ဝိပဿနာတရားတော်များ_Page 6
- Thein Naing Ohn
- Sep 20, 2021
- 22 min read
ဝိပဿနာအခြေခံတရားတော် (အပိုင်း ၃)
ပြီးခဲ့တဲ့နေ့ ပစ္စက္ခ, အနုမာန အကြောင်းကို ပြောရတာနဲ့ စကားဆက် ပြတ်သွားတယ်။ ယခု အတိတ် အနာဂတ် ကာလဝိမုတ်ကို မရှုရဘူး ဆိုတဲ့ မူလစကားကို ပြန်ရှင်းပါမယ်။ အတိတ် အနာဂတ် ကို ဘာကြောင့် မရှုရသလဲလို့ဆိုတော့ အတိတ် အနာဂတ် တရားကို ရှုယင် သဘောမှန် အတိုင်းလဲ မသိနိုင်ဘူး၊ ရှုသော်လဲ ကိလေသာ ငြိမ်းမှု မရှိဘူး၊ အဲဒါကြောင့် မရှုရတာပါပဲ။ ထပ်ပြီး ရှင်းပါမယ်။
အတိတ်တရားဆိုတာ ရှေးရှေးဘဝတွေက ဖြစ်ခဲ့ဘူးတာတွေကိုဆိုယင် လုံးလုံးကို မသိနိုင်တော့ပါဘူး၊ ယခုဘဝမှာလည်း ငယ်ရွယ်စဉ်က ဖြစ်ခဲ့တာတွေဆိုယင် မသိတာကဘဲ များပါတယ်။ အဲဒီတော့ အဲဒီလို အတိတ်တရားတွေကို ရှုလို့ သဘာဝ လက္ခဏာအားဖြင့် အမှန်အတိုင်း ဘယ်လိုလုပ်ပြီး သိနိုင်ပါမလဲ။ မသိနိုင်ပါဘူး။ မကြာမီက မြင်ခဲ့ ကြားခဲ့ သိခဲ့တာကလေးတွေကိုတော့ ပြန်ပြီး ဆင်ခြင်လိုက်ယင် ပေါ်လာနိုင်တယ်၊ ဒါပေမယ့် အဲဒီလိုဟာတွေကလည်း “ငါမြင်ခဲ့တယ်၊ ငါကြားခဲ့တယ်၊ ငါကြံခဲ့တယ်၊ ဟိုတုန်းက မြင်ခဲ့တာလည်း ငါဘဲ၊ ယခုဆင်ခြင်နေတာလည်း ငါဘဲ” စသည်ဖြင့် ငါကောင်အနေအားဖြင့်လည်း စွဲလမ်းပြီး မှတ်ပုံတင်ပြီး ဖြစ်နေကြပါတယ်။ မြဲတဲ့အနေ ချမ်းသာတဲ့ အနေအားဖြင့်လည်း စွဲလမ်းပြီး မှတ်ပုံတင်ပြီး ဖြစ်နေကြပါတယ်။
ဒါကြောင့် အဲဒါတွေကို ယခုမှ ပြန်ရှုပေမယ်လို့ သဘောတရား အနေနဲ့ မထင်တော့ပါဘူး။ စွဲလမ်းပြီး ဖြစ်နေတဲ့ အတွက် အဲဒီအစွဲဟာလည်း မပျောက်နိုင်တော့ပါဘူး။ သုတမယစိန္တာမယဉာဏ်ဖြင့် ရုပ် နာမ် သဘောတရား မျှဘဲလို့ ရှုနေပေမယ်လို့ တဖက်က မူလ စွဲလမ်းချက်အတိုင်း “ငါဘဲ ငါဘဲ” စသည်ဖြင့် ထင်မှတ်လျက်ပဲ ရှိနေတယ်၊ ဒီတော့ မမြဲဘူးလို့ ရှုလိုက်ယင်း တဖက်က မြဲတယ်လို့ ပေါ်လာယင်း၊ ဆင်းရဲလို့ ရှုလိုက်ယင်း တဖက်က ချမ်းသာတယ်လို့ ပေါ်လိုက်ယင်း၊ အနတ္တလို့ ရှုလိုက်ယင်း၊ တဖက်က အတ္တပါလို့ ပေါ်လာယင်းနဲ့ ကိုယ်တစ်ယောက်ထဲ အငြင်းအခုံတွေ ဖြစ်နေတတ်တယ်။
နောက်ဆုံးကျတော့ ရှုတာက အနိုင်မရဘဲ မူလက စွဲလမ်းပြီးသား အတိုင်းသာ အတည် ဖြစ်နေတတ်ပါတယ်။ ယခု ပြောခဲ့တဲ့အတိုင်း စွဲလမ်းပြီး အတိတ်တရားတွေကို ရှုခြင်းဖြင့် သဘောမှန်လည်း မသိနိုင်ဘူး၊ အစွဲအလမ်း ကိလေသာကိုလည်း မငြိမ်းစေနိုင်ဘူး၊ ဒါကြောင့် အတိတ်တရားကို စပြီး မရှုရတာလို့ မှတ်ထားကြပါ။
အနာဂတ်တရား ဆိုတာကတော့ မဖြစ်ပေါ်လာသေးလို့ “ဘယ်တော့ဖြစ်မယ်” လို့လည်း အတိအကျ မသိနိုင်ဘူး၊ ဘယ်လို ဖြစ်မယ် ဆိုတာ ကိုလည်း အတိအကျ မသိနိုင်ဘူး၊ ပြီးတော့ နောင်အခါမှ ဖြစ်မည့် တရားတွေကို စောစောက ကြိုတင်ပြီး ရှုထားပေမယ်လို့ နောင်တကယ်ဖြစ်ပေါ်လာတဲ့ အခါကျတော့ မရှုမိယင် တဏှာဒိဋ္ဌိကိလေသာက စွဲလမ်းဦးမှာပဲ။ ဒါကြောင့် အနာဂတ်ကို သုတမယ စိန္တာမယဖြင့် မှန်းဆပြီး ရှုတာဟာ သဘောမှန်လည်း မသိနိုင်ဘူး၊ အစွဲအလမ်း ကိလေသာကိုလည်း မငြိမ်းစေနိုင်ဘူး။ ဒီလိုအမှန်လည်းမသိ၊ ကိလေသာကိုလည်း မငြိမ်းစေနိုင်တဲ့အတွက် အနာဂတ်တရားကိုလည်း စပြီး မရှုရတာလို့ မှတ်ထားကြရမယ်။
ကာလဝိမုတ်ဆိုတာကတော့ မိမိသန္တာန် သူတပါးသန္တာန် မှာ ဖြစ်ခဲ့ပြီးလည်း မဟုတ်၊ ဖြစ်ဆဲလည်း မဟုတ်၊ တကယ်ဖြစ်လတံ့လည်း မဟုတ်ပါပဲ သုတစိန္တာ မျှဖြင့် ဆင်ခြင် တွေးဆပြီး ရှုနေတဲ့ တရားတွေပါပဲ။ အဲဒါကို သေသေချာချာ စဉ်းစားကြည့်ယင် စာသံ ပေသံ ပါ၍ ခံ့ခံ့ညားညား ရှိသော်လည်း အမည်ပညတ် အာကာရပညတ် သဏ္ဍာနပညတ် တွေမျှ ဖြစ်နေကြောင်း ထင်ရှားတွေ့ရပါတယ်။ ယခုဘဲစဉ်းစားကြည့်ပါ။
လူတစ်ယောက်က “ရုပ် အနိစ္စ, ရုပ် အနိစ္စ” လို့ဘဲဖြစ်ဖြစ်၊ “ရုပ်တရားသည် ခဏမစဲ တဖွဲဖွဲ ဖြစ်ပျက်နေသည်၊ ခဏမစဲ တဖွဲဖွဲ ဖြစ်ပျက်နေသောကြောင့် မမြဲ မမြဲ” လို့ဘဲဖြစ်ဖြစ် ဆင်ခြင်ပြီး ရှုနေတယ် ဆိုပါတော့..
အဲဒီလို ရှုနေတဲ့ ရုပ်ဟာ ဘယ်က ရုပ်လဲ၊ တကယ်ဖြစ်ဖူးတဲ့ ရုပ်လား၊ တကယ်ဖြစ်နေဆဲ ရုပ်လား၊ တကယ်ဖြစ်မည့် ရုပ်လား၊ မိမိသန္တာန်က ရုပ်လား၊ သူတပါး သန္တာန်က ရုပ်လား၊ မိမိသန္တာန်က ဆိုလျှင် ခေါင်းထဲက ရုပ်လား၊ ကိုယ်ထဲက ရုပ်လား၊ လက်ထဲက ရုပ်လား၊ ခြေထဲက ရုပ်လား၊ စက္ခုဒွါရက ရုပ်လား၊ သောတဒွါရက ရုပ်လား စသည်ဖြင့် စစ်ဆေးကြည့်ပါ၊ ဘယ်က ရုပ်မျှ မဟုတ်ဘဲ အမည်ပညတ် စသော စိတ်ကူးအာရုံမျှ ဖြစ်နေကြောင်း ထင်ရှားပါလိမ့်မည်။ ဒါကြောင့် ကာလဝိမုတ်ကိုလည်း မရှုရတာပါပဲ။
ပစ္စုပ္ပန်ကိုတော့ ဘာကြောင့် ရှုရပါသလည်းဆိုယင် ပစ္စုပ္ပန်တရားဆိုတာ ယခုမှ ဒွါရ ၆ ပါးမှာ ထင်ပေါ်လာတယ်၊ အဲဒါကို ဘယ်ကိလေသာနဲ့မှ မစွဲလမ်းရသေးဘူး၊ အဝတ်သစ်များမှာ အညစ်အကြေး မတင်သေးတာလို၊ စက္ကူအသစ်များမှာ မှင်စာလုံး မထင်သေးတာလို အသစ်စက်စက် စင်ကြယ်နေတယ်။ အဲဒါကို ဝိပဿနာက ဦးအောင်ရှုမိလို့ အမှန်အတိုင်း သိသွားယင် အဲဒီတရားအပေါ်မှာ ကိလေသာအညစ်အကြေးတွေ မကပ်ငြိ မစွဲလမ်းနိုင်တော့ဘူး၊ မရှုမိယင်တော့ အဲဒီတရားကို ကိလေသာက စွဲလမ်းသွားတယ်၊ စွဲလမ်းပြီးမှတော့လည်း ခုနကပြောခဲ့တဲ့အတိုင်း ပြုပြင်လို့ မရတော့ဘူး။ ဒါကြောင့် ဒီသဘောကို နားလည်အောင် “ဖြစ်ခိုက် မရှု၊ ရုပ်နာမ်စု၊ စွဲမှု ဝင်ရောက်သည်” လို့ ဆိုတာပါ။
ဖြစ်ခိုက်မှာ ဖြစ်တုန်း ဖြစ်ဆဲမှာ မရှုမိလို့ရှိယင် အဲဒီရုပ်နာမ်အပေါ်မှာ စွဲလမ်းမှု ဝင်ရောက်ပါတယ်တဲ့။ ကာမုပါဒါန် ခေါ်တဲ့ တဏှာနဲ့လည်း စွဲလမ်းတယ်၊ ဒိဋ္ဌုပါဒါန် သီလဗ္ဗတုပါဒါန် အတ္တဝါဒုပါဒါန် ခေါ်တဲ့ ဒိဋ္ဌိနဲ့လည်း စွဲလမ်းတယ်။ အဲဒီစွဲလမ်းဆိုတာဟာ ဥပါဒါန်ပဲ၊ ဥပါဒါန်ဖြစ်ယင် ဘာတွေ ဖြစ်သွားသလည်းဆိုတော့ -
“တဿုပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿု ပါယာသာ သမ္ဘဝန္တိ၊ ဧဝ မေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ .. ဆိုတဲ့ -
ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်အတိုင်း ဆင်းရဲ တရားတွေချည်း ဖြစ်သွားတယ်။ ဒါကြောင့် “စွဲလမ်းတယ်” ဆိုတာဟာ သေးသေးကွေးကွေး တရားမဟုတ်ဘူး၊ ကာမုပါဒါန် ဒိဋ္ဌုပါဒါန် သီလဗ္ဗတုပါဒါန် အတ္တဝါဒုပါဒါန် ဆိုတဲ့ အင်မတန်ကြီးကျယ်တဲ့ ဥပါဒါန်တရားကြီးပဲ။
အဲဒီစွဲလမ်းမှု ဥပါဒါန်ဖြစ်တော့ ကမ္မဘဝ ခေါ်တဲ့ ကုသိုလ်ကံ အကုသိုလ်ကံတွေ ဖြစ်မြောက်လာတယ်။ ဖြစ်ပုံကတော့ - စွဲလမ်းမိတဲ့သူဟာ “ဘယ်လိုလုပ်ယင် ကောင်းစား ချမ်းသာလိမ့်မယ်လို့ ကိုယ့်ထင်မြင် စွဲလမ်းချက် ရှိတဲ့အတိုင်း ကိုယ်အလိုရှိတာတွေ ပြီးစီးအောင် တခုခုကို သူလုပ်တော့တာပါပဲ။ သူထင်ရာ သူလုပ်တာပါပ။ ယခုလူတွေ လုပ်ကိုင် နေကြတာတွေဟာ ကောင်းတာလည်း ရှိတယ်၊ ဆိုးတာလည်း ရှိတယ်၊ အဲဒါတွေဟာ သူ့အထင်နဲ့သူ ကောင်းတယ် ထင်ရာတွေကို လျှောက်လုပ်နေကြတာပါပဲ၊ အဲဒီလို ကောင်းတယ် ထင်တာက ဘာလဲဆိုယင် .. ဥပါဒါန်ပဲ။
ပြီးတော့ လူချမ်းသာ နတ်ချမ်းသာ ဘဝမှာလည်း အိုရ သေရ ရုံတွင် မကသေးဘူး၊ သောကပရိဒေဝဒုက္ခ ဒေါမနဿုပါယာသာ သမ္ဘဝန္တိ - အကြောင်းအားလျော်စွာ စိုးရိမ်ပူဆွေးရတာတွေ ငိုကြွေးရတာတွေ ကိုယ်ဆင်းရဲ အမျိုးမျိုးတွေ စိတ်ဆင်းရဲ အမျိုးမျိုးတွေ စိတ်နှလုံး ပြင်းစွာ ပူပန်ရတာတွေလည်း ဖြစ်ပေါ်လာကြသေးတယ်တဲ့။ ဒါတွေဟာ အကုန်လုံး မလိုလားအပ်တဲ့ ဆင်းရဲတွေချည်းပဲ။ ဒါကြောင့် “ဧဝံ၊ ဤဆိုခဲ့သောနည်းဖြင့်။ ကေဝလဿ၊ ချမ်းသာနှင့် မရောမယှက် သက်သက်သော။ ဧတဿ ဒုက္ခက္ခန္ဓဿ၊ ထိုဆင်းရဲအစု၏။ သမုဒယော၊ ဖြစ်ခြင်းသည်။ ဟောတိ၊ ဖြစ်ပါတယ်” တဲ့
ဒီ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်အရအားဖြင့် စွဲလမ်းမှု ဥပါဒါန်ကြောင့် ကုသိုလ် ကမ္မဘဝ ဖြစ်ပေါ်လာတာလည်း ကြောက်စရာကောင်းတဲ့ ဆင်းရဲပဲ၊ အဲဒီ ကမ္မဘဝကြောင့် လူချမ်းသာ နတ်ချမ်းသာ ဖြစ်ရတယ်ဆိုတာလည်း ဖြစ်ရ အိုရ သေရ စိုးရိမ်ပူဆွေးရ ငိုးကြွေးရ ကိုယ်စိတ်ဆင်းရဲရ အစရှိတဲ့ ဒုက္ခတွေကြောင့် ကြောက်စရာကောင်းတဲ့ ဆင်းရဲတွေချည်းပဲ၊ အကုန်လုံး ဆင်းရဲချည်းပဲလို့သာ ဆိုရတယ်။
မှန်ကန်တဲ့ အစွဲအလမ်းကြောင့် ကုသိုလ်ကမ္မဘဝဖြစ်ပုံအပြင် မှားယွင်းတဲ့ အစွဲအလမ်းကြောင့် အကုသိုလ် ကမ္မဘဝ စသည်ဖြစ်ပြီး အတိုင်းထက်အလွန် ဆင်းရဲတာတွေလည်း ရှိသေးတယ်။
ဒါကြောင့် ဥပါဒါန်ဆိုတာ အင်မတန် ကြောက်စရာကောင်းပါတယ်၊ အင်မတန်လည်း အရေးကြီးပါတယ်။ ဝိပဿနာ ရှုရတယ်ဆိုတာ ဒီဥပါဒါန် မဖြစ်နိုင်အောင် ဥပါဒါန် ငြိမ်းသွားအောင်လို့ ရှုရတာပဲ။ ဒါကြောင့် ဆောင်ပုဒ်ထဲမှာ “မစွဲဘို့ရာ ရှုရပါတယ် ဆိုတာကို ဖော်ပြထားတာပဲ။ တဏှာနဲ့ သာယာပြီး မစွဲလမ်းဘို့၊ ဒိဋ္ဌိနဲ့ အထင်မှားပြီး မစွဲလမ်းဘို့ မြဲတဲ့အနေ ချမ်းသာတဲ့အနေအားဖြင့် သာယာပြီး မစွဲလမ်းဘို့၊ အသက်ကောင် သတ္တဝါကောင် ငါကောင် အနေအားဖြင့် ထင်မှားပြီး မစွဲလမ်းဘို့ ရှုရတာပဲ။
ဒီလို မရှုနိုင်တဲ့ သူတွေမှာ မြင်တိုင်း ကြားတိုင်း တွေ့တိုင်း သိတိုင်း အဲဒီလိုဘဲ စွဲလမ်းနေရတယ်။ ဝိပဿနာဉာဏ်နဲ့ ပိုင်ပိုင်နိုင်နိုင် မသိသေးယင် မြင်ရာကနေပြီး ဒီအတိုင်းဘဲ စွဲလမ်းနေကြပါတယ်။ လူတိုင်း ကိုယ့်ဟာကိုယ် စဉ်းစားကြည့်ယင် “ဒီအတိုင်း စွဲလမ်းမှုရှိနေတယ်” ဆိုတာကို ကိုယ့်ဟာကိုယ်ဘဲ ထင်ရှား သိနိုင်ပါတယ်။
တသက်လုံး တဘဝလုံး အသက်ရှင်နေတဲ့ သတ္တဝါကောင်ကလေးအနေနဲ့ ကိုယ့်ဟာကိုယ်လည်း ထင်နေတယ်၊ သူများတွေကိုလည်း ထင်နေတယ်။ အမှန်ကတော့ တသက်လုံး တဘဝလုံး အသက်ရှင်ပြီး တည်နေတဲ့ အသက်ကောင် သတ္တဝါကောင်ဆိုတာ ရှိတာကိုမဟုတ်ဘူး၊ တခုပြီးတခု ဆက်ကာ ဆက်ကာ မပြတ်ဖြစ်နေတဲ့ စိတ်ကလေးတွေနဲ့ ရုပ်ကလေးတွေ ဒီရုပ်နာမ် ၂ မျိုးသာရှိတာဘဲ။ ဒီရုပ်နာမ်တွေကိုဘဲ ပုဂ္ဂိုလ်သတ္တဝါအနေနဲ့ ထင်မှတ်စွဲလမ်းနေကြတာဘဲ။
မြင်ရာက စွဲလမ်းသလိုဘဲ ထိုအတူ ကြားရာကလည်း စွဲလမ်းတယ်၊ နံရာ စားရာ တွေ့ထိရာတွေကလည်း စွဲလမ်းတယ်၊ စိတ်ကူး စဉ်စား ကြံသိရာကတော့ ငါကောင် သတ္တဝါကောင် အနေနဲ့ အစွဲလမ်းဆုံးပါပဲ။ ဒီလို ဒွါရ ၆ ပါးက ဒိဋ္ဌိနဲ့လည်း အထင်မှားပြီး စွဲလမ်းနေကြတယ်။ ဒါကြောင့် အဲဒီလို အထင်မှားပြီး စွဲလမ်းမှုတွေ မဖြစ်ရအောင်လို့လည်း ရှုရတာပဲ။
ဒါကြောင့် ဆောင်ပုဒ်က “မစွဲဘို့ရာ ရှုရပါတယ်” လို့ ဆိုထားတယ်။ အဲဒီလို ရှုတော့လည်း ဖြစ်ဆဲ ဖြစ်ခိုက်မှာ ရှုပါမှ စွဲလမ်းမှုက ကင်းငြိမ်းနိုင်တယ်။ ဒါကြောင့် “ဖြစ်ဆဲမှာ ရှုရပါတယ်” လို့လည်း ဆိုထားပြန်တယ်။ အဲဒီလို ဖြစ်ဆဲ ဖြစ်ခိုက်မှာ မရှုယင် ဘာဖြစ်သလည်းဆိုတော့ စွဲလမ်းမှုတွေဖြစ်တယ်။ ဒါကြောင့် -
“ဖြစ်ခိုက်မရှု၊ ရုပ်နာမ်စု၊ စွဲမှုဝင်ရောက်သည်” လို့ ဆိုထားတာဖြစ်ပါတယ်။
ဖြစ်ခိုက်ဆိုတာ မြင်ခိုက် ကြားခိုက် နံခိုက် စားသိခိုက် တွေ့ထိခိုက် ကွေးခိုက် ဆန့်ခိုက် လှုပ်ရှားခိုက် ကြံသိခိုက် အဲဒါတွေပါပဲ။ အဲဒီ မြင်ခိုက် ကြားခိုက် စသည်မှာ မရှုမိလို့ရှိယင် အဲဒီ ရုပ်နာမ်တရားတွေအပေါ်မှာ မြဲတဲ့အနေနဲ့ စွဲလမ်းမှု၊ ချမ်းသာတဲ့အနေနဲ့ စွဲလမ်းမှု၊ ပုဂ္ဂိုလ်သတ္တဝါကောင်အနေနဲ့ စွဲလမ်းမှု၊ ဒီလို စွဲလမ်းမှုတွေက ဝင်ရောက်လာတယ်။
ဒီလို မြင်ရာစသည်မှာ စွဲလမ်းမှု ကိလေသာတွေ ဖြစ်နိုင်တာကလည်း မရှုလို့ပါပဲ၊ ရှုယင်တော့ မဖြစ်နိုင်ပါဘူး။ မြင်တိုင်း ကြားတိုင်း သိတိုင်း “မြင်တယ်၊ ကြားတယ်၊ သိတယ်” စသည်ဖြင့် ဖြစ်တိုင်း ဖြစ်တိုင်းကို ရှုနေယင် မြင်ပြီးပျောက်၊ ကြားပြီးပျောက်နဲ့ ချက်ချင်းပဲ ပျောက်ပျောက်သွားတာတွေကို တွေ့ရတယ်၊ ဒီလိုတွေ့ပြီး အမှန်အတိုင်းသိယင် ချစ်စရာလည်းမရှိဘူး၊ မုန်းစရာလည်း မရှိဘူး၊ ဘာမှစွဲလမ်းစရာ မရှိတော့ဘူး။ စွဲလမ်းစရာ မရှိယင် စွဲလမ်းမှုမဖြစ်နိုင်တော့ဘူးပေါ့။ ဒါကြောင့် မြင်တိုင်း ကြားတိုင်း တွေ့တိုင်း သိတိုင်း ကိလေသာကိန်းမှု စွဲလမ်းမှု မဖြစ်နိုင်အောင် ရှုဘို့ လိုပါတယ်။
ဒီတော့ အဲဒီလို စွဲလမ်းမှု မဖြစ်စေချင်လျှင် ဖြစ်တိုင်း ဖြစ်တိုင်း ချက်ချင်း ရှုရမယ်၊ ဒီလို ရှုသွားယင်တော့ စွဲလမ်းမှုတွေ ဖြစ်ခွင့်မရဘဲ ကင်းပျောက်သွားပါလိမ့်မယ်။ ဒါကြောင့် - ဖြစ်တိုင်း မှတ်ရှု၊ ရုပ်နာမ်စု၊ စွဲမှု ကင်းပျောက်သည်တဲ့။
ဖြစ်တိုင်းမှတ်ရှု ဆိုတာ မြင်တိုင်း ကြားတိုင်း နံတိုင်း စားသိတိုင်း တွေ့ထိတိုင်း ကွေးတိုင်း ဆန့်တိုင်း လှုပ်ရှားတိုင်း စိတ်ကူး စဉ်းစားကြံစည်တိုင် အဲဒါတွေကို ချက်ချင်းရှုရမယ်လို့ ဆိုလိုတယ်။ ဒါကြောင့် မြင်တိုင်း မြင်တိုင်း ယခု မြင်ယင် ယခုရှု၊ ယခု မြင်ယင် ယခုရှု၊ ဒီလို ချက်ချင်း ချက်ချင်း ရှုရှုသွားရတယ်၊ အကြွေးမထားရဘူး၊ ဝိပဿနာက အကြွေးမရဘူး။ ချက်ချင်း လက်ငင်း ရှုရှုသွားမှရတယ်။ ဒါမှ စွဲလမ်းမှုက မဝင်ရောက်နိုင်တာ။
ဆက်လက်ဖော်ပြပါမည်။
မှတ်ချက်။ ။ မဟာစည်ဆရာတော်ဘုရားကြီး၏ ဝိပဿနာအခြေခံတရားတော်မှ ကောက်နှုတ် မှတ်စုထုတ် ဖော်ပြပါသည်။ ဆရာတော်ဟောစဉ် အပြည့်အစုံမဟုတ်ပါ။ တူရာစု၍ မှတ်စုထုတ်ထားခြင်း ဖြစ်ပါသည်။ မှားယွင်းမှုတစုံတရာပါရှိပါက ကျနော်အပြစ်သာဖြစ်ပါသည်။
ဝိပဿနာအခြေခံတရားတော် (အပိုင်း ၄)
“ဖြစ်ခိုက် မရှု၊ ရုပ်နာမ်စု၊ စွဲမှု ဝင်ရောက်သည်” တဲ့
ဒီတော့ အဲဒီလို စွဲလမ်းမှု မဖြစ်စေချင်လျှင် ဖြစ်တိုင်း ဖြစ်တိုင်း ချက်ချင်း ရှုရမယ်၊ ဒီလို ရှုသွားယင်တော့ စွဲလမ်းမှုတွေ ဖြစ်ခွင့်မရဘဲ ကင်းပျောက်သွားလိမ့်မယ်။
“ချက်ချင်း ရှုရမယ်” ဆိုတာ မြင်ပြီးလျှင် ပြီးချင်း လက်ငင်း ရှုဖို့ပါပဲ။ ကျမ်းဂန်စကားဖြင့် ပြောရယင် စက္ခုဒွါရဝီထိ ဆုံးသွားလျှင်သွားခြင်း တဒနုဝတ္တကမနောဒွါရဝီထိတွေ မဖြစ်သေးခင် ဦးအောင် ရှုရမယ်လို့ ဆိုလိုပါတယ်။
အဆင်းကိုမြင်ရာမှာ ဝီထိစိတ်ဖြစ်ရိုးဖြစ်စဉ်က ဒီလိုရှိပါတယ်။
ပထမ ထင်ပေါ်လာတဲ့ အဆင်းကို မြင်တယ်၊ အဲဒါကို မြင်ဝီထိလို့ မှတ်ထားပါ။ ပြီးတော့ အဲဒီ မြင်ပြီးအဆင်းကို ပြန်လည် ဆင်ခြင်တယ်၊ အဲဒါကို ဆင်ခြင်ဝီထိလို့ မှတ်ထားပါ။ ပြီးတော့ မြင်ရတဲ့ အဆင်းတွေကို ပေါင်းစပ်ပြီးတော့ ပုံသဏ္ဍာန် အထည်ဒြဗ်အနေနဲ့ ထင်မြင်သွားတယ်၊ အဲဒါကို ဒြဗ်ဝီထိ လို့ မှတ်ထားပါ။ ပြီးတော့မှ အမည်ပညတ်ကို သိသွားတယ်၊ အဲဒါကို အမည်ဝီထိ လို့ မှတ်ထားပါ။ မတွေ့ဘူးလို့ အမည်မခေါ် တတ်တဲ့ ဝတ္ထုမျိုးဆိုယင်တော့ ဒီအမည်ဝီထိ မဖြစ်နိုင်တော့ပါဘူး။
အဲဒီ ၄ ဝီထိ ထဲမှာ ပထမ မြင်ဝီထိ ဖြစ်စဉ်က ဖြစ်ဆဲပစ္စုပ္ပန်အဆင်း ပရမတ်ကို မြင်သိသွားတယ်၊ ဒုတိယ ဆင်ခြင်ဝီထိမှာ မြင်ပြီး အတိတ်အဆင်း ပရမတ်ရုပ်ကိုဘဲ ပြန်ဆင်ခြင်တယ်။ ဒီဝီထိ ၂ ခုလုံး အဆင်းပရမတ် ရုပ်ကိုချည်း အာရုံပြုကြတယ်၊ ပညတ်ကို မရောက်သေးဘူး။ ထူးတာကတော့ ပစ္စုပ္ပန်နဲ့အတိတ် ဒါလောက်ပဲ ထူးခြားတယ်။ ပရမတ်အာရုံချင်းကတော့ အတူတူပါပဲ။
တတိယ ဒြဗ်ဝီထိ ကျတော့ ပုံသဏ္ဍာန် အထည်ဒြဗ်ပညတ်ကို ရောက်သွားပြီ၊ စတုတ္ထ အမည်ဝီထိကျတော့ အမည်ပညတ်ကိုတောင် ရောက်သွားပြီ။ ဒီက နောက်ဆက်ပြီးဖြစ်တဲ့ ဝီထိတွေကျတော့ အဲဒီ အထည်ဒြဗ်အမည်တွေနဲ့ စပ်ဆိုင်တဲ့ ပညတ် အမျိုးမျိုးတွေကို ရောက်သွားတယ်။ ဒီစိတ်အစဉ်တွေက ဝိပဿနာ မရှုတဲ့သူတွေမှာ ဖြစ်ရိုးဖြစ်စဉ်တွေပဲ။
မှတ်ချက်။ ။ မဟာစည်ဆရာတော်ဘုရားကြီး၏ ဝိပဿနာအခြေခံတရားတော်မှ ကောက်နှုတ် မှတ်စုထုတ် ဖော်ပြပါသည်။ ဆရာတော်ဟောစဉ် အပြည့်အစုံမဟုတ်ပါ။ တူရာစု၍ မှတ်စုထုတ်ထားခြင်း ဖြစ်ပါသည်။ မှားယွင်းမှုတစုံတရာပါရှိပါက ကျနော်အပြစ်သာဖြစ်ပါသည်။
ဘုမ်ကျဉ်း ဝိပဿနာ (အပိုင်း ၁)
ဥပစာရသမာဓိဈာန်ကို ရနေခိုက်မှာ ဝိပဿနာဘက် ကူးတက်လို့ ရနိုင်ပါတယ် ဆိုတဲ့စကားဟာ ထိုထို ပိဋကကျမ်းဂန်များမှာ ထင်ရှားရှိပါတယ်။
ပိဋကကျမ်းဂန်ကြီးများရဲ့ အဆိုအတိုင်း တကယ် ပေါက်ရောက်အောင်မြင်ဖို့ စနစ်မှန် စနစ်ကောင်းကို တွေ့ရန် သိရန် အင်မတန်လိုအပ်နေတယ်လို့ ဝိပဿနာ နည်းပြဆရာကြီးတွေ သဘောရှင်းပြီးသား ဖြစ်နေပါတယ်။
ဥပစာရဈာန်သမာဓိမှာ သမထနိမိတ်ကို (က) မမှိန်ထင်ရှား (ခ) မလှုပ်တည်ငြိမ် (ဂ) မပျောက်ခိုင်မြဲဆိုတဲ့ အင်္ဂါသုံးချက်နဲ့ ညီအောင် တွေ့မြင်နေယင် သမထအပ္ပနာသမာဓိဖြစ်ပြီ၊ အပ္ပနာဈာန်ကို ရပြီလို့ သိမှတ်ပါ။
သမာဓိဖြစ်ဖို့နဲ့ ခိုင်မြဲဖို့လုပ်ငန်းဟာ သမထနဲ့ဝိပဿနာလို့ နှစ်မျိုးကွဲနေတာကြောင့် လုပ်ငန်းအရခွဲယင် သမထသမာဓိ၊ ဝိပဿနာသမာဓိလို့ နှစ်မျိုးဖြစ်ပါတယ်။ သမာဓိရဲ့စွမ်းရည် သုံးမျိုးကွဲနေတာကြောင့် စွမ်းရည်အရခွဲယင် ခဏိက၊ ဥပစာရ၊ အပ္ပနာလို့ သုံးမျိုးဖြစ်ပါတယ်။
လုပ်ငန်းနဲ့စွမ်းရည် တွဲစပ်ခွဲယင် သမထခဏိက သမာဓိ၊ ဝိပဿနာခဏိက သမာဓိလို့ ခဏိက သမာဓိ နှစ်မျိုး။ သမထ ဥပစာရ သမာဓိ၊ ဝိပဿနာ ဥပစာရ သမာဓိလို့ ဥပစာရ သမာဓိ နှစ်မျိုး။ သမထ အပ္ပနာ သမာဓိ၊ ဝိပဿနာ အပ္ပနာ သမာဓိလို့ အပ္ပနာ သမာဓိ နှစ်မျိုး အားလုံးပေါင်း သမာဓိ ၆ မျိုး ဖြစ်ပါတယ်။
သမထ၊ ဝိပဿနာ သမာဓိတွေ ဈာန်တွေဟာ လောကီ သမာဓိတွေ ဈာန်တွေသာ ဖြစ်ကြပါတယ်။
လောကုတ္တရာ သမာဓိဟ အပ္ပနာလို့ နာမည်တစ်မျိုးတည်းသာ ရှိပါတယ်။ မဂ်စိတ် ဖိုလ်စိတ် ဖြစ်နေချိန်မှာ လောကုတ္တရာ သမာဓိစစ်စစ် တွဲဖက်ဖြစ်နေပါတယ်။
ဒါကြောင့် တစ်မဂ် တစ်ဖိုလ်ကို ရပြီးသူတိုင်းဟာ အချိန်မရွေး၊ နေရာမရွေး၊ ဣရိယာပုတ် မရွေးပဲ နိဗ္ဗာန်ကို သိနိုင်စွမ်း ရှိပါတယ်။
လောကုတ္တရာ သမာဓိကို ရပြီးယင် (၁) နိဗ္ဗာန်ကို အာရုံပြုတဲ့အခါ လွယ်လွယ်မြန်မြန် သိမြင်နိုင်စွမ်း ရှိပါတယ်။ (၂) သိမြင်နေချင်သလောက် နာရီများစွာ ကြာအောင် မပျောက်ကွယ်ပဲ မြဲမြဲစွဲစွဲ သိမြင်နေပါတယ်။
ဒီစွမ်းရည် နှစ်မျိုးနဲ့ ပြည့်ဝနေတာကြောင့် ပါဠိလို အပ္ပနာသမာဓိ၊ မြန်မာလို မြဲမြဲစွဲစွဲ သမာဓိလို့ ပြောရပါတယ်။
မြဲမြဲစွဲစွဲဖြစ်တဲ့ အပ္ပနာ သမာဓိဟာ (၁) သမထ (၂) ဝိပဿနာလို့ လုပ်ငန်းသက်သက်ဖြစ်တဲ့ လောကီသမာဓိ နှစ်မျိုးရယ် (၃) လုပ်ငန်းမဟုတ် အကျိုးသက်သက်ဖြစ်တဲ့ လောကုတ္တရာ သမာဓိရယ်လို့ သုံးမျိုးရှိနေတာကြောင့် ဒီအပ္ပနာ သမာဓိသုံးမျိုးကို အာရုံနဲ့လည်းခွဲခြား၊ သိမှတ်ပုံနဲ့လည်း ခွဲခြားရပါတယ်။
(၁) သမထ အပ္ပနာ သမာဓိရဲ့ အာရုံဟာ ပညတ်၊ ရုပ်ပရမတ်၊ စိတ်-စေတသိက် (ခေါ်) လောကီနာမ်လို့ သုံးမျိုး ဖြစ်ပါတယ်။
(၂) ဝိပဿနာ သမာဓိရဲ့အာရုံဟာ ရုပ်ပရမတ်နဲ့လောကီနာမ်လို့ နှစ်မျိုး ဖြစ်ပါတယ်။
သမတ သိမှတ်ပုံက ရုပ်ကိုမြင်ယင် ရုပ်လို့ပဲ သိမှတ်တယ်။ နာမ်ကိုသိယင် နာမ်လို့ပဲ သိမှတ်တယ်။ ဖြစ်ပျက်ကိုမြင်ယင် ဖြစ်တယ်၊ ပျက်တယ်လို့ပဲ သိမှတ်တယ်။
ဝိပဿနာ သိမှတ်ပုံက ရုပ်တွေ နာမ်တွေကို အနိစ္စ ဒုက္ခ အနတ္တ အသုဘလို့ လောကီ သစ္စာလေးချက်ထဲက တချက်ချက် ဆိုက်အောင် သိမှတ်တယ်။
လောကီ သစ္စာလေးချက်ထဲက တချက်ချက်ဆိုက်အောင် သိမှတ်ယင်လည်း နိဗ္ဗာန်ကို ဧကန် ရနိုင်ပါတယ်။ လေးပါးစုံ သိမှတ်မှသာ နိဗ္ဗာန်ရမယ်လို့ အယူမလွဲပါနဲ့။ အနတ္တလို့ မြင်အောင် ရှုနိုင်မှသာ နိဗ္ဗာန်ရမယ်လို့လည်း အလွဲမမှတ်ကြပါနဲ့။ အင်္ဂုတ္တရပါဠိတော် အနိစ္စသုတ်၊ ဒုက္ခသုတ်၊ အနတ္တသုတ်တွေကို ကြည့်ယင်သိနိုင်ပါတယ်။
ပြောကွက်ဆိုက်နေတုန်းမို့ ရုပ်နာမ်ခွဲတဲ့ အကြောင်းကို ပြောပါဦးမယ်။
ရုပ်နာမ်ခွဲတာ ပရိယတ်ပါ၊ ရုပ်နာမ်တွဲတာ သဘာဝပါ၊ ပဋိပတ်မှာ ခွဲစရာမလိုပါဘူး။
မသိတာ ရုပ်၊ သိတာ နာမ် အစရှိတဲ့ ခွဲနည်း တမျိုးမျိုးနဲ့ ဆရာပြောပြတဲ့အတိုင်း ယောဂီတွေဟာ တရားကျင့်ခွင် မဝင်သေးခင် အချိန်မှာ ရုပ်ရဲ့သဘာဝ၊ နာမ်ရဲ့သဘာဝတွေကို ကွဲပြားအောင် ကြိုတင် သိမှတ်ထားပြီးမှ တရားကျင့်နေချိန်မှာ ကြုံလာတဲ့ သဘာဝကို ကြည်ပြီး ဒါ ရုပ်ပဲ၊ ဒါ နာမ်ပဲလို သိမှတ်ကြရပါတယ်။ ဒါဟာ မှန်တဲ့ လုပ်နည်း လုပ်ထုံးပဲ ဖြစ်ပါတယ်။
ဒီလုပ်နည်းစဉ်မှာ မသိတာ ရုပ်၊ သိတာ နာမ်လို့ သိမှတ်ကြဖို ဆရာပြောပြတာဟာ သင်ပြမှု ပရိယတ် လုပ်ငန်း ဖြစ်ပါတယ်။
မသိတာ ရုပ်၊ သိတာ နာမ်လို့ ယောဂီတွေက မှတ်သားတာဟာ သင်ယူမှု ပရိယတ်လုပ်ငန်း ဖြစ်ပါတယ်။ ဒါကြောင့် ရုပ် နာမ် ခွဲတာ ပရိယတ်ပါ လို့ ပြောခဲ့ပါတယ်။
တရားကျင့်နေချိန်မှာ တွေ့ကြုံလာတဲ့ သဘာဝကိုကြည့်ပြီး ရုပ်ပဲ၊ သို့မဟုတ် နာမ်ပဲလို့ ယောဂီတွေ ခွဲခြားသိတာက ပဋိပတ် (ခေါ်) သိဉာဏ် ဖြစ်ပါတယ်။
ဒါပေမယ့် ပဋိပတ် လုပ်ငန်းမှာ အသိဉာဏ်မရင့်သေးခင် ရုပ်နာမ်ကို စုံတွဲပြီး တစ်ပြိုင်ထဲ တွေ့ကြုံတာ မဟုတ်ပါဘူး။ ရုပ်ကို တွေ့ချိန်မှာ နာမ်ကို မသိသေးဘူး။ နာမ်ကို သိနေချိန်မှာ ရုပ်ကို မတွေ့မသိဘူး။ တစ်မျိုးစီသာ တွေ့ရ သိရပါတယ်။ တွေ့ချိန် ကွဲပြားနေပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် “ရုပ်နာမ်ကွဲတာ သဘာဝပါ” လို့ ပြောခဲ့ပါတယ်။
ပဋိပတ် လုပ်ငန်းမှာ ကြုံလာချက်အရ ရုပ်နဲ့နာမ်ဟာ တသန့်စီ ကွဲပြားနေပြီးဖြစ်လို့ ရုပ်နာမ် ခွဲစရာမလိုတော့ပါဘူး။ အသိဉာဏ် ရင့်လာချိန်ရောက်တော့လည်း ကွဲပြားအောင် သိနေပြီးဖြစ်လို့ ရုပ်နာမ် ခွဲစရာ မလိုတော့ပါဘူး။ ဒါကြောင့် “ပဋိပတ်မှာ ခွဲစရာမလိုဘူး” လို့ ပြောခဲ့ပါတယ်။
ပဋိပတ်လုပ်ငန်းခွင်မှာ ရုပ်ကိုမြင်နေယင်လည်း ရုပ် နာမ်ခွဲ၊ နာမ်ကို သိနေယင်လည်း ရုပ် နာမ် ခွဲနေကြတာဟာ မှန်သလား မှားသလားလို့ သိလောက်ပါပြီ။
ပဋိပတ် လုပ်ငန်းခွင် ဝင်ခါစအချိန်မှာ ရုပ်သက်သက်ကို ရှုမှတ်ချင်ယင်လည်း ရှုမှတ်ကြရမယ်။ နာမ်သက်သက်ကို ရှုမှတ်ချင်ယင်လည်း ရှုမှတ်ကြရမယ်။ တစ်မျိုးတည်းကို ပိုင်ပိုင်နိုင်နိုင်ဖြစ်အောင် ရှုမှတ်မှု မပြုကြပဲ ရုပ်ကို ခဏတဖြုတ် ရှုမှတ်လိုက်၊ နာမ်ကို ခဏတဖြုတ် ရှုမှတ်လိုက် လုပ်နေကြယင် ရုပ်ကိုလည်း ပိုင်ပိုင်နိုင်နိုင်ဖြစ်အောင် မြန်မြန်မသိ၊ နာမ်ကိုလည်း ပိုင်ပိုင်နိုင်နိုင် ဖြစ်အောင် မြန်မြန်မသိ၊ သမာဓိမမြဲပဲ အာရုံ လွင့်ပါး ဥဒ္ဓစ္စ ဖြစ်ပွားနေပါတယ်။
လုပ်ချင်တာက ဝိပဿနာ ကုသိုလ်အလုပ်၊ လုပ်ရမှာက အာရုံ တစ်ခုတည်းမှ စိတ်တည်မြဲ ခိုင်စွဲနေအောင် လုပ်ရမယ့် သမာဓိအလုပ်၊ လုပ်နေတာက ရုပ်ကိုတစ်ချက်ရှု၊ နာမ်ကိုတစ်ချက်ရှုလို့ နှစ်မျိုး၊ တကယ်ဖြစ်နေတာက ဥဒ္ဓစ္စ အကုသိုလ်။
တရားကျင့်ခွင် မဝင်သေးခင်မှာ ရုပ် နာမ် သဘာဝတွေကို ပရိယတ်ဉာဏ်နဲ့ ဘာမျှမသိထားပဲ တရားကျင့်ခွင့် ဝင်ချိန်မှာ နည်းပြဆရာ ညွှန်ပြတဲ့အတိုင်း သမာဓိ ခိုင်မြဲအောင် အားထုတ်တာကြောင့် မြင်လာတဲ့ အာရုံကို ယောဂီက နာမည် မဖော်တတ်ပေမယ့် “ယောဂီ အခုမြင်နေတာကို ရုပ်လို့ သိမှတ်ပါ။ ဒီရုပ်ဟာ ပြောင်းလဲတဲ့ သဘောရှိတာကြောင့် အနိစ္စတရားဖြစ်တယ်။ ရုပ် အနိစ္စလို့ ဝိပဿနာ ရှုပေတော့” လို့ နည်းပြဆရာက ပြောပြတဲ့အတိုင်း ဝိပဿနာဉာဏ် ရောက်အောင် ရှုမှတ်နိုင်ယင် ဥဒယဗ္ဗယ ဝိပဿနာဉာဏ်ကို ဧကန် ရပါတယ်။
ဆက်လက်ဖော်ပြပါမည်။
ဦးကုမာရ (ဓမ္မာစရိယ) ရွှေပရိယတ္တိ စာသင်တိုက်၊ မော်လမြိုင်မြို့မှ ရေးသားသော ညောင်လွန့် ဝိပဿနာ ကျင့်စဉ်နည်း ခေါ် ဘုမ်ကျဉ်းဝိပဿနာနည်းမှ ထုတ်နှုတ်ဖော်ပြပါသည်။
ဘုမ်ကျဉ်း ဝိပဿနာ (အပိုင်း ၂)
ပညာမျက်စိ နှစ်မျိုး
ဝိပဿနာ လုပ်ငန်းတိုင်းမှာ သမာဓိ (ခေါ်) သမထနဲ့ ဝိပဿနာကို တိတိပပ ကွဲကွဲပြားပြား သိထားကြဖို့ ပရိယတ္တိဉာဏ် ရှိရန် အရေးကြီးလှပါတယ်။
မဟာဝေဒလ္လသုတ်တော်မှာ ပညာစက္ခုနာ ပဿတိ ပညာ မျက်စိနဲ့ မြင်တယ်လို့ စကားတစ်ခွန်း ရှိပါတယ်။ ဒီခေတ် ဝိပဿနာဌာနများစွာမှာ ဉာဏ်မျက်စိနဲ့ မြင်တယ် လို့ ပြောနေကြပါတယ်။
မူရင်းစကား ပညာမျက်စိ၊ ခေတ်သုံးစကား ဉာဏ်မျက်စိဟာ သမထ (ခေါ်) သမာဓိဉာဏ်မျက်စိနဲ့ ဝိပဿနာ ဉာဏ်မျက်စိလို့ နှစ်မျိုးရှိပါတယ်။
သမထ (ခေါ်) သမာဓိကြောင့် ဖြစ်လာတဲ့ မျက်စိ၊ သမာဓိလုပ်ငန်းမှာ သိမြင်တဲ့ မျက်စိကို သမာဓိမျက်စိလို့ အတိုကောက်နည်းနဲ့ ပြောကြပါတယ်။
ဝိပဿနာကြောင့် ဖြစ်လာတဲ့ မျက်စိ၊ ဝိပဿနာလုပ်ငန်းမှာ သိမြင်တဲ့ မျက်စိကို ဝိပဿနာမျက်စိလို့ အတိုကောက်နည်းနဲ့ ပြောကြပါတယ်။
သမထ (ခေါ်) သမာဓိ ဉာဏ်မျက်စိနဲ့ ဝိပဿနာဉာဏ်မျက်စိကို တိတိပပ သိထားကြဖို့ ပရိယတ်ဉာဏ် အင်မတန် အရေးကြီးလွန်းပါတယ်။ တိတိပပ ကွဲပြား ခြားနားအောင် ပရိယတ္တိဉာဏ်နဲ့ မသိထားယင် ဉာဏ်မျက်စိဆိုတဲ့ စကားကို အဓိပ္ပါယ်မှန်အောင် မဖော်နိုင်ပဲ အထင်လွဲ အသိလွဲ အပြောလွဲ အပြောကဲသူ ဖြစ်ကာ မကောင်းကျိုးတွေ ဖြစ်လာကြမှာ သေချာပါတယ်။
သမာဓိ ဉာဏ်မျက်စိကို “သမာဓိ ပညာ ယ ကိစ္စတော အသမ္မောဟ တောစ ပဇာနာတိ” လို့ ရှင်းပြထားပါတယ်။ ကိစ္စတော ပါဠိက သမာဓိလို့ ခေါ်နိုင်ဖို့ အကြောင်းအင်္ဂါကို ဖော်ပြတယ်။ အသမ္မောဟတော ပါဠိက ဉာဏ်မျက်စိလို့ ခေါ်နိုင်ဖို့ အကြောင်းအင်္ဂါကို ဖော်ပြတယ်။
စိတ်ရဲ့ တည်မြဲမှု စွမ်းရည် ထက်သန်မှသာ သမာဓိ (ခေါ်) စိတ်ခိုင်မြဲမှု ဟုတ်မှန်တယ်လို့ ကိစ္စတော ပါဠိက ရှင်းပြပါတယ်။
စိတ်တွေဝေမှုမရှိပဲ ကြည်လင်မှသာ ပညာ (ခေါ်) ဉာဏ်မျက်စိ ဟုတ်မှန်တယ်လို့ အသမ္မောဟတော ပါဠိက ရှင်းပြပါတယ်။
အာရုံ တစ်ခုတည်းမှာ စိတ်တည်မြဲနေတာကို ဧကဂ္ဂတာလို့ ပါဠိလို ဆိုထားပါတယ်။ ဒီ ဧကဂ္ဂတာဟာ စိတ်ဖြစ်တိုင်း ဖြစ်တိုင်းမှာ တွဲဖက် ဖြစ်ပါတယ်။ ဒါပေမယ့် ကိစ္စတော ပါဠိအရ တည်မြဲမှု စွမ်းရည် ထက်သန်တဲ့ ဧကဂ္ဂတာသာ သမာဓိ (ခေါ်) စိတ်ခိုင်မြဲမှု ဟုတ်မှတ်တယ်လို့ ဆိုထားတာကြောင့် ဧကဂ္ဂတာဟူသမျှ သမာဓိ ဟုတ်မှန်တာချည်းပဲလို့ အလွဲ မစွဲကြပါနဲ့။
သမာဓိ ဉာဏ်မျက်စိဟာ ရုပ်ကို မြင်ပါတယ်။ ရုပ်ရဲ့ ဖြစ်+ပျက်ကို မြင်ပါတယ်။ နာမ်ကို သိပါတယ်။ နာမ်ရဲ့ ဖြစ်+ပျက်ကို သိပါတယ်။
ရုပ်+နာမ်ကို မြင်တယ်။ ရုပ်+နာမ် ဖြစ်+ပျက်ကို မြင်တယ်လို့ ရုပ်+နာမ်ကို ပူးတွဲကာ အတိုနည်းနဲ့ မမှတ်ကြပါနဲ့။ ရုပ်+နာမ်ကို ပူးတွဲ မှတ်ယင် တရားကျင့်ခွင် ဝင်နေချိန်မှာ ရုပ်နဲ့နာမ် ခွဲတဲ့ အလုပ်လွဲဖြစ်လိမ့်မယ်။ အထူးသတိပြုပါ။
ရုပ်ကိုမြင်တာ၊ ရုပ်ရဲ့ ဖြစ်+ပျက်ကိုမြင်တာ၊ နာမ်ကိုသိတာ၊ နာမ်ရဲ့ ဖြစ်+ပျက်ကို သိတာဟာ သမာဓိ (ခေါ်) သမထ အမြင်စစ်စစ်သာ ဖြစ်တယ်။ ဝိပဿနာ မဟုတ်ဘူးလို့ စွဲစွဲမြဲမြဲ မှတ်ထားပါ။
ရုပ်ကိုမြင်တာ သမထပါ။ နာမ်ကို သိတာ သမထပါ။
ရုပ်ကိုမြင်တာ နာမ်ကို သိတာ သမထပါဆိုတာကို အနည်းငယ်ရှင်းပြပါမယ်။
သမထလုပ်ငန်းအရ သမာဓိက ဖျက်ဆီးလိုက်တဲ့ တွေဝေမှုတွေဟ ငါးမျိုး ရှိပါတယ်။ (၁) ငိုင်မှု (ထိန)၊ (၂) ငိုက်မှု (မိဒ္ဓ)၊ (၃) ပူပန်မှု (ကုက္ကုစ္စ)၊ (၄) မဆုံးဖြတ်နိုင်မှု (ဝိစိကိစ္ဆာနဲ့ ဥဒ္ဓစ္စဖြစ်တဲ့မောဟ)၊ (၅) အလွဲဆုံးဖြတ်မှု-အလွဲယူစွဲမှု (မိစ္ဆာဒိဋ္ဌိ) တွေ ဖြစ်ကြပါတယ်။
ဒီတွေဝေမှုတွေက စိတ်မခိုင်မြဲပဲ စွမ်းရည်နည်းအောင် လွှမ်းမိုး ပိတ်ဖုံး ထားကြတာကြောင့် ရုပ်ကို မမြင်၊ နာမ်ကို မသိဘူး။
သမထလုပ်ငန်းအရ သမာဓိ (ခေါ်) စိတ်ဓာတ်ခိုင်မြဲမှု စွမ်းအားသန်တာကြောင့် တွေဝေမှုတွေ ကင်းစင်ကာ ဉာဏ်ထက်လာပြီး ရုပ်ကို မြင်၊ နာမ်ကို သိ ဖြစ်တာပါပဲ။
ဝိပဿနာမျက်စိ (ခေါ်) ဝိပဿနာ ပညာကို ဝိပဿနာပညာယ လက္ခဏပဋိဝေဓေန အာရမ္မဏတော ဇာနနံလို့ အဓိပ္ပါယ် ရှင်းပြထားပါတယ်။
လက္ခဏပဋိဝေဓေန ပါဠိက - ဝိပဿနာ မျက်စိဟာ လောကီ သစ္စာ လက္ခဏာဆိုက်အောင် ထိုးဖောက်မြင်တယ်လို့ ရှင်းပြပါတယ်။
အာရမ္မဏတော ပါဠိက - စိတ်ကို တွေဝေအောင် လုပ်ကြတဲ့ အကုသိုလ်ကြမ်းတွေကို သမထလုပ်ငန်းအရ ဖြစ်လာတဲ့ သမာဓိက ဖယ်ရှားပြီးဖြစ်တာကြောင့် ဝိပဿနာ မျက်စိဟာ ဖြစ်+ပျက် နှစ်တန်ကို အာရုံပြုကာ သိမြင်နေရုံပါပဲ လို့ ရှင်းပြပါတယ်။
ရုပ်တွေ၊ နာမ်တွေရဲ့ လက္ခဏ (ခေါ်) အမှတ်အသားဟာ (၁) သဘာဝလက္ခဏာ (ခေါ်) သီးသန့် အမှတ်အသား၊ (၂) သာမည လက္ခဏ (ခေါ်) ဘုံအမှတ်အသား (အားလုံးဆိုင် အမှတ်အသား)လို့ နှစ်မျိုး ရှိပါတယ်။
သဘာဝလက္ခဏာဆိုတာဟာ ကိုယ်ပိုင် အမှတ်အသား (သို့မဟုတ်) သီးခြားအမှတ်အသား၊ အဆင်းအရောင်၊ အသွင်သဏ္ဍာန်၊ ပုံစံပမာဏပြောင်းလဲမှုဟာ ရုပ်တရားရဲ့ သီးသန့်လက္ခဏာဖြစ်ပါတယ်။ ရုပ်တမျိုးတည်းနဲ့သာ သက်ဆိုင်တယ်၊ နာမ်နဲ့မသက်ဆိုင်ဘူး။
ဒါကြောင့် အရောင်ပြောင်းလဲတာ ရုပ်၊ အသွင်ပြောင်းလဲတာ ရုပ်၊ အရှည်အတို ပမာဏပြောင်းလဲတာ ရုပ်လို့ သိမှတ်ရပါတယ်။
မာတာ ပျော့တာဟာ ပထဝီဓာတ်ရဲ့ သီးသန့် (သဘာဝ) လက္ခဏာဖြစ်တယ်။ အာပေါ တေဇော ဝါယော ဓတ်တွေနဲ့ မသက်ဆိုင်ဘူး။ ဒါကြောင့် မာတာ ပျော့တာဟာ ပထဝီဓာတ်လို့ သိမှတ်ရတယ်။ မာတာ ပျော့တာဟာ ရုပ်ဓာတ်ကြီးလေးပါးလို့ မမှတ်ရဘူး။
သာမညလက္ခဏာ (ခေါ်) ဘုံလက္ခဏာ (သို့မဟုတ်) အားလုံးဆိုင် လက္ခဏာဆိုတာ ရုပ် နာမ်တွေ အားလုံးနဲ့ သက်ဆိုင်တဲ့ လက္ခဏာဖြစ်တယ်။ အားလုံးဆိုင် (သာမည) လက္ခဏာကို (၁) ဘာဝ (၂) နေရာ (၃) မျက်စိမြင် လို့ နည်းသုံးတန်ခွဲပြီး မှတ်သားရပါတယ်။
(၁) ဘာဝအားဖြင့် (က) ဖြစ်+ပျက် နှစ်တန် (ခ) လောကီ သစ္စာလေးချက်လို့ နှစ်မျိုး ခွဲမှတ်ရပါတယ်။
(၂) နေရာအားဖြင့် (က) အပေါ်ယံ လက္ခဏာ (ခ) မြုပ်နစ် လက္ခဏာလို့ နှစ်မျိုး ခွဲမှတ်ရပါတယ်။
(၃) မျက်စိမြင်အားဖြင့် (က) သမာဓိ မျက်စိနဲ့ မြင်ရတဲ့ လက္ခဏာ (ခ) ဝိပဿနာ မျက်စိနဲ့ မြင်ရတဲ့ လက္ခဏာလို့ နှစ်မျိုး ခွဲမှတ်ရပါတယ်။
အခုပြောခဲ့ပြီးတဲ့ သာမညာ လက္ခဏာ (ခေါ်) အားလုံးဆိုင် လက္ခဏာတွေကို စိတ်ထဲမှာ တိတိပပ မြဲမြဲစွဲစွဲ ဖြစ်နေအောင် ပရိယတ္တိဉာဏ်နဲ့ သိမှတ်ထားနိုင်စွမ်း ပြည့်မှသာ သမထပိုင်းနဲ့ ဝိပဿနာပိုင်းကို တိတိပပ ခွဲခြားနိုင်မယ်၊ ပဋိပတ်လုပ်ထုံး အခြေခံမှာလည်း သဘောရှင်းမယ်၊ ပဋိပတ် လုပ်ပုံလုပ်ဟန် တိကျမှန်ကန်မယ်။
သာမည လက္ခဏာ (ခေါ်) အားလုံးဆိုင် လက္ခဏာတွေကို စိတ်ထဲမှာ တိတိပပ မြဲမြဲစွဲစွဲ ဖြစ်နေအောင် ပရိယတ္တိဉာဏ်နဲ့ သိမှတ်ထားနိုင်စွမ်း ပြည့်မှသာ သမထပိုင်းနဲ့ ဝိပဿနာပိုင်းကို တိတိပပ ခွဲခြားနိုင်မယ်၊ ပဋိပတ် လုပ်ထုံး အခြေခံမှာလည်း သဘောရှင်းမယ်၊ ပဋိပတ် လုပ်ပုံလုပ်ဟန် တိကျမှန်ကန်မယ်။ ဒါကြောင့် အကျဉ်းချုပ်ကို ထပ်ပြောပါမယ်။
သမာဓိ မျက်စိက ရုပ်+နာမ်တွေရဲ့ အပေါ်ယံ လက္ခဏာအစစ် ဖြစ်+ပျက် နှစ်တန် ထိအောင်သာ မြင်တယ်၊ သိတယ်။ မြုပ်နစ် လက္ခဏာ လောကီသစ္စာလေးတန် ထိအောင် ထိုးဖောက်မမြင်ဘူး၊ မသိဘူး။
ပရမတ်စစ်စစ်ကို မြင်+သိပုံ သုံးမျိုးကို ပိဋကကျမ်းဂန်တွေမှာ ဆိုထားတဲ့ စကားအရ ရှင်းပြပါမယ်။
စိတ်ကို လွှမ်းမိုးဖိစီးကြပြီး စိတ်ရှုပ်ထွေးတွေဝေနေအောင် လုပ်ကြတဲ့ ကိလေသာကြမ်း (ပရိယုဋ္ဌာန) တွေကို သမထအားထုတ်မှုကြောင့် ဖြစ်လာတဲ့ သမာဓိက နှိမ်နင်းလိုက်ပါတယ်။ အမြစ်ပြုတ်အောင် ဖြုတ်ပယ်တာတော့ မဟုတ်သေးပါဘူး။
ကိလေသာကြမ်းတွေဟာ အမြစ်မပြုတ်ကြသေးပေမယ့် သမာဓိက အဆက်မပြတ် မြဲမြဲစွဲစွဲ နင်းနှိမ်နေတာကြောင့် မသောင်းကျန်းကြတော့ပဲ စိတ်ထဲမှာ ငြိမ်ဝပ်နေကြလို့ စိတ်တွေဝေမှု မဖြစ်တော့၊ မရှိတော့ဘူး။
စိတ်တွေဝေမှု မရှိတာကြောင့် ရုပ်ကို မြင်+နာမ်ကို သိတဲ့ပြင် အပေါ်ယံလွှာ လက္ခဏာအစစ် ဖြစ်+ပျက်ကိုလဲ မြင်တယ်၊ သိတယ်။
စိတ်ရဲ့ အကြည်ဓာတ် အမြင်ဓာတ် အားနည်းသေးတာကြောင့် မြုပ်နစ်လက္ခဏာ လောကီသစ္စာလေးချက်ထိအောင် ထိုးဖောက် မမြင်သေး၊ မသိသေးဘူး။
သမထလုပ်ငန်းအရ သမာဓိမျက်စိနဲ့ ဖြစ်+ပျက် နှစ်တန်ကို ထင်ထင်ရှားရှား မြင်တာ သိတာ ကိုပဲ အသမ္မောဟဇာနနလို့ ပိဋကကျမ်းဂန်တွေမှာ ဆိုထားပါတယ်။ ဗမာပညာရှင်ကြီးတွေက “မတွေဝေမြင်၊ မတွေမဝေသိ” လို့ ပြောကြပါတယ်။
ရုပ်+နာမ်တွေရဲ့ ဖြစ်+ပျက် နှစ်တန်ကို မြင်+သိတဲ့အထိ သမထလုပ်ငန်းသာ ဖြစ်နေပါသေးတယ်။ ဝိပဿနာလုပ်ငန်းကို နဲနဲကလေးမျှ မလုပ်ရသေးပါဘူး။
ရုပ်တွေ+နာမ်တွေရဲ့ ဖြစ်+ပျက် နှစ်တန်ကို သမာဓိ မျက်စိနဲ့ မြင်+သိ ပြီးမှသာ (က) မဖြစ်သဘောမှ ဖြစ်သဘောကို ပြောင်းလဲလာတာကြောင့် အနိစ္စတရားပဲလို့ ဖြစ် အနိစ္စ ရှုမှု။ (ခ) ဖြစ်သဘောမှ ပျက်သဘော ရောက်အောင် ပြောင်းလဲတာကြောင့် အနိစ္စတရားပဲလို့ ပျက် အနိစ္စ ရှုမှု။ (ဂ) ဖြစ်ပြီး ဖြစ်တာကြောင့် ပြောင်းလဲတဲ့ အနိစ္စတရားပဲလို့ ဖြစ်+ပျက်တွဲကာ အနိစ္စရှုမှု အစရှိတဲ့ ဝိပဿနာ လုပ်ငန်း ဖြစ်နိုင်ပါတယ်။
ရုပ်+နာမ်တွေရဲ့ မြုပ်နစ်လက္ခဏာ လောကီသစ္စာ လေးတန်ထိအောင် ဝိပဿနာ မျက်စိနဲ့ မြင်+သိတာဟာ အတွင်းရောက်အောင် နက်နက်နဲနဲ ထွင်းဖောက် ထိုးဖောက်ပြီး မြင်+သိတဲ့ သဘော ရှိတာကြောင့် ပဋိဝေဓဇာနနလို့ ပိဋက ကျမ်းဂန်တွေမှာ ဆိုထားပါတယ်။ ဗမာ ပညာရှင်ကြီးတွေက “ထိုးထွင်းမြင်+ထိုးထွင်းသိ” လို့ ပြောကြပါတယ်။
သမထလုပ်ငန်းအရ သမာဓိက နင်းနှိမ်ထားလို့ မသောင်းကျန်းတော့ပဲ ငြိမ်ဝပ်နေကြတဲ့ ကိလေသာအနုတွေကို ဝိပဿနာလုပ်ငန်းအရ ဆက်လက်ကာ ထပ်တလဲလဲ နင်းနှိမ်ထားပြန်တာကြောင့် ငြိမ်ဝပ်သည်ထက် ငြိမ်ဝပ်ကြတဲ့ ကိလေသာတွေရဲ့ လက်ကျန် အရှိန်အဟုန်တွေဟာ သင်္ခါရုပေက္ခာ ဝိပဿနာဉာဏ် စွမ်းရည်အလိုက် တဖြည်းဖြည်း ကွာဝေး ကင်းစင်ကြကာ နောက်ဆုံးအချိန်မှာ ဖြုန်းကနဲ ချုပ်ငြိမ်းကြတာကြောင့် ခန္ဓာဆင်းရဲတွေပါ ငြိမ်းချုပ်ကုန်မှုဖြစ်တဲ့ အသင်္ခတဓာတ် ပရမတ် စစ်မှန် မြတ်နိဗ္ဗာန်ကို လှစ်ကနဲ မြင်ရ သိရပါတယ်။
ကိလေသာပူတွေနဲ့ ခန္ဓာဆင်းရဲတွေကို ငြိမ်းချုပ်ကုန်အောင် လုပ်ကာ အသင်္ခတဓာတ် နိဗ္ဗာန်မြတ်ကို မြင်+သိတာကြောင့် အဘိသမယဇာနနလို့ ပိဋက ကျမ်းဂန်တွေမှာ ဆိုကြပါတယ်။ ဗမာပညာရှင်တွေက “ငြိမ်းချမ်းမြင်+ငြိမ်းချမ်းသိ” လို့ ပြောကြပါတယ်။
ပြောကွက်ဆိုက်နေတုန်းမို့ ဝိပဿနာလုပ်ငန်းမှာ လွဲမှားလေ့ ရှိတာကို ပြောပါဦးမယ်။
ပဿဒ္ဓိ (ခေါ်) အေးချမ်းမှုနဲ့ နိဗ္ဗာန် (ခေါ်) ငြိမ်းချမ်းမှုဟာ ဆင်တူယိုးမှား ဖြစ်နေတာကြောင့် ပဿဒ္ဓိ (ခေါ်) အေးချမ်းမှု ဖြစ်နေတာကို နိဗ္ဗာန်ရပြီလို့ အထင်မှား အသိမှား ဖြစ်နေတတ်ပါတယ်။
ပဿဒ္ဓိဖြစ်နေချိန်မှာ ဆင်းရဲမှုတွေ မဖြစ်ပေါ်ကြပဲ ပျောက်ကင်းနေကြတာကြောင့် ယောဂီတွေဟာ ချမ်းသာမှုကို ရရှိခံစားနေကြရပါတယ်။
နိဗ္ဗာန်ကို မြင်+သိ နေချိန်မှာလည်း ဆင်းရဲမှုတွေ မဖြစ်ပေါ်ကြပဲ ပျောက်ကင်း နေကြတာကြောင့် ယောဂီတွေဟာ ချမ်းသာမှုကို ရရှိခံစားနေကြရပါတယ်။
ပဿဒ္ဓိနဲ့ နိဗ္ဗာန်တို့ဟာ ချမ်းသာမှုချင်း ဆင်ဆင်တူနေကြတာကြောင့် ပဿဒ္ဓိဖြစ်တာကို နိဗ္ဗာန်ရပြီလို့ အထင်မှားနိုင်ပါတယ်။
ဆက်လက်ဖော်ပြပါမည်။
ဦးကုမာရ (ဓမ္မာစရိယ) ရွှေပရိယတ္တိ စာသင်တိုက်၊ မော်လမြိုင်မြို့မှ ရေးသားသော ညောင်လွန့် ဝိပဿနာ ကျင့်စဉ်နည်း ခေါ် ဘုမ်ကျဉ်းဝိပဿနာနည်းမှ ထုတ်နှုတ်ဖော်ပြပါသည်။
ဘုမ်ကျဉ်း ဝိပဿနာ (အပိုင်း ၃)
ဝေဒနာချုပ်တိုင်း နိဗ္ဗာန်မဟုတ်
ဝေဒနာကိုသာ စိတ်ရဲ့ ချည်တိုင်အာရုံအဖြစ် (ပဓာန) ထားကြတဲ့ ဆရာများက ပူ+အေး+နာ+ကျင်+ထုံ+ကိုက် စတဲ့ ပေါ်ရာ ဝေဒနာကို လိုက်မှတ်ဖို့ နည်းပေးကြတယ်။ ဝေဒနာလိုက်ယင်းနဲ့ ပဿဒ္ဓိဆိုက်တော့ ဆင်းရဲမှု (ဒုက္ခဝေဒနာ)တွေ ငြိမ်ဝပ်နေယင် ဝေဒနာချုပ်ပြီလို့ ချီးမွမ်းကြ ဝမ်းသာကြ နိဗ္ဗာန်ရပြီလို့ ထင်မှတ်ကြတယ်။
တချို့ယောဂီတွေဟာ ဆင်းရဲဝေဒနာ ဒီလိုချုပ်တာကို တန်ဖိုးအလွန်ထားတာကြောင့် ဝေဒနာချုပ်တဲ့ သက္ကရာဇ်၊ လ၊ ရက်၊ အချိန်ပိုင်းကိုပါ ပြောပြကြတာပဲ။ ဝေဒနာ တစ်ကြိမ်ချုပ်ယင် တမဂ် တဖိုလ်ရပြီလို့ ဆုံးဖြတ်ကြတယ်။
ဝေဒနာလေးကြိမ်ချုပ်ယင် တော်ပါသေးရဲ့။ ငါးကြိမ်၊ ခြောက်ကြိမ် စသည်ချုပ်တော့ ခက်ကရော၊ လောကုတ္တရာမဂ်ဟာ လေးမျိုးသာ ရှိတာကြောင့် မဂ်လေးကြိမ်သာ ဖြစ်ရမယ်။ ဝေဒနာ ငါးကြိမ်ချုပ်တာကြောင့် ငါးမဂ် + ငါးဖိုလ် ရပြီ၊ ၆မဂ် + ၆ဖိုလ်ရပြီ စသည် ပြောတော့ ရယ်စရာဖြစ်ကရောပေါ့။
လွဲမှားနေပါတယ်လို့ ကြောင်း+ကျိုး ရှင်းပြပြီး ပြောပေမယ့် သူ့အယူလွဲကို မစွန့်ဘူး။ နိဗ္ဗာန်ရပြီးတာ ဟုတ်တယ် မဟုတ်ဘူးလို့ သိရအောင် ယောဂီတို့ရဲ့ ဝိပဿနာဌာနမှာ စမ်းသပ်နည်းရှိသလားလို့ မေးတော့လည်း မရှိပါဘူးလို့ ဖြေတယ်။ ဒီဌာနက နည်းနဲ့ ဓမ္မ အဓိဋ္ဌာန်ပြုကာ စစ်တမ်းထုတ်ကြည့်ပါလို့ ပြောတော့လည်း ခေါင်းခါနေတယ်။
ဝေဒနာလိုက်တဲ့ ဝိပဿနာရှုနည်းဟာ လွဲမှားတယ်လို့ ပြောလိုရင်း မဟုတ်ဘူး။ ဝေဒနာလိုက်သူ တချို့ လိုက်နည်း မတတ်လို့ ပဿဒ္ဓိကို နိဗ္ဗာန်ပဲလို့ သိမှတ်လွဲနေကြတာကို ပြောနေတာပါ။
ဝေဒနာလိုက်ချင်သူတွေ လိုက်တတ်အောင် ဝေဒနာလိုက်နည်းမှန်ကို ပြောပြပါမယ်။
ဝေဒနာကိုသာ စိတ်ရဲ့ချည်တိုင် အာရုံအဖြစ်ထားပြီး ဝိပဿနာရှုချင်ယင် နာမှုဆင်းရဲ ဖြစ်ပေါ်တဲ့အခါ နာတဲ့ နေရာကို စိတ်စိုက်ပြီး “နာမှုဖြစ်တယ်၊ နာမှုဖြစ်တယ်”လို့ ရှုမှတ်ရမယ်။ ဒီလို ရှုမှတ်နေတုန်းမှာ နာမှု တိုးပွားလာယင် “နာမှုတိုးလာတယ်၊ နာမှုတိုးလာတယ်” လို့ စူးစိုက် ရှုမှတ်ရပါမယ်။ နာမှု လျော့သွားယင် “နာမှုလျော့သွားပြီ၊ နာမှုလျော့သွားပြီ”လို့ စူးစိုက် ရှုမှတ်ရပါမယ်။ နာမှု ပျောက်သွားယင် “နာမှုပျောက်သွားပြီ၊ နာမှုပျောက်သွားပြီ”လို့ ရှုမှတ်ရပါမယ်။
ဒီရှုနည်းဟာ ရုပ်ဝေဒနာကို ဖြစ်+တိုး+လျော့+ပျက် လေးချက်ကိုက်အောင် ရှုမှတ်ရမယ်လို့ အဿုတဝါသုတ်မှာ ဟောညွှန်တော်မူထားတဲ့ ဝေဒနာလိုက်နည်း ဖြစ်ပါတယ်။
နာမှု ဝေဒနာ ပျောက်သွားယင် ချမ်းသာမှု (သုခဝေဒနာ) ဖြစ်လာတယ်။ ဒီချမ်းသာမှု ဝေဒနာကိုလည်း ဖြစ်+တိုး+လျော့+ပျက် လေးချက်ကိုက်အောင် လိုက်ရှုရမယ်။ လိုက်မရှုပဲ လုပ်ငန်းမသိမ်းရဘူး။ ချမ်းသာ ဝေဒနာကို လိုက်မရှုပဲ ဝိပဿနာလုပ်ငန်း သိမ်းသူဟာ ဝေဒနာလိုက်နည်းကို တဝက်တပျက်သာ အားထုတ်သူ၊ ယဒပိ ဝေဒယိတံ၊ တံဒုက္ခသ္မိံတိ ဝဒါမိ = ခံစားမှု ဟူသမျှ ဒုက္ခလို့ ဟောညွှန်ထားတဲ့ ဘုရားစကားကို မလိုက်နာသူ၊ ဘုရားစကားကို ပယ်သူဖြစ်ပါတယ်။
ချမ်းသာမှု ဝေဒနာကို ဖြစ်+တိုး+လျော့+ပျက် လေးချက် ကိုက်အောင် လိုက်ယင် ချမ်းသာမှု ဝေဒနာပျောက်သွားပြီး ဆင်းရဲဝေဒနာ ပြန်ပေါ်လာမယ်။ ဒီဆင်းရဲမှုကို ဖြစ်+တိုး+လျော့+ပျက် လေးချက်ကိုက်အောင် လိုက်ရှုရမယ်။
ဒီလို ဝေဒနာလိုက်နေချိန်မှာ ဆင်းရဲတလှည့်၊ ချမ်းသာတလှည့် ဖြစ်ပေါ်နေလိမ့်မယ်။ ပေါ်လာတဲ့ ဝေဒနာကိုသာ လေးချက်ကိုက်အောင် လိုက်ရှုရမယ်။
ပေါ်လာသမျှ ဆင်းရဲနဲ့ ချမ်းသာ ဝေဒနာနှစ်ဖြာကို လိုက်ဖန်များလို့ ကြုံတွေ့ဖန်များလာယင် ‘မြင်ဖန်များတော့ ငယ်တယ်’ ဆိုတဲ့အတိုင်း ခဏခဏ ကြုံလာတာကြောင့် ဆင်းရဲမှုကို ခံနိုင်ရည် ထက်သန်လာတယ်၊ ဥပေက္ခာသဘော ဖြစ်ပေါ်လာတယ်၊ ခဏခဏကြုံလာတဲ့ ချမ်းသာမှုကိုလည်း ကောင်းတယ်လို့ မမှတ်တော့ဘူး။ ချမ်းသာမှုပေါ်မှာ စွဲမက်စိတ် ကင်းပျောက်လာတယ်။ ဥပေက္ခာသဘောဖြစ်ပေါ်လာတယ်။ ဥပေက္ခာဝေဒနာကိုလည်း ဖြစ်+တိုး+လျော့+ပျက် လေးချက်နဲ့လမ်းဆုံးအောင် လိုက်ရပါမယ်။
ယဒပိ ဝေဒယိတံ၊ တံ ဒုက္ခသ္မိံတိ ဝဒါမိ ခံစားမှုရှိနေသမျှ ဒုက္ခချည်းပဲလို့ မြတ်ဗုဒ္ဓဟောညွှန်တော်မူထားတာကြောင့် ခံစားမှုဟူသမျှ တွေပေါ်မှာ စွဲမက်မှု ကုန်ဆုံးသွားအောင် ဝေဒနာလိုက်မှတ်ပြီး ချမ်းသာဝေဒနာဖြစ်လာချိန်မှာ နှစ်သက်ကြည်နူးနေကြသေးယင် ဝေဒနာလိုက်နည်း မပြည့်စုံပဲ အံချော်နတယ်။
(မှတ်ချက်။ ။ အဿုတဝါသုတ်၊ စူဠတဏှာ သင်္ခယသုတ်၊ ဝေဒနာပရိဂ္ဂဟသုတ် စသည်တွေကို ကြည့်ယင် အကျယ်နည်းမှန်ကိုသိမည်။)
ဖြစ်+တိုး+လျော့+ပျက် လေးချက်ကိုက်အောင် မရှုမှတ်နိုင်ယင်၊ မရှုမှတ်ချင်ယင် “ဝေဒနာ အနိစ္စ၊ ဝေဒနာ အနိစ္စ” လို့ မပြတ် တရစပ် ရှုမှတ်ခွင့် ရှိပါတယ်။
ဝေဒနာကိုသာ စိတ်ရဲ့ချည်တိုင် အာရုံအဖြစ် (ပဓာန) မထားတဲ့ ဝိပဿနာနည်းတွေမှာ “ဝေဒနာ အနိစ္စ” ရှုမှတ်တာကြောင့် ဆင်းရဲ ဝေဒနာ ပျောက်သွားယင် မိမိတို့ရဲ့ ချည်တိုင်အာရုံကို ပြန်ရှုမှတ်ကြရမယ်။ ဒါဟာ ဝေဒနာခွာနည်း ဖြစ်တယ်၊ ဝေဒနာလိုက်နည်း မဟုတ်ဘူး။ ညောင်လွန့် ဝိပဿနာနည်းဟာ ဝေဒနာခွာနည်း ဖြစ်ပါတယ်။
သမထနဲ့ဝိပဿနာ ကွဲပြားအောင် ပရိညာနည်းအရ ခွဲပြပါမယ်။ ဉာဏ်မျက်စိနဲ့ မြင်+သိမှုကို (က) ဉာတ (ခ) တီရဏ (ဂ) ပဟာန လို့ ပရိညာသုံးရပ်နဲ့ ခွဲခြားကာ ကျမ်းဂန်တွေမှာ ဆိုထားပါတယ်။
ရုပ်ရဲ့ဖြစ်+ပျက်ကို မြင်သိဉာဏ်၊ နာမ်ရဲ့ ဖြစ်+ပျက်ကို မြင်သိဉာဏ်ကို “သမာဓိ ဉာတ ပရိညာ” လို့ ဆိုပါတယ်။ လောကီသစ္စာလေးချက်ဆိုက်အောင် မသိသေး၊ မမှတ်သေးဘူး။
သမာဓိမျက်စိနဲ့မြင်နေရတဲ့ ရုပ်+နာမ် ဖြစ်+ပျက်ကို အကြောင်းပြုကာ လောကီသစ္စာ လေးချက်တွင် တချက်ချက်ဆိုက်အောင်မှတ်ရှု သုံးသပ်တဲ့ (သမ္မသန) ဉာဏ်ကို ‘ဝိပဿနာ ဉာတပရိညာ’ လို့ ဆိုပါတယ်။
၁။ အနိစ္စရှုနည်း (က) အရင်က မဖြစ်ပဲ ယခုမှဖြစ်တာကြောင့် အနိစ္စတရားပဲလို့ “ဖြစ် အနိစ္စ” ရှုနိုင်ပါတယ်။ ဣမေ ဓမ္မာ အ ဟုတွာ သမေ႓ာန္တိ (အနုပဒသုတ်) တရား ဗိုလ်ချုပ် အရှင်သာရိပုတ်ရဲ့ရှုနည်းဖြစ်ပါတယ်။ ဒီရှုနည်းမှာ အရင်က မဖြစ်ပဲ ယခုမှ ဖြစ်တာကြောင့်လို့ နှလုံးသွင်းတာဟာ အကြောင်းပြချက်ပဲ။ အနိစ္စတရားပဲလို့ နှလုံးသွားတာဟာ အကျိုးဆက် ဖြစ်တယ်။ ဒီလို ကြောင်း+ကျိုး စပ် ယှဉ်ကာ ဝိပဿနာ ရှုရပါတယ်။
(ခ) ဖြစ်ပြီးတော့ ပျက်စီးတာကြောင့် အနိစ္စတရားပဲလို့ “ပျက် အနိစ္စ” ရှုနိုင်ပါတယ်။ ဟုတွာ ပဋိဝေန္တီတိ (အနုပဒသုတ်) တရားဗိုလ်ချုပ်အရှင်သာရိပုတ်ရဲ့ ရှုနည်း ဖြစ်ပါတယ်။
၂။ ဒုက္ခရှုနည်း (ဉာတ ပရိညာ)။ ။ ဖြစ်+ပျက်တို့ရဲ့ နှိပ်စက်မှုကို ခံနေရတာကြောင့် ဒုက္ခတရားပဲလို့ ရှုပါ။
၃။ အနတ္တရှုနည်း (ဉာတ ပရိညာ)။ ။ မဖြစ်အောင် မပျက်အောင် စီမံလို့ မရတာကြောင့် အနတ္တတရားပဲ (အဝသဝတ္တနတ္ထေန အနတ္တာ)။
ခိုင်မြဲတဲ့ အမာခံ အနှစ်မရှိတာကြောင့် အနတ္တတရားပဲ (အသာရကတ္ထန အနတ္တာ)။
၄။ အသုဘရှုနည်း (ဉာတပရိညာ)။ ။ ဖြစ်ကာ ပျက်ကာ ဗလောင်ဗလဲလုပ်တာကြောင့် စွဲမက်စရာမဟုတ်ဘူး။
အကြောင်းပြချက် မပါတော့ပဲ လောကီသစ္စာလေးချက် တချက်ချက်ဆိုက်အောင် ရှုမှတ်သုံးသပ်တဲ့ဉာဏ်၊ ဆုံးဖြတ်ချက်ချတဲ့ ဉာဏ်ကို တီရဏပရိညာလို့ ဆိုပါတယ်။ ဒါကြောင့် ရုပ်ကိုမြင်ယင် “ရုပ် အနိစ္စ၊ ရုပ် အနိစ္စ” စသည် လောကီသစ္စာလေးချက် တချက်ချက် ဆိုက်အောင် ရှုရမယ်။ နာမ်ကိုသိယင် “နာမ် အနိစ္စ၊ နာမ် အနိစ္စ” စသည် လောကီသစ္စာ တချက်ချက်ဆိုက်အောင် ရှုရမယ်။
“စွဲမက်စရာ မဟုတ်ဘူး၊ စွဲမက်စရာ မဟုတ်ဘူး” လို့ ထပ်တလဲလဲ (အသုဘ) ရှုနိုင်ယင် အစွဲပြုတ်ဖို့ အလွန်နီးစပ်ပါတယ်။
လောကုတ္တရာမဂ်ဉာဏ်ကို ပဟာနပရိညာလို့ ဆိုပါတယ်။ ကိလေသာတွေကို နောက်ထပ် ဘယ်တော့မျှ မဖြစ်ရအောင် မြစ်ပြုတ်ပယ်နုတ်တာကြောင့် ပဟာန အမည်ရကြတယ်။ နိဗ္ဗာန်ကို မြင်သိတာကြောင့် ပရိညာ အမည်ရကြတယ်။ နှစ်မျိုးပေါင်းပြီး ပဟာန ပရိညာလို့ ဆိုပါတယ်။
အကုသိုလ်ယုတ်တွေကို ကုသိုလ်တွေက အဆင့်ဆင့် ဖျက်ဆီးပယ်ဖြုတ်ပုံကို သိမှတ်ထားသင့်ပါတယ်။
မကောင်းကျိုးပေးတဲ့ အကုသိုလ်တွေ ဖြစ်လာအောင် ဖန်တီးတဲ့ ကိလေသာတွေဟာ အကြမ်းနှစ်မျိုး၊ အနုနှစ်မျိုး ရှိကြတယ်။
(၁) စိတ်ထဲမှာ ထိန်းမနိုင် ဆည်းမရ ဖြစ်ကာ ပေါက်ကွဲထွက်ပြီး ကိုယ်နဲ့ကျူးလွန်မှု၊ ပါးစပ်နဲ့ကျူးလွန်မှု ဖြစ်လာတဲ့ (ဝီတိက္ကမ) ကိလေသာရယ်၊ (၂) စိတ်ထဲမှာသာ ထင်ထင်ပေါ်ပေါ် ဖြစ်နေတဲ့ (ပရိယုဋ္ဌာန) ကိလေသာရယ်လို့ အကြမ်း ကိလေသာ နှစ်မျိုးရှိတယ်။
ကိုယ်ကျူးလွန်မှု၊ ပါးစပ်ကျူးလွန်မှု မဖြစ်အောင် ထိန်းရတယ်၊ ရှောင်ရတယ်။ ထိန်းမှု ရှောင်မှု မြဲအောင် အလေ့အကျင့်ပြုတာကို သီလလို့ ဆိုကြပါတယ်။
စိတ်ထဲမှာသာ ထင်ထင်ပေါ်ပေါ် ဖြစ်နေတဲ့ (ပရိယုဋ္ဌာန) ကိလေသာကြမ်းတွေ မဖြစ်ပေါ်ပဲ ငြိမ်ဝပ်နေအောင် သမာဓိနဲ့ ထိန်းရပါတယ်။ သမာဓိဖြစ်နေအောင် သမထလုပ်ငန်းကို လုပ်ကြရပါတယ်။
ပါဠိလိုပြောယင် အနုသယကိလေသာ၊ မြန်မာလိုပြောယင် အနုကိလေသာဟာလည်း နှစ်မျိုးရှိပါတယ်။ (၁) စိတ်ထဲမှာ ရှိနေကြပေမယ့် ပေါ်ပေါ်ထင်ထင် မဟုတ်တာကြောင့် ရှိမှန်းမသိနိုင်၊ စိတ်ထဲမှာ ဖြစ်နေကြပေမယ့် သိမ်မွေ့နုနယ်ကြတာကြောင့် ဖြစ်မှန်းမသိနိုင်တဲ့ အနုကိလေသာ တမျိုးရှိပါတယ်။ ဒီ အနုကိလေသာတွေ ငြိမ်ဝပ် ကင်းကွာအောင် ဝိပဿနာလုပ်ငန်းကို ဧကန် ပြုကြရပါမယ်။ ဒါပေမယ့် ဝိပဿနာလုပ်ငန်းကို ပြုလုပ် အားထုတ်နေတုန်းအချိန်မှာ ငြိမ်ဝပ်နေကြပါတယ်။ အမြစ်မပြုတ်ဘူး၊ အငုတ်ကျန်တယ်။ နောင်အခါ အကြောင်းညီယင် ပြန်ဖြစ်လာကြ၊ ပြန်ပေါ်လာကြဦးမှာပဲ။
နောင်အခါ အကြောင်းညီယင် ပြန်ဖြစ်လာကြ၊ ပြန်ပေါ်လာကြမည့် စွမ်းရည် အမြစ်မပြုတ် စွမ်းရည်အငုတ်ကျန် ကိလေသာ အနုတစ်မျိုးလည်း ရှိပါတယ်။ ဒီ အနုကိလေသာတွေဟာ လောကုတ္တရာ မဂ်ဉာဏ်ကို ရပြီးမှသာ အမြစ်ပြုကြပါတယ်။ လောကုတ္တရာ မဂ်ဉာဏ်ကိုရဖို့ ဝိပဿနာလုပ်ငန်းကို ဆက်လက် လုပ်ကြရပါမယ်။
လေးဆင့်မြောက် မဂ်ဉာဏ်ကို မရသေးယင် ကိလေသာတွေ အကုန်မပြုတ်သေးဘူး။ ဒါကြောင့် လေးဆင့်မြောက်ဖြစ်တဲ့ အရဟတ္တမဂ်ဉာဏ်ကို မရသေးသမျှ ဝိပဿနာလုပ်ငန်း မပြီးသေးဘူး၊ ဝိပဿနာလုပ်ငန်းကို ရပ်စဲဖို့ မသင့်ဘူးလို့ စွဲမြဲအောင် မှတ်သား အားထုတ်ကြပါ။
ဆက်လက်ဖော်ပြပါမည်။
ဦးကုမာရ (ဓမ္မာစရိယ) ရွှေပရိယတ္တိ စာသင်တိုက်၊ မော်လမြိုင်မြို့မှ ရေးသားသော ညောင်လွန့် ဝိပဿနာ ကျင့်စဉ်နည်း ခေါ် ဘုမ်ကျဉ်းဝိပဿနာနည်းမှ ထုတ်နှုတ်ဖော်ပြပါသည်။
ဘုမ်ကျဉ်း ဝိပဿနာ (အပိုင်း ၄)
မြတ်ဗုဒ္ဓညွှန် ကျင့်စဉ်မွန်များ
တစ်ရက်မှာနေ့တနာရီ ညဉ့်တနာရီလောက်သာ အနားယူတော်မူကာ ၄၅ နှစ်လုံးလုံး မြတ်ဗုဒ္ဓကိုယ်တော်တိုင် သတ္တဝါတွေရဲ့ စရိုက် အဖုံဖုံ ကုသိုလ်အထုံ (အဇ္ဈသယ) အလီလီတွေနဲ့ ကိုက်ညီစွာ ဟောညွှန်တော်မူခဲ့တာကြောင့် နည်းမှန်ကောင်း ကျင့်စဉ်မွန်တွေဟာ များစွာ ဖြစ်နေပါတယ်။
နည်းမှန်ကောင်း ကျင့်စဉ်များစွာကို သိမှတ်လွယ်အောင် လိုရင်းချုပ်လိုက်ယင် (၁) သမထ ပုဗ္ဗင်္ဂမ ဝိပဿနာယာနကကျင့်စဉ်၊ (၂) သုဒ္ဓဝိပဿနာယာနိကကျင့်စဉ်လို့ နှစ်မျိုးသာ ရှိပါတယ်။
အောက်ထစ်ဆုံး ဥပစာရဈာန် ရပြီးချိန်ထိအောင်၊ သို့မဟုတ် အထက် အပ္ပနာဈာန် ရပြီးချိန်ထိအောင် သမာဓိကို သမထနည်းအရ ရှေးဦးထူထောင်ပြီးမှ ဝိပဿနာဘက် ကူးတက်အားထုတ်တဲ့ ကျင့်စဉ်ကို သမထ ပုဗ္ဗင်္ဂမ ဝိပဿနာယာနိက ကျင့်စဉ်လို့ ဆိုကြပါတယ်။ အတိုကောက် ပြောချင်ယင် သမထဝိပဿနာယာနိက ကျင့်စဉ်လို့ ပြောသင့်ပါတယ်။ သမထယာနိက ကျင့်စဉ်လို့ ပြောယင် ဝိပဿနာမပါပဲ သမထသက်သက်ကျင့်ကာ နိဗ္ဗာန်သွားတဲ့ကျင့်စဉ်လို့ အဓိပ္ပာယ် လွဲချော်မှု ဖြစ်နိုင်ပါတယ်။
ဈာန်ရချိန်ထိအောင် သမာဓိကို အားသွန်ခွန်စိုက် အားထုတ်မှုမပြုပဲ ဝိပဿနာရှုကွက် မထင်ရှားသေးခင်မှာသာ သမာဓိဖြစ်တယ်ဆိုရုံမျှသာ သမထကို ခဏတဖြုတ် အားထုတ်ကာ ဝိပဿနာ ရှုကွက်ပေါ်လာတာနဲက တစ်ပြိုင်နက် ဝိပဿနာဘက် ကူးတက် အားထုတ်တဲ့နည်းကို သုဒ္ဓ ဝိပဿနာယာနိက ကျင့်စဉ်လို့ ဆိုကြပါတယ်။
ဝိပဿနာရှုကွက် မပေါ်သေးခင်မှာသာ သမာဓိဖြစ်တယ်ဆိုရုံမျှ၊ သမထလုပ်ငန်းကို ခဏတဖြုတ် အားထုတ်ကြပေမယ့် သမထနည်းအရ အားထုတ်မှု နည်းနည်းပါးပါးကို စကားထဲ ထည့်မပြောတော့ပဲ ဝိပဿနာ သက်သက် အားထုတ်တဲ့နည်းလို့ ပြောကြတာဖြစ်ပါတယ်။ သမထကို လုံးဝ အားမထုတ်တဲ့နည်းလို့ အယူမလွဲကြပါနဲ့။
ထမင်းများများ ဟင်းနည်းနည်းစားတဲ့ ဧည့်သည်ကို ထမင်းချည်းပဲ စားနေတာကိုး၊ ဟင်းကိုလည်း စားပါဦးလို့ လောကမှာ ပြောကြပါတယ်။ ဧည့်သည်က ဟင်းကို လုံးဝ မစားတာ မဟုတ်ပါဘူး၊ ဟင်းနည်းနည်းပါးပါးကိုသာ စားတာကြောင့် ထမင်းချည်းပဲ စားနေတာကိုးလို့ ပြောကြတာမျိုးလို့ သမာဓိ(ခေါ်)သမထကို ဝိပဿနာရှုကွက် မပေါ်သေးခင်မှာသာ ခဏတဖြုတ် ပြုလုပ်တာကြောင့် ဝိပဿနာသက်သက် အားထုတ်တယ်လို့ ပြောကြတာ ဖြစ်ပါတယ်။
ရုပ်မြင်+နာမ်သိ ဖြစ်တာကိုပဲ ဝိပဿနာစစ်စစ်လို့ အသိအမှတ်လွဲချော်ကာ သမထမလုပ်ပါဘူးလို့ ပြောကြတာလည်း ဖြစ်နိုင်ပါတယ်။
အရှင် အာနန္ဒာမထေရ် ရဟန္တာဖြစ်အောင် ကျင့်စဉ်မှာ “ဝီရိယ သမထံ ယောဇေမိ”ကိုကြည့်ယင် သမထနဲ့ သမာဓိတို့ဟာ အတူတူပဲလို့ သိနိုင်တာကြောင့် သမထ လုုံးဝမလုပ် ဝိပဿနာသက်သက် တစ်မျိုးတည်းကိုသာ အားထုတ်တဲ့ ကျင့်စဉ်နည်းဟာ ဗုဒ္ဓနည်းကျ ကျင့်စဉ်နည်း မဟုတ်ဘူးလို့ လွယ်လွယ် သိနိုင်ကြပါတယ်။
နည်းမှန်ကောင်းနှစ်ရပ် ခွဲခြားမှတ်စရာ
သမထ ပုဗ္ဗင်္ဂမ ဝိပဿနာနည်း
(၁) ခဏိက သမာဓိကို အားမကိုးဘူး၊ တန်ဖိုးမထားဘူး။
(၂) သမာဓိကို ဈာန်ရပြီးချိန်ထိအောင် အားထုတ်ပြီးမှသာ ဝိပဿနာဘက်ကူးတက်တယ်။
(၃) ဝိပဿနာဘက် ကူးတက်ပြီးယင် သမာဓိ ခိုင်မြဲတာကြောင့် သမထ လုပ်ငန်းဘက်ကို ဘယ်တော့မျှ ပြန်မလှည့်ဘူး။
သုဒ္ဓဝိပဿနာနည်း
(၁) ခဏိက သမာဓိကို အားကိုးလွန်းတယ်၊ တန်ဖိုးထားတယ်။
(၂) သမာဓိကိုဈာန်ရပြီးချိန်ထိအောင် အားမထုတ်ပဲ ဝိပဿနာဘက် ကူးတက်တယ်။
(၃) ဝိပဿနာဘက် ကူးတက်ပြီးပေမယ့် သမာဓိ မခိုင်မြဲသေးတာကြောင့် သမထ တလှည့် ဝိပဿနာတလှည့် ပြုလုပ်နေရတယ်။ နာရီများစွာကြာ၊ နေ့ရက်များစွာ ကြာပြီးမှသာ ဝိပဿနာ သမာဓိ ခိုင်မြဲပါတယ်။
ကောင်းကျိုး ကွဲခြားမှု
သမထ ပုဗ္ဗင်္ဂမ ဝိပဿနာ နည်းမှာ (၁) ဝိပဿနာဘက် ကူးတက်ပြီးယင် အပ္ပနာဆိုက်ပြီ၊ သမာဓိ ခိုင်မြဲပြီ။
(၂) ဝိပဿနာဉာဏ် အတော်အတန် ရင့်သန်ယင် ဒိဗ္ဗစက္ခု အဘိညာဏ်ကို ဧကန်တွဲဖက်ရပါတယ်၊ အဘိညာဉ်အတွက် သီးခြား အားထုတ်ဖို့ မလိုတော့ဘူး။
သုဒ္ဓ ဝိပဿနာ ယာနိက နည်းမှာ (၁) ဝိပဿနာဘက် ကူးတက်ပြီးပေမယ့် အပ္ပနာ မဆိုက်သေးဘူး၊ သမာဓိမခိုင်မြဲသေးဘူး။
(၂) ဝိပဿနာဉာဏ် အလွန်ရင့်လွန်းတာတောင်မှ ဒိဗ္ဗစက္ခု အဘိညာဏ်ကို တွဲဖက်မရနိုင်ဘူး၊ အဘိညာဏ်အတွက် သီးခြား အားထုတ်ရသေးတယ်။
နည်းမှန်ကောင်းတစုံ တူကြပုံ
(၁) နိဗ္ဗာန်ရနိုင်တဲ့ နည်းမှန်ကောင်းတွေချည်းဖြစ်ကြပါတယ်။
(၂) လုပ်ငန်းစတင်ချိန်မှာ သမာဓိထူထောင်မှုကို သမထနည်းနဲ့အားထုတ်ရတာချည်း ဖြစ်ကြပါတယ်။ (ဝီရိယသမထံ ယောဇေမိ ကိုကြည့်)
သေချာတိပ မသိကြလို့
ငါတို့ကျင့်နည်းဟာ သုဒ္ဓဝိပဿနာယာနိကကျင့်စဉ် ဖြစ်တာကြောင့် သမထကို လုံးဝမလုပ်၊ နည်းနည်းကလေးမျှ မလုပ်ဘူးလို့ ပြောကြသူတွေဟာ သမထနဲ့ ဝိပဿနာကို သေချာတိပ ခွဲခြား မသိကြတာကြောင့် ပြောကြတာ ဖြစ်ပါတယ်။
စတုဓာတုဝဝတ္ထာန် (ခေါ်) ဓာတ်ခွဲ ကမ္မဋ္ဌာန်းဟာ လုပ်ငန်း စတင်ချိန်မှာ သမထလုပ်ငန်း စစ်စစ် ဖြစ်ပါတယ်လို့ သင်္ဂြ ိုလ် ကမ္မဋ္ဌာန်းပိုင်း အစနားမျှကို သင်ဘူးသူတိုင်း လွယ်လွယ် မှန်မှန် ဧကန်သိနိုင်တဲ့ အခြင်းအရာ ဖြစ်ပါတယ်။
ဆက်လက်ဖော်ပြပါမည်။
ဦးကုမာရ (ဓမ္မာစရိယ) ရွှေပရိယတ္တိ စာသင်တိုက်၊ မော်လမြိုင်မြို့မှ ရေးသားသော ညောင်လွန့် ဝိပဿနာ ကျင့်စဉ်နည်း ခေါ် ဘုမ်ကျဉ်းဝိပဿနာနည်းမှ ထုတ်နှုတ်ဖော်ပြပါသည်။
ဘုမ်ကျဉ်း ဝိပဿနာ (အပိုင်း ၅)
ဘုမ်ကျယ်နည်း + ဘုမ်းကျဉ်းနည်း
ဝိပဿနာကျင့်စဉ် နည်းမှန်ကောင်းတွေဟာ ဘုမ်ကျယ်နည်း+ဘုမ်ကျဉ်းနည်းလို့ နှစ်မျိုးစီ ကွဲပြားကြပြန်တယ်။
ဘူမိဆိုတဲ့ ပါဠိကို “ဘုမ်” လို့ မြန်မာစကားပြုထားပါတယ်။ ဝိပဿနာစိတ်ရဲ့ အာရုံကို ဝိပဿနာ ဘူမိလို့ ပါဠိလို ဆိုထားတာကြောင့် ဝိပဿနာ ရှုစရာအာရုံကို “ဘုမ်” လို့ အတိုကောက် သိမှတ်ထားကြပါ။
ရှုမှတ်စရာများပြား ကျယ်ဝန်းတဲ့နည်းဟာ ဘုမ်ကျယ်နည်းဖြစ်တယ်၊ ရှုမှတ်စရာ နည်းပါးတဲ့ နည်းဟာ ဘုမ်ကျဉ်းနည်းဖြစ်ပါတယ်။
ဝိပဿနာ ရှုမှတ်စရာ အာရုံ “ဘုမ်” ဟာ ရုပ်+နာမ်လို့ နှစ်မျိုး ကွဲတာကြောင့် (၁) ရုပ် ဘုမ်ကျယ်နည်း၊ (၂) နာမ် ဘုမ်ကျယ်နည်း၊ (၃) ရုပ်+နာမ် ဘုမ်ကျယ်နည်းလို့ ဘုမ်ကျယ်နည်း သုံးမျိုး ဖြစ်ပါတယ်။
(၁) ရုပ် ဘုမ်ကျဉ်းနည်း၊ (၂) နာမ် ဘုမ်ကျဉ်းနည်း၊ (၃) ရုပ်+နာမ် ဘုမ်ကျဉ်းနည်းလို့ ဘုမ်ကျဉ်းနည်း သုံးမျိုး ဖြစ်ပါတယ်။ အားလုံးပေါင်းယင် ဝိပဿနာနည်း ၆ မျိုး ရှိပါတယ်။ ဒါကြောင့် “ရုပ် နာမ်နဲ့စပ် ဝိပဿနာ ဘုမ် ၆-ရပ်” လို့ သိမှတ်ကြပါ။
ရုပ်ကို ပထဝီ+အာပေါ+တေဇော+ဝါယော+အာကာသ လို့ ဓာတ် ၅ မျိုးခွဲပြီး ရှုမှတ်တဲ့နည်းမျိုးတွေ တစပဉ္စက အစရှိတဲ့ ၃၂ ကောဋ္ဌာသ ရှုနည်းမျိုးတွေဟာ ရှုမှတ်စရာ ရုပ်အာရုံ ဘုမ်တွေ များပြား ကျယ်ဝန်းတာကြောင့် ရုပ်ဘုမ်ကျယ်နည်းတွေ ဖြစ်ကြပါတယ်။
ရုပ် အနိစ္စလို့ ဝိပဿနာ ရှုတဲ့နည်းမျိုးဟာ ရှုမှတ်စရာ ရုပ်အာရုံ ဘုမ် နည်းပါတာကြောင့် ရုပ်ဘုမ်ကျဉ်းနည်း ဖြစ်ပါတယ်။
ဝိပဿနာ ရှုစရာ နာမ်တရားဟာ လောကီ စိတ် ၈၁ ရယ်၊ စေတသိက် ၅၂ ရယ်လို့ ၁၃၂ မျိုး ရှိပါတယ်။
သတိပဋ္ဌာန် ပါဠိတော် စိတ္တာနုပဿနာနည်းအတိုင်း သ ရာဂ စိတ်၊ ဝိတ ရာဂစိတ် စသည် ခွဲပြီး စိတ်ကို ဝိပဿနာရှုယင် (က) စိတ်နာမ် ဘုမ်ကျယ်နည်း ဖြစ်ပါတယ်။
စေတသိက် ၅၂ ပါးထဲမှာ ဖဿနဲ့ဝေဒနာကိုသာ ဝိပဿနာရှုရမယ်လို့ အဋ္ဌကထာ ကျမ်းပြုဆရာကြီး အရှင်မဟာဗုဒ္ဓဃောသ မထေရ်မြတ်က မိန့်ဆိုထားပါတယ်။ ဝိပဿနာ ရှုကွက် ထင်ရှား လွယ်ကူတာကိုသာ ဆိုထားတဲ့ နိဒဿန နည်းပြစကားလို့ မှတ်ယူသင့်ပါတယ်။
ဖဿ စေတသိက်ကို ဖဿဖြစ်ကြောင်း ၆ ပါးနဲ့ တွဲစပ်ပြီး ဖဿာယတန ၆ ပါးနည်း အတိုင်း ခွဲခြားပြီး ဝိပဿနာရှုယင် (ခ) ဖဿနာမ် ဘုမ်ကျယ်နည်း ဖြစ်ပါတယ်။
ဝေဒနာ စေတသိက်ကို ဝေဒနာနုပဿနာနည်းအတိုင်း ရှုမှတ်ယင် (ဂ) ဝေဒနာနာမ် ဘုမ်ကျယ်နည်း ဖြစ်ပါတယ်။
လောကီစိတ်နဲ့ စေတသိက်တွေကို တခုစီ မခွဲခြား/တခုစီ မခွဲခြားပဲ “နာမ် အနိစ္စ” လို့ ဝိပဿနာ ရှုမှတ်ယင် နာမ် ဘုမ်ကျဉ်းနည်း ဖြစ်ပါတယ်။
“ဝေဒနာ အနိစ္စ” လို့ ရှုမှတ်တဲ့ နည်းဟာလည်း နာမ် ဘုမ်ကျဉ်းနည်းပဲ ဖြစ်ပါတယ်။
ရုပ် သက်သက် တသန့်စီ၊ နာမ် သက်သက် တသန့်စီ မခွဲခြားပဲ ခန္ဓာကိုယ်မှာ ပေါ်လာတာကို ရှုမှတ်တဲ့ နည်းမျိုး၊ ကြုံလာတာကို ရှုမှတ်တဲ့ နည်းမျိုးဖြစ်တဲ့ (မိဿက) ဝိပဿနာနည်းတွေလည်း ရှိကြပါတယ်။
ခန္ဓာကိုယ်မှာ ပေါ်လာတာကို မှတ်ပါ။ စိတ်ထဲမှာ သိလာတာကို မှတ်ပါ။ မြင်တာမှန်သမျှကို မြင်တယ်လို့ မှတ်ပါ၊ ကြားတာမှန်သမျှကို ကြားတယ်လို့ မှတ် စသည် ဝိပဿနာနည်းပြဆရာ သင်ပြပေးတာက “မှတ်” တလုံးတည်း တခွန်းတည်း ဖြစ်ပေမယ့် လုပ်ငန်းအရတော့ ဘုမ်ကျဉ်းနည်း မဟုတ်ဘူး၊ ဘုမ်ကျယ်နည်း စစ်စစ်ဖြစ်တယ်။
ဝိပဿနာကျင့်ခွင်ဝင်ပြီး ရှုမှတ်နေချိန်မှာ ပူတယ်လို့ မှတ်ရတယ်၊ အေးတယ်+ထုံတယ်+ကျင်တယ်+တင်းတယ်+နာတယ်+ကို်က်တယ်+လှုပ်တယ်+စားချင်တယ်+ဆန့်တယ်+ထိတယ်+ကိုင်တယ်+ယူတယ်+ကွေးတယ်+ဟတယ်+ထည့်တယ်+ဝါးတယ်+ဝါးတယ်+ဝါးတယ်+မျိုတယ်+သွားချင်တယ်+ကြွတယ်+လှမ်းတယ်+ချတယ်+ထိတယ်+သိတယ် စသည် ရှုမှတ်ချက်တွေ ရှုမှတ်စရာအာရုံ ဘုမ်တွေ များပြား ကျယ်ဝန်းတာကြောင့် ဘုမ်ကျယ်နည်း စစ်စစ်သာ ဖြစ်ပါတယ်။
“ရုပ် နာမ် အနိစ္စ” လို့ ရှုမှတ်တဲ့နည်းဟာ ရုပ်နာမ် ဘုမ်ကျဉ်းနည်း ဖြစ်ပါတယ်။
ခန္ဓာဒီနယမာရဗ႓ ကလာပဝသေန သင်္ခ ိပိတွာ အနိစ္စံ အစရှိတဲ့ သင်္ဂဟကျမ်း ပါဠိဟာ ဘုမ်ကျဉ်းနည်းကို ဖော်ပြတဲ့ လွယ်လွယ်ကူကူ သိစရာ ပါဠိ ဖြစ်ပါတယ်။
ဒီပါဠိမှာ ကလာပဝသေန ကို ကလာပ်၏ အစွမ်းဖြင့်လို့ အဓိပ္ပာယ် မှုန်ဝါးဝါး ဘာသာပြန်ပြီးတော့ ကမ္မဇ ကလာပ်ရုပ်၊ စိတ္တဇ ကလာပ်ရုပ်၊ ဥတုဇကလာပ်ရုပ်၊ အာဟာရဇ ကလာပ်ရုပ်၊ အရေကလာပ်ရုပ်၊ အဖတ် ကလာပ်ရုပ် ဟု ဝိပဿနာ ရှုရမယ်လို့ အလွဲအမှာ မလုပ်ကြပါနဲ့။ ခန္ဓာဒီနယံ လို့ ရှင်းရှင်းထင်ထင် ဆိုထားတာကို သတိပြုကြပါ။
မြတ်ဗုဒ္ဓဟောညွှန်ပြတော်မူခဲ့တဲ့ စနစ်ကျအောင် ကျင့်နိုင်ကြယင် ဘုမ်ကျဉ်း+ဘုမ်ကျယ် နည်းနှစ်သွယ်လုံးဟာ မဂ်ဖိုလ်ရ နိဗ္ဗာန်မြင်နိုင်တဲ့ နည်းမှန်ကောင်းတွေချည်း ဖြစ်ကြပါတယ်။ ဒါကြောင့် ကိုယ်ကြိုက်တဲ့ နည်းကို ကျင့်ကြပါ၊ ကိုယ်မကြိုက်တာနဲ့ လွဲတယ် မှားတယ်လို့ မပြောသင့်ဘူး။
ဒီခေတ်မှာ လူတွေဟာ သက်တမ်းတိုကြလို့ ဘုမ်ကျဉ်းနည်းကို ကျင့်ဖို့ သင့်တော်တယ်လို့ ကျေးဇူးတော်ရှင် ပထမ ညောင်လွန့်မဟာထေရ် အရှင်မြတ်ကြီးက မိန့်ကြားတော် မူခဲ့ပါတယ်။
မြတ်ဗုဒ္ဓ ကိုယ်တော်တိုင် သစ္စာလေးပါးကို သိမြင်တော်မူပြီးမှ ဟောညွှန်တော်မူတဲ့ ဆင်းရဲ ငြိမ်းပျောက်ရေး လမ်းစဉ်မှန်ကောင်းကို ဖြောင့်ဖြောင့်မတ်မတ် လိုက်နိုင်ကြဖို့ ပြောခဲ့ပြီး ဖြစ်တဲ့ ကြိုတင်သိထား၊ ကြိုတင် ပြုလုပ်ထားရမည့် အချက်တွေကို လိုရင်းချုပ် ပြန်ပြောယင် -
(၁) သီလ (ခေါ်) ကိုယ်ကျင့်တရားကောင်းရှိကြဖို့၊ (၂) စိတ်အေးအေးဖြစ်ဖို့၊ (၃) ခံယူချက် ခိုင်မြဲဖို့၊ (၄) ယုံကြည်ချက်ပြည့်ဖြိုးဖို့၊ (၅) သမာဓိ အမြင်သန်ဖို့၊ (၆) သမထနဲ့ ဝိပဿနာကို ကွဲကွဲပြားပြား သိထားဖို့၊ (၇) အယူမသည်းပဲ အလွဲကို စွန့်လွယ်သူဖြစ်ဖို့၊ (၈) ဝိပဿနာနဲ့စပ် ဘုမ် ၆ ရပ်ကို သိထားဖို့ဆိုတဲ့ ရှစ်ချက်ကို ကြိုတင် သိထား ပြုသင့်တာကို ကြိုတင်ပြုထားပြီးမှ ဝိပဿနာ ကျင့်ခွင်ဝင်ယင် ကောင်းကျိုးအမှန် မြန်မြန်ဖြစ်ကြပါမယ်။
ဦးကုမာရ (ဓမ္မာစရိယ) ရွှေပရိယတ္တိ စာသင်တိုက်၊ မော်လမြိုင်မြို့မှ ရေးသားသော ညောင်လွန့် ဝိပဿနာ ကျင့်စဉ်နည်း ခေါ် ဘုမ်ကျဉ်းဝိပဿနာနည်းမှ ထုတ်နှုတ်ဖော်ပြပါသည်။
ဘုမ်ကျဉ်း ဝိပဿနာ (အပိုင်း ၆)
ဗုဒ္ဓနည်းစစ်စစ် ဘုမ်ကျဉ်းနည်း ဖြစ်တဲ့ ညောင်လွန့်တောရဝိပဿနာကျင့်စဉ်နည်းကို ပြောချိန်ရောက်လာပြီ။ ယခု ပြောခဲ့တဲ့ စကား သုံးပုဒ်မှာ “ဗုဒ္ဓနည်း စစ်စစ်” ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်က ညောင်လွန့်တောရ ဝိပဿနာ ကျင့်စဉ်နည်းဟာ (က) မြတ်ဗုဒ္ဓ ဟောညွှန်တော်မူချက်တွေနဲ့ မသက်ဆိုင်ပဲ ကိုယ်ပိုင်ဉာဏ်စွမ်းနဲ့ တီထွင်ထားတဲ့နည်း မဟုတ်ပါဘူး။ မြတ်ဗုဒ္ဓ ဟောညွှန်တော်မူထားတဲ့ နည်းမှန်ကောင်းတရပ်သာ ဖြစ်ပါတယ်။ (ခ) မြတ်ဗုဒ္ဓ ဟောညွှန်တော်မူခဲ့တာကို မှီးရုံမျှသာ နည်းနည်းပါးပါး ယူပြီးတော့ ကြံကောင်းစည်ရာ ကိုယ်ပိုင် အတွေးအခေါ်တွေ ရောစွက် ချဲ့ထွင့်ထားတဲ့ ကျင့်စဉ်နည်းမျိုးလည်း မဟုတ်ပါဘူူး။ မြတ်ဗုဒ္ဓ ဟောညွှန်တော်မူခဲ့တဲ့ နည်းမှန်ကောင်းတော်ကို နည်းနည်းကလေးမျှ မသွေဖည်ပဲ မြတ်ဗုဒ္ဓ ဟောညွှန်တောမူခဲ့တဲ့ နည်းမှန်ကောင်းတော်ကို တဖြောင့်တည်း လိုက်ပြီး ကျင့်တဲ့နည်းသာ ဖြစ်ပါတယ်လို့ ဆိုလိုပါတယ်။
ပထမသံဂါယနာတင်ချိန်မှာ အရှင်အာနန္ဒလျှောက်ထားခဲ့တဲ့ “ဧဝံ မေသုတံ” ပါဠိစကားတော်ကို “ဗုဒ္ဓနည်း စစ်စစ်” လို့ မြန်မာဘာသာပြန်ထားတဲ့ စကားသာ ဖြစ်ပါတယ်။ အခြား ကမ္မဋ္ဌာန်းနည်းပြဆရာတွေ ကျင့်တဲ့နည်း၊ ဟောပြနေကြတဲ့ နည်းတွေကို စောင်းချိတ်ပြောလိုတဲ့ စေတနာ မရှိပါဘူး။
ဘုမ်ကျဉ်းနည်းဖြစ်တယ်လို့ ပြောခဲ့တဲ့ ဒုတိယ စကားပုဒ်အတွက် ပရိသတ်သိပြီး ဖြစ်တာကြောင့် အထူးပြောစရာ မလိုတော့ပါဘူး။
ညောင်လွန့်တောရ ဝိပဿနာကျင့်စဉ် ဆိုတဲ့ တတိယစကားပုဒ်ရဲ့ အဓိပ္ပာယ်က သက္ကရာဇ် ၁၂၈၈ ခုနှစ်မှာ တရားထူးကို ရတော်မူတဲ့ အရှင်မေဓာဝီအမည်တော်တွင်တဲ့ ကျေးဇူးတော်ရှင် ညောင်လွန်က (ပထမ) ဆရာတော် ဘုရားကြီး ကိုယ်တော်တိုင် မြတ်ဗုဒ္ဓ ပိဋကတော်ထဲမှာ ရှာဖွေ တွေ့သိ ကျင့်တော်မူပြီးမှ ဟောပြတော်မူခဲ့တဲ့ ကျင့်စဉ် နည်းမှန် ဖြစ်ပါတယ်လို့ ဆိုလိုပါတယ်။
ဒီ ညောင်လွန့်တောရ ဝိပဿနာကျင့်စဉ်နည်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၆၀) ကျော်ကစပြီး ယနေ့အထိ ဆရာတပည့် အဆက်ဆက် ကျင့်ခဲ့ကြစဉ်မှာ ကြုံတွေ့သမျှတွေကို ဗုဒ္ဓပိဋကတော်တွေနဲ့ ညှိုနှိုင်းကြပြီး မွမ်းမံပြုပြင်ကြ၊ ဖြည့်စွက်ကြတာကြောင့် ကျေးဇူးတော်ရှင် ညောင်လွန် (ပထမ) ဆရာတော်ဘုရားကြီး ကိုယ်တော်တိုင် ကျင့်တော်မူချိန်+ဟောပြတော်မူချိန်ကထက် ယောဂီတွေအတွက် အင်မတန် ပိုမို လွယ်ကူ ဖြောင့်တန်းလာတဲ့နည်းမှန်ကောင်းတရပ် အဖြစ်ကို ရောက်နေပါပြီလို့ မှတ်သားကြယင် မမှားပါဘူး။
“ညောင်လွန့်တောရ ဝိပဿနာ ကျင့်စဉ်နည်းဟာ သမထကို ဥပစာရဈာန် ရပြီးချိန်ထိအောင် ရှေးဦး အားထုတ်ပြီး အဇ္ဈတ္တနိမိတ် ထင်ရှား+ခိုင်မြဲမှ ဝိပဿနာဘက် ကူးတက်တဲ့ ဘုမ်ကျဉ်း ဝိပဿနာနည်း ဖြစ်ပါတယ်” ပါဠိဘာသာမှာ သမထ ပုဗ္ဗင်္ဂမ ဝိပဿနာ ယာနိကနည်းလို့ ဆိုပါတယ်။ သမထ ယာနိကနည်းလို့ မမှတ်ကြပါနဲ့၊ မပြောကြပါနဲ့။
“ညောင်လွန့်တောရဝိပဿနာကျင့်စဉ်ဟာ အာနာပါနာကမ္မဋ္ဌာန်းကို အခြေခံထားပြီး ဈာန်ရချိန်ထိအောင် ထူထောင်ထားတဲ့ သမာဓိကို ရှေ့ဆောင်ကာ ဝိပဿနာဘက်ကူးတက်တဲ့ ဘုမ်ကျဉ်းနည်းဖြစ်ပါတယ်”
အာနာပါန ကမ္မဋ္ဌာန်းဆိုတာ မဟာသတိပဋ္ဌာန သုတ်တော် အာနာပါနပဗ္ဗမှာ မြတ်ဗုဒ္ဓ ဟောညွှန်တော်မူထားတဲ့ သတောဝ အဿသတိ၊ သတောဝ ပဿသတိ “သတိမြဲလျက်သာ ထွက်လေကိုထုတ်၊ ဝင်လေကို သွင်း” နည်းမှန်အတိုင်း ထွက်လေ ဝင်လေကို သိမှတ်တဲ့ ကမ္မဋ္ဌာန်း ဖြစ်ပါတယ်။
အာနာပါန ကမ္မဋ္ဌာန်းဟာ (၁) သုဒ္ဓဝိပဿနာယာနိက (ခေါ်) သမထ ရှေ့မဆောင်ပဲ ဝိပဿနာ အားထုတ်ချင်သူတွေ ကျင့်နိုင်တဲ့ နည်းမှန်ကောင်းလည်း ဖြစ်ပါတယ်။ (၂) သမထ ပုဗ္ဗင်္ဂမ ဝိပဿနာယာနိက (ခေါ်) သမထ ရှေ့ဆောင်ကာ ဝိပဿနာ အားထုတ်ချင်သူတွေ ကျင့်နိုင်တဲ့ နည်းမှန်ကောင်းလည်း ဖြစ်ပါတယ်။ ဗုဒ္ဓနည်းကျကျ စည်းစနစ်မှန်ဖို့သာ လိုရင်းချုပ်ဖြစ်ပါတယ်။
သတောဝ အဿသတိ၊ သတောဝ ပဿသတိလို့ မြတ်ဗုဒ္ဓ ဟောညွှန်တော်မူချက် ပါဠိနဲ့ ညီအောင်၊ ယောဂီတွေလည်း သိလွယ်အောင် မြန်မာဘာသာ လင်္ကာတစ်ပုဒ် စီထားပါတယ်။
နှာခေါင်းဝနား၊ စိတ်စိုက်ထား၊ မှတ်သား ထွက်+ဝင် လေ။
သတိပဋ္ဌာနသုတ်တော် မြတ်ဗုဒ္ဓ ဟောညွန်တော်မူချက်မှာ ထွက်လေဝင်လေကို သိမှတ်ရမည့်နေရာ မပါလာဘူး။ သိလွယ်တာကြောင့် နေရာကို မညွှန်ပြဘူးလို့ မှတ်ယူသင့်ပါတယ်။
အသိဉာဏ်မဖွံ့ဖြိုးသေးသူတွေ နေရာမှန်ကို မသိကြလို့ လွဲချော်ကြတာကော အကျယ်ဟောညွှန်ပြတော်မူတဲ့ ဝိဘင်္ဂပါဠိတော် (နှာ-၂၆၁) မှာ နာသိကဂ္ဂေဝါ၊ မုခနိမိတ္တေဝါ လို့ သင့်လျော်တဲ့ နေရာ နှစ်မျိုးကို မြတ်ဗုဒ္ဓကိုယ်တော်တိုင် သတ်မှတ်ပေးပါတယ်။
နာသိကဂ္ဂေဝါ နှာခေါင်းဘုရှည်သူတွေဟာ နှာသီးဖျား (ခေါ်) နှာခေါင်း ဘုထိပ်ဖျားမှာ ထွက်လေဝင်လေကို သိမှတ်ကြပါတဲ့။
မုခနိမိတ္တေဝါ နှာခေါင်းဘု တိုသူတွေဟာ နှာခေါင်းဝအောက်နား အထက်နှုတ်ခမ်းသားမှာ ထွက်လေ ဝင်လေကို သိမှတ်ကြပါတဲ့။
အိန္ဒိယ နိုင်ငံသားတွေ၊ ဥရောပနိုင်ငံသားတွေလို နှာခေါင်း ဘုရှည်သူတွေ မဟုတ်ကြတဲ့ ဗမာနိုင်ငံသားတွေကို နှာသီးဖျားမှာ မှတ်၊ နှာသီးဖျားမှာ မှတ်လို့ အလွဲနေရာ သတ်မှတ်ပေးကြတာကြောင့် မြတ်ဗုဒ္ဓရဲ့ ဟောညွှန်တော် မူချက်နဲ့လည်း မညီဘူး၊ ယောဂီတွေအတွက်လည် လုပ်ငန်း အံချော်ပြီး အခက်ကြုံနေကြပါတယ်။
ဒကာတယောက်ဟာ နှာခေါင်းဝရဲ့ ဘေးနှစ်ဘက် နှာခေါင်းသားမှာ လေတိုးထိတာကို မသိရတာကြောင့် နွားနှာမှုတ်တာလို ဟူး ဟူး ဟူး ဟူး မြည်အောင် တအားကုန် ရှုရှိုက်ပေမယ့် နေရာလွဲနေတာကြောင့် ဘာမျှ မရဘူး။ ဒါကြောင့် အသေးစိတ် ပြောနေရပါတယ်။ နှာခေါင်းဝနားဆိုတဲ့ လင်္ကာစာပိုဒ်အရ နှာခေါင်းပေါက်အဝရဲ့ အောက်ဘက်တည့်တည့် အနီးအနား နှာစေးတဲ့အခါ နှာရည်ယိုစီးကျတဲ့ အထက်နှုတ်ခမ်းသားမှာ မှတ်ရမယ်လို့ နေရာဌာနကို သေသေချာချာ မှတ်ထားကြပါ။
“သတောဝ သတိမြဲလျက်သာ” လို့ မြတ်ဗုဒ္ဓရဲ့ ညွှန်ပြတော်မူချက်ကို ယောဂီတွေ သိလွယ်အောင် အရပ်သုံးစကားနဲ့ “စိတ်စိုက်ထား” လို့ လင်္ကာစီပါတယ်။
စိတ်စိုက်ထားပုံက နှာခေါင်းဝရဲ့ အောက်ဘက်နား အထက်နှုတ်ခမ်းသားကို မှိတ်ထားတဲ့၊ အဝတ်နဲ့လည်း စည်းထားတဲ့ မျက်စိနဲ့ကြည့်ယင် နှာခေါင်းဝနားမှာ စိတ်အာရုံ တည်နေပါလိမ့်မယ်။ မျက်စိနဲ့မြင်တာ မမြင်တာ လိုရင်း မဟုတ်ပါဘူး။ ကြည့်နေဖို့သာ လိုရင်းဖြစ်ပါတယ်။
ဝမ်းဗိုက်မှာ စိတ်စိုက်ထားပါဆိုယင် မှိတ်ထား အဝတ်နဲ့ပိတ်စည်းထားတဲ့ မျက်စိနဲ့ ဝမ်းဗိုက်ကို ကြည့်နေယင် ဝမ်းဗိုက်မှာ စိတ်အာရုံ တည်နေပါလိမ့်မယ်။ ခေါင်းမှာ စိတ်စိုက် ဒူးမှာ စိတ်စိုက် ခြေသလုံးမှာ စိတ်စိုက် ခြေဖျားမှာ စိတ်စိုက် ခြေဘဝါးမှာ စိတ်စိုက် စသည်တွေမှာလည်း ဒီအတူပဲလို့ သိကြပါ။
ယဿ ဘဝင်္ဂပညာ နတ္ထိ၊ သောပု အဘဗ္ဗော လို့ အဘိဓမ္မာ ပုဂ္ဂလပညတ္တိမှာ မြတ်ဗုဒ္ဓ ဟောညွှန်တော်မူချက် ထင်ရှားရှိပါတယ်။
တိဟိတ်ပဋိသန္ဓေဉာဏ်+ပြည့်စုံတဲ့ ပါရမီ+တရားကျင့်မှု လုံ့လ+နည်းမှန် ညွှန်ပြတတ်တဲ့ ဆရာ+ သီလ သမာဓိစတဲ့ မဂ်ဖိုလ် နိဗ္ဗာန်ရဖို့ရန် အကြောင်းတွေ ပြည့်စုံနေပေမယ့် ဘဝင်ပညာမရှိသူဟာ ဒီဘဝမှာ မဂ်ဖိုလ် နိဗ္ဗာန်မရနိုင်သူ ဖြစ်ပါတယ်တဲ့။
မြတ်ဗုဒ္ဓရဲ့ ဒီဟောညွန်တော်မူချက်အရ ဘဝင်ပညာနဲ့ ပတ်သက်ပြီး အဋ္ဌကထာ ကျမ်းပြုပညာရှင်ကြီး အရှင်မဟာ ဗုဒ္ဓဃောသ မဟာထေရ်မြတ်က ဖော်ပြထားတဲ့ အယူအဆကို ဦးပဉ္စင်းက ဘဝင်မကျသေးဘူး။ ဦးပဉ္စင်းသဘောမပေါက် ဘဝင်မကျသေးဘူးလို့သာ ပြောတာနော်၊ အရှင်မဟာဗုဒ္ဓဃောသ မဟာထေရ်မြတ်ကြီးရဲ့ စကားမှားတယ်လို့ ပြောလိုရင်း မဟုတ်ပါဘူး။
မြန်မာနိုင်ငံမှာ ပရိယတ် ပဋိပတ် စွယ်စုံတတ်သူလို့ ကျော်ကြားတဲ့ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများနဲ့ ဘဝင် ပညာ အကြောင်း ဆွေးနွေးခဲ့ပါတယ်။ ဘဝင်ပညာဆိုတာ ဝိပဿနာပညာပါပဲလို့ ထို ဆရာတော်ကြီးတွေရဲ့ မိန့်ကြားချက်ကိုလည်း ဘဝင်မကျခဲ့ပါဘူး။
မြန်မာနိုင်ငံမှာ ယခုအခါ ထင်ရှားကျော်ကြားနေတဲ့ ထူးကြီး (အရှင်ဝဏ္ဏိဿရ) ဆရာတော်နဲ့ ဆွေးနွေးတော့ ထူးကြီးဆရာတော်က “သူကိုယ်တိုင်လည်း ယဿ ဘဝင်္ဂ ပညာ နတ္ထိ၊ သောပိ အ ဘဗ္ဗော ဆိုတဲ့ ဒီ မြတ်ဗုဒ္ဓရဲ့ ဟောတော်မူချက် အဓိပ္ပါယ်ကို စဉ်းစားခဲ့ဘူးပါသတဲ့။ အရှင်မဟာ ဗုဒ္ဓဃောသ မဟာထေရ်မြတ်ကြီးရဲ့ မိန့်ဆိုချက်ကိုလည်း သဘောမပေါက်ခဲ့ သဘောမရှင်းခဲ့ပါဘူးတဲ့။ ဆရာသမားတွေရဲ့ နည်းလမ်း ညွှန်ပြ ဟောပြောချက်ကို သဘောရှင်း သိနားလည်ခြင်းဟာ ဘဝင်ပညာပဲလို့ ယူဆပါတယ်” လို့ မိန့်ကြားပါတယ်။
ယောဂီတွေကို တရားပြတဲ့အခါ ကြုံတွေ့လာရတာတွေနဲ့ ညှိလိုက်တော့ ထူးကြီး ဆရာတော်ရဲ့ စကားကို ဦးပဉ္စင်း ဘဝင်ကျပါတော့တယ်။ ဝိပဿနာလုပ်ငန်းအတွက် ပရိယတ္တဆည်းပူးပုံကို ပြတဲ့ ဥဂ္ဂဟ ပရိပုစ္ဆာ သဝန ဓာရဏ ပစ္စဝေက္ခဏာ ဆိုတဲ့ စကားရပ်တွေနဲ့ ညီညွတ်တယ်၊ ယောဂီတွေကို တရားပြတဲ့အခါ ကြုံတွေ့နေရတဲ့ လက်တွေ့နဲ့လည်း ကိုက်ညီတယ်။ ဒါကြောင့် ထူးကြီးဆရာတော်ရဲ့ ဘဝင်ပညာ ယူဆချက်ကို ဘဝင်ကျပါတော့တယ်။
ဆက်လက်ဖော်ပြပါမည်။
ဦးကုမာရ (ဓမ္မာစရိယ) ရွှေပရိယတ္တိ စာသင်တိုက်၊ မော်လမြိုင်မြို့မှ ရေးသားသော ညောင်လွန့် ဝိပဿနာ ကျင့်စဉ်နည်း ခေါ် ဘုမ်ကျဉ်းဝိပဿနာနည်းမှ ထုတ်နှုတ်ဖော်ပြပါသည်။
ဘုမ်ကျဉ်း ဝိပဿနာ (အပိုင်း ၇)
အဿသတိ ထွက်လေကို ထုတ်၊ ပဿသတိ ဝင်လေကို သွင်းဆိုတဲ့ မြတ်ဗုဒ္ဓ ဟောညွှန်တော်မူချက်နဲ့ ညီအောင် ယောဂီတွေ သိလွယ်အောင် “မှတ်သား ထွက် ဝင် လေ” လို့ လင်္ကာစီပါတယ်။
အမေ့ဝမ်းထဲ ပဋိသန္ဓေ တည်နေချိန်မှာ အမေရဲ့ ဝင်လေ ထွက်လေ ရှုရှိုက်မှုဟာ ကလေးရဲ့ ချက်ကြိုးနဲ့ ဆက်သွယ်ပြီး ကလေးမှာ ဝင်လေ ရှေးဦးဖြစ်တယ်။ ဒါကြောင့် ဝင်လေကို စတင် မှတ်ရမယ်လို့ ဝိနည်း ပိဋက ကျွမ်းကျင်ကြတဲ့ ပညာရှင်ကြီးတွေက မိန့်ကြားခဲ့ကြပါတယ်။
ဝမ်းဗိုက် ချက်တိုင်မှာ ဝင်လေ ထွက်လေကို သိအောင်မှတ်ယင် လေဝင် လေထွက် မထင်ရှားဘူး၊ သိဖို့မလွယ် လုပ်ငန်းခက်လှတယ်။ နှာခေါင်းဝနားမှာ စိတ်စိုက်ပြီး ဝင်လေ ထွက်လေကို မှတ်ယင် လေဝင် လေထွက် ထင်ရှားတာကြောင့် သိလွယ်တယ်။
အမိဝမ်းထဲ ပဋိသန္ဓေနေတဲ့ ကလေးမှာ ဝင်လေ ထွက်လေ မရှိဘူးလို့ အဘိဓမ္မာ သင်္ခါရယမိုက်မှာ မြတ်ဗုဒ္ဓ ဟောညွှန်တော်မူချက် ထင်ရှားရှိပါတယ်။
အမေ့ဝမ်းက ကျွတ်ထွက်လာတဲ့ ကလေးရဲ့ချက်ကြိုးကို ဖြတ်ချင်ယင် ကလေးရဲ့ ဝမ်းဗိုက်ထဲ ချက်ကြိုးကတဆင့် လေဝင်ပြီးချိန်မှာ ချက်ကြိုးကို လက်နဲ့ညှစ်ပိတ်လိုက်ယင် လေဟာ ကလေးရဲ့ နှာခေါင်းပေါက်က ရှေးဦး ထွက်တယ်။ ဝင်လေက နောက်မှ ဝင်တယ်။ ဒီအချိန်ကျမှ ချက်ကြိုးကို ဖြတ်ရတယ်။ ချက်ကြိုးဖြတ်တာ စနစ်မကျယင် ကလေးသေတယ်။ လူတွေရဲ့ နှာခေါင်းပေါက်မှာ ထွက်လေ ရှေးဦးဖြစ်တာကြောင့် ထွက်လေကို စတင်မှတ်ရမယ်လို့ သုတ္တန်ပိဋက ကျွမ်းကျင်ကြတဲ့ ပညာရှင်တွေက မိန့်ကြားခဲ့ကြပါတယ်။
မြတ်ဗုဒ္ဓ မပေါ်ထွန်းခင် နှစ်ပေါင်းများစွာက စပြီး ယနေ့ထိ အိန္ဒိယနိုင်ငံမှာ အာနာပါန သမထ လုပ်ငန်းဟာ တွင်ကျယ်နေပါတယ်။ လူတိုင်းဟာ အမေဝမ်းက ကျွတ်ထွက်ခါစမှာ နှာခေါင်း နှစ်ပေါက်လုံးက ဝင်လေ ထွက်လေ ပြိုင်တူ ဖြစ်တာ မဟုတ်ပါဘူး။ တချို့လူဟာ ယာဘက် နှာခေါင်းပေါက်က ရှေးဦးလေထွက်ပြီး ဝဲဘက် နှာခေါင်းပေါက်က ရှေးဦးလေ ဝင်ပါတယ်။ တချို့လူဟာ ဝဲဘက် နှာခေါင်းပေါက်က ရှေးဦးလေထွက်ပြီး ယာဘက် နှာခေါင်းပေါက်က ရှေးဦးလေ ဝင်ပါတယ်။ ရှေးဦးလေဝင်တဲ့ နှာခေါင်းပေါက်ကို ကိုယ်တိုင် လေ့လာယင်လည်း သိနိုင်တယ်။ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ စမ်းသပ်ကြည့်ယင်လည်း သိနိုင်ပါတယ်။ ရှေးဦး စတင် လေဝင်တဲ့ နှာခေါင်းပေါက်ကို တိတိပပသိပြီးမှ ရှေးဦး စတင် လေထွက်တဲ့ နှာခေါင်းပေါက်ကို လက်မနဲ့ ပိတ်ထားပြီး ရှေးဦး စတင် လေဝင်တဲ့ နှာခေါင်းပေါက် တဖက်တည်းနဲ့ ဝင်လေကို ချက်တိုင်ရောက်အောင် ရှုသွင်းရမယ်။ ရှုသွင်းပြီးယင် ဝင်လေပေါက်ကိုပိတ်၊ ထွက်လေပေါက်ကို ဖွင့်ပြီး လေထုတ်ပစ်ရမယ်လို့ ဗုဒ္ဓဘာသာဝင် မဟုတ်ကြတဲ့ တိတ္ထိယပညာရှင်တွေက ပြောကြပါတယ်။ ယနေ့ထိ အိန္ဒိယနိုင်ငံမှ ဒီအတိုင်း ကျင့်နေကြပါသေးတယ်။ လုပ်ငန်းရင့်ကျက်လာတော့ လက်နဲ့ ပိတ်စရာ မလိုတော့ပဲ ရှုသွင်းချင်တဲ့ နှာခေါင်း တပေါက်တည်းက ရှုသွင်းပြီး အခြား နှာခေါင်း တပေါက်က လေထုတ်တယ်။
ဒီ အကြောင်းအရာတွေကို ပရိသတ်တွေ ဗဟုသုတ ဖြစ်ပွားရုံလောက်သာ ရည်ရွယ်ပြီး ပြောပြပါတယ်။ ထွက်လေကို စတင် မှတ်ချင်ယင်လည်း မှတ်ပါ။ ဝင်လေကို စတင် မှတ်ချင်ယင်လည် မှတ်ပါ။ နှာခေါင်းဝနား စိတ်စိုက်ထားပြီး ထွက်လေ ဝင်လေကို သတိကပ် သိမှတ်ကာ သမာဓိမြဲဖို့သာ လိုရင်းချုပ် ဖြစ်ပါတယ်။
အာနာပါန ကျင့်နည်းမှန် နှစ်မျိုးကို ပြောခဲ့စဉ်က သုဒ္ဓဝိပဿနာယာနိက (ခေါ်) သမထ ရှေ့မဆောင်ပဲ ဝိပဿနာ ကျင့်ချင်သူတွေ ကျင့်နိုင်တဲ့ နည်းမှန်ကောင်းလည်း ဖြစ်ပါတယ်လို့ ပြောခဲ့ပါတယ်။ သမထ ရှေ့မဆောင်ပဲ၊ သမထဈာန်ရအောင် မလုပ်ပဲ ဝိပဿနာ အာထုတ်ချင်သူတိုင်းဟာ မှတ်သား ထွက် ဝင်လေ ဆိုတဲ့ လင်္ကာပိုဒ်နဲ့ ညီအောင် ထွက်လေ ဝင်လေကို ရှုရှိုက် သိမှတ်နေယင်းနဲ့ ပရမတ်ဓာတ်ကို သိအောင် နှလုံးသွင်းကြရမယ်။ ပရမတ်ဓာတ်ကို မသိသေးပဲ ဝိပဿနာဘက်ကို ခုန်ကျော် ကူးတက်သွားယင် လုပ်ငန်း လွဲချော်နေတာကြောင့် ဘာတရားထူးကိုမျှ ရမှာ မဟုတ်ပါဘူး။ ရခွင့်လည်း မရှိပါဘူး။ ဘာတရားထူးမျှ မရပဲ နေ့ရက်ကြာလာတာ စိတ်ပျက် နောက်ဆုတ်ကြပါရော။ တချို့က တရားရတယ် ထင်မှားနေကြတယ်။ ကိုယ့်အလွဲကို ကိုယ်မသိဘူး၊ လွဲနေပါတယ်လို့ အကြောင်း+အကျိုး ပြည့်စုံအောင် ပြောပြတာတောင်မှ နားမဝင်ဘူး။ သူ့အလွဲကိုပဲမှန်တယ်လို့ သူ စွဲနေတယ်။ ဒီလို အလွဲ စွဲနေသူတွေကို ဒုပ္ပဋိနိဿဂ္ဂိ အယူသည်းသူတွေလို့ မြတ်ဗုဒ္ဓက မိန့်ဆိုတော်မူခဲ့ပါတယ်။
ဒါကြောင့် ဝိပဿနာ အားထုတ်သူတိုင်းဟာ (က) ပရမတ်ဓာတ်ဖြစ်တဲ့ ရုပ်ကို သို့မဟုတ် နာမ်ကို ပိုင်ပိုင်နိုင်နိုင် သိအောင် ကျေညက်အောင် ဦးစွာ ပြုလုပ်ရမယ်၊ (ခ) ဖြစ်+ပျက်ကို မြင်သိပြီး နောက်မှ ဝိပဿနာ ရှုရမယ်လို့ လုပ်ငန်းစဉ်မှန်ကို ခွဲခြား မှတ်သားထားကြပါ။ ဒါဟာ အင်မတန် အရေးကြီးတဲ့အချက် ဖြစ်ပါတယ်။
အာနာပါန ဝိပဿနာလုပ်ငန်းမှာ (၁) နှာခေါင်းဝ အသားစိုင်ကို ထွန်းတိုး ပွတ်တိုက်နေတဲ့ ဝင်လေ ထွက်လေ (ခေါ်) ဝါယောဓာတ်ကို သိမှတ်ယင်လည်း ရှေးဦး ဝိပဿနာနည်းနဲ့ ညီပါတယ်။ (၂) နှာခေါင်းဝ အသားစိုင်ကို ဝင်လေ ထွက်လေတွေရဲ့ ပွတ်တိုင် ထိခိုက်မှု (ဖောဋ္ဌဗ္ဗရုပ်ဓာတ်)ကို သိမှတ်နေယင်လည်း ရှေးဦး ဝိပဿနာ နည်းနဲ့ ညီပါတယ်။ (၃) ဝင်လေ ထွက်လေတွေရဲ့ ပွတ်တိုက် ထိခိုက်မှုကြောင့် နှာခေါင်းဝ အသားစိုင်ရဲ့ ပူ+အေး+ထုံ+ထူ အစရှိတဲ့ ရုပ်ဓာတ်ကို သိမှတ်ယင်လည်း ရှေးဦး ဝိပဿနာနဲ့ ညီပါတယ်။ (၄) ဝင်လေ ထွက်လေကို သိမှတ်နေတဲ့စိတ် (နာမ်တရား)ကို သိမှတ်ယင်လည်း ရှေးဦး ဝိပဿနာနည်းနဲ့ ညီပါတယ်။
ပိုင်ပိုင်နိုင်နိုင် ဖြစ်အောင် ကျေညက်အောင် သိမှု မသိမှုကတော့ ယောဂီတွေရဲ့ သမာဓိနဲ့ ပညာ ဒီနှစ်ဖြာရဲ့ စွမ်းအားမှာ တည်ပါတယ်။ စွမ်းအားထက်ယင် ပိုင်ပိုင်နိုင်နိုင်သိအောင်၊ ကျေညက်အောင် ရှုမှတ်နိုင်ပါတယ်။
အာနာပါန ကမ္မဋ္ဌာန်းနည်းနဲ့ ဈာန်ရအောင် အားထုတ်ကြတဲ့ သမထယာနိကနည်းမျိုးတွေ၊ သမထ ပုဗ္ဗင်္ဂမ ဝိပဿနာ ယာနိက (ခေါ်) သမထကို ရှေ့ဆောင်ကာ ဝိပဿနာ ကူးတက် အားထုတ်တဲ့ ညောင်လွန့် ဝိပဿနာကျင့်စဉ်နည်းမျိုးလို ထိုနည်းတွေမှာ ဝင်လေ ထွက်လေ ဒီနှစ်ထွေနဲ့ ပတ်သက်ပြီး ရုပ်ဓာတ် နာမ်ဓာတ် ပရမတ်ကို ရှေးဦးစွာ အားထုတ်ဖို့ မလိုအပ်ပါဘူး။ ဝင်လေ ထွက်လေ ဒီနှစ်ထွေရဲ့ ဖြစ်+ပျက်ကို သိအောင် အားထုတ်ဖို့ အချိန်စောလွန်းနေပါသေးတယ်။
ဝိပဿနာလုပ်ငန်း မရောက်သေး၊ သမထနည်းအရ သမထလုပ်ငန်းနဲ့ သမာဓိကို ထူထောင်ရုံမျှ ဖြစ်နေသေးတာကြောင့် ဝင်လေရဲ့ ဝင်မှုအခြင်းအရာ+ထွက်လေရဲ့ ထွက်မှုအခြင်းအရာ(အာကာရပညတ်) ကိုသာ သိနေအောင် သတိကပ်ထား စိတ်စိုက်ထားဖို့သာ လိုရင်းဖြစ်ပါတယ်။
သမထနဲ့ဝိပဿနာ ဒီနှစ်ဖြာကို တိတိပပ ခွဲခြားသိထားဖို့ရယ် ဝိပဿနာ မဟုတ်သေး၊ ဝိပဿနာရဲ့ အခြေခံ ရုပ်နာမ်သိမှုမျှဖြစ်တဲ့ နာမရူပပရိစ္ဆေဒဉာဏ်+ပစ္စယပရိဂ္ဂဟဉာဏ်အဆင့်နဲ့ ဝိပဿနာစစ်စစ်ဖြစ်တဲ့ သမ္ပသနဉာဏ်အဆင့်တွေကို တိတိပပ ခွဲခြား သိထားဖို့ အထူး လိုအပ်ပါတယ်။ တိတိပပ ခွဲခြားမသိယင် သမ္မာဒိဋ္ဌိ (ခေါ်) အမြင်မှန်မဖြစ်ပဲ မိစ္ဆာဒိဋ္ဌိ (ခေါ်) အမြင်မှား ဖြစ်တတ်ပါတယ်။ အထူးသတိထားပါ။
အာနာပါန လုပ်ငန်းအရ အားထုတ်ပုံလွဲမှားနေသူတွေကို တပုံတပင်ကြီး တွေ့နေရ ကြားနေရပါတယ်။
(၁) ဝင်လေ ဗုဒ္ဓေါ ထွက်လေ အရဟံလို့ ရှုမှတ်နည်း၊
(၂) ဝင်လေ ဗုဒ္ဓေါ ထွက်လေ နုဿတိလို့ ရှုမှတ်နည်း၊
(၃) ဝင်လေ အနိစ္စ ထွက်လေ အနိစ္စလို့ ရှုမှတ်နည်း။
(၄) ဝင်လေ ရုပ်+ထွက်လေ နာမ်လို့ အမှားအလွဲ ခွဲခြားကာ ရုပ်+နာမ်၊ ရုပ်+နာမ် လို့ ရှုမှတ်နေတဲ့နည်း၊
(၅) လေဝင်ယင် လေဖြစ်တယ်၊ လေထွက်ထွက် လေပျက်တယ်လို့ ခွဲခြားကာ ဖြစ်+ပျက်၊ ဖြစ်+ပျက်လို့ သိမှတ်ပြီး ရှုရှိုက်နေတဲ့နည်း။
ဒီကျင့်စဉ်နည်းတွေဟာ သမထနည်းနဲ့လည်း မညီ၊ ရှေးဦး ဝိပဿနာနည်းနဲ့လည်း မညီကြတာကြောင့် အလွဲအမှား စစ်စစ်တွေသာ ဖြစ်ကြတဲ့ ဒီနည်းလွဲတွေကို ရှောင်ဖယ်ပစ်ကြပါ။
အာနာပါန လုပ်ငန်းစဉ်မှာ သတောဝ အဿသတိ၊ သတောဝ ပဿသတိလို့ ထွက်လေ ဝင်လေ သိမှတ်နည်းကို အရင်းခံ အခြေခံကျကျ ဟောညွှန်တော်မူပြီးတဲ့နောက် ထွက်လေ ဝင်လေ ရှုရှိုက်နည်းလေးမျိုး ကို မြတ်ဗုဒ္ဓကိုယ်တော်တိုင်က သတိပဋ္ဌာနသုတ်မှာ ဟောညွှန်တော်မူခဲ့ပါတယ်။
ဘုရားဟော သုတ်တော်လာ ပါဠိတွေ ရှိသလောက် ရွတ်ဆိုကာ ဟောပြောယင် တရားဟောသူအတွက် ထယ်ဝါ ခန့်ညားတယ်လို့ ချီးမွမ်းခံရတဲ့ပြင် တရားနာသူတွေ သဝနာနုတ္တရိယ မင်္ဂလာ ဖြစ်ပွားကြကာ ကုသိုလ်ရကြပေမယ့် ပါဠိမတတ်ကြတော့ နားရှုပ်ပြီး လိုရင်း အဓိပ္ပါယ်ကို လွယ်လွယ် မမှတ်နိုင်ပဲ ဖြစ်တတ်ကြတာမို့ ပါဠိတွေကို ဝါကျရှည်ရှည် မရွတ်ဆိုပဲ တိုတိုနည်းနည်းမျှသာ ရွတ်ဆို ဟောကြားပါမယ်။
ထွက်လေ ဝင်လေကို ရှုရှိုက်နည်း လေးမျိုးက (၁) ဒီဃံဝါ ရှည်ရှည်ရှုရှိုက်ပါတဲ့။ (၂) ရဿံဝါ တိုတိုရှုရှိုက်ပါတဲ့။ (၃) သဗ္ဗကာယ ပဋိသံဝေဒီ စ လယ် ဆုံး သုံးမျိုးလုံးကို သိနေအောင်မှတ်ကာ ရှုရှိုက်ပါတဲ့။ (၄) ပဿမ႓ယံ ကာယသင်္ခါရံ သိမ်သိမ်မွေ့မွေ့ ရှုရှိုက်ပါတဲ့။
ဒီလေးမျိုးမှာ (၁) ဒီဃံဝါ ရှည်ရှည်ရှုရှိုက်ပါ ဆိုတာနဲ့ညီအောင် မမောသေးခင်မှာ ရှည်ရှည်ရှုရှိုက်ရမယ်။
(၂) ရဿံဝါ တိုတိုရှုရှိုက်ပါဆိုတာနဲ့ညီအောင် မောလာယင် တိုတိုရှုရှိုက်ရမယ်။ မောလာပြီဆိုပြီး အသက်ရှုတာကို ရပ်မထားရဘူး၊ အသက်ရှုတာကို ရပ်ထားယင်လည်း မေ့လဲတတ်တယ်။ သေတတ်တယ်။
တိုတိုရှုနေယင်း အမောကျေသွားယင် ရှည်ရှည် ပြန်ရှုရမယ်၊ ရှည်ရှည်ရှုလို့ မောလာပြန်ယင် တိုတိုပြန်ရှုရမယ်။ အမောကျေသွားယင် ရှည်ရှည်ရှုပါ။ မမောသေးဘူး+မောလာပြီဆိုတဲ့ အချိန်အခါကို ထောက်ချင့်ကာ ရှည်ရှည်တလှည့် တိုတိုတလှည့် ရှုနေရမယ်။ အသက်ရှုတာကို ရပ်မထားရဘူး။
(၃) ရှည်ရှည်တိုတို အလှည့်ကျ ရှုရှိုက်နေယင်းနဲ့ သဗ္ဗကာယ ပဋိသံဝေဒီအရ ထွက်လေရဲ့ စလယ်ဆုံး သုံးမျိုး၊ ဝင်လေရဲ့ စ လယ် ဆုံး သုံးမျိုးလုံးကို သိအောင် စိတ်စိုက်ကာ သတိကပ် မှတ်နေရမယ်။
(၄) ရှည်ရှည် တိုတို ရှုရှိုက်နေတဲ့အခါမှာ ပဿမ႓ယံကာယ သင်္ခါရနဲ့ ညီအောင် သိမ်သိမ်မွေ့မွေ့ ရှုရှိုက်ရမယ်။
ချွင်းချက်။ ။ မကြာခဏ စိတ် လွတ်ထွက်သွားနေယင် စိတ်တည်ငြိမ်ရုံ သမာဓိမြဲရုံလောက် အတော်အသင့် ပြင်းပြင်း ဆယ်ချယ်လောက် ရှုရှိုက်ခွင့် ရှိပါတယ်။
စိတ်တည်ငြိမ်ယင် ပြင်းပြင်း ရှုရှိုက်တာကို ပြန်လျော့ချပြီး သိမ်သိမ်မွေ့မွေ့ ရှုရှိုက်ရမယ်။
သိမ်သိမ်မွေ့မွေ့ဆိုတာ ပရိသတ်တွေ ယခု တရားနာခိုက်မှာ ရှုရှိုက်နေကြတဲ့အတိုင် းပုံမှန် ညင်းညင်းသာသာ ရှုရှိုက်တာကို ဆိုလိုပါတယ်။ ဝူး ဝဲ ဂူူး ဂဲ ရှုး ရှဲ မြည်နေအောင် မရှုကြပါနဲ့။
ဒီနည်းလေးမျိုးကို တမျိုးစီ တမျိုးစီ သီးသန့်ပြီး တဆင့်စီ တဆင့်စီ သတ်မှတ်ကာ တမျိုးပြီးမှ တမျိုး တဆင့်ပြီးမှ တဆင့် ရှုမှတ်ယင်လည်း နည်းမှန်ပါတယ်။ ယထာက္ကမနည်း ဖြစ်ပါတယ်။ ။ သင့်သလို ကြုံသလို ရောပေါင်း ရှုမှတ်ယင်လည်း နည်းမှန်ပါတယ်။ ယထာလာဘနည်းဖြစ်ပါတယ်။
သင့်သလို ကြုံသလို ရောပေါင်း ရှုမှတ်တဲ့ ယထာလာဘနည်းအရာ (၁) (၃) (၄) သုံးမျိုးတို့ကို ရောပေါင်းပြီး ရှုမှတ်ယင် ယထာလာဘနည်းမှန်တယ်။ လက်တွေ့လုပ်လို့လည်း ရပါတယ်။ ဒါကြောင့် ဒီသုံးမျိုးကို ရောပေါင်းပြီး ရှည်ရှည်ညင်းညင်း ရှုရှိုက်ယင်းနဲ့ ထွက်လေ ဝင်လေတွေရဲ့ စ လယ် ဆုံး သုံးမျိုးလုံးကို သိနေအောင် ရှုမှတ်ရမယ်။ ဒါ ယထာလာဘ တနည်း ဖြစ်တယ်။
(၂) (၃) (၄) သုံးမျိုးကို ရောပေါင်း ရှုမှတ်ယင် ယထာ လာဘနည်း မှန်တယ်။ လက်တွေ့လုပ်လို့လည်း ရပါတယ်။ ဒါကြောင့် တိုတိုညင်းညင်း ရှုရှိုက်ယင်းနဲ့ ထွက်လေ ဝင်လေတွေရဲ့ စ လယ် ဆုံး သုံးမျိုးလုံးကို သိနေအောင် ရှုရှိုက်ရမယ်။ ဒါလည်း ယထာလာဘနည်းဖြစ်ပါတယ်။
သတိပဋ္ဌာနသုတ်တော်လာ မြတ်ဗုဒ္ဓရဲ့ ဟောညွန်တော်မူချက်ကို ပရိသတ်တွေ နားလည် သဘောရှင်းမှု ဘဝင်ပညာ ပြည့်စုံကြပါစေလို့ စေတနာထားပြီး မကျဉ်းမကျယ် ပြောလိုက်တာ ပရိသတ်တွေစိတ်မှာ ရှုပ်ထွေးကုန်ပြီလား။ အကျဉ်းချုပ် မှတ်ဖို့ကတော့ ရှည်ရှည် တိုတို ညှင်းညှင်း ခဏခဏ စိတ်လွတ်ယင် အတော်အသင့် ပြင်းပြင်း ရှုရှိုက်နိုင်ပါတယ်။ လိုရင်းချုပ်ကတော့ ထွက်လေရဲ့ စ လယ် ဆုံး ကို အမြဲသိနေအောင်၊ ဝင်လေရဲ့ စ လယ် ဆုံး ကို အမြဲသိနေအောင် မှတ်နေရမယ်။
သဗ္ဗကာယပဋိသံဝေဒီ ထွက်လေ ဝင်လေတွေရဲ့ စ လယ် ဆုံးကို အမြဲသိနေအောင် ရှုမှတ်နေရမယ်ဆိုတဲ့ မြတ်ဗုဒ္ဓရဲ့ ဟောညွန်တော်မူချက်နဲ့ညီအောင် ရွတ်ဆို ကျက်မှတ် လွယ်အောင် လင်္ကာစီထားပါတယ်။
စ လယ် အဆုံး၊ အကုန်လုံး၊ မှတ်ထုံး သိ သိ သိ။
ဆက်လက်ဖော်ပြပါမည်။
ဦးကုမာရ (ဓမ္မာစရိယ) ရွှေပရိယတ္တိ စာသင်တိုက်၊ မော်လမြိုင်မြို့မှ ရေးသားသော ညောင်လွန့် ဝိပဿနာ ကျင့်စဉ်နည်း ခေါ် ဘုမ်ကျဉ်းဝိပဿနာနည်းမှ ထုတ်နှုတ်ဖော်ပြပါသည်။
ဘုမ်ကျဉ်း ဝိပဿနာ (အပိုင်း ၈)
စ လယ် အဆုံး၊ အကုန်လုံး၊ မှတ်ထုံး သိ သိ သိ။
စ လယ် အဆုံး။ ။အိန္ဒိယနိုင်ငံမှာ မြတ်ဗုဒ္ဓ မပေါ်ထွန်းခင် နှစ်သန်းပေါင်းများစွာကတည်းက အာနာပါန အားထုတ်နည်း ထွန်းကားနေတာဟာ ယနေ့အထိပဲ။ ဝိပဿနာနဲ့ နည်းနည်းကလေးမျှ မဆက်စပ်ဘူး၊ ဈာန်အဘိညာဏ်ရဖို့ သက်သက်မျှသာဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင် မဟုတ်ကြတဲ့ ဒီ ရှေ့ဆောင် ပညာရှင်တွေက ဝင်လေရဲ့ အစဟာ နှာသီးဖျား၊ အလယ်ဟာ ရင်ခေါင်း၊ အဆုံးဟာ ချက်တိုင်တဲ့။
ထွက်လေရဲ့ အစဟာ ချက်တိုင်၊ အလယ်ဟာ ရင်ခေါင်း၊ အဆုံးဟာ နှာသီးဖျားတဲ့၊ သတ်မှတ်ပြောဆိုခဲ့ကြတယ်။
ဗုဒ္ဓဘာသာဝင် မဟုတ်ကြတဲ့ ဒီ ရှေးပညာရှင်တွေရဲ့ နှာသီးဖျား ရင်ခေါင်း ချက်တိုင် ဆိုတဲ့ အယူအဆကို ဗုဒ္ဓဘာသာဝင် ဖြစ်ကြသူ အချို့တို့က လိုက်နာ ပြောဆို နည်းပေးကြတယ်။
ဗုဒ္ဓဘာသာဝင် မဟုတ်ကြတဲ့ ဒီ ရှေးပညာရှင်တွေရဲ့ ဝါဒကို မြတ်ဗုဒ္ဓ ကိုယ်တော်တိုင်က “အယံသထိ ဥပဋ္ဌိတာ ဟောတိ သူပဋ္ဌိတာ နာသိကဂ္ဂေဝါ မုနိမိတ္တေဝါ၊ တေနဝုစ္စတိ ပရိမုခံ သတိံ ဥပဋ္ဌပတွော” လို့ (ဝိဘင်္ဂ၊ နှာ-၂၆၁) ပယ်တော်မူခဲ့ပါတယ်။
မြတ်ဗုဒ္ဓရဲ့ ဒီဟောညွှန်တော်မူချက်ကို အထူးလေးစား လိုက်နာကျင့်ကြဖို့ ရည်ရွယ်ပြီး တရားဗိုလ်ချုပ် အရှင်သာရိပုတ်မဟာထေရ်မြတ်က “နှာခေါင်း ရင်ခေါင်း ချက်တိုင်ဆိုတဲ့ ရှေးဟောင်း ဗြဟ္မဏဝါဒဟာ သမာဓိဿပရိပန္တော ဧကဂ္ဂတာ (ခေါ်) သမာဓိရဲ့ ဆန့်ကျင်ဘက်၊ သမာဓိရဲ့ဘေးရန်၊ သမာဓိရမှုအတွက် အနှောင့်အယှက်၊ လမ်းလွဲ” လို့ ပဋိသမ႓ိဒါမဂ်မှာ ပယ်ထားခဲ့ပါတယ်။
သမထ နိမိတ် မပေါ်သေးခင်မှာ ရင်ခေါင်းကို စိတ်အာရုံပြုမှသာ လေဟာ ရင်ခေါင်း ရောက် မရောက် သိနိုင်တယ်။ ချက်တိုင်ကို စိတ်အာရုံ ရောက်မှသာ လေဟာ ချက်တိုင် ရောက် မရောက် သိနိုင်တယ်။ ဒါကြောင့် နှာသီးဖျား၊ ရင်ခေါင်း၊ ချက်တိုင် ဆိုတဲ့ ဝါဒဟာ တံခါးမှူးနည်းတူစွာ ရှုမှတ်ပါဆိုတဲ့ စကားနဲ့လည်း မညီဘူး၊ နှာသီးဖျား၊ ရင်ခေါင်း၊ ချက်တိုင်လို့ နေရာသုံးခု ပြောင်းရွွှှေ့မှတ်နေရတာကြောင့် ဧကဂ္ဂတာ သမာဓိဖြစ်ဖို့ မလွယ်ဘူးလို့လည်း သိနိုင်ပါတယ်။
မြတ်ဗုဒ္ဓ ကိုယ်တော်တိုင်ကလည်း ပယ်ထား၊ လက်တွေ့လုပ်ငန်းမှာလည်း အံမဝင်တာကြောင့် နှာသီးဖျား၊ ရင်ခေါင်း၊ ချက်တိုင် ဆိုတဲ့ ရှေးဟောင်း ဗြဟ္မဏဝါကို ပစ်ပယ်ကြပါ။
ထွက်လေ ဝင်လေတွေရဲ့ စ လယ် ဆုံး ကိုသိမှတ်ဖို့ နေရာမှန်ကို မြတ်ဗုဒ္ဓကိုယ်တော်တိုင်က နာသိကဂ္ဂေဝါ နှာခေါင်း ဘုရှည်သူတွေဟာ နှာသီးဖျား (ခေါ်) နှာခေါင်းဘု ထိပ်ဖျားမှာ သိမှတ်ပါ။ မုခနိမိတ္တေဝါ နှာခေါင်းဘုမရှည်သူတွေဟာ နှာခေါင်းဝ အောက်နား အထက် နှုတ်ခမ်းသားမှာ သိမှတ်ပါလို့ ဟောညွှန်တော်မူထားတဲ့ပြင် လက်တွေ့ လုပ်ငန်းမှာ တံခါးမှူးနည်းတူစွာ ရှုမှတ်ပါဆိုတာနဲ့လည်း အံဝင်ခွင်ကျ လွယ်လွယ်ကူကူဖြစ်တယ်၊ တနေရာတည်းမှာ သိမှတ်နေရတာကြောင့် ဧကဂ္ဂတာ သမာဓိဖြစ်လွယ်တယ်။ ဒါကြောင့် မြတ်ဗုဒ္ဓရဲ့ ဝါဒတော်အတိုင်း နှာခေါင်းဘုမရှည်ကြတဲ့ မြန်မာနိုင်ငံသားတွေ နှာခေါင်းဝရဲ့ အောက်နား အထက် နှုတ်ခမ်းသားမှာ ထွက်လေ ဝင်လေတွေရဲ့ စ လယ် ဆုံး ကို သိမှတ်ကြပါ။
အာနာပါန လုပ်ငန်းဟာ ဝိပဿနာနည်း၊ သမထနည်းလို့ နှစ်ဖြာကွဲနေတာကြောင့် ထွက်လေ ဝင်လေ နှစ်ထွေရဲ့ အစ အလယ် အဆုံးကို သိအောင် မှတ်ရမည့် ထုံးစံမှ ပုံစံစနစ်ဟာလည်း နှစ်မျိုး ဖြစ်ပါတယ်။
သမထရှေ့မဆောင်ပဲ ဝိပဿနာ အားထုတ်တဲ့ အာနာပါန ကျင့်စဉ်နည်းမှာ ထွက်လေ ဝင်လေတွေက အသားစိုင်ကို ထိတာကို သိမှသာ လိုရင်းပေါက်ပြီး ဝိပဿနာအဆင့်ကို ရောက်နိုင်တာကြောင့် ထိသိဆောင်ပုဒ်ကို အသုံးပြုရတယ်၊ တန်ဖိုးထားရတယ်။ ထိ သိ ဟာ တန်ဖိုးအပြည့်ရှိတယ်။
ညောင်လွန့်တောရ ဝိပဿနာ ကျင့်စဉ်နည်းမျိုးလို သမထ ရှေ့ဆောင်ကာ ဝိပဿနာအားထုတ်တဲ့ နည်းတွေမှာ သမထလုပ်ငန်းပိုင်း၊ ဝိပဿနာလုပ်ငန်းပိုင်းလို့ လုပ်ငန်း နှစ်ပိုင်း ခွဲရပါတယ်။ ဝိပဿနာရဲ့ ရှေ့ဆောင် သမထလုပ်ငန်းပိုင်းမှာ သမထနိမိတ် မြန်မြန်ပေါ်လာဖို့ အထူးလိုအပ်တာကြောင့် ထိ သိ မဖြစ်သေးယင်လည်း ထိ သိ မလုပ်ပဲ လုပ်ငန်းတွင်ပါတယ်၊ ထိ သိ ဖြစ်ယင်လည်း လုပ်ငန်းတွင်ပါတယ်။
ထိ သိ မဖြစ်သေးလို့ ထိ သိ ဖြစ်အောင် ဂရုစိုက် အာရုံစိုက်နေယင် ထွက်လေ ဝင်လေတွေရဲ့ စ လယ် ဆုံး ကို သိအောင် ရှုမှတ်မှု လုပ်ငန်းမတွင်ပဲ သမထ နိမိတ် လွယ်လွယ်မြန်မြန် မပေါ်နိုင်တာက အကြောင်းတရပ်၊ ထိတာကို မသိဘူးဘုရား၊ ဘယ်လို လုပ်ရမလည်းလို့ ယောဂီတွေ မေးလျောက်ကြကာ မကြာခဏ စိတ်ပျက်တာကို မြင်ရတာကလည်း အကြောင်းတရပ်၊ ဝိပဿနာလုပ်ငန်း မဟုတ်သေးတာကလည်း အကြောင်းတရပ် စတဲ့ များလှတဲ့ အကြောင်းတွေကြောင့် ညောင်လွန့် ဝိပဿနာဌာနမှာ ထိ သိ ဆောင်ပုဒ်ကို အသုံးမပြုဘူး၊ တန်ဖိုးမထားဘူး။
ထိ သိ မဖြစ်သေးပေမယ့် ထိ သိ မလုပ်ပဲ လေမှုတ်ထုတ်ယင် လေထွက်တယ်လို့ သိနိုင်တယ်၊ လေရှုသွင်းယင် လေဝင်တယ်လို့ သိနိုင်တယ်။ ဒါလောက်မျှ မသိသူဟာ တရားထူးရဖို့ မဖြစ်နိုင်လောက်အောင် အသိဉာဏ် ထုံထိုင်း ဖျင်းချာသူပဲ။
ဒီ ဝိပဿနာ ဌာနမှာ ထိ သိ ဆောင်ပုဒ်ကို မသိတဲ့ ယောဂီတွေနဲ့ ထိ သိ ဆောင်ပုဒ်ကို သိပေမယ့် ဂရုမစိုက် အာရုံမစိုက်ကြတဲ့ ယောဂီတွေ များစွာဟာ လေမှုတ်ထုတ်ယင် လေထွက်တယ်၊ လေရှုသွင်းယင် လေဝင်တယ်လို့ သိတဲ့နည်းနဲ့ပဲ လုပ်ငန်းတွင်ကာ သမထ နိမိတ် မြန်မြန်မြင်ကြပြီး ဝိပဿနာဉာဏ်ကို ရသွားကြတာပါပဲ။
နှာခေါင်းဝ အောက်နား အထက်နှုတ်ခမ်းသားလို့ ပြောခဲ့တဲ့ တနေရာတည်းမှာ စိတ် စိုက်ထားတာကို ပါဠိ ကျမ်းဂန်တွေမှာ “ဋ္ဌာပနာ” လို ဆိုတယ်။ ဝင်လေ ထွက်လေ ဒီနှစ်ထွေရဲ့ စ လယ် ဆုံး ကို သိမှတ်နေတာကို “အနုဗန္ဓနာ” လို့ ဆိုတယ်။
ဒီနှစ်မျိုးကို စွဲစွဲမြဲမြဲ လုပ်နေတာဟာ အာနာပါန သမထ လုပ်ငန်းမှာ ပဓာန လုပ်ငန်း ဖြစ်ပါတယ်။ ဒီနှစ်မျိုးကို စွဲစွဲမြဲမြဲ လုပ်နေယင် ဖုသနာ (ခေါ်) ထိ သိ မှု ထင်ရှား ဖြစ်လာနိုင်ပါတယ်။ ထိ သိ မဖြစ်ပေမယ့် သမထ နိမိတ်များလည်း ထင်ရှား ပေါ်လာပါတယ်။ သမထ နိမိတ် ပေါ်လာတာဟာ ကောင်းကျိုး စတင် ဖြစ်ထွန်းမှု စစ်စစ်ပါပဲ။
အာနာပါန သမထလုပ်ငန်းပိုင်းမှာ အရေးကြီးတဲ့ လိုရင်းချုပ်က
(၁) လေရှုသွင်းယင် “ဝင် သိ သိ သိ သိ” လို့ ငါးချက် မှတ်ပါ။
လေမှုတ်ထုတ်ယင် “ထွက် သိ သိ သိ သိ” လို့ ငါးချက်မှတ်ပါ။
(၂) တစက္ကန့်မှာ သိ တချက်ရအောင် မနှေးမမြန် မှတ်ပါ။
(၃) နောက်ဆုံးမှတ်တဲ့ သိနဲ့ လေဝင်မှု ဆုံးချိန်၊ လေထွက်မှုဆုံးချိန် ကိုက်ညီပါစေ။
နောက်ဆုံးမှတ်တဲ့ သိ နဲ့ လေဝင်မှု ဆုံးချိန် လေထွက်မှု ဆုံးချိန် ကိုက်ညီယင် သိမှတ်မှု အံဝင်ခွင်ကျ ဖြစ်တယ်လို့ သိပါ။
သံတုံးကို ကျောက်ပေါ်တင်ကာ အပ် ဖြစ်အောင် သွေးတဲ့ ယောက်ျားကဲ့သို့ ကြိုးစားရမယ်လို့ ကျေးဇူးတော်ရှင် ညောင်လွန့်(ပထမ)ဆရာတော်ဘုရားကြီးက မိန့်ကြားတော်မူခဲ့ပါတယ်။ ကြိုးစားကြပါ။
အထူးတားမြစ်ချက် နှစ်ရပ်ကိုလည်း မှတ်သားလိုက်နာကြပါ။
(၁) ဝင် သိ သိ သိ သိ၊ ထွက် သိ သိ သိ သိ ကို ပါးစပ်နဲ့ မရွတ်ဆိုပဲ စိတ်နဲ့သာ သိမှတ်ရမယ်။
(၂) ရှုးရှဲ - ဝူးဝဲ၊ ဂူးဂဲ မြည်သံကို ဘေးနားက လူတွေ နားမထောင်ပဲနဲ့ ကြားရလောက်အောင် အသက် မရှုပါနဲ့။ ပုံမှန် ညှင်းညှင်းသာသာ ရှုပါ။
လေရှုသွင်းယင် ဝင် သိ သိ သိ သိ လို့ ငါးချက်မှတ်ပါ။ လေမှုတ်ထုတ်ယင် ထွက် သိ သိ သိ သိ လို့ ငါးချက်မှတ်ပါလို့ ပြောခဲ့တဲ့ မှတ်ထုံး မှတ်နည်းကို သဘောရှင်းသွားအောင် လင်းပြပါမယ်။
ဝင်လေကို “ဝင်” လို့ အတိုကောက် မှတ်ပါတယ်။ လေဆက်ဝင်နေသမျှ သိ သိ သိ သိ လို့ မှတ်ပါတယ်။ ထွက်လေကို “ထွက်” လို့ အတိုကောက် မှတ်ပါတယ်။ လေ ဆက်ထွက်နေသမျှ သိ သိ သိ သိ လို့ မှတ်ပါတယ်။
ဝင်လေ ထွက်လေတွေရဲ့ အစ အလယ် အဆုံး ကို သိမှတ်နေချိန်မှာ သိမှတ်စိတ်ဟာ စူးစိုက်ကာ သိမှတ်နေရမယ့် နေရာ နှာခေါင်းဝ အောက်နား အထက် နှုတ်ခမ်းသားမှာ မတည်မြဲပဲ ဝင်လေ နောက်က ကပ်လိုက်သွားပြီး နှာခေါင်းပေါက်ထဲ ဝင် သွားလိုက် ထွက်လေနောက်က ကပ်ပြီး အပြင်ဘက် လိုက်ပါသွားလိုက် ဖြစ်နေပါတယ်။ ဒီလို ဖြစ်နေတာကို တားဆီးဖို့ သိ သိ သိ သိ လို့ မှတ်ရပါတယ်။
ဒီလို မှတ်ပါမှ မှတ်နိုင်ပါမှ သိမှတ်စိတ်နဲ့ သိမှတ်မှုဟာ နှာခေါင်းဝ အောက်နား အထက် နှုတ်ခမ်းသား တနေရာတည်းမှာ တည်မြဲနေပါတယ်။
သိမှတ်စိတ်နဲ့ သိမှတ်မှုတို့ တနေရာတည်းမှာ တည်မြဲနေတာကို သမာဓိ ဖြစ်တယ်လို့ ဆိုကြပါတယ်။ အဆက်မပြတ် တည်မြဲနေတာကို ဧကဂ္ဂတာ ဖြစ်တယ်၊ အပ္ပနာ သမာဓိ ဖြစ်တယ်လို့ ဆိုကြပါတယ်။
ဒါကြောင့် နှာခေါင်းဝ အောက်နား အထက် နှုတ်ခမ်းသားမှာလို့ နေရာလည်း ပေးထားရပါတယ်။ ဝင် သိ သိ သိ သိ ငါးချက် မှတ်ပါ၊ ထွက် သိ သိ သိ သိ ငါးချက် မှတ်ပါလို့ အလုပ်လည်း ပေးထားရပါတယ်။
ဒီလို နေရာရော အလုပ်ရော ပေးထားပါလျက်နဲ့ စိတ်ဟာ အိမ်ရောက်သွားလိုက်၊ ကျောင်းရောက်သွားလိုက်၊ မီးရထားစီးလိုက်၊ မော်တော်ကားစီးလိုက်၊ သိ သိ သိ သိ လို့ လုပ် လုပ်ရမယ့် အလုပ်ကို မလုပ်ပဲ တွေဝေနေလိုက်၊ အိပ်ငိုက်နေလိုက်နဲ့ မတည်ငြိမ်ဘူး။
တည်ငြိမ်နေဖို့ နေရာမပေးထား၊ တည်မြဲနေဖို့ အလုပ်လည်း မပေးထားယင် စိတ်ကို ဖမ်းလို့ မရနိုင်တော့ဘူး။ သွားချင်ရာ သွား ရောက်ချင်ရာ ရောက် လုပ်ချင်တာလုပ် ဘာမျှ မလုပ်ပဲ ငိုင်ချင်လည်း ငိုင် ငိုက်ချင်လည်း ငိုက် ခေါင်းငိုက်ဆိုက်ကျအောင် ခန္ဓာကိုယ် တစ်ကိုယ်လုံး တုန်းကနဲလဲသွားအောင် စိတ်က ဖန်တီးလိုက်တာပါပဲ။
ဒါကြောင့် စိတ်တည်ငြိမ်အောင် စိတ်တည်မြဲအောင် နေရာရော အလုပ်ရော ပေးထားရပါတယ်။ ပေးထားတဲ့နေရာမှာ ပေးထားတဲ့ အလုပ်ကို အံဝင်ခွင်ကျဖြစ်အောင် အမြဲမပြတ် တရစပ် လုပ်နေအောင် စိတ်ကို ထိန်းထားဖို့က ကာယကံရှင်ဖြစ်တဲ့ ယောဂီရဲ့တာဝန်ပဲ၊ သံတုံးကို အပ်ဖြစ်အောင် ကျောက်ပေးတင်သွေးတဲ့ ယောက်ျားကဲ့သို့ ကြိုးစားကြပါ။
ဝင် သိ သိ သိ သိ၊ ထွက် သိ သိ သိ သိ လို့ မနှေးမမြန် ငါးချက်စီ သိမှတ်ချန်ရလောက်အောင် ဝင်လေ ထွက်လေ လေမရှည်ယင်၊ သို့မဟုတ် ယောဂီက ငါးချက်စီ မမှတ်နိုင်ယင် ဝင် သိ သိ သိ၊ ထွက် သိ သိ သိ လို့ လေးချက်စီ မှတ်ရပါမယ်။ လေးချက်အောက် မလျော့ပါစေနဲ့။ ငါးချက်စီ၊ သို့မဟုတ် လေးချက်စီ မှတ်တာဟာ ပုံမှန် မှတ်တာပဲ။ ငါးချက်စီ မှတ်နိုင်ယင် သမထနိမိတ်ထင်လွယ်တာကြောင့် ပိုကောင်းပါတယ်။
သိမှတ်ခါစမှာ ငါးချက်မှတ်သူဟာ ငါးချက်ပြည့်အောင် သတိပြု ဂရုစိုက်ရပါမယ်။ လေးချက်မှတ်သူဟာ လေးချက်ပြည့်အောင် သတိပြု ဂရုစိုက်ရပါမယ်။
မိမိရဲ့ သိမှတ်ချက်ဟာ ပြည့်ပြည့်စုံစုံ ပုံမှန်ကာ အံဝင်ခွင်ကျ ဖြစ်နေပြီလို့ သိပြီးယင်တော့ အချက်ကို မရေတွက် ဂရုမစိုက်ပဲ အံဝင် ခွင်ကျ မှတ်နရပါမယ်။
လေးချက်မျှ ပုံမှန် မမှတ်နိုင်လို့ ဝင် သိ သိ၊ ထွက် သိ သိ လို့ သုံးချက်စီမှတ်တဲ့ ယောဂီတွေ ဝင် သိ၊ ထွက် သိ လို့ နှစ်ချက်စီ မှတ်တဲ့ ယောဂီတွေ ရှိခဲ့ဘူးပါတယ်။ အဲဒီ ယောဂီတွေဟာ နေ့စဉ် (၄) ကြိမ်ခွဲပြီး (၁၄) နာရီအချိန်ပြည့် ဆယ်ရက်တိတိ အားထုတ်ကြပေမယ့် သမထနိမိတ်ကိုတောင်မှ မမြင်ကြဘူး၊ ဝိပဿနာရောက်ဖို့ ဝေးရောပဲ။
ပြောခဲ့ပြီးတဲ့ ဗုဒ္ဓနည်းကျ အာနာပါန သမထလုပ်ငန်းစဉ်နဲ့ ညီအောင် စီထားတဲ့ လင်္ကာနှစ်ပုဒ်ကို မှတ်သားမိအောင် ပြန်ဆိုလိုက်ကြပါ။
(၁) နှာခေါင်းဝနား၊ စိတ်စိုက်ထား၊ မှတ်သားဝင်ထွက်လေ။
(၂) စ လယ် အဆုံး၊ အကုန်လုံး၊ မှတ်ထုံး သိ သိ သိ။
ဆက်လက်ဖော်ပြပါမည်။
ဦးကုမာရ (ဓမ္မာစရိယ) ရွှေပရိယတ္တိ စာသင်တိုက်၊ မော်လမြိုင်မြို့မှ ရေးသားသော ညောင်လွန့် ဝိပဿနာ ကျင့်စဉ်နည်း ခေါ် ဘုမ်ကျဉ်းဝိပဿနာနည်းမှ ထုတ်နှုတ်ဖော်ပြပါသည်။
ဘုမ်ကျဉ်း ဝိပဿနာ (အပိုင်း ၉)
နိမိတ် ပေါ်လာချိန်
ပြောခဲ့ပြီးအတိုင်း နည်းစနစ်မှန် အံဝင်ခွင်ကျအောင် ကြိုးပမ်း အားထုတ်ယင် သမထနိမိတ် ပေါ်လာပါတယ်။ ယောဂီတွေ မြင်ကြရတဲ့ သမထနိမိတ်ဟာ ယောဂီအရေအတွက် များသလောက် မျိုးပေါင်းစုံပါပဲ။ သမထနိမိတ်တွေကို ဘယ်လောက် ထင်ထင်ရှားရှား မြင်ရသလည်း ဆိုယင် မျက်စိ ဖွင့်ကြည့်တဲ့အခါမှာ ပကတိအတိုင်း ထင်ထင်ရှားရှား မြင်ရသလို ထင်ထင်ရှားရှား မြင်ရပါတယ်။
အဘိဓမ္မတ္ထသင်္ဂြ ိုဟ်ကျမ်းဆရာကြီး အရှင်အနုရုဒ္ဓ မထေရ်မြတ်ရဲ့ မနောဒွါရဿ အာပါထမာဂတံ မနောဒွါရမှာ ထင်ရှားပေါ်လာပါသည်ဆိုတဲ့ စကားထက် အများကြီး ပိုပြီး ပြတ်သား ရှင်းလင်းတဲ့ စကားကို အဋ္ဌကထာဆရာကြီး အရှင် ဗုဒ္ဓ ဒတ္တ မထေရ်မြတ်က အဘိဓမ္မာဝတာရကျမ်း အပိုင်း - ၁၄၊ ဂါထာနံပါတ် ၂၃၄ (ဘောဂဝတီမူ)မှာ -
ဥမ္မီလိတေကာလေ - မျက်စိဖွင့်ကြည့်ချိန်မှာ၊ အာပါထံ - မြင်ရတဲ့ အာရုံဟာ ထင်ရှားခြင်းသို့၊ ယာတိယထာ - ရောက်သကဲ့သို့၊ တထာ - ထို့အတူ၊ နိမ္မိလိတေကာလေ - မျက်စိကို မှိတ်ထား ပိတ်ထားချိန်မှာ၊ အာပါထံ - မြင်ရတဲ့အာရုံဟာ ထင်ရှားခြင်းသို့၊ စေ ယာတိ သမာဓိ (ခေါ်) သမထ စွမ်းအားသန်သောကြောင့် ရောက်နေယင်၊ တဒါ - ထိုအချိန်မှာ၊ တံဥဂ္ဂဟနိမိတ္တံ - ဥဂ္ဂဟနိမိတ်ခေါ်တဲ့ ထိုအာရုံသည်၊ ဥပ္ပန္နန္တိ - ဖြစ်ပါပြီဟူ၍၊ ပဝုစ္စတိ - မြင်နေရတဲ့ ယောဂီက သဘောပိုင်ပိုင် ပြောနိုင်ပါသည်။
ဗုဒ္ဓနည်းကျ ညောင်လွန့်တောရ ဝိပဿနာကျင့်စဉ်နည်းအရ အာနာပါန သမထလုပ်ငန်းကို ဝင် သိ သိ သိ သိ၊ ထွက် သိ သိ သိ သိ လို့ အားထုတ်မှုကြောင့် ညောင်လွန့်တပည့် ယောဂီတွေ သမထ နိမိတ်ကို ထင်ထင်ရှားရှား မြင်နေကြရတာဟာ ကျမ်းဂန်လွတ် အလွဲအချော်မဟုတ်ကြောင်း ကောင်းစွာ ထင်ရှားပါပြီ။
မြင်နေရတဲ့ သမထနိမိတ်ဟာ အနုနဲ့ အရင့်လို့ နှစ်မျိုးနှစ်ဆင့် ကွဲတယ်။ နုချိန်မှာ တမိနစ်လောက်တောင် မတည်မြဲဘူး၊ မြင်လိုက် ပျောက်လိုက် မြင်လိုက် ပျောက်လိုက် ဖြစ်နေတယ်။ နီးလိုက်+ဝေးလိုက်၊ ကြီးလိုက်+ငယ်လိုက်၊ ထက် အောက် ဝဲ ယာ နေရာ ပြောင်းရွှေ့ကာ မတည်ငြိမ်ပဲ ဖြစ်နေတယ်။ ဒါဟာ ဥဂ္ဂဟနိမိတ်အဆင့်၊ ပရိကမ္မဘာဝနာအဆင့်၊ ခဏိက သမာဓိအဆင့် ဖြစ်တယ်။ ဝိပဿနာဘက် ကူးတက်လို့ မရနိုင်သေးဘူး။
ခဏိကသမာဓိကို အဆင့်မြင့်တက်အောင် သမထနိမိတ် ရင့်လာအောင် လုပ်နည်းက ဝင်လေထွက်လေကို မှတ်နေမြဲအတိုင်း ဝင် သိ သိ သိ သိ၊ ထွက် သိ သိ သိ သိ လို့ ဆက်လက် မှတ်နေရမယ်။ ဒီလို ရှုမှတ်နေတာကို ပရိကမ္မဘာဝနာလို့ ကျမ်းဂန်တွေမှာ ဆိုထားပါတယ်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် ဘာကိုပဲမြင်မြင် နှာခေါင်းဝအောက်နား အထက်နှုတ်ခမ်းသားမှာ မှိတ်ထားတဲ့ မျက်စိနဲ့ ကြည့်မြဲ ကြည့်နေပြီး ဝင် သိ သိ သိ သိ၊ ထွက် သိ သိ သိ သိ လို့ စူးစိုက်ကာ ရှုမှတ်မြဲ ရှုမှတ်နေရမယ်ဆိုတဲ့ ပရိကမ္မဘာဝနာ အလုပ်ကို တရစပ်အောင် ဆက်လက် လုပ်နေရမယ်လို့ စွဲစွဲမြဲမြဲ နှလုံးသွင်းကာ စွဲစွဲမြဲမြဲ လုပ်နေပါ။ ဒီအချိန်မှာ သမထနိမိတ်ဟာ နည်းနည်းကလေးမျှ အတိမ်းအစောင်း မခံတာကြောင့် ဒီအချိန်ဟာ သေရေးရှင်ရေးတမျှ အရေးကြီးလွန်းတဲ့ အချိန်ပဲလို့ သဘောပိုက်ကာ မှိတ်ထားတဲ့ မျက်စိနဲ့ ကြည့်တာလည်း နေရာမှတ်ပါစေ၊ စိတ်နဲ့စူးစိုက် ရှုမှတ်တာလည်း ချက်မှတ်ပါစေလို့ အထူး သတိပေးလိုက်ပါတယ်။
(၁) သမထနိမိတ်ကိုမြင်ယင် လွန်လွန်ကဲကဲ စိတ်အားမတင်းလိုက်ပါနဲ့၊ ပုံမှန်သာ ရှုမှတ်နေပါ။
သမထနိမိတ်ကို မြင်ရတော့ “အဲ ဟန်ကျလာပြီ” လို့ တွေးထင်မှု ဖြစ်ပြီးမှ စိတ်အားတင်းမှု လွန်ကဲလာတာ ဖြစ်တယ်။ အဲ ဟန်ကျလာပြီလို့ တွေးထင်မှု ဖြစ်နေချိန်မှာ ဝင်လေ ထွက်လေကို ရှုမှတ်နေတဲ့ သမာဓိဟာ အခြေယိုင်သွားပြီ၊ စိတ်အားတင်းချက် လွန်ကဲမှုက ထပ်ဆင့်လိုက်တော့ စိတ်ဟာ ပုံမမှန်ပဲ လှုပ်ရှားမှု အားသန်လာကာ သမာဓိပျက်တော့တာပဲ။ သမာဓိပျက်ယင် သမာဓိ အားသန်မှုကြောင့် ဖြစ်ပေါ်လာတဲ့ သမထနိမိတ်လည်း ပျောက်ပျက်ပါရော။ အကြောင်းပျက်ယင် အကျိုးပျက်ထာ ဓမ္မတာပဲ။
အချို့ ယောဂီတွေမှာ မြင်နေရတဲ့ သမထနိမိတ် ပျောက်မှာ စိုးရိမ်မှု (သောက) ကြောင့် စိတ်အားတင်းမှု လွန်ကဲလှတာလည်း ဖြစ်တတ်ပါတယ်။ စိုးရိမ်စိတ်ဖြစ်ယင် သမာဓိ အခြေပျက်တာပဲ။ စိတ်အားတင်းချက် လွန်ကဲမှုက ထပ်ဆင့်လိုက်တော့ သမာဓိဟာ ဆယ်မရအောင် ပျက်ပါရော။ သမထနိမိတ်လည်း ပျောက်ကရော။ မပျောက်ယင်လည်း မှေးမှိန်သွားတယ်။ ဒါကြောင့် သမထနိမိတ်ကို မြင်ယင် လွန်လွန်ကဲကဲ စိတ်အားမတင်းလိုက်ပါနဲ့၊ ပုံမှန်သာ ဆက်လက် ရှုမှတ်နေပါ။
(၂) ပေါ်လာတဲ့ သမထနိမိတ်ကို စူးစိုက် မကြည့်ပါနဲ့။ နှာခေါင်းဝ အောက်နား အထက်နှုတ်ခမ်းသားကိုပဲ ကြည့်မြဲ ကြည့်နေပါ။
ပေါ်လာတဲ့ သမထ နိမိတ်ကို စူးစိုက်ကြည့်ယင် ဝင်လေ ထွက်လေကို ရှုမှတ်နေတဲ့ စိတ်ဟာ နေရာပြောင်း အာရုံပြောင်းတာမို့ သမာဓိ ပျက်သွားတယ်။ သမာဓိပျက်ယင် နိမိတ်ပျောက်သွားရော။ မပျောက်ယင်လည်း မှေးမှိန်သွားရော။ သမာဓိအဆင့်မတက်ဘူး၊ နိမိတ် မရင့်နိုင်ဘူး။
(၃) သမထ နိမိတ်ကို မမြင်သေးယင်၊ သို့မဟုတ် နိမိတ်ပျောက်သွားပြီး ပြန်မပေါ်လာသေးယင် မြင်ချင် စိတ် မသန်ပါစေနဲ့။
နိမိတ်ကို မြင်ချင်စိတ် ထက်သန်တာဟာ ဆန္ဒစောမှု (ခေါ်) ကာမစ္ဆန္ဒလောဘ ကြားဝင် တိုးလာမှုပဲ။ ဆန္ဒစောမှု ကြားဝင် တိုးလာယင် ဝင်လေ ထွက်လေကို သိမှတ်စိတ် လွတ်ကာ သမာဓိ အရှိန်ပျက်တယ်။ စိတ် ခဏခဏ လွတ်လေလေ သမာဓိ အရှိန်ပျက်လေလေဖြစ်ကာ နိမိတ် မပေါ်လာလေလေပဲ။ တော်တော်ကြာတော့ လုံးခြာလိုက်ပြီး စိတ်မော လူမော ဖြစ်လာရော၊ ရရှိထားတဲ့ သမာဓိ နုနုကလေးလည်း လုံးဝ ပျက်ကရော၊ ယောဂီလည်း စိတ်ဓာတ်ကျသွားရော၊ ဘာဝနာလုပ်ငန်းကိုလည်း လုံးဝ ရပ်စဲထားလိုက်ရော။
ယခုပြောခဲ့ပြီး စည်းမျဉ်းတွေဟား နည်းနည်းမျှ တိမ်းယိမ်းလို့ မရတဲ့ သံမဏိ စည်းမျဉ်းတွေပဲလို့သာ စွဲစွဲမြဲမြဲ မှတ်ပြီး စွဲစွဲမြဲမြဲ လိုက်နာကြပါ။ လိုရင်းချုပ် ပြန်ပြောပါမယ်။
သမာဓိအဆင့် မြှင့်တင်နည်းမှာ -
လုပ်ရမည့်အလုပ်က သမထ နိမိတ် မငြိမ်သက်ယင်၊ မှိန်သွားယင်၊ ပျောက်သွားယင် ဝင်လေ ထွက်လေကို ပုံမှန် ရှုမှတ်နေရမယ်။
မလုပ်ရမယ့်အချက်တွေက (၁) လွန်လွန်ကဲကဲ စိတ်အားမတင်းပါနဲ့။ (၂) ပေါ်လာတဲ့ နိမိတ်ကို စူးစိုက်မကြည့်ပါနဲ့။ (၃) မြင်ချင်စိတ် မထက်သန်ပါစေနဲ့။
ပြောခဲ့ပြီး သမာဓိ အဆင့်မြှင့်တင်နည်းအတိုင်း ဝင်လေ ထွက်လေကို စွဲစွဲမြဲမြဲ ပုံမှန် သိမှတ်နေယင် -
(၁) မှေးမှိန်နေတဲ့ သမထနိမိတ်ဟာ ထင်ထင်ရှားရှား ဖြစ်လာပါမယ်။
(၂) ကြီး+သေး၊ နီး+ဝေး၊ ထက်+အောက်၊ ဝဲ+ယာ၊ နေရာပြောင်းရွှေ့နေတဲ့ သမထနိမိတ်ဟာ တည်ငြိမ်လာပါမယ်။
(၃) ပေါ်လိုက်+ပျောက်လိုက် ဖြစ်နေတဲ့ သမထနိမိတ်ဟာ မပျောက်ပဲ ခိုင်မြဲလာပါမယ်။
သမာဓိစွမ်းအားကြောင့် မှိတ်ထား ပိတ်ထားတဲ့ မျက်စိနဲ့ မြင်နေရတဲ့ သမထနိမိတ်ဟာ မမှိန် ထင်ရှား+မလှုပ် တည်ငြိမ်+မပျောက် ခိုင်မြဲ ဖြစ်နေယင် ပဋိဘာဂနိမိတ်အဆင့် ဥပစာရဘာဝနာ အဆင့် ဥပစာရသမာဓိအဆင့်ကို ရောက်ပါပြီ၊ ဥပစာရ ဈာန်ကို ရပြီလို့ သိပါ။
ဘာဝနာမယမာရမ္မဏံ စိတ္တေ သန္နိသိန္နံ သမပ္ပိတံ ဟောတိ။ တဒါ တံ ပဋိဘာဂနိမိတ္တံ သမုပ္ပန္နန္တိ ဝုစ္စတိ လို့ သင်္ဂြ ိုလ်ကမ္မဋ္ဌာန်းပိုင်းမှာ မိန့်ဆိုထားပါတယ်။
ဥပစာရဈာန်ကို ရရှိနေတာဟာ နိဗ္ဗာန်သွားဖို့ ပထမဆုံး လမ်းခွဲမှာ ရောက်နေတာပါပဲ၊ ဒီဘဝမှာ နိဗ္ဗာန် ရချင်သူတွေဟာ ဝိပဿနာဘက် ကူးတက်ကျင့်သွားနိုင်ကြပါတယ်။
ဦးကုမာရ (ဓမ္မာစရိယ) ရွှေပရိယတ္တိ စာသင်တိုက်၊ မော်လမြိုင်မြို့မှ ရေးသားသော ညောင်လွန့် ဝိပဿနာ ကျင့်စဉ်နည်း ခေါ် ဘုမ်ကျဉ်းဝိပဿနာနည်းမှ ထုတ်နှုတ်ဖော်ပြပါသည်။
Commentaires