top of page
Search

ပါဠိစာပေအားလေ့လာခြင်း

  • Writer: Thein Naing Ohn
    Thein Naing Ohn
  • Sep 20, 2021
  • 21 min read

Updated: Apr 5, 2022

ပါဠိစာပေနိဒါန်းမိတ်ဆက်


ပါဠိစာပေနိဒါန်းမိတ်ဆက်


ပါဠိစာပေသည် ဗုဒ္ဓဟောကြားတော်မူခဲ့သော “ပိဋကသုံးသုံးပုံ၊ နိကာယ်ငါးရပ်” ဟူသော ဗုဒ္ဓစာပေတစ်ခုလုံးကို မှတ်တမ်းတင်ထားသည့် စာပေဖြစ်သည်။ ပါဠိစာပေ ယဉ်ကျေးမှုဟူသည် တခြားမဟုတ်၊ ဗုဒ္ဓစာပေ ယဉ်ကျေးမှုပင်ဖြစ်သည်။ ယင်းတို့ကို လေ့လာဆည်းပူးခြင်းအားဖြင့် ကျန်ုပ်တို့သည် လောက၌ အတုမရှိသော ဗုဒ္ဓ၏ ‘တွေးခေါ်ဆင်ခြင်ဉာဏ်အမြင်’ ကို ရရှိမည်ဖြစ်သည်။


ပါဠိဘာသာကို လေ့လာရာတွင် အထူးစူးစိုက်ရမည့်အပိုင်းမှာ သုံးပိုင်းသာ ရှိ၏။


(၁) Noun ခေါ် နာမ်များ ဂိုဏ်းစဉ်ပုံကို ပိုင်ရမည်။


(၂) Verb ခေါ် ကြိယာများ ဂိုဏ်းစဉ်ပုံကို ပိုင်ရမည်။


(၃) Participle ခေါ် ကိတ်ကြိယာများ တည်ဆောက်ထားပုံကို ပိုင်ရမည်။


ထိုမှကြွင်းသော “နာမဝိသေသန၊ ကြိယာဝိသေသန၊ နိပါတ်ပုဒ်များ၊ သန္ဓိစပ်ပုံ၊ သမာသ်စပ်ပုံ၊ ကိတ်-တဒ္ဓိတ်ဟူသော ဝေါဟာရတည်ဆောက်ပုံ” - ဟူသော အချက် ၆- ချက်တို့ကား ကြည့်ရှုမှတ်သားရုံဖြင့် ကိစ္စပြီးနိုင်၏။


ပါဠိဘာသာစကားသည် ယင်း အင်္ဂါ ၉ ရပ်ကို အခြေခံ၍ တည်ဆောက်ထားသည့် ဘာသာစကား ဖြစ်သည်။

ပါဠိဘာသာ၌ အသုံးပြုသည့် အက္ခရာအရေအတွက်မှာ ၄၁ လုံး ရှိ၏။ ယင်း အက္ခရာ ၄၁လုံးကို သရ ၈ လုံးနှင့် ဗျည်း ၃၃ လုံးဟူ၍ နှစ်မျိုးခွဲခြားထားသည်။


သရ ၈ လုံးတို့မှာ “အ, အာ။ ဣ, ဤ။ ဥ, ဦ။ ဧ, ဩ” တို့ဖြစ်သည်။ ထို သရ ၈ လုံးတွင် “အ, အာ။ ဣ, ဤ။ ဥ, ဦ။” တို့သည် အခြေခံသရများဖြစ်၍၊ ‘မူလသရ’ ဟုခေါ်၏။


“ဧ, ဩ” - သရတို့ကား ထိုမူလသရများမှ တိုးတက်ဖြစ်ပေါ်လာသော သရများဖြစ်၍ ‘ဂုဏသရ’ ဟုခေါ်၏။


ဗျည်းများကို ဝဂ်ဗျည်းနှင့် အ-ဝဂ်ဗျည်းဟူ၍ နှစ်မျိုးခွဲထား၏။ ‘ဝဂ်ဗျည်း’ ဟူသည် အုပ်စုအားဖြင့် စုစည်းထားသော ဗျည်းများသာ ဖြစ်၏။ ‘အ-ဝဂ်ဗျည်း’ ဟူသည် အုပ်စုမှ လွတ်သော ဗျည်းများကို ဆိုလိုသည်။ ‘ဝဂ်ဗျည်း’ မှာ ၂၅လုံးရှိ၍၊ ‘အ-ဝဂ်ဗျည်း’ မှာ ၈လုံး ရှိသည်။


ယင်းဗျည်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။


ဝဂ်ဗျည်း ၂၅ လုံး -


က၊ ခ၊ ဂ၊ ဃ၊ င ။ (က-ဝဂ်)


စ၊ ဆ၊ ဇ၊ ဈ၊ ည ။ (စ-ဝဂ်)


ဋ၊ ဌ၊ ဍ၊ ဎ၊ ဏ ။ (ဋ-ဝဂ်)


တ၊ ထ၊ ဒ၊ ဓ၊ န ။ (တ-ဝဂ်)


ပ၊ ဖ၊ ဗ၊ ဘ၊ မ ။ ( ပ-ဝဂ်)


အ-ဝဂ်ဗျည်း ၈ လုံး - ယ၊ ရ၊ လ၊ ဝ၊ သ၊ ဟ၊ ဠ၊ အံ ။


ထိုတွင် - “အံ” မှာ ရွတ်ဆိုရာ၌ လွယ်ကူစေရန် ‘အ’ သရနှင့် တွဲ၍ ရေးထားခြင်း ဖြစ်၏။ စင်စစ်မှာ ‘အံ’ မဟုတ်။ (ံ ) သာ ဖြစ်၏။ ယင်း (ံ ) ကို နိဂ္ဂဟိတ် ဟုခေါ်၏။ နိဂ္ဂဟိတ်ဟူသည် “နှိပ်၍ ရွတ်ဆိုအပ်၏” ဟု အဓိပ္ပါယ်ရှိ၏။ ယင်း (ံ ) ပါသော အက္ခရာကို ပင်ကိုအသံထက်ပို၍ ဖိနှိပ်ပြီး ရွတ်ဆိုရ၏။ ယင်း နိဂ္ဂဟိတ်သည် (ံ ) အစက်အပြောက်ကလေးမျှသာဖြစ်၍ ယင်းကို ‘ဗိန္ဒု’ ဟုလည်း ခေါ်သေးသည်။ (မြန်မာတို့ကမူ ‘သေးသေးတင်’ ဟုခေါ်သည်)


အက္ခရာများကို ရွတ်ဆိုရာ၌ အသံထွက်ရာအရပ်ကို ဌာန (ဌာန်) ဟု ခေါ်သည်။ ဌာန်မှာ ၅ မျိုး ရှိသည်။ ယင်းတို့မှာ -


(၁) ကဏ္ဌဌာန် = လည်ချောင်းအရပ်၊


(၂) တာလုဌာန် = အာစောက်အရပ်၊


(၃) မုဒ္ဓဌာန် = လျှာထိပ်အရပ်၊


(၄) ဒန္တဌာန် = သွားအရပ်


(၅) ဩဋ္ဌဌာန် = နှုတ်ခမ်းအရပ်တို့ ဖြစ်သည်။


ပါဠိဘာသာသည် အိန္ဒိယပြည်၌ စတင်ပေါ်ထွန်းခဲ့သည့် ဘာသာစကားဖြစ်၏။ ယင်းဘာသာသည် မြန်မာနိုင်ငံသို့ နိုင်ငံစတင် တည်ထောင်ကတည်းက ရောက်ရှိလာခဲ့၏။ ရှေးမြန်မာတို့သည် ပါဠိဘာသာကို စတင်လေ့လာစဉ်က အသံ မှန်ကန်စွာ ရွတ်တတ်-မရွတ်တတ် မသိရချေ။ ယခု မြန်မာတို့ ပါဠိအက္ခရာများကို ရွတ်ဆိုရာမှာ မူလ အိန္ဒိယသားတို့ အသံထွက်ပုံနှင့် အချို့နေရာများ၌ အတော်ပင် ကွဲပြားနေသည်။


မူလအသံထွက်၌ ‘စ’ ကို ကျ-ဟု၎င်း၊ ‘ဆ’ ကို ချ-ဟု၎င်း၊ ‘ဇ’ကို ဂျ-ဟ၎င်း၊ ‘ဈ’ကို ဃျ-ဟု၎င်း၊ ‘သ’ကို စ-ဟု၎င်း၊ ‘ဝ’ကို အင်္ဂလိပ်ဘာသာ V (ဗွီ) သံကဲ့သို့၎င်း ရွတ်ဆိုရ၏။ ထိုပြင် ‘င၊ ဉ၊ ဏ၊ န၊ မ’ ဟူသော နာသိကဗျည်း ၅ လုံးစလုံးကို နိဂ္ဂဟိတ် (ံ ) သံအတိုင်း ရွတ်ဆိုရသည်။ (ဥပမာ - မင်္ဂလ = မံဂလ ၊ ပဉ္စ = ပံကျ …. စသည်)


နာမ်ပုဒ် ။ ။ သက်ရှိ သက်မဲ့တို့၏ အမည်များကို ဖော်ပြသည့်ပုဒ်သည် နာမ်ပုဒ်မည်၏။ နာမ်ပုဒ်မှာ -


(၁) ရိုးရိုးနာမ်ပုဒ် = Noun


(၂) နာမ်စား = Pronoun


(၃) သင်္ချာနာမ် = Numeral ဟူ၍ ၃မျိုး ရှိ၏။


လိင် = Gender ဟူသည် ထိုနာမ်တို့၏ “အဖို၊ အမ” သဘောကို ဖော်ပြခြင်း ဖြစ်၏။ သို့ရာတွင် ပါဠိဘာသာ၌ ယင်း “အဖို၊ အမ” သဘောကို သဘာဝကျကျ ဖော်ပြခြင်း မရှိသောကြောင့် မည်သည့် နာမ်ပုဒ်သည် မည်သည့် လိင်မျိုးဖြစ်ကြောင်း မှတ်သားရန် အလွန်ခဲယဉ်းလှသည်။


နာမ်ဝိဘတ်။ ။ နာမ်ပုဒ်များသည် သူ့ချည်းသက်သက် ကြိယာနှင့် မဆက်သွယ်နိုင်။ ကြိယာနှင့် ဆက်သွယ်နိုင်အောင် (ဝါ) ဝါကျတည်ဆောက်၍ ရအောင် နာမ်ပုဒ်များကို ဝိဘတ်များ ဆက်ပေးရသည်။ နာမ်ဝိဘတ်မှာ ၇မျိုး ရှိ၏။ ယင်းတို့ကို “ပထမာ၊ ဒုတိယာ၊ တတိယာ၊ စတုတ္ထီ၊ ပဉ္စမီ၊ ဆဋ္ဌီ၊ သတ္တမီ” ဟူ၍ (၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇) နေရာအစဉ်အတိုင်း နံပါတ်တပ်ပြီး ခေါ်လေ့ရှိသည်။


ယင်းဝိဘတ် ၇မျိုးကို မြန်မာဘာသာသုံး ဝိဘတ်များနှင့်တွဲ၍ ဖော်ပြရသော် -


(၁) ပထမာ = ‘သည်’ ဝိဘတ်၊

(၂) ဒုတိယာ = ‘ကို’ ဝိဘတ်၊

(၃) တတိယာ = ‘ဖြင့်’ ဝိဘတ်၊

(၄) စတုတ္ထီ = ‘အား’ ဝိဘတ်၊

(၅) ပဉ္စမီ = ‘မှ’ ဝိဘတ်၊

(၆) ဆဋ္ဌီ = ‘၏’ ဝိဘတ်၊

(၇) သတ္တမီ = ‘၌’ ဝိဘတ် - ဟူ၍ ဖြစ်သည်။


ဤသည်ကို ‘အာလာပနကာရက’ နှင့်တွဲ၍ ကာရက ၈မျိုးဟူလည်း ခေါ်သေးသည်။


ကာရက။ ။ ‘ကာရက’ ဟူသည် ကြိယာ၏အနက်အဓိပ္ပါယ်ကို ပြီးပြည့်စုံအောင် ပြုတတ်ခြင်းသဘော ရှိ၏။ ဖော်ပြပါ ဝိဘတ်တို့၏ အနက်အဓိပ္ပါယ်ကို ဖော်ပြရာတွင် ‘ကာရက’ ဟူသော အမည်ဖြင့် ဖော်ပြလေ့ ရှိ၏။


ဖော်ပြပါ နာမ်ဝိဘတ် ၇မျိုးတို့တွင်


(၁) ပထမာ = ‘သည်’ ဝိဘတ်သည် ‘ပြုလုပ်သူ’ကို ဖော်ပြသောကြောင့် ‘ကတ္တာ’ ကာရက သဘောရှိ၏။(ခေါ်ဝေါ်ခြင်း ‘အာလပန’ အတွက်လည်း ပထမာ ဝိဘတ်ကိုပင် သုံးလေ့ရှိ၏။


(၂) ဒုတိယာ = ‘ကို, သို့’ ဝိဘတ်သည် ‘ပြုလုပ်ခံရသူ’ကို ဖော်ပြသောကြောင့် ‘ကမ္မ’ ကာရက သဘောရှိ၏။


(၃) တတိယာ = ‘ဖြင့်, နှင့်’ ဝိဘတ်သည် တွဲဖက်ခြင်း, ကြိယာအနက်၏ ပြီးစေကြောင်း သဘောကို ဆောင်သောကြောင့် ‘ကရဏ’ ကာရက သဘောရှိ၏။


(၄) စတုတ္ထီ = ‘အား, အတွက်, အဘို့, အလို့ငှါ’ ဝိဘတ်သည် ‘လက်ခံသူ’ကို ဖော်ပြသော ကြောင့် ‘သမ္ပဒါန’ ကာရက သဘောရှိ၏။


(၅) ပဉ္စမီ = ‘မှ’ ဝိဘတ်သည် ‘ဖဲခွာရာ’ အရပ်ကို ဖော်ပြသောကြောင့် ‘အပါဒါန’ ကာရက သဘောရှိ၏။


(၆) ဆဋ္ဌီ = ‘၏, မှာ’ ဝိဘတ်သည် ‘ပိုင်ဆိုင်သူ’ကို ဖော်ပြသောကြောင့် ‘သာမိ’ ကာရက သဘောရှိ၏။


(၇) သတ္တမီ = ‘၌, တွင်, မှာ’ ဝိဘတ်သည် ‘တည်နေရာ’ (နှင့် အချိန်ကာလ)ကို ဖော်ပြ သောကြောင့် ‘ဩကာသ’ ကာရက သဘောရှိ၏။


အဲဒါကို အင်္ဂလိပ်လို ပြန်ရေးပေးပါမယ်။


ကာရက ၈ မျိုး


1. Paṭhamā = ပဌမာ = Nominative


2. Dutiyā = ဒုတိယာ = Accusative


3. (a) Tatiyā = တတိယာ = Ablative of agent, and / အဝုတ်တကတ်တုကာရက (by)


(b) Karaṇa = Ablative of instrument / ကရဏကာရက (with, through, by)


4. Catutthī = စတုတ်ထီ = Dative / သမ်ပဒါနကာရက (to, for)


5. Pañcamī = ပဉ္စမီ = Ablative of separation / အပါဒါနကာကရ (from)


6. Chaṭṭhī = ဆဋ္ဌီ = Possessive or Genitive / သာမိကာရက (of, ‘s)


7. Sattamī = သတ္တမီ = Locative / ဩကာသကာရက (in, on, at)


8. Ālapana = အာလာပန = Vocative / အာလာပနကာရက (oh! ………)


Declension of Nouns နာမ်ဝိဘတ်သွယ်


Singular Plural


Nominative o သည် ā တို့သည် (………….)


Accusative ṃ ကို e တို့ကို (………….)


Instrumental ena ဖြင့် ebhi; ehi တို့ဖြင့် (with, by, through)


Dative āya; ssa အား ānaṃ တို့အား (to, for)


Ablative ā; mhā; smā မှ ebhi; ehi တို့မှ (from)


Genitive ssa ၏ ānaṃ တို့၏ (of, ‘s)


Locative e; mhi; smiṃ ၌ esu တို့၌ (in, on, at)


Vocative a; ā အို့ ā (………….)


ဝုစ်။ ။ ဝုစ် ဟူသည် (နာမ်ပုဒ်တို့၏) အရေအတွက်ကို ဖော်ပြခြင်းဖြစ်သည်။ ဝုစ်မှာ ‘ဧကဝုစ်၊ ဗဟုဝုစ်’ ဟူ၍ နှစ်မျိုးရှိ၏။ ‘ဧကဝုစ်’ ဟူသည် အရေအတွက် တစ်ခုကို ဖော်ပြ၍ ‘ဗဟုဝုစ်’ ဟူသည် တခုထက်ပိုသော အရေအတွက်ကို ဖော်ပြသည်။ ဖော်ပြပါ ဝိဘတ် ၇ မျိုးမှာ ‘ဧကဝုစ်၊ ဗဟုဝုစ်’ ဟူ၍ နှစ်မျိုးစီရှိသောကြောင့် ဝိဘတ် ၇စုံ = ဝိဘတ် ၁၄လုံး ရှိသည်ဟု မှတ်ရာ၏။


နာမ်ဂိုဏ်းစဉ်။ ။ ဂိုဏ်း (ဂဏ) ဟူသည် အုပ်စုဟု ဆိုလိုသည်။ နာမ်ပုဒ်များကို ဖော်ပြပါ နာမ်ဝိဘတ် ၇မျိုး အစဉ်အတိုင်း ဆက်ပြီး တဂိုဏ်း, တစုတည်း အဖြစ် စုပေါင်းစဉ်ထားခြင်းကို ‘နာမ်ဂိုဏ်းစဉ်’ဟု ခေါ်သည်။

ပါဠိဘာသာ၌ ဝိဘတ် ၇ မျိုးဖြင့် နာမ်ဂိုဏ်စဉ်ရာတွင် အမှတ်ရ လွယ်ကူစေရန်အတွက် ဝိဘတ်ပုံစံဆင်တူရာကို ပေါင်း၍ ထားသင့်၏။ ယင်းသို့ ဆင်တူရာကို ပေါင်းလိုက်လျှင် အုပ်စု ၄ ခု ထွက်ပေါ်လာ၏။


ယင်းတို့မှာ -


(၁) ပထမာ နှင့် ဒုတိယာ။ ခေါ်ဝေါ်ခြင်း ‘အာလပန’အတွက် အသုံးပြုသော ဝိဘတ်လည်း ပထမာဝိဘတ်ပင် ဖြစ်၏။


(၂) တတိယာ နှင့် ပဉ္စမီ။


(၃) စတုတ္ထီ နှင့် ဆဋ္ဌီ။


(၄) သတ္တမီ ဝိဘတ် - ဟူ၍ ဖြစ်သည်။


မေတ္တာဖြင့်

TNO (27.7.2020)

Thein Naing Ohn



ပါဠိဘာသာဟူသည် ... (၁)


ပါဠိဘာသာဟူသည် ... (၁)


ရည်ရွယ်ချက်


* ပါဠိသည် ဘုရားရှင်၏ စကားတော်များ


* ပါဠိသည် ဗုဒ္ဓကျမ်းစာများ၏ ဘာသာစကား


* ပါဠိသည် အင်ဒိုဥရောပမျိုးနွယ်ဘာသာစကား


* ပါဠိသည် ပါကတ ဘာသာစကား၏ ဒေသိယဘာသာစကား တစ်ခု


* ဘုရားရှင်၏စကားတော်များနှင့် ဗုဒ္ဓကျမ်းစာတို့၏ ဘာသာစကားဆိုသည်ကို အပြန်အလှန်သုံးခြင်း


* ပါဠိသည် အသောကမင်းကြီး၏ဂိရ်နာကျောက်စာသုံး ဘာသာစကားနှင့် တူခြင်း


* ပါဠိတွင် ကိုယ်ပိုင်အက္ခရာအရေးအသား မရှိ


* ပါဠိဘာသာကို တိုင်းရင်းသား အရေးအသားတို့ဖြင့် ဖလှယ်သုံး


* ပါဠိဘာသာတွင် အပိုင်းလေးပိုင်းပါရှိ


- (၁) နာမ် (နာမ) ၊ (၂) ကြိယာ (အာချာတ)


- (၃) ရှေ့ဆက် (ဥပသာရ) ၊ (၄) နိပါတ်ပုဒ် (နိပါတ) တို့ဖြစ်သည်။


ပါဠိဘာသာဖြင့် ပိဋကသုံးပုံကို ရေးသားထားသည်။ ပါဠိဟူသော ဝေါဟာရသည် ကျမ်းဟူသော အဓိပ္ပါယ်ရသည်။ ယင်းမှာ ပိဋကတ်တော်ကို ဆိုလိုပါသည်။ ယင်းသည် အလယ်အင်ဒိုအာရယန်ခေတ်တွင် အသုံးပြုသော ပါကတဘာသာစကား၏ ဒေသိယဘာသာစကားတစ်ခုဖြစ်သည်။ ပါဠိဟူသောအမည်ကို သိရသည်မှာ နောက်ကျသောကြောင့် သုတေသီတို့ကယင်း၏ အရင်းအမြစ်ကို အစဉ်အလာနည်း၊ ခေတ်သစ်နည်းတို့ဖြင့် သုံးသပ်ထားကြသည်။


(၁) ၁၂ ရာစု AD တွင် သီဟိုဠ်နိုင်ငံသားသဒ္ဒါဆရာကြီးအရှင်မောဂ္ဂလန်က ပါဠိကို √ ပါ + လိ ဟူ၍ ခွဲပြသည်။ √ ပါသည် ဓာတ်ဖြစ်၍၊ လိသည် ပစ္စည်းဖြစ်သည်။ အဓိပ္ပါယ်မှာ စောင့်ရှောက်ခြင်းဖြစ်သည်။

သူကဖွင့်ဆိုသည်မှာ “အတ္ထံပါတိ ရက္ခတီ တိပါဠိ” အနက်အဓိပ္ပါယ်ကို စောင့်ရှောက်တတ်သောကြောင့် ပါဠိမည်၏ ဟူ၍ ဖြစ်သည်။


(၂) ၁၆ ရာစု AD တွင် သီဟိုဠ်နိုင်ငံသား အဋ္ဌကထာဆရာကြီးအရှင်ဓမ္မပါလ က ပါဠိဟူသည် ဘုရားရှင် ဟောကြားတော်မူခဲ့သော တရားတော်များ၏ အစဉ်အတန်းဟု ဖွင့်ဆိုကြသည်။


(၃) သုတေသီတစ်စုက ပါဠိသည် ပါလ္လီ - ရွာ ဟူသော ဝေါဟာရမှ ဆင်းသက်လာသည်ဟု ဖွင့်ဆိုကြသည်။


(၄) သုတေသီ Max Walleser (1924) က ပါဠိသည် မဂဓတိုင်းမြို့တော် ပါဋလိပုတြမှ ဆင်းသက်လာသည်ဟု ဖွင့်ဆိုသည်။


(၅) သုတေသီအချိုံကမူ ပါဠိသည် ပင်္ကိ္တ(pankti) စာအုပ်တစ်အုပ်၏စာကြောင်း သို့မဟုတ် အတန်းဟူသော အဓိပ္ပါယ်ဟု ဖွင့်ဆိုသည်။


(၆) အချို့သုတေသီကမူ အသောကကျောက်စာလာ “ဓံမပလိယာယ”မှလာသည်။ ယင်းသည် “ဓမ္မပရိယာယ” မြင့်မြတ်သောတရားတော်ဟူသော ဝေါဟာရနှင့် အတူတူပင်ဖြစ်သည်ဟု ဖွင့်ဆိုကြသည်။


မည်သို့ဆိုစေ သုတေသီအားလုံး တညီတညွတ်တည်းထောက်ခံကြသည်မှာ ပါဠိဟူသော ဝေါဟာရသည် မြင့်မြတ်သောတရားတော် ဗုဒ္ဓကျမ်းစာများပင်ဖြစ်သည်ဟူသော အချက်ပင်ဖြစ်ပါသည်။


အကြောင်းအရာအကျဉ်းချုပ်


ပါဠိသည် ဗုဒ္ဓကျမ်းစာတို့ကို မှတ်တမ်းတင်ထားသောဘာသာစကားဖြစ်သည်။ ယင်းသည်အိန္ဒိယနိုင်ငံဘာသာစကားတစ်ခုဖြစ်၍ အင်ဒိုဥရောပမိသားစုဝင်ဘာသာရပ်တစ်ခုဖြစ်သည်။ ယင်းသည် သက္ကတနှင့်ညီအမဘာသာလည်းဖြစ်သည်။ ဝိဘတ်သွယ်ရုပ်ပြောင်းဘာသာဖြစ်သောကြောင့် နာမ်ဝိဘတ်နှင့်ကြိယာဝိဘတ်တို့ သွယ်၍သုံးရသည်။ ပါဠိသဒ္ဒါကို နာမ်၊ ကြိယာ၊ ရှေ့ဆက်နှင့် နိပါတ်ပုဒ်များဟူ၍ ၄ ပိုင်းခွဲသည်။ နာမ်တို့ကို ကိန်း၊ လိင်၊ ကာရက တို့ဖြင့် လေ့လာရသည်။ ကြိယာတို့ကို ယောဂ၊ ကိန်း၊ ကာလ၊ နယ တို့ဖြင့် လေ့လာရသည်။ ပဓာနကြိယာနှင့်ထပ်ဆင့်ကြိယာတို့ကို ကာလ၊နယတို့တွင် ဝိဘတ်သွယ်သုံး၍ ပဓာန မဟုတ်သောကြိယာများကို ဝိဘတ်သွယ်ရန်မလိုပေ။


သုံးသပ်ချက်


ပါဠိဘာသာစကားတွင် အသံသာရှိ၍ ကိုယ်ပိုင်အက္ခရာမရှိပါ။ အခြားဘာသာစကားများတွင် အက္ခရာဖလှယ်၍ အသုံးပြုပါသည်။


Thein Naing Ohn (17.8.2020)

Credit: University of Abhidhamma (Yangon)


ပါဠိဘာသာဟူသည် ... (၂)


ပါဠိဘာသာဟူသည် ... (၂)


နာမ်


အကြောင်းအရာ အကျဉ်းချုပ်


ပါဠိသဒ္ဒါကို နာမ (နာမ် - noun) ၊ အာဃာတ (ကြိယာ - verb) ၊ ဥပသာရ (ရှေ့ဆက် - prefix) နှင့် နိပါတ (နိပါတ် - particle) ဟူ၍ ၄ ပိုင်းခွဲထားသည်။ နာမ်ကိုကိန်း၊ လိင်၊ ကာရက တို့ဖြင့် လေ့လာသည်။ လိင်အားဖြင့် ပုလ္လိင် (Masculine) ၊ဣတ္ထိလိင် (Feminine) နှင့် နပုလ္လိင် (Neuter) ဟူ၍ ၃ မျိုးခွဲသည်။ ဤလိင်တို့မှာ သဒ္ဒါနည်းအရ ခွဲခြားသောလိင် (Grammatical gender) သာဖြစ်သည်။ ကိန်း (အရေအတွက် - Number) ကို ဧကဝုစ် (Singular) နှင့် ဗဟုဝုစ် (Plural) ဟူ၍ ၂ မျိုးခွဲသည်။ ကာရက (case) မှာ ပြုလုပ်သူ၊ ခံရသူ စသည်အားဖြင့် ကတ္တာ၊ ကမ္မ၊ အာလပန၊ ကရဏ၊ အပါဒါန၊ သမ္ပန၊ သာမီ၊ ဩကာသဟူ၍ ၈ မျိုးခွဲသည်။ ပါဠိသည် ဝိဘတ်သွယ်ရုပ်ပြောင်းဘာသာ (Inflectional Language) ဖြစ်သောကြောင့် နာမ်တို့ကို ကာရက ၈ ခုရှိ ဝိဘတ်များ (နာမ်၏နောက်ဆက်ပစ္စည်းများ) ဆက်ပေးရသည်။ ယင်းကို နာမ်ဝိဘတ်သွယ်ခြင်း (Declension) ဟုခေါ်သည်။


သုံးသပ်ချက်


နာမ်တို့ကို သရဆုံးနာမ်များ - အ၊ အာ၊ ဣ၊ ဤ၊ ဥ စသည်ဖြင့် ခွဲခြားသည်။ ကိန်း၊ လိင်၊ ကာရက အားဖြင့် ခွဲသည်။ ဤနာမ်ပိုင်း၌ အရေးကြီးဆုံးမှာ ဝိဘတ်ဖြစ်သည်။ ဝိဘတ်သည် နောက်ဆက်ပစ္စည်း (suffix) ဖြစ်သည်။ နာမ်တို့၏ ဝိဘတ်များကို ကာရက (၈) ခုတွင် ဧကုဝုစ်၊ ဗဟုဝုစ်၊ ကိန်းတို့ဖြင့်ပြသည်။ ယင်းပစ္စည်းများ ဆက်မှသာ နာမ်တို့သည် ကြိယာနှင့် တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်၍ ဆက်စပ်သည်။ သို့ကြောင့်ပင် ကတ္တား၊ ကမ္မ၊ ကရဏ၊ အပါဒါန၊ သမ္ပဒါန၊ ဩကာသ ၆ ခုတို့ကို ကာရကဟုခေါ်ပြီး သာမီ (ပိုင်ဆိုင်ခြင်း) နှင့် အာလပန (အာမေဋိက်) ၂ ခုတို့ကို ကာရက ဟုခေါ်သည်။ နာမ်တို့ကို ကာရက (၈) ခုတို့တွင် ဝိဘတ်သွယ်ပုံကို ကြေညက်စွာ လေ့လာရပေမည်။


Thein Naing Ohn (17.8.2020)

Credit: University of Abhidhamma (Yangon)


ပါဠိဘာသာဟူသည် ... (၃)


ပါဠိဘာသာဟူသည် ... (၃)


ကြိယာ (Verb)


ဘာသာစကားတစ်ခုတွင် ကြိယာသည် အရေးကြီးဆုံးဖြစ်သည်။ ပါဠိဘာသာ၏ ထူးခြားချက်မှာ ကြိယာတစ်ခုသည် ကြိယာဝိဘတ်သွယ်ပြီးပါက အဓိပ္ပါယ်လုံးဝပြည့်စုံသွားသည်။ ထို့ကြောင့် ပါဠိကြိယာ အဆင့်ဆင့်ဖြစ်ပုံ၊ ကြိယာဂိုဏ်များ၊ ကြိယာဝိဘတ်များနှင့် ကြိယာအမျိုးအစားများကို သိရှိနားလည်ရမည်။


ကြိယာတို့ကို အောက်ပါအတိုင်း ခွဲခြားထားပါသည်။


၁။ ပဓာနကြိယာ (Finite Verb)


၂။ ပဓာနမဟုတ်သောကြိယာ (Inginite/Indefinite Verb)


ပဓာနကြိယာတွင် ကြိယာဝိဘတ်များ ရှိကြ၍ ပဓာနမဟုတ်သောကြိယာတွင် ကြိယာဝိဘတ်များ မရှိကြချေ။ ပဓာနကြိယာဝိဘတ်များမှာ အောက်ပါတို့ ဖြစ်ကြသည်။


၁။ ပစ္စုပ္ပန်ကာလ (ဝတ္တမာန် - Present Tense)


၂။ အတိတ်ကာလ (အဇ္ဇတနီ - Past Tense)


၃။ အနာဂတ်ကာလ (ဘဝိဿန္တီ - Future Tense)


၄။ အာဏတ္တိဝိဘတ် (Imperative mood)


၅။ သတ္တမီဝိဘတ် (Optative mood)


ပဓာနမဟုတ်သော ကြိယာတို့ကို ဝိဘတ်သွယ်ရန် မလိုချေ။ ယင်းတို့မှာ -


- ပုဗ္ဗကာလကြိယာ (Gerund)


- ဣစ္ဆတ္ထကြိယာ (Infinitine)


- ကိတ်နာမ်များ (Participle) သုံးမျိုးရှိသည်။


- ပစ္စုပ္ပန်ကိတ်နာမ် - ပရဿပဒ (Present Participle Active)


- အတ္တနောပဒ (Present Participle Reflexive)


အတိက်ကိတ်နာမ် - (Past Participle Passive)


ကိစ္စကိတ်နာမ် - (Future Participle Passive)


ကြိယာတို့၏ လုပ်ဆောင်ခြင်းကို သူတစ်ပါးအတွက် လုပ်ဆောင်ခြင်းနှင့် မိမိအတွက် လုပ်ဆောင်ခြင်း ဟူ၍ (၂) မျိုး ခွဲခြားထားပါသည်။ ယင်းတို့မှာ -


ပဒ (Voice) - ပရဿပဒ (Active Voice/Transitive Verb)


- အတ္တနောပဒ (Reflexive voice/Intransitive Verb)


ပါဠိတွင် ကြိယာတည်ပုဒ်တစ်ခုဖြစ်ရန် ဓာတ်၊ ဂိုဏ်ပစ္စည်းနှင့် ကြိယာဝိဘတ်များ လိုသည်။ ဓာတ်တို့ကို သရဆုံးဓာတ်၊ ဗျည်းဆုံးဓာတ် ဟူ၍ နှစ်မျိုးခွဲသည်။ ယင်းဓာတ်များကို အစု ၇ စု ခွဲသည်။ ယင်းကို ကြိယာ ၇ ဂိုဏ် (Seven Conjugations) ဟု ခေါ်သည်။


ကြိယာပုဒ်များဖြစ်ပေါ်လာပုံကို ဂိုဏ်းတစ်ခုစီကို အချက်(၅)ချက်ဖြင့် လေ့လာရကြောင်း ဖော်ပြထားသည်။


၁။ ပါဝင်သောဓာတ်


၂။ ဂိုဏ်ပစ္စည်း


၃။ ကြိယာတည်ပုဒ်ဖြစ်လာပုံ


၄။ ပြယုဂ်များနှင့်


၅။ ပစ္စုပ္ပန်ကာလ၌ ဝိဘတ်သွယ်ပုံတို့ဖြစ်ကြသည်။


အထက်ပါအချက်များကို ကြေညက်စွာလေ့လာထားမှသာ ကြိယာများကို ကွဲပြားစွာ သိမြင်နိုင်ပေမည်။


Thein Naing Ohn (17.8.2020)

Credit: University of Abhidhamma (Yangon)


မြန်မာပြည်မှာ သုံးတဲ့ ပါဠိနဲ့ သက္ကတ ဘယ်ကလာသလဲ ၊


မြန်မာပြည်မှာ သုံးတဲ့ ပါဠိနဲ့ သက္ကတ ဘယ်ကလာသလဲ ၊


သက္ကတ- ဟင်ဒီ- တမီးလ် - တေလဂူ

ပရိသ်ဗီရပ်ဂျ်


ဘာသာစကားတွေဟာ လူ့အဖွဲ့အစည်းတခုကို အုပ်ချုပ်ရာမှာ အဓိကကျသလို ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် ဖလှယ်ရေးမှာလည်း အရေးကြီးပါတယ်။ ဒါတင်မက မိခင်ဘာသာစကား ဆိုတာမှာ ယဉ်ကျေးမှု အမွေအနှစ်တွေ ပါပါတယ်။


ကိုယ့်မိခင်ဘာသာကို တခြားဘာသာတွေ ခြိမ်းခြောက် လွှမ်းမိုးမှာကို ကြောက်တဲ့စိတ်ကလည်း ရှိနေပါတယ်။ အိန္ဒိယမှာတော့ ဒါက စိတ်ခံစားချက် ပဋိပက္ခတွေရဲ့ ဆုံချက် ဖြစ်နိုင်ပါတယ်။


အိန္ဒိယမှာ အထူးသဖြင့် မြောက်ပိုင်းပြည်နယ်တွေမှာ ဟင်ဒီကို အမျိုးသားဘာသာစကားအဖြစ် ပြောသင့်တယ် ဆိုတဲ့ ငြင်းခုံဆွေးနွေးမှုတွေ ရှိနေပါတယ်။ ဒီမှာ တောင်ပိုင်း ဘာသာစကားတွေက ကန့်ကွက်စရာ ရှိပြီး အိန္ဒိယ တောင်ပိုင်းသား တွေ အတွက် ဘာသာစကားနဲ့ နယ်ချဲ့လာမှာကို စိုးရိမ်နေကြပါတယ်။


ဟင်ဒီကို အိန္ဒိယရဲ့ ယဉ်ကျေးမှု သင်္ကေတအဖြစ် အသိအမှတ်ပြုရမှာရယ်၊ နောက် ဒရာဗီးဒီးယန်း ဘာသာစကား ယဉ်ကျေးမှုကို ဟင်ဒီက လွှမ်းမိုးလာမှာကို စိုးရိမ်ကြတာရယ် ကြောင့် ဖြစ်ပါတယ်။


နောက် ဒီဘာသာစကားတွေ ဘယ်ကလာသလဲ ဆိုတဲ့ ဆွေးနွေးမှုတွေကလည်း ပြင်းထန်နေပါတယ်။ မကြာခင်က အိန္ဒိယ ပြည်ထဲရေး ဝန်ကြီး အမစ်ရှားက ဟင်ဒီကို အမျိုးသားဘာသာစကားလို့ ပြောလိုက်တော့ ဒီရင်းမြစ်ကိစ္စကို ပြောစရာ ဖြစ်လာပါတယ်။


တကယ်ပဲ အိန္ဒိယက ဘာသာစကားတွေအကြောင်း လေ့လာမှုက ခုမှ ပိုတိုးတက်နေပါတယ်။


အိန္ဒိယ ဘာသာဗေဒ တော်လှန်ရေး


(၁၆) ရာစုအထိ အိန္ဒိယ စကားတွေနဲ့ ရင်းမြစ်တွေအကြောင်း သိပ္ပံနည်းကျ လေ့လာတာ မရှိခဲ့ပါဘူး။ လူအများ စိတ်ထဲမှာ ဝေဒကျမ်းတွေမှာ သုံးတဲ့ သက္ကတ စကားကိုပဲ ရှေးအကျဆုံး စာစကားလို့ ယူဆကြပါတယ်။

အိန္ဒိယ ဘာသာစကားတွေနဲ့ ဂရိ၊ လက်တင်၊ ပါရှင်၊ ဂျာမန် စတဲ့ စကားတွေအကြား ဆင်တူမှုတွေကို အဲဒီအချိန် အိန္ဒိယကို ရောက်လာကြတဲ့ ဥရောပတိုက်သား သုတေသီတွေက စပြီး လေ့လာကြတာပါ။


ဥရောပနဲ့ အိန္ဒိယ ဘာသာစကားတွေကြားက တူညီမှုတွေကို ဘာသာဗေဒ လိုက်စားတဲ့ ဘင်္ဂလားပြည်နယ် တရားလွှတ်တော်ချုပ် တရားသူကြီး ဆာဝီလျံဂျုံးစ်က ၁၇၈၆ မှာ ဟောပြောခဲ့ပါတယ်။ ကာလကတ္တားက အိန္ဒိယ အသင်းတော်မှာ ဖြစ်ပါတယ်။


အဲဒီနောက် သောမတ်ယန်းဆိုတဲ့ သိပ္ပံပညာရှင် တယောက်က အနောက်ဥရောပကနေ အိန္ဒိယမြောက်ပိုင်းအထိ ဘာသာစကားတွေ ပျံ့နှံ့လာတာကို လေ့လာပြီး အင်ဒို-ဥရောပ ဘာသာစကား မိသားစုတွေ အဖြစ် သတ်မှတ်ခဲ့ပါတယ်။


ဒရာဗီးဒီးယန်းဘာသာစကားအုပ်စုကို ပုံဖော်ခြင်း


ရောဘတ် ကလတ်ဝဲလ်ဆိုတဲ့ ဘာသာဗေဒပညာရှင်က အိန္ဒိယ တောင်ပိုင်းက အင်ဒို-ဥရောပ ဘာသာစကားတွေနဲ့ မတူတဲ့ ဘာသာစကားအုပ်စုကို ဒရာဗီးဒီးယန်း ဆိုတဲ့ နာမည်ပေးခဲ့ပါတယ်။


ဝီလျံဂျုံးစ် က အင်ဒို - ဥရောပ ဘာသာစကားတွေအကြောင်း ပြောပြီး အနှစ် (၃ဝ) အကြာ ၁၈၁၆ မှာပဲ အင်္ဂလိပ် အရပ်ဘက် အုပ်ချုပ်ရေး ဝန်ထမ်းထဲက ဝှိုက်အဲလစ်ရဲ့ တေလဂူစကား အကြောင်း ကျမ်းက ပေါ်ထွက်လာပါတယ်။ ဒီထဲမှာ အိန္ဒိယတောင်ပိုင်းက တမီလ်၊ တေလဂူ၊ ကန်နာဒါနဲ့ မာလာယမ် စကားတွေအကြောင်း လေ့လာထားပါတယ်။


အဲဒီနောက်မှာပဲ ရောဘတ် ကလတ်ဝဲလ်က ဒရာဗီးဒီးယန်း စကား (၁၂) မျိုးအကြောင်း သုတေသနကို ၁၈၅၆ မှာ စတင်ထုတ်ဝေခဲ့ပါတယ်။ တောင်ပိုင်းစကားတွေထဲမှာ အထူးသဖြင့် တမီးလ်စကားကို သက္ကတ ဘာသာဗေဒဆရာတွေက ဒရာဗီးဒီးယန်းလို့ ခေါ်ကြောင်း ပါပါတယ်။


ဒီ ဒရာဗီးဒီးယန်း ဘာသာတွေကို လေ့လာတဲ့ နာမည်ကြီးတွေ အထဲမှာ တေလဂူ ပညာရှင် အချာယာ ဘာဒရီရာဂျူး ခရစ်ရှနားမူသီးလည်း ပါပါတယ်။ သူက ဟိုက်ဒရာဘတ် အလယ်ပိုင်း တက္ကသိုလ်မှာ ဒုတိယ အဓိပတိလည်း လုပ်ခဲ့ပါတယ်။


ဒီဘာသာဗေဒဆရာတွေရေးသားချက်တွေကြောင့်ပဲ အိန္ဒိယ ဘာသာစကားအုပ်စုတွေ ကွဲပြားခဲ့တာ ဖြစ်ပါတယ်။


အဓိက ဘာသာစကား (၁၂၁) ခု - မိသားစု ငါးစု


အိန္ဒိယမှာ လူဦးရေရဲ့ (၉၉.၈၅) ရာခိုင်နှုန်း ပြောတဲ့ အဓိက ဘာသာစကား (၁၂၁) မျိုးကို ပြန်ချုပ်ရင် စကားအုပ်စု ငါးစု ရပါတယ်။


ဒီအသေးစိတ်တွေကို လူစွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဝက်ဆိုက်နဲ့ အိန္ဒိယ သန်းခေါင်စာရင်း ဝက်ဆိုက်တွေက ရပါတယ်။


၁။ အင်ဒို- ဥရောပ အုပ်စုထဲမှာ အင်ဒို- အာရိယန်၊ အီရန်နဲ့ ဂျာမန် အုပ်စုတွေ ပါဝင်ပါတယ်။


က) အင်ဒို- အာရိယန်။ အာသံ၊ ဘင်္ဂါလီ၊ ဂူဂျာရတီ၊ ဟင်ဒီ၊ ကတ်ရှ်မီးယား၊ မာရသီ၊ နေပါလီ၊ ပန်ချာပီ၊ သက္ကတ၊ ဆင်ဒီ၊ အူရဒူ စတဲ့ ဘာသာစကားများ


ခ) အီရန်အုပ်စု။ ပထန် ခေါ် အာဖဂန်


ဂ) ဂျာမန် အုပ်စု။ အင်္ဂလိပ်ဘာသာ


၂။ ဒရာဗီးဒီးယန်း အုပ်စု။ ကန်နာဒါ၊ မာလာယာလမ်၊ တမီးလ်၊ တေလဂူ စတဲ့ ဘာသာစကားများ


၃။ သြစတြိုအာရှတစ် အုပ်စု။ ခါစီ၊ မွန်ဒရီ၊ ဘွမ်ဂျီ၊ ဆာဗာရာ စတဲ့ ဘာသာစကားများ


၄။ တိဘက် - မြန်မာ အုပ်စု။ ဘိုဒို၊ မဏိပူရ၊ တြိပူရ၊ တိဘက်၊ ရှားပါး၊ လဒက် စတဲ့ ဘာသာစကားများ


၅။ ဆီမီတို - ဟာမီတစ် အုပ်စု။ အာရပ်


'အင်ဒို - ဥရောပ' ရင်းမြစ်

အိန္ဒိယ လူဦးရေရဲ့ (၇၈) ရာခိုင်နှုန်းပြောတဲ့ စကားက (၂၁) ခုရှိပါတယ်။ ဒါတွေ အကုန်လုံးက အင်ဒို - အာရိယန် အုပ်စုထဲကပါ။ ဒါကလည်း အင်ဒို-ဥရောပ အုပ်စုကြီးထဲက အင်ဒို - အီရန်အုပ်စုခွဲက အကိုင်းအခက် တခု ဖြစ်ပါတယ်။


အက်သနိုလော့ဆိုတဲ့ ဝက်ဆိုက် အလိုအရ အင်ဒို-ဥရောပ ဘာသာစကားအုပ်စုမှာ အုပ်စုခွဲ (၈) ခု ရှိပြီး အဲဒီက ထပ်ပြီး ခွဲတဲ့ အုပ်စုလေးတွေ ရှိပါတယ်။ စုစုပေါင်း ဘာသာစကား (၄၄၈ )ခု ရှိတဲ့ အုပ်စုကြီးလည်း ဖြစ်ပါတယ်။ ရှေးဟောင်း ဂရိ၊ လက်တင်၊ သက္ကတနဲ့ ခေတ်သစ် အင်္ဂလိပ်၊ ဂျာမန်၊ ဟင်ဒီ စတဲ့ ဘာသာတွေ ပါတဲ့ အုပ်စုကြီး ဖြစ်ပါတယ်။


ဘီစီ ၁၅ဝဝ ကျော်မှာ အိန္ဒိယ အနောက်မြောက်ပိုင်းကတဆင့် အင်ဒို - ဥရောပ ဘာသာစကားပြောတဲ့ အာရိယန်မျိုးနွယ်တွေ ဝင်လာကြတယ်လို့ ဘာသာဗေဒပညာရှင်တွေက ခန့်မှန်းကြပါတယ်။


အိန္ဒိယ လူစွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဝက်ဆိုက်မှာလည်း အလားတူ ဖော်ပြထားပါတယ်။


အင်ဒို - ဥရောပ ဘာသာစကားပြောတဲ့ အုပ်စုတွေ ယူရယ်တောင်တန်းကို ကျော်ဖြတ်ပြီး ပင်လယ်နက် မြောက်ဘက်ကနေ ကာဇက်စတန် နိုင်ငံ အနောက်ပိုင်းဘက်ကို ဝင်လာကြတယ်။


သက္ကတ - ဟင်ဒီ


ဟင်ဒီဘာသာဟာ တခြား အင်ဒို - အာရိယန် စကားတွေလိုပဲ သက္ကတ ဝေဒ ဘာသာက ဆင်းသက်လာတာပါ။


သက္ကတဝေဒကို ခရစ်မပေါ်မီ အနှစ် ၁၅ဝဝ ကျော်က ထွန်းကားခဲ့တယ်လို့ ဘာသာဗေဒပညာရှင်တွေက ခန့်မှန်းကြပါတယ်။ အစောဆုံး ဝေဒကျမ်းဖြစ်တဲ့ ရိဂ်ဝေဒကို ဒီခေတ်မှာ ပြုစုတယ်လို့ သိရပါတယ်။ ဒီကျမ်းတွေဟာ အိန္ဒိယတိုက်ငယ် ရဲ့ အနောက်မြောက်ဘက်ကနေ မြစ်ဖျားခံလာတယ်လို့ ယူဆကြပါတယ်။


ဘီစီ ၂၅ဝ လောက်မှာ သက္ကတဝေဒကနေ ရှေးဟောင်း ဝေဒ ဘာသာ ပေါ်ထွန်းလာပြီး အချိန်အတော်ကြာအောင် စာပေစကား၊ ရုံးစကား ဖြစ်နေခဲ့ပါတယ်။


တခါ ခရစ်မပေါ်ခင် အနှစ် ၅ဝဝ လောက်ကစပြီး ပြာကတခေါ် ပြာကရိုက် အများသုံးဘာသာ အရေးပါလာပါတယ်။ ဗုဒ္ဓဘာသာနဲ့ ဂျိန်းဘာသာဝင်တွေရဲ့ ကျမ်းစာတွေကို ဒီဘာသာနဲ့ ရေးသားခဲ့သလို ဘီစီ ၂၆၈ ကနေ ၂၃၂ အထိ အိန္ဒိယ တိုက်ငယ် နေရာအများစုကို ကြီးစိုးခဲ့တဲ့ အသောက ဘုရင်ရဲ့ အမိန့်တော် ပြန်တမ်းတွေကိုလည်း ဒီဘာသာနဲ့ပဲ ရေးထိုးခဲ့ပါတယ်။


ဘော့စဝါနာက ဗုဒ္ဓဆင်းတုတော် ခိုးယူခံရ


ဘင်္ဂလားဒေ့ရှ်မှာ အနှစ်တစ်ထောင် သက်တမ်းရှိ ဗုဒ္ဓဘာသာ စေတီတော်တွေ တူးဖော် တွေ့


မြဂနိုင်နဲ့ အာနန္ဒာစန္ဒြကျောက်စာ ယူနက်စကို စာရင်းသွင်း


အဲဒီကနေ အေဒီ ၄ဝဝ လောက်မှာ ခေတ်စားတဲ့ ဒေသတွင်းသုံး ပြာကရိုက်ဘာသာစကားတမျိုးကနေ ဟင်ဒီဆိုပြီး (၇) ရာစုမှာ ပေါ်ထွက်လာပါတယ်။ အဲဒီအချိန်အထိ ဟင်ဒီလို့ မခေါ်သေးပါဘူး။ (၁၃) ရာစုက မဂိုနန်းတွင်း စာဆို အမီရာ ခူစရိုကတော့ သူ့လင်္ကာတွေကို ဟင်ဒီနဲ့ ရေးစပ်တယ်လို့ ဆိုခဲ့ပါတယ်။


အရင်က ဟင်ဒီဆိုတာ အိန္ဒုမြစ် အရှေ့ဘက် ဟင်းဒေသက လူတွေကို ရည်ညွှန်းတဲ့စကား ဖြစ်ပါတယ်။ ရှေးဟောင်း ပါရှင်စကားက ဆင်းသက်လာတာပါ။


ဟင်ဒူစတန်နီ - ဟင်ဒီ - အူရဒူ


အခုအိန္ဒိယမြောက်ပိုင်းနဲ့ ပါကစ္စတန်ဟာ အဲဒီတုန်းက ဒေလီကို အုပ်စိုးတဲ့ စူလတန်ဘုရင်တွေနဲ့ မဂိုအင်ပါယာအောက်မှာ ရှိခဲ့ပါတယ်။ ဟင်ဒူစတန်နီ စကားကတော့ သက္ကတ၊ ပြာကတ၊ ပါရှင်နဲ့ အာရပ်ဘာသာတွေ ရောပြီး ပေါ်ပေါက် လာတာပါ။


အုပ်စိုးသူတွေ နေရာ ဒေလီမြို့ကသုံးတဲ့ ဒယ်လဝီစကားက စံစကား ဖြစ်လာပြီး ဘေးနီးဝန်းကျင်မှာ ပြောလာကြပါတယ်။


ဒီဘာသာစကားကနေ အခုခေတ် ဟင်ဒီဘာသာနဲ့ အူရဒူဘာသာတွေ ပေါ်လာတယ်လို့ ဘာသာဗေဒ သုတေသီတွေက ဆိုပါတယ်။


ဟင်ဒီနဲ့ အူရဒူမှာ လုံးဝနီးပါးတူညီတဲ့ အသုံးအနှုန်းတွေ ရှိပါတယ်။ တချို့နေရာမှာ အသံထွက်ပုံ နည်းနည်းပဲ ကွဲတာပါ။ ဟင်ဒီက ဒေဝနာဂရီ အက္ခရာနဲ့ စာရေးပြီး အူရဒူက ပါရှင် အာရပ်အက္ခရာကို ယူတာပဲ ကွဲတာပါ လို့ ကိုလင်း ပီ မာဆီကာက အင်ဒို အာရိယန် စကားများ စာအုပ်မှာ ရေးပါတယ်။


လွတ်လပ်ရေး မရခင်က မဟတ္တမဂန္ဒီနဲ့ ဂျဝါဟလာ နေရူးတို့က လွတ်လပ်ရေးရပြီးရင် ဟင်ဒူစတန်နီကို နိုင်ငံတော်ဘာသာစကားအဖြစ် ကြေညာချင်ခဲ့ပါတယ်။ ပါကစ္စတန် အိန္ဒိယက ခွဲထွက်ပြီး နောက်မှာတော့ အူရဒူက အဲဒီနိုင်ငံသစ်ရဲ့ စကား ဖြစ်လာပြီး ဟင်ဒီက အိန္ဒိယရဲ့ စကား ဖြစ်လာပါတယ်။


ဟင်ဒီ ဗဟို မော်ကွန်းတိုက်ရုံး အလိုအရ ဟင်ဒီမှာ တူရကီ၊ ပါရှင်၊ အာရပ်၊ ပေါ်တူဂီ၊ အင်္ဂလိပ်နဲ့ ဒရာဗီးဒီးယန်း စကားတွေ ကြွယ်ဝတယ်လို့ ဆိုပါတယ်။


ဒရာဗီးဒီးယန်း ဘာသာစကား ရင်းမြစ်များ


ဒရာဗီးဒီးယန်း စကားပြောသူတွေက အိန္ဒိယမှာ ဒုတိယ လူဦးရေ အများဆုံး အုပ်စု ဖြစ်ပြီး စကား( ၂၅) မျိုး ရှိပါတယ်။ ဒီထဲက စကားတချို့ကို ပါကစ္စတန်- အာဖဂန်နစ္စတန် နယ်စပ်က ဘလူချီစတန် နယ်မှာ သုံးတာလည်း ရှိပါတယ်။


လွန်ခဲ့တဲ့ နှစ် ခြောက်ထောင်လောက်စပြီး ဒရာဗီးဒီးယန်း စကားပြောသူတွေရဲ့ အစ လူမျိုးတွေ အိန္ဒိယ တိုက်ငယ်ကို အနောက်မြောက်ဘက်က ဝင်လာကြတယ်လို့ သိရပါတယ်။


ဒါပေမဲ့ ဒီအဆိုကို မှန်းဆချက်အပြင် ခိုင်လုံတဲ့ သက်သေမရှိဘူးလို့ ဒရာဗီးဒီးယန်း စကားများ စာအုပ်ရေးတဲ့ ဘာဒရီရာဂျူး ခရစ်ရှနားမူသီးက ဆိုပါတယ်။


အာရိယန်တွေ အိန္ဒိယ အနောက်မြောက်ဘက်ကနေ ဘီစီ ၁၅ဝဝ လောက်က စဝင်လာတယ်လို့ ဘာသာစကားနဲ့ သမိုင်းဆရာအများစုက ယူဆပါတယ်။ သက္ကတ ဘာသာရေး စာပေတွေမှာ ဒရာဗီးဒီးယန်း စကားတွေ ပါနေတာကိုလည်း ထောက်ပြကြပါတယ်။ ဒါပေမဲ့ ဒရာဗီးဒီးယန်းနဲ့ အာရိယန်လို့ ပြောတာဟာ ဘာသာစကားအုပ်စုတွေ သက်သက် မဟုတ်ပါဘူး။


အာရိယန်တွေ ဝင်လာတဲ့နောက် ဒရာဗီးဒီးယန်း စကားပြောသူအများအပြား သူတို့ လူ့အဖွဲ့အစည်းထဲ ပူးပေါင်းသွားကြပါတယ်။ မပေါင်းဘဲ ကျန်နေတဲ့ ဒရာဗီးဒီးယန်းတွေက တဖြည်းဖြည်းနဲ့ အရှေ့ဘက်နဲ့ တောင်ဘက်ကို ဆုတ်သွား ကြတယ်လို့ ဘာသာဗေဒပညာရှင်တွေက ယူဆကြပါတယ်။


တမီးလ်၊ မာလာယာလမ်နဲ့ ကန်နာဒါ စကားတွေထဲ ဒီထဲမှာ အများဆုံး ပြောတဲ့ စကားတွေ ဖြစ်လာပြီး တောင်ပိုင်း အုပ်စုမှာ ပါပါတယ်။ တေလဂူကတော့ ဗဟိုတောင်ပိုင်းက မြစ်ဖျားခံတယ်လို့ ယူဆကြပါတယ်။

မြောက်ပိုင်းအုပ်စုထဲက တချို့စကားတွေကို ပါကစ္စတန်နဲ့ အိန္ဒိယမြောက်ပိုင်းက အစွန်အဖျားဒေသတွေမှာ ပြောကြဆဲ ဖြစါပါတယ်။


တမီးလ်


ရှေးဟောင်း တမီးလ်ဘာသာဟာ ဘီစီ (၆) ရာစုကတည်းက တခြားဘာသာစကားတွေကနေ ကွဲပြားလာခဲ့တယ်လို့ ခန့်မှန်းကြပါတယ်။ အစောဆုံး တမီးလ်ဘာသာကတော့ ဘီစီ (၃) ရာစုက စတာပါ။ အဲဒီအချိန်ကတည်းက တမီးလ်စာပေ ကျမ်းဂန်တွေ အထင်အရှား ရှိနေခဲ့ပါပြီ။ မာလာယာလမ် ဘာသာနဲ့ အေဒီ (၉) ရာစုကနေ (၁၃) ရာစုကြားမှာ စပြီး ကွဲပြားသွားတယ်လို့လည်း ဆိုပါတယ်။


အန်ဒရာ ပရာဒက်ရှ် ပြည်နယ်က ဘာတီပရိုလူ ကျောက်စာကလည်း ဘီစီ (၄) ရာစုကထိုးတာလို့ အိန္ဒိယ ရှေးဟောင်းကျောက်စာဌာနက ၂ဝဝ၇ ခုနှစ်က ကြေညာခဲ့ပါတယ်။


အာရိယန်တွေ ဘီစီ ၁၅ဝဝ ကျော်မှာ အိန္ဒိယတိုက်ငယ်ထဲ စဝင်လာတော့ ဒရာဗီးဒီးယန်း စကားတချို့ကို သူတို့ ရိဂ်ဝေဒကျမ်းထဲမှာ ထည့်ပြီး သုံးစွဲခဲ့တယ်လို့ ဘာဒရီရာဂျူးက ရေးပါတယ်။


နောက်ပိုင်းမှာတော့ အိန္ဒိယ မြောက်ပိုင်းက ဒရာဗီးဒီးယန်း အုပ်စုတွေ အာရိယန် တွေနဲ့ ရောစပ်ပြီး အင်ဒို-အာရိယန် စကားတွေ သုံးစွဲလာကြပါတယ်။


သက္ကတ ဝေဒစကားဟာ ဝေဒကျမ်းတွေ ပြုစုတဲ့ အချိန်မှာကတည်းက အင်မတန် ရှေးကျနေပါပြီ။ ဘီစီ (၅) ရာစုမှာတော့ ပါဠိနဲ့ ပြာကရိုက်လို စကားတွေ စပြီး ခေတ်စားလာပါတယ်။ ဗုဒ္ဓဝါဒနဲ့ ဂျိန်းဝါဒတွေက ဘုရင့်နိုင်ငံတွေမှာ ကြီးစိုး လာပါတယ်။ သက္ကတကတော့ သူ့ရဲ့ ပထမဘာသာ နေရာက ဆင်းပေးလာရပါတယ်။ ဘီစီ (၁) ရာစုမှာတော့ ပြာကရိုက်က ပထမ ဘာသာစကား ဖြစ်လာပါတယ်။


ဒီလို အနှစ်တထောင်အတွင်းမှာ အပြောင်းအလဲမြန်ရတာကတော့ အာရိယန် စကားပြောသူ မဟုတ်တဲ့သူတွေ အာရိယန် လူ့အဖွဲ့အစည်းထဲကို ဝင်လာပြီး သူတို့ဘာသာစကားတွေကို ဆက်ထိန်းသိမ်းထားလို့ ဖြစ်ပါတယ်။ ဒီလို အာရိယန် စကားတွေကို သေချာ မသင်နိုင်တဲ့ အတွက် ဒရာဗီးဒီးယန်း အုပ်စုတွေအထဲမှာ ဒေသဆိုင်ရာ စကားမျိုးစုံ ပေါ်လာခဲ့ပါတယ်။


သြစတြိုအာရှ စကားများ


သြစတြိုအာရှ အုပ်စုမှာ အက်စတြိုအာရှတစ်နဲ့ သြစတြိုနီးရှန်း ဆိုပြီး အုပ်စုကြီး နှစ်စု ထပ်ခွဲပြီး အက်စတြိုအာရှတစ်ကနေ မွန်ဒါ၊ မွန်- ခမာနဲ့ ဗီယက်နမ်- မုန်အုပ်စုဆိုပြီး ထပ်ခွဲပါတယ်။


မွန်ဒါအုပ်စုမှာ ဆန်တာလီ၊ မွန်ဒရီ၊ ဘွမ်ဂျီ၊ ဆာဗာရာ စတဲ့ စကားတွေပါပြီး တောတောင်ထူထပ်တဲ့ ဒေသတွေမှာ သုံးကြပါတယ်။


တိဘက်- မြန်မာဘာသာစကားများ


မြောက်ပိုင်း တိဘက်ကနေ တောင်ပိုင်း မြန်မာပြည်အထိ ပြောကြတဲ့ စကားတွေအထဲမှာ တိဘက်- မြန်မာစကားက တရုတ်- တိဘက် မိသားစုထဲက လာတယ်လို့ အိန္ဒိယ လူစွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး ဝန်ကြီးဌာနက ပြောပါတယ်။ ဒီထဲမှာ ဂျမူးနဲ့ ကတ်ရှ်မီးယား ပြည်နယ် ထဲက လဒက်စကားတွေ၊ နောက် တရုတ်ပြည် ယူနန်ပြည်နယ်က စကားတွေ ပါပါတယ်။


လက်ပ်ချာ၊ ဆစ်ကင်း၊ ဂါရို၊ဘဒို၊ မဏိပူရနဲ့ နာဂ စတဲ့ အိန္ဒိယ အရှေ့မြောက် ပြည်နယ်တွေက ဘာသာစကားတွေက ဒီအုပ်စုနဲ့ သက်ဆိုင်တယ်လို့လည်း ရှင်းပြပါတယ်။


အာဖရိုအာရှ စကားများ


အာရပ်လို အာဖရိုအာရှ ဘာသာစကားအုပ်စုထဲက ဆီမီတို- ဟာမီးတစ်ဘက်ခြမ်းကနေ ဆင်းသက်လာတဲ့ ဘာသာစကားတွေ ရှိပါတယ်။


ကပ္ပလီကျွန်းသားတွေရဲ့ ရှေးအကျဆုံး စကားတွေကို ဘယ်ဘာသာစကားအုပ်စုမှာမှ မထည့်နိုင်သေးပါဘူး။ အိန္ဒိယမှာ ဘယ်အုပ်စုမှာမှ မပါသေးတဲ့ ဘာသာစကားတချို့လည်း ရှိပါတယ်။


မှတ်ချက်။ ။ ပြန်လည်ဝေမျှပါသည်။


မေတ္တာဖြင့်

သိန်းနိုင်အုန်း (၁၄.၇.၂၀၂၀)


မြတ်ဗုဒ္ဓ၏ ပါဠိစာပေ နှင့် အဆင့်မြင့်ပညာရေ


မြတ်ဗုဒ္ဓ၏ ပါဠိစာပေ နှင့် အဆင့်မြင့်ပညာရေး

*************************************


အနောက်နိုင်ငံများတွင် တက္ကသိုလ်ကို ခရစ်ယာန်ဘာသာရေးစာပေ သင်ကြားရာဌာနအဖြစ် စတင်ခဲ့ပါ သည်။ မြန်မာနိုင်ငံ တက္ကသိုလ်၊ ကောလိပ်များတွင်လည်း ဘာသာရေးစာပေဖြစ်သည့် ပါဠိစာပေသည် သင်ကြားသင့် သင်ကြားထိုက်သော ဘာသာတစ်ရပ် ဖြစ်ပါသည်။


သို့သော် ပါဠိစာပေကို တက္ကသိုလ်၊ ကောလိပ်များမှာ ဘာသာရေးရှုထောင့်သက်သက်အရ သင်ကြားခြင်း မဟုတ်ပါ။


မျက်ကန်းယုံကြည်မှုကို အားပေးအားမြှောက် မပြုဘဲ ဝေဖန်ခြင်း၊ ဆွေးနွေးခြင်းများနှင့်အတူ ကိုယ်ပိုင် ဉာဏ်ကို အသုံးပြုပြီး လွတ်လွတ်လပ်လပ် တွေးခေါ်တတ်လာအောင် သင်ကြားပေးခြင်း ဖြစ်ပါသည်။


မြတ်ဗုဒ္ဓ၏ အဆုံးအမ အင်ပါရာ @ ပါဠိစာပေ၏ ဧရိယာ

***********************************


လောကုတ္တရာကြောင်းမျှသာ မဟုတ်ဘဲ လောကတွင် နေရေး ထိုင်ရေး၊ ပေါင်းသင်း ဆက်ဆံရေးမှအစ လူသားများ လိုက်နာကျင့်သုံးအပ်သော အဆုံးအမများ အပါအ၀င် ကြီးပွားရာ ကြီးပွားကြောင်း အထိ ပါဠိစာပေ၏ ဧရိယာသည် ကျယ်၀န်းလှပါသည်။


ထို့ပြင် ခက်ခဲနက်နဲသော အတွေးအခေါ်ပိုင်းဆိုင်ရာ အချက်အလက်များ ပါ၀င်နေသည့်အတွက် အဆင်မြင့်ပညာ တစ်ရပ် အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သင်ကြားရန် လိုအပ်ပါသည်။


အကြီးမြတ်ဆုံးသော ဒဿနပညာရှင် မြတ်ဗုဒ္ဓ @ ဒဿနိကဗေဒ နှင့် ပါဠိစာပေ

*************************************


တည်တံ့တောက်ပဆဲ ဒဿနိကဗေဒရှုထောင့်မှ ကြည့်လျှင် မြတ်ဗုဒ္ဓ၏ အလွန်တရာ နက်နဲသိမ်မွေ့သော အတွေးအခေါ် အယူအဆများသည် မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်ပြုခဲ့သည်မှာ နှစ်ပေါင်း ၂၅၀၀ ကျော် ကြာမြင့်ခဲ့သော်လည်း ယနေ့အချိန်အထိ တည်တံ့တောက်ပဆဲ ရှိနေပါ၏။ နောင်လည်း တည်တံ့တောက်ပနေဦးမည် ဖြစ်ပါ၏။


အကြီးမြတ်ဆုံးသော စိတ်ပညာရှင် မြတ်ဗုဒ္ဓ @ စိတ်ပညာ နှင့် ပါဠိစာပေ

************************************


စိတ်ပညာရှုထောင့်မှ ကြည့်လျှင် စိတ်၏ ဖြစ်တတ်သော ဖြစ်စဉ်တရားများ၊ စိတ်ကို အေးချမ်းရာအေးချမ်းကြောင်း ဖြစ်စေသော ဒေသနာတော်များကို ပါဠိစာပေများတွင် တွေ့ရှိရပါသည်။


အကြီးမြတ်ဆုံးသော ဥပဒေပညာရှင် မြတ်ဗုဒ္ဓ @ ဥပဒေပညာ နှင့် ပါဠိစာပေ

*************************************


နှလုံးသည်းပွတ် ဥပဒေပညာရှုထောင့်မှ ကြည့်လျှင် မြတ်ဗုဒ္ဓ ချမှတ်တော်မူခဲ့သော ဝိနည်းတို့သည် သံဃာတော်တို့၏ နှလုံးသည်းပွတ် ဖြစ်ရကား သံဃာတော်တို့ တဝေမတိမ်း လိုက်နာကျင့်သုံးကြသော တရားများ ဖြစ်ကြပါသည်။ သို့ဖြစ်၍ သာသနာတော်သည်ယနေ့ထိတိုင် ခိုင်မြဲအဓွန့်ရှည်နေသည်ကို တွေ့ရှိရပါသည်။


နှစ်ပေါင်း ၂၅၀၀ ကျော်တိုင်အောင် ညီညီညွတ်ညွတ် တည်မြဲနေသည် အဖွဲ့အစည်းကို ပြပါဟုဆိုလျှင် မြတ်ဗုဒ္ဓ၏ တပည့်သား သံဃာ့အဖွဲ့အစည်းကြီးကိုသာ ညွှန်ပြစရာရှိပါသည်။


ဤသည်မှာ မြတ်စွာဘုရားရှင် ချမှတ်ခဲ့သော ဥပဒေ၏ အရည်အသွေး‌ ကောင်းမွန်မှန်ကန်မှုနှင့် လိုက်နာကျင့်သုံးတော်မူသော် တပည့်သား သံဃာတို့၏ ဖြောင့်မတ်မှန်ကန်မှုမှာ ထင်ရှားပေါ်လွင်လှပါသည်။

"စင်စစ် ဝိနည်းသည် သာသနာတော်၏ အသက်ပင် ဖြစ်ပါသည်။"


ထိုမှဆက်၍ "ဥပဒေသည် နိုင်ငံတော်၏ အသက်" ဖြစ်သည်ဟု ကောက်ချက်ဆွဲနိုင်ပါသည်။


မြတ်ဗုဒ္ဓ၏ ဇာတကဝတ္ထုတော်များ နှင့် မြန်မာစာပေ

**************************************


မြန်မာစာပေရှုထောင့်မှ ကြည့်လျှင် ပါဠိစာပေတည်း ဟူသော ရေသောက်မြစ်ပေါ်မှာ မြန်မာစာ ပေတည်း ဟူသော ပင်စည်၊ အကိုင်းအခက်၊ အရွက်တို့သည် စိမ်းစိမ်းစိုစို ဝေ၀ဆာဆာ ဖြစ်ပေါ်လာ ပါသည်။

သာဓကအားဖြင့် ဇာတကစာပေများ၏ မြန်မာစာပေ အပေါ်ကျေးဇူးပြုမှုသည် အလွန်ပင် များပြားလှပါသည်။


ယင်းဇာတကစာပေများသည် မြန်မစာပေလောကတွင်သာမက ကမ္ဘာအနှံ့ နေရာယူခဲ့ကြပါသည်။


မြတ်ဗုဒ္ဓ၏ ပါဠိစာပေနှင့် ယဉ်ကျေးမှု

**************************************


မြန်မာ့ယဉ်ကျေးမှုရှုထောင့်မှ ကြည်မည်ဆိုလျှင်လည်း မြန်မာ့ယဉ်ကျေးမှုသည် ပါဠိစာပေနှင့် ကင်းကွာ၍ မရပါ။ မြန်မာ့ယဉ်ကျေးမှုကို မြတ်မြတ်နိုးနိုး ထိန်းသိမ်းလိုသူတိုင်း ပါဠိစာပေနှင့် ပတ်သက် ၍ အနည်းဆုံး ဗဟုသုတတော့ ရှိထားသင့်ပါသည်။


တက္ကသိုလ်၊ ကောလိပ် ပညာရေးနယ်ပယ်တွင် ပါဠိစာပေကို ဘာသာရေးစာပေအနေထက် ယဉ်ကျေးမှုစာပေ အနေဖြင့်သာ ပိုမိုရှုမြင်သုံးသပ်ပါသည်။


မြတ်ဗုဒ္ဓ၏ ပါဠိစာပေကို လေ့လာ သင်ကြား လိုက်နာကျင့်သုံးကြသော နိုင်ငံအများစု၏ ယဉ်ကျေးမှုအဆင့်အတန်းမှာ မွန်မြတ်မြင့်မားလှသည်ကို လက်တွေ့လေ့လာ သိရှိနိုင်ပေသည်။


မြတ်ဗုဒ္ဓ၏ ပါဠိစာပေနှင့် ဂန္ထ၀င်မြောက်ဘာသာစကား

***************************************


ပါဠိဟူသည် ဗုဒ္ဓဘာသာရေးကို မှတ်တမ်းတင်ထားသော ဘာသာမျှသာမက တရံရောအခါက အိန္ဒိယနိုင်ငံမှာ ရာဇ၀င်ကြီးစွာ ထင်ပေါ်ခဲ့သော ဂန္ထ၀င်မြောက်ဘာသာစကားတစ်ခုလည်း ဖြစ်ပါသည်။


ထို့ကြောင့် ပါဠိစာပေကို ဆစ်ဆစ်ပိုင်းပိုင်း လေ့လာတော့မည်ဆိုလျှင် အိန္ဒိယနိုင်ငံ၏ သမိုင်းကြောင်း၊ ပထဝီ၀င်အနေအထား၊ ယဉ်ကျေးမှု၊ လူမှုရေး စသည့်ကဏ္ဍများကိုလည်း ချန်လှပ်ထား၍ မရပါ။


ထို့ပြင် ပါဠိဘာသာနှင့် နှီးနွယ်ဆက်စပ်နေသော သက္ကတ၊ ပါကတဘာသာစကားများနှင့် ဘာသာဗေဒ ပညာရပ်တို့တွင်လည်း ထဲထဲ၀င်၀င် ရှိဖို့ လိုအပ်ပါသည်။ သို့မှသာ ပါဠိစာပေ၏ အနှစ်သာရကို ခံစားနိုင်ပါမည်။


ပါဠိစာပေ၏ အရေးပါ အရာရောက်မှု

**************************************


အဆင့်မြင့်ပညာရပ် ပရိဝုဏ်အတွင်းမှာ ပါဠိစာပေ၏ အခန်းကဏ္ဍသည် အရေးပါ အရာရောက် သည့် နေရာတွင် တည်ရှိပါသည်။ အိန္ဒိယတက္ကသိုလ် အတော်များများနှင့် သီရိလင်္ကာတက္ကသိုလ် အားလုံး တွင် ပါဠိစာပေကို သင်ကြားကြရပါသည်။ ဗြိတိန်နိုင်ငံ အောက်စ်ဖို့၊ ကိန်းဘရစ်ခ်ျ တက္ကသိုလ် များနှင့် ဂျာမဏီနိုင်ငံ စသည့်တက္ကသိုလ်များတွင်လည်း ပါဠိစာပေကို သင်ကြားကြ ရပါသည်။


ကမ္ဘာ့စာပေ

***************


ပါဠိစာပေသည် အိန္ဒိယနိုင်ငံတွင် ပေါ်ပေါက်ခဲ့သည် မှန်သော်လည်း ကမ္ဘာ့စာပေတစ်ရပ်ပင် ဖြစ်သည်ဟု ဆိုရမည်။


ဒေါက်တာမြင့်စောလွင်

"အဆင့်မြင့်ပညာရေးတွင် ပါဠိစာပေ၏ အခန်းကဏ္ဍ"

ကြေးမုံသတင်းစာ ဆောင်းပါးအား ကိုးကားဖော်ပြပါသည်။


မြန်မာနိုင်ငံ အရှေ့တိုင်းပညာ (ပါဠိ) ဌာန၏ သမိုင်းကြောင်းနှင့် သင်ကြားပို့ချမှု ပုံစံ အကျဉ်း


မြန်မာနိုင်ငံ အရှေ့တိုင်းပညာ (ပါဠိ) ဌာန၏ သမိုင်းကြောင်းနှင့် သင်ကြားပို့ချမှု ပုံစံ အကျဉ်း


ယခုအခါ မြန်မာနိုင်ငံရှိ တက္ကသိုလ်များတွင် သင်ကြားပို့ချလျက်ရှိသော ဘာသာရပ်များအနက် ရှေးအကျဆုံးဘာသာရပ်မှာ ပါဠိဘာသာရပ်ပင်ဖြစ်သည်။ စင်စစ်သော် မြန်မာနိုင်ငံ၌ ပါဠိဘာသာသင်ကြားလေ့လာမှုမှာ မြန်မာနိုင်ငံတွင်းသို့ မြန်မာဟူ၍ အမည်တွင်လာကြသော လူမျိုးတို့မရောက်မီ အေဒီ ၆၀၀ ခန့်ပျူခေတ်ကပင် စတင်သည်ဟု ဆိုဖွယ်ရှိပါသည်။ ပျူတို့၏ ရှေးမြို့တော်ဖြစ်သော သရေခေတ္တရာပြည်တည်ရှိခဲ့ရာ နေရာဖြစ်သည့် မှော်ဇာရွာအနီးတွင် တူးဖော်တွေ့ရှိရသော ပါဠိရွှေချပ်လွှာအစရှိသော ပါဠိအရေးအသားများကို ထောက်ရှုခြင်းဖြင့် ဤသို့ဆိုနိုင်ခြင်းဖြစ်သည်။


ထိုနောက် ဘီစီ ၁၀၀၀ ခန့်တွင် ဟံသာဝတီ၌ မွန်တို့၏ ပါဠိစာပေလေ့လာမှု ဆက်လက်တိုးတက်ခဲ့ပါသည်။ AD.1057 ခန့်တွင် သထုံကို အနော်ရထာ သိမ်းပိုက်ပြီးသည့်နောက်ပိုင်းတွင်ကား မြန်မာနိုင်ငံ၌ ပါဠိစာပေလေ့လာမှုသည် အထွတ်အထိပ်သို့ရောက်သည်ဟု ဆိုနိုင်ပါသည်။ ထိုခေတ်တွင် မြန်မာတို့သည် ကျောက်စာများကို ရေးထိုးကြရာတွင်ပင် ပါဠိဘာသာကို အသုံးပြုခဲ့သည်သာမက ပရိယတ္တိအားထုတ်မှုတွင်လည်း မှတ်တိုင်တစ်ရပ်အဖြစ်ပေါ်ထွက်လာသော သဒ္ဒါနီတိ အမည်ရှိ ပါဠိသဒ္ဒါကျမ်းကြီးအား ပြစုနိုင်သည်အထိ အရည်အချင်းမြင့်မားခဲ့ပါသည်။ ထို့နောက် ခေတ်အဆက်ဆက်ပါဠိဘာသာကို လေ့လာခဲ့ကြရာ အင်္ဂလိပ်လူမျိုးတို့ မြန်မာနိုင်ငံကို လုံးဝသိမ်းပိုက်သည့်အချိန်ထိပင်ဖြစ်သည်။


ဤသို့မြန်မာ့သမိုင်းတလျှောက်အဆက်မပြတ်ထွန်းကားခဲ့သော ပါဠိဘာသာသည် မြန်မာတို့အား လောကီ၊ လောကုတ္တရာ နှစ်ဖြာသော ကိစ္စများတွင် အကျိူး ပြုခဲ့သည်ကို အထူးအစီရင်ခံစရာလိုမည် မထင်ပါ။အထူးသဖြင့် မြန်မာတို့၏ ယဉ်ကျေးမှုနယ်ပယ်တွင် ပါဠိဘာသာ၏ ကျေးဇူးမှာ အလွန်ကြီးမားလှပါသည်။ စင်စစ်သော် ကမ္ဘာတွင် မြန်မာ့ယဉ်ကျေးမှုကို မြန်မာလူမျိုးတို့ သီးသန့်ပိုင်ဆိုင် ကြွားဝါနိုင်ခြင်းမှာ ပါဠိဘာသာ လေ့လာခြင်း၏ အာနိသင်ဖြစ်သည်ဟု ဆိုက မှားမည် မဟုတ်ပေ။


အင်္ဂလိပ်မင်းတို့ ၏ လက်အောက်တွင် ကား အင်္ဂလိပ်ဘာသာ နှင့် အနောက်တိုင်းယဉ်ကျေးမှုကို ထိုးဖောက်ဝင် ရောက်လာခြင်းကြောင့် ပါဠိစာပေ သင်ကြားပို့ချရေးမှာ ယခင်ကလောက် ထွန်းကားခြင်းမရှိပါ။ သို့သော် အင်္ဂလိပ်ဘာသာ နှင့် အနောက်တိုင်းယဉ်ကျေးမှုကို ထိုးဖောက်ခြင်းမှ ကင်းဝေး သော ဘုန်းတော်ကြီး ကျောင်းများတွင်မူ ဆက်လက်ပို့ချ သင်အံ့ လေလာခဲ့ကြပါသည်။ သာသန ဒါယကာ မြန်မာ ဘုရင်များ လက်ထက်ကကဲ့သို့ အချီးအမြှောက် အထောက်အပံ့ကို မရလင့် ကစား ရသမျှသော ပစ္စည်းလေးပါးဖြင့် ရဟန်းတော်များသည် ပါဠိစာပေကို ပို့ချသင်အံ့လေ့လာ ခဲ့ကြခြင်းမှာ များစွာ ကျေးဇူးတင်ဖွယ်ရာ ဝမ်းမြှောက်ဖွယ်ရာ ဖြစ်တော့သည်။ ယင်းသို့ပို့ချသင်အံ့လေ့လာခြင်း ဖြင့် တိုးဝင်လာသော နိုင်ငံခြားယဉ်ကျေးမှု အရှိန်အဝါတို့မှ မြန်မာ့ ယဉ်ကျေးမှုကို တက်အားသမျှ အကာအကွယ် ပေးနိုင်ခဲ့ကြပါသည်။


ပါဠိဘာသာသည် ကမ္ဘာ့ အရှေ့ အနောက် တက္ကသိုလ် ကြီး အချို့တွင် သင်ကြားပို့ချသည့် ဘာသာရပ် တရပ် ဖြစ်ပါသည်။ ထိုတက္ကသိုလ်ကြီးများရှိ ရာ နိုင်ငံအချို့မှာ ကမ္ဘာ့ အရှေ့ပိုင်းတွင် အိန္ဒိယ၊ သီဟိုဠ်၊ မြန်မာ၊ ယိုးဒယား၊ ကမ္ဘောဒီးယား ၊ ဂျပန် စသည်တို့ဖြစ်၍ ကမ္ဘာအနောက်ပိုင်းတွင်မှု ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ဒိန်းမတ် စသည်တို့ ဖြစ်ပါသည်။ သို့ဖြစ်ရခြင်းမှာ ပါဠိဘာသာကို သင်ယူခြင်းဖြစ် ပါဠိဘာသာကို ၎င်း၊ ထိုဘာသာစကားဖြင့် ရေးသားအပ်သော စာပေကျမ်းဂန် တို့ကို၎င်း၊ တက်မြောက်နိုင်သည် သာမက ဗုဒ္ဓဘာသာ အတွေးအခေါ် ၊ဗုဒ္ဓဘာသာ ယဉ်ကျေးမှု ၊ရှေးဟောင်းအိန္ဒိယ ဒဿန ပညာ ၊ ရှေးဟောင်းအိန္ဒိယ နိုင်ငံသမိုင်း ၊ ရှေးဟောင်းအိန္ဒိယ လူမှုရေး ၊ ဘာသာသိပ္ပံ စသည်တို့ကို လေ့လာဆည်းပူးရာတွင်လည်း ပါဠိဘာသာသည် မသိလျှင်မဖြစ် မတက်လျှင် မပြည့် စုံ သော ဘာသာ တရပ်ဖြစ်သောကြောင့်ပင်။


မြန်မာနိုင်ငံတွင် ပါဠိဘာသာ သည် တက္ကသိုလ် တွင် ဘာသာတစ်ရပ် အဖြစ် တည်ရှိ သည်မှာ ကြာမြင့် လေပြီး၊ စင်စစ်သော် ရန်ကုန် ဝိဇ္ဇာ နှင့် သိပ္ပံ တက္ကသိုလ် မတိုင် မီ ခရစ်သက္ကရာဇ် သက္ကရဇ်၁၉ ရာစု ကုန်ဆုံးခါနီး ရန်ကုန် ကောလိပ်စတင် ကာလ ကတည်းက တက္ကသိုလ် ဘာသာ တရပ်အဖြစ် တည်ရှိ ခဲ့သည်မှာ ယနေ့တိုင်အောင် ဖြစ်ပါသည်။ ထိုစဉ်က ပါဠိဘာသာသည် အရှေ့တိုင်းဘာသာ ရပ်များဌာနတွင် တည်ရှိ၍ ပါမောက္ခအဖြစ် ထမ်းရွက်ခဲ့ ကြသူများမှာ ဖော်ရှမ်းမား၊ ဒူရွိုင်ဆယ်၊ ဦးဖေမောင်တင် တို့ဖြစ်ပါသည်။ နောင်အခါ ပါဠိဌာနအဖြစ် သီးသန့်ဖြစ်ပေါ်လာသောအခါ အေကာစင်၊ ဦးလှအောင် နှင့် ဦးအောင်သန်းတို့ ပါဠိပာမောက္ခများ ဖြစ်ခဲကြသည်။ မန ္တလေး တက္ကသိုလ် တွင်မူ ပါမောက္ခမှာ ဒေါ်အုန်းဖြစ်ခဲ့ကြပါသည်။ ထိုကြောင့် ယင်းဘာသာ သည် မြန်မာနိုင်ငံ တက္ကသိုလ် သမိုင်းတွင် ရှေးအကျဆုံး နှင့် ဝါအရင့် ဆုံးသောဘာသာ တရပ်လည်းဖြစ်သည်ဆိုက မှားမည် မဟုတ်ပါ။ သို့ ဖြစ်ရခြင်းမှာ မြန်မာနိုင်ငံ သည် ရှေးပဝေဏီကပင် ပါဠိစာပေ ရောက်ရှိ ထွန်းကားသောနိုင်ငံ ။ မြန်မာ လူမျိုးတို့သည် ထို ပါဠိ စာပေကို အခြေခံ၍ မိမိတို့ ဘာသာ၏ ဘာသာစာပေ စသော ယဉ်ကျေးမှု ကို တည်ဆောက်ဲ့သော လူမျိုး ဖြစ် သော ကြောင့် ပင်၊ တနည်း အားဖြစ် ပါဠိစာပေသည် မြန်မာနိုင်ငံနှင့် လူမျိုးတို့ အားယဉ်ကျေးမှု အစုစု တွင် အထူးတလည် ကျေးဇူး ပြုခဲ့သောကြောင့်ပင်။


သို့သော် တက္ကသိုလ်ဘာသာတစ်ရပ်အဖြစ် ပါဠိဘာသာကို သင်ကြားရာ၌ ရှေးယခင်က ရည်ရွယ်ချက်အတိအကျရှိဟန်မတူပါ။ ရှိခဲ့လျှင်လည်း ပညာရေးသည် ပညာရေးအတွက် ပင်ဖြစ်ဖွယ်ရှိပါသည်။


သို့တည်းမဟုတ် တက္ကသိုလ်ဘွဲ့ရနိုင်ရုံဘွဲ့ရပြီး နောက် အစိုးရအမှုထမ်း အရာထမ်းအဖြစ် အသက်မွေးနိုင်ရုံမျှသာ ရည်ရွယ်ဟန်တူပါသည်။ ထို့ပြင် ယခင်က သင်ရိုးညွှန်းတမ်းစသည်တို့ကို ရေးဆွဲရာတွင်လည်း မည်သို့သောမူကို ချမှတ်၍ ရေးဆွဲသည်ဟု အတိအကျပြောဆိုနိုင်ရန် ခဲယဉ်းလှပါသည်။ ယခုအခါကား ယခင်ကဲ့သို့မဟုတ်ပြီ၊ စံနစ်သစ်တက္ကသိုလ်ဟူသော မူအသွင်သဏ္ဌာန်၊ နည်းဟန် စသည်တို့နှင့် လျော်ညီစွာ ပါဠိဘာသာအပါအဝင် တက္ကသိုလ်ဘာသာရပ်များကို သင်ကြားပို့ချရာတွင် တိကျခိုင်မာသော ရည်ရွယ်ချက်နှင့် ထိုရည်ရွယ်ချက်နှင့် လျော်သော သင်ရိုးညွှန်းတမ်းများကို ရေးဆွဲရန် လိုအပ်လာလေပြီ။ ထို့ကြောင့် ထိုလိုအပ်ချက်များကို ဖြည့်စွမ်းရန် ပြည်ထောင်စု မြန်မာနိုင်ငံတော်လှန်ရေးအစိုးရ ပညာရေးဌာန တက္ကသိုလ်ဘာသာရပ်အလိုက် အဖွဲ့များ ဖွဲ့စည်းပေးခဲ့ရာ ပါဠိအဖွဲ့တွင် အောက်ပါ ပုဂ္ဂိုလ်များပါဝင်ကြပါသည်။

၁။ဆရာဉာဏ် အငြိမ်းစား စာပြင်မှူးချုပ်၊ ပြည်ထောင်စုဗုဒ္ဓသာသနာကောင်စီ

၂။ဦးသိန်းဟန် စာကြည့်တိုက်မှူး၊ တက္ကသိုလ်များဗဟိုစာကြည့်တိုက်

၃။ဦးဝန် စာတည်မှူး၊ တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာန

၄။ဦးမောင်မောင်ကြီး မြန်မာစာပါမောက္ခ၊ ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် ရန်ကုန်

၅။ဒေါက်တာဇော်ထွန်း ပါဠိပါမောက္ခ၊ ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်၊ မန္တလေး

၆။ဦးဘလေး အငြိမ်းစားပါဠိကထိက၊ ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် ရန်ကုန်

၇။ဦးတင်လွင် ပါဠိဌာနမှူး ၊ ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်၊ ရန်ကုန်(ဆော်သြသူ)

ပါဠိအဖွဲ့၏ အစည်းအဝေးကို ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်ပါဠိဌာနစာကြည့်ခန်းမ၌ ၁၉၆၆ ခုစက်တင်ဘာအတွင်း နှစ်ကြိမ်ကျင်းပပြီးနောက် အောက်ပါရည်ရွယ်ချက်များ သတ်မှတ်ထားရှိရန်သဘော တူညီကြသည်။

၁။ ပါဠိစာပေကိုမှီသော မြန်မာ့ယဉ်ကျေးမှုကို တက္ကသိုလ်များအနေဖြင့် ဆက်လက်ထိန်းသိမ်းရန်

၂။ ပါဠိစာပေကိုမှီသော ယဉ်ကျေးမှုထွန်းကားရာ အခြားနိုင်များနှင့် ချစ်ကြည်ရင်းနှီးမှု နားလည်မှုကိုအားပေးရန်

၃။ ပါဠိစာပေကိုမှီသော ယဉ်ကျေးမှုသည် ရှင်သန်သောအင်အားစုတရပ်အနေဖြင့် ကမ္ဘာ့ယဉ်ကျေးမှုကို ကျေးဇူးပြုရန်

အထက်ပါရည်ရွယ်ချက်နှင့် ကိုက်ညီမည့်သင်ရိုး၊ မာတိကာ၊ ပြဋ္ဌာန်းချက်များကိုလည်း ဆွေးနွေးရွေးချယ်၍ အတည်ပြုကြပါသည်။(နောက်ဆက်တွဲများကိုကြည့်ပါ။)


ပါဠိဘာသာသင်ကြားရေးကို အကျယ်မဖော်ပြမှီ ပါဠိဘာသာနိဒါန်းအနေဖြင့် ပါဠိဟူသောဝေါဟာရအကြောင်းကို အကျဉ်းမျှ ရှင်းပြလိုပါသည်။ ပါဠိဟူသောဝေါဟာရနှင့် စပ်လျဉ်း၍ ပညာရှင်တို့ အသီးသီးမိန့်ဆိုကြသော်လည်း ထိုဝေါဟာရ၏အနှစ်ကို သေတ္တုချကြည့်လျှင် ပါဠိဟူသည် စကားစဉ်ဖြစ်ပါသည်။ စကားစဉ်ဟူသည်မှာလည်း ဂေါတမဘုရားရှင်၏ နှုတ်မြွက်ဟောကြားချက်ဟု ယူဆရသော စကားစဉ်ကို ဆိုလိုပါသည်။ ထိုစကားစဉ်သည် သုတ်၊ ဝိနည်း၊ အဘိဓမ္မာတည်း ဟူသော ပိဋကတ်အသွင်ဖြင့်ရှိပါသည်။

နောင်အခါ ထိုပိဋကတ်များကို ရှင်းလင်းဖွင့်ဆိုသော အဖွင့်ကျမ်းများပေါ်ပေါက်လာပါသည်။ ထိုအဖွင့်ကျမ်းများသည် ဘုရားရှင်၏ မုခပါဌ်များ မဟုတ်ပဲ ဘုရားရှင်၏အလိုကိုသိတော်မူကုန်သော မထေရ်မြတ်များ၏ ရှင်းလင်းဟောကြားချက်မျးဖြစ်ကြသည်။ ထို့ကြောင့်ထိုအဖွင့်ကျမ်းများမှကွဲပြား စိမ့်သောဌာဘုရားရှင်၏ မုခပါဌ်တော် (ဝါ) ပိဋကဝင် အဆိုအမိန့်များကို ပါဠိဟူ၍ခေါ်ပါသည်။ အဖွင့်ကျမ်းများမှာမူ အဋ္ဌကထာဟူ၍ အမည်တွင်ပါသည်။


အဋ္ဌကထာများတွင် အသုံးပြုသော ဘာသာသည် ပိဋကတ်ကျမ်းများတွင် အသုံးပြုသော ဘာသာပင်ဖြစ်သည်။ ထိုဘာသာသည် မာဂဓဘာသာ ဟူ၍ အစဉ်အဆက်လကယူဆခဲ့ ကြသော ဘာသာ ဖြစ်သည်။ ယင်းဘာသာသည် ဘုရားရှင်၏ စကားစဉ် (ဝါ) ပါဠိ တော်တွင် အသုံးပြုသော ဘာသာဖြစ်ခြင်းကြောင့် ပါဠိဘာသာ ဟူ၍ လည်း အမည်ရလာပါသည်။ ထိုပါဠိဘာသာသည် ပါဠိ တော်တွင်သာမက အဋ္ဌကထာ များတွင်လည်း အသုံးပြုသော ဘာသာဖြစ်ခြင်းကြောင့် ပါဠိဘာသာဟူသည် ပိဋကတ်ဝင် ကျမ်းများနှင့် အဋ္ဌကထာ လာကျမ်းများကို တွင် အသုံးပြုသောဘာသာဖြစ်သည်ဟု ယခုအခါ နားလည်လာကြပါသည်။ စင်စစ် သော် ပိဋကတ်ဝင်ကျမ်းများ အဋ္ဌကထာကျမ်းများ အဋ္ဌကထာကျမ်းများသာမက ဋီကာ၊ အနု၊ မဓု၊ လက်သန်း၊ ယောဇနာ ၊ ဒီပဝင်၊ မဟာဝင်၊ သဒ္ဒါ၊ ဆန်း၊ အလင်္ကာ၊ အဘိဓာန် အစရှိသည့် ကျမ်းများသည်လည်း ထိုဘာသာဖြင့်သာ ရေးသားအပ်သည်ဖြစ်ပါသည်။ ခြုံ၍ ဆိုရလျှင် ပါဠိဘာသာဖြင့် ရေးသားအပ်သော ကျမ်းများကို ပိဋကတ်ဝင်ကျမ်းများနှင့် ပိဋကတ် ပြင်ပ ကျမ်းများဟူ၍ နှစ်မျိုး ပိုင်းခြားနိုင်ပါသည်။


တက္ကသိုလ်များတွင် သင်ကြားပို့ချသော ပါဠိဘာသာရပ်တွင်ကား ပါဠိဘာသာဖြင့် ရေးသားအပ်သော ထိုစာပေ ကျမ်းဂန်များသာမက ထိုစာပေ ကျမ်းဂန်များနှင့် နှီးနွယ်သော ဘာသာရပ်အားလုံးပါဝင် ပါသည်။ ယင်းသို့ နှီးနွယ်သော ဘာသာရပ်အားလုံးတို့ကို

၁။ ဘာသာ

၂။ စာပေ နှင့်

၃။ ယဉ်ကျေးမှု ဟူ၍ သုံးမျိုး ခွဲခြားနိုင်ပါသည်။


ဘာသာတွင် သဒ္ဒါ နှင့် အဘိဓာန် ထို့အပြင် ပြာကတ နှင့် သက္ကတ တို့သည်၎င်း၊ အသောက ကျောက်စာသုံး ဘာသာသည်၎င်း၊ ဘာသာဗေဒ သည်၎င်း ပါဝင်ပါသည်။


စာပေတွင် ပိဋကတ်စာပေ ၊ ပိဋကတ်ပြင်ပစာပေ ၊ သက္ကတစာပေ၊ ပြာကတစာပေ၊ ဆန်းနှင့် အလင်္ကာ ၊ အသောကကျောက်စာများနှင့် မြန်မာနိုင်ငံရှိ ပါဠိကျောက်စာများပါဝင်ပါသည်။


ယဉ်ကျေးမှုတွင် ဗုဒ္ဓသာသန သမိုင်း၊ ရှေးဟောင်းအိန္ဒိယသမိုင်း၊ ဗုဒ္ဓသာသနိက သမိုင်း၊ ဗုဒ္ဓသာသနိကဗေဒ ရှေးဟောင်းအိန္ဒိယ သာသနိက ဗေဒ ၊ အိန္ဒိယနှင့်အရှေ့တောင်အာရှ ဗိသုကာအနုပညာ လက်ရာများ ပါဝင်ပါသည်။ ထို့ကြောင့် တက္ကသိုလ်သင် ပါဠိဘာသာ သည် ပါဠိဘာသာစကားသက်သက်မျှ မဟုတ်ဘဲ စာပေနှင့် အခြားယဉ်ကျေးမှု နယ်ပယ်များ ပါဝင်သည်ကို တွေ့ရပါမည်။


ပါဠိကို သင်ရာ၌ ရှေးဦးစွာ သဒ္ဒါကို သင်ရန်လို ပါသည်။ အကြောင်းမှာ သဒ ္ဒါမတတ်လျှင် စာမတတ်ဟူသော ဆိုရိုးစကားသည် ယခုတိုင် လူတို့ အသုံးပြုဆဲ ဘာသာတစ်ရပ် အတွက် မှန်ကန်သည် ဆိုလျှင် ယခုအခါ လူတို့ အမြဲတစေ အသုံး မပြုတော့ပြီ ဖြစ်သော ဘာသာတစ်ရပ်အတွက် သာ၍ မှန်ကန်သောကြောင့် ဖြစ်ပါသည်။ လူတို့အသုံးပြုဆဲ ဘာသာစကားတစ်ရပ်သည် ဘာသာစကားတို့၏ ဓမ္မတာဝေါဟာရ ပြောင်းလဲမှုများ၊ သဒ္ဒါစည်းမျဉ်းနှင့် မညီမှုများ ဖြစ်လေ့ဖြစ်ထ ရှိသောကြောင့် ပင် ဖြစ်သည်။ သဒ္ဒါ စည်းမျဉ်း ကဤသို့ ဆိုပါသော် လည်း တကယ် ပြော ဆိုရေးသား ရာတွင် ထိုသို့ ပြောတက်ရေးတက်ကြပါသည်။ ထို့ကြောင့် သဒ္ဒါတခြား လက်တွေ့သုံးက တခြား ဖြစ်လာနိုင်ပါသည်။ ပါဠိကား ပြောဆိုရေးသားမှု မရှိသောဘာသာစကား၊ ရှိလျှင်လည်း အလွန်နည်းပါးသော ဘာသာစကားဖြစ်ခြင်း ကြောင့် ယင်းဘာသာ၏ ဝေါဟာရနှင့် သဒ္ဒါသည် ရွေ့လျှော ပြောင်းလဲခြင်းမရှိတော့ပြီ ၊ ရှိလျှင်လည်း အလွန်နည်းပါးသော ဘာသာစကားဖြစ်ခြင်းကြောင့် ယင်းဘာသာ၏ ဝေါဟာရနှင့်သဒ ္ဒါသည် ရွေ့လျော ပြောင်းလဲခြင်း မရှိတော့ပြီ ၊ ရှိလျှင်လည်း အလွန်နည်းပါး နေပေပြီ၊ ထိုကြောင့် သဒ္ဒါစည်းမျဉ်း တို့ဖြင့် ညီစွာ ရေးသားပြုစုအပ်သော ကျမ်းသုံး ပါဠိဘာသာကို တက်မြောက်လိုလျှင် သဒ ္ဒါကို စတင် သက်ကြားရန်မှ တစ်ပါး အခြားမရှိပြီ ။


သဒ္ဒါကို သင်ကြားရာ၌ မူ ခေတ်သစ်နည်းဖြင့် သင်ကြားရပါသည်။ ထိုသို့ သင်ကြားရခြင်းမှာ ကာလဒေသ ကို လိုက်၍ ဖြစ်ပါသည်။ ယခုကာလသည် ပါဠိ တစ်ခုထဲကို သင်ကြားရန် အချိန်များစွာ ရသည့် ရှေး ကာလ မဟုတ်ပါ ။ ပါဠိတစ်ခုထဲကို သင်ကြားပေးသည့်၊ ပါဠိတစ်ခုထဲကို သင်ကြားရန်တည်ရှိသော ရဟန်းများ၏ ကျောင်းမဟုတ်ပါ။ ကျောင်းသူ ကျောင်းသားများ၏ ပညာသင်ကြားရေး ရည်ရွယ်ချက်ကို လည်း ငဲ့ရပေသေးသည်။


ခေတ်သစ်နည်းဟုဆိုခြင်းမှာ ရှေးနည်းကို လုံးဝ တော်လှန်ပစ်သော နည်းမဟုတ်ပါ ၊ ရှေးနည်းကို အခြေခံသော ၊ ရှေးနည်းကို ပြုပြင်ထားသော နည်းဖြစ်ပါသည်။ ပုံစံအားဖြင့် သဒ္ဒါကို သင်ရာ၍ အက္ခရာ မှ စတင်ပါသည်။ ထို့နောက် နာမ် ၊ ကြိယာ စသည်တို့ကို တစ်ဆင့်ပြီးတစ်ဆင့် သင်ကြားပါသည်။ ထိုနည်းသည် ပါဠိနှင့် မျိုးတူသည့် လက်တင် သဒ္ဒါ၊ အင်္ဂလိပ်သဒ္ဒါ တို့ဖြင့် ညှိအပ်သော နည်းဖြစ်ပါသည်။ ထို့ကြောင့် ပါဠိသဒ္ဒါကို သင်ကြားပို့ချသည့် ကမ္ဘာ့တက္ကသိုလ်ကြီးများနည်းတူသင်ကြားမှုများဖြစ်ပါသည်။ သဒ္ဒါအခေါ်အဝေါ် အသုံးအနုန်းများတွင်လည်း ရှေးအမည်များအနက်ဆက်၍ အသုံးပြု သင့်သည်ကို လည်း ပြုပါသည်။ ပြင်သင့်သည်ကိုလည်း ပြင်ဆင်ပါသည်။ ထိုသို့ ပြင်ဆင်ရာတွင် ပါဠိကို သင်ကြားပို့ချသည့် ကမ္ဘာ့ တက္ကသိုလ်များ တွင် အသုံးပြု သော အမည်များနှင့် လည်း ညှိ ထားပါသည်။ မြန်မာ သဒ္ဒါ အခေါ်အဝေါ် အသုံးအနှုန်းများကို လည်း ထည့် ဝင်သုံးနှုန်းထားပါသည်။ မြန်မာ့လျှာ၊ မြန်မာ့နားကို လည်း ထည့်သွင်းစဉ်းစားကာ ပြုပြင်ထားပါသည်။ ဤနည်း ဤအခေါ်အဝေါ် ဤအသုံးအနှုန်းတို့ဖြင့် သင်ကြားပို့ချရာတွင် သင်ယူသူတို့ အချိန်တို တို ဖြင့် လွယ်ကူသော ပါဠိဝါကျများကို ဖတ်တတ်၊ ဘာသာပြန်တတ်၊ စီတတ်လာနိုင်ပါသည်။


ပါဠိသဒ္ဒါကို အထက်တန်းကျကျ သင်ကြားရာတွင် သက္ကတသဒ္ဒါကို လျစ်လျူရှု၍ မဖြစ်ပါ။ သက္ကတဘာသာသည် ပါဠိ၏ သားချင်းဘာသာ ဖြစ်ရုံသာမက ပါဠိထက်လည်း ဝေဒသက္ကသည် ရှေးကျနေပေသည်။ ပါဠိပုဒ်အချို့ကို ပါဠိသဒ္ဒါ သက်သက်ဖြင့် မရှင်းနိုင်သောအခါ သက္ကတသဒ္ဒါကို အားကိုး၍ သက္ကတသဒ္ဒါဖြင့် ဖြေရှင်းရပါသည်။ ထို့ကြောင့် ပါဠိသဒ္ဒါကို အတန်းတီးခေါက်မိသောအခါ သက္ကတ သဒ္ဒါကို သင်ကြားရပါသည်။ သက္ကတ သဒ္ဒါကို သင်ကြားခြင်းဖြင့် ပါဠိသဒ္ဒါကိုပို၍ သဘောပေါက်လာနိုင်ပါသည်။ မြန်မာနိုင်ငံ၌ ဤအချက် ကို လက်ခံသော ဆရာတော်ကြီးများသည် သက္ကတသဒ္ဒါကို ပေါက်မြောက်အောင်သင်ယူကြပြီး နောက်တပည့်တပန်းတို့အ ား သက္ကတ သဒ္ဒါကို ပို့ချ ခဲ့၊ ပို့ချဆဲ ဖြစ်ပါသည်။ နိုင်ငံခြား များတွင်ကား ပါဠိသုတေသီ တို့သည် မြန်မာနိုင်ငံမှာထက်ပင် သက္ကတသဒ္ဒါ၊ စာပေတို့ကို လေ့လာလိုက်စားကြသည်။


ပါဠိသဒ္ဒါကို အထက်တန်းကျကျ သင်ကြားရာတွင် ပြာကတ ဘ ာသာကိုလည်း ချန်ထား၍ မရပါ။ ပြာကတဘာသာသည် ပါဠိနှင့် သားချင်းလည်းဖြစ်ရုံမျှမက ခေတ်ခြင်းလည်းတူနေပါသည်။ စင်စစ်သော် ပါဠိသည် ပြာကတ ဘာသာတစ်မျိုးဖြစ်သည်ဟုပင် ဆိုနိုင်ပါသည်။ ထို့ကြောင့် ပြာကတ သဒ္ဒါကို ပါဠိသဒ္ဒါဖြင့် နှိုင်းယှဉ်လေ့လာခြင်းဖြင့် ပါဠိသဒ္ဒါကို ပို၍ နားလည်နိုင်ပါသည်။ ထို့ပြင် သက္ကတသဒ္ဒါကို တတ်မြောက်ပြီးနောက် သက္ကတစာပေကို လေ့လာရာတွင် ပြာကတစာပေများကြားညှပ်ပါလာတက်ပါသည်။ ထို့ကြောင့် ပြာကတစာပေများကို သင်ကြားပြသရာ၌ ပြာကတသဒ္ဒါအခြေခံ မရှိပဲ မဖြစ်နိုင်ပါ။


ပါဠိသဒ္ဒါ သင်ကြားမှုကို အထောက်အကူပြု သည့် အရာတစ်ရပ်ကား အသောက ကျောက်စာများပင် ဖြစ်သည်။ ထိုကျောက်စာများသည် ဘီစီ (၃) ရာစု အတွင် အသောက မင်းကြီးလက်ထက်ရေးထိုးသော ကျောက်စာများဖြစ်ပေရာ ထိုဘာသာသုံး သဒ္ဒါသည် ပါဠိ သဒ္ဒါနှင့် ဆက်သွယ်မှု များစွာရှိပါသည်။ ထို့ပြင် အသောကမင်းကြီး နန်းစိုက်သော ပါဋလိပုတ် နေပြည်တော် သည် ဗုဒ္ဓဘုရားရှင် သာသနာစတင်ပြန့်ပွားရာ မာဂဓတိုင်းတွင်ရှိလေရာ ဘုရားရှင်လက်ထက်တွင် အသုံးပြုသော စကားနှင့် အသောကမင်းကြီးလက်ထက် အသုံးပြု သော ဘာသာစကားသည် တစ်မြေတည်းတွင် ပေါ်ပေါက်သောဘာသာစကား တစ်မျိုး ပင်ဖြစ်သည်။ ထို့ပြင် ကျောက်စာသုံး ဘာသာကားမှာ ပြာကတ ဘာသာတစ်မျိုးဖြစ်သောကြောင့် စာပေသုံး ပြာကတ ဘာသာနှင့်လည်း နှိုင်းယှဉ်လေ့လာ နိုင်ပါသည်။


ဤသို့ ပါဠိသဒ္ဒါကို အခြံ အရံ သဒ္ဒါ များနှင့် လေ့လာရာတွင် လိုအပ်သည်ကား အဘိဓာန် ဖြစ်သည်။ အဘိဓာန် ဟု ဆိုရာ၌ အဘိဓာနပ္ပ ဒီဝိကာ စသော ကျမ်းများကိုသာမက ပါဠိ မြန်မာ အဘိဓာန်များ၊ ပါဠိ အင်္ဂလိပ် အဘိဓာန်၊ သက္ကတ အင်္ဂလိပ် အဘိဓာန် များ စသည်တို့လည်း ပါဝင်သည်။ စင်စစ်သော် ဘာသာစကားတစ်ရပ်ကို သင်ကြားရာ၌ သက်ဆိုင်ရာ အဘိဓာန်များ ကို အသုံးပြု ရသည်မှာ ဓမ္မတာ ပင်ဖြစ်သည်။


အဘိဓာန်ကို အသုံးပြု၍ ပါဠိဘာသာ ၊ သက္ကတ ဘာသာ ၊ ပြာကတ ဘာသာ များကို အတော် အတန် တီးခေါက်မိသောအခါ အဆင့်တက်၍ လေ့လာ နိုင်သည်ကား ဘာသာဗေဒ ပင် ဖြစ်သည်။ ။ ဘာသာဗေဒကို လေ့လာသောသူသည် ဘာသာစကားအများအပြားတတ်မြောက်ရန် မလိုလှသော်လည်း တခုမကသော ဘာသာစကားများကို တတ်မြောက်လျှင် ဘာသာဗေဒ သင်ကြားမှု အတွက် အကျိုးဖြစ်ထွန်းသည်ဟုသော အချက် ကို မငြင်းသာပေ။


ဘာသာစကားများ၏ လက္ခဏာ ၊ ကိစ္စ ၊ အမျိုးအစား၊ ဖြစ်မြဲ ဓမ္မတာ စသည်တို့ကို သိပ္ပံနည်းကျ လေ့လာနိုင်ခြင်းသည် ထိုဘာသာများကို တတ်မြောက်ခြင်း၏ အကျိုး တစ်ရပ်ပင်ဖြစ်သည်။ ဘာသာဗေဒ သုတေသီတို့သည် ထိုဘာသာများအနက်ထူး သဖြင့် သက္ကတ ဘာသာ ကို တတ်မြောက်သင့်ပါသည်။ သက္ကတ ဘာသာမတတ်မြောက်သော ဘာသာဗေဒ ပညာရှင် သည် သချင်္ာမတတ်မြောက်သော နက္ခတ် ပညာရှင် ကဲ့သို့တည်းဟူသော အဆိုကို ထင်ရှားစေပါသည်။


ပါဠိသဒ္ဒါကို အခြေ ခံရ ရှိ သောအခါ ပါဠိစာပေကို သင်ကြားရပါသည်။ ပါဠိစာပေဟူသည် အထက်တွင်ဖော်ပြ ခဲ့သည့် အတိုင်း ပိဋကတ်နှင့် ပိဋကတ်ပြင်ပ ဟူ၍ နှစ်မျိုးပြသပါသည်။ ပိဋကတ်ူသည် လည်း သုတ္တန်၊ ဝိနည်းနှင့် အဘိဓမ္မာ သုံးရပ်ဖြစ်ပါသည်။ ထိုသုံးရပ်အနက် ဒီဃ၊ မဇ္စျိမ ၊ သံယုတ္တ၊ အင်္ဂုတ္တရ၊ ခုဒ္ဒကဟူသော နိကာယ် ငါးရပ် ပါဝင်သော သုတ္တန်ပိဋကတ်ကို အဓိကထား ၍ သင်ကြားပါသည်။ အကြောင်းမှာ ထိုပိဋ္ဋကတ်က လူတို့၏ စိတ်သန္တာန်နှင့် ကာယဝိညတ်၊ ၀စီဝိညတ်တို့ကို ဖော်ပြသော လူဘဝနှင့်စပ်လျဉ်း၍ ဆင်ခြင်ဖွယ်ကောင်သော အကြောင်းအရာများပါဝင်သောကြောင့်ဖြစ်သည်။


ထို့နောက် ပါရာဇိကတ်၊ ပါစိတ်၊ မဟာဝါ ၊ စူဠဝါ။ ပရိဝါတို့ ပါဝင်သော ဝိနည်းပိဋကတ်ကို ဒုတိယ ဦးစားပေးအနေဖြင့် သင်ကြားပို့ချပါသည်။ အကြောင်းမှာ ဝိနည်း ပိဋကတ်သည် ရဟန်းတို့၏ ကျင့်ဝတ်သိက္ခါများနှင့် အဓိကအားဖြင့် သက်ဆိုင်သော်လည်း သုတ္တပိဋကတ်မှာကဲ့သို့ လူ့သဘာဝ အဖွဲ့နှင့် စပ်လျဉ်း၍ စိတ်ဝင်စားဖွယ် ကောင်းသော အချက်အလက်များ ပါဝင်သောကြောင့်ဖြစ်သည်။


အဘိဓမ္မာ ပိဋကတ်ကိုမူ သီးခြားသင်ကြားခြင်းမပြု ဘဲ သုတ္တန်နှင့် ဝိနည်းတို့သင်ကြားရာ၌ ဆီလျော်ရာ နေရာများတွင် ထည့်သွင်းသင်ကြားပါသည်။


ပိဋကတ်ပြင်ပ စာပေများသည်လည်း ပိဋကတ်စာပေများ၏ အခြံ အရံဖြစ်ခြင်းကြောင့် ယင်း တို့ကို သင်ကြားရန် လည်း လိုအပ်ပါသည်။ ပိဋကတ်ပြင်ပစာပေ ဟူရာ၌ အဋ္ဌကထာ စသည်တို့သာမက ဒီပဝင် ၊ မဟာဝင်၊ သာသနာဝင်၊ ဝိသုဒ္ဓိ မဂ် စသောကျမ်းများဖြစ်သည်။ အဋ္ဌကထာများအနက် ဇာတ်အဋ္ဌကထာများသည် ယေဘုယျ အားဖြင့် သဒ္ဒါနှင့် အကြောင်းအရာ လွယ်ကူသောကြောင့် ပါဠိစာပေ ကို စတင်ချဉ်းကပ်ရာတွင် အသင့်တော်ဆုံးဖြစ်ပါသည်။ မဟာဝင် ၊ သာသနာဝင် တို့ကိုမူ အလယ်အလတ် ထားပါသည်။ ဝိသုဒ္ဓိမဂ် ကိုမူ ဘွဲ့ လွန် မဟာတန်းကျောင်းသားများအတွက်သာ သင်ကြားပါသည်။


ဤ ပိဋကတ်စာပေကို သင်ကြားရာတွင် ကျမ်းတိုင်းကို သင်ကြားခြင်း ကား မဟုတ်ပါ ။ သင့်လျှော်ရာ အတန်းတွင် သင့်လျှော်သော ကျမ်းကို သင်ကြားပါသည်.။ တဖန် ကျမ်းတစ်ဆောင်တစ်ဖွဲ့ လုံး ကို သင်ကြားရန်လည်း အချိန်ကို ငဲ့၍ မဖြစ်နိုင်သောကြောင့် ထိုကျမ်းတို့ မှာ သင့် နိုးရာရာ ကောင်နုတ်ရွေးချယ် သင်ကြားခြင်းဖြစ်ပါသည်။


သို့ ကောက်နုတ်ရွေးချယ်ရာ၌ စာပေများတွင် တွေ့ ရတက်သော လင်္ကာ စကားပြေ တို့ ကို မျှတအောင် သတိပြု ပါသည်။ ပါဠိစာပေ၌ လင်္ကာဟူသည် ဂါထာ ပင်ဖြစ်သည်။ ဂါထာနှင့် စကားပြေတွင် စကားပြေ ကို ရှေးဦးစွာ သင်ကြား၍ သဒ္ဒါ အခြေခံ ရသော ကျောင်းသူ ကျောင်းသား များအ တွက် ပိုမို လွယ်ကူ သောကြောင့် စကားပြေကို ရှေးဦးစွာ သင်ကြားပါသည်။ ထို့နောက် ဂါထာ များကို သင်ကြားပါသည်။ ဤ သို့ ကောက်နုတ်ရွေးချယ် အပ်သော ပါဠိစာပေသည် ဂါထာနှင့်စကားပြေ မျှတရုံနှင့် မပြီး သေးပါ။ ထိုစာပေတို့သည် လူ့ဘောင်အတွက် အသုံး ကျသော ခေတ်ကို အကျိုးပြုသော (Apply) စာပေ ဖြစ်စေရန် ကို လည်း ကရုပြု၍ ကောက်နုတ်ရွေးု ခြယ်ခြင်းဖြစ်ပါသည်။


သက္ကတ စာပေ ကား နယ်အားဖြင့် ကျယ်ဝန်းလှ ပေသည် ။ ဝေဒိက သက္ကတ ဖြင့် ရှိသော ဝေဒ ကျမ်းများနှင့် ယင်းတို့၏ အခြံအရံ ကျမ်းများ၊ နဝီန သက္ကတဖြင့် ရှိသော ကဗျာလင်္ကာ ပုံပြင်ပြဇာတ် စသည်များရှိပါသည်။ ထိုမျှ နယ်ပယ် ကျယ်ဝန်းလှသော သက္ကတ စာပေ သည် နယ်ပယ် အနည်းငယ်မျှ ကို သာ ရွေးချယ် သင်ကြားပို့ချ နိုင်ပါသည်။ အကြောင်းမှာ သက္ကတ စာပေ သင်ကြားရာ၌ ရည်ရွယ်ချက်မှာ ရပြီးသော သက္ကတ သဒ္ဒါ အခြေခံ ကို အသုံးချရန်နှင့် သက္ကတ စာပေကို မြည်းစမ်းရန် ၊ ပါဠိစာပေ သင်ကြားရေးကို အထောက်အကူပြု ရန် မျှသာ ဖြစ်သောကြောင့် ဖြစ်ပါသည်။


ပြာကတစာပေကို သင်ကြားရာ၌လည်း သက္ကတစာပေ သင်ကြားရာ ၌ ထားရှိသော သဘောထားအတိုင်းပင်ဖြစ်ပါသည်။


အသောက ကျောက်စာ ကို စာပေတစ်ရပ် အနေဖြင့် လေ့လာခြင်းနှင့် တွဲဆက်လျက်ရှိပါသည်။ ကျောက်စာသုံးဘာသာကို လေ့လာရင်း ကျောက်စာ စာပေ ကို လေ့လာနိင်ပါသည်။ အပြန်အလှန်အားဖြင့်လည်း ကျောက်စာ စာပေကို လေ့လာရင်း ကျောက်စာသုံးဘာသာစကားကို လေ့လာနိင်ပါသည်။


ကျောက်ထက်အက္ခရာ ဖြင့်ရှိသော စာပေသည် ပေထက်အက္ခရာ ၊ ပုံနှိပ်အက္ခရာ ဖြင့် ရှိသော စာပေများနှင့်မတူ ၊ ပြောင်းလဲ ပြုပြင်၍ မရ။ မူလရှိသည့် အတိုင်းသင်ကြားရခြင်းကြောင့် ထိုခေတ်စာပေ အစစ်အမှန်ကို တွေ့ ရှိနိုင်ပါသည်။ ထိုသို့သော ကျောက်စာစာပေ မျိးကို ပါဠိ စာပေနှင့် နှိုင်းယှဉ်လေ့လာခြင်းဖြင့် ပါဠိစာပေ ၏ သဘောကို ပိုမို ထင် မြင် လာစေ ပါသည်။


ပါဠိစာပေ ကို လေ့လာရာတွင် ဂါထာများ ပါလာမည်ဖြစ်ရာ ဂါထာပါသည်နှင့် ဂါထာနှင့် အတူ လိုက်လာသော ဘာသာတစ်ရပ်မှာ ဆန်းပင်ဖြစ်သည်။ ဆန်းသည် ဂါထာစီနည်း နိဿရည်းပင် ဖြစ်သည်။ ထို့ကြောင့် မြန်မာ ကဗျာများကို လေ့လာလိုလျှင် မြန်မာ ကဗျာဖွဲ့ နည်း စည်းကမ်း မျိုး ကို တတ်သိရန် လိုအပ်သည့် နည်း တူ ပါဠိဂါထာများ ကို လေ့လာလိုလျှင် ပါဠိဂါထာဖွဲ့ နည်း စည်းကမ်း (ဆန်း) ကို နားလည်ထားရန် လိုအပ်သည်။ ဆန်းသည် စာပေတွင် အကျုံးဝင် သည် ဟူ ယူဆသော် ည်း သဒ္ဒါနှင့်လည်း ဆက်သွယ်လျှက် ရှိနေသောကြောင့် ဆန်းကို လေ့လာခြင်းဖြင့် စာပေတွင် သာမက သဒ္ဒါအရာတွင်လည်း ပို၍ ကျွမ်းကျင်လာနိုင်ပါသည်။


စာပေ၏ ကျောရိုးကား အလင်္ကာ ပင် ဖြစ်သည်။ အထူးသဖြင့် ဂါထာများ၏ အသက်သည် အလင်္ကာ ပင်ဖြစ်သည်။ အလင်္ကာ တည်းဟူသော အဆင်တန်ဆာ မပါသော စာပေ အဖွဲ့ အနွဲ့သည် ရေလုံပြုတ် ဟင်းနှင့် တူ ပေသည်။ စင်စစ်သော် စာပေဟူသော အမည်ကို ပင် ခံယူရန်မသင့်ပါ။ အလင်္ကာသည် တစ်နည်းအားဖြင့် စာပေအဖွဲ့ အနွဲ့ တစ်ရပ် ၏ တန်ဘိုးကို အကဲဖြတ်ရာတွင် အသုံးပြုသည်။ အလင်္ကာသည် စာပေ၏ ဂုဏ်၊ ရသ စသည်တို့ကို ရှင်းလင်းဖော်ပြသော ပညာ ဖြစ်သောကြောင့် ပါဠိစာပေ၏ ရသကို အပြည့်အဝ ခံစား နိုင်ရန် အလင်္ကာကို နားလည်ရန် လိုအပ်ပါသည်။


အိန္ဒိယ နိုင်ငံတွင် ပါဠိကျောက်စာ ရှိသည်ဟူ၍ မကြားဘူးသော်လည်း မြန်မာနိုင်ငံတွင် ပါဠိကျောက်စာသည် ပုဂံခေတ် မှ စ၍ ရှိခဲ့ပါသည်။ ပုဂံခေတ် ပါဠိကျောက်စာများအနက် ထင်ရှားသည်မှာ ရာဇကုမာရ်နှင့် ရွှေဂူကြီး ဘုရားကျောက်စာ တို့ဖြစ်ပါသည်။ ထိုကျောက်စာနှစ်ခုမှာ ၁၂ ရာစု အတွင်းဖြစ်ပါသည်။ ထို့ကြောင့် ကျောက်စာများသည် မြန်မာနိင်ငံဖြစ် ပါဠိစာပေတွင် ရှေးအကျဆုံးဖြစ်သည်ဟူ ဆိုရပါမည်။ စင်စစ်သော် ယင်းကျောက်စာများသည် မြန်မာ နိုင်ငံ ပါဠိ ပရိယတ္တိ၏ အသီးအပွင့် များဖြစ်ကြပါသည်။ မြန်မာနိုင်ငံ ပါဠိလေ့လာသူ တိုင်း လေ့လာသင့်သည်သာဖြစ်သည်။


ယဉ်ကျေးမှု အပိုင်းတွင် ရှေးဦးစွာ တွေ့ရသည်ကား ဗုဒ္ဓ ဓမ္မ ပင် ဖြစ်ပါသည်။ ပါဠိစာပေ သည် ထေရဝါဒ ီတို့၏ ဗုဒ္ဓ စာပေကို ဟောကြားသော စာ ပေ ဖြစ်သည်။ တနည်းအားဖြင့် ထေရဝါဒီ တို့၏ ဗုဒ္ဓ ဓမ္မတည်ရာ စာပေဖြစ်ပါသည်။ ထို့ကြောင့် စာပေကို သင်ကြားလျှင် ထိုစာပေပါ အကြောင်းအရာဖြစ်သော ထိုစာပေ၏ အနှစ်ဖြစ်သော ဗုဒ္ဓဓမ္မ ကို ဂရုပြု ရမည်ဖြစ်သည်။ မြန်မာအင်္ဂလိပ်စ သော ဘာသာစကားတို့ဖြင့် ပြန်ဆိုရေးသားထားသည် တို့ ကို ဖတ်ရှု၍ မဖြစ်ပြီလောဟု စောဒက တက်နိုင်ပါသည်။ သို့သော် ခံစားမှု အရသာ မတူနိုင်ပေ။ ဦးပုည၏ စာကိုမြန်မာဘာသာမူရင်းဖြင့်လေ့လာရရှိသောအရသာနှင့် အင်္ဂလိပ်ဘာသာပြန်ဖြင့်ရ ရှိသော အရာသာမတူသကဲ့သို့ လည်းကောင်း၊ ရှိုတ်စပီးယား ၏ အင်္ဂလိပ်ဘာသာမူရင်း ဖြင့်ရေးသောစာကို မြန်မာဘာသာပြန်ဖြင့် လေ့လာရသော အရ သာ မတူသကဲ့သို့ ဖြစ်ပေလိမ့် မည်။ ဗုဒ္ဓ တရားတော်ကို လေ့လာရုံမျှမဟုတ် သုတေသန ပြုလိုသူ များအဖို့ကားဆိုဖွယ် ရာ မရှိပြီ မူရင်းမှ တိုက်ရိုက်ရရှိသောသုတထက် ဘာသာပြန်မှ တစ်ဆင့်ရရှိသော သုတသည် မည်သည့်နည်းနှင့်မျှ သာလွန်နိုင်မည်မဟုတ်ပေ။ စင်စစ် သော် သုတေ သီ တို့ မည်သည် တိုက်ရိုက်ရရှိသောသုတ ကို တစ်ဆင့်ခံရရှိသော သုတ ထက် ပို၍ တန်ဘိုးထားကြ စမြဲ ဖြစ်ပါသည်။


ဗုဒ္ဓဓမ္မ သည်ရှေးဟောင်း အိန္ဒိယ ဒဿန၏ တစ်စိပ်တစ်ပိုင်းမျှ သာဖြစ်ပါသည်။ ထိုကြောင့် ဗုဒ္ဓဓမ္မ ကို လေ့လာရာ၌ ရှေးဟောင်းအိန္ဒိယ ဒဿနကို ကျောထောက်နောက်ခံ ပြု၍ လေ့လာသင့်သည်။ အထူးသဖြင့် ဗုဒ္ဓဓမ္မအပေါ်မီက အိန္ဒိယ ပြည်၌ လူတို့ လက်ခံ ကျင့်သုံးကြသော ဒဿနဗေဒကို လေ့လာသင့်ပါသည်။ ထို့ကြောင့် ဗုဒ္ဓဓမ္မ ၏ အခြံအရံ အဖြစ် ရှေဟောင်းအိန္ဒိယ ဒဿန ကို သင်ကြားရခြင်းဖြစ်ပါသည်။


ဗုဒ္ဓဓမ္မ ကို လေ့လာသောအခါ ဗုဒ္ဓဓမ္မ ၏ အတတ်အကျစသော လောကဓံ ကို သိရှိသင့်ပါသည်။ ထိုဗုဒ္ဓဓမ္မ ၏ အတက်အကျ စသော လောကဓံကား ဗုဒ္ဓ သာသနာ့ သမိုင်း ပင်ဖြစ်ပါသည်။ ထိုသာသနာသည် မည်သို့ စတင်သနည်း မည်သို့ ကြီးပွားသနည်း ၊ မည်သို့ဆုတ်ယုတ်သနည်း ၊ မည်သို့ ရွေ့လျောသနည်း စသည်တို့မှာ ဗုဒ္ဓဓမ္မတည်ရာ ပါဠိစာပေကို သင်ကြားသူတိုင်းလေ့လာသင့်သောအကြောင်း အရာဖြစ်ပါသည်။ တနည်းအားဖြင့် ဗုဒ္ဓသာသနာကို ဓမ္မကြောင်းသာမက သမိုင်းကြောင်းပါ သိရှိရန် လိုအပ်ပါသည်။


ပါဠိစာပေသည် ယေဘုယျ အားဖြင့် လောကုတ္တရာစာပေ ဟု မှတ်ယူရသော်လည်း စင်စစ်ထိုစာပေ၌ လောကီဆိုင်ရာ အကြောင်းအရာများစွာ ပါဝင်ပါသည်။ အထူးသဖြင့် ရှေးခေတ် အိန္ဒိယ နိုင်ငံ၏ လူမှုရေး၊ နိုင်ငံရေး ၊ ယဉ်ကျေးမှု စသည်တို့ကိုတွေ့ နိင်ပါသည်။ ထို့ကြောင့် ပါဠိစာပေ သင်ယူခြင်းဖြင့် ရှေးခေတ်အိန္ဒိယနိင်ငံသမိုင်း ကိုတွေ့ မြင်ရခြင်းဖြစ်ပါသည်။ သို့သော် ပါဠိစာပေမှ ရအပ်သော အချက်အလက်တို့ကို နိင်ငံ သမိုင်းအနေဖြင့် သာမက ပုရာဏ်ကျမ်းစသော အထောက်အထားများကိုပါမှီး၍ ရေးသားအပ်သော သမိုင်းကိုလည်းသင်ကြားရန်လိုအပ်သည်။ ထို့သို အိန္ဒိယနိင်ငံသမိုင်းကို သင်ကြားခြင်းဖြင့်လည်း ပါဠိစာပေ သင်ကြားမှုကို ပြန်၍ ကျေးဇူးပြု မည်ဖြစ်ပါသည်။


မေတ္တာဖြင့်

ပြန်လည်မျှဝေပါသည်။

Thein Naing Ohn(1.7.2020)


"ဘုရား" ဆိုသည်မှာ ...

မေး။ ။ ရဟန်းတော်နှင့်လူပုဂ္ဂိုလ် စကားပြောဆိုရာ၌ ` တင့်ပါ့ဘုရား´ဟုပြောဆိုရမှု ကို ရှင်းပြတော်မူပါဘုရား

မြန်မာစာ၌ ဘုရား ဆိုသည့်စကားလုံးကို အစိန္တေယျ အပ္ပမေယျ၊ အတုလံ၊ အတုမဲ့ အထွတ်အထိပ်၌ရှိသော အမြင့်ဆုံး သောအနန္တဘုန်းတော်မြတ်ရှင်၊ အစအဆုံးမရှိသော အနာဒိ အနန္တ အဖြစ်တော်ရှင်ကိုခေါ်ပါသည်။ ဘုရား ဆိုသည့် စကားလုံး သက်သက်သည် ပူဇော်ထိုက်ခြင်း၊ ဂုဏ်အသရေနှင့် ပြည့်စုံခြင်း၊ ဘုန်းတော်ကြီးမြတ်ခြင်း၊ မြင့်မြတ်ခြင်း (excellent, noble, exalted) ဆိုသည့် အဓိပ္ပါယ်ရှိပါသည်။

မြန်မာစကားလုံး ဘုရားသည် မြန်မာစကားစစ်စစ် မဟုတ်နိုင်မှန်း ခန့်မှန်းနိုင်ပါသည်။ သို့သော် မည်သည်စကားမှ ဆင်းသက်လာပါသည်ကိုလည်း တိတိကျကျ ဆုံးဖြတ်ချက်ချ ပြောရန်ခက်ခဲပါသည်။

ရှေးမြန်မာစာအုပ်များတွင် ဘုရားကို မြတ်စွာဘုရားဟု လည်းကောင်း၊ ဘုရင်ကို ဘဝရှင်မင်း တရားကြီး၊ ရှင်ဘုရင်၊ ဘုန်းတော်ရှင်၊ အရှင်မင်းဘုရား၊ မင်းဘုရား၊ ဘုရားရှင်၊ မင်းဘုရားကြီး စသည်ဖြင့် သုံးနှုန်းပြီး၊ တိုင်းသူ ပြည်သားများက ဘုရားကျွန်တော်၊ ဘုရားတပည့်တော်၊ ကျွန်တော် မျိုး ဟု သုံးနှုန်းတတ်လေသည်။ ဘုရင်က မိမိနာမည်ကိုခေါ်လျှင် ဘုရား ဟုထူးရသည်။ မှန်လျှင် မှန်ပါ့ဘုရား၊ မှားလျှင် မှားပါ့ဘုရား ဟုပြောရ၏။

မျက်မှောက်ခေတ် အရေးအသားတွင် ဘု ရားကို ရည်ညွှန်းလိုသော် ဘကုန်းနှင့်ပေါင်း၍ ဘုရင်၏ မိန်းမကို ဖဦးထုပ် နှင့်ရေးကာ ရှေ့မှ မိ (သို့) အမိ ထပ်ပေါင်း၍ပြီး မိဖုရား ဟုသာ ခေါ်ဆိုရေးသားကြောင်း တွေ့ရပါသည်။ ဤသို့ဖြင့် ဘုရားနှင့်လူ၊ ယောက်ျားနှင့်မိန်းမကိုရည်ရွယ်ပြီး ပြောလိုသောအခါ စကားလုံး အဆင့်ဆင့်သုံးပုံကို မှတ်သားရပါသည်။

ထို့ကြောင့် မြန်မာ့ဗုဒ္ဓဘာသာသမိုင်း၌ ဒေါက်တာ သန်းထွန်း မှတ်ချက်ချသကဲ့သို့ ဘုရား (သို့) ဖုရား (purha, bhura) ဆိုသည် စကားလုံးသည် ချီးမြှင့်ထိုက်သော၊ ရိုသေထိုက်သော ပုဂ္ဂိုလ်တို့၏ ဘွဲ့ ၊ရာထူး ( a title for all exalted persons) အဖြစ် သုံးလာသည်ကိုတွေ့ရပါသည်။

အရှေ့တောင်အာရှမှ ဗုဒ္ဓဘာသာနှင့် ပါဠိစာလွှမ်းမိုးသော ဘာသာစာများတွင် (Vara) စကားလုံးအရေးပါခဲ့ သည်ဟု မှတ်ချက်ချနိုင်ပါသည်။ ဥပမာ - မြန်မာစာလုံး ဘုရား ယိုးဒယားစာလုံး ဖရာ့၊ ကမ္ဘောဒီယားစာလုံး ဖရား (Prah)၊ တရုတ်စာလုံး ဖုယား (Fuyaတို့သည် ပူဇော်ခံထိုက်သူ၊ ကိုးကွယ် ဦးညွတ်ထိုက်သူ၊ မြင့်မြတ်သူ၊ အထွတ်အထိပ်၌ရှိသူ၊ စသည်ဖြင့် အဓိပ္ပါယ်ဖွင့်စေပါသည်။

ထိုစကားလုံးသည် သဗ္ဗညုတ ဉာဏ်တော်ရှင်၊ အန္တတန်ခိုးတော်ရှင်၊ မြတ်စွာဘုရားသခင်ကို ရည်ရွယ်ပါသည်ဟု သိခဲ့ပါလျှင် လုံလောက်ပါသည်။

ပုတြာ၊ ဘုရား ဆိုသည့် စကားလုံးများသည် ပူဇော်ရှိခိုးဦးညွှတ် ထိုက်သောပုဂ္ဂိုလ်နှင့် ကိုးကွယ်ထိုက်သော အရာဝတ္ထုတိုင်းကို ခေါ်သောကြောင့် အနန္တဘုန်းတော်ရှင်ကိုလည်း ဘုရား စေတီ ကိုလည်း ဘုရား ဟု သုံးနှုန်းခဲ့ကြသည်။ ရဟန်းသံဃာတို့နှင့် စကားပြောဆိုရာ၌ တဖက်လူသည် ဘုရား တပ်၍ပြောရသည်။ ဘုရား တပ်၍ထူးကြရလေသည်။

တင်ပါ့ဘုရား ဆိုတာကတော့ (Buddhism, honorific, of a monk) yes ကို ဆိုလိုပါတယ်။

ကမ္ဘာ့ဘာသာစကားတိုင်းသည် ခေတ်ရေစီးကြောင်းအတိုင်း ပြောင်းသွားတတ်ကြစမြဲဖြစ်သောကြောင့် မြန်မာဘာသာစာ သည်လည်း ခေတ် အခါအလိုက် ရေးသွားတတ်ကြပါသည်။ ထို့ကြောင့် ဘုရား စကားလုံးသည် ခေတ်ကိုလိုက်၍ သတ်ပုံ သတ်ထုံး ပြောင်းလဲလာခဲ့သည်ကို တွေ့နိုင်ပါသည်။ ထိုကြောင့် ပုဂံမြို့တောင်ဖက် မြင်းကပါရွာရှိ ကျန်စစ်သား မင်း၏သားတော် ရာဇာကုမာရ်မင်းသား၏ အေဒီ ၁၁၁၃ခုနှစ်က ရေးထိုးခဲ့သော မြစေတီကျောက်စာ (သို့) ဂူပြောက်ကြီးကျောက်စာ စာကြောင်းရေ ၁-၁၆-၁၈-၂ဝ တို့တွင် ဘုရားကို ပုရှာဟု ရေးထိုးထားပါသည်။ ထို့အတူ အေဒီ ၁၃၈၈ ခုနှစ်ခန့်တွင် ရေးထိုးထားသော စစ်ကိုင်းတိုင်း မြောင်မြို့ နယ် ကျောက်ရစ်ရွာ ရွှေပေါင်လောင်ဘုရား ကျောက်စာတွင်လည်း ဘုရားကို ပုရှာ ဟူ၍ရေးထိုးလေသည်။ ပုဂံမြို့ လေးထောင့်ကန်အရပ် တုရင်းပုထိုးတံတိုင်းအတွင်း တောင်ဖက် အုတ်ပြာသာဒ်ကျောင်းတွင်ရှိသော သံပျင်လက်ဆောင် ကျောင်း ကျောက်စာကြောင်းရေ ၁၂ တွင် ဘုရားကို ဖုရှားဟု ရေးသားကြောင်း တွေ့ရသည်။ တဖန်မြန်မာသက္ကရာဇ် ၅၂၇ထိုး ပုဂံမြို့ ဓမ္မာရံကြီး ကျောက်စာနှင့် နဘဲဘုရားကျောက်စာ ပုဂံပြတိုက် ကျောက်တိုင် အမှတ် ၁၁၆ တွင် ဘုရား ကို ပုတြာ ဟုရေးထိုးထားသည်ကိုတွေ့ရပြန်ပါသည်။

မြန်မာသက္ကရာဇ် ၆၅၆ခုနှစ်ထိုး ပုဂံမြို့ တုရင်ပုထိုး ကျောက်စာနှင့် မန္တလေးမြို့ နန်းရုံကျောက်တိုင် အမှတ် ၂၈၊ စာကြောင်းရေ - ၃ တွင်မူ ဘုရားကို ဖုရာ ဟု ရေးလေသည်။ စစ်ကိုင်းတိုင်း အနိမ့်တောကျောင်း ရွှေကူကျောက်စာတွင်လည်း ဖုရာ့မွတ်စွာတော်တမူ...ဟူ၍ရေးထိုးကြောင်းတွေ့နိုင်လေသည်။ မြန်မာသက္ကရာဇ် ၅၆၄ ခုနှစ်ထိုး ပုဂံမြို့ သံပျင်ရင်ကောင် ဘုရားကျောက်စာတွင်မူ ဘုရားကို ဖုရှာဟု ရေးထိုး၏။ အမှတ် ၁၁၆ တွင် ဘုရား ကို ပုတြာ ဟုရေးထိုးထားသည်ကို တွေ့ရပြန်ပါသည်။ မြန်မာသက္ကရာဇ် ၆၅၆ခုနှစ်ထိုး ပုဂံမြို့ တုရင်ပုထိုး ကျောက်စာနှင့် မန္တလေးမြို့ နန်းရုံကျောက်တိုင် အမှတ် ၂၈၊ စာကြောင်းရေ - ၃ တွင်မူ ဘုရားကို ဖုရာ ဟု ရေးလေသည်။ စစ်ကိုင်းတိုင်း အနိမ့်တောကျောင်း ရွှေကူကျောက်စာတွင်လည်း ဖုရာ့မွတ်စွာတော်တမူ...ဟူ၍ရေးထိုးကြောင်းတွေ့နိုင်လေသည်။ မြန်မာသက္ကရာဇ် ၅၆၄ ခုနှစ်ထိုး ပုဂံမြို့ သံပျင်ရင်ကောင် ဘုရားကျောက်စာတွင်မူ ဘုရားကို ဖုရှာဟု ရေးထိုး၏။ မြန်မာသက္ကရာဇ် ၅၀၁ ခုနှစ်ထိုး ပုဂံမြို့ တိုင်းချွတ်ဘုရား ကျောက်စာတွင် ဘုရားကို ဘုရာဟု ရေးထိုးလေသည်။စစ်ကိုင်းတိုင်း အမြင့်ရွာ မင်းရဲကျောင်း ကျောက်စာတွင် ဘုရာမှတ်စွာ...ဟု ရေးသားကြောင်း မှတ်သားရပါသည်။

ဤတွင် မြန်မာစာခေတ်ဦးရေးထုံးများဖြစ်သည် ရှေးခေတ် ကျောက်စာများအရ ဘုရားကို ပုရှာ သာမက ပု၊ ပုတြာ၊ဖုရာ၊ ဖုရှာ၊ ဖုရှား၊ ပုရှာ၊ ဘုရာ စသည်ဖြင့်ရေးထိုးကြောင်းတွေ့နိုင်ပါသည်။ ထို့အပြင် မြန်မာစာခေတ်ဦးကာလ ဖြစ်သည်အလျောက် မြန်မာစကားသံများကို အက္ခရာဖြင့် သရုပ်ဖေါ် ရသည် မှာ လွယ်ကူမှုမရှိကြောင်း သိသာလှပေသည်။ ထိုသို့ ရှေ့သွား ရေးထုံးအဖြစ် ရေးသားနေစဉ် ရေးထုံးများမှန်ရလေအောင် စမ်းသပ် နေဟန်များ တွေ့နိုင်ပေသည်။ ထို့ကြောင့် စကားသံတစ်ရပ်တည်း ကိုပင် စံချိန်တစ်ခုတည်းမဟုတ်ဘဲ မတည်မငြိမ်ရေးနေဟန်များကို မြင်တွေ့ကြရပေသည်။ ဤသည်မှာ ရေးထုံးများတစ်နေရာနှင့် တစ် နေရာ မညီမညွတ်ဖြစ်နေရခြင်း၏ အကြောင်းရင်းဖြစ်ပါသည်။

နောက်ပိုင်းခေတ်များတွင် ဘုရား ဟု ရေးသားလာကြ လေသည်။ ဥပမာ- မဟာဇနကပျို့တွင် ငယ်လင်သက်ထား၊ တို့ဘုရားတည်၊ ...ဟုလည်းကောင်း၊ ရွှေဟင်္သာဖို့ ၆၈တွင် နတ်လူအများ၊ နောင်ဘုရား၌၊ ..ဟုရေးသားကြပါသည်။ မျက်မှောက်ခေတ်တွင်လည်း ဘုရားကို ဘကုန်းတစ်ချောင်းငင် နှင့်ပေါင်းကာ ဘုရား (Bhura)ဟု ရေးသားကြလေသည်။ ဘုရား စကားလုံးကို ဖတ်တော့အသံ၊ ရေးတော့အမှန် ဆိုထုံး အတိုင်း ဘုရားကို ဘကုန်းသံ မထွက်ပဲ ဖဦးထုပ်ကို တစ်ချောင်းငင်သံ ( )ဖြုတ်ကာ ဖယားဟု အသံထွက်ကြပါသည်။

ထီးချိုင့်မြို့တည်တောဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၏ အဆိုအရ ပုရှာ (ပုရဟာ) စကားလုံးသည် ပူဇာရဟပုဒ်ရင်းက ပျက်လာတာကြောင့် ပူဇာရဟပုဒ်သည် သဗ္ဗညုတဘုရားကိုချည်း မရည်ရွယ်ဘဲ၊ အတတ်ပညာဖြင့် မြင့်မြတ် ခြင်းကြောင့် ပူဇော်ထိုက်သူ၊ ဗိုလ်ပါခွန်အားကြီးမားခြင်းကြောင့် ပူဇော်ထိုက်သူ၊ ဥစ္စာစပါးပေါများခြင်းကြောင့် ပူဇော်ထိုက်သူ၊ ရဟန်း၊ ပုဏ္ဏား၊ မင်းနှင့် အများကြီးပွားတိုးတက်ရေး၊ အများအကျိုး သယ်ပိုးဆည်းကပ်တတ်ခြင်းကြောင့် ပူဇော်ထိုက်သူ အားလုံးကို ရည်ရွယ်သုံးနှုန်းလေသည်။ ထို့ကြောင့်ပင် ရှေးအခါမှစ၍ ပုရှာ၊

ပုတြာ၊ ဘုရား ဆိုသည့် စကားလုံးများသည် ပူဇော်ရှိခိုးဦးညွှတ် ထိုက်သောပုဂ္ဂိုလ်နှင့် ကိုးကွယ်ထိုက်သော အရာဝတ္ထုတိုင်းကို ခေါ်သောကြောင့် အနန္တဘုန်းတော်ရှင်ကိုလည်း ဘုရား စေတီ ကိုလည်း ဘုရား ဟု သုံးနှုန်းခဲ့ကြသည်။ ရဟန်းသံဃာတို့နှင့် စကားပြောဆိုရာ၌ တဖက်လူသည် ဘုရား တပ်၍ပြောရသည်။ ဘုရား တပ်၍ထူးကြရလေသည်။

သို့သော် ပုဂံကျောက်စာများ၌ လောကုတ္တရာအတွက် ပူဇော်ရှိခိုးဦးညွှတ်ထိုက်သော ပုဂ္ဂိုလ်များနှင့် ဘုန်းတော်ရှင်များ (ဥပမာ- ဘုရား၊ ရဟန်းသံဃာ)ကိုလောက၌ ပူဇော်ရှိခိုးဦးညွှတ် ထိုက်သော ပုဂ္ဂိုလ်များနှင့် ဘုန်းတော်ရှင်များ (ဥပမာ-ဘုရင်) ခွဲခြားရေးသားလေ့ရှိသည်ကိုလည်း တွေ့ရပါသည်။ ဥပမာအစိန္တေယျ၊ အပ္ပမေယျ၊ အတုလံ အတုမဲ့ဘုရားကို မွတ်စွာသော ဖုရား (မြတ်စွာသော ဘုရား) ဟုရေးပြီး၊ ဘုရင်ကိုရည်ရွယ်သော အခါ ဖုရားရှင် ဖုရားလောင်း ဟု ရေးလေ့ရှိပါသည်။

ထို့ကြောင့် ရှေးမြန်မာစာအုပ်များတွင် ဘုရားကို မြတ်စွာဘုရားဟု လည်းကောင်း၊ ဘုရင်ကို ဘဝရှင်မင်း တရားကြီး၊ ရှင်ဘုရင်၊ ဘုန်းတော်ရှင်၊ အရှင်မင်းဘုရား၊ မင်းဘုရား၊ ဘုရားရှင်၊ မင်းဘုရားကြီး စသည်ဖြင့် သုံးနှုန်းပြီး၊ တိုင်းသူ ပြည်သားများက ဘုရားကျွန်တော်၊ ဘုရားတပည့်တော်၊ ကျွန်တော် မျိုး ဟု သုံးနှုန်းတတ်လေသည်။ ဘုရင်က မိမိနာမည်ကိုခေါ်လျှင် ဘုရား ဟုထူးရသည်။ မှန်လျှင် မှန်ပါ့ဘုရား၊ မှားလျှင် မှားပါ့ဘုရား ဟုပြောရ၏။

မျက်မှောက်ခေတ် အရေးအသားတွင် ဘု ရားကို ရည်ညွှန်းလိုသော် ဘကုန်းနှင့်ပေါင်း၍ ဘုရင်၏ မိန်းမကို ဖဦးထုပ် နှင့်ရေးကာ ရှေ့မှ မိ (သို့) အမိ ထပ်ပေါင်း၍ပြီး မိဖုရား ဟုသာ ခေါ်ဆိုရေးသားကြောင်း တွေ့ရပါသည်။ ဤသို့ဖြင့် ဘုရားနှင့်လူ၊ ယောက်ျားနှင့်မိန်းမကိုရည်ရွယ်ပြီး ပြောလိုသောအခါ စကားလုံး အဆင့်ဆင့်သုံးပုံကို မှတ်သားရပါသည်။

ထို့ကြောင့် မြန်မာ့ဗုဒ္ဓဘာသာသမိုင်း၌ ဒေါက်တာ သန်းထွန်း မှတ်ချက်ချသကဲ့သို့ ဘုရား (သို့) ဖုရား (purha, bhura) ဆိုသည် စကားလုံးသည် ချီးမြှင့်ထိုက်သော၊ ရိုသေထိုက်သော ပုဂ္ဂိုလ်တို့၏ ဘွဲ့ ၊ရာထူး ( a title for all exalted persons) အဖြစ် သုံးလာသည်ကိုတွေ့ရပါသည်။

ဤနေရာ၌ မြန်မာစကားလုံး ဘုရား နှင့် ယိုးဒယားတို့၏ဘုရားကိုခေါ်သော စကားလုံးများ ဆင်တူနေသည်ကို တွေ့ရပါသည်။ ယိုးဒယားဘာသာစကား၌ ဘုရားနှင့်ဘုန်းကြီးကို ဗရားဟုရေး၍ ဖရား (Prah) ဟုဖတ်လေသည်။ အဓိပ်ပ္ပါယ်မှာ ကောင်းသော၊မြင့်မြတ်သော၊ ကြီးမြတ်သော၊ ရှစ်ခိုးကိုးကွယ် ထိုက်သော ဟုအဓိပ္ပါယ်ရ၏။ ဤအဓိပ္ပါယ် ဖွင့်ရင် ရဟန်းသံဃာ တို့ကိုလည်းခေါ်၏။ ဤအဓိပ္ပါယ်ပိုမို၍ လောကုတ္တရာ ဆန်ပါသည်။

ဘုရင်နှင့်မိဖုရားကိုလည်း ရှေ့၌ ဖရား တပ်၍ ခေါ်ခြင်းဖြင့် လောကီရေးရာ၌ အဆင့်၊ သိက္ခာမြင့်မားခြင်း၊ ရိုသေထိုက်ခြင်း သဘောဖြစ်လေသည်။ ဘား (သို့) အဆင့်အတန်း ကို ဖေါ်ပြနေ၏။ ထို့ကြောင့် ရဲနှင့် ပုလိပ်တို့ ပုခုံးမှ ဘားကို ဖုရား ဟုလည်းခေါ်လေသည်။ အသံဆင်သကဲ့သို့ အဓိပ္ပါယ် အင်မတန်မှ ဆင်လှသော စကားလုံးများပါပေ။

ဘုရား ဆိုသည့်စကားလုံး မည်သည့်စကားမှ ဆင်းသက် လာသည်ကို ရှင်းပြရာ၌ တော်တော် ဝိဝါဒကွဲနေပါသည်။ ကဝိမျက်မှန်သတ်ပုံကျမ်း -၂၄၉ တွင် ဘုရားဟု မြန်မာလို ခေါ် ဝေါ်ရေးသားခြင်းကား ဘူ ဟူသော မဂဓပုဒ်ပျက်စကားဖြစ် သည်။ ဘူ ၌ ဣသရ (အစိုးရသူ)ကိုအားပြု၍ ဘုရားဟုခေါ်ဝေါ်ရေးသား အပ်သည်ဟုဆိုပါသည်။

တချို့ပညာရှင်များ၏အဆို အရ ဘုရား အခေါ် ရှေးမြန်မာစကားလုံး ပုရှာ (ပုရဟာ)သည် ပူဇော်ခြင်းကို ခံထိုက်သူဟု အဓိပ်ပါယ်ရှိသော ပါဠိစာလုံး ပူဇာရဟ ပုဒ်ရင်းက ပျက်လာခြင်းဖြစ်သည်ဟု ဆိုပါသည်။၁၈ ထို့ကြောင့် ပထမပိုင်းတွင် ပူဇာရဟမှ ပူရဟပုရဟ> ပုရှမ်းပုရှာ> ဖုရှာ> ဖုရာ> ဖုရား> ဘုရား ဖြစ်လာသည်ဟု ဆိုကြ၏။

တချို့ကလည်း (ဥပမာ - ဦးဖိုးလတ်) ဘုရားစာလုံးသည် တိဗက်-မြန်မာ စကားလုံး ပုမှဆင်းသက်လာသည်ဟု ဆိုကြ၏။ ဤတွင်ပု၏ အနက်ရင်းမှာ ဦးခေါင်း၊ မြင့်မြတ်သော၊ မြတ်သော၊ ကြီးသော၊ ကဲသောဖြစ်၏။ မှာ တိဗက်-မြန်မာ များ ဗုဒ္ဓဝါဒီမဖြစ်မီက ကိုးကွယ်သောနတ်ဟု အဓိပ်ပါယ်ရှိ လေသည်။ ထိုကြောင့် မြင့်မြတ်သောနတ်၊ နတ်အကြီးဟု အဓိပ်ပါယ်ရသော စကားလုံး ပုမှ ပု ပုရှာ) ဖုရှာ) ဖုရာဖုရား ဘုရား ဖြစ်လာပါသည်ဟုလည်းဆိုကြ၏။

တချို့ပညာရှင်များကလည်း ကြီးသော၊ မြတ်သော၊ အဖိုးတန်သော၊ ထင်ရှားသောဟု အဓိပ်ပါယ်ရသော ပါဠိနှင့်သက္ကတ စကားလုံး ဝ ရေးထုံးပြောင်းလာကာ ဘုရား ဟု ရေးကြောင်းဆိုကြလေသည်။

တချို့ပညာရှင်များကလည်း ဘုရားရေးထုံးသည် ရှေ့၊ ရှေ့ဆောင်၊ လမ်းညွှန်၊ အကြီးအကဲ၊ ရှေ့ဆောင်သူ အဓိပ်ပါယ်ရှိ သော ပါဠိစကားလုံး ပုရမှ သံစဉ်ပြောင်းလာခဲ့ခြင်း ဖြစ်ပါသည်ဟု ဆိုကြပြန်ပါသည်။

တချို့ကလည်း ပညာရှိ၊ ပညာကြီးသူ၊ ပညာရှိသူ ဟု အဓိပ်ပါယ်ရှိသော ပါဠိနှင့် သက္ကတ စကားလုံး ဘူမှ ဘုရားရေး ထုံးဖြစ်ပေါ်လာခဲ့ပါသည်ဟု လက်ခံကြလေသည်။

တချို့ပညာရှင်များ (ဥပမာ - မစ္စတာတော်စိန်ကို Mr. Taw Sein Ko) အဆိုအရ ဘုရား စကားလုံးတွင် ယား (သို့) ယေးသည် အဖ၊ မြတ်သော၊ ရိုသေထိုက်သော နှင့် ဖုသည် ဗုဒ္ဓကို ရည်ရွယ်သော တရုတ်စကားလုံး ဖုယား (Fu-ya) (သို့မဟုတ်) ဖိုယေး (fo-yeh) မှဆင်းသက်ခဲ့သည်ဟုဆို၏။သို့သော် စီ၊ အို၊ ဗလာဒင်ကမူ တရုတ်စကားလုံး ဖုယား မှ ယ ပက်လက်သံ သည် မြန်မာ့စကားလုံး ဘုရားမှ ရကောက်သံနှင့် သံနေ သံထားကွဲနေသည်ဟု မှတ်ချက်ချပါသည်။ သို့သော်လည်း မြန်မာ စကားလုံးသည် ဘုရား တွင် ရေးသားရာ၌ ရကောက်သံနှင့် ရေးသော်လည်း ဖတ်ရာ၌ ရကို လျှာမလိပ်ပဲ ယ ပက်လက်သံနှင့် ဖယား ဟုအသံထွက်သောကြောင့် တိဗက်စကား၊ မာရုနှင့် လိုလိုစကားများကဲ့သို့ သံတူကြောင်း ဖြစ်နိုင်ဖွယ်လည်း ရှိပါ၏ဟုဆိုလေသည်။

စီ၊ အို၊ ဗလာဒင်အဆို အရ ထိုဘုရား ဆိုသည် စကားလုံး၏ ဝေါဟာရဇစ်မြစ်အနေအထားအရ ဂုဏ်သိက္ခာ ကြီးမြင့်သော အလွန်ဘုန်းတော်ကြီးမြတ်သော၊ မြင့်မြတ်သော (excellant, noble, exalted)ဟု အဓိပ္ပါယ်ရှိသော သက္ကတ (သို့) သင်္သကရိုက် (Sanskrit) နှင့် ပါဠိ (Pali) စကားလုံး ဗားရာ (Vara မှဆင်းသက် လာပါသည်ဟုဆိုလေသည်။ ဤအဆိုသည် အများစု လက်ခံသော အဆိုလည်းဖြစ်၏။ သူကဆက်၍ပြောသည်မှာ ဤ ဗားရာ စကားလုံးမှ သံစဉ်ပြောင်းစကားလုံးများအဖြစ် အရှေ့တောင်အာရှနှင့် ဂျာဗား (အင်ဒိုနီးရှား) ဘာသာစကားများ၌လည်းတွေ့ နိုင်၏။ ဗားရာ စကားလုံးသည် ရှေးအကျဆုံးဖြစ်ပြီး လေယူလေသိမ်း သံစဉ်ပြောင်းကာ ပုတြာ၊ ပု၊ ပုရဟာ၊ ပုရာ၊ ပုရှာ၊ ဖုရှာ၊ ပုရှား၊ ဖုရားစသည်ဖြင့်ပြောင်းလာရာ နောက်ဆုံးတွင် ဘုရား ဖြစ်လာသည်ဟု ဆိုပါသည်။

တဖန် မြန်မာစကားလုံး ဘုရား (Purha)သည် ဗားရာ (Vara)မှ ဆင်းလာသည် ဆိုပါလျှင်လည်း တစ်ချောင်းငင် (-) - ဥပမာ - ဘု (သို့) ဖု အသံသည် ဗားရာ (Vara) အသံထွက်၌ ဆင်မတူပါချေ။ အဘယ့်ကြောင့်ဆိုသော် ဗားရာကို အသံထွက် ရာ၌ တစ်ချောင်းငင်အသံမပါသောကြောင့် ဖြစ်ပါသည်။ သို့သော်မြန်မာ စကားလုံးများတွင် ဝဆွဲ၊ အသတ်၊ ရေးချမပါသော နှုတ် ဖျားသ(labial) များတွင် တစ်ချောင်းငင်(-)အသံ မထွက်ပဲ ရိုးရိုး ဘ (သို့) ဖ သံကိုသာထွက်လေ့ရှိပါသည်။ ဥပမာ- ဘုရင်ဂျီ၊ ဘုရင်၊ ဘုရင်မ၊ ဘုရားကျောင်း၊ ပုဆိုး၊ ပုဆစ်တုပ်၊ ပုလင်း၊ ပုဆိန်၊ ပုဂံ၊ ပုလဲ၊ ပုထိုး၊ ပုခက်၊ ပုစဉ်း၊ ပုစွန်၊ ပုရစ် စသည်ဖြင့် မြောက်များစွာရှိကြောင်း တွေ့ရပြန်ပါသည်။

ကျွန်ုပ် တို့ အတွက်မြန်မာစကားလုံး ဘုရားသည် မြန်မာစကားစစ်စစ် မဟုတ်နိုင်မှန်း ခန့်မှန်းနိုင်ပါသည်။ သို့သော် မည်သည်စကားမှ ဆင်းသက်လာပါသည်ကိုလည်း တိတိကျကျ ဆုံးဖြတ်ချက်ချ ပြောရန်ခက်ခဲပါသည်။

သို့သော် ဆရာဇော်ဂျီ၏အဆိုအရ မြန်မာစာပေသည် ဗုဒ္ဓစာပေကို အကြောင်းပြု၍ ဖြစ်ထွန်းစည်ကားလာခဲ့ပါသည်။

မောင်ခင်မင် (ဓနုဖြူ)ကလည်း ဗုဒ္ဓဘာသာသည် မြန်မာစာဟူ၍ မပေါ်ပေါက်မီကပင် မြန်မာနိုင်ငံ၌ ပျူလူမျိုး၊ မွန်လူမျိုးတို့ နေထိုင်ရာဒေသတွင် အခြေစိုက်မိနေပြီး ဖြစ်ပါသည်။ သက္ကရာဇ် ၁၀၄၄-၁၀၇၃ အနော်ရထာမင်းလက်ထက်တွင် ထေရဝါဒဗုဒ္ဓ ဘာသာနှင့် ပိဋိကတ်စာပေများ ပုဂံသို့ရောက်လာပြီးသည့်နောက် မရှေးမနှောင်းတွင် မြန်မာစာစတင်ပေါ်ပေါက်သည်ဟု ဆိုနိုင် ပါသည်။ ပုဂံ ကျန်စစ်သားမင်း နတ်ရွာစံပြီးနောက် မြန်မာ သက္ကရာဇ် ၄၇၅ ခု (ခရစ်နှစ် ၁၁၁၃) ခန့်တွင် ရေးထိုးသော ရာဇကုမာရ်ကျောက်စာသည် ယနေ့ထိတွေ့ရသမျှ သက္ကရာဇ်အခိုင် အမာပါသော အစောဆုံးမြန်မာစာဖြစ်ပါသည်ဟု မြန်မာပညာရှင်တို့ကဆိုပါသည်။ ထိုကျောက်စာကို ပါဠိ၊ ပျူ၊ မွန်၊ မြန်မာ ဟူသော ဘာသာစကားလေးမျိုးဖြင့် ရေးထိုးထားကြောင်း တွေ့ရ ပါသည်။

ထို့ အပြင် မောင်ခင်မင်(ဓနုဖြူ)၏ ရှေးခေတ်မြန်မာ့ ဂန္တဝင်စာပေစာတမ်း၌ မြန်မာစာအရေးအသားတွင် ပါဠိစာပေ အသုံးတွင်ကျယ်စွာလွှမ်းမိုးပုံကို ယခုကဲ့သို့တင်ပြပါသည်။

မြန်မာစာအရေးအသား မပေါ်ပေါက်မီကာလတွင် ပုဂံ၌ ပါဠိ၊ သက္ကတ၊ ပျူနှင့် မွန် ဘာသာတို့သည် စာပေ အရေးအသားရှိနေပြီ ဖြစ်သော ဘာသာစကားများ ဖြစ်ပါသည်။ ထိုကာလတွင် ထိုဘာသာစကားများကို မြန်မာတို့ အသုံးပြုနေကြောင်းကို ရွှေစာပေ၊ အုတ်ခွက် စာ၊ စ၌ ကွင်းစာ၊ ကျောက်စာ စသည့် အထောက် အထားများအရ သိရသည်။ ရာဇကုမာရ်ကျောက်စာကို ပင်လျှင် ပါဠိ၊ ပျူ၊ မွန်၊ မြန်မာ ဟူသော ဘာသာစကား လေးမျိုးဖြင့် ရေးထိုးထားကြောင်း အထင်အရှား တွေ့နိုင်ပါသည်။ ထို ဘာသာစကားတို့မှ စကားလုံးများကို မွေးစားသုံးနှုန်းခြင်း၊ ဘာသာပြန် သုံးနှုန်းခြင်းတို့ဖြင့် မြန်မာစကားဖွံ့ဖြိုး ကြွယ်ဝလာရသည့်အတွက် ထိုဘာသာ စကားတို့က မြန်မာဘာသာစကားကို များစွာကျေးဇူးပြု ပါသည်။ အထူးသဖြင့် ပါဠိဘာသာနှင့် မွန်ဘာသာတို့ သည် မြန်မာစာပေါ်ပေါက်ပြီးချိန် အထိ အသုံးတွင်ကျယ်နေဆဲ ဖြစ်ပါသည်။ ပါဠိစာပေနှင့် မွန်စာပေအရေး အဖွဲ့များသည် ပေါ်ပေါက်လာမည့် မြန်မာစာပေ အရေး အဖွဲ့များအတွက် လမ်းခင်းပေးသော ရှေ့ပြေးသဖွယ်ဖြစ် ပါသည်။ ထို့ကြောင့် မြန်မာစာလုံး ဘုရားသည် ပါဠိစာလုံး ဗားရာ (Varaမှ သော်လည်းကောင်း၊ ရှေးကျသောမူလရေးနည်း ပု မှသော် လည်းကောင်း၊ ပူဇာရဟစာလုံးမှသော်လည်းကောင်း၊ မွေးစား သုံးနှုန်းခြင်း၊ ဆင်းသက်လာခြင်း ဖြစ်မည်ဟုသာ ခန့်မှန်းအဖြေပေး နိုင်ပါသည်။

ထိုနည်းတူစွာ အရှေ့တောင်အာရှမှ ဗုဒ္ဓဘာသာနှင့် ပါဠိစာလွှမ်းမိုးသော ဘာသာစာများတွင် (Vara) စကားလုံးအရေးပါခဲ့ သည်ဟု မှတ်ချက်ချနိုင်ပါသည်။ ဥပမာ - မြန်မာစာလုံး ဘုရား ယိုးဒယားစာလုံး ဖရာ့၊ ကမ္ဘောဒီယားစာလုံး ဖရား (Prah)၊ တရုတ်စာလုံး ဖုယား (Fuyaတို့သည် ပူဇော်ခံထိုက်သူ၊ ကိုးကွယ် ဦးညွတ်ထိုက်သူ၊ မြင့်မြတ်သူ၊ အထွတ်အထိပ်၌ရှိသူ၊ စသည်ဖြင့် အဓိပ္ပါယ်ဖွင့်စေပါသည်။

အချုပ်ဆို ရပါလျှင် ဘုရား ဗျည်းအက္ခရာသတ်ပုံ သတ်ထုံးသည် မည်သည်စကားလုံးကပင် ဆင်းသက်လာခဲ့စေကာမူ ထိုဗျည်းအက္ခရာကို ကိုးကွယ်ခြင်းမဟုတ်ပါချေ။ မည်သည် ဗျည်းအက္ခရာက ဆင်းသက်လာသည်ကိုလည်း အတိအကျသိရန် မလိုပါပေ။ အရေးကြီးသည်မှာ ထိုဗည်းအက္ခရာသည် မည်သည် အနက်အဓိပ္ပါယ်ကို ရည်ညွှန်းသည်ကို သိပါလျှင် လုံလောက် ပါသည်။

ထို့ကြောင့် ဖယားဖြစ်စေ၊ ပုရှာဖြစ်စေ၊ ပုတြာဖြစ်စေ၊ ဖုရာဖြစ်စေ၊ ဗားရာဖြစ်စေ၊ ပုရှားဖြစ်စေ၊ ဖုရားဖြစ်စေ၊ ဘုရားဖြစ်စေ သတ်ပုံကိုအဓိကအလေးမထားပဲ ထိုစကားလုံးသည် သဗ္ဗညုတ ဉာဏ်တော်ရှင်၊ အန္တတန်ခိုးတော်ရှင်၊ မြတ်စွာဘုရားသခင်ကို ရည်ရွယ်ပါသည်ဟု သိခဲ့ပါလျှင် လုံလောက်ပါသည်။

Ashin Sundara (11.12.2021)

++++++++++++++++++++++++++++++


Kommentare


Post
Facebook-Logo-Square-768x768.png
Facebook-Logo-Square-768x768.png
Facebook-Logo-Square-768x768.png
google logo_edited.png

©2021 by Dhamma Notes by Thein Naing Ohn. Proudly created with Wix.com

bottom of page