top of page
Search

မဇ္ဈိမနိကာယ်၊ မူလပဏ္ဏာသ၊

  • Writer: Thein Naing Ohn
    Thein Naing Ohn
  • 2 days ago
  • 22 min read

၁။ မူလပရိယာယဝဂ်

မူလပရိယာယဝဂ်သည် မူလပဏ္ဏာသ၌ ပါဝင်သည့် ဝဂ်ငါးဝဂ်တွင် ပထမဆုံးဝဂ်ဖြစ်သည်။

 

မူလ ပရိယာယဝဂ်၌ ဆယ်သုတ်ပါဝင်သည်။

၁။ မူလပရိယာယသုတ်

၂။ သဗ္ဗာသဝသုတ်

၃။ ဓမ္မဒါယာဒသုတ်

၄။ ဘယဘေရဝသုတ်  

၅။ အနင်္ဂဏသုတ်

၆။ အာင်္ကခေယျသုတ်

၇။ ဝတ္ထသုတ် 

၈။ သလ္လေခသုတ် 

၉။ သမ္မာဒိဋ္ဌိသုတ်

၁၀။ မဟာသတိပဋ္ဌာနသုတ်တို့ဖြစ်သည်။

 

၁။ မူလပရိယာယသုတ်

မဇ္ဈိမ-၁-ပါ-၁၊ ဋ္ဌ-ပ-အုပ်-၁၊ ပရိယတ္တိ၌မှီသောမာနကို ပယ်ခြင်းငှာ ဟောတော်မူသောသုတ် ဖြစ်၏၊ ဓာတ်ကြီး ၄ ပါး ပုဂ္ဂိုလ်သတ္တဝါ စသည်၌ အမှန်ကို မသိခြင်း၊ သိခြင်း အကျယ်ဟောထား၏။

 

ပုထုဇဉ် သေက္ခ အသေက္ခတို့သည် အရာအားလုံး၏ အတွင်းသရုပ်မှန်ကို အပြည့်အဝ ဝေဘန်ပိုင်းခြား၍ မသိနိုင်။ မြတ်စွာဘုရားသည်သာ အပြည့်အဝ ဝေဘန်ပိုင်းခြား၍ သိနိုင်ကြောင်း ဟောကြားခြင်းဖြစ်သည်။

 

ဗုဒ္ဓမြတ်စွာသည် ဥက္ကဋ္ဌမြို့ သုဘဂတောအုပ်အတွင်းရှိ အင်ကြင်းပင်ရင်း၌ သီတင်းသုံးနေစဉ် ရဟန်းတို့အား တရားအားလုံးတို့၏ အကြောင်းရင်းဒေသနာကို ဟောတော်မူသည်။

 

ဤသုတ်၌ မြေမှစ၍ နိဗ္ဗာန်အထိ နှစ်ဆယ့်လေးပါးသော တရားတို့၌ ပုထုဇဉ်တို့ မှားယွင်းစွာ မှတ်ထင် နှစ်သက်ကြပုံ သေက္ခပုဂ္ဂိလ်တို့ မှန်ကန်စွာ သိမြင်ကြပုံ ရဟန္တာပုဂ္ဂိုလ်တို့ မှန်ကန်စွာ သိမြင်ကြပုံ အကြောင်းလေးမျိုး မြတ်စွာဘုရားတို့ မှန်ကန်စွာ သိမြင်ပုံ အကြောင်းနှစ်မျိုး ပါဝင်သည်။

 

ဤသုတ်တွင် မြတ်စွာဘုရား၊ ရဟန္တာ၊ အရဟတ္တဖိုလ် မရသေးသောရဟန်း နှင့် အသိအမြင်မရှိသော ပုထုဇဉ် တို့၏ အမြင်ခြားနားပုံကို ဖော်ပြထားပါသည်။ ဤသုတ်သည် နက်နဲလွန်းသဖြင့် အခြားသုတ်များ လေ့လာပြီးမှ ဖတ်ရူသင့်ပါသည်။

 

 

၂။ သဗ္ဗာသဝသုတ်

 

ဤသုတ်၏ အဓိကရည်ရွယ်ချက်ကား အာသဝေါတရားတို့ကို မည်သို့မည်ပုံ နှိမ်နင်းအောင်မြင် နိုင်ကြောင်း ပြညွှန်ရန်ပင်ဖြစ်သည်။ သင်္ခါရတို့ကို ပညာဖြင့် ဆင်ခြင်သုံးသပ် နိုင်သောသူသာလျှင် အာသဝေါတရားတို့ကို ဖျက်ဆီးနိုင်ကြောင်း၊ ကာမ၊ ဘဝ၊ ဝိဘဝတဏှာနောက်သို့ လိုက်ပါ နစ်မျော နေသူတို့အဖို့ အာသဝေါတရားမှ မည်သို့မျှ ကင်းလွတ်နိုင်မည်မဟုတ်ကြောင်း ဤသုတ်ဖြင့် ဘုရားမြတ်စွာက ညွှန်ပြခဲ့သည်။

 

အာသဝပယ်ကြောင်း ခုနှစ်ပါးကို ဟောခြင်း ဖြစ်သည်။ ဗုဒ္ဓမြတ်စွာသည် သာဝတ္ထိပြည် ဇေတဝန် ကျောင်း၌ သီတင်းသုံးနေစဉ် ရဟန်းတို့အား အာသဝအားလုံးကို ပိတ်ကြောင်း သဗ္ဗသံဝရဒေသနာကို ဟောကြားတော်မူသည်။

 

သံသရာလည်စေတတ်သော အာသဝတို့ ကုန်ခန်းစေရန် နည်းခုနှစ်မျိုးကို ဟောကြားထားပါသည်။

 

အာသဝတရား ၇ ပါး

အာသဝတို့သည်..

၁။ ဉာဏ်အမြင်အားဖြင့်ပယ်အပ်သော အာသဝ။

၂။ စောင့်စည်းခြင်းဖြင့်ပယ်အပ်သော အာသဝ။

၃။ မှီဝဲသုံးဆောင်ခြင်းဖြင့်ပယ်အပ်သော အာသဝ။

၄။ သည်းခံခြင်းဖြင့်ပယ်အပ်သော  အာသဝ။

၅။ ရှောင်ကျဉ်ခြင်းဖြင့်ပယ်အပ်သော အာသဝ။

၆။ဖျောက်ဖျက်ခြင်းဖြင့်ပယ်အပ်သော အာသဝ။

၇။ ပွားများခြင်းဖြင့်ပယ်အပ်သော အာသဝ။

 

၁။ နှလုံးမသွင်းသင့်သော တရားနှင့် နှလုံးမသွင်းသင့်သောတရားတိုကို သိမြင်ခြင်းအားဖြင့်လည်း အာသဝတို့ကို ပယ်၏။

 

၂။ မျက်စိ,နား,နှာ,လျာ,ကိုယ်,စိတ်ဟူသော ဣန္ဒြေခြောက်ပါးကို ဉာဏ်ဖြင့် သင့်တင့်စွာဆင်ခြင်၍ စောင့်စည်းခြင်းဖြင့်လည်း အာသဝတို့ကို ပယ်၏။

 

၃။ ဆွမ်း, သင်္ကန်း, ကျောင်း, ဆေး ပစ္စည်းလေးပါးကို ဉာဏ်ဖြင့် သင့်တင့်စွာ ဆင်ခြင်၍ မှီဝဲခြင်းဖြင့်လည်း အာသဝတို့ကိုပယ်၏။

 

၄။ အချမ်း, အပူ, ဆာလောင်ခြင်း, မွတ်သိပ်ခြင်း, မှက်, ခြင်, ယင်, လေ, နေပူ, မြွေကင်းတို့၏ အထိအတွေ့၊ မကောင်းသဖြင့် ပြောဆိုသောစကား၊ မကောင်းသဖြင့် ရောက်လာသောစကား၊ မိမိကိုယ်၌ ဖြစ်ပေါ်လာသည့် အသက်ပါသွားလောက်အောင် ပြင်းထန်သော ရောဂါ ဝေဒနာတို့ကို ဉာဏ်ဖြင့် သင့်တင့်စွာ ဆင်ခြင်၍ သည်းခံခြင်းဖြင့်လည်း အာသဝတို့ကို ပယ်၏။

 

၅။ ကြမ်းတမ်းသော ဆင် မြင်း နွား မြွေ သစ်ငုတ် ခလုပ် ဆူးငြောင့် ချောက် ကမ်းပါး မစင်မြောင်း ရေဆိုးမြောင်း မသင့်လျော်သောနေရာ ယုတ်မာသောမိတ်ဆွေတို့ကို ဉာဏ်ဖြင့် သင့်တင့်စွာ ဆင်ခြင်၍ ရှောင်ရှားခြင်းဖြင့်လည်း အာသဝတို့ကို ပယ်၏။

 

၆။ မိမိစိတ်၌ ဖြစ်ပေါ်လာသည့် ကာမဝိတက်, ဗျာပါဒဝိတက်, ဝိဟိံသာဝိတက်တို့ကို ဉာဏ်ဖြင့် သင့်တင့်စွာ ဆင်ခြင်၍ ပွားများခြင်းအားဖြင့်လည်း အာသဝတို့ကို ပယ်၏။

 

၇။ ဗောဇ္ဈင်ခုနှစ်ပါးတို့ကို ဉာဏ်ဖြင့် သင့်တင့်စွာ ဆင်ခြင်၍ပွားများခြင်းအားဖြင့်လည်း အာသဝတို့ကို ပွယ်၏။

 

ဤသို့လျှင် ခုနှစ်ပါးသော နည်းလမ်းတို့ဖြင့် အာသဝတိုကို ပယ်ပြီးသော ရဟန်းသည် အာသဝခပ်သိမ်းကို တားဆီးပိတ်ဆို့လျက် နေသော ရဟန်းမည်၏။ တဏှာကို ဖြတ်ပြီးသူ၊ သံယောဇဉ် နှောင်ကြိုးကို ဖြေချွတ်ပြီးသူ၊ မာနကို ကောင်းစွာ သိမြင်၍ ဝဋ်ဒုက္ခကို ကုန်ဆုံးအောင် ပြုပြီးသူ မည်၏။

 

 

 

၃။ ဓမ္မဒါယာဒသုတ်

အာမိသအမွေထက် ဓမ္မအမွေကိုသာ ခံယူကြရန် ဗုဒ္ဓမြတ်စွာ၏ တိုက်တွန်းခြင်းနှင့် ဗုဒ္ဓမြတ်စွာ၏ ဝိဝေကကို အတုယူကြရန် အရှင်သာရိပုတ္တရာ၏ တိုက်တွန်းခြင်းတို့ဖြစ်သည်။

 

ဤသုတ်ကို နှစ်ကန့် ကန့်ထားသည်။ ပထမအကန့်တွင် ဘုရားမြတ်စွာသည် နိဒါန်းအနေဖြင့် အာမိသဒါယာဒနှင့် ဓမ္မဒါယာဒ ဘိက္ခုနှစ်မျိုးအကြောင်းကို ရှင်းလင်းပြထားသည်။ အာမိသဒါယာဒဘိက္ခုဟူသည်ကား တရားကျင့်သုံးရန်အတွက် ဆွမ်းဘောဇဉ် စသည်တို့ကို ခုံမင်သောရဟန်း ဖြစ်သည်။ ရောင့်ရဲခြင်းနှင့် စိတ်တည်ငြိမ်ခြင်းသည် ကိလေသာအညစ်တရားတို့ကို သုတ်သင်ရှင်းလင်းပစ်နိုင်ခြင်းကြောင့် ဘုရားမြတ်စွာက ဓမ္မဒါယာဒဘိက္ခုကိုသာလျှင် ချီးကျူး၏။

 

ဒုတိယအကန့်တွင်၊ ရှင်သာရိပုတြာက ဆိတ်သုဉ်းရာအရပ်၌ တဦးတည်းနေကာ ဈာန်ကျင့်သုံးခြင်းကို သွန်သင်ညွှန်ကြားခဲ့၏။ လောဘ၊ ဒေါသ၊ မောဟတည်းဟူသော တရားတို့ကို ပယ်ရှားရန်နှင့် မဂ္ဂင်ရှစ်ပါးကို ရှင်းလင်းခဲ့ရုံမက နိဗ္ဗာန်ရောက်ရာရောက်ကြောင်း ကျင့်စဉ်ကိုလည်း ဤသုတ်တွင် ဖော်ထုတ်ထားသည်။

 

 

၄။ ဘယဘေရဝသုတ်

ဘယဘေရဝသုတ်ကို ဇာဏုဿာဏိပုဏ္ဏားကို အကြောင်းပြု၍ ဘုရားမြတ်စွာသည် ဟောကြားတော် မူခဲ့သည်။ ကြောက်ရွံ့ခြင်းနှင့် ထိတ်လန့်ခြင်းသည် မည်သို့သော အကြောင်းများကြောင့် ဖြစ်ပေါ်လာကြောင်း ဘုရားမြတ်စွာက ဤသုတ်၌ ရှင်းလင်းဖော်ပြခဲ့သည်။

 

 

၅။ အနင်္ဂဏသုတ်

အနင်္ဂဏသုတ်သည် ဘုရားမြတ်စွာ ကိုယ်တော်တိုင် ဟောကြားတော်မူခဲ့သောသုတ်မဟုတ်။ ရှင်သာရိပုတ္တရာနှင့် ရှင်မောဂ္ဂလာန်တို့ ဟောပြောခဲ့သောသုတ် ဖြစ်သည်။ ဤသုတ်တွင် အာဇီဝကဂိုဏ်းသား ပဏ္ဍုပုတ္တ အကြောင်းကိုလည်း ဖော်ပြထားသည်။ ဤသုတ်ကို မဇ္ဈိမနိကာယ်တွင် ထည့်သွင်းထားရသည့်အကြောင်းမှာ ဘုရားမြတ်စွာကိုယ်တော်တိုင် ဟောကြားတော်မူသော ဒေသနာတော် မဟုတ်စေကာမူ ဘုရားမြတ်စွာကိုယ်တော်တိုင်၏ သဘောတူညီချက်အရ ညွှန်ပြသောသုတ် ဖြစ်သောကြောင့်ဖြစ်သည်။

 

 

၆။ အာကင်္ခေယျသုတ်

တောင့်တတိုင်း ပြည့်လိုပါက သီလဖြည့်ကျင့်၍ သမထဝိပဿနာကို ပွားများသင့်ကြောင်း ဟောကြားခြင်း ဖြစ်သည်။

အာကင်္ခေယျသုတ်တွင် ဘုရားမြတ်စွာက ရဟန်းတို့အား သီလနှင့်ပါတိမောက်များကို လေးစားလုံခြုံစွာ စောင့်ထိန်းသင့်ကြောင်း နှိုးဆော်တိုက်တွန်းထားသည်။ သူတထူး၏စိတ်ကို သိလိုခြင်း၊ ကျော်စောလိုခြင်း၊ သတင်းပျံ့နှံ့လိုခြင်း စသည့် ဂုဏ်ပကာသနတို့ကို ရဟန်းတို့သည် တောင့်တလိုကောင်း တောင့်တမိကြပေလိမ့်မည်။ သို့သော် ဤသို့ စိတ်နှလုံးမပိုက်သင့်ချေ။ ကိုယ့်ကိုယ်ကို ချိုးနှိမ် ချုပ်တည်းကာ အကျင့်သိက္ခာတို့ကိုသာလျှင် သစ္စာရှိစွာ စောင့်ထိန်းသင့်ကြောင်း ဘုရားမြတ်စွာက ဤသုတ်ဖြင့် ညွှန်ကြားသတိပေးခဲ့သည်။

 

အာကင်္ခေယျသုတ်၌..

 

၁။ ချစ်သား၊ သီတင်းသုံးဖော်တို့သည် ချစ်ခင်သောမျက်စိဖြင့် ကြည့်ရှုခြင်း၊ မေတ္တာပို့ပေးခြင်း၊ အလေးပြုခြင်း၊ ချီးမွမ်းခြင်းကို အလိုရှိလျှင် သီလကို ကောင်းစွာ ဖြည့်ကျင့်ရမည်။

 

၂။ ပစ္စည်းလာဘ်ပေါများခြင်းကို အလိုရှိလျှင် သီလကို ကောင်းစွာဖြည့်ကျင့်ရမယ်။

 

၃။ မိမိအား ပစ္စည်းလှူသူတို့ကို အကျိုးများစေလိုလျှင် သီလကို ကောင်းစွာ ဖြည့်ကျင့်ရမည်။

 

၄။ မိမိကို အောင်းမေ့သော ဆွေမျိုးပြိတ္တာတို့ကို အကျိုးများစေလိုလျှင် သီလကို ကောင်းစွာ ဖြည့်ကျင့်ရမည်။

 

၅။ ကုသိုလ်၌ ပျင်းရိခြင်း၊ ကာမဂုဏ် ၌ မွေ့လျော်ခြင်းတို့ကို ပယ်လိုလျှင် သီလကို ကောင်းစွာ ဖြည့်ကျင့်ရမည်။

 

၆။ ကြောက်လန့်ခြင်း၊ ကြောက်ဖွယ်အာရုံကို ပယ်လိုလျှင် သီလကို ကောင်းစွာ ဖြည့်ကျင့်ရမည်။

 

၇။ ရူပဈာန် ရလိုလျှင် သီလကို ကောင်းစွာ ဖြည့်ကျင့်ရမည်။

 

၈။ အရူပဈာန်ရလိုလျှင် သီလကို ကောင်းစွာ ဖြည့်ကျင့်ရမည်။

 

၉။ သောတာပန်တည်လိုလျှင် သီလကို ကောင်းစွာ ဖြည့်ကျင့်ရမည်။

 

၁၀။ သကဒါဂါမ်တည်လိုလျှင် သီလကို ကောင်းစွာ ဖြည့်ကျင့်ရမည်။

 

၁၁။ အနာဂါမ်တည်လိုလျှင် သီလကို ကောင်းစွာ ဖြည့်ကျင့်ရမည်။

 

၁၂။ ပုဗ္ဗေနိဝါသနူဿတိ၊ ဒိဗ္ဗစက္ခု၊ ဒိဗ္ဗသောတ၊ စေတောပရိယ၊ ဣဒ္ဓိဝိဓဟူသော လောကီ အဘိညာငါးပါးရလိုလျှင် သီလကို ကောင်းစွာ ဖြည့်ကျင့်ရမည်။

 

၁၃။ အာသဝက္ခယဉာဏ်ရလိုလျှင် သီလကို ကောင်းစွာ ဖြည့်ကျင့်ရမည်ဟု ဟော၏။ ဋီကာ၌ သီလထောမန သုတ်တွင် သီလအကျိုး ၁၇ ပါးဟု ဆို၏။

အမြွက်အားဖြင့် သာသနာ၌ အမျိုးကောင်းသာတို့ ဆောက်တည်ရာ သီလတည်း။ သီလ အပြင်မရှိ။ ထို့ကြောင့် သီလအကျိုး ကုန်စင်အောင် အဘယ်သူ ဟောနိုင်အံ့နည်း။ သတ္တဝါတို့ ကိလေသာအညစ်အကြေး စင်ကြယ်အောင် မြစ်ကြီး ငါးစင်ရေ မတတ်နိုင်။ သီလရေစင် တတ်နိုင်၏။ သတ္တဝါတို့ ကိလေသာ အပူငြိမ်းအောင် မိုးသက်လေညင်း စန္ဒကူး ရွှေ ပုလဲသွယ် မြ ပတ္တမြား မတတ်နိုင်။ သီလ အအေးဓာတ် တတ်နိုင်၏။ သီလနှင့် တူသော နံ့သာမရှိ။ လေအောက် လေထက် အတူမွှေး၏။ သီလသည် နတ်ပြည်တက်လို လျှင် စောင်းတန်း၊ နိဗ္ဗာန်ဝင်လိုလျှင် တံခါး။ သီလဆင်သော ရဟန်းသည် ပုလဲ ပတ္တမြား တန်ဆာဆင်သော ပြည့်ရှင်မင်းထက် တင့်တယ်၏။ သီလသည် အတ္တာနူဝါဒဘေး စသည်ကို ဖျက်ဆီး၍ ကျော်စေခြင်း, ဝမ်းမြောက်ခြင်းတို့ကို ဖြစ်စေနိုင်၏။ ဤကား လောကီ၊ လောကုတ္တရာဂုဏ်အလုံးစုံတို့၏ အမြစ်ရင်း အပြစ်ကင်းသော သီလ၏ အကျိုးအမြွက်တည်း။ (ဝါ-ဖလပစ္စုပဋ္ဌာန် အမြွက်တည်း)

 

 

၇။ ဝတ္ထသုတ်

ဝတ္ထသုတ်သည် မဇ္ဈိမနိကာယ် မူလပဏ္ဏာသပါဠိတော်၏ သုတ်ငါးဆယ်တွင် သတ္တမမြောက်သုတ်ဖြစ်သည်။စိတ်ကို အဝတ်ပိုင်းဖြင့် ဥပမာပြု၍ ဟောကြားခြင်းဖြစ်သည်။

ဗုဒ္ဓမြတ်စွာသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီ တင်းသုံးနေစဉ် စိတ်၏ ညစ်နွမ်းပုံ ဖြူစင်ပုံများကို အဝတ် ပိုင်းဖြင့် ဥပမာပြု၍ ဟောကြားတော်မူသည်။

အလွန်ညစ်နွမ်းသည့် အဝတ်စကို ဆေးရောင်အမျိုးမျိုးဖြင့် မည်သို့ပင်ဆိုးသော်လည်း အရောင်အဆင်းမကောင်း သည်သာဖြစ်၏။ထို့အတူပင် ပင်ကိုယ်စိတ်သည် အကုသို လ်တရားဆိုးတို့ဖြင့် ညစ်ညူးနေခဲ့သော် အပါယ်ဒုဂ္ဂတိသို့ သာ လားရာရှိ၏။

ဖြူဖွေးစင်ကြယ်သော အဝတ်စကို အရောင်အမျိုးမျိုးဖြင့် ဆိုသော် ကောင်းသောအရောင်အဆင်း ဖြစ်ရာ၏။ထို့အ တူပင် ပင်ကိုယ်စိတ်သည် အကုသိုလ်တရားဆိုးတို့ဖြင့် ညစ်ညူးခြင်း မရှိခဲ့သော် သုဂတိဘုံဘဝသို့သာ လားရာရှိ ၏။

စိတ်ညစ်ညူးကြောင်းတရားတို့ကား---

သူတပါးစည်းစိမ်ကို ရှေးရှုကြံစည်ခြင်း အဘိဇ္ဈာ

မသင့်လျော်ရာ၌ လိုချင်တပ်မက်ခြင်း ဝိသမလောဘ

သူတပါးပျက်ဆီးစေလိုခြင်း ဗျာပါဒ

အမျက်ထွက်ခြင်း ကောဓ

ရန်ငြိုးဖွဲ့ခြင်း ဥပနာဟ

ဂုဏ်ကျေးဇူးကို ချေဖျက်ခြင်း မက္ခ

ဂုဏ်ပြိုင်ခြင်း ပဠာသ

ငြူစူခြင်း ဣဿာ

ဝန်တိုခြင်း မစ္ဆရိယ

လှည့်ပတ်ခြင်း မာယာ

စဉ်းလခြင်း သာဌေယျ

စိတ်ခက်ထန်ခြင်း ထမ္ဘ

ချုပ်ချယ်ခြင်း သာရမ္ဘ

မောက်မာခြင်း မာန

အလွန်မောက်မာခြင်း အတိမာန

မာန်ယစ်ခြင်း မဒ

သတိမေ့လျော့ခြင်း ပမာဒ တို့ဖြစ်၏။

မိမိသန္တာန်၌ စိတ်ညစ်ညူးကြောင်း အကုသိုလ်တရားများ ရှိသည်ကိုသိလျင် ထိုတရားဆိုးများကို စွန့်ပယ်ရန် အား ထုတ်ရာ၏။

စိတ်၏အညစ်အကြေးဖြစ်သော ကိလေသာတို့ကို အပိုင်း လိုက် အပိုင်းလိုက်အားဖြင့် စွန့်ပယ်ပြီးသူသည် ဘုရား တရား သံဃာတို့၌ ဉာဏ်ဖြင့်သက်ဝင်သည်ဖြစ်၍ တရား သဘောအသိကို ရရှိ၏။တရားသဘောနှင့်စပ်သော ဝမ်း မြောက်မှုကို ရရှိ၏။ဝမ်းမြောက်သူအား နှစ်သက်ခြင်းပီတိ သည် ဖြစ်၏။နှစ်သက်သောစိတ်ရှိသူ၏ ကိုယ်သည် ငြိမ်း ချမ်း၏။ငြိမ်းချမ်းသောကိုယ်ရှိသူသည် စိတ်ချမ်းသာမှုကို ခံစားရ၏။ချမ်းသာခြင်းရှိသူ၏ စိတ်သည် တည်ကြည်လာ ၏။

ဤသို့ သီလ သမာဓိ ပညာရှိသော ရဟန်းသည် ဟင်းလျာ များစွာတို့နှင့် သလေးဆွမ်းကို စားသုံးစေကာမူ ယင်းသို့ စားသုံးခြင်းဖြင့် ထိုရဟန်းအား စျန်မဂ်ဖိုလ်၏ အန္တရာယ် မဖြစ်တော့ချေ။

 စိတ်ညစ်ညူးကြောင်းတရားများ ကင်းစင်သော် မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာနှင့် ယှဉ်သောစိတ်ဖြင့် အရပ် ဆယ်မျက်နှာလုံးရှိ သတ္တဝါတို့အပေါ် ၌ ဖြန့်၍ နေရာ၏။

ထို့နောက် ကမ္မဋ္ဌာန်းတရားကို အားထုတ်၍ ရဟန္တာဖြစ် အောင် ကျင့်ကြံအားထုတ်ရာ၏။

ဤသို့ ရဟန္တာဖြစ်လာ သောရဟန်းကို အတွင်းသန္တာန်၌ ဖြစ်သည့် အညစ်အကြေးတို့ကို အကျင့်ဖြင့်သာ စင်ကြ ယ်စေသူဟူ၍ ဆိုအပ်၏။

 

 

၈။ သလ္လေခသုတ်

သလ္လေခ ဆိုသည်မှာ ကိလေသာများ ခေါင်းပါးအောင် ခြစ်ထုတ်ဖယ်ရှားသည့် အကျင့် ဖြစ်သည်။ လူတို့သည် မိမိတို့၏ စိတ်ကို ဆုံးမမည်ဆိုပါက သလ္လေခသုတ်ကို နာယူကျင့်သုံးသင့်သည်။

 

ဗုဒ္ဓမြတ်စွာသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးနေစဉ် အရှင်မဟာစုန္ဒ၏ မေးလျှောက်ချက်အရ မိစ္ဆာဒိဋ္ဌိ အမျိုးမျိုးသည် ခန္ဓာငါးပါး၌ ဖြစ်ပေါ်လာ၏။ ဤခန္ဓာငါးပါးသည် ငါမဟုတ် ငါ့ဟာမဟုတ် ငါ့အတ္တ မဟုတ်ဟူ၍ ပညာဖြင့် ဟုတ်တိုင်းမှန်စွာ ရှုမြင်သူအား ထိုမိစ္ဆာအယူတို့ကို ပယ်စွန့်နိုင်၏ဟု ဖြေကြားတော်မူပါသည်။

 

ရူပဈာန်တို့သည် ကိလေသာခေါင်းပါးကြောင်း အကျင့်မဟုတ်။ မျက်မှောက် ချမ်းသာစွာနေကြောင်းသာ ဖြစ်၏။ အရူပဈာန်တို့သည် ကိလေသာခေါင်းပါးကြောင်း အကျင့်အဟုတ် ငြိမ်းအေးသော နေခြင်းသာ ဖြစ်၏။

 

(ဈာန်သမာပတ်ကိုရသော်လည်း ယင်းကို အခြေခံ၍ ဝိပဿနာကို ဆက်လက်အားမထုတ်လျှင် ကိလေသာခေါင်းပါးမှု မဖြစ်နိုင်။ ဝိပဿနာကို ဆက်လက်အားထုတ်မှ ကိလေသာ‌ ခေါင်းပါးနိုင်၏။ ထို့ကြောင့် ဤသို့ ဟောကြားရခြင်းဖြစ်၏။)

 

ကိလေသာခေါင်းပါးကြောင်းအကျင့်မှာ သူတစ်ပါးတို့သည် ကိုယ်နှုတ်စိတ်တို့ဖြင့် မကောင်းမှုတို့ကို ပြုကြသော်လည်း ငါတို့သည် ထိုမကောင်းမှုဟူသမျှတို့ကို မပြုသူများ ဖြစ်ကုန်အံ့ဟု စိတ်ဖြင့် မကောင်းမှုတို့မှ ရှောင်ကြဉ်ခြင်းပင် ဖြစ်၏။

 

ကုသိုလ်တရားတို့၌ စိတ်အကြံဖြစ်ခြင်းမျှပင် အကျိုးများလှ၏။ နှုတ်ဖြင့်မြွက်ဟပြောဆိုခြင်း ကိုယ်ထိလက်ရောက် ပြုလုပ်ခြင်းတို့၌ ပြောဖွယ်ရာမရှိတော့ပြီ။

 

ကုသိုလ်တရားတို့၌ စိတ်အကြံဖြစ်ခြင်းမျှပင် အကျိုးများလှ၏။ နှုတ်ဖြင့်မြွက်ဟ ပြောဆိုခြင်း ကိုယ်ထိလက်ရောက် ပြုလုပ်ခြင်းတို့၌ ပြောဖွယ်ရာမရှိတော့ပြီ။

 

ကုသိုလ်တရားတို့၌ စိတ်အကြံဖြစ်ခြင်းမျှပင် အကျိုးများလှ၏။ နှုတ်ဖြင့်မြွက်ဟပြောဆိုခြင်း ကိုယ်ထိလက်ရောက် ပြုလုပ်ခြင်းတို့၌ ပြောဖွယ်ရာမရှိတော့ပြီ။

 

ကုသိုလ်တရားတို့ကို ပြုခြင်းသည် အကုသိုလ်တရားတို့ကို ရှောင်လွှဲခြင်းပင် ဖြစ်၏။ အကုသိုလ်တရားတို့သည် အောက်အဖို့သို့ ရောက်စေတတ်၏ဩ။ ကုသိုလ်တရားတို့သည် အထက်အဖို့သို့ ရောကစေတတ်၏။ အကုသိုလ်ကို ရှောင်ကြဉ်၍ ကုသိုလ်ပြုသူသည် အထက်အဖို့သို့ ရောက်ရန်သာ ဖြစ်၏။

 

မိမိကိုယ်တိုင် ယဉ်ကျေးလိမ္မာခြင်းမရှိသူ ငြိမ်းအေးခြင်း မရှိသူသည် သူတစ်ပါးကို ယဉ်ကျေးလိမ္မာစေလိမ့်မည် ငြိမ်းအေးစေလိမ့်မည်ဟု မျှော်လင့်ဖွယ်မရှိ။

 

မိမိကိုယ်တိုင် ယဉ်ကျေးလိမ္မာသူ ငြိမ်းအေးသူသာလျှင် သူတစ်ပါးကို ယဉ်ကျေးလိမ္မာစေနိုင်လိမ့်မည်။ ငြိမ်းအေးမှု ရရှိစေနိုင်လိမ့်မည်ဟု မျှော်လင့်ဖွယ်ရှိ၏။

 

ညှင်းဆဲနှိပ်စက်တတ်သူအား မညှင်းဆဲ မနှိပ်စက်ခြင်းသည် ငြိမ်းအေးရန် အလိုငှာ ဖြစ်လေ၏။

 

ကိလေသာခေါင်းပါးကြောင်းအကျင့်၊ ကုသိုလ်စိတ်ဖြစ်စေရန်အကြောင်း၊ ရှောင်လွဲရန်နည်းလမ်း၊ အထက်အဖို့သို့ ရောက်ရန်နည်းလမ်းနှင့် ငြိမ်းအေးရန်နည်းလမ်းတို့ကို ဟောကြားခဲ့ပြီးဖြစ်၏။ အကျိုးလိုလားသော ဆရာပြုလုပ်ထိုက်သောကိစ္စကို ငါပြုခဲ့ပြီ။ သင်တို့ ရှုမှတ်ပွားများကြလော့ မမေ့မလျော့ကြလင့်ဟု ဟောကြားတော်မူပါသည်။

 

 

 

Ashin Sundara(5.1.2025)


+++++++++++++++++++++++++++++++++++++++


မဇ္ဈိမနိကာယ်၊ မူလပဏ္ဏာသ၊

၁။ #မူလပရိယာယဝဂ်_အဆက်

၉။ သမ္မာဒိဋ္ဌိသုတ်

မှန်သောအမြင် သမ္မာဒိဋ္ဌိ ရှိသူဖြစ်ကြောင်းကို ဟောသောသုတ် ဖြစ်သည်။ အရှင်သာရိပုတ္တရာက ရဟန်းတို့အား ဟောခြင်းဖြစ်သည်။

 

သမ္မာဒိဋ္ဌိသည် လောကီသမ္မာဒိဋ္ဌိနှင့် လောကုတ္တရာ သမ္မာဒိဋ္ဌိဟူ၍ နှစ်မျိုးရှိသည်။ ထိုတွင် ကမ္မသကတာဉာဏ်နှင့် သစ္စာနုလောမိကဉာဏ်သည် လောကီသမ္မာဒိဋ္ဌိ မည်၏။ မဂ်ဖိုလ်တို့နှင့် ယှဉ်သော ပညာသည် လောကုတ္တရာ သမ္မာဒိဋ္ဌိမည်၏။

 

ပုဂ္ဂိုလ်သည် ပုထုဇဉ်ပုဂ္ဂိုလ် သေက္ခပုဂ္ဂိုလ် အသေက္ခပုဂ္ဂိုလ်ဟူ၍ သုံးမျိုးရှိသည်။ ထိုတွင်လည်း ပုထုဇဉ်သည် သာသနာပပုထုဇဉ်နှင့် သာသနာတွင်းပုထုဇဉ်ဟူ၍ နှစ်မျိုးရှိသည်။

 

ယင်းတွင် ကမ္မဝါဒီဖြစ်သော သာသနာပ ပုထုဇဉ်သည် ကမ္မသကတာသမ္မာဒိဋ္ဌိနှင့် ပြည့်စုံသူဖြစ်၏။ သစ္စာနုလောမိက သမ္မာဒိဋ္ဌိနှင့်ကား ပြည့်စုံသူ မဖြစ်နိုင်ချေ။ သာသနာတွင်း ပုထုဇဉ်သည် နှစ်မျိုးလုံး ဖြစ်နိုင်သည်။ သေက္ခပုဂ္ဂိုလ်သည် ခိုင်မြဲသော နိယတသမ္မာဒိဋ္ဌိနှင့် ပြည့်စုံသူဖြစ်၏။

 

ဤသုတ်၌ လောကုတ္တရာသမ္မာဒိဋ္ဌိနှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို မှန်သော အမြင်ရှိသူဟု ဆိုပါသည်။

 

 

၁၀။ မဟာသတိပဋ္ဌာနသုတ်

 

သတိပဋ္ဌာန်လေးပါးကို အကျယ် ဟောကြားခြင်း ဖြစ်သည်။ ဗုဒ္ဓမြတ်စွာသည် ကုရုတိုင်း ကမ္မာသဒမ္မနိဂုံး၌ သီတင်းသုံးစဉ် ရဟန်းတို့အား ဤမဟာသတိပဋ္ဌာနသုတ်ကို ဟောတော်မူသည်။

 

သတ္တဝါတို့၏ စိတ်စင်ကြယ်ရန် စိုးရိမ်ပူပန်ရခြင်းငိုကြွေးမည်တမ်းရခြင်းတို့ကို လွန်မြောက်နိုင်ရန် ကိုယ်စိတ်ဆင်းရဲများ ချုပ်ငြိမ်းရန် အရိယာမဂ်ကို နိဗ္ဗာန်ကို မျက်မှောက်ပြုရန်အတွက် တစ်ကြောင်းတည်းသော ခရီးလမ်းကား သတိပဋ္ဌာန်လေးပါးတို့ပင် ဖြစ်၏။

 

သတိပဋ္ဌာန်လေးပါးဟူသည် အချုပ်အားဖြင့်

၁။ ကာယာနုပဿနာသတိပဋ္ဌာန်

၂။ ဝေဒနာနုပဿနာသတိပဋ္ဌာန်

၃။ စိတ္တာနုပဿနာသတိပဋ္ဌာန်

၄။ ဓမ္မာနုပဿနာသတိပဋ္ဌာန်တို့ဖြစ်၏။

 

ကာယာနုပဿနာ သတိပဋ္ဌာန်တွင် ရုပ်အပေါင်းကို ဆင်ခြင်ခြင်း တဆယ့်လေးပါးရှိသည်။

·       ထွက်သက်ဝင်သက်ကို ရှုဆင်ခြင်ခြင်းအပိုင်း

·       ဣရိယာပုတ်ကို ဆင်ခြင်ခြင်းအပိုင်း

·       သတိသမ္ပဇဉ်ဖြင့် ဆင်ခြင်ခြင်းအပိုင်း

·       စက်ဆုပ်ဖွယ်ဟု နှလုံးသွင်းခြင်းအပိုင်း

·       ဓာတ်အားဖြင့် နှလုံးသွင်းခြင်းအပိုင်း

·       သူသေကောင် ကိုးမျိုးကို ဆင်ခြင်ခြင်းအပိုင်းတို့ ဖြစ်သည်။

 

ဝေဒနာနုပဿနာသတိပဋ္ဌာန်တွင် ဝေဒနာကိုဆင်ခြင်ခြင်း ကိုးပါးရှိသည်။

စိတ္တာနုပဿနာသတိပဋ္ဌာန်တွင် စိတ်ကိုဆင်ခြင်ခြင်း ငါးပါးရှိသည်။

ဓမ္မာနုပဿနာသတိပဋ္ဌာန်တွင် သဘောတရားကို ဆင်ခြင်ခြင်း ငါးပါးရှိသည်။

·       နီဝရဏတရားငါးပါးကို ဆင်ခြင်ခြင်းအပိုင်း

·       ခန္ဓာငါးပါးကို ဆင်ခြင်ခြင်းအပိုင်း

·       အာယတနတဆယ့်နှစ်ပါးကို ဆင်ခြင်ခြင်းအပိုင်း

·       ဗောဇ္ဈင်ခုနှစ်ပါးကို ဆင်ခြင်ခြင်းအပိုင်း

·       သစ္စာလေးပါးကို ဆင်ခြင်ခြင်းအပိုင်းတို့ဖြစ်သည်။

(မဟာသတိပဋ္ဌာနသုတ်သည် ဒီဃနိကာယ် မဟာဝဂ္ဂပါဠိတော်တွင်လည်း ပါရှိသည်။)

 

 

၂။ #သီဟနာဒဝဂ်

သီဟနာဒဝဂ်သည် မူလပဏ္ဏာသ၏ ဒုတိယမြောက်ဝဂ်ဖြစ်သည်။

၁။ စူဠသီဟနာဒသုတ်   ၂။ မဟာသီဟနာဒသုတ်   ၃။ မဟာဒုက္ခက္ခန္ဓသုတ်

၄။ စူဠဒုက္ခက္ခန္ဓသုတ်   ၅။ အနုမာနသတ်   ၆။ စေတောခိလသုတ်

၇။ ဝနပတ္တသုတ်     ၈။ မဓုပိဏ္ဍိကသုတ်  ၉။ ဒွေဓာဝိတက္ကသုတ်

၁၀။ ဝိတက္ကသဏ္ဌာနသုတ် အားဖြင့် ဆယ်သုတ်ရှိသည်။

၁၁။ စူဠသီဟနာဒသုတ်

ခြင်္သေ့မင်းကဲ့သို့ ရဲရင့်သောစကားကို ဗုဒ္ဓမြတ်စွာ မိန့်ကြားတော်မူခြင်းဖြစ်သည်။ ဗုဒ္ဓမြတ်စွာသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးနေစဉ် ရဟန်းတို့အား ဟောကြားတော်မူသည်။

 

ဤသာသနာ၌သာလျှင် သောတာပန်, သကဒါဂါမ်, အနာဂါမ်, ရဟန္တာတို့ရှိသည်။ တစ်ပါးသော အယူဝါဒတို့၌ ဆိတ်သုဉ်း၏။ ဘုရား၌ ကြည်ညိုခြင်း၊ တရား၌ကြည်ညိုခြင်း၊ သီလကို ဖြည့်ကျင့်ခြင်း၊ သီတင်းသုံးဖော်အချင်းချင်း ချစ်ခင်မြတ်နိုးခြင်းဟူသော တရားလေးပါးကို ဤသာသနာ၌ ထင်ရှား တွေ့မြင်ရသောကြောင့်ဖြစ်၏။

 

 

၁၂။မဟာသီဟနာဒသုတ်

မဟာသီဟနာဒသုတ်သည် မဇ္ဈိမနိကာယ် မူလပဏ္ဏာသပါဠိတော်၏ သုတ်ငါးဆယ်တွင် ဆယ့်နှစ်ခုမြောက်သုတ်ဖြစ် သည်။သုနက္ခတ္တကို အကြောင်းပြု၍ ကြက်သီးထဖွယ် လောမဟံသနပရိယာယဒေသနာကို ဟောတော်မူခြင်း ဖြစ် သည်။

 

ဗုဒ္ဓမြတ်စွာသည် ဝေသာလီပြည် အနောက်ဘက်ရှိ အပရပု ရတောအုပ်၌ သီတင်းသုံးနေတော်မူ၏။လိစ္ဆဝီမင်းသား သုနက္ခတ္တသည် သာသနာ့ဘောင်မှထွက်၍ ဝေသာလီမြို့ တွင် ရဟန်းဂေါတမသည် ပကတိလူတို့၏ တရားထက် သာလွန်သော အရိယာတို့၏ ဉာဏ်အမြင်ထူးမရှိ။မိမိဘာ သာ ဆင်ခြင်ကြံဆ၍ စိတ်တွင်ထင်မြင်လာသည့်အတိုင်း သာ တရားကိုဟောပြော၏။သို့သော်လည်း သူဟောကြား သည့်အတိုင်း ကျင့်သူအားမူ ဆင်းရဲကုန်ခြင်းကို ပြုနိုင်၏ဟု ပြောဆိုလေ၏။

 

သုနက္ခတ္တပြောဆိုနေသည်ကို အရှင်သာရိပုတ္တရာ ဆွမ်းခံ သွားရင်း ကြားသိ၍ ဗုဒ္ဓမြတ်စွာအား လျှောက်ထား၏။

 

သုနက္ခတ္တ ထိုသို့ပြောဆိုခြင်းသည် အမျက်ဒေါသကြောင့် ပြောဆိုခြင်းဖြစ်၏။သို့သော် ငါ၏တရားသည် ငါဟော ကြားသည့်အတိုင်း ကျင့်သူအား ဆင်းရဲကုန်ဆုံးခြင်းကို ပြု နိုင်၏ဟု ဆိုခြင်းမှာမူ ငါ့ကို ချီးမွမ်းရာရောက်၏ဟု ဗုဒ္ဓ မြတ်စွာက မိန့်ဆိုပါသည်။

 

ငါဘုရားသည် အားတော်ဆယ်ပါးတို့နှင့် ပြည့်စုံသည်ဖြစ်၍ မြင့်မြတ်ကြောင်းကို ဝန်ခံ၏။ ပရိသတ်တို့၌ ရဲဝံ့သော စကားကို မြွတ်ဆို၏။မြတ်သောတရားစကြာကို လည်စေ ၏။ အားတော်ဆယ်ပါးကား----

၁။အကြောင်းဟုတ်သည် မဟုတ်သည်ကို အမှန်အတိုင်း ကွဲကွဲပြားပြားသိမြင်ခြင်း။

၂။အတိတ်အနာဂါတ် ပစ္စုပ္ပန်အားဖြင့် အလုံးစုံသောကံတို့ ၏အကျိုးကို အမှန်အတိုင်း ကွဲကွဲပြားပြားသိမြင်ခြင်း။

၃။ဘုံဘဝအားလုံးသို့ လားရောက်ကြောင်းအကျင့်ကို အ မှန်အတိုင်း ကွဲကွဲပြားပြားသိမြင်ခြင်း။

၄။များစွာသောဓာတ်သဘောနှင့် ထိုဓာတ်သဘောရှိသည့် လောကကို အမှန်အတိုင်း ကွဲကွဲပြားပြားသိမြင်ခြင်း။

၅။သတ္တဝါတို့၏ အလိုအဇ္ဈာသယအမျိုးမျိုးကို အမှန်အ တိုင်း ကွဲကွဲပြားပြားသိမြင်ခြင်း။

၆။သတ္တဝါတို့၏ ဣန္ဒြေအနုအရင့်ကို အမှန်အတိုင်း ကွဲကွဲ ပြားပြားသိမြင်ခြင်း။

၇။စျာန်သမာဓိသမာပတ်တို့၏ ညစ်ညူးခြင်း ဖြူစင်ခြင်း ထမြောက်ခြင်းတို့ကို အမှန်အတိုင်း ကွဲကွဲပြားပြားသိမြ င်ခြင်း။

၈။သတ္တဝါတို့၏ ကံအားလျော်စွာ သေခြင်း ဘဝသစ်၌ဖြ စ်ခြင်းတို့ကို အမှန်အတိုင်း ကွဲကွဲပြားပြားသိမြင်ခြင်း။

၉။မိမိဖြစ်ခဲ့ဖူးသည့် ဘဝများစွာတို့ကို ပြန်ပြောင်း အောက် မေ့ခြင်း

၁၀။အာသဝေါကင်းသော စေတောဝိမုတ္တိ ပညာဝိမုတ္တိကို မျက်မှောက်ပြု၍ နေခြင်းဟူသော အားဆယ်ပါးရှိ၏။

ငါသည် ရဲရင့်ခြင်းလေးပါးနှင့် ပြည့်စုံသည်ဖြစ်၍ မြင့်မြတ် သောအရာကို ဝန်ခံ၏။ပရိသတ်အလယ်၌ ရဲရင့်သော စကားကို မြွက်ဆိုခဲ့၏။ရဲရင့်ခြင်းလေးပါးကား----

 ၁။ငါသည် ကြွင်းမဲ့ဥဿုံ အလုံးစုံသောတရားကို အကုန်အ စင် သိမြင်၏ဟု ပရိသတ်အလယ်၌ ရဲရင့်စွာ ငါဝန်ခံ၏။

၂။ငါသည် အာသဝေါတရားအားလုံး ကုန်ခမ်းပြီဟု ပရိသ တ်အလယ်၌ ရဲရင့်စွာ ငါဝန်ခံ၏။

၃။မဂ်ဖိုလ်၏ အန္တရာယ်ကို ပြုတတ်သောတရားဟု ငါဟေ ာကြားသောတရားများကို ကျုးလွန်သူအား ဧကန်ပင် မဂ်ဖိုလ်၏ အန္တရာယ်ဖြစ်၏ဟု ပရိသတ်အလယ်၌ ရဲရင့်စွာ ငါဝန်ခံ၏။

၄။ဆင်းရဲကုန်ဆုံးရန်အလို့ငှာ ငါဟောကြားသည့် တရား သည် ဟောသည့်အတိုင်း ကျင့်သူအား ဧကန်ပင် ဆင်းရဲကို ကုန်ဆုံးစေနိုင်၏ဟု ပရိသတ်အလယ်၌ ရဲရင့်စွာ ငါဝန်ခံ၏။

မင်း ပုဏ္ဏား သူကြွယ် ရဟန်း စတုမဟာရာဇ်နတ် တာဝတိံ သာနတ် မာရ်နတ် ဗြဟ္မာဟူသော  ပရိသတ်ရှစ်ပါး၌ ရဲရင့် စွာ နေခဲ့ပေ၏။

၁။ဥ၌ဖြစ်သော အဏ္ဍဇသတ္တဝါ

၂။သားအိမ်၌ဖြစ်သော ဂဗ္ဘသေယျကသတ္တဝါ

၃။အညှိ၌ဖြစ်သော ဇလာဗုဇသတ္တဝါ

၄။ကိုယ်ထင်ရှားဖြစ်သော သြပပါတိကသတ္တဝါဟူ၍ သတ္တဝါလေးမျိုးကို ငါသိမြင်၏။

သတ္တဝါတို့၏ လားရာဂတိငါးပါး ထိုဂတိငါးပါးသို့ လား ရောက်ကြောင်းအကျင့် ထိုဂတိငါးပါးမှ လွတ်ရာနိဗ္ဗာန်

ထိုနိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်တို့ကို ငါသည် ကောင်း စွာသိမြင်၏။

ငါသည် ရှေးအခါက ၁။ခြိုးခြံစွာကျင့်ခြင်း ၂။ခေါင်းပါးစွာ ကျင့်ခြင်း စက်ဆုပ်စွာကျင့်ခြင်း ၄။ကင်းဆိတ်စွာကျင့်ခြင်း ဟူသော အင်္ဂါလေးပါးရှိသော အကျင့်မြတ်ကို ကျင့်ခဲ့၏ ဟု မိန့်တော်မူပြီး ကျင့်ခဲ့ပုံ အလုံးစုံကို အကျယ်တဝင့် ဟောပြပါသည်။

ဤဒေသနာသည် နာကြားသူတို့အား ကြက်သီးမွေးညှင်း ထစေသောကြောင့် လောမဟံသပရိယာယဒေသနာဟု မှတ်လော့ဟု မိန့်တော်မူပါသည်။

 

 

၁၃။ မဟာဒုက္ခက္ခန္ဓသုတ်

ကာမဂုဏ်ငါးပါးသည် ဆင်းရဲတုံးကြီးသာဖြစ်ကြောင်း ဟောတော်မူပါသည်။ ဗုဒ္ဓမြတ်စွာသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးနေစဉ် အယူတပါးရှိသော ပရိဗိုဇ်တို့ကို အကြောင်းပြု၍ ဟောကြားခြင်းဖြစ်ပါသည်။

 

မဟာဒုက္ခက္ခန္ဓသုတ်သည် ပရိဗိုဇ်တို့၏ တန်းညှိသည့် စကားကို အကြောင်းပြု၍ အာရုံငါးပါး ကာမဂုဏ်တရားနှင့် ခန္ဓာငါးပါးသည် ဆင်းရဲတုံးကြီးသာဖြစ်ကြောင်း အဿာဒ၊ အာဒီနဝ၊ နိဿရဏတို့နှင့်တကွ အကျယ်တဝင့် ဟောသည်။

 

 

၁၄။ စူဠဒုက္ခက္ခန္ဓသုတ်

စူဠဒုက္ခက္ခန္ဓသုတ်သည် မဇ္ဈိမနိကာယ် မူလပဏ္ဏာသပါဠိတော်၏ သုတ်ငါးဆယ်တို့တွင် တစ်ဆယ့်လေးခုမြောက်သုတ် ဖြစ်သည်။ ကာမဂုဏ်ငါးပါးသည် ဆင်းရဲတုံးအတိဖြစ်ကြောင်း ဟောကြားခြင်း ဖြစ်သည်။

 

ဗုဒ္ဓမြတ်စွာသည် ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ သီတင်းသုံးနေစဉ် မဟာနမ်သာကီဝင်မင်း၏ မေးလျှောက်ချက်ကို ဖြေကြားခြင်းဖြစ်သည်။

 

စူဠဒုက္ခက္ခန္ဓသုတ်သည် သာကီဝင်မင်းသား မဟာနာမ်ကို အကြောင်းပြု၍ ကာမဂုဏ်တို့၏ သာယာဖွယ်နည်း၍ ဆင်းရဲပင်ပန်းခြင်းများပုံကို ဟောသည်။ ထို့ပြင် ခန္ဓာကိုယ် ပင်ပန်းဆင်းရဲခံ၍ ကျင့်ခြင်းဖြင့် ကံဟောင်းတို့ကို ချေဖျက်ပြီး ကံအသစ် မဖြစ်ခဲ့သော် ဒုက္ခကုန်ပြီဟူသော နိဂဏ္ဌတို့၏ အယူအဆကို နိဂဏ္ဌတို့နှင့် ဆွေးနွေးဝေဖန်ထားသည်ကို သာကီဝင်မဟာနာမ်အား ပြန်လည် ဟောပြထားသည်။

 

 

၁၅။ အနုမာနသုတ်

 

ဆိုဆုံးမခက်အောင် ပြုတတ်သောတရားများနှင့် ထိုတရားတို့အား ပယ်နည်းတို့ကို ဟောကြားသည်။ အရှင်မောဂ္ဂလာန်သည် ဘဂ္ဂတိုင်း သံသုမာရဂိရိမြို့ အနီးရှိ ဘေသကဠာ ဘေးမဲ့တော၌ သီတင်းသုံးနေစဉ် ရဟန်းတို့အား ဟောကြားသည်။

အရှင်မဟာမောဂ္ဂလာန်က ပြောဆိုဆုံးမရန် ခက်ခဲသော ရဟန်းများ မဖြစ်စေရန် ဟောကြားထားသော သုတ်ဖြစ်သည်။ ဤသုတ်သည် ရဟန်းများအတွက်ပါမက အပေါင်းအသင်း အဖွဲ့အစည်း နှင့် နေထိုင်ရသော လူတို့တွင်လည်း လိုက်နာကျင့်သုံးသင့်သော အဆုံးအမ များ ပါဝင်ပါသည်။

 

 

၁၆။ စေတောခိလသုတ်

သာသနာတော်၌ ကြီးပွားစည်ပင်ခြင်းသို့ မရောက်နိုင်သော အကြောင်းတရားများနှင့် ရောက်နိုင်သော အကြောင်းတရားများကို ဟောတော်မူသည်။

ဗုဒ္ဓမြတ်စွာသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးနေစဉ် ရဟန်းတော်များအား ဟောကြားတော်မူသည်။

စိတ်၏ ဆူးငြောင့်ငါးပါးကို မပယ်ရသေးသော စိတ်၏ အနှောင်အဖွဲ့ငါးပါးကို မဖြတ်ရသေးသော ရဟန်းသည် ဤသာသနာတော်၌ကြီးပွား တိုးတက်ခြင်းသို့ ရောက်ဖွယ်အကြောင်းမရှိ။

စိတ်၏ ဆူးငြောင့်ငါးပါးဟူသည် …

v ဘုရား၌ ယုံမှားခြင်း

v တရား၌ ယုံမှားခြင်း

v သံဃာ၌ ယုံမှားခြင်း

v အကျင့်သိက္ခာ၌ ယုံမှားခြင်း

v သီတင်းသုံးဖော်တို့အပေါ်၌ မကျေနပ်ခြင်းတို့ ဖြစ်၏။

 

စိတ်၏ အနှောင်အဖွဲငါးပါးဟူသည် ...

v ကာမဂုဏ်ငါးပါး၌ တပ်မက်ခြင်း

v မိမိကိုယ်၌ တပ်မက်ခြင်း

v ရုပ်၌တပ်မက်ခြင်း

v အလိုရှိသလို ဗိုက်ပြည့်အောင် စားပြီး အိပ်စက်လှဲလျောင်းသည့် ချမ်းသာကို ခံစားခြင်း

v မိမိ၏ အကျင့်သီလဖြင့် နတ်ပြည်ရောက်ရန် လိုလားတောင့်တခြင်းတို့ဖြစ်၏။

 

စိတ်၏ ဆူးငြောင့်ငါးပါးကို ပယ်ပြီးသော စိတ်၏အနှောင်အဖွဲ့ငါးပါးကို ဖြတ်ပြီးသော ရဟန်းသည် ဤသာသနာတော်၌ ကြီးပွားတိုးတက်ခြင်းသို့ ရောက်ဖွယ်အကြောင်း ရှိ၏။

ဆန္ဒဒ္ဓိပါဒ် ၊ ဝီရိယိဒ္ဓိပါဒ် ၊ စိတ္တိဒ္ဓိပါဒ် ၊ ဝီမံသိဒ္ဓိပါဒ်ဟူသော ဣဒ္ဓိပါဒ်လေးပါးကို ဖြစ်ပွားစေ၏။ လွန်ကဲသော အားထုတ်မှုကို ပြု၏။

ဤသို့အားဖြင့် အင်္ဂါတဆယ့်ငါးပါးတို့နှင့် ပြည့်စုံသော ရဟန်းသည် ကိလေသာတို့ကို ဖောက်ခွဲ ဖျက်ဆီးခြင်းငှာ စွမ်းနိုင်၏။ သစ္စာလေးပါးကို ထိုးထွင်းသိခြင်းငှာ စွမ်းနိုင်၏။ နိဗ္ဗာန်သို့ ရခြင်းငှာ ထိုက်တန်၏ဟု ဟောတော်မူပါသည်။

 

(စိတ်၏ဆူးငြောင့်ငါးပါးကို ပယ်ခြင်းသည် အင်္ဂါငါးပါး၊

စိတ််၏အနှောင်အဖွဲ့ငါးပါးကို ပယ်ခြင်းသည် အင်္ဂါငါးပါး၊

ဣဒ္ဓိပါဒ်လေးပါသည် အင်္ဂါလေးပါး၊

လွန်ကဲသော အားထုတ်ခြင်းသည် အင်္ဂါတစ်ပါး၊ဤသို့အားဖြင့် အင်္ဂါတစ်ဆယ့်ငါးပါး ဖြစ်၏။)

 

 

၁၇။ ဝနပတ္တသုတ်

ဝနပတ္တသုတ်သည် နေသင့်သောနေရာနှင့် မနေသင့်သော နေရာတို့ကို ဟောသည်။ ရှေးကထက် သတိ၊ သမာဓိအားကောင်း၍ အာသဝ၊ ယောဂတို့ ကုန်သည့်နေရာဖြစ်လျှင် ပစ္စည်းလေးပါး မပြည့်စုံသော်လည်း နေသင့်သော နေရာဖြစ်သည်။

 

မနေသင့်သော အရပ်ဒေသ မပေါင်းသင့်သော ပုဂ္ဂိုလ်နှင့် နေသင့်သော အရပ်ဒေသ ပေါင်းသင့်သော ပုဂ္ဂိုလ်တို့ကို ဟောကြားသည်။ ဗုဒ္ဓမြတ်စွာသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော် မူစဉ် ရဟန်းတော်များအား ဟောကြားတော်မူသည်။

 

 

 

၁၈။ မဓုပိဏ္ဍိကသုတ်

မဓုပိဏ္ဍိကသုတ်သည် မဇ္ဈိမနိကာယ် မူလပဏ္ဏာသပါဠိတော်၏ သုတ်ငါးဆယ်တွင် တစ်ဆယ့်ရှစ်ခုမြောက်သုတ် ဖြစ် သည်။

 

ဗုဒ္ဓမြတ်စွာသည် ကပိလဝတ်ပြည် မဟာဝုန်တောတွင်းရှိ ဥသျှစ်ပင်တစ်ပင်အောက်၌ ထိုင်နေစဉ် သာကီဝင်မင်းသား ကြီး ဒဏ္ဍပါဏိက အဘယ်သို့ အယူရှိပါသနည်း အဘယ် သို့ဟောပြောလေ့ရှိပါသနည်းဟု မေးလျှောက်၏။

တစ်စုံတစ်ယောက်သောသူနှင့်မျှ ငြင်းခုံခြင်းမပြု။ကာမဂု ဏ်တို့မှ ကင်းကွာလျှက် နေလေ့ရှိသောသူကို ကိလေသာ နှင့်ယှဉ်သော သညာတို့သည် မကိန်းဝပ်။ငါသည် ဤသို့ အယူရှိ၏။ဤသို့သော အကြောင်းကို ဟောပြောလေ့ရှိ၏ ဟု ဗုဒ္ဓမြတ်စွာက ဖြေကြားပါသည်။

 

ညနေချမ်းအခါ နိဂြောဓာရုံကျောင်းသို့ ပြန်ရောက်သည် တွင် ရဟန်းတို့အား ငြင်းခုံမှုမပြုခြင်း ကိလေသာနှင့်ယှဉ် သော သညာတို့ မကိန်းဝပ်ခြင်းအကြောင်းကို ဟောတော်မူ ပါသည်။

 

ပပဥ္စသညာစုတို့သည် သတ္တဝါကို လွမ်းမိုး၍ ဖြစ်ပေါ်လာ ၏။ထိုအကြောင်း၌ လွန်စွာနှစ်သက်ခြင်း စွဲလမ်းပြော ဆို ခြင်း သက်ဝင်ယုံကြည်ခြင်း မရှိခဲ့သော် ထိုလွန်စွာ နှစ်သ က်မှုမရှိခြင်းသည်ပင် အနုသယခုနစ်ပါးတို့၏ အဆုံးစွန် ဖြစ်၏။ဤသည်ပင် တုတ်ဓားလက်နက်ကိုင်စွဲခြင်း ငြင်း ခုန်ခြင်း ခိုက်ရန်ပြုခြင်း ဆဲဆိုခြင်း ကုန်းချောခြင်း လိမ်လ ည်လှည့်ပတ်၍ ပြောဆိုခြင်းတို့၏ အဆုံးစွန်ဖြစ်၏။ဤ၌ သာလျှင် အကုသိုလ်တရားတို့သည် အကြွင်းမဲ့ချုပ်၏ဟု ဟောတော်မူပါသည်။

 

အကျဉ်းအားဖြင့် ဗုဒ္ဓမြတ်စွာ ဟောတော်မူသော ဒေသနာ ကို အကျယ်အားဖြင့် ဝေဖန်ဟောကြားပါရန် အရှင်မဟာ ကစ္စာယနအား လျှောက်ထားကြ၏။

 

မျက်စိနှင့် ရူပါရုံတို့ကို စွဲမှီ၍ မြင်သိစိတ်စက္ခုဝိညာဉ် ဖြစ် ပေါ်၏။မျက်စိ ရူပါရုံ မြင်သိစိတ် ထိုသုံးပါးတို့၏ ပေါင်းဆုံ မှုကြောင့် ထိတွေ့မှုဖဿ ဖြစ်ပေါ်လာ၏။ဖဿကြောင့် ခံ စားမှုဝေဒနာ ဖြစ်ပေါ်လာ၏။ခံစားအပ်သော အာရုံကို သိ မှတ်၏။သိမှတ်အပ်သော အာရုံကို ချဲ့ထွင်၏။ထိုသို့ ချဲ့ထွင် ခြင်းကြောင့် အတိတ် အနာဂါတ် ပစ္စုပ္ပန်ဖြစ်သော ရူပါရုံ တို့၌ ပပဥ္စသညာအစုသည် လွှမ်းမိုးဖြစ်ပေါ်လာ၏။နား နှာ ခေါင်း လျာ ကိုယ် မနော စသည်တို့၌လည်း  အတူဖြစ်၏။

 

မျက်စိ ရူပါရုံနှင့် စက္ခုဝိညာဉ်တို့ ဖြစ်ခဲ့လျှင် ဖဿဟု ပည တ်မှုသည် ဖြစ်ပေါ်လာမည် ဖြစ်၏။ဖဿဟု ပညတ်မှု ရှိခဲ့ လျှင် ဝေဒနာဟု ပညတ်မှု ဖြစ်ပေါ်လာမည်ဖြစ်၏။ဝေဒနာ ဟု ပညတ်မှုရှိခဲ့လျှင် ဝိတက်ဟု ပညတ်မှုသည် ဖြစ်ပေါ် လာမည်ဖြစ်၏။ဝိတက်ဟုပညတ်မှုရှိခဲ့လျှင် ချဲ့ထွင်တတ် သော သညာအစု၏ လွှမ်းမိုးခြင်းဟူသော ပညတ်မှုသည် ဖြစ်ပေါ်လာမည်ဖြစ်၏။နားနှာခေါင်း လျှာ ကိုယ် မနော စသည်တို့၌လည်း အတူပင်ဖြစ်၏။

 

မျက်စိ ရူပါရုံနှင့် စက္ခုဝိညာဉ်တို့ မဖြစ်ခဲ့လျှင် ဖဿဟု ပညတ်မှုသည် ဖြစ်ပေါ်လာမည်မဟုတ်။၏။ဖဿဟု ပ ညတ်မှု မရှိခဲ့လျှင် ဝေဒနာဟု ပညတ်မှု ဖြစ်ပေါ်လာမည် မဟုတ်။ဝေဒနာ ဟု ပညတ်မှုရှိခဲ့လျှင် ဝိတက်ဟု ပညတ်မှု သည် ဖြစ်ပေါ် လာမည်မဟုတ်။ဝိတက်ဟုပညတ်မှု မရှိခဲ့ လျှင် ချဲ့ထွင်တတ်သော သညာအစု၏ လွှမ်းမိုးခြင်းဟူေ သာ ပညတ်မှုသည် ဖြစ်ပေါ်လာမည်မဟုတ်။နားနှာခေါင်း လျှာ ကိုယ် မနော စသည်တို့၌လည်း အတူပင်ဖြစ်၏။

ဤကဲ့သို့ အရှင်မဟာကစ္စာယန မိန့်ကြားသောအခါ ရဟန်း တို့သည် ဝမ်းမြောက်စွာဖြင့် ဗုဒ္ဓမြတ်စွာထံ လျှောက်တင် ကြ၏။ငါ့ကိုမေးလျှင်လည်း ဤအတိုင်းပင် ဖြေကြားမည် ဖြစ်၏ဟု မိန့်ကြားတော်မူပါသည်။

 

ဤဒေသနာကို ပျားမုန့်ဆုပ်နှင့်တူသော အရသာရှိခြင်းကြေ ာင့် မဓုပိဏ္ဍိကဒေသနာဟု မှတ်လော့ဟု ဗုဒ္ဓမြတ်စွာက အရှင်အာနန္ဒာအား မိန့်ကြားတော်မူပါသည်။

 

 

Ashin Sundara(6.1.2025)


+++++++++++++++++++++++++++++++++++++++++


မဇ္ဈိမနိကာယ်၊ မူလပဏ္ဏာသ၊

၂။ #သီဟနာဒဝဂ်

 

၁၉။ ဒွေဓာဝိတက္ကသုတ်

 

ဒွေဓာဝိတက္ကသုတ်သည် ဘုရားလောင်းဘဝ၌ မြတ်စွာဘုရားကိုယ်တိုင် အတွေးတို့ကို မည်သို့ ရင်ဆိုင်ခဲ့ရသည်ကို ဟောကြားထားသောသုတ် ဖြစ်ပါသည်။ ထိုအတွေးတို့မှာ ကာမနှင့်စပ်သော ကြံစည်ခြင်း၊ သတ်ဖြတ်လိုမှုနှင့် စပ်သော ကြံစည်ခြင်း၊ ညှဉ်းဆဲမှုနှင့် စပ်သော ကြံစည်ခြင်းတို့ နှင့် ကာမမှ ထွက်မြောက်မှုနှင့်စပ်သော ကြံစည်ခြင်း၊ မသတ်ဖြတ်လိုမှုနှင့် စပ်သော ကြံစည်ခြင်း၊ မညှဉ်းဆဲမှုနှင့် စပ်သော ကြံစည်ခြင်း တို့ဖြစ်ပါသည်။

 

ဒွေဓာဝိတက္ကသုတ်သည် မဇ္ဈိမနိကာယ် မူလပဏ္ဏာသပါဠိတော်၏ သုတ်ငါးဆယ်တွင် တစ်ဆယ့်ကိုးခုမြောက်သုတ် ဖြစ်သည်။ကြံစည်မှုများကို နှစ်မျိုးခွဲအပ်ကြောင်း ဟောကြား ခြင်း ဖြစ်သည်။ ဗုဒ္ဓမြတ်စွာသည် သာဝတ္ထိပြည် အနာထပိဏ်သဋ္ဌေး၏ ဇေတဝန်ကျောင်း၌ သီတင်းသုံး နေစဉ် ရဟန်းတို့အား ဟောတော်မူသည်။

 

ဘုရားရှင်သည် ဘုရားလောင်းဘဝကပင် ကြံစည်ခြင်းဝိတက်တို့ကို နှစ်မျိုး နှစ်စား ခွဲခြားကာ နေခဲ့၏။ ကာမဂုဏ်နှင့်စပ်သော ကြံစည်မှု ကာမဝိတက်, ပျက်စီးစေ လိုခြင်းနှင့်စပ်သော ကြံစည်မှု ဗျာပါဒဝိတက်,ညှဉ်းဆဲလိုမှု နှင့်စပ်သော ကြံစည်မှု ဝိဟိံသာဝိတက်တို့ကို တစ်ဖို့တစ်စု ပြုထားခဲ့၏။ ထွက်မြောက်ရေးနှင့်စပ်သော ကြံစည်မှု နေက္ခမ္မဝိတက်, မပျက်စီးစေလိုခြင်းနှင့် စပ်သော ကြံစည်မှု  အဗျာပါဒဝိတက်, မညှဉ်းဆဲလိုခြင်းနှင့်စပ်သော ကြံစည်မှု အဝိဟိံသာဝိတက် တို့ကို တစ်ဖို့တစ်စု ပြုထားခဲ့၏။

 

ကာမဝိတက် ဗျာပါဒဝိတက် ဝိဟိံသာဝိတက်တို့သည် မကောင်းသော ကြံစည်မှုဝိတက်များ ဖြစ်ကြ၏။ မကောင်းသော ကြံစည်မှု တစ်ခုခု ဖြစ်ပေါ်လာသည့်အခါ ဤဝိတက်သည် မိမိသူတစ်ပါး နှစ်ပါးလုံးကို ဆင်းရဲစေနိုင်၏။ အသိဉာဏ်ကို ပိတ်ပင်နိုင်၏။ ပင်ပန်းခြင်းသို့ ရောက်စေ နိုင်၏။

ငြိမ်းချမ်းမှုကို မဖြစ်စေနိုင်ဟုသိမြင်ခဲ့၏။ဤသို့ သိမြင်သည် ဖြစ်၍ ထိုဝိတက်၏ အပြစ်များကို ဆင်ခြင်သောအခါ ထိုဝိတက်သည် ပျောက်ပျက်သွား၏။

 

များစွာကြံစည်လေ့ရှိသော ဝိတက်အားလျော်စွာ စိတ်ညွတ်ခြင်း ဖြစ်တတ်၏။ ကာမဝိတက်ကို များစွာကြံစည်လေ့ရှိသူအား ကာမဝိတက်အလို့ငှာ စိတ်သည် ညွှတ်တတ်၏။

 

ဗျာပါဒဝိတက်ကို များစွာကြံစည်လေ့ရှိသူအား ဗျာပါဒဝိတက်အလို့ငှာ စိတ်သည် ညွှတ်တတ်၏။ ဝိဟိံသာဝိတက်ကိုများစွာ ကြံစည်လေ့ရှိသူအား ဝိဟိံသာဝိတက် အလို့ငှာ စိတ်သည် ညွှတ်တတ်၏။

 

နေက္ခမ္မဝိတက် အဗျာဒဝိတက် အဝိဟိံသာဝိတက်တို့သည် ကောင်းသောကြံစည်မှု ဝိတက်များ ဖြစ်၏။

 

ကောင်းသောကြံစည်မှု ဝိတက်တစ်ခုခု ဖြစ်ပေါ်လာသည့်အခါ ဤဝိတက်သည် မိမိသူတစ်ပါး နှစ်ပါးလုံးကို ဆင်းရဲခြင်းကို မဖြစ်စေနိုင်။ အသိဉာဏ်ကို တိုးပွားစေ၏။ ပင်ပန်းခြင်းသို့ မရောက်စေနိုင်။ ငြိမ်းချမ်းမှုကို ဖြစ်စေနိုင်၏ဟု  သိမြင်ခဲ့၏။

 

ဤသို့ သိမြင်သည်ဖြစ်၍ တစ်နေ့ပတ်လုံးဖြစ်စေ တစ်ညပတ်လုံးဖြစ်စေ ထိုဝိတက်တို့ကို ကြံစည်စဉ်းစား၍ နေငြားသော်လည်း တစ်စုံတစ်ခုသော ဘေးရန်ကိုမျှ မတွေ့မြင်ခဲ့ ပေ။

 

သို့သော် အလွန်ကြာမြင့်စွာ ကြံစည်စဉ်းစားသည်ရှိသော် ကိုယ်သည် ပင်ပန်းရာ၏။ ကိုယ်ပင်ပန်းလျှင် စိတ်သည် ပျံ့လွင့်ရာ၏။ စိတ်ပျံ့လွင့်သည်ရှိသော် စိတ် တည်ကြည်ခြင်း မှ  ဝေးသည်ဖြစ်ရာ၏။ ထို့ကြောင့် စိတ်ကိုအတွင်းသန္တာန်၌ သာလျှင် တည်စေခဲ့၏။

 

ကောင်းစွာကြံစည်လေ့ရှိသော ဝိတက်အားလျော်စွာ စိတ်ညွတ်ခြင်း ဖြစ်တတ်၏။ နေက္ခမ္မဝိတက်ကို များစွာကြံစည်လေ့ရှိသူအား နေက္ခမ္မဝိတက်အလို့ငှာ စိတ်သည် ညွှတ်တတ်၏။ အဗျာပါဒဝိတက်ကို များစွာကြံစည်လေ့ရှိသူအား အဗျာပါဒဝိတက် အလို့ငှာ စိတ်သည် ညွှတ်တတ်၏။

အဝိဟိံသာဝိတက်ကို များစွာ ကြံစည်လေ့ ရှိသူအား အဝိဟိံသာဝိတက် အလို့ငှာ စိတ်သည် ညွှတ်တတ်၏ဟု ဟောတော်မူ ပါသည်။

 

 

မိမိရေးသားထားသော ဒွေဓာဝိတက္ကသုတ်စာတမ်းကို ဖတ်ရှုလိုပါက အောက်ပါလင့်ခ်တွင် ဒေါင်းယူနိုင်ပါသည်။

 

 

၂၀။ ဝိတက္ကသဏ္ဍာနသုတ်

 

ဝိတက္ကသဏ္ဌာနသုတ်သည် မကောင်းသော စိတ်ကူးများ ရပ်တန့်သွားစေရန် အားထုတ်ပုံကို ဟောသည်။ မကောင်းသော စိတ်ကူးများ ဖြစ်ပေါ်လာသည့်အခါ ကောင်းသော စိတ်ကူးများဖြင့် အာရုံပြောင်းပါ။ ထိုသို့ ပြောင်းသော်လည်း မပျောက်လျှင် မကောင်းသောစိတ်ကူးတို့၏ အပြစ်ကို ဆင်ခြင်ပါ။ ထိုသို့ ဆင်ခြင်သော်လည်း မပျောက်လျှင် နှလုံးမသွင်းဘဲထားပါ။ ထိုသို့ နှလုံးမသွင်းဘဲ နေသော်လည်း မပျောက်လျှက် ထိုစိတ်ကူး၏အကြောင်းရင်းကို ဆင်ခြင်ပါ။ ထိုသို့ ဆင်ခြင်သော်လည်း မပျောက်လျှင် အံကြိတ်တောက်ခေါက်၍ အကုသိုလ်စိတ်ကို ဖိနှိပ်ပါ။ ထိုသို့ ဖိနှိပ်လျှင် မကောင်းသောစိတ်ကူးများပျောက်ကာ စိတ်တည်ငြိမ်လာမည်ဖြစ်၏။

 

အကုသလဝိတက် ပယ်ဖျောက်နည်း (၅) မျိုး

 

၁။ အစားထိုး ပယ်ဖျောက်နည်း

သတ္တဝါနှင့်စပ်၍ လိုချင်နှစ်သက်မှု စိတ်ကူးဝင်လာလျင် အသုဘကိုနှလုံးသွင်း၊ အရာဝတ္ထုနှင့်စပ်ပြီး နှစ်သက်မှု ဝင်လာလျင် အနိစ္စသဘောကို နှလုံးသွင်း၊ သတ္တဝါနှင့်စပ်ပြီး ဒေါသစိတ်ဝင်လာလျင် မေတ္တာကိုပွား၊ အရာဝတ္ထုအတွက် ဒေါသစိတ်ဖြစ်လာလျင် ဓာတ်ကြီးလေးပါးကိုနှလုံးသွင်း၊ မောဟနှင့်စပ်ပြီး စိတ်ကူး ဝင်လျင် ဆွေးနွေးမေးမြန်းရမည်။

 

၂။ အပြစ်ရှာ ပယ် ဖျောက်နည်း

 

ကာမဝိတက်ဝင်လာလျင် အသုဘကိုနှလုံးသွင်း၊ ခန္ဓာကိုယ်အပြစ်နှင့် လောဘအပြစ်ကို ဆင်ခြင်၊ ဗျာပါဒဝိတက်ဝင်လာလျင် စိတ်ဆိုးသူကို ပြန်ပြီးစိတ်ဆိုးလျင် ပိုပြီးအောက်တန်းကျရာ ရောက်မယ်” စသည်ဖြင့် ဒေါသအပြစ်ကိုဆင်ခြင်ရမည်။

 

၃။ မေ့ဖျောက် ရှောင်လွဲ ပယ်ဖျောက်နည်း

 

ပေါ်လာသောဝိတက်ကို မေ့ဖျောက်ထားပြီး ရသမျှ တရားစာများကို စိတ်ပါလက်ပါ ရွတ်ဆိုခြင်း၊ ရတနာသုံးပါးဂုဏ်တော်များကို ရွတ်ဖတ်ခြင်း၊ တောက်တိုမယ်ရ အသုံးဆောင်များကို စိတ်ပြေလက်ပျောက် ကောက်ယူကြည့်ရှုစစ်ဆေးခြင်း၊ အဝတ်ချုပ်ခြင်းစသည်ဖြင့် အပြစ်မရှိသော အလုပ်ကလေးများကို ပြုလုပ်ခြင်း စသည်ဖြင့်ပြုလုပ်ရမည်။

 

(ဝိတက်ပျောက်သွားသော်လည်း လက်စတန်းလန်းကျန်ရစ်နေမည့် အချိန်ကြာကြာ လုပ်ရမည့် ကိစ္စများကို မလုပ်ရပါ)

 

၄။ အကြောင်းရင်းရှာဖွေ ပယ်ဖျောက်နည်း

 

ဖြစ်ပေါ်လာသောစိတ်ကူး၏ မြစ်ဖျားခံရာ အကြောင်းအရင်းများကို ဆင့်ကာဆင့်ကာ ရှာဖွေစစ်ဆေးကြည့်ရမည်။ (ဇာ-ဋ္ဌ-၃၆၉။ ဒုဒ္ဒဘဇာတ်)

၅။ ဖိနှိပ် အံကြိတ် ပယ်ဖျောက်နည်း (ထိပ်တိုက်ရင်ဆိုင်နည်း)

 

အရိုးကြေကြေ အရေဆုပ်ဆုပ် ဖိနှိပ်အံကြိတ်ပြီး အကြံအစည်ဝိတက်များကို မနိင်နိင်အောင်ဖျောက်ရမည်။

(ဝိတက္ကသဏာနသုတ်၊ ၁၇၂၊ မူလပဏ္ဏာသပါဠိတော်)

 

 

မဇ္ဈိမနိကာယ်၊ မူလပဏ္ဏာသ၊

၃။ #ဩပမ္မဝဂ်

ဩပမ္မဝဂ်သည် မဇ္ဈိမနိကာယ် မူလပဏ္ဏာသ၏ တတိယမြောက်ဝဂ်ဖြစ်သည်။ ဆယ်သုတ်ပါဝင်သည်။ ပါဝင်သောသုတ် အားလုံးသည် အနည်းဆုံး ဥပမာတစ်ခုမှ သုံးလေးခုအထိ ဥပမာများဖြင့် တန်ဆာဆင်၍ ဟောကြားထားသဖြင့် ဤဝဂ်ကို ဩပမ္မဝဂ်ဟု အမည်ပေးခြင်းဖြစ်မည်။ ဩပမ္မဟူသည် ဥပမာဟူသော ပါဠိစကားလုံးမှ ပြောင်းလဲလာခြင်း ဖြစ်သည်။

 

ဩပမ္မဝဂ်၌ ပါဝင်သော သုတ်များမှာ -

၁။ ကကစူပမသုတ်      ၂။ အလဂဒ္ဒူပမသုတ်    ၃။ ဝမ္မိကသုတ်     ၄။ ရထဝိနီတသုတ်

၅။ နိဝါပသုတ်    ၆။ ပါသရာသိသုတ်   ၇။ စူဠဟတ္ထိပဒေါပမသုတ်

၈။ မဟာဟတ္ထိပဒေါပမသုတ်    ၉။ မဟာသာရောပမသုတ်

၁၀။ စူဠသာရောပမသုတ်တို့ဖြစ်သည်။

 

၂၁။ ကကစူပမသုတ်

ကကစူပမသုတ်သည် မဇ္ဈိမနိကာယ် မူလပဏ္ဏာပါဠိတော် ၏ သုတ်ငါးဆယ်တွင် နှစ်ဆယ့်တစ်ခုမြောက်သုတ်ဖြစ် သည်။မေတ္တာစိတ်ထားရန်နှင့် ဆိုဆုံးမလွယ်သူဖြစ်စေရန် ဟောကြားခြင်း ဖြစ်သည်။

 

ဗုဒ္ဓမြတ်စွာသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးနေစဉ် အရှင်မောဠိယဖဂ္ဂုနကို အကြောင်းပြု၍ ရဟန်းတို့အား ဟောတော်မူသည်။

 

အကယ်၍ တစ်စုံတစ်ယောက်က သင်၏ရှေ့၌ သင်၏ကျေးဇူးမဲ့ကိုဆိုခြင်း သင့်ကိုရိုက်နှက်ပုတ်ခတ်ခြင်းပြုရာ၌ ငါ့ စိတ်သည် ဖောက်ပြန်လိမ့်မည်မဟုတ်။ငါသည် ယုတ်ညံ့ သောစကားကို မြွက်ဆိုလိမ့်မည်မဟုတ်။ငါသည် အကျိုးစီးပွားကိုသာ လိုလားလျက် ဒေါသမဝင် မေတ္တာနှင့်ယှဉ်သေ ာစိတ်ရှိသည်ဖြစ်၍ နေအံ့ဟူ၍ လေ့ကျင့်အားထုတ်အပ်၏ ။

 

အကုသိုလ်ကိုပယ်စွန့်၍ ကုသိုလ်တရားတို့၌ အားထုတ်မှု ကို ပြုလျှင် သာသနာ၌ စည်ပင်တိုးပွားခြင်းသို့ ရောက်လိမ့် မည်။

 

မနှစ်သက်ဖွယ်စကားများကို မကြားရသေးလျှင် နူးညံ့သူ ကျိုးနွံသူ အေးချမ်းသူဖြစ်ရာ၏။မနှစ်သက်ဖွယ် စကား များကို ကြားရသည့်အခါမှသာ နူးညံ့သူ ကျိုးနွံသူ အေးချမ်းသူ ဖြစ်သည် မဖြစ်သည်ကို သိနိုင်ပေမည်။

 

ပစ္စည်းလေးပါးဟူသော အကြောင်းကြောင့် ဆိုဆုံးမလွယ် သူသည် အမှန်တကယ် ဆိုဆုံးမလွယ်သူ မဟုတ်။တရားကိုလေးစားမြတ်နိုးသည်ဖြစ်၍ ဆိုဆုံးမလွယ်သူသည်သာ အ မှန်တကယ် ဆိုဆုံးမလွယ်သူ ဖြစ်၏။ထို့ကြောင့် တရားကို လေးစားမြတ်နိုးလျက် ဆိုဆုံးမလွယ်သူဖြစ်ရန် ကျင့်ကြံ အားထုတ်ရမည်။

 

ကျရောက်လာမည့် စကားလမ်းကြောင်းတို့သည်---

အခါဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ပြောဆိုခြင်း

မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေပြောဆိုခြင်း

နူးညံ့စွာဖြစ်စေ ကြမ်းတမ်းစွာဖြစ်စေပြောဆိုခြင်း

အကျိုးရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ပြောဆိုခြင်း

မေတ္တာစိတ်ဖြင့်ဖြစ်စေ ဒေါသစိတ်ဖြင့်ဖြစ်စေ ပြောဆိုခြင်း

ဟူ၍ ငါးမျိုးရှိသည်။

 

ထိုငါးမျိုးတို့တွင် မည်သည့်စကားလမ်းကြောင်းဖြင့် ပြော ဆိုသည်ဖြစ်စေ စိတ်မဖောက်ပြန် ကြမ်းတမ်းစွာ မပြောဆို ဘဲ မေတ္တာစိတ်ကိုသာ ဖြစ်စေရန် ကျင့်ကြံအားထုတ်ရမည် ။

 

အကယ်၍ ဆိုးသွမ်းယုတ်မာသော ခိုးသားဓားပြတို့သည် အရိုးနှစ်ဖက်တပ်ထား၍ ထက်လှစွာသော လွဖြင့် ကိုယ်အ င်္ဂါကြီးငယ်ကို တိုက်ဖြတ်စေကာမူ ထိုသူတို့အပေါ်၌ စိတ် ပြစ်မှားခြင်းကို မပြုအပ်။အကယ်၍ ထိုသူတို့အပေါ်၌ပင် စိတ်ပြစ်မှားခြင်းကို ပြုခဲ့သော် ငါ၏ အဆုံးအမကို လိုက် နာသူ မဟုတ်တော့ချေဟု ဟောတော်မူပါသည်။

 

 

၂၂။ အလဂဒ္ဒူပမသုတ်

 

အလဂဒ္ဒူပမသုတ်သည် မဇ္ဈိမနိကာယ် မူလပဏ္ဏာသပါဠိ တော်၏ သုတ်ငါးဆယ်တွင် နှစ်ဆယ့်နှစ်ခုမြောက်သုတ် ဖြစ်သည်။တရားစာပေသင်သူခြင်းကို မြွေဖမ်းခြင်းနှင့် ဥပမာပြု၍  ဟောကြားခြင်း ဖြစ်သည်။

 

ဗုဒ္ဓမြတ်စွာသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင် းသုံးနေစဉ် အရိဋ္ဌရဟန်းကို အကြောင်းပြု၍ ဟောတော်မူ သည်။

 

မြွေဖမ်းသမားသည် မြွေကို ကိုယ်၌ဖြစ်စေ အမြီး၌ဖြစ်စေ ကိုင်ဖမ်းလျှင်  မြွေကိုက်ခံရနိုင်၏။သေခြင်းသို့ဖြစ်စေ သေ လောက်သောဆင်းရဲသိုဖြစ်စေ ရောက်နိုင်၏။မြွေကို ကော င်းစွာ မဖမ်းကိုင်သောကြောင့် ဖြစ်၏။

 

တရားကို သင်ယူပြီး ထိုတရား၏ အနက်အဓိပ္ပါယ်ကို ဉာ ဏ်ဖြင့် ဆင်ခြင်ခြင်း မပြုသူတို့အား တရားတို့သည် စေ့ စေ့စပ်စပ် သုံးသပ်ခြင်း မခံကုန်။ဉာဏ်၌မထင်လာကုန်။ သူတစ်ပါးတို့အား ရှုတ်ချလိုသည်ဖြစ်၍လည်းကောင်း သူ တစ်ပါးတို့၏ ကဲ့ရဲ့ပြောဆို ခြင်းမှ လွတ်မြောက်လိုသည် ဖြစ်၍လည်းကောင်း တရားကို သင်ယူကြ၏။တရားကို သင်ယူခြင်း၏ ရည်ရွယ်ရင်းဖြစ်သော မဂ်ဖိုလ်အကျိုးကို မခံစားရကုန်။စင်စစ်တရားသည် ထိုသူတို့အား အကျိုးပျ က်ပြား ဆင်းရဲပွားရန်သာဖြစ်၏။တရားကို ကောင်းစွာမ သင်ယူသောကြောင့် ဖြစ်၏။

 

ဖမ်းသမားသည် မြွေကို ဆိတ်ခွဖြင့် ကောင်းစွာဖိနှိပ်၍ ကိုင် ဖမ်းလျှင် ထိုသူ၏ ကိုယ်အင်္ဂါအစိတ်အပိုင်း တစ်ခုခုကို မြေက ရစ်ပတ်စေကာမူ သေခြင်းသို့ဖြစ်စေ သေလောက် သောဆင်းရဲသိုဖြစ်စေ မရောက်နိုင်။မြွေကို ကောင်းစွာ ဖမ်းကိုင်သောကြောင့် ဖြစ်၏။

 

တရားကို သင်ယူပြီး ထိုတရား၏ အနက်အဓိပ္ပါယ်ကို ဉာ ဏ်ဖြင့် ဆင်ခြင်သူတို့အား တရားတို့သည် စေ့စေ့စပ်စပ် သုံးသပ်ခြင်း ခံကုန်၏။ဉာဏ်၌ ထင်လာ၏။သူတစ်ပါးတို့ အား ရှုတ်ချလိုသည် ဖြစ်၍လည်းကောင်း သူတစ်ပါးတို့၏ ကဲ့ရဲ့ပြောဆို ခြင်းမှ လွတ်မြောက်လိုသည် ဖြစ်၍လည်း ကောင်း တရားကို သင်ယူကြသည်မဟုတ်။တရားကို သင်ယူခြင်း၏ ရည်ရွယ်ရင်းဖြစ်သော မဂ်ဖိုလ်အကျိုးကို ခံစားရ၏။ကောင်းစွာသင်ယူအပ်သော တရားသည် ထိုသူ တို့အား ရှည်မြင့်စွာ အကျိုးစီးပွား တိုးတက်ခြင်းငှာ ဖြစ် ၏။တရားကို ကောင်းစွာသင်ယူသောကြောင့် ဖြစ်၏။

 

ငါဘုရား ဟောကြားအပ်သော တရား၏ အနက်အဓိပ္ပါယ် ကို သိလျှင် သိသည့်အတိုင်း မှတ်သားကြလော့။မသိသော အရာ၌ ငါ့ကိုဖြစ်စေ တတ်သိနားလည်သော ရဟန်းတစ် ပါးပါးကိုဖြစ်စေ မေးမြန်းကြလော့။

 

ခရီးသွားသူသည် အနီးအနားရှိ သစ်ပင်များကို စုဆောင်း၍ ဖောင်ဖွဲ့ပြီး ဟိုမှာဘက်ကမ်းသို့ သွား၏။ဟိုမှာဘက်ကမ်း သို့ ရောက်သောအခါ ဤဖောင်ကား ငါ့အား ကျေးဇူးများ ၏ဟု ကြံ၍ ထိုဖောင်ကို ပခုံးဖြင့် ထမ်းသွားသော် ပြုသင့် ပြုထိုက်သည်ကို ပြုသည်မမည်။ထိုဖောင်ကို ကုန်းပေါ်သို့ တင်၍ ဖြစ်စေ ရေထဲ၌ မျောခဲ့၍ဖြစ်စေ လိုရာသို့ ဆက်လ က်သွားခြင်းသည်သာလျှင် ပြုသင့်ပြုထိုက်သော ကိစ္စကို ပြုသည်မည်၏။

 

ငါဘုရားသည် ဆင်းရဲမှထွက်မြောက်ရန်အလို့ငှာ ဖောင်ဥ ပမာ တရားကို ဟောကြားအပ်၏။စွဲယူရန် ဟောကြားအပ် သည်မဟုတ်။ဖောင်ဥပမာတရားကို နားလည်သော သင်တို့ သည် ဓမ္မကိုပင် စွန့်ပယ်အပ်၏။အဓမ္မကိုကား ဆိုဖွယ်မရှိ တော့ချေ။

 

ထို့နောက် ဒိဋ္ဌိဖြစ်ကြောင်းတရားခြောက်ပါးကို ဟောတော် မူ၏။

၁။ရုပ်ကို ငါ ငါ့ဟာ ငါ့၏ကိုယ်ဟူ၍ ရှုခြင်း

၂။ဝေဒနာကို ငါ ငါ့ဟာ ငါ့၏ကိုယ်ဟူ၍ ရှုခြင်း

၃။သညာကို ငါ ငါ့ဟာ ငါ့၏ကိုယ်ဟူ၍ ရှုခြင်း

၄။သင်္ခါရကို ငါ ငါ့ဟာ ငါ့၏ကိုယ်ဟူ၍ ရှုခြင်း

၅။မြင်အပ် ကြားအပ် တွေ့ထိအပ် စိတ်ဖြင့်ရအပ် ရောက်

အပ် ရှာဖွေအပ် သုံးသပ်အပ်သော အာရုံကို ငါ ငါ့ဟာ ငါ့၏ကိုယ်ဟူ၍ ရှုခြင်း

၆။အတ္တနှင့်လောကသည် အမြဲတည်၏ဟူသောအယူကို ငါ ငါ့ဟာ ငါ့၏ကိုယ်ဟူ၍ ရှုခြင်းတို့ဖြစ်၏။

 

ရဟန်းတစ်ပါးက မေးလျှောက်သဖြင့် အဇ္ဈတ္တဝတ္ထု ရှိခြင်း မရှိခြင်း ဗဟိဒ္ဓဝတ္ထုရှိခြင်းမရှိခြင်းတို့ကြောင့်လည်း ပူပန် ကြောင့်ကြခြင်း ဖြစ်နိုင်ကြောင်းကို ဖြေကြားပြီး အကျယ် တဝင့် ဟောကြားပါသည်။

 

ပညာသို့ အစဉ်လိုက်သောရဟန်း သဒ္ဓါသို့ အစဉ်လိုက်သောရဟန်းတို့သည် မဂ်ဉာဏ်လျှင် လဲလျောင်းရာ ရှိ၏။

 

ငါ့အပေါ်၌ ယုံကြည်ခြင်း ချစ်ခင်ခြင်းမျှသာရှိသောသူတို့ သည်ကား နတ်ပြည်လျှင် လဲလျောင်းရာရှိ၏။ဟု ဟော ကြားတော်မူပါသည်။

 

 

၂၃။ ဝမ္မိကသုတ်

 

ဝမ္မိကသုတ်သည် မဇ္ဈိမနိကာယ် မူလပဏ္ဏာသပါဠိတော်၏ သုတ်ငါးဆယ်တွင် နှစ်ဆယ့်သုံးခုမြောက်သုတ်ဖြစ်သည်။

 

ဗုဒ္ဓမြတ်စွာသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူစဉ် အရှင်ကုမာရကဿပသည် အန္ဓဝန် တော၌ သီတင်းသုံးနေ၏။

 

နတ်သားတစ်ယောက်သည် သန်းခေါင်ယံအချိန်တွင် အရှင် ကုမာရကဿပထံ ချဉ်းကပ်၍ တောင်ပို့ပြဿနာကို လျှော က်ထား၏။ထိုပြဿနာကို ဗုဒ္ဓမြတ်စွာထံ မေးလျှောက်ပြီး ဗုဒ္ဓမြတ်စွာ ဖြေကြားသည့်အတိုင်း မှတ်သားရန် လျှောက် ထားကာ ထိုနတ်သား ပျောက်ကွယ်သွားလေသည်။

 

နတ်သားလျှောက်ထားခဲ့သည့် ပြဿနာမှာ ဤသို့ ဖြစ်၏။

တောင်ပို့တစ်ခုသည် ညအချိန်၌ အခိုးများထွက်၍ နေ့အ ချိန်၌ အရောင်တောက်နေ၏။ထိုစဉ် ပုဏ္ဏားတစ်ယောက် ရောက်ပြီး တူရွင်းဖြင့် တူးခိုင်း၏။ပညာရှိက တူရွင်းဖြင့် တူးရာ တံခါးကျည်တစ်ခုကို တွေ့လေ၏။ဆက်၍တူးရာ ဖောင်းနေသော ဖားတစ်ကောင် လမ်းနှစ်ခွ ဆပ်ပြာရေစစ်တစ်ခု လိပ်တစ်ကောင် သန်လျက် စဉ်းနှီးတုံးတစ်ခု သားတစ်တစ်တုံး နှင့် နောက်ဆုံးတွင် နဂါးတစ်ကောင်ကို တွေ့လေသည်။

 

ထိုအခါ ပုဏ္ဏားက နဂါးကို မထိလင့် နဂါးအားရှိခိုးလော့ဟု ပြောဆိုလေသည်။

 

အရှင်ကုမာရကဿပသည် နံနက်လင်းသောအခါ ဗုဒ္ဓမြတ် စွာထံ ချဉ်းကပ်၍ ထိုပြဿနာ၏ အနက်အဓိပ္ပါယ်ကို ရှင်း လင်းဖြေဆိုရန် တောင်းပန်၏။ဗုဒ္ဓမြတ်စွာက အောက်ပါ အတိုင်း ရှင်းလင်းဖြေဆိုတော်မူပါသည်။

 

တောင်ပို့ဟူသည် ကိုယ်ခန္ဓာပင်ဖြစ်၏။ကိုယ်ခန္ဓာသည် မိဘနှစ်ပါး၏ သုက်သွေးကြောင့်ဖြစ်၏။ထမင်းမုန့်တို့ဖြင့် ကြီးပွားရ၏။မမြဲခြင်း ဆုပ်နယ်ပွတ်သပ်ပေးရခြင်း ပြိုကွဲ ပျက်ဆီးခြင်း သဘောရှိ၏။

 

နေ့အချိန်တွင် လုပ်ကိုင်ခဲ့သော အလုပ်ကိစ္စများကို အကြောင်းပြု၍ ညအချိန်၌ ကြံစည်သုံးသပ်ခြင်းသည် ည၌ အခိုး လွတ်ခြင်းမည်၏။

 

ညအချိန်၌ ကြံစည်သုံးသပ်၍ နေ့အချိန်၌ ကိုယ်နှုတ်စိတ် သုံးပါးဖြင့် အမှုကိစ္စတို့ကို ပြုလုပ်ခြင်းသည် နေ့၌ အရောင် တောက်ခြင်း မည်၏။

 

ပုဏ္ဏားဟူသည် ကိလေသာတို့မှ ကင်းစင်၍ တရားအားလုံး ကို ကိုယ်တိုင်မှန်စွာ သိမြင်သော မြတ်စွာဘုရားပင်ဖြစ်၏။

 

ပညာရှိဟူသည် ကျင့်ကြံအားထုတ်နေသော သေက္ခပုဂ္ဂိုလ် ပင်ဖြစ်၏။

 

တူးရွင်းဟူသည် အရိယာပညာကို ဆိုလိုခြင်းဖြစ်၏။

 

တူးခြင်းဟူသည် ဝီရိယကို အားထုတ်ခြင်းဖြစ်၏။

 

တံခါးကျည်ဟူသည် အဝိဇ္ဇာကို ဆိုလိုခြင်းဖြစ်၏။ပညာရှိ သော သေက္ခပုဂ္ဂိုလ်သည် အဝိဇ္ဇာကိုပယ်၍ မဂ်ပညာတည်းဟူသော တောင်ပို့ကို ကြိုးစားအားထုတ်၍ တူးဆွရမည် ဟု ဆိုလိုပေသည်။

 

ဖားဟူသည် အမျက်ထွက်ခြင်းပင် ဖြစ်၏။ထိုအမျက်ထွက် ခြင်းကို ဖယ်ရှားပစ်ရမည်ဟု ဆိုလို၏။

လမ်းနှစ်ခွဟူသည် တွေးတောယုံမှားခြင်းဖြစ်၏။တွေးတောယုံမှားခြင်းကို ပယ်စွန့်ရမည်ဟုဆိုလို၏။

ဆပ်ပြာရေစစ်ဟူသည် နီဝရဏငါးပါးပင်ဖြစ်၏။နီဝရဏ ငါးပါးကို ပယ်စွန့်ရမည်ဟု ဆိုလို၏။

 

လိပ်ဟူသည် စွဲလမ်းအပ်သော ခန္ဓာငါးပါးပင် ဖြစ်၏။

 

စဉ်းနှီးတုံးဟူသည် ကာမဂုဏ်ငါးပါးတို့၏ အမည်ပင်ဖြစ် ၏။

 

သားတစ်ဟူသည် နှစ်သက်တပ်စွန်းခြင်းပင်ဖြစ်၏။နီဝရ ဏငါးပါး ကာမဂုဏ်ငါးပါးနှင့် နှစ်သက်တပ်စွန်းခြင်းတို့ကိုပယ်ပြီး ဆက်လက်အားထုတ်ရမည်ဟု ဆိုလိုခြင်းဖြစ်၏။

 

နဂါးဟူသည် ရဟန္တာ၏ အမည်ဖြစ်၏။ထိုရဟန္တာအား မထိခိုက်စေလင့်။ထိုရဟန္တာအား ရှိခိုးလော့။

 

ဗုဒ္ဓမြတ်စွာက ဤသို့ရှင်းလင်းဖြေကြားသောအခါ အရှင် ကုမာရကဿပသည် ထိုဖြေကြားချက်ကို လွန်စွာနှစ်သက် လေသည်။

 

 

Ashin Sundara (7.1.2025)


+++++++++++++++++++++++++++++++++++++++++


မဇ္ဈိမနိကာယ်၊ မူလပဏ္ဏာသ၊

၃။ #ဩပမ္မဝဂ်_အဆက်

၂၄။ ရထဝိနီတသုတ်

 

ရထဝိနီတသုတ်သည် မဇ္ဈိမနိကာယ် မူလပဏ္ဏာသပါဠိတော်၏ သုတ်ငါးဆယ်တွင် နှစ်ဆယ့်လေးခုမြောက်သုတ် ဖြစ်သည်။ဝိသုဒ္ဓိခုနစ်ပါးကို မြင်းရထားဖြင့် ဥပမာပြု၍ ဟောကြားသောသုတ်ဖြစ်သည်။

 

ဗုဒ္ဓမြတ်စွာသည် ရာဇဂြိုလ်ပြည် ဝေဠုဝန်ကျောင်း၌ သီ တင်းသုံးတော်မူစဉ် ဘုရားလောင်းဖွားမြင် တော်မူရာအရပ်၌ သီတင်းသုံးသော ရဟန်းများသည် ဝါကျွတ်ပြီး၍ ဗုဒ္ဓ မြတ်စွာအား ဖူးမြော်ရန် ရောက်လာကြ၏။

 

ထိုရဟန်းတို့အား ဗုဒ္ဓမြတ်စွာက သီတင်းသုံးဖော်တို့၏ ချီး မွမ်းခံရသော ရဟန်းသည် မည်သူနည်းဟု မေးတော်မူ၏။

 

မန္တာဏီပုဏ္ဏေးမ၏သား အရှင်ပုဏ္ဏဖြစ်ကြောင်း ဖြေဆိုကြ၏။

 

အရှင်ပုဏ္ဏသည် မိမိလည်း အလိုနည်း၏။ရောင့်ရဲ၏။ ကင်းဆိတ်၏။မရောနှော။လုံ့လအားထုတ်၏။ အကျင့်သီလနှင့်ပြည့်စုံ၏။တည်တံ့ခြင်း သမာဓိနှင့်ပြည့်စုံ၏။ပညာ နှင့်ပြည့်စုံ၏။ဝိမုတ္တိနှင့်ပြည့်စုံ၏။ ဝိမုတ္တိဉာဏဒဿနနှင့် ပြည့်စုံ၏။အလိုနည်းခြင်းစသည့် ဂုဏ်ဆယ်ပါးတို့၏ ကျေးဇူးကိုလည်း ရဟန်းတို့အား ပြောဟောတတ်၏။ သီတင်းသုံးဖော်တို့ကို ဆုံးမတတ်၏။

 

ဗုဒ္ဓမြတ်စွာ၏အနီး၌ ထိုင်နေသော အရှင်သာရိပုတ္တရာသည် အရှင်ပုဏ္ဏနှင့် တွေ့ဆုံ၍ စကားပြောဆိုလိုသော စိတ် ဖြစ်၏။

 

အရှင်သာရိပုတ္တရာသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးနေခိုက်  အန္ဓဝန်တော၌ အရှင်ပုဏ္ဏကို သွားရောက်တွေ့ဆုံ စကားပြောဆိုလေသည်။

 

ဝိသုဒ္ဓိခုနစ်ပါးအလို့ငှာ မြတ်သောအကျင့်ကို ကျင့်သုံးခြင်း မဟုတ်။စွဲလမ်းခြင်းကင်းသော လုံးဝအေး ငြိမ်းမှုအလို့ငှာ ကျင့်သုံးခြင်းဖြစ်၏။

 

စိတ္တဝိသုဒ္ဓိစသည်သည် စွဲလမ်းခြင်းကင်းသော လုံးဝအေးငြိမ်းမှုမဟုတ်။ဝိသုဒ္ဓိခုနစ်ပါးနှင့်ကင်း၍ လည်း စွဲလမ်းခြင်း ကင်းသော လုံးဝအေးငြိမ်းမှုသည် မဖြစ်။

 

ဥပမာအားဖြင့် သာဝတ္ထိမှ သာကေတသို့ သွားရာတွင် လမ်း ခရီး၌ မြင်းရထားခုနစ်စီးကို ခုနစ်နေရာခွဲကာ ထား၏။နန်း တော်မှ ပထမမြင်းရထားကိုစီး၍ထွက်၏။ဒုတိယမြင်းရ ထားရှိသည့်နေရာတွင် ပထမမြင်းရထားမှ ဒုတိယမြင်းရ ထားသို့ တက်စီး၏။ဤနည်းဖြင့် သာကေတသို့ ရောက် လေ၏။

 

ဤနည်းအတူပင် သီလဝိသုဒ္ဓိသည် စိတ္တဝိသုဒ္ဓိဖြစ်ရုံမျှ အကျိုးရှိ၏။စိတ္တဝိသုဒ္ဓိသည် ဒိဋ္ဌိဝိသုဒ္ဓိဖြစ်ရုံမျှ အကျိုးရှိ၏။

 

ဒိဋ္ဌိဝိသုဒ္ဓိသည် ကင်္ခါဝိတရဏဝိသုဒ္ဓိဖြစ်ရုံမျှ အကျိုးရှိ၏။

 

ကင်္ခါဝိတရဏဝိသုဒ္ဓိသည် မဂ္ဂါမဂ္ဂဉာဏဒဿနဖြစ်ရုံမျှ အကျိုးရှိ၏။မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိသည် ပဋိပဒါဉာဏဒဿနဖြစ်ရုံမျှ အကျိုးရှိ၏။ပဋိပဒါဉာဏဒဿနသည် ဉာ ဏဒဿနဝိသုဒ္ဓိဖြစ်ရုံမျှ အကျိုးရှိ၏။ဉာဏဒဿနဝိသုဒ္ဓိ သည် စွဲလမ်းခြင်းမရှိသော လုံးဝအေးငြိမ်းမှုဖြစ်ရုံသာ အကျိုး ရှိ၏။စွဲလမ်းခြင်းမရှိသော လုံးဝအေးငြိမ်းမှုဖြစ်ခြင်း  အကျိုးငှာသာ မြတ်သောအကျင့်ကို ကျင့်သုံး၏ဟု အရှင်ပုဏ္ဏက အရှင်သာရိပုတ္တရာအား ဖြေဆိုပါသည်။

 

အရှင်မြတ်နှစ်ပါးသည် တရားစကား ပြောဟောကာ အချင်းချင်း အညီအမျှ  ဝမ်းမြောက်ကြပါသည်။

            

 

၂၅။ နိဝါပသုတ်

နိဝါပသုတ်သည် မဇ္ဈိမနိကာယ် မူလပဏ္ဏာသပါဠိတော်၏ သုတ်ငါးဆယ်တွင် နှစ်ဆယ့်ငါးခုမြောက်သုတ်ဖြစ်သည်။

 

မုဆိုး၏မြက်ခင်းဖြင့် ဥပမာပြုကာ ဟောကြားခြင်းဖြစ်သည်။

 

ကာမဂုဏ်ငါးပါးကို မက်မောစွာ သုံးဆောင်နေကြသော ရဟန်းပုဏ္ဏားတို့သည် မာရ်နတ်၏ တန်ခိုးအာနုဘော်မှ မလွတ်နိုင်ကြချေ။

 

အချို့သော ရဟန်းပုဏ္ဏားတို့သည် ကာမဂုဏ်ငါးပါးမှ ရှော င်ရှားလျက် တောသို့ဝင်ကာ သစ်သီးသစ်ရွက်စသည်တို့ကို စားသုံးလျက် ခြိုးခြံစွာကျင့်ကြံနေကြ၏။သို့သော် နွေရာ သီကုန်ခါနီးတွင် အစာရေစာ ရှားပါးလာသောအခါ မြို့ရွာသို့ပြန်လာကာ ဘောဇဉ်တို့ကို မက်မောစွာ စားသုံး၍ မေ့လျော့ခြင်းသို့ ရောက်ကြ၏။ထိုရဟန်းပုဏ္ဏားတို့သည်လည်း မာရ်နတ်၏ တန်ခိုးအာနုဘော်မှ မလွတ်နိုင်ချေ။

 

အချို့သော ရဟန်းပုဏ္ဏားတို့သည် မြို့ရွာတို့ကို အမှီပြုနေ ထိုင်၍ ဘောဇဉ်တို့ကို မက်မောစွာ သုံးဆောင်ခြင်း မရှီသ ဖြင့် မေ့လျော့ခြင်းသို့ မရောက်။သို့သော်လည်း လောကသ ည်မြဲ၏ လောကသာ်မမြဲစသော အယူအမျိုးမျိုးကို စွဲယူကြ၏။ထိုရဟန်းပုဏ္ဏားတို့သည် မာရ်နတ်၏ တန်ခိုးအာနု ဘော်မှ မလွတ်မြောက်နိုင်ချေ။

 

အချို့သော ရဟန်းပုဏ္ဏားတို့သည် မာရ်နတ်နှင့် မာရ်နတ်ပ ရိသတ်တို့ မဝင်ရောက်နိုင်သော အရပ်၌နေ၍ ကာမဂုဏ် ငါးပါးကို တိုးဝင်ခြင်းမပြု။ဘောဇဉ်တို့ကိုလည်း မက်မော ခြင်းမရှိဘဲ သုံးဆောင်၍ မေ့လျော့ခြင်းသို့ မရောက်ကြချေ ။ထိုရဟန်းပုဏ္ဏားတို့သည် မာရ်နတ်၏ တန်ခိုးအာနုဘော်မှ လွတ်မြောက်ကြ၏။

 

မာရ်နတ်နှင့် မာရ်နတ်ပရိသတ်တို့ မဝင်ရောက်နိုင်သော အရပ်မှာ ပထမစျာန် ဒုတိယစျာန် တတိယစျာန် စတုတ္ထ စျာန် အာကာသာနဥ္စာယတနစျာန် ဝိညာနဥ္စာယတနစျာန် အာကိဥ္စညာယတနစျာန် နေဝသညာနာသညာယတနစျာန်နှင့် နိရောဓသမာပတ်ကို ဝင်စားနေခြင်းဖြစ်၏။

 

နိရောဓသမာပတ်ကို ဝင်စားနေသူသည် မာရ်နတ်ကို ကန်း အောင်ပြုသူ မာရ်နတ်မမြင်ရာအရပ်သို့ရောက်သူ လောက ၌ကပ်ငြိခြင်းကို လွန်မြောက်ပြီးသူဖြစ်၏။

 

 

၂၆။ ပါသရာသိသုတ်

 

ပါသရာသိသုတ်သည် မဇ္ဈိမနိကာယ် မူလပဏ္ဏာသပါဠိတော်၏ သုတ်ငါးဆယ်တွင် နှစ်ဆယ့်ခြောက်ခုမြောက်သုတ် ဖြစ်သည်။ကာမဂုဏ်ငါးပါးကို ကျော့ကွင်းစုဖြင့် ဥပမာပြု ၍ ဟောကြားခြင်းဖြစ်သည်။

 

ဗုဒ္ဓမြတ်စွာသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးနေစဉ် ရမ္မကပုဏ္ဏား၏ ကျောင်းသင်္ခမ်းသို့ ကြွ ရောက်၍ စုဝေးရောက်ရှိနေကြသော ရဟန်းတို့အား ဟောတော်မူသည်။

 

ရှာဖွေခြင်းသည် မမြတ်သောရှာဖွေခြင်း မြတ်သောရှာဖွေခြင်းဟူ၍ နှစ်ပါးရှိ၏။

 

မမြတ်သောရှာဖွေခြင်းဟူသည် မိမိကိုယ်တိုင် ဘဝသစ်၌ ဖြစ်ခြင်းသဘောရှိသူ ဖြစ်ပါလျက် ဘဝသစ်၌ ဖြစ်ခြင်းသ ဘောရှိသော အရာကိုသာ ရှာဖွေ၏။မိမိကိုယ်တိုင် အိုခြင်း နာခြင်း သေခြင်း စိုးရိမ်ခြင်း ညစ်နွမ်းခြင်း သဘောရှိသူ ဖြစ်ပါလျက် အိုခြင်း သေခြင်း စိုးရိမ်ခြင်း ညစ်နွမ်းခြင်း သ ဘောရှိသော အရာကိုသာ ရှာဖွေ၏။

 

မြတ်သောရှာဖွေခြင်းဟူသည် ကိုယ်တိုင် ဘဝသစ်၌ ဖြစ် ခြင်းသဘောရှိသူ ဖြစ်ပါလျက် ဘဝသစ်ဖြစ်ခြင်း၌ အပြစ် ကိုမြင်၍ ဘဝသစ်ဖြစ်ခြင်းမရှိသည့် နိဗ္ဗာန်ကိုသာ ရှာဖွေ ၏။မိမိကိုယ်တိုင် အိုခြင်း နာခြင်း သေခြင်း စိုးရိမ်ခြင်း ညစ်နွမ်းခြင်း သဘောရှိသူ ဖြစ်ပါလျက် အိုခြင်း သေခြင်း စိုးရိမ်ခြင်း ညစ်နွမ်းခြင်း သဘောရှိသော အရာ၌ အပြစ် ကိုမြင်၍ အိုခြင်း နာခြင်း သေခြင်း စိုးရိမ်ခြင်း ညစ်နွမ်းခြင်းမရှိသည့် နိဗ္ဗာန်ကို ရှာဖွေ၏။

 

ဤသို့မိန့်ကြားပြီးနောက် ----

ဗုဒ္ဓမြတ်စွာသည် ဘုရားမဖြစ်မီက ရှာဖွေခဲ့ပုံ အာဠာရရသေ့ထံ၌၎င်း ဥဒကရသေ့ထံ၌၎င်း တပည့်ခံ၍ တရားအားထုတ်ခဲ့ရာ သမာပတ်ရှစ်ပါးထိသာ ရရှိခဲ့ပုံ

 

နိဗ္ဗာန်ရောက်ကြောင်းတရား မဟုတ်မှန်းသိ၍ ထိုသူတို့ကို စွန့်ခွာပြီး ဥရုဝေလတော၌ တရားအားထုတ်ပုံ

 

နိဗ္ဗာန်ကို ရှာဖွေရရှိခဲ့ပုံ

 

သဟမ္ပတိဗြဟ္မာ၏ တောင်းပန်ချက်အရ ပဥ္စဝဂ္ဂီငါးဦးတို့ အား တရားဦးဟောခဲ့ပုံ စသည်တို့ကို ဟောတော်မူသည်။

 

ကာမဂုဏ်တို့သည် နှစ်သက်မြတ်နိုးဖွယ်သော အဆင်းအသံစသည်အားဖြင့် ငါးပါးရှိ၏။

 

ကာမဂုဏ်ငါးပါးတို့ကို တပ်မက်မိန်းမောကာ အပြစ်ကို မရှုဘဲ ခံစားသုံးဆောင်သော ရဟန်းပုဏ္ဏားတို့သည် မာရ်နတ် အလိုရှိသလို ပြုလုပ်ခြင်းခံရ၍ ပျက်စီးခြင်းသို့ ရောက်မ ည့်သူများ ဖြစ်၏။

 

ဥပမာအားဖြင့် ကျော့ကွင်းမိ၍ ကျော့ကွင်းကို ဖိအိပ်နေေ သာ သမင်သည် မုဆိုးအလိုရှိသလို ပြုလုပ်ခြင်း ခံရသကဲ့သို့ဖြစ်၏။

 

ကာမဂုဏ်ငါးပါးတို့ကို တပ်မက်မိန်းမောခြင်းမရှိဘဲ အပြ စ်ကိုရှု၍ ခံစားသုံးဆောင်သော ရဟန်းပုဏ္ဏားတို့သည်ကား  မာရ်နတ် အလိုရှိသလို ပြုလုပ်ခြင်းမခံရ၍ ပျက်စီးခြင်းသို့

ရောက်မည့်သူများ မဟုတ်။

 

ဥပမာအားဖြင့် ကျော့ကွင်း၌ မမိဘဲ ကျော့ကွင်းကို ဖိအိပ်ေ နသော သမင်သည် မုဆိုးလာသောအခါ အလိုရာအရပ်သို့  ထွက်ပြေးနိုင်သကဲ့ သို့ဖြစ်၏။

 

ကာမဂုဏ်တို့မှလည်းကောင်း ကိလေသာတို့မှလည်းကော င်း ကင်းဆိတ်၍ စျာန်ရှစ်ပါးနင့် နိရောဓသမာပတ်ကို ဝင် စားနေသော ရဟန်းသည် မာရ်နတ်မမြင်ရာအရပ်သို့ ရောက်သူဖြစ်၏။

 

 

၂၇။ စူဠဟတ္ထိပဒေါပမသုတ်

 

စူဠဟတ္ထိပဒေါပမသုတ်သည် မဇ္ဈိမနိကာယ် မူလပဏ္ဏာသ ပါဠိတော်၏ သုတ်ငါးဆယ်တွင် နှစ်ဆယ့်ခုနစ်ခုမြောက် သုတ်ဖြစ်သည်။ဆင်ခြေရာကို ဥပမာပြု၍ ဟောကြားခြင်း ဖြစ်သည်။

 

ဗုဒ္ဓမြတ်စွာသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီ တင်းသုံးနေစဉ် ဇာဏုသောဏီပုဏ္ဏားသည် မြင်းရထားဖြင့် မြို့တွင်းမှထွက်လာရာ လမ်းတွင် ပိလောတ်ကပရိဗိုဇ်နှင့် တွေ့၍ နှုတ်ဆက် မေးမြန်လေသည်။

 

ရဟန်းဂေါတမ၏ ပညာစွမ်းရည်ကို မည်သို့ ထင်ပါသနည်း။ရဟန်းဂေါတမကို ပညာရှိဟု ထင်ပါသလောဟု ဇာဏု သောဏီပုဏ္ဏားက ပိလောတိကပရိဗိုဇ်အား မေးမြန်းလေသည်။

 

ပိလောတိကပရိဗိုဇ်က ကျွန်ုပ်သည် ရဟန်းဂေါတမ၏ ပညာစွမ်းကို သိနိုင်သူမဟုတ်ပါ။ ရဟန်းဂေါတမ၏ ပညာ စွမ်းကို ရဟန်းဂေါတမကဲ့သို့ ပညာရှိသူသာ သိနိုင်ရာပါသည်ဟု ဖြေဆိုပါသည်။

 

ဗုဒ္ဓမြတ်စွာအပေါ်၌ ကြည်ညိုခြင်းကြောင်းများကို ဆင်ခြေ ရာဥပမာဖြင့် ပြောကြားပါသည်။

 

ဆင်မုဆိုးသည် ဆင်ခြေရာကိုမြင်လျှင် ဤဆင်ကား ကြီး မားလေစွဟု ဆုံးဖြတ်၏။ထို့အတူပင် ရဟန်းဂေါတမသည် တရားမှန်ကို ကိုယ်တိုင်သိမြင်သူဖြစ်၏။သူဟောကြား သ ည့် တရားသည်  ကောင်းစွာဟောကြားအပ်သော တရား ဖြစ်၏။သူ၏ တပည့်သံဃာသည် ကောင်းစွာကျင့်ကြံသော တပည့်သံဃာဖြစ်၏ဟု ဆုံးဖြတ်နိုင်ခဲ့ပါ၏။

 

ဝါဒတစ်ပါးကို ကျွမ်းကျင်နိုင်နင်းသော မင်းပညာရှိ ပုဏ္ဏား ပညာရှိ သူကြွယ်ပညာရှိ ရဟန်းပညာရှိတို့သည် ရဟန်းေ ဂါတမ ရောက်လာလိမ့်မည်ဟု ကြားသိလျှင် မည်သို့ပင် ဖြေဖြေ အပြစ်မလွတ်နိုင်မည့် ပြဿနာကို မေးရန် ပြင်ဆင် ထားကြ၏။ထိုသူတို့ ချဉ်းကပ်သွားကြသော် အရှင်ဂေါတမ ဟောကြားသည့် တရားကိုကြားရလျှင် လွန်စွာနှစ်သက် ကြသဖြင့် မိမိတို့ပြင်ဆင်ထားသည့် ပြဿနာကိုပင် မမေး ကြတော့ပါ။အပြစ်တင်ရန် မရှိလေပြီ။

 

ဤခြေရာကြီးလေးခုကို တွေ့မြင်သောကြောင့် အရှင်ဂေါ တမ သူ၏တရား သူ၏သံဃာတို့အပေါ်၌ ယုံကြည်ခဲ့ခြင်း ဖြစ်ပါ၏။

 

ပိလောတိကပရိဗိုဇ်၏ စကားကို ကြားရသောအခါ ဇာဏု သောဏီပုဏ္ဏားသည် လက်ကန်တော့တင်ကာ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿဟု သုံးကြိမ် ရှိခိုးလေသည်။

 

ဇာဏုသောဏီပုဏ္ဏားသည် ဗုဒ္ဓမြတ်စွာထံသွား၍ အကြောင်းစုံကို လျှောက်တင်လေသည်။

 

ဗုဒ္ဓမြတ်စွာက ပြည့်စုံသော ဆင်ခြေရာဥပမာကို ဟောကြားပါသည်။

 

ဘုရားရှင် ပွင့်ထွန်းလာပြီး တရားတော်ကို ဟောကြား၏။

 

ထိုတရားကို နာကြားရသောသူသည် ရဟန်းပြု၏။သီလ စောင့်ခြင်း ရောင့်ရဲခြင်း စောင့်ထိန်းခြင်း သမ္ပဇဉ်ဉာဏ်ဖြင့်  ပြုခြင်း နီဝရဏငါးပါးကိုပယ်ခြင်း ဝိဇ္ဇာသုံးပါးကိုရခြင်းတို့ ကို ဖြစ်စေ၏။ ဤသို့စသည်တို့ကား ဗုဒ္ဓမြတ်စွာ၏ ခြေရာ များပင် ဖြစ်၏ဟု ဟောတော်မူပါသည်။

 

 

၂၈။ မဟာဟတ္ထိပဒေါပမသုတ်

 

သစ္စာလေးပါးကို ဆင်ခြေရာဖြင့် ဥပမာပြု၍ ဟောကြားခြင်းဖြစ်သည်။ ဗုဒ္ဓမြတ်စွာ သဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးနေစဉ် အရှင်သာရိပုတ္တရာက ရဟန်းတို့အား ဟောတော်မူသည်။

 

ကုန်းသတ္တဝါတို့၏ ခြေရာအားလုံးတို့တွင် ဆင်ခြေရာသည် အကြီးဆုံးဖြစ်သကဲ့သို့ ကုသိုလ်တရားအားလုံးတို့သည် အရိယသစ္စာလေးပါး၌ အကြုံးဝင်၏။ အရိယသစ္စာလေးပါးဟူသည် ဆင်းရဲခြင်း ဆင်းရဲဖြစ်ခြင်းအကြောင်း ဆင်းရဲချုပ်ငြိမ်းမှု ဆင်းရဲချုပ်ငြိမ်းရေးအကျင့်တို့ ဖြစ်၏။

 

ဆင်းရဲခြင်းအရိယသစ္စာဟူသည် ဘဝသစ်၌ ဖြစ်ရခြင်း အိုခြင်း, သေခြင်း, စိုးရိမ်ပူဆွေးရခြင်း စသည်တို့ဖြစ်၏။ အကျဉ်းအားဖြင့် စွဲလမ်းအပ်သော ခန္ဓာငါးပါးသည် ဆင်းရဲခြင်းဖြစ်၏။

 

စွဲယူအပ်သော ခန္ဓာငါးပါးသည် အကြောင်းကိုစွဲ၍ ဖြစ်ပေါ်လာသည့် တရားများဖြစ်၏။ ဤခန္ဓာငါးပါးတို့၌ လိုချင်မှု တွယ်တာမှုသည် ဆင်းရဲဖြစ်ပေါ်ခြင်း၏ အကြောင်းတရားဖြစ်၏။ ယင်းတို့ကို ပယ်ခြင်းသည် ဆင်းရဲချုပ်ငြိမ်းကြောင်းပင် ဖြစ်၏။ ဤသို့သိမြင်ခြင်းသည် ဗုဒ္ဓမြတ်စွာ၏ အဆုံးအမကို များစွာလိုက်နာသည်မည်၏ဟု ဟောတော်မူပါသည်။

 

 

၂၉။ မဟာသာရောပမသုတ်

 

မဟာသာရောပမသုတ်သည် အနှစ်ရှာသူကို ဥပမာပြု၍ ဟောသောသုတ်ဖြစ်သည်။ ဗုဒ္ဓမြတ်စွာ ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ သီတင်းသုံးနေစဉ် သံဃာသင်းခွဲကာ ထွက်သွားသော အရှင်ဒေဝဒတ်ကို အကြောင်းပြု၍ ဟောတော်မူသည်။

 

သစ်ပင်တစ်ပင်၌ အခက်၊ အပွေး၊ အခွံ၊ အကာ၊ အနှစ်ဟူ၍ ငါးမျိုးရှိသကဲ့သို့ သာသနာတော်၌လည်း လာဘသက္ကာရသိလောက၊ သီလ၊ သမာဓိ၊ ဒိဗ္ဗစက္ခု၊ ဝိမုတ္တိဟူ၍ ငါးဆင့်ရှိကြောင်း ဝိမုတ္တိကို ရယူနိုင်မှ သာသနာတော်၏အနှစ်ကို ယူသည်မည်ကြောင်း ဟောသည်။

 

အခက်, အရွက်, အပွေး, အခွံ, အကာတို့ဖြင့် တင်းတိမ်ရောင့်ရဲမနေဘဲ အနှစ်ကို ရှာရန် အရေးကြီး၏။ သာသနာတော်၌လည်း လာဘ်လာဘ အကျော်အစော သီလ သမာဓိ ဒိဗ္ဗစက္ခုဉာဏ်တို့ဖြင့် တင်းတိမ် ရောင့်ရဲမနေဘဲ အာသဝက္ခယဉာဏ်ရရှိရန် အားထုတ်သင့်ကြောင်း ဟောတော်မူလိုရင်းဖြစ်သည်။

 

 

၃၀။ စူဠသာရောပမသုတ်

 

စူဠသာရောပမသုတ်သည် အနှစ်နှင့်တူသော တရားလေးပါးကို ဟောကြားသည့်သုတ် ဖြစ်သည်။

 

ဗုဒ္ဓမြတ်စွာ သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသံဒးနေစဉ် ပိလင်္ဂကောစ္ဆပုဏ္ဏား ရောက်လာပြီး ဒိဋ္ဌိဆရာကြီးခြောက်ဦးကဲ့သို့ တရားထူးကို သိပါသလားဟု မေးမြန်း၏။

 

သင့်မေးခွန်းကို ဖြေဆိုခြင်းဖြင့် အကျိုးရှိမည်မဟုတ် တရားနာလော့ဟု မိန့်တော်မူကာ အနှစ်ရှာဖွေခြင်း ဥပမာဖြင့် ဟောတော်မူပါသည်။

 

မဟာသာရောပမသုတ်၌ ဖော်ပြပြီးသည့်အတိုင်း ဖြစ်ပါသည်။

 

 

Ashin Sundara (12.1.2025)


++++++++++++++++++++++++++++++++++++++++++++++


မဇ္ဈိမနိကာယ်၊ မူလပဏ္ဏာသ၊

၄။ #မဟာယမကဝဂ်

 

မဟာယမကဝဂ်သည် မဇ္ဈိမနိကာယ် မူလပဏ္ဏာသ၏ စတုတ္ထမြောက် ဝဂ်ဖြစ်သည်။ ဆယ်သုတ်ရှိသည်။ ပါဝင်သော ဆယ်သုတ်သည် နှစ်သုတ်တွဲများ ဖြစ်သည့်အပြင် ပဉ္စမမြောက်ဝဂ်သည်လည်း ဤဝဂ်နည်းတူဖြစ်၍ ရှေနောက်ကွဲစေရန် မဟာယမကဝဂ်ဟု အမည်ပေးခြင်း ဖြစ်မည်။

 

၁။ စူဠဂေါသိင်္ဂသုတ်     ၂။ မဟာဂေါသိင်္ဂသုတ်   ၃။ မဟာဂေါပါလသုတ်

၄။ စူဠဂေါပါလသုတ်    ၅။ စူဠသစ္စကသုတ်      ၆။ မဟာသစ္စကသုတ်

၇။ စူဠတဏှာသင်္ခယသုတ်       ၈။ မဟာတဏှာသင်္ခယသုတ်

၉။ မဟာအဿပုရသုတ်          ၁၀။ စူဠအဿပုရသုတ်တို့ဖြစ်သည်။

 

မန ၃၁: စူဠဂေါသိင်္ဂသုတ်

 

စူဠဂေါသိင်္ဂသုတ်သည် ညီညွတ်ချစ်ခင်စွာဖြင့် မမေ့မလျော့ အားထုတ်ကြသူများသည် တစ်လောကလုံး၏ အကျိုးစီးပွားအတွက် ကျင့်ကြံနေသူများဖြစ်ကြောင်း ဟောတော်မူ သည့်သုတ်ဖြစ်ပါသည်။

 

ဗုဒ္ဓမြတ်စွာသည် နာတိကရွာအုတ်ကျောင်း သီတင်းသုံးနေစဉ် အရှင်အနုရုဒ္ဓါ အရှင်နန္ဒိယနှင့် အရှင်ကိမိလတို့သည် ဂေါသိင်္ဂအင်ကြင်းတော၌ နေကြသည်။

 

ဂေါသိင်္ဂအင်ကြင်းတောသို့ ကြွလာသော ဗုဒ္ဓမြတ်စွာကို အရှင်မြတ်သုံးပါးက မိမိတို့ ညီညွတ်ချစ်ခင်စွာ နေကြပုံကို လျှောက်ထားပါသည်။

 

တပည့်တော်တို့သည် အချင်းချင်း ညီညွတ်ချစ်ခင်စွာနေကြပါသည်။

 

ဤုသို့သော သီတင်းသုံးဖော်တို့နှင့် အတူနေရ ခြင်းသည် အရတော်ပေစွဟူသော စိတ်ဓာတ်ကို ထားရှိကြပါသည်။

 

သီတင်းသုံးဖော်တို့အပေါ်ဝယ် မျက်မှောက်၌လည်းကောင်း မျက်ကွယ်၌လည်းကောင်း ကာယကံမေတ္တာ ဝစီကံမေ တ္တာ မနောကံမေတ္တာတို့ကို ဖြစ်စေခဲ့ကြပါသည်။

 

မိမိတို့စိတ်အလိုကို လျော့ချထားပြီး သီတင်းသုံးဖော်တို့၏ စိတ်ဆန္ဒနှင့် လိုက်လျောညီစွာသာလျှင် ကျင့်သုံးခဲ့ကြပါသည်။

 

ကိုယ်ခန္ဓာအားဖြင့် ကွဲပြားသော်လည်း စိတ်အားဖြင့် တစ်စိ တ်တစ်ဝမ်းတည်းကဲ့သို့ ရှိကြပါသည်။

 

မမေ့မလျော့ အပူတပြင်း အားထုတ်ကာ နိဗ္ဗာန်သို့ စေလွှတ်အပ်သောစိတ်ရှိကြသည်ဖြစ်၍ နေကြပါသည်။

 

ဆွမ်းခံရာမှ ရှေးဦးစွာပြန်လာသူသည် နေရာခင်းခြင်း သောက်ရေသုံးရေတည်ခြင်း ဆွမ်းဦးထည့်ရန်ခွက်ကို အဆင်သင့်ထားခြင်းတို့ကို ပြုလုပ်ကြပါသည်။

 

ဆွမ်းခံရာမှ နောက်ကျ၍ ပြန်လာသူသည် ဆွမ်းကျန်ကို စားလိုကစားပြီး မစားလိုက စိမ်းစိုသောမြက်သစ်ပင် မရှိ ရာအရပ်၌ဖြစ်စေ ပိုးမရှိသောရေ၌ဖြစ်စေ စွန့်ပစ်ပါသည်။

 

နေရာထိုင်ခင်း သောက်ရေသုံးရေ ဆွမ်းဦးထည့်ရန်ခွက် များကို သိမ်းဆည်းခြင်း ဆွမ်းစားကျောင်း၌ တံမြက်လှ ည်းခြင်းတို့ကို ပြုလုပ်ပါသည်။

 

သောက်ရေအိုး သုံးရေအိုးတို့၌ ရေမရှိသည်ကိုမြင်လျှင် မြင်သူကရေထည့်ပါသည်။အကယ်၍ အိုးကို မသယ်နိုင်ခဲ့သော် အဖော်ကိုလက်ယပ်ခေါ်ပါသည်။ထိုအကြောင်းကြောင့် စကားပြောဆိုခြင်းမပြုပါ။

 

ငါးရက်တစ်ကြိမ်ညလုံးပေါက် တရားစကား ပြောဆိုဆွေးနွေးကြပါသည်။ဤသို့လျှင် မမေ့မလျော့ အပူတပြင်းအား ထုတ်ကာ နိဗ္ဗာန်သို့ စေလွှတ်အပ်သောစိတ်ရှိကြသည်ဖြစ်၍ နေကြပါသည်။

 

ပကတိလူတို့၏ တရားထက်သာလွန်သော အရိယာတို့၏ ဉာဏ်အမြင်ထူးကို ရရှိကာ ချမ်းသာစွာနေရပါသည်။ကာ မဂုဏ် ကိလေသာတို့မှ ဆိတ်သုဉ်း၍ ယင်းဆိတ်သုဉ်းမှုကြောင့် ဖြစ်သည့် နှစ်သိမ့်ခြင်း ချမ်းသာခြင်းနှင့် ပြည့်စုံသော ပထမစျာန်ကို အလိုရှိသလောက် ဝင်စား၍ နေနိုင်ကြပါသည်။

 

ဒုတိယစျာန်စသော စျာန်အဆင့်ဆင့်နှင့်တကွ သညာဝေဒ နာတို့ ချုပ်ငြိမ်းရာ နိရောဓသမာပတ် အာသဝက္ခယဉာဏ် တိုင်အောင် ပေါက်ရောက်၍ ချမ်းသာစွာ နေရပါသည်ဟု ဗုဒ္ဓမြတ်စွာ မေးမြန်သည်ကို အရှင်မြတ်သုံးပါးက လျှောက်ထားပါသည်။

 

အရှင်မြတ်သုံးပါးကို ကြည်ညိုသော မြို့ရွာနိုင်ငံသားတို့ အား ချမ်းသာစီးပွား တိုးတက်မည်ဖြစ်၏။ အရှင်မြတ်သုံး ပါးသည် တစ်လောကလုံး၏ အကျိုးစီးပွားအတွက် ကျင့် ကြံနေသူများဖြစ်၏ဟု ဗုဒ္ဓမြတ်စွာက မိန့်တော်မူပါသည်

 

 

 

မန ၃၂: မဟာဂေါသိင်္ဂသုတ်

 

မဟာဂေါသိင်္ဂသုတ်သည် အင်ကြင်းတောကို တင့်တယ်စေမည့် ရဟန်းနှင့်ပတ်သက်၍ ဆွေးနွေးကြခြင်း ဖြစ်သည်။ အရှင်အာနန္ဒာက ဗဟုသုတများသောရဟန်း၊ အရှင်ရေဝတက ဝိပဿနာ အားထုတ်နေသောရဟန်း၊ အရှင်အနုရုဒ္ဓါက ဒိဗ္ဗစက္ခုအဘိဉာဉ် ရသောရဟန်း၊ အရှင်မဟာကဿပက ဓုတင်ဆောင်ရဟန်း၊ အရှင်သာရိပုတ္တရာက အဘိဓမ္မာကို ဆွေးနွေးသည့်ရဟန်း၊ အရှင်မောဂ္ဂလာန်က စိတ်ကိုလိုရာထားနိုင်သော ရဟန်းတို့သည် အင်ကြင်းတောကို တင့်တယ်စေမည့် ရဟန်းဖြစ်ကြော်း တင်ပြကြ၏။

 

ထိုနောက်ဗုဒ္ဓမြတ်စွာက သင်တို့၏ အဖြေအားလုံးသည် ပရိယာယ်တစ်မျိုးစီအားဖြင့် မှန်ကန်ကြ၏။ သို့ရာတွင် ဆွမ်းစားပြီးသောအခါ ထက်ဝယ်ဖွဲ့ခွေ၌ ကိုယ်ကိုဖြောင့်စွာထားပြီး ကမ္မဋ္ဌာန်းအာရုံသို့ သတိကို ဖြစ်စေလျက် အာသဝေါတရားတို့မှ မလွတ်မြောက်သေးသမျှ ကာလပတ်လုံး ထက်ဝယ် ဖွဲ့ခွေခြင်းကို မဖျက်အံ့ဟု အဓိဋ္ဌာန်ပြုကာ ထိုင်နေသော ရဟန်းဖြင့် တင့်တယ်လိုက်ဖက်ပါ၏ဟု မိန့်တော်မူပါသည်။

 

 

မန ၃၃:  မဟာဂေါပါလကသုတ်

 

ကြီးပွားထိုက်သောရဟန်း မကြီးပွားထိုက်သောရဟန်းတို့ ကို နွားကျောင်းသားဥပမာဖြင့် ဟောကြားခြင်းဖြစ်သည်။

 

ဗုဒ္ဓမြတ်စွာသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးနေစဉ် ရဟန်းတို့အား ဟောတော်မူသည်။

 

အင်္ဂါတစ်ဆယ့်တစ်ပါးနှင့် ပြည့်စုံသော နွားကျောင်းသား သည် နွားအုပ်ကိုထိန်းကျောင်းရန် လည်းကောင်း တိုးပွား အောင်ပြုရန်လည်းကောင်း မစွမ်းနိုင်ချေ။အင်္ဂါတို့မှာ---- နွားတို့၏ ရုပ်ဆင်းသွင်ပြင်ကိုမသိခြင်း

 

နွားတို့၏ လက္ခဏာ၌ မလိမ္မာခြင်း

 

ယင်ကြီးဥကို မထုတ်ပယ်တတ်ခြင်း

 

အနာကို ဆေးဝါးမအုံတတ်ခြင်း

 

မီးခိုး မလွင့်တတ်ခြင်း

 

ရေဆိပ်ကို မသိခြင်း

 

ရေသောက်ပြီးမပြီးကို မသိခြင်း

 

သွားလမ်းလာလမ်းကိုမသိခြင်း

 

နွားစားကျက်ကို မသိခြင်း

 

နို့ရည်ကို အကြွင်းမဲ့ညှစ်ယူခြင်း

 

နွားအုပ်၏ ရှေ့ဆောင်နွားလားအား အထူးပူဇော်ချီးမြောက်မှုမပြုခြင်းတို့ဖြစ်၏။

 

ဤနည်းတူပင် အင်္ဂါတစ်တယ့်တစ်ပါးနှင့် ပြည့်စုံသောရဟ န်းသည် သာသနာ၌ တိုးပွားစည်ပင်ရန် မဖြစ်နိုင်ပေ။အင်္ဂါ တို့မှာ----

 

၁။မဟာဘုတ်လေးပါးနှင့် ယင်းတို့ကိုစွဲမှီ၍ဖြစ်သော ဥပါဒါ ရုပ်ကို မသိခြင်း။

 

၂။လူမိုက်တို့၏ လက္ခဏာသည်မကောင်းသောအလုပ်ဖြစ် ၏။လူလိမ္မာတို့၏ လက္ခဏာသည် ကောင်းသောအလုပ် ဖြစ်၏ဟူသော လက္ခဏာနှစ်ပါးကို မသိခြင်း။

 

၃။အကုသိုလ်ဝိတက်တို့ ဖြစ်ပေါ်လာလျှင် ဖြေဖျောက်မပစ်ဘဲ လက်ခံထားခြင်း။

 

၄။အဘိဇ္ဈာ ဗျာပါဒတို့ တိုးပွားကြောင်းဖြစ်သည့် ဣန္ဒြေခြောက်ပါးကို မစောင့်စည်းခြင်း။

 

၅။မိမိနာကြားသင်ယူထားသော တရားများကို သူတပါးတို့အား မဟောပြောခြင်း။

 

၆။အကြားအမြင်များ၍ တရားဝိနည်းကို တတ်ကျွမ်းသော ရဟန်းတို့ထံ အခါအားလျော်စွာ ချဉ်းကပ်၍ ဆွေးနွေး မေးမြန်းမှုမပြုခြင်း။

 

၇။တရားဟောကြားသောအခါ အနက်အဓိပ္ပါယ်ကိုသိခြင်း အကျိုးနှင့်စပ်၍ အသိဉာဏ်မရ။ စကားတော်ကိုသိခြင်း အ ကြောင်းနင့်စပ်၍ အသိဉာဏ်မရ။တရားနှင့်စပ်သော ဝမ်းမြောက်ခြင်းကို မရ။

 

၈။မဂ္ဂင်ရှစ်ပါးကို အမှန်အတိုင်း ခွဲခြား၍ မသိခြင်း။

 

၉။သတိပဋ္ဌာန်လေးပါးကို အမှန်အတိုင်း ခွဲခြား၍ မသိခြင်း

 

၁၀။ဒါယကာတို့လှူသော ပစ္စည်းလေးပါး၌ အတိုင်းအဆကို မသိခြင်း။

 

၁၁။သံဃာ့မထေရ်ကြီးတို့အပေါ်၌ မျက်မှောက်၌လည်းေ ကာင်း မျက်ကွယ်၌လည်းကောင်း ကာယကံမေတ္တာ ဝစီကံ မေတ္တာ မနောကံမေတ္တာတို့ကို မဖြစ်ခြင်း တို့ ဖြစ်၏။

 

မကြီးပွားထိုက်သောရဟန်း၏ အင်္ဂါတို့နှင့် ဆန့်ကျင်ဘက် သည် ကြီးပွားထိုက်သောရဟန်း၏ အင်္ဂါတို့ပင် ဖြစ်၏။

 

 

မန ၃၄: စူဠဂေါပါလကသုတ်

နွားကျောင်းသား နှစ်မျိုးနှင့် ဥပမာပြု၍ ဆရာနှစ်မျိုးကို ဟောကြားခြင်းဖြစ်သည်။ ဗုဒ္ဓမြတ်စွာသည် ဝဇ္ဇီတိုင်း ဥက္ကာစေလမြို့အနီး ဂင်္ဂါမြစ်ကမ်း၌ သီတင်းသုံးနေစဉ် ရဟန်းတို့အား ဟောတော်မူသည်။

 

နွားကျောင်းသားသည် မလိမ္မာသော နွားကျောင်းသားနှင့် လိမ္မာသော နွားကျောင်းသားဟူ၍ နှစ်မျိုးရှိ၏။ ဆရာသည်လည်း ယုံကြည်ကိုးစားထိုက်သောဆရာနှင့် ယုံကြည်ကိုးစားခြင်းမထိုက် သောဆရာဟူ၍ နှစ်မျိုးရှိကြောင်း ဟောတော်မူလိုရင်းဖြစ်သည်။

 

 

မန ၃၅: စူဠသစ္စကသုတ်

 

သစ္စကပရိဗိုဇ်အား ခန္ဓာငါးပါးသည် အနိစ္စ, ဒုက္ခ, အနတ္တဖြစ်ကြောင်း ဥပမာများဖြင့် ဟောကြားသော သုတ်ဖြစ်သည်။ ဗုဒ္ဓမြတ်စွာသည် ဝေသာလီပြည် မဟာဝုန်တော ကုဋာဂါရကျောင်း၌ သီတင်းသုံး နေစဉ် သစ္စကပရိဗိုဇ်သည် လိစ္ဆဝီမင်းသားငါးရာကို ခေါ်၍ ဗုဒ္ဓမြတ်စွာအား အယူဝါဒအားဖြင့် စစ်ထိုးရန် လာရောက်သည်။

 

သစ္စကပရိဗိုဇ်က ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဉ်တို့သည် အတ္တဖြစ်ကြောင်း ထိုအတ္တကိုတည်၍ ကုသိုလ် အကုသိုလ်တို့ကို ဖြစ်စေကြောင်း သူ့ဝါဒကို တင်ပြပါသည်။

 

အစိုးရမင်းတို့သည် ပြည်သူများအပေါ်၌ အမိန့်ပေးနိုင်သကဲ့သို့ သင်၏အတ္တဖြစ်သည်ဆိုသော ခန္ဓာငါးပါးကို ဤသို့ ဖြစ်စေ ဤသိုမဖြစ်ပါစေနှင့် အမိန့်ပေး၍ ရပါသလောဟု ဗုဒ္ဓမြတ်စွာက သစ္စကအား မေးမြန်းရာ အမိန့်မပေးနိုင်ပါဟု ဝန်ခံလေသည်။

 

ဗုဒ္ဓမြတ်စွာက ခန္ဓာငါးပါးသည် မမြဲ၊ မမြဲသော အရာသည် ဆင်းရဲ၏။ မမြဲခြင်း ဆင်းရဲခြင်း ဖောက်ပြန်ခြင်း သဘောရှိသော ခန္ဓာငါးပါးကို ငါ့ဟာ ငါ ငါ၏ကိုယ်ဟူ၍ ရှုမြင်ရန် မသင့်။

 

ဆင်းရဲ၌ ကပ်ငြိတွယ်တာလျက် ငါ့ဟာ ငါ ငါ့ကိုယ်ဟု ရှုမြင်နေသူသည် မိမိကိုယ်တိုင် ဆင်းရဲကို ပိုင်းခြား၍ သိနိုင်မည်မဟုတ်။ ဆင်းရဲကို ကုန်ဆုံးစေနိုင်မည်မဟုတ်။ သင်သည် ဆင်းရဲ၌ ကပ်ငြိ တွယ်တာလျက် ငါ့ဟာ ငါ ငါ့ကိုယ်ဟု ရှုမြင်ရာရောက်၏။

 

ငှက်ပျောတုံးကို ခွာလေရာ အနှစ်ကို မဆိုထားဘိ အကာကိုပင် မရနိုင်သကဲ့သို့ မေးမြန်းစိစစ်သော အခါ သင်၏ဝါဒ၌ အနှစ်ရှာမရဘဲ အချည်းနှီးဖြစ်သာ ဖြစ်၏။

 

 

မန ၃၆: မဟာသစ္စကသုတ်

 

မဟာသစ္စကသုတ်သည် အရှင်ဂေါတမ၏ တပည့်တို့သည် စိတ်ပွားစီးရေးကိုသာ အားစိုက်၍ ကိုယ်ပွားစီးရေးကို အားမစိုက်ဘဲနေသည်ဟု စွပ်စွဲ ပြစ်တင်ရန်လာသော သစ္စကပရိဗိုဇ်ကို သင်သည် စိတ်ပွားစီးရေးကို မဆိုထားဘိ ကိုယ်ပွားစီးရေးကိုပင် မသိချေဟု မိန့်တော်မူပြီး ကိုယ်ပွားစီးရေး စိတ်ပွားစီးရေး တရားများကို ဟောကြားတော်မူပါသည်။

 

 

Ashin Sundara (13.1.2025)


+++++++++++++++++++++++++++++++++++++++++++++++++++++++++++++


မဇ္ဈိမနိကာယ်၊ မူလပဏ္ဏာသ၊

၄။ #မဟာယမကဝဂ်_အဆက်

မန ၃၇: စူဠတဏှာသင်္ခယသုတ်

 

“တဏှာသင်္ခယ- တဏှာကုန်ခန်းရာလမ်းစဉ်တရားကို ခပ်တိုတိုပဲ အမိန့်ရှိတော်မူပါ” လို့ သိကြားမင်းက လျှောက်တယ်။ မြတ်စွာဘုရားကလည်း ခပ်တိုတိုပင် ဖြေတော်မူသည်မှာ....

 

"သိကြားမင်း …. ရဟန္တာဖြစ်မည့် ရဟန်းသည်...

'အလုံးစုံသောတရားကို ငါ၊ ငါ့ဥစ္စာဟု နှလုံးသွင်းခြင်း ၊ စွဲလမ်းခြင်းငှာ မထိုက်'ဟု တရားစကားကို ကြားနာရ၏။

 

ထိုရဟန်းသည် (ခန္ဓာငါးပါး)တရားအားလုံးကို သိအောင်ကြိုးစား၏။ သိသောအခါ အားလုံးဒုက္ခချည်းပဲဟု သိပြန်၏။ ဒုက္ခချည်းပဲဟု သိပြီးနောက် ဘာမဆို ခံစားရသမျှ ဝေဒနာကို အနိစ္စ စသဖြင့် ရှု၍ရှု၍ နေ၏။

 

ထိုသို့ ရှုဖန်များသော် ဘာတခုကိုမျှ မစွဲလမ်းတော့ဘဲ နောက်ဆုံး၌ ရဟန္တာဖြစ်ကာ တဏှာကုန်ခန်း နိဗ္ဗာန်နန်းသို့ လွတ်လွတ်ကျွတ်ကျွတ် မြန်းနိုင်လေသည်" လို့ တိုတိုပဲ အကျဉ်းချုံး မိန့်တော်မူတယ်။

 

 

မန ၃၈: မဟာတဏှာသင်္ခယသုတ်

 

တဏှာကုန်ခန်းရေးကို အကျယ်ဟောတော်မူခြင်း ဖြစ်သည်။

 

ဗုဒ္ဓမြတ်စွာသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးစဉ် တံငါသည်၏ အယူမှားသော သာတိရဟန်းကို အကြောင်းပြု၍ ဟောတော်မူသည်။

 

ဝိညာဉ်သည် အကြောင်းကိုစွဲမှီ၍ ဖြစ်ပေါ်၏။အကြောင်း နှင့်ကင်း၍မဖြစ်။စွဲမှီ၍ဖြစ်သော အကြောင်းအားလျော်စွာလည်း အမည်တွင်၏။မျက်စိနှင့်အဆင်းအာရုံကို စွဲမှီ၍ဖြစ်သော ဝိညာဉ်ကို စက္ခုဝိညာဉ်ဟု ခေါ်၏။သောတဝိညာဉ် ဃာနဝိညာဉ် ဇိဝှာဝိညာဉ် ကာယဝိညာဉ် မနောဝိညာဉ်တို့ လည်း ထို့အတူဖြစ်၏။

 

အကြောင်းတရားကြောင့်သာ ဝိညာဉ်သည် ဖြစ်ပေါ်လာ ရပြီး ထိုအကြောင်းတရားချုပ်လျှင် ဝိညာဉ်သည်လည်း ချုပ်ပျောက်ခြင်းသဘောရှိ၏။ဤအမှန်တရားကို ဉာဏ်ဖြင့် ကောင်းစွာ ရှုမြင်နိုင်မှသာ သို့လောသို့လော တွေးတော ယုံမှားခြင်းများ ကင်းပျောက်မည်ဖြစ်၏။တစ်ဖန်    စင်ကြယ်သော ဤအယူကို တွယ်တာစွဲလမ်းနေမည်ဆိုပါကလည်း လှေဖောင်ဥပမာကို နားမလည်ရာရောက်၏။

 

သတ္တဝါတို့ တည်တန့်ပွားစီးရေးအတွက် အထောက်အပံ့ ဖြစ်သော အာဟာရတို့သည် ကဗဠီကာရအာဟာရ ဖဿာ ဟာရ မနောသေဥ္စ္စတနာဟာရ ဝိညာဏအာဟာရဟူ၍ လေးပါးရှိ၏။ထိုလေးပါးတို့၏ အကြောင်းမှာ တဏှာဖြစ် ပြီး တဏှာ၏အကြောင်းတရားကား ဖဿစသည်ဖြစ်၏။

 

အဝိဇ္ဇာစသော အကြောင်းတရားတို့ အဆက်ဆက်ချုပ်လျှင် သင်္ခါရစသော အကျိုးတရား အဆက်ဆက်လည်း ချုပ်ငြိမ်း၏။

 

ဤသို့အကြောင်းရှိသော် အကျိုးရှိ၏။အကြောင်းဖြစ်သော် အကျိုးဖြစ်၏။အကြောင်းမရှိသော် အကျိုးမရှိနိုင်။

 

အကြောင်းချုပ်သော် အကျိုးချုပ်၏။ဤသို့သိမြင်သော သင်တိူ့အား အတိတ်အနာဂတ်ပစ္စုပ္ပန် ကာလသုံးပါးတို့နှင့် ပတ်သက်၍ တွေးတောယုံမှားမည်မဟုတ်။မိမိကိုယ်တိုင် သိမြင်သည့် အတိုင်းသာလျှင် ပြောဆိုရာရောက်၏။

 

မျက်စိဖြင့် နှစ်သက်ဖွယ်ဖြစ်သော အဆင်းအာရုံကို မြင်လျှင် ထိုအာရုံကို တပ်စွန်း၏။ မနှစ်သက်ဖွယ်ဖြစ်သော အဆင်းအာရုံကို မြင်လျှင် ထိုအာရုံ၌ ဒေါသစိတ်ဖြစ်၏။အသံကို ကြားခြင်းစသည်၌လည်း ထို့အတူပင်ဖြစ်၏။ မိမိကိုယ်၌ထင်သောသတိမရှိဘဲ ကျဉ်းမြောင်းသော စိတ်ရှိသည်ဖြစ်၍နေ၏။စိတ်၏လွတ်မြောက်မှု ပညာ၏လွတ်မြောက်မှုကို ဟုတ်တိုင်းမှန်စွာ မသိမြင်ချေ။

 

ဤသို့ဖြင့် သူသည် တဏှာ၏အစွမ်းဖြင့် အာရုံသို့ အစဉ်လို က်ခြင်း ဒေါသ၏ အစွမ်းဖြင့် အာရုံနှင့်ဆန့်ကျင်ခြင်းသို့ ရောက်လျှက် ဒုက္ခဝေဒနာကိုဖြစ်စေ သုခဝေဒနာကိုဖြစ်စေ အဒုက္ခမသုခဝေဒနာကိုဖြစ်စေ ခံစားရသည်ရှိသော် ထိုဝေဒနာကို နှစ်သက်၏။ မျိုသိပ်ထား၏။ သက်ဝင်စွဲလမ်း၍နေ၏။

 

ဝေဒနာတို့၌ နှစ်သက်ခြင်းသည် စွဲလမ်းခြင်းမည်၏။စွဲလမ်းမှုကြောင့် ဘဝသစ်ဖြစ်ပေါ်၏။ ဘဝသစ်ဖြစ်ခြင်းကြောင့် ပဋိသန္ဓေနေရခြင်းသည်ဖြစ်၏။ပဋိသန္ဓေနေခြင်းကြောင့် အိုခြင်းသေခြင်းစိုးရိမ်ပူဆွေးခြင်းစသော ဆင်းရဲတို့သည် ဖြစ်ကုန်၏။ဤသို့လျှင် ချမ်းသာခြင်းကင်းသော ဆင်းရဲအ စု၏ ဖြစ်ပွားခြင်းသည် ဖြစ်ပေါ်နေလေ၏။ဆန့်ကျင်ဘက် အားဖြင့် ဆင်းရဲအစုချုပ်ငြိမ်းခြင်းသည် ဖြစ်ပေါ်လေ၏။

 

အချုပ်အားဖြင့် ဤသုတ်တွင် အကြောင်းရှိမှ အကျိုးဖြစ်, အယူမှန်ကိုလည်း မတွယ်တာရ, အာဟာရလေးပါး, ကိုယ်တိုင်သိမြင်နိုင်သောတရား, ဆင်းရဲအစုဖြစ်ပွားပုံ, ဆင်းရဲအစုချုပ်ငြိမ်းပုံ တို့ကို မှတ်သားရပါသည်။

 

 

မန ၃၉: မဟာအဿပုရသုတ်

 

သမဏဗြဟ္မဏဖြစ်ကြောင်းများကို ဟောကြားသောသုတ် ဖြစ်သည်။ ဗုဒ္ဓမြတ်စွာ အင်္ဂတိုင်း အဿပုရနိဂုံး၌ သီတင်းသုံးနေစဉ် ရဟန်းတို့အား ဟောတော်မူသည်။

 

သမဏဗြဟ္မဏ ဖြစ်ကြောင်းတရားကို ကျင့်ကြံအားထုတ်လျှင် ပစ္စည်းလေးပါး ထောက်ပံ့လှူဒါန်း သူတို့လည်း အကျိုးများလိမ့်မည်။ ရဟန်းအဖြစ်သည်လည်း အကျိုးစီးပွား တိုးပွားခြင်းရှိလိမ့်မည်။

 

သမဏဗြဟ္မဏဖြစ်ကြောင်းတရားများမှာ …

v ရှက်ခြင်းကြောက်ခြင်းနှင့် ပြည့်စုံခြင်း

v ကိုယ်အမူအရာ စင်ကြယ်စေခြင်း

v နှုတ်အမူအရာ စင်ကြယ်စေခြင်း

v စိတ်အမူအရာ စင်ကြယ်စေခြင်း

v အသက်မွေးမှု စင်ကြယ်စေခြင်း

v ဣန္ဒြေခြောက်ပါးကို လုံခြုံအောင် ထိန်းသိမ်းခြင်း

v အစားစားရာ၌ အတိုင်းအဆသိခြင်း

v နိုးကြားသူဖြစ်အောင် အားထုတ်ခြင်း

v သတိသမ္ပဇဉ်နှင့် ပြည့်စုံသူဖြစ်အောင် လေ့ကျင့်ခြင်း

v နီဝရဏငါးပါးစင်ကြယ်အောင် အားထုတ်ခြင်း

v ပထမဈာန် ဒုတိယဈာန် တတိယဈာန် စတုတ္ထဈာန်တို့ကို အဆင့်ဆင့် ရအောင် အားထုတ်၍ ဈာန်ချမ်းသာဖြင့် နေထိုင်ခြင်း

v ပုဗ္ဗေနိဝါသာနုဿတိဉာဏ် ဒိဗ္ဗစက္ခုဉာဏ် အာသဝက္ခယဉာဏ် ဟူသော ဝိဇ္ဇာသုံးပါး ရအောင် အားထုတ်ခြင်းတို့ ဖြစ်၏။

 

ထိုတရားတို့ကို အဆင့်ဆင့် ကြိုးစားအားထုတ်မှသာ သမဏ ဗြဟ္မဏမည်ကြောင်း ဟောတော်မူပါသည်။

 

အချုပ်အားဖြင့် ဤသုတ်သည် သမဏဗြဟ္မဏ အမည်ခံထိုက်စေရန် ကျင့်ကြံအားထုတ်ရမည့် တရားများကို ဥပမာဥပမေယျများဖြင့် အကျယ်တဝင့် ဟောကြားသောသုတ် ဖြစ်ပါသည်။

 

မန ၄၀: စူဠအဿပုရသုတ်

ရဟန်းနှင့် သင့်လျော်သောအကျင့်ကို ကျင့်သူနှင့် ရဟန်းနှင့် သင်လျော်သောအကျင့်ကို မကျင့်သူတို့ကို ခွဲခြားကာ ဟောကြားခြင်းဖြစ်သည်။ ဗုဒ္ဓမြတ်စွာ အင်္ဂတိုင်း အဿပုရနိဂုံး၌ သီတင်းသုံးနေစဉ် ရဟန်းတို့အား ဟောတော်မူသည်။

 

ရဟန်းဘဝဆောက်တည်ခြင်းသည် ပြင်ပအသွင်အပြင်များနှင့်မဆိုင်၊ ဖြစ်ပေါ်လာသော မကောင်းသောစိတ်များကို ပယ်၍ မိမိစိတ်ကို ဖြူစင်အောင်ပြုလုပ်ရခြင်းဖြစ်သည်။ လှူတန်းသူတို့၏ အထောက်အပံ့ကို သုံးဆောင်၍ လှူတန်းသူတို့အကျိုးရှိစေရန် ဗြဟ္မာဝိဟာရ ထူထောင်ဖို့ ဆုံးမထားသော သုတ်ဖြစ်ပါသည်။

 

 

မဟာယမကဝဂ်၏ သုတ်အကျဉ်းချုပ်

 

ပညာရှိပုဂ္ဂိုလ်၏ ဆောင်ရွက်နိုင်ရန် အကျိုးငှါ ဟောကြားတော်မူအပ်သော စူဠဂေါ သိင်္ဂသုတ်၊ မဟာဂေါသိင်္ဂသုတ်၊ တဖန် မဟာဂေါပါလကသုတ် စူဠဂေါပါလကသုတ်၊ မဟာသစ္စကသုတ်၊ စူဠသစ္စကသုတ်၊ စူဠတဏှာသင်္ခယသုတ်၊ မဟာတဏှာသင်္ခယသုတ်၊ မဟာအဿပုရသုတ်၊ စူဠအဿပုရသုတ်တည်း။

 

မဟာယမကဝဂ် ၃၁ – ၄၀

မန ၃၃: မဟာဂေါပါလကသုတ် – The Greater Cowherd Discourse [Thanissaro]

အလွန်ပေါ်လွင်သော ဥပမာ ၁၆မျိုးဖြင့် ရဟန်းတို့ပြုသင့် မပြုသင့်သည်များကို ဟောကြားထားသော သုတ်ဖြစ်ပါသည်။

 

မန ၃၄: စူဠဂေါပါလကသုတ် – The Shorter Discourse on the Cowherd [Olendzki (excerpt)]

နွားကျောင်းသားဥပမာပေး၍ သံသရာကူးခတ်ရပုံကို ဟောကြားထားပါသည်။

 

မန ၃၅: စူဠသစ္စကသုတ် – The Shorter Discourse to Saccaka [Thanissaro]

စကားပြောဆို အနိုင်ယူရန်လာသော သစ္စကကို ဆုံးမသောသုတ် ဖြစ်ပါသည်။

 

  မန ၃၆: မဟာသစ္စကသုတ် – The Longer Discourse to Saccaka [Thanissaro] [Bodhi]

စကားပြောဆို အနှိင်ယူရန်လာသော သစ္စက ကိုထက်မံဆုံးမသော သုတ်ဖြစ်ပါသည်။ ဘုရားလောင်းဘဝတွင် ရသေ့ အာဠာရ နှင့် ရာမသား ဥဒကထံ ချည်းကပ်၍ အရူပဈာန်များကို လေ့လာခြင်း၊ ဆိုးရွား ပြင်းထန်သော အလေ့အကျင့်များ ကျင့်ခြင်း၊ ငယ်စဉ်ဘဝက ရရှိဖူးသော ပထမဈာန်ကို ပြန်လည်အမှတ်ရ၍ လမ်းမှန်ပေါ် ရောက်ခြင်းများကို ဖော်ပြထားပါသည်။

 

မန ၃၈: မဟာတဏှာသင်္ခယသုတ် – The Greater Craving-Destruction Discourse [Thanissaro] [Bodhi]

သေလျှင် သိစိတ် ဝိညာဏ်သည် ဘဝတစ်ခုမှ ဘဝတစ်ခုသို့ ကူးပြောင်းသွားသည်ဟု သက္ကာယအမြင် ရှိသော ရဟန်းကို အကြောင်းအကျိုးသဘောဖြစ်သော ပဋိစ္စသမုပ္ပါဒ် တရားနှင့်ဆုံးမသော သုတ်ဖြစ်ပါသည်။

 

မန ၃၉: မဟာအဿပုရသုတ် – The Greater Discourse at Assapura [Thanissaro]

ရှက်ခြင်း ကြောက်ခြင်းဖြင့် ရဟန်းဘဝကို ဆောင့်ရှောက်ရသည်ကို ဟောထားပါသည်။

 

မန ၄၀: စူဠအဿပုရသုတ်

ရဟန်းဘဝဆောက်တည်ခြင်းသည် ပြင်ပအသွင်အပြင်များနှင့်မဆိုင်၊ ဖြစ်ပေါ်လာသော မကောင်းသောစိတ်များကို ပယ်၍ မိမိစိတ်ကို ဖြူစင်အောင်ပြုလုပ်ရခြင်းဖြစ်သည်။ လှူတန်းသူတို့၏ အထောက်အပံ့ကို သုံးဆောင်၍ လှူတန်းသူတို့အကျိုးရှိစေရန် ဗြဟ္မာဝိဟာရ ထူထောင်ဖို့ ဆုံးမထားသော သုတ်ဖြစ်ပါသည်။

 

စူဠအဿပုရသုတ်သည် ရဟန်းနှင့်လျော်သောအကျင့်ကို ကျင့်ကြံအားထုတ်ကြရန် တိုက်တွန်းသည်။ သင်္ကန်းဝတ်ကာမျှဖြင့် ရဟန်းမဟုတ်။ ဗြဟ္မစိုရ်လေးပါး ပွားများ၍ အတွင်းဓာတ် ငြိမ်းချမ်းသူသည် ရဟန်းနှင့်လျော်သော အကျင့်ကို ကျင့်သူဖြစ်၏။ အာသဝေါကုန်မှသာ ငြိမ်းအေးသူ စစ်စစ်ဖြစ်၏။

 

Ashin Sundara (14.1.2025)


+++++++++++++++++++++++++++++++++++++++++++++++++++


မဇ္ဈိမနိကာယ်၊ မူလပဏ္ဏာသ

 

၅။ စူဠယမကဝဂ်

 

စူဠယမကဝဂ်သည် မဇ္ဈိမနိကာယ် မူလပဏ္ဏာသ၏ ပဉ္စမနှင့် နောက်ဆုံးဝဂ်ဖြစ်သည်။ ဤဝဂ်သည်လည်း စတုတ္ထဝဂ်ကဲ့သို့ပင်နှစ်သုတ်တွဲများဖြစ်၍ စတုတ္ထဝဂ်နှင့် တွဲလျက် ဖြစ်စေရန် စူဠယမကဝဂ်ဟု အမည်ပေးထားခြင်းဖြစ်မည်။ ဤဝဂ်၌ ဆယ်သုတ်ပါဝင်သည်။

 

ပါဝင်သောသုတ်တို့မှာ -

၁။ သာလေယျကသုတ်

၂။ ဝေရဉ္ဇကသုတ်

၃။ မဟာဝေဒလ္လသုတ်

၄။ စူဠဝေဒလ္လသုတ်

၅။ စူဠဓမ္မသမာဒါနသုတ်

၆။ မဟာဓမ္မသမာဒါနသုတ်

၇။ ဝီမံသကသုတ်

၈။ ကောသမ္ဗိယသုတ်

၉။ ဗြဟ္မနိမန္တနိကသုတ်

၁၀။ မာရတဇ္ဇနီယသုတ် တို့ဖြစ်သည်။

 

မန ၄၁: သာလေယျကသုတ် – The Brahmans of Sala/(Brahmans) of Sala [Ñanamoli | Thanissaro] [Bodhi]

 

သာလာရွာသား ပုဏ္ဏားသူကြွယ်တို့အား တရား မျှတမှု နှင့် တရား မမျှတမှုကို ပြုလုပ်ခြင်း အကြောင်းကြောင့် နောင်ဘဝတွင် နတ်ပြည် နှင့် ငရဲ ရောက်ရပုံကို ဟောထားသော သုတ်ဖြစ်ပါသည်။

 

အပါယ်ငရဲရောက်ကြောင်းတရားများနှင့် နတ်ပြည်ရောက်ကြောင်းတရားများကို အကျယ်ဟောခြင်းဖြစ်သည်။

 

ဗုဒ္ဓမြတ်စွာ ကောသလတိုင်း၌ ဒေသစာရီ လှည့်လည်စဉ် သာလာပုဏ္ဏားရွာ၌ ပုဏ္ဏားသူကြွယ်တို့၏ မေးလျှောက် ချက်အရ ဟောတော်မူသည်။

 

မတရားကျင့်ခြင်း မမျှမတကျင့်ခြင်းကြောင့် အပါယ်ငရဲ သို့ ရောက်ရသည်။တရားသဖြင့်ကျင့်ခြင်း မျှတစွာကျင့် ခြင်းကြောင့် နတ်ပြည်ရောက်ရသည်။

 

မတရားကျင့်ခြင်း မမျှမတကျင့်ခြင်းသည် ကိုယ်အားဖြင့် သုံးမျိုး နှုတ်အားဖြင့်လေးမျိုး စိတ်အားဖြင့်သုံးမျိုး ရှိ၏။

 

ကိုယ်အားဖြင့် မတရားကျင့်ခြင်း မမျှမတကျင့်ခြင်း သုံး မျိုးဟူသည် သူ့အသက်သတ်ခြင်း သူ့ဥစ္စာခိုးယူခြင်း ကာမ ဂုဏ်တို့၌ ဖောက်ပြန်စွာကျင့်ခြင်းတို့ဖြစ်သည်။

 

နှုတ်အားဖြင့် မတရားကျင့်ခြင်း မမျှမတကျင့်ခြင်း လေး မျိုးဟူသည် မုသားပြောဆိုခြင်း ကုန်းချောခြင်း ကြမ်း တမ်းသောစကားပြောဆိုခြင်း သိမ်ဖျင်းသောစကား ပြောဆိုခြင်းတို့ဖြစ်၏။

 

စိတ်အားဖြင့် မတရားကျင့်ခြင်း မမျှမတကျင့်ခြင်း သုံးမျိုး ဟူသည် သူတစ်ပါးပစ္စည်းကို မိမိသို့ ရှေးရှုကြံခြင်း သူတစ်ပါး ပျက်စီးစေလိုခြင်း လွဲမှားဖောက်ပြန်သောအယူရှိခြင်းတို့ဖြစ်၏။

 

တရားသဖြင့်ကျင့်ခြင်း မျှတစွာကျင့်ခြင်းသည်လည်း ကိုယ်အားဖြင့်သုံးမျိုး နှုတ်အားဖြင့်လေးမျိုး စိတ်အားဖြင့် သုံးမျိုး ရှိ၏။

 

ကိုယ်အားဖြင့် တရားသဖြင့်ကျင့်ခြင်း မျှတစွာကျင့်ခြင်း သုံးမျိုးဟူသည် သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း သူ့ ဥစ္စာခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း ကာမဂုဏ်တို့၌ ဖောက် ပြန်စွာကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်းတို့ဖြစ်သည်။

 

နှုတ်အားဖြင့် တရားသဖြင့်ကျင့်ခြင်း မျှတစွာကျင့်ခြင်း လေးမျိုးဟူသည် မုသားပြောဆိုခြင်းမှရှောင်ကြဉ်ခြင်း ကုန်းချောခြင်းမှရှောင်ကြဉ်ခြင်း ကြမ်း တမ်းသောစကား ပြောဆိုခြင်းမှရှောင်ကြဉ်ခြင်း သိမ်ဖျင်းသောစကား ပြောဆိုခြင်းမှရှောင်ကြဉ်ခြင်းတို့ဖြစ်၏။

 

စိတ်အားဖြင့် တရားသဖြင့်ကျင့်ခြင်း မျှတစွာကျင့်ခြင်း သုံးမျိုး ဟူသည် သူတစ်ပါးပစ္စည်းကို မိမိသို့ ရှေးရှုမကြံခြင်း သူတစ်ပါး မပျက်စီးစေလိုခြင်း မှန်ကန်ဖြောင့်မတ် သောအယူရှိခြင်းတို့ဖြစ်၏။

 

တရားသဖြင့် မျှတစွာကျင့်သူသည် သေလွန်သောအခါ မင်းမျိုး ပုဏ္ဏားမျိုး သူကြွယ်မျိုး နတ်ပြည်ဗြဟ္မာ့ပြည်တို့၌ ဖြစ်ရန် တောင့်တလျှင် တောင့်တသည့်အတိုင်း ဖြစ်နိုင်၏။

 

အာသဝက္ခယဉာဏ်ကို မျက်မှောက်ပြုရန် တောင့်တလျှင်လည်း တောင့်တသည့်အတိုင်း ဖြစ်နိုင်၏ဟု ဟောတော်မူ ပါသည်။

 

အချုပ်အားဖြင့် ဒုစရိုက်ဆယ်ပါးကို ပြုခြင်းသည် မတရားသဖြင့်ကျင့်ခြင်း မမျှမတကျင့်ခြင်း ဖြစ်၏။သေသော် အပါယ်ငရဲရောက်မည်။ဒုစရိုက်ဆယ်ပါးမှ ရှောင်ကြဉ်ခြင်းသည် သုစရိုက်ဆယ်ပါး ဖြစ်၏။သုစရိုက်ဆယ်ပါးကို ပြုခြင်းသည် တရားသဖြင့်ကျင့်ခြင်း မျှတစွာကျင့်ခြင်း ဖြစ်၏။

 

သေသော် သုဂတိရောက်မည်။တောင့်တသည့်အတိုင်း ဖြစ်နိုင်၏။အာသဝက္ခယဉာဏ်ကိုပင် ရနိုင်၏။

 

 

မန ၄၂: ဝေရဉ္ဇကသုတ်

 

ဝေရဥ္ဇပုဏ္ဏား၏ စွပ်စွဲချက်ရှစ်ခုကို ဖြေရှင်းခြင်း

 

- ရဟန်းဂေါတမသည် အရသာကို သာယာခြင်းမရှိဟု ပြောလိုလျှင် ပြောနိုင်သောအကြောင်းရှိသည်။အာရုံငါး ဖြာ အရသာတို့၌ သာယာမှုကို မြတ်စွာဘုရားသည် အကြွင်းမဲ့ပယ်အပ်ပြီး ဖြစ်၏။

 

 

- ရဟန်းဂေါတမသည် သုံးဆောင်ခံစားခြင်းမရှိဟု ပြောလို လျှင် ပြောနိုင်သောအကြောင်းရှိသည်။ကာမဂုဏ်အာရုံငါး ပါး ခံစားမှုကို မြတ်စွာဘုရားသည် အကြွင်းမဲ့ပယ်အပ်ပြီး ဖြစ်၏။

 

- ရဟန်းဂေါတမသည် မပြုအပ်သောအယူရှိသူဖြစ်၏ဟု ပြောလိုလျှင် ပြောနိုင်သောအကြောင်းရှိသည်။ဒုစရိုက်သုံး ပါးနှင့်တကွ များစွာသော အကုသိုလ်တရားတို့ကို မပြုအပ် ဟု မြတ်စွာဘုရားသည် ဟောကြား၏။

 

- ရဟန်းဂေါတမသည် ပြတ်တောက်ခြင်းကို ဟောပြောသူ ဖြစ်၏ဟု ပြောလိုလျှင် ပြောနိုင်သော အကြောင်းရှိသည်။ ရာဂဒေါသမောဟနှင့်တကွ များစွာသော အကုသိုလ်တရား တို့ကို ပြတ်တောက် သွားအောင် ဖြတ်ပစ်ရမည်ဟု မြတ်စွာ ဘုရားသည် ဟောကြား၏။

 

- ရဟန်းဂေါတမသည် စက်ဆုပ်တတ်သူဖြစ်၏ဟု ပြောလိုလျှင် ပြောနိုင်သောအကြောင်း ရှိသည်။ငါသည် ဒုစရိုက်သုံး ပါးနှင့်တကွ များစွာသော အကုသိုလ်တရားတို့ကိုရွံရှာစက်ဆုပ်၏။

 

- ရဟန်းဂေါတမသည် ဖျောက်ဖျက်တတ်သူဖြစ်၏ဟုပြော လိုလျှင် ပြောနိုင်သောအကြောင်း ရှိသည်။ငါသည် ရာဂဒေါ သမောဟနှင့်တကွ များစွာသော အကုသိုလ်တရားတို့ကို ဖျောက်ဖျက် ပစ်ရန် ဟောကြား၏။

 

- ရဟန်းဂေါတမသည် ပူပန်စေတတ်သောအကျင့်ရှိသူဖြစ် ၏ဟု ပြောလိုလျှင် ပြောနိုင်သော အကြောင်း ရှိသည်။ဒုစ ရိုက်သုံးပါးနှင့်တကွ များစွာသော အကုသိုလ်တရားတို့ကို အကြွင်းမဲ့ ပယ်ပြီးသူဖြစ်၏။

 

- ရဟန်းဂေါတမသည် ပဋိသန္ဓေနေခြင်းမှ ကင်းကွာသူဖြစ် ၏ဟု ပြောလိုလျှင် ပြောနိုင်သော အကြောင်းရှိသည်။ငါသည် နောင်တဖန် ပဋိသန္ဓေနေခြင်း ဘဝသစ်ဖြစ်ခြင်းကို အကြွင်းမဲ့ပယ်ပြီးသူ ဖြစ်ပေသည်။

 

ဗုဒ္ဓမြတ်စွာသည် ဝေရဥ္ဇပုဏ္ဏား၏ စွပ်စွဲချက်များကို ချေဖျက်တော်မူပြီး မိမိသည် တစ်လောကလုံး၏ အကြီးမြတ် ဆုံးပုဂ္ဂိုလ်ဖြစ်ကြောင်း ဆက်လက်မိန့်ကြားတော်မူသည်။

 

 

 

မန ၄၃: မဟာဝေဒလ္လသုတ် – The Greater Set of Questions-and-Answers [Thanissaro]

 

အရှင်သာရိပုတြာ နှင့် အရှင်မဟာကောဋ္ဌိကတို့ တရားဆွေးနွေးသော သုတ်ဖြစ်ပါသည်။ အကြောင်းအရာတို့မှာ သိမှု ‘ပညာ’ နှင့် အထူးသိမှု ‘ဝိညာဏ်’ ဆက်စပ်ခြင်း၊ စျာန်၊ မှန်သော အယူ ‘သမ္မာဒိဋ္ဌိ’ ဖြစ်ရန် အကြောင်းအရင်း စသည်တို့ပါဝင်ပါသည်။

 

အရှင်ကောဋ္ဌိက၏ မေးခွန်းပေါင်း ၃၂ ခုကို အရှင်သာရိပုတ္တရာက ဖြေဆိုထားခြင်းဖြစ်သည်။

ဗုဒ္ဓမြတ်စွာ သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးစဉ် အရှင်ကောဋ္ဌိကမေး၍ အရှင်သာရိပုတ္တရာက ဖြေဆိုသည်။

 

ပညာမဲ့နှင့် ပညာရှိ

 

ကွဲကွဲပြားပြား မသိတတ်သောကြောင့် ပညာမဲ့သူ ခေါ်၏။

ဤကားဆင်းရဲ ဤကားဆင်းရဲဖြစ်ကြောင်း ဤကားဆင်း ရဲချုပ်ငြိမ်းရာ ဤကားဆင်းရဲချဲပ်ငြိမ်းရေးအကျင့်တည်း ဟု ကွဲကွဲပြားပြား မသိခြင်းဖြစ်၏။

 

ကွဲပြားပြား သိတတ်သောကြောင့် ပညာရှိ ခေါ်၏။ဤကားဆင်းရဲ ဤကားဆင်းရဲဖြစ်ကြောင်း ဤကားဆင်း ရဲချုပ်ငြိမ်းရာ ဤကားဆင်းရဲချုပ်ငြိမ်းရေးအကျင့်တည်း ဟု ကွဲကွဲပြားပြား သိခြင်း ဖြစ်၏။

 

ပညာနှင့်ဝိညာဏ်

အထူးသိတတ်သောကြောင့် ဝိညာဏ် ခေါ်၏။ချမ်းသာ ဆင်းရဲ ချမ်းသာဆင်းရဲမဟုတ်သည်ကို အထူးသိတတ်ခြင်းဖြစ် ၏။

 

ပညာနှင့်ဝိညာဏ်နှစ်ပါးသည် ရောယှက်၍နေ၏။တစ်ခုစီ ခွဲခြား၍ ကွဲပြားခြားနားပုံကို ဖော်ပြခြင်းငှာ မတတ်ကော င်း။ကွဲကွဲပြားပြား သိအပ်သော အရာကိုပင် အထူးသိ၍ အထူးသိအပ်သော အရာကိုပင် ကွဲကွဲပြားပြား သိခြင်းကြောင့် ဖြစ်၏။

 

ပညာနှင့်ဝိညာဏ်နှစ်ပါးတို့တွင် ပညာကို ပွားများရာ၏။ ဝိညာဏ်ကို ပိုင်းခြား၍ သိရာ၏။ဤကား ယင်းနှစ်ပါး၏ အထူးပင်ဖြစ်၏။

 

ဝေဒနာ သညာ ဝိညာဏ်

 

ခံစားတတ်သောကြောင့် ဝေဒနာခေါ်၏။ချမ်းသာ ဆင်းရဲ ချမ်းသာဆင်းရဲမဟုတ်သည်တို့ကို ခံစားတတ်ခြင်းဖြစ်၏။

 

မှတ်သားတတ်သောကြောင့် သညာခေါ်၏။အညို အဝါ အဖြူ အနီစသောအရာတို့ကို မှတ်သားတတ်ခြင်းဖြစ်၏။

 

ဝေဒနာ သညာ ဝိညာဏ် ဤတရားသုံးပါးသည် ရောယှက် ၍ နေကြ၏။တစ်ခုစီခွဲခြား၍ ခြားနားပုံကို ဖော်ပြခြင်းငှာ မတတ်ကောင်း။

 

ခံစားအပ်သော အာရုံကို အထူးသိ၍ အထူးသိသော အာရုံ ကိုပင် မှတ်သားခြင်းဖြစ်၏။

 

မနောဝိညာဏ်

 

ဣန္ဒြေငါးပါးတို့မှ ကင်းလွတ်၍ စင်ကြယ်သော မနောဝိညာဏ်ဖြင့် အဆုံးမရှိသော ကောင်းကင်အာရုံကို သိနိုင်၏။အဆုံးမရှိသော ဝိညာဏ်အာရုံကို သိနိုင်၏။ဘာမျှမရှိခြင်းကို သိနိုင်၏။

ယင်းသို့မနောဝိညာဏ်ဖြင့် သိအပ်သောအာရုံကိုမူ ပညာမျ က်စိဖြင့် ကွဲကွဲပြားပြား သိမြင်ပေသည်။

ပညာသည် အထူးသိခြင်း ပိုင်းခြား၍သိခြင်း ကိလေသာကို စွန့်ပယ်ခြင်း အကျိုးရှိ၏။

 

သမ္မာဒိဋ္ဌိဖြစ်ရန်အကြောင်း

 

သမ္မာဒိဋ္ဌိဖြစ်ရန်အကြောင်းတို့သည် သူတစ်ပါးထံမှ ပြော ဆိုသံကိုကြားရခြင်း သင့်တင့်စွာ နှလုံးသွင်းခြင်းဟူ၍ နှစ်ပါးရှိ၏။

 

သီလ,အကြားအမြင်, ဆွေးနွေးတိုင်ပင်ခြင်း, သမထဝိပဿနာဟူသော အကြောင်းငါးပါးဖြင့် ကူညီထောက်ပံ့အပ်သော သမ္မာဒိဋ္ဌိသည် စိတ်၏လွတ်မြောက်မှု ပညာ၏လွတ်မြောက်မှုဟူသော အကျိုးကို ရရှိစေ၏။

 

ဘဝသုံးပါး

 

ကာမဘဝ ရူပဘဝ အရူပဘဝဟူ၍ ဘဝသုံးပါးရှိ၏။

 

မသိမှုအဝိဇ္ဇာဖြင့် ပိတ်ဖုံး၍ တပ်မက်မှုဖြင့် ဖွဲ့နှောင်အပ်သော သတ္တဝါတို့၏ ထိုထိုအာရုံ၌ လွန်စွာနှစ်သက်မှုကြောင့် ဘဝတစ်ပါး၌ တစ်ဖန်ဖြစ်ပွားရ၏။

 

မသိမှုအဝိဇ္ဇာကင်းကွာ၍ အသိဉာဏ်ဖြစ်ပေါ်လာပြီး တပ်မ က်မှု ချုပ်ငြိမ်းခြင်းကြောင့် ဘဝတစ်ပါး၌ တစ်ဖန်မဖြစ်ပွား ရတော့ချေ။

 

ပထမစျာန်

 

ကာမဂုဏ်တို့မှလည်းကောင်း အကုသိုလ်တရားတို့မှလည်း ကောင်း ကင်းဆိတ်၍ ကြံစည်ခြင်း သုံးသပ်ခြင်းတို့နှင့်တ ကွ ဖြစ်ပြီး ကင်းဆိတ်မှုကြောင့်ဖြစ်သည့် နှစ်သိမ့်ချမ်းသာ မှုရှိသော စျာန်ကို ဝင်စား၍နေ၏။ဤသည်ကို ပထမစျာန် ဟု ဆိုအပ်၏။

 

ပထမစျာန်ကို ဝင်စားသူအား ကြံစည်ခြင်း ဆင်ခြင်သုံးသပ် ခြင်း နှစ်သိမ့်ခြင်း ချမ်းသာခြင်း စိတ်တည်ကြည်ခြင်းတို့ သည် ဖြစ်ကုန်၏။ဤသို့အားဖြင့် ပထမစျာန်သည် အင်္ဂါ ငါးပါးရှိ၏။

 

ပထမစျာန်ဝင်စားသူအား နီဝရဏငါးပါးတို့ ကင်းကွာကုန် ၏။ဤသို့အားဖြင့် ပထမစျာန်သည် အင်္ဂါငါးပါးတို့မှ ကင်း ကွာ၍ အင်္ဂါငါးပါးပါးတို့နှင့် ပြည့်စုံ၏။

 

ဣန္ဒြေငါးပါး

 

ဣန္ဒြေငါးပါးတို့သည် ကျက်စားရာအာရုံ တစ်သီးတစ်ခြားစီ ရှိကြ၏။အာရုံသီးခြားစီရှိကြသော ဣန္ဒြေငါးပါးတို့၏ မှီရာကား စိတ်ဖြစ်သည်။စိတ်သည် ယင်းတို့၏အာရုံကို ခံစား၏။

 

အာရုံငါးပါးတို့သည် အသက်ကိုစွဲမှီ၍ တည်ကြ၏။

 

အသက်သည် ကိုယ်ငွေ့ကို စွဲမှီ၍တည်၏။

 

ကိုယ်ငွေ့သည်လည်း အသက်ကိုပင် စွဲမှီ၍ တည်၏။

 

ညှိထွန်းထားသော ဆီမီး၏ မီးတောက်ကိုစွဲ၍ အလင်းရောင်သည် ထင်ရှား၏။အလင်းရောင်ကိုစွဲ၍ မီးတောက်သည် ထင်ရှားသကဲ့သို့ပင် ဖြစ်၏။

 

အသက်ကိုပြုပြင်တတ်သော တရားတို့သည် ခံစားတတ်သော တရားများ မဟုတ်။အကယ်၍ အသက်ကို ပြုပြင်တတ်သော တရားများသည်ပင် ခံစားတတ်သော တရားများ ဖြစ်ခဲ့သော် သညာဝေဒနာတို့ချုပ်ရာ နိရောဓသမာပတ်ကို ဝင်စားသော ရဟန်းအား သမာပတ်မှ ထခြင်းသည် မထင် ရှားရာ။ထိုတရားနှစ်ပါးသည် တခြားစီဖြစ်သောကြောင့် သာလျှင် နိရောဓသမာပတ်ကို ဝင်စားသောရဟန်းအား ထိုသမာပတ်မှ ထခြင်းသည် ထင်ရှားခြင်း ဖြစ်၏။

 

ထင်တုံးပမာ ကိုယ်ခန္ဓာ

အသက် ကိုယ်ငွေ့ ဝိညာဏ်ဟူသော တရားသုံးပါးကို စွန့် ခွာသွားသောအခါ ဤကိုယ်ကောင်သည် စိတ်စေတနာက င်းသော ထင်းတုံးကဲ့သို့ စွန့်ပစ်အပ်လျက် လဲလျောင်းနေရ ၏။

 

သေလွန်သူအား ကာယသင်္ခါရ ဝစီသင်္ခါရ စိတ္တသင်္ခါရတို့ ချုပ်ငြိမ်း၏။မျက်စိနားစသော ဣန္ဒြေတို့ ပျက်စီး၏။

 

နိရောဓသမာပတ်ဝင်စားနေသော ရဟန်းအား ကာယသင်္ခါ ရ ဝစီသင်္ခါရ စိတ္တသင်္ခါရတို့ ချုပ်ငြိမ်း၏။အသက်သည် မ ကုန်။ကိုယ်ငွေ့သည် မငြိမ်း။မျက်စိနားစသော ဣန္ဒြေတို့သ ည် အထူးကြည်လင်၏။

 

ဤကား သေလွန်သူနှင့် နိရောဓသမာပတ်ဝင်စားသူတို့၏ ထူးခြားပုံဖြစ်၏။

 

စိတ်လွတ်လပ်မှု၏ အကြောင်းများ

တပ်စွန်းခြင်း၊ ပစ်မှားခြင်း၊ တွေဝေခြင်းတို့သည် အတိုင်းအရှည်ကို ပြုတတ်သော တရားများ ဖြစ်၏။ ကြောင့်ကြမှုများ ဖြစ်၏။ အာရုံနိမိတ်ကို ပြုတတ်သော တရားများ ဖြစ်၏။ ရဟန္တာပုဂ္ဂိုလ်သည် ထိုတရားများကို အကြွင်းမဲ့ပယ်စွန့်ပြီးသူ ဖြစ်၏။ စိတ်၏ လွတ်လပ်မှုဟူသမျှတို့တွင် မပျက်စီးနိုင်သော စိတ်၏ လွတ်လပ်မှုသည် တပ်စွန်းခြင်း၊ ပစ်မှားခြင်း၊ တွေဝေခြင်းတို့မှ ကင်းဆိတ်သည် ဖြစ်၍ အမြတ်ဆုံးဟု ဆိုအပ်၏။

 

ချမ်းသာြခင်း၊ ဆင်းရဲခြင်း နှစ်ပါးစုံကို ပယ်၍ ဝမ်းမြောက်ခြင်း၊ နှလုံးမသာယာခြင်းတို့မှလည်း ရှေးဦးမဆွကပင် ကင်းကွာပြီး ဖြစ်သောကြောင့် ချမ်းသာခြင်း၊ ဆင်းရဲခြင်းကင်း၍ လျစ်လျူရှုမှုကြောင့် ဖြစ်သည့် သတိစင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်ကို ဝင်စား၍နေ၏။ ချမ်းသာသည်လည်း မဟုတ်၊ ဆင်းရဲသည်လည်း မဟုတ်သော စိတ်လွတ်လပ်မှုသို့ ဆိုက်ရောက် ဝင်စားနိုင်ခြင်း၏ အကြောင်းတို့သည် ဤလေးမျိုးတို့ပင် ဖြစ်၏။

 

ကိလေသာအာရုံနိမိတ်မရှိသော စိတ်လွတ်လပ်မှုသို့ ဆိုက်ရောက်ဝင်စားနိုင်ခြင်း၏ အကြောင်းတို့သည် ကိလေသာ အာရုံနိမိတ်ဟူသမျှကို နှလုံးမသွင်းခြင်းဟူ၍ နှစ်ပါးရှိ၏။

 

ကိလေသာ အာရုံနိမိတ် မရှိသော စိတ်လွတ်လပ်မှု တည်တံ့ရန် အကြောင်းတို့သည် ကိလေသာ အာရုံနိမိတ်ဟူသမျှကို နှလုံးမသွင်းခြင်း ကိလေသာ အာရုံနိမိတ်ကင်းသော ဓာတ်သဘောကို နှလုံးသွင်းခြင်း၊ ရှေးမဆွကပင် အားထုတ်ပြင်ဆင်မှုရှိခြင်းဟူ၍ သုံးပါးရှိလေ၏။

 

ကိလေသာအာရုံနိမိတ်မရှိသော စိတ်လွတ်လပ်မှုမှ ထနိုင်ခြင်း၏ အကြောင်းတို့သည် အာရုံနိမိတ် ဟူသမျှကို နှလုံးသွင်းခြင်း၊ အာရုံနိမိတ်ကင်းသော ဓာတ်သဘောကို နှလုံးမသွင်းခြင်းဟူ၍ နှစ်ပါးရှိ၏။

 

စိတ်လွတ်လပ်မှု လေးမျိုး

၁။ အတိုင်းအရှည် မရှိသော စိတ်၏လွတ်လပ်မှု။

၂။ ဘာမျှမရှိခြင်းကို အာရုံပြုသော စိတ်၏ လွတ်လပ်မှု။

၃။ ဆိတ်သုဉ်းသော စိတ်၏ လွတ်လပ်မှု။

၄။ အာရုံနိမိတ် မရှိသော စိတ်၏ လွတ်လပ်မှု။

 

 

++++++++++++++++

 

Ashin Sundara(15.1.2025)

 

 +++++++++++++++++++++++++++++++++++++++++++



 
 
 

Comments


Post
Facebook-Logo-Square-768x768.png
Facebook-Logo-Square-768x768.png
Facebook-Logo-Square-768x768.png
google logo_edited.png

©2021 by Dhamma Notes by Thein Naing Ohn. Proudly created with Wix.com

bottom of page