ဝိပဿနာတရားတော်များ_Page 4
- Thein Naing Ohn
- Sep 20, 2021
- 19 min read
ကျင့်ကြံရှုပွား မဂ္ဂင်ရှစ်ပါး
မဂ္ဂင်ရှစ်ပါး ဖြစ်ပွားစေတဲ့ အကျင့်ဆိုတာ သီလ သမာဓိ ပညာ အကျင့်ပါ။ သီလကို ရိုရိုသေသေကျင့်ရင် သမ္မာဝါစာ - မှန်စွာပြောခြင်း၊ သမ္မာကမ္မန္တ - မှန်စွာပြုခြင်း၊ သမ္မအာဇီဝ - မှန်စွာအသက်မွေးခြင်းဆိုတဲ့ သီလမဂ္ဂင်သုံးပါး ဖြစ်ပွားပါတယ်။
သမာဓိဘာဝနာကို အားထုတ်ရင် သမ္မာဝါယာမ - မှန်စွာအားထုတ်ခြင်း၊ သမ္မာသတိ - မှန်စွာ အမှတ်ရခြင်း၊ သမ္မာသမာဓိ - မှန်စွာ စူးစိုက်တည်ကြည်ခြင်း ဆိုတဲ့ သမာဓိမဂ္ဂင်သုံးပါး ဖြစ်ပွားပါတယ်။
ဝိပဿနာဘာဝနာအလုပ်ကို အားထုတ်ရင်တော့ သမ္မာဒိဋ္ဌိ - မှန်စွာဖြစ်ခြင်း၊ သမ္မာသင်္ကပ္ပ - မှန်စွာကြံခြင်းဆိုတဲ့ ပညာမဂ္ဂင် ၂-ပါးပါ မဂ္ဂင်ရှစ်ပါးလုံး ဖြစ်သွားပါတယ်။
မဂ္ဂင်ရှစ်ပါးထဲမှာ သမ္မာဝါစာ, သမ္မာကမ္မန ္တ,သမ္မာအာဇီဝ ဆိုတဲ့ သုံးပါးက သီလမဂ္ဂင်တွေပါ။
ဒီသီလမဂ္ဂင်တွေကတော့ သီလသိက္ခာပုဒ်ကို ရိုရိုသေသေ စောင့်ထိန်းနေရင် ပြီးစီးပြည့်စုံနေပါတယ်။
လိမ်လည်ခြင်း၊ ကုန်းတိုက်ခြင်း၊ ဆဲဆိုခြင်း၊ အနှစ်မဲ့ အပြိန်အဖျင်း စကားပြောဆိုခြင်းဆိုတဲ့ ဝစီဒုစရိုက် ၄-ပါးမှ ကြဉ်ရှောင်လျှင် သမ္မာဝါစာမဂ္ဂင်ဖြစ်တယ်။
သတ်ခြင်း၊ ခိုးခြင်း၊ မပိုင်မဆိုင်သော ကာမဂုဏ်တို့၌ ကျူးလွန်ခြင်းဆိုတဲ့ ကာယဒုစရိုက် ၃-ပါးမှ ကြဉ်ရှောင်လျှင် သမ္မာကမ္မန ္တမဂ္ဂင်ဖြစ်တယ်။
အသက်မွေးဝမ်းကျောင်းနှင့်ဆိုင်တဲ့ အဲဒီ ဒုစရိုက် ၇-ပါးမှ ကြဉ်ရှောင်လျှင် သမ္မာအာဇီဝမဂ္ဂင် ဖြစ်တယ်။
အဲဒီသီလမဂ္ဂင်တွေက တရားအားမထုတ်မီ ရှေးအဖို့ကတည်းက ပြည့်စုံစေရတဲ့ အခြေခံ မူလမဂ္ဂင်တွေပါ။
သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိဆိုတဲ့ သုံးပါးက သမာဓိမဂ္ဂင်တွေပါ။
သမာဓိမဂ္ဂင်တွေကတော့ သမထ ဝိပဿနာအလုပ်ကို အားထုတ်တဲ့အခါမှာမှ ပြီးစီးပြည့်စုံပါတယ်။
ရှုမှတ်သင့်တဲ့ သမထအာရုံ, ဝိပဿနာအာရုံကို ရှုမှတ်မိအောင် ကြောင့်ကြပြုတာ, အားထုတ်တာက သမ္မာဝါယာမပါ။ အဲဒီ သမ္မာဝါယမဟာ ကိစ္စအားဖြင့် ၄-ပါး ရှိတယ်။
မဖြစ်သေးတဲ့ အကုသိုလ်ကို မဖြစ်အောင် အားထုတ်တာက ၁-ပါး။
ဖြစ်ပြီး ကုသိုလ်ကို ဖြစ်အောင် အားထုတ်တာက ၁-ပါး။
မဖြစ်သေးတဲ့ ကုသိုလ်ကို ဖြစ်အောင် အားထုတ်တာက ၁-ပါး။
ဖြစ်ပြီး ကုသိုလ်များ ပြည့်စုံအောင် အားထုတ်တာက ၁-ပါး။
ရှုမှတ်သင့်တဲ့ အာရုံကို အမှတ်ရတာက သမ္မာသတိပါ။
သမထအာရုံကို အမှတ်ရတာက သမထသမ္မာသတိ၊ ဝိပဿနာအာရုံကို အမှတ်ရတာက ဝိပဿနာ သမ္မာသတိပေါ့။
ဒီသမ္မာသတိကို ဖွင့်ပြတဲ့ ပါဠိတော်များမှာတော့ (ကာယေကာယာနုပဿီ ဝိဟရတိ ရုပ်အပေါင်းကိုယ်၌ ရုပ်အပေါင်းမျှဟု ရှုမြင်လျက်နေ၏ ။ ဝေဒနာသု ဝေဒနာနုပဿီ ဝိဟရတိ-ခံစားမှု ဝေဒနာတို့၌ ခံစားမှုမျှဟု ရှုမြင်လျက်နေ၏ ။ စိတ္တေ စိတ္တာနုပဿီ ဝိဟရတိ-ကြံသိမှုစိတ်၌ ကြံသိမှုမျှဟုရှုမြင်လျက် နေ၏ ။ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ-သဘောတရားတို့၌ သဘောတရားမျှဟု ရှုမြင်လျက်နေ၏ စသည်ဖြင့် သတိပဋ္ဌာန် ၄-ပါးသည်ပင် သမ္မာသတိမဂ္ဂင်ဖြစ်ကြောင်း တိတိကျကျ ဖွင့်ပြထားပါတယ်။
ဒါကြောင့် ထွက်သက် ဝင်သက်ကို အမှတ်ရတာ ဆံပင်မွေးညှင်း စသည်ကို အမှတ်ရတာဟာ သမထသမ္မာသတိပါပဲ။ ထို့အတူပင် ကသိုဏ်း အသုဘ အစရှိသော အခြားသမထအာရုံကို အမှတ်ရတာကိုလဲ သမထသမ္မာသတိလို့ ဆိုရမှာပါပဲ။
ဝိပဿနာယောဂီမှာ ဖြစ်ပေါ်လာသမျှ ကိုယ်အမူအရာခံစားမှု ဝေဒနာ, ကြံသိမှု စိတ်အမူအရာ, မြင်မှု, ကြားမှု တပ်မက်မှုစိတ်ဆိုးမှုစသော သဘောတရားတို့ကို အမှတ်ရတာဟာ ဝိပဿနာ သမ္မာသတိမဂ္ဂင်ပါ။
အဲဒီဝိပဿနာ သမ္မာသတိဖြစ်ရင် ရုပ်နာမ်အဖြစ်အပျက် အနိစ္စ ဒုက္ခ အနတ္တ သဘောများကို သိတဲ့ ဝိပဿနာဉာဏ်ဆိုတဲ့ သမ္မာဒိဋ္ဌိလဲ တစ်ပါးတည်း ပူးတွဲလျက် ဖြစ်တော့တာပါပဲ။
သမ္မာသတိဖြစ်ရင် အဲဒီ သမ္မာသတိဖြင့် အမှတ်ရတဲ့ အာရုံ၌စူးစိုက်တည်ကြည်တဲ့ သမ္မာသမာဓိကလဲ ပူးတွဲပါဝင်ပြီး ဖြစ်တော့တာပါပဲ။
အဲဒီ သမ္မာသမာဓိမဂ္ဂင်ကို မြတ်စွာဘုရားက ဈာန် ၄-ပါး သမာဓိဖြင့် ပြထားပါတယ်။ အဲဒါကတော့ ဥက္ကဋ္ဌနည်းအားဖြင့် အမြတ်ဆုံး သမာဓိကို ပြတာပါဘဲ၊ ဩမကအားဖြင့်တော့ ဈာန်၏အနီး ဥပစာရသမာဓိကိုလဲ စိတ္တဝိသုဒ္ဓိ အဖြစ်ဖြင့် ယူရပါတယ်၊ အဲဒီဥပစာရသမာဓိအစစ်နှင့် နီဝရဏ ကင်းပုံချင်းတူတဲ့ ဝိပဿနာခဏိက သမာဓိကိုလဲ ယူရပါတယ်၊ ဒီဝိပဿနာ ခဏိကသမာဓိကို (စတုဓာတုဝဝတ္ထာန် ကမ္မဋ္ဌာန်း စသည်ကို ပြရာမှာ) ဥပစာရသမာဓိလို့လဲ အဋ္ဌကထာမှာ ပြဆိုထားပါတယ်။
ဝိပဿနာ ယောဂီမှာ ဝိပဿနာသမာဓိ ကောင်းကောင်းဖြစ်ရင် အဲဒီ သမာဓိဖြင့် စူးစိုက်တဲ့ အာရုံမှာ အမှန်အတိုင်းသိအောင် သမ္မာသင်္ကပ္ပမဂ္ဂင်က စိတ်ဦးညွတ်ပေးတယ်။
အဲဒီလို စိတ်ညွတ်ပေးတဲ့အတိုင်း သမ္မာဒိဋ္ဌိမဂ္ဂင်က အမှန်အတိုင်း သိမြင်တယ်၊ သိမြင်ပုံကတော့-နီဝရဏကင်းအောင် သမာဓိကောင်းကာစ စိတ္တဝိသုဒ္ဓိဖြစ်ကာစဆိုရင် မှတ်သိရတဲ့ရုပ်၌ မှတ်သိတဲ့ စိတ်နာမ်ကို ခွဲခြားပြီးသိမြင်တယ်၊ ဖောင်းတယ်လို့ ရှုမှတ်ခိုက်မှာ ဖောင်းတာကတခြား + မှတ်သိတာကတခြား ကွဲပြားပြီး သိမြင်တယ်၊ ပိန်တယ်လို့ ရှုမှတ်ခိုက်မှာ ပိန်တာကတခြား + မှတ်သိတာကတခြား ကွဲပြားပြီးသိတယ်၊ ထို့အတူပင် သွားဆဲ၌ သွားတယ် ကြွတယ် လှမ်းတယ် ချတယ်လို့ ရှုမှတ်ခိုက်မှာ မှတ်သိစရာကတခြား + မှတ်သိတာက တခြား၊ ကွဲပြားပြီး သိမြင်တယ်၊ ဒီပုံဒီနည်းဖြင့် မှတ်သိစရာရုပ်နဲ့ မှတ်သိမှု စိတ်နာမ် ပိုင်းခြားပြီး သိမြင်တယ်၊ အဲဒါဟာ တွေးဆပြီး သိတာမဟုတ်ဘူး၊ မတွေးမဆရဘဲ မှတ်ရုံ မှတ်ရုံမျှဖြင့် ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း သိသွားတာပါ။
အဲဒီထက် သမာဓိနှင့် ဉာဏ်အားကောင်းလာတဲ့အခါ ကျတော့ ကွေးချင်လို့ ကွေးတယ်၊ ဆန့်ချင်လို့ ဆန့်တယ်၊ လှုပ်ချင်လို့ လှုပ်တယ်၊ သွားချင်လို့ သွားတယ်၊ မျက်စိနဲ့အဆင်းရှိလို့ မြင်သိတယ်၊ နားနဲ့အသံရှိလို့ ကြားသိတယ်၊ အာရုံရှိလို့ ကြံသိမှု မှတ်သိမှုဖြစ်တယ်၊ ကံကောင်းလို့ကောင်းတာကို တွေ့ရခံစားရတယ် စသည်ဖြင့် အကြောင်းနဲ့ အကျိုးကိုလည်း ခွဲခြားပြီး သိမြင် သဘောပေါက်လာပါတယ်။
အဲဒီထက် သမာဓိနှင့် ဉာဏ်အားကောင်းလာတဲ့ အခါမှာ မှတ်သိရတဲ့ အာရုံရော မှတ်သိမှုရော အသစ်အသစ် ဖြစ်ပြီး တစ်ခဏချင်း ပျောက်ပျောက်သွားတာကို သိမြင်ရတယ်၊ လမ်းမှာစောင့်ကြည့်နေရင်လာသမျှ လူ ယာဉ်ရထား၊ စသည်ကို ထင်ထင်ရှားရှား တွေ့မြင်ရသလိုပါပဲ၊ အဲဒီလို ခဏမစဲ ဖြစ်ပျက်နေတာကိုချည်း တွေ့မြင်နေရတော့ အနိစ္စ-မမြဲဘူးလို့လဲ သိမြင်တော့ - ဒုက္ခ-ဆင်းရဲကြီးပဲလို့လဲ သိမြင်တော့တာပဲ၊ အနတ္တ-အစိုးမရတဲ့ အတ္တကောင်မဟုတ်၊ သဘောတရားမျှပဲလို့လဲ သိမြင်တော့တာပဲ၊ အဲဒီလို သိမြင်တာတွေဟာ အမှန်အတိုင်း သိမြင်တာတွေပါ၊ စိတ်ညွတ်တွေးဆပြီး သိတာမျိုးမဟုတ်ပါဘူး၊ သူ့ရှိရင်းအတိုင်း လိုက်ပြီး ရှုမှတ်နေလို့ သူ့သဘောအမှန်ကို သိလာတယ်၊ ရုပ်နှင့်နာမ် တခြားစီမို့ တခြားစီ ခွဲခြားပြီးသိတာပါ၊ အကြောင်းနှင့် အကျိုးဆက်စပ်ပြီး ဖြစ်နေလို့ အဲဒီ အကြောင်းနှင့် အကျိုးကို ခွဲခြားပြီး သိတာပါ၊ တကယ်ဖြစ်ပျက်နေတာကို တွေ့ရလို့ အဲဒီအဖြစ်အပျက်ကို သိတာပါ၊ ရုပ်နာမ်တရားတွေက မမြဲလို့ မမြဲဘူးလို့ သိတာပါ၊ ရုပ်နာမ်တွေက သို့မဟုတ် အတ္တမဟုတ်လို့ ဒုက္ခအနတ္တလို့ သိတာပါ၊ ဒါကြောင့် ဒီလိုမှန်စွာ သိမြင်တာကို သမ္မာဒိဋ္ဌိမဂ္ဂင်ခေါ်ပါတယ်၊ အဲဒီလို အမှန်အတိုင်း သိမြင်နိုင်အောင် စိတ်ဦးညွတ်ပေးတာကို သမ္မာသင်္ကပ္ပမဂ္ဂင်လို့ ခေါ်ပါတယ်။
ဝိပဿနာယောဂီမှာ ဒွါရ ၆-ပါးက ပေါ်လာသမျှ အာရုံကို ရှုမှတ်တိုင်း ရှုမှတ်တိုင်း ရှုမှတ်မိအောင် ကြောင့်ကြစိုက်မှုလဲ ရှိတယ်၊ အဲဒါက သမ္မာဝါယမ မဂ္ဂင်ပါ၊ ပေါ်လာသမျှကို အမှတ်ရတဲ့သတိလဲ ဖြစ်တယ်၊ အဲဒါက သမ္မာသတိမဂ္ဂင်ပါ၊ ရှုမှတ်သိတဲ့အာရုံ၌ စူးစိုက်တည်ကြည်မှုလဲ ဖြစ်တယ်၊ အဲဒါက သမ္မာသမာဓိ မဂ္ဂင်ပါ-အဲဒီ သမ္မာဝါယမ, သမ္မာသတိ, သမ္မာသမာဓိဆိုတဲ့ မဂ္ဂင်သုံးပါးက သမာဓိမဂ္ဂင်တွေပါ။
နောက်ပြီးတော့ အမှန်အတိုင်း စိတ်ဦးညွတ်ပေးတာလဲ ပါဝင်ပါတယ်၊ အဲဒါက သမ္မာသင်္ကပ္ပ မဂ္ဂင်ပါ၊ အမှန်အတိုင်း သိမြင်တာက သမ္မာဒိဋ္ဌိမဂ္ဂင်ပါ၊ အဲဒီ ၂-ပါးက ပညာမဂ္ဂင်ပါ၊ အဲဒီ ပညာမဂ္ဂင် ၂-ပါးနဲ့ သမာဓိမဂ္ဂင် ၃-ပါးပေါင်းလိုက်ရင် မဂ္ဂင်ငါးပါးဖြစ်ပါတယ်၊ အဲဒီမဂ္ဂင်ငါးပါးကို ကာရကမဂ္ဂင်လို့ ခေါ်ပါတယ်။
ဒီငါးပါးက တစ်ပေါင်းတည်း ပူးတွဲပြီး ရှုသိမြင်ခြင်းကို ပြုလုပ်နေကြတာပဲ၊ နောက်ပြီးတော့ သမ္မာဝါစာ, သမ္မာကမ္မန္တ၊ သမ္မာအာဇီဝလိုတဲ့ သီလမဂ္ဂင်သုံးပါးကတော့ တရားအားမထုတ်မီ ရှေးအဖို့ကတည်းက ပြည့်စုံလာခဲ့တယ်။ ဝိပဿနာရှုဆဲမှာလဲ ပျက်မသွားဘူး၊ သီလစင်ကြယ်မြဲ စင်ကြယ်နေတယ်၊ သာပြီးတော့တောင် စင်ကြယ်သေးတယ်လို့ ဆိုဖွယ်ရှိပါတယ်။
ဒါကြောင့် အဲဒီသီလမဂ္ဂင်သုံးပါးနဲ့တကွဆိုရင် ရှုမှတ်တိုင်း ရှုမှတ်တိုင်း ဝိပဿနာမဂ္ဂင်ရှစ်ပါးကို ဖြစ်ပွားစေပါတယ်။
အဲဒီလို ဝိပဿနာ မဂ္ဂင်တွေကို ဖြစ်ပွားစေရာမှာ ကမ္မဿကတာသမ္မာဒိဋ္ဌိ, သီလသမ္မာဒိဋ္ဌိဆိုတဲ့ အခြေခံမူလမဂ္ဂင်တွေနှင့် ရှေးဦးစွာ ပြည့်စုံလိုပါတယ်။
ကံ-ကံ၏ အကျိုးကို ယုံကြည်သိမြင်တဲ့ အယူမှန်ရှိတဲ့သူမှ ဝိပဿနာအလုပ်ကို အားထုတ်နိုင်တယ်၊ ဒွါရ ၆-ပါးက ထင်ရှားပေါ်လာသမျှကို ရှုမှတ်နေရင် ဝိပဿနာဉာဏ်ဖြစ်ပြီး မဂ်ဖိုလ်နိဗ္ဗာန်ကို ရနိုင်တယ်လို့ ယုံကြည်သိမြင်ပါမှ ဝိပဿနာအလုပ်ကို အားထုတ်နိုင်ပါမယ်။
သီလကလဲ စင်ကြယ်ပါမှ, အောက်ထစ်ဆုံးအားဖြင့် ဥပစာရ သမာဓိနှင့် အလားတူတဲ့ ဝိပဿနာခဏိက သမာဓိလဲဖြစ်ပါမှ ဝိပဿနာဉာဏ်နှင့်တကွ အခြားဝိပဿနာမဂ္ဂင်တွေဖြစ်နိုင်တယ်။
ဒါကြောင့် ကမ္မဿကထာသမ္မာဒိဋ္ဌိရယ်, သီလမဂ္ဂင်သုံးပါးရယ်, သမာဓိရယ် ဒီသုံးမျိုးကို ဝိပဿနာ၏ အခြေခံမူလမဂ္ဂင်လို့ ခေါ်ပါတယ်။
ရှုမှတ်ခိုက် ရှုမှတ်ခိုက် ဖြစ်ပေါ်နေတဲ့ ဝိပဿနာမဂ္ဂင်တွေက အားပြည့်တဲ့အခါ အရိယမဂ္ဂင်ဖြစ်ပေါ်ပြီး နိဗ္ဗာန်ကို မျက်မှောက်သိမြင်တယ်၊ ဒါကြောင့် အဲဒီဝိပဿနာမဂ္ဂင်တွေကိုတော့ ပုဗ္ဗဘာဂမဂ္ဂင်လို့ ခေါ်ပါတယ်၊ အရိယမဂ်၏ ရှေးအဖို့ မဂ္ဂင်, ရှေ့သွားမဂ္ဂင်လို့ ဆိုလိုပါတယ်၊ အဲဒါတွေဟာ အစဉ်အတိုင်း ပွားစေအပ်တဲ့ မဂ္ဂင်တွေပါပဲ။
ကမ္မဿကတာဉာဏ်ဆိုတဲ့ ကမ္မဿကတာ သမ္မာဒိဋ္ဌိရယ်, သမ္မာဝါစာ, သမ္မာကမန္တ, သမ္မာအာဇီဝဆိုတဲ့ သီလမဂ္ဂင်သုံးပါးရယ်, ဈာန်သမာဓိ၊ သို့မဟုတ် ဥပစာရသမာဓိ၊ သို့မဟုတ် ဥပစာရသမာဓိနှင့် တူညီသော ဝိပဿနာ ခဏိကသမာဓိရယ် ဒီသုံးမျိုးက ဝိပဿနာ၏ အခြေခံဖြစ်တဲ့အတွက် အဲဒါတွေကို မူလမဂ္ဂင်လို့ ဆိုရတယ်၊ အဲဒီသုံးမျိုးထဲမှာ ဝိပဿနာ ခဏိက သမာဓိကတော့ ဝိပဿနာ ရှုနေရင်းပဲ ပြည့်စုံလာပါတယ်။
ဒါပေမယ့် အဲဒီ ဝိပဿနာသမာဓိ ကောင်းကောင်း အားမရှိသေးရင် ရုပ်နာမ်တို့၏ သဘောကိုသိတဲ့ နာမရူပပရိစ္ဆေဒဉာဏ်တောင် ကောင်းကောင်းမဖြစ်သေးပါဘူး။
အဲဒီ ဝိပဿနာ သမာဓိအားရှိလာပြီး နီဝရဏတွေ ကင်းတဲ့အခါကျမှ နာမရူပပရိစ္ဆေဒဉာဏ်မှစပြီး ဝိပဿနာဉာဏ်တွေ ကောင်းကောင်းဖြစ်ပါတယ်။
ဒါကြောင့် ဒီခဏိကဝိပဿနာ သမာဓိကိုလဲ ဝိပဿနာက မရှုတဲ့ပုဂ္ဂိုလ်အတွက် ရှေးဦးစွာ ပြည့်စုံဖို့ အရေးကြီးပါတယ်။
ကမ္မဿကတာ သမ္မာဒိဋ္ဌိနဲ့ သီလမဂ္ဂင် ဥပစာရ သမာဓိ ဈာန်သမာဓိ ဆိုတာကတော့ ဝိပဿနာ မရှုခင်ကတည်းက ပြည့်စုံစေတဲ့ အခြေခံ မဂ္ဂင်တွေပါပဲ။
ဒါပေမယ့် ဝိပဿနာက စပြီးရှုတဲ့ ဝိပဿနာယာနိက ပုဂ္ဂိုလ်မှာတော့ ဥပစာရသမာဓိနဲ့ ဈာန်သမာဓိကို မထူထောင်တော့ဘဲ မြင်မှု ကြားမှုစသော ဥပါဒါနက္ခန္ဓာ ငါးပါးကပဲ စပြီး ရှုနိုင်ပါတယ်၊ ဒါကြောင့် မူလ ပဏ္ဏာသဓမ္မဒါယဒသုတ်အဋ္ဌကထာ မှာ သမထယာနိကရှုပုံ နှင့် ဝိပဿနာယာနိကရှုပုံကို ဒီလို ပြဆိုထားပါတယ်။
ဣဓ - ဤသာသနာတော်၌၊ ဧကစ္စော - အချို့ ယောဂီသည်၊ ဥပစာရသမာဓိ ံ ဝါ - ဥပစာရ သမာဓိသော်လည်းကကောင်း၊ အပ္ပနာ သမာဓိ ံ ဝါ- ဈာန် အပ္ပနာ သမာဓိကို သော်လည်းကောင်း၊ ပထမံ-ဝိပဿနာမရှုမီ ရှေးဦးစွာ၊ ဥပ္ပါဒေတိ-ဖြစ်စေ၏။ အယံ-ဤ ၂-ပါးသော သမာဓိသည်၊ သမထော-သမထပေတည်း၊ သော-သမာဓိကို ဖြစ်စေပြီးသော ထိုယောဂီသည်၊ တဉ္စ-ထိုသမာဓိကိုလည်းကောင်း၊ တံသမ္ပယုတ္ထေ စ ဓမ္မေ- ထို သမာဓိနှင့်ယှဉ်သော တရားတို့ကိုလည်းကောင်း၊ အနိစ္စာဒီဟိ-အနိစ္စ အစရှိသော အခြင်းအရာတို့ဖြင့် ဝိပဿတိ-ရှု၏၊ အယံ-ဤရှုသိခြင်းသည်၊ ဝိပဿနာ-ဝိပဿနာပေတည်း-တဲ့။
ဝိပဿနာယာနိက၏ ရှုပုံကိုတော့ -
ဣဓ-ဤသာသနာတော်၌၊ ဧကစ္စော ပန-အချို့ ယောဂီသည်ကား၊ ဝုတ္တပကာရံ-ဆိုခဲ့သော အပြားရှိသော၊ သမထံ-ဥပစာရသမာဓိနှင့် ဈာန်သမာဓိဟူသော သမထကို၊ အနုပ္ပါဒေတွာစ-မဖြစ်စေမူ၍ သာလျှင်၊ ပဉ္စုပါဒါနက္ခန္နေ-ငါးပါးသော ဥပါဒါနက္ခန္ဓာတို့ကို၊ အနိစ္စာဒီဟိ-အနိစ္စ အစရှိသော အခြင်းအရာတို့ဖြင့်၊ ဝိပဿတိ-ရှု၏၊ အယံ-ဤရှုခြင်းသည်၊ ဝိပဿနာ-ဝိပဿနာ ပေတည်းလို့ ပြဆိုထားပါတယ်။
ဒီမှာလဲ ဥပစာရသမာဓိ ဈာန်အပ္ပနာသမာဓိကို မဖြစ်စေတော့ဘဲ ဥပါဒါနက္ခန္ဓာငါးပါးကို အနိစ္စစသည်တို့ဖြင့် ရှုတယ် ဆိုပေမယ့် “ပထမ စပြီး ရှုကတည်းက အနိစ္စ စသည်ကို သိမြင်တယ်” လို့တော့ မယူရပါဘူး။
နီဝရဏကိလေသာ စိတ်ကူးတွေ မကင်းသေးရင် ရုပ်နာမ်တို့၏ သဘာဝလက္ခဏာတောင် ကောင်းကောင်း မသိနိုင်သေးပါဘူး။
နီဝရဏကိလေသာ စိတ်ကူးတွေကို ကင်းစေနိုင်တဲ့ ဝိပဿနာ ခဏိက သမာဓိ ကောင်းကောင်းဖြစ်ဖို့ လိုပါတယ်။
အဲဒီ ခဏိကသမာဓိနီဝရဏ ကိလေသာ စိတ်ကူးတွေ ကင်းပြီး စိတ္တဝိသုဒ္ဓိ ဖြစ်တယ်။ စိတ္တဝိသုဒ္ဓိဖြစ်တဲ့ အခါကျမှ ရုပ်နာမ်တို့၏ သဘာဝလက္ခဏာကို ကောင်းကောင်းသိပြီး နာမရူပပရိစ္ဆေဒဉာဏ် ဖြစ်တယ်။ အဲဒီကနောက် အကြောင်းအကျိုးကိုသိတဲ့ ပစ္စယပရိဂ္ဂဟဉာဏ် ဖြစ်ပြီးတော့ အနိစ္စ စသည်ကိုသိတဲ့ သမ္မသနဉာဏ် စသည်ဖြစ်တယ်။
အဲဒီလိုဖြစ်ပုံက ဝိသုဒ္ဓိမဂ်မှာ အကျယ်ပြထားပြီး ရှိနေတဲ့ အတွက် ဒီအဋ္ဌကထာမှာတော့ ဥပါဒါနက္ခန္ဓာငါးပါးကို အနိစ္စ စသည်တို့ဖြင့် ရှုတယ်လို့ အကျဉ်းချုပ် ပြထားတယ်လို့ မှတ်ရပါမယ်။ အဲဒီလို မယူဘဲနဲ့ စပြီးရှုကတည်းက အနိစ္စ စသည်ကို သိမြင်တဲ့ ဉာဏ်ဖြစ်တယ်လို့ ယူရင် ဝိသုဒ္ဓိမဂ်နဲ့ ဆန့်ကျင်ပါတယ်။ ဝိသုဒ္ဓိ ၇-ပါး ဖြစ်စဉ်နဲ့လဲ ဆန့်ကျင်တယ်။ ဆန့်ကျင်ရင် အစစ်အမှန် မဟုတ်တော့ဘူး ပေါ့။
ယခုပြောခဲ့တဲ့အတိုင်း သမာဓိ သုံးပါးထဲက တစ်ပါးဟာဖြင့် စိတ္တဝိသုဒ္ဓိဖြစ်ပြီးသည့်နောက်မှာ မြင်မှု, ကြားမှုစသော ဖြစ်ပေါ်ခိုက် ဥပါဒါနက္ခန္ဓာတို့ကို ရှုမှတ်ပြီး သဘာဝလက္ခဏာကို သိသိသွားတာပဲ၊ ပုဗ္ဗဘာဂ ဝိပဿနာမဂ်ပဲ၊ ရုပ်နာမ်ကို ပိုင်းခြားခွဲခြမ်းပြီး သိတာလဲ ဝိပဿနာမဂ်ပဲ အကြောင်းနှင့် အကျိုး ပိုင်းခြားပြီးသိတာလဲ ဝိပဿနာမဂ်ပဲ၊ အသစ်အသစ် ဖြစ်ဖြစ်ပြီး ပျောက်ပျောက် သွားတာကို တွေ့ရလို့ “အနိစ္စမမြဲပဲ၊ ဒုက္ခ-ဆင်းရဲမှုချည်းပဲ၊ အနတ္တ-အစိုးမရတဲ့ သဘောတရားမျှပဲလို့ သိသိသွားတာလဲ ပုဗ္ဗဘာဂ ဝိပဿနာမဂ်ပဲ၊ အဲဒီလို အနိစ္စစသည်ဖြင့် သိတဲ့ပုဗ္ဗဘာဂ ဝိပဿနာမဂ်က သုံးသပ်ဆင်ခြင်တဲ့ သမ္မသနဉာဏ်မှ အနုလောမဉာဏ်အထိ ဆယ်ဆင့်ရှိပါတယ်။
အနုလောမဉာဏ်ဆိုတဲ့ ဝိပဿနာမဂ်ဖြစ်ပြီးတဲ့နောက်မှာ ရုပ်နာမ်သင်္ခါရ လုံးဝ ဆိတ်သုဉ်း ကင်းငြိမ်းတဲ့ နိဗ္ဗာန်အာရုံဆီကိုညွတ်တဲ့ ဂေါတြဘူဉာဏ်ဖြစ်ပြီးတော့ အဲဒီ နိဗ္ဗာန်အာရုံထဲသို့ ပြေးဝင်သွားတဲ့ အရိယာမဂ်ဉာဏ်ဖြစ်တော့တာပဲ၊ ဒါကြောင့် မူလ, ပုဗ္ဗ၊ အရိယ၊ သုံးဝမဂ္ဂင်မြတ်၊ ဖြစ်ပွားစေလျှင် ဤမဂ္ဂင် ပြေးဝင်နိဗ္ဗာန်ဓာတ်” လို့ ဆိုထားတာပဲ။
အတိုချုပ် ဆိုလိုတာကတော့ မူလ မဂ္ဂင်ကို အခြေခံပြီး ပုဗ္ဗဘာဂ ဝိပဿနာမဂ္ဂင်ဖြစ်ပွားစေလို့ ရှိရင် အရိယာမဂ္ဂင်ဖြင့် နိဗ္ဗာန်အငြိမ်းဓာတ်ထဲ ဝင်ရောက်သွားတယ်လို့ ဆိုလိုတာပါပဲ။
အဲဒီတော့ နိဗ္ဗာန်ကို အရိယာမဂ်ဖြင့် မျက်မှောက်ပြုလိုလျှင် ပုဗ္ဗဘာဂမဂ်-ရှေးအဖို့မဂ်-ရှေ့သွားမဂ်ဆိုတဲ့ ဝိပဿနာမဂ္ဂင် ရှစ်ပါးကို ပွားစေရပါမယ်။
ဒုက္ခေဉာဏ်ဆိုတဲ့ ဒေသနာတော်နှင့်အညီ ဒုက္ခသစ္စာမည်တဲ့ ဥပါဒါနက္ခန္ဓာငါးပါးကို ရှုသိပြီး ပွားစေရမယ်၊ ဒုက္ခသစ္စာ ဆိုတာ ပိုင်းခြားသိအပ်တဲ့ ပရိညေယျ တရား။
ဒုက္ခသစ္စာကိုရှုပြီး ပိုင်းခြားသိရင် သမုဒယကို ပယ်ခြင်းကိစ္စလဲ ပြီးတယ်။ပယ်သောအားဖြင့် သိတဲ့ ပဟာနပဋိဝေဓ ကိစ္စပြီးစီးသွားတာပါ။
မဂ္ဂသစ္စာကို ပွားစေခြင်းကိစ္စလဲပြီးတယ်၊ မဂ္ဂသစ္စာဆိုတာ မိမိသန္တာန်မှာ ဖြစ်ပွားစေရပါတယ်။
ရှုသိတိုင်း ရှုသိတိုင်း ဝိပဿနာမဂ္ဂင်တွေ ဖြစ်ပွားတယ်။ အဲဒါဟာ ဖြစ်ပွားစေသောအားဖြင့် သိတဲ့ ဘာဝနာပဋိဝေဓကိစ္စ ပြီးစီးသွားတာပါ။
အနိစ္စ စသည်ဖြင့် သိတိုင်း သိတိုင်း နိစ္စစသည်ဖြင့် စွဲလမ်းပြီးဖြစ်မည့် အဝိဇ္ဇာစသည် ကင်းတယ်၊ အဝိဇ္ဇာစသည်ကင်းတော့ သင်္ခါရစသည်တွေလဲ အကုန်ကင်းကင်းသွားတယ်၊ အဲဒီလို ရှုသိတဲ့အာရုံနဲ့စပ်ပြီး ကိလေသာကံဝိပါက်ခန္ဓာတွေ တဒင်္ဂအားဖြင့် ကင်းကင်းသွားတာဟာ တဒင်္ဂနိဗ္ဗာန်ကို ဝိပဿနာဖြင့် ဆိုက်ရောက်သွားတာပါပဲ။
ဒါကြောင့် မျက်မှောက်ဆိုက်ပြီးသိတဲ့ သစ္ဆိကိရိယာပဋိဝေဓ ကိစ္စလဲပြီးသွားတယ်။
အဲဒီလို (ပရိညာ ပဟာန ဘာဝနာ သစ္ဆိကိရိယာဆိုတဲ့) ကိစ္စလေးပါးလုံး ပြီးစီးသွားအောင် ဒုက္ခသစ္စာမည်တဲ့ ဥပါဒါနက္ခန္ဓာ ငါးပါးကို ရှုမှတ်ပြီး သိရပါတယ်။
မှတ်ချက်။ ။ မဟာစည်ဆရာတော်ဘုရားကြီး၏ ရှစ်ဖြာမဂ္ဂင်နိဗ္ဗာန်ဝင်ကို မှီငြမ်းပါသည်။
ဝိပဿနာကမ္မဋ္ဌာန်းပိုင်း
ဝိပဿနာအားထုတ်သော ပုဂ္ဂိုလ်သည် ဝိသုဒ္ဓိ ၇-ပါး အစဉ်အတိုင်း သွားရ၏။
သီလဝိသုဒ္ဓိဖြင့် သီလကို စင်ကြယ်စေရ၏။
စိတ္တဝိသုဒ္ဓိဖြင့် သမာဓိရအောင် အားထုတ်ရ၏။
ဒိဋ္ဌိဝိသုဒ္ဓိဖြင့် နာမ်ရုပ်တို့ကို ပိုင်းခြား သိရ၏။
ဤအဆင့်၌ ဝိပဿနာ၏ အခြေခံ ‘နာမရူပပရိစ္ဆေဒဉာဏ်’ ဖြစ်၏။ နာမ်ရုပ်ကွဲခြင်းသာ ဖြစ်ပြီး အနိစ္စ, ဒုက္ခ, အနတ္တ ရှုမြင်ခြင်း မရှိသေး၍ သင်္ဂြိုဟ်၌ ဤနာမရူပပရိစ္ဆေဒဉာဏ်ကို ဝိပဿနာဉာဏ်ထဲ ထည့်၍ မပြချေ။
ကင်္ခါဝိတရဏဝိသုဒ္ဓိ၌ နာမ်ရုပ်တို့၏ အကြောင်းရင်းကို ရှာဖွေ သိမြင်၏။
အကြောင်းကိုသိသော ဉာဏ်ပေါ်၏။ ထိုဉာဏ်ကို ‘ပစ္စယပရိဂ္ဂဟဉာဏ်’ဟု ခေါ်၏။ ဤဉာဏ်ကိုလည်း ဝိပဿနာဉာဏ်ထဲ ထည့်၍ မပြသေးပါ။
အကြောင်းကို ရှုမြင်ခြင်းသာ ရှိပြီး အနိစ္စ ဒုက္ခ အနတ္တ ရှုမြင်မှု မရှိသေးသောကြောင့် ဖြစ်၏။
ဤကဲ့သို့ အကြောင်းအကျိုး သိမြင်၍ နောက်က ရှိခဲ့သော ယုံမှား သံသယတို့သည် အခိုက်အတန့်အားဖြင့် ပျောက်၏။
ယုံမှား သံသယတို့ကို ပယ်သော စိတ်၏ စင်ကြယ်ခြင်း = ကင်္ခါဝိတရဏဝိသုဒ္ဓိ ဖြစ်၏။
ဝိပဿနာတရား အားထုတ်သူအတွက် ဤအဆင့်၌ နာမ်ရုပ်ကွဲ၊ အကြောင်းကို သိမ်းဆည်း ဆင်ခြင်၊ ခဏိကသမာဓိရသဖြင့် စူဠသောတာပန်=သောတာပန်အငယ်စားဟု ခေါ်ရ၏။
ဤအဆင့်မှ ဆက်ပြီး အားထုတ်သော် ခန္ဓာငါးပါး သင်္ခါရတရားတို့ကို အနိစ္စ ဒုက္ခ အနတ္တအားဖြင့် သုံးသပ်သော အစွမ်းဖြင့် ဖြစ်စေသောဉာဏ် = သမ္မသနဉာဏ် ဖြစ်ပေါ်၏။
သင်္ဂြိုဟ်၌ ဝိပဿနာဉာဏ်များကို ဤသမ္မသနဉာဏ်မှ စ၍ ပြဆို၏။
ဆက်ပြီး အားထုတ်သော် ဝိပဿနာဉာဏ် ၁၀-ပါး အဆင့်ဆင့် တိုးတက် ဖြစ်ပေါ်၏။
ဝိပဿနာဉာဏ် ၁၀-ပါး
၁။ သမ္မသနဉာဏ် = ခန္ဓာငါးပါး သင်္ခါရတရားတို့ကို အနိစ္စ ဒုက္ခ အနတ္တအားဖြင့် သုံးသပ်သောအစွမ်းဖြင့် ဖြစ်စေသောဉာဏ်။
၂။ ဥဒယဗ္ဗယဉာဏ် = ခန္ဓာငါးပါး သင်္ခါရတရားတို့၏ ဖြစ်ခြင်းပျက်ခြင်း ၂-ပါးကို အဖန်တလဲလဲ ရှုသောအစွမ်းဖြင့် ဖြစ်စေသောဉာဏ်။
၃။ ဘင်္ဂဉာဏ် = ခန္ဓာငါးပါး သင်္ခါရတရားတို့၏ ပျက်ခြင်းတစ်ပါးကိုသာ အဖန်တလဲလဲ ရှုသောဉာဏ်။
၄။ ဘယဉာဏ် = ပျက်ခြင်း၏ အစွမ်းဖြင့်ဖြစ်သော ခန္ဓာငါးပါး သင်္ခါရတရားတို့ကို အလွန်ကြောက်လန့်ဖွယ် ဘေးကြီးဟု အဖန်တလဲလဲ ရှုသောအစွမ်းဖြင့် ဖြစ်သောဉာဏ်။
၅။ အာဒီနဝဉာဏ် = ဘေးကြီးဟု မြင်အပ်ပြီး ထင်အပ်ပြီးသော ခန္ဓာငါးပါး သင်္ခါရတရားတို့ကို အပြစ်အားဖြင့် ရှုသောဉာဏ်။
၆။ နိဗ္ဗိဒါဉာဏ် = အပြစ်ဟု မြင်အပ်ပြီး ထင်အပ်ပြီးသော ခန္ဓာငါးပါး သင်္ခါရတရားတို့၌ ငြီးငွေ့သောအစွမ်းဖြင့် ဖြစ်သောဉာဏ်။
၇။ မုဉ္စိတုကမျတာဉာဏ် = ငြီးငွေ့၍ ထိုခန္ဓာငါးပါး သင်္ခါရတရားတို့မှ လွတ်မြောက်ခြင်းငှာ အလိုရှိသည်၏ အစွမ်းဖြင့် ဖြစ်သောဉာဏ်။
၈။ ပဋိသင်္ခါဉာဏ် = သင်္ခါရတို့မှ လွတ်မြောက်ခြင်း၏ အကြောင်း၏ ပြည့်စုံစေခြင်းငှာ တဖန် ခန္ဓာငါးပါး သင်္ခါရတရားတို့ကို သိမ်းဆည်းခြင်းအစွမ်းဖြင့် ဖြစ်သောဉာဏ်။
၉။ သင်္ခါရုပေက္ခာဉာဏ် = ခန္ဓာငါးပါး သင်္ခါရတရားတို့၌ ကြောက်ခြင်း နှစ်သက်ခြင်းမှ ကင်းသည်၏အစွမ်းဖြင့် လျစ်လျူရှု၍ ဖြစ်သောဉာဏ်။
၁၀။ အနုလောမဉာဏ် = အနိစ္စ အစရှိသော လက္ခဏာကို ရှုသည်၏ အဖြစ်ဖြင့် အောက်၌ဖြစ်သော ဝိပဿနာဉာဏ် ၉-ပါးတို့အားလည်းကောင်း၊ အထက်၌ ၃၇-ပါးသော ဗောဓိပက္ခိယတရားတို့နှင့် လျော်သော (ဝါ) မဂ်ဖြစ်ခြင်းငှာ လျော်သောဉာဏ်။
+++++
သမ္မသနဉာဏ် ရင့်သန်ပြီးနောက် တိုးတက်အားထုတ်သည့်အခါ ဥဒယဗ္ဗယဉာဏ် ဖြစ်ပေါ်လာ၏။
ဥဒယဗ္ဗယဉာဏ် ရင့်သန်သောအခါ ဝိပဿနာ၏ ဘေးရန် ‘ဝိပဿနုပတ္တိလေသ’ ၁၀-ပါး ဖြစ်ပေါ်လာတတ်၏။
ဝိပဿနုပတ္တိလေသ ၁၀-ပါး
၁။ ဩဘာသ = ရုပ်နာမ်တို့၏ အဖြစ်အပျက်ကို ရှင်းလင်းစွာ သိမြင်သောအခါ လွန်စွာ စိတ်ကြည်လင်ရကား ကိုယ်မှ အရောင်အလင်းတို့သည် ထွက်ဖြာကုန်၏။
၂။ ပီတိ = ဩဘာသ,သာမကသေး ခုဒ္ဒကာပီတိစသော ၅-ပါးသော ပီတိမျိုးလည်း ဖြစ်ပေါ်၍ နှစ်သက်၏။
၃။ ပဿဒ္ဓိ = ကိုယ်စိတ်နှစ်ပါးလုံး အေးမြငြိမ်းချမ်းသဖြင့် ကာယပဿဒ္ဓိ စိတ္တပဿဒ္ဓိ ဖြစ်၏။
၄။ အဓိမောက္ခ = ကမ္မဋ္ဌာန်းအာရုံ၌ သက်ဝင်ဆုံးဖြတ်သော သဒ္ဓါတရားလည်း ဖြစ်ပေါ်၏။
၅။ ပဂ္ဂဟ = ဝိပဿနာစိတ်ကို နောက်မဆုတ်ရအောင် အားပေး ချီးမြှောက်ထောက်ပံ့တတ်သော ဝီရိယလည်း ဖြစ်ပေါ်၏။
၆။ သုခ = တစ်ကိုယ်လုံး၌ စိတ္တဇရုပ်များကို ပျံ့နှံ့ထုံမွှမ်းစေတတ်သော သုခဝေဒနာလည်း ဖြစ်၏။
၇။ ဉာဏ = သွက်လက်လျင်မြန် အမြင်သန်သော ဝိပဿနာဉာဏ်လည်း ဖြစ်ပေါ်၏။
၈။ ဥပဋ္ဌာန = မြင့်မိုရ်တောင်ပမာ ကမ္မဋ္ဌာန်းအာရုံ၌ လွန်စွာ တည်တံ့သော သတိလည်း ဖြစ်၏။
၉။ ဥပေက္ခာ = အဖြစ်အပျက်ကို ရှုရန် ဗျာပါရ မပြုရတော့ဘဲ အသင့်အားဖြင့် ရှုနိုင်သော ဝိပဿနာဉာဏ်နှင့် ယှဉ်သော တတြမဇ္ဈတ္တုပေက္ခာမည်သော ဝိပဿနုပေက္ခာ၊ ထိုဖြစ်ပျက်မှုကို ဆင်ခြင်လိုသည့်အခါ ဆင်ခြင်နိုင်သော အာဝဇ္ဇနုပေက္ခာဟူသော ဥပေက္ခာ ၂-မျိုးလည်း ဖြစ်၏။
၁၀။ နိကန္တိ = ဩဘာသစသည်တို့ဖြင့်ဖြစ်သော ဝိပဿနာကို သာယာ နှစ်သက်နေတတ်သော တဏှာလည်း ဖြစ်၏။
ထို ဆိုခဲ့ပြီးသော ဩဘာသ၊ ပီတိ စသည်တို့ ဖြစ်ပေါ်လာသောအခါ ထိုအရောင်အဝါ စသည်တို့ကို သာယာသော တဏှာနိကန္တိအတွက် ငါမဂ်ရပြီဟု အထင်မှားနေတတ်၏။
ထိုသို့ အထင်မှားခြင်းကို ဤကား မဂ်မဟုတ်သေးဟူ၍ ပိုင်းခြား ဆုံးဖြတ်နိုင်သော သဘောသည် မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ မည်၏။
+++++
(၆) ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ
ဝိပဿနုပတ္တိလေသတို့မှ လွတ်ပြီးသော ယောဂီသည် ဥဒယဗ္ဗယဉာဏ်မှ စ၍ အနုလောမဉာဏ်တိုင်အောင် ဝိပဿနာဉာဏ် ၉-ပါးကို အစဉ်အတိုင်း တဖန် ထူထောင်၍ လက္ခဏာယာဉ် ၃-ပါးကို ပွားများ အားထုတ်ပြန်ရာ ထိုဉာဏ် ၉-ပါးကို ပိုင်သော ယောဂီပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ် ၉-ပါးသည် သိတတ် မြင်တတ်သောကြောင့် ဉာဏဒဿန မည်၏။
ထိုဉာဏဒဿနမည်သော ဝိပဿနာဉာဏ် ၉-ပါးသည်ပင် နိဗ္ဗာန်သို့ ရောက်စေတတ်သော အကျင့်မြတ်ဖြစ်သောကြောင့် ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ မည်၏။
(၇) ဉာဏဒဿနဝိသုဒ္ဓိ
ဝုဋ္ဌာနဂါမိနီ ဝိပဿနာဉာဏ်ဆိုသည်မှာ ဝိပဿနာ၏ အထွတ်အထိပ်သို့ ရောက်သော အနုလောမဉာဏ်နှင့်တကွ သင်္ခါရုပေက္ခာဉာဏ်ကို အပါယ်စသည်မှလည်းကောင်း, သင်္ခါရနိမိတ်မှ လည်းကောင်း ထွက်မြောက်၍ မဂ်သို့ရောက်ကြောင်း ဖြစ်သောကြောင့် ဝုဋ္ဌာနဂါမိနီဝိပဿနာဟု ခေါ်၏။
သင်္ခါရုပေက္ခာဉာဏ်, အနုလောမဉာဏ်ဟု ဆိုအပ်သော ဝုဋ္ဌာနဂါမိနီဝိပဿနာဉာဏ် ထက်သန်လာသော အခါ သစ္ဆိကရဏကိစ္စဖြင့် နိဗ္ဗာန်ကို ကိုယ်တိုင် ပေါက်ရောက်၍ မဂ်ဉာဏ်ဖြစ်ပေါ်လာသည်။ ထိုမဂ်ဉာဏ် သည် ဉာဏဒဿနဝိသုဒ္ဓိ မည်၏။
+++++
မဂ္ဂဝီထိ ပုံစံ
ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ မနောဒွါရာဝဇ္ဇန်း၊ ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူ၊ မဂ်၊ ဖိုလ်၊ ဖိုလ်၊ ဘဝင်
မဂ်ရခါနီးအခါ ဝိပဿနာဉာဏ်သည် သွက်သွက်လက်လက် ဖြစ်လာ၏။ သင်္ခါရတရားက ထတော့မည့် အချိန်ဖြစ်၍ အားကောင်းလာ၏။ သင်္ခါရုပေက္ခာဉာဏ်အပါအဝင် ဤအခိုက်အတန့်ကို ‘ဝုဋ္ဌာနဂါမိနီ ဝိပဿနာဉာဏ်’ ဟု ခေါ်၏။
မဂ္ဂဝီထိတွင်ပါသော ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူတို့မှာ ဉာဏသမ္ပယုတ်ကာမာဝစရကုသိုလ်ဇော တစ်ကြိမ်စီ ဖြစ်၏။
ပရိကံ၊ ဥပစာ၊ အနုလုံ ဤသုံးခုကို အနုလောမဉာဏ်ဟု ခေါ်၏။ သင်္ခါရုပေက္ခာဉာဏ် ရင့်သန်ပြီး မဂ်ရခါနီး ပေါ်သောဉာဏ် ဖြစ်၏။
ဂေါတြဘူမှာ ဝိပဿနာလမ်းကြောင်းတွင် ကျရောက်နေသော်လည်း မည်သည့် ဝိသုဒ္ဓိထဲမှာမှ မပါဝင်။
ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိထဲလည်း မပါ၊ ဉာဏဒဿနဝိသုဒ္ဓိထဲလည်း မပါဝင်။
အမှန်မှာ ဂေါတြဘူသည် ဝိပဿနာလမ်းကြောင်းထဲ ကျနေသဖြင့် ဝိပဿနာဟု ခေါ်ရသော်လည်း တကယ့် ဝိပဿနာအစစ် မဟုတ်ပေ။
ဝိပဿနာသည် သင်္ခါရတရား ရုပ်နာမ်တရားကို အာရုံပြု၏။
ဂေါတြဘူက နိဗ္ဗာန်ကို အာရုံပြု၏။ ကာမာဝစရစိတ်ထဲ၌ နိဗ္ဗာန်ကို တိုက်ရိုက် အာရုံပြုသည်မှာ ဤတစ်ခု (ဂေါတြဘူ)သာ ရှိ၏။
အနုလောမဉာဏ် ဖြစ်ပြီးနောက် ဂေါတြဘူဉာဏ် (ပုထုဇဉ်အနွယ်ကို ဖြတ်တောက်၍ အရိယာအနွယ်သို့ ရောက်စေသောဉာဏ်) ပေါ်၏။
ဂေါတြဘူနောက် ဆက်ပြီး မဂ်စိတ်ပေါ်၏။ မဂ်ဉာဏ်ဖြစ်၏။ မဂ်စိတ်သည် နိဗ္ဗာန်ကို အာရုံပြု၏။
ဤမဂ်စိတ်ကို ဉာဏဒဿနဝိသုဒ္ဓိဟု ခေါ်၏။
မဂ်စိတ်နောက် ဖိုလ် ၂-ကြိမ် ၃-ကြိမ် ဖြစ်၏။ ဖိုလ်က မည်သည့်ဝိသုဒ္ဓိထဲမှ မပါ။
မဂ်ဖိုလ်ဖြစ်ပြီးနောက် ဘဝင်ကျသွားကာ ပစ္စဝေက္ခဏာဉာဏ် ပေါ်၏။ ပစ္စဝေက္ခဏာဉာဏ်မှာ မဂ်ကို ဆင်ခြင်သောဉာဏ်၊ ဖိုလ်ကို ဆင်ခြင်သောဉာဏ်၊ နိဗ္ဗာန်ကို ဆင်ခြင်သောဉာဏ် ဖြစ်၏။
မဂ်ကို ဆင်ခြင်သော ပစ္စဝေက္ခဏာ၊ ဖိုလ်ကို ဆင်ခြင်သော ပစ္စဝေက္ခဏာ၊ နိဗ္ဗာန်ကို ဆင်ခြင်သော ပစ္စဝေက္ခဏာ၊ ပယ်အပ်ပြီးသော ကိလေသာကို ဆင်ခြင်သော ပစ္စဝေက္ခဏာ၊ ကျန်သေးသော ကိလေသာကို ဆင်ခြင်သော ပစ္စဝေက္ခဏာ - ပစ္စဝေက္ခဏာ ၅-မျိုး ထိုက်သင့်သလို ဖြစ်၏။
မဂ်ကိစ္စ ၄-ချက်
မဂ်ဖြစ်သောအခါ မဂ်ကိစ္စ ၄-ချက်ကို တပြိုင်နက် ပြုပြီး ဖြစ်၏။
မဂ်ကိစ္စ ၄-ချက်မှာ ဆီမီးနှင့် တူ၏။
ဆီမီးသည် “မီးစာကိုလောင်၊ အမှောင်ပယ်ရှင်း၊ အလင်းရောင်စွမ်း၊ ဆီခန်းစေမှု” ကိစ္စ ၄-ခုကို တပြိုင်တည်း ပြုသကဲ့သို့၊
မဂ်သည် (၁) ဒုက္ခသစ္စာကို ပိုင်းပိုင်းခြားခြား သိခြင်း၊ (၂) သမုဒယသစ္စာကို ပယ်ခြင်း၊ (၃) နိရောဓသစ္စာ(နိဗ္ဗာန်)ကို မျက်မှောက်ပြုခြင်း၊ (၄) မဂ္ဂသစ္စာကို ဖြစ်ပေါ်စေခြင်း ကိစ္စ ၄-ခုကို မဂ်အခိုက်အတန့်မှာ တပြိုင်နက် ပြီးစေ၏။
မဂ်စိတ်ဖြစ်သောအခါ မဂ်ဉာဏ်က ကိလေသာများကို နောက်ထပ် ပြန်မပေါ်အောင် ပယ်၏။
ဖိုလ်စိတ်ဖြစ်သောအခါ ဖိုလ်က တဖန်ငြိမ်းစေသောအားဖြင့် ကိလေသာကို ပယ်သတ်၏။
ဤနည်းဖြင့် ပထမမဂ်, ဒုတိယမဂ်, တတိယမဂ်, စတုတ္ထမဂ် အဆင့်ဆင့်၊ ဆိုင်ရာကိလေသာတို့ကို နောင်ဘယ်တော့မှ မပေါ်အောင် အပြီးတိုင် ပယ်သတ်လေတော့၏။
ဒေါက်တာအရှင်သီလာနန္ဒဘိဝံသ
ဝိပဿနာရှုခြင်း၏အကျိုးနှင့် အကျင့်လမ်းကိုဆင်ခြင်ခြင်း
ဝိပဿနာတရားကို ရှုမှတ်ပွားများလိုသူပုဂ္ဂိုလ်အတွက် အားထုတ်ဖို့ လုပ်ငန်းကတော့ မြင်တိုင်း မြင်တိုင်း မြင်ခိုက်မှာ ထင်ရှားရှိတဲ့ တရားကလေးတွေကို ရှုရုံမှတ်ရုံပါပဲ။
မြင်တိုင်း မြင်တိုင်း မြင်တယ် မြင်တယ်လို့ ရှုမှတ် ရမယ်၊ (ရှုတယ် မှတ်တယ်ဆိုတာ သေသေချာချာ သိအောင်လို့ အသိ်နဲ့ စူးစိုက်ပြီး နှလုံးသွင်းလိုက်တာကို ခေါ်တာပါပဲ)
ဒါကြောင့် မြင်ရင် မြင်တယ်လို့ ရှုမှတ်လိုက်ရင် တစ်ခါတစ်ရံမှာ မြင်ရတဲ့ အဆင်းကို ရှုမှတ်မိသွားတယ်၊ တစ်ခါတစ်ရံမှာ မြင်တဲ့စိတ်ကလေးကို ရှုမှတ်မိသွားတယ်၊ တစ်ခါတစ်ရံမှာ မြင်ရာဌာန မျက်စိရုပ်ကလေးကို ရှုမှတ်ပြီးတော့ ဒီကနေပြီး မြင်သွားတာပါကလားလို့ သိသွားတယ်၊ ဘယ်ဟာပဲ မှတ်မိသည်ဖြစ်စေ တစ်ခုခုမှတ်မိလို့ တစ်ခုခုသိလာရင် ပြီးတာပဲ။
တစ်ခုခုမသိဘူး ဆိုရင်တော့ အဲဒီမြင်မှုကို အကြောင်း ပုဂ္ဂိုလ် သတ္တဝါ ငါကောင်လို့ ထင်မှတ်စွဲလမ်းတဲ့ သက္ကာယဒိဋ္ဌိဖြစ်လာမှာ၊ နိစ္စ သုခ အတ္တ ကိလေသာ အစွဲတွေ ဖြစ်လာမှာ၊ ဒီလို ကိလေသာ အစွဲက ကံတွေဖြစ်၊ ကံကအကျိုးပေးတော့ ဘဝသစ်တွေဖြစ်ခဲ့၊ ဒီနည်းဖြင့် ပဋိစ္စသမုပ္ပာဒ် စက်လည်ပြီးတော့ သံသရာဝဋ်ဆင်းရဲတွေ မပြတ်ဖြစ်နေတာ။
ဒါကြောင့် ဒီလို သံသရာဝဋ်ဆင်းရဲတွေ တစ်ဝဲလည်လည်ဖြစ်ပြီး မနေရအောင်ဟာ မြင်တိုင်း မြင်တိုင်း မြင်တယ် မြင်တယ်လို့ ရှုရ မှတ်ရမယ်။
ကြားခိုက်စသည်မှာလည်း အတူတူပဲ၊ ရုပ်နဲ့နာမ်ပဲရှိတယ်၊ ကြားတယ်ဆိုတာ နားရုပ်ကိုမှီပြီးတော့ ကြားသိမှုကလေး ဖြစ်သွားတာပဲ၊ နားကလည်းရုပ်၊ ကြားတာက လည်း ရုပ်၊ ကြားသိသွားတာကတော့နာမ်၊ ဒီရုပ်နာမ် နှစ်ပါးပဲရှိတယ်၊ အဲဒါကို လည်း သိအောင် ကြားတိုင်း ကြားတယ် ကြားတယ်လို့ မှတ်ရမယ်။ နှာခေါင်းအနံ့ကို နံတိုင်းလည်း နံတယ် နံတယ် လို့ မှတ်ရမယ်။ လျှာက အရသာကို စားသိတိုင်း သိတယ် သိတယ်လို့ မှတ်ရမယ်။
ကိုယ်ကတွေ့ထိတိုင်းလည်း အဲဒီ တွေ့ထိတာကလေးတွေကို လိုက်ပြီးမှတ်ရမယ်၊ တစ်ကိုယ်လုံးမှာ အသွေးအသား စိုနေတဲ့ နေရာတိုင်း နေရာတိုင်းက အတွေ့အထိကို လက်ခံဖမ်းဆီးနိုင်တဲ့ ရုပ်တစ်မျိုးရှိတယ်၊ အဲဒါကို ကာယပသာဒ- ကိုယ် အကြည်ရုပ်လို့ ခေါ်တယ်၊ အကောင်းအဆိုး၊ အတွေ့အထိဟူသမျှဟာ အဲဒီ ကိုယ်အကြည် ရုပ်ပေါ်မှာချည်း တိုက်ခိုက်လာတယ်၊ ဒီလို တိုက်ခိုက်လာတဲ့ အကောင်းအဆိုး အတွေ့အထိတွေကို ကာယဝိညာဉ်ခေါ်တဲ့ စိတ်က တွေ့ထိပြီး သိသိသွားတယ်၊ ဒါကြောင့် တွေ့ထိခိုက်မှာ ကိုယ်အကြည်ကလည်းရုပ်၊ တွေ့ထိရတာတွေကလည်းရုပ်၊ ထိသိသွားတာကတော့နာမ်၊ ဒီရုပ်နာမ်နှစ်ပါး ပဲရှိတယ်၊ အဲဒါတွေကိုလည်းသိအောင် ထိတိုင်း ထိတိုင်း ထိတယ် ထိတယ်လို့မှတ်ရမယ်၊ ဒါက သာမန် အတွေ့အထိကို မှတ်ပုံပဲ။
ထူးတဲ့ အတွေ့အထိတွေကလည်း ရှိသေးတယ်၊ ဒုက္ခဝေဒနာတွေနဲ့ တွဲပြီးတော့ ညောင်းတယ် ပူတယ် နာတယ် ကျင်တယ် ကိုက်ခဲတယ် စသည်ဖြင့် အများကြီးပဲ။
အဲဒီ အတွေ့အထိတွေမှာတော့ ဝေဒနာတွေ ထင်ရှားနေလို့ ဝေဒနာကိုပဲ ခေါင်းတပ်ပြီးတော့ ညောင်းရင် ညောင်းတယ်၊ ညောင်းတယ်လို့ မှတ်ရမယ်၊ ပူရင်လည်း ပူတယ် ပူတယ်၊ နာရင်လည်း နာတယ်, နာတယ် စသည်ဖြင့် သူဖြစ်တဲ့အတိုင်းပဲမှတ်ရမယ်။
လက်ကလေး၊ ခြေကလေးတွေ ကွေးလိုက် ဆန့်လိုက်çလှုပ်ရှား ပြင်လိုက်လို့်လည်း လက်ထဲခြေထဲက အတွေ့ အထိတွေ ထင်ရှားဖြစ်သွားတာပဲ၊ ကွေးချင်, ဆန့်ချင်တဲ့စိတ်ကြောင့် ကွေးရုပ် ဆန့်ရုပ် လှုပ်ရှားရုပ်ကလေးတွေ အဆင့်ဆင့် ဖြစ်ပျက်နေတာ ဒါကလေးတွေကို ယခုတော့ မသိနိုင်သေးဘူး၊ တော်တော်ကြာမှ သိမှာ၊ ယခုပြောနေတာကတော့ သုတမယဖြစ်အောင်လို့ စောစောက ကြိုတင်ပြီးပြောနေတာ၊ အားလုံးလှုပ်ရှား ဉပပြင်မှုတွေဟာ ဒီစိတ်ကလေးတွေနဲ့ချည်းလုပ်နေတာပဲ၊ ကွေးမယ် ဆန့်မယ် လှုပ်မယ်ကြံတဲ့ စိတ်ကလေးတွေကြောင့် ဒီရုပ်ကလေးတွေက တစ်ဆင့် ချင်းတစ်ဆင့်ချင်း၊ တစ်ရွေ့ချင်း တစ်ရွေ့ချင်း ဖြစ်နေတယ်၊ ဖြစ်ပြီးတော့လည်း သူဖြစ်ရာမှာပဲ ပျောက်ပျက်ပြီးသွားတယ်၊ အဲဒါကလေးတွေကို တော်တော်ကြာတော့ ကိုယ်တိုင်ပဲ တွေ့သွား ပါလိမ့်မယ်။
ကွေးတဲ့ဆန့်တဲ့အခါ ကွေးမယ် ဆန့်မယ်ကြံတဲ့ စိတ်ကလေးတွေက စပြီး ဖြစ်လာတယ်၊ အဲဒီ စိတ်ကလေး တွေကြောင့် လက်ထဲခြေထဲမှာ ကွေးရုပ် ဆန့်ရုပ်ကလေးတွေ တောင့်တင်းရုပ် လှုပ်ရှားရုပ်ကလေးတွေ တစ်ဆင့်ချင်း တစ်ဆင့်ချင်း ဖြစ်လာတယ်၊ ဖြစ်တိုင်း ဖြစ်တိုင်းလဲ သူတို့က လက်ထဲခြေထဲမှာရှိတဲ့ ကာယပသာဒခေါ် ကိုယ်အကြည်ရုပ်နဲ့ တိုက်ခိုက်တွေ့ထိပြီးတော့ ဖြစ်လာတယ်၊ ဒီတော့ ကာယဝိညာဉ်ခေါ်တဲ့ စိတ်အသိကလေးက တိုက်ရာထိရာမှာ ထိထိသွားတယ်၊ ဒါကြောင့် လက်တွေ ခြေတွေ တောင့်တင်းတာ လှုပ်ရှားတာတွေ ထင်ရှားနေတယ်။
အဲဒီထင်ရှားတာတွေကို မရှုမိ မမှတ်မိလို့ရှိရင် ဘာဖြစ်သွားတုန်းဆိုတော့ကော ငါပဲ ငါကွေးတာနဲ့ ငါဆန့်တာပဲ ငါ့လက်ပဲ ငါ့ခြေပဲ စသည်ဖြင့် ပညတ်စွဲ ပုဂ္ဂိုလ်တွေ ရောက်သွားတယ်၊ အဲဒီလို ပညတ်အစွဲတွေ မရောက်အောင်လို့ ကွေးတိုင်းဆန့်တိုင်း လှုပ်ရှားတိုင်း ကွေးတယ် ဆန့်တယ် လှုပ်ရှားတယ် စသည်ဖြင့်ရှုမှတ် နေရတာပဲ။ ပြီးတော့ စိတ်ကူးကြံစည်တဲ့အခါမှာလည်း နှလုံးရုပ်ကို မှီပြီးတော့ စိတ်ကူးစဉ်းစားမှု ကြံသိမှုကလေးတွေ ဖြစ်လာတယ်၊ အကြမ်းအားဖြင့် ပြောရရင် ဒီရုပ်ကိုယ်ကြီးကို မှီပြီးတော့ဖြစ်နေတာပါပဲ၊ ဒါကြောင့် နှလုံးရုပ် ကိုယ်ရုပ်က ရုပ်တရား၊ စိတ်ကူးစဉ်းစားကြံသိနေတာက နာမ်တရား ဒီရုပ်နာမ် နှစ်ပါးပဲရှိတယ်၊ ဒီရုပ်နာမ်ကလေးတွေကိုလည်း သိအောင်လို့ စိတ်ကူးတိုင်း၊ စဉ်းစားတိုင်း ကြံစည်တိုင်း စိတ်ကူးတယ်၊ စဉ်းစားတယ် ကြံစည်တယ် စသည်ဖြင့် မှတ်ရမယ်။
ယခုပြောခဲ့တဲ့အတိုင်း ဖြစ်ခိုက် ရုပ်နာမ်ကလေးတွေကို ဖြစ်တိုင်း ဖြစ်တိုင်း လိုက်ပြီးတော့ မပြတ်ရှုမှတ်နေရင် တော်တော်ကြာတော့ သမာဓိတွေ ထူးထူးခြားခြား ကောင်းလာတာကို တွေ့ရလိမ့်မယ်။
စိတ်ကလေးဟာ ဘယ်မှမသွားတော့ပဲနဲ့ မှတ်ရာ မှတ်ရာ အာရုံကိုသာ စိုက်ကနဲ စိုက်ကနဲ ကပ်ကပ်ပြီး တည်နေတာကို တွေ့ရ လိမ့်မယ်၊ အဲဒီအခါမှာ အသိကလည်း ထူးထူးခြားခြား ဖြစ်လာလိမ့်မယ်၊ မှတ်တိုင်း မှတ်တိုင်း ရုပ်နဲ့နာမ်ကလေး နှစ်ခုရှိနေတာကို ကိုယ်တိုင်တွေ့ရမယ်၊ မှတ်သိတာ ကလေးရယ်၊ မှတ်သိရတဲ့ အာရုံကလေးရယ်၊ ဒါကလေး နှစ်ခုတည်း တွဲလျက်ဖြစ်နေတာကို ကိုယ်တိုင်တွေ့ရမယ်။
ဒီလို တွေ့ပြီးတဲ့နောက် ဆက်မှတ်နေရင် တော် တော်ကြာတော့ မြဲတည်နေတာရယ်လို့ကို မရှိတော့ဘူး၊ မှတ်တိုင်း မှတ်တိုင်း မမြဲတာချည်းပဲတွေ့ရတယ်။ အသစ်အသစ် ပေါ်လာလိုက် ဖြစ်ပေါ်လာတာကို ရှုမှတ်လိုက် အဲဒါက ပျောက်သွားလိုက် ပြီးတော့ နောက်တစ်ခုက ပေါ်လာလိုက်ç အဲဒါကိုရှုမှတ်လိုက် သူကလည်း ပျောက်သွားလိုက်နဲ့ ဒီလို ပေါ်ချည် ပျောက်ချည် တရား ချည်းပဲတွေ့ရတယ်၊ မြဲတည်နေတာရယ်လို့ မရှိတော့ဘူး၊ ဒီတော့ မှတ်တိုင်း မှတ်တိုင်းပေါ်လာပြီး ပျောက်ပျောက်သွားလို့ မမြဲတာချည်းပဲလို့ ဒီလို သဘောကျလာမယ်၊ အဲဒါဟာ အနိစ္စာနုပဿနတဲ့။
ပြီးတော့ ဖြစ်ချည် ပျက်ချည် ဆင်းရဲလို့ ဒီလိုလည်း သဘောကျလာမယ်၊ ဒါကတော့ ဒုက္ခာနုပဿနာပဲ၊ ပြီးတော့ ကိုယ်ထဲမှာ ညောင်းလိုက် ပူလိုက် နာကျင် ကိုက်ခဲ လိုက်နဲ့ မခံသာတဲ့ ဒုက္ခဝေဒနာတွေကိုလည်း အများကြီးပဲ တွေ့ရတယ်၊ အဲဒါတွေကို ရှုရတော့ တစ်ကိုယ်လုံးဟာ ဆင်းရဲ အစုအဝေးကြီးလိုဖြစ်ပြီးတော့ ထင်လာမယ်၊ ဒါလဲ ဒုက္ခာနုပဿနာပဲ။
ပြီးတော့ မှတ်တိုင်း မှတ်တိုင်း ရုပ်နာမ်တရားတွေကို ကိုယ့်အလိုအတိုင်း မဖြစ်ပဲ သူဖြစ်ချင်သလို ဖြစ်နေတာကိုသာ တွေ့ရတယ်၊ ဒါကြောင့် အစိုးမရတဲ့တရား ငါကောင် သတ္တဝါကောင် မဟုတ်တဲ့ သဘောတရားတွေပဲ လို့လဲ သဘောကျလာမယ်၊ ဒါကတော့ အနတ္တာနုပဿနာတဲ့။
ဒီအနိစ္စ ဒုက္ခ အနတ္တ အသိအမြင်တွေ ပြည့်စုံတဲ့ခါကျတော့ မဂ်ဉာဏ်ဖိုလ်ဉာဏ်ဖြစ်ပြီး နိဗ္ဗာန်ကို တွေ့သွားမှာပဲ၊ ဒီလိုနိဗ္ဗာန်ကို တွေ့ပြီးတော့ တစ်မဂ်တစ်ဖိုလ် ရသွား တယ်ဆိုရင် အပါယ်လေးပါးက လုံးဝလွတ်မြောက်သွားတော့တာပဲ၊ အောက်ထစ်ဆုံးအားဖြင့် အဲဒီ တစ်မဂ်တစ်ဖိုလ်လောက်တော့ ပြည့်စုံသွားအောင် ယခုအားထုတ် ကြရမယ်။
မဟာစည်ဆရာတော်ဘုရားကြီး
ပညတ်၊ ပရမတ် နှင့် ဝိပဿနာ
ဝိပဿနာရှုတယ်ဆိုတာ ပညတ် နှင့် ပရမတ် ကွဲကွဲပြားပြား ခွဲခွဲခြားခြားသိအောင်၊ ကြားနာ မှတ်သား ပြီးမှ၊ ပရမတ် ၏ သဘာဝကို လက်တွေ့မြင်အောင်၊ ရှုခြင်း ဖြစ်ပါတယ်။
ပညတ် ဆိုတဲ့ အမည်နာမ အခေါ်အဝေါ်တွေဟာ အဟုတ်အမှန်ရှိတယ်လို့ ယူဆလျှင်၊ ဝိပ္ပလ္လာသ တရားတွေ ဖြစ်တတ်ပါတယ်။
(၁) သညာဝိပ္ပလ္လာသ = အမှတ် အထင် ဖောက်ပြန်ခြင်း။
(၂) စိတ္တဝိပ္ပလ္လာသ = အသိ အကြံ ဖောက်ပြန်ခြင်း။
(၃) ဒိဋ္ဌိဝိပ္ပလ္လာသ = အစွဲအလမ်း အယူအဆ ဖောက်ပြန်ခြင်း လို့သုံးမျိုးရှိပါတယ်။
ထိုသုံးမျိုးကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ အသုဘ ၄ မျိုးနဲ့မြှောက်လိုက်တော့ ဝိပ္ပလ္လာသ ၁၂ မျိုး ဖြစ်လာပြန်ပါတယ်။
ပုထုဇဉ်ရဟန်းတပါးက “အဘယ်မျှလောက်သိလျှင် ရဟန္တာဖြစ်ပါသလဲ” လို့ ရဟန္တာကြီးလေးပါးအား တပါးစီမေးမြန်းလျှောက်ထားရာမှာ ထိုရဟန္တာကြီး အသီးသီးက ---
(၁) အတွင်း အာယတန ၆ ပါးတို့၏ ဖြစ် ပျက်မှုကို ရှုလျှင်၊ ရဟန္တာဖြစ်တယ်။
(၂) ခန္ဓာ ၅ ပါးတို့၏ အဖြစ် အပျက်ကို ဉာဏ်မြင်အောင်ရှုလျှင် ရဟန္တာဖြစ်တယ်။
(၃) မဟာဘုတ် ၄ ပါးတို့၏ အဖြစ် အပျက်ကို ဉာဏ်မြင်ပေါက်အောင်ရှုလျှင် ရဟန္တာဖြစ်တယ်။
(၄) ဖြစ်ခြင်းသဘောရှိတဲ့ တရားဟူသမျှသည် ချုပ်ပျောက် ကုန်ဆုံးခြင်း သဘောရှိသည်ဟု၊ ဉာဏ်အမြင်ပေါက်အောင်ရှုလျှင် ရဟန္တာဖြစ်တယ် လို့ အသီးသီးဖြေဆိုတော်မူကြပါတယ်။
ရဟန္တာကြီး ၄ ပါးတို့၏ ဖြေပုံများမှာ တမျိုးစီလို့ ထင်ရသော်လည်း၊ သဘောအချုပ်ကတော့ ပညတ် ပရမတ် ကွဲအောင် လုပ်ပြီးနောက်၊ အတွင်းအာယတန ၆ ပါးကိုဘဲ ရှုသည်ဖြစ်စေ၊ ခန္ဓာ ၅ ပါးကိုဘဲ ရှုသည်ဖြစ်စေ၊ မဟာဘုတ် ၄ ပါးကိုဘဲ ရှုသည်ဖြစ်စေ၊ ရုပ် နာမ်တို့၏ ဖြစ်မှု ပျက်မှု သဘောကို ဉာဏ်မြင်ပေါက်ဖို့ အရေးကြီးကြောင်း ထင်ရှားလှပါတယ်။
ပညတ် နှင့် ပရမတ် မကွဲလျှင် ဝိပဿနာရှုလို့မဖြစ်နိုင်ပါ။ ဝိပဿနာဉာဏ်မြင်ပေါက်အောင်၊ မရှုနိုင်သမျှ ကာလပတ်လုံးလဲဘဲ၊ သံသရာဝဋ်မှ မလွတ်မြောက်နိုင်ပေ။
ကိလေသာကို အကြွင်းမဲ့ သမုစ္ဆေဒပဟာန်ဖြင့် မပယ်သတ်နိုင်ဘဲနှင့်၊ သံသရာမှကျွတ်လွတ်မှု မဖြစ်နိုင်။
သောတာပန်တို့အတွက် ဒိဋ္ဌိ ဝိစိကိစ္ဆာကို အကြွင်းမဲ့မပယ်သတ်ဘဲနှင့်၊ အောက်သံသရာဝဋ်ဒုက္ခမှ ဘယ်တော့မှ ကျွတ်လွတ်ရိုး ထုံးစံမရှိပါ။
သကဒါဂါမ်တို့အတွက် သောတာပန်နှင့် မထူးခြားပါ။
အနာဂါမ်တို့အတွက် ကာမတဏှာကို အကြွင်းမဲ့မပယ်သတ်ဘဲနှင့်၊ အလယ်သံသရာဝဋ်ဒုက္ခမှ ဘယ်တော့မျှ ကျွတ်ရိုး လွတ်ရိုး ထုံးစံမရှိပေ။
ရဟန္တာတို့အတွက် ရူပတဏှာ အရူပတဏှာတို့ကို အကြွင်းမဲ့ မပယ်သတ်နိုင်ဘဲနှင့်၊ အထက်သံသရာဝဋ်ဒုက္ခမှ ဘယ်တော့မျှ ကျွတ်လွတ်ရိုး ထုံးစံမရှိလို့ ဆိုပါတယ်။
ဝိပဿနာ ဉာဏ်ချင်းတူသော်လည်း ဝိပဿနာ အာရုံချင်း မတူတတ်ပါ။ ဝိပဿနာ ဉာဏ်ဆိုတာ ပရမတ်ရုပ်နာမ်ကို အနိစ္စအစရှိသော လက္ခဏာရေးသုံးပါးထင်အောင် ရှု၍သွားရင်း ထင်မြင်လာသော သဘောတရားအမျိုးမျိုးကို ခေါ်ပါတယ်။ ရှုမြင်ရတော့လည်း နာမရှုပ ပရိစ္ဆေဒ ဉာဏ်မှစ၍ အနုလောမဉာဏ် အဆုံးအထိ တစ်ဆင့်ပြီး တစ်ဆင့် အဆင့်ဆင့် သိမြင်သွားအောင် ရှုရတာချည်းပင် ဖြစ်ပါတယ်။ ဝိပဿဉာဏ်ဆိုတာ လိုချင်သလို လုပ်၍ယူလျှင် ရတာမျိုးမဟုတ်ပါ။ လုံ့လပါရမီနှင့် သမာဓိအားလျော်စွာ ဖြစ်၍ သွားတာမျိုးဖြစ်ပါတယ်။
သို့ရာတွင် ခိပ္ပါဘိညပုဂ္ဂိုလ်များမှာ လျင်မြန်စွာ မဂ်ဖိုလ်ကို ရ၍ သွားတတ်သည်ဖြစ်၍ ဝိပဿနာဉာဏ်များကို ကွဲကွဲပြားပြား ထင်ရှားစွာ မပြောပြတတ်ကြပေ။ ဒန္ဓာဘိည ပုဂ္ဂိုလ်များမှာ တစ်မျိုးစီ တစ်မျိုးစီတို့၌ ကြာကြာကြီးရှုမြင်၍ နေရတတ်သောကြောင့် ဝိပဿနာဉာဏ်အကြောင်းကို တစ်မျိုးစီ ခွဲခြား၍ ပြောတတ်ကြပါတယ်။
ထို့ပြင် ပထမမဂ်မှ အထက်မဂ်များသို့ရအောင် ကြိုးစားအားထုတ်သော ယောဂီများမှာပို၍ပင် ကြာတတ်သဖြင့် ဝိပဿနာဉာဏ်အရာမှာ ပို၍ပင် ကြာတတ်သဖြင့် ဝိပဿနာဉာဏ်အရာမှာ ပို၍ပင် သေချာစွာ ပြော၍ပြတတ်ပါတယ်။
ထို့ကြောင့် မဂ်ဖိုလ်ကို ရတာချင်းတူပေမယ့် စေ့စပ်သေချာစွာ ပြောတတ်ပုံ မပြောတတ်ပုံတို့မှာ တစ်ဦးနှင့် တစ်ဦး ညီတူညီမျှ မဖြစ်နို်င်ကြပေ။
တစ်ခါ ဝိပဿနာချင်းတူသော်လည်း ဝိပဿနာအာရုံချင်း ကျတော တစ်ဦးနှင့်တစ်ဦး တူချင်မှတူပါတယ်။ ပရမတ်ရုပ်ဆိုတာ ဖောက်ပြန်တတ်သည်။ နာမ်ဆိုတာ အာရုံသို့ ညွှတ်တတ်သည်ဟူသော သဘောချင်းက တူသော်လည်း ထိုရုပ်နာမ်ဆိုတဲ့ ဝိပဿနာအာရုံကျတော့ အမျိုးမျိုး ရှိပြန်ပါတယ်။
ဝိပဿနာအာရုံများတွင် ခန္ဓာအားဖြင့် ငါးပါး၊ အာယတနအားဖြင့် ၁၂ ပါး၊ ဓာတ်အားဖြင့် ၁၈ ပါး ဟူ၍ ရှိပါတယ်။ ထိုခန္ဓာ အာယတန ဓာတ်တို့ကို အကုန်လုံး တစ်ပြိုင်နက် ရှုရမည်ဟု မဆိုလိုပါ။ မိမိအလိုရှိသော အာရုံ တစ်မျိုးမျိုးကိုဖြစ်စေ၊ ပို၍ဖြစ်စေ မိမိဉာဏ် ကျက်စားနိုင်သလောက်ကိုသာ ရွေး၍ ရှုရပါတယ်။ သို့ဖြစ်၍ တစ်ဦးနှင့်တစ်ဦး အာရုံချင်း တူချင်မှတူပါတယ်။ အတိတ်ဘဝများက ဆည်းပူးခဲ့သော အာရုံမျိုးကို ရှုမိလျှင် မြန်မြန်ထင်မြင်လွယ်ပါတယ်။
အာရုံအမျိုးမျိုးရှိသောကြောင့် ကြည့်တတ်လျှင် ပရမတ်အာရုံချည်း ဖြစ်ပါလျက် ပုဂ္ဂိုလ်အသီးသီးတို့၏ မဂ်ဖိုလ်ကို ရကြသော ဝိပဿနာအာရုံကျတော့ အမျိုးမျိုးကွဲပြားပါတယ်။
အာရုံတွေ ဘယ်လောက်ပင် များသော်လည်း အကျဉ်းချုံးလိုက်လျှင် ခန္ဓာ အာယတန ဓာတ်တို့သည်သာလျှင် ဖြစ်ကြရပါတယ်။ ထို့ထက်အကျဉ်းချုံးပြန်လျှင် ရုပ်နှင့်နာမ်ပင် ရှိတော့ပါတယ်။ သို့ဖြစ်သောကြောင့် လောက၌ ရှိသမျှသော သဘောတရားတို့သည် ယောနိသော မနသိကာရ ထားတတ်လျှင် ဝိပဿနာအာရုံချည်းပင် ဖြစ်ပါတယ်။
ထို့ကြောင့် သစ္စာလေးပါးနှင့် လွတ်သော တရားမရှိ၊ ဝိပဿနာ ကမ္မဋ္ဌာန်းနှင့် လွတ်သောတရား မရှိဟု မြတ်စွာဘုရား ဟောတော်မူခြင်း ဖြစ်ပါတယ်။
နေ့စဉ်အချိန်ရှိသမျှ တွေ့ကြုံ၍နေသော တရားအပေါင်း၌ ဝိပဿနာယောဂီသည် ပညတ်ကွာအောင် ရှုသွားတတ်တော့သဖြင့် ပရမတ်ချည်းသာ ဖြစ်သွားရပါတော့တယ်။ ပရမတ်ဖြစ်လျှင် ခန္ဓာ အာယတန ဓာတ်ဆိုတာတွေဟာ အလိုလိုဖြစ်ပြီးသားဖြစ်၍ သွားတော့သည်သာ ဖြစ်ပါတယ်။
သို့ဖြစ်၍ ဝိပဿနာရှုသောအခါ သမူဟ ဥပါဒါ သဏ္ဍာန် သန္တိ အစရှိသော ပညတ်သဘောတို့ကို မလွှဲမရှောင်သာ၍ တွေ့ရသော်လည်း အဖက်လုပ်၍ အသိအကျွမ်းမလုပ်ဘဲ ပေါ်လာသော သဘောတရား တို့၏ ဖြစ်ပေါ်လာမှုနှင့် ပျောက်ပျက်သွားမှုတို့ကိုသာ ဂရုစိုက်ရမည် ဖြစ်ပါတယ်။
ဖြစ်-အစနှင့် ပျက်-အဆုံးကိုသာ ဂရုစိုက်၍ ယုံကြည်စွာ ရှုသွားနိုင်မှ ပညတ်အာရုံများ တဖြည်းဖြည်း ကွယ်ပျောက်သွား၍ ဝိပဿနာသို့ ရောက်ပြီး ပေါက်မြောက်လွယ်မည်ဖြစ်ပါတယ်။
ဝိသုဒ္ဓိ ရ ပါး နှင့် ဉာဏ်စဉ်တရား
ဝိပဿနာကမ္မဋ္ဌာန်း၌ ဝိသုဒ္ဓိ ၇-ပါး၊ လက္ခဏာ ၃-ပါး၊ အနုပဿနာ ၃-ပါး၊ ဉာဏ် ၁၀-ပါး၊ ဝိမောက္ခ ၃-ပါး၊ ဝိမောက္ခမုခ ၃-ပါးဟု လာရှိပါတယ်။
ဝိပဿနာအားထုတ်ရာတွင် ဝိသုဒ္ဓိ ၇-ပါး အစဉ်အတိုင်း သွားရပါတယ်။
ဝိသုဒ္ဓိ ၇-ပါးမှာ သီလဝိသုဒ္ဓိ၊ စိတ္တဝိသုဒ္ဓိ၊ ဒိဋ္ဌိဝိသုဒ္ဓိ၊ ကင်္ခါဝိတရဏဝိသုဒ္ဓိ၊ မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ၊ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ၊ ဉာဏဒဿနဝိသုဒ္ဓိ ဟူ၍ ဖြစ်ပါတယ်။
သီလဝိသုဒ္ဓိဖြင့် သီလကို စင်ကြယ်စေရပါတယ်။
စိတ္တဝိသုဒ္ဓိဖြင့် သမာဓိရအောင် အားထုတ်ရပါတယ်။
ဒိဋ္ဌိဝိသုဒ္ဓိဖြင့် နာမ်ရုပ်တို့ကို ပိုင်းခြား သိရပါမယ်။
ဤအဆင့်၌ ဝိပဿနာ၏ အခြေခံ ‘နာမရူပပရိစ္ဆေဒဉာဏ်’ ဖြစ်ပါတယ်။။ နာမ်ရုပ်ကွဲခြင်းသာ ဖြစ်ပြီး အနိစ္စ, ဒုက္ခ, အနတ္တ ရှုမြင်ခြင်း မရှိသေး၍ သင်္ဂြိုဟ်၌ ဤနာမရူပပရိစ္ဆေဒဉာဏ်ကို ဝိပဿနာဉာဏ်ထဲ ထည့်၍ မပြပါ။
ကင်္ခါဝိတရဏဝိသုဒ္ဓိ၌ နာမ်ရုပ်တို့၏ အကြောင်းရင်းကို ရှာဖွေ သိမြင်ပါတယ်။
အကြောင်းကိုသိသော ဉာဏ်ကို ‘ပစ္စယပရိဂ္ဂဟဉာဏ်’ဟု ခေါ်ပါတယ်။ ဤဉာဏ်ကိုလည်း ဝိပဿနာဉာဏ်ထဲ ထည့်၍ မပြသေးပါ။
အကြောင်းကို ရှုမြင်ခြင်းသာ ရှိပြီး အနိစ္စ ဒုက္ခ အနတ္တ ရှုမြင်မှု မရှိသေးသောကြောင့် ဖြစ်ပါတယ်။
ဤကဲ့သို့ အကြောင်းအကျိုး သိမြင်၍ နောက်က ရှိခဲ့သော ယုံမှား သံသယတို့သည် အခိုက်အတန့်အားဖြင့် ပျောက်နေပါတယ်။
ယုံမှား သံသယတို့ကို ပယ်သော စိတ်၏ စင်ကြယ်ခြင်း = ကင်္ခါဝိတရဏဝိသုဒ္ဓိ ဖြစ်ပါတယ်။
ဝိပဿနာတရား အားထုတ်သူအတွက် ဤအဆင့်၌ နာမ်ရုပ်ကွဲ၊ အကြောင်းကို သိမ်းဆည်း ဆင်ခြင်၊ ခဏိကသမာဓိရသဖြင့် စူဠသောတာပန်=သောတာပန်အငယ်စားဟု ခေါ်ပါတယ်။
ဤအဆင့်မှ ဆက်ပြီး အားထုတ်သော် ခန္ဓာငါးပါး သင်္ခါရတရားတို့ကို အနိစ္စ ဒုက္ခ အနတ္တအားဖြင့် သုံးသပ်သော အစွမ်းဖြင့် ဖြစ်စေသောဉာဏ် = သမ္မသနဉာဏ် ဖြစ်ပေါ်ပါတယ်။
သင်္ဂြိုဟ်၌ ဝိပဿနာဉာဏ်များကို ဤသမ္မသနဉာဏ်မှ စ၍ ပြဆိုပါတယ်။
ဆက်ပြီး အားထုတ်သော် ဝိပဿနာဉာဏ် ၁၀-ပါး အဆင့်ဆင့် တိုးတက် ဖြစ်ပေါ်ပါတယ်။
ဝိပဿနာဉာဏ် ၁၀-ပါး ဆိုသည်မှာ -
၁။ သမ္မသနဉာဏ် = ခန္ဓာငါးပါး သင်္ခါရတရားတို့ကို အနိစ္စ ဒုက္ခ အနတ္တအားဖြင့် သုံးသပ်သောအစွမ်းဖြင့် ဖြစ်စေသောဉာဏ်။
၂။ ဥဒယဗ္ဗယဉာဏ် = ခန္ဓာငါးပါး သင်္ခါရတရားတို့၏ ဖြစ်ခြင်းပျက်ခြင်း ၂-ပါးကို အဖန်တလဲလဲ ရှုသော အစွမ်းဖြင့် ဖြစ်စေသောဉာဏ်။
၃။ ဘင်္ဂဉာဏ် = ခန္ဓာငါးပါး သင်္ခါရတရားတို့၏ ပျက်ခြင်းတစ်ပါးကိုသာ အဖန်တလဲလဲ ရှုသောဉာဏ်။
၄။ ဘယဉာဏ် = ပျက်ခြင်း၏ အစွမ်းဖြင့်ဖြစ်သော ခန္ဓာငါးပါး သင်္ခါရတရားတို့ကို အလွန်ကြောက်လန့်ဖွယ် ဘေးကြီးဟု အဖန်တလဲလဲ ရှုသောအစွမ်းဖြင့် ဖြစ်သောဉာဏ်။
၅။ အာဒီနဝဉာဏ် = ဘေးကြီးဟု မြင်အပ်ပြီး ထင်အပ်ပြီးသော ခန္ဓာငါးပါး သင်္ခါရတရားတို့ကို အပြစ် အားဖြင့် ရှုသောဉာဏ်။
၆။ နိဗ္ဗိဒါဉာဏ် = အပြစ်ဟု မြင်အပ်ပြီး ထင်အပ်ပြီးသော ခန္ဓာငါးပါး သင်္ခါရတရားတို့၌ ငြီးငွေ့သော အစွမ်းဖြင့် ဖြစ်သောဉာဏ်။
၇။ မုဉ္စိတုကမျတာဉာဏ် = ငြီးငွေ့၍ ထိုခန္ဓာငါးပါး သင်္ခါရတရားတို့မှ လွတ်မြောက်ခြင်းငှာ အလိုရှိသည်၏ အစွမ်းဖြင့် ဖြစ်သောဉာဏ်။
၈။ ပဋိသင်္ခါဉာဏ် = သင်္ခါရတို့မှ လွတ်မြောက်ခြင်း၏ အကြောင်း၏ ပြည့်စုံစေခြင်းငှာ တဖန် ခန္ဓာငါးပါး သင်္ခါရတရားတို့ကို သိမ်းဆည်းခြင်းအစွမ်းဖြင့် ဖြစ်သောဉာဏ်။
၉။ သင်္ခါရုပေက္ခာဉာဏ် = ခန္ဓာငါးပါး သင်္ခါရတရားတို့၌ ကြောက်ခြင်း နှစ်သက်ခြင်းမှ ကင်းသည်၏ အစွမ်းဖြင့် လျစ်လျူရှု၍ ဖြစ်သောဉာဏ်။
၁၀။ အနုလောမဉာဏ် = အနိစ္စ အစရှိသော လက္ခဏာကို ရှုသည်၏ အဖြစ်ဖြင့် အောက်၌ဖြစ်သော ဝိပဿနာဉာဏ် ၉-ပါးတို့အားလည်းကောင်း၊ အထက်၌ ၃၇-ပါးသော ဗောဓိပက္ခိယတရားတို့နှင့် လျော်သော (ဝါ) မဂ်ဖြစ်ခြင်းငှာ လျော်သောဉာဏ်တို့ဖြစ်ပါတယ်။
သမ္မသနဉာဏ် ရင့်သန်ပြီးနောက် တိုးတက်အားထုတ်သည့်အခါ ဥဒယဗ္ဗယဉာဏ် ဖြစ်ပေါ်လာပါတယ်။
ဥဒယဗ္ဗယဉာဏ် ရင့်သန်သောအခါ ဝိပဿနာ၏ ဘေးရန် ‘ဝိပဿနုပတ္တိလေသ’ ၁၀-ပါး ဖြစ်ပေါ်လာတတ်ပါတယ်။
ဝိပဿနုပတ္တိလေသ ၁၀-ပါးဆိုတာ -
၁။ ဩဘာသ = ရုပ်နာမ်တို့၏ အဖြစ်အပျက်ကို ရှင်းလင်းစွာ သိမြင်သောအခါ လွန်စွာ စိတ်ကြည်လင် ရကား ကိုယ်မှ အရောင်အလင်းတို့သည် ထွက်ဖြာကုန်၏။
၂။ ပီတိ = ဩဘာသ,သာမကသေး ခုဒ္ဒကာပီတိစသော ၅-ပါးသော ပီတိမျိုးလည်း ဖြစ်ပေါ်၍ နှစ်သက်၏။
၃။ ပဿဒ္ဓိ = ကိုယ်စိတ်နှစ်ပါးလုံး အေးမြငြိမ်းချမ်းသဖြင့် ကာယပဿဒ္ဓိ စိတ္တပဿဒ္ဓိ ဖြစ်၏။
၄။ အဓိမောက္ခ = ကမ္မဋ္ဌာန်းအာရုံ၌ သက်ဝင်ဆုံးဖြတ်သော သဒ္ဓါတရားလည်း ဖြစ်ပေါ်၏။
၅။ ပဂ္ဂဟ = ဝိပဿနာစိတ်ကို နောက်မဆုတ်ရအောင် အားပေး ချီးမြှောက်ထောက်ပံ့တတ်သော ဝီရိယ လည်း ဖြစ်ပေါ်၏။
၆။ သုခ = တစ်ကိုယ်လုံး၌ စိတ္တဇရုပ်များကို ပျံ့နှံ့ထုံမွှမ်းစေတတ်သော သုခဝေဒနာလည်း ဖြစ်၏။
၇။ ဉာဏ = သွက်လက်လျင်မြန် အမြင်သန်သော ဝိပဿနာဉာဏ်လည်း ဖြစ်ပေါ်၏။
၈။ ဥပဋ္ဌာန = မြင့်မိုရ်တောင်ပမာ ကမ္မဋ္ဌာန်းအာရုံ၌ လွန်စွာ တည်တံ့သော သတိလည်း ဖြစ်၏။
၉။ ဥပေက္ခာ = အဖြစ်အပျက်ကို ရှုရန် ဗျာပါရ မပြုရတော့ဘဲ အသင့်အားဖြင့် ရှုနိုင်သော ဝိပဿနာဉာဏ် နှင့် ယှဉ်သော တတြမဇ္ဈတ္တုပေက္ခာမည်သော ဝိပဿနုပေက္ခာ၊ ထိုဖြစ်ပျက်မှုကို ဆင်ခြင်လိုသည့်အခါ ဆင်ခြင်နိုင်သော အာဝဇ္ဇနုပေက္ခာဟူသော ဥပေက္ခာ ၂-မျိုးလည်း ဖြစ်၏။
၁၀။ နိကန္တိ = ဩဘာသစသည်တို့ဖြင့်ဖြစ်သော ဝိပဿနာကို သာယာ နှစ်သက်နေတတ်သော တဏှာ လည်း ဖြစ်၏။
ထို ဆိုခဲ့ပြီးသော ဩဘာသ၊ ပီတိ စသည်တို့ ဖြစ်ပေါ်လာသောအခါ ထိုအရောင်အဝါ စသည်တို့ကို သာယာသော တဏှာနိကန္တိအတွက် ငါမဂ်ရပြီဟု အထင်မှားနေတတ်ပါတယ်။
ထိုသို့ အထင်မှားခြင်းကို ဤကား မဂ်မဟုတ်သေးဟူ၍ ပိုင်းခြား ဆုံးဖြတ်နိုင်သော သဘောသည် မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ မည်ပါတယ်။
ဝိပဿနုပတ္တိလေသတို့မှ လွတ်ပြီးသော ယောဂီသည် ဥဒယဗ္ဗယဉာဏ်မှ စ၍ အနုလောမဉာဏ်တိုင်အောင် ဝိပဿနာဉာဏ် ၉-ပါးကို အစဉ်အတိုင်း တဖန် ထူထောင်၍ လက္ခဏာယာဉ် ၃-ပါးကို ပွားများ အားထုတ်ပြန်ရာ ထိုဉာဏ် ၉-ပါးကို ပိုင်သော ယောဂီပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ် ၉-ပါးသည် သိတတ် မြင်တတ်သောကြောင့် ဉာဏဒဿန မည်ပါတယ်။
ထိုဉာဏဒဿနမည်သော ဝိပဿနာဉာဏ် ၉-ပါးသည်ပင် နိဗ္ဗာန်သို့ ရောက်စေတတ်သော အကျင့်မြတ် ဖြစ်သောကြောင့် ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ မည်ပါတယ်။
သင်္ခါရုပေက္ခာဉာဏ်, အနုလောမဉာဏ်ဟု ဆိုအပ်သော ဝုဋ္ဌာနဂါမိနီဝိပဿနာဉာဏ် ထက်သန်လာသော အခါ သစ္ဆိကရဏကိစ္စဖြင့် နိဗ္ဗာန်ကို ကိုယ်တိုင် ပေါက်ရောက်၍ မဂ်ဉာဏ်ဖြစ်ပေါ်လာသည်။ ထိုမဂ်ဉာဏ် သည် ဉာဏဒဿနဝိသုဒ္ဓိ မည်ပါတယ်။
မဂ်ရခါနီးအခါ ဝိပဿနာဉာဏ်သည် သွက်သွက်လက်လက် ဖြစ်လာပါတယ်။ သင်္ခါရတရားက ထတော့မည့် အချိန်ဖြစ်၍ အားကောင်းလာပါတယ်။ သင်္ခါရုပေက္ခာဉာဏ်အပါအဝင် ဤအခိုက်အတန့်ကို ‘ဝုဋ္ဌာနဂါမိနီ ဝိပဿနာဉာဏ်’ ဟု ခေါ်ပါတယ်။
မဂ္ဂဝီထိတွင်ပါသော ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူတို့မှာ ဉာဏသမ္ပယုတ်ကာမာဝစရကုသိုလ်ဇော တစ်ကြိမ်စီ ဖြစ်ပါတယ်။
ပရိကံ၊ ဥပစာ၊ အနုလုံ ဤသုံးခုကို အနုလောမဉာဏ်ဟု ခေါ်ပါတယ်။ သင်္ခါရုပေက္ခာဉာဏ် ရင့်သန်ပြီး မဂ်ရခါနီး ပေါ်သောဉာဏ် ဖြစ်ပါတယ်။
ဂေါတြဘူမှာ ဝိပဿနာလမ်းကြောင်းတွင် ကျရောက်နေသော်လည်း မည်သည့် ဝိသုဒ္ဓိထဲမှာမှ မပါဝင်ပါ။
ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိထဲလည်း မပါ၊ ဉာဏဒဿနဝိသုဒ္ဓိထဲလည်း မပါဝင်။
အမှန်မှာ ဂေါတြဘူသည် ဝိပဿနာလမ်းကြောင်းထဲ ကျနေသဖြင့် ဝိပဿနာဟု ခေါ်ရသော်လည်း တကယ့် ဝိပဿနာအစစ် မဟုတ်ပါ။
ဝိပဿနာသည် သင်္ခါရတရား ရုပ်နာမ်တရားကို အာရုံပြုပါတယ်။
ဂေါတြဘူက နိဗ္ဗာန်ကို အာရုံပြုပါတယ်။ ကာမာဝစရစိတ်ထဲ၌ နိဗ္ဗာန်ကို တိုက်ရိုက် အာရုံပြုသည်မှာ ဤတစ်ခု (ဂေါတြဘူ)သာ ရှိပါတယ်။
အနုလောမဉာဏ် ဖြစ်ပြီးနောက် ဂေါတြဘူဉာဏ် (ပုထုဇဉ်အနွယ်ကို ဖြတ်တောက်၍ အရိယာအနွယ်သို့ ရောက်စေသောဉာဏ်) ပေါ်ပါတယ်။
ဂေါတြဘူနောက် ဆက်ပြီး မဂ်စိတ်ပေါ်ပါတယ်။ မဂ်ဉာဏ်ဖြစ်ပါတယ်။ မဂ်စိတ်သည် နိဗ္ဗာန်ကို အာရုံပြုပါတယ်။
ဤမဂ်စိတ်ကို ဉာဏဒဿနဝိသုဒ္ဓိဟု ခေါ်ပါတယ်။
မဂ်စိတ်နောက် ဖိုလ် ၂-ကြိမ် ၃-ကြိမ် ဖြစ်ပါတယ်။ ဖိုလ်က မည်သည့်ဝိသုဒ္ဓိထဲမှ မပါပါ။
မဂ်ဖိုလ်ဖြစ်ပြီးနောက် ဘဝင်ကျသွားကာ ပစ္စဝေက္ခဏာဉာဏ် ပေါ်ပါတယ်။ ပစ္စဝေက္ခဏာဉာဏ်မှာ မဂ်ကို ဆင်ခြင်သောဉာဏ်၊ ဖိုလ်ကို ဆင်ခြင်သောဉာဏ်၊ နိဗ္ဗာန်ကို ဆင်ခြင်သောဉာဏ် ဖြစ်ပါတယ်။
မဂ်ကို ဆင်ခြင်သော ပစ္စဝေက္ခဏာ၊ ဖိုလ်ကို ဆင်ခြင်သော ပစ္စဝေက္ခဏာ၊ နိဗ္ဗာန်ကို ဆင်ခြင်သော ပစ္စဝေက္ခဏာ၊ ပယ်အပ်ပြီးသော ကိလေသာကို ဆင်ခြင်သော ပစ္စဝေက္ခဏာ၊ ကျန်သေးသော ကိလေသာကို ဆင်ခြင်သော ပစ္စဝေက္ခဏာ - ပစ္စဝေက္ခဏာ ၅-မျိုး ထိုက်သင့်သလို ဖြစ်ပါတယ်။
မဂ်ဖြစ်သောအခါ မဂ်ကိစ္စ ၄-ချက်ကို တပြိုင်နက် ပြုပြီး ဖြစ်ပါတယ်။
မဂ်သည် (၁) ဒုက္ခသစ္စာကို ပိုင်းပိုင်းခြားခြား သိခြင်း၊ (၂) သမုဒယသစ္စာကို ပယ်ခြင်း၊ (၃) နိရောဓသစ္စာ (နိဗ္ဗာန်)ကို မျက်မှောက်ပြုခြင်း၊ (၄) မဂ္ဂသစ္စာကို ဖြစ်ပေါ်စေခြင်း ကိစ္စ ၄-ခုကို မဂ်အခိုက်အတန့်မှာ တပြိုင်နက် ပြီးစေပါတယ်။
မဂ်စိတ်ဖြစ်သောအခါ မဂ်ဉာဏ်က ကိလေသာများကို နောက်ထပ် ပြန်မပေါ်အောင် ပယ်ပါတယ်။
ဖိုလ်စိတ်ဖြစ်သောအခါ ဖိုလ်က တဖန်ငြိမ်းစေသောအားဖြင့် ကိလေသာကို ပယ်သတ်ပါတယ်။
ဤနည်းဖြင့် ပထမမဂ်, ဒုတိယမဂ်, တတိယမဂ်, စတုတ္ထမဂ် အဆင့်ဆင့်၊ ဆိုင်ရာကိလေသာတို့ကို နောင်ဘယ်တော့မှ မပေါ်အောင် အပြီးတိုင် ပယ်သတ်ပါတော့တယ်။
မှတ်ချက်။ ။ အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာသင်တန်းပို့ချချက်များ ကမ္မဋ္ဌာန်းပိုင်းမှ ထုတ်နှုတ်ဖော်ပြပါသည်။
ဝိမုတ္တိကို ဦးတည်သည် ကမ္မဋ္ဌာန်းဘာဝနာ
ဗုဒ္ဓဝါဒီတို့သည် များသောအားဖြင့် နိဗ္ဗာန်ဟူသည် မည်သို့ အဓိပ္ပာယ်ရှိသည် ဟူသည်ကို နားမလည် သော်လည်း နိဗ္ဗာန်သို့ရောက်လိုကြောင်း ပြောဆိုကြပါတယ်။ ထို့ပြင် ကမ္မဋ္ဌာန်းရှုမှတ်၍ နိဗ္ဗာန်သို့ ရောက်နိုင်ကြောင်းလည်း မကြာခဏပြောတတ်ကြပါတယ်။ သေမှုကင်းခြင်း အမတ၊ ဒုက္ခဆုံးခြင်း နိရောဓ၊ အနှောင်အဖွဲ့မှ လွတ်မြောက်ခြင်း ဝိမုတ္တိဟူသော အနှစ်သာရရှိသည် နိဗ္ဗာန်သည် ဗုဒ္ဓဝါဒီတို့၏ အမြင့်ဆုံး ပန်းတိုင်ဖြစ်ပါတယ်။
နိဗ္ဗာနဓမ္မနှင့်ပတ်သက်၍ ဝိပဿနာပညာနှင့် နိဗ္ဗာန်တို့အကြား ဆက်နွယ်မှု ရှိနေပါတယ်။ နိဗ္ဗာန် သို့မဟုတ် အသင်္ခတဓာတ်ဟူသည်ကို လွတ်မြောက်မှု (ဝိမုတ္တိ) လို့ ပြန်ဆိုနိုင်ပါတယ်။
ဗုဒ္ဓဟောကြားတော်မူသော တရားတော်ကို ဓမ္မနှင့် လေ့ကျင့်အားထုတ်မှုဟု အပိုင်းနှစ်ပိုင်ခွဲခြားနိုင်ပါတယ်။
ဓမ္မ၏ အခြေခံအုတ်မြစ်မှာ သစ္စာလေးပါးဖြစ်ပြီး၊ ကျင့်ကြံအားထုတ်မှု၏ အခြေခံအုတ်မြစ်မှာ မဂ္ဂင်ရှစ်ပါး ဖြစ်ပါတယ်။
ဝိပဿနာဉာဏ်တိုးတက်ရင့်ကျက်မှု၌ လွတ်မြောက်မှု (ဝိမုတ္တိ) အဆင့် အမျိုးမျိုးပါဝင်ပါတယ်။ သို့ရာတွင် ခုဒ္ဒကနိကာယ်၊ နိဗ္ဗာနဓာတုသုတ်အရ အဓိကလွတ်မြောက်မှု အဆင့်နှစ်မျိုးရှိပါတယ်။
(၁) သဥပါဒိသေသနိဗ္ဗာနဓာတ် နှင့် (၂) အနုပါဒိသေသနိဗ္ဗာနဓာတ်တို့ ဖြစ်ပါတယ်။
သဥပါဒိသေသနိဗ္ဗာနဓာတ်ဟူသည် ပြုပြင်ခံ ခန္ဓာငါးပါး အကြွင်းအကျန်ရှိသော နိဗ္ဗာနဓာတ်ဖြစ်ပြီး၊ အနုပါဒိသေသနိဗ္ဗာနဓာတ်ဟူသည် ပြုပြင်ခံ ခန္ဓာငါးပါး အကြွင်းအကျန် မရှိသော နိဗ္ဗာနဓာတ်ဖြစ်ပါတယ်။
သဥပါဒိသေသနိဗ္ဗာန်ဟူသည် တဏှာ သမုဒယတို့ကြောင့်ဖြစ်သော စိတ်ပိုင်းဆိုင်ရာ ပျက်စီးမှုမှ လွတ်မြောက်မှုကို ဆိုလိုပါတယ်။
အနုပါဒိသေသနိဗ္ဗာန်သည် ရဟန္တာပုဂ္ဂိုလ်တို့ ပရိနိဗ္ဗာန်စံပြီးနောက် ဖြစ်ပေါ်လာသော နိဗ္ဗာန်ဖြစ်ပါတယ်။
ဗုဒ္ဓဝါဒရှုထောင့်မှကြည့်လျှင် စိတ်ပိုင်းဘဝလွတ်မြောက်မှုကိုလည်း ဝိမုတ္တိဟု ခေါ်ပါတယ်။
စိတ်ပိုင်းဘဝလွတ်မြောက်မှုဟူသည် အခြေခံအားဖြင့် ဘဝသစ်မွေးဖွားခြင်း၊ အိုမင်းခြင်း၊ နာမကျန်းဖြစ်ခြင်း၊ သေခြင်း၊ စိုးရိမ်ခြင်း၊ ပူဆွေးခြင်း နှင့် အလုံးစုံသော အဝိဇ္ဇာနှင့် တဏှာမှ လွတ်မြောက်ခြင်းကို ခေါ်ပါတယ်။
ယေဘူယျအားဖြင့် ကမ္မဋ္ဌာန်းထိုင်ခြင်း၏ရည်ရွယ်ချက်မှာ အစဉ်အလာနောက်ခံ အမျိုးမျိုး သို့မဟုတ် ဘာသာတရား သဘောထားအထွေထွေကို အခြေခံ၍ ရည်ရွယ်ချက် အများအပြားရှိနိုင်ပါတယ်။ အချို့အစဉ်အလာအဖို့ ကမ္မဋ္ဌာန်းသည် စိတ်ငြိမ်းချမ်းမှုကို တိုးတက်စေရန်ဖြစ်ပြီး၊ အချို့က စိတ်စွမ်းရည် အားဖြင့် ရုပ်ပိုင်းဆိုင်ရာရောဂါများကို ကုသရန်၊ အချို့မူ စိတ်တန်ခိုးရရှိရန်၊ အချို့မူ အခြားတစ်စုံတစ်ခုကို ရရှိရန်တို့ဖြစ်ပါတယ်။ အစဉ်အလာ ဓလေ့ထုံးစံတို့ အချင်းချင်း မတူခြားနားသောကြောင့် ကမ္မဋ္ဌာန်း ထိုင်ခြင်း ရည်ရွယ်ချက်မှာ တစ်ခုနှင့်တစ်ခု ခြားနားကြပါတယ်။
သို့ရာတွင် ဗုဒ္ဓဝါဒကမ္မဋ္ဌာန်းရှုမှတ်မှု၏ အခြေခံရည်ရွယ်ချက်မှာ စိတ်ကိုစင်ကြယ်စေရန်နှင့် နိဗ္ဗာန်သို့ ရောက်ရန် ဖြစ်ပါတယ်။ စိတ်ကိုစင်ကြယ်အောင်လုပ်ခြင်းဖြင့် နိဗ္ဗာန်သို့ရောက်ရန် သတိပဌာန်ကမ္မဋ္ဌာန်း ဟုလည်းခေါ်သော ဝိပဿနာကမ္မဋ္ဌာန်းသည် မရှိမဖြစ်လိုအပ်ပါတယ်။
စိတ်ကိုစင်ကြယ်အောင် ပြုလုပ်ခြင်းမရှိဘဲ နိဗ္ဗာန်ဟူသည် မည်သို့သောအရာဖြစ်ကြောင်း နားလည်ရန် ခက်ခဲပါတယ်။ စိတ်ကိုစင်ကြယ်စေရန်မှာ မိမိကိုယ်ကို အရှိကိုအရှိအတိုင်း နားလည်ရပါမယ်။ ဥပမာ အားဖြင့် စိတ် စေတသိက် ရုပ် နိဗ္ဗာန်ဟူသော ပရမတ္တတရားတို့၏ ဖြစ်စဉ်သဘာဝကို အရှိအတိုင်း နားလည်ရမည် ဖြစ်ပါတယ်။
နိဗ္ဗာန်၏သဘာဝကို နားလည်စေနိုင်သော ဝိပဿနာပညာ တိုးတက်လာစေရေးအတွက် စိတ်စင်ကြယ်မှု ဟုလည်း ခေါ်သည့် သမာဓိသည်လည်း အရေးပါလှပါတယ်။
ဤအချက်ကို အထူးခိုင်မာစေသောအချက်မှာ သမာဓိသုတ္တန်၌ ဗုဒ္ဓရှင်တော်မြတ်က - ရဟန်းတို့၊ သမာဓိကို ပွားများကြလော့။ သမာဓိကို ပွားများခြင်းဖြင့် ဟုတ်တိုင်းမှန်စွာ သိမြင်၏။ မည်သို့ ဟုတ်တိုင်းမှန်စွာ သိသနည်း ဟူမူ ရုပ်တရား၏ ဖြစ်ခြင်းပျက်ခြင်းကို သိ၏။ ဝေဒနာ၏ ဖြစ်ခြင်းပျက်ခြင်းကို သိ၏။ သညာ၏ ဖြစ်ခြင်းပျက်ခြင်း ကို သိ၏။ သင်္ခါရတရားတို့၏ ဖြစ်ခြင်းပျက်ခြင်းကို သိ၏။ ဝိညာဏ်၏ ဖြစ်ခြင်း ပျက်ခြင်းကို သိ၏ဟု ဟောတော်မူခဲ့ပါတယ်။
ဤသုတ္တန်၌ ဗုဒ္ဓရှင်တော်မြတ် အစစ်အမှန် ရည်ရွယ်ခဲ့သည်ကို နားလည်ရန် သတိပဋ္ဌာန်လေးပါးကို ပွားများလျက် သတိပဋ္ဌာန်ကမ္မဋ္ဌာန်းကို အသုံးချရမည်ဖြစ်ပါတယ်။ အားထုတ်မှုအစတွင် ရုပ်နာမ်ပရမတ္တ တရားများကို ကွဲပြားစွာ နားလည်လာပါမယ်။ နာမ်ဟုဆိုရာ၌ နာမ်တရား၏ လုပ်ဆောင်မှုနှစ်ရပ်ဖြစ်သည့် စိတ်နှင့် စေတသိက်တို့ကို ဤလေ့လာမှုက အသိအမှတ်ပြုပါလိမ့်မယ်။ အမှန်စင်စစ် ပရမတ္တတရားတို့၏ ထင်ရှားမှု၊ ယင်းတို့၏ ထင်ရှားသောကိစ္စ(လုပ်ဆောင်ချက်)တို့ကို သတိပဋ္ဌာန်ကမ္မဋ္ဌာန်းမှတဆင့် နားလည်နိုင်စွမ်း ရှိပါတယ်။
အဘိဓမ္မာပိဋက ဓမ္မသင်္ဂဏီပါဠိတော်အရ စိတ်ကို အောက်ပါအတိုင်း အုပ်စုခွဲနိုင်ပါတယ်။ (၁) ကုသလစိတ္တ (၂) အကုသလစိတ္တ (၃) အဗျာကတစိတ္တ (ဝိပါက်နှင့်ကြိယာစိတ်) ဟု သုံးမျိုးခွဲခြားပြီး၊ စုစုပေါင်း စိတ်အကျဉ်း ၈၉ ပါးရှိပါတယ်။ စေတသိက်တို့မှာ ငါးဆယ့်နှစ်ပါးရှိပါတယ်။ ယင်းတို့မှာ ဝိတက်၊ ဝေဒနာ၊ သညာ၊ စေတနာ၊ သတိ၊ ဧကဂ္ဂတာ၊ ပညာ စသည်တို့ဖြစ်ပါတယ်။
အဘိဓမ္မာပိဋက၌ ပရမတ္တတရားလေးပါးကို အုပ်စုသုံးစုခွဲပါတယ်။ ကုသလာ ဓမ္မာ၊ အကုသလာ ဓမ္မာ၊ အဗျာကတာ ဓမ္မာ ဟုဖြစ်ပါတယ်။
အဘိဓမ္မာပိဋကအလိုအရ ကုသလဓမ္မဟူသည် ကုသိုလ်စိတ် နှစ်ဆယ့်တစ်ပါးနှင့် ယင်း၌ယှဉ်သည့် စေတသိက် သုံးဆယ့်ရှစ်ပါးဖြစ်ပါတယ်။
အကုသလ ဓမ္မဟူသည် အကုသိုလ်စိတ် ဆယ့်နှစ်ပါးနှင့် ယင်းနှင့်ယှဉ်သည့် စေတသိက်နှစ်ဆယ့်ခုနှစ်ပါးတို့ ဖြစ်ပါတယ်။
အဗျာကတဓမ္မတွင် ကျန် ပရမတ္တ တရားလေးပါးတို့ ပါဝင်ပါတယ်။ ယင်းတို့မှာ ဝိပါက်စိတ် သုံးဆယ့် ခြောက်ပါး နှင့် စေတသိက် သုံးဆယ့်သုံးပါး၊ ကြိယာစိတ် နှစ်ဆယ်နှင့် စေတသိက် သုံးဆယ့်ငါးပါး၊ ရုပ် နှစ်ဆယ့်ရှစ်ပါး နှင့် နိဗ္ဗာန်တို့ ဖြစ်ပါတယ်။
သို့တစေ ယောဂီသည် ကမ္မဋ္ဌာန်း၏ စွမ်းရည်ဖြင့် စိတ်စေတသိက်တို့၏ ကိစ္စအားလုံးကို သတိပြုမိလိမ့်မည် မဟုတ်ပါ။ သို့ရာတွင် လောဘ၊ ဒေါသ၊ ဥဒ္ဒစ္စကဲ့သို့သော ထင်ရှားသည့် စိတ်၏ လုပ်ဆောင်ချက် အများစုကို သိပါလိမ့်မယ်။
ဆက်လက်၍ အားထုတ်သွားမည်ဆိုလျှင် ကမ္မဋ္ဌာန်းဘာဝနာသည် စိတ် စေတသိက်တို့၏ လုပ်ဆောင် ချက်ကို ပိုမိုနက်ရှိုင်းစွာ လေ့လာနိုင်မည်ဖြစ်ပါတယ်။ ယင်းနှစ်မျိုးအနက် စိတ်သည် အဓိကအနေဖြင့် လှုပ်ရှားပြီး၊ စေတသိက်တို့က ဒုတိယအခန်းကဏ္ဍမှ လှုပ်ရှားပါတယ်။ လက်တွေ့ သိရှိမှုမရှိဘဲ ကျမ်းစာ အသိမျှဖြင့် စိတ်စေတသိက်တို့၏ သဘာဝခြားနားချက်ကို နားလည်ရန်ခဲယဉ်း ပါတယ်။
စိတ်နှင့် စေတသိက်တို့၏ လုပ်ဆောင်ချက်ကို ခွဲခြားလိုသော် သမထ ဝိပဿနာဟူသော နည်းစနစ်များကို အသုံးပြုလျက် စတင်ကမ္မဋ္ဌာန်းရှုမှတ်ရမည်ဖြစ်ပါတယ်။ မိမိ၏သဘာဝအတွေ့အကြုံအတွင်း အထင်ရှားဆုံး အာရုံတစ်ခုဖြင့် စတင်အားထုတ်လျှင် အကောင်းဆုံးဖြစ်ပါတယ်။
အခြေခံအားဖြင့် ကမ္မဋ္ဌာန်းထိုင်နည်း နှစ်မျိုးရှိပါတယ်။ (၁) သမထ နှင့် (၂) ဝိပဿနာတို့ဖြစ်ပါတယ်။ ကမ္မဋ္ဌာန်းဟူသော ဝေါဟာရသည် ဘာဝနာမှဆင်းသက်လာခြင်းဖြစ်ပါတယ်။ ဘာဝနာနှစ်မျိုးရှိပါတယ်။ (၁) သမထဘာဝနာ နှင့် (၂) ဝိပဿနာဘာဝနာတို့ပဲဖြစ်ပါတယ်။ ယင်းနှစ်မျိုးအနက် ဝိပဿနာကမ္မဋ္ဌာန်း သည်သာ ဗုဒ္ဓဝါဒကမ္မဋ္ဌာန်းထိုင်နည်း ဖြစ်ပါတယ်။ အခြားကမ္မဋ္ဌာန်းထိုင်နည်းများကို ဗုဒ္ဓဝါဒမဟုတ်သည့် ကမ္မဋ္ဌာန်းဂိုဏ်းများ၌လည်း တွေ့ရပါတယ်။ အခြားကမ္မဋ္ဌာန်းထိုင်နည်းဟူသည် သမထကမ္မဋ္ဌာန်းကို ရည်ညွှန်းခြင်းဖြစ်ပါတယ်။ သမထကမ္မဋ္ဌာန်း၌ စုစုပေါင်း အမျိုးအစားလေးဆယ်ရှိပါတယ်။
သမထကမ္မဋ္ဌာန်းဟူရာ၌ သမထဟူသည် စိတ်၏တည်ငြိမ်မှု၊ စိတ်၏အနှောင့်အယှက်များကို ဖယ်ခွာခြင်းဟု အဓိပ္ပာယ်ရပါတယ်။ သမာဓိနှင့် သမထဟူသော ဝေါဟာရသည် အဓိပ္ပါယ်တူပါတယ်။ သမာဓိဟူသောပုဒ်ကို ဗုဒ္ဓဝါဒကျမ်းဂန်တို့၌ ဧကဂ္ဂတာဟု အဓိပ္ပာယ်ဖွင့်ဆိုပါတယ်။ ယင်းသည် အများဆုံး ဈာနကမ္မဋ္ဌာန်း၌ တွေ့ရပြီး၊ အဆင့်မြင့်စွာ တိုးတက်ပြီးသော ယင်းသမာဓိ၌ သမာပတ်ရှစ်မျိုးရှိပါတယ်။ ယင်းတို့မှာ ရူပဈာန်လေးပါးနှင့် အရူပဈာန်လေးပါး တို့ဖြစ်ပါတယ်။
ဝိပဿနာဟူသောဝေါဟာရကို ထိုးထွင်း၍ သိမြင်မှုပညာဟု ဘာသာပြန်ကြပါတယ်။ အနိစ္စစသော အခြင်းအရာ အမျိုးမျိုးဖြင့် ရှုမြင်တတ်သောကြောင့် ဝိပဿနာမည်၏ဟုဆိုပါတယ်။ ဝိပဿနာကမ္မဋ္ဌာန်းသည် အနိစ္စ ဒုက္ခ အနတ္တဟူသော လက္ခဏာရေးသုံးပါးနှင့် တိုက်ရိုက် ပတ်သက်သော သဘာဝတရားတို့ကို တိုက်ရိုက်ရှုမှတ်ခြင်း ချဉ်းကပ်ခြင်းဖြစ်ပါတယ်။
ဆက်လက်ဖော်ပြပါမည်။
ဝိပဿနာကမ္မဋ္ဌာန်းဖြင့် ဉာဏ်အမြင်ကိုရရှိခြင်း
ကမ္မဋ္ဌာန်းတရားအားထုတ်ရာတွင် ယာနိက ဟုခေါ်သည့် အခြေခံကမ္မဋ္ဌာန်းထိုင်နည်း နှစ်မျိုးရှိပါတယ်။ ယင်းတို့မှာ သမထယာနိက (သမထကိုယာဉ်အနေဖြင့်ယူသူ သို့မဟုတ် သမထနည်းဖြင့် အားထုတ်မှု) နှင့် ဝိပဿနာယာနိက (ဝိပဿနာကို ယာဉ်အနေဖြင့်ယူသူ သို့မဟုတ် ဝိပဿနာနည်းဖြင့် အားထုတ်မှု) တို့ဖြစ်ပါတယ်။ သမထဈာန်အဆင့်ကိုမရဘဲ ဝိပဿနာသက်သက်ကို အားထုတ်သူများအား သုက္ခ ဝိပဿနာယာနိက သို့မဟုတ် သုဒ္ဓဝိပဿနာယာနိက (ဝိပဿနာကမ္မဋ္ဌာန်းသက်သက်ကို အားထုတ်သူ) ဟု ခေါ်ပါတယ်။
သမထယာနိကနည်းကို သင်ကြားသူများသည် အဋ္ဌကထာလာဖော်ပြချက်နှင့်အညီ အစဉ်အတိုင်းသော ဈာန်များကို ဝင်စားပြီးနောက် ယင်းဈာန်တို့မှထလျက် ဈာန်နှင့် ယှဉ်သောစိတ်အား ဖြစ်ခြင်း ပျက်ခြင်းကို ဝိပဿနာပညာဖြင့်သိစေပါတယ်။ ယင်းနောက် ဝိပဿနာရှုမှတ်ခိုက်တွင် အခိုက်အတန့် ဖြစ်သော စိတ်၏တည်ကြည်မှုသည် (အနိစ္စ၊ ဒုက္ခ၊ အနတ္တ) ဟူသော လက္ခဏာရေးသုံးပါးကို ထိုးထွင်း၍ သိမြင်မှု ဖြစ်ပေါ်လာ၏ .. လို့ဆိုပါတယ်။
သုက္ခဝိပဿနာယာနိကနည်းကို သင်ကြားလိုသူများအတွက်မူ ဋီကာညွှန်ကြားချက်ကို အခြေခံပြီးသင်ကြား ပေးကြပါတယ်။ ယင်းညွှန်ကြားချက်မှာ - ခဏိကစိတ္တေကဂ္ဂတာ ခဏမတ္တဌိတိကော သမာဓိ .. စသည့် ဋီကာ၌လာရှိသည့်အတိုင်း ခဏိကသမာဓိကို အားပြု၍ ဝိပဿနာတရားကို ပွားများအားထုတ်ကြရပါတယ်။
ခဏိကသမာဓိဟူသည် ခဏတိုင်းခဏတိုင်း ကမ္မဋ္ဌာန်းအာရုံ၌ တည်နေသော သမာဓိပင်ဖြစ်ပါတယ်။ ယင်းသမာဓိသည် ကမ္မဋ္ဌာန်းအာရုံ၌ ခဏတိုင်းမပြတ်မလတ် တစ်ခုတည်းသော အခြင်းအရာဖြင့်ဖြစ်လျက် (ကာမစ္ဆန္ဒ ဗျာပါဒ စသော) နီဝရဏတရားတို့၏ လွှမ်းမိုးခြင်းမခံရဘဲ တုပ်ဖွဲ့ထားသကဲ့သို့ စိတ်ကို မတုန်မလှုပ် တည်နေစေ၏ .. လို့ဆိုပါတယ်။
ခဏိကသမာဓိသည် ရှုမှတ်စဉ်ခဏတိုင်း၌ စိတ်၏အနှောင့်အယှက်များကို ဖယ်ရှားပြီး၊ နီဝရဏတရားဟု ခေါ်သော တားဆီးပိတ်ပင်တတ်သည့်တရားများကို ခွာထုတ်ခြင်းကိစ္စရှိပါတယ်။ ယင်းသို့ နီဝရဏ တရားတို့ကို စိတ်ထဲမှ ခဏအားဖြင့် ဖယ်ရှားနိုင်သော ယင်းစိတ်၏ အခြေအနေမျိုးဖြင့်ပငိလျှင် ဝိပဿနာ ဉာဏ်နှင့် မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ကိုလည်း ရရှိစေနိုင်တယ်လို့ဆိုပါတယ်။ သို့တစေ မြန်မာနိုင်ငံ၏ ထင်ရှားကျော်ကြားသည့် ဖားအောက်ဆရာတော်ကမူ ဈာနကမ္မဋ္ဌာန်းပွားများမှုဖြင့် စတင်မှုကို ပိုနှစ်သက် ပါတယ်။
သမာဓိ၏ကိစ္စသည် စိတ်ကို စင်ကြယ်စေရန် စိတ်ထဲမှ နီဝရဏတရားတို့ကို လျှော့ပစ်ခြင်းဖြစ်ပါတယ်။ နီဝရဏတရားများ၌ ယောဂီ၏စိတ်ကို နောက်ကျူ့စေပြီး အသိဉာဏ်ကို ကန်းစေသော တရားငါးမျိုး ပါဝင်ပါတယ်။
ယင်းနီဝရဏတရားငါးမျိုးမှာ (၁) ကာမစ္ဆန္ဒနီဝရဏ (ကာမဂုဏ်အလိုဆန္ဒ)၊ (၂) ဗျာပါဒနီဝရဏ (ဒေါသ)၊ (၃) ထိနမိဒ္ဓနီဝရဏ (ထုံထိုင်း ငိုက်မျဉ်းခြင်း)၊ (၄) ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ (စိတ်ပျံ့လွင့်ခြင်းနှင့် နောင်တ ပူပန်ဖြစ်ခြင်း)၊ (၅) ဝိစိကိစ္ဆာနီဝရဏ (မဆုံးဖြတ်နိုင်ခြင်း) တို့ဖြစ်ပါတယ်။
သမထ(ဈာန) ကမ္မဋ္ဌာန်းကျင့်ကြံသူများက နီဝရဏတရားများ ထင်ရှားရှိနေမူ ယောဂီသည် ဥပစာရသမာဓိ နှင့် အပ္ပနာသမာဓိအဆင့်သို့ မရောက်နိုင်ဟုဆိုပါတယ်။ ဝိပဿနာကမ္မဋ္ဌာန်း ကျင့်ကြံသူများက နီဝရဏတရားများ ထင်ရှားရှိနေမူ ယောဂီသည် အမှန်တရားများကို ရှင်းလင်းစွာမသိမြင်နိုင်ဟုဆိုပါတယ်။
ယောဂီသည် လေ့ကျင့်အားထုတ်မှု အစိတ်အပိုင်းတိုင်း၌ သမာဓိသုံးမျိုးကို အသုံးပြုပါတယ်။ ဥပမာအားဖြင့် (၁) ဥပစာရသမာဓိ (အနီးအနား၌ဖြစ်သော သမာဓိ)သည် သမထကမ္မဋ္ဌာန်းအတွင်းဖြစ်ပြီး၊ ဈာန်စိတ် မဖြစ်မီ ပေါ်လာသော သမာဓိတစ်မျိုးဖြစ်ပါတယ်။
သို့ရာတွင် (၂) အပ္ပနာသမာဓိ (နစ်မြုပ်သမာဓိ သို့မဟုတ် ပြည့်စုံသောသမာဓိ) သည် ဈာန်ဝင်စားခိုက်တွင် တည်ရှိသော သမာဓိတစ်မျိုးဖြစ်ပါတယ်။
ဝိပဿနာကမ္မဋ္ဌာန်းအားထုတ်သူများသည် အဓိကအားဖြင့် ခဏိကသမာဓိ (အခိုက်အတန့်သမာဓိ)ကို ဝိပဿနာအတွက် အသုံးပြုကြပါတယ်။ ခဏိကသမာဓိနည်းသည် လောဘ ဒေါသ မောဟတို့ကို ခဏတိုင်း ကျော်လွှားခြင်းဖြင့် စိတ်စင်ကြယ်မှုကိုရယူပါတယ်။
ရုပ်နာမ်ကိုသိသော အသိပညာသုံးမျိုးရှိပါတယ်။ ယင်းတို့မှာ (၁) သုတမယဉာဏ (ကြားနာသင်ယူခြင်းဖြင့် ရရှိသော အသိပညာ)၊ (၂) စိန္တာမယဉာဏ (ကြံစည်တွေးတော၍ ရရှိသော အသိပညာ)၊ (၃) ဘာဝနာမယဉာဏ (ဝိပဿနာတရား ပွားများ၍ ရရှိသော အသိပညာ)တို့ဖြစ်ပါတယ်။ ယင်းသုံးမျိုးအနက် သုတမယ၊ စိန္တာမယဉာဏ်တို့ဖြင့် နာမ်ရုပ်ကို သိခြင်းမှာ မပြည့်စုံပါ။ ဘာဝနာမယဉာဏ်ဖြင့် ရုပ်နာမ်တို့ကို သိခြင်းသည်သာ ပြီးပြည့်စုံစွာ နားလည်သဘောပေါက်ခြင်း မည်ပါတယ်။
မဂ္ဂင်ရှစ်ပါးရှုထောင့်အရ ရှေးဦးသဘောပေါက်ခြင်းဟူသည် သမ္မာဒိဋ္ဌိကို ရည်ညွှန်းပါတယ်။ ဗုဒ္ဓရှင်တော်မြတ် က သမ္မာဒိဋ္ဌိအရေးပါပုံကို ဂင်္ဂါမြစ်ရေအလျဉ်၌ မျောပါသွားသော သစ်တုံးကြီးဥပမာဖြင့် ပဌမဒါရုက္ခန္ဓောပမ သုတ္တန်၌ ဤအချက်ကို အထူးပြုဟောကြားခဲ့ပါတယ်။
ဤအချက်ကို အတိုချုံး၍ ရှင်းလင်းရပါလျှင် .. ရဟန်းတို့ အကယ်၍ သစ်တုံးသည် ဤမှာဘက်ကမ်းသို့ မရောက်ခဲ့ပါလျှင်၊ ဟိုမှာဘက်ကမ်းသို့ မရောက်ခဲ့ပါလျှင်၊ အလယ်၌ မနစ်မြုပ်ခဲ့ပါလျှင်၊ ကြည်ကုန်း၌ မတင်ခဲ့ပါလျှင်၊ လူတို့မဆယ်ယူခဲ့ပါလျှင်၊ နတ်တို့မဆယ်ယူခဲ့ပါလျှင်၊ ဝဲမစုပ်ယူခဲ့ပါလျှင်၊ အတွင်း၌ မဆွေးမပုပ်ခဲ့ပါလျှင် ထိုသစ်တုံးသည် သမုဒရာသို့ ညွှတ်၏၊ သမုဒရာသို့ ကိုင်း၏၊ သမုဒရာသို့ ရှိုင်းသည် ဖြစ်လိမ့်မည်။ အဘယ်အကြောင်းကြောင့်နည်း။ ဂင်္ဂါမြစ်ရေအလျဉ်သည် သမုဒရာသို့ ညွှတ်သည်၊ သမုဒရာသို့ ကိုင်းသည်၊ သမုဒရာသို့ ရှိုင်းသည် ဖြစ်သောကြောင့်တည်း။
ထို့အတူပင်လျှင် သင်တို့သည်လည်း ဤမှာဘက်ကမ်းဖြစ်သော အတွင်းဖြစ်သောတည်ရာ အဇ္ဈတ္တိကာယတနခြောက်ပါးကို မကပ်ရောက်ကြပါလျှင်၊ ဟိုမှာဘက်ကမ်းဟုဆိုသော အပြင်ဖြစ်သော တည်ရာ ဗာဟိရာယတနခြောက်ပါးတို့ မကပ်ရောက်ကြပါလျှင်၊ အလယ်ဟုဆိုသော နှစ်သက်စွဲမက်မှု နန္ဒီရာဂတွင် မနစ်မြုပ်ကြပါလျှင်၊ ကြည်ကုန်းဆိုသည့် ငါဟူသောမာန် အသိ္မမာန၌ မတင်ကြပါလျှင်၊ လူတို့မဆယ်ယူကြပါလျှင် .. ဆိုသည်မှာ လူအများနှင့် ပေါင်းသင်းဆက်ဆံမှုကို ရည်ရွယ်ပါတယ်၊ လူအများနှင့် ပေါင်းသင်းဆက်ဆံမှုကိုမပြုကြပါလျှင်လို့ယူရပါမယ်၊ နတ်တို့ မဆယ်ယူကြပါလျှင်ဆိုသည်မှာ နတ်ဘုံတို့၌ မွေးဖွားလိုခြင်းကို ရည်ရွယ်ပါတယ်၊ ဝဲမစုပ်ယူကြပါလျှင်ဆိုသည်မှာ ဝဲဟုဆိုသော ကာမဂုဏ်ငါးပါးတရားတို့က မစွဲယူကြပါလျှင်၊ အတွင်း၌ မဆွေးမပုတ်ကြပါလျှင်ဆိုသည်မှာ ကိုယ်ကျင့်တရားမပျက်ယွင်းခဲ့ပါလျှင် .. နိဗ္ဗာန်သို့ ညွှတ်တယ်၊ နိဗ္ဗာန်သို့ ကိုင်းတယ်၊ နိဗ္ဗာန်သို့ ရှိုင်းတယ်ဖြစ်လိမ့်မယ်လို့ ဟောတော်မူခဲ့ပါတယ်။ အဘယ်အကြောင်းကြောင့်နည်းဆိုမူ မှန်သောအမြင် သည် နိဗ္ဗာန်သို့ ညွှတ်တယ်၊ နိဗ္ဗာန်သို့ ကိုင်းတယ်၊ နိဗ္ဗာန်သို့ ရှိုင်းသည် ဖြစ်သောကြောင့်တည်းလို့ အဓိပ္ပါယ်ရပါတယ်။
အမှန်စင်စစ် သမ္မာဒိဋ္ဌိနှင့် သမ္မာသမာဓိသည် နိဗ္ဗာန်ကိုထိုးထွင်း၍ သိမြင်ရန် မရှိမဖြစ်လိုအပ်ပါတယ်။ အခြေခံအားဖြင့် ထိုတရားနှစ်ပါးသည် ယောဂီပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ်ကို ရင့်ကျက်စေပါတယ်။
မဟာစည်ဆရာတော်က .. ယောဂီပုဂ္ဂိုလ်သည် နာမ်ရုပ်အာရုံ၌ သတိဖြင့်ဆက်လက်၍ ရှုမှတ်သွားသော အခါ ၎င်း၏ဝိပဿနာဉာဏ်သည် တဖြည်းဖြည်း တိုးတက်လာပြီး၊ အစစ်အမှန်သဘာဝကို ရှင်းလင်းစွာ ဖော်ပြသည်။ ယောဂီသည် နာမ်ရုပ်ဖြစ်စဉ်၏ ဖြစ်ခြင်းပျက်ခြင်းကို ပိုမိုထင်ရှားစွာ သိမြင်လာသည်။ ထိုခဏ၌ ဖြစ်ပေါ်လာပြီး လျှင်မြန်စွာ ပျောက်သွားသော အာရုံတိုင်းကိုသိပြီး ပထမဖြစ်ပေါ်ပြီးသောတရားသည် တစ်ခု၊ နောက်ဖြစ်ပေါ် လာသောတရားသည် အခြားတစ်ခုဟု သဘောပေါက်သွားသည်။ ဤသို့ဖြင့် ယောဂီ၏ မှန်သောအမြင်သည် နိဗ္ဗာန်ကို ထိုးထွင်းသိမြင်နိုင်သော ဝိပဿနာပညာကို ရရှိနိုင်သည်ဟု .. မှတ်ချက်ပြုခဲ့ ပါတယ်။
ကမ္မဋ္ဌာန်းတရားပွားများအားထုတ်ခြင်းဖြင့် ကိုယ်တိုင်တွေ့ကြုံသိရှိမှုမရှိဘဲ နိဗ္ဗာန်ဟူသော ဝေါဟာရ၏ အဓိပ္ပာယ်အမှန်ကိုတော့ သိမြင်နိုင်မည်မဟုတ်ပါဘူး။
ဘာကြောင့်လည်းဆိုတော့ ကမ္မဋ္ဌာန်းအားထုတ်ခြင်းဖြင့် ဝိပဿနာပညာကို မရသေးသရွေ့ အဝိဇ္ဇာ အကြောင်းခံဖြင့် သဘာဝဓမ္မတို့ကို မှားယွင်းစွာ သိမြင်နိုင်ပါတယ်။ ဝိပဿနာကမ္မဋ္ဌာန်းသည် ယောဂီပုဂ္ဂိုလ်အား ဝိပဿနာပညာကို ရရှိသည်အထိ အဝိဇ္ဇာကို တစ်လွှာပြီးတစ်လွှာ ခွာချနိုင်စွမ်းရှိပါတယ်။ ထိုအချိန်၌ ယောဂီသည် ပရမတ္တသဘာဝကို သဘောပေါက်လျက် နိဗ္ဗာန်သို့ ဝင်လမ်းဖြစ်သည့် ဗောဓိဉာဏ်ကို ရရှိသွားမည်ဖြစ်ပါတယ်။
မေတ္တာဖြင့်
နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ် နှင့် သမထ ကမ္မဋ္ဌာန်း
ဗုဒ္ဓတရားတော်၌ ရုပ် (၂၈)ပါး လာရှိ၏။ ယင်းရုပ်တရားတို့ကို -
ရုပ် (၂၈) ပါး ဟူသော အရေအတွက်အားဖြင့်လည်းကောင်း၊ မည်သည့်ရုပ်က ကံကြောင့်ဖြစ်သည်၊ မည်သည့်ရုပ်က စိတ်ကြောင့်ဖြစ်သည်၊ မည်သည့်ရုပ်က ဥတုကြောင့်ဖြစ်သည်၊ မည်သည့်ရုပ်က အာဟာရကြောင့်ဖြစ်သည်၊ မည်သည့်ရုပ်က မည်သည့်အကြောင်းကြောင့်မျှ မဖြစ်ဟု ..
ဖြစ်ကြောင်း သမုဋ္ဌာန်အားဖြင့်လည်းကောင်း ဟုတ်တိုင်းမှန်စွာ မသိပါက ဤသာသနာတော်၌ မဂ်ဖိုလ်နိဗ္ဗာန် ရသည့်တိုင်အောင် တိုးတက်စည်ကားကြီးပွားမှု မရှိနိုင်ကြောင်းကို မဟာဂေါပါလကသုတ္တန်တွင် ဘုရားရှင်ကိုယ်တော်တိုင် ဟောကြားထားတော်မူခဲ့ပါသည်။
သို့ဖြစ်၍ ဤပါဠိတော် အဋ္ဌကထာတို့နှင့်အညီ ရုပ်ကမ္မဋ္ဌာန်းပိုင်း၌ ရုပ် (၂၈) ပါးကို သိအောင် ကြိုးပမ်းရပါသည်။ ယင်းရုပ်တရားတို့ကို ပရမတ်သို့ဆိုက်အောင် ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ရေးအတွက် လိုအပ်သော အကူအညီကိရိယာကား သမာဓိသုတ္တန်များတွင် ဘုရားရှင်ဟောကြားထားတော်မူသည့် သမ္မာသမာဓိပင် ဖြစ်ပါသည်။
နာမ်တရားတို့၌ ဝီထိစိတ်နှင့် ဝီထိမုတ်စိတ် (ဝီထိမှ အလွတ်ဖြစ်သော စိတ်) ဟု နှစ်မျိုးရှိပါသည်။ ပဋိသန္ဓေစိတ်၊ ဘဝင်စိတ်၊ စုတိစိတ်တို့ကား ဝီထိမုတ်စိတ်တို့ဖြစ်ကြပေသည်။ ဘဝတစ်ခု၌ ရှေးဦးစွာ အစဆုံးဖြစ်သော စိတ်သည် ပဋိသန္ဓေစိတ်မည်ပေသည်။ နောက်ဖြစ်သော စိတ်သည် စုတိစိတ်ဖြစ်ပြီး၊ ယင်းပဋိသန္ဓေနှင့် စုတိ၏ အကြား၌ ဝီထိစိတ်များ မဖြစ်သောအချိန်ဝယ် ဘဝ၌ စိတ်အစဉ် မပြတ်စဲရေးအတွက် ဘဝ၏အကြောင်းတရား အဖြစ် ဖြစ်ပေါ်နေသော စိတ်သည် ဘဝင်စိတ်မည်ပါသည်။
ဒွါရ အာရုံတိုက်ဆိုင်သောအခါ ဖြစ်ပေါ်လာသော စိတ်အစဉ်တို့ကား ဝီထိစိတ်တို့ဖြစ်ကြပေသည်။ စက္ခုဒွါရဝီထိ၊ သောတဒွါရဝီထိ၊ ဃာနဒွါရဝီထိ၊ ကာယဒွါရဝီထိ၊ မနောဒွါရဝီထိဟု အကျဉ်းအားဖြင့် ဝီထိစိတ် အမျိုးအစား (၆) မျိုး ရှိပေသည်။
ယင်း ဝီထိစိတ် ဝီထိမုတ်စိတ်တို့၌ စိတ္တက္ခဏတိုင်း၌ အနည်းဆုံး ပမာဏအားဖြင့် စိတ်+စေတသိက် (၈) လုံး ရှိ၍ ဇောကဲ့သို့သော အချို့သော စိတ္တက္ခဏတို့၌ စိတ်+စေတသိက်(၃၄)လုံးအထိ ရံခါ ရှိတတ်ပေသည်။ ယင်းစိတ္တက္ခဏတစ်ခုတစ်ခုအတွင်း၌ အတူယှဉ်လျက် ဖြစ်ပေါ်သွားသော စိတ်+စေတသိက် နာမ်တရားစုတို့ကို နာမ်ကလာပ်တစ်ခုဟု ခေါ်ဆို၏။ ယင်းနာမ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိကြသော နာမ်တရားတို့ကို ၌ကား ဖဿ၊ ဤကား ဝေဒနာ၊ ဤကား သညာ၊ ဤကား စေတနာ၊ ဤကား ဝိညာဏ်စသည်ဖြင့် ဉာဏ်ဖြင့် ပိုင်းခြား၍ ယူနိုင်ပါမှ၊ သိမ်းဆည်းနိုင်ပါမှ နာမ်တရားတို့ကို သိသည် မည်ပေသည်။ ပရမတ်သို့ ဉာဏ်အမြင် ဆိုက်သည် မည်ပေသည်။
နာမ်တရားတို့ကို ယင်းကဲ့သို့ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်သည့်တိုင်အောင် သိမ်းဆည်းနိုင်ရေးအတွက်၊ ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ရေးအတွက်၊ ထိုးထွင်းသိမြင်နိုင်ရေးအတွက်၊ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိမြင်ရေးအတွက် လိုအပ်သော အကူအညီကိရိယာကား သမာဓိသုတ္တန်များတွင် ဘုရားရှင်ဟောကြားထားတော်မူသည့်အတိုင် သမ္မာသမာဓိပင် ဖြစ်ပေသည်။
သမထသည် သာသနာတွင်း တရားမဟုတ်ဟူသော စွဲချက်ကို ဤနေရာတွင် အနည်းငယ် ရှင်းလင်းချင်ပါ သည်။
ချစ်သား အဿဇိ အကြင်သမဏဗြဟ္မဏတို့သည်ကား သမာဓိကိုပင် အနှစ်သာရ၊ သမာဓိကိုပင် ရဟန်းအဖြစ် ဟု အောက်မေ့မှတ်ထင်ကြကုန်၏။ ထိုသမာဓိကို တစ်ဖန်ပြန်၍ မရကြကုန်သော ထို သမဏဗြဟ္မဏတို့၏ သန္တာန်၌ “ငါတို့သည် သာသနာတော်မှ မဆုတ်ယုတ်ဘဲ ရှိကြပါကုန်၏လော” ဟု ဤသို့ စိတ်အကြံအစည် ဖြစ်ပေါ်လာတတ်၏။
သမာဓိကိုပင် အနှစ်သာရ၊ သမာဓိကိုပင် ရဟန်းအဖြစ်ဟု အောက်မေ့မှတ်ထင်ကြကုန်၏။ သို့သော် ငါဘုရားရှင်၏ သာသနာတော်တွင်း၌ကား ဤသမာဓိသည် အနှစ်သာရမဟုတ်ပါ၊ ဝိပဿနာ မဂ် ဖိုလ် တို့သည်သာလျှင် အနှစ်သာရ ဖြစ်ပေ၏၊ သမာဓိမှ လျှောကျသွားသော ထိုသင်သည် အဘယ်ကြောင့် “ငါသည် သာသနာတော်မှ မဆုတ်ယုတ်ဘဲ ရှိပါ၏လော” ဟု ကြံစည်နေရပါသနည်း ဟု မိန့်တော်မူ၏။
အရှင်အဿဇိကား ကာယသင်္ခါရအမည်ရသော အဿာသပဿာသ တို့ကို ချုပ်ငြိမ်းစေချက် (အာနာပါန) စတုတ္ထဈာန်ကို ဝိပဿနာ၏ အခြေပါဒကပြု၍ ဝိပဿနာသို့ ကူးနေကျဖြစ်၏။ သို့သော် ကျန်းမာရေး ချို့တဲ့လာသောအခါ ထိုစတုတ္ထဈာန်ကို တစ်ဖန်ပြန်၍ ဝင်စားမရ ဖြစ်နေ၏။ ဝိပဿနာသို့ မကူးနိုင်ဖြစ်နေ၏။ ထိုအခါတွင် သံဃာတော်များ၏ လျှောက်ထားချက်အရ ဘုရားရှင်ကြွလာတော်မူကာ အထက်ပါ စကားများဖြင့် အဿဇိသုတ္တန်တရားဒေသနာတော်ကို ဟောကြားပေးတော်မူပေသည်။ တေပရိဝဋဓမ္မဒေသနာတော်၏အဆုံး၌ အရဟတ္တဖိုလ်၌ တည်သွားတော်မူလေသည်။
ဤအထက်ပါ ပါဠိတော်နှင့်အဋ္ဌကထာတို့ကို ကိုးကား၍ သမာဓိသမထသည် သာသနာတော်၏ အနှစ်သာရမဟုတ်၊ ဝိပဿနာသည်သာလျှင် သာသနာတော်၏ အနှစ်သာရဖြစ်၏။ ထို့ကြောင့် သမာဓိထူထောင်ဖို့ မလိုဟု အဆိုရှိကြလေသည်။
ဤကျမ်းကလည်း သမာဓိ သမထကို သာသနာတော်၏ အနှစ်သာရဟု မဆိုပါ။ ဝိပဿနာမဂ်ဖိုလ်တို့ကို သာလျှင် သာသနာတော်၏ အနှစ်သာရဟု ဆိုပါသည်။ သို့သော် ..
ဝိပဿနာဟူသည် -
အနိစ္စာဒိဝသေန ဝိဝိဓေဟိ အာကာရေဟိ ဓမ္မေ ပဿတီတိ ဝိပဿနာ။ ဟူသော အဋ္ဌသာလိနီ အဋ္ဌကထာ၏ ဖွင့်ဆိုချက်နှင့်အညီ ဒုက္ခသစ္စာအမည်ရသော ဥပါဒါနက္ခန္ဓာငါးပါး ရုပ်နာမ်ပရမတ်တရား၊ သမုဒယသစ္စာ အမည်ရသော ဒုက္ခသစ္စာ၏ အကြောင်းရင် ပရမတ်တရားဟူသော ပရမတ်အစစ်ဖြစ်ကြသော သင်္ခါရဓမ္မတို့ကို -
ယင်းသင်္ခါရတရားတို့၏ ဖြစ်ပြီးလျှင် ပျက်သည့်သဘော ပျက်ပျက်နေသည့်သဘောကို ဉာဏ်ဖြင့်မြင်အောင် ကြည်၍ အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးတန်တင်ကာ ရှုပွားသုံးသပ်သည့်အပိုင်းကိုသာလျှင် ဝိပဿနာဟု ခေါ်ပေသည်။ ယင်းဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သော တရားတို့မှာ ဒုက္ခသစ္စာ သမုဒယသစ္စာအမည် ရသော ပရမတ်သင်္ခါရတရားတို့သာ ဖြစ်ကြပေသည်။
အသင်သူတော်ကောင်းတို့သည် သမာဓိကို မထူထောင်ဘဲ တရားဘာဝနာကို ပွားများဖူးကောင်း ပွားများဖူးပေမည်။ ထိုကဲ့သို့ ပွားများ အားထုတ်ရာ၌ ပရမတ်ရုပ်တရားနာမ်တရား အကြောင်းတရား အကျိုးတရားတို့ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်လျက် သိ မသိကို မိမိကိုယ်ကို မိမိ မေးကြည့်ပါ။ အကယ်၍ မသိဟု အဖြေထွက်ခဲ့လျှင် ယင်းသင်္ခါရတရားတို့ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ဟုတ်တိုင်းမှန်စွာ ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ရေးအတွက် သမာဓိထူထောင်ရမည်ဟူသော ဘုရားရှင်၏ တရားစကားတော်ကို ရိုသေစွာ ဦးထိပ်ရွက် ပန်ဆင်သင့် လှပေသည်။
အကြောင်းမူ ယင်းသင်္ခါရတရားတို့ကား သမာဓိရှိသာ သူတော်ကောင်းတို့သည်သာလျှင် သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်နိုင်သောကြောင့်ဖြစ်ပေသည်။
တစ်ဖန် ဥပစာရသမာဓိ အပ္ပနာသမာဓိဟူသော နှစ်ဖြာသော သမာဓိ သမထသည် သာသနာတွင်း တရားမဟုတ်၊ သာသနာပ တရားသာဖြစ်သည်။ ဝိပဿနာတရားသည်သာလျှင် သာသနာတွင်း တရားဖြစ်သည်ဟုလည်း အဆိုရှိပြန်သည်။
အကယ်၍ အသင်သူတော်ကောင်းသည် မဂ္ဂင်(၈)ပါး အကျင့်မြတ်တရားသည် သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်း နိယျာနိကတရားကောင်းဖြစ်သည်ဟုလည်းကောင်း၊ သာသနာတွင်းတရားဖြစ်သည် ဟုလည်းကောင်း လက်ခံနိုင်ခဲ့ပါလျှင် မဂ္ဂင်(၈)ပါးတို့၏ အစိတ်အပိုင်းတစ်ခုဖြစ်သော၊ မဂ္ဂင်(၈)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော သမ္မာသမာဓိကိုလည်း အဘယ်အကြောင်းကြောင့် သာသနာတွင်းတရားပါဟု လက်မခံနိုင်ပါသနည်း၊ မဂ္ဂင်(၈)ပါးကို သာသနာတွင်းတရားအဖြစ် လက်ခံနိုင်ပါလျှင် သမ္မာသမာဓိကိုလည်း သာသနာတွင်းတရားအဖြစ် လက်ခံသင့် လက်ခံထိုက်လှပေသည်။
ယင်းသို့ဖြစ်လျှင် သမထယာနိကပုဂ္ဂိုလ်က သမာဓိကို ထူထောင်လျှင် သင့်တန်စေ၊ သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်သည်ကား သမာဓိကို မထူထောင်ဘဲ ဝိပဿနာသို့ တိုက်ရိုက်သွားသည်မဟုတ်ပါလောဟု မေးရန် ရှိပေသည်။
သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်တို့သည်လည်း သဒိသူပစာရအားဖြင့် ဥပစာရသမာဓိအမည်ရသော သမာဓိကို ထူထောင်သည်သာဟု ဖြေရပေမည်။ ဤနေရာတွင် အငြင်းပွားမှုမဖြစ်စေရန် သုဒ္ဓဝိပဿနာ ယာနိကပုဂ္ဂိလ်သည် မည်သည့်ကမ္မဋ္ဌန်းကစ၍ အားထုတ်ရသည်ကို အောက်ပါဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာမှ ဖော်ပြပေးချင်ပါသည်။
သုဒ္ဓဝိပဿနာယာနိကော ပန အယမေဝ ဝါ သမထယာနိကော စတုဓာတုဝဝတ္ထာနေ ဝုတ္တာနံ တေသံ တေသံ ဓာတုပရိဂ္ဂဟမုခါနံ အညတရမုခဝသေန သင်္ခေပတော ဝါ ဝိတ္ထာရတော ဝါ စတေဿာ ဓာတုယော ပရိဂ္ဂဏှာတိ။
သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်သည်လည်းကောင်း၊ ရုပ်ကမ္မဋ္ဌာန်းက စတင်၍ ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ ကူးလိုသော သမထယာနိကပုဂ္ဂိုလ်သည်လည်းကောင်း၊ သမထပိုင်းကမ္မဋ္ဌာန်း(၄၀)တို့တွင် စတုဓာတုဝဝတ္ထန် ကမ္မဋ္ဌာန်း ၌ ဖွင့်ဆိုရေးသားခဲ့ကုန်သော ထိုထိုဓာတ်ကြီး(၄)ပါးကို သိမ်းဆည်းကြောင်းဖြစ်သော နည်းလမ်းတို့တွင် တစ်နည်းနည်း၏အစွမ်းဖြင့် အကျဉ်းအားဖြင့်လည်းကောင်း၊ အကျယ်အားဖြင့်သော်လည်းကောင်း ဓာတ်ကြီး လေးပါးတို့ကို စတင်သိမ်းဆည်းရပေသည်။
ဓာတ်ကမ္မဋ္ဌာန်းကျင့်စဉ်လမ်းမှ အားထုတ်လာရာ၊ သမာဓိကို ထူထောင်လာရာ ဥပစာရသမာဓိသို့ ဆိုက်ရောက်နိုင်ကြောင်းကို အဋ္ဌကထာက ဖွင့်ဆိုထားပါသည်။ ထိုတွင် ဥပစာရသမာဓိဟူသည် တကယ့် ဥပစာရသမာဓိအစစ်မဟုတ်ပေ။
ဥပစာရသမာဓိဟူသည် အပ္ပနာဈာန်သို့ ကပ်၍ ဖြစ်လေ့ရှိသော သမာဓိကိုသာလျှင် ဥပစာရသမာဓိဟု ခေါ်ဆိုနိုင်ပေသည်။
အမှန်စင်စစ်မူကား အပ္ပနာဈာန်သို့ကပ်၍ ဖြစ်လေ့ရှိသော ထိုကဲ့သို့သော ဥပစာရသမာဓိအစစ်နှင့် တူညီသော သမာဓိလက္ခဏာရှိသောကြောင့် သဒိသူပစာရအားဖြင့် တင်စား၍ ဥပစာရသမာဓိဟု ဤသို့ မိန့်ဆိုခြင်းဖြစ်ပေသည်။
ဤဓာတ်ကမ္မဋ္ဌာန်၌ အပ္ပနာဈာန်သမာဓိသည်မရှိပေ။ အဘယ်ကြောင့် ဤဓာတ်ကမ္မဋ္ဌာန်းလမ်း၌ အပ္ပနာဈာန်သမာဓိသည် မရှိနိုင်ပါသနည်းဟူမူ ရုပ်ကလာပ်တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော ဓာတ်ကြီး(၄)ပါးတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာတည်းဟူသော ပရမတ္ထဓမ္မသဘာဝလျှင် အာရုံရှိသော ကြောင့် ထိုပရမတ္ထဓမ္မသဘာဝတို့၏ နက်နဲသော သဘောရှိရကား အပ္ပနာဈာန်သမာဓိသို့ မဆိုက်ရောက် နိုင်ဘဲ ဥပစာရသမာဓိသို့သာ ဆိုက်ရောက်နိုင်၍ဖြစ်ပေသည်။
ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာကို ဉာဏ်ဖြင့် ပိုင်းခြားယူ၍ သမာဓိကို ထူထောင်လာရာ ရုပ်ကလာပါတစ်ခု တစ်ခုအတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါတို့၏ ကိုယ်ပိုင်ပရမတ္ထဓမ္မ သဘာဝလက္ခဏာ ကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်သော အဆင့်သို့ ဆိုက်ရောက်၏။
ယင်းသို့ ရုပ်ကလာပ်တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင်ပရမတ္ထဓမ္မ သဘာဝလက္ခဏာကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်သောအခါ ယင်းဉာဏ်နှင့် ယှဉ်တွဲလျက်ရှိသော သမာဓိကား အထွတ်အထိပ်သို့ ဆိုက်ရောက်လာသော ကာမာဝစရဥပစာရသမာဓိတစ်မျိုး ဖြစ်ပေသည်။
အပ္ပနာဈာန်နားသို့ ကပ်၍တည်နေသော သမာဓိကိုသာလျှင် မုချအားဖြင့် ဥပစာရသမာဓိဟု ဆိုရသည်။ ဤ၌ကား ရုပ်ကလာပ်တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော ဓာတ်ကြီး(၄)ပါးတို့၏ ကိုယ်ပိုင်ပရမတ္ထဓမ္မ သဘာဝကို အာရုံယူ၍ ဆက်လက် သမာဓိကို ထူထောင်သော်လည်း ယင်းဓာတ်ကြီး (၄)ပါးတို့၏ ကိုယ်ပိုင် ပရမတ္ထဓမ္မ သဘာဝလက္ခဏာတို့သည် နက်နဲသည့်အတွက်ကြောင့် အပ္ပနာဈာန်သို့ မဆိုက်နိုင်ပေ။ သို့အတွက် ဤဓာတ် ကမ္မဋ္ဌာန်းလမ်း၌ အပ္ပနာဈာန်ကား မရှိဖြစ်ခဲ့ပေသည်။
ယင်းရုပ်ကလာပ်တို့မှာ တစ်နည်း ရုပ်ကလာပ်အတွင်း၌ တည်ရှိသော ရုပ်တရားတို့မှာ အလွန် တိုတောင်းသော သက်တမ်းရှိကြ၏။ မျက်စိတစ်မှိတ် လျှပ်တစ်ပြက် လက်ဖျစ်တစ်တွက် အချိန်ကာလကို ကုဋေ(၅၀၀၀)ကျော် ခန့်ပုံလျှင် တစ်ပုံလောက်သော သက်တမ်းရှိကြ၏။ ထိုမျှ သက်တမ်းတိုတောင်း လှသော ရုပ်တရားတို့၏ သဘာဝလက္ခဏာကို အာရုံယူနေရသဖြင့် အလွန်နက်နဲ၍ ခက်ခဲသော လုပ်ငန်းရပ် ဖြစ်နေ၏။ သို့သော် အပ္ပနာဈာန်နားသို့ ကပ်၍ ဖြစ်လေ့ရှိသော တကယ့်ဥပစာရသမာဓိ အစစ်နှင့်ကား သမာဓိဒီဂရီ စံချိန်ချင်း တူညီလျက်ရှိပေသည်။
ထို့ကြောင့် သဒိသူပစာရအားဖြင့် တင်စား၍ ဤစတုဓာတုဝဝတ္ထာန် သမာဓိကိုလည်း ဥပစာရသမာဓိဟု အဋ္ဌကထာက ခေါ်ဝေါ်သုံးစွဲထားခြင်းဖြစ်ပေသည်။
သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်သည် သမထဈာန်ကို အခြေမခံဘဲ ဝိပဿနာသို့ (သို့မဟုတ်) ဒိဋ္ဌိဝိသုဒ္ဓိစခန်း သို့ တိုက်ရိုက်သွားလိုပါက ဤကဲ့သို့သော ဥပစာရသမာဓိကိုကား ထူထောင်ရမည်သာ ဖြစ်ပေသည်။
ဤစတုဓာတုဝဝတ္ထာန်အမည်ရသော ဤကမ္မဋ္ဌာန်းသည် ဥပစာရသမာဓိကို ရွက်ဆောင်ပေးနိုင်သဖြင့် သမထကမ္မဋ္ဌာန်း(၄၀)တွင်လည်းပါဝင်ပေသည်။ အထွတ်အထိ်ပ်သို့ ရောက်ရှိလာသော ယင်းစတုဓာတု ၀ဝတ္ထာန် ဥပစာရသမာဓိသည် (သို့မဟုတ်) ယင်းသမာဓိနှင့် ယှဉ်သော ဉာဏ်သည် ရုပ်ကလာပ်တစ်ခု တစ်ခုအတွင်း၌ တည်ရှိသော ဓာတ်ကြီး(၄)ပါးတို့၏ ကိုယ်ပိုင်ပရမတ္ထဓမ္မသဘာဝလက္ခဏာ ကိုလည်း အာရုံယူနိုင်သဖြင့် ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ သက်ဝင်နိုင်လေသည်။
ထိုကြောင့် ဤကမ္မဋ္ဌာန်းသည် သမထဝိပဿနာ နှစ်ဘက်ရ ကမ္မဋ္ဌာန်းတစ်ခုဖြစ်ပေသည်။
တစ်ဖန် သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်သည် ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ (သို့မဟုတ်) ဝိပဿနာသို့ တိုက်ရိုက် သွားလိုသောအခါ အဘယ်ကြောင့် ဓာတ်ကမ္မဋ္ဌာန်းက စတင်၍ အားသစ်ရပါသနည်းဟု မေးရန်ရှိပေသည်။
သမထကမ္မဋ္ဌာန်းပိုင်း၌ ကမ္မဋ္ဌာန်း(၄၀)ရှိ၏။ သမာဓိပိုင်းဖြစ်ပေသည်။ သို့သော် ဝိပဿနာပိုင်းသို့ ရောက်ရှိ လာသောအခါ၌ကား ရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်းဟု ကမ္မဋ္ဌာန်းနှစ်မျိုးသာရှိလေသည်။
ရူပပရိဂ္ဂဟ = ရုပ်ကို သိမ်းဆည်းခြင်း၊ အရူပပရိဂ္ဂဟ = နာမ်ကို သိမ်းဆည်းခြင်းဟူသည်မှာလည်း ယင်းရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်းကိုပင် ဆိုလိုပေသည်။
ထိုနှစ်မျိုးတို့တွင် ဘုရားရှင်သည် ရုပ်ကမ္မဋ္ဌာန်းကို ဟောကြားတော်မူသောအခါ အကျဉ်း နှလုံးသွင်းနည်း၏ အစွမ်းဖြင့်သော်လည်းကောင်း၊ အကျယ်နှလုံးသွင်းနည်း၏ အစွမ်းဖြင့်သော်လည်းကောင်း စတုဓာတု ၀ဝတ္ထာန် အမည်ရသော ဓာတ်ကမ္မဋ္ဌာန်းကို ဟောကြားတော်မူမြဲဓမ္မတာဖြစ်ပေသည်။
ထိုတွင် ရုပ်တရားကို အဦးမူ၍၊ ရုပ်ကမ္မဋ္ဌာန်းကစ၍ ဝိပဿနာကို နှလုံးသွင်းခြင်းသည် ယေဘူယျအားဖြင့် သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိလ်အား အလိုရှိအပ်ပေသည်။
နာမ်တရားကို အဦးမူသဖြင့် ၊ နာမ်ကမ္မဋ္ဌာန်းကစ၍ ဝိပဿနာကို နှလုံးသွင်းခြင်းသည်ကား ယေဘူယျအား ဖြင့် သမထယာနိက ပုဂ္ဂိုလ်အားသာလျှင် အလိုရှိအပ်ပေသည်။
သမထယာနိကပုဂ္ဂိုလ်သည်ကား သမာဓိစွမ်းအင်ပြည့်ဝစုံညီနေသော ပုဂ္ဂိုလ်ဖြစ်ခြင်းကြောင့် သမာဓိရှိသော ပုဂ္ဂိုလ်သည် ပရမတ္ထဓမ္မသဘာဝတို့ကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိမြင်နိုင်ရကား ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ = ဝိပဿနာသို့ ကူးသောအခါ ရုပ်ကမ္မဋ္ဌာန်းကစ၍ သော်လည်းကောင်း၊ နာမ်ကမ္မဋ္ဌာန်းကစ၍ သော်လည်းကောင်း မိမိနှစ်ခြိုက်ရာ ကမ္မဋ္ဌာန်းကစ၍ အားထုတ်နိုင်ပေသည်။
သို့သော် သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်သည်ကား ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ = ဝိပဿနာသို့ကူးသောအခါ ယေဘူယျအားဖြင့် ရုပ်ကမ္မဋ္ဌာန်းကစ၍ အားထုတ်ရပေသည်။ နာမ်ကမ္မဋ္ဌာန်းကစ၍ အားထုတ်လိုက အားထုတ်နိုင်သော်လည်း ရုပ်နာမ်တို့ကို ပရမတ်သို့ဆိုက်အောင် သိမ်းဆည်းနိုင်ရေးအတွက်ကား အခက်အခဲ များစွာ ရှိကောင်းရှိနိုင်ပေသည်။
သို့အတွက် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက ယေဘူယျစည်းကမ်းသို့လိုက်၍ သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်အား ရုပ်ကမ္မဋ္ဌာန်းကစ၍ သိမ်းဆည်းရန် ညွှန်ကြားထားခြင်းဖြစ်ပေသည်။
ဝိပဿနာဖြင့် သင်္ခါရတရားတို့ကို ရှုဆင်ခြင်ပုံ
ဝိပဿနာဖြင့် သင်္ခါရတရားတို့ကို လက္ခဏာယာဉ် သုံးပါးတင်၍ ရှုဆင်ခြင်သည်ဆိုရာ၌ သင်္ခါရတရား ဟူသည်မှာ ခန္ဓာ ၅-ပါး၊ အာယတန ၁၂-ပါး၊ ဓာတ် ၁၈-ပါးတို့ကို ဆိုလိုပါသည်။ ခန္ဓာ ၅ပါးတွင် အကျဉ်းအားဖြင့် ရုပ်သင်္ခါရ၊ နာမ်သင်္ခါရ ၂ ပါးသာရှိပါသည်။ ထို့နည်းတူ အာယတန ၁၂ ပါး နှင့် ဓာတ် ၁၈ ပါးတို့တွင်လည်း အကျဉ်းအားဖြင့် ရုပ်သင်္ခါရ နာမ်သင်္ခါရ ၂ ပါးသာ ရှိပါသည်။ ရုပ်သင်္ခါရ၊ နာမ်သင်္ခါရ (ဝါ) ထိုရုပ်၊ နာမ် ၂ ပါးတို့၏ ဖြစ်ခြင်း၊ ပျက်ခြင်းတို့ကို အနိစ္စအစရှိသော လက္ခဏာသုံးပါးတင်၍ ရှုဆင်ခြင်သည့်အခါ ထို ရုပ်၊ နာမ် ၂ ပါးတို့၏ သူ့သဘောအတိုင်း ဖြစ်ပေါ်လာ၍ သူ့သဘောအတိုင်း ပျက်သွားသည်ကို ဟုတ်တိုင်းမှန်စွာ (ယထာဘူတ ကျနမှန်ကန်စွာ) ဝိပဿနာ ဉာဏ်ပညာဖြင့် သိမြင်နိုင်ပါသည်။
ခန္ဓာ အာယတန ဓာတ်ဟုဆိုအပ်ကုန်သော ရုပ် နာမ် ၂ ပါးတို့၏ ဖြစ်ပျက်ကို ဟုတ်တိုင်းမှန်စွာ သိမြင်နိုင်ရေး အတွက် ရှာရန်နေရာမှာ ယောဂီပုဂ္ဂိုလ်၏ ခန္ဓာကိုယ်မှာသာဖြစ်ပါသည်။ ခန္ဓာကိုယ်ပေါ်၌ ရုပ်နာမ်တို့၏ ဖြစ်ခြင်း ပျက်ခြင်းကို အတပ် ဒိဋ္ဌသိမြင်ရန်မှာ ခန္ဓာကိုယ်ပေါ်၌ မျက်မြင်အထင်အရှား ဖြစ်ပေါ်လျက်ရှိသော ရုပ်နာမ်ခန္ဓာ တို့၏ ဖြစ်ပျက်ကို ပွားများရှုဆင်ခြင်နေရမည်ဖြစ်ပါသည်။
ထိုသို့ရှုဆင်ခြင်နေမှသာလျှင် ဘာဝနာအစစ်ဖြစ်ပြီး၊ ဖြစ်ခြင်း ပျက်ခြင်း (ဥဒယဗ္ဗယ) ဉာဏ်အမြင် ရင့်သန် လာမည်ဖြစ်ပါသည်။ ဥဒယဗ္ဗယဉာဏ် အမြင် ရင့်သန်မှသာလျှင် ရူပါရုံကို မြင်ရာ၌ ရူပါရုံပေါ်၌ စွဲလမ်းမှု ကိလေသာ မဖြစ်ပဲ မြင်ကာ မတ္တသာ ဟူ၍ လည်းကောင်း၊ ဖြစ်ပြီးလျှင် ပျက်သွားသည် ဟူ၍လည်းကောင်း၊ စိတ်ထဲ၌ သိမြင်လာပြီးလျှင် မမြဲ၊ ဆင်းရဲ၊ အနှစ်သာရ မရှိဟု ထင်မြင်နိုင်မည် ဖြစ်ပါသည်။
ထိုသို့ဖြစ်ပျက်ကို တွေ့ရှိသည့်အခါ တွေ့မြင်ရသော အာရုံပေါ်၌ စွဲလမ်းမှု ကိလေသာမဖြစ်တော့သဖြင့် စိတ်ထဲ၌ ချစ်ဖွယ်၊ မုန်းဖွယ် အထည်ဝတ္ထု အနေအားဖြင့် မထင်မြင်တော့ပဲ၊ ကိလေသာဝဋ်ဆင်းရဲ၏ ကုန်ဆုံးရာ နိဗ္ဗာန်သို့ မျက်မှောက်ပြုမည်ဖြစ်ပါသည်။
ရုပ်နာမ်တို့၏ ဖြစ်ပျက်ကို ခန္ဓာကိုယ်ပေါ်၌ တွေ့အောင် ရှာရန်မှာ သူတပါး ပြောကြားသော စကားနှင့် မိမိဖတ်ရှု သင်ကြားထားသော အသိဉာဏ်ဟု ဆိုအပ်သော သုတမယဉာဏ်ဖြင့်လည်းကောင်း၊ မိမိရှေ့က သင်ကြား နာယူဖူးသော ဗဟုသုတအလျောက် ရုပ်နာမ်တို့၏ ဖြစ်တတ်ပျက်တတ်သော သဘောတို့ကို မိမိဉာဏ် ရှိသလောက် စဉ်းစားဝေဖန်ကြံစည်မှုဟုဆိုအပ်သော စိန္တာမယဉာဏ်ဖြင့်လည်းကောင်း ရှာရန် မဟုတ်ပါ။ မိမိရှေ့က သင်ကြားဖူး ဖတ်ရှုဖူးသောနည်းလမ်းများနှင့် တရားထိရောက်သောဆရာက ညွှန်ကြားပြသသော နည်းလမ်းများကို လိုက်နာကျင့်ကြံပွားများ အားထုတ်ခြင်းဟု ဆိုအပ်သော ဘာဝနာမယဉာဏ်ဖြင့် ရှာမှသာလျှင် တွေ့မြင်နိုင်မည်ဖြစ်ပါသည်။
သို့အတွက် ရှေးဦးစွာ သမထဘာဝနာမယဉာဏ်ဖြင့် စိတ်တည်ငြိမ်မှုရရန် အားထုတ်ရမည်၊ ထိုသို့ အားထုတ်၍ ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်ကို ထင်မြင်ရရှိပြီးမှ ဝိပဿနာဘာဝနာမယဉာဏ်ဖြင့် (ဝါ) ဝိပဿနာ ကမ္မဋ္ဌာန်း ပွားခြင်းဖြင့် ရုပ်နာမ်တို့၏ ဖြစ်ပျက်ကို ခန္ဓာကိုယ်ပေါ်မှာ ရှာရမည်ဖြစ်ပါသည်။
သမထယာနိက၊ ဝိပဿနာယာနိက ပုဂ္ဂိုလ် ၂ မျိုးတို့တွင် သမထယာနိက ပုဂ္ဂိုလ်သည် အာနာပါန စသော သမထ ကမ္မဋ္ဌာန်းတစ်ခုခုကို ပထမဦးစွာ ပွားများ၍ ဥပစာရသမာဓိကိုဖြစ်စေ၊ အပ္ပနာသမာဓိကိုဖြစ်စေ၊ ရလာလျှင် ခန္ဓာအိမ်၌ဖြစ်ပေါ်နေသော ပရမတ်ရုပ်နာမ်တို့၏ ဖြစ်ပျက်ပုံကို ရှုမှတ်ပွားရမည်ဖြစ်သည်။
ထိုနည်းတူ ဝိပဿနာယာနိကပုဂ္ဂိုလ်သည်လည်း ဥပစာရသမာဓိ၊ အပ္ပနာသမာဓိတို့ကိုရရန် သမထ ကမ္မဋ္ဌာန်းတစ်ခုခုကို မပွားများပဲ၊ ခန္ဓာအိမ်၌ဖြစ်ပေါ်နေသော ပရမတ် ရုပ်နာမ်တို့၏ ဖြစ်ပျက်ပုံတို့ကို ရှုမှတ်ပွားများရမည်ဖြစ်သည်။
ခန္ဓာအိမ်ပေါ်၌ ဖြစ်ပေါ်နေသော ပရမတ်ရုပ်နာမ်တို့၏ ဖြစ်ပျက်ပုံတို့ကို ရှုမှတ်ပွားများရမည်ဆိုရာ၌ ပရမတ်ရုပ်နာမ်တို့သည် ခန္ဓာအိမ်ပေါ်၌ မည်ကဲ့သို့ ဖြစ်ပျက်နေသနည်း၊ ပရမတ်ဆိုသည်မှာ မည်သည့်အရာကို ခေါ်သနည်း၊ ပညတ်ဆိုသည်မှာ မည်သည့်အရာကို ခေါ်သနည်း၊ ရုပ်နာမ်ဆိုသည်မှာ မည်သည့်အရာကို ခေါ်သနည်း၊ မည်ကဲ့သို့ ရှုမှတ်ပွားများရမည်နည်း ဆိုသည်များကို တရားအားထုတ်သူ ယောဂီများ သိနားလည်ရမည်ဖြစ်ပါသည်။
နာမ်ရုပ်တို့ကို ပိုင်းခြားသိမြင်ခြင်းစသော ဝိပဿနာဉာဏ်ကိုဖြစ်စေလိုသော ယောဂီပုဂ္ဂိုလ်သည် ပရမတ်၊ ပညတ် ၂ မျိုး တို့တွင် ပရမတ်ရုပ်နာမ်တို့ကိုသာလျှင် ရှုမှတ်ပွားများရမည်ဖြစ်ပါသည်။ ပညတ်တရားတို့ကို မရှုမှတ် မပွားများအပ်ပါ။
ပရမတ်ရုပ်နာမ်တို့ကို ရှုမှတ်ရာ၌ ရုပ်နာမ်ဟူသမျှကို တခုမကျန် စုံလင်အောင် ရှုမှတ်ရမည်မဟုတ်ပါ၊ မိမိတို့ ဉာဏ်အမြင်၌ အထူးထင်ရှားသောတရား တခုခုကိုသာ ပဓာနပြု၍ ရှုရမည်ဖြစ်ပါသည်။ ဥပမာ - ပရမတ်ရုပ်တရားဖြစ်သည့် ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော ဟုဆိုအပ်သော ဓာတ်ကြီးလေးပါးတို့တွင် မိမိခန္ဓာအိမ်ပေါ်၌ ထိတွေ့ပျက်ထင်ရှားသော ဝါယောဖောဋ္ဌဗ္ဗရုပ်တရားတခုကိုသာ ရှုမှတ်၍ အသိဉာဏ် ထင်ရှားလျှင် နိဗ္ဗာန်ကိုရောက်နိုင်ပါသည်။
ယောဂီပုဂ္ဂိုလ်သည် အာနာပါန သမထကမ္မဋ္ဌာန်းကို စ၍ပွားများဆင်ခြင်သည့်အခါ မှတ်သားအပ်သော (ဝါ) အာရုံပြုအပ်သော ဝင်လေထွက်လေတို့၏ ဝင်ပုံထွက်ပုံသည် ပညတ်တရားပင်ဖြစ်ပါသည်။ ထိုအာနာပါန ကမ္မဋ္ဌာန်းကို ပွားများအားထုတ်၍ အတော်အတန်ရင့်သန်လာသောအခါ ဝင်လေထွက်လေ အစဉ်အတန်းကို မျက်စိဖြင့် မြင်ရသကဲ့သို့ စိတ်ဖြင့်မှန်းဆ၍ ထင်ထင်ရှားရှား မြင်ရသောအာရုံသည်လည်း ပညတ်တရားပင် ဖြစ်ပါသည်။ ယင်းအာရုံကိုပင် အဖန်ဖန်အထပ်ထပ် ရှုမှတ်ပွားများ အားထုတ်သည့်အခါ လွန်စွာ သန့်ရှင်း စင်ကြယ်သော ပတ္တမြားရောင်၊ ပုလဲရောင်ကဲ့သို့ အဆင်းရှိသော အာရုံသည်လည်း ပညတ်အာရုံပင်ဖြစ်ပါသည်။
ပညတ်အာရုံကို အာရုံပြု၍ အာနာပါန သမထဘာဝနာ ရင့်သန်လာသောအခါ ယောဂီ၏စိတ်၌ နှာသီးဖျား၌ ထိခိုက်သွားသော ဝင်လေ ထွက်လေတို့၏ တွေ့ထိမှု (ဝါယောဖောဋ္ဌဗ္ဗရုပ်တရား) အဖြစ်အပျက်ကို သို့မဟုတ် ဝင်လေထွက်လေတို့ နှာသီးဖျား၌ တွေ့ထိခြင်းကို သိမှု (နာမ်တရား) အဖြစ်အပျက်ကို ကိုယ်တိုင်ကိုယ်ကြပ် မျက်မှောက်ထင်ထင် သိမြင်လာလေသည်။
ထိုအခါ ယောဂီ၏စိတ်သည် အာနာပါနသမထကမ္မဋ္ဌာန်းအားထုတ်စဉ် အာရုံပြုအပ်သော ပညတ်အာရုံမှ ဖြစ်ပျက်နေသော ပရမတ်ရုပ်နာမ် အစစ်အာရုံ ပေါ်လာမည်ဖြစ်ပါသည်။
ဝိပဿနာကို ရှုမှတ်ပွားများသော ယောဂီပုဂ္ဂိုလ်သည် မိမိခန္ဓာအိမ်ပေါ်၌ မျက်မြင်(ပစ္စုပ္ပန်) ဖြစ်ပေါ်လာသော ရုပ်နာမ်တို့၏ ဖြစ်ပျက်သဘောတရားကိုသာ ရှုမှတ်ပွားများရမည်ဖြစ်ပါသည်။ တဆင့်ကြားခြင်း၊ သင်ကြားဖူးခြင်း၊ ဖတ်ရှုဖူးခြင်းစသည်တို့ကို ကြံစည်တွေးတောခြင်းဖြင့် ဖြစ်ပေါ်လာသော မျက်မြင်မဟုတ်သည့် အတိတ်ကာလ၌ ဖြစ်ပြီးခဲ့သော ရုပ်နာမ်တို့၏ ဖြစ်ပျက် သဘောတရား များကိုလည်းကောင်း၊ ခန္ဓာကိုယ်ပေါ်၌ ဖြစ်ပေါ်မလာသေးသော အနာဂတ်ဖြစ်သည့် ရုပ်နာမ်တို့၏ ဖြစ်ပျက် သဘောတရားများကိုလည်းကောင်း၊ ရှုမှတ်ပွားများခြင်းကို မပြုရပါ။
အတိတ်၌ဖြစ်သော ရုပ်နာမ်တို့သည် ချုပ်ငြိမ်ကြလေကုန်ပြီးဖြစ်၍ ထင်ရှားမရှိကြတော့ချေ၊ အနာဂတ်ဖြစ်သော ရုပ်နာမ်တို့သည်လည်း မဖြစ်ပေါ်လာကြသေး၍ ထင်ရှားမရှိပါ၊ သို့အတွက် ထင်ရှားမရှိသော ရုပ်နာမ် တရားများကို အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု ဆိုအပ်သော လက္ခဏာသုံးတန်တင်၍ ရှုဆင်ခြင်ခြင်းအားဖြင့် သဘောမှန်အတိုင်း မသိရုံမျှသာ မဟုတ်သေး၊ ကိလေသာ တရားများကို ပယ်သတ် နိုင်ခြင်းတည်းဟူသော အကျိုးတရားများကိုလည်း မရနိုင်ပါ။
မြင်စဉ် ကြားစဉ် နံစဉ် စားစဉ် တွေ့ထိစဉ် ကြံသိစဉ်၌ ဖြစ်ပေါ်လာသော မျက်မြင်(ပစ္စုပ္ပန်) သဘောများကိုသာ အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု သိမြင်အောင် ရှုမှတ်ရမည်ဖြစ်သည်။ ထိုသို့ရှုမှတ်မှသာလျှင် ထိုဖြစ်ပေါ်လာသောတရား များပေါ်၌ နှစ်သက်တွယ်တာသော တဏှာတရား၊ အထင်အမြင် အယူအဆမှားသော ဒိဋ္ဌိတရားနှင့် ငါဟုမှတ်ထင်နေသော မာနတရားများ ဖြစ်ပေါ်လာမည် မဟုတ်ပေ။ ထို့ကြောင့် မျက်မြင်(ပစ္စုပ္ပန်) ဖြစ်ပေါ်လာသော ရုပ်နာမ်တရားများကို ရှုမှတ်ရမည်ဟုဆိုခြင်း ဖြစ်ပါသည်။
ဝိပဿနာဘာဝနာကို ရှုမှတ်ပွားများနေသော ပုဂ္ဂိုလ်သည် ဝိပဿနာ ရှုမှတ် ပွားများနေသည့် အခိုက်အတန့်၌ ပါဏာတိပါတစသည်ကို ကာယကံ၊ ဝစီကံ၊ မနောကံတို့ဖြင့် လွန်ကျူးခြင်း မရှိသောကြောင့် ယင်းပုဂ္ဂိုလ်ကို ဝိပဿနာသီလဝန္တပုဂ္ဂိုလ်ဟု ခေါ်ရပါသည်။
ဝိပဿနာ ရှုပွားများနေသော ယောဂီပုဂ္ဂိုလ်သည် မိမိ၏ခန္ခာကိုယ်သည် ရုပ်နာမ်နှစ်ပါးအစုအဝေး ဖြစ်သည်၊ ပုဂ္ဂိုလ်သတ္တဝါဟူ၍ မရှိ၊ ရုပ်နာမ်တို့သည် သူ့သဘောအတိုင်းသူ ဖြစ်ပေါ်လာ၍ သူ့သဘောအတိုင်း ချုပ်ငြိမ်းပျက်စီးသွားသဖြင့် မမြဲ၊ ဆင်းရဲ၊ အနှစ်သာရမရှိဟု အနိစ္စာနုပဿနာဉာဏ်ဖြင့် ပုဂ္ဂိုလ် သတ္တဝါမြဲသည် ဟူသော နိစ္စသညာကို ပယ်ဖျောက်လျက် နေလေသည်။
ထိုအခါ ရုပ်နာမ်တို့၌ မြဲသည်ဟု ထင်မှတ်စွဲလမ်းနေသော အဝိဇ္ဇာတည်းဟူသော မောဟ ကိလေသာ တရားကို ပယ်သဖြင့် ပဟာနသီလနှင့်ပြည့်စုံနေလေသည်။ ပုဂ္ဂိုလ်သတ္တဝါမြဲသည်ဟူသော နိစ္စသညာမရှိသဖြင့် ပုဂ္ဂိုလ်သတ္တဝါထင်မှတ်လျက် ပြုလုပ်သော ပါဏာတိပါတစသည့် အမှုကို ပြုလုပ်ခြင်းမှ ရှောင်ကြဉ်သောကြောင့် ဝေရမဏိသီလနှင့်လည်း ပြည့်စုံနေလေသည်။
ဝိပဿနာတရားကို သတိဖြင့် ရှေ့ဆောင်၍ ပွားများနေသဖြင့် သတိစသော သံဝရသီလနှင့်လည်း ပြည့်စုံနေလေသည်။ အနိစ္စာနုပဿနာဉာဏ်ဖြင့် ဝိပဿနာရှုမှတ်နေသဖြင့် နိစ္စသညာဟူသော သိမှားမှု မောဟစသည်တို့အား ဖြစ်ခွင့် မပေးသောကြောင့် ထိုမောဟစသော တရားများကို မလွန်ကျူးတော့၍ အဝိတိက္ကမသီလနှင့်လည်း ပြည့်စုံနေပါသည်။
ဝင်လေ ထွက်လေ (အာနာပါန) တို့သည် နှာသီးဖျားစသော ထိခိုက်ရာဌာန၌ အဆင့်ဆင့် ထိခိုက်လျက် အသစ်အသစ်ဖြစ်ပေါ်လာ၍ ရိပ်ကနဲ၊ ရိပ်ကနဲ အဆင့်ဆင့် ပျောက်ပျက်သွားသည်ကို ပွားများဆင်ခြင်နေသော ဝိပဿနာယောဂီအား သဒ္ဓါစသော ဣန္ဒြေငါးပါးတို့ ထက်သန်ညီမျှသည့် အခါ နှောင့်ယှက်တတ်သော နီဝရဏတရားတို့သည် အကြားအကြား၌ ဝင်၍ မဖြစ်တော့သဖြင့် ပွားများဆင်ခြင်နေသော အာရုံ၌ ဆင်ခြင်သည့်အခိုက်အတန့်၌ ဖြစ်ပေါ်လာသော သမာဓိသည် ခဏိကသမာဓိမည်ပါသည်။ ယင်းသမာဓိနှင့်ပြည့်စုံနေလျှင် စိတ္တဝိသုဒ္ဓိ ဖြစ်ပါသည်။
နှာသီးဖျား၌ ဝင်လေထွက်လေတို့ (အာနာပါန) ထိခိုက် သွားတိုင်း သွားတိုင်း၊ ထိခိုက်သွားသော ဝင်လေ ထွက်လေတို့၏ တွေ့ထိမှု (ဝါယော ဖောဋ္ဌဗ္ဗရုပ်တရား) ၏ အဖြစ်အပျက်ကိုဖြစ်စေ၊ ဝင်လေ ထွက်လေတို့ နှာသီးဖျား၌ တွေ့ထိခြင်းကို သိမှု (နာမ်တရား) ၏ အဖြစ်အပျက်ကိုဖြစ်စေ ရှင်းလင်းစွာ သိနေခြင်းသည် နာမ်ရုပ်ကို သိမ်းဆည်းခြင်း (နာမရူပပရိစ္ဆေဒဉာဏ်) အယူ၏စင်ကြယ်မှု (ဒိဋ္ဌိဝိသုဒ္ဓိ) ဖြစ်နေပါသည်။
တနည်းအားဖြင့် နှာသီးဖျား၌ ဝင်လေထွက်လေတို့၏ တွေ့ထိမှု အဖြစ်အပျက်ကို ဆင်ခြင်ပွားများနေသော ယောဂီအား သမာဓိ ထက်သန်လာသောအခါ ဝင်လေထွက်လေဟု ဆိုအပ်သော ဝါယောဖောဋ္ဌဗ္ဗ ရုပ်တရားသည် သူ့သဘောအတိုင်း သူလှုပ်ရှားမှု အမူအရာများ၏ ထင်ရှားသော ဖောက်ပြန်ပြောင်းလဲ တတ်သော သဘောမျှသာဖြစ်၍ အာရုံကိုသိတတ်သော သဘောတရား မဟုတ်ကြောင်းကို ပွားများ ဆင်ခြင်ဆဲမှာပင် သိမြင်သဘောကျလာလေသည်။
ထိုသို့ရုပ်တရား၏ ဖောက်ပြန်ပြောင်းလဲမှု (ရုပ္ပနလက္ခဏာ) ကို မှန်ကန်စွာ သိမှုကိုပင် ရုပ်တရားကို သဘောအမှန်အတိုင်း သိသောဉာဏ် (ရူပယာထာဝဒဿနဉာဏ်) ဟု ခေါ်လေသည်။
နှာသီးဖျား၌ ဝင်ထွက်သွားလာနေသော ဝင်လေထွက်လေအာရုံများဆီသို့ ပွားများဆင်ခြင်မှုစိတ်သည် ပြေး၍ပြေး၍ ကပ်သွား (ညွတ်သွား) ဘိသကဲ့သို့ ထင်မြင်ခြင်း သိခြင်းသည် နာမ်တရား၏ အာရုံသို့ညွတ်ခြင်း (နမန) လက္ခဏာပင်ဖြစ်သည်။ ထိုသို့ နာမ်တရားတို့၏ သဘောလက္ခဏာကို မှန်ကန်စွာ သိမှုကိုပင် နာမ်တရားကိုသဘောအမှန်အတိုင်း သိသောဉာဏ် (နာမယာထာဝဒဿနဉာဏ်) ဟု ခေါ်လေသည်။
ထိုသို့အာရုံကိုမသိတတ်ပဲ ဖောက်ပြန်ရုံသာ အမျိုးမျိုးဖောက်ပြန်ပြောင်းလဲတတ်သော သဘောနှင့်အာရုံ ဆီသို့ ညွှတ်တတ်သွားတတ်သော အာရုံကိုသိတတ်သော နာမ်သဘောတို့ကို ခွဲခြားသိမြင်ခြင်း ဟု ဆိုအပ်သော နာမ်ရုပ်ကို သိမ်းဆည်းခြင်း (နာမရူပပရိစ္ဆေဒဉာဏ်) အယူ၏စင်ကြယ်မှုသည် ဒိဋ္ဌိဝိသုဒ္ဓိ ဖြစ်ပါသည်။
ဝင်လေထွက်လေတို့သည် ရုပ်ကိုလည်းကောင်း၊ စိတ်ကိုလည်းကောင်း စွဲမှီ၍ မပြတ်ဖြစ်ပေါ်နေကြသည်။ ထို့နောက်ဝင်လေထွက်လေတို့ကိုလည်းကောင်း၊ ကိုယ်ရုပ်ကိုလည်းကောင်း ရုပ်ဟူ၍လည်းကောင်း၊ စိတ်ကိုလည်းကောင်း၊ ထိုစိတ်နှင့် ယှဉ်ဖော် ယှဉ်ဖက်ဖြစ်သော စေတသိက်တို့ကိုလည်းကောင်း၊ ရုပ်မဟုတ်သည့် နာမ်ဟူ၍လည်းကောင်း နာမ်ရုပ်ကို ပိုင်းခြားဆုံးဖြတ်ပြီးလျှင် ထိုနာမ်ရုပ်၏ ဖြစ်ကြောင်းကို ရှာကြံသောအခါ ပစ္စုပ္ပန် အတိတ် အနာဂတ်ဟူသော ကာလသုံးပါးတို့၌ နာမ်ရုပ်တို့၏ ဖြစ်ခြင်းအကြောင်းကို သိမြင်သဖြင့် ယုံမှားခြင်းကို လွန်မြောက်လေသည်။
နာမ်ရုပ်တို့၏ ဖြစ်ခြင်းအကြောင်းကို သိမ်းဆည်း ဆင်ခြင်ရာ၌ ယောဂီပုဂ္ဂိုလ်အမျိုးမျိုး၏ အလိုအဇ္ဈာသယနှင့် ပါရမီဉာဏ်အားလျော်စွာ အမျိုးမျိုး ကွဲပြား ခြားနားပုံမှာ ငါးမျိုးရှိကြောင်းကို ဝိသုဒ္ဓိမဂ် အဋ္ဌကထာ၌ ဖော်ပြထားပါသည်။
ထို့အပြင် ယင်းဝိသုဒ္ဓိမဂ်အဋ္ဌကထာ၌ပင် ယုံမှားခြင်းကို လွန်မြောက်လျက် စင်ကြယ်သောဉာဏ် (ကင်္ခါဝိတရဏ ဝိသုဒ္ဓိ) ကို ပြည့်စုံစေလိုသော ယောဂီသည် ဥပမာအားဖြင့် တတ်ကျွမ်းလိမ္မာသော ဆေးဆရာသည် လူမမာ၏ ရောဂါကို မြင်ပြီးလျှင် ထိုရောဂါ၏ဖြစ်ကြောင်း အခြင်းအရာကို ရှာကြံ ဆင်ခြင်သကဲ့သို့ ထိုနာမ်ရုပ်တို့၏ ဖြစ်ကြောင်း အခြင်းအရားကို ရှေးဦးစွာ ဆင်ခြင်ရမည်ဖြစ်သည်။
နာမ်ရုပ်တို့၏ဖြစ်ခြင်းအကြောင်းကို ရှာကြံ ဆင်ခြင်ပုံငါးမျိုးတို့ အနက် “အဝိဇ္ဇာပစ္စယာသင်္ခါရာ” စသော ပဋိစ္စသမုပ္ပါဒနည်း “ဟေတုပစ္စယော” စသော ပဋ္ဌာန်းနည်း စသောနည်းတို့ဖြင့် ဆင်ခြင်နိုင်လျှင် များစွာ ထင်မြင်လွယ်နိုင်ပါသည်။
မေတ္တာဖြင့်
Comments