6 days ago
6 days ago
7 days ago
7 days ago
7 days ago
Sep 7
၃။ ပရိဗ္ဗာဇကဝဂ်
ပရိဗ္ဗာဇကဝဂ်သည် မဇ္ဈိမနိကာယ် မဇ္ဈိမပဏ္ဏာသ၏ တတိယဝဂ် ဖြစ်သည်။ ပရိဗ္ဗာဇကဝဂ်၌ ဆယ်သုတ်ပါဝင်သည်။ ပါဝင်သော သုတ်များသည် ပရိဗိုဇ်တို့၏ မေးလျှောက်ချက်အရ ဗုဒ္ဓမြတ်စွာ ကဖြေကြားခြင်း၊ ပရိဗိုဇ်တို့၏ အယူအဆ အလေ့အကျင့်တို့ကို ဗုဒ္ဓမြတ်စွာက ပရိဗိုဇ်တို့အား ဝေဖန် ထောက်ပြချက်များ ဖြစ်နေသည်။ ထိုကြောင့်ပင် ဤဝဂ်ကို ပရိဗ္ဗာဇကဝဂ်ဟု အမည်ပေးထားခြင်း ဖြစ်မည်။
ပရိဗ္ဗာဇကဝဂ်၌ ပါဝင်သော သုတ်များမှာ -
၁။ တေဝိဇ္ဇဝစ္ဆသုတ်
၂။ အဂ္ဂိဝစ္ဆသုတ်
၃။ မဟာဝစ္ဆသုတ်
၄။ ဒီဃနခသုတ်
၅။ မာဂဏ္ဍီယသုတ်
၆။ သန္ဒကသုတ်
၇။ မဟာသကုလုဒါယီသုတ်
၈။ သမဏမုဏ္ဍိကသုတ်
၉။ စူဠသကုလုဒါယီသုတ်
၁၀။ ဝေခနသသုတ်တို့ဖြစ်၏။
မန ၇၁: တေဝိဇ္ဇဝစ္ဆသုတ်
ဝစ္ဆဂေါတ္တပရိဗိုဇ်၏ မေးလျှောက်ချက်များကို ချန်လှပ်၍ ဗုဒ္ဓမြတ်စွာ၏ ဖြေကြားချက်များကိုသာ လိုရင်းထုတ်၍ ဖော်ပြပါမည်။
ရဟန်းဂေါတမသည် အလုံးစုံကိုသိ၏။ အလုံးစုံကိုမြင်၏။ သွားနေစဉ်ဖြစ်စေ ရပ်နေစဉ်ဖြစ်စေ အိပ်နေစဉ်ဖြစ်စေ နိုးနေစဉ်ဖြစ်စေ ငါ့အား ဉာဏ်အမြင်သည် အမြဲမပြတ် ရှေ့ရှုထင်၏ဟု ခြွင်းချက် မရှိသော ဉာဏ်အမြင်ကို ဝန်ခံ၏ဟု ပြောဆိုသူများသည် ငါမိန့်ကြားသည့်အတိုင်း အမှန်ကို ပြောဆိုသူများမဟုတ်။ ငါ့ကို မဟုတ်မမှန် စွပ်စွဲသူများသာ ဖြစ်၏။ ရဟန်းဂေါတမသည် ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံ၏ဟူ၍ ပြောဆိုသူများသည် ငါ့မိန့်ကြားသည့်အတိုင်း အမှန်ကို ပြောဆိုသူများ ဖြစ်၏။
လူတို့၏ သံယောဇဉ်ကို မပယ်မူ၍ သေပြီးနောက်ဝယ် ဆင်းရဲကုန်ခြင်းကို ပြုသည့်လူကား တစ်ယောက်မျှ မရှိချေ။ လူတို့၏ သံယောဇဉ်ကို မပယ်မူ၍ သေပြီးနောက် နတ်ပြည်သို့ ရောက်သည့် လူကား အရာမက များစွာရှိ၏။
သေပြီးနောက်ဝယ် ဆင်းရဲကုန်ခြင်းကိုပြုသည့် အာဇီဝကသည် တစ်ယောက်မျှ မရှိချေ။ ဤကမ္ဘမှ ကိုးဆယ့်တစ်ကမ္ဘာထက်ဝယ် တစ်ယောက်သော အာဇီဝကမှလွဲ၍ သေပြီးနောက် နတ်ပြည်သို့ ရောက်သော အခြားသော အာဇီဝက တစ်ယောက်မျှမမြင်။ ထိုတစ်ယောက်သော အာဇီဝကသည် လည်း ကမ္မဝါဒီ ကိရိယဝါဒီ (ကံနှင့်ကံ၏ အကျိုးကို ယုံကြည်သူ) ဖြစ်၏။ တိတ္ထိတို့၏ အကျင့်သည် နတ်ပြည်သို့ရောက်ခြင်းမှပင် ဆိတ်သုဉ်း၏။ ဟု ဖြေကြားတော်မူပါသည်။
ဤသုတ်တွင် ဗုဒ္ဓမြတ်စွာ၏ ဉာဏ်တော်နှင့်ပတ်သက်၍ ကိုယ်တော်တိုင်ဝန်ခံချက်နှင့် ကံကံ၏အကျိုးကို မယုံကြည်သူသည် နတ်ပြည်ကိုပင် မရောက်နိုင်ဟူသော ဖြေကြားချက်များသည် စိတ်ဝင်စားဖွယ်ကောင်းလှ၏။
မန ၇၂: အဂ္ဂိဝစ္ဆသုတ်
ရဟန္တာပုဂ္ဂိုလ်၏ လားရာကို မီးတောက်ဥပမာဖြင့် ဝစ္ဆဂေါတ္တပရိဗိုဇ်အား ဟောကြားခြင်းဖြစ်သည်။
ဗုဒ္ဓမြတ်စွာသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးနေစဉ် လာရောက်မေးမြန်းသော ဝစ္ဆဂေါတ္တပရိဗိုဇ်အား ဤသို့ဖြေဆိုလေသည်။
လောကသည် မြဲ၏။ လောကသည် မမြဲ။ လောကသည် အဆုံးရှိ၏။ လောကသည် အဆုံးမရှိ။ အသက်သည်ပင် ကိုယ်ကောင်တည်း။ အသက်သည်တခြား ကိုယ်ကောင်သည် တခြားတည်း။ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏။
သတ္တဝါသည် သေသည်မှနောက်၌ မဖြစ်။ သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်လည်းဖြစ်၏။ ဖြစ်လည်းမဖြစ်။ သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်သည်လည်းမဟုတ်။ မဖြစ်သည်လည်း မဟုတ်။ စသည်ဖြင့် ဤအယူသာ မှန်၏။ တပါးသော အယူသည် အချည်းနှီးသာတည်းဟု အယူမရှိချေ။
ဤအယူဝါဒတို့သည် မိစ္ဆာအယူများဖြစ်၏။ တောခြုံခရီးခဲ ဆူးငြောင့် တုန်လှုပ်ခြင်းတို့ဖြစ်၏။ ဆင်းရဲခြင်း ပင်ပန်းခြင်း ပူလောင်ခြင်းတို့နှင့်တကွဖြစ်၏။ ငြီးငွေ့ခြင်း တပ်မက်မှုကင်းခြင်း ကိလေသာ ချုပ်ငြိမ်းခြင်းတို့ အလို့ငှာ မဖြစ်။ ဤသို့သော အပြစ်ကိုမြင်၍ ထိုအယူဝါဒများကို လုံးဝ မကပ်ရောက်ခြင်းဖြစ်၏။
အယူဝါဒဟူသော ဤစကားကို ငါဘုရားသည် ပယ်ထားပြီးဖြစ်၏။ ငါဘုရားသည် ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်တို့ကို လည်းကောင်း ထိုတရားတို့၏ ဖြစ်ရာချုပ်ရာတို့ကိုလည်းကောင်း သိမြင်ပြီးဖြစ်၏။ ထို့ကြောင့် ငါဘုရားသည် ငါငါ့ဟာဟူ၍ ထင်မှတ် စွဲလမ်းခြင်း အားလုံးကုန်ဆုံး၍ စွဲလမ်းမှုမရှိတော့ဘဲ လွတ်မြောက်ပြီးသူဖြစ်၏။
ဤသို့ လွတ်မြောက်ပြီးသည့် စိတ်ရှိသောရဟန်သည် ကွယ်လွန်လေသော် အဘယ်အရပ်သို့ ရောက်သွားသနည်းဟူမူ အယူတပါးရှိသော သင်သည် ငါဘုရား၏ အဖြေကို သိမြင်ရန် လွယ်ကူမည် မဟုတ်ပေ။ နက်နဲသိမ်မွေ့လှသော ပညာရှိတို့သာ သိမြင်နိုင်သည့် ဤကြောင်းကျိုးဆက်တရားသည် နားလည်ရန် မလွယ်ကူပေ။
သင့်ရှေ့၌ မြင်ထင်းလောင်စာကိုစွဲ၍ တောက်နေသော မီးသည် မြက်ထင်းလောင်စာ မရှိတော့၍ ငြိမ်းသွားလေသော် ထိုငြိမ်းသွားသော မီးသည် ဘယ်အရပ်သို့ ရောက်သွားသည်ဟု မဆိုနိုင်။ လောင်စာမရှိတော့၍ ငြိမ်းသွားသည်ဟူ၍သာ ဆိုနိုင်၏။
ထို့အတူ သတ္တဝါဟု ပညတ်ကြောင်းဖြစ်သော ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ္ စသည် ခန္ဓာအစုမှ လွတ်မြောက်ပြီးသော ပုဂ္ဂိုလ်သည် ဘယ်အရပ်သို့ ရောက်သည်ဟုမဆိုနိုင်။ ဟု မီးတောက်ဥပမာဖြင့် ရှင်ပြတော်မူပါသည်။
ရွာအနီးရှိအင်ကြင်းပင်ကြီးတစ်ပင်မှ အခက်အလက် အခွံအပွေးအကာတို့ ပျက်ဆီးသွားသည့်အခါ အနှစ်သက်သက်သာ ကျန်ရှိတော့သကဲ့သို့ အရှင်ဂေါတမ၏ စကားသည်လည်း အခက်အလက် စသည်ကင်းလျက် အနှစ်သက်သက်၌သာ တည်ပါ၏ဟု ဝစ္ဆဂေါတ္တသည် ချီးကျူးစကား လျှောက်ထားပြီး ဥပါသကာအဖြစ် ခံယူလေသည်။
ဤသုတ်တွင် မိစ္ဆာအယူဝါဒများ၊ ထိုအယူဝါဒများ၏ အပြစ်နှင့် ရဟန္တာပုဂ္ဂိုလ်၏ လားရာဂတိတို့ကို သိမှတ်ရမည် ဖြစ်သည်။
မန ၇၃: မဟာဝစ္ဆသုတ်
ဝစ္ဆဂေါတ္တပရိဗိုဇ်အား အကျဉ်းအားဖြင့် ကုသိုလ်အကုသိုလ်တို့ကို ဟောကြားခြင်းဖြစ်သည်။ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌ ဗုဒ္ဓမြတ်စွာ သီတင်းသုံးနေစဉ် ဝစ္ဆဂေါတ္တပရိဗိုဇ်၏ တောင်းပန်ချက်အရ အကျဉ်းအားဖြင့် ကုသိုလ် အကုသိုလ်တို့ကို ဟောကြားခြင်းဖြစ်သည်။
လိုချင်ခြင်းလောဘ၊ ဖျက်ဆီးခြင်းဒေါသ၊ တွေဝေခြင်းမောဟ ဟူသော တရားသုံးပါးသည် အကုသိုလ် ဖြစ်၏။ မလိုချင်ခြင်းအလောဘ၊ မဖျက်ဆီးခြင်းအဒေါသ၊ မတွေဝေခြင်း အမောဟဟူသော တရားသုံးပါးသည် ကုသိုလ်ဖြစ်၏။
သူ့အသက်သတ်ခြင်း သူ့ဥစ္စာခိုးခြင်း ကာမဂုဏ်တို့၌ ဖောက်ပြန်စွာကျင့်ခြင်း မုသားပြောခြင်း ကုန်းချောခြင်း ကြမ်းတမ်းသော စကားကိုဆိုခြင်း သူတပါးပစ္စည်းကို မိမိသို့ ရှေ့ရှုကြံခြင်း သူတစ်ပါးကို ပျက်စီးစေလိုခြင်း အမြင်မှားခြင်းဟူသော တရားဆယ်ပါးသည် အကုသိုလ်ဖြစ်၏။
အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ သူ့ဥစ္စာခိုးခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကာမဂုဏ်တို့၌ ဖောက်ပြန်စွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကြမ်းတမ်းသော စကားကိုဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊ သူတပါးပစ္စည်းကို မိမိသို့ ရှေ့ရှုမကြံခြင်း သူတစ်ပါးကို မပျက်စီးစေလိုခြင်း အမြင်မှန်ခြင်းဟူသော တရားဆယ်ပါးသည် ကုသိုလ်ဖြစ်၏။
တဏှာကို နောက်ထပ်မဖြစ်နိုင်အောင် အကြွင်းမဲ့ ပယ်ဖြတ်ပြီးသော ရဟန်းသည် ကိလေသာ ကင်းစင်၍ အာသဝေါတရား ကင်းစင်ကာ ကောင်းသောအသိဉာဏ်ဖြင့် လွတ်မြောက်ပြီးသူဖြစ်၏ဟု ဗုဒ္ဓမြတ်စွာက အကျဉ်းအားဖြင့် ကုသိုလ်အကုသိုလ်ကို ဟောကြားပါသည်။ အာသဝေါ ကုန်ပြီးသော လွန်မြောက်မှုကို မျက်မှောက်ပြု၍ နေနိုင်သည့် ရဟန်းရဟန်းမတို့ အရာမက များစွာရှိ၏။
အနာဂါမ်အဖြစ်သို့ ရောက်သော ဗြဟ္မစရိယအကျင့်ကို ကျင့်သုံးနေသည့် ဥပါသကာ ဥပါသိကာတို့ များစွာ ရှိ၏။ ကာမဂုဏ်ကို ခံစားလျက် ဗုဒ္ဓမြတ်စွာ၏ အဆုံးအမ၌ ယုံမှားကင်းစွာ ကျင့်သုံးနေသည့် ဥပါသကာ ဥပါသိကာတို့ များစွာရှိ၏။
အကယ်၍ ဤတရားကို ဗုဒ္ဓမြတ်စွာ တစ်ပါးတည်းသာ ပြီးမြောက်စေနိုင်ပြီး တပည့်သာဝကတို့ မပြီးမြောက်စေနိုင်ခဲ့သော် ဤအကျင့်မြတ်သည် မပြည့်စုံသည်ဖြစ်ရာ၏။ ယခုကား ယင်းသို့မဟုတ် ဘဲ ဗုဒ္ဓမြတ်စွာ တစ်ပါးတည်းသာမက တပည့်သာဝကတို့သည်လည်း ဤတရားကို ပြီးမြောက်စေနိုင် သည်ဖြစ်၍ ဤအကျင့်မြတ်သည် ပြီးပြည့်စုံပြီးဖြစ်ပါ၏ဟု ဝစ္ဆဂေါတ္တပရိဗိုဇ်က လျှောက်ထား၏။
ထို့နောက်ဝစ္ဆဂေါတ္တသည် ဗုဒ္ဓမြတ်စွာထံ ရဟန်းပြုခွင့်တောင်းခံ၍ ရရှိပြီး လဝက်ခန့်ကြာသော် သမထနှင့် ဝိပဿနာ တရားနှစ်ပါးကို တိုးတက်ပွားများလော့။ ဤသို့ပွားများသော် များစွာသော ဓာတ်သဘောကို ထိုးထွင်းသိမြင်လိမ့်မည်ဟု မိန့်ကြားပါသည်။
ဝစ္ဆဂေါတ္တရဟန်းသည် ဗုဒ္ဓမြတ်စွာ မိန့်ကြားသည့်အတိုင်း ပွားများအားထုတ်ရာ မကြာမီပင် ရဟန္တာဖြစ်လေ၏။
ဤသုတ်တွင် ကုသိုလ်အကုသိုလ်တို့ကို အကျဉ်းအားဖြင့် သိရမည်။ ထို့ပြင် အကျင့်မြတ်၏ ပြီးပြည့်စုံမှုကိုလည်း သိရမည်။ ဘာသာခြားတို့ သာသနာ့ဘောင် ဝင်ရောက်ရာ၌ ပြုရမည့်လမ်းစဉ်ကို သိရမည်ဖြစ်၏။
မန ၇၄: ဒီဃနခသုတ်
ရာဇဂြိုဟ်ပြည် ဂိဇ္ဈိကုဋ်တောင် သူကရခတလှိုဏ်ဂူ၌ ဗုဒ္ဓမြတ်စွာ သီတင်းသုံးနေစဉ် ဒီဃနခမည်သော ပရိဗိုဇ်သည် ဗုဒ္ဓမြတ်စွာထံ ချဉ်းကပ်၍ အယူဝါဒအားလုံးကို မနှစ်သက်ဟု ပြောဆိုလေ့ရှိပါသည်ဟု လျှောက်ထား၏။
အယူဝါဒနှင့်ပတ်သက်၍ ပြောဆိုလေ့ရှိသူ သုံးမျိုးရှိ၏။ အယူဝါဒအားလုံးကို နှစ်သက်၏ဟု ပြောဆိုလေ့ရှိသူများ အယူဝါဒအားလုံးကို မနှစ်သက်ဟု ပြောဆိုလေ့ရှိသူများ အယူဝါဒအချို့ကို နှစ်သက်၍ အချို့ကို မနှစ်သက်ဟု ပြောဆိုလေ့ရှိသူများ ဖြစ်၏။
ဤသို့ပြောဆိုလေ့ရှိသူ သုံးမျိုးတွင် အယူဝါဒအားလုံးကို နှစ်သက်၏ဟု ပြောဆိုလေ့ရှိသူများသည် စွဲငြိခြင်း ဖွဲနှောင်ခြင်း လွန်စွာ နှစ်သက်ခြင်း စွဲလမ်းခြင်းတို့နှင့် နီးစပ်၏။
အယူဝါဒအားလုံးကို မနှစ်သက်ဟု ပြောဆိုလေ့ရှိသူများသည် မစွဲငြိခြင်း မဖွဲ့နှောင်ခြင်း လွန်စွာ မနှစ်သက်ခြင်း မစွဲလမ်းခြင်းတို့နှင့် နီးစပ်၏။
အယူဝါဒအချို့ကို နှစ်သက်၍ အချို့ကို မနှစ်သက်ဟု ပြောဆိုလေ့ရှိသူများသည် နှစ်သက်သော အယူဝါဒအား စွဲငြိခြင်းစသည်တို့နှင့် နီးစပ်၍ မနှစ်သက်သော အယူသည် မစွဲငြိခြင်း စသည်တို့နှင့် နီးစပ်၏။
ဤသို့ပြောဆိုလေ့ရှိသူ သုံးမျိုးတွင် ဉာဏ်အမြော်အမြင်ရှိသူသည် မိမိနှင့် အယူဝါဒမတူ ကွဲပြားသူတို့နှင့် ငြင်းခုန်ပြောဆိုခြင်း ကိုယ်စိတ်နှစ်ပါး ဆင်းရဲပင်ပန်း ဖြစ်လာမည်ကို မြင်သဖြင့် မိမိအယူဝါဒကို စွန့်လွတ်၍ သူတပါးအယူဝါဒကို မစွဲလမ်းချေ။
ထို့နောက် ဆက်လက်၍ ခန္ဓာငါးပါး၏ သဘောအမှန်ကို ရှုမြင်ရန် ဟောကြား၏။ ဤကိုယ်သည် ရုပ်ဖြင့်ပြီး၏။ မဟာဘုတ်လေးပါးကို မှီ၍ ဖြစ်၏။ မိဘတို့၏ သုက်သွေးကြောင့်ဖြစ်၏။ ထမင်းမုန့်တို့ဖြင့် ပွားစီး၏။ အမြဲမတည်၊ ဖုံးဖိပေးရခြင်း ဆုပ်နယ်ရခြင်း ပြိုကွဲခြင်းသဘောရှိ၏။
ဤကိုယ်သည် မခိုင်မြဲ၊ ဆင်းရဲ၏။ အနာရောဂါသဖွယ်ဖြစ်၏။ မြားညှောင့်နှင့်တူ၏။ နာကျင်စေတတ်၏။ သူစိမ်းပြင်ပြင်ဖြစ်၏။ ပျက်စီးတတ်၏။ အနှစ်အသားမှ ဆိတ်သုဉ်း၏။ အစိုးမရဟူ၍ ရှုမြင်အပ်၏။ ဤသို့ ရှုမြင်သူအား ခန္ဓာကိုယ်၌ လိုချင်မှု တွယ်တာမှု အစဉ်လိုက်မှုသည် ကင်းပျောက်၏။
ဝေဒနာသည် သုခဝေဒနာ ဒုက္ခဝေဒနာ အဒုက္ခမသုခဝေဒနာ ဟူ၍ သုံးပါးရှိ၏။ ထိုသုံးပါးတို့တွင် သုခဝေဒနာကို ခံစားနေသောအခါ ကျန်ဝေဒနာနှစ်ပါးကို မခံစား။ ဒုက္ခဝေဒနာကို ခံစားနေသောအခါ ကျန်ဝေဒနာနှစ်ပါးကို မခံစား။ အဒုက္ခမသုခဝေဒနာကို ခံစားသောအခါ ကျန်ဝေဒနာနှစ်ပါးကို မခံစား။
ထိုဝေဒနာသုံးပါသည် မမြဲ။ ပြုပြင်ဖန်တီးအပ်သော သင်္ခတတရားဖြစ်၏။ ဤသို့ရှုမြင်သော အရိယတပည့်သည် ထိုဝေဒနာသုံးပါးတို့၌ ငြီးငွေ့၏။ ငြီးငွေ့သော် စွဲလမ်းမှုကင်း၏။ စွဲလမ်းမှုကင်းသော် ကိလေသာမှ လွတ်မြောက်၏။ လွတ်မြောက်ပြီးဟု သိသောဉာဏ်ဖြစ်၏။ ဤသို့ လွတ်မြောက်သည့်စိတ်ရှိသော ရဟန်းသည် တစ်စုံတစ်ဦးနှင့်မျှ ငြင်းခုံခြင်းမပြု။ လွဲမှားစွာ မသုံးသပ်ဘဲ လောကပြောရိုးပြောစဉ် ဝေါဟာရဖြင့်သာ ပြောဆို၏။
ဤသို့ ဗုဒ္ဓမြတ်စွာက ဒီဃနခပရိဗိုဇ်အား ဟောပြောနေစဉ်တွင် နောက်တော်မှနေ၍ ဗုဒ္ဓမြတ်စွာအား ယပ်ခပ်ပေးလျက်ရှိသော အရှင်သာရိပုတ္တရာ၏ စိတ်သည် တစ်စုံတစ်ခုသော အာရုံကိုမျှ မစွဲလမ်းဘဲ အာသဝေါတို့ လွတ်မြောက်သွားလေ၏။
ဒီဃနခအားလည်း သောတာပတ္တိမဂ်ဉာဏ်တည်းဟူသော ဓမ္မစက္ခု ဖြစ်ပေါ်လေ၏။
မန ၇၅: မာဂဏ္ဍီယသုတ်
ကာမချမ်းသာ၏ အပြစ်ကိုပြ၍ အမြတ်ဆုံးချမ်းသာကို ကုရုတိုင်း၌ ဟောကြားခြင်းဖြစ်သည်။ ကမ္မာဒမ္မနိဂုံး ဘာရဒွါဂေါတ္တပုဏ္ဏား၏ မီးတင်းကုတ်အတွင်း၌ ဗုဒ္ဓမြတ်စွာ သီတင်းသုံးနေစဉ် မာဂဏ္ဍိယပရိဗိုဇ်အား ဟောကြားတော်မူသည်။
မာဂဏ္ဍိယပရိဗိုဇ်သည် ဗုဒ္ဓမြတ်စွာအား လူညွန့်တုံး ကြီးပွားခြင်းကို ဖျက်ဆီးတတ်သောသူ “ဘူနဟု” ဟု စွပ်စွဲပြောဆို၏။ မာဂဏ္ဍိယပရိဗိုဇ်သည် မမြင်သေးသည်ကို မြင်အောင်ပြုခြင်း၊ မကြားသေးသည်ကို ကြားအောင်ပြုခြင်း စသည်ဖြင့် မျက်စိနားစသည်တို့ကို ပွားစီးအောင် ပြုရမည်ဟု အယူရှိသူဖြစ်၏။ ဗုဒ္ဓမြတ်စွာကမူ မမြင်သင့်သည်ကို မမြင်အောင် မကြားသင့်သည်ကို မကြားအောင် မျက်စိနားစသည်တို့ကို စောင့်ထိန်းရမည်ဟု ဟောကြား၏။ ထို့ကြောင့် ဤသို့ ပြောခြင်းဖြစ်၏။
ဗုဒ္ဓမြတ်စွာက အာရုံငါးပါး ကာမဂုဏ်တရားတို့၌ တပ်မက်မှု တဏှာကိုပယ်စွန့်၍ ငြိမ်းချမ်းစွာ နေလေ့ရှိသူကို လူညွန့်တုံးသူဟု စွပ်စွဲရန်အကြောင်းမရှိ။ အထက်တန်းစား ကာမဂုဏ်ကို ခံစားနေသော သူသည် အောက်တန်းစားကာမဂုဏ်ကို တောင့်တမည်မဟုတ် စသည်ဖြင့် ဟောတော်မူပြီးလျှင် လူ့ကာမဂုဏ်ထက် နတ်ကာမဂုဏ်က သာလွန်ပုံ၊ ကာမဂုဏ်အားလုံးထက် စတုတ္ထဈာန် ဖလသမာပတ်ချမ်းသာက သာလွန်ပုံများကို နူနာရောဂါပျောက်ကင်းပြီးသူ ဥပမာဖြင့် တန်ဆာဆင်၍ ဟောတော်မူ၏။
ကာမဂုဏ်တပ်မက်မှု တဏှာအားလုံးကို စွန့်ပယ်၍ ငြိမ်သက် အေးချမ်းသောစိတ်ဖြင့် နေနိုင်သော ရဟန္တာသည် ကာမပူ အမိခံရသော ပုထုဇဉ်ဘဝကို သာယာတပ်မက်လိမ့်မည်မဟုတ်။ တောင့်တလိမ့်မည်မဟုတ်။ မိမိကိုယ်တိုင် ကာမပူ အမိခံခဲ့ရဖူးသောကြောင့်ဖြစ်၏။
ပုထုဇဉ်ဘဝသည် နူနာစွဲကပ်နေသူနှင့်တူ၏။ ဘုရားရဟန္တာဘဝကား နူနာပျောက်ကင်းသူနှင့်တူ၏။ ပုထုဇဉ်သည် ကာမတဏှာ နူနာစွဲကပ်နေသောကြောင့် ကာမဂုဏ်ကို ချမ်းသာဟု လွဲမှားစွာ မှတ်ထင်လေ၏။ ကာမတဏှာကို မစွန့်ဘဲ စိတ်အေးချမ်းသာစွာ နေရသူဟူ၍ လောက၌ မရှိနိုင် စသည်ဖြင့် ဟောတော်မူပြီးလျှင် အာရောဂျပရမာလာဘာဂါထာနှင့်ပတ်သက်၍ မာဂဏ္ဍိယပရိဗိုဇ် အဓိပ္ပါယ် အယူအဆလွဲမှားနေသည်ကိုလည်း တည့်မတ်ပေးတော်မူ၏။
မာဂဏ္ဍိယပရိဗိုဇ်သည် ပညာမျက်စိကန်းသဖြင့် ခန္ဓာကိုယ်၏ ခေတ္တခဏ အနာကင်းသည်၏ အဖြစ်ကို အာရောဂျဟု ထင်မှတ်နေ၏။ အနာရောဂါကင်းသောကြောင့် ခန္ဓကိုယ်ကို နိဗ္ဗာနဟု ထင်မှတ်နေ၏။ အနာရောဂါကင်းသောကြောင့် ခန္ဓာကိုယ်ကို နိဗ္ဗာနဟု ထင်မှတ်နေ၏။ မာဂဏ္ဍိယပရိဗိုဇ်သည် မျက်စိမြင်သူ၏ အလိမ်ခံရသည့် အကန်းပမာဖြစ်၏။ အရိယာပညာစက္ခု တပ်ဆင်ပေးလိုက်လျှင် ရောဂါမျိုးစုံနှင့် ပတ်သက်နေသည့် ခန္ဓာကိုယ်ကြီးကို အာရောဂျနိဗ္ဗာနဟု ထင်မှတ်လိမ့်မည်မဟုတ်။ ရောဂါမျိုးစုံနှင့်ပတ်သက်နေမှန်းသိသဖြင့် ခန္ဓာကိုယ်အပေါ် တပ်မက်မှု လည်း ကင်းပြတ်ပေလိမ့်မည်။ နှစ်ရှည်လများ စိတ်၏ အလှည့်စားခံရမှုကိုလည်း သိလာပေလိမ့်မည်။
ထို့နောက် ဗုဒ္ဓမြတ်စွာက မာဂဏ္ဍိယပရိဗိုဇ်အား သူတော်ကောင်းထံ ချဉ်းကပ်၍ သူတော်ကောင်းတရား နာယူပြီး ထိုတရားအတိုင်း ကျင့်ကြံအားထုတ်ရန် တိုက်တွန်းတော်မူ၏။
ကိုယ်တိုင်ကျင့်ကြံအားထုတ်သည့်အခါ ခန္ဓာကိုယ်အပေါ်၌ စွဲလမ်းမှုဥပါဒါန် ကင်းပြတ်ချုပ်ပျောက် ပေလိမ့်မည်။ ဥပါဒါန်ချုပ်ပျောက်လျှင် ဘဝစည်လည်း ချုပ်ပျောက်ပေလိမ့်မည်ဟု ဟောတော်မူ၏။
ဗုဒ္ဓမြတ်စွာက မိန့်ကြားသောအခါ သဘောကျသဖြင့် မာဂဏ္ဍီသည် ရဟန်းပြုပေးရန် တောင်းပန်လေ၏။ တိတ္ထိအယူရှိသူသည် သာသနာဘောင်၌ ရဟန်းပြုလိုလျှင် လေးလပရိဝါသ် နေရ၏။
မာဂဏ္ဍီကမူ လေးလမက လေးနှစ်ပရိဝါသ် နေရစေကာမူ ရဟန်းပြုလိုကြောင်း လျှောက်ထား၏။ ရဟန်းပြုပြီးနောက် မကြာမီပင် ရဟန္တာအဖြစ်သို့ ရောက်လေ၏။
+++++++++++++
Ashin Sundara( 23.1.2025)
+++++++++++++++++++++++++++++++++++++++++++++++++++++
မဇ္ဈိမနိကာယ၊ မဇ္ဈိမပဏ္ဏာသ
၃။ ပရိဗ္ဗာဇကဝဂ်_အဆက်
မန ၇၆: သန္ဒကသုတ်
မြတ်သောအကျင့်မဟုတ်သော ကျင့်သုံးမှုလေးပါး သက်သာရာကို ရစေနိုင်သည့် အကျင့်လေးပါး တို့ကို အရှင်အာနန္ဒက သန္ဒကပရိဗိုဇ်အား ဟောကြားခြင်းဖြစ်သည်။
မြတ်သောအကျင့်မဟုတ်သော ကျင့်သုံးမှုလေးပါးဟူသည်
၁။ သေလျှင်ပြတ်၏ဟု ဆိုသောဝါဒ
၂။ ကောင်းမှု မကောင်းမှု မရှိဟုဆိုသောဝါဒ
၃။ အကြောင်းမရှိဟု ဆိုသောဝါဒ
၄။ လူမိုက်နှင့်လူလိမ္မာ အတူတူဆိုသောဝါဒ တို့ဖြစ်၏။
သက်သာရာ မရစေနိုင်သော အကျင့်လေးမျိုးဟူသည်. . .
၁။ အချို့သောဆရာသည်ငါကား အလုံးစုံကို သိမြင်၏။ ရပ်နေစဉ်သွားနေစဉ် အိပ်နေစဉ် ငါ့အား ဉာဏ်အမြင်သည် အမြဲထင်၏ဟူ၍ အကြွင်းမရှိသော ဉာဏ်အမြင်ကို ဝန်ခံ၏။ သို့သော်လည်း ထိုဆရာသည် လူမရှိသော အိမ်သို့ ဝင်မိ၏။ ဆွမ်းကိုသော်လည်း မရဘဲရှိ၏။ ခွေးကိုက်သော်လည်း ခံရ၏။ ကြမ်းကြုတ်သော ဆင်မြင်းကျွဲနွားတို့နှင့်သော်လည်း ဆုံမိ၏။ မိန်းမယောကျ်ားရွာနိဂုံးတို့၏ အမည်များကိုသော်လည်း မသိ၍ မေးမြန်းနေရ၏။
၂။ အချို့သောဆရာသည် တစ်ဆင့်ကြားကို အမှန်ဟု ယူဆ၏။ မိမိကိုယ်တိုင် မသိမြင်ဘဲ ဆရာ အဆက်ဆက်၏ တစ်ဆင့်ကြား စကားဖြင့်လည်းကောင်း ကျမ်းဂန်လာစကားဖြင့်လည်းကောင်း တရားကိုဟော၏။ တစ်ဆင့်စကားသည် မှန်သည်လည်းရှိ၏။ မှားသည်လည်း ရှိ၏။
၃။ အချို့သောဆရာသည် ကြံစည်စူးစမ်းလေ့ရှိ၏။ ကြံစည်စူးစမ်း၍ မိမိဉာဏ်၌ ထင်မြင်လာသည့် အတိုင်း တရားကိုဟော၏။ ကြံစည်စူးစမ်းအပ်သော အရာသည် မှန်သည်လည်းရှိ၏။ မှားသည်လည်း ရှိ၏။
၄။ အချို့သောဆရာသည် ပညာနည်း၍ တွေဝေတတ်၏။ ဤသို့လည်း ငါမယူ ထိုသို့လည်း ငါမယူ စသည်ဖြင့် အဆုံးမသတ်အောင် စကားကို လှီးလွဲပြောဆိုလေ့ရှိ၏။
ထို့နောက် အရှင်အာနန္ဒာသည် သန္ဒက၏ မေးလျှောက်ချက်များကို ဖြေကြားပါသည်။ ဗုဒ္ဓမြတ်စွာ၏ တရားကို နာယူ၍ သီလကို ဖြည့်ကျင့်ခြင်း ဣန္ဒြေတို့ကို စောင့်ထိန်းခြင်းမှ အစပြု၍ ကမ္မဋ္ဌာန်းတရားကို ဆင်ခြင်ပွားများခြင်းဖြင့် ဈာန်အဆင့်ဆင့်နှင့်တကွ ဝိဇ္ဇာဉာဏ်ထူးများကို ရနိုင်၏။
ဤသို့သော တရားထူးကို ရစေနိုင်သော ဆရာ့ထံ၌ မြတ်သော အကျင့်ကို ကျင့်သုံးအပ်၏။ ကျင့်သုံးသည့်အတိုင်းလည်း မှန်ကန်သော ကုသိုလ်တရားကို ပြီးမြောက်စေနိုင်၏။
ရဟန္တာပုဂ္ဂိုလ်သည် ငါးပါးသောအရာတို့ကို ကျူးလွန်ခြင်းငှာမထိုက်။ ကျူးလွန်တော့မည်မဟုတ်။ စေတနာနှင့်တကွ စေ့ဆော် အားထုတ်၍ သတ္တဝါကိုသေစေခြင်း၊ ခိုးလိုသောစိတ်ဖြင့် သူတပါး ပစ္စည်းကိုယူခြင်း၊ မေထုန်အကျင့်ကို မှီဝဲခြင်း၊ သိလျက်နှင့်မမှန်သော စကားကို ဆိုခြင်း၊ ကာမဂုဏ်ငါးပါးကို သိုမှီးသုံးစွဲခြင်းတို့ ဖြစ်၏။
ရဟန္တာပုဂ္ဂိုလ်အား ဉာဏ်အမြင်သည် အမြဲထင်၍မနေ။ စဉ်းစားဆင်ခြင်မှသာ သိနိုင်ပေ၏။
ဤသာသနာ၌ ဘဝမှ လွတ်မြောက်သွားသူတို့သည် အရာမက များပြား၏ဟု ဖြေကြားပါသည်။
မိမိတရားကို ချီးမြောက်ခြင်း သူတစ်ပါးတစ်ရားကို ကဲ့ရဲ့ရှုတ်ချခြင်း မပြုဘဲလျက် ဤမျှများပြားသော ဘဝမှ လွတ်မြောက်သူများကို တွေ့မြင်ရခြင်းမှာ အံဩဖွယ် ကောင်းလှပါသည်။ မိမိကိုယ်ကို ချီးမြောက်၍ သူတစ်ပါးကို ကဲ့ရဲ့ရှုတ်ချလေ့ရှိသော ဤအာဇီဝကတို့သည်ကား ဘဝမှ လွတ်မြောက်သူ သုံးဦးကိုသာ ညွှန်ပြနိုင်ကြပါသည်။
သန္ဒကသည် ဤသို့လျှောက်ကြားပြီး မိမိပရိသတ်အား ဗုဒ္ဓမြတ်စွာထံသွား၍ အကျင့်မြတ်ကို ကျင့်ကြရန် တိုက်တွန်း၏။ ငါတို့ကိား လာဘ်လာဘ ကျော်စောမှုကိုစွန့်ရန် မလွယ်ကူတော့ပါဟု ဆိုလေ၏။
မန ၇၇: မဟာသကုလုဒါယီသုတ်
တပည့်တို့ ရိုသေလေးမြတ်သော ဆရာနှင့်ပတ်သက်၍ သကုလုဒါယီပရိဗိုဇ်ကို ဟောကြားခြင်း ဖြစ်သည်။
ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်း၌ ဗုဒ္ဓမြတ်စွာ သီတင်းသုံးစဉ် ထင်ရှားသော ပရိဗိုဇ်တို့သည် မောရနိဝါပမည်သော ပရိဗိုဇ်ကျောင်း၌ နေထိုင်လျက်ရှိကြ၏။
တနေ့သ၌ ဗုဒ္ဓမြတ်စွာသည် မြို့တွင်းသို့ ဆွမ်းခံဝင်ရန် ထွက်လာစဉ် အချိန်စောနေသဖြင့် ပရိဗိုဇ်ကျောင်းသို့ ကြွသွားလေသည်။
သကုလုဒါယီပရိဗိုဇ်သည် ဗုဒ္ဓမြတ်စွာအား ခရီးဦးကြိုကာ အယူဝါဒ အမျိုးမျိုးရှိသော ရသေ့ရဟန်းတို့ စုဝေးနေကြစဉ် စကားတရပ် ဖြစ်ပေါ်ခဲ့ကြောင်း လျှောက်ထားပါ၏။
အင်္ဂတိုင်း မဂဓတိုင်းတို့၌ တပည့်မြောက်မြားတို့နှင့် ပြည့်စုံသည့် ဂိုဏ်းဆရာကြီးများ ဝါကပ် နေထိုင်ကြ၏။ ထိုဂိုဏ်း ဆရာကြီးများအနက် ဗုဒ္ဓမြတ်စွာသည် တပည့်တို့၏ ရိုသေလေးစားမှုကို အများဆုံး ခံရသူဖြစ်၏။ဗုဒ္ဓမြတ်စွာ တရားဟောနေချိန်တွင် တပည့်တို့၏ ချေဆတ်သံ ချောင်းဟန့်သံ များကိုပင် မကြားရပါ။ဗုဒ္ဓမြတ်စွာ၏ တပည့်တို့သည် သိက္ခာချ၍ လူထွက်သွားကြသည့်တိုင်အောင် ဘုရား တရား သံဃာတို့၏ ဂုဏ်ကျေးဇူးကို ချီးကျူးလေ့ရှိ၏ဟူသော စကားရပ်ဖြစ်၏။
ဗုဒ္ဓမြတ်စွာကို တပည့်တို့က အရိုအသေ အလေးအမြတ်ပြု ၍နေခြင်း၌ သကုလုဒါယီမြင်သော အကြောင်းငါးပါးရှိ၏ ။
၁။ဗုဒ္ဓမြတ်စွာသည် နည်းပါးသောအာဟာရရှိပြီး နည်းပါး သောအာဟာရရှိခြင်း၏ ဂုဏ်ကိုလည်း ချီးကျူးလေ့ ရှိခြင်း။
၂။ဗုဒ္ဓမြတ်စွာသည် ရသမျှသင်္ကန်းဖြင့် ရောင့်ရဲပြီး ယင်းသို့ ရောင့်ရဲခြင်း၏ဂုဏ်ကိုလည်း ချီးကျူးလေ့ရှိခြင်း။
၃။ဗုဒ္ဓမြတ်စွာသည် ရသမျှဆွမ်းဖြင့် ရောင့်ရဲပြီး ယင်းသို့ ရောင့်ရဲခြင်း၏ဂုဏ်ကိုလည်း ချီးကျူးလေ့ရှိခြင်း။
၄။ဗုဒ္ဓမြတ်စွာသည် ရသမျှကျောင်းဖြင့် ရောင့်ရဲပြီး ယင်း သို့ ရောင့်ရဲခြင်း၏ဂုဏ်ကိုလည်း ချီးကျူးလေ့ရှိခြင်း။
၅။ဗုဒ္ဓမြတ်စွာသည် ဆိတ်ငြိမ်ရာအရပ်၌ နေထိုင်ပြီး ယင်းသို့ နေထိုင်ခြင်း၏ဂုဏ်ကိုလည်း ချီးကျူးလေ့ရှိခြင်း။ တို့ဖြစ်၏။
ဗုဒ္ဓမြတ်စွာက သကုလုဒါယီအား ထိုတရားငါးပါးသည် တပည့်တို့က အရိုအသေ အလေးအမြတ်ပြု၍ နေခြင်း၏ အကြောင်းတရားများ မဟုတ်။စင်စစ် ယင်းတို့မှတပါးသော အကြောင်းတရားများရှိ၏ဟု မိန့်ပါသည်။
၁။ဗုဒ္ဓမြတ်စွာသည် မြတ်သောသီလအစုနင့် ပြည့်စုံ၏ဟူ၍ လွန်မြတ်သောအရာ၌ တပည့်တို့က ချီးမွမ်းကြ၏။
၂။ဗုဒ္ဓမြတ်စွာသည် သိမြင်သည်ဖြစ်၍သာလျင် သိမြင်၏ ဟုဆို၏။ဉာဏ်အထူးဖြင့် သိ၍သာလျှင် တရားကိုဟော ၏။အကြောင်းယုတ္တိရှိသော တရားကိုသာလျှင် ဟော၏ ဟု ထူးကဲသော ဉာဏ်အမြင်အရာ၌ တပည့်တို့က ချီးမွမ်း ကြ၏။
၃။ဗုဒ္ဓမြတ်စွာသည် ပညာရှိ၏။မြတ်သောပညာအစုနှင့် ပြ ည့်စုံ၏။ကျရောက်လာမည့် စကားလမ်းကြောင်းကို မမြင်နိုင်ဖွယ် အကြောင်းမရှိ။ဖြစ်ပေါ်လာမည့် အတိုက်အခံ ပြောဆိုမှုကို ကောင်းစွာမနှိမ်နင်းနိုင်ဖွယ် အကြောင်းမရှိဟူ၍ လွန်ကဲသောပညာအရာ၌ တပည့်တို့က ချီးမွမ်းကြ၏။
၄။ဗုဒ္ဓမြတ်စွာသည် မေးလျှောက်လာသမျှ အမေးများကို ဖြေကြားခြင်းဖြင့် တပည့်တို့၏ စိတ်ကို ကျေနပ်နှစ်သက်စေ၏။
၅။ဗုဒ္ဓမြတ်စွာသည် တပည့်တို့အား သတိပဋ္ဌာန်လေးပါး စသော ပွားများရန် အကျင့်လမ်းစဉ်တို့ကို ဟောကြား၏။
ဗုဒ္ဓမြတ်စွာက မိမိအား တပည့်တို့က အရိုအသေ အလေး အမြတ်ပြုကြခြင်း၏ အကြောင်းငါးပါးကို ဟောကြားတော်မူရာ သကုလုဒါယီသည် လွန်စွာနှစ်သက်လေ၏။
ဤသုတ်၌ ဗုဒ္ဓမြတ်စွာနှင့် ခေတ်ပြိုင်ဂိုဏ်းဆရာများနှင့် သူ တို့၏ တပည့်သာဝကများ၏ အခြေအနေ,တပည့်တို့၏ ရိုသေလေးမြတ်ခြင်းခံရသော ဆရာနှင့်ပတ်သက်၍ သကုလုဒါယီ၏ ထင်မြင်ယူဆချက်နှင့် ဗုဒ္ဓမြတ်စွာ၏ ဟောကြား ချက်များကို သိရှိရမည် ဖြစ်သည်။
မန ၇၈: သမဏမုဏ္ဍိကသုတ်
ဥဂ္ဂမာန၏ ရဟန္တာအယူအဆနှင့်ပတ်သက်၍ ဗုဒ္ဓ၏ငြင်းပယ်ချက်များ ဖြစ်သည်။ ဥဂ္ဂမာနပရိဗိုဇ်သည် “မကောင်းမှုကို မပြုခြင်း မကောင်းသောစကားကို မပြောခြင်း မကောင်းသော အကြံကို မကြံခြင်း မကောင်းသော အသက်မွေးမှုကို မပြုခြင်းတို့နှင့် ပြည့်စုံသူသည် ရဟန္တာဖြစ်၏” ဟု ယူဆ ဟောပြော ပါသည်။
ဥဂ္ဂမာနာစကားအတိုင်းဖြစ်ခဲ့သော် ပက်လက်အိပ်အရွယ် ကလေးသည် ရဟန္တာဖြစ်ရာ၏။ ကလေးငယ်အား ကိုယ်ဟူသော အသိဉာဏ်မျှပင် မဖြစ်သေး။ လှုပ်ရှားရုံမှတစ်ပါး ကိုယ်ဖြင့် မကောင်းမှုပြုခြင်း ဘယ်မှာရှိပါမည်နည်း။ စကားဟူသော အသိဉာဏ်မျှပင် မဖြစ်သေး။ ငိုကြွေးရုံမှ တပါး မကောင်းသောစကားကို ပြောဆိုခြင်း ဘယ်မှာရှိပါမည်နည်း။ ကြံစည်ခြင်းဟူသော အသိဉာဏ်မျှပင် မဖြစ်သေး။ ပျော်မြူးခြင်းမှတပါး မကောင်းသော အကြံကို ကြံစည်ခြင်းကား ဘယ်မှာရှိပါမည်နည်း။ အသက်မွေးမှုဟူသော အသိဉာဏ်မျှပင် မဖြစ်သေး။ မိခင်နို့ကို စို့ခြင်းမှတပါး မကောင်းသော အသက်မွေးမှုကား ဘယ်မှာရှိပါမည်နည်း။
မကောင်းမှုကို မပြုခြင်း မကောင်းသောစကားကို မဆိုခြင်း မကောင်းသောအကြံကို မကြံစည်ခြင်း မကောင်းသော အသက်မွေးမှုဖြင့် အသက်မမွေးခြင်း ဤလေးပါးနှင့်ပြည့်စုံသူသည် ရဟန္တာ မဖြစ်သေး။ လူမမယ်ကလေးထက်ကား သာလွန်၏။
မှန်သောအမြင် မှန်သောအကြံ မှန်သောစကား မှန်သောအလုပ် မှန်သောအသက်မွေးခြင်း မှန်သောအားထုတ်ခြင်း မှန်သောသတိ မှန်သောသမာဓိ မှန်သောဉာဏ္ မှန်သောလွတ်မြောက်မှု ဟူသော ဤတရားဆယ်ပါးနှင့် ပြည့်စုံသူသည် ရဟန္တာဖြစ်၏။
ထို့ပြင် မကောင်းသော အလေ့အကျင့် ကောင်းသောအလေ့အကျင့် မကောင်းသောအကြံ ကောင်းသောအကြံ ထိုအလေ့အကျင့် ထိုအကြံတို့ ဖြစ်ပေါ်ကြောင်းတရား အကြွင်းမဲ့ ချုပ်ငြိမ်းရာနှင့် ချုပ်ငြိမ်းကြောင်းအကျင့်တို့ကို သိရမည်။
မကောင်းသော အလေ့အကျင့်ဟူသည် မကောင်းသော ကိုယ်အမူအရာ နှုတ်အမူအရာ ယုတ်မာသော အသက်မွေးမှုတို့ဖြစ်၏။ ထိုမကောင်းသော အလေ့အကျင့်သည် စိတ်ကြောင့်ဖြစ်၏။ စိတ်သည် ထူးထွေများပြား၏။ ရာဂစိတ် ဒေါသစိတ် မောဟစိတ်တို့ကြောင့် ဖြစ်၏။ ဒုစရိုက်ပယ်၍ သုစရိုက်ကို ပွားများ မကောင်းသော အသက်မွေးမှုကို ပယ်၍ ကောင်းသော အသက်မွေးမှုပြုသူအား မကောင်းသော အလေ့အကျင့်တို့ အကြွင်းမဲ့ချုပ်ငြိမ်း၏။ သမ္မပ္ပဓာန်လေးပါး အားထုတ်သူသည် မကောင်းသော အလေ့အကျင့်များ ချုပ်ငြိမ်းရေးအတွက် ကျင့်သူဖြစ်၏။
ကောင်းသောအလေ့အကျင့်ဟူသည် ကောင်းသောကိုယ် အမူအရာ နှုတ်အမူအရာ စင်ကြယ်သော အသက်မွေးမှုများ ဖြစ်၏။ ထိုကောင်းသောအလေ့အကျင့်သည် ရာဂဒေါသမောဟကင်းသော စိတ်ကြောင့် ဖြစ်၏။ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုသော ရဟန်းအား ထိုကောင်းသော အလေ့အကျင့်တို့ အကြွင်းမဲ့ချုပ်၏။ သမ္မပ္ပဓာန်လေးပါး အားထုတ်သူသည် ကောင်းသော အလေ့အကျင့်များ ချုပ်ငြိမ်းရေးအတွက် ကျင့်သူဖြစ်၏။
မကောင်းသောအကြံဟူသည် ကာမဝိတက် ဗျာပါဒဝိတက် ဝိဟိံသာဝိတက် တို့ဖြစ်၏။ ထိုမကောင်းသောအကြံသည် မှတ်သားခြင်း သညာကြောင့်ဖြစ်၏။ မှတ်သားခြင်းသညာသည် အမျိုးမျိုးရှိ၏။ ပထမဈာန် ဝင်စားနေသော ရဟန်းအား မကောင်းသောအကြံတို့ အကြွင်းမဲ့ချုပ်၏။ သမ္မပ္ပဓာန်လေးပါး အားထုတ်သေူသည် မကောင်းသောအကြံများ ချုပ်ငြိမ်းရေးအတွက် ကျင့်သူဖြစ်၏။
ကောင်းသောအကြံဟူသည် ကာမမှ ထွက်မြောက်ရေးနှင့်ယှဉ်သော အကြံ ဗျာပါဒနှင့်မယှဉ်သော အကြံ ဝိဟိံသနှင့် မယှဉ်သော အကြံတို့ဖြစ်၏။ ထိုကောင်းသောအကြံသည် ကောင်းသော မှတ်သားခြင်း တို့ကြောင့်ဖြစ်၏။ ဒုတိယဈာန် ဝင်စားနေသူအား မကောင်းသောအကြံများ အကြွင်းမဲ့ချုပ်ငြိမ်း၏။ သမ္မပ္ပဓာန်လေးပါး အားထုတ်သူသည် ကောင်းသော အကြံများ ချုပ်ငြိမ်းရေး အတွက် ကျင့်သူဖြစ်၏။
မန ၇၉: စူဠသကုလုဒါယီသုတ်
အကြွင်းမရှိသော ဉာဏ်အမြင်၊ မြတ်သောအဆင်း၊ စင်စစ်ချမ်းသာသောလောက၊ ပြည့်စုံသောအကျင့် တို့နှင့် ပတ်သက်သော သကုလုဒါယီပရိဗိုဇ်၏ ဆရာစဉ်ဆက် လက်ခံယူဆခဲ့သည်များကို ဗုဒ္ဓမြတ်စွာ က ဝေဖန်သုံးသပ်ပြခြင်း ဖြစ်သည်။
အချို့သူတို့သည် အကြွင်းမရှိသော ဉာဏ်အမြင်ရှိသူ (သဗ္ဗညူယသဗ္ဗဒဿာဝီ)ဟု ဝန်ခံကြသော် လည်း မေးမြန်းကြသောအခါ စကားလွဲကာ ဖြေကြ၏ဟု သကုလုပရိဗိုဇ်က ပြောပါသည်။
ဗုဒ္ဓမြတ်စွာက အတိတ်အကြောင်း အနာဂတ်အကြောင်း သိမြင်သူ အချင်းချင်း မေးကြဖြေကြမှသာ မေးသူဖြေသူ နှစ်ဦးနှစ်ဖက် ကျေနပ်မှုရမည်ဟု ရှင်းပြပါသည်။
အတ္တသည် မြတ်သောအဆင်းဖြစ်၏။ ကြောင်မျက်ရွဲရတနာကဲ့သို့သော အဆင်းရှိ၏။ သေပြီးနောက်လည်း ပျက်စီးခြင်းမရှိဟု သကုလုဒါယီက သူဆရာဝါဒကို ပြောပါသည်။
ပိုးစုန်းကြူးထက် နိမ့်ကျသော အဆင်းကိုပင် မြတ်သော အဆင်းဟု သင်ဆို၏။ ထိုအဆင်းကိုလည်း ထင်ရှားစွာ သတ်မှတ်ညွန်ပြခြင်း မပြုနိုင်ချေဟု ဗုဒ္ဓမြတ်စွာက ရှင်းပြပါသည်။
စင်စစ် ချမ်းသာသော်လောကသည် ရှိ၏။ ထိုလောကကို မျက်မှောက်ပြုရန် အကျင့်လည်း ရှိ၏။ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း သူတပါးပစ္စည်းကို ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း ကာမဂုဏ်တို့၌ ဖောက်ပြန်စွာကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း မုသားပြောခြင်းမှ ရှောင်ကြဉ်ခြင်း အကျင့်ဂုဏ်တမျိုးကို ဆောက်တည်၍ ကျင့်ခြင်းတို့သည် စင်စစ်ချမ်းသာသော လောကကို မျက်မှောက်ပြုရန် အကျင့်ဖြစ်၏ဟု သကုလုဒါယီက သူ့ဆရာဝါဒကို ပြောပါသည်။
သူ့အသက်သတ်ခြင်းမှ စသည်မှရှောင်ကြဉ်သောအခါ အတ္တဘောသည် ချမ်းသာဆင်းရဲဒွန်တွဲနေ၏။ ချမ်းသာဆင်းရဲ ဒွန်တြွနေသော အကျင့်ကို အစွဲပြု၍ စင်စစ်ချမ်းသာသော လောကကို မျက်မှောက်ပြု ရန် ဖြစ်နိုင်ပါမည်လောဟု ဗုဒ္ဓမြတ်စွာက သကုလုဒါယီအား ပြန်လည်မေးမြန်းပါသည်။
ပထမဈာန် ဒုတိယဈာန် တတိယဈာန်တို့ကို ဝင်စား၍ နေခြင်းသည် စင်စစ်ချမ်းသာသော လောကကို မျက်မှောက်ပြုရန် အကြောင်းအချက်နှင့်ပြည့်စုံသော အကျင့်ဖြစ်၏။
ဆင်းရဲချမ်းသာကို ပယ်ခြင်းကြောင်းလည်းကောင်း ဝမ်းသာခြင်း ဝမ်းနည်းခြင်းတို့၏ ကင်းပျောက်ပြီး ဖြစ်ခြင်းကြောင့်လည်းကောင်း ချမ်းသာ ဆင်းရဲကင်း၍ လျစ်လျူရှုမှုကြောင့်ဖြစ်သော သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်ကို ဝင်စား၍ နေ၏။ စင်စစ်ချမ်းသာခြင်းရှိသော လောကသို့ ရောက်နေသော နတ်တို့နှင့်တကွ ရပ်တည်၍ စကားပြောဆို၏။ ဤမျှဖြင့် ထိုသူသည် စင်စစ် ချမ်းသာသော လောကကို မျက်မှောက်ပြုသည်မည်၏။
ရဟန်းတို့သည် ဤစင်စစ်ချမ်းသာသော လောကကို မျက်မှောက် ပြုလိုသောကြောင့် ငါ့ထံ၌ အကျင့်မြတ်ကို ကျင့်သုံးကြသည်မဟုတ်။ ငါ့ထံ၌ အကျင့်မြတ်ကို ကျင့်သုံးသော ရဟန်းတို့ မျက်မှောက်ပြုရန် ရည်ရွယ်သည့် သာလွန်မွန်မြတ်သော အခြားတရားများ ရှိသေး၏။
ပုဗ္ဗေနိဝါသာနုဿတိဉာဏ် ဒိဗ္ဗစက္ခုဉာဏ် အရဟတ္တမဂ်ဉာဏ်တို့ကို မျက်မှောက်ပြုခြင်းသည် ငါ့ထံ၌ အကျင့််မြတ်ကိုကျင့်သော ရဟန်းတို့၏ ရည်ရွယ်မျှော်မှန်းသည့် သာလွန်မွန်မြတ်သော တရားများ ဖြစ်၏ဟု ဗုဒ္ဓမြတ်စွာက ရှင်းပြပါသည်။
သကုလုဒါယီသည် ထိုရှင်းလင်းဟောကြားချက်ကို လွန်စွာနှစ်သက်သဖြင့် မိမိအားရဟန်းပြုပေးရန် ဗုဒ္ဓမြတ်စွာကို တောင်းပန်သည်။ သူ့ပရိသတ်က ဟန့်တားနှောက်ယှက်မှုကြောင့် ပျက်ပြယ်သွားလေ သည်။
မန ၈၀: ဝေခနသသုတ်
ဝေခနသပရိဗိုဇ်အား မြတ်သောအဆင်း ကာမသုခ အနှောင်အဖွဲ့တို့မှ လွတ်မြောက်မှုတို့နှင့် ပတ်သက်၍ ဟောကြားခြင်းဖြစ်သည်။ သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ ဗုဒ္ဓမြတ်စွာ သီတင်းသုံးစဉ် ဝေခနသပရိဗိုဇ်သည် ဗုဒ္ဓထံချဉ်းကပ်ပြီး အနီး၌ရပ််ကာ မြတ်သောအဆင်းတည်း မြတ်သောအဆင်းတည်းဟူ၍ မြွက်ဆို၏။ မြတ်သောအဆင်းဟူသည် အတ္တကို အမွမ်းတင်ခြင်း ဖြစ်၏။ အတ္တသည် ကြောင်မျက်ရွဲရတနာကဲ့သို့ အဆင်းရှိ၍ သေပြီးနောက်၌ ပျက်စီးချင်းမရှိပါဟု ဝေခနသကပြောဆို၏။
ပိုးစုန်းကြူးထက်နိမ့်ကျသော အဆင်းကိုပင် မြတ်သောအဆင်းဟု ဆို၏။ သို့သော် ထိုအဆင်းကိုလည်း ထင်ရှားစွာ သတ်မှတ်ညွှန်ပြခြင်း မပြုနိုင်ချေဟု ဗုဒ္ဓမြတ်စွာက မိန့်ဆို၏။
ဝေခနသပရိဗိုဇ်သည် သကုလုဒါယီပရိဗိုဇ်၏ တပည့်ဖြစ်သည်။ ဗုဒ္ဓနှင့်ယှဉ်ပြိုင်ပြောဆိုရာတွင် မိမိဆရာ ရှုံးခဲ့သည်ကို မကျေနပ်၍ သူကိုယ်တိုင်လာခြင်းဖြစ်သည်။
ထိုနောက် ဗုဒ္ဓမြတ်စွာက ကာမသုခနှင့်ပတ်သက်၍ မိန့်တော်မူပါသည်။ ကာမဂုဏ်ငါးပါးကို အစွဲပြု၍ ဖြစ်ပေါ်လာသော ကိုယ်ချမ်းသာခြင်း စိတ်ချမ်းသာခြင်းကို ကာမသုခဟု ဆိုအပ်၏။ ယင်းကာမသုခကို ကာမဂုဏ်ငါးပါးထက် မြတ်၏ဟု ဆိုအပ်၏။ ကာမဂ္ဂသုခကိုမူ ကာမသုခထက် မြတ်၏ဟုဆိုအပ်၏။
ကာမဂ္ဂသုခဟူသည် ကာမဂုဏ်ချမ်းသာထက် သာလွန်မွန်မြတ်သော ချမ်းသာ နိဗ္ဗာန်ကိုဆိုလို၏။
တပါးသောအယူ တပါးသောဆရာရှိသော သင်သည် ကာမဂုဏ်ငါးပါးကိုလည်းကောင်း ကာမသုခ ကာမဂ္ဂသုခတို့ကို လည်းကောင်း ခွဲခြားသိရန်မလွယ်။ အာသဝေါကုန်ခန်း၍ ကိလေသာမှ လွတ်မြောက် ပြီးသော ရဟန္တာတို့သည်သာလျှင် ခွဲခြားသိနိုင်ရာ၏။
ဗုဒ္ဓမြတ်စွာက ဤသို့မိန့်ကြားလျှင် ဝေခနသပရိဗိုဇ်သည် စိတ်ဆိုးခြင်း နှလုံးမသာယာခြင်းဖြစ်ကာ ဗုဒ္ဓမြတ်စွာကို ရှုတ်ချပြစ်တင်လေသည်။ ဗုဒ္ဓမြတ်စွာက ဤသို့ ချေပလေသည်။ ရှေ့အစွန်း နောက်အစွန်းကို သင်ကိုယ်တိုင်မသိဘဲ အခြားသော ရဟန်းပုဏ္ဏားတို့ကို ဖိနှိပ်ပြောဆို နေခြင်းသည် တရားနည်းလမ်းမကျသော ပြောဆိုခြင်းသာ ဖြစ်၏။
သို့သော် ရှေ့အစွန်းနောက်အစွန်းသည် ရှိပါစေ။ စဉ်းလဲခြင်း လှည့်စားခြင်းကင်း၍ ဖြောင်မတ်သော သဘောရှိသော သိကြားလိမ္မာသော သူသည် ငါ့ထံသို့ လာခဲ့ပါလော့ ငါသွန်သင်ဆုံးမမည် တရားဟောမည်။ ထိုသူသည် ငါဟောကြားဆုံးမသည့်အတိုင်း ကျင့်ကြံအားထုတ်လျှင် မကြာမီ အဝိဇ္ဇာအနှောင့်အဖွဲ့မှ လွတ်မြောက်မှုကို ကိုယ်တိုင်ကိုယ်ကျ သိမြင်ပါလိမ့်မည်။
ဝေခနသပရိဗိုဇ်သည် ထိုမိန့်ကြားချက်ကို လွန်စွာနှစ်သက်သဖြင့် ဥပါသကာအဖြစ် ခံယူလေသည်။
+++++++++++
Ashin Sundara (24.1.2025)
+++++++++++++++++++++++++++++++++++++++++++++++++++++++++
မဇ္ဈိမနိကာယ၊ မဇ္ဈိမပဏ္ဏာသ
၄။ ရာဇဝဂ်
ရာဇဝဂ်သည် မဇ္ဈိမနိကာယ် မဇ္ဈိမပဏ္ဏာသ၏ လေးခုမြောက်ဝဂ်ဖြစ်သည်။ ဆယ်သုတ်ပါဝင်၍ ပါဝင်သော သုတ်အများစုသည် ရှင်ဘုရင်များ၏ မေးခွန်းများကို ဖြေကြားခြင်း၊ ရှင်ဘုရင်များနှင့် ပတ်သက်၍ ဟောကြားခြင်းများ ဖြစ်၏။ ထို့ကြောင့်ပင် ရာဇဝဂ်ဟု အမည်ပေးခြင်းဖြစ်မည်။
ရာဇဝဂ်၌ ပါဝင်သောသုတ်များမှာ -
၁။ ဃဋိကာရသုတ်
၂။ ရဋ္ဌပါလသုတ်
၃။ မဃဒေဝသုတ်
၄။ မဓုရသုတ်
၅။ ဗောဓိရာဇကုမာရသုတ်
၆။ အင်္ဂုလိမာလသုတ်
၇။ ပိယဇာတိကသုတ်
၈။ ဗာဟိတိကသုတ်
၉။ ဓမ္မစေတိယသုတ်
၁၀။ ကဏ္ဏကတ္ထလသုတ်တို့ဖြစ်၏။
+++
မန ၈၁: ဃဋိကာရသုတ်
ကဿပမြတ်စွာဘုရားလက်ထက်က အိုးထိန်းသည် ဃဋိကာရအကြောင်းကို ဟောကြားခြင်း ဖြစ်သည်။
ဗုဒ္ဓမြတ်စွာသည် ရဟန်းသံဃာများစွာတို့နှင့်အတူ ကောသလတိုင်းအတွင်း ဒေသစာရီလှည့်လည် တော်မူစဉ် တစ်ခုသောအရပ်၌ ရှေးအခါက ဝေဂဠိင်္ဂရွာကြီးနှင့် ကဿပမြတ်စွာဘုရား သီတင်းသုံးရာ ကျောင်းတော်ကြီးရှိခဲ့ကြောင်းမိန့်တော်မူပါသည်။
ဝေဂဠိင်္ဂရွာကြီးသည် လူဦးရေထူထပ်များပြား၏။ ထိုရွာကြီးကို အမှီပြု၍ ကဿပမြတ်စွာဘုရား သီတင်းသုံးတော်မူခဲ့၏။ ထိုရွာမှ အိုးထိန်းသည် ဃဋိကာရသည် ကဿပမြတ်စွာဘုရား၏ မြတ်သောအလုပ်အကျွေးဖြစ်၏။ ဃဋိကာရသည် သူငယ်ချင်းဇောတိပါလ လုလင်ကို ကဿပဘုရား ထံသွား၍ ဖူးမြင်ရန်ဖိတ်ခေါ်၏။ အကြိမ်ကြိမ်ငြင်းဆန်နေသည့်ကြားမှ ဖိတ်ခေါ်သည့်အတွက် ကျောင်းတော်သို့ လိုက်ပါလေသည်။ မြတ်စွာဘုရားထံမှ တရားနာကြားပြီးနောက် ဇောတိပါလ လုလင် ရဟန်းပြုလေ၏။
ဃဋိကာရသည် မျက်မြင်မိဘနှစ်ပါး လုပ်ကျွေးနေရသဖြင့် ရဟန်းမပြုနိုင်ပေ။ ကဿပမြတ်စွာဘုရား သည် ကာသိတိုင်း ဗာရာဏသီပြည်သို့ ကြွရောက်စဉ် ကိကီမင်းကြီးက မြတ်စွာဘုရား ကာသိတိုင်း၌ ဝါဆိုတော်မူပါ။ မြတ်စွာဘုရားနှင့် သံဃာတော်များအား ဆွမ်းလုပ်ကျွေးလိုပါသည်ဟု လျှောက်၏။ ကဿပမြတ်စွာဘုရားသည် ကိကီမင်းကြီး၏ လျှောက်ထားချက်ကို သုံးကြိမ်တိုင်အောင် ငြင်းပယ်၏။
ဝေဂဠိင်္ဂရွာမှ အိုးထိန်းသည် ဃဋိကာရ၏ ဂုဏ်ကျေးဇူးကို ထုတ်ဖော်မိန့်ကြားလေသည်။ အိုးထိန်းသည် ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်၏။ မကောင်းမှုတို့မှ ရှောင်ကြဉ်၏။ ရတနာသုံးပါးတို့၌ ခိုင်မြဲသော ယုံကြည်မှုနှင့်ပြည့်စုံ၏။ အရိယာတို့နှစ်သက်သော သီလနှင့် ပြည့်စုံ၏။ သစ္စာလေးပါး၌ ယုံမှားခြင်းကင်း၏။
ထမင်းတနပ်သာစား၏ မေထုန်မှ ရှောင်ကြဉ်၏။ ရွှေငွေကို မကိုင် မြေကြီးကို မတူးဖြို။ ကမ်းပြိုသောမြေ ကြွက်ကျစ်စာမြေတို့ကို သယ်ဆောင်၍ အိုးခွက်များ ပြုလုပ်၏။ စားသောက်ဖွယ်တို့ဖြင့် ဖလှယ်၏။ အောက်အဖို့ရှိသော သံယောဇဉ်ငါးပါး ကုန်ပြီးဖြစ်၍ ဗြဟ္မာဘုံ၌ပင် ဘဝဇာတ်ငြိမ်းမည့်သူဖြစ်၏။
ကဿပမြတ်စွာဘုရားကလည်း ဃဋိကာရအိမ်မှ ထမင်း ဟင်းတို့ကို အိုးမှ ကိုယ်တော်တိုင် ခပ်ယူ သုံးဆောင်တော်မူသည်။ ကဿပမြတ်စွာဘုရားသည် မိမိသီတင်းသုံးရာကျောင်းမှာ မိုးမလုံသဖြင့် ရဟန်းတို့ကို စေလွတ်လိုက်၏။ ဃဋိကာရ၏ အလုပ်တဲမှ သက်ငယ်မြက်များကို ခွာယူ၍ မိမိ သီတင်းသုံးရာ ကျောင်းကို မိုးစေတော်မူသည်။
မြတ်စွာဘုရားနှင့် ဤမျှအကျွမ်းတဝင်ရှိသော ဃဋိကာရကား အရတော်ပေစွဟု မင်းကြီးက ချီးကျူးလေသည်။ သလေးဆန် လှည်းငါးရာတိုက်နှင့် ဟင်းချက်စရာတို့ကိုလည်း ဃဋိကာရအိမ်သို့ ပို့လေသည်။ ဃဋိကာရက လက်မခံဘဲ မင်းကြီးထံပြန်ပို့လေသည်။ ထိုဃဋိကာရ၏ သူငယ်ချင်း ဇောတိပါလသည် ငါဘုရား ဖြစ်လာ၏ဟု မိန့်တော်မူပါသည်။
မန ၈၂: ရဋ္ဌပါလသုတ်
အရှင်ရဋ္ဌပါလ ရဟန်းပြုလာခြင်းနှင့် ရဟန်းပြုရခြင်း၏ အကြောင်းရင်းကို ကောရဗျမင်းအား ဟောကြားချက်များ ဖြစ်သည်။
ဗုဒ္ဓမြတ်စွာ ကုရုတိုင်းအတွင်း ဒေသစာရီလှည့်လည်စဉ် ထုလ္လကောဋိကနိဂုံး၌ လာရောက်ဖူးမြော်ကြ သူတို့အား တရားဟောတော်မူ၏။ ရဋ္ဌပါလသည် တရားနာပြီးနောက် မိဘများထံ ရဟန်းပြုခွင့် မရအရ တောင်းခံ၏။ ရဟန်းပြုပြီးနောက် ရဟန်းတရားကို ပြင်းထန်စွာ အားထုတ်သဖြင့် မကြာမီ ရဟန္တာဖြစ်လေ၏။
အရှင်ရဋ္ဌပါလ မင်းဥယျာဉ်၌ သီတင်းသုံးနေစဉ် ကောရဗျမင်း လာရောက်တွေ့ဆုံ၍ ရဟန်းပြုရခြင်း အကြောင်းရင်းကို မေးမြန်းလေသည်။ အိုခြင်း, နာခြင်း, စည်းစိမ်ပျက်စီးခြင်း, ဆွေမျိုးပျက်စီးခြင်း, ဟူသော ပျက်စီးခြင်းလေးပါးတွင် တစ်ပါးပါးကြောင့် ရဟန်းပြုကြ၏။ ထိုလေးပါးသော ပျက်စီးခြင်း တို့တွင် တစ်ပါးမျှပင် ရှင်ရဋ္ဌပါလအား မရှိပါ။ သို့ပါလျက် မည်သည့်အကျိုးကို မျှော်ကာ ရဟန်းပြု လာပါသနည်းဟု ကောရဗျမင်းက မေး၏။
ဗုဒ္ဓမြတ်စွာ ဟောကြားသော တရားညွှန်းလေးပါးကို သိမြင်၍ ရဟန်းပြုခဲ့ခြင်းဖြစ်ကြောင်း အရှင်ရဋ္ဌပါလက ဖြေပါသည်။ ထိုတရားညွှန်းလေးပါးကား ….
(၁) လူအပေါင်းသည် အိုခြင်းသေခြင်းတို့၏ ဆွဲငင်မှုကို ခံနေရသောကြောင့် အမြဲမတည်။
(၂) လူအပေါင်းသည် ခိုကိုးရာမရှိ အားထားရာမရှိ။
(၃) လူအပေါင်းသည် ကိုယ်ပိုင်ဥစ္စာမရှိ။ ပစ္စည်းအားလုံးကို စွန့်ခွာသွားရမည်သာ ဖြစ်၏။
(၄) လူအပေါင်းသည် အလိုမပြည်နိုင်။ အမြဲယုတ်လျော့နေသည်သာဖြစ်၏။ ရောင့်ရဲခြင်းမရှိ။ တဏှာ၏ ကျေးကျွန်ဖြစ်၏။
ကောရဗျမင်းက သိလိုသဖြင့် အရှင်ရဋ္ဌပါလသည် အကျယ်တဝင့် ဟောပြပါသည်။
လူတို့သည် ငယ်ရွယ်နုပျိုရာမှ တဖြေးဖြေး အိုမင်းလာသော် ငယ်ရွယ်စဉ်က ကိုယ်၏ အစွမ်းတို့သည် လည်း အမြဲမတည် ယိုယွင်းလာပြီး အိုမင်းမစွမ်းဖြစ်လာရ၏။ ထို့ကြောင့် လူတို့သည် အိုခြင်း သေခြင်းသို ဆွဲငင်ခံနေရသောကြောင့် အမြဲမတည်ဟု ဗုဒ္ဓမြတ်စွာ ဟောတော်မူ၏။
ပြင်းထန်သည့် အနာရောဂါ ဝေဒနာကို ခံစားရသော် မိမိတဦးတည်းသာလျှင် ကြိတ်မှိတ်ခံစားနေရပြီး အနားရှိသော ဆွေမျိုးသားချင်းတို့က ဘာမျှလုပ်မပေးနိုင်။ ထို့ကြောင့် လူတို့သည် ခိုကိုးရာမရှိ အးထားရာ မရှိဟု ဗုဒ္ဓမြတ်စွာ ဟောတော်မူပါသည်။
ရှိသမျှသော စည်းစိမ်တို့သည် သေသည့်အခါ ထားရစ်ခဲ့ရမည်။ ထို့ကြောင့် လူတို့သည် ကိုယ်ပိုင်ဥစ္စာ မရှိ။ ပစ္စည်းအားလုံးကို စွန့်ခွာ၍ ဘဝတစ်ပါးသို့ သွားရသည်သာဖြစ်၏ဟု ဗုဒ္ဓမြတ်စွာ ဟောတော်မူ ပါသည်။
ကုရုတိုင်း တစ်ခုလုံး ပိုင်သော်လည်း မင်းစည်းစိမ်ဖြင့် မရောင့်ရဲနိုင်ဘဲ နိုင်ငံငယ်များကို တိုက်ခိုက် သိမ်းပိုက်မည်သာဖြစ်၏။ ထို့ကြောင့် လူတို့သည် အလိုမပြည့်နိုင်။ အမြဲပင် နောက်ထပ်လိုချင် နေမည်ဖြစ်၏။ ရောင့်ရဲခြင်းမရှိ။ တဏှာ၏ ကျေးကျွန်သာ ဖြစ်နေရ၏ဟု အကျယ်တဝင့် ရှင်းပြပါသည်။
မန ၈၃: မဃဒေဝသုတ်
မဃဒေဝမင်းကြီးအကြောင်းကို ပြန်ပြောင်းဟောကြားခြင်း ဖြစ်သည်။ ဗုဒ္ဓမြတ်စွာသည် မိထိလာပြည် မဃဒေဝသရက်ဥယျာဉ်၌ သီတင်းသုံးစဉ် မဃဒေဝမင်းကြီး အကြောင်းကို ပြန်ပြောင်း၍ ဟောကြား တော်မူပါသည်။
ရှေးအခါက မိထိလာပြည်ဝယ် တရားစောင့်၍ တရားနှင့်အညီ မင်းပြုသည့် မဃဒေဝမင်းသည် ရှိခဲ့၏။ ဥပုသ်သီတင်းစောင့်၏။ မင်းကြီး၏ ဦးခေါင်း၌ ဆံပင်ဖြူများ ပေါက်လာသည့်အခါ အိမ်ရှေ့မင်းသားအား ထီးနန်းလွဲအပ်ကာ ရသေ့ရဟန်းအဖြစ်ဖြင့် မဃဒေဝသရက်ဥယျာဉ်၌ နေထိုင် လေသည်။
မဃဒေဝမင်းကြီးသည် သတ္တဝါအားလုံးအပေါ်၌ အကန့်အသတ်မရှိ ပြန့်ပြောမြင့်မြတ်သော မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာစိတ်တို့ဖြင့် ဖြန်၍နေ၏။ မဃဒေဝမင်းကြီးသည် ကလေးသူငယ်အဖြစ်ဖြင့် အနှစ်ရှစ်သောင်းလေးထောင် အိမ်ရှေ့မင်းအဖြစ်ဖြင့် အနှစ်ရှစ်သောင်းလေးထောင် ပြည့်ရှင်မင်း အဖြစ်ဖြင့် အနှစ်ရှစ်သောင်းလေးထောင် ရသေ့ရဟန်းအဖြစ်ဖြင့် အနှစ်ရှစ်သောင်းလေးထောင်နေပြီး ကွယ်လွန်သောအခါ ဗြဟ္မာ့ပြည်သို့ လားလေ၏။
မဃဒေဝမင်းကြီး၏ သားတော်မှစ၍ ရှစ်သောင်းလေးထောင်သော မင်းတို့သည် မဃဒေဝမင်းကြီး နည်းတူပင် မိမိတို့ခေါင်း၌ ဆံပင်ဖြူပေါက်သောအခါ သားတော်ကြီးအား နိုင်ငံကိုလွဲအပ်၍ ရသေ့ ရဟန်း ဝတ်ပြီး ဗြဟ္မာ့ဝိဟာရတရားလေးပါးကို ပွားများကာ မဃဒေဝဥယျာဉ်၌ နေထိုင်ခဲ့ကြ၏။
ထိုရှစ်သောင်းလေးထောင်သော မင်းတို့တွင် နေမိမင်းသည် နောက်ဆုံးဖြစ်၏။ တာဝတိံသာနတ်ပြည် မှ နတ်တို့က နေမိမင်းအား ဖူးမြင်လိုကြ၏။ သိကြားမင်းသည် မာတလိနတ်သားကို စေလွှတ်၍ နေမိမင်းအား တာဝတိံသာနတ်ပြည်သို့ ခေါ်ဆောင်စေပါသည်။ မင်းကြီး၏ဆန္ဒအရ နတ်ဘုံ အပါယ်ဘုံများသို့ ပို့ဆောင်ပေးပြီးနောက် တာဝတိံသာနတ်ပြည်သို့ ခေါ်ဆောင်ပါသည်။ ထို့နောက် လူ့ပြည်သို့ ပြန်လည်ပို့ပေးပါသည်။
နေမိမင်း၏ သားတော် ကဠာရဇနကမင်းသည်ကား ဦးခေါင်း၌ ဆံပင်ဖြူကို တွေ့သော်လည်း တောထွက်၍ ရသေ့ရဟန်းမပြုသဖြင့် ရှေးအစဉ်အလာကျင့်ဝတ်မှာ ပြတ်တောက်သွားလေ၏။
မဃဒေဝမင်းကြီးသည် ငါဘုရားပင်တည်း။ မဃဒေဝမင်းကြီးဘဝဖြင့် ငါထားခဲ့သည့် ကျင့်ဝတ်သည် ကိလေသာကုန်ခန်း ဆင်းရဲချုပ်ငြိမ်းခြင်းအတွက် မဖြစ်။ ဗြဟ္မာ့ပြည်သို့ ရောက်ရန်အတွက်သာ ဖြစ်၏။
ယခုငါဘုရားထားခဲ့သည့် အရိယာမဂ်တည်းဟူသော ကျင့်ဝတ်သည်သာ ကိလေသာချုပ်ငြိမ်းရန် ဉာဏ်ဖြင့်ထိုးထွင်း သိမြင်ခြင်းအတွက် ဖြစ်၏။ သင်တို့သည် ထိုကျင့်ဝတ်ကို ဆက်လက်လိုက်နာ ကျင့်သုံးကြကုန်လော့။ ကျင့်ဝတ်ကို ဖြတ်တောက်သူများ မဖြစ်ကြကုန်လင့်ဟု ဟောကြားပါသည်။
မန ၈၄: မဓုရသုတ်
အမျိုးလေးပါးနှင့် ပတ်သက်၍ မဓုရမင်း၏ မေးမြန်းချက်ကို အရှင်မဟာကစ္စည်း ဟောကြားသော တရားဖြစ်သည်။
အရှင်မဟာကစ္စည်းသည် အကြားအမြင်များ၍ ဆန်းကြယ်စွာ တရားဟောတတ်၏။ မဓုရာပြည်အနီး နွားမြေရင်းတော၌ သီတင်းသုံးနေ၏။
အဝန္တိမင်း၏မြေး မဓုရာမင်းသည် အရှင်မဟာကစ္စည်းထံ မေးလျှောက်၏။ ပုဏ္ဏားမျိုးသာမြတ်၏။ တပါးသောအမျိုး ယုတ်၏။ ပုဏ္ဏားမျိုးသာ ဖြူစင်၏။ တပါးသောအမျိုးသည် မည်ညစ်၏။ ပုဏ္ဏားများ သည် စင်ကြယ်၏။ တပါးသူတို့သည် မစင်ကြယ်။ ပုဏ္ဏားများသည် ဗြဟ္မာ၏ ခံတွင်းမှ ပေါက်ဖွားသော သားရင်းများဖြစ်၏ဟု ပုဏ္ဏားတို့က ပြောဆိုကြပါသည်။ ပုဏ္ဏားတို့ ဤသို့ ပြောဆိုကြ သည်ကို အရှင်ဘုရား မည်သို့ ပြောပါမည်နည်း။
ထိုသို့ပြောဆိုကြသော ပုဏ္ဏားတို့၏ စကားသည် အသံမျှသာဖြစ်၏။ အမျိုးလေးပါးတွင် မည်သည့် အမျိုးဖြစ်စေ တယောက်သောသူသည် ပစ္စည်းဥစ္စာနှင့်ပြည့်စုံကြွယ်ဝ၏။ ထိုသူကို အမျိုးလေးပါး တို့က ရိုသေကျိုးနွံကြသည်ပင်ဖြစ်၏။ သို့ဖြစ်၍ အမျိုးလေးပါးသည် ထူးခြားမှုမရှိပေ။
အမျိုးလေးပါးတွင် မည်သည့်အမျိုးဖြစ်စေ၊ တယောက်သောသူသည် မကောင်းမှုပြု၏။ ထိုသူသည် သေလွန်သောအခါ အပါယ်ငရဲသို့ ကျရောက်မည်ပင်ဖြစ်၏။ သို့ဖြစ်၍ အမျိုးလေးပါးသည် ထူးခြားမှု မရှိပေ။
အမျိုးလေးပါးတွင် မည်သည့်အမျိုးပင်ဖြစ်စေ၊ တစ်ယော်ကသောသူသည် ရာဇဝတ်မှု ကျူးလွန်ခဲ့သော် ပြစ်ဒဏ်တစ်မျိုးမျိုးကို ခံရမည်သာ ဖြစ်၏။ သို့ဖြစ်၍ အမျိုးလေးပါးသည် ထူးခြားမှု မရှိပေ။
အမျိုးလေးပါးတွင် မည်သည်အမျိုးဖြစ်စေ တစ်ယောက်သော သူသည် ရဟန်းဘောင်သို့ ဝင်၍ အကျင့်မတ်ကို ကျင့်သုံးနေ၏။ ထိုရဟန်းကို အမျိုးလေးပါးလုံးကပင် ရှိခိုးခြင်း ခရီးဦးကြိုခြင်း ပစ္စည်းလေးပါး ထောက်ပံ့ခြင်းတို့ ပြုကြမည်ဖြစ်၏။ အမျိုးအမည်ပညတ်ပျောက်၍ ရဟန်းအဖြစ် ရောက်သွားသောကြောင့် ဖြစ်ပါ၏။ သို့ဖြစ်၍ အမျိုးလေးပါးသည် ထူးခြားမှုမရှိပေ။
ဤသို့အရှင်မဟာကစ္စည်းက မိန့်ကြားလျှင် မဓုရမင်းသည် လွန်စွာ နှစ်သက်သဖြင့် ရတနာသုံးပါးနှင့် တကွ အရှင်ဘုရားအား ကိုးကွယ်ဆည်းကပ်ပါ၏ဟု လျှောက်၏။ ငါ့အား မကိုးကွယ်မဆည်းကပ်နှင့် မြတ်စွာဘုရားကိုသာ ကိုးကွယ် ဆည်းကပ်ပါဟု အရှင်မဟာကစ္စည်းက မိန့်၏။ မြတ်စွာဘုရား ဘယ်မှာ သီတင်းသုံးသနည်း ယူဇနာတရာဝေးသောအရပ်၌ သီတင်းသုံးသည်ဖြစ်စေ မြတ်စွာဘုရား အား သွားရောက်ဖူးမြောက်ပါမည်။ မြတ်စွာဘုရားကား ပရိနိဗ္ဗာန်ပြုတော်မူပြီ။ ထိုပရိနိဗ္ဗာန်ပြုတော် မူပြီးသော မြတ်စွာဘုရားကိုပင် ကိုးကွယ်ဆည်းကပ်ပါ၏ဟု လျှောက်၏။
ဤသုတ်သည် ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံတော်မူပြီးမှ ဟောကြားခြင်းဖြစ်သည်။
မန ၈၅: ဗောဓိရာဇကုမာရသုတ်
တောထွက်သည်မှစ၍ ပင်ပန်းစွာကျင့်ကြံအားထုတ်ခဲ့ပုံ ဉာဏ်အမြင်ထူးရခဲ့ပုံ ဓမ္မစကြာ ဟောတော်မူသည် အထိ ဗုဒ္ဓမြတ်စွာ၏ ဘဝဖြစ်စဉ်ကို ကိုယ်တိုင်ပြန်လည် ဟောပြခြင်းဖြစ်သည်။ တရားအားထုတ်သူ၏ အင်္ဂါငါးပါးကိုလည်း ဟောကြားထားသည်။
ဘဂ္ဂတိုင်း သံသုမာရဂိရိမြို့အနီး ပဲစင်းငုံတော၌ သီတင်းသုံးနေစဉ် ဗောဓိမင်းသား၏ ကောကနဒ နန်းပြသာဒ်ဖွင့်ပွဲသို့ ဗုဒ္ဓမြတ်စွာ ကြွရောက်တော်မူသည်။
ချမ်းသာနှင့်ရင်းနှီးခြင်းဖြင့် ချမ်းသာကိုမရနိုင်။ဆင်းရဲဒုက္ခ နှင့် ရင်းနှီးမှသာ ချမ်းသာသုခကို ရနိုင်၏ဟု တွေးမိကြောင်း ဗောဓိမင်းသားက လျှောက်ထား၏။ ဘုရားမဖြစ်မီက ဤသို့ပင် တွေးမိ၍ ပင်ပန်းစွာ ကျင့်ကြံအားထုတ်ခဲ့ပုံ ဉာဏ်အမြင်ထူးကို ရရှိခဲ့ပုံတို့ကို ပြန်ပြောင်းဟောပြပါသည်။
အေးချမ်းရာနိဗ္ဗာန်ကိုရှာရန် အကြံဖြစ်သဖြင့် အရွယ်ကောင်းချိန်မှာပင် ရဟန်းပြုခဲ့၏။ ကာလာမအနွယ်ဝင် အာဠာရ ရသေ့နှင့် ရာမ၏သား ဥဒကရသေ့တို့၏ အကျင့်များကို ကျင့်သုံးခဲ့ရာ နေဝသညာနာသညာယတနဈာန်ကို ရခဲ့သည်။သို့သော်လည်း ထိုအကျင့်များဖြင့် ဆင်းရဲငြိမ်းမှုကို မရ နိုင်ဟု သိ၍ နိဗ္ဗာန်ကိုရှာလျက် မဂဓတိုင်းအတွင်း လှည့်လည်ခဲ့ရာ ဥရုဝေလတော သေနာနိဂုံးသို့ ရောက်ခဲ့၏။ ကမ္မဋ္ဌာန်းအားထုတ်ရန် ကြံရွယ်ပြီး ထိုအရပ်၌ နေထိုင်ခဲ့၏။
ငါ၏စိတ်ဝယ် ရေထဲ၌ချထားသော ထင်းစိုတုံးဥပမာ ကုန်းပေါ်၌ချထားသော ထင်းစိုတုံးဥပမာ ကုန်းပေါ်၌ချထားသော သစ်ခြောက်တုံးဥပမာဟူသော ဥပမာသုံးရပ်ပေါ်လာ၏။
ကိုယ်အားဖြင့်လည်းကောင်း စိတ်အားဖြင့်လည်းကောင်း ကာမဂုဏ်တို့မှ ကင်းဆိတ်၍ နေထိုင်ကာ မိမိအတွင်းသန္တာန်၌ ကိလေသာအဆီအစေးကို ပယ်ပြီးသော ရဟန်းပုဏ္ဏား တို့သည်သာ လုံ့လစိုက်ထုတ်မှုကြောင့် ဖြစ်ပေါ်သည့် ခါးသီးသောဝေဒနာကို ခံစားရသည်ဖြစ်စေ မခံစားရသည်ဖြစ် စေ အတုမဲ့မြင့်မြတ်သောဉာဏ်အမြင်ကို ရရှိရန် ထိုက်တန်ကြောင်း စဉ်းစားဆင်ခြင်မိ၏။
ထို့နောက် ငါသည် မိမိစိတ်ကို နှိပ်ကွပ်လိုသဖြင့် သွားကိုကြိတ်၍ လျှာဖြင့်အာစောက်ကို ထောက်ကာ အကုသိုလ်စိတ် ကို ကုသိုလ်စိတ်ဖြင့် ဖိနှိပ်ညှစ်ခဲ့၏။လက်ကတီးကြားမှ ချွေးများ တဒီးဒီး ယိုစီး ကျခဲ့၏။
တဖန် ထွက်သက်ဝင်သက်မရှိသော(အသက်မရှူသော) ဈာန်ကို ဝင်စားလိုသဖြင့် ပါးစပ်နှင့် နှာခေါင်းပေါက်တို့ကို ပိတ်လိုက်ရာ လွန်ကဲပြင်းထန်သော အသံသည် ဖြစ်၏။ လွန်ကဲပြင်းထန်သော လေသည် ဦးထိပ်၌ တိုးဝှေ့ကုန်၏။ ဦးခေါင်း၌ လွန်ကဲပြင်းထန်သော ကိုက်ခဲခြင်းဖြစ်ပေါ်လာ၏။ လွန်ကဲပြင်းထန်သော လေတို့သည် ဝမ်းကို ထိုးဆွရစ် မွှေကုန်၏။ကိုယ်၌လည်း လွန်ကဲပြင်းထန် သော ပူလောင်ခြင်း ဖြစ်ပေါ်လာ၏။
တစ်လက်ဖက်မျှသော ပဲနောက်ရည် ပဲပိစပ်ရည်တို့ဖြင့် မျှတနေခဲ့၏။ငါ၏ကိုယ်သည် အလွန်ပိန်၍ ယခင်က အလွန်စင်ကြယ်ဖြူဖွေးသော အသားအရေသည် များစွာ ပျက်စီးခဲ့၏။
အားထုတ်ခြင်းကြောင့် ဖြစ်ကုန်သော ကြီးမားကြမ်းတမ်း စပ်ရှားကုန်သော ဆင်းရဲခံစားခြင်းတို့ကို ခံစားခဲ့ကုန်သော အတိတ်ကာလက သမဏဗြဟ္မဏအားလုံးတို့သည် ဤခံ စားခြင်းလောက်သာလျှင် ဖြစ်၏။ ဤခံစားခြင်းထက် မပိုလွန်။ အနာဂတ်ကာလ၌လည်း ထို့အတူဖြစ်၏။ပစ္စုပ္ပန်ကာလ၌လည်း ထို့အတူဖြစ်၏။
ငါသည် ဤမျှ ဆင်းရဲပင်ပန်းသော အကျင့်ဖြင့် ဉာဏ်အမြင်ထူးကို မရရှိသဖြင့် အခြားကျင့်စဉ်ကို ရှာကြံ စဉ်းစား၏ ။ထိုအကျင့်ကို အားထုတ်နိုင်ရန် ပကတိအစားအစာများ ကို စားသုံးခဲ့၏။ထိုအခါ ငါ့အားလုပ်ကျွေးနေကြသော ရဟန်းငါးဦးတို့သည် ငါ့ထံမှ ထွက်ခွာသွားကြလေသည်။
ငါသည် ပကတိအစားအစာများကို မှီဝဲခြင်းဖြင့် မိမိကိုယ် ကို အားဖြည့်ပြီး ဈာန်အဆင့်ဆင့်နှင့်တကွ ပုဗ္ဗေနိဝါသာနုဿတိဉာဏ် ဒိဗ္ဗစက္ခုဉာဏ် အာသဝက္ခယဉာဏ်တို့ကို ရရှိ ခဲ့၏။ယင်းသို့ ရရှိသောအခါ မိမိရရှိသည့် နက်နဲသောတရားကို သတ္တဝါတို့ သိနိုင်မည်မဟုတ်သဖြင့် တရားမဟောဘဲ ကြောင့်ကြမဲ့ နေရန် အကြံဖြစ်ပေါ်၏။
သို့သော်လည်း သဟမ္ပတိဗြဟ္မာက တောင်းပန်သည့်အပြင် တရားကိုသိမြင်နိုင်မည့်သူများ ရှိကြောင်းကိုလည်း ဗုဒ္ဓ စက္ခုဖြင့် မြင်သောကြောင့် ပဉ္စဝဂ္ဂီတို့ကို တရားဟောရန် ဗာရာဏသီပြည် မိဂဒါဝုန်တောသို့ ခရီးထွက်ခဲ့၏။ လမ်းခရီးတွင် ဥပကတက္ကတွန်းနှင့်တွေ့၍ ငါသည် ဇိနအမည်ရှိ၍ ငါ့အား ဆရာမရှိကြောင်း ဖြေခဲ့၏။
မိဂဒါဝုန်တောသို့ ရောက်သောအခါ ပဉ္စဝဂ္ဂီတို့သည် ဉာဏ် အမြင်ထူးကို ငါရရှိပြီဆိုခြင်းကို မယုံကြည်ကြသဖြင့် မကျိုးမနွံနေခဲ့ကြ၏။သို့သော်လည်း နောက်ဆုံးတွင် ပဉ္စဝဂ္ဂီ တို့သည် ငါ့စကားကို လက်ခံလာကြပြီး ငါဟောကြားသော တရားကို နာယူကြရာ မကြာမီ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုကြလေ၏။
ယင်းသို့ ဗုဒ္ဓမြတ်စွာ ဆင်းရဲငြိမ်းအေးရေးတရားကို ကိုယ်တော်တိုင် ရှာဖွေတွေ့ရှိခဲ့ပုံကို ဟောကြားသောအခါ ဗောဓိ မင်းသားက ဤသို့ မေးလျှောက်ပြန်၏။
မြတ်စွာဘုရားကဲ့သို့သော ဆရာကိုရသော ရဟန်းသည် အရဟတ္တဖိုလ်ကို မည်မျှသော အချိန်ကာလဖြင့် မျက်မှောက်ပြုနိုင်ပါမည်နည်း။
ကမ္မဋ္ဌာန်းအားထုတ်သူတို့အတွက် အင်္ဂါငါးပါးရှိ၏။ မြတ်စွာဘုရား၏ ဗောဓိဉာဏ်၌ယုံကြည်ခြင်း, အနာရောဂါကင်း ၍ကျန်းမာခြင်း,ဟန်ဆောင်မှု လှည့်စားမှုမရှိခြင်း,အကုသိုလ်တရားတို့ကိုပယ်၍ ကုသိုလ်တရားများကို ပြည့်စုံစေရန် ထက်သန်သောလုံ့လရှိခြင်း,ဆင်းရဲကုန်ခန်းခြင်းသို့ ရောက်စေနိုင်သည့် ထိုးထွင်းဉာဏ်နှင့်ပြည့်စုံခြင်းတို့ ဖြစ် ၏။
ထိုအင်္ဂါငါးပါးနှင့် ပြည့်စုံသောရဟန်းသည် မြတ်စွာဘုရားတည်းဟူသော ဆရာကိုရသည်ရှိသော် ခုနစ်နှစ် ခုနစ်လ ခုနစ်ရက် ညနေပိုင်းဆုံးမသော် နံနက်ပိုင်းတွင် နံနက်ပိုင်း ဆုံးမသော် ညနေပိုင်းတွင် တရားထူးကို ရနိုင်၏ဟု ဟောတော်မူပါသည်။
++++++++++
Ashin Sundara(25.1.2025)
+++++++++++++++++++++++++++++++++++++
မဇ္ဈိမနိကာယ၊ မဇ္ဈိမပဏ္ဏာသ
၄။ ရာဇဝဂ်_အဆက်
မန ၈၆: အင်္ဂုလိမာလသုတ်
အင်္ဂုလိမာလအား ဆုံးမတော်မူခြင်းဖြစ်သည်။ အောင်ခြင်းရှစ်ပါးတွင် တစ်ခုအပါအဝင်ဖြစ်သော အင်္ဂုလိမာလကို အောင်နိုင်ခြင်းနှင့် ပရိတ်ကြီးဆယ့်တစ်သုတ်မှ အင်္ဂုလိမာလပရိတ် စတင်ပုံတို့ကို ဖော်ပြထားသည်။
ဗုဒ္ဓမြတ်စွာသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးစဉ် ကောသလတိုင်းအတွင်း၌ အင်္ဂုလိမာလမည်သော လူဆိုးကြီးတစ်ယောက် ပေါ်ပေါက်နေသည်။ အင်္ဂုလိမာမ၏ ရန်ကြောင့် ရွာနိဂုံးဇနပုဒ်အချို့ပင် ပျက်သုဉ်းသွားကြ၏။ အင်္ဂုလိမာလသည် လူတို့ကို ဖမ်းဆီးသတ်ဖြတ်ပြီး ထိုလူတို့၏ လက်ချောင်းများကိုဖြတ်၍ ပန်းကုံးသဖွယ် သီကုံးကာ လည်ပင်း၌ ဆွဲထား၏။ တစ်နေ့သ၌ ဗုဒ္ဓမြတ်စွာသည် ဆွမ်းကိစ္စပြီးသောအခါ အင်္ဂုလိမာလရှိရာအရပ်သို့ ဦးတည်၍ ခရီးထွက်တော်မူလေသည်။
နွားကျောင်းသား ဆိတ်ကျောင်းသားစသူတို့သည် ဗုဒ္ဓမြတ်စွာကို မြင်ကြလျှင် သတိပေးပြောဆိုကြ၏ ဗုဒ္ဓမြတ်စွာသည် သုံးကြိမ်တိုင်အောင် သတိပေးပြောဆိုသော ထိုသူတို့အား မည်သို့မျှ တုံ့ပြန်ခြင်း မပြုဘဲ ခရီးကိုသာ ဆက်လက်ကြွတော်မူသည်။
အင်္ဂလိမာလသည် တစ်ပါးတည်း အေးဆေးတည်ငြိမ်စွာ ကြွလာသော ဗုဒ္ဓမြတ်စွာကို အဝေးမှ လှမ်း၍ မြင်သော် ဗုဒ္ဓမြတ်စွာ၏ နောက်မှ လိုက်လေသည်။ ဗုဒ္ဓမြတ်စွာသည် ပကတိအတိုင်း ကြွသွားသော မိမိအား အင်္ဂုလိမာလအစွမ်းကုန်် လိုက်သော်လည်း မမှီစေရန် တန်ခိုးဖြင့် ဖန်တီးထားလေသည်။
အင်္ဂုလိမာလသည် ဆင်မြင်းများကိုပင် အမှီလိုက်နိုင်ပါလျက် ပကတိအတိုင်း ကြွသွားသော ဗုဒ္ဓအား အမှီမလိုက်နိုင်ဘဲ ဖြစ်နေသောအခါ လွန်စွာအံ့ဩလှသဖြင့် ရဟန်း ရပ်လော့ဟု ဆို၏။ အင်္ဂုလိမာလ ငါသည် ရပ်နေ၏ သင်လည်း ရပ်လော့ဟု ဗုဒ္ဓမြတ်စွာက ပြန်၍ မိန့်ကြား၏။
အင်္ဂုလိမာလသည် ဤရဟန်းကား သွားလာနေလျက်နှင့်ပင် ငါရပ်နေ၏ဟု ပြောဆို၏။ အကြောင်းထူး တစ်စုံတစ်ခု ရှိတန်ရာ၏ဟု စဉ်းစားကာ အဘယ်သို့လျှင် သင်သည် ရပ်နေပြီး ကျွန်ုပ်သည် ရပ်မနေပါသနည်းဟု မေးလေသည်။
အင်္ဂုလိမာလ ငါသည် အခါခပ်သိမ်း အလုံးစုံသော သတ္တဝါတို့ အပေါ်ဝယ် လက်နက်ကို စွဲကိုင်ခြင်း မပြုတော့ဘဲ ပစ်ချထားပြီးဖြစ်၏။ သင်သည်ကား သတ္တဝါအားလုံးတို့အပေါ်ဝယ် သတ်ဖြတ်ညှင်းဆဲ ခြင်းမှ စောင့်စည်းမှုမရှိ။ ထို့ကြောင့် ငါသည် ရပ်နေသူဖြစ်၍ သင်သည် ရပ်မနေသူဖြစ်၏။
ဗုဒ္ဓမြတ်စွာ၏ အဖြေစကားကို ကြားရသောအခါ အင်္ဂုလိမာလသည် လွန်စွာထိတ်လန့်လျက် ကျွန်ုပ်သည် မကောင်းမှုကို စွန့်ပယ်ပါတော့အံ့ဟု လျှောက်၏။ လက်နက်များကို ချောက်ကမ်းပါးထဲသို့ ပစ်ချလိုက်ပြီး မိမိအား ရဟန်းပြုပေးရန် တောင်းပန်သည်။ ဗုဒ္ဓမြတ်စွာသည် အင်္ဂုလိမာလအား ဧဟိဘိက္ခု ရဟန်းအဖြစ်သို့ ရောက်စေတော်မူသည်။
ထို့နောက် ဗုဒ္ဓမြတ်စွာသည် အင်္ဂုလိမာလအား နောက်လိုက် ရဟန်းအဖြစ်ဖြင့် ခေါ်ဆောင်ကာ သာဝတ္ထိပြည်သို့ ပြန်ကြွတော်မူသည်။ ထိုအချိန်တွင် ပြည်သူလူထုများစွာတို့သည် ကောသလမင်း၏ နန်းတော်တံခါးဝ၌ စုဝေးကြပြီး အင်္ဂုလိမာလကို နှိမ်နင်းပေးရန် ကောသလမင်းကြီးအား အော်ဟစ် တောင်းဆိုကြ၏။ ယင်းတောင်းဆိုချက်အရ ကောသလမင်းကြီးသည် မြင်းငါးရာဖြင့် သာဝတ္ထိမြို့တွင်းမှထွက်၍ ဗုဒ္ဓမြတ်စွာအား ဖူးမြင်ရန် ဇေတဝန်ကျောင်းတော်သို့ ဝင်လေသည်။
ကောသလမင်းကြီးသည် အရှင်အင်္ဂုလိမာလထံ ချဉ်းကပ်၍ ပစ္စည်းလေးပါးဖြင့် ဖိတ်ကြားသည်။ အရှင်အင်္ဂုလိမာလကား ဓုတင်အကျင့်များကို ဆောက်တည်ထားပြီးဖြစ်၍ မင်းကြီး၏ ဖိတ်ကြားချက်ကို လက်မခံဘဲ ငြင်းပယ်လိုက်သည်။ ကောသလမင်းကြီးလည်း ဗုဒ္ဓမြတ်စွာအား အင်္ဂုလိမာလကဲ့သို့ ကြမ်းကြုတ်ရက်စက်သူ တစ်ဦးကို တုတ်ဓား လက်နက်မဆောင်ဘဲ လိမ္မာယဉ်ကျေးအောင် ဆုံးမနိုင်သည့်အတွက် ချီးကျူးစကား လျှောက်ထားပြီး နန်တော်သို့ ပြန်လေသည်။
အရှင်အင်္ဂုလိမာလသည် သာဝတ္ထိမြို့တွင်းသို့ ဆွမ်းခံကြွစဉ် သားမဖွားနိုင်၍ ဒုက္ခခံစားနေရသော မိန်းမတစ်ယောက်ကို တွေ့မြင်၍ သနားကြင်နာခြင်း ပြင်းစွာဖြစ်ပေါ်လာသောကြောင့် ဆွမ်းခံရာမှ ပြန်လာသောအခါ ဗုဒ္ဓမြတ်စွာအား ထိုအကြောင်းကို လျှောက်လေသည်။
အရှင်အင်္ဂုလိမာလသည် နံနက်ကတွေ့မြင့်ခဲ့ရသော မိန်းမရှိရာသို့သွား၍ ဗုဒ္ဓမြတ်စွာ သင်ကြားပေးသော သစ္စာစကားကို မြွက်ဆို၏။ ယင်းသို့ မြွက်ဆိုသည်နှင့်တပြိုင်နက် ထိုမိန်းမအား ချမ်းသာစွာ ဖွားမြင်ခြင်းသည် ဖြစ်လေ၏။ ထို့နောက် အရှင်အင်္ဂုလိမာလသည် မကြာမီ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုလေသည်။
တစ်နေ့သ၌ အရှင်အင်္ဂုလိမာလသည် သာဝတ္ထိမြို့တွင်းသို့ ဆွမ်းခံကြွလေသည်။ ထိုအခါ တစ်ပါးသောအရပ်သို့ ရည်ရွယ်၍ ပစ်လိုက်သော ခဲ တုတ် ဓားတို့သည် အရှင်အင်္ဂုလိမာလ ကိုယ်ပေါ်သို့ ကျကုန်၏။ ဦးခေါင်းကြွ သပိတ်ကွဲ သင်္ကန်းဆုတ်ပြတ်ကာ ဗုဒ္ဓမြတ်စွာထံသို့ သွားလေသည်။
ဗုဒ္ဓမြတ်စွာသည် အရှင်အင်္ဂုလိမာလကို မြင်လျှင် သူတော်ကောင်း သည်းခံလော့။ သင်သည် နှစ်ပေါင်း ထောင်များစွာ ငရဲ၌ခံစားရမည့် ကံ၏ အကျိုးကို ယခုမျက်မှောက်ဘဝ၌ ခံစားရချေ၏ဟု မိန့်ကြား၏။
အရှင်အင်္ဂုလိမာလသည် ဗုဒ္ဓမြတ်စွာ၏ ဩဝါဒကို ခံယူပြီး ဝိမုတ္တိသုခကို ခံစားနေလေသည်။ မိမိသည် ဗုဒ္ဓမြတ်စွာအားတွေ့ဆုံရသဖြင့် ရဟန်းအဖြစ်သို့ရောက်ကာ အကုသိုလ်တရားတို့မှ လွတ်မြောက်ခဲ့ပုံများကိုလည်း ထုတ်ဖော်မြွက်ဟ၍ မကြာခဏ ဥဒါန်းကျူးရင့်လေသည်။
မန ၈၇: ပိယဇာတိကသုတ်
ချစ်ခြင်းကြောင့် ဆင်းရဲမှု ဖြစ်ပေါ်ပုံကို ဟောကြားခြင်း ဖြစ်သည်။
သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ ဗုဒ္ဓမြတ်စွာ သီတင်းသုံးစဉ် သူကြွယ်တစ်ယောက်သည် ချစ်လှစွာသောသား သေဆုံးသွားသဖြင့် အလုပ်လည်းမလုပ်နိုင် ထမင်းလည်းမစားနိုင်ဘဲ နေ့စဉ် သုဿာန်သွားကာ ငိုကြွေးနေလေသည်။
တစ်နေ့သ၌ ထိုသူကြွယ်သည် ဗုဒ္ဓမြတ်စွာထံသို့ သွားလေရာ ဗုဒ္ဓမြတ်စွာက အကြောင်းစုံ မေးမြန်းပြီးလျှင် ချစ်ခြင်းကြောင့် ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်ခြင်းများ ဖြစ်ပေါ်လာမြဲဖြစ်ကြောင်း မိန့်တော်မူပါသည်။ သူကြွယ်သည် ထိုစကားကို ကျေနပ်နှစ်သက်ခြင်း မရှိချေ။ ချစ်ခြင်းကြောင့် နှစ်သက်ခြင်း ဝမ်းမြောက်ခြင်းများသာ ဖြစ်ပေါ်ပါ၏ဟု လျှောက်ထားပြီး နေရာမှ ထသွားလေသည်။ ထိုသူကြွယ်သည် ဗုဒ္ဓမြတ်စွာ သီတင်းသုံးရာအရပ်မှ မနီးမဝေးတွင် ကြွေအန်ကစားနေကြသော ကစားသမားများကို ပြောပြသည်။ ယင်းအကြောင်းအရာသည် သာဝတ္ထိပြည်၌ အဆင့်ဆင့် ပျံ့နှံ့၍ ကောသလမင်းကြီး၏ နန်းတော်တွင်း သို့ပင် ဆိုက်ရောက်သွားလေသည်။
ကောသလမင်းကြီးသည် ထိုအကြောင်းကိုကြားသိ၍ မလ္လိကာမိဖုရားကြီးအား တဆင့်ပြောပြရာ မိဖုရားကြီးက ဗုဒ္ဓမြတ်စွာ ဟောကြားသည့်အတိုင်းသာ မှန်ကန်ကြောင်း ထောက်ခံပြောဆိုသည်။ မင်းကြီးသည် ထိုစကားကို မကျေနပ်သဖြင့် ကြိမ်းမောင်းလေသည်။
ထိုအခါ မိဖုရားကြီးက မင်းကြီးသင်အလွန်ချစ်မြတ်နိုးသည့် ဝဇီရာမင်းသမီးသည် ဝါသဘခတ္တိယာမင်းသမီး ဝိဋဋူဘ စစ်သူကြီးတို့ သေဆုံးသွားခဲ့သော်လည်း ကာသိတိုင်း ကောသလတိုင်းတို့ ပျက်စီးသွားခဲ့သော်လည်းကောင်း သင်မင်းကြီးအား ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်စိတ်နှစ်ပါး ဆင်းရဲခြင်း ပြင်းစွာ ပူပန်ခြင်းများ ဖြစ်မည်မဟုတ်ပါလောဟု မေးလေ၏။ ထိုသို့ ဖြစ်ခဲ့သော် ငါ့အား ပူဆွေးခြင်း စသည်တို့သည် မလွဲမသွေ ဖြစ်ရာ၏ဟု ဖြေကြားလေ၏။
မင်းကြီး ဗုဒ္ဓမြတ်စွာသည် ဤအကြောင်းကို ရည်ရွယ်၍ ပူဆွေးခြင်း ငိုကြွေးခြင်း စသည်တို့သည် ချစ်ခြင်းကြောင့် ဖြစ်ပေါ်ကြောင်း ဟောကြားခြင်း ဖြစ်ပါ၏။
ဤသို့ မလ္လိကာမိဖုရားက ပြောကြားသောအခါ ကောသလမင်းကြီးသည် လွန်စွာကျေနပ်၍ ပါးစပ်ကို ဆေးကြောပြီး ဗုဒ္ဓမြတ်စွာ ရှိရာအရပ်သို့ လက်အုပ်ချီကာ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿဟု သုံးကြိမ် မြွက်ဆိုလေသည်။
မန ၈၈: ဗာဟိတိကသုတ်
ပညာရှိသူတော်ကောင်းတို့ ကဲ့ရဲ့ဖွယ်အကျင့် ချီးမွမ်းဖွယ် အကျင့်များနှင့် ပတ်သက်၍ ကောသလမင်း အမေးကို အရှင်အာနန္ဒာကဖြေဆိုခြင်း ဖြစ်သည်။
သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ ဗုဒ္ဓမြတ်စွာ သီတင်းသုံးစဉ် အရှင်အာနန္ဒာသည် အစိရဝတီမြစ်ကမ်း၌ ကောသလမင်းကြီးမေးသည့် မေးခွန်းများကို ဤသို့ ဖြေကြားလေသည်။
ဗုဒ္ဓမြတ်စွာသည် ပညာရှိသော ရဟန်းပုဏ္ဏားတို့ အပြစ်တင်ဖွယ်ဖြစ်သော ကိုယ်အမူအရာ နှုတ်အမူအရာ စိတ်အကြံအစည်မျိုးကို မပြုကျင့်တော့ပါ။
ပညာရှိ ရဟန်းပုဏ္ဏားတို့ အပြစ်တင်ဖွယ်ဖြစ်သော ကိုယ်အမူအရာ နှုတ်အမူအရာ စိတ်အကြံအစည် ဟူသည် အပြစ်ရှိသော အမူအကျင့်မျိုး ဆင်းရဲခြင်းနှင့်တကွဖြစ်သော ဆင်းရဲသည့်အကျိုးကို ဖြစ်စေ သော အမူအကျင့်မျိုုး ဖြစ်၏။
ထိုကဲ့သို့သော အကျင့်မျိုးဟူသည် မိမိဆင်းရဲစေရန် သူတပါးဆင်းရဲစေရန် နှစ်ဦးလုံးဆင်းရဲစေရန် ဖြစ်သည့်အပြင် ထိုပုဂ္ဓိုလ်အား အကုသိုလ်တရား တိုးပွား၍ ကုသိုလ်တရား ဆုတ်ယုတ်ခြင်း သဘောရှိသည့် အမူအကျင့်မျိုး ဖြစ်သည်။
ထိုအကျင့်မျိုးသည် ပညာရှိသော ရဟန်းပုဏ္ဏားတို့အပြစ်တင်ဖွယ်ဖြစ်သော အမူအကျင့်ဖြစ်၏။ ဗုဒ္ဓမြတ်စွာသည် အလုံးစုံသော အကုသိုလ်တရားတို့ကို ပယ်၍ ကုသိုလ်တရားတို့နှင့် ပြည့်စုံတော် မူ၏။
ပညာရှိသော ရဟန်းပုဏ္ဏားတို့ အပြစ်တင်ဖွယ် မရှိသော ကိုယ်အမူအရာ နှုတ်အမူအရာ စိတ်အကြံအစည်တို့ဟူသည် ကောင်းသောအမူအကျင့်မျိုးဖြစ်၏။ အပြစ်မရှိသော အမူအကျင့်မျိုး ဖြစ်၏။ ဆင်းရဲမရှိသော အမူအကျင့်မျိုး ဖြစ်၏။ ချမ်းသာသောအကျိုးကို ဖြစ်စေတတ်သည့် အမူအကျင့်မျိုးဖြစ်၏။
မိမိဆင်းရဲရန် သူတပါးဆင်းရဲရန် နှစ်ဦးလုံးဆင်းရဲရန် မဖြစ်သည့်အပြင် ထိုပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့ တိုးပွားသည့်သဘောရှိသည့် အမူအကျင့်မျိုးသည် ပညာရှိသော ရဟန်း ပုဏ္ဏားတို့ အပြစ်တင်ဖွယ်မရှိသော အမူအကျင့်မျိုး ဖြစ်ပေသည်။ ဗုဒ္ဓမြတ်စွာသည် အလုံးစုံသော အကုသိုလ်တရားတို့ကို ပယ်၍ ကုသိုလ်တရားတို့နှင့် လည်း ပြည့်စုံတော်မူ၏။
ဗုဒ္ဓမြတ်စွာသည် အလုံးစုံသော အကုသိုလ်တရားတို့ကို ပယ်ခြင်းကိုသာလျှင် ချီးမွမ်းသည်မဟုတ်။ အလုံးစုံသော ကုသိုလ်တရားတို့၏ ပြည့်စုံခြင်းကိုသာလျှင် ချီးမွမ်းသည်မဟုတ်။
အရှင်အာနန္ဒာ၏ အဖြေစကားများကို ကြားရသောအခါ ကောသလမင်းသည် လွန်စွာကျေနပ်နှစ်သက်၍ ဗာဟိတိကတိုင်းဖြစ် အဝတ်အထည်ကို အရှင်အာနန္ဒာအား လှူဒါန်းလေသည်။ အရှင်အာနန္ဒာသည် ဗုဒ္ဓမြတ်စွာအား အကြောင်းစုံ လျှောက်ထားကာ ထိုအဝတ်အထည်ကို လှူဒါန်းလေသည်။
မန ၈၉: ဓမ္မစေတိယသုတ်
ဗုဒ္ဓမြတ်စွာအား ကောသလမင်းကြီးက အလေးအနက် အရိုအသေပြုခြင်း၏ အကြောင်းရင်းကို လျှောက်ထားခြင်း ဖြစ်သည်။
(၁) အနှစ်သုံးလေးဆယ်တိုင်အောင် ဗြဟ္မစရိယအကျင့်ကို ကျင့်ပြီး နောက်ကာလ၌ ကာမဂုဏ် ငါးပါးဖြင့် ပျော်ပါးနေသည့် ရဟန်းပုဏ္ဏားအချို့ကို တွေ့မြင်ရပါသည်။ ဤသာသနာ၌ကား အသက်ထက်ဆုံး ဗြဟ္မစရိယအကျင့်ကိုသာ ကျင့်သုံးနေကြသည့် ရဟန်းများကို တွေ့မြင် ရပါ၏။ ဤသာသနာမှအပ၌ ဤမျှ ပြည့်စုံစင်ကြယ်သော အကျင့်မြတ်ကို မတွေ့ရပါ။
(၂) အမျိုးလေးပါး ဆွေမျိုးသားချင်း အဆွေခင်ပွန်းတို့အချင်းချင်း ငြင်းခုံကြပါ၏။ ဤသာသနာ၌ကား ညီညွတ်ဝမ်းမြောက်စွာဖြင့် တသားတည်းဖြစ်လျက် အချင်းချင်း ငြင်းခုံကြပါ၏။ ဤသာသနာ၌ကား ညီညွတ်ဝမ်းမြောက်စွာဖြင့် တသားတည်းဖြစ်လျက် အချင်းချင်း ချစ်ခင်သောမျက်စီဖြင့် ကြည့်ရှုနေကြသော ရဟန်းများကို တွေ့မြင်ရပါသည်။
(၃) ကြုံလှီဖျော့တော့၍ အရိုးပြိုင်းပြိုင်းထသော ကိုယ်ရှိသော ရဟန်းပုဏ္ဏားတို့ကို တွေ့မြင်ရပါသည်။ သူတို့သည် အကျင့်မြတ်၌ ပျော်မွေ့ဟန်မတူပါ။ ဖုံးကွယ်ထားသော မကောင်းမှုများလည်း ရှိဟန်တူပါသည်။ မေးမြန်းသည့်အခါ မျိုးရိုးလိုက်သော ရောဂါရှိခြင်းကြောင့် ဤသို့ ဖြစ်နေကြောင်း ဖြေဆိုကြပါသည်။ ဤသာသနာ၌ကား ရွှင်လန်းတက်ကြွလျက် အလွန်ပျော်မွေ့ကာ ပြည့်ဖြိုးသော ဣန္ဒြေရှိ၍ ကြောင့်ကြမဲ့ နေထိုင်ကြသော ရဟန်းတို့ကို တွေ့မြင်ရပါသည်။ တရားထူးတရားမြတ်ကို တဆင့်ပြီးတဆင့် တိုးတက် သိမြင်သောကြောင့်သာ ယင်းသို့ ပျော်ရွှင်စွာ နေထိုင်ကြခြင်းဖြစ်သည်ဟု ထင်ပါသည်။
(၄) တပည့်တော်သည် ဘိသိက်ခံထားသည့် မင်းမျိုးဖြစ်၍ သတ်ခြင်း သိမ်းပိုက်ခြင်း နှင်ထုတ်ခြင်း စသည် ပြစ်ဒဏ်ပေးပိုင်ခွင့် ရှိပါသည်။ သို့ပါသော်လည်း တပည့်တော်တရား ဆုံးဖြတ်ရာ၌ ထိုင်နေစဉ် ပရိသတ်သည် စကားပြောဆိုကြပါသည်။ တပည့်တော် တားမြစ်သော်လည်း မရပါ။ မြတ်စွာဘုရား တရားဟောတော်မူသော အခါ၌ကား ချောင်းဟန့်သံ ချေဆတ်သံမျှပင် မရှိသော ရဟန်းပရိသတ်ကို တွေ့မြင်ရပါသည်။ ဤသာသနာမှအပ၌ ဤမျှလိမ္မာယဉ်ကျေးသော ပရိသတ်ကို မတွေ့မြင်ရပါ။
(၅) အချို့သော မင်းပုဏ္ဏားသူကြွယ် ရဟန်းတို့သည် မြတ်စွာဘုရားအား ဝါဒတင်ရန် ရည်ရွယ်လျက် ပြဿနာမေးခွန်းများကို ကြိုတင်၍ ပြင်ဆင်ထားကြပါသည်။ သို့သော်လည်း ထိုသူတို့သည် မြတ်စွာဘုရားထံရောက်၍ မြတ်စွာဘုရားက တရားစကား ဟောပြောလိုက်သောအခါ ကျေနပ်နှစ်သက်မှုကို ရသွားကြသဖြင့် ဝါဒတင်ရန်မဆိုထားဘိ ကြိုတင်ပြင်ဆင်ထားသည့် ပြဿနာများပင် မမေးကြတော့ပါ။
(၆) ဣသိဒတ္ထနှင့် ပုရာဏတို့သည် တပည့်တော်ပေးသော ထမင်းရိက္ခာကိုစား၍ ယာဉ်ရထားကို စီးနေသူများ ဖြစ်ပါသည်။ သို့သော်လည်း သူတို့သည် မြတ်စွာဘုရားအား ရိုသေတုပ်ဝပ်ခြင်း ပြုကြသကဲ့သို့ တပည့်တော်အား ရိုသေတုတ်ဝပ်ခြင်း မပြုကြပါ။
(၇) မြတ်စွာဘုရားသည် မင်းမျိုးဖြစ်၍ တပည့်တော်သည်လည်း မင်းမျိုးဖြစ်ပါ၏။ မြတ်စွာဘုရားသည် ကောသလတိုင်းသားဖြစ်၍ တပည့်တော်သည်လည်း ကောသလတိုင်းသာ ဖြစ်ပါ၏။ မြတ်စွာဘုရားသည် သက်တော်ရှစ်ဆယ်ရှိ၍ တပည့်တော်လည်း အသက်ရှစ်ဆယ် ရှိပါပြီ။
မြတ်စွာဘုရားသည် ကိုယ်တိုင်မှန်စွာ သိမြင်တော်မူသော ပုဂ္ဂိုလ်ဖြစ်၏။ တရားတော်သည် ကောင်းစွာ ဟောကြားအပ်သော တရားတော်ဖြစ်၏။ တပည့်သံဃာအပေါင်းသည် ကောင်းစွာ ကျင့်ကြံသော သံဃာဖြစ်၏ဟု တပည့်တော်အား အနုမာနဉာဏ်ဖြစ်ပေါ်ခဲ့ပါသည်။
ကောသလမင်းကြီးသည် ဤသို့လျှောက်ထားပြီး ထွက်ခွာသွားလေ၏။ ဗုဒ္ဓမြတ်စွာသည် ရဟန်းတို့ကို ခေါ်၍ ဤသို့ မိန့်တော်မူပါသည်။
“တရား၌ ရိုသေမြတ်နိုးမှုများကို သင်ယူကြကုန်လော့။ အဖန်တလဲလဲ လေ့ကျက်ကြကုန်လော့။ ဆောင်ထားကြကုန်လော့။ တရား၌ ရိုသေမြတ်နိုးမှုတို့သည် အကျိုးစီးပွားနှင့်စပ်ကုန်၏။ မြတ်သော အကျင့်၏ အဦးအစဖြစ်ကုန်၏။”
မန ၉၀: ကဏ္ဏကတ္ထလသုတ်
သဗ္ဗညုတဉာဏ်, အမျိုးလေးပါးတို့၏ တရားအားထုတ်ခြင်း၌ ထူးခြားမှု, နတ်ဗြဟ္မာတို့ လူ့ပြည် ပြန်လာခြင်းတို့နှင့် ပတ်သက်သော ကောသလမင်းကြီး၏ အမေးကို ဖြေကြားခြင်း ဖြစ်သည်။
တရားအလုံးစုံကို သိမြင်၍ အကြွင်းမဲ့ဉာဏ်အမြင်ကို ဝန်ခံနိုင်သော ရဟန်းပုဏ္ဏားသည် မရှိ ယင်းသို့ ဝန်ခံနိုင်သော အကြောင်းလည်းမရှိ။ ဤသို့ ငါဘုရားမဆို။
တစ်ကြိမ်တည်းဖြင့်သာလျှင် အလုံးစုံကို သိနိုင်မြင်နိုင်သော ရဟန်းပုဏ္ဏားသည် မရှိ။ ယင်းသို့ သိမြင်နိုင်သော အကြောင်းယုတ္တိသည်လည်း မရှိ။ ဤသို့ ငါဘုရားဆို၏။ (တစ်ခုတည်းသော စိတ်ဖြင့်၎င်းး တစ်ခုတည်းသော ဝီထိစိတ်အစဉ်ဖြင့်၎င်း ပစ္စုပ္ပန် အတိတ် အနာဂတ် အားလုံးကို မသိမြင်နိုင်ဟု ဆိုလို၏။)
ကမ္မဋ္ဌာန်းအလုပ်ကို အားထုတ်သူတို့၏ အင်္ဂါတို့သည် မြတ်စွာဘုရား၏ ဗောဓိဉာဏ်၌ သက်ဝင် ယုံကြည်ခြင်း အနာရောဂါကင်းခြင်း ကောက်ကျစ်လှည့်စားမှု မရှိခြင်း လုံ့လဝီရိယရှိခြင်း ပညာနှင့် ပြည့်စုံခြင်းဟူ၍ ငါးပါးရှိ၏။
ထိုအမျိုးလေးပါးတို့သည် ဤအင်္ဂါငါးပါးနှင့် ပြည့်စုံခဲ့သော် ဤအရာ၌ ထိုသူတို့အား ရှည်မြင့်စွာသော ကာလပတ်လုံး အကျိုးစီးပွား ဖြစ်ခြင်း ချမ်းသာခြင်းငှာ ဖြစ်ပေရာ၏။ ထိုသူတို့အကြား ကွဲပြားခြားနားမှုမရှိ။ ထိုအင်္ဂါငါးပါးနှင့် မပြည့်စုံ သူတို့သည် ထိုအင်္ဂါငါးပါးနှင့် ပြည့်စုံသူတို့ ရောက်နိုင်သောအရာ ဌာနသို့ ရောက်ရှိရန် အကြောင်းမရှိပေ။
လူတို့ မျက်စိဖြင့် မမြင်နိုင်သော နတ်ဗြဟ္မာတို့ရှိ၏။ ထိုနတ်ဗြဟ္မာတို့တွင် စေတသိကဒုက္ခရှိသော အရိယာမဖြစ်သေးသော နတ်ဗြဟ္မာတို့သည် လူ့ပြည်သို့ ပြန်ရောက်လာကြ၏။ စေတသိကဒုက္ခ မရှိသော အရိယာဖြစ်သော နတ်တို့သည် ဤလူ့ပြည်သို့ ပြန်မလာကြ။
+++++++++++
Ashin Sundara(26.1.2025)
+++++++++++++++++++++++++++++++++++++++++
Comments