top of page
Search

Kamma therapy ဆိုသည်မှာ ...

  • Writer: Thein Naing Ohn
    Thein Naing Ohn
  • Sep 2, 2022
  • 8 min read

Updated: Oct 18, 2022

Kamma therapy အကြောင်းကို ပြောရင် စူဠကမ္မဝိဘင်္ဂသုတ်နဲ့ မဟာကမ္မဝိဘင်္ဂသုတ်ဟာ အခြေခံဖြစ်ပါတယ်။ ကျန်တဲ့ လောဏပါဏ၊ မဓုပိဏ္ဍိက စတဲ့သုတ်တွေကိုလည်း ဆက်စပ်ပြီးကိုးကားကြပါတယ်။ စူဠကမ္မဝိဘင်္ဂသုတ်ကတော့ ကံနဲ့ကံရဲ့အကျိုးဆက်တူညီတာကို ပြတဲ့သုတ်ဖြစ်ပြီးတော့ မဟာကမ္မဝိဘင်္ဂသုတ်ကတော့ ကံနဲ့အကျိုးတို့ အမျိုးမျိုးကွဲပြားပုံကို ပြတဲ့သုတ်ဖြစ်ပါတယ်။ ဒါကို psychotherapy ရှုထောင့်နဲ့ဆည်းကပ်ပြီး လေ့လာရတာ ဖြစ်ပါတယ်။


ဗုဒ္ဓဘာသာတွေလက်ခံယုံကြည်ထားတဲ့ ကံ-ကံရဲ့အကျိုးတွေကို psychotherapy perspective နဲ့ သုံးသပ်လိုက်တဲ့အခါမှာ လူနာတွေရဲ့ မတူတဲ့ကံတရားနဲ့ အကျိုးဆက်တွေကို နားလည်ရပါတယ်။ ဘာလို့ Kamma therapy ဆိုတဲ့ခေါင်းစဉ်နဲ့ပြောရတာလည်းဆိုရင် တစ်ချို့လူနာတွေက ထင်ထားသလို မျှော်လင့်ထားသလို ဖြစ်မလာလို့ စိတ်ဖိစီးနေတာမျိုး၊ သားသမီးသေလို့ ပစ္စည်းဥစ္စာပျက်စီးသွားလို့ ပူဆွေးနေတာမျိုး စတဲ့ လူနာတွေကို ကုစားနေတာမျိုးမဟုတ်ဘဲ ကံနဲ့ဆက်စပ်နေတဲ့ စိတ်ရောဂါ၊ ပစ္စုပ္ပန်ကံသာမက အတိတ်ကံကိုပါ ဆက်စပ်နေတဲ့စိတ်ရောဂါမျိုးတွေ ဖြစ်နေတဲ့လူနာမျိုးတွေကို ကုစားတာဖြစ်ပါတယ်။ အဲဒါကြောင့်မို့ ပစ္စုပ္ပန်ကံနဲ့ပတ်သတ်ပြီး သာမညဖလသုတ်တို့၊ အင်္ဂုလိမာလသုတ်တို့ကို ကိုးကားပြီးလည်း ပြောကြတာပေါ့။


Kamma therapy ဟာ ကံကိုအခြေခံတဲ့ကုထုံးဖြစ်ပါတယ်။ သူကံနဲ့သူလာတာဘဲ၊ ကောင်းတာမကောင်းတာ သူ့ကံနဲ့ဘဲဆိုင်တာ ကိုယ်နဲ့ဘာဆိုင်လို့လဲ လို့ အခြေခံအားဖြင့် မေးခွန်းမေးသင့်တာပေါ့။ ဒါမှ ဘယ်လိုကုတယ်ဆိုတာကို သိရမှာပေါ့။ မေးခွန်းမမေးဘဲ အဖြေကြီးဘဲ ရှာနေရင် ဆိုလိုရင်းမရောက်တဲ့ အဖြေတွေ ရနေမှာ စိုးလို့ပါ။


ကံကိုအခြေခံထားတဲ့ကုထုံးက အခြားကုထုံးတွေထက်ပိုနက်နဲပါတယ်။ လူနာက Self-awareness ရှိလာရုံ၊ လတ်တလော သောကကိုဖြေဖျောက်ရုံနဲ့ ပြီးသွားတဲ့ကုထုံးမျိုးမဟုတ်ပါဘူး။ ကံနဲ့ကံရဲ့အကျိုးကို ထဲထဲဝင်ဝင်နားလည်ရသလို ပြန်လည်ထူတောင်ရေးလုပ်ငန်းကို လုပ်ဆောင်ရတဲ့ထိ ကုသရတဲ့ ကုထုံးမျိုးဖြစ်ပါတယ်။ Rehabilitation ကိုလည်း မဖြစ်မနေ ထည့်သွင်းစဉ်းစားရပါမယ်။ အရက်သမားတစ်ယောက်သေတော့ သောတာပန်ဖြစ်သွားပြီး နတ်ပြည်ရောက်သွားတာ၊ မလ္လိကာမိဖုရား တစ်သက်လုံးကုသိုလ်ကောင်းမှုပြုခဲ့ပေမယ့် သေတော့ ငရဲကိုရောက်သွားတာ စတဲ့ပြောင်းပြန်ဆန်လွန်းတဲ့ ကံနဲ့ကံရဲ့အကျိုးဝတ္ထုတွေကိုလည်း သုတ္တန်မှာ အထင်အရှားဖတ်ဖူးကြမှာပါ။ ဒီလိုကံတရားရဲ့ သီအိုရီတွေကိုလည်း နားလည်ရပါမယ်။ ကံကြီးထိုက်နေတဲ့ အဇာတသတ်မင်းကို မြတ်စွာဘုရား ဘယ်လိုတရားဟောလိုက်တာလဲ။ သာသနာတော်ကြီးသမိုင်းမှာ မှတ်တမ်းတင်ရလောက်တဲ့ ဒါယကာတစ်ဦး ဖြစ်လာခဲ့တယ်။ လူသတ်သမားကြီး အင်္ဂုလိမာလကို မြတ်စွာဘုရား ဘယ်လို ချေချွတ်တော်မူခဲ့တာလဲ။ သူတစ်ပါးကိုညှင်းပန်းနှိပ်စက်ခဲ့တဲ့ကံကြောင့် အဝေးကခဲလုံးတွေ တုတ်တွေ သူ့ကိုမပစ်ပေမယ့် သူ့ကိုလာထိတယ်။ ခန္ဓာကိုယ်မှာ သွေးမိုးရွာခဲ့ရတယ်။ ကံတရားကိုလွန်ဆန်လို့ မရပေမယ့် မြတ်စွာဘုရား ဘယ်လိုဖြေသိမ့်ပေးခဲ့သလဲ၊ ဘယ်လိုသြဝါဒတွေပေးခဲ့သလဲ၊ နောက်ဆုံးရဟန္တာ ဖြစ်သွားတဲ့အထိ ဘယ်လိုကုစားပေးလိုက်သလဲ။ ကံကိုအခြေခံတဲ့ စိတ်ရောဂါတွေကို ဘယ်လိုကုစား ခဲ့သလဲ။


လောကကြီးမှာ သူတို့ရဲ့ကံတရားကြောင့်ခံစားနေရပြီး ဘယ်သူမှပြောင်းလဲလို့မရတဲ့ ရောဂါတွေရှိတယ်၊ ခံစားနေရတဲ့ လူနာတွေရှိတယ်။ အဲဒါကို ဘယ်လိုကုစားကြမလဲ။ ဆေးထိုးသတ်လိုက်တာ ကုစားနည်းမဟုတ်ပါဘူး။ ဒီနေရာမှာ ဥပေက္ခာပြုလိုက်တာလည်း ကုစားနည်းမဟုတ်ပါဘူူး။ Kamma therapy က အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ဖြစ်နေပြီ။


Kamma therapy လို့ပြောလိုက်ရင် တစ်ချို့က ကံနဲ့ကံရဲ့အကျိုးအကြောင်းကို ပြောလိုက်ရင်ရပြီလို့ ပြောကြတယ်၊ အဲဒါက Therapy မဟုတ်ပါဘူး Kamma theory ဘဲရှိပါသေးတယ်။ Psychotherapy အကြောင်းကိုပြောမယ်ဆိုရင် Therapy ဆိုတဲ့စာလုံးကို မမေ့ဖို့လိုပါတယ်။ ကုထုံးဖြစ်ပါတယ်။ ကုထုံးကဘာလဲဆိုတာကို ဖော်ထုတ်ရပါမယ်။


အစမထင်သံသရာကနေ ကျင်လည်လာခဲ့တဲ့ သတ္တဝါတွေအားလုံး ကောင်းတဲ့ကံရော၊ ဆိုးတဲ့ကံရော ပြုလုပ်ခဲ့ကြဖူးတယ်။ ပုထုဇဉ်တွေမို့ ဘယ်သူမှအမြဲမကောင်းနိုင်ဘူး။ ဘယ်သူမှ အမြဲမဆိုးနိုင်ဘူး။ ကောင်းတဲ့ကံရဲ့အကျိုးဆက်ကြောင့် ကောင်းတဲ့အကျိုးဆက်တွေခံစားရသလို၊ မကောင်းတဲ့ကံရဲ့အကျိုးဆက်ကြောင့် မကောင်းကျိုးကို ခံစားနေရကြတာပါ။ အဲဒါကို မကောင်းတဲ့ကံကို ကောင်းတဲ့ကံနဲ့အစားထိုးရတယ်။ ကောင်းကျိုးတွေကို ဖြစ်ထွန်းစေဖို့ ကောင်းတဲ့ကံကို ပြုလုပ်ပြီး မကောင်းတဲ့အကျိုးဆက်ကို ကာဆီးထားလို့ရတယ်။ ကောင်းကျိုးနဲ့အစားထိုးလို့ရတယ်။ ဒါက ဗုဒ္ဓဘာသာရဲ့ တရားတော်ပါဘဲ။ psychotherapy perspective နဲ့ဆည်းကပ်လျှင် ဒါက Kamma therapy ဘဲ။


လာမည့်ခုနှစ်ရက်မှာဘီလူးစားလို့ သေရတော့မယ့်ကလေးကို အသက်ရှည်တဲ့လူတစ်ယောက်ဖြစ်လာ အောင် မြတ်စွာဘုရားဘယ်လိုညွန်ကြားလိုက်တာလဲ၊ ကောင်းတဲ့ကံတွေကို ဘယ်လိုအစားထိုးပေး လိုက်တာလဲ။ အသက်တိုမယ်လို့ ပညာရှိအမတ်တွေ၊ ပုဏ္ဏားတွေ ဟောကိန်းထုတ်တဲ့မင်းကို အသက်တွေရှည်အောင် ရဟန်းတွေက ဘယ်လိုကံတရားတွေနဲ့ အစားထိုးဖို့ ညွန်ကြားခဲ့ကြတာလဲ။ ကံတရားနဲ့အခြေခံထားတဲ့ လူနာတွေကို ကုစားပေးဖို့အတွက် ပိဋကတ်တော်တွေမှာလည်း case study တွေ အများကြီးရှိပါတယ်။


Kamma therapy မှာ နားလည်ထားရမယ့် အခြေခံအကြောင်းတရားတွေရှိပါတယ်။

• သဘာဝတရား (ပင်ကိုယ် ပြဿနာ)

• တရားမမျှတမှု (အကျိုး နဲ့ အကြောင်း ဆီလျှော်မှု မရှိခြင်း)

• တန်းတူညီမျှခြင်း ( ဆီလျှော်မှုရှိခြင်း)


သဘာဝပြဿနာကို ရှာဖွေပြီး နားလည်အောင်လုပ်ရပါမယ်။ အဲဒါတွေကိုလည်း လက်ခံရမယ်။ တရားမမျှတတဲ့ အကြောင်းအရာတွေကို စိစစ်ရပါမယ်။ (ဥပမာ- မိဘတွေက ကြွေးယူထားလို့ သားသမီးတွေ သို့မဟုတ် သားစဉ်မြေးဆက် အကြွေးဆပ်နေရတာမျိုး။ ယူတာတစ်ဦး၊ အကျိုးခံစားရတာတစ်ဦး၊ ပြန်ပေးဆပ်ရတာ တစ်ဦး။) Kamma therapy မှာ ဒီလိုမမျှတမှုတွေကိုလည်းသိထားဖို့လိုတယ်။ တစ်ချို့လူနာတွေက ခံရတဲ့သူဘက်ကသက်သက် ဖြစ်နေတဲ့ အခြေအနေတွေကြောင့် စိတ်ရောဂါဖြစ်နေတာတွေရှိတယ်။ ဆီလျှော်မျှတမှုကိုလည်း သိထားရတယ်။ ဆီလျှော်မျှတအောင် စွမ်းဆောင်ပေးရမယ်။ Kamma therapy မှာ ပစ္စုပ္ပန်ကံတစ်ခုကို ကြည့်ရုံနဲ့မလုံလောက်ဘူး။ သူ့ရဲ့အတိတ်ကံတွေကိုပါ နားလည်ပေးရတယ်။


လူနာကို ကုစားတဲ့နေရာမှာ ကောင်းတဲ့ကံတွေနဲ့ အစားထိုးပေးရတယ်။ အစားထိုးလုပ်ဆောင်ရမှာကတော့-

• အပြုအမူ၊ အမူအကျင့်ဆိုင်ရာမှာလည်း လုပ်ဆောင်ပေးရတယ်။ Bhavitakaya (action)

• ကိုယ်ကျင့်တရားဆိုင်ရာမှာလည်း လမ်းညွန်ပေးရတယ်။ Bhavitasila (morality)

• စိတ်ပိုင်းဆိုင်ရာမှာလည်း ပျိုးထောင်ပေးရတယ်။ Bhavitacitta (mind) and

• အသိအမြင်၊ အတွေးအခေါ်ပိုင်းဆိုင်ရာမှာလည်း လေ့ကျင့်သင်ကြားပေးရတယ်။ Bhavitapanna (knowledge).


Kamma therapy ရဲ့ကုထုံးပိုင်းဆိုင်ရာတွေက နက်နဲနေပေမယ့် လူတိုင်းနဲ့သင့်လျှော်ပါတယ်။ လူနာပေါ်မူတည်ပြီး အလုပ်လုပ်ရတာမို့ ဘယ်လိုလုပ်ရမယ်ဆိုတာမျိုးကိုတော့ ပြောရခက်ပါတယ်။ လေ့လာလေ ကုစားပုံအသစ်အမျိုးမျိုးတွေ့ရှိလေ၊ ဆည်းကပ်ပုံ အသစ်အဆန်းတွေသိရလေလေ ဖြစ်ပါလိမ့်မယ်။


Credit to: အရှင်နန္ဒိယ (ဖယ်ခုံ)

+++++++

Ven. Ashin Sundara (Thein Naing Ohn) (1.9.2022)






“ဗုဒ္ဓ စိတ်ပညာကုထုံး မိတ်ဆက် (Buddhist Psychotherapy 1)” ★★★★★★★★★★★★★★★★★★★★★★★★★★★★★★


ဗုဒ္ဓစိတ်ပညာ ဆိုတာ စိတ်ရောဂါသည်တွေကို ကုသပေးတဲ့ ကုထုံးတစ်ရပ် ဖြစ်ပါတယ်။ ဒီနည်းစနစ်ဟာ (မူရင်း) စာရေးသူကိုယ်တိုင် စိတ်ရောဂါသည်တွေကို လက်တွေ့စမ်းသပ် ကုသပေးခဲ့ပြီးဖြစ်သလို လွန်ခဲ့တဲ့ လေးဆယ့်ငါးနှစ်အတွင်းမှာ တိုးတက်ဖွံ့ဖြိုးလာခဲ့တဲ့ နည်းစနစ်လည်း ဖြစ်ပါတယ်။ ဒီနည်းစနစ်ကို အသုံးပြုပြီး စိတ်ကစဉ့်ကလျားရောဂါ (Schizophrenia) အပါအဝင် စိတ်ရောဂါအမျိုးမျိုးကို ကုသပျောက်ကင်းစေနိုင်ပါတယ်။ လက်တွေ့ကုသပေးခဲ့ပြီးလည်း ဖြစ်ပါတယ်။ (မူရင်း) စာရေးသူဟာ သီရိလင်္ကာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ နီပေါနိုင်ငံ တို့မှာရှိတဲ့ တက္ကသိုလ်တွေမှာ ဗုဒ္ဓစိတ်ပညာနဲ့ ပတ်သက်ပြီး ဟောပြောပို့ချဖို့ ဖိတ်ခေါ်ခံခဲ့ရသလို၊ ဒီကုထုံးဟာလည်း တက္ကသိုလ်တွေရဲ့ အသိအမှတ်ပြုခြင်းကို ရရှိခဲ့ပါတယ်။ ဒီဘာသာရပ်နဲ့ပတ်သက်တဲ့ စာအုပ်ကို နယူးဒေလီမြို့၊ ဝိကပုံနှိပ်တိုက်ကနေ ပထမဆုံးအကြိမ် ထုတ်ဝေခဲ့ပြီး၊ အကြိမ်ကြိမ် တည်းဖြတ်ထုတ်ဝေခဲ့ရပါတယ်။ သီရိလင်္ကာနိုင်ငံ Pāli and Buddhist Studies of University of Kelaniya က မာစတာဘွဲ့တစ်ခုအတွက် ဗုဒ္ဒစိတ်ပညာနဲ့ပတ်သက်တဲ့ စီမံခန့်ခွဲမှု ပြုလုပ်ဖို့ ၁၉၉၇၊ ၂၀၀၁၊ ၂၀၀၄ ခုနှစ်များမှာ စာရေးသူကို ဖိတ်ခေါ်ခဲ့ပါတယ်။ အဲဒီမှာ အာရှ ဥရောပ နိုင်ငံပေါင်း (၁၂) နိုင်ငံက ကျောင်းသား ကျောင်းသူတွေဟာ ဒီဘာသာရပ်ကို သင်ယူလေ့လာခဲ့ကြပါတယ်။ ဒီနည်းစနစ်ကို လေ့လာတဲ့ ကျောင်းသားတစ်ယောက်အနေနဲ့ အောက်ပါ အကျိုးတရားတွေကို ရရှိမှာ ဖြစ်ပါတယ်။


(က) ဒီနည်းစနစ်ကိုသုံးပြီး စိတ်ရောဂါတွေကို ကုသပေးနိုင်ပါမယ်။


(ခ) အခြားလူတစ်ယောက်ရဲ့ သိစိတ်- မသိစိတ်တွေရဲ့ လုပ်ဆောင်ချက်တွေကို နားလည်သဘောပေါက်အောင် ထောက်ကူပေးမှာ ဖြစ်ပါတယ်။


(ဂ) စိတ်ဖိစီးမှုများလွန်းလှတဲ့ ယနေ့ခေတ် လူ့အဖွဲ့အစည်းမှာ တစ်စုံတစ်ယောက်ရဲ့ စိတ်ကျန်းမာရေးကို ထိမ်းသိမ်းဖို့၊ စိတ်ကို ဖွံ့ဖြိုးတိုးတက်စေဖို့၊ စိတ်ရောဂါမဖြစ်စေဖို့ ဒီကုထုံးနဲ့ပတ်သက်တဲ့ အသိအမြင်က ကူညီပေးမှာဖြစ်ပါတယ်။


(၃) စိတ်ရောဂါဆိုတာ ရုပ်ပိုင်းဆိုင်ရာသက်သက်၊ စိတ်ပိုင်းဆိုင်ရာသက်သက်ကြောင့်လည် ဖြစ်နိုင်သလို၊ ရုပ်ပိုင်းစိတ်ပိုင်း နှစ်ခုလုံးကြောင့်လည်း ဖြစ်နိုင်တယ်ဆိုတာ ခုချိန်ခါမှာ ကောင်းကောင်းကြီး သက်သေထူနိုင်ပြီ ဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာတွေကြောင့် အဓိက ဖြစ်ရတဲ့ စိတ်ရောဂါတွေကို ဓာတုဆေးကုထုံး (chemotherapy)၊ လျှပ်စစ်လျှော့ရိုက်ကုထုံး (electroplexy)၊ စိတ်ရောဂါကို ခွဲစိတ်ကုသတဲ့ကုထုံး (psych-surgery)တို့လို ကုထုံးတွေနဲ့သာ ကုသနိုင်မှာ ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာတွေကြောင့် ဖြစ်ရတဲ့ ဖြစ်ရတဲ့ ရောဂါတွေကိုတော့ စိတ်ပညာကုထုံး (psychotherapeutically) နဲ့သာ ကုသနိုင်မှာ ဖြစ်ပါတယ်။


ဗုဒ္ဓစိတ်ပညာကုထုံးအရဆိုရင်တော့ စိတ်ရောဂါ ဖြစ်ရခြင်းရဲ့ အကြောင်းတရားတွေအဖြစ် ကိလေသာတရားတွေကို သတ်မှတ်ထားပါတယ်။ ကိလေသာတရားတွေနဲ့ ဆက်ဆံတဲ့နေရာမယ့် ကိုယ့်ရဲ့ ရုပ်နဲ့စိတ် နှစ်မျိုးလုံးကို သိမြင် နားလည် သဘောပေါက်ကြရမှာပါတယ်။ စိတ်ဆိုတာ ပုံမှန်အခါမျိုးမှာတောင်မှ ကိလေသာအညစ်အကြေးတွေ အပြည့်ရှိနေတတ်တာမျိုးပါ။


(၄) ခေတ်သစ် အနောက်တိုင်း စိတ်ပညာနှင့် သရုပ်ခွဲလေ့လာရေးကျောင်း (modern western psychotherapeutical and analytic school) ရဲ့ ဖခင်ကြီး ဆက်ဂမန်ဖရဒ် (Sigmund Freud) ရဲ့လက်ထက်ကစပြီး စိတ်ပညာနှင့် သရုပ်ခွဲလေ့လာရေးကျောင်းပေါင်း မြောက်များစွာ ဖြစ်ထွန်းပေါ်ပေါက်လာခဲ့ကြပါတယ်။ ဗုဒ္ဓစိတ်ပညာကုထုံးဆိုတာအဲဒီ တိုးတက်ဖြစ်ထွန်းလာမှုရဲ့ အလွှာတစ်ခု ဖြစ်ပါတယ်။


(၅) ရှိနှင့်ပြီးသား အနောက်တိုင်း စိတ်ပညာကုထုံးတွေကို ဖြည့်စွက်တဲ့အနေနဲ့ ဗုဒ္ဓစိတ်ပညာကုထုံးကို အသုံးပြုနိုင်ကြပါတယ်။ ဗုဒ္ဓစိတ်ပညာကုထုံးကို အသုံးပြုကုသပေးသူတစ်ယောက်အနေနဲ့ -


★ လူနာဟာ အတိုင်းထက်အလွန် စိတ်ဓာတ်ကျဆင်းနေတဲ့အခါ၊ ★ လူနာဟာ အင်မတန် ကြမ်းကြမ်းတမ်းတမ်း ဖြစ်နေတဲ့အခါမျိုးတွေမှာ စိတ်ရောဂါအထူးကုဆရာဝန်ရဲ့ အကူအညီကို ရယူရမှာဖြစ်ပါတယ်။ အဲသလို လူနာမျိုးကို ဆေးဝါးကုသပေးမှု မပြုဘဲ၊ စကားပြောဆိုဆက်ဆံနိုင်တဲ့ အရည်အသွေးတွေကို ပြန်လည် မဖော်ဆောင်ပေးဘဲ ဗုဒ္ဓစိတ်ပညာကုထုံးနဲ့ သွားကုလို့ကတော့ သိပ်ပြီးထိရောက်နိုင်မှာ မဟုတ်ပါဘူး။


(၆) စိတ်ရောဂါသည်တွေကို ကုသပေးတဲ့ ဒီကုထုံးဟာ မြတ်ဗုဒ္ဓရဲ့ သင်ကြားချက်တွေကို အခြေခံထားတဲ့အတွက် ဗုဒ္ဓစိတ်ပညာကုထုံး (Buddhist Psychotherapy- ဗုဒ္ဓဘာသာဝင်တို့၏ စိတ်ပညာကုထုံး) လို့ ခေါ်ဆိုပါတယ်။ ဒီကုထုံးရဲ့ နောက်ကွယ်က အခြေခံ ရှုမြင်ချက်တွေကို ဗုဒ္ဓကိုယ်တော်တိုင် ဟောကြားတော်မူခဲ့တဲ့ အောက်ပါသုတ္တန်များမှာ ရှာဖွေတွေ့ရှိရပါတယ်။

★ သတိပဋ္ဌာနသုတ်- (သတိအကြောင်းဟောတော်မူထားသောသုတ်) {မ၊ ၁၀}

★ သဗ္ဗာသဝသုတ်- (အာသဝေါတရားများအကြောင်း ဟောတော်မူထားသောသုတ်) {မ၊ ၂}

★ ဝတ္ထသုတ်- ( အဝတ်ကိုဥပမာပြ၍ ဟောတော်မူထားသောသုတ်) {မ၊ ၇} ဖော်ပြခဲ့တဲ့ သုတ္တန်တွေအပြင်.. အနိစ္စ (မတည်မြဲမှု- impermanence)၊ ဒုက္ခ (အဆင်မပြေမှု- disharmony)၊ ပဋိစ္စသမုပ္ပါဒ (အကြောင်းကိုစွဲ၍ဖြစ်သောတရား- dependent origination)၊ ပဥ္စနီဝရဏ (စိတ်အညစ်အကြေး အနှောင့်အယှက်ငါးပါး- five mental hindrances)၊ ဒသ သံယောဇန (အနှောင်အဖွဲ့ဆယ်ပါး- ten fetters) တို့အပေါ်မှာ ဟောတော်မူထားတဲ့ အခြေခံ သင်ကြားချက်တွေဟာလည်း ဗုဒ္ဓစိတ်ပညာကုထုံးထဲမှာ ပါဝင်နေပါသေးတယ်။


(၇) ဗုဒ္ဓစိတ်ပညာကုထုံးဟာ ကမ္ဘာအနှံ့က လူမျိုးဘာသာ နယ်ပယ်တိုင်းနဲ့ သက်ဆိုင်ပါတယ်။ စိတ်ရောဂါဖြစ်လာကြပြီ ဆိုတဲ့အခါ ကမ္ဘာတစ်လွှားက လူတွေအကုန်လုံးဟာ အားလုံးအတူတူပဲ ဖြစ်သွားကြတဲ့အတွက်၊ လူဖြူ-လူမဲ၊ ခရစ်ယာန်-မွတ်ဆလင်-ဟိန္ဒူ၊ မက်ခ်ဝါဒီ- ဘုရားမဲ့ဝါဒီ၊ ဘယ်သူဘယ်ဝါကိုမဆို ဒီကုထုံးသစ်နဲ့ ကုသပေးနိုင်ပါတယ်။ လူတွေအားလုံးမှာ စိတ်ရောဂါကို ဖြစ်စေနိုင်တဲ့ ကိလေသာတွေ ရှိနေကြပါတယ်။ သူတို့ရဲ့ ဘာသာရေးယုံကြည်မှုကို ပြောင်းလဲစရာ မလိုဘဲ ဒီနည်းစနစ်ကို အသုံးပြုနိုင်ကြပါတယ်။ အတိအကျပြောရရင်တော့ ဒီကုထုံးနဲ့ ကုသခြင်းခံယူနိုင်ဖို့အတွက် ဘာမှပြောင်းလဲစရာမလိုဘူး ဆိုတာပါပဲ။


(၈) အဆင့်ခြောက်ဆင့် ဗုဒ္ဓစိတ်ပညာကုထုံးမှာ စိတ်ရောဂါသည်တစ်ယောက်ကို ကုသအောင်မြင်နိုင်ဖို့ လိုက်နာရမယ့် အဆင့် ခြောက်ဆင့် ရှိပါတယ်။


★ ကုသပေးသူနှင့် လူနာအကြား ပြောဆိုဆက်ဆံမှု ဖွံ့ဖြိုးအောင် တည်ဆောက်ခြင်း။


★ လူနာရဲ့ ရုပ်ပိုင်းဆိုင်ရာ သိနားလည်မှုကို ဖွံ့ဖြိုးအောင် တည်ဆောက်ခြင်း။


★ လူနာရဲ့ နာမ်ပိုင်းဆိုင်ရာ ခံစားသိရှိနိုင်မှုကို ဖွံ့ဖြိုးအောင် တည်ဆောက်ခြင်း။


★ လူနာရဲ့သိစိတ်- မသိစိတ်ကို ဆန်းစစ်ခြင်းနှင့် အထူးသဖြင့် မသိစိတ်အတွင်း ကိလေသာတွေနဲ့ ရောနှော တိမ်မြုပ်နေတဲ့ အမှတ်ရဖွယ်ရာများကို ပြန်လည်ဖော်ထုတ်မှတ်မိစေခြင်း။


★လူနာကိုယ်တိုင် မြင်သိခဲ့ရတဲ့ စိတ်ရောဂါကိုဖြစ်စေတဲ့ စိတ်ရောဂါနဲ့ဆက်နွယ်နေတဲ့ အရာတွေကို ခွဲခြမ်းစိစစ်ခြင်း။


★ အထက်ပါ အဆင့် (၅) ဆင့်ကို အဆုံးတိုင် အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်တဲ့ စိတ်ရောဂါရှင်ကို ပြန်လည်ထူထောင်ပေးခြင်း နှင့် လူမှုဝန်းကျင် အသိုင်းအဝိုင်းတွင် နေသားတကျ ဝင်ဆန့်စေခြင်း။


(၉) အတွေ့အကြုံရှိတဲ့ ကုသပေးသူတစ်ယောက်ဟာ ရက်သတ္တတစ်ပတ်မှာ ကုသချိန် ရှစ်ကြိမ်ကနေ ဆယ်ကြိမ်အထိ၊ တစ်ကြိမ်လျှင် တစ်နာရီကနေ တစ်နာရီခွဲခန့်အထိ ကုသပေးခြင်းဖြင့် ဗုဒ္ဓစိတ်ပညာကုထုံးကို အောင်မြင်ပြီးမြောက်စေနိုင်ပါတယ်။ ဉာဏ်ရည်ဉာဏ်သွေးနဲ့ သဘောပေါက်နားလည်နိုင်မှုအဆင့် အတော်အတန်လျော့နည်းတဲ့ လူနာမျိုးဆိုရင်တော့ အချိန်ပို ငါးကြိမ်၊ ခြောက်ကြိမ်လောက် တိုးမြှင့် ကုသပေးရမှာ ဖြစ်ပါတယ်။ လူနာအနေနဲ့ အပတ်စဉ်ကုသခံယူမှုတွေအပြင် အပေါ်မှာ ပြောခဲ့တဲ့ အဆင့် ခြောက်ခုနဲ့ပတ်သက်ပြီး ကုသပေးသူရဲ့ ညွှန်ကြားချက်တွေကိုလည်း နေ့စဉ်လိုက်နာဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ လူနာအနေနဲ့ ပြန်လည်ကောင်းမွန်လိုစိတ် အားနည်းနေမယ်ဆိုရင်တော့ ဒီကုထုံးတွေဟာ အောင်မြင်မှာ မဟုတ်ပါဘူး။ နေ့စဉ်ညွှန်ကြားချက်တွေကို လိုက်နာနိုင်ဖို့အတွက် မိသားစုဝင်တွေရဲ့ ပံ့ပိုးမှုဟာ မရှိမဖြစ်လိုအပ်ပါတယ်။


(၁၀) စိတ်ရောဂါ စတင် သက်သာလာပြီးတဲ့နောက်မှာ ဒုံရင်းအခြေအနေဆိုးမျိုးကို ပြန်ရောက်သွားတာမျိုး ကြုံရနိုင်တတ်ပါတယ်။ အဲသလို ပြန်ဖောက်လာခဲ့ရင် နောက်ထပ် လမ်းညွှန်ချက်တွေကို ရယူနိုင်ဖို့အတွက် လူနာကို ကုသပေးသူဆီ ပြန်ခေါ်ယူခဲ့ကြရမှာ ဖြစ်ပါတယ်။ ဒုံရင်းအခြေအနေဆိုးမျိုးကို ပြန်ရောက်သွားသူတွေကို ကုသပေးရာမှာတော့ ကုသပေးသူအနေနဲ့ မိမိရဲ့လိမ္မာပါးနပ်မှုကို အသုံးပြုပြီး၊ ကုသချိန်တစ်ခုစီမှာ ကုသမှုအဆင့် နှစ်မျိုး၊ သုံးမျိုးစသည်ကို ပေါင်းစပ် ကုသပေးရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ အရေးကြီးတာကတော့ ပြန်လည်ထူထောင်ပေးခြင်းလုပ်ငန်းကို အရေးထားဖို့ပါပဲ။


(၁၁) ဗုဒ္ဒစိတ်ပညာကုထုံးရဲ့ အပြီးသတ်ရည်မှန်းချက်ကတော့ စိတ်ရောဂါသည်တစ်ယောက်ကို အမျက်ဒေါသ၊ သံသယ၊ အလိုလောဘ၊ ယုတ်မာလိုမှု၊ မနာလိုသဝန်တိုမှုစတဲ့ သူရဲ့ကိလေသာတရားဆိုးတွေကို ထိန်းထိန်းသိမ်းသိမ်း စီမံခန့်ခွဲနိုင်တဲ့ ပုံမှန်လူသားတစ်ယောက်ဖြစ်အောင် ဆောင်ရွက်ပေးဖို့ပါပဲ။ ဒီနည်းစနစ်မှာ အပေါင်းလက္ခဏာဆောင်တဲ့ ချဉ်းကပ်မှုနဲ့ အနှုတ်လက္ခဏာဆောင်တဲ့ ချဉ်းကပ်မှုဆိုပြီး ချည်းကပ်မှု နှစ်မျိုးရှိပါတယ်။ အပေါင်းလက္ခဏာဆောင်တဲ့ ချဉ်းကပ်မှုဆိုရာမှာ ဗုဒ္ဓစိတ်ပညာကုထုံး အဆင့်ခြောက်ဆင့်ကို ပြည့်စုံစေဖို့အတွက်ရယ်၊ စိတ်ရောဂါကိုဖြစ်စေတဲ့ ကိလေသာတရားတွေကို ထိန်းချုပ်လျှော့ချနိုင်ဖို့အတွက်ရယ်၊ အသိဉာဏ်ကိုဦးတည်တဲ့ ဗောဇ္စျင်တရားခုနစ်ပါးထဲက အနည်းဆုံး ဗောဇ္စျင်တရား (၂) ပါးကို နည်းခံကျင့်ကြံရမှာ ဖြစ်ပါတယ်။ အဲဒါတွေကတော့ မဟာသတိပဋ္ဌာနသုတ်တော်လာ “သတိနဲ့နေတဲ့အကျင့်- သတိသမ္ဗောဇ္စျင်နဲ့ ကြိုးစားအားထုတ်မှု- ဝီရိယသမ္ဗောဇ္စျင် တို့ပါပဲ။”


(၁၂) ဗုဒ္ဓစိတ်ပညာကုထုံးဆိုတာ တခြားမဟုတ်ပါဘူး၊ လူနာကို တရားအားထုတ်ခိုင်းခြင်းပါပဲ။ အားထုတ်ရိုးစဉ်လာ သမထ၊ ဝိပဿနာကျင့်စဉ်တွေနဲ့တော့ မတူပါဘူး။ ဗုဒ္ဓစိတ်ပညာကုထုံးက အဲဒီ သမထ၊ ဝိပဿနာ အားထုတ်နည်း နှစ်မျိုးစလုံးကိုတော့ အသုံးပြုပါတယ်၊ သို့သော် ကိုယ်နဲ့စိတ်ကို ထိန်းသိမ်းနိုင်မှု ပျောက်ဆုံးနေတဲ့ စိတ်ရောဂါသည်တွေနဲ့ ကိုက်ညီတဲ့ ပုံစံမျိုးဖြစ်အောင်တော့ ပြင်ဆင်ထားပါတယ်။ ဘယ်လိုပြင်ဆင်ထားသလဲဆိုတာကိုတော့ ဒီ “ဗုဒ္ဓစိတ်ပညာကုထုံးစာအုပ်” မှာ ဇယားကွက်တွေ၊ ရုပ်ပုံတွေနဲ့ ရှင်းလင်းဖော်ပြပေးထားပါတယ်။


Credit to: အရှင်ဝိသာရဒ (ရမ္မာဝတီ)

+++++++

Ven. Ashin Sundara (Thein Naing Ohn) (2.9.2022)






“အနောက်တိုင်းစိတ်ပညာသမိုင်း (Buddhist Psychotherapy 2)” ★★★★★★★★★★★★★★★★★★★★★★★★★★★★★★


စာရေးသူ သိရသလောက်ကတော့ ဒီနေ့ ကမ္ဘာမှာ အသုံးပြုနေကြတဲ့ စိတ်ရောဂါကုထုံး ငါးမျိုးရှိပါတယ်။ အဲဒီကုထုံးတွေဟာ အနောက်ကမ္ဘာမှာ နှစ်ပေါင်း-၂၀၀ အတွင်း တိုးတက်ပြန့်ပွားလာခဲ့ကြတာ ဖြစ်ပါတယ်။ ‘စိတ်ရောဂါကုထုံး (၅) မျိုး’ -----------------------------


★ (က) ဓာတုကုထုံး - chemotherapy ဆရာဝန်တွေ၊ အထူးသဖြင့် စိတ်ရောဂါအထူးကု ဆရာဝန်တွေဟာ စိတ်ရောဂါသည်ရဲ့ ကိုယ်နဲ့စိတ်ကို ချိန်ခွင်လျှာမျှအောင်ဆောင်ရွက်ဖို့ ဓာတုပစ္စည်း (သို့မဟုတ်) ဓာတုပစ္စည်းများပေါင်းစပ်ထားတဲ့ အရာတွေကို အသုံးပြုလေ့ရှိကြပါတယ်။ ဒီကုထုံးကတော့ လူကြိုက်အများဆုံးနဲ့ ပေါပေါလောလော အသုံးများတဲ့ စိတ်ရောဂါကုထုံးတစ်ရပ်ဖြစ်ပါတယ်။


★ (ခ) လျှပ်စစ်လျှော့ရိုက်ကုထုံး - electroplexy ဒါကတော့ အထူးစီမံထိန်းညှိထားတဲ့ လျှပ်စစ်ကြိယာတွေနဲ့ အချိန်တိုတိုလေးအတွင်းမှာ လူနာကို လျှပ်စစ်လျှော့ရိုက်ပြီး ကုသပေးတဲ့ နည်းစနစ်ဖြစ်ပါတယ်။ ဒီနည်းကတော့ ကမ္ဘာမှာ ဒုတိယအသုံးအများဆုံး စိတ်ရောဂါကုထုံးဖြစ်ပါတယ်။ အထူးကုထုံးတစ်ရပ် ဖြစ်တာနဲ့အညီ စိတ်ရောဂါအထူးကု ဆရာဝန်တွေလောက်သာ ဒီနည်းကို အသုံးပြုသင့်ကြပါတယ်။


★ (ဂ) စိတ်ရောဂါ ခွဲစိတ်ကုထုံး - psycho- surgery စိတ်ရောဂါသည်ရဲ့ ပြုမူဆောင်ရွက်ပုံတွေ မှန်မှန်ကန်ကန်ဖြစ်အောင် ပြုပြင်ပေးဖို့ ရည်ရွယ်ပြီး ဦးနှောက်ကို ခွဲစိတ်ကုသတဲ့ ကုထုံးဖြစ်ပါတယ်။ အန္တရာယ်ကြီးမားလွန်းလှတာနဲ့အမျှ ဒီ စိတ်ရောဂါ- ခွဲစိတ်ကုထုံးဟာ လူကြိုက်သိပ်မများလှပါဘူး။ ဒီကုထုံးမှာ စိတ်ရောဂါသည်တွေကို ပုံမှန်အပြုအမူမျိုး ပြန်ဖြစ်စေဖို့ သက်ဆိုင်ရာ အဖုအကျိတ်တွေကို ခွဲစိတ်ကုသပေးမှုတွေလည်း ပါဝင်ပါတယ်။


★ (ဃ) စိတ်ရောဂါ သရုပ်ခွဲကုထုံး - psycho- analysis စိတ်ရောဂါသည်ရဲ့ စိတ်ကို စူးစမ်းစစ်ဆေးပြီး စိတ်ရောဂါဖြစ်ရခြင်းရဲ့ စိတ်ပိုင်းဆိုင်ရာ အကြောင်းတရားကို ရှာဖွေတဲ့ ကုထုံး ဖြစ်ပါတယ်။ “စိတ်ရောဂါသရုပ်ခွဲ” ဆိုတာကတော့ လူနာကို သူ့ရဲ့ စိတ်ရောဂါဖြစ်ရခြင်းရဲ့ အကြောင်းတရားတွေကို သိမြင်နားလည်လာအောင် ပြုလုပ်ဖို့ ကြိုးစားဆောင်ရွက်ပေးခြင်းပဲ ဖြစ်ပါတယ်။ သရုပ်ခွဲစစ်ဆေးပေးရာကနေ ရရှိလာတဲ့ လူနာရဲ့ ကိုယ်ပိုင်အသိအမြင်ဟာ သူ့ရဲ့ စိတ်ရောဂါကို ကုသပျောက်ကင်းစေနိုင်တယ်၊ တိုးတက်ကောင်းမွန်လာစေနိုင်တယ်လို့ ယုံကြည်ကြပါတယ်။


★ (င) အမူအကျင့်ဆိုင်ရာကုထုံး - Behavioural therapy အမူအကျင့်ဆိုင်ရာ သိပ္ပံပညာရှင်တွေ (လူမှုရေး စိတ်ပညာရှင်တွေ- social psychologists)ဟာ ပြောင်းလဲမှုအပေါ်မှာ ထားရှိတဲ့ သူတို့ရဲ့ ရည်ရွယ်ချက်တွေမှတဆင့် သို့မဟုတ် စိတ်ရောဂါလက္ခဏာတွေကို ဖယ်ရှားပေးခြင်းမှတဆင့် (လူနာတွေရဲ့ ယခင်) ပုံမှန်အပြုအမူတွေကို ပြန်လည်ရရှိစေနိုင်မယ့် ကုထုံးတစ်ရပ်ကို တက်လှမ်းနိုင်ခဲ့ကြပြီ ဖြစ်ပါတယ်။


အထက်မှာ ပြောခဲ့တဲ့..... နည်းစနစ်ငါးရပ်ကို ခုလက်ရှိအနေအထားအထိ တိုးတက်လာစေဖို့အတွက် နှစ်နှစ်ရာနီးပါးလောက် အချိန်ယူခဲ့ကြရပါတယ်။ အဲဒီနည်းစနစ် ငါးခုလုံးကို အရှေ့တိုင်း အနောက်တိုင်း တက္ကသိုလ်တွေရဲ့ ဆေးဘက်ဆိုင်ရာဌာနတွေမှာ သင်ယူကြရပါတယ်။ အခြေခံ ဆေးပညာဘွဲ့ဒီဂရီတွေအတွက် စိတ်ရောဂါကုသမှု (Psychiatry) ဆိုတဲ့ မသင်မနေရ ဘာသာရပ်အသစ်တစ်ခု (a compulsory subject) ပေါ်ပေါက်လာခဲ့ပါတယ်။ ခုခါမှာတော့ ဘွဲ့လွန်စီမံချက်တွေရဲ့ လက်အောက်မှာလည်း ဒီနည်းစနစ်တွေကို သင်ယူလေ့လာနိုင်ကြပြီ ဖြစ်ပါတယ်။


၁၉-ရာစု အစောပိုင်းလောက်အထိ အနောက်တိုင်းမှာ စိတ်ပညာကုထုံးဆိုတာ မရှိခဲ့သေးပါဘူး။ စိတ်ရောဂါဆိုတာ မကောင်းဆိုးဝါးတွေကြောင့် ဖြစ်ရတာဆိုပြီး ကျယ်ကျယ်ပြန့်ပြန့် လက်ခံယုံကြည်ခဲ့ကြပါတယ်။ အဲဒါကြောင့်မို့လည်း တစ္ဆေသရဲတွေကို မောင်းထုတ်နိုင်စွမ်းရှိတယ်လို့ ယုံမှတ်ခံရတဲ့ မှော်ဆရာလို ဆရာဝန်တွေသည်သာ စိတ်ရောဂါသည်တွေရဲ့ မှီခိုအားထားရာ ဖြစ်ခဲ့ကြပါတယ်။ စိတ်ရောဂါသည်ရဲ့ ဦးခေါင်းခွံကို စူးနဲ့ဖောက်ပြီး ကုသခြင်းဟာ ဥရောပနိုင်ငံတွေရဲ့ ဘုံဆိုင်ကုထုံးတစ်ခု ဖြစ်ခဲ့ပြီး၊ တစ္ဆေသရဲထွက်ပြေးလွတ်မြောက် သွားစေနိုင်ဖို့အတွက် အပေါက်တစ်ပေါက် ဖောက်ပေးကြလေ့ရှိပါတယ်။


သမားတော် (Physicians) အချို့ကတော့ စိတ်ရောဂါဆိုတာ သွေးထဲမှာရှိတယ်လို့ ယုံကြည်ခဲ့ကြတဲ့အလျောက်၊ လူနာရဲ့သွေးကို ဖောက်ထုတ်ပြီး လူကောင်းတွေဆီကသွေးကို အစားပြန်သွင်းကုသပေးလေ့ ရှိခဲ့ကြပါတယ်။ တကယ်တမ်းမှာတော့ အနောက်နိုင်ငံတွေမှာ စိတ်ရောဂါသည်တွေဆိုတာ လူ့အသိုင်းအဝိုင်းကို အနှောင့်ယှက်ပြုသူတွေအဖြစ် သတ်မှတ်ကုသ ခံခဲ့ကြရရှာပါတယ်။ သူတို့တွေဟာ စိတ်ရောဂါကုဆေးရုံတွေကို ပို့သခံခဲ့ကြရတယ်၊ နံရံတွေမှာ သံကြိုးတွေနဲ့ ချည်တုပ်ခံခဲ့ကြရရှာပါတယ်။ လူနာတချို့ခမျာကတော့ ကုထုံးတစ်ရပ်အနေနဲ့ လူထုတရားရုံးတွေ (the open courts) မှာ နေပူလှမ်းခံခဲ့ကြရရှာတယ်၊ မိုးရေထဲ ပစ်ထားခံခဲ့ကြရရှာပါတယ်၊ နှင်းတောထဲပစ်ထားခံခဲ့ကြရရှာပါတယ်။ အဲဒီလူနာတွေခမျာဟာ တိရစ္ဆာန်ရုံကို လာကြည့်ကြတဲ့အလား ခြံစည်းရိုးနားဝိုင်းအုံလာသူတွေရဲ့ အပန်းဖြေ ရွှင်မြူးစရာတစ်ခုအဖြစ်သို့ ရောက်ရှိခဲ့ကြရရှာပါတယ်။ (for details see: Psychiatry Today by David Stafford Clark) ၁၇၃၃-ခုနှစ်မှာ၊ အင်္ဂလိပ်လူမျိုး သမားတော် ဂျော့ရှိန်နီ (English physician George Cheyne) ဟာ စိတ်ပင်ပန်းလွန်ဝေဒနာများနှင့်ပတ်သက်တဲ့ သုတေသနကျမ်း (a treatise on nervous disorders) တစ်ကျမ်းကို ထုတ်ဝေခဲ့ပါတယ်။ အဲဒီကျမ်းဟာ စိတ်ရောဂါသည်တွေအကြောင်း စိတ်ဝင်တစားရေးသားထုတ်ဝေမှု ပုံစံသစ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ၁၈၁၄-ခုနှစ်၊ အင်္ဂလန်နိုင်ငံ၊ စုံစမ်းစစ်ဆေးရေးကော်မတီတစ်ခုဟာ ယော့ခ်စိတ်ရောဂါကုဆေးရုံ (the Youk Asylum)က သနားဖွယ်ရာအခြေအနေတွေကို စုံစမ်းထောက်လှမ်းဖို့ တာဝန်ပေးခံခဲ့ပါတယ်။ အဲဒီကော်မတီဟာ လူမဆန်တဲ့ စိတ်ရောဂါကုထုံးတွေ (the inhuman methods of treating mental patients)အကြောင်း အစီရင်ခံစာတင်သွင်းခဲ့ပါတယ်။ လန်ဒန်မြို့၊ တော်ဝင်ဘက်သင်ဟန် စိတ်ရောဂါအထူးကုဆေးရုံကြီး (Royal Bethlehem Mental Hospital) မှာလည်း အဲဒီဆေးရုံရဲ့ ဆေးဘက်ဆိုင်ရာကြီးကြပ်သူ ဂျွန်ကွန်နိုလီ (Medical Superintendent John Connolly)ဟာ အလားတူ လေ့လာမှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ၁၈၁၅ ခုနှစ်မှာ၊ တော်ဝင်ခွဲစိတ်ဆရာဝန်များကောလိပ် (the Royal College of Surgeons) ရဲ့အဖွဲ့ဝင် ဂျိမ်းဘန့်ရှပ် (James Birch Sharpe) နှင့် ရွေးချယ်ခံ ကော်မတီအဖွဲ့တစ်ဖွဲ့ဟာ စိတ်ရောဂါကုသမှု တိုးတက်ရေးအတွက် လိုအပ်ချက် အတိုင်းအတာတွေကို အကြံပြုတင်သွင်းဖို့ ညွှန်ကြားခံခဲ့ရပါတယ်။ အဲသလိုနဲ့၊ အင်္ဂလန်နိုင်ငံဟာ အနောက်ကမ္ဘာတလွှား စိတ်ရောဂါကုဆေးရုံတွေ ထပ်တိုးတည်ဆောက်တဲ့နေရာမှာ ဦးဆောင်လမ်းပြမှု ပေးခဲ့ပါတယ်။ ပြင်သစ်နိုင်ငံမှာ၊ အင်တွန်မက်စ်မာ (Anton Mesmer) ဆိုသူဟာ စိတ်ရောဂါသည်တွေကို ကုသပေးနိုင်ဖို့ရည်ရွယ်ပြီး ညှို့ဓာတ်သီအိုရီ (a theory of magnetism) ကို ဖော်ထုတ်ခဲ့ပါတယ်။


၁၇၈၄-ခုနှစ်မှာ၊ ပြင်သစ်နိုင်ငံ သိပ္ပံအကယ်ဒမီ (Academy of Science) က စိတ်ရောဂါသည်တွေကို ကုသတဲ့နေရာမှာ မက်စ်မာရဲ့ ညှို့ဓာတ်ကြိမ်လုံးအသုံးပြုမှု (use of magnetic wand) ကို စူးစမ်းလေ့လာမှုပြုခဲ့ပြီး၊ အဲဒါဟာ လျော်ကန်သင့်မြတ်တဲ့ ကုထုံးတစ်ရပ်မဟုတ်ကြောင်း ကြေညာ ခဲ့ပါတယ်။ သို့သော်လည်း အဲဒီ ညှို့ဓာတ်သီအိုရီဟာ စိတ်ကုထုံးတစ်ရပ်အနေနဲ့၊ ၁၉-ရာစုနှောင်းပိုင်းမှာ ပေါ်ထွန်းလာတဲ့ စိတ်ညှို့ပညာ (Hypnotism) ခေါ် စမ်းသပ်မှုအသစ်တစ်မျိုးကိုတော့ ပေါ်ထွန်းစေခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံက ခွဲစိတ်ကုဆရာဝန် ဂျိမ်းဘရတ် (Surgeon Jame Braid) ဟာ စိတ်ရောဂါကုထုံးတစ်ရပ်အဖြစ် စိတ်ညှို့ပညာကို လက်ကိုင်ပြုခဲ့ပါတယ်။ ပြင်သစ်နိုင်ငံက၊ သမားတော် ချားကော့ (Charcot) ကတော့ စိတ်ရောဂါသည်တွေကို စိတ်ညှို့ပညာနဲ့ ကုသပေးတဲ့ ဆေးခန်းတစ်ခုကို ဖွင့်လှစ်ခဲ့ပါတယ်။ ဦးနှောက်နှင့် အာရုံကြောပါရဂူ (Neurologist) အဖြစ် အများက လက်ခံသတ်မှတ်ခြင်းခံရတဲ့ ဆက်ဂမန်ဖရဒ် (Sigmund Freud) သည်လည်း သြစတီးရီးယားနိုင်ငံ၊ ဗီယာနာ (Vienna) မြို့တော်မှာ ဒီနည်းကိုပဲ အသုံးပြု ကုသပေးခဲ့ပါတယ်။


ဒေါက်တာမိုင်နာ့ဒ် (Dr. Meynert) တို့လို ဦးနှောက်နဲ့အာရုံကြောပါရဂူ အချို့ကတော့ ကုထုံးတစ်ရပ်အနေနဲ့ အသုံးပြုနေတဲ့ စိတ်ညှို့ပညာရဲ့ အကျိုးသက်ရောက်မှုနှင့်ပတ်သက်ပြီး ဖရဒ် (Sigmund Freud) ကို စိန်ခေါ်ခဲ့ကြပါတယ်။ ဥရောပတခွင်က နေရာအနှံ့မှာ ဒီပညာရပ်နှင့်ပတ်သက်တဲ့ စကားစစ်ထိုးပွဲကြီးတွေ(the great debates) ဖြစ်ပွားခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ ဖရဒ်ဟာ စိတ်ညှို့ပညာကို စွန့်လွှတ်ခဲ့ပြီး၊ စိတ်ရောဂါများဖြစ်ပွားရခြင်းရဲ့ အကြောင်းရင်းတွေကိုရှာဖွေဖို့အတွက် လွတ်လပ်သောအဖွဲ့အစည်း၏ နည်းပညာ (the technique of free association) ကို အားကိုးအားထား ပြုလာခဲ့ပါတယ်။ ၁၈၈၂-ခုနှစ်မှာ၊ တုခ် နှင့် ဘခ်နဲလ် (Tuke and Bucknil) တို့ဟာ စိတ်ပညာဆိုင်ရာဆေးဝါးများ (Psychological Medicine) အမည်ရတဲ့ စာအုပ်ကို အင်္ဂလန်နိုင်ငံမှာ ထုတ်ဝေခဲ့ကြပါတယ်။ အီမဲလ်ကရပ်လင်း နှင့် ယူဂျင်ဘလော်ရာ(Emil Kraepelin and Eugen Bleuler) တို့ဟာ လက်တွေ့စိတ်ပညာ တိုးတက်ဖွံ့ဖြိုးမှု (the development of clinical psychology) အတွက် များစွာပံ့ပိုးပေးခဲ့ကြပါတယ်။ ကရပ်လင်းဟာ အောက်ပါ-


“စိတ်ရောဂါဝေဒနာပုံစံ သုံးမျိုးကို လေ့လာခဲ့ပါတယ်။”

-----------------------------------------------------


★ (က) ဦးနှောက်ထိခိုက်ဒဏ်ရာရမှုကြောင့်ဖြစ်ရတဲ့ စိတ်ဖောက်ပြန်မှု - Dementia praecox (ပင်ကိုယ်အရည်အသွေးများ ဆုတ်ယုတ်ပျက်စီးမှုဆီသို့ ဦးတည်တဲ့ စိတ်ရောဂါတစ်မျိုးဖြစ်ပြီး၊ ခုချိန်မှာတော့ စိတ်ကစဉ့်ကလျားရောဂါ (Schizophrenia) လို့ သုံးစွဲကြပါတယ်။)


★ (ခ) အလွန်အမင်း စိတ်ကြွ၊ စိတ်ကျလွန်းမှု - Manic depressive psychosis (အချိန်ကာလတစ်ခုအတွင်းမှာ စိတ်တက်ကြွလှုပ်ရှားလွန်းခြင်းနှင့် စိတ်ပျက်ညှိုးငယ်လွန်းခြင်း တလှည့်စီဖြစ်နေသော စိတ်ရောဂါတစ်မျိုးဖြစ်ပါတယ်။)


★ (ဂ) မိမိကိုယ်ကိုအထင်ကြီးစိတ်ဝင်ပြီး သူတစ်ပါးက မိမိကို မနာလိုတိုရှည်ဖြစ်ကာ ရန်ပြုခံရမည့်ဘေးနှင့် ရင်ဆိုင်နေရသည်ဟု ယုံမှတ်မှားသော စိတ်ရောဂါ - Paranoia (စိတ်ကြီးဝင် အထင်မှားခြင်း နှင့် အမြဲတစေ ရန်ပြုနှောင့်ယှက်ခံနေရသည်ဟု ထင်မှတ်မှားသော စိတ်ရောဂါတစ်မျိုး။) ၁၈၈၅- ခုနှစ်မှ ၁၉၂၀- ခုနှစ်အတွင်း၊ ဖရဒ် (Sigmund Freud) ဖော်ဆောင်တိုးတက်စေခဲ့တဲ့ စိတ်ရောဂါသရုပ်ခွဲမှု ပညာရပ် (psychoanalytic) ဟာ ဖရဒ်ရဲ့ တပည့်တွေဖြစ်ကြတဲ့ ကာလ်ဂျုန် (Carl Jung) နှင့် အဲဖရဒ်အဒါလ် (Alfred Adler) တို့ကြောင့် စိတ်ပညာကုထုံးကို ချဉ်းကပ်မှုပုံစံအသစ်နဲ့ တိုးတက်ဖွံ့ဖြိုးလာစေတဲ့အထိ ပို့ဆောင်လမ်းပြနိုင်ခဲ့တယ်။


အမေရိကန် စိတ်ပညာသရုပ်ခွဲမှုအဖွဲ့ (American Psycho- analytic Association) တည်ထောင်နိုင်ခြင်းသည်လည်း မျက်မှောက်ခေတ် စိတ်ရောဂါကုထုံး ဖွံ့ဖြိုးတိုးတက်မှုရဲ့ သမိုင်းမှတ်တိုင်တစ်ခုပဲဖြစ်ပါတယ်။ အနောက်ကမ္ဘာရဲ့ စိတ်ပညာကုထုံးဟာ ဘယ်တုန်းကမှ ရပ်တန့်တုန့်ဆိုင်း မနေခဲ့ပါဘူး။ လွန်ခဲ့တဲ့ ၁၂၅-နှစ်တာကာလအတွင်းတုန်းကတော့ စိတ်ပညာကုထုံး (Psychotherapy)၊ ခုနေအခါမှာတော့ စိတ်ရောဂါကုသမှု (Psychiatry) လို့ ပိုသိလာကြတဲ့ ပညာရပ်ဟာ သုတေသနဘာသာရပ်တစ်ခု (a subject of research) ဖြစ်လာနေခဲ့ပါပြီ။ စိတ်ရောဂါတွေအတွက် ဆေးဝါးအသစ်အဆန်း အများအပြားကို ရှာဖွေတွေ့ရှိထားကြပြီးဖြစ်သလို အသစ်အသစ်သော စိတ်ရောဂါကုဆေးဝါးတွေကိုလည်း စျေးနှုန်းချိုချိုဖြင့် နှိုင်းယှဉ် ဝယ်ယူနိုင်လာကြပြီဖြစ်ပါတယ်။ စောစောကပြောခဲ့သလို စိတ်ပညာကုထုံးငါးမျိုးကို တိုးတက်ဖွံ့ဖြိုးစေခဲ့ကြပြီ ဖြစ်ပါတယ်။ အနောက်ကမ္ဘာမှာ ၁၉-ရာစုအဆုံးပိုင်းအထိ စိတ်ရောဂါသည်တွေကို ကုသပေးခဲ့မှုတွေနဲ့ကြည့်ရင် ဒီနေ့ခေတ် စိတ်ရောဂါရှင်တွေကို လူသားဆန်ဆန် ကုသပေးမှုဟာ မတူကွဲပြားတဲ့ ခြားနားမှုကြီး တစ်ခုပဲ ဖြစ်ပါတယ်။


Credit to: အရှင်ဝိသာရဒ (ရမ္မာဝတီ)


+++++++


Ven. Ashin Sundara (Thein Naing Ohn) (10.10.2022)





“စိတ်ပညာကုထုံး တိုးတက်ဖြစ်ထွန်းလာမှုများ (Buddhist Psychotherapy 3)” ★★★★★★★★★★★★★★★★★★★★★★★★★★★★★★★★★★★★★★


၂၀-ရာစုအတွင်းမှာတော့ သုတေသနများစွာဟာ လမ်းကြောင်းနှစ်ခု ကွဲလာခဲ့ပါတယ်။ အဲဒါတွေကတော့-


(က) ရူးသွပ်နေသူ ဟုတ်-မဟုတ် ဆုံးဖြတ်နိုင်မယ့် စိတ်ရောဂါတွေကို သိပ္ပံနည်းကျလေ့လာခြင်း။ (သတ်မှတ်စိတ်ရောဂါများ၏ ရုပ်ပိုင်းဆိုင်ရာအခြေအနေများ (Physical conditions of specific mental illnesses) နှင့် ထိုစိတ်ရောဂါများကို ဖြစ်ပေါ်စေသည့် အကြောင်းတရားများကို လေ့လာခြင်းဖြစ်သည်)


(ခ) စိတ်ရောဂါကုဆေးဝါးတွေရဲ့ ဓာတ်တုန့်ပြန်မှု- the chemical reaction of psychotherapeutic drugs နှင့် စိတ်ကျန်းမာရေး ပြန်လည်ကောင်းမွန်လာစေမှုအပေါ် ဆေးဝါးတွေရဲ့ အကျိုးသက်ရောက်မှု (Their efficacy in restoring mental health of the patients) ကို သိပ္ပံနည်းကျလေ့လာခြင်း တို့ပါပဲ။ ဒါကတော့… အနောက်ကမ္ဘာမှာ တွေ့ရှိနိုင်တဲ့ စိတ်ကျန်းမာရေးသုတေသနနည်းပညာ တိုးတက်လာမှုတစ်ခုပါပဲ။ အဲဒီသုတေသနနည်းပညာ တိုးတက်လာမှုဟာ စိတ်ရောဂါကုဆေးဝါးတွေကို စျေးနှုန်းချိုချိုသာသာနဲ့ အပြိုင်အဆိုင် ထုတ်လုပ်ရောင်းချလာနိုင်ကြခြင်း၊ စိတ်ရောဂါအမျိုးအစားတွေကို ခွဲခြားသတ်မှတ်လာနိုင်ကြခြင်းဆိုတဲ့ အကျိုးရလာဒ်တွေကို ဖြစ်ထွန်းစေခဲ့ပါတယ်။ ခုခါမှာတော့ ပုဂ္ဂလိကဆေးခန်းတွေ (private clinics)၊ ပြည်သူ့ဆေးခန်းတွေ (public clinics) နှင့် ပုဂ္ဂလိကဆေးရုံတွေ (private hospitals) တွေမှာ၊ ၂၀-ရာစု အစောပိုင်းကာလအထိ စိတ်ရောဂါသည်တွေကို ကုသပေးခဲ့တဲ့ပုံစံတွေနဲ့မတူ တမူခြားနားတဲ့၊ ပိုပြီးလူသားဆန်တဲ့ စိတ်ပညာကုထုံးတွေနဲ့ ကုသမှုခံယူနိုင်ကြပြီဖြစ်ပါတယ်။ စိတ်ပညာကုထုံးတွေနဲ့အတူ စိတ်ရောဂါသရုပ်ခွဲမှု နည်းစနစ်များစွာဟာလည်း အနောက်ကမ္ဘာတလွှားမှာ ခေတ်မှီဖွံ့ဖြိုး တိုးတက်လာခဲ့ပါတယ်။ အဲဒီစိတ်ရောဂါသရုပ်ခွဲသင်တန်းကျောင်းတွေကို-


(က) ပင်ကိုယ်အမူအကျင့်ကို အသားပေးလေ့လာသောကျောင်းတွေ (Personality oriented schools) နှင့်


(ခ) ရောဂါလက္ခဏာကို အသားပေးလေ့လာသောကျောင်းတွေ (Symptom oriented schools) ဆိုပြီး အုပ်စုနှစ်စု ခွဲခြားနိုင်ပါတယ်။ ပါမောက္ခ အန်ထိုနီစတိုရ်း (Prof. Anthony Storr) ဟာ ပင်ကိုယ်စရိုက်ကို အသားပေးလေ့လာမှုကို ထောက်ခံအားပေးသူ (the exponents of the personality oriented) တစ်ယောက် ဖြစ်ပြီး၊ လူတစ်ဦးချင်းစီရဲ့ နောက်ကြောင်း ဖြစ်စဉ်များကို ပြန်လည်ဖော်ထုတ်တဲ့ စိတ်ရောဂါကုထုံး (individual psychoanalysis) ကို ထောက်ခံ အားပေးသူလည်းပါတယ်။ သူ့ရဲ့ စိတ်ရောဂါကုပညာ (The Art of Psychotherapy) စာအုပ်ဟာ ဘွဲ့လွန်ဆေးကျောင်းသားတွေအတွက် ရည်ရွယ်ခဲ့ပြီး၊ ဆွေးနွေးဖို့သင့်တော်တဲ့ အခန်းတစ်ခန်း (an appropriate consultation room) မှာ သရုပ်ခွဲကုထုံး (analytical therapy) ကို ဘယ်လိုစတင်သင့်တယ်ဆိုတာကို ရှင်းပြထားတဲ့ စာအုပ်ဖြစ်ပါတယ်။ ပါမောက္ခ စတိုရ်းရဲ့ အလိုအရဆိုရင် စိတ်ရောဂါသည်တွေကို အောက်ပါအတိုင်း… ‘အုပ်စုလေးမျိုး ခွဲခြားနိုင်ပါတယ်’


---------------------------------


(က) စိတ်လှုပ်ရှားလွန် အမူအကျင့် ရှိသူများ - The hysterical personality


(ခ) စိတ်ဓာတ်ကျလွန် အမူအကျင့် ရှိသူများ - The depressive personality


(ဂ) အတွေးလွန် အမူအကျင့် ရှိသူများ - The obsessional personality


(ဃ) စိတ်ကစဉ့်ကလျား အမူအကျင့် ရှိသူများ - The schizoid personality


★ “စိတ်လှုပ်ရှားလွန် အမူအကျင့် - The hysterical personality” =====================================

စိတ်လှုပ်ရှားလွန် အမူအကျင့်ဆိုတာ ဆောင်ရွက်နိုင်စွမ်းမရှိသယောင် အထင်မှတ်ခံရမှာ ကြောက်တဲ့အတွက် အခြားသူအပေါ် ပျာပျာသလဲ ဆက်ဆံလိုစိတ်ရဲ့ လွှမ်းမိုးခြင်းကို ခံရတဲ့ အမူအကျင့်ဖြစ်တယ်လို့ ပါမောက္ခ စတိုရ်းက ဆိုပါတယ်။ အဲဒီအမူအကျင့်ဟာ… ဂဏာမငြိမ်ဖြစ်မှု (restless activity)၊ မူယာမာယာများလွန်းမှု နှင့် ပုံကြီးချဲ့မှု (dramatization and exaggeration)၊ လူတောသူတောထဲမှာသော်လည်း လူလုံးတပြပြနေတတ်မှု (seductiveness either social)၊ အလိုရမ္မက်နှင့်ပတ်သက်လာလျှင် ပေါ်ပေါ်ထင်ထင်ပြုတတ်မှု (overtly sexual in manner)၊ လူတစ်ဖက်သား စိတ်အနှောင့်အယှက်ဖြစ်ရလောက်အောင် မကြာခဏပြုတတ်မှု (often creating disappointment in the other person)၊ မရင့်ကျက်မှုနှင့် လူတစ်ဖက်သားအပေါ် လိမ်ညာမှီခိုတတ်မှု (immature and unrealistic dependence on others) တို့ကို ဖြစ်စေတတ်ပါတယ်။ စတိုရ်းရဲ့အဆိုအရ စိတ်လှုပ်ရှားလွန်အမူအကျင့်ရဲ့ အထင်ရှားဆုံး သွင်ပြင်လက္ခဏာကတော့ လူနာဟာ သူကိုယ်တိုင် သတိမပြုမိတဲ့ ကြံရွယ်ချက်ကို ဖော်ဆောင်နေမိတတ်ခြင်းပါပဲ။ အဲသလိုဖြစ်ရတာဟာလည်း အဲသလို လက္ခဏာတွေဟာ လူနာရဲ့ မသိစိတ်အတွင်းက လျှပ်တပြက် ပေါ်ထွက်လာတတ်တာမျိုးတွေ ဖြစ်တဲ့အတွက်ကြောင့်ပါပဲ။ စိတ်လှုပ်ရှားလွန်ရောဂါသည်တွေဟာ ကိုယ့်ကိုယ်ကိုဖိအားပေးလေ့ ရှိတတ်ကြပါတယ်။ (for details see the section on psycho- analytic therapy)


★“စိတ်ဓာတ်ကျလွန် အမူအကျင့် - The depressive personality” ======================================

စိတ်ကျဝေဒနာခံစားကြရသူများဟာ ခံစားရတဲ့ အတိုင်းအတာအလိုက် အကြောက်လွန် စိတ်ဓာတ်ကျသူများ (neurotic) နှင့် အကြီးအကျယ် စိတ်ပျက်ညှိုးငယ်သူများ (psychotic) ဆိုပြီး အုပ်စုနှစ်မျိုး ကွဲပြားလျက်ရှိကြောင်း စိတ်ပညာကျမ်းပြုဆရာများက လက်ခံထားကြပါတယ်။ ကြောက်စိတ်လွန်စိတ်ကျရောဂါ (neurotic depression) ဟာ များသောအားဖြင့် လူနာကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ ပြင်ပက စိတ်စွဲစရာ အဖြစ်အပျက်တစ်ခုခု (a perceivable external event experienced by patient) ကြောင့် ဖြစ်တတ်လေ့ ရှိပါတယ်။ ကြောက်စိတ်လွန်စိတ်ကျရောဂါသည် (neurotic patient) ဟာ စိတ်ပိုင်းဆိုင်ရာအကြောင်းရင်း သက်သက်ကြောင့်- သေချာတိကျတဲ့ စိတ်ဖိစီးစရာအခြေအနေ (certain psycho-somatic) တစ်ခုခုကြောင့် ဖြစ်ရတဲ့အတွက်၊ စိတ်ပျက်လွန်စိတ်ဓာတ်ကျရောဂါသည် (psychotic patient) လိုတော့ ပင်ကိုယ်အမူအကျင့် ယိုယွင်းလာတာမျိုး (deterioration of his personality) မဖြစ်တတ်ပါဘူး။ ဒါကြောင့် စိတ်ပျက်လွန်စိတ်ကျရောဂါ (psychotic depression) ကို အကြောင်းပြချက်ရေရေရာရာမရှိတဲ့ စိတ်ရောဂါ (endogenous) လို့ ပြောဆိုကြတာဖြစ်ပါတယ်။ (စိတ်ပျက်လွန်စိတ်ကျရောဂါသည်တွေကတော့ အကြောင်းပြချက် ရေရေရာရာ ရှင်းရှင်းလင်းလင်း တိတိကျကျ မရှိဘဲ စိတ်ကျဝေဒနာ ခံစားနေကြရတာဖြစ်တဲ့အတွက် သူတို့ရဲ့ ပင်ကိုယ်အမူအကျင့်တွေဟာ ယိုယွင်းလာတတ်တယ်လို့ ဆိုလိုပါတယ်။ ဘာသာပြန်သူ)


★ “အတွေးလွန် အမူအကျင့် - The obsessional personality”

====================================


အတွေးလွန် အမူအကျင့်ရှိသူတွေကတော့ အတွေးတွေ တပုံတခေါင်းဖြစ်လွယ်သူတွေ (who are prone to develop obsessional) (သို့မဟုတ်) တောက်လျှောက် တွေးနေတတ်တဲ့အမူအကျင့် (compulsive symptoms) ရှိသူတွေ ဖြစ်ကြပါတယ်။ အတွေးများလွန်းတဲ့ အကြောက်လွန်စိတ်ရောဂါ (obsessive compulsive neurosis) ဟာ ရှားပါးတဲ့ စိတ်ရောဂါတစ်မျိုး (an uncommon mental disorder) ဖြစ်ပြီး၊ ဘယ်ကမှန်းမသိတဲ့ အတွေးတွေ (unwelcome thoughts) ဟာ စိတ်ကူးထဲကို ဇွတ်တရွတ် ဝင်ရောက်လာတတ်ကြောင်းနှင့် ထပ်တလဲလဲတွေးနေစေတတ်ကြောင်း ဒေါက်တာလိတ်တဲလ် (Dr Lyttle) က ဆိုပါတယ်။


★ “စိတ်ကစဉ့်ကလျား အမူအကျင့် - The schizoid personality” =====================================


စတိုရ်း (Storr) ရှင်းပြခဲ့တဲ့ စိတ်ကစဉ့်ကလျား အမူအကျင့်ရဲ့ သဘောသဘာဝတွေ (character traits of schizoid personality) ဟာ အထက်မှာဖော်ပြခဲ့တဲ့ အမူအကျင့် (၃) မျိုးနဲ့ အတော့်ကို ကွာခြားပါတယ်။ စိတ်လှုပ်ရှားပြီး ပျာပျာသလဲဖြစ်လွန်းလာတဲ့အခါ ဆောင်ရွက်ပေးဖို့ ကတိပြုထားတာတွေကို မလုပ်ပေးနိုင်မှာစိုးပြီး စိတ်ဓာတ်ကျလာ တတ်ကြပါတယ်။ ဒါ့အပြင် စီမံဆောင်ရွက် ထားမှုတွေအပေါ်မှာလည်း အတွေးလွန်မှုတွေ ဖြစ်လာတတ်ကြပါတယ်။ စိတ်ကစဉ့်ကလျားဖြစ်တတ်သူတွေဟာ လူတောထဲကို အတင်းဆွဲခေါ်သွင်း တတ်သူတွေကြောင့် ဒုက္ခ အကြီးအကျယ် ရောက်ရလေ့ရှိတဲ့အတွက် ရင်းနှီးလွန်းသူတွေ (any kinds of human intimacy) ကို ရှောင်ဖယ်လေ့ ရှိတတ်ကြပါတယ်။ ဒီရောဂါအကြောင်း တတ်သိကျွမ်းကျင်သူတွေကတော့ ဒီရောဂါဖြစ်ရခြင်းရဲ့အကြောင်းရင်းတွေကို လူသိသိပ်မများလှဘူးလို့ ဆိုကြပါတယ်။ {Dr. H.S.S Nissanka ၏ Buddhist Psychotherapy }


Credit to: အရှင်ဝိသာရဒ (ရမ္မာဝတီ)


+++++++


Ven. Ashin Sundara (Thein Naing Ohn) (18.10.2022)




 
 
 

Comments


Post
Facebook-Logo-Square-768x768.png
Facebook-Logo-Square-768x768.png
Facebook-Logo-Square-768x768.png
google logo_edited.png

©2021 by Dhamma Notes by Thein Naing Ohn. Proudly created with Wix.com

bottom of page