top of page
Search

မင်္ဂလသုတ္တံကို အဘိဓမ္မာအမြင် လူမှုဘဝအသိဖြင့်ချဉ်းကပ်ပို့ချခြင်း

  • Writer: Thein Naing Ohn
    Thein Naing Ohn
  • Dec 15, 2021
  • 23 min read

မင်္ဂလသုတ္တံကို အဘိဓမ္မာအမြင် လူမှုဘဝအသိဖြင့်ချဉ်းကပ်ပို့ချခြင်း (Day 1)


မင်္ဂလာသင်တန်း၊ ဓမ္မဘေရီဆရာတော်ကြီး၏ မင်္ဂလာကထာ၊ သြဝါဒကထာ


မင်္ဂလသုတ်ကို အဘိဓမ္မာအမြင်များနဲ့ပါချဉ်းကပ်တယ်ဆိုတာ အဘိဓမ္မာအမြင်များနဲ့ပါလို့ပြောတာက လောလောဆယ်အားလုံးက အဘိဓမ္မာကို စိတ်ဝင်စားလို့ပါ။ တကယ်တော့ မဟုတ်ဘူး။ မင်္ဂလသုတ်တစ်ခုလုံးကို ဘဝအမြင်နဲ့ ဘဝထဲကို ထည့်ပြီးတော့ အသုံးချနည်း သင်မှာပါ။ ဦးဇင်းကလည်း အဲလိုသင်စေချင်တဲ့အကြောင်း ပြောထားပြီးသားပါ။ ဘာလို့လည်းဆိုတော့ ဒါဦးဇင်းတို့ ရှေးအစဉ်အဆက် ပညာရှင်ကြီးတွေ ဆရာတော် သမားတော်ကြီးတွေလည်း ပြောလေ့ရှိတယ်။ “အတတ် စာသာတတ် ဂါဟကိုက်တတ်သည်” တဲ့။ စာထဲက စာတွေဟာ လူထဲကို အသိအဖြစ်နဲ့မရောက်လာပဲနဲ့ စာတွေကိုပဲ ကျက်မှတ်တဲ့ အမှတ်အဖြစ်နဲ့ ထားတဲ့ပုဂ္ဂိုလ်တွေဟာ ဂါဟကိုက်တယ်ဆိုတာ (အင်တာနက်ပြတ်သွား) အဲတော့ တရားရဲရည်ရွယ်ချက်က အားလုံးသိတဲ့အတိုင်းပဲ မိမိတို့အတွင်းမှာရှိတဲ့ ကိလေသာတွေကို ခုတ်ထွင်ရှင်းလင်းဖို့ပဲ။ အဲ .. ဓမ္မဟာ တစ်ခါ တစ်ခါ ဓားမ နဲ့တူပါတယ်။ ခုတ်လို့ရတယ်။ ဒါပေမယ့် အပြင်မှာရှိတဲ့ ဓားမကြီးကတော့ အပြင်က သစ်ပင်တို့ ထင်းတို့ ခုတ်တာပေါ့။ ခုတ်ဖို့ပါ။ အခုသင်ကြတဲ့ ဓမ္မကတော့ ကိုယ့်အတွင်းက ကိလေသာတွေကို ခုတ်ချဖို့ပါပဲ။ အဲဒီဟာက အခုသင်ယူနေတဲ့ ဓမ္မသည် ငါ့နဲ့ခန္ဓာကိုယ်အတွင်းမှာ သံသရာနဲ့ချီပြီးတော့ အမြစ်တွယ်နေတဲ့ ဒီကိလေသာတွေကို ခုတ်ထွင်ရှင်းလင်းပစ်ဖို့ပဲဆိုတဲ့ ခံယူချက်ရှိဖို့လိုပါတယ်။ အဲဒီလိုအသိရှိမှ အတွင်းကို ခုတ်ထွင်ရှင်းလင်းမှ ဓမ္မဖြစ်တယ်။ အဲလိုမဖြစ်ဘူးဆိုလိုရှိယင် အပြင်က ဓားမကြီးလိုပဲ အပြင်လိုက်ခုတ်နေတတ်တယ်။ ခင်ဗျားဒါတွေသိရဲ့လား။ ကျုပ်ကဒါတွေသိတယ်။ ခင်ဗျားလုပ်တာ ဘယ်လိုမဟုတ်ဘူးပဲ .. သူများလိုက်ပြီးဝေဖန်နေပြီးတော့ ဒီ စာစောင်းခုတ်တာပေါ့ဗျာ။ တစ်ဇောက်ကန်း တစ်ယူသန် လူမဆန်ပြောတဲ့ အာဇန်းဆိုတဲ့အတိုင်း လိုက်ပြီးတော့ ခုတ်နေတတ်တယ်လို့ အဲလိုပြောပါတယ်။ ဒါကြောင့် ပထမဆုံးသင်တန်းသားတွေကို ထားစေချင်တာကတော့ ယခုသင်ကြတဲ့ ဓမ္မသည် ကိုယ့်ခန္ဓာကိုယ်တွင်းက သိတဲ့ဟာကို ခုတ်ဖို့ဖြစ်တယ်။ အပြင်လိုက်ပြီးတော့ နှုတ်စောင်းခုတ်နေဖို့ မဟုတ်ဘူးဆိုတာလေးကိုတော့ ပထမဆုံးခံယူကြဖို့ တိုက်တွန်းပါတယ်။


ပြီးတော့ ဒီ ဓမ္မကို သင်ယူတဲ့အခါမှာ အဆင့်သုံးဆင့်ရှိပါတယ်။ ပထမအဆင့်က စာထဲရှိတဲ့အတိုင်းကို ပီပီပြင်ပြင် ပါဠိလိုပဲဖြစ်ဖြစ် မြန်မာလိုပဲဖြစ်ဖြစ် အရှိကို အရှိအတိုင်းရနေတာ “သဒ္ဒတ္ထ” လို့ ခေါ်ပါတယ်။ ဒါဟာ အသံကို သဘောပေါက်တဲ့အဆင့်ပါပဲ။ ပြီးယင် အဲဒီအသံကို သဘောပေါက်တဲ့အခါ ဒီစကားက ပြောလိုရင်းက ဟောတဲ့ ဘုရားဘက်က တို့ကို ဘာပြောချင်တာလည်းဆိုတဲ့ ဘုရားရဲ့ရည်ရွယ်ချက် ဘုရားပေးတဲ့ မက်ဆေ့ချ်လေးကို သဘောပေါက်အောင်လေ့လာရမယ်။ အဲဒါ “အဓိပ္ပာယတ္ထ” လို့ခေါ်တယ်။ အဲကျမှ အဓိပ္ပါယ်နားလည်တယ်လို့ခေါ်တယ်။ အဓိပ္ပါယ်နားလည်ရုံနဲ့လည်း တကယ်တော့ ဓမ္မက အတွင်းထဲကို မရောက်သေးဘူး ကိလေသာကို ခုတ်ဖို့ဆိုတဲ့ အဆင့်မရောက်သေးဘူး။ အဲကျတော့ ဘာလုပ်ရလည်းဆိုတော့ အဲဒီလို အဓိပ္ပါယ်နားလည်ယူပြီးတော့မှ ကိုယ့်စိတ်ထဲမှာ အဲဒီအတိုင်းခံယူပြီးတော့ ဒီညွှန်ကြားချက်နဲ့အညီ ကိုယ်စိတ်ထဲမှာ ဆောင်သင့်တာကိုဆောင် ရှောင်သင့်တာကိုရှောင် ပွားသင့်တာကိုပွားလို့ ကျင့်သုံးလိုက်တဲ့အခါကျတော့မှ “ဘဝတ္ထ”ဆိုက်သွားတယ်လို့ပြောတာ။


ဦးဇင်းတို့ ဒီဗုဒ္ဓဘာသာတွေသိထားတဲ့ သစ္စာလေးပါးမှာ သစ္စာဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ်ဆိုတာပြောတယ်။ တကယ်တော့ ဒီ ဓမ္မတိုင်းမှာ အဲဒီ ၃ ဆင့် ရှိတယ်။ သစ္စာဉာဏ်ရယ်၊ ကိစ္စဉာဏ်ရယ်၊ ကတဉာဏ်ရယ်ရှိတယ်။ အခု မင်္ဂလာတရားတော်ကို သင်မယ်ဆိုတော့ မင်္ဂလာတရားတော်ဟာ ဘုရားကဟောထားတဲ့ တကယ့်အမှန်တရားတွေဖြစ်လို့ အဲဒီမင်္ဂလာတရားတွေရဲ့ ဟောလိုရင်းအတိုင်း အဓိပ္ပါယ်ကိုသိရင် ဒါ အမှန်အကန်သိလို့ သစ္စာဉာဏ်ဖြစ်ပြီ။ သစ္စာဉာဏ်လောက်နဲ့ အမှန်အကန်သိထားရုံလောက်နဲ့ ရပ်မထားရဘူး။ ဒါက စာပဲတတ်သေးတယ်၊ လူမှာမတတ်သေးဘူး။


(ကိစ္စဉာဏ်ကျော်သွားသည်)


(လူမှာတတ်အောင်ကျတော့ ကတဉာဏ်ဆိုတာ အဲဒီအသိနဲ့အညီလက်တွေ့ကျင့်သုံးရတယ်။ လက်တွေ့ကျင့်သုံးလာပြီဆိုယင် ကျင့်သုံးရင်း ကျင့်သုံးရင်း အသိတွေတိုးလာလို့ရှိယင် ကတဉာဏ်အသိတွေဖြစ်လာတယ်။ ) အဲတော့ ကျင့်သုံးမှုပြည့်စုံသွားပြီဆိုလို့ရှိယင်တော့ ... အင်း ... ကိစ္စဉာဏ်ခေါ်တယ်။ ကိစ္စဆိုတာ ပြုလုပ်တာပါပဲနော်။


(အဲတော့ပြန်ပြောလိုက်ဦးမယ်) အမှန်အတိုင်း သင်ယူသိရှိတာက သစ္စဉာဏ်၊ သိထားတဲ့အတိုင်း လက်တွေ့ကျင့်သုံးတာကို ကိစ္စဉာဏ်လို့ခေါ်ပါတယ်။ ကိစ္စဉာဏ်နဲ့ကျင့်သုံးလို့ အားလုံးပဲ နောက်ဆုံးတော့လည်း ဝိပဿနာဉာဏ်ကနေ မဂ်ဉာဏ်ကို ဆိုက်သွားပြီဆိုယင်တော့ မဂ်ဉာဏ်ရရင်တော့ “ကတ”လို့ခေါ်တယ်။ “ကတ”ဆိုတာ ကိစ္စတစ်ခုပြီးပြည့်စုံသွားပြီ။ အဲတော့ ဒီဉာဏ်စဉ်လေး ၃ ခု ကိုမှတ်ထားပါ။


အမှန်အတိုင်း ပိဋကတ်အရှိ ဘုရားမိန့်မြွက်တဲ့အတိုင်း သိရှိအောင်သင်ယူတာက သစ္စဉာဏ်ပါ။ အဲဒါကို “သဒ္ဒတ္ထ”အရ အသံကိုလည်း အပြည့်အစုံ သဘောပေါက်ပြီ၊ “အဓိပ္ပာယတ္ထ”အရ ဒါဟာ ဘုရားဘာပြောတာပဲလို့လည်း သဘောပေါက်ပြီဆိုယင် ကိစ္စဉာဏ်လာရတယ်။ အဲဒီသဘောပေါက်ထားတဲ့ အတိုင်း လက်တွေ့ကျင့်သုံးယင် ကိစ္စဉာဏ်ဖြစ်တယ်။ အဲဒီကျင့်သုံးမှု ပြည့်စုံသွားပြီ နောက်ဆုံးကျတော့ မင်္ဂလာမှာ နောက်ဆုံးမှာ .. ဘာလည်းဆိုတော့ “အရိယာသစ္စာန ဒဿနံ နိဗ္ဗာန သစ္စိကိရိယာ စ ဧတံမင်္ဂလ မုတ္တမံ” ရောက်သွားပြီဆိုယင် အဲဒါ ကတဉာဏ်ရောက်သွားပြီ။ ကတဉာဏ်ဆိုတာ မင်္ဂလာတရားသုတ်က ညွှန်ကြားတဲ့အတိုင်း တို့ရဲ့လိုက်နာဖို့ရဲ့ကိစ္စ ပြီးသွားပြီ။ အဲတော့ ပြီးလား မပြီးဘူးလားသိအောင် ဘယ်ပေါ်မှာ မှတ်ကျောက်တင်သွားမလည်းဆို လောကဓံပေါ်မှာ မှတ်ကျောက်တင်ပေးပါတဲ့။ “ဖုဋ္ဌသ လောကဓမ္မေဟိ စိတ္တံ ယသ နကမ္ပတိ” ဒီပုဂ္ဂိုလ်ဟာ လောကဓံနဲ့ကြုံလို့ တုန်လှုပ်သလား မတုန်ဘူးလားကြည့် .. အဲ တုန်လှုပ်သေးတယ် ဆိုလို့ရှိယင်တော့ ခင်ဗျား ကတဉာဏ်မဟုတ်သေးဘူး။ ပြန်သွားဦး ကိစ္စ။ သဘောတရားမကျေညက်ယင် သစ္စဉာဏ်က ပြန်သင်ဦးပဲ။ အဲတကယ့် ကတဉာစ်ဖြစ်ပြီဆိုလို့ရှိယင် “ဖုဋ္ဌသ လောကဓမ္မေဟိ စိတ္တံ ယသ နကမ္ပတိ” လောကဓံမှတ်ကျောက်ပေါ်တင်ကြည့်တဲ့အခါ ဘယ်လိုမှမတွန့်တော့ဘူး။ ရွှေမှန်ယင် ငရဲမစားတော့သလို ဒီ ငရဲကြီးမယ့်ကိစ္စမျိုး ဘယ်တော့မှ မဖြစ်တော့ဘူး။ “အသောကံ” ဝမ်းနည်းပူဆွေးမှုတွေလည်း သောတာပန်မှာ နည်းနည်းလေးပူတယ်ဆိုယင်တောင် .. ဟို .. မိုးကုတ်ဆရာတော်ကြီးတို့ပြောသလို ပူဦးတောင် ပူကြောမရှည်တော့ဘူး။ ပူကြောကို ချက်ချင်းဖျက်ပစ်နိုင်တယ်။ ဘရိတ်ကောင်းကောင်းကို မိနေတဲ့ကားလိုကို ရပ်ပစ်လိုက်တယ်။ အဲဒါကြောင့်မို့ “အသောက” ဝမ်းနည်းပူဆွေးမှုတွေကလည်း (ဒါတောင်မှ အောက်အောက် အရိယာတွေကိုပြောတာပါ။ အပေါ်အရိယာတွေကတော့ “အသောကံ” ဝမ်းနည်းပူဆွေးမှုတွေ လုံးဝပြတ်ပြီ။)


ဘာြဖစ်လို့တုန်းဆိုတော့ “ဝိရဇံ”တဲ့၊ ကိလေသာအားလုံးတစ်ခုမှမှမရှိတော့ပဲနဲ့တဲ့ သူ့မှာ ပူဆွေးမှုဝမ်းနည်းမှု ဘယ်ရှိလိမ့်မတုန်း။ တကယ်တော့ ပူဆွေးဝမ်းနည်းမှုဆိုတာ အဘိဓမ္မာအလိုအတိုင်းပြောမယ်ဆိုယင် ဒေါသပါပဲ။ ဒေါသမှာ ၂ မျိုးရှိပါတယ်။ “ဆုတ်နစ်ဒေါသ” “တက်ကြွဒေါသ” ဆိုတာ ဆဲမယ် ဆူမယ် ရိုက်မယ် ပုတ်မယ်ဆိုတာက တက်ကြွဒေါသ။ ဝမ်းနည်းတယ်၊ ပူဆွေးတယ်၊ ကိုယ့်ရင်ဘတ်ကိုထုနေတယ်ဆို အဲတာ “ဆုတ်နစ်ဒေါသ”။ ဆုတ်နစ်ဒေါသဆိုတာ ဘာမှ ထောက်တည်ရာ အားကိုးရာမရှိလို့ စိတ်ဓာတ်ကျသွားတဲ့ သဘောပါပဲ။ အဲဒီလိုနည်းနဲ့ ငိုနေကြတဲ့အခါ တရားကိုယ်က ဒေါသပါပဲ။ သူ့ကိုကျတော့ ဆုတ်နစ်ဒေါသ ခေါ်ပါတယ်။ ဘယ်ဒေါသမှမကောင်းပါဘူး။ တက်ကြွဒေါသက သူများကို ထိခိုက်ပါတယ်။ ဆုတ်နစ်တာက ကိုယ့်အတွင်းမှာ လှိုက်ပူတဲ့အတွက် ကိုယ့်ကို မုတ်ချတိုက်ရိုက်ထိခိုက်ပါတယ်။ အဲလိုမဖြစ်ဘူးဆိုလိုရှိယင် “အသောကံ” “ဝိရဇံ” ကိလေသာတွေ မရှိလို့ရှိယင် “အသောက” စိုးရိမ်စိတ်လည်းမရှိဘူး။ ဒါဆိုဘာဖြစ်တုန်း “ခေမံ”တဲ့ ။ အားလုံးပြောပြောနေတဲ့ နိဗ္ဗာန်ချမ်းသာအစစ်ဆိုတာ အဲဒီကျမှ ချမ်းသာတာ။ အဲတော့ နိဗ္ဗာန်ကိုရောက်ယင် ဘာဖြစ်လည်းဆိုယင် “အသောက” ဝမ်းနည်းပူဆွေးမှု ဘယ်တော့မှ မဖြစ်တော့ဘူး။ “ဝိရဇံ” ဘာ ကိလေသာမှ မကျန်တော့ဘူး။ “ခေမ” အမြဲတမ်း အေးချမ်းနေတယ်ဆိုလို့ရှိယင် ကတဉာဏ်ရောက်သွားပါပြီ။ အဲတော့ ဒီသင်ခန်းစာ ဒီနေ့တော့ ဒီလောက်ပါပဲ။ အခုသင်ယူနေမှာဟာ သစ္စဉာဏ်ဖြစ်ပါတယ်။ ဘုရားဟောတဲ့အမှန်တွေကို အမှန်အတိုင်း သဘောပေါက်အောင်သင်မှာပါ။ သင်ပြီးလို့ရှိယင်လည်း မှတ်ထားပြီးတော့ သူများလိုက်ပြီးတော့ မခုတ်ပါနဲ့။ ကိစ္စဉာဏ်အားဖြင့် မိမိခန္ဓာကိုယ်ထဲက ကိလေသာတွေ တစ်ဖြည်းဖြည်းလျော့သွားအောင် ကိုယ်တိုင် ကိစ္စဆိုတာ လုပ်ရမယ့် တာဝန်ကို ကျေအောင်လုပ်ပါ။ ဘယ်ထိလုပ်ရမလည်းဆိုယင် “ကတဉာဏ်”လို့ခေါ်တဲ့ ကိစ္စပြီးတဲ့အထိ မင်္ဂလသုတ်က ပြတဲ့ သင်္ကေတအရဆိုယင်တော့ “ဖုဋ္ဌသ လောကဓမ္မေဟိ စိတ္တံ ယသ နကမ္ပတိ”အရ လောကဓံရှစ်ပါးတည်းဟုသော မှတ်ကျောက်ပေါ်တင်လိုက်တဲ့အခါမှာ ထင်းထင်းကြီးပေါ်နေပြီးတော့ မြုပ်သွားတာ၊ ငုတ်သွားတာ၊ ဆွေးသွားတာ ဘယ်တော့မှ မရှိတဲ့အထိ စိတ်ချရအောင် သင်ယူခြင်းဖြင့် ဗုဒ္ဓဘာသာတို့ရဲ့ အမြင့်ဆုံးရည်မှန်းချက်ပန်းတိုင် ဖြစ်သော ........ ကတဉာဏ်ရောက်ပြီဆိုယင်တော့ နိဗ္ဗာန်လည်း မျက်မှောက်ပြုပြီပေါ့ဗျာ။ အဲတော့ “ကတဉာဏ်”တိုင်အောင် “ကတံ ကရဏီယံ” ငါ့လုပ်ဖွယ်ကိစ္စတွေ တာဝန်ကျေစွာ လုပ်ဆောင်ပြီးပြီလို့ ကြွေးကြော်ခြင်းဖြင့် “ခေမံ” ချမ်းသာအစစ်ဖြစ်သော နိဗ္ဗာန်ကို “သစ္စိကရဏ” မျက်မှောက်ပြုနိုင်ကြတဲ့ သင်တန်းသားတွေ ဖြစ်ကြပါစေလို့ ပုပ္ပမင်္ဂလာအမှာစကား ဒီမှာပဲပြောရင်း နိဂုံးချုပ်ပါတယ်။


မေတ္တာဖြင့်a

Thein Naing Ohn(1.11.2021)



++++++++++++++++++++++++++++++++++++++++++++


မင်္ဂလသုတ္တံကို အဘိဓမ္မာအမြင် လူမှုဘဝအသိဖြင့်ချဉ်းကပ်ပို့ချခြင်း (Day 1) (ဓမ္မဂင်္ဂါဆရာတော်)

အဲတော့ ဆရာတော်ဘုရားကြီး သြဝါဒ ချီးမြှင့်တဲ့ မင်္ဂလာကထာပေါ့။ အဲတော့ ဒီ စာပေ သင်ယူတဲ့အခါ၊ များသောအားဖြင့်တော့ ဒီ ဓမ္မာစရိယတန်းမှာဆိုယင်တော့ အဲဒါကို သေချာပြောတာပေါ့။ “သဒ္ဒတ္ထ” “အဓိပ္ပာယတ္ထ” “ဘဝတ္ထ” ဆိုပြီးတော့ အဲဒါကို ဦးဇင်းတို့ သင်ကြရတာပေါ့။ အဓိက ကိစ္စတစ်ခု စာပေတစ်ခုကို လေ့လာတဲ့အခါမှာ ပထမဦးဆုံး “သဒ္ဒတ္ထ” ကိုနားလည်မယ်၊ နောက်တစ်ခုက “အဓိပ္ပာယတ္ထ” အဓိပ္ပါယ်ကို သဘောပေါက်မယ်။ နောက်ဆုံး ဘဝထဲမှာအသုံးချမယ် “ဘဝတ္ထ” အဲဒီလို သင်ကြရတာပေါ့။ သင်ကြတော့ ဒီနေ့ ဆရာတော်ကြီးကလည်း အဲဒါကို ပြောသွားတာပေါ့။ ပြောသွားတော့ လူတိုင်း လူတိုင်း ဦးဇင်းတို့ ဗုဒ္ဓဘာသာမှန်သမျှဟာ မင်္ဂလသုတ်နဲ့မကင်းဘူး။ မင်္ဂလသုတ်ကိုပဲ သင်ကြတယ်။ မင်္ဂလသုတ်နဲ့ပဲ ဘဝကို ဖြတ်သန်းကတယ်။ သို့သော် တကယ် ဘဝထဲမှာ ကျင့်သုံးမှုအပိုင်းမှာ မင်္ဂလာတကယ်ရှိရဲ့လားဆိုတာတော့ ဒီနေ့ပြောသလိုဆို ပြန်ပြီးတော့ မေးခွန်းထုတ်ရမှာပေါ့။ ကိုယ့်ကိုကိုယ် မင်္ဂလာရှိသလား၊ မင်္ဂလာမရှိဘူးလား။ ပြန်ပြီးတော့ မေးခွန်းမေးရမှာ အဲတော့ မင်္ဂလာရှိခြင်း မရှိခြင်းကို တိုင်းတာတဲ့ .. နော် .. ပေတံပေါ့... မြတ်စွာဘုရားက ဒီမင်္ဂလသုတ်နိဂုံးမှာ ဟောထားတယ်။


ရှေးရှေးမြန်မာဆရာတော်ဘုရားကြီးများကတော့ အဲဒီနိဂုံးအထိ မသွားတော့ပဲနဲ့။ နိဒါန်းမှာပဲ တစ်ခါထဲ ပြောလိုက်တယ်။ အဲဒါလေး ဦးဇင်းတို့ ကြည့်ကြရအောင်ပေါ့နော်။ ကြည့်တဲ့အခါမှာ ဒီအင်တာနက်ထဲမှာ မင်္ဂလသုတ်နဲ့ပတ်သက်ပြီးတော့ ရှာရဖွေရလည်း လွယ်ကူအောင်ပေ့ါ။ ဦးဇင်းတို့ အင်တာနက်ကို ကုသိုလ်ရအောင် အသုံးချနည်းပေါ့နော်။


ဒါကတော့ ဝီကီပီဒီယားထဲမှာ မင်္ဂလသုတ်နဲ့ပတ်သက်ပြီးတော့ ရှိနေတာ။ မင်္ဂလသုတ်လို့ ရိုက်ထည့်လိုက်ယင် အဲဒီမှာ ပါဠိတော်လည်းပါမယ်။ မြန်မာပြန်လည်းပါမယ်ပေါ့။ နောက်တစ်ခုက Suttacentral (https://suttacentral.net/) ဆိုပြီးတော့ ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ ကျမ်းစာတွေ အစုံပေါ့။ ထေရဝါဒလည်းပါတယ်၊ မဟာယာနလည်းပါတယ်။ ဂိုဏ်းပေါင်းစုံက ပိဋကတ်ကျမ်းစာတွေကို ဒီ ဝက်ဘ်ဆိုက်ထဲမှာ အကုန်မျှဝေပေးထားတယ်။ အဲဒီမှာ မြန်မာမူရှိတယ်။ ထိုင်းမူရှိမယ်။ သီရိလင်္ကာမူရှိမယ်။ ကမ္ဘောဒီယားရှိမယ် စသည်ဖြင့် မူပေါင်းများစွာပေါ့။ အဲဒါတွေ အကုန်ဒီမှာရနိုင်တယ်။

ပိဋကတ်သုံးပုံ ဦးဇင်းတို့ ဒီမှာ မင်္ဂလသုတ်က သုတ္တပိဋကထဲမှာပါတယ်။ သုတ္တပိဋကတ်ကြည့်တဲ့အခါမှာ နိကာယ်ငါးရပ်စလုံး ဒီသုတ္တပိဋကတ်ထဲမှာ အကျုံးဝင်နေတယ်။ ဒီဃနိကာယ်၊ မဇ္ဈိမနိကာယ်၊ သံယုတ္တနိကာယ်၊ အင်္ဂုတ္တရနိကာယ်၊ ခုဒ္ဒကနိကာယ် ဆိုပြီးတော့ နိကာယ်ငါးခုပေါ့။ အဲတော့ ဒီဃ မဇ္ဈိမ သံယုတ္တ အင်္ဂုတ္တရ ခုဒ္ဒက အဲဒီ ၅ ခုထဲမှာမှ အခု မင်္ဂလသုတ်က ခုဒ္ဒကနိကာယ်ထဲမှာ ပါတယ်။ ခုဒ္ဒကနိကာယ်ထဲမှာ ခုဒ္ဒကပါဋ္ဌဆိုတဲ့ ပထမဆုံကျမ်း ၊ ပြီးတော့ ဒီ သုတ္တနိပါတ လို့ခေါ်တဲ့ ကျမ်းထဲမှာလည်း မင်္ဂလသုတ် ၂ နေရာ ဦးဇင်းတို့ တွေ့ရမှာပေါ့။ ၂ခု စလုံးက ၂ နေရာ ကွဲပြားသော်လည်းပဲ၊ မူအားဖြင့်လည်း မကွဲဘူး၊ ဓမ္မအားဖြင့်လည်း မကွဲပါဘူး။


အဲတော့ မင်္ဂလသုတ် ဦးဇင်းတို့ ဒီမှာ မြန်မာနိုင်ငံမှာ ရွတ်နေတာက ရှေ့မှာ ၂ ဂါထာပါတယ်။ အဲဒီ ၂ ဂါထာက ဆရာတော်ကြီးတွေကနေပြီးတော့ ထပ်ဖြည့်ပြီးတော့ မင်္ဂလာတရားကို လောကထဲမှာ ထွန်းကားဖို့ အမြဲတမ်း ဆောင်ထားဖို့အတွက် “ဘဏာမဟေ” ဆိုတဲ့ စကားလုံးလေးတွေ ပါတဲ့ အပိုဒ်လေးတွေ ထပ်ထည့်ထားတယ်။ အဲဒါက ဘာဖြစ်လို့လည်းဆိုတော့ ရှေးရှေးခေတ်က အင်တာနက် ကွန်ပျူတာ စသည်ဖြင့် မရှိတဲ့အခါ စာပေကျမ်းဂန် ရေးသားဖို့ ပေစာ ပရပိုက်စာတွေ မထွန်းကားသေးတဲ့အခါ ဘာလုပ်ရလည်းဆိုတော့ ဆရာတော်တွေဟာ မိမိတို့ ကျက်မှတ်သင်ယူထားတဲ့ စာပေတွေကို အမြဲတမ်း ဆောင်ထားရတာ။ ဆောင်ထားတဲ့ အတွက်ကြောင့်မို့ Oral Tradition လို့ပြောရမှာပေါ့။ Oral Tradition လို့ခေါ်တဲ့ နှုတ်တိုက် သင်ယူပို့ချမှုပေါ့နော် ရှေးရှေးဆရာတော်ကြီးတွေ ဝီရိယကောင်းစွာ သတိကောင်းစွာ ပညာကောင်းစွာပေါ့။ ဆရာတပည့်တွေနော် ဆရာက ရှေ့ကနေပြီးတော့ နှုတ်တိုက် ပို့ချတယ်၊ တပည့်က နှုတ်တိုက် သင်ယူတယ်ပေါ့။ သင်ယူပို့ချမှု Oral Tradition နဲ့သွားတာ။ သွားတဲ့အခါကျတော့ အဲဒီမှာ ဦးဇင်းတို့ ပိဋကတ်သုံးပုံအောင်တဲ့ ဆရာတော်တွေ ဗမာနိုင်ငံမှာ များစွာထွန်းကားတယ်။ ထွန်းကားတဲ့အခါကျတော့ ဝိနယ၊ သုတ္တ၊ အဘိဓမ္မ ဆိုပြီးတော့ ဒီကျမ်းတွေကို အာဂုံဆောင်ကြရတာ။ အာဂုံဆောင်တဲ့အခါကျတော့ ဝိနယ ရဲ့နောက်မှာ “ဓရ” ဆိုတာလေး ကပ်ပြီးတော့ထည့်တယ်။ ဝိနယဓရပေါ့။ သုတ္တကျ‌တော့ နိကာယ်တွေများတဲ့အခါကျတော့ အဲဒီမှာ ဘာလုပ်လည်းဆိုယင် ဒီဃနိကာယ်ဆောင်တဲ့ပုဂ္ဂိုလ်ကို “ဒီဃဘာဏက” ဆိုပြီးတော့ “ဒီဃဘာဏက” “မဇ္ဈိမဘာဏက” စသည်ဖြင့် .. အဲတာ ဘာလည်းဆိုတော့ “ဓရ”ဆိုတာ ဆောင်တာ။ “ဘာဏက”ဆိုတာလည်း အတူတူပဲ၊ ရွတ်တဲ့ပုဂ္ဂိုလ်တွေ။ ဒီမှာကျတော့ အဘိဓမ္မကျ‌တော့ ပလပ်စ် ဦးဇင်းတို့ သဒ္ဒါနည်းနဲ့ပေါ့ .. ဣက ဆိုတာလေး ဆက်ပေးတဲ့အခါမှာ “အာဘိဓမ္မိက”လို့ ရှေ့က “အ” အသံလေးကို အရှည်ပြုပြီးတော့ “အာ” လို့ပြောပြီးတော့ “အာဘိဓမ္မိက” ။


အဲတော့ “ဝိနယဓရ” ဝိနည်းကိုဆောင်တယ်။ သုတ္တမှာ နိကာယ်ငါးရပ် ရှိတဲ့အခါမှာ ဒီဃ ကိုဆောင်ရင် ဒီဃဘာဏက၊ မစ္ဈိမကိုဆောင်ရင် မစ္ဈိမဘာဏက စသည်ဖြင့် ဘာဏက .. ဘာဏက ... အခု သြဝါဒပေးသွားတဲ့ ဆရာတော်ကြီးက “ဒီဃဘာဏက” ဆရာတော်ကြီး(ဓမ္မဘေရီဆရာတော်ကြီးကိုဆိုလို)။ ကျမ်းသုံးကျမ်းကို ဒီဃနိကာယ်မှာ ရှိတဲ့ ကျမ်းသုံးကျမ်းကို အာဂုံဆောင်တဲ့အတွက်ကြောင့်မို့ ပိဋကတ်တစ်ပုံဆောင် ဆရာတော်ပေါ့။ အဲတော့ ဒီမှာ အဘိဓမ္မပိဋကတ်ကိုအာဂုံဆောင်တဲ့ပုဂ္ဂိုလ်တွေကိုတော့ “အာဘိဓမ္မိက” ဆိုပြီးတော့ ဒီလိုပြောတယ်။ နှုတ်တိုက်အာဂုံဆောင်ရုံမကပဲနဲ့ ရေးဖြေသဘောတရားရေးပါ ကျွမ်းကျင်သွားယင်တော့ သူ့ကို “ကောဝိဒ” လို့ခေါ်တယ်။ “ဝိနယဓရ” “ဝိနယကောဝိဒ” “ဒီဃနိကာယ” “ဒီဃဘာဏကကောဝိဒ” နော် “အာဘိဓမ္မိက” “အာဘိဓမ္မိကကောဝိဒ” စသည်ဖြင့် အဲဒီလို ကျွမ်းကျင်လိမ္မာသွားတဲ့ အဆင့်ကို သူက နှုတ်တိုက်အာဂုံဆောင်နိုင်ရုံမကတော့ပဲနဲ့ ဒီပုဂ္ဂိုလ်ဟာ ဒီကျမ်းတွေနဲ့ပတ်သက်ယင် အကုန်လုံး ဆရာတစ်ဆူဖြစ်သွားပြီ။ အသုံးချပညာအထိရောက်သွားပြီ။ ဒီလိုပြောတာပေ့ါ။


အဲတော့ အခု ဦးဇင်းတို့ မင်္ဂလသုတ်ကို သင်တဲ့အခါမှာ မင်္ဂလသုတ်မှာ “ဘဏာမ‌ဟေ” ဆိုပြီးတော့ပြောတယ်။ “ဘဏာမ” ရွတ်ကြကုန်စို့ဆိုတော့ ဦးဇင်းတို့က ရွတ်တဲ့ ပုဂ္ဂိုလ်တွေဖြစ်နေကြပြီ။ မင်္ဂလသုတ်ကိုဆောင်တဲ့ ပုဂ္ဂိုလ်တွေ၊ “မင်္ဂလဘာဏက” တွေပေါ့။ အဲတော့ “ဘာဏက” အဆင့်ကနေ “ကောဝိဒ” အဆင့်ကို သွားရတော့မှာ .. ဘဝထဲမှာ အသုံးချဖို့ နော် .. မင်္ဂလကောဝိဒပုဂ္ဂိုလ်တွေဖြစ်ဖို့ မင်္ဂလာနဲ့ပတ်သက်ပြီးတော့ ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေ အဲဒါကို ဒီသင်တန်းကနေ ဆွေးနွေးပြီးတော့ .... ဘာဖြစ်လို့တုန်းဆို မင်္ဂလာနဲ့ပတ်သက်ပြီးတော့ များသောအားဖြင့် ပါဠိလည်းရတယ်၊ အနက်လည်းရတယ်။ အဓိပ္ပါယ်လည်း သိတယ်။ ဒါပေမယ့် ဒီ “ကောဝိဒ” ဖြစ်မဖြစ်ကိစ္စကျတော့ ဦးဇင်းတို့ ကိုယ်တိုင်ပြန်ပြီးတော့ ဆန်းစစ်ဖို့ နော် မေးခွန်းထုတ်ဖို့ လိုလာပြီ။


အဲတော့ ဒီမှာ မင်္ဂလသုတ်နဲ့ပတ်သက်ပြီးတော့

၁။ ယံ မင်္ဂလံ ဒွါဒသဟိ၊ စိန္တယိံသု သဒေဝကာ၊ သောတ္ထာနံ နာဓိဂစ္ဆန္တိ၊ အဋ္ဌတ္တိံ သဉ္စ မင်္ဂလံ။

၂။ ဒေသိတံ ဒေဝဒေဝေန၊ သဗ္ဗပါပဝိနာသနံ။ သဗ္ဗလောက ဟိတတ္ထာယ၊ မင်္ဂလံ တံ ပဏာမ ဟေ။

အဲဒီမှာ ဦးဇင်းတို့ ပရိတ်သတ်တွေ ဒီစကားလုံးလေးတွေကို ယူထားပါ။ “သောတ္ထာနံ” ဆိုတဲ့ စကားလုံးရယ်၊ “သဗ္ဗပါပဝိနာသနံ”ဆိုတဲ့ စကားလုံးရယ်။ “သဗ္ဗလောက ဟိတတ္ထာယ”ဆိုတဲ့ စကားလုံးရယ် အဲဒီစကားလုံး သုံးလုံးကို ကိုယ့်ရဲ့မှတ်စုထဲမှာ ချရေးမယ်။


နောက်တစ်ခုအဆုံးမှာ -

၁၅။ ဧတာဒိသာနိ ကတွာန၊ သဗ္ဗတ္ထ အပရာဇိတာ။ သဗ္ဗတ္ထ သောတ္ထိံ ဂစ္ဆန္တိ၊ တံ တေသံ မင်္ဂလ မုတ္တမံ။

အဲဒီမှာ “အပရာဇိတာ” ဆိုတဲ့ စကားလုံးရယ်၊ “သောတ္ထိ”ဆိုတဲ့ စကားလုံးရယ် ချရေးပါ။

အဲတော့ မင်္ဂလသုတ်ကို ဦးဇင်းတို့ လေ့လာကြတဲ့အခါမှာ နော် ပထမဆုံးတွေ့ရတဲ့ ဂါထာ “ယံ မင်္ဂလံ ဒွါဒသဟိ၊” နံပါတ်(၁)၊ နံပါတ်(၂)က “ဒေသိတံ ဒေဝဒေဝေန၊” အဲဒီ ဂါထာ ၂ ဂါထာက မင်္ဂလသုတ်မူရင်းမှာ မပါပါဘူး။ ဒါက ဦးဇင်းတို့ ရှေးမြန်မာဆရာတော်ဘုရားကြီးများက မင်္ဂလသုတ်အမွှန်းဆိုပြီးတော့ ရေးခဲ့တာ။ ဘာကိုကြည့်ပြီးတော့ ရေးခဲ့လည်းဆိုတော့ မြတ်စွာဘုရားဟောတဲ့ ဒေသနာထဲမှာပါတဲ့ “သဗ္ဗတ္ထ အပရာဇိတာ” နဲ့ “သဗ္ဗတ္ထ သောတ္ထိံ”ဆိုတဲ့ စကားလုံးကို ယူပြီးတော့ ဒီမှာ အမွှန်းမှာ ရေးထားတာပါ။


ပထမဆုံး မင်္ဂလသုတ်ကို သင်ကြတဲ့အခါမှာ “ဧဝံ မေ သုတံ” ဆိုတဲ့ စကားလုံးလေးဟာတဲ့ အလွန်လှပတယ်။ သုတ္တန်တရားတွေရဲ့ထိပ်ဆုံးမှာ အမြဲတမ်းပါလေ့ရှိတယ်။ ဧဝံ - ဤသို့၊ မေ - မေအား၊ ကျွန်ုပ်အာနန္ဒာသည်၊ သုတံ - ကြားနာခဲ့ရပါ၏။ အဓိပ္ပါယ်ကတော့ ဒါပါပဲ။

“ကျွန်ုပ်အာနန္ဒာ ဒီလို ကြားနာခဲ့ရပါတယ်” ဒီမှာ - This is what I heard: အဲဒီစကားလုံးလေး အဲဒါကို ပါဠိလို ရေးတော့ “ဧဝံ မေ သုတံ” အင်္ဂလိပ်လိုကတော့ This is what I heard: ကျွန်ုပ်ဒီလိုကြားခဲ့ဖူးပါတယ်။ အဲဒါကို အဋ္ဌကထာတွေဖွင့်တဲ့အခါမှာ ဦးဇင်း တအားကို ချစ်သွားတာ။ ဟာ .. တော်တော် ကောင်းတာပဲလို့


ဘာပြောလည်းဆိုတော့ ဒီစကားလုံးလေးဟာတဲ့ ရှင်အာနန္ဒာရဲ့ ရိုးသားမှုကိုပြတာပါတဲ့။ ရှင်အာနန္ဒာရဲ့ ရိုးသားမှု .... ဘယ်လိုလည်းဆိုတော့တဲ့ မြတ်စွာဘုရားထံကနေပြီးတော့ သူဟာ ကြားနာမှတ်သားခဲ့ရတယ်။ မှတ်သားခဲ့ရတဲ့အတိုင်းပဲ သူဟာ ပြန်ပြီးတော့ အရှင်ဘုရားတို့ကို လျှောက်နေတာပါ။ “ဧဝံ မေ သုတံ” ဆိုပြီးတော့ လျှောက်နေတာပါတဲ့။


အဲတော့ ဦးဇင်းတို့ ဒီနေ့ခေတ်မှာ မူပိုင်ခွင့်ကိစ္စတွေ ကော်ပီရိုက်ကိစ္စတွေပြောတဲ့အခါမှာ နော် .. ရှင်အာနန္ဒက အဲဒါကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ထဲက သေသေချာချာကို လုပ်ခဲ့တယ်။ တစ်ခုခုနော် သူတစ်ပါးဆီကနေ မှီငြမ်းမယ်၊ ကိုးကားမယ်၊ နော် အဲဒါကို အသုံးပြုမယ်ဆိုယင် ဒီနေ့ခေတ်မှာ ဦးဇင်းတို့ ဘာလုပ်လဲ Credit ပေးတယ်နော် .. အဲဒါဟာ “ဧဝံ မေ သုတံ” သည် CRD လုပ်တာပါလို့ပြောတယ်နော်။ Credit ပေးတာပါတဲ့။ အဲတော့ အဲလိုပေးလိုက်ခြင်းအားဖြင့် ရှင်အာနန္ဒာရဲ့ သူတော်ကောင်းစိတ်ကိုဖော်ပြနေပါတယ်။ ပြီးယင် ဒီတရားတွေဟာ ဘုရားရှင်ကိုယ်တော်တိုင် ဟောကြားထားတယ်၊ ဘုရားရှင်ကို သိမှီလိုက်တဲ့ ရှင်အာနန္ဒာကို ကိုယ်တိုင်ကပြောနေတဲ့အတွက် ဒါဟာ ယုံကြည်ထိုက်တယ်ဆိုတာလည်း ဦးဇင်းတို့ ဖော်ပြနေပါတယ်။ အဋ္ဌကထာမှာ အများကြီး “ဧဝံ မေ သုတံ” ကို အများကြီးဖွင့်တာ။ “ဧဝံ မေ သုတံ” ရဲ့အလှတွေပေါ့နော်။ အဓိကကတော့ ရှင်အာနန္ဒာရဲ့ ရိုးသားမှု ၊ သူဟာတဲ့ ဒါ သူ့တရားမဟုတ်ပါဘူးတဲ့ သူသိတဲ့ သူကိုယ်တိုင်ဖော်ထုတ်ထားတဲ့ တရားမဟုတ်ပါဘူး .. မြတ်စွာဘုရားဟောထားတဲ့ တရား။ ဒါဟာ ဒီနေ့ခေတ်မှာ Credit ပေးတဲ့ ယဉ်ကျေးမှုကို ရှင်အာနန္ဒာက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅ ရာစု ကာလကထည်းက ဦးဇင်းတို့ကို သင်ကြားခဲ့တာ။ ဦးဇင်းတို့က တရားကို ခိုးလို့မရဘူး။ အဲတော့ ပြောရမယ်ဆိုယင် ငါ့တရားလုပ်လို့မရဘူး။ ဘုရားတရား။ ဦးဇင်းလွန်ခဲ့တဲ့ အဘိဓမ္မာသင်တန်းမှာလည်း ပြောခဲ့တယ်။ “သမ္မာသမ္ဗုဒ္ဓ”တရား။ ကိုယ်တော်တိုင် မှန်ကန်စွာ သိတော်မူတဲ့ မြတ်စွာဘုရား။ သူတစ်ပါးထည်းပဲ ကြွေးကြော်ခွင့်ရှိတယ်။ ဦးဇင်းတို့က ကြွေးကြော်ခွင့် မရှိဘူး။ အဲတော့ တရားတွေ တရားတွေကို မူပိုင်ခွင့် လုပ်ခွင့်မရှိဘူး။ “ဧဝံ မေ သုတံ” နဲ့ပဲ သွားရမယ်လို့ ပြောတာ။


အဲဒါနဲ့ပတ်သက်ပြီးတော့ စာပေထဲမှာ ဖွင့်ထားတာတွေအများကြီးပါ။ ဒါပေမယ့် ဒီနေ့တော့ ဒီလောက်ပါပဲ။ အဲတော့ ရှေ့ဆက်ပြီးတော့ သွားမယ်ဆိုရင် -- နောက်ဆုံးဂါထာမှာ

၁၅။ ဧတာဒိသာနိ ကတွာန၊ သဗ္ဗတ္ထ အပရာဇိတာ။ သဗ္ဗတ္ထ သောတ္ထိံ ဂစ္ဆန္တိ၊ တံ တေသံ မင်္ဂလ မုတ္တမံ။

ဆိုတာကို ဒီမှာ ဖွင့်ထားတယ်။

suttacentral.net/kp5/en/anandajoti


“Having done as here directed,

being undefeated everywhere,

they go everywhere in safety:

for them this is a supreme blessing.”


အဲဒီမှာ undefeated ဆိုတဲ့ စကားလုံးလေးကို ပြောချင်တာ။ ပြောချင်တော့ မြတ်စွာဘုရားက မင်္ဂလာတရားကို မင်းတို့ အားထုတ်ကြပြီ သင်ယူကြပြီဆိုယင် ငါ အာမခံနိုင်တာ ၂ခု ရှိတယ်တဲ့။ ဘာလည်းဆိုယင် “အပရာဇိတာ” ရယ်၊ “သောတ္ထိ”ရယ်တဲ့။


အဲတော့ မြတ်စွာဘုရားက ဒီမင်္ဂလသုတ်ကို ဟောကြားတဲ့အခါမှာ နောက်ဆုံးပိတ် အာမခံချက် ၂ခု ပေးတယ်။ ဘာလည်းဆိုယင်တဲ့ “အ+ပရာဇိတ” “ပရာဇိတ” ဆိုတာ ရှုံးနိမ့်သူကိုပြောတာ။ အဲတော့ ကိုယ့်ကိုကိုယ် ပြန်ပြီးတော့ ကြည့်ပါတဲ့။ မင်းဟာ ရှုံးနိမ့်သူလား၊ အောင်မြင်သူလား။ အဲတော့ မြတ်စွာဘုရားက ဒီမင်္ဂလာတရား မင်းတို့ သင်ယူပြီးတော့ လက်တွေ့ဘဝမှာ အသုံးချမယ်ဆိုယင် မြတ်စွာဘုရားက အာမခံချက် ၂မျိုး ပေးပါတယ်တဲ့။ နံပါတ်(၁)က “အပရာဇိတ” ၊ “အပရာဇိတ” ဆိုတဲ့ စကားလုံးက (အ+ပရာဇိတ) ၊ ပရာဇိတ ဆိုတာက Loser ပေါ့။ ရှုံးနိမ့်တဲ့ပုဂ္ဂိုလ်။ နောက်တစ်ခုက “သောတ္ထိ” ၊ အဲဒီ ၂ခု ငါ အာမခံတယ်။ “ပရာဇိတ”ရှုံးနိမ့်သူ၊ “အပရာဇိတ” မင်း ဘယ်တော့မှ မရှုံးနိမ့်စေရဘူး။ ရှုံးနိမ့်သူ မဖြစ်စေရဘူး။ နောက်တစ်ခုက မင်း Happiness ၊ “သောတ္ထိ”က ဒီမှာ Happiness နော်။ ပြောမယ်ဆိုယင် “winner” ဖြစ်စေရမယ်၊ ပြီးယင် မင်း “Happiness” ရစေရမယ်။ မင်းတို့ ဒီမင်္ဂလာတရားကို သင်ယူလေ့လာ အားထုတ်တဲ့ပုဂ္ဂိုလ်တွေ နေ့စဉ်ဘဝမှာ အသုံးချတဲ့ပုဂ္ဂိုလ်တွေဟာ ဘယ်တော့မှ ရှုံးနိမ့်သူ မဖြစ်စေရဘူး။ အောင်နိုင်သူဖြစ်စေရမယ်။


နောက်တစ်ခု “သောတ္ထိ”လို့ခေါ်တဲ့ “Happiness” ပျော်ရွှင်မှုကို မင်းတို့ အမှန်တကယ်ရစေရမယ်။ အဲတော့ ရှုံးနိမ့်သူ၊ အောင်နိုင်သူဆိုတဲ့ ကိစ္စ ပြောတဲ့အခါမှာ မင်္ဂလသုတ်ရဲ့ အဋ္ဌကထာတွေက ... အဲတော့

ရှုံးနိမ့်သူနဲ့အောင်နိုင်သူကို ခွဲတဲ့အခါမှာ မြတ်စွာဘုရားကတော့ မြတ်စွာဘုရားအမြင်နဲ့ခွဲတာပေါ့။ ခွဲတဲ့အခါမှာတဲ့ ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ တိုက်ခိုက်နေရတဲ့ ရန်သူတဲ့ နံပါတ်(၁)က ခန္ဓာတဲ့။ အဲဒီ ခန္ဓာနဲ့ပတ်သက်ပြီးတော့ ကိုယ်ဟာ အောင်နိုင်သူလား။ ခန္ဓာကပေးသမျှ ဒုက္ခတွေကိုခံနေရတယ်။ ခံတဲ့အခါမှာ မင်းဟာ ခန္ဓာနဲ့ပတ်သက်တဲ့ ကိစ္စတွေမှာ သည်းမခံနိုင်တဲ့သူဆိုယင် မင်းဟာ Loser ပဲတဲ့။ နောက်တစ်ခုက “ကိလေသာ”နဲ့ပတ်သက်ပြီးတော့ ရှုံးနိမ့်တာတဲ့။ Mental Defilements လို့ခေါ်တယ်။ ပြောရမယ်ဆိုယင် အကုသိုလ်စိတ်ပိုင်းဆိုင်ရာ အညစ်အကြေးတွေ၊ ကိလေသာဆိုတာ တစ်ခြားမဟုတ်ဘူး။ ကိုယ့်စိတ်မှာ အမြဲတမ်း ဝန်ထုပ်ဝန်ပိုး တစ်ခုလို လေးနေတဲ့အရာတွေဟာ ကိလေသာတွေပဲနော်။ ကိုယ့်စိတ်ထဲမှာ လောင်မြိုက်နေတဲ့ အရာတွေဟာ ကိလေသာတွေပဲ။ အဲဒီ ကိလေသာတွေ ရှိနေတဲ့အတွက်ကြောင့်မို့ ကိုယ်ဟာတဲ့ တစ်နည်းနည်းနဲ့ ရှုံးနိမ့်သူ ဖြစ်နေတာ။ အကုသိုလ်စေတသိက် ၁၄ ပါးကိုပြန်ပြီးတော့ကြည့်နော် အဲဒီမှာ အဘိဓမ္မာနဲ့မရင်းနှီးသူတွေကတော့ မနက်ဖြန်ကျယင် ပြောပေးပါမယ်။ ကိလေသာဆိုတာ အဲဒီလို လောဘ၊ ဒေါသ၊ မောဟလို့ဆိုတဲ့ ကိုယ့်ကို ဒုက္ခပေးနေတဲ့ စိတ်တွေ၊ ပြီးတော့ မနာလိုတဲ့စိတ်တွေ၊ ဝန်တိုတဲ့ စိတ်တွေ၊ နောက် နောင်တ တရားတွေ အဲဒါတွေက Defilements ဖြစ်နေတာ။

(၁) ပထမက “ခန္ဓာ”

(၂) ဒုတိယက “relation”

မင်္ဂလာတရားကတော့ “winner” ဖြစ်စေရမယ်တဲ့။

နောက်တစ်ခုက နံပါတ်(၃) အဘိသင်္ခါရ

ဒီအဘိသင်္ခါရကတော့ မင်္ဂလသုတ် တစ်ပတ်လည်တဲ့အခါမှာ ဦးဇင်းပြန်ရှင်းပြပါမယ်။

အပရာဇိတပြီးတော့ “သောတ္ထိ”လို့သုံးတယ်။ “သောတ္ထိ”ဆိုတာ Happiness လို့ပြောတာ။ “သောတ္ထိ” Happiness က ဘာနဲ့ပျော်တာလဲ။ အပျော်က သောမနဿဝေဒနာ ဖြစ်တဲ့အခါမှာ ဘာ သောမနဿလဲ။ အကုသိုလ်သောမနဿလား၊ ကုသိုလ်သောမနဿလား၊ ပြီးယင် ဝိပါက်မှာလည်းပဲ သောမနဿ၊ ကြိယာမှာလည်းပဲ သောမနဿ ဆိုပြီးတော့ ဒါ အဘိဓမ္မာနဲ့ပြောတာပေ့ါ။ အဲတော့ ဒီမှာ ‌ရောက်နေတဲ့သူတွေက အကုသိုလ်၊ ကုသိုလ်ရောထွေးနေတဲ့ လောကကြီးထဲကို ဖြတ်သန်းနေကြတာ။


အဲတော့ အကုသိုလ်သောမနဿဆိုယင်တဲ့ ပျော်တာတော့ပျော်တယ်၊ သူက ဘာနဲ့ရောနေလည်းဆိုတော့ ဒိဋ္ဌိ(မိစ္ဆာဒိဋ္ဌိပါနေတယ်)၊ ပြီးယင် (မာန) ပါတယ်။ ပြီးယင် လောဘ ပါတယ်။ လောဘကို တနည်းပြောမယ်ဆိုယင်တော့ တဏှာပေါ့။ အဲတော့ ပျော်နေတယ်။ ပျော်တဲ့အခါမှာ ဘာနဲ့ပျော်လည်းဆိုတော့ Happiness တော့ Happiness ပဲ။ ဒါပေမယ့် တဏှာနဲ့ပျော်နေတာ။ ဒိဋ္ဌိနဲ့ပျော်တာ။ မာနနဲ့ပျော်နေတာ။ ပျော်တော့ ပျော်တယ်။ ပျော်တဲ့ အဲဒီအပျော်ဟာ ကုသိုလ်မဟုတ်ဘူးဆိုယင် ပြဿနာက (မိစ္ဆာဒိဋ္ဌိ)ကပြဿနာ။ အဲဒီအပျော်က ဒိဋ္ဌိနဲ့ရောနေတဲ့အပျော်။ ဒိဋ္ဌိက တစ်ခြားမဟုတ်ဘူး။ ငါလုပ်သမျှအမှန်။ အဲတော့ မှားတာကို မှန်တယ်လို့ ထင်နေတယ်။ အဲဒါဆိုယင် သူဟာ မိစ္ဆာဒိဋ္ဌိဖြစ်နေပြီ။


ပြောရမယ်ဆိုယင် အဘိဓမ္မာမှာ အပြစ်အကြီးဆုံး ပဉ္စာနန္ဒရိယကံဆိုတာရှိတယ်။ ပြီးတော့ နိယတမိစ္ဆာဒိဋ္ဌိ ဆိုတာ ရှိတယ်။ အဲဒါအရေးကြီးတယ်နော်။ ကိုယ့်ရဲ့အပျော်ဟာ ဘယ်လိုဟာနဲ့ပျော်နေတာလဲ။ ပဉ္စာနန္ဒရိယကံက ကံကြီး ၅ပါး လို့ခေါ်တယ်။

(၁) အမေသတ်

(၂) အဖေကိုသတ်

(၃) ရဟန္တာကိုသတ်

(၄) ဘုရားရှင်ကို သွေးစိမ်းတည်အောင် စော်ကားတာ

(၅) သံဃာသင်းခွဲတာ

ဒီကံကြီး ၅ပါးဟာ ဂရုကကံလို့ခေါ်တာ။ ဂရုကကံဆိုတာ ပြင်လို့မရဘူး။ ဘာကြောင့်လည်းဆို မိမိကို ဘဝပေးထားတဲ့ပုဂ္ဂိုလ်တွေ

‌နောက်တစ်ခုက နိယတမိစ္ဆာဒိဋ္ဌိ ၊ ပြောရမယ်ဆိုယင်တော့ အကြောင်းအကျိုး ကံတရားကို ပယ်လိုက်တဲ့ ဒိဋ္ဌိ။ ပြောချင်တာက အမှားတွေများတဲ့ပုဂ္ဂိုလ်က အဲလို ဒိဋ္ဌိကိုယူတယ်။ အဲတော့ ပဉ္စာနန္ဒရိယကံ + နိယတမိစ္ဆာဒိဋ္ဌ အပျော်ဟာ တကယ်အပျော်အစစ်ဟုတ်ရဲ့လားနော်။ အဲဒီမှာ ရှေ့မှာ အကုသိုလ်သောမနဿလို့ခေါ်တယ်။ အဲတော့ ဦးဇင်းတို့ ဒီမှာရှိနေတဲ့ပုဂ္ဂိုလ်တွေက သောတ္ထိတော့ သောတ္ထိ ဖြစ်ရမယ်။ ပထမ ပုထုဇဉ်တို့ အောက်အောက် အရိယာပုဂ္ဂိုလ်တို့ရဲ့ အပျော်က ကုသိုလ်သောမနဿဖြစ်ရမယ်။ ကုသိုလ်နဲ့ပတ်သက်တဲ့ စေတသိက်တွေ (၂၅)ပါး ရှိတယ်။ သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာ၊ ဟိရိသြတ္တပ စသည် .... ဖြင့် သူတော်ကောင်းတရားတွေ နေ့စဉ်ဘဝမှာ အားထုတ်ပြီးတော့ ပျော်နေတဲ့အပျော်မျိုး။ နောက်ကျယင်တော့ ရဟန္တာပုဂ္ဂိုလ်တွေရဲ့ပျော်ရွှင်မှုမျိုးပေါ့။ ကြိယာဖြစ်သွားဖို့ အဲဒီအဆင့်သွားကြမှာ အဲတော့ မြတ်စွာဘုရားက အာမခံတယ်။ မင်းတို့ ဟောဒီ ကုသိုလ်သောမနဿ ဘဝထဲမှာပျော်ပါ။ ပျော်တဲ့အခါမှာ မင်းအပျော်ဟာ ကုသိုလ်သောမနဿဖြစ်ရမယ်။


ပြီးတော့ ဟောဒီ မင်္ဂလာတရားတွေအားထုတ်တဲ့အတွက် မင်းရဲ့ ကုသိုလ်၊ မင်းရဲ့ အပျော်ဟာ တကယ့်ကို ဉာဏသမ္ပယုတ်ကုသိုလ်။ အဲဒီလို ဉာဏ်နဲ့ပျော်နေတယ်ဆိုယင် မင်းဟာ မင်္ဂလာရှိတယ်လို့ပြောတာ။ အဲတော့ သောတ္ထိကို တစ်ကမ္ဘာလုံးက လိုချင်ပါတယ်တဲ့။ မင်းတို့ Happiness ကိုရှာမယ်ဆိုယင်တော့ Happiness ကို ရဖို့ ငါ အာမခံနိုင်တယ်။ ဘာလုပ်ရမှာလည်းဆိုတော့ “ဧတာဒိသာနိ ကတွာန၊ သဗ္ဗတ္ထ မပရာဇိတာ။” ကတွာန ထိရောက်အောင် သွားရမှာလို့ ပြောတာ။ အဲတော့ ဒီနေ့တော့ ဒီလောက်ပဲ မိတ်ဆက်အနေနဲ့သွားကျမယ်။ အဲတော့ မြတ်စွာဘုရားက အာမခံချက် ၂ ခုနဲ့ပဲ ရဲရဲကြီးဟောပါတယ်။

နံပါတ်(၁)က “အပရာဇိတ” မင်း ဒီမင်္ဂလာတရားကို အားထုတ်လို့ မရှုံးစေရဘူး။ နောက်တစ်ခုက “သောတ္ထိ” Happiness မင်း လိုချင်နေတဲ့ Happiness ရစေရမယ်။


(Day-1) ပြီးပါပြီ။

ကိုယ်စိတ်နှစ်ဖြာချမ်းသာကြပါစေ။

Thein Naing Ohn(2.11.2021)


+++++++++++++++++++++++++++++++++++++

မင်္ဂလသုတ္တံကို အဘိဓမ္မာအမြင် လူမှုဘဝအသိဖြင့်ချဉ်းကပ်ပို့ချခြင်း (Day 2) (ဓမ္မဂင်္ဂါဆရာတော်)

ဦးဇင်းတို့ ခန္ဓပြဿနာ၊ ကိလေသာပြဿနာ ဆိုပြီးတော့ ပြောတယ် .. ဒုတိယအဆင့် အဲဒီပြဿနာက မိမိနဲ့ မိမိပတ်ဝန်းကျင်အဆင်မပြေဘူးဆိုယင် ကိလေသာပြဿနာရှိနေတယ်လို့ အဓိပ္ပါယ်ရတယ်။ အဲတော့ Delusion ဦးဇင်းတို့ ပုထုဇဉ်မှန်သမျှရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်က မောဟပဲ။ ပုထုဇဉ်ဖြစ်နေခြင်းဟာ မောဟရှိနေလို့ပဲ။ နောက်တစ်ခုက Shamelessness လို့ခေါ်တယ် .. အဟိရိက၊ အရှက်မရှိ အရှက်မဲ့တဲ့ ကိစ္စ။ အဲဒီမှာတဲ့ ဘဝမှာ နေ့စဉ် ပြောနေတယ် ပြုမူနေတယ် ကြံစည်နေတယ်၊ ကာယကံ ဝစီကံ မနောကံနဲ့ ပတ်သက်ယင် ဒုစရိုက်တွေကို ပြုလုပ်ရမှာကို မရှက်ဘူးဆိုယင်တဲ့ Shamelessness အဟိရိက။ နောက်တစ်ခုက Fearlessness of wrong အမှားတွေ လုပ်တဲ့ ကိစ္စမှာ မကြောက်ပါဘူးတဲ့။ ဘာကိုမှ မလုပ်ရဲဘူးဆိုတာ မရှိဘူး။ နောက်တစ်ခုက Restlessness ဥဒ္ဓစ္စဆိုတာက စိတ်က ပျံ့လွင့်နေတာ၊ ရှေ့မှာရှိနေတဲ့ အကုသိုလ်တွေ ရှိနေပြီဆိုယင်တဲ့ ဒီဟာက အလိုလိုနေရင်းနဲ့ ရောက်လာပါတယ်တဲ့။ Restlessness စိတ်က မတည်ငြိမ်ဘူး။ နောက်တစ်ခုက Greed လောဘ၊ လောဘဟာလည်းပဲ ဦးဇင်းတို့ လွန်ခဲ့တဲ့ အဘိဓမ္မာသင်တန်းမှာကတော့ ပြောခဲ့တယ်။ လောဘက ရှိသင့် ရှိထိုက်တဲ့ လောဘ ... အမှန်တကယ်ကတော့ အရိယာပုဂ္ဂိုလ်တွေအတွက်ကတော့ လောဘဆိုတာ ရှိကို မရှိသင့်ဘူး။ သို့သော် ဦးဇင်းတို့က လောကထဲမှာ နေတဲ့အတွက် လောကကလည်း တစ်ခြားမဟုတ်ဘူး၊ ကာမလောကကြီးမှာနေတဲ့အတွက် ကာမလောကမှာနေယင် ကာမနဲ့ပတ်သက်တဲ့ ‌လောဘ မရှိယင် သေသွားမှာပေါ့တဲ့ .. အဲတော့ လောဘ Greed ရှိပါတယ်။ သို့သော် အဲဒီမှာ လောဘရဲ့ရှေ့မှာ စကားလုံးလေး တစ်လုံး ထပ်မတိုးပါစေနဲ့ ... ဝိသမလောဘ .. ဟုတ်ပြီနော်။ လောဘတော့ လောဘပဲ လိုချင်တယ် လာဘ၊ Basic Need လို့ခေါ်တဲ့ အခြေခံ စားဝတ်နေရေးတွေ ကျန်းမာရေးတွေ ရှိသင့်တာပေါ့။ ဒါကိုမှ မရှိယင် ဒါကိုမှ မရှာယင် မင်းသေသွားမှာပေါ့။ ရဟန်းဆိုယင်လည်းပဲ ဘုရားကပြောတယ် .. သပိတ်ပြည့်စုံပါ၏‌လော .. သင်္ကန်းပြည့်စုံပါ၏လောလို့ ဒီလိုမေးခွန်းမေးတယ်။ သပိတ်နဲ့သင်္ကန်း ပြည့်စုံပြီဆိုယင် .. ပြောရမယ်ဆိုယင် ဝတ်စရာရှိတယ်၊ စားစရာရှိတယ်၊ ဆေးရှိတယ်၊ ကျောင်းကတော့ သစ်ပင်‌အောက်မှာနေပေါ့ကွာ ဒီလို .. အဲတော့ ရဟန်းတွေကိုလည်း ဆွမ်း သင်္ကန်း ကျောင်း ဆေး ပစ္စည်းလေးပါး အဲဒါကို လာဘလို့ခေါ်တယ်။ အဲဒီထက်ပိုပြီးတော့ မင်းတော်ရင်တော်သလို ထူးချွန်ရင်ထူးချွန်သလို သက္ကာယ .. သူများစားတာ ကိုယ်လည်း စားရတယ်၊ သူများဝတ်တာ ကိုယ်လည်း ဝတ်ရတယ်၊ သူများ နေတာ ကိုယ်လည်း နေရတယ်၊ သူများ ကျန်းမာသလို ကိုယ်လည်း ကျန်းမာတယ်။ ဒါပေမယ့် အဲဒါထက် ပိုပြီးတော့ ထူးကဲတဲ့ သမ္မာအာဇီဝမဟုတ်ပဲ မိစ္ဆာဇီဝဆိုယင်တော့ မင်းမှားသွားပြီ။ နောက်ဆုံးတစ်ခုကတော့ သိလောက၊ သူလည်းပဲ သက္ကာယ၊ ကိုယ်လည်းပဲ သက္ကာယ အဲဒီထဲမှာမှ ကိုယ်က .. သိလောက ဖြစ်ချင်ပြီဟေ့ဆိုယင် Limited Edition လို့ခေါ်ပါတယ်။ (ပိုပြီးထူးချင်တာပေါ့) ဒါမနေ့က သင်ခဲ့တဲ့ အပရာဇိတကို ရှင်းပြနေတာနော်..


နောက်တစ်ခုက wrong view ဆိုတာ မနေ့က ပြောခဲ့တယ် ဦးဇင်းတို့ အဟေတုက နတ္ထိက အကိရိယဆိုပြီးတော့ နိယတမိစ္ဆာဒိဋ္ဌိ .. ဒိဋ္ဌိ။ နောက်တစ်ခုက Conceit လို့ခေါ်တဲ့ မာန .. ကိုယ့်ကိုကိုယ် တစ်ခုခုထင်နေတာ ဘဝထဲကို ဖြတ်သန်းတဲ့အခါ သူများကို ထီမထင်တာ မလေးတာ အဲဒါကို ဦးဇင်းတို့ အရိယာဝံသသုတ်မှာပြောခဲ့ပြီ။ ဒီမှာခု စပြီး မင်္ဂလသုတ်မှာ တက်တဲ့က‌လေးတွေကိုတော့ မှတ်စေချင်ပါတယ်။ အဲဒီမှာ အတ္တုက္ကံသန (အတ္တ+ဥက္ကံသန) ဘဝမှာ လူချစ်လူခင်များချင်ယင် ဒါကိုရှောင်ပါတဲ့။ အတ္တ+ဥက္ကံသန = ကိုယ့်ဂုဏ်ဖော် , ကိုယ့်ရဲ့ဂုဏ်ကိုဖော်တယ်တဲ့ အတ္တဆိုတာ ၊ ဥက္ကံသနဆိုတာ ဖော်ထုတ်တာ .. အတ္တုက္ကံသန။ အသက်အရွယ်ကြီးသည် ငယ်သည်မဟူ မိမိကိုယ်ကိုမိမိ .. နော် .. အဲဒါ .. မာနကနေပြီးတော့ ခွဲထွက်လာတဲ့ ကိစ္စ .. အတ္တုက္ကံသန။ ကိုယ့်ဂုဏ်ကိုယ်ဖော်တယ်။ အဲဒါက တော်တော်လည်း ရီစရာကောင်းတယ်။ ဦးဇင်းကိုယ်တိုင်လည်းပဲ ဘာတုန်း .. ကိုယ်တိုင်ကြွားအတ္ထုပ္ပတိဆိုပြီးတော့ စာရေးထားတာရှိတယ်။ များသောအားဖြင့် ကိုယ့်ကိုကိုယ်ဖော်ထုတ်ချင်တယ်။ ကိုယ့်ကိုကိုယ် ကြွားချင်တယ်။ ဒါကလည်းပဲ အမှန်တကယ်ဆိုရင်တော့ ပြောသင့်ပါတယ်တဲ့။ ကြုံးဝါးတဲ့သဘော .. အမှန်တကယ်ရှိနေတယ်ဆိုယင်တော့ ပြောသင့်ပါတယ်။ ဘုရားလည်းပဲပြောရပါတယ် .. ဘာဖြစ်လို့လည်းဆိုတော့ မွေးကတည်းက ဘုရားရှင်ဆိုယင် အလောင်းတော်ဘဝမှာ သူပြောတယ် .. “ဒီလောကမှာ ငါဟာ အကြီးဆုံး အမြတ်ဆုံး အတော်ဆုံး”ဆိုပြီးတော့ ပြောရတယ်။ နောက်တော့ ရှင်ဥပကလောင်းလျာ တက္ကတွန်းကြီးနဲ့တွေ့တဲ့အခါ သူ့အကြောင်းကို သူပြောပြရတယ်။ အဲဒါဘာလည်းဆိုတော့ ကိုယ့်ရဲ့တကယ်ရှိနေတဲ့ဂုဏ်တွေ အတ္တုက္ကံသန။ သို့သော် အဲဒီမှာနောက်ဆက်တွဲ ပြဿနာက ဒါလေး .. “ပရဝမ္ဘန” (ပရ+ဝမ္ဘန) ဝမ္ဘန သူတစ်ပါးကို ဝမ္ဘနဆိုတာ ကဲ့ရဲ့တာ ရှုံချတာ၊ နှိမ်တာပေါ့။ အဲတော့ အတ္တုက္ကံသန မိမိရဲ့ဂုဏ်ကို ဖော်ထုတ်တယ်နော် .. ပြီးတော့ မြတ်စွာဘုရားရဲ့ ဒေသနာတော်တွေမှာ ပြောလိုက်ယင် “သာမုက္ကံတိကဒေသနာ” အဲဒီမှာ သာမံ + ဥက္ကံတိက ။ ဒီနှစ်ခု သူ့စကားလုံးကို မှတ်ထားနော် .. သိပ်အရေးကြီးတယ်။ အတ္တုက္ကံသနက မိမိကိုယ်ကို ကြွားတာ၊ ဖော်တာ .. နော် အဲဒါ ဘာဖြစ်ချင်တဲ့ စိတ်နဲ့လေးဆိုတော့တဲ့ သူများကို နှိမ်ချင်တဲ့စိတ်နဲ့ ကြွားတာ။ နောက်တစ်ခုကျတော့ “သာမုက္ကံတိက” ကျတော့ သာမံ = ကိုယ်တိုင်ရှာဖွေထားတယ် .. ကိုယ်တိုင် ဖော်စပ်ထားတဲ့ဆေး၊ ကိုယ်တိုင်ဖန်တီးထားတဲ့ ထုတ်ကုန်ပစ္စည်း အဲဒါကို “ဥက္ကံတိက”။ ထုတ်ပြီးတော့ ရောင်းတာ ပေးတာ ဟောတာ .. အဲတော့ ဦးဇင်းတို့ ဒီမှာရှိနေတဲ့ ပရိသတ်တွေက မင်္ဂလသုတ်က အများကြီးမဟုတ်ဘူး။ ဒီနှစ်ခုထဲနဲ့ကို တော်တော် ဟုတ်နေပြီ။


“အတ္တုက္ကံသန” “ပရဝမ္ဘန” ကိုယ့်ကိုကိုယ် ဖော်ထုတ်ပြီးတော့ တော်ကြောင်း တတ်ကြောင်း ကြွားတာတဲ့။ ပြီးတော့ “ပရဝမ္ဘန”ဆိုတာက သူက ရှော်တယ် ညံတယ် အတယ် အသုံးမကျဘူးစသည်ဖြင့် .. အဲတော့ .. ကိုယ်တော် သူရှော် ဆိုတဲ့ စိတ်ဓာတ်ကို ဦးဇင်းတို့ နေ့စဉ်ဘဝက ဖယ်ထုတ်ပါ။ အဲဒါဆိုယင်တဲ့ “ပရာဇိတ”


“အတ္တုက္ကံသန”ကို မလုပ်ပါနဲ့ .. “သာမုက္ကံတိက” တော့လုပ်ပါ။ ဘဝကိုဖြတ်သန်းတဲ့အခါ “သာမုက္ကံတိက” ကိုယူပါ။ အဲတော့ ဒီမှာ “မာန”ကနေပြီးတော့ ခွဲထွက်သွားတာကို ဦးဇင်းပြောချင်တာပါ။


နောက်တစ်ခု Hatred လို့ခေါ်တဲ့ “အမုန်း” ပေါ့၊ အမုန်းတရားတွေရှိနေတယ်။ ကိုယ်ကိုယ်တိုင်ကလည်း တစ်ခြားတစ်ယောက်ကို မုန်းနေတာ၊ တစ်ခြားတစ်ယောက်ကလည်း ကိုယ့်ကို မုန်းနေတာ အဲဒါဆိုယင် ရှုံးနေတာလို့ ပြောတာ။ အဓိကကတော့ ကိုယ်ကနေပြီးတော့ မုန်းတာက ရှုံးပါတယ်တဲ့။ အမုန်းခံရတဲ့ ကိစ္စကတော့ “ခေမ”ဆိုတဲ့ မင်္ဂလာတရားကို ရှင်းပြတဲ့အခါမှာ ဒါ သိထား ကွဲသွားပါလိမ့်မယ်။ နောက်တစ်ခု အဲဒီ Hatred ထဲမှာပဲ ဝမ်းနည်းနေတာ ပူဆွေးနေတာလည်း Hatred ပဲတဲ့။ ကိုယ့်ရဲ့ဘဝထဲမှာ အရှုံးတွေကို ရင်ဆိုင်ရတဲ့အခါမှာ ဝမ်းနည်းပူဆွေးပြီးတော့ သောကရောက်နေတာလည်းပဲ Hatred ပါပဲတဲ့။ မင်းရှုံးနေတာပါပဲ။ နောက်တစ်ခု Envy လို့ခေါ်တယ် .. “မနာလိုမှု”၊ Avarice လို့ခေါ်တဲ့ “ဝန်တိုမှု” အဲဒီနှစ်ခုကလည်း ဘဝထဲမှာ အရေးကြီးတယ်နော်။ အဲဒီမှာ Envy ကလည်း ၂ခု ရှိတယ်။ မျက်နှာကိုကြည့်ပြီး I envy you လို့ပြောတာနဲ့၊ တိတ်တိတ်လေး Envy ဖြစ်နေတာနဲ့ မတူပါဘူး။ မှတ်ထားနော် ၂ခု။ ကိုယ်ကိုယ်တိုင်ကတော့ မနာလိုစရာဖြစ်အောင်နေ၊ သူများတော့ မနာလိုစရာ သွားမဖြစ်နဲ့။ အဲလိုမဟုတ်ပဲ တိတ်တိတ်လေး မနာလိုစရာဖြစ်နေပြီဆိုယင်တော့ မင်းမှားသွားပြီ။ အဲဒါက မင်းကို ဒုက္ခပေးတော့မှာ .. ဟိုတစ်နေ့က ဆရာတော်ကြီးပြောတယ်လေ ... ဓမ္မဘေရီဆရာတော်ကြီးပြောတယ် “ဒီ Envy က တော်တော်ဆိုးတာကွတဲ့၊ ပဉ္စာနန္ဒရိယကံ ဘာညာတွေကမှ အစာဝဝ စားရသေးတယ်တဲ့။ မုန်းလို့ သတ်လိုက်တယ်ကွာတဲ့။ ဒီ Envy ကိစ္စက တစ်ယောက်ယောက်ကို မနာလိုတာ။ မနာလိုကတည်းက အဲဒီတစ်ယောက်ယောက်အကြောင်း မကောင်းကြံနေရတဲ့ အတွေးကြီးက သူ့ အတွက်က အဘိဇ္ဈာ ဗျာပါဒ အဲဒီ ၂ခုက အမြဲတမ်းပါနေတာ။ အမှန်ကတော့ ဣဿာလို့ထင်တာ။ အဲဒီဣဿာရဲ့နောက်မှာ ဖြစ်နေတဲ့ဟာ အဘိဇ္ဈာ၊ သူ့ ပစ္စည်းဥစ္စာတွေ ငါ ပိုင်ဖြစ်ရေး၊ ပြီးတော့ သူ ပျက်စီးရာ ပျက်စီးကြောင်း လုပ်ကြံရေး ဗျာပါဒ အဘိဇ္ဈာ။ အဲတော့ သူက အမြဲတမ်းတွေးနေတော့ အမြဲတမ်း အကုသိုလ်ဖြစ်နေတာတဲ့။ မနာလိုနေတာ။ အဲတော့တဲ့ Envy နဲ့ Avarice လို့ခေါ်တဲ့ ဝန်တိုမှု၊ မနာလိုတာ နဲ့ ဝန်တိုတာနဲ့က တွဲနေတာ။ အဲတော့ မနာလိုမှု ဝန်တိုမှုဟာ မိမိတို့ ပတ်ဝန်းကျင်မှု အလွန် ဝန်ကြီးပါတယ်တဲ့။


အဲတော့ “အတ္တုက္ကံသန” နဲ့ “ပရဝမ္ဘန” ကိစ္စက ဦးဇင်းတို့ မင်္ဂလာတရားကို သင်ကြားတဲ့ပုဂ္ဂိုလ်တွေအတွက် အရေးအကြီးဆုံး။ အဲဒီ ၂ခုကို စဉ်းစားထားပါ။ ငါဟာ “အတ္တုက္ကံသန” မလုပ်ဘူး။ “ပရဝမ္ဘန” မလုပ်ဘူး။ အဓိကကတော့ “မာန” ကနေပြီးတော့ ဆွယ်ထွက်သွားတာပေါ့နော်။ အဲတော့ ဒီ ၂ခု ကို မလုပ်ဘူးဆိုယင် မင်္ဂလာရှိဖို့က ကြီးပွားဖို့က တော်တော်ကို သေချာနေပြီ။ ဆက်သွားတော့ Hatred Envy Avarice Worry. Worry ကလည်း ဒီမှာ Hatred နဲ့ Worry က ဒီမှာ တွဲနေတာ။ ပါဠိလိုတော့ ကုက္ကုစ္စလို့ပြောတယ်။ ကုက္ကုစ္စဆိုတာ နောင်တ။ ကိုယ့်ဘဝမှာ နောင်တ ရစရာကိစ္စတွေ မနေ့ကပြောခဲ့ပြီ ဦးဇင်းတို့ “ကံကြီးငါးပါး” နဲ့ “နိယတမိစ္ဆာဒိဋ္ဌိ” အဲဒီ ၆ ခု ။ အဲဒါဟာ နောင်တ ရစရာ သိပ်ကောင်းတယ်။ အဲဒီလမ်းကြောင်းကိုလည်း ဘယ်‌တော့မှ မလိုက်ပါနဲ့။ လိုက်ယင် မြတ်စွာဘုရားကပြောတယ်၊ ဘာပြောလည်းဆိုတော့ အဇာတသတ်မင်းကိုပြောတယ်လေ .. ခတ။ အဇာတသတ်မင်း မြတ်စွားဘုရားကို ရှိခိုးပြီးနောက်ကို လှည့်သွားတဲ့အခါပြောတယ်လေ။ အဇာတသတ်မင်းက သိပ်ကို သနားစရာကောင်းတယ်။ “ခတပုဂ္ဂိုလ်”ပဲတဲ့။ (ခတပုဂ္ဂိုလ် = တူးဖြိုတဲ့သူ) ကိုယ့်ကိုကိုယ် တူးဖြိုတဲ့သူလို့ ပြောတယ်။ တွင်းတူးပြီးတော့ မိုက်တဲ့ပုဂ္ဂိုလ်(ခတပုဂ္ဂိုလ်)။ အဲဒါ ဘာလည်းဆိုတော့ လုံးဝပြင်မရတော့တဲ့ အမှားကြီး ငါးမျိုးထဲက တစ်ခုကို ကျူးလွန်လိုက်တယ်။ (အဖေကိုသတ်လိုက်တဲ့ကိစ္စ) အဲတော့ ဒီမှာ Worry လို့ခေါ်တဲ့ ကုက္ကုစ္စတရားဟာ သိပ်ပြီးတော့ အရေးကြီးတယ်။ နောင်တရတာ .. အဲတော့ နောင်တ ရပြီဟေ့ဆိုယင် အဲဒီ နောင်တကို သိမ်းမထားပါနဲ့။ နောင်တလို့ သိတာနဲ့တစ်ပြိုင်နက် အဲဒါကို စွန့်ပါ။ Sloth and Torpor ဆိုတာကတော့ ဒါကတော့ “ထိနမိဒ္ဓ” ထိုင်းမှိုင်းတာ၊ ပျင်းရိတာ။ ပျင်းရိတာကို ဦးဇင်းတို့ လောက နီတိမှာ ဒီ ၂ခုဟာတဲ့ .. မင်းတို့ လောကမှာ “မအောင်မြင်ခြင်းရဲ့အစ”ပဲလို့ လောကနီတိမှာတော့ ၂မျိုးပဲမြင်တာ၊ ဦးဇင်းတို့ ဘုရားကျတော့ ၁၄ပါးလုံးမြင်တာ။


“အလသဿ ကုတော သိပ္ပံ “ အလသဿ = ပျင်းရိသူအား၊ ကုတော = ဘယ်မှာ၊ ပညာတတ်အံ့နည်း။ “အလသဿ” အဲဒါ ထိနမိဒ္ဓပဲ။ Sloth and Torpor လို့ခေါ်တယ်။ နောက်တစ်ခုက -


“အသိပ္ပဿ ကုတော ဓနံ” (ပညာမတတ်သူ ဥစ္စာမရှိ)တဲ့။ နောက်တစ်ခုက “အဓနဿ ကုတော မိတ္တံ” အဓနဿ = ဥစ္စာမရှိသောပုဂ္ဂိုလ်အားတဲ့ ၊ ဘယ်မှာ မိတ်ဆွေ ရှိပါအံ့နည်းတဲ့။ “ကုတော မိတ္တံ” ဥစ္စာမရှိ မိတ်ဆွေမရှိတဲ့ မှတ်ထား။ “အမိတ္တဿ ကုတော သုခံ”တဲ့ .. နောက်ဆုံးကျတော့ “သောတ္ထိ” ကို‌ရောက်သွားတာ။ “အမိတ္တဿ ကုတော သုခံ” မိတ်ဆွေမရှိယင် ချမ်းသာမရှိဘူးတဲ့။ အဲတော့ မြတ်စွာဘုရားကပြောတယ်။ မင်းတို့ တရားထူး တရားမြတ်ရချင်ယင် မိတ်ဆွေရှိဖို့လိုတယ်လို့ပြောတာ။ မိတ်ဆွေဆိုတာ ဆရာလည်းမိတ်ဆွေ၊ မိဘလည်း မိတ်ဆွေပဲ။ အခုအချင်းချင်း လုပ်ဖော်ကိုင်ဖက်ကလည်း မိတ်ဆွေပဲ။ ဘာတုန်းဆို ကိုယ့်ကို တရားပြောမယ့် မိတ်ဆွေ။ မိတ်ဆွေရှိယင် ... ရှင်အာနန္ဒာကပြောတယ်လေ ... မိတ်ဆွေရှိယင် ခရီးတဝက်ပြီးပါတယ်ဘုရား။ မဟုတ်ဘူးတဲ့။ ခရီးအဆုံးထိရောက်တယ်။ “သုခ” “သောတ္ထိ”ပဲတဲ့။ မိတ္တမရှိယင်တော့ သုခမရှိဘူး။


အဲတော့ ဒီမှာ မြတ်စွာဘုရားက ပထမဆုံး “အပရာဇိတ”ကို ပြောတဲ့အခါမှာ “ကိလေသ ပရာဇိတ” အဲဒါကို ဦးဇင်းက ပြောပြနေတာ။ “ခန္ဓ ပရာဇိတ” ခန္ဓကိုယ်က ကိုယ့်ကိုနိုင်နေတယ် အဲဒါကတော့ ဦးဇင်းတို့ ကြုံနေရပါပြီ၊ ဘာမှငြင်းလို့မရပါဘူး။ သို့သော် လူမှုဘဝထဲမှာကျတော့ ဟောဒီ ကိလေသာ တစ်ဆယ့်လေးပါး ။ Sloth and Torpor ၊ နောက်တစ်ခုက Doubt ဝိစိကိစ္ဆာ သံသယ။ အဲဒါကတော့ အဘိဓမ္မာသင်ဘူးတဲ့သူက သိပါလိမ့်မယ်။ မိမိတို့ဘဝထဲမှာလည်း ဒီ သံသယကိစ္စက ..... တစ်အားကြီးခက်ခဲပါတယ်။ တစ်ခုခု မသိတော့ဘူးဟေ့ဆိုယင် ရှုပ်ထွေးနေပြီဆိုယင် အဲဒါဟာ ပြဿနာတက်နေတာ။ အဲတော့ ဒီမှာ ဦးဇင်းတို့ ပြန်ကြည့်ပါ။ ကိလေသာပြဿနာ ဒီ တစ်ဆယ့်လေးပါး ငါ့မှာ ရှိသလား? ရှိယင်လည်းပဲ ဒီမှာ ဘာမှ အားငယ်စရာတော့ မရှိပါဘူး။ ရှိယင် အဲဒါကို ပါးဘို့ နည်းဘို့တော့ ကြိုးစားရမယ်။ ဘာဖြစ်လို့လည်းဆို ဦးဇင်းတို့ ဒီမှာ သောတာပန် သကဒါဂန် အနာဂါန် ရဟန္တာ အဲဒီလိုပုဂ္ဂိုလ်တွေကို ခွဲခြားပြီးတော့ မြင်လိုက်တဲ့အခါမှာ .. အော် သူတို့တောင်မှ ဒီ ကိလေသာ တစ်ဆယ့်လေးပါး ၊ သောတာပန်ဆိုယင် ဒိဋ္ဌိရယ် ဝိစိကိစ္ဆာရယ် ဣဿာမစ္ဆရိယရယ် .. ဒီ ၄ ခုပဲ ပယ်နိုင်ပါလား။ ပြီးတော့ သကဒါဂါန်ကတော့ ထူးထွေပြီးတော့ ပယ်တာမရှိပါဘူးတဲ့။ ပါးအောင်ပဲလုပ်ပါတယ်။ နောက်တစ်ခု အနာဂါန်ဆိုယင် လောဘတစ်ဝက်ပယ်ပါတယ်၊ ပြီးတော့ ဒေါသပယ်ပါတယ်၊ ပြီးတော့ ကုက္ကုစ္စပယ်ပါတယ်နော် သုံးပါး ပယ်ပါတယ်။ နောက်ဆုံး .. ရဟန္တာကျတော့ ကိလေသာအားလုံးကို ပယ်ပါတယ်။


အဲတော့ ဒီမှာ မင်္ဂလသုတ်က အာမခံတာက “အပရာဇိတ” ဖြစ်ရမယ်။ “သောတ္ထိ” ဖြစ်ရမယ်။ အဲတော့ ဒီနေ့ မင်္ဂလာတရားနဲ့ပတ်သက်ပြီးတော့ Definition လေးပြောပြီးတော့ ဒီမှာ နိဂုံးချုပ်ကြရအောင်..နောက်နေ့မှ ဆက်ပြီးပြောကြမယ်။ အဲတော့ မင်္ဂလာဆိုတာကို Definition ဖွင့်တဲ့အခါမှာ မနေ့က ပြောတယ်လေ၊ “မင်္ဂလန္တိ မဟန္တိ သတ္တာ ဧတေဟိ တိ မင်္ဂလာနိ” မင်္ဂလာဆိုတာကို ဖွင့်တဲ့အခါမှာ (မဟန္တိ ဧတေဟိ = ဤတရားတို့ကြောင့် (သို့မဟုတ်) ဤတရားတို့ဖြင့် ကြီးပွားကြကုန်၏။ (သတ္တဝါတို့ ကြီးပွားကြောင်း ဖြစ်သောကြောင့် မင်္ဂလာတရားတို့ မည်၏။) ဒီမှာ “တို့” လို့ပါတယ်နော် .. ဘာကြောင့်လည်းဆို သုံးဆယ့်ရှစ်ဖြာ ဖြစ်နေတဲ့ အတွက်ကြောင့်မို့ .. အဲတော့ ဒီမှာ ဦးဇင်းတို့ သင်နေတဲ့ပုဂ္ဂိုလ်တွေက “ကြီးပွားကြောင်း” “လောကီကြီးပွားကြောင်း” “‌လောကုတ္တရာကြီးပွားကြောင်း” အဲတော့ ဘဝထဲမှာ လောကီကြီးပွားကြောင်းတွေ အများကြီးဖြတ်သန်းပြီးသွားခဲ့ကြပြီ။ အဲတော့ လောကီကြီးပွားကြောင်းသင်ယူလိုတဲ့ပုဂ္ဂိုလ်တွေအတွက်လည်း လောကီကြီးပွားကြောင်း၊ လောကုတ္တရာကြီးပွားချင်တယ်ဆိုယင်လည်းပဲ ဒီမင်္ဂလာတရားများသည် လောကုတ္တရာ ကြီးပွားကြောင်းဖြစ်ပါတယ်။


အပ္ပမာဒေန သမ္ပာဒေထ။

ကိုယ်စိတ်နှစ်ဖြာချမ်းသာကြပါစေ။

မေတ္တာဖြင့်

Thein Naing Ohn(3.11.2021)


+++++++++++++++++++++++++++++++++++++


မင်္ဂလသုတ္တံကို အဘိဓမ္မာအမြင် လူမှုဘဝအသိဖြင့်ချဉ်းကပ်ပို့ချခြင်း (Day 3) (ဓမ္မဂင်္ဂါဆရာတော်)

အဲတော့ ဦးဇင်းတို့ မနေ့က ပြောခဲ့တယ်။ မင်္ဂလာသည် မဟန္တိ ... မင်္ဂလန္တိ မဟန္တိ ၊ “မင်္ဂလန္တိ မဟန္တိ ဧတေဟိ တိ မင်္ဂလာနိ” ပါဠိက ဒီလို Definition ဖွင့်တယ်။ ကြီးပွားကြောင်းဖြစ်ပါတယ်။ အဲတော့ မင်္ဂလာက အာမခံချက် ၂ခု ပေးတယ်။ ပြောခဲ့ပြီးပြီ .. “အပရာဇိတ” ရယ် “သောတ္ထိ” ရယ် .. ၂ခု။ အရှုံးသမားမဖြစ်စေရဘူး။ မင်းဟာ ပျော်ရွှင်သူ ဖြစ်ရမယ်။ တကမ္ဘာလုံးက လိုချင်တာ ပျော်ရွှင်မှုပဲ။ ဘယ်သူ ဘာအိမ်မက်ပဲမက်မက် အဲဒီ အိမ်မက်တွေ အပျော်ပဲ၊ ပျော်ရွှင်မှုပဲ။ နောက်ဆုံးမှာ အဖြေက Happiness ပါပဲတဲ့ မြတ်စွာဘုရားက ပြောတယ်။ ဘယ်သူ ဘာလုပ်လုပ် Happiness လိုချင်လို လုပ်နေကြတာ၊ လုပ်တဲ့အခါမှ Happiness က တဏှာ မာနတွေနဲ့ Happiness လား၊ ဉာဏသမ္ပယုတ်နဲ့ Happiness လား၊ ဒီ ၂ခု ရွေးရမယ်။ တဏှာ မာန ဒိဋ္ဌိတွေနဲ့ Happiness ကလည်းပဲ ပျော်ခွင့်ရှိပါတယ်.. ဦးဇင်းတို့ ပုထုဇဉ်ဘဝမှာ .. သို့သော် တဏှာ မာန ဒိဋ္ဌိ ထဲမှာ ဒိဋ္ဌိက ပြဿနာအကြီးဆုံး .. မိစ္ဆာဒိဋ္ဌိမဖြစ်ဖို့တော့ အရေးကြီးတယ်။ တဏှာဖြစ်ခွင့်ရှိပါတယ်။ တဏှာနယ်ထဲမှာ နေကြတာဆိုတော့ တဏှာမဖြစ်ယင်လည်း ပြဿနာကရှိတယ်နော် .. လောကီနယ်ထဲမှာနေပြီးတော့ တဏှာမဖြစ်ယင် အဲဒီ ပြဿနာ လူက ပျင်းသွားတယ်၊ ဖျင်းသွားတယ်လို့ပြောတယ်နော် .. ဟာ ဘာမှ မဖြစ်ချင်ဘူး မေးကြည့် ဘာဖြစ်ချင်လည်းဆို ဘာမှမဖြစ်ချင်ဘူးဆို ပြဿနာတက်ပြီ၊ တစ်ခုခု ဖြစ်ချင်နေဖို့တော့ လိုအပ်တယ်။ ပုထုဇဉ်နယ်ပယ်ထဲမှာ ပြောတာနော်.. အရိယာနယ်ပယ်ကျတော့ ဘာမှ မဖြစ်ချင်တော့တဲ့ အခြေအနေကို ရောက်အောင်သွားရမှာ .. ဦးဇင်းတို့က ဖြစ်ချင်နေတဲ့ နယ်ပယ်မှာနေတာ။ အဲတော့ ဦးဇင်းပြောတယ်လေ ဘာမှမဖြစ်ချင်ဘူးဆို .. ဟာ ညံ့လိုက်တာ ပျင်းလိုက်တာ ဖျင်းလိုက်တာ အဲလို .. သို့သော် တဏှာရယ် မာနရယ် ဒိဋ္ဌိရယ် .. ပါချုပ်ဆရာတော်ကြီးလည်းပြောပါတယ် .. အဘိဓမ္မာပို့ချရင်းနဲ့ .. တဏှာရယ် မာနရယ် ၊ အဲဒီ မာနပေါ့နော် .. မာနကတဲ့ အကောင်းဘက်ကိုလည်း ရောက်သွားနိုင်တယ်တဲ့။ မာန .. အကုသိုလ်တော့ အကုသိုလ်ပဲ၊ အဲဒီ မာနကတဲ့ ကိုယ့်ကိုကိုယ် ထင်တာ ကိုယ့်ကိုကိုယ် မြင်တာ .. နော် .. ကိုယ့်ကိုကိုယ် အားပေးတာ .. ငါကွ ဆိုပြီးတော့ အားပေးတဲ့ “မာန”။ အဲဒီ “မာန”ကတဲ့ အမြင့်ဆုံးကို ရောက်သွားနိုင်တယ်။ နောက်ဆုံး ဘုရားဆုတောင်မှ ပန်နိုင်တဲ့အဆင့် သူတောင်မှ ဘုရားဖြစ်သေးတာ ငါလည်းပဲ ဘုရား ဘာဖြစ်လို့ မဖြစ်ရမှာလဲ။ သူတောင်မှ ရဟန္တာဖြစ်သေးတာ ငါလည်းပဲ ဘာလို့ ရဟန္တာမဖြစ်ရမှာလဲ။ သူတောင်မှ ဘာဖြစ်သေးတာ ငါလည်း ဘာဖြစ်လို့ မဖြစ်ရမှာလဲဆိုတဲ့ .. အဲဒီ ဘက်ကို ပို့ပါတယ်တဲ့ .. “မာန”။


သို့သော် “ဒိဋ္ဌိ” ကတော့ မကောင်းပါဘူးတဲ့။ အဲဒီတော့ ဦးဇင်းတို့ ဒိဋ္ဌိဆိုတာ မိစ္ဆာဒိဋ္ဌိပေါ့။ အဲဒီ မိစ္ဆာဒိဋ္ဌိကိုတော့ မိတ်ကောင်း ဆွေကောင်း ဆရာကောင်း သမားကောင်း မိဘကောင်း အဲဒီပုဂ္ဂိုလ်တွေရဲ့အဆုံးအမနဲ့ နော် .. မိစ္ဆာဒိဋ္ဌိမဖြစ်အောင် ကြိုးစားရပါလိမ့်မယ်။ အဲဒီ မိစ္ဆာဒိဋ္ဌိ ကတော့ မင်းကိုတဲ့ သံသရာခရီးလည်တဲ့ .. နော် .. ဦးဇင်းတို့ စက်ဝိုင်းကြီးထဲမှာ ဒုက္ကတိဆိုတဲ့ အနိမ့်ပိုင်းကိုပဲ မင်းကို မွေးလိမ့်မယ်တဲ့။ ဒိဋ္ဌိ ဒိဋ္ဌိ .. အဲဒါဟာ အရေးကြီးတယ်။ အဲတော့ အခု ဦးဇင်းတို့ မိစ္ဆာဒိဋ္ဌိ မဖြစ်ရေးဟာ အရေးအကြီးဆုံးပဲ။


ဦးဇင်းတို့ ဗုဒ္ဓဘာသာသူတော်ကောင်းတွေကတော့ ကံကောင်းထောက်မစွာပဲ ... အသာဒ၊ အသာဒ က Enjoyment … Enjoy လုပ်တာ။


Sensual Pleasure တွေကို သူက ရ‌‌အောင်ရှာတယ်။ ရတာကို ကျေနပ်တယ်။ ပြီးယင် အဲဒါက မပြီးဘူးတဲ့။ အာဒီနဝဖြစ်လာတယ်။ အာဒီနဝက Disappointment ဖြစ်လာတာ။ Disappointed ။ အဲဒီ အာဒီနဝ ပြီးယင် အဲဒီကနေ အသာဒ ကိုပြန်လည်လာတယ်။ အသာဒပြန်လည်လာတော့ အသာဒနဲ့အာဒီနဝ ၂ခု မှာပဲ သူ သံသရာလည်နေပါတယ်တဲ့။


အဲတော့ ဒီ နိဿယဏ ပြဿနာ .. ထွက်မြောက်ရာ Freedom , Liberation ခေါ်တဲ့ လွတ်မြောက်မှု။ ဘုရားလောင်းက ဒီ ကာမဂုဏ်ချမ်းသာတွေ ခံစားရင်းနဲ့ .. အော် ဘာမှ မဟုတ်တော့ပါဘူးလို့ သိသွားတဲ့အခါမှာ အာဒီနဝကို မြင်သွားတဲ့အခါမှာ လွှတ်ချခဲ့တာ။ လွှတ်ချပြီးတော့ နိဿရဏဘက်ကိုထွက်လာတယ်။ ဓမ္မဘေရီဆရာတော်ကြီးက “အသာဒ” ကိုတော့ အစားလမ်းလို့ခေါ်တယ်။ နောက်တစ်ခုက နိဿယဏကိုတော့ တရားလမ်းလို့ခေါ်တယ်။ “အစားလမ်း” နဲ့ “တရားလမ်း” ဆိုပြီးတော့ ၂ခု ပြောတယ်။ အစားလမ်းဘက်လည်း လွန်လွန်ကျူးကျူးစားတယ်ကွာတဲ့၊ တရားလမ်းဘက်ကျတော့လည်း လွန်လွန်ကျူးကျူး အားထုတ်ပြန်ရောတဲ့။ အဲဒါကို ဦးဇင်းတို့ ဒုက္ကရစရိယလို့ခေါ်တယ်။ “ဒုက္ကရစရိယာ” သူများမလုပ်နိုင်တဲ့ ခက်ခက်ခဲခဲတွေ သူလုပ်တယ်။ အဲဒီ အစွန်းနှစ်ပါးကို လွန်လွန်ကျူးကျူး အားထုတ်ပြီးတဲ့အခါမှ ဟာ ငါမှားပြီ ဒီလမ်းတော့ မဟုတ်သေးဘူး၊ အစွန်းနှစ်ဖက်ကို ရှောင်မှ ဖြစ်မယ်ဆိုပြီး မြတ်စွာဘုရားက မဇ္ဈိမပဋိပဒါလမ်းကို ရောက်လာတယ်တဲ့။


အဲဒီမှာ “အာဂါရိက” အိမ်ရှိသူ/အိမ်ရာထောင်သူ .. အဲဒီကနေ ထွက်လာပြီးတဲ့အခါမှာ “အနာဂါရိက” အိမ်မရှိသူပေါ့/အိမ်မထောင်သူပေါ့ .. အိမ်ရာမထောင်သူ .. အဲတော့ ဒီ အိန္ဒိယရဲထုံးစံက မြစ်ကမ်းပါး တောအုပ်တွေမှာ တရားကျင့်ကြတယ်။ တစ်ချို့ကကျတော့ တောင်တွေ ဘက်ကို သွားကြတယ်။ ဟိမဝန္တာတောင်ဘက်ကို သွားကြတယ်။ အဲဒါကြောင့်မလို့ ဟိမဝန္တာကနေ ရသေ့တွေ ရဟန်းတွေ ချင်ဆား မှီဝဲအံ့သောငါ ဆားဓာတ်ချို့တဲ့တော့ သူတို့ တောင်ပေါ်ကနေ ဆင်းလာတဲ့ ပုဂ္ဂိုလ်တွေ .. ဗာရာဏသီကို အမြဲတမ်း ကြွကြွလာတယ်။ ကြွကြွလာတော့ မြတ်စွာဘုရား တရားဟောတဲ့ ဣသိပတန (ဣသိ = ရသေ့၊ ပတန = ကျတာ) တစ်နည်းအားဖြင့် မိဂဒါဝန်လို့ပြောတယ်။ “မိဂဒါယ” သားသမင်တွေ ဘေးမဲ့ပေးတဲ့တောကို “မိဂဒါယ”လို့ ခေါ်တယ်။ အဲတော့ ရှေးရှေး ရသေ့ရဟန်းတွေက အိမ်ရာထောင်တဲ့ဘဝကို စွန့်ပြီးတော့ အနာဂါရိက လုပ်တဲ့အခါမှာတဲ့ အကြီးအကဲဖြစ်တဲ့ ရသေ့ကြီးက ငါ့ရှင်တို့ ငါ့ရှင်တို့ မသိပေမယ့် ငါ့စိတ်ထဲမှာ ကိလေသာအတွေးတွေ ရောက်ရောက်နေတဲ့အတွက် ရှက်မိပါတယ်တဲ့။ ကျန်တဲ့ပုဂ္ဂိုလ်တွေကလည်း ရသေ့ကြီးတဲ့ ကျွန်ုပ်တို့လည်း မထူးပါဘူးတဲ့။ အဲလို ကိလေသာအတွေးတွေ အများကြီး ကာမဝိတက် ရှိပါတယ်တဲ့။ ဗျာပါဒဝိတက်တွေလည်း ရှိပါတယ်။ အမုန်းတွေလည်း ရှိပါတယ်။ အချစ်တွေလည်းရှိပါတယ်။ မနာလိုဝန်တိုတဲ့စိတ်တွေလည်းရှိပါတယ်တဲ့။ ရှိတော့တဲ့ အဲဒါ ဒီအတိုင်းတော့ ထားလို့မဖြစ်ဘူးတဲ့။ ကိုယ့်ကိုကိုယ် အရှက်ရအောင် ဒဏ်ထားမှဖြစ်မယ်။ အဲတော့ နေရဇ္ဈရာမြစ်ထဲကို ငါတို့ ရေချိုးဆင်းရင်းနဲ့ မိမိစိတ်ထဲမှာ ဖြစ်ပေါ်တဲ့ ကိလေသာ တစ်ခုတစ်ခုဖြစ်ယင် သဲတစ်ဆုပ်တစ်ဆုပ် ယူပြီးတော့ ပုံရမယ်လို့ ပြောတယ်။ အဲတော့တဲ့ ရသေ့တွေ သူလည်းဖြစ်လိုက် ကိုယ်လည်းဖြစ်လိုက်နဲ့ပုံလိုက်တာတဲ့ အဲဒီမှာ ဥရုဝေလတောကြီး ထဲမှာ နံမည်တောင်မှ သဲပုံတောလို့ နံမည်ပြောင်းလို့ရအောင် တောင်ကြီးလိုဖြစ်လာတယ်။ ဆိုချင်တာက ဦးဇင်းတို့လည်းပဲ အိမ်ရှေ့မှာ ကျောင်းရှေ့မှာ သဲပုံမယ်ဆိုရင် ဦးဇင်းတို့ အုတ် သဲ ကျောက် ရောင်းဝယ်ရေးလုပ်ရင် အောင်မြင်မယ့်သဘောရှိပါတယ်။ ဘာကြောင့်လည်းဆိုတော့ အကုသိုလ်တွေ လောဘဖြစ်ယင် သွားပုံလိုက်၊ ဒေါသဖြစ်ယင်ပုံလိုက်၊ မနာလိုဖြစ်ယင်ပုံလိုက်၊ ဝန်တိုရင်ပုံလိုက် .. နော် .. အဲ‌တော့ အဲစိတ်တွေ ပေါ်တိုင်းပေါ်တိုင်း ဦးဇင်းတို့ ကိုယ့်ကိုကိုယ် ဒဏ်ထားပါတယ်။ ဦးဇင်းတို့လည်းပဲ အဲဒီလို တစ်ခုခုတော့ လုပ်သင့်တယ်။


အဲတော့ ဥရုဝေလတော့ကြီး သဲပုံကြီး အဲတော့ မြတ်စွာဘုရားအလောင်းတော်က အဲဒီတောမှာ ဒုက္ကရစရိယကျင့်ရင်းနဲ့ ဒီအကျင့်တွေက မဟုတ်တော့ဘူး။ စွန့်လိုက်တဲ့အခါမှာ ရှင်ကောဏ္ဍညက ဘာလုပ်လည်းဆိုတော့ ဟာ သွားပြီတဲ့၊ ငါတို့ မျှော်လင့်ထားတာတွေ အကုန်ပျက်သွားပြီ၊ သူ လမ်းလွဲလိုက်သွားပြီ။ အမှန်က ဘုရားလောင်းက လမ်းမှန်သွားတာ။ လမ်းမှန်သွားတာကို လမ်းမှားသွားပြီလို့ ထင်တာ။ အဲဒါကြောင့်မို့လို့ ဦးဇင်းတို့ ပြဿနာ မိစ္ဆာဒိဋ္ဌိဟာ တော်တော်ကြောက်စရာကောင်းတယ်လို့ ပြောတာ။ မှားယွင်းတဲ့အမြင်။ ဘုရားအလောင်းက မှန်သွားပြီ။ ငါတော့ ဒီအကျင့်တွေ ဒီဒုက္ကရစရိယအကျင့်တွေ မလုပ်နိုင်တော့ဘူး။ ငါတော့ ဆွမ်းခံပြီးတော့ ဘုန်းပေးမယ်။ ဟိုတုန်းက ဆွမ်းဖြတ် ရေဖြတ် .. နော် .. ဘာမှ မစားမသောက် .. နော် .. တစ်နေ့လုံးနေလို့ ရေတစ်စက်မသောက် အစားတစ်လုပ်မစားပဲနဲ့ ကျင့်တာ။ ဟာ မဟုတ်တော့ဘူး မှားသွားပြီ။ အဲတော့ ဆွမ်းခံပြီးတော့ ဘုန်းပေးမယ်။ ဆွမ်းစားပြီ။ ဆွမ်းစားတော့ ရှင်ကောဏ္ဍည ဗေဒင်ဆရာကြီးက မယုံတော့ဘူး။ မယုံတော့ ဘာလုပ်လည်းဆိုတော့ သိဒ္ဓတ္ထကို ငါတို့ ဝန်းရံနေတဲ့ အခြေအနေကနေ ငါတို့ စွန့်ကြစို့။ သူက ဒီကျင့်စဉ် တပအကျင့်တွေကို စွန့်လိုက်ပြီ။ အဲတော့ ငါတို့က သူ့ကို စွန့်ကြစို့ဆိုပြီးတော့ ဘယ်သွားလည်းဆိုတော့ ဥရုဝေလတောကနေပြီးတော့ ဣသိပတနလို့ခေါ်တဲ့ မိဂဒါဝုန်ကို ရွှေ့သွားတာ၊ မြတ်စွာဘုရားကို ထားခဲ့ကြတော့တာ .. ဘုရားလောင်းကို .. ဘုရားလောင်းကလည်း အဲဒီမှာ အလွန်အံသြစရာကောင်းတယ်။ ထားခဲ့တဲ့အချိန်မှာ သူ့လမ်းသူ မှန်မှန်ကန်ကန် လျှောက်ဖို့ကြိုးစားတယ်။ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် မင်္ဂလာတရားကို ဟောကြားမယ့်ပုဂ္ဂိုလ်က မင်္ဂလာလမ်းကို လိုက်တာ။ မင်္ဂလာလမ်းကို လိုက်တဲ့အခါမှာ မင်္ဂလကတဲ့ (မင်္ဂလံ = ဣဒ္ဓိကရဏံ၊ ဝုဒ္ဓိကရဏံ၊ သဗ္ဗသမ္ပတိကရဏံ) ကရဏံဆိုတဲ့ စကားလုံးလေးတွေက ပြုလုပ်ပေးတယ်လို့ပြောတာ။ ပြုလုပ်ပေးတဲ့အခါ ဣဒ္ဓိ - မင်္ဂလာရှိတဲ့ပုဂ္ဂိုလ်ဟာ တန်ခိုးရှိတယ်လို့ပြောတယ်။ နောက်တစ်ခုက ဝုဒ္ဓိ - ကြီးပွားမှု၊ တိုးတက်မှု၊ ဖွံ့ဖြိုးမှုကို ဝုဒ္ဓိလို့ခေါ်တယ်။ သမ္ပတိဆိုတာက ပြည့်စုံမှု၊ သဗ္ဗသမ္ပတိ။ အဲတော့ ဒီမှာ ဣဒ္ဓိကရဏံ မင်္ဂလာတရားကတဲ့ တန်ခိုးရှိတဲ့ပုဂ္ဂိုလ်ဖြစ်အောင် ဆောင်ရွက်ပေးနိုင်တယ်။ မင်္ဂလာရှိယင် တန်ခိုးရှိတယ်လို့ပြောတယ်။ အဲတော့ ဦးဇင်းတို့ ဒီမှာ တန်ခိုးဆိုတာကို ပြောတဲ့အခါမှာ အင်္ဂလိပ်လို့ Power လို့သုံးတာပေါ့။ အဲတော့ ဦးဇင်းတို့ စိတ်ထဲမှာ တန်ခိုးဆိုယင် မြေလျိုးမိုးပျံတဲ့ ပုံစံကိုမြင်တယ်။ မြင်တဲ့အခါကျတော့ ဘုရားကလည်းပဲ ဒီ ဣဒ္ဓိနဲ့ ပတ်သက်ပြီးတော့ ဟောပါတယ်။ သို့သော် ဘုရားရှင်လိုချင်တဲ့ တန်ခိုးက ဘယ်လို တန်ခိုးလည်း အဲဒါက စိတ်ဝင်စားစရာကောင်းတယ်။ မင်္ဂလာတရားကတော့ မင်းကို တန်ခိုးရှိအောင်လုပ်ပေးမယ်။ ဣဒ္ဓိကရဏံ။ မင်္ဂလာတရားနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်က တန်ခိုးရှိလာလိမ့်မယ်။


အဲတော့ ဦးဇင်းတို့ပြောတဲ့အခါမှ Power ဆိုတာ အမျိုးမျိုး ပြောကြတယ်။ Wisdom is power. ဉာဏ်ပညာဟာ တန်ခိုးပဲ။ ပြီးယင် ဦးဇင်းတို့ Wealth is power. ဓနဟာလည်းပဲ တန်ခိုးပဲလို့ပြောတယ်။ ပြောချင်တာက ပညာရယ်၊ ဥစ္စာရယ်။ နောက်တစ်ခုက ကုသိုလ် .. Merit is power. အဲတော့ ဦးဇင်းတို့ရဲ့ ဆရာသမား မိဘတွေက ဘာပြောလည်းဆိုတော့ Wisdom ရှိဖို့အရေးကြီးတယ်။ ပညာရှိဖို့ .. မင်း ဥစ္စာရှိဖို့အရေးကြီးတယ်။ ပြီးတော့ ကုသိုလ်ရှိဖို့အရေးကြီးတယ်။ ပညာရှိရင် တန်ခိုးရှိတယ်။ ဥစ္စာရှိရင် တန်ခိုးရှိတယ်။ ကုသိုလ်ရှိရင် တန်ခိုးရှိတယ်။ အဲတော့ ကုသိုလ် ပညာ ဥစ္စာ . . . တစ်ခုခုမှ ရှိမနေဘူးဆိုယင် မင်းဟာ တန်ခိုးမရှိဘူးလို့ တန်ခိုးမဲ့နေတယ် Powerless လို့ပြောတာ။

suttacentral.net/dn11/my/pmt


အဲဒီမှာ ကေဝဋ္ဋသုတ်ထဲမှာ --


အခါတစ်ပါး၌ မြတ်စွာဘုရားသည် နာဠန္ဒာမြို့ ပါဝါရိက (သူဌေး)၏ သရက်ဥယျာဉ်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ကေဝဋ္ဋ (အမည်ရှိသော) သူကြွယ်သားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်၏၊ တစ်ခုသော နေရာ၌ ထိုင်ပြီးသော် ကေဝဋ္ဋ (အမည်ရှိသော) သူကြွယ်သားသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ —


“အသျှင်ဘုရား ဤနာဠန္ဒာမြို့သည် ပြည့်စုံကြွယ်ဝပါ၏၊ စည်ပင်ဝပြောပါ၏၊ လူ (ဦးရေ) များပြားပါ၏၊ လူ (အသွားအလာ) ထူထပ်ပါ၏၊ မြတ်စွာဘုရား၌ အလွန် ကြည်ညိုပါ၏၊ အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကိုပြရန် အလို့ငှါ ရဟန်းတစ်ပါးအား အမိန့်ပေးထားတော်မူပါ၊ ဤသို့ဖြစ်လတ်သော် ဤနာဠန္ဒာမြို့သည်မြတ်စွာဘုရား၌ အတိုင်းထက်အလွန် ကြည်ညိုပါလိမ့်မည်”ဟု လျှောက်၏။


အဲတော့ မြတ်စွာဘုရားက ကေဝဋ္ဋကို ဘာပြောလည်းဆိုတော့ ...


ဤသို့ လျှောက်သော် မြတ်စွာဘုရားသည် ကေဝဋ္ဋ (အမည်ရှိသော) သူကြွယ်သားအား ဤ စကားကို မိန့်တော်မူ၏ —


“ကေဝဋ္ဋ ငါသည် ရဟန်းတို့အား ‘ရဟန်းတို့ လာကြလော့၊ သင်တို့သည် လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို အဝတ်ဖြူဝတ်ကုန်သော လူတို့အား၁ ပြကြလော’ဟု ဤသို့ တရားကို မဟော”ဟု မိန့်တော်မူ၏။


နောက်တစ်ခါလည်း ထပ်ပြီးတော့ လျှောက်ပါတယ်။ အရှင်ဘုရား တပည့်တော်တောင်းပန်ပါတယ်။ တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်။ မင်းပြောသလို ငါမလုပ်ခိုင်းနိုင်ပါဘူးဆိုတော့ နောက်ဆုံး ကေဝဋ္ဋကဘာပြောလည်း အရှင်ဘုရားတဲ့ ကျွန်ုပ်က အကျိုးမဲ့ပြုနေတာမဟုတ်ပါဘူးတဲ့။ အရှင်ဘုရား ဒီနာလန္ဒာမြို့ဟာ အလွန် ချမ်းသာတယ်၊ ကြွယ်ဝတယ်။ လူဦးရေထူထပ်တယ်။ အရှင်ဘုရားကို တပည့်တော်က ကြည်ညိုတယ်။ ကြည်ညိုတော့ အရှင်ဘုရား ပိုပြီးတော့ ဆွမ်း ကွမ်း လာဘ်လာဘတွေ ပေါများအောင် လူတွေ ကြည်ညိုအောင် တန်ခိုးပြဖို့ အရှင်ဘုရားမပြယင်တောင် ရဟန်းတစ်ပါးပါးကို တန်ခိုးပြဖို့ အမိန့်ပေးထားပါတဲ့။


မြတ်စွာဘုရားက ကေဝဋ္ဋတဲ့ -- တန်ခိုး ပြာဋိဟာ ၃ မျိုး ရှိတယ်တဲ့။ ငါကိုယ်တိုင် ထူးသောဉာဏ်နဲ့ ကိုယ်တိုင်မျက်မှောက်ပြုပြီးတော့ ဟောကြားထားတဲ့ တန်ခိုးပြာဋိဟာ သုံးပါး ရှိပါတယ်။ တန်ခိုးပြဋိဟာ ၃ပါးက ဘာလည်းဆိုတော့တဲ့ ဒီမှာ --

တန်ခိုး ပြာဋိဟာ ‘ဣဒ္ဓိပါဋိဟာရိယ’၊

အတပ်ဟောခြင်း ပြာဋိဟာ ‘အာဒေသနာပါဋိဟာရိယ’ နှင့်

ဆုံးမခြင်း ပြာဋိဟာ ‘ အနုသာသနီပါဋိဟာရိယ’ တို့ပေတည်း။


အဲဒီ ၃မျိုးထဲမှာ ကေဝဋ္ဋတဲ့ တန်ခိုးပြာဋိဟာဆိုတာ ဘာလည်းဆိုတော့တဲ့ ဒီသာသနာတော်မှာ ရဟန်းတစ်ပါးက များပြားတဲ့ တန်ခိုးဖန်ဆင်းခြင်းတွေကို ပြုလုပ်နိုင်တယ်။ တစ်ဦးတစ်ယောက်ထဲဖြစ်ပြီးတော့ အများကြီးလည်း ဖန်ဆင်းပေးလို့ရတယ်။ အများကြီးဖြစ်ပေမယ့်လည်း တစ်ယောက်ထဲ ဖြစ်ပြလို့လည်းရတယ်။ ကိုယ်ထင်ရှားလည်း ပြလို့ရတယ်။ ကိုယ်ပျောက်အောင်လည်း လုပ်လို့ရတယ်။ နံရံတစ်ဖက် တံတိုင်းတစ်ဖက် တောင်တစ်ဖက် မထိမငြိပဲ ကောင်းကင်မှာ သွားလည်းသွားနိုင်တယ်။ မြေ၌လည်း ငုပ်ခြင်းပေါ်ခြင်း လုပ်နိုင်တယ်။ မြေမှာလိုပဲ ရေထဲမှာလည်း လုပ်နိုင်တယ်။ ရေ၌လည်း မကျွံပဲ မြေမှာလိုပဲ လမ်းလျှောက်ပြနိုင်တယ်။ ပြောချင်တာက ဒါဟာ တန်ခိုး ဣဒ္ဓိပါဋိဟာရိယလို့ခေါ်ပါတယ်တဲ့။


အဲတော့တဲ့ ဒီတန်ခိုးတွေပြတော့ ကြည်ညိုကြတာပေါ့တဲ့။ ကြည်ညိုတော့ ဒီလို တန်ခိုးဖန်ဆင်းပြတဲ့ ရဟန်းကို သဒ္ဓါတရားရှိတဲ့ ကြည်ညိုတဲ့ လူတစ်ယောက်ကတွေ့မြင်သွားလိမ့်မယ်။ တွေ့မြင်သွားတဲ့အခါမှာတဲ့ သဒ္ဓါတရား ရှိတဲ့ပုဂ္ဂိုလ်က သဒ္ဓါတရားမရှိတဲ့ပုဂ္ဂိုလ်ကို ဒီရဟန်းရဲ့အကြောင်းကိုပြောပြလိမ့်မယ်။ အဲတော့ သဒ္ဓါတရားမရှိတဲ့ ပုဂ္ဂိုလ်ကတဲ့ အဲဒီ သဒ္ဓါတရားရှိတဲ့ပုဂ္ဂိုလ်ကိုပြောလိမ့်မယ်။ ဟာ ဒါဘာထူးဆန်းတာမှတ်လို့ ဂန္ဓာရီအတတ်ဆိုတာ ရှိသားပဲ၊ ဒီ ဂန္ဓာရီအတတ်နဲ့ တန်ခိုးအမျိုးမျိုး လုပ်ပြလို့ရတာပဲ။ အဲလိုပြောလိမ့်မယ်တဲ့။ အဲတော့ တန်ခိုးပြခြင်းဟာ ကေဝဋ္ဋတဲ့ အဲဒါဘယ်လိုထင်လည်းတဲ့။ သဒ္ဓါတရားမရှိတဲ့ မကြည်ညိုတဲ့ပုဂ္ဂိုလ်က သဒ္ဓါတရားရှိတဲ့ ကြည်ညိုတဲ့ပုဂ္ဂိုလ် ဒီလို ဆိုမယ်ဆိုရင် အဆင်ပြေပါ့မလား။ အဲတော့ ငါက တန်ခိုး ပြဋိဟာ ပြခြင်း အပြစ်ကို မြင်လို့ တန်ခိုးပြဋိဟာပြဖို့ ဝန်လေးပါတယ်။ ရှက်ပါတယ်။ စက်ဆုပ်ပါတယ်တဲ့။


နောက်တစ်ခုကတဲ့ အတတ်ဟောြခင်း ပြဋိဟာတဲ့။


(သုတ္တန်ဒေသနာတော်ကိုပဲဖော်ပြလိုက်ပါတော့မယ်။ ဖတ်ကြည့်လိုက်ကြပါ။ နိဂုံးချုပ်လိုက်ပါတော့မယ်။)


အတပ်ဟောခြင်း ပြာဋိဟာ


၄၈၅။ ကေဝဋ္ဋ အတပ်ဟောခြင်း ပြာဋိဟာ ဟူသည်ကား အဘယ်နည်း။


ကေဝဋ္ဋ ဤ (သာသနာတော်) ၌ ရဟန်းသည် “သင်၏ စိတ်သည် ဤသို့ သဘောရှိ၏၊ သင်၏ စိတ်သည်ဤသို့ အခြင်းအရာရှိ၏၊ သင်၏ စိတ်အကြံသည် ဤသို့ ဖြစ်၏”ဟု တစ်ပါးသော သတ္တဝါတစ်ပါးသော ပုဂ္ဂိုလ်တို့၏ စိတ်ကိုလည်း အတပ်ဟော၏၊ စိတ်၌ ဖြစ်သည်ကိုလည်း အတပ်ဟော၏၊ ကြံစည်သည်ကိုလည်း အတပ်ဟော၏၊ ဆင်ခြင်သည်ကိုလည်း အတပ်ဟော၏။


သဒ္ဓါတရားရှိသော ကြည်ညိုသော လူတစ်ယောက်သည် “သင်၏ စိတ်သည် ဤသို့ သဘောရှိ၏၊ သင်၏စိတ်သည် ဤသို့ အခြင်းအရာရှိ၏၊ သင်၏ စိတ်အကြံသည် ဤသို့ ဖြစ်၏”ဟု တစ်ပါး သော သတ္တဝါ, တစ်ပါးသော ပုဂ္ဂိုလ်တို့၏ စိတ်ကိုလည်း အတပ်ဟောသော၊ စိတ်၌ ဖြစ်သည်ကိုလည်းအတပ်ဟောသော၊ ကြံစည်သည်ကိုလည်း အတပ်ဟောသော၊ ဆင်ခြင်သည်ကိုလည်း အတပ်ဟောသောထိုရဟန်းကို တွေ့မြင်ရာ၏။


(ဤသို့တွေ့မြင်ရသော်) သဒ္ဓါတရားရှိသော ကြည်ညိုသော ထိုသူသည် သဒ္ဓါတရားမရှိသောမကြည်ညိုသော လူတစ်ယောက်အား ထိုရဟန်းအကြောင်းကို (ဤသို့) ပြောကြားရာ၏ —


“အချင်း ရဟန်း၏ တန်ခိုးအာနုဘော်ကြီးသည်၏ အဖြစ်သည် စင်စစ် အံ့ဖွယ်ရှိပါပေ၏၊ စင်စစ်မဖြစ်ဖူးမြဲ ဖြစ်ပါပေ၏၊ အချင်း ငါသည် ‘သင်၏ စိတ်သည် ဤသို့ သဘောရှိ၏၊ သင်၏ စိတ်သည်ဤသို့ အခြင်းအရာရှိ၏၊ သင်၏ စိတ်အကြံသည် ဤသို့ ဖြစ်၏’ဟု တစ်ပါးသော သတ္တဝါ တစ်ပါးသော ပုဂ္ဂိုလ်တို့၏ စိတ်ကိုလည်း အတပ်ဟောသော၊ စိတ်၌ဖြစ်သည်ကိုလည်း အတပ်ဟောသော၊ ကြံစည်သည်ကိုလည်း အတပ်ဟောသော၊ ဆင်ခြင်သည်ကိုလည်း အတပ်ဟောသော ဤမည်သော ရဟန်းကိုတွေ့မြင်ရ၏”ဟု ပြောကြားရာ၏။


(ဤသို့ ပြောကြားသော်) သဒ္ဓါတရားမရှိသော မကြည်ညိုသော ထိုသူသည် သဒ္ဓါတရားရှိသောကြည်ညိုသော ထိုသူအား ဤသို့ ဆိုရာ၏ —


“အချင်း စိန္တာမဏိမည်သော အတတ်သည် ရှိ၏၊ ထို (စိန္တာမဏိ) အတတ်ဖြင့် ထိုရဟန်းသည် ‘သင်၏ စိတ်သည် ဤသို့ သဘောရှိ၏၊ သင်၏ စိတ်သည် ဤသို့ အခြင်းအရာရှိ၏၊ သင်၏ စိတ်အကြံသည် ဤသို့ ဖြစ်၏’ဟု တစ်ပါးသော သတ္တဝါ တစ်ပါးသော ပုဂ္ဂိုလ်တို့၏ စိတ်ကိုလည်းအတပ်ဟော၏၊ စိတ်၌ ဖြစ်သည်ကိုလည်း အတပ်ဟော၏၊ ကြံစည်သည်ကိုလည်း အတပ်ဟော၏၊ ဆင်ခြင်သည်ကိုလည်း အတပ်ဟော၏”ဟု ဆိုရာ၏။


ကေဝဋ္ဋ ထိုအရာကို အဘယ်သို့ ထင်သနည်း၊ သဒ္ဓါတရားမရှိသော မကြည်ညိုသော ထိုသူသည့်သဒ္ဓါတရားရှိသော ကြည်ညိုသော ထိုသူအား ဤသို့ ဆိုရာသည် မဟုတ်လော။


“ဆိုရာပါ၏ အသျှင်ဘုရား”။


ကေဝဋ္ဋ ငါသည် အတပ်ဟောခြင်း ပြာဋိဟာ၌ ဤအပြစ်ကို မြင်သောကြောင့် အတပ်ဟောခြင်းပြာဋိဟာကို ပြရန် ဝန်လေး၏၊ ရှက်၏၊ စက်ဆုပ်၏။


——————


ဆုံးမခြင်းပြာဋိဟာ


၄၈၆။ ကေဝဋ္ဋ ဆုံးမခြင်း ပြာဋိဟာ ဟူသည်ကား အဘယ်နည်း။


ကေဝဋ္ဋ ဤ (သာသနာတော်) ၌ ရဟန်းသည် ဤသို့ ဆုံးမ၏၊ “ဤသို့ ကြံကုန်လော့၊ ဤသို့မကြံကုန်လင့်၊ ဤသို့ နှလုံးသွင်းကုန်လော့၊ ဤသို့ နှလုံးမသွင်းကုန်လင့်၊ ဤ (တရား) ကို ပယ်ကုန်လော့၊ ဤ (တရား) သို့ ရောက်၍ နေကုန်လော့”ဟု ဆုံးမ၏၊ ကေဝဋ္ဋ ဤ (ဆုံးမခြင်း) ကို ဆုံးမခြင်း ပြာဋိဟာဟုဆိုအပ်၏။


ကေဝဋ္ဋ တစ်ဖန် ထို့ပြင်လည်း ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော။ပ။ မြတ်စွာဘုရားသည် ဤလောက၌ ပွင့်တော်မူ၏။ပ။[သာမညဖလသုတ်ကဲ့သို့ နည်းတူ ချဲ့အပ်၏။]


ကေဝဋ္ဋ ဤသို့လျှင် ရဟန်းသည် သီလနှင့် ပြည့်စုံ၏။ပ။ ပဌမဈာန်သို့ ရောက်၍ နေ၏၊ ကေဝဋ္ဋဤ (ပဌမဈာန်သို့ ရောက်၍ နေရန် ဆုံးမခြင်း) ကိုလည်း ဆုံးမခြင်း ပြာဋိဟာဟု ဆိုအပ်၏။


။ပ။ ဒုတိယဈာန်သို့။ တတိယဈာန်သို့။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏၊ ကေဝဋ္ဋ ဤ (စတုတ္ထဈာန်သို့ ရောက်၍ နေရန် ဆုံးမခြင်း) ကိုလည်း ဆုံးမခြင်း ပြာဋိဟာဟု ဆိုအပ်၏။


။ပ။ (ဝိပဿနာ) ဉာဏ်အမြင်အလို့ငှါ စိတ်ကို ရှေးရှုပို့ဆောင်၏၊ ရှေးရှုညွတ်စေ၏။ပ။ ကေဝဋ္ဋ ဤ (ဝိပဿနာ ဉာဏ်အမြင်အလို့ငှါ ဆုံးမခြင်း) ကိုလည်း ဆုံးမခြင်း ပြာဋိဟာဟု ဆိုအပ်၏။


။ပ။ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ်ကိစ္စ မရှိတော့ပြီဟု သိ၏၊ ကေဝဋ္ဋ ဤ (အာသဝက္ခယဉာဏ်အမြင်အလို့ငှါ ဆုံးမခြင်း) ကိုလည်း ဆုံးမခြင်း ပြာဋိဟာဟု ဆိုအပ်၏။


ကေဝဋ္ဋ ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ငါ ဟောကြားထားသော ပြာဋိဟာတို့သည် ဤသုံးပါးတို့ပေတည်း။


အဲတော့ ပြောချင်တာက မင်္ဂလသုတ်ကို သင်ယူတဲ့ပုဂ္ဂိုလ်တွေ အားထုတ်တဲ့ပုဂ္ဂိုလ်တွေဟာ မင်္ဂလာတရားကတော့ ဣဒ္ဓိကာရဏံလို့ခေါ်တဲ့ တန်ခိုးပြာဋိဟာ ရှိတဲ့ ပုဂ္ဂိုလ်ဖြစ်အောင် လုပ်လိမ့်မယ်။ လုပ်ပေးလိမ့်မယ်။ မင်္ဂလာရှိယင် တန်ခိုးရှိလိမ့်မယ်။ သို့သော်တဲ့ အဲဒီ တန်ခိုးဟာ ဣဒ္ဓိဆိုတဲ့နေရာမှာ wisdom ဖြစ်ရမယ်။ ပညာြဖစ်ရမယ်။ ဥစ္စာဆိုတာကတော့ လောကီနယ်ထဲမှာနေတာဖြစ်သောကြောင့် ရှိရမယ်။ အဲတော့ တပည့်တော်တို့အသက်အရွယ်နဲ့ ပညာ ဥစ္စာဆိုတာ မရှာတော့ပါဘူးဆိုယင် ကုသိုလ်ကာရဏံဖြစ်ရဲ့လား။ ကုသိုလ်တန်ခိုးရှိအောင်လုပ်ပြီးကြပြီလား။ လုပ်နေကြပြီလားနော်။ ကုသိုလ်မရှိဘူးဆိုယင်တော့ ကျန်နေတဲ့ သက်တမ်းဟာ လုံးဝကို သနားစရာပဲ။ အဲတော့ မင်္ဂလာတရားသည် ဣဒ္ဓိကရဏံ ကုသိုလ်တန်ခိုးကို ပြုလုပ်ပေးလိမ့်မယ်၊ ဥစ္စာတန်ခိုးကို ပြုလုပ်ပေးလိမ့်မယ်၊ ပညာတန်ခိုးကို ပြုလုပ်ပေးလိမ့်မယ်။

အဲတော့ ဒီနေ့ မင်္ဂလာတရားကို Definition ဖွင့်တဲ့အခါမှာ ဣဒ္ဓိကရဏံ တန်ခိုးဣဒ္ဓိပါဒ်လို့ခေါ်တဲ့ ကုသိုလ် ပညာ ဥစ္စာ တစ်မျိုးမျိုးကို ဖန်တီးပေးပါလိမ့်မယ်။


နောက်တစ်ခုက ဝုဒ္ဓိကာရဏံ ဝုဒ္ဓိဆိုတာက အဲဒီလို ဣဒ္ဓိလို့ခေါ်တဲ့ တစ်နည်းအားဖြင့်ပြောမယ်ဆိုယင် ဟိုတစ်နေ့က သံတောသတရားနဲ့ချိတ်လိုက်မယ်ဆိုယင် ဣဒ္ဓိကာရဏံသည် စားဝတ်နေရေး ကျန်းမာရေးလို့ခေါ်တဲ့ သံတောသတရား သုံးပါးနဲ့ပြည့်စုံခြင်းလို့ ဒီလိုပြောတယ်။ ဝုဒ္ဓိကျတော့ တရားဘာဝနာ အားထုတ်မှာလား၊ လောက ကောင်းကျိုး ဆောင်ရွက်မှာလား တစ်ခုလုပ်ရမယ်။ ဝုဒ္ဓိကာရဏံ ဘာလုပ်မှာလည်း ... မိမိတစ်ဦးချင်းစီက ဣဒ္ဓိကာရဏံနဲ့ ဝုဒ္ဓိကာရဏံ လုပ်ခြင်းအားဖြင့် မိမိတို့ရဲ့ပတ်ဝန်းကျင်ဟာတဲ့ သမ္ပတ္တိကာရဏံ ဖြစ်လာလိမ့်မယ်တဲ့။


အဲတော့ ဣဒ္ဓိကာရဏံဘက်ကပြည့်စုံပြီလား? နောက်တစ်ခုက ဝုဒ္ဓိကာရဏံဘက်က ငါဘာလုပ်ပြီးသွားပြီလည်း အဲဒါကို မြတ်စွာဘုရားကပြောတယ်။ သီလဝန္တနဲ့ကလျာဏဓမ္မဆိုပြီးတော့ ၂ခု ပြောတဲ့အခါမှာ ဒီဝုဒ္ဓိကာရဏက ကလျာဏဓမ္မလို့ခေါ်တဲ့ လောကကောင်းကျိုး ၊ ပတ်ဝန်းကျင်ကောင်းကျိုး၊ ပြီးတော့ မိမိကိုယ်တိုင်လည်းပဲ တရားထူး တရားမြတ်တွေရအောင် မဂ်ဖိုလ်အကျိုး အဲဒါကို ဆောင်ရွက်ခြင်းကို ဝုဒ္ဓိကာရဏံလို့ ပြောတယ်။ အဲတော့ ဣဒ္ဓိကာရဏံ၊ ဝုဒ္ဓိကာရဏံ ကာရဏံ ၂ခု ရှိပြီဆိုယင်တဲ့ သမ္ပတ္တိကာရဏံက အလိုလို ပြည့်စုံလာပါလိမ့်မယ်။ အဲတော့ ကိုယ့်ကိုကိုယ်ပြန်ကြည့်ပေါ့။ ကိုယ်ရှိနေလို့ ဣဒ္ဓိလည်းမဖြစ်ဘူး။ ဝုဒ္ဓိလည်းမဖြစ်ဘူး သမ္ပတ္တိလည်း မဖြစ်သေးဘူးဆိုယင် .. အော် ငါ မင်္ဂလာတရားတွေ တိုးပြီးတော့ အားထုတ်ရဦးမှာပါလားလို့ နားလည်ပါ။


(ပို့စ်ရှည်သွားပြီမို့ နားပါဦးမည်)


တရားရှာကိုယ်မှာတွေ့ကြပါစေ။

မေတ္တာဖြင့်

Thein Naing Ohn(5.11.2021)


+++++++++++++++++++++++++++++++++++++

မင်္ဂလသုတ္တံကို အဘိဓမ္မာအမြင် လူမှုဘဝအသိဖြင့်ချဉ်းကပ်ပို့ချခြင်း (Day 4) (ဓမ္မဂင်္ဂါဆရာတော်)

နမောတဿ ပဏာမဂါထာနဲ့ဦးဇင်းတို့ သင်တန်းကိုစပြီပေါ့။ ဦးဇင်းတို့ဘုရားရှင်က သတ္တာဒေဝမနုဿာနံလို့ ဒီလိုပြောတယ်။ သတ္တာဒေဝမနုဿာနံဆိုတာ လူတွေ နတ်တွေရဲ့ဆရာလို့ပြောတယ်။ မနုဿ .. အမနုဿ .. လူတွေကော လူမဟုတ်တဲ့ပုဂ္ဂိုလ်တွေကော .. အဲတော့ ဦးဇင်းတို့ ဒီဘုရားရှင်ရဲ ဂုဏ်တော်တွေကို စဉ်းစားလိုက်ယင် .. အော် ဘုရားရှင်က လူတွေကော လူမဟုတ်တဲ့ ပုဂ္ဂိုလ်တွေကော အားလုံးရဲ့ဆရာဆိုတော့ ဆရာဖြစ်ပြီဆိုထဲက ဘုရားရှင်ရဲ့ဂုဏ် ဘုရားရှင်က လူမှုနယ်ပယ်မှာ ဘယ်လောက်ကျယ်ဝန်းသွားလည်းဆိုတာကို ပြန်ပြီးတော့ ကြည့်လို့ရတယ်။


အဲတော့ မင်္ဂလာတရားရဲ့ပိုင်ရှင် ဘုရားရှင်က သတ္တာဒေဝမနုသာနံဆိုပြီးတော့ပြောတယ်။ ပြီးတော့ မင်္ဂလာတရားကို ကောင်းကောင်းပြန်ပြီး ရွတ်ကြည့်ယင် ဒေသိတံ ဒေဝ ဒေဝေန ဆိုပြီး စကားလုံးလေး တစ်လုံးပါတယ်။


ဒေသိတံ ဒေဝ ဒေဝေန

သဗ္ဗပါပ ဝိနာသနံ။

သဗ္ဗလောက ဟိတတ္ထာယ၊

မင်္ဂလံ တံ ဘဏာမ ဟေ။


အဲဒီမှာ ပြောချင်တာက ဘုရားရှင်ကို ချီးမွမ်းတဲ့အခါမှာ သတ္ထာဒေဝ မနုသာနံ .. ဆိုပြီးတော့ ဒီလို ချီးမွမ်းတယ်။ ဒေဝရယ်၊ မနုဿရယ်။ ဒီမှာကျတော့ ဒေဝ ဒေဝ လို့ပြောတယ်။ နတ်တို့ အထက်မှာရှိနေတဲ့ နတ်။ အဲဒီမှာ မင်းတို့ ကိုယ်တိုင်က နတ်တွေကွတဲ့။ အတ္တာဟိ အတ္တာနော နာထော။ နတ်တို့ရဲ့ နတ်ဆိုတာ အခြားမဟုတ်ပါဘူး။ လူပုဂ္ဂိုလ်ပါပဲတဲ့။ လူတွေရဲ့ မြတ်တဲ့လူ ၊ နတ်တွေထက် မြတ်တဲ့လူ။ မင်္ဂလသုတ်ကို ချည်းကပ်တဲ့အခါမှာ နောက်ဆုံးက စကားလုံးနဲ့ ရှေ့က စကားလုံးကိုတွဲစပ်ကြည့်မိတာပေါ့။ အဲဒီဂါထာမှာ ဘာပါလည်းဆိုတော့ ..


သဗ္ဗပါပ ဝိနာသနံ > အပရာဇိတ

သဗ္ဗလောက ဟိတ > သောတ္ထိ


အဲဒီမှာ ဒေဝဒေဝဆိုတဲ့ စကားလုံးဟာ ကိုယ်ကိုကိုယ်တိုင် နတ်ဖြစ်အောင် ကြိုးစားပါလို့ဆိုတယ်။


ဒေဝ ဒေဝ > မနုဿ

နာထ ဆိုတဲ့ စကားလုံးကနေ > နတ်လို့ ဖြစ်သွားတယ်။


မင်္ဂလာတရားဆိုတာ အကုသိုလ်စိတ် ၁၂ ပါး၊ အကုသိုလ်စေတသိက် ၁၄ ပါး.. အဲဒါတွေ ကင်းစင်အောင် လုပ်တဲ့ တရား ၊ အဲဒါ မင်္ဂလာတရားပဲတဲ့။ အဲတော့ လုပ်နိုင်ယင် ဘာဖြစ်မှာလဲ .. မြတ်စွာဘုရားက ပေတံပေးထားတယ်။ မင်းတို့ကို မင်းတို့ပြန်ကြည့်ပါတဲ့။


သဗ္ဗပါပ ဝိနာသနံ

သဗ္ဗလောက ဟိတရယ် ..

ဧတာဒိသာနိ ကတွာန၊

သဗ္ဗတ္ထ မပရာဇိတာ။

သဗ္ဗတ္ထ သောတ္ထိံ ဂစ္ဆန္တိ၊

တံ တေသံ မင်္ဂလ မုတ္တမံ။


ကနေ နောက်တစ်ဂါထာဆုတ်ပြီးရွတ်လိုက်ပါ။


ဖုဋ္ဌဿ လောကဓမ္မေဟိ၊

စိတ္တံ ယဿ န ကမ္ပတိ။

အသောကံ ဝိရဇံ ခေမံ၊

ဧတံ မင်္ဂလ မုတ္တမံ။


ဒီဂါထာလေးမှာ စိတ္တံဆိုတဲ့စကားလုံးလေး အရေးကြီးတယ်။ ဘာဖြစ်လို့လည်း အရေးကြီးလည်းဆိုတော့


(နန်းမတော်မယ်နု၊ ဆရာတော်ဦးဗုဓ် နှင့် သာယာဝတီမင်းတို့အကြောင်း ရှင်းပြ)

မင်းတို့ ဘုရင်ကို ပြောလိုက်ကွာ .... စိတ္တံ .. စိတ်တဲ့ကွာ ... ။


အဲတော့ မြတ်စွာဘုရားက မင်းတို့ ကိုယ့်ကိုကိုယ် အောင်နိုင်သူ ၊ ကိုယ့်ကိုကိုယ် ပျော်ရွှင်သူလို့ သိနိုင်တဲ့ ကိစ္စက .. ဒီဂါထာနဲ့ဆုံးဖြတ်ပါတဲ့။


ဖုဋ္ဌဿ လောကဓမ္မေဟိ၊

စိတ္တံ ယဿ န ကမ္ပတိ။

အသောကံ ဝိရဇံ ခေမံ၊

ဧတံ မင်္ဂလ မုတ္တမံ။


အဲဒီတော့ ဒီဂါထာလေးကို ဦးဇင်းတို့ နားလည်လို့ရအောင် --


အကမ္ပိတ + စိတ္တ

အသောက + စိတ္တ

ဝိရဇ + စိတ္တ

ခေမ + စိတ္တ


အဲဒါလေးကို ဦးဇင်းတို့ ပါဠိစကားလုံးနဲ့ ချည်းကပ်တဲ့အခါမှာ “အ” လေးတွေက “ဝိ” လေးတွေက Negative သဘောကိုဆောင်ပါတယ်။ ခေမ + စိတ္တ က Positive ဖြစ်နေတော့ အ + လေးထည့်ပေးပြီး Negative ဖြစ်အောင် လုပ်ပါမယ်။ “အ+ခေမ+စိတ္တ”


အဲတော့ ဘုရားရှင်က ရဟန္တာဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေ အရှုံးမရှိတဲ့ပုဂ္ဂိုလ်တွေ ၊ ပျော်ရွှင်နေတဲ့ပုဂ္ဂိုလ်တွေဟာတဲ့ “ကမ္ပိတ+စိတ္တ” တုန်လှုပ်တဲ့စိတ် “အကမ္ပိတ” ဖြစ်နေတယ်။ မတုန်လှုပ်တော့ဘူး။ အဲဒါဆို သူဟာ အရှုံးမရှိတဲ့ ပုဂ္ဂိုလ်။


အသောက+စိတ္တ ၊ ဝမ်းနည်းနေမယ်၊ ပူဆွေးနေမယ်ဆိုယင် သူဟာ မပျော်ရွှင်တဲ့ပုဂ္ဂိုလ်။ မအောင်မြင်တဲ့ပုဂ္ဂိုလ်။ အပရာဇိတ၊ သောတ္ထိဆိုတဲ့ မင်္ဂလာတရားရဲ့ အာမခံချက်တွေနဲ့ ဝင်နေတဲ့ပုဂ္ဂိလ်လို့ ဒီလို ပြောလို့ရတယ်။


နောက်တစ်ခု စိတ်တွေ ညစ်နေတဲ့ပုဂ္ဂိလ်။ “ရဇ” ဖြစ်နေတဲ့ပုဂ္ဂိုလ် ၊ ပြီးတော့ “အခေမ + စိတ္တ” (ဘေးကင်း၊ ရန်ကင်း) ဒီ “အခေမစိတ္တ”နဲ့”ခေမစိတ္တ”ကိုပြောတဲ့အခါမှာ ဦးဇင်းတို့ ဘေးကင်းသွားတဲ့ စိတ်အခြေအနေဆိုတာက “သူ့ကို တစ်ကမ္ဘာလုံးက မုန်းကောင်းမုန်းလိမ့်မယ်တဲ့” ဒါပေမယ့် “သူကတော့ မုန်းတဲ့သူ တစ်ယောက်မှ မရှိတော့ဘူး” အဲဒါကို “ခေမစိတ္တ”လို့ပြောတယ်။ အဲတော့ ဒီမှာ --


ကမ္ပိတစိတ္တဖြစ်နေသူက ရှုံးနိမ့်သူပဲ။ သောကစိတ္တဖြစ်နေသူက ရှုံးနိမ့်သူပဲ။


ရဇ - ညစ်နေတယ်ကွာ၊ ငါကတော့ ဒီနေ့ အဆင်မပြေဘူးကွာ၊ စိတ်ထဲမှာ ညစ်နေတယ်ဆိုယင် ရှုံးနိမ့်သူပဲလို့ ပြောတယ်။ မိဘ ညီအစ်ကို မောင်နှမ မိတ်ဆွေသူငယ်ချင်း အဆင်မပြေဘူး။ “အခေမ” ဖြစ်နေတယ်ဆိုယင် သူဟာ “ပရာဇိတ” “အသောတ္ထိ” လို့ခေါ်တဲ့ ဘုရားရှင်ဟောတဲ့ မင်္ဂလာတရားနဲ့ဖေသွယ်နေတယ်။


အဲဒီမှာ “အပရာဇိတ” ဖြစ်နေပြီ။ “ကမ္ပိတစိတ္တ”ဆိုတာ တုန်လှုပ်ချောက်ချားနေတာ။ “ဓန” “ပညာ” “ကုသိုလ်” အဲဒီ ၃ ခု ရှိနေယင် ဒီပုဂ္ဂိုလ်က ပညာရဲရင့်ပွဲလယ်တင့် ... အဲလိုမှ မဟုတ်ဘူးဆိုယင်တဲ့ .. သူဟာ နေရာတိုင်းမှာ စာမျက်နှာတိုင်းမှာ တုန်လှုပ်ချောက်ချားနေတဲ့ပုဂ္ဂိုလ် ဖြစ်တတ်ပါတယ်။ ကိုယ့်ကိုကိုယ်ပြန်ကြည့်ပါတဲ့။ ဘယ်အချက်အလက်မှာ အားနည်းနေသလဲ။ စိတ်ထဲမှာ တုန်လှုပ်နေတယ်။ ဦးဇင်းတို့ ဘဝမှာလည်း တစ်ခုခု ဆရာဘုန်းကြီးနဲ့တွေ့တဲ့အခါ “ကမ္ပိတ”ဖြစ်တာ။ မိဘတွေနဲ့သားသမီးတွေနဲ့ကြားထဲမှာ “ကမ္ပိတ”ဖြစ်တာ။ ဆရာတွေနဲ့တပည့်တွေကြားမှာ “ကမ္ပိတ”ဖြစ်တာ။ လုပ်ငန်းရှင်နဲ့အလုပ်သမားကြားမှာ “ကမ္ပိတ”ဖြစ်တာ။ တကယ်လို့ ကိုယ်က “ဥစ္စာ ပညာ ကုသိုလ်” တစ်ခုခု ပြည့်စုံနေပြီဆိုယင်တဲ့ “အကမ္ပိတ” ဖြစ်လာတာ။ အလိုလိုနေယင်း ရဲရင့်လာတာ။ ဒီလိုမှမဟုတ်ယင် “ကမ္ပိတ” ဖြစ်လာတာ။ “ကမ္ပိတ” တစ်ခြားမဟုတ်ဘူးတဲ့။ အကုသိုလ်စိတ်တွေ အကုသိုလ်စေတသိက်တွေ ကိုယ့်ရဲ့ရင်ထဲမှာ ရှိနေတဲ့အတွက်ကြောင့်မို့ “ကမ္ပိတ” ဖြစ်နေတာ။ တုန်လှုပ်နေတာ။ အဲတော့ ကိုယ့်ကိုကိုယ် ပြန်ကြည့်ပါ။ “လောဘ ဒေါသ မောဟ မာန ဒိဋ္ဌိ ထိန မိဒ္ဓ ဥဒ္ဓစ္စ ကုက္ကုစ္စ” စသည်ဖြင့် တစ်ခုခု ရှိနေပြီဟေ့ဆိုယင် အဲဒီပုဂ္ဂိုလ်ဟာတဲ့ “တုန်လှုပ်နေပြီတဲ့” ဘယ်နေရာမှ လူရာမဝင်ဘူးတဲ့။ အဲတော့ ဒီကိလေသာတွေရှိနေယင် တုန်လှုပ်နေဦးမှာပဲလို့ပြောတာ။ အဲဒါလေးမှတ်ထားပါ။ ကိလေသာတွေမရှိ‌တော့မှ “ကမ္ပိတ”ဖြစ်လာမယ်။ ပြီးယင် သောက ပျောက်သွားမယ်။ ပြီးတော့ “ရဇ” ပျောက်သွားမယ်။ ပြီးတော့ “အခေမ”လို့ခေါ်တဲ့ စိတ်မကြည်လင်မှုတွေပျောက်သွားမယ်။ ဘဝထဲမှာ ဖြတ်သန်းတဲ့အခါ ကိုယ့်ဟာနဲ့ကိုယ်ပြန်ကြည့် ကိုယ်ဟာတုန်လှုပ်နေတဲ့ပုဂ္ဂိုလ်လား။ ငါဟာ စိုးရိမ်ပူပန်မှုတွေနဲ့ ဖြတ်သန်းနေတဲ့ပုဂ္ဂိုလ်လား။ ငါဟာ နေ့စဉ် “ရဇ”လို့ခေါ်တဲ့ ညစ်နေတဲ့ပုဂ္ဂိုလ်လား နော် .. ကိုယ့်ကိုကိုယ် မင်္ဂလာ ရှိမရှိ တိုင်းတာဖို့ မြတ်စွာဘုရားက ဒီ ၄ချက်နဲ့ ပြောပါတယ်။


အာမခံတာက ၂ ချက်။ “အပရာဇိတ”နဲ့”သောတ္ထိ”နဲ့အာမခံတယ်။ ဒါပေမယ့် မင်းတို့ ကိုယ့်ကိုကိုယ်ပြန်တိုင်းပါတဲ့။ ပေတံအနေနဲ့ပြောမယ်ဆိုယင်တော့ တုန်လှုပ်နေတဲ့ပုဂ္ဂိုလ်လား။ သောကရောက်နေတဲ့ပုဂ္ဂိုလ်လား။ ညစ်နေတဲ့ ပုဂ္ဂိုလ်လား။ ဒါမှမဟုတ်ယင်လည်းပဲ ဟိုလူ့အဆင်မပြေ၊ ဒီလူ့အဆင်မပြေ အခဲမကြေဖြစ်နေတဲ့ပုဂ္ဂိုလ်လား။ အဲဒါဆိုယင် မင်းဟာ မင်္ဂလာတရား တကယ်မရှိသေးပါဘူးတဲ့။ ဒါအဘိဓမ္မာနဲ့ချိတ်ဆက်ပြီးတော့ပြောတာနော်။


အဲတော့ ဦးဇင်းနောက်ဆုံး နိဂုံးချုပ်ရမယ်ဆိုယင် ... (ဦးဇင်းအတွေ့အကြုံလေးရှင်းပြပါတယ်) အဲဒီမှာ ဒေါသ ကိလေသာ၊ ဗျာပါဒ ကိလေသာရှိနေတဲ့ အတွက် တုန်လှုပ်ပါတယ်။ ပြီးတော့ သောက .. သောကဖြစ်ပါတယ်။ “ရဇ” ညစ်နွမ်းပါတယ်။ ပြီးတော့ ဦးဇင်းတို့ မလုံခြုံသလိုလည်းပဲခံစားရပါတယ်။ အဲဒါဟာ ကိုယ့်ကိုကိုယ်ပြန်ပြီးတော့ စီစစ်ပါတဲ့။ မင်း မင်္ဂလာရှိမရှိဆိုတာ ဒီ ၄ ပါးနဲ့ပဲ စီစစ်ပါတဲ့ .. ကဲ ဒီနေ့တော့ ဒီ‌လောက်ပါပဲ။ ဦးဇင်းတို့ နောက်နေ့ကျမှပဲ ဆက်ပြီးတော့သွားကြမယ်။


ကိုယ်စိတ်နှစ်ဖြာချမ်းသာကြပါစေ။

မေတ္တာဖြင့်

Thein Naing Ohn (ဦးသုန္ဒရ) (9.11.2021)

+++++++++++++++++++++++++++++++++++++

မင်္ဂလသုတ္တံကို အဘိဓမ္မာအမြင် လူမှုဘဝအသိဖြင့်ချဉ်းကပ်ပို့ချခြင်း (Day 5) (ဓမ္မဂင်္ဂါဆရာတော်)

မင်္ဂလသုတ်ဟာ Road Map လို့ခေါ်တဲ့ လမ်းပြမြေပုံနဲ့တူတယ်။


ဦးဇင်းတို့ သာသနာမှာ ဗုဓ်အစ ဗုဓ်အလယ် ဗုဓ်အဆုံး ဆိုပြီးတော့ ရှိတယ်။ ဗုဓ်အစ = ဗုဒ္ဓ ၊ ဗုဓ်အလယ် = ဗုဒ္ဓဃောသ (ပိဋကတ်ကျမ်းတွေကိုဖွင့်ပြသောရဟန်း)၊ ဗုဓ်အဆုံး = ဆရာတော်ဦးဗုဓ်။


ဆရာ‌တော်ဦးဗုဓ်က ဘုရားကြိုက်အောင်နေတယ်တဲ့။ အများကြိုက်အောင် မနေဘူးတဲ့။


ဆရာတော်ငယ်နံမည် မောင်ပုပ်၊ နောက်တော့ ဆရာတော်ဦးဗုဓ်ဖြစ်လာတယ်။


အဲတော့ ဒီကမ္ပိတစိတ္တ၊ သောကစိတ္တ၊ ရဇစိတ္တ၊ အခေမစိတ္တ ဆိုပြီးတော့ မိမိကိုယ်ပြန်ကြည့်ပါတဲ့။


ဆရာတော်ဦးဗုဓ်က စိတ္တံ .. စိတ်တဲ့ကွ။


ဘုရားက သူ့ကိုယ်သူ ဇိန (Jina) အောင်နိုင်သူလို့ပြောတယ်။


အချစ်ရှိယင် ဆန္ဒာဂတိ ရှိတယ်။


အမုန်းရှိယင် ဒေါသဂတိ ရှိတယ်။


ကြောက်ရယင် ဘယာဂတိ ရှိတယ်။


နောက် မသိယင်လည်း မောဟာဂတိ ရှိတယ်တဲ့။


အဲတော့ မြတ်စွာဘုရားက ခေမဆိုတာက ခွဲထွက်သွားတာ။


ဒေဝဒတ်၊ ဥဒါယီ၊ ဥပနန္ဒ ၊ ဆဗ္ဗဂ္ဂီ (ဆ+ဝဂ္ဂီ) (၆ပါး)၊ သတ္တရသဝဂ္ဂီ(၁၇ပါး)။


ဘုရားရှင်ကို ပြဿနာရှာသူများ။


အဲတော့ ဘုရားရှင်က အကမ္ပိတ၊ အသောက၊ ဝိရဇ၊ ခေမ လို့ခေါ်တဲ့ စိတ်အခြေအနေ (၄) မျိုးနဲ့ပြည့်စုံနေတဲ့အတွက် လောကဓံကို ခံနိုင်တယ်။


အမိတ + အာဘာ


နှိုင်းယှဉ်လို့ မရတဲ့သူ + အရောင်အလင်း


အကမ္ပိတ ၊ အသောက၊ ဝိရဇ၊ ခေမ ဆိုတာ ကိုယ့်ကိုကိုယ် ပြန်တိုင်းတာရမယ့်ပေတံ။


အဲဒီ (၄) ပါးမရှိဘူးဆိုယင် မင်းဟာ ရှုံးနေတာပဲတဲ့။


နိဗ္ဗာနသစ္ဆိကိရိယာ ဖြစ်မှ နိဗ္ဗာနသစ္ဆိကိရိယက ပြောရမယ်ဆိုယင် ဘုရား ရဟန္တာဖြစ်မှရယ်လို့ မဟုတ်ပါဘူးတဲ့။ မိမိကလျာဏပုထုဇဉ်ဖြစ်ယင်လည်း နိဗ္ဗာနသစ္ဆိရိယဖြစ်လို့ရပါတယ်တဲ့။ နိဗ္ဗာန်ဆိုတာ ကမ္ပိတ သောက ရဇ အခေမ လို့ခေါ်တဲ့ စိတ်အခြေအနေတွေကို ကျော်လွှားလွန်မြောက်နေတဲ့ပုဂ္ဂိုလ်တွေ ဦးဇင်းတို့ ဘဝထဲမှာ အဲဒီလို ပုဂ္ဂိုလ်တွေရှိတယ်။ ဦးဇင်းတို့ပြောမယ်ဆိုယင် အဘိဓမ္မာအမြင်နဲ့သိနေတဲ့ နိဗ္ဗာန်ကိုတော့ သူတို့ မျက်မှောက်ပြုတာ ဟုတ်ချင်မှ ဟုတ်မယ်။ သုတ္တန်ပိုင်းဆိုင်ရာ အမြင်နဲ့ကျတော့ နိဗ္ဗာန်ရနေတာမျိုး သစ္ဆိကိရိယ ဒါလေးကို ရေးကြမှာပေါ့။



နိဗ္ဗာန = နိဗ္ဗာန်


နိဗ္ဗာန်ဆိုတာ (ဝါန)လို့ခေါ်တဲ့ (နိ+ဝါန) Desire , Craving (or) Attachment မရှိတာ။ ပြောရမယ်ဆိုယင် မြန်မာစကားမှာ “ချင်” ဆိုတဲ့ စကားလုံး အဲဒါက Non “ချင်” ဖြစ်သွားတာ။ ဘုရားက Negative ဖြစ်ရမယ်လို့ ပြောတာ။ မင်းတို့က Positive ဖြစ်နေယင် မင်းပြဿနာတက်နေပြီတဲ့။


မြေပုံကိုကြည့်တဲ့အခါ နိဗ္ဗာနသစ္ဆိကိရိယာဆိုတာ ထွက်မြောက်ရာလမ်းနဲ့ ကျင်လည်ရာလမ်းဆိုပြီး လမ်း ၂ လမ်း တွေ့လာတယ်။ အဲဒါက ဘာလည်းဆိုတော့ အဿာဒ၊ နိဿရဏ ကိုပြောတာပါပဲ။ ကျင်လည်ရာလမ်းက ဝါနလမ်းပေါ့။ (နိ+ဝါန) လမ်းဆိုတာ တစ်ခြားမဟုတ်ဘူး။ နိဗ္ဗာနလမ်းတဲ့။


နိဗ္ဗာနံ ပန လောကုတ္တရ သင်္ခါတံ


မဂ္ဂ ဖလ ဉာဏေန သစ္ဆိကာတဗ္ဗံ။


အဲဒါကို သစ္ဆိကာတဗ္ဗံကို နိဗ္ဗာန သစ္ဆိကိရိယာ လို့ပြောတယ်။


ဝါနသင်္ခါတာယ တဏှာယ


နိက္ခန္တတ္တာ နိဗ္ဗာနံန္တိ ပဝုစ္စတိ။


အဲတော့ ဝါနလို့ခေါ်တဲ့ တဏှာကနေပြီးတော့ ထွက်မြောက်တတ်တဲ့အတွက်ကြောင့်မို့ နိဗ္ဗာန်လို့ခေါ်တယ်လို့ ပြောတယ်။ အဲတော့ ငါတို့က လမ်းနှစ်သွယ်ရှိနေပြီ။ ဝါန နဲ့သွားတဲ့လမ်း။ နိဝါန နဲ့သွားတဲ့လမ်း။ ပြောရမယ်ဆိုယင် ဟိုတစ်နေ့က ပြောခဲ့တဲ့ အာဂါရိက နဲ့ အနာဂါရိက (လမ်းနှစ်သွယ်) အိမ်ရာထောင်တဲ့လမ်းနဲ့ အိမ်ရာမထောင်တဲ့လမ်း။ အဲတော့ အာဂါရိကတွေက ဒီ (ဝါန) နဲ့သွားနေကြတာ။ အနာဂါရိကတွေကတော့ (နိဝါန) နဲ့ သွားနေကြတာ။ နိဝါနဖြစ်အောင်သွားနေကြတာ။ နိဝါန ဖြစ်အောင် နေနေကြတယ်လို့လည်းပဲ ဦးဇင်းတို့ အားလုံးက လက်ခံယုံကြည်ကြိးစားကြတာပေါ့။ အဲတော့ ဝါနလမ်းလား၊ နိဝါနလမ်းလား ပြန်ပြန်ကြည့်တဲ့အခါမှာ ဝါန ကနေ နိဝါန ကိုသွားရမှာ ဝါနက တော်တော်တန်ဖိုးရှိပါတယ်။ ဝါနကို စကားလုံးတစ်လုံးထပ်သုံးတော့ တဏှာလို့သုံးပါတယ်။ ကျင်လည်ရာလမ်းကိုသွားမယ်ဆိုယင်တော့ တဏှာနဲ့သွားရမယ်။ မင်းတဏှာမရှိယင် ပြဿနာတက်ပြီတဲ့။


နိဗ္ဗာန်ကျတော့ တဏှာမရှိဘူး။ ဒါပေမယ့် သူက နိဿရဏ လမ်း။ ထွက်မြောက်ရာလမ်း။ ထွက်မြောက်ရာလမ်းသွားရင်တော့ မင်း (ဝါန) မရှိလေ ကောင်းလေပဲ။ (ဝါန) မရှိလေ၊ ချမ်းသာလေပဲ။ ဒါပေမယ့် ဝါန ကို မစွန့်နိုင်ဘူး။ ကျင်လည်ရာလမ်းထဲကို သွားဦးမယ်ဆိုယင်တော့ ဝါန ရဲ့တန်ဖိုးကို မင်းအသုံးချမှဖြစ်မယ်။


ဝါနရဲ့ အဿာဒလမ်းကိုသွားနေတဲ့ပုဂ္ဂိုလ်တွေ အဲတော့ ဒီမှာ ရှိတဲ့ပုဂ္ဂိုလ်တွေက လမ်းနှစ်သွယ် ၊ ကျင်လည်ရာလမ်း နဲ့ ထွက်မြောက်ရာလမ်း။ အဲဒါကိုပဲ မြတ်စွာဘုရားက အစွန်းနှစ်ပါးနဲ့ပြန်ချိတ် ပြောတယ်။ ကျင်လည်ရာလမ်းက ကာမသုခါလ္လိကာနုယောဂတဲ့ ။ ထွက်မြောက်ရာလမ်းက အတ္တကိလမထနုယောဂ (၂)ခု အလွန်အကျွံဖြစ်တတ်တယ်တဲ့။ အဲဒါကို ဦးဇင်းတို့ မနက်ဖြန်မှ ဆက်ပြီးတော့ သွားကြမယ်။


အဲတော့ ကိုယ်က (ဝါန) လမ်းမှာလား။ (နိဝါန)လမ်းမှာလား။ အဲဒါလေးပြန်ကြည့်ပါ။


ကိုယ်စိတ်နှစ်ဖြာအေးချမ်းကြပါစေ။

မေတ္တာဖြင့်

Thein Naing Ohn(14.11.2021)

+++++++++++++++++++++++++++++++++++++

မင်္ဂလသုတ္တံကို အဘိဓမ္မာအမြင် လူမှုဘဝအသိဖြင့်ချဉ်းကပ်ပို့ချခြင်း (Day 6) (ဓမ္မဂင်္ဂါဆရာတော်)

ဦးဇင်းတို့ ပထမဆုံးအရေးကြီး မင်္ဂလာတရားရဲ့ရည်မှန်းချက်တွေကို ၅ ရက်လောက် ပြောထားတာ။ မိမိစိတ်အခြေအနေကိုပြန်ကြည်ပါတဲ့။ အကမ္ပိတ၊ အသောက၊ ဝိရဇ၊ ခေမ ဖြစ်နေသလား။ ဦးဇင်းတို့ အရိယာဖြစ်သွားပြီဆိုယင်တော့ ဘယ်လိုပဲဖြစ်ဖြစ်အစမ်းသပ်ခံနိုင်သွားပြီတဲ့။ ဦးဇင်းတို့ ပုထုဇဥ်တွေမှာတော့ အစမ်းသပ်ခံနိုင်တဲ့စိတ် နဲ့ အစမ်းသပ်မခံနိုင်တဲ့ စိတ် ၊ အဲဒါလေးပြောချင်တာပါ။ တစ်နည်းအားဖြင့် ပြောမယ်ဆိုယင် ဗြဟ္မစရိယလို့ခေါ်တဲ့ (ဗြဟ္မစိုရ်) = အဲဒါကိုပဲ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ။


ဂတိ လမ်းမှန်သွားပြီ၊ သုဂတိ၊ ဒုဂ္ဂတိ၊ အဂတိ။


ချစ်တော့ယဉ်ပါတယ်တဲ့။ ဒေါသ + အဂတိ = မုန်းတော့ကျတော့ ရိုင်းပါတယ်တဲ့။ ကြောက်တော့ ယို့ပါတယ်တဲ့။ ဘယ + အဂတိ။ မသိတော့ မိုက်ပါတယ်တဲ့။ မောဟက မသိတာ။ အဲတော့ အဲဒီ အဂတိလေးပါးနဲ့ ယှဉ်ကြည့်ပါတဲ့။


ဒီအဂတိတရားတွေရှိသွားပြီဆိုယင် ဒီမေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတွေက မစစ်တော့ဘူးတဲ့။ အဲဒါကို အစမ်းသပ်ခံနိုင်အောင် ဗြဟ္မစရိယအဆင့်ကို‌ရောက်အောင်သွားကြရမှာတဲ့။ အဲတော့ နိဗ္ဗာနသစ္ဆိကိရိယနဲ့ ဗြဟ္မစရိယနဲ့ ချိတ်ဆက်ကြည့်ပါတဲ့။ ဗြဟ္မစိုရ်တရားက အစမ်းသပ်မခံနိုင်ဘူးဆိုယင် မပျော်ဘူးတဲ့။


မလုံခြုံတာဖြစ်လာတယ်။ ဖြန့်ဝေရမှာက ဗြဟ္မစရိယ ဖြန့်ဝေရမှာ .. ။ ကိုယ်က နိဿရဏလမ်း လိုက်တော့ လိုက်ချင်တယ်။ ဒါပေမယ့် မိသားစုရှိနေတယ်။ စီးပွားရေးကိစ္စတွေရှိနေတယ်ဆိုယင် ဝါန လမ်းကို လိုက်ရမယ်။ ဝါနလမ်းကို ဘာလို့ လိုက်မှာလည်းဆိုယင် အနာကုလကမ္မ(န္တ) (န+အာ ကုလ ကမ္မ) ၊ အဲတော့ ငါတို့က ဝါနလမ်းကို လိုက်ကြမှာ .. (အာကုလ)ဆိုတာက ရှုပ်ထွေး (သို့မဟုတ်) ညစ်ပတ်သော၊ ကမ္မန္တဆိုတဲ့ စကားလုံးက Business ကိုပြောတာ။


ရဟန်းသော်လည်းကောင်း လူပုဂ္ဂိုလ်သော်လည်းကောင်း အနာကုလကမ္မန္တဖြစ်ဖို့လိုတယ်။

ပစ္စည်းမာတု ဤနှစ်ခု၊

ဘိက္ခုသေမင်း ဓါးနှစ်စင်း။ တဲ့


အဲတော့ အနာကုလကမ္မန္တက ရဟန်းတွေမှာလည်း အခက်အခဲရှိတယ်။


ပြောချင်တာက ဝါနလမ်း နဲ့ နိဝါနလမ်းကိုလိုက်တဲ့အခါ မှန်ကန်တဲ့ လမ်းကိုလိုက်ရမယ်တဲ့။


ဝါန (ကျင်လည်ရာလမ်း) ၊ နိ+ဝါန (ထွက်မြောက်ရာလမ်း) လမ်းနှစ်လမ်းမှာ အနာကုလ ဖြစ်ရမယ်။ နိ+ဝါန လမ်းမှာနေပြီး ဝါန ဖြစ်နေယင် ...


အနာကုလကမ္မန္တ ဆိုတာ (သမ္မာကမ္မန္တ)၊ (သမ္မာအာဇီဝ) ဒီနှစ်ခုကို ကိုယ်စားပြုပြီးပြောတာပေ့ါ။


အနာကုလကမ္မန္တဆိုတာ သမ္မာကမ္မန္တ နဲ့ သမ္မာအာဇီဝကိုပြောတာ။ သုတ္တန်ကတော့ ချုံ့ပြီးတော့ ပြောလိုက်တယ်။ အနာကုလကမ္မန္တလို့ပြောတယ်။ အဘိဓမ္မာကတော့ သမ္မာကမ္မန္တ နဲ့ သမ္မာအာဇီဝ လို့ပြောတယ်။


အနာကုလကမ္မမဖြစ်ခြင်းဟာ Complicated ဖြစ်လာတယ်။


“အမှာကံ ဘောဂါ နာမ ယသောလဒ္ဓါ။”


နံမည်ကြောင့်ရပ်တည်လို့ရနေတာတဲ့။


အဲတော့ အနာကုလကမ္မန္တကို အမြဲတမ်းစဉ်းစားပါ။ ဂရုစိုက်ပါ။


ဇယား‌လေးကို ကြည့်ပါ။ ကိုယ်မျှော်မှန်းပြီးတော့ နေထိုင်ရမှာက အကမ္ပိတ၊ အသောက၊ ဝိရဇ၊ ခေမ ဖြစ်ဖို့။ မင်္ဂလာတရားတွေဖြစ်ပြီးတော့ ပြန့်ပွားအောင်လုပ်ရမှာက ဗြဟ္မစရိယတွေ ကိုယ်ရဲ့ ပတ်ဝန်းကျင်မှာ ပြန့်ပွားအောင်လုပ်ရမှာ .. ။ ငြိမ်းချမ်းတဲ့ ပတ်ဝန်းကျင်ဖြစ်ဖို့ အဲဒါကို ဦးဇင်းတို့က အားထုတ်ကြရမှာတဲ့။


မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတွေ .. ဦးဇင်းတို့ ဆုံးရှုံးနေကြတာပေါ့နော်။ ဆုံးရှုံးနေကြတယ်။ ပြီးတော့ ရှာဖွေနေကြတယ်ပေါ့။ အဲလိုဆိုယင်တဲ့ ကိုယ်ရောက်နေတဲ့ နေရာကိုပြန်ကြည့်ပါတဲ့။ ကိုယ်ဘယ်နေရာမှာ ရောက်နေလဲ။ နံပါတ်(၁၃) အနာကုလကမ္မ .. အဲဒါက .. လူ့ဘဝကို ရပြီဆိုကတည်းက .. ဇာတိကို ရပြီ ဆိုကတည်းက အားလုံးသည် အနာကုလကမ္မ ဖြစ်နေကြရမှာတဲ့။ အနာကုလကမ္မဖြစ်ဖို့ဆိုယင် သမ္မာကမ္မန္တ နဲ့ သမ္မာအာဇီဝ ဖြစ်ဖို့လိုပါတယ်။ အနာကုလကမ္မ ဖြစ်ဖို့ ဘယ်အရွယ်ပဲဖြစ်ဖြစ် လိုက်နာဖို့ လိုအပ်တယ်ပေါ့။


ဒီနေ့တော့ ဒီလောက်ပါပဲ။

ကိုယ်စိတ်နှစ်ဖြာချမ်းသာကြပါစေ။

မေတ္တာဖြင့်

Thein Naing Ohn(ဦးသုန္ဒရ)(17.11.2021)

+++++++++++++++++++++++++++++++++++++

မှတ်ချက်။ ။ Day 7 ဓမ္မဘေရီဆရာတော်ကြီးအမေးအဖြေကဏ္ဍ

+++++++++++++++++++++++++++++++++++++

မင်္ဂလသုတ္တံကို အဘိဓမ္မာအမြင် လူမှုဘဝအသိဖြင့်ချဉ်းကပ်ပို့ချခြင်း (Day 8) (3.11.2021) (ဓမ္မဂင်္ဂါဆရာတော်)

ဘဝကို မင်္ဂလာမြေပုံနဲ့ချိတ်ဆက်ပြီးတော့ ဦးဇင်းတို့ပြောကြတာပေါ့။ ပြောကြတဲ့အခါမှာ အဲဒီမှာ အနာကုလကမ္မဆိုတာကို ဦးဇင်းပြောခဲ့တယ်။ ဒါဟာ အသက်မရွေး ရောက်ရှိနေတဲ့ နေရာဟာ အနာကုလ နေရာပဲလို့ ပြောတာ။ အနာကုလဟာ ဘဝရဲ့ Base တစ်ခုလို့ပြောလို့ရတယ်။ အဲတော့ အနာကုလဆိုတာကို ပုဒ်ခွဲပြီးတော့ ပြောတဲ့ အခါမှာ (အာကုလ) ဆိုတာရယ်၊ နောက်တစ်ခုက န လေးထည့်ပြီးတော့ (အနာကုလ) ဆိုတာရယ်၊ ၂ ခု ဖြစ်လာတယ်။ အာကုလကမ္မ နဲ့ အနာကုလကမ္မ ဆိုပြီးတော့ မိမိကိုယ်ကို ပြန်ကြည့်ပါတဲ့။ အာကုလလို့ဆိုတာ ရှုပ်ထွေးတဲ့ အလုပ်တွေ လုပ်မိသွားတဲ့ အခိုက်အတန့် အခြေအနေကို အာကုလကမ္မ အဲဒီလို ပြောတယ်။ အနာကုလကမ္မဆိုတာက တကယ့်ကို မရှုပ်ထွေးတဲ့ .. နော် .. ဟိုတစ်နေ့က ဦးဇင်းပြောခဲ့တယ်။ အနာကုလကမ္မကို ပြောတဲ့အခါ အနာကုလကမ္မ(န္တ) - သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ ဆိုပြီး ဟောဒီ သုံးခုလုံး လုပ်နေပြီ။ န + လေး ပြုတ်သွားပြီး အာကုလကမ္မ ဖြစ်သွားယင်တော့ သူ့ရဲ့လုပ်သမျှတွေဟာ မိစ္ဆာဝါစာ၊ မိစ္ဆာကမ္မန္တ၊ မိစ္ဆာအာဇီဝ ဖြစ်သွားပြီ။


ဒီ အနာကုလကမ္မဆိုတာ မိမိဆိုတဲ့ ဘဝရဲ့ Base ပဲ။ ပြောရမယ်ဆိုယင် မိမိရဲ့ ကိုယ်ပိုင် မိမိရဲ့တစ်ဦးတည်းရဲ့ ဘဝက စပြီးတော့ အနာကုလ ဖြစ်ဖို့ ကြိုးစားကြတယ်တဲ့။ အဲဒါက ဘာနဲ့ချိတ်ဆက်ထားသလည်း ဆိုတော့တဲ့ အတ္တသမ္မာပဏီဓိ လို့ခေါ်တဲ့ Control Tower ကြီး ဆောက်ရလိမ့်မယ်။ တစ်ခုခု ဆိုယင် အတ္တသမ္မာပဏီဓိ နဲ့ လှမ်းလှမ်းပြီးတော့ ထိန်းရတယ်။ တကယ်လို့ မထိန်းနိုင်ဘူးဆိုယင်တဲ့ အနာကုလကမ္မလို့ခေါ်တဲ့ (White File) ကနေပြီးတော့ အာကုလကမ္မလို့ (Black File) ကိုပြောင်းသွားတယ်။ တစ်နည်းအားဖြင့်ပြောမယ်ဆိုယင်တော့ Mindfulness လို့ခေါ်တဲ့ သတိ လွတ်ကျသွားတာနဲ့ ဖိုင် ကပြောင်းသွားတယ်။


ဒီနေရာဟာ သိပ်ကို အရေးကြီးတယ်။ အနာကုလကမ္မဆိုတဲ့ နေရာကို ရောက်အောင် ဦးဇင်းတို့က ကြိုးစားကြရတယ်။ ဘာဖြစ်လို့ ရောက်ချင်တာလည်းဆိုတော့တဲ့ ရှေ့ကို တက်ဖို့အတွက် ဒီ အနာကုလကမ္မသည် Base ဖြစ်တယ်။ အာကုလဆိုယင်တော့ အောက်ကို ပြုတ်ကျဖို့အတွက် Base ဖြစ်တယ်။ ရှေ့ကို မတက်ခင်မှာ တည်နေတဲ့ အခြေအနေလေး Stable ဖြစ်နေတဲ့ အခြေအနေလေးမှာ အနာကုလကမ္မ ဖြစ် မဖြစ် တိုင်းတာတဲ့ အခါမှာ မြတ်စွာဘုရားက ထပ်ပြီးတော့ ပြောတယ် ဒီမှာ ...

မာတာပီတု ဥပဌာန ဆိုတာရယ်၊ ပုတ္တဒါရ သင်္ဂဟ ဆိုတာရယ် ဒါလေးနဲ့ သူက ကပ်ပြီးတော့ ပြောတယ်။ သူ့ကြည့်လိုက်ယင် သူဟာ မိဘကို စောင့်ရှောက်နေတယ်၊ လုပ်ကျွေးနေတယ်။ မိသားစုဘဝကို တင့်တောင့် တင့်တယ် ဖြစ်အောင် လုပ်ပေးနေတယ်။ ‌နောက်ဆုံး တစ်နည်းအားဖြင့်ပြောမယ်ဆိုယင် အဲဒါတွေ မရှိဘူးဆိုယင်တောင်တဲ့ ကိုယ့်ကိုကိုယ် ရပ်တည်နိုင်အောင်ကြိုးစားနေတယ်။ Base ကို ခိုင်ခိုင်မာမာ တည်ဆောက်ပြီးတော့ နေတယ်။ ဒါက မိမိရဲ့ ပြောရမယ်ဆိုယင်တော့ အတ္တရဲ့ဆက်ထားတဲ့ Life တစ်ခု အဲဒီ Life ကို အနာကုလ ဖြစ်ပြီဟေ့ဆိုယင် ဦးဇင်းတို့ လူကောင်းဆိုတဲ့သဘောကို တွေ့ရတယ်/စိတ်ကောင်းဆိုတဲ့ သဘောကို တွေ့ရတယ်။ အဲဒီ လူကောင်း/စိတ်ကောင်း ဖြစ်ဖို့ဆိုယင်တဲ့ ဒီကနေ လှမ်းလှမ်းပြီးတော့ ထိန်းရပါတယ်။ တကယ်လို့ သူဟာ အတ္တသမ္မာပဏီဓိ မထိန်းနိုင်တော့ဘူးဆိုယင် ဖိုင်က ပြောင်းသွားတယ်၊ ကိုယ့်ဖိုင် နဲ့ကိုယ် ပြန်ပြီးတော့ ကြည့်တာပေါ့။ အဲဒီလို လူကောင်းတစ်ယောက်ဖြစ်နေဖို့ဆိုယင်လည်းပဲ မြတ်စွာဘုရားက ဘာပြောလည်းဆို ... ဒီမှာ ... မိမိကိုယ်ကို Train လုပ်ထားတဲ့ သင်တန်းပေးထားတဲ့ မင်္ဂလာတွေ ရှိတယ်။ သုတမင်္ဂလာ၊ သိပ္ပမင်္ဂလာ၊ ဝါစာမင်္ဂလာ ဆိုပြီးတော့ ၃ ခု။ ပြီးတော့မှ ဟောဒီအလယ်ကောင်မှာ ထည့်ထားတဲ့ ဝိနယ ... မင်္ဂလသုတ်ထဲမှာတော့ ဗာဟုသစ္စ ဉ္စ သိပ္ပဉ္စ၊ ဝိနယောစ သုသိက္ခိတော။ ဆို ၄ ခုကို တစ်ပြိုင်နက်ရေးထားတယ်။ ဒီမှာ ဦးဇင်းက အလယ်မှာ ဝိနယ ဆိုတာ ထားချင်လို့ ... အဲတော့ ဒီမှာ လူကောင်းဖြစ်ဖို့အတွက် အနာကုလ ဟာ စံနမူနာဖြစ်တယ်။ တကယ့်ပြယုတ်ဖြစ်တယ်။


အဲတော့ ဒီမှာ လူတော်ဖြစ်ဖို့ ပညာ ၄ မျိုး သင်ရတာပေ့ါ။ သုတပညာရယ်၊ သိပ္ပပညာရယ်၊ ပြီးတော့ ဝါစာပညာရယ်။ သုတဆိုတာက ဒီသုတက ဦးဇင်းတို့ General Knowledge ကိုပြောတာ။ လောကကို မြင်တဲ့ အမြင် .. လောကတစ်ခုလုံးကို ခြုံငုံပြီးတော့ စဉ်းစားနိုင်တဲ့ အမြင်တွေ ရဖို့အတွက် ဒီ ဗာဟုသစ္စ ဆိုတဲ့ General Knowledge ကိုပြောတယ်။ ဦးဇင်းတို့က အနာကုလကမ္မ ကနေ ဟိုဖက်ကို ဆက်တက်တော့မယ်ဆိုယင်တော့ ဒီ သုတကို သွားရတယ် ဓမ္မသုတလို့ခေါ်တယ်။ သုတ ၂ မျိုး။ ပထမ သုတ ကတော့ အလွန်ကျယ်ပြောတယ်။ မင်း စီးပွားရေးတွေ ၊ လူမှုရေးတွေ ၊ နိုင်ငံရေးတွေ အများကြီး မင်း ဖြတ်သန်းရမယ်ဆိုတော့ မင်းသိနိုင်သမျှ သိအောင် ကြိုးစားရမယ်လို့ပြောတာ။ ဓမ္မဿဝန ကျတော့ မင်း Focus လုပ်ရတော့မှာ ပြောခဲ့ပြီးပြီ ဗြဟ္မစရိယ ကိုသွားတော့မှာ ဆိုတော့ ဓမ္မသုတ .. ဓမ္မဿဝနလို့ပြောပေမယ့် ဓမ္မသုတ ပါပဲ။ အဲတော့ ဒီ သုတ၊ ဒီ သိပ္ပ၊ ဒီ ဝါစာ၊ ဦးဇင်းတို့ များသောအားဖြင့် အသက်မွေးဝမ်းကြောင်းလို့ ဒီလိုပြောတယ်။ ဟောဒီ ဓမ္မသုတ နဲ့ ဓမ္မသိပ္ပ လို့လည်း ပြောလို့ရတယ်။ ဘာဖြစ်လို့လည်းဆိုတော့တဲ့ မြတ်စွာဘုရားက ဓမ္မသုတ ဆက်ပြီးတော့ လုပ်ရမယ်ဆိုတာက ဗြဟ္မစရိယ နဲ့ နိဗ္ဗာနသစ္စိကိရိယ ကို သွားဖို့ဆိုယင်တော့ ဓမ္မသုတလုပ်ရမယ်၊ ပြီးတော့ သိပ္ပကလည်း Version မြှင့်လိုက်ရမယ်။ ဓမ္မသိပ္ပ ဖြစ်အောင် .. ဓမ္မသိပ္ပဖြစ်အောင်ဆိုတော့ ဟောဒီမှာ ဦးဇင်းတို့လာပြီ .. ဆက်ပြီးတော့ သင်တာက ဟောဒီမှာ ခန္တီ တို့၊ သောဝစတာ တို့ ၊ ဟောဒီမှာ တပ တို့ .. အဲဒါတွေက ဓမ္မနဲ့ပတ်သက်တဲ့ အတတ်ပညာတွေ။ တရားထိုင်ယင် သည်းခံရမယ်၊ ဆရာ့စကား နားထောင်ရမယ်၊ နောက်တစ်ခုက တပ လို့ခေါ်တဲ့ တကယ်ကို အားထုတ်ရမယ်။ အဲတော့ ကြည့်လိုက်တဲ့အခါမှာ အနာကုလကမ္မဆိုတာ မိမိအသက်အရွယ်မရွေး ကလေးထဲက နောက်ဆုံး ပရိနိဗ္ဗာန်စံတဲ့အထိပေ့ါဗျာ .. ဦးဇင်းတို့ လမ်းကြောင်းမှန်သွားတဲ့အခါ .. အဲလို မဟုတ်ဘူးဆိုယင်တော့ အမြဲတမ်း ပန်းတိုင်ကို မရောက်မချင်း ဟောဒီ အနာကုလကမ္မက အာကုလကမ္မကို ရောက်သွားနိုင်တယ်လိုပြောတယ်။ အဲတော့ ဟုတ်ပြီတဲ့ ဒီမှာ အနာကုလကမ္မသည် လူကောင်း/စိတ်ကောင်းဖြစ်ဖို့ သိပ်ကိုအရေးကြီးတယ်၊ အတ္တသမ္မာပဏီဓိ နဲ့ ချိတ်ကို ထားမှ ရမယ်လို့ပြောတာ။


အဲတော့ ဒီ အနာကုလကမ္မကိုထိန်းဖို့ အတ္တသမ္မာပဏီဓိရှိသလို ၊ အသက်မွေးဝမ်းကြောင်းလို့ခေါ်တဲ့ အနာကုလကမ္မ အမြဲတမ်း Up Grade ဖြစ်နေဖို့ မနေ့က ဆရာတော်ကြီးလည်းပြောပြီးပါပြီ။ သုတနဲ့မင်းတို့ အမြဲတမ်းကြည့်နေကြ။ ဘာတွေဖြစ်နေလဲ၊ ဘာတွေရှိနေလဲ၊ ဘာတွေလုပ်နေလဲ အဲဒါတွေကို သိအောင်လုပ်ကြ။ တစ်ဦး ကိုယ်တစ်ယောက်ထဲ ကြည့်နေတာနဲ့မပြီးသေးဘူး၊ သူများတွေကြည့်နေတာကိုလည်း ကြည့်ရတယ်။ ကြည့်တဲ့အခါ ဘာကိုလုပ်ရမယ်ဆိုတာ ကိုယ်နားလည်လာတယ်။ သိပ္ပ အဲဒီဘက်ကိုပြောင်းတယ်။ သုတသိမှ သိပ္ပပြောင်းတယ်။ ဒီသိပ္ပတစ်ခု တွယ်ဖက်ထားတယ်။ ဒီသိပ္ပက ခေတ်ထဲမှာ အံဝင်ဂွင်ကျမဖြစ်တော့ဘူးဆိုယင် ကိုယ်တတ်ထားတဲ့ သိပ္ပကို သုတနဲ့ချိတ်ဆက်ပြီးတော့ ပြောင်းရတယ်။ နောက်တစ်ခုကတော့ ဝါစာပေ့ါ။ ဝါစာကတော့ စကားပြောအတတ်ပညာလို့လည်း ပြောလို့ရတယ်။ ဘာသာစကားအတတ်ပညာလို့လည်း ပြောလို့ ရတယ်။ အဲတော့ အဲဒီ သုတလည်းရှိတယ်၊ သိပ္ပလည်းရှိတယ်၊ ဝါစာလည်းရှိတယ်။ အဲမှာ ပြဿနာက ဝိနည်း။ ဥပဒေ စည်းကမ်းတွေ ... ။

အဲဒီနေရာမှာ ဝိနယဆိုတာရယ်၊ ဓမ္မဆိုတာရယ် အူကြောင်းနှစ်ခုရှိတယ်တဲ့။ ဝိနယနဲ့ ဓမ္မ နယ်ပယ်။ ဓမ္မစရိယဆိုတာ လောကကသတ်မှတ်ပြီးသား။


ဗြဟ္မစရိယ၊ ဓမ္မစရိယ၊ ဝိနယသိက္ခိတ။


ဝိနယ + သိက္ခိတ(သင်ထားရမယ်) -- ဝိနည်းဆိုတာက သိအောင်သင်ရမယ်။ ဗြဟ္မ နဲ့ ဓမ္မ မှာတော့ စရိယတွေပါနေတယ်။ ကျင့်ကို ကျင့်ရမယ်။ မုသာဝါဒဟာ သစ္စာတရားကို မလေးစားတာပဲ။ မုသာဝါဒကို လေးစားတာဟာ သစ္စာတရားကို အလေးထားတာပဲ။


အဲတော့ အနာကုလကမ္မထိန်းညှိဖို့အတွက် အတ္တသမ္မာပဏီဓိ။ ဒီအတ္တသမ္မာပဏီဓိက ဒီမင်္ဂလာတစ်ခုလုံးကို ထိန်းညှိထားတာ။ ဦးဇင်းတို့ ရပ်တည်နေတာက အနာကုလဖြစ်ပေမယ့် အတ္တသမ္မာပဏီဓိက အားလုံး နေရာပေါင်းစုံကို ထိန်းညှိထားတာ။


အနာကုလမဟုတ်ပဲနဲ့ အာကုလဖြစ်နေယင် ပြဿနာရှိလာပြီ။ တစ်ချို့ပုဂ္ဂိုလ်တွေ အပြင်ဘက်ထွက်လိုက်ယင် အာကုလတွေပဲ၊ အထဲမှာဆိုလည်း အာကုလပါပဲ ပြောရမယ်ဆိုယင် .. ကိုယ့်အတွက် ကိုယ်ကောင်းအောင် ကောင်းတယ်လို့ ထင်တယ်ပေ့ါ။ ကိုယ့်မိသားစုအတွက်ကိုယ်ကောင်းတယ်လို့ထင်တယ်။ ကိုယ့်သားမယားအတွက် ကောင်းတယ်လို့ထင်တယ်။ အဲဒါကိုပဲ အနာကုလကမ္မလို့ လက်ခံကောင်း လက်ခံလိမ့်မယ်။ ဒါပေမယ့် ဗုဒ္ဓကတော့ သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ မဟုတ်ယင် သူ့ရဲ့ ... သူကျတော့ ဘာနဲ့တိုင်းတာလည်းဆိုတော့ နံပါတ်(၁၁) နဲ့ နံပါတ်(၁၂) ကိုကြည့်ပြီးတော့ ဟာ ငါ မိသားစုတာဝန်ကျေတာပဲ။ ဒါပေမယ့် သူ့ရဲ့ Business က အာကုလဖြစ်နေတာတဲ့။ အဲတော့ လူကောင်းလို့တော့ ပြောလို့မရတော့ဘူး။ သူက စံနံတိုင်းတာတယ်။ မိသားစုစံနဲ့တိုင်းတာတယ်။ သူများကို ဒုက္ခပေးပြီးတော့ မိသားစုကို မိဘကို ထောက်ပံ့ပေးကမ်း နေတာမျိုး၊ ဓမ္မစရိယကျင့်ဝတ်ကို ဖောက်တာပေ့ါ။


မြတ်စွာဘုရားက ဟုတ်ပြီ မင်း ကိုယ့်ကိုကိုယ် မိဘလုပ်ကျွေးရုံ မိသားစုထောက်ပံ့ရုံနဲ့ မလုံလောက်သေးဘူး။ သူများကို ဒုက္ခမပေးဖို့လည်းလိုတယ်။ ဒီမှာ ဓမ္မစရိယဆိုတာ ဒုက္ခမပေးခြင်း၊ လောကကို ဒုက္ခမပေးဖို့။ အလယ်မှာ ဦးဇင်းထည့်ထားတယ်။ ဓမ္မစရိယ - သူများကို ဒုက္ခမပေးနဲ့လို့ ပြောတာ။


ကုသလာ အနဝဇ္ဇ သုခဝိပါက လက္ခဏာ။

အဲတော့ ဒီမှာ ကလျာဏဓမ္မပဲပြောပြော၊ အနဝဇ္ဇကမ္မပဲပြောပြော၊ ကုသိုလ်ပဲပြောပြော လုပ်ကြတဲ့အခါမှာ မင်္ဂလသုတ်က အနဝဇ္ဇကမ္မတွေကို ဆင့်ကဲဆင့်ကဲပြောင်းပြီးတော့ ပြောသွားတာတွေ့ရလိမ့်မယ်။ အနဝဇ္ဇကမ္မရဲ့ ဘေးနားမှာ ဦးဇင်းကပ်ပြီးတော့ ရေးထားတာလေးရှိတယ်။ ပူဇာ ဥပဋ္ဌာန သင်္ဂဟ ဒါန ကတညုတ။ အနဝဇ္ဇကမ္မကို ချဲ့လိုက်တာပေါ့။ အကုန်လုံးချိတ်ဆက်လိုက်တဲ့အခါမှာ လောကကောင်းကျိုးတွေလုပ်တဲ့အခါ နံပါတ်(၃) မှာ ပူဇာ ဆိုတာတွေ့မယ်။ ငယ်ငယ်လေးထဲက ကိုယ်လိုက်မမှီနိုင်တော့ဘူးပေါ့ ဒီ သူတို့ရဲ့ သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်တွေကို လိုက်မမှီတော့ဘူး။ ဒီပုဂ္ဂိုလ်တွေကတော့ တကယ့်ကို ကြည်ညိုစရာ လေးမြတ်စရာ ဦးဇင်းတို့ဆို ရတနာသုံးပါးပေါ့။ မိဘ ဆရာသမား သက်ကြီးဝါကြီး ပညာကျော်ကြီးတွေ အများကြီးတွေ့လိမ့်မယ်။ အဲဒီလို တွေ့တဲ့အခါ ဦးဇင်းတို့ ပူဇော်ကြတယ်လို့ပြောတာ။


ပူဇော်တယ်ဆိုတာ တစ်ခြားမဟုတ်ဘူး။ ပေးတာပဲ။ ပူဇော်တာလည်းပေးတာပဲ။ သင်္ဂဟကလည်း ပေးတာပဲ။ ဒါနကလည်း ပေးတာပဲ။ ကတညုတာကလည်း ပေးတာပါပဲ။ အကုန်လုံးပေးတာကို စကားလုံးတွေ နေရာ တစ်ခုစီ တစ်ခုစီ သုံးပြီးတော့ ပြောတယ်။


တစ်နည်းအားဖြင့် ပြောမယ်ဆိုယင် ပူဇာလို့ခေါ်တာက အားကျစရာတွေ စံပြုစရာတွေကို ကိုယ့်ရဲ့ဘဝထဲမှာ ကူးဖို့ ကြိုးစားကြတာ။ ပူဇော်တယ်ဆိုတာ မိတ္တူကူးတာ။ ဒါလည်းပေးတာပဲ။ ရတနာသုံးပါး သိက္ခာကြီး ဝါကြီး အကျော်အမော်ပုဂ္ဂိုလ်တွေကို ပူဇော်တယ်ဆိုတာ သူတို့ဆီကနေပြီးတော့ ကိုယ့်ဘဝထဲမှာ ဘယ်လို သုံးရမလဲနော်။ ပြီးတော့လည်း အဲလို ပူဇော်ခြင်းအားဖြင့် သူတို့ဆီက သီလဓာတ် သမာဓိဓာတ် ပညာဓာတ်တွေရပြီးတော့ ကိုယ့်ကို သွားလေရာရာ စိတ်ထဲကနေပြီးတော့ သဒ္ဓါတရားတွေဖြစ် ... မနေ့က ဆရာတော်ကြီးပြောသလို သဒ္ဓါနဲ့သွား ၊ ပညာနဲ့ပြန်ဆိုသလိုပေါ့။ အဲဒါက ပူဇာထဲမှာ ယူရမှာ ... အဲဒါက ဘာနဲ့ချိတ်ဆက်လို့ရလည်းဆိုတော့ သမဏဒဿနနဲ့ချိတ်ဆက်လို့ရတာပဲ။


နောက်တစ်ခုက ဥပဋ္ဌာန ၊ အနဝဇ္ဇကမ္မကိုပြောတဲ့အခါ ဥပဋ္ဌာန၊ ဥပဋ္ဌာနက ဘာနဲ့တွဲထားလည်းဆိုတော့ (မာတာပိတု) နဲ့ တွဲထားတယ်။ နောက်တစ်ခုက သင်္ဂဟဆိုတာ သင်္ဂဟက Relationship သဘောပါတယ်။ (၁၂) ပုတ္တဒါရ သင်္ဂဟ နဲ့ (၁၆) ဉာတိသင်္ဂဟ ဆိုပြီးတော့ တွေ့တယ်။ ပုတ္တဒါရဆိုတာတဲ့ လင်ရယ်မယားရယ်လို့ ချိတ်ဆက်လိုက်မှ Relation ဖြစ်တာ။ နောက်တစ်ခုက ဉာတိသင်္ဂဟ ၊ မိမိရဲ့ဆွေမျိုးဉာတိတွေ ... ။ အဲဒါလည်းပဲ Relation ရှိရတယ်။ နံပါတ်(၁၄)မှာကျတော့ ဒါနဆိုတာ ဘာမှ အနှောင့်အဖွဲ့မရှိတော့ဘူး။ နောက်ဆုံးတစ်ခုက ကတညုတာလို့ပြောတယ်။ ဒီကတညုတာက .. သူကလည်း ကိုယ့်ဆီက ဘာမှ မမျှော်လင့်ဘူး၊ တစ်ခါတစ်ရံ ကိုယ်ကလည်း သူ့ကို မေ့နေတယ်။ အကြောင်းတိုက်ဆိုင်ရင် ပြန်ပြန်ပေါ်တဲ့ .. အောင်မြင်လာယင် ကိုယ်ကနေ တစ်ခုခုလုပ်ပေးနိုင်မယ်လို့ ထင်လာတဲ့အခါ .. အဲဒါကို ကတညုတာ။ အနဝဇ္ဇကမ္မဆိုတာတွေကို စာရင်းပြုစု လိုက်တာ အခု မင်္ဂလာသင်ရင်းနဲ့ အဲဒီမှာ အများကြီးချဲ့ထွင်ပြီးတော့ ဘဝထဲမှာ ဆောင်ရွက်ကြတယ်။


ဒီနေ့ ဒီမှာ နားကြဦးစို့


Ashin Sundara(22.11.2021)

+++++++++++++++++++++++++++++++++++++

မင်္ဂလသုတ္တံကို အဘိဓမ္မာအမြင် လူမှုဘဝအသိဖြင့်ချဉ်းကပ်ပို့ချခြင်း (Day – 9) (4.11.2021) (ဓမ္မဂင်္ဂါဆရာတော်)

အနာကုလကမ္မဆိုတာကို အရေးအကြီးဆုံး သေသေချာချာ ပြောခဲ့တယ်။ whit file နဲ့ black file ဆိုတာ ...


အဲဒီမှာ လောကကို ဒုက္ခမပေးခြင်းဆိုတဲ့ ဓမ္မစရိယ ၊ ပြီးတော့ လောကကောင်းကျိုးဆောင်ခြင်းဆိုတဲ့ အနဝစ္စ။ ဓမ္မစရိယက ဓမ္မိကဥပါသကာကြီးရဲ့ သီလဝါဆိုတဲ့ ဂုဏ်နဲ့တူပြီးတော့ အနဝစ္စကမ္မက ကလျာဏဓမ္မနဲ့တူပါတယ်။ နောက်တစ်ခါကျတော့ ဒါနသံဝိဘာဂ။ အဲဒီသုံးခုနဲ့ရှေ့က အနာကုလကမ္မကိုပြောလို့ရတယ်။ ဒီပုဂ္ဂိုလ်က လူကောင်းစိတ်ကောင်းရှိတယ်။ အဲတော့ ဓမ္မိကဥပါသကာကြီးရဲ့ဝတ္ထုနဲ့ချိတ်ဆက်လိုက်မယ်ဆိုလို့ရှိယင် ဓမ္မစရိယဆိုတဲ့ ဒီသီလဝါ ၊ အနဝစ္စဆိုတဲ့ ကလျာဏဓမ္မ၊ ဒါနသံဝိဘာဂလို့ခေါ်တဲ့ ဒီ ပူဇာ၊ ဥပဋ္ဌာန သင်္ဂဟ ဒါန ကတညုတာ။ အဲဒါဆိုယင် ဒီတစ်ဖြတ်က လူဖြစ်သွားပြီလို့ပြောတာ။


အဲတော့ အခု ဂရုဓမ္မဘက်ကနေ ဥပေါသထဘက်ကိုကူးလာပြီ။ ရှေ့ဆက်ပြီးတော့ ဗြဟ္မစရိယဘက်ကို သွားမယ်ဆိုယင်တော့ ဥပေါသထကို လုံးလုံးလျားလျား ပြောင်းဖို့ အချိန်ရောက်ပြီ။ ဥပေါသထဘက်ကို သွား‌တော့မယ်ဆိုတော့ အကြမ်းစားဒုစရိုက်တွေ အကြမ်းစားကိလေသာတွေ အကြမ်းစား ကာယကံ ဝစီကံ မနောကံ မှုတွေကို ထားလိုက်တော့ ဂရုဓမ္မဘက်မှာ လေ့ကျင့်ခဲ့ကြပြီ။ ဒီဥပေါသထဘက် အချောသတ်တဲ့ကိစ္စ ၊ သီလကို အချောသတ်တဲ့ကိစ္စ။ ဂရုဓမ္မတုန်းက ငါးပါးသီလလူမှုပတ်ဝန်းကျင်ထဲမှာ အော်လိုက်ဟစ်လိုက် သီချင်းတွေအော်ဆိုလိုက်နေပေမယ့် ငါးပါးသီလလုံရင်ရပြီ၊ သို့သော် ဥပေါသထကျတော့ အဲလိုကိုလုပ်ခွင့်မပေးတော့ဘူး။ မင်း ကာယကံ ဝစီကံ မနောကံတွေ အာရုံငါးပါးနဲ့ချိတ်ဆက်ပြီးတော့ အဲဒီ အာရုံတွေ ဒုက္ခမပေးအောင် ကန့်သတ်ဖို့ အချိန်တန်ပြီ။ ကန့်သတ်ရတော့မယ် နစ္စ ဂီတ စသည် .. အဲဒါတွေက စပြီးဂရုစိုက်‌တော့ .. အာရတီ ဝိရတီက အဲဒါတွေပြောတာ။ အာရတီ ဝိရတီက အချောသတ်တဲ့ နေရာမှာ အရေးကြီးတယ်။ စိတ်အားဖြင့် ကိုယ်အားဖြင့် နှုတ်အားဖြင့် အကုသိုလ်ကို ဖြစ်နိုင်သမျှ တတ်နိုင်သမျှ ဝေးအောင်ရှောင်တော့လို့ ပြောတာ။ အဲလို ရှောင်နိုင်ဖို့ဆိုယင်တဲ့



(မပြီးသေးပါ) (ဆက်ရန်)


 
 
 

1 Comment


htayhtay thein
htayhtay thein
Dec 16, 2021

🙏🙏🙏​ကျေးဇူးတင်ပါတယ်ဘုရား

Like
Post
Facebook-Logo-Square-768x768.png
Facebook-Logo-Square-768x768.png
Facebook-Logo-Square-768x768.png
google logo_edited.png

©2021 by Dhamma Notes by Thein Naing Ohn. Proudly created with Wix.com

bottom of page