top of page
Search

ပဋိစ္စသမုပ္ပါဒ်တရားတော် _ Page I

  • Writer: Thein Naing Ohn
    Thein Naing Ohn
  • Sep 20, 2021
  • 25 min read

ပဋိစ္စသမုပ္ပါဒ်တရားတော် (၁)

ပဋိစ္စသမုပ္ပါဒ်ဆိုတာ ဘာလဲ ?

ပဋိစ္စသမုပ္ပါဒ် ဆိုတာ ပဋိစ္စ က တစ်ပုဒ်၊ သမုပ္ပါဒ် က တစ်ပုဒ်ပါ။

ပဋိစ္စ က အကြောင်းရဲ့ ညီညွတ်ခြင်းကို အစွဲဖြင့် အကြောင်းရဲ့ ညီညွတ်ခြင်းကို စွဲ၍။

သမုပ္ပါဒ် က အကျိုးတရား ဖြစ်ပေါ်လာခြင်း။

ပဋိစ္စသမုပ္ပါဒ် ဆိုတာ အကြောင်းကို စွဲ၍ အကျိုးဖြစ်ခြင်း…ပါ။

ဆရာတော် အရှင်နန္ဒမာလာဘိဝံသ ကတော့ ပဋိစ္စသမုပ္ပါဒ ဆိုတာ “အကြောင်းတစ်ခုကို စွဲမှီပြီးတော့မှ အကျိုးကို ထုတ်လုပ်နိုင်တဲ့ အကြောင်းတရား” လို့ ရှင်းပါတယ်။ ပဋိစ္စသမုပ္ပါဒ်ရဲ့အဓိပ္ပါယ်က သူကိုယ်တိုင်က အကြောင်းတစ်ခုကို အမှီပြုရတယ်။

အဝိဇ္ဇာသည် ပဋိစ္စ - အကြောင်းတစ်ခုကို အမှီပြုပြီးတဲ့အခါမှာ သင်္ခါရဆိုတဲ့ အကျိုးတရားကို ဖြစ်စေတယ်တဲ့။ သူကိုယ်တိုင်က အကြောင်းတစ်ခုကို အမှီပြုပြီးတော့ ဖြစ်တာ။

အဲဒီတော့ ပဋိစ္စသမုပ္ပါဒ်ဆိုတဲ့ စကားလုံးဟာ အကြောင်းကို အမှီပြုပြီးတော့ အကျိုးတရားကို ထုတ်လုပ်တဲ့ အကြောင်းတရားလို့ ဒီလို အဓိပ္ပါယ်ရပါတယ်။

အမှန်ကတော့ သစ္စာလေးပါးတရားနဲ့ ပဋိစ္စသမုပ္ပါဒ်တရားဟာ သဘောအားဖြင့် အတူတူပါပဲ။ သစ္စာလေးပါးတရားဆိုတာကလည်း အကြောင်းသစ္စာ အကျိုးသစ္စာဆိုပြီး အကြောင်းအကျိုးကို ဟောတဲ့ တရားပါပဲ။ ပဋိစ္စသမုပ္ပါဒ်ဆိုတာလည်း အကြောင်းအကျိုးကိုပဲ ဟောတာပါ။ ဒီလို အကြောင်းအကျိုးတရားတို့ကို မြတ်စွာဘုရား ဟောတော်မူတဲ့တရားထဲမှာ သစ္စာလေးပါးတရားဟာ အကျဉ်းဆုံးပါ။

သစ္စာလေးပါးတရားမှာ ဒုက္ခဖြစ်ရခြင်းအကြောင်းက သမုဒယသစ္စာ(တဏှာ)ဆိုတော့ အကြောင်းက တစ်ပါးထဲ။ အကျိုးကလည်း ဒုက္ခသစ္စာတစ်ခုထဲ။ အကြောင်းတစ်ခုကြောင့် အကျိုးတစ်ခု ဖြစ်တယ်ဆိုပြီး အကြောင်းနဲ့အကျိုး ၂ ချက်ပဲ ဟောတဲ့အခါ သစ္စာလေးပါးက သိပ်ပြီး ကျဉ်းသွားပါတယ်။

ပဋိစ္စသမုပ္ပါဒ်တရားဟာလည်း အကြောင်းအကျိုးတရားပါပဲ။ အကြောင်းအကျိုးဆိုတဲ့နေရာမှာ အကျယ်ဆုံးတရားကတော့ ပဋ္ဌာန်းတရားပါ။ ပဋ္ဌာန်းကလည်း အကြောင်းအကျိုးတရားပါပဲ။ ပဋ္ဌာန်းက အဘိဓမ္မာဆိုတော့ ပိုပြီး ကျယ်သွားပါတယ်။

ပဋိစ္စသမုပ္ပါဒ်ကို လေ့လာမယ်ဆိုရင် ပထမဦးဆုံး အင်္ဂါ ၁၂ ပါးကို သိထားရပါမယ်။ အင်္ဂါ ၁၂ ပါးဆိုတာက ..

အဝိဇ္ဇာ၊ သင်္ခါရ၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ၊ ဇာတိ၊ ဇရာ မရဏ ပါပဲ။

ဇာတိတရားရဲ့ အကျိုးဆက်ကတော့ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသ ငါးခုပါ။

အဝိဇ္ဇာဆိုတာ ဘာလည်းဆိုရင် မသိမှု။ ဘာကိုမသိတာလည်းဆိုတော့ သစ္စာလေးပါးကို မသိမှု။ သစ္စာလေးပါး မသိမှုဆိုတာကတော့ ..

(၁) ဒုက္ခကို မသိမှု၊

(၂) ဒုက္ခသမုဒယ = ဒုက္ခဖြစ်ကြောင်းကို မသိမှု၊

(၃) ဒုက္ခနိရောဓ = ဒုက္ခငြိမ်းရာကို မသိမှု၊

(၄) ဒုက္ခနိရောဓဂါမနီပဋိပဒါ = ဒုက္ခငြိမ်းရာ ရောက်ကြောင်းအကျင့်ကို မသိမှု၊ ဒါကို မဂ္ဂသစ္စာကို မသိမှုလို့ ခေါ်ပါတယ်။

အဲတော့ -

• ဒုက္ခသစ္စာသိအောင် လုပ်၊

• သမုဒယသစ္စာပယ်လိုက်၊

• နိရောဓသစ္စာ မျက်မှောက်ပြု၊

• မဂ္ဂသစ္စာပွားများ ရမယ်ပေါ့..။

အဝိဇ္ဇာဆိုတာ အကျဉ်းချုပ်ကတော့ ဒုက္ခကို မသိကြတာပါပဲ။ ဒုက္ခကို မသိနိုင်အောင် ဘယ်သူက ဖုံးလွှမ်းထားသလည်းဆိုတော့ အဝိဇ္ဇာက ဖုံးလွှမ်းထားပါတယ်။ အဝိဇ္ဇာဆိုတာက သင်္ဂြိုဟ်ကျတော့ မောဟစေတသိက်လို့ ခေါ်ပါတယ်။ မောဟစေတသိက်ဆိုတာက သစ္စာလေးပါးကို မသိအောင် ဖုံးလွှမ်းထားတဲ့ သဘောတရားပါ။ ဒါကိုပဲ ပဋိစ္စသမုပ္ပါဒ်မှာ အဝိဇ္ဇာလို့ ခေါ်တာပါ။

ဖုံးကွယ်ခြင်းဆိုတာ အဝိဇ္ဇာရဲ့ အဓိကဆောင်ရွက်ချက်ပဲ၊ ဒါ အမှန်မသိအောင် ဖုံးထားတယ်လို့ ဆိုလိုက်ကတည်းက အမှန်ကို မသိဘူးဆိုရင် သူက အမှားတော့ သိနေမှာပေါ့၊ သဘာဝအစစ် အမှန်ကို မသိဘူး၊ မသိဘူူးဆိုတာ လုံးဝကြီးမသိတာ မဟုတ်ဘူး၊ အမှန်မသိတာ, အမှားသိနေတယ်ပေါ့။

အဲဒါကြောင့် သုတ္တန်းနည်းအားဖြင့် “ဒုက္ခေ အညာဏံ၊ ဒုက္ခသမုဒယေ အညာဏံ၊ ဒုက္ခနိရောဓ အညာဏံ၊ ဒုက္ခနိရောဓဂါမိနိပဋိပဒါယ အညာဏံ” လို့ သစ္စာလေးပါးကို မသိတာကို အဝိဇ္ဇာလို့ ဒီလိုဖွင့် ဆိုပါတယ်။

အဝိဇ္ဇာဟာ ဘာကြောင့် အင်အားတွေ ကောင်းပြီး ဖြစ်ပေါ်နေရသလည်းဆိုလို့ရှိရင် လောဘတွေ စီးဝင်နေလို့၊ အမြင်မှားမှုတွေ စီးဝင်နေလို့၊ တွေဝေမှုတွေ စီးဝင်နေလို့ပဲတဲ့ .. ဆိုလိုတာက အာသဝကြောင့် အဝိဇ္ဇာဖြစ်နေတယ်လို့ ဆိုလိုတာပါပဲ၊ ဒါ အဝိဇ္ဇာရဲ့သဘောတရားပါ။

သဿတဒိဋ္ဌိ သက္ကာယဒိဋ္ဌိဆိုပြီး ပထမယူထားတဲ့ အယူအစွဲတွေ ပုဂ္ဂိုလ် သတ္တဝါ ယောက်ျား မိန်းမ ငါ သူတစ်ပါးဆိုတဲ့ အယူအစွဲတွေ ဒီဒိဋ္ဌိတွေ ပြုတ်မှ ဝိပဿနာလုပ်လို့ရမှာပါ။ ဝိပဿနာအဆင့်ကို တက်မယ့် ပုဂ္ဂိုလ်များအတွက် ဒိဋ္ဌိတွေပြုတ်အောင် အသင့်တော်ဆုံးတရားကတော့ ပဋိစ္စသမုပ္ပါဒ်တရားပါပဲ။

သစ္စာလေးပါးကို မသိတဲ့ သဘောတရားက ပါဠိလို အဝိဇ္ဇာ၊ မြန်မာလိုက မသိမှုပါ။ အဘိဓမ္မာ စေတသိက်ကတော့ မောဟပါ၊ မောဟက မဂ်နဲ့ ၄ ကြိမ် ပယ်ရပါတယ်။ မောဟဟာ အင်မတန် အင်အားကြီးကျယ်တဲ့ တရားပါ။

အဲဒီမှာ ပဋိစ္စသမုပ္ပါဒ်ကို ရှင်းတဲ့အခါမှာ အကြောင်းနှစ်ခု ဦးဆောင်မှု ပေးထားတယ်၊ ဘာလဲဆိုရင် “အဝိဇ္ဇာ နဲ့ တဏှာ” ၊ အတိတ်အကြောင်းကို မြတ်စွာဘုရားက ရှင်းပြတဲ့အခါမှာ အဝိဇ္ဇာကို ဦးတည်ပြီး ရှင်းတယ်၊ အနာဂတ်အတွက် ပစ္စုပ္ပန်က အကြောင်းတရားကို ရှင်းတဲ့အခါမှာ တဏှာကို ဦးတည်ပြီး ရှင်းတယ်၊ ဘာဖြစ်လို့လဲ ? ကံတရားတွေကို ဖြစ်ပေါ်စေတဲ့နေရာမှာ စွမ်းအားကြီးတဲ့ သဘာဝတရားနှစ်ခုဟာ အဝိဇ္ဇာနဲ့ တဏှာဖြစ်နေလို့ပါ။

ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ်လို့ ဝဋ်သုံးပါးဆိုတာ ရှိတယ်၊ ကိလေသာလို့ဆိုတဲ့အထဲမှာ အဓိကက အဝိဇ္ဇာနဲ့ တဏှာပဲ၊ အဲဒီအဝိဇ္ဇာနဲ့ တဏှာကို အစွဲပြုပြီး ကံဆိုတာ ဖြစ်လာတာ၊ ဖြစ်လာတဲ့ ကံက အဝိဇ္ဇာ၊ တဏှာ မပါဘဲ အကျိုးပေးလို့ မရဘူး၊ ဒါကြောင့်မို့ ပဋိစ္စသမုပ္ပါဒ်မှာ ကိလေသာနဲ့ ကံကို တွဲတွဲပေးထားတယ်။

“အဝိဇ္ဇာပစ္စယာ သင်္ခါရာ” “သင်္ခါရပစ္စယာ ဝိညာဏံ”၊ အဲဒီမှာ အဝိဇ္ဇာနဲ့ သင်္ခါရ ဆိုတာ ကိလေသာနဲ့ ကံပဲ။

နောက်တစ်ခါ အနာဂတ်အတွက် ပစ္စုပ္ပန်အကြောင်းနှစ်ခု “တဏှာပစ္စယာ ဥပါဒါနံ” “ဥပါဒါနပစ္စယာ ဘဝေါ” ၊ “တဏှာနဲ့ ဥပါဒါန်” က ကိလေသာ၊ “ဘဝ” က ကမ္မဘဝမို့ ကံ၊ အဲဒီမှာလည်း ကိလေသာနဲ့ကံ တွဲပေးထားတယ်၊ ဒီတော့ ကိလေသာနဲ့ကံ နှစ်ခု ပေါင်းစပ်လိုက်မှ ဘဝတစ်ခုဟာ ဖြစ်ပေါ်လာနိုင်တယ်၊ ကိလေသာတွေထဲမှာ အဝိဇ္ဇာနဲ့တဏှာသည် ကံရဲ့ အထူးခြားဆုံးသော အကြောင်းတရား ဖြစ်တယ်၊ ဒါကြောင့်မို့ ဒီနှစ်ခုကို ဦးတည်ပြီး မြတ်စွာဘုရား ဟောတာပါတဲ့။

“အဝိဇ္ဇာပစ္စယာ သင်္ခါရာ”။ အဝိဇ္ဇာပစ္စယာ၊ အဝိဇ္ဇာတည်းဟူသော အကြောင်းကြောင့်။ သင်္ခါရ၊ သင်္ခါရတရားစုတို့သည်။ သမ္ဘဝန္တိ၊ ဖြစ်ကြကုန်၏။ … တဲ့

ဒါဖြင့် သင်္ခါရဆိုတာ ဘာကိုခေါ်တာလဲ ?

သင်္ခါရဟာ ပိဋကတ်တော်မှာ တော်တော်ပဲ အသုံးများပါတယ်။ အများရနေကြတဲ့ သဗ္ဗေ သင်္ခါရာ အနိစ္စာနဲ့ ဒီသင်္ခါရပစ္စယာ ဝိညာဏံမှာပါတဲ့ သင်္ခါရတို့ ပါဠိချင်းတူပေမယ့် အဓိပ္ပါယ် အယူအဆချင်း မတူပါဘူး။

သဗ္ဗေသင်္ခါရက မြင်မြင်သမျှအားလုံး ရှိရှိသမျှ တေဘူမကသင်္ခါရကို ပြောတာပါ။

သင်္ခါရက္ခန္ဓာ ဆိုတဲ့ သင်္ခါရနဲ့လည်း မတူဘူး၊ ခြားနားပါတယ်၊ ဒီသင်္ခါရက ဘဝတစ်ခုကို တည်ဆောက်ပြုပြင်ပေးတတ်တဲ့ “စေတနာ သင်္ခါရ” ကို ပြောတာပါ။

ဒီသင်္ခင်္ါရက မြန်မာလိုဆိုရင် စီမံမှု ဖန်တီးမှု၊ တနည်း စီမံတတ်တဲ့သဘော၊ ဖန်တီးတတ်တဲ့သဘောတရားကို ဆိုတာပါ။ နှိုးဆော်တယ်လို့လည်း သုံးနိုင်ပါတယ်။ ဒီ စီမံတယ်၊ ဖန်တီးတယ်၊ နှိုးဆော်တယ်ဆိုတာက အဘိဓမ္မာမှာ စေတနာ စေတသိက်ပါ။

အများနားလည်နေတာက “ဒီလူ အင်မတန် စေတနာကောင်းတာပဲ” လို့ ဒီလိုသုံးနေတော့ မြန်မာဝေါဟာရနဲ့က ထပ်တူထပ်မျှ တူချင်မှ တူမှာပါ။

ဒါကြောင့် ကောင်းတာလုပ်တာတို့၊ မကောင်းတာလုပ်တာတို့ရဲ့သဘော အခြေခံက စေတနာပါပဲ။

အဘိဓမ္မာမှာ “သသင်္ခါရိက” ဆိုတာ သူများက တိုက်တွန်းလို့ လုပ်တယ်၊ အသင်္ခါရိက က တိုက်တွန်းခြင်းမရှိဘဲ လုပ်တယ်ဆိုတော့ ဒါကလည်း သင်္ခါရပဲ။ အဲဒီမှာလည်း ၂ မျိုးလုံး ယူနိုင်ပါတယ်။ ဘယ်အလုပ်ကို လုပ်လုပ် စေတနာတိုက်တွန်းမှ လုပ်လို့ရပါတယ်။ စေတနာမပါဘဲ ဘာအလုပ်မှ လုပ်လို့မရလို့ သင်္ခါရကို တိုက်တွန်းမှု စီမံမှု နှိုးဆော်မှုလို့ပဲ ဘာသာပြန်ရပါတယ်။

ဒါဖြင့် အဝိဇ္ဇာအကြောင်းကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးတရား သင်္ခါရဆိုတာ ဘယ်နှစ်မျိုး ရှိလည်းဆိုယင် သုံးမျိုးရှိပါတယ်။ ပုညာဘိသင်္ခါရ၊ အပုညာဘိသင်္ခါရ၊ အာနေဉ္ဇာဘိသင်္ခါရ .. ရယ်ပါ။

ပုညာဘိသင်္ခါရ ဆိုတာက ကာမာဝစရကုသိုလ် ရူပါဝစရကုသိုလ်စိတ်မှာ ယှဉ်သော စေတနာပါ။

အပုညာဘိသင်္ခါရ ဆိုတာ အကုသိုလ်စိတ်မှာ ယှဉ်သော စေတနာပါ။

အာနေဉ္ဇာဘိသင်္ခါရ ဆိုတာ အရူပါဝစရကုသိုလ်စိတ်မှာ ယှဉ်သော စေတနာပါ။

အဲဒီတော့ ပုညာဘိသင်္ခါရ ဆိုတာ ကာမာဝစရကုသိုလ် ရူပါဝစရကုသိုလ်မှာ ယှဉ်သော စေတနာ ဆိုတော့ .. ကာမာဝစရကုသိုလ်သင်္ခါရ ၊ ရူပါဝစရကုသိုလ်သင်္ခါရ တွေဟာ ဘာတွေလည်း ရှင်းပါမယ်။

အဝိဇ္ဇာပစ္စယာ သင်္ခါရအရ ကုသိုလ်နေရာမှာ လောကီကုသိုလ် စေတနာကိုပဲ ယူရပါတယ်။ ပဋိစ္စသမုပ္ပါဒ်က သံသရာလည်မှဆိုတော့ လောကုတ္တရာကုသိုလ်မပါနိုင်ပါ။

လူတွေမှာ ဒါန သီလ ဘာဝနာ လုပ်တဲ့အခါ ဘာကုသိုလ်လည်းဆိုရင် လောကီကာမာဝစရကုသိုလ် ရှစ်ခုပဲ ရှိပါတယ်။ လူ့ဘုံ နတ်ဘုံကို အကျိုးပေးနိုင်ပါတယ်။ ဒါနပဲလုပ်လုပ် သီလပဲလုပ်လုပ် ဘုရားပဲတည်တည် ကျောင်းပဲဆောက်ဆောက်၊ ကောင်းတာလုပ်တာမှန်သမျှ လူတွေမှာ ဖြစ်နိုင်တဲ့ကုသိုလ်က ဒီကုသိုလ်စေတနာရှစ်ခုပဲ ရှိပါတယ်။

အဝိဇ္ဇာကြောင့် လောကီကာမကုသိုလ်သင်္ခါရတွေ လုပ်တယ်။ မသိမှု မိုက်မဲမှုကြောင့် လုပ်တယ်ဆိုတော့ တစ်ချို့က ဒါန သီလ သမထ လုပ်ငန်းတွေဟာ သံသရာဝဋ်က မလွတ်နိုင်ဘူးလို့ တစ်ဖက်စွန်းရောက် ပြောဆိုတတ်ကြပါတယ်။

ကာမာဝစရကုသိုလ် သင်္ခါရတွေဟာ နိဗ္ဗာန်ထိအောင် ကောင်းကျိုးပေးနိုင်တဲ့အကြောင်း ပဋိစ္စသမုပ္ပါဒ်နဲ့ ဆက်ပြီး မရှင်းပြတတ်တော့ ပြဿနာတွေ တက်ပါတယ်။

ပုထုဇဉ်တွေမှာ ဒါန သီလ ဘာဝနာ ဘာပဲလုပ်လုပ် ကာမာဝစရကုသိုလ်သင်္ခါရပဲ ဖြစ်တာပါ။ သမထလုပ်လည်း ဈာန်မရခင် ကာမာဝစရကုသိုလ်သင်္ခါရပဲ ဖြစ်တာပါ။ ဝိပဿနာလုပ်တဲ့ သူလည်း မဂ်မရခင် ကာမာဝစရကုသိုလ်သင်္ခါရပဲ ဖြစ်တာပါ။ သမထ ဝိပဿနာလုပ်ပေမယ့် ဈာန်ရတဲ့အခါကျမှ ဈာန်ကုသိုလ်သင်္ခါရ ဖြစ်တာပါ။ မဂ်ရတဲ့အခါမှ မဂ်ကုသိုလ် ဖြစ်တာပါ။ ဝိပဿနာလုပ်နေတဲ့အခါမှာ ကာမာဝစရကုသိုလ် ဖြစ်တယ်ဆိုပေမယ့် အဝိဇ္ဇာကြောင့်ဖြစ်တဲ့ ကုသိုလ်နဲ့ ဝိဇ္ဇာကြောင့်ဖြစ်တဲ့ ကုသိုလ်နှစ်မျိုး နောက်တော့ ရှင်းလာပါလိမ့်မယ်။ ဒီနေရာမှာတော့ လောကီကာမာဝစရကုသိုလ်ဆိုတာဟာ အဝိဇ္ဇာကြောင့် ဖြစ်တာပဲလို့သာ မှတ်ယူထားရအောင်ပါ။

ရူပါဝစရကုသိုလ်သင်္ခါရ က ၅ ခု ရှိပါတယ်။ သမထအားထုတ်တဲ့အခါမှာ ရူပဈာန်ရတဲ့ ပုဂ္ဂိုလ်တွေမှာ ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်၊ ပဉ္စမဈာန်ဆိုပြီး ရူပါဝစရကုသိုလ်သင်္ခါရက ၅ မျိုး ရှိပါတယ်။

ပထမဈာန်ရပြီး သေသူက ပထမဈာန်ဘုံ ရောက်ပါတယ်။ ဒုတိယ နဲ့ တတိယဈာန်ရပြီး သေသူက ဒုတိယဈာန်ဘုံရောက်ပါတယ်။ စတုတ္ထဈာန်ရပြီး သေသူက တတိယဈာန်ဘုံရောက်ပါတယ်။ ပဉ္စမဈာန်ရပြီး သေသူက စတုတ္ထဈာန်ဘုံ ရောက်တယ်လို့ သင်္ဂြိုဟ်မှာ လာပါတယ်။

အရူပါဝစရကုသိုလ်သင်္ခါရက ၄ ခု ရှိပါတယ်။ အရူပဈာန်ရပြီး သေသူက ရုပ်မရှိဘဲ နာမ်ချည်းသက်သက် ရှိတဲ့ အရူပ ၄ ဘုံ ရောက်ပါတယ်။ သမထလုပ်ငန်းကြောင့်ရတဲ့ ရူပဈာန်နဲ့ အရူပဈာန်ကုသိုလ် သင်္ခါရက ပေါင်း ၉ခု ရှိပါတယ်။ ကာမာဝစရကုသိုလ်သင်္ခါရ (၈)၊ ရူပါဝစရကုသိုလ်သင်္ခါရ (၅)၊ အရူပါဝစရကုသိုလ် သင်္ခါရ (၄)၊ ဒီ (၁၇) ခုက အဝိဇ္ဇာကြောင့်ဖြစ်တဲ့ သင်္ခါရပါ။

သင်္ခါရအရ စေတနာဆိုတော့ ဒီစေတနာက ကောင်းတာကိုလည်း စေ့ဆော်တယ်။ မကောင်းတာကိုလည်း စေ့ဆော်တယ်။ ကောင်းတာကို စေ့ဆော်တော့ လောကီကုသိုလ်သင်္ခါရ (၁၇)၊ မကောင်းတာ စေ့ဆော်တော့ အကုသိုလ်စိတ် (၁၂)ခု ရှိတဲ့အတွက် အကုသိုလ်သင်္ခါရ (၁၂) ခု၊ အဲဒီသင်္ခါရတွေက အဝိဇ္ဇာကြောင့်ဖြစ်တဲ့ သင်္ခါရတွေပါ။

အဲဒီတော့ ..

(၁) ပုညာဘိသင်္ခါရ ဆိုတာ ဒါနစေတနာ၊ သီလစေတနာ၊ ဘာဝနာစေတနာလို့ ခေါ်ရတဲ့ ကာမာဝစရကုသိုလ်စေတနာ ၈ ခုနဲ့ ရူပါဝစရဈာန်ကုသိုလ်စေတနာ ၅ ခု၊ ဒီ ၁၃ ခုကို ခေါ်တာပါ။

(၂) အပုညာဘိသင်္ခါရ ဆိုတာ အကုသိုလ် စေတနာကို ပြောတာပါ၊ အကုသိုလ်စိတ်နဲ့ ယှဉ်တွဲလာတဲ့ စေတနာကို အဓိကထားလို့ အကုသိုလ်စေတနာ ၁၂ ခုဟာ အပုညာဘိသင်္ခါရပါပဲ။

(၃) အာနေဉ္ဇာဘိသင်္ခါရ ဆိုတာ ရုပ်နဲ့ဆက်စပ်မှု မရှိတော့သည့်အတွက်ကြောင့် တုန်လှုပ်မှုကင်းသွားတဲ့ အဆင့်မြင့်တဲ့ သမာဓိစွမ်းအားကို ရထားတဲ့ အရူပါဝစရဈာန်ကုသိုလ်စေတနာ ၄ ခု ကို အာနေဉ္ဇာဘိသင်္ခါရလို့ ခေါ်တာပါ။

အားလုံးပေါင်းလိုက်တဲ့အခါကျတော့ ပဋိစ္စသမုပ္ပါဒ်မှာ ဒီ စေတနာ ၂၉ မျိုးပဲ၊ သင်္ခါရဆိုတာ ဒီစေတနာ ၂၉ မျိုးကို ခေါ်တာပါ။ ဒီမှာ သတိထားဖို့ရာက သင်္ခါရဆိုတာ ကုသိုလ်လည်း ပါတယ်၊ အကုသိုလ်လည်း ပါတယ်။

ကုသိုလ်အကုသိုလ် ပြုလုပ်တဲ့အခါမှာ လှုပ်ရှားမှု action ကို ဖြစ်ပေါ်စေတတ်တဲ့ အကြောင်းတရားတွေနဲ့ ပတ်သက်ပြီးတော့ ခွဲတာ ရှိသေးတယ်။ အဲဒီ ..

ပုညာဘိသင်္ခါရ၊ အပုညာဘိသင်္ခါရ၊ အာနေဉ္ဇာဘိသင်္ခါရဆိုတဲ့ ဒီသင်္ခါရသုံးမျိုးကို ဘာနှင့်လုပ်သလည်း ကြည့်ရအောင် ..

ကုသိုလ် အကုသိုလ် ဘယ်အလုပ်ပဲလုပ်လုပ် ကာယဒွါရ ဝစီဒွါရ မနောဒွါရဆိုတဲ့ ဒွါရနဲ့ လုပ်ကြတာပါ။

လူတွေဟာ အကုသိုလ်လုပ်မယ်ဆိုရင် ကိုယ်ဖြင့်လုပ်မယ်၊ နှုတ်ဖြင့်လုပ်မယ်၊ စိတ်ဖြင့်လုပ်မယ်၊ ကုသိုလ်လုပ်ရင်လည်း ဒီသုံးခုပါပဲ။

ဒါကြောင့် အဝိဇ္ဇာပစ္စယာ သင်္ခါရာမှာ ကာယသင်္ခါရ - ကိုယ်ဖြင့်ပြုလုပ်တဲ့စေတနာ။ ကံလို့လည်း ခေါ်ပါတယ်၊ သင်္ခါရလို့လည်း ခေါ်ပါတယ်။ ကာယသင်္ခါရဆိုတာ ခန္ဓာကိုယ်ကို လှုပ်ရှားပြီးတော့ ပြုလုပ်တဲ့ အကုသိုလ်စေတနာ ၁၂ ခုနဲ့ ကာမာဝစရကုသိုလ်စေတနာ ၈ ခု ၊ အဲဒီ ၂ဝ ကို ကာယသင်္ခါရလို့ ခေါ်ပါတယ်။

ဝစီသင်္ခါရ - နှုတ်ဖြင့် ပြောစေအောင် စေ့ဆော်တဲ့စေတနာ။ စကားခွန်းတိုင်း ပြောနေတာ ပြောအောင် နှိုးဆော်ပေးနေတဲ့ စေတနာဟာ ဝစီကံ - ဝစီသင်္ခါရပါပဲ။ နှုတ်မှာ ဖြစ်ပေါ်လာတဲ့ အကုသိုလ်စေတနာ ၁၂ ခုနဲ့ ကာမာဝစရကုသိုလ် စေတနာ ၈ ခု၊ အဲဒီ ၂ဝ ကို ဝစီသင်္ခါရလို့ ခေါ်ပါတယ်။

မနောဒွါရဆိုတော့ စိတ်ထဲက တွေးခေါ်ပြီး ဘာတွေကြံလိုက်၊ ဘာတွေတွေးလိုက်၊ ဘာတွေစိတ်ကူးလိုက်လို့ စေတနာက နှိုးဆော်ပေးတာပါ။ သင်္ခါရလို့ခေါ်တဲ့ မနောကံပါပဲ။

ကာယသင်္ခါရ ဆိုတာက ကိုယ်ကို လုပ်အောင် တိုက်တွန်းပေးတဲ့ စေတနာ၊ ဝစီသင်္ခါရက နှုတ်ဖြင့် ပြောဆိုအောင် တိုက်တွန်းပေးတဲ့ စေတနာ၊ မနောသင်္ခါရဆိုတာက စိတ်ကို တွေးခေါ်အောင် တိုက်တွန်းပေးတဲ့ စေတနာပါပဲ။

စေတနာက ဒွါရသုံးခုကို တိုက်တွန်းပေးလို့ ကာယကံမှု ဝစီကံမှု မနောကံမှုတွေ လုပ်ကြတယ်။ ဒီသင်္ခါရတွေ လုပ်ဖြစ်တာကလည်း မသိမှု အဝိဇ္ဇာကြောင့် လုပ်နေကြတာပါပဲ။

အဲဒီအလုပ်တွေမှာ ကောင်းတဲ့အလုပ်က ကုသိုလ်စေတနာ (၁၇) ခု၊ မကောင်းတဲ့အလုပ်က အကုသိုလ်စေတနာ (၁၂)ခု။ သစ္စာလေးပါး မသိသေးသမျှကာလပတ်လုံး သင်္ခါရတွေ လုပ်နေမှာပါပဲ။

ဆက်လက်ဖော်ပြပါမည်။


ပဋိစ္စသမုပ္ပါဒ်တရားတော် (၂)

ဝိညာဉ်ဆိုတာ ဘာလဲ ?

ပါဠိမှာ ဝိညာဏံ စိတ္တံ မနော အားလုံးရဲ့အဓိပ္ပါယ်က ‘စိတ်’ ပါပဲ။ ဒီနေရာမှာ ဝိညာဏဆိုတာ ဘာကိုပြောတာလည်းဆိုတော့ အသိစိတ်လေးကို ပြောတာပါ၊ အဲဒီစိတ်ကလေးဟာ စိတ္တဆိုတဲ့ အသုံးလိုပဲ၊ စိတ္တနဲ့တူတဲ့ အသုံးတစ်ခုက ဝိညာဏပါ၊ တစ်ခါတစ်ရံ မနလို့ သုံးတာလည်း ရှိပါတယ်၊ ဒါကြောင့်မို့ သုတ္တန်တစ်ခုမှာ ဒါအတူတူပဲလို့ မြတ်စွာဘုရားက “ယံ စိတ္တံ တံ မနော၊ ယံ မနော တံ ဝိညာဏံ” လို့ ဒီလို သုံးထားတာ ရှိပါတယ်၊ ဒါကြောင့် စိတ္တရယ် မနရယ် ဝိညာဏရယ် အတူတူပါပဲ။

အဲဒီတော့ ဝိညာဏဆိုတဲ့ စကားလုံးမှာ ဝိဆိုတာ မတူထူးခြားတဲ့အနေအားဖြင့် ဉာဏ က သိတာ၊ ဘယ်သူနဲ့မတူတာတုန်းဆိုရင် ပညာသိတဲ့ အသိနဲ့လည်း မတူဘူး၊ စိတ်ထဲကမှတ်ပြီးတော့သိတဲ့ သညာသိနဲ့လည်း မတူဘူးတဲ့၊ ပညာသိ သညာသိတွေနဲ့မတူ ထူးခြားတဲ့အသိရှိတဲ့ သဘောတရားလို့ ဒီလိုဆိုပါတယ်။

စိတ်ထဲကသိတဲ့ အသိဟာ “အာရမ္မဏံ ဝိဇာနာတိ” ဆိုတဲ့ ဝိဂြိုဟ်စကားအရ “ဝိဇာနာတိ - မတူ ထူးခြားစွာသိတယ်” ဆိုတာ ကောက်ချက်ချတော့ “အာရုံကို ရယူတာ” လို့ ဒီလို ဆိုလိုပါတယ်၊ ပညာအနေနဲ့သိတာလည်း မဟုတ်ဘူး၊ စိတ်ထဲက မှတ်ထားတဲ့ သညာသိအနေနဲ့ သိတာလည်း မဟုတ်ဘူးတဲ့၊ ပညာသိ သညာသိတို့နဲ့မတူ ထူးခြားတဲ့ အသိရှိတဲ့ သဘာဝတရားတစ်မျိုးကို ဝိညာဏလို့ ခေါ်ပါတယ်တဲ့။

“ဝိညာဏ” ဆိုတဲ့ တရားတစ်ခုဟာ နေရာလိုက်လို့ ကောက်ယူတဲ့ တရားဓမ္မအနေထားချင်း မတူဘူးလို့ဆိုပါတယ် ၊ “ဝိညာဏက္ခန္ဓာ” ဆိုတဲ့ ခန္ဓာနဲ့ဆက်စပ်ပြီးပြောတဲ့ ဝိညာဏ်ကျတော့ စိတ်မှန်သမျှကို ဝိညာဏ်လို့ ခေါ်ပါတယ်၊ စိတ်အကျဉ်း ၈၉ ပါး၊ အကျယ် ၁၂၁ ပါး ရှိတယ်၊ အဲဒီ စိတ်အမျိုးအစားအားလုံးကို ခြုံငုံပြီးတော့ ဝိညာဏက္ခန္ဓာလို့ ခေါ်လိုက်တာပါ။

သို့သော် “သင်္ခါရပစ္စယာ ဝိညာဏံ” ကျတော့ အဲဒီ ၈၉ မျိုးလုံးကို ဆိုလိုတာ မဟုတ်တော့ဘူး။ “ဝိညာဏ” ဆိုတဲ့ စကားလုံးက တစ်နေရာမှာ ယူဆတဲ့ အနေအထားတစ်မျိုး ရှိသော်လည်း နောက်တစ်နေရာမှာ တစ်မျိုးရှိတတ်တယ်ပေါ့။

ဒီနေရာမှာ “ဝိညာဏ” လို့ ဆိုတာကျတော့ ကံရဲ့အကျိုးတရားဖြစ်တဲ့ ဝိညာဏတွေကိုသာ ယူရမယ်၊ ကျန်တာတွေ မယူရဘူးလို့ ဆိုပါတယ်။

ဒါကြောင့်မို့ “ဝိပါကဝိညာဏ” ကိုသာ ယူရတယ်၊ ဝိပါက ဆိုတာ အကျိုးတရား၊ မြန်မာလို ဝိပါက်, ဝိပါက်နဲ့ခေါ်ကြတာ၊ ဝိပါက ဆိုတဲ့ အဓိပ္ပါယ်က ဝိ ဆိုတာ သဘာဝချင်း မတူတဲ့ ကုသိုလ်နဲ့ အကုသိုလ်ကို ပြောတာပါ၊ သဘာဝချင်း မတူတဲ့ ကုသိုလ် အကုသိုလ်တို့ရဲ့ “ပါက” “ရင့်ကျက်ဖြစ်ပေါ်လာတဲ့” အကျိုးတရား၊ ကုသိုလ် အကုသိုလ်တို့ရဲ့ အကျိုးကို ဝိပါက လို့ ခေါ်တာပါ။

အဲဒီ ဝိပါကကို အမျိုးအစားအလိုက် ခွဲခြားလိုက်တဲ့အခါ သံသရာဝဋ်နဲ့ပတ်သက်တဲ့ ပဋိစ္စသမုပ္ပါဒ်အရာမှာ လောကီဝိပါက် ၃၂ မျိုးကို ယူရပါတယ်၊ အဲဒီ ၃၂ မျိုးကိုသာလျှင် “သင်္ခါရပစ္စယာ ဝိညာဏံ” ဆိုတဲ့နေရာမှာ ယူပါတယ်၊ ဒီ ဝိပါက်စိတ် ၃၂ မျိုးဟာ ကံတရားရှိမှ ဖြစ်ပေါ်လာပါတယ်။

“သင်္ခါရပစ္စယာ ဝိညာဏံ” ဆိုတဲ့ အဓိပ္ပါယ်ကိုက “ကံတရားတွေဖန်တီးလို့ ပဋိသန္ဓေစိတ်နဲ့ အကျိုးဝိပါက်စိတ်တွေဟာ ဖြစ်ပေါ်လာရတယ်” လို့ နားလည်ရမှာပါ။ အနည်းငယ်ထပ်ရှင်းပါမယ်။ ဝဋ်သုံးပါး တောင့်တပြီး လုပ်နေတဲ့ ဒါနကုသိုလ် သီလကုသိုလ် သမထကုသိုလ်ဆိုတဲ့ ကုသိုလ်တရားတို့သည် ဝဋ်သုံးကို လည်စေတတ်ပါတယ်။ ဒါန သီလ သမထဆိုတဲ့ ကုသိုလ်တရားတွေကို ကြိုးစားလိုက်တယ်၊ အဲဒါတွေက ကံတွေ မဟုတ်ဘူးလား၊ အဲဒီ ကံတွေက နောင်ဘဝပဋိသန္ဓေအသစ်ကို ဖြစ်စေလိုက်တာပါပဲ။ ဒါကြောင့် “သင်္ခါရပစ္စယာ ဝိညာဏံ” လို့ ဆိုခြင်းပါ။

အဝိဇ္ဇာကြောင့် သင်္ခါရလုပ်တယ်၊ ကုသိုလ်ကံတွေလုပ်တယ်၊ အကုသိုလ်ကံတွေလုပ်တယ်။ ဒီကံတွေ လုပ်ဆိုတဲ့ ဒီကံတွေက နောက်ဘဝပဋိသန္ဓေအသစ်ကို ဖြစ်စေပါတယ်။

ဒါကြောင့် ကုသိုလ်ကံ အကုသိုလ်ကံ နှစ်ပါးကို ကြိုးစားအားထုတ်ခြင်း ဟူသည်ကား နောင်အခါ၌ ပဋိသန္ဓေကိုဖြစ်ခြင်းရဲ့ အကြောင်းဖြစ်ပါတယ်။

“အဝိဇ္ဇာပစ္စယာ သင်္ခါရာ” ဆိုတဲ့ အဓိပ္ပါယ် နှစ်ခုမှာ အဝိဇ္ဇာကြောင့် ဖြစ်ပေါ်လာသော ကုသိုလ်ကံ အကုသိုလ်ကံ။ (တစ်နည်း) ပုညာဘိသင်္ခါရ ခေါ်ထားတဲ့ ကာမာဝစရကုသိုလ်ကံ ရူပါဝစရကုသိုလ်ကံ။ အပုညာဘိသင်္ခါရခေါ်ထားတဲ့ အကုသိုလ်ကံ။ အာနေဉ္ဇာဘိသင်္ခါရခေါ်ထားတဲ့ အရူပါဝစရကုသိုလ်ကံ။

ဒီကံနှစ်ပါး ကြိုးစားအားထုတ်ခြင်းသည်တဲ့ အဝိဇ္ဇာတိုက်တွန်းလို့ပါတဲ့။ အဝိဇ္ဇာရဲ့ဒဏ်ချက်ကြောင့် ဆက်ကာ ဆက်ကာကြိုးစားနေတဲ့ ကံတွေတဲ့။

ပဋ္ဌာန်းမှာကတော့ ကုသိုလ်ကံကပဲဖြစ်ဖြစ်၊ အကုသိုလ်ကံကပဲဖြစ်ဖြစ် အကျိုးတရားတွေကို ဥပနိဿယသတ္တိနဲ့ ကျေးဇူးပြုပါတယ်၊ ကံတရားရှိလို့ အကျိုးတရားတွေ ရှိနေရတယ်လို့ ဒီလို ဆိုလိုပါတယ်။

ထို့အတူပဲ ကမ္မပစ္စည်းမှာ မြတ်စွာဘုရားက “ကုသလာကုသလံ ကမ္မံ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော” – “ကုသိုလ် အကုသိုလ်ကံဟာ ဝိပါက်နာမ်ခန္ဓာတွေအား ကမ္မသတ္တိနဲ့ ကျေးဇူးပြုပါတယ်” လို့ ဒီလို ဟောပါတယ်။

မြတ်စွာဘုရားက ကံတရားနှင့်ပတ်သက်ပြီး “သင်္ခါရပစ္စယာ ဝိညာဏံ” “ဘဝပစ္စယာ ဇာတိ” လို့ ပဋိစ္စသမုပ္ပါဒ်မှာ နှစ်ဌာန ဟောကြားပါတယ်။

ဒီတော့ ကုသိုလ် အကုသိုလ်ကံဟာ ဝိပါကလို့ ဆိုတဲ့ ဝိညာဏကိုသာ ကျေးဇူးပြုတာ မဟုတ်ဘူး၊ “ကဋတ္တာ စ ရူပါနံ” လို့ ဆိုတဲ့ ကမ္မဇရုပ်တွေကိုလည်း ထုတ်လုပ်ပေးသေးတယ်၊ ပဋိစ္စသမုပ္ပါဒ်မှာတော့ မြတ်စွာဘုရားက “သင်္ခါရပစ္စယာ ဝိညာဏံ” လို့ပဲ ဟောထားပါတယ်၊ ရုပ်တွေကို ထုတ်လုပ်တဲ့အကြောင်းကို မဟောထားပါဘူး၊ ဘာဖြစ်လို့တုန်းဆိုတော့ ဝိညာဏကို ဦးတည်ထားတာမို့ပါ၊ “ဝိညာဏပစ္စယာ နာမရူပံ” လို့ ဟောတဲ့အခါကျတော့ အဲဒါ ပါလာတယ်၊ ဝိညာဏ ရှိလာတာနဲ့ တစ်ပြိုင်နက် နာမရူပတွေ ဖြစ်လာတယ်ဆိုတဲ့ အထဲမှာပါပါတယ်။

သင်္ခါရကြောင့် ဝိညာဉ်ဖြစ်တယ်ဆိုတော့ သင်္ခါရပစ္စယာ ဝိညာဏံမှာ သင်္ခါရက ၄ မျိုး ရှိပါတယ်။ အကုသိုလ်သင်္ခါရ၊ ကာမာဝစရကုသိုလ်သင်္ခါရ၊ ရူပကုသိုလ်သင်္ခါရ၊ အရူပကုသိုလ်သင်္ခါရ တို့ပါ။

ဒီလောကီ ကုသိုလ် အကုသိုလ်စေတနာတို့ကြောင့် သတ္တဝါတွေဟာ ၃၁ ဘုံမှာ ကျင်လည်နေကြပါရပါတယ်။ အကုသိုလ်သင်္ခါရ၊ အကုသိုလ်စေတနာကြောင့် အပါယ် ၄ ဘုံ သွားရတယ်။ ကာမကုသိုလ်သင်္ခါရကြောင့် ကာမသုဂတိ ရ ဘုံ သွားရတယ်။ ရူပကုသိုလ်သင်္ခါရကြောင့် ရူပဘုံ။ အရူပကုသိုလ်သင်္ခါရကြောင့် အရူပဘုံကို သွားရမှာဆိုတော့ သူ့သင်္ခါရနဲ့ သူ့ဘုံနဲ့ ပဋိစ္စသမုပ္ပါဒ် လည်သွားမှာပါ။

ဒီနေရာမှာ ဒီကုသိုလ် အကုသိုလ်တွေကို ငါလုပ်တာမဟုတ်၊ အဝိဇ္ဇာကြောင့် ဒီကုသိုလ်သင်္ခါရနဲ့ အကုသိုလ်သင်္ခါရတွေ ဖြစ်ကြတာပဲလို့ ဒိဋ္ဌိပြုတ်ချင်တဲ့သူက မြင်ရမှာပါ။ ပဋိစ္စသမုပ္ပါဒ်မှာ ငါ ကို ဖျောက်ပစ်ရမှာပါ။ ငါ သွားထည့်လို့ မရပါဘူး။

အဝိဇ္ဇာကြောင့် သင်္ခါရတွေ ဖြစ်တယ်ဆိုရာမှာ ဒီသင်္ခါရတွေ ဖြစ်တာက အဝိဇ္ဇာဆိုတဲ့ အကြောင်းတစ်ခုထဲလား?

အကြောင်းတစ်ခုထဲဆိုရင် “ဧကကာရဏဝါဒ” ဆိုတဲ့ ဒိဋ္ဌိတစ်မျိုးဖြစ်မှာပါ။ ပဋိစ္စသမုပ္ပါဒ်မှာက အဝိဇ္ဇာကို ပဓာနဖြစ်လို့ ခေါင်းတည်ပြီးတော့ ဟောတာပါ။ ဘုရားရှင်ဟောတဲ့တရားတွေမှာ ..

(၁) အကြောင်းက ပဓာနဖြစ်လို့ ခေါင်းတည်ပြီး ဟောတာ ရှိတယ်။

(၂) အကြောင်းအမျိုးမျိုးထဲမှ အကြောင်းတစ်ခုကသာ ထင်ရှားလို့ ခေါင်းတည်ပြီး ဟောတာလည်း ရှိတယ်။

(၃) ဒီအကြောင်းတရားကို ပြရင် အခြားတစ်ပါးသော အကြောင်းတရားတွေနဲ့ မဆက်ဆံတဲ့ အကြောင်း တရားကို ပြတာလည်း ရှိပါတယ်။

အကြောင်းကို ရှာတဲ့အခါ ပဋ္ဌာန်းမှာတော့ အကြောင်းအမျိုးမျိုးကို ပြပါတယ်။ ဘုရားရှင်ရဲ့ ဝါဒက ဝိဘဇ္ဇဝါဒပါ။ အကြောင်းတစ်ခုထဲ ဆုပ်ကိုင်ထားတဲ့ ဝါဒမဟုတ်ပါ။ အကြောင်းအမျိုးမျိုးကြောင့် အကျိုးအမျိုးမျိုး ဖြစ်တာတွေကို ဟောတဲ့ဝါဒပါ။

အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်တယ်ဆိုရင် အဝိဇ္ဇာက ဘယ်သူ့ကြောင့် ဖြစ်တာလည်း။ သံသရာအစဟာ အဝိဇ္ဇာလား။

အဘိဓမ္မာအခြေခံအကုသိုလ်စေတသိက်တွေ လေ့လာတဲ့အခါ “မောဟ” က ပထမဆုံးလာပါတယ်။ မောဟက အကုသိုလ်ပြုတိုင်း ပါပါတယ်။ မောဟမပါဘဲ ဘယ်အကုသိုလ်မှ လုပ်လို့မရပါ။ ပါဠိလို့ကတော့ “သဗ္ဗာကုသလသာဓာရဏ” စေတသိက် - အကုသိုလ်စိတ်အားလုံးနဲ့ဆက်ဆံတဲ့စေတသိက်လို့ ဆိုပါတယ်။

ရှင်းရှင်းနဲ့လွယ်အောင်ကတော့ အကုသိုလ်ပြုတိုင်း ပါဝင်တဲ့စေတသိက်က ၄ လုံး ရှိပါတယ်။ နံပါတ်တစ်က မောဟပါပဲ။

မောဟက အကုသိုလ်ဒုစရိုက်ကို မသိအောင် လူတွေရဲ့ဉာဏ်ကို ဖုံးလွှမ်းပေးထားတဲ့ မောဟက တစ်မျိုး၊ ကာမာဝစရကုသိုလ်ရဲ့ အကျိုးတွေကို ဒုက္ခလို့ မမြင်အောင် ဖုံးလွှမ်းပေးတဲ့ မောဟက တစ်မျိုး၊ ရူပကုသိုလ် အရူပကုသိုလ်ရဲ့အကျိုးတွေကို ဒုက္ခလို့ မမြင်အောင် ဖုံးလွှမ်းတဲ့ မောဟကတစ်မျိုး၊ မောဟက အမှန်တရားဖြစ်တဲ့ သစ္စာလေးပါး တရားကို မမြင်အောင် နည်းအမျိုးမျိုးနဲ့ အထပ်ထပ် ဖုံးကွယ်ထားတာပါ။

အကုုသိုလ်လုပ်ရင် မောဟ အဟိရိက အနောတ္တပ္ပ ဥဒ္ဓစ္စဆိုတဲ့ စေတသိက် ၄လုံးက တစ်ခါတည်းပါတာပါ။ ဘယ်အကုသိုလ်ပဲဖြစ်ဖြစ် မောဟမပါဘဲ ဖြစ်လို့မရပါဘူး။

အဝိဇ္ဇာက ဘယ်သူ့ကြောင့် ဖြစ်တာလည်း?။ အဝိဇ္ဇာဖြစ်ရင် တဏှာက ပါလာပါတယ်။ တဏှာနဲ့အဝိဇ္ဇာက ခွဲလို့ မရပါဘူး။ ပဋိစ္စသမုပ္ပါဒ်မှာ အဝိဇ္ဇာနဲ့တဏှာကို ဒွေးမူလလို့ ဆိုပါတယ်။ အဝိဇ္ဇာဘယ်သူကြောင့် ဖြစ်တာလည်း၊ တဏှာကြောင့် ဖြစ်တယ်။ တဏှာ ဘယ်သူ့ကြောင့် ဖြစ်တာလည်း၊ အဝိဇ္ဇာကြောင့် ဖြစ်တယ်၊ ဒီလို သံသရာလည်နေတာပါ။

အဝိဇ္ဇာက ဘယ်သူ့ကြောင့်ဖြစ်သလည်း ပြန်မေးရင် အဝိဇ္ဇာဟာ တဏှာကြောင့် ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ အဝိဇ္ဇာပစ္စယာ သင်္ခါရာမှာ အဝိဇ္ဇာက အထင်ရှားဆုံး ပဓာနအကျဆုံး အကြောင်းဖြစ်လို့ အဝိဇ္ဇာကို နံပါတ်တစ်အကြောင်းထားပြီး ဟောရပါတယ်။

ဝိညာဉ်က ပြဿနာအဖြစ်ဆုံးပါ။

သင်္ခါရပစ္စယာ ဝိညာဏံအရ သင်္ခါရကြောင့် ဝိညာဉ်ဖြစ်တယ် ဆိုတော့ ဒီဝိညာဉ်ဟာ ဘယ်ဝိညာဉ်လဲ ?

အရပ်ထဲမှာ သုံးနေတဲ့ ဝိညာဉ်က အသက်ကို ခေါ်တဲ့ ဝိညာဉ်ပါ။ ခန္ဓာငါးပါး ဖွဲ့တဲ့အခါမှာ စိတ်က ၈၉ ခု ရှိတော့ စိတ်အားလုံးကို ဝိညာဏက္ခန္ဓာ ဖွဲ့သလို ပဋိစ္စသမုပ္ပါဒ်မှာ စိတ်အကုန်လုံးဟာ ဝိညာဉ်လား၊ ဘယ်စိတ်ကို ဝိညာဉ်လို့ ယူမလဲ။

မသိမှု အဝိဇ္ဇာနဲ့ ကုသိုလ် အကုသိုလ်လုပ်တဲ့အခါ ဝိညာဉ် ဖြစ်တယ်ဆိုတော့ လွယ်လွယ်ပြောရရင် ဝိပါက် ဝိညာဉ်ပါပဲ။ ကုသိုလ် အကုသိုလ် စေတနာကြောင့် ဝိညာဉ်ဖြစ်တယ်ဆိုရင် ဝိပါက်ဝိညာဉ်ကိုပဲ ယူရပါမယ်။ အကြောင်း ဝိညာဉ်ကို မယူဘဲ အကျိုးဖြစ်တဲ့ ဝိညာဉ်ကိုပဲ ယူရမှာပါ။ ဝိပါက် ဝိညာဉ်ကလည်း ပဋိသန္ဓေအခါမှာ ဖြစ်တဲ့ ဝိညာဉ်နဲ့ ပဝတ္တိအခါမှာဖြစ်တဲ့ ဝိညာဉ်လို့ ၂ မျိုး ရှိပါတယ်။

သင်္ခါရပစ္စယာ ဝိညာဏံမှာ ဝိညာဉ်ဆိုတာ သတ္တဝါတွေရဲ့ဘဝမှာ အစဆုံးဖြစ်တဲ့ ပဋိသန္ဓေဝိညာဉ်ကို ယူရပါမယ်။ သင်္ခါရကြောင့်ဖြစ်တဲ့ ဝိညာဉ်က အစဆုံးဖြစ်တော့ ပဝတ္တိအခါမဟုတ်သေးလို့ ပဝတ္တိဝိညာဉ်ကို မယူရသေးပါ။

ပဝတ္တိဝိညာဉ်ဆိုတာက စက္ခုဝိညာဉ်၊ သောတဝိညာဉ်၊ ဃာနဝိညာဉ်၊ ဇိဝှါဝိညာဉ်၊ ကာယဝိညာဉ်၊ မနောဝိညာဉ် ဆိုတဲ့ အကျိုးစိတ်တွေပါ။ ဘဝက ကုသိုလ်လုပ်ခဲ့လို့ ကောင်းတာမြင်၊ ကောင်းတာကြား၊ ကောင်းတာနံ၊ ကောင်းတာစား၊ ကောင်းကောင်းနေရ၊ ကောင်းကောင်းတွေ့ရတာက အတိတ်ကအကြောင်းကြောင့် ပဝတ္တိအခါမှာဖြစ်တဲ့ အကျိုးတွေပါ။

မကောင်းမြင်ရ၊ မကောင်းတာကြားရ၊ မကောင်းတာနံရ၊ မကောင်းတာစားရ၊ မကောင်းတာတွေ့နေရတယ် ဆိုတာတွေကလည်း ဝိပါက်ဝိညာဉ်တွေပါပဲ။ စိတ်ပိုင်းမှာ အဟိတ်စိတ်ထဲက ကုသလဝိပါက် ဝိညာဉ်နဲ့ အကုသလဝိပါက်ဝိညာဉ်တွေဟာ ပဝတ္တိအခါမှာဖြစ်တဲ့ ဝိညာဉ်တွေ များပါတယ်။

ကြံစည်ပြောဆို ပြုလုုပ်ကြရာမှာ သူတပါးအား အကျိုးမဲ့ဖြစ်အောင် ကြံစည်ပြောဆိုပြုလုပ်တာက အပုညာဘိသင်္ခါခေါ်တဲ့ အကုသိုလ်ကံပါ၊ အဲဒီ အကုသိုလ်ကံက အပါယ် ၄ ဘုံမှာ ပဋိသန္ဓေဝိညာဏ်ကို ဖြစ်စေတတ်ပါတယ်၊ သူတစ်ပါးအား အကျိုးစီးပွားဖြစ်အောင် မိမိ၏စိတ်သန့်ရှင်းစင်ကြယ်အောင် ကြံစည်ပြောဆို ပြုလုပ်တာကတော့ ပုညာဘိသင်္ခါရနဲ့အာနေဉ္ဖာဘိသင်္ခါရ လို့ခေါ်တဲ့ ကုသိုလ်ကံတွေပါ။ ဒီကုသိုလ်ကံတွေက လူ့ဘုံနတ်ဘုံ ဗြဟ္မာ့ဘုံတွေမှာ ပဋိသန္ဓေဝိညာဏ်ကို ဖြစ်စေတတ်ပါတယ်။

ဒါကြောင့် သင်္ခါရပစ္စယာ ဝိညာဏံ အားထုတ်မှု သင်္ခါရကြောင့် ဘဝသစ် ဝိညာဏ်ဖြစ်သည်လို့ ဟောတော်မူပါတယ်။ အဲဒီ ဘဝသစ်ဝိညာဏ်ဟာ ပဋိသန္ဓေခဏကစပြီး နောက်ဆုံးသေသည့် စုတိခဏတိုင်အောင် တစ်စိတ်ပြီးတစ်စိတ် ဆက်ကာ ဆက်ကာ မပြတ်ဖြစ်သွားပါတယ်၊ အဲဒါဟာ ကုသိုလ်ကံ အကုသိုလ်ကံ ဆိုတဲ့ သင်္ခါရက အကျိုးပေးတာပါ။

ဒီတော့ ယခုဘဝမှာ အာရုံအကောင်းအဆိုးတွေကို မြင်ရကြားရ တွေ့ရကြုံသိရတာတွေဟူသမျှဟာ ရှေးဘဝက ပြုခဲ့အားထုတ်ခဲ့တဲ့ ကုသိုလ်ကံ အကုသိုလ်ကံ သင်္ခါရကြောင့်ဖြစ်နေတဲ့ အကျိုးဝိပါက် စိတ်ဝိညာဏ်မျှပဲဆိုတာ ထင်ရှားပါတယ်။

ပုညာဘိသင်္ခါရ အပုညာဘိသင်္ခါရ အာနေဉ္ဇာဘိသင်္ခါရဆိုတဲ့ အမှုကံ ၃ မျိုး၊ (တစ်နည်းအားဖြင့်) ကာယသင်္ခါရ ဝစီသင်္ခါရ စိတ္တသင်္ခါရဆိုတဲ့ အမှုကံ ၃ မျိုးကို ပြုလုပ်အားထုတ်ခဲ့လို့ ယခုဘဝမှာ ပဋိသန္ဓေခဏမှစပြီး အာရုံ အကောင်းအဆိုးတွေကို တွေ့သိခံစားတဲ့ စိတ်ဝိညာဏ်တွေ မပြတ်ဖြစ်နေရတယ်လို့ဆိုပါတယ်။

လူတွေမှာ ဝိညာဏ်ဖြစ်တယ်ဆိုတာက သင်္ခါရကြောင့် ဖြစ်တာပါ။ သင်္ခါရဆိုတာက ကုသိုလ်ကံ အကုသိုလ်ကံစေတနာပါပဲ။ ဒီဝိညာဏ်ကို တစ်ဘဝမှ တစ်ဘဝ ပြောင်းသွားတယ်လို့ ယူဆထားကြတာက စုတိပြီးရင် ပဋိသန္ဓေစိတ် ဖြစ်တာက သိပ်မြန်ပါတယ်။ စုတိပြီး ပဋိသန္ဓေဆိုတဲ့ ဝိညာဏ်က ဆက်တိုက် ဖြစ်တာပါ။ ဒီဘဝက စုတိပြီး နောက်ဘဝဝိညာဏ်ကလည်း ချက်ချင်းဖြစ်တာပါ။ ပဝတ္တိအခါမှာလည်း စက္ခုဝိညာဏ်၊ သောတဝိညာဏ်၊ ဃာနဝိညာဏ် တွေဟာ တစ်ပြိုင်နက် ဖြစ်နေတယ်လို့ ထင်ရပါတယ်။ ထင်ရပေမယ့် ဝီထိမှာက တစ်ခုစီ ဖြစ်တာပါ။ ဒီဘဝက စုတိပြီး နောက်ဘဝ ဝိညာဏ်ကလည်း ချက်ချင်းဖြစ်တာ၊ ဒီလိုစုတိပြီး ဝိညာဏ်ချက်ချင်းဖြစ်တာက သိပ်မြန်တဲ့အတွက် ဘယ်ပုဂ္ဂိုလ်မှလည်း သိနိုင်စွမ်းမရှိတဲ့အခါကျတော့ ဒီဝိညာဏ်ကပဲ ဘဝတစ်ခုက ဘဝတစ်ခုကို ပြောင်းသွားတယ်လို့ ထင်ကြတာပါ။ သုတ္တန်နည်းအရ ပြောမယ်ဆိုရင်တော့ ဘဝပြောင်းတယ်လို့လည်း ပြောနိုင်ပါတယ်။

သို့ပေမယ့် ဝိပဿနာအားထုတ်ပြီး ၃၁ ဘုံမှ လွတ်မြောက်ချင်တဲ့ ပုဂ္ဂိုလ်ကျတော့ ဒီဝိညာဏ်ပြောင်းတယ် လို့ ယူဆထားရင် သဿတဒိဋ္ဌိ အတ္တဒိဋ္ဌိ မလွတ်ပါ။ အနိစ္စဆိုတာလည်း ပြောလို့ မရနိုင်ပါ။

ဒီဝိညာဏ်ဟာ ဘဝပြောင်းနေတယ်၊ မြဲနေတယ်လို့ယူဆတဲ့ အယူကတော့ ဒါနလုပ်လို့လည်း ရပါတယ်၊ သီလဆောက်တည်လို့လည်း ရပါတယ်၊ ဈာန်သမာပတ်တွေ လုပ်လို့လည်း ရပါတယ်။ ဝိပဿနာကျတော့ သဿတဒိဋ္ဌိကို ဖြိုခွဲပြစ်မှ အနိစ္စထင်မှပါ။ ဝိညာဉ်ရဲ့ဖြစ်ပျက်ကို မြင်မှလည်း အနတ္တကို မြင်မှာပါ။ အနတ္တမြင်မှလည်း ဒိဋ္ဌိတွေက ပြုတ်မှာပါ။

ဝိညာဉ်ကို မြဲတယ်လို့ ယူဆထားပေမယ့် ဝိညာဉ်က မြဲနေတာ မဟုတ်ပါဘူး။ သင်္ခါရကြောင့် ဝိညာဉ်ဖြစ်နေတာပါ။ ကံကြောင့် ဝိညာဉ်ဖြစ်နေတာပါ။ ကုသိုလ်အကုသိုလ်ကံ သင်္ခါရကြောင့် ဝိညာဉ်ဖြစ်တယ်၊ ကုသိုလ်ကံ အကုသိုလ်ကံ ဘာကြောင့်ဖြစ်သလည်း အဝိဇ္ဇာကြောင့် ဖြစ်တယ်။ အဝိဇ္ဇာက ကိလေသဝဋ်၊ သင်္ခါရက ကမ္မဝဋ်၊ ဝိညာဉ်က ဝိပါကဝဋ်ဆိုတဲ့ ဝဋ်သုံးပါးပါ။ ပဋိစ္စသမုပ္ပါဒ်လည်တယ်ဆိုတာက ဒီဝဋ်သုံးပါး လည်နေတာပါ။

အဝိဇ္ဇာဆိုတာက ကိလေသာဝဋ်။ တရားအားထုတ်တဲ့အခါမှာ ကံကိုသတ်မလား၊ ကိလေသာကို သတ်မလား။ ဇာတိပိ၊ ပဋိသန္ဓေဝိညာဉ်ကလေးတွေ ထပ်ကာထပ်ကာ ဖြစ်နေရခြင်းသည်လည်း၊ ဒုက္ခာ၊ ဆင်းရဲလှ၏။ ဝဋ်သုံးပါးလည်ပြီး ပဋိသန္ဓေ ထပ်ကာထပ်ကာ ဖြစ်နေတယ်လို့ ဆိုတာပါ။ လူဖြစ်ဖြစ် နတ်ဖြစ်ဖြစ် ဗြဟ္မာဖြစ်ဖြစ် ဘယ်ဘဝမှပဲ ဖြစ်ရဖြစ်ရ ဖြစ်လာရင်တော့ ဒုက္ခ မကင်းတော့ပါလားဆိုပြီး ဝိညာဉ်ဖြစ်ရခြင်းအကြောင်းကို ရှာတဲ့အခါမှာ ကံကြောင့် ဖြစ်လာတယ်၊ သင်္ခါရကြောင့် ဖြစ်လာတယ်လို့ မြင်ရမှာပါ။ ဒီသင်္ခါရက ဘာကြောင့်ဖြစ်ရသလည်း .. အဝိဇ္ဇာကြောင့် ဖြစ်ရပါတယ်။ အဝိဇ္ဇာဆိုတာက ကိလေသဝဋ်ပါ။

ဗုဒ္ဓဘာသာဝါဒမှာက ကိလေသဝဋ်ဆိုတဲ့ ကိလေသာကို သတ်ရမှာပါ။ ကံကို သတ်စရာမလိုပါ။ ကောင်းမှုကံကတော့ လုပ်ချင်သလောက် လုပ်လို့ရပါတယ်။ ဘုရားရဟန္တာဖြစ်လည်း ကုသိုလ်လုပ်လို့ ရပါတယ်။ နတ်တွေဖြစ်လည်း ကုသိုလ်လုပ်လို့ရပါတယ်။ လူဖြစ်လည်း ကုသိုလ်လုပ်ချင်တိုင်း လုပ်လို့ရပါတယ်။ သို့ပေမယ့် ကံတွေမှာ အဝိဇ္ဇာတဏှာဆိုတဲ့ ကိလေသာမပါရင် အဝိဇ္ဇာကြောင့် ဖြစ်တဲ့ ကံမဟုတ်လို့ သင်္ခါရပစ္စယာ ဝိညာဏံဆိုတဲ့ ပဋိသန္ဓေစိတ် ဝိညာဉ် မဖြစ်နိုင်တော့ပါ။

ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ်သုံးမျိုးတို့မှာ ကံက ဘာနဲ့တူသလည်းဆိုတော့ စပါးမျိုးစေ့နဲ့ တူပါတယ်။ ဝိညာဉ်က အပင်နဲ့တူပါတယ်။ ကိလေသာက ရွှံ့ညွန်ရေတို့နဲ့ တူပါတယ်။ ကံဆိုတဲ့ မျိုးစေ့ဟာ ရွှံ့ညွန်ရေဆိုတဲ့ လယ်မြေထဲမှာ စိုက်မှသာ အပင်ပေါက်ပါတယ်။ သမံတလင်းမှာ ချထားရင် အပင်မပေါက်နိုင်ပါ။ ဒါကြောင့်မို့ ကိလေသာရှိနေမှလည်း ဒီကံက အပင်ပေါက်ပါတယ်။ ကိလေသာမရှိတဲ့သူ လုပ်တဲ့ကံတွေဟာ အပင်မပေါက်နိုင်ပါ။ ဒါကလည်း မြတ်စွာဘုရားပေးတဲ့ ဥပမာပါ။

ကိလေသာကို ကုန်အောင်လုပ်တဲ့ ဝါဒက ဘုရားဝါဒပါပဲ။ သတ်ရမယ့်တရားက ကိလေသာပါ။ ကိလေသာကို ကုန်အောင်မလုပ်နိုင်သရွေ့တော့ ကံတွေဖြစ်နေမှာပါ။ ကံတွေဖြစ်နေရင်လည်း ပဋိသန္ဓေဘဝ ဝိညာဉ်က ဖြစ်နေမှာပါ။

ဆက်လက်ဖော်ပြပါမည်။


ပဋိစ္စသမုပ္ပါဒ်တရားတော် (၃)

ဝိညာဏပစ္စယာ နာမရူပံမှာ ဝိညာဉ်ကြောင့် နာမ်ရုပ်ဖြစ်တယ်ဆိုတော့ ဒီနေရာမှာ နည်းနည်း သိထားဖို့က နာမ်ဆိုတာ ဘယ်နာမ်လဲ ? ဝိညာဉ်ဆိုတာကလည်း နာမ်ပဲ။ နာမ်ကြောင့် နာမ်ဖြစ်သလား၊ အကြောင်းနဲ့အကျိုး ကွဲမှဖြစ်မှာပါ။ နာမ်အရ စိတ်ကိုပါယူရင် ဝိညာဉ်ကြောင့် နာမ်ဖြစ်တယ်ဆိုတဲ့နေရာမှာ ဒီနာမ်အရကလည်း စိတ်ကို ယူပြန်တော့ အကြောင်းနဲ့အကျိုး ထပ်တူဖြစ်နေမှာပါ။ ထပ်တူမဖြစ်ရအောင် ဝိညာဏပစ္စယာ နာမရူပံမှာ နာမ်ဆိုတာ ဘယ်နာမ်လဲ ?။

ဝိဘင်းပါဠိတော်ကတော့ လွယ်အောင် ဝိညာဏပစ္စယာနာမရူပံမှာ နာမံအရ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာဆိုတဲ့ ခန္ဓာသုံးပါးကို ပြပါတယ်။ ဝိညာဉ်အရမှာ ဝိညာဏက္ခန္ဓာကို ယူပြီးသားဖြစ်နေတော့ ဝိညာဏပစ္စယာနာမရူပံ ဝိညာဉ်ကြောင့် နာမ်ရုပ်ဖြစ်တယ်ဆိုတဲ့နေရာမှာ ဒီနာမ်အရ စေတသိက်ကိုပဲ ယူရမှာပါ။ ဆိုလိုရင်းကတော့ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာပါပဲ။

စေတသိက်က ၅၂ ခု ရှိတော့ ဝေဒနာစေတသိက်ကို ဝေဒနာက္ခန္ဓာ၊ သညာစေတသိက်ကို သညာက္ခန္ဓာ၊ ဝေဒနာသညာမှကြွင်းသော စေတသိက် ၅ဝ တို့ကို သင်္ခါရက္ခန္ဓာ၊ အဲဒါကြောင့် ဝိညာဏပစ္စယာ နာမရူပံမှာ နာမ်အရ နာမ်လို့ဆိုပေမယ့် ဒီ့ပြင်နာမ်တွေမယူဘဲ ဒီနေရာမှာ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာဆိုတဲ့ ခန္ဓာသုံးပါးပဲယူရပါတယ်။

ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်ပုံက အဝိဇ္ဇာနဲ့ တဏှာက အားပေးလို့ ကံက ပစ်ချလိုက်တဲ့ဘဝမှာ ဝိညာဉ်သွား ဖြစ်ပါတယ်။ လူ့ဘဝမှာ အစဦးဆုံး ပဋိသန္ဓေစိတ် ဝိညာဉ်ကလေး ဖြစ်လာတဲ့အခါမှာ ဒီဝိညာဉ်က သူတစ်ခုတည်း ဖြစ်လာသလား၊ “ဝိညာဏပစ္စယာ နာမရူပံ” ဝိညာဉ်ဖြစ်လာရင် နာမ်နဲ့ရုပ် ပါလာပါတယ်။

သင်္ခါရကြောင့် ဝိညာဉ်ဖြစ်ပုံမှာ သင်္ခါရဆိုတဲ့ အတိတ်က ကုသိုလ်သင်္ခါရကြောင့် ဒီဘဝမှာ ဝိညာဉ်ဖြစ်လာတာဟာ ဟိုဘဝက ပြောင်းလာတာ မဟုတ်ဘူးဆိုတာကိုတော့ သိထားရပါမယ်။

ဝိညာဉ်ရှိမှ နာမ်ရုပ်က ဖြစ်လို့ရပါတယ်။ တစ်မျိုးဆိုရင် စိတ်ရှိလို့ ရုပ်က ဖြစ်လာရတာပါ။ စိတ်ဆိုတာက ပဋိသန္ဓေဝိညာဉ်ပါပဲ။ အဘိဓမ္မာမှာ စိတ်နဲ့စေတသိက်တရားနှစ်ခုပေါင်းကို နာမ်လို့ဆိုပါတယ်။

ဝိညာဏပစ္စယာ နာမရူပံမှာ ပဋိသန္ဓေဝိညာဉ်ကလည်း နာမ်၊ နာမံကလည်း နာမ်၊ ဘာနာမ်ကြောင့် ဘာနာမ်ဖြစ်ရသလဲ?။

ဝိညာဉ်က စိတ်ဆိုတော့ နာမံအရကို စေတသိက်ပဲယူရမှာပါ။ စိတ်ရှိရင် စေတသိက်လည်းရှိရမှာပါ။ ဒီလိုယူရင် “ဝိညာဏပစ္စယာ နာမရူပံ” ဝိညာဉ်ကြောင့် နာမ်ဖြစ်တယ်ဆိုရာမှာ စိတ်ကြောင့် စိတ်ဖြစ်တယ်လို့ ဖြစ်နေပါတယ်။ ဒါကြောင့် ဝိညာဉ်ကြောင့် နာမ်ဖြစ်တယ်ဆိုရာမှာ စိတ်ကြောင့် စေတသိက်ဖြစ်တယ်လို့ ယူရမှာပါ။ စိတ်နဲ့စေတသိက်ဆိုတာကလည်း တစ်ပြိုင်နက်ထဲဖြစ်တယ်။ အတူတကွဖြစ်တယ်လို့ ပဋ္ဌာန်းသဟဇာတပစ္စည်း၊ အညမညပစ္စည်းတွေမှာ ဟောထားပါတယ်။ စိတ်နဲ့စေတသိက်က ကင်းပြီးဖြစ်လို့ မရတဲ့ တရားတွေပါ။ စိတ်ဖြစ်ရင် စေတသိက်ပါရမယ်၊ စေတသိက်ဖြစ်ရင် စိတ်ပါရပါမယ်။

(ဆရာတော်နန္ဒမာလာဘိဝံသကတော့ နာမရူပံမှာ “နာမ” အရ ဘာကို ယူရမလည်းဆိုယင် နာမဆိုတဲ့ စကားလုံးက စိတ်နဲ့စေတသိက် နှစ်ခုလုံးကို ခေါ်တဲ့ အမည်နာမပဲတဲ့၊ သို့သော် ဒီနေရာမှာ ဝိညာဏက စိတ်ကို ယူထားပြီးဖြစ်သည့်အတွက်ကြောင့် နာမအရ စေတသိက်ကိုပဲ ယူရပါတယ်တဲ့၊ အဲဒါကို ပါရိသေသနည်းလို့ ခေါ်တယ်လို့ဆိုပါတယ်။ ဒါကြောင့်မို့ နာမ သဒ္ဒါဟာ စိတ်နဲ့စေတသိက် နှစ်ခုလုံး ဆိုင်ပေမယ့်လို့ ဒီနေရာမှာ စေတသိက်ကိုပဲ ယူတဲ့။)

ဝိညာဉ်ကြောင့် နာမ်ရုပ်ဖြစ်ရတဲ့အခါမှာ အတူတကွဖြစ်ပါတယ်။ တစ်ပြိုင်နက်လည်း ဖြစ်ပါတယ်။ ပဋိစ္စသမုပ္ပါဒ်မှာ ဝိညာဏပစ္စယာ နာမရူပံ ဆိုတာက ဝိညာဉ်ကအရင်ဖြစ်တယ်။ နာမ်ရုပ်က နောက်မှ ဖြစ်တယ်လို့ ဆိုတာ မဟုတ်ပါ။ ပဋိသန္ဓေကလလရေကြည် ဝိညာဉ်ဖြစ်တာနဲ့ နာမ်ရုပ်က တစ်ခါတည်း ပါလာပါတယ်။ ဒါက သဟဇာတပစ္စည်းခေါ်ပါတယ်။

ပဋ္ဌာန်းမှာ “ဩက္ကန္တိက္ခဏေ နာမရူပံ အညမညံ သဟဇာတ ပစ္စယေန ပစ္စယော။ ဩက္ကန္တိက္ခဏေ၊ ပဋိသန္ဓေခဏ၌။ နာမရူပံ၊ နာမ်နဲ့ရုပ်သည်။ သဟဇာတပစ္စယေန ပစ္စယော၊ အတူတကွ တစ်ပြိုင်နက် ဖြစ်သောအားဖြင့် ကျေးဇူးပြုပါတယ်” လို့ ဆိုလိုပါတယ်။

နောက်ပြီး “ဩက္ကန္တိက္ခဏေ နာမရူပံ အညမညပစ္စယေန ပစ္စယော။ နာမ်နဲ့ရုပ်သည် ပဋိသန္ဓေခဏမှာ ရုပ်ကလည်း ကျေးဇူးပြုပါတယ်။ နာမ်လည်း ရုပ်ကို ကျေးဇူးးပြုပါတယ်” လို ဆိုပါတယ်။

နောက်ပြီး “ဩက္ကန္တိက္ခဏေ နာမရူပံ အညမညံ နိဿယပစ္စယေန ပစ္စယော” လို့ ဆိုပါတယ်။ နိဿယပစ္စည်းနဲ့ ဆိုရင်လည်း ရုပ်က နာမ်ကို မှီပြီးနေတယ်။ နာမ်ကလည်း ရုပ်ကို မှီပြီးနေတယ်။ ဒါကြောင့် ပဋိသန္ဓေခဏမှာ ဝိညာဉ်ကြောင့် နာမ်ရုပ်ဖြစ်တယ်ဆိုတာမှာ ဝိညာဉ်နဲ့နာမ်ရုပ်ဟာ သဟဇာတ အညမည နိဿယပစ္စည်းတွေနဲ့ တစ်ပြိုင်နက် အတူတကွ ဖြစ်တာပါ။

ဒီလို တစ်ပြိုင်နက် အတူတကွဖြစ်တာကို မှိုပေါက်လာတာနဲ့ ဥပမာပေးကြပါတယ်။ မှိုပေါက်လာတဲ့အခါမှာ ထိပ်က အဖူးကလေး တခါထဲ ပါလာသလို ဝိညာဉ်ဖြစ်ရင် နာမ်ရုပ်ပါလာတာပါပဲ။ ပဋိသန္ဓေခဏမှာပဲ ခန္ဓာငါးပါးရလာပါတယ်။ ဝိညာဉ်ကြောင့် နာမ်ရုပ်ဖြစ်တယ်ဆိုတာမှာ နာမံအရက ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ။ ဝိညာဏ်အရက ဝိညာဏက္ခန္ဓာ။ ရူပံအရက ရူပက္ခန္ဓာဆိုတဲ့ ခန္ဓာငါးပါး ဖြစ်တာပါပဲ။

ရုပ်ဟာ စိတ်ကြောင့်ဖြစ်တာပါ။

ပဋိသန္ဓေမှာ ရလာတဲ့ ခန္ဓာငါးပါးကို ကြီးထွားလာအောင် ဘယ်လိုအကြောင်းတွေနဲ့ထောက်ပံ့ထားတယ် ဆိုတာကို ပဋ္ဌာန်းမှာတော့ ကျယ်ကျယ်ပြန့်ပြန့် ဟောထားပါတယ်။

ဝိညာဉ်ကြောင့် ရုပ်ဖြစ်တဲ့အခါ ကမ္မဇရုပ် ဥတုဇရုပ် စိတ္တဇရုပ် အာဟာရဇရုပ်တို့ကို ဝိညာဉ်က အကုန်လုံး ကျေးဇူးပြုထားပါတယ်။

ပဋိသန္ဓေအချိန်မှာ မသိနိုင်ပေမယ့် ဝိညာဉ်ကြောင့် နာမ်ရုပ်ဖြစ်ရတာဟာ ပဝတ္တိအခါမှာတော့ ထင်ရှားပါတယ်။ ခြေတစ်ဖက်ကြွချင်တယ်ဆိုရင် စိတ်ကစပြီး ဖြစ်ရတယ်။ ကြွချင်တယ် ဆိုတဲ့ စိတ်ဖြစ်ပြီးမှ ကြွချင်စိတ်ကြောင့် ဝါယောဓာတ်ဖြစ်လာပါတယ်။ ဒီစိတ်ကြောင့် ဖြစ်တဲ့ ဝါယောကို စိတ္တဇဝါယောလို့ ခေါ်ပါတယ်။ ဒီ ဝါယောဖြစ်လာမှလည်း ခြေက ကြွတာပါ။ ဒီလို ကိုယ်အမူအရာ နှုတ်အမူအရတွေ ဟူသမျှဟာ စိတ်ကြောင့်ဖြစ်တဲ့ စိတ္တဇရုပ်ပါပဲ။ ဝိပဿနာယောဂီမှာဆိုယင်လည်း ဒီ စိတ္တဇရုပ်တွေကိုပဲ အရင်းခံပြုပြီး ရှုမှတ်နေရပါတယ်။ ဒါကြောင့် မဟာသတိပဋ္ဌာနသုတ် ဒေသနာတော်မှာ “ဂစ္ဆန္တော ဝါ၊ သွားသည်ရှိသော်လည်း။ ဝါ သွားလျှင်လည်း။ ဂစ္ဆာမီတိ၊ သွားသည်ဟူ၍။ ပဇာနာတိ၊ သိ၏။ ဌိတော ဝါ၊ ရပ်လျှင်လည်း ။ ဌီတောမှီတိ၊ ရပ်သည်ဟူ၍ ။ ပဇာနာတိ၊ သိ၏ ။ နိသိန္နော ဝါ၊ ထိုင်လျှင်လည်း ။ နိသိန္နေမှီတိ၊ ထိုင်သည်ဟူ၍ ။ ပဇာနတိ၊ သိ၏” စသည်ဖြင့် ဒီစိတ္တဇရုပ်ကို သိအောင်ရှုဖို့ မြတ်စွာဘုရားက ညွှန်ကြားတော်မူခဲ့ပါတယ်။

ပဝတ္တိအခါမှာ ရုပ်ဟာ စိတ်ကြောင့်ဖြစ်တာ ထင်ရှားပါတယ်။ ပဋိသန္ဓေအခါမှာ ကမ္မဇရုပ်ကတော့ မမြင်ရ၊ မမြင်နိုင်၊ စဉ်းစားလို့လည်း မရပေမယ့် ပဋိသန္ဓေအခါမှာဖြစ်တဲ့ ကမ္မဇရုပ်ဟာ စိတ်ကြောင့်ပဲ ဖြစ်နိုင်တယ်ဆိုတာ ပဝတ္တိရုပ်တွေကို ထောက်ဆပြီး အနုမာနအားဖြင့် သိနိုင်ပါတယ်လို့ အဋ္ဌကထာမှာလည်း ပြဆိုထားတယ်လို့ မဟာစည်ဆရာတော်ဘုရားကြီးရဲ့ ပဋိစ္စသမုပ္ပါဒ်တရားတော်ကြီးမှာ ဟောကြားထားပါတယ်။

အခု ဝိညာဏပစ္စယာ နာမရူပံကို လက်တွေ့ တရားရှုမှတ်ပုံကို ဟောကြားထားတဲ့ မဟာစည်ဆရာတော် ဘုရားကြီးရဲ့ ပဋိစ္စသမုပ္ပါဒ်တရားတော်ကို ဆက်လက်ဖော်ပြပေးပါမယ်။

ဆရာတော်ဘုရားကြီးက ယခုပြောခဲ့တဲ့အတိုင်း သင်္ခါရပစ္စယာ ဝိညာဏံ - သင်္ခါရကြောင့် ဝိညာဏ်ဖြစ်သည်၊ ဝိညာဏပစ္စယာ နာမရူပံ - ဝိညာဏ်ကြောင့် နာမ်နှင့်ရုပ် ဖြစ်သည်ဆိုရာမှာ ပဋိသန္ဓေဝိညာဏ်ကိုတော့ ယောဂီပုဂ္ဂိုလ်က ကိုယ်တွေ့မျက်မှောက်အားဖြင့် မသိနိုင်ဘူး၊ အဲဒါတွင်မဟုတ်သေးဘူး၊ အမိဝမ်းတွင်းကဖြစ်ခဲ့တဲ့ စိတ်ဝိညာဉ်တွေကိုလည်း မသိနိုင်ဘူး၊ မွေးပြီးတဲ့နောက် ငယ်ရွယ်စဉ်က စိတ်ဝိညာဉ်တွေကိုလည်း မသိနိုင်ဘူး၊ လွန်ခဲ့ပြီးတဲ့ နှစ် လ ရက်တွေက စိတ်ဝိညာဏ်တွေကိုလည်း ပရမတ်သဘောတရားအနေဖြင့် မသိနိုင်ဘူး၊ ပရမတ်သဘောတရားအနေနဲ့ တကယ်သိနိုင်တာကတော့ လောလောဆယ်ဖြစ်ခိုက် စိတ်ဝိညာဏ်ကိုသာ သိနိုင်ပါတယ်၊ ဒါလည်း ဖြစ်တိုင်းဖြစ်တိုင်း မပြတ်ရှုမှတ်နေပါမှ အမှန်အတိုင်း သိနိုင်ပါတယ်၊ ဒါကြောင့် ဖြစ်ခိုက် စိတ်ဝိညာဏ်ကို ချက်ချင်းရှုမှတ်ပြီး သိဖို့အရေးကြီးပါတယ်၊ ဒီလို ဖြစ်ခိုက်စိတ်ဝိညာဏ်ကို ရှုမှတ်ပြီးသိယင် ဝိညာဏ်ကြောင့်ဖြစ်တဲ့ နာမ်ရုပ်ကိုလည်း သိသင့်သလောက် သိသိသွားတော့တာပါပဲတဲ့။

ဘယ်လိုလည်းဆိုယင် မြင်ဆဲမှာ မြင်တယ်လို့ ရှုမှတ်ပြီး မြင်သိတဲ့ စိတ်ဝိညာဏ်ကို သိယင် အဲဒီ မြင်သိစိတ်နဲ့ ပူးတွဲပြီး ဖြစ်တဲ့ နာမ်နဲ့ရုပ်ကိုလည်း သိတယ်၊ ဒီနေရာမှာ မြင်သိစိတ်ဆိုတာ စက္ခုဝိညာဏ်စိတ်တစ်ခုတည်းကို ပြောတာမဟုတ်ဘူး၊ စက္ခုဒွါရဝီထိလို့ခေါ်တဲ့ မြင်သိစိတ်စဉ်တစ်ခုလုံးကို ပြောတာပါ၊ ယောဂီပုဂ္ဂိုလ်ဟာ အဲဒီစိတ်အစဉ်တစ်ခုလုံး တဝီထိလုံးကိုသာ ရှုမှတ်နိုင်ပါတယ်၊ အဲဒီဝီထိစိတ်အစဉ်ထဲက တစိတ်ချင်း ခွဲဖြတ်ပြီး ရှုမှတ်လို့ မဖြစ်နိုင်ပါဘူး။ နောက်ပြီးတော့ အဲဒီတစ်ဝီထိလုံးဟာလည်း တစ်စိတ်တည်းအနေအားဖြင့်သာ ယောဂီမှာထင်ပါတယ်၊ အဲဒီလို တဝီထိလုံးကို တစိတ်တည်းအနေအားဖြင့် ရှုရပုံ၊ ထင်ရပုံဟာ ဘင်္ဂဉာဏ်အရာမှာ ဟောထားတဲ့ ပဋိသမ္ဘိဒါမဂ်ပါဠိတော်ဖြင့် ထင်ရှားပါတယ်၊ ဘယ်လိုလည်းဆိုယင် …

ရူပါရမ္မဏတာ စိတ္တံ၊ ရုပ်ကို ရှုမှတ်အာရုံပြုသောစိတ်သည်။ ဥပ္ပဇ္ဇိတွာ ဘိဇ္ဇတိ၊ ဖြစ်ပေါ်ပြီးလျှင်ပျက်၏။ တံအာရမ္မဏံ၊ ထိုရုပ်အာရုံကို ။ ပဋိသင်္ခါဇာနိတွာ ခယတော ဝယတော ဒိသွာ၊ ကုန်သွားသည် ပျက်သွားသည်ဟု သိမြင်ပြီး၍၊ တဿ စိတ္တဿ၊ ထိုသိမြင်သောစိတ်၏ ။ ဘင်္ဂံ ၊ အပျက်ကို အနုပဿတိ၊ တဖန် ရှု၏ - တဲ့။

ဒီပါဠိမှာဆိုလိုတာကတော့ ရုပ်ထင်ရှားတဲ့အခါ ရုပ်ကိုရှုတဲ့စိတ်ဖြစ်တယ်၊ အဲဒီရှုစိတ်ကလည်း ဘင်္ဂဉာဏ်နဲ့ယှဉ်တဲ့စိတ် ဖြစ်တဲ့အတွက် အဲဒီရုပ်ကို ကုန်သွားတယ်၊ ပျက်သွားတယ်လို့ ရှုပြီးတော့ ချုပ်ပျက်သွားတယ်၊ အဲဒီချုပ်ပျက်သွားတဲ့ ဝိပဿနာစိတ်နဲ့အပျက်ကိုလည်း အခြားမဲ့မှာ တဖန်ထပ်ဆင့်ပြီး ရှုပြန်တယ်လို့ ဆိုပါတယ်။

အဲဒီမှာ ရုပ်အာရုံရဲ့အပျက်ကို ရှုတဲ့ ဝိပဿနာစိတ်ဟာ တစိတ်တည်း မဟုတ်ပါဘူး၊ အနည်းဆုံး အာဝဇ္ဇန်းနှင့်တကွ ဇောခုနှစ်ကြိမ် ပေါင်းစိတ်ရှစ်ခု ဖြစ်ပါတယ်၊ ဒါပေမယ့် အဲဒီစိတ်ရှစ်ခုကို တစ်ခုစီ တစ်ခုစီ ခွဲပြီးရှုလို့ မဖြစ်နိုင်ပါဘူး၊ တဝီထိလုံးကိုသာ ရှုလို့ ဖြစ်ပါတယ်၊ ဒါကြောင့် “တဿ စိတ္တဿ ဘင်္ဂံ အနုပဿတိ” ထိုဝိပဿနာစိတ်၏ အပျက်ကို တဖန်ရှု၏လို့ တစိတ်တည်းအနေအားဖြင့် ဟောထား ပါတယ်။

အဲဒီမှာလိုပဲ ဒီမှာလည်း မြင်သိစိတ်အစဉ် တဝီထိလုံးကို မြင်သိစိတ်လို့ ဆိုထားပါတယ်၊ အဲဒီ မြင်သိစိတ်ဆိုတာထဲမှာ ကုသိုလ် အကုသိုလ် ဇောစိတ်တွေလည်း ပါဝင်နေတယ်ဆိုတာ အထူးသတိပြုပြီး မှတ်သားထားကြရပါမယ်၊ ဒါကြောင့် မြင်သိစိတ်ကို ရှုမှတ်ပြီးသိယင် မြင်လို့ကောင်းတဲ့သဘော၊ မကောင်းတဲ့သဘော၊ မကောင်းမဆိုး အလယ်အလတ်သဘောဆိုတဲ့ ဝေဒနာကိုလည်း သိတယ်၊ မြင်ရတဲ့အဆင်းကို မှတ်သားတဲ့သညာကိုလည်း သိတယ်၊ မြင်ရတဲ့အဆင်းကို ထင်ရှားတွေ့တဲ့ ဖဿ၊ မြင်အောင်နှလုံးသွင်းတဲ့ မနသိကာရ၊ စေ့ဆော်တိုက်တွန်းပေးတဲ့ စေတနာ အစရှိသော သင်္ခါရက္ခန္ဓာ တရားတွေကိုလည်း သိတယ်၊ ဒါပေမယ့် စေ့ဆော်တိုက်တွန်းမှု စေတနာကို သိတာကတော့ ကြံသိတဲ့ မနောဒွါရကျမှ သာပြီး ထင်ရှားတယ်။

ယခုပြောလာခဲ့တာဟာ မြင်သိစိတ်ကို ရှုမှတ်ပြီးယင် အဲဒီစိတ်ဝိညာဏ်ကြောင့်ဖြစ်တဲ့ နာမ်ခန္ဓာတွေကိုလည်း သိတယ်ဆိုတာကို ပြောလာခဲ့ပါတယ်၊ နောက်ပြီးတော့ မြင်သိစိတ်ကိုသိယင် အဲဒီစိတ်ရဲ့ တည်ရာမှီရာ တကိုယ်လုံးရုပ်ကိုလည်း သိခြင်းကိစ္စ ပြီးသွားပါတယ်တဲ့၊ ဒါကြောင့် မြင်ခိုက်မှာ မြင်သိစိတ်ဝိညာဏ်ကို ရှုမှတ်ပြီးသိယင် ဝိညာဏပစ္စယာ နာမရူပံ - ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်သည် - ဆိုတဲ့ ဒေသနာအရ မြင်သိစိတ်ဝိညာဏ်နဲ့တပါတည်းပူးတွဲဖြစ်တဲ့နာမ်နဲ့ရုပ်ကိုလည်း သိတယ်၊ သိခြင်းကိစ္စပြီးတယ်လို့ မှတ်ရမယ်လို့ ဆရာတော်ဘုရားကဟောကြားပါတယ်။

ထိုအတူပဲ ကြားဆဲ ကြားတယ်လို့ရှုမှတ်ပြီး ကြားသိတဲ့ စိတ်ဝိညာဏ်ကိုသိယင် ကြားလို့ ကောင်းတဲ့သဘော မကောင်းတဲ့သဘော မကောင်းမဆိုး အလယ်အလတ်သဘောဆိုတဲ့ ဝေဒနာကိုလည်း သိတယ်၊ ကြားရတဲ့အသံကို မှတ်သားတဲ့ သညာကိုလည်းသိတယ်၊ ကြားရတဲ့အသံကို ထင်ရှားတွေ့တဲ့ ဖဿ၊ ကြားအောင် နှလုံးသွင်းတဲ့ မနသိကာရ၊ စေ့ဆော်တိုက်တွန်းပေးတဲ့စေတနာ အစရှိသော သင်္ခါရက္ခန္ဓာတရားတွေကိုလည်း သိတယ်၊ နောက်ပြီးတော့ ကြားသိစိတ်ရဲ့ တည်ရာမှီရာ တကိုယ်လုံးရုပ်ကိုလည်း သိခြင်းကိစ္စ ပြီးသွားတယ်၊ ဒါကြောင့် ကြားခိုက်မှာ ရှုမှတ်ပြီး ကြားသိစိတ် ဝိညာဏ်ကိုသိယင် အဲဒီစိတ်နှင့်တပါတည်း ပူးတွဲဖြစ်တဲ့ နာမ်နဲ့ရုပ်ကိုလည်း သိတယ်၊ သိခြင်းကိစ္စ ပြီးတယ်လို့ မှတ်ရမယ်တဲ့။

အဲဒီလိုပဲ နံတဲ့အခါ၊ စားသိဆဲအခါ၊ ထိသိဆဲအခါ တွေလည်း အတူတူပါပဲ။

ထိသိခိုက်မှာ ထူးတာကတော့ ညောင်းမှုပူမှု နာကျင်မှုအစရှိတဲ့ ဒုက္ခဝေဒနာ ထင်ရှားတဲ့အခါမှာ အဲဒီဒုက္ခဝေဒနာကိုပဲ အရင်းခံပြုပြီး သိတယ်၊ နေသာမှု ခံသာမှု သုခဝေဒနာထင်ရှားတဲ့ အခါမှာလည်း အဲဒီသုုခဝေဒနာကိုပဲ အရင်းခံပြုပြီးသိတယ်၊ လှုပ်ရှားမှု တောင့်တင်းမှု ဝါယောဓာတ် ထင်ရှားတဲ့အခါမှာတော့ အတွေ့အထိရုပ်ကို အရင်းခံပြုပြီးသိတယ်၊ ဒါကြောင့် ကွေးတဲ့အခါ ဆန့်တဲ့အခါ လှုပ်ရှားတဲ့အခါမှာ ကွေးတယ် ကွေးတယ် စသည်ဖြင့် ရှုမှတ်ယင် အဲဒီတောင့်တင်းလှုပ်ရှားတဲ့ ဝါယောရုပ်ကိုပဲ အရင်းခံပြုပြီးသိတယ်၊ မလှုပ်ခင်က လှုပ်ချင်တဲ့ စိတ်ကိုလည်း ရှုမှတ်ပြီးသိတယ်၊ ကွေးအောင် ဆန့်အောင် လှုပ်ရှားအောင် စေ့ဆော်တိုက်တွန်းတဲ့ စေတနာကိုလည်း အထင်အရှားသိရတယ်၊ အဲဒီစေတနာဟာ စိတ်ဝိညာဏ်ကြောင့်ဖြစ်တဲ့ နာမ်တရားပဲ၊ ပြီးတော့ အဲဒီ ကွေးချင်ဆန့်ချင် လှုပ်ရှားချင်တဲ့ စိတ်ကြောင့်ဖြစ်တဲ့ ကွေးမှုဆန့်မှု လှုပ်ရှားမှုကိုလည်း ရှုမှတ်ပြီး သိရတယ်၊ အဲဒါဟာ စိတ်ဝိညာဏ်ကြောင့်ဖြစ်တဲ့ ရုပ်ပဲ၊ ဒါကြောင့် ကွေးမှုဆန့်မှု စသောကိုယ်အမူအရာတွေကို ရှုမှတ်တိုင်း ဝိညာဏပစ္စယာ နာမရူပံ - ဆိုတဲ့ ဒေသနာတော်အရ စိတ်ဝိညာဏ်ကြောင့်ဖြစ်တဲ့ နာမ်ရုပ်ကို ထင်ရှားသိလာရပါတယ်တဲ့။

စိတ်ကူး စဉ်းစားကြံသိဆဲမှာ ကြံသိစိတ် ဝိညာဏ်ကို ရှုမှတ်ပြီးသိယင် အဲဒီစိတ်နဲ့ တပါတည်း ပူးတွဲဖြစ်တဲ့ နာမ်နဲ့ရုပ်ကိုလည်း သိတယ်၊ သိပုံကတော့ ရွှင်လန်းဝမ်းမြောက်တဲ့ စိတ်ကိုမှတ်မိယင် ရွှင်လန်းဝမ်းသာတဲ့ သုခဝေဒနာကိုလည်း သိတယ်၊ နှလုံးမသာတဲ့စိတ်ကို မှတ်မိယင် နှလုံးမသာတဲ့ဒုက္ခဝေဒနာကိုလည်း သိတယ်၊ သာမာန်ရိုးရိုးစိတ်ကို မှတ်မိယင် မကောင်းမဆိုး အလယ်အလတ်သဘောဆိုတဲ့ ဥပေက္ခာ ဝေဒနာကိုလည်း သိတယ်၊ တစုံတခုကို မှတ်မိအောင် လေ့လာနေတဲ့စိတ်ကို မှတ်မိယင် အာရုံကို မှတ်သားတဲ့ သညာကိုလည်း ထင်ရှားသိရတယ်၊ ကွေးမယ် ဆန့်မယ်စသည်ဖြင့် ကြံတဲ့စိတ်ကိုပဲဖြစ်ဖြစ် အခြားတစုံတခုကို ပြုလုပ်ဖို့ ကြံတဲ့စိတ်ကိုပဲဖြစ်ဖြစ် မှတ်မိယင် ပြုလုပ်ပြောဆိုဖို့ တိုက်တွန်းနေတဲ့ စေတနာကိုလည်း ထင်ရှားသိတယ်၊ လိုချင်နှစ်သက်တဲ့စိတ်ကို မှတ်မိယင် လိုချင်နှစ်သက်တဲ့ လောဘကိုလည်း သိရတယ်၊ စိတ်ဆိုးစိတ်ပျက်တဲ့စိတ်ကို မှတ်မိယင် စိတ်ဆိုး စိတ်ပျက်တဲ့ ဒေါသကိုလည်း သိရတယ်၊ မြဲတဲ့အနေ ချမ်းသာ ကောင်းစားတဲ့အနေ၊ ပုဂ္ဂိုလ်သတ္တဝါအနေနဲ့ ကြံစည်စဉ်းစားတဲ့ စိတ်ကို မှတ်မိယင် အမှန်မသိပဲ အမှားကိုသိတဲ့ တွေဝေတဲ့ မောဟကိုလည်း သိတယ်၊ မလိုချင်တဲ့စိတ်စသည်ကို မှတ်မိယင် အလောဘစသည်ကိုလည်း သိတယ်၊ ကြည်ညိုတဲ့စိတ်ကို မှတ်မိယင် သဒ္ဓါကိုလည်းသိတယ်၊ ဒီပုံဒီနည်းဖြင့် ကြံသိစိတ်ကို မှတ်မိတိုင်း သူနဲ့တပါတည်းတွဲဖြစ်တဲ့ စေတသိက်နာမ်တရားတွေကို ထိုက်သည်အားလျော်စွာ သိသိသွားတယ်၊ အဲဒါဟာ စိတ်ဝိညာဏ်ကြောင့်ဖြစ်တဲ့ စေတသိက်နာမ်တရားကို ကိုယ်ပိုင်ဉာဏ်နဲ့သိပုံပါ။

နောက်ပြီးတော့ တစုံတခုကို ပြုလုပ်မယ် ပြောဆိုမယ်ကြံတဲ့စိတ်ကိုမှတ်မိယင် အဲဒီစိတ်ကြောင့် ကိုယ်အမူအရာ အမျိုးမျိုး၊ နှုတ်အမူအရာအမျိုးမျိုး ဖြစ်ပေါ်လာတာကိုလည်း တွေ့ရသိရတယ်၊ အဲဒါက စိတ်ဝိညာဏ်ကြောင့် ရုပ်တရားဖြစ်တာကို ကိုယ်ပိုင်ဉာဏ်ဖြင့် မျက်မှောက်သိတာပဲလို့ဆိုပါတယ်၊ အဲဒီလိုသိတဲ့အတွက် တကိုယ်လုံးကရုပ်တွေလည်း စိတ်ရှိလို့မပြတ်ဖြစ်ပြီ တည်မြဲနေကြတယ် ဆိုတာကိုလည်း စဉ်းစားဆင်ခြင်ပြီး သဘောကျသွားတယ်၊ အဲဒါကတော့ မျက်မှောက်တွေနဲ့ နှိုင်းဆပြီး သဘောကျတဲ့ အနုမာနဉာဏ် တဲ့။

ဒါကြောင့် အတိုချုပ်အားဖြင့် ဖြစ်ခိုက်ဖြစ်ခိုက်စိတ်က ရှုမှတ်ပြီးသိယင် အဲဒီစိတ်ကြောင့်ဖြစ်တဲ့ နာမ်နဲ့ရုပ်ကိုလည်း သိတယ်၊ သိခြင်းကိစ္စ ပြီးတယ်လို့ မှတ်ရပါမယ်တဲ့။

အမှန်စင်စစ်ကတော့ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်တယ်ဆိုကတည်းက စိတ်ဝိညာဏ်နဲ့ တွဲဖက်စေတသိက် နာမ်တရားတွေရော၊ အဲဒီကံသင်္ခါရရဲ့အကျိုးဖြစ်တဲ့ ရုပ်တွေရော တပါတည်း အတူတကွ ဖြစ်ကြပါတယ်၊ ဒါကြောင့် ဝိညာဏ်နဲ့နာမ်ရုပ်ဟာ ပဋိသန္ဓေခဏကစပြီး တစ်ပြိုင်နက်ပဲဖြစ်ခဲ့ကြပါတယ်၊ ဒါတင်မကသေးပါဘူး၊ အဲဒီ ဝိညာဏ်နဲ့ နာမ်ရုပ်ထဲမှာ သဠာယတနဆိုတဲ့ အာယတန ၆ ပါးလည်း ထိုက်သည့်အားလျော်စွာ ပါဝင်တယ်၊ ဖဿနဲ့ဝေဒနာလည်း ပါတယ်၊ ဒီတော့ ကံသင်္ခါရကြောင့် ဝိပါက်ဝိညာဏ်ဖြစ်တိုင်း အဲဒီဝိညာဏ်နဲ့တကွ နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာဆိုတဲ့ အကျိုးတရားတွေလည်း အကုန်လုံး တစ်ပြိုင်နက်ဖြစ်ကြတာချည်းပါပဲ၊ ဒါပေမယ့် အဲဒီအကျိုးတရားငါးပါး ထဲမှာ ဝိညာဏ်က နာမ်ရုပ်ရဲ့ ပဓာနအကြောင်း ဖြစ်နေတယ်၊ နာမ်ရုပ်ကလည်း အာယတနရဲ့ ပဓာန အကြောင်း ဖြစ်နေတယ်၊ အာယတနကလည်း ဖဿရဲ့ ပဓာနအကြောင်း ဖြစ်နေတယ်၊ ဖဿကလည်း ဝေဒနာရဲ့ ပဓာနအကြောင်း ဖြစ်နေတယ်၊ ဒါကြောင့် ပြဋ္ဌာန်းတဲ့ အကြောင်းနဲ့အကျိုးတွေကို ခွဲခြားပြီး သိရအောင်လို့ မြတ်စွာဘုရားက ဝိညာဏပစ္စယာ နာမရူပံ - ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်သည်၊ နာမရူပ ပစ္စယာ သဠာယတနံ - နာမ်ရုပ်ကြောင့် အာယတန ၆ ပါးဖြစ်သည် စသည်ဖြင့် အသီးအသီး ဟောကြားခြင်းဖြစ်ပါတယ်။

ဆက်လက်ဖော်ပြပါမည်။


ပဋိစ္စသမုပ္ပါဒ်တရားတော် (၄)

ဝိညာဉ် နာမ်ရုပ်ရှိရင် အာယတန ၆ ပါး ဖြစ်တယ်ဆိုတော့ တချို့က ကလလရေကြည်အခါမှာ စက္ခုပသာဒ၊ သောတပသာဒ၊ ဃာနပသာဒ၊ ဇိဝှါပသာဒတွေ ဖြစ်ဖို့ မျိုးစေ့ဗီဇ အကြောင်း သတ္တိတွေ ရှိနေတယ်လို့ ပြောကြပါတယ်။ အမှန်က ကာယပသာဒကတော့ ပဋိသန္ဓေတည်စကထဲက ပါပါတယ်။ စက္ခုပသာဒ၊ သောတပသာဒ၊ ဃာနပသာဒ၊ ဇိဝှါပသာဒတွေကတော့ ပဋိသန္ဓေတည်နေပြီးတဲ့နောက် သူဖြစ်ချိန် ရက်ပေါင်း ဘယ်လောက်ရှိမှ ဖြစ်တယ်ဆိုတာကို အခုခေတ် ဆရာဝန်တွေလည်း စမ်းသပ်ပြောဆို နိုင်ပါတယ်။

ဝိညာဉ်နာမ်ရုပ် ဖြစ်လာရင် ဒီနာမ်ရုပ်ထဲမှာ ပသာဒတွေဖြစ်ဖို့ အကြောင်းသတ္တိသဘောလေးတွေ ရှိနေတယ်လို့ ယူဆလိုက်ရင် သဿတဒိဋ္ဌိ ဖြစ်သွားပါတယ်။ ဥပမာအားဖြင့် မီးခြစ်ဆန်နဲ့ မီးခြစ်မှာ “မီးခြစ်ဆန်ထဲမှာ မီးရှိတယ်” လို့ ယူဆရင် သဿတဒိဋ္ဌိဖြစ်သွားပါတယ်။ မီးက နဂိုက မရှိဘဲ မီးခြစ်ဆန်နဲ့ မီးခြစ်ခြစ်လိုက်တဲ့အခါ အကြောင်းတိုက်ဆိုင်လို့ အသစ်ပေါ်လာတာ။ အဘိဓမ္မာကတော့ ပြတ်သားပါတယ်။ မီးခြစ်ထဲမှာ မီးမရှိ၊ မီးခြစ်ဆန်ထဲမှာလည်း မီးမရှိ၊ မီးကို လိုချင်လို့ ခြစ်လိုက်တဲ့အခါ အကြောင်းကြောင့် အကျိုးပေါ်လာတာပါပဲ။

အကြောင်းနဲ့အကျိုး တစ်ပေါင်းထဲယူရင် ဧကတ္တနည်း သဿတဒိဋ္ဌိဖြစ်သွားပါတယ်။ အကြောင်းနဲ့အကျိုး တခြားစီယူရင် နာနတ္တနည်း ဥစ္ဆေဒဒိဋ္ဌိဖြစ်သွားပါတယ်။ ဒီဒိဋ္ဌိအယူအဆတွေနဲ့ လက်ဝဲစွန်း လက်ယာစွန်းက လွတ်တဲ့ မဇ္ဈိမပဋိပဒါလမ်းက သွားရမှာပါ။ ဗုဒ္ဓဘာသာ ဝိပဿနာတရားဟာ ကြိုးတန်းပေါ်မှာ သွားရသလိုပဲ၊ သင်တဲ့အခါမှာလည်း ခက်ခဲပါတယ်။ အားထုတ်တဲ့အခါမှာလည်း နက်နဲပါတယ်။

နာမရူပပစ္စယာ သဠာယတနံဆိုတာ စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ, မန (မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်) ဆိုတဲ့ အာယတနတွေ ဖြစ်လာပါတယ်။ မျက်စိ၊ နား၊ နှာခေါင်းပုံပန်းသဏ္ဍာန်ကို ပြောတာမဟုတ်ပါ။ နှာခေါင်းရှိတယ်ဆိုပေမယ့် ပသာဒက ရှိချင်မှ ရှိတာပါ။ မျက်စိရှိရက်နဲ့ မမြင်ဘဲ ကြောင်တောင်ကွယ်နေတဲ့သူ၊ နှာခေါင်းရှိရက်နဲ့ အနံ့မရတဲ့သူ၊ နားရှိရက်နဲ့ မကြားတဲ့သူတွေလည်း ရှိပါတယ်။

ဗြဟ္မာကြီးတွေမှာတော့ နှာခေါင်း၊ လျှာ၊ ကိုယ် ပုံပန်းသဏ္ဍာန်တွေ ရှိသော်လည်း ဃာနပသာဒ၊ ဇိဝှါပသာဒ၊ ကာယပသာဒတွေ မရှိကြပါ။ နာမရူပပစ္စယာ သဠာယတနံအရ နာမ်ရုပ်ဖြစ်ပေါ်လာရင် အာယတန ၆ ပါးကတော့ ဖြစ်လာပါတယ်။

“နာမရူပပစ္စယာ သဠာယတနံ = နာမ်ရုပ်ကြောင့် သဠာယတန ဖြစ်သည်” “နာမ်နဲ့ရုပ်ကြောင့်” လို့ ဆိုရာမှာ အကြောင်းပစ္စည်းဖြစ်တဲ့ နာမ်အရက စေတသိက်ခန္ဓာသုံးပါးတဲ့၊ ရုပ်အရကတော့ ဘူတရုပ် ၄ပါး၊ ဝတ္ထုရုပ် ၆ပါး၊ ဇီဝိတရုပ်၊ အာဟာရရုပ် ဆိုတဲ့ ရုပ်များ ဖြစ်ပါတယ်။

အကျိုးပစ္စယုပ္ပန်ကတော့ စက္ခု သောတ ဃာန ဇိဝှါ ကာယ မန - လို့ခေါ်တဲ့ အာယတန ၆ ပါးပါပဲ၊ ဒီ ၆ ပါးဟာ ဝီထိစိတ်ဖြစ်ကြောင်း ဒွါရတွေလည်း ဖြစ်ပါတယ်။ အကြောင်းအကျိုး ဆက်စပ်ပုံကတော့ အရူပဘုံမှာ ပဋိသန္ဓေမှစပြီး စုတိတိုင်အောင် တဘဝလုံး စိတ်တိုင်း စိတ်တိုင်းဟာ တွဲဖက် စေတသိက်နာမ်ကြောင့် ဖြစ်တယ်၊ အဲဒါဟာ နာမ်ကြောင့် မနာယတန ဖြစ်ပုံပါပဲ၊ ဒါပေမယ့် အဲဒါကို ကိုယ်ပိုင်ဉာဏ်နဲ့သိဖို့ကတော့ ခက်ပါတယ်၊ အဲဒီ အရူပဘုံက အရိယာပုဂ္ဂိုလ်များလောက်သာ သိနိုင်ဖို့ရှိပါတယ်၊ သာမန်ပုဂ္ဂိုလ်တွေ အနေနဲ့ကတော့ ပိဋကစာပေအရနဲ့ မှတ်သားပြီ သညာသိလောက်ပဲ ဖြစ်နိုင်ဖို့ ရှိပါတယ်။

နောက်ပြီးတော့ လူ့ဘဝလို ရုပ်နာမ်နှစ်ပါးလုံးရှိတဲ့ ဘဝမှာ ပဋိသန္ဓေမှစပြီး ဝိပါက်စိတ် ဖြစ်တိုင်းဖြစ်တိုင်း အဲဒီ ဝိပါက်စိတ်ဟာ တွဲဖက်စေတသိက် နာမ်ကြောင့် ဖြစ်တယ်၊ ဝိပါက်စိတ်ဆိုတာ အကောင်းအဆိုး အာရုံတွေကို မြင်ရကြားရတွေ့ရသိရတဲ့အခါမှာ မြင်ရုံမျှ ကြားရုံမျှ တွေ့ရုံမျှ သိရုံမျှ စိတ်မျိုးတွေကို ဆိုပါတယ်၊ အဲဒီအထဲမှာ မြင်တဲ့စိတ်ဆိုယင် သူ့သက်သက်နဲ့မဖြစ်နိုင်ဘူး၊ အဆင်းအာရုံကို နှလုံးသွင်းတဲ့ မနသိကာရ ဆိုတာလည်း ရှိမှ၊ အဲဒီ အာရုံကို ထင်ရှားတွေ့တဲ့ ဖဿဆိုတာလည်း ရှိမှ၊ မြင်အောင် ကြောင့်ကြပြုတဲ့ စေတနာဆိုတာလည်း ရှိမှ၊ အဲဒီလို တွဲဖက်စေတသိက် နာမ်တရားတွေကလည်း တစ်ပြိုင်နက်တပေါင်းတည်းဖြစ်ပါမှ အဲဒီမြင်တဲ့စိတ်ဆိုတာ ဖြစ်နိုင်ပါတယ်၊ အဲဒါကို အတူတကွဖြစ်ပြီး ကျေးဇူးပြုတဲ့ သဟဇာတပစ္စည်းခေါ်ပါတယ်။

ဒါကြောင့် တွဲဖက်စေတသိက်နာမ်တရားတွေက စိတ်ဝိညာဏ်ကို တစ်ပြိုင်နက်ဖြစ်တဲ့ သဟဇာတပစ္စယ သတ္တိဖြင့် ကျေးဇူးပြုတယ်လို့ ပဋ္ဌာန်းနည်းအားဖြင့် ပြောဆိုရပါတယ်၊ အဲဒါလည်း သိဖို့ခက်ခဲပါတယ်၊ ဒေသနာနည်းအရနဲ့ မှတ်ထားရတာပါပဲ၊ ကြားတဲ့စိတ်စသည်ကိုလည်း မြင်တဲ့စိတ်လိုပဲ နာမ်က ကျေးဇူးပြု တယ်လို့ မှတ်ရပါတယ်။

ရုပ်ကြောင့် အာယတနဖြစ်ပုံကတော့ ပဋိသန္ဓေကာလမှာ ဟဒယဝတ္ထုခေါ်တဲ့ နှလုံးသွေးထဲက ရုပ်ကိုမှီပြီး ပဋိသန္ဓေစိတ် ဖြစ်ရတယ်၊ အဲဒါ မှီရာရုပ်ကြောင့် မနာယတနဖြစ်တာ၊ မျက်စိ နား နှာ လျှာ ကိုယ် ဆိုတဲ့ မှီရာရုပ်ကြောင့် မြင်တဲ့စိတ် ကြားတဲ့စိတ် နံတဲ့စိတ် အရသာသိတဲ့စိတ် ထိသိတဲ့စိတ် ဆိုတဲ့ မနာယတနဖြစ်တယ်၊ ဒါကတော့ ထင်ရှားပါတယ်၊ နောက်ပြီးတော့ နှလုံးသွေးမှီရာရုပ်ကြောင့် ကြံသိစိတ်ဆိုတဲ့ မနာယတန ဖြစ်တယ်၊ ဒါလည်း ထင်ရှားပါတယ်၊ ဒါက ရုပ်ကြောင့် မနာယတန ဖြစ်ပုံပါပဲ။

စိတ်ဟာ သူတစ်ခုထဲသက်သက် မဖြစ်နိုင်ဘူး၊ အာရုံကို နှလုံးသွင်းမှု (မနသိကာရ) လည်း ရှိရမယ်၊ အာရုံကို ထင်ရှားတွေ့မှု (ဖဿ) လည်း ရှိရမယ်၊ အာရုံကိုသိအောင်ကြောင့်ကြစိုက်မှု (စေတနာ) လည်း ရှိရမယ်၊ အောက်ထစ်ဆုံး ဒီသုံးပါးထင်ရှားရှိမှ စိတ်ဖြစ်နိုင်တယ်ဆိုတာ ဆင်ခြင်ကြည့်ယင် ဆင်ခြင်ဉာဏ်ရှိတဲ့ လူတိုင်းပဲ သဘောပေါက်နိုင်ပါတယ်၊ ဒါကြောင့် စိတ်ဖြစ်တိုင်း ဖြစ်တိုင်း မနသိကာရ ဖဿ စေတနာ အစရှိသော နာမ်တရားတွေကြောင့် ဖြစ်တယ်ဆိုတာ ရှေးဦးစွာ မှတ်သားကြရပါမယ်။

တစ်ခါတစ်ရံ လောဘကြောင့် လိုချင်မက်မောတဲ့စိတ်တွေ သာယာတပ်မက်တဲ့စိတ်တွေ ထပ်ကာ ထပ်ကာ ဖြစ်နေတာကိုလည်း တွေ့ရတယ်၊ ဒေါသကြောင့် စိတ်ဆိုးတဲ့စိတ်တွေ၊ မောဟကြောင့် မဟုတ်တာတွေကို အဟုတ်ထင်တဲ့စိတ်တွေ၊ မာနကြောင့် ထောင်လွှားတဲ့စိတ် မခံချင်တဲ့စိတ်တွေ ထပ်ကာ ထပ်ကာ ဖြစ်နေတာကိုလည်း တွေ့ရတယ်၊ ဒိဋ္ဌိကြောင့် “အသက်ရှင်နေတဲ့ သတ္တဝါကောင် တကယ်ရှိနေတယ်” ထင်တဲ့ စိတ်တွေ၊ ဝိစိကိစ္ဆာကြောင့် ဘုရား တရား သံဃာ အကျင့်သိက္ခာနဲ့စပ်ပြီး ဟုတ်မှဟုတ်ပါ့မလား စသည်ဖြင့် စဉ်းစားဝေဖန်တဲ့စိတ်တွေ အချို့လူတွေမှာ ထပ်ကာ ထပ်ကာ ဖြစ်နေတတ်တယ်၊ ပျံ့လွင့်တဲ့ ဥဒ္ဓစ္စကြောင့် မတည်ငြိမ်တဲ့စိတ်တွေ၊ ကုက္ကုစ္စကြောင့် နောင်တပူပန်တဲ့စိတ်တွေ၊ ဣဿာကြောင့် မနာလိုတဲ့စိတ်တွေ၊ မစ္ဆေရကြောင့် ဝန်တိုတဲ့စိတ်တွေ၊ ဒေါမနဿကြောင့် နှလုံးမသာတဲ့စိတ် စိုးရိပ်ပူဆွေးတဲ့စိတ် ကြောက်လန့်တဲ့စိတ် စက်ဆုပ်ရွံ့ရှာတဲ့ စိတ်တွေ တရံတခါ ထပ်တလဲလဲ ဖြစ်နေတာကိုလည်း တွေ့ရတယ်၊ ခံစားဖူးတဲ့ ဝေဒနာကြောင့်၊ မှတ်သားဖူးတဲ့ သညာကြောင့် ပြန်လည် စဉ်းစားတဲ့ စိတ်တွေ ထပ်တလဲလဲဖြစ်နေတာကိုလည်း တွေ့ရတယ်၊ အဲဒါဟာ အကုသိုလ်စေတသိက် နာမ်တရားတွေကြောင့် မနာယတနခေါ်တဲ့ စိတ်တွေ ဖြစ်နေတာပါပဲ။

နောက်ပြီးတော့ တရံတခါမှာ သဒ္ဓါကြောင့် ကြည်ညိုတဲ့စိတ်တွေ ထပ်တလဲလဲဖြစ်နေတာကိုလည်း တွေ့ရတယ်၊ သတိကြောင့် ဘုရား တရား ကုသိုလ်ရေးကို အမှတ်ရတဲ့ စိတ်တွေဖြစ်နေတာကိုလည်း တွေ့ရတယ်၊ ဟိရီ ဩတ္တပ္ပကြောင့် မကောင်းမှု အကုသိုလ်ဖြစ်ပွားမှာ ပြုရမှာကို ရှက်ကြောက် နေတာကိုလည်း တွေ့ရတယ်၊ အလောဘကြောင့် လိုချင်မက်မောခြင်းကင်းတဲ့ စိတ်တွေ၊ အဒေါသကြောင့် သည်းခံလိုတဲ့စိတ် သူတပါးအား ချမ်းသာစေလိုတဲ့စိတ် အကျိုးဆောင်လိုတဲ့ စိတ်တွေ၊ ကရုဏာကြောင့် သနားကြင်နာတဲ့စိတ်တွေ၊ မုဒိတာကြောင့် သူတပါးချမ်းသာတာကို ဝမ်းမြောက်တဲ့စိတ်တွေ ဖြစ်နေတာကိုလည်း တွေ့ရတယ်၊ အမောဟကြောင့် ကံ ကံ၏အကျိုးကို ဆင်ခြင် မြင်သိတဲ့စိတ်တွေ၊ ရုပ်နာမ် အနိစ္စ ဒုက္ခ အနတ္တ စသည်ကို ဆင်ခြင် မြင်သိတဲ့စိတ်တွေ ထပ်တလဲလဲ ဖြစ်နေတာကို တွေ့ရတယ်၊ အဲဒါဟာ ကုသိုလ်စေတသိက် နာမ်တရားတွေကြောင့် မနာယတန ခေါ်တဲ့စိတ်တွေ ဖြစ်နေတာပါပဲ၊ ဒီကုသိုလ်အရာမှာလည်း ဝေဒနာသညာကြောင့်ဖြစ်တဲ့ စိတ်တွေဟာလည်း ထင်ရှားပါတယ်။

ဒါကြောင့် ကုသိုလ် အကုသိုလ် စေတသိက် နာမ်တရားကြောင့် စိတ်ဝိညာဏ်ဆိုတဲ့ မနာယတနဖြစ်တယ် ဆိုတာ ကိုယ်ပိုင်ဉာဏ်နဲ့ပဲ သဘောပေါက်နိုင်ပါတယ်။

နောက်ပြီးတော့ မျက်စိ နား အစရှိသော မှီရာရုပ်ရှိမှ မြင်သိစိတ် ကြားသိတဲ့စိတ် အစရှိသော မနာယတန ဖြစ်နိုင်တယ်ဆိုတာလည်း ယောဂီက မြင်တယ် ကြားတယ် စသည်ဖြင့် ရှုမှတ်ယင်းပဲ သဘောပေါက် သွားနိုင်ပါတယ်၊ အဲဒါဟာ မှီရာရုပ်ကြောင့် မနာယတနဖြစ်တာကို သိတာပါပဲ။

ရုပ်အာယတန ငါးပါးဖြစ်ပုံကိုတော့ အတိုချုပ်အားဖြင့်ဆိုယင် မြင်တိုင်းကြားတိုင်း နံတိုင်း စားသိတိုင်းထိသိတိုင်း ထင်ရှားပေါ်နေကြတဲ့ မျက်စိကြည်လင်မှုအစရှိသော ရုပ်အာယတနငါးပါးဟာ သိမှု နာမ်တရားတွေကလည်း ရှိနေလို့၊ မျက်လုံးသား အစရှိသော ရုပ်ကြမ်းတွေကလည်း ရှိနေလို့၊ ဇီဝိတခေါ်တဲ့ အသက်ရုပ်နဲ့ စားသောက်တဲ့ အစာအဟာရရုပ်ကလည်း ရှိနေလို့ ဖြစ်နေကြပါတယ်၊ အဲဒါဟာ နာမ်ရုပ်ကြောင့် ရုပ် အာယတနငါးပါး ဖြစ်နေပုံပါ။

စိတ်ကူးစဉ်းစား ကြံသိတဲ့ မနာယတနဆိုတဲ့ စိတ်ဟာလည်း လောဘ အစရှိသော အကုသိုလ်နာမ်တရား၊ သဒ္ဓါအစရှိသော ကုသိုလ်နာမ်တရား၊ ဖဿအစရှိသော တွဲဖက်နာမ်တရားတွေကြောင့် ဖြစ်တယ်၊ မှီရာ ဝတ္ထုရုပ်ကြောင့်လည်း ဖြစ်တယ်၊ နောက်ပြီးတော့ အဲဒီ ကြံသိတဲ့စိတ်တွေဟာ မူလ ပင်ရင်းဖြစ်တဲ့ ဘဝင်စိတ်မှ ထပြီး ဖြစ်ပေါ်လာကြတယ်၊ အဲဒီ ဘဝင်စိတ်ဟာ မနောဒွါရဝီထိစိတ်တွေ ဖြစ်ပေါ်ဖို့ရာ အကြောင်းဖြစ်လို့ သူ့ကို မနောဒွါရလို့ ခေါ်တယ်၊ အဲဒီ မနောဒွါရလို့ခေါ်တဲ့ ဘဝင်စိတ် မနာယတနဟာလည်း တွဲဖက်နာမ်တရားတွေနဲ့ မှီရာရုပ်ကြောင့် ဖြစ်တာပါပဲ။

ဆက်လက်ဖော်ပြပါမည်။


ပဋိစ္စသမုပ္ပါဒ်တရားတော် (၅)

အာယတန ၆ ပါး ရှိတော့ ဖဿကလည်း ၆ မျိုး ရှိလာပါတယ်။ အာယတန ၆ ပါးဆိုတာ အတွင်းအာယတန ၆ ပါးလည်း ရှိတယ်၊ အပြင် အာယတန ၆ ပါးလည်း ရှိတယ်၊ အတွင်း အာယတန ၆ ပါးဆိုတာ မျက်စိ နား နှာခေါင်း လျှာ ကိုယ် စိတ်ဆိုတဲ့ ဒီ ၆ ပါးပါပဲ၊ အပြင် အာယတန ၆ ပါး ဆိုတာကတော့ အဆင်း အသံ အနံ့ အရသာ အတွေ့သဘောဆိုတဲ့ ဒီ အာရုံ ၆ ပါးပါပဲ၊ ဖဿဆိုတာ ဒီအာရုံ ၆ ပါးကို ထင်ရှားတွေ့တဲ့ သဘောပါ။

လူဖြစ်လာရင် စက္ခုပသာဒနဲ့ ရူပါရုံ တိုက်ဆိုင်တဲ့အခါမှာ စက္ခုနဲ့ ရူပါရုံ တွေ့ထိမှု စက္ခုသမ္ဖဿ၊ သောတပသာဒက သဒ္ဒါရုံနဲ့တိုက်ဆိုင်တဲ့အခါမှာ သောတနဲ့ သဒ္ဒါရုံ တွေ့ထိမှု သောတသမ္ဖဿ၊ ဃာနပသာဒက ဂန္ဓာရုံနဲ့ တိုက်ဆိုင်တဲ့အခါမှာ ဃာနနဲ့ ဂန္ဓာရုံ တွေ့ထိမှု ဃာနသမ္ဖဿ၊ ဇိဝှါပသာဒက ရသာရုံနဲ့ တိုက်ဆိုင်တဲ့အခါမှာ ဇိဝှါနဲ့ ရသာရုံ တွေ့ထိမှု ဇိဝှါသမ္ဖဿ၊ ကာယပသာဒက ဖောဋ္ဌဗ္ဗာရုံနဲ့ တိုက်ဆိုင်တဲ့အခါမှာ ကာယနဲ့ ဖောဋ္ဌဗ္ဗာရုံတွေ့ထိမှု ကာယသမ္ဖဿ၊ မနောနဲ့ ဓမ္မာရုံ တိုက်ဆိုင်တဲ့အခါ မနောသမ္ဖဿလို့ ဖဿ ၆ မျိုး ရှိပါတယ်။ ဒါကလည်း နိယာမသဘောတရားပါ။

စက္ခုသောတတွေရှိရင် ရူပါရုံ သဒ္ဒါရုံတို့နဲ့တွေ့ထိမှုက ဖြစ်ကိုဖြစ်ရမှာပါ။

ဝိညာဉ် နာမ်ရုပ်နဲ့ သဠာယတနရှိလာရင် လူဆိုတဲ့ အကောင်အထည်ပေါ်လာပါတယ်။ ဒါကို လူလို့လည်း ခေါ်တယ်။ သတ္တဝါလို့လည်း ခေါ်တယ်။ ဒီ ဝိညာဉ် နာမ် ရုပ် သဠာယတနနဲ့ အကောင်အထည်ပေါ်လာတဲ့ နာမ်ရုပ်ကို အစိုင်အခဲ အတုံးအခဲ ဒြပ်သဏ္ဍာန်ကြီးကြောင့် လူလို့ထင်နေကြတယ်။ သတ္တဝါလို့ ထင်နေကြတယ်။ ငါလို့ ထင်နေကြတယ်။ ဒီအထင် ဒိဋ္ဌိကြီးကို ဘုရားရှင်က ဖြိုခွဲပေးတာပါပဲ။

“သဠာယတနပစ္စယာ ဖေဿာ” မှာ - အာယတန ၆ ပါး ရှိသည့်အတွက်ကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးတရားကို ပြတဲ့အခါမှာ ဖဿ၊ ဖဿဆိုတာ စိတ်ကိုမှီပြီး ဖြစ်ပေါ်လာတဲ့ စေတသိက်တရား တစ်မျိုး၊ စိတ်တို်င်း စိတ်တိုင်းမှာ ဖဿရှိသည့်အတွက်ကြောင့် စိတ် ၈၉ ခု ရှိလို့ ဖဿလည်း ၈၉ မျိုး ရှိနိုင်တယ်၊ ဒီနေရာမှာ ပဋိစ္စသမုပ္ပါဒ်ဆိုတာ လောကီစိတ်တွေနဲ့သာ သက်ဆိုင်တာဖြစ်သောကြောင့် လောကီစိတ် ၈၁ ရှိသည့် အတွက်ကြောင့် ဖဿပေါင်း ၈၁ ရှိတယ်လို့ ဒီလိုပြောရမယ်။

သို့သော် ပဋိစ္စသမုပ္ပါဒ်မှာ အဓိကအားဖြင့်တော့ ဝိပါက်စိတ် အကျိုးစိတ်တွေကို ရည်ညွှန်းတယ်၊ ဘာဖြစ်လို့တုန်းဆိုရင် “သင်္ခါရပစ္စယာ ဝိညာဏံ” ကနေ စပြီးတော့ အကျိုးစိတ်တွေကိုသာ ယေဘူယျ အားဖြင့် ရည်ညွှန်းပြီး ပြောတာဖြစ်သောကြောင့် ဝိပါက်စိတ်တွေကိုသာလျှင် ယေဘူယျအားဖြင့် ကောက်တယ်ပေါ့၊ ဝိပါက်နဲ့ ယှဉ်တဲ့ ဖဿကိုသာ ကောက်တယ်၊ သို့သော် တစ်ခါတစ်ရံကျတော့လည်း ဖဿရှိသမျှ အကုန်လုံးကို ကောက်ယူပြတာလည်း ရှိသေးတယ်ပေါ့။

ဒီတော့ ဖဿဆိုတာက သဘာဝအားဖြင့်တော့ တစ်ခုတည်းပဲ၊ သို့သော် ဒီနေရာမှာ ဖဿကို ၆ မျိုး မှတ်ရမယ်၊ ဘာနဲ့ ၆ မျိုး မှတ်တာတုန်းဆိုတော့ ဒွါရ ၆ ပါး ရှိလို့ ဖဿကိုလည်း ၆ မျိုးခွဲပြောတယ်၊ ဒွါရ ၆ ပါး ဆိုတာ စက္ခုဒွါရ၊ သောတဒွါရ၊ ဃာနဒွါရ၊ ဇိဝှါဒွါရ၊ ကာယဒွါရ၊ မနောဒွါရ ဒီဒွါရ ၆ ပါးပဲ။

ဒီဒွါရ ၆ ပါးရှိသည့်အတွက်ကြောင့် ထိုဒွါရ ၆ ပါးကနေ ထွက်ပြီး အာရုံယူတာ ဖြစ်သောကြောင့် ဖဿကို ဒွါရ ၆ ပါးနဲ့ နာမည်ပေးလိုက်တဲ့အခါကျတော့ ဖဿ ၆ မျိုး ဖြစ်သွားတယ်၊ စက္ခုနဲ့နာမည်ပေးလိုက်တော့ စက္ခုသမ္ဖဿ၊ သောတသမ္ဖဿ၊ ဃာနသမ္ဖဿ၊ ဇိဝှါသမ္ဖဿ၊ ကာယသမ္ဖဿ၊ မနောသမ္ဖဿလို့ ဒွါရ ၆ ပါး ရှိသည့်အတွက်ကြောင့် ဖဿကို ၆ မျိုး ခွဲယူတယ်၊ သဘာဝတရားကတော့ အတူတူပဲ၊ သို့သော် သက်ဆိုင်ရာ ဒွါရတွေကို ကြည့်ပြီး အမျိုးအစား ၆ မျိုး ခွဲယူလိုက်တယ်။

ဒါကြောင့်မို့လို့ ပဋိစ္စသမုပ္ပါဒ်အနေနဲ့ အာယတန ၆ ပါး ရှိလာလို့ရှိရင် ဖဿ ၆ မျိုး ဆိုတာ ဖြစ်လာနိုင်တယ်၊ ဒါဖြင့် အာယတနတစ်မျိုးတည်းက ဖဿကို ဖြစ်စေတာလား၊ သို့မဟုတ် အာယတန အားလုံးက ဖဿတွေကို ဖြစ်စေတာလား?

အနည်းဆုံး အာယတန ၃ ခု ဆုံတဲ့အခါမှာ ဖဿကို ဖြစ်စေတယ်၊ ဒါကြောင့်မို့လို့ အာယတနအများက ဖဿကို ဖြစ်စေတယ်လို့ မှတ်ရမယ်။

ဆိုပါစို့ - စက္ခာယတနဆိုတဲ့ မျက်စိအကြည်၊ ထိုမျက်စိအကြည်ထဲမှာ ထင်ဟပ်လာတဲ့ ရူပါယတနဆိုတဲ့ အဆင်းအာရုံ၊ အဲဒီစက္ခာယတနနဲ့ရူပါယတန နှစ်ခုဆုံလိုက်တဲ့အခါမှာ မနာယတနဆိုတဲ့ စိတ်ကလေး ပေါ်လာတယ်၊ အဲဒီစိတ် ပေါ်လာလိုက်တာနဲ့ တစ်ပြိုင်နက် ဖဿဆိုတာ ပေါ်လာတယ်၊ အဲဒီတော့ အာယတန ၃ မျိုး - ဖဿဖြစ်လာဖို့ရာအတွက်က စက္ခာယတန, ရူပါယတန, မနာယတနလို့ ဒီလို ၃ ခု ရှိတယ်။

သုတ္တန်ပါဠိတော်တွေမှာဆိုရင် မြတ်စွာဘုရားက ဘယ်လို ဟောတုန်းဆိုရင် “စက္ခုံစ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ တိဏ္ဏံ သင်္ဂတိ ဖေဿာ” လို့ ဒီလို ဟောပါတယ်။

စက္ခုဉ္စ ပဋိစ္စ ၊ မျက်စိကိုလည်း စွဲမှီ၍ ။ ရူပေစ ပဋိစ္စ ၊ အဆင်းတို့ကိုလည်း စွဲမှီ၍ ။ စက္ခုဝိညာဏံ ၊ မြင်သိမှုစက္ခုဝိညာဏ်သည် ။ ဥပ္ပဇ္ဇတိ ၊ ဖြစ်ပေါ်၏ ။ တိဏ္ဏံ ၊ မျက်စိအဆင်းမြင်သိမှုဟူသော တရားသုံးပါးတို့၏ ။ သင်္ဂတိ ၊ ပေါင်းဆုံခြင်း တွေ့ခြင်းသဘောသည် ။ ဖေဿာ ၊ ဖဿပေတည်း ၊ ဝါ ၊ တရားးသုံးတို့၏ ဆုံမိခြင်းကြောင့် ဖဿဖြစ်ပေါ်၏ ။ … တဲ့

မျက်စိလည်း ရှိရမယ်၊ မြင်စရာအာရုံလည်း ရှိရမယ်၊ မျက်စိနဲ့ မြင်စရာအာရုံ ဆုံလိုက်တာနဲ့ တစ်ပြိုင်နက် မြင်သိစိတ် ပေါ်လာပြီ၊ ၃ ခု ဖြစ်သွားပြီ။ မျက်စိရယ်၊ မြင်စရာအာရုံရယ်၊ မြင်သိစိတ်ရယ်၊ အဲဒီ ၃ ခုဟာ အာရုံနဲ့ ဆက်သွယ်မှု ရှိသည့်အတွက်ကြောင့် ၃ ခု ဆုံလိုက်တာနဲ့တစ်ပြိုင်နက် ဖဿဆိုတာ ပေါ်လာတာလို့ ဒီလို ပြောတာပါ။

အဲဒီတော့ … မျက်စိ အဆင်း မြင်သိမှုဟူသော တရား ၃ ပါးတို့၏ ပေါင်းဆုံမိခြင်းကြောင့် မြင်တွေ့မှု ဖဿ ဖြစ်သည်… လို့ မှတ်ထားကြတာပေါ့။

ဒီဖဿဟာ အထည်ဒြပ် ရကောင်းတဲ့ ရုပ်တရားတော့ မဟုတ်ဘူး၊ အထည်ဒြပ် မရကောင်းတဲ့ နာမ်တရားပါပဲ၊ ဒါပေမယ့် သူက အာရုံနဲ့ တိုက်ခိုက်သွားသလိုပဲ ထင်ရှားတယ်၊ အထူးထင်ရှားတဲ့ ပုံစံကိုပြရလျှင် ချဉ်သီးစားနေတာကို မြင်ရလျှင် သွားရည်ယိုတတ်တယ်၊ ချဉ်တဲ့အရသာက စိတ်နဲ့ တွေ့တဲ့သဘောပါပဲ၊ သူတပါး အနှိပ်စက်ခံနေရာတာကို မြင်ရလျှင် သနားတတ်တဲ့သူမှာ စိတ်နှလုံး တုန်တတ်တယ်၊ ကိုယ်လည်း တုန်တတ်တယ်၊ သစ်ပင်ဖျားတို့ ကမ်းပါးပြတ်တို့ ဒီလို ဘေးရန် ဖြစ်စေနိုင်တဲ့နေရာမှာ နေသားမကျပဲ တည်နေတာကိုမြင်ရလျှင် မြေပြင် မြေပြန့်က ကြောက်တတ်တဲ့သူမှာ ဒူးတုန်တတ်တယ်၊ အမှတ်တမဲ့လမ်းလျှောက်နေယင်း ကားနဲ့ရုတ်တရက် ရင်ဆိုင်တွေ့ရလျှင် မတိုက်သေးပေမယ့် တိုက်သွားသလို လန့်သွားတတ်တယ်၊ ဒါတွေဟာ ကိုယ်နဲ့မတွေ့ထိရပဲနဲ့ တွေ့ထိရသလို ထင်သွားပုံတွေပါပဲ၊ တစ္ဆေသရဲ စသည်ကိုမြင်ရလျှင် ပေါင်တောင့်သွားတတ်တယ်၊ ကြက်သီးမွေးညင်းထသွားတတ်တယ်၊ ဒါလည်း တကယ်မထိရပါပဲနဲ့ ထိရသလိုထင်သွားတဲ့ သဘောပါပဲ၊ စိတ်ဝင်စားဖွယ် အကြောင်းအရာ ဝတ္ထုဇာတ်လမ်းကိုကြားရ ဖတ်ရလျှင် ထိုအကြောင်းအရာတို့ကို တကယ်မတွေ့ရပါပဲနဲ့ စိတ်ထဲမှာ ထင်ရှားပေါ်နေတတ်တယ်၊ တချို့အကြောင်းအရာများမှာ ပယ်ဖျောက်ပစ်လို့တောင် မရနိုင်လောက်အောင် ထင်ပေါ်နေတတ်တယ်၊ ဒါတွေအားလုံးဟာ အာရုံကို ထိတွေ့တတ်တဲ့ ဖဿ ဖြစ်ပုံ အထူးတွေပါပဲ။

အာယတန ၆ ပါး ရှိတော့ ဖဿကလည်း ၆ ပါး ရှိတယ်။ အာယတန ၆ ပါးက ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ၊ ဓမ္မာရုံဆိုတဲ့ အာရုံ ၆ ပါးနဲ့ တိုက်ဆိုင်တဲ့အခါမှာ ဖဿ ၆ ပါး ဖြစ်ပါတယ်။ မတိုက်ဆိုင်သေးတဲ့အခါမှာတော့ မဖြစ်ပါ။ အမိဝမ်းတွင်းမှာ ပဋိသန္ဓေနေပြီး မွေးဖွားလာရတဲ့ သတ္တဝါတွေမှာ အမိဝမ်းတွင်းမှာပဲ အာယတနတွေက စုံခဲ့ရပါတယ်။ ဒါပေမယ့် မွေးဖွားလာပြီး လူ့ဘဝရောက်ချိန်မှာ ဖဿ ၆ ပါးက ဖြစ်လာပါတယ်။ အာရုံ ၆ ပါးရှိသော်လည်း အာယတနတွေ မရှိရင် ဖဿ ဘယ်အာရုံနဲ့မှ တိုက်စရာအကြောင်းမရှိပါ။ အာယတန ၆ ပါးတို့ ရှိနေလို့ နေ့ရှိသရွေ့ အာရုံတွေနဲ့ တိုက်ဆိုင်ပြီး ဖဿ ၆ ပါး ဖြစ်နေတာပါ။ ဖဿ ၆ ပါး ရှိနေတယ်ဆိုရင် ဝေဒနာလည်း ၆ မျိုးပဲ ရှိပါတယ်။

လူဖြစ်လာလို့ ပဝတ္တိအခါ ရောက်လာတော့ ဖဿ ၆ မျိုး ရှိတယ်ဆိုရင် ဝေဒနာတွေကလည်း ၆ မျိုးပဲ ဖြစ်လာပါတယ်။ စက္ခုနဲ့ ရူပါရုံတွေ့ထိတဲ့အခါ စက္ခုသမ္ဖဿ ဖြစ်လာတော့ ကောင်းတဲ့အာရုံမှာ သူသဘောကျရင် သုခဝေဒနာ၊ မကောင်းတဲ့အာရုံ အနိဋ္ဌာရုံတွေ့ရင် သဘောမကျတော့ ဒုက္ခဝေဒနာ ဖြစ်ပါတယ်။ ဝေဒနာဆိုတာက စိတ်ချမ်းသာမှ သုခဝေဒနာ၊ စိတ်ဆင်းရဲမှ ဒုက္ခဝေဒနာဖြစ်တာ မဟုတ်သေးပါဘူး။

ကောင်းတဲ့ ဣဋ္ဌာရုံနဲ့တွေ့တော့ သဘောကျရင် သုခဝေဒနာ၊ မကောင်းတဲ့ အနိဋ္ဌာရုံတွေ့တော့ သဘောမကျရင် ဒုက္ခဝေဒနာ၊ သာမည ရူပါရုံနဲ့တွေ့တော့ ဥပေက္ခာ ဝေဒနာလို့ အာရုံတစ်ခုတစ်ခုမှာ ဝေဒနာ ၃ မျိုးစီ ရှိပါတယ်။ ဒါပေမယ့် လွယ်အောင် ဖဿ ၆ မျိုးရှိတော့ ဝေဒနာ ၆ မျိုးပဲ ခွဲပါတယ်။

ဝေဒနာ ၆ မျိုးမှာ စက္ခုနဲ့ ရူပါရုံ တိုက်ဆိုင်မှု စက္ခုသမ္ဖဿကို ဝေဒနာနဲ့တွဲလိုက်တော့ စက္ခုသမ္ဖဿဇာ ဝေဒနာလို့ ပါဠိတော်မှာ လာပါတယ်။

ဒါကြောင့် စက္ခုသမ္ဖဿဇာဝေဒနာ၊ သောတသမ္ဖဿဇာဝေဒနာ၊ ဃာနသမ္ဖဿဇာဝေဒနာ၊ ဇိဝှါသမ္ဖဿဇာ ဝေဒနာ၊ ကာယသမ္ဖဿဇာဝေဒနာ၊ မနောသမ္ဖဿဇာဝေဒနာလို့ အကျယ်အားဖြင့် ဝေဒနာ ၆ ပါး ရှိပါတယ်။

သမ္ဖဿဇာဝေဒနာဆိုတာ ဖဿကြောင့်ဖြစ်တဲ့ ဝေဒနာလို့ ပြောတာပါ။

ဖဿရဲ့စွမ်းဆောင်မှုအားကြီးလေလေ ဝေဒနာဖြစ်ပေါ်လာမှုအားက ကြီးလေလေပါပဲ၊ ဒါကြောင့် ပဋိစ္စသမုပ္ပါဒ်မှာ မြတ်စွာဘုရားက “ဖဿပစ္စယာ ဝေဒနာ” လို့ ဟောတာပါ။

အဲဒီနေရာမှာ ဖဿဖြစ်လို့ ဝေဒနာဖြစ်တယ်ဆိုတာ ဖဿဖြစ်ပြီးမှ ဝေဒနာဖြစ်လာတာ မဟုတ်ပါဘူး၊ ဖဿရဲ့အရှိန်ကို ကြည့်ပြီး ဝေဒနာရဲ့အရှိန်အဝါကို ဆုံးဖြတ်ရတာဖြစ်သောကြောင့် ဖဿနဲ့ဝေဒနာသည် ပြိုင်တူဖြစ်သော်လည်းပဲ ဖဿအရှိန်ကြီးလေလေ ဝေဒနာအရှိန်ကြီးလေလေ ဖြစ်သောကြောင့် ဖဿကြောင့် ဝေဒနာ ဖြစ်တယ်လို့ ဒီလို ဟောခြင်းဖြစ်ပါတယ်။

အဲဒီတော့ မြင်သိစိတ်လေးမှာ စေတသိက်ပေါင်း ဘယ်လောက်ယှဉ်တုန်းဆိုတော့ ရ ခု ယှဉ်ပါတယ်၊ အဲဒီ ရ ခုက ဘာတွေတုန်းဆိုတော့ ဖဿ, ဝေဒနာ, သညာ, စေတနာ, ဧကဂ္ဂတာ, ဇီဝိတိန္ဒြေ, မနသိကာရလို့ စေတသိက် ရ ခု၊ စက္ခုဝိညာဏ်စိတ် ဖြစ်တိုင်း ဖြစ်တိုင်း အဲဒီ ရ ခု ပါတယ်၊ အဲဒီ ရ ခုရယ် စက္ခုဝိညာဏ်စိတ်ကလေးရယ် အားလုံးပေါင်းလိုက်လို့ရှိရင် ၈ ခု။

ဒီ ၈ ခုက ခွဲစိတ်လို့ မရတဲ့ ၈ ခုပေါ့၊ စကားပြောတဲ့အခါမှာသာ ခွဲပြောလို့ရတာ၊ သဘာဝတရားကို သွားခွဲစိတ်လိုက်လို့ရှိရင် သူ့ရဲ့စွမ်းရည်သတ္တိတွေ ပျက်သွားတယ်၊ အဲဒီတော့ ပြိုင်တူဖြစ်ကြတယ်လို့ ပြောတာက ဖဿနဲ့ ဝေဒနာဟာ ပြိုင်တူဖြစ်ပေမယ့်လို့ ပဋိစ္စသမုပ္ပါဒ်မှာ “ဖဿပစ္စယာ ဝေဒနာ” လို့ ပါတယ်နော်၊ ရှေ့နောက်ကဲ့သို့ ဟောထားတာ၊ တကယ်က ရှေ့နောက် မဟုတ်ဘူး၊ ပြိုင်တူဖြစ်တာတဲ့။

အဲဒီတော့ ပြိုင်တူဖြစ်တယ်ဆိုတဲ့နေရာမှာ ပဋ္ဌာန်းနည်းနဲ့ နည်းနည်း ဆင်ခြင်သုံးသပ်ကြည့်ကြရအောင်ပါ။

ဆိုပါစို့ - စက္ခုသမ္ဖဿဆိုတာလေးက ဘယ်မှာရှိတာတုန်းဆိုရင် စက္ခုဝိညာဏ်စိတ်မှာရှိတာ၊ အဲဒီစက္ခုသမ္ဖဿကြောင့်ဖြစ်လာတဲ့ ဝေဒနာလေးကရော ဘယ်မှာရှိတာတုန်းဆိုရင် စက္ခုဝိညာဏ်စိတ်မှာပဲ ရှိတယ်၊ ရှိသည့်အတွက်ကြောင့် သူတို့နှစ်ခုဟာ ပြိုင်တူဖြစ်လာကြတယ်၊ ပြိုင်တူဖြစ်လာသည့် အတွက်ကြောင့် ဘာပစ္စည်းတုန်းလို့ မေးလို့ရှိရင် သဟဇာတပစ္စည်းပါ။

ပြိုင်တူဖြစ်လာပြီးတော့ ဘာဖြစ်လို့ အကြောင်းရယ် အကျိုးရယ်လို့ ပြောရတုန်းဆိုရင် - ဖယောင်းတိုင်မီးလေး ထွန်းလိုက်တာနဲ့ တစ်ပြိုင်နက် အလင်းရောင်လေးက ပေါ်လာတယ်လို့ ဆိုတဲ့အခါမှာ မီးတောက်ကလေး ပေါ်လိုက်တာနဲ့အလင်းရောင်ပေါ်တာဟာ ပြိုင်တူပဲ၊ ဘယ်သူ့ကို အကြောင်းလို့ ပြောမလည်းဆိုရင် မီးတောက်ကလေးက အကြောင်း၊ အလင်းရောင်ကလေးက အကျိုးပဲလို့ ဒီလိုပြောရမယ်၊ နေမင်းကြီးပေါ်လာလို့ အလင်းရောင်ပေါ်လာတယ်ဆိုရင် နေမင်းကြီးက အကြောင်းပဲ၊ အလင်းရောင်က အကျိုးပဲပေါ့။

အဲဒါလိုပဲ အခု ဖဿနဲ့ ဝေဒနာဟာ ပြိုင်တူပေါ်လာပေမယ့်လို့ ဖဿက အကြောင်းတရား ၊ ဝေဒနာက အကျိုးတရားလို့ ဒီလို သုံးပါတယ်။ အဲဒါဟာ သဟဇာတ born together ဆိုတာ အဲဒါ ပြောတာပါ၊ အတူတကွဖြစ်ပေါ်လာကြတယ်၊ အတူတကွဖြစ်ပေါ်လာသည့်အတွက်ကြောင့် သဟဇာတသတ္တိ ရတယ်၊ အပြန်အလှန် ကျေးဇူးပြုတာ ဖြစ်သောကြောင့် အညမညသတ္တိ၊ မှီရာအနေနဲ့ ကျေးဇူးပြုတာ ဖြစ်သောကြောင့် နိဿယသတ္တိ၊ ဒီပဋိစ္စသမုပ္ပါဒ်မှာ ဝိပါကတရားတွေကို အဓိကထားတာ ဖြစ်သောကြောင့် ဝိပါကသတ္တိ၊ စိတ်ဖြစ်သောကြောင့် အာဟာရသတ္တိ။

နောက် ဖဿနဲ့ ဝေဒနာဆိုတာ နာမ်တရားတွေချည်း ဖြစ်သောကြောင့် သမ္ပယုတ္တသတ္တိ၊ ရှိနေတုန်း ကျေးဇူးပြုတာ ဖြစ်သောကြောင့် အတ္ထိသတ္တိ၊ မကင်းကွာခင် ကျေးဇူးပြုတာ ဖြစ်သောကြောင့် အဝိဂတသတ္တိ၊ ပစ္စယသတ္တိ ၈ခု နဲ့ ကျေးဇူးပြုပါတယ်။

ဖဿက ပစ္စယသတ္တိ ၈ခုကို အသုံးပြုပြီးတော့ ဒီဝေဒနာလေးကို ဖြစ်ပေါ်စေတယ်၊ ဝေဒနာရဲ့ သဘာဝတရားတွေကို ထင်ရှားစေတယ်လို့ အကြောင်းနဲ့အကျိုးအနေနဲ့ မြတ်စွာဘုရားက ဒီလိုဟောတာ ဖြစ်ပါတယ်။

တဏှာအစရှိသော ပစ္စုပ္ပန် အကြောင်းတရားနှင့် အနာဂတ် အကျိုးတရားတို့ကိုပယ်၍ ဆင်းရဲမှလွတ် လိုလျှင် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဟူသော အကျိုးတရားတို့ကို အနိစ္စ ဒုက္ခ အနတ္တဟု မှန်ကန်စွာ ရှုသိရမယ် ဖြစ်ပါတယ်။ ထိုသို့ ရှုသိရမည့် အကျိုးတရားတို့တွင်

(၁) ဝိညာဏ်ဟူသည်မှာ မြင်သိဝိညာဏ် ကြားသိဝိညာဏ် နံသိဝိညာဏ် စားသိဝိညာဏ် ထိသိဝိညာဏ် ကြံသိဝိညာဏ် ဤ ၆ ပါးတို့ပင် ဖြစ်ပါတယ်။

(၂) နာမ်ဟူသည်မှာ ထိုဝိညာဏ်တို့နှင့်ယှဉ်သော တပေါင်းတည်းဖြစ်သော စေတသိက်တရားတို့ပင် ဖြစ်ပါတယ်။ ရုပ်ဟူသည်မှာလည်း ထို ဝိညာဏ်နှင့်တကွ ထင်ရှားဖြစ်ပေါ်လာသော ရုပ်များပင် ဖြစ်ပါတယ်။

(၃) သဠာယတနဟူသည်မှာ မျက်စိ နား နှာ လျှာ ကိုယ် စိတ် ဟူသော အတွင်း အာယတန ၆ ပါးနှင့် မြင်ရသည့်အဆင်း၊ ကြားရသည် အသံ နံရသည့်အနံ၊ စားသိရသည့် အရသာ၊ ထိသိရသည့်အတွေ့၊ ကြံသိရသည့် သဘောအာရုံ ဟူသော အပြင်အာယတန ၆ ပါးတို့ပင် ဖြစ်ပါတယ်။

(၄) ဖဿဟူသည်မှာ မြင်တွေ့မှု၊ ကြားတွေ့မှု၊ နံတွေ့မှု၊ စားတွေ့မှု၊ ထိတွေ့မှု၊ ကြံတွေ့မှု ဟူသော အာရုံနှင့် ထင်ရှားတွေ့မှု ၆ ပါးတို့ပင် ဖြစ်ပါတယ်။

(၅) ဝေဒနာဟူသည်မှာ မြင်တွေ့၍ ကောင်းခြင်း ဆိုးခြင်း မကောင်း မဆိုး ရိုးရိုးဖြစ်ခြင်း၊ ကြားတွေ့၍ ကောင်းခြင်း ဆိုးခြင်း မကောင်းမဆိုး ရိုးရိုးဖြစ်ခြင်း၊ နံတွေ့၍ ကောင်းခြင်း …၊ စားတွေ့၍ ကောင်းခြင်း …၊ ထိတွေ့၍ ကောင်းခြင်း ….၊ ကြံတွေ့၍ ကောင်းခြင်း ဆိုးခြင်း မကောင်းမဆိုး ရိုးရိုးဖြစ်ခြင်း ဟူသော ဤ ၆ ပါးတို့ပင် ဖြစ်ပါတယ်။

ဤတရားတွေကို အနိစ္စ ဒုက္ခ အနတ္တဟု မှန်ကန်စွာ ရှုသိရမယ် ဖြစ်ပါတယ်။


ပဋိစ္စသမုပ္ပါဒ်တရားတော် (၆)

ဝေဒနာရှိရင် တဏှာဖြစ်မယ်ဆိုတော့ တဏှာဆိုတာ အဘိဓမ္မာမှာ လောဘစေတသိက်ပါ၊ လောဘစေတသိက်ဆိုတော့ ချမ်းသာတဲ့သုခဝေဒနာကြောင့် လောဘတဏှာ ဖြစ်မယ်။ မကောင်းတဲ့ ဒုက္ခဝေဒနာကြောင့် ဒေါသဖြစ်မှာပါ။ ဥပေက္ခာဝေဒနာကြောင့် မောဟဖြစ်မှာပါ။ သို့သော် ပဋိစ္စသမုပ္ပါဒ်မှာတော့ ဝေဒနာကို သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာလို့ ဒီလိုမခွဲတော့ဘဲ သုခဝေဒနာကို ခေါင်းတည်ပြီး ဝေဒနာပစ္စယာ တဏှာ = ဝေဒနာကြောင့် တဏှာဖြစ်တယ်လို့သာ ဟောခဲ့ပါတယ်။

တရားအားထုတ်တဲ့အခါမှာ ဝေဒနာပစ္စယာ တဏှာဟာ ပဋိစ္စမုပ္ပါဒ် သံသရာရဲ့ ထွက်ပေါက်ပါပဲ။ ဝေဒနာကနေ တဏှာမကူးရင် သံသရာစက်ကြီး ရပ်သွားမှာပါ။ ဝေဒနာက မဖြစ်ပဲတော့ မနေပါ။ ကောင်းတာတွေ့ရင် သဘောကျတယ်။ မကျပါနဲ့လို့ ပြောလို့မရပါ။ ဝီထိစိတ်က သိပ်မြန်တော့ ကောင်းတာတွေ့ရင် သဘောကျတဲ့ ဝေဒနာက ဖြစ်ကို ဖြစ်ပါတယ်။ မကောင်းတဲ့ အနိဋ္ဌာရုံတွေ့ရင်လည်း ဝေဒနာက ဖြစ်ကို ဖြစ်ပါတယ်။ မဖြစ်ပါနဲ့ဆိုလို့ မရပါ။ သာမညအာရုံနဲ့ တွေ့လည်း ဥပေက္ခာဝေဒနာက တားဆီးလို့မရပါ။ ဖြစ်ကိုဖြစ်ပါတယ်။ “ဝေဒနာပစ္စယာ တဏှာ” ကောင်းတဲ့အာရုံကလေးမှာ သဘောကျတာကလေးကတော့ ပထမဖြစ်လိုက်တာပါပဲ။ တရားအားထုတ်တဲ့အခါ သဘောကျတာကလေး ဖြစ်တာကို “ဒါ တဏှာပဲ” လို့ သိပြီး ဆက်ကာဆက်ကာ မဖြစ်အောင် “သတိ” ဆိုတော့ ရပ်သွားပါတယ်။ တဏှာက ရှေ့ကို မတိုးတော့ပါ။

ဝေဒနာပစ္စယာ တဏှာမှာ လောဘတစ်ခုပဲ ဖြစ်သလားဆိုရင် ဒုက္ခဝေဒနာနဲ့ကျတော့ ဒုက္ခဝေဒနာကြောင့် ဒေါသဖြစ်ပါတယ်။ ဒေါသဆိုတာ စိတ်ဆိုးတာချည်း မဟုတ်ပါ။ မကြိုက်တာလည်း ဒေါသပါပဲ။

ဒီနေရာမှာ ဆရာတော်ဒေါက်တာနန္ဒမာလာဘိဝံသက ဒုက္ခဝေဒနာကို နှစ်မျိုးခွဲပြပါတယ်။ ကာယိကဒုက္ခနဲ့ စေတသိကဒုက္ခတဲ့။ ကာယိကဒုက္ခကို “ဒုက္ခ” လို့ပဲ ခေါ်ပါတယ်၊ စေတသိကဒုက္ခကျတော့ “ဒေါမနဿ” လို့ ခေါ်တယ်တဲ့။

သုခမှာလည်း ထို့အတူပါပဲ။ ကာယိကသုခနဲ့စေတသိကသုခလို့ရှိပါတယ်။ စေတသိကသုခကိုတော့ “သောမနဿ” လို့ ဆိုပါတယ်။

ဒီလို ထပ်ခွဲလိုက်တဲ့အခါကျတော့ ဝေဒနာဟာ ခံစားချက် ၅ ခု ဖြစ်သွားပါတယ်။ ဥပေက္ခာကိုတော့ physical, mental မခွဲသည့်အတွက်ကြောင့် သူ့ကို တစ်မျိုးတည်းပဲထားမယ်၊ ဒုက္ခကိုတော့ physical, mental ခွဲတယ်၊ သုခကိုလည်း physical, mental ခွဲတယ်၊ ကာယိက, စေတသိက ခွဲလိုက်သည့်အတွက်ကြောင့် “သုခ, သောမနဿ, ဒုက္ခ, ဒေါမနဿ, ဥပေက္ခာ” လို့ဆိုပြီးတော့ ဝေဒနာဟာ ၅ မျိုး ဖြစ်သွားပါတယ်။ အဲဒီဝေဒနာ ၅ မျိုးဟာ ဆိုင်ရာဆိုင်ရာ မတူညီတဲ့ အာရုံတွေကြောင့် စိတ်မှာဖြစ်ပေါ်လာတဲ့ ခံစားချက်တွေပါ။

ဝေဒနာ ၆ မျိုး နဲ့ ပတ်သက်ပြီးတော့ ဒွါရ ၆ ပါးနဲ့ အာရုံတွေနဲ့တွဲလိုက်လို့ရှိရင် ဖဿဖြစ်သလိုပဲ ဝေဒနာဟာ ၆မျိုး ဖြစ်လာပါတယ်။ အဲဒီလိုနည်းနဲ့လည်း ဝေဒနာ ၆ မျိုးလို့ ဟောတဲ့နေရာတွေရှိတယ်ပေါ့။

ဒါပေမယ့် မြတ်စွာဘုရားက အကျဉ်းချုပ်ပြီး ပဋိစ္စသမုပ္ပါဒ်မှာ “ဝေဒနာပစ္စယာ တဏှာ” လို့သာ ဟောခဲ့တာပါ။ တဏှာကလည်း ရူပတဏှာ၊ သဒ္ဒတဏှာ၊ ဂန္ဓတဏှာ၊ ရသတဏှာ၊ ဖောဋ္ဌဗ္ဗတဏှာ၊ ဓမ္မတဏှာလို့ ၆ မျိုး ရှိပါတယ်။

တဏှာဆိုတာ လောဘစေတသိက်ကိုပဲ ခေါ်ခြင်းဖြစ်ပါတယ်၊ သူ့ကို ဘာဖြစ်လို့ တဏှာလို့ နာမည်ပေးလိုက်လည်းဆိုရင် “တဿတိ ပရိတဿတီတိ တဏှာ” ဆိုတဲ့ ပါဠိအရ ဒီသဘာဝတရား စိတ်ထဲမှာပေါ်လာလို့ရှိရင် စိတ်ဟာ အလိုလို ဆာလောင်မွတ်သိပ်လာတယ်၊ ဟိုဟာလိုချင် ဒီဟာလိုချင် ဖြစ်လာတယ်၊ အားမရဖြစ်လာတယ်ပေါ့၊ လိုချင်မှုတွေ ဖြစ်လာတယ်ပေါ့၊ တဿတိ ပရိတဿတီတိ - စိတ်ရဲ့ပူဆာမှုတွေ၊ ရေသောက်ချင်လို့ ရေငတ်လာတာလိုပေါ့၊ ထမင်းဆာလာတာလိုပေါ့၊ အာရုံကို လိုချင်လာတဲ့ သဘောတွေ ပေါ်လာတယ်တဲ့၊ အဲဒီ အာရုံကို လိုချင်လာတဲ့ သဘောရှုထောင့်ကနေပြီးတော့ “တဏှာ” လို့ ခေါ်လိုက်ခြင်း ဖြစ်ပါတယ်တဲ့။

တဏှာနဲ့ ပတ်သက်ပြီးတော့ အမျိုးအစား ဘယ်လိုရှိသလည်းလို့ တဏှာကို အမျိုးအစားခွဲတဲ့အခါ အာရုံနဲ့ ခွဲရပါတယ်၊ ဘာဖြစ်လို့တုန်းဆိုတော့ တဏှာက အာရုံပေါ်လာတဲ့အခါမှာ တွယ်တာတာမို့ပါ၊ လိုချင်မှုတွေကြောင့် ဒီတဏှာဟာ ဖြစ်နေရတယ်၊ ဒါကြောင့် တဏှာကို အာရုံနဲ့နာမည်ပေးပြီးတော့ ခွဲရပါတယ်။

ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ၊ ဓမ္မာရုံဆိုတဲ့ အာရုံ ၆ ပါးမှာ တွယ်တာတပ်မက်မှုဖြစ်တာကို တဏှာ အမည်တပ်လိုက်တာပါပဲ။

ရူပတဏှာ = ရူပါရုံအဆင်းကို တွယ်တာတဲ့လောဘ။

သဒ္ဒတဏှာ = သဒ္ဒါရုံအသံကို သာယာတဲ့လောဘ။

ဂန္ဓတဏှာ = ဂန္ဓာရုံအမွှေးအကြိုင်ကို သာယာတဲ့လောဘ။

ရသတဏှာ = ရသာရုံ အစာအဟာရကို တွယ်တာတဲ့လောဘ။

ဖောဋ္ဌဗ္ဗတဏှာ = ဖောဋ္ဌဗ္ဗာရုံ နူးညံ့တဲ့အတွေ့အထိကို တွယ်တာတဲ့ လောဘ။

ဓမ္မတဏှာ = ဓမ္မာရုံ၊ အာရုံငါးပါးကလွဲပြီး ကိုယ့်စိတ်ကူးနဲ့ ကိုယ် မနောထဲမှာ အတွေးအခေါ်ကို သာယာတဲ့ လောဘ … ဆိုတဲ့ တဏှာ ၆ ပါးပါပဲ။

တကယ်တော့ တဏှာဆိုတာ လောဘစေတသိက်ပါပဲ။ အဘိဓမ္မမှာ တဏှာနဲ့ လောဘက အတူတူပါပဲ။

တဏှာ ၆ မျိုးက တစ်မျိုးတစ်မျိုးမှာလည်း ကာမတဏှာ၊ ဘဝတဏှာ၊ ဝိဘဝတဏှာလို့ သုံးမျိုးစီ ရှိပါသေးတယ်။ ဓမ္မစကြာမှာပါတဲ့ တဏှာသုံးမျိုးကို သမ္မောဟဝိနောဒနီအဋ္ဌကထာဆရာ ဖွင့်ပြတာက ရူပါရုံကို ခံစားချင်လို့ တွယ်တာတဲ့ တဏှာက ကာမတဏှာတဲ့။

မိမိတွယ်တာတဲ့ ရူပါရုံဟာ မြဲတယ်လို့ ယူတဲ့ သဿတဒိဋ္ဌိနဲ့ တကွဖြစ်တဲ့ သာယာမှုက ဘဝတဏှာတဲ့။

ဒီသာယာမြတ်နိုးတွယ်တာနေတဲ့ ရူပါရုံဟာ ပြတ်စဲသွားတယ်လို့ ယူတဲ့ ဥစ္ဆေဒဒိဋ္ဌိနဲ့တကွဖြစ်တဲ့ သာယာမှုက ဝိဘဝတဏှာတဲ့။

အာရုံ တစ်ခုတစ်ခုမှာ တဏှာက ၃ မျိုးစီ ဖြစ်သွားပါတယ်။

ဝေဒနာပစ္စယာ တဏှာမှာ အကျယ်ချဲ့ပြန်တော့ တဏှာ ၁၀၈ ပါး ရှိတယ်လို့ အဋ္ဌကထာဆရာက ဖွင့်ပြပါတယ်။ အာရုံ ၆ ပါးတွင် တစ်ပါးတစ်ပါးမှ ကာမတဏှာ၊ ဘဝတဏှာ၊ ဝိဘဝတဏှာ သုံးမျိုးစီ ရှိတော့ ၆ x ၃ = ၁၈ ခု ရပါတယ်။ ဒီတဏှာ ၁၈ ခုက မိမိသန္တာန်မှာလည်း ဖြစ်တယ်၊ သူတပါးသန္တာန်မှာလည်း ဖြစ်တယ်ဆိုတော့ ၁၈ x ၂ = ၃၆ ရပါတယ်။ အတိတ်ကာလကလည်း ဒီ ၃၆ က ဖြစ်ခဲ့တယ်၊ ပစ္စုပ္ပန်မှာလည်း ဖြစ်နေတယ်၊ အနာဂတ်မှာလည်း ဖြစ်ဦးမှာဆိုတော့ ကာလ ၃ ပါးနဲ့ ထပ်ပြီး မြှောက်လိုက်ရင် ၃၆ x ၃ = ၁၀၈၊ အားလုံး တဏှာ (၁၀၈)ပါး ရသွားပါတယ်။

ပဋိစ္စသမုပ္ပါဒ်အင်္ဂါ ၁၂ ပါးထဲမှာ အဝိဇ္ဇာ သင်္ခါရ ဝိညာဉ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတဲ့ အပိုင်းကို သေသေချာချာ သဘောပေါက်သွားရင် မဂ်ဖိုလ်ရနိုင်ပါတယ်တဲ့။ သို့ပေမယ့် မြတ်စွာဘုရားက တဏှာ ဥပါဒါန် ဘဝ ဇာတိ ဇရာမရဏဆိုတဲ့ ဒုတိယပိုင်းကို ထပ်ပြီးဟောခဲ့ပါတယ်။

ပဋိစ္စသမုပ္ပါဒ်ကို ၂ ပိုင်းခွဲပြီး ဟောရတာက ပထမပိုင်းက အတိတ်အကြောင်းနဲ့ ပစ္စုပ္ပန်အကျိုး ဆက်သွယ်ပုံ ကို ရှင်းပြတာပါ။ ဒုတိယပိုင်းက လက်ရှိ ပစ္စုပ္ပန်အကြောင်းနဲ့ နောင်အနာဂတ်အကျိုး ဆက်သွယ်ပုံကို ရှင်ပြတာပါ။

ပဋိစ္စသမုပ္ပါဒ်မှာ ခေါင်းဆောင်က ၂ ဦး ရှိပါတယ်။ အဝိဇ္ဇာက သစ္စာလေးပါးမသိအောင် ဖုံးလွှမ်းပေးလို့ ကုသိုလ်ကံ အကုသိုလ်ကံတွေ လုပ်ခဲ့ကြတယ်။ မသိလို့ လုပ်ခဲ့တော့ ဒီဘဝမှာ ခန္ဓာငါးပါးရလာတယ်။ ဒါကြောင့် အတိတ်အကြောင်းမှာ အဝိဇ္ဇာက ခေါင်းဆောင်ပါ။

အခုဘဝ ပစ္စုပ္ပန်အကြောင်းမှာတော့ တဏှာက ခေါင်းဆောင်ပါတယ်။

ဝေဒနာပစ္စယာ တဏှာမှာ ချမ်းသာဆိုတဲ့ သုခဝေဒနာကိုပဲ လူတွေက လိုက်ရှာနေကြတာပါ။ ချမ်းသာအောင်လုပ်နေကြတာပါ။ တကမ္ဘာလုံးရှိ လူတွေဟာ ဘာကိုပဲလုပ်လုပ် ချမ်းသာဖို့ လုပ်နေကြတာ ပါပဲ။ ချမ်းသာဆိုတဲ့ ဒီဝေဒနာကို လိုက်ရှာနေတဲ့အတွက် အခုဘဝမှာ တဏှာက ခေါင်းဆောင်နေပါတယ်။

တဏှာဖြစ်ရင် ဥပါဒါန်ဖြစ်တယ်ဆိုတော့ ဥပါဒါန်ဆိုတဲ့ ဝေါဟာရက မြန်မာစကားဖြစ်နေပါတယ်။ ဥပါဒါန်ကြောင့် ဥပဒ်ရောက်ဆိုတဲ့ မြန်မာစကားမှာ ဥပါဒါန်ဟာ စွဲလမ်းမှုပါပဲ။ ဥပါဒါန်ဆိုတဲ့ ဝေါဟာရကို ဒီအတိုင်းပဲ ဘာသာပြန်တာ ကောင်းပါတယ်။ တဏှာဆိုတဲ့ တွယ်တာမှု ပေါ်လာရင် ဥပါဒါန်စွဲလမ်းမှု ဖြစ်ပါတယ်။ တဏှာကြောင့် ကာမုပါဒါန်၊ ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန်ဆိုတဲ့ ဥပါဒါန် ၄ မျိုး ဖြစ်ပါတယ်။ တကယ်တရားပေါက်ရောက်ချင်တဲ့ ပုဂ္ဂိုလ်တွေ၊ ဝိပဿနာကို တထိုင်တည်းနဲ့ မဂ်ဖိုလ်ရချင်တဲ့ သူတွေဆိုရင် ဥပါဒါန်ကို သဘောပေါက်ထားဖို့ လိုပါတယ်။

ကာမုပါဒါန်ဆိုတာက ကာမ + ဥပါဒါန ပါ။ လိုချင်နှစ်သက်ဖွယ် ကာမဂုဏ်အာရုံတွေကို ကာမလို့ ခေါ်တယ်၊ လိုချင်နှစ်သက် တပ်မက်ပြီး စွဲလမ်းတာကို ဥပါဒါန်ခေါ်ပါတယ်။ လိုချင်နှစ်သက်ဖွယ် ကာမဂုဏ် အာရုံဝတ္ထုတွေကို လိုချင်နှစ်သက် တပ်မက်စွဲလမ်းတာက ကာမုပါဒါန်တဲ့။

တဏှာကြောင့် ဥပါဒါန်ဖြစ်တယ်ဆိုတော့ တဏှာက အဘိဓမ္မာမှာ လောဘပါ။ တဏှာဆိုတဲ့ လောဘကြောင့် ကာမုပါဒါန် ကာမဂုဏ်တရားတွေမှာ စွဲလမ်းမှု လောဘဖြစ်တယ်။ ဒါလည်း လောဘစေတသိက်ပါပဲ။ ဒါကြောင့် တဏှာပစ္စယာ ဥပါဒါနံမှာ လောဘကြောင့် လောဘဖြစ်တယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်နေပါတယ်။

ဒီလိုတူနေရင် တဏှာပစ္စယာ ဥပါဒါနံက လောဘနဲ့ ကာမုပါဒါန်က လောဘ ဘယ်လိုထူးသလဲ ?

အဋ္ဌကထာ ဋီကာဆရာတွေက ဝေဒနာပစ္စယာ တဏှာအရ တဏှာဆိုတဲ့ လောဘက သိပ်အားမကြီးသေးပါ။ သူက ဣဋ္ဌရူပါရုံနဲ့တွေ့ရင် သောမနဿ သုခဝေဒနာ ဖြစ်တယ်။ လှတဲ့ ရူပါရုံနဲ့တွေ့ရင် သူသဘောကျတယ်။ ကျေနပ်တယ်။ အဲဒီစိတ်က လောဘဆိုတဲ့ တဏှာပဲ။ လောဘဖြစ်ရုံပဲဖြစ်တယ်။ သိပ်အားမကြီးသေးတော့ နောက်ပြန်ဆုတ်လို့ ရသေးတယ်။ အနိဋ္ဌာရုံနဲ့တွေ့လို့ ကိုယ်ကမကြိုက်တဲ့အခါမှာ ဝေဒနာပစ္စယာ တဏှာမှာ ဝေဒနာပစ္စယာ ဒေါသောဆိုပြီး ဒေါသဖြစ်တယ်။ အဲဒီဒေါသကလည်း သိပ်အားမကြီးသေးတော့ နောက်ပြန်ဆုတ်လို့ ရပါသေးတယ်။

ကာမုပါဒါန်ကျတော့ ဥပါဒါန်လောဘဖြစ်တယ်ဆိုရင် သူက မရမနေ ရအောင်လိုက်ရှာတယ်။ သူက ပိုပြီးအားကြီးတယ်။ လောဘကြောင့် လောဘဖြစ်တယ်ဆိုတာက အမှန်ဖြစ်သော်လည်း အကြောင်းအကျိုး ပြောလို့မလွယ်လှပါ။ ဝေဒနာပစ္စယာတဏှာမှာ လောဘက အားနည်းသော လောဘ။ တဏှာပစ္စယာ ဥပါဒါနံမှာ အားကြီးသောလောဘ၊ ကာမုပါဒါန်လောဘက ကာမဂုဏ်တရားတွေကို မရမနေ ရအောင်ရှာတော့ လောဘအကြီးစား ဖြစ်သွားပါတယ်။

ဒိဋ္ဌုပါဒါန်ဆိုတာကတော့ ပါဠိမှာတော့ ဒိဋ္ဌိ + ဥပါဒါန်ပါပဲ။ တဏှာပစ္စယာဥပါဒါနံ=တဏှာကြောင့် အယူဝါဒတွေကို လူတွေ စွဲလမ်းကြတယ်။ ဒိဋ္ဌိဆိုတာက အယူဝါဒပါ။ ဥပမာ - ဆရာတစ်ယောက်ယောက် ဟောပြောတဲ့အယူဝါဒကို ကိုယ်တိုုင်သဘောကျတော့ တဏှာဖြစ်တယ်။ တဏှာဖြစ်တော့ ဒီဆရာဟောပြောတဲ့ ဝါဒကို လက်ခံတယ်၊ သူဟောပြောတဲ့ အယူဝါဒကို လက်ခံရင် ဒိဋ္ဌုပါဒါန်ပါပဲ။

ဒိဋ္ဌိကလည်း ၆၂ ပါး ရှိပါတယ်။ လောဘက အကုသိုလ်စေတသိက်ဆိုပေမယ့် ရိုးရိုးလောဘက အပါယ်ကို မချသလို ဒိဋ္ဌိက အကုသိုလ်စေတသိက်ဆိုသော်လည်း ဒိဋ္ဌိတိုင်းလည်း အပါယ်မချပါ။ တဏှာကြောင့် ဥပါဒါန်ဖြစ်တဲ့ ဒိဋ္ဌိမှာက ဘယ်ဒိဋ္ဌိအဆိုးဆုံးလဲ။ ဗုဒ္ဓဘာသာမှာ မိစ္ဆာဒိဋ္ဌိလို့ခေါ်တဲ့ နတ္ထိကဒိဋ္ဌိ၊ အဟေတုကဒိဋ္ဌိနဲ့ အကိရိယဒိဋ္ဌိတို့က အဆိုးဆုံးပါပဲ။ ဝိဘင်းပါဠိတော်မှာ ကတမံဒိဋ္ဌုပါဒါနံဆိုပြီး ဒိဋ္ဌိကို ဖွင့်ပြတဲ့နေရာမှာ ၆၂ ပါးလုံးကို မဖွင့်ပါ။ မိစ္ဆာဒိဋ္ဌိ ၁ဝ ပါးကိုသာ ဖွင့်ပြပါတယ်။ ဝိပဿနာသမားတွေ ပြောနေတဲ့သက္ကာယဒိဋ္ဌိက မိစ္ဆာဒိဋ္ဌိ ၁ဝ ပါးထဲမှာ မပါပါ။

နတ္ထိကဒိဋ္ဌိဆိုတာက ကောင်းတာလုပ်လည်း ကောင်းကျိုးမရှိ၊ မကောင်းတာလုပ်လည်း မကောင်းကျိုးမပေး၊ ရှေးဘဝလည်းမရှိ၊ နောက်ဘဝလည်း မရှိလို့ ယူဆတဲ့အယူမျိုးပါ။ ကုသိုလ်ကောင်းမှု ဒါနသီလလုပ်တာ နောက်ဘဝမှာ ကောင်းကျိုးမပေး၊ အကုသိုလ်တွေလုပ်လည်း နောက်ဘဝမှာ အပြစ်မရှိဆိုပြီး အကျိုးကို ပယ်တာပါ။ ဆိုလိုရင်းကတော့ ကုသိုလ်လုပ်လုပ်၊ အကုသိုလ်လုပ်လုပ် ဘာမှ အကျိုးမဖြစ်ဘူးလို့ ဆိုတာက နတ္ထိကဝါဒပါ။

အဟေတုကဒိဋ္ဌိကတော့ အဟေတုကဒိဋ္ဌိ=အ+ဟေတု (အကြောင်းမရှိ) ဒိဋ္ဌိ=အယူ။ ဒီဒိဋ္ဌိက အတိတ်ကံကို မယူဘဲ အကြောင်းကိုပယ်တာပါ။ လူဖြစ်လာတာ အတိတ်ကုသိုလ်ကံကြောင့်မဟုတ်၊ အဖေနဲ့အမေ မင်္ဂလာဆောင်လို့ လူဖြစ်လာတာပါဆိုပြီး မြင်သလောက်နဲ့ပဲ ဆုံးဖြတ်တယ်။ ချမ်းသာတဲ့လူတွေဟာ အတိတ်က ကောင်းမှုတွေလုပ်ခဲ့လို့ ချမ်းသာတာပဲ၊ ဆင်းရဲတဲ့လူတွေကတော့ အတိတ်ဘဝက မကောင်းတာတွေ လုပ်ခဲ့လို့ ဆင်းရဲတာပဲလို့ ဗုဒ္ဓဘာသာက ယူတာပါ။ သူတို့ကတော့ ဘယ်သူတွေဟာဖြင့် မကောင်းတာတွေ လုပ်နေလည်း ချမ်းသာနေတာပဲ၊ ချမ်းသာတာက အတိတ်အကြောင်း မဟုတ်ပါဘူး၊ ဆင်းရဲတာကတော့ ဓနရှင်တွေက သွေးစုပ်လို့ ခေါင်းပုံဖြတ်လို့ဆိုပြီး ပစ္စုပ္ပန်ကိုပဲကြည့်ပြောတာပါ။ ဒီအဟေတုကဒိဋ္ဌိက အကြောင်းကို ပယ်တာပါ။

အကိရိယဒိဋ္ဌိ = အ=မရှိ+ကိရိယ=ပြုခြင်း။ ဒီဒိဋ္ဌိကတော့ ပြုပေမယ့် ပြုရာမရောက်လို့ အဓိပ္ပါယ် သက်ရောက်ပါတယ်။ ဗုဒ္ဓအဘိဓမ္မာမဟုတ်တဲ့ သူတိုက်ခေတ် သူတို့အဘိဓမ္မာမှာ “မြန်မာပြည်မှာရှိတဲ့ ပစ္စည်းအားလုံး မြန်မာတွေ လူတိုင်းလူတိုင်း ပိုင်တယ်၊ သူ့ပစ္စည်း ကိုယ့်ပစ္စည်းမရှိ၊ သူပိုင် ကိုယ်ပိုင် မရှိ၊ ဘာပဲယူယူ အကုသိုလ်ကံ မဖြစ်နိုင်ဘူး၊ ခိုးပေမယ့်လည်း ခိုးရာမရောက်လို့ဆိုပြီး ကံကို ဖျက်ပစ်တာပါပဲ။

ပါဏာတိပါတမှာလည်း ပုဂ္ဂိုလ် သတ္တဝါ မရှိ၊ ငါ မရှိ၊ သူ မရှိ၊ သူတို့ဝါဒမှာ ထိပ်တန်းအစွန်းရောက်နေတော့ ပုဂ္ဂိုလ်မှမရှိဘဲ ဘယ်သူ့ကို သတ်မလည်း၊ သတ်စရာပုဂ္ဂိုလ်မရှိတော့ သူတစ်ပါးအသက် သတ်တယ်ဆိုတာ မဖြစ်နိုင်၊ သူတစ်ပါးပစ္စည်း ခိုးတယ်ဆိုတာလည်း ခိုးရာမရောက်လို့ ဒီလိုထိပ်တန်း အစွန်းရောက်ဝါဒတွေနဲ့ပြောတော့ သူတို့ ပြောတာတွေကို ယုံကြည်မှုရှိတဲ့ သူတွေဟာ အဲဒီနောက် ပါသွားတာ များပါတယ်။ အမှန်တော့ ဒီဝါဒက ကံခန်းကို စနစ်တကျ ဖျက်ဆီးပစ်တဲ့ဝါဒပါပဲ။

ဒီဒိဋ္ဌိသုံးပါးကို အဘိဓမ္မာမှာ နိယတမိစ္ဆာဒိဋ္ဌိလို့ ဆိုပါတယ်။ ဒီအယူဝါဒကို မစွန့်ဘဲ ဒီအယူဝါဒနဲ့သေရင် ဧကန်မုချ ငရဲကျမှာပါ။ သေခါနီး မရဏာသန္နဇောမှာ ဒီအယူဝါဒရောက်လာပြီး လောဘဇောစောရင် ငရဲကို ရောက်မှာပါ။ ဒီအယူဝါဒတွေကို ဟောပြောတဲ့အခါ စာအုပ်ဖတ်တဲ့အခါ သဘောကျတယ်ဆိုရင် တဏှာပစ္စယာ ဒိဋ္ဌုပါဒါန်ပါပဲ။

သီလဗ္ဗတုပါဒါန်ဆိုတာက ပါဠိလို သီလ=သီလ၊ ဝတ=အကျင့်၊ ဥပါဒါန်ကစွဲလမ်းမှု။ အဓိပ္ပါယ်က အကျင့်သီလ၌ စွဲလမ်းမှုပါပဲ။ တဏှာရှိရင် သီလဗ္ဗတုပါဒါန် ဖြစ်တယ်ဆိုတာကို အဋ္ဌကထာဋီကာဆရာတွေ ဖွင့်တာက ဘုရားလက်ထက်တော်တုန်းက နွားလိုကျင့်တဲ့ အကျင့်၊ ခွေးလို ကျင့်တဲ့အကျင့်မျိုးတွေ တိတ္ထိတွေကျင့်တဲ့အကျင့်တွေ အများကြီးရှိခဲ့တယ်။ အဲဒီအကျင့်များကို စွဲလမ်းမှုဟာ သီလဗ္ဗတုပါဒါန်လို့ ဖွင့်တာများပါတယ်။

မဇ္ဈိမနိကာယ်ပါဠိတော်မှာ “ဣမိနာ သီလေနဝါ ဝတေနဝါ ဒေဝေါ ဘဝိဿာမိ” စသဖြင့် ရှိနေတော့ လူ့စည်းစိမ် နတ်စည်းစိမ် ဗြဟ္မာ့စည်းစိမ် လောကီစည်းစိမ် ခံစားဖို့ ရည်မှန်းပြီး ကျင့်တဲ့အကျင့်မျိုး၊ ဆောက်တည်တဲ့ သီလမျိုးဆိုရင် သီလဗ္ဗတုပါဒါန်ပါပဲ၊ ဗုဒ္ဓဘာသာကတော့ ဒါနပဲလုပ်လုပ်၊ သီလပဲလုပ်လုပ်၊ ဝိပဿာနပဲရှုရှု၊ ဘယ်အကျင့်ကိုပဲကျင့်ကျင့်၊ ၃၁ ဘုံက လွတ်မြောက်ရေးအတွက် လုပ်တာပါ။

သီလဗ္ဗတုပါဒါန်ဆိုတာက “တို့အကျင့်က ကောင်းတယ်၊ ဟိုလူတွေအကျင့်က မကောင်းဘူး၊ တို့အကျင့်က မှန်တယ်၊ သူတို့အကျင့်က မှားတယ်၊ တို့သီလက မြတ်တယ်၊ သူတို့သီလက မမြတ်ဘူး” စသဖြင့် ကိုယ့်အကျင့် ကိုယ့်သီလများကို စွဲလမ်းပြီးနေတာပါ။ သာသနာပကာလ သူတို့အယူဝါဒတွေက လောကမှ ထွက်မြောက်နိုင်တဲ့အကျင့်မျိုးတွေ မဟုတ်ပါ။ အဲဒီသီလမျိုးကလည်း တဏှာကြောင့် ဖြစ်တာပါပဲ။ သီလဗ္ဗတုပါဒါန်ဆိုတာ တရားကိုယ်က ဒိဋ္ဌိစေတသိက်ပါ။ သူတို့ဆောက်တည်တဲ့ သီလ၊ သူတို့ကျင့်တဲ့အကျင့်တွေက အမှန်အားဖြင့် ၃၁ ဘုံက ထွက်မြောက်ရေးမဟုတ်ပါ။ ဒီသီလ ဒီအကျင့်တွေနဲ့ လောကမှ ထွက်မြောက်နိုင်တယ်ဆိုပြီး ကျင့်ကြပေမယ့် သူတို့အကျင့်သီလတွေက မှားနေတော့ အကျင့်သီလအပေါ်မှာ မှားသောအားဖြင့် သုံးသပ်တယ်ဆိုတဲ့ ဒိဋ္ဌိတစ်မျိုးပါ။

ဒါကြောင့် ဒီအယူဝါဒကို သံယောဇဉ် ၁ဝ ပါးမှာ သီလဗ္ဗတပ္ပရာမာသ သံယောဇဉ်လို့ ခေါ်ပါတယ်။ အကျင့်ကို မှားသောအားဖြင့် သုံးသပ်တယ်ဆိုတဲ့ ဒိဋ္ဌိပါ။ တဏှာပစ္စယာ ဥပါဒါနံမှာ ဒိဋ္ဌုပါဒါန်ကလည်း ဒိဋ္ဌိ၊ သီလဗ္ဗတုပါဒါန်ကလည်း ဒိဋ္ဌိပါပဲ။ သို့ပေမယ့် ဒိဋ္ဌိချင်းက မတူပါ။ လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာ ခံစားရအောင် ဆောက်တည်တဲ့ မှန်တဲ့သီလတို့၊ မှန်တဲ့အကျင့်တို့ဆိုရင် လူချမ်းသာ နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာ ရနိုင်ပါတယ်။ ဒိဋ္ဌိတော့ ဒိဋ္ဌိပဲ။ ဒိဋ္ဌိတိုင်း အကုသိုလ်ကလည်း အပါယ်ကျတာမဟုတ်ပါ။ သီလဆောက်တည်တဲ့နေရာမှာ ၃၁ ဘုံမှ ထွက်မြောက်ရေး မဟုတ်လို့သာ ဥပါဒါန်မှာ ထည့်ရတာပါ။

အတ္တဝါဒုပါဒါန်= အတ္တဝါဒ+ဥပါဒါန်၊ ဒီဥပါဒါန်ကလည်း ဒိဋ္ဌိစေတသိက်ပါပဲ။ သက္ကာယဒိဋ္ဌိအယူစွဲပုံက ခန္ဓာငါးပါးမှာ ရုပ်ကို အတ္တလို့ စွဲသူရှိတယ်၊ ဝေဒနာကို အတ္တလို့ စွဲသူရှိတယ်။ သညာကို အတ္တလို့ စွဲသူရှိတယ်။ သင်္ခါရကို အတ္တလို့ စွဲသူရှိတယ်။ ဝိညာဉ်ကို အတ္တလို့ စွဲသူရှိတယ်။ ရှင်းရှင်းကတော့ ဒီခန္ဓာကိုယ်ကို ငါလို့ထင်နေတာပါပဲ။ အနတ္တလက္ခဏာသုတ်ကို ဘုရားရှင်ဟောတော်မူတာကလည်း ဒီအတ္တဝါဒ ပျောက်သွားအောင် ဟောတာပါပဲ။ အတ္တဝါဒကို ပြုတ်အောင်ဟောနိုင်တာကလည်း သမ္မာသမ္ဗုဒ္ဓဘုရားမှ လွဲပြီး ဘယ်ပုဂ္ဂိုလ်မှ မဟောနိုင်ပါ။

မဇ္ဈိမနိကာယ်မူလပဏ္ဏာသပါဠိတော်မှာ စူဠသီဟနာဒသုတ်ဆိုတာ ရှိပါတယ်။ သီဟ=ခြင်္သေ့+နာဒ= ဟောက်သည်ဆိုတော့ ခြင်္သေ့များ ဟောက်လိုက်တဲ့အခါ တောသုံးတောင်မှာ ရှိသမျှ သတ္တဝါတွေ အားလုံး ကြောက်လန့်ကြပြီး ဘယ်သူမှ မလှုပ်ဝံ့ကြပါ။ မြတ်စွာဘုရားတို့ မည်သည်မှာလည်း တစ်ခါတစ်ရုံ သီဟနာဒ=ရဲရင့်သော မိန့်ခွန်းတော်များ မြွက်ဟတော်မူကြပါတယ်။ အခုခေတ်မှာ ကြေငြာချက်ထုတ်တဲ့ သဘောပါပဲ။

မြတ်စွာဘုရားက “သမ္မာသမ္ဗုဒ္ဓဘုရားမှတစ်ပါး ကမ္ဘာပေါ်မှာ ပေါ်လာသမျှ ဘုရားပြိုင်တို့ရဲ့ သူတို့ဟောပြောချက်များ လုပ်ငန်းစဉ်များမှာ အတ္တဝါဒက လွန်မြောက်နိုင်တဲ့ တရားမျိုးမရှိ။ လုပ်ငန်းစဉ်မရှိ” လို့ ရဲရဲရင့်ရင့် မိန့်ကြားခဲ့ပါတယ်။ ဒီအခါမှာ ဘုရားပြိုင်တွေကလည်း သူတို့သာသနာမှာ အတ္တဝါဒက လွန်မြောက်နိုင်တဲ့နည်းလမ်း ရှိပါတယ်လို့ တစ်ဦးတစ်ယောက်မျှ ထွက်ပေါ်မလာကြပါ။ ဒီစူဠသီဟနာဒသုတ်မှာ “ကာမုပါဒါန်၊ ဒိဋ္ဌုပါဒါန်နဲ့ သီလဗ္ဗတုပါဒါန် ဒီ ၃ ပါးကို လွန်မြောက်အောင် ဟောနိုင်တဲ့ ဘုရားပြိုင်မျိုးကတော့ ရှိနိုင်ပါတယ်တဲ့။ အတ္တဝါဒုပါဒါန်ကို လွန်မြောက်အောင် ဟောနိုင်တဲ့ဘုရားပြိုင်မျိုးကတော့ မရှိနိုင်ပါတဲ့။ အတ္တဝါဒုပါဒါန်က လွတ်မြောက်အောင်ကတော့ သမ္မာသမ္ဗုဒ္ဓဘုရားမျိုးပွင့်တဲ့အခါကျမှ ဟောနိုင်တာပါလို့ အတိအလင်း မိန့်ကြားထားခဲ့ပါတယ်။

သက္ကာယဒိဋ္ဌိအဓိပ္ပါယ်ဟာ ဘယ်လောက်နက်နဲသလည်းဆိုတော့ တွေးတောကြည့်ရုံနဲ့စိတ်မောစရာကြီးပါ။ လူတွေဟာ ခန္ဓာကိုယ်ကြီးကို “ငါ” လို့ထင်တယ်။ ယောက်ျား၊ မိန်းမ၊ ပုဂ္ဂိုလ်၊ သတ္တဝါလို့ထင်တယ်။ ငါကုသိုလ်လုပ်ရင် ကုသိုလ်ရတယ်။ ကုသိုလ်ကလည်း ဘဝဆက်တိုင်း နိဗ္ဗာန်ရသည့်ဘဝတိုင်အောင် အကျိုးပေးမယ်။ ငါအကုသိုလ်လုပ်ရင် အကုသိုလ် ဖြစ်မယ်၊ အကုသိုလ်က မကောင်းကျိုးကို ပေးမယ်ဆိုတာ ယုံကြည်တယ်။ အတိတ်ဘဝရှိတယ်။ အနာဂတ်ဘဝ ရှိတယ်။ အခုဘဝက ကုသိုလ်ကောင်းမှုလုပ်ရင် နောက်ကောင်းတဲ့ဘဝရောက်တယ်။ မကောင်းတာလုပ်တဲ့သူက မကောင်းတဲ့ဘဝရောက်မယ်ဆိုပြီး “ဘဝရှိတယ်” လို့ ကံခန်းမှာ ခံယူလာခဲ့ကြပါတယ်။

ဗုဒ္ဓဘာသာတရားမှာ သက္ကာယဒိဋ္ဌိက လွန်မြောက်အောင် ပြောတဲ့အခါကျတော့ ကံခန်းနဲ့ဝိပဿနာခန်းကို မရောစေဘဲ ရှင်းလင်းအောင် ပြောဖို့က အလွန်အရေးကြီးပါတယ်။ ပဋိစ္စသမုပ္ပါဒ်တရားတော်ဆိုတာ သက္ကာယဒိဋ္ဌိ ပျောက်အောင် ဟောတဲ့တရားတော်ပါ။ ဆန္ဒမထေရ်ဟာ ဘုရားရှင်ကိုယ်တော်တိုင် ၄၅ ဝါပတ်လုံး တရားဟောခဲ့ပေမယ့် တရားမရခဲ့ပါ။ ဘုရားပရိနိဗ္ဗာန်စံတော်မူပြီး ဗြဟ္မဒဏ်ပေးခံရလို့ သူ့ကို ဘယ်သူကမှ ပြောဆိုသူမရှိတော့မှ ရှင်အာနန္ဒာကို တောင်းပန်ပါတယ်။ ရှင်အာနန္ဒက ဆန္ဒမထေရ် တရားမရတာဟာ သက္ကာယဒိဋ္ဌိ ရှိနေလို့ဆိုတာ သိတဲ့အတွက် သက္ကာယဒိဋ္ဌိကို ဖြိုခွဲနိုင်တဲ့ ပဋိစ္စသမုပ္ပါဒ်ကို ဟောတော့မှ တရားရသွားပါတယ်။

ကံခန်းမှာ ကုသိုလ်ကောင်းမှုလုပ်ရင် နောင်ဘဝမှာ ကောင်းတဲ့ဘဝရောက်မယ်။ မကောင်းမှုလုပ်ရင် မကောင်းတဲ့ဘဝရောက်မယ်ဆိုတာကို ဟောပြောလည်းနေကြပါတယ်။ ရေးသားလည်း နေကြပါတယ်။ ပုဂ္ဂိုလ် ရှိတယ်၊ သတ္တဝါ ရှိတယ်ဆိုတဲ့ ကံခန်းအယူအဆကနေပြီး၊ ဝိပဿနာခန်း ရောက်တော့ ယောကျာ်းမိန်းမ မရှိ လူမရှိ ပုဂ္ဂိုလ်မရှိ၊ နာမ်ရုပ်ပဲရှိတယ်။ ရုပ်နာမ် ၂ ပါးကလည်း အကြောင်းကြောင့် ဖြစ်ပေါ်လာတယ်။ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်တယ်။ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်တယ်၊ ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်တယ်၊ နာမ်ရုပ်ကြောင့် သဠာယတနဖြစ်တယ်လို့ ပဋိစ္စသမုပ္ပါဒ်နဲ့ဟောလိုက်တဲ့အခါ လူရှာလို့လည်း မတွေ့ ပုဂ္ဂိုလ်ရှာလို့လည်း မတွေ့ သတ္တဝါလည်းမတွေ့။ “အကြောင်းတရားကြောင့် အကျိုးတရားဖြစ်တယ်၊ အကြောင်းတရားမရှိရင် အကျိုးတရားမရှိလို့” အဲဒီလို သဘောပေါက်တော့မှ သက္ကာယဒိဋ္ဌိပျောက်မှာပါ။

အတ္တဝါဒုပါဒါန် ဘယ်က စဖြစ်လာသလည်းဆိုရင် တဏှာပစ္စယာ ဥပါဒါနံ တဏှာကြောင့် ဖြစ်လာတာပါပဲ။ အတ္တသမံ ပေမံ နတ္ထိအရ လူမှန်ရင် ကိုယ်ခန္ဓာကို မတွယ်တာတဲ့သူမရှိပါ။ ဘယ်သူမှ မသေချင်ပါ၊ မအိုချင်ပါ၊ မနာချင်ပါ၊ ကိုယ်ခန္ဓာကို ချမ်းသာစေချင်တဲ့တဏှာရှိနေတာပါပဲ။ တဏှာရှိရင် ဒီတဏှာကြောင့်ပဲ အတ္တဝါဒ (သက္ကာယဒိဋ္ဌိ) ဖြစ်လာတာပါပဲ။ သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့၏ အမြင့်ဆုံးတရားကတော့ ဒီအတ္တဝါဒုပါဒါန်ကို ဖြိုခွဲဖို့ပါပဲ။ သို့သော် လူတိုင်း အတ္တဝါဒုပါဒါန်ကို ဖြိုခွဲနိုင်သလားဆိုတော့ ကာမုပါဒါန်ကို ဖြိုခွဲနိုင်တဲ့သူက ကာမုပါဒါန်ကို ဖြိုခွဲဖို့၊ ဒိဋ္ဌုပါဒါန်ကို ဖြိုခွဲနို်င်တဲ့သူက ဒိဋ္ဌုပါဒါန်ကို ဖြိုခွဲဖို့ပါပဲ။

ကမ္မဿကတာသမ္မာဒိဋ္ဌိဗုဒ္ဓဘာသာအဆင့်ကနေ တစ်ဆင့်တက်ပြီး၊ ဒီဘဝမှာပဲ မဂ်ဖိုလ်နိဗ္ဗာန် ရဖို့ဆိုရင်တော့ သက္ကာယဒိဋ္ဌိခေါ်တဲ့ အတ္တဝါဒုပါဒါန်ကို ဖြုတ်ရပါမယ်။ မြတ်စွာဘုရား ၄၅ ဝါ ကာလပတ်လုံး ဟောသွားတဲ့ ဒီဃနိကာယ်၊ မဇ္ဈိမနိကာယ် စသည့်နိကာယ်တို့မှာ လိုရင်းကို ချုပ်မယ်ဆိုရင် သက္ကာယဒိဋ္ဌိ ပြုတ်ဖို့ဟောတာပဲများပါတယ်။

ဒီနေရာမှာ လူတိုင်း လူတိုင်း အလွယ်တကူနဲ့သိနားလည်ထားဘို့ကတော့ သွားမှု၊ ရပ်မှု၊ ထိုင်မှု၊ ကွေးမှု၊ ဆန့်မှု၊ လှုပ်ရှားမှု၊ ပြောဆိုမှု၊ မြင်မှု၊ ကြားမှု၊ ခံစားမှု၊ ကြံစည်မှု အစရှိသော ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာဟူသမျှကို ငါကောင်း သတ္တဝါကောင်ဟု ထင်မှတ်စွဲလမ်းနေယင် အဲဒါဟာ အတ္တဝါဒုပါဒါန်ပါပဲ။

ယခုပြောခဲ့တဲ့ ဥပါဒါန် ၄ ပါးထဲက ကာမုပါဒါန်ဆိုတာ တရားကိုယ်အားဖြင့် တဏှာ အရင့်စားဖြစ်တဲ့ အကြောင်းပြောခဲ့ပါပြီ။ ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန်ဆိုတဲ့ ဒီဥပါဒါန် ၃ ပါးကတော့ စွဲလမ်းပုံမျှသာ ကွဲပြားပါတယ်၊ တရားကိုယ်အားဖြင့်တော့ ဒိဋ္ဌိချည်းပါပဲ။ ရုပ်နာမ်ခန္ဓာတွေကို အတ္တကောင် အသက်ကောင် သတ္တဝါကောင်အနေနဲ့ စွဲလမ်းတဲ့ ဒိဋ္ဌိကို အတ္တဝါဒုပါဒါန်ခေါ်တယ်၊ သံသရာမှ လွတ်မြောက်ကြောင်း မဟုတ်တဲ့ အလေ့အကျင့်ကို လွတ်မြောက်ကြောင်း အလေ့အကျင့်အနေနဲ့ ယူဆစွဲလမ်းတဲ့ဒိဋ္ဌိကို သီလဗ္ဗတုပါဒါန်ခေါ်တယ်၊ အဲဒီဒိဋ္ဌိ ၂ မျိုးမှ တစ်ပါးသော အယူမှားဟူသမျှကို ဒိဋ္ဌုပါဒါန်ခေါ်တယ်၊ ဒီလို စွဲလမ်းပုံလောက်သာ ကွဲပြားပါတယ်၊ အရတရားကိုယ်ကတော့ မှားယွင်းတဲ့ မိစ္ဆာဒိဋ္ဌိအယူချည်းပါပဲ။

မှားတဲ့အယူဆိုတာ နှစ်သက်သာယာတဲ့ တဏှာနဲ့တွဲပြီး ဖြစ်တာချည်းပါပဲ၊ စဉ်းစားကြည့်ပါ၊ ကိုယ်အယူအဆကိုတော့ မနှစ်သက်တဲ့လူ ဘယ်မှာရှိမလည်း၊ အနှစ်သက်ဆုံးဖြစ်လို့လည်း အဲဒီအယူကို စွဲလမ်းတာ၊ ဒါကြောင့် ဒီဒိဋ္ဌိအစွဲအလမ်း ဥပါဒါန် ၃ မျိုး ဟာလည်း တဏှာကြောင့် ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ အဲဒါကြောင့် မြတ်စွာဘုရားက “တဏှာပစ္စယာ ဥပါဒါနံ = တပ်မက်ဆာလောင်တဲ့ တဏှာကြောင့် စွဲလမ်းမှု ဥပါဒါန် ဖြစ်တယ်” လို့ ဟောတော်မူခဲ့တာပါ။


ပဋိစ္စသမုပ္ပါဒ်တရားတော် (၇)

“ဥပါဒါန်ကြောင့် ကမ္မဘဝ ဥပပတ္တိဘဝလို့ ခေါ်တဲ့ ဘဝနှစ်မျိုး ဖြစ်ပေါ်လာရပါတယ် ၊ ပါဠိစကားလုံး အသုံးအနှုန်းအတိုင်းပြောမယ်ဆိုရင် “ဥပါဒါန်ကြောင့် ဘဝဖြစ်ရတယ်”

စွဲလမ်းမှု ဥပါဒါန်ကြောင့် ဘဝဖြစ်သည် ဆိုရာမှာ အဲဒီစွဲလမ်းမှုကြောင့် ဖြစ်တဲ့ဘဝက ၂ မျိုးရှိပါတယ်၊ (၁) ကမ္မဘဝ၊ (၂) ဥပပတ္တိဘဝဆိုတဲ့ ဒီ ၂ မျိုးပါပဲ။

ဥပါဒါန်ကြောင့် ဘဝဖြစ်တယ်ဆိုတာ ဘဝနှစ်မျိုးရှိပါတယ်။ ပဋိစ္စသမုပ္ပါဒ်မှာ ဘဝပြဿနာနည်းနည်း ရှိပါတယ်။ “လောကမှာ ဘဝပြဿနာ ရင်ဆိုင်နေကြတာပါပဲ” ဆိုပြီး မြန်မာစကားမှာသုံးတဲ့ “ဘဝ” ဆိုတာက လူ့ဘဝပါ။ ပဋိသန္ဓေနေပြီး၊ မွေးတဲ့နေ့ကစ၍ သေတဲ့နေ့အထိကို ဘဝလို့ ခေါ်တာပါ။ ဒါက ဥပပတ္တိဘဝဆိုတဲ့ လူ့ဘဝ၊ နတ်ဘဝ၊ ဗြဟ္မာဘဝလို့ အဘိဓမ္မာမှာ ဘဝကြီးကိုးပါး ခွဲထားတာ ရှိပါတယ်။ အဲဒီဥပပတ္တိဘဝကို “ဘဝ” လို့ ခေါ်တာက နားလည်နိုင်ပါတယ်။

ကမ္မဘဝဆိုတာ “ကံ” ကိုပဲ ဘဝလို့ ခေါ်ပါတယ်။ ဒါကလည်း ပဋိစ္စသမုပ္ပါဒ်နဲ့ကျတော့ ကံကို ဘဝလို့ခေါ်တာ နားလည်မှာပါ။ ဥပါဒါန်ကြောင့် ကံတွေပြုလုပ်ကြတယ်။ ဥပါဒါန်ကြောင့် ကုသိုလ်ကံ အကုသိုလ်ကံတွေ လုပ်ကြတော့ ကမ္မဘဝဆိုတဲ့ ကံတွေ ဖြစ်လာတယ်။ ဘာကံလည်းဆိုရင် ၃၁ ဘုံက လွတ်မြောက်ကြောင်းတော့ မဟုတ်ပါ။ ၃၁ ဘုံမှာ ကျင်လည်စေတဲ့ကံ ဥပါဒါန်ကြောင့် လုပ်တဲ့ ကံပါ။

ကမ္မဘဝဆိုတာ ဘဝအသစ်ဖြစ်ကြောင်း ကံပါဘဲ၊ အဲဒါကို မြတ်စွာဘုရားက ဒီလို ဝေဘန်ပြီး ဟောထားပါတယ်။

ပရိတ္တဘူမကော ဝါ၊ သေးနုပ်သော ကာမဘုံ၌မူလည်း ဖြစ်သော။ မဟာဘူမကောဝါ၊ ကြီးမြတ်သော ရူပ အရူပဘုံ၌မူလည်းဖြစ်သော။ ပုညာဘိသင်္ခါရော၊ ပုညာဘိသင်္ခါရ၎င်း။ အပုညာဘိသင်္ခါရော၊ အပုညာဘိသင်္ခါရ၎င်း။ အာနေဉ္ဇာဘိသင်္ခါရရော၊ အာနေဉ္ဇာဘိသင်္ခါရ၎င်း။ အယံ၊ ဤသင်္ခါရသုံးပါးကို။ ကမ္မဘဝေါ၊ ကမ္မဘဝဟူ၍။ ဝုစ္စတိ၊ ခေါ်ဆိုအပ်၏။ သဗ္ဗမ္ပိ ဘဝဂါမိကမ္မံ၊ ဘဝသစ်ကို ဖြစ်စေတတ်သော ကံ အလုံးစုံကိုလည်း။ ဝုစ္စတိ၊ ကမ္မဘဝဟု ခေါ်ဆိုအပ်၏ လို့ ဟောထားပါတယ်။

ပုညာဘိသင်္ခါရဆိုတာ ကာမကုသိုလ်စေတနာ ၈ ပါးနှင့် ရူပကုသိုလ်စေတနာ ၅ ပါး၊ ဒီ ၁၃ ပါးပါပဲ။ အပုညာဘိသင်္ခါရဆိုတာ အကုသိုလ်စေတနာ ၁၂ ပါးပါပဲ။ အာနေဉ္ဇာဘိသင်္ခါရဆိုတာ အရူပကုသိုလ် စေတနာ ၄ ပါးပါပဲ။

ဘဝသစ်ကို ဖြစ်စေတတ်တဲ့ ကံဆိုတာထဲမှာ ကာမကုသိုလ်စေတနာနဲ့တွဲပြီးဖြစ်တဲ့

(၁) အနဘိဇ္ဈာ=သူတပါး၏ စသည်းစိမ်ကို ကိုယ့်စည်းစိမ်အဖြစ်ဖြင့် မတရားမကြံစည်ခြင်း။

(၂) အဗျာပါဒ=သူတပါးတို့ကို သေပျက်စေရန် မကြံစည်ခြင်း။

(၃) သမ္မာဒိဋ္ဌိ=မှန်သောအယူအမြင်ဆိုတဲ့ ဒီသုံးပါးလည်းပါဝင်ပါတယ်၊ ဒီသုံးပါးကတော့ ပုညာဘိသင်္ခါရ ထဲမှာ အတွင်းဝင်သွားပါတယ်။ အတိုချုပ်အားဖြင့်တော့ ကမ္မဘဝဆိုတာ ဘဝသစ်ကိုဖြစ်စေတတ်တဲ့ ကုသိုလ် အကုသိုလ် စေတနာပါပဲ။

အဲဒီတော့ နှစ်သက်စရာ ကာမအာရုံတွေကို စွဲလမ်းလို့ရှိရင် ကာမုပါဒါန်လို့ခေါ်တယ်၊ ဒါက တဏှာရာဂနဲ့ပတ်သက်တဲ့ ဥပါဒါန် တစ်မျိုး။ ကာမုပါဒါန်က လူ့စည်းစိမ် နတ်စည်းစိမ်ဆိုတဲ့ ကာမဂုဏ်တွေ ခံစားဖို့ ဘဝတိုင်း ဘဝတိုင်း ချမ်းသာဖို့ အလှူပေးမယ်၊ သီလဆောက်တည်မယ်။ သမထ ဘာဝနာ အားထုတ်မယ်ဆိုပြီး ကောင်းတာတွေလုပ်ရင် ကောင်းတဲ့ဘဝတွေ ရောက်မယ်။ ဥပါဒါန်ကြောင့် အကုသိုလ် ကံတွေလုပ်ရင် မကောင်းတဲ့ဘဝတွေ ရောက်မယ်။

ဒိဋ္ဌုပါဒါန်ကလည်း ဘဝတစ်ခုခုမှာ ဘဝပြတ်နိုင်တယ်ဆိုပြီး ဥစ္ဆေဒဒိဋ္ဌိနဲ့ ဒါန၊ သီလ၊ သမထတွေလုပ်ရင် ကောင်းတဲ့ဘဝတွေ ရောက်မယ်။ သီလဗ္ဗတုပါဒါန်ကလည်း ဒီအကျင့်တွေ ကျင့်နေတာဟာ ဗြဟ္မာဖြစ်ဖို့ နတ်ဖြစ်ဖို့ ဆိုပြီး ကုသိုလ်ကံတွေလုပ်ရင် ကောင်းတဲ့ဘဝတွေ ရောက်မယ်။ မကောင်းမှုကံတွေလုပ်ရင် မကောင်းတဲ့ဘဝတွေရောက်မယ်။

နောက် အယူဝါဒနဲ့ ပတ်သက်တဲ့ ဥပါဒါန်ကျတော့ ၃ မျိုး၊ ဒိဋ္ဌုပါဒါန် (အမြင်နဲ့ပတ်သက်တဲ့ အစွဲအလမ်း)၊ အတ္တဝါဒုပါဒါန (အတ္တအယူဝါဒနဲ့ပတ်သက်တဲ့ အစွဲအလမ်း)၊ သီလဗ္ဗတုပါဒါန (အလေ့အထကို ဆောက်တည်ကျင့်သုံးခြင်းဟာ သံသရာဝဋ်က လွတ်မြောက်ခြင်းအကြောင်းဖြစ်တယ်လို့ ဒီလို စွဲလမ်းတဲ့ အယူဝါဒနဲ့ ပတ်သက်တဲ့ စွဲလမ်းမှု) ပေါင်း ၃ မျိုး၊ အဲဒီဥပါဒါန် ၄ မျိုးကို အကြောင်းပြုပြီး ဥပါဒါန်ရှိနေသေးသမျှ ကာလပတ်လုံး ဘဝဆိုတာ လာမှာပဲတဲ့။

“ဥပါဒါနပစ္စယာ ဘဝေါ” ဆိုတော့ ဘဝဆိုတာ ဘာလဲ?

“ဘဝတီတိ ဘဝေါ” “ဖြစ်တတ်လို့ ဘဝလို့ ခေါ်တယ်” .. တဲ့ ။

ဒီတော့ “ဖြစ်လာတယ်” ဆိုတာ ဘာတွေဖြစ်တာတုန်းဆိုတော့ .. ဖြစ်လာတာ နှစ်မျိုးရှိလို့ ဘဝဟာ နှစ်မျိုးရှိတယ်ပေါ့။ “ကမ္မဘဝ” တဲ့၊ လူတွေဟာ အစွဲအလမ်းတစ်ခု ရှိပြီးတော့ လုပ်ကိုင်ဆောင်ရွက်လာကြတယ်၊ စိတ်ထဲက တွေးကြံလာတယ်၊ တွေးကြံထားတဲ့အတိုင်း နှုတ်က ထုတ်ပြောတယ်၊ နှုတ်က ထုတ်ပြောရုံတင် မကဘူးး၊ ကိုယ်ထိလက်ရောက် လုပ်တယ်၊ အဲဒီ အတွေး အပြော အလုပ်ဆိုတာတွေဟာ သရုပ်ထုတ်ကြည့်လိုက်တဲ့အခါကျတော့ ဒါကိုပဲ ကမ္မ - ကံ လို့ ခေါ်တာပါပဲ။

အဓိကအကြောင်းတရားက ဘယ်သူတုန်းဆိုတော့ စေတနာပဲပေ့ါ၊ စေတနာကြောင့် တွေးတယ်၊ စေတနာရဲ့လှုံ့ဆော်မှုကြောင့် နှုတ်က ထုတ်ပြီးတော့ ပြောတယ်၊ စေတနာရဲ့လှုံ့ဆော်မှုကြောင့် ကိုယ်ထိလက်ရောက် ပြုလုပ်တယ်၊ စာလိုပြောရင် မနောကံ ဝစီကံ ကာယကံပေါ့။ စာပေကျမ်းဂန် ဟောစဉ်မှာတော့ ကာယကံ ဝစီကံ မနောကံလို့သုံးတယ်။ ဖြစ်စဉ်မှာတော့ မနောကံကစတာမို့ မနောကံ ဝစီကံ ကာယကံလို့သုံးတယ်ပေါ့။

အဝိဇ္ဇာပစ္စယာ သင်္ခါရာတုန်းက သင်္ခါရကို ကုသိုလ် အကုသိုလ်စေတနာလို့ ပြောခဲ့ပါတယ်။ ဥပါဒါနပစ္စယာ ဘဝေါ ကမ္မဘဝဆိုတဲ့ ကုသိုလ်ကံ အကုသိုလ်ကံနဲ့ သင်္ခါရစေတနာနဲ့ တရားကိုယ်ချင်းက အတူတူပါပဲ။ အဘိဓမ္မာက သင်္ခါရ စေတနာ ကံ အတူတူလို့ ဆိုပါတယ်။

အဝိဇ္ဇာပစ္စယာ သင်္ခါရာက သင်္ခါရနဲ့ ဥပါဒါနပစ္စယာ ဘဝေါက ကမ္မဘဝမှာ တရားကိုယ်ချင်းက တူပါတယ်။ လောကီဥပါဒါန်ကြောင့် ကုသိုလ်ကံ အကုသိုလ်ကံတွေကို လုပ်နေကြတာပါ။ လက်တွေ့စဉ်းစားကြည့်ရင် လည်း ကိုယ်ဝါသနာပါရာ ကိုယ်စွဲလမ်းရာ ကံတွေ ရှိနေသမျှ လူတိုင်းလုပ်နေကြတာပါ။

ဒီတော့ ကမ္မဘဝဆိုသည်မှာ စေတနာနှင့်တကွ စေတနာနှင့်ယှဉ်သော စေတသိက်တချို့ကိုပါ ကမ္မဘဝအရ မှတ်ယူရပါမယ်၊ ဥပပတ္တိဘဝဆိုတာကျတော့ အဲဒီကံတရားက ထုတ်လုပ်လိုက်လို့ ရလာတဲ့ ခန္ဓာကို ဥပပတ္တိဘဝလို့ မှတ်ရပါမယ်။ “ဥပါဒါနပစ္စယာ ဘဝေါ” ဆိုတဲ့နေရာမှာ ဟောဒီဘဝနှစ်မျိုးကို ရတယ်လို့ ဒီလိုမှတ်ရပါမယ်။

နေ့စဉ်နဲ့အမျှ တွေးကြတယ်၊ ပြောကြတယ်၊ လုပ်ကိုင်ဆောင်ရွက်ကြတယ်ဆိုတာ ဒါတွေက ကမ္မဘဝတွေ၊ အတိတ်ကကံကြောင့် အခုရလာတဲ့ ခန္ဓာကြီးကျတော့ ဥပပတ္တိဘဝ၊ ဒီဘဝမှာလည်းပဲ အတိတ်က ပေးလိုက်တဲ့ ဘဝကတော့ ဥပပတ္တိဘဝ၊ အခုဆက်ပြီး လုပ်နေတာတွေက ကမ္မဘဝတဲ့၊ အဲဒီနှစ်ခုစလုံးဟာ ဥပါဒါန်တွေ ရှိနေလို့ ရှိနေရတာလို့ ဆိုပါတယ်။

တစ်ခါ ဥပပတ္တိဘဝကို ထပ်ပြီးတော့ အသေးစိတ် ခွဲတော့ ဥပပတ္တိဘဝကို ၉ မျိုး ခွဲပြီးတော့ ပြောတယ်၊ ကမ္မဘဝကို ခွဲတာ မဟုတ်ဘူး၊ ဥပပတ္တိဘဝကို ခွဲလိုက်တဲ့ အခါ ၉ မျိုးတဲ့။

အဲဒီ ၉ မျိုးက ဘာတွေတုန်းဆိုရင် နံပါတ် ၁ - က ကာမဘဝတဲ့။ ကာမဘဝဆိုတာ အပါယ် ၄ ဘုံ၊ လူ့ပြည့် နတ်ပြည်တို့ ကာမရာဂနဲ့ပတ်သက်ပြီးတော့ ဖြစ်နေတဲ့ ဘုံဘဝတွေပေါ့၊ ကာမ ၁၁ ဘုံ၊ အဲဒါတွေက ကာမဘဝ။

ဒီကာမကို လွန်မြောက်အောင် သမထကျင့်စဥင်္တစ်ခုခုနဲ့ ကျင့်ပြီး ကာမဆန္ဒတွေအားလုံး ကျော်လွှားသွားပြီး ဈာန်အဘိဉာဏ်ရတဲ့ ပုဂ္ဂိုလ်တွေ ပျော်စံတဲ့နေရာကျတော့ နံပါတ် ၂ - ရူပဘဝ နဲ့ နံပါတ် ၃ - အရူပဘဝ တဲ့။

ဒီတော့ ဘဝဟာ အဆင့်လိုက် ခွဲလိုက်တဲ့အခါကျတော့ ကာမဘဝ၊ ရူပဘဝနဲ့ အရူပဘဝ၊ ရူပဘဝဆိုတာ ရူပဈာန်ကို အခြေခံပြီးတော့ ရောက်ရှိသွားတဲ့ ရူပဗြဟ္မာ ၁၆ ဘုံ၊ အရူပဘဝဆိုတာ အရူပဈာန်ကို အခြေခံပြီးတော့ ရတဲ့ အရူပဗြဟ္မာ ၄ ဘုံ၊ အဲဒီဗြဟ္မာ့ဘုံတွေကို ရူပဘဝ အရူပဘဝလို့ ဒီလိုခေါ်လိုက်တယ်။

အဲဒီတော့ မှတ်ရမှာက ၃၁ ဘုံက ကာမဘဝ ရူူပဘဝ အရူပဘဝ၊ ဒီ ၃ ခုနဲ့ပြောလိုက်ရင် ၃၁ ဘုံကုန်သွားတယ်၊ ကာမဘဝက ကာမ ၁၁ ဘုံ၊ ရူပဘဝက ရူပ ၁၆ ဘုံ၊ အရူပဘဝက အရူပ ၄ ဘုံ ၊ ပေါင်းလိုက်ရင် ၃၁ ဘုံပဲ။

တစ်ခါ ၃၁ ဘုံလုံးကိုပဲ ခြုံပြီး အသိစိတ်နဲ့ သညာနဲ့ ခွဲပြီးတော့ ဘုံ ၃ မျိုး ထပ်ခွဲပြန်တယ်၊ “သညီဘဝ၊ အသညီဘဝ၊ နေဝသညီနာသညီဘဝ” တဲ့၊ ဝိသုဒ္ဓိမဂ်မှာတော့ သညီဆိုတဲ့အသုံးကို မသုံးဘဲ “သညာဘဝ၊ အသညာဘဝ၊ နေဝသညာနာသညာဘဝ” လို့ သုံးပါတယ်။

ဒီလို သညာနဲ့ခွဲရင်လည်းပဲ ၃၁ ဘုံပဲ၊ နံပါတ် ၄ - သညာဘဝဆိုတာ ပဋိသန္ဓေစိတ်မှာ အမှတ်သညာကို ဦးတည်ပြီးတော့ ပြောတာ၊ အသိစိတ်နဲ့တကွဖြစ်တဲ့ အမှတ်သညာ ပြည့်ပြည့်ဝဝနဲ့တကွဖြစ်တဲ့ ဘုံဘဝလို့ ဒီလိုပြောတာပါ။

နောက်တစ်ခုက နံပါတ် ၅ - အသညာဘဝ၊ အသိစိတ် အမှတ်သညာ မရှိတဲ့ ဘုံဘဝတဲ့။

နံပါတ် ၆ - နေဝသညာနာသညာဘဝ ဆိုတာ အသိစိတ် အမှတ်သညာ ရှိတယ်လို့လည်း မဟုတ်ဘူး၊ သို့မဟုတ် လုံးဝမရှိဘူးလည်း မဟုတ်ဘူးဆိုတဲ့ - ပြောရလောက်အောင် သိမ်မွေ့တဲ့ သညာသာရှိတဲ့ ဘုံဘဝတဲ့၊ ဒီတော့ နေဝသညာ နာသညာဘဝဆိုတာ တစ်ဘုံတည်းပဲ၊ အရူူပ ၄ ဘုံထဲက နေဝသညာ နာသညာဈာန်ရဲ့ အကျိုးပေးအနေနဲ့ ဖြစ်သွားတဲ့ဘုံဟာ နေဝသညာနာသညာဘုံဘဝပါပဲ၊ အဲဒီဘုံဘဝမှာ အမှတ်သညာလေးဟာ မရှိဘူးလို့လည်း ပြောလို့ရတယ်၊ မရှိတာ လုံးဝမဟုတ်ဘူးလို့လည်း ပြောလို့ရ တယ်။

ဒီတော့ “နေဝသညာ” “သညာမရှိဘူး” ဆိုတာ ဘာမရှိတာလည်းဆိုတော့ “ကြမ်းတမ်းတဲ့ သိသာထင်ရှားတဲ့ အမှတ်သညာ မရှိဘူး” ၊ “သိမ်မွေ့တဲ့သညာ မရှိဘူး ဆိုတာတော့ မဟုတ်ဘူး၊ ရှိတယ်” သူက double negative နဲ့သုံးလိုက်တော့ “န အသညာ”။ “ကြမ်းတမ်းတဲ့အမှတ်သညာ လုံးဝမရှိဘူး၊ သိမ်မွေ့တဲ့အမှတ်သညာ မရှိတာတော့ မဟုတ်ဘူး၊ ရှိတယ်” ဆိုတဲ့ သတ္တဝါမျိုး ဘုံမျိုးက တစ်ဘုံတည်းပဲတဲ့၊ အဲဒါအမြင့်ဆုံးအရူပဘုံမှာရှိတဲ့ သတ္တဝါပါပဲ။

အသိစိတ်အမှတ်သညာ လုံးဝမရှိတဲ့ဘုံ “အသညာဘဝ” ကျတော့ အသညသတ်လို့ ခေါ်ပါတယ်၊ ရူူပါဝစရဘုံထဲက ပဉ္စမဈာန်ဘုံထဲမှာ ပါဝင်တဲ့ အသညသတ်ဘုံတဲ့၊ ရုပ်ချည်းပဲဖြစ်တယ်၊ အဲဒါလည်း တစ်ဘုံ။

ဒီတော့ ၃၁ ဘုံထဲမှာ ဒီနှစ်ဘုံ နှုတ်လိုက်တော့ ၂၉ ဘုံ ကျန်တယ်၊ အဲဒီကျန်တဲ့ ၂၉ ဘုံဟာ “သညာဘဝ” လို့ ခေါ်ပါတယ်။ ကျန်တဲ့ဘုံတွေဟာ လူ့ဘုံဟာ သညာရှိတယ်၊ ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ် အပါယ် ၄ ဘုံလည်း သညာရှိတယ်၊ နတ်ပြည် ၆ ထပ်လည်း အမှတ်သညာ ရှိတယ်၊ ဒါကြောင့်မို့ အဲဒီဘဝတွေကျတော့ သညာဘဝတဲ့။

ကျန်တဲ့ ရူပ ၁၅ ဘုံနဲ့အောက်အရူပ ၃ ဘုံဆိုတဲ့ ဗြဟ္မာဘဝတွေလည်း သညာရှိတယ်၊ ဒီလို သညာနဲ့ခွဲလိုက်တဲ့အခါကျတော့လည်းပဲ ၃၁ ဘုံပဲ ရပြန်တယ်၊ အခု ဘဝကြီး ၆ မျိုးရှိသွားပါပြီ။

နောက်တစ်ခါကျတော့ ဝေါကာရလို့ ခေါ်တဲ့ ခန္ဓာနဲ့ခွဲပြန်တယ်၊ ခန္ဓာကို ဒီနေရာမှာ “ဝေါကာရ” ဆိုတဲ့ စကားလုံးကိုသုံးထားတယ်၊ ဧကဝေါကာရ - ခန္ဓာတစ်ခုသာ ရှိတဲ့ဘုံ၊ စတုဝေါကာရ - ခန္ဓာ ၄ ခုရှိတဲ့ဘုံ၊ ပဉ္စဝေါကာရ - ခန္ဓာ ၅ ခုရှိတဲ့ဘုံလို့ ဆိုပြီးတော့ ဘဝကို တစ်ခါထပ်ပြီးတော့ ခန္ဓာရှုထောင့်ကနေ ကြည့်ပြီး ထပ်ခွဲလိုက်တယ်။

ဧကဝေါကာရဘဝ - ခန္ဓာတစ်ခုတည်းသာ ရှိတယ်ဆိုတဲ့ ဘုံဟာ အသညသတ်ဘုံပဲ၊ ရူပက္ခန္ဓာတစ်မျိုးပဲ ရှိတယ်၊ ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ဆိုတာ မရှိဘူး၊ ဒါကြောင့် ဧကဝေါကာရ - ခန္ဓာ တစ်ခုသာ ရှိတယ်၊ အဲဒါက ၃၁ ဘုံထဲက တစ်ဘုံ။

နောက်တစ်ခါ စတုဝေါကာရဘဝ - ခန္ဓာ ၄ ခုရှိတယ်ဆိုတာ အရူပ ၄ ဘုံမှာ ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခရက္ခန္ဓာ ဝိညာဏက္ခန္ဓာဆိုတဲ့ ခန္ဓာ ၄ မျိုးပဲ ရှိတယ်၊ ရူပက္ခန္ဓာ မရှိဘူးတဲ့၊ အဲဒီအရူပဘုံက ၄ ဘုံ။

၃၁ ဘုံထဲမှာ အဲဒီ ၅ ဘုံ နှုတ်လိုက်တဲ့အခါကျတော့ ကျန်တာ ၂၆ ဘုံ၊ အဲဒီ ၂၆ ဘုံကို ပဉ္စဝေါကာရဘဝ - ခန္ဓာ ၅ ပါးရှိတဲ့ ဘဝ - လို့ ဒီလို သတ်မှတ်ပါတယ်။

ပေါင်းလိုက်တဲ့အခါကျတော့ နံပါတ် ရ - ဧကဝေါကာရဘဝ၊ နံပါတ် ၈ - စတုဝေါကာရဘဝ၊ နံပါတ် ၉ - ပဉ္စဝေါကာရဘဝ ရုပ်နာမ်ငါးပါးလုံးရှိတဲ့ဘဝ၊ လူ နတ် စသည်တို့၏ ရုပ်နာမ်ခန္ဓာတွေပါပဲ။ အဲဒါတွေဟာ ဥပပတ္တိဘဝတွေပါပဲ၊ ဒီဥပပတ္တိဘဝတွေက ကံကြောင့်ဖြစ်တဲ့ ဘဝသစ် ရုပ်နာမ်ခန္ဓာတွေပါပဲ၊ အဲဒါတွေကိုဘဲ လူ့ဘဝ နတ်ဘဝ စသည်ဖြင့် ခေါ်ရပါတယ်။ တရားကိုယ်အားဖြင့်တော့ ဝိညာဏ်၊ နာမ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာဆိုတဲ့ ဒီ အကျိုးတရားငါးပါးပါပဲ။

အဲဒီတော့ ဘဝတွေကို ကာမ ရူပ အရူပ ရှုထောင်က ခွဲတာတစ်စု။ သညာနဲ့ခွဲတာ တစ်စု။ ဝေါကာရဆိုတဲ့ ခန္ဓာနဲ့ခွဲတာတစ်စု။ အားလုံးဟာ ၃၁ ဘုံကို ခွဲတာချည်းပဲ၊ ပေါင်းလိုက်တဲ့အခါကျတော့ ၉ ခု ရှိသွားတယ်။ အဲဒါကို ဥပပတ္တိ ဘဝ - ဘဝ ၉ မျိုး၊ ဘဝကြီး ၉ ပါးလို့ အဘိဓမ္မာမှာ ဆိုပါတယ်။ ဘဝကြီးကိုးပါးဆိုတာ တခြားမဟုတ်ဘူး၊ ၃၁ ဘုံက ဘဝတွေချည်းပါပဲ။

ဒီတော့ လူသားတွေအနေနဲ့ ပြောမယ်ဆိုလို့ရှိရင် ဘယ်ဘဝထဲပါတုန်းဆိုရင် လူသားတွေဟာ “ကာမဘဝ” ထဲမှာ ပါပါတယ်၊ “သညာဘဝ” ထဲမှာ ပါပါတယ်၊ “ပဉ္စဝေါကာရဘဝ” ထဲမှာ ပါပါတယ်။ အဲဒီဥပပတ္တိဘဝတွေဟာ ဘယ်သူ့ကြောင့် ဖြစ်နေတာတုန်းဆိုရင် “ဥပါဒါနပစ္စယာ ဘဝေါ” ပဲ၊ ဥပါဒါန်ေကြာင့်မို့လို့ ဒီဘဝတွေ ရထားတယ်လို့ ဒီလိုဆိုလိုပါတယ်၊ ဥပါဒါန်ရှိနေသေးသမျှကာလပတ်လုံး ကမ္မဘဝကလည်း ဖြစ်လာဦးမယ်၊ ဥပပတ္တိဘဝတွေလည်း ဖြစ်လာဦးမယ်။

ဘဝရဲ့သရုပ်တွေကို ရှေးဦးစွာကြည့်ပြီး “ဥပါဒါနပစ္စယာ ဘဝေါ” “ဥပါဒါန်ကြောင့် ဘဝဖြစ်လာတယ်” ဆိုတဲ့နေရာမှာ ကံကိုလည်းပဲ ယူထားတယ်၊ ကံကြောင့်ဖြစ်လာတဲ့အကျိုးတရားကိုလည်း ယူထားတယ်၊ ကံကိုယူထားတာက ကမ္မဘဝ၊ ကံကြောင့်ဖြစ်လာတဲ့အကျိုးတရားကိုယူတာက ဥပပတ္တိဘဝ၊ ဘဝနှစ်ခုစလုံး ယူတယ်။

ပဋိစ္စသမုပ္ပါဒ်မှာ စစချင်းတုန်းက “အဝိဇ္ဇာပစ္စယာ သင်္ခါရာ” “သင်္ခါရပစ္စယာ ဝိညာဏံ” လို့ ဆိုပြီးတော့ အဲဒီတုန်းက ဒီကံတရားကို သင်္ခါရဆိုတဲ့နာမည်နဲ့သုံးခဲ့တယ်၊ သင်္ခါရဆိုတာလည်း ပုညာဘိသင်္ခါရ၊ အပုညာဘိသင်္ခါရ၊ အာနေဉ္ဖာဘိသင်္ခါရဆိုတာ ဒီကံကိုပဲ ပြောတာပဲ၊ အခု “ဥပါဒါနပစ္စယာ ဘဝေါ” မှာ ကမ္မဘဝကို ပြောမယ် ဆိုလို့ရှိရင်လည်း ဒီကံပဲ ပြောတယ်၊ ပဋိစ္စသမုပ္ပါဒ်မှာ ကံက နှစ်ထပ်ကွမ်းပါမနေဘူးလား၊ ဒီလိုထပ်ပြီးတော့ ပြောတာဟာ အကျိုးရှိရဲ့လားလို့ မေးမြန်းစရာရှိလာ ပါတယ်။

အဲဒီတော့ အဖြေက “သင်္ခါရပစ္စယာ ဝိညာဏံ” လို့ ပြောတဲ့အချိန်တုန်းက အတိတ်ဘဝက ကံတရားတွေကို ရည်ညွှန်းတာပါတဲ့၊ အတိတ်ဘဝက အကြောင်းတရား၊ ဒီဘဝ သန္ဓေစိတ်ဖြစ်ဖို့အတွက် အတိတ်ဘဝက အကြောင်းတရားကို “သင်္ခါရ” လို့ နာမည်ပေးလိုက်တယ်၊ သင်္ခါရဆိုတာ ဖန်တီးတယ်၊ တည်ဆောက်တယ် ဆိုတဲ့ အဓိပ္ပါယ်တဲ့။

သင်္ခါရကြောင့် ဒီဘဝမှာ ဝိညာဏကစပြီးတော့ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်လို့ ဆိုတာတွေ ဖြစ်မနေဘူးလား၊ ဥပါဒါန်ထိအောင် ဖြစ်လာတယ်၊ ဒီဘဝမှာ အကယ်၍ ကံတွေ ဆက်လုပ်နေဦးမယ်ဆိုရင် အလားတူ ဆက်ဖြစ်နေဦးမှာပဲ၊ ဒီဘဝမှာ ဆက်လုပ်နေတဲ့ကံတွေကို ပြောချင်တဲ့အခါကျတော့ “ဘဝ” ဆိုတဲ့ စကားလုံးနဲ့ပဲ ပြောလိုက်တယ်၊ ဒီဘဝမှာ ကံတွေ ဆက်လုပ်နေသေးတယ်၊ ဒီဘဝလုပ်နေတဲ့ ကံက နောင်ဘဝ ဖြစ်ဖို့အတွက်၊ အဲဒါကြောင့်မို့လို့ “ဘဝပစ္စယာ ဇာတိ” လို့ လာဦးမယ်၊ ဒီတော့ နောင်ဘဝအတွက် ပဋိသန္ဓေအကျိုးပေးမယ့်၊ ဒီဘဝမှာ လုပ်နေတဲ့ ကံတွေကို ရည်ညွှန်းပြီးတော့ ဒီနေရာမှာ “ဥပါဒါနပစ္စယာ ဘဝေါ” လို့ ဒီလို ထပ်ပြောတာပါတဲ့။

အဲဒီတော့ ကမ္မဘဝ၊ ဥပပတ္တိဘဝ၊ ဒီဘဝ ၂ မျိုးထဲက စွဲလမ်းမှု ဥပါဒါန်ကြောင့် ဘဝဖြစ်တယ်ဆိုရာမှာ ကမ္မဘဝက လိုရင်းပါပဲ၊ ဥပပတ္တိဘဝကတော့ ကမ္မဘဝကြောင့် တဆင့်ဖြစ်ရတဲ့ အကျိုးဖြစ်ပါတယ်။ ဒါကြောင့် ဒီမှာ ဥပါဒါန်ကြောင့် ကမ္မဘဝဖြစ်ပုံကိုသာ ပြောရပါမယ်။



Comments


Post
Facebook-Logo-Square-768x768.png
Facebook-Logo-Square-768x768.png
Facebook-Logo-Square-768x768.png
google logo_edited.png

©2021 by Dhamma Notes by Thein Naing Ohn. Proudly created with Wix.com

bottom of page