ဝိပဿနာတရားတော်များ_Page 5
- Thein Naing Ohn
- Sep 20, 2021
- 20 min read
ခန္ဓာကိုယ်ကို စိတ်ဝင်တစားကြည့်ပါ
တရားရှုမှတ်တဲ့အခါမှာ မိမိရဲ့ စိတ်အင်အားတွေကို ခန္ဓာကိုယ်ပေါ်မှာ သုံးသပ်ဖို့၊ သိအောင် ကြည့်ဖို့ အရေးကြီးပါတယ်။ သုံးသပ်တယ်ဆိုတာ ရှုမှတ်တာလည်းပါတယ်၊ ဆင်ခြင်တာရော၊ နှလုံးသွင်းတာရော ပါပါတယ်။ အဓိက,ကတော့ ရှုမှတ်တာပေါ့။
ဝိပဿနာတရားဆိုတာ မဂ္ဂသစ္စာပွားများတာပါ။ မဂ္ဂသစ္စာက အကြောင်းဆိုရင် နိရောဓသစ္စာက အကျိုးပေါ့။ နိရောဓဆိုတဲ့ နိဗ္ဗာန်က အကျိုးပဲ။ တဏှာကုန်တာ နိဗ္ဗာန်ပါ။
မဂ္ဂသစ္စာပွားနေတာဟာ အပူငြိမ်းကြောင်း နိဗ္ဗာန်ရောက်ဖို့ပါပဲ။ ဒါကြောင့် ရှုမှတ်တဲ့အခါမှာ စူးစူးစိုက်စိုက် ရှုမှတ်ပါ၊ စေ့စေ့စပ်စပ်ရှုမှတ်ပါလို့ တိုက်တွန်းနေရတာပါ။ တနည်း အဲဒါဟာ ခန္ဓာကိုယ်ကို စိတ်ဝင်တစားကြည့်ခိုင်းတာပါ။ မှတ်လည်း မှတ်ပါ၊ ကြည့်လည်း ကြည့်ပါ။ တရားရှုမှတ်တဲ့အခါမှာ အဲဒါ အရေးကြီးပါတယ်။ ရှုမှတ်တဲ့ ယောဂီတွေဟာ များသောအားဖြင့် သိပ်မကြည့်ဘူး၊ ကြည့်တဲ့ သူကလည်း မမှတ်ချင်ဘူး။ အစွန်းတွေ ရောက်နေကြတယ်။ ဒါကြောင့် မှတ်လည်းမှတ်ပါ၊ ကြည့်လည်း ကြည့်လည်းကြည့်ပါ။
မဟာစည်ဆရာတော်ဘုရားကြီးရဲ့အလုပ်ပေးတရားမှာ စူးစူးစိုက်စိုက် မှတ်ပါလို့ ပါတယ်။ အပေါ်ယံကလေး လျှံမှတ်ခိုင်းတာ မဟုတ်ဘူး။ အဲဒါ ကြည့်ပါလို့ ပြောတာ။ တချို့က ကြည့်ပါဆိုရင် သိပ်သဘောမကျချင်ဘူး၊ မှတ်ရင် ပြီးတာပဲလို့ ထင်ကြတာတွေ ရှိတယ်။ မှတ်တဲ့အခါမှာ စူးစူးစိုက်စိုက် မှတ်ရတယ်။
သမာဓိ အရမ်းကောင်းနေတဲ့ အခါမှာတော့ စူးစိုက်မှုကို နဲနဲလျှော့ထားရတယ်။ အဲဒီအခါမျိုးကျတော့ ဖြန့်ကြည့်ရတယ်။ သမာဓိ ကောင်းနေလို့ရှိရင် ဝီရိယ တိုးပေးရတယ်။ ဝီရိယနဲ့ သမာဓိ၊ သဒ္ဓါနဲ့ ပညာ ညီအောင် ညှိပေးရတယ်။
တစ်ခုအရမ်းကောင်းနေရင် အဲဒီကောင်းနေတာကို နည်းနည်းလေးလျှော့ပြီးတော့ ကျန်တစ်ခုကို တိုးပေးရတယ်။ သမာဓိတွေအရမ်းကောင်းပြီး နိမိတ်တွေအရမ်းထင်နေတယ်ဆိုရင် သမာဓိကိုနည်းနည်း လျှော့ပေးပါ။ အထိုင်နည်းနည်းလျှော့ပြီး စင်္ကြံလျှောက်ပေးရတယ်။ ထိုင်နေရင်လည်း သမာဓိနဲ့ တစ်ကိုယ်လုံးဖြန့်ပြီး မှတ်ပေးရတယ်။ ဝီရိယကို တိုးတဲ့အနေနဲ့ မှတ်ချက်ကို တိုးပေးရတယ်။
ဖေါင်းတယ် ပိန်တယ် မှတ်နေရာကနေပြီး ဖောင်းတယ် ပိန်တယ် ထိုင်တယ် ထိတယ်ဆိုပြီး မှတ်ချက်ကို တိုးပေးရတယ်။
ထိုင်တယ် ထိတယ် မှတ်နေရင်လည်း ထိုင်တယ် ဘယ်ခြေထောက်ထိတယ်၊ ထိုင်တယ် ညာခြေထောက်ထိတယ် ဆိုပြီး မှတ်ချက်ကို ဖြန့်ပြီး တိုးပေးရပါမယ်။
ဝီရိယလွန်ပြီး ပျံ့လွင့်နေလို့ရှိရင်လည်း ခပ်များများ ထိုင်ပေးရတယ်။ မထိုင်ချင်လည်း ဖြစ်ညှစ်ပြီးတော့ ထိုင်ပေး။ အဲဒါဆိုရင် သမာဓိတိုးလာတယ်။ သမာဓိနဲ့ ဝီရိယကို ဘောင်ချိန်ပေးရတယ်။
မှတ်စိတ်ဆိုတဲ့ နေရာမှာ သမာဓိချည်း မဟုတ်ဘူး၊ သတိလည်း ပါတယ်၊ ပညာလည်း ပါတယ်။ မဂ္ဂင်ငါးပါး အကုန်ပါတယ်။ အတိုချုံးပြောရင် - သတိ ပညာ။
သတိနဲ့ပညာ ကြားထဲမှာ သမာဓိက အလိုလိုပါပြီး ဖြစ်ပါတယ်။
ဝိပဿနာဆိုတာ ပညာဖြစ်မှ ဝိပဿနာပါ။ ထိုင်တာ အဓိကမဟုတ်ဘူး။ အားထုတ်ရကျိုးနပ်ဖို့ဆိုရင် သတိ ပညာ ပါရမယ်။ တစ်ခုမဟုတ်တစ်ခု ဉာဏ်တွေရနေရမယ်။ အဲဒါကြောင့်မို့လို့ ရှုမှတ်ရမယ်။ အချိန်ဟာ တန်ဖိုးမဖြတ်နိုင်ဘူး၊ ကုန်သွားတဲ့အချိန်ကို ပြန်ယူလို့မရဘူး။
ဒါကြောင့်မို့လို့ ချမ်းသာရင် ချမ်းသာတယ်၊ ကောင်းရင် ကောင်းတယ်၊ သိတာလေးပဲကျန်ရင် သိတယ် သိတယ်လို့ တင်းတင်းရင်းရင်း မပြတ်တရစပ် မှတ်ရပါမယ်။ အဲဒီသိတဲ့စိတ်ကလေးကို နောက်စိတ်က တစ်ခါမှတ်။ ပထမစိတ်ကို နောက်စိတ်က မှတ်ရမယ်ပေါ့။ ပထမစိတ် ပျက်ပြီးမှ နောက်စိတ်ဆိုတာပေါ်လာတာလေ။ စိတ်ကို မှတ်တဲ့အခါမှာ ပစ္စုပ္ပန်တည့်တည့်ကျအောင် မမှတ်နိုင်ဘူး။ ရုပ်ကတော့ ပစ္စုပ္ပန်တည့်တည့်မှတ်လို့ရတယ်။
ဖောင်းတဲ့ရုပ်ကို ဖောင်းတယ်လို့ မှတ်တဲ့အခါမှာ ဖောင်းတာရော မှတ်တာရော တည့်တည့်ကိုက်သွားတယ်။
စိတ်ကို စိတ်နဲ့ မှတ်တဲ့အခါကျတော့ ပထမစိတ် ဖြစ်ပြီးမှ နောက်စိတ် ဖြစ်လို့ရတာဆိုတော့ ပထမစိတ် ချုပ်ပျောက်ပြီးတော့မှ နောက်စိတ်က တက်လာတာ။ ပထမ သိတဲ့စိတ်ကလေး ပြီးသွားတော့မှ နောက် သိတဲ့စိတ်ကလေး ဆက်ဖြစ်လာတာ။
ဒါပေမယ့် ဝိပဿနာဖြစ်ပါတယ်တဲ့။ အဲဒါကို သန္တတိပစ္စုပ္ပန် အခိုက်လို့ ခေါ်ပါတယ်တဲ့။ ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးမှာ ပါပါတယ်။
မွေးတာကနေ သေတဲ့အထိဟာ အခုလက်ရှိဘဝရဲ့ ပစ္စုပ္ပန်ပဲ။
မနက်တို့ နေ့လယ်တို့ ညနေတို့ဟာလည်း ဒီနေ့ရဲ့ ပစ္စုပ္ပန်ပဲ။
ဒါပေမယ့် အဲဒီပစ္စုပ္ပန်နှစ်မျိုးဟာ ဝိပဿနာ ရှုမှတ်လို့မရဘူး။
အခုလို စိတ်ကို စိတ်နဲ့ဆက်မှတ်တာကို သန္တတိပစ္စုပ္ပန်လို့ခေါ်တယ်။ ရုပ်တွေ နာမ်တွေ တရစပ်ကြီး ဖြစ်ပျက်နေတာဟာ သန္တတိပစ္စုပ္ပန်။
ခဏပစ္စုပ္ပန်ဆိုတာ ရှိသေးတယ်။ ဥပါဒ် ဌီ ဘင်။
ရှုမှတ်တဲ့အခါမှာ အရမ်းမြန်ပုံကို နည်းနည်းချင်း ရိပ်မိလာတယ်။ ဝါးတဲ့အခါမှာ ဝါးတယ် ဝါးတယ်လို့ မှတ်တယ်။ ဝါးဖို့အတွက် လက်နဲ့ယူတဲ့အခါမှာ ယူတယ် ယူတယ်လို့ မှတ်တယ်။ အဲဒါတွေကို မလွတ်အောင် အချက်တိုင်းမိအောင် မှတ်နိုင်ရဲ့လားဆို မှတ်တော့မှတ်တာပဲ၊ မြန်လွန်းအားကြီးတော့ လွတ်ကုန်တယ်။ မြန်တယ်ဆိုတာကလည်း လှုပ်ရှားမှုနဲ့ မှတ်စိတ်နဲ့ နှစ်ခုမှာ စိတ်က ထိုင်းမှိုင်းနေတယ်။ စိတ်က သတိ ပညာနဲ့ ထိတွေ့မှုနည်းတဲ့ အခါကျတော့ စိတ်က ထိုင်းမှိုင်းပြီး လေးနေတယ်။
တချို့ ယူတာလည်း မှတ်လို့ရတယ်။ ထည့်တာလည်း မှတ်လို့ရတယ်။ ဝါးတာလည်း မှတ်လို့ရတယ်။ ဝါးတယ်ဆိုတဲ့နေရာမှာ ကြေညက်အောင် ဝါးရတာ။ အဲဒီအချိန်မှာ ဝါးချင်တဲ့စိတ်ကို မှတ်ကြည့်ပါလား၊ လွယ်ပါ့မလား။
ဝါးချင်လို့ မှတ်ရင် ဝါးပြီးသွားပြီ။ ဝါးချင်တာကို မှတ်လို့ မပြီးသေးဘူး၊ နှစ်ချက် သုံးချက်လောက် ဝါးပြီးသွားပြီ။ အဲဒီဝါးချင်တဲ့စိတ်ကို မှတ်တဲ့အခါကျတော့ ဝါးချင်တယ် ဝါးချင်တယ်ဆိုရင် ဝါးပြီးပြိ။ ဝါးချင်တဲ့စိတ်ကလေးကို မှတ်လို့တောင် မပြီးသေးဘူး ဝါးနေပြီ။ ဝါးနေတဲ့ကြားထဲမှာ ဝါးချင်တဲ့ စိတ်ကလေးတွေ ပေါ်နေသေးတယ်။ ပေါ်ပြီးမှ ဝါးတာ။ စိတ်ပေါ်သမျှ လိုက်မှတ်လို့ လွယ်ပါ့မလား။ မလွယ်ဘူး။ ဒါက စိတ်မြန်ပုံလေးကို ပြောတာ။
လှေကားအတက်အဆင်းလေးတွေမှာ တက်တဲ့အခါ တက်တယ် တက်တယ်လို့ မှတ်တယ်။ ကြွတယ် လှမ်းတယ် ချတယ်လို့ မှတ်တယ်ပေါ့။ ဒီလှေကားလေးကို တက်နေတာ တက်ချင်တဲ့စိတ်ကြောင့် တက်နေတာ။ တက်ချင်တဲ့စိတ်ကို မှတ်လို့မိပါ့မလား။ တက်ချင်တဲ့စိတ်က မြန်အားကြီးလွန်းလို့ ခဏကလေးပဲ ပေါ်တာ။ မမှတ်နိုင်လို့ အပြစ်မရှိပါဘူး။ ဒါပေမယ့် ယှဉ်တွဲစေတသိက်တွေဟာ အင်မတန်မြန်တယ်လို့ သိထားရပါမယ်။
စမှတ်ခါစမှာ ကြွတယ် လှမ်းတယ် ချတယ်လို့ မှတ်နိုင်ရင် တော်ပါပြီ။
မှတ်အားကောင်းလာတဲ့အခါ သိစိတ်ကလေးပဲ ကျန်နေတဲ့အခါ ချင်စိတ်ကိုလည်း လိုက်မှတ်ပေးပါ။
အဲဒီအခါကျတော့ ငါတို့မှတ်အားတွေ တော်တော်ကောင်းနေပြီအောက်မေ့တာ လိုသေးတာကိုးလို့ သဘောပေါက်လာမယ်။
သွားချင်တယ်၊ ထိုင်ချင်တယ်၊ ထချင်တယ်၊ စားချင်တယ်။ ချင်လေးတွေက အများကြီးပဲ။ အဲဒီ ချင်ကလေးတွေကြောင့် လှုပ်ရှားမှုတွေ ဖြစ်လာတာ။
သွားချင်တယ်ဆိုရင် သွားချင်တဲ့စိတ်က အကြောင်း။ သွားချင်တဲ့စိတ်ကို မူတည်ပြီးတော့မှ သွားတယ်လို့ ဖြစ်လာတာ။ အဲဒီကြားထဲမှာ စိတ်တွေ ရှိသေးတယ်။ ဒါက တရားကောင်းနေလို့ မှတ်နိုင်တဲ့ယောဂီများ မှတ်ဖို့ပြောတာ။ သွားချင်တယ်ဆိုပြီး သွားသေးတာမဟုတ်ဘူး။ သွားချင်တယ် သွားချင်တယ်ဆိုပြီး ရုပ်ကြီးက ရပ်နေသေးတာ။ မရွေ့သေးဘူး။ သွားလို့ အမိန့်ပေးတဲ့ စိတ်ဖြစ်မှ သွားတာ။ အဲဒီတော့မှ လှုပ်ရှားတာ။
စိတ်တွေဟာ အင်မတန် နူးညံ့တယ်၊ အင်မတန် မြန်တယ်။ သွားချင်တယ် သွားချင်တယ်ဆိုပြီး ရပ်နေသေးတာ၊ သွားချင်တယ်ဆိုပြီးတော့ မသွားဖြစ်သေးဘူး။ သွားတော့လို့ အမိန့်ရမှ သွားတယ်။ စိတ်ကလေးက ဖြစ်တယ်လို့တောင် မထင်လိုက်ရဘူး။
ချင်စိတ်တွေကြားထဲမှာ ဆုံးဖြတ်တဲ့စိတ် ရှိသေးတယ်။ ဆုံးဖြတ်တဲ့ စိတ်တွေ ဘာတွေကို ထားပြီး ချင်စိတ်လောက်ပဲ မှတ်ကြည့်ပါဦး။
မှတ်အားမကောင်းသေးရင် ချင်စိတ်ကို မမှတ်နဲ့ဦး။ ရိုးရိုးလှုပ်ရှားတာကိုပဲ မှတ်ပါ။
အဲဒီ ချင်ဆိုတဲ့ စိတ်ကလေးတွေကို ရှုမှတ်နိုင်ပြီဆိုလို့ရှိရင် တရားအားထုတ်တဲ့နေရာမှာ ပိုအသုံးဝင်တယ်။ တရားထိုင်ချင်ရင်လည်း ထိုင်ချင်တယ် ထိုင်ချင်တယ်၊ တရားဖြုတ်ချင်ရင်လည်း ဖြုတ်ချင်တယ် ဖြုတ်ချင်တယ်၊ ထချင်ရင်လည်း ထချင်တယ် ထချင်တယ်။ မလုပ်ခင်မှာ ချင်စိတ်ကလေးတွေ ပေါ်တာကို ဂရုစိုက်ပြီး မှတ်ကြည့်ပါ။
အခုပြောချင်တာက စိတ်ဝင်တစားနဲ့ ဒီခန္ဓာကိုယ်ကြီးကို ကြည့်ပါ။ လှုပ်ရှားတာတွေ ထိုင်တာတွေ ထတာတွေကို ဉာဏ်မျက်စိနဲ့ အသိကလေးကပ်ကြည့်ပါ။ စက်ရုပ်ကြီးကို ခလုတ်နှိပ်ပြီး အမိန့်ပေးလိုက်တဲ့အခါမှာ အဆင့်ဆင့် လှုပ်ရှားမှုတွေ ဖြစ်ပေါ်လာသလိုပဲ၊ စိတ်က အမိန့်ပေးလိုက်တဲ့အခါ ရုပ်တွေက အဆင့်ဆင့် လှုပ်ရှားလာရတယ်။
အဲဒီလို လှုပ်ရှားတဲ့ လေရဲ့သဘောတွေကို သိတာ၊ တောင့်တင်းတဲ့ သဘောတွေကို သိတာဟာ တရားသိတာပဲ။ ရုပ်တရားတွေကို သိတာပဲ။ လေးတယ်ဆိုရင်လည်း ဓာတ်ကြီးလေးပါးထဲက ပထဝီနဲ့ အာပေါကို သိတာ။
ရှုမှတ်နေတဲ့အခါမှာတော့ ဒါက ပထဝီပဲ အာပေါပဲလို့ လုပ်နေစရာ မလိုဘူးနော်။ တရားစဉ်နဲ့ လုပ်ငန်းစဉ် မရောပါစေနဲ့။
ကိုယ် ရထားတဲ့ ဗဟုသုတတွေကို တရားထိုင်တဲ့အခါမှာ ဆင်ခြင် စဉ်းစားနေရင် အမှတ်တွေ လွတ်ကုန်ရော၊ ဆင်ခြင်စဉ်းစားတယ်ဆိုတာ တရားဟောမယ့်သူအတွက်ပဲ အဓိကလိုတယ်။ တရားအားထုတ်တဲ့ ယောဂီအတွက် အားထုတ်နေချိန်မှာ ဆင်ခြင်စဉ်းစားနေစရာ မလိုဘူး။
ထိုင်တယ် ထိုင်တယ်လို့ မှတ်တဲ့အခါမှာလည်း ထိုင်တယ်ဆိုတဲ့ စကားလုံးပေါ်မှာ တင်မနေစေရဘူး၊ ထိုင်တယ်ဆိုတဲ့ စကားလုံးဟာ အထိန်းသဘောပဲ။ လေးတဲ့သဘောတွေကို သိစေချင်လို့ ထိန်းပေးတာ။ ထိုင်တယ်ဆိုတဲ့ စကားလုံးကို မှတ်ဖို့ မဟုတ်ဘူး။ ထိုင်တယ်ဆိုတဲ့ စကားလုံးဟာ မပါလို့လည်း မဖြစ်ဘူး၊ အဓိကလည်း မဟုတ်ဘူး။ လေးတဲ့သဘောကို သိဖို့က အဓိကပဲ။
ခန္ဓာရဲ့သဘောကို သိအောင်လို့ မှတ်စိတ်ကလေးက ထိန်းပေးတာ။ သမ္မာသင်္ကပ္ပနဲ့ သမ္မာဒိဋ္ဌိမှာ သမ္မာသင်္ကပ္ပက သမ္မာဒိဋ္ဌိကို ညွှန်ကြားပေးတယ်။
မှတ်စိတ်ကလေးတွေကို အာရုံပေါ် တင်ပေးနေတာ သမ္မာသင်္ကပ္ပ။
လေးလေးပြီး ကျသွားတဲ့ ရုပ်အာရုံကို မှတ်စိတ်ပေါ်ကို တင်ပေးတာ၊ အဲဒါသမ္မာသင်္ကပ္ပရဲ့အလုပ်။ လှုပ်ရှားတဲ့သဘောတွေ လေးတဲ့သဘောတွေ မာတဲ့သဘောတွေ ပူတဲ့သဘောတွေ ဖြစ်တဲ့ အာရုံတွေကို မှတ်စိတ်ပေါ် တင်ပေးရတယ်။
တရားအားထုတ်တဲ့အခါမှာ အာရုံကို အာရမ္မဏိကပေါ်တင်ပေးတာ။ ရှုစရာအာရုံကို ရှုသိစိတ်ကလေးအပေါ် တင်ပို့ပေးတာ။ ထိုင်တဲ့အခါမှာ လေးတဲ့သဘောကလေးကို ကြည့်ပါလို့ပြောတာ၊ လေးတဲ့သဘောလေးကို ကြည့်တော့ လေးလေးပြီး ကျသွားတယ်မဟုတ်လား။ အဲဒါကြောင့်မို့လို့ ခန္ဓာကိုယ်ကို စိတ်ဝင်စားပါလို့ပြောတာ။ ဒီခန္ဓာကိုယ်ကို စိတ်ဝင်တစားနဲ့ ရှုမှတ်ပွားများသွားလို့ရှိရင် မဂ်ဉာဏ် ဖိုလ်ဉာဏ်ရနိုင်ပါတယ်။
ထိုင်တဲ့အခါမှာ ဖြည်းဖြည်းအေးအေးနဲ့ ထိုင်တယ် ထိုင်တယ်လို့ မှတ်လို့ရှိရင် တဖြည်းဖြည်း လေး လေး လေး လေးကျသွားတာကို သိဖို့အတွက် ထိုင်တယ်ဆိုတဲ့ စကားလုံးက ထိန်းပေးရတာပါ။ ထိုင်တယ်ဆိုတဲ့ မှတ်စိတ်ကလေးက ထိန်းပေးတာ၊ ထိန်းပေးလိုက်တော့ ဒီအာရုံပေါ်မှာ မှတ်စိတ်ကလေးက တဒင်္ဂ တဒင်္ဂတည်သွားတယ်။ အဲဒါကို ခဏိက သမာဓိလို့ခေါ်တယ်။ ခဏလေး ခဏလေး အကြားကြီး မဟုတ်ဘူးနော်။
သမာဓိက ခဏိကသမာဓိရှိတယ်၊ ဥပစာရသမာဓိရှိတယ်၊ အပ္ပနာသမာဓိ ရှိတယ်။
အခုလိုရှုမှတ်လိုက်တဲ့အခါကျတော့ အာရုံပေါ်မှာ စိတ်ကလေး တည် တည်သွားတာ၊ ခဏလေး၊ အဲဒါကို ခဏိကသမာဓိခေါ်တာ။
ဥပစာရသမာဓိဆိုတာ ဈာန်အနီးအနားကိုခေါ်တာ။
ပထမဈာန် ဒုတိယဈာန် တတိယဈာန် စတုတ္ထဈာန်စသည် ဈာန်တွေရတာကို အပ္ပနာသမာဓိလို့ခေါ်တယ်။
ထိုင်တယ် ထိုင်တယ်လို့ မှတ်တဲ့အခါမှာ ထိုင်တဲ့အာရုံအပေါ်မှာ မှတ်စိတ်ကလေးဟာ တဒင်္ဂ တဒင်္ဂတည်သွားတယ်။ အဲဒီလို စိတ်ကလေး တည်သွားအောင်လို့ ထိုင်တယ် ထိုင်တယ်ဆိုတဲ့ စကားလုံးက အကူအညီပေးတာ။ ဒီဝေါဟာရဟာ အဓိကမကျပေမယ့် ဝေါဟာရကို ပယ်လို့မရဘူး။ ထိုင်တယ် ထိုင်တယ်ဆိုတဲ့ အဆိုကလေးကြောင့် သမာဓိရသွားတာလေ။ အဲဒီသမာဓိကြောင့် နောက်ထပ်ရလာတာက ပညာ။
ပညာဆိုတာက ထိုင်တဲ့နေရာမှာဖြစ်ပေါ်တဲ့ ပညာစေတသိက်။ အဲဒီပညာက လေး လေးကျသွားတာကို သိတယ်။ စကားလုံးကတော့ ထိုင်တယ် ထိုင်တယ်။ တကယ်သိတာကျတော့ လေး လေး လေး လေးကျသွားတာကို သိတာ။ အဲဒီလေးကျသွားတာကို သိတာဟာ ဉာဏ်ပညာပဲ။
ခန္ဓာကိုယ်မှာ တကယ်ရှိတာက ဓာတ်ကြီးလေးပါး။ ရုပ်ဘက်က ဓာတ်ကြီးလေးပါ။ နာမ်ဘက်ကတော့ ဝေဒနာ သညာ သင်္ခါရ စိတ်ပေါ့။
ရုပ် ၂၈ ပါးက စာအတွက်သိဖို့ ..၊ တကယ်သိဖို့က ဓာတ်ကြီးလေးပါး သိရင်ရပြီ။
သဒ္ဓမ္မရံသီဆရာတော်ဘုရားကြီး စပ်ဆိုထားတာရှိတယ် ..
ပ နှင့် အာ မှာ ဓာတ်နှစ်ဖြာ လေးတာ ထင်ရှားသည်။
တေ နှင့် ဝါ မှာ ဓာတ်နှစ်ဖြာ ပေါ့တာထင်ရှားသည်တဲ့။
ပ နှင့် အာ ဆိုတာ ပထဝီ နဲ့ အာပေါ။
တေ နှင့် ဝါ ဆိုတာ တေဇောရယ်၊ ဝါယောရယ်။
ယောဂီတို့ ထတဲ့အခါမှာ ထတယ် ထတယ်လို့ မှတ်တော့ ပေါ့ပြီး ကြွ ကြွ တက်သွားတယ်မဟုတ်လား။ အဲဒါ တေဇောနဲ့ဝါယော ဦးဆောင်တာ။ ထိုင်ချတော့ လေးပြီးကျသွားတာ ပထဝီနဲ့ အာပေါ။
လေး လေးကျသွားတဲ့ ပထဝီနဲ့ အာပေါက ရုပ်တရား၊ သိတာက နာမ်တရား။
ပြန်ထတဲ့ အခါကျတော့ တေဇောနဲ့ ဝါယော ထင်ရှားတယ်၊ ပေါ့ ပေါ့ပြီးတော့ ကြွတက်လာတယ်။
ပေါ့ ပေါ့တက်သွားတဲ့ တေဇောနဲ့ဝါယောက ရုပ်တရား၊ သိတာက နာမ်တရား။
တကယ်တမ်းကျတော့ ဘာနဲ့ဘာပဲ ရှိလည်း .. ရုပ်နဲ့နာမ်ပဲ ရှိတယ်။
ရုပ်နဲ့ နာမ်ပဲ ရှိတယ်။ ထိုင်ချင်တာက နာမ်၊ ထိုင်တဲ့ဟန်က ရုပ်။ သူမဟုတ် ငါမဟုတ် ထိုင်တာ နာမ်နဲ့ရုပ်။
ထချင်တာက နာမ်၊ ထတဲ့ဟန်က ရုပ်။ သူမဟုတ် ငါမဟုတ်၊ ထတာ နာမ်နှင့်ရုပ်။ ဟုတ်ရဲ့လား။
ကျန်တာတွေလည်း အတူတူပေါ့။ သွားချင်တာတို့၊ စားချင်တာတို့၊ ဣရိယာပုတ်လေးပါးလုံး အကုန်လုံးပေါ့။
မြန်မြန်တရားရဖို့အတွက် အဓိကပြောချင်တာက မှတ်တဲ့ ယောဂီတွေက အကြည့်နည်းတယ်။ အဲဒါကို အထူးသတိပေးချင်ပါတယ်။ ဒို့မှတ်ရင် တရားရမှာပဲဆိုပြီး မှတ်တာတစ်ခုပဲ လုပ်နေတယ်။ မကြည့်ဘူး။
ကြည့်တဲ့ပုဂ္ဂိုလ်တွေကျတော့လည်း ကြည့်တာတစ်ခုပဲ လုပ်တယ်၊ မှတ်တာကြီးက ပညတ်ကြီးပဲဆိုပြီး မှတ်တာကို ပယ်တယ်။ လျှောက်ကြည့်နေတာပဲ ရှိတယ်။
သမာဓိရှိရင် မှန်ပါတယ်။ သမာဓိက တစ်ပြားမှ မရှိဘူး၊ သမာဓိက နှမ်းစေ့လောက်တောင် မရှိဘူး။ အဲဒီလို သမာဓိမရှိဘဲ လျှောက်ကြည့်နေရင် ဓာတ်တွေကို ကျကျနန မြင်ရပါ့မလား။
အာရုံထဲ ပေါ်တာတွေကို ဟိုဟာမြင်လိုက်၊ သည်ဟာမြင်လိုက် ဒါတွေပဲ လျှောက်မြင်မှာပေါ့။ အဲဒီတော့ ဘယ်လိုလုပ်ပြီး တရားရမှာလည်း၊ မှတ်တဲ့လူကျတော့လည်း မှတ်နေတာပဲ။ ထိုင်တယ် ထတယ်၊ ထိုင်တယ် ထိတယ် မှတ်နေတာပဲ၊ မကြည့်ဘူး။ မှတ်နေတာကို တာဝန်ကျေပြီ အောက်မေ့နေတယ်။
စမှတ်ခါစ ပုဂ္ဂိုလ်တွေကတော့ တွန်းပြီး မှတ်ရတယ်။ သူ့ကိုသွားကြည့်ခိုင်းလို့မရသေးဘူး၊ အခုမှ စခါစ မဟုတ်လား။ စ ရှုမှတ်ခါစမှာ သဒ္ဓါတရားကလည်း သိပ်မရှိသေးဘူး။ သူများထိုင်လို့သာ လိုက်ထိုင်ရတာလောက်ပဲ ရှိသေးတယ်။ တချို့ကျတော့လည်း သူများက တိုက်တွန်းလို့ တရားဝင်ရတာတွေလည်း ရှိတာပဲ။ အဲဒီလို လူမျိုးတွေကျတော့ ဖောင်းတယ် ပိန်တယ်တို့၊ ထိုင်တယ် ထိတယ်တို့ကို တွန်းပြီးမှတ်ခိုင်းရတာပဲ။ အတွေ့အကြုံရပြီးသား၊ တကယ် တရားလိုလားတဲ့ ပုဂ္ဂိုလ်တွေကျတော့ မှတ်ရုံနဲ့တင် ပြီးပါ့မလား။ မှတ်ရုံနဲ့မပြီးဘူး။ သေသေချာချာ နှလုံးသွင်းဖို့လိုပါတယ်။
တစ်ချို့နေရာတွေမှာ ကြားနေရတယ်၊ သမထတွေ အရမ်းလုပ်ပြီး သမထနဲ့ငြိမ်နေတယ်။ အဲဒါကို ဖိုလ်ဝင်စားတယ်ဆိုပြီး ဓာတ်ပုံတွေရိုက်တယ်၊ အမျိုးမျိုးတွေ၊ အဲဒီလို သမထနဲ့ ဝိပဿနာ မကွဲတာတွေလည်း ရှိတယ်။ သမထကို အရိယာဆိုပြီးတော့ ဖိုလ်ဝင်စားသလို ထိုင်တာတွေရှိတယ်။ တချို့ကျတော့လည်း အသိကလေးကပ်ထားပြီးတာပဲ၊ ဘာမှ လုပ်နေစရာမလိုဘူး၊ မှတ်နေစရာ မလိုဘူးလို့ မှတ်တာကို ရှုတ်ချကြပြန်တယ်၊ အမျိုးမျိုး ဖြစ်နေကြတာပဲ။
ဘယ်သူတွေ ဘယ်ဝါတွေ ဘယ်ဂိုဏ်တွေရယ်လို့ မပြောလိုပါဘူး။ ယောဂီတို့အနေနဲ့ လမ်းမှန်ကို ပိုင်ပိုင်နိုင်နိုင်သိသွားလို့ရှိရင် ဘယ်လိုတွေ လာပြောပြော ဒါလမ်းမှန်တယ်၊ ဒါက လမ်းမှားတယ်လို့ ခွဲလို့ရတယ်။ ဘယ်လိုလုပ်မှ နိဗ္ဗာန်ရမယ်ဆိုတာလည်း သိတယ်။ အဲဒီလို တရားရသွားရင် အမှားအမှန် ခွဲခြားလို့ မရဘူးလား။
ဆက်လက်ဖော်ပြပါမည်။
မြစိမ်းတောင်ဆရာတော် အရှင်ဇာနေယျ ဟောကြားအပ်သော ကြောင်းကျိုးသိက ကျိုးများလှ နှင့် စ သုံးလုံး ရှုမှတ်နည်းမှ ထုတ်နှုတ်ဖော်ပြပါသည်။
ဖြစ်ပျက်တကယ်မြင်ချင်ရင်
ဖောင်းတယ် ပိန်တယ် မှတ်မှတ်၊ ထိုင်တယ် ထိတယ် မှတ်မှတ်။ ဘာပဲမှတ်မှတ် မှတ်တိုင်းမှာ အဖြစ် ကို မြင်ရာရောက်ပါတယ်။ တရားရှုမှတ်တဲ့အခါမှာ ပေါ်ရာ ပေါ်ရာ မှတ်တယ်ဆိုတော့ ပေါ်ရာဆိုတာ ဖြစ်တာ၊ ပေါ်ရာကိုမှတ်တော့ အဲဒီ ပေါ်တာနဲ့ မှတ်တာနဲ့ အံကိုက်ကျသွားတော့ ဖြစ်တာ တွေကို မြင်လာတယ်။ သတိတွေ အားကောင်းလာတယ်။
ပေါ်တာ ကို ကျကျနနမြင်မှ ပေါ်တာရဲ့ ဟိုဘက်မှာ ပျက်တာကို မြင်လာတယ်။
ခန္ဓာကိုယ်မှာ ရွရွမွမွလေးတွေ လှုပ်တာလေးတွေ ပူတာလေးတွေ ရှိန်းရှိန်း ရှိန်းရှိန်းလေးတွေ ဝမ်းဗိုက်အတွင်းမှာ လှုပ်ရှားနေတာတွေ။ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ဝမ်းဗိုက်ကို ရှုခိုင်းတယ်ဆိုတာဟာ ဒါတွေပဲ။ ခန္ဓာကိုယ်မှာ ဉာဏ်စိုက်ကြည့်ရင် သည့်ပြင်နေရာတွေထက်စာရင် ဝမ်းဗိုက်က ပိုပြီး မထင်ရှားဘူးလား။ ထင်ရှားတယ်နော်။
ခန္ဓာကိုယ်တွင်း၊ ဉာဏ်စိုက်သွင်းဆိုတာ အဲဒါရှုမှတ်တာပဲ။ အဲဒီလိုရှုမှတ်လို့ရှိရင် ဖောက်ပြန်နေတာတွေ့မယ်။ လှုပ်ရှားတာတွေ၊ ရွရွမွမွတွေ ရှိန်းရှိန်း ရှိန်းရှိန်းတွေကို တွေ့တာပဲ။ အဲဒါတွေကို သိအောင် ထိုင်တာပဲဖြစ်ဖြစ်၊ ထတာပဲဖြစ်ဖြစ်၊ အိပ်တာပဲဖြစ်ဖြစ်၊ သွားတာပဲဖြစ်ဖြစ် ရှုမှတ်နေရတယ်။
မှတ်တာက သမာဓိကို ဖြစ်စေတယ်။
ကြည့်တာက ပညာကို ဖြစ်စေတယ်။
ပထမဦးဆုံး ဘာပညာရမလဲဆိုတော့ သဘောလေးတွေ သိတဲ့ ပညာရမယ်။
ရွတာလေးတွေ မွတာလေးတွေ လှုပ်တာလေးတွေ လေးတာလေးတွေ ပေါ့တာလေးတွေ ဒါတွေကို တွေ့လာရတယ်။
သဘောဆိုတာ တရားပဲ။
လေးတာလေးတွေ ပေါ့တာလေးတွေက ရုပ်တရား။
သွားသွားသိတာက နာမ်တရား။
အဲဒီရုပ်တရား နာမ်တရားလေးတွေကို သိအောင်လို့ ခန္ဓာမှာ စိတ်ဝင်စားစွာနဲ့ ဖြစ်ခိုက်မှာ မိအောင်ကြည့်ရမယ်ပေါ့။
အဲဒီလို စိတ်ဝင်တစားရှုတာကအကြောင်း၊ သိသိလာတာက အကျိုး။ အကြောင်း အကျိုးတွေ။ ဒါကို လင်္ကာမှာ ဆိုထားတာက - ဖြစ်ခိုက်ရှုမှ၊ သဘာဝ၊ မုချသိနိုင်သည် - တဲ့။
ဖြစ်ခိုက်ဆိုတာ ဖောင်းခိုက် ပိန်ခိုက်။ ကြွဆဲ ကြွခိုက်၊ လှမ်းဆဲ လှမ်းခိုက်၊ ချဆဲ ချခိုက်၊ ထိဆဲ ထိခိုက်။ ကိုယ်နိုင်သလောက် မှတ်ပေါ့။
စင်္ကြံလျှောက်တယ်ဆိုရင် ကြွတယ် လှမ်းတယ် ချတယ် ထိတယ်၊ လေးချက်လောက်မှတ်ရင် တော်ပါပြီ။
ဒီလောက်နဲ့ အားမရဘူး၊ ငါးချက် ခြောက်ချက်လောက် မှတ်ချင်သေးတယ်ဆိုရင် “ချင်” ကလေးပါ ထည့်မှတ်။
ကြွချင်တယ်-ကြွတယ်၊ မချင်တယ်-မတယ်။ ကြွတာနဲ့ မတာနဲ့က နှစ်ဆင့်နော်။ ကြွတယ်ဆိုတဲ့ နေရာမှာ ခြေဖျားလေးက မလွတ်သေးဘူး၊ ကြမ်းမှာ ခြေဖျားကလေး ရှိသေးတယ်။ ဖနောင့်ကလေးတင် ကြွတာ။ ခြေဖျားကလေးပါ မလိုက်တော့မှ မတယ်လို့ မှတ်ရတာ။
ကြွတယ် မတယ် လှမ်းတယ် ချတယ် ဒါက လေးချက်မှတ်။
ကြွတယ် လှမ်းတယ် ချတယ် ဒါက ပုံမှန်သုံးချက်မှတ်။
‘ချင်’ စိတ်ကို မှတ်နိုင်ရင်လည်း ထည့်မှတ်ပါ။
ကြွချင်တယ်-ကြွတယ်၊ မချင်တယ်-မတယ်၊ လှမ်းချင်တယ်-လှမ်းတယ်၊ ချချင်တယ်-ချတယ်။ ဒီလောက်ဆိုရင် တော်ပါပြီ.။
ထိတာကို ထည့်မှတ်ရင်တော့ ထိတယ်လို့ မှတ်လိုက်ရုံပဲ။ ထိချင်တယ်လို့ မှတ်ဖို့မလိုဘူး။ အောက်ချလိုက်တာနဲ့ ထိသွားတာပဲ။
ကိုယ်ကနည်းနည်းရင့်ကျက်လာတော့ မှတ်စိတ်က သွက်လာတယ်။ မရင့်ကျက်သေးတဲ့ ပုဂ္ဂိုလ်ကျတော့ မှတ်စိတ်က လေးနေတယ်။ ခန္ဓာကိုယ်ကြီးက သွက်ပြီး မှတ်စိတ်က လေးနေတယ်။
မှတ်အားကောင်းတဲ့အခါကျတော့ စိတ်က သွက်လာတယ်။ ခဏလေးအတွင်းမှာကို အများကြီး မှတ်လို့ရလာတယ်။ အဲဒါမျိုးကျတော့ မိမိစိတ်က နိုင်ရင်နိုင်သလောက် မှတ်ပေးပေါ့။
ထိုင်တယ် ထိတယ် နာတယ်လို့ မှတ်နေတဲ့အခါမှာ ကြားထဲမှာ သည့်ပြင်ဟာတွေရော မပေါ်ဘူးလား။ ဥပမာ - ထိုင်တယ် ထိတယ် နာတယ်ဆိုတဲ့အပြင် နောက်ထပ် ရွရွ မွမွ ကလေးတွေ ပေါ်တာလည်း ရှိတတ်သေးတယ်။ ထိုင်တယ် ထိတယ် သိတယ်ဆိုရင်လည်း အဲဒီ သိတယ် ဆိုတဲ့အထဲမှာ အကုန်ပါသွားတာပဲ။
နာတာကလည်း သိပ်ပြီး ထူးထူးခြားခြားကြီး မနာသေးဘူး၊ နည်းနည်းကလေး နာတယ် ဆိုရုံလောက်ပဲ နာနေတယ်။ အဲဒီအချိန်မှာ ရွရွ မွမွကလေးတွေလည်း သိနေတယ်ဆိုရင် - ထိုင်တယ် ထိတယ် သိတယ်၊ ထိုင်တယ် ထိတယ် သိတယ်လို့ မှတ်ပေးရမယ်ပေါ့။
ဒီခန္ဓာကိုယ်ကို စိတ်ဝင်တစား ကြည့်တဲ့အခါမှာ ဉာဏ်ကြီးလာတယ်။ အကြီးအကျယ် ဉာဏ်တွေတက်လာတယ်။ အဲဒီလိုရှုမှတ်တဲ့အခါမှာ ဉာဏ်ဖြစ်လာမယ့်နေရာမှာ အနှောင့်အယှက်ပေးတာ တစ်ခုရှိတယ်၊ အဲဒါ စိတ်ကူးပဲ။
စိတ်ကူးက ဝိဇ္ဇာဉာဏ်ကို ဝင်ဖျက်တတ်တယ်။
ခန္ဓာကိုယ်ကို မှတ်နေရင်းက စိတ်ကူးက ဖျတ်ဆို ဝင်လာရော။ အဲဒီအခါကျတော့ ခန္ဓာကိုယ်ကို မသိတော့ဘူး၊ စိတ်ကူးနောက် ပါသွားရော။ စိတ်ကူးတွေဝင်လာတော့ ခန္ဓာကိုယ်မှာ ရွရွ မွမွလေးတွေ သိပါဦးမလား၊ မသိတော့ဘူး။
အဲဒါကြောင့်မို့လို့ ယောဂီတို့ရဲ့ မဟာရန်သူဟာ စိတ်ကူးပဲ။ အပြင်ကိစ္စတွေ စိတ်ကူးတာရှိသလို တရားနဲ့ပတ်သက်ပြီး စိတ်ကူးတာတွေလည်း ရှိတယ်။ တချို့က ကိုယ်ရထားတဲ့ ဗဟုသုတတွေကို စာအုပ်ကြီးဖွင့်ပြီး ဆွေးနွေးသလိုမျိုး လုပ်နေတတ်တယ်။ တရားထိုင်ရင်း အဲဒီလိုတွေ လုပ်နေတတ်တယ်။ တစ်ယောက်တည်းနဲ့ စိတ်ကူးယဉ်တွေ ဖြစ်သွားရော။ တရားရှုမှတ်မှုနဲ့ ပတ်သက်တဲ့ ဝိပဿနာဉာဏ်တွေ မဖြစ်တော့ဘူး။ အဲဒါဆိုရင် တရားတွေကျသွားရော။ အပြစ်တင်တာ မဟုတ်ဘူး၊ ဖြစ်တတ်တာကိုပြောတာ။
ဒါတွေကို ကိုယ်က သိထားတဲ့အခါကျတော့ စိတ်ကူးမှန်း သိတာနဲ့ ရှုမှတ်ပြီး ဖြစ်ပစ်လိုက်လို့ရတယ်။ စဉ်းစားရင် - စဉ်းစားတယ် စဉ်းစားတယ်၊ တွေးရင် - တွေးတယ် တွေးတယ် .. မှတ်ပစ်လိုက်။
စိတ်ကူးနောက် လိုက်နေမယ်ဆိုရင် စိတ်ကူးက ဘယ်လောက်အထိ ရှည်သလည်းဆိုတော့ တစ်နာရီကို အသာကလေးသွားတယ်။
အဲဒီတော့ တရားမြန်မြန်ရအောင် ခန္ဓာကိုယ်ကို စိတ်ဝင်စားဖို့လိုတယ်။ ဘယ်လိုစိတ်ဝင်စားရမလဲဆိုတော့ ခန္ဓာကိုယ်မှာ မှတ်နိုင်တဲ့ အခါရှိသလို .. တစ်ခါတလေ လိုက်ပြီး မမှတ်နိုင်တာတွေလဲရှိတယ်။ အမှတ်ကိုပယ်ဖို့ ပြောတာမဟုတ်ဘူးနော်။ မှတ်တာက မှတ်တာပဲ၊ မှတ်ပြီးရင် သေသေချာချာကြည့်။
ဥပမာ - ဝါးတယ် ဝါးတယ်လို့ မှတ်တယ်။ ဝါးတယ်လို့ မှတ်နေပေမယ့် ဝါးတိုင်းကို အလှည့်တိုင်း လိုက်မှတ်နိုင်တာမဟုတ်ဘူး။ နှစ်ချက် သုံးချက် ဝါးပြီးမှ ဝါးတယ်လို့ မှတ်ဖြစ်တာလည်းရှိတယ်။ အဲဒီလိုဖြစ်တဲ့ အခါမှာ ကိုယ်မှတ်တဲ့မှတ်စိတ်က အမှီမလိုက်နိုင်သော်လည်းဘဲ ဝါးတဲ့နေရာလေးကို ဗဟိုပြုပြီးတော့ လှုပ်ရှားတာလေးတွေကို ဖြန့်ပြီး စိတ်ဝင်တစား လိုက်ကြည့်နိုင်အောင် ကြိုးစားရမယ်။ စိတ်ဝင်တစားကြည့်ဆိုတာ သိအောင် လုပ်ခိုင်းတာနော်။
ပကတိမျက်စိနဲ့ ဖွင့်ကြည့်ခိုင်တာတော့ မဟုတ်ဘူး၊ ဉာဏ်မျက်စိကို ဖွင့်ကြည့်ခိုင်းတာ။
တရားထိုင်နေချိန်မှာ ခန္ဓာကိုယ်ကို ဉာဏ်နဲ့ စိုက်ကြည့်စမ်းပါ။ ပူအိုက်နေတာကို မတွေ့ဘူးလား။ ထိတဲ့နေရာလေးတွေမှာရော - မာတာတွေ ပျော့တာတွေ မတွေ့ရဘူးလား။
အမှတ်တမဲ့ဆိုရင်တော့ .. ဒါတွေဟာ ဘာဆန်းလို့လဲ။ အိုက်တဲ့အခါလည်း အိုက်မှာပေါ့၊ ထိတဲ့အခါလည်း ထိမှာပေါ့။ ဒါတွေဟာ ဖြစ်နေကျတွေပဲလို့ ထင်မယ်။ တရားကျကျနန မလုပ်ဖူးတဲ့သူ အဖို့ကတော့ ဘာမှမထူးဘူးပေါ့၊ တရားအားထုတ်နေတဲ့ ယောဂီအတွက်တော့ ထူးတယ်။
ယောဂီတို့အတွက် တရားလမ်းကြောင်းမှာ - အိုက်တာလေးတွေ ထိတာလေးတွေ တင်းတာလေးတွေဟာ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ပို့ပေးမယ့်တရားကလေးတွေ။
အဲဒါတွေဟာ ယောက်ျားတွေ မိန်းမတွေ မဟုတ်ဘူး၊ သဘောတွေ မဟုတ်လား။ သဘောလေးတွေသိတာ သက္ကာယဒိဋ္ဌိ တဒင်္ဂကွာတာပဲ။ အဲဒါ တီရဏပရိညာနဲ့ကွာတာ။
တရားနာရင်း ကွာတာက ဉာတပရိညာနဲ့ကွာတာ။ တီရဏပရိညာက ဉာတပရိညာထက် ပိုပြီး နက်ရှိုင်းတယ်။
တရားနာတဲ့အခါမှာ ရုပ်တွေ နာမ်တွေပဲရှိတယ် ပြောလို့သာ ကိုယ်က ခေါင်းညိတ်လိုက်ရတာ။ ဒါပေမယ့် သေသေချာချာမသိဘူး။ ကိုယ်တိုင် ရှုမှတ်တဲ့အခါကျတော့မှ - နာတဲ့သဘောလေးတွေ၊ ပူတဲ့သဘောလေးတွေ၊ ကိုက်တဲ့သဘောလေးတွေ၊ ယားတဲ့သဘောလေးတွေကို သိလာတယ်။
အဲဒီသဘောသက်သက်ကို သိရင် ရုပ်တရား၊ နာမ်တရားကို သိတာပဲ။
မာတဲ့သဘောလေးရယ်၊ သိတဲ့သဘောလေးရယ်။
မှတ်တာကတော့ ထိုင်တယ် ထိတယ်လို့ မှတ်နေတာပဲ၊ ဒါပေမယ့် မာတာလေးကို သွားသိတော့ အဲဒီသိတာလေးက နာမ်တရား၊ မာတာတွေ ပျော့တာတွေက ရုပ်တရား၊ ရုပ်တရား နာမ်တရားဆိုတာ ဒါပြောတာလို့ သိလာတယ်။
အဲတော့ အကြောင်းကြောင့် အကျိုးဖြစ်တယ်ဆိုတော့ အကြောင်း အကျိုးလေးတွေကို နည်းနည်းပြောမယ်။
ချင်စိတ် ကလေးတွေက အကြောင်း။ ဒီချင်စိတ်ကလေးတွေ ဖြစ်လာရင် - သွားချင်တဲ့စိတ်ကြောင့် သွားတဲ့လှုပ်ရှားမှုလေးတွေ ဖြစ်လာတယ်၊ ထိုင်ချင်တဲ့စိတ်ကြောင့် ထိုင်တဲ့လှုပ်ရှားမှုလေးတွေ ဖြစ်လာတယ်၊ ထချင်တဲ့စိတ်ကြောင့် ထတဲ့လှုပ်ရှားမှုလေးတွေ ဖြစ်လာတယ်၊ စားချင်တဲ့စိတ်ကြောင့် စားတဲ့လှုပ်ရှားမှုလေးတွေ ဖြစ်လာတယ်။
အဲဒီလို အကြောင်း အကျိုးတွေကို ပိုင်ပိုင်နိုင်နိုင် သိလာရင် အဲဒါကို ပစ္စယပရိဂ္ဂဟဉာဏ်လို့ခေါ်တယ်။ ပစ္စယပရိဂ္ဂဟဉာဏ်ရတဲ့ ပုဂ္ဂိုလ်ကို စူဠသောတာပန်လို့ခေါ်တယ်။ သာသနာတော်မှာ ထောက်တည်ရာ ရတယ်တဲ့။ မဂ်ဉာဏ် ဖိုလ်ဉာဏ် မရသေးသော်လည်း အဲဒီဉာဏ်နဲ့သေရင် အပါယ်မကျနိုင်ဘူး။
ဒီလို အကြောင်း အကျိုးလေးတွေကို သိဖို့အတွက် ခုနက ပြောခဲ့တဲ့ ရုပ် နာမ်ရဲ့ သဘောလေးတွေကို အရင်သိရမှာ မဟုတ်လား။ ရိုရိုသေသေ စူးစူးစိုက်စိုက် ရှုမှတ်လို့ရှိရင် - ဖြစ်ခိုက်ရှုမှ သဘာဝ၊ မုချသိနိုင်သည် ဆိုတဲ့အတိုင်း ပစ္စုပ္ပန်တည့်တည့်မှတ်နိုင်ရင် သဘောကလေးတွေကို သိမယ်။
မှတ်အားကောင်းလာတော့ ချင်စိတ် ကလေးတွေကိုပါထည့်မှတ်တဲ့အခါ ဒီအကြောင်းကြောင့် ဒီအကျိုးဖြစ်တာကိုးလို့ သိလာလိမ့်မယ်။
အကြောင်းထဲမှာလည်း ယောက်ျား မိန်းမ မပါဘူး၊ အကျိုးထဲမှာလည်း ယောက်ျား မိန်းမ မပါဘူး။ အဲဒီအကြောင်း အကျိုးလေးတွေကို သိတာ အင်မတန် အကျိုးများတယ်။ ဒီအကြောင်း အကျိုးလေးတွေကို သိလာတော့ ကံ ကံရဲ့အကျိုးတွေကိုလည်း နားလည်သဘောပေါက်လာတယ်။
အကုသိုလ်ဆိုတဲ့ အကြောင်းကြောင့် ဟိုဘက်မှာ ဆိုးကျိုးတွေ ရတာကိုးလို့သိတယ်။ ကုသိုလ်ကောင်းမှုဆိုတဲ့ အကြောင်းကြောင့် ဟိုဘက်မှာ ကောင်းကျိုးတွေ ရတာကိုးလို့ သိတယ်။
အခုဆင်းရဲနေတာ ဟိုတုန်းက အကုသိုလ်တွေ လုပ်ခဲ့လို့ပဲဆိုတာ ခန့်မှန်းလို့ရတယ်။ ကုသိုလ်ကောင်းမှုနည်းခဲ့လို့ပဲလို့ ခန့်မှန်းလို့မရဘူးလား။
မိမိဘဝ ချမ်းသာနေရင် ကုသိုလ်ကောင်းမှုတွေ လုပ်ခဲ့လို့ပဲ။ ဆင်းရဲနေရင် အကုသိုလ်တွေ လုပ်ခဲ့လို့ပဲဆိုတာ ခန့်မှန်းလို့ရတယ်။ ဒါပေမယ့် အတိတ်ကံတစ်ခုတည်းလည်း ယူလို့မရဘူးနော်။
အကြောင်းမှာ နှစ်မျိုးယူရမယ်။ အတိတ်ရယ် ပစ္စုပ္ပန်ရယ်။ အတိတ်ကံလည်းပါတယ်၊ ပစ္စုပ္ပန် ဉာဏ် ဝီရိယလည်း ပါတယ်။
အတိတ်ကလည်း ကံကမကောင်းတဲ့အပြင် ပစ္စုပ္ပန်မှာလည်း ဉာဏ်နဲ့ဝီရိယ မကောင်းရင်တော့ ဆင်းရဲဖို့များတာပဲ။ အတိတ်က ကံမကောင်းပေမယ့် ပစ္စုပ္ပန် ဉာဏ်နဲ့ဝီရိယကောင်းတဲ့သူကတော့ နည်းနည်းသက်သာခွင့်ရတယ်။ ပစ္စုပ္ပန်အကြောင်း အတိတ်အကြောင်း အကြောင်းနှစ်မျိုးနော်။
အဲဒီလို ရှုမှတ်ပါများလို့ အကြောင်းအကျိုးတွေကို သိပြီး ရင့်ကျက်လာတဲ့အခါ သရဏဂုံ မပျက်တော့ဘူး၊ အဲဒီလို သရဏဂုံ မပျက်လို့လည်း စူဠသောတာပန် ဟာ ဒီစိတ်နဲ့သေရင် မဟာသောတာပန်လိုပဲ သုဂတိ ရောက်နိုင်တယ်လို့ဆိုတာ။
ပစ္စယပရိဂ္ဂဟဉာဏ်ရထားတဲ့ ပုဂ္ဂိုလ်က ဒီအကြောင်းကြောင့် ဒီအကျိုးဖြစ်တာပဲလို့ သိထားတော့ ဆိုးကျိုးတစ်မျိုး ကြုံတွေ့လာရင် ဘယ်သူကြောင့် ဘယ်ဝါကြောင့်မှ မဟုတ်ဘူး၊ သူကိုယ်တိုင် မကောင်းခဲ့လို့ မကောင်းတဲ့အကျိုး ဖြစ်တာပဲလို့ သိတယ်။
လောကဓံအဆိုးတွေနဲ့ကြုံရရင် ဒါဟာ အတိတ်တုန်းက မကောင်းခဲ့လို့ပဲလို့ မြင်ရမယ်။ ဒီလိုမြင်နိုင်ရင် အမြင်ဟာ မှန်လည်းမှန်တယ်၊ ရှင်းလည်းရှင်းတယ်။ ဘာကိုမှ သံသယ ဖြစ်စရာ မလိုတော့ဘူး။ သောတာပန် မဖြစ်သေးပေမယ့် အခုကတည်းက သံသယကင်းနေပြီ၊ မဟာသောတာပန်ဆိုရင်တော့ ဒိဋ္ဌိနဲ့ ဝီစိကိစ္ဆာ အကုန်ပယ်နိုင်တယ်။
ပစ္စယပရိဂ္ဂဟဉာဏ်ဆိုတဲ့ အကြောင်း အကျိုးတွေသိရင် ဘယ်သူတွေ ဘာတွေဟောဟော ပါမသွားတော့ဘူး။ ဘုရား တရား သံဃာ အပေါ်မှာ ကျကျနန ယုံကြည်သွားပြီ။ ဒီလောက်နဲ့တော့ မပြီးသေးဘူး။ ပစ္စယပရိဂ္ဂဟဉာဏ်ဆိုတာ မဂ်ဉာဏ် ဖိုလ်ဉာဏ် ရပြီလား၊ မရသေးဘူး၊ အဝေးကြီး ကျန်သေးတယ်။ ဒါက အခြေခံဉာဏ်ပဲရှိသေးတယ်။ ဝိပဿနာဉာဏ်ဆယ်ပါးရဲ့အခြေခံဉာဏ်ပဲရှိသေးတယ်။ အဲဒီအခြေခံဉာဏ်တောင်မှပဲ ဂရုစိုက် ရှုမှတ်မှ ရတာနော်၊ တရားနာရုံသက်သက်နဲ့တော့ မရဘူး။
တရားရှုမှတ် ပွားများနေတဲ့ ပုဂ္ဂိုလ်ဟာ - ဒွါရ (၆) ပါး လုံတယ်။ ကာယကံ ဝစီကံ မနောကံမှာ အကုသိုလ်ဒုစရိုက်တွေ မဖြစ်တော့ဘူး။ ကံသုံးပါးစင်ကြယ်တယ်။ ရသင့်ရထိုက်တဲ့တရားတွေ ရနိုင်တယ်။ တကယ်လို့ ဒီဘဝမှာ ဆက်ပြီးတော့ ရှုမှတ်ခွင့်မရရင်တောင် နောင်ဘဝတွေမှာ မဂ်ဉာဏ် ဖိုလ်ဉာဏ်ရဖို့ ကြီးမားတဲ့ အထောက်အပံ့ ဖြစ်စေနိုင်တယ်။ ဒီဘဝမှာတင် မဂ်ဉာဏ် ဖိုလ်ဉာဏ် ရအောင်ရှုနိုင်ရင် အကောင်းဆုံးပေါ့။
ဆက်လက်ဖော်ပြပါမည်။
မြစိမ်းတောင်ဆရာတော် အရှင်ဇာနေယျ ဟောကြားအပ်သော ကြောင်းကျိုးသိက ကျိုးများလှ နှင့် စ သုံးလုံး ရှုမှတ်နည်းမှ ထုတ်နှုတ်ဖော်ပြပါသည်။
ကိုယ့်ခန္ဓာကိုယ်ကို စုံစမ်းပါ
နိဗ္ဗာန်ရောက်ကြောင်းတရားထဲမှာ ကိုယ့်ခန္ဓာကိုယ်ကို စုံစမ်းခြင်းဟာ အခြေခံအချက်ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို စုံစမ်းရင် နိဗ္ဗာန်ရောက်နိုင်တယ်။ သူများတွေကို စုံစမ်းရင် လောဘ ဒေါသ မောဟဖြစ်ပြီး အပါယ်ရောက် နိုင်တယ်။
ကိုယ့်ကိုယ်ကို စုံစမ်းပါ၊ ကိုယ့်ကိုယ်ကို စစ်ဆေးပါ၊ ကိုယ့်ကိုယ်ကို သိအောင်လုပ်ပါ။ ကိုယ့်ကိုယ်ကိုသိဖို့ အင်မတန်အရေးကြီးတယ်။ မိမိခန္ဓာကိုယ်သိရင် တစ်လောကလုံးကို သိတော့တာပဲ။ မိမိခန္ဓာမှာ ရုပ်နဲ့ နာမ်ပဲ ရှိသလို တစ်လောကလုံးမှာလည်း ရုပ်နဲ့ နာမ်ပဲ ရှိတယ်။
ဖောက်ပြန်တဲ့သဘောဟာ ရုပ်တရား - မာ ပျော့ ပူ အေး နာ ကိုက် စတဲ့ တရားတွေဟာ တကယ်ရှိပြီး မှန်လို့ ပရမတ္ထလို့ခေါ်တယ်။ သိတဲ့သဘောက နာမ်တရား - ရှုမှတ်ရင် သိတယ်။
ရုပ်အကြောင်း၊ နာမ်အကြောင်းကို ကျကျနနသိအောင် သတိပဋ္ဌာန်နဲ့ ရှုမှတ်ပွားများအားထုတ်မယ်ဆိုရင် မိမိခန္ဓာကိုယ်မှာ ဒုက္ခသစ္စာပဲရှိတယ်ဆိုတာ သိပြီးရင် တစ်လောကလုံးမှာလည်း ဒုက္ခသစ္စာပဲရှိတယ်လို့ ပိုင်ပိုင်နိုင်နိုင် သိနိုင်တယ်။ ဒုက္ခမှန်းသိရင် လောကကြီးကို မလိုချင်တော့ဘူး။
ကိုယ်ခန္ဓာကိုယ်ကို သေသေချာချာကြည့်ဖို့ဆိုယင် စသုံးလုံး နဲ့ ကြည့်ရမယ်။
စူးစူးစိုက်စိုက် ကြည့်ရမယ်။
စေ့စေ့စပ်စပ် ကြည့်ရမယ်။
စိပ်စိပ်ကလေး ကြည့်ရမယ်။
စူးစူးစိုက်စိုက် ဆိုတာ ရိုရိုသေသေမှတ်ပါ။ ရိုရိုသေသေဆိုတာ လူမမာကဲ့သို့ ဖြည်းဖြည်းနှေးနှေး ပြုလုပ်ရမယ်။ အရှုခံနဲ့ အရှုဉာဏ်နဲ့ အံကိုက်ကျအောင်လို့၊ ပေါ်တာကို မလွတ်တမ်းမှတ်နိုင်အောင်လို့ ဖြည်းဖြည်းလုပ်ရမယ်။ ဖြည်းဖြည်း ပြုလုပ်တော့မှ ရိုရိုသေသေကို လိုက်နာရာကျပြီး စူးစူးစိုက်စိုက် ရှုနိုင်မယ်။ အဲဒီတော့မှ ပစ္စုပ္ပန်တည့်တည့် ရှုနိုင်မယ်။
ပစ္စုပ္ပန်တည့်တည့်ဆိုတာ ခုပေါ်တာကို ခုမှတ်ချလိုက်တာပဲ။
အတိတ်တုန်းက ဖြစ်ခဲ့တာတွေကို ပြန်ပြီး စိတ်ကူးယဉ်တာ မဟုတ်ဘူး။ နောင်အနာဂတ်ကို မျှော်နေတာလည်း မဟုတ်ဘူး။
အခုဖောင်းရင် အခုဖောင်တယ် မှတ်လိုက်ပါ။ အခုပိန်ရင် အခုပိန်တယ် မှတ်လိုက်ပါ။ အခု စိတ်ကူးလေးပေါ်လာရင် အခု စိတ်ကူးတယ် မှတ်လိုက်ပါ။ အခု ဝမ်းနည်းရင် အခု ဝမ်းနည်းတယ် မှတ်လိုက်ပါ။ အဲဒီလိုမှတ်ရင် ပစ္စုပ္ပန်တည့်တည့် မှတ်ရာရောက်ပါတယ်။
အဲဒါ စူးစူးစိုက်စိုက် ပဲ။ စူးစူးစိုက်စိုက် ရှုမှတ်လို့မရရင် ကိုယ့်ခန္ဓာအကြောင်းကို အမှန်အတိုင်း မသိတော့ဘူး။ အမှန်အတိုင်းမသိရင် ယောက်ျား မိန်းမလို့ သိမနေဘူးလား၊ သိနေမယ်နော်။
လုံးဝမသိတာ မဟုတ်ဘူး၊ အမှန်ကိုမသိတာ၊ အမှန်ကို မသိဘဲနဲ့ အမှားကျတော့ သွားသိတယ်။
အဲတော့ စူးစူးစိုက်စိုက်ဆိုတာ ဘယ်လိုရှုရမလဲ။
ပစ္စုပ္ပန်တည့်တည့် ရှုမှတ်ရမယ်။
ပစ္စုပ္ပန်တည့်တည့်မှတ်နိုင်ဖို့အတွက် ရှေ့က ဘာလာမလဲ။
ရိုရိုသေသေ ရှုမှတ်ရမယ်။
ရိုရိုသေသေဆိုတာ ဘယ်လိုမှတ်ရမှာလဲ။
လူမမာလို မှတ်ရမယ်၊ လူမမာနှင့် တူစွာကျင့် တဲ့။ လူမမာလို ကျင့်ရမယ် တဲ့။ အားရှိသော်လည်းပဲ မြန်မြန်မလုပ်ပါနဲ့တဲ့။ လူမမာလို ဖြည်းဖြည်းပြုလုပ်ရမယ်။ အဲဒါမှ စူးစူးစိုက်စိုက် မှတ်လို့ရမယ်။ မြန်မြန်ဆန်ဆန် လုပ်လို့ရှိရင် မှတ်တဲ့အခါ မလိုက်နိုင်ဘူး ဖြစ်လိမ့်မယ်။ ဒါကြောင့်မို့ သတိပေးနေရတာနော်။
ပစ္စုပ္ပန်တည့်တည့် ရှုမှတ်နိုင်ပြီဆိုရင် အဲဒါ စူးစူးစိုက်စိုက် ရှုမှတ်တာပဲ။ ရှုစရာအာရုံထဲကို ရှုသိစိတ်က မြုပ်ပြီး စိုက်ခနဲ ဝင်သွားရမယ်။ ဖောင်းတယ်လို့ မှတ်လိုက်လို့ရှိရင် ရှုသိစိတ်ကလေးက ဖောင်းတဲ့ အာရုံအပေါ်မှာ စိုက်ခနဲမြုပ်ဝင်သွားရမယ်။ အဲဒါမှ စူးစူးစိုက်စိုက် ရှုမှတ်တာလို့ခေါ်တယ်။
ဝိပဿနာမှာ စူးစူးစိုက်စိုက် ဆိုတာ တကယ့်ကို စိတ်ဝင်စားစွာ ရှုရတယ်။ မဂ်ဉာဏ် ဖိုလ်ဉာဏ်ရဖို့ဆိုရင် အကုသိုလ် မှန်သမျှ ရှောင်၊ ကုသိုလ်မှန်သမျှ ကြိုးစား။ မိမိအနေနဲ့ ဒုက္ခသစ္စာကိုသိအောင် စူးစူးစိုက်စိုက် သေသေချာချာ ရှုမှတ်ရမယ်။
သေသေချာချာရှုမှတ်မှ ဒုက္ခသစ္စာကိုသိမယ်။ ဒုက္ခသစ္စာကို သိမှ သမုဒယသစ္စာကို ပယ်နိုင်မယ်။
ဆရာတော်ဘုရားကြီးတွေ ဟောကြားထားတဲ့အတိုင်း စူးစူးစိုက်စိုက် ရိုရိုသေသေ ရှုရင် သိစရာတွေက ပြောလို့ မကုန်နိုင်ဘူး။
အစတုန်းက ဖောင်းတယ် ပိန်တယ်ဆိုတာ တစ်ချက်တည်း ဖောင်းတယ်၊ တစ်ချက်တည်း ပိန်တယ်ထင်တာ။ စူးစူးစိုက်စိုက် မှတ်လာတဲ့အခါကျတော့၊ သမာဓိလေးရလာတော့ အဆင့်တွေက အများကြီးပဲ။ အနည်းဆုံး ဖောင်းစ ဖောင်းလယ် ဖောင်းဆုံး။
ဖောင်းတယ်ဆိုတာ အစတုန်းက ဗိုက်ကြီး ဖောင်းတယ် ထင်တာ။ အခုကျတော့ လှုပ်တဲ့သဘောလေးပဲဆိုတာ သိလာတယ်။
အစတုန်းက တစ်ချက်တည်း ဖောင်းတယ်အောက်မေ့တာ။ အခုကျတော့ တစ်ချက်တည်း ဖောင်းတာမဟုတ်ဘူး၊ အဆင့်အဆင့် လှေကားလေးများ တက်သလိုပဲ။ တချို့ကျတော့ မီးပုံပျံကလေးလွှတ်သလို ဝိုက်ဝိုက်ပြီးတော့ လှုပ်နေသလိုပဲ။ သမာဓိနဲ့ကြည့်ရင် တကယ်မြင်ရတယ်။
တချို့ဖောင်းတာက တည့်တည့်ဖောင်းတယ်။ တချို့ဖောင်းတာက ဝိုက်ပြီးဖောင်းတယ်။ တချို့ဖောင်းတာက တုန်ပြီးတော့ ဖောင်းတယ်။ အဲဒီတစ်ခုတည်းမှာကို သိစရာတွေအများကြီး။
ဖောင်းတာပိန်တာများ ခက်တာမှတ်လို့။ ဖောင်းတော့ ဖောင်းတာပေါ့ဆိုရင် .. ဖောင်းတာက ဖောင်းတာပဲဆိုရင် ဘယ်သူမှ သေသေချာချာ အပင်ပန်းခံပြီး တရားမဟောဘူး။ သိစရာတွေက များလွန်းအားကြီးလို့ ပြောနေတာ။
စူးစူးစိုက်စိုက် ဆိုတာ အဲဒီ သိစရာ မှန်သမျှကို သေသေချာချာသိအောင်လို့၊ နက်နက်နဲနဲ တစ်ခါတည်း အရှုခံအာရုံထဲကို ရှုဉာဏ်စိုက်ဝင်သွားအောင်လို့ စူးစူးစိုက်စိုက် လေးလေးနက်နက်ကြည့်ပါ။
ပကတိမျက်စိနဲ့ ကြည့်ခိုင်းတာမဟုတ်ဘူး၊ ဉာဏ်မျက်စိနဲ့ ကြည့်ခိုင်းတာ။ ဉာဏ်မျက်စိနဲ့ သေသေချာချာ ကြည့်ယင် အဲဒီ ဖောင်းတာ ပိန်တာ မှတ်ရင်းနဲ့ နိဗ္ဗာန်ရနိုင်တယ်။
စူးစူးစိုက်စိုက် ဆိုတာ အာရုံထဲကို မြုပ်သွားအောင်လို့ သေသေချာချာ ရှုရမယ်။ လမ်းသွားရင်လည်း လှုပ်ရှားတဲ့သဘောလေးတွေကိုပေါ်အောင် ဘယ်လှမ်းတယ် ညာလှမ်းတယ်ပဲဖြစ်ဖြစ်၊ ကြွတယ် လှမ်းတယ် ချတယ်ပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ စိတ်အင်အား အားလုံးကို အဲဒီလှုပ်ရှားတဲ့သဘောလေးကို စိုက်ပြီး ရှု .. ။
တရားအားထုတ်တယ်ဆိုတာ ကိုယ့်ရဲ့စိတ်အင်အား အားလုံးကို စုပြီး အားထုတ်ရတာ။ အဲဒီလိုမလုပ်လို့ရှိရင် ရက်သာကြာပြီး မထူးခြားဘူး။ လမ်းသွားရင်လည်း လမ်းသွားတဲ့ လှုပ်ရှားမှုအပေါ်မှာ စိတ်အားလုံးကို အကုန်လုံး အသုံးပြုထား၊ အဲဒီလို စူးစူးစိုက်စိုက် ရှုလို့ရှိရင် သိစရာတွေ တဖြည်းဖြည်း ပေါ်လာလိမ့်မယ်။ သိစရာတွေက ဒီရေတက်သလို အများကြီး ပေါ်လာတယ်။
စူးစူးစိုက်စိုက် ရှုမှတ်တော့ ရုပ်တွေ နာမ်တွေရဲ့ သဘော သိလာတယ်။ တရားတွေက အများကြီး သိလာတယ်။ သစ္စာလေးပါးနဲ့လွဲတဲ့တရား တစ်ခုမှမရှိဘူး။ ဝိပဿနာတရားရှုထားတဲ့လူက အကုန်လုံး သူ့အတွက် တရားချည်းပဲ။
စူးစူးစိုက်စိုက် မှတ်တာက သဘာဝလက္ခဏာကိုသိတယ်။ သဘောလေးတွေကို သိတယ်။ သဘောဆိုတာ ရုပ်တွေ နာမ်တွေကို ပြောတာ။ ရုပ်တွေ နာမ်တွေကို လက္ခဏာနဲ့ ပြောတာ။
သဘောသိမှ အနတ္တကိုသိတယ်။ စူးစူးစိုက်စိုက် ရှုမှတ်မှ သဘောကိုသိမယ်။
ဖောင်းတယ် ပိန်တယ် ဆိုတာကို သေသေချာချာ မသိလို့ရှိရင် ဗိုက်ကြီးဖောင်းတယ် ဗိုက်ကြီးပိန်တယ်လို့ ထင်တာ။ စူးစူးစိုက်စိုက် ရှုမှတ်တော့ သဘောလေးတွေကို ဉာဏ်ရောက်သွားတယ်၊ သဘောလေးတွေကို သိတယ်။ အဲဒါကို စာလိုပြောတော့ သဘာဝလက္ခဏာ တဲ့။
သဘာဝလက္ခဏာဖြစ်တဲ့ ပရမတ်တွေကို မမြင်လို့ရှိရင် ဒိဋ္ဌိအယူတွေဖြစ်တယ်။ သဘာဝကိုမြင်တော့မှ သဘောကိုမြင်တော့မှ ဒိဋ္ဌိကွာတယ်။ သဘာဝ သဘော ဓာတ် အနတ္တလက္ခဏာ အခေါ်အဝေါ်တွေ များသော်လည်း အတူတူပဲ။
အနတ္တလက္ခဏာဆိုတာ အနတ္တ - န + အတ္တ = အနတ္တ ၊ အတ္တမဟုတ်၊ သက္ကာယဒိဋ္ဌိမဟုတ်ဘူးတဲ့။ သူ့သဘောသူဆောင်နေတယ်တဲ့။
ဓာတ်တွေကလဲ သူ့သဘော သူဆောင်တယ်။ သူ့သဘော သူဆောင်လို့လဲပဲ ဓာတ်လို့ခေါ်တယ်။ ရုပ်ဓာတ်ကလဲ ရုပ်သဘောဆောင်တယ်၊ နာမ်ဓာတ်ကလဲ နာမ်သဘောဆောင်တယ်။
ရုပ်ထဲမှာတောင် ပထဝီဓာတ်က ပထဝီသဘောဆောင်တယ်။ တေဇောဓာတ်က တေဇောသဘော ဆောင်တယ်။ ဝါယောဓာတ်က ဝါယောသဘော ဆောင်တယ်။ အာပေါဓာတ်က အာပေါသဘော ဆောင်တယ်။
နာမ်ထဲမှာလဲပဲ ဝေဒနာက ခံစားမှုသဘော ဆောင်တယ်။ သညာက မှတ်သားတဲ့ သဘော ဆောင်တယ်။ သင်္ခါရက တိုက်တွန်းတဲ့သဘောဆောင်တယ်။ ဝိညာဏ်က သိတဲ့သဘောဆောင်တယ်။
သူ့သဘောသူဆောင်နေလို့ ဓာတ်လို့ခေါ်တယ်၊ အဲဒါ အနတ္တပဲ။
ဒီသဘောလေးတွေကို သိလာတော့ သဘာဝလက္ခဏာကိုသိရာ ရောက်ပါတယ်။ သဘာဝလက္ခဏာကိုသိရင် ပရမတ္ထတရားကိုသိတာပဲ။ ပရမတ္ထတရားဆိုတာ ရုပ်တရား နာမ်တရားပဲ။ နည်းနည်းထပ်ချဲ့ရင် စိတ် စေတသိက် ရုပ် ပေါ့။ သည့်ထက် ထပ်ချဲ့လို့ရှိရင် ရူပက္ခန္ဓာ ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာ။ သည့်ထက်ပိုပြီးထပ်ချဲ့လို့ရှိရင် အာယတန ၁၂ ပါး။ သည့်ထက်ပိုပြီး ထပ်ချဲ့လို့ရှိရင် ဓာတ် ၁၈ ပါး။
အခြေခံကတော့ ရုပ် နဲ့ နာမ် ပဲ။
ရုပ်နဲ့နာမ်ကို ယောဂီရဲ့ဉာဏ်ထဲမှာမြင်တာက သဘောပဲ။
လှုပ်ရှားတဲ့ သဘောလေးတွေ၊ မာတဲ့ သဘောလေးတွေ၊ ပျော့တဲ့ သဘောလေးတွေ၊ ပူတဲ့ သဘောလေးတွေ၊ အေးတဲ့ သဘောလေးတွေ။
ဒါကြောင့် စူးစူးစိုက်စိုက် ရှုဖို့ပြောတာ။ စူးစူးစိုက်စိုက် ရှုမှ ပစ္စုပ္ပန်တည့်တည့်ရှုရာရောက်မယ်။ ပစ္စုပ္ပန်တည့်တည့် ရှုနိုင်ဖို့အတွက် ရိုရိုသေသေ၊ လူမမာလိုကျင့်ရမယ်။ ပစ္စုပ္ပန်တည့်တည့်ရှုမှ သဘောလေးတွေ ပေါ်လာတယ်။
စူးစူးစိုက်စိုက် ပြီးတော့ စေ့စေ့စပ်စပ် ရှုပါ။
စေ့စေ့စပ်စပ် ဆိုတာ အစရော အလယ်ရော အဆုံးရော သိအောင် ရှုဖို့ပြောတာ။
ပထမ စူးစိုက်တဲ့ ဂုဏ်အင်္ဂါနဲ့ပြည့်စုံမှ စေ့စပ်တဲ့ ဂုဏ်အင်္ဂါကို ရအောင်ယူလို့ရမယ်။ စူးစူးစိုက်စိုက် မရှုတဲ့သူက စေ့စေ့စပ်စပ် ရှုလို့ရပါ့မလား၊ မရနိုင်ဘူးနော်။
စူးစိုက်မှ စေ့စပ်လာလိမ့်မယ်။ စေ့စေ့စပ်စပ် ရှုတဲ့အခါကျတော့ ဖောင်းစ ဖောင်းလယ် ဖောင်းဆုံး အကုန်သိလာတယ်။
တရားထိုင်တော့ သေသေချာချာရှုရတာ။ စိတ်အလုပ် လုပ်နေရတာ။ စိတ်ဆိုတာ တုန်လှုပ်တတ်တယ်တဲ့၊ အာရုံတွေအပေါ်မှာ ဟိုပြေးလိုက်၊ ဒီပြေးလိုက်နဲ့ မပြေးဘူးလား။ တုန်လှုပ်တဲ့စိတ်ကို မတုန်လှုပ်အောင် ဖမ်းထားနိုင်ရမယ်။ စိတ်ဆိုတာ လျှပ်ပေါ်လော်လီတတ်တယ်တဲ့။ အာရုံပေါ်မှာ တစ်ချက်မှ မနေဘူး။ ဖောင်းတယ် ပိန်တယ် ဆိုတဲ့ အပေါ်မှာ နေပါဆိုတာ မနေဘူး။ ထွက်ပြေးတယ်။ စိတ်က ဒီနေရာမှာ နေပါဆို မနေဘူး။ မနေနဲ့ဆိုတဲ့ နေရာကို သွားတယ်။ သင့်တော်တဲ့ နေရာမှာ နေပါ။ ဝိပဿနာအာရုံလေးမှာနေရင် ကုသိုလ်ရမယ်ဆိုရင် မနေဘူး။ စိတ်ဟာ စောင့်ရှောက်ဖို့ အင်မတန်ခက်တယ်တဲ့။ တားမြစ်ဖို့အင်မတန်ခက်တယ်တဲ့။ အဲဒါကြောင့် သူ့ကို နိုင်အောင်လို့ တရားအားထုတ်ရတာ။
စေ့စေ့စပ်စပ် မှတ်နိုင်မှ အစရယ် အဆုံးရယ် ထင်ထင်ရှားရှားသိလာတယ်။ စပြီး မှတ်တာလဲ သိတယ်၊ ဆုံးသွားတာလဲသိတယ်။ အစ အဆုံးတွေ သိသွားတယ်။
ချင်စိတ်ကလေးတွေကိုလဲ မှတ်ပေးရမယ်။ ထချင်တယ်၊ ထိုင်ချင်တယ်၊ သွားချင်တယ်။ ချင်ဆိုတာက စပေါ်တာကို သိတာ။ စပေါ်တာကို သိပြီး မှတ်တဲ့အခါကျတော့ အဆုံးကိုပါသိသွားမယ်။
အစလဲသိတယ်၊ အဆုံးလဲသိတယ်ဆိုယင် အဲဒါသင်္ခတလက္ခဏာကို သိတာ။
ယောဂီရဲ့စိတ်ထဲမှာ အကြောင်း အကျိုးတွေလဲ သိတယ်။ ထချင်တဲ့ စိတ်ကလေးကြောင့် ထတဲ့ရုပ်ကလေးတွေ ဖြစ်လာတာ သိတယ်။ ထိုင်ချင်တဲ့ စိတ်ကြောင့် ထိုင်တဲ့ရုပ်တွေ ဖြစ်လာတာ သိတယ်။ အဲဒါ အကြောင်းနဲ့ အကျိုးကို သိတာပဲ။
အဲဒီသဘောလေးတွေရဲ့ ပေါ်လိုက် ပျောက်လိုက်၊ ပေါ်လိုက် ပျောက်လိုက်၊ ပေါ်တဲ့သဘောလဲပဲ သိမယ်။ ပျောက်တဲ့သဘောလဲပဲ သိမယ်။
ဖောင်းစမှာ လှုပ်တဲ့သဘောလေးပေါ်လာတယ်။ လှုပ်တဲ့သဘောလေးက ဖောင်းဆုံးတဲ့ အခါကျတော့ တန့်သွားတယ်။ သဘောလေးရဲ့ လှုပ်ရှားမှု အစလဲ သိတယ်၊ အဆုံးလဲ သိတယ်။ ပေါ်တာလဲ သိတယ်၊ ပျောက်တာလဲသိတယ်။
အစရယ် အဆုံးရယ်၊ ပေါ်တာရယ် ပျောက်တာရယ်။
အဲဒါကိုပြောတော့ ဖြစ်တာရယ် ပျက်တာရယ်။ အခေါ်အဝေါ်တွေများသော်လည်း အတူတူပဲ။
ဖောင်းစမှာလဲ သိတယ်၊ ဖောင်းဆံးမှာလဲ သိတယ်။ ဖောင်းဆုံးတော့ တန့်သွားတာပဲ။ ဖောင်းဆုံးပြီးရင် ပိန်စ ပြန်ဖြစ်တာပဲ။ ပိန်တာလေး ပြန်စတယ်။ ပြန်ပြီး လှုပ်ရှားမှုလေး အစဖြစ်တာ။ နောက်ဆုံးကျတော့ ပိန်တာဆုံးသွားတယ်။ ပိန်တာဆုံးသွားရင် ဖောင်းတာ ပြန်စတယ်။
ပေါ်လာတာလဲ သိတယ်၊ ပျောက်သွားတာလဲ သိတယ်။ အစလဲ သိတယ်၊ အဆုံးလဲ သိတယ်။ အဲဒီလို အစလဲသိတာ၊ အဆုံးလဲသိတာဟာ သင်္ခတလက္ခဏာ။
စေ့စေ့စပ်စပ်ဆိုတာ အစကိုလဲ သိတယ်၊ အဆုံးကိုလဲသိတယ်။ စူးစိုက်တာနဲ့ စေ့စပ်တာနဲ့ ဆင်သော်လဲ မတူဘူးနော်။
စူးစိုက်တာက ပစ္စုပ္ပန်တည့်တည့်မိအောင် ရှုမှတ်တာ။ ပေါ်ခိုက်အာရုံနဲ့ ရှုမှတ်လိုက်တဲ့စိတ်နဲ့ တစ်ထပ်တည်းကျသွားအောင် ရှုမှတ်တာ။
စေ့စေ့စပ်စပ်ဆိုတာက ပေါ်တာလဲသိရမယ်၊ ပျောက်တာလဲ သိရမယ်။ အစလဲ သိရမယ်၊ အဆုံးလဲ သိရမယ်။ အလယ်ပါ သိရမယ်။
စေ့စေ့စပ်စပ် မှတ်နိုင်ဖို့အတွက် စူးစူးစိုက်စိုက်က ကူညီပေးရတယ်။
စူးစူးစိုက်စိုက် မှတ်တုန်းက သဘာဝလက္ခဏာကိုသိတယ်။
စေ့စေ့စပ်စပ် မှတ်နိုင်တော့ သင်္ခတလက္ခဏာကိုသိတယ်။
ဒါဟာ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးရဲ့ လုပ်ငန်းစဉ်ပဲ။
စေ့စေ့စပ်စပ် မှတ်ပြီးတော့ စိပ်စိပ်ကလေး တဲ့။
စိပ်စိပ်ကလေး မှတ်နိုင်လာတဲ့အခါကျတော့ ဉာဏ်ပိုတက်လာပြီ။
စူးစူးစိုက်စိုက် မှတ်တုန်းက သဘာဝလက္ခဏာကိုသိတယ်။ သဘာဝလက္ခဏာကို ပိုင်ပိုင်နိုင်နိုင်သိမှ သင်္ခတလက္ခဏာကို မြင်နိုင်တယ်။ သင်္ခတလက္ခဏာကို ကျကျနနမြင်မှ သာမညလက္ခဏာကို မြင်နိုင်တယ်။
စူးစူးစိုက်စိုက် ရှုမှတ်ရင် သဘာဝလက္ခဏာကို မြင်နိုင်တယ်။
စေ့စေ့စပ်စပ် ရှုမှတ်လို့ရှိရင် သင်္ခတလက္ခဏာကို မြင်နိုင်တယ်။
စိပ်စိပ်ကလေး ရှုမှတ်နိုင်ရင် သာမညလက္ခဏာကိုမြင်မယ်။
သာမညလက္ခဏာဆိုတာ အနိစ္စ ဒုက္ခ အနတ္တကိုပြောတာ။
အနိစ္စလက္ခဏာ ဒုက္ခလက္ခဏာ အနတ္တလက္ခဏာ အဲဒါတွေက သာမညလက္ခဏာထဲမှာပါတယ်။
စိပ်စိပ်ကလေး မှတ်နိုင်လာလို့ရှိရင် ရုပ်နာမ်တွေရဲ့ လျင်မြန်ပုံကို သိတယ်။ အစနဲ့အလယ်ကြားမှာ မှတ်စရာတွေ အများကြီးပဲ။ အလယ်နဲ့အဆုံးကြားမှာ မှတ်စရာတွေအများကြီးပဲ။ အဲဒီမှတ်စရာတွေ အများကြီးကို ကိုယ်စွမ်းနိုင်သလောက် မှတ်နိုင်လာပြီဆိုရင် သင်္ခါရတရားတွေဟာ တရစပ်ကြီး ပျက်နေတယ်၊ ဘယ်ဟာမှ မမြဲဘူးလို့ ကျကျနနသိမြင်လာတယ်။ အဲဒီလိုကျကျနန သိမြင်လာတာဟာ သင်္ခတလက္ခဏာအဆင့်ကို ကျော်လာလို့။
အနိစ္စ ဒုက္ခ အနတ္တ လူတိုင်းပြောနေကြတယ်။ အမှတ်တမဲ့ဆိုရင် လွယ်လွယ်လေး အောက်မေ့တယ်။ အခု အဆင့်ဆင့်တွေနော်။
အနိစ္စ ဒုက္ခ အနတ္တလက္ခဏာကို သိဖို့ဆိုတာ သဘာဝလက္ခဏာကိုလဲ သိပြီးမှ၊ ၎င်းအပြင် သင်္ခတလက္ခဏာကိုလဲ သိပြီးမှ၊ သာမညလက္ခဏာရောက်မှ သိရတယ်။
သဘာဝလက္ခဏာကို ကျကျနန မသိဘဲနဲ့၊ သင်္ခတလက္ခဏာကို ကျကျနနမသိဘဲနဲ့ သာမညလက္ခဏာကို ကျော်သိလို့ မရနိုင်ဘူး။
သာမညလက္ခဏာကိုသိတယ်ဆိုတာ ဘာဝနာမယဉာဏ်နဲ့ ကိုယ်တွေ့တရားကို ဆိုလိုပါတယ်။
ရှုမှတ်ဆဲမှာ ကွယ်ပျောက်သွားတာကို တွေ့ရ၍ မမြဲဟု သိတာက အနိစ္စာနုပဿနာဉာဏ်။
ရှုမှတ်ဆဲမှာ ဖြစ် ပျက် နှစ်ရပ်ကိုတွေ့ရ၍ ဆင်းရဲဟု သိတာက ဒုက္ခာနုပဿနာဉာဏ်။
ရှုမှတ်ဆဲမှာ အလိုအတိုင်း မဖြစ်တာကို တွေ့ရ၍ အစိုးမရ ငါကောင်မဟုတ်ဟု သိတာက အနတ္တနုပဿနာဉာဏ်။
ရှုမှတ်ဆဲမှာ အနိစ္စကိုသိတဲ့ဉာဏ် ဒုက္ခကိုသိတဲ့ဉာဏ် အနတ္တကိုသိတဲ့ဉာဏ်။ အဲဒီဉာဏ်မှာလဲ -
(က) အနိစ္စတရား ၊ ဒုက္ခတရား ၊ အနတ္တရား ။
(ခ) အနိစ္စလက္ခဏာ ၊ ဒုက္ခလက္ခဏာ ၊ အနတ္တလက္ခဏာ ။
(ဂ) အနိစ္စာနုပဿနာဉာဏ် ၊ ဒုက္ခာနုပဿနာဉာဏ် ၊ အနတ္တာနုပဿနာဉာဏ် ။
ဆင်ဆင်လေးနဲ့ မတူဘူး။
အနိစ္စတရား၊ ဒုက္ခတရား၊ အနတ္တတရားဆိုတာ ရုပ်နာမ်နှစ်ပါး၊ ခန္ဓာငါးပါးကိုဆိုလိုတာ။ တရားဆိုတာ သဘောကိုပြောတာ။ မမြဲတဲ့သဘော ဆင်းရဲတဲ့သဘော အစိုးမရတဲ့သဘော။
- ဖြစ်ပေါ်ပြီးနောက် ပျောက်ကွယ်သွားတာက အနိစ္စလက္ခဏာ။
- ဖြစ်ပျက်နှစ်ရပ် မပြတ်နှိပ်စက်နေတာက ဒုက္ခလက္ခဏာ။
- သူ့သဘောအတိုင်း ဖြစ်ပျက်နေတာက အနတ္တလက္ခဏာ။
ဖြစ်ပြီးတော့ပျက်သွားတာ၊ ပေါ်ပြီးတော့ပျောက်သွားတာ အနိစ္စလက္ခဏာ။
အဲဒီ ဖြစ်ခြင်း ပျက်ခြင်းတွေရဲ့ နှိပ်စက်တဲ့ သဘောက ဒုက္ခလက္ခဏာ။
မဖြစ်အောင် မပျက်အောင် တားမရ ဆည်းမရတဲ့သဘောက အနတ္တလက္ခဏာ။
ဒီခန္ဓာငါးပါးမှာလဲ ဒီလက္ခဏာတွေရှိတာ။
လက္ခဏာဆိုတာ အမှတ်အသား - အနိစ္စလက္ခဏာဆိုတာ မမြဲတဲ့အမှတ်အသား။ ခန္ဓာငါးပါးမှာ ပေါ်ရာပေါ်ရာ စိုက်ကြည့်ရင်းနဲ့ ပေါ်လိုက် ပျောက်လိုက် ၊ ပေါ်လိုက် ပျောက်လိုက်။ ခန္ဓာငါးပါးမှာ မမြဲတဲ့အမှတ်အသားတွေ ဉာဏ်နဲ့ကြည့်ရင် တွေ့မယ်။ အဲဒီ မမြဲတဲ့အမှတ်အသားက အနိစ္စလက္ခဏာ။
ညှဉ်းဆဲနေတဲ့သဘော၊ ဆင်းရဲတဲ့လက္ခဏာအမှတ်အသားက ဒုက္ခလက္ခဏာ။
အစိုးမရတဲ့အမှတ်အသားက အနတ္တလက္ခဏာ။
အဲဒီလက္ခဏာကို သိတဲ့ဉာဏ်က -
အနိစ္စာနုပဿနာဉာဏ်၊ ဒုက္ခာနုပဿနာဉာဏ်၊ အနတ္တာနုပဿနာဉာဏ်။
တရားရှုမှတ်တဲ့ယောဂီက ဒီလောက်အသေးစိတ် မသိလဲဘဲ ပြောတဲ့အတိုင်းရှုမှတ်ရင် မဂ်ဉာဏ် ဖိုလ်ဉာဏ် ရတယ်။
အဲဒီမမြဲတဲ့အမှတ်အသား၊ ဆင်းရဲတဲ့အမှတ်အသား၊ အစိုးမရတဲ့ အမှတ်အသားတွေကို ရှုမှတ်ရင်းနဲ့ မြင်ရမှာ၊ ရှုရင်း မှတ်ရင်း နဲ့ မြင်လို့ရှိရင် အနိစ္စနုပဿနာဉာဏ် ဒုက္ခာနုပဿနာဉာဏ် အနတ္တာနုပဿနာဉာဏ်လို့ခေါ်ပါတယ်။
ခန္ဓာငါးပါး မြဲမှမမြဲဘဲကွာ .. အနိစ္စတရား၊ ဒုက္ခတရား၊ အနတ္တတရားလို့ဆိုတာ အဲဒါ ဆင်ခြင်နေတာ။ တရားနာတဲ့အခါ ကြားနာရလို့ ခန္ဓာငါးပါးက ခုပဲဖြစ်ပြီး၊ ခုပဲပျက်သွားတာပဲ။ ဟုတ်သားပဲ။ ပေါ်ပြီး ပျောက်သွားတာ မမြဲပါဘူးလို့ သိတာ ဆင်ခြင်တဲ့ဉာဏ်။ ဘာဝနာမယဉာဏ်မဟုတ်ဘူး။ တရားနာလို့သိတာ၊ ကိုယ့်ဘာသာကိုယ် ဆင်ခြင်စဉ်းစားလို့သိတာ။ အဲဒါ စိန္တာမယဉာဏ်လို့ ခေါ်ပါတယ်။ အဲဒီဉာဏ်ကို ပြောတာမဟုတ်ပါဘူး။
အနိစ္စာနုပဿနာဉာဏ် ၊ ဒုက္ခာနုပဿနာဉာဏ် ၊ အနတ္တာနုပဿနာဉာဏ်ဆိုတာ ရုပ်ထင်ရှားရင် ရုပ်ရှု ၊ နာမ်ထင်ရှားရင် နာမ်ရှု ၊ အဲဒါကို ရှုရင်း မှတ်ရင်းနဲ့ သိသိသွားတာ။
အဲဒီဉာဏ်တွေ ရင့်ကျက်ရင် မဂ်ဉာဏ် ဖိုလ်ဉာဏ် ရတယ်။
မြစိမ်းတောင်ဆရာတော် အရှင်ဇာနေယျ ဟောကြားအပ်သော ကြောင်းကျိုးသိက ကျိုးများလှ နှင့် စ သုံးလုံး ရှုမှတ်နည်းမှ ထုတ်နှုတ်ဖော်ပြပါသည်။
စ သုံးလုံး ရှုမှတ်နည်း

အစတုန်းက တစ်ချက်တည်း ဖောင်းတယ်အောက်မေ့တာ။ အခုကျတော့ တစ်ချက်တည်းဖောင်းတာမဟုတ်ဘူး၊ အဆင့်အဆင့် လှေကားလေးများ တက်သလိုပဲ။ တချို့ကျတော့ မီးပုံပျံကလေးလွှတ်သလို ဝိုက်ဝိုက်ပြီးတော့ လှုပ်နေသလိုပဲ။ သမာဓိနဲ့ကြည့်ရင် တကယ်မြင်ရတယ်။

ဝိပဿနာအခြေခံတရားတော် (အပိုင်း ၁)
ဝိပဿနာ ဉာဏ်ဆိုတာ ဘယ်ဟာကို ရှုရမှာပါလဲ။
စွဲလမ်းနိုင်ရာ၊ ငါးခန္ဓာ၊ မှန်စွာရှု၍ ဖြစ်သတည်း..လို့ ဆိုပါတယ်။ စွဲလမ်းနိုင်တဲ့ ခန္ဓာငါးပါးကို အမှန်အတိုင်း ရှုပြီးတော့ ဝိပဿနာဉာဏ် ဖြစ်ပါတယ်တဲ့။
သတ္တဝါတို့ရဲ့ သန္တာန်မှာရှိတဲ့ လောကီ ရုပ်နာမ်တွေကို ပါဠိလို ဥပါဒါနက္ခန္ဓလို့ ခေါ်တယ်။ အဲဒါကို ဗမာလို ဥပါဒါနက္ခန္ဓာလို့ ဘာသာပြန်ဆိုထားကြတယ်။ ဥပါဒါနက စွဲလမ်းတာ၊ ခန္ဓာကတော့ ရုပ်နာမ်အစု။ စွဲလမ်းနိုင်တဲ့ ရုပ်နာမ်အစုတရားတွေ လို့ ဆိုုလိုတယ်ပေါ့။
အဲဒါတွေကို ကာမုပါဒါန်ခေါ်တဲ့ တဏှာနဲ့လည်း သာယာပြီး စွဲလမ်းနိုင်တယ်၊ ဒိဋ္ဌုပါဒါန်ခေါ်တဲ့ ဒိဋ္ဌိနဲ့လည်း အထင်မှားပြီးတော့ စွဲလမ်းနိုင်တယ်။ ဒီလို တဏှာ ဒိဋ္ဌိနဲ့ စွဲလမ်းနိုင်တဲ့ ခန္ဓာငါးပါးတရားတွေဟာ ဥပါဒါနက္ခန္ဓာတွေပဲ။
ဒီခန္ဓာငါးပါးတရားတွေကို အမှန်အတိုင်း သိအောင် ရှုရတယ်။ အဲဒါတွေကို မရှုလို့ အမှန်အတိုင်း မသိယင် တဏှာ ဒိဋ္ဌိနဲ့ စွဲလမ်းနိုင်တယ်၊ ရှုလို့ အမှန်အတိုင်း သိသွားယင်တော့ မစွဲလမ်းနိုင်ဘူး၊ အစွဲအလမ်း ကင်းသွားတယ်။ ဒါကြောင့် မစွဲလမ်းနိုင်အောင် အစွဲအလမ်းကင်းအောင်လို့ အဲဒါတွေကို အမှန်အတိုင်းသိဖို့ ရှုရတယ်၊ အဲဒါတွေကို အမှန်အတိုင်း ရှုသိပြီးတော့ ဝိပဿနာဉာဏ် ဖြစ်ပါတယ်တဲ့။ စွဲလမ်းနိုင်တဲ့ ခန္ဓာငါးပါးကို အမှန်အတိုင်း ရှုပြီးတော့ ဖြစ်ပါတယ်တဲ့။
ဝိပဿနာဉာဏ်ဆိုတာ ကသိုဏ်းအာရုံတွေကို ရှုလို့လည်း မဖြစ်ဘူး၊ အသုဘအာရုံကို ရှုလို့လည်း မဖြစ်ဘူး၊ အနုဿတိ မေတ္တာစသည်အရ ရှုလို့လည်း မဖြစ်ဘူး။ ဒါဖြင့် ဘာကို ရှုရမလည်းဆိုယင် စွဲလမ်းနိုင်တဲ့ ခန္ဓာငါးပါးကို ရှုရမယ်။
စွဲလမ်းနိုင်တဲ့ ခန္ဓာငါးပါးဆိုတာ ရုပ်ခန္ဓာ ဝေဒနာခန္ဓာ သညာခန္ဓာ သင်္ခါရခန္ဓာ ဝိညာဏ်ခန္ဓာဆိုတဲ့ ဒီငါးပါးပဲ။ ဒီခန္ဓာငါးပါးဆိုတဲ့ အမည်ကတော့ လူတိုင်းလိုလို နှုတ်တက်နေတာပါ။ အဲဒီ ခန္ဓာငါးပါးတွေကို အမှန်အတိုင်း သိအောင် ရှုရမယ်၊ ဒီလိုရှုပြီး အမှန်အတိုင်းသိယင် ဝိပဿနာဉာဏ်ပါပဲ။ ဒီခန္ဓာငါးပါးတွေကို အမှန်အတိုင်း မသိယင်တော့ ဥပါဒါန်လို့ခေါ်တဲ့ တဏှာနဲ့ ဒိဋ္ဌိက စွဲလမ်းသွားတယ်၊ တဏှာက သာယာပြီးတော့ စွဲလမ်းတယ်၊ ဒိဋ္ဌိက အထင်မှားပြီးတော့ စွဲလမ်းတယ်။
ဥပါဒါနက္ခန္ဓာဆိုတာ တခြားမဟုတ်ဘူး။ စွဲလမ်းနိုင်တဲ့ ခန္ဓာငါးပါး၊ ဥပါဒါနက္ခန္ဓာငါးပါး။ ကိုယ့်ကိုယ်ထဲက မြင်တိုင်း ကြားတိုင်း တွေ့တိုင်း သိတိုင်း ဒွါရ ၆ ပါးမှာ ထင်ရှားနေတဲ့ သဘောတရားတွေဘဲ။ အဲဒီ ထင်ရှားနေတာ တွေဟာ ဥပါဒါနက္ခန္ဓာတွေဘဲ၊ အဲဒီ ဥပါဒါနက္ခန္ဓာတွေကို အမှန်အတိုင်းသိအောင် ရှုရမယ်။ အမှန်အတိုင်းရှုလို့ အမှန်အတိုင်းသိတာဟာ ဝိပဿနာဉာဏ်ပါပဲ။ ဒါကြောင့် ဆောင်ပုဒ်မှာ -
ဝိပဿနာ၊ ဉာဏ်ဆိုတာ၊ ဘယ်ဟာ ရှု၍ ဖြစ်သနည်း။
စွဲလမ်းနိုင်ရာ၊ ငါးခန္ဓာ၊ မှန်စွာရှု၍ ဖြစ်သတည်း လို့ ဆိုထားတာ။
ဝိပဿနာဆိုတာ ဘယ်တရားကို ရှုရသလဲ၊ စွဲလမ်းနိုင်တဲ့ ဥပါဒါနက္ခန္ဓာငါးပါးကို ရှုရတယ် .. ဆိုတဲ့ ဒီဆောင်ပုဒ်တွေဟာ ကိုယ့်စိတ်ကူးနဲ့ကိုယ် ရေးချင်ရာကို ရေးထားတာမဟုတ်ဘူး၊ ပါဠိ အဋ္ဌကထာတွေအရ အတိုချုံးပြီး ရေးထားတာ။ တရားစာဆိုတာ မှီရာ မူ အထောက်အထားရှိမှ ရေးရတယ်။
အဲဒီလို ငါးပါးသော ဥပါဒါနက္ခန္ဓာတို့ကို အနိစ္စ ဒုက္ခ အနတ္တ ထင်အောင် ရှုနေတဲ့ ယောဂီပုဂ္ဂိုလ်ဟာ အဲဒီလို ရှုနေယင်းပင် ပုထုဇဉ်အဖြစ်က သောတာပန် ဖြစ်သွားနိုင်တယ်။ သောတာပတ္တိမဂ်ဖိုလ်ဉာဏ်ကို ရောက်နိုင်လောက်အောင် ပြည့်ပြည့်စုံစုံ ရှုသွားယင် သောတာပန်ဖြစ်သွားမယ်လို့ ဆိုလိုပါတယ်။ ဒီတော့ သောတာပန်ဖြစ်ပြီး အပါယ် ၄ ပါးက အစဉ်ထာဝရ လွတ်မြောက်ချင်ယင် ဥပါဒါနက္ခန္ဓာငါးပါး တရားတွေကို အနိစ္စ ဒုက္ခ အနတ္တ ထင်မြင်အောင် ရှုကြဖို့ပါပဲ။
ဒါလောက်တွင် မကသေးပါဘူး။ အလိုရှိယင် ရဟန္တာအထိလည်း ဖြစ်နိုင်ပါသေးတယ်။ ဒါကြောင့် အရှင်မဟာကောဋ္ဌိက က အရှင်သာရိပုတြာမထေရ်မြတ်ကြီးကို သောတာပန် ဖြစ်ပြီးလျှင်ကော အဲဒီသောတာပန်ပုဂ္ဂိုလ်ကကော ဘယ်တရားကို ရှုပါသလဲ လို့မေးပါတယ်။
ဒီတော့ အရှင်သာရိပုတြာက သောတာပန်ပုဂ္ဂိုလ်လဲ ဥပါဒါနက္ခန္ဓာငါးပါးကိုဘဲ အနိစ္စ ဒုက္ခ အနတ္တ အားဖြင့် ရှုရပါတယ်တဲ့။ ဒီလိုရှုတော့ ဘာဖြစ်သွားတုန်းဆိုယင် သောတပန် အဖြစ်က သကဒါဂါမ် ဖြစ်သွားနိုင်ပါတယ်တဲ့။
အဲဒီ သကဒါဂါမ်ကကော ဘာကို ရှုရသလဲလို့ဆိုတော့ သကဒါဂါမ်းကလည်း ဒီ ဥပါဒါနက္ခန္ဓာ ငါးပါးကိုပဲ အနိစ္စ ဒုက္ခ အနတ္တအားဖြင့် ရှုရပါတယ်တဲ့။ ဒီလိုရှုယင် အနာဂါမ် ဖြစ်သွားနိုင်ပါတယ်တဲ့။
အနာဂါမ်ကကော ဘာကို ရှုရပါသလည်းလို့ဆိုတော့ အနာဂါမ်ကလည်း ဒီဥပါဒါနက္ခန္ဓာငါးပါးကိုဘဲ အနိစ္စ ဒုက္ခ အနတ္တအားဖြင့် ရှုရပါတယ်တဲ့။ ဒီလို ရှုတော့ ရဟန္တာဖြစ်သွားနိုင်ပါတယ်တဲ့။
ရဟန္တာဖြစ်သွားတော့ကော ဘာကိုရှုရသေးသလည်းလို့ အရှင်မဟာကောဋ္ဌိက က မေးပြန်တယ်။ ဒီတော့ အရှင်သာရိပုတ္တရာမထေရ်မြတ်က ရဟန္တာလည်း ဒီ ဥပါဒါနက္ခန္ဓာငါးပါးကိုပဲ အနိစ္စ ဒုက္ခ အနတ္တအားဖြင့် မှန်စွာ ရှုရတယ် လို့ ဖြေကြားပါတယ်။
ဒီဖြေကြားချက်ကို ထောက်ပြီးတော့ ဥပါဒါနက္ခန္ဓာတရားတွေဟာ ရဟန္တာဖြစ်ပြီးသည့်တိုင်အောင် ရှုရတဲ့တရားတွေပဲလို့ သန္နိဋ္ဌာန်ကျ ခိုင်မြဲစွာ မှတ်ထားကြဖို့ပါပဲ။
ဒီလိုရှုတော့ ရဟန္တာပုဂ္ဂိုလ်မှာ ဘယ်လိုအကျိုးကို ရပါသေးသလည်း - ပစ္စေကဗုဒ္ဓါ ဖြစ်သွားဦးမှာလား၊ သမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရား ဖြစ်သွားဦးမှာလားလို့ တွေးစရာ မေးစရာ ရှိပါတယ်။ အဲဒီလို ဘုရား ပစ္စေကဗုဒ္ဓါတော့ မဖြစ်ပါဘူး၊ ရဟန္တာပုဂ္ဂိုလ်ဟာ ရဟန္တာအဖြစ်နဲ့ပဲ သံသရာဘဝဇာတ် ချုပ်ငြိမ်းပြီး ပရိနိဗ္ဗာန် ဝင်စံသွားရပါတယ်။
ဘာကြောင့်လည်းဆိုယင် ရဟန္တာမှာ မပယ်ရသေးတဲ့ ကိလေသာ မငြိမ်းသေးတဲ့ ကိလေသာရယ်လို့ မရှိတော့ဘူး၊ ကိလေသာတွေ အားလုံးပယ်ပြီးသား ငြိမ်းပြီးသားချည်း ဖြစ်နေတယ်။ ဒါကြောင့် မပယ်ရသေးတဲ့ ကိလေသာကို ပယ်နိုင်အောင် မငြိမ်းသေးတဲ့ ကိလေသာ ကင်းငြိမ်းရအောင် ကျင့်စရာ မရှိတော့ပါဘူး။
ပြီးတော့ ရဟန္တာမှာ မပြည့်စုံသေးတဲ့ သီလ သမာဓိ ပညာရယ်လို့လည်း မရှိတော့ဘူး။ ပြည့်စုံသင့်တဲ့ သီလ သမာဓိ ပညာတွေဟာ အားလုံး ပြည့်စုံပြီးသားချည်းဖြစ်နေတယ်။ ဒါကြောင့် မပြည့်စုံသေးတဲ့ တရားကို ပြည့်စုံအောင် အားထုတ်ဖို့ဆိုတာလည်း မလိုတော့ပါဘူး။ ပြီးတော့ ရပြီးဖြစ်တဲ့ တရားတွေ တိုးတက်အောင်လို့ ကျင့်စရာလည်း မလိုတော့ပါဘူး။ ဒါကြောင့် ရဟန္တာပုဂ္ဂိုလ်မှာ ဝိပဿနာရှုတဲ့အတွက် မပြည့်စုံသေးတဲ့ တရားအသစ် တိုးတက်ခြင်းအကျိုးလည်း မရှိပါဘူး။ ပြည့်စုံပြီး တရားဟောင်း တိုးပွားခြင်းလည်း မရှိပါဘူးတဲ့။
ရဟန္တာပုဂ္ဂိုလ်မှာ ဥပါဒါနက္ခန္ဓာငါးပါးကို ရှုတဲ့အတွက် ရရှိတဲ့အကျိုးကတော့ -
ဒိဋ္ဌဓမ္မသုခဝိဟာရ ခေါ်တဲ့ မျက်မှောက်ဘဝမှာ ချမ်းသာစွာနေရခြင်း အကျိုး ရှိတယ်တဲ့။
ပြီးတော့ အမြဲမပြတ် နှလုံးသွင်း ရှုမှတ် လေ့လာနေတဲ့အတွက် အမှတ်ရတဲ့ သတိနှင့် အနိစ္စ ဒုက္ခ အနတ္တ သဘောတွေကို အမှန်အတိုင်း မျက်မှောက်သိတဲ့ သမ္ပဇဉ်ဉာဏ် ဆိုတာတွေဟာ မပြတ်ဖြစ်ပွားနေတယ်။ အဲဒီလို သတိသမ္ပဇဉ် မပြတ်ဖြစ်ပွား နေခြင်း အကျိုးလည်း ရှိပါတယ်တဲ့။
အဲဒီလို မပြတ်ရှုပြီး သတိသမ္ပဇဉ်မပြတ်ပွားနေတဲ့ ရဟန္တာပုဂ္ဂိုလ်ကို သတတဝိဟာရီပုဂ္ဂိုလ်လို့လည်း ခေါ်တယ်။ ဒီလိုပုဂ္ဂိုလ်မှာ ဖလသမာပတ်ကို အလိုရှိတဲ့အခါ အချိန်မရွေး ဝင်စားနိုင်တယ်၊ ကာလအပိုင်းအခြား အားဖြင့်လည်း အလိုရှိသလောက် တည်တံ့စေနိုင်တယ်။
ယခုပြောခဲ့တဲ့ ဒိဋ္ဌဓမ္မသုခဝိဟာရနှင့် သတိသမ္ပဇဉ် ဆိုတဲ့ ဒီအကျိုးနှစ်ပါး အတွက် ရဟန္တာပုဂ္ဂိုလ်မှာ ဝိပဿနာ ရှုရပါတယ်တဲ့။
ယခု ပြောခဲ့တာတွေက သီလဝန္တသုတ်မှာ အရှင်သာရိပုတ္တရာ ဖြေကြားထားပုံတွေပဲ။ သုတဝန္တသုတ်မှာလည်း ဒီနည်းအတိုင်းပဲ ဖြေထားပါတယ်။ ထူးတာကတော့ သီလဝန္တ - သီလပြည့်စုံတဲ့ ရဟန်းဆိုတာနဲ့ သုတဝန္တ - သုတပြည့်စုံတဲ့ ရဟန်းလို့ ဆိုတာလောက်ပဲထူးပါတယ်။ ကျန်တဲ့စကားရပ်တွေကတော့ အကုန်လုံး တထပ်တည်း တူနေပါတယ်။
ဒွါ့ရခြောက်ပါးက ထင်ပေါ်လာတဲ့ တရားတွေကို မြဲတဲ့အနေ၊ ချမ်းသာတဲ့အနေ၊ ငါကောင် သတ္တဝါကောင် အနေနဲ့ စွဲလမ်းနေတယ်၊ တဏှာနဲ့လည်း သာယာပြီး စွဲလမ်းတယ်၊ ဒိဋ္ဌိနဲ့လည်း အထင်မှားပြီး စွဲလမ်းတယ်၊ အဲဒီလို စွဲလမ်းနိုင်တဲ့ ခန္ဓာငါးပါး တရားတွေကို ရှုရတာပါဘဲ။
ရှုတော့လည်း ယောနိသော မနသိကာတဗ္ဗာ လို့ ဆိုထားတဲ့အတိုင်း နည်းမှန် လမ်းမှန်အတိုင်း ရှုဘို့လိုပါတယ်။
ဝိပဿနာဆိုတာ ရုပ်တရား နာမ်တရားတွေကို သဘောမှန်အတိုင်း သိတဲ့ နာမရူပပရိဒ္ဆေဒဉာဏ် ကစပြီး အားထုတ်ရတယ်၊ ရုပ်နာမ် နှစ်ပါးထဲကလည်း (ဝိပဿနာသက်သက်က စပြီးရှုတဲ့) ဝိပဿနာယာနိကပုဂ္ဂိုလ်မှာ ရုပ်တရားကစပြီး ရှုရတယ်၊ ရှုတော့ ဘယ်လို ရှုရသလည်းဆိုယင် - လက္ခဏရသာဒိဝသေန ပရိဂ္ဂဟေတဗ္ဗာ .. လို့ ဝိသုဒ္ဓိမဂ်က မိန့်ဆိုထားပါတယ်။
လက္ခဏရသာဒိဝသေန၊ သဘာဝလက္ခဏာ ရသ စသည်တို့၏ အလိုအားဖြင့်။ ပရိဂ္ဂဟေတဗ္ဗာ၊ သိမ်းဆည်းအပ် ရှုအပ်ကုန်၏တဲ့။
ရုပ်တရားပဲဖြစ်ဖြစ်၊ နာမ်တရားပဲဖြစ်ဖြစ် ဝိပဿနာ စပြီး ရှုလျှင် သဘောလက္ခဏာနဲ့ယင်လည်း ရှုရမယ်၊ ရသနဲ့ရင်လည်း ရှုရမယ်၊ ပြီးတော့ အာဒိ - စသည် ဆိုတဲ့ စကားအရ ပစ္စုပဋ္ဌာန်နဲ့ယင်လည်း ရှုရမယ်တဲ့။
ဒီနေရာမှာ အဘိဓမ္မတ္ထသင်္ဂဟကျမ်းက ပြဆိုထားတာလည်း တိုတိုကလေးနဲ့ အင်မတန် ရှင်းပါတယ်။
လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန ဝသေန နာမရူပပရိဂ္ဂဟော ဒိဋ္ဌိဝိသုဒ္ဓိနာမ .. တဲ့။
လက္ခဏ ရသ ပစ္စုပဋ္ဌာန ပဒဋ္ဌာနဝသေန၊ လက္ခဏာအလို ရသအလို ပစ္စုပဋ္ဌာန်အလို ပဒဋ္ဌာန်အလို အားဖြင့်။ နာမရူပပရိဂ္ဂဟော၊ နာမ်ရုပ်တို့ကို သိမ်းဆည်းခြင်း ရှုခြင်းသည်။ ဒိဋ္ဌိဝိသုဒ္ဓိနာမ၊ ဒိဋ္ဌိဝိသုဒ္ဓိ မည်ပါတယ်တဲ့။
ဆိုလိုတာကတော့ ဝိပဿနာဆိုတာ အခြေခံ အဖြစ်ဖြင့် (နာမ်ရုပ်ကို သိမ်းဆည်းတဲ့) နာမရူပပရိစ္ဆေဒဉာဏ်က စရတယ်၊ ဝိသုဒ္ဓိ(၇)ပါးထဲမှာလည်း သီလဝိသုဒ္ဓိ၊ စိတ္တဝိသုဒ္ဓိ ပြည့်စုံပြီးတဲ့နောက် ဒိဋ္ဌိဝိသုဒ္ဓိကပဲစရတယ်၊ အဲဒီ နာမရူပပရိစ္ဆေဒဉာဏ်နှင့် ဒိဋ္ဌိဝိသုဒ္ဓိ ပြည့်စုံအောင် နာမ်တရားရုပ်တရားတွေကို လက္ခဏာအလိုအားဖြင့်လည်း သိမ်းဆည်း ရှုမှတ်ပြီး သိရတယ်၊ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ အလိုအားဖြင့်လည်း သိရတယ်။ ဒီလို သိမ်းဆည်း ရှုမှတ်ပြီးတော့ နာမ်ရုပ်နှစ်ပါးကို ပိုင်းခြားပြီး သိတာကို နာမရူပပရိစ္ဆေဒဉာဏ် ခေါ်တယ်၊ အဲဒီ ဉာဏ်ရင့်ကျက်တဲ့ အခါမှာ ဒိဋ္ဌိဝိသုဒ္ဓိဖြစ်တယ်လို့ ဒီလို ဆိုလိုပါတယ်။
ဒီအထဲမှာ လက္ခဏာအလိုအားဖြင့် သိတယ် ဆိုတာဟာ ရုပ်နာမ်တို့၏ အထည်ကိုယ်ဖြစ်တဲ့ သဘောလက္ခဏာ ကို သိတာပါပဲ။ ရသ ပစ္စုပဋ္ဌာန်တို့အလိုအားဖြင့် သိတယ် ဆိုတာလည်း ထိုနာမ်ရုပ်တို့၏ ကိစ္စရသကို သိတာ ထင်ပါ်တဲ့ အခြင်းအရာ ပစ္စုပဋ္ဌာန်ကို သိတာတွေပါပဲ။ ပဒဋ္ဌာန်ကို သိဖို့ကတော့ ဝိပဿနာ ရှုခါစမှာ မလိုလှသေးပါဘူး။ ဒါကြောင့် ဒီမှာ လက္ခဏာရယ် ရသရယ် ပစ္စုပဋ္ဌာန်ရယ် ဒီ ၃ မျိုးနဲ့ သိပုံကိုသာ ရှင်းပြသွားပါမယ်။
ယခုထုတ်ပြခဲ့တဲ့ ဝိသုဒ္ဓိမဂ်မှာရော အဘိဓမ္မတ္ထသင်္ဂဟကျမ်းမှာရော နာမ်ရုပ်တို့ကို အမည်နာမနှင့် ရှုရမယ်လို့လည်း မပြဘူး၊ အရေအတွက် ဂဏန်းသင်္ချာနှင့် ရှုရမယ်လို့လည်း မပြဘူး၊ အမှုန့်အမှုန့် အထည်ဒြဗ်နှင့် ရှုရမယ်လို့လည်း မပြဘူး၊ ဖွားဖွား ဖွားဖွား ဖြစ်နေပုံနှင့် ရှုရမယ်လို့လည်း မပြဘူး၊ အမှန်ပြတာကတော့ လက္ခဏာ ရသ စသည်တို့နှင့်သာ ရှုရမယ်လို့ ပြထားတယ်၊ အဲဒါကို အထူးသတိ ပြုကြရမယ်။
အဲဒါကို သတိမပြုရင် ဖွားဖွား ဖွားဖွား ပညတ်၊ အမှုန့်အမှုန့် ပညတ်၊ အရေအတွက် ပညတ်၊ အမည်နာမ ပညတ်တွေ ရောက်ကုန်တတ်တယ်။
နာမ်တရားရုပ်တရားတွေကို လက္ခဏာ ရသစသည်နဲ့ ရှုရမယ်လို့ အဋ္ဌကထာများက ပြဆိုထားတဲ့အတိုင်း ဝါယောဓာတ်ရုပ်ကို ရှုလျှင် သူ့လက္ခဏာ၊ သူ့ရသ၊ သူ့ပစ္စုပဋ္ဌာန်များနဲ့ ရှုရလိမ့်မယ်။ အဲဒီတော့ ဝါယောဓာတ်ရဲ့ လက္ခဏာက ဘာလည်းလို့ဆိုယင် ဝိတ္ထမ္ဘနလက္ခဏာ ဝါယောဓာတု တဲ့။
ဝါယောဓာတု၊ ဝါယော ဓာတ်သည်။ ဝိတ္ထမ္ဘနလက္ခဏာ၊ ထောက်ကန် တောင့်တင်းခြင်းလက္ခဏာ ရှိပါတယ်တဲ့။
ဝါယောဓာတ်၏ လက္ခဏာဆိုတာ ဝါယောဓာတ်၏ အထည်ကိုယ်သဘောရင်းပဲ။ ဒါကြောင့် ထောက်ကန်တာ တောင့်တာ တင်းတာဟာ ဝါယောဓာတ်ရဲ့ အထည်ကိုယ်ဘဲ၊ အဲဒီထောက်ကန်တာ တောင့်တာ တင်းတာသည်ပင်လျှင် ဝါယောဓာတ်ပဲလို့ မှတ်ရမယ်။
ဝါယောဓာတ်ရဲ့ ရသ က ဘာလည်းဆိုယင် - သမုဒီရဏ ရသာ လို့ မိန့်ဆိုထားတဲ့အတိုင်း လှုပ်ရှားခြင်းဟာ သူ့ရသ သူ့ကိစ္စပါပဲတဲ့။
ဝါယောဓာတ်ရဲ့ ပစ္စုပဋ္ဌာန်က ဘာလည်းဆိုယင် - အဘိနီဟာရပစ္စုပဋ္ဌာနာ လို့ မိန့်ဆိုထားတဲ့အတိုင်း ရှေးရှုဆောင်ခြင်းဟာ သူ့ပစ္စုပဋ္ဌာန်ပါပဲ၊ ပစ္စုပဋ္ဌာန်ဆိုတာ ရှုနေတဲ့ ယောဂီရဲ့ ဉာဏ်ထဲမှာ ထင်ပေါ်လာတဲ့ အခြင်းအရာပါဘဲ၊ ဝါယောဓာတ်ကို ရှုနေယင် တစ်နေရာမှ တစ်နေရာကို ရွှေ့ဆောင်နေတယ်၊ တွန်းဆောင်နေတယ်၊ ဆွဲဆောင်နေတယ် လို့ ယောဂီ၏ဉာဏ်ထဲမှာ ထင်ပေါ်လာတတ်ပါတယ်၊ အဲဒါဟာ ဝါယောဓာတ်ရဲ့ ပစ္စုပဋ္ဌာန်ပါပဲ။
ဝမ်းဗိုက်က ဖောင်းတာ ပိန်တာကို ရှုမှတ်နေယင် ဗိုက်ထဲက တောင့်တင်းတာ လှုပ်ရှားတာတွေ တရွေ့တရွေ့ချင်း ရွှေ့ဆောင်နေတာတွေ၊ ဒါတွေကို ထင်ရှားသိနေတာဘဲ။ အဲဒါတွေဟာ ဝါယောဓာတ်ရဲ့ လက္ခဏာ ရသ ပစ္စုပဋ္ဌာန်တွေဘဲ။ ဒီ ဝါယောဓာတ်က အရေးကြီးတယ်၊ သတိပဋ္ဌာန် ဒေသနာ ကာယာနုပဿနာ ဣရိယာပထပိုင်းနဲ့ သမ္ပဇညပိုင်းမှာ အဋ္ဌကထာဆရာက ဒီ ဝါယောဓာတ်ကိုချည်း ပဓာနအားဖြင့် ဖွင့်ပြထားတယ်။ ဒီဝါယောဓာတ်ကို လက္ခဏာ ရသ ပစ္စုပဋ္ဌာန်နဲ့ ကျကျနန နားလည်ထားယင် မိမိတို့ရှုနေတာ သဘာဝ ကျ မကျကို ဆုံးဖြတ်နိုင်ပါတယ်။
ဝါယောဓာတ်ကို ရှုယင် ထောက်ကန်တောင့်တင်းတဲ့ လက္ခဏာနဲ့ယင်လည်း သိရမယ်၊ သို့မဟုတ် လှုပ်ရှားရွေ့လျားသွားတဲ့ ရသနဲ့ယင်လည်း သိရမယ်၊ သို့မဟုတ် လိုရာဘက်သို့ ရှေးရှုဆောင်တဲ့ ပစ္စုပဋ္ဌာန်နဲ့ယင်လည်း သိရမယ်။ ဒီသုံးနည်းထဲက တနည်းနည်းနဲ့ သိရမယ်၊ ဒီလိုသိမီ သဘာဝ ကျတယ်၊ အသိမှန်တယ်လို့ ဆိုပါတယ်။
ဒါဖြင့် ဒီ လက္ခဏာ ရသ ပစ္စုပဋ္ဌာန်ဆိုတာတွေကို ရှေးဦးစွာ ကျက်မှတ်ပြီး ရှုမှ ဖြစ်မှာလားလို့ မေးစရာ ရှိပါတယ်။ ဒီလို မဟုတ်ပါဘူး၊ ကျက်မှတ်နေဖို့တော့ မလိုပါဘူး၊ ဖြစ်ခိုက် ရုပ်နာမ်ကို စူးစိုက်ပြီး ရှုမှတ်နေယင် အဲဒီ ရုပ်နာမ်၏ လက္ခဏာကိုလည်း သိနိုင်ပါတယ်၊ ရသကိုလည်း သိနိုင်ပါတယ်၊ ပစ္စုပဋ္ဌာန်ကိုလည်း သိနိုင်ပါတယ်။ ဖြစ်ခိုက်ရုပ်နာမ်ကို ရှုပြီး သိယင် လက္ခဏာ ရသ ပစ္စုပဋ္ဌာန်နဲ့ မသိဘဲ တခြားနည်းဖြင့် သိလို့ကို မဖြစ်နိုင်ပါဘူး။
ဥပမာ - မိုးရွာနေတဲ့အခါ ကောင်းကင်မှာ လျှပ်လက်တယ်၊ အဲဒီ လျှပ်လက်နေတုန်း ကြည့်မိလို့ မြင်တဲ့သူဟာ ဝင်းကနဲ လက်သွားတာကို မြင်ရတယ်၊ အဲဒီ ဝင်းကနဲ့ လက်သွားတာဟာ လျှပ်ရဲ့ လက္ခဏာပဲ၊ လျှပ်ဆိုတာ ဝင်းလက်သွားတာချည်းဘဲ။ ပြီးတော့ လျှပ်လက်လိုက်တဲ့အခါ အမှောင်တွေ ပျောက်သွားတယ်၊ အဲဒါကိုလည်း တွေ့ရတယ်။ လျှပ်က အမှောင်ကို ပယ်ဖျောက်တယ်ဆိုတာဟာ လျှပ်ရဲ့ ရသပဲ၊ လျှပ်ရဲ့ ကိစ္စ လျှပ်ရဲ့ အလုပ်ဘဲ၊ အလင်းရောင်ဆိုတာ အမှောင်ကို ပယ်ဖျောက်တာချည်းဘဲ။ ဒါကြောင့် လျှပ်လက်နေတုန်း ကြည့်မိတဲ့သူဟာ လျှပ်ရောင်က အမှောင်ကို ပယ်ဖျောက်တတ်တယ်ဆိုတဲ့ လျှပ်ရဲ့ ရသကိုလည်း သိသွားတာပဲ။ ပြီးတော့ လျှပ်လက်ပုံ အခြင်းအရာကိုလည်း အဲဒီကြည့်မိတဲ့သူက သိသွားပါတယ်။ လျှပ်ရောင်က ရှည်ရှည်ပဲ၊ တိုတိုပဲ၊ ကောက်ကောက်ပဲ၊ ဝိုင်းဝိုင်းပဲ၊ ဖြောင့်ဖြောင့်ပဲ၊ ပြန့်ကျယ်ကြီးပဲ စသည်ဖြင့် လျှက်လက်ပုံ အခြင်းအရာကိုလည်း သိသွားပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် လျှပ်ရောင်လက်နေတုန်း ကြည့်မိယင် အဲဒီလျှပ်၏ လက္ခဏာ ရသ ပစ္စုပဋ္ဌာန်တွေကို တွေ့မြင်သွားတာချည်းဘဲ၊ ကျက်မှတ်နေဖို့ မလိုပါဘူး။
သို့သော် ကျက်မှတ်ထား မဟုတ်တဲ့အတွက် ဝင်းလက်တာက လက္ခဏာခေါ်တယ်၊ အမှောင်ကို ဖျောက်တာက ရသ ခေါ်တယ်၊ ပုံသဏ္ဍာန်အခြင်းအရာက ပစ္စုပဋ္ဌာန်ခေါ်တယ်လို့ ဒီလိုတော့ ခွဲခြားပြီး မပြောတတ်ပေဘူး၊ အဲဒါလောက်သာ လိုပါတယ်၊ သိမြင်ရာမှာတော့ ဘာမှမလိုပါဘူး၊ အကုန်လုံးဘဲ သိမြင်သွားပါတယ်။
အဲဒီလိုပါပဲ၊ ရုပ်တရားနာမ်တရားတွေကို ဖြစ်ခိုက်ဖြစ်ခိုက်မှာ ရှုနေလျှင် သူ့လက္ခဏာနဲ့ သူ့ရသနဲ့ သူ့ပစ္စုပဋ္ဌာန်နဲ့ အကုန်လုံးဘဲ သိသွားပါတယ်၊ ကျက်နေဖို့ မလိုပါဘူး။
ဒါပေမယ့် စာပေကျမ်းဂန် ဗဟုသုတရှိတဲ့ အချို့ပုဂ္ဂိုလ်တွေကတော့ ဒီလက္ခဏာ ရသ ပစ္စုပဋ္ဌာန်တွေကို ကျက်မှတ်ပြီး ရှုရမယ်လို့ ထင်နေကြတယ်။ ဒီလိုမဟုတ်ပါဘူး။ ကျက်ထားလို့ မှတ်မိနေတာတွေက သညာ၏ အာရုံအမည်ပညတ်တွေဘဲ၊ ကိုယ်ထဲက သဘောတရား အစစ်တွေကို မရောက်ပါဘူး။ ဖြစ်ခိုက်ရုပ်နာမ်တွေကို ရှုနေတဲ့ ယောဂီမှာတော့ ကိုယ်ထဲက တကယ်ဖြစ်နေတဲ့ သဘောတရားအစစ်တွေကို လက်နဲ့ကိုင်ကြည့်သလို သေသေချာချာ တွေ့ပြီး သိနေပါတယ်။ ဒါကြောင့် ကျက်မှတ်နေဖို့ မလိုပါဘူး။
ဥပမာအားဖြင့် ဆင်ကောင်ကြီးကို တွေ့နေယင် ဆင်ရုပ်ကို ကြည့်နေဖို့ မလိုတာလိုပါပဲ။
ဒါကြောင့် ဝမ်းဗိုက်ထဲက ဖောင်းတာ ပိန်တာကို ဖောင်းခိုက် ပိန်ခိုက်မှာ ရှုနေတဲ့ ယောဂီဟာ ဝမ်းဗိုက်ထဲက တောင့်တင်းတာ လျော့တာကိုလည်း သိရတယ်၊ အဲဒါဟာ ဝါယောဓာတ်၏ ဝိတ္ထမ္ဘနလက္ခဏာပဲ၊ ပြီးတော့ အပြင်ဘက်ကို ရွေ့သွားလိုက်၊ အတွင်းဘက်ကို ရွေ့လာလိုက်နဲ့ တရိပ်ရိပ် ရွေ့ရှားနေတာကိုလည်း သိရတယ်၊ အဲဒါက သမုဒီရဏရသဘဲ။ ပြီးတော့ တနေရာက တနေရာကို တွန်းပို့နေသလို ဆွဲဆောင်နေသလို အခြင်းအရာကိုလည်း သိရတယ်၊ အဲဒါက အဘိနီဟာရ ပစ္စုပဋ္ဌာန်ဘဲ။
ဒီလို ဖြစ်ခိုက်မှာ ရှုရုံနဲ့ လက္ခဏာ စသည်ကို အမှန်အတိုင်း သိနေယင် ကျက်မှတ်ဖို့ လိုပါဦးမလား၊ ကိုယ်တိုင်ရှုဖို့အတွက် ဆိုယင်တော့ မလိုပါဘူး၊ သူတပါးကို ဟောပြောဖို့ဆိုယင်တော့ လိုပါလိမ့်မယ်။
ပြီးတော့ ဗယ်လှမ်းတယ် ညာလှမ်းတယ် လို့ ရှုမှတ်နေယင်လည်း ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းမှာ တောင့်တင်းတာကိုလည်း သိရတယ် သမုဒီရဏရသပဲ။
တွန်းတွန်းပို့နေသလို အခြင်းအရာကိုလည်း သိရတယ်၊ အဘိနီဟာရပစ္စုပဋ္ဌာန်ပဲ။ ဒီလို လက္ခဏာ ရသ ပစ္စုပဋ္ဌာန်နဲ့ သိနေတာဟာ သဘာဝကျတဲ့ အသိ မှန်ကန်တဲ့အသိပါပဲ။
မဟာစည်ဆရာတော်ဘုရားကြီးဟောကြားတော်မူသော ဝိပဿနာအခြေခံတရားတော်မှ ထုတ်နှုတ်ဖော်ပြပါ သည်။
ဝိပဿနာအခြေခံတရားတော် (အပိုင်း ၂)
ဖြစ်ခိုက်ကို ရှုမှတ်ရုံနဲ့ လက္ခဏာ စသည်ကို သိနိုင်တယ် ဆိုတာကို ကိုယ်တိုင်တွေ့ မှတ်သားနိုင်အောင် လက်တွေ့ရှုမှတ်ကြည့်ပါ။ ကိုယ်ထဲက ပူတာဖြစ်စေ၊ နာတာဖြစ်စေ၊ ညောင်းတာဖြစ်စေ၊ ကျဉ်တာဖြစ်စေ တခုခုတော့ ထင်ရှားတွေ့နေပါလိမ့်မယ်။ အဲဒါတွေဟာ အခံခက်တဲ့ ဒုက္ခဝေဒနာတွေပဲ။ အဲဒီ အခံခက်နေတဲ့ သဘောကလေးကို ဉာဏ်နဲ့စူးစိုက်ပြီးတော့ ပူတယ် ပူတယ်၊ နာတယ် နာတယ် စသည်ဖြင့် ရှုမှတ်ကြည့်ပါ။ မကောင်းတဲ့ အတွေ့တွေနဲ့ တွေ့ပြီးတော့ ဆင်းရဲခံနေရတာကို တွေ့ပါလိမ့်မယ်၊ အဲဒါဟာ “အနိဋ္ဌ ဖောဋ္ဌဗ္ဗာနုဘဝ နလက္ခဏံ ဒုက္ခံ” လို့ မိန့်ဆိုထားတဲ့အတိုင်း အတွေ့ဆိုးကို ခံစားနေရတဲ့ သဘာဝ လက္ခဏာပဲ။
အတွေ့ဆိုးတွေကို ခံစားနေရတာဟာ ဒုက္ခဝေဒနာရဲ့လက္ခဏာပဲ၊ အဲဒါကို ရှုနေရုံနဲ့ သိနိုင်ပါတယ်။ ပြီးတော့ ဒီအခံခက်တဲ့ ဒုက္ခဝေဒနာဟာ သူဖြစ်လာယင် စိတ်အားကို လျော့သွားစေတတ်တယ်၊ ဒုက္ခက နဲနဲဖြစ်ယင် စိတ်အားဟာလဲ နဲနဲလျော့သွားတယ်၊ ဒုက္ခက အပြင်းအထန် အများကြီး ဖြစ်လာယင်တော့ စိတ်အားတွေဟာလဲ အများကြီး လျော့ဆင်းသွားတယ်။ ဘယ်လို စိတ်အားထက်သန်နေတဲ့ သူပေမယ်လို့ ကိုယ်ထဲမှာ နာကျင်ခံခက်တဲ့ ဒုက္ခဝေဒနာတွေက အပြင်းအထန် ဖြစ်လာယင် စိတ်ဓာတ်ဟာ ကျဆင်းသွားတာပဲ၊ အလွန်ပင်ပန်းလာတော့ လှုပ်တောင် မလှုပ်နိုင်တော့ဘူး။ အဲဒီလို စိတ်အားတွေကို လျော့စေတာဟာ “သမ္ပယုတ္တာနံ မိလာပနရသံ” လို့ မိန့်ဆိုထားတဲ့ ဋီကာအရ ဒုက္ခဝေဒနာရဲ့ ရသပါပဲ။
ဒုက္ခဝေဒနာရဲ့ ပစ္စုပဋ္ဌာန်ကတော့ “ကာယိကာဗာဓပစ္စုပဋ္ဌာနံ” ကိုယ်ထဲက နှိပ်စက်နေတဲ့ သဘော အခံခက်နေတဲ့ သဘောအနေအားဖြင့် ယောဂီ၏ ဉာဏ်ထဲမှာ ရှေးရှုထင်ပါတယ်တဲ့။
ပူတယ် ပူတယ်၊ နာတယ် နာတယ် စသည်ဖြင့် ရှုမှတ်နေယင် အဲဒီ ဒုက္ခဝေဒနာကလေးဟာ ကိုယ်ထဲက မပြတ်နှိပ်စက်နေတယ်လို့လည်း ထင်ပါတယ်။ အခံခက်တဲ့သဘောဘဲလို့လည်း ထင်ပါတယ်။ အဲဒါကတော့ ထင်ရှားလွန်းအားကြီးလို့ ညည်းတောင်မှ ညည်းနေကြရသေးတယ်။
ကိုယ်ထဲက အခံခက်နေတဲ့ ဒုက္ခဝေဒနာကို ဖြစ်ခိုက်မှာ ရှုမှတ်နေယင် အတွေ့ဆိုးတွေနဲ့ တွေ့ပြီး ဆင်းဆင်းရဲရဲ ခံစားနေရတယ် ဆိုတဲ့ သူ့လက္ခဏာကိုလည်း သိတယ်၊ စိတ်အားကို လျော့စေတယ်ဆိုတဲ့ သူ့ရသကိုလည်း သိတယ်၊ ကိုယ်ထဲက မခံသာအောင် နှိပ်စက်နေတဲ့ အခံရခက်တာကလေးဘဲလို့ သူ့ပစ္စုပဋ္ဌာန်ကိုလည်း သိတယ်။ အဲဒါဟာ ယောဂီတွေ သိမြဲ လမ်းမှန်ပဲ၊ ဒီအတိုင်းပဲ သိရမယ်လို့ ဆိုလိုပါတယ်။
စိတ်ကိုလည်း လက်တွေ့ ရှုမှတ်ကြည့်နိုင်ပါတယ်။ စိတ်ဆိုတာ အာရုံကို သိတတ်တယ်၊ ကြံစည်တတ်တယ်။ ဒါကြောင့် စိတ်ကူး စဉ်းစားကြံစည်နေတာတွေဟာ စိတ်ပဲ။ အဲဒီစိတ်ကို ဖြစ်တိုင်း ဖြစ်တိုင်း စိတ်ကူးတယ် စဉ်းစားတယ် ကြံတယ် သိတယ် စသည်ဖြင့် ရှုမှတ်ကြည့်ပါ။ အာရုံဆီကို သွားတဲ့သဘော အာရုံကို သိတဲ့ သဘောပဲလို့ တွေ့ရပါလိမ့်မယ်။ အဲဒါဟာ “ဝိဇာနန လက္ခဏံ စိတ္တံ” လို့ မိန့်ဆိုချက်အရ စိတ်ရဲ့လက္ခဏာပါပဲ။
စိတ်တိုင်း စိတ်တိုင်း အာရုံကို သိတတ်တာချည်းပဲ။ မြင်တဲ့စိတ်လည်း အာရုံကို သိတာပဲ၊ ကြားတဲ့စိတ် နံတဲ့စိတ် စားသိတဲ့စိတ် ထိသိတဲ့စိတ် ကြံသိတဲ့စိတ် အဲဒါတွေလည်း အာရုံကို သိတာချည်းပဲ၊ စိတ်ဆိုယင် အာရုံကို သိခြင်းသဘောရှိတာချည်းပဲ။
ခေါင်းဆောင်အလား ရှေ့သွားတတ်သည်။
လူစုလူဝေးနဲ့ အလုပ်လုပ်ရာမှာ ခေါင်းဆောင် ပုဂ္ဂိုလ်က ရှေ့ဆောင်ပြီး လုပ်ရတယ်၊ စိတ်ကလည်း အဲဒီ ခေါင်းဆောင်လိုဘဲ ဒွါရမှာ ထင်လာတဲ့ အာရုံကို ရှေ့ဆောင်ပြီး သိသိသွားတယ်၊ မျက်စိမှာ အဆင်းထင်လာယင် စိတ်ကရှေးဦးစွာ မြင်သိသွားတယ်၊ ပြီးတော့မှ နောက်လိုက်အနေနဲ့ ခံစားမှု မှတ်သားမှု တပ်မက်မှု နှစ်သက်မှု ပြစ်မှားမှု ကြည်ညိုမှု အစရှိတဲ့ သဘောတရားတွေက ထိုက်သည်အားလျော်စွာ ထင်ရှားဖြစ်ပေါ်လာကြတယ်၊ နားမှာ အသံထင်လို့ ကြားသိရာစသည်မှာလည်း ဒီအတိုင်းပါပဲ။ စိတ်ကရှေ့သွားအနေနဲ့ သိသိသွားတာ ချည်းပါပဲ။ စိတ်ကူးကြံစည်ရာမှာဆိုယင် သာပြီးထင်ရှားပါတယ်။ ယောဂီက ဖောင်းတယ် ပိန်တယ် စသည်ဖြင့် မပြတ် ရှုမှတ်နေစဉ်မှာ စိတ်ကူးကြံစည်မှု ဖြစ်ပေါ်လာယင် အဲဒီစိတ်ကိုလည်း ရှုမှတ်ရတယ်။ ဖြစ် ဖြစ်ခြင်း ရှုမိယင် တကြိမ်တည်းနဲ့ အဲဒီစိတ်ကူးဟာ ပြတ်စဲသွားတယ်။ ဖြစ် ဖြစ်ခြင်း မရှုမိယင်တော့ နှစ်သက်မှု လိုချင်မှု အစရှိတဲ့ နောက်လိုက်သဘောတရားတွေ တော်တော်များများ ဆက်ပြီး ဖြစ်သွားတာကို တွေ့ရတယ်။
ဒါကြောင့် ယောဂီက စိတ်ဟာ ခေါင်းဆောင် ရှေ့သွားလုပ်တတ်တယ် လို့ သိရတယ်။ အဲဒီလို သိတာဟာ စိတ်ကို ပုဗ္ဗင်္ဂမရသနဲ့ သိသွားတာပါပဲ။ ဓမ္မပဒပါဠိတော်မှာလည်း စိတ်ကို -
“မနောပုဗ္ဗင်္ဂမာ ဓမ္မာ” လို့ ဟောထားပါတယ်။
ဓမ္မာ၊ အသိနာမ်တရားတို့သည်။ မနောပုဗ္ဗင်္ဂမာ၊ စိတ်လျှင် ရှေ့သွားရှိကြပါတယ်တဲ့။ ဒါကြောင့် စိတ်ကို ဖြစ်တိုင်းဖြစ်တိုင်း လိုက်ပြီး ရှုမှတ်နေယင် ဟိုအာရုံဆီ ဖြုတ်ကနဲ ရောက်သွားလိုက်၊ ဒီအာရုံဆီ ဖြုတ်ကနဲ ရောက်လာလိုက်နဲ့ စိတ်ကလေး ရှေ့ဆောင် ရှေ့သွား ဖြစ်နေတာကို ထင်ရှား တွေ့ရပါတယ်။ ပြီးတော့ “သန္ဒဟနပစ္စုပဋ္ဌာနံ - အစဉ်မပြတ် ဆက်စပ်သည့် အနေအထားအားဖြင့် ထင်သော အခြင်းအရာရှိတယ်” လို့မိန့်ဆိုတဲ့ အဋ္ဌကထာစကားအရ စိတ်ရဲ့ ပစ္စုပဋ္ဌာန်ကိုလည်း ထင်ရှားသိရတယ်။
သိပုံကတော့ ဖောင်းတယ် ပိန်တယ် စသည်ဖြင့် မပြတ် ရှုမှတ်နေယင်း တခါတရံ စိတ်က အပြင်ထွက်သွား တယ်၊ အဲဒီစိတ်ကို ရှုမှတ်လိုက်တော့ သူက ပျောက်သွားတယ်၊ ပြီးတော့လည်း အခြားစိတ်တစ်ခုက ဆက်ပြီး ပေါ်လာပြန်တယ်။ အဲဒီ စိတ်ကိုလည်း မှတ်လိုက်တော့ ပျောက်သွားပြန်တယ်၊ ပြီးတော့လည်း နောက်စိတ်တစ်ခုက ပေါ်လာပြန်တယ်၊ ဒီလို စိတ်အဆင့်ဆင့် ဆက်ပြီး ဖြစ်နေတာတွေကို တခါတရံမှာ တော်တော်များများပဲ ရှုမှတ်ရပါတယ်၊ ဒီတော့ ယောဂီက ဒီလို သဘောကျသွားတတ်ပါတယ်၊ “စိတ်ဆိုတာဟာ တခုချင်း ဆက်ကာ ဆက်ကာ မပြတ် ဖြစ်နေတဲ့ သဘောတရားပဲ၊ ရှေးစိတ် တခုခု ပျောက်သွားယင် နောက်စိတ် တခုတခု ချက်ချင်း ဆက်စပ်ပြီး မပြတ် ဖြစ်နေတာပဲ” လို့ ဒီလို သဘောကျသွားတတ်ပါတယ်၊ အဲဒါဟာ စိတ်ရဲ့ သန္ဒဟနပစ္စုပဋ္ဌာန်ကိုကိုယ်တိုင်တွေ့ သိတာပါပဲ။
ဒီလို သိတဲ့ယောဂီဟာ စုတိ ပဋိသန္ဓေအကြောင်းကိုလည်း သဘောပေါက်သွားတယ်။ “သေတယ် ဆိုတာလည်း ဘာမှ မထူးဆန်းဘူး၊ ယခု မှတ်သိရတဲ့ စိတ်ကလေး တခုတခု ချုပ်ပျောက်သွားတာမျိုးပဲ။ ဘဝအသစ်ဖြစ်တယ် ဆိုတာလည်း ယခု မှတ်သိရတဲ့ စိတ်ကလေး တခုတခု ရှေးစိတ်နဲ့ ဆက်စပ်ပြီး ဖြစ်ပေါ်လာတာမျိုးပဲ” လို့ ဒီလို သဘောပေါက်သွားပါတယ်။
ဒါကြောင့် “စိတ်ဆိုတာ လက္ခဏာအားဖြင့် အာရုံကို သိတတ်တဲ့ သဘောပဲ၊ ရသ အားဖြင့် ခေါင်းဆောင် ရှေ့သွားတတ်တဲ့ သဘောပဲ၊ ပစ္စုပဋ္ဌာန်အားဖြင့် ရှေးနောက်မပြတ် ဆက်စပ်ပြီး ဖြစ်နေတဲ့သဘောပဲ” လို့ ဒီလို မှတ်သားထားရမယ်ပေါ့။
ဖြစ်ခိုက် ရုပ်နာမ်ကို စူးစိုက်ပြီး ရှုနေလျှင် ကျက်မှတ်မထားသော်လည်း လက္ခဏာ ရသ ပစ္စုပဋ္ဌာန်နဲ့ သဘောမှန်ကို သိနိုင်ကြောင်း ရုပ်တရားထဲက ဝါယောဓာတ်ကို ပုံစံထုတ်ပြီး ရှင်းပြခဲ့ပြီး၊ နာမ်ထဲကလည်း ဒုက္ခဝေဒနာနဲ့ စိတ်ကို ပုံစံထုတ်ပြီး ရှင်းပြခဲ့ပြီ၊ အဲဒီပုံစံထုတ်ပြခဲ့တဲ့ ဝါယောရုပ် ဒုက္ခဝေဒနာနှင့် စိတ်လိုဘဲ ကျန်တဲ့ ရုပ်တရား နာမ်တရားတွေကိုလည်း ဖြစ်ခိုက်မှာ စူးစိုက်ပြီးရှုယင် လက္ခဏာ ရသ ပစ္စုပဋ္ဌာန်နဲ့ သဘောမှန်ကို သိနိုင်တာချည်းပါပဲ။
ရှုခါစ အားထုတ်ခါစ ယောဂီကတော့ ဒီရုပ်နာမ် ဥပါဒါနက္ခန္ဓာတရားတွေကို ယခုပြောခဲ့တဲ့ လက္ခဏာ ရသ ပစ္စုပဋ္ဌာန်နဲ့လောက်သာ ရှုနိုင်သိနိုင်သေးတယ်၊ ဝိပဿနာ၏ အခြေမူလဖြစ်တဲ့ နာမရူပပရိစ္ဆေဒ ပစ္စယပရိဂ္ဂဟ ဉာဏ်အဆင့်မှာတော့ ဒါလောက်ပဲ သိဖို့လိုပါတယ်။
အစဉ်အတိုင်း ရှုလို့ သမ္မသနဉာဏ် အစရှိတဲ့ ဝိပဿနာဉာဏ်အစစ်တွေ ရောက်တဲ့ အခါကျတော့ အနိစ္စ ဒုက္ခ အနတ္တ သဘောတွေကိုလည်း အမှန်အတိုင်း သိရပါတယ်၊ သိဖို့လည်း လိုပါတယ်။ အဲဒီလို သူ့အဆင့်အတန်း အလိုက် ဒီ ဥပါဒါနက္ခန္ဓာငါးပါး ရုပ်နာမ်တရားတွေကို ရှုရမယ်ဆိုတာကို ရည်ရွယ်ပြီးတော့ -
“စွဲလမ်းနိုင်ရာ၊ ငါးခန္ဓာ၊ မှန်စွာရှု၍ ဖြစ်သတည်း” လို့ ဆောင်ပုဒ် ဆိုထားတယ်။ ဒါက အရေးကြီးတယ်နော်။ “ဝိပဿနာဉာဏ် ဖြစ်အောင် ရှုယင် ဥပါဒါနက္ခန္ဓာငါးပါးရှုရတယ်” ဆိုတာကို မြဲမြဲမှတ်ထားကြ။
ဥပါဒါနက္ခန္ဓာငါးပါး ရှုရတယ် ဆိုတာကတော့ နားလည်ပါပြီ။ ဒီတော့ မေးစရာက အဲဒီ ဥပါဒါနက္ခန္ဓာတွေကို ရှုရတာဟာ ဘယ်အကျိုးရအောင်လို့ ရှုရတာလဲ၊ ပြီးတော့ ကာလအားဖြင့် အတိတ်ကို ရှုရတာလား၊ အနာဂတ်ကို ရှုရတာလား၊ ပစ္စုပ္ပန်ကို ရှုရတာလား၊ ကာလ ၃ ပါးမှအလွတ် ကာလဝိမုတ်ကို ရှုရတာလား၊ ဘယ်အခါ ရှုရတာလည်းလို့ ဒီလို မေးစရာရှိပါတယ်။
ဒါကြောင့် “ဘယ်အကျိုးငှါ၊ ထိုခန္ဓာ၊ ဘယ်ခါ ရှုရပါသနည်း” လို့ မေးခွန်းတခု ထုတ်ထားတယ်။
ဒီ ဆောင်ပုဒ်ထဲမှာ “ဘယ်အကျိုးငှါ ရှုရပါသလဲ၊ ဘယ်အခါမှာ ရှုရပါသလဲ” လို့ အမေး ၂ ချက် ပါဝင်နေတယ်။
အဲဒီ အမေး ၂ ရပ်ကို - “မစွဲဘို့ရာ၊ ဖြစ်ဆဲမှာ၊ မှန်စွာ ရှုရပါသတည်း” လို့ ဖြေထားပါတယ်။
ဒီအဖြေဆောင်ပုဒ်ထဲမှာလည်း ဖြေချင်းချက် ၂ ခု ပါနေတယ်။ အမေးဆောင်ပုဒ်က “ဘယ်အကျိုးငှါ ရှုရပါသလဲ” ဆိုတဲ့ ပဌမအမေးကို “မစွဲဘို့ရာ ရှုရပါတယ်” လို့ ဖြေထားတယ်။ ဟုတ်တယ်၊ ဝိပဿနာကင်းနေတဲ့ ပုဂ္ဂိုလ်တွေမှာ မြင်တိုင်း ကြားတိုင်း တွေ့တိုင်း သိတိုင်း ပေါ်လာသမျှ ရုပ်နာမ်တွေကို တဏှာနဲ့လည်း သာယာပြီး စွဲလမ်းနေကြတယ်၊ ဒိဋ္ဌိနဲ့လည်း အထင်မှားပြီး စွဲလမ်းနေကြတယ်၊ မြဲတဲ့အနေ ချမ်းသာတဲ့အနေ ငါကောင် သတ္တဝါကောင် အနေနဲ့ စွဲလမ်းနေကြတယ်၊ အဲဒီလိုစွဲလမ်းမှုတွေ ဖြစ်ခွင့်မရဘဲ။ ကင်းငြိမ်းသွားအောင်လို့ ဝိပဿနာ ရှုရတာပဲ။ ဒါဟာ ဝိပဿနာရဲ့ မူလရည်ရွယ်ချက်ပဲ။ မရှုမိယင် စွဲလမ်းပုံ ရှုမိယင် အစွဲအလမ်း ကင်းသွားပုံတွေကိုတော့ နောက်ဆောင်ပုဒ်များကျမှ ရှင်းပြီးပြောပါမယ်။
ပြီးတော့ အမေးဆောင်ပုဒ်က “ဘယ်အခါ ရှုရပါသလဲ” ဆိုတဲ့ ဒုတိယအမေးကို “ဖြစ်ဆဲမှာ ရှုရပါတယ်” လို့ ဖြေထားတယ်။ ဒီအဖြေစကားဖြင့် “အတိတ်ကိုလည်း မရှုရဘူး၊ အနာဂတ်ကိုလည်း မရှုရဘူး၊ ကာလဝိမုတ်ကိုလည်း မရှုရဘူး၊ ဖြစ်ဆဲ ပစ္စုပ္ပန်တရားကိုသာ ရှုရတယ်” လို့ ဆိုပါတယ်။ ဒါကလည်း ပစ္စက္ခဝိပဿနာ ကိုသာ ရည်ရွယ်ပါတယ်၊ အနုမာန ဝိပဿနာအရာမှာတော့ အတိတ် အနာဂတ် ကာလဝိမုတ်တွေကိုလည်း ရှုရပါတယ်။
ယခု အဲဒါကို ရှင်းပြပါဦးမယ်။ ဝိပဿနာဆိုတာ ပစ္စက္ခ နှင့် အနုမာနအားဖြင့် ၂ မျိုး ရှိတယ်။ တကယ်ဖြစ်ပေါ် လာတဲ့ ရုပ်တရား နာမ်တရားကို သဘာဝ လက္ခဏာ, အနိစ္စ လက္ခဏာ စသည်ဖြင့် ရှုပြီး မျက်မှောက်တွေ့သိတဲ့ ဉာဏ်ကို ပစ္စက္ခဝိပဿနာ ခေါ်တယ်။ အဲဒီလို မျက်မှောက်တွေ့သိပြီးတဲ့ အခါမှာ မျက်မှောက်မတွေ့ရတဲ့ အတိတ် အနာဂတ် အလုံးစုံသော တရားတွေလည်း ဒီလို အနိစ္စ ဒုက္ခ အနတ္တသဘောချည်းပဲလို့ နည်းမှီးပြီး မှန်းဆရှုတာကို အနုမာနဝိပဿနာ ခေါ်တယ်။ ဒါကြောင့် ဝိသုဒ္ဓိမဂ်မှာ “အာရမ္မဏအနွယေန ဥဘော ဧကဝဝတ္တနာ” ဆိုတဲ့ ပဋိသမ္ဘိဒါမဂ် ပါဠိကို ဒီလို ဖွင့်ပြထားပါတယ်။
ပစ္စက္ခတော ဒိဋ္ဌဿ အာရမ္မဏဿ၊ မျက်မှောက် မြင်အပ်ပြီးသော ပစ္စုပ္ပန်အာရုံသို့။ အနွယေန အနုဂမနေန၊ အစဉ်လိုက်သဖြင့်။ ယထာ ဣဒံ၊ (မျက်မှောက် တွေ့ရသော) ဤ သင်္ခါရကဲ့သို့။ တထာ၊ ထိုအတူ။ အတီတေပိ သင်္ခါရဂတံ ဘိဇ္ဇိတ္ထ၊ အတိတ်ကာလ၌လည်း သင်္ခါရတရားအပေါင်းသည် ပျက်ခဲ့လေပြီ။ အနာဂတေပိ ဘိဇ္ဇိဿတီတိ၊ အနာဂတ်ကာလ၌လည်း ပျက်လတံ့ ဟူ၍။ ဧဝံ၊ ဤသို့။ ဥဘိန္နံ၊ မျက်မှောက် တွေ့ရ မတွေ့ရသော အာရုံနှစ်မျိုးတို့ကို။ ဧကသဘာဝေနေဝ ဝဝတ္ထပနံ၊ ပျက်ခြင်း ဟူသော တူသော သဘောအားဖြင့် သာလျှင် ပိုင်းခြားခြင်းပဲလို့ ဖွင့်ပြထားပါတယ်။
ဒီ ဝိသုဒ္ဓိမဂ် စကားရပ်မှာ ပစ္စက္ခတော ဒိဋ္ဌိဿ - မျက်မှောက် မြင်တယ်လို့ ဆိုတဲ့အတွက် အဲဒီလို မျက်မှောက်မြင်တဲ့ ဉာဏ်ကို ပစ္စက္ခဝိပဿနာလို့ ခေါ်ရတယ်။ ပြီးတော့ အဲဒီ မျက်မှောက် မြင်ပြီးသို့ အစဉ်လိုက်ပြီးတော့ အတိတ် အနာဂတ် သင်္ခါရကို နည်းတူပိုင်းခြားတယ် ဆိုတာဟာ အနုမာနအားဖြင့် မှန်းဆပြီး ရှုတာပဲ၊ ဒါကြောင့် အဲဒီလို ရှုတဲ့ ဝိပဿနာကို အနုမာန ဝိပဿနာလို့ ခေါ်ရတယ်။
ဒီနေရာမှာ အထူးသတိပြုစရာကတော့ ဒီ အနုမာနဝိပဿနာဆိုတာ ပစ္စက္ခအားဖြင့် မျက်မှောက်မြင်ပြီးမှ ဖြစ်နိုင်တယ်၊ မျက်မှောက်မမြင်သေးပါဘဲနဲ့ မှန်းဆရှုလို့တော့ မဖြစ်နိုင်ဘူးဆိုတာကို အထူး သတိပြု ထားကြရမယ်။ ပစ္စက္ခအားဖြင့် မျက်မှောက်မြင်ပြီးမှ အနုမာန ဉာဏ်အစစ် ဖြစ်နိုင်တယ်ဆိုတာကို ကထာဝတ္ထု အဋ္ဌကထာစကားဖြင့်လည်း ထင်ရှား သိရပါတယ်။
ဧကသင်္ခါရဿာပိ၊ တခုသော သင်္ခါရ၏ သော်လည်း။ အနိစ္စတာယ၊ မမြဲသည်၏အဖြစ်ကို။ ဒိဋ္ဌာယ၊ မြင်အပ်သည်ရှိသော်။ သဗ္ဗေ သင်္ခါရာ အနိစ္စာတိ၊ အလုံးစုံသော သင်္ခါရတို့ မမြဲကုန်ဟူ၍။ အဝသေသေသု၊ ကြွင်းသော မမြင်ရသော သင်္ခါရတို့၌၊ နယတော မနသိကာရော။ နည်းမှီသော အားဖြင့် နှလုံးသွင်းခြင်း ရှုခြင်းသည် ဟောတိ ဖြစ်ပါတယ်တဲ့။
ဒါက ကထာဝတ္ထု အဋ္ဌကထာပဲ။ ခုနကပြောခဲ့တဲ့ အနုမာနဝိပဿနာနဲ့ ဒီက နယမနသိကာရ ဆိုတာဟာ သဘောအားဖြင့် အတူတူပဲ။
ဆက်လက်ဖော်ပြပါမည်။
မဟာစည်ဆရာတော်ဘုရားကြီး၏ ဝိပဿနာအခြေခံတရားတော်မှ ကောက်နှုတ်မှတ်စုထုတ်ဖော်ပြပါသည်။
Comentarios