top of page
Search

ဝိပဿနာတရားတော်များ_Page 2

  • Writer: Thein Naing Ohn
    Thein Naing Ohn
  • Sep 20, 2021
  • 21 min read

သဘောထားမှန်မှ အားထုတ်ပါ (၁)

တရားအားမထုတ်ခင် အရေးကြီးတဲ့ အချက်အလက်တွေကို အရင်သိထားဖို့ လိုပါတယ်။

တရားအားထုတ်တယ်ဆိုတာ ဘာလဲ။

ဘယ်လို အားထုတ်ရမလဲ။

ဘယ်လိုစိတ်ထား သဘောထားမျိုးနဲ့ အားထုတ်ရမလဲ။

ဘာရည်ရွယ်ချက်နဲ့ အားထုတ်တာလဲ။

ဒါတွေကို ရှင်းရှင်းလင်းလင်း သိထားဖို့လိုပါတယ်။

ဘာအလုပ်ပဲ လုပ်လုပ် မလုပ်ခင် သဘောတရားရေးရာတွေကို အရင်ရှင်းရှင်းလင်းလင်း သိထားသင့်ပါတယ်။ ဒါမှလည်း လုပ်ရတာ အကျိုးရှိမယ်။

တရားအားထုတ်တယ်ဆိုတာ အခြေခံအားဖြင့် စိတ်တွေပြောင်းဖို့ ကြိုးစားတာလို့ ပြောချင်ပါတယ်။

မကောင်းတဲ့စိတ်ကနေ ကောင်းတဲ့စိတ်တွေ ဖြစ်လာအောင်၊ အရည်အသွေးနိမ့်တဲ့စိတ်ကနေ အရည်အသွေး မြင့်တဲ့ စိတ်တွေ ဖြစ်လာအောင်၊ မှန်တဲ့စိတ်၊ ကောင်းတဲ့စိတ်၊ တရားတဲ့စိတ်တွေကို မွေးယူတာ၊ ထုတ်သုံးတာ၊ ပွားများတာကို တရား အားထုတ်တယ်လို့ ခေါ်ရမှာပါ။

ဒါကြောင့် တရားအားထုတ်တာဟာ စိတ်အလုပ် ပါ။ ရုပ်ရဲ့အလုပ်၊ အာရုံရဲ့အလုပ် မဟုတ်ပါဘူး။ အာရုံက တရားအားမထုတ်ဘူး၊ စိတ်က အားထုတ်နေတာပါ။

အာရုံရဲ့အလုပ်မဟုတ်ဘူးဆိုတော့ ဒီနေရာမှာ အာရုံအကြောင်း နည်းနည်းပြောချင်ပါတယ်။ ဟို အာရုံကို ရှုတယ်၊ ဒီအာရုံကို ရှုတယ်လို့ ပြောကြတယ်။

အာရုံဆိုတာ ဘာလဲ၊ ဘာအဓိပ္ပာယ်ရှိလဲ။ စိတ်နဲ့ တိုက်ရိုက်သိလို့ရတဲ့အရာ၊ အသိခံရတဲ့ သဘော၊ သိစရာကို အာရုံလို့ ခေါ်ရမှာပါ။ သိစရာကိုပဲ သိလို့ရတာပါ။

လူတစ်ယောက်မှာ အာရုံဘယ်နှစ်ပါးရှိလဲ။ ခြောက်ပါးရှိတယ်။ တစ်ခုတည်း မဟုတ်ဘူး။ သိစရာအာရုံတွေ အများကြီးရှိတယ်။ အာရုံတွေကို စိတ်က သိနေတာ။ ဒါကြောင့် စိတ်အကြောင်း သိထားမှ အားထုတ်ရတာ အဆင်ပြေပါမယ်။

စိတ်ကို မြင်ဖို့ သိပ်မခက်ပါဘူး။ လူတိုင်း သိတော့ သိပါတယ်။ ဒါပေမယ့် အာရုံအဖြစ် သိလို့မရတာဟာ အလေ့အကျင့် နည်းနေသေးလို့ပါ။

တရားအားထုတ်တဲ့နေရာမှာ အာရုံပိုင်းနဲ့ စိတ်ပိုင်း နှစ်မျိုး ရှိပါတယ်။ အာရုံက အဓိကမကျဘူး။ စိတ်က အဓိကကျတယ်။

အာရုံတွေက သူ့သဘာဝအတိုင်း ဖြစ်နေပြီးသားပါ။ စိတ်က သတိရှိမှ သိတာပါ။

အာရုံတွေကို ပွားစရာမလိုပါဘူး။ စိတ်ဘက်က သတိ၊ သမာဓိ၊ ဉာဏ်တွေကို ပွားများရမှာပါ။

ဒီတော့ အာရုံထက် ပွားများတဲ့စိတ်ဘက်က ပိုအရေးကြီးပါတယ်။ သေသေချာချာ စဉ်းစားကြည့်ပါ။ ထိုင်ပြီး တစ်ခုခုကို အာရုံစိုက်နေတာ၊ သတိထားနေတာကို တရားအားထုတ်နေတယ်လို့ ပြောလို့ရမလား။ မရသေးပါဘူး။ အာရုံစိုက်တယ်လို့ပဲ ခေါ်နိုင်ပါမယ်။

သတိတော့ ထားပါရဲ့၊ ဒီသတိထားစိတ်က မတရားစိတ်ကြီး ဖြစ်နေရင်ရော ဘယ်လိုလုပ်မလဲ။ အားထုတ်တဲ့စိတ်၊ သတိထားတဲ့စိတ်၊ အလုပ်လုပ်တဲ့စိတ်က တရားသဖြင့်ဖြစ်ဖို့လည်း လိုပါသေးတယ်။ ကုသိုလ်စိတ် ဖြစ်ဖို့လည်း လိုပါသေးတယ်။

မတရားစိတ် (အကုသိုလ်စိတ်) နဲ့ အားထုတ်နေရင် မတရားအားထုတ်နေတာပဲဖြစ်မှာပါ။ တရားတဲ့စိတ် (ကုသိုလ်စိတ်) နဲ့ အားထုတ်မှ တရားအားထုတ်တဲ့အဆင့် ရောက်မှာပါ။

လိုချင်စိတ်၊ ဖြစ်ချင်စိတ် အားကြီးကြီးနဲ့ အားထုတ်ရင် လောဘနဲ့ အားထုတ်နေတာပါ။ မကျေမနပ် အားမရတဲ့စိတ်နဲ့ အားထုတ်နေရင် ဒေါသနဲ့ အားထုတ်နေတာပါ။ သေသေချာချာမသိဘဲနဲ့ထင်တာတွေ လျှောက်လုပ်နေရင် မောဟနဲ့ အားထုတ်နေတာလို့ပြောရမှာပါ။

တရားသဖြင့် အားထုတ်တတ်ဖို့ ကိလေသာတွေနဲ့ အားမထုတ်ဖြစ်အောင် ဉာဏ်၊ ဗဟုသုတ ရှိရပါမယ်။ ဒါမှ တရား အားထုတ်တဲ့အဆင့် ရောက်မှာပါ။ တရားအားထုတ်တဲ့အခါ ဗဟုသုတဉာဏ်၊ စဉ်းစားဉာဏ်၊ သဘောပေါက်တဲ့ဉာဏ် တွေနဲ့ပြည့်စုံဖို့လိုပါတယ်။ သတိတစ်ခုတည်းနဲ့ မလုံလောက်သေးပါဘူး။

သတိ သမ္ပဇဉ် လို့ ဘုရားဟောထားတာ ရှိတယ်။ ဒါကြောင့် တရားအားထုတ်ခိုက်မှာ ဗဟုသုတဉာဏ် နဲ့ စဉ်းစားဉာဏ် ပါကို ပါရပါလိမ့်မယ်။ သဘောပေါက်တဲ့ဉာဏ် ကတော့ အကြောင်းစုံရင် ပေါ်လာမှာပါ။

ဒီတော့ ပထမဦးဆုံးက ဗဟုသုတရှိဖို့ အရေးကြီးပါတယ်။ အဲဒီ ဗဟုသုတက မှန်လည်း မှန်ရမယ်၊ ပြည့်လည်း ပြည့်စုံရမယ်။ ဒီလိုမှ မဟုတ်ရင် အားထုတ်ရတာ ခက်မယ်။ ဒါကြောင့် ဗဟုသုတရှိအောင် တရားနာရတယ်၊ မေးမြန်းရတယ်၊ ဆွေးနွေးရတယ်။ ပြီးတော့မှ စဉ်းစားပြီး အားထုတ်ရတယ်။

ဒီတော့ တရားအားထုတ်ခိုက်မှာ စဉ်းစားသင့်လား၊ မစဉ်းစားသင့်ဘူးလား။

လောဘ၊ ဒေါသ တိုးပွားစရာ အတွေးတွေကိုတော့ မစဉ်းစားသင့်ဘူး။ ဒါပေမယ့် ကိုယ်ဘယ်လို အားထုတ်နေလဲ ဆိုတာ ကိုတော့ စဉ်းစားသင့်ပါတယ်။ ကိုယ်လုပ်နေတာကိုတော့ စဉ်းစားရပါမယ်။

ဒီလို စဉ်းစားတတ်အောင်လို့ ဗဟုသုတ (Knowledge and Information) ရှိဖို့လိုပါတယ်။

တရားအားထုတ်ပုံ နှစ်မျိုးရှိပါတယ်။

(၁) စိတ်ငြိမ်အောင် အားထုတ်တာရယ်၊

(၂) စိတ်မှာ အမှန်အတိုင်းသိတတ်တဲ့ ဉာဏ်၊ ပညာပေါ်ဖို့ အားထုတ်တာရယ်၊

အဲဒီတော့ ကိုယ်က ဘာကိုလိုချင်တာလဲ။

ပန်းတိုင်ချင်း မတူတဲ့အတွက် အယူအဆချင်း၊ အားထုတ်ပုံချင်း တူချင်မှတူပါမယ်။

ငြိမ်ဖို့ကြိုးစားတဲ့သူဟာ အာရုံကို ဂရုစိုက်ရတယ်။ ဉာဏ်ဖြစ်ဖို့ ကြိုးစားတဲ့သူဟာ အလုပ်လုပ်တဲ့စိတ် (အားထုတ်တဲ့စိတ်) ကို ဂရုစိုက်ရပါတယ်။

ဒါဖြင့် အာရုံပိုင်းရယ်၊ စိတ်ပိုင်း (အားထုတ်တဲ့စိတ်) ရယ် နှစ်မျိုးရှိတယ်။ ဘယ်ဟာက အရေးကြီးလဲဆို အားထုတ်တဲ့စိတ်က ပိုအရေးကြီးပါတယ်။

စိတ်က အသိဉာဏ်ဖြစ်ချင်ပေမယ့် အားထုတ်တဲ့ စိတ်မှာ လောဘ၊ ဒေါသ၊ မောဟ ရှိနေရင် အသိဉာဏ် မဖြစ်နိုင်ပါဘူး။

အဲဒါကြောင့် အမှန်အတိုင်း သိချင်တဲ့သူက စိတ်ကို ဂရုစိုက်ရတယ်။ ဘယ်လိုစိတ်နဲ့ လုပ်နေလဲ၊ ဘယ်လို သဘောထားနဲ့ လုပ်နေလဲလို့ ပြန်စစ်ရပါတယ်။

အာရုံကို မမဲတော့ဘူး။ အာရုံ ကို အဓိက မထားတော့ဘူး။ ဘယ်လိုစိတ်နဲ့ အားထုတ်နေလဲဆိုတာ ပြန်ပြန် စစ်ရမယ်။ အာရုံက ပါနေပြီးသားပါ။ အာရုံဆိုတာက သတိရှိဖို့အတွက်ပါ။ သတိရှိဖို့အတွက် အာရုံကို အသုံးချရပါတယ်။ ဗဟုသုတဉာဏ်ရှိတဲ့သူက အာရုံတွေကို အကြောင်းပြုပြီး သတိ၊ သမာဓိ၊ ဉာဏ် ဖြစ်စေပါတယ်။ ဉာဏ်အားနည်းတဲ့ သူတွေကျတော့ အာရုံကို အကြောင်းပြုပြီး လောဘ၊ ဒေါသ၊ မောဟ ဖြစ်စေပါတယ်။

နှာခေါင်းက ဝင်လေ ထွက်လေအာရုံ နဲ့ ဗိုက်က ဖောင်းတာ ပိန်တာ ဆိုတဲ့အာရုံ နှစ်မျိုးမှာ ဘယ်အာရုံက ပိုကောင်းသလဲ။ ဘယ်အာရုံမှ ပိုမကောင်းပါဘူး။ အာရုံဟာ အာရုံပဲ၊ အတူတူပါပဲ။ ပိုကောင်းတယ်လို့ ယူဆရင် စွဲလမ်း သွားပါတယ်။ ဒီအာရုံမရှိရင် မရရင် မလုပ်တတ်တော့ဘူး။ အားမထုတ်တတ်တော့ဘူး။

ကောင်းတယ်ထင်တဲ့ အာရုံကို တွေ့ချင်နေရင် လောဘဖြစ်တော့မယ်။

ကောင်းတယ်ထင်တဲ့အာရုံကို မတွေ့ရရင် ဒေါသဖြစ်မယ်။

ကောင်းတယ်လို့ ထင်တာကလည်း မောဟပဲ။ ပွားရမှာက အာရုံကို ပွားရမှာ မဟုတ်ပါဘူး။ သတိပဋ္ဌာန်ကို ပွားရမှာပါ။ အာရုံက ရှိပြီးသား။ သတိကို ပွားရမှာဖြစ်ပါတယ်။ သတိက စိတ်ဘက်မှာ ရှိနေတာပါ။ အခု သတိက အားမကောင်းသေးဘူး။ အဲဒီ အားမကောင်းသေးတဲ့ သတိကို ပွားပေးရမှာပါ။

ဉာဏ်အား မကောင်းဘူး၊ ဝီရိယအား မကောင်းဘူး၊ သဒ္ဓါအား မကောင်းဘူး၊ သမာဓိအား မကောင်းဘူး၊ အဲဒီ အားမကောင်းတာတွေကို အားကောင်းအောင် မွေးတာ၊ ပွားတာကို တရားအားထုတ်တယ်ခေါ်တာပါ။

ငြိမ်ချင်တဲ့သူက အာရုံကို ဂရုစိုက်တယ်။ ဉာဏ်ဖြစ်ချင်တဲ့သူက စိတ်ကို ဂရုစိုက်ရတယ်။ အားထုတ်တဲ့စိတ်မှာ ကိလေသာရှိနေရင် ဉာဏ်မဖြစ်နိုင်ပါဘူး။

ငြိမ်ချင်တဲ့သူက အာရုံတစ်ခုတည်းနဲ့ ဆက်ဆံတယ်။ ဉာဏ်ဖြစ်ချင်တဲ့သုက အာရုံအများနဲ့ ဆက်ဆံတယ်။ သိချင်တယ်ဆိုရင် များများသိမှဖြစ်ပါမယ်။ တစ်ခုတည်းသိရင် သဘောမပေါက်လွယ်ဘူး။ အသိဉာဏ်အားနည်းတယ်။ လာသမျှ အာရုံ၊ ရှိသမျှအာရုံအားလုံးကို လေ့လာရမယ်။ ဆက်ဆံရမယ်။ ဒါမှ မြင်ကွင်းကျယ်လာမယ်။ အသိဉာဏ်ကြီးလာမယ်။

နောက်တစ်ခုက ငြိမ်ချင်တဲ့သူက အာရုံကို ဆုပ်ထားရတယ်။ အာရုံမှာ စိတ်ကြာကြာနေအောင် ကြိုးစားရတယ်။ အဲဒါကြောင့် ပိုအားစိုက်ရတယ်။ အာရုံတစ်ခုမှာ စိတ်အကြာကြီးထားပြီး ကြိုးစားတာ ဘာလုပ်ဖို့လဲ.. ငြိမ်ဖို့။ ငြိမ်လာရင် ဘာဆက်လုပ်မလဲ။

ဘာဆက်လုပ်ရမှန်းမသိရင် ငို်က်တတ်ပါတယ်။

သိချင်တဲ့လူကျတော့ ဘယ်အာရုံကိုမှ မစွဲဖို့ ကြိုးစားတယ်။ နောက်ဆုတ်လိုက်တယ်။ ပြီးတော့ စောင့်ကြည့်တယ်။ သူ့မှာ အမှန်အတိုင်း သိချင်တဲ့ ဉာဏ်ရှိတယ်။ စုံစမ်းတဲ့ဉာဏ်ရှိတယ်။ အယူမှန်တဲ့ဉာဏ် ရှိတယ်။

အမှန်အတိုင်း သိချင်တဲ့လူက ဉာဏ်အား ပိုစိုက်တယ်၊ ဝီရိယအား အများကြီးမစိုက်ဘူး။ သိချင်တဲ့ ဉာဏ်ရှိရတယ်။ စုံစမ်းတဲ့ဉာဏ်ရှိရတယ်။ အယူမှန်တဲ့ဉာဏ်ရှိရပါတယ်။

ငြိမ်ချင်တဲ့သူက လိုချင်တဲ့အာရုံကို ယူတယ်။ ဖြစ်အောင် ဖန်တီးတယ်။ အဲဒါကြောင့် ဝီရိယ အများကြီး စိုက်ရတယ်။

သိချင်တဲ့လူက အာရုံကို မရွေးဘူး။ အာရုံကို မမဲဘူး။ အာရုံကို မစွဲတော့ဘူး။ ဘယ်အာရုံဖြစ်ဖြစ် အားထုတ်လို့ရတယ်။ ပြီးတော့ ဖန်တီးတဲ့အလုပ် မလုပ်ဘူး။ လေ့လာတဲ့အလုပ် လုပ်တယ်။ ဉာဏ်အားကို သုံးတယ်။ သူ့သဘာဝအတိုင်းဖြစ်နေတာကို မြင်ဖို့ပဲ ကြိုးစားတယ်။ ဖြစ်နေတာကို တစ်မျိုးတစ်ဖုံ ပြောင်းအောင် မလုပ်ဘူး။

ဥပမာ - ငြိမ်ချင်တဲ့လူက မငြိမ်ရင် ငြိမ်အောင် လုပ်ရတယ်။ ပျံ့နေရင် စုရတယ်။ ဒေါသဖြစ်နေရင် အာရုံပြောင်းတယ်။ အမှန်အတိုင်း သိချင်တဲ့ လူကတော့ မငြိမ်တာကို ငြိမ်အောင်မလုပ်ဘူး။ ပျောက်အောင် မလုပ်ဘူး။ သဘောထားအမှန်နဲ့ အသိအမှတ်ပြုတယ်။ မငြိမ်တာကို မငြိမ်မှန်း အသိအမှတ်ပြုတယ်။

အဲဒီနှစ်ခု ဘယ်ဟာက ပိုခက်မလဲ။

ငြိမ်အောင်လုပ်ရတာ ပိုခက်ပါမယ်။ အားစိုက်ရတာ ပင်ပန်းမယ်။ သူဖြစ်နေတဲ့အတိုင်းပဲ၊ မငြိမ်တာကို ငြိမ်အောင် မလုပ်ဘူး။ မငြိမ်တဲ့အတိုင်း သိနေမယ်၊ အသိအမှတ် ပြုမယ်။ စိတ်ပျံ့လွင့်နေတာ၊ စိတ်တွေ လှုပ်ရှားနေတာကို အသိအမှတ်ပြုမယ်။

အဲဒီ အသိအမှတ်ပြုနေတာက သူ့အတွက် အလုပ်လုပ်နေခြင်းပါပဲ။ ဖြစ်နေတာကို ဖြစ်နေတဲ့အတိုင်း သိနေတာ။ ဒါ သမ္မာဒိဋ္ဌိ ပါ။ အဲဒါ တရားအားထုတ်နေတာပါ။

ဒေါသဖြစ်နေရင် ဒေါသပျောက်သွားအောင် မလုပ်ဘူး။ ဒီဒေါသကို လက်ခံပြီး ကြည့်နေတယ်။ သူ့အကြောင်း သိချင်လို့။ ဒေါသရဲ့ သဘာဝကို သိချင်လို့ စောင့်ကြည့်နေတာ။ အဲဒီတော့ ဖြစ်အောင် မလုပ်တော့ဘူး၊ မဖြစ်အောင်လည်း မလုပ်တော့ဘူး။ ဖြစ်တဲ့အတိုင်းပဲ သိနေတယ်၊ သူ့ကို မမေ့ဘူး။

အဲဒီတော့ စိုက်ကြည့်တာရယ်၊ စောင့်ကြည့်တာရယ် မတူတဲ့ သဘောတရားကို သိထားရပါမယ်။

သတိဆိုတာ မမေ့တာကို ပြောတာပါ။ အားစိုက်တာကို ပြောတာမဟုတ်ပါဘူး။

ဘာကို မမေ့ရဘူးလဲဆိုတော့ ကုသိုလ် ကို မမေ့ရဘူး။ မှန်ကန်တဲ့အာရုံကို မမေ့ရဘူး။ သဘောထားမှန်ဖို့ မမေ့ရဘူး။ တကယ်ရှိတဲ့အာရုံက ရုပ်တရား နာမ်တရားသာ ရှိတယ်။ ကိုယ့် ကိုယ်ကို ကြည့်ဖို့ မမေ့ပါနဲ့။

မမေ့အောင် ဘယ်လိုလုပ်ရမလဲ။ မမေ့အောင်လုပ်တာ နှစ်မျိုးရှိပါတယ်။ သတိထားတာရယ်၊ သတိပေးတာရယ်။

သတိထားတာက အာရုံနည်းနည်းစိုက်ရတယ်။ ပင်ပန်းတယ်။ ထားတဲ့အားက ထားရင်းထားရင်းနဲ့ များလာရင် ပင်ပန်းလာပါမယ်။

နောက်တစ်မျိုးကတော့ သတိပေးတာပါ။ ကိုယ့်ကိုယ်ကို သတိပေးတာ။

ဘာလုပ်နေလဲ။ စိတ်က ဘာဖြစ်နေလဲ။ ရုပ်က ဘာဖြစ်နေလဲ .. လို့။ မေးလိုက်တာနဲ့ကို သတိရှိနေပါတယ်။ ကိုယ့်ခန္ဓာနဲ့ စိတ်အကြောင်း စဉ်းစားနေရင် သတိရှိနေပါမယ်။

သမာဓိဆိုတာက တည်ကြည်တာကို ပြောတာပါ။ စူးစိုက်တာကိုပြောတာမဟုတ်ပါဘူး။

စူးစိုက်တိုင်း သမာဓိရှိသလား။ သမာဓိ ဘာကြောင့်ဖြစ်သလဲ။ စူးစိုက်လို့ မဟုတ်ပါဘူး။ သဘောထားမှန်မှ သမာဓိဖြစ်ပါတယ်။ အယူအဆမှန်မှ သမာဓိဖြစ်ပါမယ်။ နှလုံးသွင်းမှန်ရင် သမာဓိဖြစ်မယ်။ နှလုံးသွင်းမှားရင် သမာဓိပျက်ပါမယ်။ စူးစိုက်လို့ သမာဓိဖြစ်တာ မဟုတ်ပါဘူး။

ဒါကြောင့် သမာဓိက နှစ်မျိုးရှိတယ်။

စူးစိုက်လို့ရတဲ့ သမာဓိ။

နှလုံးသွင်းမှန်တဲ့ဉာဏ်ရှိလို့ ရတဲ့သမာဓိ။

စူးစိုက်လို့ရတဲ့ သမာဓိက အာရုံတစ်ခုကို စိတ်က အတင်း စူးစိုက်ထားရလို့ စူးစိုက်တာ ကြာရင် တခြား ဘာမှမသိတော့ဘူး။ ဘာမှမစဉ်းစားနိုင်တော့ဘူး။ ဟုတ်တာလည်း မစဉ်းစားနိုင်ဘူး။ စဉ်းစားဖို့ကို မေ့နေတာ။ ဘာကြောင့်လဲဆိုတော့ အားစိုက်နေရတာနဲ့ပဲ အလုပ်ရှုပ်နေလို့ .. စုံစမ်းရမှာ၊ လေ့လာရမှာ၊ နှလုံးသွင်းရမှာ မေ့ကုန်တယ်။ အဲဒါကြောင့် သမထသမာဓိက ဉာဏ်မဖြစ်ဘူး၊ ငြိမ်ပဲ ငြိမ်တယ်။

ဉာဏ်ရှိတဲ့သမာဓိကတော့ ဉာဏ်နဲ့ စတယ်။ ဉာဏ်နဲ့ရင်းတယ်။ အယူအဆအမှန်ရှိလို့၊ သဘောထားအမှန် ရှိလို့၊ နှလုံးသွင်းမှန်လို့.. စိတ်က လောဘနဲ့မတုန့်ပြန်ဘူး၊ ဒေါသနဲ့မတုန့်ပြန်ဘူး။ ကြိုက်တာလည်း မဟုတ်ဘူး၊ မကြိုက်တာလည်း မဟုတ်ဘူး။ စိတ်က ငြိမ်နေတယ်၊ အေးနေတယ်၊ မလှုပ်ရှားဘူး။ အဲဒီ သမာဓိကမှ ဝိပဿနာ သမာဓိ ဖြစ်ပါတယ်။

ဝီရိယက အားစိုက်တဲ့ဝီရိယ မသုံးဘူး။

တရားအားထုတ်တဲ့အခါ ကိုယ်ပင်ပန်း၊ စိတ်ပင်ပန်းအောင် အားမထုတ်သင့်ပါဘူး။ ကိုယ်ပင်ပန်း၊ စိတ်ပင်ပန်းနဲ့ တရားမရနိုင်ပါဘူး။ ကိုယ်ချမ်းသာ၊ စိတ်ချမ်းသာနဲ့မှ တရားရနိုင်ပါတယ်။

ဒါကြောင့် စိတ်ညစ်အောင်၊ စိတ်ပျက်လောက်အောင် အားမထုတ်သင့်ပါဘူး။ အေးအေးဆေးဆေးနဲ့ စိတ်ဝင်စားဖို့ပဲ လိုပါတယ်။ အားစိုက်တဲ့ ဝီရိယကို မသုံးဘူး။ စွဲမြဲတဲ့ ဝီရိယကို သုံးရပါမယ်။

ဝီရိယဆိုတာ စိတ်ရှည်တာရယ်၊ ဇွဲရှိတာရယ်ကို ဝီရိယ ခေါ်ပါတယ်။

လက်မလျှော့တာနဲ့ အားစိုက်တာနဲ့ မဆိုင်ပါဘူး။ ထပ်ကာ ထပ်ကာ လုပ်နိုင်သလောက် လုပ်မယ်။ ဒါပေမယ့် လျော့မသွားဘူး။

ဘာနဲ့တူလဲဆိုရင် မာရသွန် ပြေးတာနဲ့တူပါတယ်။ ပြေးတဲ့သူက စပြေးတာနဲ့ အသားကုန်ပြေးလား.. မပြေးဘူး၊ မှန်မှန်လေးပဲ။ ကြာလေ အရှိန်ရလေပဲ။ အဲဒီအရှိန်ကို လိုချင်လို့ပါ။

သဘာဝအတိုင်း ရလာတဲ့အရှိန်ကိုမှ ဓမ္မသဘာဝ လို့ ခေါ်ပါတယ်။ လူက အတင်းလုပ်ထားတဲ့ အရှိန်က ဓမ္မသဘာဝ မဖြစ်ပါဘူး။

တရားအားထုတ်တဲ့အခါ ဘယ်အချိန်ကစလဲဆိုယင် မနက်အိပ်ရာနိုးကတည်းက ညအိပ်ရာဝင်တဲ့အထိ လုပ်ရပါတယ်။ လုပ်ရမှာက ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း လုပ်ရမှာလားဆိုယင် .. မမေ့ရုံပါပဲ၊ ကိုယ့်ကိုယ်ကို ပြန်ကြည့်ရုံပါ။

နောက် သဒ္ဓါတရား ရှိရပါမယ်။ ယုံကြည်မှု ရှိရပါမယ်။ ကိုယ်လုပ်တဲ့ အလုပ်အပေါ်မှာ ယုံကြည်ရမယ်။ တရားအားထုတ်တဲ့အပေါ်မှာ ယုံကြည်မှု ရှိရမယ်။ ကိုယ့်ကိုယ်ကို ယုံကြည်ရမယ်။

ဒါထက် ပိုအရေးကြီးတာက ကိုယ်လုပ်တဲ့ အလုပ်ကို ယုံဖို့ဆိုတာ ကိုယ်လုပ်တဲအလုပ်ရဲ့ အကျိုးကိုသိမှ တကယ်ယုံမှာပါ။ နားလည်မှ သဒ္ဓါအား ကောင်းလာမှာပါ။

တရားအားထုတ်ရင် ချမ်းသာမှာလား၊ ဆင်းရဲမှာလား။

တရားသဖြင့်သာ အားထုတ်တတ်ရင် ..

(၁) ရုပ်လည်း ချမ်းသာတယ်၊ စိတ်လည်း ချမ်းသာတယ်။

(၂) သောက ပရိဒေဝ ငြိမ်းမယ်။

(၃) ဝိပဿနာဉာဏ်ဖြစ်မယ်။

(၄) မဂ်ဉာဏ် ဖိုလ်ဉာဏ် ရမယ်။

(၅) နိဗ္ဗာန်အာရုံပြုရမယ် ..လို့ မြတ်စွာဘုရားက သတိပဋ္ဌာနသုတ်မှာ ဟောထားပါတယ်။

တရားရအောင် လုပ်ရမှာလား။

အားထုတ်တတ်အောင် လုပ်ရမှာလား။

ရဖို့ မစဉ်းစားပါနဲ့ဦး။ ကိုယ်လုပ်တဲ့အလုပ်ကို ယုံရမယ်။

ရဖို့ သိပ်မမျှော်ပါနဲ့။ လုပ်တဲ့ဘက်ကို ကျွမ်းကျင်ရပါမယ်။ ကိုယ့်ကိုယ်ကို ယုံရမယ်။ နောက်တစ်ခုက ဉာဏ် လိုပါတယ်။

ဉာဏ်ဆိုရာမှာလည်း ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်က နေပါဦး။

အားထုတ်တတ်တဲ့ဉာဏ်က အရင်လာရပါမယ်။ အားထုတ်တတ်တဲ့ဉာဏ် မလာဘဲနဲ့ သဘောပေါက်တဲ့ဉာဏ် မလာပါဘူး။ ဒါကြောင့် အားထုတ်တတ်အောင်အယင် အရင်လေ့လာရပါမယ်။

အားထုတ်တဲ့အခါ ယောဂီတော်တော်များများ ဖြစ်တယ်။ ကောင်းလိုက် ဆိုးလိုက်၊ ထိုင်လို့ ကောင်းတဲ့အခါ ကောင်းလိုက်၊ ထိုင်လို့မကောင်းတဲ့ အခါ မကောင်းလိုက်။ ဘာကြောင့်လဲမေးရင် မသိကြဘူး။

ဘာကြောင့်မသိလဲဆိုရင် သူလုပ်တဲ့အလုပ်ကို စိတ်မဝင်စားလို့၊ မလေ့လာလို့၊ ကိုယ်ဘာလုပ်လို့ လုပ်နေမှန်း မသိလို့၊ အကြောင်းကို မသိလို့၊ ကိုယ့်စိတ်က ဘယ်လိုလုပ်နေမှန်း မသိလို့ပါ။

စိတ်က ဘယ်လိုလုပ်နေလို့ ဘယ်လိုဖြစ်လဲဆိုတာ သိမှ အကြောင်းအကျိုး နားလည်ပါမယ်။

ရှုမှတ်ပွားများတဲ့အခါ ဘယ်လိုရှုမလည်း အာရုံချည်းပဲ မဲရှုရမှာလား၊ စိတ်နဲ့ တွဲရှုရမှာလား။ စိတ်နဲ့ တွဲရှုရမှာပါ။

အစမှာတော့ ရုပ်နဲ့ စရတာပဲ။ ရုပ်ပိုင်းနဲ့ စတယ်၊ အာရုံပိုင်းနဲ့ စတယ်။ သတိထားရင်း ထားရင်းနဲ့ စိတ်ကို ပြန်ပြန်ကြည့်ရပါတယ်။

ဘာစိတ်နဲ့ သတိထားလဲ။ သတိထားတဲ့အချိန်မှာ စိတ်က သက်သာလား။ ပင်ပန်းလား။ ဘယ်လိုနှလုံးသွင်းနေလဲ။ အဲဒါ ပြန်စစ်ရပါမယ်။ ရုပ်ကိုချည်း မဲမရှုရပါဘူး။

ဥပမာ - လမ်းလျှောက်တာကို သတိထားရင်းနဲ့ စိတ်က ဘာစိတ်ဖြစ်နေလဲလို့ ပြန်ပြန်ကြည့်ရတယ်။ လမ်းလျှောက်တဲ့ အချိန်မှာ လောနေလား။ အေးအေး ဆေးဆေး ရှိနေလား။ အဲဒါ သိဖို့ခက်လား။ မခက်ပါဘူး၊ ပြန်ကြည့်ရုံပါပဲ။

စိတ်ကို လေ့လာရပါမယ်။ ဘာစိတ် ဘယ်လိုဖြစ်နေလဲ။ ဘာစိတ်နဲ့ သိနေလဲ။ ဒါကို သိနေတယ်၊ စိတ်ထဲမှာ ဘယ်လိုနေလဲ။ ဒီအာရုံကို သိတယ်၊ စိတ်ထဲက ဘယ်လို ခံစားလဲ။ အဲဒီလိုမျိုး တွဲတွဲလုပ်ရပါတယ်။

တရားအားထုတ်တဲ့နေရာမှာ သတိဆက်စပ်ဖို့ အရေးကြီးပါတယ်။

ယောဂီအလုပ်က နှစ်ခုပဲရှိပါတယ်။

(၁) အယူမှန်၊ နှလုံးသွင်းမှန် ရှိဖို့နဲ့

(၂) သတိအမြဲရှိဖို့ပါပဲ။

မှတ်ချက်။ ။ အရှင်တေဇနိယ(ရွှေဥမင်)၏ သဘောထားမှန်မှ အားထုတ်ပါ တရားတော်မှ ထုတ်နှုတ် မှတ်သားဖော်ပြပါသည်။


သဘောထားမှန်မှ အားထုတ်ပါ (၂)

အားမထုတ်ခင် သဘောထားကို ပြန်စစ်ရမယ်။

ဘယ်လိုသဘောထားနဲ့ အားထုတ်မှာလဲ။

ငြိမ်ချင်လို့လား၊ အမှန်အတိုင်း သိချင်လို့လား။

ဘာရည်ရွယ်ချက်နဲ့ ဘယ်လိုသဘောထားနဲ့ အားထုတ်တာလဲ။

လိုချင်တာ၊ ဖြစ်ချင်တာတွေ ရှိရင် စိတ်က မအေးပါဘူး။ ဟိုဟာဖြစ်ချင် ဒီဟာဖြစ်ချင်။ ဟိုဟာ မြင်ချင် ဒီဟာမြင်ချင်။

ဖြစ်ချင်တာတွေ မရှိဘူးဆိုရင် စိတ်က အေးနေပါပြီ။ အဲဒါ သမာဓိ ပါပဲ။

ဘာမှ ဖြစ်အောင်လုပ်နေရတာ မဟုတ်ပါဘူး။ သူ့ဟာသူ ဖြစ်နေတဲ့ ဓမ္မသဘာဝတွေကို ဖြစ်တိုင်း သတိနဲ့၊ ဉာဏ်နဲ့ စောင့်ကြည့်နေရုံပါပဲ။

စိတ်ဆိုတာ သူ့သဘာဝကိုက သိနေတဲ့သဘောရှိတယ်။ အတင်း သိအောင်အားစိုက်နေရတာ မဟုတ်ပါဘူး။ ကိုယ့်စိတ်ကိုယ် ပြန်စစ်ပါ။ လိုအပ်တာထက်ပိုပြီး အားတွေ စိုက်နေရင် ပိုပြီး ပင်ပန်းလာလိမ့်မယ်။ တင်းကျပ်လာလိမ့်မယ်။

ခန္ဓာကိုယ်မှာ ဖြစ်နေတာတွေအားလုံးဟာ အနှောင့်အယှက် မဟုတ်ပါဘူး၊ ဓမ္မသဘာဝပဲ။ ရုပ်မှာဖြစ်တာလည်း ဓမ္မသဘာဝပဲ။ စိတ်မှာဖြစ်သမျှ အားလုံးဟာလည်း ဓမ္မသဘာဝ တရားတွေပဲ။ ဘယ်ဟာမှ ကိုယ့်ဟာလို့ ပြောလို့မရပါဘူး။

သူ့သဘာဝအတိုင်း သူ့အကြောင်းနဲ့ သူ့အကျိုးနဲ့ ဖြစ်နေတာ။ သူ့သဘောနဲ့သူပဲ။ ကိုယ်လုပ်ရမှာက ..

- အယူမှန်ဖို့၊

- သတိရှိဖို့၊

- ဉာဏ်ပါဖို့၊

- စိတ်ဝင်စားဖို့။

အာရုံကို မဲပြီး လိုက်မရှာရပါဘူး။ အာရုံထက် စိတ်က ပိုအရေးကြီးပါတယ်။ တရားအားထုတ်တယ်ဆိုတာ စိတ်မှာ ကုသိုလ်စိတ်တွေ ဖြစ်စေတာပဲ။

ဗဟုသုတရှိတဲ့သူ၊ ဉာဏ်ရှိတဲ့သူက အာရုံကို အကြောင်းပြုပြီးမှ သတိဖြစ်စေတယ်၊ သမာဓိ ဖြစ်စေတယ်၊ ဉာဏ်ဖြစ်စေတယ်။

နှလုံးသွင်းမှားတဲ့သူတွေကတော့ အာရုံကို အကြောင်းပြုပြီးတော့ လောဘဖြစ်တယ်၊ ဒေါသ ဖြစ်တယ်၊ မောဟဖြစ်တယ်။

အာရုံက အာရုံပါပဲ။ အရေးကြီးတာက နှလုံးသွင်းမှန်ဖို့ပါ။ ကုသိုလ်မှန်သမျှ ယောနိသော မနသိကာရ က စတယ်။ အကုသိုလ်မှန်သမျှ အယောနိသော မနသိကာရ က စတယ်။

ရှိတဲ့အာရုံနဲ့ သတိဖြစ်အောင် နေလို့ရတယ်။ ဘယ်အာရုံနဲ့စစ အတူတူပါပဲ။ ဟိုအာရုံက ပိုကောင်းတယ်၊ ဒီအာရုံက ပိုကောင်းတယ်လို့ အထင်မမှားပါနဲ့။ ဘယ်ဟာမှ ပိုမကောင်းပါဘူး။ သတိရှိနေတာ၊ သိနေတာ ပိုကောင်းတယ်။

ဘာကိုမှ ဖြစ်အောင်လိုက်လုပ်နေရတာ မဟုတ်ပါဘူး။ အာရုံနောက် လိုက်နေရင် ပင်ပန်းပါတယ်။

အာရုံက ကုသိုလ် လား၊ အကုသိုလ် လား။

ကုသိုလ်လည်း မဟုတ်ဘူး၊ အကုသိုလ်လည်း မဟုတ်ဘူး။ အာရုံက အာရုံပါပဲ။

ကုသိုလ်၊ အကုသိုလ်ကတော့ စိတ်မှာပဲ ရှိတာ။ အာရုံကို အကြောင်းပြုပြီးတော့ ကုသိုလ်လည်း ဖြစ်တယ်၊ အကုသိုလ်လည်း ဖြစ်တယ်။

ဘာဖြစ်လို့ ကုသိုလ်၊ အကုသိုလ် ဖြစ်လဲ။

ယောနိသော မနသိကာရရှိရင် ကုသိုလ်ဖြစ်မယ်။

အယောနိသော မနသိကာရရှိရင် အကုသိုလ် ဖြစ်မယ်။

အာရုံကတော့ အမြဲတမ်း ရှိနေမှာပဲ။ အာရုံ တွေ့တိုင်း တွေ့တိုင်း ကုသိုလ်ဖြစ်မလား၊ အကုသိုလ် ဖြစ်မလား။ အဲဒါဟာ တရားအားထုတ်တာပဲ။ အဲဒါဟာ အရေးကြီးတာပဲ။

အမြဲတမ်း ကုသိုလ်ဖြစ်အောင် နေပါ။ ကုသိုလ်တွေပြည့်မှ နိဗ္ဗာန်ရောက်မယ်။ ကုသိုလ်မပြည့်စုံလို့ ခက်နေတာ။ အာရုံနဲ့တွေ့တိုင်း အကုသိုလ်ဖြစ်နေလို့ ခက်နေတာပါ။

ဘာကုသိုလ်ဖြစ်ဖြစ် လုပ်ပါ။ ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဉာဏ်ကုသိုလ် .. ဘာပဲဖြစ်ဖြစ် လုပ်ပါ။ ဉာဏ်ကုသိုလ်ကတော့ အမြင့်ဆုံးပါပဲ။ ကိုယ့်ရဲ့ ရည်ရွယ်ချက်ကို မမေ့ပါနဲ့။

သတိနဲ့၊ ဉာဏ်နဲ့ စောင့်ကြည့်နေရင် အာရုံတွေဟာ သူ့သဘာဝနဲ့သူ ဖြစ်ပေါ်နေတာပဲ။ ဖြစ်ချင်တာ ဖြစ်ပါစေ၊ ဘာပဲ ဖြစ်နေ ဖြစ်နေ ဖြစ်တဲ့ အပေါ်မှာ ဝမ်းသာစရာ ဝမ်းနည်းစရာ မဟုတ်ဘူး။ ပျော်ရမှာလည်း မဟုတ်ဘူး၊ မော်ရမှာလည်း မဟုတ်ဘူး။

သိနေရတာ ကြည့်နေရတာ ဝမ်းသာပါ၊ သိနေတာ ကုသိုလ်ပါ။ အမှန်အတိုင်း သိသိနေတာ ဉာဏ်ကုသိုလ်ပါ ပြီးသားပါ။

စိတ်တွေက တွေးနေတယ်၊ စိတ်က မငြိမ်ဘူး။ အဲဒါကို သိနေရင် ဝမ်းသာရမယ်။ အဲဒါ အမှန်အတိုင်း သိနေတာပဲ။ အခု ဒါဖြစ်နေတာက အမှန်ပဲ။

မငြိမ်တာကို မငြိမ်မှန်းသိတာ သမ္မာဒိဋ္ဌိ ။

တွေးနေရင် တွေးနေမှန်းသိတာ အယူမှန်။

အဲဒါကို ငြိမ်ချင်တဲ့စိတ်နဲ့၊ လောဘနဲ့ ငြိမ်အောင်လိုက်လုပ်နေတော့ ရှုပ်ကုန်တာပေါ့။ တင်းကျပ်လာမှာပေါ့။

ဘာအတွက် သတိထားနေတာလဲ။

သိချင်လို့ သတိထားနေတယ်။

သိချင်လို့ လေ့လာနေတာ၊ သိချင်လို့ စောင့်ကြည့်နေတာ။ ထိုင်လို့ကောင်းဖို့၊ ငြိမ်ဖို့အဓိကမဟုတ်ပါဘူး။

ဖြစ်နေတာတွေကို သိနေတဲ့ သတိ ရှိဖို့၊ ဖြစ်နေတဲ့အပေါ်မှာ အယူမှန်ဖို့၊ ပုဂ္ဂိုလ်၊ သတ္တဝါလို့ မမြင်စေဖို့ အားထုတ်နေတာပါ။

သဘာဝကို သဘာဝလိုပဲ မြင်ရမယ်။

သိစရာကို သိစရာလို့ပဲ မြင်ရမယ်။

အာရုံကို အာရုံလို့ပဲ မြင်ရမယ်။

ကောင်းတယ်လို့ ထင်လိုက်ရင် စွဲသွားမယ်။ မကောင်းဘူးလို့ ထင်ရင်လည်း စွဲသွားတာပဲ။

အမှန်ကို အမှန်အတိုင်း၊ အရှိကို အရှိအတိုင်း သိနေရင် အစွဲအလမ်းတွေ လွတ်နေပါတယ်။ အစွဲအလမ်း လွတ်အောင် တရားအားထုတ်နေတာပါ။ တရား အားမထုတ်တတ်ရင် အစွဲအလမ်း ပိုကြီးလာတတ်တယ်။

တရားအားထုတ်တဲ့ စိတ်က တရားသဖြင့် ဖြစ်ရဲ့လား၊ အေးအေးချမ်းချမ်း ရှိရဲ့လား .. ပြန်ပြန်စစ်ပေးရပါတယ်။

စိတ်က လိုချင်တာလည်း မရှိဘူး၊ မကျေနပ်တာလည်း မရှိဘူး။ အေးနေတယ်။ အယူအဆလည်း မှန်တယ်။ သဘာဝကို သဘာဝလို့ပဲ စဉ်းစားတယ်။ ပြီးရင် သတိက ဆက်နေတယ်။ အဲဒီ အချိန်မှာ သူများကို မကောင်းတာလည်း မကြံဘူး၊ မဟုတ်တာလည်း မပြောဘူး။ သီလတွေ လုံနေပါပြီ။

လိုချင်တာတွေ မရှိတဲ့အတွက်၊ စိတ်ညစ်စရာတွေ မရှိတဲ့အတွက် သမာဓိတွေ ဖြစ်နေပါတယ်။ အေးအေးချမ်းချမ်းဖြစ်နေရင် သမာဓိရှိပါတယ်။

အာရုံကို အာရုံလို့ပဲ သိသိပေးနေတာ သမ္မာဒိဋ္ဌိဉာဏ်ပါပါတယ်။ သိစရာတွေကို သိနေတယ်။

သီလ၊ သမာဓိ၊ ပညာ ဖြည့်ကျင့်နေတာတွေဟာ သာသနာ ပြုနေတာပါပဲ။ ဘုရားအဆုံးအမကို လိုက်နာနေတာပဲ။

သတိနဲ့ ဉာဏ်နဲ့ အမှန်အတိုင်း သိတိုင်း သိတိုင်း တစ်ချက် သိတိုင်း “မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင် စိတ်ကိုထား” အားလုံး ပါသွားပါပြီ။

အားထုတ်နေတဲ့စိတ်ကို ပြန်ပြန်စစ်ပါ။

သဘောထား မှန်ရဲ့လား၊ စိတ်ဝင်စားမှုရှိရဲ့လား။

နိုးကြားမှုရှိရဲ့လား၊ ထိုင်းမှိုင်းနေလား။

စိတ်က အာရုံတွေကို ဘယ်လောက်သိနိုင်သလဲ။

တစ်ခုတည်း သိလား၊ ဒီထက်ပိုပြီး မသိနိုင်တော့ဘူးလား။

သတိထက်မြက်လာပြီဆိုရင် တစ်ချိန်တည်းမှာ အာရုံများများ သိနိုင်ပါတယ်။

သတိအားကောင်းတယ်ဆိုတာ ရှုတဲ့ စိတ်ဘက်က လိုချင်တာတွေ မရှိမှ၊ မကျေနပ်တာတွေမရှိမှ၊ အယူအဆမှန်မှ သတိအားကောင်းလာမယ်။ အားထည့်တိုင်း အားကောင်းတာ မဟုတ်ပါဘူး။

သတိရဲ့စွမ်းအားတက်လာရင် သိနိုင်တဲ့စွမ်းအား တက်လာမယ်။ တစ်ချိန်တည်းမှာ အများကြီး သိလို့ရတယ်။ အာရုံကိုလည်း သိတယ်၊ အာရုံကို သိတဲ့ စိတ်ကိုလည်း သိတယ်။ စောင့်ကြည့်တဲ့ စိတ်လည်း သိနိုင်တယ်။ သဘောထား မှန် မမှန်လည်း သိတယ်။ စိတ်က ဘာတွေလုပ်နေသလဲ။

အာရုံဆိုတာ စိတ်နဲ့ သိလို့ရတဲ့ သဘောတရားလေးပါပဲ။ ဖြစ်နေတာက အာရုံတွေ။ သိနေတာက စိတ်။ သဘာဝနှစ်ခု မတူဘူး။

သိစရာတွေကို စိတ်က သိနေတယ်။ သိနေတာ စိတ်ပဲ၊ ငါမဟုတ်ဘူး။ ငါသိနေတာ မဟုတ်ဘူး။ စိတ်က သိနေတာပဲ။ အာရုံပေါ်လာတိုင်း စိတ်က သိသိနေလိုက်နဲ့။ အဲဒါ ဘယ်သူမှ လုပ်နေတာ မဟုတ်ဘူး။ သဘာဝတရားတွေပဲ။

ကိုယ့်အတွက် ကိုယ် အားထုတ်နေတာနော်။

တရားကို ရိုရိုသေသေ လေးလေးစားစား စိတ်ဝင်တစားနဲ့ အားထုတ်ကြပါ။

မှတ်ချက်။ ။ အရှင်တေဇနိယ(ရွှေဥမင်)၏ သဘောထားမှန်မှ အားထုတ်ပါ တရားတော်မှ ထုတ်နှုတ် မှတ်သားဖော်ပြပါသည်။


သဘောထားမှန်မှ အားထုတ်ပါ (၃)

စိတ်က အာရုံတစ်ခုခုကို ကြိုက်တဲ့စိတ် မကြိုက်တဲ့စိတ် ဖြစ်နေရင် အဲဒီအာရုံကို ဓမ္မအာရုံ၊ တရားအာရုံအဖြစ် မမြင်နိုင်တော့ဘူး။ မရှုနိုင်တော့ဘူး။ မရှုရတော့ဘူး။ လောဘစိတ်နဲ့ကြည့်နေပြီဆိုရင် လောဘအာရုံ ဖြစ်နေပြီ။ ဒေါသစိတ်နဲ့ကြည့်နေပြီဆိုရင် ဒေါသအာရုံဖြစ်နေပြီ။ ဘာနဲ့တူလဲဆိုရင် မျက်မှန်အပြာတပ်ပြီး ကြည့်ရင် ဘာကြည့်ကြည့် အပြာပဲ မြင်တော့မှာပေါ့။ သူ့သဘာဝ အရှိကို အရှိအတိုင်း မြင်မှာမဟုတ်တော့ဘူး။ ဒါကြောင့် လောဘ၊ ဒေါသစိတ်ကို အရင် ရှုရတယ်။

လူတွေက စိတ်တွေ အပြင်ထွက်တယ်၊ စိတ်က အိမ်ရောက်သွားတယ် စသဖြင့် ပြောဆိုကြတယ်။ တကယ်တမ်းကျတော့ စိတ်ဆိုတဲ့သဘာဝက အပြင်ထွက်တဲ့သဘော မရှိဘူး။ အပြင်ကို ရောက်သွားတဲ့ သဘောမဟုတ်ပါဘူး။ စိတ်ဆိုတာ ဖြစ်တဲ့သဘောပဲရှိတယ်။ အတွေး စိတ်တွေ ဖြစ်ဖြစ်လာတယ်လို့ ယူမှ မှန်ကန်တဲ့ အယူအဆဖြစ်မယ်။ အတွေးစိတ်တွေ ဖြစ်တယ်၊ မှတ်မိတဲ့စိတ် ဖြစ်တယ်…ဒီလို ယူဆမှမှန်ပါတယ်။

စိတ်က ထွက်တယ်လို့ ယူဆရင် ဒီစိတ်ကို ပြန်ဆွဲသွင်း နေရဦးမယ်။ အားတွေ အများကြီး စိုက်မိနေမှာပေါ့။ ဒီစိတ်ပဲ ထွက်သွားပြီး ဒီစိတ်ပဲ ပြန်လာတယ်လို့ အယူမှားသွားမှာပေါ့။ အယူမှားရင် အားထုတ်တာလည်း မှားသွားမယ်။ ဒါကြောင့် ပင်ပန်းနေရတာ။ ဒီစိတ်ကြီးက မြဲတဲ့သဘော ဖြစ်နေမှာပေါ့။ စိတ်တွေ ဖြစ်ဖြစ်လာတယ်လို့ အယူမှန်မှ မမြဲတဲ့အနိစ္စသဘောကို နားလည်နိုင်မှာပါ။

စဉ်းစားကြည့်ပါ..ကိုယ်ကြည့်ချင်တဲ့အာရုံကို မြင်ချင် တွေ့ချင်နေရင် လောဘ ပဲ။ လောဘစိတ်နဲ့ တရားအားထုတ်နေရင် တရားအားထုတ်တယ်လို့ မပြောနိုင်တော့ဘူး။ တချို့က ပြောကြတယ်။ တပည့်တော်က နာရီဝက်အထိတော့ အားထုတ်လို့ရတယ်၊ နာရီဝက်ကျော်ရင် အားထုတ်လို့ မရတော့ဘူး .. တဲ့။ အားထုတ်လို့မရဘူးဆိုတာ ဘာကိုပြောတာလဲ။

အမှန်ကတော့ အားထုတ်လို့ မရတာ မဟုတ်ပါဘူး။ ကိုယ်လိုချင်တဲ့ပုံစံ၊ အခြေအနေ မရတာကို ပြောနေတာပါ။ ဖြစ်နေတာကို ဖြစ်နေတဲ့အတိုင်း သိနေမြင်နေရင် သတိရှိနေတာပဲ။ အားထုတ်နေတာပဲ။ စိတ်ထဲမှာ တင်းကျပ်၊ မဲတင်းနေတာကို လျှော့ချလိုက်တာဟာ တရားအားထုတ်တဲ့သဘောပဲလို့ သိတဲ့လူ နည်းတယ်။

တရားသဖြင့်သာ အားထုတ်တတ်မယ်ဆိုရင် တရားအားထုတ်နေတုန်းမှာ ကိုယ်ချမ်းသာ၊ စိတ်ချမ်းသာ ဖြစ်နေရမှာ အမှန်ပဲ။ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲနဲ့ အားထုတ်ရင် စိတ်မှာ အသိဉာဏ် မပေါ်နိုင်ပါဘူူး။ သတိရှိနေတဲ့စိတ်၊ ဉာဏ်ရှိနေတဲ့စိတ်ရဲ့ တန်ဖိုးကို နားလည်ဖို့ ကြိုုးစားရမယ်။ အသိဉာဏ်ရှိနေတဲ့အခါ စိတ်ရဲကအရည်အသေးက ဘယ်လိုနေလဲ။ သတိလက်လွတ်ဖြစ်နေတဲ့ စိတ်ရဲ့ အရည်အသွေးက ဘယ်လိုနေလဲ။

တရားကို ရချင်တာလား။ တရားကို အားထုတ်ချင်တာလား။ တရားရချင်တာက လောဘ ပါတယ်။ တရား အားထုတ်ချင်ရင် သဒ္ဓါ၊ ဉာဏ် ဖြစ်နိုင်တယ်။ တရားအားထုတ်တဲ့နေရာမှာ ကောင်းတယ်လို့ ထင်လို့ အားထုတ်နေတာလား။ ကောင်းမှန်းသိလို့၊ နားလည်လို့ အားထုတ် နေတာလား။

တရားအားထုတ်တာကို ကောင်းမှန်း၊ အကျိုးရှိမှန်း သိအောင် အရင်အားထုတ်ရတယ်။ နာကျင်ကိုက်ခဲတာတွေ (အာရုံ) ပျောက်သွားဖို့ အရေးမကြီးပါဘူး။ နာကျင်နေတုန်း ဖြစ်နေတဲ့ ရုပ်၊ နာမ် အဖြစ်အပျက် ဖြစ်စဉ်တွေကို လေ့လာဖို့ ကြိုးစားရတာပါ။

တရားအားထုတ်နေခိုက်မှာ ဖြစ်နေတဲ့အပိုင်း (အာရုံပိုင်း) နဲ့ အားထုတ်နေတဲ့အပိုင်း (စိတ်ပိုင်း) ရယ်လို့ နှစ်မျိုး ရှိတယ်။ ဖြစ်နေတဲ့ဘက်ကိုပဲ စိတ်ဝင်စားနေရင် ဂရုစိုက်နေရင် ဖြစ်ချင်တာ (လောဘ)၊ မဖြစ်ချင်တာ (ဒေါသ) ဖြစ်တတ်တယ်။

အားထုတ်မှုအပိုင်း (စိတ်ဘက်) ကို စိတ်ဝင်စား၊ ဂရုစိုက်ရင်၊ လေ့လာမယ်ဆိုရင် အားထုတ်တာကို နားလည်သွားမယ်။ အားထုတ်တတ်တာ ဉာဏ်ပညာ ပဲ။ တရားရဖို့ထက် တရားအားထုတ်တတ်ဖို့ ပိုအရေးကြီးပါတယ်။

တရားအားထုတ်တယ်ဆိုတာ …

ဖြစ်နေတဲ့အာရုံတွေကို မြင်ဖို့ပဲ ကြိုးစားတာ။ မြင်နေပြီးမှ ကြည့်တဲ့စိတ်ဘက်မှာ နားလည်သဘောပေါက်တဲ့ ဉာဏ်ပါဖို့ ပါပဲ။ အမြင်ခံနေရတဲ့ အာရုံတွေ ပျောက်သွားဖို့ အရေးမကြီးပါဘူး။ ပျောက်သွားအောင် အားထုတ်နေတာလည်း မဟုတ်ပါဘူး။ သိမြင်နားလည်ဖို့ အားထုတ်တာပါ။

တရားအားထုတ်တယ်ဆိုတာ ကိုယ်က တရားလို့ ထင်ထားတဲ့အရာတွေကိုု မြင်ဖို့ အတင်းကြိုးစားရတာ မဟုတ်ပါဘူး။ စိတ်ဘက်မှာ မြင်နိုင်တဲ့ အင်အားကောင်းတွေ ရှိလာအောင်၊ မြင်လာအောင် အားထုတ်နေတာပါ။ မြင်ချင်လို့ မြင်တာ မဟုတ်ပါဘူး၊ မြင်နိုင်မှ မြင်တာပါ။

တရားရအောင် ကြိုးစားနေတဲ့သူတွေအတွက် .. တရားဆိုတာ ဘာများပါလိမ့် လို့ စဉ်းစားဖူးကြရဲ့လား။ အားစိုက်တိုင်း စိတ်မှာ အားကောင်းလာတာ မဟုတ်ပါဘူး။ အားကုန်ရုံပဲ ရှိမယ်။ အသိဉာဏ်အားပါမှ စိတ်အားတွေ ကောင်းလာနိုင်တယ်။ အားထုတ်နေတုန်းမှာ ကိလေသာနဲ့ အားထုတ်မိရင် ကြာလေ ကိုယ်ပင်ပန်း စိတ်ပင်ပန်း ဖြစ်လာမယ်။ ပျင်းရိလာမယ်။ အားထုတ်ချင်စိတ် လျော့နည်းလာမယ်။

အယူအဆ သဘောထားအမှန်နဲ့ အားထုတ်မိရင် ကြာလေ စိတ်အားတွေ ကောင်းလာ ပြည့်လာလေ၊ အားထုတ်ချင်တဲ့ သဒ္ဓါတရားတွေ တက်လာလေပဲ။ ဘာဖြစ်လို့ ဘဝထဲကို ဓမ္မတရားတွေ ထည့်လို့ မရတာလဲ။ ငြိမ်ဖို့ပဲ အားထုတ်နေမိကြတယ်။ အသိဉာဏ်ဖြစ်အောင် အားမထုတ်တတ်လို့ပဲ။

အသိဉာဏ်ဖြစ်အောင်သာ အားထုတ်တတ်ရင် ... ဘယ်နေရာရောက်ရောက် အသုံးချလို့ ရတယ်။ စိတ်က တည်ငြိမ်လာပြီဆိုရင် ဉာဏ်နဲ့စုံစမ်းဖို့ အဆင်သင့် ဖြစ်ပြီ။ ဉာဏ်ပါပါနဲ့ လေ့လာဖို့ အဆင်သင့်ဖြစ်ပြီ။ ဉာဏ်နဲ့ စပြီး အားထုတ်ရတော့မှာ။

ဒါကို နားမလည်ရင် တည်ငြိမ်တာကို လောဘနဲ့ ခံစားမိပြီး တရားက ရပ်တန့်နေတတ်တယ်။ အများအားဖြင့် တည်ငြိမ်မှု၊ ငြိမ်းချမ်းမှုကို စွဲလမ်းမက်မော နေတတ်ကြတယ်။ ဒါကြောင့် အလုပ်ပေးတရား ဟောတုန်းက မေးခဲ့တာ။ ငြိမ်ဖို့အားထုတ်နေတာလား။ အမှန်သိဖို့ အားထုတ်နေတာလား .. လို့။

စိတ်အေးချမ်းဖို့ပဲ အားထုတ်နေသူဟာ အေးချမ်းလာပြီဆိုရင် ဆက်ပြီး သေသေချာချာ အားမထုတ်တော့ဘူး။ အမှန်ကို သိချင်လို့ အားထုတ်သူတွေကျတော့ တကယ် မသိမချင်း ကြိုးစားအားထုတ်နေမယ်။ အေးချမ်းမှုဟာ ပန်းတိုင်မဟုတ်။ Side-effect ပဲ။ သဘာဝကို နက်နက်နဲနဲ နားလည်သွားရင် အေးချမ်းမှု၊ လွတ်မြောက်မှုက ပါပြီးသားပဲ။

သေသေချာချာ စဉ်းစားကြည့်ပါ။ လောဘဖြစ်စရာကောင်းတဲ့ အာရုံ၊ ဒေါသဖြစ်စရာ ကောင်းတဲ့အာရုံရယ်လို့ ရှိလို့လား။ အကုသိုလ်စိတ် .. လောဘ၊ ဒေါသ၊ မောဟ ဆိုတဲ့ ကိလေသာတွေဟာ မကောင်းဘူးလို့ တကယ် သိပြီလား။ ကုသိုလ်စိတ် .. သတိ၊ သမာဓိ၊ ဉာဏ်၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဆိုတာတွေဟာ ကောင်းတယ်လို့ တကယ်သိပြီလား။ သိချင်ရင် .. ဖြစ်တိုင်း အသိဉာဏ်နဲ့ လေ့လာကြည့်။

ဒီရုပ်၊ ဒီနာမ်တွေကို ကြည့်လာတာ ကြာပြီ။ ဘယ်လောက်များ အသိဉာဏ်တွေ တိုးလာပြီလဲ။ အားထုတ်ခါစ လူတွေ သိတဲ့အသိနဲ့ အားထုတ်တာ ကြာလာတဲ့ လူတွေ သိတဲ့အသိချင်း တူနိုင်ပါ့မလား။ သူလည်း ဒီအာရုံတွေ ရှုတာပဲ။ ကိုယ်လည်း ဒီအာရုံတွေ ရှုတာပဲ။ သိတဲ့အသိ အဆင့်ချင်း တူမလား။

အရင်တုန်းကလည်း ဒီလောက်ပဲ သိတယ်။ ခုလည်း ဒီလောက်ပဲ သိသေးတယ်ဆိုရင် အသိမတိုးဘူး။ ရပ်နေပြီ။ အသိတရား တိုးလာသလောက် အားထုတ်မှု ကျွမ်းကျင်လာတာလည်း ပြောင်းလဲလာရမယ်။ ဒါကို ရှင်သန်နေတယ်လို့ ခေါ်တယ်။

တရားအားထုတ်နေတာ မတိုးတက်ဘူး လို့ ထင်တဲ့အခါ ကိုယ့်ရဲ့ သဘောထားကို ပြန်စစ်ကြည့်သင့်တယ်။ ကိုယ်မှန်းထားသလောက် မဖြစ်လို့လား။ ကိုယ်လိုချင်သလောက် မရလို့လား။ ကိုယ်လုပ်သလောက် ရနေတာကို ရနေမှန်း မသိလို့လား။

ကိုယ်လုပ်သလောက် ကိုယ်ရနေမှန်း ဘာဖြစ်လို့ လူတွေ မသိတာလဲ။ အလုပ်လုပ်နေတဲ့ စိတ်ရဲ့ အခြေအနေကို ဂရုမစိုက်မိလို့။ ဖြစ်နေတဲ့ဘက် (အာရုံ) ကို ဖြစ်ချင်တဲ့စိတ်နဲ့ ဂရုစို်က်နေမိလို့။

ကိုယ့်ကိုယ်ကို သတိဉာဏ်နဲ့ ပြန်ကြည့်မိတိုင်း ကြည့်မိတိုင်း ဝမ်းသာပီတိ ဖြစ်ဖူးလား။ လိုချင်သလို၊ လိုချင်သလောက် ဘယ်တော့မှ ရမှာမဟုတ်ဘူး။ လုပ်တတ်သလောက်၊ လုပ်နိုင်သလောက်ပဲ ရနိုင်တယ်။ ဒါကို သဘောပေါက်ရင် လိုချင်တာ နည်းသွားပြီး လုပ်တတ်အောင်ပဲ ကြိုးစားတော့မှာပေါ့။

ယောဂီတစ်ဦးက ပြောတယ်။ တပည့်တော် နာတဲ့ဝေဒနာကြီးကို ရှုနေတာ တစ်နာရီလောက် ရှိပြီ၊ နာတာက တိုးလာလိုက် လျော့သွားလိုက်နဲ့ ဖြစ်နေတယ်။ တပည့်တော်တရားက မတိုးတက်ဘူး၊ ရွာလည်နေတယ်ဘုရား..တဲ့။ သေသေချာချာ စဉ်းစားကြည့်နော်။

တရားတိုးတက်တယ် မတိုးတက်ဘူးဆိုတာ ဘာနဲ့ တိုင်းတာမလဲ။ ကိလေသာတွေ နည်း နည်းလာရင် .. ဒါ တရားတိုးတက်တာပဲ။ အခု ယောဂီက တစ်နာရီလုံးလုံး သူသတိထားတယ်။ သူ သတိထားနေတာကို သူသေသေချာချာသိရင် တစ်နာရီစာ သတိ၊ သမာဓိတွေ ရမနေဘူးလား။

ခုဟာက သူလိုချင်တဲ့ပုံစုံကို ရအောင် ကြိုးစားနေတာ။ သူ့ လောဘနဲ့ ဖြစ်ချင်နေတဲ့ အခြေအနေ (နာကျင်တာတွေ အကုန် လျော့သွားတာ) ကို မျှော်နေတာ။ မျှော်နေသလို မရတဲ့အခါ သူလိုချင်သလို မဖြစ်တာကို တရားမတိုးတက်ဘူးလို့ စဉ်းစားနေတာ။ ဒီလို စဉ်းစားတော့ သူ့စိတ်မှာ သဒ္ဓါတရား ဖြစ်မလား။ စိတ်ပျက်မလား။ စဉ်းစားတာ မဟုတ်တာကို အယောနိသော မနသိကာရလို့ ခေါ်တယ်။ နှလုံးသွင်းမှားလို့ ကိလေသာဖြစ်တာ။

ဪ .. ကိုယ့်မှာ တစ်နာရီလောက် သတိ၊ သမာဓိ၊ ဉာဏ်တွေ ရနေပါလားလို့ ယောနိသော မနသိကာရနဲ့ စဉ်းစားတတ်ရင် ကုသိုလ်စိတ်ဖြစ်ပြီ။ ဒီလိုမှ စိတ်အားတွေ မြင့်တက်လာမယ်။ သဒ္ဓါတရားတွေ ပိုဖြစ်လာမှာပေါ့။ ယောဂီက ပြောတယ်။ တစ်နေ့ထက်တစ်နေ့ ထိုင်လို့ ပိုကောင်းလာတယ်၊ ဒါကြောင့် ပိုထိုင်ချင်လာတယ် .. တဲ့။

စဉ်းစားကြည့်နော်။ ဘာဖြစ်လို့ သူဒီလိုစဉ်းစားတာလဲ။ တကယ်ဖြစ်ရမှာက ပိုပိုထိုင်ချင်တာထက် ပိုပိုအားထုတ် ချင်စိတ် ဖြစ်ဖြစ်လာရမှာ။ ထိုင်တာကို ပိုပြီးဂရုစိုက်နေမိလို့။ ထိုင်ပြီး ဘာလုပ်နေလို့လဲ။ လုပ်နေတာ ကို မမြင်ဘဲ ရုပ်ပိုင်း၊ အာရုံပိုင်း ဖြစ်နေတာဘက် ကိုပဲ လူတွေက ဂရုစိုက်နေမိကြတယ်။

လုပ်နေတဲ့စိတ်ဘက် ကို မမြင်နိုင်ကြလို့ အယူအဆ (idea) တွေ လွဲချော်ကုန်ရော။ ထိုင်တဲ့ posture (ကိုယ်နေဟန်ထား) က ကောင်းတယ်လို့ သတ်မှတ်လိုက်ရင် တခြား posture (ကိုယ်နေဟန်ထား) တွေ ကျတော့ မကောင်းဘူးလို့ ယူဆတော့မှာပေါ့။

ထိုင်လို့ကောင်းတာ၊ ခံစားလို့ ကောင်းတာတွေဟာ အကျိုးပေး၊ အကျိုးပေး ကိုပဲ မြင်တယ်။ လုပ်တဲ့ဘက် အကြောင်း မသိမမြင် နားမလည်ကြဘူး။ အကြောင်းအကျိုး သိမ်းဆည်းနားလည်နိုင်တဲ့ ဉာဏ်မှ အားရှိပြည့်စုံတဲ့ ဉာဏ်ဖြစ်မှာ။ အာရုံပိုင်းရော အလုပ်လုပ်တဲ့ စိတ်ပိုင်းရော တစ်ချိန်တည်း အပေါ်စီးက မြင်နိုင်တဲ့ ဉာဏ်မျိုး ရှိမှ ဒါကို နားလည်မယ်။

အာရုံဘက်ကိုချည်းပဲ ဂရုစိုက်၊ အားစိုက်ပြီး မှတ်နေရင် အသိဉာဏ် မပြည့်စုံနိုင်ဘူး။ အာရုံရော၊ အလုပ်လုပ်တဲ့ စိတ်ရော၊ ခံစားတဲ့ စိတ်ရော အကုန်လုံးကို မြင်နို်င်တဲ့ မြင်ကွင်းမျိုးကျမှ ဉာဏ်ပေါ်နိုင်တယ်။ စိုက်ကြည့်တဲ့သူက မြင်ကွင်းတစ်ကွင်းလုံးကို မမြင်နိုင်ဘူး။ ဉာဏ်နဲ့ စောင့်ကြည့်တတ်မှ မြင်ကွင်း တစ်ကွင်းလုံးကို မြင်နိုင်မယ်။ အမြင်ကျယ်ဖို့လိုတယ်။

ဉာဏ်နဲ့ကြည့်တဲ့သူဟာ အပြင်ကနေ၊ ဘေးကနေ ထွက်ကြည့်သလို ခံစားရတယ်။ စိုက်ကြည့်တဲ့သူဟာ ကပ်ပြီး ကြည့်နေသလို ခံစားရတယ်။ ဒီတော့ အမြင်ကျဉ်းတာပေါ့။ ဒါကြောင့် အားနဲ့စိုက်မကြည့်ဖို့ သတိပေးရတာ။

ချမ်းမြေ့သာယာရှိကြပါစေ။

မှတ်ချက်။ ။ အရှင်တေဇနိယ(ရွှေဥမင်)၏ သဘောထားမှန်မှ အားထုတ်ပါ တရားတော်မှ ထုတ်နှုတ် မှတ်သားဖော်ပြပါသည်။


ဝိပဿနာဆိုတာ ဘာလဲ (၁)

တရားအားထုတ်တယ်ဆိုတာ ဘာလဲ ?

တရားအားထုတ်တယ်ဆိုတာ စောင့်ကြည့်နေတာပါ။ ဘာဖြစ်လို့ စောင့်ကြည့်တာလဲ။

ဒီရုပ်တွေ၊ စိတ်တွေကို ဘာဖြစ်လို့ စောင့်ကြည့်တာလဲဆိုယင် သိချင်လို့။

တရားအားထုတ်တယ်ဆိုတာ စိတ်အလုပ်သက်သက်ပါပဲ။ စိတ်နဲ့လုပ်ရတဲ့အလုပ်။ စိတ်အလုပ်ပဲ။

ရုပ်အလုပ် မဟုတ်ဘူး။ အာရုံရဲ့အလုပ် မဟုတ်ဘူး။ အာရုံက ကုသိုလ်လား။ အကုသိုလ်လား။ အာရုံက အရေးမကြီးဘူး။ အာရုံက ဘာမှမလုပ်ဘူး။ ကုသိုလ်စိတ်ဖြစ်အောင် ဘာလုပ်မလဲ။ စိတ်ဘက်က အလုပ်လုပ်ရမှာပါ။

အာရုံပိုင်းရယ်၊ စိတ်ပိုင်းရယ်၊ ဘယ်ဟာကို ကိုယ်ကပွားရမှာလဲဆိုယင် စိတ်ပိုင်းကို ပွားရမှာပါ။

အဲဒီတော့ စိတ်သုံးမျိုး ရှိတယ်။ စိတ်သုံးမျိုး၊ အာရုံသုံးမျိုး။

ကိလေသာစိတ်တွေက ဘာအာရုံပြုသလဲဆိုရင် ပညတ်အာရုံပြုတယ်။ ဝိပဿနာ ဉာဏ်စိတ်တွေက သဘောကို အာရုံပြုတယ်။ အဲဒီတော့ သဘောတရားကို ဉာဏ်နဲ့မှ အာရုံပြုလို့ရပါတယ်။

ကိလေသာစိတ်တွေက ပညတ်အာရုံပြုတယ်။ ဝိပဿနာဉာဏ်စိတ်တွေက သဘောတရားကို အာရုံပြုတယ်။

အဲဒီတော့ မဂ်စိတ်၊ ဖိုလ်စိတ်က ဘာကို အာရုံပြုသလဲဆိုယင် နိဗ္ဗာန်ကို အာရုံပြုပါတယ်။

အဲဒါကို စိတ်သုံးမျိုး၊ အာရုံသုံးမျိုးလို့ပြောခြင်းပါ။ ဒီသုံးခုကလွဲပြီး ဘာမှ မရှိပါဘူး။

အဲဒီမှာ ကိလေသာစိတ်မှန်သမျှ ပညတ်ကို အာရုံပြုတယ်ဆိုတော့ ပညတ်အာရုံပြုတိုင်း ကိလေသာစိတ် ဖြစ်သလား..၊ မဖြစ်ပါဘူး။

မေတ္တာပွားများတော့ ပညတ်ပဲ အာရုံပြုရတယ်။ အသုဘကမ္မဋ္ဌာန်းပွားများတော့လည်း ပညတ်ပဲ အာရုံပြုတာပဲ။ ဒါပေမယ့် ပညတ်အာရုံပြုတိုင်းတော့ အကုသိုလ် မဟုတ်ဘူး။ အကုသိုလ်စိတ်မဟုတ်ဘူးပေါ့။ ထားပါတော့။

အာရုံကိုအကြောင်းပြုပြီးတော့ ကိုယ်က သတိ၊ သမာဓိ၊ ဉာဏ်ဖြစ်အောင် နေလိုက်ရင် တရား အားထုတ်တဲ့သူ ဖြစ်ပါတယ်။ အာရုံကို အကြောင်းပြုပြီးတော့ လောဘ၊ ဒေါသ၊ မောဟ ဖြစ်အောင်နေလိုက်ရင် တရားအားမထုတ်တဲ့သူ ဖြစ်ပါမယ်။

အရေးကြီးတာ နှလုံးသွင်းပါ။ ကိုယ့်စိတ်က ဘယ်လို နှလုံးသွင်းနေလဲ။ ဘယ်လို စဉ်းစားနေသလဲဆိုတာကို မသိဘဲနဲ့ သွားအားထုတ်လို့မရပါဘူး။

နှလုံးသွင်းမှန်မှလည်း သမာဓိဖြစ်ပါတယ်။ သမာဓိက စူးစိုက်လို့ဖြစ်တဲ့ သမာဓိရှိတယ်။ နှလုံသွင်းမှန်လို့ ဖြစ်တဲ့ သမာဓိရှိတယ်။ နှလုံးသွင်းမှန်တဲ့ သမာဓိကမှ သမ္မာသမာဓိ ဖြစ်ပါတယ်။

စူးစိုက်တဲ့ သမာဓိက သမထဘက်မှာ သုံးရင် သုံးမယ်။ ဝိပဿနာမှာ မသုံးပါဘူး။

သတိပဋ္ဌာန်ဆိုတာ နေရာမရွေး၊ အချိန်မရွေး အားထုတ်ဖို့လို့ ပြောတာပါ။

အဲဒီတော့ စူးစိုက်တာကို သိပ်မလုပ်ရပါဘူး။ လုပ်ရမှာက စောင့်ကြည့်တာရယ်။ ကိုယ့်ကိုယ်ကို သတိပေးတာရယ်၊ ကိုယ့်ကိုယ်ကို သိနေအောင် လုပ်တာရယ် ဒါတွေကို လုပ်ရမှာပါ။

အဲဒီတော့ ရုပ်ကိုသိတာနဲ့ စိတ်ကိုသိတာ ဘယ်ဟာ ပိုအရေးကြီးလဲ။ ကိုယ်ကိုယ်ကို သိနေရင် ကိုယ်မှာ ဖြစ်ဖြစ်၊ စိတ်မှာ ဖြစ်ဖြစ် ဘာသိသိ ရပါတယ်။ အရေးကြီးတာ ကိုယ့်ကိုယ်ကို မမေ့ဖို့ အရေးကြီးတာပါပဲ။ တကယ်မမေ့ရမှာက တရားအားထုတ်ဖို့ မမေ့ရဘူး။ နှလုံးသွင်းမှန်ဖို့ မမေ့ရဘူး။ အဲဒီတော့ နှလုံးသွင်းမှန်ဖို့ မမေ့ရဘူးဆိုတာ စိတ်ကိုသိမှပဲ ရမယ်ဆိုတော့ အရေးကြီးတာ စိတ်ကို မမေ့ရပါဘူး။ ကိုယ့်ကိုယ်ကို မမေ့ရဘူး။ ကိုယ့်ကိုယ်ကို ပြန်ကြည့်ဖို့၊ ကိုယ့်ကိုယ်ကို မြင်နေဖို့ အရေးကြီးပါတယ်။

အာရုံကို အသေးစိတ်သိဖို့က အဓိကမကျပါဘူး။ သတိရှိဖို့က အဓိကကျပါတယ်။

အရေးကြီးတာက စိတ်ရဲ့ အရည်အသွေး (quality) က အရေးကြီးပါတယ်။ အာရုံရဲ့ အရည်အသွေး (quality) က အရေးမကြီးဘူး။

ဥူးတေဇနိယ (ရွှေဥမင်)


ဝိပဿနာဆိုတာ ဘာလဲ (၂)

သမထနဲ့ ဝိပဿနာ ကွာတာက နှစ်မျိုးပါ။ အယူအဆ မတူပါဘူး၊ ပန်းတိုင်မတူတဲ့အတွက် Idea မတူပါဘူး။ အယူအဆ မတူပါဘူး။

သမထက အာရုံကို ဂရုစိုက်တယ်။ ဝိပဿနာက စိတ်ကို ဂရုစိုက်တယ်။

သမထပန်းတိုင်းက ငြိမ်ဖို့၊ ဝိပဿနာရဲ့ ပန်းတိုင်းက ဉာဏ်ဖြစ်ဖို့။

သမထက အာရုံကို ဂရုစိုက်တယ်။ ဝိပဿနာက စိတ်ကို ဂရုစိုက်တယ်။

ဒီစိတ်မှာ လောဘ ဒေါသ မောဟတွေ ပါနေတယ်။ ဉာဏ်ဖြစ်ရိုးထုံးစံ မရှိပါဘူး။

သမထက အာရုံတစ်ခုတည်းကို စိုက်ပါတယ်။

ဝိပဿနာက အာရုံအများနဲ့ ဆက်ဆံတယ်။ သိပြီးတော့ ဆက်ဆံတယ်။ သမထက အားစိုက်ရပါတယ်။ ဖြစ်အောင် ဖန်တီးနေရပါတယ်။ မတွေးအောင် ငြိမ်အောင် စုနေရပါတယ်။ အားစိုက်ရပါတယ်။

ဝိပဿနာကတော့ အဲဒီလို မဟုတ်ဘူး။ ငြိမ်အောင်လည်း မလုပ်ဘူး၊ မငြိမ်တာကို မငြိမ်မှန်း သိတယ်။ ဖွာကြဲနေရင် ဖွာကြဲနေမှန်း သိတယ်။ အသိအမှတ်ပြုရုံပဲ ဘာအားမှ စိုက်စရာမလိုဘူး။

ဖြစ်နေတာကို ကြာကြာသိနေရင် အသိဉာဏ်ရှိတဲ့ သူကတော့ သဘောပေါက်ပါတယ်။

အာရုံတစ်ခုနဲ့ ကြာကြာနေရင် ဒီအာရုံအကြောင်းကို နားလည်ရမှာ နားလည်သင့်တာပေါ့။ အာရုံရဲ့ သဘာဝက ဘယ်လိုလဲ။ အာရုံကို သိတာလား၊ အာရုံရဲ့ သဘာဝလက္ခဏာကို နားလည်တာလား။

သိတာ နှစ်မျိုးရှိပါတယ်၊ အာရုံကို သိတဲ့ အသိရယ်၊ အသိဉာဏ်နဲ့ သိတဲ့ အသိရယ်၊ သဘာဝလက္ခဏာကို သဘောပေါက်လာတာ ဉာဏ်ပါ။ အာရုံကို သိတာက သညာပါ။

သညာကိုပဲ အားကောင်းအောင် လုပ်နေတော့ ဉာဏ်တွေ မလာတော့ဘူး။

အနောက်က အသိကို ဦးစားပေးရပါမယ်။ ဉာဏ် ဖြစ်ချင်ရင် စောင့်ကြည့်ရပါတယ်။

အဲဒီတော့ သမထက ဖြစ်အောင် ဖန်တီးတဲ့ ဖြစ်စဉ်ပါ။ ဝိပဿနာက လေ့လာတဲ့ ဖြစ်စဉ်ပါ။

သိချင်လို့ ထိုင်ပြီးကြည့်နေတာပါပဲ။

အရေးကြီးတာ အယူအဆ မှန်ဖို့ ၊ သဘောထားမှန်ဖို့။

အယူအဆမှန်တယ်ဆိုတာ ဘာလဲ။ ဖြစ်နေတာတွေ အားလုံးကို သဘာဝကို သဘာဝအတိုင်း စဉ်းစားတာ။ ကောင်းတာလည်း မဟုတ်ဘူး၊ ဆိုးတာလည်း မဟုတ်ဘူး၊ အာရုံက အာရုံပါပဲ။ ခံစားမှုက ခံစားမှုပါပဲ။ တွေးတာက တွေးတာပါပဲ။ ဒါတွေအားလုံးဟာ ဓမ္မ သဘာဝတွေပါပဲ။ အနှောက်အယှက်တွေ တစ်ခုမှ မရှိပါဘူး၊ ကောင်းတာလည်း မရှိဘူး၊ ဆိုးတာလည်း မရှိဘူး၊ သဘောတရားတွေချည်းပဲ။

အဲဒီတော့ သဘောတရားကို သဘောတရားလို့ နှလုံးသွင်းထားရင် လူတွေ ပုဂ္ဂိုလ်တွေ သတ္တဝါတွေ၊ သူ့ဟာ ငါ့ဟာဆိုတာ မရှိတော့ပါဘူး။

သဘာဝ အရှိကို အရှိအတိုင်း စဉ်းစားတတ်ဖို့ လိုပါတယ်။ အာရုံဆိုတာ အသိခံရတဲ့ သဘောသက်သက်ပါပဲ။ အာရုံဟာ ကုသိုလ်လည်း မဟုတ်ဘူး၊ အကုသိုလ်လည်း မဟုတ်ဘူး။ အသိခံရတဲ့ သဘောတရားလေး သက်သက်ပဲ။

တရားအားထုတ်တဲ့နေရာမှာ ဉာဏ်ရှိကိုရှိရပါလိမ့်မယ်။ ဘာဉာဏ်တွေ ရှိရမှာလဲ။

ဗဟုသုတဉာဏ် ကြားဖူးနားဝ။ မှန်ကန်တဲ့ ဗဟုသုတတွေကို ကြားဖူးထားတဲ့ ဉာဏ် ရှိရပါမယ်။ စဉ်းစားနိုင်တဲ့ ဉာဏ် ရှိရမယ်။

အဲဒီဉာဏ်တွေ အလုပ်လုပ်မှ သဘောပေါက်တဲ့ ဉာဏ်တွေ လာမှာပါ။ အနည်းဆုံးတော့ ဗဟုသုတဉာဏ် ရှိကို ရှိရပါတယ်။

ဉာဏ်မရှိလို့ကတော့ မောဟနဲ့ အားထုတ်နေပြီးတော့ တရားအားထုတ်နေရင်းနဲ့ လောဘဖြစ်လိုက် ဒေါသဖြစ်လိုက် ဖြစ်လာပါလိမ့်မယ်။

ဗဟုသုတဉာဏ် စဉ်းစားဉာဏ်နဲ့ တွဲပြီး အားထုတ်ရပါမယ်။ အဲဒါကို သတိသမ္ပဇညလို့ ပြောပါတယ်။ သတိသမ္ပဇညဉာဏ်ယှဉ်၍ ဆိုတာက သတိ တစ်လုံးတည်းနဲ့ မလောက်ပါဘူး၊ ထားနေရုံနဲ့ မလောက်ပါဘူး။

သတိရှိနေတယ်၊ စဉ်းစားနေတယ်၊ သုံးသပ်နေတယ်။ စုံစမ်းနေတယ်၊ စစ်ဆေးနေတယ်။

တရားအားထုတ်နေတယ်ဆိုတာ စိတ်အလုပ်ပါ။ ဖြစ်အောင်လည်း မလုပ်ရဘူး၊ ပျက်အောင်လည်း မလုပ်ရဘူး။ ဖြစ်တိုင်း ပျက်တိုင်းလည်း မမေ့ရဘူး။ မမေ့ရဘူး၊ မမေ့တာ သတိပါ။

အားစိုက်တာ ပြောတာ မဟုတ်ပါဘူး၊ ကောင်းတာတွေ ပြောဖို့ မမေ့ရဘူး၊ ကောင်းတာတွေ စဉ်းစားဖို့ မမေ့ရဘူး။

တစ်ခါတလေ စဉ်းစားဖို့ကို မေ့နေတယ်၊ မှန်မှန်ကန်ကန် စဉ်းစားဖို့ မမေ့ရဘူး၊ အရေးကြီးပါတယ်။

ဝီရိယနဲ့ အားစိုက်ပြီးထားတဲ့ သတိက စဉ်းစာတာတွေကို ပိတ်ပစ်လိုက်ပါတယ်။ ဒါကြောင့် စိုက်မရှုနဲ့လို့ ပြောတာပါ။

သတိက မမေ့တာပါပဲ၊ သတိရှိနေတယ်၊ ဖြစ်နေတာတွေကို သိနေတယ်ဆိုရင် သတိရှိနေပါတယ်။ အတွေးတွေ များနေတယ်၊ အတွေးတွေကို များနေမှန်း သိတာပဲ။ သတိရှိနေပြီပဲ။ အတွေးထဲမှာ မျောမနေရင် ပြီးတာပဲ။

စိတ်တွေ မငြိမ်ဘူးလို့ ပြောကြတယ်၊ ဘာလို့ ပြောနိုင်တာလဲ၊ မငြိမ်တာကို မငြိမ်မှန်း သိနေလို့ပေါ့၊ သိနေတယ် ဆိုကတည်းက သတိရှိလို့ပေါ့။

အရေးကြီးတာက အဲဒီ မငြိမ်တဲ့အပေါ်မှာ အယူအဆ မှန်ဖို့ လိုပါတယ်။ မငြိမ်တာဟာ မကောင်းတာ မဟုတ်ဘူး၊ မငြိမ်တာ မငြိမ်တာပဲ။ ပြဿနာမဟုတ်ဘူး။ သဘာဝပဲ။

ဒါမှမဟုတ်ရင် မငြိမ်တာဟာလည်း အသိခံရတာပဲ၊ မငြိမ်တာကို မငြိမ်တာမှန်း သိနေရင် သမ္မာဒိဋ္ဌိဖြစ်နေတာပဲ။

အဲဒီလို သဘောထားမှန်သွားပြီဆိုရင် အဲဒီအပေါ်မှာ၊ အဲဒီ အာရုံအပေါ်မှာ အတွေ့အကြုံ (Experience) ပေါ်မှာ မတုံ့ပြန်တော့ပါဘူး။ လောဘနဲ့ မတုံ့ပြန်တော့ဘူး၊ ဒေါသနဲ့ မတုံ့ပြန်တော့ဘူး၊ ဒါက အရေးအကြီးဆုံးပဲ။

ဖြစ်နေတဲ့ အတွေ့အကြုံတွေက အများကြီးပါ။

ဘယ်လိုပဲ ဖြစ်နေဖြစ်နေ ဖြစ်နေတာက ဖြစ်နေတာပါပဲ။ ကောင်းတာလည်း မဟုတ်ဘူး၊ ဆိုးတာလည်း မဟုတ်ဘူး ဓမ္မသဘာဝတွေပါပဲ။

သဘောတရားတွေပဲလို့ နှလုံးသွင်းနိုင်ရင် စိတ်ဘက်က ငြိမ်းသွားပါတယ်။

ရှုတဲ့စိတ်ဘက်က ငြိမ်းနေပြီဆိုမှ ဉာဏ်ဖြစ်မှာပါ။

ရှုတဲ့စိတ်ဘက်က ဖြစ်ချင်တာတွေ လိုချင်တာတွေ စိုးရိမ်တာတွေ ကြောက်နေတာတွေ။ တစ်ခုခုများ အောင်းနေတယ်ဆိုရင် ဉာဏ်မလာတော့ပါဘူး။

အဲဒီ ကိလေသာတွေက ရှုတဲ့ စိတ်ဘက်မှာ ရှိတတ်တယ်။ ကိလေသာတွေက အားတွေ အများကြီး ထုတ်သုံးပါတယ်။

လိုချင်ရင် အားတွေ အများကြီး စိုက်တယ်၊ စိုးရိမ်ရင် အားတွေ အများကြီး စိုက်တယ်၊ ကြောက်ရွံ့ရင် အားတွေ အများကြီး စိုက်တယ်။

ဒါကြောင့် စူးစိုက်ရှုတာတွေကို လျှော့လိုက်ပါ။ ကိလေသာတွေ ပါနေတတ်လို့ပါ။

ကိလေသာရဲ့သဘာဝက အာရုံကို ကိုင်တယ်၊ ဆုပ်တယ်၊ ဆွဲတယ်။

အာရုံကို သေသေချာချာကိုင်ပြီး ဆုပ်ပြီးမှ ခံစားတာ ကိလေသာရဲ့ သဘာဝပါ။

ဘာနဲ့ ခံစားမလဲ .. လောဘနဲ့ ခံစားမယ်၊ ဒေါသနဲ့ ခံစားမယ်။

အာရုံတစ်ခုကို တွယ်လည်း မတွယ်ရဘူး၊ ပယ်လည်း မပယ်ရဘူး။

တွယ်တယ်ဆိုတာ စွဲတာပါ၊ လိုချင်တော့ ဖြစ်ချင်တော့ စွဲလမ်းတာ။ ပယ်တယ်ဆိုတာက မကျေမနပ်နဲ့ ပျောက်စေချင်တာ။

တွယ်လည်း မတွယ်ရဘူး ၊ ပယ်လည်း မပယ်ရဘူးဆိုတော့ ဘယ်လိုနေမလဲ၊ ဘယ်လိုလုပ်မှာလဲ။ ကြားထဲက မဇ္ဈိမပဋိပဒါ၊ အစွန်းနှစ်သွယ်၊ လမ်းမှားပယ်၊ အလယ်လမ်းမှန်လျှောက် .. ဆိုတာ အလယ်လမ်းက ဘာလဲ ..၊ အသိဉာဏ်ပါပဲ။

ဖြစ်နေတာကို ဘာလဲလို့ နားလည်လိုက်ရင် သူက အလယ်က ထွက်သွားတာပဲ။ ဖြစ်နေတာက ဘာလဲဆို သဘောပေါက်ထားရင် စွဲလည်း မစွဲတော့ဘူး၊ ပယ်လည်း မပယ်တော့ဘူး။

အသိဉာဏ်နဲ့ နားလည်လိုက်ရင် အစွန်းနှစ်သွယ် အစွန်းလမ်းနှစ်သွယ် ပိတ်သွားပါတယ်။

အစွန်းနှစ်ဖက်ဆိုတာ တစ်ခါတည်း ပယ်လို့မရပါဘူး။ ဒီအစွန်း နှစ်ဖက် ရောက်နေတာကိုပဲ တဖြည်းဖြည်း သိရင်း သိရင်းနဲ့ နားလည်အောင် ကြိုးစားရင်းနဲ့ အစွန်းနှစ်ဖက်ကို အရင် နားလည်ရပါတယ်။ နားလည်မှပဲ သူ အလယ်လမ်းက ပေါ်လာပါလိမ့်မယ်။

ပထမ နားလည်အောင် လေ့လာရပါတယ်။ အာရုံကို တကယ်နားလည်မယ်ဆိုရင် အာရုံဟာ အာရုံပဲလို့ နားလည်တဲ့ ဉာဏ်ဖြစ်ပါမယ်။

နားလည်ပေးရုံပါပဲ။ ဒါက ဒါပဲဆိုတာ နားလည်တယ်၊ ကြိုက်တာလည်း မလာဘူး၊ မကြိုက်တာလည်း မလာဘူး။ အာရုံဟာ အာရုံပဲ။ နာတာလည်း အာရုံပဲ။ မနာတာလည်း အာရုံပဲ။ သိစရာပါပဲလို့ နားလည်တာ၊ နက်နက်နဲနဲ နားလည်သွားပြီဆိုရင် ဒီအာရုံတွေအပေါ်မှာ တုံ့ပြန်တာတွေ မလာတော့ဘူး။

ဒီအာရုံတွေပေါ်မှာ ဖြစ်နေတဲ့စိတ်တွေပေါ်မှာ ကြုံတိုင်း ကြုံတိုင်း အာရုံတွေ တိုက်တိုင်း တိုက်တိုင်းမှာ ကိလေသာမပါဘဲနဲ့ ဉာဏ်လေးနဲ့ နားလည်ပေးနေရုံပါပဲ။ တရားအားထုတ်တယ်ဆိုတာ ဒါပါပဲ။

အာရုံလည်း သဘောတရားပဲ၊ သိတဲ့စိတ်လည်း သဘောတရားပဲ။ သတိထားတဲ့ စိတ်လည်း သဘောတရားပဲ။ ခံစားတာလည်း သဘောတရားပဲ။ လူလည်း မဟုတ်၊ ပုဂ္ဂိုလ်လည်း မဟုတ်၊ သတ္တဝါလည်း မဟုတ်။ သဘာဝတရားသက်သက်ပါပဲ။

အရှင်တေဇနိယ (ရွှေဥမင်)


ဝိပဿနာဆိုတာ ဘာလဲ (၃)

တရားအားထုတ်တယ်ဆိုတာ တကယ်တော့ တရားတဲ့အားတွေ ထုတ်တာပါပဲ။ မတရားတဲ့ အားဆိုတာ လောဘ၊ ဒေါသ၊ မောဟ၊ မာနစတဲ့ ကိလေသာတရားတွေကို ပြောတာပါ။

အဲဒီ မတရားတဲ့ အားတွေ မဖြစ်အောင် တရားအားထုတ်တာကိုပဲ ဘာဝနာ ပွားတယ်လို့ ဆိုပါတယ်။ တကယ်တော့ ဘာဝနာပွားတယ်လို့ပဲ ပြောပြော ကမ္မဋ္ဌာန်း စီးဖြန်းတယ်လို့ပဲ ဆိုဆို ဆိုလိုရင်းကတော့ မတရားတဲ့ အားတွေ မဖြစ်အောင် တရားတဲ့အားတွေ ထုတ်ခြင်းပါပဲ။

သေချာတာကတော့ ဒီသမထ ဝိပဿနာ နည်းတစ်မျိုးမျိုးကို အားထုတ်ပြီး နေတဲ့ပုဂ္ဂိုလ်တွေဟာ အားထုတ်နေတဲ့ အခိုက်အတန့်မှာ ကိုယ့်သန္တာန်မှာ မတရားတဲ့ ကိလေသာအားတွေ မဖြစ်ဘဲ တရားတဲ့ အားတွေပဲ ဖြစ်နေတယ်ဆိုတဲ့ အချက်ပါပဲ။

ဒီနေရာမှာ တရားအားထုတ်တဲ့သူများ သတိပြုရမယ့်အချက်က သမထနည်းပဲ ဖြစ်ဖြစ်၊ ဝိပဿနာနည်းပဲဖြစ်ဖြစ် တစ်နည်းနည်းကို အားထုတ်နေရင် တရားတဲ့ အားတွေ ဖြစ်နေပြီး ကိလေသာတွေ ငြိမ်းနေတယ်ဆိုပေမယ့် သမထနည်းက ကြိုးစားရင် ကြိုးစားနိုင်တဲ့အလျှောက် ကိလေသာတရားများကို အတော်ကြာကြာ ခွာထားနိုင်ရုံ လောက်ပဲဖြစ်ပြီး တစ်ချိန်ချိန်မှာ ပေါ်လာတတ်တယ်ဆိုတဲ့ အချက်နဲ့ ဝိပဿနာနည်းကတော့ ဉာဏ်အဆင့်ဆင့် မြင့်သထက်မြင့်လာတာနဲ့အမျှ ကိလေသာ တရားများကို နောက်ထပ်တစ်ခါ ပေါ်လာခွင့်မရအောင် အကြွင်းအကျန်မရှိ အကုန်ပယ်သတ်လိုက်တယ်ဆိုတဲ့ အချက်ပါပဲ။

အချို့က တရားအားထုတ်တာကို ဝိပဿနာ သတိပဋ္ဌာန်ပွားများတယ်လို့ ဆိုပါတယ်။ သတိပဋ္ဌာန်လို့ပဲဆိုဆို၊ ဝိပဿနာလို့ပဲဆိုဆို၊ သတိပဋ္ဌာန် ဝိပဿနာလို့ပဲပြောပြော အဓိပ္ပါယ်ကတော့ စိတ်နဲ့ ရုပ်မှာ ဖြစ်ပေါ်တတ်တဲ့ အာရုံတွေကို မလွတ်တမ်း သတိကပ်နေခြင်း၊ သိနေခြင်းပါပဲ။

တကယ်တော့ ဝိပဿနာ အလုပ်ဆိုတာ ရိပ်သာသွားပြီး အချိန်ပြည့် ထိုင်ပြီးမှ အားထုတ်ရတဲ့ တရားအားထုတ်မှု မဟုတ်ပါဘူး။ နေ့စဉ် လှုပ်ရှားမှုများထဲမှာကိုပဲ လှုပ်ရှားနေတုန်း တရားအားထုတ်နိုင်တဲ့ နည်းတွေ ရှိပါတယ်။

အမှန်တော့ သတိအမှတ်သာ ရှိနေမယ်ဆိုရင် အဲဒီ လှုပ်ရှားမှုတွေကပဲ တရား မှတ်စရာ အမှတ်အာရုံတွေ ဖြစ်နေတာပါ။ တရားရှာ ကိုယ်မှာ တွေ့ဆိုသလို ဘုရားရှင်ကလည်း ခန္ဓာကိုယ်ရဲ့ ဖြစ်သမျှ အနေအထားတွေ အပေါ်မှာ တရားရှာနိုင်ကြောင်း ဟောတော်မူပါတယ်။ ဒါကို မဟာသတိပဋ္ဌာနသုတ်မှာ ဣရိယာပုတ်ကို ဆင်ခြင်နည်းအဖြစ် ဖွင့်ပြထားပါတယ်။

တကယ့်ကို သတိအမှတ်နဲ့သာ မှတ်သိနေမယ်ဆိုရင် လူတိုင်းလူတိုင်းရဲ့နေ့စဉ် လှုပ်ရှား ရုန်းကန်မှုတွေဟာ မှတ်စရာတွေပါပဲ။

တကယ်တော့ မဟာသတိပဋ္ဌာနသုတ်မှာ သတိပဋ္ဌာန် အားထုတ်နည်းလေးမျိုး ပြထားပေမယ့် စိတ်မှာပဲ ဖြစ်ဖြစ် ရုပ်မှာပဲ ဖြစ်ဖြစ်ပေါ်သမျှ အရာ တွေကိုသာ သတိနဲ့ကပ်ပြီး လိုက်သိလိုက် မှတ်ပေးနိုင်ရင် ဝိပဿနာရှုပွားနည်း သတိပဋ္ဌာန် ကျင့်စဉ် တွေကို အမည်တပ်ပေးစရာတောင် လိုမယ် မထင်ပါဘူး။

စိတ်အစဉ်မှာ သတိကပ်ပြီး ထွက်သက် ဝင်သက်ကို ပင်တိုင်ထားလို့ ထင်ရှားရာကို ပြောင်း မှတ် ပေးနေရုံပါပဲ။ နည်းမှန်လမ်းမှန်သာ မှတ်နေမယ်ဆိုရင် မှတ်နေရင်းနဲ့ သူ့အလိုလို သတိပဋ္ဌာန် ကျင့်စဉ်တွေ ဖြစ်နေမှာပါပဲ။

ဒါကြောင့် ဒီနေရာမှာ ပြောချင်တာက မှတ်နေဖို့ပါပဲ။ အမည် နာမတွေ နောက် လိုက်မနေပဲ သမာဓိ၊ ဝီရိယကို မျှတညီညွှတ်အောင် သတိတရား လက်ကိုင်ထားကာ ထွက်သက်ဝင်သက်ကို အခြေခံ အမှတ်အဖြစ် ပိုင်နိုင်အောင် မှတ်ယူရင်း ခန္ဓာကိုယ်နဲ့ စိတ်မှာ ပေါ်လာသမျှ အာရုံများကို ပေါ်စဲပေါ်ခိုက်၊ ဖြစ်စဲဖြစ်ခိုက်မှာ သိအောင် ကြိုးစားမှတ်နေဖို့ပါပဲ။

တစ်ချို့က ရှုမှတ်ရမယ်ဆိုတာ ဘယ်လိုရှုမှတ်ရမယ်ဆိုတာကို သဘောမပေါက်သေးတာ ရှိတတ်ပါတယ်။ ရှုမှတ်တယ်ဆိုတာ စိတ်နဲ့ရုပ်မှာ ပေါ်ပေါ်လာတဲ့ အာရုံလေးတွေကို သူပေါ်တဲ့အတိုင်း သူဖြစ်တဲ့အတိုင်း လိုက်သိပေးနေတာကို ပြောတာပါ။ သူ့အရှိအတိုင်း လိုက်သိနေဖို့ပါပဲ။ တရားမှတ်နေရင်း ပေါ်လာတဲ့ အာရုံကို ကိုယ်သိနေတဲ့ အတိုင်း ထင်ရှားတဲ့ အာရုံတစ်ခုခုကို လိုက်သိပေးနေဖို့ပဲဖြစ်ပါတယ်။ အဲဒါကိုပဲ ရှုမှတ်တယ်လို့ ပြောတာပါ။

ဝေဒနာကိုပဲ ရှုရှု၊ စိတ်ကိုပဲ ရှုရှု၊ ရုပ်ကိုပဲရှုရှု၊ သဘောတရားကိုပဲ ရှုရှု တစ်ခုခုကို အရှိအတိုင်း သိမှတ်နေဖို့ပဲ လိုပါတယ်။

တရားအားထုတ်တယ်ဆိုတာ အမှန်သိမှု သမ္မာဒိဋ္ဌိ ဖြစ်ဖို့ပါပဲ။ အဲဒီလိုဖြစ်ဖို့ရာ ဓမ္မသဘောသက်သက် ဖြစ်ရပါမယ်။

သတိထားနေရင် သိမှုတွေဖြစ်ပေါ်လာတယ်။ သိမှုတွေ ထပ်ကာထပ်ကာ ဖြစ်အောင် ကြောင့်ကြစိုက်ပေးရင် ဒါ ဝီရိယမဂ္ဂင်ပါပဲ။

အာရုံပေါ် စိတ်တွေ တန်းတန်းမတ်မတ် ရောက်သွားတာ၊ စူးစိုက်နေတာ သမာဓိမဂ္ဂင်။

စိတ်၊ စေတသိက်တွေ အာရုံပေါ်ရောက်သွားအောင် ပို့ဆောင်ပေးတာ သမ္မသင်္ကပ္ပမဂ္ဂင်ပါ။

အဲဒီလို သူပို့ဆောင်ချက်ကောင်းရင် ကောင်းသလောက် ဖြစ်သွားရင် သမ္မာဒိဋ္ဌိဖြစ်ပါတယ်။

ရှုမှတ်နေစဉ် ဝိပဿနာရှုတဲ့ စိတ်တစ်ချက်မှာ - ရှုတိုင်း ရှုတိုင်း ပိုင်းခြားသိတာက ဒုက္ခသစ္စာပါ။ သိရတဲ့အာရုံမှာ တပ်မက်မှုကင်းတာက သမုဒယကိုပယ်တာပါ။ သိရတဲ့အာရုံနဲ့စပ်ပြီး ကိလေသာကံ၌ ဘဝသစ်မဖြစ်နိုင်တာက တဒင်္ဂနိရောဓသစ္စာဖြစ်ပါတယ်။ ရှုတိုင်း ရှုတိုင်း သဘောမှန်ကိုသိတာက မဂ္ဂသစ္စာလို့ ရွှေဥမင်ဆရာတော်ကြီး က မိန့်ကြားတော်မူပါတယ်။

ဒါကြောင့် မှတ်နေဖို့သာ အရေးကြီးတယ်လို့ဆိုတာပါ။ အမှတ်တစ်မှတ်ရဲ့တန်ဖိုးဟာ ကြီးမားလှပါတယ်။ ပုဂ္ဂိုလ်ရဲ့အလုပ်က သတိထားနေတာ၊ သတိထားနေရုံပါပဲ။ သတိထားလို့ သတိရှိလာရင် ဓမ္မအလုပ် ဖြစ်သွားပါပြီ။ ဓမ္မအလုပ်ဖြစ်သွားရင် ဓမ္မအလုပ် ဓမ္မလုပ်သွားတာပါပဲ။

သတိရှိနေရင် ဉာဏ်ရှိတယ်။ မှန်ကန်တဲ့ သိမှုတွေက သဘာဝဖြစ်နေတယ်။ အဲဒီလို ဓမ္မဗျာပါရ ဖြစ်သွားမှ ဉာဏ်က သိသင့် သိထိုက်တာ သိတာပါ။ ဓမ္မဗျာပါရ ဖြစ်လာရင် အတင်းကြောင့်ကြစိုက်နေရတဲ့ အနေမျိုး မဖြစ်တော့ပါဘူး။

ကျမ်းကိုး။ ။ ရွှေဥမင်ဆရာတော်ဘုရားကြီး၏ နှုတ်တော်မြွက်ကြားဩဝါဒစကားများ။ အရှင်တေဇနိယ(ရွှေဥမင်)၏ နံနက်ခင်း အသိပေးတရားတော်များ။ အရှင်ဝိစိတ္တ (မနာပဒါယီ) ၏ အခြေခံဝိပဿနာတရားအားထုတ်နည်း တို့မှ မှီငြမ်း မှတ်စုထုတ်ပါသည်။


ဝိပဿနာဆိုတာဘာလဲ (၄)

ဝိပဿနာဘာဝနာ ပွားများအားထုတ်ရာမှာ အရှုခံအာရုံက ရုပ်၊ ခံစားမှု၊ စိတ်၊ သဘော လို့ လေးမျိုးရှိသော်လဲ ရုပ်ကို ရှုမယ်၊ ခံစားမှုကို ရှုမယ် လို့ ရွေးချယ်ဖို့ မလိုပါဘူး။ ရွေးချယ်လို့လဲ မရပါဘူး။ ဘာကြောင့်လဲဆိုတော့ ရှုစိတ်က ကိုယ်ရှုလိုရာ အာရုံဆီ မရောက်ဘဲ ထင်ရှားရာ အာရုံဆီကိုသာ ရောက်တတ်လို့ပါပဲ။ ဥပမာ - နာကျဉ် ကိုက်ခဲ စတဲ့ ပြင်းထန်တဲ့ ဒုက္ခဝေဒနာတွေ ဖြစ်ပေါ်နေတဲ့အခါမှာ မိမိက ဝင်လေထွက်လေကို ဖြစ်စေ၊ ဝမ်းဗိုက်ဖောင်းမှုပိန်မှုကို ဖြစ်စေ ရှုလိုတဲ့အတွက် ရှုစိတ်ကို အဲဒီအာရုံတွေပေါ် တွန်းပို့သော်လဲ မရပါဘူး။

အဲဒီ အာရုံတွေထက်ပိုပြီး ထင်ရှားတဲ့ ဒုက္ခဝေဒနာတွေဆီကိုပဲ ရောက်ရောက်သွားပါတယ်။ ဒါကြောင့် မိမိရှုလိုရာကို ရွေးချယ်ပြီး မရှုရပါဘူး။ ရှုရင် သဘာဝမကျတဲ့အတွက် သမာဓိ မရရုံမျှမကဘဲ စိတ်နဲ့ယောဂီ အားပြိုင်လွန်ဆွဲနေသလိုဖြစ်ပြီး မောလာတတ်ပါတယ်။ ဒီတော့ အားထုတ်လို့ မဖြစ်ပါဘူးဆိုပြီး စိတ်ပျက်သွားတတ်ပါတယ်။

ဒါကြောင့် မိမိရှုလိုရာ အာရုံကို မရွေးဘဲ ရှုနေဆဲ ခဏမှာ ထင်ရှားရာ ထင်ရှားရာ အာရုံကိုသာ အလိုက်သင့် ရှုရပါတယ်။ စူးစိုက် ရှုရပါတယ်။

ရှုတဲ့အခါမှာ ဘယ်လိုရှုရပါသလဲ၊ ဖြစ်ပေါ်နေတဲ့ ရုပ်၊ ဖြစ်ပေါ်နေတဲ့ နာမ်ကို ဖြစ်နေ ရှိနေတဲ့အတိုင်း ရှုသိရပါတယ်။

ပူတာဖြစ်ပေါ်နေရင် ပူနေသမျှ .. ပူတယ်၊ ပူတယ် လို့ ရှုနေရပါတယ်။ အေးနေရင်လဲ အေးတာရှိနေသမျှ .. အေးတယ်၊ အေးတယ် လို့ ရှုနေရပါတယ်။

စိတ်ဆိုးနေရင်လဲ .. စိတ်ဆိုးတယ်၊ စိတ်ဆိုတယ် လို့ စိတ်ဆိုးတာ ရှိနေသမျှ ထပ်ခါတလဲလဲ ရှုနေရပါတယ်။

စဉ်းစားနေရင်လဲ .. စဉ်းစားတယ်၊ တွေးနေရင်လဲ .. တွေးတယ်၊ စိတ်ကူးနေရင်လဲ .. စိတ်ကူးတယ်၊ စိတ်ထဲမှာ တစုံတရာ မြင်နေရင်လဲ .. မြင်တယ် .. စသည်ဖြင့် အဲဒီစိတ်တွေ ဖြစ်နေသမျှ ထပ်ခါထပ်ခါ ရှုနေရပါတယ်။ ဒါဟာ ဖြစ်နေတဲ့ရုပ်၊ ဖြစ်နေတဲ့နာမ်ကို ရှိနေတဲ့အတိုင်း သူ့အရှိသဘာဝအတိုင်း ရှုသိနေခြင်းပါပဲ။

တစ်ချို့က အားထုတ်စမှာ ဖြစ်ပျက် ဖြစ်ပျက်၊ အနိစ္စ ဒုက္ခ အနတ္တ လို့ မရှုရဘူးလားလို့ စောဒနာတက်ပါတယ်။ အားထုတ်စမှာ အဲဒီ ဖြစ်ပျက် စသည်တို့ကို ရှုလို့ မသိသေးပါဘူး။ စိတ်ငြိမ်မှု သမာဓိပင် မဖြစ်သေးပါဘူး။ ရှုတာတောင် မှန်အောင် အချိုးကျအောင် မရှုနိုင်သေးပါဘူး။ ကဘောက်တိ ကဘောက်ချာပဲ ရှုတတ်ပါသေးတယ်။ ရံဖန်ရံခါ အချိုးကျအောင် ကြိုးစားရှုရင်းနဲ့ အသက်ရှုမမှန်ဘဲ မောလာတော့ သက်ပြင်းကြီးချပြီး နားနေရတာမျိုးတောင် ဖြစ်တတ်ပါသေးတယ်။ ဒါနဲ့ စိတ်ပျက် လက်ပျက် ဖြစ်ပြီး ဖြစ်မယ်မထင်တော့ပါဘူး၊ ငါ ပါရမီ မပါဘူးနဲ့ တူပါတယ် လို့ အားလျှော့တဲ့ စိတ်တွေတောင် ဖြစ်တတ် ပါသေးတယ်။ အဲဒီလို အခါမှာ ဖြစ်မှု ပျက်မှု၊ အနိစ္စ ဒုက္ခ အနတ္တတွေ သိနိုင်ဖို့ အဝေးကြီး ရှိပါသေးတယ်။

အဲဒီသဘောတွေကို သမာဓိအားကောင်းခါစမှာတောင် မသိနိုင်သေးပါဘူး။ ဒီသဘောတွေကို သိတာက သမာဓိအား အတော်ကြီးကောင်းတဲ့ တတိယဉာဏ်နဲ့စတုတ္ထဉာဏ်ရောက်မှ သိရပါတယ်။

အဲဒီဉာဏ်အဆင့်တွေမရောက်မီ စိတ် အတော်ကြီး တည်ငြိမ်ပြီး သမာဓိ အားကောင်းတဲ့အတွက် ရှုစိတ်ထဲမှာ ကိလေသာ နီဝရဏတွေ အတော်စင်ကြယ်ပြီး စိတ္တဝိသုဒ္ဓိ ဖြစ်ပါတယ်။ စိတ်စင်ကြယ်မှ နာမ်ရုပ် ပိုင်းခြား သိပြီး နာမရူပ ပရိစ္ဆေဒဉာဏ် ဖြစ်ပါတယ်။

တိုးတက်ရှုလို့ ပိုပြီး သတိ သမာဓိ အားကောင်းလာတော့ ရုပ်နာမ်တို့ရဲ့ အကြောင်းအကျိုးကိုသိတဲ့ ပစ္စယပရိဂ္ဂဟဉာဏ် ဖြစ်ပါတယ်။

အဲဒီနောက်မှပဲ အနိစ္စ ဒုက္ခ အနတ္တကို သိတဲ့ သမ္မသန(တတိယ)ဉာဏ်၊ ဖြစ်ပျက်သိတဲ့ ဥဒယဗ္ဗယ(စတုတ္ထ) ဉာဏ် ဖြစ်ပါတယ်။

ဒါကြောင့် အားထုတ်စမှာ ဖြစ်ပျက်လို့ ဖြစ်စေ၊ အနိစ္စ ဒုက္ခ အနတ္တ လို့ ဖြစ်စေ၊ ရှုရင် စိတ်က ရွတ်ဆိုရုံမျှ ဆင်ခြင်ရုံမျှပဲ ရှိပါတယ်။ ဝိပဿနာဉာဏ် မဖြစ်ပါဘူး။

သို့သော်လဲ ရှေးရှေးဘဝတွေမှာ ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်ခဲ့လို့ သတိ သမာဓိ ဉာဏ်ပါရမီ အားကောင်းနေပြီဖြစ်တဲ့ ဉာဏ်ထူးရှင်များဆိုရင်တော့ အားထုတ်စ ခဏအတွင်းမှာပဲ သမာဓိအားကောင်း လာပြီး အနိစ္စ ဒုက္ခ အနတ္တသဘော၊ ဖြစ်ခြင်း ပျက်ခြင်း သဘောတွေ သိမြင်လာနိုင်ပါတယ်။

ဒီလို ပုဂ္ဂိုလ်ထူးများတော့ အားထုတ်စမှာပဲ ဖြစ်ပျက် ဖြစ်ပျက် လို့ ဖြစ်စေ ၊ အနိစ္စ ဒုက္ခ အနတ္တ လို့ဖြစ်စေ ရှုရင် သင့်လျော်ဖွယ် ရှိပါတယ်။

သို့သော်လဲ ဒီလိုပုဂ္ဂိုလ်မျိုးကတော့ တထောင်မှာ တယောက် ရှိဖို့ ခဲယဉ်းပါတယ်။

အနည်းဆုံး တမဂ်တဖိုလ် ရပြီးတဲ့ အရိယာ ပုဂ္ဂိုလ်များတော့ ရှုလျှင်ရှုချင်း အဖြစ်အပျက်ကို စသိကြောင်း ဝိသုဒ္ဓိမဂ်အဋ္ဌကထာမှာ ပြဆိုထားတယ်လို့ သိရပါတယ်။

သတိပဋ္ဌာန်ဆိုတာ ထင်ရှားရာရုပ်၊ ထင်ရှားရာ နာမ်ကို သူ့အရှိသဘာဝအတိုင်း သတိဦးစီးတဲ့စိတ်နဲ့ ရှုရတာပါ။ ရုပ်နာမ်ဆိုတာ ဘာကို ဆိုလိုမှန်းမသိတဲ့ ပုဂ္ဂိုလ်များအတွက်တော့ ခန္ဓာကိုယ်နဲ့စိတ်မှာ ဖြစ်နေတဲ့သဘောတွေ ကို ဖြစ်နေတဲ့အတိုင်း သတိနဲ့စောင့်ရှုနေခြင်းဟာ သတိပဋ္ဌာန် ဝိပဿနာပါပဲ။ ထင်ထင်ရှားရှား ဖြစ်ပေါ်နေဆဲ ရုပ်၊ ဖြစ်ပေါ်နေဆဲ နာမ်ကို သတိနဲ့ စူးစူးစိုက်စိုက် ရှုသိနေရုံပါပဲ။

သို့သော်လဲ လုံးဝအားမထုတ်ဖူးသေးတဲ့ ပုဂ္ဂိုလ်အတွက် ဖြစ်ပေါ်ရာကို လိုက်ရှုရမယ်ဆိုတာ သိပေမယ့် ရှုစမှာ ဟိုဟာ ရှုရမလိုလို၊ ဒီဟာ ရှုရမလိုလိုနဲ့ ယောင်ဝါးဝါးဖြစ်ပြီး အခက်တွေ့တတ်ပါတယ်။

ဒါကြောင့် လက်ဦးမှာ ထင်ရှားတဲ့ ပင်တိုင်အာရုံ တစ်ခုကို စပြီး ရှုစေရပါတယ်။ လေဝင်တိုင်း ထွက်တိုင်း အထက်နှုတ်ခမ်းဖျားမှာ ဖြစ်စေ၊ နှာခေါင်းဝမှာဖြစ်စေ၊ ထိထိသွားပါတယ်။ အဲဒီ အထိ(ဝါယောဖောဋ္ဌဗ္ဗ) ကိုဖြစ်စေ၊ အသက်ရှုတိုင်း၊ ရှိုက်ထုတ်တိုင်း ဝမ်းဗိုက်မှာ ဖြစ်ပေါ်တဲ့ လေလှုပ်ရှားမှု ဝါယောရုပ်ကို ဖြစ်စေ ပင်တိုင် အာရုံအဖြစ် ရှုနိုင်ပါတယ်။

ချက်တဝိုက် ဝမ်းဗိုက်က ဖောင်းကြွလှုပ်ရှားလာတော့ ဖောင်းတယ် လို့ စိတ်က ဆိုပြီး ရှုရပါတယ်၊ ပိန်ကျသွားတော့ ပိန်တယ် လို့ စိတ်ကဆိုပြီး ရှုရပါတယ်။ နှုတ်က အသံထုတ်ပြီး မဆိုရပါဘူး။

ရှုတယ်ဆိုတာ ဖောင်းကြွလှုပ်ရှားမှု ပိန်ကျလှုပ်ရှားမှုကို သတိဦးစီးတဲ့ စိတ်နဲ့ စူးစူးစိုက်စိုက်ကလေး သိလိုက်တာပါပဲ။ ဒါကို သဘောပေါက်ဖို့ အရေးကြီးပါတယ်။

ဝမ်းဗိုက်မှာ တည်တဲ့ တွန်းကန်လှုပ်ရှားမှု ဝါယောကို ရှုတာဟာ မဟာသတိပဋ္ဌာနသုတ်၊ ဓာတ်ကြီးလေးပါးကို ရှုပုံပြတဲ့ ဓာတုမနသိကာရ ပဗ္ဗ ဒေသနာတော်နှင့်လဲ ညီညွတ်ပါတယ်။

သဘာဝရုပ်မှန်ရင် ဘယ်ရုပ်ကိုမဆို ရှုသိရမှာချည်းပါပဲ။ လောကမှာ မရှုရမည့် သဘာဝရုပ်ဆိုတာ မရှိပါဘူး။ နာမ်မှာလဲ ထို့အတူပါပဲ။ မဂ်စိတ် ဖိုလ်စိတ်မှတပါး မရှုရမယ့် နာမ်တရား မရှိပါဘူး။ ဒီရုပ်နာမ်တွေကို မရှုရင် သာယာတပ်မက်စွဲ၊ အသိအမြင်မှားစွဲတွေ စွဲလမ်းတော့တာပါပဲ။ ရှုမိတဲ့ ရုပ်နာမ်ပေါ်မှာတော့ မစွဲလမ်းပါဘူး။

ဒါကြောင့် အဲဒီလိုမစွဲလမ်းဖို့ရာ အစွဲကင်းဘို့ရာ ဝမ်းဗိုက်ရဲ့ ဖောင်းမှု ပိန်မှုဆိုတဲ့ တွန်းကန်ရွေ့ရှားမှု ဝါယော ကို ရှုရတာပါပဲ။

ဒီနေရာမှာ ဖောင်းတယ် ပိန်တယ် ဆိုတဲ့ စကားလုံး ပညတ်၊ ဝေါဟာရ ပညတ်ကို ရှုရမှာ မဟုတ်ဘူးဆိုတာ အထူး သတိပြုရပါမယ်။ ဖောင်းတယ် ပိန်တယ် ဆိုတဲ့ စကားဟာ ရုပ်လဲ မဟုတ်၊ နာမ်လဲ မဟုတ်ပါဘူး။ ဒါကြောင့် ဝိပဿနာရှုရမယ့် ပရမတ်တရား မဟုတ်ပါဘူး။ သူဟာ ပညတ်ပါ။ တွန်းကန် ရွေ့ရှားသဘောကို မှတ်သားထားတဲ့ စကားလုံး ဝေါဟာရပညတ်၊ သင်္ကေတ ပညတ်၊ နာမပညတ်မျှပါပဲ။ ကျမ်းဂန်များမှာ တဇ္ဇာပညတ်လို့ သုံးကြပါတယ်။ ဒါကြောင့် ဒီစကားလုံးပညတ် တဇ္ဇာပညတ်ကို ရှုလို့မရပါဘူး။ မြတ်စွာဘုရားကလဲ ဖောင်းတယ် ပိန်တယ် ဆိုတဲ့ စကားလုံးကိုဖြစ်စေ၊ ဝါယော ဆိုတဲ့ စကားလုံးကို ဖြစ်စေ ရှုဖို့ ညွှန်ကြားတော် မမူခဲ့ပါဘူး။

အဲဒီ ဖောင်းတယ် ပိန်တယ် ဆိုတဲ့ စကားလုံး နဲ့ ခေါ်ဝေါ်မှတ်သားထားတဲ့ တွန်းကန်ရွေ့ရှားသဘော ပရမတ်ဝါယောကိုသာ ရှုသိနေရမှာ ဖြစ်ပါတယ်။ မြတ်စွာဘုရားကလဲ ပရမတ္တသဘာဝကို ရှုသိဖို့ပဲ မိန့်တော်မူပါတယ်။ ဒါကြောင့် စိတ်အဆို စကားလုံးပေါ်မှာ ရှုစိတ်ကို တင်မနေစေဘဲ တွန်းကန်ရွေ့လျားစေတဲ့ သဘာဝကို ထိထိမိမိ သိအောင် ရှုဖို့လိုပါတယ်။

အားထုတ်ခါစမှာ ရှုစိတ် အရှုခံသဘာဝပေါ် တိတိကျကျ ရောက်အောင် စကားလုံးက အကူအညီ ပေးရုံမျှပါပဲ။ တရားရင့်လာလို့ စကားလုံးမပါဘဲနဲ့ အရှုခံ သဘာဝကို ရှုစိတ်က သေသေချာချာ ရှုသိလာနိုင်ရင် ဖောင်းတယ် ပိန်တယ် အစရှိတဲ့ စိတ်အဆို စကားလုံးတွေ မလိုအပ်တော့ပါဘူး။ အရှုခံအာရုံကို ရှုစိတ်နဲ့ သိရုံမျှနဲ့ ကိစ္စပြီးပါပြီ။

တရားတကယ်ရင်လာ အားကောင်းလာတော့ စိတ်အဆိုတွေပါနေရင် ရှုသိရတာ ချောချောမောမော မရှိဘဲ ကြားထဲက ခုခုနေသလိုတောင် ဖြစ်တတ်ပါသေးတယ်။ ကျနော်ကိုယ်တိုင်လည်း စရှုမှတ်ရာမှာ အသက်ရှုသွင်း ရှုထုတ်လိုက်တိုင်း ဖောင်းတယ် ပိန်တယ် လို့ ပဲမှတ်လာခဲ့ပေမယ့် မှတ်လာတာကြာလာတဲ့အခါ ဖောင်းတယ် ပိန်တယ် စိတ်အဆိုနဲ့ ထောင့်နေတဲ့အတွက် စိတ်ကဆိုနေတဲ့ ဖောင်းတယ် ပိန်တယ် ဆိုတာကို မမှတ်တော့ပဲ၊ အသက်ရှုသွင်းလိုက်တိုင်း ဝမ်းဗိုက်ဖောင်းလာမှု၊ ရှုထုတ်လိုက်တိုင်း ဝမ်းဗိုက်ပိန်သွားမှုသဘော လေးကို စိတ်ကနေလိုက်မဆိုတော့ပဲ၊ သိရုံလေး သိပေးနေလိုက်တဲ့အခါ အဆင်ပြေပြေနဲ့ဆက်လက်မှတ်လို့ ရသွားခဲ့တာ ကိုယ်တွေ့ပါပဲ။

ဒီလိုဆိုရင် စိတ်အဆို တဇ္ဇာပညတ် မပါဘဲ အရှုခံအာရုံကို ရှုသိစိတ်က သိရုံလေး သိနေရင် မပြီးဘူးလားလို့ မေးစရာရှိပါတယ်။ အရှုခံအာရုံကို စူးစူးစိုက်စိုက် သိနေရင် ပြီးပါတယ်။ သို့သော်လဲ သိတယ်ဆိုတာ စိတ်တည်ငြိမ်မှု သမာဓိအားကောင်းမှ သိပါတယ်။ သမာဓိအားကောင်းဘို့က ရှုသိစိတ် အားကောင်းဖို့ လိုပါတယ်။

ရှုသိစိတ် အားကောင်းဘို့ စိတ်အဆို တဇ္ဇာပညတ် ကူပေးရပါတယ်။ သူမကူရင် ရှုသိစိတ် ပေါ့လျှံလျှံကလေး ဖြစ်နေတော့ စူးစိုက်အား မကောင်းတဲ့အတွက် စိတ် ခဏခဏလွင့်လို့ သမာဓိ အားမကောင်းနိုင်ပါဘူး။ ဒါကြောင့် ရှုသိစိတ် အားကောင်းအောင် စိတ်အဆို တဇ္ဇာပညတ် ကူပေးရပါတယ်။

ဖောင်းတယ် ပိန်တယ် ဆိုတာက စိတ်အဆို စကားလုံးပညတ်၊ ဝေါဟာရပညတ်၊ တဇ္ဇာပညတ်ပါ။ တွန်းကန်ရွေ့ရှားသဘောသာလျှင် ရှုသိရမယ့် ပရမတ္တသဘာဝလို့ ရှင်းရှင်းလင်းလင်း ခွဲခြားသိဖို့လိုပါတယ်။

အဲဒီလို ခွဲခြားမသိရင် စကားလုံးပညတ်နဲ့ ပရမတ္တသဘာဝ ရောသွားပြီး ဖောင်းတာ ပိန်တာ ရှုဖို့ ဘုရားဟော မရှိပါဘူးလို့ အယူအဆ တိမ်းယိမ်းသွားတတ်ပါတယ်။

မှန်ပါတယ်၊ ဖောင်းတယ် ပိန်တယ် ဆိုတဲ့ စကားလုံးကိုဖြစ်စေ၊ အာနာပါန ရှုမှတ်ရာမှာ ထွက်လေ ဝင်လေ ဆိုတဲ့ စကားလုံးကို ဖြစ်စေ ရှုမှတ်ဖို့ မြတ်စွာဘုရား ဟောတော်မမူခဲ့ပါဘူး။

အဲဒီ ဝေါဟာရ စကားလုံးတွေနဲ့ ခေါ်ဝေါ်မှတ်သားရတဲ့ တောင့်တင်း တွန်းကန် လှုပ်ရှား သဘာဝကိုသာ ရှုဖို့ ဟောတော်မူခဲ့ပါတယ်။

ဒါကြောင့် ရှုသူတွေကလဲ ရှုစိတ် အရှုခံသဘာဝပေါ် သေသေချာချာရောက်အောင် ဖောင်းတယ် ပိန်တယ် လို့ အကူအညီရရုံမျှ စိတ်က ဆိုသော်လဲပဲ ရှုတာကတော့ တောင့်တင်းတွန်းကန် လှုပ်ရှားသဘော ပရမတ်ဝါယောကိုသာ ရှုတာပါပဲ။

ဒါကြောင့်လဲ ကျနော်အထက်မှာ ပြောခဲ့သလို ဖောင်းတယ် ပိန်တယ် မှတ်တာလေးကြာလာလို့ မှတ်ရတာ ထောင့်လာတဲ့အခါ ဖောင်းတယ် ပိန်တယ်ဆိုတဲ့ စိတ်အဆိုကို မမှတ်တော့ပဲ အသက်ရှုသွင်းလိုက်တိုင်း ဝမ်းဗိုက်ဖောင်းလာမှု ၊ ရှုထုတ်လိုက်တိုင်း ဝမ်းဗိုက်ပိန်သွားမှုလေး ကိုသာ စူးစိုက်အာရုံပြုပြီး ဖောင်းသွား ပိန်သွားတာလေးကို သိရုံလေးသာ သိပေးလိုက်တဲ့အခါ (တစ်နည်း - ပရမတ်ဝါယောကိုသာ မှတ်ယူလိုက်တဲ့ အခါ) အဆင်ပြေသွားခဲ့ဖူးတယ်လို့ပြောတာပါ။ အဲဒီ သဘောတရားကို ခွဲခွဲခြားခြားသိဖို့ လိုပါတယ်။

ဝမ်းဗိုက်ရဲ့ ရှေ့ဘက် တွန်းကန် ရွေ့ရှားမှု၊ နောက်ဘက် တွန်းကန်ရွေ့ရှားမှုဆိုတဲ့ ဖောင်းသဘာဝ ပိန်သဘာဝဟာ အသက်ရှင်နေသမျှ သတ္တဝါရဲ့သန္တာန်မှာ အမြဲရှိနေလို့ တခြားရုပ်နာမ် ရှုစရာမရှိရင် ရှုဖို့ ပင်တိုင် အရှုခံ အာရုံအဖြစ်သာ ပေးထားခြင်းဖြစ်ပါတယ်။ သူ့ကိုချည်း အမြဲတွယ်ကပ်ပြီး ရှုနေရမှာ မဟုတ်ပါဘူး။

တခြား ရုပ်ဖြစ်စေ နာမ်ဖြစ်စေ ထင်ထင်ရှားရှားဖြစ်ပေါ်လာရင် ဖောင်းမှု ပိန်မှုကို လွှတ်ပြီး အဲဒီ ထင်ရှားတဲ့ ရုပ် ထင်ရှားတဲ့ နာမ်ကိုပဲ ရှုရပါမယ်။ အဲဒီ ရုပ်နာမ် ချုပ်ပျောက်သွားမှဘဲ ပင်တိုင် အာရုံဖြစ်တဲ့ ဖောင်းမှု ပိန်မှုကို ပြန်ရှုရပါမယ်။

ဖောင်းမှု ပိန်မှုဟာ ရှုစရာ ရုပ်ခန္ဓာ နာမ်ခန္ဓာတွေထဲက အရှုခံရုပ်သဘာဝ တခုမျှသာပါပဲ။ တခြားရုပ် တခြားနာမ် တွေထက် သူက ဘာမျှ ပိုမထူးခြားပါဘူး။ လူမသေသေးသမျှ သူက အမြဲရှိနေလို့သာ ပင်တိုင်ရှုစရာ အာရုံအဖြစ် သူ့ကို သတ်မှတ် ပေးထားရုံမျှပဲလို့ သဘောပေါက်ဖို့ လိုပါတယ်။

ဆက်လက်ဖော်ပြပါမည်။

မှတ်ချက်။ ။ ချမ်းမြေ့ဆရာတော်၏ သတိပဋ္ဌာန်ဝိပဿနာ အားထုတ်ပုံမှ ဆီလျော်အောင် ပြန်လည် မှတ်စုထုတ်ဖော်ပြပါသည်။


ဝိပဿနာဆိုတာဘာလဲ (၅)

ဝိပဿနာအားထုတ်ရာမှာ အားထုတ်မယ့်စိတ် အားထုတ်နေတဲ့ စိတ်က တရားစိတ်ကုသိုလ်စိတ်ဖြစ်ဖို့ အရေးကြီးပါတယ်။ တရားကို မှန်မှန်ကန်ကန် အားထုတ်တတ်ဖို့ အရေးကြီးပါတယ်။ မှန်ကန်တဲ့ အယူအဆတွေ ကြားဖူးရမယ်။ ဗဟုသုတ ရှိရမယ်။ အဲဒီတော့မှ နှလုံးသွင်းမှန်ပါမယ်။ နှလုံးသွင်းမှန်ပြီဆိုမှ အားထုတ်ရပါမယ်။

ကုသိုလ်မှန်သမျှ ကုသိုလ်စိတ်တွေ မှန်သမျှ ယောနိသော မနသိကာရက အနီးဆုံးအကြောင်းပါ။

ဗဟုသုတမရှိရင် အတွေးအခေါ်တွေ မမှန်နိုင်ပါဘူး။ မှန်ကန်တဲ့ ဗဟုသုတတွေ ရထား ကြားထားမှ မှန်ကန်တဲ့ အတွေးအခေါ်တွေ တွေ့နိုင်ပါတယ်။ အယူအဆ အတွေးအခေါ်မှန်ဖို့ အရေးကြီးပါတယ်။

ဝီရိယနဲ့ အားစိုက်ပြီး အားထုတ်တာက ဉာဏ်မပါလို့ရှိရင် လွဲတတ်ပါတယ်။ ဝီရိယဆိုတာ ကောင်းအောင် လုပ်နေရင်လည်း သူပါရတာပဲ။ ဆိုးအောင် လုပ်နေရင်လည်း သူပါရတာပါပဲ။

ဝီရိယနဲ့ တစ်နေ့လုံး အားထုတ်နေတာ တလွဲကြီးဖြစ်နေရင် မတရားကြီး အားထုတ်မိနေရင် နစ်နာပါတယ်။

အဲဒါကြောင့် အယူအဆမှန်ဖို့၊ သဘောထားမှန်ဖို့၊ လောဘနဲ့ အားမထုတ်ဖြစ်ဖို့၊ ဒေါသနဲ့အားမထုတ်ဖြစ်ဖို့၊ မောဟနဲ့ အားမထုတ်ဖြစ်ဖို့ အရေးကြီးပါတယ်။

ဝီရိယမှာ မိစ္ဆာဝီရိယ ရှိပါတယ်၊ မိစ္ဆာဝါယာမ၊ မိစ္ဆာဝီရိယ၊ လောဘ ဒေါသ မောဟနဲ့ အားထုတ်တာ မိစ္ဆာဝီရိယ လို့ ခေါ်ပါတယ်။

လိုချင်စိတ်နဲ့ အားထုတ်တယ်၊ ဖြစ်ချင်စိတ် ရချင်စိတ်တွေ ဒါတွေဟာ လောဘသဘာဝတွေပါ။ သူက လိုလား မလိုလား မသိဘူး။ ကောင်းလား ဆိုးလား မသိဘူး၊ လုပ်ချင်တာပဲ သိတယ်။ အဲဒါ လောဘရဲ့သဘာဝပါ။

လောနေတယ်၊ ဖြစ်ချင်နေတယ်၊ လိုအပ်သလား မလိုအပ်ဘူးလား မသိဘူး၊ သူက လိုချင်တာပဲ သိတယ်၊ လိုအပ်တာ မသိဘူး။ အဲဒါ လောဘရဲ့ သဘာဝပါပဲ။

ဝီရိယပြင်းထန်စွာနဲ့ အားမထုတ်နဲ့ ပြောတာမဟုတ်ပါဘူး။ အားထုတ်ပါ၊ သို့ပေမယ့် မှန်မှန်ကန်ကန် အားထုတ်တတ်ဖို့ အရေးကြီးပါတယ်။ အားထုတ်တာ ကျွမ်းကျင်ပြီဆိုမှ လုပ်ချင် သလောက် လုပ်လို့ရပါတယ်။

ဝီရိယရဲ့ သဘာဝက တကယ်တမ်း ပြောရင် အကုသိုလ် မဖြစ်အောင် ကြိုးစားတာ ဝီရိယ။ အကုသိုလ်ကို ဖြစ်ခွင့်မပေးဖို့ ကြိုးစားနေတာ ဝီရိယ၊ သမ္မပ္ပဒါန် လုံ့လဝီရိယလေးပါးပါ။

မဖြစ်သေးတဲ့ အကုသိုလ်တွေ မဖြစ်ရအောင်၊ ဖြစ်ပြီးသား အကုသိုလ်တွေလည်း ငြိမ်းသွားအောင်၊ မဖြစ်သေးတဲ့ ကုသိုလ်တွေ ဖြစ်အောင်၊ ဖြစ်ပြီးသား ကုသိုလ်တွေလည်း ဆထက်ထမ်းပိုးတိုးပွားလာအောင် ကြိုးစားနေတာ ဝီရိယပါ။ အဲဒါကို သဘောထားမှန်မှန်နဲ့ နားလည်ပြီး လုပ်ရမှာပါ။

လူတွေက နားလည်ချင်ကြတယ်။ ဉာဏ်ဖြစ်ချင်ကြတယ်။ ဉာဏ်အကြောင်း ပြောပြီဆို ဉာဏ်ဖြစ်ချင်ကြတယ်။ ဉာဏ်မဖြစ်ရင် နေပါဦး၊ ကိလေသာမပွားရင် ရပါတယ်။ ဉာဏ်ဖြစ်ဖို့က အကြောင်းစုံမှ ဖြစ်တာပါ။ လိုချင်တိုင်း မဖြစ်ပါဘူး၊ ဉာဏ်မဖြစ်ရင်တောင် ကိလေသာမဝင်ရင်၊ ကိလေသာတွေ ပါးရင် ရပါပြီ။

ဉာဏ်ဖြစ်ချင်နေတယ်။ အဲဒီ ဉာဏ်ဖြစ်ချင်နေတဲ့ လောဘပါနေလို့ကို ဉာဏ်ကမဖြစ်တော့။ တကယ် ဉာဏ်ဖြစ်တဲ့အချိန်က ဘယ်အချိန်မှာ ဉာဏ်ဖြစ်တတ်လဲဆိုရင် လောဘမရှိတဲ့အချိန်မှ ဖြစ်တာပါ။ ဘာမှ မမျှော်တဲ့ အချိန်မှာ၊ ရိုးရိုးလေး ဖြစ်တဲ့ အချိန်မှာ သဘောပေါက်တတ်ပါတယ်။

တစ်ခါတလေ ထိုင်နေတာ တစ်နာရီလုံးလုံး မဲပြီးတော့ ဇောကပ်ပြီး လုပ်နေတာ၊ အားထုတ်နေတာ။ အချိန်ပြည့်လို့ လျှော့လိုက်ပြီဆိုမှ သဘောပေါက်သွားတာတွေ ရှိပါတယ်။ ဘာလို့လဲ၊ လောဘဇော ကျသွားလို့၊ အားထုတ်တာတွေကို လျှော့လိုက်တော့မှ ခုနက အားထုတ်ထားတဲ့ အရှိန်ကလည်း ရှိတယ်၊ လောဘဇောကလည်း ကျသွားတယ်၊ သတိကလည်း ဆက်နေတယ်၊ သမာဓိကလည်း ဆက်နေတယ်။ လောဘလေး လျှော့လိုက်တာနဲ့ အသိဉာဏ်က ဝင်လာတယ်။ အပြောင်းအလဲလေးမှာ သဘောပေါက်တာ။ အဲဒါလေး တစ်ခါနှစ်ခါလောက် သဘောပေါက်သွားပြီဆိုရင် အသိဉာဏ်ဖြစ်အောင် ဘယ်လိုနေရမလဲ ဆိုတာ နားလည်လာပါလိမ့်မယ်။ ဖြစ်ချင်တိုင်း မဖြစ်ပါဘူး။

လိုချင်နေရင်၊ ဖြစ်ချင်နေရင်၊ လောဘပါနေတယ်ဆိုရင် မသက်သာဘူး။ လှုပ်ရှားနေမှာပဲ၊ တင်းနေမှာပဲ၊ လောနေမှာပါပဲ။ အေးအေးလေး ဘာမှမလိုချင်နဲ့။ ဘာမှလည်း မဖြစ်ချင်နဲ့၊ ဉာဏ်နဲ့ အမှန်အတိုင်း သိချင်စိတ်ပဲ ရှိပါတယ်။

အမှန်ကို အမှန်အတိုင်း သိချင်တဲ့ သဘောထား ဖြစ်ရမယ်။ အရမ်းကြီး သိချင်နေရင် မငြိမ်တော့ပါဘူး။

ဘယ်လိုနှလုံးသွင်းရမလဲ၊ ဖြစ်နေတဲ့ ဓမ္မသဘာဝတွေအားလုံး ရုပ်မှာဖြစ်သမျှ၊ စိတ်မှာဖြစ်သမျှ အားလုံးဟာ ဓမ္မသဘာဝတွေပါ။ သဘာဝတရားတွေပဲလို့၊ ဒါမှ မဟုတ်ရင် အသိခံရတဲ့ အာရုံတရားတွေပဲ။ ကောင်းတာလည်း မဟုတ်ဘူး၊ ဆိုးတာလည်း မဟုတ်ဘူး၊ သဘာဝဟာ သဘာဝပဲ၊ ကိုယ်နဲ့လည်း မဆိုင်ဘူး၊ ပုဂ္ဂိုလ် သတ္တဝါလည်း မဟုတ်ဘူး။

ဖြစ်နေတာ ကိုယ်နဲ့မဆိုင်ဘူး၊ ဖြစ်ချင်တာ ဖြစ်ပါစေ၊ ဖြစ်စရာအကြောင်းရှိလို့ ဖြစ်နေတာ၊ ဖြစ်နေတာ သူ့အကြောင်းနဲ့ သူ့အကျိုးနဲ့ သူ့သဘာဝနဲ့သူ ဖြစ်နေတာ။ အဲဒီလို နှလုံးသွင်းနိုင်ရင် သမာဓိဖြစ်ပါပြီ။

လိုချင်တာလည်း မရှိတော့ဘူး၊ မကျေနပ်တာလည်း မရှိတော့ဘူး၊ လောဘ ဒေါသ ကင်းနေရင် သမာဓိပါ။

ဘာကြောင့်လဲ .. အယူအဆမှန်နေလို့ပါ။ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပရှိရင် စိတ်က ငြိမ်းချမ်းနေပါတယ်။ အဲဒီ ကျတော့မှ ဉာဏ်နဲ့ စောင့်ကြည့်ရတာပါ။

တရားအားထုတ်တဲ့နေရာမှာ ဉာဏ်ရှိကို ရှိရပါလိမ့်မယ်။ ဘာဉာဏ်တွေ ရှိရမှာလဲ။ ဗဟုသုတဉာဏ် ကြားဖူးနားဝ။ မှန်ကန်တဲ့ ဗဟုသုတတွေကို ကြားဖူးထားတဲ့ ဉာဏ် ရှိရမယ်၊ စဉ်းစားနိုင်တဲ့ ဉာဏ် ရှိရပါမယ်။

အဲဒီဉာဏ်တွေ အလုပ်လုပ်မှ သဘောပေါက်တဲ့ ဉာဏ်တွေ လာမှာပါ။ အနည်းဆုံးတော့ ဗဟုသုတဉာဏ် ရှိကိုရှိရပါတယ်။

ဉာဏ်မရှိလို့ကတော့ မောဟနဲ့ အားထုတ်နေပြီးတော့ တရားအားထုတ်နေရင်းနဲ့ လောဘဖြစ်လိုက် ဒေါသဖြစ်လိုက် ဖြစ်လာပါလိမ့်မယ်။

ဗဟုသုတဉာဏ် စဉ်းစားဉာဏ်နဲ့ တွဲပြီး အားထုတ်ရပါမယ်။ အဲဒါကို သတိသမ္ပဇညလို့ ပြောပါတယ်။ သတိသမ္ပဇညဉာဏ်ယှဉ်၍ ဆိုတာက သတိ တစ်လုံးတည်းနဲ့ မလုံလောက်ပါဘူး။ ထားနေရုံနဲ့ မလောက်ပါဘူး။

တရားအားထုတ်နေတယ်ဆိုတာ စိတ်အလုပ်ပါ။ ဖြစ်အောင်လည်း မလုပ်ရဘူ၊ ပျက်အောင်လည်း မလုပ်ရဘူး။ ဖြစ်တိုင်း ပျက်တိုင်းလည်း မမေ့ရဘူး။ မမေ့တာ သတိပါ။ အားစိုက်တာ ပြောတာ မဟုတ်ပါဘူး။ ဝီရိယနဲ့ အားစိုက်ပြီးထားတဲ့ သတိက စဉ်းစားတာတွေကို ပိတ်ပစ်လိုပါတယ်။ ဒါကြောင့် စိုက်မရှုနဲ့လို့ ပြောတာပါ။

သတိက မမေ့တာပါပဲ၊ သတိရှိနေတယ် ဖြစ်နေတာတွေကို သိနေတယ်ဆိုရင် သတိရှိနေပါတယ်။

ရှုတဲ့စိတ်ဘက်က ဖြစ်ချင်တာတွေ လိုချင်တာတွေ စိုးရိမ်တာတွေ ကြောက်နေတာတွေ။ တစ်ခုခုများ အောင်းနေတယ်ဆိုရင် ဉာဏ်မလာတော့ပါဘူး။

အဲဒီ ကိလေသာတွေက ရှုတဲ့စိတ်ဘက်မှာ ရှိတတ်ပါတယ်။ ကိလေသာတွေက အားတွေ အများကြီး ထုတ်သုံးပါတယ်။

လိုချင်ရင် အားတွေ အများကြီး စိုက်တယ်၊ စိုးရိမ်ရင် အားတွေ အများကြီး စိုက်တယ်၊ ကြောက်ရွံ့ရင် အားတွေ အများကြီး စိုက်တယ်။

ဒါကြောင့် စူးစိုက်ရှုတာတွေကို လျှော့လိုက်ပါ။ ကိလေသာတွေ ပါနေတတ်လိုပါပဲ။

အဲဒီတော့ ဘာလုပ်ရမှာလဲ။ အယူအဆမှန်မှန်နဲ့ သတိစွဲမြဲဖို့ပဲ ကြိုးစားပါ။ စောင့်ကြည့်နေရုံပါပဲ။ မြင်နေတယ် သိနေတယ်ဆိုရင် ပြီးပါပြီ၊ လုံလောက်တယ်၊ ကြာကြာသိနေဖို့ အရေးကြီးပါတယ်။

ယောဂီကြိုးစားရမှာက အယူမှန်ဖို့ ကြိုးစားရပါမယ်။ သတိစွဲမြဲဖို့ ကြိုးစားရပါမယ်။ နှလုံးသွင်းမှန်ဖို့ ကြိုးစားနေရပါတယ်။ ဒါယောဂီအားထုတ်ရမယ့် အပိုင်းပါ။

တရားအသိအမြင်တိုးပွားကြပါစေ။

မှတ်ချက်။ ။ အရှင်တေဇနိယ၏ နံနက်ခင်းအသိပေးတရားတော်များမှ ဆီလျော်သလို ပြန်လည်စုစည်း မှတ်စုထုတ်ပါသည်။


ဝိပဿနာဆိုတာဘာလဲ (၆)

ဝိပဿနာရှုပွားအားထုတ်ရာမှာ တချို့က အဘိဓမ္မာသဘော၊ ပဋိစ္စသမုပ္ပါဒ်သဘောတွေကို အကျယ်အားဖြင့် မသိယင် တရားအားထုတ်လို့မရနိုင်ဘူးလို့ ထင်မှတ်ပြီး အားလျော့သွားတတ်ပါတယ်။

စူဠတဏှာသင်္ခယသုတ်ကို ထောက်ဆသောအားဖြင့် အဘိဓမ္မာကျမ်းဂန်သဘော၊ ပဋိစ္စသမုပ္ပါဒ်သဘော တွေကို အကျယ်အားဖြင့် မသင်ကြားဖူးသော်လည်း ရုပ်နာမ်မျှ၊ အနိစ္စ ဒုက္ခ အနတ္တသဘောတရားမျှပဲလို့ ဒါလောက် ကြားဖူးနာဖူးရင်လည်း တရားအားထုတ်နိုင်ပါတယ်။

နောက်ပြီးတော့ ပဋိစ္စသမုပ္ပါဒ်ဆိုရာမှာလည်း အကြောင်းနဲ့အကျိုးမျှ ရှိတယ်။ ပုဂ္ဂိုလ်သတ္တဝါရယ်လို့ စင်စစ်အားဖြင့် မရှိဘူးလို့ ဒီလောက်သိထားဖို့ လိုပါတယ်။

ဒေသနာတော်အရ အင်္ဂါ၁၂ပါး၊ အခြင်းအရာ ၂ဝ တို့ဆိုတဲ့ အကျယ်ဝိတ္တာရတွေကို အပြည့်အစုံ သိထားဖို့ကတော့ ပုဂ္ဂိုလ်တိုင်းမှာ မလိုပါဘူး။

အကယ်၍ ပုဂ္ဂိုလ်တိုင်းမှာ အဲဒီလို အကျယ်အားဖြင့် သိပြီးမှ တရားအားထုတ်ရမယ်ဆိုရင် အရှင်စူဠပန်လို ပုဂ္ဂိုလ်မှာ အားထုတ်နိုင်ဖို့ အခွင့်အရေးမရှိတော့ဘူး။ အရှင်စူဠပန်ဟာ အက္ခရာ ၄၄ လုံးသာရှိတဲ့ ၁၁ လုံးဘွဲ့ဂါထာကို ၄ လတ်ပတ်လုံးကျက်တာတောင် မရဘူးတဲ့။ ဒီတော့ ပဋိစ္စသမုပ္ပါဒ်အကျယ်၊ အဘိဓမ္မသဘောအကျယ် တွေကို လေ့လာကျက်မှတ်ဖို့ဆိုတာ ဘယ်ဖြစ်နိုင်တော့မလဲ။ ဒါပေမဲ့ မြတ်စွာဘုရား ညွှန်ကြားတဲ့အတိုင်း အဝတ်ပိုင်းကလေးကို ဆုပ်နယ်ရင်း "ရဇော ဟရဏံရဇောဟရဏံ" လို့ ဆိုပြီး နှလုံးသွင်းတာနဲ့ တစ်နံနက်ခင်းအတွင်းမှာပဲ ရဟန္တာ ဖြစ်တော်မူတယ်။

မာတိက မာတာဆိုတဲ့ ဒါယိကာမကြီးဟာလည်း ရဟန်းတရားကို အားထုတ်တယ် ဆိုတာ ဘယ်လိုဟာလဲလို့တောင် မသိခဲ့ဘူး။ ဒါပေမဲ့ ရဟန်းတော်များထံမှ နည်းယူပြီး အိမ်မှာနေရင်း အားထုတ်လိုက်တာ အဲဒီကမ္မဋ္ဌာန်းပေးတဲ့ ရဟန်းတွေထက်တောင် အလျင်ကျပြီး အနာဂါမ် ဖြစ်သွား ပါသေးတယ်။ အဲဒီမာတိကမာတာ ဒါယိကာမကြီးလည်း အဘိဓမ္မာသဘော၊ ပဋိစ္စသမုပ္ပါဒ်သဘော အကျယ်တွေ လေ့လာသင်ကြားနိုင်ခွင့်မရှိကြောင်း ထင်ရှားပါတယ်။ ဒိပြင်လည်း အလားတူ သာဓက တွေ များစွာရှိပါတယ်။ ဒါကြောင့် တတ်သိလိမ္မာတဲ့ ဆရာသမားထံမှ နည်းယူပြီး အားထုတ်ရင် အဘိဓမ္မသဘော၊ ပဋိစ္စသမုပ္ပါဒ်သဘော အကျယ်တွေ လေ့လာ ကျက်မှတ်မထားပေမယ့် ဖြစ်ခိုက်ရုပ်နာမ် ကို ရှုမှတ်နေရင်း ကိုယ်တိုင် တွေ့မြင်သိမြင်ခြင်းဖြင့်ပင် ကိစ္စပြီးတယ်လို့ မှတ်ရမှာဖြစ်ပါတယ်။

သို့သော်လည်း တစ်ချို့ကတော့ အသိအမြင်အားနည်းမှုကြောင့် အားထုတ်စမှာ ဖြစ်ပျက် ဖြစ်ပျက်၊ အနိစ္စ ဒုက္ခ အနတ္တ လို့ ရွတ်ဆို ရှုပွားကြတာရှိပါတယ်။ စရှုစမှာ ဖြစ်မှု ပျက်မှု၊ အနိစ္စ ဒုက္ခ အနတ္တတွေ သိနိုင်ဖို့ အဝေးကြီး ရှိပါသေးတယ်။

အဲဒီသဘောတွေကို သမာဓိအားကောင်းခါစမှာတောင် မသိနိုင်သေးပါဘူး။ ဒီသဘောတွေကို သိတာက သမာဓိအား အတော်ကြီးကောင်းတဲ့ တတိယဉာဏ်နဲ့စတုတ္ထဉာဏ်ရောက်မှ သိရပါတယ်။

အဲဒီဉာဏ်အဆင့်တွေမရောက်မီ စိတ် အတော်ကြီး တည်ငြိမ်ပြီး သမာဓိ အားကောင်းတဲ့အတွက် ရှုစိတ်ထဲမှာ ကိလေသာ နီဝရဏတွေ အတော်စင်ကြယ်ပြီး စိတ္တဝိသုဒ္ဓိ ဖြစ်ပါတယ်။ စိတ်စင်ကြယ်မှ နာမ်ရုပ် ပိုင်းခြား သိပြီး နာမရူပ ပရိစ္ဆေဒဉာဏ် ဖြစ်ပါတယ်။

တိုးတက်ရှုလို့ ပိုပြီး သတိ သမာဓိ အားကောင်းလာတော့ ရုပ်နာမ်တို့ရဲ့ အကြောင်းအကျိုးကိုသိတဲ့ ပစ္စယပရိဂ္ဂဟဉာဏ် ဖြစ်ပါတယ်။

အဲဒီနောက်မှပဲ အနိစ္စ ဒုက္ခ အနတ္တကို သိတဲ့ သမ္မသန(တတိယ)ဉာဏ်၊ ဖြစ်ပျက်သိတဲ့ ဥဒယဗ္ဗယ(စတုတ္ထ) ဉာဏ် ဖြစ်ပါတယ်။

အကြောင်းကို မသိမ်းဆည်းဘဲ မရှုဘဲ အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့ ခုန်ကျော်မရှုရပါဘူး။ ရှေးဦးစွာ ရုပ်နှင့်နာမ်ကို ခွဲခြား၍ သိရပါတယ်။ အကြောင်းကို တွေ့သိတဲ့ ပစ္စယပရိဂ္ဂဟဉာဏ်မဖြစ်ဘဲ အဖြစ်အပျက် အနိစ္စလက္ခဏာ စသည်ကို မသိနိုင်ပါဘူး။

အဲတော့ ဝိပဿနာတရားရှုမှတ်ပွားများလိုသူပုဂ္ဂိုလ်ဟာ ဝိပဿနာစတင်ရှုမှတ်ပွားများဖို့ ဘာတွေသိဖို့ လိုအပ်သလည်းဆိုယင် -

ဖြစ်ခိုက်ရုပ်နာမ်ကို ရှုနေတဲ့ ပုဂ္ဂိုလ်များမှာ သမာဓိဉာဏ်အား ရှိလာတဲ့ အခါ ရုပ်နဲ့ နာမ်ကို ရှေးဦးစွာ ခွဲခြားပြီး သိပါတယ်။ အဲဒီကနောက် မျက်စိနဲ့ အဆင်းရှိလို့ မြင်တယ်။ နားနဲ့ အသံရှိလို့ ကြားတယ်။ သွားချင်တဲ့ စိတ်ရှိလို့ သွားတယ်။ မရှုမိတဲ့ အာရုံမှာ အမှန်အတိုင်းမသိလို့ သာယာတပ်မက်တယ်။ တပ်မက်လို့ စွဲလန်းတယ်။ စွဲလန်းလို့ မိမိအလိုအတိုင်းပြည့်စုံအောင် ပြုလုပ် အားထုတ်တယ်။ ကံကောင်းလို့ ကောင်းတာကိုခံစားရတယ် ..

စသည်ဖြင့် အကြောင်းကို သိမ်းဆည်းတဲ့ အသိဉာဏ်ဟာ သူ့အလိုလို ဖြစ်တော့တာပဲ။ အဲဒီလိုအကြောင်းကို သိပြီးတော့မှ အဖြစ်အပျက်များ ထင်ရှားပြီး အနိစ္စ၊ ဒုက္ခ၊ အနတ္တ အသိဉာဏ်တွေ ဖြစ်ပါတယ်။ အကြောင်း မသိဘဲနဲ့ ခုန်ကျော်ပြီး အနိစ္စအသိဉာဏ်စသည် ဖြစ်ရိုးမရှိပါဘူး။

ဒါကြောင့် ဝိပဿနာတရားရှုပွားအားထုတ်လိုသူ ပုဂ္ဂိုလ်အနေနှင့် ရုပ်နာမ်တရားအလုံးစုံသည် အနိစ္စ၊ဒုက္ခ၊ အနတ္တ သဘောချည်းပဲ လို့ ဒါလောက် ကြားဖူးရင် သုတပြည့်စုံပါသော်လည်း စရှုစမှာတော့ အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့ ရွတ်ဆိုမရှုပွားရပါဘူး။

နောက်ပြီးတော့အဋ္ဌကထာမှာ ပြဆိုချက်အရဖြင့် ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ ဆိုတဲ့ ဒီသစ္စာလေးပါးကို ကြားနာဖူးရင် သုတ ပြည့်စုံကြောင်း သိရပါတယ်။ နောက်ပြီးတော့ ဝိသုဒ္ဓိမဂ် မဟာဋီကာအရ ဆိုရင် အကြောင်းတရားနှင့် အကျိုးတရားမျှ ရှိတယ်ဆိုတာ ကြားနာဖူးရင် အကျဉ်းအားဖြင့် ပဋိစ္စသမုပ္ပါဒ်သုတနှင့် ပြည့်စုံကြောင်း သိရပါတယ်။

အဲဒီလို စောစောက မကြားဖူးသေးတောင်မှ တရားအားထုတ်ခါနီးမှာ ရုပ်နှင့်နာမ် ၂ ပါးမျှသာ ရှိကြောင်း၊ အကြောင်းနှင့် အကျိုး တရားမျှသာ ရှိကြောင်း၊ အဲဒီရုပ်နာမ်တွေဟာ ခဏမစဲ ဖြစ်ပျက်နေလို အနိစ္စ၊ ဒုက္ခ၊ အနတ္တချည်း ဖြစ်ကြောင်း၊ အဲဒီရုပ်နာမ် အကြောင်းအကျိုး အဖြစ်အပျက်အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘောတွေကို ကိုယ်ပိုင် ဉာဏ်ဖြင့် သိရအောင် ဝိပဿနာ တရားကို အားထုတ်ရကြောင်း စသည်များကို ကမ္မဋ္ဌာန်းဆရာထံမှ ကြားရသဖြင့် သုတပြည့်စုံနိုင်ပါတယ်။

အချို့ကလည်း ဒီလို ဖြစ်ခိုက် ရုပ်နာမ် ရှုမှတ်နေရုံနဲ့ မပြည့်စုံသေးဘူးလို့ ထင်ကြပါတယ်။ ရုပ်ရယ် နာမ်ရယ်လို့ စဉ်းစားဆင်ခြင်လိုက်ရမှ ဖြစ်တယ်၊ ပျက်တယ်လို့ ဆင်ခြင်လိုက်ရမှ ပြည့်စုံတယ်လို့ ထင်နေကြတယ်။ အမှန်ကတော့ ဆင်ခြင်တယ်ဆိုတာ ကိုယ်တိုင်သိတဲ့ ဉာဏ်မဟုတ်ပါဘူး။ စာပေကျမ်းဂန်အရ ဖြစ်စေ၊ တစ်ဆင့်ကြားလို့ ဖြစ်စေ၊မှတ်ထားတဲ့အတိုင်း မှန်းဆပြီး ဆင်ခြင်နေတာပဲ။ သညာသိမျှပဲ ဖြစ်ပါတယ်။ ကိုယ်တိုင်သိ ဉာဏ်အစစ် မဖြစ်ပါဘူး။

ဒါကြောင့် စာကျက်ပြီး မှတ်နေတာမျိုးလောက်ပဲ ရှိပါတယ်။ သိပ်ခရီးမရောက်နိုင်ပါဘူး။ ယခုပြောခဲ့တဲ့ ဖြစ်ခိုက် ဖြစ်ခိုက် လိုက်ပြီး မပြတ်ရှုနေတာကမှ ကိုယ်ပိုင်ဉာဏ်ဖြင့် တွေ့ပြီး ကိုယ်တိုင်သိဉာဏ် ဖြစ်တာပါ။

သစ္စာကို သိအောင် ရှုတာမဟုတ်ပါဘဲ မဂ္ဂင်ကို ပွားစေတာ မဟုတ်ပါဘဲ အခြားနည်းအကျင့်တွေ ယုံကြည်စွဲလမ်းမှုဟူသမျှဟာ သီလဗ္ဗတပရာမသာ ဒိဋ္ဌိချည်းပဲ။ ဝိပဿနာရှုမှတ်ပွားများရာမှာ သီလဗ္ဗတပရာမသာ မဖြစ်ဖို့အလွန်အရေးကြီးပါတယ်။

နောက် - ဓာတု မနသိကာရပိုင်းအရအားဖြင့် ထင်ရှားပေါ်လာတဲ့ ဓာတ်ကြီးလေးပါးကိုလည်း ရှုရပါမယ်။

အဲဒီလိုရှုလို့ နီဝရဏကင်းတဲ့အခါ ဥပစာရသမာဓိဖြစ်ကြောင်း ဝိသုဒ္ဓိမဂ်မှာ အထင်အရှား ပြဆိုထားတာ ကိုလည်း အထူးသတိပြုကြရမှာဖြစ်ပါတယ်။

အဲဒါဟာ မည်သည့် အပ္ပနာသမာဓိ၏ အနီး၌မျှ ဖြစ်တာမဟုတ်တဲ့အတွက် ဥပစာရသမာဓိ အစစ်မဟုတ်ကြောင်း၊ ဥပစာရသမာဓိနှင့် နီဝရဏကင်းပုံခြင်း၊ စိတ်တည်ကြည်ပုံချင်း တူညီတဲ့အတွက် ဥပစာရသမာဓိခေါ်တဲ့အကြောင်း ဝိသုဒ္ဓိမဂ် မဟာဋီကာမှာ ပြဆိုထားတယ်။

အဲဒါကို ဝိပဿနာ အနေနဲ့ဆိုရင် ဝိပဿနာ ခဏိကသမာဓိလို့ ခေါ်ရမှာပါပဲ။

ဝိပဿနာရှုခိုက်မှာ ဖြစ်တဲ့ သမာဓိကို ခဏိက သမာဓိလို့ ခေါ်ပါတယ်။ ရှုခိုက်ရှုခိုက် ခဏခဏမျှသာ တည်တံ့တဲ့ သမာဓိလို့ ခေါ်ဆိုရပါတယ်။ ဝိပဿနာရှုခိုက်မှာ ဒီခဏိကသမာဓိ မပါရင် ဝိပဿနာဉာဏ်ဟာ မဖြစ်နိုင်ပါဘူး။ အားကောင်းတဲ့ ဒီခဏိကသမာဓိပါမှ ဖြစ်နိုင်ပါတယ်။

ဈာန်အခြေခံမရှိဘဲ ဝိပဿနာသက်သက်ရှုတဲ့ သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်မှာဆိုရင် ဒီဝိပဿနာ ခဏိက သမာဓိဖြင့်ပင် ဝိပဿနာဉာဏ်တွေကို ဖြစ်စေပြီးတော့ အရိယမဂ်ဖိုလ်ကို ရောက်ရပါတယ်။

ဒီဝိပဿနာသမာဓိဟာ အာရုံတစ်ခုတည်းရှုရတာမဟုတ်ပါဘူး။ (အလုံးစုံကို ရှေးရှုပြီး သိရမယ် စသည်ဖြင့် ပြထားတဲ့အတိုင်း) ထင်ရှားပေါ်လာသမျှ အာရုံတွေကို အကုန်လုံးပဲ ရှုရပါတယ်။

ဒါပေမဲ့ ရှုခိုက်ရှုခိုက်မှာ ရှုရတဲ့အာရုံနဲ့ ကပ်ခနဲ ကပ်ခနဲ တည်တည်သွားတဲ့အတွက် ပျံ့လွင့်ခြင်း မရှိဘူး။ အဲဒါဟာ ထိထိရောက်ရောက် ဝိပဿနာအလုပ်ကို အားထုတ်ဖူးတဲ့သူတွေမှာ အလွန်ထင်ရှား နေပါတယ်။

ကိုယ်ပိုင်အသိဉာဏ်က ဖြစ်ခိုက်ရုပ်နာမ်ကို ရှုမှတ်မှ ဖြစ်ပါတယ်။

ကြံတွေး ကြည့်ရုံနဲ့တော့ မဖြစ်ပါဘူး။

လောကီစိတ်က ၈၁ ခုနဲ့ စေတသိက် ၅၂ ခုက နာမ်၊ ရုပ် ၂၈ ခုက ရုပ်၊ ဒီနာမ်ရုပ် ၂ ပါးမျှသာ ရှိတယ် လို့ ဒီလိုဆင်ခြင်ကြံတွေးကြည့်တာကတော့ သညာသိပါ။ ကိုယ်ပိုင်ဉာဏ်ပညာသိမဟုတ်ပါဘူး။

စဉ်းစားကြည့်ပါ။

လောကီစိတ် ၈၁ ခုဆိုတာ ဘယ်ကစိတ်တွေလဲ။ မိမိသန္တန်မှာ အကုန်လုံးဖြစ်ဖူးရဲ့ လား။ မဟဂ္ဂုတ်ကုသိုလ် ကြိယာစိတ်တွေဟာ ဈာန်ရပုဂ္ဂိုလ်တွေ သန္တန်မှာသာ ရှိတယ်။ ကာမာဝစရ ကြိယာဇောစိတ်တွေတောင်မှ ရဟန္တာပုဂ္ဂိုလ်၏ သန္တန်မှာသာ ရှိတယ်။ မိမိသန္တန်မှာ မရှိတဲ့ အဲဒီစိတ်တွေကို အမှန်တကယ်သိနိုုင်ပါ့မလား။

ရုပ် ၂၈ ခုထဲမှာလည်း ဣထိဘာဝရုပ်ဆိုတာ မိန်းမတို့သန္တန်မှာသာ ရှိတယ်။ အဲဒီရုပ်ကို ယောကျာ်းတွေ ကိုယ်တိုင်တွေ့အားဖြင့် သိနိုင်ပါ့မလား။

အဲဒီလိုမသိနိုင်တာတွေကို ဆင်ခြင်ပြီး သိတာဟာ ပရမတ်အစစ်ကို သိတာ မဟုတ်ပါဘူး။ အမည်ပညတ်လောက် သိနေတာ ဖြစ်ပါတယ်။

"ပရမတ်တရားတို့၏ အမည်ပညတ်မျှကိုသာ သိခြင်းဖြစ်ပါတယ်"လို့ ရိုးသားစွာ ဖြေရပေလိမ့်မယ်။ အဲဒီလို ပညတ်ကိုသိရုံနဲ့ နာမရူပပရိစ္ဆေဒဉာဏ်အစစ် မဖြစ်နိုင်ပါဘူး။

ဒါကြောင့် ဖြစ်ခိုက် ရုပ်နာမ်ကို မရှုမှတ်တဲ့သူတွေမှာ အောက်ဆုံးအခြခံ ဝိပဿနာပညာဖြစ်တဲ့ နာမရူပပရိစ္ဆေဒဉာဏ်တောင် မရှိနိုင်ပါဘူး။ ဝိပဿနာပညာ ကင်းမဲ့နေကြပါတယ်။

ရုပ်နာမ် အစစ်ရဲ့ သဘော အထည်ကိုယ်ကို မတွေ့ရသေးဘဲနဲ့ တကယ်ဖြစ်ပျက်တဲ့ ရုပ်နာမ်ကို မရှုပါဘဲ ဖြစ်ပျက်ဖြစ်ပျက် ဆိုရုံမျှဖြင့် တကယ်အဖြစ်အပျက်ကို သိတဲ့ ဝိပဿနာဉာဏ်အစစ်ကို မသိမြင်နိုင်ပါဘူး။

ဖြစ်ဆဲရုပ်နာမ်ကို ရှုမှတ်ပြီး တကယ်ဖြစ်ပျက်သွားပုံကို တွေ့ပါမှ တကယ်အဖြစ်အပျက်ကို သိတဲ့ ဝိပဿနာဉာဏ်အစစ်ဖြစ်တယ် ဆိုတာကိုလည်း ကိန်းသေမှတ်ထားကြရမယ် ဖြစ်ပါတယ်။

မှတ်ချက်။ ။ ကျနော်အယင်တင်ထားဖူးသော မဟာစည်ဆရာတော်ဘုရားကြီး၏ တရားတော်များမှ မဟာစည်ဆရာတော်ဘုရားကြီးနှင့်အမေးအဖြေများကို ကောက်နှုတ် မှီငြမ်း ဖော်ပြပါသည်။


ဝိပဿနာဆိုတာဘာလဲ (၇)

ဝိပဿနာရှုနည်းက သမထာယာနိကနည်း နဲ့ ဝိပဿနာယာနိကနည်းလို့ အခြေခံအားဖြင့် (၂) မျိုး ရှိတယ် ဆိုတာ သိပြီးဖြစ်ကြပါတယ်။ သမထယာနိကနည်းဆိုတာက ဥပစာရ၊ အပ္ပနာဈာန်များကိုရအောင် အားထုတ်ပြီးတော့ အဲဒီဈာန်ကစပြီး ဝိပဿနာရှုတဲ့ နည်းပါပဲ။

ဝိပဿနာယာနိကနည်းဆိုတာကတော့ ဥပစာရသမာဓိ၊ အပ္ပနာသမာဓိ ဆိုတဲ့ သမာဓိ (၂) ပါးလုံးကို မထူထောင်တော့ဘဲ ဝိပဿနာသက်သက် ရှုတဲ့နည်းပါပဲ။

ဒီနည်းမှာ ဥပစာရသမာဓိလဲ မပါဘူး၊ အပ္ပနာသမာဓိလဲမပါဘူး ဆိုတာ ထင်ရှားလာအောင်လို့ သုဒ္ဓဆိုတဲ့ ပုဒ်နဲ့ တွဲပြီး သုဒ္ဓဝိပဿနာယာနိကနည်းလို့လဲ ခေါ်ပါတယ်။

အဋ္ဌကထာမှာဆိုတာကတော့ အဲဒီ သမာဓိ (၂) မျိုးကို မဖြစ်စေဘဲနဲ့ ရှုတယ်လို့ ဆိုပါတယ်။ သို့ပေမယ့် ရုပ်နာမ်တွေကို စူးစိုက်ပြီး ရှုနေရင်ပင် ဝိပဿနာ ခဏိကသမာဓိက ထက်သန်စွာ ဖြစ်ပေါ်လာပါတယ်။

သူကလဲ ဥပစာရသမာဓိလိုဘဲ အင်အားရှိတဲ့အတွက် နီဝရဏတရားတွေကို ကောင်းကောင်းကြီး ငြိမ်းစေနိုင်ပါတယ်။ ဒါကြောင့် များစွာသော အဋ္ဌကထာတွေမှာ ဒီဝိပဿနာ ခဏိကသမာဓိကိုလဲ ဥပစာရသမာဓိထဲမှာထည့်ပြီး မိန့်ဆိုထားပါတယ်။

အခုလို ပြောနေတာကတော့ သမာဓိကို သီးခြားမထူထောင်ပေမယ့် စိတ္တဝိသုဒ္ဓိ ဖြစ်နိုင်တယ် ဆိုတာကို နားလည်စေချင်လို့ပါပဲ။

ဝိပဿနာယာနိက ပုဂ္ဂိုလ်များအား ဝိပဿနာဉာဏ်များ ရင့်သန်ဖို့ရာအတွက် သတိပဋ္ဌာန်တရားများနဲ့ နေကြရပါတယ်။ ဒါကြောင့် သတိပဋ္ဌာန်တရားများကို ရှုမှတ်ကြိုးစားအားထုတ်ကြရမှာ ဖြစ်ပါတယ်။

တကယ်တော့ သတိပဋ္ဌာန်ဆိုတာ ပြုလုပ်နေဆဲ အလုပ်တစ်မျိုးထဲမှာ စိတ်ကိုနှစ်ပြီးတော့ ထားခြင်းပါပဲ။ သတိပဋ္ဌာန်လုပ်ငန်းဟာ ကိလေသာသတ်သော လောကုတ္တရာမဂ်သို့ ရောက်ရန် ရှေးဦးစွာ ကိလေသာ မဖြစ်သော ပရမတ်အာရုံဖြင့် လေ့ကျင့်အားထုတ်ရသော ပုဗ္ဗဘာဂမဂ် အလုပ်လည်းဖြစ်ပါတယ်။

ဝိပဿနာရှုခြင်းဟာ ပရမတ်ရုပ်နာမ်ကို ရှုရသည်လို့ ဝိပဿနာတရားအားထုတ်သူတိုင်း သိကြပါတယ်။ မှန်ပါတယ်၊ ပရမတ်ရုပ်နာမ်ကို ရှုရပါတယ်။ သတိပဋ္ဌာန် ဝိပဿနာ ရှုသော သဘောတရားလိုရင်းမှာ အရှုခံ ရှုရမည့်အမှန်မှာ မိမိတို့ ခန္ဓာပဲဖြစ်ပါတယ်။ ထိုခန္ဓာငါးပါးသဘောတရားကို တူရာပေါင်း၍ အကျဉ်းချုပ်လိုက်ယင် သိသဘောနဲ့ ဖောက်ပြန်သဘောသာ ရှိပါတယ်။ အဲဒါဟာ အရှိတရားပါပဲ။ အမှန်တရားလည်း ဖြစ်ပါတယ်။ ဝိပဿနာရှုသော သိသော ဉာဏ်သည် ထိုခန္ဓာရဲ့ အမှန်တရားကို အမှန်အတိုင်း အရှိအတိုင်း သိခြင်းသာဖြစ်ပါတယ်။

ဝိပဿနာရှုသည်ဆိုရာတွင် အရှုခံ ခန္ဓာသည် ပရမတ်ဖြစ်သောကြောင့် အရှိတရား၊ အမှန်တရားဖြစ်၍ မိမိတို့က ခန္ဓာကို ရှုကြည့်ရာ၌ အရှုခံဖြစ်သော ခန္ဓာ၏ သူ့ပင်ကိုယ်သဘာဝအရှိကလွဲ၍ ဘာမျှ လုပ်မပေးရ၊ ဖန်တီးမပေးရပါ။

ခန္ဓာကိုရှုမည့်သိမည့် ဉာဏ်ကလည်း ဘာကိုမှ မကြံမတွေး ခန္ဓာအရှိကိုသာ သတိထား၍သာ သိနေရပါတယ်။ ကိလေသာဖြစ်ပွားသည်ဆိုသည်မှာ ရှုသော အသိသည် ခန္ဓာပရမတ်အသိမှလွတ်၍ ပညတ်အာရုံကို ရောက်သွားသောကြောင့်သာ ကိလေသာဖြစ်ခြင်းဖြစ်ပါတယ်။

အဲတော့ ကိလေသာမဖြစ်အောင် သတိဦးဆောင်တဲ့ စိတ်ကို အထိုင်ချပြီး ရှုမှတ်ပွားများ အားထုတ်နေခြင်းကို သတိပဋ္ဌာန်လို့ ခေါ်ပါတယ်။

သတိပဋ္ဌာန်ဆိုတာ ကိုယ်အမူအရာ ရှုမှတ်နေမှုဆိုတဲ့ ကာယနုပဿနာသတိပဋ္ဌာန်၊ ခံစားမှုများကို ရှုမှတ်နေမှုဆိုတဲ့ ဝေဒနာနုပဿနာသတိပဋ္ဌာန်၊ စိတ်အမူအရာများကို ရှုမှတ်နေမှုဆိုတဲ့ စိတ္တာနုပဿနာသတိပဋ္ဌာန်၊ သဘောအာရုံများကို ရှုမှတ်နေမှုဆိုတဲ့ ဓမ္မာနုပဿနာသတိပဋ္ဌာန် ဆိုပြီးတော့ သတိပဋ္ဌာန်တရား (၄) ပါး ရှိပါတယ်။

ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာဒဏ်ချက်များအဖြစ်နဲ့ ခံစားမှုများ မထင်ရှားသေးဘူး ဆိုလို့ရှိရင် ကာယနုပဿနာ ရှုကွက်နဲ့ ရှုကြရပြီး။ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာဒဏ်ချက်များအဖြစ်နဲ့ ခံစားမှုများ ထင်ရှားလာယင်တော့ ဝေဒနာနုပဿနာ ရှုကွက်အနေနဲ့ ရှုရပါတယ်။

မိမိတို့ ခန္ဓာကိုယ်ထဲမှာ စိတ်တွေ မငြိမ်ဘူးဆိုရင်တော့ စိတ္တနုပဿနာ ရှုကွက်အနေနဲ့ ရှုရပြီး။ စိတ်တွေငြိမ်နေပြီဆိုရင်တော့ ဓမ္မာနုပဿနာ ရှုကွက်အနေနဲ့ ရှုကြရမှာ ဖြစ်ပါတယ်။

ဒီသတိပဋ္ဌာန်ရှုကွက် ၄ မျိုးမှာ ကာယနုပဿနာ သတိပဋ္ဌာန်ကို ပင်တိုင်ရှုကွက်အနေနဲ့ ရှုမှတ်ကြရမှာ ဖြစ်ပါတယ်။

ဝေဒနာနုပဿသတိပဋ္ဌာန်၊ စိတ္တာနုပဿနာသတိပဋ္ဌာန်များကိုတော့ ယာယီရှုကွက်အနေနဲ့ ရှုမှတ်ကြရမှာ ဖြစ်ပါတယ်။

အသက်ကိုပုံမှန်ရှုယင် နှာသီးဖျား နှာသီးဝမှာ စိတ် အထိုင်ချရပါတယ်။ ဝင်လေများ ဝင်လာတဲ့အခါမှာ ထိတိုးတွန်းသွားတဲ့သဘော၊ ထွက်လေများ ထွက်သွားတဲ့အခါမှာ ထိတိုးတွန်းသွားတဲ့သဘော၊ အဲဒီလို ဝင်လေထွက်လေများရဲ့ ထိတိုးတွန်းသွားတဲ့ သဘောများကို စူးစူးစိုက်စိုက် ကြည့်နေတာဟာ ကာယနုပဿ သတိပဋ္ဌာန်ခေါ်တဲ့ ပင်တိုင်ရှုကွက်ကို ရှုမှတ်နေတာဖြစ်ပါတယ်။

နှာသီးဖျားနှာသီးဝမှာ စိတ်အထိုင်ချထားတဲ့အခါ နှာသီးဖျား နှာသီးဝဟာ ကာယနုပဿနာလို့ခေါ်တဲ့ ပင်တိုင်ရှုကွက် ဖြစ်ပါတယ်။

ကာယနုပဿနာလို့ခေါ်တဲ့ ပင်တိုင်ရှုကွက်ကိုပဲ စူးစူးစိုက်စိုက်ကြည့်နေပါ၊ စူးစူးစိုက်စိုက်မှတ်နေပါ။ ရှုကွက်နဲ့ မှတ်စိတ် မျက်ခြေပြတ်မခံရအောင် စိတ်ရဲ့ ကြောင့်ကြအားထုတ်မှုအားအင်များကို စူးစိုက်တယ်လို့ ခေါ်ပါတယ်။

နှာသီးဖျား နှာသီဝဆိုတဲ့ ကာယနုပဿနာ ပင်တိုင်ရှုကွက်ကို ရှုနေတဲ့အချိန်မှာ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာဒဏ်ချက်အဖြစ်နဲက ခံစားမှုတွေ ထင်ရှားလာပြီ ဆိုယင်တော့ .. နှာသီးဖျား နှာသီးဝမှာ အထိုင်ချထားတဲ့ စိတ်တရားကို ဒဏ်ရာဒဏ်ချက် အဖြစ်ဖြင့် ပေါ်လွင်ထင်ရှားတဲ့နေရာကို ပြောင်းပြီး အထိုင်ချပေးလိုက်ပါ။

စိတ်အထိုင်ချပြီးတော့ နာရင် နာတယ်၊ ကျင်ရင် ကျင်တယ်၊ ကိုက်ခဲရင် ကိုက်ခဲတယ်၊ ယားရင် ယားတယ်လို့ ဖြစ်စဉ်ကိုက် စိတ်ပွားပွားကြည့်ရပါတယ်။

အဲဒီလို ဖြစ်စဉ်ကိုက် စိတ်ပွားပွားကြည့်နေလို့ တစ်နေရာထဲမှာ ဖြစ်နေကြတဲ့ ဒုက္ခဝေဒနာများရဲ့ အပြင်း အပျော့ အတင်း အလျော့ကို မြင်ပါပြီ။ နေရာပြောင်းရွှေ့ဖြစ်နေကြတဲ့ ဝေဒနာများရဲ့ အတက် အဆင်း အထက်အောက်ကို မြင်ပြီ တွေ့ပြီ ဆိုလို့ရှိရင် .. ဝေဒနာနုပဿနာ ရှုတဲ့အခါမှာ အရှုခံကို မြင်ပါပြီ။

ရှုရမယ့် အရှုခံဝေဒနာဟာ နှာသီးဖျား နှာသီးဝမှာ ပြနေတဲ့ ကာယနုပဿနာ ရှုကွက်လောက်မှ မထင်ရှားဘူးဆိုရင် ဝေဒနာရှုကွက်ကို မရှုပါနဲ့၊ ပင်တိုင်ရှုကွက်ဖြစ်တဲ့ ကာယနုပဿနာသတိပဋ္ဌာန် ရှုကွက်ကိုပဲ ရှုနေပါ။

ပင်တိုင် ကာယနုပဿနာ ရှုကွက်ကို ရှုရင်းကနေပြီးတော့ မိမိတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ စိတ်မငြိမ်ဘူးဆိုလို့ရှိရင် တွေးရင် တွေးနေတယ်၊ ကြံရင် ကြံနေတယ်၊ စဉ်းစားရင် စဉ်းစားနေတယ်၊ စိတ်ကူးရင် စိတ်ကူးနေတယ်လို့ ဖြစ်စဉ်ကိုက် ကြည့်နေရပါတယ်။

ဖြစ်စဉ်ကို ကြည့်နေလို့ တွေးနေတယ်၊ ကြံနေတယ်၊ စဉ်းစားနေတယ်၊ စိတ်ကူးနေတယ်ဆိုတဲ့ .. စိတ်အမူအရားများကို မြင်ပြီး တွေ့ပြီဆိုလို့ရှိရင် စိတ္တာနုပဿနာ ရှုတဲ့အခါမှာ အရှုခံကိုမြင်ပါပြီ။

တွေးတယ်၊ ကြံတယ်၊ စိတ်ကူးတယ်ဆိုတဲ့ စိတ္တာနုပဿနာပြကွက်ဟာ .. နှာသီးဖျား နှာသီးဝမှာ ကြည့်နေတဲ့ ကာယနုပဿနာပြကွက်လောက်မှ မထင်ရှားရင်တော့ စိတ္တာနုပဿနာရှုကွက်ကို ရှုစရာမလိုပါဘူး။

သတိပဋ္ဌာန်တရား အားထုတ်တဲ့နေရာမှာ - သတိပဌာန်ရယ်၊ သတိပဌာနဘာဝနာရယ်၊ သတိပဌာနဘာဝနာဂါမိနီပဋိပဒါ ရယ်ဆိုပြီးတော့ အဆင့် (၃) မျိုး ရှိပါတယ်။ သတိတရားက ဦးဆောင်ပြီးတော့ ပညာတရားက နောက်လိုက်ဖြစ်နေလို့ သဘောအာရုံကိုပဲ ရှုနိုင် မှတ်နိုင်တယ်။ ဖြစ်မှု ပျက်မှုတို့ကို မကြည့်နိုင်သေးဘူး ဖြစ်မှု ပျက်မှုတို့ကို မမြင်သေးဘူးဆိုလို့ရှိရင် သတိပဌာန်အဆင့်ပဲ ရှိပါသေးတယ်။

သတိတရားက နောက်လိုက်ဖြစ်လို့ ပညာတရားက ရှေ့ဆောင်ဖြစ်လာလို့ အမူအရာသဘောတင် မကတော့ဘူး၊ ဖြစ်မှု ပျက်မှု သဘောကို ကြည့်ရှုနိုင်ပြီ၊ ဖြစ်မှု ပျက်မှု သဘောကို မြင်ပြီဆိုလို့ရှိရင် .. သတိပဌာန ဘာဝနာ အဆင့်ကို ရောက်နေပါပြီ။ သတိပဌာန ဖြစ်ဖို့ရာအတွက် ၊ သတိပဌာနဘာဝနာ ဖြစ်ဖို့ရာအတွက် မဂ္ဂင်ရှစ်ပါးကို ရှုမှတ်ပွားများနေတာကို သတိပဌာနဘာဝနာဂါမိနီပဋိပဒါ လို့ခေါ်ပါတယ်။

ရှုမှတ်ပွားများ ကြိုးစားအားထုတ်နေတဲ့ အချိန်များမှာ ရင်ထဲ နှလုံးထဲမှာ မဂ္ဂင်ရှစ်ပါးခေါ်တဲ့ သတိပဌာနဘာဝနာ ဂါမိနီပဋိပဒါ များကိန်းနေပါပြီ။ ကာယနုပဿနာ ရှုတဲ့အခါမှာ ရှေးက ဖြစ်ပုံနဲ့ မတူပဲ ဖောက်ပြန်နေတဲ့ ရုပ်တရားများရဲ့ ဖောက်ပြန်မှုကို မြင်ပြီဆိုလိုရှိရင် သတိပဌာန်ဖြစ်ပါပြီ။ တလှုပ်လှုပ် တရွရွနဲ့ ရုပ်တရားများရဲ့ အပျက်ကို မြင်ပြီဆိုလို့ရှိရင် သတိပဌာန ဘာဝနာ အဆင့်ကို ရောက်ပါပြီ။

ဝေဒနာ နုပဿနာ ရှုမှတ်တဲ့အခါမှာလည်း တစ်နေရာတည်းမှာ ယားတယ်၊ ပူတယ်၊ နာတယ်၊ ကျင်တယ်၊ ကိုက်ခဲတယ် ဆိုပြီးတော့ ဒုက္ခဝေဒနာများရဲ့ အပျော့ အပြင်း၊ အလျော့အတင်းကို မြင်ပြီ။ နေရာပြောင်းရွှေ့နေတဲ့ ဒုက္ခဝေဒနာများရဲ့ အတက်အဆင်း၊ အထက်အောက် ပြောင်းရွှေ့ဖြစ်နေတဲ့ သဘောကို မြင်ပြီဆိုလို့ရှိရင် သတိပဌာန်ဖြစ်ပါပြီ။

အစိတ်စိတ် အပိုင်းပိုင်းနဲ့ ဝေဒနာများရဲ့ အပျက်ကို မြင်ပြီ ဆိုလို့ရှိရင် သတိပဌာန ဘာဝနာ ဖြစ်ပါပြီ။

စိတ္တာနုပဿနာ ရှုမှတ်တဲ့အခါမှာလည်း တွေးနေတယ်၊ စဉ်းစားနေနတယ်၊ စိတ်ကူးနေတယ်ဆိုတဲ့ စိတ်အမူအရာသဘောများကို မြင်ပြီ၊ တွေ့ပြီ ဆိုလို့ရှိရင် သတိပဌာန်ဖြစ်ပါပြီ။

အစဉ်အတန်းများ ရပ်သွားသလို တဖျပ်ဖျပ်နဲ့ ပျက်နေကြတဲ့ စိတ်တရားများရဲ့ အပျက်ကို မြင်ပြီဆိုလို့ရှိရင် သတိပဌာန ဘာဝနာ ဖြစ်ပါပြီ။

ဓမ္မာနုပဿနာ ရှုတဲ့အခါမှာလည်း ရှုကွက်အတွင်းမှာ ကာယရယ်၊ စိတ္တရယ်၊ ဝေဒနာရယ်လို့ မထင်ရှားတဲ့ အရှုခံတရားများကို တရားသဘောများပဲလို့ မှတ်ချက်ယူနိုင်ကြမယ် ဆိုလို့ရှိရင် .. သတိပဌာန်ဖြစ်နေပါပြီ။ အရိပ်အခိုးငွေ့များလို တရိပ်ရိပ်နဲ့ တရားသဘောများရဲ့ အပျက်ကို မြင်ပြီဆိုလို့ရှိရင် သတိပဌာနဘာဝနာ အဆင့်ကို ရောက်ပါပြီ။

သတိတရားဦးဆောင်၊ ပညာတရားက နောက်လိုက်ဖြစ်နေလို့ အမူအရာသဘောများကိုပဲ မြင်ရတွေ့ရ၊ ဖြစ်မှု၊ ပျက်မှု သဘောများကို မမြင်ကြသေးဘူး၊ မတွေ့ကြသေးဘူးဆိုလို့ရှိရင် သတိပဌာန်အဆင့်ပဲရှိပါသေးတယ်။

သတိတရားကနောက်လိုက်၊ ပညာတရားက ဦးဆောင်ဖြစ်နေလို့ အမူအရာသဘောတင်မကတော့ဘူး၊ ဖြစ်မှု ပျက်မှုကို မြင်အောင်ကြည့်နိုင်ပြီ၊ ဖြစ်မှုပျက်မှုတွေကို မြင်ပြီဆိုလို့ရှိရင် သတိပဌာနဘာဝနာ အဆင့်ကို ရောက်ပါပြီ။

သတိပဌာန်တရားတွေ ရှုမှတ်ပွားများ အားထုတ်ကြတဲ့ အခါမှာ သတိပဌာန်အဆင့်ကို ကျော်ပြီးတော့ သတိပဌာနဘာဝနာအဆင့်ကို ရောက်အောင် ရှုမှတ်ပွားများ ကြိုးစားအားထုတ်ကြရမှာ ဖြစ်ပါတယ်။ သတိပဌာန်ဖြစ်ဖို့ ဆိုတာလည်း ကျင့်ကြံပွားများမှုဆိုတဲ့ မဂ္ဂင်အကျင့်လိုပါတယ်။ ရှုမှတ်ပွားများ ကြိုးစားအားထုတ်နေကြတာဟာ မဂ္ဂင်ရှစ်ပါးခေါ်တဲ့ သတိပဌာနဘာဝနဂါမိနီပဋိပဒါ အကျင့်ကို ကျင့်နေကြတာ ဖြစ်ပါတယ်။

ဒါကြောင့် မဂ္ဂင်ရှစ်ပါးခေါ်တဲ့ ရှုမှတ်ပွားများ ကြိုးစားအားထုတ်မှုကို အရင်းတည်ပြီးတော့ သတိဦးဆောင်တဲ့ သတိပဌာန်လမ်း၊ ပညာဦးဆောင်တဲ့ သတိပဌာနဘာဝနာလမ်း အဆင့်ရောက်အောင် ရှုမှတ်ပွားများ ကြိုးစားအားထုတ်တတ်ဖို့ရာအတွက် ဘုရားရှင်အလိုတော်ကျ ဘုရားရှင်ဟောကြားတော်မူခဲ့တဲ့ ဒေသနာတော်များအတိုင်း ကိုယ်တော်တိုင် ကျင့်ကြံပွားများ အားထုတ်တော်မူသွားကြတဲ့ ပဋိပတ္တိဝန်ဆောင် ဆရာတော်ကြီးများရဲ့ လမ်းညွှန်မှု ဥပနိဿယနှင့် မိမိကိုယ်တိုင် ဓမ္မခရီး ဓမ္မလုပ်ငန်းခွင်မှာ မြင်ခဲ့တွေ့ခဲ့ရတဲ့ သတိပဌာန်အမြင် သတိပဌာန်အတွေးများကို အခြေခံပြီးတော့ သတိပဌာန်ဆိုင်ရာ အလုပ်သင် အလုပ်ပေးတရားများကို လမ်းညွှန်ခံယူကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။

မှတ်ချက်။ ။ ချမ်းအေးဆရာတော်၏ ဝိပဿနာယာနိက တရားလမ်းညွှန် အလုပ်သင်၊ မဟာစည်ဆရာတော်ဘုရားကြီး၏ မဟာသတိပဋ္ဌာန် တရားတော် နှင့် ဆရာကြီး ဦးကြည် ၏ သဘာဝဝိပဿနာ ကျမ်းတို့မှ မှီငြမ်း မှတ်စုထုတ်ပါသည်။


ပညတ်ဖယ်၍ ပရမတ်ခန္ဓာ ဝိပဿနာရှုပုံ

ဝိပဿနာရှုတော့မယ်ဆိုရင် ပညတ်ကို ဖယ်ပစ်လိုက်ပါ။ ပညတ်ဖယ်တယ်ဆိုတာ ဒိဋ္ဌိခွာတယ်ဆိုတာနဲ့ အတူတူပါပဲ။ ယောက်ျား မိန်းမ ပုဂ္ဂိုလ်သတ္တဝါဆိုတာ အပြောသာရှိတယ်။ သဘောအနေအားဖြင့် မရှိဘူး။ တကယ်ရှိတာက ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏလို့ခေါ်တဲ့ ခန္ဓာငါးပါးပဲ ရှိတယ်။

မိမိခန္ဓာမှာ မိမိဉာဏ်နဲ့ သေသေချာချာပြန်ပြီးတော့ ကြည့်ပါ။ ခန္ဓာငါးပါး ရုပ်နာမ်နှစ်ပါးမှ လွဲရင် အခြား မရှိပါဘူး။ အဲဒီ ခန္ဓာငါးပါး ရုပ်နာမ်နှစ်ပါးရဲ့ ဖြစ်မှုပျက်မှု သဘောကို ဉာဏ်နဲ့ စောင့်ကြည့်တာကို ဝိပဿနာလို့ ခေါ်တာဖြစ်ပါတယ်။

ဝိပဿနာရှုတယ်ဆိုတာ သူ့ပင်ကိုယ်သဘာဝရှိနေတဲ့ ဒီခန္ဓာကိုပဲ ရှုရပါတယ်။ ခန္ဓာတောင်မှ သူများခန္ဓာ သွားရှုရမှာ မဟုတ်ပါဘူး။ ကိုယ့်ခန္ဓာကို ကိုယ့်ဉာဏ်နဲ့ ရှုပေးရမှာပါ။

ကိုယ့်ခန္ဓာကို ရှုရမယ်ဆိုတော့ ခန္ဓာက ပညတ်ခန္ဓာ၊ ပရမတ်ခန္ဓာဆိုပြီး နှစ်မျိုးရှိပါတယ်။ အဲဒီနှစ်မျိုးထဲက ပညတ်ခန္ဓာကို ရှုလို့ မရပါဘူး။ ပရမတ် ခန္ဓာကိုပဲ ရှုရပါမယ်။ ဝိပဿနာရှုတဲ့ အခါမှာ ပရမတ်ခန္ဓာကိုပဲ ရှုရပါတယ်။

ပညတ်ခန္ဓာဆိုတာ ဘာလဲ။ ဒီကိုယ်ကောင် ကြီးက ပညတ်ခန္ဓာကြီးပါပဲ။ သူလည်း ခန္ဓာပါပဲ။ ဒါပေမယ့် သူ့ကို ရှုလို့ မရဘူး။ ပရမတ်ခန္ဓာဆိုတာက အကြောင်းတိုက်ဆိုင်လို့ ပေါ်လာတဲ့ ခန္ဓာဟာ ပရမတ်ခန္ဓာပါ။ တစ်နည်းအားဖြင့် ပစ္စုပ္ပန်ခန္ဓာလို့လည်း ခေါ်ပါတယ်။

ဝိပဿနာရှုတဲ့အခါမှာ ထိုင်နေရင်း အကြောင်းတိုက်ဆိုင်လို့ ပေါ်လာတဲ့၊ ထိုင်ရင်းပေါ်နေတဲ့ ပစ္စုပ္ပန်ခန္ဓာလို့ ခေါ်တဲ့ ပရမတ်ခန္ဓာကို ရှုရပါတယ်။ ဒါမှလည်း ဖြစ်ပျက်ကို တွေ့မှာပါ။

ခန္ဓာက ပစ္စုပ္ပန်မှာ အကြောင်းတိုက်ဆိုင်လို့ ပေါ်တယ် ဆိုတော့ ဘယ်လိုပေါ်တာလဲ မေးစရာရှိပါတယ်။ တရားအားထုတ်တဲ့အခါ ထိုင်လို့ တစ်အောင့်လောက်နေတော့ ပူတယ်၊ အေးတယ်၊ လှုပ်တယ်၊ ရွတယ်၊ တောင့်တယ်၊ တင်းတယ်၊ ကိုက်တယ် ခဲတယ်လို့ ဖောက်ပြန်မှု သဘောတွေပေါ်နေပြီ။ အဲဒီဖောက်ပြန်မှု သဘောက ဘာလဲဆိုတော့ ရုပ်တွေဖောက်ပြန်နေတာ။ ရုပ်က ဖောက်ပြန်တယ်။ အဲဒီဖောက်ပြန်မှု သဘောကို ခန္ဓာဖွဲ့ရင် နာမည်တပ်ရင် ရူပက္ခန္ဓာလို့ ခေါ်ပါတယ်။

နောက်တစ်ခါ ဖောက်ပြန်တဲ့သဘောလေးကို သိသောအားဖြင့် ခံစားနေတဲ့ သဘောလေးတစ်ခုလည်း ပေါ်နေတယ်။ သူက ဖောက်ပြန်တဲ့ သဘောလေးကို သိနေ ခံစားနေတယ်။ အေးရင်လည်း အေးမှန်းသိတယ်။ ပူရင်လည်း ပူမှန်းသိတယ်။ အဲဒီ ဖောက်ပြန်မှု သဘောလေးကို ခံစားနေတဲ့ သဘောလေးက ဝေဒနာက္ခန္ဓာ။

ခန္ဓာဖွဲ့ရင် နောက်တစ်ခုရှိပါသေးတယ်။ ဒါလေးကတော့ အပူလေးပဲ၊ ဒါလေးကတော့ အအေးလေးပဲ။ ဒါလေးကတော့ အဆိုးလေးပဲ၊ ဒါလေးကတော့ အကောင်းလေးပဲ။ ဒါလေးကတော့ ညောင်းညာတာပဲလို့ မှတ်လုံးလေးတစ်ခု ပေါ်နေပါတယ်။ အဲဒါက မှတ်သားမှုသဘော သညာက္ခန္ဓာပါ။

နောက်တစ်ခါ ဒါလေးတွေ မသိ သိအောင် မှတ်ဦးမယ်၊ နားမလည် လည်အောင် မှတ်ဦးမယ်လို့ သိချင်တဲ့ သဘော စေ့ဆော်တိုက်တွန်းတဲ့ သဘောလေးတစ်ခုလည်း ပေါ်နေပါတယ်။ အဲဒါက သင်္ခါရက္ခန္ဓာပါ။

နောက်တစ်ခါ ဒါလေးကတော့ ဖောက်ပြန်တဲ့ သဘောလေးပဲ၊ ဒါလေးကတော့ ခံစားတဲ့ သဘောလေးပဲ၊ ဒါလေးကတော့ မှတ်တဲ့သဘောလေးပဲ၊ ဒါလေးကတော့ ပြုပြင်တဲ့သဘော စေ့ဆော်တဲ့သဘော တိုက်တွန်းတဲ့ သဘောလေးပဲလို့ သိနေတဲ့ သိလုံးလေး တစ်ခုလည်း ပေါ်နေတယ်။ အဲဒီသိလုံးလေးက ခန္ဓာဖွဲ့တော့ ဝိညာဏက္ခန္ဓာ။

ခန္ဓာကိုယ်တစ်ခုလုံးမှာ ဒီငါးခုပဲရှိတယ်။ စစ်ချင်သလို စစ်ကြည့်ပါ၊ ဒီပြင်ဘာမှ မရှိဘူး။ ဉာဏ်နဲ့စစ်ကြည့်လိုက်ရင် ဖောက်ပြန်မှု သဘောရယ်၊ ခံစားမှု သဘောရယ်၊ မှတ်သားမှု သဘောရယ်၊ ပြုပြင်မှု သဘောရယ်၊ သိမှုသဘောရယ် ဒီငါးခုပဲ ပေါ်ပါတယ်။

ဖောက်ပြန်မှုသဘောကို ခန္ဓာဖွဲ့တော့ ရူပက္ခန္ဓာ၊ ခံစားမှုသဘောကို ခန္ဓာဖွဲ့တော့ ဝေဒနာက္ခန္ဓာ၊ မှတ်သားမှုသဘောကို ခန္ဓာဖွဲ့တော့ သညာက္ခန္ဓာ၊ ပြုပြင်မှုသဘောကို ခန္ဓာဖွဲ့တော့ သင်္ခါရက္ခန္ဓာ၊ သိမှုသဘောကို ခန္ဓာဖွဲ့တော့ ဝိညာဏက္ခန္ဓာလို့ ခန္ဓာငါးပါး တွေ့ရပါလိမ့်မယ်။

ခန္ဓာကို ကြည့်လိုက်တော့ ဖောက်ပြန်မှု ခံစားမှုစတဲ့ ပရမတ္တ သဘာဝတွေပဲ ထင်ရှားရှိနေတယ်။ ယောက်ျား၊ မိန်းမ၊ ပုဂ္ဂိုလ် သတ္တဝါဆိုတာ အပြောပဲ၊ တကယ်ရှာတော့ မရှိပါဘူး။

ရူပက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာဆိုတဲ့ ခန္ဓာငါးပါးဟာ အကြောင်းတိုက်ဆိုင်လို့ ပေါ်တာဖြစ်လို့ ပစ္စုပ္ပန်ခန္ဓာလို့ ခေါ်ပါတယ်။ ဝိပဿနာရှုတဲ့အခါ အဲဒီ ပစ္စုပ္ပန်ခန္ဓာကို ရှုရပါမယ်။

ပစ္စုပ္ပန်ခန္ဓာကို လောကီမဂ္ဂင်ငါးပါး၊ အရှုဉာဏ်တရားနဲ့ ရှုလိုက်ပါ။ ပြောတော့သာ ယောက်ျား မိန်းမ ပုဂ္ဂိုလ်သတ္တဝါ ဆိုပေမယ့် သဘောအားဖြင့် ဒီခန္ဓာငါးပါးပဲ ရှိတယ်လို့ မိမိဉာဏ်နဲ့ ပိုင်ပိုင်ဆုံးဖြတ်ချက်ချပြီး သိလိုက်ရင် ဒိဋ္ဌိပြုတ်ပါတယ်။

ဝိပဿနာအလုပ်လုပ်တော့မယ်ဆိုရင် ဒိဋ္ဌိဖြုတ်ရတယ်။ အခု ဒီမှာ ခန္ဓာငါးပါးပဲ ရှိတယ်လို့ မိမိဉာဏ်နဲ့ ပိုင်ပိုင်ဆုံးဖြတ်ချက်ချပြီး သိလိုက်တဲ့အတွက် ဒိဋ္ဌိကို အထူးဖြုတ်နေစရာ မလိုတော့ပါဘူး။ ဖြုတ်ပြီးသား ဖြစ်သွား ပါတယ်။

သဘောခန္ဓာငါးပါးမှာ တစ်ပါးပါးကို မိအောင်ဖမ်းပါ။ ရုပ်ဖောက်ပြန်မှုသဘောကို ကြိုက်ရင် ရုပ်ဖောက်ပြန်မှု သဘောကို ရှုပါ။ ဝေဒနာခံစားမှုသဘော ထင်ရှားရင် ဝေဒနာခံစားမှုသဘောကို ရှုပါ။ မှတ်သားမှုသဘော ထင်ရှားရင် မှတ်သားမှု သညာကိုရှုပါ။ ပြုပြင်မှုသဘော ထင်ရှားရင် ပြုပြင်မှု သင်္ခါရကို ရှုပါ။ သိမှုသဘော ထင်ရှားရင် သိမှုဝိညာဏကို ရှုပါ။ တစ်ပါးပါး ကြိုက်ရာကို ဉာဏ်နဲ့ ရှုရပါတယ်။

ဖောက်ပြန်မှု သဘောလေးကို ကြိုက်ရင် ဖောက်ပြန်မှု သဘောလေးကို ရှု၊ ဝေဒနာသဘောလေးကို ကြိုက်ရင် ဝေဒနာသဘောလေးကိုရှုပါ။ တစ်ခုရှုလိုက်တာနဲ့ ခန္ဓာငါးပါးလုံး ပြီးပါတယ်။






Comments


Post
Facebook-Logo-Square-768x768.png
Facebook-Logo-Square-768x768.png
Facebook-Logo-Square-768x768.png
google logo_edited.png

©2021 by Dhamma Notes by Thein Naing Ohn. Proudly created with Wix.com

bottom of page