အဘိဓမ္မာနှင့်သုတ္တန်တရားတော်များ_Page 3
- Thein Naing Ohn
- Sep 24, 2021
- 15 min read
Updated: Oct 20, 2021
ပိဋကတ်မြန်မာပြန်များအကြောင်း
၄၅ နှစ် (၄၅ ဝါ) အတွင်း ဗုဒ္ဓရှင်တော်ဘုရား ဟောကြားတော်မူသည့် တရားစကားတော်များကို၎င်း၊ ထို ၄၅ နှစ် အတွင်း၌ဖြစ်စေ ထို့နောက်မှာဖြစ်စေ ဗုဒ္ဓရှင်တော်ဘုရား၏ တပည့်သားတို့က ဗုဒ္ဓရှင်တော်ဘုရား၏ နည်းနာနိဿယကိုယူ၍ ဟောကြားတော်မူခဲ့ကြသည့် တရားစကားတော်များကို၎င်း၊ ပါဠိတော်(စကားတော်အစဥ်)ဟု ခေါ်ဝေါ်ကြသည်။
ထိုပါဠိတော်(စကားတော်အစဥ်)တို့ကို သံဂါယနာတင်မှုပြုတော်မူကြသည့် အရှင်မြတ်တို့က
၁။ ဝိမုတ္တိရသအားဖြင့် --- ၁
၂။ ဓမ္မဝိနယအားဖြင့် --- ၂
၃။ ဝစနအားဖြင့် --- ၃
၄။ ပိဋကအားဖြင့် --- ၃
၅။ နိကာယ်အားဖြင့် --- ၅
၆။ ဓမ္မက္ခန္ဓာအားဖြင့် ၈၄၀၀၀ - ဟု ပိုင်းခြား သတ်မှတ်ထားတော်မူခဲ့ကြသည်။
ထို ၆ မျိုးတို့တွင် ပိဋကသုံးပုံနှင့် နိကာယ်ငါးရပ်အကြောင်း ပို့စ်တင်နိုင်ရုံအကျဥ်းချုံး၍ ရေးသားဖော်ပြပါမည်။
နိကာယ်ငါးရပ်
“နိကာယ်” ဟူသောစကားမှာ ‘နိကာယ’ ဟူသော ပါဠိစကားပင် ဖြစ်ပါသည်။ အဓိပ္ပါယ်မှာ ‘အပေါင်းအစု’ ဟု ဆိုလိုပါသည်။ မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော တရားဒေသနာတော်များကို အမျိုးအစားပိုင်းခြား၍ အစု ငါးစု ပြု၍ ထားခဲ့သည်ကို ‘နိကာယ်ငါးရပ်’ ဟု ခေါ်ပါသည်။
ထို ‘နိကာယ်ငါးရပ်’ တို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
(၁) ဒီဃနိကာယ = ရှည်သောသုတ်များကို စုပေါင်းထားခြင်း၊
(၂) မဇ္ဈိမနိကာယ = မရှည်မတို အလယ်အလတ်သုတ်တို့ကို စုပေါင်းထားခြင်း၊
(၃) သံယုတ္တနိကာယ = တရားသဘောအားဖြင့်၎င်း၊ ဟောကြားချက်အားဖြင့်၎င်း တူသည်ဖြစ်၍ ယှဥ်တွဲသင့်သည့် သုတ်တို့ကို ယှဥ်တွဲ၍ စုပေါင်းထားခြင်း၊
(၄) အင်္ဂုတ္တရနိကာယ = အင်္ဂါတခုစ ကျော်လွန်သည့် သုတ်များကို စုပေါင်းထားခြင်း၊ (တနည်းဆိုသော်) တပါး, နှစ်ပါး, သုံးပါး စသည်ဖြင့် ၁၁ မျိုးအထိ တရားသဘော အင်္ဂါရပ်များကို တိုး၍ တိုး၍ ကျော်လွန်ပိုမို ပြဆိုအပ်သော သုတ်အသီးသီးတို့ကို စုပေါင်းထားခြင်း၊
(၅) ခုဒ္ဒကနိကာယ = အတိုင်းအရှည်ပမာဏအားဖြင့် တိုသောသုတ်များကို စုပေါင်းထားခြင်း၊
ဤသို့အာားဖြင့် အစုနိကာယ်ပေါင်း ငါးခုရှိလေသည်။ ထိုနိကာယ်ငါးရပ်ကို ဒီဃနိကာယ်, မဇ္ဈိမနိကာယ်, သံယုတ္တနိကာယ်, အင်္ဂုတ္တရနိကာယ်, ခုဒ္ဒကနိကာယ်ဟု ခေါ်ဝေါ်ပါသည်။
နိကာယ်ငါးရပ်နှင့် ပိဋကသုံးပုံ ဆက်သွယ်ပုံ
မြတ်စွာဘုရားဟောကြားတော်မူသော တရားတော်အားလုံးကို နိကာယ်အရ ပိုင်းခြားလျှင် အထက်၌ ပြခဲ့သည့်အတိုင်း ငါးစုဖြစ်၍ ပိဋကအရ ခွဲခြားလျှင် သုတ္တန်, ဝိနည်း, အဘိဓမ္မာ ဟူ၍ သုံးစုဖြစ်လေသည်။ မြတ်စွာဘုရား ဟောကြားတော်မူသည့် ပါဠိတော်ကျမ်းရင်းမှာ ၅၂ ကျမ်း ဖြစ်သည်။
ကျမ်းပေါင်း ၅၂ တို့မှာ -
(၁) ဒီဃနိကာယ် ------------- ၃ ကျမ်း (၃ အုပ်)
(၂) မဇ္ဈိမနိကာယ် ------------ ၃ ကျမ်း (၃ အုပ်)
(၃) သံယုတ္တနိကာယ် -------- ၅ ကျမ်း (၃ အုပ်)
(၄) အင်္ဂုတ္တရနိကာယ် ------ ၁၁ ကျမ်း (၃ အုပ်)
(၅) ခုဒ္ဒကနိကာယ် --------- ၃၀ ကျမ်း (၂၈ အုပ်)
(က) ဝိနည်း ၅ ကျမ်း ----------- (၅ အုပ်)
(ခ) အဘိဓမ္မာ ၇ ကျမ်း --------- (၁၂ အုပ်)
(ဂ) သုတ္တန် ၁၈ ကျမ်း ---------- (၁၁ အုပ်)
ပေါင်း ကျမ်း ၅၂၊ စာအုပ် ၄၀ ဖြစ်ပါသည်။
မဇ္ဈိမနိကာယ ၃ ကျမ်းလာ ၁၅၂ သုတ်တို့ကား - ဒီဃနိကာယ်လာသုံးဖြာသော သီလတို့နှင့် တန်းဆာဆင်အပ်ပြီး၍ သီလသမ္ပဒါဂုဏ်နှင့် ပြည့်စုံတော်မူကြသည့် အရိယာသာဝကတို့သည် ဤမည် ဤမည်သော နည်းလမ်းဥပါယ်ဖြင့် သမာဓိသိက္ခာ, သမာဓိဘာဝနာကို ကျင့်ဖြည့်နိုင်ကြစေရန် မြှော်ကိုး၍ ဗုဒ္ဓရှင်တော်မြတ် ဟောကြားတော်မူခဲ့သည့် သုတ်တော်များချည်း ဖြစ်သဖြင့် ဗုဒ္ဓသာသနာတွင် အထူးပင် အရေးပါသော တရားများ ဖြစ်ပေသည်။
၃။ သံယုတ္တနိကာယ
ဤနိကာယ်၌ ဗုဒ္ဓဘုရားဟောကြားတော်မူခဲ့သမျှ စကားတော်များမှ ပုဂ္ဂိုလ်အားဖြင့်၎င်း၊ တရားအားဖြင့်၎င်း၊ သဘောအားဖြင့်၎င်း တူသောသုတ်တို့ကို သံဂါယနာတင်ဆရာတို့က ပူးပေါင်း ဖော်ပြတော်မူခဲ့ကြလေသည်။
အချုပ်အားဖြင့် သံယုတ် ငါးကျမ်း ရှိလေသည်။ ၎င်းတို့မှာ --
(၁) သဂါထာဝဂ္ဂသံယုတ်
(၂) နိဒါနဝဂ္ဂသံယုတ်
(၃) ခန္ဓဝဂ္ဂသံယုတ်
(၄) သဠာယတနဝဂ္ဂသံယုတ်
(၅) မဟာဝဂ္ဂသံယုတ် ဟူ၍ဖြစ်ပေသည်။
ဗုဒ္ဓတရားတော်များကို ကြည့်ရှုရာ၌ ဤသံယုတ္တနိကာယ်မှာ တရားအဘိဓာန်ကြီးသဖွယ် ဖြစ်သဖြင့် အလွန်ကျေနပ်အားရဖွယ်ကောင်းလှပေသည်။
၄။ အင်္ဂုတ္တရနိကာယ
၁ ပါးကစ၍ ၁၁ ပါးအထိ အင်္ဂါတခုစီ ကျော်လွန်ပိုမိုဖော်ပြထားရာ ဗုဒ္ဓဘုရား၏ စကားတော်ပေါင်း ၁၁ မျိုး (၁၁ ကျမ်း) တို့ကို အင်္ဂုတ္တရနိကာယဟု ခေါ်ပါသည်။
ဗုဒ္ဓဘာသာဆိုင်ရာ ရှေးခေတ်စွယ်စုံကျမ်းဟု ခေါ်နိုင်ပေသည်။
ဗုဒ္ဓမြတ်စွာသည် လေးဆယ့်ငါးဝါကာလပတ်လုံး တရားတော်များကို ဟောတော်မူခဲ့ရာ၌ သရုပ်သဘောဖြင့် ဟောတော်မူခဲ့သမျှ တရားဓမ္မတော်များကို သရုပ်အစဉ်အတိုင်း စုပေါင်း ဖော်ပြထားသဖြင့် ဗုဒ္ဓဝါဒသရုပ်ပြ ဒေသနာကျမ်းတော်ကြီးလည်း ဖြစ်ပေသည်။ ထို့ကြောင့် ဗုဒ္ဓဝါဒသရုပ်ပြဒေသနာများကို လေ့လာလိုကြသူတိုင်း ဤအင်္ဂုတ္တိုရ်ကျမ်းကြီးများကို လက်မလွှတ်သင့်ပေ။
၅။ ခုဒ္ဒကနိကာယ
ကျမ်းအရေအတွက်အများဆုံးနှင့် တရားသဘောအစုံဆုံးပါရှိသော နိကာယ်မှာ ခုဒ္ဒကနိကာယ်ပင် ဖြစ်၏။ ယင်းခုဒ္ဒကနိကာယ၌ သင်ရိုးပိဋကတ် ၃ ပုံအနက် ဝိနယပိဋကနှင့် အဘိဓမ္မပိဋကဟူသော သင်ရိုးပိဋက ၂ ပုံ ပါဝင်လေသည်။ (၎င်းပိဋက ၂ ပုံတွင် ဒီဃနိကာယ် ၃ ကျမ်းဟူသော သုတ္တန္တပိဋကကိုထည့်၍ သင်ရိုးပိဋကတ် ၃ ပုံဟု ခေါ်လေ့ရှိကြသည်။
ခုဒ္ဒကနိကာယ်ကိုပင် အမှတ်လွယ်စေရန် (က) ဝိနကပိဋက၊ (ခ) အဘိဓမ္မပိဋက၊ (ဂ) သုတ္တန္တပိဋက ဟူ၍ ၃ မျိုး ခွဲနိုင်ပေသေးသည်။
(က) ခုဒ္ဒကနိကာယဝိနယပိဋက ၌
(၁) ပါရာဇိက = ပါရာဇိကကဏ္ဍ = ပါရာဇိကဏ်
(၂) ပါစိတ္တိယ = ပါစိတ်
(၃) မဟာဝဂ္ဂ = ဝိနည်းမဟာဝါ
(၄) စူဠဝဂ္ဂ = စူဠဝါ
(၅) ပရိဝါရ = ပရိဝါ ဟူ၍ ငါးကျမ်း ရှိသည်။ ဤကျမ်းများကို ဝိနည်း ငါးကျမ်းဟု ခေါ်လေ့ရှိကြသည်။
(ခ) ခုဒ္ဒကနိကာယအဘိဓမ္မပိဋက ၌
(၁) ဓမ္မသင်္ဂဏီ
(၂) ဝိဘင်္ဂ = ဝိဘင်း
(၃) ဓာတုကထာ
(၄) ပုဂ္ဂလပညတ္တိ = ပုဂ္ဂလပညတ်
(၅) ကထာဝတ္ထု
(၆) ယမက = ယမိုက်
(၇) ပဋ္ဌာန = ပဋ္ဌာန်း ဟူသော ခုနှစ်ကျမ်းပါရှိလေသည်။ အဘိဓမ္မာ ၇ ကျမ်း ဟု ခေါ်လေ့ရှိကြသည်။
(ဂ) ခုဒ္ဒကနိကာယ-သုတ္တန္တပိဋက ၌
(၁) ခုဒ္ဒကပါဌ
(၂) ဓမ္မပါဒ
(၃) ဥဒါန = ဥဒါန်း
(၄) ဣတိဝုတ္တက = ဣတိဝုတ်
(၅) သုတ္တနိပါတ = သုတ္တနိပါတ်
(၆) ဝိမာနဝတ္ထု
(၇) ပေတဝတ္ထု
(၈) ထေရဂါထာ
(၉) ထေရီဂါထာ
(၁၀) အပဒါန = အပဒါန်
(၁၁) ဗုဒ္ဓဝံသ = ဗုဒ္ဓဝင်
(၁၂) စရိယာပိဋက
(၁၃) ဇာတက = ငါးရာ့ငါးဆယ်ဇာတ်
(၁၄) မဟာနိဒ္ဒေသ-စူဠနိဒ္ဒေသ
(၁၅) ပဋိသမ္ဘိဒါမဂ္ဂ = ပဋိသမ္ဘိဒါမဂ်
(၁၆) မိလိန္ဒပဥှာ
(၁၇) နေတ္တိ
(၁၈) ပေဋကောပဒေသ ကျမ်းတို့ဖြစ်ပါသည်။
ဤကား ဘုရားရှင်၏ တရားတော်များနှင့် အချို့သော သာဝကဘာသိတ ဒေသနာများကို အပေါင်းအစု ငါးမျိုးဖြင့် ဝေဘန်ထားရာ ဗုဒ္ဓစာပေများအကြောင်းကို ရိပ်မိနိုင်ရန် အကျဉ်းတင်ပြလိုက်ရခြင်းပင်ဖြစ်ပါသည်။
ကိုယ်စိတ်နှစ်ဖြာချမ်းသာကြပါစေ။
မေတ္တာဖြင့်
Thein Naing Ohn(23.9.2021)
မှတ်ချက်။ ။ ပိဋကတ်ပါဠိတော် မြန်မာပြန်ကျမ်းများ၏ အဆီအနှစ်အရသာကို ဖော်ထုတ်သည့် မိတ်ဆက်စာတမ်းဖြစ်သော ပါဠိတော်မြန်မာပြန်ကျမ်းများ ၏ ကျမ်းဦးမှတ်ဖွယ်များ မှ ထုတ်နှုတ်ဖော်ပြပါသည်။
အယောနိသောမနသိကာရ နှင့် ယောနိသောမနသိကာရ တရားကိုယ်
အယောနိသောမနသိကာရ နှင့် ယောနိသောမနသိကာရ တရားကိုယ်
====================================
၁။ မဏိသာရမဉ္ဇူသာဋီကာ
၂။ ပရမတ္ထဒီပနီဋီကာ
၃။ သင်္ဂြိုဟ်ဘာသာဋီကာ တို့၌ -
အာဝဇ္ဇန်း ဒွေ ကို ယောနိသော မနသိကာရ ,အယောနိသော မနသိကာရ ဟုခေါ်သည်ဟု ဆိုပါသည်။ ယောနိသော မနသိကာရ , အယောနိသော မနသိကာရတို့အရကို-အာဝဇ္ဇန်းဒွေကို ကောက်ထားပါသည်။
သို့သော် -
၁။ ခုဒ္ဒကဝတ္ထုဝိဘင်းပါဠိတော် နှင့် ၎င်း အဋ္ဌကထာ
၂။ ခုဒ္ဒကဝတ္ထုဝိဘင်း အနုဋီကာ
၃။ ဧကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် နှင့် ၎င်း အဋ္ဌကထာ
၄။ ဧကနိပါတ် အင်္ဂုတ္တိုရ်ဋီကာ
၅။ သုတ်မဟာဝါဋီကာ
၆။ မူလပဏ္ဏာသဋီကာ တို့၌ကား - အာဝဇ္ဇန်း ဒွေ ကို ယောနိသောမနသိကာရ အယောနိသောမနသိကာရမဆိုလိုကြောင်း။
ယောနိသောမနသိကာရ , အယောနိသောမနသိကာရတို့၏ အရကို - အာဝဇ္ဇန်းဒွေ ကို မကောက်ယူနိုင်ကြောင်း ။
ယောနိသော မနသိကာရ , အယောနိသော မနသိကာရ တို့၏အရကို - မနောဒွါရိက ကုသိုလ်ဇော အကုသိုလ်ဇော များကို ကောက်ယူကြောင်း ဖွင့်ဆိုကြပြန်ကုန်၏။
+++++++++++++
တတ္ထ ကတမော အယောနိသောမနသိကာရော၊အနိစ္စေ နိစ္စန္တိ အယောနိသော မနသိကာရော၊ဒုက္ခေ သုခ န္တိ အယောနိသော မနသိကာရော၊အနတ္တနိ အတ္တာ တိ အယောနိသော မနသိကာရော၊အသုဘေ သုဘန္တိ အယောနိသော မနသိကာရော၊
သစ္စာဝိပ္ပဋိကုလေန ဝါ စိတ္တဿ အာဝဋ္ဋနာ အနာဝဋ္ဋနာအာဘောဂေါ သမန္နာဟာရော မနသိကာရော၊အယံ ဝုစ္စတိ အယောနိသောမနသိကာရော ။(ခုဒ္ဒကဝတ္ထုဝိဘင်းပါဠိတော်/ နှာ ၃၈၇ - ၃၈၈)
👉 အယောနိသော မနသိကာရဆိုတာ ?
=================
အနိစ္စ ဒုက္ခ အနတ္တ အသုဘဖြစ်သောတရားတို့၌ နိစ္စ သုခ အတ္တ သုဘဟူ၍ လွဲမှားဖောက်ပြန်စွာ နှလုံးသွင်းခြင်း သဘောတရားကို … (ဝါ) ယင်းသို့ လွဲမှားဖောက်ပြန်စွနှလုံးသွင်းသော မနောဒွါရိက အကုသိုလ်ဇော ဟူသော သဘောတရားကို အယောနိသော မနသိကာရ ဟု ခေါ်ပါသည်။
သို့မဟုတ် …
သစ္စာလေးပါးကို သိသောဉာဏ်၏ ဆန့်ကျင်ဘက်ဖြစ်သော မသင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်း သဘောတရားကို … (ဝါ) ယင်းသို့ နှလုံးသွင်းသော မနောဒွါရိက အကုသိုလ်ဇော ဟူသောသဘောတရားကို အယောနိသော မနသိကာရ ဟု ခေါ်ပါသည်။
# ဤ၌ အယောနိသောမနသိကာရ ၏ အရကို -မနောဒွါရိက အကုသိုလ်ဇော ကို ကောက်ပါသည်။
👉 ယောနိသော မနသိကာရ ဆိုတာ ?
==================
အယောနိသောမနသိကာရ ၏ ဆန့်ကျင်ဘက်သည်ယောနိသော မနသိကာရ ဖြစ်ပါသည်။
အနိစ္စ ဒုက္ခ အနတ္တ အသုဘ ဖြစါသော သဘောတရားတို့၌ အနိစ္စ ဒုက္ခ အနတ္တ အသုဘဟူ၍ နည်းမှန်းလမ်းမှန် နှလုံးသွင်းခြင်းဟူသော ဝိပဿနာတရားကို …(ဝါ) ယင်းသို့ နည်းမှန်လမ်းမှန် နှလုံးသွင်းသော မနောဒွါရိက ကုသိုလ်ဇော ဟူသောသဘောတရားကိုယောနိသော မနသိကာရ ဟု ခေါ်ပါသည်။
သို့မဟုတ် …
သစ္စာလေးပါးကိုသိသောဉာဏ်အား လျော်ကန်သင့်မြတ်သော နှလုံးသွင်းခြင်းသဘောတရားကို … (ဝါ) ယင်းသို့ နှလုံးသွင်းသော မနောဒွါရိက ကုသိုလ်ဇော ဟူသောသဘောတရားကို ယောနိသောမနသိကာရ ဟု ခေါ်ပါသည်။
# ဤ၌ ယောနိသော မနသိကာရ၏ အရကို -မနောဒွါရိက ကုသိုလ်ဇော ကို ကောက်ပါသည်။
👉 အာဝဇ္ဇန်း ဒွေ ဖြစ်သင့် / မဖြစ်သင့် ?
==================
ဤနေရာဝယ် ဝီထိတစ်ခု၌ စိတ္တက္ခဏတချက်မျှ (တကြိမ်မျှ) ဖြင့် ချုပ်ပျောက်သွားသော အာဝဇ္ဇန်း ဒွေ ကိုအယောနိသော မနသိကာရ အဖြစ်ဖြင့် … ( အနိစ္စ ကို နိစ္စစသည်ဖြင့် နှလုံးသွင်းသောတရားအဖြစ်ဖြင့်) ဋီကာတို့၌ ထည့်သွင်းဖွင့်ဆိုတော်မမူကြပေ။
ခုဒ္ဒကဝတ္ထုဝိဘင်းပါဠိတော်ဝယ် အယောနိသော မနသိကာရ၏ သရုပ်သဘောကို -
`` အာဝဇ္ဇနာ အနွာဝဇ္ဇနာ ´´ ဟူ၍ အာဝဇ္ဇန်းဒွေး နာမည်ဖြင့် သုံးနှုန်ဟောကြားထားသော်လည်း အာဝဇ္ဇန်းဒွေးကိုဆိုလိုသည် မဟုတ်ပေ။
အာဝဇ္ဇနာတိ အာဒိနာ အာဝဇ္ဇနာယ ပစ္စယဘူတော တတော ပရိမုပ္ပန္နာ မနောဒွါရိက အကုသလဇဝန ပဝတ္တိဖလ ဝေါဟာရေန တထာ ဝုတ္တာ၊ တဿာ ဟိ ဝသေနသာအကုသလပဝတ္တိယာ ဥပနိဿယော ဟောတိ။
(သုတ်မဟာဝါဋီကာ/ဇနဝသဘသုတ်/၂၁၂)
(မူလပဏ္ဏာသဋီကာ/ သဗ္ဗာသဝသုတ်၁၄၉ )
(ဧကနိပါတ်အင်္ဂုတ္တိုရ်ဋီကာ/ ၇၅)
အာဝဇ္ဇန်း၏ ရှေ့ကဖြစ်နှင့်၍အာဝဇ္ဇန်း၏ အကြောင်းဖြစ်သော မဒွေါရိက အကုသိုလ်ဇောကို ဖလူပစာရ အားဖြင့် `` အာဝဇ္ဇနာ အနွာဝဇ္ဇနာ ´´ဟူ၍ ဟောတော်မူပါ၏။
မှန်၏ …… ထိုမနောဒွါရိက အကုသိုလ်ဇော၏ အစွမ်းကြောင့် ထိုအာဝဇ္ဇန်းသည် မိမိ၏နောက်က အကုသိုလ်ဇောဖြစ်ခြင်း၏ လွန်ကဲသောမှီရာ အကြောင်းဥပနိဿယဖြစ်လေသည်။
အယောနိသော မနသိကာရဟေတုကတ္တာ အာဝဇ္ဇနာယအကုသလာနုကူလကိစ္စတာ ဒဋ္ဌဗ္ဗော။
( ခုဒ္ဒကဝတ္ထုဝိဘင်း အနုဋီကာ/ ၂၂၁)
အာဝဇ္ဇန်းသည် ယောနိသောမနသိကာရ ကြောင့်ဖြစ်ရ၏။ ထို့ကြောင့် - အာဝဇ္ဇန်းကို အကုသိုလ်နှင့် သင့်လျော်အောင် အာရုံကိုဆင်ခြင်းခြင်းကိစ္စရှိသော တရားအဖြစ် သိမှတ်ထိုက်၏။
ဤသုတ်မဟာဝါဋီကာ/ မူလမဏ္ဏာသဋီကာ/ ဧကနိပါတ်အင်္ဂုတ္တိုရ်ဋီကာ/ ခုဒ္ဒကဝတ္ထုဝိဘင်း အနုဋီကာ အဖွင့်များဖြင့် -
ဤနေရာ၌ အာဝဇ္ဇန်းဒွေကို ယောနိသော မနသိကာရအယောနိသော မနသိကာရ ဟု မဆိုလိုကြောင်းကို သိနိုင် ပါ၏။ ။
ဤဋီကာအဖွင့်တို့အရဆိုလျှင် အာဝဇ္ဇန်းဒွေ မဖြစ်သင့်။အာဝဇ္ဇန်းဒွေ ဟု ဆိုနိုင်ဖွယ် အထောက်ထားများ
++++++++++++++++++++++++++++++++++++++++++++++++++++++
ယောနိသောမနသိကာရ အယောနိသောမနသိကာရဟူသည် အာဝဇ္ဇန်းဒွေပင် ဖြစ်ပါသည် ဟု တိုက်ရိုက်အားဖြင့် အတိအလင်း ဖွင့်ဆိုထားသည်ကို မတွေ့ပေ။
ထိုသို့ တိုက်ရိုက်အားဖြင့် အတိအလင်း ဖွင့်ဆိုထားသည်ကို မတွေ့ရသော်လည်း အာဝဇ္ဇန်းဒွေ ဖြစ်သည်ဟု ယူဆရသော ယူဆနိုင်သော စကားအရိပ်အမြွတ်အထောက်အထားများကိုကား -
အဋ္ဌသာလိနီအဋ္ဌကထာ/ စျာနဝိဘင်းမူလဋီကာ/ အနုဋီကာများ၌ တွေ့ရပေသည်တွေ့ရပုံမှာ -
အာဝဇ္ဇနေန ဟိ ယောနိသော အာဝဋ္ဋိတေ ဝေါဋ္ဌဗ္ဗနေနယောနိသော ဝဝတ္ထပိတေ ဇဝနံ အကုသလံ ဘဝိဿတီတိအဋ္ဌာနမေတံ။ (အဋ္ဌသာလိနီအဋ္ဌကထာ/ နှာ - ၃၁၇)
အာဝဇ္ဇန်းက ကုသိုလ်ဇော စောစေနိုင်သော အကြောင်းမှန် နည်းလမ်းမှန်သောအားဖြင့် ဘဝင်ကို ပြန်လည်စေခဲ့ပါလျှင် - ဝုဋ္ဌောက ကုသိုလ်ဇော စောစေနိုင်သော အကြောင်းမှန်နည်းလမ်းမှန်သောအားဖြင့် ဆုံးဖြတ်ချက်ချခဲ့ပါလျှင် - အကုသိုလ်ဇော စောရန် အကြောင်းမရှိပေ။
ဤအဋ္ဌကထာ၌ အာဝဋ္ဋိတေ ဟူသောပါဌ်ကို ကြည့်၍-အာဝဋ္ဋန ဟူသောစကားနှင့် အာဝဇ္ဇန မနသိကာရ ဟူသောစကားတို့သည် အနက်အဓိပ္ပါယ်အားဖြင့် အတူတူပင်ဖြစ်သည်ဟု ဆိုနိုင်၏။
အာဝဋ္ဋန = ပြန်လည်စေခြင်း
အာဝဇ္ဇန = ဆင်ခြင်ခြင်း
မနသိကာရ = နှလုံးသွင်းခြင်း
အဓိပ္ပါယ်တူပုံမှာ -
ဘဝင်၏ ကံ ကမ္မနိမိတ် ဂတိနိမိတ်ဟူသော အာရုံ အဟောင်းကို လက်လွှတ်၍ အသစ်ထင်ပေါ်လာသော အာရုံကို - အာဝဇ္ဇန်းက ဆင်ခြင်လိုက်ခြင်းကြောင့် ဘဝင်စိတ်သည် ဆက်လက်မဖြစ်နိုင်တာ့ဘဲ ရပ်တန့်သွား၏။
(ပြန်လည် ဆုတ်နစ်သွား၏)
ထိုဖြစ်ပုံသဘောကို ကြည့်၍ အာဝဇ္ဇန ကို အာဝဋ္ဋန ဟုခေါ်နိုင်၏။ ( အာရုံအသစ်ကို ဆင်ခြင်ခြင်းကို ဘဝင်ကို ပြန်လည်စေခြင်း ဟု ခေါ်နိုင်၏ ဟု ဆိုလိုပါသည်)
ယင်းသို့ ခေါ်ဆိုနိုင်ခြင်းကြောင့် အာဝဇ္ဇနပုဒ် နှင့် အာဝဋ္ဋန ပုဒ်တို့ ဆိုလိုရင်းအနက်အဓိပ္ပါယ် တူသည်ဟု ဆိုနိုင်ခြင်း ဖြစ်ပါသည်။
ထို့နောက်တဖန် -
ယင်းသို့ အာရုံသစ်ကို ဆင်ခြင်ရာ၌ (ယင်းသို့ ဘဝင်ကိုပြန်လည်စေရာ၌) အာဝဇ္ဇန်းက ကုသိုလ်ဖြစ်အောင် ဆင်ခြင်ခြင်းကို (အာဝဇ္ဇန်းက ကုသိုလ်ဖြစ်အောင်ပြန်လည်စေခြင်းကို)
ယောနိသော အာဝဋ္ယောနိသော အာဝဇ္ဇနယောနိသော မနသိကာရ ဟု ခေါ်ဆိုနိုင်၍ -
အာဝဇ္ဇန်းက အကုသိုလ်ဖြစ်အောင် ဆင်ခြင်ခြင်းကို -
အယောနိသော အာဝဋ္ဋန
အယောနိသော အာဝဇ္ဇန
အယောနိသော မနသိကာရ ဟု ခေါ်နိုင်၏။
ဤနည်းဖြင့် ယောနိသော အာဝဋ္ဋန ဟူသောနာမည်ပညတ် နှင့် ယောနိသော မနသိကာရ ဟူသော နာမည်ပညတ်သည် အနက်အဓိပ္ပါယ်တူသည်ဟု ဆိုနိုင်၏။
တတ္ထ ဟိ အာဝဇ္ဇနာဝေါဋ္ဌဗ္ဗနာနံ အယောနိသော အာဝဇ္ဇနဝေါဋ္ဌဗ္ဗနဝသေန ဣဋ္ဌေ ဣတ္ထိရူပါဒိမှိ လောဘော အနိဋ္ဌေ စ ပဋိဃော ဥပ္ပဇ္ဇတိ။
( စျာနဝိဘင်းမူလဋီကာ / ၁၈၁)
တတ္ထ ဟီတိအာဒိနာ ပဉ္စဝိညာဏဝီထိယံ ပုရေတရံ ပဝတ္တအယောနိသောမနသိကာကာရဝသေန အာဝဇ္ဇနာဒီနံ အယောနိသောအာဝဇ္ဇနာဒိနာ ဣဋ္ဌာဒိအာရမ္မဏေလောဘာဒိပဝတ္တိမတ္တံ ဟောတိ။
(စျာနဝိဘင်း အနုဋီကာ/ ၁၄၈)
ရှေ့ပိုင်းကဖြစ်ခဲ့သော အယောနိသောမနသိကာရမည်သော အကုသိုလ်ဇောကြောင့် ပဉ္စဝိညာဏဝီထိ၌ အာဝဇ္ဇန်း နှင့် ဝုဋ္ဌောတို့သည် ကုသိုလ်ဖြစ်ရန် မလျော်ကန်ဖောက်ပြန်သော အကြောင်းနည်းလမ်းအားဖြင့် ဆင်ခြင်မှု ဆုံးဖြတ်မှု ပြုလုပ်ကြသည့်အတွက် ဣဋ္ဌာရုံ၌လောဘဇောဖြစ်ရုံမျှဖြစ်၍ အနိဋ္ဌာရုံ၌ ဒေါသဇော စောရုံမျှ ဖြစ်သည်။
(ပဉ္စဝိညာဏဝီထိအခိုက်ဖြစ်သောကြောင့် ပြင်းထန်သော လောဘ ဒေါသ မဖြစ်ဟု ဆိုလိုပါသည်)
ဤ စျာနဝိဘင်းမူလဋီကာ/ အနုဋီကာများသည်လည်းအာဝဇ္ဇန်းကို အယောနိသော မနသိကာရ ဟု ဆိုလိုသည်
ဟု ယူဆနိုင်ပါသည်။
ဤသို့လျင် အရာဌာနအားလျော်စွာ- ယောနိသောမနသိကာရ အယောနိသောမနသိကာရတို့၏အရကောက် တရားကိုယ်အယူအဆကား နာနာဝါဒဖြစ်သတည်း။
မိမိတို့ ကြိုက်နှစ်သက်ရာကိုသာ ယူပါလေ။
အကိုး ~~~
အင်္ဂုတ္တိုရ်ပါဠိတော် နိဿယ စတုတ္ထတွဲ မှ
ထုတ်နှုတ်ရေးသားအပ်ပါသည်။
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာတော်မူနိုင်ကြပါစေ။
Credti: တိမ်တမာန် ( မန္တလေး)
============================================
မှတ်ချက်။ ။ ပြန်လည်ကူးယူဖော်ပြပါသည်။
Thein Naing Ohn(28.9.2021)
============================================
မနသိကာရနဲ့ ယောနိသော,အယောနိသော
မနသိကာရနဲ့ ယောနိသော,အယောနိသော (Dhammabheri Ashin Viriya) ရောထွေးနေတတ်တဲ့အဘိဓမ္မာအကြောင်းအရာလေးတွေကိုရှင်ဂင်္ဂါနဲ့စပ်မိပြီးအဘိဓမ္မသင်တန်းမှာလဲပြောခဲ့ပါတယ်။ ဒါကိုပဲသိပ်မရှင်းလှသေးလို့စာနဲ့ရေးပြပါဦးဆိုလို့ရေးလိုက်ပါမယ်။
ရှင်းပြမှပိုရှုတ်သွားတယ်ဆိုရင်တော့ သင်တန်းဆရာနဲ့သာကြည့်ရှင်းကြပါလို့ ကြိုတင်သတိပေးလိုက်ပါတယ်။
ပထမဆုံးရောထွေးနေတတ်တာက "မနသိကာရစေတသိက်"နဲ့ ယောနိသောမနသိကာရ, အယောနိသောမနသိကာရ"တို့ပါပဲ။
("မနသိ=စိတ်ကိုအာရုံပေါ်ရောက်အောင်, (အာရုံကိုစိတ်ပေါ်ရောက်လာအောင်) ကရော=ပြုတတ်တဲ့တရား"လို့အဓိပ္ပါယ်ရပါတယ်။)
ဒီကိစ္စရှင်းရှင်းလင်းလင်းသဘောပေါက်ဖို့အတွက် "မနသိကာရသုံးမျိုးကိုအရင်သိထားရပါလိမ့်မယ်။
မနသိကာက (၁)"ဝီထိပဋိပါဒကမနသိကာရ= 'ဝီထိစိတ်'ကိုဖြစ်ပေါ်အောင်ပြုပေးတတ်တဲ့(အာရုံငါးပါးကိုဆင်ခြင်ပေးတတ်တဲ့)"ပဉ္ဒွါရာဝဇ္ဇန်း"စိတ်။
(၂)"ဇဝနပဋိပါဒကမနသိကာရ= ဇောအစဉ်ကိုဖြစ်ပေါ်အောင်ပြုပေးတတ်တဲ့ 'ဇော'ရဲ့ရှေ့က
"မနောဒွရာဝဇ္ဇန်း"စိတ်။
(ယောနိသောမနသိကာရ, အယောနိသောမနသိကာရ"ဆိုတာ ဒီစိတ်နှစ်ခုကိုခေါ်တာ။)
(၃)အာရမ္မဏပဋိပါဒက=စိတ်မှာအာရုံပေါ်လာအောင်ပြုပေးတတ်တဲ့ "မနသိကာရစေတသိက်"လို့ သုံးမျိုးရှိပါတယ်။
ဒီလောက်ပြောရင်ပဲ "မနသိကာရ"ဆိုတာက "သဗ္ဗစိတ္တသာဓာရဏစေတသိက်ပါ(၇)တဲ့"စေတသိက်တရား"ဖြစ်တယ်။
"ယောနိသောမနသိကာရ,အယောနိသောမနသိကာရ"ဆိုတာက သင်္ဂြိုဟ်မှာ"အာဝဇ္ဇန်းဒွေး"ခေါ်တဲ့ စိတ်နှစ်ခုဖြစ်တယ်ဆိုတာသဘောပေါက်လောက်ပါပြီ။
သူတိုရဲ့လုပ်ဆောင်ပုံလေးတွေနဲ့ ထူးခြားပုံကိုနဲနဲလေ့လာကြည့်ပါမယ်။
'စိတ်'ဆိုတာအာရုံကိုသိတတ်တဲ့သဘောဆိုပေမယ့် စိတ်ချည်း(ဝိညာဏက္ခန္ဓာ)သက်သက်နဲ့ဖြစ်နိုင်,သိနိုင်စွမ်းမရှိပါဘူး။ "နာမက္ခန္ဓာလေးပါး"စုံတွဲပြီးသာဖြစ်နိုင်တာပါ။ နာမက္ခန္ဓာလေးပါးအင်္ဂါစုံဖိုအတွက် အာရုံသိစိတ်မဟုတ်သေးတဲ့ အနိမ့်ဆုံး'သက်စောင့်(ဘဝင်)စိတ်'ကလေး တစ်ခုတစ်ခုမှာပဲ
၁+ယှဉ်ဘက်စိတ်,စေတသိက်တရားတွေကို အာရုံနဲ့တွေ့ထိပေးတတ်တဲ့"ဖဿ"။
၂+အာရုံရဲ့ရသကောင်း,ဆိုး,လတ်တို့ကိုခံစားတတ်တဲ့"ဝေဒနာ"။
၃+အာရုံကိုညိုဖြူ,ပိန်ဝ,နိမ့်မြင့်စသည် မှတ်သားတတ်တဲ့"သညာ"။
၄+အာရုံနဲ့တွေ့တဲ့ခါယှဉ်ဘက်စိတ်စေတသိက်တို့ကို ဆိုင်ရာကိစ္စတွေလုပ်ဆောင်လာအောင်စေ့ဆော်ပေးတတ်တဲ့"စေတနာ"။
၅+အာရုံတစ်ခုတည်းမှာသာကျရောက် ငြိမ်သက်နေစေတဲ့'သမာဓိ'ခေါ် "ဧကဂ္ဂတာ"။
၆+အတူဖြစ်ဘက်နာမ်တရားတွေ သက်တမ်းပြည့်တည်နိုင်အောင် စိုးရစောင့်ရှောက်တဲ့"ဇီဝိတိန္ဒြေ"။
၇+စိတ်ကိုအာရုံပေါ်ရောက်အောင်, အာရုံကိုစိတ်ပေါ်ရောက်အောင်ပြုပေးတတ်တဲ့ "မနသိကာရ"ဆိုတဲ့ စေတသိက်(စိတ်မှီတရား)(၇)ခုတို့ ပူးပေါင်းပါဝင်ပေးရပါတယ်။
ဒါမှ"နာမက္ခန္ဓာလေးပါး"ပြည့်ပြီး "အာရုံကိုသိမှု"ပီပြင်ပြည့်စုံတာပါ။
စိတ်ဟူသမျှမှာဒီစေတသိက်(၇)ခုကမပါမပြီး အမြဲယှဉ်ပြီးရှိနေတယ်ဆိုပေမယ့်.. "အိပ်ပျော်နေစဉ် သက်ရှိဘဝအင်္ဂပြည့်ရုံသာ ဖြစ်ပေးနေရတဲ့'ဘဝင်စိတ်'အခိုက်မှာတော့ ဒီစေတသိက်(၇)ခုတို့ဟာ တာဝန်အထူးမရှိတဲ့ ညစောင့်ကင်းသမားလိုပဲ'ခပ်ငိုက်ငိုက်'နဲ့ မှိန်းနေကြပုံပါပဲ။
အာရုံသိစိတ်ငါးစုံ(ဒွေပဉ္စဝိညာဉ်)တို့ ဖြစ်ခါနီး ဆိုင်ရာဒွါရနဲ့ဆိုင်ရာအာရုံတို့တိုက်ဆုံမိချိန်မှာတော့- ဒီစေတသိက်(၇)ခုတို့နိုးကြားပြီး အသင့်အနေအထားရှိပေးရပါတယ်။
အဲဒါကိုသင်္ဂြိုဟ်ကျမ်းအဖွင်များမှာ-
၁+ဆိုင်ရာပသာဒရှိခြင်း၊
၂+ဆိုရာအာရုံရှေးရှုတိုက်ဆုံခြင်း၊
၃+အလင်းရောင်,ဟင်းလင်းအာကာသ စတဲ့အထောက်အကူရခြင်း၊
၄+နှလုံးသွင်းမှု"မနသီကာရ"ရှိခြင်းလို့ အင်္ဂါလေးရပ်အနက်က
နံပါတ်(၄)"စိတ်ရဲ့နိုးကြားနှလုံးသွင်းမှု မနသိကာရ"ဆိုတဲ့စေ တသိက်ပါပဲ။
ပဓာနကျလို့"မနသီကာရ"လို့ခေါင်းစဉ်တပ်လိုက်ပေမယ့် "သဗ္ဗစိတ္တသာဓာရဏစေတသိက်"(၇)ပါးလုံးကိုယ့်တာဝန်ကိုယ်ကျေဖို့ အသင့်အနေအထားရှိနေခြင်းပါပဲ။
ဒီမနသိကာရက"စိတ်ကလေးသူ့အလုပ်သူလုပ်ဖို့" အသင့်အနေအထားရှိနေအောင်နိုးဆော်ရုံပါပဲ။ နောက်ဆက်တွဲမြင်သိစိတ်စသည်ဖြစ်ဖို့က သူ့တာဝန်မဟုတ်တော့ပါဘူး။
ဒါ့ကြောင့်ဒီစေတသိက်ဖြစ်တဲ့"မနသိကာရ"ဆိုတာ မြင်သိကြားသိစသည်ဖြစ်နိုင်ရေးအတွက် လိုက်ကာကားဆွဲအဆင့်ပါပဲ။ ကျန်တဲ့ဇာတ်လမ်းနဲ့ဘာမှမဆိုင်တော့ပါဘူး။
နောက်ဆက်တွဲဇာတ်လမ်းမှာ မျက်စေ့နဲ့အဆင်းတို့တွေ့ဆုံတဲ့ဇာတ်လမ်းဆိုပါစို့.. သူ(သူတို့အုပ်စု)ကအသင့်ဖြစ်ပေးနေတဲ့အတွက် မျက်စေ့နဲ့အဆင်းတွေ့ထိမှုဖဿဖြစ်တယ်။ ပြီးရင်တော့ ဝီထိစိတ်အစဉ်တွေမှာဆိုတဲ့အတိုင်း.. ၁၊ဘဝင်တစ်ချက်လွန်သွားတယ်၊(အတီတဘွင်၊) ၂၊ဘဝင်လှုပ်သွားတယ်၊(ဘဝင်္ဂစလန၊) ၃၊ဘဝင်အစဉ်ရပ်သွားတယ်၊(ဘဝင်္ဂုပစ္ဆေဒ၊) ၄၊အာရုံကိုဆင်ခြင်တယ်၊(ပဉ္စဒွါရာဝဇ္ဇန်း၊) ၅၊မြင်သိစိတ်ဖြစ်တယ်၊(စက္ခုဝိညာဉ်၊) ၆၊အာရုကိုလက်ခံလိုက်တယ်၊(သမ္ပဋိစ္ဆိုန်း၊) ၇၊စူးစမ်းတယ်၊(သန္တီရဏ၊) ၈၊ဣဋ်ဌာရုံ,အနိဋ်ဌာရုံ,မဇ်ဈတ်တာရုံလို့ဆုံးဖွတျယျ၊(ဝုဋေ်ဌာ၊ ၉>၁၅၊ဇော(၇)ကြိမ်၊ ၁၆၊၁၇၊တဒါရုံ(၂)ကြိမ်ဖြစ်တယ်။ ဒါသိစိတ်ဖြစ်စဉ်ဝီထိတစ်ခုပါပဲ။
ဒီဖြစ်စဉ်ထဲက(၄ နဲ့ ၈) ပဉ္စဒွါရာဝဇ္ဇန်းနဲ့မနောဒွါရာဝဇ္ဇန်းစိတ် နှစ်ခုသင့်တင့်အောင်နှလုံးသွင်းခဲ့ရင်.. "ယောနိသောမနသီကာရ(စိတ်)"ဖြစ်လို့ "ဇော"အခိုက်မှာ"ကုသိုလ်ဇောတွေ" ဖြစ်တယ်။
မသင့်မတင့်နှလုံးသွင်းရင် "အယောနိသောမနသိကာရ"ဖြစ်လို့ "ဇော"မှာ"အကုသိုလ်ဇောတွေ"ဖြစ်ရပါတယ်။
ဒီနေရာမှာဆက်စဉ်းစား(ဆွေးနွေး)စရာ နှစ်ချက်လောက်ရှိနေပါတယ်။
ပထမအချက်က မြင်သိ,ကြားသိစတဲ့ပဉ္စဝိညာဉ်စိတ်တွေဖြစ်ဖို့နှလုံးသွင်းပေးရတဲ့ "မနသိကာရ"စေတသိက် ကအရေးပါတဲ့"ကုသိုလ်,အကုသိုလ်"စိတ်တွေကို ကျေးဇူးမပြုနိုင်ဘဲ ပဉ္စဝိညာဉ်စိတ်ဖြစ်ရုံမျှလေးပဲ အရေးပါပြီး အာဝဇ္ဇန်းဒွေးတို့ကအရေးပါတဲ့ ကုသိုလ်,အကုသိုလ်စိတ်တွေဖြစ်ဖို့ထိ ကျေးဇူးပြုနိုင်တဲ့ကိစ္စပါ။
ပြောခဲ့ပြီးတဲ့အတိုင်းပါပဲ၊ သဗ္ဗစိတ္တသာဓာရဏစေတသိက်တွေဆိုတာ သက်စောင့်ဒရဝမ်အဆင့်လောက်သာဖြစ်လို့ အတိကတ်အစွမ်းကြောင့်ဖြစ်ခွင့်ရတဲ့ မြင်သိ,ကြားသိစတဲ့ဝိပါက်ပဉ္စဝိညာဉ်စိတ်တွေလောက်ပဲဖြစ်စေနိုင်တယ်။ ဒီစိတ်တွေကလဲ"မြင်ကာမျှ,ကြားကာမျှ" ထက်ဘာမှမပိုပါဘူး။
ပဉ္စဒွါရာဝဇ္ဇန်း,မနောဒွါရာဝဇ္ဇန်းတို့မှာက သက်စောင့်"သဗ္ဗစိတ္တသာဓာရဏ" စေတသိက်တွေထက်ပိုပြီး "*ယှဉ်ဘက်နာမ်တရားတို့ကိုအာရုံပေါ် ရှေးရှုတင်ပို့ပေးနိုင်စွမ်းရှိတဲ့"ဝိတက်"၊ *အာရုံကိုသုံးသပ်ဆင်ခြင်နိုင်စွမ်းရှိတဲ့"ဝိစာရ"၊ *မတွန့်မဆုတ်အာရုံထဲသက်ဝင်ဆုံးဖြတ်နိုင်စွမ်းဖြစ်တဲ့"အဓိမောက္ခ" *(မနောဒွါရာဝဇ္ဇန်းမှာ)မတွန့်မဆုတ် အားထုတ်နိုင်တဲ့"ဝီရိယ"စေတသိက်တို့" ဆိုတဲ့ပကိဏ်းစေတသိက်များပါ ပူးပေါင်းအားဖြည့်ထားလို့စွမ်းအားပိုရှိပါတယ်။
ဒီတရားတွေက"သဗ္ဗစိတ္တသာဓရဏ" စေတသိက်တွေထက်လုပ်နိုင်ကိုင်နိုင်စွမ်း ပိုပါတယ်။
ဒီတရားတွေနဲ့ယှဉ်ခွင့်ရလို့လဲ- "အာဝဇ္ဇန=ဆင်ခြင်ခြင်း"ဆိုတဲ့အလုပ်ကို လုပ်နိုင်တာပါ။ (ဖြေးဖြေးစဉ်စားပါ၊အဘိဓမ္မာဆိုတာ စဉ်းစားတွေးခေါ်အားပါ) 'အာဝဇ္ဇန်း'စိတ်တွေက'ဆင်ခြင်တဲ့အလုပ်ကို လုပ်ပါတယ်။
ဒါပေမယ့်တစ်ကြိမ်သာဖြစ်ခွင့်ရှိတာမို့ ဘာအကျိုးမှဖြစ်အောင်မစွမ်းဆောင်နိုင်တဲ့အတွက် 'ကံ'တော့မမည်ပါဘူး။
ပြုလုပ်ပါလျက်'ကံ'မမည်တဲ့တရားဟာ 'ပြုကာမတ္တ'သာဖြစ်တဲ့အတွက် အဘိဓမ္မာအလို"ကိရိယာစိတ်"လို့ခေါ်ပါတယ်။ ရဟန္တာတို့ပြုသမျှတွေဟာဘာအကျိုးမှ ပေးစရာမရှိတော့လို့'ကံ'မမည်တဲ့အတွက်"ကိရိယာ(ပြုကာမတ္တ)"စိတ်ခေါါရသလို.. "အာဝဇ္ဇန်းဒွေး"တို့လဲ"ကိရိယာစိတ်" ဖြစ်ရပါတယ်။
ရှားရှားပါးပါး ပုထုဇဉ်သန္တာန်မှာဖြစ်နိုင်တဲ့ ကြီယာစိတ်နှစ်ခုပါပဲ။ (စဉ်စားစားမိတာသက်သက်ပါ)
နောက်ထပ်စဉ်းစားစရာတစ်ခုက- သင်တန်းသူတစ်ဦးလဲမေးထားပါတယ်။
ခုပဲအာရုံတစ်ခုခုမြင်ပြီးဝီထိစိတ်အစဉ်ဖြစ်ရာမှာ-ကုသိုလ်ဇောစောဖို့အတွက် "အာဝဇ္ဇန်း"စိတ်တွေကဘယ်လိုလုပ် "ယောနိသောမနသိကာရ"ဖြစ်အောင်လုပ်ရမလဲ"ဆိုတဲ့ကိစ္စပါ။
ဒီကိစ္စကိုမနေ့ကရှင်ဂင်္ဂါနဲ့တော့နဲနဲပြောဖြစ်ပါတယ်၊ အာရုံသစ်တစ်ခုနဲ့ပသာဒတို့တွေ့ဆုံလို့ မြင်သိစတဲ့ဝီထိစိတ်အစဉ်တွေဖြစ်လိုက်တာနဲ့ "ခုမြင်ခုကြိုက်,ခုမုန်း"ဆိုသလို ကုသိုလ်ဇော,အကုသိုလ်ဇောတွေ တန်းဖြစ်တာတော့မဟုတ်ပါဘူး။ စက္ခုဒွါရဝီထိနောက်ကဆက်ပြီး အဲဒီအာရုံကိုပဲအထပ်ထပ်တွေးကြံနေတဲ့ "တဒနုဝတ္တကမနောဒွါရဝီထိ"စိတ်အစဉ်တွေ ကောင်းဆိုးကွဲပြားတဲ့အထိအကြိမ်ကြိမ် အထပ်ထပ်.. (လက်ဖျောက်တစ်ချက်ကုဋေတစ်သိန်းခန့်ဆိုတော့ မနောဒွါရဝီထိစိတ်အစဉ်တန်းတွေ တစ်ခုမှာဝီထိစိတ်ဆယ်ခုနဲ့တွက်ရင်- ကုဋေတစ်သောင်းခန့်လောက်ထိလဲဖြစ်ချင်ဖြစ်ပါလိမ့်မယ်၊) အဲလိုဖြစ်ပြီးမှယောနိသော,အယောနိသော မနသိကာရတွေနဲ့ချစ်မုန်းကွဲပြားပြီး ကုသိုလ်,အကုသိုလ်ဇောတွေစောတာပါတဲ့။
ဒါနဲ့ပတ်သက်လို့ ဘာသာဋီကာဆရာတော်ရှင်းပြတာကတော့-"ယောနိသေမနသိကာရဖြစ်ဖို့,မဖြစ်ဖို့အတွက် အကြောင်းအဆက်ဆက်က..
"အတ္တသမ္မာပဏိဓိစ"စတဲ့သမ္ပတ္တိစက်ငါးခု ရှိခြင်း,မရှိခြင်းနဲ့ဆက်စပ်ပါတယ်တဲ့။ ဘယ်လိုလဲဆိုတော့- *ရှေးရှေးဘဝ(ရှေးရှေးကာလ)က ကုသိုလ်ကောင်းမှုပြုခဲဖူးခြင်းဆိုတဲ့ "ပုဗ္ဗေကတပုညတာသမ္ပတ္တိစက်"ရှိသူဟာ.. *သင့်တင့်လျောက်ပတ်,သူမြတ်တို့ရှိရာ "ပဋိရူပဒေသ"မှာဖြစ်ရ,ရောက်ရတယ်။
"ပဋိရူပဒေသသမ္ပတ္တိစက်"ရှိသူက "မိဘကောင်း,ဆွေမျိုးမိတ်သင်္ဂဟကောင်း, ဆရာသမားကောင်းစတဲ့ "သပ္ပုရိသူပနိဿယစက်"နဲ့ပြည့်စုံရတယ်။ သပ္ပုရိသူပနိဿယစက်နဲ့ပြည့်စုံသူက "သဒဓမ္မသဝနစက်"ကိုရတယ်။ သဒ္ဓမ္မသဝနစက်"ရသူက မိမိရဲ့ကိုယ်စိတ်နှစ်ရပ်ကိုစောင့်စည်း ထိန်းသိမ်းနိုင်တဲ့"အတ္တသမ္မာပဏိဓိစက်"ကိုရတယ်။ "အတ္တသမ္မပဏိဓိစက်"အချက်ကျကျပြည့်စုံသူသန္တာန်မှာ တွေ့မြင်ရာအာရုံတိုင်းမှာ "ယောနိသောမနသိကာရ"အဖြစ်များပြီး ကုသိုလ်ဇော စောကြရပါတယ်။ သမ္ပတ္တိစက်တွေပျက်ရင်တော့ "အယောနိသောမနသိကာရ"အဖြစ်များပြီး အကုသိုလ်ဇောတွေ စောရနိုင်ပါသတဲ့။ (သင်္ဂြိုဟ်ဘာဋီ၊၂၂၇) တိုတိုချုပ်ကတော့ သပ္ပုရိသူပနိဿယစက်ပြည့်စုံဖို့ (ပုဂ္ဂိုလ်ထံချဉ်းကပ်ပြီးဖြစ်စေ၊ စာအုပ်စာပေကနေပြီးဖြစ်စေ) ကြိုးစားပြီး "သဒ္ဓမ္မသဝနစက်"ကိုနာယူပြီးဖြစ်စေ၊ ဖတ်မှတ်ပြီးဖြစ်စေတည်ဆောက်ကြပြီး "အတ္တသမ္မာပဏိဓိစက်"ကို ကိုယ့်သန္တာန်မှာအခိုင်အမာအခြေကျနေအောင် အာစိဏ္ဏကံမြောက်လေ့ကျင့်ထားကြဖို့ပါပဲ။
ကဲ- ပြည့်စုံရောပေါ့။
မိမိကိုယ်ကိုယ်,ကောင်းအောင်ထိန်းလို့ မတိမ်းစေနဲ့ ဆောက်တည်လေ.. အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာမင်္ဂလာတွေ..
၂၈.၉.၂၁ (သဘောပေါက်အောင်စဉ်းစားရတာ ငါးမိနစ်ထက်မကြာဘူး၊ ပြန်ရေးဖို့နားလည်နိုင်မယ့်စကားလုံးရှာပြီး ရေးရတာကတစ်နေ့လုံးကုန်ရောပဲ)
"အာဝဇ္ဇန်းနှစ်ခု ဘယ်လိုထူးသလဲ"ဆိုတော့-
ပဉ္စဒွါရာဝဇ္ဇန်းက ပဉ္စဝိညာဉ်စိတ်ရဲ့ ရှေ့မှာဖြစ်ရတာဆိုတော့- အဆင်းအသံစသည်ကို မြင်သိစိတ်,ကြားသိစိတ်စသည် ဖြစ်ဖို့ပဲဆင်ခြင်တာ၊ အာရုံဝင်နိုင်အောင် တံခါးဖွင့်ပေးတဲ့ သဘောပါပဲ။ တံခါးဖွင့်ပေးရုံသက်သက်ပါ၊ ဘာမှမစစ်ဆေးပါဘူး။
မနောဒွါရာဝဇ္ဇန်းကတော့- အာရုံရဲ့အရသာကျိခံစားမယျ့ 'ဇော'စိတ်ရဲ့ရှေ့ကဖြစ်ပေးရတာဆိုတော့ လက်ခံစုံစမ်းထားတဲ့အာရုံကို ဣဋ္ဌာရုံ,အနိဋ္ဌာရုံ,မဇ္ဈတ္တာရုံခွဲခြားဆင်ခြင် ဆုံးဖြတ်ပေးရတာပါ။ အဲလိုထူးပါတယ်။
၂၉.၉.၂၁
အဘိဓမ္မာ၏ နိဒါန်း
နိဒါန်း။ ။ ဒေသ, ကာလ, ဌန စသည်တို့၏အစွမ်းဖြင့် မထင်ရှားသည့် ဒေသနာတော်ကို ထင်ရှားအောင် ပြု၍ ပြတတ်သောကြောင့် နိဒါန်းဟု ခေါ်ခြင်းဖြစ်သည်။
ပိဋကသုံးပုံတွင် ဝိနည်းပိဋကအရာဝယ် သိက္ခာပုဒ် အသီးသီးအတွက် ဆိုင်ရာ ဆိုင်ရာဝတ္ထု, နိဒါန်း, ပုဂ္ဂိုလ်, ပဌမပညတ်, အနုပညတ်, အာပတ္တိ, အနာပတ္တိ ဟူ၍ ထင်ရှားရှိပါသည်။
အဘိဓမ္မာ၌ - နိဒါန်းတစ်မျိုးမက နှစ်မျိုး, သုံးမျိုးပင် ရှိနေသည်ကို တွေ့ရပါသည်။
နိဒါန်းနှစ်မျိုးကား (၁) အဓိဂမနိဒါန်း နှင့် (၂) ဒေသနာနိဒါန်း တို့ပင်ဖြစ်ပါသည်။
(၁) အဓိဂမနိဒါန်း။ ။ ထိုနှစ်မျိုးတို့အနက် ဒိပင်္ကရာ ထွတ်ချာမှန်ကင်း တရားမင်း၏ ခြေရင်းတော်တွင် ဗျာဒိတ်ခံယူသည့် အချိန်မှစ၍ မဟာဗောဓိပလ္လင်တော်အထိကို အဓိဂမနိဒါန်း ( = အသိရကြောင်းနိဒါန်း)ဟူ၍ မှတ်ယူရပါမည်။
(၂) ဒေသနာ နိဒါန်း။ ။ သဗ္ဗညုတဉာဏ်ရသည်မှ တဖန် ဓမ္မစကြာတရား ဟောကြားတော်မူသည်အထိကို ဒေသနာနိဒါန်း ( = ဟောကြားကြောင်းနိဒါန်း) ဟူ၍ မှတ်ယူရပါမည်။ (အဋ္ဌသာလိနီ)
တစ်နည်း --
(၁) အဘိဓမ္မာဒေသနာကို သိရခြင်းအကြောင်းဖြစ်သော သဗ္ဗညုတဉာဏ်တော်သည် အဓိဂမနိဒါန်း မည်ပါသည်။
(၂) ဒေသ, ကာလ စသည်တို့သည် ဒေသနာနိဒါန်းမည်ပါသည်။ (ဓမ္မသင်္ဂဏီ၊ အနုဋီကာ)
နိဒါန်းသုံးမျိုး။ ။ ထိုမှတစ်ပါး အဘိဓမ္မာ၌ (ပြဆိုခဲ့သည့် နိဒါန်း ၂ မျိုးအပြင်) ---
(၁) ဒူရေနိဒန်း၊
(၂) အဝိဒူရေနိဒါန်း၊
(၃) သန္တိကေနိဒါန်း ဟူ၍လည်း နိဒါန်းသုံးမျိုးရှိပါသည်။
(၁) ဒူရေနိဒါန်း။ ။ ဒီပင်္ကရာမြတ်စွာသနင်း ခြေတော်ရင်း၌ (ဖြန့်ခင်းတံတား မိန့်ကြားနိယတ) ဗျာဒိတ်ရသည့် ကာလမှ တုသိသာနတ်ပြည်အထိသည် အဘိဓမ္မာဒေသနာတော်၏ ဓူရေနိဒါန်း (အဝေးနိဒါန်း) ဖြစ်သည်။
(၂) အဝိဒူရေနိဒါန်း။ ။ တုသိတာနတ်ပြည်မှ ဗောဓိပင်နှင့်ရွှေပလ္လင်ဝယ် (ငါးအင်မာရ်မျိုး ပယ်ချိုးသတ်ဖြတ်) ဘုရားမြတ်အဖြစ်သို့ ဆိုက်ရောက်သော ကာလအထိသည် အဘိဓမ္မာဒေသနာတော်၏ အဝိဒူရေနိဒါန်း (အနီးလွန်း မဝေးလွန်းသော နိဒါန်း) ဖြစ်သည်။
(၃) သန္တိကေနိဒါန်း။ ။ “အခါတစ်ပါး ဗုဒ္ဓရှင်တော်ဘုရားသည် တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်ရင်း ခင်းထားအပ်သော ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာထက်၌ သီတင်းသုံးတော်မူ၏၊ ထိုအခါ တာဝတိံသာ နတ် ဗြဟ္မာ အပေါင်းတို့အား ကုသလာ ဓမ္မာ, အကုသလာ ဓမ္မာ, အဗျာကတာ ဓမ္မာ စသော အဘိဓမ္မာတရားတော်ကို ဟောတော်မူလေပြီ” ဟူသော စကားသည်ကား အဘိဓမ္မာဒေသနာတော်၏ သန္တိကေနိဒါန်း (အနီးနိဒါန်း) ဖြစ်ပေသည်။
အဘိဓမ္မာ ၇ ကျမ်း
အဘိဓမ္မာဒေသနာတော်ကို ဗုဒ္ဓရှင်တော်ဘုရား ပရိနိဗ္ဗာန် ဝင်စံကြွမြန်းတော်မူပြီးနောက် ပဌမသံဂါယနာတင်တော် မူကြသည့် အရှင်မြတ်တို့က ပိဋကအာဖြင့် အဘိဓမ္မာပိဋကဖြစ်ကြောင်းကို၎င်း၊ နိကာယ်အားဖြင့် ခုဒ္ဒကနိကာယ်အဝင် ဖြစ်ကြောင်းကို၎င်း၊ အင်္ဂါအားဖြင့် ဝေယျာကရဏ ဖြစ်ကြောင်းကို၎င်း၊ ဓမ္မက္ခန္ဓာအားဖြင့် လေးသောင်းနှစ်ထောင် ရှိကြောင်းကို၎င်း သတ်မှတ်ပိုင်းထားတော်မူခဲ့ကြသည်။
ထိုအဘိဓမ္မာဒေသနာတော်သည် ကျမ်းအားဖြင့် ---
၁။ ဓမ္မသင်္ဂဏီ
၂။ ဝိဘင်္ဂ ( = ဝိဘင်း)
၃။ ဓာတုကထာ
၄။ ပုဂ္ဂလပညတ္တိ ( = ပုဂ္ဂလပညတ်)
၅။ ကထာဝတ္ထု
၆။ ယမက ( = ယမိုက်)
၇။ ပဋ္ဌာန ( = ပဋ္ဌာန်း)
ဟူ၍ ၇ ကျမ်း ရှိသည်။
ထို ၇ ကျမ်းအနက် “ဓမ္မသင်္ဂဏီ” ကျမ်းမှာမူကား ကုသလဓမ္မ, အကုသလဓမ္မ အစရှိကုန်သော ဓမ္မတို့ကို အကျဉ်းချုပ်အားဖြင့် ဟောတော်မူသောကျမ်းဟု ဆိုလိုသည်။ (ဓမ္မ = ကုသလဓမ္မစသည်၊ သင် = သံ = အကျဉ်း၊ ဂဟ = ပေါင်းယူခြင်း)။
စင်စစ်ကား ဓမ္မသင်္ဂဏီကျမ်း၌ ဖဿစသော တရားများ ပထဝီစသော တရားများ၏ အနက်အဓိပ္ပါယ်တို့ကို အမျိုးမျိုးသော စကားပရိယာယ်တို့ဖြင့် ထပ်ဆင့်၍ ဆန်းကြယ်စွာ ဝေဖန် ဖွင့်ပြတော်မူသည်(အနုပဒဝိဘာဂ)။ ဤကျမ်း၌ ပရမတ္တတရားတို့ကို အကျဉ်းပေါင်းရုံး၍ ပြသည်ဟု ဆိုငြားသော်လည်း အစဉ်အလာ သမားရိုးကျ သာမည အကျဉ်းပေါင်းရုံး ရုံမျှသာ မဟုတ်ပေ၊ အကျဉ်းပေါင်းရုံးသည်ဟု ဆိုရာ၌လည်း တိက်, ဒုက် တို့၏အစွမ်းဖြင့် အကျဉ်းရုံးမှုကို ရည်ရွယ်၍သာ “ဓမ္မသင်္ဂဟ” ဟု ခေါ်ဝေါ်ခြင်း ဖြစ်ပေသည်။
ဝိဘင်္ဂ(ဝိဘင်း)ကျမ်းကား ခန္ဓာစသော ဓမ္မတို့ကို (တနည်း ကုသလဓမ္မ, အကုသလဓမ္မ စသော ဓမ္မတို့ကို) သုတ္တန်နည်း အဘိဓမ္မာနည်း အမေးအဖြေ ‘ပဥှာပုစ္ဆက’ နည်းတို့ဖြင့် အကျယ်တဝင့် ဝေဖန်ဟောကြားတော်မူရာဖြစ်သော ကျမ်းဟု ဆိုလိုသည်။
ထိုသို့ဆိုလျှင် ဓမ္မသင်္ဂဏီကျမ်းကိုလည်း ဝိဘင်္ဂ(ဝိဘင်း)ကျမ်းဟူ၍ ခေါ်ဆိုနိုင်သလောဟု မေးဖွယ်ရှိလာလေသည်။ အကျဉ်းချုပ်၍ ဖြေဆိုရသော် (ဝိဘင်းကျမ်းကား အလွန်အကဲနှင့်တကွ ပြရာဖြစ်သည့် ‘သာတိသယ’ နည်းအားဖြင့် ဟောခြင်းဖြစ်သဖြင့် မတူပါ။) ထိုဝိဘင်းပါဠိတော်၌ ဝိဘင်း ၁၈ ပိုင်းခွဲကာ ဝေဖန်ဟောကြားတော်မူပါသည်။ (ထိုကျမ်း ၁၈ ကျမ်းတို့ကိုတော့ မဖော်ပြတော့ပြီ။)
ဓာတုကထာဟူသည် ကက္ခဠ, ဖုသန စသော မိမိသဘောကို မိမိဆောင်တတ်သောကြောင့် ဓာတု(ဓာတ်) မည်ပါသည်။
ခန္ဓာအစ အရဏ အဆုံးရှိသော ဓာတ်တရားတို့ကို ပိုင်းခြား၍ ဟောရာ ဟောကြောင်းဖြစ်သော ကျမ်းသည် ဓာတုကထာ မည်ပါသည် (ဓာတု = ဓာတ်၊ ကထာ = ဟောခြင်း, ဟောအပ်သောစကား။)
ဤစကားအရ ခန္ဓာအစ အရဏ အဆုံးရှိသော တရားတို့ကို ဟောရာ ဟောကြောင်းဖြစ်သောကြောင့် ဓာတုကထာ မည်သည်ဆိုလျှင် ဓမ္မသင်္ဂဏီစသော ကျမ်းများကိုလည်း ဓာတုကထာ ခေါ်ရမည်လောဟု မေးဖွယ်ရှိလာပြန်သည်။
အမှန်မှာ - ဤကျမ်းတွင် ၁၄ နယရှိသည့်အနက် နယတစ်ခုတစ်ခု၌ပင် ခန္ဓာအစ အရဏ အဆုံးရှိသော အလုံးစုံသောတရားတို့ကို ဟောထားပါသဖြင့် (သာတိသယနည်းအားဖြင့်) ဤကျမ်းသည်သာလျှင် ဓာတုကထာ မည်ထိုက်ပါသည်။
ဤသို့ဆိုသော် ဤကျမ်း၌ ခန္ဓာ, အာယတနတို့ဖြင့် ဟောအပ်သော ကဏ္ဍတို့သည် ဓာတုကထာ မမည်တော့ပြီလော။
စင်စစ်အားဖြင့် ဤကျမ်း၌ ခန္ဓာ, အာယတန, ဓာတ် ဟူသော ၃ မျိုးတို့ဖြင့် ဟောငြားသော်လည်း ဓာတ်သည် များသော အပြားရှိသောကြောင့် အရာကျယ်လေရကား ဤကျမ်းကို ဓာတ်ဖြင့်သာ မှတ်သားပိုင်းခြား၍ တကျမ်းလုံးကိုပင် ဓာတုကထာဟု ပေါင်းရုံးကာ ခေါ်ခြင်း ဖြစ်ပါသည်။
တစ်နည်း -- ဓာတ်သဘောအားဖြင့် ဟောရာ ဟောကြောင်းဖြစ်သော ကျမ်းဖြစ်သောကြောင့် ဓာတုကထာ မည်ပါသည်။
ဤစကားအတိုင်းဆိုပါက အဘိဓမ္မာ ၇ ကျမ်းစလုံးပင် ဓာတုကထာဟူသော အမည်ဖြင့် ခေါ်ရတော့မည် မဟုတ်လောဟု မေးဖွယ်ရှိလာပြန်သည်။
ဤကျမ်း၌ သင်္ဂဟော အသင်္ဂဟော စသည် .. နယ ၁၄ နယစလုံးမှာပင် ဓာတ်သဘောတို့ကို လွန်စွာ ဟောတော်မူအပ်သောကြောင့် (သာတိသယနည်းအားဖြင့်) ဤကျမ်းသည်သာလျှင် ဓာတုကထာ မည်ထိုက်ပါသည်။
ပုဂ္ဂလပညတ်ဟူရာဝယ် မိန်းမ(ဣတ္ထိ)၊ ယောကျာ်း(ပုရိသ)၊ နတ်(ဒေဝ)၊ လူ(မနုဿ) စသည်တို့ကို ပုဂ္ဂလ(ပုဂ္ဂိုလ်) ဟု ခေါ်ခြင်းဖြစ်သည်။ ပညတ် (ပညတ္တိ) ဟူသည် အမည်နာမပညတ် (နာမပညတ္တိ)ကို ဆိုလိုသည်။ အမည်ပညတ် (နာမပညတ်)ဟူသည် အများသိရှိနားလည်စေရန် ပညတ်သင့် ပညတ်ထိုက်သည့် သဘာဝဓမ္မများကို ဖော်ပြခြင်းဖြစ်သည်(ဒဿန)၊ ထို့ပြင် မိမိတို့၏ သန္တာန်၌ ရှိနေသော ခန္ဓာ, အာယတန စသည့်အနက် သဘောတရားတို့ကို ဝေနေယျသတ္တဝါတို့ သိရှိနားလည်စေရန် ပညတ်မှုထားခြင်းပင် ဖြစ်သည် (ဌပန)။
ဤကျမ်း၌ (၁) ခန္ဓပညတ် (၂) အာယတနပညတ် (၃) ဓာတုပညတ် (၄) သစ္စပညတ် (၅) ဣန္ဒြိယပညတ် ဟူသော သဘာဝပညတ် ငါးမျိုးတို့ကို၎င်း (၆) ပုဂ္ဂလပညတ် ဟူသော အသဘာဝပညတ်ကို၎င်း ဝေဖန်ဟောကြားတော်မူသည်။
ဓမ္မသင်္ဂဏီ စသည်တို့၌ ခန္ဓာစသည်တို့ကို ဟောကြားတော်မူခဲ့ပြီးဖြစ်သော်လည်း ပုဂ္ဂလ(ပုဂ္ဂိုလ်) အကြောင်းကိုမူ ဤကျမ်းမှာကဲ့သို့ အကျယ်ဝေဖန် ဟောကြားမှု မပြုခဲ့သေးချေ၊ ဤကျမ်း၌သာ အကျယ်ဝေဖန် ဟောကြားတော်မူလေသည်၊ ထို့ကြောင့် ပုဂ္ဂလပညတ် ဟု ခေါ်တွင်ရခြင်းဖြစ်ပေသည်။
သိသင့် သိထိုက်သောတရား “အဘိညေယျဓမ္မ”တို့ကို ဟောကြားတော်မူရာဝယ် ဒေသနာအရာ၌ ကျွမ်းကျင်လိမ္မာတော်မူလှသော ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်သည် တိက်, ဒုက် တို့၏ အစွမ်းအားဖြင့် ထိုအဘိညေယျဓမ္မတို့ကို အကျဉ်းပေါင်းရုံး၍ပြသည့် ဓမ္မသင်္ဂဏီကျမ်းကို အဦးဆုံး ဟောတော်မူထိုက်၍သာ ရှေးဦးစွာ ဟောတော်မူခြင်းဖြစ်ပေသည်။ အဆိုပါ ဓမ္မသင်္ဂဏီ၌ ပါဝင်ပြီးဖြစ်သော တရားတို့ကို ခန္ဓာစသည်တို့၏ အစွမ်းဖြင့် အကျယ်ဝေဖန်ကာ ဝိဘင်းကျမ်းကို ဟောတော်မူခြင်းသည်လည်း ဆီလျော်လှပေသည်။ ဓမ္မသင်္ဂဏီကျမ်းကို ကြားနာရုံမျှဖြင့် ခန္ဓာစသည်တို့၏သဘောကို ဝိဘင်းကျမ်းမှာကဲ့သို့ ကျယ်ဝန်းစွာ မသိနိုင်ချေ၊ ထိုကြောင့် ဓမ္မသင်္ဂဏီအပြီး၌ ဝိဘင်းကျမ်းကို ဟောတော်မူခြင်း ဖြစ်သည်။
ဓမ္မသင်္ဂဏီကျမ်း ဝိဘင်းကျမ်းတို့ကို ဟောတော်မူပြီးနောက် ထိုကျမ်းတို့၌ ပေါင်းရုံးဝေဖန်၍ ဟောတော်မူခဲ့သော တရားသဘောတို့ကို သင်္ဂဟ အသင်္ဂဟ စသော နည်းများဖြင့် ဝေဖန်၍ ဓာတုကထာကျမ်းကို ဟောတော်မူပြန်လေသည်၊ ခန္ဓာစသောတရား ကုသိုလ်စသောတရားများနှင့် ကင်း၍ သင်္ဂဟ အသင်္ဂဟ စသော နည်းမျိုးကို ဝေဖန်ဟောကြားရန် မဖြစ်နိုင်ချေ၊ ထို့ကြောင့် ဓမ္မသင်္ဂဏီ, ဝိဘင်းတို့ကို ဟောတော်မူပြီးနောက် ဓာတုကထာကျမ်းကို ဟောတော်မူခြင်းသည်လည်း ဆီလျော်လှပါသည်။
ဤသို့လျှင် ဓမ္မသင်္ဂဏီဟူသော အကျဉ်းရုံးမှု (သင်္ဂဟ) အားဖြင့်၎င်း, ဝိဘင်းကျမ်းဟူသော ဝေဖန်မှု (ဝိဘာဂ) အားဖြင့်၎င်း, ဓာတုကထာကျမ်းဟူသော ဓာတ်စသည်တို့ကို အထူးထူး အပြားပြား (ပဘေဒ) အားဖြင့်၎င်း, ပရမတ္ထသဘာဝဓမ္မတို့ကို ဟောတော်မူခဲ့သည်။ ဤသို့ ဟောရာ၌ လောက ဝေါဟာရ အသုံးအနှုံးအားဖြင့် ပညတ်နှင့် မကင်းနိုင်ချေ၊ ထို့ပြင် လောကီဘုံအတွင်း၌ ဟောကြားတော်မူသဖြင့်လည်း ပုဂ္ဂိုလ်, သတ္တဝါတို့နှင့် မကင်းစကောင်းပေ၊ သတ္တဝါဟု ပညတ်အပ်သော ပုဂ္ဂိုလ်တို့သည်လည်း စင်စစ်အားဖြင့် ပရမတ္ထတည်းဟူသော ရုပ်နာမ်တို့နှင့် မကင်းနိုင်ချေ၊ သို့ဖြစ်သောကြောင့် ထိုပုဂ္ဂိုလ်တို့၏ အမျိုးအစား, အဆင့်အတန်း, အခြေအနေ စသည်တို့ကို ဝေဖန်ရန် လိုနေသေးသည်။
ထို့ကြောင့် ထိုအချက်အားလုံးကို ထင်ရှာစေရန် ထိုဓမ္မသင်္ဂဏီ, ဝိဘင်း, ဓာတုကထာကျမ်းများ ဟောကြားပြီးနောက် ပုဂ္ဂလပညတ်ကျမ်းကို ဟောတော်မူသည်။
ကထာဝတ္ထုဟူသည် .. အယူဝါဒနှင့်ဆိုင်သော စကားသည် ကထာမည်၏၊ ဖြစ်ရာ တည်ရာ (သို့မဟုတ်) အမှန်ထင်ရှားရှိသောအရာ (အနှစ်သာရ)သည် ဝတ္ထုမည်၏၊ ပုဂ္ဂိုလ်နှင့်စပ်သောစကား ပုဂ္ဂလကထာ, ဗြဟ္မစရိယကထာ စသည့် ကထာတို့၏ တည်ရာဖြစ်သော ကျမ်းဟု ဆိုလိုရင်း ဖြစ်သည်။
ကထာဝတ္ထုကို ဗုဒ္ဓရှင်တော်ဘုရား ပရိနိဗ္ဗာန်ဝင်စံတော်မူပြီးနောက် နှစ်ပေါင်း နှစ်ရာတစ်ဆယ့်ရှစ်နှစ် ရောက်သောအခါမှ အရှင်မဟာမောဂ္ဂလိပုတ္တတိဿထေရ် ဟောတော်မူခြင်း ဖြစ်သောကြောင့် ဗုဒ္ဓဘာသိတ အဘိဓမ္မာကျမ်းအဖြစ် မထည့်သွင်းသင့်ဟူ၍လည်း ဆိုခဲ့ကြဘူးသည်။
သို့ရာတွင် အသျှင်မဟာဗုဒ္ဓဃောသစသော ပုဂ္ဂိုလ်တို့က သီးခြားကျမ်း တဆူအဖြစ် လက်မခံခဲ့ပဲ ကထာဝတ္ထုကျမ်းနှင့်တကွသာလျှင် အဘိဓမ္မာ ၇ ကျမ်းအဖြစ် ယူတော်မူခဲ့ကြသည်။ ထိုသို့ ယူရခြင်းမှာလည်း ကထာဝတ္ထုကျမ်းသည် ဗုဒ္ဓရှင်တော်ဘုရား ထားတော်မူခဲ့သည့် မာတိကာအတိုင်း ဟောကြားထားသော ကျမ်းဖြစ်သောကြောင့်၎င်း, ဗုဒ္ဓရှင်တော်ဘုရားကိုယ်တော်တိုင်ကလည်း “ငါဘုရား ပရိနိဗ္ဗာန်ဝင်စံတော်မူပြီးနောက် နှစ်ပေါင်း နှစ်ရာ့တစ်ဆယ့်ရှစ်နှစ် ရောက်သောအခါ မောဂ္ဂလိပုတ္တတိဿ မည်သော ရဟန်းသည် ရဟန်းတော် ခြောက်သန်းတို့၏ အလယ်၌ သကဝါဒ၌ သုတ်ပေါင်း ငါးရာ, ပရဝါဒ၌ သုတ်ပေါင်း ငါးရာ (နှစ်ရပ်ပေါင်း တစ်ထောင်) တို့ကို ပေါင်းရုံးကာ ဒီဃနိကာယ်ပမာဏရှိသော ကထာဝတ္ထုကျမ်းကို ဟောလိမ့်မည်”ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူခဲ့သောကြောင့်၎င်း ဖြစ်သည်ဟု အကြောင်းပြ၌ ဆိုထားလေသည်။
ယမိုက်ကျမ်း .. ယမိုက်ဟူသောစကားသည် “ယမက” ပါဠိမှ ဆင်းသက်လာသော စကားဖြစ်သည်၊ “ယမက” သဒ္ဒါသည် “အစုံ” ဟူသော အနက်ကို ဟောသည်။ မည်သို့ အစုံ ဟူသော အနက်ကို ဟော၍ မည်သို့ ယမိုက်ကျမ်းဟု ခေါ်သနည်းဆိုသော် --
(က) အနုလောမ, ပဋိလောမ တစ်စုံ
(ခ) ပုစ္ဆာ, ဝိသဇ္ဇနာ တစ်စုံ
(ဂ) သန္နိဋ္ဌာန်, သံသယ တစ်စုံ
ဤသို့ အစုံ အစုံ ဟောတော်မူသောကျမ်းကို “ယမက” ယမိုက်ကျမ်းဟု ခေါ်သည်။
ဥပမာအာဖြင့် မူလယမိုက်၌ ကုသိုလ်စိတ် ၂၁ နှင့် ယှဉ်ဘက် စေတသိက် ၃၈ ခုတို့တွင် အလောဘ, အဒေါသ, အမောဟ ဟူသော ကုသိုလ်မူလတရားသုံးပါး ပါသည်၊ ယင်းကုသိုလ်မူလတရားသုံးပါးသည် ကုသိုလ်လည်း မည်၏၊ ကုသိုလ်မူလလည်း မည်၏၊ ယင်းတရားသုံးပါးမှ ကြွင်းသော ကုသိုလ်စိတ် ၂၁ ပါးနှင့် စေတသိက် ၃၅ ပါး သည် ကုသိုလ်သာ မည်၍ ကုသိုလ်မူလ မမည်ချေ၊ ယင်းသရုပ်ခွဲနည်းမျိုးကို အစုံ အစုံ (ယမိုက်) နည်းအားဖြင့် သိစေတော်မူသဖြင့် မြတ်စွာဘုရားသည် --
(က) ကုသိုလ် မည်သော တရားအားလုံးသည် ကုသိုလ်မူလမည်သလောဟု အနုလောမ အားဖြင့် မေးတော်မူ၍ အမေးအားလျော်စွာ ဖြေတော်မူသည်၊ ထိုနောက် အပြန်အားဖြင့်
(ခ) ကုသိုလ်မူလမည်သောတရားတို့သည် ကုသိုလ်မည်နိုင်ကုန်သလောဟု ပဋိလောမ အားဖြင့် မေးတော်မူ၍ အမေးအားလျော်စွာ ဖြေတော်မူသည်။
ဤသို့ အမေးအဖြေပြုလုပ်ရာ၌ အနုလုံ, ပဋိလုံ နှစ်ခုကို အနုလော-ပဋိလောမ တစ်စုံဟု ခေါ်သည်၊ အမေးအဖြေနှစ်ခုကား ပုစ္ဆာ, ဝိသဇ္ဇနာတစ်စုံဟု ခေါ်သည်၊ ဤသို့ “အစုံ အစုံ” ဟောတော်မူသော ကျမ်းကို ယမိုက်(ယမက)ကျမ်းဟု ခေါ်ပါသည်။
သန္နိဋ္ဌာန် သံသယ ဟူသည်ကား အနုလောမအမေး၌လည်း တစ်စုံပါသည်၊ ပဋိလောမအမေး၌လည်း တစ်စုံပါသည်၊ အနုလောမ အမေး၌ဖြစ်စေ ပဋိလောမ အမေး၌ဖြစ်စေ ရှေ့ပုဒ်သည် ယုံမှားဖွယ်မရှိသောကြောင့် သန္နိဋ္ဌာန်မည်၏၊ နောက်ပုဒ်သည် ယုံမှားဖွယ် ရှိနေသောကြောင့် သံသယ မည်၏။
ဥပမာအားဖြင့် -- ကုသိုလ်သည် မူလမည်သလော ဟူသော အနုလောမ အမေး၌ ‘ကုသိုလ်သည်’ ဟူသော ရှေ့ပုဒ်၌ ယုံမှားဖွယ် မရှိချေ၊ ‘မူလမည် မမည်’ ဟူသော နောက်ပုဒ်၌သာ ယုံမှားဖွယ်ရှိသည်။
မူလသည် ကုသိုလ်မည်သလောဟူသော ပဋိလောမအမေး၌ကား ‘မူလ’ဟူသော ရှေ့ပုဒ်၌ ယုံမှားဖွယ် မရှိချေ၊ ‘ကုသိုလ်မည် မမည်’ဟူသော နောက်ပုဒ်၌သာ ယုံမှားဖွယ်ရှိသည်၊ အနုလောမ၌ သန္နိဋ္ဌာန်-သံသယတစ်စုံ ပဋိလောမ၌ သန္နိဋ္ဌာန်-သံသယတစ်စုံ ဤသို့ အစုံအားဖြင့် ဟောတော်မူသောကြောင့်လည်း ယမိုက်(ယမက)ကျမ်း ဟု ခေါ်သည်။
ယင်း ယမိုက်ကျမ်း၌ ဆယ်ပါးသော ယမိုက်(ယမက) တို့ကို .. (မူလယမိုက်၊ ခန္ဓ ယမိုက် စသည် ယမိုက် ၁၀ ကျမ်း၊) ခွဲခြားစိတ်ဖြာ၍ ဟောတော်မူပါသည်။
ပဋ္ဌာန်းကျမ်း၌ ပဋ္ဌာန်း ဟူသော စကားသည် “ပဋ္ဌာန” ပါဠိမှ ဆင်းသက်လာသော စကားဖြစ်သည်၊ “ပဋ္ဌာန” သဒ္ဒါသည် အကြောင်းအမျိုးမျိုး ဟူသော အနက်ကို ဟောသည်၊ နှစ်ဆယ့်လေးပစ္စည်းတို့တွင် တစ်ခုတစ်ခုသော ပစ္စည်း၌ပင် အကြောင်းအမျိုးမျိုးကို ဟောတော်မူသည်၊ ထိုကြောင့် ဟေတုပစ္စည်းစသော တစ်ခုတစ်ခုသော ပစ္စည်းသည်ပင် “ပဋ္ဌာန်း” မည်ပါသည်။
တစ်နည်း -- “ပဋ္ဌာန” သဒ္ဒါသည် သွားခြင်းအနက်ကို ဟောသည်၊ ဟောပုံကား မကျဉ်းမကျယ် ဟောတော်မူသော ဓမ္မသင်္ဂဏီစသော ကျမ်းတို့၌ သဗ္ဗညုတဉာဏ်သည် ကျွတ်ကျွတ်လွတ်လွတ် မသွားနိုင်၊ ဝါ - မကျက်စားနိုင်၊ အကျယ်အားဖြင့် ဟောတော်မူသော ပဋ္ဌာန်းကျမ်း၌ကား ကျွတ်ကျွတ်လွတ်လွတ် သွားနိုင်၏၊ ဝါ - ကျက်စားနိုင်၏၊ ပဋ္ဌာန်းကျမ်းအားလုံးကို မဆိုထားနှင့် တစ်ခုတစ်ခုသော ပစ္စည်း၌ပင် သဗ္ဗညုတဉာဏ်တော်သည် ကွန့်မြူး သွားလာ ကျက်စား နိုင်၏၊ ထို့ကြောင့် တစ်ခုတစ်ခုသော ပစ္စည်းသည်ပင် “ပဋ္ဌာန်း” မည်၏။
တစ်ခုတစ်ခုသော ပစ္စည်း၏ “ပဋ္ဌာန်း” ဟူသော အမည်ကို နှစ်ဆယ့်လေးပစ္စည်းလုံးကို ပြဆိုသောကျမ်း၌ တင်စား၍ အစိတ်၏အမည်ကို အပေါင်း၌ တင်စားသော နည်းအရ “ပဋ္ဌာန်း” ကျမ်းဟု ခေါ်သည်။
(ပဋ္ဌာန်း ၆ ကျမ်း ရှိတာ အကျယ်မရေးတော့ပြီ။)
ဤဆိုခဲ့သော အဘိဓမ္မာခုနှစ်ကျမ်းတို့သည့် ယခုအခါ ဆဋ္ဌသံဂါယနာတင်မူ စာအုပ်ရေအားဖြင့် ၁၂ အုပ်၊ စာမျက်နှာအားဖြင့် ၅၀၀၀ ခန့်သာ ရှိသည်ကို တွေ့ရလေသည်။
စင်စစ်ကား -- ဗုဒ္ဓရှင်တော်ဘုရား ခုနှစ်နေ့ ခုနှစ်ညမျှ သုံးသပ်ဆင်ခြင်တော်မူသော အဘိဓမ္မာတရားတော်သည် အနန္တ အပရိမာဏသာ ဖြစ်လေတော်၏၊ ဤသို့ စိတ်တော်ဖြင့် ၇ ရက်မျှ သုံးသပ်ဆင်ခြင်တော်မူသော အဘိဓမ္မာတရားတော်ကို တဖန် တာဝတိံသာနတ်ပြည်၌ မယ်တော် ဖြစ်ခဲ့သည့် သန္တုသိတနတ်သားကို အမှူးထား၍ ဝါတွင်းသုံးလ(ရက်ပေါင်းကိုးဆယ်)မျှ နှုတ်တော်ဖြင့် ဟောကြားတော်မူလေသည်၊ ထိုဟောကြားတော်မူသော ဒေသနာတော်သည်လည်း အနန္တ အပရိမာဏ သာလျှင် ဖြစ်လေသည်။
ဘုရားဟော ဒေသနာတော်ကို သုတ္တန် ဝိနည်း အဘိဓမ္မာဟူ၍ ပိဋကတ်အားဖြင့် သုံးပုံ သုံးကဏ္ဍ ပိုင်းခြားထားသည်၊ ထိုပိဋကတ်သုံးပုံ အသီး အသီးတို့မှာ သက်ဆိုင်ရာ ထူးခြားသည့် ဂုဏ်အင်္ဂါများ ရှိကြသည်၊ ဤသို့ ဂုဏ်အင်္ဂါများ ရှိကြသည့်အနက် အဘိဓမ္မာပိဋက၏ ထူးခြား နက်နဲသိမ့်မွေ့သည့် ဂုဏ်အင်္ဂါ ပေါ်လွင်စေရန် -- (၁) ဒေသနာသုံးမျိုး (၂) သာသနာသုံးမျိုး (၃) ကထာသုံးမျိုးတို့ဖြင့် နှိုင်းယှဉ်ဖော်ပြရေးသားထားလေသည်။ (ဤပို့စ်တွင်မူ စာရှည်သွားပြီဖြစ်သဖြင့် ဤတွင် နားပါဦးမည်။)
ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။
မေတ္တာဖြင့်
Thein Naing Ohn(6.10.2021)
မှတ်ချက်။ ။ အဘိဓမ္မာပိဋက ဓမ္မသင်္ဂဏီပါဠိတော်မြန်မာပြန်၏ ကျမ်းဦးမှတ်ဖွယ်ဖြစ်သော အဘိဓမ္မာသမိုင်းချုပ် မှ ထုတ်နှုတ်ဖော်ပြပါသည်။
ယမိုက်ဟူသည် ... (အကျဉ်းနိဒါန်း)
ယမိုက်ဟူသည် ... (အကျဉ်းနိဒါန်း)
ကထာဝတ္ထုကျမ်းကို ဟောတော်မူသည်၏ အခြားမဲ့၌ ယမိုက်ကျမ်းကို ဟောတော်မူပါသည်။မှားယွင်းသော မိစ္ဆာအယူကို ကထာဝတ္ထုကျမ်းဖြင့်တားမြစ်ပြီး၍ ကုသိုလ်စသော တရားတို့၌ “သန္နိဋ္ဌာန်၊ သံသယ” တို့၏ အစွမ်းအားဖြင့် အထူးထူး အပြားပြားသော နည်းတို့၌ လိမ္မာစေခြင်းငှာ ပဋ္ဌာန်းကို မဟောမူ၍ ယမိုက်ကျမ်းကို ဟောတော်မူပါသည်။
ကုသိုလ်စသော တရားတို့၌ မိစ္ဆာဉာဏ်ကင်းပျောက်ခြင်းသည် ----- “အကြောင်း”
သန္နိဋ္ဌာန်၊ သံသယတို့၏ အစွမ်းအားဖြင့် အထူးထူးသောနည်း နာနယတို့၌ ကျွမ်းကျင်လိမ္မာခြင်းသည် -- “အကျိုး”
ကထာဝတ္ထုကျမ်းနှင့် ယမကကျမ်းသည် -- “အကြောင်း - အကျိုး” အဖြစ်ဖြင့် ဆက်စပ်၏။ ထို့ကြောင့် ကထာဝတ္ထုကျမ်း၏ အခြားမဲ့၌ ယမိုက်ကျမ်းကို ဟောတော်မူပါသည်။
ကထာဝတ္ထုကျမ်းနှင့် ယမိုက်ကျမ်းတို့၏ ကြောင်း - ကျိုး ဆက်စပ်ပုံမှာ
ကုသိုလ်စသောတရားတို့၌ ချွတ်ယွင်းဖောက်ပြန် မိစ္ဆာဉာဏ်သက်ဝင်ကုန်သော ပုဂ္ဂိုလ်တို့သည် သန္နိဋ္ဌာန် သံသယတို့၏ အစွမ်းအားဖြင့် အထူးထူးသော နည်းနာနယတို့၌ ကျွမ်းကျင်လိမ္မာစေခြင်းငှာ မစွမ်းနိုင်ကြပါ။ မချွတ်ယွင်း မဖောက်ပြန် မိစ္ဆာဉာဏ်ကင်းကုန်သော ပုဂ္ဂိုလ်တို့သည်သာ စွမ်းနိုင်ကြပါသည်။
ယင်းသို့ မိစ္ဆာဉာဏ်ကို ကထာဝတ္ထုကျမ်းဖြင့် ပယ်ဖျက်၍ အကုသိုလ်စသော တရားတို့၌ မိစ္ဆာဉာဏ် ကင်းပျောက်ခြင်းဟူသော “အကြောင်း” နှင့် ပြည့်စုံသောကြောင့်၊ ယမိုက်ကျမ်းဖြင့် “သန္နိဋ္ဌာန်၊ သံသယ” တို့၏ အစွမ်းအားဖြင့် အထူးထူးသော နည်းနာနယတို့၌၊ ကျွမ်းကျင်လိမ္မာခြင်းတည်းဟူသော “အကျိုး” နှင့် ပြည့်စုံရပါသည်။ ဤသို့သော အကြောင်းနှင့်အကျိုးဆက်စပ်ကြပါသည်။
အဘိဓမ္မာ(၇)ကျမ်းအနက် ဆဋ္ဌမအကြိမ်မြောက်၌ ဟောတော်မူသော ယမကကျမ်းသည် မူလ၊ ခန္ဓ၊ အာယတန၊ ဓာတု၊ သစ္စ၊ ဓမ္မ၊ ဣန္ဒြိယ၊ သင်္ခါရ၊ အနုသယ နှင့် စိတ္တ ဟူ၍ (၁၀)ပါး အပြား ရှိပါသည်။ ထိုတွင် မူလယမိုက်ကိုသာ ရှေးဦးစွာထား၍ ဟောကြားတော်မူပါသည်။ အဘယ်ကြောင့်ဆိုသော် မူလယမိုက်ကျမ်း၌ ဟောတော်မူအပ်သော ကုသိုလ်၊ အကုသိုလ်၊ အဗျာကတ တရားတို့ကိုပင် ခန္ဓဒေသနာပြုလုပ် ဟောကြားအပ်သောကြောင့် ခန္ဓ စသော ယမိုက်တို့ကို ရှေးဦးစွာ ဟောတော်မမူပါ။ မူလယမိုက်ကိုသာ ရှေးဦးထား၍ ဟောတော်မူပါသည်။
တစ်နည်းကား --
ဓမ္မသင်္ဂဏီကျမ်းအစ ကထာဝတ္ထုကျမ်းအဆုံးရှိသော အောက်အဘိဓမ္မာ (၅) ကျမ်းတို့သည် ပရမတ္ထတရား အသီးသီးတို့ကို ပိုင်းခြားဝေဖန်၍ သိတတ်သော ဓမ္မဝဝတ္ထာနဉာဏ်။ ထို့ပြင့် ပရမတ္ထဓမ္မအသီးသီးတို့ကို ခွဲခြားဝေဖန်နိုင်သောကြောင့် ထိုပရမတ္ထဓမ္မတို့၌ အတ္တဒိဋ္ဌိ အယူမှကင်းစင်သော ဒိဋ္ဌိဝိသုဒ္ဓိဉာဏ်တို့၏ ကျက်စားရာခေတ်တို့ မည်ကုန်၏။
ထို “ဓမ္မဝဝတ္ထာနဉာဏ်၊ ဒိဋ္ဌိဝိသုဒ္ဓိဉာဏ်” တို့ ပေါ်ပေါက်ပြီးသော် ပရမတ္ထဓမ္မတို့၏ အကြောင်းကို သိမ်းဆည်းတတ်သော ပစ္စယပရိဂ္ဂဟဉာဏ် ပေါ်ပေါက်လာပါသည်။ အကြောင်းတို့တွင်လည်း ဟေတုပစ္စည်းတရားတို့သည် အကြီးဆုံးသော အကြောင်းတို့ ဖြစ်ကုန်၏။ ထို့ကြောင့် ထိုပရမတ္ထဓမ္မတို့၏ ပဓာနအကြောင်းရင်းကြီးဖြစ်သော တရားတို့ကို ပြတော်မူခြင်းငှာ ကထာဝတ္ထုကျမ်း၏ အခြားမဲ့၌ မူလယမိုက်ကျမ်းကို အဦးထား၍ ဟောကြားတော်မူပါသည်။
ထိုသို့ မူလယမိုက်ကျမ်းကို အဦးထား၍ ဟောသောကြောင့် ပရမတ္ထဓမ္မတို့၏ အကြောင်းရင်းတို့ကို သိလေသော် အကြောင်းရှိပါက အကျိုးဖြစ်ပေါ်သည်။ အကျိုးရှိပါကလည်း အကြောင်းရင်းရှိရပေမည် ဟူသော အသိဉာဏ် ဖြစ်ပေါ်ပုံကို ပစ္စယပရိဂ္ဂဟဉာဏ်ဟု ခေါ်ပါသည်။ ထိုပစ္စယပရိဂ္ဂဟဉာဏ်ကြောင့် ဒိဋ္ဌိကြီး (၃)ပါး၊ ယုံမှားခြင်း (၈)ပါး၊ ယုံမှားခြင်း (၁၆)ပါးတို့ကို ကောင်းစွာဖယ်ရှား သုတ်သင်နိုင်ခြင်း အကျိုးကို ရရှိပါသည်။
“ယမက” ဟူသော သဒ္ဒါကို “ယမ” ပုဒ်နှင့် “က” ပုဒ်ဟူ၍ (၂)ပုဒ်ခွဲ၏။ “ယမ”ပုဒ်အရ ထိုထိုဘဝမှကင်းခြင်း၊ ထို့ကြောင့် “မရဏ” သည် “ယမ” မည်၏။ မရဏ၏ အကြောင်းဖြစ်သော ဇာတိသည် (တစ်နည်း) မရဏ၏ အရာဖြစ်သော “ဥပါဒါနက္ခန္ဓာ” သည်လည်း “ယမ” ဟု မည်တွင်ပါသည်။
ဇာတိ၊ ဥပါဒါနက္ခန္ဓာ၊ ကိလေသာတို့ကို လွန်မြောက်တတ်သော မြတ်စွာဘုရားသည် “က” မည်၏။ “ယမ”နှင့် “က” နှစ်ပုဒ်ကိုတွဲသော် သေခြင်း၏အကြောင်း၊ သေခြင်းအရာကို လွန်မြောက်တော်မူသော မြတ်စွာဘုရားဟု ယူရပါသည်။
ယမကဟူသောပုဒ်၌ “ယ” ပုဒ်၊ “မ” ပုဒ်နှင့် “က” ပုဒ်ဟု တစ်ပုဒ်စီခွဲလျက် အသီးသီးကျမ်းကိုရအောင် ဝိဂြိုဟ်ပြုသော် --
“ယ” ပုဒ် = ဤကျမ်းဖြင့် နိဗ္ဗာန်သို့သွားတတ်ကုန်၏၊ ထိုသို့ သွားကြောင်း ဖြစ်သောသတ္တိကြောင့် ထိုကျမ်းသည် “ယ” မည်၏။
“မ” ပုဒ် = ဤကျမ်းဖြင့် ပရမတ္ထတရားတို့ကို သိတတ်ကုန်၏။ ထိုသို့ ပရမတ္ထဓမ္မတို့ သိကြောင်းဖြစ်သော သတ္တိကြောင့် ထိုကျမ်းသည် “မ” မည်၏။
“က” ပုဒ် = ဤကျမ်းဖြင့် ယုံမှားခြင်းကို လွန်မြောက်တတ်၏၊ ထိုသို့ ယုံမှားခြင်းကို လွန်မြောက်တတ်သောကြောင့် ထိုကျမ်းသည် “က” မည်၏။
“ယမက” - ထိုကျမ်းသည် နိဗ္ဗာန်သို့ သွားတတ်ကြောင်းလည်းဖြစ်၏။
- ပရမတ္ထဓမ္မတို့ကို သိကြောင်းလည်းဖြစ်သည်။
- ယုံမှားခြင်းကို လွန်မြောက်ကြောင်းသည်လည်း ဖြစ်၏။
ထို့ကြောင့် ယမက မည်၏။
ယမက(ယမိုက်)ကျမ်း၌ ယမကဟူသည်မှာ အစုံ ဟူသောအနက်ကို ပေးပါသည်။ (ဥပမာ - ယမကပါဋိဟာရိယ= ရေ၊ မီး အစုံဟူသောအနက်၊ ယမကသာလာ = အင်ကြင်းပင်ပျိုအစုံဟူသောအနက်)
ယမက (၃)ပါး အပြားရှိပါသည်။
(က) အတ္ထယမက
(ခ) ဓမ္မယမက
(ဂ) ပုစ္ဆာယမက
အတ္ထယမက ဟူသည် အနုလောမပုစ္ဆာ၌၊ ယဿ ရူပက္ခန္ဓော ဥပ္ပဇ္ဇတိဟူသော သန္နိဋ္ဌာန်ပုဒ်အရ၊ “ရူပက္ခန္ဓ ဖြစ်ဆဲ(ဘုံ)” ဟူသောအနက်၊ ပဋိလောမပုစ္ဆာ၌၊ ယဿဝါပန ဝေဒနာက္ခန္ဓော ဥပ္ပဇ္ဇတိဟူသော သန္နိဋ္ဌာန်ပုဒ်အရ၊ “ဝေဒနာက္ခန္ဓာဖြစ်ဆဲ(ဘုံ)”ဟူသောအနက် ယင်းသို့ အနက် နှစ်ပါးစုံသည်ကို “အတ္ထယမက” ဟုခေါ်ပါသည်။
ဓမ္မယမက ဟူသည် အနုလောမပုစ္ဆာသန္နိဋ္ဌာန်ပုဒ်၌ “ယဿရူပက္ခန္ဓော ဥပ္ပဇ္ဇတိ” ဟူသော ပါဠိဓမ္မ၊ ပဋိလောမပုစ္ဆာ၌ ယဿဝါပန ဝေဒနာက္ခန္ဓော ဥပ္ပဇ္ဇတိ” ဟူသော ပါဠိဓမ္မ၊ ယင်းသို့ ပါဠိဓမ္မနှစ်ပါးစုံသည်ကို “ဓမ္မယမက”ဟု ခေါ်ပါသည်။
ပုစ္ဆာယမက ဟူသည် အနုလောမပုစ္ဆာ နှင့် ပဋိလောမပုစ္ဆာဟူသော ပုစ္ဆာနှစ်ပါးစုံသည်ကို “ပုစ္ဆာယမက”ဟု ခေါ်ပါသည်။ (အဋ္ဌကထာအလို)
ယမကကျမ်း၌ အစုံဟူသောအနက်ကို ဆောင်သည်ဆိုရာ၌ အောက်ပါအတိုင်း အစုံ၊ အစုံယူပုံတို့ကို မှတ်သားသိရှိနိုင်ပါသည်။
၁။ သန္နိဋ္ဌာန်နှစ်ပုဒ်တို့၏အရဖြစ်သော၊ အနက်နှစ်ပါးတစ်စုံ
၂။ သံသယနှစ်ပုဒ်တို့၏အရဖြစ်သော အနက်နှစ်ပါးတစ်စုံ
၃။ သန္နိဋ္ဌာန်ပါဠိဓမ္မနှစ်ပါးတစ်စုံ
၄။ သံသယပါဠိဓမ္မနှစ်ပါးတစ်စုံ
၅။ အနုလောမ၊ ပဋိလောမပုစ္ဆာနှစ်ပါးတစ်စုံ
တစ်နည်း
၁။ အနုလောမ၊ ပဋိလောမ တစ်စုံ
၂။ သန္နိဋ္ဌာန်၊ သံသယ တစ်စုံ
၃။ ပုစ္ဆာ၊ ဝိဿဇ္ဇနာ တစ်စုံ (အရကောက်ဆရာအလို)
ဤသု့အနက်အစုံ၊ ပါဠိဓမ္မအစုံ၊ ပုစ္ဆာအစုံဟူသော အစုံအစုံသော ဒေသနာတို့၏ အစွမ်းအားဖြင့် ဟောကြားအပ်သောကြောင့် မူလ၊ ခန္ဓ၊ အာယတန စသော ဆယ်ပါးတို့တွင် တစ်ပါးပါးကို “ယမက”ဟု ခေါ်ပါသည်။ ထိုဆယ်ပါးသော ယမကတို့၏ အပေါင်း၏ အဖြစ်ကြောင့်၊ ယမိုက်တစ်ကျမ်းလုံးကို ယမကဟု ခေါ်ပါသည်။ ယမကဆယ်ကျမ်းမှာ မူလကမက၊ ခန္ဓယမက၊ အာယတနယမက၊ ဓာတုယမက၊ သစ္စယမက၊ သင်္ခါရယမက၊ အနုသယယမက၊ စိတ္တယမက၊ ဓမ္မယမက၊ ဣန္ဒြိယယမက တို့ဖြစ်ပါသည်။
ခန္ဓ၊ အာယတန၊ ဓာတု၊ သစ္စာ၊ သင်္ခါရ၊ ဓမ္မ၊ ဣန္ဒြိယ ကမက(၇)ကျမ်းသည်၊ ဟောကြားပုံ အစီအစဉ် တူညီကြ၍ မူလယမက၊ အနုသယနှင့် စိတ္တယမက (၃) ကျမ်း ဟောကြားပုံ အစီအစဉ် မတူညီကြပါ။
ပါဠိဓမ္မအားလျော်စွာ မေးအပ်သော ပုစ္ဆာကို အနုလောမပုစ္ဆာ။ ပြန်ဘက်အားဖြင့် မေးအပ်သော ပုစ္ဆာကို “ပဋိလောမပုစ္ဆာ” ဟုခေါ်ပါသည်။
အတ္ထအားဖြင့်၊ အမြဲမှတ်အပ်သောကြောင့် “သန္နိဋ္ဌာန်”(ယုံမှားသံသယဖြစ်ဖွယ်မရှိဘဲ မှတ်အပ်သောကြောင့်) ဟု ခေါ်ပါသည်။ ယုံမှားအပ်သောအနက်ကြောင့် “သံသယ” ဟု ခေါ်ပါသည်။ သန္နိဋ္ဌာန်နှင့်သံသယကို အတ္ထဟုဆုပါသည်။
အနုလောမပုစ္ဆာ၏ သန္နိဋ္ဌာန်သည် ပဋိလောမပုစ္ဆာ၌ “သံသယ” ဖြစ်သွားရပါသည်။ အနုလောမပုစ္ဆာ၏ “သံသယ”သည် ပဋိလောမပုစ္ဆာ၌ “သန္နိဋ္ဌာန်” ဖြစ်သွားရပြန်ပါသည်။ ထိုကဲ့သို့ သန္နိဋ္ဌာန်၊ သံသယတို့ မမြဲကြရခြင်းမှာ သတ္တဝါတို့သည် အဇ္ဈာသယအမျိုးမျိုးရှိကြလေသော အကြောင်းကြောင့် ဤသို့ပင် သန္နိဋ္ဌာန်နှင့်သံသယတို့ မမြဲကြခြင်း ဖြစ်ကြရပါသည်။
သန္နိဋ္ဌာန်နှင့်သံသယနှစ်ပါးတို့တွင် သန္နိဋ္ဌာန်ကသာ ပဓာန ဖြစ်၍ ပြဋ္ဌာန်းသည်။ သံသယတို့မည်သည် သန္နိဋ္ဌာန်အလိုကိုသာ လိုက်ကြရသည်။ သံသယသည် သန္နိဋ္ဌာန်မှသာ ထွက်သည်ကို တွေ့ရပါသည်။ ထို့ကြောင့် သံသယ၏ အရသည် သန္နိဋ္ဌာန်ထက် မည်မျှပင် ကျယ်ပါစေ၊ သန္နိဋ္ဌာန်ထက်ကျော်လွန်၍ မကောက်ရပါ။ တစ်ဖန် သန္နိဋ္ဌာန်၊ သံသယတို့ လုံးဝအရ မတူလျှင်၊ သံသယ အရမကောက်ရတော့ပါ။ ထို့ပြင် သန္နိဋ္ဌာန်သည် လုံးလုံးအရကောက်မရှိခဲ့လျှင်လည်း သံသယကို အရမကောက်ရတော့ပါ။
ဤတွင်နားပါဦးမည်။
ကိုယ်စိတ်နှစ်ဖြာချမ်းသာကြပါစေ။
မေတ္တာဖြင့်
Thein Naing Ohn(10.10.2021)
မှတ်ချက်။ ။ မက်ဆင်ဂျာတွင် သန္နိဋ္ဌာန်နှင့် သံသယအကြောင်း နည်းနည်းရှင်းပြပါဆို၍ အဘိဓမ္မခန္ဓယမက (ဆရာဦးရဲထွဋ်)၏ သင်တန်းစာအုပ်မှ ထုတ်နှုတ်၍ ဤပို့စ်ကို ရေးသားအပ်ပါသည်။
=================
Edit: သန္နိဋ္ဌာန်ဆိုတာ အတ္ထအားဖြင့် အမြဲမှတ်အပ်သောကြောင့် သန္နိဋ္ဌာန်။
တစ်နည်း
ယုံမှား သံသယဖြစ်ဖွယ်မရှိဘဲ မှတ်အပ်သောကြောင့် သန္နိဋ္ဌာန်ခေါ်ပါတယ်။
သံသယဆိုသည်မှာ ယုံမှားအပ်သေယအနက်ကြောင့် သံသယဟုခေါ်ပါတယ်။
ဘုရားရှင်က ဝေနေယျတို့၏ သံသယဖြစ်လောက်သောအရာ၌ သံသယ ဖြစ်ပုံတို့ ပြလိုသောကြောင့် သံသယကို ဟောပါတယ်။
မက်ဆင်ဂျာမှာတော့ ဒီလောက်ပဲပြောဖြစ်လိုက်ပါတယ်။
====================
Attention!!!!
Attention!!!!
(တင်ထားဖူးတဲ့ပို့စ်တစ်ခုပြန်ဖတ်ရင်း ဆရာတော်ဒေါက်တာနန္ဒမာလာဘိဝံသ၏ မနသိကာအပေါ်ဖွင့်ဆိုချက်လေး ပို့စ်ကိုတော့ ပြန်ရှာမတွေ့တော့ဘူး။ ဘယ်စာအုပ်ကနေထုတ်နှုတ်ဖော်ပြလိုက်တယ်ဆိုတာလည်း စာအုပ်ရှာမတွေ့တော့တာကြောင့် ရေးပြီးသားလေးကို အသစ်ပြန်တင်ပေးလိုက်ပါတယ်။ အင်္ဂလိပ်လိုဖြစ်နေပေမယ့် အချိန်ယူဖတ်ပေးစေချင်ပါတယ်။ ဆရာတော်အဖွင့်လေး ကောင်းလို့ဖတ်စေချင်လို့ပါ။ ကျေးဇူးတင်ပါတယ်။ မနသိကာရက တွေးလေလေနက်နဲလေပါပဲ။ အဘိဓမ္မာဝီထိစဉ်မှာ မနသိကာရဖြစ်ပုံကို လက်ဖျစ်တစ်ဖျောက်အတွင်း စိတ်က ကုဋေတစ်သိန်းဖြစ်တယ်ဆိုတော့ မနသိကာရဖြစ်အောင် ဘယ်လိုနှလုံးသွင်းချိန်ရလိုက်လည်းလို့ မေးသူများလည်း ရှိနေတာကို ဓမ္မဘေရီဆရာတော်ဘုရားကြီးကလည်း ရှင်းပြသွားဖူးပါတယ်။ တကယ်တော့ အဲဒါတင်မဟုတ်ပါဘူး အဘိဓမ္မာမှာ စိတ်တွေ စေတသိက်တွေက တစ်ပြိုင်နက်ယှဉ်ပုံကို ဒီပို့စ်က ဆရာတော်အရှင်ဝါယာမသာရ အဘိဓမ္မာရှင်းပြစဉ်ကနေ ထုတ်ယူဖော်ပြပေးလိုက်ပါတယ်။)
This attention is so important. Without it we do not get to see, hear or know a phenomenon because we are thinking of something else. In attending class, if your mind keeps running back home, you will miss much of the lecture.
That is why the Buddha would usually remind listeners before a discourse, "Listen carefully and pay attention."
Manasikāra, usually translated as "attention", literally means "making or keeping [the object] in the mind" or "doing [an action] in the mind". Because of it, the object can be kept in the mind. That is attention's basic function.
Attention acts like the mind's gatekeeper. Attention can be wise (yoniso manasikāra) or improper (ayoniso manasikāra). If you have a useless gatekeeper, he will allow all sorts of bad characters to enter your compound.
So attention is very important in thought. All types of kusala and akusala thought arise based on it.
Manasikāra (as the adverting consciousness) attends to whatever object that enters a sense-door. The way it turns to the object leads to either a wholesome or unwholesome energetic mind.
Hence thought always comes first. Without it nobody talks or acts. Whether that thought is good or bad depends on an earlier intention.
Human nature is such that on seeing something desirable, enjoyment arises without any consideration about kusala or akusala. Like animals: when they see food, they run and grab it. If others are there as well, they fight. They have no idea to share or offer.
Because of habit, manasikāra leads to either a wholesome or unwholesome energetic mind (javanas).
With resolution and by force of habit we can influence the type of javanas we have. As a start we should try to cultivate good intentions.
We can condition ourselves through practice, learning the Dhamma and associating with the wise to get their advice.
Sometimes determination alone is not enough. We need to incline the mind to wholesomeness with proper attention and constant practice.
For instance, on seeing someone we think, "May he or she be well and happy". This is wise attention.
This sort of manasikāra is led by paññā in unity with mindfulness (sati) and effort (vīriya). This is why it is called wise or proper attention.
It occurs in the practice of samatha and vipassanā too, covering all types of insight knowledge, even up to the highest.
This is very wide field. Accoedingly, wise attention is one of the four factors that lead us to become noble person.
Not only that, according to Abhidhammic scholar Ledi Sayadaw, manasikāra can become very powerful, like a big elephant with enormous strength. Then it can do everything.
Even Nibbāna so subtle and hard to grasp, yet manasikāra can pay attention to it. It can even perceive all objects as the preceding mind before omniscience or sabbaññutā ñāṇa.
Venerable sayadaw Dr. Nandamālābhivaṃsa
=======================
Edit:
မနသိကာရ=မနသိ၊စိတ်ကိုအာရုံသို့ရောက်အောင်။ကရောတိ၊ပြုတတ်သောတရား။
မနသိကာရ၃မျိုးရှိပါတယ်။
၁၊ဝီထိပဋိပါဒကမနသိကာရ၊ဝီထိဖြစ်ဘို့ပဉ္စာရုံကိုဆင်ခြင်နဲ့ပဉ္စဒွာရာဝဇ္ဇန်း
၂၊ဇဝနပဋိပါဒကမနသိကာရ၊မနောဒွာရာဝီထိ၌ဇောအစဉ်တွေကိုဖြစ်စေရန်ဆင်ခြင်ပေးတဲ့မနောဒွာရာဝဇ္ဇန်း
၃၊အာရမ္မဏပဋိပါဒကမနသိကာရ၊စိတ်မှာအာရုံထင်လာအောင်ပြုပေးတဲ့မနသိကာရ(သဗ္ဗစိတ္တသာဓာရဏစေတသိတ်မှာပါတဲ့မနသိကာရ)ဆိုပြီး၃မျိုးရှိပါ၏။
*ဆရာတော်ဦးဝီရိယ(တောင်စွန်း)ပို့ချချက်မှ*
Credit to: Comment by U Htay Hlaing
==============================
ဓမ္မအတွေးများ၌ သက်ဝင်ခြင်း
တစ်နေ့က ဓမ္မဘေရီဆရာတော်ဘုရားကြီးက အဘိဓမ္မာနဲ့သုတ္တန်တွေလေ့လာပြီး ရောထွေးမသွားစေချင်တဲ့အကြောင်းလေးထည့်ပြောသွားတယ်။ ဥပမာအနေနဲ့ပေးရယင်တော့ အဘိဓမ္မာမှာ ဥပါဒ် ဌီ ဘင် လို့ရှိပြီး ဝိပဿနာတရားအားထုတ်တဲ့အခါကျတော့ ဘာလို့ ဖြစ်ပျက် ၂ခု ပဲရှိနေတာလဲ။ ဖြစ်တည်ပျက်လို့ ရှိသင့်တယ်ပေါ့ အဲလိုတွေတွေးလာကြတယ်။ မြတ်စွာဘုရားကပဲထည့်မဟောလို့လား မသိလို့လားဆိုတဲ့အထိ အတွေးနယ်ချဲ့သွားတယ်ပေါ့။
တကယ်တော့ စိတ်တစ်ခုရဲ့ သက်တမ်းဟာ အင်မတန်မှ တိုတယ်၊ ဖြစ်၊ တည်၊ ပျက် (ဥပါဒ်,ဌီ,ဘင်) ဆိုတဲ့ ခဏငယ်သုံးခုပဲ ရှိတယ်၊ ဖြစ်ခိုက်အချိန်ပိုင်းလေးရယ်၊ ပျက်သွားတဲ့အချိန်ပိုင်းလေးရယ်၊ စဖြစ်တဲ့အချိန်ပိုင်းလေးလေးကို ဥပါဒ်လို့ခေါ်တယ်၊ ပျက်သွားတဲ့ အချိန်ပိုင်းလေးကို ဘင် လို့ခေါ်တယ်၊ အဲဒီနှစ်ခုကြား အချိန်ပိုင်းလေးကို ဌီ လို့ ခေါ်ကြတာ။
စိတ်ဟာ အင်မတန်မှ တိုတောင်းတဲ့အတွက်ကြောင့် မြတ်စွာဘုရားက စိတ္တယမိုက်ကို ဟောတဲ့အခါမှာ ဌီခဏကို ထည့်တောင် မဟောပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သိပ်တိုလွန်းအားကြီးလို့။
နခသိခါသုတ္တန်မှာ မြတ်စွာဘုရားဟောထားတာရှိတယ်။ “အင်မတန်သေးငယ်တဲ့ မြူမှုန်လေးလောက်ပင်ဖြစ်စေ နိစ္စထာဝရ မြဲတဲ့အရာဆိုတာကို တွေ့လို့ရှိရင် မြတ်သောအကျင့်လို့ဆိုတဲ့ မဂ္ဂင် ရှစ်ပါးအကျင့်ကို ကျင့်စရာမလိုဘူး”တဲ့။
အဘိဓမ္မာဆိုတာ တကယ်တော့ စာအနေနဲ့သာသင်ကြားနေပေမယ့် ဘုရားရှင်တို့အရာသာဖြစ်ပါတယ်။ တရားကို မြင်ဖို့ဆိုတာ ပဋိစ္စသမုပ္ပါဒ်ကိုမြင်မှ တရားကို မြင်ပါမယ်။ ပဋိစ္စသမုပ္ပါဒ်ကိုမြတ်စွာဘုရားက “အဝိဇ္ဇာပစ္စယာ သင်္ခါရာ” ဆိုပြီး အဝိဇ္ဇာနဲ့စတယ်။ ပဋိစ္စသမုပ္ပါဒ်ကို ရှင်းတဲ့အခါ အကြောင်းနှစ်ခု ဦးဆောင်ပေးတယ်။ ဘာလဲဆိုတော့ “အဝိဇ္ဇာနဲ့တဏှာ” အတိတ်အကြောင်းကို မြတ်စွာဘုရားက ရှင်းပြတဲ့အခါ အဝိဇ္ဇာ ကိုဦးတည်ပြီးရှင်းတယ်။ အနာဂတ်အတွက် ပစ္စုပ္ပန်က အကြောင်းတရားကို ရှင်းတဲ့အခါ တဏှာကို ဦးတည်ပြီးတော့ ရှင်းတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကံတရားတွေကို ဖြစ်ပေါ်စေတဲ့နေရာမှာ စွမ်းအားကြီးတဲ့ သဘာဝတရားနှစ်ခုဟာ အဝိဇ္ဇာနဲ့တဏှာဖြစ်လို့ပဲ။
ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ်လို့ ဝဋ်သုံးပါးဆိုတာ ရှိတယ်။ ကိလေသာလို့ဆိုတဲ့အထဲမှာ အဓိကက အဝိဇ္ဇာနဲ့တဏှာပဲ။ အဲဒီအဝိဇ္ဇာနဲ့တဏှာကို အစွဲပြုပြီး ကံဆိုတာ ဖြစ်လာတာ။ ဖြစ်လာတဲ့ ကံက အဝိဇ္ဇာ, တဏှာ မပါဘဲ အကျိုးပေးလို့မရဘူး။ ဒါကြောင့်မို့ ပဋိစ္စသမုပ္ပါဒ်မှာ ကိလေသာနဲ့ကံကို တွဲတွဲပေးထားတယ်။
အဲဒီ ကံဆိုတဲ့နေရာမှာ ကံဟာ သုဂတိဘုံ ဒုဂ္ဂတိဘုံကို ရောက်စေတတ်တယ်။ ဒုဂ္ဂတိဘုံကိုရောက်စေတတ်တဲ့ ကံက တစ်မျိုး၊ သုဂတိဘုံကို ရောက်စေနိုင်တဲ့ကံက တစ်မျိုးရှိတဲ့အထဲမယ် “အဝိဇ္ဇာသည် ဒုဂ္ဂတိဘုံကို ရောက်စေတတ်တဲ့ ကံရဲ့ ထူးခြားတဲ့အကြောင်း”တစ်ခုဖြစ်တယ်တဲ့။
“သုဂတိဘုံကို ရောက်စေတတ်တဲ့ ကံတွေကိုတော့ ဘယ်သူက ဦးဆောင်နေတာတုန်းဆို တဏှာက ဦးဆောင်နေတာ” တဲ့။ ဒါကြောင့်မို့ မြတ်စွာဘုရားက ပဋိစ္စသမုပ္ပါဒ်မှာသာမက အခြားသုတ္တန်တွေမှာလည်း အဝိဇ္ဇာနဲ့တဏှာ ဒီနှစ်ခုကို ဦးတည်ပြီးတော့ ဟောထားတာတွေရှိတယ်။
ဒါကြောင့်မို့ “အဝိဇ္ဇာပစ္စယာ သင်္ခါရာ”လို့ အဝိဇ္ဇာကို ဦးတည်ပြီး မြတ်စွာဘုရားက အတိတ်အကြောင်းမှာ ဟောထားတယ်။ အဝိဇ္ဇာဟာ ဘာ့ကြောင့် အင်အားတွေ ကောင်းပြီး ဖြစ်ပေါ်နေရသလဲဆိုယင် လောဘတွေ စီးဝင်နေလို့ အမြင်မှားမှုတွေ စီးဝင်နေလို့, တွေဝေမှုတွေ စီးဝင်နေလို့၊ ဆိုလိုတာက အာသဝကြောင့် အဝိဇ္ဇာဖြစ်နေတယ်လို့ ပြောတာ။ ဒါ အဝိဇ္ဇာရဲ သဘောတရား။
အဝိဇ္ဇာက အကုသိုလ်ဖြစ်ပေမယ့်လို့ သူနဲ့ပတ်သက်ပြီး ဖြစ်လာတာက ကုသိုလ်ဖြစ်ချင် ဖြစ်မှာပဲ။ အဲဒါကို ဓမ္မဘေရီဆရာတော်ကြီးအမေးအဖြေကဏ္ဍမှာ ထည့်မေးသွားတာလေးရှိတယ်။ တစ်ချို့တွေက အကုသိုလ်အလုပ်တွေလုပ်ပြီး ကြီးပွားချမ်းသာနေတာရှိတယ်ပေါ့၊ အဲဒါဘာကြောင့်လည်းဆိုပြီးတော့ မေးသွားတယ်။ သူက အခု အကုသိုလ်အလုပ်နဲ့ကြီးပွားချမ်းသာနေတာက အယင်ဘဝတွေ သူကုသိုလ်ပြုစဉ်ကပေါ့လေ၊ အကုသိုလ်အလုပ်တွေလုပ်ပြီး ကုသိုလ်လုပ်ခဲ့တယ်၊ အဲဒီကုသိုလ်က အကျိုးပေးတဲ့အခါ ဒီဘဝမှာလည်း လာပြီး ကုသိုလ်လုပ်ခဲ့တဲ့အကျိုးကြောင့် ချမ်းသာပေမယ့် သူကုသိုလ်ပြုခဲ့တုန်းက အကုသိုလ်အလုပ်နဲ့ပြုခဲ့တာမို့ အကုသိုလ်အလုပ်နဲ့အကျိုးပေးပြီး ချမ်းသာတာတွေလည်း ရှိတယ်ပေါ့။ ထားပါတော့။
အဲဒီတော့ အဝိဇ္ဇာသည် အကုသိုလ်စစ်စစ်ဖြစ်လျက်သားနဲ့ ပုညာဘိသင်္ခါရာဆိုတဲ့ ကုသိုလ်ကို ဖြစ်စေတယ် chance ပေးတယ်၊ အဲဒီလို ပေးတဲ့အခါမှာ ပဋ္ဌာန်းပစ္စည်းအနေနဲ့ ဘာကို အကြောင်းပြုပြီး ပေးသလဲဆိုတော့ ပဋ္ဌာန်းနည်းနဲ့ လေ့လာကြည့်မယ်ဆိုရင် အဝိဇ္ဇာက ကုသိုလ်ဖြစ်ဖို့ အကြောင်းပြုတဲ့အခါ “အာရမ္မဏပစ္စည်း” “ဥပနိဿယပစ္စည်း” ဒီ ၂ ပစ္စည်းနဲ့ကျေးဇူးပြုပါတယ်တဲ့။
အဝိဇ္ဇာက အကုသိုလ်။ အဲဒီအကုသိုလ်တရားက အပုညာဘိသင်္ခါရကို ကျေးဇူးပြုတယ်ဆိုတာ ပုထုဇဉ်တွေဆိုတော့ “အဝိဇ္ဇာကို သာယာတဲ့ တဏှာရာဂ ဖြစ်နိုင်တယ်၊ ဒိဋ္ဌိ ဖြစ်နိုင်တယ်၊ အဝိဇ္ဇာကို မုန်းတီးတဲ့ ဒေါသ ဖြစ်နိုင်တယ်။”
အဝိဇ္ဇာနဲ့ပတ်သက်ပြီးတော့ ဒေါသဖြစ်တယ်၊ အယူမှားမှုတွေ ဖြစ်လာမယ် ဆိုလို့ရှိရင် အဝိဇ္ဇာက အပုညာဘိသင်္ခါရကို အာရမ္မဏသတ္တိနဲ့ ကျေးဇူးပြုတယ်။ အဝိဇ္ဇာက အာရုံအကြောင်းတရားပစ္စည်း၊ ဖြစ်ပေါ်လာတဲ့ အကုသိုလ်တွေက အာရမ္မဏိက ပစ္စယုပ္ပန်၊ အာရမ္မဏသတ္တိနဲ့ ကျေးဇူးပြုတာလို့ ဒီလိုပြောတာပေါ့။
တစ်ခါ အဝိဇ္ဇာနဲ့ အပြစ်မမြင်လို့ အကောင်းထင်ပြီးတော့ အကုသိုလ်တွေ လုပ်တယ်၊ အဲဒီလို အဝိဇ္ဇာဖြင့် အပြစ်မမြင်ဘဲနဲ့ အကုသိုလ်လုပ်လို့ရှိရင် အကုသိုလ်ကို ဥပနိဿယသတ္တိနဲ့ ကျေးဇူးပြုတယ်လို့ ဆိုလိုတာပေါ့။
နောက်တစ်ခါ အကုသိုလ်စိတ်ဖြစ်တဲ့အခါ အဝိဇ္ဇာဟာ လောဘနဲ့တွဲဖြစ်တာ ရှိတယ်။ ဒေါသနဲ့ တွဲဖြစ်တာ ရှိတယ်။ အကုသိုလ်ဇောစိတ်တွေဖြစ်ရင် ပထမဇောကနေ ဒုတိယဇော၊ ဒုတိယဇောကနေ တတိယဇော၊ ဇောအချင်ချင်း တစ်ခုနဲ့တစ်ခု ဆက်သွယ်ပြီးတော့ ဖြစ်သွားတာတွေ ရှိတယ်ပေါ့။ အဲဒီလို ပထမဇောကနေ ဒုတိယဇော ဆိုတာမျိုးကျတော့ အနန္တရသတ္တိ၊ သမနန္တရသတ္တိ၊ အာသေဝနသတ္တိ၊ ဥပနိဿယသတ္တိ၊ နတ္ထိသတ္တိ၊ ဝိဂတသတ္တိတွေနဲ့ ကျေးဇူးပြုတယ်လို့ဆိုတယ်။
အဝိဇ္ဇာဟာ လောဘမူစိတ်ထဲမှာ ယှဉ်တွဲပြီးတော့ ဖြစ်နေတယ်ဆိုရင် “အဝိဇ္ဇာနဲ့ အကုသိုလ်စိတ်ဆိုတာ တစ်ပြိုင်နက် ယှဉ်တွဲပြီး ဖြစ်လာတာ born together လို့ဆိုတယ်၊ သဟဇာတ အတူတကွ ဖြစ်လာကြတာ။ အဝိဇ္ဇာက ဟိတ် ၆ မျိုးထဲမှာ မောဟဟိတ်အနေနဲ့ပါတာ ဖြစ်သောကြောင့် ဟေတုပစ္စည်းနဲ့ ကျေးဇူးပြုတယ်၊ အတူတကွဖြစ်တာ ဖြစ်သောကြောင့် သဟဇာတပစ္စည်းနဲ့လည်း ကျေးဇူးပြုတယ်၊ အပြန်အလှန်ရလို့ အညမညပစ္စည်းနဲ့လည်း ကျေးဇူးပြုတယ်၊ အဝိဇ္ဇာကို အမှီပြုပြီးတော့ ကျန်တဲ့တရားတွေဟာ အပြန်အလှန်မှီခိုပြီး ဖြစ်ကြတာ ဖြစ်သောကြောင့် နိဿယသတ္တိနဲ့လည်း ကျေးဇူးပြုပါတယ်တဲ့။
အဝိဇ္ဇာနဲ့လောဘမူစိတ်တွေဟာ ဖြစ်တာလည်း အတူတူ, ချုပ်တာလည်း အတူတူ၊ အာရုံလည်းတူတယ်၊ မှီရာလည်း တူတယ်ဆိုတဲ့ စိတ်တစ်ခုတည်းမှာ ဖြစ်ကြတာ ဖြစ်သောကြောင့် သမ္ပယုတ္တသတ္တိနဲ့လည်း ကျေးဇူးပြုပြန်တယ်။
ရှိနေတုန်း ကျေးဇူးပြုတာ ဖြစ်သောကြောင့် အတ္ထိသတ္တိနဲ့လည်း ကျေးဇူးပြုတယ်၊ မကင်းကွာခင် ကျေးဇူးပြုတာ ဖြစ်သောကြောင့် အဝိဂတပစ္စည်းနဲ့လည်း ကျေးဇူးပြုတယ်လို့ - အဝိဇ္ဇာက အကုသိုလ်ကျတော့ ပစ္စယသတ္တိတွေ မြောက်မြားစွာ ပါဝင်နိုင်တယ်ပေါ့။
အဲတော့ အကြောင်းနဲ့အကျိုးဆိုတာ အကြောင်းတွေက တစ်ခုတည်းမဟုတ်ဘူး၊ အကြောင်းပေါင်း မြောက်မြားစွာ ဟောကြားထားတာ ဖြစ်တယ်။ အဲဒီအကြောင်းတွေထဲမှာ အရေးပါတဲ့အကြောင်းကတော့ ကိလေသာနဲ့ကံ ပဲဖြစ်တယ်။ သံသရာဝဋ်က လွတ်ဖို့ ဆိုတာလည်းပဲ ဒီအကြောင်းနှစ်ပါးထဲက ကိလေသာကို ပယ်ဖျက်ဖို့က အင်မတန်မှ အရေးကြီးပါတယ်။ ကိလေသာဆိုတဲ့ အဖော်သဟဲရမှ ကံဆိုတာ အကျိုးပေးလို့ ရတယ်။ ကိလေသာရဲ အကူအညီ မရဘဲနဲ့ ကံတစ်ခုတည်းကနေ မထုတ်လုပ်နိုင်ဘူးတဲ့။
ထို့အတူပဲ ကံတရားဟာ သီးသီးသန့်သန့် ကံချည်း ရှိနေမယ်၊ ကိလေသာအကူအညီ မပါဘူးဆိုရင် ထိုကံတရားသည် အကျိုးတစ်စုံတစ်ရာကို ပေးစွမ်းနိုင်ခြင်း မရှိဘူးတဲ့၊ ဒီသဘောကို သိဖို အင်မတန်မှ အရေးကြီးပါတယ်။
ဒါကြောင့်မို့ ဝဋ်သုံးပါးမှာ ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ် လို့ဆိုတဲ့အထဲမယ် ဘယ်ဝဋ်ကို ဖယ်ရှားရမှာလည်းဆိုယင် ကိလေသဝဋ်ကို ဖယ်ရှားရမှာဖြစ်ပါတယ်။ ကိလေသာဝဋ်ကို ဖယ်ရှားလိုက်တာနဲ့ တစ်ပြိုင်နက် ရှိနေတဲ့ ကံတရားတွေဟာ အလုပ်မဖြစ်တော့ဘူး၊ စွမ်းဆောင်နိုင်မှု မရှိတော့ဘူး၊ ကံတွေက အကျိုးမပေးလို့သာ ကံကို ဖယ်ရှားတယ်လို့ ပြောနေကြတာ၊ တကယ်တော့ ကံကို ဖယ်ရှားလို့ မရဘူး။ ကိလေသာကိုသာဖယ်ရှားရမှာဖြစ်တယ်ပေါ့။ ဒါကြောင့်မို့ “ကိလေသနိရောဓေ ကမ္မနိရောဓော”တဲ့။ ကိလေသာတွေ ချုပ်ငြိမ်းသွားမှ ကံတရားဟာ အလုပ်မဖြစ်တော့ပဲ ငြိမ်းသွားမှာ ဖြစ်ပါတယ်။
ပဋိစ္စသမုပ္ပါဒ်မှာ လူတွေရဲပဋိသန္ဓေစိတ်လေးဟာ ကံနဲ့ ဆက်သွယ်ပြီးတော့မှ ဖြစ်ပေါ်လာတယ်။ “သင်္ခါရပစ္စယာ ဝိညာဏံ” တဲ့။ သင်္ခါရဆိုတာ ဒီနေရာမှာ ကံကိုပြောတာ၊ ဘာဖြစ်လို့ ကံကို သင်္ခါရလို့ ခေါ်သလည်းဆိုရင် ဖန်တီးတတ်လို့ ဖြစ်ပေါ်စေတတ်လို့ - ရုပ်တွေ နာမ်တွေကို ဖန်ဆင်းပေးတယ်၊ ဖန်ဆင်းတယ်ဆိုတာ ဆောက်လုပ်ပေးတာ၊ ဖြစ်ပေါ်စေတာ၊ ထုတ်လုပ်တာကို ဆိုလိုတယ်ပေါ့။ ဒီနေရာမှာ သင်္ခါရဆိုတာ ကုသိုလ်ကံနဲ့ အကုသိုလ်ကံ ဒီ ၂ ခုကို ရည်ညွှန်းပြီးတော့ ပြောတာပါ။
မြတ်စွာဘုရားက ကံတရားနဲ့ပတ်သက်ပြီး “သင်္ခါရပစ္စယာ ဝိညာဏံ” “ဘဝပစ္စယာ ဇာတိ”လို့ ပဋိစ္စသမုပ္ပါဒ်မှာ နှစ်ဌာန ဟောကြားခဲ့တယ်။ ပဋ္ဌာန်းပါဠိတော် ပစ္စယနိဒ္ဒေသ ကမ္မပစ္စည်းမှာတော့ “ကုသလာကုသလံ ကမ္မံ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော” လို့ ဒီလိုဟောတယ်။
“ဝိပါကာနံ ခန္ဓာနံ” ဆိုတာ ကုသိုလ်ကံ အကုသိုလ်ကံတို့ရဲ့ အကျိုးဖြစ်တဲ့ ဝိပါက် စိတ်စေတသိက်ကို ရည်ညွှန်းပါတယ်။ “ကဋတ္တာ စ ရူပါနံ” ဆိုတာကတော့ ကံကြောင့်ဖြစ်တဲ့ ရုပ်တရားတွေကို ရည်ညွန်းတယ်။ ဒီတော့ ကံတရားက ထုတ်လုပ်တာ နှစ်မျိုးလို့ မှတ်ရမယ်ပေ့ါ။
ဒီတော့ ပဋ္ဌာန်းနဲ့ ပဋိစ္စသမုပ္ပါဒ်ဟာ အကြောင်းတရား အကျိုးတရား ဟောတာချင်း အတူတူပဲ။ သို့သော် ဟောပုံ ဟောနည်း ကွဲပြားခြားနားတယ်။ ပဋိစ္စသမုပ္ပါဒ်က အကြောင်းတရားနဲ့အကျိုးတရားကိုပဲ ဟောတယ်။ ပဋ္ဌာန်းကျတော့ ဒီ့ထက်ပိုလာတယ်။ ဒီအကြောင်းတရားကြောင်း ဒီအကျိုးတရားတွေဖြစ်ရတယ်၊ ဒီအကြောင်းတရားက ဒီလို စွမ်းရည်သတ္တိတွေကို အသုံးပြုတယ်ဆိုပြီး ဓမ္မတင်မကဘူး၊ ဓမ္မရဲ့သတ္တိကိုပါ ဖော်ညွှန်းပြတယ်ပေါ့။
ဒါတွေကိုရှင်းမယ်ဆိုယင် ကျမ်းတစ်စောင်ကျယ်ပြန့်သွားနိုင်ပါတယ်။ ဒီမှာတော့ ပို့စ်တစ်ခုအနေနဲ့သာ ရေးသားတင်တာမို့ ကံတရားနဲ့ပတ်သက်လာလို့ရှိရင် မကောင်းတဲ့ကံတွေကို ရှောင်မိဖို့၊ ကောင်းတဲ့ကံတွေကို လုပ်မိဖို့၊ လုပ်မိထားတဲ့ မကောင်းတဲ့ကံကိုလည်း စိုးရိမ်ပြီးတော့ မနေဘဲနဲ့ ကံတွေပျောက်သည့် နည်းလမ်းတွေ ရှိသည့်အတိုင်း မကောင်းတဲ့ကံကို မကောင်းဘူးလို့ သိပြီး ထိုကံတွေရဲ့ ပျောက်ရာ ပျောက်ကြောင်း ကောင်းတဲ့ကံတွေကို များစွာပြုလုပ်ခြင်းဖြင့် ကမ္မက္ခယ လို့ဆိုတဲ့ ကံကုန်မှုကို ရရှိနိုင်ပါတယ်။ ကိလေသာတွေကို ကုန်အောင် လုပ်ခြင်းဖြင့် ကံတရားတွေက လွတ်မြောက်နိုင်တယ်ဆိုတာ သိပြီး ကိလေသာတွေ ကုန်အောင် အားထုတ်ခြင်းဖြင့် ကံတရားတွေက လွတ်မြောက်အောင်ကြိုးစားကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်။
ကျေးဇူးတင်ပါတယ်။ ကိုယ်စိတ်နှစ်ပါးအေးချမ်းကြပါစေ။
မေတ္တာဖြင့်
Thein Naing Ohn(18.10.2021)
ကျမ်းကိုး။ ။ ဆရာတော်အရှင်နန္ဒာမာလာဘိဝံသ၏ ပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းဖြင့် လေ့လာသုံးသပ်ခြင်းမှ မှီးယူဖော်ပြပါသည်။
Comments