ဝိပဿနာတရားတော်များ_Page 7
- Thein Naing Ohn
- Sep 20, 2021
- 25 min read
တရားထိုင်စဉ် ထားရှိရမည့် စိတ်အနေအထား နှင့် သမာဓိစခန်း
အင်မတန် အရေးကြီးတဲ့အပိုင်းပါ။ ယောဂီရဲ့စိတ် ဘယ်လိုထားရမလဲ။ တရားထိုင်တဲ့အချိန်မှာ သက်တောင့်သက်သာရှိနေဖို့လိုပါတယ်။ သို့သော် ထိုင်တာထက် အရေးကြီးတာက စိတ်ပါ။ ရုပ်က အရေးမကြီးပါဘူး၊ စိတ်က အရေးကြီးတယ်။ ယောဂီရဲ့ သမာဓိ အဲဒါအရေးကြီးပါတယ်။ သမာဓိ ထူထောင်ဖို့ အရေးကြီးပါတယ်။သမာဓိဆိုတဲ့ တရားက တစ်ခုတည်းသော အာရုံမှာ တည်ငြိမ်ပြီးတော့ နေပါတယ်။ ယောဂီရဲ့စိတ်က တစ်နေရာတည်းမှာ ငြိမ်သက်နေရပါမယ်၊ သမာဓိစခန်းနဲ့ သက်ဆိုင် ကမ္မဋ္ဌာန်းအာရုံ တစ်ခုတည်းမှာသာလျှင် စိတ်သည် အချိန်ပြည့် ရှိနေရပါမယ်။ ဒါဟာ ယောဂီရဲ့ Objective ဖြစ်ပါတယ်။
ထွက်လေဝင်လေကို မှတ်တယ်ဆိုယင် တရားထိုင်နေတဲ့အချိန်လေးမှာတင် ထွက်လေဝင်လေကို သတိရှိ နေရတာ မဟုတ်ပါဘူး။ အချိန်ပြည့်အခါတိုင်း အခါတိုင်းမှာ ဒီထွက်လေဝင်လေကို တစ်ချက်မှ မလွတ်တမ်း မှတ်နိုင်ဖို့လိုပါတယ်။ ပထမအစပိုင်းမှာတော့ ထွက်တိုင်းဝင်တိုင်းသောလေကို သိနေရင်ရပါပြီ။ ထွက်လေ ဝင်လေကို မပျင်းမပျော့ မှန်မှန်ရှုရှိုက်ပြီး လွှတ်ပါ။ သိပ်ပြင်းလွန်းပြီးလည်း မရှုရှိုက်ပါနဲ့၊ မှေးမှေးလေး လုပ်နေလို့ရှိရင်လည်း မိမိစိတ်သည် ပျံ့လွင့်သွားပါမယ်။
အဲဒီတော့ ထွက်လေဝင်လေကို သင့်တင့်မျှတစွာ သာမန်ရှုနေတာထက် နှစ်ဆစာလေးလောက်နဲ့ စပြီးအားထုတ်ပါ။ သတိငြိမ်သွားပြီဆိုတဲ့အချိန်မှာ မှန်မှန်လေး ရှုနေတာလောက်ပဲ သတိက အဲဒီနေရာမှာ မြဲနေပါလိမ့်မယ်။ စိတ်က နှာသီးဖျားမှာ အာရုံစိုက်ထားပါ။ လေလေးထွက်တဲ့အခါ ထိသွားတာကို သိလိုက်ပါ။ ဝင်လာတဲ့အခါ ထိသွားတဲ့အခါ သိလိုက်ပါ။ ဝင်မှု အမူအရာကို အာရုံမပြုပါနဲ့၊ အဲဒါ သိပ်အရေးကြီးပါတယ်။ ဝင်ခြင်း အမူအရာကို မှတ်ဖို့မဟုတ်ဘူး။ ထွက်ခြင်း အမူအရာကို မှတ်ဖို့မဟုတ်ဘူး။ ထိမှုလေးကို သိဖို့ပဲ ဒါပဲ အရေးကြီးပါတယ်။
ကမ္မဋ္ဌာန်း (၄၀) ထဲမှာ စတုဓာတုဝဝတ္ထာန်ကမ္မဋ္ဌာန်းက ဝိပဿနာတက်ဖို့ အင်မတန်အရေးကြီးတဲ့ ကမ္မဋ္ဌာန်းပါ။ ထွက်လေ ဝင်လေ ထိမှုသိမှုလေးက အဲဒီကနေ ယောဂီရဲ့ ဖောဋ္ဌဗ္ဗဓာတ်ကို သိရှိဖို့ ရုပ်ကမ္မဋ္ဌာန်းကို ပထမဆုံး ဝင်တော့မည့်စခန်းဖြစ်ပါတယ်။ ဒါကြောင့် ဒီမှာ ထိမှုလေးကိုပဲ ယောဂီ သိနေရပါမယ်။ ထိမှုလေးကို သိဖို့အတွက် တခြားဘာမှ သိစရာ မလိုပါဘူး။ နှာခေါင်းသဏ္ဍာန် လေသဏ္ဍာန်တို့ကို လုံးဝအာရုံမပြုပါနဲ့။ နှာသီးဝ ဝိုင်းဝိုင်းလေးလည်း အာရုံ မပြုပါနဲ့။ ထွက်သွားတဲ့လေ အချောင်းလိုက်ဖြစ်နေရင်လည်း အာရုံမပြုပါနဲ့။
ထိမှုလေးကိုပဲ Touching Sensation လို့ ဆိုပါတယ်။ ကာယဒွါရဖောဋ္ဌဗ္ဗ အသိလေးတွေ့ထိမှု အသိလေး အဲဒါလေးမှာ အာရုံစိုက်ထားပါ။ စမ်းသပ်ကြည့်ပါ။ နည်းနည်းလေး ကိုယ့်ဟာ ကိုယ်ရှုပြီး စမ်းသပ်ကြည့်လိုက်လို့ ရှိရင် ကိုယ်က လေလုံးလေးသွားပြီး အာရုံပြုနေသလား နှာခေါင်းကြီး အာရုံပြုနေ သလား မဖြစ်ပါစေနဲ့။ ထိမှုလေးကိုချည်းပဲ တစ်ခါတည်းသိနေအောင် စမ်းကြည့်ပါ။ လွယ်လွယ်လေးနဲ့ ခက်နေတာကို တွေ့ပါလိမ့်မယ်။ သို့သော် ကြိုးစားပါ။ အင်မတန် အရေးကြီးပါတယ်။ Touching Sensation လေးကနေပြီး ယောဂီရဲ့ ခန္ဓာထဲမှာရှိနေတဲ့ ရုပ်ကလာပ်တွေရဲ့ ဖောဋ္ဌဗ္ဗဓာတ်တွေ တေဇောဓာတ် ဝါယောဓာတ်တို့ရဲ့ ဖောဋ္ဌဗ္ဗ ဓာတ်သဘာဝ မဟာဘုတ် သဘာဝတွေကို သိရှိဖို့အတွက် ခန္ဓာထဲမှာ တရားပြပါလိမ့်မယ်။ ဝိပဿနာရပါတော့မယ်။
ယောဂီပုဂ္ဂိုလ်အနေနဲ့ ဒီ Touching Sensation ထိမှု ဖောဋ္ဌဗ္ဗာဓာတ်ကို ဒီမှာထဲက သေသေချာချာ ဖမ်းသွားဖို့ သိပ်အရေးကြီးပါတယ်။ အာနာပါနမှာ ကျင့်တဲ့နည်းတွေ အများကြီးရှိပါတယ်။ တခြားဈာန်ကို တက်တဲ့လမ်းတွေ ကျတော့ ဂဏနာနည်း အတိုအရှည် မှတ်တဲ့နည်းတို့ ဘာတို့ နည်းတွေ အများကြီးရှိပါတယ်။ အဲဒီနည်းတွေက ဈာန်ကို တက်တဲ့လမ်းတွေပါ။
အခုဟာက ဝိပဿနာကို ဝင်မည့် အတိုဆုံးလမ်းနဲ့ ဖြတ်လမ်းကို လယ်တီဆရာတော်ဘုရားက ချမှတ်ပေးထားတာပါ။ သို့သော် တိတိကျကျ လိုက်နာဖို့ အင်မတန်ကို အရေးကြီးပါတယ်။ ထိမှုလေး ကိုချည်း သိနေရမယ်ဆိုတာကို တစ်ခါတည်း တရားသေမှတ်ထားပါ။
နှာသီးဖျားတွင် ထွက်လေဝင်လေ၏ ထိခတ်မှုသက်သက်ကို ကာယဒွါရဝီထိဖြင့် သိနေပါ။ ထွက်ထိသိ ဝင်ထိသိ သိမှုနှစ်မျိုးသာ သိနေပါစေ။ ယင်းသိမှုကိုသာ သိ၍ သိ၍ နေပါ။ တခြား ဘာမှ မတွေးတောပါနဲ့။ ဟာ ထွက်သွားပြီလို့လည်း လိုက်မတွေးပါနဲ့။ ဟာ ဝင်လာပြီလို့လည်း လိုက်မတွေးပါနဲ့။ လိုက်တွေးတယ် ဆိုကတည်းက ဝီထိတွေ အများကြီး ဝင်လာပြီ ထွက်သွားပြီဆိုတဲ့ ပညတ်တွေအပေါ်မှာ အာရုံတွေ လျှောက်ရောက်နေပြီ။ စကားလုံးတွေ အပေါ်မှာ အာရုံလျှောက်ရောက်နေပြီ။ မရောက်ပါစေနဲ့။
ဒါ ဝါယောဓာတ်ပဲ ဘာပဲ မစဉ်းစားပါနဲ့။ ဟာ အနိစ္စပဲ ဟာ ပျက်သွားပြီ မလုပ်ပါနဲ့။ ဒီအချိန်မှာ စိတ်သည် ငြိမ်နေဖို့ပဲလိုပါတယ်။ အဲဒီတော့ စိတ်ကိုငြိမ်အောင် ထိမှုသိမှု ထိတာလေး သိရုံပါပဲ။ တခြားဘာမှ မလုပ်ပါနဲ့။ ဘာဆိုဘာမှ မစဉ်းစားပါနဲ့။
ထိမှုလေးချည်းပဲ သက်သက်ကို တစ်ခါတည်းသိနေပါ။ တစ်ခုတည်းသော အာရုံမှာသာလျှင် တည်နေရပါမယ်။ မိမိတို့လေ့လာခဲ့တဲ့ ပရိယတ္တိစာပေများကို ခေတ္တမေ့ထားပါ။ ဘာကြောင့်လဲဆိုတော့ အခုက သမာဓိစခန်းဖြစ်ပါတယ်။ သမာဓိစခန်းက သိရှိထားရမှာက အာနာပါနနည်းနဲ့ ထွက်လေဝင်လေကိုပဲ သိနေရပါမယ်။ ထိတာလေးကို သိ သိနေရမှာ ယောဂီရဲ့ ကမ္မဋ္ဌာန်းအာရုံဖြစ်ပါတယ်။
ဒီကမ္မဋ္ဌာန်းအာရုံ တစ်ခုတည်းမှာသာလျှင် ယောဂီရဲ့ ကာယဒွါရဝီထိနဲ့ မနောဒွါရဝီထိ နှစ်မျိုးပဲ ဖြစ်စရာ ရှိပါတယ်။ ဝီထိနှစ်မျိုးဟာ အဲဒီအာရုံပေါ်မှာပဲ ဖြစ်နေရပါမယ်။ တခြား ဘယ်ကိုမှ မရောက်စေရပါဘူး။ ဒါကြောင့် မိမိလေ့လာခဲ့တဲ့ ပရိယတ္တိကို ဒီအချိန်မှာ မေ့ထားပါ။ အဘိဓမ္မာတွေ လေ့လာခဲ့တာ ဘာမှ မစဉ်းစားပါနဲ့။ ဒါလေးလိုက်စဉ်းစားရင် ဒေသနာပညတ်တွေပေါ်မှာ အာရုံသွားရောက်နေပါလိမ့်မယ်။
အဘိဓမ္မာဒေသနာတော်ကို လေ့လာခဲ့တာ စိတ် စေတသိက် ရုပ် နိဗ္ဗာန် ပရမတ္တတရား (၄) ပါး။ ပရမတ္တတရား (၄) ပါးလို့ ပြောလိုက်တဲ့ စကားလုံးကိုက ပညတ်ချည်းပါပဲ။ ဒေသနာပညတ်ပါ။ စိတ်ဆိုတာ ဒေသနာပညတ်။ စေတသိက်ဆိုတာ ဒေသနာပညတ်။ စိတ်အစစ်က ဘာလဲ စေတသိက် အစစ်က ဘာလဲဆိုတာ အခုလေ့လာရမှာပါ။ လက်တွေ့လေ့လာကြရတော့မည့် အပိုင်းဖြစ်နေပါတယ်။ ဒါကြောင့် ဒေသနာပညတ်ကို ဒီအချိန်မှာ ခဏမေ့ထားပါ။ မေ့ပြီး သမာဓိစခန်းကို ထူထောင်ရမှာ ဖြစ်ပါတယ်။
သမာဓိဆိုတာ ဥပစာရသမာဓိဖြင့် ကျသမျှသော ဝီထိတို့သည် အားလုံးတစ်ခုတည်းသော အာရုံ၌ပင် တစ်ခါတည်းစိုက်ပြီး နေ နေ ရမှာပါ။ ပျဉ်းကတိုးသားကြီးထဲမှာ (၄) လက်မသံချောင်း ရိုက်ထည့်လိုက်ရင် ထက်ဝက်လောက်ကို ငြိမ်နေသလို ငြိမ်နေရပါမယ်။ ဒီအာရုံမှတစ်ပါး တခြားဘယ်မှ မရောက်ရဘူးဆိုတဲ့ ဖြစ်ပုံမျိုးအတိုင်း ဖြစ်ရပါမယ်။ ဒါ ဥပစာရသမာဓိပါ။
အပ္ပနာသမာဓိကျတော့ ကြားမှာ ဘဝင်တောင် မခြားတော့ဘဲနဲ့ ယောဂီတို့ သိလိုက်ကြတယ်။ အပ္ပနာ ဇောဝါရစိတ်ကြီးတွေ တစ်ခါတည်း ကျသွားတယ်။ ဈာန်ဝီထိတွေပေါ့။ သို့သော် ဒီနေရာမှာ ဈာန်အထိ မလိုပါဘူး။ ဥပစာရသမာဓိကို ရောက်သွားရင် အင်မတန်ကောင်းသွားတဲ့ အနေအထားကို တွေ့ရှိရပါ လိမ့်မယ်။
အဘိဓမ္မာသင်ထားဖူးရင်သိပါတယ်။ ဒီစိတ်တစ်ခု ဖြစ်ပေါ်လိုက်တယ် ဆိုလို့ရှိရင် နာမ်ခန္ဓာ (၄) ပါးက တစ်တွဲတည်း ဖြစ်ပါတယ်။ စိတ်က သိလိုက်တယ်ဆိုရင် သညာက မှတ်သားထားပြီးသား ဖြစ်နေပါတယ်၊ ဝေဒနာသည် ခံစားပြီးသား ဖြစ်နေပါတယ်၊ သင်္ခါရက္ခန္ဓာကလည်း သူဆောင်ရွက်စရာရှိတဲ့ကိစ္စတွေ စေတနာတို့ ဘာတို့က ဆောင်ရွက်ပြီးသား ဖြစ်နေပါတယ်။ မိမိ သီးခြားမှတ်နေစရာမလိုပါဘူး။ အဲဒီလို သိ သိနေခြင်း အားဖြင့် သညာက္ခန္ဓာမှာ တစ်ခါတည်း အမှတ်တရားသည် ခိုင် ခိုင်ပြီး မြဲနေပါလိမ့်မယ်။ ဒီအသိတရားက ယောဂီကို အထောက်အပံ့ ပြုပါလိမ့်မယ်။ ဝိပဿနာကို ကူးတဲ့အခါမှာ အင်မတန်ကို အရေးကြီးပါတယ်။
သမာဓိထူထောင်နေချိန်မှာ ရုပ်ထိမှုကိုသာ သိ၍ သိ၍ နေပါ။ တခြား ဘာမှ မတွေးတောပါနဲ့။ ထွက်ထိ ဝင်ထိကိုသာ မလွတ်တမ်း သိနေနိုင်ပါစေ။ ထွက်လေဝင်လေကို ရုပ်ပဲ ဝါယောပဲ အနိစ္စပဲ ဒုက္ခပဲ စသည်ဖြင့် အဲဒါတွေ မစဉ်းစားပါနဲ့။ ငါတော့ ဝိပဿနာ အားထုတ်တာပဲ အနိစ္စ ဒုက္ခ အနတ္တပဲ လူလည်မလုပ်လိုက်ပါနဲ့။ တစ်ဆင့်ချင်းတက်ပါ။ တစ်ဆင့်ချင်း ခိုင်ခိုင်မာမာ လှေကားတစ်ထစ်ချင်း သမာဓိကို ကျေညက်အောင် လုပ်ပါ။ နောက်ကျရင် အနိစ္စ ဒုက္ခ တကယ်တက်တဲ့အခါကျတော့ ကိုယ်နားလည်ထားတဲ့ အနိစ္စ ဒုက္ခမျိုး မဟုတ်တာကို တွေ့ရပါလိမ့်မယ်။ သီးခြားလေ့ကျင့် ပေးရဦးမှာလေးတွေ ရှိနေပါလိမ့်ဦးမယ်။ အခုကတည်းကနေပြီး သွားပြီး လူလည်မလုပ်လိုက်ပါနဲ့။ ကိုယ်ပရိယတ်ကို တတ်ထားတာ တတ်ထားတာတစ်ပိုင်း ပဋိပတ်က ပဋိပတ်တစ်ပိုင်း သပ်သပ်လာပါ လိမ့်မယ်။ နောက်ကျတော့ ပရိယတ်နဲ့ ပဋိပတ်က တကယ် ချိန်ခွင်လျှာကို ညီညွတ်ပြီး တက်သွားတဲ့အခါ အင်မတန်အံ့ဩစရာကောင်းလောက်အောင် ဝိပဿနာဉာဏ်တွေဟာ တစ်ခါတည်း ထက်ထက်မြက်မြက် ဖြစ်ပေါ်လာပါလိမ့်မယ်။
တရားထိုင်နေစဉ် အာရုံ၌ အလင်းရောင် ပုဂ္ဂိုလ် စကားသံ စသည့်အာရုံများ တစ်စုံတစ်ရာပေါ်လာရင် လုံးဝ အာရုံမပြုပါနဲ့။ မိမိရဲ့ မူလအလုပ် ထိမှုကိုသာ သိနေပါ။
တရားထိုင်နေစဉ် သမာဓိတဖြည်းဖြည်း ရရှိလာတဲ့အခါမှာ ယောဂီရဲ့ အာရုံထဲမှာ အလင်းရောင်အကွက်ကြီး တွေ မြင်လာနိုင်တယ်။ အရောင်အဆင်း အမျိုးမျိုး အစိမ်းရောင်လေးတွေ အပြာရောင်လေးတွေ ရောင်ခြည် လေးတွေနဲ့ တစ်ခါတစ်လေ ဘုရားပုံတော်ကြီး ရောင်ခြည်တော်ခြောက်သွယ် စေလွှတ်ပြီး မြင်ချင်မြင်လာ မယ်။
ဟာ ဘယ်ပုဂ္ဂိုလ်ပဲ ဘာပဲ မြင်လာမယ် နတ်တွေမြင်လာမယ် စသည်ဖြင့် ပြောတဲ့စကားသံတွေ ကြားရမယ် အဲဒီဟာမျိုးတွေ သမထအာရုံနမိတ်တွေ ဝင်လာတတ်ပါတယ်။ အဲဒါဟာ တရားရဲ့ အနှောင့်အယှက်တွေပါ။ သမာဓိရဲ့ အနှောက်အယှက်တွေပါ။ အာရုံပျံ့လွင့်သွားပါလိမ့်မယ်။ အဲဒါတွေ လုံးဝအာရုံမပြုပါနဲ့။ အဲဒါမျိုးပေါ်လာရင်လည်း ဒီထွက်ထိသိ ဝင်ထိသိပဲ အတင်းကော အဓမ္မကော ဝီရိယကို တင်းပြီးလုပ်ပါ။ တစ်ခါတည်း ဖျောက်ပစ်လိုက်ပါ။
ဘုရားရှင်ကိုယ်တော်မြတ်ကိုယ်တိုင် တရားဟောနေတယ်လို့ ပေါ်လာရင်တောင် အဲဒီအချိန်မှာ မနာပါနဲ့။ ဒါအစွမ်းကုန်ပြောလိုက်တာပါ။ ဘုရားကို အာရုံပြုနေတယ်ဆိုရင် ကာမဝစရကုသိုလ်တော့ ဒီအချိန်မှာ ဖြစ်နေမှာပေါ့။ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းတော့ ဖြစ်နေပါမယ်။ ယောဂီ သမာဓိကတော့ အဲဒီအချိန်မှာ ပျက်နေပါပြီ။ ယောဂီမှာ သမာဓိ ခိုင်ခိုင်မာမာဖြစ်အောင် ဘာအာရုံပဲ ပေါ်လာပေါ်လာ အာရုံမပြုပါနဲ့။ ထွက်ထိသိ ဝင်ထိသိ ထိမှုလေးကိုပဲ သိနေရပါမယ်။ ဒါပဲ တစ်ခါတည်း အသေမှတ်ထားဖို့ပါပဲ။
နောက် အများနဲ့ထိုင်တဲ့အခါ မိမိပတ်ဝန်းကျင်၌ အခြားတရားထိုင်နေသူများ ရှိနေသည်ကို မေ့ထားပါ။ မိမိတစ်ဦးတည်း တရားထိုင်ဘိသကဲ့သို့ စိတ်လုံးလုံး ချထားပါ။ ကိုယ်တစ်ယောက်တည်း တရားထိုင် နေသလို သစ်တစ်ပင်ရင်း ဝါးတစ်ပင်အောက် ကိုယ့်ဟာကိုယ် တစ်ဦးတည်း တောထွက်သလို တရား အားထုတ်နေသလို စိတ်ထဲမှာထားပါ။
တစ်ခါ မိမိခန္ဓာ တစ်စိတ်တစ်ဒေသ ကွယ်ပျောက်သလို ရှိနေခဲ့ရင် မျက်စိဖွင့်မကြည့်ပါနဲ့။ လက်နဲ့ ခြေနဲ့ စမ်းသပ်မကြည့်ပါနဲ့။ တစ်ချို့ ခြေထောက်ပျောက်နေလို့ရှိရင် ခြေမလေး လှုပ်ကြည့်တတ်တယ်။ လက်မလေး လှုပ်ကြည့်တာတို့ လုပ်တတ်တယ်။ မလုပ်မိပါစေနဲ့။ လုံးဝ အာရုံမရောက်ပါစေနဲ့။ ကိုယ်အလုပ်က နှာသီးဖျားအလုပ်ပဲ ရှိတယ်။ ဒါကလွဲလို့ တခြား ဘာမှ မရှိပါဘူး။ ဒီထိမှု သိမှုလေးကိုပဲ သိနေရပါမယ်။
ဒီမှာ ဒူးခေါင်းကြီး ရှိတယ်ဆိုတာ ဒီကို မနသိကာရ မရောက်လို့ရှိရင် ဒူးခေါင်းကြီးရှိမှန်း မသိပါဘူး။ ဒီမှာ ခြေသလုံးရှိတယ်ဆိုတာ ခြေသလုံးကို မနသိကာရမရောက်ရင် အာရုံမရောက်ရင် ခြေသလုံးရှိတယ်ဆိုတာ မသိပါဘူး။ လက်ဆီကို အာရုံမရောက်ရင် လက်ရှိမှန်းမသိပါဘူး။
အဲဒီတော့ ဒီလက်ရှိနေတယ် ခြေထောက်ရှိနေတယ်ဆိုတဲ့ Physical Sensation က Attention ဒီကို ရောက်လို့သာလျှင် ဖြစ်တဲ့ဥစ္စာပါ။
ဒီနှာသီးဖျားမှာ အာရုံမြဲသွားပြီ မနသိကာရ မြဲသွားပြီ၊ အာရုံစိုက်ထားပြီဆိုရင် ဒူးခေါင်းရှိတာလည်းမသိဘူး ခြေရှိတာလည်းမသိဘူး လက်ရှိတာလည်း မသိဘူးဆိုတော့ ဘယ်လိုဖြစ်လာတတ်သလဲဆိုတော့ ကိုယ်တစ်ခြမ်း ပျောက်နေတာတို့ ဒူးခေါင်းကြီး ပျောက်နေတာတို့ လက်တွေပျောက်နေတယ် ကိုယ်တစ်ခြမ်းကြီး ပျောက်နေတယ် ပျောက်တယ်ဆိုတာ မနသိကာရ ဒီတစ်ခြမ်းကို မရောက်တာ ကျန်တဲ့တစ်ခြမ်းကို ရောက်နေပြီး ရှိမှန်း သိနေသေးတယ်။
နောက်ဆုံး တကယ်တရားဆီမှာ နှာသီးဖျားမှာ မြဲလာတဲ့အခါကျရင် အဲဒီ ထိမှုသိမှုလေးမှတပါး တခြားဘာမှ မရှိတော့တဲ့အချိန်မှာ ယောဂီရဲ့ ခေါင်းတွေကော ခြေတွေကော ကို်ယ်တွေကော လက်တွေကော အကုန်လုံး ပျောက်နေတာမျိုးဖြစ်လာတတ်တယ်။ ဒီအခါမျိုးကျရင် မျက်စိဖွင့်ပြီး မကြည့်ပါနဲ့။ တကယ်ပျောက်နေတယ် ထင်ပြီးတော့ စမ်းကြည့်မိတတ်တယ်။ တကယ်တော့ စိတ်က အာရုံမရောက်ဘူးဆိုရင် မသိတာ တကယ်ပျောက်တာမဟုတ်ပါဘူး။
အဲဒီလိုအခါ အဲဒီ သမာဓိမျိုးရပြီဆိုရင် ထုံတာတွေ ကျင်တာတွေ လုံးဝမသိတော့ပါဘူး။ အင်မတန် ပေါ့နေပါလိမ့်မယ်။ တစ်ခါ လုံးဝ ဘာမှမရှိတဲ့ အာကာသလေဟာနယ်ကြီးထဲမှာ ထိမှုလေး သိမှုလေး နှစ်ခုထဲ ဖြစ်နေတာတွေအထိ ရောက်သွားတတ်ပါတယ်။ ဒါ အဆင့်မြင့်ဆုံး သမာဓိမျိုးပါ။ ဒီလောက်အဆင့် ကို ရချင်လဲ ရမယ် မရရင် တစ်ဝက်လောက်ရရင်လဲ ဝိပဿနာကူးလို့ ဖြစ်ပါတယ်။ ကြိုးစားပါလို့ တိုက်တွန်းလိုက်ရပါတယ်။
တရားထိုင်စဉ် ထားရှိရမည့် စိတ်အနေအထား နှင့် သမာဓိစခန်း (၂)
သမာဓိကို ထူထောင်ကြတဲ့နေရာမှာ ကမ္မဋ္ဌာန်းလေးဆယ်ဆိုပြီး အဘိဓမ္မာမှာ လေ့လာဖူးကြပါတယ်။ ကသိုဏ်း ၁၀၊ အနုဿတိ ၁၀။ အာရုပ္ပ ၄၊ ဗြဟ္မဝိဟာရ ၄၊ အာဟာရေပဋိကူလသညာ၊ စတုဓါတု ၀ဝတ္ထာန်ဆိုပြီး ကမ္မဋ္ဌာန်း လေးဆယ်ရှိပါတယ်။
စတုဓါတုဝဝတ္ထာန် ကမ္မဋ္ဌာန်းဆိုတာ ပထဝီ အာပေါ တေဇော ဝါယောဆိုတဲ့ ဓါတ်ကြီး ၄ ပါးတို့ရဲ့ လက္ခဏာ၊ ဘယ်လိုလက္ခဏာရှိလဲ၊ ပထဝီသည် မာတဲ့ သဘောလက္ခဏာသည် ပထဝီ။ ပထဝီလို့ခေါ်လိုက်တာက ပညတ်၊ မာတယ်ဆိုတဲ့ဥစ္စာက တဇ္ဇာပညတ်ပဲခေါ်သေးတယ်။ စကားလုံးနဲ့ ပြောလို့ရနေသေးသရွေ့ ပညတ်။ အခုပရမတ်ကို ဝင်ကြရမှာ။ ပရမတ်ကိုဝင်ကြရမှာမို့ ဒီပညတ်ဆီကို အာရုံရောက်နေမှာစိုးလို့ ထိတာကို သိနေရမယ်ဆိုပေမယ့် စိတ်ထဲ ထိ ထိ ဆိုတဲ့ စကားလုံးလေးကို အာရုံမပြုမိပါစေနဲ့။ အဲဒါပညတ်ကို အာရုံရောက်သွားမှာစိုးလို့ပြောတာပါ။ ပရမတ္တဓမ္မဖြစ်တဲ့ ထိမှုသဘောသဘာဝ အမူအရာလေးကို အာရုံရောက် နေရပါမယ်။ အဲဒီထိမှုသဘောသဘာဝလေးကိုပဲ သိ သိနေခြင်းသည် ပရမတ်ကို တိုက်ရုိုက်သိရှိခြင်းပါပဲ။
ဣဒံ၊ ကမ္မဋ္ဌာနဘေဒေ၊ အာနာပါန ကမ္မဋ္ဌာနံ၊ မုဒ္ဓဘူတံ၊ သဗ္ဗဗုဒ္ဓါနံ၊ ပစ္စကဗုဒ္ဓါနံ၊ သာဝကာနံ၊ ဣမံ ကမ္မဋ္ဌာနံ၊ နိဿာယ၊ ဝိသေသာဓိဂမာ၊ ဒိဋ္ဌဓမ္မသုခဝိဟာရဿ၊ ပဒဋ္ဌာနံ။
ဘုရား ပစ္စေကဗုဒ္ဓါနဲ့တကွ အဂ္ဂသာဝက မဟာသာဝက ရဟန္တာအရှင်သူမြတ်များပင်လျှင် မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရရှိခြင်းအတွက် အာနာပါနကမ္မဋ္ဌာန်းသည် နီးစွာသော အကြောင်းပဲတဲ့။
အခု ကမ္မဋ္ဌာန်း တရားအားထုတ်လိုက်တယ်။ အာနာပါနလုပ်လိုက်တယ်။ သမာဓိဖြစ်လာလိုက်တယ်ဆိုရင် တစ်ခါတည်း စိတ်ကလေးက ငြိမ်သက်သွားပြီးတော့ နီဝရဏတရားတွေ ကာမစ္ဆန္ဒ၊ ဗျာပါဒ၊ ထိ မိဒ္ဓ အစရှိတဲ့ နီဝရဏတရားတွေက ငြိမ်သက်သွားတဲ့အခါကျတော့ လူဟာ အင်မတန် အေးချမ်းစွာနေထိုင်ရတယ် သက်သာစွာနေထိုင်ရတယ် ချမ်းသာစွာ နေထိုင်ရတယ် ဒါလက်ငင်းမျက်မှောက်ရရှိအပ်တဲ့ အကျိုးတရား။ ဒီအကျိုးတရားမှသည် အဖိုးတန်တဲ့ မဂ်ဉာဏ် ဖိုလ်ဉာဏ်ရရှိခြင်းကို အထောက်အပံ့ပြုပါမယ်။ သို့သော် အာနာပါနဿတိ ကမ္မဋ္ဌာန်းကဈာန်ကိုလည်း ပေါက်တဲ့ကမ္မဋ္ဌာန်းတစ်ခုပါ။ ပဉ္စမဈာန်အထိပေါက်တဲ့ ကမ္မဋ္ဌာန်း။ သို့သော် ဒီမှာ လယ်တီဆရာတော်ဘုရားကြီးက အခုပေးလိုက်တဲ့နည်းက ထိမှုသိမှုလေးကိုပဲ သိဖို့လို့ ပေးလိုက်တဲ့ ကမ္မဋ္ဌာန်းအနေနဲ့ကျတော့ ဒါဈာန်ကိုတော့ဖြင့် ပေါက်လိမ့်မယ်မဟုတ်ဘူး။ သို့သော် ဥပစာရသမာဓိလောက်အထိတော့ ရောက်ရှိသွားနိုင်ပါတယ်။ ခန္ဓာကိုယ်ရှိနေတာကို မသိတော့ဘူး။ လက်တစ်ဖက်ရှိနေတာ မသိဘူး။ ခြေတစ်ဖက်ရှိနေတာ မသိဘူး။ နောက်ဆုံးတစ်ကိုယ်လုံးပင်ရှိနေတာ မသိတော့ဘဲနဲ့ သိမှုလေးသက်သက်ပဲ သိ သိ နေတဲ့ အဆင့်ကို ရောက်လာတယ်။ ဒါဥပစာရသမာဓိပါ။ အကောင်းဆုံး သမာဓိအဆင့်ပါပဲ။ အာနာပါနမှာ ဒီကနေပြီးတော့မှ ဝိပဿနာကိုဝင်ရပါမယ်။
ဒီကမ္မဋ္ဌာန်းနည်းက လယ်တီဆရာတော်ဘုရားပေးလိုက်တဲ့နည်းပါ။ ဒီနည်းက အာနာပါနဿတိကမ္မဋ္ဌာန်း တစ်ခုထဲတင် အကျုံးဝင်တာမဟုတ်ပါဘူး။ ဘာအကျုံးဝင်သွားလဲဆိုယင် --
ထိမှု ထိမှုလေးကို သိ သိနေတာဖြစ်တဲ့အတွက် ဘာကိုသိသလဲဆိုယင် ဖောဋ္ဌဗ္ဗဓါတ်ကို သိပါတယ်။ ဖောဋ္ဌဗ္ဗဓါတ်ဆိုတာ ဒီလေ ရှူလိုက်တဲ့ ထွက်လေဝင်လေလေး နှာသီးဖျားမှာ ထိ ထိသွားတာ ဒီထိမှုလေးကို သိခြင်းအားဖြင့် ဒီထိမှုပေါ် အခြေခံပြီးတော့ ဖောဋ္ဌဗ္ဗာဓါတ် ၃ ပါး ရှိပါတယ်။ ပထဝီဓါတ်၊ တေဇောဓါတ်၊ ဝါယောဓါတ် .. ။ နောက်ကျတော့ ဒီထိမှုလေးကို သိသိနေတော့ .. သိနေတာလေးက ခိုင်မာလာတဲ့ အခါကျတော့ ဝိပဿနာကို ကူးလိုက်တဲ့အခါ အဲဒီထိမှုလေးတွေမျိုးစုံ ခန္ဓာကိုယ်ထဲမှာ တွေ့ရှိရတယ်။
ဖောဋ္ဌဗ္ဗဓါတ်တွေက စပြီးတွေ့ရှိရမယ်။ ဖောဋ္ဌဗ္ဗဓာတ်ကို လယ်တီဆရာတော်ဘုရား ဘာကြောင့် ပေးတော်မူသလဲဆိုယင် အာရုံ ၆ပါးမှာ အထင်ရှားဆုံး အသိနိုင်ဆုံးသည် ဖောဋ္ဌဗ္ဗဓါတ်ဖြစ်တဲ့အတွက်ပါ။ ခန္ဓာကိုယ်နဲ့ တိုက်ရိုက်တွေ့ထိပြီး သိရှိတာဖြစ်တဲ့အတွက် ဒီဖောဋ္ဌဗ္ဗာဓာတ်သည် ဒီ Sensation ၆မျိုးထဲမှာတော့ အထင်ရှားဆုံး Sensation ဖြစ်ပါတယ်။ အထင်ရှားဆုံး သိရှိနိုင်တဲ့အတွေ့ပါပဲ။ အဲဒီကနေ မဟာဘုတ်ဓါတ်ကြီး ၄ ပါးရဲ့ လက္ခဏာ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်ကို အဲဒီမှာ ဆင်ခြင်နိုင်သော်လည်း လက္ခဏာကိုပဲ ဆင်ခြင်နိုင်လိမ့်မယ်။
တေဇောဓာတ်ရဲ့ လက္ခဏာက ပူတဲ့သဘောလက္ခဏာ၊ ဝါယောဓာတ်ရဲ့လက္ခဏာက ထောက်ခိုင်ခြင်း ရွေ့လျားခြင်းဆိုတဲ့ လက္ခဏာ၊ အဲဒီလက္ခဏာတွေတွေ့ရှိရမယ်။ ပရမတ္ထဓမ္မကို ယောဂီက တိုက်ရိုက်ကြီး အဲဒီကနေတွေ့ရှိရမယ်။ အဲလိုတွေ့ရှိနိုင်ဖို့အတွက်ပဲ အခြေခံပြီး အာနာပါန ကမ္မဋ္ဌာန်းမှာ ထိမှုလေးကိုပဲ သိ သိနေပါ ဆိုပြီး လယ်တီဆရာတော်ဘုရား ညွှန်ကြားတော်မူတာပါ။ ဒီကမ္မဋ္ဌာန်းတစ်ခုသည်ပင်လျှင် အာနာပါနလည်းမည်တယ်။ စတုဓါတုဝဝတ္ထာန်လည်းမည်တယ်။ ဒီနည်းတစ်နည်းထဲကနေ ကမ္မဋ္ဌာန်း ၂ မျိုးကို တစ်ပြိုင်နက် အားထုတ်ပြီးသား ဖြစ်သွားပါတယ်။
နောက်တစ်ဖက်က သတိပဋ္ဌာန် ၄ပါးတွင် ကာယာနုပဿနာသတိပဋ္ဌာန်ကို ယောဂီသည် အားထုတ်ပြီး ဖြစ်နေပါတယ်။ အဲဒီလို အင်မတန်မှအဖိုးတန်တဲ့နည်းလမ်းကို လယ်တီဆရာတော်ဘုရားက အတိုဆုံးနဲ့ အမြန်ဆုံး မဂ်ဉာဏ် ဖိုလ်ဉာဏ်ဆီသို့ရောက်အောင် ဝိပဿနာလမ်းကြောင်းကြီးပေါ်ရောက်ရှိအောင်ဆိုပြီး ပေးတာပါ။
ဝါယော ထွက်လေဝင်သည် စိတ္တဇဝါယောပါ။ စိတ္တဇဝါယောဖြစ်တဲ့အတွက်ကြောင့် စိတ်ကြောင့် ထွက်လေဝင်လေသည် ဖြစ်ပေါ်နေတယ်။ ဖြစ်ပေါ်နေတဲ့အခါကျတော့ ဒီထွက်လေဝင်လေကို အာရုံပြုတဲ့အခါမှာ ထွက်မှုကိုလည်း သိနေတယ်။ ဝင်မှုကိုလည်း သိနေတတ်တယ်။ ဘာကြောင့်လဲ ?
ကိုယ့်စိတ်ကိုက အရင်ထွက်ဖို့လိုတဲ့အတွက် အာရုံပြုလိုက်တော့မှ လေကထွက်တာ။ ဝင်ဖို့အာရုံပြုလိုက်တော့မှ ဝင်လာတာ။ စိတ်ကြောင့်ဖြစ်တဲ့ ဝါယောဓါတ်ကိုး။ ဖောဋ္ဌဗ္ဗဓါတ်ကို သိနေတယ်လို့ ထင်ပြီးတော့ တကယ့်တကယ်ကျတော့ ဖောဋ္ဌဗ္ဗဓါတ်ကို မသိဘဲနဲ့ ထွက်တာဝင်တာကို သွားသိနေတတ်ပါတယ်။ စိတ်က ဒီထွက်တာဝင်တာကို စိတ်ကညွှတ်ပြီးတော့မှ မနသိကာရညွှတ်မှ ဒီထွက်လေ ဝင်လေသည် ဖြစ်ပေါ်လာတာကိုး။
အဲဒီမှာ ကမ္မဋ္ဌာန်းကို အယူနည်းနည်းလေးကပ်ပြီး လွဲနေတတ်ပါတယ်။ ထွက်လေဝင်လေကိုတော့ သိတာပဲ။ သိတာပေမယ့် ထွက်လေဝင်လေသိပုံချင်း မတူဘူးဖြစ်နေတယ်။ ထွက်တာဝင်တာကို သိတဲ့ ထွက်ခြင်း အခြင်းအရာကို ဝင်ခြင်းအခြင်းအရာကို သိတဲ့ဥစ္စာက ဒါက စိတ်ကြောင့်ဖြစ်ပေါ်လာတဲ့ အမူအရာကို သိတာ။
အခုလုပ်ရမယ် ဥစ္စာက အဲဒါကို သိဖို့မဟုတ်ဘူး။ နှာသီးဖျားမှာ ထိခတ်သွားမှု အဲဒီထိခတ်သွားမှုကို ခံစားချက် အဲဒီ Sensation, Physical Sensation ကို သိရမှာဖြစ်ပါတယ်။ အဲဒါက အဓိက Main Point ပါ။
စိတ်ကြောင့်ဖြစ်သည် ဖြစ်စေ၊ ဥတုကြောင့်ဖြစ်သည်ဖြစ်စေ ဘာကြောင့်ပဲဖြစ်ဖြစ် ထိမှုလေးကို သိနေရမယ်။ ခန္ဓာထဲကို စိုက်လိုက်တဲ့အခါကျတော့ ခန္ဓာထဲမှာ ကံ စိတ် ဥတု အာဟာရ အကြောင်းတရား ၄ပါး ကြောင့် တည်ရှိနေတဲ့ ရုပ်ကလာပ်တွေရဲ့ ဖောဋ္ဌဗ္ဗဓါတ်တွေရှိပါတယ်။ ရုပ်ကလာပ်တွေထဲမှာ ပထဝီ အာပေါ တေဇော ဝါယောနဲ့ ကင်းတဲ့ ရုပ်ကလာပ်ရယ်လို့ မရှိပါဘူး။ ခန္ဓာကိုယ်တစ်ခုလုံးကလည်း ကာယပသာဒဆိုတဲ့ ကာယဒသကလာပ်သည် ပျံ့နှံ့ပြီး ရှိနေတဲ့အတွက် ဒီဖောဋ္ဌဗ္ဗဓါတ်နဲ့ ကာယပသာဒ ထိတွေ့တဲ့ ထိတွေ့မှုက အင်မတန်သိပ်မွေ့တဲ့ ထိတွေ့မှုလေးတွေပါ။ အဲဒီကျတော့ ခန္ဓာထဲမှာ စိတ္တဇသက်သက် မဟုတ်တော့ဘူး။ ကမ္မဇကော ဥတုဇကော အာဟာရဇကော စတုဇရုပ်အားလုံး ကလာပ်ပေါင်းစုံရဲ့ တွေ့ထိမှုကို ရှာရပါတော့မယ်။
ခန္ဓာကိုယ်ထဲမှာ မိမိခန္ဓာထဲမှာရှိနေတဲ့ ပထဝီ အာပေါ တေဇော ဝါယော စသည့်ဓာတ်တွေရဲ့ သဘောသဘာဝကို ရှာရမှာဖြစ်တဲ့အတွက်ကြောင့် အဲဒီဦးတည်ချက်ကို ပိုင်ပိုင်နိုင်နိုင် ရရှိအောင်လို့ အခုကတည်းက အာနာပါနလည်းမည်တယ်။ စတုဓါတုဝဝတ္ထာန် ကမ္မဋ္ဌာန်းလည်းမည်တယ်။ ကာယာနုပဿနာ လည်းမည်တယ်။ အဲဒီ ကမ္မဋ္ဌာန်းကို လယ်တီဆရာတော်ဘုရားသည် တစ်ချက်တည်းနဲ့ ၃ ချက်ပြတ်၊ အဲဒီနည်းလမ်းကို ပေးထားလိုက်တော့ ဒီမှာ တရားအာရုံ ယူတဲ့နေရာမှာ သတိရှိဖို့ပါပဲ။
ဒီထိမှု သိမှုလေးက ဘာအရေးကြီးလို့လဲလို့တော့ မထင်လိုက်ပါနဲ့။ အင်မတန်မှ အရေးကြီးပါတယ်။ ဝိပဿနာကို ပြောင်းလိုက်တဲ့အခါ ဒီ ထိမှု သိမှုလေးကပဲ ယောဂီရဲ့ခန္ဓာထဲမှာ သိသင့်သိထိုက်တဲ့ တရားတွေကို ခန္ဓာလေးက ပြလာပါလိမ့်မယ်။
ဒီနေ့ သမထခန်းနဲ့ ပတ်သက်ပြီး ဒီလောက်ပါပဲ။ ဒါပေမယ့် သမထခန်းနဲ့ပတ်သက်ပြီး ပြောစရာလေးတွေ မကုန်သေးပါဘူး။ ပို့စ်ရှည်နေမှာစိုးလို့ အပိုင်းလေးတွေ ခွဲခွဲပြီးတင်ပေးနေရပါတယ်။ ဝိပဿနာခန်းကို ရောက်ဖို့ လိုပါသေးတယ်။ ကျနော့်ရဲ့ Dhamma Notes ကို ဖတ်ရှုနေကြတဲ့ မိတ်ဆွေများအနေနဲ့ ဝိပဿနာနဲ့ပတ်သက်တဲ့မေးခွန်းလေးတွေမေးမြန်းမှုကို သည်းခံပေးကြပါဦး။ ဝိပဿနာပိုင်းရောက်ယင် ဝိပဿနာအလုပ်စခန်းနဲ့ပတ်သက်တာလေးတွေ ရှင်းသွားမှာပါ။ အခု သမထခန်းမှာတော့ သမထခန်းပဲ နာရကြားရပါဦးမယ်။
ကိုယ်စိတ်ချမ်းမြေ့တရားတွေ့ကြပါစေ
တရားထိုင်စဉ် ထားရှိရမည့် စိတ်အနေအထား နှင့် သမာဓိစခန်း (၃)
သမာဓိကို ထူထောင်တဲ့နေရာမှာ ဥပစာရသမာဓိ အပ္ပနာသမာဓိရယ်လို့ ရှိပါတယ်။ ခဏိကသမာဓိဆိုတာ ယောဂီတို့မှာ ဖြစ်နေတဲ့ မဟာကုသိုလ်စိတ်တွေ ဖြစ်ပေါ်နေတဲ့ အခိုက်အတန့်လေးတွေမှာ ကိလေသာက ရှောင်ရှားတာဟာ ခဏိကသမာဓိပေါ့။ အခိုက်အတန့်လေးတည်နေတာ ခဏိကသမာဓိ။ အဲဒီကနေ တစ်ကြိမ် ကြာရှည်လေးမြင့်စွာ မနောဒွါရဝီထိပေါင်းမြောက်များစွာနဲ့ ကိလေသာတို့မှ ရှောင်ခွာနိုင်တယ်။ ကမ္မဋ္ဌာန်းအာရုံ တစ်ခုတည်းမှာပဲ ထပ်ကာတလဲလဲ ဝီထိပေါင်း မြောက်များစွာ ဆက်ကာဆက်ကာ ကျရှိနေခြင်းသည် ဥပစာရသမာဓိကို ရောက်ရှိပါတယ်။ အဲဒီကိုရောက်ရှိဖို့ နှာသီဖျားမှာ လေလေးထိ သွားတာကို သိနေရုံမှ တစ်ပါး တခြားဘာမှ မသိပါနဲ့၊ မစဉ်းစားပါနဲ့လို့ပြောတာ။ မနောဒွါရဝီထိတွေနဲ့ တခြားအာရုံမိရာ အာရုံတွေ လျှောက်စဉ်းစားနေ ဒေသနာပညတ်ကို လျှောက်စဉ်းစားနေရင် ကမ္မဋ္ဌာန်း အာရုံကနေလွတ်သွားပြီး ဧကဂ္ဂတာ သဘောကို မရောက်တော့ဘူး။ သမာဓိသဘောကို မရောက်တော့ဘူး။
ဥပစာရသမာဓိပင် ဖြစ်လင်ကစား ဝိတက် ဝိစာရ ပီတိသုခ ဧကဂ္ဂတာ ဆိုတဲ့ ဈာန်အင်္ဂါ ၅ ဖြင့်ပင် ဥပစာရသမာဓိ ကို ထူထောင်ကြရတယ်။ ထိနမိဒ္ဓဆိုတာ ဝိတက်ရဲ့ ဆန့်ကျင်ဘက်တရားပါ။ ထိနမိဒ္ဓ ဝင်လာပြီဆိုရင် ငိုက်လာပြီ အာရုံ ဟိုလွင့်ဒီလွင့် ဖြစ်လာတယ်။ ထိနမိဒ္ဓ ဖြစ်လာပြီ ဆိုကတည်းက အာရုံမှာ ထိုင်းထိုင်းမှိုင်းမှိုင်း ဖြစ်လာပြီဆိုရင် ဝိတက်ကို ပိုင်ပိုင်နိုင်နိုင် အသုံးချရတော့မယ်။
ဝိတက်ဆိုတဲ့ ဈာန်အင်္ဂါဆိုတာဘာလဲဆိုယင် နှာသီးဖျားမှာ ထိသွားခြင်းကို၊ ဝိတက်ကလေးက အာရုံကို ထပ်ကာတလဲလဲ သိမှုလေးကို တစ်ခါတည်း တင်ပြီးတင်ပြီး မပြတ် ဝီရိယနဲ့ စွဲစွဲမြဲမြဲ ဝိတက်ဆိုတဲ့ ဈာန်အင်္ဂါလေးနဲ့ ကြိုးပမ်းရတယ်။ ဝိတက်အားကောင်းရင် ထိနမိဒ္ဓပယ်တယ်။ ထိနမိဒ္ဓအားကောင်းရင် ဝိတက်ပျောက်သွားတယ်။ ဝိတက်ပျောက်သွားရင် ယောဂီရဲ့ ကမ္မဋ္ဌာန်းအာရုံ ပျောက်သွားပြီ။ ကမ္မဋ္ဌာန်းအာရုံ ပျောက်သွားရင် ယောဂီ အိပ်သွားပြီ ဘဝင်ကျသွားပြီ။ အဲဒီအခါမျိုးမှာ သတိထားဖို့လိုပါတယ်။
ဝိစာရသည် ဝိစိကိစ္ဆာရဲ့ ဆန့်ကျင်ဘက် ပါ။ ကာမစ္ဆန္ဒ ဗျာပါဒ အစရှိတဲ့ နီဝရဏ တရားတွေဟာ သမာဓိကို တားဆီးတတ်တဲ့ ပိတ်ဆို့တတ်တဲ့တရားတွေပါ။ ဈာန်မဂ်ကို တားတဲ့တရားတွေ။ အဲဒီတော့ အဲဒါတွေကို ဈာန်အင်္ဂါတွေနဲ့ တိုက်ထုတ်ရတယ်။ ဈာန်အင်္ဂါအားကောင်းသည်နှင့်အမျှ နီဝရဏတရားတွေဟာ အားပျက်ပြယ်ပြီး နီဝရဏကို သူက နိုင်တယ်။ နီဝရဏအားကောင်းသည်နှင့်အမျှ ဈာန်အင်္ဂါတွေ ပျက်ပြယ်ပါတယ်။ ယောဂီမှာ သမာဓိမဖြစ်လာဘူးတဲ့။ ကာမစ္ဆန္ဒကိလေသာသည် ဧကဂ္ဂတာ၏ ဆန့်ကျင်ဘက်ပါ။
ကာမစ္ဆန္ဒလို့ပြောလိုက်ရင် ကြမ်းကြမ်းတမ်းတမ်းကြီးတွေ ကာမဂုဏ်အာရုံ ကာမရာဂတရားကြီးကို ဆိုလိုတာ မဟုတ်ပါဘူး။ ရူပါရုံ သဒ္ဒါရုံအစရှိတဲ့ ကာမဂုဏ်အာရုံတရားတွေကိုပဲ စိတ်ကအာရုံရောက်ရှိနေပြီး တစ်ခုချင်း တစ်ခုချင်း တပ်မက်နေတယ်.. စသည် စိတ်ဖြစ်ပေါ်နေရင် ကာမစ္ဆန္ဒနီဝရဏသည် သောင်းကျန်းနေတာပါ။ ဒီကာမစ္ဆန္ဒရှိနေရင် စိတ်သည် ဧကဂ္ဂတာ ဘယ်တော့မှ မဖြစ်လာပါဘူး။ ဧကဂ္ဂတာစေတသိက်က စိတ်တိုင်းမှာ ပါနေတဲ့ စေတသိက်ပါ။ သဗ္ဗစိတ္တသာဓာရဏစေတသိက်ထဲတွင် ပါဝင်နေတာ ဖြစ်နေပေမယ့် ဒီအာရုံလေး တစ်ချက်ကလေးမှာ တည်နေတဲ့ ဧကဂ္ဂတာမျိုးကတော့ သမာဓိ မခေါ်ရပါဘူး။ ကမ္မဋ္ဌာန်းအာရုံတစ်ခုသော အာရုံကို တည်ငြိမ်နေပြီး ကြာရှည်လေးမြင့်စွာ ဝီထိပေါင်းမြောက်မြားစွာ တည်လာတဲ့ ဧကဂ္ဂတာကိုမှ သမာဓိလို့ ခေါ်ပါတယ်။ အဲဒီလို သမာဓိမျိုး အဲဒီလို ဧကဂ္ဂတာမျိုးမှ ကာမစ္ဆန္ဒကိလေသာကို ပယ်ရှားနိုင်ပါတယ်။
ကမ္မဋ္ဌာန်းအာရုံကို ငြိမ်သက်ပြီးလာတော့မှ ကာမစ္ဆန္ဒကိလေသာသည် မပေါ်လာနိုင်တော့ဘူး။ ကာမစ္ဆန္ဒနီဝရဏ တရားမပေါ်လာနိုင်တော့ဘူး။ ကာမစ္ဆန္ဒနီဝရဏ တရားအားကြီးလာပြီဆိုရင် ဧကဂ္ဂတာ စေတသိက်အား မရှိတော့ပြန်ဘူး။ သမာဓိ မဖြစ်တော့ပြန်ဘူး။
ဧကဂ္ဂတာ ဖြစ်လာပြီး စိတ်တည်ငြိမ်လာပြီဆိုတဲ့အခါကျတော့ သမာဓိလေးများ ဖြစ်လာပြီဆိုရင် စိတ်က ငြိမ်သက်လာတယ်။ ထွက်ထိသိ ဝင်ထိသိလေးကို ဝိစာရ ဆိုတဲ့ ဈာန်အင်္ဂါလေးက ထပ်ကာတလဲလဲ သုံးသပ်ခွင့် ရလာတယ်။ ဝိတက်က အဲဒါလေးကို ထပ်ကာတလဲလဲ တွန်းတင်။ ဝိစာရဆိုတဲ့ ဈာန်အင်္ဂါလေးက ထပ်ကာ တလဲလဲ သုံးသပ်လာတဲ့ အခါကျတော့ ဝိစာရကြောင့် ဝိစိကိစ္ဆာနီဝရဏတရားသည် ကွယ်ပရပါတယ်။
ဝိစိကိစ္ဆာဆိုတာ တစ်သက်လုံး အသက်ရှူလာတာ အမှုမဲ့ အမှတ်မဲ့ ရှုလာတာ။ ခု ဒီခန္ဓာမှာ ဒီထွက်ထိသိ ဝင်ထိသိဆိုတဲ့ .. အဲဒီလို သိ လိုက်တဲ့အခါ ထိမှုဖောဋ္ဌဗ္ဗဓါတ်သဘောလေး ပရမတ္တသဘာဝလေးကို သိ သိနေတော့တာပေါ့။ အဲဒီ ပရမတ္တသဘာဝလေးကို သိနေဖို့အတွက် ယောဂီအနေနဲ့ ဘာမှမစဉ်းစားပါနဲ့။ ထိမှုလေးကိုပဲသိအောင် လုပ်ပါလို့ ပြောခဲ့တာပါ။
ဖောဋ္ဌဗ္ဗဓာတ်ရဲ့ ပရမတ္တသဘာဝလေး ဖောဋ္ဌဗ္ဗဓါတ်မှာ တေဇောဖောဋ္ဌဗ္ဗဓါတ်ရှိတယ်၊ ဝါယောဖောဋ္ဌဗ္ဗဓါတ် ရှိတယ်၊ ပထဝီဖောဋ္ဌဗ္ဗဓါတ်ရှိတယ်။ ဖောဋ္ဌဗ္ဗဓါတ် ၃ ပါးကို စာနဲ့ ပြောလိုက်တော့ လွယ်လွယ်လေးပေါ့။ တေဇောဓာတ်ဆိုတာ ပူခြင်း အေးခြင်း၊ ဝါယော စိတ်ဆိုတာ လှုပ်ရှားခြင်း ထောက်ကန်ခြင်း ပြောတာပဲ စကားလုံးနဲ့ပြောတာက ပညတ်ပဲရှိပါသေးတယ်။
ပရမတ္တသဘော ထောက်ကန်တဲ့ ပရမတ္တသဘော တွန်းတိုက်တဲ့ ပရမတ္တသဘောလေး အဲဒါလေးကို အမည်နာမ မဖော်ဘဲ စကားလုံးမပါဘဲ တိုက်ရိုက်ကြီး ပရမတ္တသဘောကို ယောဂီဉာဏ်က သိ သိနေဖို့ လေ့ကျင့်နေရတာပါ။ ဒါ သမာဓိထူထောင်ရင်း တစ်ဖက်က ပရမတ္တသဘာဝကို တိုက်ရိုက်သိတဲ့ အလေ့အကျင့်ကို ရယူတာပါ။ ဒီလိုရယူခြင်းအားဖြင့် သမာဓိလည်း ဖြစ်ပါတယ်။ ပရမတ္တသဘောကိုလည်း တိုက်ရိုက်ပြီး သိခွင့်ရရှိလာတယ်။ ပရမတ္တသဘောကို တိုက်ရိုက်ရယူ တတ်လာတယ်။
အဲဒီအခါမျိုးကျတော့ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ပထမဦးဆုံး ရူပက္ခန္ဓာဆိုတဲ့ ရုပ်ခန္ဓာကြီးထဲမှာ ရှိနေတဲ့ ပရမတ္တသဘာဝတွေကို လေ့လာရပါမယ်။ အဲဒီကနေ တစ်ဆင့်တက်ပြီး နာမ်ခန္ဓာလေးပါးကို လေ့လာရပါမယ်။ အဲဒီလို ခန္ဓာ ၅ ပါး၊ ရုပ် နာမ်တရားတွေရဲ့ ပရမတ္တဓါတ်တွေကို အရင်းအတိုင်းပဲ ပညတ်မဟုတ်ဘဲ အမည်နာမ မပါဘဲ တိုက်ရိုက်ကြီး ပညတ်တွေကို ကျော်လွန်ပြီး ပရမတ္တဓမ္မတို့၏ သဘာဝလက္ခဏာပေါ်မှာသာလျှင် အတတ်နိုင်ဆုံးတွေ့ထိပြီးတော့ ပရမတ္တသဘောကို သိရှိရဖို့အတွက် ခုဒီမှာ သမာဓိကို ထူထောင်ရင်း တစ်ဖက်ကနေပြီး ပရမတ္ထဓါတ်ကို တွေ့ထိတတ်အောင် ရယူတတ်အောင် ဉာဏ်ဖြင့်ခွဲခြား သိရှိနိုင်တတ်အောင် နာမရူပပရိစ္ဆေဒဉာဏ်ကို အလေ့အကျင့်လုပ်ယူရခြင်းဖြစ်ပါတယ်။
ဒါကြောင့် ဒီထိမှုလေးကို ဝိစာရဆိုတဲ့ ဈာန်အင်္ဂါလေးနဲ့ ထပ်ကာ တလဲလဲ သုံးသပ်မယ်။ ဝိတက်ကလေးက ထပ်ကာတလဲလဲ တင်လိုက်မယ်။ ဘယ်လို ဝိစိကိစ္ဆာမှလဲ မရှိဘူး။ ထိမှုဆိုတဲ့ ထိမှုပဲပြုလုပ်နေမယ် ဆိုတဲ့အခါ ကျတော့ ဖောဋ္ဌဗ္ဗဓါတ်ဆိုတာ ဒီလိုပါလား ဝါယောဆိုတာ ဒီလိုပါလားဆိုတာ သိလာမယ်။ ဒီလိုပါလားဆိုပေမယ့် ဝါယော ဝါယောလို့ အာရုံပြုဖို့မဟုတ်တာကိုတော့ သတိပြုပါ။ လေ လေလို့ အာရုံပြုဖို့မဟုတ်ပါဘူး။ ထိမှုလေးရဲ့ သဘာဝလေး ပရမတ္ထသဘာဝလေးကိုပဲ တိုက်ရိုက်သိနေဖို့ပါ။
အဲဒီလိုနေလာတဲ့အခါ ဒီဈာန်အင်္ဂါတွေ အားကောင်းလာတဲ့အခါ စိတ်ကလေးက တည်ငြိမ်လာပြီး ဧကဂ္ဂတာလဲ ဖြစ်လာပြီဆိုရင် တရားထိုင်ရတာ အရသာတွေ့လာမယ်။ တည်ငြိမ်တဲ့ ပီတိလေး ဖြစ်လာလိမ့်မယ်။ အဲဒီပီတိဖြစ်လာပြီဆိုရင် ယောဂီမှာ ဗျာပါဒနီဝရဏတွေ ငြိမ်းလာပါလိမ့်မယ်။ နိုမို့လို့ရှိရင် ဗျာပါဒနီဝရက အနှောင့်အယှက်ဖြစ်တယ်။ တရားထိုင်ရတာ ချမ်းသာလာတယ်။ ဥဒ္ဓစ္စလည်း မဖြစ်ပေါ်တော့ဘူး ကုက္ကုစ္စကိလေသာလည်း မဖြစ်ပေါ်တော့ဘူး။ နီဝရဏတရားတွေ ငြိမ်ကျသွားပြီဆိုတဲ့ အခါကျတော့ ဒီကိလေသာတွေကိုပယ်တဲ့ ပဟာန်အားဖြင့် ပဟာန် ၃ မျိုး နဲ့ ပယ်ရပါတော့မယ်။ ပဟာန် ၃ မျိုးဆိုတာ တဒင်္ဂပဟာန်အားဖြင့်ပယ်ခြင်း၊ ဝိက္ခမ္ဘနပဟာန်အားဖြင့်ပယ်ခြင်း၊ သမုစ္ဆေဒပဟာန်အားဖြင့် ပယ်ခြင်း တို့ဖြစ်ပါတယ်။
တဒင်္ဂပဟာန်အားဖြင့် ပယ်ခြင်းဆိုတာ တစ်ခဏမျှပယ်တာ သီလ သမာဓိ ပညာ သိက္ခာ ၃ ပါးမှာ သီလနဲ့ ကိလေသာများကို ပယ်ခြင်းသည် တဒင်္ဂမျှ ပယ်တယ်တဲ့။ ကာယဒုစရုက်ကျူးလွန်မိလို့ ရှောင်ကြဉ်လိုက်တဲ့ အခါ အဲဒီမှာ ဒီဒုစရိုက်တွေ ရှောင်ကြဉ်တယ်။ ဝိရတီစေတသိက်တွေ ယှဉ်လိုက်တယ်။ စိတ်မှာ ယှဉ်လိုက်တဲ့ အခိုက်အတန့်လေးအတွင်းမှာပဲ ကာယဒုစရိုက်က ရှောင်ကြဉ်လိုက်တယ်။ အဲဒီအခိုက်အတန့် လေးလောက်ပဲ ရှောင်ကြဉ်တာ ဖြစ်တဲ့အတွက်ကြောင့် ဝီတိက္ကမကိလေသာဆိုတဲ့ လွန်ကဲတဲ့ ဝစီဒုစရိုက် ကာယဒုစရိုက်ကြီး တွေကို တစ်ခဏတာမျှ ရှောင်ကြဉ်လိုက်နိုင်တယ်။ တဒင်္ဂပဟာန်အားဖြင့် ပယ်လိုက် နိုင်တယ်။
ကြာရှည်လေးမြင့်စွာ သမာဓိသိက္ခာ အခုယောဂီတို့ အားထုတ်နေတဲ့ သမာဓိတရား၊ သမာဓိတရားဟာ ကမ္မဋ္ဌာန်းအာရုံမှာ တည်တည်ငြိမ်ငြိမ်နဲ့ ကြာရှည်လေးမြင့်စွာ နေထိုင်နိုင်လာပြီဆိုတဲ့အခါကျတော့ ခုနပြောတဲ့ ကိလေသာတရားတွေဟာ အချိန်အကြာကြီး ကွာပြီးနေတယ်။ ဒါတောင်မှ အပ္ပနာသမာဓိ မဟုတ်သေးဘူး။ ဈာန်သမာဓိမဟုတ်သေးဘူး။ ဥပစာရသမာဓိဖြစ်လင့်ကစား ဒီထွက်ထိသိ ဝင်ထိသိ အာရုံလေးမှာပဲ ထပ်ကာတလဲလဲ မနောဒွါရဝီထိပေါင်း မြောက်များစွာ ဆင့်ကာ ဆင့်ကာ ဖြစ်နေခြင်းအားဖြင့် သိက္ခမ္ဘနပဟာန်လို့ခေါ်တဲ့ ကြာရှည်လေးမြင့်စွာ ပယ်ရှားခြင်းကို ဖြစ်နိုင်ပါတယ်တဲ့။
အဲဒီလို ဖြစ်နိုင်တဲ့အတွက် ဒါဟာ ပရိယုဋ္ဌာန်ကိလေသာကိုပယ်နိုင်တာပါပဲ။ ခုနတုန်းက သီလသည် ဝီတိက္ကမကိလေသာကြီး ကြမ်းတမ်းတဲ့ ကာယကံမှု ဝစီကံမှု ကိလေသာကြီး၊ သမာဓိတရားသည် စိတ်မှာ ဖြစ်ပေါ်လာတဲ့ မနောကံမှုဆိုတဲ့ ပရိယုဋ္ဌာန်ကိလေသာကြီးတွေကို ပယ်နိုင်ပါတယ်တဲ့။ ဒီကနေပြီးတော့မှ တစ်ဆင့် အနုသယကိလေသာကြီးတွေကိုပယ်ရပါတော့မယ်။
ယောဂီရဲ့ ခန္ဓာကိုယ်မှာ ကိန်းဝပ်နေတဲ့ အနုသယကိလေသာကို ပယ်ဖို့ကတော့ သမုစ္ဆေဒပဟာန်အားဖြင့် ပယ်မှ ရနိုင်ပါမယ်။ သမုစ္ဆေဒပဟာန်ကို ဘာနဲ့မှ ရနိုင်သလဲဆိုယင် မဂ်ဉာဏ် ဖိုလ်ဉာဏ်ဆိုတဲ့ ပညာသိက္ခာနဲ့မှ ရနိုင်ပါတယ်။ ပညာသိက္ခာကို ရရှိနိုင်ဖို့ ရှေ့မှာအားထုတ်စရာ လုပ်ငန်းတွေရှိတယ်။ ဝိပဿနာလုပ်ငန်းတွေ ရှိနေပါသေးတယ်။ ဝိပဿနာလုပ်ငန်းရဲ့ ရှေးပြေးပြင်ဆင်ချက်အနေနဲ့ ဒီကနေ့ သမာဓိထူထောင်ကြရခြင်း ဖြစ်ပါတယ်။
ကိုယ်စိတ်ချမ်းမြေ့တရားတွေ့ကြပါစေ။
တရားထိုင်စဉ် ထားရှိရမည့် စိတ်အနေအထား နှင့် သမာဓိစခန်း (၄)
အခု သမာဓိ၏ လက္ခဏာ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်ကို နည်းနည်းသိဖို့ လိုလာပါပြီ။ သမာဓိရဲ့အကြောင်း ပြောတော့မယ်ဆိုရင် သမာဓိရဲ့ လက္ခဏာ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်နဲ့ ပြောရပါမယ်။ ဧကဂ္ဂတာဆိုတာ အာရုံတစ်ခုမှာ စိတ်ကလေး တည်နေရုံလေး။ စေတသိက်တွေ စုစည်းပြီး အာရုံတစ်ခုယူရုံမျှလောက်လေး သည်ပင်လျှင် ဧကဂ္ဂတာစေတသိက်။ ဒါပေမယ့် သမာဓိလို့ ခေါ်ဆိုနိုင်သည့်အဆင့်သို့တော့ မရောက်သေးပါဘူး။
သမာဓိလို့ခေါ်ဆိုနိုင်သည့် အဆင့်က စိတ်ကို အညီအညွတ်ကောင်းစွာထားခြင်းမျှသည်သာလျှင် လို့ဆိုထားပါတယ်။ အောက်က ပါဠိလေးကိုကြည့်ပါ။
ဧတံ - ဤတရားသဘောသည်၊ စိတ္တဿ - စိတ်ကို၊ သမာဓါန မတ္တမေဝ - အညီအညွတ်ကောင်းစွာထားခြင်း မျှသည်သာလျှင်၊ ဟောတိ - ဖြစ်၏၊ ဣတိ - ထို့ကြောင့်၊ သမာဓိ - သမာဓိ မည်၏ .. တဲ့။
စိတ်ကိုအညီအညွတ်ကောင်းစွာထားခြင်းမျှကို လက်တွေ့ကျင့်ကြံမှုမပြုထားယင် နားလည်မယ်မထင်ဘူး။ အယင်ပို့စ်တွေမှာ ကျနော်ရေးခဲ့ပြီးဖြစ်ပါတယ်။ စိတ်က နှာသီးဖျားမှာ ထားပါလို့ ပြောတယ်၊ ပြောရင်းပြောရင်း စိတ်ကလွန်နေတယ်။ တစ်ခါတလေကျတော့ စိတ်ကသိပ်စိုးရိပ်ပြီး တခါထဲ တအားကြီး ဝီရိယကြီးတင်ပြီး အားထုတ်နေတာတွေ တစ်ခါတစ်လေ ဖြစ်နေတယ်။ တခါတလေကျတော့ လျော့ရဲရဲကြီး အားထုတ်နေတာတွေ လျော့ရဲရဲနဲ့ အလိုလိုသိလိမ့်မလိုလို ခပ်ပေါ့ပေါ့လေး အားထုတ်တာတွေ ဖြစ်နေပြန်တယ်။ အညီအညွတ်မဖြစ်ဘူး။ အနေအထားလေးက စိတ်ကို အညီအညွတ်လေးဖြစ်နေရမယ်။ အာရုံမှာ အညီအညွတ် ထားရတယ်။ ထွက်ထိသိ ဝင်ထိသိ ထိမှုလေးကို သိနေပါ ထိမှုလေးကို သိနေပါလို့ ပြောခဲ့ပါတယ်။ ပြောတာတွေက လွယ်လွယ်လေးပဲ။
တကယ်ကိုယ်သိဖို့လို့ လိုက်တဲ့အခါ မသိလိုက်တာတွေပါသွားတာက တစ်မျိုး၊ သိဖို့လို့ ကြိုးစားရင်း တစ်ခါ မျက်မှောင်ကြီးတွေကြုပ်ပြီး တအား ပင်ပင်ပန်းပန်းကြီးတွေ ဖြစ်နေခဲ့ရတာတွေ တစ်မျိုး အညီအညွတ် မဖြစ်တတ်ပါဘူး။ ဒီထွက်လေ ဝင်လေကို တစ်သက်လုံးရှူလာတာပဲ။ ဒါကို မသိဘဲနဲ့ ရှူလာတာ Unconsciously အဲဒါကို လိုက် လိုက်သိ သိနေဖို့လေးကိစ္စပဲတဲ့။
အဲဒါကြီးကို တမင်တကာ အတင်းရော အဓမ္မကော သွားယူပြန်တော့လဲ အဲဒါမဟုတ်ပြန်ဘူး ဖြစ်သွားပါတယ်။ သမာဓိက မငြိမ်ချင်ပြန်ဘူး။ စိုးရိမ်ကြောင့်ကြ သောကရှိလာလိုက်လို့ရှိရင် စိုးရိမ်တယ် ကြောင့်ကြတယ် သောကနဲ့ဆိုတာ ဒါက ဒေါသမူစိတ်ဒေါမနဿ နဲ့ဖြစ်သွားပြီ။ အဲဒီဥစ္စာက ဗျာပါဒနီဝရဏခေါ်ပါတယ်။ ဗျာပါဒ သွားဖြစ်နေတာ။ သမာဓိကိုသွားပြီး အနှောင့်အယှက်ဖြစ်နေပါတယ်။
သက်တောင့် သက်သာကြီး သူ့ကိုဂရုမစိုက်ဘဲ လွင့်ချင်ရင်လဲလွင့်နေ ဖြစ်ချင်တာဖြစ်နေ ကိုယ် သတိရတဲ့ အခါသိလိုက် သတိမရတဲ့အခါ မမှတ်လိုက်ဘူးပေါ့လို့ ပေါ့ပေါ့ကြီး နေလိုက်တဲ့အခါကျတော့လည်း ကာမစ္ဆန္ဒနီဝရဏ ဖြစ်သွားပြန်ပါတယ်။ လောဘနောက် လိုက်သွားပြန်တာပေါ့။ လောဘအစွန်းနဲ့ ဒေါသအစွန်း ဒီ ၂ ခုကြားမှာ နေရာတကာတိုင်းမှာ မဇ္ဈိမပဋိပဒါ ဆိုတာ လိုအပ်လာပါတယ်။ ဝီရိယလည်း လွန်လွန်ကဲကဲ မဟုတ်၊ လျှော့နေလို့လည်းမရ၊ အနေတော်လေး ဖြစ်နေရမယ်။ သူ့ကိုသိတာလည်း သိကာမတ္တလေးပဲ သိနေရမယ်ပေါ့။ သိမှုကြီးက တအားကြီးစိုက်ပြီး ပင်ပင်ပန်းပန်းကြီးစိုက်ပြီး အတင်းကောအဓမ္မကော လုပ်နေမည့် ကိစ္စမျိုးမဟုတ်ဘူးပေါ့။
မြင်းတွေဆွဲတဲ့ ရထားတစ်ခုမှာ မြင်းတွေက ညီညီမျှမျှဆွဲရင် ရထားထိန်းက ဒီဇက်ကြိုးကို ဘာမှကိုင်နေစရာ မလိုဘူး။ ရိုက်နေစရာမလိုဘူး။ အသာလေးကြိုးလေးကိုင်ပြီး လိုက်သွားရုံပဲ။ မြင်းတွေက ညီညီညွတ်ညွတ်ဆွဲ သွားလိမ့်မယ်ပေါ့။ အဲဒီသဘောပဲ။ ညီညီညွတ်ညွတ်ထားလိုက်တယ်။ စိတ်ကို ညီညီ ညွတ်ညွတ်ကလေး လွှတ်ပေးထားရမယ်ပေါ့။
သမာဓိဆိုတာ အညီအညွတ်ကောင်းစွာထားခြင်းမျှသည်သာလျှင် သမာဓိ ခေါ်တယ်တဲ့။ သူ့ရဲ့လက္ခဏာက ဘယ်လို လက္ခဏာခေါ်လဲဆိုယင် အဝိသာရ လက္ခဏော - မရွေ့ မပျံ့ခြင်းလျှင် လက္ခဏာ ရှိပါတယ်တဲ့။
ဟိုအာရုံရောက်လိုက် ဒီအာရုံရောက်လိုက်မနေဘူး။ နှာသီးဖျားမှာ ထိမှုလေး အာရုံလေး တစ်ခုတည်းမှာပဲ အေးအေးငြိမ်ငြိမ်လေး မရွေ့မပျံ့ဘဲ သွားတယ်ပေါ့။ ဟိုရောက်ဒီရောက် သူမရောက်တော့ဘူး၊ မဖြစ်တော့ဘူး။ ခန္ဓာကိုယ်တွင် ဝေဒနာကျတော့ ကြာကြာထိုင်လိုက်ရင် ခြေထောက်ကျင်လာတာတို့ နာတာတို့ ဖြစ်လာတယ် ဒါကတော့ အနတ္တ ခန္ဓာကိုယ်ပဲ။ ဒီခန္ဓာကိုယ်မှာ ဖိထားတာကြာလာရင် ဝေဒနာဆိုတာ ဖြစ်လာမှာပေါ့။ ဒါကို အတင်းကော အဓမ္မကောသွားပြီး ဒါကြီးကို ချိုးနှိမ်ဦးမယ် အတင်းအနာခံပြီးလုပ်မယ် မလုပ်ပါနဲ့။ အဲဒါမျိုးကျရင် အထိုင်ပြင်လိုက်ပါ။ အဲဒီလိုနေရင်းက သမာဓိမြဲလာတဲ့အခါကျတော့ ၁၅ မိနစ်တစ်ခါထက်ပိုပြီး မပြင်ရတော့ပါဘူး။ ၁၅ မိနစ်တာမျှ ငြိမ်နေသည့်စိတ်သည် ဝိပဿနာပညာကို ရရှိနိုင်တတ်ပါတယ်။ လုံလောက်ပါတယ်တဲ့။
ခန္ဓာထဲတွင် သိသင့် သိထိုက်တာကို ၁၅ မိနစ်လောက် သမာဓိသည် ကောင်းကောင်းမြင်နိုင်ပါတယ်။ ဟို အပ္ပနာသမာဓိကြီးကတော့ အင်မတန်ခိုင်မာတာပေါ့။ တစ်ခုတည်းသောအာရုံမှာ သံရိုက်ထားသလို ပျဉ်းကတိုးတိုင်ကြီးမှာ လေးလက္မ သံကြီးကို မြုပ်နေအောင် ရိုက်ထားသလို ငြိမ်နေတာပေါ့။
ဒါပေမယ့် အဲဒီ အပ္ပနာသမာဓိနဲ့ မဂ်ဉာဏ် ဖိုလ်ဉာဏ် ရသည့်သူ မရှိဘူးတဲ့။ သမာဓိသက်သက်နဲ့မဖြစ်ဘူး။ အဲဒီသမာဓိမျိုးနဲ့မဖြစ်ဘူးတဲ့။ ဘယ်လိုသမာဓိမျိုးမှ ဖြစ်သလဲဆိုယင် ခုနလိုပဲ ၁၅ မိနစ်စာမျှ ရနေတဲ့ ဥပစာရသမာဓိ၊ အဲဒီသမာဓိမျိုးနဲ့မှ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို တက်ပါတယ်တဲ့။ မဂ်ဉာဏ် ဖိုလ်ဉာဏ်က အပ္ပနာသမာဓိနဲ့ မတက်ဘူး။
အဲဒီ မဂ်ပညာ ဖိုလ်ပညာကို ရရှိနိုင်သည့် အထောက်အပံ့ဖြစ်တဲ့ ဝိပဿနာပညာကို ဆင်ခြင်ယူရမယ်။ တစ်ခုတည်းမှာ ငြိမ်သက်နေစေဖို့ အဲဒီရုပ်တရား နာမ်တရားရဲ့ သဘာဝတွေမှာ အဲဒီနားတဝိုက်မှာ ပျော်မွေ့ပြီး ထက်ဝန်းကျင်လှည့်ပတ်ပြီး သိရှိနားလည်နေမှုဆီကို သွားရတော့မည့်ဉာဏ်။ အဲဒီအတွက် လေ့ကျင့်မှုရယူနေတာဆိုတော့ ဒီမှာ ထိမှုလေးနဲ့ သိမှုလေး နှစ်ခုထဲပဲ။
အဲဒီမှာ ပညာနဲ့ပြည့်စုံတဲ့ ပုဂ္ဂိုလ်တစ်ဦးက သိတဲ့ ဥစ္စာလေးက သိတယ်ဆိုတာ ဘာနဲ့သိတာလဲ ထပ်ပြီး သိချင်တော့ သွားကွန့်လိုက်တယ်။ အဲဒါက ပရိယတ်ပညာရှိတဲ့သူ အလိုလိုဖြစ်တာပါ။ တစ်နေ့ကလည်း ကျနော်ပို့စ်မှာ တစ်ဦးက လာမေးသွားပါသေးတယ်။ ဒါက ပို့စ်မှာလာမေးတာတော့ မေးလို့ရ သေးတယ်ပေါ့။ လက်တွေ့အားထုတ်နေတဲ့အချိန်မှာ သွားမလုပ်ပါနဲ့ဦး။ အချိန်တန်တော့ လုပ်ရပါလိမ့်မယ်။ အချိန်အခါ မဟုတ်ဘဲသွားလုပ်ရင် အကျိုးမဲ့ဖြစ်တတ်ပါတယ်။ သင်ပုန်းကြီးချိန် သင်ပုန်းကြီး ၊ ဘာသာရပ်ချိန် ဘာသာရပ်ပေါ့၊ သူငယ်တန်းက ၈ တန်း ၉ တန်း စာ သွားဖတ်ချင်လို့ မဖြစ်သေးဘူးပေါ့။
အဲတော့ မရွေ့မပျံ့ခြင်းသည်သာလျှင် သမာဓိရဲ့ လက္ခဏာ ၊ မရွေ့မပျံ့ခြင်းဆိုတာ ခုနလို အတင်းရော အဓမ္မရော အပ္ပနာလို စိုက်ထားသလို မဟုတ်ဘူး။ သက်တောင့် သက်သာလေး ဒီအာရုံလေးပေါ်မှာ အလိုက်သင့်လေးထားရတာ၊ အလိုက်သင့်လေးထားတာ ဆိုပေမယ့် သူက ညီညွတ်မျှတမှုက လိုသေးတယ်။ ဝီရိယလျှော့သွားရင် ပျင်းရိတဲ့ဖက်ကို ရောက်သွားလိမ့်မယ်။ အာရုံလေးက မှိန်ပြီးပျောက်သွားမယ်။ ဒီလောက်ထိလဲ မရောက်ရဘူး။ လွန်လွန်ကဲကဲကြီးလည်း စိုက်ထားတဲ့ဆီလည်း မလုပ်ရဘူး။ သူက Equilibrium လေးမှာ ငြိမ်ငြိမ်လေး တစ်ခါထဲ နေနေရမယ်။ ဟိုဖက်လည်း မယိုင်နဲ့၊ ဒီဖက်လည်း မယိုင်နဲ့။ လောဘကိုလဲမရောက် ဒေါသဖက်ကိုလည်းမရောက် မကျေနပ်ဘူးဆီကိုလည်း မရောက်ဘူး။ သိပ်သဘောကျနေတဲ့ ဆီကိုလည်း မရောက်ဘူး။ ဒီနှစ်ခုအလယ်မှာ ငြိမ်ပြီး အာရုံမှာတည်နေတာ။ ဒါအညီအညွတ်ထားခြင်းမျှှသည်သာလျှင် သမာဓိမည်တယ်ဆိုတာ အဲဒါကို ပြောတာပါ။
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်က သမာဓိခေါဘိက္ခဝေ ယထာဘူတံ ပဇာနာတိတဲ့။ ကောင်းစွာတည်ငြိမ်စွာ ဆောက်တည်အပ်သော စိတ်သည်၊ ယထာဘူတံ - ဟုတ်တိုင်းမှန်စွာ ဖြစ်ရပ် အမှန်တွေ ခန္ဓာရဲ့ ဟုတ်တိုင်း မှန်စွာသော တရားသဘောတွေကို၊ ပဇာနာတိ - အကျယ်အပြားအားဖြင့် သိတယ်။ ပညာသဘောအားဖြင့် သိတယ်။ ဟုတ်တိုင်းမှန်စွာ ခန္ဓာကိုယ်ကို ဟုတ်မှန်သည့်အတိုင်း ယထာဘူတ ဉာဏဒဿနလို့ ခေါ်တယ်ပေါ့။ ဟုတ်တိုင်းမှန်စွာသိရှိတဲ့ဉာဏ်။
ဘာနဲ့မှရရှိသလဲ ? သမာဓိ ခေါ ဘိက္ခဝေ ယထာဘူတံ ပဇာနာတိ - စိတ်ကို အဲဒီလို တည်ငြိမ်အေးချမ်းပြီး သမာဓိ၌ တည်နေအောင် အညီအညွတ်ထားနိုင်တဲ့ ရဟန်းသည် အဲဒီလို ယထာဘူတ ဉာဏဒဿကို ရရှိနိုင်တယ်။ ဟုတ်တိုင်းမှန်စွာ သိရှိနိုင်တယ်။ သမာဓိရဲ့ ပညာ၏ နီးစွာသောအကြောင်း ပဒဋ္ဌာန်ပဲတဲ့။
သမာဓိဖြစ်ခြင်း၏ နီးစွာသောအကြောင်းက ဘာလဲ ? ပဒဋ္ဌာန်ဆိုတာ တရားတစ်ပါးဖြစ်ခြင်းအတွက် အနီးဆုံးအကြောင်း။ ဒီတရားဖြစ်ချင်ရင် ဒီအနီးဆုံး အကြောင်းကို လုပ်ရမယ်။ ဒီအနီးဆုံးအကြောင်းနဲ့မှ ဒီတရား ရရှိလာတာ။ ဒီတရားဖြစ်ဖို့ နီးစွာသောအကြောင်း - ဧကောလမ္ဗဏ ပဒဋ္ဌာနော - တစ်ခုတည်း သော အာရုံ၌ထားခြင်းသည် သမာဓိရဲ့ နီးစွာသောအကြောင်းပဲတဲ့။
တစ်ခုတည်းသောအာရုံဆိုတာ အာရုံ နှစ်မျိုး သုံးမျိုး မရဘူး။ ဒါကြောင့် ပထမပိုင်းမှာ အတန်တန် မှာခဲ့ပါတယ်။ ထွက်လေဝင်လေကို သိတဲ့အခါ နှာခေါင်းပုံသဏ္ဍာန်ကိုလဲ အာရုံမရောက်ပါနဲ့။ လေပဲလို့ လည်း အာရုံမပြုပါနဲ့။ ဒါထွက်ခြင်း အခြင်းအရာ ဝင်ခြင်းအခြင်းအရာလို့လည်း အာရုံမပြုပါနဲ့။ ထွက်ခြင်း အခြင်းအရာ ဝင်ခြင်း အခြင်းအရာလို့ အာရုံပြုလိုက်ရင် နှစ်ခုဖြစ်သွားပြီ။ ဒါဝါယောဓာတ်ပဲ အနိစ္စပဲ ဒုက္ခပဲ လို့ လျှောက်လုပ်နေရင် အာရုံယူတဲ့ ဥစ္စာ ဦးတည်ချက်က နှစ်ခု သုံးခုဖြစ်နေပြီ ဝီထိတွေက။ အဲလိုမဖြစ်ရ ဘူး။ တစ်ခုတည်းပေါ်မှာပဲ ကျရမယ်။ ဧကာရမ္မဏ ပဒဌာနောတဲ့။ တစ်ခုတည်းသော အာရုံသည် သမာဓိဖြစ်ခြင်း၏ နီးစွာသောအကြောင်းပဲတဲ့။
နောက်တစ်ချက်ကတော့ သုခပဒဌာနော - ချမ်းသာစွာနေရခြင်းသည် သမာဓိဖြစ်ခြင်းရဲ့ နီးစွာသော အကြောင်း ဖြစ်ပါတယ်တဲ့။ အင်မတန်အရေးကြီးပါတယ်။ ဒီနေရာမှာ သုခပဒဋ္ဌာန်နေဆိုတဲ့ပုဒ်ကို နည်းနည်း ဖွင့်ချင်ပါတယ်။ သုခချမ်းသာခြင်းသည် ဘယ်လိုဟာကိုပြောတာလဲ ? လိုချင်တဲ့ကာမဂုဏ်အာရုံကို ရခြင်းသည် ချမ်းသာခြင်းလား၊ စိတ်၏ချမ်းသာခြင်း ကိုယ်၏ချမ်းသာခြင်း ကာမဂုဏ်တရားရရှိတာဟာ ကိုယ်လိုချင်တဲ့ အစားလေးစားလိုက်ရတာ ကိုယ်လိုချင်တဲ့ အနေအထိုင်လေး နေလိုက်ရတာ သက်တောင့် သက်သာ ချမ်းချမ်းသာသာလေး နေလိုက်ရတာ သီချင်းလေး နားထောင်လိုက်ရတာ ဒါ ချမ်းသာခြင်းလား။ ဒါမှမဟုတ် စိတ်အလိုဆန္ဒရှိတဲ့ အာရုံတွေနောက် ရောက်ချင်တိုင်းရောက် လွှတ်တိုင်းလွတ်ကာ ချမ်းသာခြင်းလား။ မဟုတ်ပါဘူး။
ဒီနေရာမှာ ဆိုလိုတဲ့ ချမ်းသာခြင်းက ဆင်းရဲမှုမဖြစ်တဲ့ ချမ်းသာခြင်း။ ဆင်းရဲမှုမှ လွတ်မြောက်တဲ့ဥစ္စာကို ချမ်းသာခြင်း ခေါ်ပါတယ်။ ဘုရားရှင်အမြဲတန်း ချီးမွမ်းတော်မူတဲ့ ချမ်းသာခြင်းဆိုတာ ဆင်းရဲ၏ လွတ်မြောက်ခြင်းပါ။ ဘုရားရှင် မိန့်ကြားတော်မူတဲ့ နိဗ္ဗာန်ရဲ့သုခဆိုတာ သံသရာဝဋ်ဆင်းရဲဒုက္ခကြီးမှ လွတ်မြောက်သည့်ချမ်းသာကိုပြောတာပါ။ ဒီချမ်းသာမှ တကယ် ချမ်းသာအစစ်ပေါ့။ ဒီမှာလည်း သုခပဒဋ္ဌာန်နော - ဒါကို ပြောတာပါပဲ။ ကာယိကဒုက္ခတွေ ကင်းလွတ်ရမယ်။ စေတသိကဒုက္ခတွေ ကင်းလွတ်ရမယ်ပေါ့။ အဲဒီလို ကာယိကဒုက္ခ စေတသိကဒုက္ခတွေမှ ကင်းလွတ်ပြီး ငြိမ်ငြိမ်သက်သက် နေရတဲ့ သုခလေးမှာမှ သမာဓိရဲ့ ပဒဋ္ဌာန်ပဲတဲ့။
ထို့ကြောင့် စိတ်ကို ယောဂီတို့ရဲ့ စိတ်မိုက်စိတ်ရိုင်းတွေကို နွားဆိုးနွားရိုင်းလေးများ ချည်တိုင်မှာချည်ပြီး ငြိမ်သက်အောင်လုပ်ရသလို ဆုံးမရမယ်လို့ ဝိသုဒ္ဓိမဂ်အဋ္ဌကထာမှာ ရှင်မဟာဗုဒ္ဓဃောသ အရှင်သူမြတ်က ရှင်းပါတယ်။ စဉ်းလဲကောက်ကျစ်တဲ့ နွားလေးကို ယဉ်ကျေးအောင် ဆုံးမချင်သည့် အခါကျတော့ ချည်တိုင်မှာ ကြိုးနှင့် ခိုင်ခိုင်ချည်ထားသလိုပဲတဲ့ .. ဆုံးမရမယ်တဲ့။
အဲဒီလို ဆုံးမလို့ ငြိမ်သက်လာပြီ စိတ်ကလည်း ယဉ်ကျေးလာပြီ အလိုက်သင့်လေးထားလိုက်ပြီဆိုရင် သတိပြုရမှာတစ်ချက်ရှိပါသေးတယ်။ ငြိမ်လာတဲ့အခါ အလိုက်သင့်လေးတော့ ထားတတ်တယ်။ အလိုက်သင့်လေး ထားရာကနေ အထားလွန်သွားတတ်ပါတယ်။ အထားလွန်တယ်ဆိုတာ လျော့တိလျော့ရဲ ဖြစ်သွားတာပါ။ လွတ်သွားလိုက်တာ သိပ်များသွားတော့ ဝီရိယနိမ့်သွားတယ်။ နိမ့်ကျသွားတော့ တဖြည်းဖြည်း မှိန် မှိန်သွားပြီး၊ ထွက်ထိသိ ဝင်ထိသိလေးက ပျော့ ပျော့သွားပြီး ပျောက်သွားတယ်။ ထိမှုလေးကို မသိတော့ဘူး ဖြစ်သွားတယ်။ ထင်ရှားမှုလေး ကျ ကျသွားပြီဆိုရင် သတိလေးက သိရတယ်။ အာရုံငြိမ်နေရုံတင် မဟုတ်ဘူး။ ကျသွားတာကို သိရတယ်။ အဲဒီအခါလေးကျရင် ဝီရိယလေးနဲ့မြှင့်ပြီး ရှူတာလေးကို ခပ်ပြင်းပြင်းလေး ပြန်ရှူရတယ်။ တစ်ခါ လွန်လွန်ကဲကဲ လုပ်လိုက်ရင်လည်း ချော်သွားဦးမယ်။ အဲဒီနေရာမှာလည်း မဇ္ဈိမပဋိပဒါ လိုပါတယ်။
အလယ်အလတ်လေး နေရာတိုင်းမှာ မျှမျှတတ ညီညီညွတ်ညွတ်ကလေး နေရာတိုင်းမှာလုပ်ဖို့ လိုပါတယ်။ ဒီစည်းကမ်းက အရဟတ္တဖိုလ်ရောက်သည်အထိ သွားပါလိမ့်မယ်။ အဲဒါကြောင့် စိတ်ကို ညီညီညွတ်ညွတ် မျှတစွာ ထားရှိခြင်းကို သမာဓိလို့ခေါ်ပါတယ်။ တအားကြီး စူးစိုက်ပြီး တအားကြီး ထိုးဖောက်နေတဲ့ သမာဓိမျိုး မဟုတ်ဘူးနော်။ ဒါကြောင့် သမာဓိကို အတင်းကော အဓမ္မကော လုပ်မယူပါနဲ့။ သက်တောင့်သက်သာလေးလုပ်ပါ။ စိတ်ထဲမှာ ရမှ ရပါမလားလို့ မဖြစ်ပါနဲ့။ ရမှ ရပါမလားဆိုတာ အဲဒါ သောကဖြစ်သွားရော သောကဖြစ်ပြီး နီဝရဏသွားဖြစ်တယ်။ အနှောင့်အယှက်သွားဖြစ်ပါတယ်။ ဒါကြောင့် သိပ်လည်းမစိုးရိမ်ပါနဲ့။သိပ်လဲမပေ့ါပါနဲ့။ညီညီညွတ်ညွတ်မျှမျှတတလေးဖြစ်ပါစေ။
တရားထိုင်စဉ် ထားရှိရမည့် စိတ်အနေအထား နှင့် ဝိပဿနာအားထုတ်မှု ကာလပိုင်း လမ်းစဉ် (၁)
တရားထိုင်စဉ် ထားရှိရမယ့် စိတ်အနေအထား နှင့် သမာဓိစခန်းကို အပိုင်း (၄) ပိုင်း ခွဲပြီး တင်ပေးခဲ့ပါပြီ။ ဒီကနေ့ ဝိပဿနာ အားထုတ်မှု ကာလပိုင်းလုပ်ငန်းစဉ်တွေကို ဖော်ပြပေးပါမယ်။ သမာဓိခန်းမှာ ကျနော်တို့ စိတ္တဝိသုဒ္ဓိဖြစ်အောင် အားထုတ်ခဲ့ကြပြီ၊ စိတ္တဝိသုဒ္ဓိဆိုတာ တစ်ခုတည်းသော အာရုံမှာ စိတ်သည် စင်ကြယ်စွာ ရှိနေရမယ်၊ တည်နေရမယ်။ အဓိကအားဖြင့် နှစ်ဆင့်ရှိတာပေါ့။ ဥပစာရသမာဓိ နှင့် အပ္ပနာသမာဓိ လို့ နှစ်ဆင့် ရှိတယ်ပေါ့။
အပ္ပနာသမာဓိဆိုတာ ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်၊ ပဉ္စမဈာန်ရယ်လို့ ဈာန် (၅) ဆင့် တက်သွားပြီး အဲဒီလို အပ္ပနာသမာဓိ ရပြီးတော့မှ အဲဒီဈာန်အင်္ဂါကို အခြေပြုပြီး ဝိပဿနာ အားထုတ်တာ။ ဒါသမထယာနိကနည်းစစ်စစ်ပါပဲ။ ခုခေတ် ပုဂ္ဂိုလ်တွေ အနေနဲ့ ဒီဈာန်ကို တက်နိုင်ဖို့ မလွယ်ကူကြပါဘူး။ စခန်းရက် တိုတိုတောင်းတောင်း အတွင်းမှာပဲ သမထသမာဓိလေးကို ထိုက်သည့်အားလျော်စွာ ကြိုးစားကြရပါတယ်။ အဲဒီလို သမထသမာဓိလေးကို ကြိုးစားရတာဆိုတော့ ဥပစာရသမာဓိတောင်မှ ခိုင်ခိုင်မာမာဖြစ်အောင် အတော်ကြိုးစားရပါတယ်။
ဥပစာရသမာဓိဆိုတာဘာလဲ ? ပြီးခဲ့တဲ့ သမထခန်းမှာ တင်ပေးခဲ့တဲ့ နှာသီးဖျားမှာ ထွက်ထိသိ ဝင်ထိသိ အဲဒါကို (၃) ရက်တိတိ တော်တော်လေး ပြင်းပြင်းထန်ထန် အားထုတ်ဖို့ ကမ္မဋ္ဌာနစရိယတွေက မှာကြားထားပါတယ်။ အဲဒီ ဥပစာရသမာဓိကို တင်းတင်းရင်းရင်း အားထုတ်ထားပါမှ သမာဓိလေးက ခိုင်ခိုင်မာမာရှိပါမှ သမာဓိဆိုတဲ့ မှန်ပြောင်းကို အသုံးပြုပြီးတော့ မိမိခန္ဓာကိုယ်ကို စူးစမ်းရမှာမို့ပါ။
ခန္ဓာကိုယ်ကို စူးစမ်းရတော့မှ ဒါမှ ဒိဋ္ဌိဝိသုဒ္ဓိစခန်း နာမရူပပရိစ္ဆေဒဉာဏ်ဆိုတဲ့ အဆင့်ကို တက်ဖို့ရန် ဒီခန္ဓာကိုယ်ထဲတွင် ဘာတွေရှိနေသလဲ။ ဒီခန္ဓာ (၅)ပါးကို ဘာနဲ့ တည်ဆောင်ထားသလဲ။ ဒီခန္ဓာ ကိုယ်ထဲတွင် ဒီခန္ဓာ (၅)ပါးကလွဲပြီး တခြားကော ရှိသေးလား ဘယ်လိုများ ရှိနေသလဲ စသည်ဖြင့် သိအောင် လုပ်ရပါမယ်။
အဲဒီတော့ အခု တရားအားထုတ်လာတဲ့အချိန်မှာ မိမိတို့ ပါရမီအားလျော်စွာ မိမိတို့ ထူထောင်ခဲ့တဲ့ သမာဓိအားလျော်စွာ မိမိတို့ ခန္ဓာထဲတွင် ဖြစ်ပေါ်နေတဲ့ တရားတွေကို ယောဂီတို့ တွေ့ရှိရတယ်။ အဲဒီကျင့်စဉ်မှာ အထူးသဖြင့် ဖောဋ္ဌဗ္ဗဓာတ်ကို အဓိက ထားတယ်။ ဒါကြောင့်မို့လို့ သမာဓိ ထူထောင်စဉ် အချိန်တုန်းကလည်း နှာသီးဖျားမှာ ထွက်ထိသိ ဝင်ထိသိ ဆိုပြီး ထိမှုသိမှုလေး ဒါကို အဓိကထားတယ်။ ထိမှုဆိုတာ ဖောဋ္ဌဗ္ဗဓာတ်။ ပထဝီမာတဲ့ သဘောလေးကိုလည်း သိမယ်။ ပူခြင်း နွေးခြင်း အေးခြင်း ဆိုတဲ့ ဝင်လာတဲ့အခါ အေးအေးလေး ဝင်လာတယ်။ ထွက်သွားတဲ့အခါ နွေးနွေးလေး ထွက်သွားတယ်။ အဲဒီလို ပူမှု အေးမှုလေးကို သိတယ်။ တွန်းမှု တိုက်မှု တွန်းကန်မှုလေးကို သိတယ်။ အဲဒီလို ဖောဋ္ဌဗ္ဗဓာတ်သုံးပါး (ပထဝီ-တေဇော-ဝါယော) ဒီသုံးပါးလေးရဲ့ ထိခိုက်မှု သဘာဝ အဲဒီအခြေအနေလေးပေါ်မှာပဲ အဲဒါပဲ သိနေပါ။ ဒါကလွဲ၍ ဘာမှ မစဉ်းစားပါနဲ့ လေကိုလည်း မစဉ်းစားပါနဲ့။ နှာခေါင်းကြီးကိုလည်း မစဉ်းစားပါနဲ့။ ထိမှုလေးကိုပဲ သိနေပါလို့ ပြောခဲ့ပါတယ်။
အဲဒီလို ပြောခဲ့ရတဲ့ဥစ္စာ ဘာကြောင့်လဲ? မိမိတို့ ခန္ဓာထဲမှာ ဒီငြိမ်သက်နေတဲ့ သမာဓိလေးနဲ့ပြန်ပြီး စူးစမ်းဆင်ခြင်လိုက်တဲ့အခါကျရင် ယောဂီခန္ဓာထဲမှာ အဲဒီထိသိမှုလေးကို ရှာရဖွေရတော့မယ်။ ဖောဋ္ဌဗ္ဗဓာတ် ကို ဝီထိစဉ်အားဖြင့် ပြောမယ်ဆိုရင် ကာယဒွါရိကဝီထိပေါ့။ ဒီခန္ဓာကိုယ်ဆိုတာက ရုပ်ကလာပ်ကလေးပေါင်း မြောက်မြားစွာနဲ့ ဖွဲ့စည်းဖြစ်ပေါ်ထားတဲ့ ခန္ဓာကိုယ် ရုပ်ကလာပ်မှန်သမျှ အနည်းဆုံး ရုပ် (၈)ပါး၊ ပထဝီ-အာပေါ-တေဇော- ဝါယော ဝဏ္ဏ ဂန္ဓ ရသ ဩဇ အဋ္ဌကလာပ်လို့ခေါ်တဲ့ အဝိနိဗ္ဘောဂရုပ် (၈)ပါး၊ အနည်းဆုံး ဒီ (၈) ပါးနဲ့ ဖွဲ့စည်းဖြစ်ပေါ်ရတယ်။
ဒီရုပ်ခန္ဓာ အဖွဲ့အစည်းကြီးက ဒီရုပ်ကလာပ်တွေ ဖွဲ့စည်းဖြစ်ပေါ်နေတဲ့ အထဲမှာ ပထဝီ အာပေါ တေဇော ဝါယော ဆိုတဲ့ မဟာဘုတ်ဓာတ်ကြီး လေးပါး ပါနေတယ်။ ဒီဓာတ်ကြီးလေးပါးထဲတွင်လည်း ပထဝီ တေဇော ဝါယော ဆိုတဲ့ ဖောဋ္ဌဗ္ဗဓာတ် သုံးပါး ရှိနေတယ်။
ကာယပသာဒဆိုတဲ့ ကာယဒသကကလာပ် ပထဝီ အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရသ ဩဇာ ကာယပသာဒ ဇီဝိတ ဆိုပြီး ကာယဒသကကလာပ် ခန္ဓာကိုယ်တစ်ခုလုံးမှာ ပျံ့နှံ့ပြီး တည်နေတယ်။ ကာယဒသကကလာပ်က ခန္ဓာကိုယ်ရဲ့ တစ်နေရာမှာ ရှိနေတယ်။ ဘယ်နေရာပဲဖြစ်ဖြစ်ပေါ့။
ဖောဋ္ဌဗ္ဗဓာတ်နဲ့ ထိတွေ့တဲ့အခါမှာ ဒါတေဇောဓာတ်နဲ့ ထိတွေ့တာပဲ၊ ဒါဝါယောဓာတ်နဲ့ ထိတွေ့တာပဲ ဒါပထဝီဓာတ်နဲ့ ထိတွေ့တာပဲ တစ်ခုခုနဲ့ ထိတွေ့ရမယ်။
တေဇောဓာတ်နဲ့ ထိတွေ့တဲ့အခါမှာ ရှိန်း ရှိန်း ဒုတ် ဒုတ်နဲ့ အဲဒီလို ပူပူနွေးနွေး ပူသွားလိုက် အေးသွားလိုက် တဖြည်းဖြည်းပြန်ပူသွားလိုက် အေးသွားလိုက်။ တစ်ချို့များဆို တော်တော်လေး ပူပူလောင်လောင် မီးတောက်ကလေးများ တောက်နေသလို အဲဒီလို တွေ့ရတတ်တယ်။
ဝါယောဓတ်ကို တွေ့တဲ့ ပုဂ္ဂိုလ်ကျတော့လည်း ရုပ်ကလေးတွေ ရွရွမွမွ လှုပ်လှုပ် အဲဒီလိုသွားပြီး တွေ့ရတတ်တယ်။ ပထဝီဓာတ်ကိုတွေ့တဲ့ ပုဂ္ဂိုလ်ကျတော့လည်း ခေါင်းပေါ်မှာ အလေးကြီးတစ်ခု ဖိထားလိုက်သလို ဖိပြီး မာပြီး ကျလာတယ်။ အဲဒီကနေ တဖြည်းဖြည်း ပိုမိုမာလာတယ်။ ဒီကနေ ပျော့ပျော့ ပေါ့ပေါ့ပြီး ပြန်လျော့သွားတယ် စသည်ဖြင့် အဲဒီလို အပြောင်းအလဲနဲ့တကွ ခန္ဓာကိုယ်ထဲမှာ တွေ့ကြရတယ်။ တစ်ချို့ ငယ်ထိပ်မှာ တွေ့တယ်၊ တချို့လက်ဖဝါးမှာတွေ့တယ်၊ တစ်ချို့လက်မောင်းမှာတွေ့တယ်။ ခန္ဓာကိုယ်တစ်နေရာရာမှာ ပြောင်းရွှေ့ပြီးတော့ တွေ့ကြတယ်။ အလေ့အကျင့်ရရှိသွားတဲ့အခါ ခန္ဓာကိုယ်တစ်ကိုယ်လုံးကို ပျံ့နှံ့ခြုံငုံပြီးတော့ အဲဒီဖောဋ္ဌဗ္ဗဓာတ်တွေကို တွေ့ရှိကြရတယ်။
ဖောဋ္ဌဗ္ဗဓာတ်တွေကို တွေ့ရှိတယ်ဆိုတာ ဘာကိုတွေ့ရှိတာလဲဆိုယင် မဟာဘုတ်ဓာတ်တွေကို တွေ့ရှိတာပါ။ မဟာဘုတ်ဓာတ်တွေကို တွေ့ရှိတယ်ဆိုရင် မဟာဘုတ်ဓာတ်ကို အမှီပြုပြီးတော့ ရှိနေတဲ့ ဥပါဒါရုပ်လို့ခေါ်တဲ့ ဝဏ္ဏ ဂန္ဓ ရသ ဩဇ အဲဒီဓာတ်တွေကိုလည်း တွေ့ရှိတယ်ပေါ့။ ခေါင်းကြီးကိုတွေ့တာ မဟုတ်ဘူး။ လက်ကြီးတွေကို တွေ့နေတာ မဟုတ်ဘူး။ အူတွေ အသည်းတွေ တွေ့တာမဟုတ်ဘူး။ ပရမတ္ထဓမ္မဖြစ်တဲ့ ဓာတ်သက်သက်ကို ယောဂီတို့ တွေ့နေတာ။ ဝိပဿနာဆိုတာ ပရမတ်ကို အားထုတ်ရတာ ပညတ်ပေါ်မှာ အားထုတ်လို့ မရဘူး။
ပထဝီလို့ ခေါ်လိုက်လျှင် မာတာကို တွေ့မယ်။ ပူတာကိုတွေ့မယ်။ တွေ့တာကို ဒါ တေဇောပဲလို့ စိတ်ထဲမှာ လူလယ်လုပ်ပြီး နာမည်မတပ်လိုက်ပါနဲ့။ ပူမှုသဘောလေးကိုပဲ သိနေပါ။ ဒါလေးကိုပဲ သိနေဖို့လိုပါတယ်။ ပူမှုသဘောလေးသက်သက် အခေါ်အဝေါ် ဘာမှမပါဘူး။ ပူဆိုတဲ့ ညွှန်ကြားချက် တဇ္ဇာပညတ်လေးပင်လျှင် မပါစေရဘူး။ ပူမှုသဘောသက်သက် ပရမတ္ထဓမ္မ အမူအရာထူးကို စိတ်ကလိုက်လိုက် သိ သိနေရမယ်။ သိရုံပဲ သိနေပါ။ တခြား ဘာမှ မလုပ်ပါနဲ့ မစဉ်းစားပါနဲ့။ ဒါတေဇောပဲ ဒါဝါယောပဲလို့ ဒီလိုစဉ်းစားနေစရာ အလုပ်မဟုတ်ပါဘူး။ သိနေဖို့ပဲ လိုပါတယ်။ အဲဒီလို သိစရာနဲ့သိတာ ယောဂီရဲ့ ခန္ဓာမှာ ဒီနှစ်မျိုးပဲ ရှိတယ်။ သိစရာရယ် သိတာရယ်။ သိစရာက ရုပ် သိတာကနာမ်။ ရုပ်နဲ့နာမ် နှစ်ပါးတော့ဖြင့် ခွဲပြီး အကြမ်းဖျင်းအားဖြင့် နာမရူပပရိစ္ဆေဉာဏ်ရဲ့အစလေးကို ရောက်ရှိလာပါပြီ။
အထူးသတိထားရမှာက သိ သိနေတဲ့အပြင် တခြား ဘာမှ မစဉ်းစားပါနဲ့။ ပြောင်းလဲနေတာကို ပြောင်းလဲနေတယ်လို့ပဲ လိုက်သိနေပါ။ သိစရာလေးက ပြောင်းလဲနေတယ်။ ပိုပိုပြီး ပူလာတယ်။ ပိုပူလာမှ ပြန်ပြီး လျော့လျော့ပြီး အေးတဲ့ဆီဘက် ရောက်ရောက်သွားပြန်တယ်။ အဲဒီလို စဉ်ဆက်မပြတ် ဖောက်ပြန်ပြောင်းလဲမှုကို ရုပ္ပတိလို့ ခေါ်ပါတယ်။
ဒါကြောင့် ရုပ္ပတီတိ ရူပံ။ အဲဒါမျိုးကို ရုပ်လို့ ခေါ်ပါတယ်။ ဝိညာဏက္ခန္ဓာရဲ့ လက္ခဏာကတော့ အာရမ္မဏဝိဇာနနလက္ခဏာ - အာရုံကို သိမှုသဘောလေးပဲ ရှိပါတယ်။
သူ သိစရာနဲ့ သူသိမှု သူ သိစရာနဲ့သူသိမှု သိစရာ တစ်ခုပြောင်လျှင် သိမှုတစ်ခုပြောင်းတယ်။ သိမှုတစ်ခုက သိစရာတစ်မျိုးပြီးတစ်မျိုး လိုက်သိနေတာမဟုတ်ပါဘူး။ ပူနေရာကနေ သိနေတာ။ ပိုပြီးပူလာတာကို သိတတ်တဲ့ ဝိညာဉ်စိတ်က ကြိုတင်ရှိနေတာ မဟုတ်ပါဘူး။ ပိုပူလာမှ ပိုပူလာတာကို သိတယ်။ လျော့ပြီးပူသွားတဲ့ အခါကျတော့မှ လျော့ပြီးပူတာကို သိတယ်။ ကြိုပြီးရှိနေတဲ့ သိမှုတွေ မဟုတ်ဘူး။ သိစရာ ဖြစ်ပေါ်လာမှ ဒီသိစရာနဲ့ ကိုက်ညီတဲ့ သိမှုတွေ ဖြစ်လာတယ်။ အမြဲတည်နေတဲ့ သိမှုဆိုတာ ခန္ဓာထဲမှာ မရှိဘူး ဆိုတာလေးကို သတိထားမိဖို့လိုပါတယ်။ အဲဒါ အရေးကြီးပါတယ်။
အဲဒီလို အားထုတ်လာတဲ့အခါကျတော့ ယောဂီတို့ကို ခုအလေ့အကျင့်ပေးနေတာ။ ဓာတ်သုံးပါးပဲ ရှိပါသေးတယ်။ တကယ့်တကယ်ကျတော့ ဒိဋ္ဌိဝိသုဒ္ဓိစခန်းမှာ ဓာတ် (၁၈)ပါးလုံး အားထုတ်ရပါတယ်။ အဲဒီလို ပြီးစီးမှ နာမရူပပရိစ္ဆေဒဉာဏ်ဆိုတဲ့ ဒိဋ္ဌိဝိသုဒ္ဓိစခန်း ပြီးစီးပါတယ်။ ဒါပေမယ့် တိုက်ရိုက်ကြီး ဒီဟာတွေကို အားထုတ်ရင် ယောဂီတို့မှာ အခက်အခဲရှိတယ်။ မရဘူး။ ရုပ်တရား နာမ်တရား နှစ်ပါးမှာ အထင်ရှားဆုံး သိရှိနိုင်တာက ရုပ်တရား။ နာမ်တရားမှာ သိနိုင်တာက ဝိညာဏက္ခန္ဓာ ၊ ဒီနှစ်ပါးကို သိရှိအောင် အလေ့အကျင့်ရအောင် လယ်တီဆရာတော်ဘုရားက စတုဓါတုဝဝတ္ထာန်ကမ္မဋ္ဌာန်းကနေ ဓာတ်သုံးပါးကို သိရှိအောင် အားထုတ်ခိုင်းခြင်းဖြစ်ပါတယ်။
အားထုတ်ခိုင်းပြီး အလေ့အကျင့် အများကြီးရမှ ခိုင်ခိုင်မာမာနဲ့ ခွဲနိုင်တော့မှ နောက်ဆက်ပြီး ဓာတ် (၁၈)ပါးလုံး ကုန်အောင် အားထုတ်ရလိမ့်ဦးမယ်။ ဒါဟာ ဒိဋ္ဌေ မတ္တံ ဒေသနာတော်မှာ ဒိဋ္ဌေ ဒိဋ္ဌ မတ္တံ ဆိုတာ မြင်တာတွေကို မြင်ရုံမျှ သိခြင်း၊ သုတေ သုတ မတ္တံ ဆိုတာ ကြားတာတွေကို ကြားရုံမျှဖြင့် သိရှိခြင်း။ မုတေ မုတ မတ္တံဆိုတာ ဂန္ဓာရုံတို့ ရသာရုံတို့ ဖောဋ္ဌဗ္ဗာရုံတို့လို လာရောက်ထိတွေ့ပြီးမှ သိရှိရတဲ့ သိရှိခြင်းကို သိရှိကာမတ္တ အားထုတ်တာ မုတေ မုတ မတ္တံ။ ဝိညာတေ ဝိညာတ မတ္တံဆိုတာ စိတ်အားဖြင့် သိရှိဖို့ကြိုးစားတာကို ဝိညာတေ ဝိညာတ မတ္တံလို့ ခေါ်ပါတယ်။
ယောဂီတို့အတွက် လွယ်ကူတာက မုတေ မုတ မတ္တံ တိုက်ရိုက်ပြီး ထိတွေ့တာ၊ ထိတွေ့မှုပေါ် အခြေခံပြီးတော့ သိရှိဖို့အတွက် အားထုတ်ရတာ။ ပထမဆုံး အရေးကြီးတဲ့ မုတေ မုတ မတ္တံမှာ ထင်ရှားတဲ့ မဟာဘုတ်ဓာတ်ကြီး လေးပါးထဲက ဓာတ်ကြီးသုံးပါးနဲ့ လေ့ကျင့်ရပါတယ်။ လေ့ကျင့်လိုက်တော့မှ ရုပ်တရားနဲ့ နာမ်တရား ကွဲပြားပြီးတော့ သိလာတယ်။
နာမ်တရားမှာ ဝေဒနာတွေ သညာတွေ ခဏထား ဝိညာဏက္ခန္ဓာကိုပဲ နာမ်တရား သူကို နာမတီတိနာမံလို့ ခေါ်တယ်။ နမတိ ဆိုတာ ညွှတ်တယ်။ အာရုံသို့ ညွှတ်တဲ့သဘောရှိတယ်။ ညွှတ်တဲ့သဘောဆိုတာ ယောဂီတို့ တရားအားထုတ်တော့ သိလာပြီ။ သိစရာလေးပေါ်မှာ သိမှုလေးက တထပ်တည်း တထပ်တည်း ထပ်ကနဲ ထပ်ကနဲ တွဲလျက် ကျ ကျနေတယ်။ သိစရာလေးပြောင်းသွားရင် သိမှုလေးက ပြောင်း သွားတယ်။ သိမှုအသစ် ဖြစ်လာတယ်။ နောက်တစ်ခါ သိစရာ အသစ်လေး ပေါ်လာလိုက် သိမှုအသစ်လေး ဖြစ်သွားလိုက်။ အဲဒီလို တွဲလျက်နေတယ်ဆိုတော့ လိုက် လိုက်သိတယ်။ သိမှုဆိုတာဟာ သိစရာမရှိဘဲ သိမှုမရှိဘူး။ သိစရာဆိုတာ ငဲ့ပြီး သိမှုသည် ဖြစ်ပေါ်စမြဲပဲ။ အဲဒီလို သိစရာကို ငဲ့ပြီး ဖြစ်တဲ့သဘောကို နာမတီတိ၊ အာရုံသို့ ညွှတ်တတ်တဲ့ သဘောရှိတယ်လို့ စာက ဆိုပါတယ်။ စာအနေနဲ့ သိဖို့ မဟုတ်ဘူး။ ယောဂီရဲ့ခန္ဓာပေါ်မှာ သိစရာလေးကို လိုက် လိုက်သိနေတာ ဒါသိမှုပဲ။ အာရုံသို့ ညွှတ်တတ်တဲ့သဘောပဲ။ အဲဒီလို သိသိနေအောင် ကြိုးပမ်းရမှာပါ။
အဲဒီလို ကြိုးပမ်းလိုက်တဲ့အခါ ပထဝီဓာတ် သဘောက မာတဲ့သဘောပါ။ ပူတာနဲ့ မတူဘူးဆိုတာ ကိုယ်တိုင် သိနေပြီးပြီ။ တစ်ခါ ပူတဲ့သဘောက လှုပ်ရှားတဲ့သဘောနဲ့ မတူဘူးဆိုတာ သိတယ်။ မရောမနှောနိုင်ဘူး။ တစ်ခါ ဒီဟာကလေးတွေနဲ့ သိမှုဆိုတဲ့ ဝိညာဉ်လေးနဲ့ မရောမနှောနိုင်ဘူး။ တရားအားထုတ်တဲ့အခါ ဘာမှ မစဉ်းစားပါနဲ့။ သိနေပါ သိနေပါလို့ မှာခဲ့တယ်။ အဲဒီလို လုပ်နိုင်ဖို့အတွက် အချင်းချင်း မရောမနှောသော အားဖြင့် ဆုံးဖြတ်နိုင်ခြင်းသည် အညမညံ အသင်္ကရတော ဝိနိစိ္ဆတဗ္ဗံဆိုတဲ့ ဝဝတ္တပေတဗ္ဗံ ပိုင်းခြားနိုင်ခြင်း အလုပ်ပဲတဲ့။
အဲဒီလိုပိုင်းခြား မှတ်မိနေအောင်လို့ ဆက်လက်ပြီး အားထုတ်ရပါမယ်။ ပိုင်ပိုင်နိုင်နိုင်အားထုတ်ဖို့ လိုပါတယ်။ အားထုတ်တဲ့နေရာတွင် သိရုံပဲ သိနေပါ။ အားထုတ်နေဆဲ အခိုက်အတန့်မှာ ဆရာပြောထားတဲ့အချက်အလက် တွေကို ပြန်မစဉ်းစားပါနဲ့။ သိရုံပဲ သိနေပါ။ သိပြီးမှ တရားမှ ထတဲ့အချိန်မှာ ဒီအချက်အလက်တွေနဲ့ ဆက်စပ်ပြီး စဉ်းစားပါ။ အဲဒီလို ဓာတ်သုံးပါးမှာ ပိုင်ပိုင်နိုင်နိုင်ရသည်အထိ ဒါက ပါရမီအားလျော်စွာပေါ့လေ။
အဲဒီလို ကျေညက်သွားပြီဆိုတဲ့အခါ နောက်တစ်ဆင့် တက်ရပါမယ် - ဓာတ် (၁၈)ပါးကို အားထုတ်ရပါမယ်။ ဒါ အားမထုတ်ခင် ဓာတ် (၁၈) ပါးတို့ကို စာတွေ့သဘောအားဖြင့် လက္ခဏာ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တွေကို သိထားဖို့လိုပါသေးတယ်။ အဲဒီလို သင်ကြားလိုက်တဲ့အခါကျတော့ ခန္ဓာကိုယ်ထဲမှာ ရှုနိုင်တဲ့ဥစ္စာက ဒီဓာတ် (၁၈)ပါးပဲ ရှိတယ်။ တခြား ဘာမှမရှိဘူး။ အခုကြည့်နေတာတောင်မှ မဟာဘုတ်ဓာတ်ကြီး (၃)ပါးနော်။
သိစရာတွေ ရုပ်ဓာတ်တွေနဲ့ ခန္ဓာကိုယ် တစ်ကိုယ်လုံး နှံ့စပ်အောင် ကြည့်လိုက်ပြီးတဲ့အခါကျတော့ ဒီဓာတ် (၁၈)ပါးထဲက ဒီဓာတ် (၃)ပါးပဲ လောလောဆယ် မြင်နေတာကိုး။ ဘာပဲဖြစ်ဖြစ် ဒါရုပ်ဓာတ် လိုက်လိုက်သိ နေတာ နာမ်ဓာတ်။ ရုပ်ဓာတ်နဲ့နာမ်ဓာတ် နှစ်ခုထဲနဲ့ပဲ ဒီခန္ဓာကိုယ်ကြီးဟာ သွားလာလည်ပတ် လှုပ်ရှား နေပါလား။ ဒီခန္ဓာကိုယ်ထဲမှာ ပုဂ္ဂိုလ်ကောင် သတ္တဝါကောင် အတ္တကောင် ဇီဝကောင် ဘယ်နေရာမှ မရှိဘူး။ သိတယ် ပြုတယ် ဆိုတဲ့ ဥစ္စာကလည်း ဒါနဲ့တင် လုံလောက်နေတယ်။ သိစရာလေးနဲ့ သိတာလေးနဲ့ ဒီနှစ်ခု တွဲကာတွဲကာ ဖြစ်နေတယ်။ ဒါ နာမရူပပရိစ္ဆေဒဉာဏ်ရဲ့အစပါပဲ။
နောက် ဓာတ် (၁၈)ပါးတွေနဲ့ နိုင်နိုင်နင်းနင်း အားထုတ်ဖို့ ဒုတိယအဆင့် ရှိပါသေးတယ်။ အခု ပထမဆုံးအဆင့် နာမရူပပရိစ္ဆေဒဉာဏ် ဒိဋ္ဌိဝိသုဒ္ဓိစခန်းကို အားထုတ်နေတယ်။ ဒါမပြီးသေးဘူး။ ဓာတ် (၁၈)ပါးကို အားထုတ်ပြီးတော့မှ တစ်စိတ်တစ်ဒေသ ပြီးသွားတယ်။ နောက်တစ်ခါ ဓာတ် (၁၈)ပါး ဘယ်ပုံဘယ်နည်း ဖြစ်ပေါ်လာတယ်ဆိုတာသိဖို့ ပစ္စယပရိဂ္ဂဟဉာဏ်မှာ ဓာတ်(၁၈)ပါးကတော့ ပစ္စယပရိဂ္ဂဟဉာဏ်လည်း ပါသွားတယ်။ ဘာကြောင့်လဲ။
အာရုံနဲ့ ဒွါရတွေ့လို့သာ ဒီဝိညာဉ်ဖြစ်တယ် အာရုံနဲ့ ဒွါရ မတွေ့ရင် ဒီဝိညာဉ် မဖြစ်ဘူးဆိုပြီး အဲဒီလို ဖြစ်ကြောင်းတရားတွေ သိမ်းဆည်းတဲ့ ပစ္စယပရိဂ္ဂဟဉာဏ်နဲ့၊ တစ်ခါ ကာယကံ ဝစီကံ မနောကံ တို့သည် ဘယ်လိုဖြစ်ပေါ်လာသလဲ ပုဂ္ဂိုလ်သတ္တဝါလို့ ထင်လို့ ထလုပ်လိုက်တာလား ဒီကာယကံကြီးကို ကျူးလွန်ချင်တဲ့ ပုဂ္ဂိုလ်ရှိသလား ဝစီကံကို ပြောချင်ဆိုချင် လုပ်ချင်တဲ့ ပုဂ္ဂိုလ်သတ္တဝါ ရှိသလား မရှိရင် ဘယ်လိုဖြစ်လာသလဲ ဒါတွေ ယောဂီ လေ့လာရဦးမယ်။
အဲသလို ကျင့်စဉ်ကို စနစ်တကျ ဝိသုဒ္ဓိမဂ်ကျမ်းကြီးနဲ့အညီ ချမှတ်ပြီး ကျင့်တဲ့ အတွက် ရရှိနိုင်တဲ့ အကျိုးတရားကဘာလဲ။ လောကမှာ အပြစ်ကိုမမြင်သေးတဲ့ အရာတစ်ခုကို စွန့်လွှတ်ခြင်းငှာ မစွမ်းနိုင်ဘူး။ အဲသလိုပဲ အကျိုးတရားကို မသိရှိရင်လည်း အဲဒီဟာကို ရယူခြင်းငှာ မစွမ်းနိုင်ဘူး။
ဒါကြောင့် ဒီခန္ဓာရဲ့အပြစ်ကို မမြင်မချင်း ခန္ဓာကို မုန်းတီးတယ်ဆိုတာ မဖြစ်နိုင်ဘူး။ အနိဋ္ဌာရုံကိုတော့ မုန်းတီးကြတာပေါ့။ ဣဋ္ဌာရုံဖြစ်လာတဲ့ အခါ ခန္ဓာကို မမုန်းနိုင်ဘူး။ ဣဋ္ဌာရုံပဲကြုံကြုံ အနိဋ္ဌာရုံပဲကြုံကြုံ ဒီခန္ဓာသည် ငြီးငွေ့စရာပါလား။ ဖြစ်ပျက်နေတဲ့ ခန္ဓာငါးပါးသည် ငြီးငွေ့စရာပါလားလို့ အဲဒီလို ဣဋ္ဌာရုံ အနိဋ္ဌာရုံ အားလုံးမှာပဲ ငြီးငွေ့လာတော့မှပဲ နိဗ္ဗိဒါဉာဏ်အစစ်သည် ဖြစ်ပေါ်လာတယ်။ အဲဒီလို နိဗ္ဗိဒါဉာဏ် မဖြစ်ရင်လည်း မုစ္စိတုကမျတာဉာဏ်လို့ ခေါ်တဲ့ လွတ်မြောက်လိုတယ်ဆိုတဲ့ ခန္ဓာတို့၏ စဉ်ဆက်မပြတ် ဖြစ်နေခြင်းမှ လွတ်မြောက်လိုတဲ့စိတ် ၊ ဒီခန္ဓာကြီးဆက်ပြီး မဖြစ်ချင်တော့ဘူးလို့ အဲဒီလို စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ မုစိ္စိတုကမျတာဉာဏ်သည် မဖြစ်လာဘူး။ မုစ္စိတုကမျတာဉာဏ် မဖြစ်ရင် ပဋိသင်္ခါရဉာဏ်လည်း မဖြစ်ဘူး။ သင်္ခါရုပေက္ခာဉာဏ်လည်း မဖြစ်ဘူး။
အဲဒီလို မဖြစ်တဲ့ အခါကျတော့ သင်္ခါရုပေက္ခာဉာဏ်မှ မဖြစ်တော့ ဒီသင်္ခါရတွေကို ဥပေက္ခာချပြီး လွှတ်လိုက်နိုင်ဖို့ မဖြစ်နိုင်ဘူး။ တယ်တာနေတယ် ငါ့ရုပ်ပဲ ငါ့ခန္ဓာပဲ ငါ့နာမ်အစဉ်ပဲ ငါ့ရုပ်အစဉ်ပဲလို့ တွယ်တာနေတဲ့ ဥပါဒါန် နောက်ခံက ရှိနေတဲ့အခါကျတော့ ဒီသင်္ခတဓာတ်ကို တွယ်တာနေမှုက မလွှတ်နိုင်ဘူး။ မလွှတ်နိုင်တော့ နိဗ္ဗာန်ကို ကူးပြောင်းနိုင်တဲ့ အနုလောမဓာတ် ဆိုတာ မဖြစ်လာဘူးပေါ့။
အဲဒီလို မဖြစ်ဘူးဆိုရင် ယောဂီဟာ ဘယ်လိုနည်းနဲ့ သင်္ခတဓာတ်မှသည် အသင်္ခတဓာတ်ဆိုတဲ့ မဟာအသင်္ခတနိဗ္ဗာနဓာတ်ကို ဉာဏ်သည် ပြေးဝင်ကူးပြောင်း သွားဖို့ လမ်းမရှိဘူးပေါ့။ ဒါကြောင့် အကျိုးတရားကို သိရမယ်။ အားထုတ်လာတဲ့အခါ ခန္ဓာရဲ့အသေးစိတ်ကို သိလာရမယ်။ သိလာပြီးတော့ ဉာတပရိညာစခန်းမှာ ပုဂ္ဂိုလ်ကောင် သတ္တဝါကောင် အတ္တကောင် ဇီဝကောင် မရှိဘူးဆိုတာ သိသေးတာ။ မရှိပဲနဲ့ ဓာတ်ယန္တရားကြီးသက်သက် ဓာတ်တွေချည်းပဲသက်သက် လည်ပတ်နေတာပါလားလို့ သိလိုက်တယ်။ အဲဒီလို သိတော့မှ ဓာတ်ယန္တရားရဲ့ သဘောသဘာဝကို ဆက်လက်စူးစမ်းတယ်။ (တီရဏပရိညာစခန်း သမ္မသနဉာဏ်၊ ဥဒယဗ္ဗယဉာဏ်)
အဲဒီကနေ ပဋိသင်္ခါဉာဏ်ဆိုတဲ့ ဘင်္ဂ-ဘယ-အာဒီနဝ အဲဒီလိုတက်တော့မှ ငါ့ရုပ်မဟုတ်ဘူး ငါ့ခန္ဓာမဟုတ်ဘူး ငါ ဆိုတာ မရှိဘူး။ အဲဒီလိုအမြင်မျိုးနဲ့ သုံးသပ်လာတော့မှ ငြီးငွေ့မှု စွန့်လွှတ်လိုမှု လွတ်မြောက်လိုမှုတို့ဟာ ဖြစ်ပေါ်လာတယ်။
ဒါကြောင့် ဒီနာမရူပပရိစ္ဆေဒဉာဏ် ပစ္စယပရိဂ္ဂဟဉာဏ် နှစ်ဉာဏ်နဲ့၊ သမ္မန္နာဂတော - ပြည့်စုံသော၊ ဝိပဿကပုဂ္ဂိုလ်သည်၊ ဘုရားရှင်သာသနာတော်၌၊ သက်သာရာရပြီ၊ ထောက်တည်ရာ ရပြီတဲ့။ အဲသလို ပုဂ္ဂိုလ်ကို ဘာခေါ်သလဲဆိုတော့ စူဠသောတာပန် ခေါ်ပါတယ်။ စူဠသောတာပန်ဆိုတဲ့ ပုဂ္ဂိုလ်ဟာ အတ္တဒိဋ္ဌိကို ပယ်တဲ့နေရာတွင် သောတာပတ္တိမဂ်သည် အတ္တဒိဋ္ဌိဆိုတဲ့ ဒိဋ္ဌာနုသယ၊ ဝိစိကိစ္ဆာနုသယနှစ်ပါးကို ပယ်တာ၊ အရင်းအမြစ်နဲ့တကွ တစ်ခါတည်း အပြီးအပိုင် ပယ်လိုက်တာ သမုစ္ဆေဒပဟာန်လို့ခေါ်တယ်ပေါ့။
အခု ယောဂီတို့အနေနဲ့ ဒီဉာဏ် နှစ်ဉာဏ် ရလိုက်တဲ့အခါ အရင်းအမြစ်ဗီဇဖြစ်တဲ့ အနုသယကိလေသာကို မပယ်နိုင်သေးသော်လည်း ပရိယုဋ္ဌာန်ကိလေသာလို့ခေါ်တဲ့ စိတ်ထဲမှာ ငါပဲ ငါ့ဥစ္စာပဲ ငါ့ခန္ဓာပဲ ငါ့ရဲ့အတ္တပဲလို့ စွဲယူမှတ်သားထားတဲ့ ပရိယုဋ္ဌာန်ဒိဋ္ဌိကိလေသာ မဖြစ်လာတော့ဘူး။
ဘယ်ဖြစ်တော့မလည်း ဒီတရားတွေကို ထပ်ကာတလဲလဲ အားထုတ်။ အားထုတ်ပြီး ကိုယ်မြင်တွေ့ထားတဲ့ တရားတွေကို ကြားကာလတွေမှာ ဒါနဲ့ပဲ သုံးသပ်။ ဒါနဲ့ပဲ ဆင်ခြင်။ အဲဒီလို ဒီခန္ဓာကြီးကို ထပ်ကာတလဲလဲ ဆင်ခြင်လိုက်တဲ့အခါကျတော့ ယောဂီမှာ ဘာဝနာဖြစ်လာတယ်။ ဒီဘာဝနာကို စွဲစွဲမြဲမြဲ အားထုတ်လိုက်တဲ့ အခါကျတော့ ပုဂ္ဂိုလ်ကောင် သတ္တဝါကောင် အတ္တကောင် ဇီဝကောင် ငါကောင်ပဲရယ်လို့ စိတ်ထဲမှာ မစွဲတော့ဘူး။ ဓာတ်ယန္တရား အဖြစ်နဲ့ပဲမြင်တယ်။ အကောင်အဖြစ်နဲ့ မမြင်တော့ဘူး။
အဲဒီလို မမြင်တဲ့အခါ ပရိယုဋ္ဌာန် အတ္တဒိဋ္ဌိ ကွာနေပြီ။ ဝိစိကိစ္ဆာလည်း ကွာနေပြီ။ အဲဒီလို ကွာနေတဲ့ပုဂ္ဂိုလ်ဟာ ဘယ်တော့မှ အပါယ်လေးဘုံကို ကျရောက်တဲ့ ကံကြီးတွေကို မကျူးလွန်ကြတော့ဘူး။ အဲဒီလို မကျူးလွန်တဲ့ အတွက်ကြောင့် သူဟာ ဒုတိယဘဝသည် အပါယ် (၄)ဘုံကို မသွားတော့ဘူး။ လူဘုံနဲ့တကွ နတ်ပြည် (၆)ထပ် ဆိုတဲ့ ကာမသုဂတိ (၇)ဘုံကိုသာလျှင် သွားစရာရှိတယ်။ ဒါကြောင့် ဂတိမြဲတယ်။ ဒါကြောင့် သူက သောတာပန် အသေးစားပဲ။
စူဠသောတာပန်ဖြစ်ယင် နိယတဂတိတောဆိုတဲ့ မြဲသောဂတိ ရှိတယ်။ ကာမသုဂတိ (၇)ဘုံသာလျှင် ရောက်ရှိနိုင်တယ်။ ဝိနိပါတဘေးလွတ်မြောက်သွားတယ်။ အပါယ် (၄)ဘုံကနေ လွတ်မြောက်သွားတယ်။ အဲဒီလို လွတ်မြောက်သွားရုံတင် မဟုတ်သေးဘူး။ ဒီလို ပုဂ္ဂိုလ်တွေက ဖြစ်နိုင်ရင် ဒီဘဝထဲမှာ မသေခင် မရဏာသန္နဝီထိမကျမီကာလလေးအတွင်းမှာပဲ သောတာပတ္တိမဂ်ဆိုတဲ့ မဂ္ဂါနန္တရဝီထိ ရုတ်တရက် အမှတ်မထင် ကျဆင်းလာပြီးတော့ မဟာသောတာပန်အဖြစ်ရောက်တတ်တယ်။
ဒီလိုမှ မရောက်လို့ရှိရင်လည်း ဒုတိယဘဝ နတ်ပြည်သို့ ရောက်ရှိပြီး စင်ကြယ်တဲ့ နတ်တွေရဲ့ ဉာဏ်နဲ့ ဒီတရားတွေကို ဆက်လက်ပြီး ဆင်ခြင်သုံးသပ်လိုက်တဲ့အခါ သောတာပန်အဖြစ်သို့ ရောက်ရှိတယ်တဲ့။
ဒီလိုမှ မရောက်လို့ မေ့နေသေးတယ်ဆိုရင်တောင်မှ ကိုယ်တရားအားထုတ်ဖော် အားထုတ်ဖက် ပုဂ္ဂိုလ်တွေကို နတ်ပြည်မှာ သွားဆုံပြီးတော့ ပြန်လည်သတိရအားထုတ်ပြီးတော့ မဟာသောတာပန် အဖြစ်ကိုရောက်တယ်။ ဒါမှမဟုတ် ဓမ္မကထိက နတ်သားတွေ ဟောနေပြောနေကြတာကို နာယူပြီးတော့ မဟာသောတာပန် အဖြစ်ကို ရောက်တယ်တဲ့။
ဒါကြောင့် စူဠသောတာပန်များဟာ မဟာသောတာပန်က (၇)ဘဝ စူဠသောတာပန်က အလွန်ဆုံး (၈) ဘဝပဲနေတယ်။ အင်မတန် နှစ်သက်စရာကောင်းတယ်။ ဒါကြောင့် အနည်းဆုံးအားဖြင့် တရားအားထုတ်တယ်ဆိုတာဟာ အခုလို စူဠသောတာပန်အဆင့်ကို ရောက်လိုက်ရတယ်ဆိုယင်ပဲ သာသနာနဲ့ ကြုံကြိုက်ရကျိုးနပ်ပါပြီ။
ကြိုးစားအားထုတ်နိုင်ကြပါစေ။
တရားထိုင်စဉ် ထားရှိရမည့် စိတ်အနေအထား နှင့် ဝိပဿနာအားထုတ်မှု ကာလပိုင်း လမ်းစဉ် (၂)
ရုပ်တရား နာမ်တရား နှစ်ပါးမှာ အထင်ရှားဆုံး သိရှိနိုင်တာက ရုပ်တရား။ နာမ်တရားမှာ သိနိုင်တာက ဝိညာဏက္ခန္ဓာ ၊ ဒီနှစ်ပါးကို သိရှိအောင် အလေ့အကျင့်ရအောင် လယ်တီဆရာတော်ဘုရားက စတုဓါတုဝဝတ္ထာန်ကမ္မဋ္ဌာန်းကနေ ဓာတ်သုံးပါးကို သိရှိအောင် အားထုတ်ခိုင်းခြင်းဖြစ်တယ်လို့ ရေးခဲ့ပါတယ်။
ဒီစခန်းဟာ အင်မတန်ကောင်းတဲ့စခန်းပါ။ လူစေ့သက်စေ့လောက် အကုန်လုံး တင်းပြည့်ကျပ်ပြည့်လောက် မိမိတို့ ပါရမီအားလျော်စွာ ပထဝီဖောဋ္ဌဗ္ဗဓာတ် တေဇောဖောဋ္ဌဗ္ဗဓာတ်ကို သွားတွေ့ကြရတယ်။ ဝါယောဖောဋ္ဌဗ္ဗဓာတ်ကို သွားတွေ့ကြတယ်။ ကာယပသာဒနဲ့ တိုက်ရိုက် ထိတွေ့ပြီး အဲဒီလို သွားတွေ့ကြ ရတာကိုး။
တချို့ကျတော့ ငယ်ထိပ်မှာ တွေ့တယ်။ တစ်ချို့ကျတော့ မျက်နှာမှာတွေ့တယ်။ တစ်ချို့ကျတော့ လက်မှာ တွေ့တယ်။ တစ်ချို့ကျတော့ နေရာအနှံ့အပြားမှာ တွေ့တယ်။ စတွေ့ကာစကိုး။ ခန္ဓာမှာ ဒါလေးကို စတင်တွေ့လာတဲ့ တရားကို တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း သမာဓိကောင်းကောင်းနဲ့ ဆက်ပြီး ကြည့်နေခဲ့တယ်ဆိုရင် ခန္ဓာကိုယ်ကြီး တစ်ခုလုံးမှာ သူတို့ ဖြစ်ပျက်နေတာကို တွေ့ရပါမယ်။
အစတုန်းက ဒီခန္ဓာကိုယ်ကြီးကို မှန်ထဲမှာ ကြည့်လိုက်တယ်။ ခေါင်းကြီး ကိုယ်လက်တွေနဲ့ ထုနဲ့ ထည်နဲ့ အခိုင်အမာ အထည်ဒြပ်ကြီး၊ ပုံသဏ္ဍာန်ကြီးလို့ ကိုယ်ကမြင်နေတာကိုး။
ခုကျတော့ ခန္ဓာထဲမှာ ဉာဏ်နဲ့ စိုက်ပြီး ကြည့်လိုက်တဲ့ အခါကျတော့ ခန္ဓာထဲမှာ အစကတည်းက တကယ်ရှိနေတဲ့တရားတွေ ပထဝီဓာတ်တွေ တေဇောဓာတ်တွေ အာပေါဓာတ်တွေ ဝါယောဓာတ်တွေ အဲဒီဓာတ်တွေတည်နေပုံကို ကိုယ်ကသွားပြီး မြင်တော့တာကိုး။
ခန္ဓာကိုယ်ထဲမှာ မြင်နေရတာ ပရမတ္ထဓမ္မကို တိုက်ရိုက်ကြီး မြင်နေရတယ်။ ဒီခန္ဓာကိုယ်ထဲကို ခုကြည့်ရှုနေတဲ့အခါ ကိုယ်တိုင် မိမိခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ကာယပသာဒနဲ့ ထိတွေ့ပြီး တစ်ခါတည်း တိုက်ရိုက်ပြီး သိနေတယ်။ ပရမတ္ထသဘောသဘာဝကို တိုက်ရိုက်ပြီး သိတာ။ ပညတ်ကိုကျော်လွန်ပြီး ပရမတ္ထသဘာဝအာရုံမှာ တစ်ခါတည်း စိတ်သည် တည်ငြိမ်နေရပါမယ်။ အဲဒီတော့မှ ခန္ဓာထဲမှာ တည်နေတဲ့ ပရမတ္ထတရားအစစ်၊ ဓာတ်တရားအစစ်ကို ယောဂီ သိရှိရတော့မယ်။
ပူတယ်ဆိုတဲ့ စကားလုံးတွေက ပူတယ်ဆိုတဲ့ သဘာဝလေးကို အနီးစပ်ဆုံး ဖော်ပြတယ်။ ဝေါဟာရ တဇ္ဇာပညတ်။ ဒီအခေါ်အဝေါ်လေးကို ကျော်လွန်လိုက်ရတယ်။
အဲလိုကျော်လွန်လိုက်တော့ ပညတ်ကို ကျော်လွန်ထိုးဖောက်ပြီး ယောဂီရဲ့ဉာဏ်သည် ပရမတ္ထကို တိုက်ရိုက်ကြီး ရောက်ရှိသွားတော့တာကိုး။ ရောက်ရှိသွားတော့ ပူတယ် ဆိုတဲ့ ဥစ္စာက တစ်မျိုးပါလား သူက နေပူတာနဲ့လည်း မတူဘူး။ မီးပူတာနဲ့လည်း မတူဘူး။ ပူမှုသဘာဝသက်သက်ကို ပရမတ္ထသဘောကို သိတဲ့အခါကျရင် ဝေါဟာရနဲ့ ပြောဖို့ လုံတောင် မလုံလောက်တော့ဘူး။ လုံလောက်တဲ့ ဝေါဟာရလည်း မရှိဘူး။ ပရမတ်က တိုက်ရိုက်ကြီး ကိုယ်တိုင်သိမှပဲ သိလို့ရတဲ့တရားလေ။ ဝေါဟာရက အနီးစပ်ဆုံးပဲ ပြောလို့ရတယ်။
စာမှာတော့ ကျက်မှတ်လေ့လာခဲ့တာပေါ့။ ပူတယ် အေးတယ်ဆိုတာ တေဇောဓာတ်ရဲ့ လက္ခဏာ။ မာတာပျော့တာက ပထဝီဓာတ်ရဲ့လက္ခဏာပဲ။ ထောက်ကန်တယ် လှုပ်ရှားတယ်ဆိုတာ ဝါယောဓာတ်ရဲ့ လက္ခဏာပဲ။ လက္ခဏာ ရသ အားဖြင့် အဲဒီလို ကျက်ခဲ့ကြတယ်။ ဋီကာကျော်မှာလည်းပါတယ်။ ဒါက စာသိသိတာ သညာသိ သိတာကိုး။ အခု စာသိ မဟုတ်တော့ဘူး။ ခန္ဓာသိ သိတာ။ ခန္ဓာထဲမှာ တိုက်ရိုက်ကြီး ပရမတ္ထသဘောသဘာဝအမြင်မှန်ကို သိတာ။
ဒါကြောင့်လည်း ဝိပဿနာဆိုတာ ပရမတ္ထဓမ္မ သဘောသဘာဝ အစစ်အမှန်ကို ထူးခြားစွာ သိရှိခြင်းသည် ဝိပဿနာလို့ပြောတာပါ။ ပရမတ္ထဓမ္မ သိရှိချင်ရင် တိုက်ရိုက်ကြီး သိရှိချင်ရင် ဘာလုပ်ရသလဲ။ ခန္ဓာမှာ ရှိပါတယ်။ မိမိခန္ဓာမှာ ရှိပါတယ်။
ဒါကြောင့်လည်း မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်က အင်္ဂုတ္တိုရ်ပါဠိ စတုတ္ထနိပါတ်မှာ လောဟိတနတ်သား ကို ဟောခဲ့တယ်။
အာဝုသော - အသင်ရောဟိတနတ်သား၊ အဟံ - ငါဘုရားသည်၊ သညာနှင့်တကွသော စိတ်နှင့်တကွ ဖြစ်သော အမှတ်သညာနှင့်တကွဖြစ်သော၊ ဤတလံမျှလောက်သော၊ ခန္ဓာကိုယ်ထဲ၌၊ လောကဉ္စ - ဖြစ်ရာ ပျက်ရာ နေနေတဲ့ သင်္ခါရဒုက္ခဝိပရိဏာဒုက္ခ ဒုက္ခ - ဒုက္ခဆိုတဲ့ သစ္စာတရားကိုလည်းကောင်း၊ လောကသမုဒယဉ္စ - ဒီဒုက္ခတွေရဲ့ဖြစ်ကြောင်း အမှန်ဖြစ်တဲ့ လောဘတဏှာ သမုဒယသစ္စာ ကိုလည်းကောင်း၊ ငါဘုရားသည် ဒီခန္ဓာထဲမှာပဲ ဟောကြားတော်မူခဲ့တယ်။
လောကနိရောဓဉ္စ - ဒီသင်္ခါရဒုက္ခတို့၏ ချုပ်ရာ ငြိမ်းရာ အေးရာ နိရောဓသစ္စာကိုလည်း ငါဘုရား ဒီခန္ဓာကိုယ် တလံမျှလောက်သော ခန္ဓာကိုယ်ထဲမှာပဲ ဟောကြားတော်မူခဲ့တယ်။
လောကနိရောဓ ဂါမိနိဉ္စပဋိပဒံ - ဒီဒုက္ခသစ္စာကြီး ချုပ်ရာ ငြိမ်းရာဖြစ်တဲ့ နိရောဓအမှန် မြတ်နိဗ္ဗာန်ကို ရောက်ရာ ရောက်ကြောင်း အကျင့်တရားဖြစ်သည့် ဒုက္ခနိရောဓဂါမိနိ ပဋိပဒါ ဒီဒုက္ခသစ္စာ၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ ရောက်ရာရောက်ကြောင်း အကျင့်တရားကို ဒီတစ်လံမျှလောက်သော ခန္ဓာကိုယ်ထဲမှာပဲ၊ အဟံ - ငါဘုရားသည်၊ ပညာပေမိ - ဟောတော်မူတယ်။ ဒီခန္ဓာကိုယ်ထဲမှာ သစ္စာလေးပါးကို ယောဂီက ရှာရလိမ့်မယ်။ သစ္စာလေးပါးကို ဒီခန္ဓာကိုယ်မှာပဲ ဟောတော်မူခဲ့တယ်။ ဒါကြောင့် ဝိပဿနာဆိုတာ ခန္ဓာမှာ ရှိပါတယ်။
ယောဂီက အစိုင်အခဲကြီးနဲ့ ဒီခန္ဓာကြီးက တစ်စပ်တည်း တသားတည်း တပြင်တည်း အမြဲရှိနေတာပဲလို့ ထင်တဲ့ဥစ္စာကြီးက အမြဲရှိနေတာ မဟုတ်ဘူး။ ဖြစ်လိုက် ပျက်လိုက်နဲ့ ကလာပ်ကလေးတွေ စုပေါင်းပြီးနေတာ။ အဲဒါလေးကိုပဲ အဲဒီတစ်နေရာတည်းမှာ မြင်နေရင်လည်း အစိုင်အခဲပျောက်နေပြီ။ အဲဒီလို မရှိသလိုဘဲ ခန္ဓာကိုယ်တစ်ကိုယ်လုံး ရောက်တဲ့အခါကျတော့ သမာဓိက ထက်သန်ပြီး ဝိပဿနာဉာဏ် ရင့်လာပြီဆိုသည်နှင့် အမျှ အားထုတ်မှု အားထုတ်မှု အရှိန်ရလာသည်နှင့်အမျှ တစ်ကိုယ်လုံးဖြန့်ပြီး ကြည့်လိုက်တဲ့အခါကျတော့ တစ်ကို်ယ်လုံးမှာ နေရာတိုင်း နေရာတိုင်းမှာ အဲဒီလိုပဲ ရွ .. ရွ ..၊ ရှိန်း .. ရှိန်း.. ၊ လှုပ် .. လှုပ် ကလာပ်စည်းတွေ လှုပ်လှုပ်နဲ့ ဖြစ်လိုက် ပျက်လိုက်နဲ့ အဲဒီလို နေနေတာ တွေ့လာရတော့တယ်။ အဲလို တွေ့လာ မြင်လာတဲ့ အခါကျတော့ ထုနဲ့ ထည်နဲ့ နေ နေတာ မရှိဘူးဆိုတာကို သွားတွေ့ရတော့တယ်။
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ် ဟောကြားတော်မူခဲ့တဲ့ ဒုက္ခသစ္စာဆိုတာ ဒီခန္ဓာထဲမှာပါလား။ ဖြစ်လိုက် ပျက်လိုက်နေနေတဲ့ မမြဲတဲ့တရားတွေပါလား။ ငါအစတုန်းက ချမ်းသာတယ်လို့ ထင်ခဲ့တဲ့ဥစ္စာက ချမ်းသာတဲ့တရား မဟုတ်ပါလား။ အမြဲတည်နေတယ်လို့ ထင်နေတဲ့ဥစ္စာ အမြန်ဆုံးလိုက်ကြည့်ကြည့်ပါ။ ကိုယ်တွေ့နေတဲ့ ရွ .. ရွ လေးတွေ အဲဒီ ရွ .. ရွလေးပဲဖြစ်စေ ရှိန်း .. ရှိန်း လေးပဲဖြစ်စေ အဲဒါကလေး မြဲနေတဲ့ကာလလေး ဘယ်လောက်ကြာသွားပြီးလဲဆိုတာ လိုက်မှတ်ကြည့်ပါ။ ဖမ်းလို့တောင်မမိဘူး။ တစ်ခါတလေ ရှိန်းလို့ သိနေရင် ပြန်ပျက်နေပြီ။ နောက် တစ်ရှိန်းသိတော့ ပြန်ပျက်နေပြီ။ ဉာဏ်တက် လာသည်နှင့်အမျှ သမာဓိအားကောင်းလာသည်နှင့်အမျှ အဲဒီ ရွ .. ရွလေးက သိပ်မြန်လာတယ်။ မြန်လာတယ်ဆိုတာ သူ့သက်တမ်းလေးကို သမာဓိအားကောင်းလာတာနဲ့အမျှ အင်မတန် သက်တမ်း တိုတဲ့ ရုပ်ကလာပ်လေးကို သွားပြီး သတိထားမိတော့တာ။ ဟာ ပျက် .. ပျက်၊ ပျက် .. ပျက် ၊ အပျက်ကြီးပဲ မြင်တော့တာကိုး။
မနက်ကရုပ် ခုထိရှိဖို့ အဝေးကြီး။ ခုကြည့်နေဆဲလေးမှာပဲ ဖြစ်လိုက် ပျက်သွားလိုက် မြဲပြီး တစ်စက္ကန့်လေးနေတာ မျက်စိတစ်မှိတ် ပြည့်အောင်တောင်မှ နေတဲ့ ရုပ်ကလာပ်လေး မရှိဘူး။ ဒီခန္ဓာဟာ ငါ့ခန္ဓာပဲလို့ ဧတံမမ - ငါခန္ဓာပဲလို့ စွဲယူပြီး မပြောရဲတော့ဘူး။ ခန္ဓာကိုယ်တစ်ကို်ယ်လုံးကို နှံ့စပ်အောင် ကြည့်လိုက်တဲ့အခါ နေရာတိုင်းမှာ အဲဒီဖြစ်ပျက် ဖြစ်ပျက်ကလေးတွေ ရှိတော့တယ်။ ယောဂီတို့အနေနဲ့ အဲဒီလို တွေ့နေတဲ့ ဖြစ်ပျက်ကို သေချာမှတ်ပါ။ ဒီ ဖြစ် ပျက်ကို အရဟတ္တဖိုလ် ရောက်သည်အထိ သယ်ယူသွားရမယ်ဖြစ်ပါတယ်။
ယောဂီရဲ့ ကိုယ်ခန္ဓာထဲမှာ ကလာပ်ကလေးတွေက ရွရွနဲ့ တသဲသဲ လှုပ်နေတယ်။ ခဏမစဲဘူး။ မစဲဘူးဆိုတာ ခဏလေးရပ်ပြီး မနေဘူး။ အဲဒီ ရွရွလေးက ချက်ချင်းပြန်မပျက်ဘဲ တန့်ပြီးနေနေတဲ့ ကလာပ်လေးတစ်ခုများ ရှိသလားဆိုတာ လိုက်ပြီးကြည်တော့ တစ်ခုမှမတွေ့ဘူး။ တည်တံ့နေတာတွေ မှီတောင် မမှီလိုက်ဘူး။ တွေ့လိုက်တာနဲ့ ပျက်နေပြီ။ ဉာဏ်ကသိလိုက်တာနဲ့ ပျက်နေပြီ။ သိလိုက်တာနဲ့ ပျက်နေပြီ။ အဲဒီလောက်ထိတောင် လျှင်မြန်တာကိုး။
အဲတော့ ဖြစ်တာ ဥပါဒ်စွန်းလို့ခေါ်တယ်။ ပျက်သွားတာ ဘင်စွန်းလို့ခေါ်တယ်။ ဒီဥပါဒ်စွန်းနဲ့ ဘင်စွန်းကို မီအောင် လိုက်လိုက်ပြီး ကြည့်နေလိုက်ရင် ဒီကလာပ်ကလေးတွေရဲ့ ဖြစ်ပျက်လို့ ရှေးဆရာတွေက ပြောတယ်။ ဖြစ်ပျက်လို့တစ်ခါတည်းပြောလိုက်တော့တာပေါ့။ ဥပါဒ်တဲ့အချိန်ကို ဥဒယလို့ခေါ်တယ်။ ပျက်တဲ့အချိန်ကို ဝယလို့ခေါ်တယ်။ (ဥဒယ + ဝယ) အဲဒါ ဥဒယဗ္ဗယဉာဏ်ကို ရောက်ရှိတာပါပဲ။ ဥဒယဗ္ဗယဉာဏ်ကို တိုက်ရိုက်ကြီး ရုပ်ကလာပ်ပေါ်မှာ အခြေခံပြီး ရုပ်ကလာပ်ရဲ့ ဖြစ်ပျက်ကို မြင်တာပါ။
ဆက်လက်ဖော်ပြပါမည်။
တရားထိုင်စဉ် ထားရှိရမည့် စိတ်အနေအထား နှင့် ဝိပဿနာအားထုတ်မှု ကာလပိုင်း လမ်းစဉ် (၃)
ကျနော်တို့ တွေ့ခဲ့တဲ့ တရားတွေကို ခန္ဓာမှာတွေ့လာတာ သုံးသပ်ကြည့်ကြရအောင်၊ လယ်တီမူဝိပဿနာ ကမ္မဋ္ဌာန်းရဲ့ ကျင့်စဉ်ဟာ ဘယ်လိုကျင့်စဉ်မျိုးလဲ မေးလာယင် ကာယာနုပဿနာသတိပဋ္ဌာန်ကို အခြေခံတဲ့ ပညာဝိသုဒ္ဓိငါးပါးကို အစဉ်အတိုင်း တက်ပြီး အားထုတ်တဲ့ ကမ္မဋ္ဌာန်းပါ။
သတိပဋ္ဌာန်ဆိုတာ သတိလွန်စွာတည်တဲ့အတွက် သတိပဋ္ဌာန်လို့ ခေါ်ပါတယ်။ သတိက ဘယ်မှာလွန်စွာ တည်သလဲ။ ရုပ်ဟု ခေါ်ဆိုအပ်သော ပရမတ္ထ ဖောက်ပြန်တတ်တဲ့သဘော။ အဲဒီ ဖောက်ပြန်တတ်တဲ့ ပရမတ္ထသဘောတရားတွေမှာ လွန်စွာတည်ပါတယ်။ ကြိမ်ဖန်များစွာ ထပ်ကာတလဲလဲ ရှုမှတ်သိမြင်တဲ့ သတိသည် အဲဒီမှာသာလျှင် တည်နေပါတယ်။ အဲဒါကြောင့် ကာယာနုပဿနာသတိပဋ္ဌာန် ခေါ်ပါတယ်။
ကာယဆိုရင် ခေါင်းခြေကို်ယ်လက်နဲ့ ကာယကြီး မဟုတ်ပါဘူး။ ရူပကာယ ရုပ်အစုအဝေး ရုပ်အစုအပေါင်း။ ရုပ်ဆိုတာ ဘာလဲ။ ရုပ် - ရုပ္ပတီတိ ရူပံလို့ စာကဆိုတယ်။ ရုပ္ပတိ ဆိုတာ ဖောက်ပြန်ခြင်း ပြောင်းလဲသွားတာ။ အခြေအနေတစ်ရပ်မှ အခြေအနေတစ်ရပ်သို့ ပြောင်းလဲသွားတာမျိုး။ တကယ့်သဘာဝအားဖြင့် ပြောင်းလဲ ပြောင်းလဲနေပုံကို သတိနဲ့ကပ်ပြီး ရှုလိုက်တဲ့အခါ တိုက်ရိုက်ကြီး တွေ့နေတယ် ခန္ဓာထဲမှာ ဖွား .. ဖွား .. ၊ ရွ .. ရွ .. ၊ ဝါယောဓာတ်တွေ့ ၊ ရှိန်း .. ရှိန်း .. တေဇောဓာတ်ကို ပုံသဏ္ဍာန်မျိုးစုံနဲ့ မြင်ကြတယ်။ စကားလုံးမပါဘဲ တိုက်ရိုက်သိနေတာ။
စကားလုံးပါပြီး ပြောနေတဲ့ ပရမတ်က အပြောပရမတ်တွေ။ နှုတ်နဲ့ပြောဆိုပြဖို့ လုပ်ထားတဲ့ ပရမတ်၊ ပရမတ်ကို နှုတ်နဲ့ပြောဆိုခြင်းမျှပဲ ။ ဝေါဟာရဖြင့် ဖော်ပြခြင်းမျှပဲ ဖြစ်ပါတယ်။ မာတဲ့သဘောကို စကားလုံးကသာ ပြောနေရတာ မာတယ်လို့ .. ကိုယ်က တကယ်သိနေတဲ့အချိန်မှာ မာတယ်ဆိုတဲ့ စကားလုံး မပါဘဲနဲ့ တိုက်ရိုက်သိပါတယ်။ ခန္ဓာကို ကြည့်နေတဲ့အချိန်မှာ မာတို့ ပူတို့ အဲဒါတွေကို အာရုံမပြုပါနဲ့လို့ ပြောခဲ့တာ သဘောအစစ်အမှန်ကို တိုက်ရိုက် ထိတွေ့စေချင်လို့ပါ။
ပထဝီမှာ မာတဲ့သဘော လက္ခဏာရှိတယ်။ တေဇောမှာ ပူတဲ့သဘော လက္ခဏာရှိတယ်။ လက္ခဏာဆိုတာ တစ်ခုနဲ့တစ်ခုမရောအောင် ကွဲပြားအောင် သီးခြားခွဲပြီးမှတ်တဲ့သဘော။ မာနေတဲ့ အခြေအနေလေး သဘာဝလေး ပူတဲ့ သဘာဝလေး လှုပ်ရှားတဲ့သဘာဝလေး အဲဒါလေးတွေကို စကားလုံးနဲ့ ကွဲ .. ကွဲသွားတာ လက္ခဏာပါ။ အဲဒါလည်း တကယ့်တကယ်ကျတော့ မာတို့ ပူတို့ လှုပ်ရှားတို့ဆိုတာ အပြောလက္ခဏာတွေပဲ ရှိပါသေးတယ်။ သဘောလက္ခဏာမဟုတ်သေးပါဘူး။ ဝိပဿနာဉာဏ်နဲ့ ခန္ဓာထဲမှာ တိုက်ရိုက် သိတဲ့ဥစ္စာ အဲဒါမှ သဘောလက္ခဏာဖြစ်ပါတယ်။ အဲတော့မှ သဘောလက္ခဏာ သဘာဝလက္ခဏာကို ရှေးရှုပြီး သိလာပါမယ်။
(ဉာတပရိညာစခန်းမှာ ရုပ်ဓမ္မ နာမ်ဓမ္မတို့ရဲ့ သဘာဝလက္ခဏာကို ရှေးရှုပြီး သိအောင်လုပ်ရမယ်ဆိုတာ သဘောလက္ခဏာကို ပြောတာပါ။ သဘာဝဆိုတာ မြန်မာလို စကားလုံးဖြစ်လာတော့ သဘောလို့ ဖြစ်လာတယ်။ သဘောလက္ခဏာ - တကယ်အရှိသဘောလက္ခဏာ။ အဲဒီ သဘောလက္ခဏာကို တိုက်ရိုက်ကြီး ဝေါဟာရမပါဘဲနဲ့ သိတဲ့ဥစ္စာ။)
ဓာတ်ဆိုတာ သူ့သဘော သူဆောင်တယ်။ အတ္တနော သဘာဝံ ဓာရေတီတိ ဓာတု။ ဒါတွေကလည်း အပြောဓာတ်တွေ။ ပထဝီဓာတ် အာပေါဓာတ်ဆိုတာ အပြောဓာတ်တွေ။ အခုပြောနေတာက သူ့သဘော သူဆောင်နေပုံကလေးကို ကိုယ်တိုင်တိုက်ရိုက်ကြီး သိရှိတာ ကိုဆိုလိုပါတယ်။
မာတဲ့သဘောကြီးက မာတဲ့သဘော ပျော့တဲ့သဘောကြီးမှာပဲနေတယ်။ မာတဲ့သဘော - ပျော့တဲ့ သဘောကြီးက ပူတဲ့သဘောကြီးနဲ့ ရောမသွားဘူး။ သူ့ဖာသာသူနေတာ။ ပူတဲ့သဘောလေးကလည်း ပူတဲ့သဘောလေး။ အေးတဲ့သဘောကလည်း အေးတဲ့ သဘောလေး။ လှုပ်ရှားတဲ့သဘော ထောက်ကန်တဲ့ သဘောလေးကလည်း လှုပ်ရှားတဲ့သဘော ထောက်ကန်တဲ့သဘောလေး အနေနဲ့နေတယ်။ အဲဒီလို သူ့သဘောလေး သူဆောင်ပြီး နေ,နေတာကို ဓာတ်လို့ ခေါ်ပါတယ်။ အဲဒါက သဘောဓာတ်အစစ်ကို ယောဂီ တွေ့ရှိခြင်းပါပဲ။
အဲဒီသဘောလက္ခဏာလေး ပဘောပရမတ်တွေကို သိရှိခဲ့ပြီ၊ ခန္ဓာထဲမှာ ဉာဏ်နဲ့တစ်ခါတည်း နက်နက်နဲနဲ အဲဒီလိုသိလာတယ်။ ဒီဓာတ်သဘောတွေကို ကျွန်တော်တို့ သိပြီ။ ရုပ်ဓာတ်သဘောတွေ ပထဝီဓာတ် သိမယ်၊ တေဇောဓာတ် သိမယ်၊ ဝါယောဓာတ် သိမယ်။ ဖောဋ္ဌဗ္ဗဓာတ် သုံးပါးကိုး။ ဓာတ်လေးပါးမှာ သုံးပါးလောက် သိလို့ရှိရင် ဖြစ်ပါ့မလားလို့ ပြောစရာရှိတယ်။
သာဝကာ ဟိ စတုန္နံ ဓာတူနံ ဧကဒေသာ မေဝ သမ္မသိတွာ နိဗ္ဗာနံ .. တဲ့။
သာဝကတို့သည်၊ လေးပါးကုန်သော ဓာတ်တို့၏ ၊ တစ်စိတ်တစ်ဒေသမျှပင်လျှင်၊ ဉာဏ်ဖြင့် သုံးသပ်လျှင်၊ နိဗ္ဗာန်သို့၊ ရောက်ကုန်၏ .. တဲ့။
ဘုရားရှင်ကိုယ်တော်မြတ်၏ ဉာဏ်တော်သည်သာလျှင် လောကမှာ ရှိရှိသမျှသော ဓာတ်တို့ကို ဘုရားရှင်ရဲ့ ဉာဏ်တော်နဲ့ မသုံးသပ်မိတာ မထိတွေ့မိတာ မဖြတ်သန်းမိတာ တစ်ခုမှ မရှိဘူး။ အကြွင်းမဲ့ ဘုရားရှင်ရဲ့ ဉာဏ်တော်သည် ထိတွေ့နေတယ်။ နတ္ထိတဝှါ နတ္တိဟဝှာ နတ္ထိ အပုတံ - ဉာဏ်တော်နဲ့ မထိတွေ့နေတဲ့ တရားသည် ဘုရားရှင်ကိုယ်တော်မြတ် အတွင်းမှာ မရှိဘူးတဲ့။
ဘုရားရှင်ရဲ့ အသာဓာရဏဉာဏ်တော် (၁၈)ပါးမှာ .. ဘုရားရှင်ရဲ့ ဉာဏ်တော်သည်သာ ဓာတ်တွေ အကုန်လုံးကို တွေ့ထိနိုင်တယ်။ သာဝကတွေအနေနဲ့ အဲဒီလို တစ်ပါးတည်း နှစ်ပါးတည်း သုံးပါးတည်းနဲ့လည်း ရနိုင်ကောင်းတယ်တဲ့။
သဘာဝလက္ခဏာကို သိရှိတာ ဉာတပရိညာစခန်းမှာ အဓိကပါပဲ။ သာမညလက္ခဏာဆိုတဲ့ အနိစ္စ-ဒုက္ခ-အနတ္တ လက္ခဏာတွေဟာ တီရဏပရိညာစခန်းကျမှ အကျယ်ချဲ့ပြီး အားထုတ်ရမှာဖြစ်ပါတယ်။ သို့သော် ခန္ဓာမှာ ကြည့်လိုက်တော့ အနိစ္စက ပေါ်နေတာပဲ သူ့ဟာသူ နှလုံးသွင်းစရာတောင် မလိုဘူး။ မမြဲတဲ့သဘော သိနေတာပဲ ပျက် ပျက်သွားတာ မြင်နေတာကိုး။ မြင်လိုက်တဲ့နှုန်းက သိပ်မြန်တာ။ ခဏသုံးခုပဲ ဥပါဒ် ဌီ ဘင် အခိုက်ကလေး သုံးခိုက်ပဲ တည်နေလိုက်ပြီး မမြဲတဲ့သဘောကလည်း သဘောအနေနဲ့ ပျက်တာ။
တီရဏပရိညာစခန်းကျတော့ အဲဒီသဘောကို သီးခြားခွဲထုတ်ပြီး သုံးသပ်စရာသပ်သပ် ပေါ်လာပါလိမ့်မယ်။ ဒီအဆင့်မှာ ခန္ဓာထဲမှာ ခုနပြောတဲ့ သဘောနှစ်မျိုးရှိတယ်။ ရုပ်သဘောနဲ့ နာမ်သဘောနှစ်မျိုး၊ ဒီနှစ်မျိုးဟာ မမြဲဘူး။ အတ္တလည်း မဟုတ်ဘူး။ အကောင်လည်း မဟုတ်ဘူး။ အစိုးလည်းမရဘူး။ မြဲနေအောင် လုပ်ချင်လို့လည်း မရဘူး။
မာတဲ့ဥစ္စာကြီးကို မာလျက်ကြီး နေ နေအောင် ပူတဲ့ဥစ္စာကြီးကို ပူလျက်ကြီး နေ နေအောင် လုပ်လို့မရဘူး။ သူ့ဟာသူ ပြန်အေးချင် အေးသွားတယ်။ အစိုးမရဘူးဆိုတာ အနတ္တဆိုတာ ဒါတော့ ဟုတ်တယ်။ ဒါတော့ သိနေမှာပဲ။ နနွင်းမြင်နေမှတော့ အဝါရောင်တွေ့နေမှာပဲ။ မတွေ့ဘဲ ရှိပါ့မလား .. သူမှာ ပါလာပြီးသား သဘောလက္ခဏာကြီးကတော့ တွေ့နေမှာပဲ။ ခန္ဓာထဲမှာ တရားကို ကြည့်တော့ အနိစ္စ-ဒုက္ခ-အနတ္တ လက္ခဏာကို မတွေ့ဘဲ မနေပါဘူး။ တွေ့နေရမှာပဲ။ သို့သော် သူ့ကို သီးခြားချဲ့ထွင်ပြီး မှတ်သားဖို့ လိုသေးတဲ့ အဆင့် မဟုတ်ဘူး။ ဒါကြောင့် ဒါကို နှလုံးမသွင်းပါနဲ့ဦးလို့ ကြိုပြီးမှာနေတာပါ။
ဒီအဆင့်မှာ အနိစ္စ-ဒုက္ခ-အနတ္တ ဆိုတဲ့ လက္ခဏာကို နှလုံးမသွင်းပါနဲ့ဦး။ ဉာတပရိညာစခန်းမှာ သဘာဝလက္ခဏာ သဘောလက္ခဏာကိုသာ သိပါ။ ဒီရုပ်သဘော နာမ်သဘော ယောဂီသိထားတဲ့ ရုပ်သုံးမျိုးရဲ့ သီးခြားသဘောလေးတွေ နောက်တစ်ခါ သိမှုလေးသဘော အဲဒါလေးသာ သေချာလိုက်ပြီး သိမှုကို သိနေပါ။ သိမှုလေးကို လိုက် လိုက်သိနေပါ။ သိရုံပဲသိနေပါ။ ကွဲကွဲပြားပြား ကွဲနိုင်ဖို့အတွက် သိနေတာမို့ ဒါပဲ တခြားဘာမှ မလုပ်ပါနဲ့ အနိစ္စတွေ ဒုက္ခတွေ အနတ္တတွေ မလုပ်ပါနဲ့။ ဒါလေးသိနေတာကို သိမှုက သိနေတာပါလားလို့ သိစရာကိုသိတာ သိမှုကသိတာ ပုဂ္ဂိုလ်က သိနေတာမဟုတ်ဘူးလို့ မြင်တဲ့ ဒိဋ္ဌိဝိသုဒ္ဓိ စင်စင်ကြယ်ကြယ်အဆင့်ကို လေ့ကျင့်လာခဲ့တာ ဒီအဆင့်ကို ရောက်ရှိခဲ့ပါတယ်။
ကာယနုပဿနာသတိပဋ္ဌာန်ကို အခြေခံပြီး အားထုတ်လိုက်တယ်။ အားထုတ်လိုက်ပြီဆိုရင် သမာဓိကို ထူထောင်လိုက်တယ်။ ရရှိတဲ့သမာဓိအားနဲ့ ဉာဏ်နဲ့ ယှဉ်ပြီး ခန္ဓာမှာ ကြည့်လိုက်တဲ့အခါ ခန္ဓာထဲမှာ အော် ဒီသဘော အစစ်အမှန်မြင်ရတယ်။ သဘောပရမတ်နှစ်မျိုးရှိတယ်။ ရုပ်လို့ခေါ်ဆိုရတဲ့ ဖောက်ပြန်အပ်တဲ့ သဘောတစ်မျိုး အဲဒါတွေကို သိ သိနေတဲ့သဘောတစ်မျိုး အဲဒီသဘောနှစ်မျိုးရှိတယ်။ အဲဒါ နာမရူပပရိစ္ဆေဒဉာဏ်။
အခြေခံအဆင့်မှာ ရသင့်ရထိုက်တဲ့ တရားကို ယောဂီတို့ ရရှိအောင် ကြိုးစားကြရပါမယ်။ ဉာတပရိညာ စခန်းမှာ အခြေခံအဆင့်ကနေ အဆင့်(၁) အားထုတ်တဲ့အပိုင်းကို ပြောင်းလဲပြီးတက်ပေးခဲ့တယ်။ ဒါက ဝိသုဒ္ဓိမဂ်ကျမ်း အတိုင်း ကျင့်စဉ်ကို ချမှတ်ပြီးတော့ လယ်တီကျမ်းတွေရဲ့ အကူအညီနဲ့ ချမှတ်ပေးခဲ့တာ ဖြစ်ပါတယ်။
ယောဂီတို့ အခုစတင်အားထုတ်ရတာ မုတေ မုတမတ္တံ - ယောဂီရဲ့ ခန္ဓာကိုယ်မှာရှိနေတဲ့ ရုပ်ကလာပ်လေးတွေ နဲ့ ဖွဲ့စည်းထားတဲ့ ရူပက္ခန္ဓာ ဒီခန္ဓာတွေထဲမှာ ရှိနေတဲ့ ပထဝီဓာတ် တေဇောဓာတ် ဝါယောဓာတ်ဆိုတဲ့ ဖောဋ္ဌဗ္ဗဓာတ်သုံးပါးနဲ့ ခန္ဓာကိုယ် တစ်ကိုယ်လုံးမှ ပျံ့နှံ့ပြီး နေနေတဲ့ ကာယပသာဒ ဒါတွေက ထာဝရ ထိတွေ့နေတာပါ။
သို့သော် နဂိုတုန်းက သမာဓိကို ထူထောင်ထားတာ မရှိတော့ ဒီလို အင်မတန် သိမ်မွေ့နူးညံ့တဲ့ ထိတွေ့မှုလေး တွေကို မသိရှိနိုင်ခဲ့ဘူး။ ကာလတော်တော်လေး ပြင်းပြင်းထန်ထန် သမာဓိကို ထူထောင်လိုက်တော့ စိတ် အင်မတန်တည်ငြိမ်ပြီး သမာဓိအားကောင်းလာတော့ ခန္ဓာကိုယ်မှာ နူးညံ့သိမ်မွေ့တဲ့ ထိတွေ့မှုလေးကို ခံစားသိရှိလာရတယ်။ ခန္ဓာကိုယ်ကို စတင်ပြီး ဓာတ်ခွဲလာနိုင်တယ်။
ဒါက မုတဓာတ် ထိတွေ့မှုဓာတ် ဒါလောက်နဲ့ မပြီးသေးဘူး။ ဒါကအကြမ်းဆုံး လေ့ကျင့်မှု နာမရူပပရိစ္ဆေဒဉာဏ် လို့ ဆိုလို့ရတယ်။ ခုနပြောတဲ့ မာတာတွေ ပူတာတွေ ပျော့တာတွေ အဲဒါတွေကတော့ ရူပပဲ ရုပ်ပဲ။ ဘာကြောင့် ရုပ်လို့ခေါ်သလဲ။ တဖြည်းဖြည်း ပြောင်းလဲ ပြောင်းလဲ ဖောက်ပြန်ပြီး ဉာဏ်နဲ့ တိုက်ရိုက်ကြီး သိရှိနေတာကိုး။ ဝေါဟာရ မပါပါဘူး။ ပညတ် မပါပါဘူး ပရမတ္ထဓမ္မကို တိုက်ရိုက်ကြီး သိနေတာ။ အင်မတန် အဖိုးတန်တဲ့ သိခြင်းပါ။ နောက်တစ်ခါ အဲဒါလေးကို သိမှုလေး သိမှုလေးက ထပ်ကနဲ ထပ်ကနဲ လိုက်သိ လိုက်သိပြီး ပါနေတယ်။ သိမှုသဘာဝလေးကလည်းတစ်မျိုး သူ့မှာ ဖောက်ပြနတဲ့ သဘောမရှိဘူး။ သိစရာနဲ့ ကပ် ကပ်ပြီး သိ သိနေတာ။ အဲဒါ အာရုံသို့ ညွှတ်တတ်တဲ့ သဘော။ အဲဒီလို ဝိညာဏက္ခန္ဓာတစ်ခုပဲ လေ့ကျင့်ပေးရ သေးတယ်။ မပြီးသေးဘူး။
ဒါကြောင့်မို့လို့ လယ်တီဝိပဿနာကျင့်စဉ်စခန်းမှာ အခြေခံအဆင့်လို့ သတ်မှတ်ခဲ့တယ်။ ဒီအခြေခံအဆင့်မှာ ယောဂီကျေညက်အောင် စခန်းပေါင်း အနည်းဆုံး ၆ခု၊ ရခု၊ ၈ခုလောက် အားထုတ်ရလိမ့်မယ်။ ခိုင်ခိုင်မာမာနဲ့ နာမ်နဲ့ရုပ် ခွဲနိုင်ရလိမ့်မယ်။ ဒီအစပိုင်းလေးကို ကျေကျေညက်ညက်ကြီး ရယူမှ ဖြစ်မယ်။
ဒါပြီးတဲ့အခါ ပုဂ္ဂိုလ်ပဲ သတ္တဝါကောင်ပဲရယ်လို့ ကိုယ့်ကိုကိုယ်ယူဆနေခဲ့လို့ ငါသိတယ် ငါမြင်တယ် ငါကြားတယ် ငါအနံ့ရတယ် ငါအရသာသိတယ် ဆိုတဲ့ ဥစ္စာ ဟုတ်ကဲ့လား .. ဘယ်လိုဖြစ်တာလဲဆိုတာ တစ်ခါစူးစမ်းရမယ်။ အဲဒီကျတော့ ဒိဋ္ဌေ ဒိဋ္ဌ မတ္တံ သုတေ သုတမတ္တံဆိုတဲ့ ဒေသနာတော်ကို တစ်ခါ အားထုတ်ရလိမ့်ဦးမယ်။
စက္ခုံစ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ၊ ဒီနားမှာပဲ ရပ်ထားပါဦး၊ ဆက်ပြီး ဟိုဘက်ကို အားမထုတ်ပါနဲ့ဦး။ ဒီလောက်ကို သိဖို့ ယောဂီ အတော်ကြိုးစားရပါဦးမယ်။
ပရမတ္ထဓမ္မကို တိုက်ရိုက်ကြီး သိရှိဖို့ဆိုတာ မလွယ်ပါဘူး။ စာသင်္ဂြိုဟ်မှ ခန္ဓသင်္ဂြိုဟ်သို့ စာအဘိဓမ္မာမှသည် ခန္ဓာအဘိဓမ္မာသို့ ရောက်အောင် ခန္ဓာဉာဏ်မရောက်မချင်း ဘယ်တော့အခါမှ မဂ်ဉာဏ် ဖိုလ်ဉာဏ် မရပါဘူး။ ပိဋကတ်သုံးပုံ အာဂုံဆောင်တဲ့ ပုဂ္ဂိုလ်ပင်ဖြစ်လင့်ကစား “ကိုယ်မှာမတတ်၊ စာသာတတ်၊ ဂါဟကိုက်တတ်သည်” ဆိုတဲ့အတိုင်း (၁) တဏှာ ဂါဟ (၂) မာနဂါဟ (၃) ဒိဋ္ဌိဂါဟ ဆိုတဲ့ ငါ စာတတ်တယ် ငါ သိတယ် ဒါဟာ ငါပဲ ငါရဲ့ အတ္တပဲ စသည်ဖြင့် တဏှာ မာန ဒိဋ္ဌိ အားဖြင့် စွဲလန်းပြီး ဘယ်တော့ခါမှ မဂ်ဉာဏ် ဖိုလ်ဉာဏ် ဝေးလို့ ဝိပဿနာဉာဏ်သည်ပင်လျှင် မဖြစ်လာတတ်ပါဘူး။ ဒါကြောင့် ခန္ဓာ သိသိအောင် လုပ်ရတယ်။ ခန္ဓာသိ သိအောင် လုပ်ကြတဲ့နေရာတွင် အခု စတင်ပြီး အရေးကြီးဆုံး အထင်ရှားဆုံး အကြမ်းတမ်းဆုံးဖြစ်တဲ့ ဖောဋ္ဌဗ္ဗဓာတ်ကို စတင်သိရှိရမယ်။
ဒါကို ခိုင်ခိုင်မာမာ ထင်ထင်ရှားရှား ပိုင်ပိုင်နိုင်နိုင် အာရုံပြုတိုင်းသိအောင် လုပ်ရမယ်။ အခုပြောတဲ့နည်းအတိုင်း အားထုတ်လာတာ ကွက်ကွက်ကလေး တွေ့ရှိတဲ့ ပုဂ္ဂိုလ်တော်တော်များများ ရှိလိမ့်မယ်။ မျက်နှာအားဖြင့် တွေ့ရှိတယ်၊ လက်ဖဝါးတွေ တွေ့ရှိတယ်၊ လက်မောင်မှာ တွေ့ရှိတယ်၊ ရင်ချိုင့်တွေ စသဖြင့် အဲဒီလို တွေ့ရှိနေတဲ့ ပုဂ္ဂိုလ်တွေမှာ ခန္ဓာကိုယ်မှာ ငယ်ထိပ်တို့ လက်မောင်းတို့ လက်ဖဝါးတို့ ဆိုတာတွေက သဏ္ဍာန နိမိတ်တွေ ပညတ်နိမိတ်တွေ။ ပရမတ္ထဓမ္မအားဖြင့်ဆိုရင် ငယ်ထိပ်တွေ လက်မောင်တွေ ဘာတွေ မရှိရတော့ဘူး။ ခုန တွေ့ရှိရတဲ့ ပရမတ္ထဓမ္မတွေကို တစ်ခန္ဓာလုံး ခြုံငုံပြီးတော့ ဒါတွေချည်းပဲ စုဝေးနေတဲ့ ပရမတ္ထဓမ္မအစုအဝေးပါလားလို့ ဉာဏ်သိသိ ခန္ဓာကိုယ် တစ်ကိုယ်လုံး ပျံ့နှံ့အောင် အားထုတ်ကြရပါမယ်။
ဒါကြောင့် အခြေခံ စခန်းမှာ ယောဂီတို့ အနည်းဆုံး စခန်း ရကြိမ်၊ ၈ကြိမ် လိုအပ်ရင် တစ်နှစ်လောက်များ အားထုတ်ရတတ်ပါတယ်။ ဒါပေမယ့် ဒါကတော့ အစမထင်တဲ့ သံသရာက ကိုယ်ဖြည့်ဆည်းခဲ့တဲ့ ပါရမီ အားလျော်စွာပေါ့လေ။ အဲဒါကို ကြာကြာအားထုတ်ရတဲ့ ပုဂ္ဂိုလ်ကျတော့ ဒုက္ခပ္ပဋိပဒါလို့ဆိုတယ်။ ခပ်မြန်မြန် အားထုတ်နိုင်တဲ့ ပုဂ္ဂိုလ်ကျတော့ သုခပ္ပဋိပဒါလို့ ဆိုတယ်။ အဲတော့ ဘယ်လိုပဲဖြစ်ဖြစ် မရနိုင်ဘူးဆိုတာ မရှိဘူး။ ဒီလမ်းက ရှေးသူတော်ကောင်းကြီးများ ချထားတော်မူတဲ့လမ်း၊ ရှေးတုန်းက ခုလိုဓာတ်တစ်ပါး နှစ်ပါး သိလို့ရှိရင် မဂ်ပေါက် ဖိုလ်ပေါက် ရောက်ကြတယ်။
အဲဒီလို အားထုတ်နိုင်ဖို့ အဋ္ဌကထာဆရာ အရှင်သူမြတ် ရှင်မဟာဗုဒ္ဓဃောသအရှင်သူမြတ်က ဘုရားရှင်ရဲ့ ဒေသနာပေါင်း မြောက်မြားစွာ ပိဋကတ်သုံးပုံတစ်ခုလုံးကနေပြီးတော့ ထုတ်နှုတ်ပြီးတော့ သင့်ရာသင့်ရာ သူ့အဆင့်လိုက် အဆင့်လိုက် အားထုတ်ရမည့် ကျင့်စဉ်တွေကို တန်းစီပြီးရေးထားတယ်။ ဒိဋ္ဌိဝိသုဒ္ဓိမှာ နမူနာပြ ငါးနည်းပေးထားတယ်။ (၁) ရုပ်နာမ်တွေကို အကျယ်တဝင့် အားထုတ်တဲ့နည်း - ဒါဝိပဿနာယာနိကနည်းမှာ နော်။ သမထယာနိကနည်းကို မပြောတော့ဘူး။ ဒီကမှတစ်ဆင့် (၂) ဓာတ် ၁၈ပါး အားထုတ်နည်း။ (၃) အာယတန ၁၂ပါး အားထုတ်နည်း။ (၄) ခန္ဓာ ၅ပါး အားထုတ်နည်း။ (၅) ရုပ်နာမ် ၂ပါး အားထုတ်နည်းရယ်လို့ နည်းငါးနည်း ပေးထားတယ်။
ဒါကြောင့်မို့ ယောဂီတို့အတွက် ဉာတပရိညာစခန်းမှာပဲ ပိုင်ပိုင်နိုင်နိုင် ဖြစ်အောင် အားထုတ်ရမှာ ရှိသေးတယ်။ အဲဒီလို အားထုတ်လိုက်တော့မှ -- ဣမိနာ ပန ဉာဏေန သမ္မန္နာဂတော ဝိပဿကော ဗုဒ္ဓသာသနေ လဒ္ဓဿာသော လဒ္ဓပတိဋ္ဌော နိယတဂတိကော စူဠသောတာပန္နောနာမဟောတိ .. လို့ .. ဝိသုဒ္ဓိမဂ်က ရဲရဲတင်းတင်းကြီးဆိုထားတယ်။
ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေ။
မှတ်ချက်။ ။ ဤ ဓာတ်သုံးပါးရှုပုံတရားတော်ကို (တရားထိုင်စဉ် ထားရှိရမည့် စိတ်အနေအထား နှင့် သမာဓိစခန်းမှ စ၍ ဝိပဿနာအားထုတ်မှု ကာလပိုင်း လမ်းစဉ် အထိ) ဖော်ပြပေးခဲ့ပါတယ်။ ဤနည်းသည် လယ်တီနည်းအတိုင်း သင်ကြားပြသပေးသော လယ်တီဝိပဿနာစခန်းမှ ကမ္မဋ္ဌာနစရိယ ဆရာကြီး ဦးတင်ဦး ၏ ပထမအကြိမ် လယ်တီဝိပဿနာတရားစခန်း၌ ဟောကြားသော တရားတော်များမှ ကောက်နှုတ် မှတ်စုထုတ် ဖော်ပြ ပေးခြင်းဖြစ်ပါတယ်။
နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ် နှင့် သမထ ကမ္မဋ္ဌာန်း
ဗုဒ္ဓတရားတော်၌ ရုပ် (၂၈)ပါး လာရှိ၏။ ယင်းရုပ်တရားတို့ကို -
ရုပ် (၂၈) ပါး ဟူသော အရေအတွက်အားဖြင့်လည်းကောင်း၊ မည်သည့်ရုပ်က ကံကြောင့်ဖြစ်သည်၊ မည်သည့်ရုပ်က စိတ်ကြောင့်ဖြစ်သည်၊ မည်သည့်ရုပ်က ဥတုကြောင့်ဖြစ်သည်၊ မည်သည့်ရုပ်က အာဟာရကြောင့်ဖြစ်သည်၊ မည်သည့်ရုပ်က မည်သည့်အကြောင်းကြောင့်မျှ မဖြစ်ဟု ..
ဖြစ်ကြောင်း သမုဋ္ဌာန်အားဖြင့်လည်းကောင်း ဟုတ်တိုင်းမှန်စွာ မသိပါက ဤသာသနာတော်၌ မဂ်ဖိုလ်နိဗ္ဗာန် ရသည့်တိုင်အောင် တိုးတက်စည်ကားကြီးပွားမှု မရှိနိုင်ကြောင်းကို မဟာဂေါပါလကသုတ္တန်တွင် ဘုရားရှင်ကိုယ်တော်တိုင် ဟောကြားထားတော်မူခဲ့ပါသည်။
သို့ဖြစ်၍ ဤပါဠိတော် အဋ္ဌကထာတို့နှင့်အညီ ရုပ်ကမ္မဋ္ဌာန်းပိုင်း၌ ရုပ် (၂၈) ပါးကို သိအောင် ကြိုးပမ်းရပါသည်။ ယင်းရုပ်တရားတို့ကို ပရမတ်သို့ဆိုက်အောင် ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ရေးအတွက် လိုအပ်သော အကူအညီကိရိယာကား သမာဓိသုတ္တန်များတွင် ဘုရားရှင်ဟောကြားထားတော်မူသည့် သမ္မာသမာဓိပင် ဖြစ်ပါသည်။
နာမ်တရားတို့၌ ဝီထိစိတ်နှင့် ဝီထိမုတ်စိတ် (ဝီထိမှ အလွတ်ဖြစ်သော စိတ်) ဟု နှစ်မျိုးရှိပါသည်။ ပဋိသန္ဓေစိတ်၊ ဘဝင်စိတ်၊ စုတိစိတ်တို့ကား ဝီထိမုတ်စိတ်တို့ဖြစ်ကြပေသည်။ ဘဝတစ်ခု၌ ရှေးဦးစွာ အစဆုံးဖြစ်သော စိတ်သည် ပဋိသန္ဓေစိတ်မည်ပေသည်။ နောက်ဖြစ်သော စိတ်သည် စုတိစိတ်ဖြစ်ပြီး၊ ယင်းပဋိသန္ဓေနှင့် စုတိ၏ အကြား၌ ဝီထိစိတ်များ မဖြစ်သောအချိန်ဝယ် ဘဝ၌ စိတ်အစဉ် မပြတ်စဲရေးအတွက် ဘဝ၏အကြောင်းတရား အဖြစ် ဖြစ်ပေါ်နေသော စိတ်သည် ဘဝင်စိတ်မည်ပါသည်။
ဒွါရ အာရုံတိုက်ဆိုင်သောအခါ ဖြစ်ပေါ်လာသော စိတ်အစဉ်တို့ကား ဝီထိစိတ်တို့ဖြစ်ကြပေသည်။ စက္ခုဒွါရဝီထိ၊ သောတဒွါရဝီထိ၊ ဃာနဒွါရဝီထိ၊ ကာယဒွါရဝီထိ၊ မနောဒွါရဝီထိဟု အကျဉ်းအားဖြင့် ဝီထိစိတ် အမျိုးအစား (၆) မျိုး ရှိပေသည်။
ယင်း ဝီထိစိတ် ဝီထိမုတ်စိတ်တို့၌ စိတ္တက္ခဏတိုင်း၌ အနည်းဆုံး ပမာဏအားဖြင့် စိတ်+စေတသိက် (၈) လုံး ရှိ၍ ဇောကဲ့သို့သော အချို့သော စိတ္တက္ခဏတို့၌ စိတ်+စေတသိက်(၃၄)လုံးအထိ ရံခါ ရှိတတ်ပေသည်။ ယင်းစိတ္တက္ခဏတစ်ခုတစ်ခုအတွင်း၌ အတူယှဉ်လျက် ဖြစ်ပေါ်သွားသော စိတ်+စေတသိက် နာမ်တရားစုတို့ကို နာမ်ကလာပ်တစ်ခုဟု ခေါ်ဆို၏။ ယင်းနာမ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိကြသော နာမ်တရားတို့ကို ၌ကား ဖဿ၊ ဤကား ဝေဒနာ၊ ဤကား သညာ၊ ဤကား စေတနာ၊ ဤကား ဝိညာဏ်စသည်ဖြင့် ဉာဏ်ဖြင့် ပိုင်းခြား၍ ယူနိုင်ပါမှ၊ သိမ်းဆည်းနိုင်ပါမှ နာမ်တရားတို့ကို သိသည် မည်ပေသည်။ ပရမတ်သို့ ဉာဏ်အမြင် ဆိုက်သည် မည်ပေသည်။
နာမ်တရားတို့ကို ယင်းကဲ့သို့ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်သည့်တိုင်အောင် သိမ်းဆည်းနိုင်ရေးအတွက်၊ ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ရေးအတွက်၊ ထိုးထွင်းသိမြင်နိုင်ရေးအတွက်၊ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိမြင်ရေးအတွက် လိုအပ်သော အကူအညီကိရိယာကား သမာဓိသုတ္တန်များတွင် ဘုရားရှင်ဟောကြားထားတော်မူသည့်အတိုင် သမ္မာသမာဓိပင် ဖြစ်ပေသည်။
သမထသည် သာသနာတွင်း တရားမဟုတ်ဟူသော စွဲချက်ကို ဤနေရာတွင် အနည်းငယ် ရှင်းလင်းချင်ပါ သည်။
ချစ်သား အဿဇိ အကြင်သမဏဗြဟ္မဏတို့သည်ကား သမာဓိကိုပင် အနှစ်သာရ၊ သမာဓိကိုပင် ရဟန်းအဖြစ် ဟု အောက်မေ့မှတ်ထင်ကြကုန်၏။ ထိုသမာဓိကို တစ်ဖန်ပြန်၍ မရကြကုန်သော ထို သမဏဗြဟ္မဏတို့၏ သန္တာန်၌ “ငါတို့သည် သာသနာတော်မှ မဆုတ်ယုတ်ဘဲ ရှိကြပါကုန်၏လော” ဟု ဤသို့ စိတ်အကြံအစည် ဖြစ်ပေါ်လာတတ်၏။
သမာဓိကိုပင် အနှစ်သာရ၊ သမာဓိကိုပင် ရဟန်းအဖြစ်ဟု အောက်မေ့မှတ်ထင်ကြကုန်၏။ သို့သော် ငါဘုရားရှင်၏ သာသနာတော်တွင်း၌ကား ဤသမာဓိသည် အနှစ်သာရမဟုတ်ပါ၊ ဝိပဿနာ မဂ် ဖိုလ် တို့သည်သာလျှင် အနှစ်သာရ ဖြစ်ပေ၏၊ သမာဓိမှ လျှောကျသွားသော ထိုသင်သည် အဘယ်ကြောင့် “ငါသည် သာသနာတော်မှ မဆုတ်ယုတ်ဘဲ ရှိပါ၏လော” ဟု ကြံစည်နေရပါသနည်း ဟု မိန့်တော်မူ၏။
အရှင်အဿဇိကား ကာယသင်္ခါရအမည်ရသော အဿာသပဿာသ တို့ကို ချုပ်ငြိမ်းစေချက် (အာနာပါန) စတုတ္ထဈာန်ကို ဝိပဿနာ၏ အခြေပါဒကပြု၍ ဝိပဿနာသို့ ကူးနေကျဖြစ်၏။ သို့သော် ကျန်းမာရေး ချို့တဲ့လာသောအခါ ထိုစတုတ္ထဈာန်ကို တစ်ဖန်ပြန်၍ ဝင်စားမရ ဖြစ်နေ၏။ ဝိပဿနာသို့ မကူးနိုင်ဖြစ်နေ၏။ ထိုအခါတွင် သံဃာတော်များ၏ လျှောက်ထားချက်အရ ဘုရားရှင်ကြွလာတော်မူကာ အထက်ပါ စကားများဖြင့် အဿဇိသုတ္တန်တရားဒေသနာတော်ကို ဟောကြားပေးတော်မူပေသည်။ တေပရိဝဋဓမ္မဒေသနာတော်၏အဆုံး၌ အရဟတ္တဖိုလ်၌ တည်သွားတော်မူလေသည်။
ဤအထက်ပါ ပါဠိတော်နှင့်အဋ္ဌကထာတို့ကို ကိုးကား၍ သမာဓိသမထသည် သာသနာတော်၏ အနှစ်သာရမဟုတ်၊ ဝိပဿနာသည်သာလျှင် သာသနာတော်၏ အနှစ်သာရဖြစ်၏။ ထို့ကြောင့် သမာဓိထူထောင်ဖို့ မလိုဟု အဆိုရှိကြလေသည်။
ဤကျမ်းကလည်း သမာဓိ သမထကို သာသနာတော်၏ အနှစ်သာရဟု မဆိုပါ။ ဝိပဿနာမဂ်ဖိုလ်တို့ကို သာလျှင် သာသနာတော်၏ အနှစ်သာရဟု ဆိုပါသည်။ သို့သော် ..
ဝိပဿနာဟူသည် -
အနိစ္စာဒိဝသေန ဝိဝိဓေဟိ အာကာရေဟိ ဓမ္မေ ပဿတီတိ ဝိပဿနာ။ ဟူသော အဋ္ဌသာလိနီ အဋ္ဌကထာ၏ ဖွင့်ဆိုချက်နှင့်အညီ ဒုက္ခသစ္စာအမည်ရသော ဥပါဒါနက္ခန္ဓာငါးပါး ရုပ်နာမ်ပရမတ်တရား၊ သမုဒယသစ္စာ အမည်ရသော ဒုက္ခသစ္စာ၏ အကြောင်းရင် ပရမတ်တရားဟူသော ပရမတ်အစစ်ဖြစ်ကြသော သင်္ခါရဓမ္မတို့ကို -
ယင်းသင်္ခါရတရားတို့၏ ဖြစ်ပြီးလျှင် ပျက်သည့်သဘော ပျက်ပျက်နေသည့်သဘောကို ဉာဏ်ဖြင့်မြင်အောင် ကြည်၍ အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးတန်တင်ကာ ရှုပွားသုံးသပ်သည့်အပိုင်းကိုသာလျှင် ဝိပဿနာဟု ခေါ်ပေသည်။ ယင်းဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သော တရားတို့မှာ ဒုက္ခသစ္စာ သမုဒယသစ္စာအမည် ရသော ပရမတ်သင်္ခါရတရားတို့သာ ဖြစ်ကြပေသည်။
အသင်သူတော်ကောင်းတို့သည် သမာဓိကို မထူထောင်ဘဲ တရားဘာဝနာကို ပွားများဖူးကောင်း ပွားများဖူးပေမည်။ ထိုကဲ့သို့ ပွားများ အားထုတ်ရာ၌ ပရမတ်ရုပ်တရားနာမ်တရား အကြောင်းတရား အကျိုးတရားတို့ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်လျက် သိ မသိကို မိမိကိုယ်ကို မိမိ မေးကြည့်ပါ။ အကယ်၍ မသိဟု အဖြေထွက်ခဲ့လျှင် ယင်းသင်္ခါရတရားတို့ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ဟုတ်တိုင်းမှန်စွာ ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ရေးအတွက် သမာဓိထူထောင်ရမည်ဟူသော ဘုရားရှင်၏ တရားစကားတော်ကို ရိုသေစွာ ဦးထိပ်ရွက် ပန်ဆင်သင့် လှပေသည်။
အကြောင်းမူ ယင်းသင်္ခါရတရားတို့ကား သမာဓိရှိသာ သူတော်ကောင်းတို့သည်သာလျှင် သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်နိုင်သောကြောင့်ဖြစ်ပေသည်။
တစ်ဖန် ဥပစာရသမာဓိ အပ္ပနာသမာဓိဟူသော နှစ်ဖြာသော သမာဓိ သမထသည် သာသနာတွင်း တရားမဟုတ်၊ သာသနာပ တရားသာဖြစ်သည်။ ဝိပဿနာတရားသည်သာလျှင် သာသနာတွင်း တရားဖြစ်သည်ဟုလည်း အဆိုရှိပြန်သည်။
အကယ်၍ အသင်သူတော်ကောင်းသည် မဂ္ဂင်(၈)ပါး အကျင့်မြတ်တရားသည် သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်း နိယျာနိကတရားကောင်းဖြစ်သည်ဟုလည်းကောင်း၊ သာသနာတွင်းတရားဖြစ်သည် ဟုလည်းကောင်း လက်ခံနိုင်ခဲ့ပါလျှင် မဂ္ဂင်(၈)ပါးတို့၏ အစိတ်အပိုင်းတစ်ခုဖြစ်သော၊ မဂ္ဂင်(၈)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော သမ္မာသမာဓိကိုလည်း အဘယ်အကြောင်းကြောင့် သာသနာတွင်းတရားပါဟု လက်မခံနိုင်ပါသနည်း၊ မဂ္ဂင်(၈)ပါးကို သာသနာတွင်းတရားအဖြစ် လက်ခံနိုင်ပါလျှင် သမ္မာသမာဓိကိုလည်း သာသနာတွင်းတရားအဖြစ် လက်ခံသင့် လက်ခံထိုက်လှပေသည်။
ယင်းသို့ဖြစ်လျှင် သမထယာနိကပုဂ္ဂိုလ်က သမာဓိကို ထူထောင်လျှင် သင့်တန်စေ၊ သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်သည်ကား သမာဓိကို မထူထောင်ဘဲ ဝိပဿနာသို့ တိုက်ရိုက်သွားသည်မဟုတ်ပါလောဟု မေးရန် ရှိပေသည်။
သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်တို့သည်လည်း သဒိသူပစာရအားဖြင့် ဥပစာရသမာဓိအမည်ရသော သမာဓိကို ထူထောင်သည်သာဟု ဖြေရပေမည်။ ဤနေရာတွင် အငြင်းပွားမှုမဖြစ်စေရန် သုဒ္ဓဝိပဿနာ ယာနိကပုဂ္ဂိလ်သည် မည်သည့်ကမ္မဋ္ဌန်းကစ၍ အားထုတ်ရသည်ကို အောက်ပါဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာမှ ဖော်ပြပေးချင်ပါသည်။
သုဒ္ဓဝိပဿနာယာနိကော ပန အယမေဝ ဝါ သမထယာနိကော စတုဓာတုဝဝတ္ထာနေ ဝုတ္တာနံ တေသံ တေသံ ဓာတုပရိဂ္ဂဟမုခါနံ အညတရမုခဝသေန သင်္ခေပတော ဝါ ဝိတ္ထာရတော ဝါ စတေဿာ ဓာတုယော ပရိဂ္ဂဏှာတိ။
သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်သည်လည်းကောင်း၊ ရုပ်ကမ္မဋ္ဌာန်းက စတင်၍ ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ ကူးလိုသော သမထယာနိကပုဂ္ဂိုလ်သည်လည်းကောင်း၊ သမထပိုင်းကမ္မဋ္ဌာန်း(၄၀)တို့တွင် စတုဓာတုဝဝတ္ထန် ကမ္မဋ္ဌာန်း ၌ ဖွင့်ဆိုရေးသားခဲ့ကုန်သော ထိုထိုဓာတ်ကြီး(၄)ပါးကို သိမ်းဆည်းကြောင်းဖြစ်သော နည်းလမ်းတို့တွင် တစ်နည်းနည်း၏အစွမ်းဖြင့် အကျဉ်းအားဖြင့်လည်းကောင်း၊ အကျယ်အားဖြင့်သော်လည်းကောင်း ဓာတ်ကြီး လေးပါးတို့ကို စတင်သိမ်းဆည်းရပေသည်။
ဓာတ်ကမ္မဋ္ဌာန်းကျင့်စဉ်လမ်းမှ အားထုတ်လာရာ၊ သမာဓိကို ထူထောင်လာရာ ဥပစာရသမာဓိသို့ ဆိုက်ရောက်နိုင်ကြောင်းကို အဋ္ဌကထာက ဖွင့်ဆိုထားပါသည်။ ထိုတွင် ဥပစာရသမာဓိဟူသည် တကယ့် ဥပစာရသမာဓိအစစ်မဟုတ်ပေ။
ဥပစာရသမာဓိဟူသည် အပ္ပနာဈာန်သို့ ကပ်၍ ဖြစ်လေ့ရှိသော သမာဓိကိုသာလျှင် ဥပစာရသမာဓိဟု ခေါ်ဆိုနိုင်ပေသည်။
အမှန်စင်စစ်မူကား အပ္ပနာဈာန်သို့ကပ်၍ ဖြစ်လေ့ရှိသော ထိုကဲ့သို့သော ဥပစာရသမာဓိအစစ်နှင့် တူညီသော သမာဓိလက္ခဏာရှိသောကြောင့် သဒိသူပစာရအားဖြင့် တင်စား၍ ဥပစာရသမာဓိဟု ဤသို့ မိန့်ဆိုခြင်းဖြစ်ပေသည်။
ဤဓာတ်ကမ္မဋ္ဌာန်၌ အပ္ပနာဈာန်သမာဓိသည်မရှိပေ။ အဘယ်ကြောင့် ဤဓာတ်ကမ္မဋ္ဌာန်းလမ်း၌ အပ္ပနာဈာန်သမာဓိသည် မရှိနိုင်ပါသနည်းဟူမူ ရုပ်ကလာပ်တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော ဓာတ်ကြီး(၄)ပါးတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာတည်းဟူသော ပရမတ္ထဓမ္မသဘာဝလျှင် အာရုံရှိသော ကြောင့် ထိုပရမတ္ထဓမ္မသဘာဝတို့၏ နက်နဲသော သဘောရှိရကား အပ္ပနာဈာန်သမာဓိသို့ မဆိုက်ရောက် နိုင်ဘဲ ဥပစာရသမာဓိသို့သာ ဆိုက်ရောက်နိုင်၍ဖြစ်ပေသည်။
ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာကို ဉာဏ်ဖြင့် ပိုင်းခြားယူ၍ သမာဓိကို ထူထောင်လာရာ ရုပ်ကလာပါတစ်ခု တစ်ခုအတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါတို့၏ ကိုယ်ပိုင်ပရမတ္ထဓမ္မ သဘာဝလက္ခဏာ ကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်သော အဆင့်သို့ ဆိုက်ရောက်၏။
ယင်းသို့ ရုပ်ကလာပ်တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင်ပရမတ္ထဓမ္မ သဘာဝလက္ခဏာကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်သောအခါ ယင်းဉာဏ်နှင့် ယှဉ်တွဲလျက်ရှိသော သမာဓိကား အထွတ်အထိပ်သို့ ဆိုက်ရောက်လာသော ကာမာဝစရဥပစာရသမာဓိတစ်မျိုး ဖြစ်ပေသည်။
အပ္ပနာဈာန်နားသို့ ကပ်၍တည်နေသော သမာဓိကိုသာလျှင် မုချအားဖြင့် ဥပစာရသမာဓိဟု ဆိုရသည်။ ဤ၌ကား ရုပ်ကလာပ်တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော ဓာတ်ကြီး(၄)ပါးတို့၏ ကိုယ်ပိုင်ပရမတ္ထဓမ္မ သဘာဝကို အာရုံယူ၍ ဆက်လက် သမာဓိကို ထူထောင်သော်လည်း ယင်းဓာတ်ကြီး (၄)ပါးတို့၏ ကိုယ်ပိုင် ပရမတ္ထဓမ္မ သဘာဝလက္ခဏာတို့သည် နက်နဲသည့်အတွက်ကြောင့် အပ္ပနာဈာန်သို့ မဆိုက်နိုင်ပေ။ သို့အတွက် ဤဓာတ် ကမ္မဋ္ဌာန်းလမ်း၌ အပ္ပနာဈာန်ကား မရှိဖြစ်ခဲ့ပေသည်။
ယင်းရုပ်ကလာပ်တို့မှာ တစ်နည်း ရုပ်ကလာပ်အတွင်း၌ တည်ရှိသော ရုပ်တရားတို့မှာ အလွန် တိုတောင်းသော သက်တမ်းရှိကြ၏။ မျက်စိတစ်မှိတ် လျှပ်တစ်ပြက် လက်ဖျစ်တစ်တွက် အချိန်ကာလကို ကုဋေ(၅၀၀၀)ကျော် ခန့်ပုံလျှင် တစ်ပုံလောက်သော သက်တမ်းရှိကြ၏။ ထိုမျှ သက်တမ်းတိုတောင်း လှသော ရုပ်တရားတို့၏ သဘာဝလက္ခဏာကို အာရုံယူနေရသဖြင့် အလွန်နက်နဲ၍ ခက်ခဲသော လုပ်ငန်းရပ် ဖြစ်နေ၏။ သို့သော် အပ္ပနာဈာန်နားသို့ ကပ်၍ ဖြစ်လေ့ရှိသော တကယ့်ဥပစာရသမာဓိ အစစ်နှင့်ကား သမာဓိဒီဂရီ စံချိန်ချင်း တူညီလျက်ရှိပေသည်။
ထို့ကြောင့် သဒိသူပစာရအားဖြင့် တင်စား၍ ဤစတုဓာတုဝဝတ္ထာန် သမာဓိကိုလည်း ဥပစာရသမာဓိဟု အဋ္ဌကထာက ခေါ်ဝေါ်သုံးစွဲထားခြင်းဖြစ်ပေသည်။
သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်သည် သမထဈာန်ကို အခြေမခံဘဲ ဝိပဿနာသို့ (သို့မဟုတ်) ဒိဋ္ဌိဝိသုဒ္ဓိစခန်း သို့ တိုက်ရိုက်သွားလိုပါက ဤကဲ့သို့သော ဥပစာရသမာဓိကိုကား ထူထောင်ရမည်သာ ဖြစ်ပေသည်။
ဤစတုဓာတုဝဝတ္ထာန်အမည်ရသော ဤကမ္မဋ္ဌာန်းသည် ဥပစာရသမာဓိကို ရွက်ဆောင်ပေးနိုင်သဖြင့် သမထကမ္မဋ္ဌာန်း(၄၀)တွင်လည်းပါဝင်ပေသည်။ အထွတ်အထိ်ပ်သို့ ရောက်ရှိလာသော ယင်းစတုဓာတု ၀ဝတ္ထာန် ဥပစာရသမာဓိသည် (သို့မဟုတ်) ယင်းသမာဓိနှင့် ယှဉ်သော ဉာဏ်သည် ရုပ်ကလာပ်တစ်ခု တစ်ခုအတွင်း၌ တည်ရှိသော ဓာတ်ကြီး(၄)ပါးတို့၏ ကိုယ်ပိုင်ပရမတ္ထဓမ္မသဘာဝလက္ခဏာ ကိုလည်း အာရုံယူနိုင်သဖြင့် ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ သက်ဝင်နိုင်လေသည်။
ထိုကြောင့် ဤကမ္မဋ္ဌာန်းသည် သမထဝိပဿနာ နှစ်ဘက်ရ ကမ္မဋ္ဌာန်းတစ်ခုဖြစ်ပေသည်။
တစ်ဖန် သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်သည် ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ (သို့မဟုတ်) ဝိပဿနာသို့ တိုက်ရိုက် သွားလိုသောအခါ အဘယ်ကြောင့် ဓာတ်ကမ္မဋ္ဌာန်းက စတင်၍ အားသစ်ရပါသနည်းဟု မေးရန်ရှိပေသည်။
သမထကမ္မဋ္ဌာန်းပိုင်း၌ ကမ္မဋ္ဌာန်း(၄၀)ရှိ၏။ သမာဓိပိုင်းဖြစ်ပေသည်။ သို့သော် ဝိပဿနာပိုင်းသို့ ရောက်ရှိ လာသောအခါ၌ကား ရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်းဟု ကမ္မဋ္ဌာန်းနှစ်မျိုးသာရှိလေသည်။
ရူပပရိဂ္ဂဟ = ရုပ်ကို သိမ်းဆည်းခြင်း၊ အရူပပရိဂ္ဂဟ = နာမ်ကို သိမ်းဆည်းခြင်းဟူသည်မှာလည်း ယင်းရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်းကိုပင် ဆိုလိုပေသည်။
ထိုနှစ်မျိုးတို့တွင် ဘုရားရှင်သည် ရုပ်ကမ္မဋ္ဌာန်းကို ဟောကြားတော်မူသောအခါ အကျဉ်း နှလုံးသွင်းနည်း၏ အစွမ်းဖြင့်သော်လည်းကောင်း၊ အကျယ်နှလုံးသွင်းနည်း၏ အစွမ်းဖြင့်သော်လည်းကောင်း စတုဓာတု ၀ဝတ္ထာန် အမည်ရသော ဓာတ်ကမ္မဋ္ဌာန်းကို ဟောကြားတော်မူမြဲဓမ္မတာဖြစ်ပေသည်။
ထိုတွင် ရုပ်တရားကို အဦးမူ၍၊ ရုပ်ကမ္မဋ္ဌာန်းကစ၍ ဝိပဿနာကို နှလုံးသွင်းခြင်းသည် ယေဘူယျအားဖြင့် သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိလ်အား အလိုရှိအပ်ပေသည်။
နာမ်တရားကို အဦးမူသဖြင့် ၊ နာမ်ကမ္မဋ္ဌာန်းကစ၍ ဝိပဿနာကို နှလုံးသွင်းခြင်းသည်ကား ယေဘူယျအား ဖြင့် သမထယာနိက ပုဂ္ဂိုလ်အားသာလျှင် အလိုရှိအပ်ပေသည်။
သမထယာနိကပုဂ္ဂိုလ်သည်ကား သမာဓိစွမ်းအင်ပြည့်ဝစုံညီနေသော ပုဂ္ဂိုလ်ဖြစ်ခြင်းကြောင့် သမာဓိရှိသော ပုဂ္ဂိုလ်သည် ပရမတ္ထဓမ္မသဘာဝတို့ကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိမြင်နိုင်ရကား ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ = ဝိပဿနာသို့ ကူးသောအခါ ရုပ်ကမ္မဋ္ဌာန်းကစ၍ သော်လည်းကောင်း၊ နာမ်ကမ္မဋ္ဌာန်းကစ၍ သော်လည်းကောင်း မိမိနှစ်ခြိုက်ရာ ကမ္မဋ္ဌာန်းကစ၍ အားထုတ်နိုင်ပေသည်။
သို့သော် သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်သည်ကား ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ = ဝိပဿနာသို့ကူးသောအခါ ယေဘူယျအားဖြင့် ရုပ်ကမ္မဋ္ဌာန်းကစ၍ အားထုတ်ရပေသည်။ နာမ်ကမ္မဋ္ဌာန်းကစ၍ အားထုတ်လိုက အားထုတ်နိုင်သော်လည်း ရုပ်နာမ်တို့ကို ပရမတ်သို့ဆိုက်အောင် သိမ်းဆည်းနိုင်ရေးအတွက်ကား အခက်အခဲ များစွာ ရှိကောင်းရှိနိုင်ပေသည်။
သို့အတွက် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက ယေဘူယျစည်းကမ်းသို့လိုက်၍ သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်အား ရုပ်ကမ္မဋ္ဌာန်းကစ၍ သိမ်းဆည်းရန် ညွှန်ကြားထားခြင်းဖြစ်ပေသည်။
ဝိပဿနာဖြင့် သင်္ခါရတရားတို့ကို ရှုဆင်ခြင်ပုံ
ဝိပဿနာဖြင့် သင်္ခါရတရားတို့ကို လက္ခဏာယာဉ် သုံးပါးတင်၍ ရှုဆင်ခြင်သည်ဆိုရာ၌ သင်္ခါရတရား ဟူသည်မှာ ခန္ဓာ ၅-ပါး၊ အာယတန ၁၂-ပါး၊ ဓာတ် ၁၈-ပါးတို့ကို ဆိုလိုပါသည်။ ခန္ဓာ ၅ပါးတွင် အကျဉ်းအားဖြင့် ရုပ်သင်္ခါရ၊ နာမ်သင်္ခါရ ၂ ပါးသာရှိပါသည်။ ထို့နည်းတူ အာယတန ၁၂ ပါး နှင့် ဓာတ် ၁၈ ပါးတို့တွင်လည်း အကျဉ်းအားဖြင့် ရုပ်သင်္ခါရ နာမ်သင်္ခါရ ၂ ပါးသာ ရှိပါသည်။ ရုပ်သင်္ခါရ၊ နာမ်သင်္ခါရ (ဝါ) ထိုရုပ်၊ နာမ် ၂ ပါးတို့၏ ဖြစ်ခြင်း၊ ပျက်ခြင်းတို့ကို အနိစ္စအစရှိသော လက္ခဏာသုံးပါးတင်၍ ရှုဆင်ခြင်သည့်အခါ ထို ရုပ်၊ နာမ် ၂ ပါးတို့၏ သူ့သဘောအတိုင်း ဖြစ်ပေါ်လာ၍ သူ့သဘောအတိုင်း ပျက်သွားသည်ကို ဟုတ်တိုင်းမှန်စွာ (ယထာဘူတ ကျနမှန်ကန်စွာ) ဝိပဿနာ ဉာဏ်ပညာဖြင့် သိမြင်နိုင်ပါသည်။
ခန္ဓာ အာယတန ဓာတ်ဟုဆိုအပ်ကုန်သော ရုပ် နာမ် ၂ ပါးတို့၏ ဖြစ်ပျက်ကို ဟုတ်တိုင်းမှန်စွာ သိမြင်နိုင်ရေး အတွက် ရှာရန်နေရာမှာ ယောဂီပုဂ္ဂိုလ်၏ ခန္ဓာကိုယ်မှာသာဖြစ်ပါသည်။ ခန္ဓာကိုယ်ပေါ်၌ ရုပ်နာမ်တို့၏ ဖြစ်ခြင်း ပျက်ခြင်းကို အတပ် ဒိဋ္ဌသိမြင်ရန်မှာ ခန္ဓာကိုယ်ပေါ်၌ မျက်မြင်အထင်အရှား ဖြစ်ပေါ်လျက်ရှိသော ရုပ်နာမ်ခန္ဓာ တို့၏ ဖြစ်ပျက်ကို ပွားများရှုဆင်ခြင်နေရမည်ဖြစ်ပါသည်။
ထိုသို့ရှုဆင်ခြင်နေမှသာလျှင် ဘာဝနာအစစ်ဖြစ်ပြီး၊ ဖြစ်ခြင်း ပျက်ခြင်း (ဥဒယဗ္ဗယ) ဉာဏ်အမြင် ရင့်သန် လာမည်ဖြစ်ပါသည်။ ဥဒယဗ္ဗယဉာဏ် အမြင် ရင့်သန်မှသာလျှင် ရူပါရုံကို မြင်ရာ၌ ရူပါရုံပေါ်၌ စွဲလမ်းမှု ကိလေသာ မဖြစ်ပဲ မြင်ကာ မတ္တသာ ဟူ၍ လည်းကောင်း၊ ဖြစ်ပြီးလျှင် ပျက်သွားသည် ဟူ၍လည်းကောင်း၊ စိတ်ထဲ၌ သိမြင်လာပြီးလျှင် မမြဲ၊ ဆင်းရဲ၊ အနှစ်သာရ မရှိဟု ထင်မြင်နိုင်မည် ဖြစ်ပါသည်။
ထိုသို့ဖြစ်ပျက်ကို တွေ့ရှိသည့်အခါ တွေ့မြင်ရသော အာရုံပေါ်၌ စွဲလမ်းမှု ကိလေသာမဖြစ်တော့သဖြင့် စိတ်ထဲ၌ ချစ်ဖွယ်၊ မုန်းဖွယ် အထည်ဝတ္ထု အနေအားဖြင့် မထင်မြင်တော့ပဲ၊ ကိလေသာဝဋ်ဆင်းရဲ၏ ကုန်ဆုံးရာ နိဗ္ဗာန်သို့ မျက်မှောက်ပြုမည်ဖြစ်ပါသည်။
ရုပ်နာမ်တို့၏ ဖြစ်ပျက်ကို ခန္ဓာကိုယ်ပေါ်၌ တွေ့အောင် ရှာရန်မှာ သူတပါး ပြောကြားသော စကားနှင့် မိမိဖတ်ရှု သင်ကြားထားသော အသိဉာဏ်ဟု ဆိုအပ်သော သုတမယဉာဏ်ဖြင့်လည်းကောင်း၊ မိမိရှေ့က သင်ကြား နာယူဖူးသော ဗဟုသုတအလျောက် ရုပ်နာမ်တို့၏ ဖြစ်တတ်ပျက်တတ်သော သဘောတို့ကို မိမိဉာဏ် ရှိသလောက် စဉ်းစားဝေဖန်ကြံစည်မှုဟုဆိုအပ်သော စိန္တာမယဉာဏ်ဖြင့်လည်းကောင်း ရှာရန် မဟုတ်ပါ။ မိမိရှေ့က သင်ကြားဖူး ဖတ်ရှုဖူးသောနည်းလမ်းများနှင့် တရားထိရောက်သောဆရာက ညွှန်ကြားပြသသော နည်းလမ်းများကို လိုက်နာကျင့်ကြံပွားများ အားထုတ်ခြင်းဟု ဆိုအပ်သော ဘာဝနာမယဉာဏ်ဖြင့် ရှာမှသာလျှင် တွေ့မြင်နိုင်မည်ဖြစ်ပါသည်။
သို့အတွက် ရှေးဦးစွာ သမထဘာဝနာမယဉာဏ်ဖြင့် စိတ်တည်ငြိမ်မှုရရန် အားထုတ်ရမည်၊ ထိုသို့ အားထုတ်၍ ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်ကို ထင်မြင်ရရှိပြီးမှ ဝိပဿနာဘာဝနာမယဉာဏ်ဖြင့် (ဝါ) ဝိပဿနာ ကမ္မဋ္ဌာန်း ပွားခြင်းဖြင့် ရုပ်နာမ်တို့၏ ဖြစ်ပျက်ကို ခန္ဓာကိုယ်ပေါ်မှာ ရှာရမည်ဖြစ်ပါသည်။
သမထယာနိက၊ ဝိပဿနာယာနိက ပုဂ္ဂိုလ် ၂ မျိုးတို့တွင် သမထယာနိက ပုဂ္ဂိုလ်သည် အာနာပါန စသော သမထ ကမ္မဋ္ဌာန်းတစ်ခုခုကို ပထမဦးစွာ ပွားများ၍ ဥပစာရသမာဓိကိုဖြစ်စေ၊ အပ္ပနာသမာဓိကိုဖြစ်စေ၊ ရလာလျှင် ခန္ဓာအိမ်၌ဖြစ်ပေါ်နေသော ပရမတ်ရုပ်နာမ်တို့၏ ဖြစ်ပျက်ပုံကို ရှုမှတ်ပွားရမည်ဖြစ်သည်။
ထိုနည်းတူ ဝိပဿနာယာနိကပုဂ္ဂိုလ်သည်လည်း ဥပစာရသမာဓိ၊ အပ္ပနာသမာဓိတို့ကိုရရန် သမထ ကမ္မဋ္ဌာန်းတစ်ခုခုကို မပွားများပဲ၊ ခန္ဓာအိမ်၌ဖြစ်ပေါ်နေသော ပရမတ် ရုပ်နာမ်တို့၏ ဖြစ်ပျက်ပုံတို့ကို ရှုမှတ်ပွားများရမည်ဖြစ်သည်။
ခန္ဓာအိမ်ပေါ်၌ ဖြစ်ပေါ်နေသော ပရမတ်ရုပ်နာမ်တို့၏ ဖြစ်ပျက်ပုံတို့ကို ရှုမှတ်ပွားများရမည်ဆိုရာ၌ ပရမတ်ရုပ်နာမ်တို့သည် ခန္ဓာအိမ်ပေါ်၌ မည်ကဲ့သို့ ဖြစ်ပျက်နေသနည်း၊ ပရမတ်ဆိုသည်မှာ မည်သည့်အရာကို ခေါ်သနည်း၊ ပညတ်ဆိုသည်မှာ မည်သည့်အရာကို ခေါ်သနည်း၊ ရုပ်နာမ်ဆိုသည်မှာ မည်သည့်အရာကို ခေါ်သနည်း၊ မည်ကဲ့သို့ ရှုမှတ်ပွားများရမည်နည်း ဆိုသည်များကို တရားအားထုတ်သူ ယောဂီများ သိနားလည်ရမည်ဖြစ်ပါသည်။
နာမ်ရုပ်တို့ကို ပိုင်းခြားသိမြင်ခြင်းစသော ဝိပဿနာဉာဏ်ကိုဖြစ်စေလိုသော ယောဂီပုဂ္ဂိုလ်သည် ပရမတ်၊ ပညတ် ၂ မျိုး တို့တွင် ပရမတ်ရုပ်နာမ်တို့ကိုသာလျှင် ရှုမှတ်ပွားများရမည်ဖြစ်ပါသည်။ ပညတ်တရားတို့ကို မရှုမှတ် မပွားများအပ်ပါ။
ပရမတ်ရုပ်နာမ်တို့ကို ရှုမှတ်ရာ၌ ရုပ်နာမ်ဟူသမျှကို တခုမကျန် စုံလင်အောင် ရှုမှတ်ရမည်မဟုတ်ပါ၊ မိမိတို့ ဉာဏ်အမြင်၌ အထူးထင်ရှားသောတရား တခုခုကိုသာ ပဓာနပြု၍ ရှုရမည်ဖြစ်ပါသည်။ ဥပမာ - ပရမတ်ရုပ်တရားဖြစ်သည့် ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော ဟုဆိုအပ်သော ဓာတ်ကြီးလေးပါးတို့တွင် မိမိခန္ဓာအိမ်ပေါ်၌ ထိတွေ့ပျက်ထင်ရှားသော ဝါယောဖောဋ္ဌဗ္ဗရုပ်တရားတခုကိုသာ ရှုမှတ်၍ အသိဉာဏ် ထင်ရှားလျှင် နိဗ္ဗာန်ကိုရောက်နိုင်ပါသည်။
ယောဂီပုဂ္ဂိုလ်သည် အာနာပါန သမထကမ္မဋ္ဌာန်းကို စ၍ပွားများဆင်ခြင်သည့်အခါ မှတ်သားအပ်သော (ဝါ) အာရုံပြုအပ်သော ဝင်လေထွက်လေတို့၏ ဝင်ပုံထွက်ပုံသည် ပညတ်တရားပင်ဖြစ်ပါသည်။ ထိုအာနာပါန ကမ္မဋ္ဌာန်းကို ပွားများအားထုတ်၍ အတော်အတန်ရင့်သန်လာသောအခါ ဝင်လေထွက်လေ အစဉ်အတန်းကို မျက်စိဖြင့် မြင်ရသကဲ့သို့ စိတ်ဖြင့်မှန်းဆ၍ ထင်ထင်ရှားရှား မြင်ရသောအာရုံသည်လည်း ပညတ်တရားပင် ဖြစ်ပါသည်။ ယင်းအာရုံကိုပင် အဖန်ဖန်အထပ်ထပ် ရှုမှတ်ပွားများ အားထုတ်သည့်အခါ လွန်စွာ သန့်ရှင်း စင်ကြယ်သော ပတ္တမြားရောင်၊ ပုလဲရောင်ကဲ့သို့ အဆင်းရှိသော အာရုံသည်လည်း ပညတ်အာရုံပင်ဖြစ်ပါသည်။
ပညတ်အာရုံကို အာရုံပြု၍ အာနာပါန သမထဘာဝနာ ရင့်သန်လာသောအခါ ယောဂီ၏စိတ်၌ နှာသီးဖျား၌ ထိခိုက်သွားသော ဝင်လေ ထွက်လေတို့၏ တွေ့ထိမှု (ဝါယောဖောဋ္ဌဗ္ဗရုပ်တရား) အဖြစ်အပျက်ကို သို့မဟုတ် ဝင်လေထွက်လေတို့ နှာသီးဖျား၌ တွေ့ထိခြင်းကို သိမှု (နာမ်တရား) အဖြစ်အပျက်ကို ကိုယ်တိုင်ကိုယ်ကြပ် မျက်မှောက်ထင်ထင် သိမြင်လာလေသည်။
ထိုအခါ ယောဂီ၏စိတ်သည် အာနာပါနသမထကမ္မဋ္ဌာန်းအားထုတ်စဉ် အာရုံပြုအပ်သော ပညတ်အာရုံမှ ဖြစ်ပျက်နေသော ပရမတ်ရုပ်နာမ် အစစ်အာရုံ ပေါ်လာမည်ဖြစ်ပါသည်။
ဝိပဿနာကို ရှုမှတ်ပွားများသော ယောဂီပုဂ္ဂိုလ်သည် မိမိခန္ဓာအိမ်ပေါ်၌ မျက်မြင်(ပစ္စုပ္ပန်) ဖြစ်ပေါ်လာသော ရုပ်နာမ်တို့၏ ဖြစ်ပျက်သဘောတရားကိုသာ ရှုမှတ်ပွားများရမည်ဖြစ်ပါသည်။ တဆင့်ကြားခြင်း၊ သင်ကြားဖူးခြင်း၊ ဖတ်ရှုဖူးခြင်းစသည်တို့ကို ကြံစည်တွေးတောခြင်းဖြင့် ဖြစ်ပေါ်လာသော မျက်မြင်မဟုတ်သည့် အတိတ်ကာလ၌ ဖြစ်ပြီးခဲ့သော ရုပ်နာမ်တို့၏ ဖြစ်ပျက် သဘောတရား များကိုလည်းကောင်း၊ ခန္ဓာကိုယ်ပေါ်၌ ဖြစ်ပေါ်မလာသေးသော အနာဂတ်ဖြစ်သည့် ရုပ်နာမ်တို့၏ ဖြစ်ပျက် သဘောတရားများကိုလည်းကောင်း၊ ရှုမှတ်ပွားများခြင်းကို မပြုရပါ။
အတိတ်၌ဖြစ်သော ရုပ်နာမ်တို့သည် ချုပ်ငြိမ်ကြလေကုန်ပြီးဖြစ်၍ ထင်ရှားမရှိကြတော့ချေ၊ အနာဂတ်ဖြစ်သော ရုပ်နာမ်တို့သည်လည်း မဖြစ်ပေါ်လာကြသေး၍ ထင်ရှားမရှိပါ၊ သို့အတွက် ထင်ရှားမရှိသော ရုပ်နာမ် တရားများကို အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု ဆိုအပ်သော လက္ခဏာသုံးတန်တင်၍ ရှုဆင်ခြင်ခြင်းအားဖြင့် သဘောမှန်အတိုင်း မသိရုံမျှသာ မဟုတ်သေး၊ ကိလေသာ တရားများကို ပယ်သတ် နိုင်ခြင်းတည်းဟူသော အကျိုးတရားများကိုလည်း မရနိုင်ပါ။
မြင်စဉ် ကြားစဉ် နံစဉ် စားစဉ် တွေ့ထိစဉ် ကြံသိစဉ်၌ ဖြစ်ပေါ်လာသော မျက်မြင်(ပစ္စုပ္ပန်) သဘောများကိုသာ အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု သိမြင်အောင် ရှုမှတ်ရမည်ဖြစ်သည်။ ထိုသို့ရှုမှတ်မှသာလျှင် ထိုဖြစ်ပေါ်လာသောတရား များပေါ်၌ နှစ်သက်တွယ်တာသော တဏှာတရား၊ အထင်အမြင် အယူအဆမှားသော ဒိဋ္ဌိတရားနှင့် ငါဟုမှတ်ထင်နေသော မာနတရားများ ဖြစ်ပေါ်လာမည် မဟုတ်ပေ။ ထို့ကြောင့် မျက်မြင်(ပစ္စုပ္ပန်) ဖြစ်ပေါ်လာသော ရုပ်နာမ်တရားများကို ရှုမှတ်ရမည်ဟုဆိုခြင်း ဖြစ်ပါသည်။
ဝိပဿနာဘာဝနာကို ရှုမှတ်ပွားများနေသော ပုဂ္ဂိုလ်သည် ဝိပဿနာ ရှုမှတ် ပွားများနေသည့် အခိုက်အတန့်၌ ပါဏာတိပါတစသည်ကို ကာယကံ၊ ဝစီကံ၊ မနောကံတို့ဖြင့် လွန်ကျူးခြင်း မရှိသောကြောင့် ယင်းပုဂ္ဂိုလ်ကို ဝိပဿနာသီလဝန္တပုဂ္ဂိုလ်ဟု ခေါ်ရပါသည်။
ဝိပဿနာ ရှုပွားများနေသော ယောဂီပုဂ္ဂိုလ်သည် မိမိ၏ခန္ခာကိုယ်သည် ရုပ်နာမ်နှစ်ပါးအစုအဝေး ဖြစ်သည်၊ ပုဂ္ဂိုလ်သတ္တဝါဟူ၍ မရှိ၊ ရုပ်နာမ်တို့သည် သူ့သဘောအတိုင်းသူ ဖြစ်ပေါ်လာ၍ သူ့သဘောအတိုင်း ချုပ်ငြိမ်းပျက်စီးသွားသဖြင့် မမြဲ၊ ဆင်းရဲ၊ အနှစ်သာရမရှိဟု အနိစ္စာနုပဿနာဉာဏ်ဖြင့် ပုဂ္ဂိုလ် သတ္တဝါမြဲသည် ဟူသော နိစ္စသညာကို ပယ်ဖျောက်လျက် နေလေသည်။
ထိုအခါ ရုပ်နာမ်တို့၌ မြဲသည်ဟု ထင်မှတ်စွဲလမ်းနေသော အဝိဇ္ဇာတည်းဟူသော မောဟ ကိလေသာ တရားကို ပယ်သဖြင့် ပဟာနသီလနှင့်ပြည့်စုံနေလေသည်။ ပုဂ္ဂိုလ်သတ္တဝါမြဲသည်ဟူသော နိစ္စသညာမရှိသဖြင့် ပုဂ္ဂိုလ်သတ္တဝါထင်မှတ်လျက် ပြုလုပ်သော ပါဏာတိပါတစသည့် အမှုကို ပြုလုပ်ခြင်းမှ ရှောင်ကြဉ်သောကြောင့် ဝေရမဏိသီလနှင့်လည်း ပြည့်စုံနေလေသည်။
ဝိပဿနာတရားကို သတိဖြင့် ရှေ့ဆောင်၍ ပွားများနေသဖြင့် သတိစသော သံဝရသီလနှင့်လည်း ပြည့်စုံနေလေသည်။ အနိစ္စာနုပဿနာဉာဏ်ဖြင့် ဝိပဿနာရှုမှတ်နေသဖြင့် နိစ္စသညာဟူသော သိမှားမှု မောဟစသည်တို့အား ဖြစ်ခွင့် မပေးသောကြောင့် ထိုမောဟစသော တရားများကို မလွန်ကျူးတော့၍ အဝိတိက္ကမသီလနှင့်လည်း ပြည့်စုံနေပါသည်။
ဝင်လေ ထွက်လေ (အာနာပါန) တို့သည် နှာသီးဖျားစသော ထိခိုက်ရာဌာန၌ အဆင့်ဆင့် ထိခိုက်လျက် အသစ်အသစ်ဖြစ်ပေါ်လာ၍ ရိပ်ကနဲ၊ ရိပ်ကနဲ အဆင့်ဆင့် ပျောက်ပျက်သွားသည်ကို ပွားများဆင်ခြင်နေသော ဝိပဿနာယောဂီအား သဒ္ဓါစသော ဣန္ဒြေငါးပါးတို့ ထက်သန်ညီမျှသည့် အခါ နှောင့်ယှက်တတ်သော နီဝရဏတရားတို့သည် အကြားအကြား၌ ဝင်၍ မဖြစ်တော့သဖြင့် ပွားများဆင်ခြင်နေသော အာရုံ၌ ဆင်ခြင်သည့်အခိုက်အတန့်၌ ဖြစ်ပေါ်လာသော သမာဓိသည် ခဏိကသမာဓိမည်ပါသည်။ ယင်းသမာဓိနှင့်ပြည့်စုံနေလျှင် စိတ္တဝိသုဒ္ဓိ ဖြစ်ပါသည်။
နှာသီးဖျား၌ ဝင်လေထွက်လေတို့ (အာနာပါန) ထိခိုက် သွားတိုင်း သွားတိုင်း၊ ထိခိုက်သွားသော ဝင်လေ ထွက်လေတို့၏ တွေ့ထိမှု (ဝါယော ဖောဋ္ဌဗ္ဗရုပ်တရား) ၏ အဖြစ်အပျက်ကိုဖြစ်စေ၊ ဝင်လေ ထွက်လေတို့ နှာသီးဖျား၌ တွေ့ထိခြင်းကို သိမှု (နာမ်တရား) ၏ အဖြစ်အပျက်ကိုဖြစ်စေ ရှင်းလင်းစွာ သိနေခြင်းသည် နာမ်ရုပ်ကို သိမ်းဆည်းခြင်း (နာမရူပပရိစ္ဆေဒဉာဏ်) အယူ၏စင်ကြယ်မှု (ဒိဋ္ဌိဝိသုဒ္ဓိ) ဖြစ်နေပါသည်။
တနည်းအားဖြင့် နှာသီးဖျား၌ ဝင်လေထွက်လေတို့၏ တွေ့ထိမှု အဖြစ်အပျက်ကို ဆင်ခြင်ပွားများနေသော ယောဂီအား သမာဓိ ထက်သန်လာသောအခါ ဝင်လေထွက်လေဟု ဆိုအပ်သော ဝါယောဖောဋ္ဌဗ္ဗ ရုပ်တရားသည် သူ့သဘောအတိုင်း သူလှုပ်ရှားမှု အမူအရာများ၏ ထင်ရှားသော ဖောက်ပြန်ပြောင်းလဲ တတ်သော သဘောမျှသာဖြစ်၍ အာရုံကိုသိတတ်သော သဘောတရား မဟုတ်ကြောင်းကို ပွားများ ဆင်ခြင်ဆဲမှာပင် သိမြင်သဘောကျလာလေသည်။
ထိုသို့ရုပ်တရား၏ ဖောက်ပြန်ပြောင်းလဲမှု (ရုပ္ပနလက္ခဏာ) ကို မှန်ကန်စွာ သိမှုကိုပင် ရုပ်တရားကို သဘောအမှန်အတိုင်း သိသောဉာဏ် (ရူပယာထာဝဒဿနဉာဏ်) ဟု ခေါ်လေသည်။
နှာသီးဖျား၌ ဝင်ထွက်သွားလာနေသော ဝင်လေထွက်လေအာရုံများဆီသို့ ပွားများဆင်ခြင်မှုစိတ်သည် ပြေး၍ပြေး၍ ကပ်သွား (ညွတ်သွား) ဘိသကဲ့သို့ ထင်မြင်ခြင်း သိခြင်းသည် နာမ်တရား၏ အာရုံသို့ညွတ်ခြင်း (နမန) လက္ခဏာပင်ဖြစ်သည်။ ထိုသို့ နာမ်တရားတို့၏ သဘောလက္ခဏာကို မှန်ကန်စွာ သိမှုကိုပင် နာမ်တရားကိုသဘောအမှန်အတိုင်း သိသောဉာဏ် (နာမယာထာဝဒဿနဉာဏ်) ဟု ခေါ်လေသည်။
ထိုသို့အာရုံကိုမသိတတ်ပဲ ဖောက်ပြန်ရုံသာ အမျိုးမျိုးဖောက်ပြန်ပြောင်းလဲတတ်သော သဘောနှင့်အာရုံ ဆီသို့ ညွှတ်တတ်သွားတတ်သော အာရုံကိုသိတတ်သော နာမ်သဘောတို့ကို ခွဲခြားသိမြင်ခြင်း ဟု ဆိုအပ်သော နာမ်ရုပ်ကို သိမ်းဆည်းခြင်း (နာမရူပပရိစ္ဆေဒဉာဏ်) အယူ၏စင်ကြယ်မှုသည် ဒိဋ္ဌိဝိသုဒ္ဓိ ဖြစ်ပါသည်။
ဝင်လေထွက်လေတို့သည် ရုပ်ကိုလည်းကောင်း၊ စိတ်ကိုလည်းကောင်း စွဲမှီ၍ မပြတ်ဖြစ်ပေါ်နေကြသည်။ ထို့နောက်ဝင်လေထွက်လေတို့ကိုလည်းကောင်း၊ ကိုယ်ရုပ်ကိုလည်းကောင်း ရုပ်ဟူ၍လည်းကောင်း၊ စိတ်ကိုလည်းကောင်း၊ ထိုစိတ်နှင့် ယှဉ်ဖော် ယှဉ်ဖက်ဖြစ်သော စေတသိက်တို့ကိုလည်းကောင်း၊ ရုပ်မဟုတ်သည့် နာမ်ဟူ၍လည်းကောင်း နာမ်ရုပ်ကို ပိုင်းခြားဆုံးဖြတ်ပြီးလျှင် ထိုနာမ်ရုပ်၏ ဖြစ်ကြောင်းကို ရှာကြံသောအခါ ပစ္စုပ္ပန် အတိတ် အနာဂတ်ဟူသော ကာလသုံးပါးတို့၌ နာမ်ရုပ်တို့၏ ဖြစ်ခြင်းအကြောင်းကို သိမြင်သဖြင့် ယုံမှားခြင်းကို လွန်မြောက်လေသည်။
နာမ်ရုပ်တို့၏ ဖြစ်ခြင်းအကြောင်းကို သိမ်းဆည်း ဆင်ခြင်ရာ၌ ယောဂီပုဂ္ဂိုလ်အမျိုးမျိုး၏ အလိုအဇ္ဈာသယနှင့် ပါရမီဉာဏ်အားလျော်စွာ အမျိုးမျိုး ကွဲပြား ခြားနားပုံမှာ ငါးမျိုးရှိကြောင်းကို ဝိသုဒ္ဓိမဂ် အဋ္ဌကထာ၌ ဖော်ပြထားပါသည်။
ထို့အပြင် ယင်းဝိသုဒ္ဓိမဂ်အဋ္ဌကထာ၌ပင် ယုံမှားခြင်းကို လွန်မြောက်လျက် စင်ကြယ်သောဉာဏ် (ကင်္ခါဝိတရဏ ဝိသုဒ္ဓိ) ကို ပြည့်စုံစေလိုသော ယောဂီသည် ဥပမာအားဖြင့် တတ်ကျွမ်းလိမ္မာသော ဆေးဆရာသည် လူမမာ၏ ရောဂါကို မြင်ပြီးလျှင် ထိုရောဂါ၏ဖြစ်ကြောင်း အခြင်းအရာကို ရှာကြံ ဆင်ခြင်သကဲ့သို့ ထိုနာမ်ရုပ်တို့၏ ဖြစ်ကြောင်း အခြင်းအရားကို ရှေးဦးစွာ ဆင်ခြင်ရမည်ဖြစ်သည်။
နာမ်ရုပ်တို့၏ဖြစ်ခြင်းအကြောင်းကို ရှာကြံ ဆင်ခြင်ပုံငါးမျိုးတို့ အနက် “အဝိဇ္ဇာပစ္စယာသင်္ခါရာ” စသော ပဋိစ္စသမုပ္ပါဒနည်း “ဟေတုပစ္စယော” စသော ပဋ္ဌာန်းနည်း စသောနည်းတို့ဖြင့် ဆင်ခြင်နိုင်လျှင် များစွာ ထင်မြင်လွယ်နိုင်ပါသည်။
မေတ္တာဖြင့်
Comments