top of page
Search

ပဋိစ္စသမုပ္ပါဒ်တရားတော် _ Page II

  • Writer: Thein Naing Ohn
    Thein Naing Ohn
  • Sep 20, 2021
  • 14 min read

ပဋိစ္စသမုပ္ပါဒ်တရားတော် (၈)

ပြီးခဲ့တဲ့နေ့က “ဥပါဒါနပစ္စယာ ဘဝေါ” အကြောင်းစေ့စေ့စုံစုံရှင်းခဲ့ပါပြီ။ အဲဒီတော့ ကမ္မဘဝ၊ ဥပပတ္တိဘဝ၊ ဒီဘဝ ၂ မျိုးထဲက စွဲလမ်းမှု ဥပါဒါန်ကြောင့် ဘဝဖြစ်တယ်ဆိုရာမှာ ကမ္မဘဝက လိုရင်းပါပဲ၊ ဥပပတ္တိဘဝ ကတော့ ကမ္မဘဝကြောင့် တဆင့်ဖြစ်ရတဲ့ အကျိုးဖြစ်ပါတယ်။

“ဘဝပစ္စယာ ဇာတိ” မှာပါတဲ့ ဘဝကတော့ ဥပပတ္တိဘဝနဲ့မဆိုင်တော့ဘူး၊ ကမ္မဘဝတစ်မျိုးတည်းကိုပဲ ယူရတယ်၊ ဘာဖြစ်လို့ ဥပပတ္တိဘဝကို မယူရလည်းဆိုတော့ ဇာတိဆိုတာ ဥပပတ္တိဘဝဖြစ်လို့ပဲ၊ ယူရင် “ဥပပတ္တိဘဝကြောင့် ဥပပတ္တိဘဝဖြစ်တယ်” ဆိုတဲ့ အဓိပ္ပါယ်မျိုး ဖြစ်သွားတယ်။ ဒါကြောင့် အဋ္ဌကထာဆရာ ဋီကာဆရာတွေက ဖွင့်ပြကြတယ် - “ဘဝပစ္စယာ ဇာတိ” ဆိုတဲ့ နေရာမှာ ဥပပတ္တိဘဝကို မလိုအပ်ဘူး၊ ကမ္မဘဝတစ်မျိုးကိုသာ ယူပါလို့ဆိုပါတယ်။

အခု “ဘဝပစ္စယာ ဇာတိ” လို့ ဆိုတဲ့နေရာမှာ ဘဝဆိုတဲ့ စကားလုံးသည် ကမ္မဘဝနဲ့လည်း သက်ဆိုုင်တယ်၊ ဥပပတ္တိဘဝနဲ့လည်း သက်ဆိုင်တယ်၊ သို့သော် နောက်က ဇာတိလို့ ပြောလိုက်တာနဲ့တစ်ပြိုင်နက် ဥပပတ္တိဘဝဆိုတာလည်း ဇာတိပဲပေါ့၊ ဒါကြောင့် “ဘဝပစ္စယာ” မှာ ဘဝအရ ကမ္မဘဝတစ်မျိုးတည်းကိုပဲ ယူရမယ်ပေါ့။

အဲဒီတော့ ဇာတိဆိုတဲ့ စကားလုံးလေးက ဖြစ်မှု မွေးဖွားမှု ဘာတွေဖြစ်တာတုန်း၊ ဘာတွေ မွေးဖွားတာတုန်းဆိုတော့ ဒီစကားလုံးအရ အဓိပ္ပါယ် မထင်ရှားဘူး၊ ဇာတိရဲ့အဓိပ္ပါယ်က ဖြစ်ခြင်း မွေးဖွားခြင်း ဆိုတဲ့ အဓိပ္ပါယ်ရတယ်ပေါ့၊ ဒီတော့ ဇာတိဆိုတဲ့ စကားလုံးလေးက ဘာကို ညွှန်းတာတုန်း၊ ဘာတွေဖြစ်တာတုန်းလို့ဆိုရင် ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ - ဒါတွေ ဖြစ်တယ်လို့ ဆိုလိုတာ၊ ဘဝ ဆိုတာ ဘယ်က စတုန်းဆိုတော့ လူ့လောကနဲ့ပြောမယ်ဆိုလို့ရှိရင် ပဋိသန္ဓေစိတ်လေးက စတယ်။

ဘဝတစ်ခုတစ်ခုဟာ ဝိညာဏ်က စတယ်၊ ဘာ့ကြောင့် ဒီဝိညာဏ်က စရတုန်းဆိုရင် ကံကြောင့် စရတာ၊ ဒါကြောင့်မို့လို့ ပဋိစ္စသမုပ္ပါဒ်အစမှာဆိုရင် “သင်္ခါရပစ္စယာ ဝိညာဏံ” လို့ ဒီလို ဟောခဲ့တာ၊ အခု နောင်ဘဝအတွက် ရည်ညွှန်းပြီးတော့ “ဘဝပစ္စယာ ဇာတိ” လို့ ဟောတာ၊ ဇာတိဆိုတာ ဖြစ်ခြင်း၊ ဘာတွေ ဖြစ်တာတုန်းဆိုရင် ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ - ဒါတွေပဲ ဖြစ်တယ်ပေါ့။

အဲဒီဖြစ်မှုတွေကို ရည်ညွှန်းပြီးတော့ ဇာတိဆိုတဲ့ စကားလုံးလေးကို သုံးတယ်၊ ဇာတိကို အင်္ဂလိပ်လို birth လို့ပြန်တယ်၊ မွေးဖွားခြင်းပေါ့၊ တစ်ခါတစ်ရံ ဇာတိဆိုတဲ့ စကားလုံးဟာ မွေးဖွားရာဒေသကိုလည်း ရည်ညွှန်းတာ ရှိတယ်၊ ဇာတိဒေသလို့ ပြောတာ၊ အခု ဒီနေရာမှာတော့ ဓမ္မစကြာမှာပါတဲ့ “ဇာတိပိ ဒုက္ခာ” မွေးဖွားရခြင်းဟာလည်းပဲ ဒုက္ခ၊ ဒီလိုဆိုတဲ့ အနက်အဓိပ္ပါယ်နဲ့ တူပါတယ်။

ဒါကြောင့်မို့ ဒီနေရာမှာ ဇာတိဆိုတာ birth, ဘဝတစ်ခုမှာ မွေးဖွားလာတာ၊ “မွေးဖွားလာတယ်” ဆိုတာ တရားအရပြောမယ်ဆိုရင် “ခန္ဓာနံ ပါတုဘာဝေါ” - ခန္ဓာတွေ ပေါ်လာတာလို့ - ဒီလိုဆိုတယ်ပေါ့၊ “မွေးတယ်ဆိုတာ ခန္ဓာတွေ ပေါ်လာတာ” ။

လူသားတစ်ယောက်အနေနဲ့ပြောမယ်ဆိုရင် ပထမဆုံး ပဋိသန္ဓေစိတ်ကလေး ပေါ်လာတယ်၊ ဒါဟာ ဝိညာဏက္ခန္ဓာပေါ်လာတာ၊ ဝိညာဏက္ခန္ဓာ ပေါ်လာသည့်အတွက်ကြောင့် ထို ဝိညာဏက္ခန္ဓာနဲ့ ယှဉ်တွဲပြီးတော့ ဖြစ်ပေါ်လာတဲ့ စေတသိက်တွေ ပေါ်လာတယ်၊ ဝေဒနာက္ခန္ဓာတို့ သညာက္ခန္ဓာတို့ သင်္ခါရက္ခန္ဓာတို့ဆိုတဲ့ နာမ်ခန္ဓာတွေ ပေါ်လာတယ်၊ ကံကနေ အတူတကွ ပူးပေါင်းပြီး ထုတ်လုပ်လိုက်လို့ အပြန်အလှန် အကျိိုးပြုပြီးတော့ အပြန်အလှန် မှီခိုတဲ့ ကမ္မဇရုပ်တွေလည်း ဖြစ်ပေါ်လာတယ်၊ ဒါ ရူပက္ခန္ဓာပေါ်တာ။

ဘဝတစ်ခုမှာ ပဋိသန္ဓေစိတ်ကိုလည်း ကံက ထုတ်လုပ်တာ၊ ရုပ်ဆိုတဲ့ ကမ္မဇရုပ်ကိုလည်း ကံက ထုတ်လုပ်တယ်၊ အဲဒီရုပ်နဲ့နာမ်ဟာ တစ်ပြိုင်နက်တည်း ဘဝတစ်ခုကို အစပြုတာ၊ အဲဒီလို ဘဝတစ်ခုမှာ ရုပ်နဲ့နာမ် နှစ်ခုစလုံး ပြိုင်တူအစပြုသော်လည်း အဓိက ပဓာနကျတဲ့အကြောင်းတစ်ခုကို ဦးတည်ပြီးတော့ “သင်္ခါရပစ္စယာ ဝိညာဏံ” လို့ (ဝိညာဏ်ကို ဦးတည်ပြီး) ပြောတာတဲ့၊ ပြီးတော့မှ “ဝိညာဏပစ္စယာ နာမရူပံ” လို့ ရှေ့နောက်ကဲ့သို့ မြတ်စွာဘုရားက ဟောထားတာ၊ သို့သော်လည်း ဝိညာဏ်နဲ့နာမ်ရုပ်က ပြိုင်တူပေါ်တယ်လို့ ဒီလိုမှတ်ရပါမယ်။

ဘဝတစ်ခုမှာ နာမ်တွေ ရုပ်တွေ ဖြစ်လာတယ်၊ ဒါကြောင့်မို့ “ခန္ဓာနံ ပါတုဘာဝေါ” တဲ့၊ ဇာတိရဲ့အဓိပ္ပါယ်ကို ပြောချင်လို့ရှိရင် “ခန္ဓာတွေရဲ့ ဖြစ်ပေါ်လာမှု” တဲ့၊ လူပဲဖြစ်ဖြစ် နတ်ပဲဖြစ်ဖြစ် သတ္တဝါတွေ “ဘဝတစ်ခု ရတယ်” ဆိုတာ “ခန္ဓာရလာတာ” ကို ပြောတာ၊ “ခန္ဓာရလာတယ်” ဆိုတာ အသိစိတ်ရယ် ထိုအသိစိတ်ကို မှီပြီးတော့ဖြစ်တဲ့ ခံစားချက်တွေရယ်၊ မှတ်သားမှုတွေရယ်၊ စေ့ဆော်မှုတွေရယ်၊ ၎င်းတို့ရဲ့မှီရာဖြစ်တဲ့ ရုပ်တရားတွေရယ် - ပေါင်းလိုက်တဲ့အခါကျတော့ ခန္ဓာ ၅ ပါး၊ ရူပက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာ၊ လို့ဆိုတဲ့ ခန္ဓာ ၅ ပါး၊ အဲဒီ ခန္ဓာ ၅ ပါး ပေါ်လာတာကိုပဲ “ဇာတိ” လို့ ဒီလို ခေါ်တာပါ။

အဲဒါ ဘယ်သူ့ကြောင့် ပေါ်လာရသလည်းဆိုတော့ “ဘဝပစ္စယာ ဇာတိ” တဲ့၊ ဘဝဆိုတာ ကမ္မဘဝ၊ ကံတွေ စုဆောင်းမိလို့၊ ကံတွေဖြစ်နေလို့ ထိုကံတရားတွေက ထုတ်လုပ်လိုက်လို့ ဇာတိဆိုတဲ့ ရုပ်နာမ်ဓမ္မတွေ ဘဝတစ်ခုမှာ အစပြုပေါ်လာတယ်။

ဒီနေရာမှာ ဇာတိ လို့ဆိုတဲ့နေရာမှာ “သင်္ခါရပစ္စယာ” တုန်းကလို “သင်္ခါရပစ္စယာ ဝိညာဏံ” လို့ဆိုရင် ပဋိသန္ဓေစိတ်တစ်မျိုးပဲ အဓိပ္ပါယ်ရတယ်၊ ဒီမှာကျတော့ ပဋိသန္ဓေစိတ်လို့မပြောဘဲနဲ့ “ဘဝပစ္စယာ ဇာတိ” လို့ ပြောလိုက်ခြင်းအားဖြင့် ဒီစကားလုံးက ၃၁ ဘုံကို ခြုံမိငုံမိ ဖြစ်သွားတယ်။

“သင်္ခါရပစ္စယာ ဝိညာဏံ” တုန်းက ဘယ်သူလွတ်နေတုန်းဆိုရင် “သင်္ခါရကြောင့် ဝိညာဏ်ဖြစ်တယ်” လို့ဆိုတော့ - လောကမှာ ဝိညာဏ်မဲ့တဲ့ သတ္တဝါ ဆိုတာ ရှိသေးတယ်၊ ဝိညာဏ်မဲ့သတ္တဝါဆိုတာ အသညသတ်ဘုံက ဗြဟ္မာကြီးတွေ၊ ဒီအသညသတ်ဘုံက ဗြဟ္မာကြီးတွေကျတော့ သန္ဓေစိတ်မရှိဘူး၊ ရုပ်သက်သက်ဖြစ်တာကိုး၊ အဲဒါကျလို့ရှိရင် “သင်္ခါရပစ္စယာ ဝိညာဏံ” ဆိုတဲ့ စကားထဲမှာ မပါနိုင်ဘူး ဖြစ်နေတယ်၊ ခုပြောလိုက်တဲ့ “ဘဝပစ္စယာ ဇာတိ” ဆိုတဲ့အထဲမှာ မွေးဖွားခြင်းလို့ သုံးလိုက်သည့်အတွက်ကြောင့် ဝိညာဏ်လည်း ပါတယ်၊ နာမ်ရုပ်လည်းပါတယ်၊ အကုန်လုုံးပါသွားတယ်ပေါ့၊ ဒါကြောင့်မို့ “သဗ္ဗမ္ပိ ဘဝဂါမိကမ္မံ ကမ္မဘဝေါ” ဘဝကို ပို့ဆောင်ပေးတဲ့ ကံအားလုံးဟာ ကမ္မဘဝပဲ။

အသညသတ်ဘုံ ရောက်သွားအောင်လည်း ကံက ပို့ပေးတယ်၊ ဘယ်ကံကပို့ပေးတာလည်းဆိုတော့ သမထကျင့်စဉ်ထဲမှာ ကျင့်ပြီးတော့ အောင်မြင်သွားတဲ့ ပဉ္စမဈာန်ကုသိုလ်ကံက အသညသတ်ဘုံကို ပို့ပေးလိုက်တာ၊ ရိုးရိုးမပို့ဘဲနဲ့ ဘာဖြစ်လို့ ရုပ်ချည်းသက်သက်ဖြစ်အောင် ပို့ပေးရတာတုန်းဆိုတော့ ဒါ သူ့ ဆန္ဒပဲ၊ ဆန္ဒက အဆုံးအဖြတ်ပေးသွားတာ။

ဘဝကို ဆန္ဒတို့ နိကန္တိတို့က အဆုံးအဖြတ် ပေးနိုင်တယ်၊ ဒါကြောင့်မို့လို့ ကိုယ့်ဘဝမှာ ဆန္ဒဟာ အင်မတန်မှ အရေးကြီးတယ်၊ ဆန္ဒဟာ သာမန်အားဖြင့်တော့ သိပ်ပြီးတော့ မပြင်းထန်ဘူးလို့ ထင်ရတယ်၊ အင်မတန်မှ ပြင်းတန်တဲ့ ဆန္ဒရဲ့စွမ်းဆောင်မှုပဲ။

တကယ်တော့ ပဉ္စမဈာန်ကုသိုလ်ရဲ့အကျိုးပေးရာ တစ်ပြင်တည်းဖြစ်တဲ့ဗြဟ္မာက ဝေဟပ္ဖိုလ်ဗြဟ္မာပဲ၊ အဲဒီဝေဟပ္ဖိုလ်ဗြဟ္မာတွေကျတော့ ရုပ်ရောနာမ်ရော အပြည့်အစုံလာတယ်၊ သူ့ကျတော့ မှ နာမ်မပါဘဲနဲ့ ရုပ်ချည်းသက်သက် ဖြစ်ရတယ်ဆိုတာ သူ့ဆန္ဒအရ ဖြစ်တာ၊ လူတွေလည်းပဲ ကိုယ့်ဆန္ဒနဲ့ကိုယ် လုပ်နေကြတာပဲလေ၊ လက်ရှိဘဝမှာတောင်မှလည်းပဲ ဆန္ဒကနေ အဆုံးအဖြတ်ပေးတာ အများကြီးပဲ၊ ဒါကြောင့် ဒီနေရာမှာ “ဘဝပစ္စယာ ဇာတိ” မှာ ဇာတိလို့ ဆိုလိုက်တာနဲ့ တစ်ပြိုင်နက် ရုပ်ရောနာမ်ရောဆိုင်တယ်လို့ မှတ်ရမယ်။

ဒါဖြင့် “ဘဝပစ္စယာ ဇာတိ” လို့ ရလာတဲ့ ဇာတိဟာ သုခလား ဒုက္ခလားလို့ဆိုရင် ဒုက္ခကို ရသွားတာ၊ ဒီနေရာမှာ ဒုက္ခဆိုတဲ့နေရာမှာ ဖြစ်မှုပျက်မှုတွေက တရစပ် အမြဲမပြတ် အနှောင့်အယှက်ပေးနေတာကို ခံရတဲ့အတွက်ကြောင့် ဒုက္ခ၊ တစ်ခုခုက နှောင့်ယှက်နေလို့ရှိရင် ဘယ်ချမ်းသာတာ ဟုတ်မလဲ၊ ဆင်းရဲနေတာပေါ့၊ အဲဒီ ဆင်းရဲမျိုးကို ပြောတာ၊ “ဥဒယဗ္ဗယ ပဋိပီဠန” ဖြစ်မှုပျက်မှုတွေက အမြဲတမ်းကပ်ပြီးတော့ နှိပ်စက်နေတယ်၊ ဒါကြောင့် ဒုက္ခ။

အဲဒါတွေကို ရှုမြင်နိုင်အောင် မြတ်စွာဘုရားက “ယော ဘိက္ခဝေ ရူပဿ ဥပ္ပါဒေါ ဒုက္ခသေသော ဥပ္ပါဒေါ၊ ယော ဘိက္ခဝေ ဝေဒနာယ ဥပ္ပါဒေါ ဒုက္ခေဿသော ဥပ္ပါဒေါ” ၊ ဆိုလိုတာက ခန္ဓာ ၅ ပါးလုံးပဲ၊ ဘာခန္ဓာပဲရရ၊ ရတာ ဒုက္ခလို့ ဒီလို ဟောပါတယ်။

ဒုက္ခတင် ရတာလားဆိုတော့ မဟုတ်ဘူး၊ “ဇရာမရဏဿ ပါတုဘာဝေါ” တဲ့၊ ရလာတဲ့ဒုက္ခဟာ အိုတာ နာတာ သေတာ ဆိုတာ ရှိလာဦးမယ်၊ “ရောဂါနံ ဌိတိ” တဲ့၊ ရလာတဲ့ ရုပ်တရား နာမ်တရားတွေမှာ ရောဂါဆိုတာ ပါလာပြီးသားပဲ၊ အဲဒါတွေကိုပဲ ရောဂလို့ ခေါ်တာပေါ့၊ ရောဂရဲ့အဓိပ္ပါယ်က “ရုဇ္ဇတီတိ ရောဂေါ” - နာတယ် ကျင်တယ် နှိပ်စက်တယ်၊ အဲဒါကို ရောဂလို့ ခေါ်တာ၊ ပါဠိစကားလုံး ရောဂါ ဆိုတာ မြန်မာစကားလုံးလို ဖြစ်နေပြီ၊ နာကျင့်ကိုက်ခဲနှိပ်စက်နေတဲ့ဟာကို ရောဂလို့ ခေါ်တာပဲ။

အဲဒီ ရောဂါတစ်ခု ဖြစ်ပေါ်နေတယ်ဆိုတာ ဟောဒီ ရုပ်တရား နာမ်တရားပေါ်လာတာဟာ ရောဂါပေါ်လာတာပဲလို့ ဒီလို ပြောတာပါ။

“ဘဝပစ္စယာ ဇာတိ” လို့ ဇာတိဖြစ်လာတာနဲ့တစ်ပြိုင်နက် အဲဒီဇာတိရှိလာရင် နောက်ဆက်က ဘာလာတုန်းဆိုတော့ “ဇာတိပစ္စယာ ဇရာမရဏံ” ဆိုပြီး ဇရာမရဏ လာတယ်။ ဇာတိရှိလို့ ဇရာလာတယ်ဆိုတာ ပဋ္ဌာန်းနည်းနဲ့ပြောမယ်ဆိုရင် ဥပနိဿယသတ္တိပဲ၊ ဇာတိရှိနေရင် ဇရာလာမှာပဲ၊ ရှောင်တိမ်းလို့မရဘူး။

နောက်လာမယ့်ဟာကတော့ မရဏပဲ၊ သေတယ်ဆိုတာ သေခြင်းတရားနဲ့ပတ်သက်ပြီး စကားလုံးနှစ်လုံးနဲ့ သရုပ်ဖော်ထားတာ ရှိတယ်၊ သေတယ်ဆိုတာ “ခန္ဓာနံ ဘေဒေါ” တဲ့၊ ခန္ဓာတွေ ပျက်စီးသွားတာကို သေတယ်လို့ ခေါ်တာ၊ ဝိညာဏက္ခန္ဓာ ပျက်စီးသွားတယ်၊ ဝေဒနာက္ခန္ဓာပျက်စီးသွားတယ်၊ သညာက္ခန္ဓာ ပျက်စီးသွားတယ်၊ သင်္ခါရက္ခန္ဓာ ပျက်စီးသွားတယ်၊ ရူပက္ခန္ဓာက ကမ္မဇရုပ်တွေ စိတ္တဇရုပ်တွေ အာဟာရဇရုပ်တွေ ပျက်စီးသွားတယ်၊ ဥတုဇရုပ်ကြီးတော့ ကျန်ရစ်တာပေါ့။

အဲဒါကိုပြောတာ ခန္ဓာနံ ဘေဒေါ - ခန္ဓာတွေ ပျက်စီးသွားတယ်၊ ရူပက္ခန္ဓာက ကမ္မဇရုပ်တွေ ပျက်စီးသွားပြီ၊ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာတွေ အားလုံးပျက်စီးသွားတာကို သေတယ်လို့ ခေါ်တာပါ။ ဒါကြောင့်မို့ ပဋိစ္စသမုပ္ပါဒ်နဲ့ သတ္တဝါတွေရဲ့ဘဝကို မြတ်စွာဘုရားကရှင်းပြတဲ့အခါမှာ “ဇာတိပစ္စယာ ဇရာမရဏံ” လို့ ဇာတိရှိလာရင် သေချာရှိမယ့် အချက်တွေက ဘာလဲဆိုရင် ဇရာနဲ့ မရဏဖြစ်တယ်လို့ ဒီလိုဟောတာပါ။

အဲဒီနောက်မှာ ဆက်ပြောတာက “သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ သမ္ဘဝန္တိ” လို့ နှစ်ပိုင်းခွဲထားတယ်၊ ဇာတိရှိလို့ ရှိရင် သောက ပရိဒေဝတို့ ဒုက္ခတို့ ဒေါမနဿတို့ ဥပါယာသတို့ လာလိမ့်မယ်၊ အဲဒါက လူတိုင်းမှာ မလာဘူး၊ ဒါကြောင့်မို့ လူတိုင်းမှာ လာတာမဟုတ်သည့်အတွက်ကြောင့် “ဇာတိပစ္စယာ ဇရာမရဏံ” ဆိုတာကို အဓိကထားဟောတာဖြစ်ပါတယ်။

ဒါကြောင့် “ဇာတိပစ္စယာ ဇရာမရဏံ” ဆိုတာတော့ သေချာပေါက်ဖြစ်သည့်အတွက်ကြောင့် အဲဒါကိုဟောပြီး သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသဆိုတဲ့ ရင်ထဲမှာ အခံရခက်တဲ့သဘာဝတရားတွေဟာလည်း မွေးဖွားလာလို့ရှိရင် လူတွေ ကြုံတွေ့နိုင်တဲ့ ဆင်းရဲဒုက္ခတွေပဲလို့ ဆိုပြီးတော့ အဲဒါတွေလည်း ဖြစ်လာနိုင်တယ်လို့ ပြောတာပါ။

ဒီတော့ ပဋိစ္စသမုပ္ပါဒ်ကို ကြည့်မယ်ဆိုလို့ရှိရင် မြတ်စွာဘုရားက မှားယွင်းတဲ့အယူအဆတွေကို တားမြစ်ဖို့အတွက် သဘာဝတရား ၁၂ ခုကို အသုံးပြုပြီး ရှင်းတာ၊ ဘဝတစ်ခုကို သရုပ်ဖော်သွားတာ၊ သဘာဝတရား ၁၂ ခုဆိုတာ အဝိဇ္ဇာ၊ သင်္ခါရ၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ၊ ဇာတိ၊ ဇရာမရဏပေါ့။ ဒီသဘာဝတရား ၁၂ မျိုးကို ပင်တိုင်ထားပြီးတော့ မြတ်စွာဘုရားကိုယ်တော်မြတ်က ရှင်းတယ်တဲ့။

အင်္ဂါ ၁၂ ပါး၊ အစပ်သုံးပါး၊ ခြင်းရာ ၂ဝ မှာ အင်္ဂါ ၁၂ ပါးကိုသိပြီ၊ အစပ်သုံးပါးဆိုတာဘာလဲ?

အဝိဇ္ဇာ သင်္ခါရကြောင့် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဖြစ်တယ်။ ဝေဒနာရှိရင် တဏှာ ဥပါဒါန် ကမ္မဘဝကံတွေ ပြန်လုပ်မယ်။ ကံတွေ ပြန်လုပ်ရင် အနာဂတ်ဘဝမှာ ဇာတိ ဇရာမရဏဆိုတဲ့ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဖြစ်မှာပါ။

ဒီလိုဆိုတော့ အစပ်သုံးပါးက လွယ်ပါတယ်။ အတိတ်အကြောင်း သင်္ခါရနဲ့ ပစ္စုပ္ပန်အကျိုး ဝိညာဉ်က တစပ် (သင်္ခါရပစ္စယာ ဝိညာဏံ)။ အဝိဇ္ဇာ သင်္ခါရကြောင့် ဝိညာဉ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဖြစ်တယ်ဆိုတဲ့ အကြောင်းအကျိုး အစပ်တစ်ခုပါ။

ပစ္စုပ္ပန်ဘဝမှာ ဝိညာဉ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဆိုတဲ့ ခံစားမှုရှိရင် တဏှာဆိုတဲ့ တောင့်တမှု ရှိတာပါပဲ။ ဝေဒနာဆိုတဲ့ ပစ္စုပ္ပန်အကျိုးတရားနဲ့ တဏှာဆိုတဲ့ ပစ္စုပ္ပန်အကြောင်းတရား စပ်ထားလို့ ဒါကလည်း အစပ်တစ်ခုပါပဲ။ (ဝေဒနာပစ္စယာ တဏှာ)

ကမ္မဘဝဆိုတဲ့ ကံကို ပြန်လုပ်တဲ့အခါမှာ ကမ္မဘဝနဲ့ဇာတိပဋိသန္ဓေက အစပ်တစ်ခုပါ။ (ဘဝပစ္စယာ ဇာတိ)။ ကမ္မဘဝက ပစ္စုပ္ပန်အကြောင်း၊ ဇာတိက အနာဂတ်အကျိုး။ ဒါကိုပဲ …

(၁) အကြောင်းနဲ့အကျိိုးစပ်တယ် (သင်္ခါရပစ္စယာ ဝိညာဏံ)၊

(၂) အကျိုးနဲ့အကြောင်းစပ်တယ် (ဝေဒနာပစ္စယာ တဏှာ)၊

(၃) အကြောင်းနဲ့အကျိုးစပ်တယ် (ဘဝပစ္စယာ ဇာတိ) လို့ အစပ်သုံးပါးကို ဘုရားရှင် ဟောခဲ့ပါတယ်။

ခြင်းရာ ၂ဝ ဆိုတာကတော့ အတိတ်အကြောင်းမှာ အဝိဇ္ဇာသင်္ခါရဆိုတော့ အဝိဇ္ဇာက မောဟအကုသိုလ်စေတသိက်၊ မောဟရှိတဲ့ပုဂ္ဂိုလ်မှာ မောဟက သူ့ချည်းပဲ သန့်သန့်မဖြစ်ပါ။ ဒီမောဟဆိုတဲ့ အဝိဇ္ဇာမှာ တဏှာဥပါဒါန်လည်းပါလာပါတယ်။ မြတ်စွာဘုရားက ပဋိစ္စသမုပ္ပါဒ်ကို နည်းအမျိုးမျိုးနဲ့ ဟောခဲ့ပါတယ်၊ ဒီ ပဋိစ္စသမုပ္ပါဒ်မှာတော့ အတိတ်အကြောင်းကို အဝိဇ္ဇာသင်္ခါရက ခေါင်းတည်ပြီ ဟောပေမယ့် အတိတ်အကြောင်းထဲမှာ အဝိဇ္ဇာက သစ္စာလေးပါးကို မသိလို့ ကုသိုလ်ကံ အကုသိုလ်ကံတွေ လုပ်ပါတယ်။ ဘာကြောင့်လုပ်သလဲ။ တောင့်တမှု တဏှာရှိလို့ လုပ်တာပါ။ အဝိဇ္ဇာက မသိအောင် ဖုံးလွှမ်းပေးတော့ တဏှာက တောင့်တပါတယ်။ တဏှာရှိတော့ ဥပါဒါန်က ဖြစ်လာပါတယ်။

ဒါကြောင့် အဝိဇ္ဇာပါရင် တဏှာ ဥပါဒါန်ပါရပါတယ်။ ဒီလို လုပ်ယူလိုက်တော့ ခြင်းရာ ၂ဝ မှာ အဝိဇ္ဇာ သင်္ခါရ တဏှာ ဥပါဒါန် ကမ္မဘဝဆိုတဲ့ အတိတ်အကြောင်းငါးပါးရှိပါတယ်။

အတိတ်အကြောင်းငါးပါးကြောင့် ဝိညာဉ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတဲ့ ပစ္စုပ္ပန်အကျိုးငါးပါး ဖြစ်ပါတယ်။

ပစ္စုပ္ပန်အကြောင်းတရားမှာ တဏှာကို ခေါင်းတည်ပြီး ဟောပါတယ်။ အတိတ်အကြောင်းမှာ အဝိဇ္ဇာကို ခေါင်းတည်ပြီး ဟောပါတယ်။ ပစ္စုပ္ပန်မှာ တဏှာကို ခေါင်းတည်ပြီး ဟောပေမယ့်လည်း တဏှာပါရင် အဝိဇ္ဇာက ပါရမှာပါ။ သင်္ခါရနဲ့ကမ္မဘဝဟာလည်း ကုသိုလ် အကုသိုလ် စေတနာအရ အတူတူမို့ ကမ္မဘဝပါရင် သင်္ခါရပါတယ်လို့ ပြောခဲ့ပြီးပါပြီ။

ဒါကြောင့် ပစ္စုပ္ပန်အကြောင်းငါးပါးကို ရေတွက်တဲ့အခါ တဏှာ ဥပါဒါန် ကမ္မဘဝ အဝိဇ္ဇာ သင်္ခါရလို့ ရေတွက်ရပါတယ်။ ဒီ ပစ္စုပ္ပန်အကြောင်းငါးပါးကြောင့် အနာဂတ် အကျိုးငါးပါး ဖြစ်တယ်ဆိုတာ ဇာတိ ဇရာမရဏ ဖြစ်တာပါ။ ဒီနေရာမှာ ဇာတိ ဇရာမရဏအမည်နဲ့ရေတွက်ရင် ငါးပါးလည်းမဖြစ်၊ သံသရာလည်လို့လည်း မရပါ။ ဒါကြောင့် ဇာတိ ဇရာမရဏလို့ဆိုမယ့်အစား ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာလို့ အမည်ပြောင်းလိုက်ရပါမယ်။

ဒါကြောင့် တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ၊ အဝိဇ္ဇာ၊ သင်္ခါရဆိုတဲ့ ပစ္စုပ္ပန်အကြောင်း ငါးပါးကြောင့့် ဝိညာဉ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာဆိုတဲ့ အနာဂတ်အကျိုးငါးပါး ဖြစ်လာပါတယ်။

ဒါကြောင့် ခြင်းရာ ၂ဝ ဆိုတာ …

(၁) အတိတ်အကြောင်းငါးပါး - အဝိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ၊

(၂) ပစ္စုပ္ပန်အကျိုးငါးပါး - ဝိညာဉ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊

(၃) ပစ္စုပ္ပန်အကြောင်းငါးပါး - တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ၊ အဝိဇ္ဇာ၊ သင်္ခါရ၊

(၄) အနာဂတ်အကျိုးငါးပါး - ဝိညာဉ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာလို့ ဖြစ်လာပါတယ်။ ခြင်းရာ ၂ဝ ကို ရသွားတော့ ပဋိစ္စသမုပ္ပါဒ်ဟာ ဘယ်လိုမှ ဆုံးလို့မရ၊ လည်နေတယ်ဆိုတာ သဘောပေါက်နိုင်ပါတယ်။

ခြင်းရာ ၂ဝ မှာ ပဋိစ္စသမုပ္ပါဒ်သံသရာလည်ပုံ ရှင်းလောက်ပါပြီ။ သံသရာလည်ပုံ ပိုပြီးသဘောပေါက်အောင် မြတ်စွာဘုရားရှင်က ဝဋ်သုံးပါးကိုလည်း ဟောခဲ့ပါတယ်။

ပဋိစ္စသမုပ္ပါဒ်အင်္ဂါ ၁၂ ပါးထဲက အဝိဇ္ဇာ တဏှာ ဥပါဒါန် ၃ ပါးကို ကိလေသာဝဋ်လို့ခေါ်ပါတယ်။

ပဋိစ္စသမုပ္ပါဒ် အင်္ဂါ ၁၂ ပါးမှာ အကုသိုလ်စေတသိက်နဲ့ကြည့်မယ်ဆိုရင် အဝိဇ္ဇာက မောဟစေတသိက်၊ တဏှာက လောဘစေတသိက်၊ ဥပါဒါန်လေးမျိုးတွင် ကာမုပါဒါန်က လောဘ၊ ဒိဋ္ဌုပါဒါန်က ဒိဋ္ဌိ၊ သီလဗ္ဗတုပါဒါန်ကလည်း ဒိဋ္ဌိ၊ အတ္တဝါဒုပါဒါန်ကလည်း ဒိဋ္ဌိပါပဲ။ ဥပါဒါန်ကို ဒီလို ၄ ပါးခွဲပြီး စေတသိက်နဲ့ကြည့်ရင် စေတသိက်က လောဘနဲ့ဒိဋ္ဌိပါပဲ။ ဒါကြောင့် အဝိဇ္ဇာနဲ့တဏှာ ဥပါဒါန်ဟာ ကိလေသာဝဋ်ပါပဲ။

ဗုဒ္ဓဘာသာတွေမှာ အာသဝက္ခယံ = အာသဝေါတရား ၄ ပါးတို့၏ ကုန်ရာ နိဗ္ဗာန်သို့ ရောက်ရပါလို၏လို့ ဆုတောင်းတတ်ကြပါတယ်။ အဲဒီအာသဝေါတရား ၄ ပါးဆိုတာက ကာမာသဝ၊ ဘဝါသဝ၊ ဒိဋ္ဌာသဝ နဲ့ အဝိဇ္ဇာသဝ တို့ပါပဲ။ ကာမသဝက လောဘစေတသိက်၊ ဘဝါသဝကလည်း လောဘစေတသိက်၊ ဒိဋ္ဌာသဝက ဒိဋ္ဌိစေတသိက်၊ အဝိဇ္ဇာသဝက မောဟစေတသိက်ပါ။ အာသဝေါတရား ၄ ပါးကို ကြည့်ရင်လည်း ကိလေသဝဋ်ဖြစ်ရင်လည်း ကိလေသဝဋ်ဖြစ်တဲ့ လောဘ၊ ဒိဋ္ဌိ နဲ့ မောဟ တို့ပါပဲ။

အဘိဓမ္မာမှာ အကျယ်ချဲ့ပြီးဟောလို့ အကုသိုလ်စေတသိက်မှာ ၁၄ လုံး ရှိတာပါ။ လက်တွေ့သုတ္တန်နည်း နဲ့ တရားပြတဲ့အခါမှာတော့ မြတ်စွာဘုရားက သစ္စာလေးပါးကို မသိနိုင်တဲ့ မောဟ အဝိဇ္ဇာရှိနေရင် သတ္တဝါတွေမှာ တဏှာ တောင့်တမှု ရှိလာပါမယ်။ လူ့စည်းစိမ် တောင့်တ၊ နတ်စည်းစိမ် တောင့်တ၊ အမျိုးမျိုးတောင့်တဲ့ တဏှာရှိလာမယ်။ ဒီတဏှာကလည်း ဒုက္ခသစ္စာကို မသိသေးတဲ့ ကာလပတ်လုံး ရှိနေမှာပါ။ တောင့်တမှု တဏှာရှိနေရင် ဥပါဒါန်တွေလည်း ဖြစ်လာပါမယ်လို့ ဒီလို သုံးပါးပဲ ဟောခဲ့ပါတယ်။ ဒါကြောင့်မို့ အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့က ကိလေသဝဋ်ပါ။

ကမ္မဘဝကို အင်္ဂါ ၁၂ ပါးထဲမှာ အတိတ်အကြောင်းနဲ့ဆိုရင် သင်္ခါရလို့ ခေါ်ပါတယ်။ ပစ္စုပ္ပန်အကြောင်းနဲ့ဆိုရင် ကမ္မဘဝလို့ ခေါ်ပါတယ်။ သင်္ခါရလို့ပဲခေါ်ခေါ်၊ ကမ္မဘဝလို့ပဲခေါ်ခေါ် ပြုလုပ်ကြတဲ့ ကုသိုလ်ကံ အကုသိုလ်ကံ စေတနာပါပဲ။ ဒီလို ကံတွေလုပ်တာကို ကမ္မဝဋ်လို့ ခေါ်ပါတယ်။

ဥပါဒါန် အယူ အစွဲအလမ်းနဲ့ တစ်ခုခုဖြစ်ချင်တယ် ဆိုတဲ့ တောင့်တမှုဖြစ်လာတဲ့အခါ နတ်ဖြစ်ချင်သူက လည်း နတ်ဖြစ်မယ့်လမ်းကိုလုပ်တယ်၊ ဗြဟ္မာဖြစ်ချင်သူကလည်း ဗြဟ္မာဖြစ်မယ့်လမ်းကို လုပ်တယ်၊ ကောင်းတာပဲဖြစ်ဖြစ်၊ မကောင်းတာပဲဖြစ်ဖြစ် ကိုယ်ဖြစ်ချင်တာကို ကိုယ်လုပ်ကြတာပါပဲ။ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်ရှိရင် သင်္ခါရ ကမ္မဘဝ ဆိုတဲ့ ကုသိုလ်ကံ အကုသိုလ်ကံတွေ လုပ်ကြပါတယ်။ ကိလေသဝဋ် ရှိနေသရွေ့ ကမ္မဝဋ်က ရှိနေတော့တာပါပဲ။

ကမ္မဝဋ်ကို လုပ်တယ်ဆိုရင် ဝိညာဉ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ၊ ဇာတိ ဇရာမရဏ ဖြစ်တာပါပဲ။ ဇာတိဇရာမရဏနဲ့ ဝိညာဉ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာက အတူတူပါပဲ။ သို့ပေမယ့် အင်္ဂါ ၁၂ ပါးကို ဝဋ်သုံးပါးနဲ့ ခွဲတဲ့အခါမှာ ဝိညာဉ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဇာတိ ဇရာမရဏ ခုနှစ်ခုလုံးထည့်မှ အင်္ဂါ ၁၂ ပါး ပြည့်မှာမို့ ထည့်ရတာပါ။ အဲဒီလိုဖြစ်လာတဲ့ ဝိညာဉ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဇာတိ ဇရာမရဏဟာ ဝိပါကဝဋ်ပါပဲ။

ဝဋ်သုံးပါးမှာ ကိလေသဝဋ်က အဝိဇ္ဇာ တဏှာ ဥပါဒါန်၊ ကမ္မဝဋ်က သင်္ခါရ ကမ္မဘဝ၊ ဝိပါကဝဋ်က ဝိညာဉ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဇာတိ ဇရာမရဏ။

ဝဋ်သုံးပါးကို ကြည့်တဲ့အခါမှာ ကိလေသဝဋ်ကြောင့် ကမ္မဝဋ်ဖြစ်တယ်။ ကမ္မဝဋ်ကြောင့် ဝိပါကဝဋ်ဖြစ်တယ်။ ဒီ ဝဋ်သုံးပါးကို ရှင်းရှင်းနားလည်သွားရင် ဗုဒ္ဓဘာသာတရားရဲ့လိုရင်အကျဉ်းချုပ်ကို ခန့်မှန်းနိုင်ပါတယ်။

ဗုဒ္ဓတရားမှာ ကမ္မဝဋ်ဆိုတဲ့ အကုသိုလ်ကံ ကုသိုလ်ကံကို ပယ်ဖို့ အရေးကြီးသလား၊ ကိလေသာကို ပယ်ဖို့ အရေးကြီးသလားဆိုယင် .. ပဋိစ္စသမုပ္ပါဒ်တရားတော်အရ ကိလေသာကို ပယ်ဖို့ပါပဲ။ ကိလေသာမရှိရင် ကမ္မဝဋ်မရှိနိုင်ပါ။ ကိလေသာရှိနေရင် ကံတွေလုပ်နေမှာပါပဲ။ ဒါကြောင့် ကိလေသာမရှိဖို့က ပိုပြီး အရေးကြီးပါတယ်။

ကိုယ်စိတ်ချမ်းမြေ့ တရားတွေ့ကြပါစေ။


“ပဋိစ္စသမုပ္ပါဒ်တရားတော်ကို သုံးသပ်ခြင်း”

ပဋိစ္စသမုပ္ပါဒ်တရားတော်သည် ခန္ဓာတို့၏အဓိပ္ပာယ်နှင့် ခန္ဓာဖြစ်ခြင်းအကြောင်း အကျိုးဆက်တို့ကို ဖော်ပြသောတရားဖြစ်ပါတယ်။ ဝိပဿနာအလုပ်ခွင်သို့ ဝင်၍ တရားအားထုတ်ရန် စိတ်ဆုံးဖြတ်ပြီးရင် ခန္ဓာငါးပါး၏ အကြောင်းအကျိုးကို သိနားလည်ရန် လိုအပ်ပါတယ်။ ထို့အတူ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရအောင် အားထုတ်ရန် ရည်ရွယ်သော ပုဂ္ဂိုလ်တစ်ဦးသည် ပထမဦးစွာ ပဋိစ္စသမုပ္ပါဒ်တရားတော်ကို နားလည်သဘောပေါက်ဖို့ လိုအပ်ပါတယ်။ ပဋိစ္စသမုပ္ပါဒ် တရားတော်သည် အကြောင်းအကျိုးဆက်တရား ပင် ဖြစ်ပါတယ်။

အရိယာသစ္စာလေးပါး တရားတော်သည် ဗုဒ္ဓ၏ သုတ္တန်ဒေသနာတော်တွင် အရေးအကြီးဆုံးနှင့် အနှစ်ချုပ်တရားတော် ဖြစ်ပါတယ်။ ထို့အတူ ပဋိစ္စသမုပ္ပါဒ်တရားတော်သည် ဗုဒ္ဓဒေသနာတို့တွင် ဒုတိယအားဖြင့် အရေးအကြီးဆုံးနှင့် အနှစ်ချုပ်တရားတော်ပဲဖြစ်ပါတယ်။

သောတာပတ္တိမဂ်ဖိုလ်၊ သကဒါဂါမိမဂ်ဖိုလ်၊ အနာဂါမိမဂ်ဖိုလ်၊ အရဟတ္တမဂ်ဖိုလ်သို့ ဆိုက်ရောက်တော် မူကြသော အရိယာ သူတော်ကောင်းတို့သည် ပထမဦးစွာ ပဋိစ္စသုမုပ္ပါဒ် သံသရာစက်၏ အဆက်အစပ် များကို ဖြတ်တောက်ခဲ့ကြပြီးနောက် အရိယာသစ္စာလေးပါးကို အပြည့်အစုံ ထိုးထွင်းသိမြင်ခဲ့ကြသူများ ဖြစ်ကြပါတယ်။

ပဋိစ္စသမုပ္ပါဒ်တရားတော်သည် သာမန် ပုထုဇဉ် လူသားများအတွက် (၁) သက္ကာယဒိဋ္ဌိ (၂) သဿတဒိဋ္ဌိ (၃) ဥစ္ဆေဒဒိဋ္ဌိ (၄) အဟေတုကဒိဋ္ဌိ စသော ဒိဋ္ဌိအမြင်မှားများကို ဖယ်ရှားသုတ်သင်ရာတွင် လွန်စွာ အရေးပါသော တရားတော် ဖြစ်ပါတယ်။ သောတာပတ္တိမဂ်ဉာဏ်ကို ရရှိရေးတွင် ဒိဋ္ဌိအမြင်မှားကို ဖယ်ရှားသုတ်သင်ရေးသည် အလွန်အရေးကြီးပါတယ်။ သောတာပတ္တိမဂ်ဉာဏ်သည် ပထမ မဂ်ဉာဏ်ဖြစ်ပြီး ထိုဉာဏ်ကို ရရှိပြီးမှသာ အထက်အဆင့်မြင့် မဂ်ဉာဏ်များသို့ တက်လှမ်းနိုင်မည်ဖြစ်ပါတယ်။

အဲတော့ ပဋိစ္စသမုပ္ပါဒ် ဆိုတာဘာလဲ ?

ပဋိစ္စသမုပ္ပါဒ် ဆိုတာ ပါဠိစကားလုံး သုံးခုကို ပေါင်းစပ်ထားခြင်းဖြစ်ပါတယ်။ ၎င်းတို့မှာ ပဋိစ္စ = အကြောင်းကြောင့်၊ ကို မှီလျက်၊ သံ = ကောင်းစွာ၊ ဥပ္ပါဒ = အကြောင်းအားလျော်စွာ အကျိုး ဖြစ်ပေါ်လာရသည်လို့ အဓိပ္ပါယ်ရပါတယ်။ အကြောင်းကို စွဲ၍၊ မှီ၍ အကျိုးတရား ဖြစ်ပေါ်လာရသည်လို့ အဓိပ္ပါယ်ရပါတယ်။ အင်္ဂလိပ်ဘာသာအားဖြင့် Law of Dependent Origination ဟု ခေါ်ပါတယ်။ Cycle of Rebirth ဟုလည်း ခေါ်ပါတယ်။

ပဋိစ္စသမုပ္ပါဒ်တရားတွင် ကွင်းဆက် ဆယ့်နှစ်ခု ပါဝင်ပါတယ်။ ထိုကွင်းဆက်များက အဆုံးမဲ့ သံသရာတွင် အဖြစ် တစ်ခုနှင့်တစ်ခု ဆက်စပ်၍ သက်ရှိသတ္တဝါတစ်ခု ပေါ်ပေါက်လာပုံကို ပြပါတယ်။

ဤတရား၏အစတွင် အဝိဇ္ဇာနှင့် စတင်ထားသော်လည်း အဝိဇ္ဇာသည် ပထမအကြောင်းတရား ဖြစ်သည်ဟု မမှတ်ယူအပ်ပါဘူး။ အဘယ်ကြောင့်ဆိုသော သံသရာသည် အစ မထင်သောကြောင့် ဖြစ်ပါတယ်။ ပဋိစ္စသမုပ္ပါဒ် တရားတော်က အဖန်တလဲလဲ ပဋိသန္ဓေနေရခြင်းသဘောကို သင်ကြားပေးပါတယ်။ အကြောင်းတရားတစ်ခုသည် အကျိုးတရားတစ်ခုလည်း ဖြစ်ပြီး၊ အကြောင်းက အကျိုး၊ အကျိုးကလည်း အကြောင်း အပြန်အလှန် ဖြစ်နေကြပုံကို ဆက်စပ်ပြပါတယ်။

အလွယ်တကူ သိမြင်နိုင်သောအချက်မှာ ဤပဋိစ္စသမုပ္ပါဒ်တရားတော်သည် မိမိ၏ခန္ဓာ (နာမ်ရုပ်) သဘောပင် ဖြစ်ပါတယ်။ ထိုထက်နက်နဲဖွယ်ဆောင်သော ခန္ဓာ၏ ရုပ်နာမ်ဓမ္မများ ဖြစ်နေပုံ ပျက်နေပုံကိုလည်း ပြပါတယ်။ သို့မဟုတ် တနည်းအားဖြင့် သောက ဒုက္ခများ အစဉ်အဆက် အဆုံးမရှိ ဖြစ်နေပုံကိုလည်း ပြပါတယ်။

အမှန်မှာ ပဋိစ္စသမုပ္ပါဒ်တရားတော်သည် ဓမ္မ သို့မဟုတ် ခန္ဓာများ အဝိုင်းလိုက် စက်လည်နေပုံ ဖြစ်ပျက်နေပုံ ကို ပြသပါတယ်။

အဖြစ်ဟောင်းက အဖြစ်သစ်တစ်ခုကို ဖြစ်ပေါ်ပြီးနောက် ချုပ်သွားပုံသည် အဆုံးမရှိ ဆက်စပ်၍ ဖြစ်ပေါ်နေပုံသဘောကို ပြပါတယ်။ ထိုကဲ့သို့ ဖြစ်ပြီး ပျက်နေခြင်းသဘောကိုပင် ပဋိစ္စသမုပ္ပါဒနှင့် ပဋိစ္စသမုပ္ပန္နဟု ခေါ်ပါတယ်။

တရားအားထုတ်မည့် ပုဂ္ဂိုလ်များအနေဖြင့် ခန္ဓာပဋိစ္စသမုပ္ပါဒ်ကို နားလည်ဖို့လိုပါတယ်။ ခန္ဓာပဋိစ္စသမုပ္ပါဒ် သည် ဝိပဿနာတရားထုတ်ရာတွင် ဖြတ်လမ်းဖြစ်သည်ဟု ဆိုနိုင်ပါတယ်။ အဘယ်ကြောင့်ဆိုသော ဤတရားသည် ပဋိစ္စသမုပ္ပါဒ်တရားတော်၏ ပစ္စုပ္ပန်ဖြစ်ပေါ်ပုံကို သင်ကြားပြသပေးသောကြောင့်ပင် ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ဤတရားသည် ယောဂီအား ခန္ဓာငါးပါး၏ စတင်ဖြစ်ပေါ်ပုံ၊ ၎င်းတို့၏ အကြောင်းနှင့် ချုပ်ဆုံးပုံသဘောတို့ကို သိမြင်နားလည်စေပါတယ်။

ပါဠိတော်က -

စက္ခုံစ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ၊ စက္ခုဝိညာဏံ၊ တိဏ္ဏံသင်္ဂတိ ဖေဿာ၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာ ပစ္စယာ ဥပါဒါနံ၊ ဥပါဒါန ပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ သမ္ဘဝန္တိ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခခန္ဓဿ သမုဒယော ဟောတိ ..

လို့ဆိုပါတယ်။

သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ ၊ မန တို့ကိုလည်း ထိုအတိုင်း သိမြင်နိုင်ပါတယ်။

စက္ခုံစ ဆိုတာ မျက်စိကိုဆိုလိုတာသိပြီးဖြစ်မှာပါ၊ ရူပေစ ဆိုတာကတော့ အဆင်း (မြင်ရသောအရာ) ပါ။ စက္ခု (မျက်စိ) နှင့် အဆင်း တိုက်ဆိုင်သော အခါ မြင်သိစိတ် (စက္ခုဝိညာဏ်) ပေါ်ပေါက်လာပါတယ်။ ဤကိစ္စတွင် မျက်စိနှင့်အဆင်း တိုက်၍ ပေါ်ပေါက်လာသောအရာသည် မြင်သိစိတ်သာလျှင် ဖြစ်ပါတယ်။ မြင်ခြင်းကိစ္စ၌ မြင်သောသူ မရှိပါ။ ငါမဟုတ်၊ သူမဟုတ်၊ ယောကျာ်းမဟုတ်၊ မိန်းမမဟုတ်၊ မျက်စိ၌ ပေါ်သော မြင်သိစိတ်သည် မြင်သိစိတ်သာလျှင် ဖြစ်ပါတယ်။

မျက်စိ၊ အဆင်းနှင့် မြင်သိစိတ်တို့သည် ထိတွေ့မှု (ဖဿ)ကို ဖြစ်ပေါ်စေပြီး၊ ဤထိတွေ့မှု ဖဿကို အကြောင်းပြု၍ ဝေဒနာ ဖြစ်ပေါ်လာရပါတယ်။ ထိုဝေဒနာထဲမှာလည်း ငါ၊ သူတစ်ပါး၊ ယောကျာ်း၊ မိန်းမ မပါဝင်ပါ။

ဝေဒနာကြောင့် တဏှာ ဖြစ်ပေါ်လာရပြန်ပါတယ်။ တစ်ဖန် တဏှာကြောင့် ဥပါဒါန် (စွဲလမ်းမှု) ဖြစ်ပေါ်လာရပြန်တယ်။ တစ်ဖန် ဥပါဒါန်ကို အကြောင်းပြု၍ ကာယကံ ဝစီကံ နှင့် မနောကံတို့ ဖြစ်ပေါ်လာကြရပါတယ်။ ဤ ကမ္မဘဝကို အကြောင်း (အမှီ) ပြု၍ ဇာတိ (ပဋိသန္ဓေနေခြင်း) ဖြစ်ရပါတော့တယ်။

ဇာတိကို အကြောင်းပြု၍ (မှီ၍) အိုခြင်း (ဇရာ)၊ သေခြင်း (မရဏ)၊ ဝမ်းနည်းခြင်း၊ ပူဆွေးခြင်း ဒုက္ခ၊ ပရိဒေဝ၊ ဥပါယာသ တရားတို့ ဖြစ်ကြရပါတယ်။ ဤသို့လျှင်ပင် အလုံးစုံသော ဒုက္ခတရားတို့သည် ဖြစ်ပေါ်လာကြရပါတယ်။

ဒီနေရာမှာ ဝဋ်သုံးပါးလည်ပုံလေးကို အနည်းငယ်ရှင်းလင်းချင်ပါတယ်။

ဝဋ်သုံးပါးရဲ့ အဓိပ္ပါယ်

ဝဋ်သုံးပါးဆိုတာ ကမ္မဝဋ် ဝိပါကဝဋ် ကိလေသဝဋ်ပါ။ ကိလေသဝဋ်ဆိုတာ ကိလေသာအားဖြင့် လည်တာ၊ ကမ္မဝဋ်ဆိုတာက ကံအားဖြင့် လည်တာ၊ ဝိပါကဝဋ်ဆိုတာက အကျိုးပေးအနေအားဖြင့် လည်တာပါ။

ကမ္မဝဋ် ကိလေသဝဋ် ဝိပါကဝဋ် ဆိုတဲ့ ဒီဝဋ်သုံးက တစ်ခုနဲ့တစ်ခုကျေးဇူးပြုပြီးတော့ ဆက်စပ်ပြီးတော့ အကြောင်းခံပေးနေလို့ ဒီသံသရာကြီး လည်နေရတာပါ။

ပဋိစ္စသမုပ္ပါဒ်စတုန်းက ဘာအရင်စပြလဲဆို ကိလေသဝဋ်က စပြပါတယ်။ ကိလေသာဝဋ်က အဝိဇ္ဇာ တဏှာ ဥပါဒါန်ပါ။

ကမ္မဝဋ်က ဘဝနဲ့သင်္ခါရပါ။ ဘဝဟာ နှစ်မျိုးပြပါတယ်။ ကမ္မဘဝနဲ့ ဥပပတ္တိဘဝပါ။ ကမ္မဘဝက အကြောင်းပါ။ ဥပပတ္တိဘဝက အကျိုးပါ။ ဒါကြောင့် ဒီနေရာမှာ ဘဝနှစ်မျိုး ထွက်နေလို့ အကြောင်းချည်း ရေတွက်တဲ့အခါမှာ အကြောင်းဘဝထဲ ကမ္မဘဝသွင်းရပါတယ်။ အကျိုးချည်း ရေတွက်တဲ့အခါမှာလည်း အကျိုးဘဝထဲ ဥပပတ္တိဘဝသွင်းရပါတယ်။

ဝိပါကဝဋ်က ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ။

ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဇာတိ ဇရာမရဏ ဆိုတော့ ဒါတွေက အကျိုးတရားတွေ ဖြစ်ပါတယ်။

အဲဒီမှာ ဘာထည့်ပေးရလည်းဆိုတော့ အထက်က ဘဝမှာပြခဲ့တဲ့ ဥပပတ္တိဘဝကို ထည့်ပေးရပါမယ်။ အဲဒါက အကျိုးတရားတွေဖြစ်တဲ့အတွက် ဝိပါကဝဋ်ပါ။

အဲဒီတော့ (ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဘဝ ဇာတိ ဇရာ မရဏ) သည် ဝိပါကဝဋ်လို့ မှတ်ရပါမယ်။

(အဝိဇ္ဇာ တဏှာ ဥပါဒါန်) သည် ကိလေသဝဋ်ပါ။

(ကမ္မဘဝနဲ့သင်္ခါရ) ကတော့ ကမ္မဝဋ်ပါ။

အဲတော့ အင်္ဂါဆယ်နှစ်ရပ်ထဲမှာ ကိလေသာ ဆိုတဲ့ တရားအစစ်က အဝိဇ္ဇာရယ်၊ တဏှာရယ်၊ ဥပါဒါန်ရယ်။ ကံဆိုတဲ့ တရားကတော့ ကမ္မဘဝနဲ့သင်္ခါရပါ။ ဒါဖြင့် ဒီကိလေသာကြောင့် ကံကြောင့် ဖြစ်လာတဲ့ အကျိုးတရားတွေက ဘယ်သူတွေတုန်းဆိုယင် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဘဝ ဇာတိ ဇရာမရဏ လို့ ဒီလို အဖြေထွက်ပါမယ်။

ဒါကြောင့် ကိလေသာဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ် ဆိုတာ ဝဋ္ဋ လည်ခြင်း အနက်ထွက်လို့ ဘာဖြစ်လည်းဆို သံသရာကြီးလည်နေပုံကို ပြပါတယ်။ ဘယ်လိုပြလည်း -

ကိလေသာရှိလို့လည်တယ်ပေါ့၊ ကိလေသာက စ၊ ဘာလည်းဆိုတော့ အဝိဇ္ဇာ တဏှာ ဥပါဒါန်။ ကိလေသာရှိတော့ ဘာဖြစ်လည်းဆိုတော့ ကမ္မဝဋ်တွေလုပ်ပါတယ်။ ကံတရားတွေလုပ်တာပေါ့။ မဟုတ်ဘူးလား။ ကိလေသာတွေရှိတော့ ကံတရားတွေ လုပ်ပါတယ်။

ဒါကြောင့် ကိလေသာကြောင့် ကံတွေ လုပ်တယ်တဲ့။ ဒါကြောင့် ကမ္မဝဋ် (ဘဝနဲ့သင်္ခါရ)။ ကမ္မဘဝလည်းပဲ ကုသိုလ်ကံ အကုသိုလ်ကံ စေတနာပဲရတယ်။ သင်္ခါရလည်းပဲ ကုသိုလ်ကံ အကုသိုလ်ကံ စေတနာပဲ ရတယ်။ ကိလေသာရှိလို့ ကံတွေ လုပ်တော့ ဘာဖြစ်လည်းဆိုတော့ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဘဝ ဇာတိ ဇရာ မရဏ ဆိုတဲ့ အကျိုးကောင်ကြီး လာဖြစ်တာပေါ့။ အဲဒီလို လည်နေတာပါ။

ဝဋ်သုံးပါး လည်ပုံလည်နည်းဆိုတာ ကိလေသာ ထင်ရှားရှိနေတဲ့ ပုဂ္ဂိုလ်များသည် ကံကိုချည်း အမြဲလုပ်နေတယ်။ ကံအမြဲလုပ်သမျှ ကံ ဆိုတဲ့ အကြောင်း တရားတွေ အမြဲလုပ်သမျှ ခန္ဓာကောင် ဝိပါက်ကောင်ဆိုတဲ့ အကျိုးတရားကြီးက အမြဲပေါ်နေတော့တာပေါ့။

ခန္ဓာကောင် ဝိပါက်ကောင်ဆိုတဲ့ အကျိုးတရားကြီး အမြဲပေါ်တိုင်း ကိလေသာက ထင်ရှားရှိပြန်တော့ ခန္ဓာကောင်ကြီးပေါ်လာ ကိလေသာတန်းလန်းနဲ့ပေါ့။ ကိလေသာရှိပြန်တော့ ကုသိုလ်ကံ အကုသိုလ်ကံ ဆိုတဲ့ ကမ္မဝဋ်ကြီး လုပ်ပြန် ဒီလိုဖြစ်နေပါတယ်။ ကမ္မဝဋ်ကြီးလုပ်ခြင်းကြောင့် အကျိုးဝိပါက်ကောင် ခန္ဓာကောင်ကြီး ဖြစ်ပြန် ဒီလိုဖြစ်နေပါတယ်။

ဒါကြောင့် ကိလေသာဝဋ်ကြောင့် ကမ္မဝဋ်ဖြစ်၊ ကမ္မဝဋ်ကြောင့် ဝိပါကဝဋ်ဖြစ်၊ ဝိပါကဝဋ်ကြီးကြောင့် ကိလေသဝဋ်ဖြစ်၊ကိလေသဝဋ်ကြောင့် ကမ္မဝဋ်ဖြစ်၊ ကမ္မဝဋ်ကြောင့် ဝိပါကဝဋ်ကြီးဖြစ်၊ ဝိပါကဝဋ်ကြီးကြောင့် ကိလေသဝဋ်ဖြစ်၊ ကိလေသာကြောင့် ကံဖြစ်၊ ကံကြောင့် ဝဋ်ဖြစ်၊ ဝဋ်ကြောင့် ကိလေသာ၊ ကိလေသာကြောင့် ကံ၊ ကံကြောင့် ဝဋ် ဒီလို လည်သွားပါတယ်။ ဒါကြောင့် ကိလေသာမကုန်ခန်းသမျှ ကာလပတ်လုံး ဒီ လည်တယ် လည်တယ်ဆိုတဲ့ ဝဋ်တရားကြီး ဟာ ဘယ်တော့မှ ရပ်မှာမဟုတ်ပါဘူး။

အဲတော့ ကိလေသာက ဘယ်လောက်ရှိသလဲဆိုတော့ တစ်ထောင့်ငါးရာကိလေသာရှိတယ်လို့သိပါတယ်။ ဒါဖြင့် ဒီတစ်ထောင့်ငါးရာကိလေသာအကုန်ကုန်မှ ရပ်တော့မှာလားဆိုတော့ ဒီလိုမဟုတ်ပါဘူး။ ဒိဋ္ဌိကိလေသာနဲ့ ဝိစိကိစ္ဆာကိလေသာ နှစ်ပါးသေယင်ရပါပြီ။ သောတာပတ္တိမဂ်ဉာဏ်ရတော့ သောတာပတ္တိမဂ်ဉာဏ်သည် ဒိဋ္ဌိကိလေသာနဲ့ ဝိစိကိစ္ဆာကိလေသာ နှစ်ပါးကိုသာလျှင် သမုစ္ဆေဒပဟာတဗ္ဗ အနေအားဖြင့် ပယ်ပါတယ်။ ဒါကြောင့် ဒိဋ္ဌိကိလေသာနဲ့ဝိစိကိစ္ဆာကိလေသာ နှစ်ပါး သေဖို့ အရေးကြီး ပါတယ်။

အဲတော့ ဝဋ်သုံးပါးပြထားရာမှာ ကိလေသဝဋ်ဆိုတဲ့နေရာလေးမှာ ကိလေသာက ဘာကောက်ထားလဲ ဆိုယင် အဝိဇ္ဇာရယ် တဏှာရယ် ဥပါဒါန်ရယ် ပြပါတယ်။ အဝိဇ္ဇာတရားကိုယ်ကောက်တော့ မောဟပါ။ တဏှာနဲ့ဥပါဒါန် တရားကိုယ်ကောက်တော့ လောဘပါ။ အဲဒီ မောဟနဲ့လောဘဆိုတဲ့ ကိလေသာနှစ်လုံး သာလျှင် အဓိကထား ပြပါတယ်။ ဒီကိလေသာ နှစ်လုံးကြောင့် ကမ္မဝဋ်တွေ ဖြစ်ပါတယ်။ ကမ္မဝဋ်ကြောင့် ဝိပါကဝဋ်၊ ဝိပါကဝဋ်ကြောင့် ကိလေသဝဋ် ဖြစ်ပါတယ်။ အဲဒီ ကိလေသဝဋ်ကဘယ်သူတွေလည်းဆိုယင် (အဝိဇ္ဇာနဲ့ တဏှာ ဥပါဒါန်) ပါ။

ဒါကြောင့် တစ်ထောင့်ငါးရာကိလေသာ အကုန်သတ်ဖို့ မလိုပါဘူး။ မောဟကိလေသာနဲ့ လောဘကိလေသာ မဖြစ်အောင် ပါးအောင်လုပ်ဖို့ အရေးကြီးပါတယ်။ ဒီကိလေသာ နှစ်လုံးကြောင့် ကမ္မဝဋ်တွေ ဖြစ်တယ်။ ကမ္မဝဋ်ကြောင့် ဝိပါကဝဋ်ဖြစ်တယ်၊ ဝိပါကဝဋ်ကြောင့် ဘာဖြစ်ပြန်လည်းဆိုတော့ ကိလေသဝဋ်ဖြစ်ပြန်တယ်။ ဒီကိလေသဝဋ်က ဘာလဲဆိုတော့ (အဝိဇ္ဇာနဲ့ တဏှာ ဥပါဒါန်) ပါ။ ဒါဖြင့် ဒီကိလေသဝဋ်ချုပ်သွားလို့ရှိရင် ဒီကမ္မဝဋ် ဖြစ်ပါဦးမလား (မဖြစ်တော့ပါဘူး)၊ ကမ္မဝဋ်ချုပ်ရင် ဝိပါကဝဋ် မဖြစ်တော့ပါဘူး။

ဒါကြောင့် တရားအားထုတ်တော့မည့် ယောဂီအနေနှင့် ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကို အပြည့်အဝ နားလည်သဘောပေါက်အောင် လေ့လာခြင်းအားဖြင့် ဒိဋ္ဌိကို ခွာနိုင်ပါတယ်။ အဲလို ဒိဋ္ဌိကိုခွာပြီးမှသာ မိမိတို့၏ သဒ္ဓါ၊ ပညာ၊ ဝီရိယ အားလျော်စွာ မဂ်ဉာဏ် ဖိုလ်ဉာဏ်အဆင့်ဆင့်ကို တက်လှမ်းနိုင်ကြ ပါလိမ့်မယ်။


ပရိညာ ၃ ပါး

ဝိပဿနာအလုပ်ကို အားထုတ်သောအခါ အဆင့်သုံးဆင့်ထား၍ ဆောင်ရွက်ရမည်ဟု မိုးကုတ်ဆရာတော် ဘုရားကြီးက လမ်းညွှန်ပြသတော်မူခဲ့ပါတယ်။ ထိုအဆင့် သုံးဆင့်ကို ပရိညာသုံးပါး ဟု ခေါ်ပါတယ်။

ပရိညာဆိုတာ = ပိုင်းခြား၍ သိခြင်း ဟု အဓိပ္ပာယ်ရပါတယ်။

ပရိညာ (၃) ပါးမှာ (၁) ဉာတ ပရိညာ ၊ (၂) တီရဏ ပရိညာ ၊ (၃) ပဟာန ပရိညာတို့ ဖြစ်ကြပါတယ်။

၁။ ဉာတပရိညာဆိုတာ သိသင့်သိထိုက်သော ရုပ်နာမ်ဓမ္မတို့အပေါ် အခြေခံကျကျ လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်တို့ဖြင့် ပိုင်းခြား၍ သိခြင်းကို ခေါ်ပါတယ်။

၂။ တီရဏပရိညာဆိုတာ ရုပ်နာမ်ဓမ္မတို့အပေါ် အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေးသုံးပါး တင်၍ ဆင်ခြင် ကူးမြောက်မှု၌ ပိုင်းခြား၍ သိခြင်း။ (လက်တွေ့ ကျင့်ကြံအားထုတ်ခြင်းဖြင့် ပိုင်းခြား သိမြင်ခြင်း ဖြစ်ပါတယ်။)

၃။ ပဟာနပရိညာဆိုတာ မဂ်လေးတန်ဖြင့် ဆိုင်ရာကိလေသာတို့ကို ပယ်သတ်ခြင်း၌ ပိုင်းခြား၍ သိခြင်းပါ။

ထိုသုံးမျိုးတို့တွင် ဉာတပရိညာဖြင့် ဒိဋ္ဌိ ခွာဖို့လိုပါတယ်။ ဒိဋ္ဌိ နှင့် ဝိစိကိစ္ဆာတို့ကို ဉာတပရိညာသဘော (အသိဉာဏ်သဘော) ဖြင့် ကွဲကွဲပြားပြား ပိုင်ပိုင်နိုင်နိုင်သိဖို့လိုပါတယ်။ ထိုသို့ ကွဲကွဲပြားပြားသိလျှင်ပင် ဒိဋ္ဌိအစွဲ ဒိဋ္ဌိအယူတွေ ထိုက်သင့်သလောက် တဒင်္ဂအနေဖြင့် ကွာသွားနိုင်ပါတယ်။

ပုဂ္ဂိုလ် သတ္တဝါ ယောကျာ်း မိန်းမတွေ မဟုတ်၊ ရုပ်နာမ် အစုမျှသာပဲဟု ကွဲကွဲပြားပြား ဉာဏ်ဖြင့် သိလျှင်ပင် ဒိဋ္ဌိ အစွဲတွေ ကွာကျကုန်နိုင်ပါတယ်။

ထို့ပြင် ဘာကြောင့် ဖြစ်တာပါလိမ့်၊ ဘာကြောင့် ဖြစ်တာပါလိမ့်ဟု အကြောင်းတရားအပေါ်မှာ ဉာဏ်မရှင်းသောအခါ သံသယ ဝိစိကိစ္ဆာပေါ်ပါတယ်။

ဘယ်အကြောင်းကြောင့် ဖြစ်သည်ဟု တိတိကျကျ အကြောင်းတရားအပေါ်မှာ သိလာသောအခါ ဝိစိကိစ္ဆာ ကွာကျရပါတယ်။

ပုဂ္ဂိုလ် သတ္တဝါတို့၏ တစ်သက်တွင် တစ်ခါသေမြဲ ဓမ္မတာဟူ၍ ဆိုကြသော မရဏတရားသည် သမ္မုတိမရဏ မည်ပါတယ်။ ရုပ်ဓာတ် နာမ်ဓာတ်တို့၏ တစ်နေ့တစ်ရက်အတွင်းမှာပင် အကြိမ်ပေါင်း အရာအထောင်မက ချုပ်ပျက်သေဆုံးခြင်းသည် ပရမတ္ထမရဏ မည်ပါတယ်။

ထိုနှစ်ပါးတို့တွင် သမ္မုတိမရဏသည် အနိစ္စလက္ခဏာအစစ်မဟုတ်ပါ။ အနိစ္စ ပရိညာဟု မခေါ်ဆိုထိုက်ပါ။ အနုဿတိဆယ်ပါးတွင် မရဏနုဿတိ၏ အချက်မျှသာ ဖြစ်ပါတယ်။ ရုပ်ဓာတ် နာမ်ဓာတ်တို့၏ သေခြင်း ချုပ်ပျောက်ပျက်ဆုံးခြင်းဟူသော ပရမတ္တ မရဏသည်သာလျှင် အနိစ္စလက္ခဏာ အစစ်ဖြစ်ပါတယ်။ အနိစ္စပရိညာ၏ အချက်ဖြစ်ပါတယ်။

ဒုက္ခပရိညာ ဆိုသည်မှာ ဒုက္ခသဘော၌ ဉာဏ်အမြင် ပိုင်နိုင်ခြင်းကိုခေါ်ပါတယ်။ ဒုက္ခသည် (၁) ဝေဒယိတဒုက္ခ နှင့် (၂) ဘယဋ္ဌဒုက္ခဟူ၍ နှစ်ပါး ရှိပါတယ်။ ထိုနှစ်ပါးတို့တွင် -

ဝေဒယိတဒုက္ခဆိုသည်မှာ ကာယိကဒုက္ခ၊ စေတသိကဒုက္ခတို့ကို ဆိုလိုပါတယ်။ ကာယိကဒုက္ခဆိုသည်မှာ ကိုယ်အင်္ဂါတို့၌ ပေါ်ပေါက်ကျရောက်သော မခံသာသော ဒုက္ခဝေဒနာမျိုးကို ခေါ်ပါတယ်။ စေတသိကဒုက္ခ ဆိုသည်မှာ စိတ်သန္တာန်၌ ပေါ်ပေါက်ကျရောက်သော သောက၊ ပရိဒေဝ၊ ဒေါမနဿ၊ ဥပါယာသ ဒုက္ခမျိုးတို့ကို ဆိုလိုပါတယ်။

ဘယဋ္ဌဒုယ္ခဆိုသည်က ဘယဉာဏ်၊ အာဒီနဝဉာဏ်တို့၏ အရာဖြစ်သော ဒုက္ခမျိုးကို ဆိုလိုပါတယ်။ ဘယဉာဏ် အာဒီနဝဉာဏ်တို့၏ အရာဆိုသည်မှာ ဇာတိဒုက္ခ၊ ဇရာဒုက္ခ၊ မရဏဒုက္ခ၊ သင်္ခါရဒုက္ခ၊ ဝိပရိဏာမဒုက္ခ တို့ပဲ ဖြစ်ပါတယ်။

အနတ္တပရိညာဆိုသည်မှာတော့ ရုပ်နာမ်တရားတို့၌ အနတ္တဉာဏ်အမြင်၏ ပိုင်နိုင်ခြင်းဖြစ်ပါတယ်။

အနတ္တဉာဏ်အမြင်ဆိုသည်မှာ ပရမတ္တသစ္စာမျိုး ဖြစ်သော ရုပ်တရား နာမ်တရားများသည် သမ္မုတိသစ္စာမျိုး ဖြစ်သော ပုဂ္ဂိုလ်၏ အတ္တမဟုတ်၊ ဇီဝမဟုတ်၊ သတ္တဝါ၏ အတ္တမဟုတ်၊ ဇီဝမဟုတ်၊ ရုပ်တရားနာမ်တရားမှ၎င်း၊ ပုဂ္ဂိုလ်သတ္တဝါမှ၎င်း အလွတ် အသီးအခြားဖြစ်၍ ချုပ်သည် ပျက်သည်ဟူ၍ မရှိဘဲ တစ်ဘဝမှ တစ်ဘဝသို့ ကံပစ်ချရာ ပြောင်းသွား၍နေသော အတ္တဟူ၍လည်း မရှိ၊ ဇီဝဟူ၍လည်း မရှိဟု မြင်နိုင်သော ဉာဏ်ကို ခေါ်ပါတယ်။

ဤနေရာတွင် ပရိညာသုံးပါးနှင့် ပတ်သက်သော လယ်တီဆရာတော်ကြီး ရှင်းလင်းချက်ကို ယူ၍ ဖော်ပြခြင်းသည် ပို၍ ကောင်းပါတယ်။ လယ်တီဆရာတော်သည် သူ၏ ဝိပဿနာဒီပနီတွင် ပရိညာသုံးပါးအကြောင်းကို အောက်ပါအတိုင်း ရှင်းလင်းဖော်ပြထားပါတယ်။

ပရိညာဆိုသည်ကား ဉာဏ်၏ ပိုင်နိုင်ခြင်းတည်း။ ထို ပရိညာသည် (၁) ဉာတပရိညာ၊ (၂) တီရဏပရိညာ၊ (၃) ပဟာနပရိညာ ဟူ၍ သုံးပါး ရှိ၏။ ထိုသုံးပါးတို့တွင် -

၁။ ဉာတပရိညာ ဆိုသည်ကား အကြောင်းနှင့်တကွ ရုပ်တရား နာမ်တရား နိဗ္ဗာန်တရားတို့ကို သဘောကျစွာ တတ်သိလိမ္မာခြင်းတည်း။ အသိဉာဏ်၌ ဆံပင်မွေးညင်းစသော သဏ္ဍာန် ပညတ်မျိုး ပျောက်ကွယ်၍ ဓမ္မအဘိညာဖြင့် ပရမတ္တသက်သက်သာ ရှိသည်ဟု ပိုင်နိုင်စွာ သိခြင်းတည်း။ အကုန်လုံးကိုပင် မသိသော်လည်း ရုပ် ၂၈ ပါးတွင် ဓာတ်ကြီးလေးပါးကို ပိုင်ပိုင်နိုင်နိုင် သိနိုင်ပေလျှင်ပင် ရုပ်၌ ဉာတပရိညာကိစ္စ ပြီးနိုင်၏။

နာမ်၌လည်း ဝိညာဏ်တစ်ပါး၊ ဝေဒနာတစ်ပါး၊ သညာတစ်ပါး၊ စေတနာတစ်ပါး၊ ဤလေးပါးတို့ကို ပိုင်ပိုင်နိုင်နို်င် သိနိုင်ပေလျှင် နာမ်၌ ဉာတပရိညာကိစ္စ ပြီးနိုင်၏။ နိဗ္ဗာန်မှာလည်း ပြဆိုခဲ့ပြီးသည့်အတိုင်း သဘောကျနိုင်ပေလျှင် ဉာတပရိညာကိစ္စပြီးနိုင်၏။

၂။ တီရဏပရိညာ ဆိုသည်ကား ထိုရုပ်တရား နာမ်တရားတို့ကို ခဏိကဓမ္မ ဖြစ်ကြသည့်အတိုင်း ခဏခဏ ဖြစ်မှုပျက်မှုကို ရှုခြင်းအားဖြင့် ဉာဏ်ဖြင့် အပိုင်းပိုင်း ဖြတ်တောက်ခုတ်စဉ်းခြင်းသည် တီရဏမည်၏။ ထိုဖြတ်တောက်ခုတ်စဉ်မှု၏ ပိုင်နိုင်ခြင်းသည် တီရဏပရိညာမည်၏။

ထိုတီရဏပရိညာသည် (၁) အနိစ္စပရိညာ (၂) ဒုက္ခပရိညာ (၃) အနတ္တပရိညာ ဟူ၍ သုံးပါးရှိ၏။ ထိုသုံးပါးတို့တွင် -

အနိစ္စပရိညာ ဆိုသည်ကား မရဏတရား၌ ဉာဏ်အမြင် ပိုင်နိုင်ခြင်းတည်း။ ဤစကား၌ မရဏတရားသည် သမ္မုတိမရဏ ပရမတ္တ မရဏဟူ၍ နှစ်ပါး ရှိ၏။ ထိုနှစ်ပါးတို့တွင် -

သမ္မုတိမရဏဆိုသည်ကား သမ္မုတိသစ္စာဘက်၌ အနိစ္စ ပရိညာ၊ ဒုက္ခ ပရိညာ၊ အနတ္တ ပရိညာ သုံးပါးကို တီရဏပရိညာ ဆိုသတည်း။

(ထိုလက္ခဏာသုံးပါးတို့ကို ပိုင်နိုင်စွာထင်မြင်သော ဝိပဿနာဉာဏ်သုံးပါးသည် တီရဏပရိညာဏ် မည်ပါတယ်။

ဝိပဿနာဉာဏ်သုံးပါး ဆိုသည်မှာ -

(၁) အနိစ္စဝိပဿနာဉာဏ်တစ်ပါး၊

(၂) ဒုက္ခဝိပဿနာဉာဏ်တစ်ပါး၊

(၃) အနတ္တဝိပဿနာ ဉာဏ်တစ်ပါး တို့ပင်ဖြစ်ပါတယ်။

ထိုသုံးပါးတို့တွင် - ရှေးဦးစွာ အတ္တဒိဋ္ဌိကို ပယ်သတ်ခြင်းငှာ အနတ္တဝိပဿနာဉာဏ်သည်သာလျှင် ပိုင်နိုင်ရန် အရေးအကြီးဆုံးဖြစ်ပါတယ်။ အနတ္တဝိပဿနာဉာဏ် ပိုင်နိုင်ရန်မှာလည်း အနိစ္စဝိပဿနာဉာဏ် သည် လိုရင်းဖြစ်ပြီး၊ အနိစ္စဝိပဿနာဉာဏ် ပိုင်နိုင်ပါလျှင် အနတ္တဝိပဿနာဉာဏ်ကို ပိုင်နိုင်ပါတယ်။

ဒုက္ခဝိပဿနာဉာဏ်မှာမူ ဤအနိစ္စဝိပဿနာ ပိုင်နိုင်ရုံမျှနှင့် မပြီးနိုင်သေးပဲ၊ လောကုတ္တရာမဂ်သည် လေးဆင့်တိုင်တိုင် ရှိနေရသည်မှာ ဒုက္ခဝိပဿနာဉာဏ် အပြီးတိုင် မပိုင်နိုင်သေးသဖြင့် တဏှာ မာန မကုန် မဆုံးနိုင် ရှိနေသည့်အတွက်ကြောင့်ဖြစ်ပါတယ်။

ထို့ကြောင့် ဗုဒ္ဓဘာသာ သာသနာတော်နှင့် တွေ့ကြုံကြသည့်ဘဝတွင် အနတ္တဝိပဿနာဉာဏ်ကို ပိုင်နိုင်ခြင်းငှာ အနိစ္စဝိပဿနာ တရားကိုသာ အရေးကြီးစွာ အားထုတ်ဖို့လိုပါတယ်။

အနိစ္စဝိပဿနာဉာဏ် ပိုင်နိုင်လျှင် အနတ္တဝိပဿနာဉာဏ် ပိုင်နိုင်ခြင်း ကိစ္စပြီးစီးပါတယ်။)

၃။ ပဟာနပရိညာ ဆိုသည်ကား ဝိပလ္လာသတရားတို့ကို ပယ်ရှားမှု၏ ပိုင်နိုင်မှုတည်း။ အနိစ္စာနုပဿနာဉာဏ်ဖြင့် နိစ္စဝိပလ္လာသ တရားသုံးပါးတို့ကို ပိုင်ပိုင်နိုင်နိုင် ပယ်ရှားခြင်း၊ ဒုက္ခာနုပဿနာဉာဏ်ဖြင့် သုခဝိပလ္လာသတရားသုံးပါး၊ သုဘဝိပလ္လာသတရားသုံးပါးတို့ကို ပိုင်ပိုင်နိုင်နိုင် ပယ်ရှားခြင်း၊ အနတ္တာ နုပဿနာဉာဏ်ဖြင့် အတ္တ ဝိပလ္လာသတရားသုံးပါးတို့ကို ပိုင်ပိုင်နိုင်နိုင် ပယ်ရှားခြင်းတည်း။

( ဗုဒ္ဓဘာသာ သာသနာ၌ လိုရင်းပဓာနဖြစ်သော ပဟာနတရား ငါးပါးရှိပါတယ်။

(၁) တဒင်္ဂပဟာန

(၂) ဝိက္ခမ ္ဘနပဟာန

(၃) သမုစ္ဆေဒပဟာန

(၄) နိဿရဏပဟာန တို့ဖြစ်ပါတယ်။

ထိုငါးပါးတို့ကို ထင်ရှားစေခြင်းငှာ ကိလေသာအခိုက် ဘူမိအပြားသုံးပါးနဲ့ပြပါတယ်။

(၁) အနုသယဘူမိ

(၂) ပရိယုဋ္ဌာနဘူမိ

(၃) ဝီတိက္ကမဘူမိ .. တို့ဖြစ်ပါတယ်။

အနုသယဘူမိ ဆိုတာ ဥပါဒ် ဌီ ဘင် အားဖြင့် အသီးအခြား စေတသိက်တစ်ပါးအနေနှင့် ဖြစ်ပေါ်ခြင်း မရှိကြကုန်ပဲ စိတ်သန္တာန်၌သာ အစဉ်စွဲကပ်ငုပ်ဓာတ် ဝပ်ဓာတ် အိပ်ဓာတ် ကိန်းဓာတ်ဖြစ်၍ နေကြကုန်သော ကိလေသာတို့၏ ကိန်းဝပ်မှု ကို အနုသယဘူမိ လို့ခေါ်ပါတယ်။

ခြောက်ဒွါရတွင် တစ်ခုခုသောဒွါရ၌ ကိလေသာဓမ္မ ထကြွဖြစ်ပေါ်ရန် အာရုံတိုက်ဆိုင်လာသဖြင့် မနောဒွါရတွင် ထကြွ၍လာကြသော ကိလေသာတို့၏ ကိန်းဝပ်ရာမှ ထကြွဖြစ်ပေါ်လာခြင်းကို ပရိယုဋ္ဌာနဘူမိ ခေါ်ပါတယ်။

မနောဒွါရတွင် မတန့်မရပ်ကြကုန်မူ၍ ကိုယ်အင်္ဂါ နှုတ်အင်္ဂါ လှုပ်ရှားမှုတိုင်ရောက်အောင် ကျူးလွန်၍ လာကြကုန်သော ကိလေသာတို့၏ ကျူးလွန်မှုကြီးကို ဝီတိက္ကမဘူမိလို့ ခေါ်ပါတယ်။

လောဘကိလေသာသည် အနမတဂ္ဂသံသရာတွင် သတ္တဝါတစ်ခု၏ စိတ်သန္တာန်၌ လောဘကိလေသာ တစ်ခုမှာပင် ဘုံသုံးဆင့်ရှိပါတယ်။ ထို့အတူ ဒေါသကိလေသာမှာလည်း ဘုံသုံးဆင့်၊ မောဟကိလေသာ၊ ဒိဋ္ဌိကိလေသာ၊ မာနကိလေသာ စသည်တို့မှာ အသီးအသီး ဘုံသုံးဆင့်စီ ရှိကြပါတယ်။

ဗုဒ္ဓဘာသာ၌ သီလ သမာဓိ ပညာဟူသော သိက္ခာသုံးပါးတို့တွင် သီလဟူသော ပဌမသိက္ခာသည် ကိလေသာတို့၏ ဝီတိက္ကမဘူမိဟူသော တတိယဘုံမျှသာ ပယ်နိုင်ပါတယ်။ တတိယဘုံမျှကိုသာ ပယ်နိုင်သည့်အတွက် ဒုတိယဘုံ ပဌမဘံရှိနေကြသေးသောကြောင့် သီလဖြင့်ပယ်အပ်သော ကိလေသာတို့မည်သည် မကြာခဏဖြစ်ပေါ်၍ ထကြွသဖြင့် ဝီတိက္ကမဘုံတိုင်အောင် ပြည့်မြဲပြည့်နိုင် ကြပြန်ပါတယ်။ ထိုကြောင့် သီလဖြင့် ပယ်ခြင်းကို တဒင်္ဂပဟာန် လို့ခေါ်ပါတယ်။

ပဌမဈာန် ဒုတိယဈာန် အစရှိသော ဈာန်သမာဓိဟူသော သမာဓိ သိက္ခာသည် သီလပယ်ချက်မှ ကျန်ရှိသော ဘူမိနှစ်ပါးတို့တွင် ပရိယုဋ္ဌာနဘူမိဟူသော ဒုတိယဘုံမျှကို ပယ်နိုင်ပါတယ်။ အနုသယဘူမိ ကျန်ရှိသည့်အတွက် ဈာန်သမာပတ်တို့ဖြင့် ပယ်အပ်သော ကိလေသာများသည်လည်း ဈာန်၏ ဆန့်ကျင့်ဘက်တရားနှင့် တွေ့ကြုံလာခဲ့လျှင် ဈာန်ကိုပင် ဖျက်ဆီး၍ ဝီတိက္ကမဘုံတိုင်အောင် ပြည့်မြဲပြည့်နိုင်ပြန်၍ ဝိက္ခမ္ဘနပဟာန် ခေါ်ပါတယ်။

ဝိပဿနာပညာ လောကုတ္တရာမဂ်ပညာဟူသော တတိယ သိက္ခာသည်မူကား သီလ သမာဓိတို့ မပယ်နိုင်ကြသော အနုသယဘူမိဘူသော ပဌမဘုံကို ပယ်နိုင်ပါတယ်။ ဤပဌမဘုံကို ပယ်ခြင်းသည် အကြွင်းအကျန်မရှိသော ပယ်ခြင်းဖြစ်၍ သမုစ္ဆေဒပဟာန် ခေါ်ပါတယ်။ အမြစ်အရင်းနှင့်တကွ အကြွင်းအကျန် မရှိအောင် ပယ်ဖြတ်ခြင်းကိုဆိုလိုပါတယ်။

လောကုတ္တရာ မဂ်ပညာတို့၏ ပယ်ခြင်းကိုပင်လျှင် လောကုတ္တရာဖိုလ် ပညာတို့က အရှိန်အငွေ့မျှ မကျန်ရအောင် ထပ်မံ၍ တစ်ဖန်ငြိမ်းစေခြင်းကို ပဋိပဿဒ္ဓိပဟာန်လို့ခေါ်ပါတယ်။ နိဗ္ဗာန်ဖြင့် ပယ်ခြင်းကို နိဿရဏပဟာန် ခေါ်ပါတယ်။

ဝိပဿနာပညာ မဂ်ပညာ ဖိုလ်ပညာဟူ၍ သုံးပါးရှိသည်တွင် ပြဆိုခဲ့ပြီးသော တီရဏပရိညာပညာသည် အနုသယဘူမိကို ပယ်ငြားသော်လည်း အကုန်အစင် မပယ်နိုင်သေးပါ၊ မဂ်ပညာတို့သည်သာလျှင် မိမိတို့၏ ဆိုင်ရာ ကိလေသာတို့ကို အကြွင်းမရှိ အကုန်အစင် ပယ်နိုင်ကြပါတယ်။

သောတာပတ္တိမဂ်ပညာသည် ဒိဋ္ဌိဟူသမျှ ဝိစိကိစ္ဆာ ဟူသမျှ တို့ကို အမြစ်အရင်း အကြွင်းအကျန်မရှိ ပယ်သလို အပါယဂါမိဒုစ္စရိုက်တရားတို့နှင့် အပါယ်ဘဝတို့ကိုလည်း ထိုသန္တာန်မှာ နောင်တစ်ဖန် မဖြစ်ပေါ်ရန် အကြွင်းအကျန်မရှိ ပယ်ပါတယ်။

သကဒါဂါမိမဂ်ပညာသည် ရုန့်ရင်းသော ကာမရာဂ ဗျာပါဒ တို့ကို အကြွင်းမရှိ ပယ်ပါတယ်။

အနာဂါမိမဂ်ပညာသည် ထိုသန္တာန်တွင် ကျန်ရှိသေးသော သိမ်မွေ့ သေးဖွဲသော ကာမရာဂ ဗျာပါဒတို့ကို အကြွင်းမရှိ ပယ်ပါတယ်။ ထိုပုဂ္ဂိုလ်သည် ကာမနွယ်ပြတ်ပါပြီ၊ ဗြဟ္မာ့ဘုံလျှင်လားရာဂတိ ရှိပါတယ်။

အရဟတ္တမဂ်ပညာသည် ထိုသန္တာန်တွင် ကျန်ရှိသမျှသော ကိလေသာတို့ကို အကုန်အစင်ပယ်ပါတယ်။ ထိုပုဂ္ဂိုလ်ကို ကိလေသာကုန်ငြိမ်းသော ရဟန္တာပုဂ္ဂိုလ်ဟုခေါ်ပါတယ်။ )

ပရိညာ ၃ ပါး ရှင်းလင်းရှင်း ဤတွင်ပြီးပါပြီ။

ကိုယ်စိတ်ချမ်းမြေ့တရားတွေ့ကြပါစေ။


ရှစ်သွယ်သောပဋိစ္စသမုပ္ပါဒ် (လင်္ကာ)

၁။ မူလနှစ်ဖြာ၊

၂။ သစ္စာနှစ်ခု၊

၃။ လေးခုအလွှာ၊

၄။ အင်္ဂါတစ်ဆယ့်နှစ်ပါး၊တရားကိုယ်များနှင့်

၅။ သုံးပါးအစပ်၊ နှစ်ရပ်မူလ၊

၆။ ဝဋ်သုံးဝနှင့်

၇။ ကာလသုံးဖြာ၊

၈။ ခြင်းရာနှစ်ဆယ်၊

ဤ ရှစ်သွယ်ကို၊ အလွယ်ကျက်မှတ်၊ သိစေအပ်သည်၊ သံသရာမှလွတ်ကြောင်းတည်း။

၁။ မူလနှစ်ဖြာ = အဝိဇ္ဇာ နှင့် တဏှာ

၂။ သစ္စာနှစ်ခု = ဒုက္ခသစ္စာ နှင့် သမုဒယသစ္စာ

(အတိတ်အကြောင်းနှင့် ပစ္စုပ္ပန်အကြောင်းသည် သမုဒယသစ္စာ)

(ပစ္စုပ္ပန်အကျိုးနှင့် အနာဂတ်အကျိုးသည် ဒုက္ခသစ္စာ)

၃။ လေးခုအလွှာ = (၁) အကွက်တွင် အတိတ်အကြောင်းတစ်လွှာ

(၂) အကွက်တွင် ပစ္စုပ္ပန်အကျိုးတစ်လွှာ

(၃) အကွက်တွင် ပစ္စုပ္ပန်အကြောင်းတစ်လွှာ

(၄) အကွက်တွင် အနာဂတ်အကျိုးတစ်လွှာ

၄။ အင်္ဂါတစ်ဆယ့်နှစ်ပါး = ၁။ အဝိဇ္ဇာ၊ ၂။ သင်္ခါရ၊ ၃။ ဝိညာဏ်၊ ၄။ နာမ်ရုပ်၊ ၅။ သဠာယတန၊ ၆။ ဖဿ၊ ၇။ ဝေဒနာ၊ ၈။ တဏှာ၊ ၉။ ဥပါဒါန်၊ ၁၀။ ကမ္မဘဝ၊ ၁၁။ ဇာတိ၊ ၁၂။ ဇရာမရဏ။

၅။ သုံးပါးအစပ် = သင်္ခါရ နှင့် ဝိညာဏ်သည် (ပထမ) အစပ် ၊

ဝေဒနာ နှင့် တဏှာသည် (ဒုတိယ) အစပ် ၊

ကမ္မဘဝ နှင့် ဇာတိသည် (တတိယ) အစပ် ၊

နှစ်ရပ်မူလ - တဏှာ နှင့် အဝိဇ္ဇာ

၆။ ဝဋ်သုံးပါး = (၁) အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်သည် ကိလေသာဝဋ်သုံးပါး

(၂) သင်္ခါရ နှင့် ကမ္မဘဝသည် ကမ္မဝဋ်နှစ်ပါး

(၃) ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ ဇာတ(ဥပ္ပပတ္တိဘဝ)၊ ဇရာမရဏသည် ဝိပါကဝဋ်ရှစ်ပါး၊

၇။ ကာလသုံးပါး = အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်

(တစ်နည်း)

လွန်လေပြီးသောအတိတ်ကာလ

ယခုဖြစ်ဆဲပစ္စုပ္ပန်ကာလ

နောင်ဖြစ်လတ္တံသောအနာဂတ်ကာလ။

၈။ ခြင်းရာနှစ်ဆယ် = (၁) အကွက်တွင် အဝိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ(အတိတ်အကြောင်းခြင်းရာငါးပါး)

(၂) အကွက်တွင် ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ(ပစ္စုပ္ပန်အကျိုးခြင်းရာငါးပါး)

(၃) အကွက်တွင် တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ၊ အဝိဇ္ဇာ၊ သင်္ခါရ (ပစ္စုပ္ပန်အကြောင်းခြင်းရာငါးပါး)

(၄) အကွက်တွင် ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ(အနာဂတ်အကျိုးခြင်းရာငါးပါး)

အဝိဇ္ဇာဆိုသည်မှာ - သစ္စာလေးပါး၊ ပဋိစ္စသမုပ္ပါဒ်တရားတို့ကိုမသိခြင်း၊ ယင်းတရားတို့အပေါ်၌ တွေဝေခြင်း၊ အာရုံ၌ရှိသောတရားတို့ကိုအမှန်မမြင် မသိအောင် ဖုံးလွှမ်းတတ်ခြင်း၊ အာသဝလျှင် နီးသောအကြောင်းရှိခြင်း ကြောင့် အဝိဇ္ဇာသည်မျက်ကန်းနှင့် တူပါတယ်။

သင်္ခါရသုံးမျိုးရှိပါတယ် - ၁။ ကာယသင်္ခါရ၊ (ကိုယ်ဖြင့် အားထုတ်ပြုလုပ်ခြင်း)

၂။ ဝစီသင်္ခါရ၊ (နှုတ်ဖြင့် အားထုတ်ပြုလုပ်ခြင်း)

၃။ စိတ္တသင်္ခါရ၊ (စိတ်အားဖြင့် တွေးတောကြံစည်ခြင်း)

(တနည်း)

ပုညာဘိသင်္ခါရ(အဝိဇ္ဇာဂတော၊ပုညာဘိသင်္ခရောတိ) အဝိဇ္ဇာ တရားကိန်းသောပုဂ္ဂိုလ်သည် ပုညတည်း ဟူသော ကုသိုလ်ကောင်းမှုတို့အား အဘိလွန်ကဲစွာသင်္ခရောတိ ပြုလုပ်လေ့ရှိပါသည်။ သစ္စာမသိဘဲနှင့် ပြုလုပ်သော ကုသိုလ်ကောင်းမှုကိုဆိုလိုပါတယ်။

အပုညာဘိသင်္ခါရ - အပုည - အကုသိုလ်တရားအစုကို၊ အဘိ - လွန်ကဲစွာ၊ သင်္ခါရ - ပြုလုပ်ခြင်း။

အနဉ္စာဘိသင်္ခါရ - အနဉ္စ - ဗြဟ္မာ့ပြည်ရောက်ကြောင်း၊ ဈာန်လမ်းဖြစ်တဲ့ သမထဘာဝနာပွားများခြင်း အလုပ်ကို၊ အဘိ - လွန်ကဲစွာ၊ သင်္ခါရ - ပြုလုပ်ခြင်း။

မှတ်ချက်။ ။ ယင်းသင်္ခါရ(၃)ပါးတို့သည် အဝိဇ္ဇာတရား ကိန်းသောပုဂ္ဂိုလ်များသာလျှင် ပြုလုပ်လေ့ ရှိသဖြင့် အဝိဇ္ဇာလျှင် နီးသောအကြောင်း ဖြစ်၏။

ဆိုလိုရင်းမှာ အဝိဇ္ဇာကြောင့် ပုည၊ အပုည နှင့် အာနဉ္စာဘိသင်္ခါရတို့ ပြုလုပ်ခြင်း ဖြစ်ပါတယ်။

ထို့ကြောင့် အဝိဇ္ဇာ ပစ္စယောပုညာဘိသင်္ခါရ၊

အဝိဇ္ဇာ ပစ္စယာအပုညာဘိသင်္ခါရ၊

အဝိဇ္ဇာ ပစ္စယာအာနဉ္စဘိသင်္ခါရတို့ကို ဖြစ်ပေါ်စေပါတယ်။

ဝိညာဏ် ပဋိသန္ဓေ ဝိညာဏ် ဟုယူပါ။

သန္ဒဟန=ပစ္စုပ္ပဋ္ဌာနံဟုဆိုသဖြင့် စုတိပဋိသန္ဓေဟူသော ဘဝနှစ်ပါးကိုတစ်စပ်တည်းကဲ့သို့ စပ်တတ်သော တရား ဖြစ်ပါတယ်။

နာမ်ရုပ် နာမ်ဓာတ်(၄)ပါးတွင် ဝိညာဏ်သည် စိတ် နာမ် ဓမ္မဖြစ်ပြီး ဝေဒနာ၊ သညာနှင့် သင်္ခါရ တို့သည် စေတသိက်နာမ်ဓမ္မများ ဖြစ်ပါတယ်။

ချဲ့လျှင် စိတ်(၈၉)ပါး၊ စေတသိက်(၅၂)ပါး၊ ရုပ်ဓာတ်(၁)ပါး၊ ချဲ့လျှင် ရုပ်(၂၈)ပါး၊ ပေါင်းလိုက်သော် ရုပ်နာမ်ခန္ဓာ (၅)ပါး၊ စိတ်စေတသိက် နှင့် ရုပ် (၁၆၉)ပါး။

သဠာယတနသို့မဟုတ် ဆဠာယတန=မျက်စိအကြည်၊ နားအကြည်၊ နှာခေါင်းအကြည်၊ လျှာအကြည်၊ ကိုယ်အကြည်၊ စိတ်ဟူ၍ အကြည်ဓာတ်(၆)ပါး။

ဖဿ အာရုံနှင့်တွေ့ထိခြင်း၊ ထိပါးခြင်း၊ ကြိတ်နယ်ခြင်း။

ဝေဒနာ အာရုံ၏ အရသာကိုအစဉ်ခံစားခြင်း၊ သုံးဆောင်ခြင်း၊ (တနည်း) ဝေဒနာမှာ သုခ၊ ဒုက္ခ၊ ဥပေက္ခာဝေဒနာ (ကောင်း၊ မကောင်း၊ အလတ်စား) ကိုခံစားခြင်း။

တဏှာ (၁) ကာမတဏှာ - ငါးပါးအာရုံကာမဂုဏ်ကိုလိုချင်တပ်မက်ခြင်း၊ ကာမရာဂဖြင့် သာယာခြင်း၊

(၂) ဘဝတဏှာ - မိမိ၏ ရောက်ရာဘဝကို တပ်မက် သာယာခြင်း၊ သဿတဒိဋ္ဌိ နှင့် ယှဉ်တွဲ၍ သာယာခြင်း၊

(၃) ဝိဘဝတဏှာ - ဘဝပြတ်မှုကို တပ်မက် နှစ်သက်ခြင်း၊ ဥစ္ဆေဒဒိဋ္ဌိနှင့်ယှဉ်တွဲ၍ သာယာခြင်း၊

ယင်းတဏှာ(၃)တန်အား (အာ-ကာ-သံ)ဖြင့် မြှောက်ပါကတဏှာအစစ် (၁၀၈)ပါးရပါတယ်။

ဥပါဒါန် လေးမျိုးရှိပါတယ်။

(၁) ကာမုပါဒါန် - ကာမဂုဏ်တရားတို့ကိုစွဲစွဲလမ်းလမ်း ဖြစ်တတ်သည့် လောဘတရား။

(၂) ဒိဋ္ဌုပါဒါန် - အယူမှား၊ အမှတ်မှား၊ အသိမှားတို့ကိုစွဲလမ်းစွာ ဖြစ်ပေါ်သောဒိဋ္ဌိတရား၊

(၃) သီလဗ္ဗတုပါဒါန် - အကျင့်သီလမမှန်ခြင်း၊ မှားသောအကျင့်တရားကိုမှန်သည် ထင်၍ ကျင့်ကြံအားထုတ် ခြင်း၊ မှန်သောတရားကိုမှားသည် ထင်မှတ်ခြင်း။

(၄) အတ္တဝါဒုပါဒါန် - မိမိ၏ အယူဝါဒ၊ မိမိ၏ တရားသာမှန်၏ဟုယူထားသောဒိဋ္ဌိတရား။ အတ္တကောင် အသက်လိပ်ပြာကောင် ရှိသည်ဟုအယူမှားခြင်း။

ကမ္မဘဝ ဆိုသည်မှာ -

(၁) ကာယကံ - ကိုယ်ဖြင့်ပြုလုပ်ခြင်း။

(၂) ဝစီကံ - နှုတ်ဖြင့်ပြုလုပ်ခြင်း။

(၃) မနောကံ - စိတ်ဖြင့်ကြံစည်ခြင်း။

ဥပါဒါန်လေးပါးတည်းဟူသောအကြောင်းကြောင့် ကမ္မဘဝ, ဥပပတ္တိဘဝ ဟူသောအကျိုးတရားများ

ဖြစ်လာရကုန်၏ ဟူရာ၌ ကမ္မဘဝမှ ပုညာဘိသင်္ခါရ, အပုညာဘိသင်္ခါရ, အာနေဉ္ဇာဘိသင်္ခါရ - သင်္ခါရသုံးပါး

တို့ကိုသာကောက်ယူရမည်။

ဥပပတ္တိဘဝမှ ကာမဘဝ၊ ရူပဘဝ၊ အရူပဘဝ၊ သညီဘဝ၊ အသညီဘဝ၊ နေဝသညီနာသညီဘဝ၊

ဧကဝေါကာရဘဝ၊ စတုဝေါကာရဘဝ၊ ပဉ္စဝေါကာရဘဝ ဟူ၍ တစ်ဖန် အပြားအားဖြင့် ခွဲထွက်သွား၏။

ဥပါဒါန်ကြောင့် ဘဝအကျိုးဖြစ်ခြင်းမှာ ဥပပတ္တိဘဝနှင့် ကမ္မဘဝ နှစ်မျိုးစလုံး အကျိုးဖြစ်သည်ဟု ကောက်ရ ၏။

ကမ္မဘဝသည် ဇာတိအကျိုးအတွက် အကြောင်းတရားဟုကောက်ရသည်။

ဇာတိ ကမ္မဘဝတည်းဟူသော အကြောင်းကြောင့် ဇာတိဖြစ်၏ ဟုဆိုရာတွင် ဝိညာဏ် ဖြစ်စဉ်ကဲ့သို့ ပဋိသန္ဓေဝိညာဏ်စိတ်(၁၉)ပါးတို့နှင့် ကမ္မဇရုပ် (၂၀)ပါးတို့သည် ပါဝင်ကြကုန်၏ ဟုကောက်ရ၏ ။

ဇရာမရဏဇာတိသည် အကြောင်းဖြစ်၍ ဇရာမရဏသည် အကျိုး ဖြစ်ပါသည်။ ဇရာလက္ခဏာ လေးမျိုးရှိသည် -

၁။ ဇီရဏဇရာ - ရင့်ကျက်ခြင်း။

၂။ ခဏ္ဍိစ္စဇရာ - သွားကျိုးခြင်း။

၃။ ပါလိတ္တဇရာ - ဆံဖြူခြင်း။

၄။ ဝလိတ္တဇရာ - အရေတွန့်ခြင်း။

ဤဇရာလက္ခဏာ၏ လမ်းကြောင်းများကို မြင်သဖြင့် ၎င်းလမ်းကြောင်းသည် ဥပါဒ်, ဌီ, ဘင် အားဖြင့် ပျက်စီးခြင်း ဖြစ်သည်။ ပျက်စီးရပုံတို့သည် ဇရာအစစ်ဖြစ်လေ၏။

မရဏသုံးပါးရှိသည် -

၁။ ခန္ဓာနံဘေဒေါ - ခန္ဓာငါးပါးတို့ ပျက်စီးပြိုကွဲခြင်း။

၂။ ကဠေဝရဿ နိက္ခေပေါ - အသေကောင်ကိုစွန့်ပစ်ခြင်း။

၃။ ဇီဝိတိန္ဒြိယဿ ဥပစေ္ဆဒေါ - ဇိဝိတိန္ဒြေ ပြတ်စဲခြင်း။

ဇာတိကြောင့် ဤဇရာလေးမျိုး၊ မရဏသုံးမျိုးတို့ အကျိုးတရားများ ဖြစ်လာကြကုန်၏ ။

နောက်ဆက်တွဲ

အဝိဇ္ဇာ ဖြစ်ကြောင်းတရား

အဘယ်အကြောင်းကြောင့် အဝိဇ္ဇာ ဖြစ်သနည်း။

အာသဝေါတရား ၄ ပါးကြောင့် အဝိဇ္ဇာ ဖြစ်၏ ။

ခန္ဓာအရှိဖြစ်ပျက်၊ ဉာဏ်အသိမဂ်နဲ့မကိုက်တဲ့ ပုဂ္ဂိုလ်များသေခါနီးဘယ်တရားခြယ်လှယ် သိမ်းပိုက် သေရပါ သလဲ။

အာသဝေါတရား သိမ်းပိုက်ပြီးသေကြရပါတယ်။

အာသဝေါတရားဆိုတာ - ဘုရားသခင်ကိုယ်တော်မြတ်ကြီးက အာသဝက္ခယသုတ် ဣတိဝုတ်ပါဠိတော်မှာ အထက်ဘဝဂ်၊ အောက်အဝီစိတိုင်အောင် မျောအောင်၊ မြုပ်အောင် လုပ်တတ် တဲ့ တရားလို့ ဟောခဲ့ပါတယ်။ အဲဒီ အာသဝေါတရား(၄)ပါးမှာ -

(၁) ကာမာသဝ - ဆိုတာကကာမ(၁၁)ဘုံ၌ မြုပ်အောင်၊ မျောအောင် လုပ်တတ်တဲ့ လောဘတရား။

(၂) ဘဝါသဝ - ဆိုတာက နေဝသညာ နာသညာယတနဘုံတည်းဟူသောရူပ(၁၆)ဘုံနှင့်

အရူပ(၄)ဘုံ၊ ပေါင်းဗြဟ္မာဘုံ (၂၀)၌ မြုပ်အောင် မျောအောင် လုပ်တတ်တဲ့ လောဘတရား။

(၃) ဒိဋ္ဌာသဝ - ဆိုတာအပါယ်လေးပါးသို့ ကျအောင် လုပ်တတ်တဲ့ ဒိဋ္ဌိတရား။

(၄) အဝိဇ္ဇာသဝ - ဆိုတာကသုံးဆယ့်တစ်ဘုံလုံးကို ခြုံပြီး မြုပ်အောင်၊ မျောအောင် လုပ်တတ်တဲ့

မောဟတရားဟူ၍ (၄) ပါးရှိပါတယ်။

Credit to ဦးဆန်းတင် ဗုဒ္ဓ၏အပါယ်ပိတ်တရား နှင့် ဆရာကြီးဦးကြင်ရွှေ ၏ ပခုက္ကူဝိပဿနာ မှ ကောက်နှုတ် ဖော်ပြအပ်ပါသည်။


မုန်လည်ဆရာတော်ဟောကြားသော သဠာယတန ဒွါရ ခြောက်မည် အကြည် ခြောက်ပါးပေါ် မူတည်၍ ခန္ဓာငါးပါးဖွဲ့ခြင်း

မျက်စိ - စက္ခုအကြည်ကိုအဆင်းတိုက်တော့ စက္ခုဝိညာဉ်ပေါ်ပါသည်။ စက္ခုဝိညာဉ်ပေါ်သောအခါ တစ်ဝိညာဉ်တည်း ပေါ်လို့ ဖြစ်ပါသလား၊ မဖြစ်နိုင်ပါ။ စက္ခုဝိညာဉ်စိတ် နှင့် သဟဇာတ ဖြစ်တဲ့ ဝေဒနာ၊ သညာ၊ စေတနာသုံးပါးပေါင်းတော့ နာမက္ခန္ဓာလေးပါး ဖြစ်ပါသည်။ စက္ခုအကြည် နှင့် အဆင်းကို ခန္ဓာဖွဲ့တော့ ရူပက္ခန္ဓာ ဖြစ်ပါသည်။ နာမက္ခန္ဓာလေးပါး နှင့် ပေါင်းတော့ ခန္ဓာငါးပါး ဖြစ်ပါသည်။

စက္ခုအကြည် နှင့် အဆင်းတို်က်တော့ မြင်သိစိတ် ပေါ်ပါသည်။ အဆင်းကို မြင်သိတာကစိတ်၊

ဝေဒနာ၊ သညာ၊ စေတနာကစေတသိက်။ “စိတ်၊ စေတသိက်”

စက္ခုအကြည် နှင့် အဆင်းကရုပ်၊ “စိတ်၊ စေတသိက်၊ ရုပ်”။

စက္ခုအကြည်ကိုအဆင်းတိုက်တော့ မြင်သိစိတ်ပေါ်ပါသည်။ အဆင်းကို မြင်သိတာကနာမ်တရား။

မျက်စိအကြည် နှင့် အဆင်းကရုပ်တရား။

နာမ်၊ ရုပ် နှစ်ပါး။

နား - သောတအကြည်ကိုအသံတိုက်တော့ သောတဝိညာဉ်ပေါ်ပါသည်။ သောတဝိညာဉ်ပေါ်သောအခါ တစ်ဝိညာဉ်တည်း ပေါ်လို့ ဖြစ်ပါသလား၊ မဖြစ်နိုင်ပါ။ သောတဝိညာဉ် နှင့် သဟဇာတ ဖြစ်တဲ့ ဝေဒနာ၊ သညာ၊ စေတနာသုံးပါးပေါင်းတော့ နာမက္ခန္ဓာလေးပါး ဖြစ်ပါသည်။ သောတအကြည် နှင့် အသံကို ခန္ဓာဖွဲ့တော့ ရူပက္ခန္ဓာ ဖြစ်ပါသည်။ နာမက္ခန္ဓာလေးပါး နှင့် ပေါင်းတော့ ခန္ဓာငါးပါး ဖြစ်ပါသည်။

နားအကြည် နှင့် အသံတို်က်တော့ ကြားသိစိတ် ပေါ်ပါသည်။ အသံကို ကြားသိတာကစိတ်၊

ဝေဒနာ၊ သညာ၊ စေတနာကစေတသိက်။ “စိတ်၊ စေတသိက်”

နားအကြည် နှင့် အသံကရုပ်၊ “စိတ်၊ စေတသိက်၊ ရုပ်”။

နားအကြည်ကိုအသံတိုက်တော့ ကြားသိစိတ်ပေါ်ပါသည်။ အသံကိုကြားသိတာကနာမ်တရား။

နားအကြည် နှင့် အသံကရုပ်တရား။

နာမ်၊ ရုပ် နှစ်ပါး။

နှာ - ဃာနအကြည်ကိုအနံ့တိုက်တော့ ဃာနဝိညာဉ်ပေါ်ပါသည်။ ဃာနဝိညာဉ်ပေါ်သောအခါ တစ်ဝိညာဉ်တည်း ပေါ်လို့ ဖြစ်ပါသလား၊ မဖြစ်နိုင်ပါ။ ဃနဝိညာဉ် နှင့် သဟဇာတ ဖြစ်တဲ့ ဝေဒနာ၊ သညာ၊ စေတနာသုံးပါးပေါင်းတော့ နာမက္ခန္ဓာလေးပါး ဖြစ်ပါသည်။ ဃာနအကြည် နှင့် အနံ့ ကို ခန္ဓာဖွဲ့တော့ ရူပက္ခန္ဓာ ဖြစ်ပါသည်။ နာမက္ခန္ဓာလေးပါး နှင့် ပေါင်းတော့ ခန္ဓာငါးပါး ဖြစ်ပါသည်။

နှာအကြည် နှင့် အနံ့တို်က်တော့ နံသိစိတ် ပေါ်ပါသည်။ အနံ့ကိုနံသိတာကစိတ်၊

ဝေဒနာ၊ သညာ၊ စေတနာကစေတသိက်။ “စိတ်၊ စေတသိက်”

နှာအကြည် နှင့် အနံ့ကရုပ်၊ “စိတ်၊ စေတသိက်၊ ရုပ်”။

နှာအကြည်ကိုအနံ့တိုက်တော့ နံသိစိတ်ပေါ်ပါသည်။ အနံ့ကိုနံသိတာကနာမ်တရား။

နှာအကြည် နှင့် အနံ့ကရုပ်တရား။

နာမ်၊ ရုပ် နှစ်ပါး။

လျှာ - ဇိဝှါအကြည်ကို ချို၊ ချဉ်၊ စပ်၊ ငန်၊ ဖန်၊ ခါးရသာ (၆)ပါးတိုက်တော့ စားသိစိတ်ဆိုတဲ့ ဇိဝှါဝိညာဉ်ပေါ်ပါသည်။ ဇိဝှါဝိညာဉ်ပေါ်သောအခါ တစ်ဝိညာဉ်တည်း ပေါ်လို့ ဖြစ်ပါသလား၊ မဖြစ်နိုင်ပါ။ ဇိဝှါဝိညာဉ် နှင့် သဟဇာတ ဖြစ်တဲ့ ဝေဒနာ၊ သညာ၊ စေတနာသုံးပါးပေါင်းတော့ နာမက္ခန္ဓာလေးပါး ဖြစ်ပါသည်။ ဇိဝှါအကြည် နှင့် ရသာ ၆ပါး ကို ခန္ဓာဖွဲ့တော့ ရူပက္ခန္ဓာ ဖြစ်ပါသည်။ နာမက္ခန္ဓာလေးပါး နှင့် ပေါင်းတော့ ခန္ဓာငါးပါး ဖြစ်ပါသည်။

လျှာအကြည် ကိုရသာ (၆)ပါးတို်က်တော့ စားသိစိတ် ပေါ်ပါသည်။ ရသာ (၆)ပါးကိုစားသိတာကစိတ်၊

ဝေဒနာ၊ သညာ၊ စေတနာကစေတသိက်။ “စိတ်၊ စေတသိက်”

လျှာအကြည် နှင့် ရသာ (၆)ပါး က ရုပ်၊ “စိတ်၊ စေတသိက်၊ ရုပ်”။

လျှာအကြည်ကိုရသာ (၆)ပါးတိုက်တော့ စားသိစိတ်ပေါ်ပါသည်။ ရသာ (၆)ပါးကိုစားသိတာကနာမ်တရား။

လျှာအကြည် နှင့် ရသာ (၆)ပါး က ရုပ်တရား။

နာမ်၊ ရုပ် နှစ်ပါး။

ကိုယ် - ကာယအကြည်ကိုမာမှု၊ ပျော့မှု၊ ပထဝီ၊ ဖောဋ္ဌဗ္ဗ တိုက်တော့ ထိသိစိတ်ဆိုတဲ့ ကာယဝိညာဉ်ပေါ်ပါသည်။ ကာယဝိညာဉ်ပေါ်သောအခါ တစ်ဝိညာဉ်တည်း ပေါ်လို့ ဖြစ်ပါသလား၊ မဖြစ်နိုင်ပါ။ ကာယဝိညာဉ် နှင့် သဟဇာတ ဖြစ်တဲ့ ဝေဒနာ၊ သညာ၊ စေတနာသုံးပါးပေါင်းတော့ နာမက္ခန္ဓာလေးပါး ဖြစ်ပါသည်။ ကာယအကြည် နှင့် မာမှု၊ ပျော့မှု ခန္ဓာဖွဲ့တော့ ရူပက္ခန္ဓာ ဖြစ်ပါသည်။ နာမက္ခန္ဓာလေးပါး နှင့် ပေါင်းတော့ ခန္ဓာငါးပါး ဖြစ်ပါသည်။

ကိုယ်အကြည် ကိုပူမှု၊ အေးမှု၊ တေဇောဖောဋ္ဌဗ္ဗတို်က်တော့ ထိသိစိတ် ပေါ်ပါသည်။ ပူမှု၊ အေးမှု ကိုထိသိတာကစိတ်၊

ဝေဒနာ၊ သညာ၊ စေတနာကစေတသိက်။ “စိတ်၊ စေတသိက်”

ကိုယ်အကြည် နှင့် ပူမှု၊ အေးမှု က ရုပ်၊ “စိတ်၊ စေတသိက်၊ ရုပ်”။

ကိုယ်အကြည်ကိုထောက်ကန်လှုပ်ရှားမှု ဝါယောဖောဋ္ဌဗ္ဗ တိုက်တော့ ထိသိစိတ်ပေါ်ပါသည်။ ထောက်ကန်လှုပ်ရှားမှုကိုထိသိတာကနာမ်တရား။

ကိုယ်အကြည် နှင့် ထောက်ကန်လှုပ်ရှားမှု က ရုပ်တရား။

နာမ်၊ ရုပ် နှစ်ပါး။

စိတ် - မနောအကြည်ကိုဓမ္မာရုံတိုက်တော့ ကြံသိစိတ် ဆိုတဲ့ မနောဝိညာဉ်ပေါ်ပါသည်။ မနောဝိညာဉ်ပေါ်သောအခါ တစ်ဝိညာဉ်တည်း ပေါ်လို့ ဖြစ်ပါသလား၊ မဖြစ်နိုင်ပါ။ မနောဝိညာဉ် နှင့် သဟဇာတ ဖြစ်တဲ့ ဝေဒနာ၊ သညာ၊ စေတနာသုံးပါးပေါင်းတော့ နာမက္ခန္ဓာလေးပါး ဖြစ်ပါသည်။ ဟဒယဝတ္ထု နှင့် ဓမ္မာရုံကို ခန္ဓာဖွဲ့တော့ ရူပက္ခန္ဓာ ဖြစ်ပါသည်။ နာမက္ခန္ဓာလေးပါး နှင့် ပေါင်းတော့ ခန္ဓာငါးပါး ဖြစ်ပါသည်။

မနောအကြည် ကိုဓမ္မာရုံတို်က်တော့ ကြံသိစိတ် ပေါ်ပါသည်။ ဓမ္မာရုံတရားအပေါ်မှာပုဂ္ဂိုလ်၊ သတ္တဝါအနေနှင့် ကြံသိတာကစိတ်၊

ဝေဒနာ၊ သညာ၊ စေတနာကစေတသိက်။ “စိတ်၊ စေတသိက်”

ဟဒယဝတ္ထု နှင့် ဓမ္မာရုံ က ရုပ်၊ “စိတ်၊ စေတသိက်၊ ရုပ်”။

မနောအကြည်ကိုဓမ္မာရုံတိုက်တော့ ကြံသိစိတ်ပေါ်ပါသည်။ ဓမ္မာရုံတရားအပေါ်မှာပုဂ္ဂိုလ်၊ သတ္တဝါ အနေနှင့် ကြံသိတာက နာမ်တရား။ဟဒယဝတ္ထု နှင့် ဓမ္မာရုံ က ရုပ်တရား။

နာမ်၊ ရုပ် နှစ်ပါး။

မုံလယ်ဆရာတော် ဘဒ္ဒန္တသံဝရ ၏ သစ္စာဖွဲ့နည်း

ဝေဒနာက္ခန္ဓာ - ဝေဒနက္ခန္ဓာ တရားအပေါ်မှာ ငါ၊ သူတပါး၊ ယောက်ျား၊ မိန်းမအနေ နှင့် လိုချင်မှု၊ နှစ်သက်မှု၊ စွဲလန်းမှုကလောဘတဏှာ - သမုဒယသစ္စာ။

ဝေဒနာက္ခန္ဓာတရား၏ ဖြစ်ခြင်းပျက်ခြင်းက - ဒုက္ခသစ္စာ။

ဒုက္ခသစ္စာဟုပိုင်းခြား၍ သိတာကသမ္မာဒိဋ္ဌိ - မဂ္ဂသစ္စာ။

သမုဒယသစ္စာသေတာ နှင့် နောက် ခန္ဓာ မလာတာက - နိရောဓသစ္စာ။

သညာက္ခန္ဓာ - သညာက္ခန္ဓာ တရားအပေါ်မှာ ငါ၊ သူတပါး၊ ယောက်ျား၊ မိန်းမအနေ နှင့် လိုချင်မှု၊ နှစ်သက်မှု၊ စွဲလန်းမှုကလောဘတဏှာ - သမုဒယသစ္စာ။

သညာက္ခန္ဓာတရား၏ ဖြစ်ခြင်းပျက်ခြင်းက - ဒုက္ခသစ္စာ။

ဒုက္ခသစ္စာဟုပိုင်းခြား၍ သိတာကသမ္မာဒိဋ္ဌိ - မဂ္ဂသစ္စာ။

သမုဒယသစ္စာသေတာ နှင့် နောက် ခန္ဓာ မလာတာက - နိရောဓသစ္စာ။

သင်္ခါရက္ခန္ဓာ - သင်္ခါရက္ခန္ဓာ တရားအပေါ်မှာ ငါ၊ သူတပါး၊ ယောက်ျား၊ မိန်းမအနေ နှင့် လိုချင်မှု၊ နှစ်သက်မှု၊ စွဲလန်းမှုကလောဘတဏှာ - သမုဒယသစ္စာ။

သင်္ခါရက္ခန္ဓာတရား၏ ဖြစ်ခြင်းပျက်ခြင်းက - ဒုက္ခသစ္စာ။

ဒုက္ခသစ္စာဟုပိုင်းခြား၍ သိတာကသမ္မာဒိဋ္ဌိ - မဂ္ဂသစ္စာ။

သမုဒယသစ္စာသေတာ နှင့် နောက် ခန္ဓာ မလာတာက - နိရောဓသစ္စာ။

ဝိညာဏက္ခန္ဓာ - ဝိညာဏက္ခန္ဓာ တရားအပေါ်မှာ ငါ၊ သူတပါး၊ ယောက်ျား၊ မိန်းမအနေ နှင့် လိုချင်မှု၊ နှစ်သက်မှု၊ စွဲလန်းမှုကလောဘတဏှာ - သမုဒယသစ္စာ။

ဝိညာဏက္ခန္ဓာတရား၏ ဖြစ်ခြင်းပျက်ခြင်းက - ဒုက္ခသစ္စာ။

ဒုက္ခသစ္စာဟုပိုင်းခြား၍ သိတာကသမ္မာဒိဋ္ဌိ - မဂ္ဂသစ္စာ။

သမုဒယသစ္စာသေတာ နှင့် နောက် ခန္ဓာ မလာတာက - နိရောဓသစ္စာ။

ရူပက္ခန္ဓာ - ရူပက္ခန္ဓာ တရားအပေါ်မှာ ငါ၊ သူတပါး၊ ယောက်ျား၊ မိန်းမအနေ နှင့် လိုချင်မှု၊ နှစ်သက်မှု၊ စွဲလန်းမှုကလောဘတဏှာ - သမုဒယသစ္စာ။

ရူပက္ခန္ဓာတရား၏ ဖြစ်ခြင်းပျက်ခြင်းက - ဒုက္ခသစ္စာ။

ဒုက္ခသစ္စာဟုပိုင်းခြား၍ သိတာကသမ္မာဒိဋ္ဌိ - မဂ္ဂသစ္စာ။

သမုဒယသစ္စာသေတာ နှင့် နောက် ခန္ဓာ မလာတာက - နိရောဓသစ္စာ။

ခန္ဓာငါးပါးနှင့်ပတ်သက်သောသဘောများ

(၁) ရူပက္ခန္ဓာ - ဖောက်ပြန်ပျက်စီးတတ်သောသဘောအစု ဖြစ်ပျက်မှု

(၂) ဝေဒနာက္ခန္ဓာ- ခံစားတတ်သောသဘောအစု ဖြစ်ပျက်မှု

(၃) သညာက္ခန္ဓာ - မှတ်သားတတ်သောသဘောအစု ဖြစ်ပျက်မှု

(၄)သင်္ခါရက္ခန္ဓာ - စေ့ဆော်ပြုပြင်တတ်သောသဘောအစု ဖြစ်ပျက်မှု

(၅) ဝိညာဏက္ခန္ဓာ- သိတတ်သောသဘောအစု ဖြစ်ပျက်မှု

သက္ကာယတရား

လောကီခန္ဓာငါးပါး၊ ဥပါဒါန်အာရုံကြောင့် ဖြစ်တဲ့ ခန္ဓာငါးပါးသည် သက္ကာယတရား ဖြစ်ပါသည်။

သုတ္တန်နည်းအရ - ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ ဟုခေါ်ဆိုနိုင်ပြီး။

အဘိဓမ္မာနည်းအရ - ရူပက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာ ဟုခေါ်ဆိုနိုင်ပါသည်။

ယင်းတို့သည် ဒုက္ခသစ္စာ ဖြစ်ပါသည်။

တဏှာသမုဒယသစ္စာသည် သက္ကာယ ဖြစ်ကြောင်းတရား (တနည်း) ခန္ဓာငါးပါးဒုက္ခဖြစ်ကြောင်းတရား ဖြစ်ပါသည်။

အတိတ်အကြောင်းသမုဒယသစ္စာကြောင့် ပစ္စုပ္ပန်အကျိုးဒုက္ခသစ္စာရုမ်နာမ်ကိုရရှိပါသည်။

ခန္ဓာငါးပါးကိုစွဲ၍ အကြားအမြင်နည်းသောပုဂ္ဂိုလ်သည် - ရုပ်ကိုငါထင်၊ ဝေဒနာကို ငါထင်၊ သညာကိုငါထင်၊ သင်္ခါရက္ခန္ဓာကိုငါထင်၊ ဝိညာဏက္ခန္ဓာကိုငါထင် သဖြင့် သက္ကာယဒိဋ္ဌိ (ဝါ) အတ္တဒိဋ္ဌိ ဖြစ်ပါတယ်။

မုံလယ်ဆရာတော် ဘဒ္ဒန ္တသံဝရ

++++++++++ Dhamma Notes by Thein Naing Ohn (Part III) ပြီးပါပြီ။ +++++++++++





Comments


Post
Facebook-Logo-Square-768x768.png
Facebook-Logo-Square-768x768.png
Facebook-Logo-Square-768x768.png
google logo_edited.png

©2021 by Dhamma Notes by Thein Naing Ohn. Proudly created with Wix.com

bottom of page