြားတို့ဖြင့် ဖြစ်သော အထူးထူးသော အပြားရှိတဲ့ ပစ္စည်းတရားတွေရှိပါတယ်လို့ ဆိုလိုပါသည်။


ပါသာဒိက ဆိုတာကတော့ ပစ္စည်းပစ္စယုပ္ပန်ဝါရ အစရှိသော ဒေသနာတော်အစဉ်တို့ဖြင့် တန်ဆာဆင်လျက် ဟောပြောခြင်းနှင့် ပြည့်စုံသည့်အတွက်ကြောင့် ကြည်ညိုဖွယ်ရာဖြစ်တယ်လို့ ဆိုလိုခြင်းဖြစ်ပါသည်။


မဟာပကရဏ ဆိုတာကတော့ ဤပဋ္ဌာန်းကျမ်းတော်ကြီးသည် မရေမတွက်နိုင်သော နည်းပေါင်း နယပေါင်း အနန္တတို့နှင့် ပြည့်စုံသည့်အတွက်ကြောင်၎င်း၊ နက်နဲခက်ခဲ သိမ်မွေ့လှ၍ ဒေသနာတော်၏တန်ခိုး အနက်သဘော၏တန်ခိုး အမျိုးမျိုး ကြီးကျယ်လှပါသောကြောင့်၎င်း ဤကျမ်းတော်ကြီကို “မဟာပကရဏ”ရယ်လို့ ခေါ်ခြင်းဖြစ်ပါသည်။


“ကြီးကျယ်နက်ဝှမ်း - ပဋ္ဌာန်းမှတ်စေ၊


ကျမ်းမြတ်ခက်ခဲ - နက်နဲသလေ။


နယနယ်စွန်း - ကျယ်ဝန်းထွေထွေ၊


အနန္တ - ဆုံးစမမြင်ပေ။ တဲ့


အဲဒီပဋ္ဌာန်းကျမ်းဟာ အဘိဓမ္မာ (၇) ကျမ်းထဲမှာ နောက်ဆုံးကျမ်းဖြစ်ပါတယ်။


ပဋ္ဌာန်းဆိုတဲ့ ပဋ္ဌာန ရဲ့အဓိပ္ပါယ်က ဘာလည်းဆိုရင်တဲ့ ပ = အမျိုးမျိုး ၊ ဋ္ဌာန = အကြောင်းတရားတွေ။ အမျိုးမျိုးသောအကြောင်းတရားတွေကြောင့် စုပေါင်းပြီးတော့ အကျိုးတရားတွေ ထုတ်လုပ်နေပုံကို အကြောင်းအမျိုးမျိုုးကို ရှင်းလင်းပြတဲ့ ဒေသနာတော်ကြီးကို ပဋ္ဌာန လို့ခေါ်ပါတယ်။ နောက်တနည်းက ပဋ္ဌာနဆိုတဲ့ စကားလုံးသည် ခွဲချမ်းစိတ်ဖြာကြည့်ရှုခြင်းဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။


၂၄ ပစ္စည်းမှာ ဆိုင်ရာဆိုင်ရ သဘာဝတရားတွေနဲ့ မြတ်စွာဘုရားက ၂၄ မျိုးလို့ ကျေးဇူးပြုပုံ ကျေးဇူးပြုနည်း ၂၄ မျိုးကို ခေါင်းစီးလေးချမှတ်ပြီး မြတ်စွာဘုရားကပေးတယ်။ ပေးပြီးတဲ့အခါကျမှ အသေးစိတ် တစ်ခုစီ တစ်ခုစီ ဟောတာ ဖြစ်ပါတယ်။


ဗုဒ္ဓဘာသာမှာ မြတ်စွာဘုရားသည် ဒီအကြောင်းတွေကို ပြုလုပ်ထားရင် အဲဒီအကြောင်းနဲ့ သက်ဆိုင်တဲ့ အကျိုးတရား လာဖို့ရှိတယ်။ အဲဒီအကျိုးတရားတွေ လာနိုင်တဲ့ အကြောင်းတရားတွေကိုသာ ပြည့်စုံအောင် လုပ်ထားရင် အဲဒီအကျိုးတရားဟာ မုချလာမယ်လို့ ဟောတော်မူပါတယ်။ ဘုရားက ဖန်ဆင်းပေးတာရယ်လို့ ဗုဒ္ဓဘာသာမှာ မရှိပါဘူး။ ဒါကြောင့် ဒီ ပဋ္ဌာန်းတရားတော်သည် ဖန်ဆင်းရှင် မရှိဘူးဆိုတာကို ထင်ရှားစေတဲ့ တရားတော်ပဲ ဖြစ်ပါတယ်။


မြတ်စွာဘုရားက သစ္စာလေးပါးမှာ ဒုက္ခနဲ့ ဒုက္ခသမုဒယကို ဟောကတည်းက အကြောင်းတရားနဲ့ အကျိုးတရားကို ဟောတယ်ဆိုတာ ထင်ရှားပါတယ်။


ရှင်သာရိပုတ္တရာမထေရ်မြတ် ဗုဒ္ဓဘာ သာသနာတော်မြတ်ကြီးကို ဗုဒ္ဓဘာသာ မဖြစ်ခင် သာသနာတော်ထဲ ဝင်မလာခင်က ပဉ္စဝဂ်ဂီငါးပါးထဲက အငယ်ဆုံးဖြစ်တဲ့ ရှင်အဿဇိနဲ့တွေ့တော့ ဗုဒ္ဓရဲ့ဝါဒ အကျဉ်းချုပ်ကို ပြောပြပါဆိုတော့ ... “ယေဓမ္မာ ဟေတုပ္ပဘဝါ တေသံ ဟေတုံ တထာ ဂတော” “အကြောင်းကြောင့်ဖြစ်လာတဲ့ အကျိုးတရားတွေရှိတယ်။ အဲဒီ အကျိုးတရားတွေရဲ့အကြောင်းကို မြတ်စွာဘုရား ဟောပါတယ်” ဆိုတော့ ဒါ ဒုက္ခနဲ့ ဒုက္ခသမုဒယ၊ အကြောင်းနဲ့အကျိုး ဟောတယ်လို့ ပြောတာပဲ။ အဲဒီလောက်ကလေးပြောလိုက်တာနဲ့ သူဉာဏ်ပွင့်သွားတယ်။ ဘယ်လောက်ထိ ပွင့်သွားလည်းဆိုယင် "မှားယွင်းနေတဲ့ အယူအဆတွေ လုံးဝကင်းသွားတယ်။ သံသယလုံးဝကင်းသွားတယ်။ အဲဒါကိုပဲ စာလိုပြောရင် ဒိဋ္ဌိဝိစိကိစ္ဆ ကွာသွားတယ် ပြောတာပေါ့။

အဲတော့ မြတ်စွာဘုရားရဲ့ဝါဒသည် အကြောင်းနဲ့အကျိုးကို ရှင်းပြတဲ့ ဝါဒ။ အဲဒီ သစ္စာလေးပါးကိုပဲ အကျယ်ချဲ့ပြီး ပြောလိုက်တဲ့အခါကျတော့ ပဋိစ္စသမုပ္ပါဒ်တဲ့။


ပဋိစ္စသမုပ္ပါဒ်ဆိုတာ ပဋိစ္စ - အကြောင်းတစ်ခုခုကို အကြောင်းပြုပြးတော့မှ သမုပ္ပါဒ - ဖြစ်စေတယ်လို့ ဆိုလိုတယ်။


အကြောင်းသည်ပင်လျှင် အကြောင်းတစ်ခုရှိရသေးတယ်တဲ့။ ဒါကြောင့်မို့ ဗုဒ္ဓတရားတော်အရ အကြောင်းမဲ့အကြောင်းဆိုတာ မရှိဘူး။ first cause ဆိုတာ မရှိဘူး။ causeless cause မရှိဘူးလို့ ဆိုလိုတယ်ပေါ့။

အကြောင်းနဲ့အကျိုးသည် အပြန်အလှန် ဆက်သွယ်ပြီးတော့ နေကြတယ်တဲ့။ အကြောင်းကလည်း အကျိုးဖြစ်သွားတာပဲ။ အကျိုးကလည်း အကြောင်းဖြစ်သွားတာပဲ။ ဆောင်ရွက်မှုကို ကြည့်ပြီးတော့ အကြောင်းဖက်ကနေ ကြည့်လိုက်တဲ့အခါ အကျိုးလို့ခေါ်တယ်။ အကျိုးဘက်ကနေ ကြည့်လိုက်တဲ့အခါ အကြောင်းလို့ခေါ်တယ်။


ပဋိစ္စသမုပ္ပါဒ်က အကြောင်းတရားရယ် အကျိုးတရားရယ် နှစ်ခုပဲဟောသွားတယ်။ အဲဒီ ပဋိစ္စသမုပ္ပါဒ်ကို အကျယ်ချဲ့ပြီး ဟောလိုက်တဲ့အခါမှာ ပဋ္ဌာန်းတရားတော်ကြီးကတော့ အကြောင်းတရားကိုလည်း ထုတ်ပြတယ်။ အကျိုးတရားကိုလည်း ထုတ်ပြတယ်။ အဲဒီအကြောင်းတရားကနေပြီးတော ဒီအကျိုးတရားကို ကျေးဇူးပြုတဲ့အခါမှာ ဘယ်လို စွမ်းရည်သတ္တတွေ အသုံးပြုတယ်ဆိုတာပါ ထုတ်ပြတယ်ပေါ့။


အကြောင်းတရားမှာ ဆိုင်ရာသတ္တလေးတွေ မရှိပဲနဲ့ သူက အကျိုးတရားတစ်ခုကို မဖြစ်စေနိုင်ဘူး။ သတ္တိဆိုတာ စွမ်းနိုင်တဲ့ capability, energy စွမ်းအင်ပေါ့။ အဲဒီ စွမ်းအင်လေးတွေကို အသုံးပြုပြီးတဲ့အခါကျတော့မှ ခုနက အကျိုးတရားဆိုတာ ဖြစ်ပေါ်လာတာ။ ဒါကြောင့် ပဋ္ဌာန်းတရားကျတော့ မြတ်စွာဘုရားက ပြည့်ပြည့်စုံစုံ ဟောလိုက်တယ်။ အကြောင်းတရားကိုလည်း ဟောတယ်။ အကျိုးတရားကိုလည်း ဟောတယ်။ အကြောင်းတရားရဲ့သတ္တိကိုလည်း ဟောတယ်ဆိုတော့ သုံးမျိုးဟောထားတာပေါ့။


ဒါကြောင့်မို့လို့ စွမ်းရည်သတ္တိတွေရဲ့နံမည်အနေနဲ့ ၂၄ ပစ္စည်းကို မြတ်စွာဘုရားက အသုံးပြုတယ်။ အဲဒီတော့ ပဋိစ္စသမုပ္ပါဒ်ထက် တစ်ချက်ပိုသွားတာပေါ့။ အဲဒီလို အကြောင်းနဲ့အကျိုးကို ဆက်စပ်ပြတဲ့နေရာမှာ အခြေအနေ (၂၄) မျိုးနဲ့ ဆက်စပ်ပုံ၊ ဆက်စပ်နည်းတွေကို ပြတယ်။ ပထမဆုံးက ဟေတုပစ္စည်း။ ဟေတုဆိုတဲ့ ပါဠိစကားလုံးကို နားလည်အောင် ပြောရမယ်ဆိုရင် ‘အကြောင်းရင်းတရား’ပဲ ဖြစ်ပါတယ်။ စာထဲမှာတော့ ဟေတုကို ရေသောက်မြစ်နဲ့နှိုင်းပါတယ်။ သစ်ပင်တစ်ပင်မှာ ရေသောက်မြစ်သည် ဟေတုဆိုတဲ့ အကြောင်းရင်းတရားပဲဖြစ်ပါတယ်။ ရေသောက်မြစ် အားကောင်းရင် ပင်စည်လည်း အားကောင်းတယ်။ အကိုင်းအခက်တွေလည်း အားကောင်းတယ်။ အသီးအပွင့်တွေလည်း အားကောင်းပါတယ်။ အဓိကအားဖြင့် ရေသောက်မြစ် အားကောင်းဖို့ပဲ လိုပါတယ်။


အဲဒီလိုပဲ လူတွေမှာလည်း ရေသောက်မြစ်တွေ ရှိတယ်။ သစ်ပင်တွေမှာ အဓိကကျတဲ့ ရေသောက်မြစ်က တစ်ခုပဲ ရှိတယ်။ ဒါပေမယ့် လူတွေမှာရှိတဲ့ ရေသောက်မြစ်ကတော့ ခြောက်ခုတောင် ရှိပါတယ်။ အဲဒီ ရေသောက်မြစ် (၆) မြစ်မှာ လောဘ၊ ဒေါသ၊ မောဟ ဆိုတဲ့ အကုသိုလ်ဟိတ်တရားတွေ။ အလောဘ၊ အဒေါသ၊ အမောဟဆိုတဲ့ ကုသိုလ်ဟိတ်တရားတွေ (၆) မျိုးရှိပါတယ်။ ကိုယ့်သန္တန်မှာ ပြန်စစ်ကြည့်မယ်ဆိုရင် လောဘတရားတွေ ဘယ်လောက်များနေသလဲ၊ လိုချင်မှုနဲ့စွန့်လွှတ်မှု။ ရယူလိုမှုနဲ့ ပေးဝေလိုမှုတွေမှာ ဘယ်ဓာတ်တွေများနေသလဲ။ ဒေါသဆိုတဲ့ စိတ်ကြမ်းနဲ့ အဒေါသဆိုတဲ့ မေတ္တာဓာတ်၊ ဘယ်ဓာတ်က များနေသလဲ။ မောဟဓာတ်နဲ့ အမောဟဓာတ် ဘယ်ဓာတ်က များနေသလဲ။ အဲဒီလို ပြန်စဉ်းစားကြည့်လိုက်မယ်ဆိုရင် ကိုယ့်ကိုကိုယ် ပြန်ပြီးတော့ သုံးသပ်ဝေဖန်ခြင်းပဲ ဖြစ်ပါတယ်။


လောဘအမြစ်အားကောင်းမယ်ဆိုရင် လောဘနဲ့ဆိုင်တဲ့တွေးခေါ်မှုတွေ၊ လောဘနဲ့ဆိုင်တဲ့ ပြောဆိုမှုတွေ၊ လောဘနဲ့ဆိုင်တဲ့ ပြုလုပ်မှုတွေ .. ဒါတွေပဲ ဖြစ်လာနိုင်ပါလိမ့်မယ်။ လောဘဓာတ် အားကောင်းတဲ့သူရဲ အတွေးအကြံကလည်း ရလိုမှု၊ ပိုင်ဆုင်လိုမှု၊ သိမ်းပိုက်လိုမှု၊ သုံးစွဲလိုမှုတွေနဲ့ ဆိုင်တဲ့ တွေးခေါ် စဉ်းစားမှုတွေပဲ ဖြစ်နိုင်ပါတယ်။ အလောဘဓာတ်ကျတော့ ပေးဝေလိုမှု၊ ဖြန့်ဝေလိုမှု စတာတွေပဲ ဖြစ်ပါလိမ့်မယ်။ ဒီတော့ အဲဒီအလောဘဓာတ်နဲ့ လောဘဓာတ်မှာ မိမိသန္တာန် ဘယ်ဓာတ်က အားသာနေသလဲ။ ဘာပဲဖြစ်ဖြစ် ပုထုဇဉ်တွေမှာတော့ ဘာဓာတ်ကပဲ အားကောင်းတတ်ကြလည်းဆိုတော့ လောဘဓာတ်ကပဲ အားကောင်းတတ်ကြပါတယ်။ အလောဘဓာတ်က တစ်ခါတလေမှ ဖြစ်လာတတ်တယ်။ လောဘဓာတ်က အမြဲတမ်း ကြီးစိုးထားပါတယ်။ လိုချင်တာတွေ တွေ့တယ်ဆိုရင် အရမ်းလိုချင်တယ်။ အဲဒီလို ကောင်းတာမှန်သမျှကို ရချင်တယ်။ လိုချင်တာသည် လောဘရဲ့သဘောပဲ ဖြစ်တယ်။ ကိုယ့်မိသားစု စားဝတ်နေရေးအတွက် အသုံးပြုရာကနေ ပိုလျှံလာရင်လည်း အများအကျိုးအတွက် ဆောင်ရွက်မယ်။ အများကို ဖြန့်ဝေမယ်။ လှူတန်းမယ်ဆိုတာက ဖြစ်တောင့်ဖြစ်ခဲတဲ့ စိတ်မျိုး ဖြစ်ပါတယ်။


အဲဒါကြောင့် ပုထုဇဉ်တွေမှာ လောဘဓာတ်တွေ၊ ဒေါသဓာတ်တွေ၊ မောဟဓာတ်တွေကသ အဖြစ်များကြပါတယ်။ နှစ်သက်စရာ အာရုံတွေနဲ့ ကြုံဆုံလာရပြီဆိုရင်လည်း အရမ်းနှစ်သက်တယ်။ အရမ်းလိုချင်တယ်။ အရမ်းပိုင်ဆိုင်ချင်တယ်ဆိုတာတွေလည်း လောဘဓာတ်ပဲ။ အဲဒီလောဘဓာတ် အလျောက် လိုချင်တာမှန်သမျှကို လိုက်ပြီးလိုချင်နေရင် လူဟာ အရမ်းပင်ပန်းသွားတတ်တယ်။ လောဘက လူကို ပြန်ပြီး နှိပ်စက်နေတဲ့အတွက် သက်သာမှုလည်း မရနိုင်ဘူး။ ဒါကြောင့် ဘုရားလောင်းတွေက လောဘစတဲ့ ကိလေသာအာရုံတွေနောက်ကို မလိုက်ကြတော့ဘူး။ ဒီ လောဘ ဒေါသ မောဟ တရားတွေသည် သတ္တဝါတွေကို ဒုက္ခပေးလွန်းတယ်ဆိုတဲ့အချက်ကို ဘုရားအလောင်းတော်တွေက မြင်ထားကြတယ်။


ဒေါသ ဆိုကြပါစို့။ ဒေါသ နဲ့ ဆန့်ကျင်ဘက်သည် အဒေါသ။ အဲဒီ အဒေါသကို မေတ္တာလို့ခေါ်ပါတယ်။ မေတ္တာဓာတ်က သတ္တဝါတွေကို ကြီးပွားစေချင်၊ အောင်မြင်စေချင်၊ တိုးတက်စေချင်၊ ဖြစ်မြောက်စေချင်တယ်။ အဲဒါနဲ့ ဆန့်ကျင်ဘက်က ဒေါသဓာတ်။


သတ္တဝါတွေက တစ်ဦးနဲ့တစ်ဦးမှာ ဣဿာ မစ္ဆရိယတွေက များနေတယ်။ သူတစ်ပါး ကောင်းစားတာကို မနာလိုတဲ့စိတ်၊ မစ္ဆရိယက ဝန်တိုတဲ့စိတ်။ အဲဒီလို စိတ်မျိုးတွေကသာ သတ္တဝါတွေရဲ့သန္တာန်မှာ များနေတယ်။ အဲဒီ ဝန်တိုမှု၊ မနာလိုမှုဆိုတာတွေက ဘယ်သူ့ရဲ့ အသင်းအပင်းတွေလည်းဆိုတော့ ဒေါသရဲ့အသင်းအပင်းတွေပဲ။ ဒေါသအုပ်စုတွေထဲကပဲ ဖြစ်တယ်။ ဒါကြောင့် မြတ်စွာဘုရားက အဲဒီ ဣဿာ နဲ့ မစ္ဆရိယ တရားနှစ်ပါးသည် လောကကြီးကို မတိုးတက်အောင်၊ ဆုတ်ယုတ်သွားအောင်၊ ဆင်းရဲမွဲတေသွားအောင် လုပ်တဲ့တရားလို့ ဟောတော်မူပါတယ်။


ဒါကြောင့် လောကကြီးကို ကောင်းစေချင်ရင် သတ္တဝါတွေရဲ့သန္တာန်မှာ ဣဿာ မစ္ဆရယဆိုတဲ့ ဒေါသတရားတွေ လျော့ပါးအောင် ပြုပြင်ရမှာဆိုတာ သိထားရပါမယ်။ အဲဒီလို ဣဿာ မစ္ဆရိယတရားတွေ လျော့ပါးသွားတဲ့အခါ ဒေါသဓာတ်တွေ အားလျော့သွားမှ မေတ္တာဓာတ်တွေ အားကောင်းလာမှာဖြစ်ပါတယ်။ သတ္တဝါတွေလည်း ကောင်းလာမယ်။ လောကကြီးတစ်ခုလုံးလည်း ကောင်းလာနိုင်မှာ ဖြစ်ပါတယ်။


မောဟဓာတ်ကလည်း ဒီအတိုင်းပဲ။ မောဟဓာတ်က အမောဟဆိုတဲ့ ပညာဓာတ်နဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်။ ပညာဆိုတဲ့နေရာမှာလည်း လောကီပညာလည်းပါသလို၊ လောကုတ္တရာပညာလည်း ပါတယ်။ ပညာရှိပါမှလည်း ပညာနဲ့ အရာရာကို မှန်မှန်ကန်ကန် လုပ်ကိုင်ဆောင်ရွက်နိုင်မှာဖြစ်တယ်။ ပညာမရှိဘူးဆိုရင်း လမ်းစဉ်အမှန်ကို ရောက်အောင် မလုပ်နိုင်ဘူး။ ဒါကြောင့် လောကမှာလည်း ပညာသည် ဘယ်လောက် အရေးကြီးလည်းဆိုတာ စဉ်းစားကြည့်ပေါ့။ အသိပညာရှိရင် ဘယ်အရာသည် အမှန်၊ ဘယ်အရာသည် အမှားဆိုတာကိုလည်း ဆုံးဖြတ်နိုင်မယ်ပေါ့။ အမှား အမှန်ကို ဆုံးဖြတ်နိုင်ပြီးတော့ အမှန်ကိုပဲ လုပ်ဖြစ်တဲ့အတွက် လမ်းကြောင်းအမှန်ကို လုပ်နိုင်မယ်ဆိုရင် တဖြည်းဖြည်းနဲ့ တိုးတက်သွားဖို့ပဲ ရှိပါတယ်။ အသိဉာဏ် အယူအဆလွဲသွားလို့ လမ်းကြောင်းမှားသွားခဲ့ရင် တိုးတက်ရာ တိုးတက်ကြောင်းတွေ ဘာမှ မရှိနိုင်တော့ဘူး။ ကောင်းကျိုးလည်း ရမလာနိုင်တော့ဘူး။ အဲတော့ ကိုယ့်သန္တာန်မှာ ဘယ်လိုဓာတ်တွေက အားကောင်းနေသလဲဆိုတာ စဉ်းစားရပါမယ်။ ချိုသောအမြစ်တွေ ဖြစ်ဖို့အတွက် ခါးသောအမြစ်တွေကို တဖြည်းဖြည်းနဲ့ ဖယ်ထုတ်ပစ်ရမှာဖြစ်ပါတယ်။ ဟေတုပစ္စည်းဆိုတာ အဲဒီအမြစ်တွေအကြောင်းကိုပြောတာ ဖြစ်ပါတယ်။


ဟေတုဆိုတာ ဟိတ်ခြောက်ပါး။ ဟိတ်ခြောက်ပါးမှာ အကုသိုလ်ဟိတ်က သုံးပါးနဲ့ ကုသိုလ်ဟိတ်က သုံးပါး။ ကုသိုလ်ဟိတ်ဆိုတဲ့ ချိုတဲ့အမြစ်တွေ အားကောင်းရင်တော့ ကြီးပွားဖို့ တိုးတက်ဖို့ ငြိမ်းချမ်းဖို အေးချမ်းဖို့ အကြောင်းဖြစ်မယ်။ အကုသိုလ်အမြစ်တွေ အားကောင်းနေရင်တော့ လောကကြီး ပျက်စီးဖို့၊ ဆုတ်ယုတ်ဖို့ ဆင်းရဲဖို့ အကြောင်းတရားတွေပဲ ဖြစ်ပါလိမ့်မယ်။ အဲဒီလို ဟေတုပစ္စည်းနဲ့ လောကကြီးကို သုံးသပ်ပြီးတော့ ကြည့်ရမှာ ဖြစ်ပါတယ်။ ဟေတုဆိုတဲ့ အဓိပ္ပါယ်က အကျိုးတရားတွေကို ရှင်သန်နေအောင် ဖွံ့ဖြိုးတိုးတက်နေအောင် ခိုင်မာနေအောင် ကျေးဇူးပြုနေတဲ့ အကြောင်းတရားလို့ အဓိပ္ပါယ်ရတယ်။ အဲဒီ ဟေတုဆိုတဲ့နံမည်နဲ့ဟောထားတဲ့တရားက ခြောက်မျိုးပဲရှိတယ်။ အဲဒီခြောက်မျိုးက လောဘ ဒေါသ မောဟ၊ အလောဘ အဒေါသ အမောဟ။ အကောင်းဘက်က သုံးမျိုး။ အဆိုးဘက်ကသုံးမျိုး။ ဒီခြောက်မျိုးပဲရှိတယ်။


အဲဒီခြောက်မျိုးသော သဘာဝတရားများသည် မိမိတို့နဲ့ယှဉ်တွဲ ဖြစ်ပေါ်လာတဲ့ တရားများကို အခိုင်အမာ ဖြစ်သွားအောင် အထောက်အကူပြုတတ်တယ်။ ဒါ သူတို့ရဲ့ဟေတုသတ္တိကိုပြောတာ ဖြစ်တယ်။


အဲဒီ ဟေတူဆိုတာက ဟိတ်ခြောက်ပါး။ ဟေတုသမ္ပယုတ္တကာနံ ဓမ္မာနံ က နာမ်တရား။ အတူယှဉ်တွဲပြီး ဖြစ်ပေါ်တာကို သမ္ပယုတ္တလို့ သုံးပါတယ်။ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ က သူတို့နဲ့ပဲ ယှဉ်တွဲပြီးတော့ ဖြစ်လာတဲ့ ရုပ်တရားတွေ။ ဟေတုပစ္စယေန ပစ္စယော ဆိုတာက မျိုးစေ့အဖြစ် ဟေတုပစ္စယသတ္တိနဲ့ ကျေးဇူးပြုတယ်ပေါ့။


လူ့ဘဝလာဖြစ်တယ်ဆိုတာ ကုသိုလ်ကြောင့်ဖြစ်တယ်။ ကုသိုလ်ကြောင့်ဖြစ်တာဆိုတော့ အလောဘဟိတ်တို့၊ အဒေါသဟိတ်တို့ဆိုတာ ပဋိသန္ဓေကတည်းက ပါလာပါတယ်။ ဒါကတော့ အဘိဓမ္မာအရဆိုရင် မဟာဝိပါက် ပထမစိတ်လို့ ပြောကြပါစို့။ မဟာဝိပါက် ပထမစိတ်မှာ စေတသိက် (၃၃)ပါး ယှဉ်တယ်။ အဲဒီ (၃၃)ပါးမှာ အညသမာန်းစေတသိက်က (၁၃)ပါး။ အဲဒီမှာ အလောဘတွေ၊ အဒေါသတွေ၊ ပညိန္ဒြေဆိုတဲ့ အမောဟတွေပါလာတာကို အဘိဓမ္မာနည်းအရ တိတိကျကျ သိမယ်ပေါ့။ ပဋ္ဌာန်းတရားတော်ဆိုတာကလည်း ကိုယ့်ဘဝကို ပြင်ဖို့အတွက် ပြောနေတာ ဖြစ်ပါတယ်။ လောကအမြင်နဲ့က ဒီလိုရှိတယ်။ ဓမ္မအမြင်နဲ့က ဒီလိုရှိတယ်။ ပဋ္ဌာန်းပစ္စည်းတိုင်းက ကိုယ့်ကို ပြုပြင်ပြောင်းလဲဖို့ ပြောနေမှာချည်းပဲ ဖြစ်ပါတယ်။


ဒီတော့ နိဂုံးပြန်ချုပ်ရရင် လူသားတို့ နေ့စဉ် ပြုလုပ် ပြောဆို ကြံစည်နေမှုများသည် တစ်စုံတစ်ဦး၏ ဖန်ဆင်းမှုကြောင့်မဟုတ်ဘဲ သတ္တဝါတို့သန္တာန်၌ တည်ရှိနေသည့် လောဘ ဒေါသ မောမ ၊ အလောဘ အဒေါသ အမောဟဆိုတဲ့ ရေသောက်မြစ်များကြောင့်ဖြစ်တယ်ဆိုတာကို သိရှိနားလည်ပြီး ကိုယ့်ဘဝကို အကောင်းဘက်ရောက်အောင် ဘယ်လိုပြုပြင် ပြောင်းလည်းရမလည်းဆိုတာကို ဟေတုပစ္စည်းက ပြောခြင်းပဲဖြစ်ပါတယ်။


Ashin Sundara(4.4.2022)



မှတ်ချက်။ ။ စာတမ်းတင်ရင်အတွက် အကြမ်းစာစုရေးသားထားခြင်းသာဖြစ်ပါသည်။ မေးသောခေါင်းစဉ်မှသွေဖယ်ခြင်း၊ လိုအပ်ချက်များရှိခြင်းတို့ ရှိပါက အကြံပြုရေးသားနိုင်ပါသည်။





နိကာယ်ငါးရပ်၏ အဓိပ္ပါယ်ကို ပေါ်လွင်အောင်ရေးသား၍ အင်္ဂုတ္တရနိကာယ် ဧကကနိပါတ်လာ လူသားတို့အတွက် တန်ဖိုးမဖြတ်နိုင်သော အဆုံးအမများကို လက်တွေ့ဘဝနှင့်ယှဉ်၍ လေ့လာတင်ပြပါ။


ဘုန်းတော်ခြောက်စုံ တန်ခိုးဂုဏ်နှင့် ပြည့်စုံတော်မူသော ဘုရားရှင်ကိုယ်တော်မြတ်၏ သာမုက္ကံသိက ဒေသနာ ဓမ္မက္ခန္ဓာပါဠိတော်သည် -

ပါဠိ၏ နက်နဲခြင်း ‘ဓမ္မဂမ္ဘီရ’

အနက်အဓိပ္ပါယ်၏ နက်နဲခြင်း ‘အတ္ထဂမ္ဘီရ’

ဝေါဟာရအမျိုးမျိုး နည်းအမျိုးမျိုးဖြင့် ဟောကြားပုံ၏ နက်နဲခြင်း ‘ဒေသနာဂမ္ဘီရ’

ထိုးထွင်း၍ သိအပ်သောသဘော ထိုးထွင်း၍ သိသောဉာဏ်၏ နက်နဲခြင်း ‘ပဋိဝေဓဂမ္ဘီရ’ ဟူသော နက်နဲခြင်း လေးဝတို့ကြောင့် အစိန္တေယျဂုဏ်နှင့် ပြည့်စုံတော်မူပါပေ၏။


ယင်းသို့လျှင် အစိန္တေယျမြတ်စွာဘုရား၏ ဒေသေတဗ္ဗဓမ္မဖြစ်၍ အစိန္တေယျဂုဏ်နှင့် ကုံလုံပြည့်ဝသဖြင့် နာနာနယဝိစိတြဖြစ်သော ဓမ္မက္ခန္ဓာပါဠိတော်ကို ဟောဖော်ညွှန်ပြတော်မူသော ဒေသက ဘုရားရှင်၏ အလိုတော်ကျအောင် လှလှပိုင်ပိုင် သိနိုင်ရန်ကား လွန်စွာခဲယဉ်းလှပေသည်။


ထို့ကြောင့်လည်း ရှေးရှေးဆရာမြတ်တို့သည် ထိုဓမ္မက္ခန္ဓာပါဠိတော်များကို ခွဲခြားဝေဖန် အမှန်သိစေခြင်းငှာ အဋ္ဌကထာ, ဋီကာ, အနု, မဓု, ယောဇနာ အဖြာဖြာသော ကျမ်းတို့ဖြင့် ဆင့်ကာ ဆင့်ကာ ဖွင့်ပြရေးသားတော်မူခဲ့ကြလေသည်။


“ကတမော အင်္ဂုတ္တရနိကာယော၊ ဧကေက အင်္ဂါတိရေကဝသေန ကထိတာနိ စိတ္တပရိယာဒါနာ နိ နဝ သုတ္တသဟဿာနိ ပဉ္စ သုတ္တသတာနိ သတ္တပညာသဉ္စ သုတ္တာနိ”ဟူသော အဋ္ဌကထာပါဌ်အရ အင်္ဂုတ္တရနိကာယ်သည် အင်္ဂါတစ်ပါးစီ တပါးစီမှ တက်၍ တက်၍ ပိုလွန်၍ ပိုလွန်၍ တဆယ့်တပါးအထိ ဖော်ပြထားပြီး အင်္ဂါ(တရားအစု)တပါးလျှင် ကျမ်းတကျမ်းဖွဲ့စည်း၍ ကျမ်းပေါင်း တဆယ့်တကျမ်းရှိလေသည်။


ဗုဒ္ဓမြတ်စွာဟောကြားခဲ့သော တရားတော်များကို သံဂါယနာတင်မထေရ်မြတ်တို့က ပိဋကအားဖြင့် သုံးသွယ်၊ နိကာယ်အားဖြင့် ငါးရပ်၊ သတ်မှတ်ပိုင်းခြား၍ မှတ်တမ်း တင်ခဲ့ကြပါသည်။ အင်္ဂုတ္တရနိကာယ်သည် ပိဋကအားဖြင့် သုတ္တန်ပိဋကတွင်ပါဝင်ပြီး နိကာယ်အားဖြင့် စတုတ္ထမြောက်နိကာယ်ကြီး ဖြစ်ပါသည်။


ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံပြီးနောက် သုံးလမြောက်တွင် ရာဇဂြိုဟ်ပြည် ဝေဘာရတောင်ယံရှိ သတ္တပဏ္ဏိလိုဏ်ဂူ၌ ရှင်မဟာကဿပမထေရ် ကြီးမှူးကျင်းပသည့် ပထမသံဂါယနာတင်ပွဲတွင် သံသုတ္တနိကာယ်ကို သံဂါယနာတင်ပြီးနောက် အင်္ဂုတ္တရနိကာယ်ကို ဆက်လက်သံဂါယနာတင်တော်မူခဲ့ကြကြောင်း။ ထိုအင်္ဂုတ္တရနိကာယ်ကို မပျောက်ပျက်ရအောင် ဆောင်ရွက်ထိန်းသိမ်းသွားကြရန် အတွက်လည်း ရှင်အနုရုဒ္ဓါနှင့် တပည့်တို့အား သံဂါယနာတင် မထေရ်မြတ်တို့က တာဝန်ပေးအပ်ခဲ့ကြောင်း လေ့လာသိရှိရပါသည်။


“နိကာယ်” ဟူသောစကားမှာ ‘နိကာယ’ဟူသော ပါဠိစကားမှ လာပါသည်။ အဓိပ္ပါယ်မှာ ‘အပေါင်းအစု’ဟု ဆိုလိုပါသည်။ မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော တရားဒေသနာတော်များကို အမျိုးအစားပိုင်းခြား၍ အစုငါးစုပြု၍ ထားခဲ့သည်ကို ‘နိကာယ်ငါးရပ်’ဟု ခေါ်ပါသည်။


ထို ‘နိကာယ်ငါးရပ်’တို့မှာ အောက်ပါအတိုင်းပင် ဖြစ်ပါသည်။


(၁) ဒီဃနိကာယ = ရှည်သောသုတ်များကို စုပေါင်းထားခြင်း၊


(၂) မဇ္ဈိမနိကာယ = မရှည်မတို အလယ်အလတ်သုတ်တို့ကို စုပေါင်းထားခြင်း၊


(၃) သံယုတ္တနိကာယ = တရားသဘောအားဖြင့်၎င်း၊ ဟောကြားချက်အားဖြင့်၎င်း၊ တူသည်ဖြစ်၍ ယှဉ်တွဲသင့်သည့် သုတ်တို့ကို ယှဉ်တွဲ၍ စုပေါင်းထားခြင်း၊


(၄) အင်္ဂုတ္တရနိကာယ = အင်္ဂါတခုစီ ကျော်လွန်သည့် သုတ်များကို စုပေါင်းထားခြင်း၊ တနည်းဆိုသော် တပါး, နှစ်ပါး, သုံးပါး စသည်ဖြင့် ၁၁ မျိုးအထိ တရားသဘော အင်္ဂါရပ်များကို တိုး၍ တိုး၍ ကျော်လွန်ပိုမိုပြဆိုအပ်သော သုတ်အသီးသီးတို့ကို စုပေါင်းထာခြင်း၊


(၅) ခုဒ္ဒကနိကာယ = အတိုင်းအရှည်ပမာဏအားဖြင့် တိုသောသုတ်များကို စုပေါင်းထားခြင်း၊


ဤသို့အားဖြင့် အစုနိကာယ်ပေါင်း ငါးခုရှိလေသည်။ ထိုနိကာယ်ငါးရပ်ကို ဒီဃနိကာယ်, မဇ္ဈိမနိကာယ်, သံယုတ္တနိကာယ်, အင်္ဂုတ္တရနိကာယ်, ခုဒ္ဒကနိကာယ်ဟု ခေါ်ဝေါ်လေ့ရှိသည်။


၎င်းတို့ထဲမှ အင်္ဂုတ္တရနိကာယ တွင် ၁ ပါးကစ၍ ၁၁ ပါးအထိ အင်္ဂါတခုစီ ကျော်လွန်ပိုမိုဖော်ပြထားသော ဗုဒ္ဓဘုရား၏ စကားတော်ပေါင်း ၁၁ မျိုး (၁၁ ကျမ်း)တို့ကို အင်္ဂုတ္တရနိကာယဟု ခေါ်ဝေါ်လေသည်။


ဗုဒ္ဓဘာသာဆိုင်ရာ ရှေးခေတ်စွယ်စုံကျမ်းဟု ခေါ်နိုင်ပေသည်။


(၁) အင်္ဂုတ္တိုရ် ၁၁ ကျမ်းအနက် ဧကကနိပါတ်မှ စတုက္ကနိပါတ်အထိ လေးကျမ်းကို တအုပ်။


(၂) ပဉ္စကမှ သတ္တကအထိ သုံးကျမ်းကို တအုပ်။


(၃) အဋ္ဌကနိပါတ်မှ ဧကာဒသကနိပါတ်အထိ လေးကျမ်းကို တအုပ်အားဖြင့် သုံးအုပ်ခွဲ၍ ရိုက်နှိပ်ထားပါသည်။ ထိုအင်္ဂုတ္တိုရ် ၁၀ ကျမ်း၌ ဧကကနိပါတ် စိတ္တပရိယာဒါနသုတ်မှစ၍ ဧကာဒသကနိပါတ် ရာဂပေယျာလဝဂ် နောက်ဆုံးသုတ်အထိ သုတ်ပေါင်း ၉၅၅၇ သုတ်ရှိပေသည်။


အင်္ဂုတ္တိုရ်ကျမ်းကြီးသည် ဗဟုသုတ ပဒေသာပင်ကြီးဖြစ်သည်၊ တနည်းအားဖြင့်ဆိုရလျှင် မြန်မာ့ယဉ်ကျေးမှု၏ ရေသောက်မြစ်ပင်ဖြစ်သည်။ မိမိ၏ ရည်ရွယ်ချက် အောင်မြင်သည့်နည်းလမ်းများ၊ ဘေးဥပဒ်ဟူသမျှကို ရင်ဆိုင်ဝံ့သည် သတ္တိနှင့် ပြည့်စုံသည့် နည်းလမ်းများ၊ ကြောက်စိတ်လန့်စိတ်တို့ ပပျောက်စေသည့် နည်းလမ်းများ၊ ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာသည့်နည်းလမ်းများ၊ ပညာရှိဖြစ်သည့် နည်းလမ်းများ၊ ဂုဏ်သတင်းကျော်ကြားသည့် နည်းလမ်းများ၊ လောကဓ့ လေလှိုင်းဒဏ်တို့ကို သည်းခံနိုင်သည့် နည်းလမ်းများစသည့် မျက်မှောက်အကျိုး တမလွန်အကျိုးရရှိမည့် နည်းလမ်းတို့ကို ဖတ်ရှုနိုင်မည်ဖြစ်ပေသည်။


ထို့ပြင် ဗုဒ္ဓမြတ်စွာသည် လေးဆယ့်ငါးဝါကာလပတ်လုံး တရားတော်များကို ဟောတော်မူခဲ့ရာ၌ သရုပ်သဘောဖြင့် ဟောတော်မူခဲ့သမျှ တရားဓမ္မတော်များကို သရုပ်အစဉ်အတိုင်း စုပေါင်း ဖော်ပြထားသဖြင့် ဗုဒ္ဓဝါဒသရုပ်ပြဒေသနာကျမ်းတော်ကြီးလည်း ဖြစ်ပေသည်။ ထို့ကြောင့် ဗုဒ္ဓဝါဒ သရုပ်ပြဒေသနာများကို လေ့လာလိုကြသူတိုင်း ဤအင်္ဂုတ္တိုရ်ကျမ်းကြီးများကို လက်မလွှတ်သင့်ဟု ဆိုရပေမည်။


ထိုအင်္ဂုတ္တိုရ်ကျမ်းမှ ဧကကနိပါတ်တွင်

(၁) ရူပါဒိဝဂ်

(၂) နီဝရဏပ္ပဟာနဝဂ်

(၃) အကမ္ပနိယဝဂ်

(၄) အဒန္တဝဂ်

(၅) ပဏိဟိတအစ္ဆဝဂ်

(၆) အစ္ဆရာသင်္ဃာတဝဂ်

(၇)ဝီရိယာရမ္ဘာဒိဝဂ်

(၈) ကလျာဏမိတ္တာဒိဝဂ်

(၉) ပမာဒါဒိဝဂ်

(၁၀) ဒုတိယ ပမာဒါဒိဝဂ်

(၁၁) အဓမ္မဝဂ်

(၁၂) အနာပတ္တိဝဂ်

(၁၃) ဧကပုဂ္ဂလဝဂ်

(၁၄) ဏတဒဂ္ဂဝဂ် ၁ မှ ၇

(၁၅) အဋ္ဌာနပါဠိ ၁ ပဌမဝဂ်၊ ၂ ဒုတိယဝဂ်၊ ၃ တတိယဝဂ်

(၁၆) ဧကဓမ္မပါဠိ ၁ မှ ၄

(၁၇) ပသာဒကရဓမ္မဝဂ်

(၁၈) အပရအစ္ဆရာသင်္ဃာတဝဂ်

(၁၉) ကာယဂတာသတိဝဂ်

(၂၀) အမတဝဂ်

ဟူ၍ ရှိပေသည်။


အင်္ဂုတ္တရနိကာယ်တွင် ဧကကနိပါတ်မှ ဧကာဒသကနိပါတ်အထိ နိပါတ် (၁၁)ခု ရှိသည့်အနက် ပထမဦးဆုံးဖြစ်သော ဧကကနိပါတ်၌ အကြောင်းအရာတစ်ခုစီနှင့်ဆိုင်သော သုတ်ပေါင်း (၆၂၇)သုတ် ပါဝင်ပါသည်။ ထိုသုတ်တို့ကို ‘ဝဂ်’ဟု ခေါသော သုတ်စုပေါင်း (၂၀) တို့ဖြင့် ပိုင်းခြားထားပါသည်။ ထိုတွင် ပထမဦးဆုံးဖြစ်သော ရူပါဒိဝဂ်၌ မိန်းမ၏ အဆင်းအသံ စသော အာရုံငါးပါးသည် ယောကျာ်း၏ စိတ်ကို အဆွဲဆောင်နိုင်ဆုံးဖြစ်ကြောင်း၊ ယောကျာ်း၏ အဆင်းအသံ စသော အာရုံငါးပါးသည်လည်း မိန်မ၏ စိတ်ကို အဆွဲဆောင်နိုင်ဆုံးဖြစ်ကြောင်း အသီးသီး တစ်ပါးစီခွဲ၍ ဟောကြားထားပါသည်။ ဤဟောကြားချက်မှာ ဓမ္မအမြင်အားဖြင့် သာမက လောကအမြင်အားဖြင့်လည်း အလွန် ထင်ရှားသော ဟောကြားချက် ဖြစ်ပါသည်။ သံသရာဝဋ်ဒုက္ခမှ လွတ်မြောက်ရေးဟူသော ‘ဝိမုတ္တိရသ’ကို အစဉ်ဦးတည် ဟောကြားလေ့ရှိသော ဗုဒ္ဓမြတ်စွာကား ထိုဟောကြားချက်ဖြင့် ဝဋ်ဒုက္ခ၏ အကြောင်းရင်းဖြစ်သည့် တဏှာရာဂ ကင်းကွာရေကို ဖော်ညွှန်းတော်မူခဲ့ခြင်း ဖြစ်ပါသည်။


ဒုတိယမြောက်ဖြစ်သော နီဝရဏပ္ပဟာနဝဂ်၊ နီဝရဏတရားများဖြစ်ပေါ်ခြင်းနှင့် ကင်းကွာခြင်း၏ အကြောင်းများကို တစ်ပါးစီခွဲ၍ ဟောကြားထားပါသည်။ စိတ်ကို နောက်ကျိညစ်ညူးစေ၍ အသိအမှန်အဖြစ်မှန် မပေါ်လာနိုင်အောင် ပိတ်ဆို့ တားဆီးထားတတ်သည့် ကာမစ္ဆန္ဒ ဗျာပါဒ စသော တရားငါးပါးကို ‘နီဝရဏ’တရားဟု ခေါ်ပါသည်။ လျော်ကန်သင့်မြတ်သောအကြောင်းဖြင့် နီဝရဏ ငါးပါးကို ပယ်ခွာနိုင်မှသာ အသိမှန် အမြင်မှန် ပေါ်လာမည်။ မိမိအကျိုး သူတစ်ပါးအကျိုးကို သိမြင်မည်။ ဈာန်မဂ်ဖိုလ်စသော တရားထူးများကိုလည်း ရနိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် နီဝရဏငါးပါး ကင်းကွာရေးတရားများကို လူတိုင်း လူတိုင်း စွမ်းအားရှိသလောက် လေ့လာအားထုတ်ကြရန် အထူးလိုအပ်လှပါသည်။


ဧကကနိပါတ်၌ နီဝရဏပ္ပဟာနာဝဂ်၏နောက်တွင် စိတ်၏သဘာဝ၊ မေတ္တာပွားခြင်း၏အကျိုး၊ မေ့လျော့ခြင်းနှင့် မမေ့လျော့ခြင်း၊ ပျင်းရိခြင်းနှင့် ဝီရိယရှိခြင်း၊ မိတ်ဆွေယုတ်ရှိခြင်းနှင့် မိတ်ဆွေကောင်းရှိခြင်း စသည်တို့၏ အကျိုး အပြစ်မျာ၊ လောကအား အကျိုးမဲ့စေသော ပုဂ္ဂိုလ်နှင့် အကျိုးဖြစ်စေသော ပုဂ္ဂိုလ်တို့ကို တစ်ပါးစီ ခွဲ၍ ဟောကြားထားပါသည်။ အထူးသဖြင့် ဤဧကကနိပါတ်၌ ပညာကြီးခြင်း၊ တန်ခိုးကြီးခြင်း စသောအရာတို့၌ ‘အတော်ဆုံး၊ အသာဆုံး’ ဟု ဆိုအပ်သော ဧတဒဂ်ရ ဘိက္ခု၊ ဘိက္ခုနိ၊ ဥပါသကာ ဥပါသိကာ (၇၄) ဦးတို့၏ အမည်နှင့် ဘွဲ့ထူးများ ပြည့်စုံစွာပါရှိပါသည်။


ဧကကနိပါတ်၌ စာဖတ်သူတို့ အထူးသတိပြုသင့်သော အချက်ကား သတ္တဝါတို့ ဖြစ်ရာဘုံများသည် လူ့ဘုံ၊ နတ်ဘုံ၊ ငရဲဘုံ စသည်ဖြင့် အမျိုးမျိုးရှိကြရာတွင် လူ့ဘုံ နတ်ဘုံတို့မှ သေလွန်၍ ထိုလူ့ဘုံ နတ်ဘုံတို့၌ပင် ပြန်ဖြစ်သော သတ္တဝါများ နည်းပါးလှကြောင်း၊ ငရဲ၊ တိရိစ္ဆာန်စသော အပါယ်လေးဘုံသို့ ရောက်သွားသော သတ္တဝါတို့သာ များပြားကြောင်း၊ ထိုအပါယ်လေးဘုံမှ သေလွန်၍ လူ့ပြည်နတ်ပြည်သို့ ရောက်လာသူများလည်း နည်းပါးလှကြောင်း၊ အပါယ်လေးဘုံ၌ပင် ပြန်ဖြစ်သော သတ္တဝါတို့သာ များပြားကြေင်း ဟောကြားချက်များ ဖြစ်ပါသည်။ ဤဟောကြားချက်များကို ကျွန်ုပ်တို့သည် မိမိတို့ရရှိထားသည့် လူ့ဘဝ၏တန်ဖိုးကို ကောင်းစွာ သိရှိပြီး တိုတောင်းလှသော လူ့ဘဝသက်တမ်းကို အကျိုးရှိစွာ အသုံးချသင့်ကြောင်း သင်ခန်းစာရယူနိုင်ကြပါသည်။


Ashin Sundara(3.4.2022)


မှတ်ချက်။ ။ စာတမ်းအတွက် စာကြမ်းပြုစုထားခြင်းမျှသာဖြစ်ပါသည်။ ထပ်မံဖြည့်စွက် comment ရေးသားပေးကြမည်ဆိုလျှင်လည်း အထူးပင် ကျေးဇူးတင်ရှိပါသည်။


MABS 01-Buddhist Doctrines of Pali Nikayas: Analysis and Interpretation


1. Pali Nikāyas and the Place of the Fifth collection Khuddahanikāya in the History of the Development of the Pali canon.

The teachings of the Buddha, like the religious and philosophical thought of other Indian traditions happened to be originally handed down in an oral tradition. It is a historically established fact that the first systematic writing down of the teachings took place in Sir Lanka during the reign of King Vaṭṭgāmini Abhaya who ascended the throne in 104 B.C.E. There may have been part of this body of scriptures written in fragmentary form in earlier periods of Buddhist history but none of them have survived to the present day. Buddhaghosa, the well-known Theravāda commentator mentions of an early tradition according to which the entire teaching of the Buddha was included under the five Nikāya classification. He quotes a verse to that effect supposed to have come down from the ancients. It says that under the classification of the words of the Buddha according to that scheme with exclusion of the scriptural material in the first four Nikākas, all the remaining material contained in the fifteen books of the Khuddakanikāya recognized now as well as the contents of Vinaya and Abhidhamma collections were included under the Khuddakanikāya (Thapetvā caturo pete, nikāye Dīgha-ādike, tadaññaṃ buddhavacanam nikāyo Khuddako mato). This tradition may have come into being in order to justify the authenticity of the content of the Abhidhammapitaka, which on the basis of critical and historical evidence appears to have developed at a later time. The earliest account of the systematization of the Buddha’s teaching found in the eleventh chapter of the Cullavagga of the Vinayapitaka mentions that the Buddha’s ontological and ethical teachings were rehearsed at the first Buddhist Council under Dhamma, and the disciplinary rules laid down by him were rehearsed under the Vinaya. There is no mention of the Abhidhamma in the main body of the account. However, it became possible to suggest that the Abhidhammapitaka was also rehearsed at this Council when both Vinaya and Abhidhamma are included under the Khuddaka collection.


2. Chronological Facts Relating to the Pali Nikāya Literature

2.1 An examination of the content of the Pali Nikāya literature from a historical and critical perspective shows that it may have been a body of literature that has gradually grown into its present form. Among other scholars, G.C. Pande in his studies in the Origins of Buddhism has attempted to examine this body of literature from a chronological perspective. A general observation that may be made regarding the Pali Nikāya literature is that the content of the first four collections, Dīgha, Majjhiama, Saṃyutta and Aṅguttara belong to an early period. Although this may be generally true, when certain criteria are adopted to determine the chronology of this body of literature it appears that parts belonging to an early period as well as those belonging to a late period can be identified within it. The content of the first two collections, Dīgha and Majjhima may reasonably be considered in general as consisting of earlier material while the Samyutta and the Aṅguttara may be considered as being more open to the addition of later material due to the very form in which these collections are structured. The Saṃyutta is an early attempt on the part of the compilers of the Dhamma to provide a topic-wise arrangement of the teaching while the Aṅguttara exhibits an attempt to order the teachings on a numerical basis. This makes room to conjecture that ideas that developed at a later time may also have been interpolated into these two ideas that developed at a later time may also have been interpolated into these two collections more conveniently than in the case of the two former collections. However, it needs to be pointed out that such conclusions remain merely at the level of conjecture.


2.2 The Khuddakanikāya shows evidence of having a mixed character both in terms of its doctrinal content as well as its chronological aspect. The famous commentator of the Theravāda tradition, Buddhaghosa mentions of disagreements between Buddhist Bhāṇaka traditions regarding what texts should be included under the Khuddaka collection. The current Sri Lankan Theravāda tradition includes fifteen books under it. According to Buddhaghosa the Dīghabhāṇakas did not want to accept the three texts Apadāna, Cariyāpitaka and Buddhavamsa as containing the authentic words of the Buddha. They wanted these texts to be excluded from the Khuddaka collection. Using such criteria as the doctrinal content and the literary style it is possible to suggest that there are some parts in the Khuddaka collection that can be traced to a very early period whereas there are others which may be considered as having a later origin. One striking example is the sections called the Aṭṭhakavagga and Pārāyanavagga of the Suttanipāta which undoubtedly contain very early material.


3. Place Assigned to the Buddha as the Founder of the Doctrine and Discipline

In the first four collections of the Suttapitaka there is no systematic biography of the Buddha. However, there are some scattered references to some major events in his life in Suttas like the Ariyapariyesana, Mahāparinibbāna, Pabbajjā and Padhāna, Such Suttas have some significance for determining the Buddha Concept as represented in the early parts of the Canon. We see that in the first four collections the Bodhisattva concept and the concept of pāramitā that came to be closely associated with it does not play an important part. Hovever in some of the later texts of the Khuddakanikāya like Patisambhidāmagga, Apadāna, Buddhavamsa and Caripāpitaka we see considerable new developments relating to the concept of Buddha. It is also to be noted that unlike in the later Buddhist literature the attribution of omniscience to the Buddha is conspicuously absent in the first four collections. Epithets like Bhagavā are frequently used but not sabbaññu. The Buddha is represented as the founder of the path, the Teacher (Satthā) who discovered the path and guided others to attain liberation in this very life (diṭṭheva dhamme).


4. Alagaddūpama Sutta as a Source for Understanding the Substance of the Buddha’s Teaching

The Alagaddūpama Sutta of the Majjhimanikāya can be considered as one of the most important sources for understanding the pragmatic character of the teachings of the Buddha as represented in the Pāli Nikāya. It uses two significant similes, the simile of the way to handle a snake, and the simile of the raft. The content of this Sutta can be seen in relation to several other Suttas like the Brahmajāla Sutta and parts of the Suttapitaka like the Aṭṭhakavagga of the Suttainpā where the emphasis is on the pragmatic character of the Buddha’s teaching. In these sections of the Sutta doctrine the Buddhist attitude towards clinging to views in a dogmatic manner is clearly expressed. The pragmatic character of the Budldha’s teaching is clearly expressed pointing out that his teaching ought to be used as a raft to cross over to the secure side of a waterway from the insecure side without carrying the burden of the raft on one’s back after the intended result is achieved.



5. The Significance of the Content of the Pali Nikāyas as Representative of the Principle Teachings of the Buddha in their Most Original Form

There is good reason to say that all the principle teachings of the Buddha in their most original form are represented in the Pali Nikāyas. In this connection it is possible to mention the Nidāna Samyutta as a particularly important source. In fact, it is the doctrinal content of this section that served as the foundation for even the later elaboration of the concept of Dependent Arising by the famous Buddhist philosopher Nāgārjuna. It also shows that Dependent Arising is the central doctrine of Buddhism and consists of the very essence of the Buddha’s enlightenment experience. The experiential approach of the Buddha’s teaching is presented on the basis of a critique of the epistemological approaches of the pre-Buddhist thikers. Authority and speculative reason are rejected as not being fully satisfactory means of arriving at knowledge relating to humans and the nature of things, and there is emphasis on the attainment of direct knowledge by means of the ordinary as well as the developed or contemplatively cultivated sense faculties. There is a pragmatically oriented analysis of the perceptual process without adopting any speculative basis for such analysis as in late Buddhist Abhidhammic approaches. The purpose of the analysis was nothing other than to show that a mistaken response to sense experience is the real cause of suffering (dukkha). An experiential approach is evidently utilized in arriving at the doctrine of the Four Noble Truths. The limits of human knowledge are clearly specified, and questions that cannot be resolved on an experiential basis are left unanswered (avyākata). An attempt is made to establish doctrines such as rebecoming and Kamma too on an experiential basis wthout accepting them merely on the authority of existing traditions. The two extreme worldviews, materialism and eternalism are left aside and the attempt to explain the existent reality in terms of the will of an original creator God is not accepted. The central doctrine derived from the Vedic and Brahmanical worldview, the belief in an eternal soul entity is rejected and instead an experiential analysis of the concept of a person is presented. Nibbāna is presented as the ultimate goal that is most worthy of attaining. However this goal is not explained as some kind of transcendental metaphysical existence but as an appeasement that is achieved here and now. The fundamentals of the ethical life are also related to this ultimate goal explaining ethical action as that which conduces to the elimination of suffering to oneself and suffering to others.


Notes from MABS 01-Buddhist Doctrines of Pali Nikayas: Analysis and Interpretation

Ashin Sundara(10.4.2022)


Buddhist Psychotherapy (အခြေခံ ဗုဒ္ဓစိတ်ကုထုံး)


“ဗုဒ္ဓ၏ တရားတော်များသည် ဒဿနဆိုင်ရာ အတွေးအခေါ်ပညာရပ်တို့နှင့် များစွာဆက်စပ်သည်”ဟု ဒဿနပညာရှင်များကဆိုကြသလို စိတ်ပညာရှင်များကလည်း “ဗုဒ္ဓသည် စိတ်တို့၏ အခြေအနေများနှင့် လူတို့၏ စိတ်ရောဂါများကို အထူးပြုကုသသော စိတ်ပညာရှင်ဖြစ်ပြီး များစွာသော တရားတော်တို့သည်လည်း စိတ်အကြောင်းကိုသာ အခြေခံထားသည်” ဟု ဆိုကြပါသည်။


စိတ်ဟူသော စကားလုံးကို မြန်မာစကားတွင် မကြာခဏ အသုံးပြုလေ့ရှိတယ်။ “စိတ်မကောင်းဘူး၊ စိတ်ညစ်တယ်၊ စိတ်ချမ်းသာတယ်၊ စိတ်ရွှင်လန်းတယ်၊ စိတ်နာတယ်” စသည်ဖြင့် စိတ်ဟူသော စကားလုံးကို နေရာများစွာတွင် ပြောဆိုလေ့ရှိကြသည်။


မြန်မာစာအဘိဓာန်တွင် စိတ်ဆိုသည်ကို “အာရုံကို သိတတ်သော သဘောတရား”ဟုဖွင့်ဆိုထားသည်။ စိတ်ဟူသောစကားလုံးသည် ပါဠိစကား “စိတ္တ”မှ ဆင်းသက်လာသော ပါဠိသက်ဝေါဟာရဖြစ်သည်။


ဗုဒ္ဓစာပေတွင် “စိတ်”ဟူသောစကားလုံးကို “စိတ္တ”၊ “မန”၊ “ဝိညာဏ” ဟု သုံးမျိုး အသုံးပြုထားသည်ကို တွေ့ရသည်။


“စိတ်နှင့်မနော”ကိုတော့ ကြောင်းတူသံကွဲစာလုံးတွေ အဖြစ်အသုံးပြုသည်က များသည်။ ဥပမာ - စိတ်ထားဖြူတဲ့သူ၊ မနောဖြူတဲ့သူ .. စသည် ..


ဝိညာဏ်ကိုကား မြန်မာစကားတွင် စိတ်အနေဖြင့် အသုံးပြုခြင်းနည်းသည်ဟု ဆိုရပေမည်။ “စိတ်ဝိညာဉ်” ဟူ၍ အသုံးပြုသည်မျိုးတော့ရှိသည်။


စိတ်ကိုပိုင်းခြားလေ့လာသောပညာရပ်သည် အနောက်တိုင်းမှာထွန်းကာသည်မှာ ရာစုနှစ် တစ်ခုလောက်သာ ရှိသေးသော်လည်း ဗုဒ္ဓစိတ်ပညာကတော့ လွန်ခဲ့သော ထောင်စုနှစ်များကတည်းက ထွန်းကား တွေ့ရှိခဲ့ပြီး ဖြစ်ပါသည်။


ဗုဒ္ဓစာပေများကို လေ့လာသည့်အခါ စိတ်၏ သဘောသဘာဝနှင့် အကျိုးအကြောင်းတို့ကို အကျယ်တဝင့် ဖော်ပြလေ့ရှိသည်ကို တွေ့ရသည်။ မြန်မာလို စိတ်ဟုပြောနေကြသည်မှန်သော်လည်း စင်စင် “စိတ်နှင့်စေတသိက်” နှစ်ရပ်ပေါင်းသော နာမ်တရားအစုတို့ကို ဆိုလိုခြင်းဖြစ်သည်။


အဘိဓမ္မာကိုလေ့လာသည့်အခါတွင် စိတ်များကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းပြထားသည်ကို တွေ့ရမှာဖြစ်သည်။ ယင်းကျမ်းစာကို လေ့လာသည့်အခါ စိတ်ကို အကျဉ်းအားဖြင့် ၈၉ မျိုး၊ အကျယ်အားဖြင့် ၁၂၁ မျိုးရှိသည်ဟု ဖော်ပြထားသည်ကို တွေ့ရပါလိမ့်မည်။


စိတ် ၈၉ မျိုးကိုလည်း လောကီစိတ် ၈၁ မျိုးနှင့် လောကုတ္တရာ စိတ် ၈ မျိုးဟူ၍ ပြန်လည်ခွဲပြထားသည်ကို တွေ့ရသည်။


ဗုဒ္ဓအဘိဓမ္မာတွင် စိတ်ကို နည်းမျိုးစုံဖြင့် ခွဲပြထားသည်။


အကုသိုလ်စိတ် ၁၂ ပါး


ကုသိုလ်စိတ် ၂၁ ပါး


ဝိပါက်စိတ် ၃၆ ပါး


ကြိယာစိတ် ၂၀ ပါး


စုစုပေါင်း ၈၉ ပါး ဟူ၍ လည်းကောင်း၊


ကာမာဝစရစိတ် ၅၄ ပါး


ရူပါဝစရစိတ် ၁၅ ပါး


အရူပါဝစရစိတ် ၁၂ ပါး


လောကုတ္တရာစိတ် ၈ ပါး


စုစုပေါင်း ၈၉ ပါး ဟူ၍ တစ်နည်းအားဖြင့် လည်းကောင်း။


ထပ်ပြီး ယင်း ၈၉ ပါးမှ လောကုတ္တရာစိတ် ၈ ပါးကို အကျယ်အားဖြင့် ၄၀ ပါးအထိ ထပ်မံချဲ့ပြပြီးလျှင် စိတ်အကျယ် ၁၂၁ ပါး ဟူ၍လည်းကောင်း ခွဲခြမ်းစိတ်ဖြာပြထားပါသည်။


စိတ်နှင့် အတူတကွ ဖြစ်ပေါ်သော စိတ်၏ ယှဉ်ဘက်ဖြစ်သော “စေတသိက်” တို့ကိုလည်း စေတသိက်ပေါင်း ၅၂ မျိုးရှိသည်ဟု အဘိဓမ္မာတွင်ဖော်ပြထားပါသည်။


၈၉ ပါးသော စိတ်အားလုံးတို့နှင့် တွဲလေ့၊ ယှဉ်လေ့ရှိသော စေတသိက်အမျိုးအစား ၇ မျိုးရှိသည်။ “ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ဧကဂ္ဂတာ၊ ဇီဝိတိန္ဒြေ၊ မနသိကာရ” ယင်း ၇ မျိုးကို သဗ္ဗစိတ္တ သာဓာရဏ စေတသိက ဟုခေါ်သည်။ ထို့နောက်


ပကိဏ်းစေတသိက် ၆ ပါး


အကုသလ စေတသိက် ၁၄ ပါး


သောဘန စေတသိက် ၂၅ ပါး ဟူ၍


စုစုပေါင်း စေတသိက် ၅၂ ပါး ခွဲခြားပြထားသည်။


စေတသိက်ထဲမှ ပါဠိဝေါဟာရများကို မြန်မာအများစု နားရည်ဝပြီးဖြစ်သည်။


ဝေဒနာ၊ ပီတိ၊ ဝီရိယ၊ ဆန္ဒ၊ လောဘ၊ မာန၊ သတိ၊ ကရုဏာ စသော စေတသိက်များသည် မြန်မာ့လူမှုဝန်းကျင်မှာ နေ့စဉ်အသုံးပြုနေပြီးဖြစ်သည်။


မြန်မာစကားမှာ နေ့စဉ်အသုံးပြုနေသော ဝေါဟာရများဖြစ်သဖြင့် မြန်မာတို့နှင့်မစိမ်းသော စိတ်ပညာဖြစ်သည်ဟု ဆိုရပေမည်။


သို့သော် စိတ်ပညာဟူသည်ကား စိတ်တို့၏ ဖြစ်ပုံ၊ ဖွံ့ဖြိုးပုံ၊ စိတ်နှင့်သက်ဆိုင်သည့် အပြုအမူများ၊ အပြုအမူများမှ တစ်ဆင့် ဖြစ်ပေါ်လာသော စိတ်များကို စနစ်တကျလေ့လာသော ဘာသာရပ် ဖြစ်သည်။


ဤသည်ကို မြတ်ဗုဒ္ဓက လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ မတိုင်ခင်ကတည်းက လေ့လာတင်ပြခဲ့ဖြစ်သည်ကို ဗုဒ္ဓစာပေကျမ်းဂန်များမှာ တွေ့ရှိနိုင်ပါသည်။


နာမ်တရားတို့တွင် စိတ်သည် ရှေ့ဆောင်ဖန်တီးသူဖြစ်သည်။ မကောင်းသောစိတ်၊ ကောင်းသောစိတ် မည်သို့သော စိတ်ပင် ဖြစ်စေကာမူ ပြုသူ၏နောက်သို့ အမြဲအစဉ်လိုက်သည်ဟု ဓမ္မပဒတွင်ဆိုသည်။


ထို့ကြောင့် နေ့စဉ်ပြုနေသည့် ကောင်းသောအရာ၊ မကောင်းသောအရာအားလုံးကို စိတ်ကသာ ဦးစီးဦးဆောင် ပြုပြီ လုပ်နေသည်ဟု သိထားရမည် ဖြစ်ပေသည်။ သို့သော် စိတ်တစ်ခုတည်းဟူ၍ မှတ်ယူ၍ မရပေ။ လူသားများ၏ ဖြစ်တည်မှုသည် ရုပ်နှင့်နာမ် ပေါင်းစပ်ထားခြင်းဟု ဗုဒ္ဓက ဆိုထားသည်။ ဤသည်ကိုပင် အကျယ်အားဖြင့် ငါးမျိုးပြန်ခွဲပြီး ခန္ဓာငါးပါးဟူ၍ အကျယ်ချဲ့ပြထားသည်။


“ရုပ်” ဆိုသည်ကို “ရူပက္ခန္ဓာ” ဟူ၍ပြပြီး၊ “နာမ်” ကိုတော့ “ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ” ဟူသည့် လေးပါးသော ခန္ဓာအပေါင်းအဖြစ် ပြထားသည်။


စိတ်သည် လောကကို ဦးစီးဦးဆောင်ပြုသည့်အကြောင်းကို မြတ်စွာဘုရားက “စိတ္တသုတ်” မှာ ထည့်ဟောကြားထားသည်။ စိတ်သည် လောကကိုဦးစီဦးဆောင်ပြုသည်ဆိုသော်လည်း စိတ်သည် အလွန်ပင် အပြောင်းအလဲမြန်လွန်းသည်ကို တွေ့နိုင်သည်။ စိတ်သည် မည်မျှအထိ အပြောင်းအလဲ မြန်သနည်းဆိုသည်ကို ဥပမာပေးရန်ပင် မလွယ်ကူဟူ၍ အင်္ဂုတ္တရနိကာယ်မှာ ဆိုပါသည်။


စိတ်၏ သဘောသဘာဝသည် လွန်စွာမှ ဆန်းကြယ်ပါသည်။


“စိတ်သည် တုန်လှုပ်ခြင်းသဘောရှိသည်။ စိတ်သည် မတည်မငြိမ် လျှပ်ပေါ်ခြင်းသဘောရှိသည်။ အာရုံရှိသည့်နေရာကို သွားရောက် ကျက်စားလေ့ရှိသည်။ ထိန်းချုပ်ရန် ခက်ခဲသည်” ဟု စိတ်၏ သဘောသဘာဝကို ဓမ္မပဒစိတ္တဝဂ်တွင် ဖော်ပြထားပါသည်။


“နှိမ်နင်းရန် ခက်ခဲသည့်သဘာဝရှိသောစိတ်၊ လျှင်မြန်သည့် သဘောရှိသောစိတ်၊ အလိုရှိရာ အာရုံတို့မှာ ကျက်စားလေ့ရှိသောစိတ်” ထိုသို့သော သဘောသဘာဝကို ရှိနေသောစိတ်ကို နှိမ်နင်းနိုင်သူကား မြတ်၏။ ယင်းနှိမ်နင်းထားသောစိတ်သည် ချမ်းသာကို ဆောင်တတ်သည်ဟု ဓမ္မပဒဂါထာပိုဒ်ရေ ၃၅ က ဆိုထားပါသည်။


ထို့ကြောင့် ထိန်းချုပ်ရန် ခက်ခဲသော စိတ်၊ လျင်မြန်သော စိတ်၊ ကျရာအာရုံမှာ ကျက်စားတတ်သော စိတ်ကို အထိန်းတပ်ပြီး လိုသလို ခရီးနှင်ရန် ဗုဒ္ဓ၏ နည်းလမ်းများကို လေ့လာပြီး ကျင့်ကြံအားထုတ်ရမည် ဖြစ်သည်။


မဟုတ်လျှင် စိတ်ရောဂါများ ဖြစ်ပွားမှုနှင့်တွေ့ကြုံလာရမည်ဖြစ်ပေသည်။ ရောဂါဆိုရာဝယ် ကိုယ်တွင်ဖြစ်သည့် ရောဂါနှင့် စိတ်တွင် ဖြစ်သည့်ရောဂါဟူ၍ နှစ်မျိုးနှစ်စားရှိသည်။


ကိုယ်မှာဖြစ်သော ရောဂါတွေကတော့ အချို့သော အလွန်နည်းပါးသော အရေတွက်ကလွဲလျှင် လူတိုင်းကြုံဖူးကြပါလိမ့်မည်။ သို့သော် စိတ်မှာ ဖြစ်သည့်ရောဂါကတော့ လူတိုင်း မလွဲမသွေ ကြုံတွေ့ကြရသည်။


စိတ်ရောဂါဟုပြောသည့်အခါမှာ ဗုဒ္ဓကတော့ ရဟန္တာများမှလွဲ၍ အားလုံးမှာ ရှိသည်ဟု ဆိုပါသည်။ ဗုဒ္ဓ၏ အယူအဆအရတော့ ဤရောဂါသည်များကို ရုပ်နှင့်နာမ် ပေါင်းထားသောသူများဟု သတ်မှတ်ပါသည်။


ထို့အပြင် ဗုဒ္ဓအယူအဆသည် စိတ်သက်သက်၊ ရုပ်သက်သက် အယူအဆ Dualism မဟုတ်ပါ။ စိတ်သည် ရုပ်မှ တစ်ဆင့်ဖြစ်လာသော သဘောတရား ဟူ၍လည်း မယူဆပေ။ စိတ်နှင့်ရုပ် အပြန်အလှန် မှီတည်နေသည်ဟု လက်ခံသော ဝါဒ ဖြစ်သည်။ ထို့ကြောင့် ဘယ်လိုရောဂါမျိုးဖြစ်ဖြစ် တစ်ခုနှင့်တစ်ခု မှီတည်ပြီး ဖြစ်နေသည်ဟု မှတ်ယူရပေမည်။


စိတ်ရောဂါတို့၏ သဘောသဘာဝများနှင့် လက္ခဏာများကို အနောက်တိုင်း စိတ်ရောဂါစိစစ်ရေးကျမ်း နောက်ဆုံးပေါ်ကျမ်းတစ်ခုဖြစ်သည့် DSM-5 (Diagnostic and Statistical Manual of Mental Disorders; Fifth Edition) တွင် ရောဂါ ၂၉၇ မျိုးလောက် ဖော်ပြသော်လည်း ဗုဒ္ဓကတော့ အကျဉ်းဆုံးချုပ်ပြီး “လောဘ၊ ဒေါသ၊ မောဟ” ဟူ၍ သုံးမျိုးဖော်ပြသည်။


၅၅၀ နိပါတ်တော်များထဲတွင်လည်း လူတို့၏ စိတ်ရောဂါများနှင့် ယင်းစိတ်ရောဂါများ၏ သဘောသဘာဝကို ကျကျနန ဖော်ပြထားသည်။


စိတ်ရောဂါများ၏ အရင်းအမြစ်ကို အင်္ဂလိပ်လို ဆိုက်ကိုပက်ထလိုဂျီ (Psychopathology) ဟုခေါ်သည်။ Psychopathology ဆိုသည်မှာ စိတ်ရောဂါများကို သိပ္ပံနည်းကျ လေ့လာခြင်း ဖြစ်သည်။ ရောဂါဗေဒဟု ဆိုရပေမည်။


စိတ်ရောဂါဖြစ်ကြောင်းကို ဗုဒ္ဓကတော့ အဝိဇ္ဇာ နှင့် တဏှာ ကြောင့်ဟု ဆိုပါသည်။


လူတစ်ဦးသည် ဘဝတစ်ခုကို တပ်မက်နေသောအခါ ယင်းဘဝရေရှည်တည်တံ့ရန်အတွက် ထိန်းသိမ်းစောင့်ရှောက်နေရင်း စိတ်တွင် ရောဂါများ ဖြစ်လေ့ရှိသည်။ မိမိအသက်ရှင် ရပ်တည်ရန်အတွက် ဒေါသဖြင့် ရင်ဆိုင်ဖြေရှင်းတတ်ကြသည်။ လောဘဖြင့် ရင်ဆိုင်ဖြေရှင်းတတ်ကြသည်။ ဤစိတ်အခြေအနေ အပြုအမူတို့ကို Fight or Flight Response ဟု ခေါ်သည်။ ဥပမာ တစ်ခုကို ပြရလျှင် ကိုရိုနာ ကပ်ရောဂါဖြစ်ခါစ ကာလများက ဈေးဝယ်စင်တာများတွင် လူအများ အလုအယက် ဈေးဝယ် ကြသည်ကိုကြည့်ပါ။


လူတို့သည် မိမိတို့ဘဝ အသက်ရှင်ရပ်တည်ရေးအတွက် အလုအယက် အစားအသောက် အသုံးအဆောင်များကို ဝယ်ယူကြသည်။ ယင်းသို့ ဝယ်ယူနေရင်း အချို့အရေအတွက် နည်းပါးနေသော ကုန်ပစ္စည်းများအတွက် ရန်လို တိုက်ခိုက်ကာ ဝယ်ယူကြသည်။ ယင်းကာလများတုန်းက အနောက်နိုင်ငံများတွင် တစ်ရှူးပေပါကို ခိုက်ရန် ဖြစ်ပွားသည်အထိ လုယက်ဝယ်ကြသည်ကိုတွေ့နိုင်သည်။ ဤသည်ကို ဘေးအန္တရာယ်မှ လွတ်မြောက်ရေး၊ အသက်ရှင်ရပ်တည်ရေး ကြိုးပမ်းမှု (Survival Tendency) ဟု ခေါ်သည်။


ယင်းအသက်ရှင်ရပ်တည်လိုမှုသည် ဘဝတဏှာကို အခြေခံပြီး ဖြစ်လာခြင်းဖြစ်သည်။ ထိုဘဝတဏှာကြောင့် စိတ်တွင် မကြာခဏဆိုသလို ရောဂါများ ဖြစ်လေ့ရှိသည်ကို သတိပြုရမည်ဖြစ်သည်။


ဝိဘဝတဏှာသည်ကား ဘဝတစ်ခုရပ်စဲသွားရင် အဆုံးသတ်ပြီ၊ နောင်ဘဝဆိုတာလည်း မရှိဟု လွဲမှားစွာ မြင်သော ဥစ္ဆေဒဒိဋ္ဌိကို အခြေခံ၍ ဖြစ်လာသည်။ ထို့ကြောင့် ဤအယူမှား အစွဲမှားကြောင့် မိမိကိုယ်ကို သေကြောင်းကြံစည်ခြင်းများ ဖြစ်လာရသည်။


စိတ်တွင် ငုပ်လျှိုးနေသော၊ မသိစိတ်ထဲမှာ ကိန်းအောင်းနေသော စိတ်များကြောင့်လည်း စိတ်ရောဂါများဖြစ်သည်။ ယင်း ကိန်းနေသောစိတ်ကို “အနုသယ”ဟု ပါဠိအားဖြင့် ခေါ်ဆိုသည်။ အနုသယ (၇) မျိုးရှိသည်။


မိမိတို့နေထိုင်ရာ လူမှုပတ်ဝန်းကျင်ကြောင့်လည်း စိတ်ရောဂါ ဖြစ်စေပါသည်။

စိတ်ရောဂါတို့၏ အရင်းအမြစ်ကို အချုပ်အားဖြင့် လောဘ၊ ဒေါသ၊ မောဟ ဟူ၍ ချုပ်ထားသည်။ သို့သော်လည်း ယင်း လောဘ၊ ဒေါသ၊ မောဟတို့၏ ဖြစ်ကြောင်းတရားတို့သည် ဆိုင်ရာအခြေအနေများအပေါ်လိုက်၍ ပြောင်းလဲသည်ဟု မှတ်ယူရမည် ဖြစ်ပေသည်။


ရုပ်၊ စိတ်၊ ပတ်ဝန်းကျင်၊ အာဟာရ၊ ရာသီဥတု၊ ကံ နှင့် ပြင်ပမှလာသော အကြောင်းအချက်များကြောင့် စိတ်တွင် ရောဂါများဖြစ်သည်ဟု အကျဉ်းအားဖြင့် မှတ်ရမည် ဖြစ်ပေသည်။


စိတ်ရောဂါများကို ဗုဒ္ဓနည်းအရ ကုသနည်းကား အချက် သုံးချက် မူသေထား၍ ကုသသည်။ ယင်းသုံးချက်ကား


၁။ အပြောအဆို၊ အပြုအမူများကို ပြောင်းလဲခြင်းအားဖြင့်လည်းကောင်း၊


၂။ စိတ်ခံစားမှု အမူအကျင့်များကို ပြောင်းလဲခြင်းအားဖြင့် လည်းကောင်း၊


၃၊ သိမှုဉာဏ်ရည်တို့ကို ပြောင်းလဲခြင်းအားဖြင့်လည်းကောင်း အချက်သုံးချက်ကို ကိုင်တွယ်၍ ကုသသည်။


ဤသုံးချက်ကို သီလ၊ သမာဓိ၊ ပညာ ဟူ၍ ခေါ်သည်။


သီလကား အပြုအမူ၊ အပြောအဆိုတို့ကို ထိန်းညှိပေးသည်။ သမာဓိကား စိတ်၏အရည်အသွေး၊ ခံစားမှုတို့ကို ထိန်းချုပ်နိုင်မှု၊ ကိုင်တွယ်နိုင်မှုနှင့် စိတ်အမူအကျင့်တို့ကို ထိန်းပေးသည်။ ပညာသည်ကား သိမှူစွမ်းရည်ဆိုင်ရာ ကိစ္စများ၊ သိမှု နားလည်မှုဆိုင်ရာကိစ္စများကို ဆောင်ရွက်ပေးသည်။


ဤသုံးချက်ကို အင်္ဂလိပ်လို Behavioral Transformation Technique ၊ Emotional Transformation Technique နှင့် Cognitive Transformation Technique ဟူ၍ နည်းဗျူဟာ သုံးခုဟု ခေါ်ဆိုသည်။


ဤသုံးချက်သည် အပြန်အလှန် ကျေးဇူးပြုသည်။


စိတ်တွင်ဖြစ်နေသော ရောဂါ၊ စိတ်အညစ်အကြေားတို့ကို ပယ်ဖျောက်ရန် ယင်းသုံးချက်ကား မဖြစ်မနေ လိုအပ်သည်။ သီလသည် အခြေခံအုတ်မြစ်ဖြစ်သည်။ သီလ၏ အရေးပါပုံကို သုတ္တန်ဒေသနာပေါင်းများစွာတွင် တွေ့မြင်နိုင်သည်။


သီလရှိမှ စိတ်၏အညစ်အကြေးများ စင်ကြယ်ပါမည့်အကြောင်း၊ သီလသည် အခြေခံဖြစ်သည့်အကြောင်းတို့ကို များစွာသော သုတ္တန်ဒေသနာတော်တို့တွင် တွေ့နိုင်သည်။


“လက်မှ အညစ်အကြေးတို့ကို စင်ကြယ်အောင်ဆေးကြောချင်သူသည် လက်တစ်ဖက်တည်းဖြင့် ဆေးကြော၍မရ၊ လက်နှစ်ဖက်ကို ပွတ်၍ ဆေးကြောမှသာလျှင် ပြောင်စင်နိုင်သည်။ ထို့အပြင် လက်နှစ်ဖက်တည်း ပွတ်ဆေးနေ၍လည်း မဖြစ်၊ ရေဖြင့်ဆေးမှရမည် ဖြစ်သည်။ ထို့အတူပင် သီလ နှင့် ပညာ သည်ကား လက်နှစ်ဖက်နှင့်တူသည်။ ရေကား သမာဓိနှင့်တူ၏။ စိတ်အညစ်အကြေးများကို ထိုသုံးမျိုးဖြင့် ဆေးကြောမှသာလျှင် ပြောင်စင်နိုင်မည်ဖြစ်သည်။”


ဗုဒ္ဓစိတ်ကုထုံးအရ စရိုက်တို့အပေါ် မူတည်ပြီး စိတ်ရောဂါများဖြစ်တတ်သောကြောင့် စရိုက်နှင့်လိုက်ဖက်သော ကုသနည်းများကိုလည်း ပေးလေ့ရှိသည်။


စရိုက်သည် ရာဂ၊ ဒေါသ၊ မောဟ၊ ဝိတက်၊ သဒ္ဓါ၊ ဗုဒ္ဓိ ဟူ၍ ခြောက်ပါးရှိသည်။


ကာမဂုဏ်တရားတို့ကို စွဲလမ်းလေ့ရှိသော ရာဂစရိုက်ရှိသူတို့အတွက် အသုဘကမ္မဋ္ဌာန်းနှင့် ကာယဂတာသတိကို ကျင့်ကြံစေ၍ စိတ်ကို ကုသသည်။


ဒေါသကြီးသူ ကြမ်းတမ်းသောသဘောရှိသူ၊ ဒေါသစရိုက်ရှိသူတို့အတွက်ကား အပ္ပမညာ (၄)ပါး နှင့် နီလ၊ ပီတ၊ လောဟိတ၊ ဩဒါတဟူသော ကသိုဏ်း (၄) မျိုးကို ကျင့်ကြံစေသည်။


မောဟနှင့် ဝိတက်စရိုက်ရှိသူတို့အတွက်ကား အာနာပါနဿတိ ကမ္မဋ္ဌာန်းကို ကျင့်ကြံစေ၍ စိတ်ကို ကုသသည်။

သဒ္ဓါစရိုက်ရှိသူတို့အတွက်ကား ဗုဒ္ဓါနုဿတိ၊ ဓမ္မ, သံဃာ, သီလာ, စာဂါ, ဒေဝတာ ဟူသော အနုဿတိ (၆)ပါးကို ပွားများ အားထုတ်စေသည်။


ဗုဒ္ဓိစရိုက်ဟူသော ဉာဏ်ပညာကြီးရင့်သူတို့အတွက်ကား မရဏဿတိ၊ ဥပသမာနုဿတိ၊ အာဟာရေပဋိကူလသညာ၊ စတုဓာတုဝ ဝတ္ထာန်ဟူသော အကျင့် (၄) ခုကို ကျင့်ကြံစေသည်။


စရိုက် (၆) ပါး အားလုံးအတွက်ကား ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော၊ အာကာသ၊ အာလောကဟူသော ကသိုဏ်း (၆) မျိုးနှင့် အာရုပ္ပ (၄) ပါး စုစုပေါင်း (၁၀)ပါးဖြင့် ကုသသည်။


သို့သော် စရိုက်များကိုကား သာမန်စိတ်ကုပညာရှင်တို့အနေဖြင့် ခွဲခြားရန် မလွယ်ကူဘဲ ခဲယဉ်းလှသည်။


ဗုဒ္ဓစိတ်ကုထုံးတွင် လူသိများထင်ရှားသော ကုထုံးတစ်ခုမှာ သတိပဋ္ဌာန်ကုထုံး ဖြစ်သည်။

စိတ်အညစ်အကြေးများကို ကင်းစေသောနည်းလမ်း၊ စိတ်သောကများကို ပယ်ဖျောက်စေသော နည်းလမ်းအဖြစ် ကျင့်သုံးကြသည်။


သတိပဋ္ဌာန်ကား လေးပါး ရှိသည်။


၁။ ကာယာနုပဿနာ သတိပဋ္ဌာန်


၂။ ဝေဒနာနုပဿနာ သတိပဋ္ဌာန်


၃။ စိတ္တာနုပဿနာ သတိပဋ္ဌာန်


၄။ ဓမ္မာနုပဿနာ သတိပဋ္ဌာန် ဟူ၍ ဖြစ်သည်။


သတိပဋ္ဌာန်တရားတို့ကို လေ့ကျင့်သည့်အခါ လက်ရှိပစ္စုပ္ပန်တွင်ဖြစ်နေသော အခြေအနေအပေါ်မှာ မည်သို့သော ဆုံးဖြတ်ချက်မျှ မပေးဘဲ သတိတစ်ခုတည်းဖြင့် ထား၍နေသည်။ ကောင်း၏ ဆိုး၏ ဝေဖန်ခြင်း မပြုလုပ်ဘဲ သဘာဝတရားအတိုင်းကိုသာလျှင် သတိဖြင့် ကြည့်နေခြင်းဖြစ်သည်။


ဤသတိပဋ္ဌာန်အကျင့်ကို အနောက်တိုင်းတွင် Mindfulness ဟူ၍ အမည်နာမသတ်မှတ်ပြီး စိတ်ကုထုံး နည်းလမ်းများတွင် အသုံးပြုသည်။ Mindfulness သည် အနောက်နိုင်ငံများတွင် အလွန်ခေတ်စားသည်ကို တွေ့ရသည်။


Mindfulness ဆိုသည့်စကားလုံးသည် ပါဠိဝေါဟာရ “သတိ” ဆိုသည့်စကားလုံးမှ ဆင်းသက်လာခြင်းဖြစ်ပြီး ၂၀ ရာစုဦးပိုင်းမှာ ဗုဒ္ဓစာပေပညာရှင်တစ်ဦးဖြစ်သည့် T.W. Rhy Davids က စတင်အသုံးပြုခဲ့ကာ အစောပိုင်းမှာတော့ သူ့ရဲ့ ဘာသာပြန်စာတွေမှာ Mental activity ဟူ၍သာ အသုံးပြုခဲ့သည်။


နောက်ပိုင်းမှာတော့ ဒေါက်တာ Jon Kabat-Zinn က Mindfulness ဆိုသည့်စကားလုံးကို စိတ်ဖိစီးမှု လျှော့ချရေး ကုထုံးများတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့သည်။


Mindfulness လိုပင် အခြားဗုဒ္ဓဘာသာမှ ဆင်းသက်လာသည့်တီထွင်မှု (Buddhist Derived Inventions)အသုံးနှုန်းများလည်း နောက်ပိုင်းမှာ ကျယ်ပြန်လာခဲ့သည်။


Mindfulness ကုထုံးများကို ကြည့်သောအခါ သီလဆိုသည်မှာ မပါသလောက်များသည်။ မြတ်စွာဘုရား၏ စိတ်ကုသနည်းကတော့ လူတစ်ယောက် စိတ်ကျန်းမာရန်အတွက် သီလဆိုသည့် မြေမှာ ခိုင်ခိုင်ရပ်ထားရမည် ဖြစ်သည်။ သီလဆိုသည့် အပြုအမူကို ပြောင်းလဲစေသည့် ကုထုံးမပါဘဲ ကျန်းမာသောစိတ်ကို မပိုင်ဆိုင်နိုင်ဘူးဟု ယူဆရပါမည်။


မဖိတ်ခေါ်ပဲ ရောက်လာသော အတွေးများ


မြန်မာပြည်မှာတော့ အများစုဟာဒ္ဓဘာသာဝင်တွေဖြစ်တဲ့အတွက် ဘုရား တရား သံဃာအပေါ်မှာ ရိုသေလေးစားမှု မကောင်းမပြုလိုမှု၊ မပြစ်မှားလိုမှု ရှိကြတယ်။ဒါပေမယ့် မိမိတို့ကိုယ်တိုင်ကိုယ်က ရတနာသုံးပါးအပေါ်မှာ ကြည်ညိုပါလျှက်နဲ့ မပြစ်မှားချင်ပဲ ရှိ သော်လည်း တစ်ခါတစ်ရံ ဘုရားရှစ်ခိုးနေတဲ့အခါ ဘုရားဆင်းတု၊ ဘုရားရုပ်ပုံ စတာတွေကို အကြမ်းဖက် လိုလာတာမျိုးတွေ၊ လိင်ပိုင်းဆိုင်ရာ ရာဂဖြစ်လာမျိုးတွေ ဖြစ်တတ်ကြတယ်။တရားစာတွေ ရွတ်နေရင်းနဲ့လည်း ထို့အတူပင်၊ မိမိတို့လေးစားအားကျရသော ဆရာတော်ကြီးများကို တွေ့ရ ဖူးရ လျှင်လည်း ထိုသို့သော အကြမ်းဖက်လိုမှုတွေ ပြစ်မှားချင်စိတ်တွေ မဖြစ်ချင်ပဲ ဖြစ်လာတတ်တယ်။ရတနာ သုံးပါးမှာမှ အဲ့လိုမဟုတ်ဘူး မိဘတွေကိုလည်း တစ်ခါတစ်ရံ ဖြစ်ပြီး ဆရာသမားတွေ လေးစားရတဲ့ လူကြီးသူမတွေအပေါ်ကိုလည်း အဲ့လိုစိတ်ခံစားမှုတွေ ဖြစ်လာတတ်တယ်။မိမိတို့ ကိုးကွယ်ရာ ယုံကြည်ရာ အားထားရာတွေ အပေါ်ကို ဒီလိုစိတ်ရိုင်းတွေဖြစ်လာတဲ့အခါ အပြစ်တွေဖြစ်မှာကို စိုးရိမ်ကြတယ်။ ဒီတော့ ခပ်ရှောင်ရှောင်နေလာကြတော့တယ်။ ဘုရားကန်တော့ဖို့ ဝန်လေးလာတယ်၊ တရားစာရွတ်ဖတ်ပူဇော်ဖို့ စိုးရွံ့လာတယ်။ဒါနဲ့ပဲ ကုသိုလ်တရားတွေနဲ့ ဝေးလာတဲ့ အဖြစ်မျိုးဖြစ်လာတယ်။ ဒီစိတ်မျိုးကို ဘာကြောင့်ဖြစ်တာလဲ၊ ဘယ်လိုဖြစ်လာတာလဲ ၊ ဘယ်လို ကျော်လွားမလည်း? ဒီလိုဖြစ်တာကို ဝေါဟာရအားဖြင့်တော့ မဖိတ်ခေါ်ပဲ ရောက်လာသော အတွေးများ (Intrusive Thoughts) လို့ခေါ်ပါတယ်။ သုတေသနစစ်တမ်းတွေ အရ ဒီလိုဖြစ်နေတာ အသက်၁၀ နှစ်မှ ၄၀ ကြားက လူတွေ ရဲ့ ၉၄% အထိဖြစ်ပါတယ်။အမေရိကန်နိုင်ငံမှာဆိုရင် လူငယ်ဦးရေ ၆သန်းလောက် ခံစားရတယ်လို့ စစ်တမ်းတွေက ဆိုပါတယ်။


ဒီတော့ ကိုယ်တစ်ယောက်တည်း ဖြစ်နေတာ မဟုတ်ဘူးဆိုတာကို အမြဲသိထားစေလိုပါတယ်။မဖိတ်ခေါ်ပဲ ရောက်လာတဲ့ အတွေးတွေက အမျိုးမျိုးဖြစ်နိုင်တယ်။ တချို့က အကြမ်းဖက်လိုစိတ်၊ တစ်ချို့က ကာမရာဂစိတ်၊ တစ်ချို့က ဘုရား တရား သံဃာနှင့် အခြားသော ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်တွေ၊ ဆရာတွေကို ဆဲဆိုကြိမ်းမောင်းလိုမှု၊ အော်ဟစ်ရမ်းကားလိုမှု၊ လိင်ပိုင်းဆိုင်ရာ ပြစ်မှားလိုမှုများဖြစ်ကြပါတယ်။ဒါတွေက မဖိတ်ခေါ်ပဲ ဖြစ်လာတဲ့ အတွေးတွေပါ။


စိတ်ရောဂါလည်း မဟုတ်သလို အပြစ်ကြီးလည်း မဟုတ်ဘူး ဆိုတာကိုတော့ ဦးစွာ သိထားရပါမယ်။ လူတွေ အများစုက ရှက်လို့သာ မပြောကြတာ တော်တော်များများမှာ ဒီပြဿနာရှိပါတယ်။ ဒီတော့ သိပ်ကြီး အစိုးရိမ် မလွန်ဖို့ ဦးစွာ ပြောလိုပါတယ်။ထပ်ခါထပ်ခါ နေ့စဉ်ရက်ဆက် ဆိုသလို ဘုရားရှေ့မှာ ဖြစ်စေ မိမိတစ်ကိုယ်တည်း နေတဲ့အခါဖြစ်စေ အတွေးတွေဖြစ်လာပြီ၊ အတွေးထဲက အတိုင်း လက်တွေ့မှာ လုပ်ဆောင်လာပြီဆိုရင်တော့ စိတ်ပညာရှင်တွေ နဲ့ နှီးနှောတိုင်ပင်ပြီး ကုစားဖို့ သင့်ပါတယ်။Intrusive Thoughts တွေက တစ်ခါ တစ်ရံ Obsessive-compulsive disorder (OCD), depression, body dysmorphic disorder (BDD),

attention-deficit hyperactivity disorder (ADHD), posttraumatic stress disorder(PTSD),

anxiety disorders, eating disorders, စတဲ့ စိတ်ရောဂါတွေနဲ့ စပ်ဆိုင်နေတတ်ပါတယ်။ ဒါကြောင့် လွန်ကဲလာပြီဆိုရင်တော့ ပညာရှင်တွေနဲ့ တွေ့ဖို့ လိုပါပြီ။ ပုံမှန်ကတော့ လူတိုင်းနီးပါး ၊ လူငယ်တွေမှာ အထူးသဖြင့် ဖြစ်နေကျပါ။ဒီတော့ တစ်ယောက်တည်း လို့ မထင်ပါနဲ့ ၊ ဗုဒ္ဓဘာသာတွေမှ မဟုတ်ပါဘူး အခြားဘာသာဝင်တွေမှာလည်းဖြစ်ပါတယ်။ ခရစ်ယာန် ဘုန်းတော်ကြီး Martin Luther နဲ့ Ignatius of Loyola တို့ ဆိုရင်လည်း သူတို့ရဲ့ ဘုရားသခင် ယေရှုခရစ်ရဲ့ ပုံကိုကြည့်ရင်း၊ ဝတ်ပြုဆုတောင်းရင်း အကြိမ်ကြိမ် ပြစ်မှားလိုစိတ်တွေ ဖြစ်ခဲ့ပြီး စိုးရိမ်ကြောက်လန့်ခဲ့တယ်လို့ ဝန်ခံထားတာ ရှိပါတယ်။ဒီတော့ ဒီလို လူတိုင်းဖြစ်နေတဲ့ ၊ ဖြစ်နိုင်တဲ့ ၊ မခေါ်ပဲ ရောက်လာတဲ့ အတွေးများကြောင့် စိုးရိမ်ကြောက်လန့်မနေသင့်ပါဘူး။ ဘယ်လိုကုစားမလည်း ဆိုရင်တော့ ဖြစ်လာတဲ့ အခါတိုင်း ဖြစ်တဲ့စိတ်လေးကို သတိထားလိုက်ပါ။ သတိနဲ့ ကြည့်လိုက်ပါ။ ဘာမှ ဆုံးဖြတ်ချက်မပေးပါနဲ့။ကြောက်စရာလည်း မလိုသလို၊ ငါတော့ အကုသိုလ်တွေများတော့မှာပဲ ငရဲရောက်တော့မှာပဲဆိုပြီးလည်း စိုးရိမ်မနေပါနဲ့။ ဖြစ်လာတဲ့အခါ အဲ့ဒီစိတ်လေးကို သတိလေးနဲ့သာ ကြည့်လိုက်ပါ။ ကုသိုလ်တောင် ဖြစ်ပါသေးတယ်။ကိုယ့်ရဲ့ စိတ်ကို ကိုယ်သတိနဲ့ ကြည့်တာကို တရားအားထုတ်တယ်လို့ ခေါ်တာပါပဲ။ အနောက်တိုင်း စိတ်ပညာကုထုံးတွေကလည်း ဒီစိတ် အခြေနေအတွက် Mindfulness လို meditation နည်းတွေ ညွန်းပါတယ်။ ဆေးတွေအနေနဲ့တော့ SSRi, antidepressants, နဲ့ SRi ဆိုတဲ့ ဆေးတွေ ပေးပါတယ်။


စိတ်ကုထုံးတွေ အနေနဲ့တော့ Cognitive Behavioral Therapy (CBT) နဲ့ Emotion Regulation Therapy (ERT) စတာတွေ ဆောင်ရွက်ပါတယ်။ ကျော်လွှားနိုင်ဖို့အတွက် အကြံပေးပါမယ်


၁- တစ်ယောက်တည်း လို့မခံယူပါနဲ့၊ လူတော်တော်များများဖြစ်နေပါတယ်


၂- အပြစ်အကြီးကြီး ဖြစ်ပြီဆိုပြီး ကြောက်ရွံ့မနေပါနဲ့.


၃-ဖြစ်လာတဲ့ အခါတိုင်း သတိလေးနဲ့ အာရုံစိုက်ကြည့်လိုက်ပါ။


၄-(သတိနဲ့ ကြည့်မရတဲ့အခါ စိတ်ထဲမှာပိုဆိုးလာတယ် ထင်တဲ့အခါ) ဝင်တဲ့လေ ထွက်တဲ့လေ တစ်ခါကို တစ်လို့ မှတ်ပြီး အဲ့လို ရှစ်အထိ ရေတွက်ပါ။


၅- တစ်ယောက်တည်း ဘုရားမကန်တော့ရဲ တရားမထိုင်ရဲဖြစ်နေရင် သူငယ်ချင်း အပေါင်းအသင်းများ မိသားစုဝင်များနဲ့ အတူတူ ဘုရားကန်တော့ တရားထိုင် ရွတ်ဘာသာ ပူဇော်မှုကိုပြုပါ။ (ရှောင်ပြီး ထွက်ပြေးနေခြင်းက အဖြေမဟုတ်ပါ)


၆- နေ့စဉ်ရက်ဆက် ဆိုးရွားလာပြီး အပြုအမူတွေပါ ဖြစ်လာပြီ၊ စိတ်ထဲကအတိုင်း လက်တွေ့မှာ ပြုမူလာပြီ ဆိုရင်တော့ ကျွမ်းကျင်သူ စိတ်ပညာရှင်နဲ့ ဆွေးနွေးသင့်ပါတယ်။


၇- အသက်၄၀ ကျော်ရင်လည်း အလိုလို ပျောက်သွားပါလိမ့်မယ်။ အမြဲ ဖြစ်မနေပါဘူး။ တစ်ယောက်ထဲ မဟုတ်ဘူးဆိုတာ မမေ့ပါနဲ့၊ အမြဲမဟုတ်ဘူးဆိုတာ မမေ့ပါနဲ့။ သတိနဲ့ကြည့်ဖို့ မမေ့ပါနဲ့။ လူသားတိုင်း စိတ်၏ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေ…..


နိဂုံးချုပ်အနေနဲ့ .. မြတ်စွာဘုရားရှင်က ဟောထားတယ်။


သဗ္ဗပါပဿ အကရဏံ၊ ကုသလဿ ဥပသမ္ပဒါ


သစိတ္တပရိယောဒပနံ၊ ဧတံ ဗုဒ္ဓါန သာသနံ။


သဗ္ဗပါပဿ = အပြစ်ရှိသည့် ခပ်သိမ်းသော မကောင်းမှု ဟူသမျှကို၊ အကရဏံ = မပြုခြင်းသည်လည်းကောင်း၊ ကုသလဿ = ကုသိုလ်ကောင်းမှုဟူသမျှတို့နှင့် ၊ ဥပသမ္ပဒါ = ပြည့်စုံစေခြင်းသည်လည်းကောင်း၊ သစိတ္တပရိယောဒပနံ = မိမိစိတ်ကို ဖြူစင်စေခြင်းသည်လည်းကောင်း၊ ဧတံ = ဤသုံးပါးသည်၊ ဗုဒ္ဓါနံ = အဆူဆူသော ဘုရားရှင်တို့၏။ သာသနံ = အဆုံးအမတော်တည်း။


မြန်မာလို နားလည်လွယ်အောင် ပြန်ဆိုရလျှင် “မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား” ဟူ၍ ဖြစ်ပေသည်။


ဤသို့ မကောင်းမှုကို ရှောင်ရန်၊ ကောင်းမှုတို့ကို ပြုနိုင်ရန် အတွက်ကား စိတ်သည် စင်ကြယ်နေမှဖြစ်မည်။ ဖြူစင်နေမှဖြစ်မည်။


စိတ်မစင်ကြယ်ပါက မကောင်းမှုဟူသမျှတို့ကိုလည်း ပြုတတ်ကြသလို၊ ကောင်းမှုတို့ကိုလည်း မပြုဘဲ၊ မသိဘဲ ဖြစ်နေတတ်သည်။


ထို့ကြောင့် "စိတ်သာရှင်စောဘုရားဟော”ဟု ရှေးပညာရှိများက မိန့်ဆိုခဲ့ကြခြင်းပင်ဖြစ်ပေသည်။


မကောင်းသောစိတ်ဖြင့်ပြုသော အကုသိုလ်တရားတို့သည် နေ့နေ့ညည အခါကာလမခြားဘဲ နောက်မှလိုက်ပါ အကျိုးပေးလေ့ ရှိသည်။ ကောင်းသောအပြုအမူ၊ အပြောအဆို၊ ကုသိုလ်တရားတို့သည်လည်း အရိပ်ပမာ ထပ်ကြပ်မကွာ လိုက်လံနေလေ့ရှိသည်။ ဤသည်ကား လောက၏ အမှန်တရားဖြစ်သည်။


မည်မျှပင် ထူးချွန်ပြောင်မြောက်လှပါသော သမားတော်၏ ဆေးစာများကို လက်ဝယ်ထားနေရုံဖြင့် ရောဂါမသက်သာ။ ဆေးကျမ်းပေါင်းများစွာ အိမ်တွင်ဆောင်ထားပါစေဦး၊ ဆေးမသောက်ပါက ရောဂါမပျောက်။


ဆေးကိုလည်း အရန်သင်ဆောင်ထားပြီးပြီ။ ရောဂါလည်း ရှိနေပြီဆိုလျှင်ဖြင့် ဆေးသောက်မှ ပျောက်ပါလိမ့်မည်။ ဗုဒ္ဓစိတ်ကုထုံးသည်လည်း ထို့အတူပင် ဖြစ်သည်။


နေ့စဉ် စိတ်ဓာတ်သန်စွမ်းစေရန် ဘာဝနာအားဆေးများ ပုံမှန်သောက်ရမည်။ သီလအားဆေးများဖြင့် အားဖြည့်နေရမည်။ သို့မှသာလျှင် ရောဂါဖြစ်လာသည့်အခါ ပညာဆေးဖြင့် အလွယ်တကူ ကုသနိုင်မည် ဖြစ်သည်။


ရောဂါဖြစ်မှ ဆေးထွက်ရှာသည်ထက် ရောဂါမဖြစ်ခင် ကာကွယ်မှုပြုထားမှသာလျှင် တော်ရုံကျမည် ဖြစ်ပေသည်။


နေ့စဉ်ဘဝတွင် ကြုံတွေ့ရမည့် စိတ်ပင်ပန်းမှုများကို ကာကွယ်နိုင်ရန် အကောင်းမြင်စိတ်များဖြင့် ပြည့်နေစေရမည်။


မေတ္တာ၊ ကရုဏာ၊ မုဒိတာ စိတ်များဖြင့် ရှင်သန်နေရမည်။


သတိတရားဖြင့် ဘဝခရီးကို လျှောက်လှမ်းရမည်။


သီလစောင့်ထိန်းခြင်းအားဖြင့် ခွန်အားပြည့်နေရမည်။


စိတ်ခံစားမှုများကို တည်တည်ကြည်ကြည်ဖြင့် ကိုင်တွယ်နိုင်မည့် သမာဓိများ ရှိနေစေရမည်။


အကောင်းအဆိုး၊ အကြောင်းအကျိုး၊ အမှန်တရား၊ အရှိတရား၊ သဘာဝတရားတို့ကို နားလည်နိုင်မည့် ပညာဖြင့် ရှင်သန်နေရမည်။


သို့မှသာလျှင် မဖြစ်သေးသော စိတ်ရောဂါများကို တားဆီးနိုင်သလို ဖြစ်လာသည့် စိတ်ရောဂါများကိုလည်း ယင်းစိတ်စွမ်းအားဖြင့် ကိုယ်တိုင်ကုစားနိုင်မည်ဖြစ်ပေသည်။


စိတ်၏ စွမ်းအားဖြင့်သာလျှင် အရာရာကို ကျော်ဖြတ်နိုင်မည်ဖြစ်သဖြင့် စိတ်စွမ်းအား နေ့စဉ်ဖြည့်ကာ ရှင်သန်နေထိုင်ပြီး လက်ရှိဘဝနှင့် သံသရာဘဝတို့၏ ချမ်းသာရေးအတွက် ကျင့်ကြံကျိုးကုတ် အားထုတ်နေထိုင်ကြပါစေဟု ဆန္ဒပြုလိုက်ရပါသည်။


Ashin Sundara(14.4.2022)


မှတ်ချက်။ ။ အရှင်နန္ဒာစာရ၏ အခြေခံ ဗုဒ္ဓစိတ်ကုထုံးများ စာအုပ်မှ ထုတ်နှုတ်ဖော်ပြပါသည်။





ပါဠိဘာသာ နှင့် ပါဠိစာပေသမိုင်းကြောင်း


ပါဠိဘာသာ

လောက၌ ကိုးကွယ်ရာ သာသနာ အမျိုးမျိုး ပေါ်ထွန်းခဲ့ကြသည်နှင့်အမျှ ထို ဆိုင်ရာ သာသနာတရား (သို့မဟုတ်) ထိုသာသနာကို တည်ထောင်သူ သာသနာ့ အမွန်အစ ဖြစ်သော ပုဂ္ဂိုလ်၏ ဟောညွှန်ဆုံးမ သွန်သင်ချက်အဝဝတို့ကို မှတ်တမ်းတင်ရာဖြစ်သော ဘာသာစကားများလည်း ရှိခဲ့လေသည်။ ဗြဟ္မဏ(ဟိန္ဒူ) သာသနာဝင်တို့အဖို့ သက္ကတဘာသာသည် ထူးမြတ်သော ဘာသာ, ၎င်းတို့ သာသနာဆိုင်ရာ မိန့်ဆိုသင်ကြားချက်များကို မှတ်တမ်းတင်ရာ ဘာသာ ဖြစ်သကဲ့သို့ ပါဠိဘာသာသည်လည်း ထေရဝါဒဗုဒ္ဓဘာသာဝင်တို့အဖို့ အထူးမြတ်ဆုံးသော ဘာသာ, ဗုဒ္ဓရှင်တော်၏ ဟောကြားချက် တရားတော်တို့ကို မှတ်တမ်းတင်ရာ ဘာသာ ဖြစ်ပေသည်။ ဘုရားရှင်၏ တရားတော်များသာ မဟုတ်ပဲ ထိုတရားတော်များကို နောက်သားနောင်လာတို့ အလွယ်တကူ သိမြင်နားလည်ကြစေရန် ရည်သန်၍ ဖွင့်ဆိုခဲ့ကြသော အဋ္ဌကထာ, ဋီကာ စသော အဖွင့်ကျမ်းတို့တွင်လည်း ထိုထိုကျမ်းဆရာ မဟာထေရ်မြတ်တို့သည် ပါဠိဘာသာကိုသာ ပဓာနဘာသာ အဖြစ်ဖြင့် သုံးစွဲတော်မူခဲ့ကြလေသည်။

ယင်းသို့ မြတ်စွာဘုရား၏ တရားတော်နှင့် ၎င်းဆိုင်ရာ အဖွင့်ကျမ်းများစွာတို့ ပါဠိဘာသာဖြင့် ရှိနေကြသည်ဖြစ်၍ ထေရဝါဒဗုဒ္ဓသာသနာကို ပြည့်ဝမှန်ကန်စွာ နားလည်နိုင်နိုင်ရေး၌ ပါဠိဘာသာကို တတ်မြောက်ကျွမ်းကျင်မှုသည် မည်မျှအရေးကြီးသည်ကို သိနိုင်ပေသည်။

ထိုသို့ အရေးတကြီး တတ်မြောက်ရန် လိုအပ်သော ထေရဝါဒ ဗုဒ္ဓသာသနာ၏ သာသနာစောင့်ဖြစ်သည့် ပါဠိဘာသာဟူသည် မည်သည့်ဘာသာဖြစ်သည်ကို သိရှိရန် လိုအပ်ပေသည်။

ရှေးဦးစွာ ပါဠိတော်တို့တွင် ဤပါဠိဘာသာကို မည်သို့သောအမည်ဖြင့် ဟောတော်မူအပ်သည်ကို ရှာဖွေလေ့လာသောအခါ ပါရာဇိကဏ်ပါဠိတော် ပဌမပါရာဇိက ပဒဘာဇနီ၌ “အရိယ-ဘာသာဖြင့် မိလက္ခ၏ အထံ၌ သိက္ခာချရာတွင် ၎င်းမိလက္ခပုဂ္ဂိုလ် နားမလည်လျှင် သိက္ခာမကျ”ဟု ဟောတော်မူသည်ကို တွေ့ရသည်။ ၎င်းပါဠိတော်၌ အရိယဘာသာဟူသည် အခြားမဟုတ်, အရိယာပုဂ္ဂိုလ်တို့ သုံးစွဲရိုးဖြစ်သော မာဂဓဘာသာပင်ဖြစ်ကြောင်း အဋ္ဌကထာဆရာက ဖွင့်ပြထားပေသည်၊ သို့ဖြစ်၍ ပါဠိတော်တို့၌ ယခုအခါ ပါဠိဘာသာဟု ပုဂ္ဂိုလ်အများ နားလည်နေသော ဘာသာကိုပင် အရိယက=အရိယဘာသာ ဟု ခေါ်ဝေါ်သုံးစွဲကြောင်း မှတ်သားအပ်ပေသည်။

ပဋိသမ္ဘိဒါဝိဘင်းပါဠိတော်နှင့် သမ္မောအဋ္ဌကထာ, မူလဋီကာတို့၌ မူကား ဓမ္မနိရုတ္တိ ဟု၎င်း, သဘာဝနိရုတ္တိ ဟု၎င်း ခေါ်ဝေါ် သုံးစွဲသည်ကို တွေ့နိုင်ပေသည်။

အဋ္ဌကထာ, ဋီကာကျမ်းတို့၌ကား ပါဠိဘာသာကို မာဂဓဘာသာဟု၎င်း, တန္တိဘာသာဟု၎င်း, မူလဘာသာဟု၎င်း, ပကတိဘာသာဟု၎င်း ခေါ်ဝေါ်သုံးစွဲသည်ကို တွေ့ရှိရပြန်ပေသည်။ ထိုတွင် မာဂဓဘာသာဟု သုံးစွဲသောနေရာ အတော်များများတွေ့ရ၍ အခြား အမည်များကိုကား အနည်းအကျဉ်းသာ တွေ့ရသည်။ ၎င်းတို့တွင် တန္တိဘာသာဟူသော အမည်ကို ဓမ္မပဒအဋ္ဌကထာတွင်၎င်း, မူလဘာသာဟူသော အမည်ကို ပဋိသမ္ဘိဒါမဂ်အဋ္ဌကထာတွင်၎င်း, ပကတိဘာသာဟူသော အမည်ကို ဝဇိရဗုဒ္ဓိဋီကာတွင်၎င်း တွေ့ရှိရလေသည်။၊ သို့ဖြစ်လေရာ တွေ့ရှိချက်အားလုံးကို ပေါင်းလိုက်လျှင် “ပါဠိဘာသာကို အရိယဘာသာ, ဓမ္မနိရုတ္တိ, သဘာဝနိရုတ္တိ, မာဂဓဘာသာ, တန္တိဘာသာ, မူလဘာသာ, ပကတိဘာသာ ဟူသော အမည်တို့ဖြင့်သာ ပါဠိ, အဋ္ဌကထာ, ဋီကာ တို့၌ သုံးနှုန်းသည်ကို တွေ့ရ၍ ပါဠိဘာသာဟူသော အမည်ဖြင့် သုံးနှုန်းသည်ကို မတွေ့ရ”ဟူသော အချက်မှာ ပေါ်လွင်လျက် ရှိပေသည်။

အဋ္ဌကထာ, ဋီကာ တို့တွင် “ပါဠိ” ဟူသော အသုံးအနှုန်းကို အတော်များများ တွေ့ရ၏။ သို့သော် ၎င်း “ပါဠိ” ဟူသော အသုံးမှာ ပါဠိဘာသာကို ဆိုလိုသည် မဟုတ်ပဲ ပါဠိတော် ဟု ခေါ်သော ဗုဒ္ဓသာသနာဆိုင်ရာ စာပေအားလုံး၏ အမည်သာ ဖြစ်ပေသည်။

တနည်းအားဖြင့် ဆိုရသော် “ပကဋ္ဌာနံ ဥက္ကဋ္ဌာနံ သီလာဒိအတ္ထာနံ ဗောဓနတော, သဘာဝ နိရုတ္တိဝသေန ဗုဒ္ဓါဒီဟိ ဘာသိတတ္တာ စ ပကဋ္ဌာနံ ဝစနပ္ပဗန္ဓာနံ အာဠီတိ ပါဠိ၊ ပရိယတ္တိဓမ္မော” ဟူသော စကားနှင့်အညီ ပရိယတ္တိဓမ္မဟု ခေါ်ဆိုရသော ဘုရားဟောနှင့် သာဝကစသည်ဟောဖြစ်သော တရားများကိုပင် ပါဠိဟု ခေါ်လေသည်။

ယင်းသို့ ရှေးကျသော ကျမ်းစာများ၌ သုံးစွဲခဲ့သည်ကို မတွေ့ရ၍ “ပါဠိဘာသာ” ဟူသော အမည်သည် အလွန် နောက်ကျသော ခေတ်သို့ရောက်မှ ပေါ်ပေါက်လာသော အမည်ဖြစ်ကြောင်း ထင်ရှားနေပေသည်။

ဤတွင် “ပါဠိ” ဟူသော ပုဒ်၏အနက်ကို စိစစ်ဖွယ် ရှိပြန်လေသည်။ “ပါဠိ” ဟူသော စကားလုံး၏ အနက်ကို ရှာကြံကြရာ၌ ပညာရှိအများပင် သူတမျိုး ငါတဖုံ ကြံဆ ပြောဆိုလျက် ရှိကြသည်ကို တွေ့ရပေသည်။ အချို့သော ပညာရှင်တို့က ပါဠိဘာသာသည် ပါဋလိပုတ်ပြည်သုံး ဘာသာ ဖြစ်သည်။ သို့ဖြစ်၍ ယင်းကို ပါဋလိဘာသာဟု ခေါ်ရာမှ တဖြည်းဖြည်း ရွေ့လျော၍ ပါလိ (ပါဠိ) ဘာသာ ဖြစ်လာသည်ဟု ကြံဆကြ၏။ အချို့ကလည်း “ပါဠိ” ဟူသော ပုဒ်သည် ဘုရားရှင်၏ စကားတော် အစဉ်အတန်းဟု အဓိပ္ပါယ်ရသော “ပင်္က္တိ” ဟူသော ပုဒ်မှ ဖြစ်လာသည်၊ ပင်္က္တိမှ တဖြည်းဖြည်း ရွေ့လျော၍ ပါဠိ ဖြစ်လာသည်ဟု ကြံကြပြန်သည်။ အချို့ ပဏ္ဍိတ်တို့ကမူ ဘုရားရှင် ဟောအပ်သော သုတ္တန်ဟု အဓိပ္ပါယ်ရသော “ဓမ္မပရိယာယ” ဟူသော ပုဒ်နှင့် အသောကမင်းကြီး၏ ကျောက်စာတို့၌ ပါသော “ဓံမပလိယာယ” ဟူသော ပုဒ်တို့ကို အထောက်အထားပြု၍ ပရိယာယမှ ပလိယာယ, ၎င်းမှ ပါလိယာယ ဖြစ်လာပြီး အတိုကြိုက် လူ့သဘာဝအတိုင်း နောက်အက္ခရာ နှစ်လုံးကို ဖြုတ်၍ ပါလိ(ပါဠိ)ဟု ခေါ်ဝေါ်ကြောင်း ကြံဆကြလေသည်။ ပုဒ်တို့ကို ဓာတ်ပစ္စည်းဖြင့် ပြီးစေခြင်းအတတ်၌ ပါရဂူဟု ဆိုထိုက်သော ဏွာဒိမောဂ္ဂလ္လာန်ဆရာကမူကား “အတ္ထံ ပါတိ ရက္ခတီတိ ပါဠိ၊ တန္တိ” ဟု ပါဠိကို ပါ-ဓာတ်, ဠိ-ပစ္စည်း ဖြင့် ပြီးစေလျက် အနက်ကို စောင့်ရှောက်တတ်သောကြောင့် ပါဠိ မည်သည်ဟု မိန့်ဆိုလေသည်။

ယင်းသို့ အနည်းနည်း အဖုံဖုံ ကွဲပြားလျက်ရှိကြရာ စိစစ်လေ့ရှိသော သာသနိကပုဂ္ဂိုလ် ပညာရှင်အားလုံးတို့ သဘောတူမျှနိုင်မည့် အနက်မှာကား အထက်၌ ပြခဲ့သော မူလပဏ္ဏာသ-ဋီကာ, အင်္ဂုတ္တိုရ်ဋီကာလာ ဝိဂြိုဟ်နှင့်အညီ “မြင့်မြတ်သော စကားတော်တို့၏ အစဉ်” ဟူသော အနက်ပင် ဖြစ်ပေမည်။ ဤ အယူအဆသည် ဒုတိယပြခဲ့သည့် အယူအဆနှင့် တူသယောင်ရှိသော်လည်း ထိုအယူ၌ ပင်္က္တိမှ ပါဠိ ဖြစ်လာသည်ဟု ကြံ၍ ဤနောက်ဆုံးဝါဒ၌ “ပါဠိ” ဟူသော သဒ္ဒါသည်ပင် “အစဉ်” ဟူသော အနက်ကို ဟောသည်ဟု ယူလိုပေသည်။ မှန်ပေသည်။ ပါဠိကာရက ရဟန်း ဟူသော စကား၌ကဲ့သို့ “ပါဠိ” ဟူသော စကားလုံးသည် ပင်ကိုယ်အတိုင်းပင် “အစဉ်” ဟူသော အနက်ကို ဟောစွမ်းနိုင်ပေသည်။

ထိုသို့ “ပါဠိ” ဟူသော စကားလုံးသည် ပြောဆိုသောဘာသာကို မဟောပဲ ဘုရား၏ စကားတော် ဟူသော အနက်ကိုသာ ဟောခဲ့သော် ပါဠိဘာသာ ဟူသော အသုံးအနှုန်း မည်သို့ ပေါ်ပေါက်လာသနည်းဟု မေးမြန်းဖွယ် ရှိပြန်သည်။ အဖြေကား - ပါဠိဟု ခေါ်သော ဘုရားစကားတော်တို့ကို မှတ်တမ်းတင်ရာဖြစ်၍ ယင်းတို့ကို ထိန်းသိမ်းစောင့်ရှောက်ထားသော မာဂဓဘာသာ ကိုပင် “ပါဠိ၏(ဝါ-ပါဠိနှင့်စပ်သော)ဘာသာ=ပါဠိဘာသာ” ဟု ခေါ်ရပေသည်။ အဋ္ဌကထာ, ဋီကာတို့၌ တွေ့ရသော ဘာသာကိုလည်း တွင်ပြီး အခေါ်အဝေါ်သို့ လိုက်၍ ပါဠိဘာသာဟုပင် ခေါ်ဆိုအပ်လေသည်။

ပါဠိဘာသာသည် ပြာကြိုဋ်ဘာသာတို့နှင့် တစိတ်တဒေသ တူညီမှုရှိသကဲ့သို့ သက္ကတဘာသာနှင့်လည်း တူညီမှုများ ရှိလေသည်။ သက္ကတဘာသာသည် ဝေဒိကသက္ကတ, နဝီန(နိမ္မိတ)-သက္ကတ ဟု ၂ မျိုး ရှိရာ ဝေဒိကသက္ကတဟူသည် ဣရု, ယဇု, သာမ, အထဗ္ဗဏ ဟူသော ဝေဒ ၄ ကျမ်းနှင့် ၎င်းတို့၏ အခြံအရံကျမ်းများ၌ အသုံးပြုသည့် ရှေးဟောင်းသက္ကတဘာသာ ဖြစ်သည်။ နဝီနသက္ကတဟူသည် ဣတိဟာသကျမ်း, ပုရာဏ်ကျမ်း, ကာဗျကျမ်း, နာဋကကျမ်း စသည်တို့၌ တွေ့ရသော နောက်ပေါ် သက္ကတဘာသာ ဖြစ်သည်။ ယင်း နောက်ပေါ်ဖြစ်သော ဘာသာကိုပင် မြန်မာပြန်၌ သက္ကတဘာသာဟု ခေါ်ဝေါ်ကြသည်။

၎င်းသက္ကတဘာသာ ၂ မျိုးတို့တွင် ဝေဒိကသက္ကတသည် မူလ အရင်းအမြစ် ဖြစ်ပြီး နဝီနသက္ကတမှာ ၎င်းဝေဒိကသက္ကတမှ ဆင်းသက်ရွေ့လျား ပေါက်ပွားလာသော ဘာသာဖြစ်ပေသည်။ ယင်း ဘာသာ ၂မျိုးလုံးသည်ပင် ဗြဟ္မဏ(ဟိန္ဒူ) သာသနာဝင်တို့အဖို့ ထူးမြတ်သော ဘာသာဖြစ်ပေသည်။ သို့သော် ရှေးဟောင်းဖြစ်သော ဝေဒိကသက္ကတကိုကား နဝီနသက္ကတထက် ပိုမို၍ အလေးပြုကြလေသည်။

၎င်းပြင် ဝေဒိကသက္ကတဘာသာတွင် နဝီနသက္ကတနှင့်မတူပဲ ပါဠိဘာသာနှင့် တူညီနေသည့် အချက်များစွာ ရှိသည်ကိုလည်း လေ့လာတွေ့ရှိရပေသည်။ ယင်း တူညီချက်တို့တွင် အနည်းငယ်ကို ထုတ်ပြရသော် -

ဝေဒိကသက္ကတတွင် သတ္တမီ(နာမ်)ဝိဘတ်ဖြင့် သုံးစွဲရမည့် နေရာ၌ ဆဋ္ဌီဝိဘတ်ဖြင့် သုံးစွဲခြင်း စသော ဝိဘတ္တိဝိပလ္လာသများ, ဧကဝုစ်ကြိယာဖြင့် သုံးစွဲရမည့်နေရာ၌ ဗဟုဝုစ်ကြိယာဖြင့် သုံးစွဲခြင်း စသော ဝစနဝိပလ္လာသများ, အတိတ်ကာလဖြင့် သုံးစွဲရမည့် နေရာ၌ ပစ္စုပ္ပန်ကာလဖြင့် သုံးစွဲခြင်း စသော ကာလဝိပလ္လာသများနှင့် ဝဏ္ဏတပါးကို အခြားဝဏ္ဏတပါး ပြုခြင်းစသော ဝဏ္ဏဝိပလ္လာသများနှင့် တကွ လိင်္ဂဝိပလ္လာသ စသည့် ဗျတ္တယတို့ကို တွေ့ရှိရသည်။ ပါဠိဘာသာ၌လည်း ထိုနည်းအတူပင် ဤ ဝိပလ္လာသများကို တွေ့ရှိရပေသည်။ နဝီနသက္ကတ ဘာသာ၌ကား ဤ ဝိပလ္လာသမျိုးကို တားမြစ်လို၍ပင် သက္ကတသဒ္ဒါကျမ်းများ ပေါ်ထွက်လာသည် ဖြစ်ရကား ဤသို့သော ဝိပလ္လာသမျိုးကို မတွေ့ရပေ။

နာမ်ပုဒ်တို့၏ အဆုံး၌ ‘ဂတာ သေ, ဓမ္မာ သေ’ စသည်တို့ကဲ့သို့ သေ-အက္ခရာ ဆုံးသော ပုံစံများ, ‘ဒေဝေဘိ’ စသော တတိယာဗဟုဝုစ်ပုံစံများ, ‘ပတိနာ’ စသော တတိယာဧကဝုစ်ပုံစံများကိုလည်း ဝေဒိကသက္ကတနှင့် ပါဠိဘာသာတို့၌ တူညီစွာ တွေ့ရ၍ နဝီနသက္ကတ၌ကား ယင်းပုံစံမျိုးကို မတွေ့ရပေ။

၎င်းပြင် ပါဠိဘာသာ၌ စတုတ္ထီဝိဘတ်နှင့် ဆဋ္ဌီဝိဘတ်တို့ဝယ် ရုပ် အတူတူရှိသကဲ့သို့ ဝေဒိကသက္ကတ၌လည်း စတုတ္ထီအရာ၌ ဆဋ္ဌီ, ဆဋ္ဌီအရာ၌ စတုတ္ထီဝိဘတ်ကို သုံးသော အရာများရှိရကား စတုတ္ထီရုပ်နှင့် ဆဋ္ဌီရုပ်တို့ တခုနှင့်တခု တူညီကြသည်ကိုလည်း အတော်များများ တွေ့ရပေသည်။ နဝီနသက္ကတ၌ကား စတုတ္ထီရုပ်နှင့် ဆဋ္ဌီရုပ်တို့မှာ တခုနှင့်တခု အလွန်ပင် ကွာခြားကြလေသည်။

အာချာတ်ပုဒ်တို့၌လည်း ဣစ္ဆတေ, ဒဒါတိ, မရတိ, ဟနတိ စသော ရုပ်တို့ကို ဝေဒိကသက္ကတနှင့် ပါဠိဘာသာတို့မှာသာ တွေ့ရပြီး နဝီနသက္ကသ၌ကား ၎င်းရုပ်မျိုးကို လုံးဝ မတွေ့ရပေ။

ဤသို့ စသည်ဖြင့် နဝီနသက္ကတနှင့် မတူပဲ ဝေဒိကသက္ကတနှင့်သာ ရုပ် အစီအရင် တူသော အချက်များစွာတို့ ပါဠိဘာသာမှာ ရှိလေသည်။ ဤအချက်ကပင်လျှင် ပါဠိဘာသာသည် နဝီနသက္ကတဘာသာထက် ရှေးကျကြောင်းကို ထင်ရှားစွာ ညွှန်ပြလျက် ရှိလေသည်။

ပြဆိုအပ်ခဲ့ပြီးသည့်အတိုင်း ဝေဒိကသက္ကတ၌ ပါဠိဘာသာနှင့် တူညီသောအချက် များစွာပင် ရှိသော်လည်း ဘုရားရှင်သည် မိမိ၏ စကားတော်ကို ဝေဒိကသက္ကတဘာသာသို့ ပြန်ဆို တင်ထားရန်ကိုကား ခွင့်ပြုတော် မမူခဲ့ပေ။

“ဘုရားစကားတော်ကို ဝေဒိကသက္ကတဘာသာသို့ မတင်အပ်၊ တင်သော သူအား ဒုက္ကဋ်အာပတ်သင့်စေ” ဟု ပယ်မြစ်တော်မူပြီးလျှင် “ဘုရားစကားတော်ကို မိမိဥစ္စာ မာဂဓဘာသာဖြင့် သင်ကြားကြစေ” ဟု ခွင့်ပြုတော်မူခဲ့လေသည်။

ပြဆိုခဲ့ပြီးသည့်အတိုင်း ဝေဒိကသက္ကတဘာသာ၌ ပါဠိဘာသာနှင့် တူညီသော အချက်များ ရှိသော်လည်း ဝေဒိကသက္ကတသည် ဥဒါတ္တအသံ, အနုဒါတ္တအသံ, သွရိတအသံ, ဇိဝါမူလီယအသံ, ဥပဓ္မာနီယအသံ-စသော ရှည် တို နိမ့် မြင့် အသံတို့ဖြင့် ခက်ခဲစွာ ရွတ်ဖတ်ရလျက် အနက်အဓိပ္ပါယ်လည်း ကွယ်ဝှက်သဖြင့် ပါဠိဘာသာကဲ့သို့ လွယ်ကူခြင်းမရှိ။ ထိုခေတ်က အားလပ်ချိန်များစွာရှိ၍ အထက်တန်းစားဖြစ်သည့် ဗြဟ္မဏဇာတ်ဝင်တို့သာ သင်ယူလေ့လာတတ်မြောက်နိုင်သော ဘာသာမျိုးဖြစ်၏။ ဘုရားရှင်၏ ရည်ရွယ်တော်မူချက် မှာလည်း မဇ္ဈိမပဋိပဒါဟူသော သာသနာ့လမ်းစဉ်ကို လူတိုင်းနားလည်၍ တရားတော် အရသာကို စားသုံးစေလိုသည်ဖြစ်ရကား ဗြဟ္မဏဇာတ်ဝင်တို့သာ သင်ကြား တတ်မြောက် နိုင်သည့် ဝေဒိကသက္ကတဘာသာသို့ ပြန်ဆိုတင်ထားခြင်းကို တားမြစ်တော်မူရလေသည်။ မှန်ပေ၏။ ဘုရားရှင်၏ တရားတော်သည် အထက်တန်းစား လူတစ်စုအတွက်သာ မဟုတ်ပဲ, အထက်တန်း အောက်တန်းမရွေး သတ္တဝါအားလုံးအတွက် ဖြစ်ရကား လူတစုအတွက်သာ ရည်ရွယ်၍ တောင်းဆိုအပ်သော “ဘုရားစကားတော်ကို ဝေဒိကသက္ကတသို့ တင်ရန်” ဟူသော အဆိုကို ပယ်ချတော်မူခဲ့ခြင်း ဖြစ်ပေသည်။

ပါဠိစာပေ

ပါဠိစာပေသည် အလွန်ကျယ်ဝန်းသော စာပေကြီးတရပ် ဖြစ်ရကား ၎င်း၏ သမိုင်းကို ဤနိဒါန်း၌ အကျယ်ရေးသားရန် မဖြစ်နိုင်ပေ၊ အရေးကြီးသည့် အစိတ်အပိုင်းလောက်ကိုသာ ကျဉ်းချုံးမျှ ရေးသား ဖော်ပြလိုပေသည်။

“ပါဠိစာပေ” ဟူသည် စကားဖြင့် ပါဠိဘာသာ ဝါ-မာဂဓဘာသာဖြင့် ရေးသားထားသမျှသော စာပေအားလုံးကိုပင် ဆိုလိုပေသည်၊ သို့ရာတွင် ပါဠိနှင့် တိုင်းရင်းဘာသာ ရောစပ်၍ ရေးသားအပ်သည့် နိသျကဲ့သို့သော ကျမ်းစာမျိုးနှင့် ပါဠိပိဋကကို အမှီပြု၍ တိုင်းရင်းဘာသာဖြင့် ရေးသားအပ်သည့် ကျမ်းဂန်မျိုးတို့ကိုလည်း ပါဠိစာပေ၌ပင် ထည့်သွင်းရေတွက် အပ်ပေသည်။

ပါဠိစာပေ၌ အကျုံးဝင်သော ကျမ်းဂန်မျာကို အမျိုးအစားအားဖြင့် ခွဲဝေလျှင် ပါဠိတော်, အဋ္ဌကထာ, ဋီကာ, အနု, မဓု, လက်သန်း, ဂဏ္ဌိ, ယောဇနာ, ဒီပနီ, နိသျ, အရကောက် စသည်ဖြင့် များစွာရှိ၏။

ထိုတွင် ပါဠိတော် ဟူသည်မှာ မြတ်စွာဘုရားရှင် သာမုက္ကံသိကဒေသနာ အဖြစ်ဖြင့် ဟောတော်မူအပ်သော တရားတော်များနှင့် သာဝက စသည်တို့ ဟောသော တရားတော်များကို ပြသော စကားရပ်တို့ကို ဆိုလိုပေသည်။

အဋ္ဌကထာ ဟူသည်မှာ ပါဠိတော်၏ အနက် အဓိပ္ပါယ်ကို ဖွင့်ပြသောကျမ်း ဖြစ်လေသည်။ ဤကျမ်းမျိုးတွင် ပါဠိတော်၏ ပုဒ်နက်ကိုသာ မကပဲ ပါဠိတော်နှင့် စပ်သွယ်၍ သိသင့်သိထိုက်သော ခက်ခဲနက်နဲသည့် အဆုံးအဖြတ်များ, ဥဒါဟရုဏ် ပုံပြင်သက်သေများကိုပါ ထည့်သွင်း၍ ဖွင့်ပသည်ကို တွေ့ရှိရပေသည်။ များသောအားဖြင့် ဤကျမ်းတို့သည် ကျမ်းဦးအစ၌ အကျယ်တဝင့် ဖွင့်ဆိုပြီး နောက်အပိုင်းတို့၌မူကား ဂန္ထဂရုဒေါသကို ပယ်ရှားလျက် အသိခက်သော အရာများကိုသာ် ဖွင့်ဆိုကြလေသည်။

ဋီကာ ဟူသည်မှာ အဋ္ဌကထာကိုပင် ဖွင့်ပြသောကျမ်း ဖြစ်လေသည်။ ယင်းကား အဋ္ဌကထာဖွင့်နည်းမျိုးကိုပင် အတုယူ၍ ဖွင့်ပြသောကျမ်း ဖြစ်လေရာ ၎င်းတွင် အဋ္ဌကထာ၌ အသိခက်သော အရာများကို ဖွင့်ပြခြင်း, တိမ်မြုပ်သော အဓိပ္ပါယ်တို့ကို ပေါ်လွင်စေခြင်း, အချို့အရာတို့၌ အဋ္ဌကထာလာ အယူအဆတို့ကို ဝေဖန်ိစစစ်ခြင်း စသည်များကိုပါ တွေ့ရှိနိုင်ပါသည်။

အနုဋီကာ ဟူသည်မှာကား ဋီကာကိုပင် ထပ်ဆင့်၍ ဖွင့်ပြသောကျမ်း ဖြစ်ပေသည်။ ပါဠိစာပေတွင် ကျမ်းအမျိုးအစား တခုအနေဖြင့် အသိများသော်လည်း အမှန်မှာ အဘိဓမ္မာ မူလဋီကာ၏ အဖွင့်တကျမ်းကိုသာ အနုဋီကာဟု ခေါ်အပ်လေသည်။

မဓု ဟူသည်မှာ ဋီကာရင်းဖြင့် အနက်အဓိပ္ပါယ်မကုန်၍ ကြွင်းကျန်သည်ကို၎င်း, မသိသာသည်ကို၎င်း ကုန်စင်သိသာအောင် ဋီကာရင်းနှင့် ပေါင်း၍ပြသော ကျမ်းမျိုး ဖြစ်လေသည်။ ယင်းသို့ ပြသည်ဖြစ်၍ သိသာမြန်မြတ်လှသောကြောင့် ၎င်းကျမ်းမျိုးကို မဓုဒီပနီဟု ခေါ်လေသည်။

လက်သန်း ဆိုသည်မှာကား ပါဠိတော်, အဋ္ဌကထာ စသည်တို့၌လာသော အနက်အဓိပ္ပါယ်တို့ကို မှတ်သား ဆောင်လွယ်စေရန် အကျဉ်းအားဖြင့် ရေးသားအပ်သည့် ကျမ်းငယ်မျိုး ဖြစ်ပေသည်။ လက်သန်းသည် လက်ချောင်းတို့တွင် အငယ်ဆုံးဖြစ်သကဲ့သို့ လက်ညှိုးလက်မအလား ကြီးမားသော အဋ္ဌကထာ, ဋီကာကျမ်းများကို ထောက်ဆ၍ လက်သန်းကျမ်းဟု ခေါ်ဆိုရခြင်းဖြစ်ပေသည်။ အချို့ကလည်း အကျဉ်းချုပ် အမြွက်မျှသာ မှတ်၍ပြသော ကျမ်းဖြစ်၍ လက္ခဏကျမ်း, ယင်းမှ လက္ချဏ်း, ယင်းမှတဖန် လက်သန်း ဖြစ်လာသည်ဟုလည်း ဆိုကြသည်။ ၎င်းလက်သန်းကျမ်းသည်လည်း လက်သန်းအဋ္ဌကထာ, လက်သန်းဋီကာဟု ရှိပြန်သည်။

ဂဏ္ဌိ ဟူသည်မှာ အဋ္ဌကထာစသည်တို့ကဲ့သို့ ပုဒ်စဉ်ပါဌ်လျှောက်မဖွင့်ဆိုပဲ တိမ်မြုပ်ခဲကပ် အသိကြပ်၍ အဆစ်အဖုသဖွယ်ဖြစ်သည့် ခဲရာခဲဆစ် ပုဒ်, ပါဌ်, အဓိပ္ပါယ်လောက်ကိုသာ ဖွင့်ပြသည့် နက်နဲသောဉာဏ်၏ ကျက်စားရာကျမ်းမျိုး ဖြစ်ပေသည်။

ယောဇနာ ဟူသည်မှာ အဋ္ဌကထာ စသည်တို့၏ အနက်ကို လွယ်ကူသောနည်းဖြင့် ဖွင့်ပြသော ကျမ်းမျိုး ဖြစ်သည်။ ဤကျမ်းမျိုးတို့တွင် အကျယ်တဝင့် ဖွင့်ဆိုချက်များကို များစွာမတွေ့ရပဲ အဋ္ဌကထာစသည်၏ ပုဒ်နက်, ဝါကျနက် စသည်ကိုသာ ဖွင့်ပြသည်များကို တွေ့ရှိရပေသည်။

ဒီပနီ ဟူသည်မှာလည်း အနက်အဓိပ္ပါယ်ကို ထင်ရှားစွာ ဖွင့်ပြသောကျမ်းမျိုး ဖြစ်ပေသည်။ ဤကျမ်းမျိုးမှာ အချို့အရာ၌ အကြောင်းအရာ တခုတည်းကိုပင် အကျယ်တဝင့် ဖွင့်ဆိုရေးသားသောကျမ်းဖြစ်၍ အချို့အရာ၌ကား ဋီကာတို့ကဲ့သို့ ဖွင့်ပြသောကျမ်း ဖြစ်ပေသည်။

နိသျ (နိဿယ) ဟူသည်မှာကား ပါဠိတော် စသည်တို့ကို ပါဠိတပုဒ်, မြန်မာတပုဒ် ပြန်နည်းအားဖြင့် အနက်မြန်မာပြန်သော ကျမ်းမျိုးဖြစ်ပေသည်။ ဤကျမ်းမျိုးတို့တွင် အနက်မြန်မာပြန်သာမကပဲ ဆိုင်ရာဆိုင်ရာ အမှာအထား အဆုံးအဖြတ်များကိုပါ တွေ့ရှိနိုင်သည်ဖြစ်၍ ပါဠိကျမ်းဂန်တို့ကို လေ့လာရာတွင် အားကိုးအားထား အပြုရဆုံးကျမ်းမျိုး ဖြစ်လေသည်။ ထို့ကြောင့်လည်း ဤကျမ်းမျိုးကို "နိသျ (နိဿယ) = မှီရာ, အားကိုးရာ ကျမ်း” ဟု ခေါ်ဆိုရခြင်း ဖြစ်ပေသည်။

အရကောက် ဟူသည်မှာ ပါဠိတော်စသည်တို့တွင် ပါရှိသည့် တပုဒ်တပုဒ်စီဖြစ်စေ, စာပိုဒ်တပိုဒ်တပိုဒ်စီဖြစ်စေ ရသင့်ရထိုက်သော တရားများကို ကောက်၍ ပြသော ကျမ်းမျိုး ဖြစ်ပေသည်။ အထူးသဖြင့် အဘိဓမ္မာဆိုင်ရာတွင် ဤကျမ်းတို့သည် ကျေးဇူးအများဆုံးပြုသောကျမ်းတို့ ဖြစ်ပေသည်။ ဤအရကောက်ကျမ်းများမရှိလျှင် အဘိဓမ္မာပါဠိတော်တို့သို့ သက်ဝင်ခြင်းငှါပင် မလွယ်ကူပေ။

အထက်ပါတို့တွင် ပါဠိတော်စာပေသည် ပါဠိဘာသာ ဝါ-မာဂဓဘာသာကို သာမုက္ကံသိက ဒေသနာတော်အဖြစ် ဘုရားရှင် အသုံးပြု ဟောကြားသည့် အချိန်ကစ၍ ဖြစ်ပေါ်ခဲ့ပြီး အခါသင့် အခွင့်သာတိုင်း ဟောကြားခြင်းအားဖြင့် တစတစ အဆင့်ဆင့် တိုးပွားပြန့်ကျယ်လာခဲ့ပေသည်။ ယင်း သာမုက္ကံသိက ဒေသနာတော်အားလုံးကို ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အခါက အရှင်အာနန္ဒာ တပါးတည်းသာ အနက်အဓိပ္ပါယ်နှင့်တကွ ကြွင်းမဲ့ဥဿုံ အာဂုံဆောင်ခဲ့ပေသည်။ အခြားသော မထေရ်တို့တွင်ကား အချို့က ပိဋကတပုံကိုသော်၎င်း, အချို့က နိကာယ်တရပ်ကိုသော်၎င်း မိမိတို့ စွမ်းအားရှိသမျှ အနက်အဓိပ္ပါယ်နှင့်တကွ အာဂုံဆောင်ခဲ့ကြ သည်။

သို့ရာတွင် ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူပြီးနောက် ၃ လခန့်အကြာတွင် အရှင်မဟာကဿပ အမှူးရှိသော ရဟန္တာမထေရ် ၅၀၀ တို့ ပဌမသင်္ဂါယနာတင်ပွဲကို ဆင်နွဲခဲ့ကြလေရာ ၎င်းပဌမသင်္ဂါယနာတင်ပွဲအပြီးတွင် မြတ်စွာဘုရား၏ သာမုက္ကံသိက ဒေသနာတော်များ မပျက်မစီး အရှည်တည်တံ့စိမ့်သောငှါ ရဟန္တာမထေရ်တို့သည် အစုလိုက်ခွဲဝေ၍ တာဝန်ယူပြီးလျှင် တရားတော်များကို နှုတ်တက်အာဂုံ ဆောင်တော်မူခဲ့ကြပေသည်။

ထိုသို့ တာဝန်ယူကြရာတွင် အရှင်ဥပါလိနှင့် တပည့်တို့အား ဝိနည်းပိဋကကို၎င်း, အရှင်အာနန္ဒာနှင့် တပည့်တို့အား ဒိဃနိကာယ်ကို၎င်း, အရှင်သာရိပုတြာ၏တပည့်တို့အား မဇ္ဈိမနိကာယ်ကို၎င်း, အရှင်မဟာကဿပနှင့် တပည့်တို့အား သံယုတ္တနိကာယ်ကို၎င်း, အရှင်အနုရုဒ္ဓါနှင့် တပည့်တို့အား အင်္ဂုတ္တရနိကာယ်ကို၎င်း အသီးအသီး တာဝန်ခွဲဝေ ပေးကြောင်းကို သီလက္ခန်အဋ္ဌကထာတွင် မိန့်ဆိုလျက်ရှိလေသည်။

ယင်းသို့ မထေရ်တို့ အဆက်ဆက်ဆောင်ယူခဲ့ကြရာ ပါဠိတော်၏ အနက်အဓိပ္ပါယ်ကို ဖွင်ပြသော ကျမ်းများ လိုအပ်လာ၍ ပါဠိတော်၏ အဖွင့်ဖြစ်သည့် အဋ္ဌကထာ ခေါ် ကျမ်းများ, တဖန် အဋ္ဌကထာ၏ အဖွင့်ဖြစ်သည့် ဋီကာ ခေါ် ကျမ်းများပါ ပေါ်ပေါက်လာခဲ့ပြန်သည်။

ထိုတွင် ဘုရားရှင်ကိုယ်တော်တိုင် ဟောတော်မူခဲ့သော တရားတော်များကို၎င်း, ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်နှင့် ဘုရားရှင်ပရိနိဗ္ဗာန်စံတော်မူပြီးမှ ထိုထိုသာဝကတို့ဟောသည့် တရားများကို၎င်း ပါဠိတော်ဟူ၍ ခေါ်ရပေသည်။ ၎င်းပါဠိတော်များကား ဆဋ္ဌသင်္ဂါယနာတင်မူအရ စာအုပ်ရေ ၄၀ ရှိလေသည်။

ထိုအုပ်ရေ ၄၀ ရှိသော ပါဠိတော်သည် -

ရသ အားဖြင့် - ၁ မျိုး

ဓမ္မဝိနယ အားဖြင့် - ၂ မျိုး

ဝစန အားဖြင့် - ၃ မျိုး

ထို့အတူ

ပိဋကအားဖြင့် - ၃ မျိုး

နိကာယ်အားဖြင့် - ၅ မျိုး

ဓမ္မက္ခန္ဓာအားဖြင့် ၈၄၀၀၀ ရှိလေသည်။

၎င်းတို့တွင် ရသ အားဖြင့် ၁ မျိုးဟူသည်မှာ ဗောဓိပင်နှင့် ရွှေပလ္လင်ကို အောင်မြင်တော်မူ၍ သမ္မာသမ္ဗုဒ္ဓဘုရားအဖြစ်သို့ ရောက်တော်မူသည်မှ အစပြုလျက် ပရိနိဗ္ဗာန်စံဝင်တော်မူသည့် တိုင်အောင် ၄၅ ဝါပတ်လုံး နတ်လူဗြဟ္မာ သတ္တဝါတို့အား ဟောညွှန်ပြသ ဆုံးမတော်မူသော တရားတော် ဟူသမျှသည် ဝိမုတ္တိရသ တမျိုးတည်းသာ ဖြစ်ပေသည်။ ဆိုလိုသည်မှာ ဘုရားရှင်ဟောတော်မူခဲ့သမျှ တရားတော်တို့သည် ကိလေသာတို့မှလွတ်သော အရဟတ္တဖိုလ်ချမ်းသာကို ရွက်ဆောင်ခြင်းအားဖြင့်, သို့မဟုတ် ကိလေသာတို့မှ လွတ်သော မဂ်ဖိုလ်ကို ဖြစ်စေ ပြီးစေခြင်းကိစ္စအားဖြင့် ရေတွက်လျှင် ဝိမုတ္တိရသ တမျိုးတည်းသာ ဖြစ်သည်ဟု ဆိုလိုပေသည်။

ယင်းတမျိုးတည်းကိုပင် ဓမ္မ, ဝိနယ အားဖြင့် တဖန်ခွဲသော် ၂ မျိုး ဖြစ်ပြန်သည်။ ဘုရားရှင်၏ စကားတော်အားလုံးသည်ပင် ကိလေသာတိုကို ပယ်ဖျောက်တတ်သောကြောင့် ဝိနယလည်း မည်သည်၊ ဆုံးမသည့်အတိုင်း ကျင့်ကြံလိုက်နာသူတို့ကို အပါယ်စသော ဘေးဒုက္ခတို့သို့ မကျအောင် ဆောင်ထားတတ်သောကြောင့် ဓမ္မလည်း မည်တော့သည်။ သို့ မည်သော်လည်း ဤဓမ္မဝိနယအခွဲ၌ကား ဝတ္တိစ္ဆာအားဖြင့် ဝိနည်းပိဋကကို ဝိနယဟုခေါ်၍ ဝိနည်းမှကြွင်းသမျှ ဘုရားစကားတော်တို့ကို ဓမ္မဟုခေါ်ရပေသည်။ တနည်းလည်း ဝိနည်းသည် ပရိယတ်ပင်ဖြစ်၍ ဓမ္မမည်သည်ပင်ဖြစ်၏။ သို့သော်လည်း ဓမ္မဝိနယဟု ယှဉ်တွဲ၍ သုံးစွဲသောအခါ “ယှဉ်ဖက်၏အနက်ကို ချန်၍ယူရသောနည်း”ဖြင့် ဓမ္မအရ ဝိနည်းမဟုတ်သော ဘုရားစကားတော်ကိုသာ ယူ၍ ဝိနယအရ ဝိနည်းတရားတော်ကို ယူရပေသည်။

တဖန် ဝစနအားဖြင့် ခွဲဝေသော် ပဌမဗုဒ္ဓဝစန, မဇ္ဈိမဗုဒ္ဓဝစန, ပစ္ဆိမဗုဒ္ဓဝစန ဟူ၍ ၃ မျိုး ဖြစ်ပြီးလျှင် ပိဋကအားဖြင့် ခွဲဝေသော် ဝိနည်းပိဋက, သုတ္တန်ပိဋက, အဘိဓမ္မာပိဋက ဟု ၃ မျိုး ဖြစ်ပြန်သည်။

ယင်း ပိဋကတ် ၃ ပုံကိုပင် နိကာယ်အားဖြင့် ရေတွက်သောအခါ သုတ္တန်ပိဋကသည် ဆိုခဲ့ပြီး နိကာယ် ၅ ရပ်၌ အကျုံးဝင်၍ ဝိနည်းပိဋနှင့် အဘိဓမ္မာပိဋကတို့သည် ခုဒ္ဒကနိကာယ်၌ အကျုံးဝင်ကြသည်။

ဤသို့လျှင် သာမုက္ကံသိက ဟူသော ဗုဒ္ဓဝစနကိုပင် ရသအားဖြင့် ၁ မျိုး, ဓမ္မဝိနယအားဖြင့် ၂ မျိုး, ဝစနအားဖြင့် ၃ မျိုး, ထို့အတူ ပိဋကအားဖြင့် ၃ မျိုး, နိကာယ်အားဖြင့် ၅ မျိုး, ဓမ္မက္ခန္ဓာအားဖြင့် ၈၄၀၀၀ ဟူ၍ ပဌမသင်္ဂါယနာတင်ပွဲ၌ အရှင်မဟာကဿပ အမှူးရှိသော ငါးရာသော ရဟန္တာထေရ်အရှင်တို့ အသီးအသီး ပိုင်းခြား သတ်မှတ်၍ သင်္ဂါယနာတင်တော်မူခဲ့ကြခြင်း ဖြစ်ပေသည်။

++++++++

ဓမ္မက္ခန္ဓာ ရေတွက်နည်းကို ဒိ၊ဋ္ဌ၊၁။၂၅ နှင့် ၎င်းဋီတို့မှာ ကြည့်။ ဝိနည်းပိဋက၌ ဓမ္မက္ခန္ဓာ ၂၁၀၀၀, သုတ္တန်ပိဋက၌ ဓမ္မက္ခန္ဓာ ၂၁၀၀၀, အဘိဓမ္မာပိဋက၌ ဓမ္မက္ခန္ဓာ ၄၂၀၀၀ ရှိကြောင်းကိုလည်း ထိုထိုကျမ်းငယ်တို့၌ ဆိုကြသည်။ ပိဋကတ်တော်သမိုင်း (နှာ ၂၀၈-၉)ကြည့်၊ ဤဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင် ဟူသော စကားလည်း အထက်ပါ ဒွါသီတိံ - စသော ဂါထာ အရသာ ပြဆိုခြင်း ဖြစ်သည်၊ ကထာ - ဝတ္ထု, မဓုရသုတ် စသော နောက်ပေါ်ကျမ်းများကိုပါ ထည့်သွင်း ရေတွက်လျှင် ရှစ်သောင်းလေးထောင်ထက်ပင် ပိုသေးသည်။ (ဧဝံ ပရိဒီပိတဓမ္မက္ခန္ဓဝသေနာတိ) ဣမိနာ ဧဝံ တေန အပရိဒီပိတာပိ ဓမ္မက္ခန္ဓာ သန္တီတိ ပကာသေတိ၊ တသ္မာ ကထာဝတ္ထုပကရဏမာဓုရိယသုတ္တာဒီနံ ဝိမာနဝတ္ထာဒီသု ကေသဉ္စိ ဂါထာနဉ္ဇ ဝသေန စတုရာသီတိသဟဿတောပိ ဓမ္မက္ခန္ဓာနံ အဓိကတာ ဝေဒိတဗ္ဗာ။ (သီ၊ ဋီ၊ သစ်၊၁။၁၃၃။)

++++++++++++

မြန်မာနိုင်ငံ၏ပါဠိစာပေသမိုင်း

မြန်မာနိုင်ငံ ပါဠိစာပေခေတ်ကို လေ့လာရာ၌ မြန်မာနိုင်ငံသို့ ဗုဒ္ဓသာသနာ မည်သည့်အချိန် လောက်က ရောက်ရှိလာသည်ကို ထည့်သွင်းစဉ်းစားရပေမည်။

မြန်မာနိုင်ငံ၌ ပါဠိစာပေ တည်ရှိမှုသည် အိန္ဒိယပါဠိစာပေကြောင့် ဖြစ်ရသည်။

အေဒီ၁၁ရာစုသည်မြန်မာနိုင်ငံ၏ပါဠိစာပေ စတင်သောခေတ်အဖြစ် သမိုင်းသုတေသီများ လက်ခံအတည်ပြုထားကြသည်။ ထိုထက် စောသော အထောက်အထားများကိုကား မတွေ့ရသေးချေ၊ မြန်မာတို့သည် အိမ်နီးချင်း တလိုင်းခေါ်မွန်များဆီမှပါဠိစာပေနှင့် ဗုဒ္ဓဘာသာကိုလက်ခံရရှိခဲ့သည်။ ပါမောက္ခပီတာစကီလင်းကမူ ပျူဒေသ သရေခေတ္တရာ မြို့ဟောင်းနှင့် မွန်ဒေသဒွါရာဝတီ တို့တွင်တွေ့ရှိသော ကျောက်စာအထောက်အထားအရ အေဒီ ၆ရာစု ၇ ရာစုကတည်းက မြန်မာပြည်သို့ ဗုဒ္ဓဘာသာရောက်ရှိပြီးဖြစ်ကြောင်း သက်သေထူသည်။ ထိုတွေ့ရှိသော ကျောက်စာ များသည်လည်း အိန္ဒိယအရှေ့ပိုင် ပလဝ အက္ခရာများ ဖြစ်သောကြောင်းအေဒီငါး ၊ ခြောက်ရာစု ဟုသတ်မှတ်ကြသည်၊ ထို့အပြင်ပီတာစကီလင်း အဆိုအရ အရှေ့တောင်အာရှသို့ ပထမဆုံး ရောက်ရှိ လာသော ဗုဒ္ဓဘာသာမှာ ထေရဝါဒသာဖြစ်သည်ဟုမှတ်ချက်ပြုသည် အဘယ်ကြောင်းဆိုသော်. သရေခေတ္တရာနှင့်ဒွါရာဝတီ ကျောက်စာတို့တွင်ရေးထိုးထားသော စာပေမှာပါဠိအက္ခရာ ဖြစ်သောကြောင့်တည်း ဒုတိယရာစုနှစ်တစ်ဝက်တွင် ဂိုဏ်းကွဲလေးခု ပြန့်နှံလာကြောင်း ထိုဂိုဏ်းတို့တွင်။

၁ ။မူလသာဝတ္ထီဝါဒ

၂။ သာမိတ္တိယဂိုဏ်း

၃။ မဟာသံဃိက

၄။သတ္ထဝီရ တို့ဖြစ်သည် ၊ ထို့ကြောင့် ပါမောက္ခပီတာစကီးလင်း ဆုံးဖြတ်ချက်ချသည်မှာ အထက်ပါဂိုဏ်းတို့တွင် ထေရဝါဒမှလွဲ၍ တစ်ခြားဂိုဏ်းများ ပါဠိဘာသာကို မသုံးကြောင်း ဆုံးဖြတ်ချက်ချထားသည်။(မှတ်ချက် သတ္ထဝီရ ဂိုဏ်းမှာထေရဝါဒ၏ အနွယ်ဖြစ်သည်) သို့သော်လည်း Mabel Haynes Bode ၏ the pali literature in Burma စာအုပ်တွင် ဖော်ပြထားပုံမှာ -

It was certainly no in the upper valley of the Irrawaddy that the Pali Literature of Burma had its origin.

မြန်မာနိုင်ငံပါဠိစာပေ၏မူလအရင်းအမြစ်သည် ဧရာဝတီမြစ်ဝန်းအထက်ပိုင်း မဟုတ်သည်မှာ သေချာသည်။

The tradition that no less than three out of the nine mission sent out by Asoka went to Upper Burma in the third century B.C. Look like a piece of the national pride that is so inventive in these matters, and can only be quoted as an ‘uncorroborated legend.

အသောကမင်းစေလွှတ်လိုက်သော သာသနာပြုအဖွဲ့ကိုးခုအနက် သုံးဖွဲ့ထက်မနည်း သည်ဘီစီသုံးရာစုတွင် အထက်မြန်မာနိုင်ငံသို့သွားခဲ့သည်ဆိုသော အစဉ်အလာအဆိုသည် ၊ အမျိုးသားရေဂုဏ်သိက္ခာအတွက် တီထွင်ထားသော အစိတ်အပိုင်း ဖြစ်ပုံရပြီး မခိုင်လုံသောဒဏ္ဍာရီသမိုင်းပုံပြင်အနေဖြင့်သာကိုးကားနိုင်မည်ဖြစ်သည်ဟုဖော်ပြထားသည်။

ကျွန်ုပ်တို့အနေဖြင့် ပါဠိစာပေသမိုင်းအတွက် ခိုင်လုံသည့် အစမှတ်ကို ရှာဖွေရမည် ဖြစ်ပြီး ယင်းမှာ အေဒီ ဆယ့်တစ်ရာစု ဖြစ်သည်။ ထိုအချိန်၌ ပါဠိစာပေကို တလိုင်း ဆရာအရှင်တို့က အထက်မြန်မာနိုင်ငံသို့ ဆောင်ယူခဲ့သည်။ ရာမညဒေသ၌ အင်အားကောင်းသော ဗုဒ္ဓဘာသာ အသိုင်းအဝိုင်း တည်ရှိမှုသည် ထိုကာလမတိုင်မီ အလွန်ရှေးကျသည့် ကာလကပင် ဖြစ်သည်မှာ အလွန် ဖြစ်နိုင်သည်။ အသောကမင်း သာသနာပြု စေလွှတ်အချိန်က စစ်တကောင်းမှသည် ရေလက်ကြားဒေသထိ (Forcchhammer အဆို) တလိုင်းနယ်မြေ၌ အိန္ဒိယ ကိုလိုနီများ ထွန်းကား နေပြီ ဖြစ်ကြောင်း ယူဆရသည်။ သို့ဖြစ်မူ ရှေးဦး ဗုဒ္ဓသာသနာပြုပုဂ္ဂိလု်များသည် ဗုဒ္ဓဂေါတမ၏ တရားဓမ္မများကို အိန္ဒိယ ဘာသာတရား နှင့် ယဉ်ကျေးမှုထုံးစံများကို ဌာနေ (တည်ရှိပြီး အယူအဆ) အဖြစ် ကြိုတင် လက်ခံထားနှင့်ပြီဖြစ်သော နိုင်ငံခြားတိုင်းပြည်တစ်ခုသို့ ဆောင်ယူခဲ့လျက် ၎င်းသာသနာပြုတို့အား ဆန့်ကျင်သည်ဖြစ်စေ၊ လက်ခံသည်ဖြစ်စေ ယင်းတို့အား နားလည်နိုင်ခဲ့ပြီး မကြာမီ ဗုဒ္ဓဓမ္မ ပြန့်နှံ့သွားခဲ့ကြောင်း ဆိုနိုင်သည်။

သို့သော် ပညာရှင်အများစု သဘောတွေ့သည်မှာ ရှေ့ဦးစွာ မွန်ဒေသသို့ ဗုဒ္ဓသာသနာစတင်ရောက်ရှိလာပုံမှာ။ သီရိဓမ္မာသောကမင်း၏ ကိုးတိုင်းကိုယ်ဌာနသို့ စေလွှတ်သော သာသနာပြု အဖွဲ့များထဲမှ အရှင်သောဏနှင့် ဥတ္တရမထေရ်တို့သည် သုဝဏဘူမိခေါ်သော မွန်ဒေသသို့ရောက်ရှိလာကြသည်၊ ထိုမထေရ်များပထမဆုံး ဆောင်ရွတ်သော ဘာသာရေးဆောင်ရွတ်မှု့မှာ ပရိတ်တော်ဖြင့် ဘီးလူးအန္တရာက်ကို တားမြစ်ခြင်းပင်ဖြစ်ပါသည်။ ထိုမထေရ်များမှ ဆက်သက်၍ ရာမညဒေသတွင် ဗုဒ္ဓဘာသာ စတင်လာကြောင်း သိရသည်။ ထိုမှတစ်ဆင့် စာပေများ ဖြစ်ထွန်းတိုးတက်လာကြောင်း ယဉ်ကျေးမှု့များထွန်းကားလာကြောင်းသိရသည်။ ပုဂံဘုရင် အနော်ရထာသည် မွန်ဒေသမှ ရောက်ရှိလာသော အရှင်အရဟံကို အကြောင်းပြု၍ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သော ဘုရင်တစ်ပါးဖြစ်လာပြီး မိမိနိုင်ငံတော်တွင်လည်း ဗုဒ္ဓ၏တရားတော်များကို တစ်နိုင်ငံလုံးထိ ပြန့်ပွါးစေလိုသော ဆန္ဒရှိခဲ့သည်ထို့ကြောင်းပင် ၊မွန်ဒေသမှပိဋကတ်တော်များကိုပင့်ဆောင်ရန် တောင်းဆိုသောအခါ မွန်ဘုရင် မနုဟာ ၏ မခြေမငံဆက်ဆံမှု့ကြောင်း နှစ်နိုင်ငံအင်အားသုံးကာ စစ်တိုက်၍ယူခဲ့ရသည့်အထိဖြစ်ခဲ့သည်၊ အမှန်အားဖြင့် ထိုအချိန်တွင် ပုဂံဒေသ၌ မိစ္ဆာအယူဝါဒများလွှမ်းမိုးနေချိန်ဖြစ်သောကြောင်း မနုဟာမင်းမှ မိစ္ဆာဒိဠိနှင့် ပိဋကတ်တော် တန်သလားဟုပြောဆိုဆက်ဆံမှု့ကြောင်း စစ်တိုက်ကာယူရသည့်အထိဖြစ်ပွါးခဲ့ ရဟုဆိုသည် ၊ သို့သော် ဤနေရာ၌ ဒေါက်တာမာဘယ် မှတ်ချက်ပြုထားသည်မှာ အနော်ရထာမင်း နိုင်ငံတော်တွင် ဗုဒ္ဓဘာသာမစင်ကြည်သေးသောကြောင်း စင်ကြည်အောင်လုပ်ရန် လိုသေးကြောင်း ဖော်ပြခြင်းဖြစ်ဟန်ရှိသည်ဟုဆိုထားသည်၊ မည်သို့ဆိုစေ မွန်တို့သည်လည်း ဗုဒ္ဓဘာသာတမန်တော်မဖြစ်လိုဘဲဖြစ်ခဲ့ရသည် ထိုအချိန်မှစ၍ မွန်ပညာရှိများနှင့် အဖိုးတန်သောအရာများ အားလုံး ယဉ်ကျေးမှု့အမွေအနှစ်များ အားလုံး ပုဂံကိုအတင်းအကျပ် ယူဆောင်ခြင်းခံရတော့သည်။ ထိုမွန်ဆရာများမှတစ်ဆင့်ပုဂံတွင် ဗုဒ္ဓဘာသာ စတင်ထွန်းကား လာသည် ယဉ်ကျေးမှု့စာပေများလည်းထွန်းကားလာခဲ့သည်ထို့ကြောင်းမြန်မာများအနေဖြင့် မွန်တို့ကိုကျေးဇူးတင်ရမည်မှာသေချာသည်။ မိမိတို့ထက်ရှေ့ကျသော အထူးသဖြင့်ဗုဒ္ဓဘာသာ နှင့် ယဉ်ကျေးမှု့ စာပေ များကိုတစ်ဆင့် ရရှိလိုက်သောကြောင်းမွန်လူမျိုးတို့သည်မြန်မာများ၏ ရှေ့ပြဦးဆောင်ပုဂ္ဂိုလ်များအဖြစ် သတ်မှတ်သင့်ပေသည် ယနေ့ကမ္ဘာတွင်ပါဠိစာပေနှင့် ဗုဒ္ဓဘာသာကြောင်း ဂုဏ်ရောင်တောက်နေသော မြန်မာများသည် မွန်တို့၏ ကျေးဇူးကြောင်းဟု ဆိုကမမှားနိုင်ချေ။ ဤနေရာအနော်ရထာသည် မိမိရရှိလာသောပိဋကတ်တော်များနှင့် မကျေနပ်သေးဘဲ သီဟိုဌ်သို့စေလွှတ်တော်မူသည် သီဟိုဌ်မှရရှိလာသော ပိဋကတ်တော်များနှင့် တိုက်ဆိုင်ကြည့်သည် ထို့သို သထုံနှင့်သီဟိုဠ်မူတို့ကို အခြေခံခြင်းဖြင့် မကြာမှီ ဖြစ်ထွန်းလာမည့်ပါဠိစာပေပျိုပင်အတွက် အခြေခံကို ပြင်ဆင်ခဲ့သည်၊ သူစိုက်ပျိုးခဲ့သော ထိုအပင်၏အသီအပွင့်များကိုမြင်တွေ့သည်ထိအသက်မရှည်ခဲ့သော်လည်း၊ သူ၏သားတော် ကျန်စစ်သားမင်း၏ လက်ထက်အေဒီ (၁၀၆၄) တွင် ပါဠိကျွန်းကျင်သော မြန်မာရဟန်းတော် တစ်ပါး ပထမဆုံးကျမ်းစာကိုရေးသားခဲ့သည်။ ထိုကျမ်း၏အမည်မှာ ကာရိကာအမည်ရှိ ပါဠိသဒ္ဒါကျမ်းဖြစ်သည် ကျမ်းပြုပုဂ္ဂိုလ်မှာ ကျန်စစ်သားလှူဒါန်းသော ကျောင်းတွင် သီးတင်သုံးနေသော အရှင်ဓမ္မသေနာပတိဖြစ်သည် ၊ ဤကျမ်းစာငယ်သည် ရိုးရှင်းပြီးရာစု နှစ် (၈) ခုတိုင်တိုင်ရှည်ကြာခဲ့သည် ။ ဤအရှင်သည် ဧတိမာသ္မိဒီပနီ( ဧတိမာသ္မိဒီပိကာ ) နှင့် မနောဟရအမည်ရှိအခြားကျမ်းတစ်စောင်ကိုပါရေးသားခဲ့သည်။ အနော်ရထာကို ဆက်ခံသူများ လက်ထက်တွင် ပုဂံတွင် ပညာသင်ကြားခြင်း အခိုင်အမာ အမြစ်တွယ်ခဲ့ပြီး ဖြစ်သည် ၊ အေဒီ (၁၁၅၄) တွင် ရဟန်းတော်အရှင်အဂ္ဂဝံသည် တည်ရှိပြီးသဒ္ဒါကျမ်းများအနက်အရှင်လင်းဆုံးဟု ဖော်ပြခံရသောသဒ္ဒနီတိ ကျမ်းကိုရေးသားခဲ့သည်။ ဤကျမ်းသည် မြန်မာရဟန်းတော်များ၏ ပါဠိတတ်ကျွန်းမှု့ ဂုဏ်ရောင်ကို ထွန်းပြောင်းစေခဲ့ပြီး ကျမ်းပြုအရှင်၏ အမည်သည် ယနေ့တိုင် ထင်ရှားဆဲဖြစ်သည်။ ကျမ်းပြုအရှင်အဂ္ဂဝံသသည် နရပတိစည်သူမင်း ( အေဒီ ၁၁၆၇ -၁၂၀ ) ၏ ဆရာလည်းဖြစ်သည်။ ဤမင်းလက်ထက်တွင်ပုဂံသည် အချမ်းသာဆုံး အကြွယ်ဝဆုံး ခေတ်လည်း ဖြစ်ခဲ့သည်။

သဒ္ဒနီတိကျမ်းသည် သီဟိုဠ်သို့ပေးအပ်သော မြန်မာတို့ ပထမဆုံးလက်ဆောင်လည်းဖြစ်သည်။ သဒ္ဒနီတိကျမ်းကို ရေးသား၍ များမကြာမီ ဥတ္တရာဇီဝမထေရ်သည် သဒ္ဒနီတိကျမ်းစာတော် မူပွားနှင့်အတူ ပုဂံမှ ထွက်ခွာပြီး ပင်လယ်ကိုဖြတ်လျှက် သီဟိုဠ်ကျွန်း၏ နာမည်ကျော် မဟာဝီဟာရ ကျောင်းတိုက်သို့ အလည်အပတ်ရောက်ရှိသွားခဲ့သည်။ သဒ္ဒနီတိကျမ်းအား လှိုက်လှိုက်လှဲလှဲ ချီးမွန်းခြင်းဖြင့် ကြိုဆို လက်ခံခဲ့ကြပြီး သီဟိုဠ် ပညာရှင်တို့ ရေးသားအပ်သော မည်သည့် သဒ္ဒါကျမ်းထက်မဆို သာလွန်ကြောင်း ဖွင့်ဟ ပြောဆိုကြသည်။

ဥတ္တရာဇီဝနှင့်အတူ ဆပဋ အမည်ရှိ သာမဏေတစ်ပါး လိုက်ပါသွားသည်။ ဤဘွဲ့အမည်သည် တစ်ချိန်၌ အရှင်အဂ္ဂဝံသ၏ ဘွဲ့အမည်ကိုပင် လွှမ်းမိုးသွားသည်ထိ ကံကြမ္မာပါခဲ့သည်။

သီဟိုဠ်နှင့် မြန်မာနိုင်ငံတို့အကြား အေဒီ ဆယ့်နှစ်ရာစုမှစ၍ ဘာသာရေးနှင့် စာပေအရ နီးကပ်စွာ ဆက်စပ် ပတ်သက်နေမှုအကြောင်းကို သိမြင်နိုင်ပေသည်။ အင်ဒိုချိုင်းနား ဗုဒ္ဓါဝါဒီတို့သည် အရှင်ဗုဒ္ဓဃောသအား နှစ်သက်စေရန် ကြိုးပမ်းခဲ့ကြသော်လည်း ၎င်းတို့၏ စာပေသမိုင်း အားလုံးတွင် သီဟိုဠ်၏ ရေးသားမှုများအပေါ် အမြဲတမ်းပင် ပြည့်စုံသည်ဟု ယူဆပြီး မချင့်မရဲဖြင့် အဆုံးအဖြတ်ပေးခဲ့ကြပြီး သီဟိုဠ်အမည်နာမများအား လေးစားခဲ့ကြသည်။ သီဟိုဠ်၏ ဩဇာလွှမ်းမိုးမှုကို ပိုမိုရှေးကျသည့် ခေတ်ကာလများ၌ အမြင့်မားဆုံး တွေ့ရသည်။ အေဒီ ဆယ့်ရှစ်ရာစု နှစ်ကုန်သို့ ရောက်သောအခါ သီဟိုဠ်ဩဇာ လုံးဝမရှိ (သို့မဟုတ်) မဆိုစလောက်သာရှိပြီး အိန္ဒိယမူရင်းမှ နက်ရှိုင်းသော သဲလွန်စများကိုသာ ယူဆောင်သော ပါဠိစာပေအုပ်စုတစ်ခုသည် မြန်မာနိုင်ငံ၌ ထွန်းကားခဲ့သည်။

မြတ်ဗုဒ္ဓ၏ ပါဠိစာပေ နှင့် အဆင့်မြင့်ပညာရေး

အနောက်နိုင်ငံများတွင် တက္ကသိုလ်ကို ခရစ်ယာန်ဘာသာရေးစာပေ သင်ကြားရာဌာနအဖြစ် စတင်ခဲ့ပါ သည်။ မြန်မာနိုင်ငံ တက္ကသိုလ်၊ ကောလိပ်များတွင်လည်း ဘာသာရေးစာပေဖြစ်သည့် ပါဠိစာပေသည် သင်ကြားသင့် သင်ကြားထိုက်သော ဘာသာတစ်ရပ် ဖြစ်ပါသည်။

သို့သော် ပါဠိစာပေကို တက္ကသိုလ်၊ ကောလိပ်များမှာ ဘာသာရေးရှုထောင့်သက်သက်အရ သင်ကြားခြင်း မဟုတ်ပါ။

မျက်ကန်းယုံကြည်မှုကို အားပေးအားမြှောက် မပြုဘဲ ဝေဖန်ခြင်း၊ ဆွေးနွေးခြင်းများနှင့်အတူ ကိုယ်ပိုင် ဉာဏ်ကို အသုံးပြုပြီး လွတ်လွတ်လပ်လပ် တွေးခေါ်တတ်လာအောင် သင်ကြားပေးခြင်း ဖြစ်ပါသည်။

မြတ်ဗုဒ္ဓ၏ အဆုံးအမ အင်ပါရာ @ ပါဠိစာပေ၏ ဧရိယာ

လောကုတ္တရာကြောင်းမျှသာ မဟုတ်ဘဲ လောကတွင် နေရေး ထိုင်ရေး၊ ပေါင်းသင်း ဆက်ဆံရေးမှအစ လူသားများ လိုက်နာကျင့်သုံးအပ်သော အဆုံးအမများ အပါအ၀င် ကြီးပွားရာ ကြီးပွားကြောင်း အထိ ပါဠိစာပေ၏ ဧရိယာသည် ကျယ်၀န်းလှပါသည်။

ထို့ပြင် ခက်ခဲနက်နဲသော အတွေးအခေါ်ပိုင်းဆိုင်ရာ အချက်အလက်များ ပါ၀င်နေသည့်အတွက် အဆင်မြင့်ပညာ တစ်ရပ် အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သင်ကြားရန် လိုအပ်ပါသည်။

အကြီးမြတ်ဆုံးသော ဒဿနပညာရှင် မြတ်ဗုဒ္ဓ @ ဒဿနိကဗေဒ နှင့် ပါဠိစာပေ

တည်တံ့တောက်ပဆဲ ဒဿနိကဗေဒရှုထောင့်မှ ကြည့်လျှင် မြတ်ဗုဒ္ဓ၏ အလွန်တရာ နက်နဲသိမ်မွေ့သော အတွေးအခေါ် အယူအဆများသည် မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်ပြုခဲ့သည်မှာ နှစ်ပေါင်း ၂၅၀၀ ကျော် ကြာမြင့်ခဲ့သော်လည်း ယနေ့အချိန်အထိ တည်တံ့တောက်ပဆဲ ရှိနေပါ၏။ နောင်လည်း တည်တံ့တောက်ပနေဦးမည် ဖြစ်ပါ၏။


အကြီးမြတ်ဆုံးသော စိတ်ပညာရှင် မြတ်ဗုဒ္ဓ @ စိတ်ပညာ နှင့် ပါဠိစာပေ

စိတ်ပညာရှုထောင့်မှ ကြည့်လျှင် စိတ်၏ ဖြစ်တတ်သော ဖြစ်စဉ်တရားများ၊ စိတ်ကို အေးချမ်းရာအေးချမ်းကြောင်း ဖြစ်စေသော ဒေသနာတော်များကို ပါဠိစာပေများတွင် တွေ့ရှိရပါသည်။

အကြီးမြတ်ဆုံးသော ဥပဒေပညာရှင် မြတ်ဗုဒ္ဓ @ ဥပဒေပညာ နှင့် ပါဠိစာပေ

နှလုံးသည်းပွတ် ဥပဒေပညာရှုထောင့်မှ ကြည့်လျှင် မြတ်ဗုဒ္ဓ ချမှတ်တော်မူခဲ့သော ဝိနည်းတို့သည် သံဃာတော်တို့၏ နှလုံးသည်းပွတ် ဖြစ်ရကား သံဃာတော်တို့ တဝေမတိမ်း လိုက်နာကျင့်သုံးကြသော တရားများ ဖြစ်ကြပါသည်။ သို့ဖြစ်၍ သာသနာတော်သည် ယနေ့ထိတိုင် ခိုင်မြဲအဓွန့်ရှည်နေသည်ကို တွေ့ရှိရပါသည်။

နှစ်ပေါင်း ၂၅၀၀ ကျော်တိုင်အောင် ညီညီညွတ်ညွတ် တည်မြဲနေသည် အဖွဲ့အစည်းကို ပြပါဟုဆိုလျှင် မြတ်ဗုဒ္ဓ၏ တပည့်သား သံဃာ့အဖွဲ့အစည်းကြီးကိုသာ ညွှန်ပြစရာရှိပါသည်။

ဤသည်မှာ မြတ်စွာဘုရားရှင် ချမှတ်ခဲ့သော ဥပဒေ၏ အရည်အသွေး‌ ကောင်းမွန်မှန်ကန်မှုနှင့် လိုက်နာကျင့်သုံးတော်မူသော် တပည့်သား သံဃာတို့၏ ဖြောင့်မတ်မှန်ကန်မှုမှာ ထင်ရှားပေါ်လွင် လှပါသည်။

"စင်စစ် ဝိနည်းသည် သာသနာတော်၏ အသက်ပင် ဖြစ်ပါသည်။"

ထိုမှဆက်၍ "ဥပဒေသည် နိုင်ငံတော်၏ အသက်" ဖြစ်သည်ဟု ကောက်ချက်ဆွဲနိုင်ပါသည်။

မြတ်ဗုဒ္ဓ၏ ဇာတကဝတ္ထုတော်များ နှင့် မြန်မာစာပေ

မြန်မာစာပေရှုထောင့်မှ ကြည့်လျှင် ပါဠိစာပေတည်း ဟူသော ရေသောက်မြစ်ပေါ်မှာ မြန်မာစာ ပေတည်း ဟူသော ပင်စည်၊ အကိုင်းအခက်၊ အရွက်တို့သည် စိမ်းစိမ်းစိုစို ဝေ၀ဆာဆာ ဖြစ်ပေါ်လာ ပါသည်။

သာဓကအားဖြင့် ဇာတကစာပေများ၏ မြန်မာစာပေ အပေါ်ကျေးဇူးပြုမှုသည် အလွန်ပင် များပြားလှပါ သည်။

ယင်းဇာတကစာပေများသည် မြန်မစာပေလောကတွင်သာမက ကမ္ဘာအနှံ့ နေရာယူခဲ့ကြ ပါသည်။

မြတ်ဗုဒ္ဓ၏ ပါဠိစာပေနှင့် ယဉ်ကျေးမှု

မြန်မာ့ယဉ်ကျေးမှုရှုထောင့်မှ ကြည်မည်ဆိုလျှင်လည်း မြန်မာ့ယဉ်ကျေးမှုသည် ပါဠိစာပေနှင့် ကင်းကွာ၍ မရပါ။ မြန်မာ့ယဉ်ကျေးမှုကို မြတ်မြတ်နိုးနိုး ထိန်းသိမ်းလိုသူတိုင်း ပါဠိစာပေနှင့် ပတ်သက် ၍ အနည်းဆုံး ဗဟုသုတတော့ ရှိထားသင့်ပါသည်။

တက္ကသိုလ်၊ ကောလိပ် ပညာရေးနယ်ပယ်တွင် ပါဠိစာပေကို ဘာသာရေးစာပေအနေထက် ယဉ်ကျေးမှုစာပေ အနေဖြင့်သာ ပိုမိုရှုမြင်သုံးသပ်ပါသည်။

မြတ်ဗုဒ္ဓ၏ ပါဠိစာပေကို လေ့လာ သင်ကြား လိုက်နာကျင့်သုံးကြသော နိုင်ငံအများစု၏ ယဉ်ကျေးမှုအဆင့်အတန်းမှာ မွန်မြတ်မြင့်မားလှသည်ကို လက်တွေ့လေ့လာ သိရှိနိုင်ပေသည်။

မြတ်ဗုဒ္ဓ၏ ပါဠိစာပေနှင့် ဂန္ထ၀င်မြောက်ဘာသာစကား

ပါဠိဟူသည် ဗုဒ္ဓဘာသာရေးကို မှတ်တမ်းတင်ထားသော ဘာသာမျှသာမက တရံရောအခါက အိန္ဒိယနိုင်ငံမှာ ရာဇ၀င်ကြီးစွာ ထင်ပေါ်ခဲ့သော ဂန္ထ၀င်မြောက်ဘာသာစကားတစ်ခုလည်း ဖြစ်ပါသည်။

ထို့ကြောင့် ပါဠိစာပေကို ဆစ်ဆစ်ပိုင်းပိုင်း လေ့လာတော့မည်ဆိုလျှင် အိန္ဒိယနိုင်ငံ၏ သမိုင်းကြောင်း၊ ပထဝီ၀င်အနေအထား၊ ယဉ်ကျေးမှု၊ လူမှုရေး စသည့်ကဏ္ဍများကိုလည်း ချန်လှပ်ထား၍ မရပါ။

ထို့ပြင် ပါဠိဘာသာနှင့် နှီးနွယ်ဆက်စပ်နေသော သက္ကတ၊ ပါကတဘာသာစကားများနှင့် ဘာသာဗေဒ ပညာရပ်တို့တွင်လည်း ထဲထဲ၀င်၀င် ရှိဖို့ လိုအပ်ပါသည်။ သို့မှသာ ပါဠိစာပေ၏ အနှစ်သာရကို ခံစားနိုင်ပါမည်။

ပါဠိစာပေ၏ အရေးပါ အရာရောက်မှု

အဆင့်မြင့်ပညာရပ် ပရိဝုဏ်အတွင်းမှာ ပါဠိစာပေ၏ အခန်းကဏ္ဍသည် အရေးပါ အရာရောက် သည့် နေရာတွင် တည်ရှိပါသည်။ အိန္ဒိယတက္ကသိုလ် အတော်များများနှင့် သီရိလင်္ကာတက္ကသိုလ် အားလုံး တွင် ပါဠိစာပေကို သင်ကြားကြရပါသည်။ ဗြိတိန်နိုင်ငံ အောက်စ်ဖို့၊ ကိန်းဘရစ်ခ်ျ တက္ကသိုလ် များနှင့် ဂျာမဏီနိုင်ငံ စသည့်တက္ကသိုလ်များတွင်လည်း ပါဠိစာပေကို သင်ကြားကြ ရပါသည်။

ကမ္ဘာ့စာပေ

ပါဠိစာပေသည် အိန္ဒိယနိုင်ငံတွင် ပေါ်ပေါက်ခဲ့သည် မှန်သော်လည်း ကမ္ဘာ့စာပေတစ်ရပ်ပင် ဖြစ်သည်ဟု ဆိုရမည်။

နိဂုံး

မြန်မာနိုင်ငံသို့ ဗုဒ္ဓဝါဒ ရောက်ရှိခြင်းနှင့်အတူ ပါဠိဘာသာကိုလည်း မြန်မာလူမျိုးတို့ လေ့လာ ဆည်းပူးခဲ့ကြသည့်အတိုင်း ပါဠိစာပေကို တတ်မြောက် ကျွမ်းကျင်မှုအဆင့်လည်း မြင့်မားခဲ့သည်။ မြန်မာတို့ ရေးသားပြုစုသည့် ပထမဆုံးသော ပါဠိကျမ်းမှာ ပုဂံခေတ်က မြန်မာ ရဟန်းပညာရှင် အရှင်အဂ္ဂဝံသ ရေးသားခဲ့သော သဒ္ဒနီတိသဒ္ဒါကျမ်းကြီး ဖြစ်သည်။ ခေတ်အဆက်ဆက်တွင် ပါဠိဘာသာ ကျမ်းစာများ၊ မြန်မာနိဿယကျမ်းများကို အစဉ်မပြတ် ရေးသားလာခဲ့ကြသည်။ ရေးသားနေကြဆဲလည်း ဖြစ်သည်။ ဗုဒ္ဓဘာသာဆိုင်ရာကျမ်း၊ သဒ္ဒါ၊ ဆေး၊ ဥပဒေ၊ နက္ခတ္တဗေဒ စသည်ဖြင့် ရေးသားသည့် အကြောင်းအရာလည်း မျိုးစုံသည်။

တစ်ဖက်တွင် သမိုင်းစဉ်အစမှသည် ယနေ့တိုင် စာပေတစ်ရပ်၏ တိုးတက်မှု ဖြစ်စဉ်ကို ဆင်ခြင်ကြည့်ခြင်းဖြင့် မိမိတို့၏ တည်ရှိပြီး စာပေနှင့် ယဉ်ကျေးမှုအဆင့်ကို မှန်းဆ ဂုဏ်ယူဝင့်ကြွားနိုင်သည်။ ပါဠိဘာသာကို အခြေပြု၍ မြန်မာစာပေနှင့် ယဉ်ကျေးမှုလည်း တိုးတက်ခဲ့သည်။ ထို့ကြောင့် ပါဠိဘာသာသည် မြန်မာ့ဂုဏ်ရောင်ကို ထွန်းပြောင်စေသည့် မီးရှူးတန်ဆောင်ဖြစ်သည်။ ယင်းမီးရှုးတန်ဆောင်ကို ဆင့်ကမ်း ထွန်းညှိခဲ့ကြသည့် ပညာရှင်များအား ကျေးဇူးတင်သင့်သည်။ ကျေးဇူးတင်ရမည်။ ထို့ကြောင့်လည်း ယင်းပညာရှင်များနှင့် ယင်းတို့ရေးသားခဲ့သော စာပေကျမ်းဂန်များကို ရှာဖွေလေ့လာ သုတေသန ပြုသင့်ခြင်း၊ ပြုရခြင်း ဖြစ်သည်။

ယင်းသို့ သုတေသနပြုရန်မှာ မျက်မှောက်ခေတ် စာပေလိုက်စားသူ သို့တည်းမဟုတ် စာပေပညာရှင်တို့၏ တာဝန်ဖြစ်သည်။

သမိုင်းစဉ်အစမှသည် ယနေ့တိုင် စာပေတစ်ရပ်၏ တိုးတက်မှုဖြစ်စဉ်ကို ဆင်ခြင်ကြည့်ခြင်းဖြင့် မိမိတို့၏ တည်ရှိပြီး စာပေနှင့် ယဉ်ကျေးမှုအဆင့်ကို မှန်းဆဂုဏ်ယူဝင့်ကြွားနိုင်သည်။ တစ်ချိန်တည်းတွင် မြန်မာဟူသော အမည်နာမဖြင့် မိမိတို့၏ လူမျိုး အမွေကို ဆက်ခံသူတိုင်း ယင်းသို့သော ဘိုးဘွားဘီဘင်တို့၏ ဉာဏစွမ်းအားဖြင့် ရေးသားပြုစုထားခဲ့သော ကျမ်းစာများကို မပျောက် မပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိကြောင်းလည်း နားလည်နိုင်သည်။ ယင်းသည့် တာဝန်ကြောင့်ပင် မြန်မာနိုင်ငံပါဠိ စာပေသမိုင်းအကြောင်းကို လေ့လာရခြင်း၊ တစ်နည်းဆိုမူ သိအောင် လုပ်ရခြင်းပင်ဖြစ်သည်။

အချုပ်အားဖြင့် ဤဘာသာပြန် သုတေသနစာတမ်းငယ်ကို အခြေခံ၍ ဤစာတမ်းထက် ပိုမိုပြည့်စုံ သေသပ်သော စာတမ်းများ ပေါ်ထွက်လာနိုင်ပါစေဟု အလေးအနက် ဆန္ဒပြုပါသည်။


ကျမ်းကိုး

၁။ တိပိဋက ပါဠိ-မြန်မာအဘိဓာန်

၂။ ပါဠိစာပေ သမိုင်း (ဒေါ်အုန်း)

၃။ မြန်မာနိုင်ငံ အရှေ့တိုင်းပညာ (ပါဠိ) ဌာန၏ သမိုင်းကြောင်းနှင့် သင်ကြားပို့ချမှု

၄။ အရှင်ခေမာဝံသ (မဟိဒေါတက္ကသိုလ် )

၅။ ပါဠိစာပေ သမိုင်းများ (အရှင်ကုမာရ) နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသို့(ရန်ကုန်)

၆။ မြန်မာနိုင်ငံ ပါဠိစာပေသမိုင်း (အရှင်ကေလာသ၊ ဓမ္မာစရိယ၊ B.A. (Philo) M.A. (Buddhism)

၇။ ဒေါက်တာမြင့်စောလွင် "အဆင့်မြင့်ပညာရေးတွင် ပါဠိစာပေ၏ အခန်းကဏ္ဍ"


Internet

၈။ ပါဠိစာပေသမိုင်း (27.7 Mb)

https://my.pcloud.com/publink/show?code=XZs7pJ7Zu9bwIIu12eJuojW99BpXPfjxJwOk

၉။ ပါဠိဘာသာ အခြေပြ (14.1 Mb)

https://my.pcloud.com/publink/show?code=XZ17pJ7Z6d8rblIkXv7sRl1rvcJSS81reM9k





 
 
 

Коментари


Post
Facebook-Logo-Square-768x768.png
Facebook-Logo-Square-768x768.png
Facebook-Logo-Square-768x768.png
google logo_edited.png

©2021 by Dhamma Notes by Thein Naing Ohn. Proudly created with Wix.com

bottom of page