top of page
Search

ဝိပဿနာတရားတော်များ_Page I

  • Writer: Thein Naing Ohn
    Thein Naing Ohn
  • Sep 20, 2021
  • 24 min read

Updated: Oct 16, 2021

ဘာဝနာဆိုတာ


ဗုဒ္ဓမြတ်စွာ၏ သာသနာတော်မှာ ဒါန၊ သီလ၊ ဘာဝနာလို့ ကုသိုလ်လုပ်ငန်း သုံးမျိုးရှိပါတယ်။ အဲဒီ သုံးမျိုးအနက်က မိမိမှာရှိတဲ့ လှူဖွယ်ဝတ္ထု တစ်ခုခုကို လှူဒါန်းလိုက်တာဟာ ဒါနကုသိုလ်ပါ။


ကိုယ်နှင့်နှုတ် အပြစ်ကင်းအောင် သီလသိက္ခာပုဒ်များကို ဆောက်တည် စောင့်ထိန်းတာက သီလကုသိုလ်ပါ။

မိမိသန္တာန်မှာ ဖြူစင်တဲ့စိတ်တွေ ဖြစ်ပွားပြီး ညစ်မဲတဲ့ ကိလေသာတရားတွေကို ပယ်ရှားနိုင်အောင် စိတ်ကို လေ့ကျင့်ပွားများ အားထုတ်တာက ဘာဝနာကုသိုလ်ပါ။


အဲဒီဘာဝနာက ဥပစာရသမာဓိ၊ အပ္ပနာသမာဓိ ခေါ်တဲ့ အားကောင်းတဲ့ စိတ်တည်ငြိမ်မှု သမာဓိရအောင် အားထုတ်တဲ့ သမထဘာဝနာ၊ ရုပ်နှင့်နာမ်မှာရှိတဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘောသုံးမျိုးကို ကိုယ်တွေ့ဉာဏ်နှင့် အမှန်အတိုင်း သိပြီးတော့ မဂ်ဉာဏ် ဖိုလ်ဉာဏ်နှင့် ကိလေသာတွေ အကြွင်းမဲ့ ပယ်သတ်ပြီး စိတ်လုံးဝ ဖြူစင်သွားတဲ့အတွက် ဆင်းရဲငြိမ်းရာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်အောင် အားထုတ်ရတဲ့ ဝိပဿနာဘာဝနာလို့ နှစ်မျိုးရှိပါတယ်။


အဲဒီ နှစ်မျိုးအနက်က ဘယ် ဘာဝနာကိုပဲ အားထုတ် အားထုတ်၊ စင်ကြယ်တဲ့ သီလကို အခြေခံပြီးမှ ဘာဝနာကို အားထုတ်ရပါတယ်။ ဒါကြောင့် သမထ ဘာဝနာကိုဖြစ်စေ၊ ဝိပဿနာဘာဝနာကိုဖြစ်စေ ပွားများ အားထုတ်လိုသူဟာ ပထမ သီလကို စင်ကြယ်အောင် ဆောက်တည်စောင့်ထိန်းပြီးမှ ဘာဝနာတရားကို ပွားများ အားထုတ်ရပါတယ်။


အဲဒီလို သီလကို အခြေခံပြီး ဘာဝနာတရား ပွားများအားထုတ်လိုလျှင် အားမထုတ်မီမှာ ဘာဝနာ ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို အကြမ်းဖျင်း နားလည်းထားဖို့လိုပါတယ်။ ဘာဝနာဆိုတာ မိမိသန္တာန်၌ ဖြူစင်သော စိတ်များ ဖြစ်ပွားအောင် အားထုတ်ခြင်း၊ သို့မဟုတ် မိမိသန္တာန်၌ မဂ္ဂင်ရှစ်ပါး ဖြစ်ပွားအောင် အားထုတ်ခြင်း၊ သို့မဟုတ် မိမိသန္တာန်၌ သီလ သမာဓိ ပညာတရားများ ဖြစ်ပွားအောင် အားထုတ်ခြင်း၊ လို့ အဓိပ္ပာယ်ရပါတယ်။


တကယ်တော့ ဒီအဓိပ္ပာယ် သုံးမျိုးဟာ အတူတူပါပဲ။ မိမိတို့ သန္တာန်မှာ မဂ္ဂင်ရှစ်ပါး ဖြစ်ပွားရင် ကိလေသာ အညစ်အကြေး ကင်းစင်နေတဲ့အတွက် စိတ်အစဉ်ဟာ ဖြူစင်နေပါတယ်။ အဲဒီ မဂ္ဂင်ရှစ်ပါးထဲမှာ သီလမဂ္ဂင် သုံးပါး၊ သမာဓိမဂ္ဂင် သုံးပါ၊ ပညာမဂ္ဂင် နှစ်ပါး ပါဝင်ပါတယ်။ ဒါကြောင့် အခုပြောခဲ့တဲ့ ဘာဝနာ ရဲ့ အဓိပ္ပာယ် သုံးမျိုးဟာ အတူတူပါပဲ။


အခုပြောခဲ့တဲ့အတိုင်း မိမိသန္တာန်မှာ မဂ္ဂင်ရှစ်ပါး သီလ သမာဓိ ပညာတရားတွေ ဖြစ်ပွားပြီး စိတ်ဖြူစင်အောင် ရုပ်နဲ့ နာမ်ကို သတိနဲ့ မပြတ် စောင့်ရှုရပါတယ်။ ဒါကိုပဲ ဝိပဿနာ အားထုတ်တယ်လို့ ခေါ်ရပါတယ်။ ခန္ဓာကိုယ်ခေါ်တဲ့ ရုပ်နဲ့ စိတ်ခေါ်တဲ့ နာမ်ရဲ့ သဘာဝအမှန်ကို သိရအောင် သတိဦးစီးတဲ့ စိတ်နဲ့ စောင့်ကြည့် သိနေတဲ့ သဘောပါပဲ။ အဲဒီလို ရုပ်ဖြစ်တိုင်း နာမ်ဖြစ်တိုင်း စူးစူးစိုက်စိုက် ရှုပါများများလာတော့ စိတ်တည်ငြိမ်မှု သမာဓိတွေ အားကောင်းလာပြီး ရုပ်နာမ် အသီးသီးရဲ့ ပင်ကိုယ်ရင်း သီးသန့်သဘော = သဘာဝလက္ခဏာနဲ့ ရုပ်တိုင်း နာမ်တိုင်းနဲ့ သက်ဆိုင်တဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုတဲ့ သာမညလက္ခဏာတွေကို အရှိသဘာဝအတိုင်း သိတဲ့ ဝိပဿနာဉာဏ်တွေ ဖြစ်ပေါ်လာပါတယ်။


အဲဒီ ဝိပဿနာဉာဏ်တွေ ဖြစ်နေခိုက်မှာ ပုဗ္ဗဘာဂမဂ်(=အရိယမဂ်ဉာဏ်၏ ရှေ့အဖို့၌ဖြစ်သော မဂ်အကျင့်) ခေါ်တဲ့ လောကီ မဂ္ဂင်ရှစ်ပါး ပါဝင်ဖြစ်ပွားနေပါတယ်။ အဲဒီ ဝိပဿနာဉာဏ်တွေ တဆင့်ထက် တဆင့် ရင့်ကျက်ပြီး မြင့်တက်လာလို့ နောက်ဆုံးမှာ ဝိပဿနာဉာဏ်အစဉ် ကုန်ဆုံးသွားတော့ မဂ်ဉာဏ် ဖိုလ်ဉာဏ်တွေ ဖြစ်ပေါ်လာတော့တာပါပဲ။


အဲဒီမဂ်အသိလေးခုက မိမိတို့ စွမ်းနိုင်ရာ ကိလေသာအညစ်အကြေးကို အသီးသီးလျှော်ဆေး ပယ်သတ် ပစ်ကြတော့ စိတ်အစဉ်ဟာ အညစ်အကြေးကင်းစင်ပြီး ဖြူစင်လာပါတယ်။ နောက်ဆုံး စတုတ္ထဖြစ်တဲ့ အရဟတ္တမဂ်အသိ ဖြစ်ပေါ်လာတော့ ကိလေသာအညစ်အကြေးမှန်သမျှ အနည်းငယ်မျှ မကျန်ရအောင် အကြွင်းမဲ့ အပြည့်အစု လျှော်ဆေး ပယ်သတ်ပစ်လိုက်ပါတယ်။ ဒီအခါမှာ စိတ်အစဉ်ဟာ လုံးဝ ဖြူစင်နေပါတော့တယ်။ ဒီလို ကိလေသာ အညစ်အကြေး လုံးဝမတင် အပြည့်အစုံ စိတ်ဖြူစင်ရေးဟာ ဘာဝနာလုပ်ငန်းရဲ့ ရည်ရွယ်ချက်ပန်းတိုင်ပါပဲ။ ဒါကို သဥပါဒိသေသနိဗ္ဗာန်လို့ ခေါ်ပါတယ်။ သဥပါဒိသေသနိဗ္ဗာန်ဆိုတာ မဂ်ဉာဏ်လေးဆင့်နဲ့ ကိလေသာ အားလုံး အကြွင်းအကျန်မရှိအောင် ပယ်သတ်ပြီးလို့ ကိလေသာ ဆင်းရဲငြိမ်းစဲသော်လဲ ရုပ်ခန္ဓာ နာမ်ခန္ဓာရှိသေးလို့ ခန္ဓာ ဆင်းရဲတော့ ကျန်ရှိနေသေးတဲ့ အခြေအနေပါပဲ။ ရဟန္တာပုဂ္ဂိုလ်ရဲ့ နိဗ္ဗာန်ပေါ့။


သို့သော်လဲ ရဟန္တာပရိနိဗ္ဗာန် စံသွားတဲ့အခါကျတော့ ရုပ်နာမ်ခန္ဓာ နောက်ထပ် အသစ်မဖြစ်တော့ပဲ အပြီးသတ် အဖြစ်ရပ်သွားတော့ ရုပ်ဆင်းရဲ နာမ်ဆင်းရဲ ခန္ဓာ ဆင်းရဲပါ အားလုံးငြိမ်းသွားပါတယ်။ အဲဒါကို အနုပါဒါသေသနိဗ္ဗာန်လို့ ခေါ်ပါတယ်။ ရုပ်နာမ်ခန္ဓာ အကြွင်းအကျန် မရှိတော့တဲ့ နိဗ္ဗာန်လို့ ဆိုလိုပါတယ်။


ချမ်းမြေ့ဆရာတော်


ဝိပဿနာဆိုတာ ဘာလဲ (၂)

သမထနဲ့ ဝိပဿနာ ကွာတာက နှစ်မျိုးပါ။ အယူအဆ မတူပါဘူး၊ ပန်းတိုင်မတူတဲ့အတွက် Idea မတူပါဘူး။ အယူအဆ မတူပါဘူး။

သမထက အာရုံကို ဂရုစိုက်တယ်။ ဝိပဿနာက စိတ်ကို ဂရုစိုက်တယ်။ သမထပန်းတိုင်းက ငြိမ်ဖို့၊ ဝိပဿနာရဲ့ ပန်းတိုင်းက ဉာဏ်ဖြစ်ဖို့။

သမထက အာရုံကို ဂရုစိုက်တယ်။ ဝိပဿနာက စိတ်ကို ဂရုစိုက်တယ်။ ဒီစိတ်မှာ လောဘ ဒေါသ မောဟတွေ ပါနေတယ်။ ဉာဏ်ဖြစ်ရိုးထုံးစံ မရှိပါဘူး။

သမထက အာရုံတစ်ခုတည်းကို စိုက်ပါတယ်။

ဝိပဿနာက အာရုံအများနဲ့ ဆက်ဆံတယ်။ သိပြီးတော့ ဆက်ဆံတယ်။ သမထက အားစိုက်ရပါတယ်။ ဖြစ်အောင် ဖန်တီးနေရပါတယ်။ မတွေးအောင် ငြိမ်အောင် စုနေရပါတယ်။ အားစိုက်ရပါတယ်။

ဝိပဿနာကတော့ အဲဒီလို မဟုတ်ဘူး။ ငြိမ်အောင်လည်း မလုပ်ဘူး၊ မငြိမ်တာကို မငြိမ်မှန်း သိတယ်။ ဖွာကြဲနေရင် ဖွာကြဲနေမှန်း သိတယ်။ အသိအမှတ်ပြုရုံပဲ ဘာအားမှ စိုက်စရာမလိုဘူး။

ဖြစ်နေတာကို ကြာကြာသိနေရင် အသိဉာဏ်ရှိတဲ့ သူကတော့ သဘောပေါက်ပါတယ်။

အာရုံတစ်ခုနဲ့ ကြာကြာနေရင် ဒီအာရုံအကြောင်းကို နားလည်ရမှာ နားလည်သင့်တာပေါ့။ အာရုံရဲ့ သဘာဝက ဘယ်လိုလဲ။ အာရုံကို သိတာလား၊ အာရုံရဲ့ သဘာဝလက္ခဏာကို နားလည်တာလား။

သိတာ နှစ်မျိုးရှိပါတယ်၊ အာရုံကို သိတဲ့ အသိရယ်၊ အသိဉာဏ်နဲ့ သိတဲ့ အသိရယ်၊ သဘာဝလက္ခဏာကို သဘောပေါက်လာတာ ဉာဏ်ပါ။ အာရုံကို သိတာက သညာပါ။

သညာကိုပဲ အားကောင်းအောင် လုပ်နေတော့ ဉာဏ်တွေ မလာတော့ဘူး။

အနောက်က အသိကို ဦးစားပေးရပါမယ်။ ဉာဏ် ဖြစ်ချင်ရင် စောင့်ကြည့်ရပါတယ်။ အဲဒီတော့ သမထက ဖြစ်အောင် ဖန်တီးတဲ့ ဖြစ်စဉ်ပါ။ ဝိပဿနာက လေ့လာတဲ့ ဖြစ်စဉ်ပါ။

သိချင်လို့ ထိုင်ပြီးကြည့်နေတာပါပဲ။

အရေးကြီးတာ အယူအဆ မှန်ဖို့ ၊ သဘောထားမှန်ဖို့။

အယူအဆမှန်တယ်ဆိုတာ ဘာလဲ။ ဖြစ်နေတာတွေ အားလုံးကို သဘာဝကို သဘာဝအတိုင်း စဉ်းစားတာ။ ကောင်းတာလည်း မဟုတ်ဘူး၊ ဆိုးတာလည်း မဟုတ်ဘူး၊ အာရုံက အာရုံပါပဲ။ ခံစားမှုက ခံစားမှုပါပဲ။ တွေးတာက တွေးတာပါပဲ။ ဒါတွေအားလုံးဟာ ဓမ္မ သဘာဝတွေပါပဲ။ အနှောက်အယှက်တွေ တစ်ခုမှ မရှိပါဘူး၊ ကောင်းတာလည်း မရှိဘူး၊ ဆိုးတာလည်း မရှိဘူး၊ သဘောတရားတွေချည်းပဲ။

အဲဒီတော့ သဘောတရားကို သဘောတရားလို့ နှလုံးသွင်းထားရင် လူတွေ ပုဂ္ဂိုလ်တွေ သတ္တဝါတွေ၊ သူ့ဟာ ငါ့ဟာဆိုတာ မရှိတော့ပါဘူး။

သဘာဝ အရှိကို အရှိအတိုင်း စဉ်းစားတတ်ဖို့ လိုပါတယ်။ အာရုံဆိုတာ အသိခံရတဲ့ သဘောသက်သက်ပါပဲ။ အာရုံဟာ ကုသိုလ်လည်း မဟုတ်ဘူး၊ အကုသိုလ်လည်း မဟုတ်ဘူး။ အသိခံရတဲ့ သဘောတရားလေး သက်သက်ပဲ။

တရားအားထုတ်တဲ့နေရာမှာ ဉာဏ်ရှိကိုရှိရပါလိမ့်မယ်။ ဘာဉာဏ်တွေ ရှိရမှာလဲ။ ဗဟုသုတဉာဏ် ကြားဖူးနားဝ။ မှန်ကန်တဲ့ ဗဟုသုတတွေကို ကြားဖူးထားတဲ့ ဉာဏ် ရှိရပါမယ်။ စဉ်းစားနိုင်တဲ့ ဉာဏ် ရှိရမယ်။

အဲဒီဉာဏ်တွေ အလုပ်လုပ်မှ သဘောပေါက်တဲ့ ဉာဏ်တွေ လာမှာပါ။ အနည်းဆုံးတော့ ဗဟုသုတဉာဏ် ရှိကို ရှိရပါတယ်။

ဉာဏ်မရှိလို့ကတော့ မောဟနဲ့ အားထုတ်နေပြီးတော့ တရားအားထုတ်နေရင်းနဲ့ လောဘဖြစ်လိုက် ဒေါသဖြစ်လိုက် ဖြစ်လာပါလိမ့်မယ်။

ဗဟုသုတဉာဏ် စဉ်းစားဉာဏ်နဲ့ တွဲပြီး အားထုတ်ရပါမယ်။ အဲဒါကို သတိသမ္ပဇညလို့ ပြောပါတယ်။ သတိသမ္ပဇညဉာဏ်ယှဉ်၍ ဆိုတာက သတိ တစ်လုံးတည်းနဲ့ မလောက်ပါဘူး၊ ထားနေရုံနဲ့ မလောက်ပါဘူး။

သတိရှိနေတယ်၊ စဉ်းစားနေတယ်၊ သုံးသပ်နေတယ်။ စုံစမ်းနေတယ်၊ စစ်ဆေးနေတယ်။

တရားအားထုတ်နေတယ်ဆိုတာ စိတ်အလုပ်ပါ။ ဖြစ်အောင်လည်း မလုပ်ရဘူး၊ ပျက်အောင်လည်း မလုပ်ရဘူး။ ဖြစ်တိုင်း ပျက်တိုင်းလည်း မမေ့ရဘူး။ မမေ့ရဘူး၊ မမေ့တာ သတိပါ။

အားစိုက်တာ ပြောတာ မဟုတ်ပါဘူး၊ ကောင်းတာတွေ ပြောဖို့ မမေ့ရဘူး၊ ကောင်းတာတွေ စဉ်းစားဖို့ မမေ့ရဘူး။

တစ်ခါတလေ စဉ်းစားဖို့ကို မေ့နေတယ်၊ မှန်မှန်ကန်ကန် စဉ်းစားဖို့ မမေ့ရဘူး၊ အရေးကြီးပါတယ်။

ဝီရိယနဲ့ အားစိုက်ပြီးထားတဲ့ သတိက စဉ်းစာတာတွေကို ပိတ်ပစ်လိုက်ပါတယ်။ ဒါကြောင့် စိုက်မရှုနဲ့လို့ ပြောတာပါ။

သတိက မမေ့တာပါပဲ၊ သတိရှိနေတယ်၊ ဖြစ်နေတာတွေကို သိနေတယ်ဆိုရင် သတိရှိနေပါတယ်။ အတွေးတွေ များနေတယ်၊ အတွေးတွေကို များနေမှန်း သိတာပဲ။ သတိရှိနေပြီပဲ။ အတွေးထဲမှာ မျောမနေရင် ပြီးတာပဲ။

စိတ်တွေ မငြိမ်ဘူးလို့ ပြောကြတယ်၊ ဘာလို့ ပြောနိုင်တာလဲ၊ မငြိမ်တာကို မငြိမ်မှန်း သိနေလို့ပေါ့၊ သိနေတယ် ဆိုကတည်းက သတိရှိလို့ပေါ့။

အရေးကြီးတာက အဲဒီ မငြိမ်တဲ့အပေါ်မှာ အယူအဆ မှန်ဖို့ လိုပါတယ်။ မငြိမ်တာဟာ မကောင်းတာ မဟုတ်ဘူး၊ မငြိမ်တာ မငြိမ်တာပဲ။ ပြဿနာမဟုတ်ဘူး။ သဘာဝပဲ။

ဒါမှမဟုတ်ရင် မငြိမ်တာဟာလည်း အသိခံရတာပဲ၊ မငြိမ်တာကို မငြိမ်တာမှန်း သိနေရင် သမ္မာဒိဋ္ဌိဖြစ်နေတာပဲ။

အဲဒီလို သဘောထားမှန်သွားပြီဆိုရင် အဲဒီအပေါ်မှာ၊ အဲဒီ အာရုံအပေါ်မှာ အတွေ့အကြုံ (Experience) ပေါ်မှာ မတုံ့ပြန်တော့ပါဘူး။ လောဘနဲ့ မတုံ့ပြန်တော့ဘူး၊ ဒေါသနဲ့ မတုံ့ပြန်တော့ဘူး၊ ဒါက အရေးအကြီးဆုံးပဲ။

ဖြစ်နေတဲ့ အတွေ့အကြုံတွေက အများကြီးပါ။ ဘယ်လိုပဲ ဖြစ်နေဖြစ်နေ ဖြစ်နေတာက ဖြစ်နေတာပါပဲ။ ကောင်းတာလည်း မဟုတ်ဘူး၊ ဆိုးတာလည်း မဟုတ်ဘူး ဓမ္မသဘာဝတွေပါပဲ။

သဘောတရားတွေပဲလို့ နှလုံးသွင်းနိုင်ရင် စိတ်ဘက်က ငြိမ်းသွားပါတယ်။ ရှုတဲ့စိတ်ဘက်က ငြိမ်းနေပြီဆိုမှ ဉာဏ်ဖြစ်မှာပါ။

ရှုတဲ့စိတ်ဘက်က ဖြစ်ချင်တာတွေ လိုချင်တာတွေ စိုးရိမ်တာတွေ ကြောက်နေတာတွေ။ တစ်ခုခုများ အောင်းနေတယ်ဆိုရင် ဉာဏ်မလာတော့ပါဘူး။

အဲဒီ ကိလေသာတွေက ရှုတဲ့ စိတ်ဘက်မှာ ရှိတတ်တယ်။ ကိလေသာတွေက အားတွေ အများကြီး ထုတ်သုံးပါတယ်။

လိုချင်ရင် အားတွေ အများကြီး စိုက်တယ်၊ စိုးရိမ်ရင် အားတွေ အများကြီး စိုက်တယ်၊ ကြောက်ရွံ့ရင် အားတွေ အများကြီး စိုက်တယ်။

ဒါကြောင့် စူးစိုက်ရှုတာတွေကို လျှော့လိုက်ပါ။ ကိလေသာတွေ ပါနေတတ်လို့ပါ။

ကိလေသာရဲ့သဘာဝက အာရုံကို ကိုင်တယ်၊ ဆုပ်တယ်၊ ဆွဲတယ်။ အာရုံကို သေသေချာချာကိုင်ပြီး ဆုပ်ပြီးမှ ခံစားတာ ကိလေသာရဲ့ သဘာဝပါ။

ဘာနဲ့ ခံစားမလဲ .. လောဘနဲ့ ခံစားမယ်၊ ဒေါသနဲ့ ခံစားမယ်။

အာရုံတစ်ခုကို တွယ်လည်း မတွယ်ရဘူး၊ ပယ်လည်း မပယ်ရဘူး။

တွယ်တယ်ဆိုတာ စွဲတာပါ၊ လိုချင်တော့ ဖြစ်ချင်တော့ စွဲလမ်းတာ။ ပယ်တယ်ဆိုတာက မကျေမနပ်နဲ့ ပျောက်စေချင်တာ။

တွယ်လည်း မတွယ်ရဘူး ၊ ပယ်လည်း မပယ်ရဘူးဆိုတော့ ဘယ်လိုနေမလဲ၊ ဘယ်လိုလုပ်မှာလဲ။ ကြားထဲက မဇ္ဈိမပဋိပဒါ၊ အစွန်းနှစ်သွယ်၊ လမ်းမှားပယ်၊ အလယ်လမ်းမှန်လျှောက် .. ဆိုတာ အလယ်လမ်းက ဘာလဲ ..၊ အသိဉာဏ်ပါပဲ။

ဖြစ်နေတာကို ဘာလဲလို့ နားလည်လိုက်ရင် သူက အလယ်က ထွက်သွားတာပဲ။ ဖြစ်နေတာက ဘာလဲဆို သဘောပေါက်ထားရင် စွဲလည်း မစွဲတော့ဘူး၊ ပယ်လည်း မပယ်တော့ဘူး။

အသိဉာဏ်နဲ့ နားလည်လိုက်ရင် အစွန်းနှစ်သွယ် အစွန်းလမ်းနှစ်သွယ် ပိတ်သွားပါတယ်။

အစွန်းနှစ်ဖက်ဆိုတာ တစ်ခါတည်း ပယ်လို့မရပါဘူး။ ဒီအစွန်း နှစ်ဖက် ရောက်နေတာကိုပဲ တဖြည်းဖြည်း သိရင်း သိရင်းနဲ့ နားလည်အောင် ကြိုးစားရင်းနဲ့ အစွန်းနှစ်ဖက်ကို အရင် နားလည်ရပါတယ်။ နားလည်မှပဲ သူ အလယ်လမ်းက ပေါ်လာပါလိမ့်မယ်။

ပထမ နားလည်အောင် လေ့လာရပါတယ်။ အာရုံကို တကယ်နားလည်မယ်ဆိုရင် အာရုံဟာ အာရုံပဲလို့ နားလည်တဲ့ ဉာဏ်ဖြစ်ပါမယ်။

နားလည်ပေးရုံပါပဲ။ ဒါက ဒါပဲဆိုတာ နားလည်တယ်၊ ကြိုက်တာလည်း မလာဘူး၊ မကြိုက်တာလည်း မလာဘူး။ အာရုံဟာ အာရုံပဲ။ နာတာလည်း အာရုံပဲ။ မနာတာလည်း အာရုံပဲ။ သိစရာပါပဲလို့ နားလည်တာ၊ နက်နက်နဲနဲ နားလည်သွားပြီဆိုရင် ဒီအာရုံတွေအပေါ်မှာ တုံ့ပြန်တာတွေ မလာတော့ဘူး။

ဒီအာရုံတွေပေါ်မှာ ဖြစ်နေတဲ့စိတ်တွေပေါ်မှာ ကြုံတိုင်း ကြုံတိုင်း အာရုံတွေ တိုက်တိုင်း တိုက်တိုင်းမှာ ကိလေသာမပါဘဲနဲ့ ဉာဏ်လေးနဲ့ နားလည်ပေးနေရုံပါပဲ။ တရားအားထုတ်တယ်ဆိုတာ ဒါပါပဲ။

အာရုံလည်း သဘောတရားပဲ၊ သိတဲ့စိတ်လည်း သဘောတရားပဲ။ သတိထားတဲ့ စိတ်လည်း သဘောတရားပဲ။ ခံစားတာလည်း သဘောတရားပဲ။ လူလည်း မဟုတ်၊ ပုဂ္ဂိုလ်လည်း မဟုတ်၊ သတ္တဝါလည်း မဟုတ်။ သဘာဝတရားသက်သက်ပါပဲ။

အရှင်တေဇနိယ (ရွှေဥမင်)


ဝိပဿနာဆိုတာ ဘာလဲ (၃)

တရားအားထုတ်တယ်ဆိုတာ တကယ်တော့ တရားတဲ့အားတွေ ထုတ်တာပါပဲ။ မတရားတဲ့ အားဆိုတာ လောဘ၊ ဒေါသ၊ မောဟ၊ မာနစတဲ့ ကိလေသာတရားတွေကို ပြောတာပါ။ အဲဒီ မတရားတဲ့ အားတွေ မဖြစ်အောင် တရားအားထုတ်တာကိုပဲ ဘာဝနာ ပွားတယ်လို့ ဆိုပါတယ်။ တကယ်တော့ ဘာဝနာပွားတယ်လို့ပဲ ပြောပြော ကမ္မဋ္ဌာန်း စီးဖြန်းတယ်လို့ပဲ ဆိုဆို ဆိုလိုရင်းကတော့ မတရားတဲ့ အားတွေ မဖြစ်အောင် တရားတဲ့အားတွေ ထုတ်ခြင်းပါပဲ။

သေချာတာကတော့ ဒီသမထ ဝိပဿနာ နည်းတစ်မျိုးမျိုးကို အားထုတ်ပြီး နေတဲ့ပုဂ္ဂိုလ်တွေဟာ အားထုတ်နေတဲ့ အခိုက်အတန့်မှာ ကိုယ့်သန္တာန်မှာ မတရားတဲ့ ကိလေသာအားတွေ မဖြစ်ဘဲ တရားတဲ့ အားတွေပဲ ဖြစ်နေတယ်ဆိုတဲ့ အချက်ပါပဲ။

ဒီနေရာမှာ တရားအားထုတ်တဲ့သူများ သတိပြုရမယ့်အချက်က သမထနည်းပဲ ဖြစ်ဖြစ်၊ ဝိပဿနာနည်းပဲဖြစ်ဖြစ် တစ်နည်းနည်းကို အားထုတ်နေရင် တရားတဲ့ အားတွေ ဖြစ်နေပြီး ကိလေသာတွေ ငြိမ်းနေတယ်ဆိုပေမယ့် သမထနည်းက ကြိုးစားရင် ကြိုးစားနိုင်တဲ့အလျှောက် ကိလေသာတရားများကို အတော်ကြာကြာ ခွာထားနိုင်ရုံ လောက်ပဲဖြစ်ပြီး တစ်ချိန်ချိန်မှာ ပေါ်လာတတ်တယ်ဆိုတဲ့ အချက်နဲ့ ဝိပဿနာနည်းကတော့ ဉာဏ်အဆင့်ဆင့် မြင့်သထက်မြင့်လာတာနဲ့အမျှ ကိလေသာ တရားများကို နောက်ထပ်တစ်ခါ ပေါ်လာခွင့်မရအောင် အကြွင်းအကျန်မရှိ အကုန်ပယ်သတ်လိုက်တယ်ဆိုတဲ့ အချက်ပါပဲ။

အချို့က တရားအားထုတ်တာကို ဝိပဿနာ သတိပဋ္ဌာန်ပွားများတယ်လို့ ဆိုပါတယ်။ သတိပဋ္ဌာန်လို့ပဲဆိုဆို၊ ဝိပဿနာလို့ပဲဆိုဆို၊ သတိပဋ္ဌာန် ဝိပဿနာလို့ပဲပြောပြော အဓိပ္ပါယ်ကတော့ စိတ်နဲ့ ရုပ်မှာ ဖြစ်ပေါ်တတ်တဲ့ အာရုံတွေကို မလွတ်တမ်း သတိကပ်နေခြင်း၊ သိနေခြင်းပါပဲ။

တကယ်တော့ ဝိပဿနာ အလုပ်ဆိုတာ ရိပ်သာသွားပြီး အချိန်ပြည့် ထိုင်ပြီးမှ အားထုတ်ရတဲ့ တရားအားထုတ်မှု မဟုတ်ပါဘူး။ နေ့စဉ် လှုပ်ရှားမှုများထဲမှာကိုပဲ လှုပ်ရှားနေတုန်း တရားအားထုတ်နိုင်တဲ့ နည်းတွေ ရှိပါတယ်။

အမှန်တော့ သတိအမှတ်သာ ရှိနေမယ်ဆိုရင် အဲဒီ လှုပ်ရှားမှုတွေကပဲ တရား မှတ်စရာ အမှတ်အာရုံတွေ ဖြစ်နေတာပါ။ တရားရှာ ကိုယ်မှာ တွေ့ဆိုသလို ဘုရားရှင်ကလည်း ခန္ဓာကိုယ်ရဲ့ ဖြစ်သမျှ အနေအထားတွေ အပေါ်မှာ တရားရှာနိုင်ကြောင်း ဟောတော်မူပါတယ်။ ဒါကို မဟာသတိပဋ္ဌာနသုတ်မှာ ဣရိယာပုတ်ကို ဆင်ခြင်နည်းအဖြစ် ဖွင့်ပြထားပါတယ်။

တကယ့်ကို သတိအမှတ်နဲ့သာ မှတ်သိနေမယ်ဆိုရင် လူတိုင်းလူတိုင်းရဲ့နေ့စဉ် လှုပ်ရှား ရုန်းကန်မှုတွေဟာ မှတ်စရာတွေပါပဲ။

တကယ်တော့ မဟာသတိပဋ္ဌာနသုတ်မှာ သတိပဋ္ဌာန် အားထုတ်နည်းလေးမျိုး ပြထားပေမယ့် စိတ်မှာပဲ ဖြစ်ဖြစ် ရုပ်မှာပဲ ဖြစ်ဖြစ်ပေါ်သမျှ အရာ တွေကိုသာ သတိနဲ့ကပ်ပြီး လိုက်သိလိုက် မှတ်ပေးနိုင်ရင် ဝိပဿနာရှုပွားနည်း သတိပဋ္ဌာန် ကျင့်စဉ် တွေကို အမည်တပ်ပေးစရာတောင် လိုမယ် မထင်ပါဘူး။ စိတ်အစဉ်မှာ သတိကပ်ပြီး ထွက်သက် ဝင်သက်ကို ပင်တိုင်ထားလို့ ထင်ရှားရာကို ပြောင်း မှတ် ပေးနေရုံပါပဲ။ နည်းမှန်လမ်းမှန်သာ မှတ်နေမယ်ဆိုရင် မှတ်နေရင်းနဲ့ သူ့အလိုလို သတိပဋ္ဌာန် ကျင့်စဉ်တွေ ဖြစ်နေမှာပါပဲ။

ဒါကြောင့် ဒီနေရာမှာ ပြောချင်တာက မှတ်နေဖို့ပါပဲ။ အမည် နာမတွေ နောက် လိုက်မနေပဲ သမာဓိ၊ ဝီရိယကို မျှတညီညွှတ်အောင် သတိတရား လက်ကိုင်ထားကာ ထွက်သက်ဝင်သက်ကို အခြေခံ အမှတ်အဖြစ် ပိုင်နိုင်အောင် မှတ်ယူရင်း ခန္ဓာကိုယ်နဲ့ စိတ်မှာ ပေါ်လာသမျှ အာရုံများကို ပေါ်စဲပေါ်ခိုက်၊ ဖြစ်စဲဖြစ်ခိုက်မှာ သိအောင် ကြိုးစားမှတ်နေဖို့ပါပဲ။

တစ်ချို့က ရှုမှတ်ရမယ်ဆိုတာ ဘယ်လိုရှုမှတ်ရမယ်ဆိုတာကို သဘောမပေါက်သေးတာ ရှိတတ်ပါတယ်။ ရှုမှတ်တယ်ဆိုတာ စိတ်နဲ့ရုပ်မှာ ပေါ်ပေါ်လာတဲ့ အာရုံလေးတွေကို သူပေါ်တဲ့အတိုင်း သူဖြစ်တဲ့အတိုင်း လိုက်သိပေးနေတာကို ပြောတာပါ။ သူ့အရှိအတိုင်း လိုက်သိနေဖို့ပါပဲ။ တရားမှတ်နေရင်း ပေါ်လာတဲ့ အာရုံကို ကိုယ်သိနေတဲ့ အတိုင်း ထင်ရှားတဲ့ အာရုံတစ်ခုခုကို လိုက်သိပေးနေဖို့ပဲဖြစ်ပါတယ်။ အဲဒါကိုပဲ ရှုမှတ်တယ်လို့ ပြောတာပါ။

ဝေဒနာကိုပဲ ရှုရှု၊ စိတ်ကိုပဲ ရှုရှု၊ ရုပ်ကိုပဲရှုရှု၊ သဘောတရားကိုပဲ ရှုရှု တစ်ခုခုကို အရှိအတိုင်း သိမှတ်နေဖို့ပဲ လိုပါတယ်။

တရားအားထုတ်တယ်ဆိုတာ အမှန်သိမှု သမ္မာဒိဋ္ဌိ ဖြစ်ဖို့ပါပဲ။ အဲဒီလိုဖြစ်ဖို့ရာ ဓမ္မသဘောသက်သက် ဖြစ်ရပါမယ်။

သတိထားနေရင် သိမှုတွေဖြစ်ပေါ်လာတယ်။ သိမှုတွေ ထပ်ကာထပ်ကာ ဖြစ်အောင် ကြောင့်ကြစိုက်ပေးရင် ဒါ ဝီရိယမဂ္ဂင်ပါပဲ။

အာရုံပေါ် စိတ်တွေ တန်းတန်းမတ်မတ် ရောက်သွားတာ၊ စူးစိုက်နေတာ သမာဓိမဂ္ဂင်။

စိတ်၊ စေတသိက်တွေ အာရုံပေါ်ရောက်သွားအောင် ပို့ဆောင်ပေးတာ သမ္မသင်္ကပ္ပမဂ္ဂင်ပါ။

အဲဒီလို သူပို့ဆောင်ချက်ကောင်းရင် ကောင်းသလောက် ဖြစ်သွားရင် သမ္မာဒိဋ္ဌိဖြစ်ပါတယ်။

ရှုမှတ်နေစဉ် ဝိပဿနာရှုတဲ့ စိတ်တစ်ချက်မှာ - ရှုတိုင်း ရှုတိုင်း ပိုင်းခြားသိတာက ဒုက္ခသစ္စာပါ။ သိရတဲ့အာရုံမှာ တပ်မက်မှုကင်းတာက သမုဒယကိုပယ်တာပါ။ သိရတဲ့အာရုံနဲ့စပ်ပြီး ကိလေသာကံ၌ ဘဝသစ်မဖြစ်နိုင်တာက တဒင်္ဂနိရောဓသစ္စာဖြစ်ပါတယ်။ ရှုတိုင်း ရှုတိုင်း သဘောမှန်ကိုသိတာက မဂ္ဂသစ္စာလို့ ရွှေဥမင်ဆရာတော်ကြီး က မိန့်ကြားတော်မူပါတယ်။

ဒါကြောင့် မှတ်နေဖို့သာ အရေးကြီးတယ်လို့ဆိုတာပါ။ အမှတ်တစ်မှတ်ရဲ့တန်ဖိုးဟာ ကြီးမားလှပါတယ်။

ပုဂ္ဂိုလ်ရဲ့အလုပ်က သတိထားနေတာ၊ သတိထားနေရုံပါပဲ။ သတိထားလို့ သတိရှိလာရင် ဓမ္မအလုပ် ဖြစ်သွားပါပြီ။ ဓမ္မအလုပ်ဖြစ်သွားရင် ဓမ္မအလုပ် ဓမ္မလုပ်သွားတာပါပဲ။ သတိရှိနေရင် ဉာဏ်ရှိတယ်။ မှန်ကန်တဲ့ သိမှုတွေက သဘာဝဖြစ်နေတယ်။ အဲဒီလို ဓမ္မဗျာပါရ ဖြစ်သွားမှ ဉာဏ်က သိသင့် သိထိုက်တာ သိတာပါ။

ဓမ္မဗျာပါရ ဖြစ်လာရင် အတင်းကြောင့်ကြစိုက်နေရတဲ့ အနေမျိုး မဖြစ်တော့ပါဘူး။

မေတ္တာဖြင့်

tno

ကျမ်းကိုး။ ။ ရွှေဥမင်ဆရာတော်ဘုရားကြီး၏ နှုတ်တော်မြွက်ကြားဩဝါဒစကားများ။ အရှင်တေဇနိယ(ရွှေဥမင်)၏ နံနက်ခင်း အသိပေးတရားတော်များ။ အရှင်ဝိစိတ္တ (မနာပဒါယီ) ၏ အခြေခံဝိပဿနာတရားအားထုတ်နည်း တို့ကို မှီငြမ်းပါသည်။


ဝိပဿနာဆိုတာဘာလဲ (၄)

ဝိပဿနာဘာဝနာ ပွားများအားထုတ်ရာမှာ အရှုခံအာရုံက ရုပ်၊ ခံစားမှု၊ စိတ်၊ သဘော လို့ လေးမျိုးရှိသော်လဲ ရုပ်ကို ရှုမယ်၊ ခံစားမှုကို ရှုမယ် လို့ ရွေးချယ်ဖို့ မလိုပါဘူး။ ရွေးချယ်လို့လဲ မရပါဘူး။ ဘာကြောင့်လဲဆိုတော့ ရှုစိတ်က ကိုယ်ရှုလိုရာ အာရုံဆီ မရောက်ဘဲ ထင်ရှားရာ အာရုံဆီကိုသာ ရောက်တတ်လို့ပါပဲ။ ဥပမာ - နာကျဉ် ကိုက်ခဲ စတဲ့ ပြင်းထန်တဲ့ ဒုက္ခဝေဒနာတွေ ဖြစ်ပေါ်နေတဲ့အခါမှာ မိမိက ဝင်လေထွက်လေကို ဖြစ်စေ၊ ဝမ်းဗိုက်ဖောင်းမှုပိန်မှုကို ဖြစ်စေ ရှုလိုတဲ့အတွက် ရှုစိတ်ကို အဲဒီအာရုံတွေပေါ် တွန်းပို့သော်လဲ မရပါဘူး။

အဲဒီ အာရုံတွေထက်ပိုပြီး ထင်ရှားတဲ့ ဒုက္ခဝေဒနာတွေဆီကိုပဲ ရောက်ရောက်သွားပါတယ်။ ဒါကြောင့် မိမိရှုလိုရာကို ရွေးချယ်ပြီး မရှုရပါဘူး။ ရှုရင် သဘာဝမကျတဲ့အတွက် သမာဓိ မရရုံမျှမကဘဲ စိတ်နဲ့ယောဂီ အားပြိုင်လွန်ဆွဲနေသလိုဖြစ်ပြီး မောလာတတ်ပါတယ်။ ဒီတော့ အားထုတ်လို့ မဖြစ်ပါဘူးဆိုပြီး စိတ်ပျက်သွားတတ်ပါတယ်။

ဒါကြောင့် မိမိရှုလိုရာ အာရုံကို မရွေးဘဲ ရှုနေဆဲ ခဏမှာ ထင်ရှားရာ ထင်ရှားရာ အာရုံကိုသာ အလိုက်သင့် ရှုရပါတယ်။ စူးစိုက် ရှုရပါတယ်။

ရှုတဲ့အခါမှာ ဘယ်လိုရှုရပါသလဲ၊ ဖြစ်ပေါ်နေတဲ့ ရုပ်၊ ဖြစ်ပေါ်နေတဲ့ နာမ်ကို ဖြစ်နေ ရှိနေတဲ့အတိုင်း ရှုသိရပါတယ်။

ပူတာဖြစ်ပေါ်နေရင် ပူနေသမျှ .. ပူတယ်၊ ပူတယ် လို့ ရှုနေရပါတယ်။ အေးနေရင်လဲ အေးတာရှိနေသမျှ .. အေးတယ်၊ အေးတယ် လို့ ရှုနေရပါတယ်။

စိတ်ဆိုးနေရင်လဲ .. စိတ်ဆိုးတယ်၊ စိတ်ဆိုတယ် လို့ စိတ်ဆိုးတာ ရှိနေသမျှ ထပ်ခါတလဲလဲ ရှုနေရပါတယ်။

စဉ်းစားနေရင်လဲ .. စဉ်းစားတယ်၊ တွေးနေရင်လဲ .. တွေးတယ်၊ စိတ်ကူးနေရင်လဲ .. စိတ်ကူးတယ်၊ စိတ်ထဲမှာ တစုံတရာ မြင်နေရင်လဲ .. မြင်တယ် .. စသည်ဖြင့် အဲဒီစိတ်တွေ ဖြစ်နေသမျှ ထပ်ခါထပ်ခါ ရှုနေရပါတယ်။ ဒါဟာ ဖြစ်နေတဲ့ရုပ်၊ ဖြစ်နေတဲ့နာမ်ကို ရှိနေတဲ့အတိုင်း သူ့အရှိသဘာဝအတိုင်း ရှုသိနေခြင်းပါပဲ။

တစ်ချို့က အားထုတ်စမှာ ဖြစ်ပျက် ဖြစ်ပျက်၊ အနိစ္စ ဒုက္ခ အနတ္တ လို့ မရှုရဘူးလားလို့ စောဒနာတက်ပါတယ်။ အားထုတ်စမှာ အဲဒီ ဖြစ်ပျက် စသည်တို့ကို ရှုလို့ မသိသေးပါဘူး။ စိတ်ငြိမ်မှု သမာဓိပင် မဖြစ်သေးပါဘူး။ ရှုတာတောင် မှန်အောင် အချိုးကျအောင် မရှုနိုင်သေးပါဘူး။ ကဘောက်တိ ကဘောက်ချာပဲ ရှုတတ်ပါသေးတယ်။ ရံဖန်ရံခါ အချိုးကျအောင် ကြိုးစားရှုရင်းနဲ့ အသက်ရှုမမှန်ဘဲ မောလာတော့ သက်ပြင်းကြီးချပြီး နားနေရတာမျိုးတောင် ဖြစ်တတ်ပါသေးတယ်။ ဒါနဲ့ စိတ်ပျက် လက်ပျက် ဖြစ်ပြီး ဖြစ်မယ်မထင်တော့ပါဘူး၊ ငါ ပါရမီ မပါဘူးနဲ့ တူပါတယ် လို့ အားလျှော့တဲ့ စိတ်တွေတောင် ဖြစ်တတ်ပါသေးတယ်။ အဲဒီလို အခါမှာ ဖြစ်မှု ပျက်မှု၊ အနိစ္စ ဒုက္ခ အနတ္တတွေ သိနိုင်ဖို့ အဝေးကြီး ရှိပါသေးတယ်။

အဲဒီသဘောတွေကို သမာဓိအားကောင်းခါစမှာတောင် မသိနိုင်သေးပါဘူး။ ဒီသဘောတွေကို သိတာက သမာဓိအား အတော်ကြီးကောင်းတဲ့ တတိယဉာဏ်နဲ့စတုတ္ထဉာဏ်ရောက်မှ သိရပါတယ်။

အဲဒီဉာဏ်အဆင့်တွေမရောက်မီ စိတ် အတော်ကြီး တည်ငြိမ်ပြီး သမာဓိ အားကောင်းတဲ့အတွက် ရှုစိတ်ထဲမှာ ကိလေသာ နီဝရဏတွေ အတော်စင်ကြယ်ပြီး စိတ္တဝိသုဒ္ဓိ ဖြစ်ပါတယ်။ စိတ်စင်ကြယ်မှ နာမ်ရုပ် ပိုင်းခြား သိပြီး နာမရူပ ပရိစ္ဆေဒဉာဏ် ဖြစ်ပါတယ်။

တိုးတက်ရှုလို့ ပိုပြီး သတိ သမာဓိ အားကောင်းလာတော့ ရုပ်နာမ်တို့ရဲ့ အကြောင်းအကျိုးကိုသိတဲ့ ပစ္စယပရိဂ္ဂဟဉာဏ် ဖြစ်ပါတယ်။

အဲဒီနောက်မှပဲ အနိစ္စ ဒုက္ခ အနတ္တကို သိတဲ့ သမ္မသန(တတိယ)ဉာဏ်၊ ဖြစ်ပျက်သိတဲ့ ဥဒယဗ္ဗယ(စတုတ္ထ) ဉာဏ် ဖြစ်ပါတယ်။

ဒါကြောင့် အားထုတ်စမှာ ဖြစ်ပျက်လို့ ဖြစ်စေ၊ အနိစ္စ ဒုက္ခ အနတ္တ လို့ ဖြစ်စေ၊ ရှုရင် စိတ်က ရွတ်ဆိုရုံမျှ ဆင်ခြင်ရုံမျှပဲ ရှိပါတယ်။ ဝိပဿနာဉာဏ် မဖြစ်ပါဘူး။

သို့သော်လဲ ရှေးရှေးဘဝတွေမှာ ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်ခဲ့လို့ သတိ သမာဓိ ဉာဏ်ပါရမီ အားကောင်းနေပြီဖြစ်တဲ့ ဉာဏ်ထူးရှင်များဆိုရင်တော့ အားထုတ်စ ခဏအတွင်းမှာပဲ သမာဓိအားကောင်း လာပြီး အနိစ္စ ဒုက္ခ အနတ္တသဘော၊ ဖြစ်ခြင်း ပျက်ခြင်း သဘောတွေ သိမြင်လာနိုင်ပါတယ်။

ဒီလို ပုဂ္ဂိုလ်ထူးများတော့ အားထုတ်စမှာပဲ ဖြစ်ပျက် ဖြစ်ပျက် လို့ ဖြစ်စေ ၊ အနိစ္စ ဒုက္ခ အနတ္တ လို့ဖြစ်စေ ရှုရင် သင့်လျော်ဖွယ် ရှိပါတယ်။

သို့သော်လဲ ဒီလိုပုဂ္ဂိုလ်မျိုးကတော့ တထောင်မှာ တယောက် ရှိဖို့ ခဲယဉ်းပါတယ်။

အနည်းဆုံး တမဂ်တဖိုလ် ရပြီးတဲ့ အရိယာ ပုဂ္ဂိုလ်များတော့ ရှုလျှင်ရှုချင်း အဖြစ်အပျက်ကို စသိကြောင်း ဝိသုဒ္ဓိမဂ်အဋ္ဌကထာမှာ ပြဆိုထားတယ်လို့ သိရပါတယ်။

သတိပဋ္ဌာန်ဆိုတာ ထင်ရှားရာရုပ်၊ ထင်ရှားရာ နာမ်ကို သူ့အရှိသဘာဝအတိုင်း သတိဦးစီးတဲ့စိတ်နဲ့ ရှုရတာပါ။ ရုပ်နာမ်ဆိုတာ ဘာကို ဆိုလိုမှန်းမသိတဲ့ ပုဂ္ဂိုလ်များအတွက်တော့ ခန္ဓာကိုယ်နဲ့စိတ်မှာ ဖြစ်နေတဲ့သဘောတွေ ကို ဖြစ်နေတဲ့အတိုင်း သတိနဲ့စောင့်ရှုနေခြင်းဟာ သတိပဋ္ဌာန် ဝိပဿနာပါပဲ။ ထင်ထင်ရှားရှား ဖြစ်ပေါ်နေဆဲ ရုပ်၊ ဖြစ်ပေါ်နေဆဲ နာမ်ကို သတိနဲ့ စူးစူးစိုက်စိုက် ရှုသိနေရုံပါပဲ။

သို့သော်လဲ လုံးဝအားမထုတ်ဖူးသေးတဲ့ ပုဂ္ဂိုလ်အတွက် ဖြစ်ပေါ်ရာကို လိုက်ရှုရမယ်ဆိုတာ သိပေမယ့် ရှုစမှာ ဟိုဟာ ရှုရမလိုလို၊ ဒီဟာ ရှုရမလိုလိုနဲ့ ယောင်ဝါးဝါးဖြစ်ပြီး အခက်တွေ့တတ်ပါတယ်။

ဒါကြောင့် လက်ဦးမှာ ထင်ရှားတဲ့ ပင်တိုင်အာရုံ တစ်ခုကို စပြီး ရှုစေရပါတယ်။ လေဝင်တိုင်း ထွက်တိုင်း အထက်နှုတ်ခမ်းဖျားမှာ ဖြစ်စေ၊ နှာခေါင်းဝမှာဖြစ်စေ၊ ထိထိသွားပါတယ်။ အဲဒီ အထိ(ဝါယောဖောဋ္ဌဗ္ဗ) ကိုဖြစ်စေ၊ အသက်ရှုတိုင်း၊ ရှိုက်ထုတ်တိုင်း ဝမ်းဗိုက်မှာ ဖြစ်ပေါ်တဲ့ လေလှုပ်ရှားမှု ဝါယောရုပ်ကို ဖြစ်စေ ပင်တိုင် အာရုံအဖြစ် ရှုနိုင်ပါတယ်။

ချက်တဝိုက် ဝမ်းဗိုက်က ဖောင်းကြွလှုပ်ရှားလာတော့ ဖောင်းတယ် လို့ စိတ်က ဆိုပြီး ရှုရပါတယ်၊ ပိန်ကျသွားတော့ ပိန်တယ် လို့ စိတ်ကဆိုပြီး ရှုရပါတယ်။ နှုတ်က အသံထုတ်ပြီး မဆိုရပါဘူး။

ရှုတယ်ဆိုတာ ဖောင်းကြွလှုပ်ရှားမှု ပိန်ကျလှုပ်ရှားမှုကို သတိဦးစီးတဲ့ စိတ်နဲ့ စူးစူးစိုက်စိုက်ကလေး သိလိုက်တာပါပဲ။ ဒါကို သဘောပေါက်ဖို့ အရေးကြီးပါတယ်။

ဝမ်းဗိုက်မှာ တည်တဲ့ တွန်းကန်လှုပ်ရှားမှု ဝါယောကို ရှုတာဟာ မဟာသတိပဋ္ဌာနသုတ်၊ ဓာတ်ကြီးလေးပါးကို ရှုပုံပြတဲ့ ဓာတုမနသိကာရ ပဗ္ဗ ဒေသနာတော်နှင့်လဲ ညီညွတ်ပါတယ်။

သဘာဝရုပ်မှန်ရင် ဘယ်ရုပ်ကိုမဆို ရှုသိရမှာချည်းပါပဲ။ လောကမှာ မရှုရမည့် သဘာဝရုပ်ဆိုတာ မရှိပါဘူး။ နာမ်မှာလဲ ထို့အတူပါပဲ။ မဂ်စိတ် ဖိုလ်စိတ်မှတပါး မရှုရမယ့် နာမ်တရား မရှိပါဘူး။ ဒီရုပ်နာမ်တွေကို မရှုရင် သာယာတပ်မက်စွဲ၊ အသိအမြင်မှားစွဲတွေ စွဲလမ်းတော့တာပါပဲ။ ရှုမိတဲ့ ရုပ်နာမ်ပေါ်မှာတော့ မစွဲလမ်းပါဘူး။

ဒါကြောင့် အဲဒီလိုမစွဲလမ်းဖို့ရာ အစွဲကင်းဘို့ရာ ဝမ်းဗိုက်ရဲ့ ဖောင်းမှု ပိန်မှုဆိုတဲ့ တွန်းကန်ရွေ့ရှားမှု ဝါယော ကို ရှုရတာပါပဲ။

ဒီနေရာမှာ ဖောင်းတယ် ပိန်တယ် ဆိုတဲ့ စကားလုံး ပညတ်၊ ဝေါဟာရ ပညတ်ကို ရှုရမှာ မဟုတ်ဘူးဆိုတာ အထူး သတိပြုရပါမယ်။ ဖောင်းတယ် ပိန်တယ် ဆိုတဲ့ စကားဟာ ရုပ်လဲ မဟုတ်၊ နာမ်လဲ မဟုတ်ပါဘူး။ ဒါကြောင့် ဝိပဿနာရှုရမယ့် ပရမတ်တရား မဟုတ်ပါဘူး။ သူဟာ ပညတ်ပါ။ တွန်းကန် ရွေ့ရှားသဘောကို မှတ်သားထားတဲ့ စကားလုံး ဝေါဟာရပညတ်၊ သင်္ကေတ ပညတ်၊ နာမပညတ်မျှပါပဲ။ ကျမ်းဂန်များမှာ တဇ္ဇာပညတ်လို့ သုံးကြပါတယ်။ ဒါကြောင့် ဒီစကားလုံးပညတ် တဇ္ဇာပညတ်ကို ရှုလို့မရပါဘူး။ မြတ်စွာဘုရားကလဲ ဖောင်းတယ် ပိန်တယ် ဆိုတဲ့ စကားလုံးကိုဖြစ်စေ၊ ဝါယော ဆိုတဲ့ စကားလုံးကို ဖြစ်စေ ရှုဖို့ ညွှန်ကြားတော် မမူခဲ့ပါဘူး။

အဲဒီ ဖောင်းတယ် ပိန်တယ် ဆိုတဲ့ စကားလုံး နဲ့ ခေါ်ဝေါ်မှတ်သားထားတဲ့ တွန်းကန်ရွေ့ရှားသဘော ပရမတ်ဝါယောကိုသာ ရှုသိနေရမှာ ဖြစ်ပါတယ်။ မြတ်စွာဘုရားကလဲ ပရမတ္တသဘာဝကို ရှုသိဖို့ပဲ မိန့်တော်မူပါတယ်။ ဒါကြောင့် စိတ်အဆို စကားလုံးပေါ်မှာ ရှုစိတ်ကို တင်မနေစေဘဲ တွန်းကန်ရွေ့လျားစေတဲ့ သဘာဝကို ထိထိမိမိ သိအောင် ရှုဖို့လိုပါတယ်။

အားထုတ်ခါစမှာ ရှုစိတ် အရှုခံသဘာဝပေါ် တိတိကျကျ ရောက်အောင် စကားလုံးက အကူအညီ ပေးရုံမျှပါပဲ။ တရားရင့်လာလို့ စကားလုံးမပါဘဲနဲ့ အရှုခံ သဘာဝကို ရှုစိတ်က သေသေချာချာ ရှုသိလာနိုင်ရင် ဖောင်းတယ် ပိန်တယ် အစရှိတဲ့ စိတ်အဆို စကားလုံးတွေ မလိုအပ်တော့ပါဘူး။ အရှုခံအာရုံကို ရှုစိတ်နဲ့ သိရုံမျှနဲ့ ကိစ္စပြီးပါပြီ။

တရားတကယ်ရင်လာ အားကောင်းလာတော့ စိတ်အဆိုတွေပါနေရင် ရှုသိရတာ ချောချောမောမော မရှိဘဲ ကြားထဲက ခုခုနေသလိုတောင် ဖြစ်တတ်ပါသေးတယ်။ ကျနော်ကိုယ်တိုင်လည်း စရှုမှတ်ရာမှာ အသက်ရှုသွင်း ရှုထုတ်လိုက်တိုင်း ဖောင်းတယ် ပိန်တယ် လို့ ပဲမှတ်လာခဲ့ပေမယ့် မှတ်လာတာကြာလာတဲ့အခါ ဖောင်းတယ် ပိန်တယ် စိတ်အဆိုနဲ့ ထောင့်နေတဲ့အတွက် စိတ်ကဆိုနေတဲ့ ဖောင်းတယ် ပိန်တယ် ဆိုတာကို မမှတ်တော့ပဲ၊ အသက်ရှုသွင်းလိုက်တိုင်း ဝမ်းဗိုက်ဖောင်းလာမှု၊ ရှုထုတ်လိုက်တိုင်း ဝမ်းဗိုက်ပိန်သွားမှုသဘော လေးကို စိတ်ကနေလိုက်မဆိုတော့ပဲ၊ သိရုံလေး သိပေးနေလိုက်တဲ့အခါ အဆင်ပြေပြေနဲ့ဆက်လက်မှတ်လို့ ရသွားခဲ့တာ ကိုယ်တွေ့ပါပဲ။

ဒီလိုဆိုရင် စိတ်အဆို တဇ္ဇာပညတ် မပါဘဲ အရှုခံအာရုံကို ရှုသိစိတ်က သိရုံလေး သိနေရင် မပြီးဘူးလားလို့ မေးစရာရှိပါတယ်။ အရှုခံအာရုံကို စူးစူးစိုက်စိုက် သိနေရင် ပြီးပါတယ်။ သို့သော်လဲ သိတယ်ဆိုတာ စိတ်တည်ငြိမ်မှု သမာဓိအားကောင်းမှ သိပါတယ်။ သမာဓိအားကောင်းဘို့က ရှုသိစိတ် အားကောင်းဖို့ လိုပါတယ်။

ရှုသိစိတ် အားကောင်းဘို့ စိတ်အဆို တဇ္ဇာပညတ် ကူပေးရပါတယ်။ သူမကူရင် ရှုသိစိတ် ပေါ့လျှံလျှံကလေး ဖြစ်နေတော့ စူးစိုက်အား မကောင်းတဲ့အတွက် စိတ် ခဏခဏလွင့်လို့ သမာဓိ အားမကောင်းနိုင်ပါဘူး။ ဒါကြောင့် ရှုသိစိတ် အားကောင်းအောင် စိတ်အဆို တဇ္ဇာပညတ် ကူပေးရပါတယ်။

ဖောင်းတယ် ပိန်တယ် ဆိုတာက စိတ်အဆို စကားလုံးပညတ်၊ ဝေါဟာရပညတ်၊ တဇ္ဇာပညတ်ပါ။ တွန်းကန်ရွေ့ရှားသဘောသာလျှင် ရှုသိရမယ့် ပရမတ္တသဘာဝလို့ ရှင်းရှင်းလင်းလင်း ခွဲခြားသိဖို့လိုပါတယ်။

အဲဒီလို ခွဲခြားမသိရင် စကားလုံးပညတ်နဲ့ ပရမတ္တသဘာဝ ရောသွားပြီး ဖောင်းတာ ပိန်တာ ရှုဖို့ ဘုရားဟော မရှိပါဘူးလို့ အယူအဆ တိမ်းယိမ်းသွားတတ်ပါတယ်။

မှန်ပါတယ်၊ ဖောင်းတယ် ပိန်တယ် ဆိုတဲ့ စကားလုံးကိုဖြစ်စေ၊ အာနာပါန ရှုမှတ်ရာမှာ ထွက်လေ ဝင်လေ ဆိုတဲ့ စကားလုံးကို ဖြစ်စေ ရှုမှတ်ဖို့ မြတ်စွာဘုရား ဟောတော်မမူခဲ့ပါဘူး။

အဲဒီ ဝေါဟာရ စကားလုံးတွေနဲ့ ခေါ်ဝေါ်မှတ်သားရတဲ့ တောင့်တင်း တွန်းကန် လှုပ်ရှား သဘာဝကိုသာ ရှုဖို့ ဟောတော်မူခဲ့ပါတယ်။

ဒါကြောင့် ရှုသူတွေကလဲ ရှုစိတ် အရှုခံသဘာဝပေါ် သေသေချာချာရောက်အောင် ဖောင်းတယ် ပိန်တယ် လို့ အကူအညီရရုံမျှ စိတ်က ဆိုသော်လဲပဲ ရှုတာကတော့ တောင့်တင်းတွန်းကန် လှုပ်ရှားသဘော ပရမတ်ဝါယောကိုသာ ရှုတာပါပဲ။

ဒါကြောင့်လဲ ကျနော်အထက်မှာ ပြောခဲ့သလို ဖောင်းတယ် ပိန်တယ် မှတ်တာလေးကြာလာလို့ မှတ်ရတာ ထောင့်လာတဲ့အခါ ဖောင်းတယ် ပိန်တယ်ဆိုတဲ့ စိတ်အဆိုကို မမှတ်တော့ပဲ အသက်ရှုသွင်းလိုက်တိုင်း ဝမ်းဗိုက်ဖောင်းလာမှု ၊ ရှုထုတ်လိုက်တိုင်း ဝမ်းဗိုက်ပိန်သွားမှုလေး ကိုသာ စူးစိုက်အာရုံပြုပြီး ဖောင်းသွား ပိန်သွားတာလေးကို သိရုံလေးသာ သိပေးလိုက်တဲ့အခါ (တစ်နည်း - ပရမတ်ဝါယောကိုသာ မှတ်ယူလိုက်တဲ့အခါ) အဆင်ပြေသွားခဲ့ဖူးတယ်လို့ပြောတာပါ။ အဲဒီ သဘောတရားကို ခွဲခွဲခြားခြားသိဖို့ လိုပါတယ်။

ဝမ်းဗိုက်ရဲ့ ရှေ့ဘက် တွန်းကန် ရွေ့ရှားမှု၊ နောက်ဘက် တွန်းကန်ရွေ့ရှားမှုဆိုတဲ့ ဖောင်းသဘာဝ ပိန်သဘာဝဟာ အသက်ရှင်နေသမျှ သတ္တဝါရဲ့သန္တာန်မှာ အမြဲရှိနေလို့ တခြားရုပ်နာမ် ရှုစရာမရှိရင် ရှုဖို့ ပင်တိုင် အရှုခံ အာရုံအဖြစ်သာ ပေးထားခြင်းဖြစ်ပါတယ်။ သူ့ကိုချည်း အမြဲတွယ်ကပ်ပြီး ရှုနေရမှာ မဟုတ်ပါဘူး။

တခြား ရုပ်ဖြစ်စေ နာမ်ဖြစ်စေ ထင်ထင်ရှားရှားဖြစ်ပေါ်လာရင် ဖောင်းမှု ပိန်မှုကို လွှတ်ပြီး အဲဒီ ထင်ရှားတဲ့ ရုပ် ထင်ရှားတဲ့ နာမ်ကိုပဲ ရှုရပါမယ်။ အဲဒီ ရုပ်နာမ် ချုပ်ပျောက်သွားမှဘဲ ပင်တိုင် အာရုံဖြစ်တဲ့ ဖောင်းမှု ပိန်မှုကို ပြန်ရှုရပါမယ်။

ဖောင်းမှု ပိန်မှုဟာ ရှုစရာ ရုပ်ခန္ဓာ နာမ်ခန္ဓာတွေထဲက အရှုခံရုပ်သဘာဝ တခုမျှသာပါပဲ။ တခြားရုပ် တခြားနာမ် တွေထက် သူက ဘာမျှ ပိုမထူးခြားပါဘူး။ လူမသေသေးသမျှ သူက အမြဲရှိနေလို့သာ ပင်တိုင်ရှုစရာ အာရုံအဖြစ် သူ့ကို သတ်မှတ် ပေးထားရုံမျှပဲလို့ သဘောပေါက်ဖို့ လိုပါတယ်။

ဆက်လက်ဖော်ပြပါမည်။

မေတ္တာဖြင့်

tno

မှတ်ချက်။ ။ ချမ်းမြေ့ဆရာတော်၏ သတိပဋ္ဌာန်ဝိပဿနာ အားထုတ်ပုံမှ ဆီလျော်အောင် ပြန်လည် မှတ်စုထုတ်ဖော်ပြပါသည်။


ဝိပဿနာဆိုတာဘာလဲ (၅)

ဝိပဿနာအားထုတ်ရာမှာ အားထုတ်မယ့်စိတ် အားထုတ်နေတဲ့ စိတ်က တရားစိတ်ကုသိုလ်စိတ်ဖြစ်ဖို့ အရေးကြီးပါတယ်။ တရားကို မှန်မှန်ကန်ကန် အားထုတ်တတ်ဖို့ အရေးကြီးပါတယ်။ မှန်ကန်တဲ့ အယူအဆတွေ ကြားဖူးရမယ်။ ဗဟုသုတ ရှိရမယ်။ အဲဒီတော့မှ နှလုံးသွင်းမှန်ပါမယ်။ နှလုံးသွင်းမှန်ပြီဆိုမှ အားထုတ်ရပါမယ်။

ကုသိုလ်မှန်သမျှ ကုသိုလ်စိတ်တွေ မှန်သမျှ ယောနိသော မနသိကာရက အနီးဆုံးအကြောင်းပါ။

ဗဟုသုတမရှိရင် အတွေးအခေါ်တွေ မမှန်နိုင်ပါဘူး။ မှန်ကန်တဲ့ ဗဟုသုတတွေ ရထား ကြားထားမှ မှန်ကန်တဲ့ အတွေးအခေါ်တွေ တွေ့နိုင်ပါတယ်။ အယူအဆ အတွေးအခေါ်မှန်ဖို့ အရေးကြီးပါတယ်။

ဝီရိယနဲ့ အားစိုက်ပြီး အားထုတ်တာက ဉာဏ်မပါလို့ရှိရင် လွဲတတ်ပါတယ်။ ဝီရိယဆိုတာ ကောင်းအောင် လုပ်နေရင်လည်း သူပါရတာပဲ။ ဆိုးအောင် လုပ်နေရင်လည်း သူပါရတာပါပဲ။

ဝီရိယနဲ့ တစ်နေ့လုံး အားထုတ်နေတာ တလွဲကြီးဖြစ်နေရင် မတရားကြီး အားထုတ်မိနေရင် နစ်နာပါတယ်။

အဲဒါကြောင့် အယူအဆမှန်ဖို့၊ သဘောထားမှန်ဖို့၊ လောဘနဲ့ အားမထုတ်ဖြစ်ဖို့၊ ဒေါသနဲ့အားမထုတ်ဖြစ်ဖို့၊ မောဟနဲ့ အားမထုတ်ဖြစ်ဖို့ အရေးကြီးပါတယ်။

ဝီရိယမှာ မိစ္ဆာဝီရိယ ရှိပါတယ်၊ မိစ္ဆာဝါယာမ၊ မိစ္ဆာဝီရိယ၊ လောဘ ဒေါသ မောဟနဲ့ အားထုတ်တာ မိစ္ဆာဝီရိယ လို့ ခေါ်ပါတယ်။

လိုချင်စိတ်နဲ့ အားထုတ်တယ်၊ ဖြစ်ချင်စိတ် ရချင်စိတ်တွေ ဒါတွေဟာ လောဘသဘာဝတွေပါ။ သူက လိုလား မလိုလား မသိဘူး။ ကောင်းလား ဆိုးလား မသိဘူး၊ လုပ်ချင်တာပဲ သိတယ်။ အဲဒါ လောဘရဲ့သဘာဝပါ။

လောနေတယ်၊ ဖြစ်ချင်နေတယ်၊ လိုအပ်သလား မလိုအပ်ဘူးလား မသိဘူး၊ သူက လိုချင်တာပဲ သိတယ်၊ လိုအပ်တာ မသိဘူး။ အဲဒါ လောဘရဲ့ သဘာဝပါပဲ။

ဝီရိယပြင်းထန်စွာနဲ့ အားမထုတ်နဲ့ ပြောတာမဟုတ်ပါဘူး။ အားထုတ်ပါ၊ သို့ပေမယ့် မှန်မှန်ကန်ကန် အားထုတ်တတ်ဖို့ အရေးကြီးပါတယ်။ အားထုတ်တာ ကျွမ်းကျင်ပြီဆိုမှ လုပ်ချင် သလောက် လုပ်လို့ရပါတယ်။

ဝီရိယရဲ့ သဘာဝက တကယ်တမ်း ပြောရင် အကုသိုလ် မဖြစ်အောင် ကြိုးစားတာ ဝီရိယ။ အကုသိုလ်ကို ဖြစ်ခွင့်မပေးဖို့ ကြိုးစားနေတာ ဝီရိယ၊ သမ္မပ္ပဒါန် လုံ့လဝီရိယလေးပါးပါ။

မဖြစ်သေးတဲ့ အကုသိုလ်တွေ မဖြစ်ရအောင်၊ ဖြစ်ပြီးသား အကုသိုလ်တွေလည်း ငြိမ်းသွားအောင်၊ မဖြစ်သေးတဲ့ ကုသိုလ်တွေ ဖြစ်အောင်၊ ဖြစ်ပြီးသား ကုသိုလ်တွေလည်း ဆထက်ထမ်းပိုးတိုးပွားလာအောင် ကြိုးစားနေတာ ဝီရိယပါ။ အဲဒါကို သဘောထားမှန်မှန်နဲ့ နားလည်ပြီး လုပ်ရမှာပါ။

လူတွေက နားလည်ချင်ကြတယ်။ ဉာဏ်ဖြစ်ချင်ကြတယ်။ ဉာဏ်အကြောင်း ပြောပြီဆို ဉာဏ်ဖြစ်ချင်ကြတယ်။ ဉာဏ်မဖြစ်ရင် နေပါဦး၊ ကိလေသာမပွားရင် ရပါတယ်။ ဉာဏ်ဖြစ်ဖို့က အကြောင်းစုံမှ ဖြစ်တာပါ။ လိုချင်တိုင်း မဖြစ်ပါဘူး၊ ဉာဏ်မဖြစ်ရင်တောင် ကိလေသာမဝင်ရင်၊ ကိလေသာတွေ ပါးရင် ရပါပြီ။

ဉာဏ်ဖြစ်ချင်နေတယ်။ အဲဒီ ဉာဏ်ဖြစ်ချင်နေတဲ့ လောဘပါနေလို့ကို ဉာဏ်ကမဖြစ်တော့။ တကယ် ဉာဏ်ဖြစ်တဲ့အချိန်က ဘယ်အချိန်မှာ ဉာဏ်ဖြစ်တတ်လဲဆိုရင် လောဘမရှိတဲ့အချိန်မှ ဖြစ်တာပါ။ ဘာမှ မမျှော်တဲ့ အချိန်မှာ၊ ရိုးရိုးလေး ဖြစ်တဲ့ အချိန်မှာ သဘောပေါက်တတ်ပါတယ်။

တစ်ခါတလေ ထိုင်နေတာ တစ်နာရီလုံးလုံး မဲပြီးတော့ ဇောကပ်ပြီး လုပ်နေတာ၊ အားထုတ်နေတာ။ အချိန်ပြည့်လို့ လျှော့လိုက်ပြီဆိုမှ သဘောပေါက်သွားတာတွေ ရှိပါတယ်။ ဘာလို့လဲ၊ လောဘဇော ကျသွားလို့၊ အားထုတ်တာတွေကို လျှော့လိုက်တော့မှ ခုနက အားထုတ်ထားတဲ့ အရှိန်ကလည်း ရှိတယ်၊ လောဘဇောကလည်း ကျသွားတယ်၊ သတိကလည်း ဆက်နေတယ်၊ သမာဓိကလည်း ဆက်နေတယ်။ လောဘလေး လျှော့လိုက်တာနဲ့ အသိဉာဏ်က ဝင်လာတယ်။ အပြောင်းအလဲလေးမှာ သဘောပေါက်တာ။ အဲဒါလေး တစ်ခါနှစ်ခါလောက် သဘောပေါက်သွားပြီဆိုရင် အသိဉာဏ်ဖြစ်အောင် ဘယ်လိုနေရမလဲဆိုတာ နားလည်လာပါလိမ့်မယ်။ ဖြစ်ချင်တိုင်း မဖြစ်ပါဘူး။

လိုချင်နေရင်၊ ဖြစ်ချင်နေရင်၊ လောဘပါနေတယ်ဆိုရင် မသက်သာဘူး။ လှုပ်ရှားနေမှာပဲ၊ တင်းနေမှာပဲ၊ လောနေမှာပါပဲ။ အေးအေးလေး ဘာမှမလိုချင်နဲ့။ ဘာမှလည်း မဖြစ်ချင်နဲ့၊ ဉာဏ်နဲ့ အမှန်အတိုင်း သိချင်စိတ်ပဲ ရှိပါတယ်။

အမှန်ကို အမှန်အတိုင်း သိချင်တဲ့ သဘောထား ဖြစ်ရမယ်။ အရမ်းကြီး သိချင်နေရင် မငြိမ်တော့ပါဘူး။

ဘယ်လိုနှလုံးသွင်းရမလဲ၊ ဖြစ်နေတဲ့ ဓမ္မသဘာဝတွေအားလုံး ရုပ်မှာဖြစ်သမျှ၊ စိတ်မှာဖြစ်သမျှ အားလုံးဟာ ဓမ္မသဘာဝတွေပါ။ သဘာဝတရားတွေပဲလို့၊ ဒါမှ မဟုတ်ရင် အသိခံရတဲ့ အာရုံတရားတွေပဲ။ ကောင်းတာလည်း မဟုတ်ဘူး၊ ဆိုးတာလည်း မဟုတ်ဘူး၊ သဘာဝဟာ သဘာဝပဲ၊ ကိုယ်နဲ့လည်း မဆိုင်ဘူး၊ ပုဂ္ဂိုလ် သတ္တဝါလည်း မဟုတ်ဘူး။

ဖြစ်နေတာ ကိုယ်နဲ့မဆိုင်ဘူး၊ ဖြစ်ချင်တာ ဖြစ်ပါစေ၊ ဖြစ်စရာအကြောင်းရှိလို့ ဖြစ်နေတာ၊ ဖြစ်နေတာ သူ့အကြောင်းနဲ့ သူ့အကျိုးနဲ့ သူ့သဘာဝနဲ့သူ ဖြစ်နေတာ။ အဲဒီလို နှလုံးသွင်းနိုင်ရင် သမာဓိဖြစ်ပါပြီ။

လိုချင်တာလည်း မရှိတော့ဘူး၊ မကျေနပ်တာလည်း မရှိတော့ဘူး၊ လောဘ ဒေါသ ကင်းနေရင် သမာဓိပါ။

ဘာကြောင့်လဲ .. အယူအဆမှန်နေလို့ပါ။ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပရှိရင် စိတ်က ငြိမ်းချမ်းနေပါတယ်။ အဲဒီ ကျတော့မှ ဉာဏ်နဲ့ စောင့်ကြည့်ရတာပါ။

တရားအားထုတ်တဲ့နေရာမှာ ဉာဏ်ရှိကို ရှိရပါလိမ့်မယ်။ ဘာဉာဏ်တွေ ရှိရမှာလဲ။ ဗဟုသုတဉာဏ် ကြားဖူးနားဝ။ မှန်ကန်တဲ့ ဗဟုသုတတွေကို ကြားဖူးထားတဲ့ ဉာဏ် ရှိရမယ်၊ စဉ်းစားနိုင်တဲ့ ဉာဏ် ရှိရပါမယ်။

အဲဒီဉာဏ်တွေ အလုပ်လုပ်မှ သဘောပေါက်တဲ့ ဉာဏ်တွေ လာမှာပါ။ အနည်းဆုံးတော့ ဗဟုသုတဉာဏ် ရှိကိုရှိရပါတယ်။

ဉာဏ်မရှိလို့ကတော့ မောဟနဲ့ အားထုတ်နေပြီးတော့ တရားအားထုတ်နေရင်းနဲ့ လောဘဖြစ်လိုက် ဒေါသဖြစ်လိုက် ဖြစ်လာပါလိမ့်မယ်။

ဗဟုသုတဉာဏ် စဉ်းစားဉာဏ်နဲ့ တွဲပြီး အားထုတ်ရပါမယ်။ အဲဒါကို သတိသမ္ပဇညလို့ ပြောပါတယ်။ သတိသမ္ပဇညဉာဏ်ယှဉ်၍ ဆိုတာက သတိ တစ်လုံးတည်းနဲ့ မလုံလောက်ပါဘူး။ ထားနေရုံနဲ့ မလောက်ပါဘူး။

တရားအားထုတ်နေတယ်ဆိုတာ စိတ်အလုပ်ပါ။ ဖြစ်အောင်လည်း မလုပ်ရဘူ၊ ပျက်အောင်လည်း မလုပ်ရဘူး။ ဖြစ်တိုင်း ပျက်တိုင်းလည်း မမေ့ရဘူး။ မမေ့တာ သတိပါ။ အားစိုက်တာ ပြောတာ မဟုတ်ပါဘူး။ ဝီရိယနဲ့ အားစိုက်ပြီးထားတဲ့ သတိက စဉ်းစားတာတွေကို ပိတ်ပစ်လိုပါတယ်။ ဒါကြောင့် စိုက်မရှုနဲ့လို့ ပြောတာပါ။

သတိက မမေ့တာပါပဲ၊ သတိရှိနေတယ် ဖြစ်နေတာတွေကို သိနေတယ်ဆိုရင် သတိရှိနေပါတယ်။

ရှုတဲ့စိတ်ဘက်က ဖြစ်ချင်တာတွေ လိုချင်တာတွေ စိုးရိမ်တာတွေ ကြောက်နေတာတွေ။ တစ်ခုခုများ အောင်းနေတယ်ဆိုရင် ဉာဏ်မလာတော့ပါဘူး။

အဲဒီ ကိလေသာတွေက ရှုတဲ့စိတ်ဘက်မှာ ရှိတတ်ပါတယ်။ ကိလေသာတွေက အားတွေ အများကြီး ထုတ်သုံးပါတယ်။

လိုချင်ရင် အားတွေ အများကြီး စိုက်တယ်၊ စိုးရိမ်ရင် အားတွေ အများကြီး စိုက်တယ်၊ ကြောက်ရွံ့ရင် အားတွေ အများကြီး စိုက်တယ်။

ဒါကြောင့် စူးစိုက်ရှုတာတွေကို လျှော့လိုက်ပါ။ ကိလေသာတွေ ပါနေတတ်လိုပါပဲ။

အဲဒီတော့ ဘာလုပ်ရမှာလဲ။ အယူအဆမှန်မှန်နဲ့ သတိစွဲမြဲဖို့ပဲ ကြိုးစားပါ။ စောင့်ကြည့်နေရုံပါပဲ။ မြင်နေတယ် သိနေတယ်ဆိုရင် ပြီးပါပြီ၊ လုံလောက်တယ်၊ ကြာကြာသိနေဖို့ အရေးကြီးပါတယ်။

ယောဂီကြိုးစားရမှာက အယူမှန်ဖို့ ကြိုးစားရပါမယ်။ သတိစွဲမြဲဖို့ ကြိုးစားရပါမယ်။ နှလုံးသွင်းမှန်ဖို့ ကြိုးစားနေရပါတယ်။ ဒါယောဂီအားထုတ်ရမယ့် အပိုင်းပါ။

တရားအသိအမြင်တိုးပွားကြပါစေ။

မေတ္တာဖြင့်

tno

မှတ်ချက်။ ။ အရှင်တေဇနိယ၏ နံနက်ခင်းအသိပေးတရားတော်များမှ ဆီလျော်သလို ပြန်လည်စုစည်း မှတ်စုထုတ်ပါသည်။


ဝိပဿနာဆိုတာဘာလဲ (၆)

ဝိပဿနာရှုပွားအားထုတ်ရာမှာ တချို့က အဘိဓမ္မာသဘော၊ ပဋိစ္စသမုပ္ပါဒ်သဘောတွေကို အကျယ်အားဖြင့် မသိယင် တရားအားထုတ်လို့မရနိုင်ဘူးလို့ ထင်မှတ်ပြီး အားလျော့သွားတတ်ပါတယ်။

စူဠတဏှာသင်္ခယသုတ်ကို ထောက်ဆသောအားဖြင့် အဘိဓမ္မာကျမ်းဂန်သဘော၊ ပဋိစ္စသမုပ္ပါဒ်သဘော တွေကို အကျယ်အားဖြင့် မသင်ကြားဖူးသော်လည်း ရုပ်နာမ်မျှ၊ အနိစ္စ ဒုက္ခ အနတ္တသဘောတရားမျှပဲလို့ ဒါလောက် ကြားဖူးနာဖူးရင်လည်း တရားအားထုတ်နိုင်ပါတယ်။

နောက်ပြီးတော့ ပဋိစ္စသမုပ္ပါဒ်ဆိုရာမှာလည်း အကြောင်းနဲ့အကျိုးမျှ ရှိတယ်။ ပုဂ္ဂိုလ်သတ္တဝါရယ်လို့ စင်စစ်အားဖြင့် မရှိဘူးလို့ ဒီလောက်သိထားဖို့ လိုပါတယ်။

ဒေသနာတော်အရ အင်္ဂါ၁၂ပါး၊ အခြင်းအရာ ၂ဝ တို့ဆိုတဲ့ အကျယ်ဝိတ္တာရတွေကို အပြည့်အစုံ သိထားဖို့ကတော့ ပုဂ္ဂိုလ်တိုင်းမှာ မလိုပါဘူး။

အကယ်၍ ပုဂ္ဂိုလ်တိုင်းမှာ အဲဒီလို အကျယ်အားဖြင့် သိပြီးမှ တရားအားထုတ်ရမယ်ဆိုရင် အရှင်စူဠပန်လို ပုဂ္ဂိုလ်မှာ အားထုတ်နိုင်ဖို့ အခွင့်အရေးမရှိတော့ဘူး။ အရှင်စူဠပန်ဟာ အက္ခရာ ၄၄ လုံးသာရှိတဲ့ ၁၁ လုံးဘွဲ့ဂါထာကို ၄ လတ်ပတ်လုံးကျက်တာတောင် မရဘူးတဲ့။ ဒီတော့ ပဋိစ္စသမုပ္ပါဒ်အကျယ်၊ အဘိဓမ္မသဘောအကျယ် တွေကို လေ့လာကျက်မှတ်ဖို့ဆိုတာ ဘယ်ဖြစ်နိုင်တော့မလဲ။ ဒါပေမဲ့ မြတ်စွာဘုရား ညွှန်ကြားတဲ့အတိုင်း အဝတ်ပိုင်းကလေးကို ဆုပ်နယ်ရင်း "ရဇော ဟရဏံရဇောဟရဏံ" လို့ ဆိုပြီး နှလုံးသွင်းတာနဲ့ တစ်နံနက်ခင်းအတွင်းမှာပဲ ရဟန္တာ ဖြစ်တော်မူတယ်။

မာတိက မာတာဆိုတဲ့ ဒါယိကာမကြီးဟာလည်း ရဟန်းတရားကို အားထုတ်တယ် ဆိုတာ ဘယ်လိုဟာလဲလို့တောင် မသိခဲ့ဘူး။ ဒါပေမဲ့ ရဟန်းတော်များထံမှ နည်းယူပြီး အိမ်မှာနေရင်း အားထုတ်လိုက်တာ အဲဒီကမ္မဋ္ဌာန်းပေးတဲ့ ရဟန်းတွေထက်တောင် အလျင်ကျပြီး အနာဂါမ် ဖြစ်သွား ပါသေးတယ်။ အဲဒီမာတိကမာတာ ဒါယိကာမကြီးလည်း အဘိဓမ္မာသဘော၊ ပဋိစ္စသမုပ္ပါဒ်သဘော အကျယ်တွေ လေ့လာသင်ကြားနိုင်ခွင့်မရှိကြောင်း ထင်ရှားပါတယ်။ ဒိပြင်လည်း အလားတူ သာဓက တွေ များစွာရှိပါတယ်။ ဒါကြောင့် တတ်သိလိမ္မာတဲ့ ဆရာသမားထံမှ နည်းယူပြီး အားထုတ်ရင် အဘိဓမ္မသဘော၊ ပဋိစ္စသမုပ္ပါဒ်သဘော အကျယ်တွေ လေ့လာ ကျက်မှတ်မထားပေမယ့် ဖြစ်ခိုက်ရုပ်နာမ် ကို ရှုမှတ်နေရင်း ကိုယ်တိုင် တွေ့မြင်သိမြင်ခြင်းဖြင့်ပင် ကိစ္စပြီးတယ်လို့ မှတ်ရမှာဖြစ်ပါတယ်။

သို့သော်လည်း တစ်ချို့ကတော့ အသိအမြင်အားနည်းမှုကြောင့် အားထုတ်စမှာ ဖြစ်ပျက် ဖြစ်ပျက်၊ အနိစ္စ ဒုက္ခ အနတ္တ လို့ ရွတ်ဆို ရှုပွားကြတာရှိပါတယ်။ စရှုစမှာ ဖြစ်မှု ပျက်မှု၊ အနိစ္စ ဒုက္ခ အနတ္တတွေ သိနိုင်ဖို့ အဝေးကြီး ရှိပါသေးတယ်။

အဲဒီသဘောတွေကို သမာဓိအားကောင်းခါစမှာတောင် မသိနိုင်သေးပါဘူး။ ဒီသဘောတွေကို သိတာက သမာဓိအား အတော်ကြီးကောင်းတဲ့ တတိယဉာဏ်နဲ့စတုတ္ထဉာဏ်ရောက်မှ သိရပါတယ်။

အဲဒီဉာဏ်အဆင့်တွေမရောက်မီ စိတ် အတော်ကြီး တည်ငြိမ်ပြီး သမာဓိ အားကောင်းတဲ့အတွက် ရှုစိတ်ထဲမှာ ကိလေသာ နီဝရဏတွေ အတော်စင်ကြယ်ပြီး စိတ္တဝိသုဒ္ဓိ ဖြစ်ပါတယ်။ စိတ်စင်ကြယ်မှ နာမ်ရုပ် ပိုင်းခြား သိပြီး နာမရူပ ပရိစ္ဆေဒဉာဏ် ဖြစ်ပါတယ်။

တိုးတက်ရှုလို့ ပိုပြီး သတိ သမာဓိ အားကောင်းလာတော့ ရုပ်နာမ်တို့ရဲ့ အကြောင်းအကျိုးကိုသိတဲ့ ပစ္စယပရိဂ္ဂဟဉာဏ် ဖြစ်ပါတယ်။

အဲဒီနောက်မှပဲ အနိစ္စ ဒုက္ခ အနတ္တကို သိတဲ့ သမ္မသန(တတိယ)ဉာဏ်၊ ဖြစ်ပျက်သိတဲ့ ဥဒယဗ္ဗယ(စတုတ္ထ) ဉာဏ် ဖြစ်ပါတယ်။

အကြောင်းကို မသိမ်းဆည်းဘဲ မရှုဘဲ အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့ ခုန်ကျော်မရှုရပါဘူး။ ရှေးဦးစွာ ရုပ်နှင့်နာမ်ကို ခွဲခြား၍ သိရပါတယ်။ အကြောင်းကို တွေ့သိတဲ့ ပစ္စယပရိဂ္ဂဟဉာဏ်မဖြစ်ဘဲ အဖြစ်အပျက် အနိစ္စလက္ခဏာ စသည်ကို မသိနိုင်ပါဘူး။

အဲတော့ ဝိပဿနာတရားရှုမှတ်ပွားများလိုသူပုဂ္ဂိုလ်ဟာ ဝိပဿနာစတင်ရှုမှတ်ပွားများဖို့ ဘာတွေသိဖို့ လိုအပ်သလည်းဆိုယင် -

ဖြစ်ခိုက်ရုပ်နာမ်ကို ရှုနေတဲ့ ပုဂ္ဂိုလ်များမှာ သမာဓိဉာဏ်အား ရှိလာတဲ့ အခါ ရုပ်နဲ့ နာမ်ကို ရှေးဦးစွာ ခွဲခြားပြီး သိပါတယ်။ အဲဒီကနောက် မျက်စိနဲ့ အဆင်းရှိလို့ မြင်တယ်။ နားနဲ့ အသံရှိလို့ ကြားတယ်။ သွားချင်တဲ့ စိတ်ရှိလို့ သွားတယ်။ မရှုမိတဲ့ အာရုံမှာ အမှန်အတိုင်းမသိလို့ သာယာတပ်မက်တယ်။ တပ်မက်လို့ စွဲလန်းတယ်။ စွဲလန်းလို့ မိမိအလိုအတိုင်းပြည့်စုံအောင် ပြုလုပ် အားထုတ်တယ်။ ကံကောင်းလို့ ကောင်းတာကိုခံစားရတယ် ..

စသည်ဖြင့် အကြောင်းကို သိမ်းဆည်းတဲ့ အသိဉာဏ်ဟာ သူ့အလိုလို ဖြစ်တော့တာပဲ။ အဲဒီလိုအကြောင်းကို သိပြီးတော့မှ အဖြစ်အပျက်များ ထင်ရှားပြီး အနိစ္စ၊ ဒုက္ခ၊ အနတ္တ အသိဉာဏ်တွေ ဖြစ်ပါတယ်။ အကြောင်း မသိဘဲနဲ့ ခုန်ကျော်ပြီး အနိစ္စအသိဉာဏ်စသည် ဖြစ်ရိုးမရှိပါဘူး။

ဒါကြောင့် ဝိပဿနာတရားရှုပွားအားထုတ်လိုသူ ပုဂ္ဂိုလ်အနေနှင့် ရုပ်နာမ်တရားအလုံးစုံသည် အနိစ္စ၊ဒုက္ခ၊ အနတ္တ သဘောချည်းပဲ လို့ ဒါလောက် ကြားဖူးရင် သုတပြည့်စုံပါသော်လည်း စရှုစမှာတော့ အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့ ရွတ်ဆိုမရှုပွားရပါဘူး။

နောက်ပြီးတော့အဋ္ဌကထာမှာ ပြဆိုချက်အရဖြင့် ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ ဆိုတဲ့ ဒီသစ္စာလေးပါးကို ကြားနာဖူးရင် သုတ ပြည့်စုံကြောင်း သိရပါတယ်။ နောက်ပြီးတော့ ဝိသုဒ္ဓိမဂ် မဟာဋီကာအရ ဆိုရင် အကြောင်းတရားနှင့် အကျိုးတရားမျှ ရှိတယ်ဆိုတာ ကြားနာဖူးရင် အကျဉ်းအားဖြင့် ပဋိစ္စသမုပ္ပါဒ်သုတနှင့် ပြည့်စုံကြောင်း သိရပါတယ်။

အဲဒီလို စောစောက မကြားဖူးသေးတောင်မှ တရားအားထုတ်ခါနီးမှာ ရုပ်နှင့်နာမ် ၂ ပါးမျှသာ ရှိကြောင်း၊ အကြောင်းနှင့် အကျိုး တရားမျှသာ ရှိကြောင်း၊ အဲဒီရုပ်နာမ်တွေဟာ ခဏမစဲ ဖြစ်ပျက်နေလို အနိစ္စ၊ ဒုက္ခ၊ အနတ္တချည်း ဖြစ်ကြောင်း၊ အဲဒီရုပ်နာမ် အကြောင်းအကျိုး အဖြစ်အပျက်အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘောတွေကို ကိုယ်ပိုင် ဉာဏ်ဖြင့် သိရအောင် ဝိပဿနာ တရားကို အားထုတ်ရကြောင်း စသည်များကို ကမ္မဋ္ဌာန်းဆရာထံမှ ကြားရသဖြင့် သုတပြည့်စုံနိုင်ပါတယ်။

အချို့ကလည်း ဒီလို ဖြစ်ခိုက် ရုပ်နာမ် ရှုမှတ်နေရုံနဲ့ မပြည့်စုံသေးဘူးလို့ ထင်ကြပါတယ်။ ရုပ်ရယ် နာမ်ရယ်လို့ စဉ်းစားဆင်ခြင်လိုက်ရမှ ဖြစ်တယ်၊ ပျက်တယ်လို့ ဆင်ခြင်လိုက်ရမှ ပြည့်စုံတယ်လို့ ထင်နေကြတယ်။ အမှန်ကတော့ ဆင်ခြင်တယ်ဆိုတာ ကိုယ်တိုင်သိတဲ့ ဉာဏ်မဟုတ်ပါဘူး။ စာပေကျမ်းဂန်အရ ဖြစ်စေ၊ တစ်ဆင့်ကြားလို့ ဖြစ်စေ၊မှတ်ထားတဲ့အတိုင်း မှန်းဆပြီး ဆင်ခြင်နေတာပဲ။ သညာသိမျှပဲ ဖြစ်ပါတယ်။ ကိုယ်တိုင်သိ ဉာဏ်အစစ် မဖြစ်ပါဘူး။

ဒါကြောင့် စာကျက်ပြီး မှတ်နေတာမျိုးလောက်ပဲ ရှိပါတယ်။ သိပ်ခရီးမရောက်နိုင်ပါဘူး။ ယခုပြောခဲ့တဲ့ ဖြစ်ခိုက် ဖြစ်ခိုက် လိုက်ပြီး မပြတ်ရှုနေတာကမှ ကိုယ်ပိုင်ဉာဏ်ဖြင့် တွေ့ပြီး ကိုယ်တိုင်သိဉာဏ် ဖြစ်တာပါ။

သစ္စာကို သိအောင် ရှုတာမဟုတ်ပါဘဲ မဂ္ဂင်ကို ပွားစေတာ မဟုတ်ပါဘဲ အခြားနည်းအကျင့်တွေ ယုံကြည်စွဲလမ်းမှုဟူသမျှဟာ သီလဗ္ဗတပရာမသာ ဒိဋ္ဌိချည်းပဲ။ ဝိပဿနာရှုမှတ်ပွားများရာမှာ သီလဗ္ဗတပရာမသာ မဖြစ်ဖို့အလွန်အရေးကြီးပါတယ်။

နောက် - ဓာတု မနသိကာရပိုင်းအရအားဖြင့် ထင်ရှားပေါ်လာတဲ့ ဓာတ်ကြီးလေးပါးကိုလည်း ရှုရပါမယ်။

အဲဒီလိုရှုလို့ နီဝရဏကင်းတဲ့အခါ ဥပစာရသမာဓိဖြစ်ကြောင်း ဝိသုဒ္ဓိမဂ်မှာ အထင်အရှား ပြဆိုထားတာ ကိုလည်း အထူးသတိပြုကြရမှာဖြစ်ပါတယ်။

အဲဒါဟာ မည်သည့် အပ္ပနာသမာဓိ၏ အနီး၌မျှ ဖြစ်တာမဟုတ်တဲ့အတွက် ဥပစာရသမာဓိ အစစ်မဟုတ်ကြောင်း၊ ဥပစာရသမာဓိနှင့် နီဝရဏကင်းပုံခြင်း၊ စိတ်တည်ကြည်ပုံချင်း တူညီတဲ့အတွက် ဥပစာရသမာဓိခေါ်တဲ့အကြောင်း ဝိသုဒ္ဓိမဂ် မဟာဋီကာမှာ ပြဆိုထားတယ်။

အဲဒါကို ဝိပဿနာ အနေနဲ့ဆိုရင် ဝိပဿနာ ခဏိကသမာဓိလို့ ခေါ်ရမှာပါပဲ။

ဝိပဿနာရှုခိုက်မှာ ဖြစ်တဲ့ သမာဓိကို ခဏိက သမာဓိလို့ ခေါ်ပါတယ်။ ရှုခိုက်ရှုခိုက် ခဏခဏမျှသာ တည်တံ့တဲ့ သမာဓိလို့ ခေါ်ဆိုရပါတယ်။ ဝိပဿနာရှုခိုက်မှာ ဒီခဏိကသမာဓိ မပါရင် ဝိပဿနာဉာဏ်ဟာ မဖြစ်နိုင်ပါဘူး။ အားကောင်းတဲ့ ဒီခဏိကသမာဓိပါမှ ဖြစ်နိုင်ပါတယ်။

ဈာန်အခြေခံမရှိဘဲ ဝိပဿနာသက်သက်ရှုတဲ့ သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်မှာဆိုရင် ဒီဝိပဿနာ ခဏိက သမာဓိဖြင့်ပင် ဝိပဿနာဉာဏ်တွေကို ဖြစ်စေပြီးတော့ အရိယမဂ်ဖိုလ်ကို ရောက်ရပါတယ်။

ဒီဝိပဿနာသမာဓိဟာ အာရုံတစ်ခုတည်းရှုရတာမဟုတ်ပါဘူး။ (အလုံးစုံကို ရှေးရှုပြီး သိရမယ် စသည်ဖြင့် ပြထားတဲ့အတိုင်း) ထင်ရှားပေါ်လာသမျှ အာရုံတွေကို အကုန်လုံးပဲ ရှုရပါတယ်။

ဒါပေမဲ့ ရှုခိုက်ရှုခိုက်မှာ ရှုရတဲ့အာရုံနဲ့ ကပ်ခနဲ ကပ်ခနဲ တည်တည်သွားတဲ့အတွက် ပျံ့လွင့်ခြင်း မရှိဘူး။ အဲဒါဟာ ထိထိရောက်ရောက် ဝိပဿနာအလုပ်ကို အားထုတ်ဖူးတဲ့သူတွေမှာ အလွန်ထင်ရှား နေပါတယ်။

ကိုယ်ပိုင်အသိဉာဏ်က ဖြစ်ခိုက်ရုပ်နာမ်ကို ရှုမှတ်မှ ဖြစ်ပါတယ်။

ကြံတွေး ကြည့်ရုံနဲ့တော့ မဖြစ်ပါဘူး။

လောကီစိတ်က ၈၁ ခုနဲ့ စေတသိက် ၅၂ ခုက နာမ်၊ ရုပ် ၂၈ ခုက ရုပ်၊ ဒီနာမ်ရုပ် ၂ ပါးမျှသာ ရှိတယ် လို့ ဒီလိုဆင်ခြင်ကြံတွေးကြည့်တာကတော့ သညာသိပါ။ ကိုယ်ပိုင်ဉာဏ်ပညာသိမဟုတ်ပါဘူး။

စဉ်းစားကြည့်ပါ။

လောကီစိတ် ၈၁ ခုဆိုတာ ဘယ်ကစိတ်တွေလဲ။ မိမိသန္တန်မှာ အကုန်လုံးဖြစ်ဖူးရဲ့ လား။ မဟဂ္ဂုတ်ကုသိုလ် ကြိယာစိတ်တွေဟာ ဈာန်ရပုဂ္ဂိုလ်တွေ သန္တန်မှာသာ ရှိတယ်။ ကာမာဝစရ ကြိယာဇောစိတ်တွေတောင်မှ ရဟန္တာပုဂ္ဂိုလ်၏ သန္တန်မှာသာ ရှိတယ်။ မိမိသန္တန်မှာ မရှိတဲ့ အဲဒီစိတ်တွေကို အမှန်တကယ်သိနိုုင်ပါ့မလား။

ရုပ် ၂၈ ခုထဲမှာလည်း ဣထိဘာဝရုပ်ဆိုတာ မိန်းမတို့သန္တန်မှာသာ ရှိတယ်။ အဲဒီရုပ်ကို ယောကျာ်းတွေ ကိုယ်တိုင်တွေ့အားဖြင့် သိနိုင်ပါ့မလား။

အဲဒီလိုမသိနိုင်တာတွေကို ဆင်ခြင်ပြီး သိတာဟာ ပရမတ်အစစ်ကို သိတာ မဟုတ်ပါဘူး။ အမည်ပညတ်လောက် သိနေတာ ဖြစ်ပါတယ်။

"ပရမတ်တရားတို့၏ အမည်ပညတ်မျှကိုသာ သိခြင်းဖြစ်ပါတယ်"လို့ ရိုးသားစွာ ဖြေရပေလိမ့်မယ်။ အဲဒီလို ပညတ်ကိုသိရုံနဲ့ နာမရူပပရိစ္ဆေဒဉာဏ်အစစ် မဖြစ်နိုင်ပါဘူး။

ဒါကြောင့် ဖြစ်ခိုက် ရုပ်နာမ်ကို မရှုမှတ်တဲ့သူတွေမှာ အောက်ဆုံးအခြခံ ဝိပဿနာပညာဖြစ်တဲ့ နာမရူပပရိစ္ဆေဒဉာဏ်တောင် မရှိနိုင်ပါဘူး။ ဝိပဿနာပညာ ကင်းမဲ့နေကြပါတယ်။

ရုပ်နာမ် အစစ်ရဲ့ သဘော အထည်ကိုယ်ကို မတွေ့ရသေးဘဲနဲ့ တကယ်ဖြစ်ပျက်တဲ့ ရုပ်နာမ်ကို မရှုပါဘဲ ဖြစ်ပျက်ဖြစ်ပျက် ဆိုရုံမျှဖြင့် တကယ်အဖြစ်အပျက်ကို သိတဲ့ ဝိပဿနာဉာဏ်အစစ်ကို မသိမြင်နိုင်ပါ ဘူး။

ဖြစ်ဆဲရုပ်နာမ်ကို ရှုမှတ်ပြီး တကယ်ဖြစ်ပျက်သွားပုံကို တွေ့ပါမှ တကယ်အဖြစ်အပျက်ကို သိတဲ့ ဝိပဿနာဉာဏ်အစစ်ဖြစ်တယ် ဆိုတာကိုလည်း ကိန်းသေမှတ်ထားကြရမယ် ဖြစ်ပါတယ်။

မေတ္တာဖြင့်

tno

မှတ်ချက်။ ။ ကျနော်အယင်တင်ထားဖူးသော မဟာစည်ဆရာတော်ဘုရားကြီး၏ တရားတော်များမှ မဟာစည်ဆရာတော်ဘုရားကြီးနှင့်အမေးအဖြေများကို ကောက်နှုတ် မှီငြမ်း ဖော်ပြပါသည်။


ဝိပဿနာမှာ လွင့်စိတ်ကို ပြန်မထိန်းရ

ပျံ့စိတ်၊ လွင့်စိတ်၊ စဉ်းစားစိတ် စတဲ့ စိတ်တွေကို ရှုရာမှာ ရုပ်ကို ရှုသလို ခဏပစ္စုပ္ပန် တည့်အောင် ရှုလို့ မရပါဘူး။ ရုပ်ကို ရှုတဲ့အခါမှာ ဖြစ်ဆဲ ဖြစ်ခိုက် ရုပ်ကို ဖြစ်နေဆဲ ခဏမှာပဲ ရှုသိလို့ ရပါတယ်။ စိတ်ကတော့ ဒီလို မဟုတ်ပါဘူး။ စိတ်ဟာ တစ်ခုဖြစ်ပြီးမှ နောက်စိတ်တခု ဖြစ်တာမို့ စဉ်းစားစိတ် ဖြစ်နေဆဲ ခဏမှာ ရှုစိတ်မဖြစ်နိုင်ပါဘူး။

ရှုစိတ်ဖြစ်နေဆဲ ခဏမှာလဲ စဉ်းစားစိတ် မဖြစ်နိုင်ပါဘူး။ သို့သော်လဲ စဉ်းစားတဲ့စိတ်ကို ‘စဉ်းစားတယ်’ လို့တော့ ရှုလို့ဖြစ်ပါတယ်။ ဒါကြောင့်လဲ မြတ်စွာဘုရားက “ဝိက္ခိတ္တံ ဝါ စိတ္တံ ဝိက္ခိတ္တံ စိတ္တန္တိ ပဇာနာတိ = ပျံ့လွင့်တဲ့ စိတ်ကိုလဲ ပျံ့လွင့်တဲ့စိတ်ဟုသိ၏” လို့ စိတ်ရှုပုံ စိတ္တာနုပဿနာကို မိန့်တော်မူခဲ့ပါတယ်။

ဒီတော့ စိတ္တက္ခဏတချက်အတွင်းမှာ စိတ်နှစ်ခုပြိုင်မဖြစ်၊ တခုသာ ဖြစ်နိုင်ပါလျက်နဲ့ ဘာကြောင့် ပျံ့လွင့် စိတ်ကို ‘ပျံ့လွင့်တယ်’ စဉ်းစားစိတ်ကို ‘စဉ်းစားတယ်’ လို့ စိတ်တခုကို အခြားစိတ်တခုက ရှုသိနိုင်ရသလဲလို့ မေးစရာ ရှိပါတယ်။ အဖြေကတော့ “ခဏပစ္စုပ္ပန်အခိုက်မှာ ရှုတာမဟုတ်၊ သန္တတိ ပစ္စုပ္ပန်အခိုက်မှာ ရှုတာဖြစ်လို့ ရှုနိုင်တယ်” လို့ ဖြေရပါမယ်။

သန္တတိပစ္စုပ္ပန်ဆိုတာ အမျိုးတူစိတ်တွေ ဆက်ကာ ဆက်ကာ ဖြစ်ပျက်နေတဲ့ အစဉ်တခု ဖြစ်နေဆဲ အခါကို ခေါ်ပါတယ်။ ရုပ်ဖြစ်စဉ်မှာလဲ ဒီအတိုင်းပါပဲ။ အမျိုးတူ စိတ် ဖြစ်စဉ်တခု ဖြစ်ချည် ပျက်ချည်နဲ့ ဆက်ကာ ဆက်ကာ ဖြစ်ပျက်နေတာဟာ တစက္ကန့် နှစ်စက္ကန့်လဲ ကြာနိုင်ပါတယ်။ တစ်မိနစ် နှစ်မိနစ် ငါးမိနစ် ဆယ်မိနစ်လဲ ကြာနိုင်ပါတယ်။

ဒါကြောင့် စဉ်းစားစိတ်အစဉ်တခု ဆက်ကာ ဆက်ကာ ဖြစ်ပျက်နေဆဲ အခိုက်အတန့်မှာ ရှုစိတ်က စဉ်းစားတယ်လို့ ရှုလို့ရပါတယ်။ ရှုစိတ်ဖြစ်ဆဲခဏမှာ စဉ်းစားစိတ် မဖြစ်သော်လဲ ရှုစိတ် ချုပ်ပျက်ပြီးရင် ပြီးချင်း သူ့နောက်က ကပ်လျက် စဉ်းစားစိတ်က ပြန်ဖြစ်ပေါ်လာပါတယ်။ အဲဒီ စဉ်းစားစိတ် ပျက်သွားပြန်တော့ ရှုစိတ်က ဖြစ်လာပြန်ပါတယ်။ ဒီနည်းနဲ့ပဲ စဉ်းစားစိတ်နဲ့ ရှုစိတ်ဟာ တလှည့်စီ ဆက်ကာဆက်ကာ အလွန်မြန်မြန်ကြီး ဖြစ်ပျက်နေကြတော့ မြန်လွန်းလို့ တလှည့်စီ ဖြစ်တယ်လို့ မသိရဘဲ တချိန်တည်းမှာ စဉ်းစားစိတ်အစဉ်နဲ့ ရှုစိတ်အစဉ် နှစ်ခုဟာ တပြိုင်နက်တည်း ဖြစ်နေတယ်လို့ ထင်ရတာပါပဲ။ အဲဒါကိုပဲ စဉ်းစားစိတ်ကို သန္တတိပစ္စုပ္ပန် အခိုက်မှာ ရှုတယ်လို့ ခေါ်ရပါတယ်။

အဲဒီလို ရှုရာမှာ စဉ်းစားစိတ်အစဉ်က အားကောင်းနေရင် ရှုစိတ်အစဉ်က ရှုသော်လဲ ရှုသိရုံမျှပဲ ရှိတယ်။ စဉ်းစားစိတ် အစဉ်က ရပ်မသွားဘူး။ ယောဂီက ဖြည်းဖြည်း အေးအေး ပေါ့လျှံလျှံ ရှုနေရင် အဲဒီလိုပဲ ရှုစိတ်က အားနည်းပြီး စဉ်းစားစိတ်က အားကောင်းနေတတ်ပါတယ်။ ဒီလိုဆိုရင် စဉ်းစားစိတ်က ဆက်ပြီး တရှည်တမျောကြီး စဉ်းစားနေတာနဲ့ စိတ်တည်ငြိမ်မှု (=သမာဓိ)ကို တော်တောနဲ့ မရနိုင်ပါဘူး။

ဒီလိုမဟုတ်ဘဲ ယောဂီက တင်းတင်းရင်းရင်း စူးစူးစိုက်စိုက် သမ္မာဝါယာမ အားသွင်းပြီး ‘စဉ်းစားတယ် စဉ်းစားတယ်’ လို့ ခပ်သွက်သွက် အဆက်မပြတ် ရှုပစ်လိုက်ရင် ရှုစိတ်အစဉ်က တဖြည်းဖြည်း အားကောင်းလာတော့ မကြာခင်ဘဲ စဉ်းစားစိတ်အစဉ် အဖြစ်ရပ်ပြီး ချုပ်ငြိမ်း သွားတော့တာပါပဲ။

အဲဒီအခါမှာ ရှုစိတ်အစဉ်ချည်း သက်သက် ကျန်ခဲပြီး စဉ်းစားစိတ်ရဲ့ မတည်ငြိမ်တဲ့သဘော၊ ပျံ့လွင့်တဲ့ သဘောကိုရော ဖြစ်ပေါ်ပြီး ပျောက်သွားတတ်လို့ မတည်မြဲတဲ့ သဘောကိုပါ သိလိုက်ပါတယ်။ သို့သော်လဲ သမာဓိ တကယ်အားမကောင်းသေးမီမှာတော့ ပီပီပြင်ပြင် မသိသေးပါဘူး။ ဝိုးတဝါးမျှပဲ သိလိုက်ပါတယ်။

အရှုခံ စဉ်းစားစိတ်အစဉ် ပြတ်သွားတော့ ရှုစိတ်က ပင်တိုင်အာရုံဖြစ်တဲ့ ဖောင်းမှုပိန်မှုကို သူ့အလိုအလျောက် ပြန်ရှုတော့တာပါပဲ။

ဒီနေရာမှာ တခုသတိထားဖို့ ရှိပါတယ်။ အားထုတ်စမှာ တချို့ယောဂီက စိတ်လွင့်သွား ထွက်သွားရင် စိတ်တည်ငြိမ်အောင် ရည်ရွယ်ချက်နဲက လွင့်စိတ် ထွက်စိတ်ကို သိလိုက်တာနဲ့ တပြိုင်နက် ချက်ချင်း ပင်တိုင် အာရုံပေါ်ဆွဲတင်ပြီး ပြန်ထိန်းလိုက်တတ်ပါတယ်။ သမထကမ္မဋ္ဌာန်း အားထုတ်ရာမှာတော့ အဲဒီလိုလုပ်ရင် မှန်ပါတယ်။ ဝိပဿနာကမ္မဋ္ဌာန်း အားထုတ်ရာမှာတော့ အဲဒီလို မလုပ်ရပါဘူး။

ဝိပဿနာရဲ့အခြေခံသဘောက စိတ်ကို ချုပ်ထိန်းတဲ့သဘော မဟုတ်ပါဘူး။ အကြောင်းအားလျော်စွာ ဖြစ်နေတဲ့စိတ်ကို အရှိ သဘာဝအတိုင်း သိအောင် သတိနဲ့ စောင့်ကြည့်တဲ့ သဘောပါ။ ဒါကြောင့် လွင့်စိတ် ထွက်စိတ်ကို ပင်တိုင်အာရုံဆီ ပြန်ဆွဲမထိန်းဘဲ လွင့်နေထွက်နေတဲ့ အတိုင်းပဲ လွင့်တယ် ထွက်တယ် လို့ အရှိအတိုင်း ရှုသိနေရပါတယ်။ လွင့်စိတ် ထွက်စိတ် ပျောက်သွားမှပဲ ပင်တိုင်အာရုံကို ဖြစ်စေ၊ ထင်ရှားရာ တခြား အာရုံတခုခုကိုဖြစ်စေ ရှုရပါတယ်။

“ပျံ့လွင့်စိတ်ကိုလဲ ပျံ့လွင့်တဲ့စိတ်ဟု ရှုသိ၏” ဆိုတဲ့ ဘုရားရှင်ရဲ့ စိတ္တာနုပဿနာ ဒေသနာတော်ကို အမြဲ သတိပြုရပါမယ်။

တချို့က လွင့်စိတ်နောက် လိုက်ရှုနေရင် ပိုပြီး လွင့်နေမှာပဲလို့ ယူဆပြီး လွင့်စိတ်ကို မရှုဘဲနဲ့ အတင်း ထိန်းချုပ်ပြီး ပင်တိုင်အာရုံကိုပဲ တွယ်ကပ် ရှုနေတတ်ပါတယ်။ အဲဒီလို လုပ်ရင် မှားပါတယ်။ ဘာကြောင့်လဲ ဆိုတော့ စိတ်နဲ့ယောဂီ သူနိုင် ကိုယ်နိုင် အပြိုင်ကြဲပြီး လွန်ဆွဲ နေလို့ပါ။ စိတ်နဲ့ ယောဂီ နပန်းပွဲလို့လဲ ဆိုနိုင်ပါတယ်။

စိတ်က အပြင်အာရုံတခုခုဆီ လွင့်သွားထွက်သွားတဲ့အခါမှာ ယောဂီက အဲဒီစိတ်ကို ပြန်ထိန်းပြီး ပင်တိုင်အာရုံဆီ ပြန်ဆွဲတယ်။ စိတ်က ပင်တိုင်အာရုံမှာ မနေဘူး။ အပြင်အာရုံဆီပဲ ပြန်သွားတယ်။ ဒီလိုနဲ့ ယောဂီက ပြန်ဆွဲထိန်းလိုက်၊ စိတ်က ပြန်ထွက်လိုက်နဲ့ ယောဂီနဲ့ စိတ် လွန်ဆွဲနေတယ်။ နပန်းလုံးနေသလို ဖြစ်နေတယ်။

နောက်ဆုံး ဘယ်လိုမှ ဆွဲထိန်းလို့မရတော့ ယောဂီ မောပြီး ဇောချွေးတွေပြန်လာတယ်။ ဒီတော့မှ ရှုမှတ်လို့ မရတော့ပါဘူးဆိုပြီး စိတ်ပျက်လက်ပျက်နဲ့ မရှုမှတ်ဘဲ နေလိုက်တော့တယ်။

ထွက်စိတ် လွင့်စိတ်ကို ပြန်ဆွဲထိန်းရင် အဲဒီလို အခြေအနေမျိုးကိုလဲ ရောက်တတ်ပါတယ်။ ဒါကြောင့် ပြန်ဆွဲပြီး မထိန်းရပါဘူး။

ဒါကြောင့် လွင့်နေတဲ့စိတ်ကို သူ့ အရှိသဘာဝ အတိုင်း ‘ထွက်တယ်’ ‘လွင့်တယ်’ လို့ စူးစူးစိုက်စိုက် ရှုလိုက်ရင် အထွက်အလွင့် ရပ်သွားပြီး ငြိမ်ကျသွားပါတယ်။ ယောဂီလဲ မပင်ပန်းပါဘူး။ ဒီလိုနဲ့ ထွက်တဲ့ လွင့်တဲ့ အကြိမ် တဖြည်းဖြည်း နည်းသွားပြီး တည်ငြိမ်မှု သမာဓိ တဖြည်းဖြည်း အားကောင်းလာပါတယ်။

တချို့ကျတော့လဲ စဉ်းစားစိတ် တွေးစိတ်ကို လိုက်လဲမရှု၊ ပြန်လဲမထိန်းဘဲနဲ့ ဒီအတိုင်း ကြည့်နေတတ်ပါတယ်။ အဲဒီတော့ ပိုပိုပြီး စဉ်းစား၊ ပိုပိုပြီး စိတ်ကူးယဉ် လာတတ်ပါတယ်။ ဒီတော့ ရှေးက မိမိစာအုပ်ထဲမှာ ဖတ်ဖူးထားတာ၊ ကြားဖူးထားတာ၊ ဖြစ်ချင်တာ၊ ဖြစ်စေချင်တာ၊ တွေ့ချင် မြင်ချင်တာ၊ မတွေ့ချင် မမြင်ချင်တာတွေကို စိတ်ကူးထဲမှာ မြင်ယောင်လာတတ်ပါတယ်။

ဥပမာ ဘုရား၊ ရဟန္တာတွေ ကောင်းကင်မှာ ဈာန်ကြွနေတာ၊ နတ်တွေ၊ ဗြဟ္မာတွေနဲ့ သူတို့ရဲ့ ဘုံဗိမာန်တွေ၊ ဒါတွေကို စိတ်ထဲမှာ မြင်လာပြီး တကယ် တွေ့နေရသလို ထင်နေတတ်ပါတယ်။ ဒါနဲ့ အဲဒါတွေ စိတ်ထဲ စွဲလမ်း နေရာက တချို့မှာ ဘဝင်မြင့်ပြီး စိတ် ကယောင်ချောက်ချား ဖြစ်သွားတာလဲ ရှိတတ်ပါတယ်။ ဂိုဏ်းတို့ ပုတီးတို့ အစွဲအလမ်းကြီးတဲ့ ပုဂ္ဂိုလ်များလဲ စိတ်ထဲမှာ ဝတ်ဖြူစင်ကြယ်နဲ့ လူသူတော်တို့ ဘိုးဘိုးအောင်တို့ ဝိဇ္ဇာတို့ ဆိုတာတွေကို တွေ့ရသလိုလို စိတ်ကူးယဉ်နေရာက တကယ်ထင်ပြီး ဘဝင်မြင့်သွားတတ်ပါတယ်။ တချို့လဲ စိတ်ကူးလွန်သွားပြီး ကွယ်လွန်သွားတဲ့ ဘိုးဘွားတွေ မိဘတွေ သားသမီးတွေ စသည်ကိုလဲ စိတ်ထဲ မြင်ယောင်လာရာက တကယ်ထင်ပြီး စိတ်ထဲ စွဲလမ်းနေတတ်ပါတယ်။

သူ့ကို စကားလာပြောသလို စိတ်ကူးမိရာက စွဲလမ်းပြီး သူတို့ စကားပြောသံကို မကြာခဏ ကြားနေရသလို ထင်နေတတ်ပါတယ်။ တချို့လဲ အဲဒီလို စိတ်ကူးယဉ်နေပြီး သရဲ၊ တစ္ဆေ၊ ဘီးလူး၊ သဘက်ဆိုတာတွေ စိတ်ထဲ ထင်လာ မြင်လာရာက တကယ်တွေ့နေ မြင်နေရတယ်လို့ ထင်ပြီး ကြောက်လန့်တကြားနဲ့ ထအော်တတ်ပါတယ်။ စိတ်ချောက်ချားချင်လဲ ချောက်ချားနေတတ်ပါတယ်။

ဒါတွေအားလုံးဟာ ထွက်စိတ်၊ လွင့်စိတ်၊ စိတ်ကူးစဉ်းစားစိတ်တွကို မရှုလို့ မရှုမိလို့ အဲဒီ မရှုမိတဲ့ စိတ်တွေက ဆွဲယူလာတဲ့ စိတ်ကူးပုံရိပ်တွေပါပဲ။ စိတ်ကူး စဉ်းစားစိတ်တွေကို မရှုတော့ အဲဒီစိတ်တွေက လွတ်လွတ်လပ်လပ်ကြီး ပုံကြီးချဲ့ စိတ်ကူးခွင့်ရနေတဲ့အတွက် ထင်ရာမြင်ရာတွေ စိတ်ကူးမိရာက ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေပေါ့။ ယောဂီရဲ့စိတ်က ယောဂီကို ပြန်သတ်တာပါပဲ။ အဲဒီ စိတ်ကူးစဉ်းစား စိတ်တွေကိုသာ သိလျှင်သိချင်း စူးစူးစိုက်စိုက် ရှုပစ်လိုက်ရင် အဲဒီစိတ်တွေ ခဏအတွင်း ပျောက်သွားပြီး စိတ်တည်ငြိမ်သွားပါတယ်။ ဘာကိုမှ စိတ်ကူး မယဉ်တော့ပါဘူး။

ဒါကြောင့် ဝိပဿနာရှုရာမှာ စိတ်ကိုရှုဖို့ နံပါတ်တစ် အရေးကြီးပါတယ်။ ကောင်းကောင်းဆိုးဆိုး ဘယ်စိတ်မျိုးကိုမဆို ချက်ချင်း ရှုဖို့လိုပါတယ်။ ရှုတဲ့ ရည်ရွယ်ချက်ကတော့ စိတ်နာမ်တရားရဲ့ သဘာဝ အမှန်ကို သိဖို့ပါပဲ။

သို့သော်လဲ ရှုစမှာ စိတ်လွင့်နေ ထွက်နေ စဉ်းစားနေတာကို ယောဂီက ချက်ချင်း မသိပါဘူး။ အတော်ကြီးကြာမှ သိတတ်ပါတယ်။ တချို့လဲ စဉ်းစားလို့ ပြီးဆုံးမှ သိကြပါတယ်။ အဲဒီလို သိတဲ့အခါမှာလဲ စိတ်ကို ရှုမှတ်ဖို့ သတိမရတတ်ပါဘူး။ သတိရပေတဲ့ မရှုနိုင်တာလဲ ရှိတတ်ပါတယ်။ အဲဒီတော့ အမှတ်မထင် စိတ်ကို ပင်တိုင်အာရုံဆီ ပြန်ဆွဲပြီး ထိန်းမိတတ်ပါတယ်။ အဲဒီလို မဖြစ်ရအောင် စိတ်လွင့်ရင် ထွက်ရင် ချက်ချင်း ရှုရမယ်ဆိုတာ အမြဲ သတိရှိနေရပါမယ်။

တချို့ကြတော့လဲ စိတ်လွင့်နေ ထွက်နေတာကို လုံးဝ မသိကြပါဘူး။ ဒီတော့ စိတ်မလွင့် မထွက်ဘူးလို့ပဲ ထင်နေတတ်ကြပါတယ်။ ဒါကြောင့် တရားလျှောက်တဲ့အခါမှာ “စိတ်ကတော့ ငြိမ်ပါတယ်။ မထွက်ပါဘူး” လို့ အခိုင်အမာ လျှောက်တတ်ကြပါတယ်။ အဲဒီလို ပုဂ္ဂိုလ်မျိုးကို စိတ်မထွက်တာ မလွင့်တာမဟုတ်ကြောင်း၊ ထွက်နေ လွင့်နေတာကို မိမိက မသိတာသာဖြစ်ကြောင်း ရှင်းလင်းပြောပြပြီး စိတ်ကို ရှုမှတ်ဖို့ အရေးကြီးကြောင်း ထပ်ခါ တလဲလဲ တိုက်တွန်းရပါတယ်။

ပင်တိုင်အာရုံကို ထင်ထင်ရှားရှား သိပြီး စူးစူးစိုက်စိုက် ရှုတတ်လာရင်တော့ စိတ်လွင့် စိတ်ထွက်ကို သေသေချာချာ သိလာပါတယ်။ အဲဒီလိုသိဖို့ဟာ အရေးအကြီးဆုံးပါပဲ။

ချမ်းမြေ့ဆရာတော်


ဝေဒနာနုပဿနာ သတိပြုစရာ

ခံစားမှု=ဝေဒနာကို ရှုရာမှာ သတိထားစရာ အချက်ကလေးတွေ ရှိပါတယ်။ ပထမဆုံး သတိပြုဖို့ကတော့ မဟာသတိပဋ္ဌာနသုတ် ဝေဒနာနုပဿနာအခန်းမှာ ရှင်တော်မြတ်ဘုရား ဟောကြားတော်မူချက်အရ ခံစားမှု မှန်သမျှ ကောင်းကောင်း ဆိုးဆိုး ရှုသိနေရမှာ ချည်းပဲ ဆိုတာ သတိပြုဖို့ပါပဲ။ ချမ်းသာခံစားမှု (သုခဝေဒနာ) ပဲဖြစ်ဖြစ်၊ ဆင်းရဲခံစားမှု (ဒုက္ခဝေဒနာ) ပဲဖြစ်ဖြစ်၊ မချမ်းသာ မဆင်းရဲ ဝမ်းမနည်း ဝမ်းမသာ ခံစားမှု (ဥပေက္ခာဝေဒနာ) ပဲဖြစ်ဖြစ် ရှုသိနေရမှာချည်းပါပဲ။

တချို့က နာမှု၊ ကျင်မှုစတဲ့ ဒုက္ခဝေဒနာကို ရှုရင် အကုသိုလ်ဖြစ်တာမို့ မရှုကောင်းဘူးလို့ ယူဆကြပါတယ်။ နာမှု ကျင်မှုကို ခံစားနေရင်တော့ ဒေါသ ဒေါမနဿဖြစ်တာ မှန်ပါတယ်။ မြတ်စွာဘုရားက အဲဒီလို ခံစားနေဖို့ မိန့်ကြားတာ မဟုတ်ပါဘူး။ မခံသာတဲ့ ခံစားမှု ဆင်းရဲတဲ့ ခံစားမှု (ဒုက္ခဝေဒနာ) ကို ရှုသိနေဖို့ မိန့်ကြားတော် မူတာပါ။

ဒုက္ခသစ္စာ=ဆင်းရဲအမှန်တရားကို ပိုင်းပိုင်းခြားခြား သိရမယ် ဆိုတဲ့အတိုင်း သိအောင် ရှုနေခြင်း (သမ္မာသတိ) နှင့် မခံသာတဲ့ သဘောပဲလို့ အမှန်အတိုင်း သိနေခြင်း (သမ္မာဒိဋ္ဌိ) ဟာ အကုသိုလ် မဟုတ်ကြောင်း၊ ပုဗ္ဗဘာဂမဂ်ရဲ့ အစိတ်အပိုင်း မဂ္ဂင်တရားတွေသာ ဖြစ်ကြောင်း အားထုတ်ဖူးသူတိုင်း သိနိုင်လောက်ပါတယ်။

ဒါကြောင့်ပဲ မြတ်စွာဘုရားက ဆင်းရဲခံစားမှုကို ခံစားရလျှင်လဲ ဆင်းရဲခံစားမှုကို ခံစားရတယ်လို့ သိ၏ လို့ မဟာသတိပဋ္ဌာနသုတ် ဒေသနာတော်မှာ တိုက်ရိုက် မိန့်ကြားတော်မူတာပါ။

ဒီတော့ ထိုင်ပြီးရှုမှတ်တာ ကြာလာလို့ ညောင်းမှု ကျင်မှု၊ ထုံမှု၊ နာမှု၊ ကိုက်ခဲမှု စတဲ့ ဒုက္ခဝေဒနာ ဖြစ်လာရင် မူလ ရှုမြဲအာရုံကို လွှတ်ပြီး ညောင်းတယ် ကျင်တယ် ထုံတယ် နာတယ် စသည်ဖြင့် အဲဒီဝေဒနာ ရှိနေသမျှ ထပ်ခါထပ်ခါ ရှုရပါတယ်။

ဝေဒနာပြင်းထန်လာရင်လဲ သည်းခံပြီး ရှုနိုင်သမျှရှုရပါတယ်။ ဒီလို ရှုတာဟာ ခံစားမှု ဝေဒနာက္ခန္ဓာရဲ့ သဘောကို သဘာဝအတိုင်း သိရအောင် ရှုနေခြင်းပါပဲ။ ဒုက္ခဝေဒနာ ပျောက်သွား ပြေသွားအောင် ရှုရတာ မဟုတ်ပါဘူး။

သို့သော်လဲ ရှုပါများလို့ စိတ်တည်ငြိမ်မှု သမာဓိ အားကောင်းလာတဲ့အခါမှာ ဝေဒနာဟာ လျော့ရင်လဲ လျော့သွားတတ်ပါတယ်။ ဆက်မဖြစ်တော့ဘဲ အဖြစ်ရပ်ပြီး ပျောက်သွားရင်လဲ ပျောက်သွားတတ်ပါတယ်။

တရားထိုင်စမရှိတဲ့ ပုဂ္ဂိုလ်များမှာ အားထုတ်စမယ် ထိုင်လို့ ၁ဝ မိနစ်လောက် ကြာရင်ပဲ ညောင်းတာ၊ ကျဉ်တာ၊ နာတာ၊ ကိုက်တာ စတဲ့ ဒုက္ခဝေဒနာ တခုခုကို ခံစားရတတ်ပါတယ်။ ထိုင်နေကျသူများမှာတော့ အားထုတ်စမှာ တနာရီခန့်ကြာမှ ဒုက္ခဝေဒနာ တခုခုကို ခံစားရတတ်ပါတယ်။

ဒီလို ဒုက္ခဝေဒနာ ဖြစ်ပေါ်လာတဲ့အခါ အလွန်မထင်ရှားသေးရင် ပင်တိုင်အာရုံဖြစ်တဲ့ ဖောင်းမှု ပိန်မှု ထိုင်မှု ထိမှုကိုသာ ရှုမြဲရှုပေးရပါတယ်။ ပင်တိုင်အာရုံကို ရှုလို့ မရလောက်အောင် ညောင်းညာ၊ နာ၊ ကျဉ်၊ ကိုက်ခဲက ထင်ရှားလာမှသာ ကျဉ်တယ် ကျဉ်တယ် ၊ ကိုက်တယ် ကိုက်တယ် စသည်ဖြင့် တင်းတင်းရင်းရင်း စူးစူးစိုက်စိုက် ရှုပေးရပါတယ်။ ဝေဒနာအားသေးရင် မကြာမီမှာ လျော့ရင်လဲ လျော့သွားတတ်ပါတယ်။ ပျောက်ရင်လဲ ပျောက်ပျောက်သွားတတ်ပါတယ်။ ဝေဒနာအားကောင်းနေရင်တော့ ကြာကြာရှုမှတ်ပေမယ့်လဲ လျော့လဲမသွား၊ ပျောက်လဲမသွားဘဲ ပိုဆိုးလာတယ်လို့တောင် ထင်ရတတ်ပါတယ်။ အမှန်တော့ ပိုဆိုးလာတာ မဟုတ်ပါဘူး။ ဒုက္ခဝေဒနာရဲ့ မခံသာတဲ့ သဘော အခံခက်တဲ့သဘောကို ပိုသိလာခြင်းသာဖြစ်ပါတယ်။

ဝေဒနာကို ရှုရာမှာ လျော့တာ၊ ပျောက်တာ၊ သက်သာတာ၊ ပိုဆိုးတာက ပဓာန မဟုတ်ပါဘူး၊ ဝေဒနာရဲ့ သဘာဝလက္ခဏာ သာမညလက္ခဏာကို သိရေးသာလျှင် လိုရင်းပဓာနပါ။

အဲဒီ မခံသာတဲ့ ထိတွေ့ဆင်းရဲခံစားမှုကို နာတယ် နာတယ် ၊ ကျဉ်တယ် ကျဉ်တယ် စသည်ဖြင့် ရှုသိနေတာက သတိပဋ္ဌာန်ဝိပဿနာ ကုသိုလ်စိတ်ပါ။

မခံသာတဲ့ ဆင်းရဲကို ခံစားတဲ့သဘော ဒုက္ခဝေဒနာက ဒေါမနဿအကုသိုလ်၊ အဲဒီ ခံစားမှု အကုသိုလ် ဒေါမနဿဝေဒနာကို သတိဦးစီးတဲ့ စိတ်နဲ့ရှုသိနေတာက ဝိပဿနာကုသိုလ်စိတ်လို့ ခွဲခွဲခြားခြား ကွဲကွဲပြားပြား သိပြီး ရှုမှတ်ဖို့လိုပါတယ်။

ခွဲခွဲခြားခြား နားလည်သဘောပေါက်ပြီး ဝေဒနာကို နာတယ် နာတယ် ၊ ကျဉ်တယ် ကျဉ်တယ် စသည်ဖြင့် အတတ်နိုင်ဆုံး သည်းခံပြီး တင်းတင်း ရင်းရင်း စူးစူးစိုက်စိုက် ရှုမှတ်ရင် စိတ်တည်ငြိမ်လာတာနှင့်အမျှ ပထမဆုံး မခံသာတဲ့သဘော ဆင်းရဲတဲ့သဘောကို ပိုပို သိလာပါတယ်။ ဒါဟာ ဒုက္ခဝေဒနာရဲ့ သီးသန့် ပင်ကိုယ်ရင်း သဘော သဘာဝလက္ခဏာကို ပိုင်းပိုင်းခြားခြား သိလာတာပါပဲ။

အဲဒီလို သိရာကနေပြီး တဖြည်းဖြည်း ဝေဒနာ လျော့ရင်လဲ လျော့သွားတတ်ပါတယ်။ ပျောက်ရင်လဲ ပျောက်သွားတတ်ပါတယ်။ ပျောက်သွားရင်တော့ ပင်တိုင်အာရုံဖြစ်တဲ့ ဖောင်းမှု ပိန်မှုကို ရှုနေကျအတိုင်း ပြန်ရှုရပါတယ်။

မလျော့ဘဲ မပျောက်ဘဲ ပိုပြီး နာကျဉ်လာတယ် ဆိုရင်လဲ ရှုမှတ်မှု လွှတ်မပစ်ရပါဘူး၊ သည်းညည်းခံ နိဗ္ဗာန်ရောက် ဆိုတဲ့ စကားကို စိတ်မှာ ထားပြီး သည်းခံနိုင်သမျှ အောင့်အည်း သည်းခံကာ ဆက်လက် ရှုမှတ်ရပါမယ်။

ဖြစ်ပေါ်လာတိုင်းသော ဆင်းရဲကို ကြီးမားသော ဝီရိယဖြင့် လွှမ်းမိုး၍ ဝိပဿနာဘာဝနာကို ပြီးစီးစေ၏ ဆိုတဲ့ မဟာဋီကာ မှာ လာရှိတဲ့ စကားကို စိတ်မှာထားပြီး မလျှော့တဲ့ ဇွဲလုံ့လဝီရိယနဲ့ သဲသဲမဲမဲ ရှုမှတ်ရပါတယ်။

အဲဒီလို ဇွဲကောင်းကောင်းနဲ့ ရှုမှတ်ရင် မကြာမီဘဲ နာမှုနဲ့ ရှုသိစိတ်၊ ကျဉ်မှုနဲ့ ရှုသိစိတ် စသည်ဖြင့် တစုံစီ တစုံစီ တတွဲစီ သိလာရပါတယ်။ ဒါဟာ အရှုခံ နာမ်တရားနဲ့ ရှုသိတဲ့ နာမ်တရားကို ပိုင်းပိုင်းခြားခြား သိခြင်းပါပဲ။ ဒီအခါမှာ နာမှု ကျဉ်မှုရဲ့ တည်ရာ လက် ခြေ ခါး စသည်ကို မတွေ့ရတော့ဘူး။ ပုဂ္ဂိုလ်သတ္တဝါ အနေနဲ့လဲ မတွေ့တော့ပါဘူး။ နာသဘော ကျဉ်သဘော သက်သက်ပဲ သိရ တွေ့ရပါတော့တယ်။ ဒါဟာ သက္ကာယဒိဋ္ဌိကို ဝိပဿနာဉာဏ်က တဒင်္ဂပဟာန်အနေနဲ့ ပယ်သတ်ထားတာပါပဲ။

အဲဒီလိုအခါမှာ ရှုမှတ်လို့ အလွန်အရသာရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ပုဂ္ဂိုလ်သတ္တဝါ ငါ မပါတော့တဲ့ အတွက် နာမှု ကျဉ်မှုစတဲ့ ခံစားမှုသဘောမျှကိုသာ ရှုလိုက်တိုင်း သိရုံမျှ သိရုံမျှ သိနေရလို့ပါပဲ။

အဲဒီလို နာမှုကျဉ်မှုစတဲ့ ဒုက္ခဝေဒနာတွေကို မခံသာတဲ့သဘော၊ ဆင်းရဲတဲ့သဘော သက်သက်မျှပါလားလို့ ကိုယ်တွေ့ဉာဏ်နဲ့ သိနေတာက ဒုက္ခဝေဒနာရဲ့ အရှိသဘာဝကို အရှိအတိုင်း သိနေခြင်းပါပဲ။ ငါနာတယ် ငါကျဉ်တယ် လို့ ပုဂ္ဂိုလ် သတ္တဝါအနေနဲ့ မသိ မမြင်ဘဲ နာမှုကျဉ်မှုသဘောနဲ့ ဒီသဘောကို သိနေတဲ့ စိတ်ကလေးမျှပဲလို့ အရှိအတိုင်း သိနေပါတယ်။ ဒီလို ငါ မပါတဲ့ အသိကို အတွေးအမြင် ဒဿနပညာနဲ့ ဆင်ခြင်တွေးခေါ်လို့ မသိနိုင် မရနိုင်ပါဘူး။ ရုပ်နဲ့ နာမ်ကို သူ့အရှိသဘာဝအတိုင်း စောင့်ရှုရာက ဖြစ်ပေါ်လာတဲ့ ကိုယ်တွေ့ (ဘာဝနာ) ဉာဏ်နဲ့မှသာ သိနိုင် ရနိုင်ပါတယ်။

အဲဒီလို ရှုနေဆဲမှာ ဝေဒနာဟာ အမြင့်ဆုံး အခြေအနေအထိ တက်သွားပြီး တဖြည်းဖြည်း လက်သန်း တထောက်စာ နေရာကလေးမှာ စုခဲလာရာက ဖြာခနဲပေါက်ကွဲ ကျေပျက်ရင်လဲ သွားတတ်ပါတယ်။ တဖြည်းဖြည်း တရစ်စီ တရစ်စီရင်လဲ ပျောက်ပျောက်သွားတတ်ပါတယ်။ ဒါဟာ ဝေဒနာရဲ့ မတည်မြဲတဲ့သဘော အနိစ္စ လက္ခဏာကို သိခြင်းပါပဲ။ မတည်မြဲတဲ့သဘောကို သိမြင်ရတော့ ဆင်းရဲတဲ့သဘော ဒုက္ခလက္ခဏာ၊ အလိုအတိုင်း မဖြစ်တဲ့သဘော အနတ္တလက္ခဏာကိုလဲ သိရ မြင်ရတော့တာပါပဲ။

ဒီ အနိစ္စ ဒုက္ခ အနတ္တ သဘောသုံးမျိုးဟာ ရုပ်တိုင်း နာမ်တိုင်းမှာ ရှိလို့ သူတို့ကို ရုပ်နာမ်တို့ရဲ့ သာမည လက္ခဏာများလို့ ခေါ်ပါတယ်။

ဝေဒနာကို အောင့်အည်းသည်းခံကာ ဝီရိယ ကြီးကြီးထား သမ္မာဝါယမ အားသွင်းပြီး စူးစူးစိုက်စိုက် ရှုမှတ်ရင် အခုပြောခဲ့တဲ့အတိုင်း သဘာဝလက္ခဏာ၊ သာမညလက္ခဏာတွေကို သိတဲ့ သမ္မာဒိဋ္ဌိ=အသိမှန် အမြင်မှန် ဝိပဿနာဉာဏ်တွေ ဖြစ်ရုံမျှမက ဝေဒနာကို မြန်မြန်လဲ ကျော်လွန်နိုင်ပါတယ်။

အဲဒီနောက် တရားရင့်လာတဲ့အခါကျတော့ နာတာလေး ပေါ်လာလိုက်၊ ရှုလိုက်၊ ဖြုတ်ကနဲ ပျောက်သွားလိုက်၊ ကျဉ်တာလေး ပေါ်လာလိုက်၊ ရှုလိုက်၊ ဖြုတ်ကနဲ ပျောက်သွားလိုက် ဒီလို တွေ့ရပါတယ်။

ဖြုတ်ကနဲ ဖြုတ်ကနဲ ပေါ်၊ ရှု၊ ပျောက်။ ပေါ် ၊ ရှု ၊ ပျောက် နဲ့ ခဏကလေးတောင်မှ တည်မနေဘဲ ချက်ချင်း ပျောက်ပျောက်သွားတာပဲ တွေ့ရတတ်ပါတယ်။ ဝေဒနာ ဗုဗ္ဗုဠုပမာ= ဝေဒနာစက် ရေပွက်ပမာ ဆိုတဲ့ ရှင်တော်မြတ်ဘုရားရဲ့ တရားတော် အလွန်မှန်တာကို ဘာဝနာဉာဏ်နဲ့ တွေ့ရတော့ အတိုင်းမသိ ဝမ်းသာ ရပါတယ်။ ဝမ်းသာတော့လဲ .. ဝမ်းသာတယ် ဝမ်းသာတယ် .. လို့ မလွတ်တမ်း ရှုလိုက်ရပါမယ်။

အခုပြောခဲ့တဲ့အတိုင်း အရှုခံရုပ် အရှုခံနာမ်တွေ ဖြုတ်ကနဲ ပျောက်ပျောက်သွားတာကို သိမြင်နေရတာလဲ ဖြစ်မှု ပျက်မှု အရှိသဘာဝကို အရှိအတိုင်း အမှန်အတိုင်း ကိုယ်တိုင်တွေ့သိနေခြင်းပါပဲ။

အဲဒီလို သိလာတဲ့အခါမှာ ဝေဒနာကို ရှုရတဲ့ တန်ဖိုး ဘယ်လောက်ကြီးမားတယ်၊ ဘယ်လောက် အဖိုးတန်တယ် ဆိုတာ သဘောပေါက်ရသလို ဝေဒနာကို မဆုတ်မနစ် အားမာန်သစ်ပြီး ရှုဖို့ရာ ဘယ်လောက် အရေးကြီးတယ် ဆိုတာလဲ သိမြင်လာပါတယ်။

ဒါထောက်ခြင်းအားဖြင့် ဝေဒနာကို ရှုတာဟာ မခံသာတဲ့ အခံခက်တဲ့ ဒုက္ခဝေဒနာ ပျောက်ငြိမ်းသွားဖို့ ရှုရတာ မဟုတ်ဘူး။ ဝေဒနာရဲ့ အရှိသဘာဝကို အမှန်အတိုင်း သိဖို့ ရှုရတယ်ဆိုတာ အလွန်ထင်ရှားပါတယ်။

ဒုက္ခဝေဒနာကို ရှုရာမှာ ရှုနည်း သုံးနည်း ရှိပါတယ်။ ပထမနည်းက စစ်ပွဲမှာ သူနိုင်ကိုယ်နိုင် ရင်ဆိုင် တိုက်သလို ဝေဒနာကို မရှောင်ဘဲ အလျှော့မပေးဘဲ တင်းတင်းရင်းရင်း စူးစူး စိုက်စို်က် အင်နဲ့ အားနဲ့ ဖိပြီး ရှုတဲ့ နည်းပါ။

ဒီနည်းဟာ အကြမ်းနည်းဖြစ်လို့ ပင်ပန်းတော့ ပင်ပန်းပါတယ်။ သို့သော်လဲ ဝေဒနာရဲ့ သဘောကို မြန်မြန်သိပြီး ဝေဒနာကို မြန်မြန် ကျော်လွန်စေတဲ့နည်း ဖြစ်ပါတယ်။

ဒုတိယနည်းက ရန်သူ့တပ်က ကိုယ့်တပ်နဲ့ မယှဉ်သာအောင် အား အလွန်ကောင်းနေတဲ့အခါမှာ ရင်ဆိုင် မတိုက်ဘဲ ပြောက်ကျားစနစ်သုံးပြီး တိုက်ရတာမျိုးပါပဲ။ ဝေဒနာကို စွမ်းနိုင်သမျှ စူးစူးစိုက်စိုက် ရှုလိုက်ပြီး ဝေဒနာက လျော့မသွားဘဲ တင်းခံနေလို့ နည်းနည်းမောလာရင် ဖောင်းမှုပိန်မှုကိုဖြစ်စေ၊ တခြားရှုလို့ရတဲ့ အာရုံ တခုခုကိုဖြစ်စေ ပြောင်းရှု ရပါတယ်။ နေပူလွန်းတော့ အရိပ်မှာ ခဏဝင်ခိုတဲ့ သဘောပါပဲ။ ရှုအား ရှိလာ ပြန်တော့ ဝေဒနာကို ရှုလိုက်၊ မောပြန်တော့ တခြား အာရုံ တခုခုကို ရှုပြီး အရိပ်ခိုလိုက်၊ ဒီအတိုင်း ဝေဒနာကို ငြိမ်းသည်အထိ ရှုရပါတယ်။

တတိယနည်းကတော့ ရန်သူကို ချော့သတ်တဲ့ သဘောမျိုးပါပဲ။ ဝေဒနာ ဘယ်လောက် ပြင်းထန်ပြင်းထန် စူးစူးစိုက်စိုက် မရှုဘဲ ဝေဒနာကို မလွတ်ရုံကလေး ဖော့ဖော့ သာသာလေး ရှုရပါတယ်။ အဲဒါက မပင်ပန်းပါဘူး။ မြစ်ထဲမှာ လက်ပစ်ကူးလို့ မောလာတဲ့ လူဟာ တွေ့ရာ ဝါးလုံးကလေး သို့မဟုတ် သစ်ချောင်းကလေးကို လက်ကလေးနဲ့ အသာမှေး ကိုယ်ကိုဖော့ပြီး ရေစီးအတိုင်း မျှောလိုက်နေတဲ့ သဘောမျိုးပါပဲ။ ဒီ ရှုနည်းက လူတော့ သက်သာပါတယ်။ ဝေဒနာကို သိဖို့နဲ့ လွန်ဖို့ကျတော့ အချိန်ကြာတတ်ပါတယ်။

အကောင်းဆုံးကတော့ ဒီသုံးနည်းကို အခြေအနေအရ လျော်သလို ပြောင်းလဲသုံးတာ အကောင်းဆုံးပါပဲ။

နောက်တစ်ခု သတိပြုဖို့က ဒုက္ခဝေဒနာကို ရှုမှတ်တဲ့အခါ လက်ဦးမှာ ဝေဒနာဟာ ပိုပိုပြင်းထန်လာတယ်လို့ ထင်ရပါတယ်။ ဒါကြောင့် တိုးရှုမှတ်ရင် တိုးနာလာမှာပဲလို့ ယူဆပြီး ဝေဒနာကို ရှုရမှာ ကြောက်ရွံ့ တွန့်ဆုတ် နေတတ်ပါတယ်။

အမှန်ကတော့ ဝေဒနာဟာ ပိုတိုးလာတာ မဟုတ်ပါဘူး။ သမာဓိမဖြစ်ခင် စိတ်မတည်ငြိမ်သေးလို့ သိပ်ပြီး ထင်ထင်ရှားရှား မသိရတဲ့ဝေဒနာကို စိတ်ငြိမ်လာ သမာဓိဖြစ်လာတော့ ရှုစိတ်က ပိုပြီး ထင်ထင်ရှားရှား ပြတ်ပြတ်သားသား သိလာလို့ ပိုပြီးနာလာတယ်လို့ ထင်ရတာပါ။ ဒါကြောင့် ရဲရဲဝံ့ဝံ့သာ ဆက်ပြီး ရှုပါ။ ဝေဒနာရဲ့ သဘာဝအမှန်ကို သိပြီး မကြာခင် လျော့သွား ပျောက်သွားမှာပါ။

ပြီးတော့ နောက်တခု သတိပြုဖို့က တရားရှုမှတ်တဲ့အခါ တွေ့လာရတဲ့ ဝေဒနာကိုသာ ရှုရမယ်။ ပကတိ ရောဂါဝေဒနာကို မရှုရဘူးလို့ ထင်မှတ် နေတတ်ပါတယ်။ အဲဒီ အထင်ဟာ မမှန်ပါဘူး။ တရား ဝေဒနာလဲ ရုပ်ကို မှီဖြစ်တဲ့ နာမ်တရား၊ ပကတိ ရောဂါဝေဒနာလဲ ရုပ်ကို မှီဖြစ်တဲ့ နာမ်တရားပါပဲ။ ရုပ်နာမ် မှန်သမျှ မှန်သမျှ ရှုရမယ့် တရားချည်းပါပဲ။ မရှုရမည့် ရုပ်နာမ်တရားဆိုတာ မရှိပါဘူး။ ဒါကြောင့် တရားဝေဒနာပဲဖြစ်စေ၊ ရောဂါဝေဒနာပဲဖြစ်စေ ဝေဒနာမှန်သမျှ သူရဲ့ မမြဲ ဆင်းရဲ ပုဂ္ဂိုလ် သတ္တဝါ အတ္တ မဟုတ်တဲ့သဘောကို အမှန်အတိုင်း သိအောင် ရှုရမှာချည်းပါပဲ။

သို့သော် တခုသတိပြုဖို့ကတော့ ဝေဒနာကို ရှုတာဟာ ပျောက်ဖို့ ရှုတာမဟုတ်၊ သိဖို့ ရှုတာဆိုတဲ့ အချက်ပါပဲ။

ဒါကြောင့် ခံစားမှုဝေဒနာမှန်သမျှ တရားဝေဒနာပဲဖြစ်စေ၊ ရောဂါဝေဒနာပဲဖြစ်စေ၊ ကောင်းကောင်းဆိုးဆိုး သူ့အရှိသဘာဝအတိင်း သိရအောင် စူးစူးစိုက်စိုက် ရှုမှတ်ရမှာချည်းပါပဲ။

မြတ်စွာဘုရားကလဲ ကောင်းခံစား= သုခဝေဒနာ၊ ဆိုးခံစား= ဒုက္ခဝေဒနာ၊ မကောင်းမဆိုး ခံစား= ဥပေက္ခာဝေဒနာ၊ ဒီ သုံးမျိုးမှာ ဘယ်ဝေဒနာပဲပေါ်ပေါ် ရှုသိနေဖို့ ဟောတော်မူပါတယ်။

ဒုက္ခဝေဒနာ ရှုမှုနဲ့ ပတ်သက်လို့ ဝေဒနာကို အစွမ်းကုန် အောင့်အည်းသည်းခံပြီး ရှုမှတ်သော်လဲ လျော့မသွား ပျောက်မသွားရင်တော့ သည်းမခံနိုင်တဲ့အဆုံးမှာ ပြင်ချင်စိတ် ဖြစ်ပေါ်လာတာဟာ သဘာဝပါပဲ။ အဲဒီလို ပြင်ချင်စိတ် ပေါ်လာရင် ပြင်ပြီး ဆက်မထိုင်ပါနဲ့။ ပြင်ပြီး ဆက်ထိုင်ရင် အကျင့်ပါသွားပြီး နောက်ကျတော့ နည်းနည်း နာရုံကလေးနဲ့ဖြစ်စေ၊ လုံးဝ မနာကျဉ်ဘဲနဲ့ ထိုင်တာ အချိန်ကြာလို့ဖြစ်စေ ပြင်ချင်စိတ်ပေါ်ပြီး ချက်ချင်း ပြင်ပြင် ပစ်တတ်ပါတယ်။ ဒီလိုဆိုရင် သမာဓိအရှိန် ပျက်ပျက်သွားပါတယ်။

ဒါကြောင့် မခံသာလွန်းလို့ ပြင်ချင်စိတ် ဖြစ်နေရင် ပြင်မထိုင်ဘဲနဲ့ ထပြီး စင်္ကြန်လျှောက်ပါ။ လျှောက်တဲ့ အခါမှာလဲ အနာပျောက် အညောင်းပြေရုံ ခဏကလေး မလျှောက်ပါနဲ့၊ အနည်းဆုံး တနာရီ တနာရီသာသာ လျှောက်ပါ။ ပြီးမှ ပြန်ထိုင်ပါ။

ဝေဒနာနဲ့ပတ်သက်လို့ နောက်တခုက နာတာ ကျဉ်တာ စိတ်ဆင်းရဲတာကို ရှုမှတ်ဖို့ သတိရလွယ်ပေမယ့် ကောင်းတာ ချမ်းသာတာကျတော့ ရှုမှတ်ဖို့ တော်တော်နဲ့ သတိမရဘဲ သာယာနှစ်သက်ပြီး ရှုမှတ်မှု လွတ်နေတတ်တာမို့ အထူးသတိထားရပါတယ်။

ကောင်းတာ ချမ်းသာတာကိုလဲ ရှုမှတ်ရမှာပဲလိုက အမြဲ သတိရှိပြီး ဝမ်းသာရင် ဝမ်းသာတယ် ဝမ်းသာတယ် ၊ ပျော်ရင် ပျော်တယ် ပျော်တယ် ၊ ရှုမှတ်လို့ကောင်းရင် ကောင်းတယ် ကောင်းတယ် ၊ ငြိမ့်ရင် ငြိမ့်တယ် ငြိမ့်တယ် ၊ နှစ်သက်ရင် နှစ်သက်တယ် နှစ်သက်တယ် ၊ သာယာရင် သာယာတယ် သာယာတယ် ၊ သဘောကျရင် သဘောကျတယ် သဘောကျတယ် ၊ ပီတိဖြစ်ရင် ပီတိဖြစ်တယ် ပီတိဖြစ်တယ် ၊ စသည်ဖြင့် ပျောက်သွားသည်အထိ စူးစူးစိုက်စိုက် ရှုမှတ်ရပါမယ်။

ဒီလို အဆက်မပြတ် ရှုမှတ်ပွားများအားထုတ်မှသာ ဗုဒ္ဓရှင်တော်မြတ်ဘုရားရဲ့ အလိုတော်ကျ တရားလဲ ရနိုင်ပါတယ်။

မေတ္တာဖြင့်

tno

မှတ်ချက်။ ။ ချမ်းမြေ့ဆရာတော်ဘုရား ညွှန်ကြားပြသသော သတိပဋ္ဌာန်ဝိပဿနာ အားထုတ်ပုံ တရားတော်အား ဆီလျော်သလို ပြန်လည်၍ မှတ်စုထုတ်ရေးသားပါသည်။


ဝိပဿနာသမာဓိဉာဏ် မဂ်ဖိုလ်ဉာဏ်ဖြစ်ပုံ

ဝိပဿနာ တရားရှုပွားအားထုတ်ရာမှာ ဖြစ်တဲ့ နာမရူပ ပရိစ္ဆေဒဉာဏ်နဲ့ ပစ္စယပရိဂ္ဂဟဉာဏ် ဆိုတဲ့ ဝိပဿနာရဲ့ အခြေခံဉာဏ်နှစ်ပါး၊ ပြီးတော့ သမ္မသနဉာဏ်က စပြီး အနုလောမ ဉာဏ်အထိ ဝိပဿနာဉာဏ်ဆယ်ပါး၊ ဂေါတြဘုဉာဏ်၊ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ ပစ္စဝေက္ခဏဉာဏ်၊ အားလုံး ၁၆ ပါး၊ ဒီဉာဏ်တွေဖြစ်ပုံကို ပဋိသမ္ဘိဒါမဂ် နှင့် ဝိသုဒ္ဓိမဂ် ကျမ်းဂန်များမှာ အကျယ်တဝင့် ဖွင့်ဆိုပြမှုကို ဒီနေရာမှာ အကျဉ်းမျှ နားလည်နိုင်ရုံ မြန်မာစကားပြေဖြင့် ထုတ်နှုတ်ရေးသားဖော်ပြပေးချင်ပါတယ်။

ဝိပဿနာယာနိကလမ်းဖြင့် ရှုမှတ်ပွားများအားထုတ်လာသောပုဂ္ဂိုလ်များဟာ သီလဝိသုဒ္ဓိနှင့် ပြည့်စုံသော အချိန်ကာလမှစပြီး ဝိပဿနာ၏ အခြေခံဖြစ်သော နာမရူပပရိဂ္ဂဟ ဆိုတဲ့ မိမိသန္တာန်၌ ထင်ရှားဖြစ်ပေါ်သော နာမ်ရုပ်ကို သူ့ပင်ကိုရင်း သဘောမှန်အတိုင်း သိမ်းဆည်းရှုမှတ်မှု ဝိပဿနာအလုပ်ကို အားထုတ်အပ်ပါတယ်။

အားထုတ်ခါစ၌ စိတ္တဝိသုဒ္ဓိ မဖြစ်သေးမီမှာ ကာမအာရုံ စသည်ကို ကြံစည်လျက် ပျံ့လွင့်ပြေးသွားသော စိတ်များဟာ မှတ်မှုတို့၏ အကြားအကြားမှာ များစွာဖြစ်တတ်ပါတယ်။ အဲဒီစိတ်များကို လုံးဝမသိနိုင် သည်လည်း ရှိပါတယ်။ အတန်ကြာမှ ပြန်၍သိသည်လည်း ရှိပါတယ်။ ခဏိက သမာဓိက အားမရှိသေးတဲ့ အတွက် နီဝရဏ ကိလေသာများက မှတ်သိမှု ဘာဝနာကို ပိတ်ဆို့တားမြစ်နေခြင်းပဲဖြစ်ပါတယ်။

ခဏိကသမာဓိ အားရှိလာတဲ့အခါမှာတော့ မှတ်သိမှုသည် ဖောင်းမှု ပိန်မှု ထိုင်မှု ကွေးမှု ဆန့်မှု မြင်မှု ကြားမှု စသော မှတ်စရာ အာရုံများအပေါ် ကျ၍ကျ၍ ကပ်၍ကပ်၍ နေသကဲ့သို့၎င်း၊ စူးစူးစိုက်စိုက်ဖြစ်လျက် အမှတ်ကောင်းလာပါတယ်။

အဲဒီအခါမှာ အခြားတစ်ပါးကို ပြေးသွားပျံ့လွင်တဲ့စိတ်လည်း များသောအားဖြင့် မဖြစ်တော့ပါဘူး၊ တစ်ခါတစ်ရံ ဖြစ်သော်လည်း ထိုစိတ်ကို ချက်ချင်းပင် မှတ်သိနိုင်၍ ဖြစ်ပေါ်သော နီဝရဏတို့သည် ချက်ချင်းပင် ကင်းငြိမ်း ပြတ်စဲသွားပါတယ်။ မှတ်သိမှုကို မတားမြစ်၊ မနှောင့်ယှက်နိုင်တော့ပါဘူး။ အဲဒီလို မှတ်မိတိုင်းသော အာရုံ၌ မှတ်ခိုက် မှတ်ခိုက်ခဏတိုင်းမှာ စူးစိုက်တည်တံ့လျက် တစ်မှတ်ပြီးတစ်မှတ် တစ်စပ်တည်းဖြစ်တဲ့ ခဏိကသမာဓိကို စိတ္တဝိသုဒ္ဓိခေါ်ပါတယ်။

စိတ္တဝိသုဒ္ဓိ ဖြစ်လျှင် ဖောင်းမှုက တခြား၊ ပိန်မှုက တခြား၊ ထိုင်မှုက တခြား စသည်ဖြင့် မှတ်မိသော ရုပ်အာရုံများကိုလည်း အသီးအသီးပိုင်း၍ သိပါတယ်။ ဖောင်းတာကို မှတ်သိသော စိတ်က တခြား၊ ပိန်တာကို မှတ်သိသော စိတ်က တခြား .. စသည်ဖြင့် ရုပ်အာရုံနှင့် သိမှု နာမ် များကိုလည်း တခြားစီ တခြားစီ ပိုင်းခြား သိပါတယ်။

မှတ်တိုင်း မှတ်တိုင်း မှတ်သိမှု နာမ်တရား၊ ကြံသိမှု နာမ်တရားများကို .. အာရုံဆီသို့ ပြေးသွားနေသော သဘော၊ အာရုံဆီသို့ ညွှတ်ကိုင်းနေသောသဘော၊ အာရုံကို သိသိနေသောသဘော ဟု ၎င်း။

ဖောင်းမှု ပိန်မှု ထိုင်မှုစသော တစ်ကိုယ်လုံးရှိ ရုပ်များကိုကား .. အာရုံဆီသို့ မသွားတတ်.. မညွှတ်တတ်သော သဘော၊ အာရုံကို မသိတတ်သောသဘော ဟု ကိုယ်ပိုင်ဉာဏ်ဖြင့် ပိုင်းခြားပြီး သိပါတယ်။

အဲဒီလို မှတ်တိုင်း မှတ်တိုင်း မှတ်သိရသော အာရုံရုပ်နှင့် မှတ်သိမှု နာမ်တို့ကို သူ့သဘောမှန်အတိုင်း ပိုင်းခြား၍ သိမှုသည် နာမရူပပရိစ္ဆေဒဉာဏ် ပဲဖြစ်ပါတယ်။

ဒီနာမရူပပရိစ္ဆေဒဉာဏ် ရင့်သန်ပြည့်စုံလာတဲ့အခါ ဖောင်းတာနှင့် မှတ်တာ၊ ပိန်တာနှင့် မှတ်တာ … အာရုံရုပ်နှင့် သိမှုနာမ် ဤ ၂ မျိုးမျှသာ ရှိနေပါတော့တယ်။ ဤနှစ်မျိုးကိုပင် ပုဂ္ဂိုလ် သတ္တဝါ ငါ သူတစ်ပါး ယောက်ျား မိန်းမ လို့ ခေါ်နေကြတာပါပဲ။ ဒီ ၂ မျိုးမှတစ်ပါး ပုဂ္ဂိုလ် သတ္တဝါ ငါ သူတစ်ပါး ယောက်ျား မိန်းမ ဟူ၍ အသီးအခြားမရှိဘူး ဆိုတာ ရှုမှတ်နေဆဲမှာပဲ အလိုလိုသိမြင်လာတာ ဒိဋ္ဌိဝိသုဒိ္ဓ ပါ။

မကွေးမီ မဆန့်မီကပင် ကွေးချင် ဆန့်ချင်သော စိတ်ဦးကလေးများကို ရှင်းလင်းစွာ မှတ်သိနိုင်တဲ့အခါ .. ကွေးချင်တဲ့စိတ်ကြောင့် ကွေးမှုဖြစ်ပေါ်တယ်၊ ဆန့်ချင်တဲ့စိတ်ကြောင့် ဆန့်မှုဖြစ်ပေါ်တယ် .. စသည်ဖြင့်၎င်း၊ ပထမဦးစွာဖြစ်တဲ့ စိတ်ဦးကလေးများကို မသိခြင်းကြောင့် တခြားသို့ စိတ်ထွက်သွားတယ်၊ ထိုစိတ်ဦးကို မှတ်မိလျှင် တခြားသို့ စိတ်မသွားနိုင် .. လို့ စသည်ဖြင့်၎င်း၊ မှတ်စရာ သိစရာ အာရုံရှိပါမှ မှတ်သိ ကြံစည်သောစိတ် ဖြစ်ပေါ်နိုင်တယ်.. စသည်ဖြင့်၎င်း အကြောင်းနှင့်တကွ ဖြစ်ပေါ်လာသော ရုပ်နာမ်တို့ကို မကွေး မဆန့်တော့ဘဲ မှတ်ဆဲမှာပဲ အလိုလိုပိုင်းခြား၍ သိသော ဉာဏ်သည် ပစ္စယပရိဂ္ဂဟဉာဏ်ပါပဲ။

ဤဉာဏ်ရင့်သန် ပြည့်စုံလာတဲ့အခါ၌ သူ့ဆိုင်ရာ အကြောင်းများကြောင့် ဖြစ်ပေါ်သော သူ့ဆိုင်ရာ အကျိုးတရား နာမ်ရုပ် ၂ ပါးမျှသာ ရှိတယ်၊ ထိုမှတစ်ပါး ပြုလုပ်တတ် ခံစားတတ်သော ပုဂ္ဂိုလ် သတ္တဝါ မရှိတော့ပြီ .. ဟု သိခြင်းသည် ကင်္ခါဝိတရဏဝိသုဒ္ဓိပါ။

မှတ်အပ်သော အာရုံ၏ အစ အလယ် အဆုံးတို့ကို ပိုင်းပိုင်းခြားခြား သိနိုင်သောအခါ၌ အမြဲတမ်း မှတ်နေကျ အာရုံများတွင် ဖောင်းမှုဆုံးပြီးမှ ပိန်မှုပေါ်လာတယ်၊ ပိန်မှုဆုံးပြီးမှ ဖောင်းမှု ပေါ်လာတယ်၊ ကြွမှုဆုံးပြီးမှ လှမ်းမှု ပေါ်လာတယ် .. စသည်ဖြင့် ရှေးရှေးအာရုံဆုံးပြီးမှ နောက်နောက်အာရုံ ဖြစ်ပေါ်လာသည်ကို ရှင်းလင်းစွာ သိလာပါတယ်။

နာကျင်မှု ယားမှု စသော ဝေဒနာတစ်မျိုးမျိုး ဆုံးသွားပြီးမှ အခြားတစ်နေရာ၌ ဝေဒနာ အသစ်တစ်မျိုးမျိုး စ၍ ဖြစ်ပေါ်လာသည်ကို၎င်း၊ ၂ ချက် ၃ ချက် ၄ ချက် စသည်တို့ဖြင့် မှတ်နေလျှင် ထိုဝေဒနာသည် တဖြည်းဖြည်း သေးငယ်၍ သေးငယ်၍ နောက်ဆုံး၌ ပျောက်ပျောက်သွားသည်ကို၎င်း၊ ထင်ပေါ်လာသော ပုံသဏ္ဍာန် နိမိတ်အာရုံတို့တွင်လည်း တစ်မျိုး တစ်မျိုး လုံးဝပျောက်သွားပြီးမှ အသစ်အာရုံတစ်မျိုးမျိုး ထင်ပေါ်လာသည်ကို ၎င်း၊၂ ချက် ၃ ချက် ၄ ချက် စသည်ဖြင့် စူးစူးစိုက်စိုက် မှတ်နေလျှင် ထိုပုံသဏ္ဍာန်အာရုံသည် ရွေ့၍ရွေ့၍ ၊ သေး၍သေး၍၊ မှေးမှိန်မှေးမှိန်၍ဖြစ်စေ နောက်ဆုံးမှာ ပျောက်ပျောက်သွားသည်ကို၎င်း ရှင်းလင်းစွာ သိလာပါတယ်။ မကုန်ဆုံး မပျောက်ပျက်ဘဲ ခိုင်မြဲတည်တံ့နေသော တရားကိုရှာမတွေ့တော့ပါဘူး။

ထို့ကြောင့် မှတ်ဆဲ မှတ်ဆဲမှာပင် ကုန်ဆုံး ကုန်ဆုံး သွားသော ထိုအာရုံကို ကုန်ဆုံးသွားသောကြောင့် မမြဲဟူ၍လည်း သဘောကျ ဆင်ခြင်မိပါတယ်။ ပေါ်ပေါ်ပြီးလျှင် ပျောက်ပျောက်သွားသောကြောင့် ဆင်းရဲဟူ၍လည်း သဘောကျလျက် ဆင်ခြင်မိတတ်ပါတယ်။ (မကောင်းဘူးဟူ၍ ဆင်ခြင်မှုသည်လည်း ဆင်းရဲဟု သဘောကျခြင်းနှင့် အတူတူပါပဲ။) အခံရခက်လှစွာသော ဒုက္ခဝေဒနာတို့ကို တစ်မျိုးပြီးတစ်မျိုး များစွာတွေ့ရသဖြင့်လည်း ဆင်းရဲအစုအဝေးကြီးပဲ .. ဟူ၍လည်း သဘောကျလျက် ဆင်ခြင်မိတတ်ပါတယ်။ ကိုယ့်အလိုအတိုင်းမဖြစ်ပဲ သူ့သဘောအတိုင်းသာ ဖြစ်တတ် ပျက်တတ်သောကြောင့် အစိုးမရ၊ ငါကောင်မဟုတ်ဘူး၊ သဘောတရားမျှသာ လို့လည်း သဘောကျ ဆင်ခြင်မိတတ်ပါတယ်။

ဤသို့ မှတ်နေဆဲမှာပင် မှတ်မိသော အာရုံကို မကွေး မဆန့်ဘဲ .. မမြဲ၊ ဆင်းရဲ၊ အစိုးမရ.. ဟု သဘောကျလျက် ဆင်ခြင် ဆုံးဖြတ်ခြင်းသည်ပင် ပစ္စက္ခသမ္မသနဉာဏ် မည်ပါတယ်။

ဤသို့ ပစ္စက္ခအားဖြင့် မှတ်သိရပြီးသော အာရုံနှင့် နှိုင်းဆ၍ အတိတ် အနာဂတ် ပစ္စုပ္ပန် တစ်လောကလုံး၌ ရှိသော ရုပ်နာမ်ဟူသမျှကိုလည်း နည်းတူပင် .. မမြဲတာတွေချည်းပဲ၊ ဆင်းရဲတွေ၊ မကောင်းတာတွေချည်းပဲ၊ အစိုးမရ၊ ငါကောင်မဟုတ်တာတွေချည်းပဲ .. လို့ သဘောကျ ဆင်ခြင် ဆုံးဖြတ်မိတတ်ပါတယ်။ ထိုသို့ ဆုံးဖြတ်မှုသည် အနုမာနသမ္မသနဉာဏ် မည်ပါတယ်။

ထိုသို့ ကောင်းကောင်း ပစ္စုပ္ပန်ကျအောင် မှတ်နိုင်သောအခါ အမှတ်ရမှု သတိနှင့် အသိဉာဏ်တို့ အလွန်သွက်လက် လျင်မြတ်စွာ ဖြစ်ပေါ်ပါတယ်။ အားထုတ်မှု ဝီရိယသည်လည်း မယုတ်မလွန် မလျှော်မတင်း ညီမျှစွာ ဖြစ်ပါတယ်။ အထူးကြောင့်ကြ မစိုက်ရဘဲ မှတ်သိလျက် မှတ်သိလျက် ဖြစ်နေအောင် ညီမျှစေသော ဥပေက္ခာလည်း ထင်ရှားဖြစ်ပါတယ်။ စိတ်သည် အထူး ကြည်လင်နေပြီး၊ ထူးခြားစွာ ဖြစ်ပေါ်လာသော အလင်းရောင်ကိုလည်း တွေ့ရတတ်ပါတယ်။ ကိုယ်ထဲ၌ စိမ့်စိမ့် စိမ့်စိမ့် ဖိန်းဖိန်း ဖိန်းဖိန်းနှင့် အလွန်နေထိုင် ကောင်းသော ပီတိလည်း ထင်ရှားဖြစ်ပေါ်ပါတယ်။ ကြောင့်ကြမှု ပူပင်မှု ကင်း၍ သက်သာအေးချမ်းသော ပဿဒ္ဓိလည်း ထင်ရှားဖြစ်ပေါ်ပါတယ်။ ဝမ်းသာဝမ်းမြောက်မှုလည်း အလွန်အကဲဖြစ်တတ်ပါတယ်။ ရှုမှတ်မှု ဘာဝနာ၌ ပျော်မွေ့မှုလည်း ဖြစ်တတ်ပါတယ်။

ထိုအခါ၌ အလွန်လျင်မြန်စွာ ထင်ပေါ်လာသော ရုပ်နာမ်အမူအရာတို့ကို ဖြစ်စဉ်အတိုင်း အကြွင်းမရှိ အကုန်ပင် မှတ်သိနိုင်သည်ဟု ထင်ရပါတယ်။ ထိုသို့ အလင်းရောင် ပီတိသုခတို့နှင့်တကွ သက်သက်သာသာနှင့် လျင်မြန်စွာ အမှတ်အသိ ကောင်းနေသောကြောင့် ထိုသို့ဖြစ်ပုံကို သာယာသဘောကျလျက် .. တရားလမ်းဆုံးပြီ၊ မဂ်ဖိုလ်နိဗ္ဗာန်သို့ရောက်ပြီ.. ဟု ထင်မှတ်တတ်ပါတယ်။ မဂ်မှားကို စွဲလမ်းသော ဥပက္ကိလေသပါ။

ထိုဥပက္ကိလေသနှင့် ရောပြွမ်းလျက် လျင်မြန်စွာ မှတ်သိနိုင်သော အသိဉာဏ်သည် ဖြစ်ပေါ်ခါစ နုသော ဥဒယဗ္ဗယဉာဏ် မည်ပါတယ်။ ဤနုသော ဥဒယဗ္ဗယဉာဏ်ဖြစ်ခိုက်၌ မှတ်သိရသော ရုပ်နာမ်တို့၏ အစအဆုံး အဖြစ်အပျက်များကို ကောင်းကောင်းရှင်းလင်းစွာ မသိနိုင်သေးပါဘူး။

ထိုသို့မှတ်နေစဉ်မှာပင် အလင်းရောင် စသည်က တရားထူးမဟုတ်သေး၊ အလင်းရောင်စသည်ကို စဉ်းစား ဆင်ခြင် သာယာနေတာက (ဝိပဿနာ) ရှုမှတ်မှု၏ အန္တရာယ်ပဲ၊ မပြတ်မှတ်နေတာက လမ်းမှန်ပဲ၊ လမ်းမဆုံးသေးဘူး၊ မှတ်ရဦးမှာပဲ၊ မှတ်မှ သာပြီး ကောင်းသွားမည် ဟူ၍ တစ်ဆင့်ကြားရ၍ ဖြစ်စေ၊ မိမိအလိုလို ဖြစ်စေ ဆုံးဖြတ်မှုသည် မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ မည်ပါတယ်။

ထိုသို့ဆုံးဖြတ်ပြီးလျှင် မှတ်မြဲပင် ဆက်၍မှတ်သောကြောင့် အလင်းရောင် ပီတိ ပဿဒ္ဓိ ဝမ်းသာမှု၊ သာယာမှုတို့ကို လွန်မြောက်သွားသောအခါ၌ မှတ်တိုင်းမှတ်တိုင်း မှတ်မိသော အာရုံများသည် ပေါ်ပေါ်ပြီးလျှင် ချက်ချင်းပင် ပျောက်ပျောက်သွားကြသည်ကို တွေ့ရပါမယ်။

ထိုပျောက်သွားပုံမှာလည်း တခြားတစ်နေရာသို့ ပြောင်းရွေ့သွားခြင်းမရှိဘဲ သူပေါ်လာ၊ ယင်းနေရာမှာပင် တိခနဲ တိခနဲ လုံးဝကွယ်ပျောက်သွားသည့်အနေအားဖြင့် ထင်ရှားပါတယ်။ ထို့ကြောင့် ရုပ်နာမ်တို့သည် မျက်စိတစ်မှိတ် လျှပ်တစ်ပြက်ခန့်မျှ မတည်တံ့ဘဲ ခဏမစဲ ဖြစ်ပျက်နေကြသည်ဟု မျက်မှောက်သိပါတယ်။

ဤသို့ ပေါ်လိုက် ပျောက်လိုက်နှင့် ခဏမစဲ ဖြစ်ပျက်နေသော ရုပ်နာမ်တို့ကို မှတ်တိုင်း မှတ်တိုင်း ကွက်ခနဲ ကွက်ခနဲ ရှင်းလင်းစွာသိသော ဉာဏ်သည် ဥပက္ကိလေသမှ လွတ်ပြီးသော ရင့်သန်သော ဥဒယဗ္ဗယဉာဏ် မည်ပါတယ်။ ဤဉာဏ်သည် ပဋိပဒါဉာဏဒဿန ဝိသုဒ္ဓိ ၏ အစပင်ဖြစ်ပါသည်။

ပေါ်လိုက် မှတ်လိုက်၊ ပျောက်လိုက်နှင့် ကွက်ခနဲ ကွက်ခနဲ အမှတ်အသိကောင်းနေရာမှ မှတ်ရသော အာရုံများသည် ပျောက်ပျောက်နေနှင့်သကဲ့သို့၎င်း၊ ဘာမျှမရှိဘဲ ဖြစ်နေသကဲ့သို့၎င်း ထင်ရပါတယ်။ မှတ်စိတ်သည် မှတ်ရသော အာရုံနှင့် စေးစေးကပ်ကပ်မရှိဘဲ ဟာကျဲကျဲဖြစ်နေသကဲ့သို့လည်း ထင်ရတတ်ပါတယ်။ ဖောင်းပိန် စသော ဗိုက်ပုံ သဏ္ဍာန်၊ ကွေးဆန့် လှုပ်ရှားနေသော လက်ခြေပုံသဏ္ဍာန် စသော ဃနနိမိတ်ပညတ်များ ကွယ်ပျောက်၍ ပရမတ်သဘောမျှကိုသာ တွေ့ရသောကြောင့် ထိုကဲ့သို့ ထင်ခြင်းဖြစ်ပါသည်။

ထိုဉာဏ်အား ပြည့်ရင့်သန်လာတဲ့အခါ ဖောင်းမှု ပိန်မှု စသော မှတ်စရာ အာရုံနှင့် မှတ်သိသော စိတ်တို့ကို ရှေ့ဆင့်နောက်ဆင့် ကုန်ဆုံး ကုန်ဆုံးနေသည်ကိုသာလျှင် မှတ်တိုင်း မှတ်တိုင်း ရှင်းလင်းစွာ သိပါတယ်။

ထိုကုန်ဆုံးမှု ထင်ပုံမှာလည်း မှတ်ရသော အာရုံ၏အစ ပေါ်လာမှုနှင့် အထည့်ဒြပ်ကို မတွေ့ရပါပဲ မှတ်ရန် အားထုတ်စဉ်မှာပင် ကုန်ကုန်သွားနှင့်သကဲ့သို့၎င်း၊ ပျောက်ပျောက်သွားနှင့်သကဲ့သို့၎င်း ထင်ခြင်းဖြစ်ပါသည်။

ဤသို့ ရှင်းလင်းစွာ ထင်ပေါ်၍ အာရုံရော မှတ်စိတ်ရော အတွဲလိုက် အတွဲလိုက်အားဖြင့် ရှေ့ဆင့်နောက်ဆင့် တိခနဲ တိခနဲ လျင်မြန်စွာ ကုန်ပျက် ကုန်ပျက်သွားသည်ကို သိသော ဉာဏ်သည် ဘင်္ဂဉာဏ်ပါပဲ။

အာရုံရော မှတ်စိတ်ရော အတွဲလိုက် အတွဲလိုက်အားဖြင့် တစ်ကုန်တည်း ကုန်၊ တစ်ပျက်တည်း ပျက်နေသည်ကိုသာ တွေ့ရ၍ မှတ်နေရင်းပင် ကြောက်စရာကောင်းသည်ဟု ထင်မြင်လာတဲ့အခါ ဘယဉာဏ်ဖြစ်ပါပြီ။ ထိုအခါ၌ မှတ်တိုင်း မှတ်တိုင်း ကြောက်နေသလိုလိုလည်း ဖြစ်တတ်ပါတယ်။ ဝမ်းနည်းသလိုလိုလည်း ဖြစ်တတ်ပါတယ်။ မှတ်စရာအာရုံတွေ ပေါ်ပေါက်လာမည်ကိုလည်း ကြောက်နေတတ်ပါသည်။

မှတ်တိုင်း မှတ်တိုင်း အာရုံနှင့် မှတ်စိတ်တို့ကို မကောင်းဘူးဟု အပြစ်ကို မြင်သော အသိဉာဏ်သည် အာဒီနဝဉာဏ် မည်ပါတယ်။ ထိုအခါ၌ မကောင်းတာတွေနှင့် မပြတ်တွေ့နေသည်ဟု ထင်ရပါတယ်။ ဘယ်လိုပင် အမှတ်အသိကောင်းနေသော်လည်း မှတ်ရသော အရသာမရှိသကဲ့သို့ ထင်ရတတ်ပါတယ်။

မှတ်တိုင်း မှတ်တိုင်း ခြောက်သွေ့သွေ့ဖြစ်လျက် ပျင်းရိငြီးငွေ့ဖွယ်ဟု ထင်မြင်သော ဉာဏ်သည် နိဗ္ဗိဒါဉာဏ် မည်ပါတယ်။ ထိုအခါ၌ ပျင်းရိသလိုလို၊ အားလျော့သလိုလို ဖြစ်နေတတ်ပါတယ်။ သို့သော် မမှတ်ဘဲလည်း မနေနိုင်၊ တကယ်ပျင်းရိသည်လည်း မဟုတ်ပါဘူး။

မှတ်ခိုက်မှာရော၊ ဆင်ခြင်ခိုက်မှာရော ဒုက္ခလက္ခဏာများစွာထင်လျက် ငြီးငွေ့ဖွယ်ကိုသာ တွေ့ရသောကြောင့် မှတ်ရသော အာရုံသင်္ခါရနှင့် မှတ်မှု ဝိပဿနာ သင်္ခါရတို့ကို စွန့်လွှတ်လိုသောစိတ် ဖြစ်ပေါ်ပါတယ်။ ထိုသင်္ခါရတို့မှ လွတ်မြောက်သာ လွတ်မြောက်လိုနေပါတယ်။ မှတ်ခိုက် မှတ်ခိုက်မှာပင် အလိုလို ဖြစ်ပေါ်လာသော ဤစွန့်လိုမှု၊ လွတ်မြောက်လိုမှုသည် မုဉ္စိတုကမျတာဉာဏ် မည်ပါတယ်။

ထိုအခါ၌ တစ်ပျက်တည်းပျက်နေသော အာရုံတွေနှင့် မှတ်သိမှုတွေ လုံးဝမရှိမှကောင်းမည် ဟူ၍လည်း ဆင်ခြင်မိတတ်ပါတယ်၊ သင်္ခါရငြိမ်းရာ နိဗ္ဗာန်ဆီသို့ ညွှတ်ကိုင်းခြင်းပဲဖြစ်ပါတယ်။

သင်္ခါရတို့မှ လွတ်မြောက်လိုသောကြောင့် မြန်မြန်ကြီး လွတ်မြောက်စေရန် အင်တိုက်အားတိုက် ကြိုးစား၍ မှတ်မြဲပင် တစ်ဖန်မှတ်ပြန်တဲ့အခါ တစ်ကိုယ်လုံးရှိ ရုပ်နာမ်အလုံးစုံကိုအလွန်မခံသာသော ရောဂါအစုအဝေးကြီး ကဲ့သို့၎င်း၊ ဒုက္ခတုံး ဒုက္ခခဲကြီးကဲ့သို့၎င်း ထင်ရတတ်ပါတယ်။

ကိုယ်လက်ခြေ ဣရိယာပုထ်များကိုလည်း ကြာရှည်စွာ ငြိမ်ငြိမ်မထားနိုင်ဘဲ ခဏခဏ ပြုပြင်လိုတတ်ပါတယ်။ အမှတ်အသိမှာ တစ်ချက်မှတ် တစ်ခါပျောက်အားဖြင့် ကောင်းနေငြားသော်လည်း မကောင်းသေးဘူးဟူ၍ ထင်လျက် အားမရနိုင်ဘဲ ရှိတတ်ပါတယ်။ နောက်ပိုင်း၌ကား အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာတို့ကို အထူးထင်ရှားစွာ တွေ့ရလျက် သွက်လက်လျင်မြန်စွာ အမှတ်ကောင်းနေတတ်ပြီး၊ ဤသို့ တစ်ဖန် ရှုမှတ်၍ အထူးသိမြင်သောဉာဏ်သည်ပင် ပဋိသင်္ခါဉာဏ် မည်ပါတယ်။

ထင်ပေါ်သမျှ ရုပ်နာမ်တို့ကို အထူးကြောင့်ကြမစိုက်ရတော့ဘဲ သူ့အလိုလိုပင် မှတ်သိပြီးဖြစ်လျက် အာရုံနှင့် မှတ်စိတ်တို့၏အပျက်ကို လွယ်ကူသိမ်မွေ့စွာ တစ်ဆက်တည်း တစ်စဉ်တည်း အရှိန်မပျက် သိနေသောဉာဏ်သည် သင်္ခါရုပေက္ခာဉာဏ် မည်ပါတယ်။

ထိုအခါ၌ အာရုံထင်ပေါ်စေရန်လည်း ကြောင့်ကြမစိုက်ရတော့ပါဘူး၊ မှတ်မိစေရန်လည်း ကြောင့်ကြမစိုက်ရ တော့ပါဘူး၊ တစ်မှတ် တစ်မှတ် ဆုံးသွားလျှင် တစ်ဖန် မှတ်စရာအာရုံသည် အလိုလိုပင် ထင်ပေါ်လျက် ရှိပါတယ်။ ထိုအာရုံကို အလိုလိုပင် မှတ်သိလျက် ကုန်ပျက်မှုကို တွေ့နေရသော်လည်း ရှေးကလို ကြောက်ခြင်း အပြစ်မြင်ခြင်း၊ ငြီးငွေ့ခြင်း၊ လွတ်လိုခြင်း၊ အားမရခြင်းများ မဖြစ်တော့ပါဘူး၊ မခံသာမှု ဒုက္ခဝေဒနာကို တွေ့ရသော်လည်း စိတ်မချမ်းမသာ မဖြစ်တော့ပါဘူး။

များသောအားဖြင့် ထိုအခါ၌ကား ဒုက္ခဝေဒနာများ လုံးဝကင်းငြိမ်းလျက်သာ ရှိတတ်ပါတယ်။ အာရုံကောင်းများ ကို တွေ့ရသော်လည်း ရှေးကလို အလွန်အကဲ ဝမ်းသာခြင်း မဖြစ်တော့ပါဘူး၊ အမှတ်အသိမှာ အလွန်ငြိမ်သက် သိမ်မွေ့စွာ ကောင်းနေသော်လည်း ထိုအတွက် ရှေးကလို အလွန်အကဲ ဝမ်းသာခြင်း၊ အားတက်ခြင်းများ မဖြစ်လာပါ။

အာရုံနှင့် မှတ်သိမှုများအပေါ်၌ မချစ်မမုန်း ညီမျှစွာဖြစ်လျက် အမှတ်မှာ သူ့အရှိန်နှင့်သူ သွားလျက်ရှိပါတယ်။

မပြုမပြင်ဘဲ မှတ်နေမည်ဆိုလျှင် ၂ နာရီ၊ ၃ နာရီ ကြာသော်လည်း အခြေမပျက် ကောင်းမြဲပင် ကောင်းနေပါတယ်။ တစ်နေ့လုံး တစ်ညဉ့်လုံးသော်လည်း မှတ်နေနိုင်မည်ဟု ထင်ရတတ်ပါတယ်။ စိတ်ကို တခြားသို့ ပို့သော်လည်း ကြာရှည်စွာမသွား၊ မှတ်မှုသို့သာလျှင် ပြန်ပြန်ရောက်လာပါတယ်၊ ဒွါရ ၆ ပါးကို ဖြန့်၍ အာရုံများစွာကို မှတ်ရန် အားထုတ်သော်လည်း ဖြန့်၍မရဘဲ သူမှတ်နေကျ အာရုံများတွင်သာလျှင် မှတ်သိလျက် ဖြစ်နေတတ်ပါတယ်။

(၁) အာရုံထင်စေရန် ရှုမှတ်မှုဖြစ်စေရန် ကြောင့်ကြ မစိုက်ရခြင်း၊

(၂) ဘယ-ကြောက်မှု၊ နန္ဒီ-နှစ်သက်ပျော်မွေ့မှုကင်းခြင်း၊

(၃) ညီမျှစွာဖြစ်ခြင်း၊

(၄) သူ့အရှိန်နှင့်သူ ကြာရှည်စွာ ဖြစ်လျက် တည်ခြင်း၊

(၅) ဒုက္ခဝေဒနာကို သည်းခံနိုင်ခြင်း၊

(၆) တခြားအာရုံသို့ မပြန့်ခြင်း -

ဤဂုဏ်အင်္ဂါများသည် ပါဠိ အဋ္ဌကထာ ဋီကာတို့၌ ပြထားသော သင်္ခါရုပေက္ခာဉာဏ်၏ ဂုဏ်အင်္ဂါများပင် ဖြစ်ပါတယ်။

သင်္ခါရုပေက္ခာဉာဏ် အားပြည့်လျှင် အချို့ပုဂ္ဂိုလ်မှာ မှတ်အပ်သော အာရုံနှင့် မှတ်သိမှုတို့၏ လျင်မြန်စွာ ကုန်ဆုံးသွားသော သဘောအားဖြင့် အနိစ္စလက္ခဏာ အထူးသန့်ရှင်းစွာ ထင်လျက် မှတ်သိမှုသည် အဟုန်ဖြင့် ပြေးလာသကဲ့သို့ တစ်ကြိမ်ထက်တစ်ကြိမ် အထူးလျင်မြန်စွာ ဖြစ်ပေါ်ပါတယ်။

အချို့ပုဂ္ဂိုလ်မှာ မခံသာသောသဘော၊ မကောင်းသောသဘောအားဖြင့် ဒုက္ခလက္ခဏာ အထူးသန့်ရှင်းစွာ ထင်လျက် ထူးခြားသော မှတ်သိမှုများ ဖြစ်ပေါ်ပါတယ်။

အချို့ပုဂ္ဂိုလ်မှာ ချစ်ဖွယ် မုန်းဖွယ်ကင်းမဲ့သည့် သဘောတရားအနေအားဖြင့် အနတ္တလက္ခဏာ အထူးသန့်ရှင်းစွာ ထင်လျက် ထူးခြားသော မှတ်သိမှုများ ဖြစ်ပေါ်ပါတယ်။ ထိုသို့ဖြစ်ခြင်းသည် ဝုဋ္ဌာနဂါမိနီဝိပဿနာ၏ အစခေါင်ထိပ်သို့ ရောက်သော သင်္ခါရုပေက္ခာဉာဏ်ပါပဲ။

ဤထူးခြားသော အမှတ်အသိများ ၂ ကြိမ်၊ ၃ ကြိမ် စသည် ဖြစ်ပေါ်ပြီးလျှင် နောက်ဆုံး မှတ်သိမှု ပြီးဆုံးသွားသည်နှင့် တစ်ပြိုင်နက် အာရုံမှတ်သိမှု အလုံးစုံကို တိခနဲ ပြတ်သွားသကဲ့သို့၎င်း၊ အကုန်လုံးမြုပ်ကွယ်သွားသကဲ့သို့၎င်း သင်္ခါရချုပ်ငြိမ်းရာ နိဗ္ဗာန်အာရုံဆီသို့ ဆိုက်ရောက် ပြေးဝင်သွားပါတယ်။

ဤသို့ဖြစ်ရာတွင် ထူးခြားသော နောက်ဆုံး အမှတ်အသိသည် (ဥဒယဗ္ဗယဉာဏ် စသော ရှေးဉာဏ်များနှင့်၎င်း၊ နောက်အဖို့ဖြစ်သော မဂ်ဆိုင်ရာ တရားများနှင့်၎င်း လျော်ညီစွာဖြစ်သောကြောင့်) အနုလောမဉာဏ် မည်ပါတယ်။

ဥပက္ကိလေသကင်းပြီးသော ဥဒယဗ္ဗယဉာဏ်မှစ၍ ဤအနုလောမဉာဏ်တိုင်အောင် ဝိပဿနာဉာဏ် ၉ ပါးသည် ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ မည်ပါတယ်။

အာရုံနှင့် မှတ်သိမှု ဟူသော သင်္ခါရအလုံးစုံ ကင်းပြတ်ချုပ်ငြိမ်းရာသို့ ရှေးဦးစွာ ကျရောက်သော အသိဉာဏ်သည် ဂေါတြဘူဉာဏ်ပါပဲ။

ထိုချုပ်ငြိမ်းမှုထဲ၌ ဝင်ရောက်နေဘိသကဲ့သို့ မျက်မှောက်တွေ့လျက် တစ်ခဏမျှ တည်တံ့နေသော အလယ်ပိုင်း အသိဉာဏ်သည် မဂ်ဉာဏ် မည်ပါတယ်။ ဉာဏဒဿနဝိသုဒ္ဓိလည်း မည်ပါတယ်။

ထိုချုပ်ငြိမ်းမှု၌ ဆက်လက်၍တည်သော နောက်ဆုံးပိုင်း အသိဉာဏ်သည် ဖိုလ်ဉာဏ် မည်ပါတယ်။

ဖိုလ်ဉာဏ်ပြီးဆုံးသွားလျှင် အိပ်ပျော်ရာမှ ဘွားခနဲ နိုးလာသကဲ့သို့၎င်း၊ ရေထဲ၌ ငုပ်နေရာမှ ဘွားခနဲ ရုတ်တရက် ပေါ်လာသကဲ့သို့၎င်း ရှုမှတ်ခဲ့ပုံနှင့် ချုပ်ငြိမ်းရာသို့ ရောက်သွားပုံများကို ပြန်လှည့်၍ ဆင်ခြင်မိပါတယ်။ ဤဆင်ခြင်မှုသည် ပစ္စဝေက္ခဏာဉာဏ်ပင်ဖြစ်ပါတယ်။

ထို့နောက် မှတ်မြဲတိုင်း ဆက်၍ မှတ်ပြန်လျှင် မှတ်သိရသော အာရုံများသည် ယခင်အမှတ် ကောင်းခါစကလိုပင် အထည်ဒြပ်နှင့်တကွ ပီပီသသဖြစ်လျက် ထင်ပေါ်နေတတ်ပါတယ်။ ဖြစ်မှု ပျက်မှုများကို ယခင်အမှတ်ကောင်းခါစကလိုပင် ထင်ရှားပီသစွာ သိရပါတယ်။ ဥဒယဗ္ဗယဉာဏ် တစ်ပတ်ပြန်၍ ဖြစ်ပေါ်လာခြင်းပင်ဖြစ်ပါတယ်။

ဤမျှဖြင့် ဝိသုဒ္ဓိနှင့် ဉာဏ်စဉ်ကို မှတ်သားနိုင် နားလည်နိုင်လောက်ပါပြီ။

သို့ရာတွင် မည်မျှ အရသာကောင်းသော စားဖွယ်ဖြစ်စေကာမူ စားကြည့်မှ ကောင်းကောင်းသိနိုင်သကဲ့သို့ ယခု ဤ၌ ပြထားသော ဉာဏ်ဖြစ်ပုံ အလုံးစုံကိုလည်း ကိုယ်တိုင်မျက်မှောက် ဆိုက်ရောက်ပြီးမှသာ ကောင်းကောင်း နားလည်၍ ကောင်းကောင်း သဘောကျတတ်မည်ဖြစ်ပါတယ်။ ထို့ကြောင့် ယုံမှားမရှိ သဘောကျနိုင်သော အဆင့်အတန်းသို့ တက်လှမ်း ဆိုက်ရောက်နိုင်ကြပါစေလို့ ဆုမွန်တောင်းလိုက်ရပါတယ်။

မေတ္တာဖြင့်

tno

မှတ်ချက်။ ။ ဤတရားတော်ကို မဟာစည်ဆရာတော်ဘုရားကြီး၏ ဝိပဿနာရှုနည်း (အကျဉ်းချုပ်) မှ ပြန်လည် မှတ်စုထုတ်ဖော်ပြပါသည်။


ဝိပဿနာဆိုတာ မခက်ပါ (၁)

ဝိပဿနာဆိုတာ ခက်ခက်ကြီး မဟုတ်ပါဘူး။ ခန္ဓာအရှိကို ဉာဏ်နှင့်သိအောင် လုပ်တဲ့ အလုပ်ဟာ ဝိပဿနာပါ။

ဗုဒ္ဓတရားတော်အရ ခန္ဓာကိုယ်ထဲမှာ ရုပ်နဲ့ နာမ်ပဲရှိပါတယ်။ သက်ရှိသတ္တဝါတွေမှာ ရုပ်နဲ့ နာမ်ပဲ ရှိပါတယ်။ ထိုးထိုးထောင်ထောင် နာမည်တပ်ချင်သလို တပ်၊ သက်မဲ့အရာဝတ္ထုတွေမှာ ရုပ်ပဲ ရှိပါတယ်။ ဝိပဿနာတရား ရှုပွားအားထုတ်တဲ့အခါ ဘယ်နည်းနဲ့ပဲရှုရှု၊ ရှုချင်တဲ့ နည်းနဲ့ရှုပါ။ ဝိပဿနာ၏ အရှုခံ အာရုံသည် ရုပ်ဖြစ်ရင်ဖြစ် မဖြစ်ရင် နာမ်ဖြစ်ရပါမယ်။ ရုပ်နာမ်ကို ဖယ်ထားပြီးတော့ ဝိပဿနာ ရှုလို့ မရပါဘူး။ ဘယ်နည်းနဲ့ပဲ ရှုရှု အရင် စသိမယ့် ဉာဏ်ကလည်ပဲ ရုပ်နာမ်ပိုင်းခြားသိတဲ့ ဉာဏ်ပါ။ အဲဒါကြောင့် ဝိပဿနာရှုတဲ့အခါ အရှုခံအာရုံအဖြစ် ထားရမှာက ရုပ် သို့မဟုတ် နာမ်ပါ။

အဲဒီ ရုပ်နာမ်နှစ်ပါးမှာလည်း နာမ်တရားထက် ရုပ်တရားက ထင်ရှားတော့ စပြီး ရှုတဲ့အခါ ရုပ်တရားကို အရှုခံ ထားပြီး ရှုတာက ပိုကောင်းပါတယ်။

ဝိပဿနာဆိုတာ ရုပ်နာမ်မှာ ရှုရမှာ ဖြစ်တော့ မရှုမီ ကြိုတင်ပြီးတော့ ရုပ်ဆိုတာက ဘယ်လိုလဲ။ နာမ်ဆိုတာက ဘယ်လိုလဲ သိရှိ သဘောပေါက်ထားလို့ရှိရင် အခက်အခဲ မရှိ လွယ်ကူပါမယ်။

တရားအားထုတ်တယ်ဆိုတာ ခက်ခက်ကြီး မဟုတ်ပါဘူး။ တရားအားထုတ်တယ်ဆိုတာ နှလုံးသွင်းပြောင်း လိုက်တာပါ။ နဂိုတုန်းက “ငါသွားတယ်၊ သူသွားတယ်၊ ပုဂ္ဂိုလ်သတ္တဝါသွားတယ်၊ ယောက်ျားမိန်းမသွားတယ်” လို့ နှလုံးသွင်းပါတယ်။

ယခု တရားအားထုတ်တဲ့အခါမှာ ဘယ်သူ သွားတာလဲလို့ သတိထားပြီး အသိတရားနဲ့ ရှုရပါတယ်။ သွားနေကျအတိုင်း သွားပါ၊ အသွားပြောင်းဖို့မလိုပါဘူး။ ရုပ်နာမ်ပေါ်မှာသာ သတိထားပြီးသွားခြင်းဖြင့် မိစ္ဆာသတိမှ သမ္မာသတိသို့ ပြောင်းသွားပါတယ်။

နဂိုတုန်းက ပုဂ္ဂိုလ်သတ္တဝါသတိနဲ့ ထိုင်တယ်၊ ယခုက ရုပ်နာမ် သတိနဲ့ထိုင်တယ်၊ နဂိုတုန်းက ပုဂ္ဂိုလ်သတ္တဝါ သတိနဲ့ အိပ်တယ်။ ယခုက ရုပ်နာမ်သတိနဲ့အိပ်တယ်၊ နဂိုတုန်းက ပုဂ္ဂိုလ်သတ္တဝါသတိနဲ့ ရပ်တယ်။ ယခုက ရုပ်နာမ်သတိနဲ့ ရပ်တယ်။ ဒါပဲ ကွာပါတယ်။

တရားအားထုတ်တယ်ဆိုတာ နဂိုအမူအရာထဲမှာ ရုပ်နာမ်ပေါ်ရောက်အောင် သမ္မာသတိကို သွင်းထားလိုက်ခြင်းပါ။ အဲဒီလို သတိသွင်းထားလိုက်ရင် ရုပ်သဘော နာမ်သဘောကို သိလာပါလိမ့်မယ်။

ရုပ်သဘောက ဘယ်လိုလဲလို့မေးရင် ဖောက်ပြန်တတ်တဲ့သဘောက ရုပ်ပါ။ ဖောက်ပြန်တယ်ဆိုတာက နဂိုအနေနဲ့ မတူပဲ တစ်မျိုးတစ်မျိုး ပြောင်းသွားတာကို ဖောက်ပြန်တယ်လို့ ခေါ်ခြင်းပါ၊ အဲဒါကိုပဲ ရုပ် လို့ ခေါ်ပါတယ်။

အထိုင်ကြာလာတဲ့အခါ ထိုင်စနဲ့မတူတော့ပါ။ အောက်ပိုင်းကိုယ်က နာကျင်ကိုက်ခဲမှု၊ ပူမှု စသည် ဖြစ်လာတတ်ပါတယ်။ အဲဒါဘာဖြစ်တာလဲ မေးရင် ရုပ်ဖောက်ပြန်တာပါ။

ကိုယ်နှင့်စပ်သမျှ ခြေဖဝါးကနေပြီး ငယ်ထိပ်အတွင် တစ်ကိုယ်လုံးမှာ ဖြစ်နေသမျှတွေကို ပညတ်နာမည် တပ်ချင်သလို တပ်ပါ။ နာတယ်၊ ကျဉ်တယ်၊ ကိုက်တယ်၊ ခဲတယ်၊ ညောင်းတယ်၊ ထုံတယ်၊ တောင့်တယ်၊ တင်းတယ်၊ မူးတယ်၊ ဝေတယ်၊ အော်ဂလီဆန်တယ် စသည်ဖြင့် နာမည်တပ်ချင်သလို တပ်ပါ။ အဲဒါတွေသည် အမည်ပညတ်တွေသာဖြစ်ပါတယ်။ အမှန်စင်စစ် ပရမတ်သဘောအားဖြင့် ရုပ်ဖောက်ပြန်နေတာပါ။

အဲဒီရုပ်ဖောက်ပြန်တာကို ဘယ်သူကသိလဲ မေးရင် နာမ်က သိပါတယ်။ ပုဂ္ဂိုလ်သတ္တဝါက သိတာမဟုတ်ပါဘူး။ နာမ်ကလည်း အလိုလိုသိတာ မဟုတ်ပါဘူး။ ညွှတ်လို့ သိတာပါ။ အာရုံပြုလို့ သိတာပါ။ အလိုလိုသိတာ မဟုတ်ပါဘူး။ အမှတ်တမဲ့နေလို့ သိတာ မဟုတ်ပါဘူး။

အဲဒီညွှတ်တတ် သိတတ်တဲ့သဘောသည် နာမ်ပါ။ မသိဘဲနဲ့ အမျိုးမျိုး ဖောက်ပြန်နေတာက ရုပ်ပါ။ အဲဒီဖောက်ပြန်သမျှကို လိုက်ပြီး အာရုံပြုသိနေတာက နာမ်ပါ။ နာတယ်သိ၊ ကျဉ်တယ်သိ၊ ထုံတယ်သိ၊ ညောင်းတယ်သိ၊ တောင့်တယ်သိ၊ တင်းတယ်သိ.. စသည်ဖြင့် ကိုယ်ထဲမှာ ဖြစ်ဖြစ်သမျှကို လိုက်သိနေတာက နာမ်ပါ။

ဒီခန္ဓာကိုယ်မှာ ဖောက်ပြန်တတ်တဲ့ ရုပ်တရားနဲ့ သိတတ်၊ ညွှတ်တတ်တဲ့ နာမ်တရားအပြင် ဘာမှမရှိပါဘူး။ ဒါပေမယ့် မိမိတို့ကတော့ မသိသေးပါ။ ဘာဖြစ်လို့ မသိသေးလဲမေးရင် မကြည့်လို့ မသိတာပါ။

တရားအားထုတ်တယ်ဆိုတာ အဆန်း မဟုတ်ပါ။ မျက်လုံးပြောင်းလိုက်တာပါ။ မိမိတို့မှာ ပကတိမျက်လုံးနှင့် ဉာဏ်မျက်လုံးရယ်လို့ မျက်လုံးနှစ်မျိုး ရှိပါတယ်။

ပကတိ မျက်လုံးက အပေါ်ယံမြင်ပါ။ ပုဂ္ဂိုလ်သတ္တဝါ၊ ခေါင်း၊ ကိုယ်၊ ခြေ၊ လက်လို့ မြင်တဲ့ အမြင်မျိုးပါ။ ဉာဏ်မျက်လုံးက အတွင်းမြင်ပါ။ ရုပ်နာမ်မြင်တဲ့ အမြင်မျိုးပါ။ ဒါကြောင့် တရားအားထုတ်တယ်ဆိုတာ ဉာဏ်မျက်လုံးနဲ့ ရှုကြည့်ရမှာပါ။

ပကတိမျက်လုံးမှ ဉာဏ်မျက်လုံးကို ပြောင်းပြီး ခန္ဓာကိုယ်တွင်းရှိ ရုပ်နာမ်ကို မြင်အောင် ရှုကြည့်တဲ့အလုပ်ဟာ ဝိပဿနာအလုပ်ပါ။

ရုပ်နှင့်နာမ် တရားနှစ်ပါးဟာ ပဋ္ဌာန်း အညမညပစ္စည်းအရ ပြောရရင် အချင်းချင်း အပြန်အလှန် မှီနေကြပါတယ်။

ရုပ်သဘောနှင့် နာမ်သဘောက မတူပါ။ ရုပ်က ဖောက်ပြန်တဲ့သဘောပါ။ ရုပ်အလုပ်က ဖောက်ပြန်တဲ့ အလုပ်ပါ။ နာမ်က သိတတ်ညွှတ်တတ်တဲ့သဘောပါ။ ရုပ်က ရုပ်အလုပ်လုပ်၊ ဖောက်ပြန်ပါတယ်။ နာမ်က မကူညီနိုင်ပါ။ နာမ်ကလည်း သိတဲ့ညွှတ်တဲ့ အလုပ်လုပ်ပါတယ်။ ရုပ်ကို အကူအညီမပေးနိုင်ပါ။

ရုပ်နာမ်နှစ်ပါးတို့ဟာ အချင်းချင်းအပြန်အလှန် အကျိုးအကြောင်း သဘောတရားအရ မှီနေကြသော်လည်း အချင်းချင်းအကူအညီ မပေးနိုင်ကြပါဘူး။ ရုပ်ကလည်း ဖောက်ပြန်ပြီး ပျက်ပါတယ်။ နာမ်ကလည်း သိပြီး ညွှတ်ပြီး ပျက်ပါတယ်။

သွားချင်တော့ နာမ်က သွားချင်တယ်။ သွားတော့ ရုပ်က သွားပါတယ်။ ရုပ်သွားရာ နာမ်က ပါသွားရပါတယ်။ အဲဒီသဘောတွေကို သိအောင် သွားရင်း ရုပ်နာမ်ပေါ်သတိကပ်ပြီး သွားရပါတယ်။ အဲဒီလိုသွားရင် သွားတဲ့ အမူအရာ မပြောင်းရဘဲ အသွားမပျက် သွားနိုင်ပြီး အရှုမပျက် ရှုနိုင်ပါတယ်။

“သွားချင်တာက နာမ်၊ သွားနေဟန်က ရုပ်၊ ငါ မဟုတ်၊ သူ မဟုတ်၊ သွားတာ နာမ်နဲ့ရုပ်” လို့ အသိတိုးလာပါလိမ့်မယ်။ သွားချင်တဲ့ နာမ်ကလည်း သွားချင်ပြီး ချုပ်ပျက်၊ သွားတဲ့ ရုပ်ကလည်း သွားပြီး ချုပ်ပျက်သွားတာကို တွေ့ရပါလိမ့်မယ်။

“သွားချင်တဲ့ နာမ်က အကြောင်း၊ သွားတဲ့ ရုပ်က အကျိုး” လို့ နာမ်ရုပ်နှစ်ပါးကို ကြောင်းကျိုးဆက်စပ်ပြီး ဖြစ်နေတဲ့သဘော၊ အကြောင်းချုပ်တော့ အကျိုးချုပ်တဲ့ သဘောတွေကို မြင်အောင် ရှုသွားရပါတယ်။

ဝိပဿနာ ရှုတယ်ဆိုတာ ရုပ်ကို ရှုရင်ရှု မရှုရင် နာမ်ကို ရှုရမှာပါ။ ဦးစွာပထမ သိရမှာလည်း ရုပ်နာမ်ပဲ သိရမှာပါ။ ရုပ်နာမ်ပိုင်းခြားသိတဲ့ ဉာဏ်ရပြီးမှ တခြားဉာဏ်တွေ ရမှာပါ။ ရုပ်နာမ်ပိုင်းခြားသိတဲ့ဉာဏ် မရဘဲနဲ့ တခြား ဉာဏ်တွေ မရနိုင်ပါဘူး။

ရုပ်နှင့်နာမ်က ကင်းပြီးတော့ ဖြစ်တာ မဟုတ်တဲ့အတွက် လျော်တဲ့ ဣရိယာပုထ်၊ လျော်တဲ့ အမူအရာနဲ့ လျော်သလို ရှုနေရပါတယ်။

ရှုတဲ့အခါ ရုပ်ကို မှီပြီး ရုပ်ဖြစ်တာလဲ မြင်အောင် ရှုရပါမယ်။ ရုပ်အကြောင်း ရုပ်အကျိုးကွဲအောင် ရှုရပါတယ်။ ရုပ်မှီပြီး နာမ်ဖြစ်တာကိုလည်း မြင်အောင်ရှုရပါတယ်။ ရုပ်အကြောင်း နာမ်အကျိုး ကွဲအောင် ရှုရပါမယ်။ နာမ်ကို မှီပြီး ရုပ်ဖြစ်တာ မြင်အောင် ရှုပါ။ နာမ်အကြောင်း ရုပ်အကျိုးကို ကွဲအောင် ရှုရပါမယ်။

အသွားအလာ အနေအထိုင် မပျက် သွားရင်း လာရင်း စားရင်း သောက်ရင်း၊ နေရင်း ထိုင်ရင်း၊ ပြောရင်း ဆိုရင်းနဲ့ “ဘယ်သူအကြောင်း ဘယ်သူ့အကျိုးလဲ၊ ဘယ်သူရှေ့ဆောင်လဲ၊ ဘယ်သူနောက်လိုက်လဲ” လို့ ခန္ဓာတွင်း ဉာဏ်သွင်းပြီး သွားလာတာကို တရားအားထုတ်တယ်၊ ဝိပဿနာပွားတယ်လို့ ခေါ်တာပါ။


ဝိပဿနာဆိုတာ မခက်ပါ (၂)

ဝိပဿနာအလုပ်ဆိုတာ ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်းကြီးမဟုတ်ပါ။ လုပ်ရတာ အားထုတ်ရတာ လွယ်ပါတယ်။ ရအောင်လုပ်ဖို့ စိတ်ရှည်ဖို့ပဲ လိုပါတယ်။

မိမိတို့ခန္ဓာကိုယ်မှာ ပြုပြုသမျှ၊ ပြောပြောသမျှ၊ ကြံကြံသမျှ အမူအရာတိုင်းမှာ သတိထားပြီး အသိတရားနဲ့ ရှုရပါတယ်။ ရုပ်နာမ်ကွဲပြီးတော့ နောက်ပိုင်း ကြောင်းကျိုးပိုင်းခြား သိမြင်အောင် ရှုပွားအားထုတ်ရပါတယ်။

ရုပ်အကြောင်းကြောင့် နာမ်အကျိုးပေါ်ပုံ၊ ရုပ်အကြောင်းကြောင့် ရုပ်အကျိုးပေါ်ပုံ၊ နာမ် အကြောင်းကြောင့် ရုပ်အကျိုးပေါ်ပုံ၊ နာမ်အကြောင်းကြောင့် နာမ်အကျိုးပေါ်ပုံတို့ကို သိမြင်အောင် ရှုဖို့လိုပါတယ်။

ကြောင်းကျိုးမပိုင်ဘဲနဲ့ ကင်္ခါယုံမှား မကွာနိုင်ပါဘူး။ ကင်္ခါယုံမှားမကွာရင် တရားထူးရဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အလိုက်သင့် ရှုပါ။ အလုပ်လုပ်တဲ့အခါမှာ ထိုင်ပြီးလုပ်တဲ့ ပုဂ္ဂိုလ်ဟာ မထိုင်နိုင်တော့တဲ့အခါ လျောင်းရှု၊ ရပ်ရှု၊ စင်္ကြ ံလျှောက်ရှု နိုင်ပါတယ်။ ဒါမှမဟုတ်လည်း ပက်လက်ကုလားထိုင် စသည်နှင့် နေသာသလို နေပြီး ခန္ဓာတွင်းမှာ ဉာဏ်သွင်းရှုပေးပါ။ ကိုယ်နှင့် စပ်ပြီး ကိုယ်တွင်းမှာ ဖောက်ပြန်နေသမျှ၊ စိတ်နှင့်စပ်ပြီး စိတ်ထဲမှာ သိနေသမျှ ညွှတ်နေသမျှကို ရှုကြည့်ပေးရပါတယ်။

ဉာဏ်နှင့်ကြည့်နေတော့ ခန္ဓာမှာ ရုပ်နှင့် နာမ်ပဲ ရှိရာ ရုပ်ကလည်း ရုပ်အလုပ်လုပ်ရင်းက ဖောက်ပြန်နေပါတယ်။ နာမ်ကလည်း နာမ်အလုပ်လုပ်ရင်းက သိနေညွှတ်နေပါတယ်။

ရုပ်ဆိုတာ သူ့အမည်ပါ။ အလုပ်က ဖောက်ပြန်တဲ့ အလုပ်ပါ။ ရုပ်က သူ့အလုပ်ဖြစ်တဲ့ ဖောက်ပြန်တဲ့ အလုပ်ကို မရပ်ပါ။ ရပ်ရင် သေပြီ။ ရုပ်အလုပ်က နာကျင် ကိုက်ခဲ ထုံကျဉ် မူးသေ စသည်တို့ပေါ့။ ခန္ဓာကိုယ်ထဲမှာ အဲဒီ သဘောမျိုးတွေ တစ်မျိုးမဟုတ် တစ်မျိုးရှိနေပါတယ်။ အဲဒီတစ်မျိုးမျိုးကို သတိကပ်ပြီး “ရုပ်” လို့ ရှုနေပါ။ ရုပ်လို့ရှုပါဆိုတော့ ရုပ်ဆိုတာကို ပါးစပ်ကလည်း မဆိုရပါ။ စိတ်ထဲကလည်း မဆိုရပါ။ ဖောက်ပြန်တဲ့ နာသဘော စသည်ကို သိနေဖို့ပါပဲ။

အဲဒီလို သိနေ ကြည့်ရှုနေတဲ့အခါမှာ ကိုယ်နေကိုယ်ထားကို အေးအေးဆေးဆေး နေသာသလို သက်သာစွာ ရှုလို့ရပါတယ်။ ပင်ပင်ပန်းပန်းလည်း မဟုတ်ပါ။ ရုပ်သဘောကို သိပြီး အနားလည်း ရပါတယ်။ အပန်းဖြေပြီး အိပ်ပျော်ချင်လည်း ပျော်သွားပါစေ။ နိုးလာရင် ပြန်ရှုပါ။ အဲဒါ အနားယူတဲ့ ဝိပဿနာအလုပ်ပါ။

ဒီကိုယ်ကို နေသာသလိုနေပြီးတော့ ရှုနေတဲ့ ပုဂ္ဂိုလ်အတွက် ပေါ်လာသမျှ ဖောက်ပြန်သမျှသည် ရှုစရာပါ။ ရှုရမှာပါ။ တရားမရှုပွားဖူးတဲ့သူမှာ ရင်တုန်တယ်ဆိုရင် .. အမလေး ငါ ဘယ်လိုဖြစ်မှန်း မသိဘူး .. ဆိုပြီး အပူသောက ဝင်မှာပါ။ ရှုနေကျပုဂ္ဂိုလ်ကျတော့ တုန်တာပဲ ဆိုပြီးရှုတော့ အပူမပါပါ။ အပူမပါပဲနဲ့ နေသာသလို နေပြီးတော့ တုန်တိုင်း တုန်တိုင်း ရုပ်လို့ ရှုနေတဲ့အခါ အပူမပါတဲ့အတွက် သက်သာပါတယ်။ အဲဒီ ဖောက်ပြန်တဲ့အထဲမှာ ငါဘယ်လိုဖြစ်မှန်း မသိဘူး။ ရောဂါများထသလား မသိဘူးလို့ စိတ်ပါသွားရင် ပူပါတယ်။ အပူပါရင် ရောဂါပိုတိုးပါတယ်။

နဂိုက ရုပ်ဖောက်ပြန်မှုထဲမှာ စိတ်ဖောက်ပြန်မှုပါ တိုးသွားတော့ ရောဂါပိုကြီးသွားပါတယ်။ ဒါကြောင့်မို့ အချို့ဆရာဝန်တွေဟာ ရောဂါသည်ကို ရောဂါအကြောင်းအမှန် မပြောကြပါ။ ပြောလို့ရှိရင် ရောဂါသည် စိတ်ဓာတ်ကျပြီး ရောဂါပိုကြီးသွားတတ်ပါတယ်။

ကံကြောင့်ဖြစ်တဲ့ရုပ်၊ စိတ်ကြောင့်ဖြစ်တဲ့ရုပ်၊ ဥတုကြောင့်ဖြစ်တဲ့ရုပ်၊ အာဟာရကြောင့်ဖြစ်တဲ့ရုပ်ရယ်လို့ ရုပ်လေးပါးထဲမှာ စိတ်ကြောင့်ဖြစ်တဲ့ရုပ်က အားအကောင်းဆုံးပါ။ ကျန်တဲ့ ရုပ်တွေ ပျက်စီးချင်သလောက် ပျက်စီး၊ စိတ်ကြောင့်ဖြစ်တဲ့ရုပ် မပျက်စီးက မပျက်စီးပါ၊ စိတ်ကြောင့်ဖြစ်တဲ့ ရုပ်က အားအကောင်းဆုံးပါ။

အဲဒါကြောင့် နေသာသလိုနေပြီးတော့ ရှုမယ်ဆိုရင် ကုသိုလ်လည်း ရမယ်။ ရောဂါလည်း ပျောက်သွားပါလိမ့်မယ်။ တရားရှုပွားအားထုတ်တဲ့အခါ စိတ်ကို အေးအေးဆေးဆေးငြိမ်ငြိမ်သက်သက်ထားပြီး ရုပ်ဖောက်ပြန်တာပဲ။ ငါဖောက်ပြန်တာ မဟုတ်ဘဲ ရုပ်ရဲ့သဘောက ဖောက်ပြန်တဲ့သဘောပဲ။ ဖောက်ပြန်တဲ့အလုပ်ပဲ။ ငါ့အလုပ်က ရှုရမယ့်အလုပ်ပဲဆိုပြီး ရှုကြည့်နေတဲ့အခါ ရောဂါတွေ ပျောက်သွားပါတယ်။

အဲဒီလို ရောဂါတွေ ပျောက်သွားတဲ့အခါ တန်ခိုးလို့ ယူတတ်ပါတယ်။ တန်ခိုးမဟုတ်ပါ။ စိတ်ကြည်လင်တော့ သွေးသားကြည်လင်ပါတယ်။ သွေးသားကြည်လင်တော့ ရောဂါတွေ ပျောက်တာပါ။

ကိုယ့်အလုပ်က ခန္ဓာကိုယ်မှာရှိတဲ့ ရုပ်နာမ်နှစ်ပါး ထင်ရှားရာကို ရှုတဲ့ အလုပ်ပါပဲ။ ရုပ်နှင့် နာမ်ကလည်း အချင်းချင်း မှီနေတော့ ရုပ်ဆွဲ နာမ်လဲ၊ နာမ်ဆွဲ ရုပ်လဲပါတယ်။ ပရမတ်သဘောက တစ်ညှာဆွဲ တစ်တွဲပါ သဘောပါ။

သတိပဋ္ဌာန်တရားလေးပါးကို သတိပြုပါ။ ကာယာ နုပဿနာ သတိပဋ္ဌာန်ဆိုတာ ရုပ်ကို အရှုခံပြီး ရှုတာပါ။ အရှုခံက ရုပ်၊ ရှုနေတာက နာမ်ဆိုတော့ နာမ်ပါသွားပါတယ်။ ဝေဒနာ နုပဿနာ သတိပဋ္ဌာန်ဆိုတာ ဝေဒနာကို အရှုခံထားပြီး ရှုတာပါ။ ဝေဒနာက နာမ်တရား၊ ရှုတာကလည်း နာမ်တရားပါ။ အဲဒီ နာမ်ဘယ်မှာ မှီနေလဲဆိုတော့ ရုပ်မှာ မှီနေပါတယ်။ အဲဒီလို သိတဲ့အခါ ပြီးသွားပါတယ်။ ချက်ချင်းတော့ မသိသေးပါ။ သိချိန်တန်မှ သိမှာပါ။

ဝိပဿနာရဲ့အလုပ်က အရှိနဲ့ သတိနဲ့ကိုက်အောင် လုပ်တဲ့ အလုပ်ပါ။ မစဉ်းစားပါနဲ့။ လိုက်မရှာပါနဲ့။ အရှိရုပ်နဲ့ အရှိနာမ်နဲ့ ကိုက်အောင် ရှုကြည့်ရပါတယ်။ မရှိတာလည်း မရှာပါနဲ့။ ရှိတာလည်း မကြိုက်ပါမဖြစ်ပါနဲ့။ မဖြစ်ကြသေးတာကိုလည်း ဖြစ်အောင် မလုပ်ပါနဲ့။ ဖြစ်နေတာကိုလည်း ပျက်အောင် မလုပ်ပါနဲ့။ အရှိအတိုင်းမြင်အောင် ကြည့်ပါ။ ဖြစ်နေတဲ့အတိုင်း ကြည့်ပါ။

စိတ္တာနုပဿနာသတိပဋ္ဌာန်ဆိုတာ နာမ်ကမ္မဋ္ဌာန်းပါ။ ရှေ့စိတ်ကို နောက်စိတ်နဲ့ ရှုရတာပါ။ အဲဒီစိတ်ဟာ ဘယ်မှာ မှီနေသလဲဆိုယင် ရုပ်မှာ မှီနေပါတယ်။

ကာယနုပဿနာသတိပဋ္ဌာန်ဆိုတာ ရုပ်သက်သက်ကို အရှုခံထားပြီး ရှုရတဲ့ ကမ္မဋ္ဌာန်းပါ။ ရုပ်ကမ္မဋ္ဌာန်း သက်သက်ပါ။

ဝေဒနာနုပဿနာသတိပဋ္ဌာန်နဲ့ စိတ္တာနုပဿနာ သတိပဋ္ဌာန်တို့ဟာ နာမ်သက်သက်ကို အရှုခံထားပြီး ရှုရတဲ့ ကမ္မဋ္ဌာန်းပါ။ နာမ်ကမ္မဋ္ဌာန်းပါ။ ဓမ္မနုပဿနာသတိပဋ္ဌာန်က ရုပ်နာမ်ရောတဲ့ ကမ္မဋ္ဌာန်းပါ။

ဒါတွေ အားလုံးဟာ ဘုရားရှင်ဟောခဲ့တာချည်းပါပဲ။ ဖြစ်နိုင်လို့ ရနိုင်လို့ ဟောခဲ့တာတွေပါ။ ရှုအားကောင်းစွာနဲ့ ရှုဖို့ ပွားဖို့ပဲ လိုပါတယ်။ ရှုရမှာက ရံခါ ရုပ်၊ ရံခါ နာမ်ကို ရှုရမှာပါ။ ရှုတဲ့အခါ ရုပ်ကို မှီပြီး နာမ်ဖြစ်တာလည်း တွေ့ပါလိမ့်မယ်။ နာမ်မှီပြီး ရုပ်ဖြစ်တာလည်း သိပါလိမ့်မယ်။ ခန္ဓာကိုယ်မှာ ရုပ်နာမ်နှစ်ပါးအပြင် တခြားဘာမှမရှိပါ။

အဲဒီသဘောတွေကို သိအောင် သွားတဲ့အခါမှာ ဘယ်သူက ဘယ်သူ့ကို မှီပြီးဖြစ်တယ်လို့ သတိထားပြီး ရှုပွားသွားရမှာပါ။ ပြုတဲ့အခါမှာလည်း ဘယ်သူက ဘယ်သူ့ကို မှီပြီး ပြုတယ်ဆိုတာ သတိထားပြီး ပြုရမှာပါ။ ပြောတဲ့အခါမှာလည်း ဘယ်သူက ဘယ်သူ့ကို မှီပြီး ပြောနေတယ်ဆိုတာ သတိထားပြီး ရှုပွားပြောရမှာပါ။

ဝိပဿနာအလုပ်ဆိုတာ အသိပြောင်းအောင် လုပ်တဲ့ အလုပ်ပါ။ တရားအားထုတ်လို့ အသိပြောင်းသွားပြီဆိုရင် နဂိုနေ၊ နဂိုစား၊ နဂိုသွားလာတာမျိုးနဲ့ ဘယ်လိုမှ မတူဘဲ အမူအရာ ပြောင်းသွားပါတယ်။ အမူအရာ အပြောင်းရင်တော့ တရားမရသေးပါ။ ဘာဖြစ်လို့လဲဆိုတော့ အနေအထိုင် အသွားအလာ အပြောအဆိုအမူအရာမှ မပြောင်းသေးရင် အသိမပြောင်းသေးလို့ပါပဲ။ အသိမပြောင်းတာလည်း ရုပ်နာမ်ကို အမှန်မမြင်သေးလို့ပါ။

ပဋိစ္စသမုပ္ပါဒ်ဆိုတာ ကြောင်းကျိုးတရားပါ။ ပဋ္ဌာန်းတရားဆိုတာလည်း ကြောင်းကျိုးတရားပါပဲ။ အကြောင်းပစ္စည်း အကျိုးပစ္စယုပ္ပန်အနေ ဟောခဲ့ပါတယ်။ သစ္စာတရားဆိုတာလည်း ကြောင်းကျိုးတရားပါပဲ။ အကြောင်း သမုဒယ၊ အကျိုး ဒုက္ခပါပဲ။

ဒီလောကကြီးထဲမှာ အကြောင်းအကျိုးအပြင် ဘာမှ မရှိပါ။ ဒီခန္ဓာကိုယ်အတွင်းမှာလည်း ကြောင်းကျိုးအပြင် ဘာမှမရှိပါ။ ဒီခန္ဓာမှာ ရုပ်နာမ်ကွဲပြီးရင် အဲဒီရုပ်နာမ် အကြောင်းကို သိမ်းဆည်းသိတဲ့ ဉာဏ်ရရမှာပါ။ အဲဒီ ဉာဏ်မှမရရင် ဝိစိကိစ္ဆာ မကင်းနိုင်ပါ။ သောတာပန် မဖြစ်နိုင်ပါ။ ဒါကြောင့် ရုပ်နာမ်ကွဲအောင် ကြိုးစားရှုပွားပါ။ ရုပ်နာမ်ရဲ့ အကြောင်းကို သိမ်းဆည်းနိုင်အောင် ကြိုးစားပါလို့ တိုက်တွန်းလိုက်ရပါတယ်။




1 comentário


sankyimg65
sankyimg65
02 de nov. de 2021

သာဓုသာဓုသာဓုပါ ဆရာတော်ဘုရားကြီးများ၏ တရားကုသိုလ်ကို ရိုသေစွာနာယူ ကြိုးစားကျင့်သုံးပါမည်ဘုရား ဤ ကုသိုလ်သည် မျှဝေသူ, နာယူသူများ အားလုံး ကုသ်ုလ်ထူးများရကြပါစေရှင့်🙏

Curtir
Post
Facebook-Logo-Square-768x768.png
Facebook-Logo-Square-768x768.png
Facebook-Logo-Square-768x768.png
google logo_edited.png

©2021 by Dhamma Notes by Thein Naing Ohn. Proudly created with Wix.com

bottom of page